Cover

အချစ်ရောင် ရင့်ရင့်

နိဒါန်း

မိုးအလွန်ရွာသည့် တစ်ခုသော နေ့တစ်နေ့မှာ တော့ မမ၏ ရုံးသို့ သူ မမျှော်လင့်ဘဲ ရောက်ရှိသွား ခဲ့သည်။

ထိုသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ခြင်းမှာ ထိုသို့ ရောက်ရှိလာသည်ဟု မမထင်အောင် တမင် သွားခဲ့ခြင်းကြောင့် ပဲ ဖြစ်သည်။

မမ အလုပ်လုပ်သော ဌာနမှာ မလဲ့ကိုသာ ကြိုတင်မေးမထားပါက ဘယ်လိုမှ ရှာဖွေတွေ့ ရှိမည် မဟုတ်ပေ။ ထို့ပြင် တစ်ရုံးလုံး အင်္ကျိအဖြူ၊ လုံချည်ပန်းဆီရောင် တူညီဝတ်စုံများ ချည်း ဖြစ်နေသော ကြောင့် မမကိုတွေ့ ရန် သူအတော် ကြိုးစားရသည်။

မမ၏ စားပွဲမှာ မလဲ့ပြောထားသကဲ့သို့ ပင် ရုံးခန်း၏ ညာဘက်ထောင့်စွန်းနားမှာ ဖြစ်သည်။

ဆံပင်ရှည်ရှည်ကြီးများ မျက်နှာတစ်ခြမ်း အုပ်လုနီးပါးခေါင်းငုံ့လျက် အလုပ်လုပ်နေသော မမဆီသို့ … တန်းတန်းမတ်မတ် လျှောက်သွားချင်သော်လည်း အခန်းတွင်းရှိ အမျိုးသမီးလေးငါးဆယ် ကျော်၏ ရှေ့မှဖြတ်လျှောက်ရန် မ၀ံ့ရဲသော ကြောင့် အ၀နားမှ အမျိုးသမီး တစ်ယောက် ကို အကူအညီ တောင်းရသည်။

ထိုအမျိုးသမီး၏ လှမ်းအော်ပေးမှု ကြောင့် မမ သူ့ကိုမြင်သွားပြီး တအံ့တသြမျက်နှာနှင့် ထထွက် လာသည်။

‘ဟဲ့.. ဘယ်လိုက ဘယ်လိုရောက်လာတာလဲ’

‘အပေါ်ထပ် ရေမိလ္လာဌာနကို လာတာ၊ ဒီနားကအဖြတ် မမကို လှမ်းတွေ့ တာနဲ့ ခေါ်ခိုင်းလိုက် တာ’

‘ဟုတ်ရဲ့ လား နိုင်လင်းသော်ရယ်၊ မင်း မလဲ့ကို မေးထားတာမဟုတ်လား’

‘ပေါက်ပေါက်ရှာရှာ မမရယ်၊ မမကို လှမ်းမြင်လို့ပါဆို’

‘ဒီလောက် လူအများ ကြီး ညည်းက တို့ကိုရွေးမြင်တယ်လား’

‘မြင်တာပေါ့၊ မမက အားလုံးထဲမှာ အလှဆုံးပဲဥစ္စာ’

သူ့စကားကြောင့် မမ ဟက်ခနဲ တစ်ချက်ရယ်သည်။

‘မင်း လက်ဖက်ရည်သောက်မလား’

‘ကျွန်တော် တကယ်ပြောတာပါ’

‘မဟုတ်ဘူး၊ တို့တကယ်ပြောတာ၊ ဒီနားမှာ ရပ်နေတာမကောင်းဘူး’

သည်တော့မှ မျက်လုံးပေါင်းတစ်ရာကျော်ကျော်ရှိသော အခန်းဝမှာ သူနှင့် မမ ရပ်နေမိကြေ ကြာင်း သူသတိပြုလိုက်မိသည်။

‘သောက်မယ်လေ၊ ဆိုင်ကောင်းကောင်းမှာ တိုက်မယ်ဆိုရင်ပေါ့’

‘မင်းမင်းကျော်မှာ တိုက်မယ်၊ ခဏစောင့်၊ တို့ပြန်လာခဲ့မယ်’

မမ ဆက်ရှင်ထဲသို့ လှစ်ခနဲပြန်ဝင်သွားသည်။

ပိုက်ဆံအိတ်သွားယူတာပဲ ဖြစ်သည်။

‘ကဲ..လာ…သွားကြမယ်’

သူနှင့် မမ ရုံးပေါက်ဝဘက်သို့ ထွက်လာခဲ့ကြသည်။ ရုံးဝအရောက်မှာ တော့ မင်းမင်းကျော်သို့ သွားရန် အခက်အခဲတစ်ခုရှိနေကြောင်း သူ သတိထားလိုက်မိသည်။

မိုးရွာနေခြင်းပဲ ဖြစ်သည်။

သူရုံးထဲ ၀င်လာခါစ တဖွဲဖွဲလေးသာရှိသော မိုးမှာ ယခုတော့ ပြင်းပြင်းထန်ထန်ကို သည်းေ နတော့သည်။

သူ မိုးစက်တို့ကို ငေးကြည့်နေစဉ်မှာ ပင် ပိုက်ဆံအိတ်ညိုညိုကြီးထဲမှ ထီးနီနီလေးတစ်ချောင်း က မမလက်ထဲသို့ ဖျက်ခနဲရောက်လာသည်။

