Cover

မိမိခရီးစဉ်အား ပြန်လည်ငဲ့စောင်းကြည့်ခြင်း

နှစ် 20 ကျော်ကာလအတွင်း မဂ္ဂဇင်းများ တွင် အလျဉ်းသင့်သလို ပုံနှိပ်ဖော်ပြဖြစ်ခဲ့သည့် ကျွန်တော့်ဝတ္ထုတိုကလေးများ ကို စုစည်းကြည့်မိပါသည်။

နှစ် 20 ကျော်အတွင်း ရေးဖြစ်ခဲ့သည့် မိမိဝတ္ထုတိုကလေးများ မှ မိမိ၏ ပုံရိပ်ကို ပြန်လည်ဖမ်း ဆုပ်ကြည့်မိသည့်အခါ ကျေးလက်နှင့်စုန်ဆန်လူးလာ တွေ့ရပါသည်။

ကျေးလက်ဇာတိမှလာသူသည် မြို့ပြလူမှု ၀န်းကျင်ထဲတွင် မွန်းကျပ်လှုပ်ရှားနေရသည့်အခါ အသက်ရှူပေါက်ကလေး ရငြားအံ့ဟု ကျေးလက်ကို လွမ်းမိသည်။ ငယ်ဘ၀ကို တမ်းတမိသည်။

ကျေးလက်အလွမ်းကိုမျိုသိပ်ရင်း မြို့ပြတွင် ‘မာယာတိမ်’နှင့် တိုးရသည်။ ကျရာကျပန်း အကန့် ကလေးများ ကို ဖြတ်သန်းနေရသည်။ ထိုဖြတ်သန်းရသည့် အခန်းငယ်ကလေးများ ကို ရေးခြယ်မိသည်။

ဘုန်းကြီးကျောင်းသားဘဝ

လူငယ်သင်တန်းကျောင်း လက်ထောက်အဆောင်မှူးလေးဘဝ

အထက်တန်းကျောင်းသား

ရုံးအမှု ထမ်း

အိမ်ထောင်သည်ဘဝ

စာအုပ်သည်

မုန့်ပို့သမား

ကုန်စိမ်းရောင်းသူ

ညစောင့်၊ စာပြင်ဆရာ၊ အယ်ဒီတာ …

စသည် စသည်ဖြင့် အဆစ်အပိုင်းကလေးများ ကို မြင်ရသည်။

ဘ၀၏ ထိုကဏ္ဍ အပိုင်းအဆစ်ကလေးများ သည်ပင် ဤ၀တ္ထုတိုကလေးများ အား မွေးဖွားရာ လက်သည်ဖြစ်ပါသည်။

ဘ၀ကိုပုံဖော်ရာတွင် … ယုံကြည်ချက်၊ မျှော်မှန်းချက်များ မလွဲမသွေ ပါရှိနေပါလိမ့်မည်။ ဘ၀ အမြင်ဟု ဆိုနိုင်ပါသည်။

ဘ၀ပုံကားချပ်ကလေးများ ကို သရုပ်ဖော်အနုပညာဖြင့် တို့ခြယ်ကြည့်မိသည့်အခါ စိတ်ခံစားမှု သာမက စိတ်ကူးစိတ်သန်းများ လည်း ပါဝင်ပါလိမ့်မည်။

‘လျှပ်ရောင်’

‘နေရောင်’

‘လရောင်’

ဝတ္ထုတိုကလေးသုံးပုဒ်၌ ဘ၀ဖြတ်သန်းမှု ခရီးစဉ် မျှော်မှန်းမှု အနာဂတ်တို့ကို စိတ်ကူးကြည့်မိ၏ ။

မွန်းကျပ်နေသည့် အောက်ဆုံးအလွှာမှလူသားသည် လှုပ်ရှားရုန်းကန်ရင်း … လျှပ်ရောင် ကလေးပြူလာသလိုရှိပုံ။

‘နေရာင်’၌ တောက်ပသည့် နေခြည်အလင်းခွန်အားကို ထိတွေ့ရပုံ။ ထိုထိတွေ့ရပြီးမှသာ ‘လရောင်’ဆီရောက်ပေမည်ဟု စိတ်ကူးဖြန့်မိသည်။

သို့ သော် ‘ဘ၀’က ‘စိတ်ကူး’ကို ကန့်သတ်ခံလိုက်ရပါသည်။ ပစ္စုပ္ပန်မှ တဒင်္ဂထွက်ပေါက်ကို ရှာ ကြည့်ရုံသာ။

ရာဟုလာသံကစ္စည်းသည် သမိုင်းခံစားမှု ဖြင့် နှစ်ဆယ့်နှစ်ရာစုအား မှန်းမျှော်ကြည့်ဖူးပါ၏ ။ ဤ၀တ္ထုတိုကလေးများ ဖန်တီးသူအနေဖြင့် ဤမျှမမျှော်မှန်းနိုင်။ ပစ္စုပ္ပန်၏ လှိုင်းတံပိုးများ ၊ အထပ်ထပ် ရစ်ပတ်ထားသော ပင့်ကူမျှင်များ ၊ ဖုန်ထူသော အခန်းထောင့်ချောင်မှ ပြတင်းကို ထဖွင့်ဖို့ကြိုးစားကြည့် ၏ ။ ကပ်ရိုက်ကပ်ခွေ ၀ါးထရံကလေး၏ အပေါစားပတ္တာက သံချေးကိုက်နေသည်။

အတင်းတွန်းဖွင့်သောအခါ တံခါးယိုင်ရွဲ့သွားသည်။

ကျိုးပျက်မည်လား စိတ်ပူမိ၏ ။ တစ်ချက် ဟ အသွား ရာသီကြမ်းနှင့်တိုးရသည်။ လေစိမ်းများ ၀င်လာ၏ ။ ဖုန်အချို့ လွင့်ပျံ၏ ။ ပင့်ကူအိမ်လှုပ်ယမ်း၏ ။ ရာသီအကူး မိုးကလည်း ပက်လာသည်။ ဖြန့်ကြဲဖုန်တို့ကို လှည်းကျင်းရန် ကြိုးစားဆဲပင် ပြန်သိပ်သွားပြန်သည်။ မည်သို့ ဖြစ်စေ ပင့်ကူအိမ် မိုး ပေါက်ထိသဖြင့် ပင့်ကူငယ်လှုပ်ရှားသွားသည်။ ထောင့်ချောင်မှော င်တွင်း ငြိမ်ကုပ်နေရသည်နှင့်စာလျှင် တော်သေး၏ ဟု မှတ်ပိုက်လိုက်မိသည်။ ထိုအခါတွင် ‘အုတ်ခြင်္သေ့’ကို ရေးခြယ်မိတော့သည်။

လျှပ်ရောင်

နေရောင်

လရောင် … ကို အစဉ်တိုင်း ဖော်ပြသင့်ပါလျက် …

တကယ်တမ်း မဂ္ဂဇင်းစာမျက်နှာပေါ်တင်သည့်အခါ ‘လရောင်’က အလျင်ပေါ်လာသည်။ ပြီးမှ ‘လျှပ်ရောင်’။ ကာလအတန်ကြာမှ ‘နေရောင်’။

ဤသည်ပင် ယနေ့စာမျက်နှာများ ၏ ယေဘုယျအခြေအနေကို ခန့်မှန်းနိုင်ပေလိမ့်မည်။

ကျွန်တော်တို့၏ မြန်မာဝတ္ထုတိုများ သည် မလွဲမသွေကမ္ဘာ့ဝတ္ထုတို နယ်ပယ်၏ သြဇာကို ခံကြရ ပါသည်။ ချောင်းရိုးတွင်း လှေကလေးပေါ်မှနေ၍ ပင်လယ်သမုဒ္ဒရာတွင်းဆီ၊ သင်္ဘောကြီးများ ဆီ လည် ဆန့်ကြည့်မိပါ၏ ။

ကမ္ဘာ့ဝတ္ထုတိုနယ်ပယ်ကို ယေဘုယျနယ် နှစ်နယ် သတ်မှတ်ကြပါသည်။ ရုရှားကျောင်းနှင့် ပြင်သစ်ကျောင်းဖြစ်ပါ၏ ။ ချက်ကော့နှင့်မိုပါဆွန်းတို့ကို ကမ္ဘာ့ဝတ္ထုတိုဘုရင်များ အဖြစ် စာပေပညာရှင် များ မှတ်ယူကြပါသည်။

ကျွန်တော့်အနေဖြင့် ချက်ကော့၏ ၀တ္ထုတိုအတတ်ပညာကို သဘောကျမိ၏ ။ ၀တ္ထုပြီးမှ အတွေး စသည်။

ယနေ့ မဂ္ဂဇင်းစာမျက်နှာများ တွင် မိုပါဆွန်း၏ သြဇာလွှမ်းသည်ဟု ခံစားမိ၏ ။ ဒြပ်မဲ့၊ စိတ် အလျင် …. စသဖြင့် အတတ်ပညာခြေဆန့်သူများ လည်း ရှိကြပါသည်။

မော်ဒန်၊ ပို့(စ်)မော်ဒန်

ဒဿန

ဘ၀သရုပ်ဖော် … စသည်ဖြင့် ပွက်လောညံ ငြင်းကြ၊ ခုံကြ အတတ်ပညာကစားကြ၊ အတွေး နယ်ချဲ့ကြဖြင့် ၀တ္ထုတိုလောက စည်ပင်လာသလို ထင်ရပါ၏ ။

ကျွန်တော့်အနေဖြင့် မြန်မာဝတ္ထုတိုဆရာများ ထဲတွင် သိန်းဖေမြင့်၊ မင်းဏီတို့ကို သဘောကျမိ ၏ ။

ဘ၀အကန့်ကလေးများ ကို ဖြတ်သန်းရင်း လျှပ်ရောင်တွင် မွန်းကျပ်ရာမှ လျှပ်ပြက်အေးစိမ့် ဖျား ချင်သလို ဖြစ်နေပြီး နေရောင်တွင် ပူနွေးရသလို ရှာဖွေကာ လရောင်၌ ကြည်နူးချင်သူသည် မျက်မှော က်ကို မျက်ကွယ်ပြု၍ မရဘဲ မိသားစုအသံ၊ မိမိဝန်းကျင်မှအသံများ ကို နားစွင့်ကြည့်လိုက်မိ သည့်အခါ ဗေထီသံကို ကြားရပြန်လေသည်။ ။

Cover

ကျွန်တော့်ကို ဖအေတူလို့ ဆိုကြတယ်

မှတ်မှတ်ရရပင် ကျွန်တော်ဝမ်းအသာဆုံးနေ့ … ။ သို့ သော် ၀မ်းလည်းနည်းရသောနေ့ပင်။ 1959 ခုနှစ် နွေဦးရာသီ၏ နေ့တစ်နေ့။ ကျွန်တော် ဆယ့်သုံးနှစ်ပြည့်မြောက်သောနေ့ … ။ ထိုနေ့တွင် ပင် အဖေ ထောင်က လွတ်သောနေ့ပင် ဖြစ်သည်။

သို့ သော် အဖေ့ကို ရိုးရိုးမလွှတ်၊ ကြိတ်ဒဏ် အချက် သုံးဆယ်ရိုက်ပြီးမှလွှတ်သည်။ အားရ၀မ်း သာလာခဲ့သော အမေနှင့်ကျွန်တော်မှာ ရင်ထဲဆို့နင့်သွားရတော့သည်။ လမ်းစရိတ်ပင် အနိုင်နိုင် လှည့် ရှာခဲ့ရသည်။ သံတိုင်ပြင်ဘက်မှသာ အဖေ့အလှည့်ကိုစောင့်ရင်း စိတ်မသက်မသာဖြင့် ကြည့်နေရ တော့သည်။

အပြင်ဘက်တွင် လူအုပ်ကြီးမှာ လှုပ်ရွနေသည်။ ကျွန်တော်တို့လိုပင် လာစောင့်ကြသူတွေ ဖြစ် မည်။ ပြက္ခဒိန်ရာသီကတော့ နွေဦးရာသီပင်။ သို့ သော် … လူတွေ၏ မျက်နှာပေါ်တွင်ကား အံ့မှိုင်းညို့ ဆိုင်းနေသည့် မိုးမည်းရာသီကြီးရောက်နေပါပြီကော။ ထစ်ချုန်းမြည်ဟည်းကာ မိုးကြိုးစက်မောင်းတို့ ဆင်မည့်ပုံပင် ဖြစ်ပါ၏ ။

အဖေ့နာမည်ကို ခေါ်သံကြားရသည်။ ကျွန်တော့်ခြေဖျားများ ပိုမြောက်တက်သွားသည်။ အမေ လည်း လက်ဆန့်ပြီး မျှော်ကြည့်၏ ။ ထောင်ဝတ်ရုံဖြူနှင့်။ အဖေကား ပိန်ကျသွားသည်။

အသားမည်းမည်းနှင့် တုတ်တုတ်ကြိမ်ရိုက်သူ လူကြီးသည် ကြိမ်ကိုလက်လွှဲမြှောက်လိုက် သည်။ အဖေကား တစ်ချက်ကလေး မျက်နှာမပျက်။

တစ်ချက် …

နှစ်ချက် …

သုံးချက် ….

