
စာရေးသူ၏ အမှာ
ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအသီးအသီး၊ လူမျိုးအဖုံဖုံတို့တွင် စကားပုံများ ရှိကြပါသည်။
စကားပုံဟူသည် စကားကို ထိရောက်ရန်၊ အဓိပ္ပာယ်ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ရှင်း လင်းစေရန် ပုံဆောင်တင်စား ခိုင်းနှိုင်း၍ ပြောဆိုသော ဆိုထုံး စကားရပ် ဖြစ်ပါသည်။
စကားပုံကို ရှေးလူကြီးသူမများ သည် ဆုံးမသွန်သင်လိုသော အခါများ ၀ယ် များ သောအား ဖြင့် ထိရောက်အောင် ထည့်ညှပ်သုံးနှုန်းတတ်ကြသည်။ ယင်း အစဉ်အလာသည် ကောင်းသော အစဉ်အလာဖြစ်၍ ယနေ့တိုင်ပင် သုံးစွဲခဲ့ကြပါသည်။
“မြန်မာတို့သည် ကိုယ်ကျင့်တရားသဘောရှာခြင်း၊ ပြောဟောလိုခြင်းတို့ကို နှစ်သက်ကြ သည်။ မြန်မာစကားပုံများ တွင် ထိုအချက်၏ အရိပ်အယောင်ကို တွေ့နိုင်သည်”ဟု ဆရာကြီး ဦးဖေ မောင်တင် ရေးခဲ့သည်။
မြန်မာစကားပုံများ သည် နိပါတ်တော် ဇာတ်ဝတ္ထုများ နှင့် လည်းကောင်း၊ ရာဇ၀င်သမိုင်းများ မှ လည်းကောင်း၊ ရှေးဟောင်းပုံပြင်များ မှ လည်းကောင်း၊ ပျို့ကဗျာ လင်္ကာများ မှ လည်းကောင်း ထုတ်နုတ်တင်ပြ သုံးစွဲကြသည် များ ပါသည်။
တကယ်တော့ မြန်မာစကားပုံတို့သည် မြန်မာတို့၏ ဇ၀နဉာဏ်၊ စိတ်ကူးဉာဏ်တို့မှ လည်းကောင်း၊ အချို့မှ နက်နက်နဲနဲ တီထွင်ထား၍ လူ့သဘော လူ့သဘာဝတို့ ပါဝင်သည်။ အချို့မှာ ဥပါဒါန်အစွဲအလမ်းဟောင်းတို့ကို စားမြုံ့ပြန်ထားသည်လည်း ရှိ၏ ။ အချို့မှာ သဘာဝအ ယူအဆအတွေးအခေါ်များ ပါဝင်သည်။ အချို့မှာ အမြီးအမောက်မတည့်သည့် လူတို့၏ လုပ်ရပ်၊ ဖြစ်ရပ်တို့ကို သရော်လှောင်ပြောင်ထား၍ အချို့မှာ ရယ်ရွှင်ဖွယ် ဖြစ်သည်။ အချို့မှာ သင်ခန်းစာ ယူဖွယ် ဖြစ်သည်။ အားလုံးသည် မှတ်သားဖွယ်ရာများ ဖြစ်ပါ၏ ။
မြန်မာတို့တွင် ထုံးဟောင်းပုံပြင် များ စွာ ရှိပါသည်။ အချို့ပုံပြင်မှာ တရားစီရင်ရေးနှင့် ဆိုင်ရာ၊ အချို့မှာ ရာဇ၀င်သမိုင်းဖြစ်ရပ် သာဓကတို့ ဖြစ်ပါသည်။ အချို့မှာ ဘုရားဟော နိပါတ် တော်လာ ဇာတ်ဝတ္ထုပုံပြင်များ ဖြစ်ပါသည်။ စကားပုံ ဖြစ်စဉ် ပုံပြင်များ ဖြစ်ပါသည်။
ယုခုမှတ်သားဖွယ်ရာ စကားပုံ-ပုံပြင်များ စာအုပ်တွင် ကလေးသူငယ်များ ၊ လူငယ်လူရွယ်များ အတွက် ရည်ရွယ်၍ အရပ်ရပ်သော စာအုပ်စာပေ ကျမ်းဂန်များ မှ မွှေနှောက် ထုတ်နုတ်၍ တင်ပြလိုက်ပါသည်။အပျင်းလည်းပြေ၊ ဗဟုသုတလည်းရပြီး မှတ်သားဖွယ်ရာ ဖြစ် မည် ယုံကြည်စွာ ရှာဖွေတင်ပြလိုက်ပါကြောင်း။
ကြည်နိုင်
ရှေးသရောအခါက ဆိပ်ကမ်းမြို့တစ်မြို့မှာ ကုန်လှေကြီးတစ်စင်း ရပ်နားထားသတဲ့။
ရာသီဥတုကလည်း အလွန် အေးချမ်းလှတဲ့ ဆောင်းလပြာသို ညချမ်းအခါဖြစ်လို့ လှေသူ ကြီးနဲ့ လှေထိုးသားများ က မီးဖိုပြီး မီးဖိုနားဝိုင်းဖွဲ့ကာ မီးလှုံရင်း ရောက်တတ်ရာရာ ပြောဆိုနေကြ သတဲ့။
လှေသူကြီးဟာ စိတ်ကူးရပြီး အပြင်းပြေသဘောနဲ့ ပြောဆိုကြရင်း ….
