
First Half
ဗိုက်ပူဘတ်(စ်)ကားအိုကြီး၊ပြည်ထောင်စုကုန်းကျော် တံတားအပေါ် တရူးရူး တရှဲရှဲအော်မြည်ရင်း ရုန်းကန်တက် နေတုန်းမှာ ပဲ. . . .ပေစုတ်စုတ်ဂျင်းဘောင်းဘီဝတ်ပြီးဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ပြဿနာဟာကျွန်တော့်မြင်ကွင်းထဲတိုးဝင်လာတယ်။
ပြဿနာငနဲဟာစံပြဈေးမတိုင်ခင်ကတည်းကကားပေါ်ပါလာတာ ဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ခုမှသတိထားလိုက်မိတာပါ။
သူဟာဘေးနားကစက်ရုံပြန်အလုပ်သမလေးအပေါ်လိုအပ်တာထက်ပိုပြီး အခွင့်အရေးယူနေတာကို ကျွန်တော်ဟာမကြည့်ချင်ဘဲ တွေ့မြင်နေရတယ်။
ဘတ်(စ်)ကားအိုကြီး ယိမ်းထိုးလှုပ်ရမ်းသွားတိုင်း၊ ကောင်မလေးကိုပုခုန်းချင်းတိုက်လိုက် လက်ချင်းထိလိုက်အသားယူနေတဲ့ငနဲဟာ မြန်မာစစ်စစ်ဟုတ်ပုံမရသလို၊ ပညာတတ်လူယဉ်ကျေးတစ်ယောက်လည်းဖြစ်ပုံ မရဘူး။အရင်ကခုလိုကိစ္စမျိုးတွေ မကြာခဏရှိခဲ့ပေမယ့်၊ နောက်ပိုင်းတော့တိမ်ကောပပျောက်လုနီးပါးနည်းပါးသွားခဲ့တာကြာပါပြီ။
ကျွန်တော်ဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး အကြည့်တွေကိုတခြားလွှဲထားပေမယ့် ရင်ထဲမှာ တော့ တနူံနူံဖြစ်နေမိတယ်။
'ကားကွေ့မယ်နော်။ ကိုင်ထားကြ။ ဆင်းမယ့်လူများ ပါရင် ကိုယ်လေးတွေယိမ်းနွဲ့ပြီး ငါးဖယ်တိုးလေးတိုးထား'
ကားဟာ တောင်ဒဂုံဘက်ကို လုံးလုံးလျားလျားချိုးကွေ့ပြီး မကြာခင် မှာ တော့ကျွန်တော်ဟာစိတ်မထိန်းနိုင်တော့ဘဲ ပြဿနာငနဲဆီ တိုးကပ်သွားပြီးကျောပုတ်လိုက်တယ်။
'သူငယ်ချင်း... ရှေ့မှတ်တိုင်ရောက်ရင် အောက်ခန ဆင်းစမ်းပါ'
ငနဲက ရန်လိုတဲ့အကြည့်နဲ့ ဖြတ်ခနဲ လှည့်ကြည့်ပြီး၊ ကောင်မလေးကတော့အားကိုးတကြီးလှမ်းကြည့်ပါတယ်။
'ဘာကိစ္စလဲကိုယ့်လူ၊ ငါမင်းကို မသိဘူး'
'မင်းနဲ့ဆွေးနွေးစရာရှိလို့ပါ။ ကဲ... ကားရပ်ပြီ ဆင်းကြရအောင်'
တွန်းတွန်းတိုက်တိုက်နဲ့ အတင်းဆင်းခိုင်းနေတာမို့ ငနဲက မကျေမနပ်နဲ့'ကောင်းပြီလေ'လို့ ရေရွတ်ရင်း အပေါက်ဝဆီကို ဦးတည်လိုက်တယ်။ကားပေါ်က မဆင်းမီ နှုတ်ခမ်းကိုစုပြီး ကြွက်စုတ်မြည်သံနှစ်ချက်လုပ်လိုက်တာမို့ ကျွန်တော်ထင့်ခနဲဖြစ်သွားရတယ်။
(ကားပေါ်မှာ သူ့အပေါင်းအသင်းတွေပါလာသေးလား။)
ဒါပေမယ့် ... ကျွန်တော်ကြာကြာစဉ်းစားချိန်မရဘဲ၊ ဆင်းမယ့်ခရီးသည်တွေနဲ့အတူ မြောပါပြီး ဘတ်(စ်)ကားအောက်ကို ရောက်သွားတယ်။တဝူးဝူးအော်မြည်ရင်း ဗိုက်ပူဘတ်(စ်)ကားပြန်လည်ထွက်ခွာသွားချိန် မှာ တော့၊ပြဿနာငနဲရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ကိုယ်ရံတော်လိုလို သက်တော် စောင့်လိုလိုသူ့ဘော်ဒါနှစ်ယောက်ကိုပါတွေ့လိုက်ရတယ်။
အခြေအနေဟာ ကျွန်တော် မျှော်လင့်မထားတဲ့အနေအထားပါ။အဖော်နှစ်ယောက်ဟာ ဗလတောင့်တောင့်တွေဖြစ်ပေမယ့် လက်သီး တွေဆုပ်မေးကြောတွေတင်းပြီး၊ ရန်ဖြစ်ဖို့ အသင့်တာဆူထားတာကြောင့် ပွဲကြီးကြီးမတိုးဖူးသေးဘူးလို့ ယူဆရတယ်။
'ဘာကိစ္စလဲ ဟေ့ကောင်။ မင်းနဲ့ ဘာဆိုင်လို့ ဝင်ရှုတ်တာလဲ'
'ကြည့်မကောင်းဘူးထင်လို့'
'မင်းညီမလား'
'ငါ့ညီမဆို မင်းသေပြီပေါ့'
အဲ့ဒီအချိန်မှာ ပဲ ကိုယ်ရံတော်ငနဲနှစ်ကောင်က ဖြတ်ခနဲ ပြေးဝင်လာတယ်။ရုတ်ရုတ်သဲသဲ ရှုတ်ထွေးသွားပေမယ့် အခြေအနေက ထင်သလောက်မဆိုးဘဲ ပွဲကို နိုင်နိုင်နင်းနင်းကျွန်တော်ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ပြဿနာ ငနဲဟာပွဲကို ကြာကြာကစားချင်ပုံမရဘူး။
'ရိုက်... ရိုက်... အဲဒီ ကောင်ကိုရိုက်'
ဘေးကနေ အသံအကျယ်ကြီးနဲ့ ကျုံးအော်တယ်။သွားပြီပေါ့။
ခါးပိုက်နှိုက်ဆိုရင် ဆွမ်းကြီးလောင်းချင်သူတွေက ပွထနေတဲ့ဥစ္စာ။ ကျွန်တော်သူရဲကောင်း မလုပ်ရဲတော့ဘဲ လစ်ခနဲထွက်ပြေးရတော့တယ်။ဒါတောင် ရန်လိုတဲ့ မျက်ဝန်းတွေက လိုက်ပါလာကြတဲ့အပြင်၊ငနဲသုံးယောက်ကလည်း ထပ်ခြပ်မကွာလိုက်ပါလာတယ်။
'ခါးပိုက်နှိုက်ကွ။ မလွတ်စေနဲ့'
ကြာရင် ကျွန်တော်အမိခံရနိုင်တဲ့အပြင် ဆွမ်းကြီးလောင်းပွဲနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်။ ကားလမ်းကို ဖြတ်ကူးရင်း ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတုန်းမှာ ပဲ....
အဖိုးတန်ပစ်ကပ်ကားတစ်စီး ကျွန်တော့်နားက ဖြတ်မောင်းတာကြောင့်ကားနောက်ခန်းကို ခုန်တက်လိုက်တယ်။
ဆယ်တန်းဖြေပြီးစ ယာဉ်နောက်လိုက်လုပ်ခဲ့ဖူးတဲ့ အကျိုးကျေးဇူးကဒီနေရာမှာ ကျွန်တော့်ကို အကျိုးပြုပါတယ်။
အမိုးဖွင့်ပစ်ကပ်ကားရဲ့ နောက်ခန်းထဲကို စွေ့ခနဲရောက်ရှိပြီး ကားနဲ့အတူလိုက်ပါသွားနိုင်ခဲ့တယ်။ကံကြီးပေလို့ပဲ။
ကျွန်တော်ဟာ ကိုယ်အဖြစ်ကိုယ်တွေးပြီး ကျောချမ်းသွားသလို၊ နောက်နောင်သူရဲကောင်းမလုပ်မိဖို့လည်း ကိုယ့်ကိုယ်ကို ဆုံးမလိုက်ရတယ်။ကားဟာ အတော်ဝေးဝေးအထိ ကျွန်တော်ပါလာမှန်းမသိဘဲ မောင်းနေ ခဲ့ပြီး၊လူရှင်းတဲ့တစ်နေရာရောက်မှ နောက်ကြည့်မှန်ကတဆင့် တွေ့မြင်သွားပြီးကားထိုးရပ်သွားတယ်။
ပထမဆင်းလာတာက အမျိုးသားဖြစ်ပြီး ဒုတိယဆင်းလာတာကတော့အမျိုးသမီးပါ။
'ဟေ့... မင်းဘယ်သူလဲ။ ဘာကြောင့် တို့ကားပေါ်ပါလာတာလဲ'
'ဆောရီးအစ်ကိုရယ်။ အခြေအနေတွေက တွန်းပို့လိုက်လို့ အစ်ကိုတို့ကားပေါ်ရောက်လာရတာ ပါ။ အသိမပေးဘဲ လိုက်လာမိတဲ့အတွက် တောင်းပန် ပါတယ်'ကျွန်တော်ပြေပြေလည်လည် တောင်းပန်လိုက်ပြီး ကားပေါ်က အမြန်ဆင်းလိုက်ချိန်မှာ ပဲ အမျိုးသမီးဆီက အသံထွက်လာတယ်။
'စောစောက ခါးပိုက်နှိုက်ဆိုပြီး ရုတ်ရုတ်သဲသဲဖြစ်တဲ့နေရာကလိုက်လာတာဖြစ်မယ်။ ဟုတ်ပြီ။ မှတ်မိပြီ။ အဲ့ဒီတုန်းက ရှေ့ကပြေးနေတာ သူပဲ'
'ဒါဆို.... ဒီကောင်.... ခါးပိုက်နှိုက်ပေါ့'
စိတ်ကို ဒုံးဒုံးချပြီးကာမှ အမျိုးသမီးရဲ့ စကားကြောင့် အခြေအနေဟာပြန်ရှုတ်ထွေးလာတယ်။ ကျွန်တော် အမျိုးသားကိုရိုရိုကျိုးကျိုးကြည့်ပြီးရှင်းပြလိုက်တယ်။
'ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ပါဘူး အစ်ကို။ မိကောင်းဖခင် သားသမီးပါ။ဟိုကောင်တွေက မိန်းမဥာဏ်နဲ့တမင်လုပ်ကြံပြီး အော်တာပါ။ ကျွန်တော့်ကို ခွင့်ပြုပါအုံး''ဒီလိုဘယ်ရမလဲကွ။ ခါးပိုက်နှိုက်ဆိုရင် ရဲစခန်းပို့ရမှာ ပေါ့'
ချစ်သူလား၊ ဇနီးသည်လား မသိတဲ့ အမျိုးသမီးအပေါ်မျက်နှာလိုမျက်နှာရလုပ်ချင်ဇောနဲ့ အမျိုးသားဟာ ကျွန်တော့်နားပြေးကပ်လာပြီး ဇက်ပိုးကိုလှမ်းကိုင်တယ်။
ဒါ... သူ့အမှားပဲ။
ကျွန်တော်ဟာ သတိထားနေတဲ့ကြားက အကျင့်ပါနေတဲ့ လက်ဟာသူ့လက်ကို ဖြတ်ခနဲဆွဲခွာပြီး လှန်ချိုးလိုက်တယ်။
'အား'
အမျိုးသား မျက်နှာရှုံ့မဲ့သွားပြီး နောက်ကိုခြေတစ်လှမ်းပြန်ဆုပ် သွားတယ်။အမျိုးသမီးကတော့ ရှေ့ကို ခြေတစ်လှမ်းမက တိုးလာတယ်။
'ဟင်... ရိုင်းလှချည်လား ... ခါးပိုက်နှိုက်က များ ရာရာစစ...'
'ကျွန်တော် ခါးပိုက်နှိုက် မဟုတ်ဘူးလို့ ရှင်းပြပြီးမဟုတ်လား။ အဒေါ်ကြီးရဲ့ ။နောက်ပြီး ဒါ... ကျွန်တော့်အလွန်မဟုတ်ဘူး။ ခင်ဗျားလူရဲ့ အလွန်။ ကျွန်တော် ခင်ဗျားတို့ကားပေါ် ခွင့်မတောင်းဘဲ ပါလာမိတာကလွဲလို့ ကိုယ်ထိလက်ရောက်ဘာမှမစော်ကားသေးဘူး။ ခင်ဗျားလူကသာ ဂုတ်ပိုးကိုင်ပြီး လာစော်ကားတာ...'
