
ဆရာနန္ဒမိတ်နှင့် မောင်မိုးသူ

ရိုးဖြောင့်သူ
* တက္ကသိုလ်နန္ဒမိတ်
ဂုဏ်ဟိတ်နဲ့ပေါ်ထင်။
* စာပေကို ရင်မှာ နှစ်
ချစ်ခဲ့သူပင်။
* ယုံကြည်ချက်စခန်းတွင်
စုံလင်အောင်းသူရေး….။
* ရိုးဖြောင့်တဲ့ သူ့ဂုဏ်အင်ကြောင့်
ချစ်ခင်သူစာသမား
များ ခဲ့တယ်လေး….။ ။
ငွေသဇင်
၁၂-၁၂-၂၀၀၅
ဆရာန္ဒမိတ်က ၁၉၂၂-ခုနှစ်မှာ မွေးဖွားပြီး မောင်မိုးသူက ၁၉၃၇- ခုနှစ်မှာ မွေးတော့ ဆရာ က မောင်မိုးသူထက် အသက် (၁၅) နှစ် ကြီးပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ….။ ဆရာနန္ဒ မိတ်နှင့် မောင်မိုးသူတို့ဟာ စာပေနယ်မှာ အတူရောက်ခဲ့ကြသူများ ဖြစ်ပြီး အရက်လည်း အတူတူ သောက်ဖူး၊ ဆရာ က, တာ ခုန်တာကို လပ်ခုပ်လက်ဝါးတီးပြီး ပေတရာမှာ အတူ လျှောက်ခဲ့ ကြသူများ ဖြစ်လေတာ့ အဲ… ဆရာမြ (ဆရာမြသန်းတင့်) စကားနှင့် ပြောရရင် အရက် တစ်ဝိုင်း တည်း အတူသောက်ဖူးကြသူများ ဟာ ရင်းနှီးလွယ်တယ် ဆိုတဲ့အတိုင်း ရင်းနှီးကြ ပါတယ်။
မောင်မိုးသူဟာ အသက် ၁၆-နှစ်၊ ၁၇ နှစ်ကပဲ စာရေးတဲ့သူ (စာဆိုတာ ကဗျာစရေးတာ ပြောတာနော်) ဖြစ်ပြီး စာပေအသိုင်းအ၀န်းထဲကို တော်တော်ငယ်ငယ်ကပဲ ၀ိုင်းတွေမှာ လိုက်ထိုင်၊ သူတို့နှင့် ကသောကမျော နေခဲ့မိသူဖြစ်ပါတယ်။ ဆရာမိုးဝေတို့၊ ဆရာအောင်လင်းတို့နှင့်လည်း အတူသောက်ဖူးပါ့။ ဆရာဆွေ (သောတာဆွေ) နှင့်လည်း အတူသောက်ဖူးကြောက်ဖူးပါရဲ့ ။
ဆရာဆွေက မူးရင် ကြောက်စရာကောင်းသလို မူးရင် စကားသိပ်မပြောတဲ့ ဆရာအောင် လင်း၊ မူးရင်လည်း စာကို မပြတ်ရေးနိုင်တဲ့ ဆရာမိုးဝေးနှင့် အတူနွှဲဖူးသလို ဆရာနန္ဒမိတ်နှင့် အတူ လည်း ပျော်ဖူး က, ဖူးပါတယ်ဆရာနန္ဒမိတ် မြ၀တီအယ်ဒီတာချုပ်လုပ်စဉ် အရက်ဘားထဲမှာ အတူသောက်ကြရင်း ၀တ္ထု အမည် ခေါင်းစဉ်ပေးပြီး ဆရာက ထုတ်ပေးတဲ့ စာမူခနှင့် အတူသောက်ခဲ့ကြတာလည်း မေ့နိုင်စရာ မရှိပါဘူး။
တကယ့်တကယ်က မောင်မိုးသူက စာရေးသမား မဟုတ်ပါဘူး။ စာဖတ်သမားပါ။ အထူးသ ဖြင့် အင်္ဂလိပ်ဝတ္ထုပေါင်းများ စွာ မနားမနေဖတ်ပြီး ဖတ်ပြီးတဲ့ စာအုပ်ကောင်းပေါင်းများ စွာ ကို စာရေး ဆရာကြီးတွေကို ပြောပြ၊ သူတို့က ရေးဖြစ်သွားတာလည်း ရှိပါတယ်။ ဥပမာ- ဆရာကျော်အောင်နဲ့ လည်း အတူသောက်ခဲ့ဖူးတာပဲခင်ဗျ။ မူးရင် ကတတ်တဲ့ စာရေးဆရာကြီးနှစ်ယောက်ပဲ။ မောင်မိုး သူ မှတ်မှတ်ရရ ရှိနေပါတယ်။ ဆရာကျော်အောင်နှင့် ဆရာနန္ဒမိတ်ပါ။ ကျန်တဲ့လူတွေကတော့ သူ တို့လို အဖြစ်မရှိကြဘဲ လက်ခုပ်လက်ဝါးတီးပေးကြရတာ များ ပါတယ်။
ဆရာကျော်အောင်က Vergil Soil ကို ဘာသာပြန်မယ်ဆိုတော့ မောင်မိုးသူက ကိုကျော် အောင် (မောင်မိုးသူတို့ ခေတ်တုန်းကတော့ ဆရာတွေကို ဆရာခေါ်ချင်ခေါ်၊ ကိုခေါ်ချင် ခေါ်ကြလေ့ရှိပါတယ်။) ခင်ဗျားဆီမှာ သူ့စာအုပ် ဘယ်နှစ်မျိုးရှိလဲဆိုတော့ နှစ်မျိုးရှိတယ် လို့ ပြောပါတယ်။ Four Square တိုက်က ရုရှားက အင်္ဂလိပ်လို ဘာသာပြန်တဲ့သူက တစ်ယောက် ဗျ။ ခင်ဗျားဆီမှာ မရှိရင် ကျွန်တော်ပေးပါ့မယ်ဆိုပြီး ဆရာကျော်အောင်ကို ပေးဖူးပါတယ်။ ဆရာ မြသန်းတင့်ကိုလည်း သူကိုကိုးကျွန်းက ပြန်လာအပြီး ဆရာဒဂုန်တာရာနှင့်အတူ အိမ်လိုက်လာ…. မောင်မိုးသူရဲ့ စာအုပ်စင်က သူ ဘ၀တက္ကသိုလ်မှာ ရှိစဉ် မောင်မိုးသူ ၀ယ်စုထားတဲ့ စာအုပ်တွေ မှတ်မှတ်ရရ (၁၅) အုပ်တိတိ ပေးလိုက်ပါတယ်။ ဆရာမြဆီမှာ ရှိတာက မောင်မိုးသူဆီမှာ ရှိတာထက် ပိုကောင်းနိုင်လို့ပါ။ မောင်မိုးသူတို့မှာ လုပ်တော့ Time မဂ္ဂဇင်းထဲက Essay တွေရွေး ပြီး ဆရာမြကို ဘာသာပြန်ဖို့ ပေးဖူးပါတယ်။ ဘ၀တက္ကသိုလ်နှင့် ဆရာမြသန်းတင့်တို့ ဆက်သွယ် ပေးခဲ့တာလည်း မောင်မိုးသူပါပဲ။
မောင်မိုးသူ ကိုနေ၀င်းရဲ့ ဘ၀တက္ကသိုလ်တိုက်မှာ အဓိကလုပ်တဲ့ အလုပ်က ဘာသာပြန် တာ မဟုတ်ဘူးခင်ဗျ။ နောက်ဆုံးပေါ် အရောင်းရဆုံး Bestsellers ဆိုတဲ့ စာအုပ်တွေကို ဒိုင်ခံဖတ် ခဲ့သူခင်ဗျ။ ဘယ်စာအုပ်ကတော့ ဘယ်ဆရာနှင့် တော်တယ်၊ ကောင်းတယ်ဆိုပြီး အဲဒီ ဆရာတွေ ဆီ စာအုပ်ပေးဖတ်၊ ဘာသာပြန်စေတာ ဖြစ်ပါတယ်။ လင်းယုန်မောင်မောင်ကို စာအုပ်များ ပေးဖူးသ လို၊ မောင်ပေါ်ထွန်း ဆိုရင်လည်း သူက မော်လမြိုင်မှာ နေတုန်းမို့ ကိုနေ၀င်းနှင့် အတူ တခုတ်တရ မော်လမြိုင်ဘက်လိုက်ပြီး သူ့ဘာသာပြန်ဖို့ စာအုပ်လိုက်ပေးဖူးပါရဲ့ ။ ‘ဟာရိုးရော်ဘင်’ ရဲ့ စာအုပ်ပါ။ ဟိုကျတော့ မောင်ပေါ်ထွန်း၊ ကိုနေ၀င်းတို့နှင့် အတူ ညနေလမ်းလျှောက် အရက်သောက်ပေါ့ခင်ဗျ။
အဲသည်လို အင်္ဂလိပ်စာအုပ်ကောင်းတွေကို ဘာသာပြန်လက်ကောင်းတဲ့ ဆရာတွေဆီကို အရောက်ပို့ပေးတတ်သူက မောင်မိုးသူ ဖြစ်ပါတယ်။ ကိုယ်တိုင်တော့ မလွှဲမရှောင်သာမှ ဘာသာပြန်လက်ကောင်းသူတွေ ပြန်ရင် ဘ၀တက္ကသိုလ်ကိုနေ၀င်းကလည်း ထုတ်ဝေဖို့ အဆင်သင့်ဆိုတော့ ကိုနေ၀င်းနှင့် မောင်မိုးသူတို့ အဆင်ကိုပြေလို့ပေါ့ ခင်ဗျာ……။
အဲဒီ လို အင်္ဂလိပ်စာအုပ်များ ပေးဖူးတဲ့အထဲမှာ ဆရာနန္ဒမိတ်လည်း ပါတယ် ခင်ဗျ။ မောင်မိုးသူတို့ ကိုနေ၀င်းတို့ရဲ့ ဘ၀တက္ကသိုလ်က ၃၇-လမ်းမှာ အဲဒီ ချိန်က ဆရာနန္ဒမိတ်က စစ်ပြန် မှာ အယ်ဒီတာလုပ်နေစဉ်က ဖြစ်ပါတယ်။ ‘မြန်မာပြည်စစ်မြေပြင်’ ကို ဘာသာပြန်ဖူးတဲ့ ဆရာနန္ဒမိတ်ကို စစ်ဝတ္ထုတစ်ပုဒ်ပဲလို့ မှတ်တာပါပဲ။ မောင်မိုးသူ စာအုပ်ယူပြီး ပန်းဆိုးတန်းက ဆရာနန္ဒမိတ်ရဲ့ စစ်ပြန်အယ်ဒီတာရုံးခန်းကို ရောက်ပါတယ်။ ပြီးတော့ ဆရာ့ကို အဲဒီ စာအုပ်ဘာသာ ပြန်ပေးဖို့ ပြောတာပေါ့။ ဒီတော့ ဆရာက “မိုးသူ ဒီဝတ္ထု ဖတ်ပြီးပြီလား၊ ကောင်းရဲ့ လား” ….တဲ့။ မောင်မိုးသူက ကောင်းတာပေါ့ ခင်ဗျာ၊ ဆရာ့လက်နှင့် အလိုက်ဖက်ဆုံးမို့ ယူလာတာပါ ဆိုတော့ “အေး- ငါပြန်လိုပြီးမှ နောက်ထပ်စာမျက်နှာ (၂၀) လောက်ဆုတ်ပြီး လာပို့…..”တဲ့။ စာအုပ်အထူကြီးကို ကြည့်ပြီး ငါကြောက်….သတဲ့။ စာမျက်နှာ (၂၀) လောက်တော့ အေးဆေးပဲတဲ့ ခင်ဗျ။ အဲဒီ လိုနဲ့ ဘာသာပြန်ဆရာလက်ထဲမှာ ထည့်လိုက်တဲ့ စာအုပ်ဟာ မူရင်းစာအုပ်အတိုင်း ပြန်မရပဲ ရွက်ဆုတ်များ နှင့် ပြန်ရတာ ဆရာနန္ဒမိတ်ပါပဲခင်ဗျ။
