Cover

အခန်း (၁)

ကျွန်မ…

ပန်းတစ်ပွင့်စိုက်ကြည့်ချင်ပါရဲ့ ..

ဘာပန်းများ ပွင့်လာလေမလဲလို့ပေါ့။

ဒါပေမယ့်…

အချိန်အတော် လွန်တော့မှ

အံသြ၀မ်းနည်းစွာ သိခဲ့ရ။

ကျွန်မ….

ပျိုးခဲ့မိတဲ့ အပင်နာမည် က

ကန္တာရဆူးပင်တဲ့လေ…

ကဲ….။

* * * * *


ဖိတ်ဖိတ်လက်နေသော အနက်ရောင် (ဟာလီဒေဗစ်ဆင်) မော်တော် ဆိုင်ကယ်ကြီး၏ ခံ့ညားထည်ဝါမှု က နတ်မြင်းပျံတစ်ကောင်အလား ကြွားကြွားရွားရွား ရှိလှသည်။

ဆိုင်ကယ်ကိုယ်ထည်ကို ပွတ်သပ်ရင်း.. နေခြည်သစ် ရင်တလှပ်လှပ်ဖိုကာ ကျေနပ်ကြည် နူးနေလေသည်။

သူမ၏ ဒယ်ဒီ ကတော့ ယခုတိုင်အောင် သဘောမတူနိုင်သေးဟန်အပြည့်နှင့် လက်နှစ် ဖက် ကိုပိုက်လျက် ရှုတင်းတင်းလှမ်းကြည့်ကာ.. ``ဒီဆိုင်ကယ်က သမီးစီးဖူးတဲ့ ဆူပါကပ်တို့၊ ဒီတီတို့ လို မဟုတ်ဘူးနော်၊ အကောင်ကြီးသလောက် အင်ဂျင်ပါဝါကလဲ များ တယ်´´

``နေခြည်.. သိပါတယ်..ဒယ်ဒီရဲ့ ၊ ဆိုင်ကယ်ဆိုတာ အားလုံးသဘောတရားချင်း အတူတူ ပါပဲ၊ တစ်ပတ်လောက်စီးကြည့်လိုက်ရင် အိုကေသွားမှာ ပါ´´

သူမက ခပ်မြူးမြူးလေး ပြန်ပြောလိုက်တော့ ဒယ်ဒီက ပခုံးနှစ် ဖက်ကို ဟန်ပါပါတွန့်လိုက် သည်။

ဒီတစ်ခါတော့ဖြင့် သူမ အသေအချာကို အောင်မြင် သွားပါသည်။ ဟာလီ၏ စက်သံတဒုန်း ဒုန်းက သူမရင်ကို နွေးသွားစေလျက် ဒယ်ဒီ့အား ခပ်ကြွားကြွား လှမ်းပြုံးပြလိုက်တော့၊ ဒယ်ဒီက လက်မ ပြန်ထောင်ပြလေသည်။

ပြီးမှ သတိရသွားဟန်ဖြင့် ဘေးဒေါက်ဖြုတ်ကာ ဂီယာထိုး၍ ထွက်ခွာရန် အသင့်ပြင်နေ သော သူမကို ကမန်းကတန်းလှမ်းအော်သည်။

``နေခြည်.. သမီးကို တစ်နာရီထဲစီးခွင့်ပေးတာနော်´´

``ဆောရီး ဒယ်ဒီ၊ နေခြည် နာရီ ပတ်မလာမိဘူး၊ ဒါပေမယ့် မပူပါနဲ့ ၊ ဒယ်ဒီ ကုမ္ပဏီမသွား ခင် သမီးပြန်ရောက်လာမှာ ပါ´´

စကားဆုံးသည်နှင့် နေခြည်သစ်က ဟာလီမော်တော် ဆိုင်ကယ်အသစ်ကို ဝေါခနဲ မောင်း ထွက်လိုက်လေသည်။

အကယ်၍ ထိုနေ့ကသာ သူမ မော်တော် ဆိုင်ကယ်မစီး ဖြစ်ခဲ့လျှင်၊ သို့မဟုတ် စီး ဖြစ်သည့် တိုင် အင်းလျားကန်ဘက်မသွား ဖြစ်ခဲ့လျှင် သူမ ဘ၀၌ ရင်ခုန်စရာ ကိစ္စတချို့နှင့် ဆုံစည်း ဖြစ်ခဲ့လိမ့် မည် မဟုတ်ပါ။

သို့သော် ကံဆိုးစွာ ပင် ထိုနေ့က ဟာလီဆိုင်ကယ်ဖြင့် အင်လျားကန်ဘက်သို့ ရောက်ရှိ သွားခဲ့ပါသည်။

* * * * *


သူမ ပထမဦးစွာ သတိပြုမိသည်မှာ အင်းလျားလမ်းမတစ်လျှောက် (တမင်တကာ) ဖြည်း ဖြည်းလေး စီးနင်းနေသည့် သူမ ဆိုင်ကယ်စက်သံကို ကျော်လွန်လျက် ထွက်ပေါ်နေသော တစ်စုံ တစ်ယောက် ၏ ခြေသံ ဖြစ်သည်။

သူမ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့.. ဆိုင်ကယ်နောက်ဘက် ခပ်လှမ်းလှမ်း၌ အပြေးလေ့ ကျင့်နေဟန်တူသော လူငယ် တစ်ယောက် ကို တွေ့ လိုက်ရသည်။

ရာသီက ဆောင်းရာသီ ဖြစ်သည့်အပြင် မနက်စောစော ကားရှင်းချိန် ဖြစ်သဖြင့် လမ်းမပေါ် မှာ အပြေးကျင့်နေတာ ဖြစ်မှာ ပေါ့ဟု.. သူမ ခပ်ပေါ့ပေါ့ တွေးလိုက်ပြီးမှ ချက်ချင်း ပင် ထိုအတွေး မမှန်နိုင်ဟု သူမ စဉ်းစားမိသွားသည်။

လူငယ် ပြေးနေပုံကိုက လေ့ကျင့်နေပုံမျိုး မဟုတ်ဘဲ၊ တစ်စုံတစ်ရာကြောင့် အားသွန်ခွန် စိုက် ပြေးနေပုံမျိုး ဖြစ်သည်။ ပြီးတော့ ၎င်းဝတ်ထားသည်က အားကစားဝတ်စုံမဟုတ်။ ဂျင်းဘောင်း ဘီနှင့် ဂျင်းဂျက်ကက်ကို ၀တ်ဆင်ထားခြင်း ဖြစ်၏ ။

ဘယ်အားကစားသမားမှ ထိုကဲ့သို့ ၀တ်ဆင်ကြလိမ့်မည် မဟုတ်။ နေခြည်သစ်၏ အတွေးမ ဆုံးခင်မှာ ပင် သူမ၏ ဆိုင်ကယ် သိမ့်ခနဲ ခါယမ်းသွား၏ ။

ဗုဒ္ဓေါ - စောစောကလူငယ်က သူမဆိုင်ကယ်ပေါ်ကို ခုန်တက်လာတာပါလား။ သူမ ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံးအေးခနဲ ဖြစ်သွားချိန်၌ လူငယ်၏ စကားသံက အလောတကြီးနိုင်လှ စွာ ထွက်ပေါ်လာလေသည်။

``နောင်ကြီး ကျွန်တော် ကို တစ်ခုလောက် ကူညီပါဗျာ၊ နောက်မှာ ကျွန်တော် ကို ၀ိုင်းရိုက် မယ့်လူတွေ အုပ်လိုက်ကြီးလိုက်လာလို့ နောင်ကြီးဆိုင်ကယ်နဲ့ ခဏလိုက်ခဲ့ပါရစေ၊ ကျေးဇူးပြုပြီး မြန်မြန်မောင်းပေးပါ´´

လူငယ်က အားကိုးတကြီးပြောရင်း သူမခါးကို လှမ်းဖက်လိုက်သဖြင့် သူမကိုယ်ကလေး တွန့်သွားကာ ရင်တလှပ်လှပ်ဖိုသွားလေသည်။

``အို.. ခါးကို ဘာလို့ တအားဖက်နေရတာ လဲ´´

သူမ ရှက်ရှက်နှင့် ကြုံးအော်တော့ လူငယ်က တအံ့တသြ ဘုရားတ,လျက်…

``ဟာ,ဆောရီးဗျာ၊ ကျွန်တော် က ခင်ဗျားကို ယောက်ျားလေးအောက်မေ့လို့၊ ဆိုင်ကယ်စီး ဦးထုပ်ကြီးဆောင်းထားတော့ အမျိုးသမီးမှန်း သတိမထားလိုက်မိဘူး၊ တောင်းပန်ပါတယ်ဗျာ´´

