Cover

ဂျူတွန်းကေ မာရေဟိုင်း

(၁)

“စိတ်မပျက်နဲ့ ကြိတ်စက်ရှိတယ်”

သည်တစ်ခေါက် ဝမ်းတွင်း- မန္တလေးခရီး၊ ကိုးဆယ့်ကိုးခု၊ အောက်တိုဘာ လလယ်မှာ အညာဒေသခရီး စ ဖြစ်ခဲ့ကြတယ်။

ရန်ကုန်မှာ မိုးပြတ်သလောက်ရှိပြီလို့ ထင်နေဆဲ၊ တစ်ကျော့ပြန်လာပါတယ်။ ရာသီဥတုပူလိုက် အေးလိုက်ပါပဲ။

ဝမ်းတွင်းခရီးတစ်လျှောက်မှာ တော့ ပူလိုက်တဲ့နေ။

“တော်သလင်းနေ ပုစွန်သေ” ဆိုတဲ့ ရှေးလူကြီးသူမတို့ အဆိုကလေးကို သတိရမိပါ ရဲ့ ။ ဝမ်းတွင်းနဲ့ မန်း - အမရပူရခရီး အရင်းခံကိစ္စကတော့ မြန်မာပြည် ပုဆိုးလုပ်ငန်းရဲ့ အချက်အချာဒေသတွေ၊ လုပ်ငန်းတွေ လေ့လာဖို့ပါ။ ကျွန်တော်တို့ အဖွဲ့ကို ဦးဆောင်သူက ဝမ်းတွင်းသား ဦးဝင်းမြိုင် + ဒေါ်စိန်စိန်မိုးအောင် တို့ ဇနီးမောင်နှံ။

ဝမ်းတွင်းဟာ ပြန့်ပြူးသပ်ရပ်တဲ့ မြို့တစ်မြို့ပါ။ လမ်းတစ်ဖက်တစ်ချက်မှာ မဲဇလီ၊ ကုက္ကို၊ မလေးရှားပိတောက်တွေ တွေ့ရရဲ့ ။ ရှေးအခါ ကတည်းက လက်ခတ်သံမြိုင်ခဲ့တဲ့မြို့။ ယခုတော့ နေ့ရော ညရော စက်ရက်ကန်းသံ တညံညံနှင့် လှုပ်ရှားလျက်၊ အလုပ်များ လျက်။ ဝမ်းတွင်း (သို့ မဟုတ်) မအိပ်သောမြို့လို့ ဆိုလိုက်ချင်ပါရဲ့ ။

ဝမ်းတွင်းမှာ မိတ်ဆွေသစ်တွေနဲ့လည်း ဆုံခဲ့ရပါတယ်။ ဓာတ်ဆေးဆိုးလုပ်ငန်း ဦးခင်အောင်+ ဒေါ်စိန်စိန်နဲ့ သားများ လွင်အထည်စက်၊ ကံ့ကော်ဦးကျော်သိန်း၊ သိန်းအထည်စက်ရုံက မိတ်ဆွေကြီး ဦးသန်းမြင့်၊ မြနှင်းဆီ ဦးဝင်းမောင်၊ ရွှေသမင်အထည်စက်က ဦးသိန်းထွန်း၊ ရွှေဂျိုးဖြူ အထည်စက် ဦးမောင်မောင်နဲ့ သားနိုင်မင်းထွန်း။

မိတ်ဆွေတွေက နွေးထွေးကြပါတယ်။ ကျွန်တော်တို့ သိလိုသမျှ စိတ်ရှည်လက်ရှည်ပြောပြ ရှင်းပြကြပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့တစ်စု ဝမ်းတွင်းရဲ့ အညာနေကြောင့် အားလုံး ဟိုက်နေကြပါ တယ်။ ဦးမြိုင်ရဲ့ မဟေသီက ယပ်တောင်ဝယ်ပေး ခတ်ကြနဲ့ အောက်သားတွေ အညာမှာ ငါးဖယ်ပျံဖြစ်နေကြတယ်။

ကျွန်တော်တို့ အခြေအနေကို ကြည့်ပြီး ဦးမြိုင်က -

“စိတ်မပျက်နဲ့

ကြိတ်စက်ရှိတယ်တဲ့”

ပထမတော့ သူ့စကားကို သဘောမပေါက်။ ဒီလိုနဲ့ ဝမ်းတွင်းခရီးကနေ မန်းခရီး ဆက်ခဲ့ကြတယ်။ ဦးမြိုင်ရဲ့ ညီ ကိုပေါက်က သူ့ကားလေးနဲ့ လိုက်ပို့၊ မန်းတစ်ခွင်လှည့်လည်လို့ ပါရမီဖြည့်ရှာပါတယ်။

ဝမ်းတွင်းနဲ့ မန္တလေး မိုင် (၇၀) လောက်ပဲ ဝေးသတဲ့။ လမ်းခရီးမှာ ကျောက်ဆည်၊ ကူမဲစတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။ ကျောက်ဆည်ကို ဖြတ်တော့ မြို့အဝင်မှာ ဆင်နှစ်ကောင်က ဆီးကြိုလို့။ကျောက်ဆည် ဆင်ပွဲဟာ နာမည်ကြီးပါတယ်။ ကျောက်ဆည်တောင်ကြီးကို ကားဆရာက ပြလို့ တစ်မျှော်တစ်ဝကြီး လှမ်းကြည့်ပြီး ပြေးတက်ချင်စိတ်ပေါက်မိပါရဲ့ ။

မန်းအဝင်မှာ တော့ လမ်းကျယ်နဲ့ နဖူးစည်းကြီးက ဟည်းလို့။ သစ်ပင် ဝါးပင်ကနည်း၊ တိုက်တာကများ ၊ အဲဒီ ကြားထဲ ထိုးဖောက်တဲ့ နေရှိန်ဒဏ်နဲ့ အိုက်စပ်ပူလောင်စွာ မန်းကို ရောက်ခဲ့ ကြတယ်။

မိတ်ဆွေကြီးဦးမြိုင် ဇနီးမောင်နှံ ဦးဆောင်လို့ မန်း ၈၁-လမ်း၊ အမှတ် ၆၀၀(က) ကို ရောက်ခဲ့ကြတယ်။ ၃၉-နဲ့ လမ်း ၄၀- ကြား၊ လက်ချိတ်တန်းလို့ ဆိုပါတယ်။ ကျွန်တော်ကတော့ မျက်စိလည်နေပါပြီ။ မန္တလေးဟာ အကွက်ချတည်ထားတာမို့ မျက်စိလည်စရာကောင်းပေမဲ့ လိပ်စာအတိအကျသိရင် ရှာရအင်မတန်လွယ်ပါသတဲ့။ အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဆရာသီက ဆိုပါတယ်။

တည်းအိမ်ရဲ့ ရှေ့နံရံမှာ မိုးကုတ်လက်ဖက်လို့ ရေးထားပါတယ်။ ဒါပေမဲ့ အိမ်ရှင် ဇနီးမောင်နှံက ဖိနပ်လုပ်ငန်း လုပ်ကြပါတယ်။ “ကြိတ်စက်” မန္တလေးသားရေ ဖိနပ်တဲ့။ ဒီတော့မှ လမ်းမှာ တုန်းက မိတ်ဆွေကြီး ဦးမြိုင်ရဲ့ စကားကို သဘောပေါက်မိပါတယ်။

စိတ်မပျက်နဲ့ ကြိတ်စက်ရှိတယ် - တဲ့။

*


(၂)

“ဤဒွန္ဒယာကြီးမှာ ဖိနပ်သာချုပ်ပါရစေ ဘုရင့်နက္ခတ် ဗေဒင်ပညာရှိ မလုပ်လိုပါ”

(အာမက်)

ကြိတ်စက်ဖိနပ်လုပ်ငန်းက ကိုသန်းထွန်း+မမြတ်မြတ်အေးတို့ ဇနီးမောင်နှံကို တွေ့ရ တော့ သခင်ဘသောင်းရေးတဲ့ ကော်ဇောတော်နှင့် ဗေဒင် ပညာရှိပြဇာတ်ထဲက ဖိနပ်ချုပ်သမား အာမက်ဇနီးမောင်နှံကို သတိရမိတယ်။

ဟိုရှေးအခါက ဖိနပ်ချုပ်သမားဆိုတာ ဂုဏ်ငယ်တယ်လို့ ယူဆခဲ့ကြတယ်။ ဒီနေ့ ခေတ်အခါမှာ ဖိနပ်ချုပ်သူရှိသလို ဖိနပ်လုပ်ငန်းကြီးတွေ လုပ်ကိုင်နေကြသူတွေ ရှိနေပါပြီ။ အချိန်လုပြီး ကြိတ်စက်ဖိနပ်လုပ်ငန်းကလေး အကြောင်း အပြေးအလွှားမေးမိတော့ သူ့လုပ်ငန်းလည်း စိတ်ဝင် စားဖို့ အကောင်းသားပါကလား။

မန္တလေးမှာ ဖိနပ်တံဆိပ်ပေါင်း တစ်သောင်းခန့်ရှိနေပြီလို့ သိရပါတယ်။ ဆင်ခြောက်ကောင်တို့က ရှေ့ကပြေးနေပါသတဲ့။ ဖြန့်ဈေး ၈၅၀ိ/ - လောက် ပေးပေမဲ့ ဆိုင်တွေမှာ ၁၅၀၀ိ/ - လောက်ရောင်းပါသတဲ့။

သားရေဖိနပ်ရဲ့ ကုန်ကြမ်းတွေက သားရေ (ကျွဲသားရေ၊ နွားသားရေ) ရော်ဘာ (ကလစ်)၊ နိုင်လွန်ကြိုး၊ မြန်မာ့ချည်ချော၊ ချုပ်စက်၊ ကြိတ်စက်တို့ ဖြစ်ပါသတဲ့။

ကိုသန်းထွန်းတို့က ဖိနပ်လုပ်ငန်းမလုပ်ခင် ကြိတ်စက်လုပ်ငန်း လုပ်လာကြလို့ သူတို့ဖိနပ်လုပ်တော့ အရင်လက်ငုပ်လုပ်ငန်းလေး အစွဲပြုလို့ ကြိတ်စက်လို့ နာမည်ပေးပါသတဲ့။ အလုပ် သမား (၅၀) ခန့်နဲ့ လှုပ်ရှားလည်ပတ်လို့ တစ်ရက် အရန် (၄၀၀) ခန့် ထွက်ပါသတဲ့။