မမမှာ ထီးပါလာခဲ့သည်။

သို့ သော် သူ့မှာ တော့ ထီးပါမလာခဲ့ပါ။

ထီးပါသော အမျိုးသမီး တစ်ယောက် နှင့် ထီးမပါသော အမျိုးသားလေး တစ်ယောက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အန္တရာယ်အကင်းဆုံး ဖြစ်အောင် ဘယ်လိုသွားရင်ကောင်းမလဲဟု စဉ်းစားနေမိသည်။

သူ၏ အခက်အခဲကို မမက အလွယ်ကူဆုံးနည်းနှင့် ဖြေရှင်းလိုက်သည်။

‘ရော့..ညည်းက ထီးကိုင်’

သည်လိုနှင့် မမ၏ ထီးနီနီလေးမှာ သူ့လက်ထဲသို့ ကူးပြောင်းလာခဲ့တော့သည်။ ထိုထီးသည် သူ့အား အတော် ကို ဒုက္ခရောက်စေခဲ့သော ထီးပဲ ဖြစ်သည်။

မိန်းမကိုင်သုံးဆစ်ချိုးခေါက်ထီးလေးတစ်လက်အနေနှင့် ဆိုပါက ထိုထီးလေးမှာ ဘာမှအပြစ် ပြောစရာမရှိသော်လည်း မမ မိုးစိုမှာ စိုးရိမ်သော သူနှင့် သူ့အား မိုးမမိစေချင်သော မမတို့အတွက်ဆိုပါ က ထိုထီးမှာ အတော့် ကိုသေးငယ်လွန်းလှပါသည်။

‘ဟေး..တို့ကိုချည်း ဆောင်းပေးမနေနဲ့၊ မင်းလဲ လုံအောင်ဆောင်းဦး’

‘ဆောင်းပါတယ် မမရဲ့ ’

‘ဘာဆောင်းတာလဲ၊ မင်းကိုယ်တစ်ခြမ်းလုံး မိုးတွေ ရွဲနေပြီ။ ဒီဘက်တိုး’

ထိုထီးနီနီလေးကြောင့် ပင် သူနှင့် မမမှာ မင်းမင်းကျော်ရောက်သည်အထိ တစ်လမ်းလုံး ထိုသို့ သော စကားမျိုးကိုပြောခဲ့ကြရတော့သည်။

ဘာပဲ ဖြစ် ဖြစ် လက်ဖက်ရည်ဆိုင်ထဲ ရောက်သည့်တိုင်အောင် သူ့ရင်ခုန်သံတို့ ဆူညံနေရခြင်း၏ တစ် တရားခံမှာ မမ ဖြစ်သည်ဟုဆိုလျှင် နှစ် တရားခံ ကတော့ ထိုထီးနီနီလေးပဲ ဖြစ်သည်။

‘ညည်း..လက်ဖက်ရည်ပဲ မဟုတ်လား’

တလှပ်လှပ် ဖြစ်နေသော ရင်ကို တည်ငြိမ်အောင် ကြိုးစားနေရာမှ သူ ခေါင်းညိတ်ပြလိုက်သည်။

မမက လက်ဖက်ရည်နှစ် ခွက် လှမ်းမှာ သည်။

‘ကဲ..ပြောစမ်းပါဦး၊ တို့ဆက်ရှင်ကို မလဲ့ဆီက သိလာတာမဟုတ်လား’

‘မဟုတ်ပါဘူးဆို မမကလဲ’

မမက သူမ သိပါသည်ဟူသော အပြုံးမျိုးကို ပြုံးသည်။

‘တို့ရုံးကို သိသွားပြီဆိုသော နောက်လာလည်တော့မှာ ပေါ့’

‘ဒါပေါ့ အသေအချာကို လာလည်ရမှာ ပေါ့’

‘ဟေ့..ခဏခဏတော့ မလာရဘူးနော်’

‘ဘာ ဖြစ်လို့လဲ’

‘တို့ဆက်ရှင်က စပ်စုတယ်’

‘စပ်စုတော့ ဘာ ဖြစ်လဲ’

‘မင်း..ဘယ်သူလဲ ဘာလဲ ၀ိုင်းမေးကြမှာ ပေါ့’

‘အဲဒီ တော့ မမက ဘယ်လိုပြောမလဲ’

ထိုမေးခွန်းသည် မမသာဖြေတတ်ပါက အလွန်ရင်ခုန်ဖွယ်ကောင်းမည့်  မေးခွန်းပဲ ဖြစ်သည်။ သို့ သော် မမသည် ရင်ခုန်ဖွယ်မကောင်းအောင်ကို ဖြေတတ်သွားခဲ့သည်။

‘မင်းနဲ့တို့နဲ့က မောင်နှမပဲဥစ္စာ၊ အဲလိုပဲ ဖြေမှာ ပေါ့’

‘သူတို့က ယုံမှာ လား’

မမ၏ အကြည့်က တန်းခနဲကျရောက်လာတော့သည်။

‘ဘာ..မယုံစရာရှိသလဲ၊ မဟုတ်တာပြောတာမှ မဟုတ်တာ’

‘ဒါပေမယ့် မမနဲ့ကျွန်တော် နဲ့က တကယ့်မောင်နှမတွေ မှ မဟုတ်တာ’

