
လျော်ကြေး
ဝဏ္ဏ…
ပြီးခဲ့တဲ့လက အဖေဆုံးတယ်။
ဆုံးဆုံးချင်း အကြောင်းမကြားရကောင်းလားဆိုပြီး မင်းငါ့ကိုဒေါသ ဖြစ်နေမှာ ပဲ။ ငါ အကြောင်းကြား လိုက်ရင် မင်းအလုပ်တွေ ကိုပစ်ပြီး ရန်ကုန်ကနေ ငါ့ဆီကို မရောက်ရောက်အောင် လာမှာ ပဲဆိုတာ သိနေလို့ တမင်အကြောင်းမကြားပဲ နေလိုက်တာ။
ခုတော့ အဖေ့နာရေး ကိစ္စလည်းပြီး သွားပါပြီ။
ငါ မင်းနဲ့ သိပ်တွေ့ ချင်နေတယ် သူငယ်ချင်း။ အဖေနဲ့ပတ်သက်ပြီး ငါ အထင်မှားခဲ့တာတွေ မင်းကို ပြောပြချင်တယ်။ ပြီးတော့ ရန်ကုန်မှာ အဖေရသင့်ရထိုက်တဲ့ လျော်ကြေးကိစ္စတစ်ခုအတွက်လည်း မင်းကို အကူအညီတောင်းချင်တယ်။
ဒါကြောင့် ၁၂ ရက်နေ့ ငါ ရန်ကုန်ကို ဆင်းလာခဲ့မယ်။ တစ်ကောင်ကြွက် ဖြစ်သွားတဲ့ ငါ့အတွက် မင်းကိုပဲ အားကိုးရမှာ ပဲ။ မင်း ငါ့ကိုဘူတာမှာ လာကြိုပါ။
မင်းရဲ့ သူငယ်ချင်း
မင်းထက်ကျော်စွာ
အပိုင်း(၁)
(၁)
ရန်ကုန်ဘူတာကြီးထဲမှ လှမ်းထွက်လိုက်သည်နှင့် သူ့အားစိတ်ပျက်ဖွယ် ဆီးကြိုနှုတ်ဆက် သော အရာမှာ ပူလောင်ကြွက်ဆတ်သော လေထုနှင့် မော်တော် ကားအိပ်ဇောငွေ့များ ပင် ဖြစ်သည်။
ရန်ကုန်မြို့ကလူတွေ ဘယ်လိုများ အသက်ရှုရပ်တည်နေနိုင်ကြပါလိမ့်…။
နောက်ဆုံးတစ်ခေါက် ရန်ကုန်သို့ အဖေ့အား ဆေးခန်းလာပြစဉ်ကပင် မြို့တော် ကြီး၏ အပူရှိန်နှင့် လေထုညစ်ညမ်းမှု က ဤမျှမဆိုးသေး။ ယခုတော့ မယုံနိုင်လောက်အောင် ပြောင်းလဲ သွားခဲ့သည်။
“ကားငှားမလား အစ်ကို”
သံပုရာသီးတစ်လုံးကို ကြည့်သော အကြည့်မျိုးဖြင့် လူငယ် တစ်ယောက် သူ့နားရောက်လာ ပြီး မေးသဖြင့် သူအသာအယာ ခေါင်းယမ်းပြလိုက်ပြီး၊ ဝဏ္ဏရောက်အလာကိုသာ စောင့်ဆိုင်းနေ လိုက်သည်။
စီးကရက်တစ်လိပ် ကုန်သွားသော်လည်း ဝဏ္ဏရောက်မလာသေးသဖြင့် အနည်းငယ် စိတ်ပျက်စ ပြုလာသည့်တိုင် ဝဏ္ဏမလာဘဲ နေလိမ့်မည် မဟုတ်ပါ။ သူနှင့် ဝဏ္ဏမှာ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်သည့်ပြင် သူလာမည့် အကြောင်း တင်ကြိုစာရေး ထားပြီး ဖြစ်သဖြင့် မည် မျှ အလုပ်များ စေကာမူ သူ့ထံသို့ ဝဏ္ဏရောက်အောင်လာပါလိမ့်မည် ။
သူ၏ အတွေးမဆုံးခင်မှာ ပင် ဆူပါကက်မော်တော် ဆိုင်ကယ်ကလေးကို မောင်းလျက် ဘူတာကြီးထဲသို့ ကွေ့ဝင်လာသော ဝဏ္ဏကိုတွေ့ လိုက်ရသဖြင့် သူ လက်လှမ်းပြလိုက်သည်။
“ဆောရီးကွာ၊ ငါ နည်းနည်း နောက်ကျသွားတယ်”
ထုံးစံအတိုင်း အားပါးတရ ခပ်ကျယ်ကျယ်အသံနှင့် ပြောရင်း မင်းအထုပ်အပိုးတွေ ရော ဟု မေးသည်။
“ဒါပဲလေ”
တစ်ခုတည်းသော ခရီးဆောင်အိတ်ကြီးကို မြှောက်ပြရင်း ပခုံးထက်၌ သိုင်းလွယ်လိုက် တော့ ဝဏ္ဏက ဆိုင်ကယ်ဦးထုပ် အပိုတစ်လုံးကို လှမ်းပေးလိုက် သည်။ သူ ဦးထုပ်ကိုဝတ်ဆင်ပြီး ဆိုင်ကယ် ပေါ်တက်ခွလိုက်သည်နှင့် ဝဏ္ဏက ဆူပါကက်လေးကို အသာအယာ မောင်းထွက် လိုက်လေသည်။