ကျွန်တော်ခြာခနဲ လှည့်ထွက်လာတော့ ဆံပင်ရှည်ရှည် မျက်လုံးတောက်တောက်နဲ့ အမျိုးသမီးဆီက ကျိန်ဆဲသံထွက်လာတယ်။
'အရိုင်းအစိုင်းကောင်... ခါးပိုက်နှိုက်...သူခိုး'.....တဲ့။ယောင်္ကျားချင်းဆိုရင်တော့ ပြေးထိုးပါရဲ့ ။
မိန်းမဖြစ်နေတာကြောင့် ကျွန်တော် အံကိုပဲ ကြိတ်လိုက်တယ်။
'မုတ်သုန်မိုး'
ကျွန်တော်အိမ်ပေါ်လှမ်းတက်နေတုန်းမှာ ပဲ အမေ့အသံက စည်စည်ဝေဝေထွက်ပေါ်လာတယ်။
'ညနေက လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ ရန်ဖြစ်ကြတယ် ကြားတယ်မင်း...ပါသေးလားမုတ်သုန်'
'မပါပါဘူး အမေရဲ့ '
'သေချာရဲ့ လား'
'သေချာပါတယ် အမေရာ။ အဲ့ဒီအချိန် ကျွန်တော်က ဘတ်(စ်)ကားဂိတ်မှာ ထိုးကောင်းတုန်း'
'ဟင်... ဘာပြောတယ်မုတ်သုန်။ ဘယ်သူတွေနဲ့ထိုးကြိတ်ရန်ဖြစ်ခဲ့ပြန်ပြီလဲ'အမေပြာပြာသလဲ မေးလာလို့ ကျွန်တော်စကားမှားသွားမှန်းတွေးလိုက်မိတယ်။
'ဟိုလေ .... ကားဂိတ်မှာ ကျားထိုးတာကိုပြောတာပါ အမေရဲ့ ။ ရန်ဖြစ်တာမဟုတ်ပါဘူး'
အဖုံးအဖိမြန်သွားလို့ ဘာမှဆက်မမေးတော့ပေမယ့် အမေကမျက်စောင်းတော့ လှမ်းထိုးလိုက်ပါသေးတယ်။
အမေက ဒီလိုပဲ၊ အရပ်ထဲမှာ ရန်ဖြစ်တယ်ကြားတိုင်း ကျွန်တော်ပါတယ်ချည်း ထင်နေတတ်တယ်။
ကျွန်တော်တို့ရပ်ကွက်လေးဟာ လက်လုပ်လက်စားတွေများ ပြီး၊ လူတွေကရိုးသားပွင့်လင်းလွန်းတာကြောင့် ရန်ပွဲတွေမကြာခဏကျင်းပလေ့ ရှိတယ်။ပြဿနာတစ်ခုကို ပရိယာယ်မသုံးဘဲ ဟောဟောဒိုင်းဒိုင်း ဖြေရှင်းတတ်တာဟာ ဒီရပ်ကွက်လေးရဲ့ ရိုးရာလိုဖြစ်နေပါပြီ။
အမေကတော့ တစ်နေရာရာမှာ စီခနဲရန်ဖြစ်သံကြားတာနဲ့ 'ဟဲ့...မုတ်သုန်မိုးတစ်ယောက် တွေ့မိကြလား'...လို့ လူတိုင်းကို လိုက်မေးတော့တာပဲ။သူမရဲ့ သားလိမ္မာလေးဟာ ဖြစ်သမျှရန်ပွဲတိုင်းမှာ ပါလိမ့်မယ်လို့ယူဆထားပုံပါ။
ကျွန်တော်ဟာ အမြဲတန်းရန်ဖြစ်တတ်တာမျိုးမဟုတ်ပေမယ့် စိတ်မထိန်းနိုင်တဲ့ ရံဖန်ရံခါမှာ တော့ ရန်ပွဲတွေမှာ ပါဝင်လေ့ရှိတယ်။ ဆယ်တန်းတုံးက အတန်းပိုင်ဆရာမ က 'မုတ်သုန်မိုးဟာ...စိတ်ထွက်ပေါက်အတွက် ရန်ဖြစ်နေတာ' လို့တစ်ခါပြောဖူးတယ်။
အဖေနဲ့အမေ အိမ်ထောင်ရေးပြိုကွဲခဲ့တာဟာ ကျွန်တော်ရဲ့ စိတ်ဓါတ်တွေတင်းမာကျွတ်ဆတ်နေဖို့ လုံလောက်တဲ့အကြောင်းရင်းလို့ ဆရာမ က ယူဆထားပုံရတယ်။
ဆရာမ ထင်တာဖြစ်ကောင်းဖြစ်နိုင်သလို ဖြစ်ချင်မှလည်းဖြစ်မှာ ပါ။
'မနက်က အထိတော့ ဝက်သားဟင်းချက်မယ်လို့ သိထားရတာ ဖြစ်တယ်။သို့ သော်..... စောစောက ငါ့ညီမတွေပြောသွားတဲ့ စကားအရ ဆိုရင်တော့.....ဝက်သားဟင်းဖြစ်နိုင်သလို ကြက်သားဟင်းလို့ ယူဆရင်လည်းရနိုင်မှာ ဖြစ်တယ်'
တော်တော့်ကို ထော်လော်ကန့်လန့်နိုင်တဲ့စကားပြောနည်းပါ။သူသာ ရပ်ဝေးနဲ့ တယ်လီဖုန်းပြောရင် ဖုန်းဖိုးတော်တော်ကုန်မှာ ပဲ။တစ်ခါက သူ့ကောင်မလေး အေးကြည်မကို ရည်းစားစကားချိန်းပြောတာ၊စကားပလ္လင်ခံနေတာနဲ့ အချိန်စေ့သွားလို့ လိုရင်းမရောက်ဘဲပြန်လာခဲ့ ရဘူးတယ်။သူက ... ' အခု...ချိန်းဆိုမှု ဟာ မေတ္တာရှိကြောင်းပြောလိုတဲ့အတွက်ချိန်းဆိုခြင်း ဖြစ်တယ်'....... ဆိုတာမျိုး။
' ငါပြောချင်တဲ့စကားတွေကို အေးကြည်မလည်း တင်ကြိုရိပ်မိထားပြီးဖြစ်မှာ ပါ '...ဆိုတာမျိုးတွေလျှောက်ပြောနေခဲ့တယ်ထင်ပါရဲ့ ။
ချိန်းတွေ့တာအချိန်ပြည့်ပြီး အေးကြည်မပြန်သွားမှ ချစ်တယ်လို့တစ်ခွန်းမှမပြောလိုက်ရတာ သူသတိရလိုက်မိတယ်လို့ဆိုတယ်။ဒါပေမယ့်...ရေဒီယိုကံကောင်းပါတယ်။
နောက်နေ့ အေးကြည်မဆီက ပြန်စာရောက်လာတယ်။ သူ့လိုသိုင်းဝိုင်းမနေဘဲ အေးကြည်မက ဒဲ့ရေးပေးလိုက်တယ်။'နင်ပြောသမျှ ငါလက်ခံတယ်။
ပုံ
အေးကြည်မ'
ဘာကိုပြောလို့ ဘာကိုလက်ခံလိုက်တယ်မသိဘူး။
နောက်တစ်နေ့ ရေဒီယိုနဲ့ အေးကြည်မ ချစ်သူတွေဖြစ်သွားကြတယ်။အောင်ကျော်မြင့်ကတော့ တစ်မျိုး။
သူက ဘာအကြောင်းအရာပြောပြော ဖတ်ဖူးမှတ်ဖူးသမျှ စာအုပ်တွေထဲကကောင်းနိုးရာရာစာသားတွေထထရွတ်ပြတတ်တယ်။
အမြီးအမောက်တည့်ပြီး ပြောလက်စအကြောင်းအရာနဲ့ လိုက်ဖက်ညီသွားတာမျိုးရှိသလို၊ ဘာမဆိုင်ညာမဆိုင်မအပ်မရာ ဖြစ်နေတတ်တာ မျိုးလည်းရှိတယ်။
ရာသီဥတုပူတဲ့အကြောင်းပြောရင်း...
'ရေဘူးနဲ့ ဖိနပ်မပါနွေခါမှသိဆိုတာ ဒါမျိုးပေါ့ကွ'...ဆိုပြီးမဆီမဆိုင်ဆွဲထည့်တာမျိုး....မိန်းကလေးတွေအကြောင်းပြောရင်း 'မာဃဒေဝ'လင်္ကာတွေထရွတ်တာမျိုး.....ကလွဲရင် ကျွန်တော်တို့အုပ်စုထဲမှာ တော့ အောင်ကျော်မြင့်ကစာပေနဲ့ပတ်သက်ရင် အနှံ့အစပ်ဆုံးပါ။
ဒါပေမယ့် စကားပြောတိုင်း ကျမ်းကိုးကျမ်းကားတွေ ထည့်ထည့်ပြောတတ်လွန်းတာကြောင့် သူ့ကို 'စာအုပ်စင်'လို့ အားလုံးက နာမည်ပြောင်ပေးထားကြတယ်။
လမ်းထိပ်လ္ဘက်ရည်ဆိုင်လေးကို ကျွန်တော်ရောက်သွားတော့၊ထွန်းလှသိန်း(ခေါ်) ရေဒီယို၊ စာအုပ်စင်၊ အောင်ကျော်မြင့်နဲ့ ဘာဘူတို့ သုံးယောက်အကြောင်းအရာတစ်ခုကို အပြင်းအထန်ငြင်းခုန်နေကြတယ်။ကျွန်တော့်ကိုမြင်တော့ ဘာဘူကလှမ်းပြောတယ်။ 'အတော်ပဲ။မုတ်သုန်လာပြီ။ သူ့ကို မေးကြည့်မယ်' 'မုတ်သုန်....ငါနဲ့ ရေဒီယို သွားတက်အကြောင်းပြောနေတုန်း စာအုပ်စင်က သွားတက်ဆိုတာ လူတွေရဲ့ အစွယ်။သွားစွယ်လို့ပြောတယ် အဲဒါ ဟုတ်သလား'
ဘာဘူက ကူပြီးငြင်းပေးစေချင်တဲ့သဘောမျိုး အားတက်သရောမေးလာတယ်။
သူတို့က ဒီလိုပဲ။ လူစုံတာနဲ့တစ်ခုမဟုတ် တစ်ခုငြင်းခုန်လေ့ရှိတယ်။ကျွန်တော်ဘာဘူ့ဘေးနားမှာ ဝင်ထိုင်ရင်း ... 'ဆရာကြီးဆန်းထွန်းကို လမ်းလျှောက်နေတဲ့ စွယ်စုံကျမ်းကြီးလို့ ခေါ်ကြတယ်။ အောင်ကျော်မြင့်ကတော့ ဖုန်တက်နေတဲ့စာအုပ်စင်ပဲ။ သူပြောရင် ဟုတ်မှာ ပေါ့'
'မင်းအမြင်ကို သိလိုခြင်းဖြစ်တယ်'
ထွန်းလှသိန်းက ထုံးစံအတိုင်း ရေဒီယိုသံနဲ့ ဝင်ပြောတယ်'ငါဖတ်ဖူး တာတော့ လူတွေရဲ့ သွားကို ရှစ်ချောင်းစီလေးပိုင်း ပိုင်းတယ်။အပေါ်ခြမ်းနှစ်ပိုင်း၊ အောက်ခြမ်းနှစ်ပိုင်း အပေါ်ခြမ်းသွားတွေရဲ့ အလယ်နှစ်ချောင်းကို(ဘယ်)တစ် (ညာ)တစ်...။ အစွန်ဆုံး အံသွားတွေကိုတော့ (ဘယ်)ရှစ် (ညာ)ရှစ်..။ရှေ့တည့်တည့်က အလယ်သွားနံပါတ်တစ်နှစ်ချောင်းရယ်။ ဘေးက နှစ် ..နှစ်ချောင်းရယ်ဟာ ပေါက်ပြားလိုပုံမျိုး။ နံပါတ်သုံးနှစ်ချောင်းကတော့ သွားစွယ်။ လေးနဲ့ငါး က အကြိုအံသွား။ ခြောက်၊ ခုနှစ်၊ ရှစ် က အံသွား''ဒါဆို ... သွားတက်က ဘယ်ဟာလဲ'
'မျက်လုံးရဲ့ မျက်ဆန်နက် အောက်တည့်တည့်မှာ ရှိတဲ့ နံပါတ်သုံး သွားစွယ်ပဲ။သူကပေါက်တာနောက်ကျတဲ့အတွက် နေရာမရှိတဲ့အခါ နံပါတ်နှစ်နဲ့ လေးကြားမှာ ထပ်ပြီးပေါက်လို့သွားတက်လို့ခေါ်တာ အမှန်တော့ သွားစွယ်ပဲ။ စာအုပ်စင်ပြောသလို...အစွယ်ပေါ့'
အနိုင်ရသူ စာအုပ်စင်က ကျေနပ်သွားပြီးရေဒီယိုနဲ့ ဘာဘူက အထင်ကြီးသလိုလှမ်းကြည့်တယ်။
'မုတ်သုန်တောင် စာအုပ်စင်နီးပါးတိုးတက်လာပြီပဲ'
ကျွန်တော် ဘဝင်မြင့်ချင်သလိုလို ဖြစ်နေတုန်းမှာ ပဲ စာအုပ်စင်အောင်ကျော်မြင့်က ဝင်ပြောတယ်။
'လုပ်မနေနဲ့...။ အဲ့ဒီသွားတက်အကြောင်းဆောင်းပါးကို ဒီကောင်နဲ့ငါဟိုတစ်နေ့ကပဲ အတူတူဖတ်ထားတာ'
စာအုပ်စင်ရဲ့ စကားကြောင့် ကျွန်တော်ဘဝင်မြင့်ချိန်တောင်ခပ်ကြာကြာမရလိုက်ဘူး။အဲ့ဒီအချိန်မှာ သံစဉ်ချို နဲ့ သူ့မောင်လေး လ္ဘက်ရည်ဆိုင်ထဲ ဝင်လာပြီးလ္ဘက်ရည် ပါဆယ် လာဝယ်တယ်။ ဘာဘူကသံစဉ်ချိုကို လှမ်းခေါ်ရင်း...
