Cover

ပျားရည်နှင်းစက်

“အိမ်ထောင်တစ်ခုကို ဘယ်သူပဲ ဦးဆောင် ဦးဆောင် ဒါက အဓိကမဟုတ်ဘူး။ အဓိကက အပြန် အလှန်နားလည်မှု ပဲ။ တစ်ယောက် ကို တစ်ယောက် နားလည်ဖို့လိုသလို နေရာပေးတတ်ဖို့လည်း လိုတယ်။ ဘယ်လောက်ပဲ ဦးမဆောင်နိုင်လောက်အောင် ညံ့ဖျင်းတဲ့ ယောက်ျား ဖြစ်ပါစေ။ ယောက်ျားဟာ ယောက်ျားပဲ။ ကိုယ့်လင်ယောက်ျားကို ဘယ်နေရာမှာ ထားသင့်သလဲ နားလည်ဖို့ လိုတယ်။ အိမ်ဦးနတ်အတွက် နေရာပေးတတ်ဖို့ လိုတယ်။ အဲလိုမှ မဟုတ်ရင် ယောက်ျားတစ် ယောက် ရဲ့ မာနပေါက်ကွဲမှု နဲ့ ကြုံရမှာ ပဲ။ ရင်ဆိုင်ရမှာ ပဲ”

“တကယ်တော့ သူမရော သူပါ နှစ် ယောက် စလုံး ဟန်ဆောင်ကောင်းစွာ မြိုသိပ်နိုင်ကြခြင်းက နှစ် ယောက် ကြားရှိ ဆက်ဆံရေး ကို ပိုမိုအေးခဲစေရန် လုံလောက်သော အကြောင်းပင် ဖြစ်သည်”

“အချစ်ဆိုတာ အရက်လိုပဲ လူကို မူးယစ်ရီဝေစေတယ်။ အဲဒီ တော့ …. ချိန်ဆပြီးသောက်တတ်ဖို့ လိုတယ်။ အရက်များ ရင် မူးလွန်ပြီး အန်သလို၊ အချစ်များ ရင်လည်း အချစ်လွန်ပြီး ပြန်အန်တတ် တယ်”

♥ ♥ ♥


(၀)

ကမ္ဘာပေါ်၌ သူအမုန်းဆုံးအလုပ်မှာ တစ်ခုခုအား စောင့်မျှော်ရသော အလုပ် ဖြစ်သည်။

စောင့်ဆိုင်းရခြင်းအလုပ်ကို ဘယ်တုန်းကမှ သူ သဘောကျလေ့မရှိပါ။ ရွာနေသော မိုး တိတ်သွားမည့် အချိန်ကို ဖြစ်စေ၊ နေသာမည့်  အချိန်ကို ဖြစ်စေ၊ ယုတ်စွအဆုံး တည်လက်စရေနွေး အိုး ဆူပွက်လာမည့်  အချိန်ကိုပင် ဖြစ်စေ ထိုင်စောင့်ရမှာ သူအလွန်စိတ်ပျက်လှပါသည်။

သို့ သော် ခြွင်းချက်အနေနှင့် တစ်ချိန်တုန်း ကတော့ စောင့်ဆိုင်းခြင်းအလုပ်ကို စိတ်ပါလက် ပါ သူလုပ်ခဲ့ဖူးသည်။ (ချိန်းထားသည့် အချိန်ထက် အမြဲတမ်းနောက်ကျပြီးမှ ရောက်လာလေ့ရှိ သော ချစ်သူကောင်မလေးအား စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။)

ယခုတော့ ထိုကိစ္စအားလုံးသည် သောက်ပြီးလွှင့်ပစ်လိုက်သော ဘီယာဘူးခွံတစ်ခုပမာ ပြီးဆုံး ပြယ်လွင့်သွားခဲ့ပြီ ဖြစ်သည်။

ကုလားထိုင်လက်ရန်းကို အားပြုကာ သူအညောင်းဆန့်လိုက်ချိန်၌ သူ့ဘေးမှ ကျော်သန်း တိုးက လက်ကိုင်ပုဝါကို ထုတ်၍ နဖူးမှ ချွေးစတို့ကို တို့လိုက်သည်။

လေအေးစက်တပ်ထားသော်လည်း မြောက်မြားလှစွာ သော လူတို့၏ ခန္ဓာကိုယ်မှ ထွက် လာသည့် အပူငွေ့ကို လေအေးပေးစက်က တွန်းလှန်နိုင်ဟန် မတူပါ။

သူနှင့် ကျော်သန်းတိုးအပါအ၀င် ကုမ္ပဏီဝန်ထမ်းအားလုံး အစည်းအဝေးခန်းမအတွင်း၌ စုပြုံကြပ်ညပ်စွာ ရောက်ရှိနေကြခြင်း ဖြစ်သည်။ ကုမ္ပဏီစည်းကမ်းအရ တစ်လတစ်ကြိမ် ပုံမှန်အ စည်းအဝေးလုပ်လေ့ရှိသော်လည်း ယခုလောက် ဘယ်တုန်းကမှ လူမများ ခဲ့။ ဌာနဆိုင်ရာ အခေါ်အ ဝေါ်အားဖြင့်ဆိုပါက အရာရှိပေါက်စဟု သတ်မှတ်ခံရမည့်  သူနှင့် ကျော်သန်းတိုးတို့လို လူအနည်း ငယ်သာ တက်ရောက်ကြရပြီး ကုမ္ပဏီပိုင်ရှင် ဦးအောင်ထိုက်အား ကိုယ်နှင့်သက်ဆိုင်ရာ လုပ်ငန်း စဉ်တို့ကို အစီရင်ခံကြရသည်။

ယင်းမှာ ပြုရိုးပြုစဉ် သာမန်ကိစ္စ ဖြစ်သော်လည်း ယခုအစည်းအဝေး ကတော့ သာမန်မဟုတ် သည်မှာ သေချာလှပါသည်။

ကောက်ခါငင်ခါ စီစဉ်လိုက်သည့် ကြားဖြတ်အစည်းအဝေး ဖြစ်သည့်အပြင် ကုမ္ပဏီဝန်ထမ်း အားလုံးအား တစ်ယောက် မကျန် တက်ရောက်စေခဲ့သော အစည်းအဝေးလည်း ဖြစ်သည်။

“ဆယ်နာရီစမယ်ဆိုပြီး ခု ဆယ်နာရီဆယ့်ငါးတောင် ဖြစ်နေပြီ”

နောက်ဘက်ခုံတန်းဆီမှ ခပ်တိုးတိုးရေရွက်လိုက်သော အသံတစ်ခုက သူ့နားထဲသို့ စီးဝင် လာ၏ ။ သူ့လိုပင် စိတ်မရှည်သူ တစ်ယောက် ဖြစ်ပေလိမ့်မည် ။

ထိုတစ်စုံ တစ်ယောက် ၏ စကားသံဆုံးပြီး သိပ်မကြာခင်မှာ ပင် အစည်းအဝေးခန်းမအတွင်း သို့ ဦးအောင်ထိုက် ၀င်ရောက်လာလေသည်။ ပါဝါမျက်မှန်ထူထူနောက်မှ ဦးအောင်ထိုက်၏ မျက် လုံးအစုံက ခါတိုင်းလို စူးရှအားကောင်းဆဲ ဖြစ်သော်လည်း မျက်နှာ ကတော့ သိပ်မကောင်းလှပါ။

တစ်ခုခုတော့ တစ်ခုခုပဲဟု သူတွေးနေစဉ်မှာ ပင် ဦးအောင်ထိုက်က ၄င်း၏ နေရာ၌ ၀င်ထိုင် ရင်း ကောက်ခါငင်ခါ စကားစလိုက်သည်။ အနည်းငယ်ကျယ်၍ အနည်းငယ်လည်းသြသော ဦး အောင်ထိုက်၏ အသံက ခါတိုင်းလိုမဟုတ်ဟု သူသတိထားလိုက်မိသည်။

“ဒီနေ့အစည်းအဝေး ကတော့ ပုံမှန်မဟုတ်တဲ့ ကြားဖြတ်အစည်းအဝေးပဲ။ အရေး ပေါ်အ စည်းအဝေးလို့ ခေါ်မယ်ဆိုရင် ခေါ်နိုင်တယ်။ ဘာ ဖြစ်လို့ ခုလို အစည်းအဝေးခေါ်ရသလဲဆိုတော့ ကျွန်တော် တို့ ကုမ္ပဏီဟာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် သိပ်မကြာခင် ဖျက်သိမ်းရတော့မယ့် အခြေအနေမျိုး ရောက်နေလို့ပါ”

ဦးအောင်ထိုက်၏ စကားအဆုံး၌ ၀န်ထမ်းများ သက်ပြင်းချသံတို့ ခပ်ကျယ်ကျယ် ထွက်ပေါ် ၍ လာသည်။ ကုမ္ပဏီဖျက်သိမ်းလိုက်ပါက သူအပါအ၀င် ၀န်ထမ်းအားလုံး အလုပ်လက်မဲ့ ဖြစ်ကြ ပေတော့မည် ။

“ကျွန်တော့် အနေနဲ့ ကတော့ ကုမ္ပဏီကို မဖျက်သိမ်းချင်းဘူး ။ ဒါပေမယ့် မြို့သစ်အိမ်ရာ ကန်ထရိုက်နဲ့ လမ်းကန်ထရိုက်မှာ အကြီးအကျယ် ရှုံးထားတဲ့အတွက် လုပ်ငန်းဆက်လည်ပတ်ဖို့ ငွေမလောက်ဘူး။ ဒီတော့ လုပ်ငန်းဆက်လည်ပတ်ချင်ရင် ငွေအားတတ်နိုင်တဲ့ အစုရှယ်ယာတစ် ယောက် ထပ်ခေါ်မှ ဖြစ်မယ်။ ဒါကြောင့် တစ်နေ့ကပဲ ရှယ်ယာဝင်ချင်တဲ့သူ တစ်ယောက် ကို ကျွန် တော် လက်ခံလိုက်တယ်”

ဒီတစ်ခါ ထွက်ပေါ်လာသည့် ၀န်ထမ်းများ ၏ သက်ပြင်းချသံ ကတော့ စိတ်သက်သာရာရ သွားသည့် အသံမျိုး ဖြစ်သည်။

“ဒီနေ့ အစည်းအဝေးမှာ ခင်ဗျားတို့နဲ့ ရှယ်ယာရှင်အသစ်ကို မိတ်ဆက်ပေးမယ်။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်အတွက် လိုအပ်တောတွေ ညှိနှိုင်းကြမယ်။ ဟုတ်ပြီလား”

“အဲဒီ ရှယ်ယာရှင်က ဘယ်တော့လာမှာ လဲ”

မေးသင့်မေးထိုက်တဲ့မေးခွန်းပါပဲ။

ရှေ့ဆုံးတန်းမှ ၀န်ထမ်း၏ မေးခွန်းအား ဦးအောင်ထိုက်က ဆိုင်းမတွ ပြန်လည်အဖြေပေး လိုက်သည်။

“ဆယ်နာရီခွဲအတိမှာ ရောက်လာလိမ့်မယ်”

ဦးအောင်ထိုက်ဖြေပြီး သိပ်မကြာခင်မှာ ပင် နံရံကပ်သံစုံနာရီထံမှ ဆယ်နာရီခွဲသံ တစ်ချက် ထွက်ပေါ်လာပြီး အစည်းအဝေးခန်းမ တံခါးက ဖြည်းညင်းစွာ ပွင့်လာလေသည်။

ရှယ်ယာရှင်အသစ်၏ အချိန်တိကျမှု ကတော့ အံ့သြစရာ ကောင်းလှပါပေသည်။

ကောဇောခင်းကြမ်ပြင်ကို ဖြတ်နင်းလာသည့် ခပ်အုပ်အုပ် ခြေသံနှင့်အတူ ရေမွှေးနံ့တစ်ခု က သူ့ထံသို့ လွှင့်ပျံ့လာ၏ ။ ၀န်ထမ်းအတော် များများ က အစုစပ်ရှယ်ယာရှင် အသစ်ဆီသို့ စိတ်ဝင် တစား လှည့်ကြည့်နေကြချိန်၌ သူက လျော့ရဲရဲ ဖြစ်နေသော ဖိနပ်ကြိုးကို ခေါင်းငုံ့ကာ ပြန်ချည်နေ မိသည်။

