
စကားလုံးပုံဆောင်ခဲများ
သတိမပြုမိကြလို့သာပဲ ...။
တကယ်ဆိုကျွန်တော် တို့ ပတ်ဝန်းကျင်မှာ ရော..။
ကျွန်တော် တို့နေ့စဉ်ရှုရှိုက်နေကျ လေထုထဲမှာ ပါ စကားလုံးတွေ ဟာ အခိုးအငွေ့တွေ အ ဖြစ် အသွင်သဏ္ဍန်ပုံဆောင်ခဲအ ဖြစ်ရွေ့လျားစီးဆင်းနေကြရဲ့ ...။
တချို့စကားလုံးတွေ ဟာ သုတိသာယာသံတွေ ကို ဖေါ်ကျူးလို့။ တချို့စကားလုံးတွေ ကတော့ ခပ်ထန်ကြမ်းကြုတ်မှု တွေ ကို သိုဝှက်လို့ ...။ တချို့စကားလုံးတွေ ဟာ ကျေနပ်အားရတဲ့ရယ်သံတွေ အပြစ်ပြောင်းလဲပြီး တချို့စကားလုံးတွေ ကတော့အလိုမပြည့်တဲ့ သက်ပြင်းချသံတွေ အ ဖြစ် ဟန်ဆောင်လို့ ...။
စကားလုံးတွေ ....
စကားလုံးတွေ ....
ကျွန်တော် တို့ နေ့စဉ်အသုံးပြုနေကျ စကားလုံးတွေ အပြင်၊ ကျွန်တော် တို့ သတိမမူမိတဲ့စကားလုံးများ စွာ ဟာဝန်းကျင်တစ်ခိုမှာ လှည့်ပတ်စီးမြောနေကြတာနှစ် ပေါင်းများ စွာ ကြာခဲ့ပေါ့ ... တကယ်တော့ ... ကျွန်တော် တို့ စာရေး သူတွေ ဆိုတာ စကားလုံးကောက်သူတွေ ပါ။ တနည်းအားဖြင့် တော့စကားလုံးမုဆိုးတွေ ပေါ့။
လေထုထဲမှာ လွင့်မြောနေကြတဲ့စကားလုံးတွေ ကိုခံစားမှု ပိုက်ကွန်နဲ့ ဖမ်းအုပ်ဆွဲယူပြီး စာမျက်နှာပေါ်ဖြန့်ကြဲလိုက်တဲ့အခါ ...တချို့က စိတ်ဝင်စားဖွယ်ဝါကျတွေ အ ဖြစ် အချိုးတကျလှပသွားတတ်ကြပြီး၊ တချို့ ကတော့ စိတ်မကောင်းဖွယ်ပုံပျက်သေဆုံးသွားတတ်ကြပါတယ်။ အောင်မြင်သည် ဖြစ်စေ၊ကျဆုံးသည် ဖြစ်စေ ကျွန်တော် တို့စာရေး သူတွေ ဟာ စကားလုံးပဉ္စလက်အလုပ်တွေ ကို တခုတ်တရ လုပ်ဆောင်နေကြတုန်းပါ။
ကျွန်တော် ဟာ ...ဟော့ဒီစာအုပ်ပါစကားလုံးတွေ ကကာလအတန်ကြာကတည်းက ကောက်ယူစုဆောင်းထားခဲ့တာပါ။တချို့စကားလုံးတွေ ဟာ ကျွန်တော် ရဲ့ နေ့စဉ်လူနေမှု ဘဝထဲကထွက်ကျလာခဲ့တာ ဖြစ်ပြီး၊ တချို့စကားလုံးတွေ ကတော့ မိတ်ဆွေသူငယ်ချင်းတွေ ရဲ့ အိပ်မက်တွေ ထဲက ခေတ္တငှားယူထားခဲ့တာပါ။
မျက်လှည့်ဆန်လှတဲ့ အဲဒီ စကားလုံးတွေ ဟာ အဓိပ္ပါယ်မျိုးစုံကို သိုဝှက်လို့ကျွန်တော် အပေါ် လှည့်စားခဲ့ကြသလို ကျွန်တော် ရဲ့ ဦးတည်ချက်တွေ ကိုလည်း ဝေဝေဝါးဝါး ဖြစ်စေခဲ့ပါသေးတယ်။ ကျွန်တော် ဟာ သူတို့ကိုစာကြောင်းတွေ အ ဖြစ်စီးဆင်းစေဖို့ ပင်ပန်းတကြီး အားထုတ်ခဲ့ရပါတယ်။ ကျွန်တော့် ရဲ့ အားထုတ်မှု အပြီးမှာ တော့။ သူတို့ရဲ့ မူလအရပ်ဆီကို အသာတကြည်ပဲ ပြန်ပို့ပေးလိုက် ပါတယ်။
(၂)
လေထဲမှာ ...
သစ်ရွက်တွေ ပေါ်မှာ ...
ခြံစည်းရိုးကြိုးတန်းနဲ့ ဓာတ်တိုင်ထိပ်ဖြားမှာ ...
စကားလုံးတွေ ...။ စကားလုံးတွေ ...။ ထွေပြားတဲ့အနက်အဓိပ္ပါယ်မျိုးစုံနဲ့ စကားလုံးတွေ ဟာ ကျွန်တော် တို့ကိုခပ်စူးစူးစိုက်ကြည့်နေကြရဲ့ ...။
အခုဒီစာကို ရေး နေဆဲမှာ ပဲ စကားလုံးတွေ ကကျွန်တော့် ကိုယ်ပေါ်ကို ခုန်တက်လို့ ကျွန်တော် တစ်ကိုယ်လုံးကိုဝါးမြို သွားပါတော့တယ်။
(နေနော်)
၂၉-ဝ၅-ဝ၆
မှော်အတတ်နဲ့ လုပ်ထားတဲ့ကြေးမုံပေါ်ကရုပ်ပုံ
''လောက၌ မရှိသင့်ဆုံးအရာ'' ဟူသော မဂ္ဂဇင်း တစ်စောင်၏ မေးခွန်းကို အဆိုတော် မလေး တစ်ယောက် က''မုသာဝါဒ'' ဟုအဖြေပေးခဲ့ပြီး၊ လူရွှင်တော် တစ်ယောက် ကတော့''အဝတ်အစား'' ဟုမှတ်သားဖွယ်၊ ဖြေခဲ့ဘူးသည်။ သင်ဆိုရင်ကော ဘယ်လိုဖြေချင်ပါသလဲ။ ကျွန်တော် ကိုယ်တိုင် ကတော့၊မရှိသင့်သော အရာဟူ၍ မရှိဟုဆိုလျှင်တော့ထိုအရာမှာ မရှိခြင်းတရားသာ ဖြစ်သင့်သည်။
သို့သော် ...ကျွန်တော် ၌ မရှိသော အရာတို့ကအတော် များများ ရှိနေပါသည်။
ကျွန်တော် တွင် ငွေစုစာအုပ်မရှိ ...
ဘဏ်ချက်လက်မှတ်မရှိ ...
တယ်လီဖုန်းပြောဖော်ကောင်မလေးနှင့် အီးမေးလ်မိတ်ဆွေမရှိ ...
လူအထင်ကြီးခံချင်သော်လည်းအထင်ကြီးလောက် စရာအရည်အချင်းမရှိ ...
ရင်ဘတ်ဖော်သူငယ်ချင်းမရှိ ...
ဥပတိရုပ်မရှိ ...
လိုက်လျောညီထွေဆက်ဆံရေး နှင့် ချိုသာသော စကားသံမရှိ။ လူမှု ရေး လမ်းညွှန်မရှိ။ ကိုယ်ချစ်သော မိန်းကလေးကိုအမှန်တကယ်ချစ်မြတ်နိုးခဲ့ကြောင်း ရင်ဖွင့်ပြစရာစကားလုံးနှင့် အခွင့်အရေး မရှိ။
ပြီးတော့ .....
သတ္တိမရှိ ...
ကျွန်တော့် မှာ မရှိဆုံး ကတော့ သတ္တိတွေ ပါပဲ။
ကျွန်တော် ဟာမရည်ရွယ်ဘဲစာရေး ဆရာ ဖြစ်လာတာ ပါလို့ဖွင့်ပြောရဲတဲ့သတ္တိမျိုး။ အတ္တနဲ့လောဘကြီးခြင်းဟာ ကျွန်တော့် ဘဝရဲ့ မောင်းနှင်အားပဲလို့ ကြွေးကြော်ရဲတဲ့သတ္တိမျိုး။ အရက်မူးတဲ့အခါနဲ့ လိင်စိတ်ထကြွတဲ့အခါ အသိတရားတွေ ကင်းလွတ်သွားတတ်ပါတယ်လို့ ဝန်ခံရဲတဲ့သတ္တိမျိုး ပြီးတော့ ကိုယ်ချင်းစာတရားခေါင်းပါးကာ ကိုယ့်ပေါင်ပေါ်မကျသ၍ မီးပွားစစ်စစ်ဟုမသတ်မှတ်တာ မာနကြီးသလိုလိုနဲ့ စိတ်ဓာတ်ပျော့ညံ့တတ်တာ။
အိမ်မှာ မွေးတဲ့ခွေးကို အစာမှန်မှန်ကျွေးပေမယ့် တစ်ခါတစ်ခါ ဒေါသတကြီးရိုက်နှက်တက်တာ။ သူများ တွေ လက်ခုပ်တီးတိုင်း လိုက်ပြီးလက်ခုပ်မတီးတတ်တာ ညတိုင်းဘုရားမှန်မှန်မရှိခိုးဖြစ်တာ။
ဟို ...ကောင်မလေးကို နှစ် ပေါင်းများ စွာ ကြိတ်ပြိးချစ်နေခဲ့တာ အဲဒါတွေ ကို အမှန်အတိုင်း ထုတ်ဖော်ရဲတဲ့သတ္တိမျိုး ဘာကြောင့် မရှိခဲ့ရတာ လဲ။ တကယ်ဆိုလူ တစ်ယောက် ဟာလူသားဆန်တဲ့သတ္တိမျိုးတော့ ရှိသင့်လှပါတယ်။
သို့သော် ...ကျွန်တော် သတ္တိနည်းခဲ့သည်မှာ သုံးဆယ်ရှစ်နှစ် တိုင်ခဲ့ပြီ။ သတ္တိနည်းသော်လည်း၊ သည်းခံခြင်း တရားကျတော့ ခေါင်းပါးလှပြန်သည်။ ဖြစ်သင့်သည်မှာ သတ္တိနည်းသူသည် ပိုမိုသည်းခံနိုင်သင့်၏ ။
သို့သော် ...
