Cover

မြသန်းတင့် အမှာ စာ

မြသန်းတင့်

• ကျွန်တော်သည် စာရေးရသည့် ငြီးငွေ့လာလျှင် ၀တ္ထုဖတ်ရသည်ကို ပျင်းလာလျှင်

• သမိုင်း၊ ရာဇ၀င် စသည်တို့ ဖတ်ရသည်ကို ရှုပ်ထွေးလာလျှင်

• ဒဿန၊ အဘိဓမ္မာ စသည်တို့ ဖတ်ရသည်ကို မောပန်းလာလျှင်

• ကဗျာဖတ်ရသည်ကို ရိုးလာလျှင်

အခြား အခြားသော စာအမျိုးအစားများ ကို ဖတ်ရ၍ အီလာလျှင်

ရသစာတမ်းများ ကို ကောက်ဖတ်ဖြစ်ပါသည်။ (အက်ဆေးကို ရသစာတမ်း စာတမ်းငယ် အစမ်းစာ စသည်ဖြင့် အမျိုးမျိုးပြန်ကြပါသည်။ ကျွန်တော်ကမူ ရသစာတမ်းဆိုသည့် စကားလုံးကို သဘောကျပါသည်။

ရသစာတမ်းသည် ၀တ္ထုဖတ်သည်နှင့် မတူပါ။ ၀တ္ထုသည် ဇာတ်လမ်းဇာတ်ကွက် ဘောက်ထဲတွင် အကျဉ်းကျနေပါသည်။ ၀တ္ထုဆရာက ပေးထားသော တိုင်းပြည်မှ ကျွန်တော် ဘယ်ကိုမှ ထွက်သွား၍ မရပါ။ သူ့တိုင်းပြည်ထဲတွင်နေပြီး သူ စိုက်ပျိုးထားသည့် ပန်းပင်မှ ပန်းနံ့ကိုသာ ရှူရှိုက်နေရပါသည်။ အခြားပန်းရနံ့များ ကို ရှူချင်၍ မရပါ။ နောက်ဆုံး၌ ကျွန်တော်သည် ၀တ္ထုဆရာ၏ တိုင်းပြည်က မင်းသား၊ မင်းသမီးတို့၏ အလွမ်းအမေ၊ အပြုံးအမဲ့၊ သူတို့၏ ရင်ခုန်သံများ ၏ နရီစည်းချက်တွေထဲသို့ သာ ရောက် သွားပါသည်။

ရသစာတမ်းသည် ရာဇ၀င်၊ သမိုင်း စသည်တို့ကို ဖတ်ရသည်နှင့်လည်း မတူပါ။ ရာဇ၀င်၊ သမိုင်းတို့ကို ဖတ်ရသည့်အခါတွင် ကျွန်တော်သည် ထိုဖက်၏ ကန့်သတ်ချက်ထဲသို့ ကျရောက် သွားပါသည်။ ထိုဘုရင်၏ အမိန့်၊ ထိုမိဖုရား၏ အကောက်ကြံမှု ၊ ထိုမင်းသား၏ ရန်ကားမှု ၊ ထိုမင်းသမီး၏ အလိုကြီးမှု ၊ ထိုအမတ်တို့၏ အကောက်ကြံမှု ၊ ထိုမင်းမှု ထမ်းတို့၏ ကပ်ပါးရပ်ပါးနိုင်မှု ၊ ထိုပြည်သူတို့ ဆင်းရဲကြပ်တည်းမှု စသည့်သမိုင်း ပန်းစကြာမှန်ပြောင်းထဲတွင် ချာချာလည်ကာ မူးနောက်ရီဝေသွားတတ်ပါသည်။

ရသစာတမ်းကို ဖတ်ရခြင်းသည် ဒဿန၊ အဘိဓမ္မာကျမ်းတို့ကို ဖတ်ရသည်နှင့်နလည်း မတူပါ။ ဒဿနကို ဖတ်ရသည့်အခါတွင် ကျွန်တော်သည် စိတ်နှင့် ရုပ် သိမှု ဗေဒနှင့် ဖြစ်မှု ဗေဒ၊ ပရမတ္တသစ္စနှင့် ယုံကြည်ခြင်းတရား သိပ္ပံပညာနှင့် ဘာသာတရား စက်ရုပ်ချစ်သူနှင့် စေတသိက ဝေဒနာ စသည် ဒြပ်မဲ့သော အရာများ ထဲတွင် မျောပါသွားကာ အဝေးကို ရောက်သွား တတ်ပါသည်။

ရသစာတမ်းကို ဖတ်ရခြင်းသည် ကဗျာကို ဖတ်ရသည်နှင့် လည်း မတူပါ။ တစ်ခါတစ်ရံတွင် ကဗျာကို အဖတ်များ သွားလျှင် နရီများ သည် ကိုယ့်သွေးထဲတွင် ခုန်နေတတ်ပါသည်။ အသွေးအရောင်တို့သည် ကိုယ့်မျက်လုံးထဲတွင် စွဲကျန်ရစ်ခဲ့ကြပါသည်။ အသံတို့သည် နားထဲတွင် ပဲ့တင်ကျန်ရစ်ခဲ့တတ်ပါသည်။ ထိုအခါများ တွင် အသံများ သည် ရိုးသွားတတ်ပါသည်။

ရသစာတမ်းကို ဖတ်ရခြင်းသည် အခြားအခြားသော စာအမျိုးအစားများ ကို ဖတ်ရသည်နှင့် မတူပါ။ အခြားအခြားသော စာများ သည် ဖတ်ဖန်များ လျှင် အီသွားတတ်ပါသည်။

ရသစာတမ်းကား ကျွန်တော်အဖို့ ထိုသို့မဟုတ်ပါ။ ဘယ်အချိန်တွင်မှ အီသည်၊ ရိုးသည်၊ ငြီးငွေ့စရာကောင်းသည်၊ ပျင်းစရာကောင်းသည်၊ မူးနောက်ရီဝေသွားသည်၊ အဝေးသို့ ရောက်သွားသည်၊ ဘောင်ခေတ်ခံထားရသည်၊ သူများ နရီစည်းချက်ထဲတွင် ၀င်က ရသည်ဟူ၍ မရှိပါ။

ရသစာတမ်းကို ဖတ်ရခြင်းသည် လွတ်လပ်သော ခံစားမှု တစ်မျိုးကို ပေးပါသည်။ ရသစာတမ်းဆရာကလည်း လွတ်လွတ်လပ်လပ် ပြော သွားပါသည်။ အကြောင်းအရာကလည်း အမျိုးစုံပါသည်။ မြေဖြူခဲတစ်ခဲအကြောင်း၊ ပါချင်ပါမည်။ တံခါးအိုးကလေးတစ်ချပ်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မျှော်စင်တစ်ခုအကြောင်း ဖြစ်ချင်ဖြစ်မည်၊ အိမ်ရှေ့ခြံထဲက သပိတ်လွယ် ငှက်ကလေး အကြောင်း ဖြစ်ချင်ဖြစ်မည်။ ဘုရင်တစ်ပါးနှင့် ခေါင်းဖြတ်စက်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မိုးရေထဲတွင် လမ်းလျှောက်ခြင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ သမိုင်းဆရာ၏ တာဝန်အကြောင်း ဖြစ်ချင်ဖြစ်မည်။ စာအုပ်ဈေးတန်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ ကျေးလက်တွင် လှည်းစီးခြင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ ပိတောက်ပွင့်ချိန် အလွမ်းအကြောင်း ဖြစ်ချင်ဖြစ်မည်။

ရသစာတမ်းက ကိုင်တွယ်သော အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာ မဆန်၊ ပုဂ္ဂလိက မဆန်။ လူတစ်ဦးချင်းသဘော မဆန်။

သို့ ရာတွင် စာတမ်းအရေးအဖွဲ့ကို ဖတ်ရသည်မှာ စာကို ဖတ်ရသည်နှင့် မတူ။ အနီးတွင် လူတစ်ဦးက နှစ်သက်စဖွယ်ကောင်းအောင် အတွေးစဉ် အမျှင်တန်းတို့ကို ဆက်စပ်၍ ပြောနေသကဲ့သို့ ထင်ရသည်။ထို့ကြောင့် စာတမ်း၏ အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာ မဆန်သော်လည်း စာတမ်းအဖွဲ့အနွဲ့ ပုံသဏ္ဌာန်မှာ ကိုယ်ရေးကိုယ်တာ ဆန်သည်။ ပုဂ္ဂလိက သဘော ဆောင်သည်။ သူ့ပြောပုံသည် ပရိသတ်ထဲတွင် ပြောပုံနှင့်မတူ။ စင်မြင့်ပေါ်မှ ပြောနေပုံနှင့် မတူ။ အချက်အလက်တို့ စီစဉ်ပြီး စာရွက်ကို ကြည့်၍ ပြောနေပုံနှင့်မတူ။ လွတ်လပ်သည်။ သူပြောပုံသည် လွတ်လပ်သည်၊ ရင်းနှီးသည်၊ ဟန်ဆောင်မှု ကင်းသည်။

ရသစာတမ်းတွင် အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာမဆန်၊ ပုဂ္ဂလိက မဆန်သော်လည်း ပြောပုံသည် ကိုယ်ရေးကိုယ်တာ ဆန်သည်။ ပုဂ္ဂလိက ဆန်သည်။

ရသစာတမ်းက ပေးသောရသမှာ အလွမ်းလည်း မဟုတ်၊ စိတ်ညစ်စရာလည်း မဟုတ်၊ ဟာသလည်း မဟုတ်။ ပီတိ ဖြစ်သည်။

ရသစာတမ်း တစ်ပုဒ်ကို ဖတ်ပြီး ပီတိမဖြစ်ရသည့် အခါဟူ၍ မရှိ။ ကြည်နူးစရာ၊ နှစ်သက်စရာ၊ တွေးတောစရာ၊ ဆင်ခြင်စရာ၊ သတိရစရာတို့ ပေါင်းဆုံနေသော ပီတိတစ်မျိုးကို ခံစားရသည်။

ကြည်နိုင်သည် ၀တ္ထုရေးသည်ကို သိပ်မတွေ့ရ။ ကဗျာရေးသည်ကို သိပ်မတွေ့ရ။ သူ အများ ဆုံးရေးသည်မှာ ရသစာတမ်း ဖြစ်သည်။ သူ့ရသစာတမ်းများ က ကိုင်တွယ်သော အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်။ သို့ရာတွင် သူ့ပြောပုံပြောနည်းသည် ပုဂ္ဂလိကဆန်သည်။ သူ့စာတမ်းများ က ပေးသောရသမှာ ပီတိဖြစ်သည်။

ယင်းကို ထောက်၍ ကြည်နိုင်ကို ရသစာတမ်းဆရာဟု ခေါ်ချင်ပါသည်။

မြသန်းတင့်

ပလွေတိုနှင့် ကျွန်တော်

ကျွန်တော်သည် ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာထုံခဲ့ပါသည်။ အမေ့သီချင်းဆိုသံကို နားထဲစွဲရာက သည်ဝါသနာ စခဲ့သလားမသိပါ။ အမေ့သီချင်းသံဟု ဆိုလိုက်သဖြင့် ကျွန်တော့်အမေကို အဆိုတော်တစ်ဦးဟု မမှတ်လိုက်ပါနှင့်။ နတ်စင်ကုန်းဆိုသည့် တောရွာဇနပုဒ်ကလေးမှ လယ်သူမကြီးတစ်ဦးသာ ဖြစ်ပါ၏ ။ သို့ သော် အမေ့အသံကို လယ်ကွင်းထဲတွင် အခြားကောက်စိုက်သမများ ဟစ်သကဲ့သို့ ကြားရသည် မဟုတ်ပါ။ ညီအစ်ကို မောင်နှမ သုံးယောက်ရှိသည့်အနက် အငယ်ဆုံးညီမလေးကို ပုခက်လွှဲ ချော့သိပ်ရင်း အမေ့အသံကို ကြားရကာ နားစွဲမိခြင်း ဖြစ်ပါသည်။

“ကြူကြူ …. သင်းတယ်၊ ရွှေ …. နှင်း ….. ဆီရယ်။ သင်းရနံ့က မွှေးတယ်၊ မခူးရက်စရာကွယ်၊ အထူးပဲ ….. လှတယ် ….”

အမေ့အသံသည် စူးသည်လည်း မဟုတ်၊ မြူးသည်လည်း မဟုတ်၊ လေးလေးငြိမ့်ငြိမ့်နှင့် ညည်းဆိုကလေး ဖြစ်ပါသည်။ ပုခက်ချိတ်က ကျွီကျွီ နှင့် မှန်မှန် မြည်နေပသည်။

အမေ့သီချင်းသံကြားလျှင် ဆော့ကစားနေရာက ဖြစ်စေ ကျွန်တော် အမြန်လာကာ မနီးမဝေး ထရံကလေးမှီ၊ စာအုပ်ကလေးဖွင့်၊ စာကျက်ချင်ယောက်ဆောင်ကာ ခိုးနားထောင်မိပါ၏ ။

အမေ အလုပ်များ နေ၍ ကလေးလည်း မသိပ်အားသည့်အချိန် ညနေစောင်းအချိန်ဆိုလျှင် လေးငါးအိမ်ကျော်တွင်နေသည့် အမေ့မောင် ကျွန်တော်ဦးလေး၏ အသံကို နားစွင့်မိပါ၏ ။ ရွာတွင် အမေက လွဲလျှင် ဒုတိယ ကျွန်တော် နားစွဲမိသည့်အသံ ဖြစ်ပါသည်။

ဦးလေးအသံမှာ အမေ့လိုမဟုတ်၊ ခုနစ်အိမ် ရှစ်အိမ်က ကြားလောက်သည့် ဟစ်ဆိုသံ၊ ဆိုင်းပေါက်သံဟု ဆိုရလေမလားမသိ။ ဦးလေးမှာ ညနေတိုင် ထန်းရေကလေး မမြမြနှင့်။

“သားရောက်လို့ လာပါပြီ ခင်ဗျာ၊ အများ မြှော က်ကာ ဗြဟ္မစိုရ်နဲ့၊

ရိုရိုသေသေ ….. ဖမိများ ကို ၊ ရို …. ရိုသေသေ ….မိဖများ ….ကို”

ထိုအချိန်တွင် သူ့အနားမှာ အဖော်တစ်ယောက်ရှိလျှင် “တိန် ဟု ဆိုင်းထောက် လိုက်ပေး၏ ။

“ရိုရိုသေသေ …..မိဖများ ကို …. တိန်”

“ရိုရိုသေသေ ….ဖမိများ ကို ….. တိန်”