“ဒီမြစ်ထဲမှာ အ၀တ်မပါဘဲ တစ်ညလုံး စိမ်နေနိုင်ရင် လှေနဲ့ တကွ လှေပေါ်ရှိ ပစ္စည်းအား လုံး ပေးမယ်” လို့ ပြောလိုက်သတဲ့။
လှေထိုးသားများ ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တုတ်တုတ် မလှုပ်ကြဘူးတဲ့။ အဲဒီ အခါမှာ လှေထိုးသားတစ်ယောက်က …
“တကယ်ပေးမလား၊ တကယ်ပေးရင် ကျွန်တော် ရေဆင်းစိမ်ပါ့မယ်” လို့ ပြောသတဲ့။ “စိမ်နိုင်ရင် ပေးမယ်၊ မစိမ်နိုင်ရင် တစ်သက်လုံး ကျွန်ခံရမယ်” လို့ လှေသူကြီးက အလောင်းအစား လုပ်ပြီး ဒီလောက်အေးတဲ့ အချိန် တကယ် မစိမ်နိုင်ဘူးလို့ ယုံကြည်တာကြောင့် မခံချင်အောင် မေးလိုက်သတဲ့။
“စိမ်မလား”
“စိမ်မယ်၊ အရှင်သာ ကတိတည်ပါစေ” လို့ ဆိုကာ လှေထိုးသား ကြည့်နေစဉ်မှာ ပဲ နံငယ်ပိုင်းနဲ့ မြစ်တွင်းကို ဆင်းလေသတဲ့။
လှေထိုးသား အဲဒီ လို ရေစိမ်တဲ့ညမှာ ပဲ မြစ်ရဲ့ တစ်ဘက်ကမ်းမှာ အမှိုက်တစ်ပုံဟာ မီးစွဲလောင်နေသတဲ့။လှေထိုးသားဟာ တစ်ညလုံး အလွန် အေးစိမ့်နေပေမယ့် ဆင်းရဲတွင်းကလွတ်ဖို့ ဒီနည်းပဲရှိ တယ်လို့ တွေးပြီး ဇွဲနပဲနဲ့ တွန့်လိမ်တောင့်ခံနေသတဲ့။
ဒီလိုနဲ့ တစ်ညလုံး ဇွဲခက်ရင်းနဲပဲ တစ်ညတာ လွန်မြောက်လို့ မိုးသောက် ရောက်ခဲ့ပါရော၊ လှေထိုးသားဟာ ရေမှတတ်လာပြီး လှေသူကြီးဆီသွားကာ…
“အရှင်လှေသူကြီး၊ အရှင့်ကတိအတိုင်း လှေနဲ့ လှေပါကုန်တို့ကို ပေးပါတော့” လို့ တောင်းဆိုသတဲ့။
တစ်ညလုံးရေစိမ်ရင် အအေးပတ်ပြီး သေရင်သေ၊ မစိမ်နိုင်လို့ ကမ်းပေါ်တတ်လာရင် လည်း စည်းကမ်းနဲ့ မညီလို့ ပေးဖို့မလိုဘဲ မိမိကတောင် ပိုခိုင်းအားရှိတယ်၊ တစ်သက်လုံး ကျွန်ပြု နိုင်မယ်လို့ မလွဲမသွေ တွက်ဆထားတဲ့ လှေသူကြီးဟာ မိမိတွေးထင်ချက် တက်တက်စင်လွဲပြီး တကယ်ပေးရမည်ဆိုတဲ့အခါ မပေးချင်တဲ့ ဉာဏ်များ လာသတဲ့။
“မင်း တစ်ညလုံး စိမ်နိုင်မှာ ပေါ့ ၊ ဟိုဘက်ကမ်းမှာ မီးပုံကြီး ရှိနေတာကိုး၊ ဒီမီးအရှိန်နဲ့ မီးလှုံရင်း စိမ်တဲ့အတွက် စည်းကမ်းချက်နဲ့ မညီတာကြောင့် ငါမပေးနိုင်ဘူး” လို့ ငြင်းသတဲ့။
အဲဒီ အခါမှာ လှေထိုးသားလည်း မတရားဘူးလို့ ဆိုပြီး တရားရုံးကို တိုင်တော့သတဲ့။
တရားသူကြီးက နှစ်ဖက်စကားကြားနာပြီး မင်းချင်းတို့ကို ဈေးမှာ ၀က်လက်တစ်ခု ၀ယ်ခိုင်းသတဲ့။
ဝက်လက်ရလျှင် လှေသူကြီးကို တစ်ဖက်ကမ်းမှာ မီးဖိုစေပြီ …
“ဒီဘက်ကမ်းကနေ တစ်နေ့လုံး မီးကင်ယူလာခဲ့ရမည်၊ ညနေမှ ရုံးတော်သို့ ပြန်လာခဲ့ရမည်” လို့ စေလွှတ်ပြီး မင်းချင်းအစောင့် ပရိသတ်များ ကိုပါ စောင့်ကြည့်စေသတဲ့။
လှေသူကြီးဟာ ၀က်လက်ကိုယူပြီး တစ်ဖက်ကမ်း မီးပုံမှ သည်ဘက်ကမ်းက တစ်နေကုန် ကင်ပါသော်လည်း ညနေချိန်အထိ မကျက်နိုင်ဘဲ အစိမ်းသက်သက်ပဲ ရှိနေသတဲ့။
ဝက်လက်မှာ ညနေတိုင်အထိ မထူးခြားအတွက် ရုပ်သိမ်းယူခဲ့စေပြီး တရားသူကြီးဟာ လှေ သူကြီးကို ပြောသတဲ့။
“အသင်းလှေသူကြီး ဟိုဘက်ကမ်းက မီးရှိန်ဟာ သည်ဘက်ကမ်းကို ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ သင်ကိုယ်တိုင်သိပြီ မဟုတ်လား၊ သင်သည် ကောက်ကျစ်စဉ်းလဲ၍ ငြင်းဆိုခြင်းဖြစ်တယ်။ အတိအတိုင်းလှေနှင့် တကွ လှေပါကုန်တို့ကို လှေ ထိုးသားအား ပေးစေ” လို့ အမိန့်ချမှတ်လိုက်သတဲ့။
ဤသာဓကကို ထောက်ထားပြီး “မြစ်တစ်ဖက် ၀က်လက်ကင်” လို့ စကားပုံပြု ပြောဆိုလာ ခဲ့ကြသတဲ့။
အဲဒီ ပုံပြင်မှာ လှေသူကြီးက မြစ်ရေထဲစိမ်မလားလို့ မေးပြီး လှေထိုးသားက “စိမ်မယ်” လို့ အလောင်းအစား ပြုကြတာကို အစွဲပြုပြီး ယခုအခါ တစ်ခုခု အလောင်းအစား လုပ်ရင် “စိမ်မလား” “စိမ်မယ်” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပေါ်လာတယ်လို့ ပညာရှင်များ က ဆိုကြပါတယ်။
ရှေးအခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသား ငယ်သူငယ်ချင်း သုံးယောက် ရှိကြသတဲ့။
သူတို့သုံးယောက်ဟာ ဆန်ပြာမောင်းထောင်းလုပ်ရင်း အသက်မွေးဝမ်းကျောင်းကြရသ တဲ့။ တစ်ဦးက မောင်းတံကို ခြေနဲ့ နင်း မောင်းထောင်းရတဲ့အခါ တစ်ယောက်က မောင်းကြွခိုက် မောင်းဆုံတွင်း လကနဲ့ နှိုက်ပြီး ဆန်ကိုမွှေရတယ်။ ကျန်တစ်ယောက်က မောင်းဆုံထိပ်ကနေပြီး ဆန်မှု န့်ဖြူ ဆန်မှု န့်ကြမ်းကို စစ်ယူရရှိဖို့ ဒိုင်းခွက်နဲ့ ဆင့်ချ ခါချပြီး ပြာတီးရတယ်။
အဲဒီ လိုနဲ့ သူတို့ဟာ နေ့စဉ် တက်ညီလက်ညီ ခါးတောင်း မြောင်မြောင်ကျိုက်ပြီး မောင်းဦး မှာ ထိုင် ဒိုင်းခွက်ကိုကိုင်ပြီး ကိုယ်ကိုယိမ်းယိုင်ပြီး ရှေ့ထိုးလှုပ်ခါကာ ဆန်မှု န့်ကို တစ်ယောက်က ပြာနေစဉ် အခြားတစ်ယောက်က မောင်းဦးမှာ ပဲ ထိုင်ပြီး သတိကြီးစွာ ဖြင့် မောင်းအကြွ လက်နှိုက် ကာ ဆန်မှု န့်ကို မွှေလိုက် မောင်းတံအကျ လက်ရုတ်လိုက်နဲ့ အခြားတစ်ယောက်ကတော့ မောင်း တံ အရင်း အစပ်ကနေ မတ်တပ်ရပ်ပြီး မောင်းတံအဖျားကို နင်းချီကြွချီနဲ့ ဆန်ကိုဖြူစေဖို့ မောင်း ထောင်း ရတယ်။
အဲဒီ လို ဘ၀မှာ နဖူးကချွေး ခြေမကျအောင် အတူတကွ လုပ်ကိုင်ကြစဉ် အချင်းချင်း ကတိက၀တ်ပြုကြသတဲ့။ နောင်တစ်ချိန်မှာ ကောင်းစားကြီးပွား စီးပွားဖြစ်သူက ကျန်နှစ်ယောက် ကို ထောက်ကူ မ စ ချီးမြှင့်ကြစတမ်းလို့ သစ္စာ ပြုကြတယ်။
နောင်အခါ ကာလကြတော့ သူငယ်ချင်းသုံးဦးတည်းက မောင်းတံကို အရင်းအစပ်ကနေ မတ်တပ်ရပ်ပြီး နင်းချီကြွချီ မောင်းနင်းရတဲ့ သူငယ်ချင်းတစ်ဦးဟာ တိုင်းပြည်တစ်ပြည်မှာ ရှင်ဘုရင် ဖြစ်သွားသတဲ့၊ ကျန်သူငယ်ချင်းနှစ်ယောက်ကတော့ ကျပ်တည်း ဆင်းရဲစွာ နဲ့ ပဲ လုပ်ကိုင် စားသောက်နေရတာ ပေါ့ကွယ်။
ဆင်းရဲဒုက္ခရောက်နေတဲ့ သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ ငယ်သူငယ်ချင်းတိုင်းပြည်တစ် ပြည်မှာ ရှင်ဘုရင်ဖြစ်နေကြောင်း သတင်းကောင်း ကြားသိရတဲ့ တစ်နေ့မှာ ထားခဲ့ကြတဲ့ ကတိအ တိုင်း မဆိုင်းမတွ ထိုတိုင်းပြည်ကို လိုက်သွားကြသတဲ့။
တို့တော့ တစ်ခါဖြင့် ဆင်းရဲတွင်းက လွတ်ပြီဆိုပြီး နှစ်ယောက်သား မျှော်လင့်တကြီးနဲ့ တက်ကြွနေကြတာပေါ့ကွယ်။
သူငယ်ချင်းရှင်ဘုရင်ရဲ့ တိုင်းပြည်ရောက်တော့ နှစ်ဦးသား တိုင်ပင်ပြီးတစ်ယောက်စီ ဘုရင့် ရှေ့တော်မှော က် ၀င်ကြသတဲ့။ ရှင်ဘုရင်ဟာ ရှေးဦးစွာ ၀င်ရောက်ခစားလာတဲ့ သူငယ်ချင်းတစ် ယောက်ကို မြင်မြင်ချင်းပဲ ငယ်သူငယ်ချင်းဟောင်းဖြစ်ကြောင်း မှတ်မိသိရှိသတဲ့။
ဒါပေမယ့် မှူးမတ်ဗိုလ်ပုံအလယ် ရာဇက္ကနြေ္ဒထည်ဝါစွာ နဲ့ နေမှ သင့်မယ်လို့တွေးပြီး တစ်ခါ မျှ မသိဘူး မမြင်ဘူးဟန်နဲ့ …
“မွဲခြောက်ခြောက်ကျောပြင် ဆင်းရဲသားအသွင်နဲ့ ဆင်းပြင်လျာမတင့် ငါဘုရင်ရှေ့တော် ပါး ကိုးရို့ကားယား အခစားဝင်ရဲ့ ဟဲ့ … ဘယ်သူလဲ မောင်မင်း” လို့ ခပ်တင်းတင်း မေးလိုက်တယ်။အဲဒီ အခါ မနပ်မပါး အရိုးခံသကောင့်သား ဆင်းရဲသားက …
“မှန်လှပါ၊ အရှင်ကိုယ်တော်မြတ် ငတ်ပြတ်ဆင်းရဲစဉ် အခါက ဆန်ပြာ မောင်းထောင်းဘက် ငယ်သူငယ်ချင်းဟောင်း အဆက်ပင်ဖြစ်ပါတယ်” လို့ အမှန်အတိုင်း လျှောက်တင်လိုက်တယ်။
အဲဒီ အခါ ရှင်ဘုရင်ကိုယ်တော်မြတ်ဟာ မဟာ အရှက်တော်ကွဲ ရွှေမျက်နှာ မည်းပြီး “နည်းနည်းမှ ငါမသိမမြင်စဖူး ဒီအရူး သကောင့်သားကို နန်းဦးက ဆွဲထုတ် ရိုက်ပုတ်ထုထောင်း မြို့ပြင်ကိုမောင်းထုတ်လိုက်” လို့ တစ်ချက်လွှတ် မိန့်တော်မူတယ်။