ကြိမ်ရိုက်သံမှာ တရွှီးရွှီးမြည်နေသည်။ အမေကား အံကြိတ်ပြီး တစ်ဖက်မျက်နှာလွှဲနေသည်။ နဂိုကမှ အလုပ်ကြမ်းလုပ်ရ၍ နေလောင်ချွေးစားနှင့် အသားညိုရသည့်အမေ့မျက်နှာမှာ ပိုမည်းသလား ထင်ရသည်။

ကျွန်တော် အဖေ့ကိုကြည့်ရင်း ဘုန်းကြီးကျောင်းသားဘ၀က အဖြစ်အပျက်ကလေးများ ကို ပြန် လည်သတိရနေမိသည်။ ဘုန်းကြီးအရိုက်ခံနေရစဉ်က ကျွန်တော်ခံစားရသလို အဖေလည်း ခံစားနေရ လိမ့်မည်ဟု ကျွန်တော်တွေးကြည့်နေမိသည်။ ကျွန်တော် ကျောင်းအိပ်ကျောင်းစား ဘုန်းကြီးကျောင်း သားအဖြစ်က ထွက်လာသည်မှာ မကြာသေး။

××××××××

ကျွန်တော့်တင်ပါးနှင့် ကျောပြင်မှ အရှိုးရာဒဏ်ရာများ သည် လတ်လတ်ဆတ်ဆတ်ပင် ရှိနေ ကြသေး၏ ။ ကိုရင်ကြီးသုမနကား ဒဏ်ကြေအောင်ဟုဆိုကာ ကျက်သရေခန်းထဲမှ ငှက်ပျောသီးပျော် ပျော်ကို ဘုန်းကြီးမသိအောင် …၊

ဘုန်းကြီးအချစ်တော် သောင်းညွန့်မသိအောင် တိတ်တိတ်ယူပြီး ကျွန်တော့်ကို နယ်ပေးနေရှာသည်။ သူ့မျက်ဝန်းတွင် မျက်ရည်စများ ၀ဲလည်နေသည်။ ကိုရင်ကြီးကား ကျွန်တော့်အပေါ် သံယောဇသ်ကြီးရှာ၏ ။

အပြင်ဘုရားတန်ဆောင်းကြီးထဲတွင်ကား စာအံသံများ ညံနေသည်။ တချို့က ‘ဧ၀ံမေသုတံ’၊ တချို့က ‘ယောမုနိန္ဒော’၊ အထူးသဖြင့် အငယ်တန်းလေးများ ၏ ‘ကကြီးရေး ကသတ်ကက်’အသံကား ပိုညံနေသည်။ စာပြဦးပဉ္စင်း၊ ကိုရင်ကြီးများ ၏ စားပွဲကြိမ်နှင့် ရိုက်သံ တဗျန်းဗျန်းသည် ကြားနေရ သည်။

‘နေဦး ဖိုးထောင်ရာ၊ ငါ့အတန်းကကောင်တွေ သွားကြည့်လိုက်ဦးမယ်။ ဘုန်းကြီးအခြေအနေ ကြည့်ပြီး ချက်ချင်းငါပြန်ခဲ့မယ်’

ကိုရင်ကြီးကား ဧကသီကို ဒရောသောပါး ကောက်ရုံပြီး တန်ဆောင်းကြီးဘက်ကို ထွက်သွား သည်။ ၀၀မည်းမည်း ကပ္ပိယကြီး ဦးတုတ်ဖြိုးက ကိုရင်ကြီး ထွက်သွားသည်ကို မဲ့ပြီးလိုက်ကြည့်နေ သည်။ ကျွန်တော်ကား ဆွမ်းစားကျောင်း မြောက်ဘက်ထောင့်ခန်း ကိုရင်ကြီးသုမန၏ အခန်းလေးထဲ ကွပ်ပျစ်ပေါ်တွင် ၀မ်းလျားမှော က် ကျန်ရစ်သည်။

ကျောင်းအိပ်ကျောင်းစား ဘုန်းကြီးကျောင်းသားများ ထဲတွင် ကျွန်တော်ကား အရိုက်အခံရဆုံး ပင်ဖြစ်၏ ။ ဆွမ်းကြီးခံထွက် အိပ်ရာထ နောက်ကျမှု ၊ ကျက်သရေခန်းထဲမှ ဘုန်းကြီးလောက်စာလုံးခိုး စာပစ်မှု ၊ သစ်ပင်တက်မှု ၊ ကိုရင်လေးများ အား ညထမင်းခိုးကျွေးမှု ၊ ရွာထဲမှ ဟင်းချက်စရာ မရှိသူများ ကို ကျောင်းဥယျာဉ်ခြံမှ ဂေါ်ဖီထုပ် ခိုးပေးမှု ။ နောက်ဆုံး ရိုက်စရာ အခြားအကြောင်းများ မရှိဘူးဆိုလျှင် ဘုရားရှိခိုး အသံကျယ်ကျယ်မဆိုမှု ၊ ဂါထာများ အစမေ့နေမှု ၊ စာအံနောက်ကျမှု ဖြင့် အရိုက်ခံရတိုင်း ဘုန်းကြီးအချစ်တော် သောင်းညွန့်၏ မျက်နှာလို မျက်နှာရ တိုင်တန်းမှု စနက်နှင့်မကင်း။

ညပိုင်း ဘုံကျောင်းမြင့်ကြီးပေါ်ဝယ် အုန်းသီးခေါင်းအုံး စာအံရသည်။ နည်းနည်းငိုက်သည်နှင့် ဒုံးခနဲလိမ့်ကျပြီး စာအုပ်ဘယ်ရောက်နေနေ ပါးစပ်ထဲတွေ့ရာသာ ရမ်းအော်လိုက်ရသည်။

ကျွန်တော်တို့မှာ အများ အားဖြင့် အငယ်တန်းမှ ကျောလုံးပုပ်ခဲ့ရသည့် ‘မင်္ဂသုတ်’ကို ကျေနေ အောင် ရနေကြသည်။ မင်္ဂလသုတ်ထဲမှလည်း လွယ်ကူရာ ‘ဧ၀ံမေသုတံ’သာ အအော်များ နေကြလေ သည်။ ရှေ့စာတက်၍ ‘ရတနာရွှေချိုင့်’၊ ‘နမက္ကာရ’၊ ‘ပရိတ်ကြီး’၊ ဘယ်သို့ ရောက်နေနေ ငိုက်၍ အုန်းသီး ခေါင်းချော်ကျလျှင် ‘ဧ၀ံမေသုတံ’ကို အကြောင်းပြုပြီး အရိုက်ခံရပေါင်းလည်း မနည်း။

ယခုအကြိမ် အရိုက်ခံရသည်မှာ တော့ ဤအကြောင်းများ နှင့်သိပ်မပတ်သက်လှ။ သို့ သော် ဘုန်းကြီးအချစ်တော် သောင်းညွန့်နှင့်ကား ပတ်သက်နေပေသည်။

×××××

သောင်းညွန့်မှာ ဘုန်းကြီး၏ တူလည်းတော်သည်။ နောက်တစ်ကြောင်းမှာ စာအံခိုင်းလျှင် ကျွန်တော်တို့က ရိုးရိုးပဲအံ၏ ။ သောင်းညွန့်မှာ သူ့ဦးလေးဘုန်းကြီးကို တု၍ တရားဟောသည့်လေသံ နှင့်အံ၏ ။ ဤသည်ကို ဘုန်းကြီးက အလွန်သဘောကျသည်။ ကပ္ပိယကြီး ဦးတုပ်ဖြိုးကလည်း သဘော ကျသည်။

သူ့အရိုက်အရာကို ဆက်ခံမည့် ပါရမီရှင်ကလေးဟုများ ဘုန်းတော်ကြီးက သဘောတော် မှတ် ပိုက်ထားသလားမသိ။ နာမည်က သောင်းညွန့်၊ လူပုံကနွဲ့နွဲ့။

မျက်နှာသာပေး ရွှေရေးပန်းကန်တက်လာသည်။ သောင်းညွန့်မှာ ထစ်ခနဲရှိတိုင်း၊ ထစ်ခနဲရှိ တိုင်။ သူ့ရန်က မလွတ်။ ကြာတော့ ကျွန်တော်တို့ သည်းမခံနိုင်။ ဘုန်းကြီးနောက်ကွယ်တွင် ကျွန်တော် တို့နှင့် သောင်းညွန့်မှာ ပြဿနာဖြစ်လာသည်။

ကျွန်တော်တို့က ကြိမ်း၊ သူက တိုင်၊ ဘုန်းကြီးကရိုက်။ ကျွန်တော်တို့က ထပ်ကြိမ်း သူကထပ်တိုင်၊ ဘုန်းကြီးက ထပ်ရိုက်။ ပြဿနာမှာ မဆုံးတော့။

တစ်နေ့ …။

သျှောင်ပေစူးနှင့် ပု၀၀ ဖိုးကျော်ဝ၊ ကျောလျားရှည်လှထွန်း၊ တရားတောင်းလေးတစ်ပုဒ်ရသည် နှင့် ကြွားမဆုံးသည့် တရားတောင်းမောင်လှ၊ ဆွမ်းအုပ်ယူခိုင်းလျှင် ‘အာပုပ် ပလုတ်ကျင်း’ဆိုကာ ဦးဦး ဖျားဖျား နှိုက်စားတတ်သည့် အာပုပ်မြရွှေနှင့် ကျွန်တော်တို့ သိမ်ကြီးနောက်ဘက် အာတာလွတ် တော အုပ်ကြီးထဲတွင် ဘုန်းကြီးတစ်ဖက်ရွာကြွနေခိုက် စည်းဝေးဖြစ်ကြသည်။

ဘုန်းကြီးက အထူးမှာ ခဲ့၏ ။ သောင်းညွန့်ကိုစောင့်ကြည့်ဖို့ မိန့်ကြားခဲ့သည်။ ကပ္ပိယကြီးကို လည်း မှာ ခဲ့မည်ထင်သည်။ ကျွန်တော်တို့ကား ဂရုမစိုက်။ အခွင့်အရေးရခိုက် ကျွန်တော်တို့၏ အထူး အစည်းအဝေးကြီးကို ကျင်းပကြခြင်းဖြစ်သည်။ စည်းဝေးဆွေးနွေးကြသည့် အကြောင်းအရာမှာ အခြား အကြောင်းမဟုတ်၊ အချစ်တော်သောင်းညွန့်ကို ဘယ်ပုံနှိမ်နင်းမည်လဲ၊ ဘယ်ပုံဝိုင်းအုပ်ကြမည်လဲ ဆို သည့်အကြောင်းပင်ဖြစ်၏ ။

သောင်းညွန့်အပေါ် မကျေနပ်သဖြင့် အားလုံးသဘောညီကြ၏ ။ သို့ သော် ကျွန်တော်ကပင် ‘သူ့ တစ်ယောက်တည်း တို့အများ က ၀ိုင်းထိုးလို့ တရားပါ့မလား’ဟု ပြောပြ၏ ။ ကျွန်တော့်ကို မျက်စောင်း ထိုးကြည့်ကြသည်။

‘ငါတစ်ယောက်တည်း တီးပြပါ့မယ်’ဟု အာပုပ်မြရွှေက ပြောသည်။ သောင်းညွန့်ကို အားလုံးက ပင် အသေးလေးဟုပင် သဘောထားကြ၏ ။ သို့ သော် သောင်းညွန့်တိုင်သဖြင့် အားလုံးကား အရိုက်ခံရ ဖူးသူချည်းပင်။

‘ငါဆရာတော့်လည်း မကျေနပ်ဘူး။ ကပ္ပိယကြီးရော’ဟု ကောက်ကာငင်ကာ ကျွန်တော်က ပြောလိုက်၏ ။ အားလုံး မျက်လုံးပြူးသွားကြသည်။

‘အေးအေးနေပါ ဖိုးထောင်ရာ။ ၀ီစိကိစ္စာအတွေ များ ကုန်ပါလိမ့်မည်။ ကျွန်တော်တို့အထဲမှ အသက်အကြီးဆုံး ကျောလျားရှည် လှထွန်းကြီးက ဆုံးမပြီး မရေမရာနှင့် ကျွန်တော်တို့ ဘုန်းကြီး ကျောင်းသားများ ၏ အာတာလွတ်အထူးအစည်းအဝေးကြီးမှာ ပြီးဆုံးသွားခဲ့သည်။

ပြီးသည်နှင့် မေ့သွားကြပြီထင်၏ ။

‘ကျောင်းအောက်သွား ကျောက်ဒိုးရိုက်မယ်’ဟု ဖိုးကျော်ဝက လှုံ့ဆော်၏ ။ သဘာတူကြသည်။ ကျောင်းသားကြီးတွေမှာ ဆရာတော်နှင့် တစ်ဖက်ရွာ ပါသွားသည်။

ဆွမ်းစားကျောင်းအောက် ကျွန်တောတို့ ၀င်မိကြသည်။ ကျောင်းပေါ်မှ သောင်းညွန့်၏ စာအံသံ ကြားရသည်။ ကပ္ပိယကြီးကား ကျောင်းဥယျာဉ်ခြံကြီးထဲ ရောက်နေသည်။ တိုးတိုး … တိုးတိုး ဟု အချင်းချင်း သတိပေးညှိပြီး ကျောက်ဒိုးရိုက်ကြသည်။ ခဏသာ ထိန်း၍ ရသည်။ ကြာတော့ ‘ဗန်တူး တယ်၊ မတူးဘူး၊ ဗွေဆော်၊ ဘိတ်’နှင့် ငြင်းခုံကြသည်။ မကြာပါ။ သောင်းညွန့် ကျွန်တော်တို့ဘေးနား ကပ်လာပြီး ခါးထောက်လိုက်၏ ။ ‘မင်းတို့ နားမလည်ဘူးလား’ဆိုသည့်ဂိုက်နှင့် …။

