
စကားလုံးပုံဆောင်ခဲများ ရဲ့ ရနံ့
၁။
ဘာရယ် မဟုတ်ပါဘူး
နှစ်ပေါင်းများ စွာ
မြိုချလာခဲ့တဲ့ ပင့်သက်တွေ ကို
အန်ထုတ်လိုက်တာပါ။
ရင်ဘတ်ထဲက အကြောင်းအရာတွေ ကို
ဝတ္ထုတိုအဖြစ် ပုံဖော်လို့မရတဲ့အခါတိုင်း
ကျွန်တော် ကဗျာရေး လေ့ ရှိပါတယ်။
၂။
ဒီစာအုပ်ထဲမှာ
ကိုလိုနီခေတ် လူထူးလူဆန်းတွေ ရဲ့
စွန့်စားခန်းတွေ မပါသလို၊
ကြီးကြီးကျယ်ကျယ် ဗဟုသုတရစရာ
အချက်အလက်တွေ လည်း မပါဘူး။
စိတ်ထိခိုက်ကြေကွဲဖွယ်
အဖြစ်အပျက်တွေ မပါသလို
ကံစမ်းမဲနဲ့ အရောင်းမြှင့်တင်ရေး
ကြားဖြတ်ကြောငြာတွေ လည်း
မပါဘူးဆိုတာ
ကျွန်တော် အာမခံပါတယ်။
သံဝေဂရဖို့နဲ့ ခန္ဓာဉာဏ်ရောက်
တရားတွေ ရဖို့ မရည်ရွယ်သလို
နည်းပညာအချက်အလက်တွေ
ဝေငှဖို့လည်း မရည်ရွယ်ပါဘူး
စိတ်ပျက်အာငယ်လာတဲ့ အခါမျိုးနဲ့
ဒေါသထွက်ပြီး
ဆူပွက်ပေါက်ကွဲချင်လာတဲ့ အခါမျိုးတွေ မှာ
ဒီစာအုပ်ထဲပါ စကားလုံးတွေ က
သင့်ကို တစ်စုံတစ်ရာ ပေးပါလိမ့်မယ်။
အဲဒါကို တချို့က 'ရသ'လို့ ခေါ်ပြီး
တချို့က 'လောကီမဂ်ဉာဏ်'လို့ တင်စားပါတယ်။
တကယ်တော့
ဘာမှ မဟုတ်ပါဘူး။ စကားလုံးတွေ ပါ။
ခင်ဗျားတို့ ကျွန်တော်တို့
နေ့စဉ် ရှူရှိုက်နေကြတဲ့
သာမန်စကားလုံးတွေ ပါလေ။
ကျွန်တော်ပြောရင်လည်း
အံ့သြဦးတော့မှာ ပဲ
စကားလုံးတွေ မှာ အရောင်ရှိသလို
အနံ့လည်း ရှိတယ်ဆိုတာ။
စကားလုံးတွေ ဟာ
အစီအစဉ်တစ်ခုနဲ့ စီးဆင်းသွားကြတဲ့အခါ
'ကဗျာ'တွေ အဖြစ်
'ဝတ္ထု'နဲ့ 'ရသစာတမ်း'တွေ အဖြစ်
ပုံဖော်ဖွဲ့တည်သွားတတ်ကြပါတယ်။
အဲ့ဒီ'စကားလုံးပုံဆောင်ခဲ'တွေ ရဲ့
နောက်ကွယ်က ရနံ့တွေ ကို
ရှူရှိုက်ကြည့်တဲ့အခါ
တချို့က အောက်သိုးချဉ်စုတ်ပြီး
တချို့ ကတော့ ချိုမြိန်လတ်ဆတ်နေပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်တို့တွေ ဟာ
စကားလုံးတွေ ကို
နေ့စဉ်မြိုချနေခဲ့ကြတာ ဖြစ်သလို
နေ့စဉ် အန်ထုတ်ခဲ့ကြတာလည်းဖြစ်တယ်။
စကားလုံးတွေ ရဲ့
ပဉ္စလက်ဆန်မှု ကို သိချင်ရင်
ဟော့ဒီစာမျက်နှာတွေ ပေါ်က
စကားလုံးတွေ နောက်ကို
အလိုက်သင့်မျောပါကူးခတ်ကြည့်လိုက်ပါ။
ချစ်သူအချင်းချင်း
မိတ်ဆွေသူငယ်ချင်းနဲ့