အဲဒီ လိုနဲ့ အလိမ္မာအသိခေါင်းပါး သူငယ်ချင်းဟောင်း ဆင်းရဲသားဟာ မှူးမတ်များ ထောင်းထုချက်ကြောင့် ခါးစောင်းပြီး မရှုမလှပြန်ခဲ့ရသတဲ့။
မြို့ပြင်တံခါးထောင့်က လည်တရှည်ရှည်နဲ့ စောင့်မျှော်နေတဲ့ ကျန်သူငယ်ချင်းက ရှုံ့မဲ့ပြန် လာတဲ့ သူငယ်ချင်းရဲ့ အသွင် မြင်ရုံနဲ့ အခြေမလှကြောင်း ရိပ်မိသတဲ့။ အဲဒါနဲ့ အကြောင်းစုံ ရေ လည်အောင် မေးမြန်းစုံစမ်းပြီး သူ့အတွက် ဘာမှမစိုးရိမ်ရန်မှာ ကြားကာ ဘုရင်ရှေ့တော်သို့ တစ် ဖန် ၀င်ပြန်သတဲ့ကွယ်။
ရှင်ဘုရင်လည်း လာပြန်ပြီတစ်ယောက်လို့ ၀င်လာလာချင်း ငယ်သူငယ်ချင်းမှန်း မှတ်မိသိရှိသော်လည်း ရှေးနည်းအတူ မသိဟန်ဆောင်ပြီး မေးမြန်းပြန်သတဲ့။
ဒီအခါမှာ ဒုတိယ၀င်လာတဲ့ လူငယ်ချင်းက ပထမ သူငယ်ချင်းရဲ့ သင်ခန်းစာကို နှလုံးသွင်း လိမ္မာပါးနပ်စွာ နဲ့ လျှောက်တင်မှ တော်မယ်လို့ စိတ်ကူး ကြံစည်မိပြီး …
“နန်းဦးသခင် အို … အရှင်မင်းမြတ်”
အရှင်သည် ဟိုယခင်က မောင်းထောင်းမြို့ကို တိုက်ခိုက်ရန်အတွက် ကြွချီနင်းချီ ခြေသည် တပ်ကို ကြပ်မတ် အုပ်ချုပ်ခဲ့စဉ်က အားအင်မယုတ် အကျွန်ုပ်သည် မဆုတ်မကိုင် တပ်ဦးတွင် ကြံ့ ကြံ့ခိုင် ငုတ်တုပ်ထိုင်ပြီး ဒိုင်းကိုင်လျက် အတူတိုက်ခိုက်ခဲ့သူ ဖြစ်ပါသည် ဘုရား” လို့ အဖြေအဖြစ် တင်လျှောက်လိုက်သတဲ့။
အဲဒီ အခါ ရှင်ဘုရင်ကိုယ်တော်မြတ်ဟာ မနေကြည်မွေ့ ဘောတော်ခွေ့လို့ ဟိုယခင်ကာ လ ဆင်းရဲသားဘ၀က အတူတကွ ရုန်းကန် လုပ်ကိုင်ခဲ့ကြရတဲ့ မောင်းထောင်းဆန်ပြာအမှု ကို မျှော် ရှုစဉ်းစားပြီး မိမိကား မောင်းရင်းကနေ နင်းချီ ကြွချီဖြင့် မောင်းထောင်းခဲ့ရတယ်။ ဤသူငယ်ချင်း ကား မောင်းဦးတွင် ငုတ်တုတ် ထိုင်ပြီး ဒိုင်းခွက်ကိုကိုင်ကာ ဆန်ပြာခဲ့ စစ်ခဲ့ရပေတယ်ဟု ပြန်လည် အောက်မေ့ စေ့စေ့တွေးမိတယ်။ သူငယ်ချင်းချင်း အပြန်အလှန် ကောင်းစားသူက ကြည့်ရှုကြစ တမ်း ထားခဲ့ကြတဲ့ သစ္စာကတိကိုလည်း ဆင်ခြင်မိလာသတဲ့။
အခွင့်အခါအလျောက် တင့်တယ် လျောက်ပတ်အောင် လိမ္မာပါးနပ်စွာ တင်လျှောက်တတ် တဲ့ သူငယ်ချင်းကိုလည်း ချီးမြှင့်မှတော်မယ်လို့ ရွှေဉာဏ်ရှင် ဆင်ခြင်မိပြီး …
“အဟမ်း … မောင်မင်းသည် ငါ၏ အမှု တော်တာဝန်ကို ဒိုင်းကိုင်လျက် ကျေပြွန်စွာ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည့်အလျောက် ဒိုင်းဝန်ရာထူး၌ တည်စေ” ဟု အမိန့်တော်ချကာ ဒိုင်း ၀န်အဖြစ် ခန့်အပ်လိုက်သတဲ့။
ဤပုံပြင်ကို ထောက်ရှုပြီး ပညာရှင်တို့ဟာ “အလျောက်ကောင်းတော့ အထောင်းသက် သာ… ဟုလည်းကောင်း၊ နှုတ်ကောင်းတော့ ပြည်စိုး … ဟု တစ်သွယ်” စကားပုံ ပြုကြတယ်။ ဒါ ကြောင့် စကားကို တစ်ဖက်သား နားဝင်ချိုအောင် လိမ္မာပါးနပ်စွာ ယဉ်ကျေးစွာ ပြောဆိုသင့်ကြပေ တယ်။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုသတဲ့။ အဲဒီ အချိန်မှာ ဟိမ၀န္တာအရပ်မှာ ရှိတဲ့ လိုဏ်တစ်ခုမှာ ဆိတ်အုပ်တစ်အုပ်နေတယ်။ လိုဏ်ဆိုတာ လေမိုးလုံတဲ့ မြေ ကျောက် အခေါင်းကြီးပေါ့ကွယ်။ အဲဒီ လိုဏ်နဲ့ မနီးမဝေးမှာ ရှိတဲ့ လိုဏ်တစ်ခုမှာ တော့ မြေခွေးလင်မယား နေသတဲ့။
မြေခွေးဟာ ဆိတ်တစ်အုပ်က ဆိတ်ကို အလစ်ချောင်း ဖမ်းယူစားသောက်တတ်ပြီး အသားတစ်ကို ကိုက်ချီကာ မယားမြေခွေးမထံ ယူလာကာ ကျွေးမွေးတတ်တယ်။ မြေခွေး လင်မယားဟာ ဒီလိုနဲ့ ဆိတ်သားစားကာ ဆူဖြိုးနေကြတာပေါ့ကွယ်။ ဖမ်းယူစားသောက်ဖန် များ လာတဲ့အခါ ဆိတ်အုပ်ဟာ တဖြည်းဖြည်း လျော့ပါးကုန်ဆုံးလာတယ်။
ဒါပေမယ့် မေဏ္ဍကမာတာလို့ ခေါ်တဲ့ ဆိတ်မဟာ ပါးနပ်လိမ္မာပြီး ပညာရှိတာကြောင့် မြေခွေးဟာ မဖမ်းယူနိုင်ဘဲ ကြွင်းကျန်နေသတဲ့။
တစ်နေ့မှာ မြေခွေးက မြေခွေးမကို ခေါ်ပြီး ..