``တောင်းပန်မနေနဲ့ ၊ ကျွန်မ ဆိုင်ကယ်ပေါ်က အခုပြန်ဆင်း´´

ဆိုင်ကယ်ကို ထိုးရပ်ရင်း သူမ ခပ်ထန်ထန် ပြောလိုက်တော့၊ လူငယ်က ကျွန်ခနဲ စုတ်သပ် ကာ မဆင်းချင်ဆင်းချင်နှင့် ပြန်ဆင်းလိုက်၏ ။ ထိုအချိန်မှာ ပင် ပြေးလွှားအော်ဟစ်သံများ ကြောင့် လူငယ်ရော သူမပါ နောက်ဘက်သို့ လှမ်းကြည့်လိုက်တော့ ချာတိတ်လေးငါးယောက် ခန့် တုတ်ကိုယ်စီကိုင်ကာ ပြေးလာနေကြကြောင်း တွေ့ လိုက်ရသည်။ ရှေ့ဆုံးမှသားရေဂျာကင်အနက် ရောင် ၀တ်ထားသော ကောင်လေးက လှမ်းအော်သည်။

``ဟေ့ကောင် မိုးပြာ ငကြောက်၊ ငါတို့လက်က မလွတ်ဘူးကွ´´

မိုးပြာဟူသော သူမရှေ့မှ လူငယ်ကလည်း ဒေါသတကြီး ပြန်အော်ပါသည်။

``ဟေ့.. မိုးပြာဆိုတဲ့ကောင်က သူရဲဘောမကြောင်ဘူးဗျ၊ သတ္တိရှိလို့ မင်းတို့ချိန်းတဲ့ဆီကို တစ်ယောက် ထဲလာတာ၊ ဒါပေမယ့် ခုလိုမျိုး အုပ်စုဖွဲ့ပြီး ၀ိုင်းကိုက်တာကို ပြန်ဖက်ကိုက်ရလောက် အောင်တော့ မရူးသေးဘူးကွ၊ ကဲ..သွားပြီ..အမျိုးသမီးရေ´´

နောက်ဆုံးစကားက သူမအား ရည်ရွယ်နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

စကားဆုံးသည်နှင့် မိုးပြာ လှစ်နဲနေအောင် ပြေးထွက် သွားပါတော့သည်။ သူမ ကတော့ ထွက်ပြေးသွားသော မိုးပြာ၏ နောက်ကျောကိုကြည့်လိုက်၊ နောက်မှ ပြေးလိုက်လာကြသည့် လူငယ်တစ်စုကို လှည့်ကြည့်လိုက်နှင့် တအောင့်ကြာအောင် မှင်တက်နေမိသည်။

လူငယ်အုပ်စု အတော် ကြီးနီးလာတော့မှ သူမ ဆိုင်ကယ်ကို အမြန်မောင်းထွက်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါသည်။ တခြားမဟုတ်၊ မိုးပြာဟူသော သူမ ရှေ့မှစစီကြေမွသွားဖို့ အတော့် ကို နီးစပ်လှပါသည်။

ဆိုင်ကယ်အား မိုးပြာရှေ့သို့ ကြိုရောက်အောင် အရှိန်နှင့် မောင်းပြီးမှ ကျွိခနဲ ထိုးရပ်လိုက် သည်။

``တက်..တက်..မြန်မြန်တက်၊ ဒါပေမယ့် ဟို… ခါး.. ခါးတော့ မဖက်နဲ့ နော်´´

``အိုကေ.. လုံးဝ မထိစေရဘူး´´

မိုးပြာ ဆိုင်ကယ်ပေါ်ရောက်သည်နှင့် သူမ ခပ်မြန်မြန်မောင်းထွက်လိုက်တော့ နောက်ဘက် ဆီမှ အော်သံမျိုးစုံ စီခနဲထွက်ပေါ်လာကြသည်။

``ဟေ့.. ဆိုင်ကယ်သမား၊ ကိုယ်နဲ့ မဆိုင်ဘဲ ၀င်မရှုပ်နဲ့ ၊ ဆိုင်ကယ်ကို ချက်ချင်း ရပ်ပြီး အဲဒီ ကောင်ကို ပြန်ချထားခဲ့´´

``ဟုတ်တယ်၊ မဲဒီကောင်က သူခိုး၊ မင်းရော မင်းဆိုင်ကယ်ပါ တစ်စစီ မ ဖြစ်ချင်ရင် မင်း ဆိုင်ကယ်ကို ခု ချက်ချင်း ရပ်လိုက်´´

အော်ဟစ်ကြိမ်းမောင်းသံတွေ မှိန်ဖျော့ကျန်ရစ်ခဲ့ကြ၏ ။ သူမ ကြောက်အားလန့်အားနှင့် ဆိုင်ကယ်ကို ဘယ်လောက်မြန်မြန် မောင်းမိသည်မသိ၊ နောက်ဘက်ဆီမှ …

``ဖြည်းဖြည်းမောင်းပါဗျ၊ ကျွန်တော် ဒီလောက်အမြန်ကြီးမစီးရဲဘူး၊ ရှေ့နားလောက်ကျရင် ရပ်လိုက်လို့ရပါပြီ၊ ဟိုကောင်တွေ လိုက်မလာနိုင်တော့ပါဘူး´´

သည်တော့မှ သတိရပြီး ဆိုင်ကယ်ကို အရှိန်လျှော့ကာ လမ်းဘေးသို့ ထိုးရပ်လိုက်တော့ မိုးပြာဟူသော ပုဂ္ဂိုလ်လေးက ဆိုင်ကယ်ပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလိုက်ပြီး သူမအား အလေးပြုဟန်လုပ်လျက်…

``လေးစားတယ်ဗျာ၊ ခင်ဗျား ဆိုင်ကယ်စီး တော် တော် ကျွမ်းတာပဲ၊ ကျွန်တော့်ကို ခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်´´

``ကိစ္စမရှိပါဘူး၊ ဒါနဲ့ စကားမစပ် စောစောက ကောင်လေးတွေ က ရှင့်ကို သူခိုးလို့ ၀ိုင်းအော်နေကြပါလား´´

သူမ ရင်ထဲ၌ အစာမကြေ ဖြစ်နေသော ကိစ္စကို ပွင့်ပွင့်လင်းလင်းမေးလိုက်တော့ မိုးပြာဆို သည့် အသားဖြူဖြူ ရုပ်ချောချောကောင်လေးက မျက်နှာရှုံ့လျက် ၎င်း၏ ဆံပင်ရှည်များ ကို သပ်တင်လိုက်သည်။

``အလကားပါဗျာ၊ ကျွန်တော့် ကို မီအောင်မလိုက်နိုင်လို့ မိန်းမကျင့် မိန်းမဉာဏ်နဲ့ လျှောက်အော်တာပါ´´

``ရှင်…ဘယ်လို..´´

သူမ တအံ့တသြ ရေရွတ်လိုက်တော့ မိုးပြာက ဟက်ခနဲ တစ်ချက်ရယ်လိုက်၏ ။

``မိုးပြာဆိုတဲ့ကောင်က အဲဒီ လို ကောင်မျိုးတွေ လောက်တော့ တစ်ယောက် ချင်း မပြောနဲ့ … နှစ် ယောက် တစ်ယောက် တောင် အကျောပေးရဲသေးတယ်´´

``ဘုရား..ဘုရား.. ရှင့်ကြည့်ရတာ ရန် ဖြစ်ဖို့ တော် တော် ၀ါသနာပါတဲ့ပုံပဲ´´

``သိပ်သေချာတာပေါ့၊ ဒါနဲ့ ..စကားမစပ် ခင်ဗျားတစ်ခုခု မစားချင်ဘူးလား၊ ကျွန်တော် က တော့ ပြေးလိုက်သွားလိုက်ရလို့လား မသိဘူး တော် တော် ဆာနေပြီ၊ ဟိုရှေ့မှာ လက်ဖက်ရည်ဆိုင် ရှိတယ်.. ခင်ဗျား လိုက်စားပါလား၊ ကျွန်တော် ပြုစုပါရစေ´´

``ဟင့်အင်း… ကျွန်မ အချိန်မရဘူး´´

သူမ ခပ်ပြတ်ပြတ် ငြင်းလိုက်တော့ မိုးပြာက ဟန်ပါပါပခုံးတွန့်လျက်…

``ကောင်းပြီလေ၊ ဒါဆိုလဲ နောက်ဆုံကြသေးတာပေါ့၊ ခင်ဗျားအတွက် ရန် ဖြစ်ဖို့ ကိစ္စတွေ ဘာတွေ ကြုံလာရင်ပြော၊ ကျွန်တော် ပြန်ကူညီမယ်၊ လောလောဆယ်တော့ ဗိုက်ဆာလို့ လစ်ပြီဗျို့´´

သူမ ဆိုင်ကယ်မတွက်ခင် သူက အရင်လှည့်ထွက်သွားခြင်း ဖြစ်သည်။

ပြောလိုက်ပုံက ဘယ်လောက်များ သင်းပါသလဲ။

ရန် ဖြစ်ဖို့ကိစ္စကြုံရင် သူ ကူညီမတဲ့။ သူ့ဆီက အကူအညီပြန်ရဖို့ သူမကပဲ မိန်းကလေး တန်မဲ့ ရန် ဖြစ်ရဦးတော့မလိုလို´´