သားရေစိမ်းအချပ်ဝယ်၊ စက်နဲ့ ပြန်ကြိတ်၊ ကြိတ်အားကောင်းလေ၊ အသားကျစ်လေပိုခိုင်လေပါပဲ။ အနက်ပြောင်သားရေခံ၊ ဆေးဆိုး၊ စက်မကြိတ်ခင် ကော်ပတ်စား၊ ဒါမှ ဆေးစွဲပါသတဲ့။

သည်းကြိုးက ကတ္တီပါစနဲ့ စစ်မိုးကာအထူစား တွဲ စပ်ချုပ်ပါတယ်။ ကတ္တီပါက တစ်ကိုက်၅၅၀ိ/- ။ အလိပ်လိုက် မီတာ(၁၅၀) ပါ။ အလိပ်လိုက် ဝယ်ရပါသတဲ့။ သည်းကြိုးအရှည် ၉ - လက်မခွဲဖြတ်လို့ တစ်ကိုက်နှစ် လက်မအစကို အရန် (၂၅) ရန်စာ ရပါသတဲ့။ သည်းကြိုးချုပ်သမား တစ်နေ့အရန် (၁၀၀) စာလောက် ပြီးနိုင်ပါတယ်။ အရန်(၁၀၀)စာ လုပ်ခ (၆၀၀ိ/-) ပါ။

သားရေက အလိပ်ကြီးတစ်လိပ် (၅၀၀၀ိ/-) လောက် ကျပါတယ်။ အချပ် ၁၇-ချပ်ကနေ၂၀-လောက်ထိ ပါပါတယ်။ တစ်ချပ်ချင်းဆိုရင် ၄၀၀ိ/- ကျော်လောက် ကျပါသတဲ့။ တစ်ချပ်ကို အရန်၂၀-ကျော် ၃၀-ခန့် ထွက်ပါသတဲ့။

နိုင်လွန်ကြိုးက တစ်ပေါင်ကို ၁၈၀၀ိ/- ၊ ၁၀- ပေါင်ထုပ်တွေ ဝယ်ရပါသတဲ့။ သည်းကြိုးချုပ်စက်က တစ်လုံး (၄) သောင်း၊ ဖိနပ်ချုပ်စက်က တစ်လုံးကို တစ်သိန်းခွဲ။ အဲ့ဒါ သူတို့လုပ်ငန်းလေးစထောင်တဲ့ ၉၃-ခုနှစ်လောက်က ပေါက်ဈေးဖြစ်ပါသတဲ့။

“ဖိနပ်သုံး သားရေဖြတ်စက်က အင်္ဂလန်လုပ် (၁၅) သိန်း ဆရာရေ့။ ကျုပ်တို့ မြန်မာလုပ်က (၆) သိန်းလောက်ပဲ ရှိပါတယ်”

ကိုသန်းထွန်းက မျက်နှာရှည်လေးထောင့်၊ ဘောင်းဘီပွစက ဒူးလောက်နဲ့ ဖော်ရွေသူပါ။ မမြတ်မြတ်အေးက အသားညိုတိုတို၊ ကိုယ်လုံး ဖွံ့ဖွံ့နဲ့ ဖော်ရွေရုံမက ပွင့်လင်းတဲ့အပြော၊ ဝေဆာတဲ့ အပြုံးတွေနဲ့ ချွေးတလုံးလုံး၊ မမောနိုင် ချက်ပြုတ်ကျွေးရှာတယ်။ ဧည့်သည်လာတာကို သူတို့လင်မယားက ပျော်ရှာသတဲ့။ သြော် … အောက်ပြည်အောက်ရွာနဲ့တော့ ကွာပါပေလို့ စိတ်ထဲက အောက်မေ့မိပါရဲ့ ။

ကြော်ငြာခေတ်၊ ကြော်ငြာရေစီးမှာ သူတို့လည်း ကြော်ငြာရပါသတဲ့။ ကျား,မ ကတ္တီပါစီးအပြင် သားရေ အရောင် လယ်သာကြိုးနဲ့ မိုးစီးလည်း ထုတ်ပါသတဲ့။ ကျားက လက်လီတစ်ရန် ၅၀၀ိ/- ။ လက်ကား ၄၂၀ိ/-။ ၄၀၀ိ/- နှုန်း။ မ,စီးက လက်လီ ၃၅၀ိ/-။ လက်ကားခနှုန်းက ၃၂၀ိ/- ပါတဲ့။ဂျပ်ဘူးခေတ်မှာ သပ်ရပ်တဲ့ ဂျပ်ဘူးတစ်ဘူးက အရင်း(၁၈ိ/-)ပါတဲ့။ ကြော်ငြာရိုက်စရိတ် ကွန်ပျူတာအဖက်နဲ့ တစ်သိန်းခန့်။ နေ့စဉ် ကြော်ငြာခက စက္ကန့် (၁၀) တစ်ကြိမ် တစ်သောင်းငါးရာကျပ် နေရာအလိုက် ဈေးကွာပါသတဲ့။

လုပ်ငန်း မ,တည်ချိန် ၉၃-ခုနှစ်က (၂၅)သိန်းနဲ့ မ,တည်ပါသတဲ့။ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ မြစ်ကြီးနား ဈေးကွက်တွေဖြန့်လို့။

“စိတ်မပျက်နဲ့ ကြိတ်စက်ရှိတယ်” လို့ ဆိုပါတယ်။

*


(၃)

“ကဝိမြတ် ကာလီဒါသ

ဘုရင်းမင်းမြတ် ယခုထိ မကြွလာသေးပါ

အဘယ်ကိစ္စ ဖြစ်နေပါသနည်း …။

-ဂျူတွန်းကေ မာရေဟိုင်း …”

(ကာလီဒါသ လျှောက်ထုံး)

ကိုသန်းထွန်းတို့ ကြိတ်စက်ကြော်ငြာသံလေး ကြားရတော့ ကာလီဒါသ လျှောက်ထုံးထဲက ဘုရင့်ဖိနပ် တစ်ဖက် ပျောက်ဆုံးမှု အကြောင်းလေး သတိရမိတယ်။

ဓာရနဂရတိုင်း၊ ဘောဇဘုရင်လက်ထက်၊ ပညာရှိ အမတ်ကြီး ကာလီဒါသ အကြောင်းကို မြန်မာများ အတော်သိကြပြီး ဖြစ်ပါတယ်။ သကုဏ္ဍလ၊ မေဃဒူတ၊ ရဃုဝံသ လျှောက်ထုံးနဲ့ ဘာသာပြန်တွေ ထွက်ခဲ့ဖူးပါတယ်။ လူထု ဦးလှ၊ ဦးလှဒင်၊ ဦးသော်ဇင်၊ ရန်ကုန်ဘဆွေ စတဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြန်ခဲ့ကြဖူးပါတယ်။

တစ်နေ့မှာ ဘောဇဘုရင်နဲ့ မူးမတ်၊ အခြွေအရံတွေ ပျော်ပွဲစားထွက်ခဲ့ကြပါသတဲ့။ စားကြ သောက်ကြ၊ အချို့က ကလေးငယ်တွေကို မြှူချော့၊ အချို့က ကကြ သီဆိုကြနဲ့ ဘောဇဘုရင်လည်း ပီတိဖြင့် ငေးမောနေပါသတဲ့။

ကာလီဒါသရဲ့ ဘုရင့်ဖိနပ်ပျောက်မှု ကို သတိရရခြင်း အကြောင်းထဲမှာ သောက်ကြ စားကြ သီဆိုကခုန်ဖြစ်ကြတဲ့ တိုက်ဆိုင်မှု ကလေးလည်း ပါပါရဲ့ ။

မန်းခရီးရဲ့ မိုးနှောင်းည၊ အောက်တိုဘာလ (၁၄) ရက်ညမှာ တော့ မန္တလေး ပိတောက်မင်း စာအုပ်တိုက်ရဲ့ “ဒိတ်” လက်ဖက်ရည်ဆိုင်၊ (၆၃-၆၄) ကြားက ၂၆- လမ်းမှာ ဆုံမိကြပါတယ်။ ပိတောက်မင်း ဦးမျိုးခင်ရဲ့ ဧည့်ခံဝိုင်းကလေးပါ။ ရန်ကုန်က ဦးမြိုင်နဲ့ ဆရာသီရယ်၊ မန်းရဲ့ စာသမားတွေဖြစ်တဲ့ ဗိုက်ရွှဲနဲ့ ကိုသိုက်(သိုက်ထွန်းသက်)၊ ရိုးရိုးအေးအေး ညီပုလေး၊ အရပ်ရှည် မျက်လုံးကျယ်နဲ့ ညီစေမင်း၊ ဖြူပုပု သနားကမား ဆူးငှက်၊ ကိုယ်လုံးပြာပြာဖိုင့်ဖိုင့် မန္တလေးသား တစ်ပိုင်းဖြစ်နေတဲ့ညီလေး နေဝင်းမြင့်၊ လွန်ခဲ့တဲ့ (၉) နှစ်ခန့်က ဖြူသန့်သန့်၊ ယခုတော့ ချဉ်ချဉ်တူးတူး မူးပြီးရော ပေတေတေ ည-ထ-လ ညိုထွန်းလူ၊ ဓာတ်ပုံ တေဇဇေယျ၊ လှဂုဏ်ရည် ကျော်သူဝင်းနဲ့ အခြား မိတ်ဆွေတွေ။

အမှတ်တရ နေဝင်းမြင့်က စင်္ကြာသိုက်၊ ဆူးငှက်က ပြည်တော်ဝင်၊ ကျွန်တော်က စတိုင် ကျတဲ့ မြိုင်ထနဲ့ ည-ထ-လ ရဲ့ ရွှင်ပျော်ဖွယ် ကကြိုး အထွေထွေနဲ့။

အမေမာ့ နံနက်ပိုင်းလမ်းလျှောက်ချိန်နဲ့တိုးလို့ ည-ထ-လ တို့အုပ်စု ဖိနပ်ကလေးချွတ်၊တခြားလမ်းက လှည့်ပြေးရပုံတွေလည်း ကြားရရဲ့ ။ နေ့လယ်ဘက်က အမေမာ့ကို ဝင်ကန်တော့ခဲ့ရလို့ပီတိဖြစ်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ ဦးမျိုးခင်ရဲ့ ဒိတ်ညခင်းမှာ စခန်းဆက်ကြပါတယ်။