သည်တစ်ခါကြည့်သော မမ၏ အကြည့်တို့က အတော့် ကိုစူးရှလွန်းလှသည်။ ထို့အတူ အတော် လည်းကြာမြင့်လွန်းလှသည်။

အတန်ကြာမှ မမ သူ့ကို မေးသည်။

‘အဲဒါ ဘာအဓိပ္ပာယ်လဲ’

သူ ဘာမှအဖြေမပေးဘဲ မမကိုသာ ငေးကြည့်နေမိသည်။

‘တို့မေးနေတယ်လေ၊ မင်းစကားက ဘာအဓိပ္ပာယ်လဲလို့’

မမ၏ အသံက အနည်းငယ်မာဆတ်ဆတ် ဖြစ်၍ နေသည်။

ဘာအဓိပ္ပာယ်လဲတဲ့…

သူ သက်ပြင်းတစ်ချက်ကို ရှိုက်ရင်းအဖြေပေးလိုက် သည်။

သူ့အဖြေက မမ မေးသော မေးခွန်းနှင့် ဘယ်လိုမှမအပ်စပ်သော အဖြေပဲ ဖြစ်သည်။

‘ကျွန်တော် မမကို ချစ်နေတယ် မမ’

♥ ♥ ♥


ပထမကဏ္ဍ

(၁)

သူ့ဘ၀အတွင်းသို့ ညက်ညောညင်သာစွာ ၀င်ရောက်၍ လာမည့် မမကို သူ စတင်သတိပြုခဲ့မိ ခြင်းမှာ နွေနှောင်းကာလ၏ နံနက်ခင်းလေးတစ်ခုမှာ ဖြစ်သည်။

သာမန်အားဖြင့် ဆိုလျှင်တော့ သူ၏ ပုံမှန်အိပ်ရာထချိန်မှာ အတန်ငယ်နေမြင့်လေ့ရှိသော်လည်း ထိုနေ့က ထူးခြားစွာ ပင် ရှစ်နာရီမထိုးခင် နိုးလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အိပ်ရာမှစောစောနိုးလာခြင်းကြောင့် ပင် သူ၏ နံနက်ပိုင်းလက်ဖက်ရည်တစ်ခွက်ကို လမ်း ထိပ်လက်ဖက်ရည်ဆိုင်မှာ မသောက်တော့ဘဲ လှည်းတန်းအထိသွားသောက်ရန် သူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အချိုပေါ့ပေါ့လက်ဖက်ရည်တစ်ခွက်ကို အလွန်အမင်းဆာလောင်တောင့်တလာစိတ်ဖြင့် အိပ်ရာ မှလူးလဲထရင်း ခပ်သွက်သွက်ပင် ရေချိုးအ၀တ်အစားလဲလိုက်သည်။

ထို့နောက် ဆယ်မိနစ်လောက်အကြာမှာ တော့ လှည်းတန်းမီးပွိုင့်အနီး လူစည်ကားရာ ပလက် ဖောင်းတစ်ခုပေါ်၌ အိပ်ရာနိုးခါစ မျက်လုံးအစုံနှင့် သူရောက်ရှိနေတော့သည်။

ရုံးဖွင့်ရက်တစ်ရက်၏ ရုံးတက်ချိန် ဖြစ်သော ကြောင့် ပလက်ဖောင်းတစ်လျှောက် လူတွေ က ရှုပ်ထွေးကျပ်ညပ်နေသည်။

လူအပ်နှင့် အတူ ရောလျက် လိုက်ပါရင်း ပန်းအိလက်ဖက်ရည်ဆိုင်ဘက်သို့ သူ ဖြည်းညင်းစွာ လျှောက်လာခဲ့မိသည်။

ထိုအချိန်အထိ နောင်အခါ သူ့အား ညည်းဟူသော အသုံးအနှုန်းနှင့် သုံးစွဲခေါ်ဝေမည့်  ရင်ခုန်ဖွယ်အမျိုးသမီး တစ်ယောက် နှင့် ဆုံစည်းရလိမ့်မည် ဟု သူ မထင်မိခဲ့။

ထို့ကြောင့် ပန်းအိလက်ဖက်ရည်ဆိုင်၏ (အပြင်ဘက်မြင်ကွင်းများ ကို ကောင်းစွာ လှမ်းမျှော် ကြည့်ရှုနိုင်မည့် ) စားပွဲတစ်လုံးမှာ နေရာယူခဲ့မိခြင်းပင် ဖြစ်သည်။

♥ ♥ ♥


(၂)

သူနေရာယူထားသော စားပွဲလေးမှာ ပန်းအိလက်ဖက်ရည်ဆိုင်၏ မျက်စောင်းထိုးနေရာ လောက်ရှိ ရှစ်ကားမှတ်တိုင်ကို ကောင်းစွာ လှမ်းမြင်နိုင်သည့် စားပွဲလေး ဖြစ်သည်။

ထိုစားပွဲလေးမှာ ထိုင်ရင်း ဘာရယ်မဟုတ်ဘဲ ဆိုင်အပြင်ဘက်ရှိ မြင်ကွင်းမှန်သမျှကို သူ လျှောက်ကြည့်နေခဲ့မိသည်။

သူ့အကြည့်က နေရာမျိုးစုံသို့ ရွှေ့ပြောင်းရင်း နောက်ဆုံးမြို့ထဲသွားမည့်  ရှစ်ကားမှတ်တိုင်ကို လူအုပ်အတွင်းသို့ ကျရောက်သွားတော့သည်။