'သံစဉ်ချို... ငါတို့ကို ရယ်(ရီ) ပြစမ်းပါ'
'ဟီး ......... ဟီး'
'ဟာ... အဲ့လိုမဟုတ်ဘူးလေ။ သွားပေါ်အောင်ပြုံးခိုင်းတာ။ နင့်သွားကိုကြည့်ချင်လို့ဟ'
'ဘာလဲ ငါ့ရဲ့ သွားလှမလှ သိချင်လို့လား'
'နင့်မှာ အစွယ်ရှိမရှိကြည့်မလို့'
'အောင်မာ ရာရာစစ ... ငါက နင်တို့လို ဘီလူးမျိုးနွယ်မဟုတ်ဘူး။ ဟဲ့မုတ်သုန်.. နင်မနက်ဖြန် အားလား... ဟေ'
ရုတ်တရက် ကျွန်တော့်ကို လှမ်းမေးလာလို့ ဘာလုပ်မို့လဲ ပြန်မေးလိုက်တော့ ...
'နက်ဖြန်ငါ့မွေးနေ့။ အိမ်မှာ အုန်းနို့ခေါက်ဆွဲကျွေးမလို့။ နင်လာခဲ့ပါလား'
'ဟ..ငါတို့တော့ မခေါ်ဘူးလား'
စာအုပ်စင်က ဝင်မေးတော့...'မခေါ်လည်း နင်တို့က လာမှာ ပဲမဟုတ်လား'လို့ သံစဉ်ချိုက ပြောတယ်။
သံစဉ်ချိုနဲ့က ကိုးတန်းတုန်းကတည်းက သူငယ်ချင်းတွေမို့ အားလုံးမောင်နှမလို တရင်းတနှီးရှိနေကြတာပါ။
သူမနဲ့သာမက သူမအိမ်သားတွေနဲ့ပါ ကျွန်တော်ရင်းနှီးပေမယ့်ဆယ်တန်းအောင်ပြီးနောက်ပိုင်း သံစဉ့်အမေရဲ့ ဆက်ဆံရေးက တမျိုးဖြစ်လာတာမို့ကျွန်တော်သူမတို့အိမ်ကိုအဝင်အထွက် ကျဲသွားခဲ့တယ်။
'ဘယ်လိုလဲ မုတ်သုန်...လာမယ်မဟုတ်လား'
'မလာတော့ပါဘူးဟာ။ နင့်အမေကြီးက ငါ့အပေါ် သိပ်အမြင်မကြည်လင်ဘူးဟ။ ငါမလာချင်ဘူး'
'နင်ကလဲဟာ... လူကြီးဆိုတာကတော့ ဒီလိုပဲပေါ့။ နင်က ရန် ခဏခဏဖြစ်တတ်လို့ အမေက စိုးရိမ်တာဖြစ်မှာ ပါဟာ။ လာခဲ့ပါ'
'ငါမလာတော့ဘူး သံစဉ်'
ကျွန်တော်ခေါင်းရမ်းလိုက်တော့ သံစဉ်သက်ပြင်းချတယ်။
'ကောင်းပြီလေ။ ဒါဆိုလည်း...နောက်မှနင့်တစ်ယောက်ထဲကိုတစ်ခုခုလိုက်ကျွေးမယ်'
မှာ ထားတဲ့ လ္ဘက်ရည်ရတော့ သံစဉ်နဲ့သူမမောင်လေးဆိုင်ထဲကပြန်ထွက်သွားကြတယ်။ သံစဉ်ထွက်သွားမှ စာအုပ်စင်က လှမ်းပြောတယ်။
'သံစဉ်ချိုက မင်းကိုတော့ တော်တော်အရေးပေးတယ် မုတ်သုန်'
'မင်းထင်လို့ပါ။ ပုံမှန်ပါပဲ'
'ထင်တာမဟုတ်ဘူး။ ငါတို့အားလုံးရိပ်မိတယ်။ မင်းသာ မသိတာ မုတ်သုန်။တို့ သူငယ်ချင်းတွေထဲမှာ ရော...ဒီရပ်ကွက်ထဲမှာ ပါ၊ သံစဥ့်ကို သဘောကျတဲ့လူအတော်များများ ရှိတယ်။ အားလုံးက မင်းကြောင့်နောက်ဆုတ် နေကြတာ'ဘာဘူ့စကားကြောင့် ကျွန်တော်အံ့သြသွားတယ်။
'ဘာလဲ...ငါ့ကို အားနာလို့လား'
'မဟုတ်ဘူး။ မင်းလက်သီးကိုကြောက်လို့'
ကျွန်တော် ဟက်ခနဲရယ်ချလိုက်တယ်။ဘာဘူတို့ပါ အဲ့ဒီအုပ်စုထဲပါနေသလားလို့လည်း တွေးလိုက်မိတယ်။
'ငါလုံးလုံးမရိပ်မိတာတော့မဟုတ်ဘူး ဘာဘူ။ သံစဉ် ငါ့အပေါ်လိုတာထက်ပိုခင်တွယ်နေတာငါသိတယ်။ ငါလည်း တခြားမိန်းကလေး သူငယ်ချင်းတွေထက်သူ့ကိုပိုခင်တယ်။ ဒါပေမယ့်...ချစ်သူအဖြစ် အဆင့်တက်ဖို့စိတ်ကူးမျိုးတော့လောလောဆယ်မရှိသေးဘူး'
'ဘာဖြစ်လို့လဲ မုတ်သုန်မိုး'
'တစ်အချက်က သူ့မိဘတွေကြောင့်။ သူ့အမေကြီးက ငါ့အပေါ်အမြင်မကြည်လင်ဘူး။ နှစ်အချက်ကတော့ ငါကိုယ်တိုင်က ရည်းစားမထား ချင်သေးတာပဲ။ငါ့ဘဝကိုတိုးတက်အောင်ကြိုးစားချင်သေးတယ်။ ငါ့မိသားစုကို စည်းစည်းလုံးလုံးသိုက်သိုက်ဝန်းဝန်းပြန်ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့်ပါ'
ကျွန်တော့်ဘဝအကြောင်းသိထားပြီးဖြစ်တဲ့သူငယ်ချင်းတွေ ငြိမ်သက်သွားတယ်။ စာအုပ်စင်က တွေတွေငေးငေးနဲ့ ခေါင်းတညိတ်ညိတ် လုပ်တယ်။
' ကြိုးတော့ကြိုးစားပေါ့ကွာ ...... ဒါပေမယ့် ဘ၀ဆိုတာကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်တာမျိုးတော့မဟုတ်ဘူး မုတ်သုန်မိုး ။... အဲ့ဒါကိုတော့မင်းမမေ့နဲ့'
ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။
ဆည်းဆာဟာလှသွေးကြွယ်တဲ့ ကြေးရည်တက်အပျိုကြီးတစ်ယောက်လိုတည်ငြိမ်ရင့်ကျက်နေတယ်။
ကျွန်တော်ဟာ ညီလေးလက်ကိုဆွဲပြီး အအေးဆိုင်ထဲကထွက်လာ ခဲ့တယ်။ကျွန်တော့်ညီလေးက အအေးသောက်ချင်တယ်ဆိုလို့ လိုက်တိုက်ရတာ ပါ။လွန်ခဲ့တဲ့ငါးနှစ်၊ ကျွန်တော်ရှစ်တန်းဖြေပြီးစမှာ အဖေနဲ့အမေကွဲတော့ညီလေးဟာ ငါးနှစ်ကျော်ခြောက်နှစ်သားလောက်ပဲရှိသေးတာပါ။အဲ့ဒီတုန်းက အဖေဟာ အငယ်ကောင်ညီလေးကိုသူနဲ့အတူတစ်ပါတည်းခေါ်ဆောင်သွားခဲ့တယ်။ အဖေ့ရဲ့ ဒုတိယအိမ်ထောင်ဟာ ငွေကြေး အထိုက်အလျောက်ရှိတာမို့၊ အဖေဟာ...အချိန်တိုအတွင်းမှာ အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတယ်။
ဒါကြောင့်ညီလေးဟာ ကျောင်းကောင်းကောင်းမှာ မုန့်ဖိုးကောင်းကောင်းကိုင်ပြီးတက်နိုင်ခဲ့ပေမယ့် ညီအစ်ကိုမေတ္တာကိုတော့ ငတ်မွတ်ခဲ့ရတယ်။
'ကိုကြီး...နောက်အပတ်လည်းလာအုံးမယ်မဟုတ်လား'
ငါးတန်းကျောင်းသားညီငယ်လေးက မျှော်လင့်တကြီးမေးလာတယ်။
'လာမှာ ပေါ့ကွ။'
'ဒီတစ်ခါလာရင် ဂျင်ဝယ်လာခဲ့ပါလား။ ကျွန်တော်ပေါက်ချင်လို့'
'ဝယ်ခဲ့မယ်။ ဟိုတစ်ခါပေးခဲ့တဲ့ဂေါ်လီတွေကောပျောက်သွားပြီလား'
'မပျောက်ပါဘူး။ ကျွန်တော် သိမ်းထားပါတယ်'
လူလတ်တန်းစားမိသားစုတွေ နေထိုင်ရာ လမ်းကျဉ်းလေးထဲကို ချိုးကွေ့ဝင်လိုက်တော့၊ အဖေဟာ သူ့အိမ်ရှေ့မှာ ရပ်ရင်းကျွန်တော်တို့ကို စောင့်နေတာတွေ့လိုက်ရတယ်။
ကျွန်တော်တို့နှစ်ယောက်ကို စိတ်ပူတာကြောင့်ဖြစ်နိုင်သလို၊ သူ့မိန်းမမသိအောင် ကျွန်တော့်ကို မုန့်ဘိုးပေးချင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အနားရောက်တော့ ညီလေးကို ရေချိုးဖို့ အိမ်ထဲဝင်ခိုင်းလိုက်ပြီး အဖေကကျွန်တော့်ကို လှမ်းမေးတယ်။
'မင်းအမေနေကောင်းရဲ့ လား'
'ကောင်းပါတယ်။ အညောင်းထိုင်ပြီး စက်ချုပ်လွန်းလို့ တစ်ခါ တစ်ခါအကြောတက်တာလောက်တော့ဖြစ်တယ်'
'ဂရုစိုက်လိုက်ပါကွာ။ လိုတာရှိလည်းပြောပေါ့။ ဒါနဲ့ မင်းတို့ ဒုတိယနှစ်အောင်စာရင်းထွက်ပြီလား'
'မထွက်သေးဘူးအဖေ။ ဖြေထားတာမှ မကြာသေးပဲ။ ကျွန်တော်တောင်ဝပ်ရှော့တစ်ခုမှာ လုပ်အားပေးဝင်ကူနေတယ်။ သူငယ်ချင်းဝပ်ရှော့ပါ' အဖေကဂရုဏာသက်တာလား။ အံ့သြတာလား ခန့်မှန်းမရတဲ့အကြည့်နဲ့တစ်ချက်လှမ်းကြည့်တယ်။
'အေးလေ။ ကြိုးစားပေါ့။ ကိုယ်ကယောင်္ကျားပဲ။ ရော့ကွာ မုန့်ဘိုး ယူသွားအုံး။'
ကျွန်တော်ထင်တဲ့အတိုင်း အိပ်ကပ်ထဲက ငွေစက္ကူတစ်ထပ် နှိုက်ပြီးကျွန်တော့်ကို လှမ်းပေးတယ်။ အဖေ့လက်ထဲကငွေတွေကိုကြည့်ရင်း ကျွန်တော်ကြေကွဲလာတယ်။
''ကျွန်တော်ဒီကိုလာတာမုန့်ဘိုးလိုချင်လို့မဟုတ်ပါဘူး အဖေနဲ့ညီလေးကိုတွေ့ချင်လို့ပါ''
''အေးပါငါသိပါတယ်။ မင်းအသုံးမလိုလည်း မင်းအမေအတွက် တစ်ခုခုဝယ်သွားပေါ့ကွာ။ သူကကော်ဖီတို့မုန့်အချိုတို့ကြိုက်တယ်မဟုတ်လား''အဖေကျွန်တော့် အင်္ကျီအိတ်ထဲထိုးထည့်ပေးလာလို့ ပိုက်ဆံတွေကိုကျွန်တော်လက်ခံလိုက်တယ်။
ဒီတော့မှအဖေဟာစိတ်လက်ပေါ့ပါးသွားသလို၊ တာဝန်ကျေသွားသလို ခံစားရပုံမျိုးနဲ့သက်တောင့်သက် သာဖြစ်လာတယ်။