ဝဏ္ဏ၏ ချစ်စရာကောင်းသော အကျင့်မှာ အကြောင်းမဲ့အချိန်မဖြုန်းတတ်ခြင်းပင် ဖြစ်သည်။
သို့ သော် ဝဏ္ဏအား စတင်တွေ့ ဆုံစဉ်အခါကတော့ သူ ဝဏ္ဏကို ကြည့်မရခဲ့။
(၎င်း၏ ဖခင်က သူတို့မြို့ငယ်ကလေးသို့ တာဝန်ဖြင့် ပြောင်းရွှေ့လာရခြင်းကြောင့် ဝဏ္ဏ သည်လည်း သူတို့မြို့ငယ်လေး၏ အလယ်တန်းကျောင်းသို့ ကျောင်းသားသစ်အ ဖြစ် ရောက်ရှိ လာခဲ့ခြင်းဖြင့် သူနှင့် ဝဏ္ဏ စတင်ဆုံဆည်းခဲ့ကြခြင်း ဖြစ်သည်။)
ထိုစဉ်က ဝတ်ကောင်းစားလှများ နှင့် ကျောင်းတက်သော ၎င်းအား သူအမြင်ကတ်ခဲ့သလို ဝဏ္ဏ ကလည်း သူ့အားဆောင့်ကြွားကြွားနိုင်သည်ဟုဆိုကာ ကြည့်မရခဲ့။ သို့ သော် ထိုနှစ် နှစ် လယ် စာမေးပွဲ၌ သူနှင့် ဝဏ္ဏ အမှတ်ချင်းတူနေသဖြင့် အဆင့်တစ်နေရာအား ထူးထူးဆန်းဆန်း ပူးတွဲ ရယူခဲ့ရပြီး နောက်ပိုင်းမှာ တော့ သူနှင့် ဝဏ္ဏ တစ်ယောက် နှင့် တစ်ယောက် နားလည်မှု ရှိသွားရုံမျှမက တပူးတွဲ တွဲ နှင့် အလွန်ချစ်သော သူငယ်ချင်းများ အ ဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
ဘယ်လောက်အထိချစ်ခင်သွားခဲ့ကြသနည်းဟု ဆိုလျှင် ဝဏ္ဏ၏ ဖခင် ရန်ကုန်သို့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပြီး နောက်ပိုင်း နွေရာသီကျောင်းပိတ်ရက်များ ၌ ၎င်းကပင် အကုန်အကျခံကာ သူ့အား ရန်ကုန်သို့ အလည်ခေါ်လေ့ရှိ၏ ။ သူ အလည်မသွားနိုင်သော နှစ် မျိုး၌ ဝဏ္ဏက သူတို့မြို့ ငယ်လေးသို့ အလည်လာတတ်သေးသည်။
“ကဲ … ရောက်ပြီ ကိုယ့်လူ”
တိုက်တန်းလျားတစ်ခုရှေ့အရောက် ဝဏ္ဏက ဆိုင်ကယ်ကို ထိုးရပ်ရင်း သူ့အားပြောသည်။
“ကဲ … မင်းအိတ်ပေး”
“ရပါတယ် … ငါ့ဘာသာ ငါ လွယ်ခဲ့ပါ့မယ်”
“ကဲ … ဒါဖြင့် လာ”
ဝဏ္ဏက ဦးဆောင်၍ တိုက်ခန်းတံခါးကို ဖွင့်ရင်း …
“ခု … တစ်ကောင်ကြွက်နှစ် ကောင် ပေါင်းမိကြပြီဆိုတော့ နှစ် ကောင်ကြွက်တွေ ဖြစ်သွား ကြပြီပေါ့”
ဝဏ္ဏ၏ မိခင်ကော ဖခင်ပါ ဆုံးပါးသွားခဲ့ကြသည်မှာ နှစ် အတန်ငယ်ကြာပြီ ဖြစ်သော်လည်း ဝဏ္ဏအတွက် တိုက်ခန်းတစ်ခန်း၊ ဆိုင်ကယ်တစ်စီး၊ ဘွဲ့တစ်ဘွဲ့နှင့် ဂျာနယ်လုပ်ငန်းတစ်ခုအမွေ ပေးသွားနိုင်ခဲ့ကြ၏ ။ သူ၏ မိဘများ ကတော့ မြို့ငယ်လေးရှိ ပျဉ်ထောင်အိမ်ခပ်စုတ်စုတ်နှင့် ခြံဝိုင်း လေးမှအပ အမွေမပေးနိုင်ခဲ့ကြပါ။
“ မြို့ကမင်းအိမ်လေးကို အပြီးရောင်းခဲ့သလား မင်းထက်”
ရေခဲသေတ္တာကိုဖွင့်၍ ရေခဲရေပုလင်းကို ထုတ်ယူရင်း ဝဏ္ဏ သူ့အားလှမ်းမေးတော့ သူ ခေါင်းရမ်းပြလိုက်သည်။
“ဘေးခြံကလင်မယားကို အပ်ထားခဲ့တယ်။ ငှားချင်တဲ့လူရှိရင်လည်း လူငှားတင်ဖို့ပါ မှာ ခဲ့တယ်”
“မင်းကလည်း … တစ်ခါတည်း အပြီးရောင်းခဲ့ရောပေါ့ကွာ”
“ဘာအတွက်လဲ”
“မင်းငါနဲ့အတူတူ အခြေချနေမှာ ပဲဥစ္စာ။ ဟိုအိမ်က ပိုနေမှာ ပေါ့”
