Cover

အလင်းဖျော့ကောင်းကင်

‘နင်ကငါ့ပါးကိုရိုက်ရက်ပေမယ့် ငါ ကတော့နင့်ပါးလှလှလေးကို ပြန်မရိုက်ရက်ပါဘူး၊ ဒါ့ ကြောင့် နမ်းရုံပဲ နမ်းလိုက်တာ၊ ဘယ့်နှယ်လဲ၊ ပါးရိုက်ခံရသလိုပဲ နာသွားတယ် မဟုတ်လား’

ဇာတ်ကြောင်း (၁)

“နေသူရိန်”

၁၉၉၂၊ နိုဝင်ဘာ၊

ရန်ကုန်

ကုမ္ပဏီ၏ ပထမဦးဆုံးလှေကားထစ်ပေါ်သို့ စတင်နင်းတက်လိုက်ချိန်သည် ထုံးစံအတိုင်း ရှစ်နာရီထိုးပြီး ဆယ့်ငါးမိနစ်တိတိအချိန် ဖြစ်သည်။

မြေညီထပ် ၀န်ထမ်းများ အလုပ်လုပ်ရာ ရုံးခန်းမကြီးနှင့် သီးခြားပြုလုပ်ထားသော လှေကား မှတစ်ဆင့် အပေါ်ထပ်ရှိ သီးသန့်ရုံးခန်းသို့ တစ်ထစ်ချင်းနင်း၍ တက်လာရင်း အရုဏ်သစ် ကုမ္ပဏီ ၏ ဖွံ့ဖြိုးမှု ကို သူ စဉ်းစားလာခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ် ကမှစတင်တည်ထောင်ခဲ့သော ကုမ္ပဏီ၏ သက်တမ်းမှာ နုနယ်လွန်းလှ သော်လည်း အောင်မြင်မှု ကတော့ အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်ခဲ့သည်

နှစ် အနည်းငယ်အတွင်း ၀န်ထမ်းပေါင်း လေးဆယ်ကျော်ခန့်ထားနိုင်ခဲ့သော ကုမ္ပဏီ၏ အဓိကကျောထောက်နောက်ခံလုပ်ငန်းမှာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း ဖြစ်သည်။

သို့သော် အခြားအကျိုးရှိမည့်  လုပ်ငန်းများ ကိုလည်း သူဘယ်တုန်းကမှ မငြင်းဆန်ခဲ့။ ထို့ ကြောင့် ကော့သော င်းမှာ ငါးဖမ်းစက်လှေများ လေလံဆွဲခြင်းလို ကိစ္စမျိုးမှစ၍ ကန်ထရိုက်တိုက် ခန်းများ တည်ဆောက်မြှုပ်နှံခြင်းလို ကိစ္စမျိုးအထိ သူ၏ စီးပွားရးလုပ်ငန်းများ က ကျယ်ပြန်ခဲ့သည်။

သို့သော် သူ ကတော့ ထိုမျှမထိ ကျယ်ပြန့်ကြီးမားသော စီးပွားရေး နယ်ပယ်အား ဘယ်တုန်းကမှ အားရကျေနပ်နိုင်သည်ဟု မရှိပါ။ ထို့ထက် ပိုမိုခမ်းနားထည်ဝါသော လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အမြဲတမ်း အကြံထုတ်နေတတ်မြဲ ဖြစ်သည်။

“မှတ်ထား သား၊ လောကကြီးမှာ ဖိနပ်အစုတ်နဲ့ လမ်းလျှောက်ရတဲ့သူဟာ ဘယ်တော့မှ မြန်မြန်ဆန်ဆန် ခရီးမတွင် နိုင်ဘူး”

နှစ် ပေါင်းများ စွာ ကြာပြီး ဖြစ်သော်လည်း ယခုတိုင်အောင် မမေ့နိုင်သေးသော ဖေဖေ့ရဲ့ ဆုံးမစကား ဖြစ်သည်။

ဖိနပ်စုတ်နဲ့ လမ်းမလျှောက်နဲ့တဲ့။

သူဘယ်တော့မှ ဖိနပ်စုတ်နှင့် လမ်းလျှောက်ရသူ မ ဖြစ်ချင်သလို ခရီးမတွင် သူလည်း မ ဖြစ် ချင်ပါ။ ထို့ကြောင့် ပင် နေသူရိန်ဟူသော အမည် နှင့် သူ့ဘ၀ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့ ခြင်း ဖြစ်သည်။ သို့သော် ထိုမွေးဖွားမှု ၏ အဓိကတွန်းအားမှာ အဖေ့ဆုံးမစကားတစ်ခုတည်း မဟုတ် ကြောင်းကိုတော့ သူဝန်ခံရပါလိမ့်မည် ။

သူ့ဘ၀အား တစ်ဖန် ပြန်လည်မွေးဖွားတည်ဆောက် ဖြစ်ခဲ့ရခြင်ူ၏ အခြားတွန်းအားတစ်ခု မှာ နန်းနွယ်နီ ဖြစ်သည်။

သူမ၏ ရက်စက်ရင့်သီးမှု များ ကြောင့် မဟုတ်ပါက သူ့ဘ၀သည် ဤမျှအထိ တိုးတက် ပြောင်းလဲလာစရာ အကြောင်းမရှိပါ။

နှစ် ပေါင်းများ စွာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း သူမအကြောင်း စဉ်းစားလိုက်မိသည်နှင့် ဖြစ် နေကျအတိုင်း သူမအား တမ်းတ လွမ်းဆွတ်စိတ်နှင့် ရုန်းကြွလာသည်။ သူ ခေါင်းကို ဆတ်ခနဲ ခါ ယမ်းရင်း အတွေးတို့ကို မောင်းထုတ်ပစ်လိုက်သည်။ သွားစမ်းပါ။ ဒါတွေ ဟာ နှစ် ပေါင်းများ စွာ ကြာခဲ့ပြီပဲ။

ဆယ့်ငါးထစ်မြောက် လှေကားထစ်ကို ကျော်လွန်ပြီးသည်နှင့် ရုံးခန်းတံခါးဝက ဘွားခနဲ ပေါ်လာသည်။

သူကိုတွေ့ သည်နှင့် တံခါးနောက်ကွက်မှ ရုံးအကူ ချာတိတ်က အညိုရောင် မှန်တံခါးကို ကမန်းကတန်း ဆွဲဖွင့်ပေးရင်း သူ့လက်ထဲမှ သားရေအိတ်ကို လှမ်းယူသည်။

“ငွေစိုးလှိုင် မရောက်သေးဘူးလား”

သူ၏ သူငယ်ချင်းလည်း ဖြစ်၍ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဌလည်း ဖြစ်သူ ငွေစိုးလှိုင်၏ လစ်ဟာ နေသော အလုပ်စားပွဲကို တစ်ချက် လှမ်းကြည့်ရင်း သူမေးလိုက်သည်။

“ရောက်နေပြီ ဆရာ၊ ဆရာ့ ရုံးခန်းထဲမှာ စောင့်နေတယ်”

ပေါ်လစ်ရောင် လက်လက်ထနေသည့် ကျွန်းအထပ်သားပြားများ ကာရံထားသည့် သူ၏ ရုံး ခန်းတွင်း ရောက်တော့ သတင်းစာတစ်စောင်ကို သဲကြီးမဲကြီးဖတ်ရှုနေသော ငွေစိုးလှိုင်ကို တွေ့ ရ သည်။

အသားညိုညို၊ အရပ်ပုပျပ်ပျပ်နှင့် ကိုယ်လုံး ကိုယ်ပေါက်တောင့်တင်းသော ငွေစိုးလှိုင်မှာ စီး ပွားသမားထက် အားကစားသမားနှင့် သာ ပို၍ တူသူ ဖြစ်သည်။

ရုတ်တရက်ကြည့်ပါက ဂဏန်းသင်္ချာပင် မသင်ခဲ့ဖူးသည့် နုံအ, အ လူ တစ်ယောက် ဟု ထင်စရာရှိသော်လည်း ခေါင်းလိမ်းဆီတို့ဖြင့် ရွှဲနစ်ပြားကပ်နေသည့် ဆံပင်တိုတိုများ အောက်၌ အလွန်ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော် ငွေစိုးလှိုင်၏ အားနည်းချက်နှစ် ခုက မစွန့်စားရဲခြင်းနှင့် အားနာသနားတက်ခြင်းပင် ဖြစ်သည်။

