
ဘာ့၊သ်၊ဒေး ဖောတ် တီး
စာရေးသက် နှစ်ဆယ်၊ လူသက်လေးဆယ် အမှတ်ရအဖြစ် (၂ဝဝ၇)ကတည်းက တစ်ခုခုထူးထူးခြားခြားလေး လုပ်ချင်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ... ဘာလုပ်ရင်ကောင်းမလဲဆိုတာကိုတော့ ... ခပ်လွယ်လွယ် စဉ်းစားမရခဲ့ဘူး။
ငယ်ငယ်က မက်ခဲ့ဖူးတဲ့ ခပ်ကြောင်ကြောင် အိပ်မက်တစ်ခုထဲက ဆန္ဒတစ်ခုကတော့ မွေးနေ့လေးဆယ်မှာ စာဖတ်ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး ပရိသတ်လောလောလတ်လတ် ဖတ်ချင်မယ့် ဝတ္ထုမျိုးကို တစ်ထိုင်တည်း ချရေးပေးတာမျိုးပေါ့။ (ပရိုဂျက်တာ) အကြီးကြီးမှာ တစ်ကြောင်းချင်း ပေါ်လာမယ့် ဝတ္ထုစာသားတွေကိုလိုက်ဖတ်နေတဲ့ ပရိသတ်က မကြိုက်တဲ့ စကားလုံး၊စာကြောင်း တွေတွေ့ရင် ချက်ချင်းအော်ပြီး ပြင်ခိုင်းတာမျိုး၊စာရိုက်နေသူ ကျွန်တော်ကလည်း ချက်ချင်း ပြောင်းလဲပြင်ဆင်တာမျိုး....စတဲ့ ပရိသတ်နဲ့ ကျွန်တော်အနုပညာတစ်ခုကို အတူတကွ ပူးပေါင်းဖန်တီးတဲ့အစီအစဉ်မျိုးပါ။ နေရာနဲ့ အချိန်သာ အဆင်ပြေမယ်ဆိုရင် လုံးချင်းတစ်အုပ်ကိုတောင် တစ်ပတ်၊ ဆယ်ရက်လောက်နဲ့ ဖန်တီးလို့ ရနိုင်ပါသေးတယ်။
ကျွန်တော်တို့ ပူးပေါင်းဖန်တီးထားတဲ့ အနုပညာကို သတင်းစာ ဂျာနယ်တွေက နေ့အလိုက် ပြီးသမျှကို တခမ်းတနား ဖေါ်ပြလို့၊ရေဒီယိုတွေက ဝမ်းပန်းတသာ ထုတ်လွှင့်လို့ ...။ ကျွန်တော့်အိပ်မက်သာ တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အတော့်ကို ရင်ခုန်ဖွယ်ကောင်းလှမယ့် အစီအစဉ်ပါ။
ဒါပေမယ့် . .. အိပ်မက်တွေကို လက်တွေ့တည်ဆောက်ဖို့ခက်ခဲလှသလို မွေးနေ့ လေးဆယ်အမှတ်တရအဖြစ် မျှော်စင်ကျွန်းကအကောင်းစား မွေးနေ့ဧည့်ခံပွဲတွေ၊ တန်ဖိုးကြီး အလှူဒါနတွေနဲ့တစ်ကိုယ်တော် လိုက်ဖ်ရှိုး ဖျော်ဖြေမှု တွေ....ဘာတစ်ခုမှ မလုပ်နိုင်တော့တဲ့ အခါမှာ တော့ ကျွန်တော်ဟာ ကျွန်တော် ရေးခဲ့ဖူးသမျှ ဝတ္ထုတိုတွေထဲက ကောင်းနိုးရာရာတွေကိုပဲ မွေးနေ့အမှတ်တရအဖြစ်စုစည်း ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ထဲမှာ ကျွန်တော့်ရဲ့ အတ္တကို ထင်းခနဲ တွေ့မြင်နိုင်မှာ ဖြစ်သလို ခပ်တုံးတုံး ဓလေ့စရိုက်တွေကိုလည်း သတိပြုမိနိုင်ပါလိမ့်မယ်။ ဘဝကို ခပ်ညံ့ညံ့လူတစ်ယောက်အဖြစ် ဖြတ်သန်းဖို့အစီအစဉ် မရှိခဲ့သူ ကျွန်တော်ဟာ ခပ်တော်တော် ခပ်ထက်ထက်လူတစ်ယောက်လည်း ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် လုပ်နိုင်သမျှထဲကပဲ ကောင်းနိုးရာရာလေးတွေကို ရွေးချယ်တင်ဆက်လိုက်ပါတယ်။
မူလအစီအစဉ်က ဝတ္ထုတိုင်းရဲ့ ရှေ့မှာ ကျွန်တော် လေးစားတဲ့ဆရာတွေရဲ့ မှတ်ချက်၊ သုံးသပ်ချက်လေးတွေ ထည့်ပေးဖို့ပါ။ ဝတ္ထုတိုတစ်ပုဒ်ကို မဖတ်ခင် အဲ့ဒီဝတ္ထုတိုနဲ့ပတ်သက်တဲ့ ခြေဆင်းသုံးသပ်ချက်အတောလေးကို ဖတ်ရရင် စာဖတ်သူတွေအတွက် ပိုပြီးအကျိုးရှိနိုင်မယ်လို့ ထင်မြင်မိလို့ပါ။ ဒါပေမယ့် ဆရာတွေအားလုံးဆီက သုံးသပ်ချက်တွေကို တစ်ပြိုင်တည်း အချိန်မီ ရရှိနိုင်ဖို့ ခက်ခဲလှတဲ့အတွက်မထည့်ဖြစ်တော့ပါဘူး။ နောက်နောင် ဝတ္ထုတိုစုစည်းမှု အသစ် စီစဉ်ဖြစ်ရင်တော့ ကြိုးစားကြည့်ဦးမယ်။
ကျွန်တော်ရဲ့ အနုပညာသက်နှစ်ဆယ်၊ မွေးနေ့လေးဆယ်ဖြတ်သန်းမှု အမှတ်တရအဖြစ် ယခုစာအုပ် (သင်နှင့်တကွ အပေါင်းအသင်းများ သိစေရန်) အပြင် ကဗျာစာအုပ်(ဖြောင့်ချက်)ကိုလည်း စီစဉ်ထားပါသေးတယ်။ ယခုစာအုပ်ကို 'ကဗျာဟန် ဝတ္ထုတိုများ 'လို့အမည်ပေးမယ်ဆိုရင် ဖြောင့်ချက်ကဗျာစာအုပ်ကိုတော့ 'ဝတ္ထုဟန်ကဗျာများ ' လို့သတ်မှတ်ရပါလိမ့်မယ်။အဲ့ဒီစာအုပ်ကိုလည်းမဖြစ်မနေဖတ်ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
P.S မွေးနေ့လေးဆယ်အစီအစဉ်အဖြစ်ကျွန်တော့်အသက်လေးဆယ်(၂ဝဝ၇)ကတည်းက ထွက်ရှိဖို့ပါ။အကြောင်းကြောင်းကြောင့် ယခုမှထုတ်ဝေလိုက်ရပါတယ်။
၊ ဝ၃ . ဝ၃ . ဝ၉ ၊
လေးစားစွာ ဖြင့်
သင်၏ ချစ်လှစွာ သော
နေနော်
သင်နှင့်တကွ အပေါင်းအပါများ သိသာရန်
'ဘယ်လိုလဲ၊ နေကောင်းတယ် မဟုတ်လား။ မင်းရည်းစားကောင်လေးနဲ့ကော မကြာခဏ စိတ်ကောက်ကြတုန်းပဲလား'
အဲဒီ လို စကား စလိုက်တယ်ဆိုရင်ပဲ သူ့မျက်ခုံးတွေ ဆက်ခနဲတွန့်ကွေးသွားကြပြီး မလိုအပ်ဘဲ အသံကျယ်ကျယ်နဲ့ ဟက်ခနဲ ရယ်ချလိုက်တယ်။ ပြီး တော့ကျွန်တော့်လက်မောင်းကို လှမ်းရိုက်ရင်း 'ရှင်ဟာလေအရင်အတိုင်းပဲ' တဲ့။
ဒါပဲပေါ့။ ဒါဇင်ဝက်သာသာ နှစ်သက္ကရာဇ်တွေက လူတစ်ယောက်ကို ထူးထူးခြားခြား ဘယ်လောက်များ ပြောင်းလဲသွားစေမှာ မိုလို့လဲ။ သူတောင်မှ ခန္ဓာကိုယ်မှာ အဆီတွေ နည်းနည်းတိုးပြီး ခေါင်းပေါ်ကဆံပင်တွေ နည်းနည်း တိုသွားတာကလွဲရင် လေယူလေသိမ်းနဲ့ ဟန်ပန်အမူအရာက အရင်အတိုင်းပဲမဟုတ်လား။
သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစားလှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှအပိုင်ဝယ်သိမ်းချင်စရာကောင်းလောက်အောင် မစွဲဆောင်နိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်နဲ့တူတဲ့ မိန်းမပါ။ ဟင့်အင်း မဟုတ်သေးဘူး။ ကျွန်တော်ကိုယ်တိုင်က ဝယ်မသိမ်းချင်ခဲ့တာပါ။ ဒီလိုစာအုပ်မျိုးဟာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီးတင်ထားရမယ့်စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား။
'ယူအက်စ် ရောက်တုန်းက လီဗိုင်းဘောင်းဘီတွေတွေ့တော့ ရှင့်ကို သတိရသေးတယ်။ ရှင် ဂျင်းဘောင်ဘီတွေ ဝတ်တုန်းပဲလား'
'စွဲစွဲမြဲမြဲပေါ့။ စိတ်အလိုမကျတဲ့အခါ ကောင်မလေးတွေရဲ့ မျက်နှာကို စီးကရက်မီးခိုးနဲ့ မှု တ်ထုတ်တဲ့အကျင့်ကိုလည်း ပြင်လို့မရသေးဘူးလေ'
'ယုံပါတယ်၊ ဒါနဲ့ ရှင့်အကြေကောက်ကလေးနဲ့ကော အဆင်ပြေရဲ့ လား'
'ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပါပဲ။ ကိုယ့်သားတောင် ဒုတိယတန်း ရောက်ပြီလေ'
'အို ...'