မောင်မိုးသူက ဆရာ့ကို အဲဒီ လို အကျိုးဆောင်ခဲ့လို့ ဆရာက အယ်ဒီတာလုပ်နေတဲ့ ‘စစ်ပြန်’မှာ မောင်မိုးသူ အခန်းဆက်တစ်ပုဒ် ၀င်ပြန်ကွာဆိုပြီး စာရေးပေးပါတယ်။ မောင်မိုးသူက ချက်ချင်းပဲ ‘စီအက်စ်ဖော်ရက်စတာ’ ရေးတဲ့ “ရှက်ပြီးသေသွားတဲ့သင်္ဘော” ဆိုပြီး စစ်ပြန်တွေမရှက် ပေမယ့် စစ်သင်္ဘောကြီး ရှက်ပြီး ရေနစ်မြုပ်သေသွားတဲ့ဝတ္ထုအကြောင်း ပြောပြပါတယ်။ ဒီတော့.. ..”အံမာ မင်းက ငါ အယ်ဒီတာလုပ်နေတာ မကြည့်ချင်လို့လား” ဆိုပြီး တဟားဟားနှင့် ရယ်မော နေပါတော့တယ်။
ဆရာနန္ဒမိတ်နှင့် မောင်မိုးသူတို့ အဲ့ဒီလို တရင်းတနှီး နေကြ၊ သောက်ကြ၊ ကကြ၊ ခုန်ကြ ပေမယ့် မောင်မိုးသူ အထက်တန်းကျောင်းသားဘ၀ အလွန်စွဲလမ်းခဲ့တဲ့ဝတ္ထုဟာ ဆရာနန္ဒမိတ်ရဲ့ “နန္ဒူာပုလဲ” ဖြစ်ပါတယ်။ အလွန်လှပပြီး အလွန်စွဲလမ်းစရာကောင်းတဲ့ဝတ္ထု ဖြစ်ပါတယ်။ မောင်မိုး သူက စစ ကျတော့ ဆရာမြ ပြောတဲ့ ဘ၀တက္ကသိုလ် စာအုပ်တိုက်ရဲ့ ပင်တိုင်စာဖတ်သူ မောင်မိုး သူလည်း ဘ၀တက္ကသိုလ်ထဲ ရောက် သွားပါတယ်။
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆရာနန္ဒမိတ် အမှတ်တရ “အမြွှာညီနောင်” စာအုပ်တိုက်ဖွင့် ပွဲစီးတီးစတားမှာ လုပ်တော့ ဘယ်သူက ဘယ်လိုချောက်တွန်းလိုက်သလဲ မသိပါဘူး၊ မောင်မိုးသူကို ဖိတ်ပါတယ်။
မောင်မိုးသူ အခမ်းအနားရောက်တော့ ထိပ်စားပွဲမှာ ဦးတင်အောင် (ဆရာနန္ဒမိတ်) ငုတ် တုတ်ထိုင်နေတာ တွေ့လို့ ထိတ်လန့်တကြား ဖြစ်သွားခဲ့ရပါတယ်။ နောက်မှ ဆရာရဲ့ အမြွှာညီအစ် ကိုလို့ သိရတာ ကိုး။ သြော်…ဒါ့ကြောင့် အမြွှာညီနောင်စာပေတိုက် ဖြစ်ရတာ ကိုးလို့ ဆိုပြီးသိရပါ တယ်။ အဲဒီ အခမ်းအနားမှာ မောင်မိုးသူကို စကားပြောခိုင်းလို့ ဆရာနှင့် ကြုံခဲ့ ဆုံခဲ့ရတာ တွေ ပြော မိခဲ့တယ်။
ဒီလိုနှင့် အချိန်ကာလတွေ တိုက်စားကုန်ဆုံး သွားပါတယ်။
တစ်နှစ်တော့ ဆရာ့အမှတ်တရပွဲ စာရေးဆရာ ၂၆-ဦးကို အမြွှာညီနောင်စာပေက ကန်တော့ငွေတစ်သိန်းနှင့် ၀တ်စုံတစ်စုံစီ ကန်တော့ပါတယ်။အဲဗျ….. မောင်မိုးသူလည်းပါလို့၊ ငွေတစ်သိန်းလည်း ရခဲ့၊ ၀တ်စုံတစ်စုံလည်း ရခဲ့ပါတယ်။ စာပေလောက စာရေးဆရာသမ္မဂ မျက်နှာစုံညီအစည်းအဝေးမှာ ကိုကြည်နိုင်က ဆရာနန္ဒ မိတ်အကြောင်း စာအုပ်ထုတ်မယ်၊ မောင်မိုးသူကို အမှာ ရေးခိုင်းပါတယ်။ ဆရာ့ကျေးဇူးတွေလည်း ရှိ၊ ဆရာ့မိသားစုကန်တော့တဲ့ ပိုက်ဆံနှင့် ၀တ်စုံလည်း ရခဲ့ဖူးတဲ့ဟာ ရေးရမှာ ပေါ့ဆိုပြီး အလွယ်တကူပဲ ကတိပေးလိုက်ပါတယ်။ ကိုကြည်နိုင်နှင့်လည်း ခွဲလိုက်ရော မောင်မိုးသူက မေ့ သွားပါတော့တယ်။ တစ်နေ့တော့ ကိုကြည်နိုင် ဘကြီးမိုး ရေးခိုင်းထားတဲ့အမှာ ဆိုတော့မှ “ဟိုက်…..ငါ မေ့နေလို့ပါကွာ၊ ဆရာ့အကြောင်း ရေးထားကြတဲ့ အမြွှာညီနောင်ကထုတ်တဲ့ စာအုပ်တစ်အုပ်လည်း ပို့ပေးလိုက်ပါ” လို့ ပြောမိပါတယ်၊ နေချင်းပဲ အမြွှာညီနောင်က ကလေးမ များ အိမ်တိုင်ရာရောက် “ကောင်းကင်နှင့်မြေကြီးကို တောင်းခံသူ” ဆိုတဲ့စာအုပ်လာပေးပါတယ်။အဲဒီ စာအုပ်ကို ဖတ်လိုက်တော့မှ ဆရာနန္ဒမိတ်အကြောင်း ရေးထားကြတဲ့ စာရေးဆရာကြီးငယ်များ ရဲ့ စာတွေကို ဖတ်ရပြန်ပါတယ်။ ဆရာမြတို့ ဆရာနတ်တို့လည်း ကွယ်လွန်သွားရှာပြီပဲ။
“ကောင်းကင်နှင့် မြေကြီးကို” ဆိုလို့ မောင်မိုးသူ ဖတ်ဖူးတဲ့ ရာဘင်ဒြာနတ်တဂိုးရဲ့ ကဗျာ တစ်ပုဒ်ကို သတိရမိပါတယ်။ Stray Birds ထဲက ထင်တာပါပဲ။
ကဗျာလေးက……..
“ပြာနှင့်မီးခိုး
ထိုနှစ်မျိုးက
မိုးနှင့်မြေကြီး
အသီးသီးအား
မီးနှင့် အမျိုးတော်ကြောင်း ပြောကြတယ်” တဲ့။
တစ်ချိန်တစ်ခါက မီးတောက်မီးလျှံတွေ ရှိခဲ့တာပေါ့။ အခုတော့ မီးတောက်မီးလျှံများ မရှိတော့ဘဲ မီးခိုးနှင့်ပြာပဲ ကျန်ရစ်ပါတော့တယ်။ အဲဒီ အချိန်မှာ ပြာက မြေကြီးကို၊ မီးခိုးက မိုးကိုတက်ပြီး သူတို့ဟာ မီးနှင့်အမျိုးတော်ကြောင်း ပြောကြသတဲ့။
မောင်မိုးသူလည်း တစ်ချိန်တစ်ခါသောကာလက ဆရာနန္ဒမိတ်နှင့် အမျိုးတော်ခဲ့ကြောင်းပါ။
မောင်မိုးသူ
ဇူလိုင် ၄-ရက်၊ ၂၀၁၃- ခု။
အမှာ စာ
“တက္ကသိုလ်နန္ဒမိတ်၏ ဘ၀နှင့်စာပေအတ္ထုပ္ပတ္တိ” ကို ကျွန်တော်သည် (၇-၅-၂၀၀၈) က လက်တွေ့စတင်ကွင်းဆင်း၍ ရေးသားရန် ကြိုးပမ်းခဲ့ပေသည်။
ကျွန်တော်သည် ဆရာနန္ဒမိတ်အား ဆရာ သက်ရှိထင်ရှားဘ၀ကတည်းက တွေ့ဆုံသိကျွမ်း ခဲ့ရ၏ ။ (၁၉၇၇-၇၈) ကာလပိုင်း ဆရာ စစ်ပြန်မဂ္ဂဇင်းတွင် အယ်ဒီတာလုပ်စဉ်ကာလပင်ဖြစ်ပါ သည်။ ဆရာနှင့် ရံဖန်ရံခါဆိုသလိုပင် စာပေရေးရာများ ဆွေးနွေးဖြစ်ခဲ့၏ ။ အထူးသဖြင့် နိုင်ငံတ ကာစာပေမှ ကမ္ဘာ့ ဂန္တ၀င်ဝတ္တုကြီးများ အကြောင်း ပြောဖြစ်သည်။ နောက်…..မြန်မာ့အနုစာပေ၊ ပျို့ ကဗျာ၊ လင်္ကာတို့အကြောင်း၊ အဒူမင်းညို၊ ဥက္ကာပျံတို့ ရတုကဗျာများ ၊ နောက်….ရခိုင်ဓလေ့ တေး ကဗျာများ ၊ ရွှင်မြူးဖွယ်ရာ စကားထာများ အကြောင်း ဆရာ့ဆီမှ ကြားရတတ်သည်။
တက္ကသိုလ်နန္ဒမိတ်သည် ကျွန်တော်တို့ရှေ့ တစ်ခေတ်စောကာ ပေါ်ပေါက်ခဲ့သည့် စာရေး ဆရာကြီးတစ်ဦး ဖြစ်ပါ၏ ။ ရှေ့မီနောက်မီပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ ဆရာသည် စာရေးခြင်း သက်သက်ဖြင့် မိသားစုဘ၀ကို ရပ်တည်ခဲ့၏ ။ သားသမီးများ ၏ ပညာရေးကို မြှင့်တင်ခဲ့၏ ။ စာရေး ဆရာတစ်ဦး၏ ဘ၀သည် စာရေးခြင်းသက်သက်ဖြင့် မရပ်တည်နိုင်သည့်အခါ အခါအားလျော်စွာ ကျောင်းဆရာဘ၀၊ အယ်ဒီတာဘ၀ ဖြတ်သန်းကာ ကျင်လည်ခဲ့ရသည်။
ဆရာ၏ အယ်ဒီတာဘ၀တွင် တိုးတက်ရေး၊ စုံထောက်၊ န၀ဒေး၊ ရုပ်ရှင်ပဒေသာ၊ ရောင်ခြည် ဂျာနယ်၊ မြ၀တီမဂ္ဂဇင်း၊ စစ်ပြန်မဂ္ဂဇင်း စသည်တို့တွင် အယ်ဒီတာ၊ မြ၀တီတွင် အယ်ဒီတာချုပ်အထိ ဖြတ်သန်းခဲ့၏ ။ မြ၀တီမဂ္ဂဇင်းတွင်အလုပ်လုပ်ရသောကာလများ သည် ဆရာနန္ဒမိတ်၏ စာပေဘ၀ အပျော်ဆုံးကာလများ ဟု ဆိုနိုင်ပါသည်။ အယ်ဒီတာတစ်ဦး အနေဖြင့် ကလောင်သစ်များ ကို လမ်း ညွှန်ကာ အားပေးသမှု ပြုသည့်အနေဖြင့် “စာရေးချင်သော သူများ သို့ ” ဟူသော စာပေရေးရာ စာတစ်အုပ် ရေးသားခဲ့ပေသည်။ ဆရာ့အယ်ဒီတာဘ၀တွင် စာပေနယ်၌ လေ၊ ရေ၊ ဆေး၊ လက်ဝှေ့…ဟူသော ထီးထီးမားမား ကလောင်များ မွေးထုတ်ပေးနိုင်ခဲ့သည်။ စာရေးဆရာဗိုလ်မြင့်၊ မောင်သော်က၊ မောင်သင်၊ ကျားဘညိမ်း….စသော စာရေးဆရာများ ဖြစ်ပါသည်။
ကျွန်တော်တို့ကား ဆရာနန္ဒမိတ်၏ ထိုရွှေကာလများ ကို မမီလိုက်ပါ။ ဆရာ၏ နောက်ပိုင်း ကာလများ တွင်သာ တွေ့ဆုံသိကျွမ်းရသည်။ “တက္ကသိုလ်နန္ဒမိတ် ဘ၀နှင့် စာပေအတ္ထုပ္ပတ္တိ” ပြုစု နိုင်ရန် ကာလ လရေကြည် တည်မိပုံကလေးကို အမြွက်မျှတင်ပြချင်ပါသည်။
