Cover

ရသနယ်ခြား အတွင်းရေး

ရသစာပေလို့ဆိုရာမှာ ၀တ္ထုနှင့် ကဗျာကိုသာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလေ့ ရှိကြသလို တွင်တွင်ကျယ်ကျယ်လည်း ဖော်ပြ ထုတ်ဝေ ကြပေမယ့် “ ရသစာတမ်း” ကိုတော့ တခုတ်တရ မဖော်ပြခဲ့ကြသလို တသီးတခြားလည်း မဆွေးနွေးတတ်ကြတာကို တွေ့ရပါတယ်။ (ဟိုတစ်ချိန်ကတော့ စာတမ်းတွေ လုံးချင်းအဖြစ် ပေါ်ခဲ့သေးပေမယ့် သိပ်ကို နည်းပါးခဲ့တာပါပဲ) ။

တကယ့်တော့ စကားပြေချင်းတူပေမယ့် ၀တ္ထုနှင့်စာတမ်းလို့ ကွဲပြားတဲ့ ပုံသဏ္ဍာန်နှစ်မျိုး ဖြစ်ပေါ်ခဲ့ရာမှာ ၀တ္ထုဖန်တီးသူရော ၀တ္ထုဝေဖန်သူပါ အရေအတွက် များ သလောက် စာတမ်းကျတော့ ဖန်တီးသူတောင် အတော်ရှားနေတာဟာ စိတ်ဝင်စားစရာပါပဲ။

တစ်ခါ ရသစာပေထဲကမဟုတ်တဲ့ သုတ စာတမ်းနှင့် ဆောင်းပါးဆိုတဲ့ စကားပြောပုံသဏ္ဌာန်မှာ ကျတော့ ဖန်တီးသူတွေ များ နေပြန်ရော။

သည်တော့ စကားပြေရဲ့ တစ်ဖက်စွန်း နယ်နိမိတ်မှာ ၀တ္ထုရှိပြီး တခြား တစ်ဖက်စွန်း နယ်နိမိတ်မှာ သုတစာတမ်း ဆောင်းပါးရှိနေရင် “ရသစာတမ်း” ဟာ အဲဒီ နယ်နိမိတ်နှစ်ခုရဲ့ နယ်ခြားမှတ်တိုင်မှာ ရှိမနေနိုင်ဘူးလား (၀ါ) ရှိနေတယ်လို့ မဆိုနိုင်ဘူးလား။

ရှိနေတယ်ဆိုရင် ဘာလို့လဲ။ ရှိနေတယ်လို့ ဘာလို့ ပြောနိုင်ရတာ လဲ။ ဘယ်သူတွေက ပြောနိုင်မှာ လဲ။ ဘယ်လိုကြောင့် ပြောနိုင်တာလဲ။ ဘယ်နေရာကနေ ပြောနိုင်မလဲ။ ဘယ်တုန်းက (၀ါ) ဘယ်တော့ ပြောနိုင်ခဲ့ (၀ါ) ပြောနိုင်မှာ လဲ။ ဒါတွေအားလုံးဟာ “စာတမ်း” ဖတ်ဖူးသူ ပရိသတ်ရဲ့ ရင်ထဲမှာ ရှိနေနိုင်တဲ့ မေးခွန်းတွေပဲ။

အဲသည့် မေးခွန်းတွေကို “စာတမ်းဖတ်သူ” ဘ၀ထဲက ကိုယ့်ဘာသာ မေးနေမိတယ်။ ရသနယ်ခြား ရဲ့ အတွင်းရေးတွေကို သိချင်နေမိတယ်။

ခုတော့ မေးနိုင်မယ့် စာမျက်နှာ နေရာတချို့ ၊ ပြောနိုင်မယ့် ဆရာနှစ်ဦးနှင့် မေးခွင့်ပြောခွင့်ရခဲ့တယ်။ “အတွင်းရေး” မှန်ရင် စာလုံးတွေနှင့် ဖော်ထုတ်ရတယ်ဆိုတဲ့ အစဉ်အလာကို အသုံးပြုပြီး ဆရာ ကြည်နိုင်၊ ဆရာသီဟ တို့ကို စာတမ်းနှင့် ပတ်သက်တဲ့ ဟောသည် မေးခွန်းလေးတွေ မေးခဲ့ပါတယ်။

 စာတမ်း (သို့ ) EASSY ဟာကျောင်းသုံးစာစီစာကုံးနှင့် ဘယ်လို ကွာခြားပါသလဲ။ ၀တထ္ထုတိုနှင့်ရော ဘယ်လို ခြားနားပါသလဲ။

 စာတမ်းရေးရာမှာ အကြာင်းအရာကို ဘယ်လိုရရှိ (သို့ ) ရှာဖွေပါသလဲ။

 စာတမ်းတစ်ပုဒ်အတွက် အခြေခံလိုအပ်ချက်တွေက ဘာတွေ ပါလဲ။

 စာတမ်း အရေးအသားဟာ အလေ့အကျင့် ပေါ်မှာ ပါ အခြေတည်ပါသလား။

 တစ်ချိန်က စာတမ်းဖော်ပြတဲ့ မဂ္ဂဇင်းတွေ များ ခဲ့သလို စာတမ်းရေးသမားတွေလည်း အတော်အတန်ရှိခဲ့ပါတယ်။ လက်ရှိ အနေအထားမှာ စာတမ်းရေးသမား တွေ ရှားပါးနေတာ ဘာကြောင့်လို့ ယူဆပါသလဲ။

 လက်ရှိ စာပေလောကမှာ စာတမ်းရဲ့ အနေအထားကိုရော ဘယ်လိုယူဆပါသလဲ။

ဆရာကြည်နိုင်ရဲ့ အဖြေကတော့

“အက်ဆေး” လို့ ဆိုလိုက်တာနှင့် ယေဘုယျအားဖြင့် ကျောင်းသင် အက်ဆေးကို တန်းမြင်တတ်ကြပါတယ်။

ဒါကလည်း သဘာဝတော့ကျပါတယ်။ သူ သူ ငါ ငါ ကျောင်းသား ဘ၀ ဖြတ်သန်းခဲ့ကြရတာ ကိုး။

ကျောင်းသင် အက်ဆေးကို “စာစီစာကုံး” လို့ မြန်မာလို သုံးနှုန်း ခဲ့ကြပါတယ်။

တကယ်တော့ “စာစီစာကုံး” ဆိုတာ ကျောင်းသားသူငယ်တို့ စာရေးကျင့်ရအောင် လုပ်ရတဲ့ လေ့ကျင့်ခန်းပါပဲ။ စာစီစာကုံးဆိုတဲ့ အတိုင်း စာကို စီကုံးနှုန်းဖွဲ့တတ်အောင် ၊ နိဒါန်း၊ စာကိုယ် နိဂုံး ဆိုပြီး အပိုင်းလေးတွေလျာထား၊ ခေါင်းစဉ်နှင့် သက်ဆိုင်တဲ့ အချက်အလက်ကလေးတွေ ပါအောင် ဘောင်သွင်း ပြီး ရေးသားကြရတာ ပေါ့။