ထို့ကြောင့် သူ့ဘေးမှ ဖြတ်၍ ဦးအောင်ထိုက်နားသို့ ၄င်းရောက်ရှိသွားချိန်အထိ သူမော့ မကြည့် ဖြစ်ခဲ့။ ဘေးနားမှကျော်သန်းတိုးက တံတောင်နှင့် တွတ်၍ သူ့ကို သတိပေးလာမှသာ ဖိနပ် ကြိုးကို အပြီးသတ်ချည်လိုက်ပြီး ခေါင်းကိုမော့လိုက်သည်။

သူ၏ အမြင်အာရုံတွင်းသို့ ပထမဆုံး ၀င်ရောက်လာကြသည်က ရှေ့ခုံတန်းများ မှ ကုမ္ပဏီ ၀န်ထမ်းတို့၏ ဦးခေါင်းများ ဖြစ်ပြီး ဒုတိယ ကတော့ ရွှေကိုင်းပါဝါထူထူ ဗိုက်ရွှဲရွှဲနှင့် ဦးအောင်ထိုက် ဖြစ်သည်။ ထို့နောက် သူ့အကြည့်ကို အနည်းငယ်ရွှေ့လိုက်ချိန်မှာ တော့ ဘယ်ဘက်ရင်ဘက်ဆီမှ စူးခနဲခံစားလိုက်ရ၏ ။

မြတ်စွာ ဘုရား ...... သူမ ပါပဲလား။

မျက်လုံးအစုံသည် နေရောင် ကို တိုက်ရိုက်ကြည့်လိုက်မိသည့်ပမာ ပြာဝေလျက် ခန္ဓာကိုယ် တစ်ခုလုံး ရေခဲတမျှ အေးစက်တောင့်တင်းသွားကြသည်။

ဟန်နီချို။

တစ်နည်းအားဖြင့် သူ၏ ဟန်နီချိုလဲ့ရီ။

သေတော့မှာ ပဲ။

ဟောဒီကုမ္ပဏီကို တစ်ဝက်တိတိ ပိုင်ဆိုင်ဖို့ အစုရှယ်ယာ ထည့်ဝင်လာတဲ့သူဟာ သူမတဲ့ လား။ ဒါဟာ အံ့သြဖွယ်တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါက ကြိုတင်ကြံစည်မှု သာလျှင် ဖြစ်ပါလိမ့်မည် ။

မည်းနက်သော မျက်ဝန်းတစ်စုံ၏ အကြည့်က သူအပါအ၀င် ကုမ္ပဏီဝန်ထမ်းအားလုံးအ ပေါ်သို့ သေသပ်လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။ ကုလားထိုင်လက်ရမ်းကို သူခပ်တင်းတင်း ဆုပ်ကိုင်ထားချိန်၌ သူမက စိုလက်သော နှုတ်ခမ်းထူထူအစုံကို စွဲမက်ဖွယ် အပြုံးတစ်ခု ဖြစ်အောင် ဖန်တီးလျက် စကားစတင်လိုက်သည်။

“ကျွန်မ နာမည် ဟန်နီချိုလဲ့ရီပါ။ ဟောဒီ ကုမ္ပဏီမှာ အစုရှယ်ယာ ငါးဆယ်ရာခိုင်နှုန်း ထည့်ခွင့်ရတဲ့အတွက်ကော ကုမ္ပဏီဝန်ထမ်းအားလုံးကို ခုလိုမျိုး တစ်စုတစ်ဝေးတည်း တွေ့ မြင်ခွင့် ရတဲ့အတွက်ပါ အထူးပဲ ၀မ်းသာဂုဏ်ယူမိပါတယ်”

နောင်နှစ် ပေါင်းများ စွာ ကြာသည့်တိုင်အောင် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်သည့် သူမ၏ အပြုံးနှင့် သူမ၏ အက်ရှရှစကားသံလေးက ကုမ္ပဏီဝန်ထမ်းအားလုံးကို ဆွဲဆောင်စည်းရုံး နေကြောင်း သိသာလှသည်။ သို့ သော် .. အစည်းအရုံးခံလိုက်ရသူများ စာရင်းတွင် သူပါဝင်လိမ့် မည် မဟုတ်သည် ကတော့ အလွန်သေချာပါသည်။

“ကျွန်မ အစုရှယ်ယာငွေ ထည့်ဝင်ထားတယ် ဆိုပေမယ့် ကုမ္ပဏီကို အဓိက ဆက်လက် အုပ်ချုပ်မည့်  သူ ကတော့ ဟောဒီက အန်ကယ် ဦးအောင်ထိုက်ပဲ ဖြစ်ပါတယ်။ ပုံမှန်အစည်းအဝေး တွေ နဲ့ လုပ်ငန်းတိုးချဲ့ညှိနိုင်းမယ့် အစည်းအဝေးတွေ ကိုတော့ ကျွန်မ မပျက်မကွက် တတ်ရောက်ပါ မယ်။ နောက်ပြီး ကုမ္ပဏီမှာ နေ့တိုင်း ရုံးထိုင်နိုင်အောင်လည်း ကျွန်မကြိုးစားပါ့မယ်။ နောက်ဆုံး အနေနဲ့ တစ်ခုတောင်းပန်ချင်တာ ကတော့ ကျွန်မကို အစုရှယ်ယာထည့်ဝင်ထားတဲ့ ဒါရိုက်တာ အဖွဲ့ဝင် တစ်ယောက် အ ဖြစ် မမြင်ဘဲ။ ကုမ္ပဏီရဲ့ မိသားစုဝင် တစ်ယောက် အ ဖြစ် သဘောထား ပေးကြဖို့ပါပဲ”

ဘယ်လောက်များ သေသပ်လှပတဲ့ ဆွဲဆောင်မှု ပါလဲ။

ဝန်ထမ်းအားလုံး သူမကို အမှတ်ပြည့်ပေးလိုက် ပြီ ဖြစ်ကြောင်း အနည်းငယ်မျှ သံသယ ၀င်စရာမလိုလောက်အောင်ကို သေချာလှပါသည်။

“ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ အကြံပေးစရာများ ရှိရင် ဘယ်သူမဆို ထပြီး ဆွေးနွေးနိုင်ပါတယ်။ ကိုယ်ရေး ကိုယ်တာ တင်ပြစရာများ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း တင်ပြနိုင် ပါတယ်”

ထို့နောက် သူအပါအ၀င် ၀န်ထမ်းအားလုံးအား ဝေ့၀ဲကြည့်လိုက်ပြီးမှ “အားလုံးကို ကျေးဇူး တင်ပါတယ်”ဟု နိဂုံးချုပ်စကားကိုဆိုလျက် ဆက်တီ၌ ၀င်ထိုင်လိုက်သည်။

ဆွေးနွေးအကြံပေးစရာ ..... ။

ကိုယ်ရေး ကိုယ်တာ တင်ပြစရာ .... တဲ့။

ဒါဟာ အခွင့်အရေး ပေးခြင်းတစ်မျိုး ဖြစ်နိုင်သလို စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်နိုင်ပါသည်။ သို့ သော် သူမ၏ အခွင့်အရေး ၊ သို့ မဟုတ် စိန်ခေါ်မှု အား မည် သူမှ မတုံ့ပြန်ကြ။ ၀န်ထမ်းအားလုံး ငြိမ်သက်စွာ ထိုင်၍ (အနည်းငယ် တင်းမာဟန်ရှိသော်လည်း) ဆွဲဆောင်မှု အား ကောင်းလှသော သူမ၏ မျက်နှာနုနုကိုသာ ငေးကြည့်နေကြလေသည်။

ဒီပုံအတိုင်းဆိုလျှင်တော့ မတ်တပ်ထရပ်၍ ဆွေးနွေးရမည့် သူမှာ သူသာလျှင် ဖြစ်နေတော့ သည်။

အသံမထွက်ဘဲ ချောင်းတစ်ချက်ဟန့်လိုက်ပြီး မတ်တပ်ထရပ်လိုက်ချိန်၌ များ စွာ သော မျက်လုံးတို့က သူ့ထံသို့ စုပြုံကျရောက်လာကြ၏ ။ ထိုမျက်လုံးများ အနက် ဦးအောင်ထိုက်၏ မျက် လုံးအစုံက အစူးရှဆုံး ဖြစ်ပြီး သူမ၏ မျက်လုံးတွေ ကတော့ အတောက်ပဆုံး ဖြစ်သည်။

ဦးအောင်ထိုက်နှင့် သူမအား သူတစ်လှည့်စီကြည့်လိုက်ပြီး တည်ငြိမ်စွာ စကားစတင်လိုက် သည်။

“ကျွန်တော် ပြောချင်တဲ့ ကိစ္စ ကတော့ သိပ်ထွေထွေထူးထူး မဟုတ်ပါဘူး။ အခုချိန်ကစပြီး ဒီကုမ္ပဏီကနေ ကျွန်တော် အလုပ်ထွက်လိုက်ပြီ ဆိုတာပါပဲ”

သူ့အသံက သိပ်များ မာကျောကျော ဖြစ်နေလေမလား။

ဘာပဲ ဖြစ် ဖြစ် သူ့စကားကြောင့် သူမမျက်နှာပျက်သွားမည် ဆိုလျှင် သူကျေနပ်မိပါလိမ့်မည် ။ သို့ သော် တကယ်မျက်နှာပျက်သွားသူမှာ သူမမဟုတ်ဘဲ ဦးအောင်ထိုက်သာလျှင် ဖြစ်နေသဖြင့် သူ အနည်းငယ် စိတ်ပျက်သွားရသည်။

ဦးအောင်ထိုက်က သူ့အား တစ်စုံတစ်ရာ လှမ်းပြောရန် ဟန်ပြင်လိုက်စဉ်မှာ ပင် သူမက ဦးအောင်ထိုက်ထက် လျင်မြန်စွာ စကားစတင်လိုက်သည်။ သူမ၏ စကားသံက ချိုမြသော်လည်း မျက်လုံးအစုံ ကတော့ စူးရှအားကောင်းလှပါသည်။

“ကျွန်မ ဒီကုမ္ပဏီကို ရှယ်ယာမ၀င်ခင်ကတည်းက ကုမ္ပဏီနဲ့ ပတ်သက်တဲ့ စည်းကမ်း ဥပဒေတွေ အားလုံးကို ကြိုတင်လေ့လာပြီးသားပါ။ ဒီကုမ္ပဏီရဲ့ ၀န်ထမ်းတစ်ဦးဟာ ကိုယ့်သဘောနဲ့ ကိုယ် အလုပ်ထွက်ခွင့်မရှိပါဘူး။ အလုပ်ထွက်ချင်ရင် တစ်လကြိုတင်ပြီး ထွက်စာတင်ရပါတယ်။ အဲဒီ လို ကြိုတင်ပြီး အသိပေးထွက်စာတင်ပါ့မယ်ဆိုတဲ့ ၀န်ခံကတိကို ၀န်ထမ်းတိုင်း အလုပ်ခန့်စာ မှာ လက်မှတ်ရေး ထိုးကြရပါတယ်။ ဒါကြောင့် …. ရှင်အလုပ်ထွက်ချင်တယ်ဆိုရင် ခု ချက်ချင်း ထွက်လို့မရဘူး။ ဒီနေ့ကစပြီး တစ်လတိတိကြာတဲ့နေ့ကျမှသာ အလုပ်ကနေ တရားဝင်ထွက်ခွင့်ရ ပါလိမ့်မယ်”