သူကိုတွေ့ သည်နှင့် ငွေစိုးလှိုင် ခေါင်းမော် နှုတ်ဆက်ပြီး ငါမင်းကို စောင့်နေတာဟု ရေရွတ် သည်။ ဒါဟာ ငွေစိုးလှိုင်၏ ပုံမှန်ကြိုဆိုမှု မဟုတ်ပါ။

“ဘာပြဿနာပေါ်လို့လဲ ငွေစိုးလှိုင်”

အလုပ်စားပွဲနောက်မှ သူ၏ ကုလားထိုင်၌ ၀င်ထိုင်လိုက်ပြီး ငွေစိုးလှိုင်ကို သူမေးလိုက် သည်။

“မုံရွာကကိစ္စ ပြောချင်လို့”

“အ၀ယ်တော် အသုံးမကျလို့ ပေါက်ဈေးထက် ပိုများ ခဲ့တဲ့ ပဲတွေ အကြောင်းလား”

“ဟုတ်တယ်၊ ခုချိန်ထိ မုံရွာကနေ မသယ်ရသေးတဲ့ ပဲတွေ လေ”

ငွေစိုးလှိုင်က သူ့စကားကိုဖြည့်စွက်သည်။

လွန်ခဲ့သည့် လအနည်းငယ်က နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ ပဲတင်ပို့ပေးနိုင်မလား ဟူသော ကမ်းလှမ်းချက်ကို သူတို့ရခဲ့သည်။ ပို့ပေးရမည့်  ပဲပမာဏ များ ပြားပြီး အမြတ်အစွန်းလည်း များ ပြား မည့်  ကိစ္စ ဖြစ်သဖြင့် သူတို့ ခေါင်းညိတ်ခဲ့ကြသည်။

စာချုပ် ချုပ်ဆိုရန် ပဲအရည်အချင်း မီ မမီ ကြည့်ရှုရန် ကုမ္ပဏီကိုယ်စားလှယ် ရောက်မလာ ခင်မှာ ပင် မုံရွာမှ ပဲအများ အပြားကို သူတို့ ၀ယ်ယူထားလိုက်သည်။

ထိုကိစ္စ၌ ကြုံတွေ့ ရသည့် အနည်းငယ် ကံဆိုးမှု နှစ် ခုမှာ ပဲဝယ်ပေးသူ၏ ညံ့ဖျင်းမှု ကြောင့် ဈေးများ သော ပဲတို့ကိုဝယ်မိခြင်းနှင့် ကုမ္ပဏီကိုယ်စားလှယ်ဆိုသူ ယခုတိုင်ရောက်ရှိမလာ သေခြင်း ဖြစ်သည်။

“အဲဒီ ပဲတွေ က ပုံမှန်ပေါက်ဈေးထက် များ ခဲ့တယ်”

“ကိုယ် မကျွမ်းကျင်တဲ့ ကိစ္စဆိုရင် အနည်းအကျဉ်းတော့ ခံရတာ ပဲ ငွေစိုးလှိုင်ရ၊ အဲဒါ ဘာ ဖြစ်လဲ”

“ဘာမှ မ ဖြစ်ပါဘူး၊ ဒါပေမဲ့ ပဲယူမယ့်ကုမ္ပဏီက သူတို့ကမ်းလှမ်းချက်ကို ရုပ်သိမ်းလိုက်ပြီ”

“ဘာ”

“ဟုတ်တယ် သူရိန်၊ မနေ့ကပဲ တဲလက်(စ်) ၀င်လာတယ်၊ ပဲ မယူ ဖြစ်တော့ဘူးတဲ့”

အတော့် ကို မဖွယ်မရာနိုင်တဲ့ကိစ္စပါပဲ။

နိုင်ငံခြားကုမ္ပဏီကြီး တစ်ခုအနေနှင့် ထိုကဲ့သို့ လုပ်ဖို့မကောင်းပါ။ သူစိတ်တိုတောင်းစွာ အတန်ကြာနှုတ်ဆိတ်နေပြီးမှ ငွေစိုးလှိုင်ကို မော့်ကြည့်ရင်း ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဖြင့် မုံရွာကပဲတွေ ကို တို့ပြန်ရောင်းလိုက်တာပေါ့”

“ငါ အဓိကပြောချင်တာ အဲဒါပဲ သူရိန်၊ ခု တို့ ၀ယ်ထားတဲ့ပဲဈေးက တအားထိုးကျနေတယ်၊ ပြန်ရောင်းရင် အရှုံးခံရလိမ့်မယ်”

“ဘယ်လောက်ရှုံးမလဲ”

“သုံးသိန်း တစ်သော င်း ခုနစ်ထောင့်နှစ် ရာ”

ကိန်းဂဏန်းများ နှင့် ပတ်သက်ပြီး ထူးထူးခြားခြား မှတ်မိနိုင်စွမ်းသော ငွေစိုးလှိုင်၏ ဦးနှောက်ကို ပထမဆုံးအကြိမ်အ ဖြစ် သူ အမြင်ကတ်သွားမိသည်။

သုံးသိန်းတစ်သော င်းတဲ့ ငွေသုံးသိန်းလောက်မှ မည် သည့်ခေါင်းစဉ်အောက်ထည့်ထည့် အသာကလေး ပျောက်သွားနိုင်သော ပမာဏ ဖြစ်သော်လည်း သူ၏ ဂုဏ်သိက္ခာကိုတော့ များ စွာ ထိ ခိုက်နိုင်သည်။

ထိုကဲ့သို့အ ဖြစ်မျိုးကို မည် သည့်နည်းနှင့် မျှ သူ အ ဖြစ်မခံနိုင်ပါ။

နေသူရိန်ဆိုတာ ရှုံးနိမ့်ဖို့အတွက် မွေးဖွားလာတာမှ မဟုတ်ဘဲ။ ဒါပေမဲ့ လက်ရှိအခြေအနေ တွေ ကတော့ သူ့အတွက် ဂုဏ်ယူဖွယ်မဟုတ်။

စားပွဲပေါ်မှ ရုံးအကူ ချပေးသွားသည့် သားရေအိတ်ကို လှမ်းယူပြီး အထဲမှ စီးကရက်ဘူးကို ထုတ်လိုက်သည်။ ထို့နောက် စီးကရက် တစ်လိပ် မီးညှိပြီး အတန်ကြာ ငြိမ်သက်နေလိုက်သည်။

အတော် ကြီးကြာမှ ငွေစိုးလှိုင်ကို မော့ကြည့်ပြီး သူ မေးလိုက်သည်။

“အထက်တန်းကျကျ ရုပ်ရည်မျိုးရှိပြီး ပေါ့ပေါ့ပါးပါးခရီးသွားနိုင်တဲ့လူမျိုး ဘယ်နှစ် ယောက် ရနိုင်မလဲ ငွေစိုးလှိုင်”

သူ မေးခွန်းကို ငွေစိုးလှိုင် နားမလည်သော်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်မေးသည်။

“မင်း ဘယ်နှစ် ယောက် လိုချင်လို့လဲ”

“ခုနှစ် ယောက် ရှစ်ယောက် လောက်”

“ရမယ်”

စီးကရက်ဘူးကို လှမ်းယူရင်း ငွေစိုးလှိုင် ခေါင်းညိတ်လျက် အာမခံသည်။

“ဒါဖြင့် အဲဒီ လူတွေ ကို နှစ် စုခွဲပြီး မုံရွာကိုလွှတ်ကွာ၊ တစ်စုက မန္တလေးကုန်သည်အနေနဲ့ သွား၊ ကျန်တစ်စုက ရန်ကုန်က ကုန်သည်အနေနဲ့သွား”

“ဘာလုပ်ရမှာ လဲ”

“ပဲ ၀ယ်ရမယ်”

စီးကရက်မီးညှိရင်း ငွေစိုးလှိုင် ဖျတ်ခနံ မော့်ကြည့်သည်။

“ငါတို့လက်ထဲမှာ ဈေးကြီးမိထားတဲ့ ပဲမျိုးကို တချို့က ကုန်သည်ကြီးတွေ အနေနဲ့၊ တချို့က နိုင်ငံခြားပို့မယ့် အိပ်စ်ပိုတာတွေ အနေနဲ့ လိုက်ရှာဝယ်ရမယ်၊ လေးငါးရက်အတွင်း အ၀ယ်တအား လိုက်လာရင် ပဲဈေးပြန်တက်လာမှာ ပဲ၊ ပိုသေချာအောင် နှစ် ယောက် သုံးယောက် က အများ ကြီးထပ် လိုချင်သေးတယ်ဆိုရင် တကယ် စရန်ရိုက်ခဲ့”