ထိုအချိန်မှာ ပင် မမ ဖြစ်လာမည့်  အမျိုးသမီးကို စတင်သတိထားခဲ့မိခြင်း ဖြစ်သည်။

တစ်ချက်မှာ မမ၏ မည်းနက်သန်စွမ်းသော ဆံပင်ရှည်များ ကြောင့် ဖြစ်ပြီး နောက်တစ်ချက်က တော့ ရှစ်ကားအားစောင့်မျှော်နေရခြင်းအတက် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေသည့် မမ၏ အမူအရာကြောင့် ပဲ ဖြစ်သည်။

ထိုအချက်နှစ် ချက်အပြင် မမအား သတိပြုမိသွားခြင်း၏ အခြေခံကျသော အခြားအကြောင်း ရင်း တစ်ခု ကတော့ မမကို တွေ့ သည်နှင့် သူ့ရင်သည် သိသာစွာ ဖိုလှိုက်လာခြင်း ဖြစ်သည်။

မမ၏ ညိုညက်သော အသားအရေ၊ ပြေပြစ်မြင့်မားသည့် ကိုယ်ဟန်အနေအထားနှင့် ဆံပင် ရှည်ရှည်များ မှအပ ထူးထူးခြားခြားဆွဲဆောင်မှု ရှိသော အရာဟူ၍ နှုတ်ခမ်းထူထူတစ်စုံသာရှိသည်။ မမ၏ နှုတ်ခမ်းထူများ ကတော့ ရင်ခုန်ဖွယ်ကောင်းလောက်အောင်ကို လှပလွန်းပါသည်။

မမ၀တ်ထားသည့် ရုံးယူနီဖောင်း ဖြစ်ဟန်တူသော ပန်းဆီရောင် လုံချည်နှင့် လိုက်ဖက်စွာ ပင် ပန်းရောင် ရင့်ရင့် နှုတ်ခမ်းဆေးဆိုးထားသည့် မမ၏ နှုတ်ခမ်းထူထူများ ကို သူငေးကြည့်နေမိသည်။

မမရဲ့ စိုလက်ထူအမ်းတဲ့ နှုတ်ခမ်းတွေ ကိုသာ ကွေးညွှတ်ပြီး အပြုံးတစ်ခု ဖန်တီးလိုက်မယ်ဆို ရင် အဲသည်အပြုံးဟာ အတော့် ကိုစိတ်လှုပ်ရှားဖို့ကောင်းမယ့် အပြုံးတစ်ခု ဖြစ်မှာ ပဲ။

မိုးလင်းကတည်းက တောင့်တနေခဲ့သော လက်ဖက်ရည်တစ်ခွက်နှင့် မီးညှိစ စီးကရက်ကို မေ့လျော့စွာ အတွေးတို့ဖြင့် စီးမျောနေမိသည်။

သူ့အကြည့်အောက်၌ ပင် မမသည် အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမူအရာနှင့် သူမ ၏ လက်မှနာရီကို နှစ် ခါသုံးခါလောက် ငုံ့ကြည့်သည်။

ဤသည်မှာ ရုံးတက်ချိန်နှင့် အလွန်နီးကပ်စွာ တည်ရှိနေသော ဘတ်စ်ကားစောင့် ရုံးဝန်ထမ်း အမျိုးသမီးများ ၌ မကြာခဏတွေ့ ရတတ်သော အမူအရာပဲ ဖြစ်သည်။

သို့ သော် မမ၏ အမူအရာမှာ အခြားအမျိုးသမီးများ ၏ အမူအရာထက် ပိုကြည့်ကောင်းနေသည် ဟု သူထင်လိုက်မိသည်။

အင်္ကျီအဖြူ၊ လုံချည်ပန်းဆီရောင် တို့နှင့် ဘတ်စ်ကးတစ်စီးအား စိတ်ပျက်လက်ပျက် စောင့် ဆိုင်းနေသည့် မမအား ရင်ခုန်စွာ ငေးကြည့်နေချိန်မှာ ပင် အစိမ်းရောင် ရေး နော့ အမှတ်ရှစ်ဘတ်စ်ကား တစ်စီးက မှတ်တိုင်သို့ ထိုးဆိုက်လာခဲ့သည်။

ထိုကား ထိုးဆိုက်လာခြင်း၊ ထိုကားနှင့် အတူ လိုက်ပါခွင့်အတွက် ကြိုးစားကြခြင်းတို့ကြောင့် ရှုပ်ယှက်ခတ်သွားသော လူအုပ်အကြား သူ၏ မမှာ ပျောက်ဆုံးသွားတော့သည်။

သူ လူအုပ်အတွင်းမှ မမအား အကြည့်တို့ဖြင့် အမောတကောလိုက်ရှာဖွေနေမိသော်လည်း ဘတ်စ်ကားထွက်ခွာသွားပြီး အတန်ကြာသည်အထိ မမကိုမတွေ့ တော့။ မမသည် ဘတ်စ်ကားနှင့် အတူ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။

ကားဂိတ်အတွင်းမှ သူ၏ အကြည့်တို့ကို ပြန်လည်ရုပ်သိမ်းရင်း ပြာအတောင့်လိုက်နှင့် အငွေ့ တလူလူထနေသော စီးကရက်ကိုကောက်ယူ၍ ခပ်ကြမ်းကြမ်းဖွာရှိုက်လိုက်သည်။