၂၀၁၃-၂၀၁၄ ခုနှစ်များ တွင် ကိုတင့်ခိုင်၊ ကိုချစ်မုန်းတို့ ဦးဆောင်လျက် “တက္ကသိုလ် နန္ဒမိတ် အမှတ်တရ” စာအုပ် ထုတ်ဝေနိုင်ရန် စိုင်းပြင်းကြသည်။ သူတို့နှစ်ဦးသည် ဆရာနန္ဒမိတ်၏ လက်ရင်းတပည့်များ လည်း ဖြစ်သည်။
ထိုအမှတ်တရစာအုပ်အတွက် ကျွန်တော့်ဆီကလည်း စာမူတောင်း၏ ။ ထိုအခါတွင် ကျွန်တော်သည် ဆရာနန္ဒမိတ် ကွယ်လွန်စဉ်က ရေးဖြစ်ခဲ့သော “ယုံကြည်ချက်စခန်းသို့ မှတ်တိုင်လေးတစ်တိုင်” ဟူသော အက်ဆေးစာမူတစ်ပုဒ်ကို အဆင့်သင့် (၁၉၈၆ အနုပညာကြေးမုံမဂ္ဂဇင်းမှ) မိတ္တူကူးပေးလိုက်၏ ။ ထိုစာမူကိုလည်း သုံးပါမည်၊ အသစ်လည်း တစ်ပုဒ်လုပ်ပေးပါဟု ဆိုလှာပြန်၏ ။ ထိုအခါ “တက္ကသိုလ်နန္ဒမိတ် ဘ၀နှင့်စာပေ” ဟူ၍ ခေါင်းစဉ်ပေးကာ ကျွန်တော် ကြိုးပမ်းကြည့်၏ ။ ရသည့်အချိန်ကာလအတွင်း ဆရာနန္ဒမိတ်၏ စာအုပ်စာပေများ ရသမျှ လက်လှမ်းတမီ ရှာဖွေဖတ် ရှုဖြစ်ခဲ့သည်။ ထိုအခါတွင်မှ ဆရာ့ စာပေအုံသည် ထုထည်ကြီင်္းမားလှကြောင်း လက်တွေ့ သိလာ ရသည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် “တက္ကသိုလ်နန္ဒမိတ် စာစုစာရင်း” တောင်းကြည့် မိ၏ ။ ထိုစဉ်က တက္ကသိုလ် နန္ဒမိတ်စာစုစာရင်း မပြုစုရသေး။ (နောက်ပိုင်းကာလတွင်မှ မောင်ဇော်လွင်မိုးက (၂၀၀၅) တွင် လည်းကောင်း၊ မရတနာဖြိုးက (၂၀၀၆)တွင်လည်းကောင်း စာ စုစာရင်းနှစ်ဦး ဆက်လက် ပြုစု ဖြစ်ကြသည်၊ ) ထို့ကြောင့် ထိုစဉ်က စာစုစာရင်း မရှိဘဲ ရသမျှနှင့် စု ဆောင်းကြိုးပမ်းကြည့်ရင်း မူလချီထားသည့် “ဘ၀နှင့်စာပေ” ကိုမကိုင်နိုင်ဘဲ “တက္ကသိုလ် နန္ဒမိတ်ရဲ့ စာ ကျွန်တော် ထိ တွေ့သမျှ” ဟူသော ခေါင်းစဉ်ဖြင့်သာ အချိန်မီရေးသားလိုက်ရ၏ ။ ထိုစာမူသည် (၂၀၀၄)ခုနှစ်၊ ဧပြီလ၊ သင်္ကြန်အတက်နေ့တွင် ပြီးစီးခဲ့သည်။ ထိုစာမူသည် “တက္ကသိုလ်နန္ဒမိတ် ဘ၀နှင့်စာပေ အတ္ထုပ္ပတ္တိ” ရေးရန် ကာလလရေကြည်ဟု ဆိုနိုင်ပါသည်။
တက္ကသိုလ်နန္ဒမိတ် အမှတ်တရ ထုတ်ဝေဖြစ်သော “တက္ကသိုလ်နန္ဒမိတ် (သို့ မဟုတ်) ကောင်းကင်နှင့်မြေကြီးကိုတောင်းခံသူ” စာအုပ်သည် (၂၀၀၄)ခုနှစ်၊ အောက်တိုဘာလတွင် ထွက် ခဲ့ပေသည်။ ထိုစာအုပ်တွင် ဆရာမြသန်းတင့်၊ ဆရာမ င်းယုဝေတို့မှစ၍ အောင်သာမိုး၊ နေမိုးကျော် တို့အလယ်၊ ကိုချစ်မုန်း၊ မောင်စိုးနွေတို့အဆုံး မျိုးဆက်များ အထိ ပါဝင်ရေးသားကြသူ ကလောင်ရှင် (၂၉)ဦးတို့၏ လက်ရာများ ပါရှိ၏ ။ ထိုစာအုပ်သည် ကျွန်တော့်အတွက် များ စွာ အထောက်အကူပြုခဲ့ ၏ ။ ဆရာနန္ဒမိတ်၏ စာပေကွင်းဆက်၊ ဘ၀နေထိုင်မှု ကွင်းဆက်များ ကို ခြေရာကောက်နိုင်အောင် ထိုစာအုပ်က လမ်းစပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။
“တက္ကသိုလ်နန္ဒမိတ် ဘ၀နှင့်စာပေအတ္ထုပ္ပတ္တိ” တွင် တစ်ခုပြောစရာရှိသည်မှာ ဆရာနန္ဒ မိတ်၏ မွေးသက္ကရာဇ်နှင့် ပက်သက်ပေသည်။ အစဉ်တစိုက်ရေးသားခဲ့ကြသည်မှာ ၁၂၈၃-ခု၊ တပေါင်းလ (၁၉၂၂-ခု၊ မတ်လ ၈-ရက်၊ ကြာသပတေးနေ့) ဖြစ်သည်။ ဆရာနန္ဒမိတ်၏ အမြွှာညီနောင်သည် သက်ရှိထင်ရှား ရှိနေသေး၏ ။ သူ၏ ပြောပြချက်နှင့် သန်းခေါင်စာရင်းအရ (၁၉၂၃- မတ်လ(၈)ရက်၊ ကြာသပတေး၊ မြန်မာသက္ကရာဇ် (၁၂၈၄) ခု၊ တပေါင်းလပြည့်ကျော်(၇) ရက်၊ ကြာသပတေးနေ့) ဖြစ်သည်။ ဆရာနန္ဒမိတ် သက်ရှိထင်ရှားရှိစဉ်က ရေးခဲ့သော ဆရာမောင် ကျော်သာ၏ “တစေ့တစောင်း စာရေးဆရာတို့အကြောင်း” စာအုပ်တွင်လည်း (၁၂၈၄)ခု တပေါင်း လဟု မြန်မာသက္ကရာဇ်ကို ပြထားပေ၏ ။ ပညာ့အလင်းထုတ် နှစ်တစ်ရာပြက္ခဒိန်နှင့် တိုက် ဆိုင် ကြည့်ရာ ခုနှစ်၊ လ၊ ရက် အားလုံးကိုက်ပေ၏ ။ ခါတိုင်းဖော်ပြနေကျ ၁၉၂၂-ခု၊ မတ်လ (၈) ရက်၊ ကြာသပတေး…..ဟူသော ဖော်ပြချက်သည် နှစ်တရာပြက္ခဒိန်နှင့်မကိုက်၊ ဗုဒ္ဓဟူးနေ့ ဖြစ် နေသည်။ မြန်မာသက္ကရာဇ် အနေဖြင့်လည်း (၁၂၈၃-ခု၊ တပေါင်းလဆန်း (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ် နေသည်။ ထို့ကြောင့် ကျွန်တော်သည် ဆရာ တက္ကသိုလ်ဇော်မင်းနှင့် ဆရာမောင်ကျော်သာတို့၏ ဖော်ပြချက်ကို အမှန်အဖြစ် အတည်ပြုပါသည်။
“တက္ကသိုလ်နန္ဒမိတ် ဘ၀နှင့်စာပေအတ္ထုပ္ပတ္တိ” ရေးသားနိုင်ရန်အတွက် ကျွန်တော်သည် တတ်နိုင်သမျှ တွေ့ဆုံသင့်သူများ ကို သွားရောက်တွေ့ဆုံခဲ့၏ ။ အမှတ်တရဖော်ပြရလျှင် ဆရာနန္ဒမိတ်၏ အမြွှာညီဖြစ်သူ ဆရာတက္ကသိုလ်ဇော်မင်း မိသားစု၊ အမှာ စာ ရေးသားချီးမြှင့်သော ဆရာမောင်မိုးသူ၊ ဆရာနန္ဒမိတ်၏ ဇနီး ဒေါ်သန်းနု မိသားစု၊ ဗိုလ်မှုးသိန်းတင်၊ ကျွန်တော်လိုသမျှ စာအုပ်စာတမ်း ရှာဖွေ မိတ္တူကူးကာ လိုအပ်သမျှ အကူအညီပေးခဲ့သော ရန်ကုန်တက္ကသိုလ် စာ ကြည့်တိုက်မှုး ဒေါ်ခင်နှင်းဦး၊ ကျွန်တော် သံတွဲ ၊ ကုလေားပြင်၊ ဆတ်သွား ဒေသများ ကွင်းဆင်းစဉ် အစအဆုံးကူညီခဲ့သော ငပလီမြပြင်ရွာမှ ကျောင်းဆရာ ဦးထွေးတင်( မောင်မြထွေး- ပင်လယ်)+ မမြင့်မြင့်ရီ မိသားစုနှင့် တပည့်ကျော် ကျော်ကြီး ဂျိတ္တောကမ်းခြေ စာပေ၀ိုင်းမှ လူငယ်စာပေသမား များ ၊ လင်းသာမှ ဦးတင်ရွှေ (မောင်လင်းသာ) မိသားစု၊ သံတွဲ မြို့မ အလယ်တန်း ကျောင်းအုပ် ဆရာမ ကြီး ဦးမြင့်လွင်၊ ကုလားပြင်မှ ဦးထွန်းရွှေ၊ ဦးသန်းမောင်၊ ဆရာမ ဒေါ်အုန်းမေ၊ ဦးဘတင့် (နေမိုးကျော်) ……စသောပုဂ္ဂိုလ်များ ၊ ဆတ်သွားမှ ဦးသိန်းဝင်း မိသားစု၊ ဆရာ ဦးတင်နွယ်+ ဒေါ်ဌေးဌေးဝင်း မိသားစု၊ စာရေးကာ ကူညီသည့် ဦးချစ်ဟန် (အငြိမ်းစား စိုက် ပျိုးရေးဝန်ထမ်း၊ တောင်ကုတ်မြို့) ရန်ကုန်မှ ဦးသန်းနိုင် (စာရေးဆရာအောင်မော်) တက္ကသိုလ် နန္ဒမိတ်အမှတ် တရကျောက်စာတိုင် စိုက်ထူကာ ကြိုးပမ်းခဲ့ကြသည့် ဆရာတော် ဒွါရ၀တီ အရှင် ကုသလ (ငွေသဇင်)၊ ဆရာတော်ဂဝေသီ၊ ဆရာဦးခင်မောင်(သံတွဲ )…..စသောပုဂ္ဂိုလ်များ အား အထူး ကျေးဇူးဥပကာရတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။
အထူးသဖြင့် ကျွန်တော် ဤအတ္ထုပ္ပတ္တိ ပြုစုပြီးသည်အထိ (၅)နှစ်ကျော် ကာလတိုင်တိုင် စိတ်ရှည်လက်ရှည် စောင်းစား၍ စာအုပ်ထုတ်ဝေပေးသည့် အမြွှာညီနောင်စာပေတိုက် တည် ထောင်သူ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်း သတိတ ရ အမှာ စကားဆိုလိုက်ပါသည်။
ဤအတ္ထုပ္ပတ္တိအတွက် လိုအပ်ချက်များ ဆွေးနွေးစရာများ အား ဝေဖန်ထောက်ပြ အကူ အ ညီပေးကြပါရန် စာဖတ်ပရိသတ်များ အား ညွှတ်နူးစွာ ပန်ကြားအပ်ပါသည်။
အစဉ်လေးစားစွာ ဖြင့်…..