သေလိုက်စမ်း။ ဘာ ဖြစ်လို့များ သူမ ဒီလောက်တောင် ပါးနပ်လွန်းနေရတာ လဲ။

သူမ၏ စကားများ က အမှန်တရားများ ဖြစ်သလို သူ၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်သည့် တံခါးတစ်ချပ်လည်း ဖြစ်သည်။ သူ အနည်းငယ ခံပြင်းစွာ အံကို မသိမသာ ကြိတ်လိုက်၏ ။ ထို့ နောက် သူမ၏ မျက်နှာကို စေ့စေ့ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။

“ကောင်းပြီလေ ။ ဒါဆိုလည်း .. ဒီနေ့ကစပြီး တစ်လတိတိပြည့်တဲ့နေ့ပေါ့”

ထို့နောက် မည် သည့် ကုမ္ပဏီဝန်ထမ်းမှ လုပ်လေ့မရှိသော အလုပ်တစ်ခုကို သူလုပ်လိုက် သည်။ ဦးအောင်ထိုက်၏ အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာသံကို မစောင့်ဘဲ တံခါးပေါက်ရှိ ရာသို့ ထထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့ သော် တံခါးပေါက်ဆီသို့ သူမရောက်ခင်မှာ ပင် ဦးအောင် ထိုက်၏ ခပ်သြသြအသံက ဟိန်း၍ ထွက်ပေါ်လာသည်။

“နိုင်မင်းထက်”

သေချာတယ်။ ဦးအောင်ထိုက် စိတ်တိုနေပြီ ဖြစ်ကြောင်း သံသယ ဖြစ်စရာမလိုပါ။ သူ၏ လုပ်ရပ်များ က ဟန်နီချိုလို အစုရှယ်ယာဝင်သစ် တစ်ယောက် ရှေ့၌ ၄င်း၏ သိက္ခာကို များ စွာ ကျ ဆင်းစေသည် မဟုတ်ပါလား။

သူမ၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်ဆိုင်းသွားကြပြီး ဦးအောင်ထိုက်တို့ဘက်သို့ ပြန်လှည့်လိုက် ချိန်၌ အံ့သြစူးစမ်းသော မျက်လုံး များ စွာ နှင့် ဒေါသအရောင် ကြောင့် တလက်လက် ဖြစ်နေသော ဦးအောင်ထိုက်၏ မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။ ဟန်နီချို ကတော့ ခေါင်းငုံ့ထားသဖြင့် ၄င်း ၏ မျက်လုံးတို့ကို သူအကဲခတ်ခွင့်မရပါ။

“မင်းအလုပ်ထွက်မယ်ဆိုတာ ဘာသဘောလဲ နိုင်မင်းထက်”

အလွန်သြပြီး အလွန်လည်းကျယ်လောင်လှသော အသံဖြင့် ဦးအောင်ထိုက် သူ့ကို မေး သည်။

“ကျွန်တော် ဆက်မလုပ်ချင်တော့လို့ပါ”

“ကောင်းပြီ ဘာ ဖြစ်လို့ ဆက်မလုပ်ချင်ရတာ လဲ”

သူ၏ ငြင်းဆန်မှု အဆုံး၌ အစည်းအဝေးခန်းမတစ်ခုလုံး အပ်ကျသံကြားရမတတ် တိတ် ဆိတ်သွားလေတော့သည်။ စက္ကန့်ပေါင်းများ စွာ တိတ်ဆိတ်နေခဲ့ပြီးမှ ထိုတိတ်ဆိတ်ငြိမ်သက်ခြင်း ကို တစ်စုံ တစ်ယောက် က စတင်ဖြိုခွဲလိုက်၏ ။ အခြားသူမဟုတ် သူ၏ ဟန်နီချိုပဲ ဖြစ်သည်။

“ဖြေလိုက်ပါ ကိုနိုင်မင်းထက်။ ရှင် အလုပ်ထွက်ချင်ရတဲံ အကြောင်းကို အန်ကယ်ဦးအောင် ထိုက်လိုပဲ ကျွန်မလည်း သိချင်နေပါတယ်”

သူမလည်း သိချင်နေပါသတဲ့ …. ။

အကယ်၍ ဤအခန်းအတွင်း၌ အခြားသူများ သာ မရှိပါက သူဟက်ဟက်ပတ်ပတ် ရယ်မော လိုက်မိမှာ အမှန်ပဲ ဖြစ်သည်။ သို့ သော် ယခုလိုအချိန်မျိုးမှာ သူ မရယ်မောသင့်ပါ။ အထူး သဖြင့် သူ့အား မမှိတ်မသုန်စိုက်ကြည့်နေသော သူမ၏ မျက်ဝန်းညိုတို့ရှေ့တွင် ပို၍ မရယ်မော သင့်။ သူမ၏ မျက်ဝန်းတို့အား တုန့်ပြန်စိုက်ကြည့်ရင်း သူပြောလိုက်သည်။

“ကျွန်တော် အလုပ်ထွက်ချင်တဲ့ အကြောင်း ကတော့ အမျိုသမီး တစ်ယောက် ရဲ့ အုပ်ချုပ်မှု အောက်မှာ အလုပ်မလုပ်ချင်လို့ပါပဲ”

သူ့စကားအဆုံး သူမနှုတ်ခမ်းတွန့်လျက် တစ်ချက်ပြုံးလိုက်သည်။

“ဒါပဲလား ကိုနိုင်မင်းထက်။ ဒီထက်ပိုပြီး ပြည့်စုံအောင် ရှင်းမပြနိုင်တော့ဘူးလား”

သေတော့မှာ ပဲ။ သူမဘာ ဖြစ်လို့များ ဒီလောက်အထိ အတင့်ရဲနေရတာ လဲ။ သူမဘက်က ရဲရင့်ပြတ်သားနေမှတော့ သူ့ဘက်ကလည်း ပြတ်သားရပါလိမ့်မည် ။

“အဓိက ကတော့ မိန်းမ တစ်ယောက် ရဲ့ ဦးဆောင်မှု အောက်မှာ မနေချင်လို့ပါ ဒေါ်ဟန်နီချို။ အထူးသဖြင့် အဲဒီ မိန်းမဟာ လွန်ခဲ့တဲ့ ငါးနှစ် လောက်က ကျွန်တော် နဲ့ လမ်းခွဲခဲ့ဖူးတဲ့ ကျွန်တော် ရဲ့ ဇနီးဟောင်း တစ်ယောက် ဖြစ်နေမယ်ဆိုရင်ပေါ့ …….. “

စကားဆုံးသည်နှင့် သူ ချာခနဲ လှည့်ထွက်လာခဲ့သည်။

သူမ၏ မျက်နှာ ပျက်ယွင်းသွားလေသလား။ ဦးအောင်ထိုက် အပါအ၀င် ကုမ္ပဏီဝန်ထမ်း တို့ တအံ့တသြ ဖြစ်နေကြသလား။ သူအနည်းငယ်မှ စိတ်မ၀င်စားဘဲ အစည်းအဝေးခန်းမထဲမှ ထွက်ခဲ့ခြင်း ဖြစ်သည်။

♥ ♥ ♥


အပိုင်း (၁)

အချစ်ဆိုတာ အရက်လိုပဲ လူကို မူးယစ်ရီဝေစေတယ်။ အဲဒီ တော့ ချိန်ဆပြီး သောက် တတ်ဖို့ လိုတယ်။ အရက်များ ရင် အမူးလွန်ပြီး အန်သလို အချစ်များ သွားရင်လည်း အချစ်လွန်ပြီး ပြန်အန်တတ်တယ်။

♥ ♥ ♥


(၁)

တောင်ပေါ်မြို့ငယ်လေးတစ်ခု၏ ဆောင်းမနက်ခင်းသည် ဒေါက်တာ ဇီဗာဂိုးရုပ်ရှင်ကားထဲ ကလို ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမနေသော်လည်း အနွေးထည်ကောင်းကောင်း မရှိသော သူ့ အတွက်တော့ အတော့် ကို ဆိုးရွားအေးချမ်းသော ရာသီဥတု ဖြစ်သည်။

ထိုရာသီ၏ အေးမြမှု အား အကောင်းဆုံး ခုခံကာကွယ်နည်း ကတော့ မနက်အိပ်ယာမှ နိုး သည်နှင့် ကျယ်ပြောလှသော မက်မန်းခြံအတွင်း အပြေးလေ့ကျင့်ခြင်းပင် ဖြစ်သည်။

ရှပ်အင်္ကျီနှစ် ထည်ကို ထပ်ဝတ်ပြီး အပေါ်မှ စစ်ဆွယ်တာကို စွပ်လျက် အချိန်နာရီဝက် လောက်ပြေးလိုက်လျှင် အေးမြသော မနက်ခင်းရာသီဥတုက သူနှင့် သဟဇာတ ဖြစ်သွားမြဲ ဖြစ်၏ ။ ထုံးစံအတိုင်း မက်မန်းပင်တို့ကို ကျော်လွန်လာချိန်၌ ရဲတိုက်ကြီးသဖွယ် လှပခမ်းနားလှသော (ဤ မက်မန်းခြံကြီး၏ ပိုင်ရှင် ဦးချိုထွန်း၏ )အိမ်ကြီးက သူ့မြင်ကွင်းအတွင်းသို့ ဘွားခနဲ ၀င်ရောက်လာ သည်။

ထိုအိမ်ကြီးကို တစ်ပတ်ပတ်၍ လာလမ်းအတိုင်း လှည့်ပြန်လိုက်ပါက သူ၏ သွေးပူလေ့ ကျင့်ခန်းအစီအစဉ် ပြီးဆုံးပြီ ဖြစ်သည်။

အိမ်မကြီး၏ ရှေ့ ကုန်းမို့မို့လေးပေါ်သို့ အရှိန်နှင့် ပြေးတတ်ပြီး အိမ်ကြီးကို လက်ယာရစ် ပတ်လိုက်သည်။ အိမ်ကြီး၏ ဘေးဘက်ဒေလီယာပန်းရုံနား အရောက်မှာ တော့ ပြေးနှုန်းကို လျှော့ရ စမြဲ ဖြစ်သည်။ သူ၏ ခြေသံကြောင့် သူဌေးမိသားစု နိုးသွားမည့်  အ ဖြစ်ကို သူမလိုလားပါ။

ပုံမှန်လမ်းလျှောက်နှုန်းအတိုင်း ခပ်သွက်သွက်လျှောက်လာရင်း တစ်နေရာအရောက်မှာ တော့ သူ့ခြေလှမ်းတို့ ရပ်ဆိုင်းရန် အလျင်အမြန် ကြိုးစားလိုက်ရသည်။ ဝေ့၀ဲလျက် ကျဆင်းလာ သည့် စက္ကူလေယာဉ်ပျံလေးကြောင့် ဖြစ်သည်။ ထိုလေယာဉ်ပျံလေးကို မနင်းမိအောင် သူကြိုးစား လိုက်သော်လည်း သူ၏ ကြိုးစားမှု က အချည်းနှီးသာလျှင် ဖြစ်သည်။

ကင်းဗက်ဖိနပ်အောက်မှာ ပိပြားနေသည့် စက္ကူလေယာဉ်ပျံလေးကို သူနှမြောတသစွာ ကောက်ယူရင်း ၄င်း၏ လာရာဘက်ဆီသို့ မော့ကြည့်လိုက်တော့ ပြတင်းဘောင်ကို လက်ထောက် လျက် ပြုံးပြနေသော ဟန်နီချိုကို တွေ့ လိုက်ရသည်။

“ဆောရီး”

သူတောင်းပန်လိုက်တော့ ဟန်နီက ပြုံးလျက် ………

“ရပါတယ် ကိစ္စမရှိပါဘူး”

ထို့နောက် ဆွယ်တာ အနီရဲရဲလေး ၀တ်ထားသော ဟန်နီသည် ပြတင်းပေါက်နားမှ လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။ သူ ကတော့ ဟန်နီမရှိတော့သည့် ပြတင်းပေါက်ကိုတစ်လှည့် လက် ထဲမှ တွန့်ကြေနေသည့် စက္ကူလေယာဉ်ပျံလေးကိုတစ်လှည့် ငေးမောရင်း အတန်ကြာ ငြိမ်သက်နေ မိသည်။

