
သခင်ကိုယ်တော်မှိုင်း စာပေ နှင့် ရှုထောင့်သုံးထောင့်
ဆရာကြီး သခင်ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄) သည် မြန်မာစာပေ သမိုင်းတွင် ဇာတိမာန် စာဆိုကြီးအဖြစ် အဖြစ် ထင်ရှားလှပါသည်။ ဆရာကြီး သည် စာပေရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး နှင့် ပြည်သူတို့အရေးအတွက် သူ့ဘ၀ တစ်သက်တာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။
ဆရာကြီး ၏ ဘ၀ မာတိကာများ ကို စဉ်ကြည့်လျှင် ဘုန်းကြီး ကျောင်းသား၊ စာသင်သား၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ပြဇာတ်ဆရာ၊ ၀တ္ထုရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာပေ ပါမောက္ခ၊ စာပေကျမ်းပြုဆရာ၊ ရာဇ၀င်ကျမ်းပြုဆရာ၊ သတင်းဆရာ … စသည်ဖြင့် လည်းကောင်း၊ ဗဟန်း အမျိုးသားကောလိပ်၏ မြန်မာစာပေနှင့် မြန်မာရာဇ၀င် ပါမောက္ခအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံရေးသမိုင်းတွင် တို့ဗမာ အစည်းအရုံးနာယကကြီး အဖြစ်လည်ကာင်း၊ လွတ်လပ်ရေးခေတ်ဦး ငြိမ်းချမ်းရေး ဖခင်ကြီး အဖြစ် လည်ကောင်း အလွန်အရေးပါခဲ့သည်။ တကယ်တော့ ဆရာကြီး ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နှင့် စာပေဘ၀သည် အစဉ်ဒွန်တွဲ နေသည်ဟု ဆိုရပါမည်။
ဆရာကြီး ၏ ရေးသားပြုစုခဲ့သည့် စာပေများ သည် များ လှပါသည်။ ပြဇာတ်၊ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ ရာဇ၀င်၊ ဋီကာ၊ ဂဏ္ဍိ …. စသည်ဖြင့် စာပေပုံသဏ္ဌာန် များ ရှိကြပြီး ဆရာကြီး ၏ စာပေများ နှင့် ပတ်သက်၍ ချဉ်းကပ်ဖွင့်ဆိုလမ်းခင်း ရှင်းပြမိတ်ဆက်ပေးမှု ….စသည်ဖြင့် ဆရာအသီးသီးက ကြိုးပမ်းကာ ကျေးဇူးပြုခဲ့ကြ၏ ။ ကျွန်တော်တို့ အတွက် ကျေးဇူးများ လှပါသည်။
ထိုသို့ သော ဆရာများ ၏ လမ်းခင်းပေးမှု ကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာအချို့ကို ကျွန်တော်တို့ နားလည်ရန် ချဉ်းကပ်နိုင်ခဲ့သည်ဟု ယူဆမိပါ၏ ။
ဆရာကြီး ၏ စာများ ကိုလည်း ချဉ်းကပ်နိုင်ရန် …၊ ဆရာအသီးသီးက ဆရာကြီး ဖြတ်သန်းခဲ့ရသည့် ခေတ်အခြေအနေ၊ ဆရာကြီး ၏ ရည်ရွယ်ချက်နှင့် စေတနာ၊ ဆရာကြီး ရေးသားခဲ့သည့် အကြောင်းအရာ၊ ဆရာကြီး ၏ ဇောင်းပေးချဉ်ကပ် ပုံစာဟန်၊ ဆရာကြီး တင်ပြသည့် အကြောင်းအကျိုး ရှေ့နောက်ဆီလျော် ညီးညွတ်မှု … စသည်ဖြင့် ဆန်းစစ်ပြခဲ့ကြပါသည်။
ဤသို့ ဆန်းစစ်တင်ပြမှု များ တွင် ချဉ်းကပ်ဟန်ထောင့် (၃) ထောင့်ကို ကျွန်တော် အထူးသတိပြုမိပါ၏ ။
“ဇော်ဂျီကား …. “သခင်ကိုယ်တော်မှိုင်း ဋီကာ” ကို အိန်ကျယ်နတ်သား ကလေးတစ်ယောက် ကဲ့သို့ ရေးလေ၏ ။”
ဆရာကြီး ဦးဖေမောင်တင်၏ ထိုအဆိုကလေးကို ကျွန်တော်သည် တစ်နေရာတွင် ဖတ်မိ၏ ။ ထိုအဆိုသည် ဆရာဇော်ဂျီရေးသည့် “သခင် ကိုယ်တော်မှိုင်း ဋီကာ” ကို ချီးကျူးထားမှန်း ကျွန်တော် သိပါ၏ ။ သို့ သော် အိန်ဂျယ်နတ်သားကလေးကား မည်သူနည်း။ မည်သို့ ရှိလေသနည်းဟု ဆက်လက်စူးစမ်းကြည့်ရာ “အင်္ဂလိပ်ခရစ်ယာန်လောကတွင် အိန်ဂျယ်” ဆိုသည်ကား “ဘုရားသခင် (GOD) ၏ ငြိမ်းချမ်းရေး တမန်တော်” ဖြစ်ရာ၊ ထိုသို့သော ငြိမ်းချမ်းခြင်း ၀ိသေသဘောဖြင့် “ဇော်ဂျီ” သည် “အိန်ဂျယ်” နတ်သားကလေးပမာ စာဖတ်သူ အ၀င်အေးအောင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးမြမြ ဖြစ်အောင်ရေးခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်ဟန်တူပါသည်” ဟူသော အဆိုတစ်ရပ်ကို တွေ့ရပါသည်။ ကျွန်တော် နှစ်ခြိုက်မိပါ၏ ။
မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် ဇော်ဂျီ၏ “သခင်ကိုယ်တော်မှိုင်းဋီကာ” ကို နောက်တစ်ကြိမ် အချိန်ယူဖတ်ဖြစ်ပါသည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ စာကို ချဉ်းကပ်နိုင်ရန် ဆရာဇော်ဂျီကား လမ်းခင်းပေးသူ ဖြစ်ပါသည်။
ဆရာကြီး သည် ရွှေတောင်နယ်၊ ၀ါးလည်ရွာ ဇာတိဖြစ်သည်။ အမိမှာ ဒေါ်အုန်းဖြစ်၍ အဖမှာ ဦးစံဒွန်း ဖြစ်သည်။ ငယ်စဉ်ကပင် ဆရာကြီး သည် ဥာဏ်ထက်မြက်၍ ငယ်ဆရာမှာ ရွှေတောင် ကျီးသဲ လေးထပ် ဆရာတော်ကြီး ဖြစ်သည်။
ဆရာကြီး မွေးဖွားချိန်တွင် အောက်မြန်မာပြည်သည် အင်္ဂလိပ်လက်အောက် ရောက်နေပြီ။ ဆရာကြီး သည် သီပေါမင်းလက်ထက် မန္တလေးနေပြည်တော် မြတောင်ကျာင်း၌ ပညာဆက်လက် သင်ယူသည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ ဆရာကြီး (၁၀) နှစ်သားအရွယ်တွင် အင်္ဂလိပ်လက်သို့ အရှင်နှစ်ပါး ပါတော်မူ မြင်ကွင်းကို စိတ်ထိခိုက်ဖွယ် မြင့်တွေ့ခဲ့ရသည်။ “ထိုအခြင်းအရာသည် ဆရာကြီး ၏ ဇာတိမာန် နိုင်ငံချစ်စိတ်ကို အုတ်မြစ်ချပေးခဲ့သော ဗိသုကာဖြစ်သည်ဟု ယူသော် ရကောင်းအံရှိသည်” ဟု ဆရာဇော်ဂျီ တင်ပြခဲ့သည်။
မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့် အချိန်မှ စ၍ ဆရာကြီး သည် မြတောင်ကျောင်း၌ အတည်တကျ မနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသော အရပ်များ သို့ ကိုရင်ဘ၀ဖြင့် လှည့်လည်စာသင်ပြန်သည်။ ထိုအခါကပင် မေတ္တာစာ၊ မှာ တမ်း တို့ကို ရေးစပြုသည်ဟု ဆိုသည်။
ဆရာကြီး (၁၉) နှစ်အရွယ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ထို့နာက် ကျီးသဲလေးထပ် ဆရာတော် ပျံလွန်တော်မူသည်။
ဆရာကြီး သည် မိခင်ကြီးအား အလုပ်ကျွေးမွေး ပြုစုရမည် ဖြစ်၍ ရန်ကုန်သို့ ဆင်းကာ အလုပ် ရှာသည်။ ရှေးဦးစွာ ဆူးလေးဘုရာလမ်း ဇမ္ဗူကျက်သရေ စာပုံနှိပ်တိုက်၌ အလုပ်ရသည်။ စာစီသမားအလုပ်ကို လုပ်ရပြီး …… ထိုမှ တစ်စ တစ်စ စာပြင် အယ်ဒီတာ ဖြစ်လာသည်။ ဇမ္ဗူကျက်သေရေ၌ အလုပ် လုပ်နေစဉ် ဆရာကြီး ကလောင်စမ်းစပြုသည်။
ထိုခေတ်သည် ဇာတ်၊ ရုပ်သေးပွဲများ ခေတ်စားသော ခေတ်ဖြစ်သည်။ ရန်ကုန်တွင် စပါးဈေးကလည်း တက်သဖြင့် ငွေရွှင်။ ထို့ကြောင့် ပွဲတခြိမ့်ခြိမ့်နှင့် ဖြစ်သည်။ ဆရာကြီး သည် ထိုဇာတ်ပွဲများ ၌ စိတ်ဝင်စားလာ၍ ကလောင်စမ်းသည့် အနေဖြင့် ပြဇာတ်စာအုပ်များ ရေးသည်။ ပြဇာတ်ပေါင်း (၈၀) ကျော်မျှ ရေးခဲ့သည်။ ထိုပြဇာတ်များ ကို ရုပ်သေးဦးဖူးညို ဇာတ်ဦးစိန်ကတုံး၊ ဦးအောင်ဗလ၊ ဦးဖိုးစိန်တို့က ခင်းကျင်းကပြခဲ့သည်ဟု ဆိုသည်။
ဇမ္ဗူကျက်သရေတိုက်၌ အလုပ်လုပ်နေစဉ်ပင် ဆရာကြီး သည် ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အကြောင်းပါသည်။ နောက် ရန်ကုန်တိုင်း သတင်းစာပြောင်းလုပ်၊ နောက် မော်လမြိုင် ပြောင်း၊ မြန်မာတိုင်းသတင်းစာတွင် လုပ်သည်။ ဆရာကြီး အသက် (၃၆) နှစ် အရွယ် ၁၉၁၁ ခုနှစ်တွင် သူရိယ သတင်းစာ ပေါ်လာ၊ ဆရာကြီး သူရိယတွင် အယ်ဒီတာလုပ်သည်။ ထိုအချိန်တွင် မြန်မာပြည်၌ ၀ံသာနုလုပ်ငန်း လှုပ်ရှားစပြုလာပြီး သူရိယ၌ လုပ်ရသော အကျိုးသည် ဆရာကြီး နိုင်ငံရေး၌ စိတ်ဝင်စားလာခြင်းဖြစ်သည်။
“အသက် (၁၀) နှစ်အရွယ်က မန္တလေး၌ ဖြစ်ပေါ်ခဲ့ဖူးသော မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ပြန်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုအပ်သည်။ နောင်အခါတွင် ဆရာကြီး သည် ဤစိတ်၊ ဤစေတနာတို့ဖြင့်သာ ကလောင်ကို ကိုင်လေသည်။ ဤစိတ် ဤစေတနာသာလျှင် ဆရာကြီး ၏ ဘ၀ရည်ရွယ်ချက် ဖြစ်လာသည်” ဟု ဆရာဇောဂျီက ကောက်ချက်ချပြသည်။
ဆရာကြီး အသက် (၄၀) အရွယ်တွင် ဇနီးသည်ဆုံး၍ ကလေး (၄) ယောက်နှင့် ကျန်ရစ်သည်။ ပင်ပန်းစွာ နေရသည်။ သားသမီးများ ကို ထိန်းကျောင်းရင်းပင် လောကဓံကို ကြံ့ကြံ့ခံကာ ဆရာကြီး စာပေရေးသားခဲ့သည်။ ကြာဋီကာ၊ ဗိုလ်ဋီကာနှင့် မှာ တော်ပုံဝတ္ထုဆန်းတို့သည် ထိုကာလတွင် ပေါက်ဖွားလာသော စာများ ဖြစ်သည်။
“သခင်ကိုယ်တော်မှိုင်းဋီကာ” တွင် ရှေးဦးစွာ ဆရာကြီး ၏ ဘ၀ကောက်ကြောင်းကို ရေးထားပြီးနောက် ဗိုလ်ဋီကာခေတ် မှာ တော်ပုံဝတ္ထု၊ ဒေါင်းဋီကာခေတ်၊ မျောက်ဋီကာနှင့် မျောက်ဂဏ္ဍိခေတ်၊ ခွေးဋီကာခေတ်၊ သခင် ဋီကာခေတ်၊ ရာဇ၀င်လောက၊ သင့်နိုးရာရာ ကဗျာစု …စသည့်ဖြင့် တင်ပြပြီး ….. ဒုတိယအကြိမ်ရိုက်တွင် “ဆရာကြီး သည် သခင်ကိုယ်တော်မှိုင်း၏ ကဗျာ့သဘော” နှင့် “ကဗျာ့ကျေးဇူး” စာတမ်းကို ဖြည့်စွက်ထားသည်။
ဆရာကြီး ၏ စာဆိုဘ၀တွင် ဗိုလ်ဋီကာ ဆောင်းပါးများ သည် အုတ်မြစ်ဖြစ်သည်။ နောင်ရေးလတ္တံသော ဋီကာဆောင်းပါးတို့၏ ဗီဇသည် အထင်အရှားပါလျက် ရှိသည်။
ဆရာကြီး ၏ စာပေအရင်းခံကို တင်ပြပြီး ဆရာဇောဂျီက ဆရာကြီး ၏ စာပေအရင်းခံနှင့် ရေးဟန်သဘောတို့ကို ရှင်းပြပါသည်။
“ထိုဋီကာ ဆောင်းပါးတို့တွင် ဆရာကြီး သည် ရှေးဟောင်း မြန်မာရာဇ၀င် အဖြစ်အပျက်များ အကြောင်းကိုလည်းကောင်း၊ လက်ရှိ (ကိုလိုနီခေတ်) နိုင်ငံရေး၊ အမျိုးဘာသာ၊ သာသနာရေး အကြောင်းတို့ကို ရေးလေ့ရှိသည်။ ရေးသောအခါ ရုပ်သေး မင်းသားကြီးများ ကဲ့သို့ စကားဖန်တစ်လှည့်၊ လေးချိုးကဗျာတစ်လှည့် ပြောဆိုဖွဲ့နွဲ့ကာ ရေးလေ့ရှိသည်။ ဤသို့ဖြင့် မြန်မာတိုင်းသူ ပြည်သားတို့ကို ဇာတိမာန် တက်ကြွစေခဲ့သည်။”
ထို ခေတ်သည် ဇာတ် ရုပ်သေးတို့ကလည်း ခေတ်စား၊ ပြဇာတ် စာအုပ်များ ကလည်း ဈေးပေါသဖြင့် ကျေးလက်လူထုလက်သို့ ရောက်သည်။ ဇာတ်ရုပ်သေးတို့ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်နှစ်ကြိမ်လောက် ကြည့်နေရသည်။ ကြည့်ပြီး ထိုဇာတ်ကွက် ဇာတ်လမ်း၊ သီချင်းတို့ကို အလုပ်လုပ်ရာတွင် ဆိုကြသည်။ အချို့လည်း မီးခွက်တစ်ခွက်ဖြင့် ၀ိုင်းကာ ဇာတ်စာအုပ်ဖြင့် ပျော်ကြသည်။
ဆရာကြီး သည် ပတ်ဝန်းကျင်ကို ကြည့်သည်။ ကျွန်ဘ၀ရောနေသော မိမိနိုင်ငံ၏ အဖြစ်ကို မြင်ရသည်။ ထိုအဖြစ်တွင် ဒေါသထွက်စရာ၊ ၀မ်းနည်းစရာ၊ ၀မ်းသာစရာ၊ အားတက်စရာ …. တို့ကို မြင်ရသည်။ ထိုခေတ်တွင် ဇာတိမာန်မှေးမှိန်နေသဖြင့် ဆရာကြီး က သူ့ခံစားချက်များ ကို ချပြချင်သည်။ ကံအားလျော်စွာ ထိုခံစားမှု တို့အတွက် သူရိယ သတင်းစာကို တွေ့သည်။ သူရိယသတင်းစာကလည်း ဆရာကြီး အား ဇာတိမာန်အခိုးအငွေ့ လွှတ်ခွင့်ပေးခဲ့သည်။