တစ်စုံတစ်ရာကိုစိတ်ရှည်လက်ရှည် သည်းခံပေးနိုင်ဖို့ဆိုသည်မှာ တော် ရုံတန်ရုံပါရမီနှင့် မရကြောင်း လွန်ခဲ့သည့်နှစ် ပေါင်းများ စွာ ကပင် ကျွန်တော် သဘောပေါက်နားလည်ထားခဲ့သည်။
ကြယ်တွေ စုံလျက် လမထွက်သော ညများ စွာ ကိုသည်းမခံနိုင်ပါ။ ဆီငတ်နေသော နာရီတစ်လုံး၏ တကျီကျီမြည် သံကိုနားမခံနိုင်ပါ။
ယုံကြည်ချက်မပါဘဲ ခေတ်မီတယ် အပြောခံချင်ရုံသက်သက်နှင့် စကားလုံး ဟစ်ဟော့လုပ်သူများ ၊ ဝေါဟာရဆေးဆိုးပန်းရိုက်လုပ်သူများ ။ မော်ဒယ်လား၊ စာရေး ဆရာ၊ ဆရာမ လားမကွဲပြားသူများ ကို သည်းမခံနိုင်ပါ။
ပန်းမပွင့်သော ကန္တာရဆူးပင်များ ကိုသည်းမခံနိုင်ပါ။
မရှိသော ဝါဒအား ခဝါချလိုက်ပြီဆိုသူများ ကို သည်းမခံနိုင်ပါ။
ဆရာဇော်ဇော်အောင်ရေး သော ဥုံဖွပီတာဇော်မြင့်၏ ညာဘက် လက်ကိုသည်းမခံနိုင်ပါ။ နံပါတ်အတိအကျနှိပ်ထားပါလျက် ခေါင်းလောင်းသံမမြည် သော တယ်လီဖုန်းကိုသည်းမခံနိုင်ပါ။ သည်းမခံနိုင်ခြင်းကိုလည်း သည်းမခံနိုင်ပါ။
မြတ်စွာ ဘုရား ... ကျွန်တော် သည်းမခံနိုင်တာတွေ ကများ ပြားလှပါလား။
(၂)
တကယ်တန်း လိုအပ်မည် ဆိုလျှင် ကျွန်တော် သည်သူမကိုချစ်ခဲ့ကြောင်း၊ သုံးဆယ့်ခုနှစ် မင်းကို မယုံကြည်ခဲ့ ကြောင်း၊မိမိ၏ အတ္တနှင့် အနုပညာကိုသာ ကိုးကွယ်ခဲ့ကြောင်းဝန်ခံလိုက်ဖို့ဝန်မလေးပါ။ သို့ သော်လိုအပ်ပါရဲ့ လား။ ကျွန်တော် ဟာကျွန်တော် ကိုယ်တိုင်ဟုတ်ရဲ့ လားလို့ သံသယ ဖြစ်နေတာကြာပြီ။
မနေ့ကမိမိနှင့်ဒီနေ့မိမိ တူရဲ့ လားလို့သင်ကိုယ်တိုင်ရော စဉ်းစားဖူးပါရဲ့ လား။ မိုင်တိုင်အမှတ် လေးဆယ်နားရောက်နေသော ကျွန်တော် ကတော့ လေးနှစ် အရွယ် ကျွန်တော် နှင့်လားလားမျှမတူညီတော့ပါ။
လေးနှစ် သားအရွယ်ဖြူစင်မှု မျိုး ကျွန်တော် ခန္ဓာကိုယ်၌ မည် သူမျှရှာဖွေတွေ့ ရှိလိမ့်မည် မဟုတ်တော့။ ဖြူစင်မှု တွေ ပျောက်ကွယ်သွားသည့်အတွက် ဝမ်းနည်းဖွယ်ကောင်းလှသော်လည်း ကျွန်တော် ကတော့နည်းနည်း မှဝမ်းမနည်းဖြစ်ခဲ့။ ကုန်ဆုံးသွားတဲ့အရာတွေ အတွက် ဝမ်းနည်းတာထက်ပိုပြီးလက်တွေ့ ကျကာ လေးနက်သော ကိစ္စများ ကျွန်တော် ဘဝ၌ မြောက်များ စွာ ရှိနေပါသည်။
သို့ သော် ...လောလောဆယ် မလုပ် ဖြစ်သေး။
ကျွန်တော် ကမြန်မာဘောလုံးအသင်းလို အထနှေးကာဒီဇယ်အင်ဂျင်တစ်လုံးပမာ ( တမောကစ ) လုပ်ပေးဖို့ လိုအပ်သူ ဖြစ်သည်။ ကျွန်တော် ၏ စိတ်အခြေအနေအတွက် အလွယ်ဆုံးဥပမာမှာ ရေခဲသေတ္တာများ ၌ တပ်ဆင်လေ့ရှိသော (ဆေ့ဗ်ဂါဗ့်)များ လိုပင်။ ကျွန်တော် ၏ တက်ကြွမှု များ က ကြန့်ကြာချိန်တစ်ခုကိုစောင့်ရမြဲ ဖြစ်သည်။
ထို့အတွက် မကြာခဏစိတ်ပျက်ခဲ့ရသော်လည်း လုံခြုံရေး အကာအကွယ်ဆိုတာ အဖိုးတန်အရာတွေ မှာ သာ တပ်ဆင်လေ့ရှိတာဟုရှာကြံစိတ်ဖြေရပါသည်။
သို့ တိုင် ... စိတ်ဖြေသော်လည်း မပြေနိုင်သည် အရာအတော် များများ ကျွန်တော် တို့ဝန်းကျင်၌ တည်ရှိနေပါသေးသည်။
ထို့အတူ ... မေ့ပစ်ဖို့မသင့်သော အရာတွေ ပေါ့။
ကျွန်တော် က အလွယ်တကူမေ့လျော့တက်သူမဟုတ်သလိုအလွယ်တကူလည်း စိတ်ပြေတတ်သူမဟုတ်ပါ။
''အလကားကောင်'' ...
ဟူသော တစ်စုံ တစ်ယောက် ၏ စကားသံကိုယနေ့တိုင်အောင်ကျွန်တော် မမေ့ပါ။ ပထမဆုံးစာလိုက်ပေးစဉ် ကောင်မလေးက ရိုင်းရိုင်းစိုင်းစိုင်း ပြန်လည်ဆဲဆိုသော အခါ ရပ်ကွက်လူကြီးနှင့် တိုင်ဖို့စိတ်ကူးမိဖူးကြောင်း ကျွန်တော် မမေ့ပါ။
ဘုရားအလောင်းတော် အား ဗောဓိပင်နှင့် ရွှေပလ္လင်မှဖယ်ရှားရန်ကြိုးစားခဲ့ဖူးသော မာရ်နတ်။ ခရစ်တော် အား ရောင်းစားရန်ကြံစည်ခဲ့ဖူးသော ပုဂ္ဂိုလ်။ စိဉ္စမာနဥာဏ်နှင့် ယောကျာ်းရင့်မကြီးတချို့။ ၄င်းတို့ကိုကျွန်တော် မမေ့ပါ။
''မေ့လိုက်တော့'' ...
ဟုပြောခဲ့ဖူးသော ရည်စားဟောင်းကိုကျွန်တော် မမေ့ ပါ။
တော့ခရတ္တိ၏ ''အို ... အေသင်မြို့သူမြို့သားအပေါင်းတို့''
ဟူသော အာလုပ်သံကို ကျွန်တော် မမေ့ပါ။
''ခြေခင်းလက်ခင်း သာယာတဲ့တစ်နေ့ ရှင်နဲ့ ကျွန်မလမ်း အတူတူလျှောက်ကြတာပေါ့ ...'' ဟူသော သူငယ်ချင်းမတစ်ဦး၏ စကားသံကို ကျွန်တော် မမေ့ပါ။ ရောင် နီလာတော့မယ်အမျိုးသမီး။ ပွင့်လင်းရာသီကိုရောက်တော့မယ်။
သို့သော် ...