နောက်မှ စက္ကူလေယာဉ်ပျံလေးကို အင်္ကျီအိတ်ကပ်ထဲသို့ ခက်ခက်ခဲခဲ တယုတယထည့် သွင်းလိုက်ပြီး သူ၏ အခန်းရှိရာ အလုပ်သမားတန်းလျားဆီဘက်သို့ ပြန်ပြေးလာခဲ့သည်။

သူ၏ အခန်းလေးသို့ ပြန်ရောက်တော့ သူ၏ အခန်းဖော် ကိုရွှေတိုး အိပ်ရာမှ နိုးနေပြီ ဖြစ် သလို သူတည်ထားခဲ့သော ရေနွေးအိုးကလည်း ကောင်းစွာ ဆူပွတ်နေပြီ ဖြစ်သည်။

“ဘယ်လိုလဲ ယနေ့အဖို့ ကျန်းမာရေး လေ့ကျင့်ခန်း အစီအစဉ် ပြီးဆုံးသွားပြီဆိုပါတော့ ဟုတ်လား”

မီးဖိုပေါ်မှ ရေနွေးအိုးကိုယူ၍ ဓာတ်ဗူးထဲသို့ လောင်းထည့်ရင်း ကိုရွှေတိုးက သူ့ကို လှမ်းမေး သည်။

“ကျန်းမာရေး လေ့ကျင့်ခန်း မဟုတ်ပါဘူးဗျာ။ ခင်ဗျားလို အနွေးထည်ကောင်းကောင်းမရှိ လို့ အချမ်ေးပြ ထပြေးတာပါ”

“သူဌေးတို့ အိမ်ဘက်ကိုရော ရောက်မှ ရောက်ခဲ့ရဲ့ လား”

“ဘာလဲဗျ။ ခင်ဗျား စကားကြီးက ………”

“အပိုတွေ လုပ်မနေစမ်းပါနဲ့ကွာ ။ မင်း ဟန်နီ့ကို စိတ်ဝင်စားနေတာ ငါသိပါတယ်”

ကိုရွှေတိုးစကားကြောင့် သူ ရှက်အမ်းထူပူသွားလျက် အသင့်ငှဲ့ထားသော ရေနွေးခွက်ကို ယူကာ ကောက်မော့လိုက်၏ ။ အငွေ့တထောင်းထောင်းထနေဆဲ ဖြစ်သော ရေနွေးက သူ့အား လျှာ ကျက်မတတ် ပူလောင်သွားစေသည်။ ခွက်ကိုပြန်ချပြီး ပါးစပ်ထဲမှ ရေနွေးတို့ကို ထွေးထုတ်လိုက် တော့ ကိုရွှေတိုးက သဘောကျစွာ တဟားဟား ရယ်မောလိုက်သည်။

“နိုင်မင်းထက်။ မင်းဟာလေ ဆယ်တန်းအောင်ပြီးလို့ စာပေးစာယူ (အဝေးသင်) ဒုတိယ နှစ် တောင် ရောက်နေပြီ။ ခုထိ ရှက်ကိုးရှက်ကန်းနဲ့ ကလေးစိတ် မကုန်သေးဘူး။ ဒီမှာ မင်း ဟန်နီ ကို သဘောကျနေတာ အမှန်ပါပဲလို့ ၀န်ခံရင် မင်းအတွက် အကျိုးရှိမယ့် သတင်းတစ်ခု ငါပေးမယ်”

ကိုရွှေတိုး၏ ကမ်းလှမ်းမှု ကို သူစိတ်ဝင်စားသွားသော်လည်း ဟန်နီ့အား တိတ်တဆိတ်ချစ် နေကြောင်း ၀န်ခံရမှာ ကိုတော့ သူ မ၀ံ့မရဲ ဖြစ်နေမိသည်။

တကယ်တော့ ဟန်နီနှင့် သူ၏ အနေအထားက မိုးနဲ့မြေလို ကွာခြားလွန်းလှပါသည်။ အသက်အရွယ်နှင့် ပညာအရည်အချင်းက မတိမ်းမယိမ်းဟု ဆိုရမည် ဖြစ်သော်လည်း ဟန်နီချိုက မက်မန်းခြံ လုပ်ငန်းအပါအ၀င် လုပ်ငန်းပေါင်းများ စွာ ကို ပိုင်ဆိုင်သော သူဌေးဦးချိုထွန်း၏ တစ်ဦး တည်းသော သမီး ဖြစ်ပြီး သူ ကတော့ သာမန် မက်မန်းခြံအလုပ်သမားမျှသာ ဖြစ်သည်။

သူ့ဘ၀အား ဗီဒီယိုခွေတစ်ခွေကို နောက်ပြန်ရစ်သလို ရစ်ကြည့်လိုက်မည် ဆိုပါက သာမန် လက်လုပ်လက်စား မိဘနှစ် ပါးမှ ပေါက်ဖွားလာပြီး အသက်ဆယ့်နှစ် နှစ် အရွယ်၌ မိဘနှစ် ပါးစလုံးကို လက်လွတ်ဆုံးရှုံးခဲ့ရသူ။ ထို့နောက် ဆွေမျိုးနီးစပ်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မှီတွယ်ကပ်။ မနက်မိုးလင်းလျှင် “ဆွမ်းတော် ဗျို့”ဟု အော်ဟစ်ပြီး ညဥ့်နက်နက်မှာ တော့ (ကျောင်းထိုင်ဆရာ တော် ၏ ကျေးဇူးကြောင့် ) အတန်းစာတွေ အော်ဆိုကျက်ရင်း ဆယ်တန်း အောင်မြင်ခဲ့သူ။

ထိုမှတဆင့် စာပေးစာယူ (အဝေးသင်) တက်ရန် ငွေကြေး လိုအပ်ချက်အရ ဤမက်မန်းခြံ သို့ ရောက်ရှိလာသူ။

ထိုသို့သော လူ တစ်ယောက် အတွက် ဟန်နီချိုသည် အိပ်မက်ထဲပင် ထည့်မတ်ရန် မသင့် သော အလွန်မြင့်မားသည့် ပန်းတစ်ပွင့် ဖြစ်၏ ။ သို့ သော် ခက်သည်က သူ ဟန်နီကို စိတ်မ၀င်စားဘဲ မနေနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိန်းချုပ်တားဆီး၍ မရသော အရာများ ထဲ၌ အချစ်သည် ရှေ့ဆုံးမှ ပါသော အရာ ဖြစ်၏ ။

“ဘယ်လိုလဲ … နိုင်မင်းထက် … ငိုင်လှချည်လား”

“ကျွန်တော် စဉ်းစားနေတာပါ”

“ဘာကိုလဲ”

“ကိုရွှေတိုးပြောတဲ့အကျိုးရှိမယ် ဆိုတဲ့သတင်းက ကျွန်တော့် အတွက် ဘယ်လောက်အထိ အကျိုးရှိနိုင်မလဲဆိုတာ”

သူ၏ ဇဝေဇ၀ါ ဖြစ်နေမှု အား ကိုရွှေတိုးက အာလုပ်သံနှင့် ရယ်မောတုံ့ပြန်လိုက်သည်။

“သိပ်ကို အကျိုးရှိတာပေါ့ ငါ့ကောင်ရ။ တစ်အချက် အဲဒီ သတင်းက ဟန်နီချိုနဲ့ ပတ်သက် တယ်။ နှစ် အချက် အဲဒီ သတင်းကို ကြားပြီးရင် မင်းပျော်သွားစေရမယ်”

“ခင်ဗျားတစ်ကယ်ပြောတာနော်”

“ဒီမှာ . .. ရွှေ့တိုးဆိုတဲ့ကောင်က လိမ်တတ်ညာတတ်တာ တစ်ခုကလွဲရင် ဘယ်တော့မှ မဟုတ်တာ မပြောဘူး”

ကိုရွှေတိုးစကားကြောင့် စိတ်ပျက်စွာ စုပ်တစ်ချက်သတ်လိုက်သည်။ ကိုရွှေတိုးက အာလုပ် သံကြီးဖြင့် ရယ်မောရင်း။

“အလကားစတာပါကွာ။ အဲဒီ သတင်းကို ပြောချင်လွန်းလို့ ငါစောင့်နေတာကြာပြီ။ ဒီမှာ နိုင်မင်းထက် .. ဟန်နီက မင်းကို စိတ်ဝင်စားနေတယ်ကွ။ အဲဒါ မင်း သိလား…”

သူ လုံးဝမသိပါ။ သို့သော် .. ဘာပဲ ဖြစ် ဖြစ်။ ကိုရွှေတိုးစကားကြောင့် သူလှပ်ခနဲ ရင်ဖိုသွား ၏ ။ ပြီးမှ သူ ချက်ချင်း ခေါင်းရမ်းလျက် “မ ဖြစ်နိုင်တာပဲ”ဟု ငြင်းဆန်လိုက်သည်။

“မယုံမရှိနဲ့ ငါ့ကောင် မင်းအကြောင်းတွေ ငါ့ကို မေးတာ ခဏခဏပဲ။ သူ့ အဖိုးကြီး လစ်ပြီ ဆိုတာနဲ့ ငါ့နားလာပြီး မင်းအကြောင်း စကားစတော့တာပဲ”

ကိုရွှေတိုး စကားကို မည် သည့်အတိုင်းအတာထိ ယုံရမလဲ သူဝေခွဲမရ။ သို့ သော် တစ်ခု ဖြစ် နိုင်ခြေရှိသည်က ဤ မက်မန်းခြံတွင်းရှိ အလုပ်သမား များ စွာ အနက် သူဌေး၏ အိမ်မကြီးအတွင်း သို့ ၀င်ထွက်ခွင့်ရသည့် တစ်ဦးတည်းသော သူမှာ ကိုရွှေတိုးသာ ဖြစ်သည်။

ကိုရွှေတိုး၏ ဤမက်မန်းခြံကြီး၏ မန်နေဂျာနီးပါးအဆင့်ရှိသူတစ်ဦး ဖြစ်သလို ဦးချိုထွန်း၏ လက်စွဲတော် လူယုံလည်း ဖြစ်သည်။

“ထားပါတော့ ခင်ဗျားပြောသလို ကျွန်တော့် အကြောင်းတွေ မေးတာနဲ့ ကျွန်တော့် ကို စိတ် ၀င်စားနေတယ်လို့ ပြောလို့ရမလား”

“ရတာ ပေါ့ ။ စိတ်မ၀င်စားတဲ့ လူ တစ်ယောက် အကြောင်းကို ဘာမေးစရာရှိသလဲ”

“ဒါ ကတော့ဗျာ”

သူ့စကားတို့ တစ်ပိုင်းတစ်စနှင့် ရပ်ဆိုင်းသွားကြ၏ ။ အကြောင်း ကတော့ ဘာဆက်ပြောရ မှန်းမသိတော့၍ ပဲ ဖြစ်သည်။

“ငါ့စကားကို မင်းမယုံဘူး မဟုတ်လား။ အေး သိပ်မကြာခင် မင်းယုံလာလိမ့်မယ် စောင့်သာ ကြည့်နေ”

ကိုရွှေတိုးက ရဲရဲကြီး အာမခံနေသည်။ သူ ကတော့ မယုံတ၀က် ယုံတ၀က်နှင့်သာ တွေ ဝေ နေမိသည်။

♥ ♥ ♥


(၂)

“ဟိတ်”

ခပ်တိုးတိုးခေါ်သံတစ်ခုကြောင့် သူ လှည့်ကြည့်လိုက်သည်။

အသံရှင်က သူလုံးဝမျှော်လင့်မထားသော ဟန်နီချိုလဲ့ရီ။

ပို၍ မမျော်လင့်သည်က သူထိုင်လေ့ရှိသည့် ဤနေရာသို့ သူမ ရောက်ရှိလာသည့်ကိစ္စ ဖြစ်သည်။

သူမသည် ၄င်းတို့ ပိုင်အိမ်မကြီး၏ အနီးပတ်ဝန်းကျင်မှအပ ကျယ်ပြောလှသည့် မက်မန်းခြံ ဘက်သို့ ဘယ်တုန်းကမှ လာလေ့မရှိ။ လာရန်လည်း သူမ၏ ဖခင်က လုံးဝခွင့်ပြုလိမ့်မည် မဟုတ် ပါ။ (သူမ၏ မိခင် ကွယ်လွန်ပြီးကတည်းက ဦးချိုထွန်းသည် ၄င်း၏ အချစ်များ အား သမီးအပေါ်ပုံ အောလျက် အရိပ်တကြည့်ကြည့်နှင့် ပိုးမွေးသလို မွေးမြူထားခဲ့ခြင်း ဖြစ်သည်။)