ဆရာကြီး သည် ဇာတ်စာအုပ်ရေးခဲ့ဖူးသူ ဖြစ်သည်။ နောင်ရေးလတ္တံသော ဋီကာ ဆောင်းပါးများ နှင့် နှိုင်းစာလျှင် ဇာတ်စာအုပ်များ ကို အပေါစားဟု ဆိုနိုင်ပါ၏ ။ သို့ သော် ထိုဇာတ်စာအုပ်များ နှင့် နည်းကောင်းစာအုပ်များ နှင့် နည်းကောင်းတစ်ခုကို ဆရာကြီး ဆုပ်ကိုင်ရခဲ့သည်။ ထိုနည်းကား ခေတ်က နားလည်ပြီးဖြစ်၍ ခေတ်ကြိုက်ဖြစ်နေသော စကားဖန်တစ်လှည့်၊ တေးကဗျာတစ်လှည့် ရေးသားရေးနည်းဖြစ်သည်။
“ထိုရေးနည်းသည် စာကို စာဖတ်ပရိသတ်၏ နှုတ်ဖျား၌ ခရားရေလွှတ် တတွတ်တွတ် မြည်စေနိုင်သည်။ စာဖတ်ပရိသတ်၏ နားသို့ ပေါ့ပေါ့ပါးပါး ဖြောင့်ဖြောင့်တန်းတန်း ချောချောမောမော ရောက်စေနိုင်သည်။ ဆရာကြီး သည် ထိုရေးနည်းဖြင့် မိမိ၏ ဇာတိမာန် နိုင်ငံချစ်စိတ်ကို မွှေ့ယမ်း၍ မြန်မာနိုင်ငံအလုံးလွှမ်းဖုံးပျံ့နှံ့စေခဲသည်။”
ဤသို့ ခေတ်အခြေအနေနှင့်ဟပ်၍ ဆရာဇော်ဂျီ လမ်းခင်းပြသဖြင့် ဆရာကြီး ၏ စာတို့ကို ကျွန်တော်တို့ ချဉ်းကပ်နိုင်ခဲ့သည်။
၁၉၁၃-၁၄ ခုနှစ် ဗိုလ်ဋီကာခေတ်တွင် မြန်မာ့ဇာတိမာန် အောက်တန်းသို့ လျှော့ချခ့ရ၍ ဆရာကြီး က စာပေဖြင့် မြှင့်တင်ပေးခဲ့သည်။ ထိုစဉ်က အင်္ဂလိပ်နာမည် “မစ္စတာ” တပ်မှ လူရာဝင်သည်ဟု ယူဆခဲ့ကြသည်။ ထိုခေတ်က ပေါ်ခဲ့သော ဦးကြီး၏ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ၀တ္ထုသည် ကြာခိုသမားအော့ကျောလန် မောင်မှိုင်းကာ ဇာတ်လိုက်ဖြစ်သည်။ ထိုနာမည်ကိုယူ၍ “မစ္စတာ” ကပ်ကာ တပ်လှန့်ထိုးနှက်ခဲ့သည်ဟု ဆိုနိုင်သည်။
ဗိုလ်ဋီကာခေတ်ကို ခင်းပြပြီး ဆရာဇော်ဂျီက “မှာ တော်ပုံဝတ္ထု” အကြောင်း ခင်းပြ သုံးသပ်ပြသည်။ “၀တ္ထုကောင်း၏ အသက်သည် လူ့သဘာဝအဖွဲ့၊ လောကသဘာဝအဖွဲ့၌ အဓိကအားဖြင့် အခြေတည်နေသည်ဆိုသော အချက်သည် မည်သူမှ မငြင်းနိုင်သော အချက်ဖြစ်သဖြင့် ဆရာကြီး ဦးလွန်း၏ “မှာ တော်ပုံ ၀တ္ထု” သည် မြန်မာစာပေသမိုင်းတွင် သမိုင်းထိုးလောက်သောဂုဏ်နှင့် ပြည့်စုံသည်ဟု ယူဆမိပါသတည်း ” ဟု ဆရာဇော်ဂျီ မှတ်ချက်ပြုခဲ့သည်။
ဤသို့ ဖြင့် “၀ံသာနုလှုပ်ရှားမှု ကြီးကို ဂုဏ်ယူသည့် “ဒေါင်းဋီကာခေတ်”
- မြည်မာပြည်တွင် အုတ်မြစ်မြဲမြဲ မစွဲသေးသော မြန်မာတို့၏ စည်းလုံးမှု ကို အက်ကွဲစေသည့်
“ဘိလပ်နိုင်ငံရေး မာယာမုန်တိုင်း” ကို ဖွင့်ပြသည့် “မျောက်ဋီကာနှင့် ခေတ်”
- ဖောက်ပြန်သည့် ၀ံသာနုဓနရှင်ခေါင်းဆောင်တွေကို ရှုတ်ချသည့် “ခွေးဋီကာ ဇာတ်”
- သခင် လှုပ်ရှားမှု ကြီးကို ကောင်းချီသြဘာပေးသည့် “သခင်ဋီကာခေတ်”
- မြန်မာရာဇ၀င်မှ ရသော “ဇာတိမာန် နိုင်ငံချစ်စိတ်” ကို ဆရာကြီး ၏ စာများ တွင် အလျဉ်းသင့်သလို တွေ့ရ၍ “ရာဇ၀င်လောက” ကိုလည်း ဆရာဇော်ဂျီ လမ်းခင်းပြခဲ့သည်။
“ထိုပြင်လည်း ဆရာကြီး ၏ သရော်စာသဘောကို “ဆရာကြီး ဦးလွန်သည် စိတ်ထဲဝမ်းထဲက မပါဘဲ လူမြင်ကောင်းအောင်သာ ပြုတတ်သော လူ၏ ဟန်ဆောင်သဘောကို မြင်ပြင်းကပ်ဟန်တူသည်။ အမှန်မှာ ထိုသဘောမျိုးသည် မုသားတစ်မျိုးပင် ဖြစ်လေရာ မြင်ပြင်းကပ်စရာပင် ဖြစ်တော့သည်။ သို့ ရာတွင် ဤမုသားမျိုးသည် ဆင်ခြင်မိ၍ လားမသိ အပြစ်မတင်လို ခွင့်လွှတ်သော သဘောနှင့် ရယ်မောတတ်ဟန် တူသည်” ဟု ဆရာဇောဂျီ လမ်းခင်းပြခဲ့ပါသေးသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာသဘော၊ ခေတ်နောက်ခံတို့ကို ဆရာဇော်ဂျီ လမ်းခင်းပြသဖြင့် ထိုလမ်းမှ အားယူကာ ဆရာကြီး ၏ စာတိုထံ ကျွန်တော်တို့ ချဉ်းကပ်မိခဲ့၏ ။ တစ်ဖန် ဆရာဇော်ဂျီက ဆရာကြီး ၏ “သရော်စာ” သဘောကို လမ်းစပေးခဲ့ပြန်ပါသည်။ ထိုလမ်းစကို ရှာရန်လည်း ကျွန်တော်တို့ ကြိုးပမ်းကြည့်သင့်သည်ဟု ယူဆမိ၏ ။
ထိုဆုပ်ကိုင်ချက်ဖြင့် ရှာဖွေကြည့်သောအခါ ကံအားလျော်စွာ ပင် ဆရာမောင်ထင် ရေးသားတင်ပြသည့် “သခင်ကိုယ်တော်မှိုင်း၏ လောက သရော်စာ အဖွဲ့” ဟူသော စာတမ်းကို တွေ့ရှိရပါသည်။
ဆရာမောင်ထင်၏ ထိုစာတမ်းသည် ၁၉၇၉ ခုနှစ်လောက်က မန္တလေး၊ ဓမ္မဗိမာန်မှာ ပြုလုပ်ခဲ့သည်။ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့်နှစ်” စာတမ်းဖတ်ပွဲတွင် အခြားပညာရှင်များ နှင့်အတူ တင်သွင်းဖတ်ကြားခဲ့သည့် စာတမ်းဖြစ်သည်။ ရွက်နုဝေမဂ္ဂဇင်း (အမှတ် -၂၂) တွင် ပြန်လည်ဖော်ပြသဖြင့်သာ ဖတ်ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ ထိုစာတမ်းတွင် ဆရာမောင်ထင်က “လောက သရော်စာ” သဘောကို ဦးစွာ ရှင်းပြပါသည်။
အင်္ဂလိပ်စာပေ အဖွဲ့အနွဲ့၌ ရှိသော (Satire) ကို ကျွန်တော်တို့က လွယ်လွယ်နှင့် သရော်စာ ဟု ခေါ်လာကြပါသည်။ ထိုအဖွဲ့သည် အင်္ဂလိပ်နှင့် အနောက်ပိုင်း ဥရောပစာပေတို့၌ သာ ရှိသော အဖွဲ့မဟုတ်ပါ။ ကမ္ဘာ့စာပေအသီးသီး၌ ရှိပါသည်။
သရော်သည်ဟူရာ၌ အခြေခံမှာ လူလျှင်လူချင်း ပြက်ရ်ာပြုခြင်း ဖြစ်သည်။ မှန်ပါသည်။ သို့ သော် ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် နောက်ပြောင်ကျီစယ် စကားနာထိုးခြင်းမှာ အပရိကမျှသာ။ စင်စစ် ကျွန်တော်တို့သည် “လူနှင့် လူ့ပတ်ဝန်းကျင်” တစ်ခုလုံးကို ခနိုးခနဲ့ အရွဲ့တိုက်၍ ဓမ္မဓိဋ္ဌာန်သဘော စကားနာထိုးကြသည်လည်း ရှိပါသည်။ လူနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို သိမ်းကျုံးပြောချင်သောအခါ ကျွန်တော်တို့က “လောက” ကြီးကို ဆွဲထည့်လေ့ ရှိပါသည်။
ထို့ကြောင့် သရော်သည်ဆိုသည်မှာ လောကကြီးကိုပင် သရော်ခြင်း ဖြစ်ပါသည်။ လောကဟုဆိုသောအခါ ဒြပ်ရှိသော လောကကိုသာ မဆိုပါ။ လူ့ဘောင်စနစ်နှင့် ထိုစနစ်တို့ ဖြစ်ပေါ်လာစေသော အတွေးအခေါ် အမြော်အမြင်နှင့်တကွ လုပ်နည်းလုပ်ဟန် ထုံးစံဓလေ့ယဉ်ကျေးမှု အလုံးစုံပါဝင်ကြပါသည်။
သရော်သည့်အခါ ဟာသဥာဏ်သည် ဇ၀နဥာဏ်ကို အမှီပြုသည်။ လျင်မြန်သော ဇ၀နဥာဏ် ပေါက်လာလျှင် ဟာသ၌ အရသာအလွန်ရှိသည်။ ဟာသဆိုင်ရာမှာ လည်း များ သောအားဖြင့် အမြီးအမောက်မတည့်သော လောကကို ရယ်ချင်သော သဘောပါသည်။ ဤသဘောပါသောကြောင့် လောကကို သရော်သောအခါ လောက၏ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်သော အခြင်းအရာကိုလည်း တွေ့ရသည်” ဟု ဆရာမောင်ထင်က သရော်စာ ဇောင်းကိုလမ်းဖွင့်သည်။
ဆရာမောင်ထင်သည် စာတမ်းရေးချိန် ရက်ကပ်လွန်းသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာအချို့ကိုသာ အကျဉ်းသဘောကောက်ပြနိုင်ခဲ့သည်။
ကြာဋီကာ (၁၉၁၂) သည် မြာပွေသောလောကကို သရော်လိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းမိသည်။ ဆောင်းပါးရှင် တင်တင်၊ ယောက်လမ်းက ခြောက်တန်းသူ မယ်တင့်တို့က ကြာဋီကာကို မကျေနပ်ဘဲ စောဒကတက်သည်။ ဤတွင် ဆရာကြီး က
“ကောင်မလေးနှယ်၊ ရိုးပုံနှင့် လှသူရဲ့
တစ်ထောင်က မဝေးသဟယ်၊ တစ်မျိုးတစ်ဖုံ ထပြန်တော့
ဆိုးဂုဏ်မပြချင်နှင့် (တင်) ၏ သဖွယ် (မယ်တင့်ရယ်)
ဟောသည် ပုဆိုးခပုံစပါလို့ မြင်မိတယ်” ဟု ဆရာကြီး က ပြန်ချေသည်။ စင်စစ် ကြာဋီကာသည် မမိုက်ဖို့၊ လိမ္မာဖို့၊ ယဉ်ကျေးဖို့ကိုသာ ညွှန်ပြသောစကား ဖြစ်ပါသည်ဟု ဆင်ခြေကန်ကြောင်း တင်ပြပါသည်။
“စင်စစ် ကြာဋီကာသည် ၀င်္က၀ုတ္တိနည်းဖြင့် ကြားသမားတို့ကို ခနဲ့ထားသော စာဖြစ်သည်။ ထိုနည်းကို “မိုး” ဟုပြောလျှင် “မြေကြီး” ဟု နားလည်ရသည်။ ဇောက်ထိုးပြောသည်ကို ခေါက်ချိုးအဓိပ္ပါယ်ကောက်ရသည်။ အဖြောင့်ပြောလျှင် သရော်စာအဖွဲ့ထဲ၌ အရေးကြီး အစိတ်အပိုင်း ဖြစ်သည့် …..” ဟု ဆရာမောင်ထင်က ကြာဋီကာကို ထုတ်ကာ သရော်စာ၏ မာယာသဘောကို ရှင်းပြပါသည်။
ဗိုလ်ဋီကာ (၁၉၁၃-၁၄) ကို ကောက်ပြရာတွင်လည်း “ထိုခေတ်သည် မြန်မာတို့ ဇာတိမာန်လျှောကျသည့် ခေတ်ဖြစ်၍ ဗိုလ်ကိုသာ လူထင်ပြီး မြန်မာ့ စရိုက်တွင် မစ္စတာချဉ်းနင်း ၀င်နေသည်။ ” ဆရာလွန်းသည် မိမိကိုယ်ကို “မစ္စတာ မောင်မှိုင်း” ဟု မှည့်ခေါ်ရခြင်းသည်ပင်လျှင် သရော်ခြင်း၌ သရဖူဆောင်းသည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဘ၀သို့ တစ်ဆင့်တက်ခြင်းကား အကောက်ကို ပြန်၍ ဖြောင့်သော သဘောဖြစ်သည်” ဟု ကောက်ပြကာ ဗိုလ်ဋီကာ၌ ဟုတ်တိုင်းမှန်ရာ ဒိုးဒိုးဒေါက်ဒေါက် ဝေဖန်သောအချက်များ ပါသည်။ မာန်လည်ဆရာတော်ကြီး၏ “ထေ့လုံး” များ ၏ သြဇာမကင်းကြောင်း ဝေဖန်ပြသည်။
“အညာ မင်္ဂလာဆောင်ဘွဲ့” သည် ဗိုလ်ဋီကာတွင် အတောက်ပဆုံး ဖြစ်၏ ။ “ဗိုလ်ဋီကာ တစ်စောင်လုံးတွင် မြန်မာ့လူမှု ရေး ကျဆင်းစ အခြေအနေကို သရုပ်ဖော်ထားကြောင်း တွေ့ရ ။ အညာမင်္ဂလာဆောင် အဖွဲ့မျိုးသည် ပတ်ဝန်းကျင် လူနေမှု စနစ်ကို စောဒတတက်ထားသည်” ဟု မှတ်ချက်ချကာ အဖွဲ့အနွဲ့ရှေ့ရှုနေသည်ဟု ဆိုကာ “မှာ တော်ပုံ” မှ ထိမိသော သရော်ကွက်များ ကို ကောက်ပြသည်ကို တွေ့ရ၏ ။
“မှာ တော်ပုံ” သရော်စာအဖွဲ့ထဲတွင် ယခင်က ပြဆိုခဲ့သော “ပြတော့မိုး၊ ထိုးတော့မြေကြီး” ဟု အမာပေးအပ်သည့် အနုပညာမာယာပါသည်။ ယင်းမာယာမှာ ကြီးကျယ်မြင့်မြတ်ချင်သော နေရာမှ ရသေ့ဈာန်လျှောသကဲ့သို့ ရုတ်တရက် နိမ့်ရာသို့ လျှောကျခြင်းသဘောဖြစ်သည်။
ကိုပေါဆိုသူမှာ ဟုတ်တော့မလိုလိုနှင့် နောက်ဆုံးတွင် သဝေထိုးသွားပုံကို တင်ပြရာ -
မယ်အုံ- “ရှင် ဘာများ လိုချင်သလဲ၊ အချိတ်ပုဆိုးများ မလိုချင်ဘူးလား”
ကိုပေါ- “ဆေးလိပ်တစ်တိုတော့ လိုချင်တာပဲ။ တကတဲ ခံတွင်းချဉ်လိုက်တာ မပြောပါနဲ့တော့”
မယ်အုံ- “ကိုပေါ၊ ကိုပေါ ကြည့်စမ်းပါအုံး။ ဟောဒါ သိရဲ့ လား၊ နမ်းချင်ရင်ရော့”
ကိုပေါ- “ပန်တကာ ပန်းထဲမှာ စကားဝါပန်းကို မနန်းချင်ဆုံးပဲ …..”