ကြည်နိုင်
၁၇-၄-၂၀၁၃
မြန်မာသက္ကရာဇ် ၁၃၇၅-ခု၊ တန်ခူးလဆန်း
(၇)ရက်၊ ဗုဒ္ဓဟူး။ (မြန်မာနှစ်ဆန်း (၁) ရက်နေ့)
အမှတ်(၄၇၉/၄၈)၊ မြေညီထပ်(ယာ)
မဟာဗန္ဓုလလမ်းမကြီး၊ ဗိုလ်ဆွန်ပက်လမ်းနှင့် လမ်း(၃၀)ကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉-၅၀၇၆၉၃၁
အပိုင်း(၁)
တက္ကသိုလ်နန္ဒမိတ်ဟူသည်
“သတ္တိအပေါင်းတို့၏ အခြေစိုက်ရာသည် ယုံကြည်ချက်ပင်ဖြစ်၏ ။ ယုံကြည်ချက် ဆိုသည်မှာ လည်း ပြည်သူလူထုအပေါ်တွင် ထားရှိရမည်ဖြစ်သော သစ္စာတရား ပင်ဖြစ် သည်။
ပြည်သူတို့၏ အကြားမှနေ၍ ဘ၀ကို ရိုးရိုးကလေးဖော်ထုတ်လိုက်သောအခါ ထိုဖော်ထုတ်ချက်များ သည် လူတိုင်း၏ နှလုံးသားကို လှုပ်ရှားနိုင်စွမ်းသည်သာ ဖြစ်လေ သည်။”၁
စာရေးဆရာကြီး တက္ကသိုလ်နန္ဒမိတ်သည် တစ်ခါက သူ၏ ဆောင်းပါးတစ်ပုဒ်တွင် သူ၏ စာပေယုံကြည်ချက်ကို ဤသို့ဖော်ထုတ်ခဲ့ဖူး၏ ။ “သင်ကြားပေးပါလေဦး ဆရာ၊ ၀တ္တုရေးစဉ်က ‘ယုံကြည်ချက်စခန်း’ဟူသောအသုံး ပါသွား၏ ။ ထိုအသုံးကိုနှစ်သက်သော နောက်ဝတ္တုများ တွင် ‘ယုံကြည်ချက်စခန်း’ဟု စာအုပ်အဆုံးတွင် ကမ္ပည်းထိုးကာ လက်မှတ်ရေးထိုးလေ့ရှိခဲ့သည်။ ‘ယုံကြည်ချက်စခန်း’၂ ဟူ၍ ဆောင်းပါးနှစ်ပုဒ်-သုံးပုဒ်ပင် ရေးဖူး၏ ။
တက္ကသိုလ်နန္ဒမိတ်သည် ကဗျာ၊ စာညွှန့်၊ ပြဇာတ်၊ ဆောင်းပါး၊ ၀တ္တုတို၊ ၀တ္တုရှည၊် လုံးချင်း၊ ပင်ကိုရေးရော ဘာသာပြန်ပါ လက်ရာစုံဆိုသလိုပင် ရေးသားခဲ့သည့် စာရေးဆရာကြီးလည်း ဖြစ်သည်။ ကလေးများ အတွက် ပုံဝတ္တုမကျန် သူရေးဖြစ်သည်။ အထူးသဖြင့် သူ၏ ပင်ကိုရေးစာကဗျာတို့တွင် အထက်ပါ သူ၏ စာပေယုံကြည်ချက်သည် ထင်ဟပ်နေပါ၏ ။
သူသည် မြန်မာစာပေဘဏ္ဍာတိုက်အတွင်းမှ ရတု၊ ရကန်၊ ပျို့၊ လင်္ကာ၊အဲ၊ အန်၊ ဧချင်း၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ အိုင်ချင်း….စသော ဂန္ထ၀င်ကဗျာအဖွဲ့များ တွင်လည်း ထဲထဲဝင်ဝင် လေ့လာကျွမ်းဝင်ခဲ့၏ ။ ဓလေ့တေးကဗျာ ၊ စကားထာ၊ စကားဝှက်ကလေးများ ကိုလည်း စာပေရတနာများ အဖြစ် မြတ်နိုးစွဲလမ်းခဲ့၏ ။ အထူးသဖြင့် ရခိုင်ဓလေ့ တေးကဗျာ တို့ကိုလည်းကောင်း၊ အဒူမင်းညို ဥက္ကာပျံ မဟာပညာကျော် စသော ရခိုင်စာဆိုတို့၏ လက် ရာများ ကိုလည်းကောင်း သူ့စာများ တွင် အလျဉ်းသင့်သလိုပေါ်လွင်နေသည်ကို တွေ့ရ၏ ။၃
မြန်မာဝတ္တုအညွှန်းဆရာ မလိခက “နန္ဒမိတ်သည် မြန်မာစာပေအရေးအသား နိုင် နင်းသူ ဖြစ်သည့်အလျောက် ‘နန္ဒပုလဲ’တွင် ပါဝင်သော ကဗျာများ သည် ချစ်ဖွယ်ကောင်း သည်။ သေသပ်ကျစ်လျစ်ခြင်းရှိလှသည်”၄ ဟု ဖွင့်ဟ တင်ပြဖူးပေသည်။
တက္ကသိုလ်နန္ဒမိတ်သည် မြန်မာစာပေ ကဗျာ၊ လင်္ကာတို့သာမက မြန်မာရာဇ၀င်၊ ကမ္ဘာ့ရာဇ၀င်ရေးရာများ ကိုလည်းကောင်း စိတ်ဝင်စားခဲ့၏ ။ သွေးသစ္စာတိုင်၊ ရွှေပြည်ကြီး၊ ပန်းဝါစစ်ကြောင်း၊ ဗန္ဓုလခံတပ်….စသော ရာဇ၀င်နောက်ခံဝတ္တုများ တွင် ပေါ်လွင်လှပါ၏ ။ ကမ္ဘာ့ရာဇ၀င်၊ မြန်မာ့ရာဇ၀င်မှ စံပြုအတုယူဖွယ်ပုဂ္ဂိုလ်များ အကြောင်းကို သူ၏ ‘ယုံကြည် ချက်အတွက် အသက်စွန့်သူများ ’ စာအုပ်တွင် တွေ့ရ၏ ။
သူသည် အယ်ဒီတာဘ၀များ သည် ဖြတ်သန်းခဲ့ပေရာ အယ်ဒီတာစားပွဲသို့ ရောက်ရှိ လာသော အနယ်နယ်မှ ကလောင်သစ်အများ ၏ လိုအပ်ချက်များ စွာ တို့ကို တွေ့ရှိခဲ့၏ ။ အချို့ပန်းရိုင်းကလေးများ သည် ရေလောင်းပေါင်းသင်ပေးလိုက်လျှင် ငွါးငွါးစွင့်စွင့် ပွင့်လန်းလာမည်၊ မွှေးရနံ့ကြိုင်လှိုင်လာမည်ကို သူသိမြင်၏ ။ ထို့ကြောင့် စာပေရေးရာ ၊ အတတ်ပညာရေးရာတို့ကို မြ၀တီမဂ္ဂဇင်းကြီးမှ လစဉ်လဆက်ဆိုသလို လမ်းညွှန်တင်ပြခဲ့ ၏ ။ ၅ နောင်တွင် ‘စာရေးချင်သောသူများ သို့ ’ ဟူသော စာပေကျမ်းစာတစ်စောင် ပေါ်ထွက် ခဲ့သည်။ စာပေလောကတွင် ‘လေ၊ ရေ၊ ဆေး၊ လက်ဝှေ့’ …..စသော ထင်ပေါ်သည့် ကလောင်ရှင်စာရေးဆရာကြီးများ ကို သူမွေးထုတ်နိုင်ခဲ့ကြောင်း ပြောစမှတ်ရှိ၏ ။ ၆
စာရေးဆရာ၊ အယ်ဒီတာ ဥယျဉ်မှူးတစ်ဦး၏ စာပေဖန်တီးမှု လက်ရာများ သာမက သူနှင့် ထိတွေ့ဆက်ဆံရသောကာလများ မှာ ဘ၀လှိုင်းတံပိုးတို့အား ရင်ဆိုင်ဖြတ်သန်းပုံတို့ ကိုလည်း ကြားသိခဲ့ရ၏ ။ ထိတွေ့ခဲ့ရ၏ ။
တက္ကသိုလ်နန္ဒမိတ်နှင့် ထိတွေ့ဆက်ဆံရသည့်အခါ ခင်မင်နှစ်လိုဖွယ်ကောင်းသော စိတ်သဘောထားရှိသည့် စာရေးဆရာတစ်ဦးအဖြစ် မြင်ရ၏ ။ “သူ့ပုံဟန်သည် အသားဖြူ ဖြူ၊ အရပ်ပျပ်ပျပ်၊ ကိုယ်လုံးပြည့်ပြည့်၊ ညိုကျဲသောဆံပင်တို့က နဖူးပေါ်တွင် ခွေလိပ် ကျလျက်။ ဆေးပြင်းလိပ်ခဲပြီး ပြုံးနေတတ်သည်။စကားများများ ပြောလေ့မရှိ။ သူများ စကား ပြောလျှင် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေတတ်သည်။အပေါင်းအသင်းများ နှင့် တွေ့၍ ၀ိုင်းကောင်းလျှင် အရက်ကလေး နည်းနည်းဝင်လာသည်နှင့် ပုဆိုးစွန်တောင်ဆွဲပြီး သူ့သီချင်းနှင့်သူ ကလေ့ရှိသည်။ လူငယ် လူကြီး အပေါင်းအသင်းဆံ့သူတစ်ဦး ဖြစ်ပေ သည်။ ”
စာရေးသူတစ်ဦး၏ စာပေလက်ရာတို့တွင် သူ၏ ဘ၀ဖြတ်သန်းမှု ၊ ဘ၀ကို ရင်ဆိုင် ရုန်းကန်မှု ၊ ဘ၀အသိအမြင်တို့ ရောယှက်ပါဝင်နေစမြဲဖြစ်သည်ဟု ကျွန်တော်ယူဆမိ၏ ။ လေးစားလောက်သည့် စာပေဂုဏ်ရှိသော စာရေးဆရာကြီးတစ်ဦး၏ ဘ၀နှင့်စာပေကို ချဉ်း ကပ်ကြည့်ခြင်းဖြင့် စာပေဂုဏ်ရည်၊ စာပေအသိ၊ ဘ၀အသိအမြင်တို့ တိုးပွားနိုင်သည်ဟု ကျွန်တော်ယုံကြည်မိ၏ ။
ထိုယုံကြည်ချက်ဖြင့် စာရေးဆရာကြီး ‘တက္ကသိုလ်နန္ဒမိတ်’၏ ဘ၀နှင့်စာပေကို ကျွန်တော်ချဉ်းကပ်တူးဖော်ပါအံ့။သူကွယ်လွန်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်မှ ချဉ်းကပ်ကြည့် ရသော ကျွန်တော်၏ ခြေရာကောက်တွင် လိုအပ်ချက်များ ရှိပါလိမ့်မည်။ စာချစ်၊ စာသုသီ တို့က မေတ္တာဖြင့် ဖြည့်စွက်ကာ လိုအပ်ချက်များ ကို ထောက်ပြရန် ပန်ကြားပါ၏ ။
ငယ်ဘ၀ ကျောင်းသားအရွယ်
“ဆရာတို့ညီအစ်ကို သံတွဲ ခရိုင်၊ တောင်ကုတ်မြို့မှာ မွေးခဲ့တာ။ ဆရာတို့ အဖေက ဦးမောင်မောင်ကြီးတဲ့။ တောင်ကုတ်မြို့ပိုင် ဆိုပါတော့။ မြို့ပိုင်ရုံးစာရေးကြီးကနေ အင်္ဂလိပ် ခေတ်မှာ မြို့ပိုင်ဖြစ်လာတာပဲ။ ဆရာတို့အမေက ဒေါ်ရွှေ….တဲ့။
ကုန်သည်မျိုးရိုးပဲဆိုပါ တော့။အမေရဲ့ မိဘ၊ ဆရာတို့ရဲ့ အဘိုးအဘွားများ ကတော့ တောင်ကုတ်မြို့က ကုန်သည် တွေပေါ့။ ဦးရွှေလန်းနဲ့ ဒေါ်ညိုတဲ့။ သူတို့က ကုန်စုံဆိုင်ဖွင့်ကြတယ်။ အမေတို့က ဗုဒ္ဓဘာ သာပေါ့။ ညီအစ်ကိုမောင်နှမ (၅) ယောက်ရှိကြတယ်။ ဦးဖိုးချစ်၊ ဦးဖိုးကြွယ်၊ ဒေါ်အေး၊ ဒေါ်ငွေ၊ ဒေါ်ရွှေ ဆိုပြီး (၅)ယောက်။ မေကတော့ အငယ်ဆုံးပေါ့။ ”
ဆရာတို့အဖေက အစ္စလာမ်ဘာသာဝင်၊ သူ့အဖေနဲ့ အမေက သံတွဲ မြို့က ကုန် သည်တွေပဲ။ဦးအိုးနဲ့ ဒေါ်ဝတဲ့။ ဆရာတို့ရဲ့ အဖေဘက်က အဘိုး အဘွားတွေပေါ့။ အဖေတို့ရဲ့ မိသားစုက ဦးမောင်မောင်ကြီး၊ ဒေါ်သိန်းမေ၊ ဒေါ်သိန်းညွှန့် ဆိုပြီး သုံးယောက်။ သံတွဲ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ကြတယ်။ အဖေက အကြီးဆုံးပဲ။ အဖေ နဲ့ အမေက နန္ဒမိတ် ကို ကိုကို…..လို့ခေါ်ကြတယ်။၇
ဆရာနန္ဒမိတ်၏ မိဘမျိုးရိုးဇာစ်မြစ်ကို ဆရာ၏ အမြွှာညီ “တက္ကသိုလ်ဇော်မင်း” က ပြောပြပါသည်။
ဦးမောင်မောင်ကြီးနှင့် ဒေါ်ရွှေ အကြောင်းပါသည့်အခါ သားသမီး (၃) ဦး ထွန်းကား ခဲ့သည်။ အကြီးဆုံးက မောင်တင်အောင် (တက္ကသိုလ်နန္ဒမိတ်)၊ အမြွှာညီက မောင်တင် မောင် (တက္ကသိုလ်ဇော်မင်း)၊ အငယ်ဆုံးညီမက မတင်တင် ဖြစ်သည်။ သူတို့ညီအစ်ကိုမှာ အမြွှာဖြစ်၍ မိဘများ က ‘ကိုကြီး၊ ကိုလေး’ ဟု လည်းကောင်း၊ အဒေါ်နှင့်အမေက ‘ကိုကို၊ ကိုလေး’ ဟုလည်းကောင်း ချစ်စနိုးခေါ်ခဲ့ကြသည်။ သူတို့ညီအစ် ကိုကို ၁၉၂၃ ခုနှစ်၊ မတ်လ (၈)ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ ထိုကာလက မြန်မာပြည်သည် ဗြိတိသျှ၏ ကိုလိုနီဘ၀ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကာလလည်းဖြစ် သည်။
