Cover

အခန်း (၁)

လက်ထဲမှ စီးကရက်တိုကို လက်ညှိုးဖြင့် တောက်လျှက်လွှင့်ပစ်လိုက်ရင်း ကောင်းကင်ထက်ဆီကို ကျွန်တော် ဖျက်ခနဲ မော့ကြည့်လိုက်သည်။ ကျယ်ပြောမြင့်မားလှသော ကောင်းကင်ကြီးမှာ မျက်ရည်လွယ်သော အမျိုးသမီး တစ်ယောက် ၏ အချိန်မရွေးငိုချလိုက်ရန် အသင့် ဖြစ်နေသော မျက်နှာတစ်ခုပမာ မည်းမှော င်ညစ်ထေး လို့။

တအောင့်ကြာရင်တော့ မိုးရွာတော့မှာ အမှန်ပါပဲ။

ကားလမ်းမကြီးကို ကျွန်တော် ခပ်သွက်သွက်ဖြတ်ကူးလိုက်သည်။ ဆူးလေမီးပွိုင့်အနီးရှိ လူအချို့က တော့ မိုးမရွာမီ ဘတ်စ်ကားတစ်စီးစီးပေါ်ကို ဒါမမဟုတ် အမိုးအကာတစ်ခုခုအောက်ကို အချိန်ရောက်ရန် အလုအယက် ကြိုးစားနေကြသည်။

များ စွာ သော လူအုပ်စုအတွင်း ကျွန်တော် ဦးတည်ရာမဲ့ လွင့်မြောလျှောက်လှမ်းနေရင်း စောစောလေးက မှ နားထောင်ခဲ့ရသော လူ တစ်ယောက် ၏ စကားတစ်ခွန်းကို ပြန်လည်ကြားယောင်နေမိသည်။

“စဉ်းစားပေါ့ဗျာ”တဲ့။

ဒါဟာ အနှုးအညံ့ဆုံး နှစ် သိမ့်အားပေးမှု တစ်ခု ဖြစ်နိုင်သလို အငြင်သာဆုံးတိုက်တွန်းနှိုးဆော်မှု တစ်ခု လည်း ဖြစ်နိုင်ပါသည်။ ဘာ ဖြစ် ဖြစ် သူပြောသလို ကျွန်တော် စဉ်းစားရတော့မှာ အမှန်ပါပဲ။ ဒါပင်မယ့် ကျွန်တော် က ဘာကိုအဓိကထားပြီး စဉ်းစားရမှာ တဲ့လဲ။

ကျွန်တော် ရဲ့ ပစ္စပ္ပန်သာယာမှု အတွက်လား။

ဒါမှမဟုတ် ချစ်လှစွာ သော ကောင်မလေးရဲ့ အနာဂတ်လှပမှု မဟုတ်လား။

မွန်းကျပ်နာကျင်မှု ၊ ကြေကွဲခံပြင်းမှု တို့နှင့်အတူ ကျွန်တော် သက်ပြင်းတစ်ချက်ကို ကူကယ်ရာမဲ့စွာ ရှိုက်သွင်းလိုက်မိသည်။

ခပ်လှမ်းလှမ်းရှိ လမ်းဘေးဈေးသည်အချို့က မိုးစိုမခံနိုင်သော သူတို့၏ ပစ္စည်းတို့ကို အလျင်အမြန် သိမ်းဆည်းနေကြသည်။ နာရီဆိုင်တစ်ဆိုင်ရှေ့မှအဖြတ် ဆိုင်အတွင်းနံရံ၌ ချိတ်ထာသော နာရီကို ကျွန်တော် လှမ်းကြည့်နေတော့ လေးငါးနာငါးဆယ့်ငါးမိနစ်ဟူသော အချိန်ကို ညွှန်ပြနေလေသည်။

တကယ်ဆိုဒီအချိန်ဟာ “သိပ်မကြာသေးဘူး”ဆိုတဲ့ ကတိစကားနဲ့ အိမ်ကထွက်လာခဲ့တဲ့ ကျွန်တော့် အတွက် အိမ်ပြန်ရောက်ရှိနေသင့်တဲ့ အချိန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ကတော့ အိမ်ပြန်ရင် စိတ်ကုန်ခန်းစွာ ဦးတည်ရာမဲ့ လွင့်မြောနေမိသည်။ မဟာဗန္ဓုလပန်းခြံနားအရောက ခပ်ကျယ်ကျယ်မိုးချုန်းသံတစ်ခုက ကောင်း ကင်ထက်ဆီမှ နိမ့်ဆင်းပြိုကျ၍ လာလေသည်။

ဒါဟာယနေ့အတွက် ပထမဦးဆုံးမိုးချုပ်သံ ဖြစ်သလို သိပ်မကြာခင် မိုးရွာတော့မည် ဖြစ်ကြောင်း သတိ ပေးလိုက်သံလည်း ဖြစ်သည်။ ကျွန်တော် အိမ်မှထွက်လာခါစ ကောင်းကင်တစ်ခုလုံး ကြည်လဲ့ပွင့်လင်းစွာ တောက်ပနေခဲ့သော်လည်း ခုတော့မည်းမှော င်ညစ်ထေးစွာ မိုးရွာရန် တာစူ၍ နေတော့သည်။

ထို့အတွက် ကျွန်တော် အပါအဝင် မည် သူတစ်ဦး တစ်ယောက် ကမှ ကောင်းကင်ကြီးအား မကျေမနပ် ဖြစ်ခွင့်ရမည် မဟုတ်သလို အပြစ်တင်ခွင့်လည်း ရမည် မဟုတ်ပါ။ အကြောင်း ကတော့ ကောင်းကင်ဆိုသည်မှာ မြေပြင်ပေါ်မှလူသားများ နှင့် ကင်းလွတ်စွာ သီးခြားရပ်တည်နေသည့် မြင့်မြတ်စွာ မြင့်မားလှသော အရာတစ်ခု ဖြစ်၍ ပဲ ဖြစ်သည်။

တကယ်တော့ ထိုအချက်ကို စောစီးစွာ ကပင် ကျွန်တော် သဘောပေါက်ခဲ့ဖို့ ကောင်းပါသည်။

ကောင်းကင်ဆိုသည်မှာ မြေပြင်ပေါ်မှ လူသား တစ်ယောက် အတွက် မဟုတ်သလို ထိုလူသားရပိုင်စိုး မည့် အရာတစ်ခုလည်း မဟုတ်ကြောင်း ခပ်စောစောကသာ ကျွန်တော် နားလည်ခဲ့မယ်ဆိုလျှင် ကျွန်တော့် ထံသို့ နိမ့်ဆင်းပြိုကျလာသည့် ကောင်းကင်လေးတစ်ခုကို ကျွန်တော် ငြင်းဆန်မိမှာ အမှန်ပါပဲ။

သို့သော် ကောင်းကင်ဆိုသည်မှ မြေပြင်နှင့်နီးစပ်ထိတွေ့ မှု မရဟူသော အချက်ကို မိုက်မဲစွာ ပင် ထိုစဉ်က ကျွန်တော် မေ့လျော့နေခဲ့မိသည်။ ထို့ကြောင့်ပင် “ထား” ဟုခေါ်သော ကောင်းကင်လေးတစ်ခု ကျွန်တော့် ထံသို့ နိမ့်ဆင်းပြိုကျလာသော အခါ၌ ကျွန်တော် ရှောင်လွဲငြင်းဆန်ရမည့်အစား မိုက်မဲမက်မောစွာ မြတ်နိုးတွယ်ငြိသွားခဲ့ မိခြင်းပဲ ဖြစ်သည်။

ထိုသို့ကောင်းကင်လေးတစ်ခု ကျွန်တော့် ထံသို့ နှိမ့်ဆင်းပြိုကျလာခဲ့ခြင်း၏ အစပျိုးရက်များ မှာ ယခုလို ပင် မိုးရာသီတစ်ခု၏ မိုးနှောင်းပိုင်းကာလတွေ မှာ ဖြစ်လေသည်။

* * * * *


(၁၉၉၁)ခုနှစ် ၏ မိုးနှောင်းပိုင်းကာလများ သည် ကျွန်တော့်အတွက် စိတ်ဓါတ်ရေး ရာ ချွတ်ခြုံကျသော ကာလများ ပင် ဖြစ်သည်။