သူ့ညို့သကျည်းကိုချိန်၍ ကျွန်တော်ကျောက်ဒိုးနှင့် ဆွဲလိုက်သည်။ သောင်းညွန့် ညို့သကျည်း ဒက်ထိမှန်သွားသည်။ သောင်းညွန့် ကျွန်တော့်ဆီ ပြေးလာသည်။ ကျွန်တော် ဆီးထိုးမည်ဟု လက်ရွယ် ၏ ။ ကျွန်တော့်လက်ကို တစ်ယောက်ယောက်က ဖမ်းဆွဲထားလိုက်သည်။ သောင်းညွန့်လည်း လမ်း တွင် တုံ့ခနဲဖြစ်သွားသည်။

ဘယ်လိုပါလိမ့် …။

ကျွန်တော့်ကို ကျောင်းသားကြီး ကိုကျော်ရွှေက ဆွဲထားပြီး သောင်းညွန့်ကို ကိုရင်ကြီးသုမနက ဖမ်းဆွဲထားခြင်းဖြစ်သည်။ နောက်ဘက်လှမ်းကြည့်လိုက်တော့ ဆရာတော် ရွှေမျက်မှန်တို့၊ ဦးပဉ္စင်း ဦးပညာသာမိတို့ ပြန်ကြွလာကြပြီ။

ဆရာတော်ကား ဘုံကျောင်းမြင့်ကြီးပေါ် ကြိမ်ယူခိုင်း၏ ။ နှစ်ယောက်စလုံးကို စစ်မေးသည်။ ကပ္ပိယကြီးကလည်း မီးလောင်ရာလေပင့် ကျွန်တော်တို့ကို ၀င်တိုင်သည်။ သောင်းညွန့်က ညို့ သကျည်း ဖူးရောင်နေသည်ကို လှန်ပြသည်။

‘ငါးလည်းမျက်မြင်’ ဟုဆိုကာ ကျွန်တော့်ကိုသာ အရိုက်ခံ ရတော့သည်။

‘ဥပ္ဇျာယ်ဆရာ၏ စကားကို မနာယူဦး၊ မလေးမခန့်လုပ်ဦး၊ စာမအံဦး၊ အချင်းချင်း မညှာတာဦး။ အို … ဦးပေါင်းများ စွာ ၊ အကြောင်းပြချက်ပေါင်းများ စွာ ဖြင့် ကျွန်တော် အရိုက်ခံရပြန်ပြီ။ ခရီးကလည်း ပန်းလာသဖြင့် ဆရာတော် ဒေါသပိုကဲလေရော့သလားမသိ။

သူ့အချစ်တော် ထိသဖြင့် ဒေါမနဿ ပိုပွားလေရော့သလားမသိ။ ထပ်ကာထပ်ကာ ရိုက်သည်။ ကျွန်းတိုင်ကြီးတွင် လေးဘက်လေးတန် အဆွဲခိုင်းပြီးရိုက်သည်။ ကပ္ပိယကြီးကား သူ့ကိုယ်ခန္ဓာကြီးဖြင့် တအင်းအင်းမြည်အောင် အားကုန်ဆွဲသည်။

အရှိုးရာချင်းထပ်၍ ဖူးပေါက်ပြဲကုန်သည်။ ကိုရင်ကြီးတို့ ၀ိုင်းတောင်းပန်မှ အရိုက်ရပ်တော့၏ ။ ကျွန်တော် မမေ့နိုင်တော့ပြီ။

×××××××

ကျွန်တော့်ဖြစ်ပုံကို အမေ သတင်းကြား၍ ကျောင်းလိုက်လာသည်။ အိမ်နားမှ ဒေါ်ကြီး မအေး ရင်လည်း ပါ၏ ။ ဒေါ်ကြီးမအေးရင်မှာ ရွာမောင်းကြီးဟု နာမည်ရနေသည်။ ဘယ်သူ့သမီးနဲ့ ဘယ်သူ့ သား ဖြစ်နေပတဲ့ဆိုသော သတင်းမျိုး၊ သူတစ်ပါး မသိစေချင်သည့် သတင်းမျိုးကို ဒေါ်ကြီးမအေးရင် သာကြား တစ်ရွာလုံးပျံ့ပြီ။

ကိုရင်ကြီးသုမန စီစဉ်ပေးသဖြင့် ဆရာတော်မသိအောင် တိုးတိုးတိတ်တိတ် လာတွေ့ကြခြင်း ဖြစ်သည်။ ဆရာတော်သိလျှင် မိဘပါ ထပ်ကြိမ်းမောင်းခံရလိမ့်မည်။ ဆရာတော့်ကိုမူ မှန်သည်၊ မှား သည်၊ ဖြူသည်၊ မည်းသည် ပြန်မလျှောက်ဝံ့ကြ။

ကျွန်တော့်မှာ ကိုရင်ကြီးသုမနအခန်းတွင်း ကွပ်ပျစ် ပေါ်တွင် ရှိနေပေသေးသည်။ ယနေ့နှင့်ဆိုလျှင် သုံးရက်မြောက်ပြီ။ ဒဏ်ရာရနေသဖြင့် စာမအံရ။ ည ဘက် ဘုရားထရှိမခိုးရ၊ အုန်းသီးခေါင်းအုံး မအိပ်ရ။ သို့ သော် အခန်းတွင်းပင် စာကြည့်ရမည်။ ဒဏ်ရာ ကျက်လျှင် ‘သဂြိုဟ်’ကို အာဂုံပြန်ပြရမည်ဟု အမိန့်ချထားသည်။

ကျွန်တော်မှာ အတော်လေးတော့ သက်သာနေပြီ။ သို့ သော် အမေမှာ ကျွန်တော့်ကိုမြင်လျှင် မျက်ရည်လေးစမ်းစမ်းနှင့် ဖြစ်နေရှာသည်။

‘လူလေးက မိုက်တာကိုး။ နင့်အဖေသာရှိရင် သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး’

အမေမှာ ဆရာတော့်ကို အပြစ်မတင်၊ ကျွန်တော့်ကိုသာ အပြစ်တင်နေ၏ ။ ကျွန်တော့် အဖေမှာ ထောင်ကျနေသည်။ မီးရထားလမ်း အလုပ်ကြမ်းသမား အဖေမှာ အလုပ်ခိုင်းလွန်းသည့် လမ်းဗိုလ်နှင့် စကားများ ပြီး လမ်းဗိုလ်က ရုံပိုင်ကြီးတိုင်၊ ရုံပိုင်ကြီးက အဖေ့ကိုပါးရိုက်၊ အဖေက ဇလီဖားတုံးဖောက် လွန်နှင့် ရုံပိုင်ကြီးကိုချ၊ အဖေ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ်ကျနေသည်။

အဖေ ထောင်ကျသောအခါ ကျွန်တော်တို့လည်း ရွာပြန်ပြောင်းခဲ့ကြသည်။

‘သူ့အဖေမရှိတာ ခပ်ကောင်းကောင်းပါအေ။ ဟိုက စိတ်မြန် လက်မြန် တရှူးထိုးသမား၊ တော် ကြာ ဘုန်းကြီးနဲ့စကားများ နေမှ…’

အဖေ ထောင်ကျနေတာပဲ ခပ်ကောင်းကောင်း သဘောထားနေကြသည်။ ကျွန်တော် ဒေါသ ထောင်းခနဲဖြစ်သွားမိသည်။

‘ဒေါ်ကြီးမအေးရင်၊ ခင်ဗျားမသိဘဲနဲ့ အရမ်းလျှောက်ပြောမနေနဲ့ဗျ’

ကျွန်တော့်မှာ ဒေါသထွက်လာပြီး စွတ်ပြောနေမိသည်။ အမေရော ဒေါ်ကြီးမအေးရင်ပါ မျက်လုံးပြူးနေကြပြီ။ ဆရာတော်ာကားမှာ တခြားဦးပဉ္စင်းတွေကြားမှာ ကို စိုးရိမ်နေကြဟန်တူသည်။

‘ကဲ … ငါမပြောဘူးလား။ ညည်းသားဟာ ဘာမှကြောက်စိတ်မရှိဘူး။ တကယ့်ဖအေတူမှ ဖအေတူအစစ်။ ပြန်မှ … ပြန်မှ၊ ဆရာတော်ကြားရင် တို့ပါအရိုက်ခံနေရမယ်။ ကဲ … ဒိဋ္ဌိလေးရေ … ပြန် ဦးမယ်ဟဲ့’

နောက်ဆုံးတော့ ကျွန်တော်ကိုသာ အပြစ်ဆိုပြီး အမေတို့၊ ဒေါ်ကြီး မအေးရင်တို့ ပြန်သွားကြ သည်။ နောက်ပိုင်းတွင်တော့ ကျွန်တော်မှာ မျက်နှာထားတင်းတင်းနှင့်သာ နေလာခဲ့သည်။ သောင်းညွန့်လည်း နည်းနည်းကိုယ်ရှိန်သတ်သွားသည်။ ကပ္ပိယကြီးကိုလည်း တွေ့တိုင်း မျက်ထောက် နီနှင့် ကျွန်တော် စိုက်ကြည့်ပစ်လိုက်သည်။

×××××××

‘ဦးတင်စိန် …. လွှတ်တဲ့မီးပုံး

တက်လိုက်တာ … လက်မတဆုံး’

သီတင်းကျွတ်ဆွမ်းကြီးလောင်းပွဲ နီးလာလေ၊ ကျောင်းကြီးထဲဝယ် လူစည်လာလေ ဖြစ်သည်။ ၀င်သူ ထွက်သူ ရွာသူရွာသားများ လည်း လှုပ်လှုပ်ရွရွဖြစ်နေကြ၏ ။ ဘုန်းကြီးနှင့် ဦးပညာသာမိတို့မှာ ပိုး သင်္ကန်းတွေနှင့် ဆွမ်းကြီးခံများ ထွက်နေရသည်။ ကိုရင်ကြီးသုမနကား ဆွမ်းကြီးခံနောက်မကျအောင် ကျွန်တော့်ကို ကြိုးစားနှိုင်းရရှာသည်။ သီတင်းကျွတ်နီးလာသည်နှင့် မီးပုံးလုပ်သူလုပ်၊ မီးပန်းဝယ်သူ ၀ယ်ကြသည်။

ကျွန်တော့်မှာ ပိုက်ဆံမရှိသဖြင့် မီးပန်းလည်း မ၀ယ်နိုင်၊ ကိုရင်ကြီးသုမနက မီးပန်းငါးချောင်း ၀ယ်ပေး၏ ။

‘မင်း … ဒါကို အရမ်းလုပ်မပစ်နဲ့ဦး’ဟုဆိုကာ သူဘယ်အချိန်က ရှာထားသည်မသိရသော ရိုင်ဖယ်ကျည်ဆန် အခွံလေးနှင့် တံခါးမင်းတုံး မောင်းတံအသေးလေး ထုတ်လာသည်။ ဘုန်းကြီးမသိ အောင် ကျွန်တော့်ကို သစ်သားသေနတ်ကလေး လုပ်ပေး၏ ။ မီးပန်းယမ်းထည့်၍ ဖောက်ရမည်။ ထို အခါလောက်ပျော်သည့်နေ့ မရှိဟုပင် ကျွန်တော်ထင်သည်။ ကိုရင်ကြီးအားလည်း ပိုလေးစား ခင်မင် လာမိသည်။ ကိုရင်ကြီးမခိုင်းတာတောင် နင်းနှိပ် ပြုစုပေးသည်။

ကျွန်တော်ပျော်သဖြင့် ကိုရင်ကြီးလည်း ကြည်နူးနေသည်။ သို့ သော် ကိုရင်ကြီး ကြာကြာ မကြည်နူးနိုင်။ မီးပွားကလေးကို ဆွပေးလိုက်သည်ဟု သူမသိ။ ကျွန်တော်ကား ယမ်းသေနတ်ကလေး ကိုကိုင်ရင်း နေမထိထိုင်မထိဖြစ်ကာ အခွင့်အခါကောင်းကို စောင့်နေသည်ဟု ကိုရင်ကြီးမသိရှာ။

တစ်နေ့ …. ။

ထိုတစ်နေ့လည်း ကျွန်တော် ဘယ်သို့ မျှမမေ့နိုင်။

ကိုရင်ကြီးအပြင်ထွက်ရန် ကိစ္စရှိနေသဖြင့် ခါးပန်းကြိုးဘုံကျောင်းမြင့်ကြီးပေါ်တက် အယူခိုင်း သည်။ တခြားကျောင်းသား ဦးပဉ္စင်းတွေလည်း သီတင်းကျွတ်နီးသဖြင့် သူ့အလုပ်နှင့်သူ ရှုပ်နေကြ သည်။ ဘုံကျောင်းမြင့်ကြီးပေါ်ဝယ် လူရှင်းနေသည်။ ကျွန်တော်တစ်ယောက်တည်း ခြေသံဖွဖွနင်းကာ တက်သွားသည်။ ကျက်သရေခန်းဘေး ခုတင်ကြီးပေါ်ဝယ် ကပ္ပိယကြီး ကျိန်းစက်နေပါပေါ့လား။ ဗိုက် စူစူကြီးမှာ ပိန်လိုက်ဖောင်းလိုက်နှင့် ကျွန်တော့်ခေါင်းထဲ လက်ခနဲအကြံသစ်တစ်ခု ၀င်လာသည်။ ကျွန်တော်စောင့်မျှော်နေသည့် အခွင့်အခါကောင်းကား ပေါ်ပေပြီ။