တကယ်တော့ငွေစက္ကူတစ်ထပ်ဟာ တစ်ခုလပ်သားအမိနှစ်ယောက် အတွက်လုံလောက်တဲ့အထောက်အပံ့မဟုတ်မှန်း ကျွန်တော် ကျွန်တော့်အဖေကိုရှင်းပြလိုက်ချင်ပါရဲ့ ။
ဒါပေမယ့်အဖေစိတ်ငြိုငြင်သွားမှာ စိုးတာကြောင့်စကားလုံးတွေကိုကျွန်တော်ပြန်မြိုချလိုက်တယ်။
''မင်းပြန်ရင်မင်းအန်တီကိုနှုတ်ဆက်သွားအုံးနော်''
'ဟုတ်ကဲ့ပါ'
ခဏနေတော့ အိမ်ပေါ်တက်ပြီး ညီလေးနဲ့ အဖေ့ရဲ့ နောက်ဇနီး အန်တီကြည်ကိုနှုတ်ဆက်လိုက်တယ်။ အန်တီကြည်ဟာသားသမီးမရှိသူမို့ ညီလေးအပေါ်သားအရင်းလို ချစ်ရှာပါရဲ့။
ဒါပေမယ့် ကျွန်တော်မကြာခဏ ရောက်လာတတ်တာကိုတော့ သိပ်ပြီးနှစ်ထောင်းအားရရှိပုံမရဘူး။
သူ့အမြင်မှာ ကျွန်တော်ဟာ မိုက်တိမိုက်ကန်းမို့ ကျွန်တော့်စရိုက်တွေညီလေးကို ကူးစက်သွားမှာ စိတ်ပူတယ်ထင်ပါရဲ့။
''မင်းနောက်အပတ်လာအုံးမလားမုတ်သုန်မိုး''
''အခြေအနေအရပဲ အန်တီ''
''ဟာ. . . ကိုကြီးကလဲ. . . စောစောကကိုကြီးပဲလာမယ်ပြောပြီးတော့''
''အေးပါကွာ။ ကိုကြီးလာနိုင်အောင်ကြိုးစားပါ့မယ်''
ကျွန်တော်ညီလေးကို ကတိပေးပြီးအဖေတို့အိမ်ကနေပြန်လာခဲ့တယ်။လမ်းမပေါ်ရောက်တော့ ဆည်းဆာဟာအရွယ်တော်တဆိတ်ဟိုင်းနေခဲ့ပြီး ပုဇွန်ဆီရောင်ကောင်းကင်ကြီးကိုငေးရင်း ကျွန်တော်ကားဂိတ်ဆီ ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။တစ်နေရာရောက်တော့ကျွန်တော့်လိုပဲငေးပြီးလျှောက်လာသူ တစ်ယောက်နဲ့မမျှော်လင့်ဘဲ အင့်ခနဲတိုက်မိတယ်။
''ဟာ. . . ဆောရီး''
''ရပါတယ်''
တိုက်မိသူကိုကြည့်လိုက်တော့ ကျွန်တော်သိပ်ပြီးတွေ့ချင်တဲ့သူ ဖြစ်နေတယ်။ဘယ်သူများ လဲမှတ်တယ်။ လက်စသတ်တော့ သူငယ်ချင်းကိုး။
''မင်းကိုတွေ့ချင်နေတာကွ။ ဒါနဲ့မင်းအဖေါ်ကောမပါဘူးလား''
ဘေးဘီဝဲဟာကိုကြည့်လိုက်တော့ မလှမ်းမကမ်းကွမ်းယာဆိုင်ထဲကထွက်လာတဲ့အဖေါ်ငနဲကိုပါမြင်လိုက်ရတာ မို့ ကျွန်တော်ပျော်သွားပြီး လေတစ်ချက်ချွန်လိုက်တယ်။
''ငါတို့မင်းကိုမသိပါလား။ မင်းဘယ်သူလဲ။''
''စဉ်းစားကြည့်ပါအုံးလေ။ မင်းတို့ကိုငါအကြွေးပေးစရာရှိနေတယ်''
''ဘာအကြွေးလဲ''
အနားရောက်လာတဲ့ ဒုတိယငနဲကမေးတယ်။
''တောင်ဒဂုံကားဂိတ်တစ်ခုက အကြွေးလေ။ ခါးပိုက်နှိုက်လို့အော်ခဲ့တဲ့အကြွေး''
''ဟင်''
နှစ်ယောက်စလုံး သတိအနေအထားပြောင်းသွားကြပြီး၊ ဒုတိယငနဲကစထိုးတယ်။ ဒါပေမယ့် ထုံးစံအတိုင်းသူတို့ရဲ့လက်သီးက အမြဲတမ်းစက္ကန့် ဝက်လောက်နောက်ကျလေ့ရှိတယ်။
ကိုယ့်အရပ်မဟုတ်တာမို့ပွဲတစ်ဝက်လောက်မှာ ပဲ၊ ကျွန်တော်အနိုင်ပိုင်းပြီးထွက်လာခဲ့တယ်။
နောက်ဆယ်မိနစ်လောက်ကြာတော့ ....
ဗိုက်ပူဘတ်စ်ကားတစ်စီးပေါ်မှာ ကျွန်တော်ဟာ လေချွန်ရင်းလိုက်ပါနေပါပြီ။ခုဆို...ကျွန်တော်ကြွေးဆပ်ရမယ့်လူဟာပြဿနာငနဲတစ်ယောက်တည်းကျန်တော့တာပါ။
''နင့်ကိုဘယ်သူပြောလဲ''
'ငါ့အဒေါ်ပြောတာ။ တွေ့ခဲ့တာက အဒေါ့်ယောက်ျားဦးလေးသိန်းကတွေ့ခဲ့တာတဲ့။'
သံစဉ်ချို့အသံကစိတ်ပျက်သံမျိုးဖြစ်သလို စိတ်ဓါတ်ကျနေတဲ့အသံမျိုးလည်းဖြစ်တယ်။ ကျွန်တော်ပုခုန်းတွန့်လိုက်ချိန်မှာ ပဲ သူမကသက်ပြင်းချတယ်။
''နင်ကလည်းဟယ်. . . ကိုယ်အရပ်မဟုတ်တာတောင် မရှောင်ဘဲရန်ဖြစ်စရာလား။ ပြီးတော့. . . ကြည့်ပါအုံး နှစ်ယောက်နဲ့တစ်ယောက်တောင် ဖြစ်ရဲသတဲ့။နင်တော့သိပ်မကြာခင် လူမိုက်လုံးလုံးဖြစ်တော့မှာ ပဲ မုတ်သုန်ရယ်''
''ငါကအကြောင်းမဲ့ရန်စပြီးဖြစ်တာမဟုတ်ပါဘူး သံစဉ်ရာ။ ရာဇဝင်ကြွေးရှိလို့ကြွေးဆပ်တာပါ။ ဒီလိုဟာ. . . ''
ကျွန်တော်ပြဿနာငနဲနဲ့တွေ့ပြီး၊ ပြဿနာဖြစ်ခဲ့ပုံ၊ ခါးပိုက်နှိုက်ဆိုပြီး အသံနဲ့လုပ်ကြံခံရပုံတွေရှင်းပြလိုက်တယ်။
ဒီတော့မှ ညိုနေတဲ့သံစဉ်ချိုရဲ့မျက်နှာလေး ပြန်ပြီးကြည်လင်လာတယ်။
''အေးလေ. . . ဒီလိုဆိုတော့လည်းနင်မမှားဘူးပဲမုတ်သုန်ရဲ့။ သူတို့က တမင်ယုတ်မာခဲ့တာပဲ။ ကံကောင်းလို့ပေါ့ဟာ၊ ခါးပိုက်နှိုက်ဆိုပြီး နင်ဝိုင်းအရိုက် မခံရတာ ။အဲ့ဒီ...ပြဿနာကောင်ကိုပါတွေ့အောင်ရှာဟာ။တွေ့ရင်ငါ့ကိုအသိပေး။''
''နင်က ဘာလုပ်မှာ လဲသံစဉ်ရဲ့''
''ငါပါနင့်ဘက်က ကူပြီးရန်ဖြစ်ပေးမှာ ပေါ့''
ဒီလိုဆိုတော့လည်း နှုတ်သီးကောင်းသျှာပါး အိုက်တင်နဲ့သံစဉ်ချိုအမူအရာကချစ်စရာလေးပဲလို့ ကျွန်တော်တွေးလိုက်မိတယ်။
ကျွန်တော်တို့ဒဂုံတက္ကသိုလ်ရဲ့ ဓါတုဗေဒဋ္ဌာနမှာ တော့ သံစဉ်ချိုဟာအလှဘုရင်မနီးပါးနာမည်ကြီးသူပါ သူမကိုပိုးပန်းသူတွေအတော်များများ ရှိပေမယ့်သူမကတော့ ဘယ်သူ့ကိုမှ စိတ်မဝင်စာခဲ့ဘူး လို့ဆိုတယ်။
''ဟဲ့...မုတ်သုန်။ ငါ့ကိုဘာဖြစ်လို့ ဒီလောက်တောင် စိုက်ကြည့်နေရ တာလဲ''
''အဲ...နင်ကလှသားပဲလို့တွေးမိလို့''
ကျွန်တော့်စကားကြောင့်သံစဉ်ရှက်စနိုးနဲ့ခေါင်းငုံ့သွားတယ်။ ပြီးမှမျက်တောင် ကော့ရှည်တွေကိုဝင်ကြည့်ရင်း. . .
''နင် အခုမှသိတာလား''
'ဟင့်အင်း ကိုတန်းကတည်းက သိပါတယ်။ ဒါပေမယ့်''
''ဘာဖြစ်လဲ''
''လှတဲ့အရာတွေက အကြမ်းမခံဘူးသံစဉ်ရဲ့''
''ဟင်. . . နင့်ဟာကလည်း ဘာမှလည်းမဆိုင်ဘူး။ လူနဲ့သက်မဲ့အရာနဲ့နှိုင်းစရာလားဟဲ့. . . ။ ပြီးတော့ အကြမ်းမခံဘူးဆိုတာကဘာကို ပြောတာလဲ။ နင်နော်။ပေါက်ကရတွေတော့. . . ''
''ငါဆိုလိုတာက ငါ့ဘဝကကြမ်းတယ် သံစဉ်။ အဲ့ဒီတော့ ငါနဲ့ပတ်သက်တဲ့သူငယ်ချင်းတွေလည်း ဘဝကြမ်းရဲ့ဒဏ်ကိုခံရမှာ စိုးတယ်။''
ကျွန်တော့် စကားကြောင့်သံစဉ်သက်ပြင်းချတယ်။
ကျွန်တော်တို့နှစ်ယောက် ရပ်ကွက်အစွန်က အကြော်ဆိုင်လေးမှာ ထိုင်နေကြတာပါ။
ကျွန်တော်တို့ တစ်အုပ်စုလုံးမကြာခဏ လာထိုင်နေကျမို့၊ အကြော်မမှာ လည်း ဆိုင်ရှင်ကရေနွေးအိုးချပေးလေ့ရှိတယ်။ ဈေးပေါပေါ လ္ဘက်ခြောက်တွေပေါပေါသီသီခတ်ထားတဲ့ရေနွေးကြမ်းကို ကျွန်တော်တစ်ခွက်ငှဲ့လိုက်တယ်။
''နင့် ဘဝကကြမ်းတယ်ဆိုတော့ ငါတို့ဘဝတွေကရော ဘယ်လောက်နုဖတ်နေလို့လဲမုတ်သုန်ရယ်''
''ဘာပဲဖြစ်ဖြစ်ငါတို့ထက် စာရင်တော့နင့်ဘဝက အများ ကြီးမြင့်ပါတယ်သံစဉ်ရယ်။ အနည်းဆုံးတော့ ကိုယ်ပိုင်ကားစီးနိုင်တယ်လေ။ ငါတို့အိမ်မှာ တော့ကားမပြောနဲ့ စက်နဲ့တူတာဆိုလို့အမေ့ရဲ့အပ်ချုပ်စက်ပဲရှိတယ်။''
''ဘာဆိုင်လို့လဲဟာ ဘဝချင်းမတူတော့ရောဘာဖြစ်လဲ။ သူငယ်ချင်းဟာသူငယ်ချင်းပဲ။ ခင်မင်မှု ဟာ ခင်မင်မှု ပဲ။ နေပါအုံး။ နင်အခုစကားတွေကို ဘာအဓိပ္ပါယ်နဲ့လာပြောနေတာလဲ မုတ်သုန်''သူမမေးလာတော့မှ ကျွန်တော်လည်းကြောင်အန်းအန်းဖြစ်သွားတယ်။ဟုတ်သားပဲ။
ကျွန်တော်ဘာရည်ရွယ်ချက်နဲ့ ပြောနေမိပါလိမ့်။
''ငါမေးမယ်။ နင်အမှန်အတိုင်းဖြေနော် မုတ်သုန်''
''အင်း''
''နင်. . . ငါ့အပေါ်မှာ လေ. . . ''
''ဘာဖြစ်လဲ''
ကျွန်တော်ဖြတ်မေးလိုက်တော့ သံစဉ်ချိုစကားဆက်ရ ခက်ဟန်နဲ့ခေါင်းငုံ့ငြိမ်သက်သွားတယ်။
အဲ့ဒီအချိန်မှာ ပဲ. . .