ညနေတိုင်း သူထိုင်လေ့ရှိသည့် သူမတို့၏ အိမ်မကြီးနှင့် အနည်းငယ်ကွာလှမ်းသော ဤသစ်ပင်အောက် ခုံတန်းဆီသို့ ယနေ့လို သူမ ရောက်ရှိလာခြင်းကိုသာ ဦးချိုထွန်းသိသွားမည် ဆို ပါက မိုးမီးလောင်မှာ အလွန်သေချာပါသည်။

သူမ ကတော့ သူ့ကဲ့သို့ စိုးရိမ်ပူပန်သည့် အတွေးမျိုး လုံးဝ တွေးတောဟန်မတူဘဲ ယိမ်းနွဲ့ ညင်သာစွာ သူရှိရာသို့ လျှောက်လှမ်းလာသည်။ သူမအနားသို့ အရောက်၌ ယဉ်ကျေးမှု ကြောင့် လား သို့ မဟုတ် လုပ်မိုလုပ်ရာလုပ်ရာ လုပ်လိုက်မိခြင်းပဲလား မပြောတတ်၊ သူထိုင်ရာမှ အလို အလျောက် ထရပ်မိလျက်သား ဖြစ်နေလေသည်။

“မနက်ဖြန် ယူအားတယ် မဟုတ်လား”

အက်ရှရှ စကားသံလေးက သူ့အား ခေါင်းညိတ်မိစေရန် ဆွဲဆောင်ပြီး ဖြစ်နေ၏ ။ တကယ် တော့ မနက်ဖြန် သူ့အလုပ်နားရက် မဟုတ်ပါ။ သူမက မျက်လုံးတောက်တောက် တစ်စုံနှင့် သူ့ကို ကြည့်ရင်းပြော၏ ။

“ဟန်နီတို့အိမ်မှာ မနက်ဖြန် မုန့်တီလုပ်စားမလို့တဲ့။ အဲဒါ ယူ့ကို လာစေချင်တယ်”

လက်စသတ်တော့ သူ့ကို မုန့်တီစားကြွရောက်ရန် လာဖိတ်တာပါလား။ အခြေအနေက ၀မ်းမြောက်ဖွယ်ရာ ကောင်းလှသော်လည်း တစ်ခုခက်သည်က ဦးချိုထွန်း၏ စည်းကမ်းချက် ဖြစ် သည်။ ၄င်း၏ ဆင့်ခေါ်ချက် သို့ မဟုတ် ခွင့်ပြုချက်မရဘဲ မည် သည့် ခြံလုပ်သားမှ ၄င်း၏ အိမ်တွင်း သို့ ၀င်ပိုင်ခွင့်မရှိဟု ဦးချိုထွန်း သတ်မှတ်ထားပါသည်။

ထိုကိစ္စက သူမ၏ ကမ်းလှမ်းချက်အား ခေါင်းညိတ်လက်ခံရန် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေ၏ ။

“အန်ကယ်သိရင် ကြိုက်ပါ့မလား မသိဘူး”

“ဘယ်ကြိုက်ပါ့မလဲ”

သူမ၏ အဖြေက ပြတ်သားလွန်းသဖြင့် သူပင် ခပ်ကြောင်ကြောင် ဖြစ်သွားရသည်။ သူမက သူ့အ ဖြစ်ကို ရိပ်မိဟန်ဖြင့် ဟက်ခနဲ တစ်ချက်ရပ်လိုက်သည်။

“သိပ်စိတ်မပူပါနဲ့ ။ မနက်ဖြန် ဒယ်ဒီရှိမှာ မဟုတ်ဘူးလေ မန္တလေးဆင်းမှာ ”

ယင်းသို့ ဆိုလျှင်တော့ အတိုင်းထက်အလွန်ပေါ့။ သို့ သော် သူ အနည်းငယ်စိုးရိမ်စိတ်ဖြင့် …

“ဒါပေမယ့် သူပြန်ရောက်လာတဲ့အခါ တစ်ယောက် ယောက် က ပြန်ပြောရင်း သိမသွားနိုင် ဘူးလား”

သူ့စကားအား သူမက ပေါ့ပါးစွာ ရယ်မောတုံ့ပြန်ပါသည်။

“ဟန်နီချို မသိစေချင်တဲ့ ကိစ္စမှန်သမျှ ဟန်နီချိုခွင့်ပြုချက်မရဘဲ ဘယ်အိမ်သားကမှ ဒယ်ဒီ ကို ပြန်မပြောရဲဘူး”

သူမ၏ မျက်နှာနှင့် လေသံက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိသည့်ဟန်မျိုး ဖြစ် သည်။

“ကောင်းပြီလေ ။ တို့လာနိုင်အောင် ကြိုးစားပါ့မယ်”

“ဗုဒ္ဓေါရေ … ကြိုးစားမယ် ဟုတ်လား”

သူမ တအံ့တသြ ရေရွတ်လိုက်၏ ။ သူမ၏ အံ့သြဟန်က ချစ်စရာ ကောင်းလွန်းလှပါသည်။

“ဟန်နီ ယူ့ကို ကြိုးစားခိုင်းနေတာ မဟုတ်ဘူးလေ။ လာခိုင်းနေတာ မနက်ကိုးနာရီတိတိ ယူ ဟန်နီတို့အိမ်မှာ မုန့်တီလာစားပါ”

စကား၏ အဓိပ္ပာယ်က အထက်စီးဆန်လှသလို၊ သူမ၏ အသံကလည်း တဆိတ်အမိန့်ပေး သံ ဆန်လှပါသည်။ သို့ သော် ထိုကလေးမကို သူ့အနေနှင့် ဘယ်လိုမှ စိတ်ဆိုး၍ မရ။

“ကောင်းပြီ။ တို့ ကိုးနာရီအရောက် လာခဲ့မယ်။ ကိုရွှေတိုးကိုလည်း …..”

“ဟင့်အင်း”

သူ့စကားမဆုံးခင် သူမက အရင်ဖြတ်၍ ကန့်ကွက်ငြင်းဆန်လိုက်သည်။ ထို့နောက် သူ့မျက် လုံးတို့ကို စိုက်ကြည့်ရင်း ပြောသည်။

“ဟန်နီက ယူ့ကိုပဲ လာစေချင်တာ။ ကိုရွှေတိုးကို ခေါ်လာစရာမလိုဘူး”

ဘယ်လောက်များ ရဲရင့် ပွင့်လင်းလှတဲ့ ဟန်နီလဲ။ ရင်ထဲရှိသည့် ဆန္ဒအတိုင်း ထုတ်ဖော် ကြေညာရဲသော ဟန်နီ၏ စိတ်ဓာတ်ကို ထိုကတည်းက သူ လေးစားစွာ မြတ်နိုးသွားခဲ့သည်။ တစ် နည်းအားဖြင့် လေးစားထိုက်သော စိတ်ဓာတ်ဟု သူ့ဘာသာ သတ်မှတ်၍ အမှတ်ပြည့်ပေးခဲ့ခြင်း လည်း ဖြစ်သည်။

♥ ♥ ♥


“ကဲ .. .ငါမပြောဘူးလား မောင်နိုင်မင်းထက်။ ကောင်မလေး မင်းကို စိတ်ဝင်စားနေတယ် ဆိုတာ မင်းယုံပြီ မဟုတ်လား”

ထိုနေ့ည ကိုရွှေတိုးကို အကြောင်းစုံ ပြန်ပြောပြတော့ ကိုရွှေတိုးက အထက်ပါအတိုင်း တုံ့ ပြန်ပါသည်။ ၄င်းအား ခေါ်လာစရာမလိုဟု ပြောသည်ကိုပင် စိတ်ခုခြင်း တစ်စက်မရှိ။

“နေပါဦး။ ခင်ဗျားကို ခေါ်မလာနဲ့လို့ ပြောတာကို ခင်ဗျားက စိတ်မဆိုးဘူးလား”

“ဘာစိတ်ဆိုးစရာရှိသလဲ။ အဲဒီ အချိန် ငါက ဒီမှာ ရှိမှာ မှ မဟုတ်တာ။ သူ့အဖိုးကြီး မနက် လေးနာရီ မန္တလေးဆင်းရင် ငါပါ လိုက်သွားရမှာ လေ”

“သြော် … ဒါကြောင့် ကိုး”

“ဒါကြောင့် ကိုး လုပ်မနေနဲ့ ကိုယ့်လူ လမ်းမှာ အဖိုးကြီးကို ငါချွန်လိုက်ရင် မင်းရဲ့ အနာဂတ် ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာကို မင်းသဘောပေါက်တယ် မဟုတ်လား။ …. အဲဒီ တော့ ဒီည င့ါကို ကောက်ညှင်းအရက်တစ်လုံး ပူဇော်ပသရမယ်။ ဒါပဲ”

ကိုရွှေတိုး၏ အတင်းအကြပ်တောင်းဆိုမှု ကြောင့် ထိုညက ကောက်ညှင်းအရက်တစ်လုံးဖိုး သူအကုန်အကျခံလိုက်ရပါသည်။

ထိုညက ကိုရွှေတိုး အရက်မူးမူးနှင့် သူ့ကိုပြော၏ ။

“ဒီမှာ နိုင်မင်းထက် … အချစ်ဆိုတာ အရက်လိုပဲကွ။ လူကို မူးယစ်ရီဝေစေတတ်တယ်။ အဲဒီ တော့ ချိန်ဆပြီး သောက်တတ်ဖို့လိုတယ်။ အရက်သောက်တာ များ သွားရင် အမူးလွန်ပြီး အန် မယ်။ အရက်တွေ ပြန်အန်မယ်။ အဲဒီ လိုပဲ အချစ်တွေ များ သွားရင်လည်း ပြန်အန်တတ်တယ်။ ဘာ တွေ ပြန်အန်ထွက်လာမယ်လို့ မင်းထင်သလဲ။

ကိုရွှေတိုး၏ မေးခွန်းကို သူ မဖြေတတ်ပါ။

“မှတ်ထား ။ အရက်များ ရင် အရက်တွေ ပြန်အန်ထွက်ပေမယ့် … အချစ်များ ရင်တော့ အချစ်တွေ မအန်ဘူး ကိုယ့်လူ။ အချစ်အစား အမုန်းတွေ ၊ နာကြည်းမှု တွေ ၊ အာဃာတတွေ အဲဒါ တွေ ပဲ ပြန်အန်ထွက်လာလိမ့်မယ်”

ထိုစကားကို ပြောပြီး မိနစ်အနည်းငယ်အကြာမှာ ပင် ကိုရွှေတိုး ၀ါ့ခနဲ ထိုးအန်သည်။ ကို ရွှေတိုး၏ အန်ဖက်များ က ၄င်း ပြောသည့်အတိုင်း ချဉ်စုပ်နံစော်နေသည့် အရက်များ သာ ဖြစ်သည်။

♥ ♥ ♥


(၃)

ပထမဆုံး အခက်အခဲက သူလုံးဝမကြိုက်သော မုန့်တီကို အောင့်အည်းမျိုသိပ်၍ စားရခြင်း ဖြစ်ပြီး ဒုတိယအခက်အခဲ ကတော့ ခန့်ညားလှသော အိမ်ကြီး၏ အရှိန်အ၀ါကို ထိတ်လန့်နေခြင်း ဖြစ်သည်။