မိဘနဲ့သားသမီးတို့ရဲ့
နေ့စဉ်ဘဝတွေ ထဲက ရနံ့တွေ ကို
သင် ရှူရှိုက်ရပါလိမ့်မယ်။
၃။
လောကကြီးမှာ
နေထိုင်ခွင့်ရခဲ့တဲ့
စီးကရက်နှစ်ဗူးစာနှစ်ကာလတွေ အတွင်း
ကြီးကြီးကျယ်ကျယ်ဆိုလို့လည်း
သူများ တကာလို။
မျှော်စင်ကျွန်းက
အကောင်းစားမွေးနေ့ဧည့်ခံပွဲတွေ ၊
တန်ဘိုးကြီးအလှူဒါနနဲ့
တစ်ကိုယ်တော်လိုက်ဖ်ရှိုး
ဖျော်ဖြေမှု တွေ
ဘာတစ်ခုမှ
ဟုတ်တိပတ်တိမလုပ်နိုင်ခဲ့သူတစ်ယောက်အနေနဲ့
ဖြောင့်ချက်လေးပဲဖြစ်ဖြစ် ပေးကြည့်ခဲ့ချင်တဲ့ သဘောပါ။
၎။
ဒီဖြောင့်ချက်ဖြစ်မြောက်ရေး အတွက်
ကျေးဇူးတင်သင့်သူတွေ အဖြစ်
ဖေဖေ၊ မေမေ၊ ဇနီးမယား နဲ့ သမီးသား အပြင်
သူငယ်ချင်း ပန်းချီဆရာ မောင်နိုး၊
နိုင်မျိုးထွန်း(အင်ပါယာစာပေ)
အထူးသဖြင့်
Special Thanks ကတော့
ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တွေ ပါ။
မေမေ့ရဲ့ အ၀ိဇ္ဇာအိုးလေး
'စိတ်ဓာတ်တွေ လည်း
အရိပ်ငတ်နေခဲ့တာ ကြာပြီ'
လဘောနဲ့ ဝေးခဲ့။
ယသော နဲ့ ဝေးခဲ့။
လောကဓံရဲ့ အဆိုးလေးချက်မှာ ပဲ
ဘ၀ဟာ မီးနီမိနေခဲ့ရ။
တရားပြဆရာ ကတော့ တဏှာကိုပဲ ယိုးမယ်ဖွဲ့ပါတယ်။
ဝိပါကဝဋ်တွေ ကျွတ်ဖို့၊ သံသရာက လွတ်ဖို့
ဝိပဿနာသာ ခိုကိုးရာရှိပါသတဲ့။
ဥပါဒါန်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိပေမယ့်
ဟိုကောင်မလေးကိုပဲ စွဲလမ်းနေခဲ့မိတာ၊
အာရုံတွေ ကို ခန္ဓာဖွဲ့ဖို့ထက်
ဖြန့်ကျက်ပျော်ဝင်ဖို့သာ စိတ်စောနေခဲ့မိတာ၊
'သား ဟိုအရည်တွေ မသော က်တော့ဘူး မေမေ' လို့
ခဏ ခဏ ဝေရာမဏိလုပ်ပြီး
သူရာဗြစ်ရည်ဆိုင် မကြာခဏသွားထိုင်ဖြစ်ခဲ့တာ၊
တကယ်တော့
ကျွန်တော်ဟာ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်းထဲက
မြူမှု န်လေးတစ်မှု န်ပါ မေမေ။
ခန္ဓာဝန်ကိုထမ်းပြီး
လာလမ်းကိုပြန်လှည့်ဖို့ကျတော့လည်း
နောက်. . . ကျ. . . ခဲ့ . . . ပါ. . . ပြီ။
ဒီလိုနဲ့
မေမေရဲ့ အဝိဇ္ဇာအိုးလေးဟာ
အနှစ်လေးဆယ်စာအိပ်မက်တွေ ကို
ကျုံးသွင်းမွေးမြူလို့၊
သက်ပြင်းတွေ ကို ပြန်ပြန်မြိုချလို့၊
နာမည်တစ်လုံးအတွက်
ဆတ်ဆတ်ထိမခံမာနနဲ့ သက္ကာယတွေ ပွားလို့၊