ကိုကိုနှင့် ကိုငယ်တို့၏ အဘွားဖြစ်သူ ဒေါ်ညိုနှင့် ကြီးကြီးဖြစ်သူ ဒေါ်ငွေက ထိန်း ကျောင်းခဲ့ရသည်။ အဘွား၏ အိမ်မှာ လည်း နီးသဖြင့် သူတို့ညီအစ်ကိုမှာ အဘွားနှင့်သာ အနေများ ခဲ့ကြသည်။ ဖခင်ဦးမောင်မောင်ကြီးကလည်း သူ့ရုံးလုပ်ငန်းနှင့် မိခင်ဒေါ်ရွှေ ကလည်း အထည်ဆိုင်ဖွင့်ထားသဖြင့် ဈေးထွက်ရသည်။ ထို့ကြောင့် သူတို့ညီ အစ်ကိုမှာ အဘွားနှင့်သာ အနေများ ခဲ့ရခြင်းဖြစ်သည်။ အဘွား၊ ကြီးကြီးနှင့် အတူနေခွင့်ရ ခဲ့သည်မှာ လည်း မောင်တင်အောင်တို့အတွက်ါ ကံကောင်းသည်ဟု ဆိုရပါမည်။ ဒေါ်ရွှေ၏ အမေ ဒေါ်ညိုသည် ဘာသာရေး ကိုင်းရှိုင်း၍ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်၊ ဇိနတ္ထ ဗုဒ္ဓ၀င်၊ ဇာတ်ကြီးဆယ်ဘွဲ့…..စသည်တို့ကို လေ့ကျက်မိသည်။ ညအိပ်ရာဝင်တိုင်း မောင်တင်အောင်တို့ညီအစ်ကိုကို ပုံပြင်သဖွယ် ပြော ပြခဲ့၏ ။ ရခိုင်ဓလေ့ရိုးရာပုံပြင်များ ကျေးလက်ဓလေ့ တေးကဗျာများ ကို ငယ်စဉ်ကပင် မောင်တင်အောင်နှစ်ခြိုက်ခဲ့သည်မှာ အဘွားဒေါ်ညို၏ ကျေားဇူးဖြစ်ပေသည်။ တစ်ဖန် ဖခင်၏ ညီမ အပျိုကြီး နှစ်ယောက် ကလည်း အခွင့်သင့်တိုင်း မောင်တင်အောင်ကိုခေါ်ကာ သူတို့နှင့်အတူ သိပ်တတ်၏ ။ အီနောင်၊ ပွတ်စပါးဇာတ်၊ တစ်ထောင့်တစ်ညပုံပြင်များ ၊ ဣန္နာ ၀ုဓဇာတ်တော်များ ပြောပြ ခဲ့ကြသည်။ မောင်တင်အောင်မှာ ဒေါ်သိန်းမေ၊ ဒေါ်သိန်းညွှန့်တို့ နှင့် ပို၍ ပင် အနေနီးသည်ဟု ဆိုရမည်။
မောင်တင်အောင်၊ မောင်တင်မောင်တို့ ညီအစ်ကိုကို မိဘများ ကရော၊ နှစ်ဖက်မိဘ ၏ ဆွေမျိုး၊ အဘိုး၊ အဘွား၊ ကြီးကြီး၊ ဒေါ်လေးတို့ကရော အလွန်ချစ်ခင်ကြသည်။ သူတို့ညီ အစ်ကိုသည် လူကြီးများ လစ်လျှင် ‘ပြွန်’ ဟုခေါ်သော ချောင်းငယ်လေးများ ဘက်သို့ လည်း ကောင်း၊ တောင်ကုတ်ရှိ ဖောင်တော်ဦးစေတီဘက်သို့လည်းကောင်း ရွယ်တူသူငယ်ချင်း များ နှင့် သွားရောက်တတ်ကြ၏ ။ အထူးသဖြင့် အဖေ့ညီမ အပျိုကြီးနှစ်ဦးမှာ သူတို့ညီအစ် ကို မျက်စိအောက်က ပျောက်သွားလျှင် တကြော်ကြော်အော်ခေါ်ကာ ဒေါင်းတောက် အောင်ရှာတတ်ကြသည်။
မောင်တင်အောင်၊ မောင်တင်မောင်တို့ (၅) နှစ်အရွှယ် ရောက်ကြသည့်အခါ တောင်ကုတ်မြို့ တိုင်းရင်မြန်မာ အလယ်တန်းကျောင်းတွင် ကျောင်းအပ်ခဲ့ကြသည်။
“ကျောင်းအုပ်ကြီးက ဦးရွှေခိုင်တဲ့၊ အတန်းပိုင်ဆရာက ဦးအေးကျော်တဲ့။ သင်္ချာ သိပ်အသင်ကောင်းတာပေါ့။ ဆရာဦးဖိုးအေးက အင်္ဂလိပ်စာ သင်တယ်။ ဆရာတို့ အခြေခံ ကောင်းရခဲ့တာ ဒီဆရာတွေရဲ့ ကျေးဇူးကြောင့်ပဲ”
တက္ကသိုလ်နန္ဒမိတ်၏ အမြွှာညီဖြစ်သူ တက္ကသိုလ်ဇော်မင်းက မျက်လုံးလေးမှေးကာ သူတို့၏ ငယ်ဘ၀ကို သတိတရပြောပြပါသည်။
ဤသို့ ဖြင့် မောင်တင်အောင်တို့ညီအစ်ကို တောင်ကုတ်တွင် ကျောင်းတက်ခဲ့ကြရာ ညီအစ်ကိုနှစ်ဦးစလုံး စတုတ္တတန်းအောင်၍ ပဉ္စမတန်း တက်နေဆဲတွင် ကျောင်းပြောင်းရဖို့ ကြုံလာသည်။ ဖခင်ဦးမောင်မောင်ကြီးမှာ သံတွဲ ရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်။ သံတွဲ တွင် နှစ်ဖက်မိဘ၏ အမျိုးတို့လည်းရှိရာ သူတို့ကလည်း သံတွဲ သို့ မိသားစုပြောင်းလာ ခဲ့ကြရန် တိုက်တွန်းနေကြသည်။ တောင်ကုတ်နှင့် သံတွဲ သည် မိုင်(၄၀)ဝေး၏ ။ တောင်ကုတ်ကနေ သံတွဲ သို့ နေ့စဉ်သွား၍ ရုံးတက်ရန်မှာ စရိတ်စကနှင့် အချိန်ပေးရတာ နှင့် မည်သို့ မျှအစဉ်မပြေ။ မိုးတွင်းကာလဆိုလျှင် တောင်ကြောလမ်း အနိမ့်အမြင့်နှင့် တံတား ဖြတ်ရတာ နှင့် သွားချိန်ပြန်ချိန်ပင် အတော်ကြာ လိမ့်မည်။ ‘ပြွန်’ ဟုခေါ်သော ချောင်းငယ် ကလေးများ တွင် ခုတ်မောင်းနေသော မီးသဘောင်္ဖြင့် တောင်ကုတ်နှင့်သံတွဲ သို့ ကူးနိုင်ပါ၏ ။ သို့ သော် ရေကြောင်းလမ်းကား ကုန်းကြောင်းလမ်းကဲ့သို့ မဟုတ် ခရီးပိုဖင့်သည်။ သံတွဲ မှ သူဌေးရွာဖြတ်၍ တောင်ကုတ်သို့ ပေါက်သော ကုန်းလမ်းဟောင်းကြီးတစ်ခုကား ရှိပါ၏ ။၈သို့ သော် ကားလမ်းခရီးကလည်း ပုံမှန်ဟုမဆိုသာ။ အချိန်နှင့် ရုံးတက်ရမည့် ၀န်ထမ်းတစ်ဦး အဖို့ အဆင်မပြေနိုင်။
ဤသို့ သော အကြောင်းကြောင်းများ ကြောင့် မောင်တင်အောင်တို့မိသားစု သံတွဲ သို့ ပြောင်းခဲ့ကြရသည်။ တောင်ကုတ်ကအိမ်မှာ အိမ်ငှားဖြစ်သဖြင့် ပြန်အပ်ခဲ့ရုံသာဖြစ်၏ ။ ဘာ မျှကိစ္စမရှိ၊ ကိစ္စရှိသည်က မိခင်၏ အထည်ဆိုင် ဖြစ်သည်။ တောင်ကုတ်မှာ က ကိုယ့်အသိ၊ ကိုယ့်မိတ်နှင့် အသားကျပြီးသား။ သံတွဲ မှာ ဆိုလျှင် မိတ်သစ်နှင့် ဆက်ဆံရမည်။ ဆိုင်နေ ရာအတွက် လုံးပန်းရဦးမည်။
ဒေါ်ရွှေ အကြောင်းကြောင်းတွေတွေးပြီး စိတ်မောနေသည်ကို အစ်မဖြစ်သူ ဒေါ်ငွေလည်း တောင်ကုတ်ဈေးထဲတွင် အိုးခွက်ပန်းကန် စသည့် အိမ်သုံးပစ္စည်းများ ရောင်း သည်။ သံတွဲ ဈေးအထည်တန်းတွင် ဆိုင်တစ်နေရာ စီစဉ်ပေးမည်၊ ဒေါ်ငွေအတွက်လည်း မပူနှင့်ဟု ဖခင်၏ ညီမဖြစ်သူ ဒေါ်သိန်းညွန့်က အစစတာဝန်ယူသည်။ ဒေါ်သိန်းညွန့်က သံတွဲ ဈေးထဲတွင် ကုန်စုံဆိုင်ဖွင့်ထားသည်။ အစ်ကို့ဇနီး ယောက်မ အစ်မကို ဘာမှမစိုးရိမ်ဖို့ ၀ိုင်းအားပေးပြီး ပြောင်းသာပြောင်းလာဖို့ တိုက်တွန်းကြသည်။ အစောပိုင်းက ဒေါ်ရွှေ၏ ကြောင့်ကြစိတ်များ ပြေပျောက်ခဲ့ရ၏ ။ ဒေါ်ရွှေကိစ္စ စိတ်နှ လုံးတုံးတုံးချနိုင်သည့်အခါ အမြွှာညီနောင်၏ ဖခင် ဦးမောင်မောင်ကြီးသည် ကလေးများ ကျောင်းပြောင်းဖို့ကိစ္စကို စီမံရတော့သည်။ မောင်တင်အောင်၊ မောင်တင်မောင် အမြွှာညီ အစ်ကိုသာမက တတိယတန်းတက်စ ညီမဖြစ်သူ မတင်တင်ပါ ကျောင်းပြောင်းရတော့ သည်။ ထိုအခါတွင် မြေးသံယောဇဉ်ကြီးသည့် ဒေါ်ရွှေ၏ မိခင် ဒေါ်ညိုရော အစ်မဖြစ်သူ ဒေါ်ငွေပါ သံတွဲ သို့ ပြောင်းကြတော့သည်။ တစ်နွယ်ဝင် တစ်စင်ပါ ဆိုသကဲ့သို့ ပင်တည်း။ မောင်တင်အောင်တို့ ညီအစ်ကိုမောင်နှမ သံတွဲ မြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက် တန်းကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့်အခါ ဖခင်ဖြစ်သူ ဦးမောင်မောင်ကြီး၏ မျက် နှာကြောင့်ပင်လားမသိ၊ မောင်တင်အောင်တို့ ညီအစ်ကိုကို Special Class ခေါ်အထူးတန်း ၌ ထားပေးသည်။ အတန်းပိုင်ဆရာမ Lady Cristiam ၏ စာသင်ခန်းတွင် သင်ယူခဲ့ရသည်။ တစ်ခုစဉ်းစားရန်ရှိသည်မှာ ဖခင်မျက်နှာကြောင့်ချည်းလည်း မဟုတ်နိုင်၊ မောင်တင်အောင် တို့ညီအစ်ကိုကလည်း ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသကဲ့သို့ အခြေခံသင်ရိုးကို ကြေညက်ခဲ့သည်။ အထူးတန်းဆရာမ မေးသည်ကို မထစ်ငေါ့ဖြေနိုင်ခဲ့ကြသည်သာဖြစ် သည်။ မည်သို့ ဖြစ်စေ သူတို့ညီနောင် အထူးတန်းတွင် တက်ခွင့်ရခဲ့သည်။
မောင်တင်အောင်တို့ညီနောင်ကို အတန်းဖော်များ က ‘ဒွေးညီနောင်’ ဟု ခေါ်ဝေါ်ကြ သည်။ သူတို့ညီအစ်ကိုမှာ ရုပ်ချင်းတူရုံသာမက အလုံးအထည် အရပ်ပါ တူညီကြသည်။ အသားလတ်ပုံချင်းလည်း တူသည်။ ‘ဒွေးညီနောင်’ ဟုခေါ်သည်မှာ အကြောင်းရှိသည်။ အမြွှာညီနောင်ဖြစ်သည်ကတစ်ကြောင်း၊ နောက်တစ်ကြောင်းက မောင်တင်အောင်တို့ ညီ အစ်ကို သံတွဲ ကျောင်းသို့ ရောက်လာသည့်အချိန်တွင် အေ၀မ်းဖလင် ရုပ်ရှင်ကုမ္ပဏီက နာ မည်ကျော် စတန့်ရုပ်ရှင်မင်းသားများ ဖြစ်သော ‘ချစ်ရွှေ’ နှင့် ‘ကျော်အေး’ တို့ပါဝင်သရုပ် ဆောင်ကြသည့် ‘ဒွေးညီနောင်’ ရုပ်ရှင်ကားကို သံတွဲ မြို့ ‘သိန်းစီနီမာ’ ရုပ်ရှင်ရုံ၌ ရုံတင်ပြသ နေချိန်ဖြစ်သည်။ ထို့ကြောင့်ပင် မောင်တင်အောင်တို့ အမြွှာညီနောင်ကိ ‘ဒွေးညီနောင်’ ဟု ပြောင်ခေါ်ကြသည့်အခါ သူတို့ညီနောင်ကလည်း စိတ်မဆိုးနိုင်ဘဲ တပြုံးပြုံးနှင့် ဖြစ်နေကြ လေသည်။၉