ကျွန်တော် သိတာပေါ့။
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာက တစ်ခုခုကို ရှုံးနိမ့်သွားသလိုမျိုး၊ တစ်စုံတစ်ရာအတွက် မနာလိုဖြစ်သွားသလိုမျိုး ခံစားသွားရတယ်ဆိုတာ။မတွေ့တာကြာလို့ လက်ရည်တက်လာမလားမှတ်ပါတယ်။ သူ ဘာမှ မတိုးတက်သေးပါလား။ ပါမောက္ခတစ်ယောက် အရှုံးပေးရလောက်မယ့် အသိပညာတွေနောက်ကို တကောက်ကောက် လိုက်ခဲ့ပေမယ့် စိတ်ခံစားမှု ကတော့ တက္ကသိုလ်ကျောင်းသူအဆင့်မှာ ပဲ ရှိနေပါသေးလား။ ပြောတော့ဖြင့် ရှေ့က ဦးဆောင်ချင်သတဲ့။ခေါင်းဆောင်မှု ပေးမယ့် မိန်းမကခံစားမှု ကျ အလယ်တန်းတောင် မအောင်သေးပါလား။သူ ဘာဖြစ်လို့ ခုလို ဖြစ်နေရတာ လဲ။
ကျွန်တော်သိတာပေါ့။ အဲဒီ အကြောင်းတွေပြောချင်လို့ ဒီဝတ္ထုကို ခုလို ဇာတ်ဝင်ခန်းမျိုးနဲ့ စဖွင့်လိုက်တာပါ။ အချိန်ကာလတွေကို အခွေတစ်ခွေ နောက်ပြန်ရစ်သလိုရစ်လို့ ရမယ်ဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်စုစာ ကာလတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီ တုန်းက ကျွန်တော်တို့နှစ်ယောက် စတွေ့ခဲ့ကြတာပေါ့။
လောကမှာ တွဲ မစားကောင်းတဲ့အရာတွေရှိသလို အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့အရာတွေလည်းရှိတယ်ဆိုရင် သူနဲ့ ကျွန်တော် ရှေ့ဆုံးက ပါပါလိမ့်မယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ဝါဒရေးရာမှာ တော့ သုံးနဲ့လေးပါပဲ။ ဒါနဲ့တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေးတစ်ထောင့်မှာ လာရောက်တွေ့ဆုံစေခဲ့တဲ့ ကံကြမ္မာရဲ့ မခိုးမခန့်နိုင်မှု ကို ကျွန်တော်ကတော့ တအံ့တသြ ရယ်မောခဲ့မိပါရဲ့ ။
ပညာကို ငန်းငန်းတက်ကိုးကွယ်ပြီး မာနတွေကို ဟိုး ကောင်းကင်ထက်မှာ ချိတ်ထားချင်တဲ့ မိန်းမတစ်ယောက်နဲ့မှ ကျွန်တော့်ဖူးစာကလည်း တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့။
သူဟာ လူတွေအားလုံး ပညာတတ် မဖြစ်တာကို မချင့်မရဲ ဖြစ်နေတတ်သလိုလူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်တာကိုလည်း အလဟဿ အချိန်ဖြုန်းမှု တစ်ခုလို့ယူဆနေတတ်သူပါ။ ကျွန်တော့်ကိုလည်း ပညာရပ်ဆိုင်ရာစာအုပ်တွေကို ဝါးစားသလိုဖတ်ခိုင်းတော့တာပဲ။ သူနဲ့ မတည့်တဲ့ထဲမှာ အဲဒီ ကိစ္စတွေလည်း ရှေ့ဆုံးကပါပါတယ်။
'ဟေ့ မေးနေတယ်လေ ကျွန်မပေးထားတဲ့ စာအုပ်ဖတ်ပြီးသွားပြီလား'
'ဖတ်နေပါတယ်၊ အချိန်တန်တော့ ပြီးသွားမှာ ပေါ့'
'အခု ဘယ်အခန်း ရောက်ပြီလဲ'
'ချာပတာဝမ်း'
'ဘုရားရေ ဒီလောက် ရက်တွေကြာနေတာတောင် အခန်းတစ်က မတက်သေးဘူးလား၊ တစ်နေ့ကို နှစ်ခန်း သုံးခန်းကျအောင်တော့ ဖတ်မှပေါ့ရှင်၊ ဒီပုံနဲ့သာဆို ဝတ်မှု န်မျိုးပွားမှု ပညာအကြောင်း ရှင် ဘယ်တော့ နားလည်မှာ လဲ'
'အချိန်တန်တော့ သူ့အလိုလို ဖြစ်သွားမှာ ပေါ့ အမျိုးသမီးရဲ့ ၊ ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာ လဲ၊ ဘာလဲ ကမ္ဘာကြီးက မနက်ဖြန် ပျက်တော့မှာ တဲ့လား၊ ပြီးတော့ အဲ့ဒီပညာရပ်တွေကို နားမလည်တော့ကော လောကကြီးမှာ နေလို့မရတော့ဘူးတဲ့လား'
'ဟယ် ရိုင်းလိုက်တာ'
အဲဒါပါပဲ။ အဲဒီ မှာ စတွေ့တာပါပဲ။
သူက ပညာတတ် စကားပြောလေ ကျွန်တော်က ရွဲ့လေနဲ့ မုန့်လုံးစက္ကူကပ်ကြတော့တာပဲ။ သူက ဂျာမန်စကားပြောတက်ကြဖို့ အဖော်စပ်တယ်။ ကျွန်တော်ကအဘိဓမ္မာသင်တန်းမှာ နှစ်ယောက်စာ စာရင်းပေးတယ်၊ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းပြောတယ်၊ ကျွန်တော်က တစ်ခါသုံးတူ လုပ်တဲ့ စက်အကြောင်းရှင်းပြတယ်။ အဲဒီ တော့ ရှင်ဟာ တော်လှန်ပုန်ကန်ချင်စိတ်အပြည့်ရှိတဲ့ ဘိုဟီးမီးယန်းလို့ သူ ကျွန်တော့်ကို စွပ်စွဲတော့တာပဲ။
ကျွန်တော်ဟာ ပညာတတ်ဆန့်ကျင်ရေးသမားမဟုတ်ပဲ ပညာကို မြတ်နိုးသူဖြစ်ပေမယ့် လိုအပ်တာထက် ရှေ့တန်းတင်လွန်းတာကိုသာ ယားကျိကျိ ဖြစ်တတ်သူပါ။ ကမ္ဘာကြီးလည်ပတ်နေတာဟာ အသိပညာအတတ်ပညာတွေကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော်ပြောတော့ သူက ဒါဆိုရင် ဘာကြောင့်လဲလို့ မေးတယ်။
'သဘာဝ တရားကြောင့်ပေါ့၊ ပညာတွေ မိုးပျံအောင်တတ်ပါစေ၊ သဘာဝ တရားကိုတော့ ဘယ်သူမှကျော်လွှားလို့ မရဘူး၊ သဘာဝ ရဲ့ အကန့်အသတ်ထဲမှာ သာ ရှင်သန်ကြရတာ ။ လူဆိုတာ အချိန်တန် အရွယ်ရောက်ရင် ရည်းစားထားမယ်၊ အိမ်ထောင်ပြုမယ်၊ မျိုးဆက်ပြန့်ပွားမယ်၊ အဲဒီ အတွက် ဘယ်သူမှကိန်းဘရစ်က ဘွဲ့တစ်ခုရစရာ မလိုဘူး။ ဘာသာစကားလေးမျိုး တတ်စရာမလိုဘူး၊ ဝတ်မှု န်မျိုးပွားပညာကို နားလည်စရာ မလိုဘူး'
'ဒါပေမဲ့ ဘဝဆိုတာ အိမ်ထောင်သားမွေးကိစ္စနဲ့တင် ပြီးတာ မဟုတ်ဘူးလေ၊ လောကကြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် တခြားကိစ္စတွေလုပ်စရာ ရှိသေးတယ်။ အဲဒီ အတွက် လူတိုင်း ပညာ မတတ်သင့်ဘူးလား''တတ်သင့်တာပေါ့၊ တတ်ရင် ကောင်းတာပေါ့၊ ဒါပေမဲ့ လူတွေအားလုံးတစ်တန်းတစ်စားတည်း ပညာတတ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊လူတွေကို တန်းတူညီဖို့ဆိုတာမျိုး မတွေးသင့်ဘူး၊ အထူးသဖြင့် မင်းလို ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးက ပိုပြီး မတွေးသင့်ဘူး၊ အဲဒီ အတွေးမျိုး လီနင်လည်းတွေးဖူးတယ်၊ စတာလင်လည်း တွေးဖူးတယ်၊ ဒါပေမဲ့ မဖြစ်နိုင်ဘူး'
သူက တန်းညှိလို့ မရတောင် လူတိုင်းပညာတတ်ဖြစ်အောင် လေ့ကျင့်သင်ကြားလို့ရတယ်လို့ ယုံကြည်နေပြန်တယ်။ သူ အဲလိုယုံတာကို အပြစ်တော့မဆိုသာဘူး၊ ဘာလို့ဆို ကျွန်တော်နဲ့တွေ့တဲ့ အချိန်မျိုးတွေမှာ တောင် အိတ်ဆောင် အဘိဓာန်ကိုယူလာပြီး စကားလုံးဆယ်လုံးရအောင် ကျက်နေတတ်လို့ပါ။ ဒါပေမဲ့ ပါရမီ မပါရင် တစ်နေ့ကို နာရီနှစ်ဆယ် လေ့ကျင့်သင်ကြားပါစေ။အိုင်းစတိုင်းမဖြစ်နိုင်သလို တိုက်ဂါးဝုဒ်နဲ့ ဒေးဗစ်ဘက်ဟမ်း လည်း မဖြစ်နိုင်ပါဘူး။
ပြီးတော့ အိမ်ထောင်ရေးဆိုတာ ပါလီမန်အမတ် ရွေးတာမဟုတ်သလိုတက္ကသိုလ်ဂုဏ်ထူးဆောင် နာယကခန့်ထားတာလည်း မဟုတ်တဲ့အတွက် ဘွဲ့တွေ တစ်ဒါဇင်လောက်ရလည်း အိမ်ထောင်ရေးသာယာမယ်လို့ အာမ မခံနိုင်ကြောင်း ကျွန်တော် ရှင်းပြတော့ သူက ခပ်ဟဟ ရယ်ပါတယ်။'ဘယ်သူက အိမ်ထောင်ရေးအကြောင်းကို ပြောနေလို့လဲ'
'မင်း အိမ်ထောင် မပြုတော့ဘူးလား'
'ကျွန်မ စဉ်းစားဦးမယ်'
သူက အနိုင်ပိုင်း လိုက်နိုင်သူတစ်ယောက်လို တစ်ဝိုင်းလုံး ဆွဲစားလိုက်နိုင်သူတစ်ယောက်လို ပမာမခန့် ပြုံးပါတယ်။ ဒါပေမဲ့ သူမနိုင်ပါဘူး။ သူ ဒီလိုရိုက်ချလိမ့်မယ်ဆိုတာကို ကျွန်တော် ကြိုမျှော်လင့်ထားမိလို့ပါ။