သို့ သော် ထိုနှစ် ခုစလုံးကို သူတည်ငြိမ်စွာ မျိုသိမ်ထိန်းချုပ်ထားနိုင်သော်လည်း လုံးဝထိန်း ချုပ်၍ မရသည်က သူ၏ ရင်ခုန်နှုန်းကို ဖြစ်သည်။ လက်တစ်ကမ်းအကွာလောက်မှာ ထိုင်၍ သူ့ ပန်းကန်ထဲသို့ မုန့်တီများ ခပ်ထည့်ပေးနေသည့် သူမ၏ ကိုယ်သင်းနံ့က သူ့ထံသို့ လွင့်ပျံ့လာတိုင်း သူ၏ ရင်ခုန်နှုန်တို့ တဒိန်းဒိန်းမြန်ဆန်လာမြဲ ဖြစ်သည်။

ပိုဆိုးသည်က သူမ၏ မျက်ဝန်းများ ဖြစ်၏ ။

မျက်တောင်ကော့ရှည်များ ၀န်းရံထားသည့် သူမ၏ မျက်ဝန်းတို့က သူ့မျက်နှာအား ပန်းချီ ကားတစ်ချပ်ကို ကြည့်နေရသလို (ရံဖန်ရံခါ) စူးစိုက်ကြည့်လာသော အခါများ မှာ တော့ ရင်ခုန်သံ မြန်ခြင်းကို သူဘယ်လိုမှ ထိန်းချုပ်၍ မရနိုင်တော့ပါ။

ဘုရား ကယ်တော် မူပါ။

ဒီပုံအတိုင်းဆိုလျှင်တော့ နှလုံး ရောဂါ မရှိသော နိုင်မင်းထက် တစ်ယောက် သိပ်မကြာခင် နှလုံးသွေးရပ်၍ သေဆုံးသွားနိုင်ပါသည်။ သို့ သော် ကံကောင်းထောက်မစွာ သူမက ထွေရာလေး ပါး စကားစတင်လာသဖြင့် သူအနည်းငယ် နေသာထိုင်သာ ဖြစ်သွားရ၏ ။

“ယူ စာမေးပွဲ ဖြေရင် မန္တလေးဆင်းဖြေမှာ ပေါ့နော်”

“ဟုတ်တယ် ။ ဟန်နီလည်း မန္တလေးပဲ မဟုတ်လား”

“ဟင့်အင်း … ဟန်နီက အိမ်မှာ ပဲ ဖြေရမှာ ”

စာပေးစာယူ (အဝေးသင်) စာမေးပွဲအား ကိုယ့်အိမ်မှာ ပင် သက်သော င့်သက်သာ ထိုင်ဖြေ ၍ ရနိုင်ပါ့မလား။ သူအံ့သြနေမှု ကို သူမက ရိပ်မိစွာ ရှင်းပြသည်။

“ဒယ်ဒီအစီအစဉ်လေ။ ဟန်နီ ဆယ်တန်းအောင်ပြီးကတည်းက ဒယ်ဒီက ဆရာမ တွေ အိမ်ခေါ်ပြီး အိမ်မှာ ပဲ စာသင်ခိုင်းတယ်။ သူများ တွေ ဖြေပြီးတဲံ မေးခွန်းတွေ အိမ်ယူလာပြီး အိမ်မှာ ပဲ ဖြေရတယ်။ အောင်ရင် ဒယ်ဒီက နောက်တစ်တန်း ဒုတိယနှစ် ပေါ့ တက်ခွင့်ပေးတယ်။ မအောင် ရင် ပထမနှစ် စာတွေ ပြန်သင်ရတယ်”

အတော့် ကို နားလည်ရန် ခက်ခဲသော ကိစ္စပင် ဖြစ်သည်။ အိမ်မှာ ပဲ စာသင်၊ အိမ်မှာ ပဲ စာတွေ ဖြေပြီး အတန်းတက်ရသတဲ့။ ပုဂ္ဂလိက ကိုယ်ပိုင် တက္ကသိုလ်ဟု ကင်ပွန်းတပ်ရမလား မပြောတတ်။

“ဒါဖြင့် ဘွဲ့ယူတော့ကော”

“ဒယ်ဒီကပြောတယ်။ ဘွဲ့လက်မှတ်မလိုဘူး။ တက္ကသိုလ်စာတွေ တတ်ဖို့ပဲ လိုတယ်တဲ့။ ဟန်နီကိုယ်တိုင်လည်း ဒယ်ဒီလိုပဲ ယုံကြည်တယ်”

လျော်ကန်သင့်မြတ်လှတဲ့ စိတ်ကူးပဲဟု ထောက်ခံ၍ မရသလို။ မှားသည်ဟုလည်း သတ် မှတ်၍ မရပါ။ ဟန်နီချိုလဲ့ရီလို မိန်းကလေး၏ ဘ၀က အောင်လက်မှတ်၊ ဘွဲ့လက်မှတ်တို့ကို အရင်းပြု၍ စီးပွားရှာစရာမလိုသော ဘ၀ ဖြစ်သည်။

“ဒါဆို ဟန်နီ အဓိကယူထားတဲ့ ဘာသာက ဘာလဲ”

သူမဟတ်ခနဲ တစ်ချက်ရယ်လိုက်သည်။

“အစုံပဲ ဘောဂဗေဒ၊ စိတ်ပညာ၊ နောက် အင်္ဂလိပ်စာ”

မေဂျာသုံးခုစလုံး တစ်ပြိုင်နက် သင်ယူသတဲ့ အံ့သြလောက်စရာပါပဲ။

“ဒါနဲ့ မသိလို့ မေးပါရစေ။ ဟန်နီ ခုလို အိမ်ထဲမှာ ပဲ စာသင်နေရတော့ မိတ်ဆွေသူငယ်ချင်း သစ်တွေ ဘယ်လိုလုပ်ပြီး ရနိုင်မလဲ။ သူငယ်ချင်းအပေါင်းအဖော်မရှိဘဲ တစ်ယောက် တည်းနေရ တာ မပျင်းဘူးလား”

သူ အလွန်သိချင်နေသော မေးခွန်းကို မေးလိုက်သည်။

“ဟန်နီလား။ ပျင်းတာပေါ့ ။ ဒါပေမယ့် ခုတော့ အရင်ကလောက် မပျင်းတော့ဘူး”

“ဘာ ဖြစ်လို့လဲ”

“ဒီခြံထဲကို ယူရောက်လာလို့လေ။ သက်တူရွယ်တူ သူငယ်ချင်း တစ်ယောက် ရပြီဆိုပြီး ပျော်နေတာ သိလား”

အမှန်တကယ်ပင် ပျော်ရွှင်တက်ကြွနေသည့် လေသံလေးဖြင့် သူမအဖြေက သူ့ရင်ကို လှပ် ခနဲ ဖြစ်သွားစေကြောင်းကိုတော့ သူမသိလိမ့်မည် မထင်ပါ။

“တို့လည်း ဟန်နီနဲ့ သူငယ်ချင်း ဖြစ်ခွင့်ရလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် အန်ကယ်ဦးချိုထွန်း သိသွားရင် ….”

သူ့ စကား မဆုံးခင်မှာ သူမ ဖြတ်၍ ပြောလိုက်သည်။

“အို မေ့ထားလိုက်စမ်းပါ။ ဒယ်ဒီမသိအောင် တိတ်တိတ်လေး ခင်ကြတာပေါ့ မှု တ်ဘူးလား။ ခုလိုမျိုး ဒယ်ဒီမရှိတဲ့နေ့တွေ ကျရင် ဆုံပြီး စကားပြောနိုင်တာပေါ့”

သူမ၏ စကားက သူနှင့် သူမ ကစားပွဲစတင်ပြီ ဖြစ်ကြောင်း ခရာမှု တ်လိုက်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် လောကကြီး၌ လိုချင်တာကို ရအောင်ယူလေ့ရှိပြီး ဖြစ်ချင်တာကို မ ဖြစ် ဖြစ် အောင် လုပ်တတ်သော ဟန်နီချိုလဲ့ရီ၏ စွန့်စားစိန်ခေါ်မှု တစ်ခုလည်း ဖြစ်သည်။

မှတ်မှတ်ရရ ထိုညက သူတစ်ရေး မှ အိပ်မပျော်ဘဲ မိုးစင်စင်လင်းခဲ့ပါသည်။

♥ ♥ ♥


သူနှင့် ဟန်နီ၏ အ ဖြစ်အပျက်ကို သိသွားသော ကိုရွှေတိုး ကတော့ …

“တိတ်တခိုးချစ်သူဆိုတဲ့ အသုံးအနှုန်းပဲ ကြားဖူးပါတယ်ကွာ။ တိတ်တခိုးသူငယ်ချင်းရယ် လို့ တစ်ခါမှ မကြားဖူးပါဘူး”ဟု နောက်သည်။ ထိုသို့ နောက်ပြောင်တတ်သော ကိုရွှေတိုးသည် သူနှင့် ဟန်နီ၏ အကြားမှာ တော့ အလွန်အားကိုးရသော လူ တစ်ယောက် အ ဖြစ် ရပ်တည်ပေးခဲ့ပါ သည်။

ဥပမာ ဟန်နီမှာ ကြားသော စကားကို သူ့အား ပြန်ပြောပြပြီး သူပြောချင်သည့် အကြောင်း အရာကို ဟန်နီ့ထံ ပို့ဆောင်ပေးခြင်းတို့ ဖြစ်သည်။

ရံဖန်ရံခါ ဦးချိုထွန်းမရှိသော အခါများ မှာ တော့ ဟန်နီနှင့် သူ လူချင်းတွေ့ ဆုံ၍ စကားပြောခွင့်ရကြသည်။ များ သော အားဖြင့် သူတို့တွေ့ ဆုံစကားပြောလေ့ရှိသော နေရာမှာ အိမ်မကြီးနှင့် အနည်းငယ်ကွာလှမ်းသည့် သူထိုင်နေကျ သစ်ပင်အောက် ခုတန်းလျား၌ ဖြစ်သည်။ သူတို့ တွေ့ ဆုံစကားပြောတိုင်း သူမ စားစရာတစ်ခုမဟုတ် တစ်ခု ယူလာတတ်မြဲ ဖြစ်သည်။

သူမယူလာသော စားစရာတို့ကို စားသုံးရန် သူငြင်းဆန်ပါက သူမ ညူစူစိတ်ကောက်တတ် ပါသည်။ ထို့ကြောင့် ကြိုက်ကြိုက် မကြိုက်ကြိုက် သူမယူလာသည့် အစားအစာမှန်သမျှကိုစား၍ သူမပြောသမျှ စကားတို့ကို နားထောင်ရ၏ ။

“ဟိုတစ်နေ့ကလေ ဒီကပြန်သွားပြီး အိမ်လည်းရောက်ရော ဒယ်ဒီက အိမ်မှာ ပြန်ရောက်နေ တယ် သိလား။ ခေါင်းကိုက်လို့ ဂေါက်ကလပ်ကနေ တမင်အစောကြီး ပြန်လာတာတဲ့”

သူ ထိတ်ခနဲ စိုးရိမ်ပူပန်သွားကာ ………..