သူအသာအယာပြုံး၍ ခေါင်းခါလိုက်သည်။ “မပိုပါဘူး။ ငါ ရန်ကုန်လာတာ မင်းနဲ့အတူ အခြေချဖို့ မဟုတ်ဘူး။ အဖေရစရာရှိတဲ့ လျော်ကြေးကိစ္စအတွက် လာတာ။ လျော်ကြေးရပြီးရင် တော့ တစ်မျိုးပေါ့”
“ဘာလျော်ကြေးလဲ။ အသက်အာမခံလား”
“မဟုတ်ဘူး။ လူ တစ်ယောက် ဆီက အဖေ ရသင့်ရထိုက်တဲ့ လျော်ကြေး၊ အဲဒါ တောင်းဖို့ လာတာ”
သူ့စကားအဆုံး ဝဏ္ဏ သူ့အား တအံ့တသြကြည့်ရင်း ဂျာနယ်သမားပီသစွာ အလောတကြီး မေးသည်။
“လူ တစ်ယောက် ဆီက ဟုတ်လား။ ဘယ်သူ့ဆီကလဲ၊ ဘာအတွက် လျော်ကြေးတောင်း မှာ လဲ”
“မင်း … သတင်းသမားပီသတယ် ဝဏ္ဏ။ ဒါပေမဲ့ အိမ်ရှင်သူငယ်ချင်းကောင်းတော့ မပီသ ဘူး။ လောလောဆယ် ခရီးပန်းပြီး ငါ ရေအရမ်းချိုးချင်နေတယ်”
“ဆောရီးကွာ … ငါ မေ့သွားတယ်။ ရော့ … ရေဝအောင်သောက်ပြီး ရေချိုးလိုက်။ မင်း ရေချိုးနေတဲ့အချိန်မှာ ညစာအတွက် ငါ စားစရာတစ်ခုခု ထွက်ဝယ်လိုက်မယ်”
သူ ရေချိုးရန်ပြင်ဆင်ပေးပြီးသည်နှင့် ဝဏ္ဏစားစရာဝယ်ရန် ထွက်ခွာသွားလေသည်။ ရေပန်း အောက်၌ ရပ်ကာ ရေအေးအေးနှင့် ရေချိုးလိုက်ခြင်းဖြင့် သူ၏ ခရီးပန်းနွမ်းနယ်နေမှု တို့ ယူပစ်လိုက် သလို ပပျောက်သွားသော်လည်း အဖေ့အတွက် စိတ်မကောင်းခြင်းဖြင့် နာကြည်းခြင်းတို့ကတော့ ပျောက်ကွယ်မသွားခဲ့ပါ။
အဖေမဆုံးခင် ပြောခဲ့သော စကားတို့က ယခုတိုင် ရစ်ဝဲစွာ ကြားယောင်နေကြဆဲ ဖြစ်သလို အဖေရရန်ရှိသော လျော်ကြေးတို့ကို မ ဖြစ် ဖြစ်အောင်တောင်းမည် ဟူသော သူ၏ ဆုံးဖြတ်ချက်တို့ ကလည်း တင်းပြတ်ခိုင်မာနေကြဆဲ ဖြစ်သည်။
(၂)
“ငါ အဖေ့အပေါ် အထင်မှားခဲ့ဖူးတယ် ဝဏ္ဏ”
သူ့အသံတို့က အနည်းငယ် ခြောက်ကပ်တုန်ခါ၍ နေသည်။ ဝဏ္ဏက ဘီယာဗူးကိုဖွင့်ရင်း သူ့မျက်နှာအား စိုက်ငေးလျက် ငြိမ်သက်စွာ နားထောင်နေ၏ ။
“ငါတို့မိသားစု ချို့ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲ နေခဲ့ရတာ ။ ဆေးဖိုးဝါးခမတတ်နိုင်လို့ အမေ မသေသင့်ဘဲ သေခဲ့ရတာ ။ နောက်ပြီး ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လျက် တက္ကသိုလ်ဆက်မတက်နိုင်ဘဲ ငါ အလုပ်ထွက်လုပ်ရတာ …။ အဲဒါတွေ အားလုံးဟာ အဖေအလုပ် ကို ကြိုးကြိုးစားစား မလုပ်ခဲ့လို့၊ စီးပွားမရှာခဲ့လို့၊ ဝီရိယနည်းလို့ … လို့ ငါ့စိတ်ထဲမှာ စွဲနေခဲ့ဖူးတယ်”
ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်ရင်း သူ၏ စိတ်တို့က သူ၏ ငယ်ဘဝဆီသို့ နောက်ပြန် စီးမျောသွားကြသည်။
သူ လူမှန်းသိစအရွယ်ကတည်းက အဖေသည် စာဖတ်ခြင်း၊ ပန်းချီကားများ ရေး ခြင်းမှအပ စီးပွားရေး ဟူ၍ မယ်မယ်ရရ မလုပ်ခဲ့။ အိမ်၏ စားဝတ်နေရေး အတွက် အမေကသာ ကုန်စုံဆိုင်လေး ဖွင့်၍ ရှာဖွေခဲ့ရ၏ ။ တစ်ခါတစ်ရံ ပုံတူပန်းချီကားအပ်သူများ ရှိလျှင် အဖေ ဝင်ငွေရတတ်သော်လည်း ပြောပလောက်အောင်တော့ မဟုတ်ခဲ့။