ထိုမျှလောက် အတတ၊ ဂွကျကျဖြစသော ကိုပေါကြောင့် မယ်အုံသည် “အိုး မပါးနပ်တဲ့ လူကြီးရဲ့ ၊ အနားကပ်ကပ်ပြီးတော့ ပါးအပ်ကာ လေသံနှင့်၊ စနေနံညွှန့်ပေဆိုတာ နှင်းတောင်မှ မချေမငန် တွန့်၍ အလိုမပါ ငြင်းသူရဲ့ (အမယ်မင်း) ဖျင်းတဲ့ လူနှယ်” ဟု ဆို၍ ငိုလေသည်။
ဤသို့ဖြင့် ဆရာမောင်ထင်သည် သခင်ကိုယ်တော်မှိုင်း၏ လောကသရော်စာ အဖွဲ့များ ကို
ဒေါင်းဋီကာမှလည်ကောင်း၊ ဘွိုင်းကောက်၊ မျောက်ဋီကာ၊ ခွေးဋီကာတို့မှ လည်ကောင်း ကောက်ပြထားသည်။
ခွေးဋီကာတွင် ဆရာကြီး က -
“ဒကာအမတ်ကြီးများ ကိုဖြင့်
ပက္ကာလာဘ်လည်း မစားကြစေဖို့
ဆရာကျပ်အတည်း တားလိုက်ပါရဲ့ ” ဟု ဆုံးမသည်။
ဤတွင် အရီးစိမ်းက “ကြီး” နှင့် “လည်း” အစပ်အဟပ်ကို ဆရာကြီး နားမလည်ဟု ညည်းညူသည်။ ဤကဲ့သို့ သော သရော်နည်းကြောင့် ဆရာကြီး ၏ စာကို ကြိုက်ကြသည်ဟု ဆရာမောင်ထင်က ထောက်ပြသည်။
ဤသို့ ဖြင့် သခင်ဋီမှ ကာမလည်ကောင်း၊ အိပ်မက်ဒိဋုံ ဋီကာမှ လည်းကောင်း ကောက်ပြထားသည်ကို တွေ့ရပေသည်။
မြန်မာစာပေတွင် “ရကန်” အဖွဲ့သည် သရော်စာပင်ဖြစ်ကြောင်း ဆရာမောင်ထင်က ရှင်းပြရင်း ဆရာကြီး ၏ လောကသရော်စာအဖွဲ့ကို ကမ္ဘာ့စာပေ ပညာရှင်များ ဖြစ်စသော ပုပ်ဒရိုင်ဒင်၊ ဗော်လတဲယား၊ ဂျိုနုသန်ဆွစ်၊ လူဆွန်း၊ အနာတိုဖရ်စ်တို့၏ သရော်စာအဖွဲ့များ နှင့် နှိုင်းယှဉ်ပြထားသည်။
လူဆွန်း (၁၈၈၁-၁၉၃၆) သည် ဆရာကြီး “မှာ တော်ပုံ” ရေးနေချိန်၌ တရုတ်၌ စာပေတော်လှန်ရေးကို စတင်ရန် နိုင်ငံခြားစာပေတတ်ကျွမ်းသူတို့နှင့် အကြံယူနေသည်။ (တိုးတက်သော နိုင်ငံခြားစာပေနှင့် အားယူ၍ စာပေလှုပ်ရှားမှု ကြီးကို စည်းရုံးရန် လူဆွန်းကြံသည်။) ထိုအခါ ဆရာကြီး သည် ဗိုလ်ဋီကာဖြင့် ဗြိတိသျှသြဇာကို တော်လှန်ရန် လှုံဆော်နေပြီ။ သို့ သော် ဆရာကြီး ၌ နိုင်ငံခြားစာပေ သြဇာလုံးဝမရှိ။ ဆရာကြီး က မြန်မာမှု အဖွဲ့အနွဲ့ဖြစ် “မှာ တော်ပုံ” ကိုရေး၍ မြန်မာ့လူမှု ရေား သရုပ်ပျက်တို့ကို လူမှု ရေးသရော်စာဖြင့် ဝေဖနပြီး (၂) နှစ်ကြသည့်အခါ လူဆွန်းက (နိုင်ငံခြားစာပေမှ ရသော အသိတရားတို့ဖြင့်) “အာကျူး” ကို ရေး၍ ဝေဖန်သည်။
အနာတိုဖရန့်စစ်သည် လောကကြီး ကမောက်ကမ နိုင်ပုံကို ခနိုးခနဲ့ပြုရာ၌ လေအေးအေးနှင့် ချက်ကောင်းထိအောင် သရော်တတ်သည်။ ဆရာကြီး နှင့် တူသည်။
မောင်လျဲသည် အဆင်မပြေသော လောကကို ရေရွတ်ကြိမ်းမောင်းရင်း ဟက်ဟက်ပက်ပက် ရယ်သည်။ ဆရာကြီး ကား ထိုသို့မဟုတ်။ လောကဓံတရားကို ကြံ့ကြံ့ခံယူသော အပြုံးမျိုးဖြင့်သာ ပြုံးတတ်သည်။
ဆရာကြီး သည် ဂျီစီဘီအေကွဲသည်ကို စိတ်ဘရောက်ဘရက် ဖြစ်ရဖူး၏ ။ တို့ဗမာသခင်များ အကွဲအပြဲကြောင့် ရသေ့ကြီှးဈာန်လျော သလို ဖြစ်ခဲ့ရဖူးသည်။ သို့ သော် အားလုံးကို ခွင့်လွှတ်သည်။ ဤခွင့်လွှတ်စိတ်ဖြင့် ငြိမ်းချမ်းရေးကို မျှော်သည်။ တစ်ခါတစ်ရံ စိတ်မရှည်လျှင် တပည့်တို့ကို “ခွေးမသား” ဟု ဆဲတတ်သည်။ တပည့်တိုင်းကလည်း ဤသို့ အဆဲခံချင်သည်။ဤသို့ ဖြင့် ဆရာကြီး ၏ လောကသရော်စာအဖွဲ့သည် မေတ္တာကရုဏာ လွှမ်းမိုးသော အဖွဲ့ဖြစ်ကြောင်း ဆရာမောင်ထင် စာတမ်းတင်ခဲ့ပေသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာတို့ကို ချဉ်းကပ်ထောင့်(၂) ထောင့်ကို ကျွန်တော်တို့ တွေ့ခဲ့ကြပြီ။ ကျွန်တော် ရှာဖွေကြည့်ချင်သော နောက်ထပ် ချဉ်းကပ်ထောင့် (၁) ထောင့် ကျန်သေး၏ ။
ဆရာဇော်ဂျီ၏ လမ်းခင်းထောင့်ကို ချဉ်းကပ်ကြည့်စဉ်က ကျွန်တော် သတိပြုမိသည့် အချက်ရှိပါသေးသည်။ ထိုအချက်မှာ -
“နိုင်ငံရေးမျက်စိဖြင့် ကြည့်သော် ဆရာကြီး ဦးလွန်း၏ စာများ သည် မြန်မာနိုင်ငံသမိုင်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကြီးစွာ သော ယဉ်ကျေးမှု အထောက်အပံ့ ဖြစ်ခဲ့သည်ဟု ယူသင့်သည်။”
စာပေမျက်စိဖြင့်ကြည့်သော် မြန်မာသမိုင်းတွင် “ဇာတိမာန် မြန်မာစာပေ အခန်းသစ်” တစ်ခန်းကို ဖွင့်ခဲ့သည်ဟု ယူသင့်ပါသည်ဟူသော ဆရာဇော်ဂျီ၏ တင်ပြချက်ဖြစ်ပါသည်။ ထိုတင်ပြချက်တွင် “ဆိုသည်ကို ကျွန်တော် သတိချပ်မိ၏ ။ ထိုသို့ မြင်နိုင်ရန် “နိုင်ငံရေး မျက်စိဖြင့် ကြည့်သော်” ဟု ဆရာဇော်ဂျီ ထောက်ပြထားသည်။ ထိုအမြင်ဖြင့် ကျွန်တော် ကြည့်ချင်မိသည်။
ထိုချဉ်ထောင့်ကို ရှာသည့်အခါ ဒေါက်တာသန်းထွန်း၏ “မြန်မာထွေထွေရာရာ သမိုင်း” စာအုပ်ကို မြင်မိသည်။ ထိုစာအုပ်တွင် “မှိုင်းဋီကာ အရပ်ရပ်က နိုင်ငံရေး သဘောထား အထွေထွေ” ဟူသော စာတမ်းကို တွေ့မြင်မိသည်။ ထိုစာတမ်းသည် စာအုပ်အဖြစ်လည်း သီးသန့်ထွက်လာသည်ကို တွေ့ရ၏ ။
ကျွန်တော် အချိန်မဆိုင်းဘဲ ဖတ်ဖြစ်ပါတော့သည်။
ဆရာကြီး သည် သူ့ကျွန်ဘ၀တွင် မနေချင်၊ ကိုယ့်မင်း ကိုယ့်ချင်း နိုင်ငံ၌ သာ နေချင်သည်။ မျောက်ဋီကာထဲမှာ “တို့ဘုရင်သာရှိရင် ငါလည်းရာထူးကြီးကြီးနဲ့ပေါ့” ဆိုတဲ့ သဘောမျိုး ရေးခဲ့ဖူးပါတယ်” ခုပြောတဲ့ အခြေခံ အကြောင်းကြီးတစ်ရပ်ကို ခေါင်းထဲမှာ စွဲမှတ်ထားပြီးတော့မှ သူရေးတဲ့ စာတွေကို စစ်ဆေးပြီး ကောက်ချက်ယူနိုင်မယ်လို့ ယုံကြည့်ပါတယ် ဟု ဒေါက်တာသန်းထွန်း က စကားဦးသန်းကာ ဆရာကြီး ၏ ဋီကာ (၁၈) မျိုးကို စာရင်းချပြသည်။ အားလုံးမဟုတ်တောင် တွေ့သည့် ဋီကာအချို့နှင့် လေးချိုးပေါင်းချုပ်၊ ဆောင်းပါးပေါင်းချုပ်တို့ ကောက်နှုတ်ချက်တွေနဲ့ပဲ ကျွန်တော် သိချင်တာကို ပြောနိုင်ပါတယ်ဟု စကားပလ္လင်ခံကာ “ခွေး၊ဂဋ္ဌုန်၊ ဒေါင်း၊ ဗိုလ်၊ ဘွိုင်းကောက်၊ မျောက်နဲ့ သခင်ဋီကာ တွေကို ဖတ်ပြီး နိုင်ငံရေး အယူအဆကို စစ်ဆေးတင်ပြတဲ့အခါ ကာလအပိုင်းအခြားဆိုရင် ၁၉၁၃ က ၁၉၃၈ အထိ (၂၅) နှစ်ကာလ အတွင်းမှာ မြန်မာနိုင်ငံရေး နဲ့အတူ ဆရာကြီး နဲ့ နိုင်ငံရေး သဘောထားတွေ ဟာလည်း “ငါ့အမျိုးမှ ငါ့အမျိုး” ဆိုတဲ့ နယ်ကျင်းကျင်း ကနေပြီး ကျယ်ပြန့်ကြီးထွားလာလိုက်တာ နိုင်ငံတကာ ငြိမ်းချမ်းရေးသာယာရေး အထိ ကျယ်ပြန့်ကြီးထွား လာလိုက်တာ နိုင်ငံတကာ ငြိမ်းချမ်းရေး သာယာရေး အထိ မြင့်သွားတာကို တွေ့ကြရပါလိမ့်မယ်” ဟု ဒေါက်တာ သန်းထွန်းက သူ့ဆန်းစစ်ချက် အချုပ်သဘောကို ဦးစွာ တင်ပြထားသည်။
ဆရာကြီ၏ သဘောထားကို ဆန်းစစ်ရာတွင် ဒေါက်တာသန်းထွန်းက -
“တိုတို ပြေရရင် ပထမ အင်္ဂလိပ်အင်ပါယာထဲမှာ ပဲ “ဒိုမီနီယန် စတေးတပ်” ရရင် တော်ပြီးလို့ မှန်းတယ်၊ နောက်တော့ လုံးဝလွတ်လပ်ရေးရပြီးရင် တစ်ပြားမှ မလျှော့ဘူး ဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံ တည်ဆောင်မလဲဆိုတာ ချက်ချင်း မစဉ်းစားနိုင်ဘူးပေါ့။ ပဒေသရာဇ်နိုင်ငံ ပြန်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ သဘောရှိနေသေးတယ်။ နောက်တော့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ကို အလိုရှိလာတယ်။ ရဖို့လည်း ကြိုးစားတယ်လို့ ဆိုပါတယ်”ဒေါက်တာသန်းထွန်း က ဆရာကြီး ၏ သဘောထားတွေကို အဆင့်ဆင့် ဆန်းစစ်ပြီး သမိုင်းမျက်စိဖြင့် ပိုက်စိပ်တိုက်ပါတယ်။
ဆရာကြီး သည် မူလက “ဂျီစီဘီအေ” အဖွဲ့ကြီးကို ကျေနပ်ထောက်ခံကြောင်း ဒေါက်တာသန်းထွန်းက တင်ပြသည်။ တင်ပြရာတွင် ဂျီစီဘီအေ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန်းစစ်ပြီး နိုင်ငံရေးသဘော အငွေ့အသက်ပါပေမယ့် လူမှု စီးပွားရေးဆန်ကြောင်း စသည်ဖြင့် ဂျီစီဘီအေ နှစ်လည် အစည်းအဝေတွေကို ဆန်းစစ်ပြပြီး ၁၉၁၇ - ခုနှစ် ပျဉ်းမနားမှာ ကျင်းပသည့် ပဉ္စမနှစ်ပတ်လည် အစည်းအဝေးမှာ “စာသင်ကျောင်းမှာ အင်္ဂလိပ်လူမျိုးသာ ကျောင်းအုပ်ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားကို ပြင်ပေးပါ” လို့ မေတ္တာရပ်ခံ။ ဤအချက်ကို နယ်ချဲ့ဆန်ကျင်ရေး အခြခံဖြစ်ကြောင်း ကောက်ပြသည်။
ဤသို့ ဖြင့် ၂၉၊ နိုဝင်ဘာ၊ ၁၉၂၀ ကူရှင်ကျောင်းသပိတ်၊ ၅၊ ဒီဇင်ဘာ၊ ၁၉၂၀ ရန်ကုန်ကောလိပ်သပိတ် ပေါ်လာမှ အမျိုးသားရေး နိုးကြားဖို့ လှုံ့ဆော်သည့်အပိုင်း ရောက်သည်။
“ယခုလောက် နည်းနည်းပြည့်စုံအောင် ပြောမိတာကတော့ ဗိုလ်ဋီကာနဲ့ ဒေါင်းဋီကာ ရေးချိန်တုန်းက အမျိုးသာ သာသနာ ကြီးပွားရေး အေးအေးသာသာ ပြောရုံဟောရုံ အဆင့်ပဲ ရှိသေးတယ်ဆိုတာ ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။
ဒေါက်တာသန်းထွန်းသည် ဆရာကြီး ၏ ဋီကာတွေထဲက နိုင်ငံရေး အတွေးအခေါ်တွေကို စစ်ထုတ်လိုက်သည့်အခါ အဆင့် (၃) ဆင့်ရှိသည်ကို တွေ့ရကြောင်း -
ထိုအဆင့် (၃) ဆင့်မှာ
၁။ ဆန့်ကျင်ရေးသဘောတရား (လူမျိုးခြား ဆန့်ကျင်ရေး စိတ်ဓာတ်သည် ပဓာန၊ တရုတ်၊ ကုလား၊ အင်္ဂလိပ် စသည်ဖြင့်။ ပြီးမှ နိုင်ငံခြားသားနှင့် ယှဉ်တွဲ ပါလာသည့် အရင်းရှင်စနစ်သည် ရွံစရာပါပဲဟု ရေးရေးမြင်လာ။)
၂။ အရင်းရှင်နယ်ချဲ့ဟာ ရွံစရာပဲဆိုသည့် မျိုးချစ်စိတ်။ (အမျိုးကို ချစ်ဖို့ဆိုရာတွင် လွယ်လွယ်ပြော၍ မရ တကယ်တမ်း စွဲလမ်းလာမှ ထိရောက်အောင် မြင်နိုင်။)
၃။ လုံးဝ လွတ်လပ်ရေး …။
ထိုအဆင့် (၃) ဆင့်ကို ကောက်ပြပြီး၊ ဆရာကြီး သည် အင်္ဂလိပ်မုန်းတီးရေးကို ဘွိုင်းကောက် ဋီကာကြီးတွင် စတင်ရေးသားသည်။