အဲဒီ ညခင်းကလေးဟာလည်း ကာလီဒါသရဲ့ ဘောဇဘုရင် ဖိနပ် တစ်ဖက်ပျောက်မှု ကို သတိရစေတဲ့ အကြောင်းကလေးတစ်ခုပါပဲ။

ဘောဇဘုရင် ပျော်ပွဲစားထွက်စဉ် ကြည်နှုးဖွယ်ပီတိ အခင်းတွေကြောင့် ငေးမောနေစဉ်မှာ ကာလီဒါသက ဘုရင့်ဖိနပ်တစ်ဖက်ကို စစ်သည်တစ်ဦးရဲ့ အဝတ်ကြား ထိုးဝှက်ထားလိုက်ပါသတဲ့။

ညနေစောင်းလို့ နန်းတော်ပြန်ကြမယ်လုပ်မှ ဘုရင့်ဖိနပ်တစ်ဖက် ပျောက်မှန်း သိကြပြီးရှာကြပါသတဲ့။ ဘုရင်လည်း မျက်နှာပျက်နေပါပြီ။ အချိန်ကျလို့ ရှေးဦးကလည်း ထွက်နှင့်ကြပြီ။ ကာလီဒါသနဲ့ ရှေ့ရောက်နေတဲ့ ဘုရင့်စစ်သည်တစ်စုက ရပ်စောင့်နေရပါသတဲ့။

လမ်းမှာ ရပ်စောင့်ရင်း “ကဝိမြတ် ကာလီဒါသ၊ ဘုရင်မင်းမြတ် ယခုထိ မကြွလာသေးပါ။ အဘယ်ကိစ္စဖြစ်နေပါသနည်း” လို့ မေးတဲ့အခါ ကာလီဒါသက “ ဂျူတွန်းကေ၊ မာရေဟိုင်း” လို့ဖြေပါသတဲ့။ အဲဒီ အဖြေက ဖိနပ်ပျောက်နေ၏ (သို့ မဟုတ်) ဖိနပ်ရိုက်ခံနေရ၏ လို့ အဓိပ္ပာယ်နှစ်မျိုးထွက်ပါသတဲ့။

အဲဒီ စကား တစ်စတစ်စ ဘုရင့် နားပေါက်တော့ “ငါ့ကို ဖိနပ်ရိုက်ခံနေရတယ်” လို့ ဆိုသလား ဆိုပြီး ဘုရင်ဒေါပွပါသတဲ့။ ဒါနဲ့ ကာလီဒါသ ရှေ့တော်ခေါ်မေးသတဲ့။

“ဂျူတွန်းကေ မရေ”

ဖိနပ်ရိုက်ခံနေရတယ်ဆိုတဲ့ မထီမဲ့မြင်စကား မှန်သလား” လို့ မေးသတဲ့။ အဲဒီ အခါ ကာလီဒါသက -

“ဂျူတွန်းကေ မာရေ …

ဖိနပ်ပျောက်နေကြောင်းကိုသာ ပြောပါသည်။ သဘောရိုးနှင့်ပါ။ အရှင်မင်းမြတ်အား ဖိနပ်ရိုက်ခံရသည်ဟု မပြောရဲပါ။ ဘုရင့်အား ဖိနပ်နှင့် ရိုက်ဝံ့သူလည်း ရှိမယ်မထင်ပါ” လို့ ရဲရဲဝံ့ဝံ့ တင်လျှောက်သတဲ့။

ဒီတော့ ဘုရင်က စဉ်းစားသတဲ့။ “ကာလီဒါသဟာ ငါ့ကို ကျီစယ်လိုလို့ ပြောဟန်တူ တယ်။ အကယ်၍ ဤအမှု နှင့် အရေးယူခဲ့သော် “ဂျူတွန်းကေမာရေ” ရဲ့ အဓိပ္ပာယ်ကို ငါမသိရာ ရောက်တော့မယ်ဆိုပြီး ဆိတ်ဆိတ်ပင်နေလိုက်ရသတဲ့။

ညီတော်၊ နောင်တော်၊ မိတ်ဆွေများ ဂျူတွန်းကေ မာရေဟိုင်း …

စိတ်မပျက်နဲ့ ကြိတ်စက်ရှိတယ် …

မြန်မာ့ဓန ရသစာတမ်း

နိုဝင်လာလ၊ ၁၉၉၉။

လှူကထိန် သင်္ကန်းနှင့်ဆေးခ,သည့် တန်ဆောင်တိုင်

(၁)

ကြယ်ကြတ္တိကာ၊ ဗြိစ္ဆာခေါ်မြဲ

ကင်းလက်မည်းနှင့် ၊ ခဝဲလှိုင်လှိုင်

မသိုးသင်္ကန်း၊ လှူဒါန်းကြ တန်ဆောင်တိုင် …။

(ဦးသော်ဇင်)

ရာသီမသိ ပန်းနှင့် ညှိဟု ဆိုရိုးစကားရှိပါသည်။ ဆယ့်နှစ်လရာသီ၏ သရုပ်ကို ဆရာကြီး ဦးသော်ဇင်က ၃-ပုဒ်သာ အိုင်ချင်းကလေးများ ဖြင့် ထုတ်ဖော်ခဲ့ဖူးပါသည်။

“ခဝဲပွင့်ချိန်၊ ခင်းကထိန်” ဟုလည်း ကင်းဝန်မင်းကြီး သံပေါက်လင်္ကာဖွဲ့ ဖူးပါသည်။ မြန်မာ့ပြက္ခဒိန်၏ (၈)လမြောက်လ တန်ဆောင်မုန်းလအခါမှာ ခဝဲပန်းတွေ ပွင့်ကြပါသည်။ ခဝဲပန်းသည် နက္ခတ်ကြိုက်ပန်းဟု ဆိုပါသည်။

သီတင်းကျွတ်လပြည့်ကျော် (၁) ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ (၁) လတိတိအချိန်ကာလအပိုင်းတွင် ကထိန်သင်္ကန်း လှူဒါန်းကာ ကထိန်ပွဲတော်များ ကျင်းပလေ့ရှိပါသည်။

တန်ဆောင်မုန်းလကို မွေ့လျော်ဖွယ်ကောင်းသောလဟု ဆိုကြပါသည်။ မြတ်စွာ ဘုရားလက်ထက် ပါဝေယျကတိုင်းသား ရဟန်း ၃-ကျိပ်တို့ မြတ်စွာ ဘုရားအား ဖူးမြော်ရန် သာဝတ္တိပြည်၊ ဇေတဝန်ကျောင်းတော်သို့ အလာ လမ်းခရီးမှာ မိုးကြီးသဖြင့် မိုးမိကြပါသည်။ သင်္ကန်းများ ရွှံ့များ ပေကျံ၍ ပင်ပန်းဆင်းရဲကြသည်ကို မြတ်စွာ ဘုရားမြင်တော်မူ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ကြောင်းစာပေကျမ်းဂန်များ တွင် တွေ့ရပါသည်။

“တောင်သူရွှင်ပြုံး၊ တန်ဆောင်မုန်း” ဟူသော အဆိုကလေးကိုလည်း အမှတ်ရမိပါ သည်။ တန်ဆောင်မုန်းလတွင် ကောက်စောစပါးများ မှည့်ဝင်းငိုက်တွဲ ၍ ရိတ်သိမ်းကြပါသည်။ ထို့ကြောင့်ပင် တောင်သူရွှင်ပြုံး အဆိုလေး ပေါ်ခဲ့ဟန်တူပါသည်။

ယခုနှစ်တော့ … ပူလိုက်၊ မိုးရွာလိုက်နှင့် တောင်သူလယ်သမားတို့ ရိတ်သိမ်းပြီး စပါးများ အချို့လည်း မိုးမိကြပါသည်။ ပွင့်လင်းရာသီ ရောက်တော့မလိုနှင့် မိုးက အဆက်မပြတ်နိုင်ဘဲ ညို့ဆိုင်းဝုန်းဒိုင်း လုပ်တတ်သဖြင့် အမိုးအကာအောက် အချိန်မီမရောက်နိုင်ကြ ဖြစ်ကုန်ပါသည်။

စပါးလှန်းရန် ကွင်းမရှိသဖြင့် ကားလမ်းဘေး လမ်းပေါ်တစ်လျှောက် ဖြန့်လှန်းထားကြသည်ကို ရန်ကုန်-ပြည် လမ်းမကြီးတစ်လျှောက် ခရီး ထွက်စဉ် မြင်တွေ့ခဲ့ရပါသည်။ စုန်ဆန် ကား(၂) စင်း ရှောင်သာရုံ ကားလမ်းပေါ်တွင် စပါးခင်းလှန်းထားသည့်အခါ လမ်းသည် ပို၍ ပို၍ ကျဉ်း သွားပါ တော့သည်။

ကားရပ်ခိုက်ကြုံသဖြင့် အကျိုးအကြောင်းပြောပြရာ စပါးလှန်း လယ်သမားကြီး ခေါင်းကုတ်ရှာပါသည်။

“တို့လည်း မတတ်သာလို့ပါ မောင်ရာ၊ ကတ္တရာအပူဓာတ်ကလေးနဲ့ မြန်မြန်သွေ့မလားလို့ပါ” တဲ့။

မိုးကို အပြစ်တင်ရန် ကောင်းကင်မော့ကြည့်မိပါသည်။ နားထဲ အသံတစ်သံ ကြားလိုက်ရပါ၏ ။

“မြတ်စွာ ဘုရားလက်ထက်ကတည်းက ဒီအချိန် မိုးကြီးပါတယ်” တဲ့။ ကျွန်တော် ဇက်ပုသွားရပါသည်။