သူမ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းထွက်လာခဲ့ပြီး စိတ်ပျက်ရယ်ချင်ဇောဖြင့် တစ်ယောက် တည်း ကျိတ်ပြုံးလာခဲ့မိသည်မှာ အိမ်ပြန်ရောက်သည်အထိပင် ဖြစ်သည်။

မိုးပြာ…တဲ့။

နာမည် ဆန်းဆန်းနဲ့ ထိုလူငယ်ကလေးအား ထိုကဲ့သို့ ကဗျာမဆန်စွာ သူမ စတင်တွေ့ ရှိ ခဲ့ခြင်း ဖြစ်ပါသည်။

* * * * *


ငါဟာ

တိမ်တိုက်တစ်ခုလို လွင့်မျော။

တစ်ခါတစ်ခါတော့လည်း

တောင်တန်းကြီးလို ကျောက်ချ။

မျက်ရည်မကျတတ်တဲ့ မိုးမခပင်တွေ နဲ့

ကံ့ကော်ဝတ်ဆံတွေ ကိုတော့

သနားမိပါရဲ့ ။

အလွမ်းအတုတွေ

တနင့်တပိုး တင်ဆောင်ထားတဲ့

သင်္ဘောအိုကြီး ကတော့

ကျောက်ဆူးမနုတ်ရသေးဘဲ

ဥသြတွေ ခဏခဏဆွဲလို့

သူတို့အားလုံးကို ငါ နှုတ်ဆက်လိုက်တယ်။

ဒါပေမယ့် …

ခက်နေတာ တစ်ခုက …

သူတို့ခမျာ စကားမပြောတတ်ရှာဘူးလေ

အပြုံးယဲ့ယဲ့တွေ နဲကသာ

ငေးမောကျန်ရစ်ခဲ့။

အမှတ်တော့ သူ၏ အမည် အရင်းမှာ မိုးပြာ မဟုတ်။

သူ ရှစ်တန်းနှစ် ၌ လောကကြီးထဲမှ အပြီးတိုင်းစွန့်ခွာသွားခဲ့ပြီ ဖြစ်သော အမေက ထိုသို့.. ကဗျာဆန်စွာ ``မိုးပြာ´´ဟူသော အမည် ကို ပေးခဲ့ခြင်း ဖြစ်သည်။ သူ့ကို မွေးဖွားစဉ်အခါက ကောင်းကင်ကြီးတစ်ခုလုံး ပြာနေတာကိုကြည့်ပြီး ထိုအမည် ကိုပေးရန် အမေ စိတ်ကူးရခဲ့ခြင်း ဖြစ် နိုင်သလို၊ ကဗျာအတိုအတွာလေးများ မတောက်တခေါက်ရေး သော အမေ၏ ကဗျာဆန်မှု တစ်ခု လည်း ဖြစ်နိုင်ပါသည်။ မည် သို့ပင် ဖြစ်စေ သူ့သူငယ်ချင်းအားလုံး ကတော့ မှတ်ပုံတင်ထဲမှ အမည် ရင်းကို ဘယ်သူမှ မခေါ်ကြဘဲ အမေပေးခဲ့သည့် အမည် မိုးပြာဟူ၍ သာ အလွယ်တကူ ခေါ်ကြ၏ ။

သူ့အား အမည် အပြည့်အစုံ သုံးနှုန်းခေါ်ဝေါ်သူဟူ၍ ဟောဒီလောကကြီးထဲ၌ တစ်ယောက် တည်းသာရှိပါသည်။

ထို တစ်ယောက် တည်းသော ပုဂ္ဂိုလ် ကတော့ သူ၏ အဖေ ဖြစ်၏ ။

အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခု၊ သားတစ်ခုဘ၀နှင့် ကျန်ရစ်ခဲ့ကြသော သူတို့နှစ် ယောက် ၏ အနေအထားမှာ ပိုမိုချစ်ခင်စည်းလုံးသင့်ပါလျက် တစ်ကမ္ဘာစီခြားခဲ့ကြသော အ ဖြစ်က တော့ အတော် ရယ်စရာကောင်းလှသလို၊ အနည်းငယ်ဝမ်းနည်းစရာလည်း ကောင်းလှပါသည်။

ခုတော့ သူတို့သားအဖနှစ် ယောက် မှာ တစ်ယောက် ကတစ်နေရာ၊ တစ်ယောက် က တစ်ကမ္ဘာ။

သူ့ကမ္ဘာလေးက အနည်းငယ်ကျဉ်းမြောင်းလှသော်လည်း နေချင်စဖွယ်ကောင်းသည်ဟု သူ့ဖာသာ သတ်မှတ်ဂုဏ်ယူနေခဲ့ပါသည်။

ဂီတာတစ်လက်၊ ဂီတသင်္ကေတ စာရွက်တချို့နှင့် စိတ်တူကိုယ်တူ ရင်ဘတ်ဖော် သူငယ်ချင်း အနည်းငယ်ရှိလျှင် သူ့အတွက် အရာရာပြီးပြည့်စုံပြီ ဖြစ်၏ ။ တစ်ခါတစ်ရံတော့လည်း သူ့ကမ္ဘာလေးထဲသို့ မိန်းကလေး တစ်ယောက် စ နှစ် ယောက် စ ၀င်လိုက်ထွက်လိုက်နှင့် အလည်အ ပတ်ရောက်ရှိလာတတ်ကြပါသေးသည်။ ယခု လောလောဆယ် သူ့ရှေ့၌ အလည်ရောက်ရှိနေ သူ ကတော့ သူနှင့် မေဂျာအတူတူ၊ အင်္ဂလိပ်စာနောက်ဆုံးနှစ် ကျောင်းသူ ဘရဏီ ဖြစ်သည်။

နှုတ်ခန်းနီရဲရဲဆိုးပြီး စကားနည်းနည်း များ တာ တစ်ခုကလွဲလျှင် ဘရဏီက သူ့အတွက် ပေါင်းရသင်းရမဆိုးလှပါ။

တစ်ခုခက်သည်က ဘရဏီ၏ လိုအင်ဆန္ဒတို့က များ ပြားလွန်းခြင်း ဖြစ်သည်။ ယခုပဲကြည့် ဘရဏီ သူ့အား လှမ်းမေးလိုက်သည့် မေးခွန်းက…

``မိန်းကလေး သူငယ်ချင်းတွေ ထဲမှာ ယူ ဘယ်သူ့ကို အခင်ဆုံးလဲ´´…တဲ့။

သိပ္ပံကင်တင်းရှေ့မှ ဖြတ်လျှောက်သွားနေကြသော ကျောင်းသားကျောင်းသူများ ကို ငေးကြည့်နေရင်းမှ သူငယ်ချင်းတစ်ယေက်ယောက် ရောက်လာလျှင် ကောင်းမှာ ပဲဟု သူတွေး လိုက်မိသည်။

``ဟေ့.. တို့ေးတာ ဖြေဦးလေ မိုးပြာရဲ့ ၊ ယူ ဘယ်သူ့ကိုအခင်ဆုံးလဲ၊ တို့ကိုလား (MC)က သူဇာလင်းကိုလား၊ ဒါမှမဟုတ် ဖီးဆစ်က ကြည်ဝင်းလဲ့ကိုလား၊ နောက်ပြီး မြန်မာစာက …´´

``အားလုံးပဲ´´

ရုတ်တရက် သူဖြတ်ပြောလိုက်တော့ သူမက မျက်လုံးဝင်၍ ကြည့်သည်။

``ဘာရယ်…´´

``အားလုံးကို တူတူခင်တယ်လို့ပြောတာ´´

တကူးတက လှည့်ကြည့်နေစရာ မလိုပါ။

ဘရဏီ၏ မျက်လုံးလေး ညို သွားပါလိမ့်မည် ။ ပြီးတော့ ဆိုးဆေးတို့ဖြင့် တောက်ပနီရဲနေ သည့် သူမ၏ နှုတ်ခမ်းထူထူအစုံမှာ လည်း တင်းခနဲ ဖြစ်သွားမှာ အလွန်သေချာပါသည်။

ဘရဏီကို အားနာသော်လည်း သူက လိမ်ညာပြောတတ်သူမဟုတ်။

``ဒါဖြင့် တို့ တစ်ခုမေးမယ်နော်´´

အတော် ကြီးကြာမှ . . . ဘရဏီ၏ ခပ်ဆောင့်ဆောင့်စကားသံထွက်ပေါ်လာလေသည်။

မေးလေဟူသော သဘောဖြင့် သူ ခေါင်းဆတ်ပြလိုက်တော့ ဘရဏီက . . ``ဟိုနေ့က ၀ဏ္ဏမင်းဒင်းတို့နဲ့ ရန် ဖြစ်ကြတာ ဘာအတွက်လဲ၊ ကဲ . . အမှန်အတိုင်းဖြေ´´