''ရှာလိုက်ရတာ အစ်မရာ။ အမေခေါ်ခိုင်းလို့ဗျ''
မောသံနဲ့အော်ပြောရင်း သံစဉ်ချို့မောင်လေး ကျွန်တော်တို့နားရောက်လာတယ်။ သံစဉ်သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချပြီး ထိုင်ရာကထရပ်တယ်။
''ငါ အိမ်ပြန်လိုက်အုံးမယ် မုတ်သုန်''
ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။
စောစောကနင်သိချင်တာ ဘာလဲလို့ကျွန်တော် မမေးလိုက်တော့ပါဘူး။အနည်းဆုံးအခုအချိန်မှာ တော့ မေးဖို့မလိုသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။
ကျန်းမာကြံ့ခိုင်တဲ့ မော်တော်ကားတစ်စီးရဲ့ အင်ဂျင်စက်သံဟာ ကျွန်တော့်အတွက်တော့ ဂီတသံလိုမျိုး ဆွဲဆောင်မှု ရှိလှတယ်။ ကားလီဘာကို ခပ်ပြင်းပြင်းဖိနင်းလိုက်တော့ကရီနာအင်ဂျင်သံဟာ ဝေါခနဲကျယ်လောင်ဆူညံသွာတယ်။
''ဘယ်လိုလဲ မုတ်သုန်''
''အိုကေတယ်။ မီးနည်းနည်းလေးထပ်တင်ပေးလိုက်''
ဘာဘူကိုလှမ်းပြောရင်း ကရီနာဗင်ပေါ်က ကျွန်တော်ဆင်းလာခဲ့တယ်။မော်တော်ကားတွေကို ကျွန်တော်စိတ်ဝင်စားခဲ့တာဟာ၊ အသက်လေး ငါးနှစ်လောက်ကတည်းကဖြစ်ပေမယ့်၊ နီးစပ်မှု ရခဲ့တာကတော့ ဆယ်တန်းဖြေပြီး ကျောင်းပိတ်ထားတဲ့ကာလတွေမှာ ပါ။
ဘာဘူ့အစ်ကို ကိုမျိုးကလိုင်းကားတွေထောင်ထားတာမို့ ကျွန်တော်နဲ့ ဘာဘူဟာဉ်နောက်လိုက်လုပ်ရင်း ကားနဲ့နီးစပ်လာခဲ့ကြတယ်။
ကားနားတဲ့အခါ ရှေ့တိုးနောက်ဆုတ်နေရာရွေ့ပေးရင်း ကားမောင်းတက်လာခဲ့ကြတယ်။ နောက်တော့ ကိုမျိုးကလိုင်းကားတွေဖြုတ်ပြီး ကားဝပ်ရှော့ပြောင်းထောင်တာမို့ကျောင်းအားရက်တိုင်း လုပ်အားဝင်ပေးရပြန်တယ်။ဘာဘူကစက်ဆီပေမှာ ကားအောက်ဝင်ရမှာ စိုးတာကြောင့် ကိုမျိုးနဲ့အတူကျွန်တော်ပဲ အများ ဆုံးကူလုပ်ပေးရင်း၊ ကိုမျိုးရဲ့လက်ထောက်ဖြစ်လာတဲ့အချိန်မှာ ၊ဘာဘူကဆီပျောက်၊ မီးပျောက်အဆင့် ထက်ပိုပြီးတိုးတက်မလာခဲ့ဘူး။အခုလည်းကရီနာဗင်ကို မီးတင်ခိုင်းလိုက်တာ အပတ်မလည်ဖြစ်နေလို့ကျွန်တော် ဝင်ပါရပြန်တယ်။
''ငါက မော်တော်ကားတွေကို ကောင်မလေးတွေလောက်စိတ်မဝင် စားဘူးမုတ်သုန်ရ''
''ယုံပါတယ်ကွာ။ ဒါကြောင့်ဗောက်စ်ဝက်ဂွန်အင်ဂျင်တောင်ရှေ့မှာ ရှိလား။နောက်မှာ ရှိလား မသိခဲ့တာမဟုတ်လား''
''ဗောက်စ်ဝက်ဂွန်လောက်တော့သိပါတယ်ကွာ။ ငါခံရတာ က ဒီဇယ်အင်ဂျင်ကွ။ ဆယ်တန်းလောက်က ပထမဆုံးမြင်ဖူးတဲ့ဒီဇယ်ကားကို ခင်ဗျားကားစက်သံမမှန်ဘူး။ ပလပ်ဖြုတ်ဆေးရမယ်သွားပြောမိလို့ ကိုမျိုးငါ့ကိုဆဲလိုက်တာမှအတုံးလိုက်အတစ်လိုက်ပဲ''
ဘာဘူ့စကားကြောင့် ကျွန်တော်ရယ်မောနေတုံးဝပ်ရှော့ထဲကို ကားတစ်စီးဝင်လာတယ်။ စပို့၊တ်၊ ပြိုင်ကားပုံစံကားလှလှလေးပါ။ ကားပေါ်ကဆင်းလာတာကနားကွင်း တစ်ဘက်နဲ့ ကျွန်တော်တို့အရွယ်လူငယ်တစ်ယောက်ပါ။
ဆံပင်ဆေးဆိုးပြီး နားကွင်းတပ်တဲ့ငနဲတွေကို ကျွန်တော်သိပ်ကြည့်လို့မရပေမယ့်အခုတစ်ယောက်ကတော့ ရည်ရည်မွန်မွန်ပုံစံနဲ့ပါ။
''ဘာကူညီရမလဲ သူငယ်ချင်း''
ကိုမျိုးကားပစ္စည်းသွားဝယ်နေတာမို့ ဝပ်ရှော့မှာ တာဝန်အရှိဆုံးလိုဖြစ်နေတဲ့ကျွန်တော်ကပဲလှမ်းမေးလိုက်တယ်။
''ကားက နင်းလိုက်ရင်တုန့်တုန့်နေလို့ဗျာ''
ဘောနက်ဖွင့်ကြည့်လိုက်တော့ (အီးအက်ဖ်အိုင်တာဘို)အင်ဂျင်ဖြစ်နေလို့ကျွန်တော်ပုခုန်းတွန့်လိုက်တယ်။
''(အီးအက်ဖ်အိုင်)ပဲ။ (အင်ဂျက်တာ)တွေ လေဟာပြီးဆီမလိုက်တာလည်းဖြစ်နိုင်တယ်။ သိပ်တော့မသေချာဘူးနော်။ အမှန်အတိုင်းပြောရရင် (အီးအက်ဖ်အိုင်)သိပ်မနိုင်ဘူး။ ဒါပေမယ့်ကြိုးစာပေးပါဆိုရင်တော့ ကြိုးစားကြည့်ပေးမယ်''
''လုပ်ပါဗျာ။ အခုအတိုင်းလည်းမြင်လှည်းသာသာ မောင်းနေရတဲ့အတူတူတော့ ကြိုးစားပေးစမ်းပါ''
ကျွန်တော်က (ပရက်ရှာပန့်) ဆီပို့အောင်သော့ဖွင့်ထားခိုင်းပြီး၊ လေချူကြည့်လိုက်တယ်။ စမ်းတဝါးဝါးလုပ်ကြည့်တာဖြစ်ပေမယ့် ကျွန်တော့်စမ်းသပ်မှု အောင်မြင်ပြီးကားကစက်သံမှန်လာတယ်။
''ကျေးဇူးပဲဗျာ။ ဒါနဲ့ ဒီအင်ဂျင်တွေက ဓါတ်ဆီထ(ဲအက်စ်တီပီ) ထည့်မောင်းရတယ် ဆိုတာဟုတ်လား''
''အောက်တိန်းထည့်မောင်းရင်မလိုပါဘူး။ ဓါတ်ဆီအမျိုးအစားညံ့ရင်တော့ဆီငါးဂါလံ (အက်စ်တီပီ)တစ်ဘူးစပ်မောင်းရင် ကားပိုပေါ့တာပေါ့''
ဘောနက်ပြန်ပိတ်ရင်းကျွန်တော်ပြောလိုက်တော့ ငနဲလေးကကျွန်တော့ကိုအထင်ကြီးသလိုကြည့်ရင်း. . .
''ကိုမုတ်သုန်ကို ကျွန်တော်သိတယ်ဗျ။ ဒဂုံတက္ကသိုလ်မှာ သုံးလေးခါလောက်တွေ့ဘူးတယ်''
''ဟုတ်လားဒဂုံကပဲလား''
ဘာဘူကဝင်မေးတော့ငနဲက ခေါင်းရမ်းတယ်။
''စက်မှု ကပါ။ ဒဂုံတက္ကသိုလ်မှာ သူငယ်ချင်းတွေရှိလို့လာလည်ရင်း၊ သူငယ်ချင်းတွေလှမ်းပြလို့မြင်ဘူးတာပါ။ ကိုမုတ်သုန်မိုးက ဘောလုံးကန် ကောင်းသလို ကောင်မလေးတွေလည်းကြည်တယ်တဲ့''
''အိုကေ. . . ကားပြင်ခမပေးနဲ့တော့''
''ကျွန်တော် မြှောက်တာမဟုတ်ပါဘူး။ တကယ်ပြောတာပါ။ ကျွန်တော်သဘောကျတာက ခင်ဗျားဟာဆပ်ဆပ်ထိမခံဘူး။ လက်တအားယဉ်တယ်ဆိုတာကြောင့်ပါ။ ကျွန်တော်ကမဟုတ်မခံ စိတ်ဓါတ်ရှိတဲ့လူတွေကို အားကျတယ်လေကျွန်တော့် နာမည်ရဲရင့်သွေးပါ''
လက်တစ်ဘက်ကမ်းပေးလာလို့ လက်ဆွဲ နှုတ်ဆက်မိမလိုဖြစ်ပြီးမှကျွန်တော်ခေါင်းရမ်းလိုက်တယ်။
''ဆောရီးကွာ''
''ဘာဖြစ်လို့လဲ''
ရဲရင့်သွေးမျက်နှာပျက်သွားတယ်။
တျွန်တော် လက်ဖဝါးနှစ်ဖက်ကိုဖြန့်ပြီးထောင်ပြလိုက်တယ်။
''လက်တွေဆီပေနေတယ်လေ။မောင်ရင့်လက်ဖဝါးနုနုလေးဆီချေးတွေပေသွားမှာ ပေါ့ ။''
ဒီတော့မှ ရဲရင့်သွေးမျက်နှာပြန်ကြည်လာပြီး ..
ကျွန်တော်နဲ့ဘာဘူကို လ္ဘက်ရည် သောက်ဖို့ အတင်းခေါ်ပါတယ်။ဝပ်ရှော့မှာ ကားရှင်းနေတဲ့အပြင် လ္ဘက်ရည်သောက် ချိန်လည်း ရောက်နေတာမို့ကျွန်တော်တို့ နှစ်ယောက် မငြင်းလိုက်ပါဘူး။
လ္ဘက်ရည်ဆိုင်ရောက်တော့ အချိန်တိုအတွင်းမှာ ပဲ ကျွန်တော်တို့အဖွဲ့ကျသွားပြီး၊ ဘာဘူနဲ့ ရဲရင့်သွေးကတော့ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်သွားကြတယ်။
''မင်း. . . သုဝဏ္ဏထဲမှာ ပဲ နေတာလား''
ကိုမျိုးရဲ့ကားဝပ်ရှော့က သုဝဏ္ဏမှာ ရှိတာမို့ ဒီနားကလားလို့မေးလိုက်တာပါ။
''တစ်ခါတစ်လေ သုဝဏ္ဏမှာ လာနေတယ်။ တစ်ခါတစ်လေတော့အင်းလျားလမ်းမှာ နေတယ်အမှန်မရှိဘူး''
ကျွန်တော်ရွှီခနဲလေချွန်လိုက်တယ်။
''မောင်၇င်က. . . ဘောစိပဲ''
''ဟာ. . . အဲ့ဒီနာမည်ကြီးတော့မခေါ်ပါနဲ့ဗျာ။ မိဘက နည်းနည်းပါးပါးတော့ပိုက်ဆံ၇ှိတယ်။ ဒီလောက်ပါပဲ''
''ဒါနဲ့ ငါ့ကိုကောင်မလေးတွေကြည်တယ်လို့ ဘယ်သူတွေပြောတာလဲ။မဟုတ်တရုတ် ထွင်လုံးတွေပဲ ရဲရင့်သွေး''
''ကျွန်တော့် သူငယ်ချင်းတွေပါ။ သင်္ချာဒုတိယနှစ်ကကောင်တွေ။ သူတို့အပြောတော့ ဓါတုဗေဒက အလှဘုရင်မတောင် ကိုမိုးဘေးနားဝဲနေတာ. . . တဲ့''
''ဓါတုဗေဒကွင်း မဟုတ်ပါဘူး။ ဒုတိယကွင်း သံစဉ်ချိုပါ။ နောက်ပြီးဝဲနေတာမဟုတ်ဘူး။ ငါတို့က ကိုးတန်းကတည်းကသူငယ်ချင်းတွေ''
''အမှန်ပဲရဲရင့်သွေး ဝဲနေတာမဟုတ်ဘူး။ ကပ်နေတာ''
ဘာဘူဝင်နောက်ပေမယ့် ကျွန်တော်မရယ်လိုက်ပါဘူး။ စိတ်ထဲမှာ ဝပ်ရှော့ကိုနောက်ဆံတင်းနေတာမို့၊''ငါအရင်ပြန်နှင့်မယ်''. . . လို့ပြောပြီးထပြန်လာခဲ့တယ်။ ဘယ်သူနဲ့ဖြစ်ဖြစ်ကီးတူအောင်လိုက်တီးနိုင်တဲ့ ဘာဘူကတော့ရဲရင့်သွေးနဲ့ အဖွဲ့ကျပြီးကျန်ရစ်ခဲ့တယ်။နာရီဝက်လောက်ကြာမှ သူတို့နှစ်ယောက် ဝပ်ရှော့ကိုပြန်ရောက်လာကြပြီး၊နောက်နေ့လည်းလာခဲ့အုံးမယ်လို့ ချိန်းဆို သွားပါသေးတယ်။