ကျွန်တော် ခြေလှမ်းနောက်ဆုတ်လိုက်၏ ။ ကျွန်တော့်ယမ်းသေနတ်ကလေး ပြန်ယူရမည်။ ကိုရင်ကြီးအခန်းထဲတွင်ဖြစ်၏ ။ အို … ကိုရင်ကြီးသိလျှင် အထမြောက်မည်မဟုတ်။ ပိပိရိရိလုပ်မှ ဖြစ် မည်။ ကျောင်းပေါ်ပြန်တက် ကိုရင်ကြီး ခါးပန်းကြိုးကို ဟန်မပျက် တန်းမှအသာဆွဲယူခဲ့၏ ။

‘မင်းလည်းလိုက်ခဲ့ကွာ’ဟု ကိုရင်ကြီးက အပြင်ခေါ်နေသည်။ ခါတိုင်းလိုဆိုလျှင်တော့ ကျွန်တော်က လိုက်သွားမည်။ ကိုရင်ကြီးနှင့်ဆို ဘယ်သွားရသွားရ ကျွန်တော်ပျော်သည်။ သည်တစ်ခါ တော့ မလိုက်နိုင်။ ကျွန်တော့်တွင် အစီအစဉ်ရှိနေသည်။

‘တပည့်တော် ဗိုက်နာနေလို့ ကိုရင်ကြီးရာ … ‘

‘အေးလေ … ဒါဆိုလည်း နေခဲ့လေ … ငါ ကျော်ဝ ခေါ်သွားမယ်’

‘တင်ပါ့ …’

ကိုရင်ကြီး ဖိုးကျော်ဝခေါ်ပြီးအပြင်ကြွသွားသည်။ ကိုရင်ကြီးကို လိမ်လိုက်ရသဖြင့် စိတ် မကောင်းဖြစ်မိသေးသည်။ သို့ သော်လည်း မတတ်နိုင်။ ကိုရင်ကြီးထွက်သွားသည်နှင့် ကမန်းကတန်း ကျွန်တော်သေနတ်ကလေးရှာ၊ မီးပန်းယမ်းခြွေပြီး သိပ်ထည့်သည်။ ပြီးမှ အရိပ်အခြည်ကြည့်ကာ ဘုံ ကျောင်းမြင့်ကြီးပေါ် ကျွန်တော်ပြန်တက်ခဲ့သည်။

ယမ်းသေနတ်ကလေးက ကျွန်တော့်လက်ထဲဝယ် ငြိမ်ကုပ်နေသည်။ ကျွန်တော့်လက်များ လည်း ချွေးစေးပြန်နေသည်။ ၀၀မည်းမည်း ကပ္ပိယကြီးကား ကျိန်းစက်တော်မူနေဆဲပင်။

အသာခြေဖွ၍ ကပ္ပိယကြီးခုတင်နား ကျွန်တော် တစ်လှမ်းချင်း တရွေ့ရွေ့တိုးသွား၏ ။ နောက် က ဖတ်ခနဲအသံကြားလိုက်ရသည်။ ကျွန်တော် ဆတ်ခနဲလှည့်ကြည့်မိ၏ ။ အရေးထဲ အိမ်မြှောင်ကွာကျ ခြင်းဖြစ်သည်။ ကပ္ပိယကြီးခုတင်နားရောက်ပြီ။ ကပ္ပိယကြီးမှာ လူးလွန့်ပြီး တစ်ဖက်လှည့်သွား၏ ။ ကျွန် တော့်ရင်ထဲ အသည်းထဲ အေးသွားရသည်။ တစ်ဖက်လှည့် ခွေခွေကလေး စက်တော်ခေါ်နေပြန်သည်။ ဟောက်တော်မူနေမြဲပင်။

ကျွန်တော် ကျကျနန၊ သေနတ်ကလေး သားရေကြိုးဆွဲ မောင်းတင်လိုက်သည်။ ကပ္ပိယကြီး နားနားကပ်ကာ မောင်းဖြုတ်ချပစ်လိုက်သည်။

‘ဒိုင်း’ခနဲမြည်သံကြီးမှာ ဘုံကျောင်းမြင့်ကြီးပင် တုန်ခါသွားလေသမား ထင်မှတ်ရ၏ ။ ဘွားခနဲ ဘုန်းတော်ကြီးဘုရားခန်းထဲက ထွက်လာသည်။ ယောင်ပြီး သေနတ်ကလေးပါ လွှင့်ပစ်လိုက်သည်။ ကပ္ပိယကြီးကို မှန်သလား၊ မမှန်သလား မသိရ။ ဆတ်ခနဲ နောက်လှည့်ပြေးကာ ကျောင်းတိုင်လုံးကြီးမှ ဒါရိုက် အောက်လျှောချလိုက်သည်။ ရင်ဘတ်တွေလည်း စုတ်ကုန်၏ ။ ကျောင်းတစ်ဖက် ကုဋီဘေး ပိန်း တောကြီးထဲ ကျသွားသည်။ ရေတံလျှောကမှ ရေလျှောကျတာထက်ပင် မြန်လိမ့်မည်။ လူလည်း ထူပူ နေ၏ ။ အသာခဏ ပိန်းတောထဲ ၀ပ်နေလိုက်သည်။ လူလည်း ဟောဟဲဟောဟဲနှင့် ဖားဖိုဆိုက်နေ သည်။

‘၀ုန်း’ခနဲ အသံကြီးကျောင်းပေါ်မှ ကြားရ၏ ။

ကပ္ပိယကြီး ခုတင်ပေါ်က ခုန်ဆင်းလိုက်သလား၊ ဘုန်းကြီးပဲ ကြိမ်လုံးဆွဲသလားမသိ၊ ကျွန်တော်လည်း ပိန်းတောထဲမှတိုးပြီး အိမ်တစ်ကြိုးတည်း လစ်တော့သည်။

‘ဟဲ့ ကောင်လေး ဘယ်လိုဖြစ်လာတာလဲ’

ကျွန်တော်မောကြီးပန်းကြီး ဖြစ်လာသည်ကို အမေ နားမလည်။

ကျွန်တော်က ကိုယ့်ကိုယ်ကို ထိန်းလိုက်၏ ။ ရေတစ်ခွက် ခပ်မြန်မြန်ခပ်သောက်ပစ်လိုက်သည်။

‘ကျွန်တော် ကျောင်းအိပ်ကျောင်းစား မလုပ်တော့ဘူးအမေ’

‘ဟင် … ဘယ်လိုဖြစ်တာလဲဟယ် နင့်ဟာက’

‘သဒ္ဒါ၊ သင်္ဂြိုဟ်ကုန်နေပြီ အမေရာ၊ တော်ပြီပေါ့၊ ဘာလုပ်ရမလဲ သေစာရှင်စာတောင် မကဘူး၊ ဟိုဘက်တောင် လွန်နေအောင် ဖတ်တတ်နေပြီ’

‘ဆက်တက်ပေါ့သားရယ် စာပိုတတ်တော့ ပိုကောင်းတာပေါ့။ စာတတ်တော့ လူ့အောက် သူ့ အောက် မကျဘူးပေါ့’

အမေကား စာမတတ်၍ လူ့အောက်သူ့အောက် ကျသည်၊ ဆင်းရဲနွမ်းပါးသည်ဟု ထင်နေ သည်။

‘အမေတို့လည်း ကျပ်တည်းနေတာပဲ အမေရယ်။ ငတွတ်တို့၊ သန်းမောင်တို့တောင် ၀င်ငှားနေ ကြပြီပဲ။ ကျွန်တော် နွားအငှားကျောင်းမယ်။ ဆယ့်ငါးတောင်းတော့ ရမှာ ပေါ့’

အမေကား သက်ပြင်းချနေသည်။

‘အေးလေ … မင်းသဘောပေါ့။ မင်းအဖေကတော့ စိတ်ကောင်းမှာ မဟုတ်ဘူး’

အမေကား နောက်ထပ်မပြောတော့၊ ဖအေတူ ခေါင်းမာသည့်ကောင်ကလေးကို ပြောလို့ရမယ် မဟုတ်ဟု သူတွက်ပြီးသား ဖြစ်ဟန်တူသည်။

ညနေပိုင်းတွင် ကိုရင်ကြီး အိမ်လိုက်လာသည်။ ဤအခါမှ အမေတို့လည်း ဖြစ်ပျက်ပုံကို သိကြ တော့သည်။ ဆရာတော်ပါ လိုက်လာရင် ဒုက္ခဟု ညည်းနေကြသည်။

‘တပည့်တော် နောက်ထပ် အရိုက်မခံနိုင်တော့ဘူး ကိုရင်ကြီးရာ၊ ကိုရင်ကြီးကိုတော့ တပည့် တော် နောင်ကြီးအရင်းလို ခင်ပါတယ်’

ကိုရင်ကြီးလည်း ခေါ်မရမှန်းသိ၍ လက်လျှော့သွားသည်။

‘အေး … မင်း ပြန်မလိုက်တာပဲကောင်းပါတယ် ဖိုးထောင်ရာ၊ ငါ မင်းပုဆိုးနဲ့ အင်္ကျီလေး မြရွှေ ပို့ခိုင်းလိုက်မယ်။ မင်းသေနတ်ကလေးတော့ ဘုန်းကြီးသိမ်းထားတယ်။ နောက်မှ ငါပြန်ယူပေးမယ်’

ကိုရင်ကြီး ပြန်သွားသည်ကိုကြည့်ပြီး ကျွန်တော် ၀မ်းနည်းကျရစ်သည်။ သို့ သော် ကျွန်တော့် ကိုယ်ကျွန်တော်ကား ကျေနပ်နေပါသည်။

×××××

နှစ်မိုးကျော်လာခဲ့ပြီ။

ကျွန်တော်လည်း လယ်ထဲတွင် အတော်ကလေး အသားကျလာပြီ။ ယခင်ကလို ဆယ့်ငါး ကောင်နှင့် နွားအငှားကျောင်းရသည့်အဆင့် မဟုတ်တော့။ ပမ်းဘက် ထွန်နိုင်လာပြီ။ နောက်နှစ်ဆို လျှင် ကိုယ်ကိုယ်တိုင် တစ်တုံးလောက်တော့ ထွန်နိုင်လိမ့်မည် မှန်းမိ၏ ။ ထိုအခါ ငှားခ ပိုမည်။

ကျွန်တော့်အရိုးအဆစ်ကလေးများ လည်း မာလာကြပြီ။ လူလည်း ကြံ့ခိုင်လာပြီ။ ဦးကြီးငထွန်း တို့လို လယ်သမားကြီးတွေကပင် ကျွန်တော့်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်အဖြစ် အသိအမှတ်ပြု လာရပြီ။ ဒေါ်ကြီးမအေးရင်တို့လည်း ကျွန်တော့်အား ဒိဋ္ဌိလေးဟု မခေါ်တော့ပေ။

သူကြီးနှင့် ရပ်ရွာလူကြီးတွေကပင် ကျွန်တော့်ကို လေးလေးစားစား ဆက်ဆံလာကြသည်။

‘ဒီကောင့်ကို သွားမလုပ်နဲ့ နှယ်နှယ်ရရကောင် မဟုတ်ဘူး’ဟု ကျွန်တော့်ကွယ်ရာတွင် ပြောနေ ကြသည်ကို ကျွန်တော်ပြန်ကြားရသည်။

သည်လိုနှင့် အဖေ့လွတ်ရက် ရောက်လာခဲ့သည်။ သည်ကြားထဲ တစ်လတစ်ခေါက်လောက် အနိုင်နိုင်သွားတွေ့ခဲ့သေးသည်။ အဖေလွတ်မည့်နေ့တွင် အဖေ့အစ်မ ကျွန်တော့်ကြီးဒေါ်ကြီးကပါ လိုက်ချင်သည်ဟု ပြောနေ၏ ။

‘အိမ်ရောက်ရင်လည်း တွေ့ရမှာ ပဲ မကြီးရာ … ‘ဟု အမေက တားထားခဲ့သည်။ အမှန်မှာ လမ်း စရိတ်အခက်အခဲကြောင့် တားခဲ့ခြင်းဖြစ်သည်။

ကျွန်တော်ကား အဖေ့ကို တွေငေးကြည့်ရင်း တောင်စဉ်ရေမရ လျှောက်တွေးကြည့်နေမိသည်။ ဂဏန်းရေတွက်သံ၊ ကြိမ်ရိုက်သံတွေကား ကျွန်တော်နားထဲမှ လျှံထွက်နေကြပြီ။ ဖအေတူလေး၊ ဒိဋ္ဌိ လေး အသံတွေလည်း ကျွန်တော့်နားထဲ ဗလောင်ဆူနေသည်။ ကျွန်တော့်ကို ဘုန်းကြီးရိုက်စဉ် ကျွန်တော်ခံစားရသလိုပင် အဖေလည်း ခံစားနေရလိမ့်မည်။

ရပ်ကွက်ထဲတွင်ရော အသိချင်းတွေကပါ ကျွန်တော့်ကို ဖအေတူလေးဟု ပြောကြသည်။ အဖေ့ ကို လှမ်းကြည့်ရင်း အဖေလည်း ကျွန်တော်နှင့်တူပါလိမ့်မည်ဟု ကျွန်တော်ထပ်တွေးနေပြန်သည်။

မိုးဝေမဂ္ဂဇင်း

ဇူလိုင်လ၊ 1979

သရက်ပေါ်ချိန်

အိမ်တစ်ခုလုံးတွင် ရှုပ်ယှက်ခတ်နေသည်။ ဘုရားစင်မှ ခန်းဆီးထရံသို့ ထောင့်ဖြတ်လျက် ရက် ကန်းယှက်ထားသည့် ပိုးမျှင်တို့သည်လည်း ပန်းဖြူဆုပ်ကြီး ဆိုင်းထားသလိုရှိနေ၏ ။ ညစ်နွမ်းနွမ်း စောင်၊ ဆီချေးဝနေသည့် ခေါင်းအုံး၊ အဖာရာများ ဖြင့် ကျားကန်တည်ဆောက်ထားသည့် ခြင်ထောင်အို ကြီးတို့သည်လည်း ထိုပိုးမျှင်ပန်းဆိုင်းကြီးအောက်ဘက်ဆီဝယ် လုံးလားထွေးလားဖြစ်နေသည်။ တကျွီ ကျွီနှင့် ကြွက်ငယ်နှစ်ကောင်ကား ပြေးတမ်းလိုက်တမ်းကစားနေကြသည်။