ထိုစဉ်က ကျွန်တော် နောက်ဆုံး လုပ်ကိုင်ခဲ့သည့် တစ်လလျှင် ထောင့်ငါးရာလောက်ဝင်ငွေရှိသော အအေးဆိုင်မန်နေဂျာ လုပ်ငန်းအားဆိုင်ပိုင်ရှင်နှင့် အဆင်မပြေမှု ကြောင့် စွန့်လွှတ်ခဲ့ရသလို ကျွန်တော် ၏ စိတ်ဓါတ်ရေး ရာ ထွက်ပေါက် ဖြစ်သော ဝတ္ထုအတိုအထွာလေးများ ရေး သားသည့် ကိစ္စ၌ လည်း အာရုံဝင်စား၍ မရ သော ကာလ ဖြစ်သည်။

တစ်နည်းအားဖြင့် မိုးစက်များ ပါးကျလျော့ရဲစ ပြုလာပြီ ဖြစ်သည့် ထိုရက်များ သည် ကျွန်တော့်အတွက် အချိန်ကာလများ ပျင်းရိပင်ပန်းစွာ ဖြတ်သန်းခဲ့ရသော နေ့ရက်များ ပဲ ဖြစ်သည်။ ထိုသို့သော နေ့ရက်များ အတွင်း၌ ပင် ထားနှင့်ကျွန်တော် အမှတ်မထင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

ထားနှင့်ကျွန်တော် ဆုံဆည်းခြင်းဇာတ်လမ်း၌ အဓိကကျသော ဇာတ်ရံ တစ်ယောက် ကတော့ ကျွန်တော် ၏ ငယ်သူငယ်ချင်း ဖြစ်သူ ခင်ဝင်းအောင်ပဲ ဖြစ်သည်။ ခင်ဝင်းအောင်နေထိုင်သည်က ရန်ကုန်မြို့၏ နာမည် ကြီး လူကုံထံရပ်ကွက်တစ်ခု၌ ဖြစ်သော်လည်း သူ၏ အိမ် ကတော့ ထိုရပ်ကွက်အတွင်းမှ အစုတ်ဆုံးအိမ်တစ်လုံး ဖြစ်လေသည်။

ထိုခပ်စုတ်စုတ်အိမ်လေး၏ ရှေ့၌ ခပ်စုတ်စုတ်စာအုပ်ဆိုင် တစ်ဆိုင်ပေါ်ပေါက်လာရန် စိတ်ကူးကို မနှစ် ကတည်းကပင် ခင်ဝင်းအောင် စတင်အကောင်အထည်ဖော်ခဲ့သည်။ စာအုပ်အငှားဆိုင်လေးတစ်ဆိုင် ပေါ်ပေါက် လာစေရန် နီးစပ်ရာသူငယ်ချင်းများ ထံ ဟိုစာအုပ်ငှား ဒီစာအုပ်တောင်းနှင့် ခင်ဝင်းအောင် အလုပ်ရှုပ်နေစဉ်မှ ကျွန်တော် ကတော့ ထိုစာအုပ်ဆိုင်မှာ ကြာကြာခံလိမ့်မဟုတ်ဟု တွေးထင်ရင်း ခင်ဝင်းအောင်ကို သနားနေမိခဲ့ သည်။

သို့သော် ယိုင်တိယိုင်တိုင်နှင့် စတင်ဖွင့်လှစ်ခဲ့သော ခင်ဝင်းအောင်၏ စာအုပ်ဆိုင်ကလေးမှာ ကျွန်တော် ထင်သလို ပြုတ်မသွားရုံမျှမက ပိုမိုအောင်မြင်၍ ပင် လာခဲ့သည်။

“စာအုပ်ဆိုင်တစ်ဆိုင်ပြုတ်တယ်မပြုတ်ဘူးဆိုတာ အဲဒီ ဆိုင်မှာ ရှဲဒိုးနဲ့ အပျော်ဖတ် ဘယ်လောက်တင် နိုင်တယ် မတင်နိုင်ဘူးဆိုတဲ့ ပေါ်မှာ မူတည်တယ်”

ဘယ်ကဘယ်လို ရှာကြံရလာသည်မသိသော စာအုပ်ဆိုင်အောင်မြင်ရေး အတွေးအခေါ်များ ကို ခင်ဝင်းအောင် ကျွန်တော့်အား ရွတ်ပြခဲ့သည်။ ဘာပဲ ဖြစ် ဖြစ် အားအင်ချည့်နဲ့စွာ အစပျိုးခဲ့သော စာအုပ်ဆိုင်လေး ကို အောင်မြင်ကြီးထွားလာအောင် ကောင်းကင်လေးတစ်ခုနှင့် ကျွန်တော် စတင်ဆုံစည်းခြင်း ဖြစ်ခဲ့ခြင်းပင် ဖြစ် သည်။

အကြောင်း ကတော့ ထိုစဉ်က အလုပ်လက်မဲ့ ဖြစ်နေခဲ့သော ကျွန်တော့် အား ခင်ဝင်းအောင်က သူ့ဆိုင်မှာ ကူထိုင်စေခြင်းဖြင့် ကျွန်တော် ၏ မနက်စာတစ်နပ်နှင့် တစ်နေ့တာအသုံးစရိတ်ပြဿနာကို ဖြေရှင်းပေးခဲ့ပြီး ထား ကတော့ ထိုဆိုင်မှ စာအုပ်ငှားနေကျဖောက်သည် တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

ထားနှင့်ကျွန်တော် စတင်စုံစည်း ဖြစ်ခဲ့သော နေ့မှာ နာမည် ကြီး စူပါစာရေး ဆရာမ နှစ် ယောက် ၏ စာအုပ်နှစ် အုပ်တစ်ပြိုင်တည်း ထွက်သော နေ့ ဖြစ်သည်။ ထိုနေ့က ထိုစာအုပ်နှစ် အုပ်ကို အချိန်မီမဝယ်နိုင်ပါက သူ့ ဆိုင်ပြုတ်တော့်မည့် ပမာ ခင်ဝင်းအောင် ကျွန်တော် အား ဆိုင်စောင့်ထားခဲ့ပြီး ထိုစာအုပ်နှစ် အုပ်ဝယ်ရန် မြို့ထဲသို့ ထွက်ခွာသွားခဲ့သည်။

အချိန်က နေ့လယ်နေ့ခင်း ဖြစ်သည့်ပြင် ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက် ဖြစ်သော ကြောင့် စာအုပ်ငှားမည့်  သူတော် ကောင်းနှင့် လာမည် မဟုတ်ဟု ယုံကြည်စိတ်ချစွာ ပက်လုက်ကုလားထိုင်တစ်လုံး၊ နန္ဒာသိန်းဇံစာအုပ်တစ်အုပ်နှင့် အချိန်ဖြုန်းနေလိုက်သည်။

သို့သော် စာအုပ်ဒ အခန်းတစ်ခန်းမဆုံးခင်မှာ ပင် လူရိပ်တစ်ခုက ဆိုင်တံခါးဝမှတစ်ဆင့် ကျွန်တော် ထိုင်နေရာဆီသို့ရွေ့လျားကျရောက်လာခဲ့သည်။

ကျွန်တော် ဖျက်ခနဲလှည့်ကြည့်လိုက်တော့ စာအုပ်တချို့ကို ပွေ့ပိုက်လျက် ခင်ဝင်းအောင်ကို ရှာနေဟန် တူသော မျက်ဝန်းများ နှင့် ညိုညက်ညက်ကောင်မလေး တစ်ယောက် ။

အဖြူရောင် တီရုပ်ကလေးဝတ်ဆင်ထားသည့် ထိုကောင်မလေး၏ အရပ်မှာ ကျွန်တော် ကြိုက်သော စံနှုန်းများ အရ ဆိုပါက အနည်းငယ်ပုပြတ်ပြတ်နိုင်သော်လည်း ဆံပင်တွေ ကတော့ (သူ့အရပ်နှင့်ဆန့်ကျင်စွာ ) အနည်းငယ် ရှည်လျားပါသည်။