ရဲရင့်သွေးပြန်သွားတော့မှ ငနဲလေးရဲ့မိဘတွေဟာဂုဏ်ထူးဘွဲ့ထူး ရှည်ရှည်နဲ့ပုဂ္ဂိုလ်တွေမှန်းဘာဘူပြောပြလို့ ကျွန်တော်သိလိုက်ရတယ်။ငနဲလေးရဲ့ပုံက ဒါကြောင့်မိုးပျံဘူဘောင်း လိုဖြစ်နေတာကိုးလို့ ကျွန်တော်တွေးလိုက်မိတယ်။
''ရဲရင့်သွေးက မင်းကိုတော့တော်တော်လေးစားနေပုံပဲ မုတ်သုန်။သူ့သူငယ်ချင်းတွေကလည်း မင်းအကြောင်းကို ဂိုဏ်းစတားလောက်နီးနီးချဲ့ကားထားလားမသိဘူး။ အရမ်းကိုကြည်ညို နေတယ်''
''အတိတ်ဘဝက ကုသိုလ်တွေပေါ့ကွာ''
''တောက်. . . ငါတောင်မနာလိုချင်တော့ဘူးမုတ်သုန်မိုး။ ဒီကောင်ကအစ်မရှိရင်တောင် သူ့အစ်မနဲ့မင်းကို ပေးစားချင်နေလားမသိဘူး''
တကယ်တော့ရဲရင့်သွေးရဲ့စိတ်ကူးက ဘာဘူပြောတာနဲ့ဆန့်ကျင်ဘက် ဖြစ်မှန်းအချိန်အတော်ကြာမှ ကျွန်တော်သိခွင့်ရလာခဲ့တယ်။
နောက်တစ်နေ့လ္ဘက်ရည်သောက်ချိန်လောက်မှာ ပြိုင်ကားလေးနဲ့ရဲရင့်သွေးရောက်လာပြန်တယ်။ တကာတော်ရောက်လာတာမို့ ကျွန်တော်တို့ လ္ဘက်ရည်ဆိုင်ကိုထွက်လာခဲ့ကြတယ်။
ဆိုင်ရောက်တော့လ္ဘက်ရည်သောက်ရင်း ရဲရင့်သွေးက ကျွန်တော့်အိမ်လိပ်စာမေးတယ်။
''ဘာလုပ်မလို့လဲ ရဲရင့်သွေး လာလည်မလို့လား''
''လမ်းကြုံရင် ဝင်လာမလို့ကိုမိုး''
''မုတ်သုန်မိုးတို့ ငါတို့ဆီလာရင် မင်းကားရဲ့ ဘန်ဘာတွေပြုတ်ထွက်ကုန်မှာ ပေါ့ရဲရင့်သွေးရဲ့''
ဘာဘူကဝင်ပြောလိုက်တာပါ။
''ဟုတ်တယ်ရဲရင့်သွေး။ မင်းကားက နိမ့်လွန်းတယ်။ တို့ရပ်ကွက်ကခြိုင့်တွေချည်းပဲ''
''ဒါဆိုလည်းကားကို လမ်းမမှာ ရပ်ထားခဲ့ရုံပေါ့ကိုမိုးရာ။ ဒါမှမဟုတ်တခြားကားတစ်စီးစီးနဲ့ လဲလာမှာ ပေါ့''
''ဒါဆိုလည်း လိပ်စာယူထားလေ''
ကျွန်တော်နဲ့ ဘာဘူအိမ်လိပ်စာရေးပေးလိုက်တယ်။
ရဲရင့်သွေးက သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်ဆိုပြီး သူ့အစ်ကိုကုမ္ပဏီကတင်သွင်းတဲ့ ရှပ်အင်္ကျီတစ်ယောက် တစ်ထည်စီလက်ဆောင်ပေးတယ်။ဒီလိုဆိုတော့ လည်းပိုက်ဆံရှိသားသမီးနဲ့ သူငယ်ချင်းဖြစ်ရတာ အနိပ်သားပဲလို့ကျွန်တော်တွေးလိုက်မိတယ် ။
ကျွန်တော်တို့ ရပ်ကွက်လေးဟာ မိုးရာသီမှာ တုတ်ကွေးဖျားများ နဲ့ရွံ့ဗွက်ထူပေါပြီး နွေရာသီမှာ မီးရေးထင်းရေးနဲ့ သူခိုးသူဝှက်အန္တရာယ်ရှိတတ်ပေမယ့်ပျော်စရာပွဲလမ်းသဘင် တွေလည်းပေါလှတယ်။
ကထိန်လိုဆွမ်းဆန်စိမ်းလောင်းလှူပွဲနဲ့မီးထွန်းပွဲကိုရပ်ကွက်တွင်းပွဲတော်တွေပါ။ငွေကြေးချမ်းသာတဲ့ သံစဉ်ချိုတို့လိုမိသားစုအနည်းငယ်ကလွဲရင် အများ စုကလက်လုပ်လက်စားတွေမို့ လူညီတယ်။ ရန်ဖြစ်စရာရှိရင် ဒီလူတွေပဲ လှည့်ဖြစ်ပြီကုသိုလ်ရေးပွဲလမ်းသဘင်ကျင်းပတော့လည်းဒီလူတွေပဲတက်ညီလက်ညီလက်တွဲ ကြပြန်တယ်။
အခုနှစ် မီးထွန်းပွဲတော်အတွက် အရပ်ထဲမီးအလှဆင်ဖို့ ကျွန်တော်တို့လူငယ်တွေလုပ်အားပေးကြတယ်။ ရောင်စုံစက္ကူလိပ်တွေဝယ်ဖို့ ရေဒီယိုနဲ့ကျွန်တော့်ကိုတာဝန်ပေးတယ်။
တာမွေမှာ တကယ်ထွက်ဝယ်တဲ့အခါ ရေဒီယိုမလိုက်နိုင်တော့တာမို့ကျွန်တော်တစ်ယောက်တည်းထွက်လာခဲ့ရတယ်။
တာမွေအဝိုင်းကြီးရောက်တော့ရောင်စုံစက္ကူလိပ်နဲ့တခြားလိုအပ်တာတွေဝယ်ပြီး၊ ကားဂိတ်ကိုပြန်လျှောက်လာချိန်မှာ လမ်းဘေးတစ်နေရာမှာ ရပ်ထားတဲ့ ရဲရင့်သွေးရဲ့ပြိုင်ကားလှလှလေးကိုတွေ့မြင်လိုက်ရတယ်။
''ဟင် ရဲရင့်သွေးရဲ့ကားပဲ''
အထုတ်အပိုးတွေနဲ့မို့ လမ်းကြုံလိုက်ပို့ခိုင်းရရင်ကောင်းမယ်ဆိုတဲ့ အတွေးနဲ့ကားနားမှာ ရပ်စောင့်နေလိုက်တယ်။ အတော်ကြာတဲ့အထိရောက်မလာလို့ကားတံခါးကိုသွားဆွဲဖွင့်ကြည့်တော့ တံခါးက ရှောရှောရှူရှူပွင့်သွားတယ်။အင်း. . . ငနဲလေးတော့ ဒီလိုနမော်နမဲ့နိုင်ပုံနဲ့မကြာခင် ကားခိုးခံရတော့မှာ ပဲ။ခြေထောက်တွေညောင်းလာလို့ ကားထဲမှာ ဝင်ထိုင်စောင့်ရင်း မှေးခနဲတောင်ငိုက်မြည်းသွားတယ်။
ခဏနေတော့ကားတံခါးဆွဲဖွင့်ပြီး၊ မွေးပျံ့တဲ့ရနံ့နဲ့ ငနဲလေးကားထဲဝင်လာတယ်။
''မင်းကကားကိုပစ်စလက်ခတ် ထားခဲ့တာပါလား''
''ဘာပြောတယ်''
'ဟင်'
ကျွန်တော်ကြက်သေသေသွားတယ်။
ဝင်လာတာဟာ ငနဲလေးမဟုတ်သလို ငနဲမလေးလည်းမဟုတ်ဘူး။ငနဲမကြီးခင်ဗျ။
မျက်လုံးအစုံပြူးကျယ်ပြီးအံ့သြသလိုပုံစံနဲ့ စိတ်တိုတောင်းသွားတဲ့အဲ့ဒီလေဒီကြီးဟာ ကျွန်တော်နဲ့တစ်ခါဆုံခဲ့ဖူးတဲ့ အမျိုးသမီးမှန်းချက်ချင်းရိပ်မိလိုက်တယ်။
သူမကလည်းမှတ်ဉာဏ်တွေ ထူပိန်းပုံမရဘူး။ မျက်နှာကိုထိုးစိုက်လုမတက် လက်ညိုး လှမ်းထိုးရင်း-
''မင်းခါးပိုက်နှိုက်ပဲ''
''ဗျာ''
''ဟုတ်တယ်။ ဟိုတစ်ခါတွေ့တဲ့ ခါးပိုက်နှိုက်ပဲ ။ အခုငါ့ကားကို ခိုးမလို့မဟတု လား။ လာကြပါအုံုးး. . . . ဒီမှာ ခါးပိုက်နှိုက် .... ရှင့် '
ကားတံခါးဖွင့်ထွက်ရင်းအော်လိုက်တာမို့ ကျွန်တော့်မျက်လုံးတွေပြာဝေသွားတယ်။
''ဟာ. . . မဟုတ်ဘူး။ တောက်. . . ဒီအမျိုးသမီးတော့''
ကျွန်တော်လည်းသူမနည်းတူ ကားပေါ်ကအမြန်ဆင်းလိုက်ရတယ်။ခပ်လှမ်းလှမ်း ဆိုက်ကားဂိတ်က ဆိုက်ကားသမားတချို့ သူမအသံကြောင့်ကျွန်တော့်တို့ဆီအပြေးရောက်လာတယ်။
တော်ပါသေးရဲ့။
ပြေးလာတဲ့ဆိုက်ကားဆရာလေးယောက်ထဲက တစ်ယောက်ဟာကျွန်တော့်ကို သိသူတစ်ရပ်ကွက်ထဲသားဖြစ်နေတယ်။
''မုတ်သုန်မိုး ဘာဖြစ်လို့လဲ''
''ဒီမှာ ဗျာ. . . ကျွန်တော့ကိုခါးပိုက်နှိုက်ဆိုပြီး. . . ''
''ခါးပိုက်နှိုက်. . . သူခါးပိုက်နှိုက်ပဲ။ အခုကျွန်မကားထဲမှာ ဘာခိုးမလို့လဲမသိဘူး။ သူဝင်ထိုင်နေတယ်။''
''ဒါ . . . ကျုပ်သူငယ်ချင်းကားမို့ဝင်ထိုင်တာဗျ။ ကျုပ်. . .ခါးပိုက်နှိုက်မဟုတ်ဘူး''
ဆိုက်ကားဆရာကလည်း အခြေအနေမရှုတ်ထွေးခင်အလောတကြီးဝင်ပြောတယ်။
''ဟုတ်ပါတယ်။ သူ. . . ကျွန်တော်တို့ လမ်းထဲကတက္ကသိုလ်ကျောင်းသားမုတ်သုန်မိုးပါ။ ခါးပိုက်နှိုက်မဟုတ်ပါဘူး။ ခင်ဗျားရမ်းမစွပ်စွဲနဲ့''
ကျေးဇူးကြီးလှပါတယ်။
ဆိုက်ကားဆရာရဲ့စကားကြောင့် ဘေးလူတွေကဘာမှ မလုပ်ဘဲအခြေအနေကိုသာရပ်ပြီး အကဲခတ်နေကြတယ်။
''ခါးပိုက်နှိုက်မဟုတ်ရင် မင်းငါ့ကားပေါ် ဘာတက်လုပ်တာလဲ''
''ကျုပ်ပြောပြီးပြီ။ ဒါကျုပ်သူငယ်ချင်းကား။ သူ့ကိုစောင့်ရင်းညောင်းလို့ကားထဲဝင်ထိုင်တာ''
''ဘာသူငယ်ချင်းလဲ။ ဒီကားကို ငါမောင်းလာတာ''
''ဟင်''
သူမလက်ထဲကြည့်တော့လည်း ကားသော့နဲ့မို့ ကျွန်တော် ကြောင်တောင်တောင်ဖြစ်သွားတယ်။
ဒါပေမယ့်. . . ခပ်ကြာကြာတွေဝေနေလို့ မဖြစ်တာမို့ အလျင်အမြန်ပြန်ပြောလိုက်ရတယ်။
''ကျုပ်သူငယ်ချင်းကားပါသေချာပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ဆီလိုင်းမှာ လေခိုလို့ပြင်ပေးလိုက်သေးရတယ်။''
''မင်းသူငယ်ချင်းက နာမည်ဘယ်သူလဲ''
''ရဲရင့်သွေး''
ကျွန်တော့်စကားကြောင့် အမျိုးသမီးမျက်နှာကွက်ခနဲပျက်သွားတယ်။
''မဖြစ်နိုင်ဘူးရဲရင့်သွေးမှာ ဒီလိုခါးပိုက်နှိုက်သူငယ်ချင်းမျိုးမရှိနိုင်ဘူး''တော်ပါသေးရဲ့။
ဘာပဲဖြစ်ဖြစ်ရဲရင့်သွေးနာမည်ကိုသိပုံရလို့ ကျွန်တော် နည်းနည်းရင်အေးသွားတယ်။
''ခင်ဗျားမယုံရင် သူ့ဖုန်းကိုဆက်ကြည့်လေ။ ဖုန်းနံပါတ်ကိုသိတယ်မဟုတ်လား''
''သူ့ဖုန်းနံပါတ်ကို မသိပဲနေမလား။ ငါသူ့အစ်မပဲ''
''ဗျာ''
နောက်တစ်ကြိမ် ကျွန်တော်မျက်လုံးတွေပြာဝေသွားရပြန်တယဒီအမျိုး သမီးက ရဲရင့်သွေးအစ်မဆိုပါလား။အင်း. . . ရဲရင့်သွေးနဲ့တော့မျက်နှာပျက်ရ အုံးမယ့်ကိန်းပဲ။ အမျိုးသမီးကလက်ကိုင်ဖုန်းထုတ်ပြီးရဲရင့်သွေးဆီဖုန်းဆက်တယ်။
ဖုန်းရတော့. . .