“ဒါဆို ဟန်နီအပြင်ထွက်တာ ရိပ်မိသွားပြီး ဆူမှာ ပေါ့ …”

“အိုး .. ဟန်နီပဲ ယူရဲ့ ဘာရမလဲ။ ဒယ်ဒီကို နောက်ချင်လို့ အိမ်နောက်ဘေးဘက်ကထွက် ပြီး အပြင်က ပြန်လာပုံမျိုးနဲ့ အိမ်ရှေ့တံခါးမကြီးကနေ တမင်ပြန်ဝင်လာတာလို့ညာလိုက်တာပေါ့” “အဲဒီ တော့ ယုံလား”

“ယုံတာပေါ့ ဟန်နီမညာတတ်တာကို ဒယ်ဒီက သိပြီးသားလေ။ ဒါပေမယ့် အခု ညာတတ် နေပြီဆိုတာကိုတော့ ဒယ်ဒီ မရိပ်မိသေးဘူး”

ထို့နောက် သူမစကားကို သူ့ဘာသာ သဘောကျစွာ ကိုယ်ကလေးကို လှုပ်ရမ်းလျက် ရယ်မောလေသည်။

♥ ♥ ♥


ဖခင်ကို ညာတတ်သော ထိုကလေးမသည် သူ့ကိုလည်း လိမ်တတ်ပြန်ပါသေးသည်။ တစ်နေ့ ဆုံနေကျ သစ်ပင်ရိပ်အောက်၌ ဆုံ၍ ထွေရာလေးပါး ပြောနေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ

“ဟန်နီ မနက်ဖြန်ကျရင် ဒယ်ဒီနဲ့ မန္တလေးကို လိုက်သွားရမယ်။ တစ်လလောက် ကြာမယ်” ဟု ဆိုသည်။

သူမ၏ စကားက မမျှော်လင့်ဘဲ အရှိုက်ကို အထိုးခံလိုက်ရသည့်ပမာ အံ့သြနာကျင်သွားစေ သည်။ သူဘာမှ ပြန်မပြောနိုင်တော့ဘဲ အကြာကြီး နှုတ်ဆိတ်ငေးငိုင်သွား၏ ။

“ပြန်လာရင် ယူ့အတွက် လက်ဆောင် ၀ယ်လာခဲ့မယ်”

ကိုယ့်အတွက် လိုအပ်တာက လက်ဆောင်မဟုတ်ပါဘူး ဟန်နီ။ မင်းကို မကြာမကြာ တွေ့  မြင်ခွင့်ရနေဖို့ပါ။

စိတ်ထဲမှ သူမကို တီးတိုး တုံ့ပြန်နေမိသည်။ သူမထိုင်ရာမှ ထရပ်ပြီး … ဟန်နီပြန်ဦးမယ်ဟု ဆိုကာ နှုတ်ဆတ်ထွက်ခွာ သွားလေသည်။

နောက်နေ့၌ သူမမရှိမှန်းသိလျက်နှင့်ထိုနေရာသို့ တစ်ယောက် တည်း သွားထိုင်ကာ သူမ ကို သတိရစိတ်ဖြင့် မြေကြီးပေါ်၌ လွမ်းတယ်ဟူသော စကားလုံးတို့ကို အများ ကြီးရေး ခြစ်နေမိ သည်။

နောက်ဆုံး သည်းမခံနိုင်လောက်အောင် လက်ညောင်းလာမှသာ စာရေး သည့် အလုပ်ကို ရပ်ပြီး ခုံတန်းလျားလေး၌ ပြန်ထိုင်နေလိုက်၏ ။ ထိုအချိန်မှာ ပင် ယဉ်ပါးနေသော အမွှေးရနံ့တစ်ခုကို သတိပြုမိသွားသည်။

သေချာတယ်။

ဒါဟာ သူမရဲ့ ကိုယ်သင်းနံ့ပဲ။

သူ ဖျတ်ခနဲ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မလှမ်းမကမ်း၌ လက်ကလေးနှစ် ဖက် အနောက်ပစ်လျက် ပြုံးထေ့ထေ့ဖြင့် ရပ်နေသော ဟန်နီချိုလဲ့ရီကို တွေ့ လိုက်ရသည်။

ဝမ်းသာစိတ်က သူ့အား ကလေး တစ်ယောက် သဖွယ် ရွှင်မြူးသွားစေလျက် သူမနားသို့ လျင်မြန်စွာ ရောက်ရှိသွားစေသည်။

“ဟန်နီ .. ကိုယ်က ခုချိန်ဆို မင်း မန္တလေး ရောက်နေပြီအောက်မေ့တာ။ မသွား ဖြစ်ဖူးလား ဟင်”

“ဟင့်အင်း”

“ဘာ ဖြစ်လို့လဲ”

သူမ မချိုမချဉ် တစ်ချက်ပြုံးလိုက်ကာ ….

“နဂိုကတည်းက သွားဖို့အစီအစဉ်မှ မရှိတာ”

“ဒါဖြင့် . .. ဟန်နီ .. ကိုယ့်ကို ….”

ဝမ်းသာစိတ်ကြောင့် လား … အလှည့်စားခံရသည့်အတွက် ဒေါသ ဖြစ်၍ ပဲလား မပြောတတ်။ သူ့စကားတို့ တစ်ပိုင်းတစ်စနှင့် ထစ်ငေါ့စွာ ရပ်ဆိုင်းသွားကြချိန်၌ သူမက ဟက်ခနဲတစ်ချက် ရယ် လိုက်သည်။

“အဟင်း … ဟန်နီ ယူ့ကို တမင်နောက်တာ သိလား”

“နောက်တာ ….”

“အင်းလေ .. ယူဘယ်လိုနေမလဲ ဆိုတာ သိချင်လို့ တမင် ညာပြောလိုက်တာ”

သူဘယ်လို နေမယ်ဆိုတာ သိချင်လို့တဲ့။

ဘယ်လောက်များ ပေါ့ပါးလွယ်ကူလိုက်တဲ့ စကားလဲ။

“ကိုယ်ဘယ်လိုနေမလဲဆိုတာ သိချင်လို့ပေါ့ ဟုတ်လား။ ကောင်းပြီလေ … လာ .. ဟန်နီ့ ကို ကိုယ်ပြမယ်”

သစ်ပင်ရိပ်များ ရှိရာဆီသို့ သူမကို ခေါ်ဆောင်လာခဲ့ပြီး လွမ်းတယ်ဟူသော စကားလုံးများ ရှိရာ မြေပြင်ဆီသို့ သူ လက်ညှိုးညွှန်ပြလိုက်သည်။

“အဲဒီ မှာ ကြည့် ကိုယ်ဘယ်လိုနေသလဲ ဘယ်လိုခံစားရလဲ ဆိုတာ”

သူ၏ လေသံက အနည်းငယ်ကျွတ်ဆတ်ဆတ် ဖြစ်နေသည်။ သူမ ကတော့ ပြွတ်သိပ်ကြပ် ညပ်စွာ ရေး ထားသော များ ပြားလှသည့် လွမ်းတယ်ဟူသော စာလုံးတို့ကို ကြည့်ရင်း နှုတ်ခမ်းလေး များ ၀ိုင်းစက်သွားကြသည်။

“အဲဒါ ဟန်နီကိုယ့်ကို ညာလိုက်တဲ့အတွက် ကိုယ်ခံစားခဲ့ရတဲ့ ခံစားမှု ပဲ။ အဲဒီ လို ဘာ ဖြစ်လို့ ခံစားရသလဲ ဟန်နီသိလား ။ ဘာ ဖြစ်လို့ လွမ်းနေရလဲ ဟန်နီ သိလား”

“ဟို ဟန် ….. ဟန်နီ….”

အပြစ်လုပ်မိသော ကလေးငယ် တစ်ယောက် ပမာ သူမ ငိုမဲ့မဲ့ မျက်နှာနှင့် ကတုန်ကယင် ဖြစ် ၍ နေသည်။

“ကိုယ်ဘာ ဖြစ်လို့ အဲလောက်ထိ ခံစားရသလဲဆိုတာ ဟန်နီ စဉ်းစားမိမှာ မဟုတ်ဘူး။ ဒါ ပေမယ့် ဟန်နီသိအောင် ကိုယ်ပြောပြမယ်”

“ဟင့်အင်း … .မပြောနဲ့”

သူမ ကပျာကယာ တားဆီးလိုက်သော်လည်း သူ မလိုက်နာခဲ့ပါ။

“ကိုယ် မင်းကို ချစ်လို့ .. .မင်းကို ချစ်လွန်းလို့ ဟန်နီ။ အဲဒီ ကို မင်း မင်းမသိခဲ့ဘူး မဟုတ် လား”

“ဟန်နီ … ဟန်နီ … မသိဘူး။ သိလည်း မသိချင်ဘူး”

ထစ်ငေါ့တုန်ယင်သော စကားသံ၏ အဆုံးမှာ တော့ သူမ ချာခနဲလှည့်ကာ ပြေးထွက်သွား တော့သည်။

♥ ♥ ♥


(၄)

“ဘယ်နှယ့် ကောင်လေး၊ ရေချိန်ကိုက်နေပြီ မဟုတ်လား”

စာပေးစာယူ (အဝေးသင်) စာစဉ်များ ကို ရှေ့ချလျက် ငိုင်နေသော သူ့အား ကိုရွှေတိုးက အာလုပ်သံကြီးနှင့် လှမ်းမေးသည်။

“ဘာလဲ ကိုရွှေတိုးရ ကျွန်တော် မှ အရက်မသောက်တာ”

“မင်းမသောက်တတ်မှန်း ငါ သိပါတယ်ကွာ။ လူကြားရင် ရှက်စရာကောင်းတဲ့ အဲဒီ စကား ကြီးကို ခဏခဏမပြောစမ်းပါနဲ့။ ငါဆိုလိုတာက အရက်ရေချိန်ကို ပြောတာမဟုတ်ဘူး။ အချစ်ရေ ချိန်ကိုပြောတာ။ အချစ်ရေချိန် ကိုက်နေပြီလားလို့ မေးတာ”

“မူးတော့ မမူးသေးပါဘူး …. ဒါပေမယ့် အနည်းအကျဉ်းတော့ ရီဝေေ၀ ဖြစ်တာပေါ့ဗျာ”

ဆေးပေါ့လိပ်တိုကို ပါးစောင်၌ ခဲထားသော ကိုရွှေတိုးက ဟက်ခနဲ တစ်ချက်ရယ်လိုက် သည်။

သူနှင့်ဟန်နီ၏ ဇာတ်လမ်းကို ကိုရွှေတိုးက အစအဆုံး သိထားပြီး ဖြစ်သည်။ သူ့၌ တီးတိုး တိုင်ပင်ဖော်ဆို၍ တစ်ခန်းတည်းအတူနေရသည့် ကိုရွှေတိုးသာရှိသဖြင့် ကိုရွှေတိုးအား ရင်ဖွင့်တိုင် ပင်နေကျ ဖြစ်သည်။

သူနှင့် ဟန်နီ၏ နောက်ဆုံး အနေအထားကို ပြောပြစဉ်က ကိုရွှေတိုး ခပ်ပြုံးပြုံးနှင့် နား ထောင်ပြီး ဘာမှ မပူပါနဲ့ အခြေအနေကောင်းလာမှာ ပါဟု မှတ်ချက်ချခဲ့သည်။ ကိုရွှေတိုး ထိုသို့ မှတ်ချက်ချသော်လည်း လက်ရှိအနေအထား ကတော့ ဟန်နီက သူ့အား အတွေ့ မခံဘဲ ရှောင်ဖယ် သည့် အနေအထား၌ သာ တည်တံ့နေဆဲ ဖြစ်သည်။ သူမအား ချစ်ကြောင်း ပေါက်ကွဲရင်ဖွင့်ပြီးက တည်းက ဟန်နီ သူ့ကို ရှောင်နေခဲ့သည်မှာ တစ်လနီးပါးမျှ ဖြစ်သည်။

သူမအား လွမ်းဆွတ်စိတ်ဖြင့်သာ သတိတရကြေကွဲနေမိသော်လည်း အလွန်နီးကပ်နေ သည့် စာမေးပွဲအတွက်တော့ စာမျက်ဘဲ နေ၍ မရပါ။

စာစဉ်များ နှင့် အလုပ်ရှုပ်နေသော သူ့ကို ကိုရွှေတိုးက လှမ်းပြောသည်။

“ငါ မနက်ကတောင် ဟန်နီ့ကို ၀င်လှော်ပေးခဲ့သေးတယ်”

“ဘာကိုလဲ”

“သြော် ဟန်နီစိတ်ကြောင့် စာမကျက်နိုင်တဲ့အကြောင်း စာမေးပွဲတောင် သွားမဖြေတော့ ဘူးလုပ်နေတဲ့ အကြောင်းပေါ့ကွာ”