သူ ငါးတန်းနှစ် လောက်၌ အခြားမြို့တစ်မြို့မှ အဖေ၏ သူငယ်ချင်း တစ်ယောက် ရောက်ရှိ လာပြီး၊ အလုပ်တစ်ခုလုပ်ရန်ဟု ဆိုကာ ထိုသူငယ်ချင်းနှင့် အတူ အဖေ လိုက်ပါသွားခဲ့၏ ။ အဖေ၏ ခရီးစရိတ်အတွက် အမေ၏ ရှိစုမဲ့စု လက်ဝတ်လက်စားများ ရောင်းချကာ ပေးလိုက် ရသော ကြောင့် နဂိုကမှ ခပ်သေးသေးမျှသာ ဖြစ်သော အမေ၏ ကုန်စုံဆိုင်လေးမှာ ပို၍ သေးငယ်သွားခဲ့ရ လေသည်။
ထိုစဉ်ကတော့ … အဖေပြန်လာလျှင် ပိုက်ဆံတွေ အများ ကြီးပါလာမှာ ပဲဟု ကလေးအတွေး နှင့် တွေးလျက် သူ ပျော်ရွှင်ခဲ့ဖူး၏ ။
သို့ သော် နောက် တစ်နှစ် ခွဲ၊ နှစ် နှစ် ခန့်အကြာ အဖေပြန်လည်ရောက်ရှိလာချိန်မှာ တော့ သူ မျှော်လင့်ထားသလို အဖေ့၌ မည် သည့်ပိုက်ဆံမှ ပါမလာခဲ့။ ငွေစက္ကူများ အစား မမှတ်မိလောက် အောင် ပိန်လှီနေသော အဖေ့ခန္ဓာကိုယ်၌ အလွန်ပြင်းထန်ဆိုးဝါးသော ငှက်ဖျား ရောဂါ တစ်ခုသာ ပါလာ ခဲ့သည်။
ထို့ထက်ပို၍ ဆိုးသည်မှာ ရန်ပွဲတစ်ပွဲ၏ ရလဒ်ကြောင့် အဖေ၏ ညာဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရခြင်းပဲ ဖြစ်သည်။ ထိုသို့ ညာဘက်လက်တစ်ဖက်ဆုံးရှုံးလိုက်ရခြင်းကြောင့် အဖေ အလွန် ဝါသနာပါသော ပန်းချီရေး ခြင်းအလုပ်ကို ဘယ်တော့မှ မလုပ်နိုင်တော့ပါ။
“အဖေပြန်ရောက်လာပြီး အဖေ့ ရောဂါ ကို ကုရင်း အမေ့ရဲ့ အိမ်ဆိုင်လေး ပြုတ်သွားခဲ့ရတယ် ဝဏ္ဏ။ ကုန်စုံဆိုင်လေး ပြုတ်သွားပေမယ့် အမေ စိတ်မပျက်ဘူး။ ဈေးဗန်းခေါင်းရွက်ပြီး ပိုက်ဆံရှာခဲ့ တယ်။ ငါလည်းကျောင်းအားချိန်တွေ အလုပ်မျိုးစုံလုပ်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာခဲ့တယ်။ အဖေကတော့ တစ်ခါတစ်လေ အရက်တွေ ဘာတွေ သောက်တတ်လာပေမယ့် ဆန်စက်မှာ တောက်တိုမယ်ရလေးတွေ သွားလုပ်ပြီး ပိုက်ဆံရှာတယ်။ ဒါပေမယ့် လက်တစ်ဖက်မရှိတဲ့လူ တစ်ယောက် ဟာ ဘယ်လောက်များများ ဝင်ငွေရှာနိုင်မှာ လဲ ဝဏ္ဏ ”
ဝဏ္ဏ သက်ပြင်းတစ်ချက်ကိုချရင်း ဘီယာလက်ကျန်ကို မော့ချလိုက်သည်။
“ကံကြမ္မာရဲ့ ရက်စက်မှု ဟာ ငါတို့ မိသားစု အပေါ်မှာ အဲဒီ မှာ တင် ရပ်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် … ငါ့အထင် မမှန်ခဲ့ဘူး ဝဏ္ဏ”
သူ ဆယ်တန်းဖြေပြီးချိန်၌ သူ၏ အမေဆုံးခဲ့၏ ။ နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်း ခေါင်းရွက်ကာ အရပ်တကာလှည့်ပြီး နှစ် ရှည်လများ ဈေးရောင်းခဲ့ရသည့်ဒဏ်တို့က အမေ့အား ဘဝတစ်ပါးသို့ ကူးပြောင်းစေခဲ့ခြင်းပင် ဖြစ်သည်။
ထို့နောက်ပိုင်းတော့ သူကျောင်းမှ အပြီးထွက်ကာ ပြင်ပအလုပ်ကို ဝင်လုပ်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆည်းပူးရန် အားခဲထားခဲ့သည့် သူ၏ ဆန္ဒတို့မှာ အိပ်မက်ပမာ ပြယ်လွင့် ခဲ့ရလေသည်။ အဖေကတော့ သူလစ်လျှင်လစ်သလို ဆန်စက်မှာ တောက်တိုမယ်ရများ သွားလုပ် မြဲ ဖြစ်၏ ။