ထိုအချိန်တွင် အင်္ဂလိပ်အစိုးရတို့ အုပ်ချုပ်နေသောကာလဖြစ်၍ ဂွ၊ တောင်ကုတ်၊ သံတွဲ မြို့နယ် (၃)မြို့နယ်ပေါင်းသည့် သံတွဲ ခရိုင်တွင် အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်း ကျောင်းတစ်ကျောင်းတည်းသာ သံတွဲ မြို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မောင်တင်အောင်၊ မောင်တင်မောင် ဒွေးညီနောင်မှာ တောင်ကုတ်မြို့ တိုင်းရင်းမြန် မာအလယ်တန်းကျောင်းမှ အခြေခံကောင်းခဲ့ကြသဖြင့် သံတွဲ အ-ထ-က တွင် အထူးတန်း၌ ကောင်းစွာ စာလိုက်နိုင်ကြသည်။ Special Class၌ (၁)နှစ်သာ သင်ယူပြီးနောက်ဆဋ္ဌမတန်း သို့ တက်ခွင့်ရခဲ့သည်။ ကျန်အတန်းသားများ မှာ ပဉ္စမတန်းသာ တက်ခွင့်ရခဲ့သည်။
မောင်တင်အောင်တို့၏ မိဘများ သည် ပညာကို အထူးလိုလားသူများ ဖြစ်၍ တောင် ကုတ်ကျောင်းတွင်နေစဉ်ကပင် ကျောင်းဆင်းပြီး ညအချိန်များ တွင် အလယ်တန်းပြဆရာ ဦးအောင်သိန်းကို အိမ်တွင် သင်္ချာဘာသာရပ်ကို အချိန်ပိုပြပေးခဲ့သည်။ ထိုအကြောင်း သည်လည်း သူတို့ညီအစ်ကို အခြေခံခိုင်နိုင်ရန် အထောက်အပံ့ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
“သံတွဲ မြို့ အထက်တန်းကျောင်းမှာ အလယ်တန်းအဆင့်သင်ရတုန်းက ဆရာဦးလှ အောင်၊ ဆရာငြိမ်း၊ ဆရာဦးထွန်းပေါ်၊ ဆရာဦးကျော်မြတို့ကို ဆရာ ကောင်းကောင်း မှတ်မိနေတယ်။ ဆရာတို့တုန်းက အခြေခံပန်းချီပညာလည်း သင်ရတော့ ပုံဆွဲပညာ နည်းပြဆရာ ဦးချစ်စံဦးကိုလည်း ဆရာကောင်းကောင်းမှတ်မိနေတယ်။
အဲ…အထက်တန်းဆင့် ရောက်တဲ့အခါမှာ တော့ ဆရာဦးဖေ၊ ဆရာဒတ်တား၊ ဆရာဦးကျော်ရင်တို့ရဲ့ သင်ပြမှု ကို ခံယူရတယ်။ အထက်တန်းမှာ တစ်ဦးတည်းသော ဆရာမ က ဒေါ်ခင်ခင်ရင်တဲ့။ ဆရာတို့ခေတ်က ဆရာများ ပြီး ကျောင်းဆရာမ နည်းတယ်။ ဒီခေတ်နဲ့တော့ ပြောင်းပြန်ပေါ့။ အဲ….နေဦးကွ၊ ကျောင်းအုပ် ဆရာကြီးက ဦးမြ အောင်… တဲ့။ နောက်ဆရာကြီးဦးမြအောင် ပြောင်းသွားတော့ ဆရာကြီး ဦးဘဦး ဆိုတာ ရောက်လာ တာပဲ။”၁၀
ဆရာတက္ကသိုလ်ဇော်မင်းက ကျွန်တော်မေးသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြပါ သည်။ ဆရာသည် ယခုအခါ အသက်(၈၆)နှစ်အရ့ယ် ရှိပေပြီ။ ဆရာနန္ဒမိတ်နှင့် အမြွှာဖြစ် ၍ ဆရာနန္ဒမိတ် ရှိလျှင်လည်း ဤအရွယ်ပဲဖြစ်ပေလိမ့်မည်။ ဆရာတက္ကသိုလ်ဇော် မင်း သည် ကျွန်တော်မေးမြန်းသဖြင့် သူတို့၏ ငယ်ဘ၀၊ ငယ်ဆရာများ ကို သတိတရ ပြန် ပြောပြ ပါသည်။ ထိုဒင်္ဂတွင် သူသည်လည်း ကျောင်းသားအရွယ် စိတ်ရောက်၍ နုပျိုနေပါလိမ့်မည်။ မျက်စိလေးမှေးကာ ငယ်ဘ၀ကို ပြန်စဉ်းစားကာ မသိမသာပြုံးပြီး ပြော နေဟန်ကို ကျွန်တော်တွေ့နေရ၏ ။
နောင်…..တက္ကသိုလ်နန္ဒမိတ် ဖြစ်လာမည့် မောင်တင်အောင်သည် အဋ္ဌမတန်းမှစ၍ မြန်မာစာကို အထူးလိုက်စားခဲ့သည်။ ပျို့၊ ကဗျာ၊ လင်္ကာများ ကို သူ အလွတ်ရွတ်ဆိုပြနိုင် ပေသည်။ ထိုစဉ်က အဋ္ဌမတန်းတွင် ဆရာကြီးဦးဖေမောင်တင်၏ “မြန်မာကဗျာ ကောက် နုတ်ချက်များ ” သင်ရသည်။ ထိုစာအုပ်ထဲမှ ရှင်မဟာရဋ္ဌသာရ၏ ‘ရူပကလျာဘွဲ့’ တောင့်တဲ တွန့် ပိုဒ်စုံရတုကို မောင်တင်အောင် အလွန်နှစ်သက်၍ အရလည်းကျက်မှတ်ခဲ့သည်။ အထူးသဖြင့် သူနှင့်တစ်တန်းတည်း ‘ရီ’ ဆိုသည့်မိန်းကလေးကို မောင်တင်အောင် စိတ်ဝင် စားခဲ့သည်။
‘ရီ’ နှင့်တွေ့လျှင်…..
“ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်
ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား….”
စသည်ဖြင့် သူရွတ်ပြတတ်သည်။ ထိုကဗျာလေးများ မှ စိတ်ကူးပျံ့လွင့်ကာ ‘ရီ’ ကို နှလုံးသားနုနုဖြင့် မောင်တင်အောင် ချစ်ကြိုက်မိခဲ့သည်။ သို့ သော် (၁၀)တန်းစာမေးပွဲဖြေ သောနေ့မှာ ‘ရီ’ က စွန့်ပစ်ခဲ့သည်။၁၁
မောင်တင်အောင်သည် နှလုံးသားတွင် ဒဏ်ရာရခဲ့သော်လည်း စာဖတ်ဝါသနာပါသူ များ ဖြစ်၍ သံတွဲ မြို့၊ မြူနီစပယ်လူကြီး ဦးအောင်ထွန်း၏ အိမ်သို့ သီတင်းတစ်ပတ်လျှင် တစ် ကြိမ် သတင်းစာ ဂျာနယ်များ ရောက်ရှိသည့်အခါတိုင်း သွားရောက်ဖတ်ရှုလေ့ရှိ၏ ။ ဦးအောင်ထွန်းသည် သတင်းစာကိုယ်စားလှယ်လည်းဖြစ်၏ ။ ထိုခေတ်က ရန်ကုန်မှ သံတွဲ သို့ လေယာဉ်ခရီးစဉ်သည် သီတင်းတစ်ပတ်လျှင် တစ်ကြိမ်သာရှိ၏ ။
မောင်တင်အောင်၊ မောင်တင်မောင်၊ သာထွန်းအောင် စသော ကျောင်းသားတစ်စု သည် စာပေ၀ါသနာပါသူများ ကို စုစည်းကာ မိမိတို့မုန့်ဖိုးများ ကို စုကြပြီး ‘လူငယ်လမ်းပြ’ စာ ဖတ်အသင်းအမည်ဖြင့် အိမ်တစ်အိမ်၌ စာကြည့်ခန်း ဖွင့်လှစ်ထားသည်။ မောင်တင်အောင် တို့၏ ၀ါသနာနှင့် လုပ်ရပ်များ ကို သူတို့ဆရာများ သိလာကြသည့်အခါ အားပေးလေသည်။ နောင်တွင် ထိုစာဖတ်သင်းကို အကြောင်းပြု၍ ဆရာများ က ကြီးမှူးကာ စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ကြသည်။
မောင်တင်အောင်တို့ညီအစ်ကိုသည် အားကစားဝါသနာပါသဖြင့် ကျောင်းဘောလုံး ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲများ တွင်လည်း ၀င်ရောက်ကစားခဲ့ကြသည်။ အောင်သန်းဦး၊ ဂိုးဘအေး (ရာဇ၀တ်အုပ် ဦးဖြူထီး၏ သား) တို့ကား သူတို့ညီနောင်နှင့် အတွဲ များ ဖြစ်သည်။ မြင့်သိန်း (သိန်းမိသားစု) ၊ ချစ်သိန်း၊ လှအောင်တို့နှင့်လည်း …..သွားအတူ၊ ကစားအတူပင် ဖြစ်သည်။
မောင်တင်အောင်တို့မွေးဖွားချိန်ကာလသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်နေသည့် ဒိုင် အာခီ အုပ်ချုပ်ရေးကာလဖြစ်ကြောင်း ဆိုခဲ့ပြီ။ ထိုအချိန်က မြန်မာပြည်သူလူထု၏ လိုလား ချက်မှာ ဒိုင်အာခီမဟုတ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး (ဟုမ္မရူး) ပင်ဖြစ်သည်။ အထူးသဖြင့် ‘တို့ ဗမာအစည်းအရုံးကြီး’ သည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် ဦးဆောင်လှုပ်ရှားနေပေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံး၏ နာယကကြီးဖြစ်၏ ။
“တစ်ပြည်သားနယ်ချဲ့အစွန်းရန်ကို
တကယ့်တကယ် တွန်းလှန်ဖို့အရေးကလည်း
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း….ထထကြွကြွနှင့် ၀ိုင်းကြပေတော့…..”
ဟူသော ဆရာကြီး၏ လေးချိုးကြီးကိုဖတ်လျက် မောင်တင်အောင်တို့တစ်တွေ စိတ် အားတက်ကြွနေကြသည်။
အကြောင်းဆက်၍ ဆိုရသော်လည်း ရန်ကုန်မြို့တွင် ‘တို့ဗမာအစည်းအရုံး’ ၏ ဦး ဆောင်မှု ဖြင့် သပိတ်မှော က်ကြ၏ ။ ထိုသပိတ်သည် သံတွဲ မြို့သို့ လည်း ပျံ့နှံ့လာပေသည်။ တစ်ဆက်တည်းပင် သံတွဲ မြို့တွင်လည်း သပိတ်စခန်း ဖွင့်လှစ်လိုက်ပြီဟု ကြားရ၏ ။ ထိုသတင်းကို အတန်းဖော် သာထွန်းအောင် လာပြော၍ ကြားရခြင်းဖြစ်သည်။ မောင်တင် အောင်တို့တစ်တွေ နေမထိထိုင်မထိဖြစ်ကြရ၏ ။ ဤသို့ ဖြင့် တစ်ရက်တွင် ဆရာများ အလစ် ချောင်းလျှက် သပိတ်စခန်းသို့ ချီတက်ခဲ့ကြ၏ ။ မောင်တင်မောင်က သိပ်မလိုက်ချင်၊ သို့ သော် အစ်ကိုဖြစ်သူ မောင်တင်အောင် ဆွဲခေါ်သဖြင့် ကန့်လန့်ကန့်လန့် ပါလာခဲ့ရသည်။
သာထွန်းအောင်က ထိုအဖြစ်ကို တွေ့ရသည့်အခါ “မင်းတို့ ဒွေးညီနောင်ကတော့ ဟုတ်ပေ့ကွာ” ဟုဆိုခဲ့သည်။ မောင်တင်အောင်က နိုင်ငံရေး စာပေဘက်တွင် ၀ါသနာထုံလှသည်။ မောင်တင်မောင်မှာ ပညာရေးကိုသာ အာရုံရှိသူဖြစ်၏ ။ စာပေ၀ါသနာ ပါပုံချင်းတော့ တူပါသည်။
မောင်တင်အောင်တို့တစ်တွေသည် သူတို့သွားနေကျ မြူနီစပယ်လူကြီး၊ သတင်းစာ ကိုယ်စားလှယ် ဦးအောင်ထွန်းအိမ်သို့ လည်း ရောက်ခဲ့ကြသည်။ ဦးအောင်ထွန်းဆီတွင် မြန် မာ့အလင်း၊ သူရိယသတင်းစာတို့ကို ဖတ်ရ၏ ။ ခါတစ်ရံတွင် ဒီးဒုတ်နေ့စဉ်နှင့် တိုးတက်ရေး သတင်းစာတို့ပါ တွေ့ရ၏ ။ စစ်တွေကထုတ်သည်ဆိုသော ‘ဒို့လက်ရုံး’ သတင်းစာကို တွေ့ ရသည့်အခါ သူတို့ အံ့သြနေသည်။
၁၉၃၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများ သပိတ်မှော က်ကြ၏ ။ ထိုနှစ် သည် မြန်မာနိုင်ငံရေးသမိုင်းတွင် လှုပ်ရှားမှု အတော်များ သောကာလဟု ဆိုရမည်။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်တပ်ကြီး ချီတက်လာပြီး ဆိုသည်သတင်းကို မောင်တင်အောင်တို့ ဖတ်ကြရသည်။ ရန်ကုန်နှင့် သံတွဲ တစ်ပတ်မှ တစ်ကြိမ်သာ လေယာဉ်ဖြင့် မောင်တင် အောင်တို့မှာ သတင်းစာကို နေ့စဉ်မဖတ်ကြရ။ တစ်ပတ်တစ်ကြိမ်စုကာ ဖတ်ကြရသည်။