လမ်းတစ်လျှောက် အလှူခံစခန်းများ လည်း တွေ့ရပါသည်။

“ငရဲမကြီးပါဘူးခင်ဗျာ ပစ်သာချခဲ့ပါ။

တစ်ကျပ်တစ်ပြား အမြတ်ထားလို့ ပစ်သာချခဲ့ကြပါ” …တဲ့။

သြော်… ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ပါပဲ။ မော်တော်ယဉ်ပေါ် လှမ်းအလှူခံရတော့ တချို့ကားကလည်း အရှိန်လျှော့၊ တချို့ကလည်း မောင်းမြဲ၊ အလှူရေစက် လက်နဲ့မကွာ လှူတတ်သော ကျွန်ုပ်တို့လူမျိုးကလည်း … တစ်မူးရလို့ တစ်ပဲလှူ။ နှစ်ကျပ်ရှိ တစ်ကျပ်ကို ပွတ်သတ်ကာ လှူတတ်ပါ၏ ။ အလှူခံ မိန်းကလေးတွေကလည်း ငွေဖလားအတုကိုယ်စီ၊ ဖလားထဲမှာ အကြွေမရှိတော့ ပိုက်ဆံအကြွေအစား ကျောက်စရစ်ခဲကလေးများ ထည့်၍ တဂျောက်ဂျောက်ခေါက်ကြလို့။

ရပ်ကွက်ထဲလည်းကောင်း၊ လမ်းမ, လမ်းဘေးလည်း စခန်းဖွင့် ကောက်ကြလို့ … ဘုံကထိန် ဂုဏ်ရှိန်မညှိုးရအောင် ကြိုးပမ်းနေကြပါ၏ ။

တန်ဆောင်မုန်းလတွင် ရိုးရာထုံးတမ်းအရ လှူဒါန်းကြသော သင်္ကန်း (၃) မျိုး ရှိပါသည်။ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း၊ ကြာသင်္ကန်း ဟူ၍ ဖြစ်ပါသည်။

ရှေးကလှူဒါန်းကြသည်မှာ ချုပ်ပြီး၊ ဆိုးပြီးသင်္ကန်း မဟုတ်သည့်က များ ပါသည်။ အများ အားဖြင့် ဖျင်စိမ်းသက်သက် “သင်္ကန်းလျာ” အဖြစ် သမုတ်၍ လှူဒါန်းကြခြင်း ဖြစ်ပါသည်။

ကထိန်အတွက်လည်း ထို့အတူ ကထိန်လျာပုဆိုးသာလျှင် ဖြစ်သည်။ ကထိန်၏ ပညတ်ချက်မှာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်မှ တန်ဆောင်မုန်းလပြည့် အတွင်း ရက်များ သာဖြစ်ပါသည်။ လပြည့် မကျော်ရပါ။ မသိုးသင်္ကန်းမှာ တန်ဆောင်မုန်းလပြည့် မလွန်စေရန် ညဥ့်သန်းခေါင်ထိ အမြန်ရက်ကြရပါသည်။ ထိုအချိန်မှ လွန်လျှင် အချိန်(သိုး) ပုပ်သည်ဟု ခေါ်ပါသည်။ ထို့ကြောင့် အမြန်ရက်ဖျင်ကို စီမံကြသောပွဲကို မသိုးသင်္ကန်း ကပ်လှူပွဲဟု သမုတ်ခြင်း ဖြစ်ပါသည်။

ကြာသင်္ကန်းကပ်လှူပွဲကို တန်ဆောင်မုန်းလရာသီ၌ ပင် ရှေးကပြုလုပ်ကြပါသည်။ ယခုကာလတွင် ကြာသင်္ကန်းကပ်လှူခြင်း နည်းပါးသွားသဖြင့် ထိုပွဲတော်ကို သိသူနည်းကြောင်း ဆရာကြီးဒဂုန်နတ်သျှင် ရေးဖူးပါ၏ ။ အချို့ဒေသ၌ ဘုရားပုထိုးစေတီတို့တွင် ပိတ်ပေါ်၌ ရွှေရောင်စက္ကူ (သို့ မဟုတ်) ပဒုမ္မာရွှေရောင် ကြာပွင့်ကြီးများ ထိုး၍ ကပ်လှူထားသည်ကို တွေ့နိုင်ပါသည်။

*


(၂)

“ဆေးပေါင်းခတဲ့ည၊
ဆေးပေါင်းခတဲ့ည…

ဆေးပေါင်းခတဲ့ည…။”

ရပ်ကွက်ထဲ အလှူခံ မဏ္ဍပ်လေးဆီမှ အသံချဲ့စက်အသံ ကြားနေရပါသည်။ ဆေးပေါင်းခ,တဲ့ည သံပြိုင်ထပ်ကာ ထပ်ကြော့ကြားနေရပါည်။ ကြားနေရဆဲ ဖြုန်းခနဲရပ်ကာ မိုက်စမ်းသံ အဟမ်းသံများ ပေါ်လာပြီး -

“ဇဋိလ၊ မဏ္ဍက - သူဌေးကြီးလေးဦးတို့လို

ပေး၍ မကုန်၊ လှူ၍ မခန်း၊ ပဒုမ္မာရွှေကြာပန်းလို

ပွင့်လန်းနိုင်ပါစေ…။

အထုပ်ကြီး ထုပ်လိုက်ကြနော် …။

ရေဘူးနဲ့ ဖိနပ်မပါရင် နွေအခါမှ သိရမယ်။

ဒါနနဲ့ သီလမပါရင် … ဟုတ်ကဲ့ခင်ဗျာ … ဘယ်သူ

သြော် …”

ကျွန်တော်သိတတ်စ အရွယ်ကတည်းက ကြားရသည့်အသံ၊ ယခုထိ မရိုးနိုင်၊ ဆုပေးဆက်မလိုနှင့် လှူမည့်သူလာတော့ ဖြတ်အော်ကာ ကြေညာရပြန်သည်။ လှူဒါန်းသူကလည်း သောင်းထိုက်က ကျော်ရောဟဲ့ … ကျေနပ် သွားပါသည်။ ရပ်ကွက်လူထုကလည်း သံရှိန်ပျက်သဖြင့်စိတ်မဆိုးကြ။ အဲ … တစ်ညလုံး မအိပ်ရတာ ပဲရှိသည်။

“အလှူရေစက် လက်နဲ့မကွာ”

ပဒေသာပင်ခေတ်ဟာ အသေအချာပင်ဖြစ်မှာ …”

မိုက်ခွက်ကိုက်ထားသူသည် ဒေသနာလေသံပြောင်းကာ မင်းသားဟဲ လုပ်ပြန်သည်။

“ပဒေသာပင်ခေတ်ဟာ အသေအချာပင် ဖြစ်မှာ ” တဲ့။

`

ဤခေါင်းစဉ်ဖြင့် စာအုပ်ထွက်ဖူးသလား။ ကျွန်တော် ပြန်တွေးနေမိပါသည်။

တန်ဆောင်တိုင် အလှူပွဲအတွက် ပဒေသာပင်အရိုး(ဖရိန်) ထောင်ထားကာ အသံချဲ့စက်ဖြင့် အလှူရှင်များ ဖိတ်ခေါ်ကာ ထိုအရိုးပင်တွင် သီးကြမည်။

“ရှေးကလူတွေဟာ လောဘ ဒေါသ နည်းကြလို့ မြောက်ကျွန်းမှာ ပဒေသာပင်ပေါက်တာပေါ့။ ဘယ်သူဆွတ်စားစား မကုန်ဘူးတဲ့။ စားစရာ ဝတ်စရာ ဘာမျှမပူရပါဘူး။ အဲဒီ ပဒေသာပင်က လိုတာ အကုန်ရတာ ပေါ့”

ငယ်ငယ်က အဘွားပြောပြခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရနေမိပါသည်။

ကျွန်တော့်စိတ်ရင်းအရ ပြောရလျှင် ကျွန်တော်တစ်ဦးတည်း အတွက် အများ မက်မောသည့် တိုက်၊ ကား … စသည့် ပကာသန အသုံးအဆောင်များ မလိုချင်ပါ။ သို့ သော် အဘွားပြောသည့်ပဒေသာပင်မျိုးတော့ လိုချင်သည် အမှန်။ လိုချင်မှု ကြောင့် လောဘဖြစ်၊ လောဘကြောင့် ဒေါသဖြစ်..ဟု အဘွားရှိလျှင် ဆိုဦးမည်လား မသိ။

ရပ်ကွက်ထဲကပါမက ရပ်ကွက်ထိပ် ကတ္တရာလမ်းမဘက်ဆီကပါ အသံတွေ ကြားရ ပါသည်။

တန်ဆောင်တိုင် ပဒေသာပင် ဝေယျာဝစ္စကလည်း မသေးလှပါ။

ပဒေသာပင်အရိုးအတွက် မဏ္ဍိုင်၊ ဒေါက်တန်း၊ ခြေချုပ်၊ ထမ်းပိုး၊ ထိပ်စင်၊ ဝါးပတ် …စသည်ဖြင့် သစ်၊ ဝါး၊ သံ၊ သွပ်ကြိုးတို့ဖြင့် ပြုလုပ်ကြပါသည်။ လက်သမားခ ခုနစ်ရာကျော်လောက် ကျပါသတဲ့။ အပြီးအစီး ပဒေသာပင် အရိုး (ဖရိန်ကြမ်းချော) အတွက်ဆိုလျှင် ၂၅၀၀ိ/- ဝန်းကျင် ကျပါသတဲ့။ ပဒေသာပင် အလိုလိုပေါက်မလာသည့်အခါ လူ့စွမ်းအားဖြင့် ဖန်တီးယူကြရပါသည်။

ပဒေသာပင် အသီးအတွက်ကတော့ ရဟန်းသုံးပစ္စည်းများ အစပဲရှိပါသည်။ သင်္ကန်းဈေး စနည်းနာကြည့်တော့ သင်္ကန်းဒွိစုံ စီဝိုင်စီ (တရုတ်ထည်)က အပြင်မှာ ၂၂၀၀ိ/- ပေါက်နေပါသည်။ရပ်ကွက်အတွင်းမှာ အကျဉ်းဦးစီးက ကားနှင့်လာဖြန့်ပါသည်။ ၁၉၀၀ိ/- ဖြစ်ပါသတဲ့။ လက်ကားဖြန့်စဉ်လှူချင်သူများ ၊ လှူဒါန်းနိုင်သူများ အဆင်ပြေစေဖို့-