“ကျောင်း စာစီစာကုံးမှ ရသ စာပေဆီသို့ ” ဆိုပြီး ဆရာဦးသိန်းဖေမြင့် ရေးဖူးတယ်။ ကျောင်းသင် လေ့ကျင့်ခန်းက တစ်စ တစ်စ အလေ့အကျင့်ရပြီး ကျောင်းသားရဲ့ စိတ်ကူးဥာဏ်ကို ရင့်သန်အောင် ဖွင့်ပေးနိုင်မယ် ဆိုရင် နောက်ပိုင်း စာပေအရာဝင်တဲ့ “အက်ဆေး” ထိ ရေးနိုင်အောင် ကြိုးပမ်းသင့်တဲ့ အကြောင်းပါ။

အဲဒီ တော့ ဘယ်အရာမဆို သူ့အခြေခံနှင့် သူ့အုတ်မြစ်နှင့် တစ်စတစ်စ တည်ဆောက်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာတဲ့ သဘောရှိတယ်လို့ ကျွန်တော်ယူဆမိတယ်။

ဆရာဇောဂျီပြောတဲ့ “ရသစာပေမှာ ဖြတ်လမ်းမရှိ” ဆိုတာ ကျွန်တော်ယုံတယ်။

ကောင်းပါပြီ၊ ဒီတော့ အခြေခံကလေးကစလို ကျောင်းသင်အက်ဆေး (စာစီစာကုံး) နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ အက်ဆေးတူသလား။

ဘယ်တူပ့ါမလဲ။ ကလေးနဲ့ လူကြီးတို့ရဲ့ သဘာဝ အတိုင်းပေါ့။ အလေးကတော့ လမ်းလျှောက်သင်ခဲ့ရတယ်။ လူကြီးကတော့ သူ့ဘ၀ မှာ ကြိုးတမ်းလျှောက်နေရတာ ပဲ။

လူဖြစ်လာအောင် လူ့သမိုင်းကို ဖြတ်သန်းခဲ့ကြရတယ်။ စာပေလည်း ဒီအတိုင်းပါပဲ။ ရသစာပေပုံသဏ္ဍာန်တွေလည်း ဘွားခနဲဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

“အက်ဆေး” ကို စာပေပညာရှင်များ အသီးသီး မြန်မာလို ကြံဆခဲ့ ကြပါတယ်။ အစမ်းစာ၊ စာမွန်၊ စာတမ်း၊ သုတရသ၊ ရသစာတမ်းငယ် စသည်ဖြင့်ပေါ့။

စာပေဗိမာန် စာတမ်းဖတ်ပွဲမှာ တော့ စာတမ်းငယ်လို့ သုံးထားပါတယ်။

အဲဒီ သဘောဝလေးများ ကိုပဲ စဉ်စားကြည့်ရအောင်။ ကျောင်းသင်အက်ဆေးကိုတော့ တညီတည်း (စာစီစာကုံး) လို့ လက်ခံသုံးစွဲလာပြီး “အက်ဆေး” ကိုတော့ ယခုထိ ထိမိတဲ့ အမည်လေးပေးဖို့ ကြံဆနေရ

“စာစီစာကုံး” ဟာ “ ရေအိုင်လေးတစ်အိုင်” ဆိုရင် “စာတမ်းငယ်” ဟာ “စမ်းချောင်းလေးတစ်ခု”

အက်ဆေးရဲ့ နယ်နိမိတ်ဟာ ကျယ်ဝန်းလှပါတယ်။ တစ်ဖက်စွန်းမှာ ဆောင်းပါးကအစ သုတေသန စာတမ်းတွေထိရှိပြီး တစ်ဘက်စွန်း မှာ တော့ ၀တ္ထုတိုရှိပါတယ်။

အက်ဆေးနဲ့ ဆောင်းပါး အဓိက မြင်သာနေတဲ့ အချက်ကတော့ ရသ။ အက်ဆေးနဲ့ ၀တ္ထုတိုရဲ့ ခြားနားမှု အဓိက မြင်သာနေတဲ့ အချက်ကတော့ ဇာတ်ကောင် ဇာတ်လမ်းပေါ့လေ။

အက်ဆေးမှာ ဇာတ်ကောင်ပါတယ်လို့ ယူဆရင် အဲဒီ ဇာတ်ကောင် ဟာ အက်ဆေးရးသူ ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်။

ဆရာမောင်ခင်မင် တို့ ပြောသလိုပါပဲ။ ၀တ္ထုတိုမှာ စာရေးဆရာ “ပျောက်” နေတတ်ပြီး အက်ဆေးမှာ စာရေးသူ “ပေါ်” နေတတ်ပါတယ်။

အက်ဆေးမှာ အကြောင်းအရာဘယ်လိုရရှိသလဲဆိုတော့ အဲဒါပြောရခက်ပါတယ်။ အက်ဆေးမှာ က တစ်ချက်တစ်ကွက် သဘောထက် ထုသဘော အုံသဘော ပါဝင်နေတယ်လို့ ကျွန်တော်ထင်တယ်။

ကြောက်းကျိုးဆက်စပ် တွေးခေါ်မြော်မြင်မှု ဒဿနသဘောတွေ ပါနေတယ်လို့ ကျွန်တော်ထင်တယ်။ အိပ်ခ်ျ-အီး-ဘိတ်စ် တို့ရေးတဲ့ “အောက်တိုဘာကန်သာ” အက်ဆေးမှာ အောက်တိုဘာ ကန်ကြီးထဲ သစ်ရွက်စုံတွေ အရိပ်ထိုးကြွေကျရာကနေ ကမ္ဘာ့ရောင်စုံစစ်ပွဲ ကြီးတွေ အထိရောက်သွားတာပဲ။

ဟားရိုးနီကိုဆန်တို့ “ လှေလှော်ပြိုင်ပွဲ” အကြောင်းရေးရင်း မျိုးချစ်စိတ်သဘော နိုင်ငံတကာ ဓာတ်သဘောတွေအထိ ရောက်သွားတာပဲ။