အမျိုးသားရေး နိုးကြားရေးနှင့် ပတ်သက်ပြီး အကြောင်းအရာ (၅) မျိုး ခွဲပြီး ရေးသားလှုံဆော်တာတွေ့ရ။
၁။ မြန်မာမှု တွေ ပြန်လည်ဆန်းသစ်ရေး
၂။ နိုင်ငံရေးအသိစိတ်ဓာတ် ရှင်သန်ရေး
၃။ အမျိုးသားပညာရေး
၎။ တိုင်းရင်းသား စီးပွားဖူလုံရေး
၅။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟု ဒေါက်တသန်းထွန်းက ဆရာကြီး ၏ စာများ ထဲက နိုင်ငံရေးသဘောထားများ ကို ကောက်ပြထားသည်။
ခေတ်နောက်ခံနှင့် အကြောင်းအကျိုးပြကာ ဆရာကြီး စာတွေထဲက ဆန်းစစ်ကာဖြင် တင်ပြထားသည်မှာ မှတ်သားစရာ ကောင်းလှပါသည်။ အသိအမြင်ကျယ်စရာလည်း ဖြစ်ပါသည်။ ဆရာကြီး ၏ သဘောထားများ ခေတ်နှင့်အတူ ရင့်ကျက် ပြောင်းလဲလာပုံကိုလည်း စာတမ်းနိဂုံးနားတွင် “ဆရာကြီး ရဲ့ နိုင်ငံရေး သဘောထားတွေဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါကျတော့ သိသိသာသာ ပြောင်းသွားတာ တွေ့ရပါတယ်။ ပြောင်းပုံကတော့ ကျဉ်းမြောင်းတဲ့ အမျိးသားကောင်းစားရေးကို ကျော်ပြီး ကမ္ဘာသူကမ္ဘာသား ကောင်းစားရေးကို ရှေးရှုလာခြင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းကိုရေးဖို့ မှီငြမ်းပြုစရာ ဆရာကြီး ကိုယ်တိုင်ရေးတဲ့ ဋီကာ မရှိတော့ပါဘူး။ “ငြိမ်းချမ်းရေး သ၀ဏ်လွှာ” ဆိုတဲ့ ၁၉၅၂ လေးချိုးနှင့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကဗျာ” ဆိုတဲ့ ၁၉၅၃ လေးချိုးတွေပဲ ရှိပါတယ်။ ဒီလေးချိုးတွေမှာ တော့ နိုင်ငံရေး သဘောထားရယ်လို့ အကြီးဆုံးထားပြီး ပြောတာကတော့ အတူတကွ ကြည်ကြည်သာ နေထိုင်ကြဖို့လည်း ဖြစ်ပါသည်။”ဤသို့တင်ပြကာ စာတမ်း၏ နိဂုံး၌ ဒေါက်တာသန်းထွန်းက -
“အမှန်ကလည်း ဒီငြိမ်းချမ်းရေးကို တစ်ကမ္ဘာလုံး လိုအပ်နေတာ ဖြစ်တယ်လို့ အလေးအနက်ထူဆပြီး ဖြစ်တယ်။ ဒါ့ကြောင့် ဆရာကြီး ရဲ့ ဘ၀တစ်သက်တာမှာ နောက်ဆုံးရက်အထိ ငြိမ်းချမ်းရေးကိုပဲ ဟောပြောသွားခြင်း ဖြစ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဆရာကြီး ရဲ့ ငြိမ်းချမ်းရေး ဆန္ဒဟာလည်း နောက်ဆုံးအမှန်တကယ် အောင်မြင်ရမယ်လို့ ကျွန်တော် ယုံကြည့်ပါတယ် ….” ဟု နိဂုံးသပ်ထားပသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမျိုးသား၊ စာဆိုကြီးဖြစ်၍ ဆရာကြီး ၏ စာတို့အား လက်လှမ်းမှီနိုင်ရန် လမ်းခင်းရှုထောင့် ၊ သရော် စာရှုထောင့်၊ နိုင်ငံရေး သဘောထား ရှုထောင့် …စသည်ထောင့် (၃) ထောင့်ဖြင့် ချဉ်းကပ်ကြည့်မိခြင်း ဖြစ်ပါသည်။ “ကောင်းမျိုး အထွေထွေနဲ့ ချွန်စေမြစေ စော ….” ဟူသော ဆရာကြီး ၏ ဆန္ဒမွန်အား အလေးအမြတ်ထား၍ တင်ပြလိုက်ပါ၏ ။ စာကိုးစာရင်း
၁။ သခင်ကိုယ်တော်မှိုင်း နိဒါန်း (ပင်းယစာပေ) ၁၉၆၅ -ခု
၂။ သခင်ကိုယ်တော်မှိုင်းဋီကာ (ဇော်ဂျီ) ။ နှလုံးလှ စာပေ ၁၉၆၉၊ ဇူလှိုင်။
၃။ မောင်ဟုန်ဝမ်၏ အမှာ (ဇော်ဂျီ ရသစာပေသဘော) ဓူဝံစာပေ၊ ၂၀၀၉-မတ်လ။
၎။ သဇင်သင်းပြန်တော့ (ဒဂုန်တာရာ)၊ သမိုင်းသစ်စာပေ၊ ၁၉၇၄-အောက်တိုဘာလ။
၅။ စာပေသမိုင်း၊ ပုဂ္ဂိုလ်ရေး အတွေးအမြင်မား (မောင်ဇေယျာ) ပလပ်စတစ်ရိန်းဘိုး၊ စာပေ ၂၀၀၃ သြဂုတ်
၆။ သခင်ကိုယ်တော်မှိုင်း (မောင်တင်ရွှေ)။ ထန်းပေါက်စာပေ ၁၉၇၆ ဇန်န၀ါရီ။
ရ။ ရွက်နုဝေ မဂ္ဂဇင်း (အမှတ် - ၂၂) ၂၀၀၆ ဧပြီ။
၈။ မြန်မာထွေထွေရာရာ သမိုင်း (ဒေါက်တာသန်းထွန်း)။
ကွန်သာယာ၊ ၂၀၀၅ မတ်လ။
[ဇွန်လ၊ ၂၀၀၉၊ စတိုင်သစ်မဂ္ဂဇင်း]
ဇေယျ၏ စကားပြေဂုဏ်ရည်
(ဇေယျနှင့် ရသစာတမ်း)
ဆရာဇေယျ၏ စာကို ကျွန်တော် မူလတန်းကျောင်းသားဘ၀ကပင် ကြားခဲ့ဖူးပါသည်ဆိုလျှင်
ပိုလွန်းသည်ဆိုလျှင် ပိုလွန်းသည် ထင်လေမည်လားမသိ။
ဗုဒ္ဓ၀င်၊ ငါးရာငါးဆယ် နိပါတ်တော်တို့နှင့် အတူ၊ ပုံပြင်ဒဏ္ဍရီများ ၊ ရာဇ၀င်ဝတ္ထုများ ကို ကျွန်တော်တို့ အဘွားသည် အလျဉ်းသင့်သလို ပြောပြခဲ့ဖူးပါ၏ ။
တစ်ခုသော ညအိပ်ရာဝင် ပုံပြင်ခန်း၌ -
“လတပေါင်း ခအောင်းငယ်တို့
မှည့်ချိန်တန် …”
ဆိုသည့် အသံဝါကြီးကို ကြားလာရသည်။ သျှောင်တစောင်းနှင့် ထွားကြိုင်းကြံ့ခိုင်လှသော ဇာတ်လိုက်။ ငွေလရောင် ငှက်ကြီးတောင်ဓားလွယ်ကြီး သိုင်းလျက် အဝေးဆီက စိုင်းနှင်လာသော မြင်းခွာသံများ သူလာချေပြီ။
မြတ်လေး ရွှေဓားဗိုလ် ….တဲ့။
ထိုအချိန်က ကောင်းသူကို ကယ်တင်မည်။ မကောင်းသူကို ဖယ်ရှားမယ်တဲ့။ ဘုရားတရားတော်နှင့် အညီ ဆိုသည့် ခင်မောင်ရင်၏ သီချင်းကလည်း ခေတ်စားနေသည်။ ထိုသီချင်းဓာတ်စိမ့်ဝင်နေသာ ကျွန်တော်တို့ ရင်တွင်း သို့ “မြတ်လေးရွှေဓားဗိုလ်” ကား ချဉ်းနှင်း ၀င်ရောက်ခဲ့ပေသည်။
ထိုစဉ်က ဆရာဇေယျကို ကောင်းကောင်းမသိ။ တကယ်တမ်း ဆရာဇေယျ စာတွေနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့လာရသောအခါ
“လွတ်လပ်ရေးရဲ့ အရသာဆိုတာ ရေရဲ့ အရသာလိုပဲ။ ရေပေါတဲ့ နေရာမှာ ရေရဲ့ အရသာကို မသိနိုင်ဘူး၊ ရေရှားပြီး ငတ်လာတဲ့အခါမှ သိနိုင်တယ်။ ထိုအတူပဲ လွတ်လပ်ရေးကို ရနေတဲ့အခါ၊ လွတ်လပ်ရေးရဲ့ အရသာကို ထင်ထင်ရှားရှား မသိနိုင်ဘူး၊ လွတ်လပ်ရေး မရတဲ့အခါတွင်မှ လွတ်လပ်ရေးရဲ့ အရသာကို ကောင်းကောင်းကြီး သိနိုင်တယ်။
“တို့ လွတ်လပ်ရေး …. ”တဲ့။
“ကန်စွန်းနွယ် …..” တဲ့။
“ကောက်ရိုးနွယ် …..” တဲ့။
“ရွှေအင်ကြင်း …..” တဲ့။
“မြခက်ကလေး၏ မျက်နှာ ….” တဲ့။
“ယင်းတိုက်နိုချိန် …..” တဲ့။
“မြန်မာမျက်ပွင့်” ကို ဖတ်လာရသည်။ ကျွန်တော်တို့မှာ တောရွာမှ မြို့ကျောင်းကို လာတက်ရသူများ ဖြစ်ရာ ကျေးလက်သဘာဝကို လှစ်ပြသော ဆရာဇေယျ၏ စာကို ထိတွေ့ရသည်မှာ တကယ့်နတ်သုဒ္ဓါအလားပင် ဖြစ်တော့၏ ။
ထိုအချိန်မှ စ၍ ဆရာဇေယျ၏ စာတွေကို စိတ်ဝင်စားလာမိသည်။ မြန်မာ့ မျက်ပွင့် (ရွာဓလေ့) မှ ကျေးလက်သူ၊ ကျေးလက်သားတို့၏ သဘာဝကို ထိတွေ့ရပြီးနောက် တစ်ဆက်တည်းပင် (လူ့ဓလေ့အခန်းမှ ) မြန်မာ့ ပုဂ္ဂိုလ်ကျော်များ အကြောင်း ကို ဖတ်လာရသည်။ မြန်မာတို့၏ မျက်စိကို ဖွင့်ပေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဇေယျ၏ မြန်မာ့ မျက်ပွင့် စာအုပ်များ ထွက်ခဲ့သည်။
“ရွာဓလေ့၊ လူ့ဓလေ့” ကို ပေါင်းလျက် တစ်အုပ်။ စာပေအကြောင်းနွယ် ဆောင်းပါးများ ကို စုစည်းထားသည့် “မြန်မာ့မျက်ပွင့်” (စာဓလေ့) တစ်အုပ်ကို “စစ်ဓလေ့” ဇာတ်သဘင်ဓလေ့ စုစည်းချက်မားကား ကြော်ငြာတွေ့ရသော်လည်း ထွက်လာသည်ကို မတွေ့ရ။ ဆရာဇော်ယျ၏ တခြားစာအုပ်များ တွေ့လာရသည့် အခါ ထိုစုစည်းချက်ဆောင်းပါးများ အသီးသီးဖြန့်လျက် တခြားစာအုပ်များ တွင် ပါဝင်လာသည်ကို တွေ့ရသည်။
ဆရာဇေယျသည် စာအမယ်မျိုးစုံကို ရေးသားသူ ဖြစ်ကြောင်း နောက်ပိုင်း တွေ့လာရသည်။
မြတ်လေးရွှေဓားဗိုလ်၊ သိန်းလေးဆယ်တို့လို့ ၀တ္ထုရှည်များ ၊ သူကြီးအို၊ မိန်းမ စသော ၀တ္ထုတိုစုစည်းချက်များ ၊ စာသဘင်စာတိုပေစ၊ စာတွေ့ ငါတွေ့ စသော ဆောင်းပါး စုစည်းချက်များ ၊ မြန်မာ့သမိုင်းဆိုင်ရာ ရေးသားချက်များ ၊ ချစ်တဲ့သူငယ်လေ …. စသော ကဗျာအဖွဲ့များ ၊ ဇေယျစာတန်း စသော စာတန်းငယ် (အက်ဆေး) များ အမျိုးသားအတ္တုပ္ပတ္တိအဘိဓာန်၊ ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မှန်၊ ငါးဦး၊ တဂိုး၊ ဦးရွှေဇံအောင်စသော အတ္တုပ္ပတ္တိရေးရာများ စသည်ဖြင့် အမျိုးအစား စုံလင်လှပေသည်။
ဆရာဇေယျ၏ စကားပြေ သဘောသဘာဝကို “ကိုလိုနီခေတ် မြန်မာစကားပြေ စာတမ်း” တွင် ဆရာမောင်ထင်ပိုင်းခြား စေ့ငုထားသည်မှာ မှတ်သားဖွယ်ကောင်းလှ၏ ။
“ဇေယျ၏ မူလအဖွဲ့အနွဲ့တို့သည် ရိုမန်တစ်ဆန်သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တပည့်ရင်းဖြစ်သည့် အားလျော်စွာ ကဗျာလင်္ကာ၊ နန်းတွင်းဝတ္ထု၊ ရာဇ၀င်စသော စာပေအဖွဲ့တို့၌ အလွန်မွေ့လျော်သည်။ သို့သော် သူ၏ စကားပြေသည် တခမ်းတနား အကျယ်ချဲ့၍ ဖွဲ့သော စကားပြေမဟုတ်။ အရပ်သုံးစကားပြေနှင့် လိုက်ဖက်သော ပြေပြစ်သာယာ အေးချမ်းသည့် စကားပြေဖြစ်သည်။ ဂန္တ၀င် အငွေ့အသက်ပါသော်လည်း သူ၏ စကားပြေအဖွဲ့သည် ရှေးရိုးနည်းနာတို့က ဖိစီးနှိပ်စက်ခြင်းခံရသော အဖွဲ့မျိုးမဟုတ်ချေ။ မြန်မာ့စရိုက်၊ မြန်မာ့ဓလေ့တို့ကို ဖွဲ့ဆိုရာ၌ ဇေယျ၏ စကားပြေသည် လေအေးအေးနှင့် သိမ်မွေ့သည် …..” ဟု သုံးသပ် တင်ပြထားသည်။
ဆရာဇေယျ၏ စကားပြေဂုဏ်ရည်ကို ကျွန်တော့်အနေဖြင့် အက်ဆေး (စာတမ်းငယ်) ထောင့်မှ ချဉ်းကပ်ကြည့်ချင်ပါသည်။
တခြားစာပေအမျိုးအစားများ နှင့် စာလျှင် ဆရာဇေယျသည် ဆောင်းပါး အများ အပြားပင် ရေးခဲ့၏ ။ ထိုဆောင်းပါးများ မှ အက်ဆေး (စာတမ်းငယ်) အရာဝင်သော စာစုအများ ပင် ရှိပေသည်။ စာအုပ်အနေဖြင့်မူ “ဇေယျ၏ စာတမ်း” သည် အက်ဆေးစစ်စစ်များ ဖြစ်ပေသည်။
အက်ဆေးတွင် ပုံစံရှင်အက်ဆေးနှင့် ပုံစံသေအက်ဆေး ဟူ၍ (၂) မျိုးရှိရာ ဇေယျ၏ “စာတမ်း” ကား၊ ပုံစံသေအက်ဆေးဝင် စာပေအမျိုးအစား ဖြစ်ပေသည်။ သို့ သော် ဇေယျသည် ပုံစံသေအက်ဆေးတစ်မျိုးတည်း၊ ရေးခဲ့သည် မဟုတ်။ ပုံစံရှင် အက်ဆေး အမျိုးအစားပါ ရေးသားခဲ့သည်။
ဇေယျ၏ ပုံစံအရှင် အက်ဆေးကား စာပေဆောင်းပါး စာအုပ်များ တွင် လည်းကောင်း၊ အထူးသဖြင့် မြန့်မာမျက်ပွင့် (ရွာဓလေ့၊ လူ့ဓလေ့) စာအုပ်တွင် လည်းကောင်း၊ အနှံ့အပြား ပါရှိနေပေသည်။