``သိပ်ဖြေတာပေါ့၊ ဘရဏီ့အတွက် ရန် ဖြစ်တာ၊ ဒါပေမယ့် တကယ့်တကယ် မချ ဖြစ်လိုက် ပါဘူး၊ ဒီကောင်က မိန်းမဉာဏ်နဲ့ အဖော်တွေ အုပ်လိုက်ကြီးခေါ်လာလို့ တို့အောင်မြင်စွာ နောက် ဆုတ်လာခဲ့ရတယ်၊ ကဲ . . . ဘာသိချင်သေးလဲ´´

ဘရဏီအား ပြောပြနေရင်းမှ ထိုနေ့က သူ၏ ကယ်တင်ရှင် ဟာလီမော်တော် ဆိုင်ကယ်နှင့် အမျိုးသမီးကို ဖျတ်ခနဲ သတိရလိုက်မိသည်။ မေးရိုးအထိ ဖုံးကာထားသည့် ဆိုင်ကယ်စီးဦးထုပ် ကြောင့် ထိုးအမျိုးသမီး၏ မျက်နှာကွက်ကွက်ကလေးကိုသာ မြင်ခွင့်ရခဲ့သော်လည်း ၎င်း၏ မျက်နှာ က အတော့် ကို ဆွဲဆောင်မှု ရှိကြောင်း သူ ၀န်ခံရပါလိမ့်မည် ။

ထိုအမျိုးသမီး၏ အလှက ဘရဏီလို နုဖပ်ပျော့ပျောင်းသည့်အလှမျိုးမဟုတ်။ အားမာန်အ ပြည့်ပါပြီး မာနနှင့် ၀င်ထည်နေသည့် အလှမျိုး ဖြစ်၏ ။ ရုတ်တရက် ဘရဏီ့အသံက သူ့အတွေးတို့ ကို ဖြတ်တောက်ပစ်လိုက်သည်။

``ဟိတ်, ဘာတွေ စဉ်းစားနေတာလဲ၊ တို့မေးနေတာကို ဖြေဦးလေ´´

``ဟင် . . ဘရဏီ ဘာမေးလိုက်တာလဲ´´

``သြော် . . . တို့အတွက်နဲ့ ရန်တွေ ဘာတွေ တောင် ဖြစ်ရတယ်ဆိုတော့ တခြားကောင်မ လေးတွေ နဲ့ စာရင် တို့ကို နည်းနည်း တော့ ပိုခင်တယ်လို့ ယူဆရမှာ ပေါ့လို့၊ မဟုတ်ဘူးလား´´

ဘရဏီ၏ အားတက်သရော မေးခွန်းကို ခေါင်းခါရမှာ သူ အလွန်အားနာ သွားပါသည်။ ဂစ် တာတီးခြင်းနှင့် တစ်ခါတစ်ရံ မင်းဒင် (သို့မဟုတ်) အခြားလူတစ်ဦးဦးနှင့် ပြဿနာတက်ခြင်းသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်ရှာနည်းများ ဖြစ်ကြောင်း ဘရဏီကို သူ ရှင်းမပြတော့ပါ။

သူ လိုက်လိုက်လျောလျော ပြောလိုက်တော့ ဘရဏီမျက်နှာက ချက်ချင်း ဆိုသလို ကြည် လင်ဝင်းပသွားလျက် မျက်လုံးများ က တလက်လက်တောက်ပလာကြလေသည်။

သို့သော် . . .

ထိုတောက်ပမှု က ခဏသာခံပါသည်။

အကြောင်း ကတော့ တအောင့်အကြာ၌ . . .

``တို့ သူငယ်ချင်းတွေ နဲ့ သီချင်းတိုက်ဖို့ ချိန်းထားတာတစ်ခုရှိလို့ သွားလိုက်ဦးမယ် ဘရဏီ´´ဟု ဆိုက သိပ္ပံကင်တင်းမှ ထထွက်လာခဲ့သော ကြောင့် ဖြစသည်။

သူ၏ အပြုအမူကြောင့် ဘရဏီ အောင့်သက်သက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အမြဲတမ်း အဲဒီ လိုမျိုး နားလည်ရခက်တဲ့ လူ တစ်ယောက် ပဲဟု အတွေးမျိုးကို တွေးမိလျှင်တော့ သူမ ချက်ချင်း ပင် ပြန်လည်စိတ်ပြေ သွားပါလိမ့်မည် ။

* * * * *


အခန်း (၂)

ဘာပြောတယ်၊ အလုပ်တစ်ခုခု လုပ်မလို့ ဟုတ်လား၊ မိုးပြာ´´

သူ့စကားအဆုံး ဗိုတောက်က တအံ့တသြ တုံ့ပြန်တော့ သူ ခေါင်းဆတ်ပြလိုက်၏ ။

``နေစမ်းပါဦး . . မင်းက အလုပ်ဝင်လုပ်မယ်ဆိုတော့၊ ဘာလဲ မင်းအဘိုးကြီး မင်းကို လစဉ်ထောက်ပံ့နေတဲ့ အသုံးစရိတ်ကို ဖြတ်လိုက်လို့လား´´

ဖေဖေနှင့် သူ သဘောထားချင်း မတိုက်ဆိုင်သဖြင့် ဖေဖေ့ထံမှ သူ ထွက်လာခဲ့သော်လည်း ဖေဖေက သူ့အတွက် အသုံးစရိတ်အ ဖြစ် လစဉ် သူ၏ ဘဏ်စာရင်းထဲသို့ ပုံမှန်ငွေထည့်ပေးနေကျ ဖြစ်သည်။

ဖေဖေ့ထံမှ ရရှိသည့် ထောက်ပံ့ငွေက သူ့အသုံးစရိတ်အတွက် လုံလောက်ရုံမျှမက ပိုလျှံ၍ ပင်နေပါသေးသည်။

ထို့ကြောင့် လည်း အခန်းတစ်ခန်းငှားကာ တစ်ကိုယ်တည်းရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု သူ အလုပ်လုပ်ချင်သော ဆန္ဒ ကတော့ ငွေကြေးကိစ္စနှင့် တစ်စုံတစ်ရာ မပတ်သက်။

စိတ်ပါသည့်အခါ အတန်းတက်လိုက်၊ စိတ်မပါသည့်အခါ ဘရဏီတို့လို မိန်းကလေးသူ ငယ်ချင်းတချို့နှင့် လျှောက်လည်လိုက်၊ ဗိုတောက်တို့နှင့် ဂစ်တာတီးလိုက်၊ ကြာတော့ ထိုသို့ ဦးတည်ရာမဲ့ စီးမျောမှု ကို သူ ပျင်းရိလာလေသည်။

ထို့ကြောင့် စိတ်တည်ငြိမ်မှု အတွက် အလုပ်တစ်ခုခုလုပ်ချင်စိတ်တို့ ပြင်းပြလာခြင်း ဖြစ်သည်။

ထိုအကြောင်း ဗိုတောက်ကို သူရှင်းပြလိုက်တော့ ဗိုတောက်က အတန်ကြာ ငြိမ်သက်သွား ပြီးမှ ခေါင်းကို ဆတ်ခနဲညိတ်လိုက်၏ ။

``စိတ်မလေအောင် . . အလုပ် လုပ်ချင်တာကောင်းပါတယ်၊ ဒါပေမယ့် မင်းက ဘယ်လိုအ လုပ်မျိုး လုပ်ချင်တာလဲ´´

`` ဖြစ်နိုင်ရင်တော့ ဂီတနဲကပတ်သက်တဲ့ အလုပ်မျိုးပေါ့၊ ဒါပေမယ့် လောလောဆယ် ဘာအလုပ်ပဲ ဖြစ် ဖြစ် တစ်လနှစ် လလောက် အချိန်ပိုင်းဝင်လုပ်ကြည့်ချင်တယ်´´

``မင်း . . သျှန်ထွဏ်းကို အကူအညီတောင်းပြီး ကလပ်တစ်ခုခုမှာ မသိသူမရှိသည့် ကီးဘု ရင် ဆရာတစ်ဆူ ဖြစ်သလို သူ၏ သူငယ်ချင်းလည်း ဖြစ်၏ ။

``နေပါစေကွာ . . သူငယ်ချင်းတွေ ကို အပူမကပ်ချင်ပါဘူး၊ ငါ့ဖာသာ ကြုံရာအလုပ်တစ်ခု ခု ၀င်လုပ်ကြည့်မယ်၊ အဆင်မပြေတော့လဲ ချက်ချင်း ပြန်ထွက်ရုံပေါ့၊ တစ်ဆိတ်လောက်ကွာ ဂစ်တာလေး ဒီဘက်ကို လှည့်စမ်းပါ။ (ဟော်လို) မဟုတ်ဘူး၊ (ဆောလစ်ဂစ်တာ)ကို ပြောတာ၊ (Amp)ခလုတ်ပါ တစ်ခါထဲဖွင့်လိုက်ပါ´´

ဗိုတောက်က သူ၏ လျှပ်စစ်ဂစ်တာလေးကို ယူပေးကာအသံချဲ့စက်ခလုတ်ကိုပါ ဖွင့်ပေးရင်း . . .