ထိုအချိန်မှာ ပင် မိမိပိုင်ပစ္စည်းတစ်ခု လက်လွှတ်ဆုံးရှု့းရသည့်အခါ ခံစားရတတ်သော နှမြော တသခံစားမှု တစ်ခုက သူ့ရင်ထဲသို့ ထိုးခွဲဝင်ရောက်လာခဲ့သည်။

ထိုခံစားမှု ကို ဖြစ်ပွားစေခဲ့သူ ကတော့ မည်းနက်သန်စွမ်းသည့် ဆံပင်ရှည်ရှည်များ နှင့် စိုလက် နီစွေးသည့် နှုတ်ခမ်းထူထူများ နှင့် သူ၏ မမပဲ ဖြစ်သည်။

ထိုနေ့က မမနှင့် သူ၏ စတင်ဆုံစည်းမှု မှာ ထိုသို့ ပင်နှမြောတသခံစားရမှု နှင့် နိဂုံးချုပ်ရင်း ခပ်သွက်သွက် ပြီးဆုံးသွားခဲ့တော့သည်။

♥ ♥ ♥


(၃)

နံနက်ခင်းလေးတစ်ခု၌ အိပ်မက်ဆန်စွာ ဆုံစည်းခဲ့ရသော မမအား နောက်နေ့များ ၌ ပန်းအိ လက်ဖက်ရည်ဆိုင်တွင် အချိန်မှန်စွာ သူ သွားစောင့် ဖြစ်တော့သည်။

ခါတိုင်း ထိုင်နေကျစားပွဲ၌ ပင် ထိုင်ရင်း အချိုပေါ့ပေါ့လက်ဖက်ရည်တစ်ခွက်နှင့် အိတ်စ်ပို့ဒူးယား တစ်လိပ်ကို သောက်သုံးလျက် မမအလာကို သူစိတ်ရှည်လက်ရှည် စောင့်မျှော် ဖြစ်ခဲ့သည်။

သို့ သော်….

အံ့သြစရာကောင်းလောက်အောင်ပင် ရင်ခုန်ဖွယ် နှုတ်ခမ်းထူထူများ နှင့် သူ၏ မမအား ထပ်မံ မတွေ့ ရတော့ပေ။

သူမသာ သည်နားတစ်ဝိုက်မှာ နေရိုးမှန်လျှင်…

မမ သည်ကားဂိတ်မှာ ကားလာစီးရမှာ ပဲ။

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ရက်အတော် များများ သူဆက်စောင့် ဖြစ်ခဲ့သည်။

သို့ သော်…မမ ကတော့ အိပ်မက်ဆန်စွာ ပျောက်ဆုံးနေမြဲပဲ ဖြစ်သည်။ သည်လိုနှင့် မမနှင့် ပတ် သက်သော သူ၏ ရင်ခုန်သံတို့မှာ တိုးသက်မှိန်ဖျော့လာတော့သည်။

နွေနှောင်းကာလ၏ ရွှေအိုရောင် နံနက်ခင်းတစ်ခု၌ မမျှော်လင့်စွာ ဆုံစည်း ဖြစ်ခဲ့သော မမနှင့် နောက်တစ်ကြိမ် ထပ်မံ မဆုံစည်းနိုင်တော့ဟု သူ အားလျော့တွေးထင်လိုက်မိသည်။

ထိုအချိန်မှာ ပင်…

သူနှင့် မမ ဒုတိယအကြိမ်အ ဖြစ် မမျှော်လင့်စွာ ထပ်မံဆုံစည်း ဖြစ်ခဲ့လေသည်။ ထိုသို့ ဆုံစည်းခဲ့ ရခြင်းမှာ တင်ထွန်းအောင်ကြောင့် ပဲ ဖြစ်သည်။

အကယ်၍ တင်ထွန်းအောင်သာ ၎င်း၏ အစ်မ၀မ်းကွဲရှိရာအဆောင်သို့ သူ့အား အဖော်လိုက်ရန် မခေါ်ခဲ့ပါက မမအား ပြန်လည်ဆုံစည်းခွင့်ရမည် မဟုတ်ပေ။

သို့ သော် ငယ်ငယ်ကတည်းက တပူးတွဲ တွဲ နေလာခဲ့သော သူငယ်ချင်း ဖြစ်သူ တင်ထွန်းအောင် မှာ ဘာလုပ်လုပ် အဖော်ပါမှလုပ်တတ်သူ ဖြစ်သည်။

ထို့ကြောင့် ပင် ကျိုင်းတုံက ၎င်း၏ အစ်မ၀မ်းကွဲအဆောင်သို့ သွားရန် အကြောင်းပေါ်လာသော အခါ၌ လည်း သူ့အားအဖော်လိုက်ရန် လာခေါ်လေတော့သည်။

‘ခဏလေးပါ နိုင်ကြီးရာ၊ ဘယ်လောက်မှ မကြာပါဘူး။ ငါ တစ်ယောက် တည်း သွားရမှာ ကြောင် တောင်တောင်နိုင်လွန်းလို့ပါ’

အိပ်ရာပေါ် လဲလျောင်းလျက် ၀တ္ထုဖတ်နေသော သူ့နားတွင် ထိုင်ရင်း တင်ထွန်းအောင် ကျည် (ဂျီ)ကျလေသည်။