သူ့စကားဆုံးတော့ ငွေစိုးလှိုင် နားလည်သဘောပေါက်စွာ ခေါင်းတစ်ချက်ညိတ်သည်။

“အဲဆိုရင်တော့ ပဲဈေးတက်လာမှာ ပဲ၊ ဒါပေမယ့် အဲ့လိုလုပ်လို့ ကောင်းပါမလား”

“ဘာ ဖြစ်လို့လဲ”

ငွေစိုးလှိုင် သူ့ကို အားနာဟန်ဖြင့် တစ်ချက်ကြည့်ပြီး မ၀ံ့မရဲပြောသည်။

“တကယ်မ၀ယ်ဘဲ မရန်ရိုက်တာ လိမ်သလို ဖြစ်မနေဘူးလား”

ငွေစိုးလှိုင်၏ စကားကြောင့် သူသဘောကျစွာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။

ဘယ်လောက်များ သနားစရာကောင်းလိုက်တဲ့ ငွေစိုးလှိုင်လဲ။

“စီးပွားရေး လုပ်တာပဲ ငွေစိုးလှိုင်ရ၊ တရားထိုင်တာမှ မဟုတ်တာ၊ ငါးပါးသီလအားလုံးတော့ ဘယ်မြဲပါ့မလဲ၊ ဒါပေမယ့် ငါ့အမြင်အရတော့ ဒါဟာ လိမ်ရာမရောက်နိုင်ပါဘူး၊ တကယ့်လို့ လိမ်ရာ ရောက်ရင်လဲ ငါတို့လိမ်တာက လေနဲ့လိမ်တာမှ မဟုတ်တာ၊ ငွေနဲ့ လိမ်တာပဲ၊ အလိမ်ခံရတဲ့လူ အတွက် အကျိုးရှိမှာ ပါ”

“ထားပါတော့၊ အဲဒီ ပဲဝယ်ဖို့ ကုန်ကျစရိတ်ကို ဘယ်သူထုတ်မှာ လဲ”

“ငါထုတ်မှာ ပေါ့၊ ငါ့အိတ်ထဲက ထုတ်မယ်၊ အဲဒီ ကိစ္စမှာ ဘယ်လောက်ကုန်ကုန်၊ ပဲပြန်ရောင်း တဲ့အခါ (on Paper) အွန်ပေပါပေါ်မှာ အမြတ်လိုချင်တယ်၊ နားမလည်ဘဲ ထလုပ်ပြီး ရှုံးသွားတယ် ဆိုတာမျိုး အ ဖြစ်မခံနိုင်ဘူး”

ငွေစိုးလှိုင် စီးကရက်ကို သဲကြီးမဲကြီး ဖွာရှိုက်ရင်း နှုတ်ဆိတ်ငြိမ်သက်သွားသည်။ အတန် ကြာမှ ခေါင်းမော့်ကာ …..

“ကောင်းပြီလေ၊ အဲဒီ ကိစ္စကို ငါ အကောင်အထည်ဖော်လိုက်မယ်”

သူ့ညွှန်ကြားချက်ကို ငွေစိုးလှိုင် ခေါင်းညိတ်သော်လည်း ထိုင်ရာမှ ချက်ချင်း မထဘဲ နှုတ် ဆိတ်ငြိမ်သက်စွာ ဆက်လက်ထိုင်နေသည်။

ထိုအပြုအမူမှာ သူအား ပြောစရာတစ်ခုခု ကျန်သေးသည်ဟူသော အပြုအမူပင် ဖြစ်သည်။

“တခြား ဘာပြောစရာရှိသေးလဲ”

သူ အလိုက်သိစွာ စတင်မေးလိုက်တော့ ငွေစိုးလှိုင် သူ့ကို ဖျတ်ခနဲ ခေါင်းမော့်ကြည့်သည်။ ထို့နောက် ရုံးခန်းနံရံပေါ်မှ ပန်းချီကားဆီသို့ အကြည့်လွှဲလိုက်ပြီး မရဲတရဲဖြင့် စကားစသည်။

“ငါပြောမှာ ကို မင်းသဘောကျမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အသိမပေးလို့လဲ မ ဖြစ်ဘူး၊ ဒီလိုကွာ၊ ခုတစ်ခေါက် စင်ကာပူပို့မယ် ပိတောက်တန်ချိန် အရေအတွက်ကို လှမ်းပြီး သံကြိုးရိုက်လိုက်တာ ဂဏန်းတွေ မှားကုန်တယ်၊ တို့ပို့နိုင်မယ့် အရေအတွက်ထက် တန်လေးရာလောက်ပိုပြီး အကြောင်း ကြားမိသွားတယ်”

“ဘယ်လိုလုပ် မှားရတာ လဲ”

“စာကြမ်းကို ကွန်ပျူတာရိုက်တဲ့ ကောင်မလေးမှားတာ၊ တဲလက်(စ်)သွားရိုက်တဲ့ ကောင်က လဲ ကွန်ပျူတာ ထုတ်ပေးလိုက်တဲ့ စာရွက်ကို မှန်မမှန်စစ်ဖို့ ငါ့ဆီပြန်လာမပြဘဲ ချက်ချင်း သွားရိုက် တယ်၊ လက်ခံစာရွက်ပြန်ရောက်လာမှ မှားမှန်သိတာ”

အတော့် ကိုဆိုးရွာတဲ့ ကိစ္စပါလား။

ပို့နိုင်မယ့် အရေအတွက်ထက် တန်လေးရာ ပိုရိုက်လိုက်မိသတဲ့။

သူစိတ်တိုတောင်းစွာ ငြိမ်သက်သွားတော့ သူ့ဒေါသကို ရိပ်မိသော ငွေစိုးလှိုင်က ကမန်းက တန်း အကြံပေးစကားဆိုသည်။

“တို့ ဒုတိယတဲလက်(စ်) တစ်စောင် ထပ်ရိုက်ပြီး ပထမဂဏန်းတွေ မှားနေပါတယ်လို့ အကြောင်းကြားလိုက်ရင် ရပါတယ်”

ငွေစိုးလှိုင်၏ အကြံပေးမှု ကြောင့် သူ ပိုဒေါသ ဖြစ်သွားသည်။ ဒုတိယကြေးနန်းတစ်စောင် ထပ်ရိုက်ရုံနဲ့ ပြီးရောလား။ တကယ်လို့ ပြီးသွားတယ်ထားဦး။ ကြေးနန်းတစ်စောင်ကို မှန်ကန် အောင် မရိုက်နိုင်မှု အတွက် ကုမ္ပဏီသိက္ခာမကျပေဘူးလား။

သူခေါင်းတစ်ချက် ခါယိမ်းလိုက်သည်။

“ဘယ်တော့မှ အဲဒီ လိုမလုပ်ဘူး ငွေစိုးလှိုင်၊ အဲဒီ လိုလုပ်လိုင်ရင် တကယ်မှားတယ်လို့ မထင်ဘဲ တန်ချိန်ပြည့်အောင်မပို့နိုင်တော့လို့ ပြန်လျှော့တာလို့ ထင်သွားမယ်၊ ငါ့ကုမ္ပဏီ နာမည် ပျက် မခံနိုင်ဘူး”

“ဒါဖြင့် ဘယ်လိုလုပ်မလဲ”

“ဘယ်လိုလုပ်ရမှာ လဲ၊ မှားသွားတဲ့ တန်ချိန်အတိုင်း ဖြစ်အောင် တန်လေးရာထပ်ဝယ်ရမှာ ပေါ့၊ အင်စပက်တာခေါ်ပြီး ပို့မယ်အချိန်မီအောင် အမြန်ဆုံးဝယ်”

“မီပါ့မလား သူရိန်၊ သတ်မှတ်ရက်အတွင်း ပိတောက်တန်လေးရာ ရဖို့ဆိုတာ”

“မမီမီအောင်ဝယ်ရမှာ ပေါ့၊ လိုအပ်ရင် နှစ် စု သုံးစုခွဲပြီးဝယ်၊ ခု မင်းပါးစပ်ကိုပိတ်ပြီး ပျဉ်းမနားကို ဖုန်းဆက်စမ်း၊ ကိုဘိုနီနဲ့ တစ်နာရီအတွင် အဆက်အသွယ်ရအောင်လုပ်”