“ရှင်မ ငါတို့စားလို့ ဆိတ်အုပ်ကုန်ပြီ။ မေဏ္ဍကမာတာ ဆိတ်မသာ ကျန်တော့တယ်။ ရှင်မ အဲဒီ ဆိတ်မနဲ့ အကျွမ်းဝင်အောင် မိတ်ဖွဲ့ချေပါ။ အကျွမ်းဝင်တဲ့အခါ ငါက သေချင်ယောင်ဆောင် နေမယ်။ ငါ့ကို သင်္ဂြိုလ်ရာမှာ သင်ဆိတ်မ ကူညီပါလို့ ပြောပြီး ဆိတ်မကို ပါအောင်ခေါ်ခဲ့။ အနီးကိုရောက်တာနဲ့ ငါက ခုန်အုပ်ပြီး ကိုက်သတ်လိုက်မယ်။ ပြီးတော့ ငါတို့လင်မယားတစ်ဝကြီး စားသောက်ကြတာပေါ့” လို့ ပြောလိုက်တယ်။ မြေခွေးမကလည်း “ကောင်းပြီ” လို့ ၀န်ခံပြီး ဆိတ်မနဲ့ အဆွေခင်ပွန်း သွားဖွဲ့တော့သတဲ့။
ဒီလိုနဲ့ မြေခွေးမဟာ ဆိတ်မနဲ့ မိတ်ဖွဲ့လို့ အကျွမ်းတ၀င် ရင်းနှီးလာတယ်။ တစ်နေ့မှာ မြေခွေးမှာ တဲ့အတိုင်း-
“ငါ့ယောက်ျားသေလို့ … လိုက်ပြီး ကူသင်္ဂြိုလ်ပေးပါ” လို့ မြေခွေးမက သူတို့နေရာကို ခေါ်တယ်။အဲဒီ အခါ ဆိတ်မက သင့်လင်ဟာ ဆိတ်တွေကို ဖမ်းယူစားသောက်တတ်လို့ ငါမလိုက်ဝံ့ပါ ဘူး လို့ ငြင်းလိုက်တယ်။ မြေခွေးမက …
“အဆွေဆိတ်မ မကြောက်ပါနဲ့ ၊ သေပြီးတဲ့ မြေခွေးဟာ သင့်ကို ဘယ်လို ရန်ရှာနိုင်မှာ လဲ” လို့ ပြန်ပြောတယ်။ ဆိတ်မကတော့ မြေခွေးတွေဟာ ဉာဏ်များ တယ်လို့ ကြောက်ကြောင်း၊ မြေခွေးမကလည်း သူ့ယောက်ျားတကယ်သေဆုံးလို့ အကူအညီလိုလို့သာ ခေါ်ရကြောင်း အတန်တန်ပြောတယ်။
အဲဒီ လို မြေခွေးမက မျက်နှာငယ်နဲ့ အတန်တန်ပြောဆို တောင်းပန်တော့ ဆိတ်မက တကယ်သေလို့ ဖြစ်မှာ ပဲလို့ တွေးပြီး မရဲတရဲ လိုက်ပါတော့တယ်။
ဒါပေမယ့် ဆိတ်မက ပါးနပ်တော့ မြေခွေးမကို ရှေ့ကသွားစေပြီး သူက နောက်က သတိနဲ့ လိုက်တာပေါ့ကွယ်။ သေချင်ယောင်ဆောင်နေတဲ့ မြေခွေးဟာ မြေခွေးမရဲ့ ခြေသံကို ကြားရတဲ့အခါ ဆိတ်မ ပါလာသလား၊ မပါလာဘူးလား သိချင်တာနဲ့ ခေါင်းထောင်ကြည့်လိုက်တယ်။
အဲဒီ လို အမှတ်မဲ့ ခေါင်းထောင်ကြည့်လိုက်တာကို သတိနဲ့ လိုက်လာတဲ့ ဆိတ်မဟာ မြင်သွားတာပေါ့ကွယ်။ မြေခွေးမဟာ ယုတ်မာတဲ့ သဘောနဲ့ ငါ့ကို သတ်လိုတာကြောင့် သူ့ယော က်ျား သေနေတယ်ဆိုပြီး လှည့်စားခေါ်ခဲ့တာပဲလို့ ချက်ချင်း သဘောပေါက်တယ်။ ဒါနဲ့ … အလျင် အမြန်ပဲ နောက်ကြောင်းကို ရုတ်တရက် ပြန်လှည့်ပြေးသတဲ့။
ဒီအခါ .. မြေခွေးမလည်း နောက်မှပြေးလိုက်ကာ “အဆွေ ဆိတ်မ အဘယ့်ကြောင့် ပြန်ပြေးပါသလဲ” လို့ မေးလိုက်တယ်။ ဆိတ်မက “သေပြီဆိုတဲ့ သင့်လင်ဟာ ခေါင်းထောင်ကြည့် တယ်။ သင်တို့ဟာ လှည့်ဖြားတတ်တယ်။ ငါဟာ လှည့်ဖြားတတ်သူကို ရှောင်ကြည်တယ်” လို့ ဆိုလိုက်တယ်။ မြေခွေးမဟာ ဆိတ်မပြန်လိုက်ဖို့ အတန်တန်ပြောပေမယ့် မရတော့ဘူးတဲ့။ ဒီလိုနဲ့ မြေခွေးမဟာ သူ့လင် မြေခွေးထံ ပြန်လာခဲ့ရတယ်။ ရောက်တဲ့အခါ မြေခွေးက
“ရှင်မ သင်ဟာ တယ်ရူးပါလား၊ ငါ့အနီးကို ရောက်နေကာမှ ဘာကြောင့် ဆိတ်မကို ပြန်ပြေးအောင်လုပ်သလဲ” လို့ ကဲ့ရဲ့ တယ်။
အဲဒီ အခါ မြေခွေးက “ငါမရူးဘူး၊ သင်သာရူးတာ၊ သေဟန်ဆောင်သူက အချိန်အခါမသင့်ဘဲ ခေါင်းထောင်ကြည့်ရသတဲ့လား … သင်သာရူးတယ်” လို့ မြေခွေးမက ပြန်ချေ ပတယ်။
အဲဒီ အခါ မြေခွေးဟာ သူ့ရဲ့ သတိလစ်မှု ကို သူ ပြန်ဆင်ခြင်မိသတဲ့ “ငါ့ အမှားပါပဲကွာ” လို့ ၀န်ခံသတဲ့။
ဒီအခါ မြေခွေးမက “အရှင် မစိုးရိမ်ပါနဲ့ ၊ ဒီတစ်ခါ ဆိတ်မလိုက်ပါလာအောင် ကြံပါဦးမယ်။ ပါလာတဲ့အခါသာ မလွတ်တမ်း အမိအရဖမ်းပေတော့” လို့ လင်တော်မောင် မြေခွေးကို အားပေးသတဲ့။
အဲဒီ လိုပြောပြီး မြေခွေးမဟာ ဆိတ်မထံ တစ်ဖန်သွားပြန်တယ်။ ရောက်တဲ့အခါ ပြုံးချိုတဲ့ မျက်နှာပေးနဲ့ ..