ဤနေရာတွင် ပုံစံအသေအက်ဆေးနှင့် ပုံစံအက်အရှင် အက်ဆေး သဘောကို အနည်းငယ် တင်ပြလိုပါသည်။ပုံစံအသေအက်ဆေး
- ပုံစံအသေ အက်ဆေး၏ သဘောသည် ပုံစံအသေမူတည်ထားပြီး၊ ယုတ္တိနည်းကျ၊ ကြောင်းကျိုးဆက်စပ် ဖွဲ့စည်းထားသည်။
- အာဘော်ကို လိုရင်းရောက်အောင် စည်းရုံးဖွဲ့စည်းထားသည်။
- စကားသုံးရာတွင် အပြောထက် စာသုံးပေသုံး စကားများ ကို ပိုသုံးသည်။
- လေးလေးပင်ပင် လေသံမျိုး ပေါ်နေသည်။
- ပုဂ္ဂလထက် ဓမ္မဓိဋ္ဌာန်သဘော ပိုသက်ဝင်သော်လည်း (စာတမ်းငယ်၏ သွင်ပြင် လက္ခဏာတစ်ခု ဖြစ်သည့်) စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေး ထင်ဟပ်နေပေသည်။
- ကျွမ်းနှင့် နယ်နိမိတ်ချင်း စပ်နေပေသည်။ ပြောပိုင်ခွင့်ရှိသူက အစီအစဉ်တကျ သုတပေးသည့် ဟန်မျိုး ပေါ်နေတတ်ပေသည်။ပုံစံအရှင် အက်ဆေး
- ဖွဲ့စည်းပုံ မူသေမထားဘဲ လွတ်လွတ်လပ်လပ် ဖွဲ့သည်။
- လွတ်လပ်သော်လည်း စည်းလွတ်မဟုတ် (သူ့နည်း သူ့ဟန်ဖြင့် အာဘော် သို့ ရောက်အောင် ပို့ပေးတတ်သည်။) ပုံစံအသထက် ပိုလူလွန့်နိုင်သည်။
- အပြောစကားများ ကို သုံး၍ စာဖတ်သူနှင့် တရင်းတနှီး ဆွေးနွေးဟန် ပေါ့ပေါ့ပါးပါး ရေးဖွဲ့သည်။ ဟာသနှောသည်လည်း ရှိတတ်ပါသည်။
- စာရေးသူ၏ အတွေးသည် လမ်းသစ်ထွင် သွားလေ့ရှိပေသည်။
- ဘယ်အကြောင်းအရာမဆို နှစ်သက်ကြည်နူးဖွယ်သာ ဖြစ်ပါစေ၊ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိသည့်အတွက် နန်းတွင်း အရူးတော်၏ အရေးမျိုးရရှိသည်ဟု တင်စားပြောဆိုကြသည်။
- ရယ်မောစရာ ပါနိုင်သည် နည်းတူ၊ လေးလေးတည်တည်လည်း ဖြစ်နိုင်ပါသည်။ တွေးတောစရာ၊ သတိရစရာများ လည်း ပါတတ်ပါသည်။
- စာရေးသူ၏ အတွေးအမြင် ခံစားမှု များ ကို အားပြုဖွဲ့တတ်သဖြင့် ကိုယ်ရေး စာတမ်း ငယ်ဟုလည်း ခေါ်တတ်ကြပါသည်။
- လောကကို သိမ်သိမ်မွေ့မွေ့ သည်းခံပြီး ရှုမြင်ရေးဖွဲ့တတ်ပါသည်။ ကိုယ့်အမြင်ပြ သော်လည်း ပုတ်ခတ်သည့် သဘော မဆောင်ပါ။
- “စမ်းသပ်သည်” ဟူသော အက်ဆေ၏ မူလသဘောကို ဆက်ခံထိန်းသိမ်းပြီး အမြဲပင် အသစ်တီထွင် စမ်းသပ်ရေးဖွဲ့သော သဘောရှိပါသည်။ဤသဘောသဘာဝများ ကို “စာတမ်းငယ် စာပေစာတမ်း” တင်သူ ဆရာမောင်ခင်မင် (ဓနုဖြူ) နှင့် တခြားဆရာများ လေ့လာစူးစမ်း ဖော်ထုတ်ခဲ့ကြပါသည်။
စာရေးသူ တစ်ဦးတည်း၏ စာပင်ဖြစ်စေကာမူ ပုံစံအသေနှင့် ပုံစံအရှင် ဟန်ချင်းကွာသည်ကို တွေ့ရပေမည်။
ဇေယျ၏ “စာတမ်း” ကားပုံစံအသေ အက်ဆေးများ ဖြစ်ပေသည်။ ဆရာဇေယျသည် ၁၉၃၀ -ခု တောင်သူလယ်သမား အရေးတော်ပုံ နောက်ပိုင်း ၁၉၃၂ - ခုလောက်မှ စ၍ “သူကြီးဂေဇက်” စာစောင်ခေါင်းကြီးပိုင်းများ ကို ရေးခဲ့သည်။ ခေါင်းကြီးပိုင်းဖြစ်စည့် အလျောက် မိမိရေးလိုရာ ခံစားချက်ကို တိုတို နှင့် ထိထိမိမိ ရေးဖွဲ့သည်။ သိပ်သိပ်သည်းသည်းနှင့် အနှစ်ချုပ်ရေးဖွဲ့သည်။ ထိုခေါင်းကြီးပိုင်းများ ကို လေ့လာကြည့်လျှင် ဆရာဇေယျ အဖတ်အမှတ်စုံကြောင်းကို အလွယ်နှင့်ပင် သိနိုင်ပါသည်။ ထိုခေါင်းကြီများ ကား ဆရာဇေယျ၏ ပုံစံ အသေအက်ဆေးများ ပင် ဖြစ်တော့၏ ။ ၁၉၃၈ ခုနှစ်တွင် ရေးသော “ကဗျာ လင်္ကာ” ဆိုသည့် ခေါင်းကြီးတွင် -
“ကဗျာလင်္ကာသည် လူတို့ ၏ စိတ်ကို လွှမ်းမိုးပြုပြင်လျက်လည်း ရှိပေသည်။ စကားအခွန်းပေငါး တစ်ရာဖြင့်ပြော ၍ သဘောမကျနိုင်သည့် နေရာတွင် ကဗျာလင်္ကာက တစ်ပိုဒ်တစ်ပါဒဖြင့် နှစ်နှစ်ခြိုက်ခြိုက် သဘောကျစေနိုင်ပေသည်။ လောက၌ သီချင်းတစ်ပုဒ် မရွတ်မဆိုဖူးသော သူဟူ၍ မရှိနိုင်ပေ။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် သီချင်းကို ရွတ်ရလေသနည်း။ ကျွန်ုပ်တို့သည် ပါးစပ်အား၍ အချည်းနှီး ရွတ်ဆိုသည် မဟုတ်ချေ။ သို့ သော် ကဗျာလင်္ကာ၏ အကျိုးကျေးဇူးသည် အလေးတင်းတောင်းဖြင့် ခြင်တွယ်၍ ပြနိုင်သော အရာမျိုး မဟုတ်သောကြောင့် မည်သို့ သော အကျိုးကို ခံစားရသည်ဟူ၍ ကား မပြနိုင်ချေ” တဲ့။ ထိုစာတန်းကို ဆရာဇေယျသည် ၁၆-၁၁-၁၉၃၈ ဟု ရေးစဉ်က ရက်စွဲကို မှတ်သားခဲ့သည်။
ကျွန်တော်ကား ထိုအခါတွင် ဆရာဇေယျ၏ စာတို့ကို ပိုဂရုစိုက်လာမိသည်။ ဆရာဇေယျ၏ ငယ်ချစ်စာ (၂) အုပ်တွင် တစ်အုပ်သည် “ကဗျာသင်္ဂဟ မေဒနီ” ကျမ်းဖြစ်၍ “ကဗျာ့အဆီအနှစ်ပေါင်းချုပ်” များ စုစည်းထားသည့် စာအုပ်ဖြစ်သည်။ ရှေးစာဆိုများ ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် သူတို့၏ ကဗျာများ ၊ ရာသီဘွဲ့၊ တောတောင်ဘွဲ့။ ဘုန်းတောက်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့ ၊ အလွမ်းဘွဲ့၊ အပျော်ဘွဲ့ စသည်ဖြင့် စုံလင်လှပေသည်။
ဆရာဇေယျကဲ့သို့ ကဗျာကို အလေးအမြတ်ထားသည့် ပုဂ္ဂိုလ်သည် ကဗျာ့ခံစားချက်များ ၊ အကျိုးကျေးဇူးကို မုချရှာဖွေပေလိမ့်မည်ဟု ယုံကြည်နေမိ၏ ။
ထိုသိချင်စိတ် ရှာဖွေချင်စိတ်ကြောင့်လည်း ဆရာဇေယျ၏ စာတွေကို ပိုမိုရှာဖွေ ဖတ်ရှုမိခဲ့တော့သည်။
ဆရာဇေယျသည် ပုံစံအသေ အက်ဆေးသာမက၊ ပုံစံအက်ရှင်အက်ဆေးများ လည်း ရေးသားခဲ့သည်။ ဆရာဇေယျ၏ ပုံစံရှင် အက်ဆးများ အနက် “မြန်မာ့မျက်ပွင့်” (လူ့ဓလေ့) ပါ “တဂိုး” ဆိုသည့် စာတစ်ပိုဒ်ကို လေ့လာကြည်မိပါသည်။
“တဂိုး” ကို မြန်မာစာဖတ်ပရိသတ်များ သိကြပါသည်။ တဂိုး၏ စာကဗျာတို့ကိုလည်း ထိတွေ့ဖူးကြပါသည်။ တဂိုးကဗျာ၏ အရသာကို အပြည့်အ၀ခံစားနိုင်ရန် ဒေါက်တာမောင်ဖြူးသည် အိန္ဒိယသို့ သွား၍ ဘင်္ဂါလီဘာသာ သင်ယူခဲ့သည်ဟု ကြားဖူးပါသည်။ တဂိုး မြန်မာပြည် ရောက်ဖူးကြောင်း ဆရာဇေယျ၏ စာမှ တစ်ဆင့် သိရ၏ ။ တဂိုး ကိုယ်တိုင် ကဗျာရွတ်သည်ကို ကြုံတောင့်ကြုံခဲဆရာဇေယျ ကြုံခဲ့ရသည်။ ထိုအခါ သူခံစားရသည့်အတိုင်း ပရိသတ်ကို ခံစားစေချင်သည်။ ပရိသတ်၌ အခံရှိမှလည်း ခံစားနိုင်ပေမည်။
ရသစာပေကို အရသာ ခံစားဖို့ဆိုသည်မှာ အတော်မလွယ်သည့် ကိစ္စပင် ဖြစ်သည်။ ထိုအချက်ကို အရာဇေယျကား လမ်းခင်းကလေဖြင့် ပြခဲ့သည်။ ထိုလမ်းခင်းကလေးကား ဆရာဇေယျ၏ စေတနာကို ထင်းခနဲနေအောင် လှစ်ပြသလို ရှိတော့၏ ။
စာပေလောကတည်းဟူသော သမုဒ္ဒရာပြင်ကျယ်ကြီးကို ငယ်စိတ်နှင့် ကူးကြည့်ပုံ၊ မောဟိုက်သော်လည်း ကူးလို့ စိတ်မကုန်ပုံ၊ အမောပြေလျှင် ပြန်ကူးမည်ဟု အားတင်းမိပုံများ ခင်းပြပြီးနောက်-
“စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်” ဟူသော အသံများ ကြားမိပြီး အားတက်မိပုံ၊ ထိုနောက်မှ တောင်ငူမင်း၏ စာတော ရတုတောကြီးသို့ တိုးဝင်မိပုံ၊ တောင်ငူမင်း၏ နုလှစိတ်လှသော စကားတာ၊ သဒ္ဒါတော၊ အလင်္ကာတော၊ ဆူးခြုံပိတ်ပေါင်းထဲ ရစ်မိကာ မနည်းပြန်ထွက်ရပြီး ဦးတိုး၏ ရာမရကန် ဘမ်းမရောင်းချက်ဆေးကလေး လိမ်းလိုက်ရပုံ။
ဤသို့ မြန်ာစာပေဘက်မှ အထိအတွေ့ကို လှစ်ပြပြီး၊ အင်္ဂလိပ်စာပေဘက်မှ “ရှယ်လီ၏ မှင်တက်” မိပုံကို ခရီးဆက်ပြသည်။ ရှယ်လီ၏ ကဗျာအတ္ထုပ္ပတ္တိ အကုန်ဖတ်ကြည့်သော်လည်း တစ်ခုမှ ကောင်းကောင်း နားမလည်။ သို့ သော်
“Hail Thee, Thou blithe Bird thou never wert”
ဟူသော မိုးစွေငှက်ကလေးကို ဖွဲ့ဆိုသည့် လင်္ကာကြီးအစကို ဖတ်လိုက်ရလျှင် ကိုယ်ကိုယ်တိုင် အတောင်ပေါက်၍ ကောင်းကင်သို့ ရောက်သွားသလား၊ အောက်မေ့ရသည်။ (စာ - ၃၀၄) ဟု ရှယ်လီ၏ ကဗျာအရသာခံစားရပုံကို ဖော်ထုတ်သည်။ ထို့နောက် အင်္ဂလိပ်ဘာသာပြန်ဆိုထားသော ပြင်သစ်ကဗျာ၊ ဂရိကဗျာ၊ ဂျာမာန်ကဗျာ၊ သက္ကဋ ကဗျာ၊ ဘင်္ဂါလီကဗျာ၊ ကာလီဒါသ၏ သကန္တလာ၊ မေဃဓူတ၊ ရိတုသံဟိတ စသည်များ ကို ဖတ်ရသောအခါဘာသာပင် ခြားသော်လည်း မြန်မာကဗျာကို ဖတ်ရသလို ခံစားရကြောင်း။
“မေဃဓူတ” ကို ဖတ်ရသောအခါ မြန်မာတိမ်စေရတု ကိုပင် ဘာသာပြန်ထားသလားဟုပင် ထင်ရကြောင်း။ ထို့နောက် ဂါထေး၏ “ဒေါက်တာ ဖော့စ်” လင်္ကာကြီး၊ တဂိုး၏ “ဂီတန်ဂျလီ” ကို ဖတ်ရသောအခါ နားလည်သလိုလို မလည်သလိုလို သမုဒ္ဒရာတွင် ယုန်ထောက်သလို ဖြစ်ရကြောင်း။ ဤသို့ တင်ပြပြီးနောက် အင်္ဂါလီကဗျာဆရာကြီး “တဂိုး” တရုတ်ပြည်သို့ အသွား မြန်မာပြည်သို့ ခေတ္တ၀င်လာမည် သတင်းစာများ တွင် တွေ့ရ ။ “ဂီတန်ဂျလီ” ကို သတိရသော်လည်း သူတို့ ဘင်္ဂါလီကုလားများ နှင့်သာ ဆိုင်လိမ့်မည်ဟု အောက်မေ့ခဲ့သည်။ သို့ပြင် ရုပ်ရှင်ရုံဘက်လှည့်၊ ကြိုက်သည့် ကားမရှိသဖြင့် ဂျူဗလီဟောထဲဝင်မိရာ “တဂိုးကြိုဆိုပွဲ” နှင့်တိုးနေသည်။ ဆရာဇေယျ တင်ပြထားပုံကို ကြည့်ပါ။
“ဤမျှ လူမျိုးစုံ ပရိသတ်များ လှသော်လည်း အဆင်အပြင် အခမ်းအနားမူကား ဆန်းဆန်းကျယ်ကျယ် တစ်စုံတစ်ရာ မရှိချေ။ ဓာတ်မီးမား ထိန်လင်းစွာ ထွန်းကားသော ဇာတ်ခုံပေါ်တွင် ကော်ဇောများ ခင်းထားလျက်၊ ဇာတ်ခုံရှေ့ပိုင်းတွင် စားပွဲဝိုင်းလေးတစ်ခု၊ ကုလားထိုင် သုံးလေးလုံးသာ ချထား၏ ။ လက်ဝဲဘက်ဘေး၊ ပုဏ္ဏားကွယ်နားတွင် “ဘာဂျာ” ခေါ် ကုလားသံစုံ သေတ္တာတစ်လုံးနှင့် တစ်ဖက်ပိတ်ဗုံကလေး ချထား၏ ။ ထို့ပြင် ဘာမှ မရှိ။ ရှင်းနေ၏ ။
ဤသို့ တဂိုးပွဲအဆင်အယင်ကလေး တင်ပြပြီး တဂိုးကို ကိုယ်တိုင်မြင်ရသည့်အခါ၊ မူလက အထင်နှင့် လွဲနေပုံ …..