သူ စိတ်တိုတောင်းစွာ ခပ်ကျယ်ကျယ် အော်ပြောလိုက်တော့မှ ငွေစိုးလှိုင် ထိုင်ရာမှထပြီး အပြင်ဘက်ရှိ ၎င်း၏ ဖုန်းမှတစ်ဆင့် ပျဉ်းမနားသို့ ဖုန်းခေါ်ရန် ထွက်သွားသည်။

“ခဏနေဦး ငွေစိုးလှိုင်”

သူ လှမ်းခေါ်လိုက်သဖြင့် ရုံးခန်းအပြင်ဘက်သို့ ရောက်လုနီးပါး ဖြစ်နေသော ငွေစိုးလှိုင် သူ့ ဘက်သို့ ပြန်လှည့်သည်။

“ဖုန်းဆက်ပြီးတာနဲ့  မင်း ချက်ချင်း လုပ်ရမယ့် အလုပ်တစ်ခု ရှိတယ်”

“ဘာလဲ သူရိန်”

“ကွန်ပျူတာရိုက်တဲ့ ကောင်းမလေးကို အလုပ်ဖြုတ်ပစ်လိုက်”

ငွေစိုးလှိုင် ခေတ္တာငိုင်သွားသော်လည်း သူ့စကားကိုတော့ တစ်စုံတစ်ရာ စောဒက မတက်ရဲ အထူးသဖြင့် ယခုလို သူဒေါသ ဖြစ်နေချိန်မျိုး၌ ပို၍ စေားကမတတ်ရဲ။

အေး ဟု ရေရတ်လျက် ခေါင်းညိတ်ပြပြီး တိတ်ဆိတ်စွာ လှည့်င ထွက်ခွာသွားသည်။

♥ ♥ ♥


(၂)

စူးရှစွာ အော်မြည် လာသော တယ်လီဖုန်းသံက ညနေစာမစားခင် ၀ီစကီတစ်ခွက်နှင့် ဇိမ်ကျ နေသော သူ၏ စည်းစိမ်တို့ကို ဖျက်သိမ်းလိုက်သည်။

အောင်မောင်းကို လှမ်းခေါ်ကာ ဖုန်းကိုင်ခိုင်းမည် ဟု စိတ်ကူးပြီးမှ စောစောကပင် အောင်မောင်းအား ဘဲကင်သွားဝယ်ရန် ခိုင်းထားမိကြောင်း သတိရလိုက်သဖြင့် ဖန်ခွက်ကို ဘေးသို့ချလိုက်ပြီး တယ်လီဖုန်းကိုင်ရန် ထရပ်လိုက်ရသည်။

ဧည်ခန်းထောင့်ရှိ တယ်လီဖုန်းဆီသို့ လျှောက်လာရင်း နာရီကို လှမ်းကြည့်လိုက်တော့ ငါး နာရီခွဲပြီး ဆယ်မိနစ်၊ သည်အချိန်သည် သူနှင့် ပတ်သက်သူများ သူဆီသို့ ဖုန်းက်လေ့ ဆက်ထရှိ သော အချိန်မဟုတ်၊ ဘယ်သူများ ပါလိမ့်။

“ဟုတ်ကဲ့……..အမိန့်ရှိပါ”

“ကျွန်မ ဦးနေသူရိန် နဲ့ စကားပြောချင်လို့ပါ”

ချိုလွင်သော စကားသံတစ်ခုက နားထောင်ခွင်အတွင်းမှ မှိန်ဖျော့စွာ ထွက်ပေါ်၍ လာသည်။ ဦးနေသူရိန်နဲ့……တဲ့။ ဒါဟာ ဘယ်သူပါလိမ့်။

ဇဝေဇ၀ါ ဖြစ်စွာ သူနှုတ်ဆိတ်နေပြီးမှ …….

“ခုပြောနေတာ နေသူရိန်ပါ”

ဟု သူပြန်ပြောလိုက်သည်။

“ကျွန်မနာမည် မြမိုမိုပါ”

မြမိုမို။ မကြားဖူးသော နာမည် ဖြစ်သည်။

“ကိုယ်စိတ်ထင်တော့ ကိုယ့်အသိအကျွမ်းထဲမှာ အဲလိုနာမည် မျိုး မရှိဘူး”

“ဟုတ်ပါတယ်၊ ကျွန်မနဲ့ ဦးနေသူရိန်နဲ့ မသိပါဘူး၊ ဟိုလေ……. ကျွန်မဆိုလိုတာက ကျွန်မ တို့ချင်း တစ်ခါမှ မဆုံးခဲ့ဖူးဘူးလို့ ဆိုလိုတာပါ”

အင်း……ဒါဆိုရင်တော့ အဖြေက ရှင်းနေတာပဲ။

“ဒါဖြင့် အချိန်ကုန်ခံပြီး ဘာ ဖြစ်လို့ ဖုန်းဆက်နေသေးလဲ မြမိုမို၊ ကိုယ်တို့ချင်း စကားပြော စရာကိစ္စမှ မရှိဘဲ ”

သူ စိတ်အနှောင့်အယှက် ဖြစ်စွာ ပြန်ပြောပြီး ဖုန်းချရန် ပြင်လို ကတော့ တစ်ဖက်မှ ကမန်း ကတန်း လှမ်းတားသည်။

“ခဏ….ခဏလေး ဦးနေသူရိန်၊ ကျေးဇူးပြုပြီး ဖုန်းမချလိုက်ပါနဲ့ ဦး၊ ကျွန်မ ဦးနေသူရိန်ကို ပြောစရာရှိလို့ပါ၊ ဟို….. ကျွန်မ ဦးနေသူရိန်ပိုင် ကုမ္ပဏီက ၀န်ထမ်းတစ်ဦးပါ”

သူ့ကုမ္ပဏီက ၀န်ထမ်းဆိုပါလား။ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။

“နေစမ်းပါဦး၊ မင်း အခုပြောမယ့်ကိစ္စက အလုပ်ကိစ္စလား”

“ဟုတ်ပါတယ်”

“ဒါဖြင့် အလုပ်ချိန်ကုန်နေပြီ မိန်းကလေး၊ တနင်္လာနေ့ရုံးချိန်ကျမှ ကိုယ့်ကို ပြန်ဆက်သွယ် ပါ”

သူ ခပ်တင်းတင်းပြောလိုက်တော့ တစ်ဖက်မှ ငြိမ်သက်စွာ သွားသည်။ ပြီးမှ တုံ့ဆိုင်းစွာ စကားစသည်။

“ကျွန်မ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ၀န်ထမ်းတစ်ဦးပါ ဦးနေသူရိန်၊ ဒီနေ့ပဲ ဦးနေသူရိန် အလုပ် ဖြုတ်ခိုင်းလိုက်တဲ့ ကွန်ပျူတာဆက်ရှင်ကပါ”

“ဒါဆိုရင်တော့ မင်းနဲ့ ကိုယ်ကြားမှာ ပြောစရာပိုပြီး ရှားသွားတာပေါ့ မြမိုမို၊ မင်းအတွက် ကိုယ်စိတ်မကောင်းပါဘူး၊ ကဲ….ကောင်းသော ညနေခင်းပါ”

သူဖုန်းချပြီး လှည့်ထွက်ခဲ့သည်။

သို့သော် သူ့ခြေလှမ်း ခုနစ်လှမ်းလောက် ရောက်ချိန်၌ တယ်လီဖုန်းသံက ထပ်မြည် လာပြန် သည်။ သူစိတ်တိုတောင်းစွာ ခပ်တိုးတိုးဆဲလိုက်ပြီး ဖုန်းဆီသို့ ပြန်လှည့်လာရပြန်သည်။

သည်တစ်ခါ ဖုန်းဆက်သူမှာ လည်း စောစောက မိန်းကလေးပင် ဖြစ်သည်။

“ဦးနေသူရိန်ကို အနှောင့်အယှက်ပေးရတဲ့အတွက် ကျွန်မ ၀မ်းနည်းပါတယ်၊ ဒါပေမဲ့ ကျွန်မ ကို အလုပ်ဖြုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အတိအကျ သိချင်နေလို့ပါ ဦးနေသူရိန်”

“ကိုယ် မင်းအတွက် အချိန်မပေးနိုင်ဘူး မိန်းကလေး”

“ကျွန်မ စောင့်နိုင်ပါတယ်၊ အခု ကျွန်မ ဦးနေသူရိန်ရဲ့ ခြံရှေ့စတိုးဆိုင်ကနေ ဆက်နေတာ ပါ၊ ဦးနေသူရိန် တွေ့ ခွင့်ပေးတဲ့အထိ………”