ဂျီကေချက်စတာတန်ရဲ့ “မြေဖြူတစ်ခဲ” မှာ စိတ်ကူးကို အလွတ်လပ်ဆုံး ရေးသွားတာပဲ။ အတွေးမျှင်ဆက်ဆွဲငင်သွားပြီး အမြင်တစ်ခု ရုပ်လုံးပေါ်လာစေတယ်။

အဲဒီ တော့ အက်ဆေးမှာ အကြောင်းအရာထက် တွေ့ကြုံတွေးခေါ်မှု ကို ပိုအလေးပေးသလားလို့ စဉ်းစား မိတယ်။

ဂျော့အော်ဝဲကတော့ အခြေအနေအရ မုန်ပြယ်နေတဲ့ ဆင်တစ်ကောင်ကို ပစ်ရတဲ့ အကြောင်းရေးဖူးတယ်။ တကယ်ကို စိတ်လှုပ်ရှား ခံစားမိတယ်။

ကျွန်တော်တို့ဆိုရင်တော့ အဲဒီ အတွေးဝင်လာတာနဲ့ ရင်လှိုက်ဖို လာတယ်။ အဲဒါ အက်ဆေးရဲ့ အာနိသင်ပါပဲ။

အက်ဆေးရဲ့ နယ်ပယ်ဟာ အလွန်ကျယ်ပြန့်ပါတယ်။ ဟပ်စလေက (၃) နယ်ခွဲတယ်

(၁) စာရေးသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြု ရေးဖွဲ့တဲ့ အက်ဆေးရဲ့ နယ်။

(၂) ကြုံတွေ့ရတဲ့ အတွေ့အကြုံကို အရှိအတိုင်း ဖော်ပြတဲ့ အက်ဆေးရဲ့ နယ်။

(၃) လောကသဘာဝ နဲ့ သဘောတရားတွေကို ဖော်ပြတဲ့ အက်ဆေးရဲ့ နယ်တဲ့။

နယ်ပယ်တိုင်းမှာ အကျယ်အပြန့်သဘော၊ အခက်အခဲသဘော တွေရှိပါတယ်။

တချို့အက်ဆေး ဆရာကြီး တွေဟာ သူတို့ကိုယ်တိုင် အတွေးအခေါ်ပညာရှင်ကြီး တွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ - ဗေကွန်တို့ ဘာထရန်ရပ်ဆယ်တို့ပေါ့လေ။

တချို့က ဝေဖန်ရေးပညာရှင်တွေ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။

အက်ဆေးဟာ ရသကတစ်ဆင့် ဘ၀၀န်းကျင်ကို ထွင်းဖောက်ရှုမြင်နိုင်တယ်လို့ ဆရာတို့ဆိုကြပါတယ်။ အလေ့အကျင့်ဆိုတာကတော့ ကျွမ်းကျင်မှု ကို ဖြစ်စေပါတယ်။

ကျွမ်းကျင်တော့ သပ်ရပ်တာပေါ့။ ဒါပေမဲ့ သပ်ရပ်မှု နဲ့ ကောင်းမွန်မှု တော့ တူချင်မှ တူမယ်။

တစ်ချိန်က မဂ္ဂဇင်းတွေမှာ “အက်ဆေး” တွေ ဖော်ပြခဲ့ကြပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင် အထူးသဖြင့် “သဘင်မဂ္ဂဇင်း” က မြေတောင် မြှော က်ပေးခဲ့လို့ သူ့ကျေးဇူးကြောင့် “အက်ဆေး”ကို စိုက်လိုက်မတ်တတ် ရေးဖြစ်ခဲ့တာပါ။

နောက်ပိုင်းမှ အခြားမဂ္ဂဇင်းတွေမှာ အလျဉ်းသင့်သလို ရေးဖြစ်ခဲ့ တယ်။

ယခု နောက်ပိုင်း မဂ္ဂဇင်းတွေမှာ အက်ဆေးရေးသူနည်းပါးသွားတာ မှန်ပါတယ်။

ဒါဘာကြောင့်လဲဆိုတော့ တစ်ဖက်ကကြည့်ရင် မဂ္ဂဇင်းတွေက အက်ဆေးကို နေရာပေးမှု နည်းသွားလို့ ယူဆလို့ ရသလို၊ တစ်ဖက်ကလည်း ဖွံ့ဖြိုးမှု အရ ၀တ္ထုတိုဘက် လှည့်သွားသူတွေများ လို့ လို့ပဲ ပြောရမလားဘဲ။

နောက်တစ်ခုက အက်ဆေးဟာ စိန္တ ကျော်သူဦးသြ ရေးသလို …….

“ပြည်ရွာမင်းရေး
မှု ရှုပ်ထွေးလည်း
ဆေးတစ်အိုးကျွမ်း
ကွမ်းတစ်ယာညက်
စိတ်စက်ပျော်ပိုက်
လစ်လပ်ခိုက်တွင်
နှစ်ခြိုက်သာယာ
စီကုံးပါသည်” လို့ ဆိုသလိုပဲ။

အက်ဆေးရဲ့ သဘာဝက နှစ်ခြိုက်သာယာ စီကုံးနိုင်မှ ကိုး။

ကမ္ဘာ့စာပေလောကမှာ တော့ “အက်ဆေး” ဟာ အဆင့်မြင့် စာပေပုံသဏ္ဌာန် တစ်ရပ်အနေနှင့် အခိုင်အမာ ဖွံ့ဖြိုးပါပြီ။

ကျွန်တော်တို့ရဲ့ လက်ရှိစာပေလောကမှာ “အက်ဆေး” ရဲ့ အနေအထားကတော့ မြေစမ်းခရမ်းပျိုးရတုန်းပဲလို့ မြင်ပါတယ်။

ကျွန်တော်အနေနှင့်တော့ “အက်ဆေး” ရေးရတာ အဂ္ဂိရတ်ဆရာ ပြဒါဖမ်းရသလိုပါပဲ။

ကြည်လင်အေးမြတဲ့ ရေယဉ်လှိုင်းငြိမ့်ကလေးတွေနှင့် ရှင်သန်စီးဆင်း နေတဲ့ စမ်းချောင်းကလေးကို မက်မက်မောမော ရှာဖွေရင်း ရှာဖွေရင်း ရေအိုင်ကွက်ကလေးထဲ ပြန်ပြန်ရောက်နေရတယ်။

ရေစေထဲမှာ နုံးမနေအောင် လူးလဲထ ရပြန်တယ်။

ဒါ ကျွန်တော်တို့ရဲ့ အတတ်ပညာအားနည်းချက်ကြောင့်လို့ ထင်တာပါပဲ။

ဒါကြောင့် “အက်ဆေး” လို့ ဆိုလိုက်တိုင်း ကျောင်းသင်အက်ဆေး ကို တန်းမြင်ကြတာလည်း မြင်တတ်သူ မလွန်ပါဘူး။