‘ကိုယ့်အစ်မ၀မ်းကွဲဆီ သွားတာပဲ တင်ထွန်းအောင်ရာ၊ ဘာကြောင်တောင်တောင် နိုင်စရာရှိသလဲ’

‘သူ နေတာက အပြင်ဆောင်ကွ၊ ပြီးတော့ မိန်းကလေးတွေ ချည်း စုနေတဲ့အဆောင်၊ ဒီတော့ ငါ တစ်ယောက် တည်း သွားရမှာ အားငယ်တာပေါ့’

တင်ထွန်းအောင်က သူအဖော်လိုက်ရန် ရှာကြံအကြောင်းပြသည်။ စိတ်ပျက်လက်ပျက်နှင့် ၀တ္ထုစာအုပ်ကို ဘေးသို့ ချရင်း အိပ်ရာပေါ်မှ ထထိုင်လိုက်မိသည်။

တင်ထွန်းအောင်က အစ်မ၀မ်းကွဲအဆောင်သို့ သွားပို့ပေးရမည် ဆိုသည့် ပစ္စည်းထုပ်ကိုပြရင်း..

‘ဒီအထုပ် သွားပေးရုံပါပဲ၊ လာပါ..မင်းကို ငါ့အစ်မ၀မ်းကွဲ မလဲ့နဲ့မိတ်ဆက်ပေးပါ့မယ်’

တင်ထွန်းအောင်၏ မရအရ အဖော်ခေါ်မှု ကြောင့် သူမလိုက်ချင်လိုက်ချင်နှင့် ပင် တင်ထွန်းအောင်နှင့် အဖော်လိုက်ပေးရတော့သည်။

တင်ထွန်းအောင်၏ အစ်မ၀မ်းကွဲ မလဲ့နေထိုင်ရာအဆောင်မှာ မာလာဆောင်ရှေ့ရှိ ဟိုင်း (Hi) လက်ဖက်ရည်ဆိုင်ဘေးမှ မြေနီလမ်းကျဉ်းကလေးအတွင်းမှာ ဖြစ်သည်။

ခြံဝင်းအပြည့် ကတ်ကတ်သတ်သတ် ဆောက်လုပ်ထားသည့် နှစ် ထပ်အိမ်ကြီးရှေ့အရောက် ‘သည်အဆောင်ပဲ’ဟု တင်ထွန်းအောင်က ပြောသည်။

အနီရောင် သင်္ဘောဆေးသုတ်ထားသည့် ခြံတံခါးဝ၌ ရပ်ရင်း အဆောင်ထဲသို့ လှမ်းကြည့် သည်။ တစ်စုံတစ်ရာ လှမ်းမေးရန်အတွက် လူရိပ်လူယောင်မမြင်ရသော ကြောင့် တင်ထွန်းအောင် ကိုယ်စား သူကပင် အဆောင်ခြံတံခါးဝမှ ခေါင်းလောင်းလေးကို တီးပေးလိုက် သည်။

ခေါင်းလောင်းသံကြောင့် ကလေးမလေး တစ်ယောက် ပြေးထွက်လာသည်။

‘မလဲ့ကို ခဏခေါ်ပေးပါ’

တင်ထွန်းအောင်စကားကြောင့် ကောင်မလေးက ခေါင်းညိတ်ရင်း ပြန်ဝင်ပြေးသွားသည်။

ခြံတံခါးဖွင့်မပေးသော ကြောင့် အဆောင်ဧည့်ခန်းရှိပုံမရဟု သူတွေးလိုက်သည်။

‘ကြာလိုက်တာကွာ’

ကောင်မလေးဝင်သွားပြီး အတန်ကြာသည်အထိ…

တင်ထွန်းအောင်၏ အစ်မ၀မ်းကွဲဆိုသူ ထွက်မလာသော ကြောင့် သူညည်းညည်းညူညူနှင့် ရေရွတ်လိုက်သည်။

ထိုအချိန်အထိ ရှစ်ကားမှတ်တိုင်၌ ဆုံစည်းခဲ့ရသော မမနှင့် ပြန်လည်ဆုံတွေ့ ရလိမ့်မည် ဟု သူ မထင်ခဲ့။

သို့ သော်…

လောက၌ ပြဇာတ်ဆန်ဆန်အ ဖြစ်အပျက်များ စွာ ဖြစ်ပွားတတ်ကြောင်း တအောင့်အကြာမှာ ပဲ သူသဘောပေါက်လိုက်မိသည်။ အကြောင်းမှာ …

နံနက်ခင်းတစ်ခု၌ မထင်မှတ်စွာ ဆုံတွေ့ ပြီး မထင်မှတ်စွာ ပျောက်ဆုံးသွားခဲ့သော မမသည် အဆောင်ထဲမှထွက်လာပြီး သူနှင့် တင်ထွန်းအောင်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေခြင်း ကြောင့် ပဲ ဖြစ်သည်။

သေချာပါတယ်..