``တစ်လက်စတည်း ရေခဲသေတ္တာထဲက ဘီယာဘူးပါသွားယူခိုင်းဦးမယ် မဟုတ်လား မိုးပြာ၊ စိတ်ချ . . . ဘီယာတင်မဟုတ်ဘူး၊ အမြည်းပါ တစ်ခါထဲလုပ်လာခဲ့မယ်´´

``မင်း . . တစ်နေ့တခြား တိုးတက်လာပြီ ဗိုတောက်၊ မင်းကို တပည့်မွေးရကျိုးနပ် သွားပြီ´´

ဗိုတောက်က သူ့အား အသံမထွက်ဘဲ ကျိတ်ဆဲပြီး မီးဖိုဘက်ဆီသို့ ထွက်သွားသည်။

တအောင့်ကြာတော့ တိုက်ခန်းလေးအတွင်း မိုးပြာ၏ (VAMP) ခပ်သံကြမ်းကြမ်းက မြူးကြွ ကျယ်လောင်စွာ ထွက်ပေါ်၍ လာသည်။

* * * * *


မြစ်တွေ က

လိမ်ကောက်ကွေ့ဆင်း

သစ္စာဖောက်ခြင်း ခံလိုက်ရတဲ့

ငါ . . .

မြစ်ကျိုးအင်၊ တစ်ခုပမာပေါ့၊

ငြိမ်သက်စွာ ကျန်ရစ်ခဲ့ . . .။

* * * * *


``ဘာပြောစရာရှိသလဲ ဦးအောင်ကြိုင်´´

သူမ၏ ရုံးခန်းထဲသို့ ပျာယီးပျာယာ ၀င်ရောက်လာသော ဦးအောင်ကြိုင်ကို သူမ ခပ်တည် တည် လှမ်းမေလိုက်တော့ ဦးအောင်ကြိုင် မျက်နှာတစ်ချက်ပျက်သွား၏ ။

``ဟို . . အောက်ထပ်မှာ ပြဿနာတစ်ခု ဖြစ်နေလို့ မမလေး´´

``ရှင့်မျက်နှာကို ကြည့်ကတဲက ပြဿနာ ဖြစ်လာမှန်း ကျွန်မ သိတယ် ဘာပြဿနာလဲ . . တိုတိုတုတ်တုတ်နဲ့ တိတိကျကျလေးသိချင်တယ်´´

ဦးအောင်ကြိုင်က အချိန်ဆွဲသလို ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ စကားစလေသည်။

``ကောင်လေးတစ်ကောင် ဆိုင်ထဲဝင်လာပြီး . . ဘာမှမ၀ယ်ဘဲ ဟိုလျှောက်ဒီလျှောက် လုပ်နေလို့ လုံခြုံရေး ၀န်ထမ်းမောင်ထွေးက ကောင်လေးကို ဆိုင်ပြင်ထွက်ခိုင်းတယ်၊ ပြီးတော့ ကောင်လေးရဲ့ ကျောပိုးအိတ်ကိုလဲ ရှာဖို့လုပ်တယ်´´

``ကျွန်မ သဘောပေါက်ပြီး ကောင်လေးကို အလစ်သမားလို့ မောင်ထွေးက သွားစွပ်စွဲ တယ်ဆိုပါတော့´´

သူမ မေးခွန်းကြောင့် ဦးအောင်ကြိုင်၏ မျက်နှာ မည်းခနဲ ဖြစ်သွားသည်။

``အဲ . . ဟိုဒင်း. . အဲဒီ သဘောပဲဆိုပါတော့ မမလေး´´

``ဆိုင်ထဲဝင်လာတဲ့ ဈေးဝယ်သူ တစ်ယောက် ကို လက်ပူးလက်ကြပ် မတွေ့ ဘဲ ဘယ်တော့ မှ အဲဒီ လိုမဆက်ဆံပါနဲ့ လို့ ကျွန်မ သေချာမှာ ထားရက်နဲ့ ၊ မောင်ထွေးကလဲ မောင်ထွေးပဲ၊ ဘာ ဖြစ် လို့ အဲဒီ လို သွားစွပ်စွဲရတာ လဲ၊ ဆိုစမ်းပါဦး . . နောက်ဘာ ဖြစ်သလဲ´´

``နည်းနည်း တော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာပေါ့၊ ဒါပေမယ့် ခုတော့ ကျွန်တော် တစ်ယောက် စီ လူခွဲထားလိုက်ပါပြီ´´

ဦးအောင်ကြိုင်၏ စကားကြောင့် သူမဒေါသတို့ ချက်ချင်း ပင် ဆူဝေသွားလေသည်။ သူမ၏ (မီနီမတ်)အတွင်း၌ ထိုကဲ့သို့ ပြဿနာမျိုးကို လုံးဝအ ဖြစ်မခံနိုင်ပါ။

မိမိဘက်မှ မှန်သည် ဖြစ်စေ, မှားသည် ဖြစ်စေ ရုတ်ရုတ်သဲသဲ ဖြစ်တာမျိုးကို သူမ နည်းနည်း မှ သဘောမကျ။

ထိုကိစ္စမျိုးက ဆိုင်၏ ဂုဏ်သိက္ခာကို များ စွာ ထိခိုက်သလို၊ တခြားဈေးဝယ်သူများ ၏ အမြင် ကြည်လင်မှု ကိုလည်း တိမ်းစောင်းစေနိုင်ပါသည်။

တလိပ်လိပ်တက်လာသော ဒေါသတို့ကို မျိုသိပ်ရင်း ဦးအောင်ကြိုင်အား သံပြတ်ဖြင့် ပြောလိုက်သည်။

``ကောင်းပြီလေ၊ အဲဒီ ကောင်လေးကိုရော လုံခြုံရေး မောင်ထွေးကိုပါ. . ကျွန်မဆီ ချက်ချင်း ခေါ်လာခဲ့´´

``ဟုတ်ကဲ့. . . ဟို. . ဒါပေမယ့် မောင်ထွေးကိုတော့ ခု ချက်ချင်း ခေါ်လာလို့ မရဘူး မမလေး´´

``ဘာ ဖြစ်လို့လဲ´´

``နှုတ်ခမ်းကွဲသွားလို့ သွားချုပ်နေတယ်´´

``ဘာ. . နှုတ်ခမ်းကွဲသွားတယ်´´

``ဟုတ်ကဲ့ . . ဒါတောင် ကျွန်တော် အဆွဲမြန်ပေလို့´´

``တောက် . . ကဲ . .သွား. . သွား၊ မောင်ထွေးမပါလဲ အဲဒီ ကျန်တဲ့ ပြဿနာကောင်ကိုပဲ ကျွန်မရှေ့ ခေါ်လာခဲ့´´

ဦးအောင်ကြိုင် ရုံးခန်းထဲမှ လှစ်ခနဲပြန်လည်ထွက်ခွာသွားတော့ သူမ တစ်ယောက် တည်း တနုံ့နုံ့နှင့် ခံပြင်းဒေါသထွက်စွာ ကျန်ရစ်ခဲ့သည်။

တကယ်တော့ အစကတည်းက ဒီရာထူးကို ဒယ်ဒီ့ဆီက သူမ လက်မခံခဲ့လျှင် အကောင်း သား၊ ခုတော့ မီနီမတ်ကက်တစ်ခုကို အုပ်ချုပ်ရခြင်းအပေါ် သူမ အတော် စိတ်ပျက်စပြုလာ၏ ။

တစ်နေ့ တစ်နေ့ ရှင်းလိုက်ရသည့် ပြဿနာသော င်းခြောက်ထောင်မက။ ထိုပြဿနာများ ထဲ၌ ယခု ပြဿနာ ကတော့ အတော့် ကို ဆိုးဝါးလှပါသည်။ ဈေးဝယ်သူနဲ့ လုံခြုံရေး ၀န်ထမ်း နှုတ်ခမ်းကွဲအောင် ထိုးကြိတ်ကြသတဲ့။

တော် . . လာပေစေဦး။ ဒီပေါ်ရောက်လာတော့မှ နေခြည်သစ်အကြောင်း သိသွားအောင် ပညာပေးရမယ်။

သူမ တက်တစ်ခေါက်ခေါက်နှင့် စိတ်မရှည်စွာ စောင့်ဆိုင်းနေစဉ် ရုံးခန်းတံခါးပွင့်သွားပြီး ဦးအောင်ကြိုင်နောက်မှာ တော့ မောင်ထွေးကိုနှုတ်ခမ်းကွဲသွားအောင် ထိုးလိုက်သည်ဆိုသော ချာတိတ်က အနက်ရောင် ကျောပိုးအိတ်ကို လွယ်လျက်၊ ပီကေကိုတလှုပ်လှုပ်ဝါးရင်း အေးတိအေး စက်နိုင်စွာ ၀င်ရောက်လာပါသည်။

၎င်းဝင်လာပုံက ပြဿနာတစ်ခုကြောင့် အုပ်ချုပ်ရေး မှူးရုံးခန်းထဲ ၀င်လာပုံမျိုးမဟုတ်ဘဲ၊ လာနေကျနေရာတစ်ခုသို့ လမ်းကြုံလှည့်ဝင်လာပုံမျိုး အေးအေးလူလူ ရှိလှ၏ ။ (ဟင်း . . ဘယ် လောက်များ အမြင်ကတ်စရာကောင်းလိုက်သလဲ)

၎င်း၏ မျက်နှာကို ဖျတ်ခနဲ မော့်ကြည့်လိုက်ချိန်မှာ . . တော့ဒေါသတကြီးရန်တွေ့ ရန်ပြင်ဆင် ထားသည့် သူမ၏ စကားလုံးတို့ ကြက်ပျောက်ငှက်ပျောက် လွင့်သွားကြလေသည်။

``မိုးပြာ. . .´´

သေချာပါတယ်။

သူမ ရန် ဖြစ်ဖို့ကိစ္စကြုံရင် ကူညီမယ်ဆိုတဲ့သူပေါ့။

မိုးပြာက သူမကို ဖျတ်ခနဲလှမ်းကြည့်ပြီး မြင်ဖူးပါတယ်ဟူသော သဘောဖြင့် မျက်မှော င် ကျုံ့သွား၏ ။ သို့သော် ဘယ်မှာ မြင်ဖူးမှန်း တိတိကျကျ မှတ်မိသွားပုံမျိုးတော့ မဟုတ်။

ဦးအောင်ကြိုင်က မိုးပြာဘက်သို့ မေးငေါ့ပြရင်း . .