“ဦးချလိုက်ပါရဲ့ ၊ အဖွဲ့တော်သား …. တိန်”

ထို “တိန်” ကလေးသည်လည်း ကျွန်တော့် အတီးအမှု တ်ဝါသနာကို အစပျိုးပေးလိုက် လေရော့သလား မသိပါ။ ညနေတိုင်း ဦးလေးအသံ မကြားရလျှင် ယောင်ပေပေသွား၍ ထန်းရေကို ကျွန်တော်ကိုယ်တိုင် ၀ယ်ပေးမိပါတော့သည်။

မိုးတွင်းအခါ လယ်ထဲ အလုပ်ကများ ၊ ညီမလေးလည်း ပုခက်လွတ်၊ ဦးလေးလည်း လယ်ကွင်းထဲ တဟင်းဟင်းနှင့် မိုးချုပ်ထိ လယ်ထွန်နေရ၊ ခါတိုင်းလို ထန်းရေကလေးနှင့် ထွေချိန်တွေ ကုန်ဆုံးလာသည့်အခါ ကျွန်တော် နေမထိ ထိုင်မထိ ဖြစ်လာ၏ ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ဖက်က ဘုန်းကြီးကျောင်းတက်၊ တစ်ဖက်က မိဘကူ၊ နွားအငှားကျောင်းဖြင့် ကျောင်းနှစ်ကျောင်း တက်နေရတော့သည်။

ထိုအခါတွင် ကာလသားခေါင်း ကိုပေတိုး၏ ပလွေကြူသံကလေးကို သတိပြုမိလာ၏ ။ နွေဘက်ရောက်လာ၍ လယ်ထဲတွင် စာချောက်ရင်း၊ နွားကျောင်းရင်း လယ်တဲကလေးထဲမှ ရွှေရောင်ဝင်းနေသည့် လယ်ကွင်းကြီး ကို မျက်စိတစ်ဆုံးမျှော်ရင်း ကိုပေတိုး ပလွေကြူသံကလေး ကို နားဆင်ရသည့်အရသာမှာ ထူကဲလှ၏ ။ “တိန်” က စခဲ့သည့် ကျွန်တော့် ၀ါသနာမှာ ရောဂါထပ်တိုးလာတော့သည်။

ရွာ့အနောက်ပိုင်း လယ်ကွင်းစပ်တွင် ဘိုကြီးအိုင်ဟု အမည်တွင်သည့် ရေတွင်းအိုကြီးသို့ ကျွန်တော်တို့ ရွာသူများ သာမက ရွာနီးချုပ်စပ်ကပါ သောက်ရေသုံးရေ လာခပ်တတ်ကြ၏ ။ သနပ်ခါး ဘဲကြားရိုက်လျက် ရွာသူပျို ဆံတောက်အလှတို့ ထဘီရင်လျားကလေးတွေဖြင့် ညနေတိုင် ဘိုကြီးအိုင်တွင် လူဆုံပြီဆိုလျှင် ကိုပေတိုး ပလွေကြူသံမှာ ပိုကောင်းလာသလား မသိပါ။ မှု တ်သူကိုယ်တိုင်လည်း လယ်တဲကလေးထဲမှ ရေတွင်းကြီးနှင့်နီးသည့် လက်ပံပင်ကြီး ခြေရင်း ဘယ်အချိန်က ရွေ့သွားလိုက်မှန်းပင် မသိ။

ထိုအခါတွင် ကျွန်တော့်ရောဂါ ပိုဆိုးလာသည်။ ရွာသူတွေကို လည်း ငေးတတ်လာခဲ့ပြီ။ ကိုပေတိုးကို ဆရာတင်၍ နည်းနာခံရ၏ ။ ပလွေကြူသံနှင့် ရွာသူချောတွေကို အာရုံပြားမိသဖြင့် ကျွန်တော် ကျောင်းသည့် နွားတစ်ရှဉ်း သူများ လယ် ၀င်စားရာ အဖေ့အရိုက်ခံရပါတော့သည်။

သို့ သော် ကျွန်တော့်ဂီတ၀ါသနာကား ရပ်တန့်မ သွားပါ။ ကိုပေတိုးကလည်း ထပ်အားပေး၏ ။ အဆိုလည်း တစ်ဖက်က ကျင့်တဲ့၊ ပုဂံသား မောင်ဘကျော်ဆိုလား၊ သစ်ပင်ပေါ် တက်အော်ဆိုတာ၊ ချောင်းထဲသွားနေတဲ့ ဇာတ်လှေက ကြားသွားတော့ သဘောကျပြီး ခေါ်သွားလို့ ထွန်းထွန်းပေါက်ပေါက် ဖြစ်သွားသတဲ့။

ကိုပေတိုး အကြံပေးချက်ဖြင့် ရွာ့အရှေ့ ချောင်းကမ်းတာရိုး သစ်ပင်ပေါ်တက်၍ သီချင်းဟစ်ဖူးပါ၏ ။ ဘယ်ကယ်တင်ရှင်နှင့်မှ မတိုးခဲ့။ သို့ သော် ကျွန်တော် အားမလျှော့။ တစ်နေ့ တစ်လံထုံးကို နှလုံးမူ၍ ရောဂါလည်း ပိုလို့သာ ရခဲ့ပါတော့၏ ။

လက်ပံပင်ကြီး ကြွေလိုက်၊ ဝေလိုက်ဖြင့် ရာသီစက်ဝန်းတို့ လှည့်ပတ်ရွေ့လျားလာခဲ့ပြီ။ ဆံတောက်မလေးတို့လည်း အုပ်လုံးသွင်းခဲ့ပြီ။ ကာလသားခေါင်း ကိုပေတိုးလည်း မိန်းမရသွားပြီ။

ကျွန်တော်လည်း အခြေအနေအရ ရွာဘုန်းကြီးကျောင်းက မြို့အတန်းကျောင်းရောက်၊ မြို့ငယ်မှ မြို့ကြီးရောက်၊ ပညာလေးက တစ်ပိုင်းတစ်စ၊ အလုပ်အကိုင်လေးက အခြေမကျတကျ၊ ၀ါသနာကလေးကလည်း ရွတတ။

ထိုဝါသနာကြောင့်ပင် ဆရာကြီး ဦးမောင်မောင်၏ ဂီတသင်တန်းသို့ ရောက်ခဲ့ပါ တော့သည်။

ဂီတာကြီးတစ်လက် စားပွဲပုကလေးပေါ်တွင် တင်ထားသည်ကို တွေ့ရပါ၏ ။ ထိုဂီတာကြီးကို ကြည့်၍ ဂီတနက်သန် ကိုစောငြိမ်း၏ “စိမ့်” သီချင်းက နားထဲ လှိုင်းရိုက်လာတော့သည်။ ကျွန်တော်ချစ်သော ဂီတ အနုပညာကား လိုက်လေ ဝေးလေ ပြေးတယ်ဆိုသကဲ့သို့ ဖြစ်နေရတော့၏ ။ ထို့ကြောင့် ဂီတာကြီးကို တွေ့သောအခါ အငမ်းမရ ကောက်ကိုင်မိပြီး ကျွန်တော် စွဲလမ်းခဲ့ရသော ကိုစောငြိမ်းသီချင်းတွေ တက်ပေးဖို့ ဆရာကြီး အား ပူးဆာမိပါတော့သည်။

ဆရာကြီး က ကွမ်းမြုံ့ရင်း ခေါင်းတညိတ်ညိတ်၊ ကျွန်တော် အားတက်မိသည်။ ဇနပုဒ်က တက်လာသည့် ကောင်ကလေးသည် ကိုယ်တိုင်တီးဆိုနိုင်တော့မည်ပေါ့။ စိတ်ကူးတွေ တဝေေ၀ ဖြင့် ရသည့်လခကလေးလည်း မိဘရပ်ထံ ပြန်မပို့နိုင်တော့ပါ။ သို့ သော် ကိစ္စမရှိ။ မိမိ၏ ဂီတ ၀ါသနာကို တစ်ဆင့် တိုးမြှင့်နိုင်ခဲ့ပြီ ထင်ပါ၏ ။

“ကိုစောငြိမ်း သီချင်းတွေတော့ တက်တာပေါ့ကွာ၊ ဒါပေမယ့် တို့အခြေခ့က စရမယ်၊ အခြေခံနိုင်မှ နောက်ကာလပေါ်တွေ တက်ပေးမးယ် ဟုတ်လား၊ ကဲ …..စ”

“စည်းနဲ့ဝါး …. စည်းနဲ့ဝါး …..”

“စည်းနဲ့ဝါး …. စည်းနဲ့ဝါး …..”

ဆရာကြီး ၏ သြ၀ါဒကို စိတ်ညစ်စွာ ဖြင့် နာခံ၍ စည်းနဲ့ဝါး လုပ်ရင်း ထံတျာ၊ သီတာ၊ သာဟာ၊ ဝေဘာ ရောက်ခဲ့ရပါ၏ ။ “ဝေဘာဂီရိ” ဆင်မင်းကြိုးအရောက်တွင် အိမ်၌ ကိုယ်ပိုင် လေ့ကျင့်နိုင်ရန် ဆရာကြီး က ဂီတာတစ်လက် ၀ယ်ခိုင်းပါတော့သည်။

ဆရာကြီး ၏ ထိုဒုတိယ သြ၀ါဒကို နာခံနိုင်ရန် အပြင်းအထန်ကြိုးစားရတော့သည်။ ကြိုးစားရင်း ကြိုးစားရင်းနှင့် ဆရာကြီး ကို မျက်နှာ ပူလာသည်။ မျက်နှာပူရာက တစ်စတစ်စဖြင့် သင်တန်းနှင့် ဝေးကွာခဲ့ရတော့သည်။ ဂီတာလည်း ဝေဘာဂီရိတောင်တွင် ကျန်ရစ်ခဲ့လေပြီ။

ဝါသနာ သံယောဇဉ်ကလေးကို တ သအောက်မေ့နေရင်းကပင် သံယောဇဉ်ကြီး ၀င်ရောက်လာတော့သည်။ ပညာမစုံသော်လည်း ကြင်ရာစုံခဲ့ချေပြီတည်း။

ကာလတာကလေးများ ဖြတ်သန်းသွားရင်းကပင် အခန်းငှား အိမ်နီးချင်း စောင်းဆရာ တစ်ဦးနှင့် မိတ်ဆွေဖြစ်ရ၏ ။ ရောဂါဟောင်းပြန်ထလာသည်။ မြန်မာ့စောင်းလည်း ကမ္ဘာ့အလယ်မှာ တစ်ဂုဏ်ထည် ပေတာပဲ။

မိတ်ဆွေက အိမ်နီးချင်းချင်း စာနာပါ၏ ။ ကျွန်တော့်ဝါသနာကို အားပေးရင်း သင်ပေးရှာသည်။ ထံတျာ၊ သီတာ ရောက်ခဲ့ပြီး နှစ်ပုဒ်နှင့် ပြတ်သွားပြန်သည်။ သူ့ခမျာ အလုပ်က မအား၊ ကိုယ်ကလည်း ဟိုစဉ်ကလို လူလွတ်မဟုတ်တော့။ အကြီးမားဆုံး အခက်အခဲက စောင်းမ၀ယ်နိုင်။ စောင်းပညာဆိုသည် လက်နှင့် ခုနှစ်ရက်ကွာ ပျက်သတဲ့။ နောက်ပိုင်း ထိုမိတ်ဆွေ မိသားစုလည်း ပြောင်းသွား၏ ။ သို့ ဖြင့် မြန်မာ့စောင်းနှင့်လည်း အကြောင်းအပေါင်း အသင့်ခဲ့ပြန်ပါ။

သို့ သော်လည်း ကျွန်တော် အားမလျော။ အခွင့်ကောင်း ချောင်းရင်း အခါအားလျော်စွာ ဒုံမင်းသည် စန္ဒရားကို စိန်ခေါ်နေသလား မှတ်ရသည်။ ဟုတ်ပြီ စန္ဒရားမ၀ယ်နိုင်သေးလည်း ဒုံမင်းအခြေခံကလေးဆို မဆိုးဘူးပေါ့။ သူ့ဆီမှာ သင်ပြန်သည်။ နောက်ဆုံးတော့ စောင်းတုန်းက လိုပါပဲလေ။

ဒုံမင်းက မတီးတတ်သော်လည်း ကိုယ့်ဟာကိုယ် နားသာယာ မိသေး၏ ။ စန္ဒရားသံအလား တင်စားမိသေး၏ ။ တယောကို စမ်းသည့်အခါ ဘေးအိမ်တွေနှင့် ပြဿနာတတ်တော့သည်။ ဂွီ၊ ဂွီနှင့်။ “ဘဲငန်းတွေ မွေးထားသလား” တဲ့။ အပြောခံရသည်။ သင်ပေးသည့်မိတ်ဆွေက ပြုံးပြီး “ကျွန်တော်တို့တုန်းက သင်္ချိုင်းကို သွားကျင့်ရတယ်” ဟု ဆို၏ ။ ဘုရား …. ဘုရား မလွယ်ပါလား။ တယောကို ခေတ္တနားထားပြီး ထိုမိတ်ဆွေ၏ တီးဝိုင်းလေးထဲ မတောက်တခေါက် လိုက်ဆိုရင်း ဘူးသီးခြောက်လိုဟာထဲ ကျောက်ခဲတွေ ထည့်ထားသည့် “ချပ်ချပ်” ဆိုလား၊ ထိုဟာကို တီးဖြစ်တော့သည်။ ဆိုးတော့မဆိုးလှ။ သို့ သော် လူမှာ ဒူးလှုပ်ပေါင်လှုပ် တစ်ကိုယ်လုံးလှုပ် နေရသလို ရှိ၏ ။

“ဟိုရှေ့နားက တဲကုပ်၊ ဆင်းရဲမရွှေတုတ် …..

လုပ်တဲ့အလုပ်က ပဲပြုတ်၊ ကြိုးကြိုးစားစား …… ရိုးရိုးသားသားလုပ် …..