မှိုင်းတက်ဘုရားစင်အောက် မှ အနားဖွာလန်ကြဲနေသည့် သင်ဖြူးသေးနှစ်ချပ်မှာ လျော့ရဲရဲလုပ်ထားသဖြင့် အမူးသမားပမာ ခပ်ယိုင် ယိုင်ဟန်နေလျက်။

နယုန်၊ ၀ါဆို ရောက်နေပြီ။ မိုးကလေးပင် တဖွဲဖွဲအလည်လာစပြုပြီ။ ခါတိုင်းနှစ်များ ဆိုလျှင် တော့ ဒီလ ဒီအချိန်ရောက်လျှင် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်ဖြစ်နေပြီ။ ဒီနှစ်တွင် ပူလွန်းပြီး မိုးခေါင်နေ သည်။ ယခုတစ်ပေါက် နှစ်ပေါက် မိတ်ဆက်လာမှပင် ဦးတင်ဖေ ခေါင်မိုးမော့ကြည့်ဖြစ်၏ ။ မမိုးရသေး။ သက်ငယ်ပျစ်ကြားမှ မိုးကောင်းကင်ကို လှမ်းမျှော်လို့ပင် ရနေပြီ။ ခေါင်မိုးတစ်ခွင်လုံးလည်း မှိုင်းကျပ်ခိုး တို့ စစ်ခင်းနေကြလေသည်။

ခန်းဆီးထရံမှ အ၀ါမှု န်ကလေးများ လည်း ထွက်ပြူကျနေ၏ ။ ဆန်ခါပေါက်ကလေးများ လည်း တိုးပွားနေကြပြီ။ ပိုးစားပြီး ထရံသားတွေ ကုန်ရော့မည်။ အိမ်ရှေ့ဘက် ကွက်ကျားကလေးလည်း ကျိုး သည့်ဝါးခြမ်းကကျိုး၊ နနွင်းမကင်းကွက်ပုံစံတွေပင် အကွက်ရွဲ့စောင်းနေပြီ။ ကဲလားကလေးလည်း ခပ် ယဲ့ယဲ့ပင်။ ဒါလည်းထားဦး ရသေးသည်။ အနောက်ဘက်ထရံကိုကား မလဲလို့မဖြစ်။ မိုးသည်းသည်း ပက်သွင်းလျှင် ခံနိုင်ရည်ရှိမည် မဟုတ်တော့။ သူ့အထက်က ကျီးပိတ်လည်း ကျီးသာမက ငှက်ကြီး ၀န်ပိုပင် အ၀င်အထွက် လုပ်လို့ရနေပြီ။ ဒါလည်း အသာမှေးနေလို့ရသေးသည်။ ထားဦး၊ အရေးကြီး သည်က ကြမ်းခင်း။ အပေါက်ကျွံကျ ခြစ်မိခိုက်မိ၊ ဒူးပြဲ ခြေသလုံးစုတ်ဖြစ်မည်။ သူတို့လည်း ၀ါဝါအမှု န် တွေ ထွက်နေပြီ။ အိမ်ပေါ်တွင် လျှောက်ရသည်မှာ ကြိုးတံတားကူးနေရသလို ဖြစ်နေသည်။

တိုင်များ တွင်လည်း ကိုရွှေပိုးတို့ ဥမင်လိုဏ်ခေါင်းဖောက်လုပ်နေကြသည်မှာ ကြာပြီ။ ရှုပ်ယှက် ခတ် အသွယ်သွယ်၊ ၀င်္ကပါဥမင်လိုဏ်ခေါင်း။ အိမ်တိုင်လည်း မယိုင်မကျိုးမချင်း မှေးနေရပေဦးမည်။

အဆင့်နှစ်ခန်း၏ တစ်ဖက် မြေစိုက်မီးဖိုခန်းထဲတွင်တော့ မှိုင်းတောထဲမှ အမည်းရောင်လွမ်းနေ သည့် အိုးများ ၊ ခွက်များ ။

အိမ်ပေါ်တွင် ဘုရားစင်အနီးတစ်ဝိုက် အိပ်စရာကွက်ကွက်ကလေးမှလွဲ၍ ကျန်နေရာများ အားလုံးတွင် ကောက်ရိုးပြင်ကြီးများ ထွေးရှုပ်ပွကြဲနေသည်။ ထိုကောက်ရိုးပြင်ကြီးအောက်တွင်တော့ မွန်းကျပ်နေအောင် ဖိထားခံရသည့် သရက်သီးစိမ်းများ က တိုးဝှေ့နေကြသည်။

မြေစိုက်မီးဖိုထဲမှ မီးခိုးများ ၊ အူထွက်နေလျက် ပြာမှု န့်များ ဘေးလွင့်နေကြသည်။ ဖူး … ဖူးနှင့် ကုန်းမီးမှု တ်သံလည်းထွက်နေသည်။ ထင်းအစိုမို့ ချက်ချင်းမတောက်နိုင်ဘဲ မီးက ညစ်ပတ်နေသည်။

“ကဲ … အဖေကြီးရေ၊ ကျောလားကြီးဆန့်၊ ခါးကြီးထောက်ပြီး လျှောက်ကြည့်နေလို့ မပြီးသေး ဘူး။ အိမ်အပင် ဒီညနေဆွတ်မယ်“

ဒေါ်သန်းမြက မီးကုန်းမှု တ်နေရင်းမှ မျက်စိတစ်ချက်ပွတ်လိုက်ကာ အိမ်ရှေ့တွင် ခါးထောက်ပြီး လျှောက်ကြည့်နေသည့် ဦးတင်ဖေကို လှမ်းပြောလိုက်သည်။

“ဟေ့ … အေး … အေး၊ ဟုတ်သားပဲဟ“

ခုနစ်စဉ်အမျှင်တန်း လျှောက်ကြည့်ရင်း အိမ်ပြင်ဖို့ စိတ်မောနေစဉ် ဇနီးသည်အသံကြားလိုက်မှ ဦးတင်ဖေ ယောင်အမ်းအမ်းနှင့် လှမ်းကြည့်ဖြစ်သည်။ ဇနီးသည်မှာ လည်း နေ့နေ့ညည နားရသည်မရှိ။ လယ်လုပ်ချိန် လယ်ထဲ၊ လယ်နားချိန် အနောက်တောတက်၊ သက်ငယ်ရိတ်၊ ထင်းခုတ်၊ ကျရာကျပန်း လုပ်နေရသည်။ အသက်လေးဆယ်အရွယ်မှာ ပင် အဘွားအိုဖြစ်နေပြီ။ ဆံပင်ဖြူ၊ ပါးရေနားရေတွန့်နေ ပြီ။ နေလောင်နေစားထားသဖြင့် အသားအရေများ လည်း မစိုမပြေနိုင်တော့ပြီ။ ဘ၀၏ ဒဏ်ချက်တို့ ကား ဇရာကိုအားပေးနေလေသည်။

ဇနီးသည်၏ သရက်ထည်လုံချည်နွမ်းကလေးမှာ လည်း အကွက်ပင်မပေါ်တော့ပေ။ ထသွားထ လာ ဥပုသ်သီတင်းဘုရားကျောင်းကန်သွားရန် ပဒုမ္မာအင်္ကျီလေးတစ်ထည်တော့ ဒီနှစ် သရက်ပေါ်ချိန် တွင် ဖြစ်သည့်နည်းနှင့်ချုပ်ပေးမည်ဟု ဦးတင်ဖေ စိတ်ကူးထား၏ ။

“အဖေကြီး ..ရေအိုးချပေးပါဦး“

အငယ်မက အသံစာစာနှင့်ဝင်လာသည်။ မျက်နှာဝိုင်းဝိုင်း၊ နဖူးကျယ်ကျယ်တွင် ဆံရစ်ဝိုင်း ကလေး ကျနေသည်။ ပါးမို့မို့လေးပေါ် သနပ်ခါးဘဲကျားလေးရိုက်ထားသည်။ သူ့အမေ ငယ်ငယ်ကနှင့် တစ်ပုံတည်းဖြစ်သည်။ မျက်လုံးပြူးပြူးလေးအပေါ် မျက်ခုံးကြီးမိုးထားပုံမှာ ပိုတူသေးသည်ဟု ထင်မိ သည်။ အငယ်မလည်း ဒီနှစ်ဆယ့်ခြောက်နှစ်ရှိပြီ၊ အရွယ်ကလေးရှိလာသဖြင့် ၀တ်ချင်စားချင်ပေလိမ့် မည်။ မိဘမသောင်သာသဖြင့် သူလည်း လူချင်းတူအောင် သိပ်မဆင်နိုင်။ ဒီနှစ် သရက်ပေါ်ချိန်ကျရင် တော့ လုံချည်နဲ့အင်္ကျီတစ်စုံတော့ ချုပ်ပေးမည်မှန်းထား၏ ။

ရွာ၌ နှစ်စဉ် ဆွမ်းကြီးလောင်းပွဲရှိသည်။ ဘုရားတန်ဆောင်းကြီးတစ်ပတ် သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းရသည်မှာ ကြည်နူးစရာ။ တစ်နှစ်တစ်ခါမှ ဆွမ်းဆန်စိမ်းလေး မလောင်းရလျှင် မျက်နှာငယ်စရာလို ခံစားကြရသည်။ လူကြီးများ ကတော့ ကိစ္စမရှိ။ ငယ်သူများ ကတော့ ရွယ်တူချင်း တွေ သူများ လောင်းနိုင်၍ ကိုယ်မလောင်းနိုင်လျှင် ပိုခံစားရသည်။ ပိုက်ဆံရှိသူတစ်ချို့ကတော့ စာရေး တံမဲ၊ ဆွမ်း၊ မုန့်၊ ကုန်ခြောက်အစုံ ထည့်နိုင်ကြသည်။ သီတင်းကျွတ်ပွဲတော်တွင် ကိုယ့်ရှိတာလေးတွေ ကို အစွမ်းကုန်ထုတ်ဝတ်တတ်ကြသည်။ တော်သေးသည်။ မနှစ်က သီတင်းကျွတ်ပွဲတွင် ကိုယ်တစ်ဦး တည်း မလောင်းနိုင်သည်မဟုတ်။ ကွက်သစ်ကရော၊ ရွာလယ်ပိုင်း၊ မြောက်ပိုင်း အတော်များ သည်။

ဒီနှစ်တော့ သရက်ပေါ်ချိန်ကလေးပဲ အားခဲထားသည်။

“ကဲ … ပေါက်ပေါက်ရေ၊ ရေမခပ်နဲ့တော့၊ နင့်ဖအေ ကျောပြောင်ကြီးလည်း ခိုင်းလို့မရ၊ ထမင်း အိုးမီးမှု တ်၊ ငါပဲ သစ်ပင်တက်တော့မယ်“

ဒေါ်သန်းမြ ဒေါပွမှ ဦးတင်ဖေလည်း အတွေးရပ်ကာ အိမ်ရှေ့က နောက်ဖေးလာခဲ့သည်။ မီးဖို ထဲ ရွေ့ရွေ့ဝင်လိုက်ကာ ပြာတစ်ဆုပ်ယူလိုက်ပြီး ခါးတောင်းကျိုက်လျက် လက်မောင်း၊ ကိုယ်တို့ကို ပြာသုတ်နေသည်။

“အဖေကြီး…. အိမ်သရက်ဆွတ်ရင် ထဘီနဲ့အင်္ကျီနော်၊ ဒီနှစ် ၀ယ်ပေးမယ်ဆို“

“ အေးပါ…သမီးရယ်“

“အစ်ကိုကြီးတို့များ ဒီနှစ် လာကြမလားမသိဘူး“

“အမလေး…နင့်အစ်ကိုကြီးတို့ မျှော်မနေနဲ့၊ သူတို့လည်း သူတို့ဟာနဲ့သူတို့ ပြေလည်တာ မဟုတ်ဘူး။ ရွာတစ်ခေါက် တစ်ခေါက်လာရတာ သက်သာတာမှတ်လို့“

အကြီးကောင်ကြီးမှာ မြို့တွင် အိမ်ထောင်ကျနေသည်။ ရွာကို အလွန်တွယ်တာသော၊ မိဘ ညီ အစ်ကို မောင်နှမအပေါ် သံယောဇဉ်ကြီးမားသော ငယ်ပေါင်းများ အပေါ် ခင်မင်လွန်းသော အကြီး ကောင်ကြီး။ တစ်နှစ်တစ်ခါပင် ရွာမရောက်နိုင်။ ရသည့်လခလေး တစ်ရာကျော်နှင့် မိသားစု လုံးလည် လိုက်နေလိမ့်မည်။