စက်မှု (၁)ကလည်း ဝိနည်းတော်နှင့်အညီ ပေါ်ပလင်ပိန္နဲရောင် သင်္ကန်းဒွိစုံ ၁၆၀၀ိ/- ဖြစ်ပါသတဲ့။ ၂၁- စက်တင်ဘာ-၉၉ ဆိုတဲ့ နေ့စွဲလေးတွေ့တော့ ချုပ်လုပ်တာ မကြာသေးကြောင်း သိရပါသည်။ တပ်မတော် အထည်ချုပ်စက်ရုံ (မင်္ဂလာဒုံ) ကလည်း ဝိနည်းတော်နှင့် အညီ ဓားခွဲ၊ ဓားဖြတ်ချုပ်လုပ်သော ပေါ်ပလင်သင်္ကန်း မြသပိတ်တံဆိပ်ကလည်း ၁၄၀၀ိ/- ဖြစ်ပါသတဲ့။ ဧကသီ အလျား ၉၉ လက်မ၊ အနံ ၈၁- လက်မ၊ သင်းပိုင် အလျား ၉၅-လက်မ၊ အနံ ၄၅-လက်မ စံချိန်မီ မမီစစ်ဆေးနိုင်ပါသတဲ့။

သင်္ကန်းကလည်း တတ်နိုင်သူများ အတွက် ၆၀၀၀ိ/- ကျော်တန်တွေတောင် ရှိပါသတဲ့။

တကယ့် မြသပိတ်(ဖန်သား) အဖုံးကလပ်ပါ ထိုင်းရွှေချပြီး တစ်လုံး ၆၀၀ိ/-၊ သံသပိတ်၅၅၀ိ/- ၊ ဘုရားလှူဖို့ ကနက္ကဒဏ် ထီးဖြူ ခုံရော အရိုးပါ အစုံထီးဖြူ ၂၇ - လက်မက ၂၀၀၀ိ/- ၂၄-လက်မ အရွယ်ဆို ၁၉၀၀ိ/-၊ ၂၂-လက်မဆို ၁၈၀၀ိ/-။ ရွှေထီးက ၁၈-လက်မ ၁၂၀၀ိ/-၊ ၁၇ - လက်မအရွယ်က ၁၁၅၀ိ/- ၊ ၁၆- လက်မအရွယ် ၁၁၀၀ိ/ -၊ ၁၅ - လက်မအရွယ် ၁၀၅၀ိ/ - အရွယ်အစားစား။

ရဟန်းဆောင်းထီးကြီး ၄၀၀ိ/-၊ ရဟန်းဆောင်းထီးသေးက ၂၅၀ိ/-။ ယပ် (ကတ္တီပါ အပြည့်) ၂၅၀ိ/- လိုရာလှူနိုင်ကြပါတယ်။

ပဋ္ဌာန်းယပ်က ၂၀၀ိ/-၊ ရဟန်းစီး ဖိနပ် (ငါးသုံးလုံးတံဆိပ်) က ၃၅၀ိ/-၊ ကော်ဆွမ်းခွက်၁၅ိ/-၊ ဘုန်းကြီးခေါက်ထီး (မနှစ်က) ၆၀၀ိ/-၊ ယခုနှစ် နည်းနည်းဈေးတက်ပါသတဲ့။

ကော်ရေချိုင့် ခွက်လေးလုံးပါ အသင့်တစ်စုံ ပလတ်စတစ်ဘူး ဓာတ်ဘူးကြီးသေး အရွယ်အစားက ဈေးနှုန်း ၈၀၀ိ/- ကနေ ထောင်ကျော်တန်တွေ။ တဘက်၊ စာရေးကိရိယာ၊ ခြေသုတ်ခုံတိုင်ကပ်နာရီ၊ ပြက္ခဒိန်၊ ရေဒီယို၊ လှူဖွယ်အသင့်ထည့်ပြီး ပလတ်စတစ်ခြင်း အစုံပါပဲ။

အချို့ရပ်ကွက်က ပဒေသာပင်တစ်ပင်ကို ရှစ်သောင်းကျော်တန်ဖိုးရှိပါသတဲ့။ တချို့ရပ်ကွက်က ငွေစက္ကူအသစ်ကလေးများ လဲကာ ငွေပဒေသာပင် လုပ်ကြပါသည်။

အင်းစိန်မြို့နယ်မှာ (၂၁) ရပ်ကွက် ရှိသည့်အနက် မနှစ်က အနောက်ရွာမ ရပ်ကွက်က အထူးခြားဆုံးဖြစ်ပါသတဲ့။ (၈) သောင်းကျော် ပဒေသာပင် (၁၇)ပင် ထွက်ပါသတဲ့။ တစ်ရပ်ကွက်တစ်ပင်ကျစီ မြို့နယ်သို့ ပို့ပေးရပါသည်။ ကျန်အပင် ကျောင်းခွဲတမ်းချ ပို့လှူကြပါသည်။

“ဘုံစုတာရော၊ တစ်ဦးချင်းတတ်နိုင်သူ အလှူပါ အစုံပါပဲ” လို့ ပြောပြပါတယ်။ အချို့ဆင်ခြေဖုံးရပ်ကွက် အိမ်ခြေသုံးရာကျော် ဘုံထည့်ငွေဟာ တတ်နိုင်သူ တစ်ဦး ထည့်ဝင်အလှူငွေနဲ့ ညီမျှနေပါသတဲ့ …။

“တို့ငယ်ငယ်ကတော့ကွယ် ပဒေသာပင်မှာ ဆန်၊ ဆီ၊ ဆား၊ အင်္ဂါနံ ထွန်းအောင်၊ လူတွေ အစာရေစာပေါများ အောင် ဆိုတဲ့ အတိတ်နဲ့ ဆီပုလင်း၊ ဆားထုပ်ကလေးတွေ၊ ဆန်ထုပ်တွေခြင်းကြားရက်ထည့်ကြတာပဲ …” ရပ်ကွက်ထဲမှ အဒေါ်ကြီးတစ်ဦးက ပြောပြပါသည်။

“တန်ဆောင်မုန်းလပြည့်ညမှာ တော့ ဆေးပင်နုတ်ဖို့ မမေ့နဲ့။ မဲဇလီဖူး သုပ်စားဖို့ မေ့မနေနဲ့ ကြားလား၊ တို့ရပ်ကွက်ကလူတွေ များများ စားစေချင်ပါတယ်ကွယ်။ မနက်မနက် တန်းစီလွတ်အောင်လို့ ငါတော့ လူတိုင်း လိုက်နှိုးဆော်နေတာပဲ၊ မဲဇလီဖူးသုပ်စားဖို့ မမေ့နဲ့နော်…”

နိဗ္ဗာန်ဆော် … အဲ ..အဲ ..တန်ဆောင်တိုင်ဆော် အဒေါ်၏ စကား နားထဲ ကြားနေမိ သည်။

*


(၃)

“မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၌

မအုန်းဝဿ၊ မကျနှင်းဖြူ

တိမ်ဖြူစင်ကာ…”

(ဘူရိဒတ်လင်္ကာကြီး)

ရှင်မဟာရဋ္ဌသာရသည် သက္ကရာဇ် - ၈၄၆ ခုနှစ်၊ (၁၆) နှစ်သားကပင် တန်ဆောင်မုန်းလ၏ သာယာပုံကို ဖွဲ့စပ်ခဲ့သည်။ တန်ဆောင်မုန်းလ၌ မီးပွဲ ကျင်းပပုံ၊ ဆီးနှင်းမြူတိမ် ကင်းလှသဖြင့်လမင်းကြီးထွန်းပပုံ၊ ညခင်းသာယာပုံတို့ကို ဖွဲ့ခဲ့သည်။

ကြတ္တိကာနက္ခတ်နှင့် စမ်းယှဉ်သော တန်ဆောင်မုန်းလပြည့်ညတွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့သည် မဲဇလီပင်ကို စောင့်သော နတ်မင်းအား တညီတညွတ်တည်း အခစားလျှောက်တတ်ကြသည်ဟု စာဟောင်းတို့တွင် တွေ့ရပါသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ညတွင်မဲဇလီပင်သည် ဆေးပေါင်းခ သည်ဟု ရှေးကပင် ယူဆယုံကြည်လာခဲ့ကြပါသည်။ ရှေးဆေး ကျမ်းကြီးများ တွင်တော့ မဲဇလီဖူးသုပ်ကို စားရခြင်းအားဖြင့် ရောဂါအန္တာရယ်မျိုး ၉၆-ပါး ကင်းစင်သည်ဟု ဖော်ညွှန်းပြဆိုထားသည်ကို တွေ့ရဖူးပါ၏ ။

ကျွန်တော်တို့ရပ်ကွက်ထဲတွင် စက်ရုံအလုပ်သမား၊ ပန်းရန်၊ လက်သမား၊ ကျောင်း ဆရာ၊ ပွဲစား၊ ကုန်စုံဆိုင်ရှင်၊ အသံချဲ့စက်ပိုင်ရှင်၊ ကန်စွန်းခင်းစိုက်တောင်သူ၊ ရုံးသမား၊ ပျံကျဈေးသည် လူတန်းစားအလွှာအစုံပင် ရှိကြပါ၏ ။

ရပ်ကွက်ထဲ နားစွင့်ကြည့်လိုက်တော့ အချို့က ပံ့သကူပစ် အစောကြီး သွားကောက် မတဲ့။ တန်ဆောင်မုန်းလပြည့်ညမှာ မအိပ်ဘဲ မဲဇလီပင်နား သွားနေမည့် အုပ်စုလည်း တွေ့ရသည်။လူငယ်အုပ်စုကတော့ ကျီးမနိုးပွဲပျော်ရန်၊ ကြက်ချက်စားရန် ဆိုင်းပြင်းနေသည်။

ကျွန်တော့်အိမ်ရှင်မကတော့ ဆီ ဆန် ဆားတို့ထည့်ကာ ဘုရားကပ်ဖို့ ပြင်နေသည်။ ပံ့သကူ သွားကောက်မည်၊ မဲဇလီဖူးသုပ်စားမည်လည်း ဟန်ပြင်နေပါသည်။ လပြည့်ညမှာ မအိပ်ပါနှင့်ဟု ကျွန်တော်မျိုး သကောင့်သားအားလည်း နှိုးဆော်နေပါသည်။

သူ့နှိုးဆော်ချက်နဲ့ ရပ်ကွက်ထဲက လောက်စပီကာသံနှင့်တော့ အံကိုက်ဖြစ်နေပါသည်။နားစွင့်လိုက်တော့ ဆေးပေါင်းခတဲ့ည ၊ ဆေးပေါင်းခ တဲ့ ည …တဲ့။

အဝါရောင်လှိုင်း၊ ဈေးကွက်တောင်သမန်နှင့်

တုံးကျော်မ သီချင်း

(၁)