တဲကုပ် …. အမြဲလုပ် …. ပဲပြုတ် …. ” သည်ပုံနှင့် သွားလျှင် ကြာလျှင် ဒန့်စ် ကချင်လာလိမ့်မည်။

သည်လိုနှင့် ပင် မယ်ဒလင်ပြောင်း၊ နိဂုံးကလေးကတော့ နိဒါန်း အစလိုပါပဲ။ ညနေဆည်းဆာလေးတွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြပေါ့။

တူရိယာ ပစ္စည်းများ တစ်ခုပြီးတစ်ခု ပြောင်းခဲ့သလို ကျွန်တော်လည်း ကလေးတစ်ယောက်က နှစ်ယောက်ဖြစ်လာပြီ။ ဂီတပညာ မတိုးသော်လည်း မိသားစုဦးရေ တိုးလာခဲ့ပြီ။ ၀ါသနာကလေးကား အတန်ကြာ ငုပ်လျှိုးနေရပြန်တော့သည်။

သို့ သော်လည်း အားမလျော့၊ ၀ါသနာဘာဂီ ဆက်တိုင်းမီသတဲ့။ ကျွန်တော်တို့မှာ ကိုယ်ဝါသနာပါသည့် ဂီတပညာလေးမှ လိုက်စားနိုင်ခွင့်လေး မရှိတော့ဘူးလား။ ကြံတိုင်းမဖြစ် လုပ်တိုင်းမဖြစ်တော့ မိမိနှင့် ဒေါမနဿတို့ လုံးလားထွေးလား ဖြစ်လာရင်း ပြဇာတထဲကလို “ဟယ် ….လောက” ဟု အော်ဟစ်ချင်လာသည်။

ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်နှင့် မေးခွန်းမေးမိ၏ ။ ဘာကြောင့် အထမမြောက်နိုင်ရတာ လဲ။ တူရိယာပစ္စည်း မ၀ယ်နိုင်လို့၊ အချိန်မရလို့။ ကောင်းပြီ သည်နှစ်ချက်ကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာရေပေလိမ့်မည်။ မိမိ၏ ဂီတ၀ါသနာကိုတော့ အကျဆုံး မခံနိုင်။

ဟုတ်ပြီ။ မေ့နေလိုက်တာ။ ငယ်စဉ်က မှု တ်ခဲ့သည့် ပလွေတိုကလေးကို ပြန်အမှတ်ရမိ၏ ။ ဆရာထွန်း ကြေးပလွေလေးတစ်ချောင်း တော့ ရွှေတိဂုံဘုရားဈေး ပြေးဝယ်ရမည်။

မြို့ကြီးရပ်၏ လူသံ၊ ကားသံ ဆူညီနေသော အသံပေါင်းစုံကို မတတ်သာ။ ပလွေတိုတစ်စင်းဖြင့် ကျော်ဖြတ်ရတော့မည်။အနုပညာကို နှစ်သက်မြတ်နိုးကြငြား ကျွန်တော်လို မလိုက်စားနိုင်သည့် ချစ်မိတ်ဆွေများ အတွက် ပလွေတိုလေး တစ်လက်တော့ ကျွန်တော် မှု တ်ရပေမည်။

ထိုစိတ်ကူးဖြင့် ကျွန်တော် တက်ကြွနေပါသည် ။ မိဘများ ရှိရာ ဇာတိရွာကလေးကို ပြန်လွမ်းဆွတ်လာမိ၏ ။

ငယ်စဉ်က တောဗြောငြိမ့်ကလေးထဲမှ အမေ့မောင်ဝမ်းကွဲ နှဲဆရာကြီး ဦးဖိုးတက်ကို သတိရမိသည်။

သူတို့ ဗြောငြိမ့်လေး ကျွန်တော် သွားကြည့်မိတိုင်း မင်းသမီး က တာထက် ဦးဖိုးတက်ကို ပိုကြည့်ဖြစ်၏ ။ နှဲကြီးကို အပေါ်မြှော က်လိုက်၊ အောက်ဝေ့လိုက်၊ ရှေ့ထိုးလိုက်၊ ၀ိုက်လိုက်၊ သူ့နှဲအော်လံကြီးကိုပင် သူ့ ခေါင်းရှည်ကြီးမှာ အငြိမ်မနေနိုင်ပါ။ သူ့ ပါးပြင်ကြီးတစ်ခုလုံးလည်း ဖူးဖောင်းလာလိုက်၊ ပိန်သွားလိုက်၊ မျက်လုံးကြီး ပြူးလာလိုက်၊ ကျဉ်းသွားလိုက်။

ကျွန်တော်ကတော့ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။ သူ့မှာ တော့ ချွေးပြန်နေသည်။ တခြားဆိုင်သမားတွေလည်း ချွေးပြန်ပါသည်။ သို့ သော် ဦးဖိုးတက်လို ပက်လက်ကုလားထိုင်နှင့် စမတ်တကျ မထိုင်ရပါ။ ထို့ကြောင့် ဆိုင်းသမားများ ထဲတွင်မှ နှဲဆရာကြီး ဦးဖိုးတက်ကို ရွေးသဘောကျမိခြင်း ဖြစ်ပါသည်။

သူတို့နားချိန်များ ၌ ဦးဖိုးတက် အနားကပ်ကာ နှဲကလေးစမ်းမှု တ်ကြည့်ရဖို့ ကျွန်တော် တောင်းပန်မိ၏ ။ ကျွန်တော့်အမေနှင့် ဆွေမျိုးသားချင်း တော်စပ်သဖြင့် အခြားကလေးများ ထက် ကျွန်တော့ကိုတော့ ပိုအလိုလိုက်ပါသည်။

ကျွန်တော်မှာ သူ့နှဲကြီးကို အအားကုန်းမှု တ်လိုက်ရာ ဥသြအူသံထွက်လာသဖြင့် ဘေးက ၀ိုင်းကြည့်ကြသည်။ လူမှာ လည်း ဂစ်ဆိုပြီး လေကုန်သွားသည်။ ဆက်မမှု တ်နိုင်တော့ပါ။ အမေ တွေ့သွားရော လူကြီးအလုပ် ၀င်ရှုပ်ရမလးဆိုပြီး ကျွန်တော့်ကို ဆူပါတော့သည်။

ကျွန်တော် ဦးဖိုးတက်တို့အိမ် ရောက်ဖူးပါသည်။ သူတို့မှာ မိသားစုများ ပြီး ဆင်းရဲလှသည်။ သူ့မိန်းမ၀၀ကြီးကို ဗိုက်ကြီးတကားကားနှင့် ဘိန်းမုန့်လုပ်နေတာ ကျွန်တော် အမြဲတွေ့ရပါ၏ ။

ဦးလေး ဦးဖိုးတက် နှဲမှု တ်နေစဉ် သူ့ပါးကြီး ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်ပုံကို အမေ့ကို ပြမိ၏ ။ အမေက “ဒါရယ်စရာမဟုတ်၊ သူ့ပါးကြီးဟာ သူ့ဘ၀လိုပဲပေါ့သားရယ်။ တို့ဘ၀တွေလဲ ဒီလိုပဲပေါ့” ဟု ဆိုသည်။ အမေ ဘာကိုဆိုလိုသနည်း။ ထိုစဉ်က မသိ။

ယခု ကျွန်တော် သိလာရပြီ။ ကျွန်တော့်မှာ အမေတို့ ဦးဖိုးတက်တို့လို တောရွာဇနပုဒ်မှာ မဟုတ်။ မြို့ကြီအရပ် သို့သော် ဆင်ခြေဖုံးရပ်ကွက် ကလေးထဲ လူသံ၊ ကားသံ၊ စက်ရုံ၊ ဥသြသံ မှိုင်းမီးခိုးတို့ဖြင့် မွန်းနေသလိုပင်။

ဂီတ၀ါသနာ၍ လိုက်စားဖို့ ကြိုးစားရင်း လိုက်လေ ဝေးလေဖြင့် နောက်ဆုံး တစ်ပတ်ကျော့ကာ ကြေးပလွေကလေးဆီ စိတ်ကူးရောက်မိ၏ ။ “ဆရာထွန်း၊ ဆရာထွန်း” ဟု ရေရွတ်ရင်း အချိန်ကြာလာပြန်သည်။

ကဲ ….. နောက်ဆုံးတော့ ဆရာထွန်း ကြေးပလွေကို စောင့်လျှင်လောကကြီးကို အပြစ်တင်မိတော့သည်။ ထို့ကြောင့် “သစ်မရခင် ၀ါးပေါင်းကွပ်” ဆိုသည့်အတိုင်း ၀ါးပလွေကလေးနှင့်ပင် ကျေနပ်ရတော့မည်။

ဝါးပလွေကလေး၏ ဂုဏ်လည်း မသေးငယ်လှပါ။ ဆရာ မြို့မ ငြိမ်းသည် ၀ါးပလွေ၏ ဂုဏ်ကို မြှင့်တင်ခဲ့သည်ပဲလေ။

ကျွန်တော့်ပါးမှာ ဦးဖိုးတက်လောက်တော့ ပိန်လိုက်၊ ဖောင်းလိုက် မဖြစ်။ ကျွန်တော်က စိတ်ပြေလက်ပျောက် ပလွေ။ ဦးဖိုးတက်က မိသားစုဝမ်းရေး ပလွေသာမက အဆပိုမို အားစိုက်မှု တ်ရသည့် နှဲ။ သူ့မိသားစုက ကျွန်တော့် သုံးဆ။ ရုန်းကန်းရပုံချင်းကတော့ ပိန်မသာ လိမ်မသာ။

ညနေစောင်း အလုပ်က ပြန်လာ။ ခဏနားချိန်ကလေးတွင် ဇာတိရွာလေး မှန်းလျက်။ ဘိုကြီးအိုင်တွင် ရွာသူတွေ ရေခပ်ဆင်းချိန် မှန်းလျက် ကိုပေတိုးစတိုင်ဖြင့် ကျွန်တော် ၀ါးပလွေလေးကို အသာအယာ ကြူမိ၏ ။

အိမ်ရှင်မက ပြုံးစိစိဖြင့် ကြည့်သည်။ ဘေးအိမ်တွေကလည်း ပြုံးစိစိ။ လှောင်သလို ပြောင်သလို မျက်နှာပေးနှင့်။ နောက်ဆုံးပေါ် ကတ်ဆက်သံတွေကြားထဲတွင် ကျွန်တော့် ပလွေသံမှာ သူတို့အတွက် ရယ်စရာ ဖြစ်နေသည်ထင်ပေါ့။ မြို့ကြီးရပ်၌ ဇနပုဒ်၏ အနုပညာပလွေတိုလေးမှာ မျက်နှာငယ်နေရပြီကော။

မခံချင်စိတ်ဖြင့် ကျွန်တော် ဇွတ်ဆက်မှု တ်၏ ။ ဇနီးသည်က ကျွန်တော်ခံစားချက်ကို နားမလည်။ မီးဖိုချောင်ဗေဒနှင့် သူလည်း စိတ်ရှုပ်ဟန် တူသည်။ “မြို့ကြီးထဲမှာ ကိုက ကလေးမဟုန် သူငယ်မဟုတ်” ဟု ဆိုသည်။ အကြီးကောင်က “ဖေဖေကြီး …. ဘာပေါက်နေတာလဲ” ဟု မကြားတကြား ဆိုသည်။

အငယ်ဆုံးကောင်က လာလုသည်။ ကျွန်တော်ဂီတ၀ါသတာကို သူဆက်ခံမည့် သဘောပေလောဟု တွေးတောမိ၏ ။

သည်လိုနှင့် ကလေးတွေက ပြော၊ မိန်းမက ပြော၊ ဘေးအိမ်က ပြုံးစိစိနှင့် လှောင်၊ ကျွန်တော့်အနုပညာခံစားချက်ကလေးမှာ ထိုလှိုင်းလုံးများ ကြားထဲ မျောပါရင်း ပေါ်လိုက်မြုပ်လိုက် နှင့်။ သည်လိုနှင့်ပင် ကျွန်တော့်ပလွေတိုလေးမှာ လည်း မျက်နှာငယ်လေးနှင့် ထောင့်ချောင်တွင် ကပ်လျက် …..။

ကျွန်တော် စက္ကူလှေသူကြီး

(၁)

လူမမည် ကလေးဘ၀ပင် စာအုပ်များ ကို ကျွန်တော် မျက်စိကျမိခဲ့ပါသည်။ အခြားစာအုပ်များ ထက် ဗလာစာအုပ်ကို ပိုသဘောကျမိပါ၏ ။

မုန့်ဝယ်မပေး၍ ငိုသည့်အခါ ဖခင်လုပ်သူသည် သူစာရင်းမှတ်သည့် ဗလာစာအုပ်မှ အလွတ်ရွက်ကို ဆုတ်၍ ကျကျနန ချိုးခေါက်ကာ ငှက်ရုပ်ကလေး လုပ်ပေးပါသည်။ အပ်ချည်ကြိုးတစ်ဖက်ထိပ်တွင် မီးဖြစ်ဆံပိုင်းလေး ချည်၊ ငှက်ရုပ်ကျောကုန်းလေးက အသာလေး ဖောက်သွင်း။ အပ်ချည် တစ်ထောင့်ထွာသာသာလောက် ဖြတ်၊ တစ်ဖက်ထိပ်ကို ၀ါးခြမ်းပြားတွင် ချည်။ ထိုဝါးတုတ်ကလေးကို ကိုင်ကာ ဆ ၍ ဆ ၍ မြှော က်၍ မြှော က်၍ ပြရာ ငှက်ကလေးသည် ခုန်ဆွ ခုန်ဆွ သွား၏ ။ အပေါ် ပျံတက်လိုက်၊ လှည့်ဝဲလိုက်ဖြင့် ကျွန်တော်က လက်ခုပ်လက်ဝါးတီး ရယ်မောကာ လိုက်ဖမ်း၊ ငှက်ကလေးက မိခါနီး မှ ခုန်ထွက်သွား။ မမိနိုင်၍ နှုတ်ခမ်းစူ၊ ခြေဆောင့်မှ ဖခင်က ရယ်မောချော့မော့ကာ ၀ါးတံ ကလေး လက်ထဲ ထည့်ပေးသည်။

ငှက်ကလေးနှင့် ဆော့ကစားနေရ၍ မုန့်ကိုလည်း မေ့သွားသည်။ ငှက်ကလေး ထွက်လာသော အဖေ့စာရင်းစာအုပ်ကိုလည်း ကျွန်တော်အလွန် ခုံမင်သွားမိပါ၏ ။

ငှက်ကလေးနှင့် ကျွန်တော် ပြေးလွှားဝဲပျံ၊ ဆော့ဖန်များ လာသည့် အခါ ငှက်ကလေးတွင် အနနစ္စသဘော သက်ဝင်လာပါသည်။ သူ့ခမျာ လူ့အလိုကျ ခုန်ပျံဝဲရ၊ ကောင်းကင် တအားပျံတက်ရာမှ မြေကြီးထိုးစိုက်ဆင်းရနှင့် ကြာတော့ သူလည်း မခံနိုင်။ နှုတ်သီးကျိုး၊ အတောင်စုတ် ဖြစ်လာပါသည်။ ရွရွငှက်ကလေး မွမွကြေခဲ့ရတော့သည်။

