Cover

အခန်း(၁)

“ဒီကိစ္စ သိင်္ဂီဘယ်လိုမှ လက်မခံနိုင်ဘူး ကိုမင်းခေါင်၊ ကိုယ့်မှာ လည်း သမီးလေးနှစ် ယောက် ရှိနေတယ်။ ဒါကို ဘယ်ကမိန်းမနဲ့ ရလာမှန်းမသိတဲ့ ဒီကလေးကို သိင်္ဂီက ပြုစုစောင့်ရှောက်ပေးပါဆို တော့ ရှင် မလွန်လွန်းဘူးလား”

“ကိုယ်ပြောပြီးပြီလေ၊ ဒီကလေးက ကိုယ့်သမီးအရင်း၊ ကိုယ့်သွေးသားပါလို့ ဒီကလေးအမေနဲ့ ကိုယ်က စိတ်လော်မာဖောက်ပြန်ပြီး လက်ထပ်ချင်လို့ လက်ထပ်ခဲ့တာမဟုတ်ဘူး။ ကိုယ် နိုင်ငံခြား သင်္ဘောလိုက်ရင်း သူများ နိုင်ငံမှာ ကိုယ့်မြန်မာမိန်းကလေး တစ်ယောက် ဒုက္ခရောက်နေတာ တွေ့ လို့ အကူအညီပေးမိတာ”

“ဩော် မျိုးချစ်သူရဲကောင်းကြီးပေါ့၊ သဒ္ဒါလွန်ရင်းနဲ့ တဏှာကျွံမိသွားတယ်ဆိုပါတော့၊ ငွေရေး ကြေးရေး အကူအညီပေးရင်းနဲ့ အသည်းနှလုံးကိုပါ အလှူအတန်းလုပ်ခဲ့တာ အံ့ဩစရာပဲ”

ဒေါ်သိင်္ဂီ ရင်ထုမနာ မဲ့ရွဲ့ပြောနေသမျှ ဦးမင်းခေါင်တင် လေသံပြင်းပြင်းနဲ့တောင် မတုံ့ပြန်ရဲပါ။ အရင်ကဆို ကိုယ်ကသာ အပြစ်မရှိ အပြစ်ရှာနေသလို အော်ငေါက်မာန်မဲနေခဲ့တာ။ ကိုယ်က မိဝေးဖဝေး တစ်နယ်တစ်ကျေးမှာ ပင်ပင်ပန်းပန်း အလုပ်သွားလုပ်နေရတာ မို့ ဟိုဟာမဝယ်နဲ့၊ ဒီဟာ မသုံးနဲ့၊ အပိုငွေတွေ မထွက်စေနဲ့နှင့် စည်းကမ်းတွေ သတ်မှတ်ပြီး ချုပ်ကိုင်ခဲ့သည်။

ဒါကလည်း တချို့သင်္ဘောသားမိသားစုတွေ လို ဖြစ်မှာ စိုးလို့ပင်။ လင်ယောက်ျားတွေ က ပင်လယ်ပြင်ကြီးကိုအဖော်လုပ်ပြီး စိတ်ပင်ပန်း လူပင်ပန်းနှင့် ငွေရှာထွက်။

နောက်က မိသားစုက သင်္ဘောသားကတော် ဆိုသည့် ဂုဏ်ပုဒ်နှင့် ထည်ဝါစွာ နေပြီး ငွေတွေ ဖြုန်း၊ လင်ယောက်ျားနှင့် ကင်းကွာနေရတာ ကိုအကြောင်းပြပြီး နောက်မီးလင်း အပျော်ရှာ။

ဖအုပ်မိအုပ် မကြီးပြင်းရသည့် သားသမီးတွေ က ထင်တိုင်းကြဲ မစဥ့်ကလျား ဖြစ်။

မိသားစုနှင့် ဝေးနေရသည့်ဘဝက ဘာများ ကောင်းလဲ။

ကိုယ်ကမှားနေတော့လည်း ဘယ်လုံဆုံးဖြတ်ရမှန်းပင် မသိတော့တဲ့အ ဖြစ်။

တကယ်တမ်းတော့ သမီးလေးအမေနှင့် ဆုံရသည်က ဖူးစာကံကြောင့် ဆိုတာ ဖြစ်နိုင်သည်။ တရားဝင်သူနာပြုအ ဖြစ်နဲ့ သူများ နိုင်ငံရောက်နေသော မြင့်မြင့်သွယ်က ဆေးခန်းကြီးတွေ မှာ လုပ်ရ တာ မဟုတ်ဘဲ ငွေကြေးချမ်းသာသည့် အိမ်တစ်အိမ်မှာ အဆင့်အတန်းမြင့် အိမ်ဖော်ဘဝရောက်နေ သည်။ အသက်ကြီးကြီး လူနာ တစ်ယောက် ကို ကိုယ်ဖိရင်ဖိ ချေးသေးသုတ်သင်ပေးရပြီး အချိန်မှန် ဆေးတိုက် အစာကျွေးနှင့် အိမ်ထဲကအိမ်ပြင်လည်း လည်ပတ်ခွင့်မပေးပါတဲ့။

အလုပ်သွင်းပေးသည့် ကုမ္ပဏီကတစ်ဆင့် တခြားနေရာကို ပြောင်းပေးဖို့ တောင်းဆိုတော့ လမ်းလေးဆေးဆိုင်လေးတစ်ဆိုင်မှာ အလုပ်ရပြီး နေစရိတ် စားစရိတ်မငြိမ်းတာမို့ ရတဲ့လစာနှင့် မလောက်မင ဖြစ်လာသည်။

အဆင်မပြေ ဖြစ်နေတာတွေ ဖြေရှင်းဖို့ သူတို့သင်္ဘောဒေါက်တင်သော သင်္ဘောဆိပ်ကမ်းနားက စာသောက်ဆိုင်မှာ အချိန်ပိုင်းစားပွဲထိုးဘဝ ရောက်သွားသည်။

မြို့ထဲတွေ လည်ပတ်ခွင့်မရှိသော သူတို့သင်္ဘောသားတွေ အတွက် ထိုစားသောက်ဆိုင်လေးက နားခိုရာစတည်းချနေရာလေး ဖြစ်သည်မို့ မြင့်မြင့်သွယ်နှင့် ဆုံစည်းခဲ့ရသည်။

မြန်မာသွေးမြန်မာစိတ်ရှိသူမို့ မိတ်ဖွဲ့ရင်း သူမအခက်အခဲတွေ ကြားသိရကာ အဆင်ပြေအောင် ငွေရေး ကြေးရေး ကအစ အကူအညီတွေ ပေးခဲ့၏ ။

နောက်ပိုင်း ဆိုင်ရှင်ရဲ့ ပရောပရီအခွင့်အရေး ယူတာ ခံရတော့မည့်  မြင့်မြင့်သွယ်ကို မြန်မာပြည် ပြန်လာလို့ရအောင်လုပ်ပေးခဲ့ပြီး မြဝတီဘက်မှာ အိမ်လေးတစ်လုံးဝယ်ပေး၍ လက်ထပ်လိုက်ရသည်။ ဒီအကြောင်းတွေ ကို မန္တလေးမှာ ကျန်ရစ်ခဲ့သော သိင်္ဂီနွယ် လုံးဝမသိ။ ခရီးတစ်ခါထွက်တိုင်း တစ်နှစ် ၊ နှစ် နှစ် ကြာတတ်တာမို့ အပြင်မှာ ဘာတွေ ဖြစ်နေတာလည်း သတိထား၊ ဂရုမစိုက်တာ ဖြစ်နိုင်သည်။