သို့သော် သူ၏ ဆံပင်တွေ က ကျွန်တော် သဘောကသည့် ပါးပါးပျော့ပျော့ ဆံပင်မျိုးမဟုတ်ဘဲ အုံထူကာ ခပ်ဖွာဖွာ သန်စွမ်းနေကြသည့် ဆံပင်မျိုး ဖြစ်သည်။ ထိုသို့ ကျွန်တော် သဘောမကျသည့် အချက်နှစ် ခုကို ပိုင်ဆိုင် ထားသော ထိုကောင်မလေး၏ အသံတွေ ကတော့ ကံကောင်းထောက်မစွာ ပင် ကျွန်တော် သဘောကျသည့် အမျိုးအစားမှာ ပါဝင်နေခဲ့သည်။

“ဒီဆိုင်က အစ်ကိုကြီးမရှိဘူလား”

ကောင်မလေး၏ အသံက တိုးလျအက်ရှသော အသံမျိုး ဖြစ်သည်။ ကျွန်တော့် လက်ထဲမှ နန္ဒာသိန်းဇံကို ချရင်း ထရပ်လိုက်သည်။

“စာအုပ အပ်မလို့လား”

“ဟုတ်”

ကောင်မလေး ခပ်သွက်သွက် ခေါင်းညိတ်အဖြေပေးရင်း သူ့လက်ထဲမှ စာအုပ်များ ကို စားပွဲပေါ်သို့ ချပေးသည်။ ကျွန်တော် စာရင်းစာအုပ်တစ်အုပ်ကို ဆွဲယူ၍ စာအုပ်နောက်ဖုံးအတွင်းဘက်မှ နံပါတ်များ အတိုင်း ကောင်မလေး၏ စာအုပ်စာရင်းကို လိုက်ရှာနေလိုက်သည်။

စာအုပ်စာရင်းဖျက်ရန်အတွက် ဘောလ်ပင်တစ်ချောင်း၊ စာအုပ်တစ်အုပ်နှင့် ကျွန်တော် အလုပ်ရှုပ်နေ ချိန်မှာ ကောင်မလေးက စာအုပ်စင်တွေ နားမှာ ရစ်ဝဲလျက်စာအုပ်ရွေးသည်။ ကောင်မလေးငှားသွားသော စာအုပ် များ စာရင်းကို လွန်ခဲ့သည့်လေးရက်လောက်က နေ့စွဲနှင့် ကျွန်တော် ရှာဖွေတွေ့ ရှိသော်လည်း ငှားရမ်းသူနေရာ၌ ကောင်မလေး၏ နာမည် ကိုတော့ ခင်ဝင်းအောင်က ဘာမှရေး မထား။

သို့သော် ဒါကကျွန်တော့်ကိစ္စမဟုတ်။ ကျွန်တော် စာရင်းဖျက်ပြီး ကျသင့်ငွေကို တွက်လိုက်သည်။ ထိုအချိန်အထိ ကောင်မလေးမှာ စာအုပ်ရွေး၍ မပြီးသေး၊ ကောင်မလေးလက်ထဲ၌ ရောက်ရှိနေပြီး ဖြစ်သည့် စာအုပ်သုံးလေးအုပ်ကို ကျွန်တော် ဖျက်ခနဲဝေ့ဝဲ၍ ကြည့်လိုက်သည်။

ကောင်မလေးမှာ ယောက်ျားလေးတွေ ရေး သော စာပေဟူသမျှကို လုံးဝမဖတ်ပါဟု သန္နိဋ္ဌာန်ပြုထား လေရော့သလားမသိ။ သူရွေးချယ်ထားသည့် စာအုပ်မှန်သမျှမှာ အမျိုးသမီးစာရေး ဆရာမ များ ၏ စာအုပ်များ ချည်း ဖြစ်လေသည်။

“တခြား ဘာအသစ်တွေ ထွက်သေးလဲဟင်”

စာအုပ်ရွေးနေရာမှ ကောင်မလေး ကျွန်တော့်ကို လှည့်မေးသည်။

“မပြောတတ်ဘူ၊ စောစော ကတော့ပ ခင်ဝင်းအောင် စာအုပ်ဝယ်ဖို့ မြို့ထဲထွက်သွားတယ်၊ စာရေး ဆရာမ နှစ် ယောက် တစ်ပြိုင်တည်း ထွက်တယ်ပြောတာပဲ သူပြန်လာရင်တော့ စာအုပ်အသစ်ပါလာလိမ့်မယ်”

“ကြာမှာ ပေါ့နော်”

“စောစောကမှ သွားတာ၊ နည်းနည်း တော့ကြာလိမ့်မယ်”

ကောင်မလေးက စိတ်ပျက်ဟန်နှင့် မျက်မှော င်ကြုတ်သည်

“ကျွန်မ စောင့်နိုင်မှာ မဟုတ်ဘူး”

ထို့နောက် စာအုပ်စင်ဘက်လှည့်လျက် စာအုပ်သုံးလေးအုပ် ထပ်ရွေးပြန်သည်။ ကောင်မလေး စာအုပ်ရွေးချယ်ပုံက လောဘတကြီး နိုင်လွန်းလှသည်။ ကျွန်တော် ကောင်မလေးကို ငေးကြည့်နေရင်းမှ နန္နသိန်းဇံ ဖတ်ပါလားဟု လွှတ်ခနဲပြောမိသွားသည်။

ကောင်မလေးက ကျွန်တော့်စကားကို ကောင်းစွာ ကြားလိုက်ဟန်မတူ မျက်မှော င်ကြုတ်လျက် လှည့် ကြည့်သည်။

“ဘာလဲဟင်”

“သြော် . . . နန္နာသိန်းဇံ ဖတ်ကြည့်ပါလားလို့"

နန္ဒာသိန်းဇံဟူသော အမည် ကြောင့် ကောင်မလေး လှပစွာ နှာခေါင်းရှုံ့သည်။

"ဟင့်အင်း. . . ကျွန်မတရုတ်သိုင်းဝတ္ထုတွေ မဖတ်ဘူး"

ကောင်မလေး၏ အဖြေကြောင့် ကျွန်တော် စိတ်ပျက်သဘောကျစွာ ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်။ ကောင်မလေးက ဇဝေဇဝါ ဖြစ်စွာ မော့ကြည့်ရင်း. . . .

"ဘာရယ်တာလဲ . . . . ဟင်"

"ဘာမှမဟုတ်ပါဘူး၊ နန္ဒာသိန်းဇံက သိုင်းဝတ္ထုရေး တာမဟုတ်ဘူး သူကအတွေးအခေါ်ရေး တာ . . ."

"အဲဒါဆိုရင်တော့ ကျွန်မခဏကလေးနဲ့ အိပ်ပျော်သွားမှာ ပဲ"

ခပ်ယဲ့ယဲ့ပြုံးရင်း ကောင်မလေးအဖြေပေးသည်၊ ကောင်မလေး၏ ဖြေပုံဖြေနည်းကို ကျွန်တော် သဘော ကျသွားမိသည်။

အတော် ကြာတော့ ကောင်မလေးက သူ၏ စာအုပ်ရွေးချယ်ခြင်းကို အဆုံးသတ်လျက် ကျွန်တော့်  စားပွဲ သို့ လျှောက်လာသည်။ စာရင်းမှတ်ရန်အတွက် ကျွန်တော့် စားပွဲပေါ်တင်ပေးသည့် သူငှားသွားမည့် ဝတ္ထု စာအုပ်က စုစုပေါင်း(၇)အုပ်တိတိ ဖြစ်သည်။

"အများ ကြီးပါလား"

ကျွန်တော် တအံ့တသြရေရွတ်ရင်း ကောင်မလေးကို မော့ကြည့်လျက် . . . .