ထိုသူငယ်ချင်းမမှာ ၄င်း၏ စကားအတိုင်း အကောင်အထည်ဖော်နိုင်တော့မည် မဟုတ်သော အခြေအနေသို့ ပြောင်းလဲကျရောက်သွားခဲ့ပြီဖြစ်သည်။ မေ့ခြင်းနှင့် မမေ့ခြင်းအကြား။
မေ့နိုင်ခြင်းနှင့် မမေ့နိုင်ခြင်းအကြား လူတစ်ချို့က ကူးချည်သန်းချည်လုပ်နေတတ်ကြပြီး လူတစ်ချို့ ကတော့တစ်နေရာထဲမှာ သာကျောက်ချရပ်နေတတ်ကြ၏ ။
မိတ်ဆွေ ...သင်ကော ဘယ်အမျိုးအစားမှာ ပါသလဲ။
ဖြစ်နိုင်မည် ဆိုလျှင် ကျွန်တော် အား တိုးတိုးတိတ်တိတ်အသိပေးစေလိုပါသည်။
(၃)
တွန်းဖွင့်လိုက်တိုင်း ခြိုးခြိုးချွတ်ချွတ်မြည် လေ့ရှိသော ပြူတင်းပေါက်တစ်ပေါက်ကို လွန်ခဲ့သည့်နှစ် အနည်းငယ်ကကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသည်။ ခပ်ညံ့ညံ့လက်သမားတစ်ယောက် ၏ လက်ရာဖြစ်သော ထိုပြူတင်းပေါက်သည် ဖွင့်လိုက်သည့်အခါတိုင်းကျွန်တော့် အား စိတ်အနှောင့်အယှတ်ပေးတတ်မြဲဖြစ်သည်။ မပွင့်ချင်ပွင့်ချင်နှင့် ခပ်ဟဟပွင့်လေ့ရှိသော ထိုပြူတင်းတံခါးကြောင့် ပြင်ပရှုခင်းများ အား ကြည့်ရှုရန်ကျွန်တော် ဘယ်တုန်းကမှ အဆင်မပြေခဲ့ပါ။ ထိုကြောင့်နောက်ပိုင်း၌ ထိုပြူတင်းပေါက်အား ကျွန်တော် အသေပိတ်ထားလိုက်ရတော့၏ ။
တစ်ခါတစ်ခါတော့လည်း မေ့လျော့ခြင်းမဟုတ်သည့်တမင်လစ်လျူရှုခြင်းကို ထိုသို့ပင် ကျွန်တော် အသုံးပြုရတတ်ပါသည်။
သို့သော် ...မကြာခဏ တမင်လစ်လျူရှုရဖန်များ လာသဖြင့် အလွယ်တကူ ဥပေက္ခာပြုတတ်လာတာမျိုးတော့ဘယ်လိုမှမကောင်းလှပါ။ ဝဋ်လည်တယ်ပဲထင်ပါရဲ့ ကံကြမ္မာကလည်းမကြာခဏဆိုသလို ကျွန်တော့်အား လစ်လျူရှုတတ်ခဲ့သည်။ ပုစ္ဆာအားလုံးကို အသေအချာဖြေဆိုနိုင်ပါလျက်ခုံနံပါတ်မတပ်မိသော ကျောင်းသား တစ်ယောက် ၏ ကံဆိုးမှု မျိုးဖြင့် ဘဝမှာ ကြိမ်ဖန်များ စွာ ကျွန်တော် ကံဆိုးခဲ့၏ ။
ကံကြမ္မာသည် ကျွန်တော့် အားအကြိမ်ကြိမ် မျက်နှာလွှဲခဲ့ဖူးပါသည်။ အထူးသဖြင့်တော့ အချစ်ရေး နဲ့ လူမှု ရေး နယ်ပယ်တွေ မှာ ပါ။
ချစ်ဦးသူကိုချစ်ကြောင်းပြောခွင့်ရလောက်အောင်ကျွန်တော် ကံမကောင်းခဲ့သလို၊ ရင်ဘတ်ဖေါ်သူငယ်ချင်းမျိုးကိုလည်းရှာဖွေမဆွဲဆောင်နိုင်ခဲ့ပါ။ ကိုယ့်အပေါ် အထင်လွဲမှားနေသူ တစ်ယောက် အား အမြင်ရှင်းသွားအောင် ရင်ဖွင့်ရှင်းပြခွင့်မျိုးကို ကျွန်တော် ဘယ်တုန်းကမှမရခဲ့။
အချစ်ဟူသော ဝေါဟာရနှင့် လူမှု ရေး ဟူသော စကားလုံးကို အသံထွက်မှန်မှန်နှင့်ရွတ်ဆိုတတ်အောင် နှစ် ပေါင်းများ စွာ ကြိုးစားခဲ့သော်လည်း ယနေ့တိုင်အောင်အဆင်မပြေသေးပါ။
ကံကြမ္မာသည် ၄င်း၏ မှတ်ဥာဏ်ကဒ်ပြား၌ ကျွန်တော့်  အမည် ကိုထည့်သွင်းရေး သားထားပုံမရ။
(မာရီယာရေ ... အဲ့ဒီလိုနဲ့ပဲ ဟောဒီခပ်ညံ့ညံ့ကောင်ဟာ ...အကြိမ်ကြိမ်အခါခါ လွဲချော်နေအုံးမှာ ထင်ပါရဲ့ ...)
(၄)
အကယ်၍ ဝီစီမှု တ်သံ သုံးကြိမ်ကြားလျှင် ကျွန်တော့် အားသတိပေးကြစေလိုပါသည်။ သို့သော် ...ဝီစီသံမကြားမချင်းတော့ကျွန်တော် ဆက်လက်ကစားနေပါအုံးမည် ။ လိုအပ်လို့အချိန်ပိုကန်သင့်လည်းကန်ပါမည် ။ အထူးတလည်သတိပေးလိုသည်မှာ အသန့်ရှင်းဆုံးဆုအား ကျွန်တော် ၏ ပြိုင်ဘက်သို့ယောင်မှား၍ မပေးမိကြရန် ဖြစ်သည်။
(၅)
ပထမပိုင်း မပြီးခင်ကျွန်တော့် ကိုယ်ကျွန်တော် ပြန်လည်ဆန်းစစ်ကြည့်တော့ အောက်ပါအတိုင်း အဖြေထွက်ပါသည်။
ကျွန်တော် သည် မရှိခြင်းတရားတို့နှင့် ပြည့်နှက်ကာသတ္တိနည်း၍ အရာရာကိုသည်းခံစိတ်မရှိသူ။ ပွဲကစားဖို့ အထနှေးသလောက် တစ်စုံတစ်ရာကို မေ့လျော့စိတ်ဖြေဖို့ ခက်ခဲကာတစ်ခါတစ်ရံ ဥပေက္ခာပြုတတ်သူ။
တနည်းအားဖြင့် ကျွန်တော် ဆုတောင်းအမှားနှင့် နေရာအမှားသို့လွဲမှားစွာ ရောက်ရှိနေသော အရာတစ်ခု ဖြစ်နိုင်သလိုလောက၌ မရှိသင့်ဆုံးအရာတစ်ခုလည်း ဖြစ်နိုင်ပါသေးသည်။
စကားလုံးတွေ တပ်ဆင်ထားတဲ့ ထောင်ချောက်
နွေရောက်ပြီဆိုတာနဲ့ ကျွန်တော် တို့ မြို့သစ်လေးရဲ့ ကတ္တရာလမ်းမတွေ ဟာပျော့အိလို့ တံလျှပ်တွေ တရှိန်ရှိန် ထလာတော့တာပဲ။ စွေစောင်းနေတဲ့ဓါတ်တိုင်ထိပ်ဖြားမှာ မျက်စေ့လည်လမ်းမှားပြီးလာနားတတ်တဲ့ငှက်တစ်ကောင်တစ်လေနဲ့ မနိုင်ဝန်ကိုထမ်းပြီး တအိအိငြီးငြူဖြတ်မောင်းသွားတတ်တဲ့ ဗိုက်ပူဘတ်စ်ကားတစ်စီးတစ်လေကလွဲရင် နွေနေ့လည်ခင်းရဲ့ မြို့သစ်လေးဟာ ပူပြင်းတိတ်ဆိတ်နေလေရဲ့ ။
မြေနီလမ်းသွယ်လေးတွေ ကတော့ သူတို့အရေပြားထဲက ရေဓါတ်တွေ ကို အပူခိုးတွေ အ ဖြစ် အလျှံငြီးငြီးထုတ်ပစ်ရလွန်းလို့ ခြောက်သွေ့ကွဲအက်လာကြတယ်။
မိုးတွင်းတစ်တွင်းလုံး ''ငါးမပက်ရ'' ဆိုင်းဘုတ်စိုက်ထားရတဲ့ လမ်းဘေးရေမြောင်းတွေ နဲ့ တစ်ရပ်ကွက်လုံးကဘဲတွေ လာရောက်ပျော်မြူးရာ ရေအိုင်ကြီး ကတော့ ပက်ကြားအက်တွေ အရစ်အရစ်ထလို့ ပြောင်းလဲခြင်းဆိုတာ ဒါပဲကွလို့လူသားတွေ ကြားအောင်ငြီးတွားနေပုံပါ။
စူးလက်တဲ့နေရောင် ခြည် ထိမှန်ခံရလွန်းလို့ ညိုမဲရှုံ့တွနေတဲ့ အိမ်မိုးဓနိတွေ ဟာ ချွန်ထက်တဲ့သူတို့ရဲ့ အဖျားတွေ ကိုကော့လို့ တစ်စုံတစ်ရာကို ခြိမ်းခြောက်နေကြလေရဲ့ ။
တကယ်လို့ နေ့တစ်နေ့ဟာ နှစ် ဆယ့်လေးနာရီ မဟုတ်ဘဲ လေးဆယ့်ရှစ်နာရီသာ ဖြစ်ခဲ့ရင် အဲ့ဒီခြိမ်းခြောက်မှု ဟာ အသေအချာကိုအောင်မြင်သွားတော့မှာ ပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာ တစ်နေ့မှာ ခြောက်နာရီလောက်ပဲ နေရောင် ခြည်ဟာ အပူပြင်းဆုံးလောင်မြိုက်နိုင်ခဲ့တဲ့အတွက် သဘာဝ တရားကြီးရဲ့ ငဲ့ညှာမှု ကို ကျေးဇူးတင်ရပါသေးတယ်။
မြင်းကွင်းအားကစားကွင်းနဲ့ ရေကူးကန်ဘက်ကရွေ့လျားရောက်ရှိလာတဲ့လေထုဟာ လတ်ဆတ်ပေမယ့်၊ အပူငွေ့တွေ တင်ဆောင်လာလို့ ဖြိုးဖြိုးဖျစ်ဖျစ် မြည် နေကြတယ်။ မွန်းလွဲသွားပြီ ဖြစ်ပေမယ့် အပူရှိန် ကတော့တစ်ငွေ့ငွေ့ ဆက်လက်လောင်မြိုက်နေတုန်းပဲ။
ပူလွန်းလို့ ကျွန်တော့် ခေါင်းထဲက စကားလုံးတွေ ဟာအငွေ့ပျံသွားမှာ တောင် စိုးရိမ်ရပါတယ်။ လောလောလတ်လတ်ချရေး တော့မယ့်ဝတ္ထုတစ်ပုဒ်အတွက် ကျွန်တော် ဟာ အဲ့ဒီစကားလုံးတွေ ကို လွန်ခဲ့တဲ့လအနည်းကတည်းကကြိုတင် စုဆောင်းထားခဲ့တာပါ။ တိတိကျကျပြောရရင် လပေါင်းနှစ် ဆယ်ကျော်လောက်ကတည်းကပါ။
ကျွန်တော် ဟာ လနှစ် ဆယ်လုံးလုံးစာတစ်ပုဒ်မှ အောင်အောင်မြင်မြင်ချမရေး နိုင်ခဲ့ဘူး။ ဒီလို ဖြစ်ရတာ ဟာ ပူပြင်းလိုက်၊အေးမြလိုက်၊ စိုစွတ်လိုက် အမျိုးမျိုးပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် လို့ ဆင်ခြေပေးလို့ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျွန်တော် ဟာ အပြစ်မဲ့တဲ့ရာသီဥတုအပေါ် အပြစ်ပုံချတဲ့အလုပ်မျိုးကို တော့နည်းနည်း မှ လုပ်လိမ့်မယ်မဟုတ်ဘူး။ ကျွန်တော် စာမရေး နိုင်ခဲ့တာဟာ ကျွန်တော့် ရဲ့ စိတ်ခွန်အားတွေ လျော့ရဲနေခဲ့လို့ပါ။
လွန်ခဲ့တဲ့ လနှစ် ဆယ်ရဲ့ အစောပိုင်းကာလတွေ ကတည်းက ကျွန်တော့် စိတ်တွေ ဟာ ရှုပ်ထွေးနောက်ကျိနေခဲ့သလိုကျွန်တော့် ခေါင်းထဲမှာ လည်း ဟာလာဟင်းလင်း ဖြစ်နေခဲ့တယ်။
ဘာကိုမှ ဖန်တီးချင်စိတ်မရှိသလို၊ ဘာကိုမှလုပ်ချင်စိတ် မရှိလောက်အောင်ပါပဲ။
ဆေးပညာစာအုပ်တွေ ရဲ့ ကျေးဇူးကြောင့် ဒါဟာစိတ်ကျ ရောဂါ လို့ ကျွန်တော် အကြမ်းဖျင်းနားလည်နိုင်ခဲ့ပေမယ့်ခပ်လွယ်လွယ်တော့ မတိုက်ဖျက်နိုင်ခဲ့ဘူး။ ပြီးတော့ စာရေး တယ်ဆိုတာကလည်း တစ်ခါတုန်းက ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ။
ကော်ဖီခါးခါးတစ်ခွက်ဖျော်သလို ...