အဆင့်မြင့် အက်ဆေးတွေ ရေးနိုင်ဖို့ ကျွန်တော်တို့ အများ ကြီး ကြိုးပမ်းရပါဦးမည်။

[၁၉၉၁၊ သြဂုတ်လ၊ ပေဖူးလွှာ]

အက်ဆေးမှာ သိမ်မွေ့တဲ့စည်း ရှိတယ်

မေး။ ။ ရသစာပေမှာ အက်ဆေးကဏ္ဍရဲ့ နေရာကို သိပါရစေ။ အင်ဆေးတစ်ပုဒ်နဲ့ ရသ၀တ္ထုတစ်ပုဒ်ရဲ့ ထိရောက်မှု ၊ သက်ရောက်မှု ကို နှိုင်းယှဉ်သိပါရစေ။

ဖြေ။ ။ တကယ်တော့ အက်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းဟာ ဆရာတိုက်စိုးကို မေးသင့်တာပါ။ ဒါပေမဲ့ ကျွန်တော့်ကို မေးလာတော့ ဆရာတိုက်စိုးတို့ရဲ့ ကျေးဇူးဂုဏ်တွေကို အလေးအမြတ်ထားပြီး ကျွန်တော် မ၀ံ့မရဲ ဖြေလိုက်ရပါတယ်။

ဆရာမ ကမေးတယ်။ ရသစာပေမှာ အက်ဆေးဏ္ဍရဲ့ နေရာတဲ့။

ရသစာပေ ပုံသဏ္ဌာန်တွေ အနေနဲ့ ကဗျာ၊ အက်ဆေး၊ ၀တ္ထုတို၊ ၀တ္ထုရှည် စသည်ဖြင့် ရှိကြပါတယ်။ ကဗျာကတော့ နံပါတ် (၁) နေရာမှာ ရှိတယ်လို့ ယူဆပါတယ်။ အက်ဆေးကတော့ နံပါတ် (၂) နေရာ လောက်မှာ ရှိနိုင်ပါတယ်။ ၀တ္ထုတို နံပါတ် (၃) ၊ ၀တ္ထုရှည် (၄) စသည်ဖြင့် ကျွန်တော် ယူဆမိပါတယ်။

နောက်တစ်ခုက ရသအက်ဆေးတစ်ပုဒ်နဲ့ ရသ၀တ္ထုတစ်ပုဒ်ရဲ့ ထိရောက်မှု ၊ သက်ရောက်မှု ။

ထိရောက်မှု ၊ သက်ရောက်မှု ဆိုတာကတော့ ရေးဖွဲ့သူ ကာယကံရှင် ထက်မြက်ရင် ထက်မြက်သလောက် ထူးချွန်ရင် ထူးချွန်သလောက်ထိရောက်မှု ရှိနိုင်ပါတယ်။ အဲ ရသစာပေ ပုံသဏ္ဌာန်အရ မတူညီတဲ့ အနေအထားအရဆိုရင် အတတ်ပညာပိုင်း၊ အနုပညာပိုင်း၊ အနုပညာမြောက်မှု ၊ ရသ ခံစားမှု ပိုင်းက ချဉ်းကပ်ကြည့်ရင်တော့ …..

ဝတ္ထုတိုမှာ က ထင်သာမြင်သာတဲ့ အတတ်ပညာဖွဲ့စည်းမှု အပိုင်းတွေ ရှိပါတယ်။ ဇာတ်ကောင်ဇာတ်လမ်း၊ အတွေးစိတ်ကူး၊ ခံစားမှု ဝေဒနာအား စသည် စသည်ဖြင့် အကွက်သေဘာ၊ စီးဆင်းမှု သဘောတွေ ရှိနိုင်ပါတယ်။ အက်ဆေးမှာ တော့ ၀တ္ထုတိုတစ်ပုဒ်လို အတတ်ပညာဖွဲ့စည်းမှု ပိုင်းက ထင်းမနေနိုင်ပါဘူး။ ဒါဖြင့်ရင် အက်ဆေးမှာ စည်းဘောင် မရှိဘူးလားဆိုတော့ အလွန်သိမ်မွေ့တဲ့ “စည်း” ရှိတယ်လို့ ဆိုချင်ပါတယ်။ အခြားစာပေ ပုံသဏ္ဌာန် များ နဲ့ မတူတဲ့ အပြန့်အကျယ် အနက်အရှိုင်းတို့ ရှိနေတယ်လို့ ထင်ပါတယ်။ သိုသိပ်မှု ရှိသလို ကြွယ်ဝမှု လည်း ရှိတယ်လို့ ထင်ပါတယ်။

ကဗျာရဲ့ ခံစားမှု ရသမျိုး၊ ၀တ္ထုတိုရဲ့ ရသမျိုးတွေလည်း အက်ဆေးကောင်းတို့မှာ တွေ့နိုင်လိမ်မ့်မယ် လို့ ထင်ပါတယ်။ ခံစားမှု လှိုင်းသဘော၊ လေးငြိမ့်တဲ့ ရစ်သမ်သဘောတို့ “အက်ဆေး” မှာ ရှိနေတယ်လို့ ယူဆပါတယ်။ အက်ဆေးမှာ ဝေဖန်ရေးသားသဘော၊ တွေးခေါ်မြော်မြင်မှု ဒဿနသဘော၊ အနုပညာရဲ့ အသိမ်အမွေ့ သဘောတို့ ပေါင်းစည်းပါဝင် နိုင်ပါတယ်။ ၀တ္ထုတို ကောင်းတို့မှာ ဖတ်ပြီးမှ အတွေးစတယ်လို့ ဆရာတို့ က ဆိုကြပါတယ်။ အက်ဆေးကတော့ ဒီထက်ပိုတယ်လို့ ထင်ပါတယ်။ အက်ဆေးတစ်ပုဒ်ကို အကြိမ်ကြိမ် ဖတ်သင့်တယ်လို့ ထင်ပါတယ်။တစ်ကြိမ်ထက်တစ်ကြိမ် ဖတ်သူ ခံစားသူ အတွေးခြေဆန့်ရင် ဆန့်နိုင်သလောက် အပြန့်အကျယ်သဘောရှိတယ်လို့ ယူဆပါတယ်။ သာမန်ရသခံစားရမှု ကြောင့် ရတဲ့ နှစ်သက်ခြင်းပီတိထက် လေးနက်တဲ့ ဘ၀အဘိဓမ္မာပိုင်းပ် သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါရစေတော့။