(ဒုစရိုက်ဆယ်ပါးကျတော့လည်း
တစ်ပါးမှ မကင်းပြန်ဘူးတဲ့)
ဟောဒီကောင်
အမေ့သား မိုက်လုံးကြီးလိုက်ပုံက
မသိမှု ထဲ နစ်မြုပ်နေတာတောင်
သီချင်းငြီးချင်သေးတဲ့ ကောင်ပါ
အမှော င်ကိုခွင်းဖို့တဲ့
ဘယ်တော့မှလင်းမှာ မဟုတ်တဲ့ မီးကိုပဲ
အခါခါထွန်းညှိနေသေးရဲ့
မေမေ။
01 01 2009
ဝိပါက - အကျိုးပေး
အ၀ိဇ္ဇာ - မသိမှု
ပဋိစ္စသမုပ္ပါဒ် - ကြောင်းကျိုးတရား
သက္ကာယဒိဌိ - ငါစွဲ
ဤကိစ္စ၌ ကျွန်တော့်တွင် လုံးလုံးတာဝန်မရှိကြောင်း
ငယ်ငယ်က
ခိုင်ထူး၊ ငြိမ်းကျော်နဲ့ ရေဘင်မျက်မှန် ကြိုက်ခဲ့
မီးခြစ်ဆို ဇစ်ပိုကို ရင်ခုန်ခဲ့။
လ္ဘက်ရည်ဆိုင်ထိုင်တဲ့အခါ ရွှေပလောင်၊
သော က်တဲ့ဆေးပေါ့လိပ်က ငွေတောင်
စက်ဘီးဆိုရင်တော့ မောင်ဗမာပဲ သဘောကျတယ်။
ပို့စ်မော်ဒန်ခေတ်တွင် အမှတ်အသားသည် မတည်ငြိမ်တော့
ဈေးကွက်သည် အမှတ်အသားကိုထိန်းချုပ်ရာ၌ မတင်းကြပ်တော့ဟု
ဒေးဗစ်ဟာရစ်၊စ်၊ ပြောကြား
ရွေ့လျားမှု ဟာ မြန်ဆန်
ပစ်လွှတ်လိုက်တဲ့ ကျဉ်ဆံတစ်ထောင့်လို
သင် လိုက်လို့မမီလောက်အောင် မြန်ဆန်နေ၊
'ဖင်စီ'ပစ္စည်းတွေ ခေတ်စားလာ၊
တစ်ရာဖိုးလေးခု ကြိုက်တာယူတွေ ခေတ်စားလာ
မှန်ဖြတ်လို့ရ၊ ဓားသွေးလို့ရ
လွန်ဖောက်လို့ရသလို ပေတံလည်း သုံးလို့ ရတဲ့
ဘက်စုံသုံး 100 in 1 တွေ
ဈေးကွက်ထဲ ထိုးဖောက်ဝင်လာ။
(ဘရဲန်းဒက်)ခေတ်က ကုန်ပြီ
ဆရာဝန်က ကားပွဲစား
ဇာတ်မင်းသားက သီချင်းဆို
အဆိုတော်စစ်စစ်က ကြေငြာရိုက်။
တော်ဖလာရဲ့ တတိယလှိုင်း
ကျွန်တော့်အိမ်ရှေ့ လမ်းကျဉ်းလေးထဲ
ဖြတ်သန်းသွားပြီးနောက်
ဤကဗျာသည်လည်း ဘက်စုံသုံး ကဗျာ
တစ်ရာဘိုး လေးခုကဗျာ
မာတီမီဒီယာကဗျာအဖြစ်
ပြောင်းခဲ့။ ။
ကျွန်တော်ဖျော်သော က်မိတဲ့ အနုပညာ
လူငယ်ဘဝက
အရိုးပေါ် အရေတင်ရုံ
အသက်ငင်လို့ ၊
ဥတုသုံးပါး မရွေးတဲ့
ရေစိမ်ခံ ရေစိုခံ စိတ်ဓာတ်တွေ လည်း
လက်ပျင်းကျလို့။
ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းက
ကိုယ့်ကို ပြန်ပြီးငြင်းဆန်ပြီဆိုရင်
တွေးစရာက သိပ်များများ မကျန်တော့ဘူး။
လှည့်ပြန်မလား။
အခု လှည့်ပြန်မလား။
အခု ချက်ချင်းလှည့်ပြန်မလား။