ကိုယ်က အိမ်ပြန်ရောက်တော့လည်း သမီးလေးနှစ် ယောက် ကိုနှင့် သိင်္ဂီနွယ်ကို အရင်လောက် အပြစ်မရှာတော့ဘဲ နွေးနွေးထွေးထွေးနေပေးခဲ့တာကိုး။

မြင့်မြင့်သွယ်ဆီ တစ်လှည့်သွားနေပေးဖို့ အချိန်မှာ လည်း အကြောင်းပြကောင်းကောင်းနှင့် ဆင်ခြေပေးတတ်ခဲ့၍ သူ့အတွက်က အဟန့်အတားမရှိ အဆင်ပြေနေခဲ့သည်။

အခုတော့ တီဘီ ရောဂါ နှင့် မြင့်မြင်သွယ်ဆုံးသွားပြီမို့ ရှစ်နှစ် အရွယ်သမီးလေးကို မြဝတီမှာ တစ်ယောက် တည်းထားခဲ့လို့မ ဖြစ်တော့။ တခြားသူစိမ်းတွေ ဆီမှာ အပ်ထားခဲ့ဖို့လည်း မျက်နှာလွှဲခဲပစ် မလုပ်ရက်။

ဒါကြောင့်မို့ သိင်္ဂီနွယ်ကို အကျိုးအကြောင်းအမှန်တိုင်း ပြောပြပြီး အောက်ကျို့ခံတောင်းပန်ရ သည်။

ကိုးနှစ် ကျော် ဖုံးထားနိုင်ခဲ့သော သူ့အရှုပ်ထုပ်ကို ခုမှသိလိုက်ရသော သိင်္ဂီနွယ် ဆွေ့ဆွေ့ခုန် ဆတ်ဆတ်တုန်နေတာ သူဘာပြောနိုင်မှာ လဲ။

အဓိကက သူခရီးသွားနေစဉ်မှာ သမီးလေးကို စောင့်ရှောက်ပေးဖို့ပင်။

“မင်း ဘာပြောပြော ကိုယ်ခံပါ့မယ်။ ကိုယ့်အမှားအတွက် တောင်းလည်းတောင်းပန်ပါတယ်။ ဟို အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်ဆိုပေမယ့် မင်းတို့မိသားစုအပေါ် တာဝန်မကျေခဲ့တာတော့ မဟုတ်ဘူးနော်။ ချမ်းချမ်းသာသာထားခဲ့တယ်။ ပြည့်ပြည့်စုံစုံ ထောက်ပံ့ခဲ့တယ်။ သောက်စားမူးယစ် လောင်းကစားလုပ်ပြီး အိမ်ထောင်တာဝန်မကျေခဲ့တာမှ မဟုတ်တာ”

“အဲလိုလူပါဆိုပြီး ထိုင်ရှိခိုးပြီး ကိုးကွယ်ရမှာ လား ကိုမင်းခေါင်၊ အရင်တုန်းက မသိခဲ့လို့ သူများ ယောက်ျားတွေ နဲ့မတူဘူးဆိုပြီး လက်မထောင်နိုင်ခဲ့ပေမယ့် အခု အိမ်ထောင်ရေး ဖောက်ပြန်ပြီး ရှစ်နှစ် သမီး လက်ဆွဲအိမ်ပြန်လာတဲ့ ရှင့်ကြောင့် ပတ်ဝန်းကျင်မှာ သိင်္ဂီ ဘယ်လိုမျက်နှာပြရမှာ လဲ။ ရွယ်တူ တွေ လို ဖြစ်နေတဲ့ အိမ်က သမီးနှစ် ယောက် ကရော ငါတို့အဖေပဲဆိုပြီး ဂုဏ်ယူနိုင်ပါ့မလား”

ဒါ ကတော့ကွာ၊ ကံကြမ္မာကြောင့် ဖြစ်လာတာပဲ။ သမီးတွေ ကို မင်းရှင်းပြပေါ့”

“အဲဒီ ကံကြမ္မာက လူလော်မာလို့ ဖြစ်တာလေ၊ ဘာရှင်းပြပေးစရာလိုလို့လဲ၊ မိန်းမတွေ ကို ကန့်သတ်ချုပ်ချယ်ပြီး သူတို့လုပ်ချင်တာလုပ်တော့ ကံကြမ္မာကို လွှဲချတယ်။ သမီးအရွယ်ရောက်မှာ သိရတာ သိင်္ဂီကိုက အလွန်းလို့ပါ”

“ကဲပါကွာ၊ ဒါတွေ ပြောမနေပါနဲ့တော့။ မြင့်မြင့်သွယ်လည်း သေရှာပါပြီ။ သမီးလေးကိုတော့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးမှ ဖြစ်မှာ ပေါ့ကွာ။ အခု ကိုယ်ပြောတာလက်မခံဘူးဆိုရင် တစ်ခုခုတော့ လုပ်ရမှာ ပဲ”

“ဟင် ရှင်ကဘာလုပ်ဦးမလို့လဲ”

ဒေါ်သိင်္ဂီနွယ် အထိတ်အလန့် ဖြစ်ကာ မျက်လုံးပြူးမျက်ဆံပြူးသွား၏ ။ ဦးမင်းခေါင်တင်က သက်ပြင်းရှည်ကြီးချကာ-

“ကိုယ် သင်္ဘောထွက်နေတဲ့အချိန် သမီးလေးကို စိတ်ချလက်ချထားခဲ့နိုင်အောင် နောက်အိမ် ထောင်ပြုရမှာ ပေါ့”

“ဘာ”

“မင်းလက်မခံနိုင်ရင် ကိုယ် အဲလိုပဲလုပ်ရမှာ ပေါ့ သိင်္ဂီ သမီးလေးကို မိဘမဲ့ဂေဟာမှ ပို့လို့မ ဖြစ် တာ”

“ဩော် တစ်ယောက် နဲ့အားမရလို့ နောက်အမြှော င်ထပ်ထားဦးမယ်ပေါ့လေ၊ ရှင်တို့ယောက်ျား တွေ နောက်အငယ်အနှောင်းထားချင်ရင် အဲလိုအမျိုးမျိုး ဆင်ခြေပေးတတ်ကြတာပဲလား။ ခြိမ်းခြောက် တတ်ကြတာပဲလား။ သမီးမိန်းကလေးတွေ မွေးထားပြီးများ ဒီလိုအကြံအစည်မျိုး ရှိနေသေးတယ်၊ အံ့ဩပါရဲ့ ရှင် အံ့ဩပါရဲ့ ”

ဆွေ့ဆွေ့ခုန်ကာ ဘယ်လိုပဲ အော်ဟစ်တိုင်တည်နေနေ နောက်ဆုံးတော့ ပန်တော် ဆင့်ဆို သော လင်ပါသမီးကို ဒေါ်သိင်္ဂီနွယ် လက်ခံခဲ့ရတာ ပင်။

သင်္ဘောတက်ချိန်မှာ ဦးမင်းခေါင်တင်က အေးအေးသက်သာ သင်္ဘောပြန်တက်သွားပြီး မိမိ ကိုယ်တော့ ဝန်ထုပ်ဝန်ပိုးကြီးနှင့် ထားရစ်ခဲ့သည်။

