
အခန်း(၁)
ကျွန်တော် ဟာ သူများ အကြောင်းကို စိတ်မ၀င်စားတတ်သလို ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ကိုလည်း အလွန်ဝန်လေးလှပါတယ်။ လူတစ်ဖက်သားအပေါ် ဟောင်ဖွာ ဟောင်ဖွာနဲ့ ဆရာလုပ်တတ်သူ တစ်ယောက် လည်း မဟုတ်ရိုးအမှန်ပါ။
ဒါပေမယ့် အိမ်ထောင်ပြုဖို့ စိတ်ကူးနေကြတဲ့ မိတ်ဆွေများ ကိုတော့ အကြံတစ်ခု လောက်ပေးလိုက် ချင်ပါရဲ့ ။
မိန်းမယူမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးများ ရှိခဲ့ရင် ပြောပါတယ်။ ကိုယ့်ထက်ခု နစ်နှစ် ၊ ရှစ်နှစ် လောက်ငယ်တဲ့ မိန်းကလေးများ ကိုတော့ ယောင်လို့တောင် စိတ်မကူးလိုက် လေနဲ့။
မိန်းကလေး တစ်ယောက် ဟာ ကိုယ့်ထက်လည်း အသက်အများ ကြီးငယ်မယ်၊ က လေးဆန်တဲ့ စိတ်ကလေးလည်း ရှိမယ်ဆိုရင်တော့ ဝေးဝေးကသာ ရှောင်ပေတော့လို့ သ တိပေး
အဲဒီ လို မိန်းကလေးမျိုး ယူမိလို့ ကတော့ ဘ၀မှာ မိန်းမ၊ မယူခဲ့မိရင် အကောင်းသား ဆိုတဲ့ နောင်တ တရား၊ တစ်သက်လုံးရသွားမယ်မှတ်။
မယုံမရှိလေနဲ့။
ကျွန်တော် က ကိုယ်တွေ့ ပါ။
ကျွန်တော် ဟာ ကိုယ့်ထက် အသက်အများ ကြီး ငယ်တဲ့မိန်းကလေး တစ်ယောက် ကို လက်ထပ်ယူခဲ့မိတယ်။
ဒါဟာ ကျွန်တော့် ဘ၀အတွက် အကြီးကျယ်ဆုံး ချွတ်ချော်လွဲမှားမှု တစ်ခု ဖြစ်သ လို -
ကျွန်တော် အမက်မောဆုံးအမှားတစ်ခုလည်း ဖြစ်တယ်။
ဖူးစာဆိုတာ ဘယ်လောက်များ အံ့သြစရာ ကောင်းလိုက်ပါသလဲ။
ကျွန်တော် အိမ်ထောင်ပြုရင် ကျွန်တော် ယူမယ့် မိန်းမဟာ ဘယ်လိုပုံသဏ္ဍာန်မျိုးရှိ ရမယ်၊ ဘယ်လို စိတ်ထားမျိုးရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ၊ စံနှုန်းတွေ ကျွန်တော့် မှာ အပြည့်အစုံရှိပေမယ့်၊
သူနဲ့လက်ထပ်တဲ့အခါမှာ တော့
ကျွန်တော် တင်ကြို စိတ်ကူးယဉ်ထားခဲ့တဲ့ သတ်မှတ်ချက်စံနှုန်းတွေ အကုန်လုံး ဖရိုဖရဲ ဖြစ်တော့တာပါပဲ။ သူဟာ ကျွန်တော့် စံနှုန်းတွေ နဲ့ ဘာတစ်ခုမှ မကိုက်ညီတဲ့မိန်းက လေး တစ်ယောက် ပါ။