ဘာခက်သနည်း။ ငှက်ကလေးများ ထွက်လာနိုင်သော အဖေ့စာရင်းစာအုပ် ရှိနေပြီပဲ။

စာအုပ်ယူ။ နောက်တစ်ကြိမ် အဖေ့ကို ထိုးအပ်။ သည်တစ်ခါတွင် အဖေ အလုပ်များ နေသည်။ စိတ်လိုလက်ရ လုပ်မပေးတော့။ ခြေဆောင့်သောအခါ ထိပ်ခေါက်ခံရသည်။ ထိုအခါမှ သွားလသူ ငှက်ကလေးကို ပိုနှမြောလာမိတော့၏ ။

အမေ့ဆီ တလဲ အပူကပ်မိပြန်သည်။ အမေက နံရံနှစ်ဘက် အလယ်တွင် အချွန်ကလေးပါသည့် စက္ကူလှေကလေး လုပ်ပေးသည်။ လှေဝမ်းထဲက ချွန်ချွန်ကလေးကို မေးကြည့်ရာ “ရွက်တပ်သည့်နေရာ” ဟု ဆို၏ ။

ဇလုံထဲ ရေထည့်၊ လှေကလေး အသာရွရွ ရေတွင်ချ၊ သွားအောင် ရေကို ယက်ပေး၊ တဖြည်းဖြည်းလေးတော့ ရွေ့သည်။ အားမရ။ ရေကို တအားလှုပ်ယက်ပေးရာ လှိုင်းထ၍ လှေကလေး ရေငုပ်သွားတော့သည်။ ရေထဲက အမြန်ဆယ်၊ ပြန်အခြေတည်သော်လည်း မဟန်တော့။ လှေနှင့် ရေသည် ဘာ့ကြောင့် သဟဇတ မတည့်ရလေသနည်း။

ထိုမှတစ်ဆင့် တက်၍ သိလာရသည်မှာ ထိုငှက်ရုပ်ကလေးနှင့် လှေကလေးတို့ကို ဗလာစာရွက်နှင့်သာမဟုတ်။ အခြားစာအုပ်မှ စာရွက်နှင့်လည်း လုပ်လို့ရသတဲ့။ ထိုမြင့်မားလာသော အသိဥာဏ်ကို လူကြီးများ က အားမပေး။ အဘိုးလုပ်သူဆိုလျှင် သူ့ဘုရားရှိခိုး စာအုပ်ကလေး ကျွန်တော် ဆုတ်ဖြဲမည်စိုး၍ အမြဲပင် သတိထားနေဟန် တူသည်။ ကိုင်လိုက် သည်နှင့် ဆူတော့၊ ကြိမ်းတော့၏ ။

ထိုအခါတွင် ကျွန်တော့်စာအုပ်ချစ်စိတ်မှာ ကုန်ခန်းမသွားသည့် အပြင် ပိုတိုးလာပါ တော့သည်။ စာအုပ်ထဲမှ စာရွက်ကို ဆုတ်ဖြဲရသည့် အရသာကိုပါ သိလာသလို ရှိပါ၏ ။

သို့ သော် ထိုအရသာကြောင့်ပင် ခဏခဏ အရိုက်ခံရပါတော့သည်။

(၂)

ကျွန်တော် စာဖတ်တတ်လာပြီ။ ရွာမှာ လည်း အတော်လေး စန်းပွင့်လာ၏ ။ ဟိုလူကြီးက ခေါ်၊ တရားနာဖိတ်စာလေး ဖတ်ခိုင်းလိုက်၊ သည်လူကြီးက ခေါ်၊ မင်္ဂလာဆောင်ဖိတ်စာလေး ဖတ်ခိုင်းလိုက်၊ ချီးကျူးသံများ လည်း နားထဲ လျှံလာသည်။ “ယံမင်္ဂလံများ အထစ်အငေါ့ မရှိဘူးတဲ့”။

ဘယ်အထစ်အငေါ့ရှိပါ့မလဲ၊ မင်္ဂလသုတ် ကျောလုံးပုတ်ခဲ့ရတာ ကိုး။ ဧ၀ံမေသုတံကို အကြောင်းပြုပြီး အရိုက်ခံရပေါင်းက မနည်း။

အတန်းကျောင်းစာအုပ်များ ရောက်လာသည့်အခါ ပရိတ်ကြီး ရောက်နေသူကို တတိယတန်းသာ ထားပေသည်။ ယောမုနိန္ဒော (အပြင်အောင်ခြင်း) ကိုပင် ကောင်းကောင်းမဖတ် တတ်သေးသည့် ဘုန်းကြီးအချစ်တော် ရောင်ပေစူးက စတုတ္ထတန်း ရသွားသည်။

ထိုအခါတွင် ဆရာတော်ကိုလည်း မကျေနပ်။ စာအုပ်များ ကို လည်း မကြည့်ချင်တော့။ သို့ သော် ရဲရဲလည်း မလျှောက်တင်ရဲ။

တစ်ညတွင် ဆရာတော်က စာဖတ်ခိုင်းသည်။ ဦးဝန်၊ ဦးဘ မြန်မာဖတ်စာထဲမှ ကြွက်ကယ်လောင်းနှင့် ခြင်္သေ့ကြီးပုံပြင် ပြဇာတ်။

တစ်ချက်ခုတ်၊ သုံးချက်ပြတ် လုပ်ရမည်။ ဆရာတော်လည်း ငိုက်မြည်းရာမှ မျက်စိကျယ်စေ၊ ကိုယ် စာပိုသွားသည်လည်း သိစေ။ အချစ်တော်လည်း လန့်ဖြုံသွားစေရမည်။

“ဟား ….ဟား …… ဟား ….. ရယ်စရာကောင်းတော့ ကြွက်ငယ်လေးရာ”

ဘုန်းကြီးအချစ်တော် လန့်မလန့်တော့ မသိ။ ကိုယ့်အသံတော့ ကိုယ် လန့်သွားသည်။ ကိုယ်က ခြင်္သေ့နေရာ ရောက်ခိုက်မို့လားမသိ။ ဟောက်ချင်စိတ်တွေ တဖွားဖွား ပေါ်နေသည်။

ဂါထာအစ မေ့လည်း အရိုက်ခံရ။ စာအံသံတိုးလည်း အရိုက်ခ့ရ သပြေသီးပစ်စားလည်း အရိုက်ခံရ၊ ဖလံတောင်ဝှေးတောထဲ ကလေးအစည်းအဝေးလုပ်လည်း အရိုက်ခံရ၊ ရောင်ပေစူး၏ တိုင်တန်းချက်တွေလည်း ပါသည်။ မကျေနပ်ချက်များ စုပြုံတိုးလာသည်။ ထို့ကြောင့် မူလ အသံထက် မြှင့်ကာ နင်းကန်အော်ဖတ်ရာ ခြင်္သေ့နေရာရောက်ခိုက်တော့ ကောင်းပါ၏ ။ ကြွက်ကယ်လောင်းအလှည့် ရောက်သောအခါ ဇက်ပုပြီး အသံတိမ်သွားတော့သည်။

သို့ ဖြင့် ခြင်္သေ့ဖြစ်လိုက်၊ ကြွက်ဖြစ်လိုက်၊ အသံကျယ်လိုက်၊ တိမ်ဝင်လိုက်နှင့် မည်မျှကြာသွားသည် မသိ။ ဖြန်းခနဲ ကြိမ်လုံး ကြမ်းပြင် ရိုက်သံကြားမှ လန့်ပြီး ကျောကော့လိုက်မိသည်။

ဆရာကတော်က လက်ကာပြသည်။ ရပ်တဲ့။ တစ်ခါတော့ သွားပြန်ပြီ။ စိတ်ထဲက အရိုက်ခံဖို့ အသင့်ပြင်ထားလိုက်၏ ။ သို့ သော် ဆရာတော့် မျက်နှာ ပြုံးကြည်နေသည်။ ကိုရင်ကြီး ကို ဗလာစာအုပ်နဲ့ ခဲတံဘူး ယူခိုင်းပြီး ဆုချတော့သည်။ “ဒါမှ ငါ့တပည့်” တဲ့၊ အတန်းလည်း တက်ပေးတော့သည်။ သြော် …. လူကြီးသူမများ သည် အသိရခက်လှပါတကား။

ထိုအခါမှစ၍ ကျွန်တော့်အရွဲ့စိတ်ကလေးလည်း ပြန်တည့်လာသည် ထင်ပါ၏ ။ စာကိုလည်း ရိုရိုကျိုးကျိုး သင်ချင်စိတ် ပေါ်လာ၏ ။ စာအုပ်များ ကိုလည်း ဆုတ်ချင်စိတ် ပျောက်လာခဲ့သည်။

အဘိုးလုပ်သူလည်း ကျွန်တော့်အတွက် ဂုဏ်ယူတတ်လာခဲ့ပြီး သူ့စာအုပ်တွေကိုလည်း ရိုရိုသေသေကြည့်ဖို့ ခွင့်ပြုလာ၏ ။

အဘိုး၏ စာအုပ်များ ထဲမှ ကျွန်တော် စိတ်အ၀င်စားဆုံး စာအုပ်ကြီးတစ်အုပ်ကို တွေ့ရပါသည်။ “ထူးဆန်းသော နာနာရုပ် ပထမံနည်းများ ” တဲ့။ မျက်ကျည်းရွက် ပိတုန်းဖြစ်အောင် လုပ်နည်း၊ လက်ညှိုးထိပ်ပြာသုတ်၊ သရက်ပင်ပေါ်က လိုချင်သည့်အသီးကို လက်ညှိုးမှန်းထိုးလိုက် ကြွေကျရမည် ဆိုပါကလား။ ခွေးမဟောင်မန္တန်၊ ကလေးတို့ကို က စေ သောနည်း။

ထိုနည်းများ ကို လက်တွေ့စမ်းသပ်ရန် လိုအပ်သော ပစ္စည်းများ ရှာဖွေဖို့ ကျောင်းဖလံတောင်ဝှေးတောထဲ အပေါင်းအသင်းများ ကို အစည်းအဝေးခေါ်၊ အပင်တွေ တင်နင်းမိ၍ ကျိုး၊ ရောင်ပေစူးက တိုင်၊ ဆရာတော့်အရိုက်ခံရပြန်။

အစည်းအဝေးတွင် အိမ်မြှော င်အမြီးပြတ် ခုန်သလောက် လိုက် က ရမည့် တာဝန်ကို လွှဲအပ်ခံရသည့် ရဲဘော် ဖင်ချွန်းကို မေးကြည့်ရာ သူလည်း မအောင်မြင်။ မမြီးနှစ်ခွ ရှာမတွေ့၍ တွေ့သည့်အိမ်မြှော င် အမြီးပြတ်လိုက်ရာ အမေ့အခေါက်ခံရသတဲ့။

နောက် မြင်သား ပြဒါးနယ်ဖို့ တာဝန်ပေးထားသည့်သူ၊ သူလည်း မဟန်။ ကျွန်တော်တို့ စီမံကိန်းကြီး ပျက်ပြားလာသည့်အခါ “နာနာရုပ် ပထမံနည်း” စာအုပ်ကြီးကို ဘေးချ၍ စိတ်တွေ ထွေပြားလာသည်။ ပရိတ်ကြီး ဆက်ကျက်။ လူကြီးတွေ ချီးမွမ်းခံ ဒါမှမဟုတ်လည်း ယောမုနိန္ဒောလေးနှင့် ရောနှောလိုက်၊ ဒါပဲ ကောင်းလေမလား။

ထိုသို့ ထွေပြားနေခိုက် အဘိုး၏ တာဝန်ပေးချက်ဖြင့် ဦးရှင်ကြီး စာအုပ်ကလေး ဖတ်ရ၊ အပင့် အတင် အနှင် လင်္ကာတွေ ကျက်ရ၊ ဆိုးတော့ မဆိုးလှ။ တလင်းပေါ်ချိန်ဆိုလျှင် ကျွန်တော် စန်းထလာပြန်သည်။ ကောက်ညှင်းပေါင်းတစ်ဝ၊ မုန့်ဆန်းတစ်ဝ။

“ဆွမ်းဘောဇဉ် စုံစွာ အရှိကို၊ ဘုဇ္ဈဟိဘုဇ္ဈဟိ” တဲ့။

(၃)

ရေငန်ပိုင် ဦးရှင်ကြီး၏ ဘုဇ္ဈဟိကို ရွတ်ရင်းက မှော်ဘီတော နက်ကြီးအတွင်းမှ ခွေးအူသံတွေ၊ အသံနက်ကြီးတွေ ကြားလာရပြန်သည်။ ပုန်တောင်ကဝေတဲ့ ဂဗ္ဗသူရဲကြီးတဲ့ လူမှာ ဖတ်ရင်းနှင့် ချွေးသီးချွေးပေါက်တွေ ကျလာသည်။ တုန်လှုပ်လာသည်။ ည၏ အမှေင်တွင်းမှ ဆရာကြီး မြစကြာသည် ကျွန်တော့်အဖြစ်ကို ပြုံးကြည့်နေရင်းက သူ့ စာအုပ်များ ကို တစ်အုပ်ပြီးတစ်အုပ် ကမ်းပေးနေပြန်သည်။

ထို့ကြောက်သည့် အရသာနှင့် နပန်းလုံးရင်းက ယက်ကန်ယက်ကန်နှင့် မြို့ကျောင်း ရောက်လာသည့်အခါ အာရုံထွေပြားလာပြန်သည်။ မိုးဝေ၏ တင်မောင်ဆွေနှင့် ဆုံမိကြပြန်၏ ။ သူ့ အတွင်းရေးမှူးမလေးကို သဘောကျမိရာမှအစ မြို့သူလေးတွေ၏ မျက်စ၊ မျက်န၊ မျက်ခုံး၊ မျက်လုံး ကို သတိပြုမိလာခဲ့သည်။ တက္ကသိုလ် ဘုန်းနိုင်သည် ကျွန်တော်တို့၏ အသည်းစွဲ အချစ်အဘိဓမ္မဆရာကြီး ဖြစ်လာပြန်သည်။ ကျွန်တော်တို့ သည်လည်း အချစ်ကဗျာဆရာများ ဖြစ်လာပြန်၏ ။

ထိုပိုက်ကွန်ကလေးတွင် ဘယ်လောက်ကြာကြာ တွယ်ငြိမျောပါနေမိသည် မသိ။ ဆရာတစ်ဦးက လာလက်တို့သဖြင့် မျက်လုံးကျယ်လာပြန်၏ ။ အတင်းဓမ္မ စာအုပ်လေးတစ်အုပ်ကို ဖတ်ခိုင်းတော့သည်။