“အဆွေဆိတ်မ၊ သင် ကျွန်ုပ်တို့နေရာ လိုက်ခဲ့တာဟာ ကောင်းသောလာခြင်း ဖြစ်ပါတယ်။ သင် ရောက်လာတာကြောင့် ငါ့ယောက်ျားက မြောနေရာက သတိပြန်ဝင်လာပြီး ခေါင်းထောင် ကြည့်မိတယ်။ သင်တို့နှစ်ဦး စကားစမြည် ပြောရန် လိုက်ခဲ့ပါဦး” လို့ ခေါ်ပြန်သတဲ့။
ဒီတစ်ခါ ပါးနပ်လိမ္မာတဲ့ ဆိတ်မဟာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေတာကြောင့် စိတ်ထဲက ကျိတ်ပြုံးမိသတဲ့။ ဉာဏ်နီဉာဏ်နက်များ ကောက်ကျစ် လှည့်စားတတ်တဲ့ မြေခွေးမကို တစ်ဖန် ပြန်လှည့်စား ပညာပေးဖို့ အကြံဖြစ်သတဲ့။
ဒါနဲ့ ဆိတ်မက “အဆွေမြေခွေးမ၊ သင့်ရဲ့ ဖိတ်ကြားချက်ကို ငါလက်ခံပါတယ်။ ငါဟာ မိတ်ဆွေ အခြွေအရံတွေနဲ့ သင်တို့ဆီကို လာပါမယ်၊ အစား အသောက်သာ စီမံထားပါ” လို့ မှာ လိုက်သတဲ့။
ဒီအခါ မြေခွေးမက ဆိတ်မရဲ့ မိတ်ဆွေ အခြွေအရံဆိုတာ ဘယ်သူတွေလဲ၊ ဘယ်လောက်များ မှာ လဲလို့ သိချင်သတဲ့။
ဒါကြောင့် “အဆွေဆိတ်မ၊ သင့်ရဲ့ မိတ်ဆွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်လောက်များများ ငါတို့အစားအသောက်တွေ စီမံထားရမှာ လဲ” လို့မေးလိုက်တယ်။
ဒီအခါ ဆိတ်မက “ငါ့မှာ မိတ်ဆွေ မြေခွေးလေးကောင်ရှိတယ်။ တစ်ကောင်လျှင် အခြွေအရံ “မြေခွး” ငါးရာစီ ရှိကြတယ်။ ဒါကြောင့် ငါဟာ မြေခွေးအခြွေအရံ နှစ်ထောင်နဲ့ သင့်ဆီ လာမယ်။ အဲဒီ မြေခွေးတွေအစာမရရင် သင်တို့ လင်မယားကို ကိုက်ဖြတ်စားသောက်လိမ့်မယ် ” လို့ ပြောလိုက်သတဲ့ကွယ်။
ဒီတော့ မြေခွေးမလည်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး “အဆွေဆိတ်မ၊ သင်မလာပါနဲ့ တော့၊ သင်ပြောတဲ့အတိုင်း သင့်အိမ်မှခွာလျှင် ဘဏ္ဍာစည်းစိမ်ပျက်လိမ့်မယ်။ အနာရောဂါ ရောက်လိမ့်မယ်။ အဆွေခင်ပွန်း ပီသစွာ ငါက တားပါရစေ၊ အဆွေ ဆိတ်မ သင့်အိမ်က မခွာပါနှင့်” လို့ ကသောကမျော ပြောဆိုကာ လင်ရှိရာသို့ ကြောက်လန့်တကြီး ပြန်ပြေး သွားပါ ရောတဲ့ကွယ်။
အဲဒီ အချိန်ကစပြီး မြေခွေးလင်မယားဟာ ဆိတ်မရှိတဲ့ အရပ်သို့ မကျက်စားရဲတော့ဘူးတဲ့ ကွယ်။
အဲဒီ ပုံပြင်လေးကို ထောက်ပြီး ကလေးတို့လည်း ကိုယ့်ကို အကျိုးလိုလားလို့ ပြောသလား၊ ကိုယ့်အကျိုး ဆုတ်ယုတ်ဖို့ ပြောသလားဆိုတာ ချင့်ချိန်ကြည့်တတ်ကြဖို့ လိုတာပေါ့ကွယ်။
တစ်ခါတုန်းက ရွာတစ်ရွာမှာ အဘိုးကြီးတစ်ဦး ရှိသတဲ့။ အဲဒီ အဘိုးကြီးမှာ အင်မတန်ချော လှတဲ့ အပျိုစင်သမီးလေးတစ်ယောက် ရှိသတဲ့ကွယ်။
သူတို့ရွာက ကာလသားတွေက အဘိုးကြီးရဲ့ သမီးပျိုချောကို လိုချင်တာကြောင့် သူ့ထက်ငါ ၀ိုင်းဝန်း ပိုးပန်းကြသတဲ့။ အဲဒီ လို ပိုးပန်းကြသူများ တော့ သူ့သမီးကို လက်ဆက်လိုသူ ဟာ သဘောအင်မတန်ကောင်းသူ ဖြစ်ရမယ်။
ဘယ်လိုပင် စိတ်ဆိုးအောင်ပြုပေမယ့် စိတ်မဆိုးရဘူး။ သည်းခံခြင်းတရားနဲ့ ပြည့်စုံရမယ်လို့ ဖွင့်ဟကြေညာထားသတဲ့။
ထိုအခါ လုလင်ပျိုတစ်ဦးက အဲဒီ ထူးခြားတဲ့သတင်းကို ခံပြင်းလှတာကြောင့် ငါအရယူမယ်လို့ ကြိမ်းဝါးကာ အဘိုးကြီးဆီသွားပြီး အဘိုးကြီးရဲ့ သမီးနဲ့ ထိမ်းမြားလက်ထပ်ခွင့်ပြု ရန် ပန်ကြားပြောဆိုသတဲ့ကွယ်။
အဲဒီ အခါ အဘိုးကြီးက “ငါကြေညာထားတဲ့ အတိုင်းပဲ၊ ငါ့သမီးကို လိုချင်ရင် ဘယ်လိုပင် ပြုပေမယ့် စိတ်မဆိုးရဘူး၊ အကယ်၍ မာန်ခံရန်ပျိုး ၊ သင်စိတ်ဆိုးလျှင်တော့ အဖိုးနည်းများ သင့် ကိုငါ ရောင်းစားရမယ်” လို့ ဆိုတယ်။
အဲဒီ အခါ လုလင်ပျိုက“စိတ်တိုတဲ့စရိုက် ကျွန်တော်လည်း မကြိုက်ပါဘူး။ လိုက်လိုက်လျော လျော လူတို့ရဲ့ သဘောကို တွေးတောပြီး ထောက်ထားညှာတာ ကြင်နာတဲ့နှလုံးသား ကျွန်တော့် မှာ ရှိပါတယ်။ ဘယ်လိုပင် စိတ်ဆိုးလို့ လက်သီးနှင့် ထိုးသော်လည်း ကျွန်တော် ကျိတ်မှိတ်ခံနိုင် ပါတယ်” လို့ ၀န်ခံချက်ကောင်းကောင်းနဲ့ သမီးကို တောင်းလေသတဲ့။