အလတ်ကောင်မှာ လည်း ဆိပ်ကမ်းတွင် အလုပ်ဆင်းနေသည်ဟု ကြားရသည်။ ပင်ပန်းလိုက် မည်မှာ ၀ီခေါ်နေလိမ့်မည်။ သူလည်း သူ့အိမ်ထောင်နှင့်သူ။ တစ်နေ့လုပ် တစ်နေ့စား သိပ်တော့ ပြေလည်မည် မထင်လှ။ မိဘမှာ သူတို့တွေအတွက်ပါ လိုက်ပူနေရသည်။ သီတင်းကျွတ်ပွဲတော်ရက် မျိုးတွင် သူများ သားသမီးတွေ ပြန်လာတော့ ကိုယ့်သားသမီး ပြန်မလာရင် ရင်ထဲဟာနေတော့သည်။ သရက်ပေါ်ချိန်လေး ပြန်လာရင်တော့ အပြန်လမ်းစရိတ်လေး မြေးတွေအတွက် မုန့်ပဲသရေစာလေး ပေးလိုက်နိုင်မည်မှန်း၏ ။ မြေးတွေလည်း သရက်သီးလှိုင်လှိုင်စားရမည်။ ဖင်ကောက်သီးမှာ ချိုလွန်းလှ ၏ ။ မချစ်စုကတော့ ၀မ်းပျဉ်းဆိုလျှင် ပိုကောင်းသည်။ သူတို့မြို့မှာ မောင်းလေးနှင့်တနောင်နောင်တီး ပြီး တစ်မတ်ဖိုးမှ လေးငါးစိတ်ပဲရသည်။ ရွာထွက် တစ်နှစ်သုံးထပ်သီး သရက်ကတော့ အခွံထူပြီး ဆိမ့် နေသည်။

ဒီနှစ် သရက်ပေါ်ချိန်တွင် သုံးထပ်သရက်ကို ဗန်းပြရောင်းရမည်။ မြို့သူမြို့သားတွေမှာ အဆန်းဆိုလျှင် ဘာရယ်မဟုတ်၊ တစ်ယောက်ဝယ် ၀ိုင်းဝယ်တတ်ကြသည်။ ဈေးကို အစောဆုံး သူ့ ထက်ငါ ဦးအောင်သွားရမည်။ ဒါမှ ဈေးကောင်းလေးရမည်။ ဒီနှစ် အရှေ့ပိုင်း၊ အလယ်ပိုင်းကလည်း သရက်တွေ ထွက်လိမ့်မည်။

ဦးတင်ဖေမှာ ခါချဉ်ကောင်များ ကို အထွေးလိုက်သပ်ချရင်း အသီးပြွတ်များ ကို သရက်ဆွတ် ခြင်းတံချူနှင့် ဆွဲဆွတ်ဆွတ်နေသည်။ သစ်ပင်ခွကြားတွင် သံပုံးကို သင်အူကြိုးချည်ပြီး အဆင်သင့် ထားပြီးဖြစ်၏ ။ သံပုံးထဲ အတွင်ဆွတ်ထည့်နေသည်။ ဆွဲဆွတ်ရင်း အသီးတချို့ အောက်ပြုတ်ကျကုန် သည်။

“ဟေ့…ဖအေကြီး ဖြည်းဖြည်းဟေ့ အောက်မှာ အကုန်ကွဲကုန်ပြီ။ ဖြည်းဖြည်း လုပ်မှပေါ့။ သမီး ကြည့်ကောက်နော် ခေါင်းပေါ်ပြုတ်ကျမယ်“

“အမလေး…“

ဒေါ်သန်းမြအပေါ်မော့ပြီး သတိပေးနေရင်းကြားက ထိပ်ပေါ်ပြုတ်ကျသည်။ အငယ်မ ရှုံ့မဲ့ပြီး အပင်အောက်က ပြေးထွက်လိုက်သည်။ အောက်က သမီးအော်သံကြောင့် ယောင်ယောင်မှားမှားဖြစ် ကာ သံပုံးထဲ တံချူတံနှင့်ဆောင့်ထိုးလိုက်သည်။ သင်အူကြိုးမှာ သံပုံးပြည့်မောက်လာသဖြင့် အလေး ချိန်ဒဏ်မခံနိုင် ဖျစ်ဖျစ်မြည်နေသည်။

“ဟဲ့…ဟဲ့.. မသန်း …မသန်း ဘေးဖယ်နေ“

ပြောပြောဆိုဆို သံပုံးမျာ ကြိုးပြတ်ကျသည်။ ဒေါ်သန်းမြခြေထောက် ရှပ်ထိသွား၏ ။

“အမလေးတော် … ကုန်ပါပြီ“

ဒေါ်သန်းမြမှာ ခြေထောက်ထိသည်ကို မရုမစိုက်နိုင်။ သရက်သီးများ မြေကြီးနှင့်ပုံးဆောင့်ပြီး ကွဲကြေကုန်သည်ကိုသာ စိတ်မကောင်းဖြစ်ရင်း ရှေ့ခပ်လှမ်းလှမ်းဆီ လိမ့်သွားသည့်သရက်သီးကို လှမ်းကောက်ရန် ခြေလှမ်းလိုက်ရာ ခြေမျက်စိနားဆီက မျက်ခနဲဖြစ်သွားကာ ကိုယ်နည်းနည်းယိုင်သွား သည်။ ဘေးနားထိုင်နေသည့် အငယ်မလည်း ထိပ်ပွတ်ပြီး သရက်သီး ထ ကောက်ပြန်သည်။

အပင်ပေါ်မှ ဦးတင်ဖေလည်း ကမန်းကတန်း လျှောဆင်းလာသည်။ လက်မောင်း၊ ရင်ဘတ်တို့ တွင် ပွန်းစုတ်ကုန်သည်။

“ဘာဖြစ်သွားလဲ … ဘယ်ထိသွားလဲ“

ဦးတင်ဖေ ပျာယာခတ်သွားသည်။ ဒေါ်သန်းမြမှာ ရှပ်ထိသွားသော ခြေမျက်စိနား လှမ်းဖျစ်ကိုင် လိုက်ရင်း ရှုံ့မဲ့ကာ တဖျစ်တောက်တောက် ပြောနေသည်။ ဦးတင်ဖေကား ဒေါ်သန်းမြကို ကရုဏာ သက်စွာ ကြည့်ရင်း တဖျဉ်းဖျဉ်း ကုတ်နေတော့သည်။

“ဟေ့ …အကွဲနဲ့အကောင်း မရောနဲ့နော်။ အကောင်းတွေက အုပ်ရဦးမှာ ။ အကွဲတွေက အကွဲ ဈေးသပ်သပ်။ မနက် ရှိတဲ့အမှည့်ဖော်၊ စိမ်းတချို့ အကွဲ တချို့ယူ …ဈေးထါက်မယ်။ အရင်အပတ်က မိလှိုင်တို့ဆီက ကောက်တဲ့သရက်မှည့်ရောပေါ့။ ဟဲ့ … ပေါက်ပေါက် ရေအင်တုံယူ တစ်ခါတည်း ရေ စင်စင်ဆေးစမ်း”

သမီးငယ်နှင့်ဖအေကြီးမှာ အလုပ်များ သွားကြသည်။

နေလုံးပျောက်၍ မိုးပင်စုံးစုံးချုပ်နေပြီ။ မိုးပေါက်ကလေးများ လည်း တဖွဲဖွဲကျနေဆဲပင်။

ကျောပြောင်ကြီး ချွေးအလိမ်းလိမ်းတွင် ပြာမှု န်တွေ ကပ်နေသည်ကို ဂရုမထားနိုင်။ ဦးတင်ဖေ ကား ကောက်ရိုးမျှင်များ ကို ဆွဲဆွဲဖယ်ရင်း အမှည့်အကောင်းရွေးထုတ်နေသည်။ တစ်ခြမ်းပုပ်နေသည့် သရက်သီးများ လည်း ထွက်လာသည်။ သိပ်မမှည့်သေးသည့် ၀မ်းပျဉ်းတချို့ကိုတော့ ချန်ထားရဦးမည်။ အမှည့်လွန်ပြန်လျှင်လည်း ဒုက္ခ။ အရောင်လည်းထွက်မှ။ ခြင်းအထည့်လည်း ခံဦးမှ၊ ဒါမှလည်း ရောင်း ပန်းလှပေမည်။

“အမေတို့ နောက်တစ်ခါ သရက်ကောက်တာ ကြည့်ကောက်နော်။ အနာပါတာအုပ်တော့ ပုပ်ကုန်တာပေါ့”

“အဲဒါ နင့်အဖေလေ၊ အားနာပြီး အနာပါတာ ရာရေထဲ ထည့်ရေတော့ အခု အပုပ်တွေများ ကုန် ပြီမဟုတ်လား၊ ရှုံးတောင်ရှုံးဦးမယ်”

“နင့်ပါးစပ်ပုပ်ကြီးနဲ့ ဟယ် … ဈေးဦးဈေးဖျား”

ဦးတင်ဖေကား ဒီတစ်ခါ ခပ်ဆတ်ဆတ် သူ့ဇနီးကိုပြောလိုက်သည်။ အိမ်နီးနားချင်းသရက်တွေ လည်း လာပို့ကြသည်။ အိမ်ရှေ့ခြံကွက်တွင် သရက်သီးများ နှင့် ပွစာကြဲနေလေသည်။

“ကဲ .. ကဲ တော်ပြီ၊ ဒီနေ့ အစိမ်းတွေ နောက်နေ့မှအုပ်မယ်၊ ညဥ့်လည်းနက်ပြီ ထမင်းစားကြ မယ်။ ဖအေကြီးလည်း ရေမချိုးရသေးဘူး…အငယ်မရော”

“ကျွန်မလည်း မချိုးရသေးဘူး”

“အေး…ခုအချိန်မှ ချိုးမနေနဲ့တော့ ရေခပ်သွားတာက တမေ့တမော။ ဘယ်လင်မျှော်…တယ် လေ ငါမပြောလိုက်ချင်ဘူး”

“ရေစစ်နေရတယ် အမေရဲ့ ”

“ဟဲ့… ငါ့ပြန်အော်မနေနဲ့”

“ဟေ့…ဟေ့…တော်ကြ၊ အချိန်မရှိဘူး၊ ကဲ ထမင်းစားမယ်၊ မနက်အစောကြီးထရဦးမှာ ”

မိသားစုတွေမျာ တစ်ညနေလုံး နားရသည်မရှိ။ ဟိုလုပ်ဒီလုပ်နှင့် အလုပ်ရှုပ်ရင်းကပင် မိုးစုံးစုံး ချုပ်သွားသည်။ အလုပ်များ နေသဖြင့် အချိန်ကိုပင် မေ့နေမိသည်။

လူကြီးခေါင်းချ ကြက်များ ပင် တွန်ပေပြီ။ ညဥ့်နက်လှပြီ။ သရက်ပင်အုပ်အလယ်မှ ယိုင်နဲ့နဲ့ သက်ငယ်မိုးအိမ်ကလေးအတွင်းဝယ် မီးရောင်ကလေးမှိန်မှိန်ပင် အားယူလင်းနေရှာ၏ ။ ခပ်ဖျော့ဖျော့ မီးရောင်အောက်ဝယ် ဦးတင်ဖေတို့မိသားစုမှာ ယခုမှပင် ညစာစားကြရသည်။

အပြင်ဘက်တွင်တော့ မိုးတစ်ခွင်လုံး မည်းမှော င်နေသည်။ တစ်ဖက်တစ်ချက်တွင် လေစိမ်း ဝှေ့တိုက်ခတ်လာသည်။ အိမ်ကလေးမှာ သိမ့်ခါနေ၏ ။

“ဘုရား သိကြားမလို့ မနက်ဖြန် မိုးမရွာပါစေနဲ့တော်”ဟု ဒေါ်သန်းမြက အပြင်ဘက် လှမ်း ကြည့်ရင်း ဆုတောင်းရေရွတ်နေသည်။ အငယ်မက ၀ါးခနဲ တစ်ချက်သိမ်းလိုက်၏ ။ ဦးတင်ဖေ ကျောပြောင်ကြီး၌ ချွေးများ ကား စီးကျလျက်။

xxxxxx

ရွာဖျားဘက်ဆီမှ ခွေးဟောင်သံများ ကြားရသည်။ အငယ်မက ဟောက်များ ပင် ဟောက်နေပြီ။ ဦးတင်ဖေကား တစ်ချက်ငိုက်လိုက်ရာမှ ခွေးဟောင်သံကြောင့် ဖျတ်ခနဲနိုးလာသည်။ မီးရောင်မဲ့မဲ့ဝယ် ဒေါ်သန်းမြမှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးခဲရင်း ခြင်းကွက်ကျားကြီးထဲ ကောက်ရိုးဖြန့်ထည့်လိုက်၊ သရက်သီးမှည့်တွေ ရေထည့်လိုက် လုပ်နေသည်။ ဦးတင်ဖေ မျက်လုံးပွတ် ထထိုင်လိုက်သည်။ တစ် ဆက်တည်းပင် အိမ်ရှေ့မှ လူသံလူသံများ ကြားရသည်။

“ဟေ့ .. ရှင်မ သန်း သွားမယ်ဟေ့”

တာဆုံးရွာဘက်က ဈေးသည်များ က အသံပြုသွားကြသည်။ ဦးတင်ဖေကား အငယ်မကို လှုပ်နိုးနေသည်။ အငယ်မကား အင်း..အဲ လုပ်နေ၏ ။ အိပ်သည်မှာ မကြာလှသေးသဖြင့် မျက်လုံးဖွင့် မရ။ မထချင် ဖြစ်နေသည်။ ဒေါ်သန်းမြမှာ တစ်မှေးမျှပင် မမှေးရသေး။

အငယ်မကို အတော်လေးလှုပ်နိုးနေရသည်။ “နင် အင်္ကျီ မယူဘူးလား”ဆိုမှ လူးလဲထ တော့ သည်။

ဦးတင်ဖေက ခြင်းတစ်ဖက်တစ်လုံးနှင့် တစ်ထမ်း။ ဒေါ်သန်းမြက ခြင်းတောင်းတစ်လုံး။ အငယ်မက တောင်းစောက်တစ်လုံး။