သူဆက်နားမထောင်တော့ဘဲ ဖုန်းခွက်ကို ပစ်ချလိုက်သည်။ စောင့်စမ်းပါ။ သေအောင်သာ စောင့်။

သူရဲ့ တစ်နေ့တာ နာရီတွေ ထဲမှာ အလုပ်ဖြုတ်ခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက် အလုပ်ပြန်ရအောင် အသနားခံတာကို နားထောင်ဖို့ သတ်မှတ်ထားချိန်မရှိ။

အရက်ခွက်ရှိရာသို့ ပြန်လာပြိး ရေခဲတုံးများ အရည်ပျော်သွားသဖြင့် အရောင် ဖျော့စပြုနေ သော ၀ီစကီကို တစ်ငုံ ငုံလိုက်သည်။

မကြိုက်သူများ က ပိုးဟပ်ချေးစော်နံတယ်ဟု ကဲ့ရဲ့ သော ၀ီစကီ၏ သင်းပျံ့ပျံ့ရနံ့က တယ်လီဖုန်းသံ နှောင့်ယှက်မှု ကြောင့် ညစ်ညူးသွားရသော သူ့စိတ်တို့ကို ပြန်လည်လန်းဆန်းလာ စေသည်။

တတိယမြောက်ခွက်ကို စတင်ချိန်မှာ တော့ စောစောက ကောင်မလေးကို သူ လုံးဝ မေ့လျော့သွားတော့သည်။

“ဘဲကင်ရပြီ ဆရာ”

ဘယ်အချိန်ကပြန်ရောက်သည်မသိသော အောင်မောင်းက ခုတ်ပြီးသား ဘဲကင်တစ်ပွဲကို သူ့နားသို့ လာချပေးသည်။

အမဲကြော်ပြီးလျှင် သူ၏ ဒုတိယမြောက် အကြိုက်ဆုံး အမြည်းမှာ ဘဲကင် ဖြစ်သည်။

ဘဲကင်တစ်ဖတ်၊ ၀ီစကီတစ်ငုံဖြင့် သူ အတန်ကြာအောင် ဇိမ်ယူနေလိုက်သည်။ အနည်း ငယ ရီတီတီ ဖြစ်စပြုလာသော အချိန်မှာ တော့ ထုံးစံအတိုင်း လေညင်းခံရန် ၀ရန်တာဘက်သို့ ထွက်လာခဲ့သည်။

သူ့အလေ့အထကို သိပြီး ဖြစ်နေသည် အောင်မောင်းက ဖန်ခွက်နှင့် အမြည်းပန်းကန်ကိုင် ကာ နောက်မှလိုက်လာသည်။

ဝရန်တာလက်ရန်းကို လက်ဖြင့် ထောက်လျက် လိမ္မော်ရောင် ဆည်းဆာအောက်မှ ရှုခင်း တို့ကို ငြိမ်သက်ငေးမောနေရင်းမှ သူ့မျက်ဝန်းတို့ကို ငြိမ်သက်ငေးမောနေရင်းမှ သူ့မျက်ဝန်းတို့က ကားလမ်းမ၏ တစ်ဖက်ခြံရှိ စတိုးဆိုင်လေးဆီသို့ အမှတ်မဲ့ ကျရောက်သွားကြသည်။

စတိုးဆိုင်ရှေ့၌ ရပ်လျက် သူ၏ ခြံဝင်းရှိရာဘက်သို့ မမှိတ်မသုန် စိုက်ကြည့်နေသော ကောင်မလေး တစ်ယောက် ကို တွေ့ တော့ ဒါဟာစောစောက ကောင်းမလေးပဲဟု သူ ချက်ချင်း တွေး လိုက်မိသည်။

ကြည့်စမ်း……..အတော့် ကို ဇွဲနပဲကြီးလှတဲ့မိန်းကလေးပါလား။

အမှားအယွင်းလုပ်တတ်သည့် ရုံးဝန်ထမ်းများ ကို သူသဘောမကျသော်လည်း ဇွဲကြီးမှု ကို တော့ သူလေးစားပါသည်။

“အောင်မောင်း”

“ဟုတ်ကဲ့ ဆရာ”

သူ့ခေါ်သံကြားသည်နှင့် အောင်မောင်းသူ့ဘေးနားသို့ ချက်ချင်း ရောက်လာကာခပ်တောင့် တောင့် အနေအထားဖြင့် ရပ်သည်။

“ဟိုးက ကောင်မလေးကို တွေ့ လား”

“ဟုတ်ကဲ့”

“သွားခေါ်စမ်းကွာ”

“ဗျာ”

“သွားခေါ်ခဲ့လို့ ပြောတာ”

အောင်မောင်း သူ့ကို မရဲတရဲ မော့်ကြည့်သည်။

“ ဖြစ်ပါမလား ဆရာ၊ ကောင်မလေး ကြည့်ရတာ ………”

“ဟာ………..သေတော့မှာ ပဲ၊ သွား…..ငါခိုင်းတဲ့အတိုင်းလုပ်၊ ငါခေါ်တယ်လို့ ပြောပြီး ခေါ် လာခဲ့”

သူအော်လိုက်တော့မှ အရက်ခွက်နှင့် အမြည်းပန်းကန်းကို ဘေးနားမှ စားပွဲပုလေးပေါ်တင် ပြီး အောင်မောင်း ကမန်းကတန်းထွက်သွားသည်။

နုံ အ, အ နိုင်လှသော အောင်မောင်း၏ နောက်ကျောကို စိတ်တိုတောင်းစွာ ကြည့်ရင်း ကြိမ် ကုလားထိုင်ပေါ်သို့ သူထိုင်ချလိုက်သည်။

♥ ♥ ♥


(၃)

မိန်းကလေးမှ သူ မျှော်လင့်ထားခဲ့သည်ထက်ပင် ပိုမိုနုနယ်၍ နေလေသည်။

ခပ်လှမ်းလှမ်း အနေအထားနှင့် မြင်ရစဉ်က ကြည့်ပျော်ရှုပျော်ရုပ်ရည်မျိုး ဖြစ်လိမ့်မည် ဟု သူ ခန့်မှန်းနိုင်ခဲ့သော်လည်း ဤမျှအထိ လှပစွာ ချစ်စဖွယ်ကောင်းနေလိမ့်မည် ဟုတော့ သူ မထင် မိ။

မျက်ခုံးထူထူ၊ မျက်တောင်ကော့ရှည်များ နှင့် နီစွေးပါးလျသည့် ချစ်စဖွယ်နှုတ်ခမ်းတို့ကို ပိုင် ဆိုင်သော မိန်းကလေး၏ ရုပ်ရည်မှာ မြင်ရသူတိုင်းထံမှ နှစ် လိုခင်မင်မှု ကို အလွယ်တကူ ရရှိနိုင် မည့်  ရုပ်ရည်မျိုး ဖြစ်သည်။

“ထိုင်ပါ”

မျက်နှာချင်းဆိုင်မှ ကြိမ်ကုလားထိုင်ဆီသို့ လက်လှမ်းပြလိုက်တော့ သူမ တိတ်ဆိတ်ကျိုးနွံ စွာ ၀င်ထိုင်သည်။ ထို့နောက် နူးညံ့သော ဆံပင်ရှည်ရှည်များ ကို လက်တစ်ဖက်ဖြင့် ပင့်သိမ်းလျက် နောက်ကျော်ဆီသို့ ပို့လိုက်ပြီး သူမ သူ့ကို ဖျတ်ခနဲ မော့်ကြည့်သည်။

ရွှန်းလဲ့တောက်ပလွန်းသော သူမ၏ မျက်ဝန်းတို့ကို မြင်တော့ တစ်ချိန်တုန်းက နန်းနွယ်နီထံ ၌ တွေ့ ခဲ့ရဖူးသည့် မျက်ဝန်းမျိုးပါလားဟု သူ တွေးလိုက်မိသည်။

“ကဲ….မင်း ဘာသိချင်တာလဲ”

သူ့အမေးကို သူမ မဆိုင်းမတွပင် အဖြေပေးသည်။

“ကျွန်မကို ဘာ ဖြစ်လို့ အလုပ်ဖြုတ်ခိုင်းလိုက်သလဲ ဆိာတာ သိချင်လို့ပါ”

အင်း…..သည်မေးခွန်းလေး မေးဖို့အတွက်သက်သက်ဆိုရင်တော့ သူမရဲ့ ဆတ်ဆန်ထိမခံ တဲ့ စိတ်ဓာတ်နဲ့ ဇွဲနပဲကြီးမှု ကို ချီကျူးစရာပဲ။