အဘိုးကြီးလည်း လုလင်ပျို ၀န်ခံချက်ကောင်းတာနဲ့ မဆိုင်းမတွ သမီးလှနဲ့ ပေးစားလိုက် ရောတဲ့ကွယ်။
အဲဒီ လို သမီးလှနဲ့ ပေးစားထိမ်းမြားပြီးတဲ့နောက် အဘိုးကြီးဟာ သူ့သမက် ၀န်ခံချက်နဲ့ ညီ မညီ စုံစမ်းမှ တော်ပေမယ်လို့ စိတ်ကူးမိပြီး အမျိုးမျိုး အကြောင်းရှာသတဲ့။
စိတ်နာအောင်တစ်မျိုး၊ စိတ်ဆိုးအောင်တစ်သွယ် အမယ်မယ်အမျိုးမျိုးပြုသော်လည်း သမက်သူတော်စင်ဟာ သူ့ဝန်ခံချက်အတိုင်း နာကျင်တဲ့စိတ်ထား နည်းနည်းမှ မပွားဘူးတဲ့။
တစ်နေ့မှာ အဘိုးကြီးဟာ သူ့သမက် လယ်လွန်နေရာဆီ ခါတိုင်းလို ထမင်းပို့မသွားဘဲ ရှောင်လွှဲနေသတဲ့။
လယ်ကွင်းထဲမှာ တဟင်းဟင်း တဟဲ့ဟဲ့နဲ့ လယ်ထွန်နေတဲ့ သမက်ဟာ ထမင်းစားချိန်တန် ထိ အဘိုးကြီး ခါတိုင်းလိုရောက်မလာတော့ လာရာလမ်းဆီ တမျှော်မျှော် တကြည့်ကြည့်နဲ့ ပေါ့ ကွယ်။ အလုပ်ကလည်း ပင်ပန်း၊ ၀မ်းကလည်း ဟာ၊ ထမင်းကလည်းဆာလို့ ခွေယိုင်မချိ စိတ်တို လာမိသတဲ့။
တစ်စတစ်စ မျှော်ရင်းမျှော်ရင်း မွန်းတည့်ကနေ မွန်းတိမ်း၊ မွန်းတိမ်းကနေ နေစောင်းလာတော့ ဘယ်လိုမှ ဟန်မဆောင်နိုင်ဘဲ စိတ်ဆိုးဆိုးနဲ့ သူလယ်ထွန်နေတဲ့ ကျွဲရဲ့ အမြီးကို ဓားနဲ့ ဖြတ်လှီး၊ မီးမှာ ဖုတ်ကင်လို့ စားတော့သတဲ့။ အဲဒီ လိုနဲ့ ကျွဲရဲ့ အမြီးတွေ တိုကုန်တော့တာပေါ့။
အဲဒီ လို ကျွဲမြီးတွေ ဖုတ်စားလို့ မကြာခင်မှာ ပဲ အဘိုးကြီး ရောက်ရှိလာသတဲ့။ အဘိုးကြီးဟာ တည်ကြည်သော မျက်နှာထားနဲ့ သူ့ရဲ့ သမက်ကိုမေးမြန်း လိုက်တယ်။
“ဘယ်နဲ့ လဲကွ၊ နံနက်စာ ထမင်းမပို့လို့ မောင်မင်း ငါ့ကို မုန်ယိုရန်ငြိုး မုန်းမာန်ပျိုးလို့ စိတ်များ ဆိုးမိလေသလား” လို့ စစ်မေးလိုက်သတဲ့။
ထိုအခါ အဘိုးကြီးရဲ့ သဘော နှောကြေအောင်သိနေတဲ့ သမက်ဘသား … ကျွဲမြီးစားက..
“နံနက်စာ လျော့၊ အူခွေပျော့သည်ကြောင့် စိတ်တော့မဆိုးသာ၊ ကျွဲမြီးများ သာ တိုပါသည်” လို့ ပြန်ပြောလေသတဲ့။
အဲဒီ အခါမှ အဘိုးကြီးဟာ ထိတ်ထိတ်ပျာပျာနဲ့ ကျွဲများ ကို ကြည့်လိုက်တဲ့အခါ ကျွဲနှစ်ကောင်စလုံး အမြီးတွေတုံးနေတာကို တွေ့ရတော့ အပူလုံးကြွ ယူကျုံးမရ ဖြစ်ရပါသတဲ့ကွယ်။
အဲဒီ ပုံပြင်လေးကို အမှီပြုပြီး “စိတ်မဆိုးပါဘူး၊ ကျွဲမြီးတိုသည်” ဆိုတဲ့ စကားပုံ ဖြစ်ပေါ်လာသတဲ့။
ဤပုံပြင်ကို ထောက်ရှုလို့ သူတစ်ပါးအပေါ် သတိချော်ပြီး မလျော်ရာမပြုမိဖို့ သတိရှိရမတဲ့။ မလျော်ရာ ပြုမိလို့ တစ်ဖက်သားက ဘယ်လိုပင် စိတ်မဆိုးပါဘူးလို့ စိတ်ကောင်း အောင်ပြောတာကို ဟုတ်လှပြီ၊ တော်လှပြီလို့ ယုံကြည်ခြင်းမလွယ်ဖို့၊ ကိုယ်တိုင်ချင့်ချိန်တတ်ဖို့ လိုပါသတဲ့ …ကွယ် ။
ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုသတဲ့။ အဲဒီ အချိန်မှာ ကိုယ်ဝန်ဆောင် မိန်းမငယ်တစ်ယောက်ဟာ ကိုယ်ဝန်နေ့လစေ့လို့ ဖွားမြင်သတဲ့။ ထူးထူးခြားခြား ဖွားမြင်တဲ့အခါ ခြေလက်အင်္ဂါ ကိုယ်ခန္ဓာမပါဘဲ သီးခေါင်းချည်းသက်သက်သာလျှင် မွေးဖွားသတဲ့။
မိန်းမငယ်လည်း ၊ အို … မကြားအပ်၊ မမြင်အပ် မသင့်မြတ်လှပါကလားလို့ ထိတ်လန့်ရှက်ကြောက်ခြင်း ဖြစ်မိသတဲ့။ ဒါနဲ့ လူတွေမသိစေဘဲ ထိုသန္ဓေသား ဦးခေါင်းလုံးကို ရေထဲပစ်ချလိုက်တော့သတဲ့။
အဲဒီ လို ရေမှာ ဖျောက်ဖျက်ပြီးလို့ မကြာခင်မှာ ပဲ နောက်ထပ် ကိုယ်ဝန်ရှိပြန်တယ်၊ နေ့လ စေ့လို့ ဖွားပြန်တော့ ရှေးနည်းတူပဲ ဦးခေါင်းသာ ဖွားပြန်သတဲ့။ မိန်းမငယ်လည်း ထူးဆန်းလှပါက လားလို့ ဆိုပြီး မြေကြီးတူးပြီး မြှုပ်လိုက်ပြန်သတဲ့။