ရှပ်အင်္ကျီတစ်ထည် ချုပ်သလို ...
ဆယ့်ငါးမိနစ်အမြန်လိုင်စင်ဓါတ်ပုံတစ်ပုံရိုက်သလို ..
စက်ဘီးကျွတ်ဖာသလို ...
ခုနှစ် လွှာပေါက်စီလုပ်သလို၊ အတတ်ပညာရှိရုံနဲ့ထလုပ်လို့ရနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။
(ဒီကိစ္စဟာ ...တစ်လကို သုံးအုပ်လောက် ရေး နိုင်ထုတ်နိုင်တဲ့ အရိပ်တစ္ဆေစာရေး ဆရာတွေ နဲ့ မပတ်သက်ဘူးဆိုတာကိုတော့ တင်ကြိုအသိပေးထားပါရစေ။တကယ်တော့သူတို့ဟာ စာရေး ဆရာမ ဟုတ်ပါဘူး။ အပေါစား စာမျက်နှာတွေ နဲ့စီးပွားရှာနေတဲ့ စာပေဈေးသည်တွေ ပါ။)
ကျွန်တော့် ခေါင်းထဲမှာ ဘယ်လောက်ပဲ ကမ္ဘာကျော်မယ့်အကြောင်းအရာမျိုးတွေ ရှိနေပါစေ၊ ခံစားမှု တွေ မနိုးထခဲ့ရင်အဲ့ဒီအကြောင်းအရာကို စာမျက်နှာပေါ်ရွေ့လျားစီးဆင်းသွားစေဖို့ကိစ္စဟာ၊ အတော့် ကိုခက်ခဲပင်ပန်းလှပါတယ် ....
မွန်းကြပ်မှု တွေ နဲ့ လေးလံနေတဲ့ ကျွန်တော့်  ခေါင်းကြီးကိုရိုက်ခွဲလိုက်လို့ ဖြူဖြူအရာတွေ သာ ထွက်လာချင်လာမယ်
အဲ့ဒီအကြောင်းအရာ ကတော့ ထွက်လာမှာ မဟုတ်ဘူး ငုတ်လျှိုးပျောက်ကွယ်နေမှာ ပါ။
ဒါပေမယ့် အခုလောလောဆယ်မှာ တော့ ကမ္ဘာမကျော်တောင် မြန်မာပြည်လောက်တော့ ကျော်ကြားမယ့်ဝတ္ထုတစ်ပုဒ်ကိုကျွန်တော် မ ဖြစ်မနေချရေး ရပါတော့မယ်။ ကျွန်တော့်  အိမ်ရှင်မဟာ ကျွန်တော့် ခေါင်းထဲက စကားလုံးတွေ ကို ရေစိုအဝတ်ကိုညှစ်ချသလို ညှစ်ချနေစေချင်တဲ့အပြင် သူငယ်ချင်းအယ်ဒီတာ တစ်ယောက် ကလည်း စာမူတစ်ပုဒ်ကို တဂျီဂျီတောင်းနေလေရဲ့ ။
ပြီးတော့ ...
မိတ်ဆွေတစ်ချို့ကလည်း စာမရေး တဲ့ ကျွန်တော့် ကိုအထင်သေးတဲ့မျက်လုံးတွေ နဲ့ ချိန်ရွယ်ပစ်ခတ်ဖို့ အဆင်သင့် ဖြစ်နေကြပြီ။ ဒါကြောင့် စာတစ်ပုဒ်ကို အမြန်ဆုံးချရေး ဖို့ လွန်ခဲ့တဲ့လနှစ် ဆယ်လောက်ကတည်းက ပြင်ဆင်ထားခဲ့ရတာ ပါ။
ကျွန်တော့် အတွက် ကံကောင်းထောက်မမှု တစ်ခု ကတော့ ကျွန်တော့်ခေါင်းထဲကို ကြိုတင်ရောက်ရှိနေကြတဲ့စကားလုံးနဲ့ ဝါကျအတိုအထွာတွေ ပါ။ အဲ့ဒါတွေ ကို စုဆောင်းထားမိတာဟာ ကျွန်တော့် အတွက်တော့ ဘုရားမတာပဲ။
အဲ့ဒီစကားလုံးနဲ့ဝါကျတိုတွေ ကို လိမ္မာပါးနပ်စွာ ဂရုတစိုက်ဆွဲထုတ်နိုင်ဖို့တော့ အထူးလိုအပ်လှပါတယ်။ တကယ်လို့ကျွန်တော့် ရဲ့ ကျွမ်းကျင်မှု သာ ဟိုအရင်ကအတိုင်း ကျန်ရှိနေအုံးမယ်ဆိုရင်တော့ ကျွန်တော် ဟာ ကမ္ဘာကျော်မယ့် စာတစ်ပုဒ်ရဲ့ ဖန်တီးရှင်အ ဖြစ်ကို အသေအချာရောက်ရှိသွားမှာ ပဲ။
ဒါပေမယ့်ရောက်နေတာတစ်ခုက ဘယ်အကြောင်းအရာနဲ့ဘယ်ဝါကျတွေ ကို ဘယ်လိုပုံစံနဲ့ ဆွဲထုတ်ရမလဲ စဉ်းစားလို့မရတဲ့ ကိစ္စပါ။ ရာသီက ပူပြင်းရတဲ့ကြားထဲ) ဦးဏှောက်တွေ ပွက်ပွက်ဆူအောင် ဖျစ်ညှစ်စဉ်းစားပေမယ့် ဝတ္ထုရေး ဖို့ ဘယ်လိုဝါကျမျိုးမှစီးဆင်းမလာခဲ့ဘူး။ ဝါကျတွေ အစားစကားလုံးတစ်စုံသာ ကျွန်တော့် ရှေ့ကို ဒေါက်ခနဲပြုတ်ကျလာတယ် .....