ဒါဟာ… သူ ရင်ခုန်မျှော်လင့်နေခဲ့တဲ့ မမပါပဲ။

ခေါင်းလျှောက်ပြီးခါစ ရေမှု န်ရေမွှားတို့ မခြောက်တတ်သေးသည့် ဆံပင်ရှည်များ ကို ပခုံးထက်မှ ကျော်လွန်လျက် ရှေ့သို့ ချထားသော မမကို သူ ရင်ဖိုလှိုက်လှဲစွာ ငေးကြည့်နေမိသည်။

မမ ၀တ်ဆင်ထားသော အင်္ကျီက မမလိုအမျိုးသမီး တစ်ယောက် နှင့် ဘယ်လိုမှ မလိုက်ဖက်သည့် အစိမ်းပုပ်ရောင် ဇင်သားအင်္ကျီပွပွကြီး ဖြစ်သည်။

ထိုသို့ လိုက်ဖက်မှု မရှိလှသည့် ဇင်သားအင်္ကျီပွပွကြီးကို ၀တ်ဆင်ထားသော်လည်း ကပိုကရိုနှင့် ရင်ခုန်ဖွယ်ကောင်းအောင် လှပနေသည် ကတော့ အတော့် ကို အံ့သြစရာကောင်းသော ကိစ္စပဲ ဖြစ်သည်။

မမထံ၌ ရင်ခုန်လှုပ်ရှားစွာ မှင်တက်မိနေရာမှ တင်ထွန်းအောင်ဘက်သို့ လှည့်ရင်း…

‘မင်းအစ်မ မလဲ့ဆိုတာ အဲဒါလား’ဟု..

ကမန်းကတန်း မေးလိုက်မိသည်။

သူ့အမေးကို တင်ထွန်းအောင် တစ်စုံတစ်ရာ အဖြေမပေးနိုင်ခင်မှာ ပင် မမက သူတို့အနားကို ညင်သာစွာ ရောက်ရှိလာခဲ့သည်။

‘မလဲ့ ဧည့်သည်တွေ လား’

မမ၏ အသံမှာ အလွန်တိုးညင်းသာယာသည့်အသံမျိုး ဖြစ်၏ ။ မမ၏ အမေးကို တင်ထွန်းအောင်က ခေါင်းညိတ်ရင်း..

‘မလဲ့ မရှိဘူးလား အစ်မ’

တင်ထွန်းအောင်၏ ပြန်လှန်မေးခွန်းကြောင့် မလဲ့ဆိုသူမှာ မမ မဟုတ်ကြောင်း သေချာသွား တော့သည်။

မမက သူနှင့် တင်ထွန်းအောင်ကို တစ်လှည့်စီ ဖျတ်ခနဲ ဝေ့၀ဲကြည့်ရင်း…

‘မလဲ့ ရုံးက ပြန်မလာသေးဘူး။ မှာ စရာရှိရင် မှာ ခဲ့လေ၊ တို့… ပြန်ပြောပေးမယ်’

‘ကျွန်တော် သူ့မောင်ဝမ်းကွဲပါ။ ကျိုင်းတုံကနေ ပစ္စည်းလူကြုံပေးခိုင်းလိုက်လို့ လာပို့တာ’

‘ပေးချင် ပေးခဲ့လေ၊ တို့က မလဲ့နဲ့ တစ်ခန်းတည်းနေတာ၊ ပြန်လာရင် ပေးပေးမယ်’

တင်ထွန်းအောင်အား ကြည့်ရင်းပြောနေသည့် မမ၏ မျက်နှာကို သူရင်ခုန်စွာ ငေးမောနေမိ သည်။ မမ၏ မျက်နှာမှာ အနည်းငယ်ရှည်သွယ်သည့် မျက်နှာအမျိုးအစား ဖြစ်သည်။

နှာတံဖြောင့်စင်းသော်လည်း မျက်ခုံးတန်းတို့ ကတော့ ပါးလျလွန်းလှသည်။ မျက်ဝန်းတို့က မျက်အိမ်ရှည်သော ကြောင့် ကြည့်ကောင်းသည်ဆိုရုံပဲ ဖြစ်သည်။

တစ်ခုချင်းကြည့်ပါက ပြောပလောက်အောင် လှပသည်ဟု မဆိုနိုင်သော်လည်း ထိုအရာများ အားလုံးပေါင်းစပ်လိုက်သော အခါမှာ တော့ အလွန်ဆွဲဆောင်မှု ရှိသည့် ရင်ခုန်ဖါယ်မျက်နှာသွယ်လေး တစ်ခု ဖြစ်လာတော့သည်။

သူ ငေးကြည့်နေမိစဉ်မှာ ပင် သူ၏ အကြည့်တို့ကို ရိပ်မိသည့်အလား မမ၏ မျက်ဝန်းတို့က သူ့ထံ သို့ ဝေ့၀ဲကျရောက်လာခဲ့သည်။ သူ ရှက်ကိုးရှက်ကန်း ဖြစ်စွာ ကပျာကယာ ပြုံးပြလိုက်မိသည်။

မမက သူ၏ အကြည့်တို့ကို မသိကျိုးကျွံပြုလျက် အဆောင်တံခါးနိမ့်နိမ့်လေးကို ကျော်လွန်၍ တင်ထွန်းအောင်လှမ်းပေးသည့်ပစ္စည်းထုပ်ကိုယူရင်း..