"ဒါတွေ အကုန်ဖတ်မလို့လား"

ကျွန်တော့် အမေးကို ကောင်မလေးက မချိုမချဉ်ပြုံးရင်း အဖြေပေးသည်။

"မဟုတ်ဘူး ပြုတ်စားမလို့"

ကျွန်တော် ဘာမှထပ်မပြောရဲတော့၊ ကျွန်တော့် ရှေ့မှာ စာအုပ်များ ကိုသာ တစ်အုပ်ပြီးတစ်အုပ် အမြန်ဆုံး စာရင်းသွင်းရတော့သည်။ စာရင်းသွင်းပြီးချိန်မှာ တော့ စောစောကအပ်တဲ့ စာအုပ်တွေ ဘယ်လောက်ကျသလဲဟု မေးလျက် ၄၅ကျပ်တန်တစ်ရွက် ကျွန်တော့် ရှေ့သို့ ချပေးသည်။ ကျွန်တော် ကျသင့်ငွေကို တွက်ချက်၍ ယူထား လိုက်သည်။

"သွားမယ်နော်"

ငွေရှင်းပြီး ဝတ္ထုစာအုပ်ခုနှစ် အုပ်ကို ပွေ့ပိုက်လျက် ကျွန်တော့် ကို နှုတ်ဆက်ရင်း ကောင်မလေး လှည့်ထွက်သွားသည်။ သူဆိုင်ပြင်ရောက်ခါနီး မှ ကျွန်တော် သတိတရနှင့် သူ့ကိုလှမ်းခေါ်လိုက်မိသည်။ ဆံပင် ရှည်ရှည်များ ဝဲခနဲ ယိမ်းနွဲ့လျက် ကောင်မလေး ကျွန်တော့်ကို လှည့်ကြည့်သည်။

“ဘာလဲဟင်”

“နာမည် ဘယ်လို မှတ်လိုက်ရမလဲ”

“ထားပါ”

“ဗျာ”

ကျွန်တော် အံ့အားတသင့်ဟန်ကို ကောင်မလေး သဘောကျစွှာရယ်သည်။

“ကျွန်မနာမည် ထားလို့ပြောတာ”

ထို့နောက် ယိမ်းနွဲ့ညင်သာစွာ ကျွန်တော့်ရှေ့မှ ကောင်မလေးထွက်ခွာသွား တော့သည်။ သူဦးတည်ရာ က ဆိုင်ပြင်၌ ရပ်ထားသော အစိမ်းရောင် ကားလေးဆီသို့ ဖြစ်သည်။

ခင်ဝင်းအောင်၏ စာအုပ်စာရင်းထဲ၌ “ထား”ဟူသော အမည် ကို ခပ်သော့ သော့ လက်ရေး နှင့် ကျွန်တော ရေး သွင်းနေချိန်မှာ တော့ ကောင်မလေး၏ ကားက ဆိုင်ရှေ့မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

* * * * *


“အဲဒီ ကောင်မလေးက အဲလိုပဲ၊ လေးငါးဆယ်ရက်နေမှ တစ်ခါလောက်ပဲလာငှားတယ်၊ ငှားရင်လဲ အဲဒီ လေးငါးဆယ်ရက်စာ တစ်ခါတည်း ငှားသွားတတ်တယ်”

စာအုပ်အဖုံးချုပ်ရင်း ခင်ဝင်းအောင် ကျွန်တော့် အား ပြန်ပြောသည်။

ညနေပိုင်း ခင်ဝင်းအောင် ပြန်ရောက်လာချိန်၌ စာအုပ်စာရင်းနှင့် ပိုက်ဆံများ အပ်ရင်း၊ ထားဟူသော ကောင်မလေး တစ်ယောက် စာအုပ်ခုနှစ် အုပ် လာငှားသွားကြောင်း ခင်ဝင်းအောင်အား ကျွန်တော် ပြန်လည်ပြောပြ ဖြစ်ခဲ့သည်။

ထိုသို့ သတိတရနှင့် ကျွန်တော် ပြန်ပြော ဖြစ်ခဲ့ခြင်းမှာ ဘာကြောင့်ဟု ကျွန်တော် မသိသော်လည်း၊ ဖြစ်နိုင် တာ ကတော့ ခပ်စုတ်စုတ်စာအုပ် ဆိုင်လေးတစ်ဆိုင်သို့ အစိမ်းပုပ်ရောင် ကားလေးတစ်စီးနှင့် ရောက်ရှိလာခဲ့ပြီး စာအုပ်ခုနှစ် အုပ်တစ်ပြိုင်တည်း ငှားသွားသော စိတ်ဝင်စားစရာ ကောင်မလေး တစ်ယောက် အ ဖြစ် ကျွန်တော် မှတ်မိနေခြင်း ကြောင့် ပဲ ဖြစ်ပါလိမ့်မည် ။

ခင်ဝင်းအောင်က အဖုံးချုပ်ပြီးသွားသော စာအုပ်၏ အစွန်းထွက်နေသော နိုင်လွန်ကြိုးကို ဂက်စ်မီးခြစ်ဖြင့် ရှို့၍ အစသတ်ရင်း -

“ကောင်မလေးကြည့်ရတာ အိမ်ကနေ့တိုင်း ထွက်ခွင့်မရဘူးထင်တာပဲ၊ နောက်ပြီး စာအုပ်ငှားရင် ဘယ် တော့မှ ခြေကျင်မလာဘူး၊ ကားနဲ့ပဲ။ ပြီးတော့ အဖော် တစ်ယောက် ယောက် အမြဲပါတယ်”

“ခပ်မြင့်မြင့်ထဲက ဖြစ်မှာ ပေါ့”

ကျွန်တော် မှတ်ချက်ချလိုက်တော့ ခင်ဝင်းအောင် ခေါင်းညိတ်သည်။ မြင့်တာ ကတော့ ဘာမြင့်သလဲ မမေးနဲ့၊ သူစီးလာတဲ့ကားကြည့်။ အဲဒါသူရယ် သူ့အမေရယ်ပဲစီးတာ၊ သူ့အဖေစီးတဲ့ကားသပ်သပ်၊ ဈေးဝယ်တဲ့ ကားကသပ်သပ်။ တကယ့်ကို ခြေတံလက်တံ ရှည်ရှည်နဲ့ ချမ်းချမ်းသာသာထဲက။

ခင်ဝင်းအောင်၏ စကားကြောင့် အသားညိုညို အရပ်ပုပုနှင့် ဆံပင်ရှည်ရှည်များ ကို ပိုင်ဆိုင်သော ထို ကောင်မလေးမှာ ကောင်းကင်လေးတစ်ခု ဖြစ်ကြောင်း စောစီးစွာ ကပင် ကျွန်တော် သတိပြုခဲ့မိလေသည်။

* * * * *


အခန်း (၂)

ထားနှင့်ကျွန်တော် ၏ စတင်တွေ့ ဆုံခဲ့ပုံက ဝတ္တုဇာတ်လမ်းတစ်ပုဒ်အနေနဲ့ဆိုပါက ပြောပလောက် အောင် ထူးထွေဆန်းကြည်သည့် တွေ့ ဆုံခန်းတစ်ခုမဟုတ်သလို၊ ရင်ခုန်လှိုက်မောဖွယ် တွေ့ ဆုံခန်းတစ်ခုလည်း မဟုတ်ခဲ့။ စာအုပ်လာငှားသူ ကောင်မလေးနှင့် ထိုကောင်မလေး လာငှားသည့်ဆိုင်မှ ခေတတ္တထိုင်ပေးရသူ အ ဖြစ် အလွန်ရိုင်းစင်းစွာ တွေ့ ဆုံခဲ့ကြခြင်းသာ ဖြစ်သည်။

ထိုသို့ရိုးစင်းသော တွေ့ ဆုံခြင်းမျိုးဖြင့် အစပျိုးခဲ့သော ထားနှင့်ကျွန်တော် ၏ ဇာတ်လမ်းသည် လွမ်းမော တသဖွယ်ရာ ဖြစ်ပျက်လာလိမ့်မည် ဟု ကျွန်တော် မထင်မိခဲ့။

ထို့ကြောင့်ပင် . . . ကျွန်တော် စာအုပ်ဆိုင်သွားမတိုင် ဖြစ်ခဲ့သော တစ်ရက်၌ တိုက်ဆိုင်စွာ ထားစာအုပ် များ လာအပ်သွားကြောင်းနှင့် ကျွန်တော့် အကြောင်းများ မေးမြန်းသွားကြောင်း ခင်ဝင်းအောင် အသိပေးပြောကြား လာသော အခါ ကျွန်တော် ဇဝေဇဝါ ဖြစ်စွာ အံ့သြသွားခဲ့ရခြင်း ဖြစ်သည်။