၁၉၃၈၊ ဒီဇင်ဘာလထဲတွင် ရန်ကုန်မြို့၌ ပုံနှိပ်တိုက်ပေါင်းစုံ အစည်းအဝေးကြီး ကျင်းပကာ ဗြိတိသျှအစိုးရ၏ အပြုအမူကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သူ တို့ဖတ်ရ၏ ။ ရန်ကုန်သတင်းကိုတော့ သာထွန်းအောင်တို့၊ မောင်တင်အောင်တို့တစ်တွေမှာ အမြဲနားစွင့်နေကြသည်။
၁၉၃၈ခု၊ ဒီဇင်ဘာလထဲတွင် တက္ကသိုလ်အသင်းတိုက်၌ အစည်းအဝေးကျင်းပကာ တက္ကသိုလ်ကျောင်းကို သပိတ်မှော က်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဗ-က-သ ဥက္ကဋ္ဌ ကိုလှရွှေ၏ လက်မှတ်ဖြင့် ‘မြန်မာတစ်ပြည်လုံးရှိ သပိတ်မှော က်ကျောင်းသားများ ၏ တောင်းဆိုချက် များ နှင့် ဆုံးဖြတ်ချက်’ ကို ထုတ်ပြန်ကြောင်း ၁၀ မောင်တင်အောင်တို့ သိရ သည်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၏ သတင်းသည်လည်း နယ်ကျောင်း သားထု စိတ်ဝင်စားသော သတင်းတစ်ပုဒ်ဖြစ်သည်။
၁၉၃၈ ဒီဇင်ဘာ (၂၃) တွင် ရေနံမြေသပိတ်တပ်ကြီး ပေါင်းတည်မြို့သို့ ရောက်ရှိ လာပတဲ့။ ဒီဇင်ဘာ (၂၄) တွင် ကိုအောင်ကျော် ဆုံးပြီဆိုသည့်သတင်းကို သူတို့ကြားသိရ ပြီ။”နယ်ချဲ့ပုလိပ်တို့ရဲ့ လက်ချက်ဖြင့် ကိုအောင်ကျော် ဆုံးရသတဲ့” ကျောင်းသားအချင်း ချင်း ပြောမိကြသည်။ လက်သည်းဆိတ် လက်ထိပ်နာ ဆိုသကဲ့သို့ မောင်တင်အောင်တို့ ကျောင်းသားတစ်စုမှာ ရင်ထုမနာ ဖြစ်ကြရပြီ။
မောင်တင်အောင်တို့၏ ခြေလှမ်းကိုလည်း ဖခင်ဦးမောင်မောင်ကြီးက အမြဲစောင့် ကြည့်ခဲ့သည်။ သံတွဲ သပိတ်စခန်းသွားသည့်သတင်း ကြားစဉ်ကမူ သူတို့ညီအစ်ကိုကို ဖခင် က အတော်ဆူပစ်လိုက်သည်။ ပညာရေးကိုသာ အာရုံထားဖို့ တဖွဖွဆုံးမခဲ့၏ ။ ဖခင်က သူ တို့ညီအစ်ကိုကို ရိုက်မောင်းပုတ်မောင်းလုပ်လျှင်လည်း ဖခင်၏ ညီမ အပျိုကြီး အဒေါ်(၂) ယောက်နှင့် ဒေါ်ရွှေ၏ အမေ အဘွားဒေါ်ညိုက ကာဆီးကာဆီးလုပ်ကြသည်။
ဤသို့ ဖြင့် မောင်တင်အောင်သည် မိခင်၊ ဖခင်နှင့် အဒေါ်များ ၊ ဘွားအေ၏ အုပ်ထိန်းမှု အောက်တွင် ကျောင်းလည်းမှန်မှန်တက်ဖြစ်ပါ၏ ။ သို့ သော် ဤကြားထဲမှပင် မောင်တင်အောင်သည် သပိတ်စခန်းသွားစဉ်က သံတွဲ သပိတ်မှော က်ခေါင်းဆောင် ကိုသာ ညွှန့်နှင့် သိကျွမ်းခဲ့ရ၏ ။ ကိုသာညွှန့်မှာ အခြားသူမဟုတ်၊ သံတွဲ မြို့ အစိုးရအထက်တန်း ကျောင်းမှပင် ဖြစ်သည်။ တစ်ကျောင်းတည်းသား။ သို့ သော် ကိုသာညွှန့်က အတန်းကြီး သည်။ မောင်တင်အောင်တို့ ကျောင်းနေစဉ်က အတန်းကြီးသမားများ သည် အတန်းငယ်သူ တွေနှင့် သိပ်ရောရောနှောနှောမနေကြ။ ထို့ကြောင့် မရင်းနှီးခဲ့။ သပိတ်သတင်းပျံ့နှံ့ချိန်၊ နယ်ကျောင်းများ တွင် အတန်းကြီးသမားများ ကို ဆရာများ က သိပ်တင်းတင်းကျပ်ကျပ်ကြီး ကိုင်၍ မဖြစ်။ အငယ်တန်းသားများ ကိုသာ ဟန့်တားကြရသည်။ မောင်တင်အောင်သည် ကို သာညွှန့်ဆီမှ ကိုကျော်ရင်၏ သတင်းကြားရသည်။ ကိုကျော်ရင်နှင့် မောင်တင်အောင်မှာ ညီအစ်ကိုဝမ်းကွဲတော်စပ်သည်။ ကိုကျော်ရင်က မောင်တင်အောင်ထက် ၆နှစ်ခန့်ကြီး သည်။ ကိုကျော်ရင်မိဘများ က သံတွဲ ကမ်းနားပိုင်းတွင်နေကြသည်။ ကိုကျော် ရင် (၁၀)တန်းအောင်က မောင်တင်အောင်တို့ သံတွဲ ကျောင်းရောက်စသာ ရှိသေးသည်။ ကိုကျော်ရင်နှင့် မောင်တင်အောင်မှာ စာပေ၀ါသနာတူကြသည်။ နိုင်ငံရေးကို စိတ်ဝင်စား မှု လည်း တူကြသည်။
၁၉၃၈ ခုထဲတွင် မှတ်မှတ်ရရ ကိုကျော်ရင်နှင့်ဆုံရပုံအကြောင်း ပြောရပေဦးမည်။ ရန်ကုန်မြို့တွင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်သည့်အခါ ကိုကျော်ရင် သံတွဲ သို့ တစ်ခေါက် ပြန်ရောက်ခဲ့သည်။ကုလား-ဗမာ အဗိကရုဏ်းသတင်းကား နယ်များ သို့ ပျံ့နှံ့ခဲ့သည်။ သံတွဲ မြို့အနေနှင့် နေ့လား၊ ညလား အတော်တုန်လှုပ်ချောက်ချားနေသည်။ထိုအချိန်တွင် ကိုကျော်ရင် ပြန်ရောက်လာခြင်းဖြစ်သည်။
သံတွဲ မြို့သည် ဗုဒ္ဓဘာသာဝင်တို့ တစ်ဝက်စိလောက် နေထိုင်သောမြို့ဖြစ်သည်။ အကယ်၍ အဓိကရုဏ်းဖြစ်ခဲ့လျှင် မည်သည့်ဘက်ကမှ သက်သာမည်မဟုတ်။ ဤအခါမျိုး တွင် ကိုကျော်ရင်သည် ဘယ်လိုမှ အေးအေးဆေးဆေးမနေနိုင်။ ဘယ်သူမှ အ၀ံ့စားသော အလုပ်ကို သူလုပ်တော့သည်။ သူနှင့်ရင်းနှီးသူ ကျောင်းနေဘက်ဟောင်း ဦးဘသိန်း (ရဲရုံးအငြိမ်းစား စာရေးကြီး) ဖေသိန်း (ခေါ်) ခင်ဦး (ခေါ်)ထိပ်နီ (လမုမြို့သူကြီးဟောင်း ဦးနီဦး၏ မြေး) တို့နှင့် ဦးသန်းမောင် (ငပလီကမ်း) တို့ တွေ့ဆုံကာ အဓိကရုဏ်း မဖြစ် အောင် ဟန့်တားဖို့လိုကြောင်း ဆွေးနွေးကြသည်။၁၁
ဆွေးနွေးကြပြီး ကိုကျော်ရင်ခေါင်းဆောင်၍ မွတ်ဆလင်လုငယ်များ ကို စုဆောင်း သည်။ ထိုအခါတွင် မောင်တင်အောင် ပါဝင်လာ၏ ။
ဤနေရာတွင် မောင်တင်အောင်တို့ မိသားစု၏ ဘာသာရေးယုံကြည်မှု ကို အမြွက်မျှ တင်ပြလိုပါသည်။ မောင်တင်အောင်၏ ဖခင် ဦးမောင်မောင်ကြီးသည် မွတ်ဆလင်ဘာသာ ၀င်ဖြစ်၍ မိခင်ဒေါ်ရွှေမှာ ဗုဒ္ဓဘာသာဖြစ်သည်။ ဒေါ်ရွှေ လှူဒါန်းလိုရာ ဦးမောင်မောင်ကြီး က အကြည်တသာရှိသကဲ့သို့ မွတ်ဆလင်လူကြီးများ အား ဧည့်ခံစရာရှိ လျှင်လည်း မငြိုငြင် ပျူငှာစွာ ပင် ဧည့်ခံသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိခြင်းသည် စိတ်ချမ်းသာစရာပင် ဖြစ်သွားသည်။ မောင်တင်အောင်အနေနှင့်မူ သိပ်တော့အယူသန်လှသည်မဟုတ်။ လူငယ် သဘာဝ လွတ်လွတ်လပ်လပ်နေရန်သာ ဆန္ဒ ရှိသည်။
အမြွှာညီ မောင်တင်မောင်နှင့် ညီမတင်တင်တို့ကား အမေ့စရိုက်၊ အဘွားအဆုံး အမတို့ဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သွားကြသည်။ အများ ဥပုသ်စောင့်သွား လျှင် သူတို့ ဥပုသ်စောင့်လိုက်တတ်ကြ၏ ။ မောင်တင်အောင်တို့ ညီအစ်ကိုမောင်နှမကြား တွင်လည်း ဘာသာရေးနှင့်ပက်သက်၍ ဘာမျှပြဿနာမရှိ။
ဦးကျော်ရင်တို့ လုပ်ဆောင်မှု အကြောင်း ဆက်ရသော် ဦးကျော်ရင်၊ ဦးသန်းမောင်၊ ဦးဘသိန်း၊ ဦးဖေသိန်းတို့သည် မောင်တင်အောင်တို့ မွတ်ဆလင်တစ်သိုက်ကို ခေါ်၍ ဗုဒ္ဓ ဘာသာရပ်ကွက်သို့ သွားရောက်၍ ပျော်ပျော်ပါးပါး စားသောက်၍ နေစေပြီး ဗုဒ္ဓဘာသာရပ် ကွက်မှ မောင်တင်အောင် အပါအ၀င် လူငယ်တို့ကိုလည်း ဦးကျော်ရင် ခေါင်းဆောင်၍ မွတ် ဆလင်ရပ်ကွက်မှ လူငယ်များ က အပြန်အလှန် ဧည့်ခံစောင့်ရှောက်နေစေပါသည်။ ငဆွေဆရာများ ကို ရှာဖွေ၍ ငဆွေနှိုက်ပွဲများ ကို လမ်းခွများ တွင် လေထိုးဓာတ်မီးအိမ်များ ထွန်းညှိ၍ ညစဉ်က ပြစေပါသည်။
ဤကဲ့သို့ နှစ်ဖက်သော လူငယ်များ ၏ သန့်ရှင်းသောစိတ်၊ မွန်မြတ်သောရည်ရွယ် ချက်၊ ခိုင်မြဲသောစည်းလုံးမှု တို့ကို မြင်ခြင်းဖြင့် ကိုယ်ကျိုးရှာလိုသူများ ၊အမြတ်ထုတ်လိုသူ များ ၊ နောက်တွန့်သွားကြသဖြင့် ကုလား-ဗမာ အဓိကရုဏ်းဟူသော အသံသည် သံတွဲ မြို့ နယ်အဖို့ လေထဲတွင်လွင့်ပါသော အမှိုက်စုတ်သာ ဖြစ်တော့သည်။၁၂
ဦးကျော်ရင်၏ စွမ်းဆောင်ချက်သည် အများ သာဓုခေါ်စရာဖြစ်ခဲ့၏ ။ အနီးအနားရွာ များ က သူ့ကို သတိထားလာသည်ကို တွေ့ရသည်။ ဦးကျော်ရင်၏ ရဲဝံ့သော ခေါင်းဆောင် မှု ကို အသိအမှတ်ပြုလာကြသည်။ ဦးသန်းမောင်တို့လို လူကြီးများ ကသာမက မောင်တင် အောင်တို့လို လူငယ်များ ကပါ ဦးကျော်ရင်အပေါ် ပို၍ လေးစားချစ်ကြည်မှု နက်ရှိုင်းလာ သည်။ ဦးကျော်ရင်လေ့လာသောစာအုပ်ကို လေ့လာခြင်း၊သူ၏ အယူအဆများ ၊ နိုင်ငံရေး အမြင်များ ကိုလည်း လက်ခံယုံကြည်လာကြပေသည်။