ဒေါ်သန်းမြမှာ ခြေထောက်က လှမ်းလိုက်တိုင်း မျက်တက်တက် ဖြစ်နေသေးသည်။ အငယ်မ မှာ လည်း တောင်းကောက်ပင့်ပေးလိုက်သောအခါ တစ်ချက်မျက်နှာရှုံ့သွားသည်။ ထိပ်ဖုနေလျက် ကြိတ်မှိတ်ရွတ်လိုက်သည်။

ဒေါ်သန်းမြ ခြေမျက်နေသဖြင့် မီးဆွဲကို အငယ်မက လှမ်းယူကိုင်လိုက်သည်။

သားအမိသားအဖသုံးဦး ဈေးထွက်လာသောအချိန်မှာ ကြက်ဦးပင်တွန်၍ ရောင်နီပင် ပျို့အန် လာပေရော့မည်။

xxxxx

ဆိုကောင်းမည်ကောင်း မိုးကြီး သဲသဲမဲမဲကြီး မရွာသဖြင့် ဒေါ်သန်းမြ ဆုတောင်းပြည့်သည်ဟု ပင် ဆိုရမည်ထင်သည်။ သို့ သော် တဖွဲဖွဲလေးကား ကြဲဖြန့်နေတုန်းပင်။ လယ်ကွင်းဖြတ်လမ်းတစ် လျှောက်မျာ ချော်ကျွတ်ချော်ကျွတ် ဖြစ်နေ၏ ။

ဒေါ်သန်းမြမှာ မနည်းကြီးထိန်းလျှောက်နေရသည်။ အတော်ကြီး ဣနြေ္ဒလုပ်လျှောက်တာ တောင် မှ ထော့နဲ့ ထော့နဲ့ ယိုင်နဲ့နေသေးသည်။

“ဟေ့ ..လမ်းကြည့်သွားနော်၊ မီးဆွဲတည့်တည့်ပြ”

ဦးတင်ဖေလည်း မနည်းထိန်းထမ်းနေရသည်။ ယခုလို မိုးလေးတစ်ပြိုက်နှစ်ပြိုက် ဖျန်းပက်ပြီးစ တွင် တစ်နွေလုံး ခြစ်ခြစ်တောက်ပူထားသည့် မြေပြင်မှာ အငွေ့များ ပျံ၍ တရှိန်ရှိန်ဖြစ်နေသည်။ မြွေ၊ ကင်းတို့ ထွက်တတ်သည်။ မြက်စပ်နှင့်လှည်းလမ်းကြောင်းထဲက မသွားမိစေရန် သတိပေးနေရသည်။ မိုးသံလေသံတို့ကား ခြိမ်းခြောက်နေသည်။ ပတ်ဝန်းကျင်ဝယ် မည်းမှော င်နေဆဲပင်။

ဦးတင်ဖေ၏ သရက်ခြင်းထမ်းပိုးမှာ ညွှတ်ညွှတ်ပြီး ..တကျွိကျွိမြည်သံမှာ ခြေလှမ်းလိုက်တိုင်း အချက်ကျပေါ်ထွက်နေသည်။

ကွင်းပြင်ထဲဖြတ်၍ လေမှာ တဟူးဟူးတိုက်ခတ်နေသည်။ မိုးတဖွဲဖွဲမှ သည်းမလာရန် ဒေါ်သန်း မြကား တဖွဖွဆုတောင်းလိုက်လာသည်။ အသီးသီးဈေးကွက်ဆီသို့ စိတ်စောနေကြပြီး အတွေးကိုယ်စီ နှင့် ရှိနေကြသည်။ လမ်းမသာသဖြင့် ခရီးမတွင်သည်ကို အားမလိုအားမရဖြစ်ကာ စိတ်တိုနေကြသည်။

ဦးတင်ဖေမှာ ရှေ့သာနားစွင့်နေမိကြသည်။ ယခုထိ မိမိတို့ရှေ့က သွားနှင့်သည့် ဈေးသည်အုပ် ကို မမီနိုင်သေး။ ဒေါ်သန်းမြမှာ ခြေထောက်မျက်နေသဖြင့် စောင့်ခေါ်နေရသည်။ အငယ်မက စိတ်မြန် ကိုယ်မြန် ရှေ့ရောက်ရောက်သွားကာ ကွာကွာသွားသဖြင့် သတိပေးနေရသည်။

ဘုန်းကြီးကျောင်းဝင်းဖြတ်၊ ကွင်းတစ်ဝက်သာသာ ဂူများ အလွန် လယ်ကန်သင်း ကမူအတက် တွင် ဒေါ်သန်းမြမှာ မထိန်းနိုင်ဘဲ ယိုင်ပြီး ခေါင်းပေါ်မှ သရက်ခြင်း လည်ထါက်သွားသည်။

“ဟဲ့ … နင့်မေကလွှား”

ဦးတင်ဖေက ယောင်ပြီး ဖမ်းထိန်းလိုက်သေး၏ ။ မရလိုက်ပါ။ ဒေါ်သန်းမြ သရက်သီးခြင်းကား လှည်းလမ်းကြောင်းတစ်ဖက် လွင့်သွားသည်။ သရက်သီးများ လည်း တချို့လှည်းလမ်းကြောင်း ဖုန်ထဲ၊ တချို့ ကိုင်းစပ်ထဲထိ လိမ့်ပြေးကြသည်။

“ဒီ ဖေ ..သရက်ကို အကျိုးမပေးဘူး”

ဒေါ်သန်းမြလည်း စိတ်တိုတိုနှင့်ဆဲရင်း လိုက်ကောက်နေသည်။ အရင်လိုမှ အနှေးတွေ့ဆို သလို ဖြစ်နေသည်။ တချို့အမှည့်များ မှာ ပေါက်ပြဲကုန်သည်။ ဖုန်အလိမ်းလိမ်းနှင့် ရွှံ့ပေသည့်အတုံးက ပေနေပြီ။ မျက်နှာပန်းမလှတော့။ ဒေါ်သန်းမြက ရေရွတ်နေသည်။ ဦးတင်ဖေမှာ ခေါင်းသာအတွင် ကုတ်နေ၏ ။ သူ့ကျောပြင်ကြီးမှာ လည်း ချွေးရွှဲနေပြန်ပြီ။

အငယ်မလည်း စိတ်တိုနေပုံရသည်။ သူ့ပါးအို့ပေါ်မှ ဘဲကျားရိုက်ထားသည့် သနပ်ခါးကွက်မှာ လည်း ချွေးကွက်နေပြီ။ ဆံတောက်အစပ် နဖူးဆီတွင်လည်း ချွေးတွေသီးနေပြီ။

ထိုစဉ် နောက်ဘက်ခပ်လှမ်းလှမ်းဆီမှ လူသံတွေကြားရသည်။ ရွာလယ်ပိုင်းမှ ခွေးမတို့အုပ်စု ဖြစ်၏ ။ သူတို့လည်း ခြံထွက်ဆူးပုပ်၊ ကင်ပွန်းချဉ်၊ ငှက်ပျောသီးတို့နှင့် ဈေးထွက်လာခြင်းဖြစ်၏ ။

“ဟဲ့ … ဘယ်သူတွေလဲမှတ်တယ်။ ညည်းတို့အပိုင်းက သရက်မထွက်ဘူးလား”

“ထွက်ပါ့တော်၊ ဒေါ်ကျင်မြိုင်ကြီး ဖောက်သည်ပေးလိုက်တယ်၊ ရန်ကုန်တင်မလို့ဆိုလား”

ရန်ကုန်တင်မည်ဆို၍ ဦးတင်ဖေရော ဒေါ်သန်းမြပါ အသက်ရှူနည်းနည်းချောင်သွားသည်။ တစ်ယောက်ကိုတစ်ယောက် တိုင်ပင်မထားရဘဲ ပြိုင်တူကြည့်မိလိုက်ကြ၏ ။

တော်သေးရဲ့ ဟု ကိုယ်စီတွေးလိုက်သည်။ သို့ မဟုတ်ပါက ဤနယ်ဈေးကွက်သေးသေးတွင် သရက်ဆုံကျနေပါက အထိနာပေလိမ့်မည်…။

သရက်သီးများ ကောက်ထည့်ပြီး၍ ဆက်ထွက်လာကြသောအခါ ရောင်နီပင် ပြူစပြုပေပြီ။

“ကဲ …သမီးနဲ့ဖအေကြီး ရှေ့ကသုတ်သုတ်သွားနှင့်၊ ငါ ဒီက ခွေးမတို့နဲ့စကားပြောရင်း ဖြည်း ဖြည်းလိုက်ခဲ့မယ်”

အငယ်မက သူ့အမေကို ဂရုဏာသက်စွာ ကြည့်လိုက်သည်။ တစ်ဆက်တည်း ဖအေကြီးကို ကြည့်လိုက်၏ ။ ဦးတင်ဖေ ခေါင်းညိတ်ပြလိုက်၏ ။

သုတ်သုတ်သုတ်သုတ်နှင့် အငယ်မက ရှေ့ကလှမ်းနှင့်သည်။ စိတ်ဆောနေသဖြင့် သရက်သီး ကျသည့်ဒဏ်ဖြင့် ထိပ်ကျိန်းနေသည်ကိုပင် မေ့နေတော့သည်။

ဦးတင်ဖေလည်း ဒေါ်သန်းမြကို တစ်ချက်ကြည့်လိုက်ပြီး ကောက်ထွက်ခဲ့တော့သည်။ “ရှင့် မယားကို ကိုက်မစားဘူး၊ စိတ်ချတော်ရေ”ဆိုသည့် အာသွက်ခွေးမကြီး လှမ်းနောက်သံကြောင့် စိတ်ညစ်ပြေသလိုတော့ ရှိသွားပြီ။ အငယ်မကား တော်တော်လှမ်းလှမ်း ရောက်သွားပြီ။ ဦးတင်ဖေ လည်း မပြေးရုံတစ်မယ် တရကြမ်းနှင်လေတော့သည်။

xxxx

လာလာ… သုံးထပ်သရက်တွေ။ တစ်နှစ်သုံးထပ်သီးတယ်နော် … ချိုတယ် မွှေးတယ်”

အငယ်မ၏ အသံစာစာကို ကြားရသည်။ ဦးတင်ဖေ ဈေးကွက်ထဲရောက်တော့ မိုးစင်စင် လင်းနေပြီ။ အငယ်မက ကောက်ရိုးဖြန့်ခင်းပြီးသား၊ သရက်စီချပြီးသား ဖြစ်နေပြီ။ အော်ရောင်းနေပြီ။ အပျိုအရွယ်လေး မရှက်မရွံ့ဘဲ အာသွက်လျှာသွက်ဖြင့် ဤသို့ မိဘကူညီဖော်ရသည်ကို ဦးတင်ဖေ ကျိတ်ပီတိဖြစ်ရသည်။ ချက်ချာပုံ၊ စိတ်မြန်ပုံမှာ သူ့အမေနှင့် တစ်ထေရာတည်းဖြစ်သည်။ အကြီး ကောင်ကြီးမှာ သူ့လိုမချက်ချာ။ မြို့ကျောင်းသိုပ စပါးပေးယူထားခဲံ၍ လားမသိ၊ ရောင်းရေးဝယ်ရေးကို ရှက်ရွံ့ရွံ့ရှိသည်။ အလတ်ကောင်ကတော့ မိဘခြေကို မိသည်။

“အမေ … ဘယ်ကျန်ခဲ့လဲ”

ဦးတင်ဖေက ကုန်စိမ်းတန်းဘက် မျက်စိဝေ့ကြည့်လိုက်သည်။ တာဆုံးရွာဘက်မှ သရက်နှင့် လာသည့် တောသည်နှစ်ဦးသာတွေ့ရသည်။ နှစ်ဦးပေါင်းမှ သရက်နှစ်ရာကျော်ကျော်သာ ရှိလိမ့်မည်။ တော်သေးရဲ့ ဟု စိတ်ထဲက အောက်မေ့မိလိုက်သည်။ အငယ်မဘေးတွင် ဟင်းရွက်သည်နှစ်ဦး ရောက် နှင့်နေသဖြင့် တစ်ဖက်မှသာ ခင်းရတော့သည်။

“ဘယ်လိုရောင်းလဲ”

“တစ်ကျပ်သုံးလုံးပါ၊ သုံးထပ်သရက် ဟုတ်ကဲ့”

“ခြောက်လုံးရမလား ခြောက်လုံး”

အငယ်မ ခါးထောက်ပစ်လိုက်သည်။ ဖြူဖြူဖိုင့်ဖိုင့် ၀င်းအိနေသည့် လက်မောင်းပေါ်၌ ကျောက် စိမ်းလက်ကောက်တွေ ဆင့်ဝတ်ထားသည့် ခပ်ချောချောမိန်းမ၊ ဇာအင်္ကျီလှလှအတွင်းမှ ယိုးဒယား ဘတ်ကြိုးကြီးက လျှာထုတ်ပြောင်ပြနေသယောင် ထင်မိသည်။ ပါတိတ်အကောင်းစားအစစ်နှင့် ခေါင်း တွင် ရွှေဘီးစိုက်လျက်။ ဒီလိုလူစားမျိုးက အားမနာလျှာမကျိုးနှင့် ဆစ်ရက်သည်။ အငယ်မမှာ တစ် ဆက်တည်း ထိပ်ပေါ်သရက်သီးပြုတ်ကျသည်ကို သတိရလာသည်။