“သေနိုင်ပါရိုးလား၊ လေဘာတီရယ်၊ ပေတစ်ရာဆီ

လျှောက်ပါလို့၊ မြင်သလောက် ပြလိုက်ချင်ပါသည်၊

အခြေလည်းတိုးတယ်၊ အနေလည်းတိုးတယ်”

(နန်းတော်ရှေ့ ဆရာတင်ရေး - တုံးကျော်မ)

ကျွန်တော်တို့ စာပေသမားတစ်စု ၉၉-နိုဝင်ဘာလထဲတွင် မန္တလေးကို ရောက်ခဲ့ကြ သည်။ ကျွန်တော်တို့ စာပေသမားတစ်စုသာမက စာသမားအများ စုရောက်ခဲ့ကြသည်။ လူထု ဒေါ်အမာ၏ အသက်(၈၄) နှစ်ပြည့် မွေးနေ့။ အနယ်နယ် အရပ်ရပ်မှ စာသမားတို့ စာပေ သံယောဇဉ်ဖြင့် ရောက်ရှိလာကြသည်။

အသီးသီးအသက ဆင်းရဲလှသည့် အချိန်ကလေးကို ခြစ်ကုတ်၍ ဘုစုခရုဗေဒ၊ မီးဖိုချောင်ကိစ္စ၊ နိစ္စဓူဝအရေး ခေတ္တဘေးချိတ်၊ စားရိတ်စက စုဆောင်း၊ ခေါင်းကလေးအသာမော့ အသော့နှင်ကာ ဘူတာဆင်းခဲ့ကြသည်။ အချို့ရထား၊ အချို့ကား။

ကိုယ့်အာရုံ ကိုယ်စု၊ ကိုယ့်လမ်းကို စေ့ငုလို့ ရှေးရှုကာ ခရီးနှင်ခဲ့ကြသည်။

သွားပါများ ခရီးရောက်သတဲ့။ ကျွန်တော်တို့ စီးနင်းကြသည်မှာ ရန်ကုန်-မန်း ညရထား။ညနေ ၅း၃၀ နာရီတွင် ရန်ကုန်ဘူတာကြီးမှထွက်၊ ပဲခူး မရောက်ခင်ပင် မှော င်နေပြီ။ ဆည်းဆာရီထဲတွင် တိုးချောင်ကလေးအဖြတ် ကွင်းစပ် တဲအိမ် တဲပုကလေးများ ၊ ၎င်းနောက် လှမ်းအမျှော်တွင် ရန်ကုန်၏ မိုးထိ တိုက်တာများ ၊ ဆည်းဆာရိပ်အောက်မှ ဆင်ခြေဖုံးနှင့် မြို့ပြကို ငေးကြည့်ရင်း “ကားရေးဖို့ကောင်းတယ်” ဟု အတူပါလာသည့် သူငယ်ချင်း ပန်းချီဆရာက တ,သသည်။

ထို့နောက်တွင်တော့ အမှော င်လည်းစိုး- လေစိမ်းလည်း တိုးလာသဖြင့် အားနာနာနှင့်ပင် ပြတင်းတံခါးလေး ချခဲ့ကြသည်။ မပိတ်၍ လည်းမရ။

“ဆရာတို့ ဟိုနားမြို့ဘက်ရောက်ခါနီး တံခါးချထားကြပါ” ဟု လိုက်ဆော်သြနေသည်။ခါတစ်ရံ တွဲ တွင်းမှပင် ခရီးသည်ဟန်ဆောင်ကာ တွေ့ရာဆွဲ၊ ပြတင်းက ခုန်ချတတ်သတဲ့။

အပြင်အာရုံကို သိမ်းကာ ရထားတွဲ တွင်း ကြည့်လိုက်တော့ တုံးလုံး တချို့၊ ပက်ခေါက်တချို့။

လာပါပြီခင်ဗျ။ ဘီယာ၊ အအေး၊ ကြက်ကြော်၊ ထမင်းကြော် အစုံရမတဲ့။ မီးရထား ဝန်ထမ်းတို့ ကြိုးစားကြပါသည်။ ရထားပေါ်တွင် လိုလေးသေး မရှိစေရ။

ခေါင်းအုံး ကွေးကွေးလေး ယူမလား- ရမည်။ အိုက်စပ်နေသလား- ယပ်ခတ်ဖို့ ယပ်တောင်ရမည်။ ပျင်းနေသလား- ရုပ်ပြဂျာနယ်၊ မဂ္ဂဇင်းဖတ်ဖို့ ရမည်။

“မီးရောင်ကလေးက မှိန်ပျပျ၊ ငါ့မှာ ရှိတဲ့ မျက်စိကလေးနဲ့ ဘယ်လိုလုပ်ပြီး ဖတ်မှာ လဲ”ဟု ဒွေးစတိုင်ဖမ်းကာ မိတ်ဆွေတစ်ဦးက အော်သဖြင့် စာအုပ်ငှားဝန်ထမ်းများ ပြုံးသွားကြသေးသည်။

ခပ်လှမ်းလှမ်း ရထားအမိုးနားကပ်လျက် တီဗီဖန်သားပြင်မှ မြန်မာ ဗီဒီယိုဇာတ်လမ်းတွဲ ပေါ်လာသည်။ ခရီးသည်များ အာရုံစုပြုံလှည့်ဆဲ ဆက်တိုက် လှိုင်းရိပ်များ ပေါ်လာ၏ ။ အခွေ မှိုမဆေးမိလို့ ဖြစ်ပေလိမ့်မည်။

သို့သော် မိတ်ဆွေ စိတ်မပူပါနှင့်၊ သောတဆင်စရာ တေးသံသာ ပေါ်လာပါသည်။ တွံတေးသိန်းတန်လား၊ တွံတေးစိုးအောင်လား မကွဲပြားပါ။ ဂျစ်၊ ဂျစ်အသံတို့ မကြာခဏ ဆက်လက်ပေါ်ထွက်နေပါသည်။

“ဒစ်ဂျစ်တယ်ဆိုတာ ဒါကိုပြောတာ” ဟု တစ်ယောက်က အဓိပ္ပာယ်ဖွင့် ပါသည်။

ပုလင်းပါသူတွေက ပုလင်းထုတ်၊ ရေဘူးပါသူတွေက ရေဘူးစုတ်၊ ဂျိမ်းဂျုပ်ဂျုပ်သံ နာခံရင်း ပျဉ်းမနားကျော်ခဲ့ရသည်။

ဤသို့ဖြင့် ခွေခေါက်တချို့၊ ခုံအောက်တချို့၊ မျက်လုံးရယ် ကြောင်တောင်တောင်နှင့်တချို့။

ဈေးသည်များ ကား ညဥ့်သုံးယံ မလစ်လပ်စေရ။ ရထားမောင်းဆဲ ဥဒဟို။

လောကဓာတ်အမှော င်၊ ညအရောင်ကြောင့် သာစည်ကို မမြင်ခဲ့ရ။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားလုပ်သားပြည်သူ အပေါ်-

“ဟုတ်ကဲ့၊ မနက် ၈း၀၀ ခန့်တွင် မန်းကို လှမ်းမြင်လိုက်ရပါပြီ။ အိပ်ပျက်မျက်လုံးကြားက ဘွားခနဲတွေ့ရသည့် အပူရောင်လှိုင်းကြားက မန်း”

*


(၂)

မယ်ရင်မာပါစီ၊ မြရင်မာပါစီ

ရေးသောစာ၊ ပေးသောစာ

ရေးပေးသောစာ၊ အရပ်ရပ်က လာကြသည်၊

အင်မတန်ကျေးဇူးတင်ပါသည်၊

အလွန်တရာကျေးဇူးတင်ပါသည်၊

အမယ်မင်း မသေလို့တွေ့ရ

မေ့နိုင်ပါဦးမလား အတည်

(တုံးကျော်မ)

လူထုဒေါ်အမာ၏ ၈၄-နှစ်မြောက် မွေးနေ့ကို အမရပူရ တောင်လေးလုံးကျောင်းတိုက် ဝင်းအတွင်း စေတီတော်ရင်ပြင်တွင် စုထိုင်ကျင်းပခဲ့ကြသည်။

ထိုပွဲတွင် အသက်(၇၀) ကျော် ဆရာလင်းယုန်မောင်မောင်က လူထုဒေါ်အမာကို အရက်လှူသည်။ (၇၀) ကျော်အထိ သောက်လာပြီးမှလှူလည်း နောက်မကျသေးပါဘူးနော်ဟု ဘေးနားမှ မိတ်ဆွေတစ်ဦးက ကပ်ပြောသည်။ ခရစ်ယာန်ဘုန်းကြီး မောင်ပေါက်စီကလည်း မြန်မာဘုန်းကြီး ဦးပညာကို အရက်လှူသည်။ ရယ်ရယ်မောမောဖြင့် ကြည်နူးစရာကောင်းပါသည်။

ကျွန်တော်တို့ ကဗျာဆရာများ ၊ စာရေးသူများ ထဲက မည်သူ သူရဲကောင်းပေါ်မည်လဲဟုမျက်လုံးဝေ့ကြည့်မိသည်။ ကိုငြိမ်းတို့၊ မောင်သင်းပန်တို့ကို မျက်လုံးကလေး ကလယ်ကလယ်နှင့် တွေ့ရသည်။ ရှေ့ကိုတော့ ထွက်မလာ။

ကျွန်တော်တို့မှာ မန္တလေးသို့ နှစ်စဉ်မရောက်ဖြစ်။ အမေ့စိန်ရတုပွဲလောက်က ရောက်ပြီး နောက်ထပ်မရောက်ဖြစ်။ အမေမာ့ မွေးနေ့မတိုင်ခင် ညပိုင်း တောင်လေးလုံးကျောင်း ရောက်ခဲ့ကြသည်။ တောင်လေးလုံးညသည် မှော င်ရိပ်ထဲတွင် သွေ့ခြောက်နေ၏ ။

ယခင်နှစ်များ ကို ပြန်လွမ်းမိသည်။ ဝင်းစည်သူကို သတိရမိသည်။ အဿဗန္ဓကညကိုအမှတ်ရမိသည်။ ကိုမင်းသစ်ကို သတိရမိကြသည်။ ဦးပိန်တံတားပေါ်က ကဗျာရွတ်ပွဲကို သတိရမိ သည်။