“ငါ မလုပ်ဖို့ တားပေမယ့် အဖေကတော့ ငါ့ကွယ်ရာမှာ ငါ မသိအောင် သွားလုပ်တာပဲ။ အဲ့ဒီလို သွားလုပ်လို့လည်း ဆန်စက်က အမှု န်အမွှားတွေ ကို နေ့စဉ် ရှုရှိုက်ရင်း အဖေ့မှာ အဆုတ် ရောဂါ ရခဲ့တာပဲ ဝဏ္ဏ။ ပြီးခဲ့တဲ့တစ်ခေါက် ရန်ကုန်မှာ ဆေးခန်းလာပြတော့ အဖေ့ ရောဂါ က တော် တော် ကျွမ်းနေပြီ”
“ဒါဖြင့် မင်းအဖေသေရတာ အဆုတ် ရောဂါ ကြောင့် ပေါ့”
ဝဏ္ဏ၏ မေးခွန်းကြောင့် သူ ကြေကွဲစွာ ပြုံးလိုက်မိ၏ ။
“ခပ်လွယ်လွယ်ပြောရရင်တော့ အဆုတ် ရောဂါ ကြောင့် သေရတာ လို့ ပြောရမှာ ပေါ့။ ဒါပေမဲ့ … တကယ့်တကယ် ငါ့ အဖေသေရတာ ရော၊ ငါ့အမေသေရတာ ပါ … ရောဂါ ကြောင့် သေရတာ မဟုတ်ဘူး ဝဏ္ဏ။ လူ တစ်ယောက် ကြောင့် သေရတာ ”
“ဘာ … လူ တစ်ယောက် ကြောင့် … ဟုတ်လား မင်းထက်”
ဝဏ္ဏ အထိတ်တလန့်မေးသည်။
“ဟုတ်တယ် ဝဏ္ဏ။ လူ တစ်ယောက် ကြောင့် ငါ့အဖေရော၊ ငါ့အမေပါ မသေသင့်ဘဲ သေခဲ့ရတာ ။ အဲဒါကိုလဲ အဖေဆုံးခါနီး မှ ငါ့ကိုပြောပြလို့ ငါ သိခဲ့ရတာ …”
ပြောရင်း သူအံကို တင်းတင်းကြိတ်လိုက်မိသည်။ ဝဏ္ဏက သူ့ကို တအံ့တသြငေးကြည့်ကာ တစ်စုံတစ်ခု လှမ်းမေးလိုက်သော်လည်း ဝဏ္ဏ၏ အသံကို မကြားဘဲ နောက်ဆုံးအချိန်၌ အဖေ ပြောသွားခဲ့သော စကားတို့ကိုသာ တရစ်ဝဲဝဲ ကြားယောင်နေမိသည်။
“သူ့နာမည် က ကောင်းသာတဲ့။ အဖေ မန္တလေးမှာ ပန်းချီကျောင်းတက်တုန်းက သူနဲ့ အဖေနဲ့ တော် တော် ရင်းနှီးခဲ့တယ်။ အဲဒီ နောက်ပိုင်း အဖေတို့ အဆက်အသွယ်ပြတ်သွားကြတယ်။ သား ငါးတန်းခြောက်တန်းနှစ် လောက်မှာ တော့ ဘယ်ကဘယ်လို လိပ်စာရလာတယ် မသိဘူ။ အဖေ့ဆီကို တန်းတန်းမတ်မတ်ရောက်လာပြီး ကျောက်သွားတူးဖို့ အဖေါ်ညှိတယ်”
“ဒါဖြင့် … အဲဒီ တုန်းက ရောက်လာတဲ့ လူကြီးက ဦးကောင်းသာပေါ့ ဟုတ်လား အဖေ။ နောက်ပြီး အဖေ သူနဲ့ လိုက်သွားတာ ကျောက်သွားတူးတာပေါ့”
“ဟုတ်တယ် သား။ သားရဲ့ ရှေ့ရေး အဖေတို့မိသားစုရဲ့ ရှေ့ရေး အတွက် စဉ်းစားပြီး အဖေ ကျောက်သွားတူးဖို့ ဆုံးဖြတ်လိုက်တယ်။ ကောင်းသာမှာ လမ်းစရိတ်မရှိလို့ အဖေပဲ ရှိစုမဲ့စုလေး တွေ ထုခွဲပြီး သူ့အတွက် လမ်းစရိတ်နဲ့ စားစရိတ်ခံခဲ့ရတယ်။ အဆင်းရဲ အပင်ပန်းခံပြီး ကျောက်တူး လို့ တစ်နှစ် လောက်အကြာမှာ အဖေတို့ ကျောက်အောင်တယ်။ လောပန် တစ်ယောက် က သိန်းရှစ်ရာ ပေးပြီးဝယ်ပေမယ့် ကောင်းသာက နောက်ထပ်တစ်ဦးနှစ် ဦးလောက် ပြကြည့်ရင် ဒီထက်ပိုရနိုင်တယ်။ မရောင်းနဲ့ဦးဆိုပြီး အဖေ့ကိုတားတယ်။ လောဘဇောတိုက်နေတဲ့ ကောင်းသာ ဟာ အဖေ့ကိုအကြံနဲ့ တားခဲ့မှန်း အဖေမရိပ်မိခဲ့ဘူး။အဲဒီ ညမှာ ပဲ ကျောက်ကို တစ်ယောက် တည်း အပိုင်စီးချင်နေတဲ့ ကောင်းသာဟာ အဖေ့ကို ဓားနဲ့ အသေခုတ်တော့တာပဲ”