လက်ထဲမှ ဖန်ခွက်ကို လှုပ်ခတ်လျက် ရေခဲတုံးများ အရည်ပျော်အောင် ပြုလိုက်ရင်း သူ ပြန်မေးလိုက်သည်။

“မင်းကို ငွေစိုးလှိုင် ပြောမပြလိုက်ဘူးလား”

သူမ ခပ်သွက်သွက် ခေါင်းခါယမ်းလိုက်သည်။

“ဟင့်အင်း”

“သူ အားနာလို့ ထင်ပါရဲ့ ၊ ကောင်းပြီလေ၊ ဒါဖြင့် လဲ ကိုယ်ပြောရမှာ ပေါ့၊ မင်း စင်ကာပူတဲ လက်(စ်)အတွက် ကွန်ပျူတာစာထုတ်တာ မှားသွားတယ် မြမိုမို၊ ကိုယ်က အမှားဆိုရင် ဘယ်အ မှားမျိုးကိုမှ သည်းခံလေ့မရှိဘူး၊ မင်းရိုက်လိုက်တာ တန်သုံးရာအစား တန်ခုနစ်ရာ ဖြစ်သွားတယ်၊ တို့ပို့နိုင်မယ့် အရေအတွက်ထက် တန်လေးရာပိုသွားတယ်၊ အဲဒါကြောင့် ကိုယ်မင်းကို အလုပ် ဖြုတ်ခိုင်းလိုက်တာ”

သူ့စကားအဆုံး သူမ သူ့ကို တစ်စုံတစ်ရာပြောလိုဟန်ဖြင့် မော့်ကြည့်သည်။ သူမ သူ့ကို တစ်ခုခု ပြန်ပြောလိမ့်မည် ဖြစ်ကြောင်း သူမျှော်လင့်ထားပြီး ဖြစ်သည်။

အမှားလုပ်ပြီးသူတိုင်း သူတို့အမှားအတွက် ဆင်ခြင်ပေးတတ်ကြမြဲ ဖြစ်သဖြင့် မိန်းကလေး ၏ ဆင်ခြင်ပေးမှု ကို သူနားထောင်လိုက်သည်။

“အဲဒါ ကျွန်မမှားတာမဟုတ်ဘူး ဦးနေသူရိန်၊ တကယ်လို့ မှားတယ်ဆိုရင် ကျွန်မတစ် ယောက် တည်းမှားတာမဟုတ်ဘူး”

တစ်ယောက် တည်းမဟုတ်ဘူးတဲ့။ ဒါဖြင့် အပေါင်းအသင်းတွေ နဲ့ ဆိုပါတော့။

သူ အနည်းငယ် ပြုံးလိုက်ပြီး သူမကို မော့်ကြည့်ကာ မေးလိုက်သည်။

“ဒါဖြင့် ဆိုစမ်းပါဦး၊ မင်းအပြင် တခြားဘယ်သူမှားသေးလဲ”

“ဦးငွေစိုးလှိုင်”

မြတ်စွာ ဘုရား……..ကုမ္ပဏီ၏ ဒုတိယဥက္ကဌကိုပါ သူမရဲ့ မှားယွင်းမှု ထဲ ဆွဲထည့်နေပါရော လား။

သူမက သူ့အပြုံးကို မခံချင်ဟန်ဖြင့် ခပ်ဆတ်ဆတ်ပြောသည်။

“သူက စာရိုက်ခိုင်းရင် ဂဏန်းတွေ ကို ဘယ်တော့မှ အင်္ဂလိပ်လို ရေး မပေးဘူး၊ အမြဲတမ်း မြန်မာလိုပဲ ရေး တယ်၊ နောက်ပြီး သုံးနဲ့ ခုနစ်ဂဏန်းကလဲ ကွဲကွဲပြားပြားမရှိဘူး၊ ခဏခဏမှား တယ်၊ တကယ်လို့ တဲလက်(စ်)အမှားကြောင့် အလုပ်ဖြုတ်မယ်ဆိုရင် ဦးငွေစိုးလှိုင်ကိုပါ အလုပ် ဖြုတ်သင့်တယ်”

အတော့် ကို လာတဲ့ ကလေးမပဲ။ သူ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

“မင်းစကားအရဆို ငွေစိုးလှိုင် မမှားပါဘူး မြမိုမို၊ ဂဏန်းရေး တာ မကွဲပြားတာ တစ်ခုတည်း ပါ၊ နောက်ပြီး သူရေး တဲ့ သုံးနဲ့ ခုနစ်ဂဏန်းဟာ မကွဲဘူးလို့ မင်းသိထားရင် ဘာ ဖြစ်လို့ သေချာ အောင် သူ့ကို သွားမမေးသလဲ၊ ဘာ ဖြစ်လို့ မင်းစိတ်နဲ့မင်းစိတ်ထင်နဲ့ ရမ်းပြီး ရိုက်လိုက်သလဲ”

“ကျွန်မ မေးဖို့ ကြိုးစားပါတယ် ဦးနေသူရိန်၊ ဒါပေမဲ့………”

“ကိုယ် အကြောင်းပြချက်တွေ ကို စိတ်မ၀င်စားဘူး မြမိုမို၊ ရလဒ်ကိုပဲ စိတ်ဝင်စားတယ်၊ မင်းလုပ်လိုက်တဲ့ အမှားကြောင့် ကုမ္ပဏီပိုင်ငွေနဲ့ အချိန်တွေ အလဟသ ဆုံးရှုံးသွားရတယ်”

သူ့စကားအဆုံး သူမ နှုတ်ဆိတ်ငြိမ်သက်သွားသည်။

အောက်နှုတ်ခမ်းကို မသိမသာကိုက်ရင်း ခေါင်းငုံ့တွေ ဝေသွားသော သူမကို ကြည့်ကာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသော်လည်း ဘာမှမတတ်နိုင်ပါ။ အလုပ်ဟာ အလုပ်ပဲ ဖြစ် သည်။

“မင်း အလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက် မနစ်နာရအောင် ကိုယ် သုံးလစာ ကြိုပေးခိုင်းလိုက် ပါတယ်၊ အဲဒါ မင်း ရတယ် မဟုတ်လား”

သူမ ဖျတ်ခနဲ ခပ်စူးစူးမော့်ကြည့်သည်။

“ကျွန်မ ငွေအတွက်ပြောနေတာမဟုတ်ဘူး ဦးနေသူရိန်”

“ဒါဖြင့် ဘာအတွက်လဲ”

“ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက်”

ဂုဏ်သိက္ခာ။

သူ့ထက် ဆယ်နှစ် ကျော်လောက် ငယ်မည် ဖြစ်သော မိန်းကလေး တစ်ယောက် ၏ ဂုဏ် သိက္ခာဟူသော စကားကြောင့် သူ ရယ်ချင်သွားမိသည်။

“အရုဏ်သစ်ကုမ္ပဏီကို ကျွန်မသူငယ်ချင်း နှစ် ယောက် နဲ့အတူတူ အလုပ်ဝင်ခဲ့တာ၊ ခု သူတို့က ဘာမှမ ဖြစ်ဘဲ ကျွန်မ တစ်ယောက် တည်း အလုပ်ဖြုတ်ခံရတယ်ဆိုတော့ ကျွန်မသိက္ခာ ကျတာပေါ့၊ ပြီးတော့ ရှက်ဖို့လဲကောင်းတယ်”

သူမ၏ မျက်ရည်အမူအရာအရ ထိုကိစ္စအတွက် သူမ အမှန်တကယ် ၀မ်းနည်းရှက်ရွံ့နေမိ မည် ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပါ။ သူ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး………

“မင်းရဲ့ ဂုဏ်သိက္ခာအတွက် ကိုယ်စိတ်မကောင်းပါဘူး မြမိုမို၊ နောက်ပြီး မင်းကို အချိန် များများ မပေးနိုင်တဲ့အတွက်လဲ ကိုယ်စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ခုချိန်ဟာ ကိုယ်ရဲ့ ရေချိုးချိန် မြမိုမို၊ ကိုယ်ရေချိုးပြီး ထမင်းစားရဦးမယ်၊ ကဲ ……အောင်မောင်း”

“ဟုတ်ကဲ့ ဆရာ”

သူ့ခေါ်သံကြားသည်နှင့် ၀ရန်တာ တံခါးဝ၌ အသင့်အနေအထားဖြင့် ရပ်နေခဲ့သော အောင်မောင်း အပြေးအလွှားနှင့် ရောက်လာသည်။