ဂျိမ်းဒေါ်ဂါတီ ရေး၍ တက်တိုး မြန်မာပြန်သော “လင်ကွန်း အတ္ထုပ္ပတ္တိ” စာအုပ်။

စာတစ်အုပ်ဖတ်ရဖို့အရေး မိုင်ပေါင်းများ စွာ သွားငှားရသတဲ့။ ဓာတ်တိုင်အောက် သွားဖတ်ရသတဲ့။

အပတ်တကုတ် ကြိုးစားချင်စိတ်တို့ တဖွားဖွား ပေါ်လာပြန်တော့သည်။ လင်ကွန်းကလေး ကို အားကျစိတ်ဖြင့် စာအုပ်များ ကိုလည်း လက်လှမ်းမီသမျှ စုဆောင်းလာခဲ့သည်။

ထိုသို့ တက်ကြွစူးစမ်းကာ စာအုပ်ထဲ ခေါင်းမြှုပ်နေရင်းကပင် အပြင်ဘ၀ထဲ လက်တွေ့ရုန်းကန် နေရတော့သည်။

သည်လိုနှင့်ပင် မိသားစုဘ၀တွေ၏ သာမှု နာမှု တွေကို ထိတွေ့လာရပါသည်။ ၀န်းကျင်ကို သတိပြုမိလာခဲ့သည်။ ဆင်ခြင်ဖုံး၏ အစွန်ဆုံး နေရာက သော့ခတ်ဇာတ်လိမ်မာယာအိမ်ကလေးကို လည်းကောင်း၊ မြို့ကြီး မြို့လယ် တိုက်တာ ရေကန်၊ ပန်းခြံတို့သာမက တိုက်အောက်တိုက်ခြေ ရုပ်ရှင်ရုံအောက်တွေပါမကျန် သတိပြုမိလာခဲ့ပါသည်။

မိမိ၏ ကျွဲခြေရာကွက်ကလေးမှ အပြင်ထွက်ကြည့်လိုက်သော အခါ ထိတွေ့ရသည့် ဘ၀များ သည် အခါခပ်သိမ်း စာအုပ်ထဲကလိုတွေ မဟုတ်ပါလားဟု သိလာပါသည်။

(၄)

လင်ကွန်းကလေး အားကျစိတ်ဖြင့် သူ့လိုပင် တစ်ခုတ်တစ်ရ စာအုပ်တွေ ဖတ်ခဲ့သည်။ စာအုပ်တွေထဲ ၀င်၊ ပုံပြင်လေးတွေနှင့် ပျော်လိုက်၊ တစ္ဆေကြီးတွေနှင့် နပန်းချလိုက်၊ မိန်းမလှလေးတွေနှင့် နစ်မျောလိုက်၊ သေနတ်တွင်တစ်ကမ်း လက်တစ်ဝှမ်း၊ ဦးသူက နိုင်စတမ်း၊ ဥာဏ်သာသူ အသာလှမ်းခဲ့ပြီ။ ကိုယ်တိုင်စွန့်စားခန်းထဲရောက်လိုက်၊ ဘ၀တွင် အားကျဖွယ်၊ အတုယူဖွယ်တွေ တွေ့လိုက်၊ အနုစာပေ၊ ရသစာပေတွင် မွေ့လျော်မည်ကြံခိုက် ဘ၀၀ဲထဲ ၀ဲလည်လိုက်နှင့်။

စဉ်းစားကြည့်ပါ။ လောကကြီးကား မတရား၊ လင်ကွန်းကလေးကျတော့ သမ္မတကြီး ဖြစ်သွားသတဲ့။ သူ့လိုပင် တစ်ခုတ်တစ်ရ စာပေလေ့လာလိုင်စားခဲ့သော ကျွန်တော်ကား စာအုပ်သည်ကလေး ဖြစ်လာရသတဲ့။

မိမိနှစ်သက်သော စာအုပ်ကလေးများ ကို ရောင်းကုန်အဖြစ် အသုံးချရသည်မှာ ရင်နာစရာ ကောင်းပါသည်။

ကျွန်တော့်စာအုပ်ဆိုင်ခင်းကလေးကို စာသမားတို့ လာကြပါ၏ ။ စာအုပ်လေးတစ်အုပ် ၀ယ်ဖို့ ကိုင်လိုက်၊ ချလိုက် အကြိမ်ကြိမ်။ စာအုပ်ကလေးများ သည် နေစား။ အချိန်စားဖြင့် ဖြူဖျော့လာ၏ ။ ၀ယ်မည့်သူလည်း ကိုင်လိုက် မေးလိုက် ဘုတ်ခနဲ ပစ်ချသွားလိုက်၊ ထိုအခါမှ စာအုပ်ကို ဘုတ်အုပ်ဟု ဘာကြောင့်ခေါ်ကြောင်း ကျွန်တော်သဘောပေါက်လာပါသည်။

ဘုတ်အုပ်သည်တို့၏ ဘ၀သမိုင်းအစကကော မည်သို့ ရှိလေသနည်း။

“ရှေးဟောင်း အီဂျစ်လူမျိုးတို့သည် (Papyrus) ခေါ် ပေရွက်များ တွင် ကညစ်နှင့် ရေးသားကြသည်။ သူတို့ စာများ မှာ အများ အားဖြင့် ဘ၀တစ်ပါး ပြောင်းသွားသူများ အတွက် ဆုတောင်းမေတ္တာပို့သည့် ဂါထာသီချင်းများ ဖြစ်ကြသည်။ ထိုဂါထာသီချင်းများ ကို စာအုပ် (ပေရွက်) လုပ်၍ သင်္ချိုင်း “ခေါင်း” အုပ်ချုပ်သူ တစ်နည်းအားဖြင့် ဆိုသော် စဏ္ဍာလများ ထံမှ ထိုပေထုပ်စာအုပ်များ ကို သေလွန်သူ၏ ကျန်ရစ်သူ ဆွေမျိုးများ က ၀ယ်ယူ၍ အသုဘချသောအခါ တစ်ပါတည်း ထည့်ပေးရသည်။ သို့မှသာ သေသူ ကောင်းရာသုဂတိသို့ လားမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် ပထမဦးစွာ စာအုပ်ရောင်းသူများ ကား ရှေးဟောင်းအီဂျစ်ပြည်မှ စဏ္ဍာလများ ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။

ခင်မျိုးချစ် (ဥရောပစာပေ)မှ

ကဲ ….. ကောင်းရော၊ ထိုင်နေကောင်းသား။

ကျွန်တော် စိတ်မကောင်းပါ။ စာအုပ်သည်တို့၏ သမိုင်းအစသည် အီဂျစ်စဏ္ဍာလများ က စသတဲ့။

ကောင်းပါပြီ။ သမိုင်းအလယ်ကကော မည်သို့ ရှိလေသနည်း။ အစပိုင်းထက်တော့ ပိုတိုးတက်လာရမည် မုချ။ ထိုမျှော်လင့်ချက်ဖြင့် အမောတကော ဆက်ရှာဖွေရာ ဆရာဇေယျ၏ “စာဓလေ့” မှ “လမ်းဘေးတက္ကသိုလ်” ကို သွားတွေ့ရပါ၏ ။ ၁၉၂၀ လောက်က အတွေ့အကြုံကို တင်ပြထားသည်။

“ထိုစဉ်က ညဈေးတန်းတွင် စာအုပ်အဟောင်းဆိုက်များ မှာ စနစ်ကျ မရှိသေးပေ။ တခြားအလုပ် မရှိ။ အရင်းအနှီး ကင်းမဲ့နေသော ဒုက္ခသည် ကျူလီယာ သုံးလေးယောက် စသည်တို့၏ ရမိရရာ တစ်ပါးသူ ပစ်ထားသော စာအုပ်စုတ်၊ စာအုပ်ဟောင်းကလေးများ ကို တစ်ပဲနှစ်ပြားပေး၍ ယူခဲ့ပြီးလျှင် ဆိုင်ကြိုဆိုင်ကြား နေရာလွတ်များ တွင် အခင်းများ ပင် မရှိ။ လူသွားစင်္ကြံလမ်းပေါ်တွင် ချ၍ ရောင်းချနေကြလေသည်။ ယင်းတို့မှာ လည်း များများ မရှိ။ မဂ္ဂဇင်းဟောင်း၊ စာအုပ်ဟောင်း အနည်းငယ်မျှသာ ရှိလေသည်။ ရောင်းသောဈေးနှုန်းမှာ လည်း မေးလိုက်လျှင်နားလည် သယောင်ယောက်ပြု၍ …..”

ဘုရား …. ဘုရား ….. အခြေအနေ ဆိုးလှပါကလား …..။

သူတို့က အီဂျစ်စဏ္ဍာလများ လို သင်္ချိုင်းမှာ မရောင်း၊ လမ်းဘေးမှာ ရောင်းသတဲ့။ အဆင့်ပိုမြင့်လာလေသလား။

ကျွန်တော့်အထွာကလေးဖြင့် သမိုင်းဆိုတာကြီးကို စူးစမ်း နေမိခြင်းသည် မှားယွင်း နေပြီလား၊ ကြီးကျယ်နေပြီလား။ မျက်တောင်တစ်ခတ်ဖြင့် ဝေ့ကြည့်ရခြင်းဖြစ်ရာ အစနှင့် အလယ်သည် များ စွာ ကာလလှမ်းနေပြီလား။ သို့ သော်လည်းလေ ကြီးကျယ်လက်စ ရှိမှတော့ ဆက်ကြီးကျယ်ရတော့မည် ထင်ပါ့။

သမိုင်းအလယ်ကို မရေမရာ စူးစမ်းပြီးပြန်တော့ နှစ်ဆယ်ရာစု ခေတ်ပိုင်း စာအုပ်သည်တို့၏ သမိုင်းကကော …..။

ဇာတ်ထဲက နတ်မင်းကြီး မျက်စိပေါ် လက်မိုး၍ “ဟင့်အင်ကရို နတ်မျက်စိ ပုလင်းကွဲနှင့် ” ဆိုသလို ကြည့်လိုက်သောအခါ ……

အလို ….. နှစ်ဆယ်ရာစုသမိုင်းကြောင်း၌ ကိုယ်ကိုယ်တိုင်ပါဝင်၍ မိမိသည်ပင် သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်နေပါရောလား။

ကိုယ့်သမိုင်း ကိုယ်ရေးလျှင် အင်မတန် အ ဂတိကင်းမှ ဖြစ်ပေလိမ့်မည်။ ဘယ်ရှုထောင့်က ရေးမည်နည်း။

(၅)

ရုန်းဟယ်ကန်ဟယ်ဖြင့် ဘ၀အထွေထွေ ကျင်လည်လာရသည့် အခါတွင် ပုံပြင်ထဲက သင်ခန်စာတွေ ဘ၀ထဲမှာ တွေ့လာရပါ၏ ။ ဟိုစဉ်က ဖတ်ခဲ့ရသည့် မြစကြာ၏ ဇာတ်ကောင်များ ကိုလည်း ဘ၀ထဲမှ တွေ့လာရသည် ။ ဇာတ်ကောင်များ ကိုလည်း ဘ၀ထဲမှာ တွေ့လာရသည်။ စက္ကူငှက်ကလေးများ ပျံဝဲနေသည်ကိုလည်း တွေ့လာရသည်။ လူအမျိုးမျိုး စိတ်အထွေထွေ အခြေအနေ အရပ်ရပ်ကို ကြုံတွေ့လာရသည်။

ကိုယ်တိုင် လူကြီးဘ၀ လှမ်းလာရသည့်အခါ မိသားစုဝန် ထမ်းလာရသည့်အခါ၊ တစ်ခါတစ်ခါ ငယ်ဘ၀ကို ပြန်လွမ်းမိသည်။ အထူးသဖြင့် အဘိုး၏ စာအုပ်ကြီးကို တကယ်ပင် လွမ်းမိပါသည်။ “ထူးဆန်းသော နာနာရုပ် ပထမံနည်းများ ” သည် ယခုအခါ ကိုယ့်အတွက် အသုံးဝင်လေမည်လား။

ထိုစာအုပ်ကြီးထဲတွင် နှစ်ကိုယ်ခွဲနည်း ပါချင်ပါနိုင်သည်။ ဆန်အိုးထဲသို့ ဆန်များ ရောက်လာစေသောနည်း ပါချင်ပါနိုင်သည်။ ဆီများ ကို ဆူတက်စေကာ ပုလင်းပြည့်လာစေသော နည်း ပါချင်ပါနိုင်သည်။ ကလေးများ ပူဆာသည့် အင်္ကျီဆန်းလေးများ သေတ္တာထဲ ရောက်လာစေသောနည်း ပါချင်ပါနိုင်သည်။ အိမ်ခေါင်မိုးပေါ်သို့ ဓနိပျစ်များ တက်လာစေသော နည်း ပါချင်ပါနိုင်ပါသည်။ ပါချင်ပါနိုင်ပါသည်။

ကျွန်တော်၏ အတွေးအတော ဒေဒနာ၊ အငေးအမော အမူအရာ၊ အရေးအခြစ် ၀ါသနာတို့ကို အိမ်ရှင်မသည် ထောပနာပြုရှာပါ၏ ။

“ကိုရေ …. လုပ်မနေနဲ့၊ ကိုယ်ရေးသမျှ စာရွက်တွေ စက္ကူလှေလုပ်၊ ပင်လယ်ကြောမျှောရင် ပြည့်လောက်ပြီ။ အဲသည်တော့ စရေးဆရာ လုပ်မနေနဲ့။ လှေသူကြီးလုပ်၊ စက္ကူလှေသူကြီးလေ …. ” တဲ့။

ပထမတော့ ကျွန်တော် ဒေါပွမိသည်။ ဖြစ်ချင်သည့် အခြေနှင့် ဖြစ်နေသည့်ဘ၀၊ အတ္တနှင့် ဗဟိဒ္ဓ၏ အကွာအဝေး။ သည်လိုနှင့်ပင် ဆံပင်များ လည်း ပိုဖြူလာ၏ ။

တကယ်တော့ အိမ်ရှင်မ သုံးသပ်ချက် မှန်ပါပေသည်။

စာအုပ်များ နှင့် လုံးထွေး၊ စာဝါသနာနှင့် လုံးထွေး၊ တော်ရာမလုပ်၊ ၀ါသနာ ပျော်ရာရှာလုပ်မိ သည့်အခါ စက္ကူလှေကလေး မျောနေရသလိုပင်။