“ဗျာ …”
“ခုတ်တုန်းကတော့ ချက်ကောင်းကို အပိုင်ခုတ်တာပဲသား။ ဒါပေမဲ့ ထိချက်လွဲပြီး၊ အဖေ အသက်မသေခဲ့ဘူး။ ညာဘက်လက်တစ်ဖက်တော့ ဆုံးရှုံးခဲ့ရတယ်။ အဖေသိပ်မြတ်နိုးတဲ့လက်၊ စုတ်တံကိုင်တဲ့ လက်ဟာ ကောင်းသာကြောင့် ဆုံးရှုံးခဲ့ရတယ်။ သူကတော့ အဖေသေပြီထင်ပြီး ကျောက်ကို ယူပြေးတော့တာပဲ။ အဖေ လက်အနာကျက်အောင် သုံးလေးလလောက် ဆေးကုပြီးမှ အိမ်ပြန်နိုင်ခဲ့တယ်။ အိမ်ရောက်တော့ အ ဖြစ်မှန်အတိုင်းပြောရင် သားတို့ စိတ်မကောင်းမှာ စိုးလို့ ရန်ပွဲကြောင့် လက်တစ်ဖက်ဆုံးရှုံးရတာ ပါလို့ အဖေ ညာခဲ့ပါတယ်”
“တကယ်တော့ အဖေဟာ မိသားစုကို ချမ်းချမ်းသာသာ ထားချင်တဲ့သူပါ သား။ ကံမကောင်း အကြောင်းမလှလို့ ဒုက္ခိတ ဖြစ်ခဲ့ရပေမယ့် ဆန်စက်၊ ဆီစက်မှာ ကျပန်းအလုပ်လေး တွေ လုပ်ပြီး၊ တစ်ဖက်တစ်လမ်းက အဖေ ဝင်ငွေရှာခဲ့ပါသေးတယ်”
“အဖေရယ် …”
(၃)
“တောက်”
တိုက်ခန်းကျဉ်းကျဉ်းလေးအတွင်း ဝဏ္ဏ၏ တက်ခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်၍ လာသည်။
“ဒါဖြင့် … အဓိကတရားခံက အဲဒီ ကောင်းသာဆိုတဲ့ လူကြီးပေါ့”
“ဟုတ်တယ် ဝဏ္ဏ။ သူသာ ကျောက်ကို တစ်ယောက် တည်း မောင်ပိုင်စီးမသွားရင် ငါတို့ မိသားစု ခုချိန်ထိ ဥမကွဲသိုက်မပျက်နဲ့ ချမ်းချမ်းသာသာနေရမှာ အမှန်ပဲ။ ခုတော့ သူယုတ်မာ သွားလို့ ငါ့အမေ မသေသင့်ဘဲသေခဲ့ရတယ်။ ငါ့အဖေလည်း သူမြတ်နိုးတဲ့ လက်တစ်ဖက်ကိုစွန့်ပြီး ဒုက္ခိတဘဝနဲ့ ချို့ချို့ တဲ့တဲ့ သေခဲ့ရတယ်။ ငါလည်းဆယ်တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင် လျက်နဲ့ တက္ကသိုလ် ဆက်မတက်နိုင်ဘဲ ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ရတယ်။ အဲဒါ တွေ အားလုံးဟာ အဲဒီ ဦးကောင်းသာဆိုတဲ့ လူကြီးကြောင့် ပဲ ဝဏ္ဏ”
ဝဏ္ဏ ဒုတိယအကြိမ်မြောက် ခပ်တိုးတိုး တက်ခေါက်ရင်း တော် တော့ကိုလူမဆန်တာပဲဟု ရေရွတ်သည်။
“နေပါဦး၊ မင်းအဖေက အဲဒီ လူကြီးကို လိုက်မရှာဘူးလား”
“ရှာတော့ ရှာတာပေါ့ဝဏ္ဏ။ ဒါပေမမဲ့ အဖေက လက်တစ်ဖက်ဆုံးပြီးကတည်းက စိတ်ဓာတ် ပါ ကျသွားတာဆိုတော့ ထင်သလောက်ခရီးမတွင် ဘူးပေါ့။ ပြီးခဲ့တဲ့နှစ် ရန်ကုန်မှာ အဖေဆေးခန်း လာပြတုန်းကတော့ ဦးကောင်းသာကို အဖေပြန်တွေ့ ခဲ့တယ်”
“ပြန်တွေ့ ခဲ့တယ် ဟုတ်လား”
ဝဏ္ဏက စိတ်အားထက်သန်စွာ အလောတကြီးမေးသဖြင့် သူ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ ပြန်တွေ့ တယ်ဆိုပေမယ့် ဦးကောင်းသာက ကိုယ်ပိုင်ကား အကောင်းစား ပေါ်မှာ ပါသွားတာ။ အဖေက လမ်းဘေးပလက်ဖေါင်းပေါ်မှာ ဆိုတော့ ဘယ်လိုမှ လှမ်းခေါ်ချိန် မရလိုက်ဘူး။ ဒါပေမဲ့ … ကားဘေးမှာ ကောင်းသာကုမ္ပဏီဆိုတဲ့ စာတန်းကိုတော့ အဖေတွေ့  လိုက်တယ်”