မောင်တင်အောင်၏ အကြောင်းကို ဆက်ရပေဦးမည်။ ကျောင်းများ ပုံမှန်ပြန်ဖွင့် လာသည့်အခါ မောင်တင်အောင်တို့ ညီအစ်ကိုမောင်နှမတစ်တွေ ကျောင်းပြန်တက်ကြ ရ၏ ။ မောင်တင်အောင်မှာ ကား ပညာရေးကို အထူးအာရုံစိုက်ခဲ့သည်။ မိဘ၊ အဒေါ်၊ အဘွားတို့ကလည်း သူတို့တစ်တွေ၏ ပညာရေးကို ကြပ်မက်လျက်ရှိနေ၏ ။ မောင်တင် အောင်ကား မောင်တင်မောင်နှင့်မတူ ကဗျာ လင်္ကာကိုလည်း အထူးဝါသနာပါ သည်။ စိတ်ကစားသည့် အရွယ်လည်းဖြစ်၍ သူ့ထက် အသက်တစ်နှစ်ခန့်ကြီးသော အတန်းတူ ‘ရီ’ ဆိုသည့်မိန်းကလေးကိုလည်း စွဲလမ်းလျက်ရှိ၏ ။ သူ့မှတ်စုစာအုပ်တွင် ‘ရီ’ အားစွဲလမ်း ကြောင်း ကဗျာတိုစလေးများ လည်း ရေးခြစ်နေတတ်၏ ။ တစ်ဖက်ကလည်း ဦး သန်းမောင် တို့လို လူပုဂ္ဂိုလ်များ ၊ ဦးအောင်ထွန်းတို့လို သတင်းစာကိုယ်စားလှယ်များ ထံမှ ရန်ကုန် သတင်းစာကို နားစွင့်၊ ခါတစ်ရံရသည့် သက်စောင့်လို၊ ဒဂုန်လိုမဂ္ဂဇင်းမျိုး သူဖတ်ရ သည်။ ခေတ်စမ်းပြုံပင်နှင့် ခေတ်စမ်းကဗျာစာအုပ်ကိုတော့ အစောပိုင်းကပင် မောင်တင် အောင် ဖတ်ရသည်။ သူတို့ကျောင်းတွင် ‘ဦးဖိုးစိန်၏ ကဗျာဖွဲ့နည်း’ ကျမ်းသင်ရသည်။ မောင်တင် အောင်ကား ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတုအဖွဲ့တို့ကို အဋ္ဌမတန်းလောက်က တည်းက ပင် လေ့ကျွမ်းခဲ့၏ ။ နဂါးနီတိုက်ထုတ် စာအုပ်များ ကိုကား ဦးကျော်ရင်တို့၊ ဦးသန်း မောင်တို့၊ ကိုသာညွန့်တို့လို အတန်းကြီးသမားတွေဆီကတဆင့် ဖတ်ခဲ့ရသည်။ “သခင်နု ၏ လူမွဲတို့ထွက်ရပ်လမ်း” မတ်ဆစ်ဇင်းလိုစာအုပ်မျိုးတွေကို မောင်တင်အောင် သဲကြီးမဲကြီး ဖတ်ခဲ့သည်။
ဤသို့ ဖြင့် မောင်တင်အောင်သည် ကျောင်းတက်နေသော်လည်း ရသ၊ အနုစာပေ၊ ကဗျာလင်္ကာ ၀ါသနာ၊ အချစ်ရေး၊ နိုင်ငံရေးလှိုင်းဂယက်ထဲ ကူးခတ်ရင်း ကျင်လည်ခဲ့ရ သည်။
၁၉၄၀-၄၁ ခုနှစ်၊ သံတွဲ ကျောင်းတွင် ဆယ်တန်းစာမေးပွဲဖြေကြပြီး အောင်စာရင်း ထွက်လာသောအခါ အစ်ကိုဖြစ်သူ မောင်တင်အောင် စာမေးပွဲကျ၍ ညီဖြစ်သူ မောင်တင် မောင်က ဆယ်တန်းအောင်ခဲ့သည်။ ဖခင် ဦးမောင်မောင်ကြီးကား မောင်တင်အောင် စာမေးပွဲကျသဖြင့် မကျေနပ်။ မိခင်ဒေါ်ရွှေကတော့ ဖခင်လောက် အဆူအပူမလုပ်။ဖခင်က မောင်တင်အောင်ကို ဆူသည့်အခါ “ငါ့မြေးက စာတော်တယ်ဆိုတာ ငါသိတယ်။ မင်း…ဒီ လောက် ကလေးကို ဆူပူမနေပါနဲ့” ဟု ဒေါ်ရွှေ၏ အမေ ဒေါ်ညိုက မြေးဘက်က ခုခံပြော သည်။ မောင်တင်အောင်ကိုလည်း အဘွားဖြစ်သူက ချော့မော့ကာ လေအေးနှင့် နားဝင် အောင်ပြောသည်။ ဖခင်၏ ညီမ အပျိုကြီးအဒေါ်နှစ်ယောက်ကလည်း မောင်တင်အောင်ကို ချစ်ကြသည်။ ဖခင်အဆူခံထားရသော မောင်တင်အောင်ကို ဖခင်ကွယ်ရာ ခေါ်ထား၍ မုန့် ကျွေးကာ ယုယကြသည်။ ထိုအဖြစ်ကို ညီမဖြစ်သူ တင်တင်က အစ်ကိုမသိအောင် မဲ့ရွဲ့ လေသည်။
မောင်တင်အောင်သည် ငယ်စဉ်ကပင် ပါးစုန့်တွဲ တွဲ ၊ ကိုယ်ထည်ပြန့်ပြန့်နှင့် အပေါ် ယံအမူအရာက အေးဆေးသလိုရှိသော်လည်း အတွင်းစိတ်က မာသည်။ လူငယ်ပီပီ မခံချင် စိတ်ရှိသည်။ ပညာမာနရှိသည်။ လူကြီးများ ကို နှုတ်က ဖွင့်ဟ၍ မည်သို့ မျှမတုံ့ပြန် သော် လည်း စိတ်ထဲကမူ မာန်တင်းထားသည်။
ဆယ်တန်းစာမေးပွဲ ကျသော်လည်း မောင်တင်အောင်ကား နိုင်ငံရေးကို မျက်ခြည်မ ပြတ်။ ဦးကျော်ရင်တို့ဆက်သွယ်ကာ ဆောင်ရွက်လျက်ရှိသည်။ ၁၉၄၂ ခုနှစ်တွင်တော့ မောင်တင်အောင်သည် သံတွဲ မြို့ အစိုးရအထက်တန်းကျောင်း ကျောင်းသားသမဂ္ဂ အမှု ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ကျောင်းသားလှုပ်ရှားမှု ထဲသို့ မောင်တင်အောင်ခြေစုံဝင်ခဲ့သည်။သူ့ကို အတန်းဖော်များ နှင့် ကြီးသူများ ကပင် ကိုတင် အောင်ဟု တလေးတစားခေါ်ကြပြီ။
ကိုတင်အောင်၏ စိတ်ဓာတ် နိုင်ငံရေးဘက်သို့ညွတ်လေလေ ဖခင် ဦးမောင်မောင် ကြီးမှာ ခေါင်းခဲလေဖြစ်သည်။ မိမိမှာ ၀န်ထမ်းဖြစ်နေသည်။ အင်္ဂလိပ်အစိုးရ၏ အငြိုအငြင် ကို မခံနိုင်။တစ်ဖက်ကလည်း သားဖြစ်သူကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်၍ မဖြစ်။ ဤအ ရွယ်လူငယ်များ သည် ကိုင်ရတွယ်ရအလွန်ခက်သည်။ အရမ်းတင်းကျပ်လျှင် ဖခင်ကို အရွဲ့ တိုက်၍ နိုင်ငံရေးထဲ ခြေစုံပစ်ကာ ပညာရေးကို လွှတ်လိုက်လျှင် ရင်ကျိုးရချည့်။ဦးမောင် မောင်ကြီး၏ စိတ်ခံစားမှု အခြေအနေကို ယောက္ခမဖြစ်သူက ကောင်းကောင်းရိပ်မိသည်။
“မောင်မောင်ကြီး မင်း….ကလေးကို အတင်းအကျပ်မလုပ်ပါနဲ့။ သူ့အတွက် ငါ့တာဝန်ထား၊ ငါနားဝင်အောင်ပြောပါ့မယ်” ဟု ဒေါ်ညိုက သမက်ဖြစ်သူကို တစ်ဖက်က နှစ်သိမ့်၊ တစ်ဖက်ကလည်း မြေးဖြစ်သူကို နားဝင်အောင် လေအေးနှင့် ဖျောင်းဖျပြော ခဲ့သည်။
ဤသို့ ဖြင့် ဂျပန်ခေတ်သို့ ရောက်ခဲ့သည်။
စစ်ပြေးကာလ
ဂျပန်ခေတ်တွင် ဦးမောင်မောင်ကြီးတို့မိသားစုသည် ၁၉၄၂ ခုနှစ်တွင် ဂျပန်ဝင်လာ သဖြင့် သံတွဲ နယ် မဲကျွန်းသို့ ပြောင်းကြသည်။ အစိုးရအဖွဲ့တွေလည်း ဖျက်သိမ်းရာ ဦး မောင်မောင်ကြီးအား (၃) လစာ ထုတ်ပေးသည်။
ကျွဲလေယာဉ်ကြီးများ က စက်သေနတ်နှင့် ပစ်နေသဖြင့် သံတွဲမြို့ပေါ်တွင် အိမ်တွေ သည်အတိုင်းပစ်ထားခဲ့ရသည်။ ထိုကာလကား စစ်ပြေးကာလပင် ဖြစ်တော့သည်။ မြို့ပေါ်ရှိလူအများ စုမှာ ဆီးဖြူသီး ဆန်ကောထဲ ထည့်လိမ့်သကဲသို့ ယောက်ယက်ခတ်ကုန်ကြသည်။ ဂျပန်ကလည်း တရစပ်ဆိုသလိုပင် ဗုံး ကြဲနေသည်။ နောက်ဂျပန်စစ်တပ် ရောက်လာပြီး မြို့ပေါ်တွင် နေရာယူကြသည်။
ထိုဂျပန်ခေတ် တစ်ခေတ်လုံးပင် ကိုတင်အောင်မှာ အိမ်သို့ တစ်ခေါက်သာရောက်ခဲ့ သည်။ မိသားစု မဲကျွန်းသို့ စစ်ပြေးစဉ်ကာလကလည်း သူမပါခဲ့။ ထိုအချိန်တွင် ဦးကျော်ရင်၊ ကိုသာထွန်းအောင်တို့နှင့်သာ ရှိနေပြီး တော်လှန်ရေးထဲပါသွားသည်ဟု ဦးမောင်မောင်ကြီး တို့ သတင်းကြားရသည်။
ကိုတင်အောင်၏ ဖခင် ဦးမောင်မောင်ကြီးမှာ ဂျပန်ခေတ် တစ်ခေတ်လုံး အလုပ် မလုပ်။ ဂျပန်အုပ်ချုပ်ရေးကာလတွင် မြန်မာထဲမှ ဦးထွန်းစိန် (B.Sc) ကို ဂျပန်က အ ရေးပိုင်ခန့်သည်။
ဂျပန်ခေတ်တွင် ကိုတင်အောင်၏ မိခင် ဒေါ်ရွှေက ကုန်သည်လုပ်သည်။ ကိုတင် အောင်၏ အမြွှာညီ ကိုတင်မောင်က လှေတစ်စင်းနှင့် ကောက်ညှင်းဆန်၊ ငှက်ပျောသီး၊ ငါး ခြောက်၊ ပုဇွန်ခြောက်၊ ရွှေဖရုံသီး စသည်ဖြင့် ကုန်ခြောက်များ တင်ကာ လှေနှင့် တောင် ကုတ်သို့ သွားရောက် ရောင်းချကြရသည်။ ဖခင်ဦးမောင်မောင်ကြီး၊ မိခင်ဒေါ်ရွှေနှင့် ညီမ တင်တင်တို့က အိမ်မှနေကာ ကုန်များ ကောက်ပေးသည်။ ကိုတင်မောင်နှင့် လှေသမားများ သည် တောင်ကုတ်ရှိ ဂျပန်တပ် ကုန်ဝယ်ဒိုင်များ သို့ ကုန်များ သွင်းရသည်။ လက်ကား ရောင်းရခြင်းဖြစ်သည်။ သူတို့လိုသည့် ကုန်များ ရှာဖွေကာသွင်းရသည်။
ဂျပန်ခေတ်တွင် ကျောင်းများ လည်း ပိတ်ထားသည်။ ကိုတင်မောင်က (၁၀) တန်း အောင်ပြီးပြီ။ အသက်(၂၀) အရွယ်ခန့်ရှိပြီ။ ကိုတင်မောင် ဤသို့ လှေဖြင့် ကုန်ရောင်းသွား ရာတွင် သံတွဲ အရေးပိုင်းရုံး၌ ခရီးသွားခွင့်ယူရသည်။
“ကျွန်တော်က အဲဒီ လို ကုန်ရောင်းထွက်နေရတော့ ကိုတင်အောင် (နန္ဒမိတ်) အိမ် ပြန်လာသလားလည်း မသိ၊ မလာဘူးလားလည်း မသိ။ အဲ…တစ်ခါတော့ သူပြန်လာတယ်။ ဦးကျော်ရင်တို့၊ သူတို့ခေါင်းဆောင် ဦးဖိုးဦးတို့လည်း ပါလာသည်။
တရားလိုက်ဟောရ တယ်လို့ပြောတယ်။ စွန့်စွန့်စားစား လုပ်ကြရပုံလည်း ပေါ်တယ်ဗျ။
အဲဒီ ကာလက လက်ဝဲ၀ါဒကလည်း ခေတ်စားနေတယ်။ ဦးကျော်ရင်တို့၊ ကိုတင် အောင်တို့လည်း လက်ဝဲ၀ါဒဘက် တော်တော်စိတ်ပါနေတယ်လို့ ထင်တယ်။
သတင်းတွေကိုတော့ အမြဲနားစွင့်နေကြရတာ ပေါ့ဗျာ။တို့အိမ်တွေ နဂို အတိုင်းမှ ရှိပါ့မလား။ ပစ္စည်းပစ္စယတွေရော စသည်ဖြင့် တစ်ခါတစ်ခါ တွေးပူမိသဗျ။ ကိုတင်အောင် လား အိမ်ကို ပူဖို့မပြောနဲ့၊ မိသားစုတောင် သတိရချင်မှရမှာ ။ သူက အင်မတန်နိုင်ငံရေး စိတ်သန်တာကလား။ ဦးကျော်ရင်တို့၊ ကိုသာထွန်း အောင် တို့နဲ့ဆိုတော့ တွဲ လည်းတွဲ မိ သေးတယ်လေ။ သံတွဲ သတင်း နားစွင့်ပြီး ဂျပန်တွေ လည်း ဆုတ်ပြီ။ သံတွဲ က ခွာပြီကြား တော့ ကျွန်တော်တို့မိသားစုလည်း မဲကျွန်းက နေ သံတွဲ ပြန်ပြောင်းလာခဲ့ကြတယ်”
ဤသို့ ဖြင့် တက္ကသိုလ်နန္ဒမိတ်၏ အမြွှာညီ ဦးတင်မောင် (တက္ကသိုလ်ဇော်မင်း) က ဂျပန်ခေတ်အတွင်း သူတို့မိသားစုအခြေအနေကို ပြန်ပြောပြခဲ့ပေသည်။
![]() စည်းသုံးချက်၊ ၀ါးသုံးချက် | ![]() ဆက်ဖက်ရင် ရာဇ၀င် ကွက်ဖတ်ရင် ပုံပြင် | ![]() ဗေထိသံ |