“တကယ်ပြောနေတာ ကိုယ့်လူ၊ သူက မင်းဝတ္ထုတွေ ကြိုက်လို့လဲ၊ မင်းနဲ့ မိတ်ဆက်ခိုင်းနေတယ်”

ထားက ကျွန်တော့်ဝတ္ထုတွေ ကို ကြိုက်သတဲ့။

ဒီတစ်ခါတော့ ခင်ဝင်းအောင်၏ စကားကို ကျွန်တော် မယုံကြည်စွာ ရယ်မောလိုက်မိတော့သည်။

“အပိုတွေ ပြောမနေစမ်းပါနဲ့ ခင်ဝင်းအောင်ရာ သူက ငါဝတ္ထုတွေ ကြိုက်ရအောင် ငါစာရေး နေမှန်း ဘယ်လိုလုပ်သိနိုင်မှာ လဲ၊ ငါ့သူငယ်ချင်းတွေ ထဲမှာ တောင် ငါစာရေး မှန်း အကုန်သိကြတာမှ မဟုတ်တာ”

“ တစ်ယောက် ယောက် က မင်း စာရေး ဆရာ ဖြစ်ကြောင်း ပြောပြလိုက်လို့ ဖြစ်မှာ ပေါ့”

“အဲဒီ တစ်ယောက် ယောက် ကရော ငါ စာရေး မှန်း ဘယ်လိုသိနိုင်မှာ လဲ”

“မင်းသူငယ်ချင်း ဖြစ်နေခဲ့မယ်ဆိုရင် သိနိုင်တာပေါ့”

“အဲဒါ . . . .ဘယ်သူ ဖြစ်နိုင်မလဲ”

ကျွန်တော် စဉ်းစား၍ မရစွာ မေးလိုက်တော့ ခင်ဝင်းအောင်က ဟက်ခနဲတစ်ချက်ရယ်လျက် . . .

“ဘယ်သူရှိမလဲ ၊ ငါပေါ့ . . . တဲ့။

ကျွန်တော် ခင်ဝင်းအောင်ကို လှမ်းဆဲလိုက်မိတော့သည်။ ခင်ဝင်အောင်က သဘောကျစွာ ရယ်မောရင်း

“မဆဲနဲ့ ကိုယ့်လူ၊ ငါက မင်း ကောင်းစားပါစေတော့ဆိုပြီး စေတနာနဲ့ တမင်အကျိုးဆောင်ပေးထားတာ”

ဟု ဆိုသည်။

ဘာပဲ ဖြစ် ဖြစ် ခင်ဝင်းအောင် အကျိုးဆောင်ပေးသည် ဖြစ်စေ၊ မဆောင်ပေးသည် ဖြစ်စေထားက ကျွန်တော့် ဝတ္ထုတွေ ကို ကြိုက်သည်ဟူသော စကား ကတော့ ကျွန်တော့်အား အမှန်တကယ်ကို အံ့သြရင်ခုန်စေခဲ့ လေသည်။

ထိုရင်ခုန်မှု ကြောင့်ပင် နောက်တစ်ပတ်အကြာ ထားရောက်လာသော အခါ၌ ထားနှင့်ကျွန်တော် အလွယ်တကူသိကျွမ်း ခင်မင်သွားခဲ့ကြခြင်းပဲ ဖြစ်သည်။

ခင်ဝင်းအောင်က “ထားက မင်းနဲ့ မိတ်ဆက်ခိုင်းနေတယ်” ဟု ဆိုခဲ့သည့်တိုင် တကယ့်တကယ် ကျွန်တော် တို့နှစ် ယောက် တွေ့ စဉ်ဆုံစဉ်မှာ တော့ ခင်ဝင်းအောင် ဝင်ရောက်မိတ်ဆက်ပေးစရာ မလိုဘဲနှင့် ထားနှင့်ကျွန်တော် အလွယ်တကူ စကားစ ဖြစ်ခဲ့ကြသည်။

ထား ကျွန်တော့်အား တွေ့ တွေ့ ချင်း စတင်ပြောသော စကားက . . . .

“ကျွန်မ သူ့ဝတ္ထုတွေ သိပ်ကြိုက်တာပဲ” ဟူသည့် စကား ဖြစ်သည်။”

“အကုန်ဖတ်ဖူးလို့လား”

“သိပ်အထင်သေးတာပဲ၊ ဖတ်ဖူးတာပေါ့”

ထားက တမင်မျက်မှော င်ကြုတ်ရင်း ဖြေသည်။

“အကုန်လုံးကြိုက်တယ်”

“ဘယ်ဟာအကြိုက်ဆုံးလဲ”

“အကုန်လုံးကြိုက်တယ်”

“ဘာကိုလဲ”

“အို . . . ဝတ္ထုတွေ ကိုပေါ့”

ထားနှင့်ကျွန်တော် မှာ အချိန်အနည်းငယ်အတွင်းမှာ ပဲ ခပ်မြန်မြန် ရင်းနှီးသွားခဲ့ကြသည်။ ထားက ကျွန်တော့်အား မေးခွန်းတစ်ခုမေးသည်။

“သူ့ဝတ္ထုတွေ က အစစ်တွေ လား”

ထား၏ မေးခွန်းကြောင့် ကျွန်တော့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ထား၏ မေးခွန်းအရ ဆိုပါက ဝတ္ထုမှာ အတုအစစ်နှစ် မျိုး ရှိနေပုံမျိုး ဖြစ်သည်။

“ကျွန်မ မေးတာက . . .ဟိုလေ . . . တကယ့်အ ဖြစ် အပျက်တွေ လားလို့”

ကျွန်တော် သဘောပေါက်စွာ ရယ်မောရင်း . . .

“ဒါပေါ့၊ တကယ့်အ ဖြစ်အပျက်တွေ ပေါ့”

“ဘာကိုလဲဟင်”

“ဝတ္ထုတွေ က၊ ကျွန်မက သိပ်ခံစားရတာ မျိုးဆို ကြိုက်တယ်”

“ကျွန်တော် ကတော့ သိပ်ကြိုက်တာမျိုးကိုမှ ခံစားလို့ရတယ်”

“ဘာကိုပြောတာလဲ”

“ဝတ္ထုတွေ ကိုလေ”

ထား ခပ်တိုးတိုးရယ်မောသည်။ ထားရယ်မောပုံ၏ ချစ်စရာ ကောင်းတာတစ်ခုက မျက်လုံးတွေ ပါလိုက် ၍ ရယ်မောခြင်း ဖြစ်သည်။ ပြီးတော့ သူ၏ ရယ်မောနေသော နှုတ်ခမ်းလေးများ ကို တစ်စုံ တစ်ယောက် တွေ့ မြင် သွားမှာ စိုးသည့်အလား လက်ကလေးနှင့် ကာကွယ်ထားတတ်သေးသည်။

အနည်းငယ်ကားသော မေးရိုးလေးများ ဖြင့် ဝန်းရံထားသည့် ထားမျက်နှာကို ကျွန်တော် ဝေ့ဝဲ အကဲခတ် လိုက်တော့ ညို့ညက်ညက်မျက်နှာလေးက ကလေး တစ်ယောက် နှယ် နုဖပ်လွန်းလှသည်။ ထားကြည့်ရသည်မှာ အသက်နှစ် ဆယ်ပင် ကျော်သေးပုံမရ၊ ကျွန်တော် ထင်မြင်ချက်ကို ထားအသက်အား မေးမြန်းခြင်းဖြင့် အတည်ပြု လိုက်သည်။

“ထား . . . အသက် ဘယ်လောက်ရှိပြီလဲ”

“၁၈ နှစ် ”

“ငယ်ငယ်လေးပဲနော်”

ကျွန်တော် တအံ့တသြ မှတ်ချက်ချစကားကို ထားကရယ်မောရင်း

“ငယ်မှာ ပေါ့၊ ကလေးပဲရှိသေးတဲ့ဥစ္စာ”

ထား ခေါင်းငုံ့လျှက် ရှက်စနိုးဖြင့်ပြောသည်။ ပြီးမှ . . .