“ဒါဖြင့် သူက မင်းအဖေဆီက အပိုင်စီးသွားတဲ့ ငွေတွေ နဲ့ ကုမ္ပဏီတွေ ထောင်ပြီး ကြီးပွား နေတာပေါ့”
“ဟုတ်တယ် ဝဏ္ဏ။ ခု ဦးကောင်းသာ ကြီးပွားချမ်းသာနေတဲ့ စည်းစိမ်ဥစ္စာအားလုံးရဲ့ တစ်ဝက်ဟာ ငါ့အဖေရသင့်ရထိုက်တဲ့ ဝေစုကို အဖေ့ကိုယ်စား ငါ မရရအောင်ပြန်ယူမယ်။ တစ်ကျပ် အလိုမခံနိုင်ဘူး။ တစ်ကျပ်လည်း အပိုမခံနိုင်ဘူး။ အဲဒါ ငါ့ရဲ့ သံန္နိဋ္ဌာန်ပဲ။ အဲဒီ အတွက် မင်း ငါ့ကို အကူအညီပေးရလိမ့်မယ် ဝဏ္ဏ”
ဝဏ္ဏ စီးကရက်ကို ဖွာရင်း ခပ်သွက်သွက် ခေါင်းညိတ်သည်။
“စိတ်ချ မင်းထက်။ မင်းကိစ္စဟာ ငါ့ကိစ္စပဲ။ မင်း ရသင့်ရထိုက်တဲ့ လျော်ကြေးပြန်ရအောင် ငါ တတ်နိုင်သမျှ ကူညီမယ်။ မနက်ဖြန်ကစပြီး အဲဒီ ဦးကောင်းသာဆိုတဲ့ လူကြီးအကြောင်း ငါ စုံစမ်း ပေးမယ်”
“သူနဲ့ ပတ်သက်သမျှ ငါအကုန်သိချင်တယ် ဝဏ္ဏ”
ဝဏ္ဏက ဂျာနယ်သတင်းထောက်ပီသစွာ ရဲရဲကြီး အာမခံလေသည်။ သူကတော့ ငါးတန်း လောက်တုန်းက အိမ်သို့ ရောက်လာဖူးသော်လည်း ယခုအချိန်ပြန်တွေ့ လျှင် မှတ်မိတော့မည် မဟုတ်သော ဦးကောင်းသာ၏ ရုပ်ရည်ကို အတွေးနှင့် စိတ်ကူးပုံဖော်ရင်း စိတ်ထဲမှ ရေရွတ် လိုက်မိသည်။
ခင်ဗျားဘဝတစ်ခုလုံး တစ္ဆေခြောက်သလို ခံစားရဖို့ မင်းထက်ကျော်စွာ ရန်ကုန် ရောက် လာပြီ ဦးကောင်းသာ။ ခင်ဗျား အနာဂတ်ကို ကျုပ်လက်ထဲအပ်ဖို့ အဆင်သင့်ပြင်ထားပါ။
ထိုည ဝဏ္ဏ အိပ်ပျော်သွားချိန်၌ သူ၏ အသစ်စက်စက် မှတ်စုစာအုပ်လေး၏ ပထမဆုံး စာမျက်နှာ၌ အထက်ပါစာသားတို့ကို ရေး သားနေမိသည်။
“ဟောဒါ ပြည်လမ်းက ဦးကောင်းသာရဲ့ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီ”
အလုပ်လုပ်လျှင် အချိန်မဖြုန်းတတ်သော ဝဏ္ဏသည် ဆိုင်ကယ်တစ်စီး၊ ကင်မရာတစ်လုံး နှင့် အချိန်သုံးရက်ကို အသုံးပြုပြီးနောက် ဓာတ်ပုံတစ်ထပ်ကြီးကို ကိုင်လျက် သူ့ရှေ့သို့ ဝင်ထိုင်ပြီး ပထမဦးဆုံးဓာတ်ပုံကို လှမ်းပေးရင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံထဲမှ ခမ်းနားထယ်ဝါလှသော ကုမ္ပဏီအဆောက်အအုံကြီးကိုကြည့်ရင်း ကောင်းသာ ကုမ္ပဏီ ဟူသော ဆိုင်းဘုတ်နေရာ၌ သူ့အဖေ၏ အမည် ကိုသာ အစားထိုးမြင်ယောင်နေမိသည်။
“ဟောဒါက ဦးကောင်းသာဖွင့်ထားတဲ့ဟိုတယ်။ ဟောဒါက သူဖွင့်ထားတဲ့ ရက်စ်တောရင့်။ ဟောဒါက ဦးကောင်းသာရဲ့ ခြံ”
ဝဏ္ဏချထားပေးသည့် ဓာတ်ပုံများ ကို တစ်ပုံပြီးတစ်ပုံကြည့်ရင်း သူ့ရင်ထဲ၌ နာကြည်းမှု နှင့် ဒေါသတရားတို့က တငွေ့ငွေ့ လောင်မြိုက်လာကြသည်။
“အဲဒါတွေ ခဏထားပြီး ငါလက်စားချေရမယ့် ရန်သူတော် ကြီးရဲ့ ဓာတ်ပုံကို အရင်ပြစမ်းပါ”
သူ့စကားကြောင့် ဝဏ္ဏ ကွက်ခနဲ မျက်နှာပျက်သွားပြီးမှ ဓာတ်ပုံတစ်ပုံကို လှမ်းပေးသည်။
“လူကိုရိုက်ဖို့ ဘယ်လိုမှ မ ဖြစ်နိုင်လို့ သူ့ရုံးခန်းမှာ ချိတ်ထားတဲ့ ဓာတ်ပုံကိုပဲ ရိုက်လာခဲ့တယ် မင်းထက်။ အဲဒါ ဦးကောင်းသာပုံပဲ”