ရွက်ကလေးဆင်နိုင်လျှင် ကောင်းလေစွ။

ကျွန်တော့် စာအုပ်ဆိုင်ကလေးသို့ စာသမားများ သာမက ပလာတာထုပ်သူပါ လာဝယ်အားပေး၏ ။ တချို့အပုံလိုင်း စာအုပ်ကလေးများ ဈေးထုပ်ဖို့ ရောင်းရ၏ ။

အရောင်းပါးရက် များ လာသည့်အခါတွင်တော့ စာအုပ်များ ကား ဖတ်စရာပစ္စည်း ဟုတ်ဟန်မတူဟု သံသယ၀င်လာသည်။ စာအုပ်များ ကို ငယ်ကလိုပင် စာရွက်များ ဟု ပြန်ထင်လာသည်။ စာအုပ်ကလေးများ ကိုယ်တိုင်လည်း နေစား ဖုန်တင် အရောင်လွင့်ပါး ၀ါးကပ်ခင်းကလေးပေါ်လေပူထဲ စက္ကူလှေကလေးတွေလိုပင် ပေါလောမျောနေသည် ထင်မိ၏ ။

ကိုယ်ကိုယ်တိုင်လည်း ငယ်ကလိုပင် စက္ကူလှေကလေးနှင့် ဆော့ကစားနေရသလို ဖြစ်ပါ၏ ။ လူကြီးများ ငယ်မူပြန်တတ်သည် ဆိုသည်မှာ ဤသဘောပင်လား မသိ။

အလို …. ကျွန်တော်၏ နှစ်ဆယ်ရာစု သမိုင်းကြောင်းကာ စက္ကူလှေသူကြီးပင်တကား …။

ထူး

(၁)

အမေ့ရင်ခွင်မှ နို့နံ့ပင် မပြယ်သေး။ ကျောင်းစတက်ရမည်ဆိုတော့ အဖေ့ကို မကျေနပ်။ မိုးပျံပူဖောင်းကို ခြေဆောင့်ပူဆာစဉ်က အသာတကြည် အလိုလိုက်ခဲ့သော အဖေ၊ ဆင်စီးမယ် ပူဆာစဉ် နှာမောင်းအဆန်းနှင့် ခေါင်းယမ်းရင်း လေးဘက်တွားပြီး ဆင်ကြီးလုပ်ကာ သားကို ကျောပေါ် တင်ရုန်းခဲ့သည့် အဖေ၊ ယခုအကြိမ်တွင် ၀ါးခြမ်းပြား ကောက်ကိုင်ချေ၏ ။ အမေ့ကို အားကိုးတကြီး လှမ်းကြည့်၊ အမေက အသိမလုပ်၊ ရှိုက်ရင်း အမေ့အပါး ကပ်သွားမှ စီးတွေတွေ မျက်ရည်ကို သုတ်ပေးကာ ချော့သည်။

“မင်း ကလေးကို ဖျက်ဆီးနေသလား” …. တဲ့။

အဖေ ဘာကြောင့် ဤမျှ ဒေါသကြီးနေရသလဲ။ ကျွန်တော်နားမလည် အမေကတော့ အဖေ့ကို တောင်းတောင်းပန်ပန်နှင့် ပြန်ပြောနေသည်။ အမေ့ရင်ခွင်သည် ကျွန်တော့်အဖို့ ဧရာမ အားထားမှီခိုရာ နံရံကြီးဖြစ်မှန်း ကျွန်တော် သိလာသည်။

လွယ်အိတ်သစ် နီလွင်လွင်ကလေး၊ ကျောက်သင်ပုန်း၊ ကျောက်တံအသစ်ကလေး တွေရတော့ ပျော်မဆုံး။ ဆင်နှစ်ကောင် သင်ပုန်းကြီး စာအုပ်ပါးကလေးကိုတော့ အသာလေး ဆုတ်ကြည့်ချင်စိတ်က လက်ယားနေသည်။

အမေက ကျောက်သင်ပုန်းပေါ်တွင် ကလေးမျက်နှာပုံလေးရေးပြသည်။ အမည်းမျက်နှာပြင် ပေါ်တွင် အဖြူလိုက်ကလေးများ ပေါ်လာသည်ကို အံ့သြမိသည်။ အမေဆွဲသည့်ပုံက မျက်နှာခပ်ဝိုင်းဝိုင်း ဖိုးလမင်းကြီးလို၊ ကျွန်တော့်လိုပင် ဦးစွန်းဖုတ်ကလေးနှင့် မျက်လုံးပြူးပြူးလေး ။ ရယ်လို့ ပြုံးလို့။ အမေ့ကို မော့ကြည့်တော့ အမေလည်း ရယ်လို့ ပြုံးလို့။ ကျွန်တော်လည်း ရယ်လို့ ပြုံးလို့။

“ရေးကြည့်မလား” တဲ့။

ခေါင်းကလေး အသာညိတ်မိတော့ ကျောက်တံလေးကိုင် ပုံပြ၊ ကျောက်သင်ပုန်းလေး ထိုးပေး၊ ကျွန်တော့်လက်ပေါ်က အမေ့လက်က အုပ်ကိုင်၊ ကလေးမျက်နှာပုံကြီး ၀ိုင်းလိုက်သည်။ ကျွန်တော် ပျော်သွားသည်။

မျက်လုံးတို့၊ နှာခေါင်း၊ ပါးစပ်တို့ နောက်မှ ထည့်တဲ့။ ကျွန်တော်မကျေနပ်ပြန်။ ဟင့်အင်း၊ ဟင့်အင်းနဲ့ ခေါင်းယမ်းဆန္ဒပြတော့ “ကဲ …. မင်းဘာသာရေး” ဆိုပြီး အမေ လက်လွှတ် လိုက်သည်။ အမေ လက်လွှတ်လိုက်တာနှင့် မြူးပြီး စိတ်ထဲက ငါကွဆို၊ လက်ကုန်လွှတ်၊ နှာခေါင်းဆွဲထည့် လိုက်သည်။ အမေ အုပ်ကိုင်ထိန်း ရေးဆွဲထားသည့် ဖိုးလမင်းမျက်နှာမှာ အစင်းကြောင်းကြီး ထင်သွားတော့၏ ။ ထိတ်ထိတ်ပျာပျာနှင့် အမေ့မျက်နှာ မော့ကြည့်လိုက်တော့ အမေ့မျက်နှာက တည်သလို၊ ရယ်သလို။

“ခွေးကောင်လေး ၊ သိပြီလား” တဲ့။ အမေက ခပ်ဖွဖွလေး နဖူးထုသည်။

“ကလေးမျက်နှာကို ရေးချင်ရင် လမင်းကြီးကို အရင် အရေးကျင့်ရတယ်”တဲ့။ “ကလေးတို့မျက်နှာဟာ လမင်းကြီးလိုပဲ ကြည်စင်နေလို့ ….. တဲ့”

ကျွန်တော့်လက်ပြန်ကိုင်ပေးပြီး ဆက်ရေးနေရပြန်သည်။

နောက်တော့ “မှတ်ထား၊ လမင်းကြီး ရေးရာက နည်းနည်း နည်းနည်း သေးသွားတော့ ၀ ဖြစ်သွားရော။ အဲဒါ “၀” တဲ့။ ဆိုလို့တော့ ကောင်းသား၊ နှုတ်ခမ်းနှစ်ခုစေ့ပြီး အသံထွက်၊ ဖွင့်လိုက်ရုံပဲ။ “၀” တဲ့။ ဆိုလိုလည်း လွယ်။ ရေးလို့လည်း လွယ်လာသလို။

ဤသိုဖြင့် အမေက လက်လွှတ်ကြည့်လိုက်၊ ကိုယ့်ဘာသာ စမ်းရေးကြည့်လိုက်။ အမေ့ “၀” လောက်တော့ မ၀ိုင်း။ ပိန်ပိန်သေးသေး၊ ကြီးကြီးရှည်ရှည်၊ တချို့စာလုံးများ အစနှစ်ခု ပြန်မဆက်။ ပုံသဏ္ဌာန်အမျိုးစုံ ဖြစ်လာသည်။ အမေက ရယ်ပြီး ပြန်လက်ကိုင်၊ အရေးကျင့်ရပြန်သည်။ အမေ့ကျောင်းမှာ “၀” ရေးတမ်း ကစားရတာ ပျော်စရာပါပဲ။ တစ်ခါလက်လွှတ်ကြည့်၊ ကိုယ့်ဘာသာ ဆက်ရေး၊ အနည်းငယ် ၀ိုင်းလာသလိုလို။

“ဟုတ်ပြီ၊ သားက သိပ်တော်တာပဲ” တဲ့။ အမေ ချီးမွမ်းမှ အားတတ်ပြီး အားတက်သရော ရေးလိုက်ရာ ၀ နှစ်လုံး ထိစပ်ကာ ပူးသွားပြန်သည်။ အမေက ခေါင်းရမ်း၏ ။

“အဲဒါ မှတ်ထား၊ ၀ နှစ်လုံး ထိပူးနေတော့၊ ၀ မဟုတ်တော့ဘူး။ ထဆင်တူး ဖြစ်သွားတယ်၊ ဆင်ကြီးကို မြင်ဖူးတယ် မဟုတ်လား၊ အဲဒီ ဆင်ကြီးတွေကို ခိုင်းလို့ရအောင်၊ မရုန်းနိုင်၊ မပြေးနိုင်အောင်၊ ခြေထောက်ကြီးတွေမှာ ထူးခတ်ရတယ်၊ သံကွင်းကြီးတွေပေါ့၊ အဲဒီ ဆင်ခတ်တဲ့ထူးနဲ့ ပုံသဏ္ဌာန်တူလို့၊ ထဆင်ထူးလို့ ခေါ်တယ်၊ သား နောက်တော့ ရေးရမယ်” တဲ့။

(၂)

အမေ့စကား မှန်လှသည်။ ယခု ကျွန်တော် ထဆင်ထူးကို ရေးနေရပြီ။ အမေ့လက်ကလွတ်၊ ကိုယ့်ဘာသာ ဘ၀လမ်း ဆက်လျှောက်တော့ ၀လုံးကလေး ပိန်လိုက်၊ ဖောင်းလိုက်၊ နောက်ဆုံးတော့ တစ်မိသားနှင့် တစ်မိသား ပေါင်းစည်း၊ ၀ ပိန်ကလေး နှစ်လုံးပူး၊ ထဆင်ထူး ဘ၀ ရောက်လာရတော့သည်။

ငယ်က ၀လုံးကလေးများ တစ်လုံးပြိးတစ်လုံး ရေးကျင့်သလိုပင်၊ အိမ်ထောင်သည်ဘ၀ ဖြတ်သန်း၊ နေပနှင့်ည အစကလေးနှစ်ခု ဆက်မိရန် ကြိုးပမ်း၊ ရှေ့က လျှောက်ခဲ့ကြသည့် လူကြီးများ ကို မီအောင် ကြိုးစား ကြိုးစားလျှောက်ရင်း ကိုယ့်နောက်ပြန်ကြည့်၊ နောက်မျိုးဆက်က လိုက်လာသည်။ ဆက်ထုံးလေးကား ကွာဟနေဆဲ။

လူတိုင်း လူတိုင်း အသီးသီး ကိုယ့်ဘ၀ကိုယ် ၀ိုင်းအောင်၊ ချောမွေ့လာအောင် ကြိုးစားကြရသည်။ ခလုတ်၊ ကန်သင်း၊ ဆူးငြောင့်၊ ကန္တရခရီးကို ဖြတ်သန်းကြရသည်။

“ကျောက်စရစ် လုံးလုံးပြောင်ပြောင်လေး တစ်ခုကလေးကို သမီးတွေ့မြင်ရသည့်အခါ၊ ထိုကျောက်စရစ်လုံးကလေးက သမီးကို တစ်စုံတစ်ခု ပြောမပြဘူးလား၊ ထိုကျောက်စရစ်ကလေး ဟာ ဘယ်သို့ဘယ်ပုံ လုံဘာသနည်း။ ချောမွတ်လာသနည်း။ ကြမ်းသည့် ထောင့်စွန်းဖျား ပျောက်သွားပြီး၊ ဘယ်ကဲ့သို့ ပြောင်လက်လာသနည်း ….”

ကျောက်စရစ်ကလေး လုံးချောလာသည့် အဖြစ်ရောက်ဖို့ ဖြတ်သန်းခဲ့ရသည့် ခရီးကို နေရူးက သူ၏ “ချစ်သမီးသို့ ” ပေးစာတွင် ရေးခဲ့ဖူးပါ၏ ။

“နေ့ရက်ပေါင်းများ စွာ ကျော်လွန်လာခဲ့ပြီဖြစ်သည့် တစ်ချိန်တုန်းက သူလဲပဲ၊ ကျောက်တုံးကြီး တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ကျောက်တုံးကြီးတစ်ခုက သမီး ခွဲစိတ်ပစ်လိုက်သည့် ကြမ်းတမ်းသည့် ထောင့်စွန်းများ ပေါ်ထွက်နေသော ကျောက်ခဲအတိုင်းပင် ဖြစ်ခဲ့သည်။ သောင်ယံတစ်ခုပေါ်မှာ ကျရောက်နေတာ ဖြစ်ချင်ဖြစ်ပလိမ့်မည်။ ထို့နောက် မိုးရွာပြီး သူ့ကို လျှိုငယ်တစ်ခုသို့ အထိ မျှောယူလာခဲ့သည်။ ထိုနေရာ၌ သူသည် တောင်ကျစမ်းချောင်း တစ်ခုကို တွေ့ပြီး ထိုစမ်းချောင်းက သူ့ကို မြစ်ငယ်တစ်ခုထဲသို့ ရောက်လာအောင် တွန်းထိုးပို့လိုက်ပြန်သည်။ ထိုမြစ်ငယ်က တစ်ဖန်၊ မြစ်ကြီးထဲကို ပို့လိုက်သည်။ ထိုအချိန်အတောအတွင်း သူဟာ မြစ်အောက်ခြေပေါ်မှာ လိမ့်ရင်းလိမ့်ရင်းနှင့် သူ့ထောင့်စွန်ဖျားဟာ ပွန်းပွန်းသွားလေသည်။

ကျောက်စရစ်ကလေးနည်းတူပင် ထဆင်ထူးကလေး၏ ဘ၀၌ ၀လုံး ကလေးကို ပထမ ၀ိုင်းအောင် ကြိုးစားကြရ၏ ။