အဲ အဲဒီ လို ပြောလိုက်လို့ သိမ်များ ကြီးကျယ်ရာကျသွားမလား မသိပါဘူး ဆရာမ ရယ်။ ကျွန်တော့် အနေနဲ့ ဘာကြောင့် အက်ဆေးလေးတွေ ရေးဖြစ်နေသလဲဆိုရင်တော့ ကဗျာလေးတွေကည်း မတောက်တခေါက်၊ ၀တ္ထုတိုလေးတွေကလည်း မတောက်တခေါက်ရေးရင်းနဲ့ ချင်ခြင်းမပြေနိုင်ဘဲ ကဗျာအာလျ၊ ၀တ္ထုတို အာလျတွေအပေါ် အတွေး အငေး ပင်ကိုစရိုက် ထပ်လောင်းလိုက်တော့ အက်ဆေးဆိုပြီး ဖြစ်လာသလားလို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်မိပါတယ်။

[၁၉၉၀၊ မတ်လ၊ စပယ်ဖြူမဂ္ဂဇင်း]

ပုဏ္ဏားတိုင်

(၁)
“ငါ့ဘ၀ကို
ကျူးရိုးပလွေကဲ့သို့
ရိုးရိုးနှင့်ဖြောင့်ဖြောင့်ဖြစ်စေပြီး
သင့်အတွက်
ဂီတဖြင့် ဖြည့်စွမ်းပေးနိုင်ခွင့်သာလျှင်
ငါ့အားသနားပါ”

တဂိုး၏ ဂီတဉ္ဇလီ

စာဆိုတော်ကြီး တဂိုး၏ ထိုကဗျာပိုဒ်ကလေးကို ကျွန်တော်နှစ်သက်မိပါတယ်။ ကျူရိုးပလွေကို မသိသော်လည်း ၀ါးပလွေကိုမူ ကျွန်တော်သိပါတယ်။ သို့ သော် ကျေးလက်၏ ဆွတ်ပျံ့ဖွယ်ရာ ထိုချစ်တွေကလေးနှင့်ကား ဝေးကွာနေရပေသည်။ တဂိုး၏ ကဗျာကလေးမှ နှိမ့်ချစိတ်၊ မုဒိတာစိတ်ထားကို ခံစားမိသဖြင့် ထိုကဗျာပိုဒ်ကလေးကို တုပကာ ကဗျာကောက်ကြောင်းလေး လျာကြည့်မိသည်။
“ငါ့ဘ၀ကို
စာအုပ်စာပေကဲ့သို့
ပြန့်ပြန့်ပြူးပြူးနှင့် ခံထည်စေပြီး”

ကျေးလက်၏ ဧည့်စိမ်းဘ၀သို့ တစစ ရောက်မှန်းမသိ ရောက်ခဲ့ရသော ကျွန်တော်သည်မြို့တော်ကြီး၏ လောင်းရိပ်၊ ဆင်ခြေဖုံး၏ အစွန်ဆုံးတစ်နေရာ၌ ၀ါသနာကို အရင်းတည်၊ ၀ါသနာကိုဈေးခင်း၊ ၀ါသနာတူချင်းကို မျှော်မောရသော စာအုပ်သည်၏ ဘ၀ပေးအသိဖြင့် ကျွန်တော် ရေးကြည့်မိသည်။

တကယ်တော့ ကျွန်တော် လောဘကြီး သွားပါသည်။“ပြန့်ပြန့် ပြူးပြူးနှင့် ခံ့ထည်သော” ဘ၀ဆိုသည်မှာ စာအုပ်သည်တစ်ဦးအတွက် စိတ်ကူးယဉ်မှု သာ ဖြစ်ပါလိမ့်မည်။

နောက်တစ်ချက် စဉ်းစားကြည့်မိသည်မှာ စာအုပ်စာပေတို့၏ ဘ၀ကိုယ်တိုင်သည်ကော ဖြောင့်ဖြူးပါသလား၊ ပြန်ပြူးခံ့ထည်ပါသလား၊ ကမ္ဘာ့စာပေသမိုင်းကို ပြန်ကြည့်လျှင် အထူးသဖြင့် အစဉ်အလာဟောင်း အတွေးအခေါ်ဟောင်းတို့ကို ဆန့်ကျင်ဖောက်ထွင်းတင်ပြသော စာအုပ်စာပေတို့ အခက်အခဲ များ စွာ ရင်ဆိုင်ခဲ့ရကြောင်း တွေ့နိုင်ပါလိမ့်မည်။

ထို့ကြောင့် “စာအုပ်စာပေကဲ့သို့ ပြန့်ပြန့်ပြူးပြူး နှင့် ခံ့ထည်စေပြီး” ဟူသည့် တင်စားချက်သည် လောဘ ဖြစ်သွားကာ များ စွာ မှု န်ဝါးသွားတော့သည်။

စာအုပ်သည် ဖြစ်နိုင်သည်မှာ “ပုဏ္ဏားတိုင်” သာတည်း။

ကျွန်တော့်စာအုပ်ဆိုင်ကလေးသို့ စာပေမိတ်ဆွေများ ၊ စာသမား၊ ကဗျာသမား၊ အနုပညာ သမားများ လာတတ်ကြသဖြင့် သူတို့နှင့် ထိတွေ့ခွင်ရပါသည်။ အခန့်သင်လျှင် စကားဝိုင်းကလေးဖွဲ့ ဖြစ်ကြ၏ ။ “မစွမ်းရင်ကလည်း ရှိ၊ ကန်စွန်းခင်းကလည်းငြိ ” ဆိုသည့် စကားလေး အတိုင်းပင် ဖြစ်ပါ၏ ။

စာပေစကားဝိုင်းလေးသို့ ၀င်သူဝင်၊ ထွက်သူထွက်၊ လာသူလာ၊ သွားသူသွားကြသော်လည်း စာအုပ်သည်ကား သူ့နေရာ၊ သူ့ဝါသနာဖြစ်၍ မထတမ်းပင် နွဲဖြစ်တော့၏ ။

ဝင်သူဝင်၊ ထွက်သူထွက် ဆိုသဖြင့် အရောင်းအ၀ယ် စည်ကားလှသည်ဟု မထင်ပါနှင့်။စာအုပ်အဟောင်းဆိုင်တွင် လာ၊သွား၊ ထ၊ ထိုင် အမူအရာတွေ မြိုင်သဖြင့် စာပေလောက ဖွံ့ဖြိုးစည်ပင်နေပြီဟု မထင်မှတ်လိုက်ပါနှင့်။ စာအုပ်သည် အနေနှင့်မူ “လူစုသူစုကြီးလျှင် ကုန်သည်ကြီး အဟန်ဆောင်၍ လူစုသူစုမနီးလျှင် လွှကြီးကို ဒေါင်တိုက်၍ ” ဆိုသည့် ကြည့်ကန်ရှင်ကြီး စကားအတိုင်းပင် ဖြစ်ပါ၏ ။