“ နွေနွေ

မိုးမိုး

ဆောင်းဆောင်း

* ရာသီ နာရီ မလို

အခါမှီစရာ မလို၊

* အစဉ်သာ၊ မွှေးလျက်

အကြင်နာ ထွေးဖက်

* ထိတ်စရာ့ဘယ အပြစ်မမြင်

ဣစ္ဆာသယ သစ်ပင်

အဲဒါ အမေ့ရင်ခွင် ”

ကဗျာဆရာလေး မောင်သစ်ဝေ(မြင်းခြံ) ရဲ့ ကဗျာလေးကို ပြန်လည်ကြားယောင်နေမိသည်။ အမေ့စိန်ရတုတုန်းက တောင်သမန်ည ကဗျာရွတ်ပွဲသည် ဆောင်းည လရောင်ထဲမှာ ဝေစသည်လှိုက်လှဲခဲ့ပါသည်။

“မိတ်ဆွေတွေနဲ့ဆုံဖို့ အောင်ပင်လယ်က ကျွန်တော်လာခဲ့တယ်” ဆိုသည့် ကိုငြိမ်း ဘယ်မှာ လဲ။

အောင်ပင်လယ် လယ်ကွင်းထဲ အိမ်တိုင်တွေစုပုံ၊ ဖြစ်သလိုတဲထိုး၊ ညည မြွေတွန်သံတွေကြားရသည့်အကြောင်း သူပြောခဲ့ဖူးသည်။ ကိုကြီးတင် ပျော်တဲ့နယ်မှာ မပျော်နိုင်ခဲ့တဲ့ ကိုငြိမ်း ကိုရှာကြည့်တော့ -

၉၉ ခု၊ တောင်သမန်အင်းဘေး၊ ဦးပိန်တံတားအောက် မှော င်ရိပ်ထဲက ယမကာဆိုင်မှာ ဘွားခနဲတွေ့ရသည်။ ဆံမုတ်ဆိတ်မပြောင်းလဲသော်လည်း မျက်နှာကျ အိုစာခဲ့ပြီ။

လူငယ်ကဗျာဆရာလေးများ နှင့် သူ့ရင်ကို ဂါလံတစ်ပုံးနှင့် ဖွင့်အံဆဲ။ ဆောင်းည အမှော င်ထုဖောက် ကဗျာရွတ်နေသည့် ကဗျာဆရာမ မအိ၊ မောင်သင်းပန်ကိုလည်း မည်းပြောင်ပိန်လျ တွေ့ရပါ၏ ။ ကိုနီမောင်ကို သတိရမိသေးသည်။

ဦးပိန်တံတားပေါ်တွင် လရောင်ကို မတွေ့ရ။ ဆောင်းည အမှော င်သာ ကြီးစိုးနေသည်။

စိန်ရတုတုန်းက တက်ကြွဖျတ်လတ်စွာ စာပေအရေး၊ ကဗျာအရေး ငြင်းကြခုံကြ၊ ဆွေးနွေးကြသံများ မကြားရပြီ။ ဆိတ်သက်မည်းမှော င်သော တောင်သမန်၊ ဟိုစဉ်က လွမ်းစရာ့ မယ်ဇင်ပင်တန်းနေရာတွင် ဈေးကွက် စီးပွားရေး ရောက်ခဲ့ပြီ။ လရောင်ပျောက်သော တောင်သမန်ညကို တွေ့ခဲ့ရပြီး နေ့နေခြည် တောင်လေးလုံးကို မျက်နှာမူမိသည်။

“မယ့်ရင်မာပါစီ၊ မြရင်မာပါစီ”

လမင်းတစ်ရာ ဌေးဌေးမြင့်၏ အကဖြင့် ပူဇော်ခန်းကို ကြည်နှုးလှိုက်လှဲစွာ တွေ့မြင်ရသည်။ တတ်သည့်ပညာ မနေသာဆိုတာ ဒါပဲဟု ရင်ထဲက ရေရွတ်မိသည်။ ရိုးရိုးအဝတ်အစားနှင့် ၊ပကတိပင်ကိုသံနှင့် တုန်ခြင်း မှု န်ခြင်းမရှိ။

သတင်းကြီးလှသည့် မန်းအငြိမ့်ကို မကြည့်ဖူးသေးသည့် ကျွန်တော်တို့ ရန်ကုန်စာ သမားများ တံတွေးမျိုချမိကြသည်။ ယခုတစ်ခေါက်တွင် မောင်သင်းပန်၏ ပါးစပ်- အငြိမ့် ဒိုးသံကလေးကိုလည်း မကြားခဲ့ရ။ ပရိသတ်ထဲမှ ဆရာမ ရွှေကူမေနှင်းကို ဆိုင်းချက်လိုက်လျက် တွေ့ရသည်။]

ကြံတိုင်းအောင် ကိုအောင်မင်း၊ ဥတ္တရလွင်ပြင် ကိုသန်းဌေး၊ ဆရာမ မြို့သာမရာထို၊ မေမောင်၊ ရွှေဘိုမိမိကြီးတို့နှင့် အပြေးအလွှား တွေ့ဆုံခဲ့ရသည်။ မကို၊ မဝင့်တို့ကို သွားတွဲ လဲနှင့် အိမ်ရှင်မများ အဖြစ် တွေ့ရသည်။

ဆရာသစ် (မောင်သစ်လွင်-လူထု) ၏ “အို …အမေ၊ အမေ” ဆိုသည့် တေးသံ၊ ဂီတာသံကို ပြန်လွမ်းမိသည်။ ဆရာသစ်ကိုလည်း ခါးကိုင်းကိုင်းတွေ့ရ၏ ။ စိန်ရတုကာလ ရွှေဝတ်ရည် မဂ္ဂဇင်း သန္ဓေတည်စ။ (မမနုမေ သျှိသျှား) မောင်နှံ၏ နွေးထွေးမှု ကိုလည်း သတိရမိ၏ ။

ဆရာကြည် (ကြည်အောင်) က သိပ်မပြောင်းလဲ၊ တက်ကြွထက်သန်ဆဲ။ ဆရာကို (ကိုလေး-အင်းဝဂုဏ်ရည်) လည်း ထို့အတူ။ ဆရာစွမ်းကတော့ ဝဖိုင့်၍ ဇရာရိပ်နှင့်။

အော်ပီကျယ်၏ နွေးထွေးမှု ကိုလည်း မမေ့နိုင်။ ကြိတ်စက်မောင်နှံ တို့၏ လှိုက်လှဲပျူငှာမှု ကိုလည်း ရင်ထဲက ကြည်နှုးမိပါသည်။ ကားနှင့် ပါရမီဖြည့်ခဲ့သည့် ညီငယ် မောင်ဇင်။

ပြုံးရွှင် လှိုက်လှဲသော၊ ကြည်လင်သော မွေးနေ့ရှင် အမေမာကိုလည်း တပျော်တပါး ကန်တော့ခဲ့ကြသည်။

“ဒေါ်အမာ စာပြုလို့

စာရှုတို့ ကံကော်

မြန်မာမှု အံမချော်အောင်

ကြံသနော် အမြင့်ဆုံး”

ဆိုသည့် တေးရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ ဆရာကြီး ဆရာဟန်၏ တေးထပ်က လေးကိုလည်း ပြန်အမှတ်ရမိသည်။

“မျိုးဂုဏ်သိမ် တိမ်မဖုံးစေဖို့

တစ်ချိန်လုံးလင်းကာ

သုခုမာ ဥဒည်စွန်းရယ်က

နေဝန်းထက်ပြူကြရာ”

ဆရာဟန်၏ တေးထပ်ကား ရင်တွင်းပဲ့တင်ထပ်နေသည်။

လူထု မောင်နှံသည် စာပေဝန် ကျေပွန်ခဲ့ကြသည်။

လူထု ဦးလှသည် အသက်(၂၀) ကျော်ကပင် စာပေနယ်ထဲ ရောက်ခဲ့သည်ဟု သိရသည်။ ကြီးပွားရေးမဂ္ဂဇင်း၊ လူထုဂျာနယ်နှင့် လူထုသတင်းစာတို့ကို လက်တွဲ လုပ်ကိုင်ခဲ့ကြသည်။

“စာပေသမား ဇနီးမောင်နှံအနေနှင့် စာပေတာဝန်ကို ထမ်းဆောင်ခဲ့ကြသော စုံတွဲ တွေရှိကြပါသည်။ သို့ ရာတွင် ဆရာဦးလှနှင့် အဒေါ်အမာတို့ အတွဲ လောက် လိုက်ဖက်ညီပြီး အလုပ်လုပ်သောအတွဲ ကား မရှိသေးဟု ထင်ပါသည်” ဟု စာရေးဆရာမ ကြီး ဒေါ်စောမုံညင်းက မြန်မာအမျိုးသမီးစာအုပ်တွင် ထုတ်ဖော်ရေးခဲ့သည်။

လူထုဒေါ်အမာ၏ ၈- နှစ်မြောက် မွေးနေ့တွင် “လူထု ဒေါ်အမာ ၈- နှစ် ၊ ၈၃ -ခွန်း”ဆိုသည့် စာအုပ်ငယ်ကလေးလည်း လက်ဆောင်ရခဲ့သည်။

၈၃-နှစ်ပြည့် မွေးနေ့တွင် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမည့် စာအုပ်ကလေးကို ၈၄ နှစ်ပြည့်တွင် ဖတ်ရှုရခြင်း ဖြစ်ပါသည်။ လူထုဒေါ်အမာ အမှာ စာရေးဖြစ်တာတွေထဲက လုံးချင်း စာအုပ်တွေထဲက စာနယ်ဇင်းတွေမှာ ရေးဖြစ်တာတွေထဲက ကောက်နုတ်ချက်များ ဖြစ်ပါသည်။ အချို့စာပုဒ်ကလေးများ ကို ကွက်လပ်ကလေးများ အဖြစ်လည်း အသံတိတ်ဖတ်ခွင့် ရပါ၏ ။

*


(၃)

“ကျေးဇူးရှင်များ

တစ်ဆင့်စကားကို ကြားရပြန်ပါသည်။

စုံညီ ယုံကြည် မမြရင်ကလေး

မာပါစီ၊ သာပါစီ၊ ကိုကိုတွေ ဆုတောင်းပါရသည်။

စုံညီ ယုံကြည်”

(တုံးကျော်မ)