လင်ယောက်ျားရှိနေတုန်းမှာ မကြည်ဖြူမလိုလားသော်လည်း အောင့်အည်းသည်းခံနေခဲ့ရပေ မယ့် ကွယ်ရာမှာ လင်ပါသမီးကို ဟန်ဆောင်ပြီးတောင် ချစ်မပြနိုင်။ ကိုယ့်သမီးတွေ က အံတကြိတ် ကြိတ်၊ နှုတ်ခမ်းတကိုက်ကိုက် မကျေမနပ် ရန်လိုနေခဲ့တာလည်း ဖြေသိမ့်မပေးခဲ့။ သူ့ကံကြမ္မာနဲ့သူ ဒီအိမ်ကိုရောက်လာခဲ့တာ စာနာပေးစရာလိုလို့လား။

ပတ်ဝန်းကျင်မှာ တောင် မင်းခေါင်တင်ရဲ့ သွေးသားလို့ မသိအောင် ရေငုံနှုတ်ပိတ်နေခဲ့သည်။

“ဒီကလေးကို ရှင်နဲ့တခြားမိန်းမ ပတ်သက်ပြီးရလာတဲ့ကလေးလို့ တစ်သက်လုံးဖွင့်မပြောဘူး ဆိုရင် သိင်္ဂီ ပြုစုစောင့်ရှောက်ပေးမယ် ကိုမင်းခေါင်၊ ဒါမှမဟုတ် ငါ့သမီးပဲ သိသပေါ့လို့များ ကြွေးကြော် ချင်တယ်ဆိုရင်တော့ သိင်္ဂီ သမီးနှစ် ယောက် ကို ခေါ်ပြီး အဝေးကိုထွက်သွားမယ်”

မိမိကို ပြန်ပြီးခြိမ်းခြောက်ခဲ့ကာ ဦးမင်းခေါင်ကို ထိန်းချုပ်ကြိုးကိုင်ထားရသည်။

ဒီလိုလုပ်ရခြင်းအကြောင်းအရင်းက ဆွေမျိုးအသိုက်အဝန်း၊ မိတ်ဆွေအပေါင်းအသင်းတွေ ကြားမှာ ဂုဏ်သိက္ခာကို အဖတ်ဆယ်လိုက်ရခြင်းပင်။ တိတိကျကျနှင့် မယုံသင်္ကာမ ဖြစ်အောင် ဦးမင်း ခေါင်တင်ကွယ်ရာမှာ မိမိက ပိုပိုသာသာလေးပင် ပြောထားလိုက်သည်။

ပန်တော် ဆင့်ဆိုတာ မိဘတွေ မရှိတော့သည်မို့ နယ်ကနေဆွေရိပ်မျိုးရိပ်မကင်း၍ သနားဂရု ဏာသက်ပြီး ကိုယ့်သမီးတွေ အဖော်ရအောင် တောက်တိုမယ်ရခိုင်းလို့ရအောင် ခေါ်ထားလိုက်တာလို့။

ဒီကလေးကို ဒီအဆင့်မှာ ပဲ ထားနိုင်မှာ ပေါ့။

ဟွန်း ကိုယ်နဲ့မှ ဘာမှမပတ်သက်တာ။

ပန်တော် ဆင့်။

x x x

အခန်း(၂)

“ရှင် အန်တီနွယ် လာပါပြီ”

စူးခနဲအော်လိုက်သည်နှင့် လက်ကလေးပိုက်၍ ပျာပျာသလဲ အနားရောက်လာသည်။ တင်း ထန်မာဆတ်နေသော ဒေါ်သိင်္ဂီနွယ် မျက်နှာကိုလည်း ဘယ်တော့မှ မော့မကြည့်ရဲပါ။

“အိမ်အလုပ်တွေ အကုန်ပြီးပြီလား”

“ဟုတ်ကဲ့ ပြီးပါပြီ”

“အေး ပြီးပြီးဆိုတိုင်း စာသွားကျက်လို့ရမလား။ ငါ့ကို နင်းနှိပ်ပေးရဦးမယ်။ အိပ်ရာပြင်ပေးဦး လေ၊ အဲဒီ ကိစ္စက ငါက နေ့တိုင်းပြောနေရမှာ လား”

“မ မပြောရပါဘူး၊ အိမ်အလုပ်တွေ ပြီးပြီဆိုပေမယ့် မီးခိုခန်းထဲက ပါကေးတွေ သန့်ရှင်းရေး လုပ် ဖို့ ကျန်သေးလို့၊ အဲဒါလုပ်နေတာပါ၊ ပြီးရင် မမလေးကလည်း သူစာကျက်ရင်းစားဖို့ လက်ဖက်သုပ်ခိုင်း ထားပါသေးတယ်၊ မမကြီးက ကော်ဖီတစ်ခွက်တဲ့”

“ဟဲ့ ဒါတွေ က အလုပ်ကြီး အကိုင်ကြီးလား၊ လုပ်စရာရှိတာ မြန်မြန်ဆန်ဆန် သွက်သွက်လက် လက်လုပ်မှပေါ့၊ တကတဲ လူငယ် ဖြစ်ပြီး ပေါ့ပေါ့ပါးပါးမရှိဘူး။ အချိန်လစ်ရင်လစ်သလို စာကျက်ဖို့ပဲ ချောင်းနေတယ်”

“စာ စာမေးပွဲနားနီးလို့ပါ”

“ဩော် စာမေးပွဲနားနီးလို့ စာကျက်ချင်တယ်ပေါ့၊ ငါ့အိမ်အလုပ်တွေ လစ်ဟာမှု မရှိအောင် ကျောင်းထုတ်လိုက်ရမလား၊ မိပန်တော် ဆင့် ဟင်”

“မ မလုပ်ပါနဲ့ အန်တီနွယ်၊ ဆင့်ဆင့် အလုပ်တွေ ပြီးအောင်လုပ်ပါ့မယ်”

ကျောင်းထုတ်မှာ ကိုတော့ ပန်တော် ဆင့် သေမလောက်ကြောက်သည်။ ကျောင်းတက်နေတဲ့ အချိန်လေးပဲ သူမအတွက် စိတ်ထွက်ပေါက်ရတာ ပါ။ မိုးလင်းမိုးချုပ် ဒီအိမ်ကြီးမှာ မအားမလပ် အလုပ်တွေ လုပ်ရင်း အော်ငေါက်မာန်မဲနေသော စကားလုံးတွေ မျက်နှာကြောတင်းတင်း မာမာဖြင့် လက်ညှိုးထိုးရန်လိုနေတဲ့ မျက်လုံးတွေ အောက်မှာ အသက်ရှုပေါက်ပိတ်ပြီး မွန်းကျပ်ပိတ် လှောင်နေ ခဲ့ရတာ မဟုတ်လား။

စာကျက်ချိန်ဆိုတာလည်း သူမ အိပ်ချိန်ထဲက ဖဲ့ပေးရသော တာဝန်တစ်ခုပင်။ အားလပ်ချိန်မရှိ သော သူမအတွက် သီးသန့်စာကျက်ချိန်ဆိုတာမရှိ။

“ညည်းကို ပညာတတ်ကြီး ဖြစ်အောင် ကျောင်းထားပေးနေတာမဟုတ်ဘူး။ ညည်းအဖေပြော လွန်းလို့ မထားချင်ဘဲနဲ့ ထားနေရတာ ။ ကြောက်လို့တော့မဟုတ်ဘူးနော်။ ညည်းအဖေ သူ့အပြစ်သူ သိတယ်။ ညည်းလည်း ကိုယ့်နေရာကိုယ်သိပါ။ ဖအေလာလို့ အိမ်အလုပ်တွေ လုပ်ရတာ စာကျက်ချိန်မရှိတာတွေ သွားပြောလို့ ကတော့ အိမ်ဖော်ကနေ ခေါင်းနဲ့ဆင်းရမယ်မှတ်၊ ပလီပလာ အချွဲပိုလို့ သမီးနှစ် ယောက် နဲ့ တစ်ယောက် လဲမယ်ဆိုရင်လည်း လဲစမ်းပါစေ၊ ဒင်းလိုလူမျိုး ဆယ်ခါပြန် တောင်ကွာပေးလိုက် မယ်”