'အချိန်ကုန်ခံပြီး စဉ်းစားမနေပါနဲ့၊ မင်း အိမ်ထောင်မပြုရဲပါဘူး၊ အဲဒါကိုကိုယ့်ရဲ့ တစ်နှစ်စာလုပ်ခနဲ့ ပုံလောင်းရဲတယ်၊ မင်း ဘယ်တော့မှ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ သိလား၊ မင်း ကြောက်နေလို့ပေါ့၊ အဘက်ဘက်က အောင်မြင်နေတဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ရေးကျမှ အဖျားရှုးပြီး ကျဆုံးသွားမှာ စိုးလို့ပေါ့။ အဲဒီ စွန့်စားမှု (ရစ်-စ်ခ်)ကို မင်းဘယ်တော့မှယူရဲမှာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ ပဲ မင်းဟာ အများ သူငါလို ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ နေချင်တဲ့စိတ်နဲ့ တစ်သက်လုံး ကျိန်စာမိသွားရလိမ့်မယ်။ ကိုယ်ပြောတာ ယုံ'
သူဟာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်တယ်။ပြီးမှ ကမန်းကတန်း မေးပါတယ်။ ရှင် ဘာဖြစ်လို့ အဲဒီ လောက် သေချာနေရတာလဲ တဲ့။ ကျွန်တော် ရိုးရိုးလေး ဖြေလိုက်တယ်။
'ကိုယ်ဟာ မင်းရဲ့ စိတ်ကို ဖတ်နိုင်နေလို့ပေါ့။ မင်းဘာသာ ဘွဲ့တွေ ဘယ်လောက် ယူထား ယူထား ကိုယ်ဟာ သဘာဝ အတန်းပညာမှာ အမြဲတမ်း မင်းထက် တစ်တန်းကြီးတယ်။ အဲဒါကိုတော့ မယုံမရှိနဲ့'
အဲဒီ နောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ဟာ တဖြည်းဖြည်း အတွေ့ကျဲသွားကြသလို အသည်းတွေလည်း ပိုမာခဲ့ကြတယ်။ သူက သင်တန်းတွေတစ်ခုပြီးတစ်ခု တက်ပြီး ကျွန်တော်ကတော့ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲ ဖြစ်ခဲ့တယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့ စီးကရက်ငွေ့ရှုခွင့်ရတဲ့သူတွေထဲမှာ သူ့လို ပညာတတ်မိန်းမတစ်ယောက်မှ မပါစေခဲ့ဘူး။တော်ရုံတန်ရုံဘွဲ့တစ်ဘွဲ့ဆို တော်ရောပေါ့။ မလိုအပ်ဘဲ အမြီးတွေ ရှည်စရာမလိုပါဘူး။
ကျွန်တော့်အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ တံခါးခြောက်ပေါက် ကားကြီးတွေလိုပဲ။ တီဗွီပါတယ်၊ ရေခဲသေတ္တာပါတယ်၊ အစည်းအဝေးတောင် ကျင်းပလို့ရတယ်ဆိုတဲ့ ကာဒီလက်ကားကြီးတွေလို မျိုးပေါ့။ အပိုဆာဒါးတွေနဲ့ မလိုအပ်ဘဲ လေးလံနေတယ်လို့ ကျွန်တော်တော့ထင်တာပဲ၊ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ရမယ်၊ သက်သောင့်သက်သာစီးနင်းလို့ရမယ်ဆို တော်ပြီပေါ့၊ ဘာလို့ အကျယ်ချဲ့နေမှာ လဲ။
တစ်ခုတော့ ရှိတာပေါ့။ သူဟာ ကိုဖီအာနန်တို့ ဘန်ကီမွန်းတို့ရဲ့ နေရာကို ချိန်ရွယ်နေတယ်ဆိုရင်လည်း ဘွဲ့တွေ တစ်ခုပြီးတစ်ခု ထပ်ယူပါစေပေါ့။ကျွန်တော်ကတော့ ကျွန်တော့်အပေါ်နားလည်တဲ့ ကောင်မလေးကိုပဲ လက်ထပ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ပွဲကို သူ ရောက်မလာပါဘူး။ သူPh.Dရတဲ့ ဂုဏ်ပြုဧည့်ခံပွဲကိုလည်း ကျွန်တော် မသွားရောက်ဖြစ်ခဲ့ဘူး။
နှစ်တွေ တစ်နံတစ်လျား မဟုတ်ပေမယ့် ကျွန်တော့် ဒိုင်ယာရီမှတ်တမ်းခုနှစ်အုပ်လောက်မှာ သူပါဝင်ခွင့်မရဘဲ ခုမှ တိုက်တိုက်ဆိုင်ဆိုင် လာရောက်ဆုံစည်းကြတာပါ။ သူ့ခန္ဓာကိုယ်မှာ အသားတွေ နည်းနည်းတိုးပြီး သူ့မျက်နှာမှာ ရင့်ကျက်မှု တွေ ပိုပြီး ပြည့်စုံလာပေမယ့် ကျွန်တော်သိတဲ့ သူဟာ ထူးထူးခြားခြား မပြောင်းလဲသေးပါဘူး။ အရင်ကလိုပဲ ဆံပင်တိုတိုနဲ့ သွက်လက်ပေါ့ပါးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပုံ အပြည့်နဲ့ပေါ့။
ပြောရရင် ကာဒီလက် ဆိုတဲ့ အမှတ်တံဆိပ်ကို အဝေးကတောင် ထင်းခနဲမြင်နိုင်ပါတယ်ဆိုတဲ့ ဟန်ပန်နဲ့ပါ။ သူ့ကို စာအုပ်တစ်အုပ်လို သဘော ထားခဲ့တဲ့ကျွန်တော်ဟာ အဆုံးထိဖတ်ဖို့ စိုးရွံ့ခဲ့တာများ လားလို့တောင် ကိုယ့်ကိုယ်ကိုယ်ဇဝေဇဝါ ဖြစ်လာစေခဲ့ပါသေးတယ်။
'စီးကရက်ကို ဟိုဘက် လှည့်သောက်စမ်းပါ။ ဖြစ်နိုင်ရင် မသောက်ဘဲ မီးသတ်လိုက်တော့၊ ဒါနဲ့ ပြောစမ်းပါဦး ရှင့်သားက ရှင်နဲ့ တူရဲ့ လား'
'အင်းsame chip ပေါ့။ တစ်ပုံတည်းပဲ'
'ဒါဆို ကျွန်မ ဗေဒင်ဟောလိုက်မယ်၊ ရှင့်လိုပဲ သူပုန်စိတ်အပြည့်နဲ့ ဂျစ်ကန်ကန်လေး ဖြစ်ရမယ်၊ ဘယ့်နှယ်လဲ'
'အင်း ဖြစ်နိုင်ပါတယ်'
'ဒါနဲ့ ရှင် ကျွန်မကို စကားကြွေးဆပ်စရာ တစ်ခုရှိသေးတယ်နော်၊ ရှင်ဟာသဘာဝ အတန်းပညာမှာ ကျွန်မထက် အမြဲ တစ်တန်းကြီးခဲ့တယ် ဆိုတာလေ၊အဲဒါကို ရှင်းစမ်းပါဦး'
သူ မမေ့သေးပါလား။ ဒါမှမဟုတ် ခုမှ ကောက်ကာငင်ကာ သတိရသွားရတာ များ လား။ ဆိုပါစို့ ကျွန်တော့်မှာ သားလေးတစ်ယောက် ရှိတယ်ဆိုတာကို သိသွားပြီး မခံချင်ဖြစ်ရင်းနဲ့ ဖြစ်ဖြစ်ပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်အဲဒီ မေးခွန်းကို မေးလာဖော်ရတဲ့အတွက်တော့ ကျွန်တော် ဝမ်းသာရပါတယ်။
'ကိုယ် ပြောခဲ့ဖူးသလိုပါပဲ။ လူဆိုတာ သဘာဝ နဲ့အတူ လိုက်လံကြီးပြင်းရတယ်။ ကျောင်းပြေးသင့်တဲ့ အရွယ်မှာ ကျောင်းပြေးပြီး အလုပ်လုပ်သင့်တဲ့အရွယ်မှာ အလုပ်လုပ်ရမယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်၊ မျိုးဆက်ပြန့်ပွားသင့်တဲ့ အရွယ်တွေမှာ လည်း လိုအပ်ချက်အတိုင်း ပြုမူရမှာ ပဲ။ ဒါမှ ကြီးပြင်းရင့်ကျက်တယ်လို့ ခေါ်တယ်'
'ဒါဖြင့် ကျွန်မက မရင့်ကျက်သေးဘူးပေါ့'
'အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့်နှစ်ဆင့်လောက် လိုနေသေးတယ်၊ မင်းရဲ့ လက်အောက်က အမျိုးသမီးလေးတစ်ယောက် မီးဖွားခွင့် တင်တာကို မင်း အပြည့်အဝ လိုက်လျောနားလည်ပေးနိုင်ဖို့အတွက် မင်းကိုယ်တိုင်အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်၊ စာအုပ်တွေ ဖတ်ပြီး ခံစားလို့ရပါတယ်လို့တော့ လာမပြောနဲ့၊ အဲဒါက အတုအယောင်ပဲ၊ လူ့ဘဝကို အပြည့်အဝ နားလည်ဖို့ အိမ်ထောင်သည်ဘဝကို မဖြတ်သန်းဘူးဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မင်းဘာသာ ပညာတွေ ဘယ်လောက်တတ်တတ် လူပီသတဲ့ အစစ်အမှန် ခံစားမှု ဆိုတာ တကယ့်လောကရဲ့ အတွေ့အကြုံတွေကသာ ပေးနိုင်တာ၊ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ်မိသားစုတစ်စုကို ဦးဆောင်မယ့်သူဟာ အပျိုကြီး လူပျိုကြီးများ ဖြစ်လို့ကတော့ အဲဒီ မိသားစုဟာ အပြည့်အဝတိုးတက်မှု ကိုဘယ်တော့မှ မရနိုင်ဘူး'
'ကျွန်မ မယုံဘူး'
'မင်း ယုံမှာ မဟုတ်ဘူးဆိုတာ ကိုယ် သိတယ်၊ မင်းကိုယ်တိုင် အိမ်ထောင်သည်ဘဝကို မရောက်မချင်း ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး၊ မင်းအိမ်ထောင်သည် ဖြစ်လာတော့မှသာ တစ်ချိန်တုန်းက မာနထားခဲ့တာတွေ၊မလိုအပ်ဘဲ အရေပြားပါးခဲ့တာတွေဟာ အလကားပါလားဆိုတာ သဘောပေါက်လာလိမ့်မယ်၊ အဲဒီ ကျမှသာ လူတွေ ပြောပြောနေတဲ့ လူ့ဘဝဆိုတာ ဒါပါလားလို့ နားလည်လာလိမ့်မယ်'
သူ့မျက်နှာကို ကြည့်ရုံနဲ့ ကျွန်တော့်စကားတွေအပေါ် သူအပြည့်အဝလက်မခံနိုင်ဘူးဆိုတာ သိသာလှပါတယ်။ ခု လက်မခံလည်း တစ်ချိန်ချိန် တော့သူ လက်ခံလာမှာ ပါ။ ဒါပေမဲ့ အဲ့ဒီတစ်ချိန်ချိန်ကို သူကြုံနိုင်ပါ့မလား။ ခုဆိုသူနဲ့ကျွန်တော့်ကြားက အသိအမြင်ကွာဟမှု ဟာ အတော့်ကို ကြီးမားနေခဲ့ပါပြီ။