အရပ်အမောင်း အတော်မြင့်၍ အနီးရှိ ပရိသတ်ကို မိုးလျက်ရှိ၏ ။ ဖြူးဖွေး၍ အသွယ်သွယ်ကျနေသော ပိုးဝတ်လုံချည်ကို ၀တ်ထား၏ ။ ဦးခေါင်းတွင်ကား ချွန်တွန်းတွန်း ဦးထုပ်ကြီးကို ဆောင်းထား၏ ။ ဦးထုပ်ကြီးအောက်မှ ငွေရောင် ဘော်ရောင်ကဲ့သို့ တပြောင်ပြောင် တလက်လက်တောက်ပနေသော ဆံပင်တို့သည် ပခုံးနှင့် ကျောပြင်ပေါ်သို့ အတွန့်တွန့် အလိပ်လိပ်ကျနေ၏ ။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့သည်လည်း ဖြူဖွေးလျက် ကားကားကြွကြွဖြင့် အလွန်လျှင် တင့်တယ်၏ ။ တကယ့် ယောက်ျားကြီး ပီသလှပါပေသည်။
ဟု တို့ထားပေသည်။ ထိုအချိန်က တဂိုးကား အသက် ၆၀ ခန့်၊ အသားလိမ်းခြင်း ခြောက်ခြားမရှိ။ ပကတိပြည့်ဝ ညီညွတ်ကြည်လင်လျက် နီမြန်းစိုပြည်သောအရောင် ရှိသတဲ့။
ဟု တို့ထားပေသည်။ ထိုအချိန်က တဂိုးကား အသက် ၆၀ ခန့်၊ အသားလိမ်းခြင်း ခြောက်ခြားမရှိ။ ပကတိပြည့်ဝ ညီညွတ်ကြည်လင်လျက် နီမြန်းစိုပြည်သောအရောင် ရှိသတဲ့။
ဤသို့ ဖြင့် ဂျူဗလီဟောတစ်ရုံးလုံး တဂိုး၏ ထူးခြားဆန်းကြယ် ကြည်ညိုဖွယ်သဏ္ဌာန်ကြီး ကိုသာ အာရုံစိုက်နေကြည်။ တဂိုးကဗျာမရွတ်ခင် ဘင်္ဂါလီ အမျိုးသမီးအဆိုနှင့် တွဲ လျက် သံစုံသေတ္တာနှင့် ဗုံတိုကလေးတီးရာ အဆိုနှင့် အတီး သဟဇတဖြစ်ကာ ထိပုံငြိပုံကလေး ဖော်ပြထားသည်မှာ လည်း အရသာရှိလှ၏ ။ တဂိုးကဗျာရွတ်သံ မပေါ်ထွက်မီ ကြိုနှင့်သော ခြေဆင်းကလေးနှင့်ပင် တူတော့၏ ။
“သီချင်းသံကလေးနှင့် ဗုံသံကလေးကား ရှေ့က သွားလိုက်၊ တွဲ ကာ ဆုတ်ကာ ကွေ့ကာ လိမ်ကာ ဆက်ကာခွာကာ အသံကလေး နှစ်ခုသည် လူမနီးသော တောကြီးတောင်ကြီးထဲ၌ ကျေးငှက်ကလေးများ မြူးထူးနေသကဲ့သို့ လည်းကောင်း၊ နတ်သမီး နတ်သားကလေးများ လိုက်တမ်းပြေးတမ်းကစား နေသကဲ့သို့ ထင်လာရပေသည်” တဲ့။
ဤသို့ ဖြင့် ဆယ်မိနစ်ခန့်မျှတွင် သီချင်းသံကလေး စဲသွားပြီး တဂိုးထလာကာ စကားပြောသည်။ ပြောစက ခပ်နှေးနှေး တစ်ခွန်းထက်တစ်ခွန်း ကျယ်လာပြီး၊ ငါးမိနစ်လောက် ကြာသောအခါ ဂျူဗလီဟောကြီးတစ်ခုလုံး တဂိုးအသံသာ လွှမ်းမိုးနေသည်။ တဂိုးကဗျာ ရွတ်လေပြီ။
“တစ်ခါတစ်ခါလည်း တိမ်တောင် တိမ်လိပ်ထနေသော ကောင်းကင်ပြင်ကြီး၌ အရှေ့မှ အနောက်၊ အနောက်မှ အရှေ့သို့ မိုးခြိမ်းသံကြီးများ ကူးစက်ပြေးလွှား မြည်ဟီးနေသည်ဟု ထင်ရပေသည်။ တစ်ခါတစ်ရံလည်း မိုးငြိမ်းသကဲ့သို့ သော အသံကြီးသည် တဖြည်းဖြည်း လျော့ကျသွားကာ၊ စိမ့်ကြီးမြိုင်ကြီးများ အတွင်း ကျောက်စွန်းကျောက်ပြားမှ စိမ့်ထွက်သော ရေစက်ကလေးများ တသွင်သွင်ကျသကဲ့သို့ နှလုံးအေးဖွယ် သာယာလှပေသည်။
ဟု တဂိုးကဗျာရွတ်သံ ခံစားရပုံကို ဖော်ပြထားသည်မှာ ဖတ်သူကို မရိုးမရွ ဖြစ်စေတော့၏ ။ မကြုံလိုက်ရတာ နာလေခြင်းဟု ဖြစ်မိ၏ ။
ပရိသတ်မှာ လေသံသဲ့သဲ့ မျှ မလှုပ်ဘဲ တဂိုးနှုတ်ခမ်းများ ကိုသာ အာရုံစိုက်နေရာ မည်မျှကြာသွားမသိ။ ပရိသတ်များ စင်ပေါ်ပြေးတက်၊ တဂိုးခြေအစုံကို ဖက်လျက် တချို့က ၀တ်စုံစကို ဆွဲကာ နမ်းလျက်၊ မထိန်းနိုင် မသိမ်းနိုင် ကြည်ညိုကြပုံကို တစ်ကြိမ်သာ မြင်ဖူးကြောင်း” ထို့နောက် အပြည်ပြည်မှ မင်းများ က ဘွဲ့ထူးဂုဏ်ထူးအမျိုးမျိုး ဘုရားတစ်ဆူ ဂူတစ်လုံး ကြိုဆိုကြပုံ သတင်းများ ကြားရသည့်အခါ ထိုသတင်းများ ကား အထူးအဆန်း အဟုတ်တော့ချေ” ဟု ဆရာဇေယျက အဆုံးသတ်ထား၏ ။
ထိုအခါမှပင် ဖတ်သူလည်း သက်ပြင်းချနိုင်တော့၏ ။
ဤကား ဆရာဇေယျ၏ ပုံစံအရှင် အက်ဆေးသဘောဖြစ်ပေသည်။ (ကဗျာလင်္ကာပုံစံအသေ အက်ဆေးနှင့် “တဂိုး” ပုံစံအရှင် အက်ဆေးနှစ်ပုဒ်ကို နှိုင်းယှဉ်လေ့လာနိုင်ကြပါသည်။) ဆရာဇေယျကား စာပေပုံသဏ္ဌာန်အစုံပင် ရေးဖွဲ့ရာ သူ၏ ဆောင်းပါးများ တွင် ရောနှောနေသော ပုံစံအရှင်အက်ဆေး (ရသစာတမ်း) နှင့် ပုံစံအသေ အက်ဆေး (စာတမ်းငယ်) သဘောတို့ကို ဆက်လက်ရှာဖွေကြည့်စေချင်ပါသည်။ ဥပမာ ဆရာဇော်ယျ၏ ကဗျာခေတ်နှင့် စာဆိုခဲ့ဖူးပါသည်။ အက်ဆေးတို့ကို နှိုင်းယှဉ်လေ့လာကြည့်၍ ပုံစံသေ၊ ပုံစံရှင်သဘောကို ဥာဏ်ကျက်စားနိုင်ဖွယ် ရှိပါလိမ့်မည်။ ဆရာဇေယျ၏ စကားပြေဂုဏ်ရည်ကို လည်း ပို၍ ထိတွေ့လာနိုင်ပါသည်။ ဆက်လက်စူးစမ်းကြပါကုန် …..။
[အမှတ် ၁၁ ၊ ဇူလိုင် ၂၀၀၇၊ ပန်းအလင်္ကာမဂ္ဂဇင်း]
ဇော်ဂျီနှင့် ရသစာတမ်း
ကိုယ့်ပတ်ဝန်းကျင်၌ နေ့စဉ်နေ့တိုင်း လှုပ်ရှားသွားလာရင်း မြင်မိ၊ ကြားမိ၊ သတရမိ၊ တွေးမိသမျှတို့ကို ပရိသတ်၌ မြင်ယောင်ယောင်၊ ကြားယောင်ယောင် ဖြစ်လာအောင်၊ ခံစားမှု တစ်ခုခုပေါ်လာအောင် ခံစားမှု အသိဖြင့်လည်းကောင်း ရေးသော ရသစာပေ စာတမ်းမျိုးသည် ဤနှစ်ပါးဆယ်အတွင်းမှာ မှ ရသစာပေအဖွဲ့ တစ်ခုအဖြစ်နှင့် အခိုင်အမာ ရပ်တည်လာသည်ကို တွေ့ရသည်။
ဦးသိန်းဟန်
(မြန်မာစကားပြေဆောင်းပါးမှ)
တစ်ခါက ဆရာဇော်ဂျီသည် တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေး ကော်မတီတွင် မြန်မာမှု စာစဉ်အဖွဲ့ ဖွဲ့ကာ သဘာပတိပြုလုပ်ပြီး မြန်မာမှု နှင့် ဆိုင်သော သုတေသနစာတမ်းများ ပြုစုကြရန် နှိုးဆော်ခဲ့ဖူး၏ ။ ထိုရလဒ်အဖြစ် ၁၉၇၅ ခုနှစ်တွင် “မြန်မာမှု ” စာအုပ်ထွက်ပေါ်ခဲ့သည်။ ထိုစာအုပ်တွင် မြန်မာစာရေးဆရာကြီး များ အမည်ရင်းဖြင့် စာတမ်းတင်သွင်း ခဲ့ကြသည်။ ဦးဝန်က မြန်မာစကားအကြောင်း၊ ဦးမောင်မောင်ကြီးက မြန်မာပြဇာတ်စာပေ၊ ဦးဝင်းမွန်နှင့် ဦးဇော်မြင့် “ မြန်မာကဗျာ၊ ဦးကျော်အောင်၊ ဦးကျော်ဆွေ၊ ဦးမောင်မောင်ညွန့် တို့ ၃ ဦးက မြန်မာဝတ္ထုတို၊ ဦးဟုန်ဝမ်းနှင့် ဦးခင်အေးက မြန်မာဝတ္ထု၊ ဦးဖိုးကျော်မြင့်က မြန်မာသတင်စစာ၊ ဦးခင်မောင်ထွန်းက မြန်မာမဂ္ဂဇင်း စသဖြင့် ရေးသားပြုစုခဲ့ကြ၏ ။ ထိုစာအုပ်တွင် ဆရာဇော်ဂျီသည်လည်း ဦးသိန်းဟန် အမည်ဖြင့် မြန်မားစကားပြေ စာတမ်းတင်သွင်းခဲ့သည်။
၁၉၂၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်ထိ တိုးပွားလာသော မြနမာစကားပြေ အချို့၏ သဘောကို သတိပြုနိုင်ကြစေရန် ရည်ရွယ်ခဲ့ပေသည်။ နှစ် ၅၀အတွင်း စကားပြေဖြင့် ရေးသားခဲ့ကြသော အကြောင်းအချက်တို့ များ ပြားလှသဖြင့်
- ၀ါဒရေးရာအစု
- မျက်မှော က်ခေတ် အဖြစ်အပျက်အစု
- လူမှု ပြဿနာအစု
- လူ့သဘာဝအစု
- မြန်မာနိုင်ငံတိုင်းရင်းသားအစု
- မြန်မာယဉ်ကျေးမှု နှင့် သိပ္ပံအစု
- စာပေဝေဖန်မှု အစု
- ပြည်ပခရီးသွားအစု
စသည်ဖြင့် အစု(၈) စုခွဲကာ ခွဲခြမ်းစိတ်ဖြာ လေ့လာ သုတေသနပြုခဲ့ပေသည်။ နှစ်အပိုင်းအခြားလည်း ကန့်သတ်လိုက် သဖြင့် ပို၍ ကျစ်ကျစ်လျစ်လျစ်ဖြင့် ထောင့်စုံ ခဲ့လေသည်။ ရသစာတမ်းသည် စကားပြေ အမျိုးအစား စာပေ ပုံသဏ္ဌာန်တစ်ခုဖြစ်၍ “ဤနှစ်ငါးဆယ်အတွင်းမှာ မှ ရသစာပေအဖွဲ့တစ်ခုအဖြစ်ဖြင့် အခိုင်အမာ ရပ်တည်လာသည်ကို တွေ့ရသည်။ ထိုစာတမ်းမျိုးတွင် မှန်သောအကြောင်းအရာသာ ဖြစ်ပါစေ၊ အကျိုးပြုသော အကြောင်းအရာသာ ဖြစ်ပါ၊ အကြောင်းအရာကြီးသည်၊ငယ်သည်ဟူသော အချက်သည် ပဓာနမဟုတ်။ စာတမ်းေါ်ရးသူ၏ ခံစားမှု အသိကသာ ပဓာနဖြစ်သည်။ ထိုခံစားမှု အသိကို ပရိသတ်သို့ ကူးစက်သွားအောင် အာဝဇွန်းကောင်း ကောင်းနှင့် ရေးဖွဲ့နိုင်ခြင်းကသာ ပဓာနဖြစ်သည်။ ထိုပဓာန နှစ်ခုပါသော စာတမ်းအချို့ကို သာဓကဆောင်းပါးဟု ဆိုလျှင် ဆရာဇေယျ၏ ကောက်ရိုးနွယ်၊ သိပ္ပံမောင်ဝ၏ လှည်းသမား၊ ဦးတင့်ဆွေ၏ ခရေပင်ကြီးလည်း မပြုံးနိုင်တော့ပြီ၊ ဦးသိန်းဖေ စာတမ်းစာအုပ်၌ ပါသော စာတမ်းများ ၊ စိတ်ပင်လယ် စာတမ်းတစ်အုပ်ပါ စာတမ်းများ ကို ကြည့်ကြပါဟု ဖြေချင်ပါသည်” ဟုဆိုကာ ဆက်လက်၍
“ထိုစာတမ်းမျိုးသည် မြန်မာစာပေသမိုင်းတွင် ကဗျာကဲ့သို့ ၊ ၀တ္ထုကဲ့သို့ ရသစာပေအဖွဲ့တစ်ခုအဖြစ်ဖြင့် တိုးလာပြီဟု ဆိုချင်ပါသည်” ဟု ရသစာတမ်း အခန်းကဏ္ဍကို တိတိပပထည့်သွင်းခဲ့သည်။
ဆရာဇော်ဂျီသည် ကျောင်းသားဘ၀ကတည်းကပင် ကဗျာနှင့် စကားပြေတို့ကို ရေးသားနေလေပြီ။
“၁၉၂၅ -၁၉၃၆ ခုနှစ်များ သည် သူ့အဖို့ စာတွေ့သုတ၊ ကိုယ်တွေ့မုတ တိုးပွားလာသော နှစ်များ ပင် ဖြစ်သည်” ဟု ဆရာတိုက်စိုးက ဇော်ဂျီစာပေါင်းချုပ်တွင် ထောက်ပြကာ ဆရာပွား၊ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာလုစ်၊ ဆရာဂုတ်စသော စာချအကျော်အမော် များ ထံတွင် မြန်မာစာပေ၊ အင်္ဂလိပ်စာပေနှင့် ရာဇ၀င်သမိုင်းတို့ကို ပိုင်ပိုင်နိုင်နိုင် သင်ယူခဲ့ကြောင်း၊ ထိုပြင် ဆရာဇော်ဂျီသည် မေအောင်ဟော၊ သထုံဟောတို့တွင် ကျောင်းအိတ်ကျောင်းစားနေ၍ သိပ္ပံမောင်ဝကဲ့သို့ သော ကျောင်းသားကြီးများ ထံမှ အက်ဆေး၊ စာတမ်းငယ် အရေးအသား ဆိုင်ရာဆိုင်ရာ ဗဟုသုတခံယူပုံ၊ စာရေးဘက် ဖြစ်ခဲ့ရသော ရေခံ၊ မြေခံ ၀န်းကျင်ကို ကောက်ပြထားပေသည်။
ဆရာဇော်ဂျီသည် ရသစာပေကို အလေးအနက်ထားသူ ဖြစ်၏ ။ အထူးစိုက်နှစ် လေ့လာကာ တင်ပြခဲ့သည်ဟု ဆိုနိုင်ပါသည်။ ပညာလောက စာစောင်တွင် (၂) နှစ်တာမျှ “ရသစာပေ၏ သဘော” ဟူ၍ ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများ ကို အခန်းဆက် ရေးသား ခဲ့ပေသည်။
ဆောင်းပါးနှင့်ရသစာတမ်း၏ အရင်းခံခြားနားချက်သည် “ခံစားမှု ရသ” မတ်လအတွင်း စာတမ်းတင်ခဲ့ကြသည်။
- မောင်ခင်မင် (ဓနုဖြူ) က “စာတမ်းငယ်ဟူသည်” စာတမ်း၊
- မြဇင်က “နိုင်ငံခြားစာတမ်းငယ်”
- တက္ကသိုလ်ဝင်းမွန်က “၁၉၄၅- ခုနှစ် မတိုင်မီကာလ မြန်မာစာတမ်းငယ်”
- ကျော်အောင်က “၁၉၄၅-ခုနှစ် နောက်ပိုင်း မြန်မာစာတမ်းငယ်”ဟူ၍ စာတမ်း(၄) စောင် တင်သွင်းခဲ့ကြသည်။တက္ကသိုလ်ဝင်းမွန်၏ စာတမ်းတွင် “ဗြိတိသျှ ကိုလိုနီခေတ်တွင် အက်ဆေးခေါ်စာတမ်းငယ် အရေးအသား စတင် အခြေတည် ပေါ်ထွန်းလာပုံ၊ ထို့နောက် တဖြည်းဖြည်းထင်ရှားလာပုံ တို့ကို ပြထား၏ ။
ကိုလိုနီခေတ်ဦးမှ မြန်မာစာတမ်းငယ် အခြေတည်ပေါ်ထွန်းပြီး ၁၉၃၄ ခုမှ ၁၉၄၅- ခုနှစ် မတိုင်မီကာလထိ ထွန်းကားထင်ရှားလာသည်ဟု တင်ပြထားပေသည်။
အက်ဆေးခေါ် ရသစာတမ်းအရေဒအသား ထွန်းကားဖွံ့ဖြိုးအောင် ကြိုးပမ်းအားထုတ်ခဲ့သည့် “ဂန္တလောက” မဂ္ဂဇင်း၏ အခန်းကဏ္ဍကိုလည်း တွေ့ရပေသည်။ ဆရာဇော်ဂျီသည် ဂန္ထလောက မဂ္ဂဇင်းတွင် ကလောင်းသွေးခဲ့ပေ၏ ။
ကိုလိုနီခေတ်ဦးမှ ၁၉၃၄ - ၀န်းကျင်ကာလအတွင်း တွေ့မြင်ရသော အက်ဆေးခေါ် စာတမ်းငယ် အရေးအသားတို့ကို တက္ကသိုလ်ဝင်းမွန်က -
- ပြုပြင်ရေး စာတမ်းငယ်
- သင်ကြားရေး စာတမ်းငယ်
- အတွေးအမြင် စာတမ်းငယ်
- အတ္ထုပ္ပတ္တိ စာတမ်းငယ်
- ရသစာတမ်းငယ်
ဟူ၍ ယေဘုယျ (၅) မျိုးတွေ့ရကြောင်း တင်ပြထား၏ ။ သို့သော် ထိုကာလက ရသစာတမ်းငယ်မှာ အခြေတည်ဖြစ်ထွန်းစဖြစ်၍ အားမကောင်းလှသေးပါ။ မထင်ရှားလှသေးပါဟု ဆိုလေသည်။