ဖေဖေ့အပေါ် မကျေနပ်ချက်တွေ ကိုလည်း သူမပေါ်ဘဲ စုပြုံသက်ရောက်စေလျက် ဘယ်တော့ မှလည်း သက်သက်ညှာညှာမရှိပါ။ ပပနွယ်နှင့် မြမြနွယ်ကလည်း သူမကိုဆို ငယ်ငယ်ကတည်းက ချေး တုံးခွေးနိုင်သလို။

ဘောလုံးတစ်လုံးကို ကုန်းပိုးစီးပြီး ဟိုဘက်ဒီဘက် ပုတ်တမ်းဆော့လျှင် ညီအစ်မနှစ် ယောက် သူမအပေါ် ခွဲတမ်းချ၍ စီးကြသည်။ ဘယ်တော့မှ သူတို့အပေါ်က သူမ ကုန်းပိုးစီးဖူးတယ်ဆိုတာမရှိ။

အဝတ်အစားဆိုလည်း သူတို့မဝတ်ချင်လို့ သူများ ကိုပေးတော့မယ်၊ လွှင့်ပစ်တော့မယ်ဆိုမှ ဒေါ် သိင်္ဂီနွယ်က သူမကိုပေးဝတ်စေသည်။

ဖေဖေပြန်လာလျှင်တော့ ညီအစ်မသုံးယောက် ကို အဝတ်အစားသုံးစုံ လှလှလေးတွေ ဆင်တူ ဝယ်လာတတ်သည်။ ဒါပေမဲ့လည်း ဖေဖေ့ရှေ့မှာ သာ ဝတ်ခွင့်ရပြီး ဖေဖေသင်္ဘောတက်သွားပြီဆိုလျှင်-

“ကိုယ်နဲ့ တန်ရာတန်ရာနေ၊ တန်ရာတန်ရာဝတ်၊ ငါ့သမီးတွေ နဲ့ ဘယ်တော့မှ မနှိုင်းယှဉ်နဲ့၊ မပြိုင်ဆိုင်နဲ့၊ ညည်းက လင်ခိုးမသမီး၊ မယားငယ်သမီး၊ ပတ်ဝန်းကျင်မှာ အဲလိုအကဲ့ရဲ့ မခံချင်ရင်တော့ ကိုယ့်အနေအထား ကိုယ်သိပြီး ဆင်ဆင်ခြင်ခြင်နေပါ”

ရင့်ရော်သော နှုတ်ခမ်းများ က ထွက်လာသမျှစကားလုံးတွေ က သက်သော င့်သက်သာမရှိပါ။ ဒီလိုနှင့် ကြောက်ရွံ့အရှုံးပေး ကြီးပြင်းလာခဲ့ရသော သူမဘဝ ဖေဖေ့မေတ္တာကိုလည်း အပြည့်အဝမရ ပါ။

ဖေဖေကိုယ်တိုင်က အပြစ်တွေ များ သူမို့ ဒေါ်သိင်္ဂီနွယ်ကို ဘာမှမလွန်ဆန်နိုင်တော့ဘဲ။

“ဟဲ့ ဘာတွေ ငိုင်နေတာလဲ လုပ်စရာရှိတာ မြန်မြန်သွားလုပ်လေ၊ ပြောလိုက်ရင် ကြောက်သလို ရွံ့သလိုနဲ့ မထုံတက်သေး ဖြစ်သွားပြီ၊ ဘယ်နေရာမှာ သုံးစားရမှာ လဲ”

ဘယ်လိုနေနေ အပြစ်မလွတ်တာမို့ မျက်ရည်စမ်းစမ်းနှင့် လှည့်ထွက်ခဲ့ရသည်။ ထိုမျက်ရည်တွေ အဖော်ပြုပြီး ဒီအိမ်ကြီးကို အောက်ကျို့ခံသည်းခံနေခဲ့ရတာ ဆယ်နှစ် ဝန်းကျင်တောင်ရှိပြီ ထင်သည်။ ငယ်ရွယ်စဉ်က အနှိမ်ခံဘဝကို သိပ်မမှတ်မိတော့ဘူးဆိုပေမယ့် အခုလက်တွေ့ မှာ တော့ ရင်ဘတ်တစ် ခုလုံး ဒဏ်ရာတွေ ဗရပွနှင့် ခါးသီးမှု တွေ အပြည့်။

ရုန်းထွက်ခွင့်သာဖို့ သူမ ဘာတွေ လုပ်ရမလဲ။

ဘယ်ကိုပြေးရမလဲ။

x x x

အခန်း(၃)

“ဟဲ့ ဆင့်ဆင့် ဈေးသွားမလို့လား”

“ဩော် ဟုတ်ကဲ့၊ မမမူလည်း ဈေးသွားမှာ မဟုတ်လား၊ အတူတူသွားမယ်လေ”

“အေး ငါ့အိမ်ရှင်က ဆိုက်ကားခတော့ ပေးလိုက် ပါတယ်။ အပြန်မှပဲ စီးတော့မယ်ဟယ်၊ ဈေးထဲရောက်ရင် မုန့်လေးဘာလေး ဝယ်စားရတာ ပေါ့၊ နင်ရော နင့်အိမ်ရှင်က ဆိုက်ကားခပေးလိုက် တယ်မဟုတ်လား”

“ဟုတ် ဟုတ်ကဲ့ ပေးလိုက် ပါတယ်၊ ဒါပေမဲ့ မမမူနဲ့ လမ်းအတူလျှောက်ပါမယ်”

“အေး တို့အိမ်ဖော်တွေ လည်း အဲလိုပိုပြီး အပင်ပန်းခံမှ အပိုဘောက်ဆူးလေးဘာလေး ထွက်တာ၊ အိမ်မှာ သူတို့တွေ စားသလိုမစားရတော့ တစ်ခါတလေ စားချင်သောက်ချင်တာပဲဟယ်၊ နင့်အိမ်ရှင်ကရော မုန့်တွေ ဘာတွေ ကျွေးရဲ့ လားဟင်”

“ဟင်”

“ဩော် အေး ဘယ်ကျွေးပါ့မလဲ၊ ငါကလည်း လျှောက်မေးနေမိတယ်၊ သူဌေးတွေ က သူတို့စားမကုန်လို့ သွန်ပစ်ရတာ ကို ဂုဏ်ရှိတယ်လို့ထင်ကြတာ၊ အိမ်ဖော်တွေ ကိုကျွေးရင် အကောင်း ကြိုက်သွားပြီး ခိုးစားတတ်လာမှာ စိုးလို့တဲ့လေ၊ ငါ့အိမ်ရှင်တွေ က တော် တော် ဆိုးတာပဲ”

ကျွန်မဘဝက ပိုဆိုးပါတယ် ဟု ပြောပစ်ချင်လှသည်။ သူဌေးကြီး ဦးမင်းခေါင်တင်သမီးက သူများ တွေ အိမ်က အိမ်ဖော်လောက်တောင် အဆင့်မရှိ။