``ပြဿနာတက်တာ သူပဲ မမလေး´´

``ကောင်းပြီ၊ သူ့ကို ကျွန်မ ရှေ့မှာ ထားခဲ့ပြီး ဦးအောင်ကြိုင် လုပ်စရာရှိတာသွားလုပ်ပါ´´

သူမ စကားကြောင့် ဦးအောင်ကြိုင် သဘောမကျဟန်ဖြင့် အနည်းငယ် တုံ့ဆိုင်းသွားသော် လည်း တစ်စုံတစ်ရာ စောဒကမတက်ဘဲ ရုံးခန်းထဲမှ ပြန်လည်ထွက်ခွာ သွားပါသည်။

``ကျွန်တော် ထိုင်လို့ရပြီလား´´

ယခုတိုင်အောင် မတ်တပ်ရပ်နေရဆဲ ဖြစ်သော မိုးပြာက သူမအား လှမ်းမေးသည်။ ဘာကြောင့် မှန်းမသိ၊ သူမ လေပူတစ်ချက်ကို မှု တ်ထုတ်လိုက်ပြီးမှ ခေါင်းဆတ်ပြလိုက်သည်။

``ရှင် . . ထိုင်နိုင်ပါပြီ မိုးပြာ´´

မိုးပြာဟု သူမခေါ်လိုက်သဖြင့် သူက တအံ့တသြ ပြန်ကြည့်လေသည်။

``ခင်ဗျား. . ကျွန်တော့် ကိုသိနေသလား၊ ကျွန်တော် လဲ ခင်ဗျားကို ရင်းရင်းနှီးနှီး သိနေသ လိုပဲ´´

``သေချာတာပေါ့၊ ရှင်. . ကျွန်မ ဆိုင်ကယ်နောက်မှာ လိုက်စီးဖူးတယ်လေ´´

သည်တော့မှ မိုးပြာ သူ့နဖူးသူရိုက်လျက် ``လက်စသတ်တော့ ခင်ဗျားကိုး´´ဟု ရေရွတ် ရင်း အားတုံ့အားနာမျက်နှာဖြင့် တောင်းပန်စကားဆိုသည်။

``ဆောရီးဗျာ၊ ခင်ဗျားဆိုင်မှာ ကျွန်တော် အနှောင့်အယှက်ပေးသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်´´

``ဒါ . . ကျွန်မ ဆိုင်မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီဆိုင်ရဲ့ အုပ်ချုပ်ရေး ပိုင်နဲ့ ပတ်သက်လို့ တော့ ကျွန်မမှာ အများ ကြီးတာဝန်ရှိတယ်၊ ကဲ . . ရှင်တို့ရဲ့ ပြဿနာ ဖြစ်ပုံလေးကို တစ်ဆိတ် လောက် ပြောပြစမ်းပါဦး´´

သူမ ခပ်တင်းတင်း မေးလိုက်တော့ မိုးပြာက ပခုံးတွန့် လိုက်သည်။

``ကျွန်တော် ကိစ္စတစ်ခုရှိလို့ ဒီဆိုင်ထဲကို ၀င်လာတယ်၊ ဆိုင်ထဲဝင်လာကတဲက အဲဒိလုံခြုံ ရေး ၀န်ထမ်းက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ကျွန်တော့် နောက်ကို တကောက် ကောက်လျှောက်လိုက်တော့တာပဲ၊ ကျွန်တော် လဲ အမြင်ကတ်ကတ်နဲ့ တစ်ဆိုင်လုံး လျှေက်ပတ် နေလိုက်တယ်၊ ကြာတော့သူ စိတ်မရှည်တော့ဘူ့းနဲ့ တူတယ်၊ ကျွန်တော့် ကို ဆိုင်ပြင်ထွက်ဖို့ မောင်းထုတ်တယ်၊ ပြီးတော့ ကျွန်တော့် ကျောပိုး အိတ်ကိုရှာဖို့လုပ်တယ် . . အဲဒါ သူ့အမှားပဲ၊ တကယ်လို့ သူ ကျွန်တော့် ကို အလစ်သမားလို့ထင်ရင် တခြားဒီ့ထက် သိမ်မွေ့တဲ့ နည်းလမ်းတစ် ခုခုကို အသုံးပြုသင့်တယ်၊ ခုတော့ ကျွန်တော် မပေးနိုင်ဘူးလို့ငြင်းနေတဲ့ကြားထဲက ကျွန်တော့်  ကျောပိုးအိတ်ကို အတင်းလုယူဖို့ကြိုးစားတယ်လေ၊ အဲဒီ တော့ ဘာတွေ ဆက် ဖြစ်လာနိုင်မလဲ၊ ခင်ဗျားပဲ စဉ်းစားကြည့်ပေါ့´´

``သူ နှုတ်ခမ်းကွဲသွားရောဆိုပါတော့ . . .´´

``ကံဆိုးရင် . . သွားတစ်ချောင်း နှစ် ချောင်းလောက်ပါ နဲ့ ချင်နဲ့ သွားနိုင်တယ်´´

``ဗုဒ္ဓေါ. . ရှင်. . အဲဒီ လောက် အသတ်အပုတ် ၀ါသနာပါနေရင်တော့ မြန်မာ့လက်ဝှေ့တွေ ဘာတွေ သင်ပြီး ကြိုးဝိုင်းပေါ်မှာ တက်ထိုးပါလား´´

သူမ တမင်ရွဲ့ပြီး ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ ကတော့ အရွဲ့တိုက်မှန်း သိပုံမရပါ။ ပါးစပ်ထဲမှ ပီကေကို အသံမြည် အောင် တစ်ချက်ဖောက်လိုက်ပြီးမှ . . .

``ခင်ဗျား အကြံပေးတာ နောက်ကျသွားပြီ၊ ကျွန်တော် ရှစ်တန်းလောက်ကတဲက အလံလုပွဲ တွေ မှာ တက်ထိုးခဲ့တယ်၊ နောက်ပိုင်း ပျင်သွားတာနဲ့ ဆက်မထိုးတော့တာ´´

အင်း. . . ဒါကြောင့် လည်း သူ ဒီလောက်ရန် ဖြစ်ဖို့ ၀ါသနာပါနေတာ ဖြစ်မှာ ပဲ။

``ဒါနဲ့ စကားမစပ် ရှင် ဒီဆိုင်ထဲကို ကိစ္စတစ်ခုရှိလို့ဝင်လာတာလို့ စောစောကပြောခဲ့ တယ်၊ အဲဒါ ဘာကိစ္စလဲ´´

သည်တစ်ခါတော့ သူ့မျက်နှာ စောစောကလို မဟတ်တော့ဘဲ အနည်းငယ်တည်သွားပြီမှ ``ဆိုင်ရှေ့မှာ ရေး ထားတဲ့ ဆိုင်းဘုတ်ကြောင့် ပါ´´ဟု ဆိုလေသည်။

``ဘာဆိုင်းဘုတ်ပါလိမ့်´´

``အမျိုးသားဝန်ထမ်းတစ်ဦး အလိုရှိသည်ဆိုတဲ့ ဆိုင်းဘုတ်လေ´´

``မြတ်စွာ ဘုရား. . လက်စသတ်တော့ ရှင်က ဒီဆိုင်မှာ အလုပ်လျှောက်ဖို့ ၀င်လာတယ် ဆိုပါတော့. . .´´

သူမ ခပ်သော သော လေး ပြောလိုက်သော သူ့မျက်နှာက စောစာကထက် ပို၍ တည်သွား ပါသည်။

``ဟုတ်တယ် . . ဒါပေမယ့် အခုလို အခြေအနေမျိုးမှာ တော့ ခင်ဗျား ကျွန်တော့် ကို အလုပ် ခန့်ချင်တော့မှ မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်´´

သေချာတာပေါ့။ သူ့လို ခပ်ဆိုးဆိုး ဂျစ်ကန်ကန်လူငယ် တစ်ယောက် ကို မီနီမတ် ချိန်းစတိုး လို ဈေးဆိုင်မျိုးမှာ အလုပ်ခန့်ဖို့အတွက်ဆိုလျှင်တော့ သူမ တော် တော် မိုက်မဲဖို့ လိုအပ်ပါ လိမ့်မည် ။

သို့သော်. . မိုးပြာဟူသော သူမရှေ့မှ လူငယ်အားအလွယ်တကူ စိတ်ပျက်မသွားစေချင်သ ဖြင့် သူမ မေးခွန်းတစ်ခုကို အလိုက်အထိုက်မေးလိုက်သည်။

``ရှင်. . ဘာတွေ လုပ်တတ်သလဲ. . ပြော´´

သူမ မေးခွန်းကြောင့် သူ အနည်းငယ်ကြောင်အန်းအန်း ဖြစ်သွားလေသည်။

ထို့နောက် စဉ်းစားဟန်ဖြင့် တုံ့ဆိုင်းနေပြီးမှ . . .