သူစုတ်တစ်ချက်သပ်လျက် ကိုရွှေတိုးကို စိတ်ပျက်စွာ ကြည့်လိုက်သည်။

“ကိုရွှေတိုးကလည်း မဟုတ်က ဟုတ်ကတွေ ၊ ကျွန်တော် စာမှန်မှန်ကြည့်နေတာ ကိုရွှေ တိုးမြင်လျက်သားနဲ့”

“ဟ မုသားမပါ လင်္ကာမချောတဲ့။ မင်းသူ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင် စာမကျက်နိုင်ဘူး လို့ပြောမှ ဟိုက မင်းကို သနားတော့မပေါ့ကွ”

ဒါလည်း ဟုတ်တာပဲဟုတွေးရင် ကိုရွှေတိုး၏ စကားကိုသူ လက်ခံလိုက်ရသည်။

“လုပ်စမ်းပါဦး။ ခင်ဗျား အဲလိုပြောတော့ သူက ဘာပြန်ပြောသလဲ”

“သူပြန်ပြောပုံက အားရစရာပဲကွ”

ကိုရွှေတိုး၏ ဟန်ပန်က တိုက်ပွဲတစ်ပွဲကို အနိုင်ရခဲ့သာ စစ်ဗျူဟာမှူး တစ်ယောက် ၏ မျက်နှာ ပေးမျိုး ဖြစ်၏ ။ သူ အနည်းငယ် စိတ်ဓာတ်တက်ကြွစွာ ဖြင့် “ဘာတဲ့လဲ”ဟု မေးလိုက်သည်။

“သူက ပြောတယ် ကိုနိုင်မင်းထက်ကို အဲလောက်ထိ စိတ်ဓာတ်ပျော့ညံ့လိုက်မယ်လို့ ကျွန်မ မထင်ခဲ့ဘူးတဲ့”

“ကျွတ်သေလိုက်ပါတော့ဗျာ”

“မသေနဲ့ဦး ကိုယ့်လူ ကျန်သေးတယ်။ ဟန်နီက မှာ လိုက်တယ်။ မင်းစာမကျက်ဘဲနေမယ်၊ စာမေးပွဲမဖြေပဲနေမယ်ဆိုလည်း သူ သနားမှာ မဟုတ်ဘူးတဲ့ဗျား။ အဲ .. တစ်ခုတော့ ရှိတယ် မင်း စာမေးပွဲအောင်အောင် ဖြေမယ်ဆိုရင်တော့ .. အောင်စာရင်းထွက်တဲ့နေ့ကျရင် သူတစ်ခုခု လက် ဆောင်ပေးမယ် … တဲ့”

“လက်ဆောင် ဟုတ်လား … ဘာလက်ဆောင်လဲ”

သူ အမောတကော မေးလိုက်သော်လည်း ကိုရွှေတိုးက ချက်ချင်း ပြန်မဖြေဘဲ ဆေးပေါ့ လိပ်တိုကို ဇိမ်ဆွဲ၍ ဖွာနေလေသည်။ ပြီးမှ တိုနံ့နံ့ မုတ်ဆိတ်မွှေးတို့ကို ပွတ်သပ်လျက် …..

“ငါစိတ်ထင်တော့ ပက်ကားဖောင်တိန်လိုဟာမျိုး ၊ ခရော့စ်ဘောပင်လိုဟာမျိုး ဒါမှမဟုတ် လည်း ကြံတိုင်းအောင်လွယ်အိတ်လိုမျိုး .. ဖြစ်မယ် ထင်တာပဲ”

“တော် ပါတော့ဗျာ”

“ဟ .. စာမေးပွဲအောင်တဲ့ ကျောင်းသား တစ်ယောက် ကို အဲလို လက်ဆောင်မျိုးပဲ ပေးတတ် ကြတာမဟုတ်လား”

သူစိတ်ညစ်ညူးစွာ ကိုရွှေတိုးရှေ့မှထ၍ အိပ်ခန်းရှိရာဘက်သို့ ထွက်လာခဲ့သည်။ သူအိပ် ခန်းဝအရောက်၌ ကိုရွှေတိုး လှမ်းအော်သည်။

“နေပါဦး ကောင်လေးရ ငါနောက်တာပါ။ မင်း စာမေးပွဲအောင်ရင် မင်းလိုချင်တဲ့ အဖြေ ပေးမယ်တဲ့”

သူလှပ်ခနဲ ရင်ဖိုသွားပြီး လေတစ်ချက်ချွန်လိုက်မိသည်။ သို့ သော် ကိုရွှေတိုး၏ စကားကို မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ပြန်မေးရသေးသည်။

“တကယ်နော် .. ကိုရွှေတိုး”

“ငါက မင်းကို ညာပါ့မလားကွာ”

“အိုကေ .. အောင်ရုံတောင်မဟုတ်ဘူး။ ဂုဏ်ထူးပါ ပါစေရမယ်လို့ ပြန်ပြောလိုက်”

သူရဲရဲကြီး အာမခံလိုက်လေသည်။

♥ ♥ ♥


သည့်နောက်ပိုင်း သူ၏ စွမ်းစွမ်းတမံလုပ်ဆောင်ချက်များ ကတော့ စာကို မနားမနေကျက် ခြင်းပင် ဖြစ်သည်။ တကယ်တော့ သူဘယ်တုန်းကမှ စာမေးပွဲမကျဘူးသလို ဂုဏ်ထူးမပါသော နှစ် ဟူ၍ လည်း ဘယ်တုန်းကမှ မရှိခဲ့ပါ။ သို့ သော် ယခုစာမေးပွဲက ယခင်စာမေးပွဲလိုမဟုတ်။ သူ့အ တွက် အလွန်အရေး ကြီးသော စာမေးပွဲ ဖြစ်သည်။

မန္တလေးသို့ စာမေးပွဲဆင်းဖြေရမည့် ရက် နီးကပ်လာသော အချိန်မှာ တော့ ဦးချိုထွန်းက သူ့အား ငွေငါးရာထုတ်ပေးပြီး ဟန်နီ ကတော့ ကိုရွှေတိုးမှတစ်ဆင့် စာတိုလေးတစ်စောင် ပေးလာ ခဲ့သည်။

အလွန်သေးကွေးသော စာရွက်လေးပေါ်၌ အလွန်တိုတောင်းစွာ ရေး ထားသည့် သူမ၏ စာက သုံးလုံးတည်း ဖြစ်သည်။

“အောင်ပါစေ” ….. တဲ့။

ထိုအောင်ပါစေဟူသည့် စာရွက်ခေါက်သေးသေးလေးအား အဆောင်ယတြာတစ်ခုသဖွယ် စာမေးပွဲဖြေစဉ်ရက်များ တစ်လျှောက်လုံး သူ၏ အင်္ကျီအိတ်ကပ်ထဲ၌ အမြဲတစေထည့်ထားခဲ့သည်။

ထိုယတြာ၏ အစွမ်းကြောင့် ပဲလားမပြောတတ်။ ထိုနှစ် စာမေးပွဲ၌ သူ ဘာသာစုံဂုဏ်ထူး ထွက်ကာ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ထို့အပြင် သူအလွန်တောင့်တနေခဲ့သော ဟန်နီ့ထံမှ အဖြေကိုလည်းအောင်မြင်စွာ ရရှိခဲ့ပါသည်။

သူမ၏ အဖြေပေးပုံ ကတော့ တဆိတ်စိတ်ကူးယဉ် ဆန်လွန်းလှ၏ ။ သူ စာမေးပွဲအောင်မြင် သော သတင်းပျံ့နှံ့သွားပြီးနောက် တစ်နေ့၌ ကိုရွှေတိုးက သူ့အတွက် စာတစ်စောင် ဟန်နီ့ထံမှ ယူဆောင်လာခဲ့သည်။ စာရွက်ပေါ်၌ ပါရှိသည်က ကလေး တစ်ယောက် ရေး ခြစ်ထားသည့်နှယ် သစ်ပင်တစ်ပင်ပုံ ရေး ဆွဲထားပြီး ၄င်း၏ အောက်၌ (၄း၀၀)ဟု ရေး ထားသည်။

“အဲဒါ ဘာအဓိပ္ပာယ်လဲဗျ”

သူနားမလည်နိုင်စွာ ကိုရွှေတိုးကိုမေးတော့ ကိုရွှေတိုးက ခေါင်းရမ်းတုံ့ပြန်၏ ။

“ငါလည်း စနေမောင်မောင်မှ မဟုတ်တာ။ ဘယ်သိပါ့မလဲ”

သူခေါင်းကုတ်ကာ စာရွက်ကို အပြန်ပြန်အလှန်လှန် ကြည့်ရင်း အဖြေရှာနေမိ၏ ။ နောက်ဆုံးမှ တစ်စုံတစ်ရာကို စဉ်းစားမိကာ သူ့နဖူးကို သူဖြန်းခနဲနေအောင် ရိုက်လိုက်မိသည်။

သေတော့မှာ ပဲ။

ဒီလောက်လွယ်ကူလှတဲ့ သင်္ကေတကို ဘာ ဖြစ်လို့များ စောစောက သူမစဉ်းစားမိခဲ့ရတာ လဲ။ သစ်ပင်ပုံရယ်၊ အောက်က (၄း၀၀)ဆိုတာရယ်က သူတို့ဆုံနေကျနေရာနဲ့ အချိန်ကို ရည်ညွှန်း လိုက်တာပဲ မဟုတ်လား။

“ကိုရွှေတိုး …….. ခု ဘယ်နှစ် နာရီရှိပြီလဲ”

“လေးနာရီ ဆယ့်ငါး”

သူဝုန်းခနဲ ထိုင်ရာမှထရပ်ကာ အိမ်ပေါ်မှ ဆင်းပြေးလာခဲ့သည်။ “ဟေ့ကောင် ဘာကြောင် တာလဲ”ဟူသော ကိုရွှေတိုး၏ အမေးကိုပင် သူ ဂရုမစိုက်နိုင်တော့။

ပြေးစမ်း။ မြန်မြန်လေးပြေးလိုက်စမ်း။

အမောဖောက်မတတ် ကြိုးစားပြေးလာခဲ့သော်လည်း သစ်ပင်အောက်သို့ ရောက်ရှိသွားချိန် ၌ သူမ ရှိမနေတော့ပါ။ (အမှန် ကတော့ နဂိုကတည်းက သူမ ထိုနေရာ၌ ရှိမနေပါဟု နောက်မှ သူ့ အား သူမပြန်လည်ပြောပြခဲ့ပါသည်။)

“ဟန်နီ”

သူမ၏ အမည် ကို ခပ်တိုးတိုးခေါ်လျက် သစ်ပင်ဝန်းကျင်တစ်ဝိုက် လိုက်လံရှာဖွေသော် လည်း သူမကို မတွေ့ ရ။ သူစိတ်ပျက်စွာ ခုံတန်းလျားလေးဆီသို့ ပြန်လာပြီး ခြေပစ်လက်ပစ် ထိုင်ချ လိုက်၏ ။ ထို့နောက် အမှတ်မထင် သူ့အကြည့်တို့က မြေပြင်ပေါ်သို့ ကျရောက်သွားကြသည်။

သည်တော့မှ ရင်ခုန်ဖွယ်ကောင်းလှသော သူမ၏ အဖြေကို သူတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ပြောင်ရှင်းသော မြေပြင်ပေါ်၌ ၀ိုင်းစက်သော လက်ရေး ဖြင့် စာလုံးနှစ် လုံးကို ရေး ခြစ်ထား၏ ။

“ချစ်တယ်”တဲ့။

ဘယ်လောက်များ စိတ်ကူးကောင်းလှတဲ့ သူငယ်မပါလဲ။

ထိုနေ့က မိုးစုပ်စုပ်ချုပ်သည်အထိ နှစ် လုံးတည်းသော ချစ်တယ်ဟူသည့် စာကြောင်းလေး ကို မမှိတ်မသုန် သူထိုင်ကြည့်နေခဲ့သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နေနော် ၏ “ ပျားရည်နှင်းစက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ရောင်ရင့်ရင့်

လျော်ကြေး

အလင်းဖျော့ကောင်းကင်