၁၉၃၄ ခုနှစ်၊ နိုဝင်ဘာထုတ် “ဂန္ထလောက မဂ္ဂဇင်း” တွင် မောင်သိန်းဟန်၏ “မြန်မာစာ လမ်းခင်းလာပုံ” ဆောင်းပါးကို တွေ့ရသည်။ ဆရာဇော်ဂျီသည် မောင်သိန်းဟန်အမည်ဖြင့် အဦးအစပိုင်းက ပါဝင်နေကြောင်း အထင်အရှားတွေ့ရပေသည်။ ထိုဆောင်းပါး အဖွင့်တွင် “ဦးဖြူသည် ကွင်းပြင်ကိုဖြတ်ကာ မိမိရွာမှ တစ်ဖက်သောရွာသို့ နံနက်တိုင်း သွားလေ့ရှိလေသည်” ဟု စဖွင့်ကာ ထိုလမ်းအတိုင်း သွားဖန်များ ၍ ခြေသွားလမ်းများ ထင်လာကာ ရွာသားများ အမှတ်မဲ့ကို ဥဒါဟရုဏ်အဖြစ် ဖော်ပြကာ ဗုဒ္ဓစာပေလမ်းကြောင်းမှစကာ မြန်မာစာပေလမ်းခင်းလာပုံကို တင်ပြထားပေသည်။
ဆရာဇော်ဂျီ၏ ရသစာတမ်းသန္ဓေကို တတ်အားသမျှ ခြေရာကောက်ကြည့်မိခြင်းဖြစ်ပါ၏ ။
ဆရာစကားပြေ မှန်သမျှ အစီအစဉ် အတင်အပြ နှစ်သက်စရာ ကောင်းသည်ချည်း ဖြစ်ပါသည်။ ဆရာက စကားကို တစ်လုံးချင်း ဂရုစိုက်သုံးသည်။ ၀ါကျကို ဂရုတစိုက်ဖွဲ့ည်။ ၀ါကျတစ်ခုချင်း ၊စာတစ်ပုဒ်ချင်း ပြေပြေပြစ်ပြစ်ချိတ်ဆက်ပြီး သေသေသပ်သပ် စီစဉ်ရေးသားသည်။
မောင်ခင်မင်(ဓနုဖြူ)
(ဇော်ဂျီကို နားလည်ပြီဆိုလျှင် ဆောင်းပါး)
ဆရာဇော်ဂျီ၏ စကားပြေသဘောကို ပညာရှင်များ လေ့လာခဲ့ကြသည်ကို ဖတ်ရှုရပါသည်။ တိုက်စိုး၊ မင်းယုဝေ၊ မောင်ခင်မင် (ဓနုဖြူ) ၊ ကျော်အောင်၊ မြသန်းတင့်၊ အောင်သင်း၊ မြ၀င်း (ဒဿန) ၊ ဒေါက်တာကျော်စိန်စသည် စသည်ဖြင့် ပညာရှင်အများ အပြားပင် ဖြစ်ပါ၏ ။
စာတမ်းငယ်စာတမ်းများ ကို လေ့လာရင်း၊ စာတမ်းငယ်နှင့် ရသစာတမ်း သဘောတို့ကို ကွဲပြားမှု ၊ ဆက်နွယ်မှု တို့ကိုလည်း သတိပြုမိခဲ့ပါသည်။ ကျွန်တော်သည် ဆရာဇော်ဂျီ၏ ရသစာတမ်း၊ အနုသန္ဓေကို ခြေရာကောက်ပြီးနောက် ဆရာဇော်ဂျီ၏ ဆောင်းပါးမှ ရသစာတမ်းသို့ အကူးသဘော ခြားနားပုံသဘောတို့ကို ဆက်လက်၍ လေ့လာကြည့်မိပါသည်။ ထိုအခါတွင် ……
ဆရာဇော်ဂျီစွဲလမ်းခဲ့သော နှစ်သက်သဘောကျခဲ့သော ဦးလတ်၏ ရွှေဟံသာဝတီ စာအုပ်တိုက်မှ “စာပေလောက” အမည်ရှိ စာအုပ်ထွက်ရှိခဲ့ဖူးပါသည်။ (ထိုစာအုပ်သည် ၁၉၄၇ ခုနှစ်က ဟံသာဝတီသတင်းစာကြီး၌ အပတ်စဉ်တစ်လှည့်စီး ထည့်သွင်းဖော်ပြခဲ့သော စာပေဆောင်းပါးများ ကို စုစည်းထုတ်ဝေသော စာအုပ်ငယ်ဖြစ်ပါသည်။ လေးစားမှတ်သားထိုက်သော စာဆိုကြီးများ နှင့် မြန်မာကဗျာ၊ စကားပြေ၊ ၀တ္ထု၊ ကျမ်းစာများ ကို စာဖတ်သူတို့ ချစ်ခင်မြတ်နိုးလာအောင် ရသမြောက်မိတ်ဖွဲ့ ပေးထားသော ဆောင်းပါးကောင်းများ ဖြစ်ပါသည်။ ပုဂံ၊ မြင်စိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ကိုလိုနီခေတ်တို့မှ မြန်မာစာပေသမိုင်း မှတ်တိုင်များ ကို ဖတ်ရှုလေ့လာနိုင်ပါသည်။
ဆရာဇော်ဂျီ၏ ဆောင်းပါး (၁၁) ပုဒ်နှင့် ဆရာမ င်းသုဝဏ်၏ ဆောင်းပါး (၁၁) ပုဒ် ပါဝင်ပါသည်။ ထိုဆောင်းပါးများ သည် ရသသဘောပါဝင်သော စာပေဆောင်းပါးများ ဖြစ်ပါသည်။)
ထိုစာအုပ်တွင် ဆရာဇော်ဂျီ၏ “ဦးလတ်နှင့် ရွှေပြည်စိုးဝတ္ထု” ဆောင်းပါးကို တွေ့ရပါသည်။ ထိုဆောင်းပါးတွင် ….
ရွှေပြည်စိုးဝတ္ထုတွင် စိတ်ကူးဖြင့် လွှမ်းနိုင်သောဂုဏ်ထက် ပိုမိုထူးကဲသော ဂုဏ်ရှိလေသေးသည်။ ထိုဂုဏ်ကား အခြားမဟုတ်၊ လောကသဘာဝ၊ လူ့သဘာဝ တို့ကို ယထာဘူတကျကျ ဖွဲ့ပြတတ်သော ဂုဏ်ဖြစ်သည်။ ထိုဂုဏ်ကြောင့် ရွှေပြည်စိုးဝတ္ထုသည် မြန်မာစာပေသမိုင်း ၊စကားပြေပိုင်းတွင် အခန်းသစ်တစ်ခန်း ဖွင့်ခဲ့သည်ဟု ဆိုသော် ဆိုသင့်သည်။ ထိုဂုဏ်ကို ဇာတ်လမ်းလက်ထက်ရှိ အဖ ဦးရာကျော်နှင့်သား မောင်သောင်းဖေတို့ ဖြစ်ပျက်ပုံ အခန်းများ တွင် သိမြင်နိုင်ပါသည်။ (စာပေလောက၊ ပဉ္စမအကြိမ် စာ ၁၅၂-၁၅၃) ဟူ၍ ရွှေပြည်စိုး ၀တ္ထု၏ ဂုဏ်ပုဒါကို ဖော်ထုတ်ထားသည်။
“ရွှေပြည်စိုးနှင့် ကျွန်တော်” ဟူသော ရသစာတမ်းတွင်ကား စာဖတ်သူနှင့်ပို၍ ရင်းနှီးသော အပြောအပြဖြင့် ရေးသားထားသသည်ကို တွေ့ရသည်။ ထိုစာတမ်းကို ၁၉၅၅ ခုနှစ်တွင် ဆရာဇော်ဂျီ ရေးသားခဲ့၏ ။ ရွှေပြည်စိုး ၀တ္ထုမှ မောင်မောင်စိုးနှင့် ခင်ခင်ထားတို့၏ ထီးသံနန်းသံ၊ ကြငှာန်းသံ စိတ်ကူးဖြင့် လွှမ်းမိုးနိုင်သော အဖွဲ့ထက်၊ မောင်သောင်းဖေ၊ အဖဦးကျော် ဇာတ်ထုပ်ကို ပိုစွဲကြောင်း၊ “ထီးသံ၊ နန်းသံ၊ ကြာငှာန်းသံ လက်ရာသည် သိမ်မွေ့ပါ၏ ။ မောင်မောင်စိုး၊ ခင်ခင်ထားတို့၏ ဇာတ်ထုပ်သည် လွမ်းလောက်ပါ၏ ။ ရွှေပြည်စိုးကို ပိတ်လိုက်သောအခါ၌ ကား ထိုအသိမ်အမွေ့၊ ထိုအလွမ်းတို့သည် ရွှေပြည်စိုးသို့ ပြန်ပြေးကြပါလေသည်။
အဖဦးရာကျော်နှင့် သားတော်မောင်သောင်းဖေတို့၏ ဇာတ်ထုပ်သည်သာလျှင် ရွှေပြည်စိုးသို့ ပြန်မပြေးဘဲ ကျွန်တော်စိတ်တွင် တ၀ဲလည်လည် ကျန်နေတတ်သည်” ဟု တင်ပြခဲ့လေသည်။
အကြောင်းအရာတစ်ခုတည်း ဖြစ်သော်လည်း တင်ပြပုံအခန့် သဘောအရေးအသားနှင့် စာဖတ်သူ နားဝင်အောင် ခံစားမှု ထောင့်မှ ချဉ်းကပ်ကာ ပေါ့ပေါ့ပါးပါး တရင်းတနှီးပြောဟန်၊ ရသစာတမ်းသဘောတို့ကို နှိုင်းယှဉ်လေ့လာနိုင်ကြပါ၏ ။ ၁၉၄၇ - ခုနှစ်ရေး ဆောင်းပါးသဘောနှင့် ၁၉၅၅ ခုနှစ် ရေးပြောင်းလွဲလာသော ဆရာဇော်ဂျီ၏ ရေးဟန်ကိုလည်း လေ့လာနိုင်ကြပါ၏ ။
ထို့အတူ အကြောင်းအရာချင်း ဆက်စပ်နေသော “မြန်မာသမိုင်း၌ အံ့ဖွယ်သူရဲ ထူးကဲခဲ့ခြင်း” ဆောင်းပါးနှင့် “အမျိုးသားနေ့နှင့် ကျွန်တော်” ရသစာတမ်းတို့ကို နှိုင်းယှဉ်လေ့လာနိုင်ပါ၏ ။
ဆရာဇော်ဂျီ၏ ရသစာတမ်း အရေးအသားနှင့် တင်ပြပုံသဘောတို့ကို ဆရာမောင်ခင်မင် (ဓနုဖြူ) က အလေးအနက်ပြုသည့်နေရာတွင် ပုံစံတူ စကားစုများ ၊ ပုံစံတူဝါကျများ ဖြင့် ဆင့်ကာ ဆင့်ကာ ဖွဲ့တတ်သော ဆရာ့ရေးဟန်သည် တစ်မျိုး ထူးခြားနေပါသည်။
“အစတွင် အဆိုတစ်ခုပြုလိုက်ပြီး အလယ်တွင် သာဓကပြ၍ ဖြစ်စေ၊ အဆိုအခြေပြု၍ ဖြစ်စေ၊ တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်ဆိုကာ အဆုံးတွင် အစ၌ တင်ခဲ့သော အဆိုကို ပြန်အနားသပ်လိုက်သော စီစဉ်ပုံသည်လည်း နှစ်သက်စရာ အတုယူစရာ ဖြစ်သည်” ဟု လေ့လာတင်ပြခဲ့လေသည်။ ထိုသဘောကို ဖော်ဆောင်သော ဆရာဇော်ဂျီ၏ ရသစာတမ်းများ အနက် “ဆေးရုံနှင့် ကျွန်တော်” ရသစာတမ်းတွင် တစ်ရစ်ချင်း တင်ပြပုံကို လေ့လာနိုင်ကြပါ၏ ။
ထိုရသစာတမ်းတွင် ဆေးရုံကို အပြင်မှ မြင်ရစဉ်က စိတ်ညစ်ညူးစရာ ဒုက္ခဘုံဟု အထင်ရှိပုံ၊ ဆေးရုံတွင်းသို့ အပြင်မှ လှမ်းကြည့်၍ လူစုစုမြင်ရလျှင် ဘယ်သူ ကားတိုက်ခံရပြန်ပြီလဲ၊ ဓားထိုးခံရပြန်ပြီလဲ၊ လောင်းကစားဝိုင်းမှာ အရိုက်ခံရ၍ ခေါင်းကွဲလေသလားဟူသော အနိဋ္ဌာရုံအတွေးများ သာ ၀င်တတ်ပုံ။
ဆေးရုံတွင်းသို့ ကိုယ့်ရင်းနှီးရာ မိတ်ဆွေများ သို့ မဟုတ် သားချင်းတို့တက်ရ၍ လူနာမေး ရောက်ရသည့်အခါမှ ကိုယ်လို လူနာမေးလာတတ်သူတွေ ရှိကြောင်း၊ သို့သော် ပထမအစွဲက ခေါင်းထဲက ဖျောက်မရသေးကြောင်း၊ လူနာတို့၏ ဝေဒနာအထွေထွေအပေါ် ခံစားမှု ဖြစ်ရပုံ၊ ပထမအတွေးသည် အကြောက်လွန်သောကြောင့် ဖြစ်ရပုံ၊ ထိုအစွဲ၌ သတိသမ္ပဇဉ်မပါပုံကို ဆင်ခြင်မိလာသည်။ ထိုဒုတိယအတွေးကြောင့် ပထမ အစွဲပြုလာရပုံကို လက်ခံနိုင်ဖွယ် ကြောင်းကျိုးပြကာ သယ်လာပြီး မှ ကိုယ်တိုင် ဆေးရုံတက်ရသည့်အခါ ဆရာဝန်၊ ဆရာမ တို့ ကုသကြပုံ၊ နေ့စဉ်လှုပ်ရှားမှု ၊ ဆေးကျောင်းသားတို့ လေ့လာမှု ၊ သူတို့အမှု အရာကို နေ့စဉ်မြင်တွေ့နေရင်းမှ ဆင်ခြင်သိဖြင့် ကွက်လပ်ဖြစ်နေသောနေရာတွင် ဆေးရုံသည် ဒုက္ခပုံမဟုတ်၊ အနယ်နယ်အရပ်ရပ်မှ ရောက်လာသော ဒုက္ခတွေကို တိုက်ထုတ်ရာ နေရာသာဖြစ်ကြောင်း ဓမ္မနှင့်ယှဉ်၍ တတိယအတွေးကို ဆရာဇော်ဂျီရှိခဲ့ပုံတို့ကို အသိအမြင်တိုးဖွယ်၊ သတိသမ္ပဇဉ်ပွားဖွယ်၊ ဓမ္မာရုံသဘော သက်ဝင်ဖွယ်တို့ဖြင့် အဆင့်ဆင့်တင်ပြခဲ့ပါ၏ ။ နှစ်သက်ဖွယ်ဖြစ်ရင်း တန်ဖိုးရှိ အသိ ရရှိလာစေပါသည်။
“ရသဖြစ်သည်နှင့် အတူအကွ၊ ဘ၀သို့ မဟုတ် ပတ်ဝန်းကျင် အသိအမြင်ကိုလည်း ဖြစ်လာစေသင့်သည်။ ကဗျာကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသကဲ့သို့ ဖြစ်သင့်သည်။ ဤကား ဖြစ်စေလိုသော စာတမ်းအရေးအသားမျိုး၏ ယေဘုယျသဘောဖြစ်သည်။ ထိုသဘောပါမှလည်း စာတမ်းသည် ရသစာပေ အဖွဲ့တစ်ခုအဖြစ်ဖြင့် မြန်မာစာပေ၌ နေရာတစ်နေရာရလာမည်ဟု ယူဆသည်”
ဇော်ဂျီ
(ကံ့ကော်မြိုင် စာတမ်းအမှာ )
၁၉၆၄ ခု၊ ပုဂံစာအုပ်တိုက်မှ ပထမဆုံးအကြိမ်ရိုက် “ကံ့ကော်မြိုင်စာတမ်း” ကို ဖတ်ရတော့ ကျွန်တော်တို့ ငယ်ကြပါသေးသည်။ အလယ်တန်းမှ အထက်တန်းသို့ တက်စ ကျောင်းသားအရွယ်ပင် ဖြစ်ပါ၏ ။ စာပေ၀ါသနာပါသော ဦးလေတစ်ဦးအိမ်တွင် အမှတ်မထင် ဖတ်ရခြင်းဖြစ်ပါ၏ ။ နယ်မှ ၀ါသနာတူ သူငယ်ချင်းများ စု၍ သတင်းစာတွင် တွေ့သည့် ၀တ္ထုကြော်ငြာတွေကို ကြည့်ကာ ရန်ကုန်သို့ လှမ်းမှာ ကြသည်။ တက္ကသိုလ်ဘုန်းနိုင်၏ “ခိုင်” တွင် လွမ်းမောနေကြသောကာလ။
ကံ့ကော်မြိုင်စာတမ်းကို ဖတ်ရသည့်အခါ ဆန်းသစ်သည့် စာပေအတွေ့ကို ထိတွေ့မိသည်။ အသိတစ်ခုတိုးခဲ့ရသည်။ ထိုစာအုပ်ပါ ဆရာဇော်ဂျီ၏ အမှာ သည် ကျွန်တော်တို့အား စာစီစာကုံးနှင့်မတူသော ရသစာပေပုံသဏ္ဌာန် တစ်ရပ်နှင့် ထိတွေ့မိတ်ဖွဲ့ပေးပေ၏ ။
အက်ဆေးဟု ကျွန်တော်တို့သိခဲ့ ရင်းနှီးခဲ့သည်မှာ ကျောင်းသင်စာစီ စာကုံးမျှသာ ဖြစ်ပါ၏ ။ ဆရာဇောဂျီမိတ်ဖွဲ့ပေးသည့် အကဆေးဟူသည့် စာပေပုံသဏ္ဌာန်သည် နိဒါန်း၊ စာကိုယ်၊ နိဂုံး အခြေခံ(၃) ချက်နှင့်အညီ ရေးရသော (စာစီစာကုံး) ကျောင်းသားသူငယ်ဘ၀ အရွယ်နှင့် လူလားမြောက်ပြီး ရင့်ကျက်လာသော လူရည်မွန် (အက်ဆေး) တို့ ကွာခြားသကဲ့သို့ မှတ်ယူမိပေ၏ ။
စာစီစာကုံး၏ နယ်သည် ရေအိုင်ကွက်ငယ်မျှသာဖြစ်၍ ရသစာတမ်း၏ နယ်သည် တသွင်သွင် စီးဆင်းနေသော စမ်းချောင်းပမာဖြစ်သည်ဟု မှန်းဆကြည့်မိ၏ ။
အက်ဆေး၏ သဘာဝကို မြန်မာမှု အသွင်ဖြင့် အစမ်းစာ၊ စာမွန်၊ ရသ စာတမ်း ၊ စာတမ်းငယ် ရသစာတမ်း စသဖြင့် တသွင်သွင်စီးဆင်း နေခဲ့ပေသည်။ နသတ်တန်း၊ မသတ်တန်း၊ နှစ်မျိုးစလုံးပင် အသုံးပြုခဲ့ကြပေါ၏ ။ ဆရာဇော်ဂျီကား နသတ်တန်းကို ယူခဲ့သည်။
“အရေးကြီးဆုံးဟု ယူဆသော အချက်သည် ဤစာစောင်၌ ပါသော စာတမ်းအရေးအသားမျိုး ၏ အသောဖြစ်သည်။ ထိုသဘောတွင်လည်း အရေးကြီးဟု ယူဆသော အချက်သည် ရသဖြစ်သည်။ ” ဟု စာလုံးပေါင်း ကိစ္စတွင်သာ ထွေပြားမနေစေဘဲ ရသစာတမ်း၏ အရင်းခ့ အကျဆုံးအချက်ကို ဆရာဇော်ဂျီ ထောက်ပြခဲ့သည်။ ကံ့ကော်မြိုင်စာတမ်းတွင် စာတမ်းဆရာ (၁၀) ဦး၏ ရသစာတမ်း (၂၆) ပုဒ် ပါဝင်၏ ။ ထိုစာအုပ်တွင် ဆရာဇော်ဂျီ၏
- နွေဦးကျက်သရေ
- ကဗျာဝိုင်းစာဝိုင်းနှင့် ကျွန်တော်
- ပုဂံ မြို့ဟောင်းနှင့် ကျွန်တော်ဟူသော ရသစာတမ်း (၃) ပုဒ်ကို တွေ့ရ၏ ။
ဆရာဇော်ဂျီ၏ ထိုရသစာတန်းတို့ကို ဖတ်ရသည်မှာ အေးဆေးကြည်သာရှိလှပါသည်။
တစိမ့်စိမ့်နားဝင်ချိုသော ကျေးလက်က ပုလွေသံလေးကို နားဆင်နေရသကဲ့သို့ ပင် ဖြစ်၏ ။
“နွေဦကျက်သေရ” ကို ကြည်နူးစရာနွေ၏ အဦးသဘာဝဖြင့် စဖွင့်ပြသည်။ စဖွင့်ရာတွင် သ၀ဘာဝအတိုင်း ခင်းပြခြင်းမဟုတ်ဘဲ ရွက်သစ်ရွက်နုများ ၊ နွေဦးပေါက်ထွက်လာပုံကို …..