``ကျွန်တော် မြင်းစီးတတ်တယ်၊ ရေကူးတတ်တယ်၊ လေသေနတ်ပစ်တတ်တယ်၊ ရန် ဖြစ် တယ်၊ ပြီးတော့ အင်း. . ဂစ်တာတီးတတ်တယ်´´

သူ၏ အဖြေစကားကို သူမ မရယ်မိအောင် မနည်းကြိုးစားနေရသည်။

သို့သော် ဂစ်တာတီးတတ်တယ်ဟူသော နောက်ဆုံးအဖြေစကားကို ကြားအပြီးမှာ တော့ ရယ်ချင်စိတ်တို့ကို ချက်ချင်း ပင်မေ့ဖျောက်ပစ်လိုက်ပါသည်။

``ကျွန်တော် သူငယ်ချင်းတွေ နဲ့ တီးဝိုင်းထောင်ပြီး ရပ်ကွက်ပွဲ၊ မြို့နယ်ပွဲတွေ မှာ လိုက်တီး ဖူးတယ်၊ စတိတ်ရှိုးပွဲပေါင်းသုံးဆယ်လောက် တီးဖူးတယ်၊ သူငယ်ချင်း တစ်ယောက် စီးရီးထုတ် တော့လဲ. . (ဆက်ရှင်ပလေယာ) အနေနဲ့ ၀င်တီးပေးခဲ့ဖူးတယ်၊ နေပါဦး ခင်ဗျားစတိုးဆိုင်ကြီးမှာ ကျွန်တော် အလုပ်ရဖို့ကိစ္စနဲ့ ဂစ်တာတီးတတ်တဲ့ကိစ္စ ဘယ်လိုများ ပတ်သက်နေလို့လဲ´´

``ဟင့်အင်း. . . ဘယ်လိုမှ မပတ်သက်ပါဘူး၊ ရှင့်ကိုဒီဆိုင်မှာ အလုပ်ခန့်ဖို့ ကျွန်မမှာ လုံးဝအစီအစဉ် မရှိဘူး´´

သူမ စကားဆုံးသည်နှင့် သူ ပခုံးတစ်ချက်တွန့်ကာထိုင်ရာမှ ဆတ်ခနဲထရပ်လိုက်ပါသည်။

``ဒါဆိုလဲ ကျွန်တော့် ကို ခွင့်ပြုပါဦး . . မ. .´´

``နေခြည်သစ်ပါ´´

``ဟုတ်ကဲ့. . မနေခြည်သစ်၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်´´

မိုးပြာ သူမရှေ့မှ လှည့်ထွက်၍ တံခါးဝသို့ မရောက်ခင်မှာ ပင် သူမ လှမ်းပြောလိုက်သည်။

``ကျွန်မ စကားမဆုံးသေးဘူး မိုးပြာ´´

မိုးပြာ တုံ့ဆိုင်းသွားပြီးမှ သူမဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်သည်။

``ရှင့်ကို ဒီဆိုင်မှာ အလုပ်မပေးနိုင်ပေမယ့် ရှင်. . ဂစ်တာတီးတတ်တဲ့အတွက် တခြားဆိုင် တစ်ဆိုင်မှာ ရှင်အလုပ်ရမယ်´´

``ဘာလုပ်ရမှာ လဲ´´

``ဂစ်တာ တီးရမယ်လေ´´

တစ်ချိန်လုံး ရှုတည်တည်ရှိနေခဲ့သော မိုးပြာ၏ မျက်နှာ ပထမဆုံးအကြိမ်အ ဖြစ် နူးညံ့စွာ ၀င်းလက်သွားလေသည်။

ဂျစ်ကန်ကန် ဆောင့်ကြွားကြွားနိုင်လှသော ဤအမျိုးသားအပေါ် ဘာ ဖြစ်လို့ စေတနာ ကောင်းနေမိမှန်း သူမကိုယ်သူမပင် စဉ်းစား၍ မရပါ။

သို့သော် သူမတို့ သူငယ်ချင်းတစ်စု စပ်တူဖွင့်ထားသော ဆိုင်ကလေးအတွက်က ဂစ်တာ တီးတတ်သူ တစ်ယောက် လိုအပ်နေခဲ့တာ ကတော့ အမှန်ပဲ ဖြစ်သည်။

* * * * *


''Country Club" . . . တဲ့။

နေခြည်သစ်ပေးလိုက် သော လိပ်စာကတ်ပြားလေးနှင့် လမ်းညွှန်မှု အရဆိုလျှင်တော့ ဤဆိုင်ပဲ ဖြစ်ပါလိမ့်မည် ။

တာမွေမြို့နယ်၊ ကျောင်းမြောင်းလမ်းသွယ်လေးတစ်ခု၏ ထောင့်၌ ဖွင့်ထားသော ဆိုင်က လေးက အနောက်တိုင်းကောင်းဘွိုင်ဇာတ်ကားထဲမှ ကမ်းထရီးစတိုင်အပြည့်နှင့် ဆွဲဆောင်မှု ရှိလှပါ သည်။ ဆင်နားရွက် ထင်းရှူးသား တံခါးနှင့် ၊ မြင်းချည်တိုင်နှင့် ။

ဆိုင်နဖူးစည်း၌ လည်း ကျွဲချိုလား၊ ဆပ်ချိုလား မသိ၊ တပ်ထားလိုက်သေး၏ ။ ဆိုင်၏ ဆင် နားရွက်တံခါးကို တွန်းဖွင့်လိုက်တော့ ကမ်းထရီးစတိုင်၏ အရိပ်အငွေ့တွေ က တစ်ဆိုင်လုံးလွှမ်းခြုံ နေကြောင်း တွေ့ လိုက်ရသည်။

သစ်လုံးနံရံများ ၊ နံရံ၌ ကပ်ထားသည့် မြင်းခွာများ နှင့် ချည်ကြိုးများ ၊ ဒီကြားထဲ နံရံ၌ ချိန် ထားသည့် မြင်းကုန်းနှီးနှင့် ထောင်ထားသော လှည်းဘီးတစ်ခုတို့ကိုလည်း သတိပြုလိုက်မိပါသေး သည်။ ထောင့်တစ်ထောင့်မှာ တော့ ကောက်ရိုးများ ပုံထား၏ ။

အင်း . . . မြင်းတစ်ကောင်နှင့် မြင်းသောက်ဖို့ ရေဇလားတစ်ခုသာ ထားပေးလိုက် လို့က တော့ တကယ့်ကို ကောင်းဘွိုင်ခေတ်ထဲ ပြန်ရောက်သွားသလိုနေမှာ ပဲ။ ခါးကြားမှာ ခြောက်လုံးပြူး တစ်လက်လောက် ချိန်ထားလိုက်ဖို့ပဲ လိုတော့တယ်။ ဆိုင်၏ အပ်ြငအဆင်ဆွဲဆောင်မှု ၌ သူမည် မျှ ကြာအောင် နစ်မျောနေမိသည် မသိ။

``ကိုမိုးပြာ ဆိုတာလား´´

မေးမြန်းသံကြားတော့ သူ၏ ဘယ်ဘက်ခြမ်းကောင်တာရှေ့၌ ရပ်နေသော အသားဖြူဖြူ နှစ် လိုဖွယ် လူ တစ်ယောက် ကို တွေ့ လိုက်ရသည်။ ထိုသူက၎င်း၏ အမည် ကို ထွန်းထွန်း ဖြစ်ကြောင်း မိတ်ဆက်ရင်း တစ်ဆက်တည်း သူ၏ မဟေသီ မချိုကြည်ကိုပါခေါ်၍ မိတ်ဆက်ပေးလေသည်။ ၎င်းတို့က နေခြည်သစ်၏ အစုစပ်သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ် ယောက် စလုံး သူနှင့် သက်တူရွယ်တူများ ဖြစ်ပြီး ခင်မင်စရာစုံတွဲ တစ်တွဲ ဖြစ်ကြောင်း ချက်ချင်း ပင် သတိပြုလိုက်မိသည်။

``ခင်ဗျားဆိုင်ကိုတော့ ကြိုက်သွားပြီး ကိုထွန်းထွန်း´´ ဟု သူပြောလိုက်တော့ ကိုထွန်းထွန်းက ရှက်ပြုံးပြုံးရင်း . . .