ဒီဘက်ခေတ်မှာ အိမ်ဖော်ကို အိမ်ဖော်ဟုမခေါ်ရတော့ဘဲ အိမ်အကူဝန်ထမ်းလို့ သုံးနှုန်းလာကြ သလို ထိုဝန်ထမ်းတွေ ကို ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်လို့မရတော့သည့် ဥပဒေတွေ ရှိလာသည်။

သူမဘဝ ကတော့ တရားဝင်အိမ်အကူဝန်ထမ်းလည်းမဟုတ်သည့်အတွက် ဘယ်သူကို တိုင် တည်ရမည် မှန်းမသိဘဲ အငယ်အနှောင်းသမီးမို့ ရင်ဖွင့်ဖို့လည်း မစွမ်းသာ။

ခြံချင်းကပ် သူဌေးအိမ်မှာ လုပ်သော မမမူက သူမကိုအိမ်ဖောင်လို့ထင်နေတာတောင် မဟုတ်ပါ ဘူးလို့ ရှင်းမပြရဲသည့်အ ဖြစ်။

“ဟဲ့ နင့်သူဌေးတွေ က နင့်ကိုကျောင်းထားပေးတယ်ဆိုတော့ တော် တာပေါ့ဟဲ့။ အရင်နှစ် က ဆယ်တန်းကျတာတောင် ဒီနှစ် ပြန်ထားပေးသေးတယ်နော်”

“ဟုတ် ဟုတ်ကဲ့”

“နင်ကလည်းဟယ် ဒီလောက်ကောင်းတဲ့အိမ်ရှင်တွေ ကို အားမနာတတ်လိုက်တာ၊ တစ်နှစ် တည်းနဲ့ အောင်အောင်ဖြေရမှာ ပေါ့၊ ဒီလောက်ဥာဏ်တုံးရသလား၊ ညံ့ရသလား”

“ကျွန်မ ညံ့လို့မဟုတ်ပါဘူးလို့ မမမူကို ဘယ်လိုရှင်းပြရမလဲ။ ထိုနှစ် က အငယ်မ ပပနွယ်နှင့် ဆယ်တန်းတူတူဖြေရသည်။ ခုံနံပါတ်ချင်းလည်း ယှဉ်တွဲ ကျ၏ ။

ဖြစ်ချင်တော့ အလည်အပတ် အပျော်အပါးမက်သော ပပနွယ်က ကျူရှင်တက်ဝိုင်းတက်နှင့် ငွေကုန်ကြေးကျခံထားပေမယ့် အိပ်ချိန်မှာ သာ စာခိုးကျက်ရသည့် သူမလောက် အမှတ်ကောင်း ကောင်းရအောင် မဖြေနိုင်။

“သမီး လုံးဝမကျေနပ်ဘူး အမေ၊ ဘာကျူရှင်မှမတက်ဘဲနဲ့ သူက ဘာလို့ သမီးထက်ဖြေနိုင်ရ တာလဲ၊ အိမ်မှာ ခိုင်းထားတဲ့ကောင်မက သမီးထက်အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်သွားရင် တော့ သမီးသူငယ်ချင်းတွေ က ကဲ့ရဲ့ တော့မှာ ပဲ”

“အဲလိုမ ဖြစ်ချင်တာများ အလွယ်လေးပါသမီးရယ်၊ သူ့ကိုစာမေးပွဲကျအောင် လုပ်လိုက်ပေါ့”

နားစွန်နားဖျားကြားခဲ့မိတာဆိုပေမယ့် သူတို့ဘာလုပ်ကြမယ်ဆိုတာ ထိုအချိန်ကသဘော မပေါက်ခဲ့ပါ။ စာမေးပွဲနောက်ဆုံးရက်ကျမှ သူမအဖြေလွှာကို ဆရာမ တွေ မသိအောင် မင်နီတား၍ စာ မေးပွဲကျစေခဲ့သည်။ သိသိချင်း သည်းသည်းထန်အောင် ရှိုက်ငိုမိပေမယ့် ဆရာမ တွေ လာမေးသည့် အချိန်မှာ စာမေးပွဲမဖြေနိုင်လို့ပါဟု လိမ်ညာဖြေခဲ့ရသည်။ ဖေဖေပြန်လာတော့လည်း ထိုအတိုင်းသာ ပြောခဲ့ရ၏ ။

“ဘယ်တတ်နိုင်မလဲသမီးရယ်၊ ဒီတစ်နှစ် မအောင်တော့လည်း နောက်တစ်နှစ် ပေါ့့၊ သမီးအစ်မ တွေ က တက္ကသိုလ်ရောက်ကုန်ကြပြီ၊ အဲလို ဖြစ်အောင်ကြိုးစား သမီး”

ဖေဖေ ကတော့ သူမခေါင်းလေးကိုပုတ်ကာ အားပေးခဲ့ပါသည်။ ဒေါ်သိင်္ဂီနွယ် မျက်စောင်း အောက်မှာ လူတစ်ကိုယ်လုံး သေးငယ်ကျုံ့ဝင်လျက် အမှန်အတိုင်း မပြောရဲခဲ့။

“ဟဲ့ ဆင့်ဆင့် ဟိုမှာ မုန့်ဟင်းခါးသည်က အငွေ့တထောင်းထောင်းနဲ့ ဈေးမဝယ်ခင် အရင်ဆုံး ဝင်စားရအောင်”

“ရှင် ဟုတ်ကဲ့၊ ကျွန်မမစားတော့ပါဘူး။ မမမူစားတာ ထိုင်စောင့်ပေးမယ်”

“အေး အဲဒါဆို ငါစားလိုက်မယ်နော်၊ နင် ဈေးဝယ်စရာများ ရင်လည်း ငါကူဝယ်ပေးမှာ ပေါ့၊ ထိုင် စောင့်နော်”

မမမူက ဘူးသီးကြော်နှင့် မုန့်ဟင်းခါးတစ်ပွဲ မှာ စားတော့ သူမ ထိုင်စောင့်ပေးရင်း စဉ်းစားနေမိ သည်။

ခရီးတစ်ခါထွက်လျှင် တစ်နှစ် လောက်ကြာတတ်သော ဖေဖေပြန်မလာခင်မှာ ကြိတ်မှတ်သည်း ခံအောင့်အီးနေရသော ဒီဘဝကြီးမှာ သူမ မနေချင်တော့။

ဖေဖေပြန်လာလို့လည်း သူမဘက်က အချိန်တိုင်း အကာကွယ်ပေး ရပ်တည်နိုင်တာမှ မဟုတ် တာ။

အပြစ်လုပ်ထားသူမို့ ဒေါ်သိင်္ဂီနွယ် ငြူစူစောင်းမြောင်းပြောဆိုနေသမျှ ခေါင်းငုံ့လိုက်လျောနေရ သော ဖေဖေ့ကို သနားသည်။

“ဟို မမမူ ဒီအိမ်ကို ဘယ်လိုရောက်လာတာလဲဟင်၊ ပွဲစားတွေ ကတစ်ဆင့်လား၊ အသိမိတ်ဆွေ တွေ က ပို့ပေးတာလား”

“ဩော် ဒီအိမ်ကို ရောက်လာတာလား၊ ရွာကိုလာခေါ်တဲ့ ပွဲစားတွေ ကတစ်ဆင့်ပေါ့၊ ပွဲစားဆို တာကလည်း တို့ရွာကပါဟယ်၊ ရန်ကုန်- မန္တလေးဈေးအရောင်းအဝယ်လုပ်နေရင်းကနေ ဂျင် ဖြစ်နေ တာပေါ့၊ သူ့ဈေးဝယ်ဖောက်သည် သူဌေးအိမ်တွေ က အလုပ်သမားလိုတယ်ဆိုရင် ပွဲစားခတစ်လစာ ယူပြီး အလုပ်သမားရှာပေးတာပေါ့”