စာအုပ်ဆိုင်ကလေးကို အကြောင်းပြု၊ ၀ါသနာကို အကြောင်းပြု ၊ တူရာစု ဒိုင်ခံထိုင်ရင်း၊ သူ့ကိစ္စ ကိုယ့်ကိစ္စ မှာ ကြားပြန်ကြားရင်း “ပုဏ္ဏားတိုင်” ဆိုသည့် သဘောလေးကို စဉ်းစားမိလာပါသည်။

ကျွန်တော် ငယ်ငယ်က အဖေနှင့်အမေ ရန်ဖြစ်ကြသည်ကို မှတ်မိနေပါသည်။ တစ်ယောက်တစ်ယောက် စိတ်ကောက်ကာ လေး ငါး ရက် စကားမပြောကြ၊ ကိစ္စရှိ၍ ပြောစရာရှိလျှင် ကျွန်တော်ကို ခေါင်းတည်ပါသည်။

“ဟဲ့ …. နင့်အဖေကို ပြောလိုက်၊ ငါ ဟိုဘက်ပိုင်း သွားမလို” အဖေကလည်း အမေ့ကို တိုက်ရိုက်မပြော၊

“မင်းအမေကိုပြောလိုက်၊ ငါ လယ်ထဲမှာ ကြာမယ်လို့”

ဤသို့ ဖြင့် ကျွန်တော်သည် မျက်နှာငယ်ကလေးနှင့် ပြန်ကြားရေး ပုဏ္ဏားတိုင် ဖြစ်ခဲ့ဖူးပါ၏ ။

တစ်ခါတွင် ရွာမှ ကာလသားခေါင်းဆောင်တစ်ဦးက ကျွန်တော့်ကို ဘိန်းမုန့်တွေ အလျှံပယ် ၀ယ်ကျွေးဖူးသည်။ သူ့ကို စေတနာကောင်းလှသည့် လူကြီးဟု မှန်ထင်ခဲ့သည်။မကြာပါချေ။ အစ်မ၀မ်းကွဲတစ်ဦးအား စာပေးခိုင်းသည်။ ကျွန်တော်အဖို့ ဤကိစ္စသည် ခက်ခဲသည့် ကိစ္စမဟုတ်။ ထို့ကြောင့် တတ်သည့်ပညာ မနေသာသကဲ့သို့ ကျေးစေတမန် လုပ်ပေးခဲ့သည်။ အစ်မ၏ ထိပ်ခေါက်ခြင်းကို ခံခဲ့ရဖူး၏ ။ နောက်တော့လည်း “ကြည်” သွားကြသည်။ ထိုအခါတွင် လူကြီးတွေ သိမည်စိုး၍ ကျွန်တော်နှင့်ပင် စာပေးစာယူ သင်တန်းတက်ကြသည်။ ထိုစဉ်က ကျွန်တော်သည် ဖူးစာရေး ပုဏ္ဏားတိုင်။ ကျွန်တော်တို့ရွာတွင် တကျက်ကျက်နှင့် ရန်ဖြစ်တတ်ကြသည့် လင်မယားနှစ်ဦးရှိသည်။ ဖြစ်လျှင် ယောက်ျားက ရိုက်၊ မိန်းမက အော်ကြီးဟစ်ကျယ်နှင့် အရပ်ကို တိုင်တည်သည်။ “အမယ်လေး အရပ်ကတို့ ကြည့်နေနိုင်ရက်ကြပါပေ့။ ဟောဒီမှာ လူသတ်နေတာ တွေ့ရဲ့ လားတော့” ဟု ခုနှစ် သံချီ ဆင့်သည်။ ပထမတော့ ရွာက ၀ိုင်းဝန်းဖျန်ဖြေပေးကြပါသည်။ ဤလိုရန်ဖြစ်ဖန်များ လာသောအခါ ရွာက ရိုးသွားသည်ထင်၏ ။ သူတို့ ကို သိပ်ဂရုမစိုက် ကြတော့။ ကြာတော့ သူတို့မှာ တိုင်တည်စရာ ရင်ဖွင့် စရာ ရှားလာသည်။

ထိုအခါတွင် အိမ်နားနီးချင်းဖြစ်သည့် ကျွန်တော်ကို မျက်စိ

“ကောင်းလေးရဲ့ နင်စဉ်းစားကြည့်စမ်း”

အစချီပြီး ရင်ဖွင့်ပါလေတော့သည်။ လေအေးနှင့်ဆိုလျှင် ကိစ္စမရှိ၊ ပြောရင်း သူ့ယောကျာ်းကို ဒေါသဖြစ်လာသည့်အခါ ကျွန်တော့်ကို ရန်တွေ့သလို ဖြစ်လာသည်။ ကျွန်တော်လည်း အကြောင်းသိပြီး သားပင်။ သိပ်တော့ နားမထောင်ချင်လှ၊ ငုတ်တုတ် စာတိုက်ပုံကြီကဲ့သို့ နှုတ်ပိတ်သက်မဲ့ ပုဏ္ဏားတိုင်ကြီးဆိုလျှင်လည်း ကောင်းစွ။ သို့ မဟုတ်ဘဲ ဓမ္မဓိဠာန်သဘောမှ ရွေ့လျောသော အတင်းအဖျင်းကိစ္စ၊အမနာပကိစ္စဆိုလျှင်ကား သက်ရှိ ပုဏ္ဏားတိုင်သည် လှုပ်ခတ်ပေလိမ့်မည်။

သို့ သော်လည်း ကျွန်တော် ဘာမှ ပြန်မပြောဘဲ တအင်းအင်းဖြင့်သာ နှစ်ဖက်နားဖြင့် ဧည့်ခံလိုက်ပါသည်။

ဤသို့ ဖြင့် ကျွန်တော်သည် ဆုံးဖြတ်ချက်မပေးရသော တုံနိဘော တရားသူကြီး ပုဏ္ဏားတိုင်လည်း ဖြစ်ခဲ့ဖူးပါသည်။ အဲသည်တုန်းက ပုဏ္ဏားတိုင်၏ ရုပ်ပုံလွှာသည် အေးသော စရိုက်၊ ကလေးသဘာဝ နားကိစ္စကို နားမှာ သာ ထားတတ်သည့် သဘော၊ မတုန်မလှုပ် သစ်ငုတ်လို စရိုက်လက္ခဏာကြောင့် ဤရာထူးရခဲ့သည်ဟု ထင်ပါ၏ ။