ဘာပဲ ဖြစ် ဖြစ် အဲဒီ့ မိန်းကလေးကိုပဲ ကျွန်တော် က မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ယူခဲ့ မိပါတယ်။
အခန်း(၂)
ကျွန်တော် သူ့ကိုတော့ ကျွန်တော့် အသက် (၂၆) နှစ် သာသာ၊ သူ ကတော့ ကျွန်တော့် ထက် (၇)နှစ် ၊ (၄)လနဲ့ (၂၈)ရက်တိတိ ငယ်တယ်။ အသက်တင် ငယ်တာမ ဟုတ်ဘူး။
အရပ်ကလည်း ကျွန်တော့် ထက် (၇)လက်မလောက် ပုလိုက်သေးတယ်။
ဒီတော့ သူနဲ့ ကျွန်တော် ဟာ ကလေးနဲ့ လူကြီးလို ဖြစ်နေတော့တာပါပဲ။
လမ်းထွက်ရင် တူဝရီးလား၊ မောင်နှမလား အထင်ခံရလွန်းလို့ သူနဲ့အတူ လမ်း လျှောက်ထွက်တဲ့ကိစ္စကို တတ်နိုင်သမျှ ရှောင်တယ်။
မတတ်သာလွန်းလို့ အတူတူသွားရမယ်ဆိုရင်တောင် သူ့ကို ရှေ့ကသွားခိုင်းပြီး ကျွန်တော် က နောက်ကနေ ခပ်ခွာခွာ လိုက်လေ့ရှိတယ်။
အဲဒါတောင် ပါးစပ်အငြိမ်မနေတတ်တဲ့ ကောင်လေးတွေ က
“ဟိုလူကြီး မကြီးမငယ်နဲ့ နောက်ကနေ လိုက်တွန်းနေတယ်”
လို့ မကြားတကြား အစခံလိုက်ရသေးတယ်။
အဲဒီ လို အစခံရပြီးနောက်ပိုင်း သူနဲ့ ကျွန်တော် နဲ့ နေရာချင်း ချိန်းလိုက်တယ်။
ကျွန်တော် က ရှေ့ကနေ ခပ်သုတ်သုတ်လျှောက်ပြီး သူက နောက်ကနေ ခပ်ဖြေး ဖြေးလိုက်ပေါ့။ အဲဒီ တော့မှပဲ အစအနောက်ခံရတဲ့ ၀ဋ်က ကျွတ်သွားတော့တယ်။
ဒါပေမယ့် အသက်ချင်းကွာတဲ့ ပြဿနာကိုတော့ ဘယ်လိုမှ မဖြေရှင်းနိုင်ခဲ့ဘူး။
“ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့၊ ယောက်ျားမောင်ပဇဉ်း၊ မိန်းမပုခက်တွင်းဆိုတဲ့ စကား တောင်ရှိသေးတာပဲ”
“အေးလေ တစ်ချို့များ ဆိုရင် မြက်နုကလေးတွေ တောင် တမင်လိုက်ရှာကြသေး တာပဲ”
သူငယ်ချင်းတွေ က ၀ိုင်းအားပေးကြပေမယ့် သူနဲ့ကျွန်တော် အသက်ချင်းခုနစ်နှစ် လောက်ကွာနေတဲ့ ကိစ္စ ကတော့ ဘယ်လိုမှ ပျောက်ပျက်မသွားခဲ့ပါဘူး။
ကလေးနဲ့လူကြီးလို ဖြစ်နေတဲ့ကိစ္စဟာ တခြားလူတွေ အတွက် ဘယ်လိုရှိမှန်းမသိ ပေမယ့် ကျွန်တော့် အတွက်တော့ အဲဒါရဲ့ အကျိုးဆက်ဟာ သိပ်မကောင်းလှဘူး။