(၂)
(က) အဝေးကြည့်မှန်ပြောင်း
(ခ) မာယာ
စကားလုံးတွေ ရဲ့ နက်နဲသိမ်မွေ့မှု ကို အချိန်အတော် ကြာကြာလေ့လာခဲ့ဖူးပေမယ့် ကျွန်တော့် ရှေ့က စကားလုံးတစ်စုံကိုတော့ နားမလည်နိုင်ခဲ့ဘူး။ အတော့် ကို အဆက်အစပ်ကင်းမဲ့ပြီး၊ အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေ မှု လွဲခြော်လွန်းလှပါတယ်။ အခုလို စာရေး ဖို့ကြိုးစားနေတဲ့ အချိန်မျိုးမှာ ''အတွေးအခေါ်'' ပါတဲ့စကားစုတွေ သာ ထွက်ပေါ်လာသင့်တာပါ။
ခုတော့မဆီမဆိုင် စကားလုံးတစ်စုံက ကျွန်တော့် ရဲ့ အတွေးစီးကြောင်းတွေ ကို လမ်းချော်စေခဲ့ပြီ။ ကျွန်တော် တို့ဟာစကားလုံးတစ်လုံးကိုကြားတာနဲ့ အဲ့ဒီစကားလုံးက ပို့ဆောင်တဲ့အနက်အဓိပ္ပါယ်ဆီကို အလွယ်တကူပဲ ရောက်ရှိသွားလေ့ရှိကြတယ်။ ဒါဟာ ...ဘာသာဗေဒရဲ့ ခွန်အား ဖြစ်သလိုစကားလုံးတွေ ရဲ့ သိမ်မွေ့နက်နဲမှု လည်း ဖြစ်တယ်။ အခုလည်းအဝေးကြည့်မှန်ပြောင်းဆိုတဲ့ စကားလုံးကြောင့် သူဖော်ဆောင်တဲ့ အသွင်သဏ္ဍာန်ကို တန်းခနဲမြင်လာသလို ကျွန်တော့် မှာ ရှိတဲ့ရှေးဟောင်းစစ်သုံးမှန်ပြောင်းအိုးကြီးကိုပါ ဖြတ်ခနဲသတိရလိုက်မိတယ်။
(က) လွန်ခဲ့တဲ့ နှစ် အတန်ကြာကတည်းက မှန်ပြောင်းအိုကြီးတစ်လက်ကို ကျွန်တော် ပိုင်ဆိုင်ထားခဲ့သလိုမကြာခဏလည်း အသုံးပြုခဲ့ဖူးတယ်။ အထူးသဖြင့် ကျွန်တော့် ရဲ့ စိတ်ဓါတ်တွေ တစ်စစီပြိုကွဲနေတဲ့ အချိန်မျိုးတွေ မှာ ပိုပြီးအသုံးများ ခဲ့ပါရဲ့ ။
ကျွန်တော် ဟာ အဲ့ဒီအချိန်တွေ မှာ အားငယ်စိုးရွံ့နေတတ်လို့ လောကကြီးကို ပကတိမျက်စိနဲ့ မကြည့်ရဲတဲ့ အတွက်ကိုယ်ကြည့်ချင်တဲ့မြင်ကွင်းလေးကိုပဲ မှန်ပြောင်း အကူအညီနဲ့ဘောင်ခတ်ကြည့်ခဲ့မိဟန်တူပါရဲ့ ။ တကယ်တော့ မှန်ပြောင်းတစ်လက်ရဲ့ အနှစ် သာရကိုက ကိုယ်လိုချင်တာကို ဆွဲယူကြည့်ရှုဖို့ပဲမဟုတ်လား။
လူ တစ်ယောက် ဟာ ဘဝမှာ တစ်ကြိမ်လောက် ဖြစ် ဖြစ်၊လောကကြီးကို မှန်ပြောင်းတစ်လက်ရဲ့ နောက်ကွယ်ကနေချောင်းမြောင်းကြည့်ရှုဖူးသင့်တယ်လို့ ကျွန်တော် ထင်တယ်။
ကျွန်တော် တို့ဟာ မှန်ပြောင်းတစ်လက်ရဲ့ အကူအညီနဲ့ တစ်စုံတစ်ရာကြောင့် ပူဆွေးနေရတဲ့ အမျိုးသမီး တစ်ယောက် ကို ဖြစ်စေ။ ကောင်းကင်ပေါ်မှာ ပျံဝဲရင်း အစာခြောင်းနေတဲ့ ငှက်ဆိုးတစ်အုပ်ကို ဖြစ်စေ ... အဝါရောင် လိပ်ပြာ တစ်ကောင်ကို ဖြစ်စေ ...
ယုတ်စွအဆုံး ... ခြံစည်းရိုး တစ်ခုခုကို ဖြစ်စေ ...
ဘာကိုမဆိုတွေ့ မြင်နိုင်မယ့် အခွင့်အလမ်းတွေ ဟာမှန်ပြောင်းတစ်လက်ရဲ့ နောက်ကွယ်မှာ အဆင်သင့်ရှိနေတယ်လို့ ကျွန်တော် ပြောရင်ယုံကြပါ။
မဟာမိတ်တွေ စစ်နိုင်တာဟာ သူတို့ရဲ့ မှန်ပြောင်းတွေ ပိုမိုကောင်းမွန်လို့ ဖြစ်တယ်ဆိုတဲ့ အဆိုကိုဘယ်သူမှ မတင်သွင်းခဲ့ကြပေမယ့်ကျွန်တော် ကတော့ အဲ့ဒီအတိုင်း ဖြစ်ခဲ့လိမ့်မယ်လို့ယုံကြည်တယ်။ တစ်စုံ တစ်ယောက် ဟာ မှန်ပြောင်းတစ်လက်ရဲ့ အကူအညီနဲ့ ကြယ်တာရာအသစ်တစ်လုံး ကိုရှာဖွေတွေ့ ရှိနိုင်ခဲ့သလို၊ ကျွန်တော် လည်း ဝတ္ထုတိုတစ်ပုဒ်ကို မှန်ပြောင်းအိုကြီးကြောင့် လက်ဆောင်ရရှိခဲ့ဖူးတယ်။
အဲ့ဒီမှန်ပြောင်းအိုကြီးကို ခုလောလောဆယ် ကျွန်တော် အသုံးမပြု ဖြစ်တာ အတော် ကြာပါပြီ။ အချိန်အကန့်အသတ်မရှိအသုံးမပြုဖို့ ကျွန်တော် ဆုံးဖြတ်ထားခဲ့တယ်။ ဆုံးဖြတ် ဖြစ်စေခဲ့တဲ့အကြောင်းရင်း ကတော့ ထူးဆန်းသော တိုက်ဆိုင်မှု တစ်ခုကြောင့် လို့ဆိုနိုင်သလို အမျိုးအမည် မဝေခွဲနိုင်တဲ့ စိတ်ခံစားမှု တစ်ခုကြောင့်လို့လည်း သတ်မှတ်နိုင်ပါတယ်။
အနည်းငယ်ရှုပ်ထွေးလှတဲ့ အဲ့ဒီအ ဖြစ်အပျက်ဟာ၊ဟောဒီမြို့သစ်လေးကို ကျွန်တော် စတင်ရောက်ရှိချိန်က ဖြစ်ပျက်ခဲ့တာပါ။ အဲ့ဒီတုန်းက မြို့သစ်လေးရဲ့ နေ့ရက်တွေ ဟာအခုအချိန်လိုပဲ နွေလယ်ရနံ့နဲ့ ပူပြင်းလောင်ကျွတ်နေခဲ့ပြီးနေ့လည်နေ့ခင်း၊ လမ်းတွေ ပေါ်မှာ လူသူလေးပါးကင်းရှင်းပုံကလည်း အခုအတိုင်းပါပဲ။
စာမရေး နိုင်ဘဲ စိတ်ဓါတ်တွေ ရှုပ်ထွေးလေးလံနေတဲ့ကျွန်တော် ဟာ ပြောင်းရွေ့ရောက်ရှိကာစ မြို့သစ်လေးရဲ့ နေ့လည်ခင်းကို နှစ် ထပ်အိမ်မြင့်ကြီးရဲ့ ဝရံတာကနေ မှန်ပြောင်းအိုကြီးနဲ့ ခြောင်းမြောင်းအကဲခတ်ခဲ့တယ်။
မြင်ကွင်းတွေ က ပူပြင်းသွေ့ခြောက်ပြီး၊ စိတ်ဝင်စားစရာတစ်ခုမှ မရှိပေမယ့် ကျွန်တော် စိတ်မပျက်ခဲ့ဘူး။ မှန်ပြောင်းကိုဘေးတိုက်ဖြည်းဖြည်းချင်းဆွဲယူပြီး ကျွန်တော် ဆက်ကြည့်နေမိတယ်။
အလျှံငြီးငြီးထပြီး စိုလက်နက်ပြောင်နေတဲ့ ကတ္တရာလမ်းမ။
အဲ့ဒီနောက် ..နေလှမ်းခံထားရတဲ့ အိမ်ခေါင်မိုးနဲ့ဓါတ်ကြိုးတန်းများ ...
ပြီးတော့ ခြောက်သွေ့တဲ့ အုန်းလက်များ ထက်ကကျီးကန်းမိသားစုတစ်စု ... ကျွန်တော့် မှန်ပြောင်းကို နည်းနည်း လေးထပ်ရွေ့လိုက်တော့ သပ်ရပ်သန့်ရှင်းတဲ့အိမ်ခြံဝန်းတစ်ခုက ကျွန်တော့် မြင်ကွင်းထဲဝင်လာတယ်။
အုတ်တံတိုင်းတွေ ကာရံထားတဲ့ တစ်ထပ်တိုက် ကလေးပါ။ တိုက်ဘေးမှာ အဖြူရောင် ကားတစ်စီးရပ်ထားပြီး၊ တိုက်ရှေ့ဒန်းဖြူဖြူလေးပေါ်မှာ တော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး။ အမျိုးသမီးက အသက်အစိတ်ဝန်းကျင်လောက် ဖြစ်ပေမယ့်၊ အမျိုးသား ကတော့ အသက်ငါးဆယ်ကို အတော် စွန်းခဲ့ပုံပါ။
ကျွန်တော့်  မှန်ပြောင်းကို တစ်ခြားနေရာ ဆက်လက်မရွေ့ရှားနိုင်တော့ဘဲ သူတို့ဆီမှာ ပဲ စိတ်ဝင်တစား ရပ်တန့်သွားခဲ့တယ်။ ကျွန်တော့် ကို ညှို့ငင်ဖမ်းစားလိုက်တာက သူတို့ရဲ့ အသက်ကွာခြားမှု မဟုတ်သလို၊ ပြေပြစ်လှတဲ့သူတို့ရဲ့ ရုပ်ဆင်းအင်္ဂါတွေ လည်း မဟုတ်ဘူး။ ကျွန်တော့် ရဲ့ စိတ်ဝင်စားမှု ကိုထိတ်လန့်တကြားမြင့်တက်သွားအောင် ဆွဲဆောင်လိုက်တာကသူတို့နှစ် ဦးရဲ့ အပြုအမူပါ။
အမျိုးသားကြီးက ဘေးတိုက်အနေအထားနဲ့ အမျိုးသမီးရဲ့ လည်ပင်းကိုညှစ်ထားပြီး အမျိုးသမီး ကတော့ ရုန်းကန်ခြင်းမပြုသလို၊ တစ်ဘက်ကိုလည်း မျက်နှာချင်းမဆိုင်ဘဲ၊ သတ်ချင်သတ်ပစ်လိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ခါးကိုဆန့်ပြီး ခေါင်းကိုမော့ထားတယ်။
ကျွန်တော့် သွေးခုန်နှုန်းတွေ ရုတ်တရက် ဆောင့်တက်သွားပြီး၊ရင်တွေ တလှပ်လှပ် တုန်ခါလာတယ်။
တကယ်ဆို ကျွန်တော် အပါအဝင်ဘယ်သူ တစ်ဦး တစ်ယောက် မှ ကိုယ့်ရှေ့မှာ လူသတ်မှု တစ်ခု ကျူးလွန်ဖို့အားထုတ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေဖို့ မသင့်တာအမှန်ပါ။ အရေး ပေါ်ဖုန်းနံပါတ်တစ်ခုခုကို စဉ်းစားလို့ မရရင်တောင်မှ အနီးပတ်ဝန်းကျင်က လူတွေ သိအောင် အော်ဟစ်သတိပေးသင့်လှပါတယ်။
ဒါပေမယ့် ...