“ကျွန်မက အိမ်မှာ ဆို ခုချိန်ထိ ဆော့တုန်းပဲသိလား”

“ဆော့တယ်”

“ဆော့တာပေါ့၊ စက္ကူလေးတွေ လေ၊ သိတယ်မဟုတ်လား၊ အဲဒီ စက္ကူတွေ ကို ကတ်ကြေးတစ်လက်နဲ့ ဟိုညှိပ်ဒီညှပ်လုပ်ပြီး အင်္ကျီလေးတွေ ချုပ်ပြီးတော့ ဘိုမရုပ်လေးမှာ ဝတ်ပေး။ သိပ်ပျော်ဖို့ကောင်းတာပဲ”

ကျွန်တော့်ဝတ္ထုတွေ ကြိုက်တယ်ဟုဆိုသော ကျွန်တော့်ရှေ့မှ ဤကောင်မလေးမှာ ဤမျှအထိ ကလေး ဆန်နေလိမ့်မည် ဟု ကျွန်တော် မထင်ခဲ့မိ၊ ကျွန်တော် မထင်မိခဲ့။ ထိုသို့ ကလေးဆန် လှသော ကောင်မလေးမှာ ကြီးကြီးကျယ်ကျယ် စကားများ ကိုလည်း ပြောတတ်သေးလေသည်။

“ဝတ္ထုတွေ အများ ကြီးမရေး နဲ့နော်၊ ပေါသွားလိမ့်မယ် သိလား”တဲ့။

ကျွန်တော် ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြလိုက်ရသည်။ ထားက စပ်စု စူးစမ်းဟန်အပြည့်နှင့် “ဝတ္ထုတွေ ဘယ်လိုရေး သလဲဟင်” ဟု မေးလေသည်။ မြန်မာလိုပဲရေး တာပေါ့ဟု ဆိုသော အခါ သဘောကျစွာ ရယ်ရင်း . . .

“ကျွန်မက အင်္ဂလိပ်လို ရေး တယ်မှတ်လို့”

ဟု ခပ်နောက်နောက်ဆိုသည်။

မပြောပလောက်သည့် အချိန် အနည်းငယ်အတွင်း စကားအနည်းငယ် ပြောရုံနှင့် ထားနှင့်ကျွန်တော် လျင်မြန်စွာ ရင်းနှီးသွားခဲ့ကြသလို ကျွန်တော် တို့နှစ် ယေက်၏ တွေ့ ဆုံချိန်ကလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ လေသည်။

“ကျွန်မ ပြန်တော့မယ်”

ထားထိုင်ရာမှ ထရပ်လျက် ပြောသည်။

“ဟင့်အင်း၊ သိပ်မကြာရင် အိမ်ကဆူမှာ စိုးလို့”

“ဆူတတ်လို့လား”

“အိုး . . . သိပ်ဆူတာပဲ၊ ဘာဆူသလဲမမေးနဲ့၊ သူတို့က ကျွန်မ ဘာလုပ်လုပ် အပြစ်ပြောဖို့ ကြည့်နေတာ”

“ထားက ဘာလုပ်လို့လဲ”

ကျွန်တော့် အမေးကို ထားက ဟက်ခနဲ တစ်ချက်ရယ်ရင်း

“သူတို့မကြိုက်တာ အကုန်လုပ်တာပဲ၊ သိတယ်မဟုတ်လား။ တစ်နေကုန် တီဗီဂိမ်း ထိုင်ကစားတာတို့ ဗီဒီယိုခွေ သွားငှားဦးမယ်ဆိုပြီး သူငယ်ချင်းတွေ အိမ်လျှောက်လည်တာလို့ ၊ ဗီဒီယိုခွေ သွားငှားဦးမယ်ဆိုပြီး သူငယ်ချင်းတွေ အိမ်လျှောက်လည်တာတို့၊ ဖုန်းအကြာကြီး ပြောတာတို့လေ”

ကျွန်တော် သဘောကျစွာ ပြုံးလိုက်မိသည်။ ထားက ရယ်ကျဲကျဲဖြင့် . . .

“တကယ်မထင်နဲ့နော်၊ အဲဒါ ကျွန်မအလကား လျှောက်ပြောနေတာသိလား”

ထို့နောက် ပြန်တော့မယ်ဟု နောက်တစ်ခါ ထပ်နှုတ်ဆက်ပြန်သည်။ ကျွန်တော် တို့ စကားပြောနေရာနှင့် ခပ်လှမ်းလှမ်းမှာ သွားထိုင်ပေးနေသော ခင်ဝင်းအောင် ထလာပြီ ပြန်တော့မလား ဟုထားအား နှုတ်ဆက်သည်။ ကျွန်တော် ဆိုင်အပြင်ဘက်သို့ တစ်ချက်ဝေ့ရင်း . . .

“ထား ကားမပါဘူးလား”

"ပါတယ်၊ တမင် ဟိုဘက်နားမှာ ရပ်ခိုင်းထားတာ၊ တော်ာကာ စာအုပ်မငှားဘဲ စကားပြောနေတာတွေ့  ရင် အိမ်ကိုပြန်ချွန်မှာ စိုးလို့"

ထား၏ ဘဝက သံကွန်ခြာအထပ်ထပ်ဖြင့် ကာရံခြင်းခံထားရသည့်နုဖပ်လွန်းလှသော ဘဝကလေး ဖြစ်ပေမည် ။ ထိုသို့သော ဘဝမျိုး၌ နေထိုင်နေရသော ထားမှာ ယခုလိုကလေးဆန်စွာ နူးညံ့နေခြင်းက သိပ်တော့ အံ့သြစရာမဟုတ်လှပါ။

ဟန်ပြအ ဖြစ် ငှားရမ်းသွားရမည့်  ဝတ္ထုစာအုပ်အချို့ကို ပွေ့ပိုက်လျက် ထားဆိုင်ထဲမှ စတင်ထွက်ခွာ သည်။ ဆိုင်ပြင်သို့ရောက်လုချိန်ကျ ဆံပင်ရှည်ရှည်များ ခါယမ်းလျက်ဖျတ်ခနဲလှည့်ကြည့်ရင်းထား ကျွန်တော့် ကို မေးခွန်းတစ်ခုမေးသည်။

"ကျွန်မ သူ့အဆောင်ကို ဖုန်းဆက်လို့ ရမလား"

ထား၏ မေးခွန်းကြောင့် ကျွန်တော် တအံ့တသြ ဖြစ်သွားရသည်။

ထား ကျွန်တော့် အား ထိုသို့သော မေးခွန်းမျိုး မေးနိုင်ရန်အတွက် ကျွန်တော် သည် တစ်လနှစ် ရာတန် အဆောင် အခန်းကျဉ်းကျဉ်းလေးတစ်ခုမှာ နေထိုင်သူ ဖြစ်ကြောင်း သိထားရန် လိုအပ်သလို ကျွန်တော့် အဆောင် မှာ တယ်လီဖုန်းရှိကြောင်းကိုလည်း သိရန် လိုပါသည်။ ထိုထက်ပို၍ သေချာတိကျစွာ သိဖို့လိုတာ တစ်ခု ကတော့ ကျွန်တော့် အဆောင်ဖုန်းနံပါတ် ဖြစ်သည်။

"ထား ကျွန်တော့် အဆောင်ဖုန်းနံပါတ်ကို သိလို့လား"

ကျွန်တော် တအံ့တသြမေးတော့ ထား ရှက်ပြုံးတစ်ချက်ပြုံးလျက် ခေါင်းညိတ် အဖြေပေးလေသည်။

သေချာတယ်၊ ဒါ ကတော့ ခင်ဝင်းအောင်ရဲ့ လက်ချက်ပါပဲ။

ကျွန်တော် ခင်ဝင်းအောင်ကို လှမ်းကြည့်လိုက်တော့ ခင်ဝင်းအောင်က သူနဲ့မဆိုင်သကဲ့သို့ ခေါင်းကို ငုံ့ရင်း အလုပ်ရှုပ်ချင်ယောင် ဆောင်နေလေသည်။

"ဆက်လေထား ရပါတယ်၊ ဒါပေမယ့် ကျွန်တော် က အဆောင်မှာ သိပ်ရှိတတ်တာတော့ မဟုတ်ဘူး"

"ကျွန်မ တစ်ခါတစ်လေမှ ဆက်မှာ ပါ"