အသက်ချင်းကွာတာကို အကြောင်းပြပြီး သူဟာ ကျွန်တော့် အပေါ် လွှတ် နွဲ့ဆိုး ဆိုးပြီး လွှတ်အနိုင်ယူလွန်းလို့ပါပဲ။ ဒီကြားထဲ စိတ်ကလည်း ကောက်လိုက်သေးရဲ့ ။
သူ စိတ်ကောက်ပုံက စိတ်မကောက်မိတဲ့နေ့ဆို သူ့အရပ်ဟာ ပိုပြီး ပုသွားမှာ ဆိုးလို့ ၀တ္တရားတစ်ခုပမာ သဘောထားပြီး ကောက်နေတဲ့အတိုင်းပါပဲ။ အားကစားသမားတွေ နေ့ တိုင်းလေ့ကျင့်ခန်းယူသလိုမျိုး နေ့တိုင်းကောက်နေခဲ့တာပါ။
ဘယ်လောက်များ စိတ်ကောက်တတ်သလဲဆိုရင် လွန်ခဲ့တဲ့ သုံးလေးရက်လောက် က ကိစ္စကို ခုမှ သတိရလို့ ဆိုပြီး ထကောက်တတ်တာမျိုး၊ အဲဒီ့ လောက်ကို ကောက်တတ် တာပါ။
တစ်ခါက ကျွန်တော် တို့နှစ် ယောက် ထမင်းလက်ဆုံစားကြတယ်။
ထမင်းဆိုလို့ ပြောရအုံးမယ်။
သူက ထမင်းချက်တဲ့နေရာမှာ တော့ အတော် သားလို့ ဆိုရမယ်။
ဘယ်လောက်ထိအောင် ဟင်းချက်တော် သလဲဆိုရင် ထမင်းစားပွဲပေါ်မှာ အမြဲတန်း ဆားတစ်ခွက်နဲ့ အချိုမှု န့် တစ်ခွက်ကို ချထားရတဲ့အထိပါပဲ။
သူချက်တဲ့ဟင်းတွေ က ငန်ချင်ငန်၊ မငန်ရင် ပေါ့နေတတ်လို့ပါ။ အရည်သောက် ဟင်းတွေ ဘာတွေ များ ချက်တဲ့နေ့ဆိုရင် ထမင်းစားပွဲမထိုင်ခင် ရေး နွေးဓါတ်ဗူးကို အရင်ရှာ ထားရတယ်။ တကယ်လို့များ ငန်သွားခဲ့ရင် ရောရအောင်လို့ပါ။
တစ်ခါတစ်လေတော့လည်း အပြောင်းအလဲ ဖြစ်အောင် ထင်ပါရဲ့ ။
မစပ်ရမယ့်ဟင်းကိုစပ်ပြီး၊ မချဉ်သင်တဲ့ဟင်းကို ချဉ်အောင်လည်းလုပ်တတ်ပါသေး တယ်။
သူက ဟင်းကိုသာ အ ဖြစ်ရှိအောင်မချက်တတ်ပေမယ့် စိတ်ကောက်တဲ့နေရာမှာ တော့ ကျွမ်းသလားမမေးနဲ့၊ လှလှပပ ဝေေ၀ဆာဆာလေး ဖြစ်အောင်ကို ကောက်တာပါ။ တော် ရုံတန်ရုံလူတွေ မစဉ်းစားမိတဲ့ကိစ္စမျိုးကိုတောင် သူက ရှာကြံ စဉ်းစားပြီး စိတ်ကောက် တတ်တယ်ဆိုရင် သူ့ရဲ့ အရည်အချင်းကို သဘောပေါက်လောက်ရောပေါ့။
ဒါနဲ့ စောစောက စကားကိုပြန်ဆက်ရရင် -
သူနဲ့ ကျွန်တော် နဲ့ ထမင်းလက်ဆုံစားရင်း တစ်ယောက် ကို တစ်ယောက် နောက် ပြောင်ကျီစယ်လို့ တကယ့်ကို ပျော်စရာကောင်းတဲ့အချိန်ကလေးပါ။