[၂]

ကျောင်းနေစဉ်ကာလ ….. လှုပ်ခတ်စရွယ်။ သူငယ်ချင်း မိန်းကလေး တစ်ဦးက သူ့သာမှု ၊ နာမှု အစုစုကို လာ၍ ရင်ဖွင့်ဖူးပါ၏ ။ မည်သူက သူ့ကို စိတ်ဝင်စား၍ မည်သို့ လှစ်ဟကြောင်း၊ သဲတွင်းတိမ်ပါးချိုင့်ကလေးနှင့် စိမ်းမှော င်သော မျက်ခုံးတောတန်းကလေးတို့၏ ပိုင်ရှင်ဖြစ်ကြောင်း ရွှေသ၀ဏ်ပါးလာသူက ပါးသတဲ့။ ထိုအကြောင်းအရာများ သည် ကျွန်တော်နှင့် မည်သို့ သက်ဆိုင်နေကြောင်း စဉ်းစားမရ။ ပြောသမျှ ငုတ်တုတ်ငိုက်ခဲ့ဖူးသဖြင့် ထိုငှက်မလေး နောင်တွင် ကျွန်တော့်ကို စကားမပြောတော့။ မိန်းကလေးတို့၏ ပုဏ္ဏားတိုင်သဘောကား အသိရခက်ပေစွ။

သူတို့သည် ငယ်စဉ်က အမေ့ရင်ခွင် ကရုဏာနံရံ ကို ခေါင်းနှင့် ဝှေ့ ဆိုးနွဲ့၊ အရာရာတွင် အမေသည် ပုဏ္ဏားတိုင်။

“မိဘအပေါ် ဆိုးနွဲ့လေသမျှ၊
သူနဲ့ကျမှ ၀ဋ်လည်တယ်ရှင် …..” တဲ့။

အမေရင်ခွင်ကို စုံကန်ပြီး ချစ်သူထံ ပျံတက်သွား။

“ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ” ဟု ပုဏ္ဏားတိုင်ပြောင်း။ သစ္စာမဏ္ဍိုင် မခိုင်ပြန်တော့…..

ချစ်သူနဲ့ လွဲရင် ရွှေပုံလည်း ဖွဲအိတ်ထင်” တဲ့။ မေတ္တာနယ်မြေမှ မိန်မသားတို့၏ ပုဏ္ဏားတိုင်အပြောင်းအရွှေ့ ပါတကား။

လူ့ဘ၀ရဲ့ ကောက်ကြောင်းတွေမှာ မျဉ်းဖြောင့် မျဉ်းကောက် အမျိုးမျိုး ကြုံရသည့် အခါများ ရှိကြပါလိမ့်မည်။

“ပေးကမ်းချီးမြှင့်
ကိုယ်နှင့်ယှဉ်ထား
နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ” တဲ့။

ငယ်စဉ်က ကျောင်းမှာ သင်ခဲ့ရသည့် “မိတ်ဆွေတို့ ကျင့်ဝတ်” လင်္ကာလေးကို သတိရမိသည်။ ကောင်းတိုင်ပင် ဆိုးတိုင်ပင် မိတ်ဆွေမျိုးသည်လည်း ပုဏ္ဏားတိုင် စာရင်းထဲ ၀င်ပါလိမ့်မည်။

မိတ်ဆွေရင်း လူယုံဖြစ်သော်ငြား၊ သစ္စာမဲ့လျှင် “ဘရုတပ်” သည် “ကက်စီယပ်” ပရိယာယ်ကျော့ကွင်းမိ၍ ဂျူးလီယက်ဆီဇာအား လုပ်ကြံခဲ့သည်။ ရောမခေတ် လှိုင်းလေကြားဝယ် အာဏာရမ္မက်ဇောကြောင့် ပုဏ္ဏားတိုင် ယိုင်လဲသွားရသော သင်ခန်းစာများ ကို ရှိတ်စပီးယားက ဖော်ထုတ်ခဲ့ဖူးပါ၏ ။

မာဂရက်မစ်ချယ်သည် သူ့အထီးကျန်ခံစားမှု ကို ဖွင့်အန်ရန် ပုဏ္ဏားတိုင်ရှာရင်းက သူ့အတွက် ၀တ္ထုရေးသားခြင်း ပုဏ္ဏားတိုင်ကို တွေ့ရှိသွားခဲ့ကာ တစ်ပုဒ်တည်းသော ၀တ္ထု “လေရူးသုန်သုန်” ပေါက်ဖွားလာသည်။ မူလက စာအုပ်ထုတ်ရန် မရည်ရွယ်ခဲ့သော်လည်း အလျဉ်းသင့်၍ စာမူဘ၀မှ စာအုပ်အဖြစ် ထွက်ပေါ်လာသောအခါ တွင်မူကား ပုဏ္ဏားတိုင်သည် တစ်ဦးတစ်ယောက်တည်း မဟုတ်တော့။ စာဖတ်ပရိသတ်ပုဏ္ဏားတိုင်ကြီးလည်း ပထမတော့ရေးသူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ သို့ မဟုတ် တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများ ကို သည်းခံ ဖတ်ရှုကြ၊ ကြားနာကြပါ၏ ။ မိမိ၏ အဖြစ်အပျက်ကလေးနှင့် ဆင်လျှင် ပီတိဖြစ်လိုက်၊ သဘောကျလိုက်၊ ကိုယ်ဖြစ်ချင်တာကလေး ရှာကြည့်လိုက်၊ တွေ့နိုးနှင့် ဟင်းချလိုက်။

ဤသည့်သဘောမှ တဖြည်းဖြည်း ကျယ်ဝန်းလာသောအခါ တော်စတွိုင်းသည် ကရိုင်းမီးယားစစ်ပွဲတွင် ကိုယ်တိုင် ကိုယ်ကြပ် ပါဝင်တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံကိုယူကာ နပိုလီယန်စစ်ရောက်သည့် မော်စကို ကို အခြေခံလျက် “စစ်နှင့် ငြိမ်းချမ်းရေး” ကဲ့သို့ သော လောကအကြောင်း၊ ခေတ်အကြောင်း၊ စစ်အကြောင်း၊ ဘ၀တွေ အကြောင်း၊ခြေဆန်လာသည်။ ပုဏ္ဏားတိုင်ထုကြီး၏ အကြောင်းကို လေ့လာစူးစမ်း ပြုစုကာ ပုဏ္ဏားတိုင်ထုကြီးကိုပင် ပြန်လည် တင်ပြလာကြသည်။