“ရန် ရန်ကုန် ဟုတ်လား”

“အေးလေ ဘာ ဖြစ်လို့လဲ၊ ရန်ကုန်က လူလိုတယ်ဆိုလည်း ရန်ကုန်ခေါ်သွားပြီး ပို့ပေးလိုက် တာပဲ”

“ရန်ကုန်ဆိုရင် ကျွန်မသွားချင်လိုက်တာ”

“ဟော့တော် ဘယ်လို ဖြစ်တာလဲ၊ ကျောင်းထားပေးတဲ့ ဒီအိမ်ထက် ဘယ်အိမ်က ပိုကောင်းနိုင် မှာ လဲ၊ အိမ်ဖော်ကို ကျောင်းထားပေးတဲ့အိမ် ကျုပ်တစ်သက်တော့ ဒီတစ်အိမ်ပဲ တွေ့ ဖူးတယ်”

အကြောင်းမသိလို့ ဆက်ရက်ချိုးထင်တာ မဆန်းပေမယ့် သူမ ကတော့ ဘာမှရှင်းမပြနိုင်ဘဲ ကိုယ့်အကြောင်းနဲ့ကိုယ်။

“အဲ အဲဒီ အဒေါ်ကြီးနဲ့ မမမူ တစ်ခါမှ မတွေ့ တော့ဘူးလား ဟင်”

“တွေ့ တာပေါ့ ရွာကအမေကို လစာပေးချင်ရင် သူနဲ့ပဲ လူကြုံပေးရတာ လေ။ သူက ရွာနဲ့ ရန်ကုန် မန္တလေးကို အရောင်းအဝယ်နဲ့ အမြဲကူးချည်သန်းချည်လုပ်နေတာ”

“ဒါဆို ဒီတစ်ခေါက်လာရင် ရန်ကုန်မှာ အလုပ်လုပ်ချင်လို့ ပြောပေးပါလားဟင်၊ မမမူကျေးဇူး မမေ့ပါဘူး”

“ညည်းနှယ်အေ ခက်တော့တာပဲ”

“မခက်ပါဘူး မမမူရယ်၊ ကျွန်မ ဒီအိမ်မှာ မနေချင်တော့လို့ပါ။ ဒီအိမ်ကလူတွေ က အပြင်ပန်း ကောင်းတယ်ထင်ရပေမယ့် အရမ်းဆိုးတာ မမမူရဲ့ ၊ ပညာကိုလည်း သင်ပေးချင်လို့ သင်ပေးတာ မဟုတ်ဘူး၊ တခြားအကြောင်းတွေ ရှိနေလို့”

“ဘယ်လို”

မမမူက ဟင်းရည်ထပ်တောင်းရင်း နားမလည်သလို သူမဘက် လှည့်ကြည့်၏ ။ သူမက အိုးတိုး အမ်းတမ်း ဖြစ်သွားကာ-

“ဟို မမမူသိလည်း စိတ်မကောင်း ဖြစ်မယ့်ကိစ္စပါ၊ မသိချင်ပါနဲ့ မမမူရယ်၊ အလုပ်သမားတစ် ယောက် ကို ဘယ်သူမှအကြောင်းမရှိရင် မကောင်းကြဘူးဆိုတာ မမမူလည်း သိတာပဲမဟုတ်လား”

“အင်း ညည်းပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ ဝေးဝေးလံလံ ရန်ကုန်ထိသွား လုပ်မလို့လား၊ မန္တလေးမှာ ပဲ တခြားနေရာပြောင်းလုပ်ကြည့်လို့ မ ဖြစ်ဘူးလား”

“ဟင့်အင်း ဒီမှာ မလုပ်ချင်ဘူး မမမူ၊ တစ်ရွာမပြောင်း သူကောင်းမ ဖြစ်ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား၊ နေရာအသစ်မှာ အတွေ့ အကြုံသစ်ရှာကြည့်ချင်လို့ပါ၊ ဒီမှာ နေရတာ အရမ်းမွန်း ကျပ်နေပြီး ငြီးငွေ့နေပြီ”

“ဟဲ့ ညည်းဆယ်တန်းပြန်ဖြေဦးမှာ မဟုတ်လား၊ တိုးလိုးတန်းလန်းနဲ့ ဘယ်လိုလုပ်မလဲ”

“အခြေအနေအရပေါ့ မမမူရယ်၊ ဟိုမှာ အလုပ်အဆင်ပြေဆိုရင် ဆယ်တန်းမဖြေရလည်း အရေး မကြီးပါဘူး။ နောက်မှ အခွင့်အရေး ရတော့လည်း ပြန်ဖြေမှာ ပေါ့”

“အေး ညည်း ဒီလောက် စိတ်အားထက်သန်နေလည်း ဒီတစ်ခါလာရင် ငါပြောထားလိုက်ပါ့ မယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မမမူ၊ ကူညီပါနော်”

“ဘဝတူချင်း ကျေးဇူးတင်နေစရာလည်းအေ၊ ကိုယ်လည်း အကျိုးယုတ်သွားတာမှမဟုတ်တာ၊ ကူညီရမှာ ပေါ့”

မမမူစကားကြားတော့ သူမ အားတက်ပျော်ရွှင်သွားသည်။ မွန်းကျပ်ပိတ်လှောင်နေသည့် ဘဝ မှာ ထွက်ပေါက်ဆိုတာ ရှိသေးတာပဲ။

ဖေဖေနဲ့ မခွဲချင်ပေမယ့် အခုလည်း အတူနေရတာ မှမဟုတ်ဘဲလေ။

ပန်တော် ဆင့်ဆိုသည့် သမီး တစ်ယောက် မရှိလည်း ထူးပြီး ခံစားနေရမှာ မဟုတ်ဘဲ။ ဝန်ထုပ် ဝန်ပိုး ပေါ့သွားရုံ ရှိမှာ ပါ။

ဒါပေမဲ့ ဖေဖေ ခွင့်ပြန်လာမှ ပြောပြီး ထွက်သွားရမလား၊ ဖေဖေပြန်မလာခင် ဖေဖေမသိအောင် ထွက်သွားရမလား။

ဟင့်အင်း ဖေဖေသိလျှင် သူမကို သွားခွင့်ပေးမှာ မဟုတ်။

သမီး တစ်ယောက် ဆိုသည့်အတွေးနှင့် စိတ်မချနိုင် ဖြစ်ပြီး ဒေါ်သိင်္ဂီနွယ်ရဲ့ အငြိုငြင်ခံကာ အပ် ထားခဲ့သေးတာပဲ။ ဖေဖေ ရုန်းမထွက်နိုင်ပေမယ့် သူမ ကတော့ ရုန်းထွက်နိုင်အောင် ကြိုးစားရမည် ။

လူလူချင်း အမြဲသည်းခံနေသည့် လူ တစ်ယောက် မ ဖြစ်ချင်။ ဖေဖေ ဘယ်အချိန်ပြန်လာမလဲ။ ဖေဖေပြန်မလာခင် ဒီက မြန်မြန်ထွက်ရပါစေ။

x x x

အခန်း(၄)

“ဘာကွ သမီး ဒီအိမ်မှာ မရှိတော့ဘူး ဟုတ်လား။ ဒီအိမ်မှာ မရှိလို့ သမီးက ဘယ်သွားမှာ လဲ၊ ဆွေမရှိ၊ မျိုးမရှိ ခိုကပ်စရာမရှိတဲ့ တစ်ကောင်ကြွက်ကွ”