အဲဒီ လို အချိန်မျိုးမှ မရွှေချောက ဘာမပြောညာမပြောနဲ့ ထပြီး စိတ်ကောက်တော့ တာပဲ။
ရာသီဥတုကောင်းမွန်ကြောင်း မိုးလေ၀သကြေညာချက်ကို သေချာနားထောင်ထား ပါလျက်နဲ့ ရုတ်တရက် ဟာရီကိန်းမုန်တိုင်းနဲ့တွေ့ လိုက်ရတဲ့ မာလိန်မှူး တစ်ယောက် လို ကျွန်တော် ကြောင်သွားတယ်။
တကယ်ပါ။
အကောင်းသားကြီးကနေ ဗြုံးဆိုဘာမပြောညာမပြောနဲ့ ထမင်းဝိုင်းကနေ ဆတ်ခနဲ ထပြီးထွက်သွားတယ်၊ စားလက်စ ဇွန်းတန်းလန်းနဲ့ ပန်းကန်ကို ဒီတိုင်းထားပြီး ထထွက် သွားကတည်းက ကျွန်တော် သိလိုက်ပါတယ်။
သူ စိတ်ကောက်ပြီပေါ့။
ဒါပေမယ့် ကျွန်တော် နားမလည်တဲ့အချက်က ကျွန်တော် လည်း ဘာမှ အမှားအ ယွင်းမလုပ်ဘဲ ကောက်ခါငင်ကာ ထ ဖြစ်သွားတဲ့ကိစ္စကိုပါ။
အရင်ကဆိုရင် သူ့ဟင်းတွေ နဲ့ ပတ်သက်ပြီး ကျွန်တော် ဝေဖန်လေ့ရှိတယ်။ ချစ်စ နိုးနဲ့ နောက်ပြောင်ဝေဖန်တတ်တာမျိုးပါ။
ဒါပေမယ့် သူ မကြိုက်မှန်းသိလို့ နောက်ပိုင်း ဘာမှ မဝေဖန်တော့ဘူး။ အခုလည်း မဝေဖန်တဲ့အပြင် အစပ်အဟပ်တည့်နေလို့တောင် ချီးကျူးလိုက်မိသေးတယ်။
ဘယ်လိုများ ဖြစ်သွားတာပါလိမ့်။
သူ ထမင်းဝိုင်းနဲ့ မလှမ်းမကမ်းကြိမ်ကုလားထိုင်မှာ ကျွန်တော့် ကို ကျောပေးပြီး သွားထိုင်နေတာပါ။
“မီး ဘာ ဖြစ်လို့လဲ”
အချိုသာဆုံးလေသံနဲ့ ကျွန်တော် လှမ်းမေးလိုက်ပေမယ့် သူက ဘာမှအဖြေမပေး ဘူး။ မုန်တိုင်းရဲ့ ပြင်းအားအဆင့်က မသေးမှန်းကျွန်တော် ချက်ချင်း ပဲ သဘောပေါက်လိုက် တယ်။
ဒါကြောင့် စားလက်စ ထမင်းပန်းကန်ကို ဂရုမစိုက်နိုင်တော့ဘဲ ထိုင်ရာကထပြီး သူ့ ဆီကို လျှောက်လာခဲ့မိတယ်။
“ဘာ ဖြစ်လို့လဲ မီး၊ ကိုယ့်ကိုပြောအုံးလေ”
ကျွန်တော် သူ့ပခုံးလေးကို ညင်ညင်သာသာ လှမ်းကိုင်ပြီး မေးလိုက်တော့ သူက ကျွန်တော့် လက်ကို ဆတ်ခနဲပုတ်ထုတ်ပြီး စွာ တာတာလေသံလေးနဲ့ ပြန်အော်တယ်။
“လူကို လာမထိနဲ့”
“ဘာ ဖြစ်လို့လဲ မီးရဲ့ ”
“မီး ကိုကိုနဲ့ မခေါ်ဘူး”
ဘုရားကယ်တော် မူပါ။
ဘာမှလည်းအမှားအယွင်းမလုပ်ဘဲ၊ ဘယ်လို ဖြစ်သွားရတာ ပါလိမ့်။