ဘဲဒီလို ကြီးမားသွားရတာ ဟာ ကျွန်တော်က ရပ်ကျန်ခဲ့ပြီး သူက သွားနေလို့လား။ ဒါမှမဟုတ် သူ ကျန်ရစ်ခဲ့ပြီး ကျွန်တော်က သွားနေလို့လား။ အဲဒါကိုရော သူ တွေးမိပါ့မလား။
တအောင့်ကြာတော့ ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်။ အတော်ဝေးဝေးရောက်မှ လှည့်ကြည့်တော့ သူ့ကို မှု န်ပျပျပဲ တွေ့မြင်ရပါတော့တယ်။
ထက်မြက်ပြီး ပညာတတ်သူတစ်ယောက်ရဲ့ မျိုးဆက်သွေးတွေ လူ့လောကကြီးထဲ ပေါက်ဖွားလာခဲ့ရင်ဖြင့် အတော့်ကို အကျိုးရှိမှာ ပါ။ သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူ့လို ပညာတတ်တစ်ယောက်ဖြစ်ခဲ့ရင် ကောင်းပါတယ်။တကယ်လို့ ပညာမတတ်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ရှုံးမှာ ကိုကြောက်ပြီး မကစားဘဲနေရင် ကစားဝိုင်းအပြင်ဘက်ကို ရောက်မှန်းမသိရောက်သွားတတ်ကြောင်း သူ့ကို ကျွန်တော် ရှင်းပြချင်ပါသေးတယ်။ ။
ဒီ ဇ င် ဘာ - ၂ ဝ ဝ ၈ ( သ ရ ဖူ )
မိုးမိသွားတဲ့ အိပ်မက်
ထိုနေ့သည် သင့်ပြက္ခဒိန်၌ နွေရာသီ၏ ဗုဒ္ဓဟူးနေ့ ဖြစ်နိုင်၏ ။သစ်ရွက်တွေကြွေကာ၊ လေထန်သော အေးမြသည့် နေ့တစ်နေ့ ဖြစ်နိုင်၏ ။
မိုးလင်းကတည်းက သွားတိုက်ဆေးကုန်ကာ၊သွားပွတ်တံနှင့် ရန်ဖြစ်ခဲ့ရပြီး သင့်ကွန်ပျူတာနှင့် တစ်နေ့လုံး အဆင်မပြေသော ပြဿဒါးနေ့တစ်နေ့ ဖြစ်နိုင်၏ ။ ပန်းတို့ပွင့်လိမ့်မည်ဟု ယုံကြည်ရသော နေ့တစ်နေ့ဖြစ်နိုင်သလိုသင့်ရန်သူ၏ မွေးနေ့လည်း ဖြစ်နိုင်၏ ။
ကျွန်တော်၏ မှတ်ဥာဏ်ထဲမှာ တော့ ထိုနေ့သည်တိမ်ညိုများ အုံ့ဆိုင်းကာ စိတ်ပျက်ဖွယ် မိုးစက်တို့ ရွာသွန်းကျဆင်းနေသော နေ့တစ်နေ့သာ ဖြစ်လေသည်။ သင်္ကြန်စာ၏ အလိုအရ မိုးရာသီ ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်သော်လည်း ကျွန်တော်၏ မှတ်ဥာဏ်ထဲ၌ ထိုနေ့တိုင်အောင်မိုးတွေ တဖွဲဖွဲရွာသွန်းနေဆဲဖြစ်သည်။ အတူနေမိသားစုဝင်များ က အအိပ်ကြီးသော ကျွန်တော့်အား အိပ်ရာထဲ၌ ချန်ထားရစ်ကာ မိုးလင်းကတည်းက အပန်းဖြေပန်းခြံတစ်ခုသို့ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ထိုကြောင့် တစ်အိမ်လုံးကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ကာ ပျင်းရိငြီးငွေ့နေခြင်းဖြစ်သည်။
ကျွန်တော်သည် မိတ်ဆွေရင်းချာတစ်ယောက်နှင့် လမ်းအတူ လျှောက်ရင်း စကားစမြည်ပြောချင်သော်လည်း အခြေအနေအရ မဖြစ်နိုင်ပါ။ ဆိုင်းသံတွေခြိမ့်ခြိမ့်ညံကာ ကောက်ညှင်းကျည်တောက် မီးသင်းရနံ့၊ ရေနံဆီမီးခွက် ညှော်နံ့နှင့် အကြော်နံ့တို့ သင်းပျံ့နေမည့် ညပွဲဈေးတစ်လျှောက် ဟိုငေး ဒီငေး လုပ်ချင်သော်လည်း အချိန်အခါအရ မဖြစ်နိုင်ပါ။ ကောင်းကင်ပြာ၌ စက္ကူစွန်များ လွှတ်ကာ၊ ပျော်ရွှင်ဆူညံနေမည့် ကလေးငယ်များ အား ရပ်တန့်ငေးမောရန် ဆိုတာကတော့ ပိုလို့ပင် ဝေးကွာလှပါသည်။ ရာသီဥတုက အပြင်ထွက်ခွင့် ရလောက်အောင် ခြေခင်း လက်ခင်း မသာယာသောအခါ ကျွန်တော်သည် မိမိခန္ဓာကိုယ်အား ခြောက်သွေ့တိတ်ဆိတ်သော အိမ်ခန်းကျဉ်းလေးထဲမှာ ပင် ကျောက်ချထားလိုက်တော့သည်။
ပြတင်းပေါက်အပြင်ဘက်မှ ခပ်စိပ်စိပ် စွေစောင်းကျဆင်းနေသော မိုးစက်များ အား ငေးကြည့်ရင်း မိုးနေ့တစ်နေ့၏ ရှုမျှော်ခင်းအား ပန်းချီကားတစ်ကားရေးဆွဲရန် စိတ်ကူးခဲ့ဖူးကြောင်း သတိရလိုက်မိသည်။ သို့သော် ခုချိန်ထိ ကောက်ကြောင်းမကောက်ဖြစ်သေး။ ကျွန်တော့်ဘဝ၌ ရည်ရွယ်ပြီး မလုပ်ဖြစ်သေးသောကိစ္စတို့ အတော့်ကို များ ပြားလှပါသည်။
ဥပမာ ... မိုင်ပေါင်းများ စွာ အရပ်မှ ငယ်သူငယ်ချင်းတစ်ယောက်အကြောင်းစာစီစာကုံးရေးရန်၊ မသေခင် သစ်ပင်တစ်ပင် စိုက်ရန် ... ။ ဂျူလီယာရောဘတ်နှင့်ညစာအတူစားရန် ...။ နံရံပေါ်မှ တစ်ကြောင်းဆွဲပန်းချီအား ဒီဂျစ်တယ် ရှုမျှော်ခင်းပုံနှင့် ပြောင်းရန် ...။ အေအိုင်ဒီအက်စ်နှင့် အသည်းရောင်ဘီပိုး စစ်ဆေးရန်...။နေ့စဉ် မေတ္တာသုတ်တစ်ရာ့ရှစ်ခေါက်ရွတ်ရန် ...။
ပြောမည်ဆိုလျှင် အတော်များများ ကျန်ရှိနိုင်ပါသေးသည်။ ယခု ... လောလောဆယ်မှာ ပင် လုပ်ချင်လျက်နှင့် မလုပ်ဖြစ်တာတစ်ခုက လမ်းလျှောက်ထွက်ဖို့ဖြစ်သည်။ ရက်ပေါင်းများ စွာ ညောင်းညာကိုက်ခဲမှု တွေနဲ့ လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ကြီးကိုသာ ညီညာပျံ့ပျူးတဲ့ လမ်းကောင်းကောင်းမှာ မောင်းနှင်လျှောက်လှမ်းလိုက်ရလျှင် အကြောအခြင်တွေ ပြေလျော့ပြီး တက်ကြွလန်းဆန်းလာမှာ အလွန်သေချာပါသည်။
သို့သော် ... မိုးတဖွဲဖွဲ ရွာသွန်းနေသည့် နေ့လည်ခင်းအချိန်မျိုး၌ လမ်းလျှောက်ထွက်ရလောက်အောင်တော့ ကျွန်တော် မမိုက်မဲသေးပါ။ အခါလွန်မိုးသည်တုတ်ကွေးရောဂါတစ်ခုကို လက်ဆောင်မပေးဘူးဆိုလျှင်တောင် အနည်းဆုံးအအေးမိပြီး ချမ်းစိမ့်စိမ့်ဖြစ်လာစေနိုင်သည် မဟုတ်ပါလား။ ကျွန်တော်က၊ လူရှေ့သူရှေ့ နှာချေရခြင်းကို အားနာသူ ဖြစ်၏ ။
တစ်ခုခု လုပ်ချင်သော်လည်း ဘာလုပ်ရမှန်း မသိသောအခါ၊ လူသည်သရိုးသရီဖြစ်လျက် လေးလံထိုင်းမှိုင်းလာတော့၏ ။ အမှန်က ယခုလို အားလပ်ရက်မျိုး၌ အချိန်ကို အကျိုးရှိရှိ အသုံးချရန် ကျွန်တော် တင်ကြို စိတ်ကူးယဉ်ထားခဲ့ပါသည်။ ဥပမာ ... ပြင်ပရှုခင်းအား ပုံကြမ်းကောက်ရန်။ သစ်ပင်တစ်ပင်ပျိုးရန် ...။ စာအုပ်စင်မှ စာအုပ်များ အား နေရောင်ထုတ်ပြရန် ...။ သို့သော် ...မိုးရေစက်တို့က ကျွန်တော့်စိတ်ကူးများ အား တိုက်စားသွားခဲ့၏ ။
အိမ်ခေါင်မိုးနှင့် မိုးရေစက်တို့၏ ထိတွေ့သံကို နာခံရင်း တစ်စုံတစ်ယောက်နှင့် စကားပြောချင်စိတ်တို့က ရုန်းကြွလာကြ၏ ။ မျက်နှာချင်းဆိုင် တွေ့မြင်ရင်ဖွင့်တာမျိုး မဟုတ်တောင် တယ်လီဖုန်းမှတစ်ဆင့် ဆိုလျှင်လည်း မဆိုးလှပါ။ထိုတစ်စုံတစ်ယောက်သည် မီရှဲလ်ဝီသော်လည်းကောင်း၊ ရေဗက္ကဝင်းသော်လည်းကောင်း၊ ဂျေကေရိုးလင်းနှင့် မြို့မငြိမ်းသော်လည်း ကောင်း ဘယ်သူမဆို ဖြစ်နိုင်ပါသည်။
သို့သော်... မောင့်ဗလင့်နဲ့မှ စာရေးချင်သည်ဆိုသော ဆရာမ လေး မဖြစ်စေရ။ ထစ်နေသော စီဒီကို ထပ်ခါတလဲလဲဖွင့်ပြီး အသစ်ဟု ကြွေးကြော်နေသူမျိုးမဖြစ်စေရ။ နားမလည်နိုင်ဘူး... ဟူသော စကားကိုသာ မျက်စိစုံမှိတ်ပြီး အော်ဟစ်တတ်သူမျိုးလည်း မဖြစ်စေရ။
ထိုတစ်စုံတစ်ယောက်သည် အပြန်အလှန် နားလည်မှု နှင့် လေးစားမှု ကိုတန်ဖိုးထားတတ်သူမျိုး ဖြစ်စေချင်သည်။ ဥာဏ်ရည်မြင့်ကာ သဘောပေါက်လွယ်သူမျိုးလည်း ဖြစ်စေချင်သည်။ ပြောရလျှင်တော့ ထိုတစ်စုံတစ်ယောက်မှာ သင်သာဖြစ်သင့်ပါသည်။