'ဟဲ့. . . ရဲသွေး။ ဒီမှာ ပြဿနာတက်နေလို့။ ''နင်သူနဲ့ ပြောကြည့်'' ဆိုပြီးဖုန်းလှမ်းပေးတယ်။
ကျွန်တော်ရင်တထိတ်ထိတ်နဲ့ဖုန်းကို ယူလိုက်တယ်။
''ရဲရင့်သွေးလား။ ငါပါ။ မုတ်သုန်မိုး''
''ဟာ. . . ကိုမိုး. . . ဘာတွေလဲဗျ။ ဘာဖြစ်ကြတာလဲ''
''ငါမင်းကားရပ်ထားတာတွေ့လို့လမ်းကြုံလိုက်မလို့ရပ်စောင့်နေတာ။ညောင်းလာလို့ကားထဲဝင်ထိုင်တယ်။ အဲ့ဒီမှာ . . . မင်းအစ်မလို့ပြောတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာပြီး၊ ငါ့ကို ခါးပိုက်နှိုက်၊ အလစ်သမားလို့ စွပ်စွဲတော့တာပဲ။ကဲ. . . သူ့နဲ့ဆက်ပြောအုံး'
ကျွန်တော်သူမဆီ ဖုန်းပြန်ပေးလိုက်တယ်။
ဘေးနားကပရိသတ်တွေလည်း ဒီလောက်ဆိုဖြူဖြူမည်းမည်း လူလုံးကွဲလောက်ပါပြီ။ ရောင်စုံစက္ကူလိပ်ထုတ်ကိုဆွဲယူပြီး ဖုန်းဆက်ပြောနေဆဲ သူမနားကလှည့်ထွက်လာခဲ့တယ်။
ဘေးနားပါလာတဲ့ အသိဆိုက်ကားဆရာက''ကံကောင်းလို့မုတ်သုန်ရာ''. .
လို့လှမ်းပြောတယ်။ ဒေါသတွေဆူဝေပြီး လမ်းဆက်မလျှောက်နိုင်တော့လို့သူ့ဆိုက်ကားနဲ့ပဲ ကားဂိတ်လိုက်ပို့ခိုင်းရတယ်။
ဆိုက်ကားဘီးသုံးလေးပတ်လောက်လှိမ့်ပြီးချိန်မှာ ကျွန်တော်နာနာကျည်းကျည်းနဲ့တောက်တစ်ချက်ခေါက်လိုက်တယ်။
''တောက်. . . အမျိုးသား၊ အမျိုးသမီးဆိုတဲ့ စည်းကြီးရှိနေလို့ပေါ့။ နို့မို့ဆိုအဲ့ဒီအမျိုးသမီးကို ကျွန်တော်တကယ်ဆွဲထိုးတယ်''
''ဟ...ထိုးစရာလား မုတ်သုန်ရ။ ဒီလောက်လှတဲ့မိန်းမကို. . . ''
''သူ့ဟာသူလှကာမှ လှရောဗျာ။ သူနဲ့တွေ့တိုင်းခါပိုက်နှိုက်လို့ချည်းအစွပ်စွဲခံခဲ့ရတယ်။ ခုတစ်ကြိမ်နဲ့ဆိုနှစ်ခါရှိပြီ''
''မင်းကြည့်ရတာ သူ့ကိုတော်တော်မုန်းသွားပုံပဲ''
''မုန်းတာတော့ မပြောနဲ့။ ဖြစ်နိုင်ရင်အစိမ်းလိုက်တောင်ဝါးစားပစ်လိုက်ချင်တယ်''
မုန်းတီးနာကျင်သံနဲ့ ကျွန်တော်ရေရွတ်လိုက်တော့ ဆိုက်ကားဆရာကသဘောကျသလို တဟားဟားရယ်တယ်။
''မိန်းမတစ်ယောက်ကို နာကျည်းလို့လက်စားခြေချင်ရင်ဘယ်တော့မှလက်သီးမသုံးနဲ့။ ယောက်ျားသိက္ခာကျတယ်။ မှတ်ထားမုတ်သုန် လက်သီးထက်ထိရောက်တဲ့ လက်နက်ရှိတယ်''
''ဘာလဲဗျ''
''အချစ်ပေါ့။ အချစ်နဲ့သာပစ်ပေါက်လိုက်စမ်းပါ။ အဲ့ဒီမိန်းမ မင်းရှေ့မှာ တစ်ချက်တည်းမေ့မြောသွားစေရမယ်''
ဆိုက်ကားဆရာကြည့်ရတာ ကိုရီးယားကားတွေမလွတ်တမ်း အားပေးတယ်ထင်ပါရဲ့။
''ကြံကြီးစည်ရာဗျာ။ မုန်းပါတယ်ဆိုမှ ဘယ့်နှယ့်လုပ်အချစ်က ဖြစ်လာနိုင်မှာ လဲ''
''ဟ...ဒီလိုပဲ။ ပရိယာယ်မာယာနဲ့ လုပ်ယူရတာ ပေါ့ကွ''
''တော်ပါဗျာ။ လုပ်ယူလို့ရရင် အချစ်တော့လုပ်မယူချင်ဘူး။ အဲ့ဒီအမျိုးသမီးရဲ့မာနကို ရိုက်ချိုးရဲတဲ့သတ္တိမျိုးပဲရယူချင်တယ်။''
ကျွန်တော်စိတ်တိုတိုနဲ့ပြောလိုက်မှ အချစ်ဒဿနဆရာကြီး ပါးစပ်ပိတ်သွားတော့တယ်။
''ဘယ်သူကွ''
''လေပြေ. . . ကိုမိုး။ အပြည့်အစုံက လေပြေသွေး''
''အောင်မယ်လေး။ လေပြေမို့လို့ပေါ့၊ ရဲရင့်သွေးရာ။ လေနီကြမ်းတို့လေဆင်နှာမောင်း တို့သာဆိုငါတစ်စစီဖြစ်မှာ သေချာတယ်'
ကျွန်တော့်စကားကြောင့် ဘာဘူနဲ့ရဲရင့်သွေးတဟားဟားရယ်တယ်။ရဲရင့်သွေးက ကားကိုအရှိန်မြှင့်လိုက်ရင်း။
''ကိုမိုးက သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်သွားတွေ့တာကိုးဗျ။ ပြီးတော့ ကိုမိုးနဲ့မလေပြေနဲ့က ပြဿနာလည်းဖြစ်ထားဖူးတာမဟုတ်လား။''
''ဒါနဲ့အဲ့ဒီတုန်းက သူနဲ့ပါလာတဲ့ တစ်ယောက်က ဘယ်သူလဲရဲရင့်သွေး။မင်းအစ်ကိုတော့ မဟုတ်လောက်ပါဘူးနော်''
''မဟုတ်ဘူးကိုမိုး။ အဲ့ဒါမလေပြေနဲ့စေ့စပ်ထားတဲ့လူ။ ဒါပေမယ့်အဲ့ဒီတစ်ယောက်နဲ့လည်း မယူဖြစ်ခဲ့ပါဘူး''
''ဘာဖြစ်လို့လဲ''
''မပြောတက်ဘူး။ မလေပြေက အစွန်းရောက်တာလား။ ဆိုက်ကိုဖြစ်ချင်တာလား မသိဘူး။ တော်ရုံယောက်ျားကိုအထင်မကြီးဘူးဗျ''
အထင်မကြီးရင် အထင်သေးတာပေါ့ ဆိုတဲ့အတွေးနဲ့ ကျွန်တော့် မခံချင်စိတ်တွေ စပ်ဖြင်းဖြင်းဖြစ်သွားတယ်။ ရှေ့ကြည့်ပြီးကားမောင်းနေတဲ့ ရဲရင့်သွေး ကတော့တင်းခနဲဖြစ်သွားမယ့် ကျွန်တော့်မျက်နှာကို သတိထားမိမှာ မဟုတ်လို့တော်ပါသေးတယ်။
ကျွန်တော့်ကိုခါးပိုက်နှိုက်စွပ်စွဲခဲ့တဲ့ အမျိုးသမီးအကြောင်းပြောနေတုန်းမှာ ပဲတိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီပြဿနာကို စတင်ခဲ့တဲ့ ပြဿနာငနဲကို လမ်းပေါ်မှာ ရိပ်ခနဲတွေ့မြင်လိုက်ရတယ်။
'ရဲရင့်သွေး...ကားခဏရပ်'
ကျွိခနဲဘရိတ်ဖမ်းပြီး ကားရပ်လိုက်တာနဲ့၊ ကျွန်တော်ကားတံခါးဖွင့်ပြီးအောက်ကိုအမြန်ဆင်းလိုက်တယ်။
''မင်းတို့ကားပေါ်မှာ ပဲ စောင့်နေခဲ့ကြ။ ငါ့နောက် လိုက်မလာကြနဲ့''
ကျွန်တော့်စကားကြောင့် ရဲရင့်သွေးနဲ့ဘာဘူက နားမလည်သလိုကြောင်အန်းအန်းပြန်ကြည့်တယ်။
ကျွန်တော်ကားတံခါးပြန်ပိတ်ပြီး ပြဿနာငနဲရှိရာကို လျှောက်လာခဲ့တယ်။ခေါင်းငိုက်စိုက်ချပြီးလျှောက်လာတဲ့ ငနဲကကျွန်တော့်ကို သတိမထားမိသေးဘူး။ကျွန်တော်သူရှိရာ ဦးတည်လျှောက်သွားပြီး အနားရောက်တော့ ပုခုန်းချင်းဝင်တိုက်ပစ်လိုက်တယ်။
ပြီးတော့ အိတ်ထဲက ထုတ်ပြီး လက်ထဲကြိုတင်ကိုင်လာတဲ့ ငွေစက္ကူသုံးလေးရွက်ကို လမ်းပေါ်လွှတ်ချလိုက်တယ်။
သုနဲ့တိုက်မိလို့အိတ်ထဲက ထွက်ကျသွားတဲ့ပုံမျိုး တမင်လုပ်လိုက်တာပါ။
''ဟင်''
ငနဲကကျွန်တော့်ကိုမှတ်မိသွားပြီး မျက်လုံးအစုံဝိုင်းစက်သွားတယ်။
ကျွန်တော်က သူ့မျက်နှာကို တစ်လှည့်လမ်းပေါ်က ပိုက်ဆံတွေကို တစ်လှည့်ကြည့်လိုက်ပြီးအင်္ကျီအိတ်ကပ်ကို လက်နဲ့ဖိလိုက်တယ်။
''ဟင်. . . ခါးပိုက်နှိုက်''
''ဘာကွ''
''မင်းငါ့ပိုက်ဆံတွေကို နှိုက်တယ် ခါးပိုက်နှိုက်ပဲ''
ကျွန်တော် သူ့မျက်နှာကို စိုက်ကြည့်ပြီးပုံမှန်အသံထက် နည်းနည်းလေးပိုအော်လိုက်တယ်။
''ဟာ. . . ငါ. . . မဟုတ်. . . ''
''ခါးပိုက်နှိုက်''
ငနဲက ခြာခနဲလှည့်ပြေးတယ်။
အနီးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာမို့၊ ကျွန်တော်အကျယ်ကြီး အော်လည်းသူ့နောက်ကိုဆွမ်းကြီးလိုက်လောင်းမယ့်လူဘယ်သူမှမရှိပါဘူး။ဒါပေမဲ့ ငနဲလှည့်ကြည့်တော့ ကျွန်တော်သူ့ကိုလက်ညိုးထိုးပြီး ခါးပိုက်နှိုက်လို့အော်ရင်းအတင်းပြေးလိုက်မယ့်ပုံလုပ်လိုက်တယ်။
ငနဲခမြာ ဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျအောင်ပြေးပါတော့တယ်။ကျွန်တော်ပိုက်ဆံတွေ ကောက်ပြီးကားထဲ ပြန်ရောက်လာတော့ရဲရင်းသွေးက အံ့သြသလိုငေးစိုက်ကြည့်ပြီး။
''ကိုမိုးလက်စားခြေပုံက သင်းတယ်ဗျာ။ ဒါ.. . . ဟိုပြဿနာကောင်လား''
''အစစ်ပေါ့။ ဒါပေမယ့် အတိအကျလက်စားခြေတာတော့ မဟုတ်ပါဘူး။ငါသာလက်စားခြေချင်ရင် လူများ တဲ့နေရာ အထိလိုက်သွားပြီးမှ အော်မှာ ပေါ့။ ခုဟာကသင်ခန်းစာပေးရုံ သက်သက်ပါ။ ဒါမှ မဟုတ်မဟတ်စွပ်စွဲတဲ့ အကျင့်ကိုဆင်ခြင် သွားမှာ ''
''လက်စားခြေတာ မဟုတ်လဲ လက်တုန့်ပြန်တာပေါ့ မုတ်သုန်ရဲ့။ သိပ်တော့မကွာပါဘူး''
နောက်ခန်းက ဘာဘူလှမ်းပြောတာပါ။
''အင်းလေ. . . ဟုတ်ချင်လည်းဟုတ်မှာ ပေါ့။ ကဲ. . . မောင်းတော့ ရဲရင့်သွေး။
မင်းကား. . . ကလပ်ဝါရှာလဲမယ့်ဟာ။ ခုချိန်ထိ ဝါရှာမဝယ်ရသေးဘူး။ နောက်ကျလို့..ကိုမျိုး ပွမ်နေအုံးမယ်''