ညံ့ဖျင်းလှတဲ့ ကျွန်တော် ဟာ မြင်ကွင်းရဲ့ ညှို့ငင်မှု မှာ မှင်သက်ပြီးကြက်သေသေနေမိတယ်။ ဝင်းဖန့်တဲ့ အမျိုးသမီးရဲ့ မျက်နှာဟာ တဖြည်းဖြည်းနီရဲလာလို့ သိပ်မကြာခင်အချိန်အတွင်းမှာ အမျိုးသားကြီးရဲ့ အားထုတ်မှု ထမြောက်အောင်မြင်တော့မယ်ဆိုတာကို ကျွန်တော် ခန့်မှန်းလိုက်မိတယ်။
ဒါကြောင့် မှန်ပြောင်းကိုချပြီး တစ်ခုခုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ပဲ အခြေအနေတွေ က ရုတ်တရက်ပြောင်းလဲ သွားပါတော့တယ်။ အမျိုးသားကြီးဟာ အမျိုးသမီးရဲ့ လည်ပင်းပေါ်က သူ့လက်နှစ် ဖက်ကို ဖယ်ရှားလိုက်ပြီး အဲ့ဒီလက်ဝါးနှစ် ဖက်နဲ့ သူ့မျက်နှာကိုအုပ်လို့ ခေါင်းငိုက်စိုက်ချလိုက်တယ်။ အမျိုးသမီး ကတော့ တောင်းတင်းနေတဲ့ သူမရဲ့ ခန္ဓာကိုယ်အနည်းငယ်ပြေလျော့သွားတာကလွဲလို့ စောစောက အတိုင်းငူငူကြီးဆက်ထိုင်နေလေရဲ့ ။
တအောင့်ကြာတော့ အမျိုးသားဟာ ထိုင်ရာကထလို့ခေါင်းငိုက်စိုက်နဲ့ ကားအဖြူလေးဆီလျှောက်သွားပြီး ကားပေါ်တက်ကာ ခြံထဲကမောင်းထွက် သွားပါတယ်။ အနည်းငယ်ရှုပ်ထွေးတယ်လို့ ဝိသေသပြုခဲ့တဲ့ ကျွန်တော့် ရဲ့ ဖြစ်စဉ်ဟာ အဲ့ဒီနည်းနဲ့စတင်ခဲ့တာပါ။
ကျွန်တော် ဟာ အဲ့ဒီနေ့ အဲ့ဒီအချိန်ကစလို့ အဲ့ဒီခြံဝန်းထဲကိုမှန်ပြောင်းတစ်လက်နဲ့ မကြာခဏ (တစ်ခါတစ်ရံ နေ့စဉ်ရက်ဆက်) ကြည့်ရှုခဲ့မိတယ်ဆိုရင် ဒါဟာမလုပ်သင့်တဲ့ကိစ္စလို့တစ်စုံ တစ်ယောက် က အပြစ်တင်လိုပါသလား။ ဒါပေမယ့်အပြစ်တင်သည် ဖြစ်စေ၊ ကောင်းချီးပေးသည် ဖြစ်စေ အခုအချိန်မှာ အများ ကြီးနောက်ကျသွားခဲ့ပါပြီ။ ကျွန်တော် ဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဲဒီ စုံတွဲ ရှိရာ ခြံဝန်းထဲကို နေ့တိုင်း နီးပါးမှန်ပြောင်းတစ်လက်နဲ့ ချိန်ရွယ်ကြည့်ရှု ဖြစ်ခဲ့တယ်။
ဒီနေရာကစလို့ ကျွန်တော် ကြည့်ရှုခဲ့ပုံတွေ ကို အသေးစိတ်မတင်ပြတော့ဘဲ၊ မှန်ပြောင်းကတဆင့် သိမြင်ခဲ့တာတွေ ကိုပဲအကြမ်းဖျင်းပြောပြ သွားပါ့မယ်။ အသားအရည်ဝင်းဖန့်ပြီးချောမောလှပတဲ့ အမျိုးသမီးဟာ အဲ့ဒီခြံဝန်းထဲမှာ အသက်ကြီးကြီး အဒေါ်ကြီး တစ်ယောက် နဲ့ တူတူနေတာ ဖြစ်ပြီး၊ သူမကိုတရားဝင်လက်ထပ်ယူထားတဲ့ အမျိုးသားကြီး ကတော့ ဒီမှာ အချိန်ပြည့်မနေဘူး။ တစ်ပတ်ကို နှစ် ရက်သုံးရက် လောက်သာဖူလေးနဲ့ရောက်လာတတ်ပြီး စိတ်လိုလက်ရရှိတဲ့ တစ်ခါတစ်ရံမှာ တော့ ညအိပ်ညနေ နေသွားတတ်တယ်။ (ကျွန်တော် တွေ့ မြင်ခဲ့တဲ့ ပြဿနာ ဖြစ်ပြီးကာစကရက်အတန်ကြာပျောက်သွားပေမယ့် နောက်ပိုင်းပုံမှန်ရောက်လာလေ့ရှိတယ်။)
ပတ်ဝန်းကျင်ရဲ့ စကားတွေ အရဆိုရင် သူမဟာ ဗီစီဒီအနည်းအကျင်းရိုက်ဖူးပြီး၊ လောလောဆယ် စီရီးတစ်ခွေထုတ်ဖို့ကြိုးစားနေတယ်လို့ဆိုတယ်။ အမျိုးသားကြီး ကတော့ ချမ်းသာတဲ့မုဆိုးဖိုကြီး ဖြစ်ပြီး၊ သူ့မှာ အရွယ်ရောက်နေတဲ့ သမီး တစ်ယောက် ရှိတာကြောင့် အမျိုးသမီးငယ်ကို ဒီခြံမှာ လာထားရတာ ဖြစ်ပါသတဲ့။ သူမအတွက် ပါပလေကာတစ်စီးနဲ့ အချိန်ပိုင်းယာဉ်မောင်း တစ်ယောက် ပေးထားတဲ့အပြင် နောက်ပိုင်းရက်တွေ မှာ အသက်ကြီးကြီး ညစောင့် တစ်ယောက် ကိုပါ စီစဉ်ပေးလာတာတွေ့ ရတယ်။
ကြည့်ရတာ ဖြင့် အမျိုးသားကြီးဟာ သူမအပေါ်ချစ်မြတ်နိုးစွာ သဝန်တိုတဲ့ပုံပါ။ ဒါပေမယ့်သူမ ကတော့ ကျွန်တော် လေ့လာမိသလောက် သူ့အပေါ် လှိုက်လှိုက်လှဲလှဲ အမူအရာမျိုးမပြလှပါဘူး။ သူရောက်လာတဲ့နေ့တွေ ဆို သူမဟာ အလှဆုံးပြင်ဆင်လို့ ညနေစောင်းတာနဲ့ မှော င်စပျိုးတဲ့ အချိန်တိုင်အောင်ခြံထဲမှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်လေ့ရှိတယ်လမ်းလျှောက်ချိန်တွေ မှာ သူမရဲ့ အမူအရာက တစ်စုံ တစ်ယောက် ကိုစောင့်မျှော်နေပုံမို့ ကျွန်တော် နားမလည်နိုင်စွာ တအံ့တသြ ဖြစ်ရပါသေးတယ်။ သူမကို ချစ်ရှာတဲ့ အမျိုးသား ကတော့ ယစ်ရွှေရည်လို့ယူဆရတဲ့ ဖန်ခွက်တစ်ခွက်နဲ့ သူမအိမ်ထဲပြန်မဝင်မချင်းဒန်းဖြူဖြူ လေးပေါ်မှာ ထိုင်ပြီးစိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးလေရဲ့ ။
ဒါတွေ ဟာ ကျွန်တော် လေ့လာမိသမျှ အချက်အလက်တွေ သာ ဖြစ်ပြီး တကယ့်အ ဖြစ်အပျက် ကတော့ မြို့သစ်လေးအပေါ် မိုးစက်တွေ စတင်ကျဆင်းကာစ တစ်ခုသော ညတစ်ညမှာ ခွန်းကြီးခွန်းငယ်စကားများ သံ ခပ်ဝါးဝါးနဲ့ စတင်လာခဲ့ပါတယ်။ အဲ့ဒီညက စာအုပ်ဆိုင်က အပြန်သူတို့ ခြံရှေ့ကအဖြတ်၊စကားများ သံတွေ ကို မိုးသံတွေ နဲ့အတူ ဝိုးတိုးဝါးတာကြားလိုက်ရတာ ပါ။ တစ်ညနေခင်းလုံး သူတို့ရဲ့ ရာသီဥတုကြည်လင်နေကြောင်းကျွန်တော့် မှန်ပြောင်းကတွေ့ မြင်ခဲ့ပါလျက်၊ဘာကြောင့် စကားထများ လဲ ကျွန်တော် စဉ်းစားလို့မရခဲ့ဘူး။ ဒါပေမယ့်ပြဿနာတစ်ခုရဲ့ အမြင့်ဆုံးအစိတ်အပိုင်းကိုရောက်နေပြီ ဆိုတာလောက်တော့ ကျွန်တော် ခန့်မှန်းမိခဲ့တယ်။
အဲ့ဒီညက မိုးစက်တွေ ကြောင့် သူတို့ရဲ့ အိမ်ထဲကိုလှမ်းကြည့်ဖို့အခွင့်မသာခဲ့ဘူး။ နောက်တစ်နေ့နေမြင့်မှ ကျွန်တော် အိပ်ရာကနိုးပေမယ့် နိုးနိုးချင်းမှန်ပြောင်းနဲ့ လှမ်းကြည့်လိုက်တော့ တစ်အိမ်လုံးထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေတယ်။