ခြေထော့ကျိုးနှင့်အမေပင် ရောက်မလာသေး။ ချွေးရွှဲကျောပြင်ကြီးနှင့် ရင်ဘတ်တွေ ပွန်းကုန်သည့် ဖအေကြီးမှာ တစ်ဖက်တွင် ကုန်းပြီး သရက်တွေ စီခင်းချနေသည်။ လမ်းချော်ချော်ထဲတွင် အမောတကောရွက်လာရသည်မှာ အမောပင်မပြေသေး။ သရက်ဖော်စဉ်ကလည်း အပုပ်တွေများ လှသည်။ ရွာတွင် အစိမ်းတောင် တစ်ကျပ်ငါးလုံး ကောက်ခဲ့ရသည်။

“ဘယ်လိုလဲ … ရမလား၊ ရရင်ယူမယ်၊ အောက်မှာ ညစ်လည်းညစ်ပတ်နေတယ်။ သူများ မှာ လိုက်လို့သာ”

“မရဘူး၊ ဒါဈေးကွက်ရှင့် .. အောက်ခင်းမရောင်းလို့ ဘယ်ပေါ်တင်ရောင်းရမလဲ။ အောက်မှာ ပေမယ့် ကောက်ရိုးခင်းထားတယ်။ ဒါ သုံးထပ်သရက် သိရဲ့ လား။ ဒါလောက် ဈေးဦးဈေးဖျား”

“ဟဲ့ .. ဟဲ့”

အငယ်မက ဒေါပွပြီး ပြောနေသည်။ အငယ်မအသံကြားမှ ဦးတင်ဖေ ခေါင်းမော့ကြည့်ပြီး လှမ်း တားရသည်။ ကျောက်စိမ်းလက်ကောက်နှင့် မိန်းမမှာ ထရပ်လိုက်သည်။ သူ့နောက်က ဆွဲခြင်းကိုင် ကလေးမလေးမှာ ခပ်ယို့ယို့ကုပ်ကုပ်ကလေးပင်။ ခပ်ချောချောမိန်းမလည် ဟန်ပါပါ ခါးထောက်လိုက် သည်။ ဘေးနားမှ တောသည်တွေမှာ ထိုမိန်းမကို ငေးကြည့်နေကြ၏ ။

“ဟေ့ .. ရောင်းသူနဲ့ဝယ်သူ ရမလားလို့ ဆစ်တာပဲ။ တောသူမက လူပါးဝလို့။ အနုတ်စုတ် ဂုတ် စုတ်နဲ့၊ ရောင်းတော့သရက်သီး၊ မာရေကျောရေနဲ့”

မိန်းမမှာ ချောသလောက် မှိုချိုးမျှစ်ချိုး နှိပ်နင်းပြောချနေသည်။ အငယ်မ မျက်နှာထားလည်း ခက်ထန်နေပြီ။

“ကဲ ..တောသူမအကြောင်း သိချင် လာခဲ့စမ်း”

“ဟဲ့ … ဟဲ့”

အငယ်မမှာ တဆတ်ဆတ်တုန်နေပြီ။ ဦးတင်ဖေရော။ ဘေးနားက ဈေးသည်တွေပါ အငယ်မ ကို ၀ိုင်းဆွဲထားရသည်။ အငယ်မမှာ ၀ိုင်းဆွဲသည့်ကြားက အင်္ကျီလက်မောင်း ပင့်တင်လိုက်ကာ တစ် ချက်စောင့်ရုန်းပြီး ဖိနပ်ကောက်ကိုင်လိုက်သည်။ ရိုက်ပစ်မယ် တကဲကဲလုပ်နေသည်။ ကျောက်စမ်း လက်ကောက်နှင့် ခပ်ချောချောမိန်းမမှာ နောက်သို့ နည်းနည်းရို့သွားသည်။

“ဟေ့…ယူ ဘယ်လိုဖြစ်လို့လဲ”

“အလကားပါကွယ်၊ အောက်တန်းစားတွေနဲ့ ဆက်ဆံရတာ သိပ်အောက်တာပဲ”

စိန်နားကပ်နှင့်မိန်းမတစ်ယောက် ရောက်လာပြီး ခပ်ချောချောမိန်းမနှင့် လေပေးဖြောင့်သွား ကြသည်။ အငယ်မမှာ ထဘီတိုတိုဝတ်လိုက်ပြီး အံကို တင်းတင်းကျိတ်ထားသည်။

“ကောင်မတွေက လူပါးဝလို့၊ ကျောက်စိမ်းလက်ကောက်ဝတ်လို့ အထင်ကြီးမယ်များ အောက် မေ့နေသလားမသိဘူး၊ ဖိနပ်စာကျွေးပစ်လိုက်လို့ ပါးကွဲထွက်သွားမယ်”

“ဟဲ့ .. ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ”

ခြေထောက် ထော့နဲ့ထော့နဲ့နှင့် ဒေါ်သန်းမြတို့လည်း ရောက်လာကြပြီ။ အငယ်မ ဒေါပွနေသည် ကို တစ်ချက်ကြည့်ပြီး ဦးတင်ဖေကို မေးလိုက်သည်။ ဦးတင်ဖေလည်း ဒေါ်သန်းမြခေါင်းပေါ်မှ သရက် ခြင်းကို ခပ်ဖြည်းဖြည်း ထိန်းချပေးလိုက်သည်။

“နင့်သမီး… ဟိုမှာ ဆစ်သွားလို့တဲ့”

“ဆစ်ရုံတင်မဟုတ်ဘူး အမေရ၊ ကောင်မတွေကိုက လူပါးကို ၀တယ်”

ယခုထိ အငယ်မမှာ ခုံဖိနပ်ကိုကိုင်လျက်။ အသားတဆတ်ဆတ်တုန်ဒေါသဖြစ်ဆဲ။

“နေစမ်းပါဦး၊ ဘယ်လောက် ဆစ်လို့လဲ”

“တစ်ကျပ် သုံးလုံးပြောတာ ဟိုက ခြောက်လုံးဆစ်တယ်”

ဦးတင်ဖေက ရှင်းပြနေသည်။

“ရွာမှာ အစိမ်းတောင် တစ်ကျပ် ငါးလုံးယူရတာ ၊ အကွဲတွေ ရာရေထဲပါလို့၊ အမှည့်ဖော်တုန်းက တောင် အပုပ်တွေ အများ ကြီးထွက်လာတယ် မဟုတ်လား။ အမှည့်ခေါင်လုံးတွေ တစ်ကျပ်သုံးလုံးမှ မရောင်းရရင် ဘယ့်နှယ့်လုပ်မလဲ။ နောက် အအိပ်ပျက်၊ အစားပျက် လုပ်ရတာ ”

မကျေမနပ်နှင့် အငယ်မက ပြောနေသည်။ ဒေါ်သန်းမြက သက်ပြင်းချလိုက်သည်။ မိမိကိုယ် တိုင်လည်း အသိပင်။

“အေး… ဒါပေမဲ့ သမီးရေ၊ ဟိုဘက်ထိပ်မှာ ဒေါ်ကျင်မြိုင်ကြီးတို့ တစ်ကျပ်ခြောက်လုံးနဲ့ ခေါင် လုံးတွေ အော်ရောင်းနေတယ်”

“ဟင်..”

ဦးစပ် အဟောင်းသား ဖြစ်သွားသည်။ အငယ်မလည်း မျက်လုံးပြူးသွားတယ်။ ဒေါ်သန်းမြ လည်း စိတ်ပျက်လက်ပျက်နှင့် ထိုင်လိုက်သည်။

“ကျင်မြိုင်ကြီးတို့ ရန်ကုန်ကားမမီလို့တဲ့။ သရက်ထောင့်ငါးရာလောက်ရှိမယ်။ အရှုံးခံချတာပဲ။ မြောက်ဘက် ကျောက်တိုင်ဈေးတနှ်းာလည်း ညောင်ဝိုင်းဘက်က သရက်တွေကျနေတယ်တဲ့။ မိလှိုင် လာပြောသွားတယ်။ ကျင်မြိုင်ကြီးတို့သရက်က ကျုပ်တို့သရက်လောက်တော့ အရောင်မထွက်သေး ဘူး။ နည်းနည်းမာမှာ ပေါ့”

ဦးတင်ဖေသည် ခေါင်းကို နာနာကုတ်လိုက်သည်။ အင်္ကျီမကပ်နိုင်သည့် သူ့ကျောပြင်ကြီးမှာ ပိုပြီးချွေးရွှဲလာသည်ထင်သည်။ မိမိတို့သရက်လောက် အရောင်မထွက် ဆိုသဖြင့် စိတ်တော့နည်းနည်း သက်သာသည်။ မြောက်ဘက်ကျောက်တိုင်ဈေးလည်း ညောင်ဝိုင်းသရက်တွေ ကျနေပတဲ့ဆိုသဖြင့် ခေါင်းတော့ရှုပ်မိပြန်သည်။ အငယ်မကတော့ အံကိုကျိတ်ထားဆဲပင်ဖြစ်သည်။

ဒေါ်သန်းမြကား ခြေထောက်မျက်သည့်နေရာကို လက်နှင့်ဖျစ်လိုက်ရင်း ပြောင်းဖူးဖက်လိပ်ကို ငေါ့နေသည်။ ဦးတင်ဖေ ထပ်ခေါင်းကုတ်ပြီး ခါးကြီးထောက်လိုက်သည်။ ပြီး … အနောက်ဘက်ဈေး တန်းဆီ လှမ်းမျှော်ကြည့်လိုက်၏ ။ ဘာရယ်လို့တော့မဟုတ်။ ကြံရာမရ ဖြစ်နေသည်။

အနောက်ကောင်းကင်တခိုတွင် ညိုမှိုင်းနေပြီး မိုးလုံးကြီးချီလာသည်။ မိမိတို့သရက်က အရောင်ထွက် စားဖို့အနေတော် အမှည့်ဖြစ်နေသဖြင့် တစ်ပန်းသာသည်ဟု သက်သာရာရခဲ့သည့် စိတ် ကလေးမှာ မိုးလုံးကြီးတက်လာသဖြင့် ပျောက်ကွယ်ကုန်သည်။ မိုးကြီးသည်းထန်စွာ ရွာလျှင် သရက် မှည့်များ ပျော့ပြဲကုန်လိမ့်မည်။

ကုန်းပေါ်တွင် မဆောက်နိုင်သဖြင့် လေထဲတွင် တဲအိမ်ကလေး ထိုးကြည့်မိသည်။ ထိုတဲအိမ် ကလေးလည်း ပြိုကျသွားတော့သည်။

“ကဲ .. လာ…လာ … သုံးထပ်သရက်တွေ၊ တစ်ကျပ်ခုနစ်လုံး၊ ခုနစ်လုံး ပေါပေါပေးနေပြီ”

ရုတ်တရက် ဦးတင်ဖေ ထအော်သည်။ ဒေါ်သန်းမြရော အငယ်မပါ မျက်လုံးပြူးပြီး ဦးတင်ဖေ ကို ကြည့်ကြသည်။ ဘယ်လိုမှ နားမလည်နိုင်ကြ။ တစ်ကျပ်ခုနစ်လုံး အော်သဖြင့် ၀ယ်သူတချို့ ရောက်လာကြသည်။

“ဟေ့…ကြည့်မနေနဲ့ မသန်း၊ ထ…ထ..နင့်ခြင်းထဲက ထုတ်…”

ဒေါ်သန်းမြလည်း ကမန်းကတန်း ထသည်။ အငယ်မလည်း ပြန်လှုပ်ရှားလာသည်။ ဖအေကြီး ကိုလည်း မကျေမနပ် ကြည့်လိုက်သည်။ သူ့စိတ်ကူးထဲက အင်္ကျီအဆင်ဆန်းကလေးလည်း ပျောက် သွားပြီ။ သီတင်းကျွတ်ပွဲတော်နွှဲမည် စိတ်ကူးလှေကလေည်းလည်း မိုးရေထဲ မျောပါသွားပြီ။

“တစ်ကျပ် ရှစ်လုံးရမလား”

“ဟေ့ … ပေးလိုက် … ပေးလိုက်”

အငယ်မဘက်က ဆစ်သံကြားသဖြင့် ဦးတင်ဖေက ကမန်းကတန်း လှမ်းပြောရင်း သူကိုယ် တိုင်လည်း ၀ယ်သူကို ရေတွက်ထည့်ပေးနေသည်။ အငယ်မ မကျေမနပ် လှမ်းကြည့်လိုက်သည်ကို လည်း သူ ဂရုမစိုက်တော့ပြီ။

အနောက်ဘက်မှ မိုးသားတွေ လိမ့်တက်လာပြီ။ လျှပ်ပြက်လိုက် တဂျိမ်းဂျိမ်း မာန်ဖိလိုက်နှင့်။ တဖွဲဖွဲမှ တသည်းသည်းချပေတော့မည်။ မကြာခင်ကပင် သဲကြီးမဲကြီး ရွာပေရော့မည်။

ထိုအခါမှ ဒေါ်သန်းမြလည်း လှုပ်ရှားလာသည်။ ခဏအကြာတွင်တော့ “ဆယ်လုံး ဆယ်လုံး” ဆိုသည့် ဦးတင်ဖေအသံကြီးက ဈေးကွက်ထဲ လွှမ်းနေသည်။ ဒေါ်သန်းမြကား ရာသီဥတုကို ကျိန်ဆဲ နေလေတော့သည်။

1981၊ မေလ

မိုးဝေမဂ္ဂဇင်း



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ ဗေထိသံ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စည်းသုံးချက်၊ ၀ါးသုံးချက်

မြန်မာနှင့်ကမ္ဘာ့ စံတင်ထိုက်သူများ

မြန်မာစကားပုံ ပုံပြင်များ