ထို့နောက် သွားမယ်ဟူသော သဘောဖြင့် မေးဆက်နှုတ်ဆက်ရင်း ဆံပင်ရှည်ရှည်များ ခါယမ်းလျက် သူ့ ကားစောင့်ဆိုင်းနေရာ ကားလမ်းတစ်ဘက်ခြမ်းသို့ ကူးလျက် ထားထွက်ခွာသွားတော့သည်။

"ငါ့စိတ်ထင်တော့ သိပ်မကြာခင် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဝတ္ထုတစ်ပုဒ် မင်းကလောင်နာမည် နဲ့ ထွက်လာဦးတော့မယ် ထင်တာပဲ"

ထားပြန်သွားပြီးမကြာခင်မှာ ပင် ခင်ဝင်းအောင် စကားစသည်။ ကျွန်တော် ခင်ဝင်းအောင်ကို ငေးကြည့် ရင်း…

"ဘာဝတ္ထုလဲ ခင်ဝင်းအောင်"

"အချစ်ဝတ္ထုလေ၊ စာရေး ဆရာ တစ်ယောက် နဲ့ အဲဒီ စာရေး ဆရာရဲ့ ဝတ္ထုတွေ ကို သိပ်ကြိုက်တယ်ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ ဇာတ်လမ်းပေါ့၊ ထားနဲ့ ကိုကိုဆိုတာမျိုးပေါ့"

"တော် စမ်းပါ ခင်ဝင်းအောင်ရာ"

ကျွန်တော် ခပ်ဆတ်ဆတ်ပြောလိုက်သော်လည် ခင်ဝင်းအောင် ကတော့ တဟားဟားရယ်မောရင်း

"မတော် ပါနဲ့ဦး၊ ဇာတ်လမ်းက ခုမှစရုံရှိသေးတယ်"

ဟု အနှောင့်အသွားမလွတ်စွာ ဆိုသည်။

ကျွန်တော် ခင်ဝင်းအောင်၏ စကားကို ခေါင်းညိတ်ထောက်ခံခြင်း၊ ကန့်ကွက်ငြင်းဆန်ခြင်း တစ်စုံတစ်ရာ မတုံ့ပြန်တော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။

တကယ်တော့ (အနည်းငယ်မျှသာ ပြော ဖြစ်ခဲ့ကြသည့် စကားများ အရ) ထား၏ ဘ၀မှာ နေထိမခံဖူးသေး သော နုနယ်လွန်းသည့် ပန်းတစ်ပွင့်ပမာ ဖြစ်သည်။ ထိုသို့သော ပန်းမျိုးကို ရပ်ကြည့်ရင်ခုန်ရုံထက် ပို၍ စိတ်မဝင် စားသင့်၊ ကျွန်တော့်အတွက် ပိုပြီးစိတ်ဝင်စားဖို့ မသင့်သော နောက်အကြောင်းတစ်ချက် ကတော့ ထားတို့အဆင့် အတန်းက ကောင်ကင်ဆန်စွာ မြင့်မားလွန်းခြင်းပဲ ဖြစ်သည်။ ထိုအချက်ကို ခင်ဝင်းအောင်၏ ညွှန်ပြမှု တစ်ခုက ပိုမို ထင်ရှားစေခဲ့သည်။

"အဲဒါ ထားအဘိုးကြီး"

အတွေးတို့ဖြင့် နစ်မြောနေမိသော ကျွန်တော့် ကို ခင်ဝင်းအောင်ဆိုင်အပြင်ဘက်သို့ မေးဆန်းညွှန်ပြရင်း လှမ်းပြောသည်။ ကျွန်တော် ဖျတ်ခနဲ အလျင်အမြန် လှည့်ကြည့်လိုက်သည့်တိုင် ကားနောကခန်း ညာဘက် ထောင့်၌ ထိုင်လျက် စီးနင်းလိုက်ပါသွားသည့် ထားအဖေကို သဲကွဲစွာ မမြင်လိုက်ရ။

သို့သော် ထားအဖေစီးသွားသည့် အသားရောင် တံခါးလေးပေါက် ဖင်ပြတ်ကားလေးကိုတော့ ကောင်းစွာ မြင်လိုက်ရသည်။ ထားအဖေ၏ ကားက ကားကိုမြင်ရုံနှင့် ပင် ကားစီးသူ၏ ရာထူးအဆင့်အတန်းနှင့် ကြီးကျယ် ခမ်းနားမှု ကို ကောင်းစွာ ခန့်မှန်း၍ ရနိုင်သော ကားမျိုး ဖြစ်သည်။

ကျွန်တော် ၏ ထားမှာ အလွန်မြင့်မားသော ကောင်းကင်လေးတစ်ခု ဖြစ်ကြောင်း ထိုအချက်က ပိုမိုသေချာ သွားစေခဲ့လေသည်။

* * * * *


တစ်ခါတစ်လေ ဖုန်းဆက်မယ်နော်ဟု ပြောသွားခဲ့သော ထားဆီမှ ဖုန်းခေါ်မှု က ထိုနေ့ညမှာ ပင် ကျွန် တော် နေထိုင်ရာ လှည်းတန်းမှအဆောင်သို့ ရောက်ရှိလာခဲ့သည်။ အဆောင်ပိုင်ရှင် အဘိုးကြီးက ဖုန်းလာနေ တယ်ဟု ကျွန်တော့် အား လာပြောကတည်းက ထိုဖုန်းမှာ ထားဆီကဖုန်း ဖြစ်လိမ့်မည် ဟု ကျွန်တော် တင်ကြိုမှန်း ဆနိုင်ခဲ့သည်။ တကယ်တော့ ထားကျွန်တော့် ဆီ ဖုန်းဆက်လိမ့်မည် ဟု ကျွန်တော် ကြိုသိနေသည့်တိုင် သည် လောက်မြန်မြန်ဆန်ဆန် ဆက်လာလိမ့်မည် ဟု မထင်မိခဲ့။

ဖုန်းခွက်ကိုကောက်ယူ၍ "ဟုတ်ကဲ့ပြောပါ"ဟု ကျွန်တော် ထူးလိုက်သည်။

"ခုပြောတာ ဘယ်သူလဲသိလား"

ဖုန်းပြောမှု အစပျိုးစကားတွေ ထဲမှာ တော့ အတော့် ကို ရယ်စရာကောင်းသည့် အစပျိုးစကားပဲ ဖြစ်သည်။ တကယ်တော့ တိုးညှင်းအက်ရှသည့် ထားအသံ သေးသေးလေးကို ကျွန်တော် ဘယ်လိုမှ မမှတ်မိစရာမရှိ။ ရယ် ချင်စိတ်ပြင်းပြစွာ ကျွန်တော် ပြုံးလိုက်မိသည်။

"သိပါတယ် ကျွန်တော့် မှတ်ဥာဏ်ဒီလောက်မချို့တဲ့သေးပါဘူး"

"ဒါဖြင့် ဘယ်သူလဲ နာမည် ပြောပြ"

ဘယ်လောက်များ ကလေးဆန်လိုက်တဲ့သူငယ်မလေးပါလဲ။

ကျွန်တော် အသံထွက်၍ ရယ်မောလိုက်မိသည်။ ကျွန်တော့် ရယ်သံကြောင့် ထားစိတ်စနိုးစနှောင့် ဖြစ် သွားဟန်နှင့်

"ဘာရယ်နေတာလဲ၊ သိရင် နာမည် ပြောပြလေ"

"သိတယ်၊ ဒါပေမယ့် နာမည် မေ့နေတယ်"

ထိုအဖြေကိုတော့ ထားသဘောကျပုံမရပါ။ ကျွန်တော့် အား ဘာမှပြန်မပြောတော့ဘဲ အကြာကြီး နှုတ် ဆိတ်ငြိမ်သက်သွားတော့သည်။ အတန်ကြာမှ အသံစူးစူးလေးနှင့် ခပ်ဆောင့်ဆောင့်ပြောသည်။

"ဒါဆို…ကျွန်မ ဖုန်းချလိုက်တော့မယ်"

"ဘာ ဖြစ်လို့လဲ"

"ကျွန်မကို မသိဘူးဆို"

"သိပါတယ်၊ နာမည် သာ စဉ်းစားလို့မရတာ "

"မနောက်နဲ့နော် ကျွန်မတကယ်ဖုန်းချပစ်လိုက်မှာ သိလား"