``ကျွန်တော် က (Decoration) အပြင်အဆင်နဲ့ ပတ်သက်ရင် (Crazy) အရှုးအမူးပဲ´´ ဟု. . .

ရိုးရိုးလေးဝန်ခံပါသည်။

``နေခြည်သစ် တအောင့်ကြာရင် ရောက်လာလိမ့်မယ်၊ ခင်ဗျား ကမ်းထရီးဂျူစ် သောက်ရင်း စောင့်ပါလား´´

``ကမ်းထရီဂျုစ်ဆိုတာ ဘာလဲ´´

``လစ်ဂါနံ့သင်းတဲ့ ဖျော်ရည်ပါ၊ ၀ီစကီနံ့နဲ့ ဂျင်နံ့ဆိုပြီး နှစ် မျိုးရှိတယ်၊ ခင်ဗျား ဘာသုံးဆောင်မလဲ´´

``လောလောဆယ့်တော့ ကမ်းထရီးဂျုစ်နဲ့ စာရင် ဟိုထောင့်မှာ ထောင်ထားတဲ့ စပိန် ဂစ်တာနှစ် လက်ကို ပိုပြီး စိတ်ဝင်စားတယ်၊ ကျွန်တော် ခဏလောက်တီးကြည့်လို့ရမလား´´

`` ဖြစ်ပါတယ်၊ အဲဒါ ခင်ဗျားအတွက် အဆင့်သင့်ပြင်ထားတာပဲ´´

ဟောလိုစပိန်ဂစ်တာ နှစ် လက်အနက်မှ တစ်လက်ကို ဆွဲယူပြီး ကြိုးညှိကာ သူတီးခတ်လိုက်သည်။

စပိန်ဂစ်တာ၏ ထုံးစံအတိုင်း ရစ်သမ်သံမှာ ကြည်လင်မြိုင်ဆိုင်စွာ ထွက်ပေါ်လာတော့ ခဏလေး အတွင်းမှာ ပင် ဂစ်တာနဲ့ သူနှင့် တစ်သားတည်းစီးမျောသွားလေတော့သည်။

ဆိုင်ထဲမှာ လူရှင်းချိန် ဖြစ်သဖြင့် (အီးဂဲ)၏ (ဟိုတယ်ကယ်လီဖိုးနီးယား) သီးချင်းကို စိတ်ပါ လက်ပါ တီးခတ်သီဆိုပစ်လိုက်၏ ။

ထိုသီးချင်းက (ပါ့ကာရှင်း)ပါမှ ပိုမိုမြိုင်ဆိုင်သော်လည်း ကိုထွန်းထွန်းက စားပွဲခုံကို ပုတ်ကာ စည်းချက်လိုက်ပေးသဖြင့် အခြေအနေက သိပ်တော့မဆိုးလှပါ။

သီးချင်းဆုံးသွားချိန်၌ လက်ခုပ်သံများ ထွက်ပေါ်လာသဖြင့် မျက်နှာတစ်ခြမ်းကို ဖုံးလွှမ်းလုနီးပါး ဝေ့၀ဲကျဆင်းနေသော ဆံပင်ရှည်ရှည်များ ကို ဆတ်ခနဲ ခါးယမ်းကာ မော့်ကြည့်လိုက်တော့ ဘယ်တုံးက ရောက်နေမှန်းမသိသော နေခြည်သစ်နှင့် အတူ မချိုကြည်ကိုပါ တွေ့ လိုက်ရလေသည်။

``ရှင် . . စာမေးပွဲအောင်သွားပြီး မိုးပြာ´´

နေခြည်သစ်က သူ့အား လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

``ဒါဖြင့် ကျွန်တော် ဘယ်တော့အလုပ်စဆင်းရမလဲ´´

``ရင်အဆင်ပြေတဲ့နေ့ စဆင်းပါ။ အလုပ်ချိန်က ညနေလေးနာရီက ညရှစ်နာရီ၊ စနေ၊ တနင်္ဂနွေအပါအ၀င် တစ်ပတ်မှာ လေးရက်ဆင်ရမယ်၊ ကဲ . . ရှင်ဘယ်နေ့အလုပ်စဆင်း ချင်သလဲ´´

`` ဖြစ်နိုင်ရင်တော့ ဒီနေ့ပဲ စဆင်းမယ်´´

သူစကားကြောင့် နေခြည်သစ်က ဟန်ပါပါ ပခုံးတွန့်လိုက်ပါသည်။

``ရှင် . . လစာကိစ္စတွေ ဘာတွေ ဘာမှမပြောတော့ဘူးလား မိုးပြာ´´

``မလိုပါဘူး၊ ကျွန်တော် က ဂစ်တာတီးနေရရင် ကျေနပ်နေတဲ့ကောင်ပဲ၊ အဆင်ပြေသလို ကြည့်ပေပေါ့´´

နေခြည်သစ်အပါအ၀င်ကျန်လူအားလုံး ငြိမ်သက်သွားကြသည်။

အတန်ကြားမှ သူမက စကားသည်။

``ကိုထွန်းထွန်းနဲ့ ချိုကြည်တို့နဲ့ က ကျောင်းတုန်းကတဲက.. ရင်းနှီးလာခဲ့ကြတဲ့ သူငယ်ချင်းတွေ မို့လို့ ဒီဆိုင်ကို သုံးယေယက်စပ်တူဖွင့်တယ်ဆိုပေမယ့် ဆိုင်နဲ့ပတ်သက်ပြီး အဓိကကျတဲ့ လူက ကိုထွန်းထွန်းပဲ ၊ ဒီတော့ လစာကိစ္စနဲ့ ပတ်သက်ပြီး ရှင် ကိုထွန်းထွန်းနဲ့ ပဲ ဆွေးနွေးပေါ့၊ ကဲ… ရှင့်ဘက်က ဘာပြောစရာရှိသလဲ မိုးပြာ´´

သူမဘက်မှ လမ်းဖွင့်ပေးလိုက် တော့ … သူ့ဘက်က မဆိုင်းမတွပင် တုံ့ပြန်ပါသည်။

``ကျွန်တော် ပြောချင်တာ ကတော့ နံပါတ်လေးကြိုးလဲပေးဖို့ပဲ´´

``ရှင် …´´

``ဂစ်တာကြိုးလေ၊ နံပါတ်လေးကြိုးက နည်းနည်း ထုံနေပြီး.. အဲဒါ လဲပေးပါ၊ ပြီးတော့ ဂစ်တာတီးတဲ့ လက်ခတ်ကို (ဖန်းနာ) အစား (ဂစ်ဘ်ဆင်) ပြောင်းပေးပါ´´

သူ၏ တောင်းဆိုမှု မှန်သမျှအား သဘောကောင်းသော ကိုထွန်းထွန်းက အလွယ်တကူပင် ခေါင်းညိတ်လိုက်လျောပါသည်။ နေခြည်သစ် ကတော့ မျက်လုံးမှေစင်းလျက် သူ့အားအတန်ကြာ ငေးမောနေပြီးမှ ရုတ်တရက် ကောင်ကာငင်ကာ မှတ်ချက်ချလေသည်။

``ရှင်ဟာ ဂျစ်ကန်ကန်ထုံပေပေ နိုင်ရုံတင် မဟုတ်ဘူး၊ တော် တော် လဲ ဂျီးများ တဲ့လူပဲ မိုးပြာ´´…. တဲ့။

သူ၏ မှတ်ချက်စကားအတွက် သူ ဘာမှ မတုံ့မပြန်ဘဲ ပြုံရုံသာ ပြုံပြလိုက်ပြိး ခေါင်းငုံ့ကာ ဂစ်တာကို တီးခတ်လိုက်ပါသည်။ သူ တီးလိုက်သည့် သီးချင်းက `` မင်းအထင် မှန်နိုင်ပါတယ်´´ ဟူ၍ ဖြစ်လေသည်။

နေခြည်သစ်က သီးချင်းအဓီပ္ပာယ်ကို နားလည်ဟန်ဖြင့် နှုတ်ခမ်းတွန့်ကွေးကာ ပြုံးလျက် ကောင်တာဘက်သို့ ချာခနဲ လှည့်ထွက်သွားလေသည်။

ဤနည်းအတိုင်းဖြင့် (ကမ်းထရီကလပ်) ၏ ဂစ်တာပလေယာဘ၀သို့ သူရောက်ရှိခဲ့ခြင်း ဖြစ်သည်။

* * * * *




ဝန်ဇင်းချစ်သူများ နေနော် ၏ “ မြစ်ကျိုးအင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှော်အတတ်နဲ့လုပ်ထားတဲ့ စကားလုံးတွေရဲ့ ပဉ္စလက်

ပျားရည်နှင်းစက်

အိပ်မက်ရာသီ