“ကျွန်တော်တို့ အိမ်အနီးရှိ ငုစပ်ပင်၌ အစီအရီထွက်လာကြသည်” ဟု ရေးပြသဖြင့် တိတိပပလည်း ရှိ၊ တရင်းတနှီးလည်း ရှိရပေသည်။ စိတ်လည်း ရွှင်လန်းစရာ ဖြစ်သည်။ ထိုမှ တစ်ဆင့် ငုစပ်ပင်အောက်က ရေချမ်းစင်ကလေး။ စိတ်သစ်တွင် စေတနာပေါင်စပ်ပုံ မြန်မာ ဓလေ့ကို ထင်းခနဲ မီးမောင်းထိုးပြ သလိုက်သကဲ့သို့ ခံစားရ၏ ။ ထိုမှ တစ်ဆင့် နွေရာသီ ကျောင်းသားတစ်စုတို့ အထက်အညာသို့ ခရီးထွက်ပုံ၊ မီးရထားဘူတာ တစ်ခုအရောက်တွင် မိန်းမပျိုတစ်စုတို့ ရေအိုးကိုယ်စီနှင့် ရေအလှူလုပ်ကြပုံ၊ သူတို့သဘာဝမှာ ရိုးရိုးနှင့် ရေငတ်သူကို ရေမရလိုက်မှာ စိုး၍ အပြေးအလွှားကမ်းနေပုံ အမူအရာကို တွေ့ရသည်။ ရွက်ကြမ်းရေချို မိန်းမပျို တစ်စု အမူအရာနှင့် ရှပ်ဖြူ၊ ဆီမွေး၊ ပိုးလုံချည်ဝတ် စာရေးသူတို့တစ်စု၏ အနေအထားကို ယှဉ်ပြကာ ယဉ်ကျေးမှု ဟူသည် အဘယ်နည်း ဟု ဆန်းစစ်ပြထားသည်မှာ ဖတ်သူတို့ သတိဖြစ်တည်စေ၏ ။ ဆင်ခြင်တုံတရား ပွားစေ၏ ။
ရေဝေးမိဆင်းရဲ တစ်စုနှင့် နွယ်လျက် ကျေးလက်ထနောင်းပင် ခွကောင်းကောင်းတွင် တွေ့ရသည့် ရေချမ်းအိုးလေးမှာ မိန်းမလှဒန်းစီးနေဟန်၊ အမိသည် ခါးစောင်းတွင် သားငယ်ကို ခါးထစ်ခွင်ဟန်တို့ကို ဓလေ့နှင့် အမူအရာ၊ စေတနာနှင့် ရုပ်လွှာတစ်ထပ်တည်းရှိပုံတို့မှာ သရုပ်ပေါ်လှပါ၏ ။ အသက်လည်း ၀င်လုပေသည်။ ဆင်ခြင်တုံစိတ်ကူးနှင့် လောကအမူအရာ ဆက်စပ်ပေးသကဲ့သို့ ရှိပါ၏ ။
ထိုမှ တစ်ဆင့် ကျေးလက်၏ နွားလွှတ်ပွဲအလှူ၊ အိုးစည်ဝိုင်း၊ အက၊ ဤသို့လျှင် မေတ္တာ၊ ဂရုဏာ၊ ၀မ်းမြောက်ဖွယ် အမူအရာတို့ကို ဖော်ပြပြီး မြန်မာပီပါပေသည်ဟုဆိုကာ လူထုအတွက်၊ လူထုက ပြုနိုင်သော လူထုယဉ်ကျေးမှု တစ်ရပ်ကို နွေဦးကျက်သရေအဖြစ် ဖော်လှစ်ပြလိုက်ပေ၏ ။
ဤသို့ တစ်ရစ်ချင်း စိတ်ဝင်စားဖွယ် ချိတ်ဆက်သွယ်ယူသွားကာ သဘာဝအမူအရာ၊ လူအမူအရာ၊ လောကသဘာဝ၊ ယဉ်ကျေးမှု သဘာဝတို့အထိ ဖတ်သူရင်တွင်း စိတ်ဓာတ်မြင့်မား ကြံ့ခိုင်မှု အတွေးရစေရန် စွမ်းဆောင်နိုင်သော ရေးဟန်သည် ဆရာဇော်ဂျီ ရသစာတမ်းရေးဟန်အဖြစ် မှတ်ယူမိပါ၏ ။
“ကဗျာဝိုင်း စာဝိုင်းနှင့်ကျွန်တော်” ရသစာတမ်းတွင်လည်း လက်ဖက်ရည်ဝိုင်းဖြင့် သဘာဝ၊ ကြည်နူးဖွယ်၊ စိတ်ဝင်စားဖွယ်၊ ဥာဏ်ရွှင်ဖွယ်၊ စာပေ၀ိုင်းတို့ သဘောသရုပ်ကို ဖော်ပြထားပေသည်။ မစ္စတာ မောင်မှိုင်း၏ မှာ တော်ပုံ ၀တ္ထုပါ စကားဝိုင်းနှင့် ဆက်စပ်ကာ စာဝိုင်းတွင် လွတ်လွတ်လပ်လပ်ရှိပုံ၊ စာအကြောင်း သက်သက်သာမက စားဝတ်နေရေးနှင့်စပ်သော ဘ၀အကြောင်း၊ စီးပွားရေး၊ လူမှု ရေး ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်စွာ ပြောဆိုကြပုံတို့ကို တင်ပြထားပါ၏ ။ ဘုပြောသူပါသကဲ့သို့ အချက်ကျကျချေပသူ၊ ရယ်မောခွင့်လွှတ်သူ၊ အငြင်းသန်သူ၊ အမှန်ကို ရှာဖွေသူ၊ စူးစမ်းသူ …. စသည်ဖြင့် ရင်ဖွင့်သူ အမျိုးစုံတွေ့ရပေ၏ ။ စာပေ၏ အနှစ်သာရသည် မြုပ်ရာမှပေါ်လာ၏ ။ ဤသို့ ဖြင့် လက်ဖက်ရည်ဝိုင်း သည် ဘ၀ပီတိရှာနည်း တစ်မျိုးဖြစ်ကြောင်း တင်ပြထားသည်။ ထိုကဗျာဝိုင်း စာဝိုင်း၏ သဘောသည် လူသားအချင်းချင်း လောက၊ ဒေါသ၊ မောဟ လွှမ်းမိုးသူတို့၏ အမူအရာတို့ကို သရော်နေသကဲ့ သို့ ရှိလှပေ၏ ။
“ပုဂံမြို့ဟောင်းနှင့် ကျွန်တော်” ရသစာတမ်းတွင် ရွှေတိဂုံတည်ခေတ်နှင့် ရွှေစည်းခုံ၊ အာနန္ဒာတည်ခေတ်တို့ကို ရှင်းပြဖွင့်ဆိုကာ ပန်းရံပျံတို့၏ လက်ရာတို့သည် ခေတ်သဘော၊ ကောင်းမှု ရှင်မင်းတို့သဘော၊ တိုင်းသူပြည်သားတို့ သဘောကို မလွန်ဆန်နိုင်ကြောင်း တင်ပြထားသည်။
ရွှေစည်းခုံစေတီ၏ ပုံတော်ကြံ့ခိုင်ဟန်၊ တက်ကြွဖွယ်ဖြစ်ပုံ၊ ရွှေတိဂုံစေတီ၏ ပြေပြစ်နွဲ့နှောင်းဟန် စိတ်ချမ်းမြေ့ဖွယ်ဖြစ်ပုံ၊ ထိုခေတ်ကာလ ပြည်သူပြည်သားတို့ စိတ်ထားကိုထင်လာ မြင်လာပုံတို့ကို နှိုင်းယဉ်ပြထားပေ၏ ။ ဗိသုကာသဘောကို ခေတ်နောက်ခံသဘောနှင့် ယှဉ်ကြည့်ကာ ထိုခေတ်ကာလ၏ တိုင်းပြည်အနေအထား လူတို့၏ စိတ်နေစိတ်ထား အခြေအနေတို့ကို ဖော်ပြထားပုံမှာ ဆင်ခြင်တုံတရားကို ပီတိဖြင့် အရင်းတည်ကာ အသိပွားစေပါသည်။
“ဇော်ဂျီက စာဖတ်သူ နားဝင်အောင် အေးဆေးသာကြည် ပြောပြတတ်ပါသည်။ သဒ္ဓါစိတ်၊ ကြည်ညိုစိတ်၊ ဘုရားရှင် ရှေ့တွင် မာန်လျော့စိတ်တို့သည် ပုဂံသားတို့မှ တစ်ဆင့် စာဖတ်သူ၏ နှလုံးသားသို့ စိမ့်ဝင်လာသည့် အာနိသင်ကို ပေးစွမ်းပါသည်” ဟု ဆရာကျော်အောင်၏ စာတမ်းငယ် စာပေစာတမ်းတွင် ဖော်ပြထားပေသည်။
ဆရာဇော်ဂျီ၏ ရသစာတမ်း လမ်းခင်းလာပုံကို အနုသန္ဓေတည်ဦးဆောင်းပါးမှ စာတမ်းအကူး ရသစာတမ်း သဘောတို့ထိ ခြေရာကောက်ယူကြည့်မိပါသည်။ မြန်မာစာပေတွင် ရသစာတမ်းဟူသည့် စာပေပုံသဏ္ဌာန်တစ်ရပ်ထင်ရှားလာရန် အားကောင်းလာရန် ဆရာဇော်ဂျီက လမ်းခင်းပေးရုံသာမက ကိုယ်တိုင်ရေးသားကာ တပည့်တပန်းများ ၊ ရေးဖော်များ ကို နှိုးဖော်ကာ ကျေးဇူးပြုခဲ့သည်။ ထိုရလဒ်အဖြစ် “ကံ့ကော်မြိုင်စာတမ်း” သည် ထင်ရှားသော သာဓကတစ်ရပ် ဖြစ်ပါ၏ ။
ဆရာဇော်ဂျီသည် ရသစာတမ်းအပါအ၀င် ဆောင်းပါးပုဒ်ရေပေါင်း (၃၀၀) ကျော် ရေးသားခဲ့သည်ဟု ဆရာမြင့်ကြိုင် (အမျိုးသားစာကြည့်တိုက်)၏ လေ့လာချက်တွင် တွေ့ရပါ၏ ။ သူနှင့် ရွှေစာပေတိုက်၏ ကြိုးပမ်းချက်ဖြင့် “ဇော်ဂျီ၏ နွေဦးကျက်သရေနှင့် ကျွန်တော်” ရသ စာတမ်းငယ်များ လုံချင်း စာအုပ်ထွက်ရှိခဲ့ပါသည်။
ထိုစာအုပ်တွင် ကဗျာဝိုင်းစာဝိုင်းနှင့် ကျွန်တော်၊ စာအုပ်စင်နှင့် ကျွန်တော်၊ ဆေးရုံနှင့် ကျွန်တော်၊ နွေဦးကျက်သရေ၊ ပုဂံမြို့ဟောင်းနှင့် ကျွန်တော်၊ ပြည်ထောင်စုနှင့် ကျွန်တော်၊ ရွှေပြည်စိုးနှင့် ကျွန်တော်၊ သူတို့ညီနောင်နှင့် ကျွန်တော်၊ အမျိုးသားအောင်ပွဲနေ့နှင့် ကျွန်တော်၊ ပြောက်ကျားစာရေးဆရာ၊ စာရေးဆရာနှင့် စာရေးစရာ စသော ရသစာတမ်း (၁၁) ပုဒ် တွေ့ရပါသည်။
ဆရာဇောဂျီ၏ စာပေါင်းချုပ်များ တွင် ကောက်ရိုးသင်္ခါရ၊ နတ်ရှင်နောင်၏ အပြုံး၊ ရှိတ်စပီးယား၏ ဇာတိဌာန၊ လန်ဒန်မြို့ရှိ ရုပ်တုများ စသော ရသစာတမ်းများ ဖော်ပြချက်ကို တွေ့ရှိရပါသည်။ ရှာဖွေလျှင် ဆရာဇော်ဂျီ၏ ရသစာတမ်းများ ဖော်ထုတ်နိုင်ပါလိမ့်ဦးမည်။ နောက်ထပ် ဆရာဇော်ဂျီရသစာတမ်း၊ စာတစ်အုပ်ဖြစ်လာအောင် ကြိုးပမ်းကြပါဦးဟု မေတ္တာရပ်ခံလိုက်ရပါ၏ ။ ကျွန်တော့်ခြေရာကောင်တွင် လိုအပ်ချက်များ ရှိမည်မှာ သေချာပါ၏ ။ ပညာရှင်များ ဖြည့်ပေးကြရန် ပန်ကြားအပ်ပါသည်။
[ဖေဖော်ဝါရီ ၂၀၀၅၊ ရတီမဂ္ဂဇင်း ]
![]() တက္ကသိုလ် နန္ဒမိတ် ဘ၀နှင့်စာပေ အထ္ထုပတ္တိ | ![]() ကာလီဒါသ လျှောက်ထုံးပုံပြင်များ | ![]() ဂိတ်တံခါး |