မသင်္ကာလို့ မြင်ကွင်းကိုချိန်ညှိပြီး သေသေချာချာကြည့်လိုက်တော့၊ အိမ်တံခါးရောခြံတံခါးပါအပြင်ကနေ သော့ ခတ်ထားတာကို တအံ့တသြတွေ့ မြင်လိုက်ရတယ်။
အတိုချုံးရရင်တော့ အဲ့ဒီနေ့ ကစလို့ သူတို့နှစ် ယောက် စလုံး မြို့သစ်လေးကနေ တိတ်တဆိတ်ပျောက်ကွယ် သွားပါတော့တယ်။ သူတို့ရဲ့ ပျောက်ကွယ်သွားမှု ဟာ၊ ပတ်ဝန်းကျင်ကိုရှက်လို့တခြားပြောင်းရွှေ့သွားတာလို့ ယူဆကောင်းယူဆနိုင်ပေမယ့်ဘာကြောင့် မှန်းမသိဘဲ အဲ့ဒီအတိုင်းမ ဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်မြင်ယုံကြည်နေခဲ့မိတယ်။
ဒီလိုနဲ့ ... ဒီလိုနဲ့ ...မိုးရာသီဟာ လျင်လျင်မြန်မြန်ကုန်ဆုံးသွားပြီး သွေ့ခြောက်အေးမြတဲ့ ဆောင်းနှင်းထုထဲကိုကျွန်တော် တို့ မြို့သစ်ကလေးဟာ မိမွေးတိုင်း ဖမွေးတိုင်းတိုးဝင်လိုက်ပါတယ်။
မြူတွေ ဆိုင်းနေတဲ့ မီးခိုးရောင် ညနေခင်းလေး တစ်ခုမှာ တော့ ကျွန်တော် ဟာဆွယ်တာထူထူဝတ်လို့ ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်လာခဲ့တယ်။ သော့ ခလောက်တန်းလန်းနဲ့ ရင်နှစ် ခြမ်းစေ့ထားတဲ့ခြံရှေ့ရောက်တော့ ကျွန်တော့် မှန်ပြောင်းထဲက ဇာတ်လိုက်နှစ် ယောက် ကို တမ်းတမ်းတတသတိရလိုက်မိပါသေးတယ်။ မြို့အဝင်စေတီအထိ လမ်းလျှောက်ပြီးမှော င်ရီဖြိုးဖျအချိန်လောက်မှ ကျွန်တော် အိမ်ပြန်လာခဲ့တယ်။
စောစောကခြံရှေ့အဖြတ် စာရေး ဆရာ ...ဆိုတဲ့လှမ်းခေါ်သံကြောင့် ကျွန်တော် လန့်သွားပြီး အသံလာရာကိုအမောတကောကြည့်လိုက်တော့ ...
ရင်နှစ် ခြမ်း ဗြန်းဗြန်းကွဲနေပြီ ဖြစ်တဲ့ခြံတံခါးဝမှာ ကျွန်တော့် ကို ရီဝေဝေပြုံးကြည့်နေတဲ့ ဇာတ်လိုက်ကြီးကို တွေ့ မြင်လိုက်ရတယ်။ သူနဲ့ရော သူ့အမျိုးသမီးနဲ့ပါ ပြုံးပြနှုတ်ဆက်ပတ်သက်တာမျိုးမရှိခဲ့ဖူးပေမယ့် ကြည့်ရတာ ကျွန်တော့် ကိုစာရေး ဆရာမှန်း ကောင်းကောင်းသိနေပုံပါ။
သူ့ဖိတ်ခေါ်မှု ကို ငြင်းဆန်လိုလှပေမယ့် သူတို့နှစ် ယောက် ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို သိချင်နေတာကြောင့် ကျွန်တော် ခေါင်းညိတ်လက်ခံလိုက်တယ်။ သူကလည်းပြောပြချင်နေပုံပါ။ ဒီနေရာမှာ ကျွန်တော် တို့ စာရေး ဆရာတွေ ဟာတခြားလူတွေ နဲ့ သာတဲ့အချက် ကတော့ သူတပါးရဲ့ ရင်ဖွင့်စကားကို မကြာခဏကြားရတတ်တာပါ။ ကားအဖြူလေးထိုးဆိုက်ထားတဲ့ အိမ်ထဲမှာ သူ့ရဲ့ ယာဉ်မောင်း ဖြစ်ဟန်တူသူကယမကာဝိုင်းတစ်ဝိုင်းကို ခင်းကျင်းပြင်ဆင်နေတာကြောင့် ကျွန်တော် နဲ့ မတွေ့ ရင် သူ တစ်ယောက် တည်း ကျင်းပလိမ့်မယ်လို့ယူဆရပါတယ်။
စာရေး ဆရာသောက်တတ်တယ်မဟုတ်လားလို့ မေးရင်းကျွန်တော့် အတွက် တစ်ခွက်ငှဲ့ပေးလာလို့ လက်ခံလိုက်ရတယ်။
သူက အရက်နှစ် ငုံသုံးငုံသောက်ပြီးမှ သူ့နာမည် ကို ဖွင့်ပြောမိတ်ဆက်ရင်း အမျိုးသမီးကိုလွမ်းလို့ ဒီအိမ်မှာ တကူးတကအရက်လာသောက်တာ ဖြစ်ကြောင်းရှင်းပြတယ်။ ပြီးတော့သူမအပေါ် သူဘယ်လောက်ချစ်ကြောင်းလည်း ရင်ဖွင့်လာပါတယ်။
''ကိုယ်က အလျော့ပေးပြီးချစ်ခဲ့ပေမယ့် သူ ကတော့ကိုယ့်ကိုနည်းနည်း လေးတောင်ပြန်မချစ်ခဲ့ဘူး အသက်ချင်းထက်ဝက်လောက်ကွာတာကြောင့် လို့ထင်စရာရှိပေမယ့် တကယ့်တကယ်က အဲ့ဒါကြောင့် မဟုတ်ဘူးစာရေး ဆရာရဲ့ ။
သူ ကိုယ့်ကိုမချစ်နိုင်တာ သူ့ရည်းစားကြောင့် ။
''ဗျာ ...ရည်းစား ''
''ဟုတ်တယ် သူနဲ့စတွေ့ ကတည်းက သူ့မှာ ရည်စားရှိကြောင်းဖွင့်ပြောပေမယ့် ကိုယ်ကချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့မိတာ။ ယူပြီးကတည်းက သူ့ကိုကွာရှင်းပေးဖို့ ခဏခဏပြောတယ်။ ကိုယ်ကလည်းမကွာနိုင်ဘူးလေ။ သမီးက နိုင်ငံခြားထွက်တော့မှာ ကိုယ့်သမီးနိုင်ငံခြားသွားရင်၊ သူ့ကိုပွဲတက်မယားအ ဖြစ် လူသိရှင်ကြားဧည့်ခံပွဲလုပ်ပြီး အိမ်မှာ ခေါ်ထားဖို့စီစဉ်ပြီးသား။ ကိုယ့်အစီအစဉ်တွေ ပြောပြပေမယ့် သူကကွာဖို့ချည်းပဲတောင်းဆိုတယ်။ တစ်ခါတော့ စိတ်မထိန်းနိုင်လို့ သူ့ကိုလည်ပင်းထညှစ်လိုက်မိတယ်။ ဟုတ်တယ် ကွာတော့မပေးနိုင်ဘူး သူ့ကိုသတ်ပြီး ကိုယ်ထောင်ကျခံလိုက်မယ် ဒါပေမယ့် တကယ့်တကယ်ကျတော့ ကိုယ်မလုပ်ရက်ခဲ့ပါဘူး''
ကျွန်တော့်  မှန်ပြောင်းဇာတ်လမ်းရဲ့ အဖွင့်က အခုမှရောက်ရှိလာတာပါ သူကအရက်နောက်တစ်ခွက်ငှဲ့လို့ ဖြည်းဖြည်းချင်းသောက်ရင်း အကြာကြီးငေးငိုင်နေပြီးမှ သက်ပြင်းရှည်ကို မောမောပန်းပန်းချလိုက်တယ်။
''အဲ့ဒီလို ဖြစ်ခဲ့ပြီးနောက်ပိုင်း သူအကြီးအကျယ်ပြောင်းလဲသွားတယ်။ ကိုယ့်ကိုကွာရှင်းဖို့မတောင်းဆိုတော့တဲ့အပြင် က်တက်ကြွကြွရွှင်ရွှင်လန်းလန်း ဖြစ်လာတယ်။
အလှတွေ ဘာတွေ လည်း အရင်ကထက်ပြင်လာတယ်။ ညနေတိုင်းခြံထဲဆင်းပြီး လမ်းလျှောက်ရင်လျှောက် မလျှောက်ရင်ဒန်းမှာ ထွက်ထိုင်တတ်လာတယ်။ သူ့ရဲ့ ပြောင်းလဲမှု ကြောင့် ကိုယ်သံသယဝင်လာတယ်။ နောက်ဆုံးတော့ သူဝန်ခံတယ်။