“အဲဒါတော့မသိဘူးလေ၊အရွယ်ရောက်နေပြီပဲ၊ လင်နောက်လိုက်တာလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့”

“မင်း အဲလိုစကားကို ပေါ့ပေါ့တန်တန် လွယ်လွယ်မပြောနဲ့၊ သမီးကို စောင့်ရှောက်ဖို့ မင်းကို အပ်ထားခဲ့တာပဲ၊ အုပ်ထိန်းသူ တစ်ယောက် အနေနဲ့ သမီးဘာ ဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတာ မင်းသိ နေရမှာ ပေါ့”

“ဟွန်း တရားကျဖို့ကောင်းလိုက်တာ၊ ကိုယ့်မှာ လည်း သမီးနှစ် ယောက် တာဝန်နဲ့၊ သူများ သား သမီးကို အချိန်ပြည့် ဂရုစိုက်နေနိုင်ပါ့မလား”

“တောက်”

လက်လွတ်စပယ် ပြောထွက်နေသော ဒေါ်သိင်္ဂီနွယ်ကို ဦးမင်းခေါင်တင် တက်ခေါက်ကာ ခပ် စိမ်းစိမ်းကြည့်ပစ်လိုက်သည်။ ဒီမိန်းမ သားသမီးချင်း ကိုယ်ချင်းမစာ၊ မပူပင်တတ်ပါလား။

“ငါပြန်ရောက်မယ်ဆိုတာ ပြောမထားလို့ သမီးလေးထွက်သွားတာ ဖြစ်ရမယ်၊ မင်းဘာလို့ မပြောတာလဲ သိင်္ဂီနွယ်”

“ပြောမိလို့ ရှင်မလာခင် အချိန်မီလင်နောက်လိုက်ပြေးသွားတာရော မ ဖြစ်နိုင်ဘူးလား ကိုမင်း ခေါင်၊ ရှင်ရောက်လာရင် အခွင့်အရေး မသာမှာ စိုးလို့လေ”

“တော် တော် တော့ သိင်္ဂီနွယ်၊ ငါ့သမီးလေးက ယောက်ျားငမ်းငမ်းတက် လိုချင်နေတဲ့ ဆတ် ကော့လတ်ကော့ မဟုတ်ဘူးဆိုတာ ငါသိတယ်၊ မင်းဆီမှာ မဝံ့မရဲ သိမ်သိမ်ငယ်ငယ် နေနေရတယ် ဆိုတာလည်း ငါသိတယ်၊ အခုလည်း မင်းတို့နှိပ်စက်တာ မခံနိုင်တော့လို့ ထွက်သွားတာ ဖြစ်မယ်”

“ရှင် သိင်္ဂီ့ကို အဲလိုမစွပ်စွဲနဲ့၊ ရှုင်က ဒီမှာ အချိန်ဘယ်လောက် ကြာကြာနေလို့ ရှင့်သမီး အကြောင်း သိနေရတာ လဲ၊ မျက်နှာလာပြရုံမျှပြပြီး သမီးတွေ ကို ဗိုင်းကောင်းကျောက်ဖိနေတတ်အောင် ဆုံးမသွန်သင်ခဲ့လို့လား”

“ကျွတ် ငါက မိသားစုအတွက် စီးပွားထွက်ရှာနေရတာ လေ၊ အလကားအလေလိုက်သွားနေ တာမှ မဟုတ်ဘဲကွ”

“ဟုတ်ပါတယ် အလေမလိုက်လို့ နောက်မယားငယ်ယူထားတာ သိင်္ဂီ မသိလိုက်ရတာ ပေါ့၊ သူတော် စင်ကြီးမို့ သမီး တစ်ယောက် လက်ဆွဲအိမ်ပြန်လာတာပေါ့”

“တောက် မင်းကွာ”

ထိုစကားတွေ နှင့် ဒေါ်သိင်္ဂီနွယ် ပစ်ပေါက်တိုင်း ဦးမင်ခေါင်တင် ပြန်ချေပဖို့ စကားလုံးတွေ ပျောက်ပျောက်နေသည်။ ထိုအပြစ်က တစ်သက်လုံးပေးဆပ်လို့ မကုန်နိုင်တော့ဘူးလား၊ တစ်ခဏတာ စိတ်အလိုလိုက်မိသော အမှားက တစ်ဘဝလုံး နောင်တတွေ ရကာ အနိုင်ယူခံရတော့မှာ လား။

သမီးမျက်နှာလေးကို ငဲ့ညှာထောက်ထားပြီး ဒီမိန်းမကို သည်းခံလာခဲ့ရတာ ဘယ်လောက် တောင်ကြာပြီလဲ။

သူ့ကွယ်ရာမှာ သမီးလေး ဘယ်လောက်တောင် စိတ်ဒုက္ခခံနေရမလဲဆိုတာ သိသိကြီးနှင့် အရိပ်ကြီးကြီး အုပ်ထိန်းမှု အောက်မှာ ကိုယ်ကျင့်သိက္ခာမပျက်ဆီးရင် ပြီးရောဆိုပြီး-။

“ဒီကိစ္စ ဒီအတိုင်းထားလို့ မ ဖြစ်ဘူး သိင်္ဂီရဲ့ ၊ ရဲစခန်းကို လူပျောက်တိုင်ချက်ဖွင့်ထားရမယ်၊ လက်ခံထားတဲ့သူ၊ သွေးဆောင်ဖြားယောင်းထားတဲ့သူတွေ ကို ထိထိရောက်ရောက်အရေး ယူမယ်လို့”

“အုပ်ထိန်းသူနေရာမှာ ဦးမင်းခေါင်တင်နာမည် နဲ့လား၊ မ ဖြစ်ဘူး၊ လုံးဝမ ဖြစ်ဘူး ကိုမင်းခေါင်၊ တစ်သက်လုံး သိုသိုသိပ်သိပ် ဖုံးဖိထားခဲ့တာတွေ ပေါ်သွားမှာ ပေါ့၊ သိင်္ဂီ့ဂုဏ်သိက္ခာ၊ သမီးနှစ် ယောက် မျက်နှာ ဘယ်ချောင်ရောက်သွားမလဲ ရှင် စဉ်းစားကြည့်ပါဦး”

“ဒါဆို သမီးလေးကို ငါက ဒီအတိုင်း လက်လွတ်စပယ် ပစ်ထားလိုက်ရမှာ လား”

“သူ ကလေးမဟုတ်တော့ပါဘူး။ အရွယ်ရောက်နေပါပြီ၊ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်လို့ စွန့်စားထွက်သွားတာ ဖြစ်ချင် ဖြစ်မယ်၊ လင်နောက်လိုက်သွားတာ ဖြစ်ချင် ဖြစ်နိုင်တာပဲ၊ ရှင်တွေးပူပြီး ရောဂါ ရမနေနဲ့ ကိုမင်းခေါင်၊ သူဒုက္ခရောက်တဲ့တစ်နေ့ ဒီအိမ်ကို ပြေးကပ်မှာ ပါ”

ဦးမင်းခေါင်တင် ဘာပြောရမှန်းမသိတော့ဘဲ ဆိုဖာခုံကျောမှီနှင့် ခေါင်းဆတ်ကာ မချိတင်ကဲ အံကြိတ်ငိုရှိုက်လိုက်မိသည်။