ဤသို့ ဖြင့် သမိုင်းတွင် ထင်ရှားသော ၀တ္ထုစာပေတို့ ပေါက်ပွားလာကြကုန်၏ ။

ပုဂ္ဂလဓိဌာန်မှ ဓမ္မဓိဌာန်သို့ ပြောင်းရွေ့လာခြင်းသည် များ စွာ ကျယ်ဝန်းနက်ရှိုင်းလာကြောင်း ယုံမှားဖွယ်မရှိ။

“ပြည်သူတို့၏ စကားပြန်” ဟူ၍ သတင်းစာကို တင်စားကာ ဆရာတို့ ဖွဲ့ခဲ့ကြသည်။

“သတင်းစာ ဆရာသည် အမှန်တရားကို အလေးထားသော တစ်နေ့တာ သမိုင်းပြုစုသူဖြစ်သည်” ဟု အယ်လ်ဘတ်ကမူးက ဆိုခဲ့သည်။ သူ့အဆိုအတိုင်း မှန်ပါလျှင် သတင်းစာကို ပြည်သူတို့၏ ပုဏ္ဏားတိုင်ဟု ဆိုလိုချင်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ၊တန်းတူညီမျှ ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ စီးပွားရေး၊ ယဉ်ကျေးမှု ၊ လူ့အကျိုးဆောင်ရွက်မှု နှင့်ဆိုင်သော ပြဿနာများ ၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ရရန်၊ ရှိရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံများ ၏ သာမှု ၊ နာမှု ကိစ္စအသီးသီး၊ ပြဿနာအရပ်ရပ်ကို တင်ပြရာ တိုင်တည်ရာစင်မြင့် ပုဏ္ဏားတိုင်ကြီးအဖြစ် ဆောင်ရွက်နေပေသည်။

ကမ္ဘာကြီး၏ ပဋိပက္ခအသံဗလံများ ကို ကမ္ဘာ့ပုဏ္ဏားတိုင်ကြီး ကြားနာဖြေရှင်းနေရသလိုပင် မိသားစုကမ္ဘာငယ်လေးတို့၏ ကိစ္စ ၀ိစ္စ အသီးသီးကို အိမ်ဦးနတ်ပုဏ္ဏားတိုင်တို့ ဖြေရှင်းနေကြရသည်။

တစ်ဦးတည်းဦးဆောင်၍ မဖြေရှင်းနိုင်သည့် အခါ အိမ်ရှင်မပါ လက်တွဲ ရသည်။ တစ်ချို့ အိမ်ထောင်စုတို့တွင် အိမ်ရှင်မသည် ပုဏ္ဏားတိုင်နေရာပြောင်း၍ အိမ်ဦးနတ် နေရာ ရောက်နေရသည် လည်းရှိပါသည်။ ပေါက်ပွားလာသည့် မျိုးဆက်ကလေးတို့ကိုလည်း ကျောင်းသင်ပညာသာမက၊ လောကတွင်းမှ လုပ်ငန်းအတွေ့အကြုံကိုပါ ရှာဖွေစေရင်း ဘက်စုံပညာရေးကို ဆည်းပူးကြရသည်။

ဤသို့ ဖြင့် မိသားစုချင်း ခေါင်းချင်းဆိုင်၊ အိမ်ဦးနတ်ချင်း၊ အိမ်ရှင်မချင်း၊ ခေါင်းချင်းဆိုင်လျက် တစ်ဦးကိစ္စတစ်ဦး စာနာကြသည်။

ကျွန်တော် စဉ်းစားကြည့်သည်။ လူ့သဘာဝအရ ကိုယ့်ချစ်သူခင်သူ ယုံကြည်စိတ်ချရသူတို့ ထံတွင် ကိုယ့်သာမှု ၊ နာမှု ကိစ္စ အ၀၀ ကို ရင်ဖွင့်လိုကြပေမည်။ ထိုအခါတွင် လူတို့ ပုဏ္ဏားတိုင်ရှာတတ်ကြမြဲ ဖြစ်ပေသည်။

အတော်အတန်သောက၊ ဒုက္ခဆိုလျှင် ရင်ဖွင့်လိုက်ရသဖြင့် ပေါ့ပါးသါားတတ်ကြပါ၏ ။ ထိုကြောင့် ဆိုးတိုင်ပင် ကောင်းတိုင်ပင် သောကဒုက္ခမျှဝေခံစားမည့်သူကို ရှာကြသည်။ မျိုးတူစုတို့ ပေါင်းစည်းမိကြသည်။

စာဆိုတော်ကြီး တစ်ဦး၏ ဂီတဉ္ဇလီမှ ကဗျာပိုဒ်ကလေးကို နှစ်သက်ပြီး တုပရေးကြည့်မိရာမှ အတွေးကွန်ယက် ဖြန့်ကျက်မိသည်။ ပထမပိုဒ်ကို ဆန်းစစ်ရင်းက ဒုတိယပိုဒ်ကို ဆက်ရေးကြည့်မိပါ၏ ။

“သင့်အတွက်

စာပေဖြင့် ဖြည့်စွမ်းပေးနိုင်ခွင့်သာလျှင်

ငါ့အား သနားပါ”

ဤ ဒုတိယပိုဒ်တွင်လည်း “ငါ့အား သနားပါ” ဆိုသည်ကို မကျေနပ်ပြန်။ တဂိုး၏ ကဗျာမှာ တုန်းက မုဒိတာစိတ်ကို ခံစားခဲ့ရသည်။

သူ့ကို အတုယူ၍ မိမိအတ္တနှင့် ယှဉ်ကပ်သောအခါ ထိုသို့ မခံစားရတော့။ ဘာကြောင့်ပါနည်း။ ဤနေရာတွင် အကျယ်အ၀န်း စဉ်းစား စရာများ ပေါ်လာပါသည်။ ဘ၀ဖြတ်သန်းမှု ချင်း မတူ၊ နောက်ခံကာလချင်းမတူ၊ အခံဓာတ်ချင်းမတူ သောကြောင့် ဖြစ်ပေမည်ဟု နောက်ဆုံး ကောက်ချက်ချမိ၏ ။

ထိုအချက်ကို ပုဏ္ဏားတိုင် စာဖတ်ပရိသတ်ကြီးသည် မည်သို့ သဘောထားကြမည်မသိ။

[၁၉၉၈၊ မတ်လ၊ ပန်ရုပ်စုံ မဂ္ဂဇင်း]



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ ပုဏ္ဏားတိုင်ရသစာတမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တက္ကသိုလ် နန္ဒမိတ် ဘ၀နှင့်စာေ​ပ အထ္ထုပတ္တိ

ရသစာမွန် ပုံရိပ်

ကာလီဒါသ လျှောက်ထုံးပုံပြင်များ