သူ့ရဲ့ ချစ်သူဟာ သူဒီမှာ ရှိမှန်းသိလို့ ဒီအနီးအနားတဝိုက်ကိုပြောင်းလာတယ်တဲ့။ ညနေတိုင်း တစ်နေရာရာကနေ လာကြည့်တတ်တယ်။ ကိုယ်မရှိတဲ့နေ့ဆို စကားတွေ ဘာတွေ တောင်လာပြောတယ်တဲ့''
ဒီနေရာမှာ မ ဖြစ်နိုင်ဘူးလို့ ကျွန်တော် ငြင်းဆန်မိမလို ဖြစ်သွားသေးတယ်။ ပြီးမှ ကိုယ်လျှို့ဝှက်ချက်ကို ကိုယ့်ဘာသာကို ဖော်ထုတ်သလို ဖြစ်သွားမှာ စိုးလို့ အသာပဲနှုတ်ဆိတ်နေလိုက်ရတယ်။ အမျိုးသမီးဟာ ညနေတိုင်းခြံထဲထွက်တယ်ဆိုတာမဟုတ်ပါဘူး။ သူလာတဲ့နေ့တွေ လောက်သာ ဟန်ပြထွက်တာပါ။
ပြီးတော့ ကျွန်တော့် မှန်ပြောင်းရဲ့ မြင်ကွင်းထဲမှာ သူမဆီကိုဘယ်အမျိုးသားမှ စကားလာမပြောခဲ့သလို၊ သူမကိုလည်း ဘယ်အမျိုးသားမှ လာစောင့်ကြည့်မနေခဲ့ဘူး။
''တိုတိုပြောရရင် အဲ့ဒီကိစ္စနဲ့ ကိုယ်တို့အကြီးအကျယ်စကားများ ခဲ့ကြတယ်။ နောက်ဆုံးတော့ ကိုယ်သူ့ကို ကွာရှင်းပေးလိုက် တယ်''
''ဘာ ဖြစ်လို့ ကွာရှင်းပေးလိုက် တာလဲ။ အစ်ကိုကြီးသူ့ချစ်သူဆိုတာကို တကယ်တွေ့ လိုက်လို့လား''
ကျွန်တော့် ရဲ့ ဇာတ်လိုက်ကြီးဟာ လက်ကျန်ခွက်ကိုတစ်ကျိုက်တည်းမော့ချရင်း မပြုံးချင်ပြုံးချင်ပြုံးတယ်။ စာရေး ဆရာ တစ်ယောက် အနေနဲ့ လူတွေ ရဲ့ အပြုံးနဲ့ မျက်နှာအမူအရာကို အထူးတလည်အချိန်ပေး လေ့လာခဲ့ဖူးပေမယ့် သူ့ရဲ့ နားလည်ရခက်တဲ့အပြုံးကိုတော့ ကျွန်တော် အနီးစပ်ဆုံး ဖြစ်အောင် သရုပ်မခွဲနိုင်တာ ဝန်ခံရမှာ ပါ။
''ရှက်ရှက်နဲ့ ဝန်ခံရရင် သူ့ချစ်သူဆိုတာကိုတွေ့ ဖို့ ကိုယ်နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် မတွေ့ ခဲ့ဘူး။ ညစောင့်အဖိုးကြီးကိုတမင်လွှတ်ပြီးစောင့်ခိုင်းခဲ့တာလည်း အဲ့ဒီသူ့ချစ်သူဆိုတာကိုအမိဖမ်းချင်လို့ပဲ ဒါပေမယ့် ကိုယ်တို့မအောင်မြင်ခဲ့ဘူး''
''ဒါဖြင့် ...သူ့ချစ်သူကို အစ်ကိုကြီးလုံးလုံး မမြင်လိုက်ဖူးပေါ့''
''ကိုယ်တို့ချင်း အကြီးအကျယ် ပြဿနာမ ဖြစ်ခင်နေ့အထိဆိုပါတော့လေ။ နောက်ဆုံးနေ့မှာ တော့ သူ့ချစ်သူ ဆိုတာကိုကိုယ်လှမ်းမြင်လိုက်ရတယ်။ သူပြောတဲ့အတိုင်း တစ်နေရာကနေစောင့်ကြည့်နေခဲ့တယ်ဆိုတာအမှန်ပဲ''
စကားအဆုံးမှာ တော့ ကျွန်တော့် ရဲ့ ဇာတ်လိုက်ကြီး ဟာပုလင်းထဲက လက်ကျန်ကိုသူ့ခွက်ထဲ အကုန်လောင်း ထည့်လို့တစ်ချက်တည်းမော့ချလိုက်ပါတော့တယ် လမ်းခွဲခါနီး မှာ တော့ကျွန်တော် တို့နှစ် ယောက် စလုံး အတော့် ကို မူးယစ် နေခဲ့ကြပါပြီ။
သူကတပည့်မောင်းတဲ့ ကားပေါ်ယိမ်းထိုးယိမ်းထိုးနဲ့ရောက်ရှိသွားပြီ၊ ကျွန်တော် ကတော့ အိမ်ဘက်ကို ယိုင်တိုင် ယိုင်တိုင်နဲ့ဦးတည်လိုက်တယ်။
အဲ့ဒီအချိန်မှာ သူက မူးသံကြီးနဲ့လှမ်းမေးပါတယ်။
''ဒါနဲ့ စာရေး ဆရာရဲ့ မှန်ပြောင်းဘယ်လောက်ပေးရသလဲ''
''ဗျာ''
သူ့ကားဝေါခနဲ ထွက်ခွာသွားချိန်ကျမှ ကျွန်တော် ဟာသူ့မေးခွန်းရဲ့ ဦးတည်ချက်ကို သဘောပေါက်လိုက်ပြီး အံ့သြတုန်လှုပ်စွာ အမူးတွေ ပြေပျောက်သွားတယ်။ ပြီးတော့လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းက ကျွန်တော့် ဆီ ရောက်နေခဲ့တဲ့။
ပေးပို့သူလိပ်စာမပါ ဆိုင်းလည်းထိုးမထားလို့ ဦးနှောက်စားခဲ့ရတဲ့အမျိုးသမီးလက်ရေး နဲ့ ...
အစစ အရာရာအတွက် ကျေးဇူးတင်ပါတယ် ...
ဆိုတဲ့ စာတိုလေးတစ်စောင်ရဲ့ ပိုင်ရှည်အမည် နဲ့ အနက်အဓိပ္ပါယ်ကိုပါ ခန့်မှန်းနားလည်လိုက်မိတော့တယ်။ အဲ့ဒီနေ့ကစလို့ ကျွန်တော် ဟာ အဝေးကြည့်မှန်ပြောင်းကို နောက်နောင်အသုံးမပြုတော့ဖို့ ဆုံးဖြတ်ပြီး ဘီဒိုထဲမှာ သော့ ခတ်သိမ်းဆည်ထားလိုက်ပါတော့တယ်။
ဒါတွေ အားလုံးဟာ အဝေးကြည့်မှန်ပြောင်းဆိုတဲ့စကားနဲ့ ပတ်သက်ပြီး ကျွန်တော့် အတွေးတို့ ဖြတ်သန်းစီးဆင်းသမျှ အကုန်ပါပဲ။
(ခ) မာယာ
အဲ့ဒီစကားလုံးကိုတော့ ကျွန်တော် ဘယ်လိုပဲ ဖျစ်ညှစ်စဉ်းစားပေမယ့် နည်းနည်း မှနားမလည်နိုင်ခဲ့ဘူး။ တကယ်ဆိုစကားလုံးတစ်လုံးဟာ သူ့မူရင်းအဓိပ္ပါယ်ဆီပဲ ပို့ဆောင်ပေးရမှာ ဖြစ်ပေမယ့် အဲ့ဒီစကားလုံး ကတော့ ကျွန်တော့်အတွက် ထူးဆန်းလှပါတယ်။ ''မာယာ'' ဆိုတဲ့ စကားလုံးကိုစဉ်းစားတိုင်း မဆီမဆိုင်ကျွန်တော့်  ဇာတ်လိုက် ကြီးပြောခဲ့တဲ့ စကားကိုပဲ သွားသွားသတိရနေမိတယ်။ ''ကိုယ်သူနဲ့လက်ထပ်တော့ သူ့ကိုကွာရှင်းခဲ့ရင်ကိုယ်ပိုင်တဲ့စည်းစိမ်တစ်ဝက်ကို နစ်နာကြေးပေးမယ်လို့ ကတိပြုခဲ့မိတယ်။ ဒါကြောင့် သူနဲ့ကွာရှင်းတော့ ရှေ့နေကတစ်ဆင့်ကိုယ့်စည်းစိမ်တစ်ဝက်ကို ခွဲပေးလိုက် ရတယ် ...''
(၃)
နွေရောက်ပြီဆိုတာနဲ့ ကျွန်တော် တို့ မြို့သစ်လေးရဲ့ ကတ္တရာလမ်းမတွေ ဟာ ပျော့အိလို့ တံလျှပ်တွေ တရှိန်ရှိန်ထလာတော့တယ်။ ရာသီက ပူပြင်းရတဲ့ကြားထဲ ဦးနှောက်တွေ ပွက်ပွက်ဆူအောင် ဖျစ်ညှစ်စဉ်းစားပေမယ့် ဝတ္ထုရေး ဖို့ဘယ်လိုဝါကျမျိုးမှ စီးဆင်းမလာခဲ့ဘူး။ ဝါကျတွေ အစား စကားလုံးတစ်စုံသာ ကျွန်တော် ရှေ့ကို ဒေါက်ခနဲပြုတ်ကျလာခဲ့တယ်။
![]() နာကျင်မိနစ် | ![]() အချစ်ရောင်ရင့်ရင့် | ![]() ပျားရည်နှင်းစက် |