သို့သော် ... တစ်ခုခက်သည်မှာ ကျွန်တော်၏ တယ်လီဖုန်း ပျက်နေခြင်းပင်...။ အကယ်၍ လိုင်းမပျက်လျှင်တောင် ကျွန်တော်၏ တယ်လီဖုန်းက နံပါတ်တစ်ခုနှင့် ချိတ်ဆက်ခွင့်ရဖို့အရေး စိတ်တိုချင်စရာကောင်းလောက်အောင် စောင့်ဆိုင်းရလေ့ရှိ၏ ။ ဖုန်းပြင်ဆရာ၏ မှတ်ချက်က ... အထွက်ခေါ်ဆိုမှု ကောင်းရန်ဆားကစ်ဒ်ပြား လဲပါဟူ၏ ။ သို့သော်... ကျွန်တော် မလဲဖြစ်သေး။ ကျွန်တော့်၌ အချိန်အတိအကျ အရေးတကြီး ဖုန်းခေါ်ရမည့် ကိစ္စမျိုးလည်း မရှိသေးသဖြင့်ဒီတိုင်းသာ ထားလိုက်ပါသည်။
တယ်လီဖုန်းအား အားကိုး၍ စိတ်ထွက်ပေါက်ရှာရန် မဖြစ်နိုင်သောအခါစာဖတ်ရန် ကျွန်တော် စိတ်ကူးလိုက်၏ ။ ကျွန်တော် နောက်ဆုံးဖတ်ဖြစ်ခဲ့သည်မှာ ဆရာမောင်စူးစမ်းနှင့် ဆရာကျော်ဝင်းတို့ဘာသာပြန်သော တော်ဖလာနှင့် ဟန်တင်တန်တို့၏ တတိယလှိုင်းအကြောင်းဖြစ်သည်။ ထို လှိုင်းအကြောင်း အသေးစိတ်သိလိုသော်လည်း ဆက်ဖတ်စရာစာအုပ်တို့က မရှိတော့။ ထို့အပြင် ဂိမ်းသီအိုရီအကြောင်း၊ ကျမ်းရိုးသစ် (New Classical) အကြောင်းနှင့် ပို့စ်မော်ဒန်ရောနှောခြင်းသီအိုရီ အကြောင်းတို့ကို ဖတ်ချင်သော်လည်း ငွေကြေးအခက်အခဲအရကျွန်တော်စာအုပ်အသစ် မဝယ်နိုင်တာ၊ အတော်ကြာခဲ့ပြီ ဖြစ်၏ ။ သုတအစားရသကို ပြောင်းဖတ်ဖို့ စိတ်ကူးလိုက်သော်လည်း တော်ရိရော်ရိဝတ္ထုများ ကကျွန်တော့်ကို မဆွဲဆောင် နိုင်ပြန်ပါ။ နောက်ဆုံးတော့ ကျွန်တော် စာအုပ်စင်နားမှလှည့်ထွက်လာခဲ့သည်။
ယခင်က စာဖတ်၍ မရသောအခါ စာရေးလေ့ရှိသော်လည်း ယခုတော့စာရေးချင်စိတ် မရှိသလို ရေးစရာအကြောင်းအရာကလည်း အလွယ်တကူ ရှိမနေပါ။ နောက်ထပ် အခက်အခဲတစ်ခုက ကျွန်တော်၏ တစ်ခါသုံး ဘောလ်ပင်များ ဖြစ်သည်။ အသုံးမပြုတာကြာပြီဖြစ်သော ထိုဘောလ်ပင်တို့က မင်ကောင်းစွာ မလိုက်တော့။ တစ်ခုခုကို ရေးလိုက်တိုင်း ထင်သည့်အခါ ထင်၍ မှိန်သည့်အခါမှိန်ဖြော့ပျောက်ကွယ်သွားတတ်သည်။ ထို့ကြောင့် စာကြောင်းတစ်ကြောင်းစာရဖို့စာသုံးကြောင်းစာမျှ အင်အားစိုက်ထုတ်ရလေ့ ရှိသည်။ မိတ်ဆွေတစ်ဦးကအပေါစားဘောဘင်တွေ ဝယ်မသုံးရန် အကြံပြုဖူးသော်လည်း အခြေအနေအရတစ်ခါသုံးဘောလ်ဘင်များ ကိုပင် ကျွန်တော် အားပြုနေရဆဲဖြစ်သည်။စာရေးစာဖတ်၍ မရသလို၊ တစ်ယောက်ယောက်ထံ တယ်လီဖုန်းဆက်ရန်လည်း အခွင့်မသာသောအခါ ကျွန်တော်သည် တစ်ခုခု လုပ်ချင်သော်လည်းဘာလုပ်ရမှန်း မသိစွာ သရိုးသရီဖြစ်၍ လာတော့သည်။ နောက်ဆုံးတော့ အိမ်တံခါးဝဆီသို့ လျှောက်လာခဲ့ပြီး စိတ်ပျက်လက်ပျက် ခြေဆင်းထိုင်ကာ၊ တစိမ့်စိမ့်ရွာနေသော မိုးကိုသာ ငေးကြည့်နေမိတော့သည်။
မည်းမှော င်သော မိုးသည် လူအတော်များများ ကို အိမ်တွင်းအောင်း ဖြစ်စေရန်တွန်းအားပေးနေဆဲဖြစ်သည်။ ငယ်ငယ်ကတော့ ယခုလိုမိုးရွာလျှင် စောင်ထူထူခြုံပြီး အိပ်ရာထဲကွေးရသည်မှာ အရသာ ရှိလှ၏ ။ မိုးအလွန် သည်းထန်သောမနက်ခင်းများ ၌ အမေက ကောင်းမသွားချင် မသွားနဲ့တော့ဟု ခွင့်ပြုတတ်၏ ။ထိုအခါ ကျောင်းတက်ရမှာ ပျင်းသော ကျွန်တော်က အလွန်ပျော်ရွှင်လေသည်။ဝမ်းသာအားရ 'ဟေး' ခနဲ အောင်ဟစ်ကာ ... အိပ်ရာထဲ၌ ပြန်ကွေးရန် ဒုန်းစိုင်းပြေးလေတော့သည်။
သို့သော် ... ယခု ကျွန်တော်၏ အရွယ်က မူလတန်းကျောင်းသားလေးမဟုတ်တော့။ မိုးရွာပြီကွ ... ဟု လက်သီးလက်မောင်းတန်းကာ အော်ဟစ်ရမည့်အရွယ်မျိုး မဟုတ်သလို မိုးရွာလျှင် ချစ်သူနှင့် ထီးအတူဆောင်းခွင့်ရမည်ဟု ရင်ဖိုလှိုက်မောရမည့် လူပျိုပေါက်လေးလည်း မဟုတ်တော့ပါ။ ထို့ကြောင့် မိုးစက်တို့သည် စိတ်ကူးရင်ခုန်ချင်စရာ အိပ်မက်များ ကို မမွေးဖွားစေနိုင်တော့။ ပြောမည်ဆိုလျှင် မိုးရွာနေခြင်းကြောင့် ကျွန်တော်၏ ပျိုးလက်စ စိုက်ခင်းအသစ်လေးအတွက်ပင် စိုးရိမ်ရပါသေးသည်။
အကယ်၍ ကျွန်တော်၏ အိမ်သားများ သာ ထီးတစ်လက်တလေကို ချန်ထားရစ်ခဲ့ပါက ခြံထောင့်ရှိ ထိုစိုက်ခင်းလေးဆီသို့ ကျွန်တော် သွားရောက် ကြည့်ရှုနိုင်ပါလိမ့်မည်။ ထို့ပြင် လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ဖြစ်စေ။ တစ်ဘက်ရပ်ကွက်မှ မိတ်ဆွေတစ်ယောက်ထံသို့ဖြစ်စေ သွားရောက်နိုင်ပါသေးသည်။ သို့သော် ...လောလောဆယ် ကျွန်တော်၌ ထီးတစ်လက်မှ မရှိသလို ဆောင်းစရာဦးထုပ်များ လည်း တစ်လုံးတလေမှ မရှိပါ။
ပျင်းရိငြီးငွေ့မှု က ကျွန်တော့် ခန္ဓာကိုယ်အား တဖြည်းဖြည်း ဝါးမြိုကာထုံထိုင်းမိန်းမောလုလု အနေအထားမှာ ပင် တစ်စုံတစ်ယောက်က ကျွန်တော့် အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှစိတ်မူမမှန်သော ခပ်ကြောင်ကြောင်ကောင်လေး ဖြစ်၏ ။ ၄င်း၏ တစ်ကိုယ်လုံးမိုးရေတွေ စိုရွှဲနေသော်လည်း ချမ်းစိမ့်ဟန်တစ်စက်မှ မရှိ။ ကြည့်ရသည်မှာ နေပူဆာလှုံရင်း လမ်းလျှောက်နေသည်နှင့်ပင် တူသေးတော့သည်။
''အစ်ကို ... ဘာလုပ်နေတာလဲ''
''ထိုင်နေတာလေကွာ''
''စာမရေးဘူးလား''
''ရေးလို့မရဘူးကွ။ တခြားလည်း ဘာလုပ်ရမှန်းမသိတာနဲ့ ပျင်းနေတာ''
''ဟာ ... ဒါများ ကျွန်တော့်လို မိုးရေထွက်ချိုးပေါ့ဗျ''
''မလုပ်ပါနဲ့ကွာ။ မိုးရေနဲ့ ငါနဲ့က မတည့်ဘူးကွ။ ငါ့မှာ မိုးရေ (အလာ့ဂျစ်)ရှိတယ်။ မိုးမိပြီးတိုင်း လူက နေထိုင်မကောင်း တစ်ခုခုဖြစ်တာ ချည်းပဲ''ကျွန်တော့်စကားကို ၄င်းက လက်မခံချင်ဟန်ဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
''အဲ့ဒါ... မိုးနဲ့ကိုယ်နဲ့တစ်သားတည်းဖြစ်အောင် အစ်ကို မလုပ်ခဲ့လို့ဖြစ်မယ်။ မိုးရေဆိုတာ ချိုးလို့ရသလို သောက်လို့လည်း ရတယ်။ ငယ်ငယ်တုန်း ကမိုးရေချိုးရင် ပါးစပ်ဟပြီး မိုးရေကို မြိုမချခဲ့လို့ ဖြစ်ရမယ်''
''ဘာဆိုင်လို့လဲကွ''
''ဆိုင်တာပေါ့ အစ်ကိုရ။ လူ့ခန္ဓာကိုယ်ဟာ လက်ခံနိုင်စွမ်းရှိသလို တုံ့ပြန်နိုင်စွမ်းလည်း ရှိတယ်။ တစ်ခုခုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်က ပဋိဇီဝပစ္စည်းတွေ ထုတ်ပေးတယ်။ မိုးရေကို မြိုချဖူးရတယ်။ ဒါမှ နောက်တစ်ခါ မိုးမိရင် ဘာမှမဖြစ်တော့မှာ ''
စာ အလွန်ဖတ်ပြီး ခပ်ကြောင်ကြောင် ဖြစ်သွားသည်ဆိုသော ၄င်း၏ စကားကို လျှော့တွက်၍ မရပါ။ 'ငါ အဲ့ဒီလို တစ်ခါမှ မစဉ်းစားဖူးဘူး' ဟုကျွန်တော် ဝန်ခံလိုက်တော့ ၄င်းက 'အစ်ကို ဘာမှတွေဝေမနေနဲ့ ကျွန်တော်ပြောသလို မိုးရေ ထွက်ချိုးလိုက်။ မျက်နှာကို မော့ပြီး ပါးစပ်ကို ဟထား။ပါးစပ်ထဲဝင်လာတဲ့ မိုးရေတွေကို မြိုချလိုက်' ... ဟု အကြံပေးပါသည်။လက်ခံရန် သို့မဟုတ် ငြင်းဆန်ရန် ကျွန်တော် တစ်စုံတစ်ရာ မဆုံးဖြတ်ရသေးမီ ၄င်းက ကျွန်တော့်အိမ်ရှေ့မှ ဆက်လက် ထွက်ခွာသွားတော့သည်။မိုးရေထဲမှာ ပင် ၄င်း၏ လမ်းလျှောက်ပုံက ခန့်ညားလွန်းသဖြင့် အားကျစရာပင်ကောင်းနေသေး၏ ။ ၄င်း အကြံပေးသလို လုပ်သင့် မလုပ်သင့် ကျွန်တော် ချီတုံချတုံ ဖြစ်နေမိသည်။ သို့သော် ... အချိန်အတန်ကြာသည့်တိုင် တခြားလုပ်စရာတစ်ခုခုကိုလည်း စဉ်းစား မရသောအခါမှာ တော့ ၄င်းပြောခဲ့သည့်အတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်တော့သည်။