ကျွန်တော်တို့တစ်စုသည် မန္တလေးရောက်ခိုက် မဟာမြတ်မုနိဘုရားကြီးသို့လည်း ရောက်ခဲ့သည်။ ကိုယ်တိုင်ရွှေချဖြစ်ခဲ့သည်။ အစုံ့စုံ့- စုံ့ပွနေဟန်ရှိသော အမာခံ စစ်စေးခံတွင် ဖိနှိပ်လျက် ရွှေသင်္ကန်းကပ်ရခြင်း အတွေ့အကြုံမှာ လည်း ထူးခြားလှပါသည်။

ဦးပိန်တံတားလျှောက်ရင်း ကျောက်တော်ကြီးဘုရားလည်း ရောက်ခဲ့ကြသည်။ တံတားတစ်ဖက်ထိပ် ရွာအဝင်အကြော်တဲကား မပြောင်းလဲ။ ကျပ်ခိုးစွဲ ထန်းရွက်မိုး တဲပုကလေးမှာ ယခင်နှစ်တွေက အတိုင်းပင်။ သူ့ နံဘေးတွင်တော့ ပန်းပုဆိုင်များ ရောက်လာသည်။ သပ်ရပ်သော သစ်သားပန်းပု၊ ပန်းအင်္ကျီချိတ်တစ်ခု တစ်ထောင်ကျပ်၊ မှန်ဘောင်ပန်းဖောက်၊ ပန်းပုလက်ရာ ကိန္နရီ၊ တောသူမလေး ရေအိုးရွက်ဟန် စသည်ဖြင့် မြန်မာမှု လက်ရာများ တွေ့ရသည်။ ဈေးနှုန်းကလည်း အစားစား၊နှစ်ထောင် သုံးထောင်မှ သောင်းကျော်တန် ပန်းလိုက်ကာအထိ၊ လမ်းတစ်ဖက်တွင် ကျောက်ဆစ် ပန်းပုဆိုင်။

အကြော်ဆိုင်လေးနံဘေး ထန်းပင်ရိပ်ကြားတွင် ခုံတန်းလျားလေးများ နှင့် အညာလေကို ရှူနိုင်သည်။ ထန်းရည်လေး မြုံနိုင်သည်။ တံတားထိပ်မှာ အအေးဆိုင်၊ ပန်းချီရေဆေးကား လေးများ နှင့် ပန်းချီဆိုင်၊ ဟိုးတစ်နေရာတွင် လက်ရက်ကန်းထည် ထဘီ၊ တဘက်၊ ကိုယ်တိုင်ခတ်နေသည့်မိန်းကလေးကိုလည်း တွေ့ရသည်။

တံတားအောက်စပ် သမ္မန်လေးများ ကို အင်းစပ်တွင် တွေ့ရသည်။ နိုင်ငံခြားသား အသွားအပြန် ငှားထားသဖြင့် ငှားမရခဲ့။

ကျောက်တော်ကြီးအဝင် ရွာလမ်းနံဘေးတွင် ရှေးအုတ်နံရံကြီးများ ၎င်းနံဘေးတွင် လှည်းလမ်းအလွန် လမ်းမြှောင်နံဘေးတွင် အဘွားအိုလေးဦးမှာ ကျုံ့ကျုံ့လေးထိုင်၊ ရှေ့တွင် တဘက်ကလေးများ ချ၊ ဘုရားဖူးခရီးသည် တို့ကို ငံ့လင့်နေသည်။

ထုံးစံအတိုင်း အညာရောက် ရန်ကုန်တောသားများ နံရံမော့ကြည့်၊ နက္ခတ်တာယာပုံများ နားလည် သယောင်ယောင်နှင့် ငေး၊ ဘုရားကြီး ဦးချပြီး ပြန်အထွက် ရွာကကလေးများ သူ့ထက်ငါ ဖိနပ်ပုံလုယူပြီး လာပေးသည်။ နောက်မှ သဘောပေါက်ရသည်။ သူတို့လေးတွေ မုန့်ဖိုးလိုချင်ကြသကိုး။

ကျောက်တော်ကြီး နတ်လမ်းနံဘေးတွင်တော့ ဆီဆေးကားများ ချိတ်ရောင်းသည်ကိုတွေ့ရသည်။ အမှတ်တရကျောက်တော်ကြီး ဝါးပေတံကလေးသာ ၆၀ိ/- ပေးလျက် ဝယ်ဖြစ်၏ ။

တောင်သမန်အင်းထဲတွင် ရင်ခေါင်းမြုပ်ထိ ရေထဲဆင်းကာ ငါးပိုက်ချ တံငါတို့ကို တွေ့ရ၏ ။ အချို့က တံတားပေါ်က မျှားကြသည်။ ဇလားဗီးယား ၅၀- သားခန့် အရှင်တစ်ကောင် ၆၀ိ/-ချက်ချင်းမီးဖုတ်ခိုင်း၍ တစ်ဖက်ထိပ် မယ်ဇယ်ပင်ဆိုင်တန်းတွင် ယမကာနှင့် မြည်းနိုင်သည်။

လှမ်းမျှော်ကြည့်လျှင် အရင်ကလို မယ်ဇယ်ပင်တန်းကို ဆွတ်ပျံ့စရာ မတွေ့ရ။ အုတ်စင်၊ ဆိုင်တန်းများ နှင့် ရောယှက် မယ်ဇယ်ပင်များ ကိုသာ တွေ့ရတော့သည်။ သူငယ်ချင်း လက်ဖက်ရည်ဆိုင်ကား မပြောင်းလဲ၊ စာသမားတို့ ဝင်ထွက်လျက်။

မန်းတောင်ကိုလည်း ရောက်ခဲ့ကြသေးသည်။ မန်းတောင်ကား မြေပြင်မှ ထိုးထွက်နေသည့် မေ(၈၀၀) ခန့်ရှိ ကျောက်တောင်ကြီးပင်။ တောင်ထိပ်မှ ကြည့်လျှင် မန်း၏ အရှေ့မြောက်ပိုင်းတစ်ခွင်လုံးကို စီ၍ မြင်နိုင်သည်။

ယခင်က တောင်ထိပ်ထိ ကားမရောက်။ ယခုတော့ ရောက်နေပြီ။ ကားတောက် လျှောက် တောင်ခြေမှ တစ်ယောက်သုံးဆယ်ကျပ်။ ကားစီးတောင်တက် ခရီးသည်တို့ကား တောင်စောင်း စားသောက်ဆိုင်၊ ပုတီးဆိုင်၊ စတိုးဆိုင်ကလေးများ ဆီ မရောက်နိုင်ကြတော့။ အဆင်းကား မစီးဘဲ ဆင်းသူတို့သာ ရောက်နိုင်တော့မည်။

မန်းတောင်ထိပ်တွင် ကြွေပြားခင်းလျက် ခန်းဖွင့်များ ပိုကျယ်လာသည်။ ပြုပြင်မွမ်းမံမှု များ ဖြင့် ပြောင်းလဲနေသည်။ မပြောင်းလဲဘဲရှိနေသည်က မန်းတောင်ထိပ်က မြွေကြီးနှစ်ကောင်။ သို့သော် သည်နှစ်ကောင်လည်း မဟာမြတ်မုနိရှိ ကြေးရုပ်ဗိုက်ကဲ့သို့ နှာခေါင်းနားတွင် လူများ လက်နှိပ် ရာက ထင်းနေခဲ့ပြီ။

မန်း၏ အရှေ့ဘက်တွင် ရှမ်းရိုးမ၊ အောင်ပင်လယ် မြောက်ဘက်တွင် ရန်ကင်းတောင်၊ သခင်မတောင်၊ မန်းတောင်နှင့် ရတနာနဒီမြစ်။ အနောက်ဘက်တွင် မင်းဝံတောင်တန်း၊ ထုံးရောင်ဖွေး သည့် စစ်ကိုင်းတောင်၊ ဧရာဝဒီမြစ်။ တောင်ဘက်တွင် ရတနာပူရမြို့ဟောင်း၊ တောင်သမန်အင်း၊ တက်သေးအင်းနှင့် ဒုဌဝတီ။

မန်းတောင်မှ လှမ်းမျှော်လျှင် မြို့ရိုးနှုတ်ခမ်းအနားကွပ် ငွေရောင်၊ နှင်းဆီနီရောင်မြို့ရိုး၊ မြစိမ်းရင့် သစ်ပင်အုပ်များ ၊ နန်းပြသာဒ်မှ ရွှေရောင်၊ နန်းဆောင်ဟင်္သာပြဒါး၊ အဖြူရောင်စေတီများ -

“ကြည့်စမ်းပါဦး ဖဲင်နီရယ်၊ ဘယ်လောက်လှသလဲ၊ မိစ္ဆာနတ်ဆိုးကအဖဘုရားသခင် ကို တောင်ထိပ်ခေါ်သွားပြီး လောကတစ်ခွင်မှာ ရှိတဲ့ ဘုံဗိမာန်တွေကို ပြတယ်ဆိုတာ ဒီလိုနေမှာ ပဲနော်” ဆိုသည့် တင်နီဆင်ဂျက်စီ၏ ယွန်းခင်ခင်ဝတ္ထုထဲက လွမ်းဆွတ်ဖွယ်လှပနေဟန် မန္တလေးအဖွဲ့ကလေး ကို သတိရနေမိသည်း။

မိစ္ဆာနတ်ဆိုးသည် ဘုရားသခင်ကို မန်းတောင်ထိပ်က မြွေကြီးနှစ်ကောင်ကိုပါ ပြခဲ့သေးသလားမသိ။

ကျွန်တော်တို့ကား မန်းတောင်ထိပ်မှ ရွှေမြို့တော်မန္တလေးကို မြင်ရပါ၏ ။ အရောင်များ သည် စုံပါ၏ ။ သို့ သော် မန်းကို အဝါရောင်လှိုင်းထဲက ကြက်ခြေမျဉ်းပေါ်တင်ထားသည့် သေတ္တာများ အဖြစ် ကျွန်တော် မြင်နေမိလေသည်။

မြန်မာ့ဓန ရသစာတမ်း

ဇန်နဝါရီလ၊ ၂၀၀၀။



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ ဆက်ဖက်ရင် ရာဇ၀င် ကွက်ဖတ်ရင် ပုံပြင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂိတ်တံခါး

အုတ်ဖုတ်မြေမှမီးခိုးများ

စည်းသုံးချက်၊ ၀ါးသုံးချက်