ထိုအချိန်မှာ ပပနွယ်နှင့် မြမြနွယ် ဧည့်ခန်းထဲဝင်လာပြီး ဦးမင်းခေါင်တင်ဘေးတစ်ဖက်တစ်ချက် မှာ ဝင်ထိုင်လိုက်ကြသည်။

“ဖေဖေက အဲဒီ သမီးကို သမီးတို့ထက် ပိုချစ်လို့ ဒီလောက်ထိ ခံစားနေတာလား၊ သမီးတို့ ကရော ဖေဖေ့သမီး မဟုတ်ဘူးလား”

“မဟုတ်ပါဘူးကွယ် သမီးတို့ကိုလည်း ဖေဖေချစ်ပါတယ်၊ ဒါပေမဲ့ ပန်တော် ဆင့်လေးက သမီး တို့လို အနီးကပ်ပြုစုစောင့်ရှောက်ပေးမယ့် အမေဆိုတာ မရှိဘူးလေ။ သူ့မှာ သွေးသားရင်းဆိုလို့ ဖေဖေ တစ်ယောက် တည်းရှိတာပါ။ ဒါလည်း ဖေဖေက သူ့အနားမှာ အချိန်ပြည့်မနေနိုင်ဘူး။ သူ ဘယ် လောက်အထီးကျန်အားငယ်နေရှာမလဲ”

“ဖေဖေ ဒီလိုတွေးနေတာ မလွန်ဘူးလား၊ သမီးတို့က သူ့ကို သူစိမ်း တစ်ယောက် လို ဆက်ဆံ နေတယ်လို့ ဖေဖေ စွပ်စွဲလိုက်သလိုပဲ”

“ဟုတ်သားပဲ ဖေဖေ၊ ဖေဖေက သွေးခွဲစကားပြောနေတာ”

သူ့အပေါ် အပြစ်ပုံချ၍ သားအမိသုံးယောက် ရန်လုပ်နေသည်။ သူကပဲ နားလည်မှု မရှိ ဆိုးသွမ်းနေသလိုမျိုး။

“အေးလေ သိင်္ဂီ ရော သမီးတို့ရော မမှားပါဘူး။ ဖေဖေပဲမှားတာပါ။ ဒါပေမဲ့ သမီးငယ် ဒီလိုလုပ် သွားတာ အားလုံးအပြစ်မကင်းဘူးဆိုတာ ဝန်ခံရလိမ့်မယ်၊ သမီးလေးပန်တော် ဆင့် မိုက်ရူးရဲဆန်ဆန် လုပ်မသွားဘူးဆိုတာ ဖေဖေယုံကြည်နေလို့ပဲ”

“ဟင် ရှင်က မယားငယ်သမီးကို တော် တော် အမွှမ်းတင်နေပါလား”

“မင်းစကားပြောတာ ဆင်ခြင်လိုက်ပါတော့ သိင်္ဂီ၊ သေသွားတဲ့သူကို မပုတ်ခတ်ပါနဲ့တော့၊ ကိုယ်လည်းစဉ်းစားနေတာ အခုလက်ရှိသမီးလေးအတွက်ပါပဲ၊ မင်းတို့ကို တခြားဘာမှမပြောချင်တော့ ဘူး။ ငါလည်း သင်္ဘောနားဖို့ ကုမ္ပဏီကိုတင်ပြထားတယ်ဆိုတော့ ဒီတစ်ခေါက် တစ်နှစ် လောက်ခရီး ထွက်ပြီးရင် နားရတော့မှာ ပါ၊ မသွားခင်သမီးကိစ္စ စုံစမ်းကြည့်လို့ အဆင်မပြေရင် ပြန်လာမှ ငါ့ဘာသာ ကြည့်လုပ်မယ်”

“သဘော သဘောပဲတော် ရေ၊ အဲဒီ သမီးမှ သမီးမမှတ်နဲ့ဦး၊ အခု သမီးကြီး ဖြစ် ဖြစ်၊ သမီးငယ် ဖြစ် ဖြစ် ရွှေပိုးထည်ရက်ကန်းရုံပိုင်ရှင်တွေ ရဲ့ သားနဲ့ စေ့စပ်ဖို့ကိစ္စလည်း ရှင် စိတ်ဝင်စားပေးမှ ဖြစ်မယ်”

“ဘာ သမီးကြီး ဖြစ် ဖြစ်၊ သမီးငယ် ဖြစ် ဖြစ် ဟုတ်လား၊ ဘာလို့ တစ်ယောက် တည်း မသတ်မှတ် ရတာ လဲ၊ သူတို့ချင်း ချစ်လို့ စီစဉ်ပေးရတာ မျိုး မဟုတ်ဘူးလား”

ပပနွယ်နှင့် မြမြနွယ် အကြည့်ချင်းဆုံသွားလျက် မျက်ခုံးပင့်သွားကြ၏ ။

ဒေါ်သိင်္ဂီနွယ်က နှုတ်ခမ်းမဲ့ကာ-

“သူတို့ဘာသာရှာရင် အဆင့်အတန်းမတူတဲ့သူနဲ့ မကောင်းတဲ့သူနဲ့တွေ့ မှာ စိုးလို့ သိဂီစီမံထား တာ၊ ဘာ ဖြစ်လို့လဲ၊ သမီးနှစ် ယောက် လုံးက သဘောကျနေကြတာ ဖိမ့်ဖိမ့်ကိုတုန်လို့”

“ဘာ နှစ် ယောက် စလုံးက အဲဒီ ကောင်လေးကို ယူမှာ လား”

“အို အဲလိုတော့ဘယ်ဟုတ်မလဲ၊ ကောင်လေးရွေးချယ်တဲ့ တစ်ယောက် နဲ့ လက်ထပ်ပေးရမှာ ပေါ၊ သူတို့က အရမ်းချမ်းသာတာ”

“တောက် မင်းကွာ သမီးတွေ ကို ရောင်းကုန်တစ်ခုလို လေလံတင်နေတာပဲကွ၊ ပစ္စည်းကြိုက်မှ ဈေးပေးဝယ်မှာ များ မင်းမို့လို့”

“ဒီခေတ်မှာ တော့ ဒီအတိုင်းပဲ မင်းခေါင်ရေ၊ ရှင်သာ ပင်လယ်ထဲနေပြီး ခေတ်နဲ့ဝေးနေတာ၊ ရောက်တုန်းရောက်ခိုက် ကမ္ဘာမြေပေါ် ဗဟုသုတလေးဘာလေး လေ့လာကြည့်ဦး”

သားအမိသုံးယောက် ရဲ့ အကျင့်စရိုက်တွေ ကို ဦးမင်းခေါင်တင် တော် တော် စိတ်ကုန်သွားသည်။ သူနှင့် ဝေးနေကြလို့ မိန်းမရော သမီးတွေ ပါ အုပ်ထိန်းမှု မဲ့ အကျင့်ပျက်သွားကြတာများ လား။

ဘာပဲ ဖြစ် ဖြစ် သမီးငယ်လေးအတွက် သူ့ရင်ထဲ မီးစပေါင်းများ စွာ နှင့် အထိုးခံရသလို ပူလောင် နေသည်။

ဘယ်တွေ သွားပြီး ဘယ်တွေ ရောက်လို့ ဘယ်သူ့ဆီမှာ များ မှီခိုနေသလဲ။

သမီးလး အန္တရာယ်ကင်း ဘေးရှင်းပါစေ။

x x x



ဝန်ဇင်းချစ်သူများ လုံမ ၏ “ ရင်ခုန်သံ အဓိပ္ပါယ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မျက်ရည်မြစ်ဖျား

မေ့ဖို့မလွယ်

အလင်းမဲ့ည