‘တခြား ဘာမှာ စရာရှိသေးလဲ’

‘မမှာ တော့ပါဘူး အစ်မ၊ မလဲ့ပြန်လာရင်သာ သူ့မောင်ဝင်းကွဲ တင်ထွန်းအောင် လာပေးသွား တယ်လို့ ပြောလိုက်ပါ’

‘ကောင်းပြီ’

မမက ခေါင်းညိတ်ပြရင်း လှည့်ထွက်ရန်ပြင်သည်။ ဆံပင်ရှည်ရှည်များ ယိမ်းနွဲ့သွားကြသည်။ မမ၏ နောက်ကျောကို နှမြောတသစွာ ငေးကြည့်နေမိရာမှ မထင်မှတ်ဘဲ သူ မမကို လှမ်းခေါ်လိုက်မိ သည်။

မမအား ရည်ညွှန်းခေါ်ဝေါ်ရန်အတွက် သင့်လျော်သော နာမ်စားမှာ တင်ထွန်းအောင်သုံးနှုန်း သည့် အစ်မဟူသော နာမ်စားပဲ ဖြစ်သည်။ သို့ သော် သူ့နှုတ်က တကယ်ထွက်သွားသည်က ‘မမ’ဟူ၍ ဖြစ်သည်။

မှတ်မှတ်ရရ မမဟူသော အသုံးအနှုန်းကို သူ စတင်သုံးနှုန်းခေါ်ဝေါ်ခဲ့သည်မှာ ထိုအချိန်ကတည်းကပင် ဖြစ်သည်။

သူ့ခေါ်သံကြောင့် လှည့်ထွက်လုလု အနေအထားမှ မမ သူ့ကို လှမ်းကြည့်သည်။ ဘေးမှာ ရပ် နေသော တင်ထွန်းအောင်လည်း မမကို ဘာကြောင့် လှမ်းခေါ်ပါလိမ့်ဟူသော သဘောဖြင့် တအံ့တသြ ငေးစိုက်ကြည့်သည်။

သူ စကားစ ရှာမရစွာ ထစ်ငေါ့နေရင်းမှ..

‘ဟုတ်လေ..တကယ်လို့ လမ်းမှာ မလဲ့နဲ့တွေ့ ရင် ပစ္စည်းထုပ် ဘယ်သူ့ပေးခဲ့တယ်လို့ ပြောလိုက် ရမလဲ’

သူ့စကားကြောင့် မမ ဇဝေဇ၀ါ ဖြစ်စွာ မျက်မှော င်ကြုတ်သည်။

‘မင်းပြောတာ တို့ နားမလည်ဘူး’

မရည်ရွယ်ဘဲနဲ့ မထင်မှတ်စွာ ပြောသွားခြင်း ဖြစ်သည့်တိုင် ပြောပြီးမှတော့ မထူးပါဘူးဟူသော သဘောနှင့် သူ ဆက်ပြောသည်။

‘ခု…ကျွန်တော် တို့အပြန် လမ်းမှာ မလဲ့နဲ့တွေ့ ချင်တွေ့ မှာ ၊ တကယ်လို့ မလဲ့နဲ့တွေ့ ရင် ပစ္စည်း ထုပ် မမကိုပေးခဲ့တယ်လို့ ပြောပြလိုက်မယ်။ အဲဒါ မမရဲ့ နာမည် လေး..’

သူ့စကားအဆုံးမှာ တော့ အလွန်မခို့တရို့ နိုင်လှသည့် အပြုံးတစ်ခုကို မမ ပြုံးလေသည်။

မမ၏ အပြုံးမှာ နီစွေးထူအန်းသော နှုတ်ခမ်းစိုစိုများ ကြောင့် လှပလိမ့်မည် ဟု သူကြိုတင်တွေး ထင်ထားခဲ့သည့်တိုင်း သည်မျှအထိ လှပလိမ့်မည် ဟုတော့ မထင်မိခဲ့။

မမ၏ အပြုံးမှာ အသက်ရှူခြင်းတို့ကို လွဲမှားသွားစေနိုင်လောက်အောင် လှပသော အပြုံးမျိုး ဖြစ် သည်။ သူ ကတုန်ကယင် ဖြစ်စွာ မမ၏ အပြုံးလှလှကို ငေးမောနေမိသည်။

မမက နှုတ်ခမ်းထူထူအပြုံးတစ်ခုကို ဖန်တီးအပြီးမှာ တော့ အေးဆေးစွာ ပြောသည်။

‘မင်းတို့ မလဲ့နဲ့မတွေ့ နိုင်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ မလဲ့က ရုံးအပြန် နောက်ကျတတ်တယ်’

မမ၏ စကားက မမ၏ အပြုံးကဲ့သို့ ပင် လှပလွန်းသည်။

‘ဟိုလေ..’

သူ ထစ်ငေါ့စွာ ဖြင့် စကားစရန် ပြင်စဉ်မှာ ပင် မမက ဆက်ပြောသည်။

‘တကယ်လို့ မလဲ့နဲ့တွေ့ ခဲ့ရင်လဲ မလဲ့ရဲ့ အခန်းဖော်ကို ကျွန်တော် တို့ ပစ္စည်းထုပ်ပေးခဲ့တယ်လို့ ပြောပြလိုက်ပေါ့ ဟုတ်လား’

ထို့နောက် သူတို့အနားမှ မမ လှည့်ထွက်သွားတော့၏ ။

ဆံပင်ရှည်ရှည်များ လှပစွာ ဖုံးလွှမ်းနေသည့် မမ၏ နောက်ကျောကို ငေးကြည့်ရင်း ကတုန်ကယင် ဖြစ်စွာ သက်ပြင်းတစ်ချက်ကို သူရှိုက်လိုက်မိသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နေနော် ၏ “ အချစ်ရောင်ရင့်ရင့် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိပ်မက်ရာသီ

အလင်းဖျော့ကောင်းကင် (ပထမပိုင်း)

ပျားရည်နှင်းစက်