ဝလုံးကလေး၏ ဘ၀ခရီးကို ပြန်ကြည့်သည့်အခါ -

“သီရိခေတ္တရာပြည်နှင့် ရွှေဘိုနယ် ဟန်လင်းကြီးမြို့များ ကောင်းစားစဉ် အခါကာလတို့က ရေးသားသုံးစွဲကြသော အက္ခရာတို့မှာ ထောင့်ချွန်းပုံသဏ္ဌာန် အက္ခရာမျိုးများ ဖြစ်ကြ၍ ပုဂံခေတ်မှ အင်းဝခေတ်အထိ ရေးသားကြသော အက္ခရာများ မူကား လေးထောင့်ပုံသဏ္ဌာန်များ သာ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်သို့ ရောက်မှသာလျှင် အက္ခရာ ၀န်းဝိုင်းလာလေသည်” တဲ့။

မြန်မာစာ အခြေပြကျမ်းက ဆိုသည်။ ၀ိုင်းသည့်ဘ၀သို့ အဆင့်ဆင့် ဖြတ်လာပြီး ၀လုံးကလေးကို ဆက်ကြိုးပမ်းကြရာ တချို့ ပိန်၊ တချို့ ရှည်၊နှင့် ၀လုံး မပီပြင်နိုင်။ လျှောက်ရင်း လိမ့်ရင်းနှင့် တချို့ ဘေးပေါက်သွားကာ “င” ဖြစ်သွားကြသည်။ တချို့ ဗိုက်ပေါက်ကာ “ဂ” ဂငယ် ဖြစ်သွား၊ တချို့ ရှေ့ပိုင်းပေါက်သွားသူတို့ “၁” တစ်-ကွ အော်နေကြ၊ တချို့လည်း ငယ်ထိပ်အထုခံရ၍ ပုချိုင့်သွားကာ “ဗ” ထက်ချိုင့် ဖြစ်သွား၊ တချို့ ထိပ်ပေါက် “ပ” ဖြစ်သွား၊ ဤသို့ ဖြင့် “ဓ” အောက်ချိုင့်ဖြစ်သူ၊ “စ” ဖြစ်သူ အမျိုးမျိုးပင်။

ဤသို့ ဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစကလေးများ ဆက်မိရန် ကြိုးစားရင်း ပိန်လိုက်၊ ဖောင်းလိုက် လိမ့်လာကြရာ အချိန်တန် အရွယ်ရောက်လာသောအခါ ၀ပိန်ကလေး၊ နှစ်လုံးပူး ၊ အိမ်ထောင်ကျရာမှ ထဆင်ထူး၏ ဘ၀၏ ဘ၀ စ တော့သည်။ ဘ၀ခရီးကို ဦးပဲ့လှော်ခတ်ရပြန်သည်။ တချို့ အကြောင်းမညီညွတ်သဖြင့် တစ်လုံးပေါက် “တ” ဘ၀ဖြင့် ဆက်လှော်ကြ။ “တိန်တိန်” မြည်သူတွေ ရှိသလို၊ အသံ “တိမ်” သွားသူများ လည်း ကြုံရ။ တူစုံပေါက်မြောက်သူများ ကတော့ “က” ကြီး ဘ၀ဖြင့် “ကြီး” ပွားကြ။

တစ်ဦးက ရှေ့ပေါက်၊ တစ်ဦးက ထိပ်ပေါက် “သ” ဖြစ်သွားပြန်။

ဤသို့ဖြင့် တစ်ခုသောနွေလယ်ရွာအပြန်တွင် ကျောင်းကြီးသားတို့၏ သံပြိုင်စာအံသံများ ကြားရသည်။ “၀ထလသ” တဲ့။

သူ့နာမည်ပါသဖြင့် ထဆင့်ထူးကြီး ပျော်သွားသည်။ သူ့ရှာသားများ သည် သူ့ကို သတိရကြသားပဲ။

ဝတစ်လုံးကို အခြေတည်၍ ဖြာထွက်လာသော အက္ခရာများ အကြောင်းမှစ၍ စက်ဝိုင်းအထိ အကြောင်းစုံ သခင်ဘသောင်း ရေးဖူးသည်ကို သတိရမိ၏ ။ နွေလယ်စာအံသံများ ကို ကြည်နူးရင်း ၀မ်းသာအားရဖြင့် ရွာထဲ လျှောက်လည်၊ ဦးကြီး “ဟ” တို့ မိသားစုကို တွေ့ရည်။ ကိုင်းက တက်မှ ဖုတ်ဖတ်ခါ ချွေးတလုံးလုံး ချက်ပြုတ်၊ အဆင်သင့် မရှိသည့် ဒေါ်“ယ” ပက်လက်တို့လည်း ရွာရိုးလှည့်ချေးငှား၊ ကလေးတွဲ လောင်းနှပ်ချေးကြောင်းဖြင့်။ သူတို့ကို တွေ့တော နွေလယ်စာအံသံတွင် သူ့အမည်ကို သတိရသဖြင့် ထဆင်ထူးကြီး ၀မ်းသာကြောင်း ပြောပြ။ ဦးကြီး “ဟ” က ပါးစပ် “ဟ” သွားသည်။

“မင်းကတော့ မြို့ရောက်၊ အဆင်ပြေသူမို့ မျက်နှာလိုက် ထည့်ထား ထင်ပါရဲ့ ကွာ။ ငါတို့တော့ လက်ပေါက်ဖာကျိုး လှေထိုးသားဘ၀ကိုမို့ စာအံသံထဲ မပါနိုင်ပါဘူးကွာ” တဲ့။

“ကျုပ်တို့ကော ဘာထူးမှာ လဲတော်” တဲ့။ ဒေါ်ယပက်လက်က ဆိုသည်။ ဦးလေး “တ” လည်း ဘေးနားက ရှိနေသည်။

ဤအခါတွင် ထဆင်ထူးကြီး ပါးစပ်ဟသွားရသည်။ ဟုတ်ပေသားပဲ။ နွေလယ်စာအံသံထဲ၌ သူတို့အမည်များ မပါပါလား။ အားနာလိုက်ပါဘိ။

သို့ ဆိုလျှင် သူတို့ကို ထဆင်ထူးကြီး ဘယ်လို ကူညီနိုင်မည်နည်း။ စာနာစိတ်ဖြင့် သွားလက်တွဲ ရန် ကပ်မိ၏ ။ “ယထ” ။ “ယထ” ၏ အဓိပ္ပာယ်ကို ယခုထိ ရှာမရ။

တစ်ခါ အာခေါင်သံပါအောင် ညည်းညူနေသော “ဟ” ထံပြေးပြန်သည်။ “ဟထ” မဆိုးပါ။ နည်းနည်းတော့ အဓိပ္ပာယ်ရှိ၏ ။ သို့ သော် ကိုယ်က ထစေချင်သော်လည်း သူ့အခံက အာလုပ်သံ၊ မကျေနပ်လည်သံ နွှယ်နေသဖြင့် တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးလှ။

ထဆင်ထူး၏ ဘ၀ကား ဗျည်း (၃၃) လုံးတွင် (၁၇) လုံးမြောက်၊ အထက်လည်း မရောက်၊ အောက်လည်း မဟုတ်။ အလယ်အလတ်စား။ ကိုယ့်အထက်က ဗျည်းများ ကို ထားတော့။ ကိုယ်နှင့် တစ်တန်းတည်းများ ကိုပြန်ကြည့်။ တ၀မ်းပူတဲ့။ တိန်တိန်မြည်ကာ မမြည်တာ အသာထား၊ လောလောဆယ် လုံးတီးဘ၀ “၀မ်းပူး” နေသည်။ မိမိကိုယ်တိုင်ဘ၀ ထဆင်ထူး ထူး မထူးတော့ မရေရာ။ ရှေ့က ဆင်ထူးကြောင့် “ထ” ဖို့ မနည်း ကြိုးပမ်းနေရသည်။ “ဒ” ဒွေး၊ သူ့ခမျာလည်း ကွေးနေရှာသည်။ “ဓ” အောက်ချိုင့်နေသည်။ “န” ငယ်တဲ့၊ မျက်နှာလေး ငယ်နေသည်။

“ပ” စောက်ကို ကြည့်ဦး၊ ပါးစပ်ကလေး ဟ၊ အပေါ်မော့နေသည်။ “ဖ”ဦးထုပ်၊ အနားလိပ်နေသည်။ “ဗ” ထက်ချိုင့်၊ ထိပ်ချိုင့်နေပြီ။ “ဘ” ကုန်း၊ ခါးကုန်းနေသည်။ ခါးကုန်းအောင် ရုန်းနေရာက ဘ၀ကို လက်ယက်ခေါ်၊ ၀လုံးလေးက လာ၍ ကူညီရှာသည်။ ဤသို့ ဖြင့် “ဘ၀” ဖြစ်လာလေရော့လား မသိ။ နောက် “မ” တဲ့။ သူ့ ၀န်သူ မနည်း မ နေရသည်။

ထဆင့်ထူး၏ အသံကို ကြားသောအခါ အထက်ဗျည်းများ ဖြစ်သည့် “ဂ” ငယ်က မျက်စောင်းထိုးကာ ဟောက်သည်။ “န” ကို မျက်နှာငယ်တယ် မပြောပါနဲ့တဲ့။ ငါလဲ ငယ်တာပါပဲတဲ့။ ထိုအခါ ထဆင်ထူးက ပြန်ဖြေလိုက်ရသည်။

“ခင်ဗျား ငယ်တာက ကကြီး၊ ခခွေးတို့နှင့်စာရင် ငယ်တာပေါ့။ အမှတ်စဉ် (၃) မှာ ရှိပါသေးတယ်တဲ့”။ မယုံရင် အဘိုးအဂ္ဃ ရေးကြည့်ပါတဲ့။ ဃကြီးအပေါ်က မဟုတ်လားတဲ့။ ထိုအခါ ဂငယ် နှုတ်ဆိတ်သွားတော့သည်။

ခခွေးက တစ်စခန်း ထလာပြန်၏ ။ “ဒ”ဒွေးကို ကွေးတယ် မပြောပါနဲ့တဲ့။ ငါလဲ ကွေးတာပါပဲတဲ့။ ထိုအခါ ထဆင်ထူးကြီး ပြန်ဖြေရပြန်သည်။

“ခင်ဗျား ကွေးတာက ကိုယ့်အတ္တထဲ ကိုယ်လှည့်ပြီး ကွေးနေတာ၊ တိန်တိန်မြည်ပြီး ကွေးအောင်ကနိုင်နေတာပါ။ “ငါလဲ တတ်နိုင်သမျှ ကူညီတာပါပဲကွာ” တဲ့။ ဟုတ်ပါတယ်။ ခင်ဗျားကူလို့ “လ” တို့ခမျာ (ခလုတ်) ထိသွားတယ် မှု တ်လား” ဆိုတော့၊ သူလည်း နှုတ်ဆွံ့သွားပြန်သည်။

အမှတ်စဉ် (၅) မှ “င”က တစ်စခန်း ထလာပြန်၏ ။ “ငါ့ကျတော့ကော့” တဲ့။ ထဆင်ထူးကြီး ဖြေရပြန်၏ ။ “င” က “င” ဘာသာနေတာပါဗျာ။ ရေးချနဲ့ ပေါင်းပြီး “ငါ” ဆိုတာ အတ္တကြီးနေတယ် မှု တ်လား” လို့ ဆိုတော့။ “ငါလဲ တစ်ခါတစ်ရံ ငိုရပါတယ်” တဲ့။ မင်းတို့ကို “ငုံ” ကြည့်တဲ့အခါလဲ ရှိပါတယ်တဲ့။

ထဆင့်ထူးကြီး ပြန်ပြောရပြန်သည်။ ဒါတော့ မသိဘူးဗျာ၊ ကျွန်တော်တို့တွေတာ “င” ဟာ တစ်ဖက်လှည့်ပြီး ကျွန်တော်တို့ကို လျစ်လျူရှုနေတာပါပဲ” လို့ ဆိုတော့။ သူလဲ သူ့ပုံအတိုင်း တစ်ဖက်လှည့်သွားသည်။ စကားပြန်မရတော့။

ဤသို့ သော အသံလှိုင်းးများ ကြားမှပင် ထဆင်ထူးတို့ ကမ္ဘာငယ်ကလေးကို တည်ဆောက်ရင်း ဘ၀ကို ဖြတ်သန်းရပြန်သည်။

“ကန္တာမှာ အတူလှမ်းခဲ့ကြ၊ ပန်းလျှင်ဖြင့် ပွေ့ချီကာ လေးငါးရက်ကြာလေ့၊ မြိုင်သာမှာ ရွာမနီးတယ်၊ တောတောင်က ဆီး” တဲ့။

ရှေးကဗျာလေးတစ်ပုဒ်ကို သတိရမိတော့သည်။ ဘ၀ခရီးမှာ ဆီးကာချက်တွေ တိုးရသည်။ ခရီးကား မတွင်လှ။ ဤသို့ ဤသို့ ဖြင့် ထဆင်ထူးတို့၏ ကမ္ဘာငယ်ကလေးတွင် လူဦးရေ ထပ်တိုးလာသည်။ နောက်ထပ် ၀လုံးကလေး တစ်လုံး ထင်ရဲ့ ။

(၃)

အသံလှိုင်းများ ထဲမှ လှိုင်းတိုကလေးတစ်ခုကို ဖမ်းယူကြည့်မည် ဆိုလျှင်တော့ ၀လုံးကလေးများ ၏ အသံကိုပါ ကြားးရလိမ့်မည် ထင်ပါသည်။

သားဦးကလေး ၀ကလေးတစ်လုံးတည်း ရှိစဉ်ကမူ သိပ်မထောင်းသာ။ သားဦးလေးမို့ တုန်ရီပီတိက တစ်ဖက်၊ ကြွက်နီတာရဲလေး သတိရ၊ အသည်းယားတာက တစ်ဖက်။

သည်လိုနှင့် ဦးခေါင်းလေး လှုပ်၊ လက်ကလေးဆုပ်၊ ပြွတ်ပြွတ်နှင့် လက်စုပ်၊ ဘေးဘီဝန်းကျင် မျက်စိလှည့်ကစားနေသလို၊ တစ်လသားတဲ့။ ထွားထွားကြီး ငယ်က အူဝဲသံနှင့်မတူ။ လည်ချောင်းသံလေး ပါလာသလို၊ နို့တိုက်သည့် သူ့အမေကို စူးစိုက်ကြည့်။