“သူ့ကို ပြန်ပို့ပေးလိုက်ပါ”

“နေပါစေ ဦးသူရိန်၊ ကျွန်မဘာသာ ပြန်ပါ့မယ်”

သူမ ထိုင်ရာမှထရပ်ရင်း သူ့စကားကို ငြင်းဆန်သည်။

“ကောင်းပြီလေ၊ ဒါဖြင့် လဲ ခြံတံခါးဝအထိ လိုက်ပို့ပေးလိုက်ပါ”

“ဟုတ်ကဲ့”

အောင်မောင်း ဦးဆောင်ရာနောက်သို့ သူမ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။ သူ့ဘက်သို့ လှည့်မကြည့်ခဲ့သလို နှုတ်လည်း မဆက်ခဲ့။

ယိမ်းနွဲ့ညင်သာစွာ ခါယမ်းသွားသော သူမ၏ ဆံပင်ရှည်ရှည်များ ကို သူ ငေ့ကြည့်ရင်း လက် ကျန်ခွက်ဆီသို့ လက်လှမ်းလိုက်သည်။

ထို့နောက် တစ်ကျိုက်တည်း မော့်ချလိုက်ပြီး ရေချိုးရန် ထိုင်ရာမှ ထရပ်လိုက်သည်။

♥ ♥ ♥


(၄)

အခန်းတံခါးဖွင့်သံကြောင့် သူ ခေါင်းမော့်ကြည့်လိုက်တော့ ဖိုင်တွဲ တစ်တွဲ ပိုက်လျက် ၀င် ရောက်လာသော ငွေစိုးလှိုင်ကို တွေ့ ရသည်။

သူ့ရှေ့မျက်နှာချင်းဆိုင်ခုံ၌ ငွေစိုးလှိုင် ၀င်ထိုင်ပြီး ဖိုင်တွဲ ကို စားပွဲပေါ်သို့ ပစ်တင်ရင်း လှမ်း ပြောသည်။

“ခုပဲ ပျဉ်းမနားနဲ့ ဖုန်းကွန်တက်ရတယ်၊ တို့လိုချင်တဲ့အတိုင်း အားလုံးအဆင်ပြေတယ်၊ မျှောစာလဲရပြီတဲ့၊ လောလောဆယ် သစ်တင်ဖို့ကြာနေလို့ ကြန့်ကြာကြေးတော့ ဆောင်ရလိမ့်မယ် ပြောတယ်”

“ကြန့်ကြာကြေးတွေ ၊ ဂိတ်ကြေးတွေ စကားထဲ ထည့်ပြောမနေနဲ့၊ ဒီကို အချိန်မီ ရောက်မ ရောက်သာပြော”

လက်ထဲမှာ ဘောလ်ပင်ကို ပစ်ချရင်း သူပြန်မေးလိုက်တော့ ငွေစိုးလှိုင် ခေါင်းညိတ်ကာ ရောက်မှာ ပါဟု ဖြေသည်။

“ကိုင်းတက်တို့၊ ဖုတို့ကော လွတ်ရဲ့ လား”

သူတို့ထံမှ သစ်ယူသော ကုမ္ပဏီက ဂျပန်ကုမ္ပဏီများ ကဲ့သို့ အနာလွတ်ဖယောင်းတိုင်သစ် ချောမျိုးမှ ယူမည် ဟု ကြေးမများ သည့်တိုင်အောင် ကိုင်းတက်၊ ဖု၊ အခွက် အနာများ ပါက စကား အနည်းငယ်ပြောရတတ်ပါသည်။

“မပူပါနဲ့၊ ကိုဘိုနီ အကြောင်းလဲ မင်း သိသားပဲ၊ စင်းလုံးချော ဖြစ်မှာ ပါ”

ငွေစိုးလှိုင် ရဲတင်းစွာ အာမခံရင်း စီးကရက်ဘူးကို ဆွဲယူကာ စီးကရက်တစ်လိပ်ထုတ်၍ မီးညှိသည်။

ထို့နောက် သုံးလေးဖွာလောက် တိတ်ဆိတ်ငြိမ်သက်စွာ ဖွာရှိုက်နေပြီးမှ သစ်အကြောင်း ပြောရင်း စကားစပ်လို့ ပြောရဦးမယ်ဟု သတိတရဟန်နှင့် ဆိုသည်။

“ဘာလဲ”

အလုပ်ကိစ္စ တစ်ခုခု ထင်၍ သူ မေးလိုက်သော်လည်း ငွေစိုးလှိုင် အဖြေက သူ မျှော်လင့် ထားသလို မဟုတ်။

“ဟိုနေ့က မင်း အလုပ်ဖြုတ်ခိုင်းလိုက်တဲ့ မြမိုမို အကြောင်း”

သော ကြာနေ့ညနေက သူ့အားလပ်ချိန် ဆယ်မိနစ်လောက်ကို လာရောက်ဖြုန်းတီးသွား သည့် ကောင်းမလေးအကြောင်းဟု ဆိုသဖြင့် သူ အနည်းငယ် ဇဝေဇ၀ါ ဖြစ်စွာ ငွေစိုးလှိုင်ကိုကြည့် လိုက်သည်။

“အဲဒီ နေ့က မင်းက ဒေါကန်ပြီး အလုပ်ဖြုတ်ခိုင်းလို့သာ ဖြုတ်လိုက်ရတာ ၊ တကယ်က ဂဏန်း တွေ မှားတာ သူ့အမှားသက်သက် မဟုတ်ဘူး”

ဒါ ကတော့ ငွေစိုးလှိုင်၏ ရိုးသားမှု ပင် ဖြစ်သည်။

သူ ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး ငွေစိုးလှိုင်ကို ပြန်ပြောလိုက်သည်။

“ငါ သိပါတယ်၊ မင်းရဲ့ သုံးနဲ့ ခုနစ် ကွဲပြားအောင် မရေး တတ်တဲ့ အမှားလဲပါမှာ ပေါ့”

သူ့စကားကြောင့် ငွေစိုးလှိုင် တအံ့တသြ ဖြစ်စွာ သူ့ကို မော့်ကြည့်ရင်း မင်း ဘယ်လိုသိလဲဟု မေးသည်။

သူ ကုလားထိုင်ပေါ်၌ ကျောဆန့်မှီလိုက်ရင်း…

“အဲ့ဒီညနေကပဲ အဲဒီ ကောင်မလေး ငါ့ဆီလာသွားတယ် ငွေစိုးလှိုင်၊ သူ့ကိုဘာ ဖြစ်လို့ အလုပ်ဖြုတ်ရတာ လဲ လာမေးတာ၊ အင်း… ကြည့်ရတာ တော့ ဆတ်ဆတ်ထိ မခံထဲကပဲ၊ ငါက သုံးလစာ ကြိုပေးလိုက်တဲ့ အကြောင်းပြောတော့ငါ့ကို ငွေကအကြောင်းမဟုတ်ပါဘူး၊ ဘာညာနဲ့ လုပ်သွားသေးတယ်”

“ ဖြစ်နိုင်တယ်၊ အဲ့ဒီကောင်မလေးက ဦးလှအောင်သမီးမူမူနဲ့သူငယ်ချင်း၊ သူရယ်၊ မူမူရယ်၊ နောက်ကောင်မလေး တစ်ယောက် ရယ် အတူတူအလုပ်ဝင်ကြတာ၊ ပုံစံတွေ ကတော့ ငွေအတွက် အဓိကထားပြီး အလုပ်လာလုပ်တဲ့ပုံမျိုး မဟုတ်ဘူး”

“ငွေအတွက်မဟုတ်ရင် ဘာအတွက်လဲ ငွေစိုးလှိုင်”

“အပျော်သက်သက်နေမှာ ပေါ့”

ငွေစိုးလှိုင်စကားကြောင့် သူတအံ့တသြ ဖြစ်သွားရသည်။

အလုပ်တစ်ခုကို ငွေအတွက်ကြောင့်မဟုတ်ဘဲ ပျော်ရွှင်မှု အတွက်လည်း လုပ်တတ်ကြ ပါလားဟုလည်း ပထမဦးဆုံးအကြိမ် ဖြစ်သူ သတိပြုလိုက်မိသည်။

ဘာပဲ ဖြစ် ဖြစ် ထိုကဲ့သို့ အပျော်တမ်းသမားများ ကြောင့် ထိုသို့သော ကမောက်ကမကိစ္စများ က ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