အဲ့ဒီနေ့က အေသုံးလုံးမှာ ကလပ်ဆုံဝါရှာ ဝယ်ပြီးရဲရင့်သွေးကားကိုဝါရှာလဲပေးလိုက်တယ်။
တကယ်က သူ့ကလပ်ဆုံကဘာမှ ဖြစ်လှတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီအဝင်အထွက်ကောင်းအောင်၊ ကားပြင်ရင်းဟိုအကြောင်းဒီအကြောင်းလေကန်လို့ကောင်းအောင် အကြောင်းမရှိအကြောင်းရှာပြီးလာပြင်တဲ့ သဘောပါ။အံ့သြဖို့ကောင်းတာက လေပြေသွေးဆိုတဲ့သူ့အစ်မကို မုန်းသလောက်သူ့ကိုတော့ ကျွန်တော်ခင်မင်မိတယ်။
ရဲရင့်သွေးကလည်း ကျွန်တော့်အပေါ် ခင်ရှာတယ်။
ဒါပေမယ့်. . . ကျွန်တော့်ထက်ပိုပြီးသူခင်မင်ချင်သူရှိနေမှန်း အဲ့ဒီအချိန်ကကျွန်တော် မစဉ်းစားမိခဲ့ဘူး။
ပွဲတော်ငတ်နေလို့ထင်ပါရဲ့။
လူတွေအားလုံးဟာ တောက်တောက်ပြောင်ပြောင်ဝတ်ပြီး ရောင်စုံမီးချောင်းရောင်အောက်မှာ ဟိုဟိုဒီဒီလမ်းသလားနေကြတယ်။
ကျွန်တော်တို့ထိုင်နေကျ ဘူးသီးကြော်ဆိုင်လေးဟာ ပွဲတော်ရက်မို့လမ်းမကြီးပေါ်ကို ပြောင်းဖွင့်တဲ့အတွက် ကျွန်တော်တို့အုပ်စုလည်း နေရာပြောင်းပြီးလိုက်ထိုင်ကြတယ်။
ကျွန်တော်ကတော့ အိမ်ရှင်လိုဖြစ်နေတာမို့ လမ်းမပေါ်ရပ်ထာတဲ့သူ့ကားကိုစိတ်မချလို့ မကြာခဏလှမ်းကြည့်ပေးနေရတယ်။
အဲ့ဒီအချိန်မှာ ပဲ သံစဉ်ချိုနဲ့သူ့မောင်လေး အကြော်လာဝယ်တယ်။ သံစဉ်ကလူစိမ်းတစ်ယောက်ရှိနေမှန်း မရိပ်မိသေးတာမို့ ကျွန်တော်တို့ဝိုင်းမှာ ဝင်ထိုင်တယ်။ကျွန်တော်လူမှု ရေးအရ သူမကို ရဲရင့်သွေးနဲ့မိတ်ဆက်ပေးလိုက်တယ်။
''ရဲရင့်သွေး..ဒါငါ့သူ့ငယ်ချင်း သံစဉ်ချိုဆိုတာပေါ့။ သံစဉ်..သူကရဲရင့်သွေးတဲ့။စက်မှု ကျောင်းသား''
သံစဉ် မျက်လုံးတွေ ဝိုင်းခနဲဖြစ်သွားတယ်။ကြည့်ရတာ အခုမှ လူစိမ်းတစ်ယောက် ရှိနေမှန်း သိသွားပြီး၊ အံ့သြသွားပုံ မျိုးပါ။
''တွေ့ရတာ ဝမ်းသာပါတယ် မသံစဉ်ချို''
''သြော်. . . ဟုတ်ကဲ့''
သံစဉ်က ဒါပဲပြောပြီး ခဏနေတော့ မှာ ထားတဲ့အကြော်ရလို့ထပြန်သွားတယ်။ ရဲရင့်းသွေးက ရေဒီယိုနဲ့ စောစောကပြောလက်စဘောလုံးပွဲအကြောင်းဆက်ပြောတယ်။
မိတ်ဆက်ပွဲက မြန်ဆန်သလိုတွေ့ဆုံချိန်ကလည်းတိုတောင်းလှပါတယ်။ဒါပေမယ့်. . . အဲ့ဒါတွေရဲ့နောက်ဆက်တွဲ ကို နောက်တစ်နေ့မှပဲ ကျွန်တော်ကြားသိလာရတယ်။
ပထမဦးဆုံး စတင်လာသူက ရဲရင့်းသွေးပါ။
''ကိုမိုး. . . ကျွန်တော်သိချင်တာတစ်ခုရှိလို့. . . မေးလို့ရမလား''
အလယ်တန်းကျောင်းသားလေးလို ရိုရိုကျိုးကျိုးစကားစလာလို့ ကျွန်တော်ရယ်ချင်သွားတယ်။
''ဆယ့်သုံးနှစ်သား လူပျိုပေါက်ကလေးလို စွတ်ရွတ်ရိုသေပြမနေစမ်းပါနဲ့ရဲရင့်သွေးရာ။ မင်းဘာသိချင်တာလဲ တို့ဝပ်ရှော့ပိုင်ရှင်ရဲ့သမီးအကြောင်းလား။ ဒီနားကငနဲမလေးတွေ တစ်ယောက်မှ မစွံပါဘူး ရဲရင့်သွေးရာ. . . ''
''ကျွန်တော် သိချင်တာက ကောင်မလေးအကြောင်းတော့ ဟုတ်တယ်ကိုမိုး။ ဒါပေမယ့်. . . ဒီနာက ချာတိတ်မတွေမဟုတ်ဘူး''
''ဒါဖြင့်...ဘယ်သူလဲ''
''သံ.စဉ်.ချို. . . ပါ''
''ဟင်''
မထင်မှတ်တဲ့နေရာက ဖြတ်ဝင်လာတဲ့ဘောလုံးတစ်လုံးနဲ့ မျက်နှာချင်းဆိုင်လိုက်ရတဲ့ ဂိုးသမားတစ်ယောက်လို. . . ကျွန်တော်အငိုက်မိသွားတယ်။
''ဟိုလေ. . . ကိုမိုးနဲ့သူနဲ့က တကယ်ရိုးရိုးပဲလား''
ကျွန်တော်လျှာတွေ အာစေးမိထားသလိုလေးလံနေပေမယ့် တတ်နိုင်သမျှတော့ အတည်ငြိမ်ဆုံးဖြစ်အောင်ကြိုးစားလိုက်တယ်။
''ရိုးရိုးပါပဲ ရဲရင့်သွေးရဲ့။ မင်းကဘယ်လိုထင်လို့လဲ''
''မထင်တတ်ပါဘူး ။ ကိုဘာဘူတို့ကပြောတော့ ...''
''သူတို့လျှောက်နောက်နေတာပါ။''
''ဒါဆို. . . ''
''ဘာလဲ ရဲရင့်သွေး''
''ကျွန်တော်စိတ်ဝင်စားခွင့်ရှိသလား ကိုမိုး''
ကျွန်တော်ဘယ်လိုဖြေရမှာ လဲ။
အရပ်ထဲက ချာတိတ်တွေကတော့ ငါ့ကိုကြောက်လို့စိတ်မဝင်စားရဲကြဘူးလို့ အမှန်အတိုင်းပြောလိုက်ရမှာ လား။
''မင်းသဘောပဲရဲရင်သွေး''
''ဗျာ''
''မင်းစိတ်ဝင်စားချင်ရင် ဝင်စားခွင့်ရှိတာပေါ့။ ဒါပေမယ့်တစ်ခုတော့ကြိုပြောထားမယ်။ အပျော်သဘော လက်တည့်စမ်းတာမျိုး၊ သူငယ်ချင်းချင်း မျက်နှာပျက်ရမယ့် ကိစ္စမျိုးတော့ငါလုံးဝသည်းခံမှာ မဟုတ်ဘူး''
'ဟာ. . . အဲ့ဒါမျိုးမဟုတ်ပါဘူးဗျာ။ ကျွန်တော်အဲ့ဒီလောက် အောက်တန်းမကျပါဘူး''
''ပြီးရောလေ''
ဘေးနားက ဂွကိုယူပြီး ဒူးဆစ်ဖြုတ်ထားတဲ့ ကားအောက် ကျွန်တော်ငုံ့ဝင်လိုက်တယ်။
ဒုတိယအသိပေးလာသူက သံစဉ်ချိုပါ။
''အဲ့ဒီတစ်ယောက်ကို. . . ငါကျောင်းမှာ သုံးလေးခါမက မြင်ခဲ့ဘူးတယ်မုတ်သုန်ရဲ့''
''ဟုတ်မှာ ပေါ့။ သူငါတို့ကျောင်းလာဖူးတယ် ပြောတာပဲ''
''ဟဲ့. . . ဒါပေမယ့် သူလာတာငါ့အတန်းရှေ့ချည်းပဲ''
''ဟင်''
ကျွန်တော်မျက်မှော င်ကျုံ့ပြီးသံစဉ်ကို အကဲခတ်လိုက်တော့ သူမမျက်နှာကစိတ်ရှုတ်နေသလိုမျိုးဖြစ်နေတယ်။
''ငါ့အထင်ပြောရရင် အဲ့ဒီတစ်ယောက် ငါ့ကိုများ လာရစ်နေသလားပဲ။''
သံစဉ်လေသံက ဂုဏ်ယူဝင့်ကြွားပုံမျိုး မဟုတ်ဘဲစိတ်ပျက်လက်ပျက်ဖြစ်နေသလိုမျိုးပါ။
''အဲ့ဒီတော့. . . နင်ဆိုလိုချင်တာက ဘာလဲသံစဉ်''
''ဟင့်အင်း. . . ငါဘာမှ မဆိုလိုချင်ဘူး။ သူ. . . ငါတို့ အုပ်စုထဲဝင်လာပုံကထူးဆန်းလို့ စဉ်းစားနေတာ။''
''နင်ဆိုလိုတာက မရိုးမသား ဝင်လာတယ်ဆိုတဲ့သဘောလား''
''မသိဘူးလေ။ သူနင်တို့ဆီကားလာပြင်တယ် ဆိုတာရော တမင်ဇာတ်လမ်းဆင်တာ မဖြစ်နိုင်ဘူးလား''
ရုတ်တရက် ကျွန်တော့်အတွေးတွေရှင်းခနဲဖြစ်သွားပြီ လေတစ်ချက်ချွန်လိုက်တယ်။
''ဘာဖြစ်တာလဲမုတ်သုန်ရဲ့''
''သဘောကျလို့ပါ။ နင်တွေးတာအမှန်ပဲ သံစဉ်။ သူငါတို့ဝပ်ရှော့ကိုရောက်လာတာ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ရောက်လာတာပဲ။ ငါ့ကိုရင်းနှီးအောင်ကြိုးစားတာဟာလည်း နင့်ဆီဦးတည်ချင်လို့ပဲ''
''ဒါဖြင့်. . . ငါဘာလုပ်ရမလဲ မုတ်သုန်''
သံစဉ်က စိုးရိမ်တကြီးလေသံနဲ့မေးလာလို့ ကျွန်တော်ပြုံးလိုက်မိတယ်။
''နင့်သဘောပေါ့ သံစဉ်။ လူဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမှာ ပဲ။ဘေးလူက ဖန်တီးပေးလို့မှမရတာ ။ နင့်ဘာသာဆုံးဖြတ်ပေါ့''
''နင့်မစိုးရိမ်ဘူးလားမုတ်သုန်''
''ဘာကိုလဲ''
''သူ...ငါတို့ကြားထဲ ဝင်လာတာကို''
ကျွန်တော်ဟက်ခပ်နဲရယ်ပြီး ခေါင်းရမ်းလိုက်တယ်။
''ငါ. . . စိတ်ထဲမှာ တောင်မထားဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။သူ. . . မရိုးမသားတဲ့ အကွက်တွေသုံးလာရင်တော့ ငါ့လက်သီးနဲ့တွေ့မှာ ပဲ''
ကျွန်တော်ခပ်မာမာ ပြောလိုက်တော့ သံစဉ်ချိုကခေါင်းညိတ်ပြီး ကျေနပ်သံနဲ့ ရေရွတ်တယ်။
''ငါ. . . ယုံတယ်မုတ်သုန်။ နင်ငါ့ကို ပစ်မထားဘူးဆိုတာငါသိတယ်'
''ပစ်ထားစရာလား သံစဉ်ရာ။ နင်နဲ့ငါနဲ့က. . . ''
''ဘာဖြစ်လဲ မုတ်သုန်''
''အခင်ဆုံးသူငယ်ချင်းတွေပဲဟာ။ နင့်ရှေ့က ငါရပ်တည်မှာ ပါ''
''ရပ်တည်ပေးရုံပဲလား''
''လိုအပ်ရင်လည်းကာကွယ်စောင့်ရှောက်ရမှာ ပေါ့ သံစဉ်ရယ်''
သံစဉ်သက်ပြင်းချတယ်။
ခပ်လှမ်းလှမ်းလဘက်ရည်ဆိုင်ကသီချင်းသံကျွန်တော်တို့ဆီလွင့်ပျံလာတယ်။
သူငယ်ချင်းကို မချစ်ရဘူးလို့xxဘယ်သူတွေစပြောခဲ့လဲxနင်လမ်းမှာ ချနင်းဖို့ ငါ့ဘဝကိုပုံအောခဲ့တယ်xxလိုအပ်ရင်အခင်ဆုံးလို့နင်ငါ့ကိုပုံပြောခဲ့တယ် xx။
![]() အဇ္ဈတ္တဆူး | ![]() သင်၏ချစ်လှစွာသော | ![]() အသက်တမျှ |