သုံးလေးလသား ခေါင်းကလေး ထူထောင်ကြည့်၊ လက်ချောင်းလေးများ ဆုပ်ချည်ဖြန့်ချည်၊ ဂျောက်ဂျက်ကလေး ၀ယ်ပေးလို့ ရပြီ၊ ဟေး ၀ါးဝါးလားလား မြှူလျှင် သည်လူကြီး ရူးနေပြီလား။ စူးစမ်းကြည့် ကလေးနှင့် ကူးကဲအသံ ထွက်လာ၏ ။ လူကြီးက သူလိုချင်သည့် အဓိပ္ပာယ်ကောက်၊ ကိုယ်တိုင် ကလေးဖြစ်၊ ချီသူ၏ အင်္ကျီစ ဆုပ်ဆွဲ၊ သေးပါလျှင်တော့ အောက်ချ၊ ၀မ်းလျားမှေက်ထား။ ရှေ့က တစ်ခုခုပြ၊ ၀မ်းလျားထိုး ရွေ့ရွေ့။

သည်လိုနှင့် ခြောက်လ၊ ခုနစ်လ ထိုင်နိုင်လာပြီ။ လက်ကလေးနှစ်ဘက်က ရှေ့ခပ်ယိုင်ယိုင်။ ပစ်တိုင်းထောင်ရုပ်ကလေး ဟိုတွန်းသည်ပုတ်။ မကျေနပ်လျှင် ကျယ်လောင်စူးရှ အသံပေါ်လာ၊ အချိန်ကျလျှင် နို့ဆာ၊ သူ့ခြေမကလေး ကိုင်ဆုပ်လျက် ဆန္ဒပြတတ်လာပြီ။

သည်လိုနှင့် ရှစ်၊ကိုး၊ ဆယ်လသား ခပ်ခိုင်ခိုင် ထိုင်နိုင်လာပြီ။ တစ်ခါတစ်ခါ တွားသွား၊ စကားလေး မပီ့တပီ။ တစ်လုံးနှစ်လုံး၊ “ဟေ့ကြွက်နီ” နာမည်လေး ခေါ်လျှင် ရယ်ပြီ။ လှုပ်လှုပ်ရှားရှား ကစားနိုင်လေပြီ။

သည်အချိန်ထိ ထဆင်ထူးတို့ လင်မယား ကြည်နူးကောင်းဆဲ။ စမ်းလျှောက်နိုင်လာ။ သားသားရေ။ ဂျာတဲ့။ အင်္ကျီသစ်လေး ၀တ်ပေးလျှင် ပျော်သွား။ ထဆင်ထူးကြီး ခေါင်းကုတ်လာရပြီ။ အိမ်ရှင်မက ဓာတ်ပုံ အမျိုးမျိုး ရိုက်ပေးချင်သတဲ့။ ရွှေဆွဲပြားလေး ဆင်ချင်သတဲ့ …. သတဲ့ …. သတဲ့။

ဤသို့ ဖြင့် ထဆင်ထူးမကြီး၏ “သတဲ့” များ နှင့် အိမ်ဦးနတ် ထဆင်ထူးကြီး ပဋိက္ခဖြစ်လာ။ သူ့ “သတဲ့” များ ကို မဖြည့်ဆည်းနိုင်တော့။ ကိုယ့် “သတဲ့” နှင့် ဖြေရ။ “ဟိုရှေးတုန်းက ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိပ်သွားသတဲ့”။ ပုံပြင်လေးများ ဖြင့် ကလေးကို နှစ်သိမ့်ကြည့်။ အိမ်ရှင်မက မဲ့။ သည်လိုနှင့် သူ့ “သတဲ့” နှင့် ကိုယ့် “သတဲ့” ပဋိပက္ခ ဆက်။

ထိုကြားထဲကပင် ၀လုံးကလေးလည်း သုံးခါလည် ကျော်လာ။ မူကြိုထားချင်သတဲ့။ ပြောတော့သာ လွယ်သည်။ ပြောတော့သာ လွယ်သည်။ သူများ နည်းတူ ထမင်း။ ကော်ဖီ၊ ၀တ်စားလှလှ၊ ကြိုပို့ကားခ၊ ကျောင်းလခ၊ မူကြို မူကြိုနှင့် အမူပိုသည့် ကိစ္စက အများ သား။

ထဆင်ထူးကြီး ခေါင်းကုတ်နေ၍ မပြီး။ အိမ်ရှင်မကို စည်းရုံးရသည်။ ကိုယ်ငယ်ငယ် ၀လုံးငယ်ဘ၀က အမေ့ကျောင်းတတ်ခဲ့ရပုံ၊ အလုံးစုံ ပြောပြရ။ “လက်ဦးဆရာ မည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဘ” -ဟု ကိုယ်သိသမျှလေးနှင့် ဖျောင်းဖျ။

“ပုဗ္ဗာစရိယက စရိယအရာ ပြုတ်တာကြာခဲ့ပြီ” တဲ့။ ဘယ်သူ ဖြုတ်တာလဲဆိုတော့ “ဗာဟီရ”က ဖြုတ်လိုက်တာတဲ့။

ဤသို့ ဖြင့် ထဆင်ထူးတို့ ကမ္ဘာတွင် အသံလှိုင်းများ ပိုကျယ်လာ။ ၀ တစ်လုံးပြီးတစ်လုံး။ ဆရာညွန့်ကြူး၏ “ဘိုးဘိုးအောင်ဈေး” မှာ သာ မဟုတ်။ မိသားစု ကမ္ဘာငယ်မှာ လည်း ၀ လုံးတွေ တိုးလာသည်။ ဆိုးတော့ မဆိုးပါ။ လကမ္ဘာတက်မည့် အာကာသ သူရဲကောင်း၏ အရည်အချင်း စစ်တမ်းတွင် ပါဝင်သည့် အချက်တစ်ချက်ကို ပိုင်ဆိုင်လာပြီ။ ကလေးသုံးယောက်အဖေ ဖြစ်ရတဲ့။ ထဆင်ထူးကြီးလည်း ခေါင်းပိုးဖြူလာနေ့လား ညလား၊ နပမ်းလုံးလာရပြီ။

သုံးယောက်က လေးယောက်၊ ငါးယောက် အသံလှိုင်းများ ပိုများ လာပြီ။ ကလေးများ က ကျန်းမာအတွက် အော်ဟစ် ခုန်ပေါက် ဆော့ကစား၊ ကိုယ်ခံပညာအတွက် အချင်းချင်း ရန်ဖြစ်၊ နိုညှာကောင်က တုတ်နဲ့ချ၊ အလတ်ကောင် ခေါင်းပု၊ သူ့အဖေ စာရေးနေစဉ် ဇက်လာခွစီး၊ တိုင်တမ်း၊ အငယ်ကောင်က ဟင်းချိုထဲ ငပိရည်လောင်းထည့်သဖြင့် မအေက အော်၊ အကြီးကောင်က စာမကြည့်၍ နေ့စဉ် ဆူနေရ၊ မီးဖိုချောင်ဗေဒ အစီရင်ခံစာများ လည်း တစ်ခုပြီး တစ်ခု တက်လာ။

ထိုအသံလှိုင်းများ ကြား ထဆင်ထူးကြီး တစ်ခါတစ်ခါ ငိုင်မိသည့်အခါ အိမ်ရှင်မက အညည်းပြေ သီချင်းသည်းသည်။ မလွမ်းပိုသီချင်း။ “ဒါတွေဟာ တကယ့်တကယ့်တော့ မောင်နဲ့ သက်ဆိုင်ခဲ့တာပါပဲ” တဲ့။

ဤတစ်ခါတွင်တော့ ထဆင်ထူးကြီး ပြုံးချင်လာသည်။ ပြုံးရာက မဲ့ချင်၊ မဲ့ရာက လောကကြီးကို ရွဲ့ချင်လာ။

သီးပြွတ်များ သော အပင်တိုင်း ခေါင်းငိုက်ပါသလား။ မိုးသည်းနေပြင်း လေထန်ခြင်းများ အောက်မှပင် လူးလွန့်သန်မာ ဖြစ်ထွန်းလာသည့် ရုက္ခဓာတ်တို့ ရှိနေသည် မဟုတ်ပါလား။

ရာသီဥတုကို လည်းကောင်း၊ နေ့ညသဘာဝကို လည်းကောင်း အံတုရပေလိမ့်မည်။ နေ့သည် လှုပ်ရှားချိန်၊ ညသည် အနားယူ အိပ်စက်ချိန်၊ ဤယေဘုယျ သတ်မှတ်ချက်ကို ချိုးဖောက်ရပေလိမ့်မည်။

ဤသို့ ဖြင့် ထဆင်ထူးကြီး အိပ်စက်ချိန် နည်းပါးလာ၏ ။ အလုပ်ခွင်မှသာ ခါတစ်ရံ မှန်းဆမိတော့သည်။ ဤအချိန်ဆိုလျှင် ၀လုံးကလေးတို့ ဆော့ကစားနေကြလိမ့်မည်။ ဤအချိန်ဆိုလျှင် မိခင်၏ အအော်အငေါက်ကို ခံနေရလိမ့်မည်။ အိမ်ရှင်မလည်း အိမ်ဦးနတ်ကြီးကို မကျေနပ်တိုင်း၊ မပြည့်စုံမှု ကို ဒေါသဖြစ်တိုင်း သြော် …..မိန်းမ မဟုတ်လေတော့ဘဲ “အော် …. မိန်းမ” ဖြစ်နေတော့မည်။

ဝလုံးကလေးများ နှင့် လုံးထွေးဆော့ကစားနေရသည်ကို ထဆင်ထူးကြီး နှစ်သက်ပါ၏ ။ သူငယ်စဉ် ၀လုံးလေး ဘ၀ဖြင့်လည်း သူ့ဖခင်နှင့် ဆော့ကစားခဲ့သည်။ ပုဆိုးလုံးကွင်းကျစ် နှာမောင်းအဆန်းနှင့် ခေါင်းယမ်းသော ဆင်ကြီးကို ကျောပေါ် ခွစီး၊ ဆင်ကြီးအောင်းစမ်း၊ အောင်းစမ်းနှင့် အသံလွင်လွင် စာခဲ့ဖူးပါ၏ ။ ဆင်ကြီးလည်း လေးလက်ထောက် သွားကာ ခေါင်းရမ်းရင်း သားဖြစ်သူကို သယ်ဆောင်ခဲ့သည်။ ဆင်ဦးစိးလည်း ၀မ်းခေါင်းသံခြစ်၊ ပျော်ပုံသစ်ခဲ့သည်။

ကာလယန္တရား လည်ပတ်မှု ဖြင့် တရစ်တဆစ် ဖခင်ဖြစ်လာပြီ။ ခါတစ်ရံဝယ် သစ်ပင်ကြီးလည်း သူ့အသီးအပြွတ်များ ကို အရိပ်ကြည့်ကာ လေညင်းကလေးအလာတွင် ရွက်ဖးကလေးများ နှင့် ပွတ်သပ်လျက်ဆော့ကစားချင်ပေလိမ့်မည်။

ခါတစ်ရံတွင် အိမ်ပြန်ညများ ၌ လည်း ၀လုံးကလေးများ အိပ်ပျော်နေကြပြီ၊ နေ့လယ်က ဆော့ကစား၊ စာကျက်၊ ဆော့ကစား သံသရာဖြင့် မောပန်းနေကြပြီ။ ပက်လက်တချို့၊ ခွေကွေးတချို့၊ ဟတပါးစပ်ကလေး၊ မှေးကျနေသော မျက်တောင်ကလေးများ နှင့် နဖူးဆံစ၀ယ် ချွေးဥကလေးများ သီးစို့လျက်။

ကလေးတို့ နှစ်ခြိုက်စွာ အိပ်ကြပါစေ။ ထဆင်ထူးကြီး၏ မေတ္တာတရားကို ဖော်ပြရန်အတွက်ကား သူတို့ကလေးများ ပိုလုံးဝန်းလာရန်၊ လူတလုံး သူတလုံး ဖြစ်လာရန် ပိုမိုကြိုးပမ်းရမည်သာ။ အလုပ် - လုပ် သံသရာထဲ ကျင်လည်ရုံသာ။

မနက် အရုဏ်မတက်မီ အိမ်က ထွက်ခွာ၊ ညတာခရီးဆက် သည်လိုနှင့် ကင်းကွာနေရပြန်တော့သည်။

ဝလုံးကလေးမှ တရစ်တဆစ် ဖခင် ဖြစ်လာရသည့် ထဆင်ထူးကြီးဘ၀တွင် ဆင်ကြီးအောင်းစမ်း အောင်းစမ်း ဆိုသည့် ဆင်ခေါ်သံများ ကို ၀လုံးကလေးများ ဆီမှ ကြားနေရသည်။ သို့ သော် သူ့ကလေးငယ်များ ဆီ မသွားနိုင်။ ကလေးငယ်များ နှင့် စိတ်လိုလက်ရ ဆင်စီးတမ်း မကစားနိုင်။ ကလေးငယ်များ နှင့် စိတ်လိုလက်ရ ဆင်စီးတမ်း မကစားနိုင်။ အလုပ်ခွင်မှ ဆင်ကြီး “ထူး” မိနေသည်။ နေ့ညမဟူ အချိန်ဟူသည် ကာလတာ မြူထုကြီးအောင်၌ ဆင်ကြီး ထူးမိနေရသည်။ ထို့ကြောင့်ပင် ထဆင်ထူးဟု ခေါ်လေသလား မသိ။ သူ့ဘ၀၏ အနက်ကို ငဲ့စောင်းကြည့်လိုက်သောအခါ …..

“ထ”။ ။ “လဲလျောင်းရာမှ ထိုင်ရန် အားထုတ်သည်။ ထိုင်ရာမှ ရပ်ရန် (မတ်တတ်ထရန်) အားထုတ်သည်” တဲ့။

မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ (၂) က ဆိုသည်။ ထိုအဆိုကို အားပြု၍ ထဆင်ထူးကြီး အားထုတ်သည်။ မာန်တင်းသည်။ “ထဆင်ထူးကို တမြည်မြည် သင်” ခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သတိရ ဦးခိုက်မိသည်။

ယခုလောလောဆယ်တွင်ကား လုံးကြီးတင်ကို လိုချင်သော ထဆင်ထူးတို့သည် သူတို့၏ အနွတ္တသညာကို ခတ်ထားသော နှစ်ချောင်းငင်နှင့် ၀စ္စပေါက်နှစ်လုံးကို ကျော်ဖြတ်ကြရမည် ဖြစ်သတည်း။



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ ဂိတ်တံခါး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပုဏ္ဏားတိုင်ရသစာတမ်း

ဒိန်ခဲ၊ ခေါက်ရှာနှင့် ၀င်္ကပါလမ်း

အုတ်ဖုတ်မြေမှမီးခိုးများ