ထားအသံက စိတ်ကြီးသော ကလေး တစ်ယောက် ၏ စိတ်ကောက်ကာနီးအသံမျိုး ဖြစ်သည်။ ကျွန်တော် ထားကို စချင်စိတ်ဖြင့် ဘာမှမပြောဘဲ ငြိမ်သက်နေလိုက်တော့။ ထားကပါ ကျွန်တော့နည်းတူ လိုက်ငြိမ်သက်နေ သည်။ သို့သော်…ကြာကြာတော့ သည်းခံနိုင်ဟန်မတူ။

"ကျွန်မကို တကယ်မသိဘူးလား"

"သိပါတယ်၊ ကျွန်တော် အလကားနောက်နေတာ"

"ဟုတ်လို့လား"

"သိပ်ဟုတ်တာပေါ့"

"ကျွန်မနာမည် မှတ်မိလား"

"သိပ်မှတ်မိတာပေါ့"

"ဒါဖြင့် ဘယ်သူလဲ"

"ထား…"

သည်တော့မှ ထား စိတ်ကျေနပ်ဟန်နှင့် ခပ်တိုးတိုး တစ်ချက်ရယ်သည်။

"နေ့လည်က ကျွန်မပြန်သွားတော့လေ၊ အိမ်က ကြာလို့တဲ့ စိတ်ပူနေကြတယ် သိလား"

"အဆူခံရသေးလား"

"ဆူခံထိတော့မလို့ဘဲ။ ဒါပေမယ့် ကျွန်မက သူတို့ထက် ပိုလည်တာပေါ့။ ကားပေါ်ကဆင်းတာနဲ့ ခေါင်း မူးလို့ဆိုပြီး ညည်းပြလိုက်တယ်၊ ဘယ်သူမှ မဆြူ ကတော့ဘူး"

ဧရာမစွန့်စားခန်းကြီးတစ်ခုပမာ ထား ကျွန်တော့် ကို ပြောပြသည်။ ထား၏ အသံက သူနှင့် ရွယ်တူ သူငယ်ချင်း တစ်ယောက် နှင့် စကားပြောနေသလို တရင်းတနှီးရှိလှသည်။

"ခု ကျွန်မဆီက ဖုန်းမလာခင်တုန်းက ဘာလုပ်နေတာလဲဟင်"

"ဘာ ဖြစ်လို့လဲ"

"သိချင်လို့ပေါ့"

ထားကြည့်ရသည်မှာ အတော် ကို စပ်စပ်စုစုနိုင်သော မိန်းကလေး ဖြစ်ဟန်တူသည်။ ဘာရယ်မဟုတ် ဘူး။ သည်လိုပဲ…ဟိုလုပ် သည်လုပ်ပေါ့ဟု ကျွန်တော် ဖြေတော့ 'ဘာတွေ လဲဟင် တစ်ခုချင်းပြောပြ'ဟု ပူဆာပြန် သည်။

"ဝတ္ထုဖတ်တယ်၊ ပြီးတော့ ထမင်းသွားစားတယ်"

"ထမင်းစားပြီးတော့ကော"

"ဘာလုပ်မလို့လဲ ထားရယ်"

"သိချင်လို့ပေါ့… ပြောလော"

ထားမှာ စပ်စုရုံမျှမက ကလေး တစ်ယောက် ပမာ နွဲ့ဆိုးဆိုးတတ်ပုံလည်းရလေသည်။ ထိုသို့ နွဲ့ဆိုးဆိုး တတ်သော ကောင်မလေးနှုတ်ဆိတ်သွားစေရန်အတွက် အကောင်းဆုံးအဖြေတစ်ခုကို စဉ်းစား၍ ကျွန်တော် ပြောလိုက်သည်။

"ထားအကြောင်း ထိုင်စဉ်းစားတယ်"

ကျွန်တော့်စကားအဆုံးမှာ တော့ ထားရှက်အံ့သြစွာ ဟက်ခနဲ တစ်ချက်ရယ်လျက်…

"သိပ်ရယ်တာပဲ"

ဟုပြောသည်။

ထို့နောက်တော့ ကောက်ကာငင်ကာပင် အခြားသော အကြောင်းအရာများ ဆီသို့ အလန့်တကြား စကား လွှဲသွားတော့သည်။ ထားပြောင်းလဲပစ်လိုက်သည့် အကြောင်းအရာက ကျွန်တော့် ဝတ္ထုများ အကြောင်း ဖြစ်သည်။

"ကျွန်မ သူ့ဝတ္ထုတွေ ကို ဘယ်လို့ဖတ်သလဲ သိလား"

"ပြောပါဦး"

"တစ်ရွက်ဖတ်လိုက် ခဏနားလိုက်၊ တစ်ရွက်ဖတ်လိုက် ခဏနားလိုက်နဲ့ ဖတ်တာ"

"ဆက်ဖတ်ချင်စိတ် ပေါ်လာအောင် အားယူရတာ ပေါ့ ဟုတ်လား"

"ဟင့်အင်း.... ခဏလေးနဲ့ ကုန်သွားမှာ စိုးလို့"

"ဘာ ဖြစ်လို့လဲ"

"ကြိုက်လို့"

"ဘာကိုလဲ"

"လုပ်ပြန်ပြီ ဝတ္ထုကိုပေါ့လို့"

ထား ချည့်နဲ့စွာ ခပ်ငေးငေးစူးစူးအော်လေသည်။

အလွန်စပ်စုပြီး အလွန်လည်း ကလေးဆန်လွန်းသော ကောင်မလေး၏ အရှက်သည်းမှု ကို ကျွန်တော် ရယ်ချင်သွားမိသည်။ ထိုနေ့က မြောက်မြားလှစွာ သော ထား၏ စကားနှင့် မေးခွန်းများ ကို ကျွန်တော် နားထောင် ရင်း အဖြေပြန်ပေးရင်းနှင့် အလုပ်ရှုပ်နေခဲ့ရသည်။ ထားက သူ၏ စကားများ မှု နှင့် ပတ်သက်၍ ကျွန်တော့် အား ရှင်း ပြခဲ့သည်။

"ကျွန်မက သူနဲ့မို့ စကားတွေ အများ ကြီးပြောတာသိလား၊ အိမ်မှာ ဆို လုံးဝပြောတာမဟုတ်ဘူး"

"ဒါဖြင့် ကျွန်တော် ကံကောင်းတာပေါ့၊ ဟုတ်လား"

"ဒါပေါ့ ကျွန်မအသံကို ခုလိုအကြာကြီးကြားရတာ တော် ရုံတန်ရုံ ကုသိုလ်မဟုတ်ဘူး၊ သူများ တွေ ဆို ကျွန်မအသံကို ကြားချင်လွန်းလို့ တကူးတက ဖုန်းဆက်ကြရတာ "

စကားအဆုံး သူ၏ ကြီးကြီးကျယ်ကျယ်စကားကို သူ့ဘာသာသူ တဘောတကျနှင့် တခစ်ခစ်ရယ်မော သည်။ အတော် ကြီးကြာမှ သတိတရနှင့် ကျွန်တော့် အားမေးသည်။

"ဖုန်းပြောလို့ရရဲ့ လားဟင်၊ တခြားလုပ်စရာတွေ ရှိသေးလား"

အရာရာသိလိုစိတ်ပြင်းပြလွန်းသော ဤကောင်မလေး၏ စပ်စုမှု က ပေါ်ပေါက်လာပြန်သည်။ ကျွန်တော် တစ်လုံးချင်း အဖြေပေးလိုက် သည်။

"ဥပမာ…ထားအကြောင်းစဉ်းစားဖို့"

သည်တော့မှ ထားက တအံ့တသြဟန်နှင့် အာမေဋိတ်သံရေရွတ်ရင်း…

"အိုး… တကယ့်အရေး ကြီးတဲ့ ကိစ္စကြီးပဲနော်၊ ဒါဖြင့် သွား စဉ်းစားလေ၊ ကျွန်မ ဖုန်းချလိုက်တော့မယ်"

စကားအဆုံး အမှန်တကယ်ပင် ထား ဖုန်းချသွားတော့သည်။

* * * * *




ဝန်ဇင်းချစ်သူများ နေနော် ၏ “ ကြေကွဲကောင်းကင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လျော်ကြေး

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

အကြေကောက်