နှစ်ပေါင်းများ စွာ မိုးရေနှင့် ခန္ဓာကိုယ် မထိတွေ့အောင် တမင် ဂရုစိုက်ခဲ့သော ကျွန်တော့်အတွက် ထိုကိစ္စမှာ အနည်းငယ် သွေးလန့်ချင်စရာ ကောင်းပါသည်။ တံစက်မြိတ်အောက်မှ လှမ်းထွက်နိုင်ရန် ကျွန်တော် အတော်ကြိုးစားခဲ့ရသည်။ နောက်ဆုံး၌ မျက်စိစုံမှိတ်ကာ ခြေတစ်လှမ်းတိုးထွက်လိုက်သည်။ စိမ့်ခနဲဖြစ်သွားပြီး ခန္ဓာကိုယ်အား မိုးစက်များ က မြားတန်းများ သဖွယ် တဒေါက်ဒေါက်ထိမှန်လာကြလေသည်။ အနည်းငယ် အသည်းအေးစရာ ကောင်းသော်လည်းအခြေအနေက ကျွန်တော်မျှော်လင့် ထားသလောက် မဆိုးဝါးလှပါ။ ဒုတိယအဆင့်အဖြစ် မျက်နှာကိုမော့ကာ ပါးစပ်ဟလျက် မိုးစက်များ ကို ခံယူလိုက်၏ ။တဖြောက်ဖြောက် အသံနှင့်မိုးစက်များ ပါးစပ်တွင်းသို့ ဝင်လာစဉ်မှာ ပင် ထူးခြားမှု တစ်ခုကို ကျွန်တော် သတိပြုလိုက်မိသည်။ ယင်းမှာ ကျွန်တော့ ပါးစပ်တစ်ခုလုံးခါးသက်လာခြင်း ဖြစ်သည်။
ဒါဟာ... အကြံပေးသွားတဲ့ ဥာဏ်ကြီးရှင်ပြောသလို၊ ကျွန်တော့် ခန္ဓာကိုယ်က ပဋိဇီဝပစ္စည်းတွေ ထွက်ပေါ်လာတာများ လား။ ဒါမှမဟုတ် အခု မိုးရေတွေဟာ... လူတွေပြောပြောနေတဲ့ မိုးခါးရေဆိုတာများ လား။
တစ်စုံတစ်ရာ အဖြေရအောင် ကျွန်တော် ဆက်လက် မစဉ်းစားနိုင်တော့ပါ။အကြောင်းမှာ ကျွန်တော့်တစ်ကိုယ်လုံး တစ်ဆက်ဆက်တုန်ယင်ကာ ဒယိမ်းဒယိုင်ဖြစ်လာသည့်အတွက် တံစက်မြိတ်အောက်သို့ ပြန်ဝင်လိုက်ရခြင်းကြောင့် ဖြစ်သည်။အမိုးအကာအောက်သို့ အရောက်မှာ ပင် ကျွန်တော့် ခန္ဓာကိုယ်သည် အရုပ်ကြိုးပြတ် ပစ်လဲကာ သတိလစ်မေ့မြောသွားတော့သည်။
ပြန်လည်သတိရသောအခါ ကျွန်တော့် ခန္ဓာကိုယ်သည် စောင်ထူထူ အောက်သို့ရောက်ရှိနေပြီး ဘေးနား၌ အိမ်သားများ ၏ စိုးရိမ်မကင်းသော မျက်နှာတို့ကို တွေ့မြင်လိုက်ရသည်။ အမေကတော့ မိုးရေအလာ့ဂျစ် ရှိလျက်နှင့် မိုးရေထဲထွက်သော ကျွန်တော့်ကိုသာ တဗျစ်တောက်တောက် အပြစ်တင်ပါသည်။ ၄င်းတို့သာအရောက်နောက်ကျခဲ့ပါက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး အေးခဲကာ လေဖြတ်သွားနိုင်သည်ဟု ဆိုပါသည်။
ကိုယ့်အပြစ်နှင့်ကိုယ်မို့ အမေ၏ အပြစ်တင်နေမှု အား မည်သို့မျှ မတုံ့ပြန်နိုင်ပါ။ ကျွန်တော်၏ ပါးစပ်ထဲမှာ တော့ ယခုတိုင်အောင် ခါးသက်နေဆဲဖြစ်သည်။ပြန်လည် သတိရချိန်မှစ၍ ကျွန်တော့် ဦးနှောက်အား တဆစ်ဆစ်နာကျင်ကိုက်ခဲစေသော ပြဿနာမှာ ပါးစပ်ထဲမှ မိုးရေများ အား ထွေးထုတ်လိုက်မိသလား၊မြိုချလိုက်မိသလား စဉ်းစားမရခြင်းဖြစ်သည်။ ထို့ကြောင့် မိုးမိခြင်းအား ခုခံနိုင်ရန်ပဋိဇီဝပစ္စည်းတစ်မျိုးကို ကျွန်တော့် ခန္ဓာကိုယ်မှ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သလား ကျွန်တော် မသိတော့ပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ မိုးရေထဲသို့ စိတ်လိုက်မာန်ပါ ထွက်တာမျိုးကို ရှောင်ကျဉ်ရ လိမ့်မည်ဟူ၍ တော့ ကျွန်တော် စဉ်းစားလိုက်မိပါသည်။
ထိုနေ့သည် သင့်ပြက္ခဒိန်၌ နွေရာသီ၏ ဗုဒ္ဓဟူးနေ့ဖြစ်နိုင်သလို သစ်ရွက်ကြွေကာ လေထန်သော အေးမြသည့်နေ့တစ်နေ့ ဖြစ်နိုင်သည်။ ကျွန်တော်၏ မှတ်ဥာဏ်ထဲမှာ တော့ ထိုနေ့သည် မိုးရွာသောနေ့တစ်နေ့သာ ဖြစ်လေသည်။
ေ မ - ၂ ဝ ဝ ၇ က လ်ာ ၊
လက်နှိပ်စက်
ထုံစံအတိုင်း ညဆယ်နာရီကို မိနစ်အနည်းငယ်စွန်းသည်နှင့်ကုလားထိုင် တွန်းရွှေ့သံ၊ စာရွက်စာတမ်းများ ကို တဖြတ်ဖြတ် လှန်လှောသံတို့က အချိန်မှန်စွာ ထွက်ပေါ်၍ လာလေသည်။ သိပ်အကျယ်ကြီး မဟုတ်သည့်တိုင် ကုလားထိုင်ခြေထောက်နှင့်ကြမ်းပြင်တို့၏ ထိတွေ့ပွတ်ဆွဲသံက အိပ်ရာဝင်ခါနီး အဝတ်လဲနေသော သူ၏ သွားတို့ကို ကျိန်းခနဲဖြစ်သွားစေသည်။
တအောင့်ကြာလျှင် ပြတ်တောင်းတောင်း ထွက်ပေါ်လာမည့် လက်နှိပ်စက်သံတဖျောက်ဖျောက်နှင့် ရံဖန်ရံခါလမ်းထလျှောက်မည့် ခြေသံတရှပ်ရှပ်တို့ကို ကြိတ်မှတ်သည်းခံရပေဦးမည်။ ဧည့်ခန်းမီး၊ မီးဖိုမီးတို့ကို လိုက်ပိတ်ရင်း သူ စိတ်ပျက်စွာ တွေးနေမိ၏ ။
ဒီလူနဲ့တော့ ခက်တော့တာပဲ။ တစ်ညလည်းမဟုတ်။နှစ်ညလည်းမ ဟုတ်။ ဘယ်လောက်ကြာအောင် သည်းခံရဦးမှာ ပါလိမ့်။ တကယ်ဆို ဤတိုက်ခန်းသို့ ပြောင်းရွှေ့လာခဲ့မိတာကိုက သူ့အမှားဖြစ်၏ ။ ပျဉ်ထောင်သွပ်မိုးနှင့် မြို့သစ်ဘက်က လုံးချင်းအိမ်လေးတွေကို ဘာဖြစ်လို့များ သူ မစဉ်းစားမိခဲ့ပါလိမ့်။
အခုတော့ ...
ညတိုင်း အသံနဲ့စိတ် အနှောင့်အယှက်ပေးမယ့် လူတစ်ယောက်၊ ခေါင်းပေါ်တင်ထားမိတဲ့ အခန်းကိုမှ သူမှားယွင်းစွာ ငှားရမ်းခဲ့မိသည်။
အင်းလေ ...
ဒါကလည်း အလုပ်နဲ့နီးစပ်မှု ၊ တတ်နိုင်တဲ့ငွေအားနဲ့ သင့်မြတ်မှု တို့ကို မူတည်ပြီး ရွေးချယ်ခဲ့ရတာ ပဲ။ ပြီးတော့ ဤအခန်းအား လာကြည့်စဉ်အခါက အပေါ်ထပ်၌ လူတစ်ယောက်မှ ရှိမနေခဲ့ပါ။ ဟောင်းနွမ်းအိုမင်းကာ ညစ်ထေးထေးနိုင်လှသောလေးထပ်တိုက်ခန်းတွဲ ပိုင်ရှင် အဖိုးကြီး၏ စကားကလည်း သူ့အား တစ်နည်းတစ်ဖုံဆွဲဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
'ဒီတိုက်မှာ ငှားနေကြတဲ့လူတွေ အားလုံးဟာ အကုန်လုံး လူရည်သန့်တွေချည်းပဲ။ ကုမ္ပဏီဝန်ထမ်းတွေ၊ ရုံးအရာရှိနဲ့ ကျောင်းဆရာ၊ ဆရာမ တွေ၊ အားလုံးကသီးသီးသန့်သန့်နေတတ်ကြတဲ့သူချည်းပဲ။
ပြီးတော့ ... ဒီတိုက်မှာ မျက်စေ့ရှုတ်၊ နားရှုတ်စရာကလေးနဲ့ ခွေးမရှိဘူး။မောင့်ရင့်အပေါ်ထပ်ကဆိုရင် တစ်ယောက်တည်းသမား၊ မိုးလင်းကတည်းက အလုပ်သွားပြီး ညမိုးချုပ်မှ ပြန်လာတတ်တာ။ ဒီလိုနားအေးပါးအေးရှိတဲ့ တိုက်မျိုး နောက်တစ်လုံးတွေ့ဖို့ မလွယ်ဘူးမောင်ရင်။ ထမင်းထုတ်သာ သိုးသွားမယ်။'
အဖိုးကြီး၏ စကားက ယုတ္တိတန်လှတာမို့ ထိုတိုက်ခန်းကို သူငှားရမ်းဖြစ်ခဲ့ခြင်းဖြစ်သည်။
တိုက်မှာ အိုမင်းလွန်းခြင်း၊ လေဝင်လေထွက်နှင့် နေရောင်ခြည်ဝင်ရောက်မှု နည်းပါးခြင်း စသည့် မပြောပလောက်သော အားနည်းချက် အနည်းငယ်မှအပ ထွေထွေထူးထူး အပြစ်ဆိုစရာ မရှိပါ။ ပြဿနာဆို၍ အပေါ်ထပ်မှ လူ၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံဗလံသာ ပြောစရာရှိ၏ ။
ဤတိုက်ခန်းသို့ ရောက်စညက ထုံးစံအတိုင်း ဆယ်နာရီထိုးရန် မိနစ်အနည်းငယ်အလို၌ သူအိပ်ရာဝင်ခဲ့သည်။ (သူက ညတိုင်း ဆယ်နာရီအိပ်၍ မနက် ငါးနာရီပုံမှန်အိပ်ရာမှ ထသူဖြစ်သည်။) ထိုညက အိပ်ပျော်လုပျော်ခင်မှာ ပင် အသံ၏ အနှောင့်အယှက်ကို စတင် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ပထမဦးစွာ သတိပြုမိသည်မှာ လှေခါးမှတက်လာသော ခြေသံဖြစ်၏ ။ ထိုခြေသံကြောင့် အိပ်ချင်စိတ်များ ပြယ်လွင့်သွားလျက် ...