“နေပါအုံး မီးရဲ့ ၊ အကောင်းသားကြီးကနေ ဘယ်လို ဖြစ်သွားတာလဲ”
“မနက်က အပြင်သွားခါနီး ကိုကို မီးကို ဘာပြောသွားသလဲ မှတ်မိလား”
ကျွန်တော့် ကို မကြည့်ဘဲ မျက်နှာကို တမင်လွှဲထားပြီး ခပ်စူးစူးလေသံနဲ့ ပြောတာ ပါ။
မနက်ကတဲ့။ မနက်က မဂ္ဂဇင်းတိုက်သွားခါနီး ကျွန်တော် ဘာပြောခဲ့မိပါလိမ့်။ ကျွန် တော် သိသလောက်တော့ ကျွန်တော် အပြင်ထွက်တိုင်း -
“မီး ဘာမှာ အုံးမလဲ”
လို့ မေးလေ့ရှိသလို၊
ထမင်းအိုး ဟင်းအိုးတည်ရင် မီးဖိုတွေ ဘာတွေ ဂရုစိုက်ဖို့ မီးရေး ထင်းရေး အပြင် နေ့ ခင်း နေ့လည်တရေး တမော အိပ်တဲ့အခါ တံခါးသေချာပိတ်ပြီးမှ အိပ်ဖို့။
အဲဒီ လိုမျိုး အမြဲ သတိပေးလေ့ရှိတယ်။
ခု သူပြောပုံအရဆိုရင် အဲဒါမျိုးမဟုတ်တာ သေချာတယ်။
တစ်ခုခုတော့ ကျွန်တော် ပြောမှားဆိုမှားရှိခဲ့လိမ့်မယ်။
ဘာများ မှားခဲ့ပါလိမ့်။
ကျွန်တော် အပြင်းအထန် စဉ်းစားတယ်။ ခေါင်းထဲက အငွေ့တထောင်းထောင်း ထွက်မတတ်ကို စဉ်းစားတာပါ။ ဒါပေမယ့် ကျွန်တော် စဉ်းစားလို့မရဘူး။ ဒါကြောင့် ကျွန် တော် လက်လျှော့ပြီး သူ့ကိုပဲ ပြန်မေးလိုက်ရတယ်။
“နေစမ်းပါအုံး၊ ကိုယ် ဘာများ ပြောခဲ့မိလို့လဲ”
“တကယ့်ကို မမှတ်မိတာပါ၊ ကိုယ်သိသလောက် မီး စိတ်ဆိုးအောင် ကိုယ်ဘာမှ မပြောခဲ့မိပါဘူး”
“အံမာ ဘာလို့ မပြောခဲ့ရမှာ လဲ၊ ဂျပုမလေးရေ တာ့တာဆိုပြီး ကိုကိုအော်သွားတာ လေ”
ဒီတော့မှပဲ သူ စိတ်ကောက်ရတဲ့အကြောင်းရင်းကို သဘောပေါက်သွားပြီး ကျွန် တော် ရယ်ချင်သွားတယ်။
သေလိုက်ပါတော့။
မနက်က မဆင်မခြင်နောက်လိုက်မိတဲ့ စကားလေးတစ်ခွန်းကို ခုမှ ပြန်သတိရပြီး ထစိတ်ကောက်ရတယ်လို့ ဗြုံးခနဲထပြီး စိတ်ကောက်တာ ဖြစ်ပေမယ့် ဗြုံးခနဲတော့ ပြန်ပြီး စိတ်ပြေမသွားဘူး။
သူ စိတ်ပြေဖို့အတွက် ထမင်းဆက်မစား ဖြစ်တော့ဘဲ နှစ် နာရီကြာအောင် ထိုင်ချော့လိုက်ရတယ်၊ မှတ်ကရော။
![]() အချစ်ရောင်ရင့်ရင့် | ![]() ပန်းဆွတ်မိုး | ![]() အဇ္ဈတ္တဆူး |