ရုတ်တရက်ကြည့်လျှင် လူ တစ်ယောက် အား ဓားနှင့် ခုတ်ကာ စည်းစိမ်ဥစ္စာတစ်ဝက်ကို လုပြေးသွားသူဟု ဘယ်လိုမှ ထင်ရက်စရာမရှိသည့် ရုပ်ရည်မျိုး ဖြစ်သော်လည်း ၎င်း၏ မျက်လုံး များ ထဲမှာ တော့ မြေခွေးလိုကောက်ကျစ်သော ရက်စက်ကြမ်းကြုတ်မှု တို့ကို အထင်းသား တွေ့ မြင်နေရ၏ ။
ဦးကောင်းသာ၏ ပုံကို စိုက်ကြည့်ရင်း အမုန်းတရားတို့ ရုတ်တရက် ဆူဝေပေါက်ကွဲကာ လက်ထဲမှ ဓာတ်ပုံကို လက်သီးဖြင့် ထိုးချလိုက်သည်။
“ကျုပ်တို့မိသားစုတစ်ခုလုံးကို ဒုက္ခပေးခဲ့တဲ့ ဦးကောင်းသာ ခင်ဗျားနဲ့ ကျုပ်နဲ့ တွေ့ ကြပြီ ပေါ့ဗျာ”
သက်ရှိထင်ရှားလူ တစ်ယောက် အားပြောသည့်ပမာ ဦးကောင်းသာ၏ ဓာတ်ပုံကိုကြည့်ရင်း သူ ကြုံးဝါးလိုက်တော့ ဝဏ္ဏက မျက်နှာပျက်စွာ ဖြင့် ခေါင်းကို ခပ်ဖြည်းဖြည်း ခါရမ်းလိုက်သည်။
“နေအုံး မင်းထက်။ မင်းကို ငါ ပြောစရာတစ်ခုရှိသေးတယ်”
“ဘာလဲ ဝဏ္ဏ”
“ခု … ဦးကောင်းသာ မရှိတော့ဘူး”
“ဘာလဲ နိုင်ငံခြား ထွက်သွားလို့လား။ ကိစ္စမရှိပါဘူး။ ငါ စောင့်နိုင်ပါတယ်”
“မဟုတ်ဘူး မင်းထက်၊ ဦးကောင်းသာ ဆုံးသွားပြီ”
“ဘာ”
မျှော်လင့်ချက်မီးတောင်ကြီးတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားသည့်ပမာ ခံစားလိုက်ရ၏ ။ ရင်ဘတ်ထဲမှ ပူပြင်းသော ချော်ရည်ပူတို့ကြောင့် တော် တော် နှင့် စကားမစနိုင်ဘဲ ကြက်သေ သေ နေမိသည်။
“ဟုတ်တယ် မင်းထက်။ ဦးကောင်းသာဆုံးသွားတာ တစ်နှစ် နီးပါးရှိသွားပြီ”
“ဒါဆို … ဒါဆို … ငါ့မျှော်လင့်ချက်တွေ အလကား ဖြစ်ကုန်ပြီပေါ့။ ဟုတ်လား ဝဏ္ဏ။ ငါ့မိဘ တွေ မသေသင့်ဘဲသေအောင် လုပ်ခဲ့တဲ့ ဒီလူကြီးကို ငါလက်စားမချေရတော့ဘူးပေါ့။ ဟင် …။ ငါ့အဖေ ရသင့်ရထိုက်တဲ့ လျော်ကြေးကို ငါပြန်တောင်းလို့ မရနိုင်တော့ဘူးပေါ့”
စကားအဆုံး ကုလားထိုင်ပေါ်သို့ စိတ်ပျက်လက်ပျက်နှင့် အရုပ်ကြိုးပြတ် ထိုင်ချလိုက် မိသည်။
“ဦးကောင်းသာဆီကတော့ မင်းဘယ်လိုမှ လျော်ကြေးတောင်းလို့ မ ဖြစ်နိုင်တော့တာ အမှန်ပဲ မင်းထက်။ ဒါပေမဲ့ မင်းအတွက်မျှော်လင့်မယ်ဆိုရင် မျှော်လင့်စရာ … တစ်ခုတော့ရှိတယ်”
“ဘာလဲ … ဘာမျှော်လင့်ချက်လဲ”
သူ အမောတကောမေးလိုက်တော့ ဝဏ္ဏက ဆေးလိပ်ဖွာရင်း တည်ငြိမ်စွာ ပြန်ပြောသည်။
“ဦးကောင်းသာ ဆုံးသွားပေမယ့် သူ့ရဲ့ မျိုးဆက် တစ်ယောက် တော့ ကျန်သေးတယ်”
ဝဏ္ဏ၏ စကားကြောင့် ကျဆင်းနေသော သူ၏ စိတ်ဓာတ်တို့ ချက်ချင်း ပင် ပြန်လည်တက်ကြွ လာကြသည်။
“ဦးကောင်းသာရဲ့ မျိုးဆက် ဟုတ်လား။ ဘယ်သူလဲ ဝဏ္ဏ”
“ဦးကောင်းသာတစ်ဦးတည်းသော သမီး။ ယမုံကောင်းသာ … တဲ့”
“ယ … မုံ … ကောင်း … သာ”
ထိုအမည် ကို သူ တတွတ်တွတ် ရေရွတ်လိုက်မိသည်။
![]() နာကျင်မိနစ် | ![]() ပန်းဆွတ်မိုး | ![]() အသက်တမျှ |