'ဒီအချိန်ကြီး ... ဘယ်အခန်းကိုလာတဲ့ ဧည့်သည်ပါလိမ့်' ဟု ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
ခြေသံက သူ့အခန်းကို ကျော်လွန်လျက် အပေါ်ထပ်တံခါးရှေ့၌ ရပ်ဆိုင်းသွားပြီး သော့ဖွင့်သံကြားမှ အဖိုးကြီးပြောတဲ့ သူ့အပေါ်ထပ်ခန်းမှ တစ်ယောက်တည်းသမားဆိုတဲ့လူပဲဟု တွေးလိုက်မိသည်။ ကိုယ့်အခန်းလာတဲ့ဧည့်သည် မဟုတ်တော့သဖြင့် စိတ်ကို ဒုံးဒုံးချကာ အိပ်ရန်ပြင်လိုက်စဉ်မှာ ပင် အပေါ်ထပ်မှ လူ၏ ခြေသံတရှပ်ရှပ်တို့က စတင် ထွက်ပေါ်၍ လာသည်။ ကိုယ့်အိမ်ကိုယ့်အခန်း ပြန်ရောက်ခါစ ရေချိုးအဝတ်လဲနေတာဖြစ်မှာ ပေါ့ဟူသော အတွေးနှင့် သူစောင့်ဆိုင်းနေလိုက်သည်။သို့သော် ... အသံတို့က တော်တော်နှင့် မတိတ်။ လမ်းလျှောက်သံ ခေတ္တရပ်ဆိုင်းမလို ဖြစ်သွားပြီးနောက် ဆက်လက်ထွက်ပေါ်လာသည်က ကုလားထိုင်တွန်းရွှေ့သံ။ အံဆွဲ သို့မဟုတ် ဗီဒိုဖွင့်သံ။ စာရွက်များ ၊ စာအုပ်စာတမ်းများ လှန်လှောသံ။အဆိုးဆုံးမှာ ပြတ်တောင်းတောင်းနှင့် လေးလေးမှန်မှန် ထွက်ပေါ်လာသော လက်နှိပ်စက်ရိုက်သံဖြစ်၏ ။
ဂျောက် ... ဂျောက် ... ဂျောက် ... ဂျောက်
မြတ်စွာ ဘုရား ...
ဒီလူတစ်ညလုံး မအိပ်တော့ဘူးနဲ့ တူပါရဲ့ ...
ဂျောက် ... ဂျောက် ... ဂျောက် ... ဂျောက်
လက်နှိပ်စက်ရိုက်သံမှာ လေးငါးဆယ်ချက်ပေါ်လာလိုက်၊ ရပ်မလို ဖြစ်သွားပြီးမှ တစ်ချက်နှစ်ချက် ဆက်ရိုက်လိုက်နှင့် အတော့်ကို ဆိုးဝါးလွန်း လှသည်။ ထိုအသံမှာ အိပ်ပျော်ရန် ကြိုးစားနေသော သူ့အတွက် တကယ့်ကို အနှောင့်အယှက်ဖြစ်၏ ။ပို၍ ဆိုးသည်မှာ ထိုလူ လက်နှိပ်စက်ကို အသုံးပြုသော နေရာသည် သူ့ကုတင်၏ အပေါ်တည့်တည့်လောက်၌ ဖြစ်နေခြင်းပင် ...
တခြားအခန်းများ က ထိုအသံကို ကြားချင်မှ ကြားမည် ဖြစ်သော်လည်း၊ အပေါ်အောက်တည့်နေသော သူ့အတွက်တော့ ကြီးစွာ သော စိတ်ဒုက္ခပင် ဖြစ်သည်။ တအောင့်ကြာတော့ လက်နှိပ်စက်ရိုက်သံ ရပ်သွားသဖြင့် သူ ဝမ်းသာသွား၏ ။
သို့သော် ...
ထိုဝမ်းသာမှု က ကြာကြာမခံပါ။ လက်နှိပ်စက်အရိုက်ရပ်ချိန်၌ ၄င်းက ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြန်သည်။ သစ်သားကြမ်းခင်းတစ်ခုသာ ခြားသဖြင့်၎င်း၏ ခြေသံက လက်နှိပ်စက်သံနီးပါး ဆိုးဝါးလှပါသည်။
ရှပ်၊ ရှပ်၊ ရှပ် ...
ထို့နောက် ...
ရှပ်၊ ရှပ်၊ ရှပ် ...
နောက်တစ်ခါ ...
ရှပ်၊ ရှပ်၊ ရှပ် ...
ဘုရားကယ်တော်မူပါ .....
သူအိမ်ခန်းရွေးတာ၊ အကြီးအကျယ်ကို မှားခဲ့ပြီနဲ့ တူပါရဲ့ ၊ အညောင်း ပြေလောက်ချိန် သို့မဟုတ်၊ ဆက်ရိုက်ရင် သတိရသွားချိန်လောက်၌ ၄င်း၏ ဆိုးဝါးသောလက်နှိပ်စက်သံကြမ်းရှရှက လေးလေးမှန်မှန် ထွက်ပေါ်၍ လာပြန်သည်။
ဂျောက် ... ဂျောက် ... ဂျောက် ... ဂျောက်
ဘုရား ... ဘုရား ...
ဒီလူနဲ့တော့ ... အကြီးအကျယ်ကို ဒုက္ခပါပဲလား။
မနက်ခြောက်နာရီ လုပ်ငန်းခွင်သို့ ရောက်ရှိရန် ငါးနာရီအတိ၌ အိပ်ရာထဖို့လိုအပ်နေသော သူ့အတွက် နောက်ဆုံးတော့ လုပ်စရာက တစ်နည်းသာ ရှိပါတော့သည်။ ယင်းမှာ ထိုလူနှင့် မျက်နှာချင်းဆိုင် သွားရောက်ရင်ဆိုင်ရန် ပင် ဖြစ်၏ ။ ညဝတ်အင်္ကျီကို ချွတ်လဲရင်း လူမှု ရေးနားလည်ပုံမရသော ၄င်းအတွက် စကားလုံးတို့ကို ရှာဖွေစဉ်းစားနေမိသည်။
''တဆိတ်ဗျာ ... ခင်ဗျားရဲ့ ... လက်နှိပ်စက်သံတွေက ကျွန်တော့်အတွက်အိပ်မရအောင် အနှောင့်အယှက် ဖြစ်နေပတယ်။''
(ဒါဆိုရင် ... သိပ်များ အောက်ကျို့ရာ ကျနေမလား။)
''ဒီမှာ မိတ်ဆွေ ... ခု ဘယ်အချိန်ရှိပြီလဲ သိရဲ့ လား။ ဒီအချိန်ဟာ သာမန်လူတစ်ယောက် အိပ်ရာထဲရောက်ဖို့ ကောင်းပြီဗျ''
(အဲဒီ လိုဆိုရင် သိပ်ပြီး တင်းမာရာ ကျသွားမလား။)
အို ... ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ လူမျိုးအတွက် အဲ့ဒီလောက်တော့ပြောရမှာ ပေါ့။
ဒါမှ ...
လောကကြီးဟာ ငါ့တစ်ယောက်ထဲအတွက် မဟုတ်ပါလားလို့ ဒင်း နားလည်သွားမှာ ပေါ့။ တစ်ရိပ်ရိပ် ဆူဝေလာသော အတွေးတို့၏ မောင်းနှင်မှု နှင့် အခန်းတံခါးဆီသို့ လျှောက်လာစဉ်မှာ ပင် ခပ်ဝေးဝေးမှ နာရီသံချောင်းခေါက်သံ လွင့်ပျံလာ၏ ။ဆယ်နှစ်ချက်မြောက် သံချောင်းသံအဆုံးမှာ တော့ အပေါ်ထပ်မှ လူအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လက်နှိပ်စက်ရိုက်သံများ တိခနဲ ရပ်ဆိုင်းသွားရုံမျှမက တစ်ခြား ဘာသံမျှ ထွက်ပေါ်မလာတော့ချေ။
အခန်းတံခါးဆီသို့ လက်လှမ်းလုလုဆဲဆဲအနေအထားနှင့် သူငြိမ်သက်သွားကာ ဟုတ်မှ ဟုတ်ရဲ့ လားဟု ဇဝေဇဝါဖြစ်သွား၏ ။ သို့သော် အပေါ်ထပ်မှ လူ၏ အသံဗလံများ ငြိမ်သက်သွားတာကတော့ သေချာပါသည်။ မိနစ် အတန်ကြာသည်အထိတစ်စုံတစ်ရာ အပြောင်းအလဲမရှိသောအခါမှာ တော့ သူ ပုခုံးတွန့်ကာ ကုတင်ရှိရာသို့အောင့်သက်သက်နှင့် ပြန်လျှောက်လာခဲ့ ရတော့သည်။
ဤသည်မှာ အခန်းသို့ ရောက်ရှိစ ပထမဆုံးနေ့၏ ပထမဆုံးအတွေ့အကြုံပင်ဖြစ်သည်။ နောက်ရက်များ မှာ တော့ ထိုနေ့၏ မိတ္တူကူးပုံစံတူအဖြစ် အပျက်များ သာဖြစ်လေသည်။
ည ၁ဝ-နာရီထိုးလုထိုးခင်၌ ထိုလူ ပြန်ရောက်လာလေ့ရှိပြီး၊ တရှပ်ရှပ် တချွတ်ချွတ်နှင့် အလုပ်ရှုပ်တော့သည်။ ထို့နောက် စာရွက်လှန်သံများ ၊ လက်နှိပ်စက်သံနှင့်တရှပ်ရှပ်လမ်းလျှောက်သံများ ။ ဒီလိုနှင့် ညဆယ့်နှစ်နာရီ ထိုးချိန်မှာ တော့ စက်တစ်ခုကိုပိတ်လိုက်သည့်အလား တိခနဲ ရပ်ဆိုင်း တိတ် ဆိတ်သွားသည်မှာ ညစဉ်လိုလိုဖြစ်၏ ။အနည်းငယ်မျှ အပိုအလို မရှိသလို တစ်ခါတစ်ရံမှလည်း ပျက်ကွက်မှု မရှိခဲ့။အစပိုင်းရက်များ က ၄င်းနှင့် သွားရောက်ဆွေးနွေးရန် သူစဉ်းစားခဲ့သော်လည်းနောက်ပိုင်းတော့ စိတ်လျှော့လိုက်ပါသည်။ အပေါ်ထပ်မှ လူမှာ ညစဉ် ၂-နာရီမျှလောက်စိတ်အနှောင့်အယှက်ပေးတတ်သည်မှအပ ကျန် အချိန်များ ၌ ဒုက္ခပေးလေ့မရှိသလိုသူနှင့် တွေ့ဆုံဖူးခြင်းလည်း မရှိခဲ့။
ကြာတော့ ... ၄င်း၏ အသံဗလံများ က သူ့အတွက် အစဉ်အလာတစ်ခု သဖွယ်ရိုးလာကာ ခံနိုင်ရည်ရှိလာခဲ့သည်။
ဒီလိုနှင့် ရက်မှလသို့ ကူးပြောင်းချိန်မှာ တော့ အလေ့အကျင့်ဖြစ်လာတော့၏ ။သူ၏ အိပ်ချိန်မှာ လည်း ယခင်က တစ်ည ခုနှစ်နာရီရှိခဲ့ရာမှ နောက်ပိုင်း ငါးနာရီပုံမှန်ဖြစ်လာခဲ့သည်။ အပေါ်ထပ်မှ အလုပ်သိမ်းချိန် ညဆယ့်နှစ်နာရီမှသာ သူနှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်းကြောင့်ဖြစ်၏ ။ အိပ် ချိန် ငါးနာရီလောက်မျှနှင့် အိပ်ရေးဝပါ့မလားဟုစိတ်ပူခဲ့သော်လည်း အခြေအနေက သူထင်သလောက် မဆိုးပါ။ အိပ်ချိန်လျော့ကျသွားသော်လည်း သူ၏ ကျန်းမာရေးက ပုံမှန်အတိုင်းဖြစ်သည်။
ဒီလိုနှင့် ဆောင်းညချမ်းများ ကုန်ဆုံးပြီး နွေညပူပူထဲသို့ တိုးဝင်စ တစ်ညမှာ တော့ထူးခြားမှု တစ်ခုကို သူတွေ့ကြုံလာရ၏ ။ ယင်းမှာ ည ၁ဝ-နာရီထိုးသည့်တိုင် လှေကားမှတက်လာမည့် လေးလေးလံလံခြေသံတစ်ခုကို မကြားရသေးခြင်းပင် ဖြစ်သည်။အိပ်ရာဝင်ကာနီးသွားတိုက်နေရင်း ...