“ပြောရင်းဆိုရင်း ဦးလှအောင်တောင် ရောက်လာပြီ၊ ကြည့်ရတာ မြမိုမိုကိစ္စအတွက် ထင် တာပဲ”

ငွေစိုးလှိုင်စကားကြောင့် ရုံးခန်းဝသို့ ကြည့်လိုက်တော့ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို မနိုင့်တနိုင် သယ်ရင်း ခပ်ဖြည်းဖြည်း ၀င်ရောက်လာသော ဦးလှအောင်ကိုတွေ့ ရသည်။

ကုမ္ပဏိ၏ အစုရှည်ယာဝင်တစ်ဦး ဖြစ်၍ ဒါရိုက်တာအဖွဲ့ဝင်လည်း ဖြစ်သော ဦးလှအောင် သည် အစည်းအဝေးရှိသော အခါ မျိုးမှအပ ရုံးလာထိုင်တတ်သူမျိုးမဟုတ်ပါ။

ယခုမှ ထူးထူးခြားခြား ရုံးသို့ရောက်ရှိလာရခြင်း အကြောင်းရင်းမှာ ငွေစိုးလှိုင် ခန့်မှန်းသလို ပင် ဖြစ်ပါလိမ့်မည် ။

“ဘယ်လိုလဲဦးလှအောင်၊ ထူးထူးဆန်းဆန်းပါလား”

“အေးဗျာ… ဟိုကောင်မလေး တဂျီဂျီလုပ်နေတာနဲ့”

ဟိုကောင်မလေးဆိုသည်မှာ မြမိုမိုကို ရည်ညွှန်းကြောင်းသူအလွယ်တကူ သဘောပေါက် လိုက်မိသည်။

ဦးလှအောင် ငွေစိုးလှိုင်ဘေးမှ ထိုင်ခုံမှာ ၀င်ထိုင်ရင်း…

“ဦးနေသူရိန်က သူ့ကို အလုပ်ဖြုတ်လိုက်လို့တဲ့ဗျာ၊ ကျွန်တော့် ကို လာပြီးနားပူနေတယ်၊ အလုပ်ပြန်ခန့်အောင်ပြောပေးပါတဲ့”

သူတစ်စုံတစ်ရာပြန်ပြောရန်ပြင်လိုက်တော့ ဦးလှအောင်က လက်ကာရင်း စကားဆက် သည်။

“ခင်ဗျားအကြောင်းကို ကျွန်တော် သိပြီးသားပါ၊ ဒ့ါကြောင့်သူ့ကိုတောင် ဦးနေသူရိန် ကိုယ် တိုင်က ဖြုတ်လိုက်တာဆိုရင် အလုပ်ပြန်ရဖို့ မမျှော်လင့်နဲ့တော့လို့ ပြောခဲ့သေးတယ်၊ ဒါပေမယ့် အခုလိုမလာရင်လဲ မကောင်းတာနဲ့ လမ်းကြုံလှည့်ဝင်လာတာ”

ဒါဆိုလျှင်တော့ လာရင်းကိစ္စ၏ ရလဒ်ကိုဦးလှအောင် သိပြီးသားပဲ၊ သူဘာဝင်ပြောစရာလို ပါသေးသလဲ။

“ကောင်မလေးက ချမ်းချမ်းသာသာထဲက မဟုတ်လား”

ငွေစိုးလှိုင်က စကားမရှိ စကားရှာကာ မေးလိုက်တော့ ဦးလှအောင်ကခေါင်းညိတ်သည်။

“ချမ်းသာတာ ကတော့ မျိုးနဲ့ရိုးနဲ့ကို အစဉ်အဆက်ချမ်းသာလာကြတာ၊ သူ့အဘွားရဲ့ အဖေ က တစ်ချိန်တုန်းကစော်ဘွားလို့ပြောတယ်၊ အင်း…ရှမ်းစော်ဘွားသွေးစပ်တယ်လို့ ဆိုရမှာ ပေါ့၊ မန္တလေးကနေ ဒီမှာ လာပြီးအခြေစိုက်ကြတာ”

“သူ့မိဘတွေ ရှိသေးလား”

နှုတ်ဆိတ်ငြိမ်သက်နေရာမှ ပထမဆုံးအကြိမ်အ ဖြစ် သူစကားစလိုက်သည်။ သူ့ဘ၀၌ သူများ အကြောင်းကို စိတ်ဝင်စားမိခြင်းမှာ လည်း ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ပင် ဖြစ် သည်။ ဦးလှအောင်က နီစပ်စပ်မျက်နှာကို လက်ကိုင်ပ၀ါနှင့် သုတ်ရင်း ခေါင်းယမ်းသည်။

“မရြှိ ကတော့ဘူး၊ သူခပ်ငယ်ငယ်ကပဲ ဆုံးသွားကြတယ်၊ ခုသူ့အဒေါ်ကပဲ သူ့ကို သမီး အရင်းလို စောင့်ရှောက်ထားတာ၊ အဒေါ်ဆိုလို့ အသက်ကြီးကြီး ၀၀ဖိုင့်ဖိုင့်ကြီးလို့မထင်နဲ့၊ သုံးဆယ့် ငါးဆိုလားပဲရှိသေးတာ၊ အဲ့…မျက်နှာကြည့်ပြီး ဆုံးဖြတ်ရင်တော့ ဘယ်သူမှသုံးဆယ်ကျော်လို့ ထင်ကြမှာ မဟုတ်ဘူး”

တကယ်ဆိုလျှင် သူတစ်ပါးအရေး ကိစ္စကို ဦးလှအောင်သည်လောက် ဝေေ၀ဆာဆာရှင်းပြ နေဖို့မကောင်းပါ၊ ထိုအတူ သူကလည်း သည်ထက်ပို၍ စိတ်ဝင်စားခဲ့ဖို့မကောင်း။

သို့သော် သူ့ကိုယ်သူ သတိမထားမိခင်မှာ ပင် သူမေးခွန်းတစ်ခုကို မေးမိပြီး ဖြစ်နေလေ သည်။

“အဲ့ဒီအဒေါ်နာမည် က ဘယ်လိုခေါ်လ”

“ဒေါ်နန်းနွယ်နီတဲ့”

နန်းနွယ်နီ။

ထိုအမည် က သူ့တစ်ကိုယ်လုံးကို ရုတ်ခြည်းအေးစက်သွား စေလေသည်။ နန်းနွယ်နီတဲ့။ ဒါဟာ နှစ် ပေါင်းများ စွာ မေ့လျော့ထားခဲ့သော အမည် ဖြစ်သလို နှစ် ပေါင်းများ စွာ မမေ့နိုင်သော အမည် လည်း ဖြစ်သည်။

သူ့ဘ၀၏ လွမ်းဆွတ်နာကျင်မှု များ ၊ ခံပြင်းကြေကွဲမှု များ ဖန်တီးပေးခဲ့သော နန်းနွယ်နီ။ သူစက်ဆုပ်နာကြည်းစွာ မုန်းတီးခဲ့ရသော မိန်းမ၊တစ်နည်းအားဖြင့် နေသူရိန်ဘ၀ကိုမွေးဖွား ဖြစ်စေ ခဲ့သော မိန်းမ။

လေအေးစက်တပ် ရုံးခန်းအတွင်း ထိုင်နေသည့်တိုင် သူ့တစ်ကိုယ်လုံး မိုင်ပေါင်းများ စွာ ခရီး ကို အပြင်းနှင်လာရသူ တစ်ယောက် ပမာ ပူလောင်မောဟိုက်၍ နေလေသည်။

သူ့ရှေ့၌ ရှိသည့် ဦးလှအောင်ရော ငွေစိုးလှိုင်ပါ မှု န်ဝါးသွားကြသည်။

ကြာခဲ့ပြီ နန်းနွယ်နီ။

မရှိခဲ့ဘူးဆိုလျှင်တောင် အနည်းဆုံး အနှစ် နှစ် ဆယ်လောက်ရှိခဲ့ပြီ။ ဒါပေမယ့် ငါနင့်ကို သည်နေ့ထက်ထိ သတိရနေမိတုန်းပဲ။

အဲ့ဒီကိစ္စဟာ အံ့သြစရာ မကောင်းပေဘူးလား နန်းနွယ်နီ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နေနော် ၏ “ အလင်းဖျော့ကောင်းကင် (ပထမပိုင်း) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နေလောင်ခံပန်းတစ်ပွင့်၏သမိုင်း

ကောင်းကင်ခါးခါး

ဖြောင့်ချက်