ကံကြမ္မာကိုလည်း မျက်စောင်းမခဲပါနဲ့တော့
ကိုယ့်ဇာတာကိုလည်း ယိုးမယ်မရှာပါနဲ့တော့ . . . တဲ့
တတိယအသံက ဦးနှောက်ထဲက အသိဉာဏ်ကို
လက်တို့ပြီးလှမ်းပြောတယ်။
ကျွန်တော်ဟာ
ကိုယ့်ကိုယ်ကို ထုပ်ပိုးပြီး
စားသုံးရန်အသင့်အနေအထားနဲ့
ရပ်စောင့်နေခဲ့တာပါ။
ဓာတုဗေဒအရောအနှော လုံးဝမပါတဲ့
ကုန်ကြမ်းစစ်စစ်နဲ့တံဆိပ်အသစ်ရွေးပြီး
ဈေးကွက်ထဲကို
ထိုးဖောက်ပျံသန်းလာခဲ့တာပါ။
ဒါနဲ့တောင်
လွဲချော်မှု နဲ့
တည့်တည့်တိုးဦးမယ်ဆိုလည်း
ဟိုဝတ္ထုထဲက ပညာတတ်မိန်းမ ရေရွတ်သလို၊
ဝိန်းရူနီက အဲလက်ဖာဂူဆန်ကို
မကြားတကြား လှမ်းပြောသလို
ကိုယ့်ကိုယ်ကို ပြန်ပြောရုံပဲ ရှိတော့တယ်။
'လဲ . . . သာ . . . သေ. . . လိုက် . . . တော'့ လို့။
ကာဆီနို
မေးစရာက တစ်ခုတည်းရှိတယ်
'ဘယ်သူဝေတဲ့ ဖဲလဲ'
ပန်ကာခလုတ်လေးနှိပ်လိုက်စမ်းပါ
ရေခဲရည်ပုလင်းလေး ကမ်းလိုက်စမ်းပါ
ငါတို့ရဲ့ အနုပညာက ငါတို့ကို ပြန်မသတ်စေနဲ့။
ရာသီက ပူတယ်။
ဆောင်းဘောက်က ထွက်ကျလာတဲ့
ကျောက်တုံးသံဂီတက ဆူတယ်။
'ဒီတစ်ခါ မင်းပစ်အလှည့်'
တစ်ကိုယ်လုံးလှုပ်နေတဲ့
ဆံပင်နီကျင်ကျင်က လှမ်းပြောတယ်။
ငြိမ်နေရင်တော့ ရေညှိတက်ခံရမှာ ပဲ. . . . . တဲ့။
သွားစမ်းပါ။ ပေါက်ကွဲခဲ့တဲ့ မီးတောင်တွေ တောင်
ငြိမ်ခဲ့ကြဖူးတာပဲ။
ဘယ်ရောက်မှန်းမသိ မောင်းနေလည်း
ဆီကုန်ရုံပဲ ရှိမယ်။
အသည်းဆိုတာ
မကြာခဏ ကွဲလွန်းရင်
ကြေမွသွားတတ်တယ်။
'ဟာ. . . . . စားပြန်ပြီ'
လက်ဖျံမှာ ထိုးထားတာက
လူသားအားလုံးကို လေးစားပါတယ်။
မျက်လုံးအကြည့်တွေ က မိုက်တိမိုက်ကန်းနဲ့
ဗိုက်ခေါက်ထူထူ ငနဲက
တစ်ဝိုင်းလုံး သိမ်းလိုက်တယ်။
မင်းအီးမေးလ်လိပ်စာပြောင်းလိုက်ပြီလား
ခုတစ်ယောက်လည်း
အရင်ကောင်မလေးပဲမဟုတ်လား
အပြင်မှာ တော့ စိုထိုင်းဆနည်း လေငြိမ်
အပူရှိန်က တလှပ်လှပ်၊
ရုတ်တရက် အသွေးအသားထဲက
ထနောင်းပင်ရိပ်တစ်ခုကို
ချဉ်ခြင်းတပ်လာတယ်။
နားပေါက်ဖောက်ပြီးရင်
နားကွင်းတစ်ဘက်ဖိုးတော့ ရှာရမှာ ပဲ။
ဟေ့ . . . ငါ မေးနေတယ်
'ဘယ်သူဝေတဲ့ ဖဲလဲ'လို့။
![]() ပန်းဆွတ်မိုး | ![]() မြစ်ကျိုးအင်း | ![]() အသက်တမျှ |