''ဒီည ... အပေါ်ထပ်ကလူ အိမ်ပြန်နောက်ကျပါလား'' ဟု သူတွေးလိုက်မိသည်။ သွားတိုက်ပြီး ခြေလက်ဆေးကြောကာ အိပ်ရာထဲ ရောက်ချိန်အထိ ၄င်း၏ အသံဗလံများ ကို မကြားရသေးပါ။ နာရီသံချောင်းသံများ အရ ည ၁ဝ-နာရီကို အတော်ကျော်လွန်နေခဲ့ပြီ ဖြစ်၏ ။
ကြည့်ရတာ ဒီည ပြန်မလာတော့ဘူးနဲ့ တူပါရဲ့ ...
ကောင်းပါတယ် ... တစ်ညတစ်လေ နားအေးပါးအေး အိပ်ခွင့်ရတာပေါ့။ စောင်ပါးပါးကို လွမ်းခြုံလိုက်ပြီး သူ စိတ်ဒုံးဒုံးချကာ အိပ်လိုက်၏ ။
သို့သော် ...
အံ့သြဖွယ်ကောင်းစွာ သူအိပ်၍ မပျော်ပါ။
မြတ်စွာ ဘုရား ... ဘာဖြစ်လို့များ ပါလိမ့်။
တကယ်ဆို ...
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘယ်လောက် နှစ်နှစ်ခြိုက်ခြိုက်ဖြစ်ဖို့ကောင်းသလဲ။
မဟုတ်မှ လွဲရော ...
ဟိုလူ အလုပ်သိမ်းချိန် ၁၂-နာရီ ထိုးမှ အိပ်ပျော်နေကျဆိုတော့အဲဒီ အချိန်မှပဲ အိပ်ပျော်တော့မယ်ထင်ပါရဲ့ ။
သူ စိတ်ပျက်လက်ပျက်နှင့် ၁၂-နာရီသံချောင်းခေါက်သံကိုသာစောင့်ဆိုင်းရတော့၏ ။ အချိန်နာရီတို့၏ ရွှေ့လျားပုံက စောင့်နေသူတစ်ယောက်အတွက် စိတ်မရှည်ချင်စရာ ကောင်းလှပါသည်။ နောက်ဆုံးမှာ တော့ သူ မျှော်လင့်စောင့်ဆိုင်းနေသောနာရီသံချောင်းခေါက်သံ ၁၂-ချက်က ချိုမြိန်စွာ ထွက်ပေါ်လာခဲ့လေသည်။
သို့သော် ... စိတ်ပျက်ဝမ်းနည်းဖွယ် ကောင်းသည်မှာ ထိုညက မိုးစင်စင်လင်းသည့်တိုင် သူ တစ်ရေးမှ အိပ်၍ မပျော်ခဲ့ခြင်းဖြစ်သည်။ သူ၏ အိပ်စက်မှု တို့ ချောမွေ့ရန် တစ်စုံတစ်ရာ လိုအပ်သွားခဲ့တာသေချာပါသည်။ နောက်တစ်နေ့ အလုပ်ခွင်ထဲရောက်တော့ အိပ်ပျက်ခဲ့မှု က သူအလုပ်များ အား ထစ်ငေါ့စေခဲ့သလို သူ၏ စိတ်ကိုလည်း တစ်ဆစ်ဆစ် နာကျင်ကိုက်ခဲစေခဲ့သည်။
ဒီညတော့ ... ဟိုလူ ပြန်လာတန် ကောင်းပါရဲ့ ။
ညကျမှပဲ ၂-ညစာ အတိုးချပြီး ပေါင်းအိပ်ရတော့မှာ ပဲ။ အိပ်ချင်မူးတူးနှင့် စိတ်ထဲမှ အကွက်ချကာ ညရောက်ရန် အားခဲထားလိုက်၏ ။
သို့သော် ...
ထိုည၌ လည်း သူ၏ အပေါ်ထပ်အခန်းက တိတ်ဆိတ်နေခဲ့သလိုသူ၏ အိပ်စက်မှု ကလည်း ချို့ယွင်းခဲ့ရပြန်သည်။
နောက်တစ်နေ့ မိုးလင်းတော့ သူ အလုပ်မသွားတော့ဘဲ အလုပ်ထက်ပို၍ အဓိကကျသော ကိစ္စအတွက် တိုက်ခန်းတွဲ ပိုင်ရှင် အဖိုးကြီးဆီ ရောက်ရှိသွား၏ ။ အခြေအနေက သူ တင်ကြိုစိတ်ပူနေခဲ့သည့် အတိုင်းပင်။ သူ့အပေါ်ထပ်မှ လူမှာ ပြောင်းရွေ့သွားခဲ့ပြီဖြစ်လေသည်။
''သူက ကျမ်းတစ်ခုပြုစုဖို့ လာငှားနေတာလေ။ သူပြုစုတဲ့ ကျမ်းပဲပြီးသွားလို့လား။ တစ်ခြားအကြောင်းတစ်ခုခု ရှိလို့ပဲလား မဆိုနိုင်ဘူး။ခြောက်လ မပြည့်ခင် အခန်းအပ်ပြီး တစ်ခြားပြောင်းသွားလေရဲ့ ။''
''ဒါဖြင့် ... ၆-လပြည့်မှ နောက်လူ တင်မှာ ပေါ့''
''ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ မောင်ရင်ရယ်၊ လာငှားတဲ့ လူ ရှိနေရင်တော့ လူသစ်တင်ရမှာ ပေါ့။''
အိပ်ရေးပျက်ထားသဖြင့် ကျိန်းစပ်နေသော မျက်လုံးများ နှင့် အဖိုးကြီးအား စိုက်ကြည့်နေရင်းက သူတစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်လိုက်သည်။
''ကဲ ... ဒါဖြင့်လည်း အဲဒီ အခန်းသော့ ကျွန်တော့ပေးဦးလေး။ကျွန်တော်ပဲ ငှားလိုက်ပြီလို့ ထားလိုက်တော့''
အဖိုးကြီးဆီမှ အခန်းသော့ယူပြီး ပြန်လာချိန်၌ နောက်ထပ် ဆုံးဖြတ်ချက်အသစ်တစ်ခုကို လောလောလတ်လတ် ထပ်မံချလိုက်ပြန်သည်။ ယင်းမှာ သူတို့ လမ်းထပ်ကင်းထဲ၌ ညစဉ်လာအိပ်လေ့ရှိသော သူတောင်းစားအဖိုးကြီးနှင့် ဝင်ရောက်တွေ့ဆုံရန်ဖြစ်သည်။
ထိုနေ့ည ဆယ်နာရီထိုးတော့ လေးလံတုန်ချိသော ခြေသံတစ်ခုက လှေကားဆီမှ ထွက်ပေါ်လာလေသည်။ ထို့နောက် သူ့အပေါ်ထပ်မှ အခန်းတံခါးဖွင့်သံ ဟိုဟိုဒီဒီ တစ်ရှပ်ရှပ် လမ်းလျှေက်သံ၊ ကုလားထိုင်ဆွဲရွေ့သံ၊ အဲဒီ နောက်မှာ တော့ ယခုည၏ အဓိကကျသောဇာတ်ဝင်တီးလုံးတစ်ခုဖြစ်သည့် လက်နှိပ်စက်သံ တစ်ဂျောက်ဂျောက်က ချိုမြိန်စွာ ထွက်ပေါ်၍ လာသည်။ သူကိုယ်တိုင်အဟောင်းတန်းမှ ဈေးပေါပေါနှင့် ရှာဝယ်ကာ အပေါ်ထပ် တင်ပေးထားသော လက်နှိပ်စက်အပျက်ကြီး၏ အသံဖြစ်သည်။
ဂီတသံတစ်ခုအလား သာယာနာပျော်ဖွယ် လက်နှိပ်စက်သံ ကြမ်းရှရှကို နားခံရင်း ၁၂-နာရီသံချောင်းခေါက်ချိန်မှာ တော့ သူနှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။ သူ၏ အိပ်စက်မှု တို့ ပြန်လည်ချောမွေ့ရန် အပေါ်ထပ်အခန်းအား အပို ငှားရမ်းထားရသည့်အပြင် သူတောင်းစားအဖိုးကြီးတစ်ယောက်ကို ညတိုင်း အိပ်ခွင့်ပေးထားရသော သူ့အဖြစ်က တွေးကြည့်လျှင် အတော်တော့ ရယ်စရာ ကောင်းလှပါသည်။ ထိုကိစ္စကို သိသော်လည်းဘယ်လို အဖြေရှာရမလဲ ယနေ့တိုင် သူ စဉ်းစား မရသေး။ ။
၊
စ က် တ င် ဘာ လ -၂ ဝ ဝ ၆ အို င် ဒီ ယာ ၊
![]() အလင်းဖျော့ကောင်းကင် (ပထမပိုင်း) | ![]() ကောင်းကင်ခါးခါး | ![]() ကြေကွဲကောင်းကင် |