ထိုနောက် ပဋိသန္ဓေတည်ပြန်တယ်၊ ဦးခေါင်းချည်း ဖွားပြန်ရောတဲ့၊ တစ်ဖန် ရေမှာ ပစ်ချပြန် တယ်၊ အဲဒီ နောက် တစ်ဖန် ကိုယ်ဝန်ရှိပြန်တယ်၊ ဦးခေါင်းချည်း ဖွားပြန်ပါရော။
ဒီတစ်ခါမှာ မိန်းမငယ် စဉ်းစားတယ် “ငါကား မအပ်မရာ ဦးခေါင်းချည်းဖွားတယ်လို့ ရေမှာ နှစ်ခါ ပစ်ချပြီး၊ မြေမှာ တစ်ခါမြှုပ်ခဲ့တယ်။ ယခုတစ်ဖန် ဦးခေါင်းကိုပင် ဖွားပြန်တယ်။ သူ့ကံနဲ့ သူ သာ ရှိပါစေတော့” လို့ သဘောထားပြီး ကောင်းစွာ ပြုစုကြည့်ရှုပြီး မွေးမြူတော့သတဲ့။
အဲဒီ လို ပြုစုမွေးမြူလို့ ခုနှစ်နှစ်ကြာတဲ့အခါ ငဦးခေါင်း လုလင်လေးက စဉ်းစားသတဲ့။
“ငါ့မိခင်ဟာ ငါ့ကို ကျွေးမွေးပြုစု မွေးမြူလာတာ ခုနှစ်နှစ်တောင်ရှိပြီ။ ငါ့အတွက်နဲ့ ပတ်သက်ပြီး ငါ့မိခင်ဟာ ဘာမှ အကျိုးမခံစားရသေး။ ငါ့မိခင်အား ငါ မွေးကျေးဇူးဆပ်သင့်တယ်၊ ဒီတိုင်းပြည်မှာ တော့ ငါ့လိုလူမျိုး ရှိမယ်မထင်၊ ငါ့ကိုမြင်လျှင် လူတွေက ကရုဏာသက်ဝင်ပြီး ဆုလာဘ်တွေ ပေးကြမှာ အမှန်ပဲ” လို့ တွေးမိပြီး၊ သူ့မိခင်ကို ပြောသတဲ့။ “မွေးမိခင် … ဈေးသို့ သွားတဲ့အခါ ကျွန်ုပ်ကို ခေါ်ဆောင် သွားပါ။ လူစည်ကားရာ နေရာမှာ ချထားပေးပါ” လို့ ပြောသတဲ့။
မိခင်လည်း … သားရဲ့ အလိုကို လိုက်လျောပြီး၊ ငဦးခေါင်းကို တောင်းထဲထည့်ယူကာ ဈေးအတွင်း လူစည်ကားရာနေရာမှာ ချထားလေသတဲ့ကွယ်။
ငဦးခေါင်းကို ပွဲစားလူမိုက်တစ်ဦးမြင်တဲ့အခါ “မတော်မရာ မမြင်အပ် မမြင်ရာကို လူတကာ ရှေ့မှာ လာထားရာသလော” ဆိုပြီး ရိုက်နှက်မောင်းနှင်ပစ်သတဲ့။
အဲဒါကြောင့် မိခင်ဟာ ငဦးခေါင်းကို ပြန်သယ်ဆောင်သွားရတာ ပေါ့ကွယ်။
ဒါပေမယ့် ငဦးခေါင်းက နောက်တစ်နေ့မှာ ..
“မိခင် ကျွန်ုပ်ကို ဆောင်ယူပါဦး၊ လူများ ရာမှာ မနေရရင် လူပါးရာမှာ ထားပေးပါ” လို့ ဆိုသတဲ့။
မိခင်လည်း သား ငဦးခေါင်းဆိုတိုင်း သယ်ဆောင်သွားပြီး လူပါးရာမှာ ချထားပြန်သတဲ့။
အဲဒီ လိုချထားလို့ မကြာခင်မှာ ပဲ မြို့မှာ နေတဲ့ ပွဲစားကုန်သည်ကြီးတစ်ဦးဟာ အနီးကိုရောက်လာပြီး ငဦးခေါင်းကို မြင်တဲ့အခါ အလွန်အံ့သြသွားသတဲ့။
“ထူးဆန်းလှပါတကား၊ တစ်ခါမှမမြင်ဖူး ဤဦးခေါင်းကို ယူဆောင်ကျွေးမွေးပြီး ပွဲရုံမှာ ထားပါက လူအများ လာရောက်ကြည့်ရှုလို့ င့ါပွဲရုံ လူစည်ပြီး အရောင်းအ၀ယ် ကောင်းမယ်” လို့ စဉ်းစားမိသတဲ့။
အဲဒီ လို စဉ်းစားပြီး သူ့မိခင်ဆီမှာ ငဦးခေါင်းကို တောင်းပြီး သူ့ပွဲရုံဆီကို သယ်ယူသွားသတဲ့ကွယ်။ ကုန်သည်ကြီးထင်တဲ့အတိုင်းပဲ ငဦးခေါင်းကို လာရောက်ကြည့်ရှုကြလို့ ပွဲရုံမှာ လူစည်ကားပြီး အရောင်းအ၀ယ်လည်း ရှေးကထက် ပိုကောင်းလာသတဲ့။
တစ်နေ့သောအခါ တခြားနိုင်ငံက သင်္ဘောခုနှစ်စင်း ဆိုက်ရောက်လာတယ်။ သတင်းအရ သင်္ဘောငါးရာစုတို့ဟာ ထူးဆန်းတဲ့ ငဦးခေါင်းကို ကြည့်ရှုဖို့ ပွဲရုံကို ရောက်ရှိလာကြသတဲ့။
ဒီအခါ ငဦးခေါင်း လုလင်က အကြည့်မခံဘဲ “ရှက်တယ်” လို့ဆိုပြီး အိမ်အတွင်းခန်းက နေလျက် သင်္ဘောသားတွေကို အော်ပြောသတဲ့။
“အသင်တို့ ကုန်များ ကို တခြားမှာ သွားမရောင်းပါနဲ့ ၊ ပါလာတဲ့ ကုန် ပစ္စည်းအားလုံးကို ကျွန်ုပ်တို့ဝယ်ပါမယ်” လို့ ပြောဆိုသတဲ့။
အဲဒီ အခါမှာ သင်္ဘောသားတွေဟာ ငဦးခေါင်းကို ပိုကြည့်ချင်လာပြီး ပွဲစားကုန်သည်ကြီးထံ ကြည့်ရှုခွင့်ပြုဖို့ ပန်ကြားသတဲ့။
ပွဲစားကုန်သည်ကြီးက “ကျွန်ုပ်သားကို ကြည့်ချင်ရင် သင်တို့ပါလာတဲ့ ကုန်ပစ္စည်းအားလုံး ကို ကျွန်ုပ်အားရောင်းချပါ၊ သို့တည်းမဟုတ်လျှင် တစ်ဦးကို ဆယ်သပြာစီ ပေးပါ” လို့ ဆိုသတဲ့။
သင်္ဘောသားတို့ဟာလည်း အလွန်ကြည့်လို မြင်လိုတာကြောင့် သင်္ဘောသူကြီး (၇) ဦးက တစ်ဦးလျှင် အသပြာတစ်ရာစီပေးပြီး ကျန် သင်္ဘောသား ငါးရာစု(၇) စုက တစ်ဦးလျှင် ဆယ်သပြာ စီပေးလျက် ကြည့်ရှုကြသတဲ့။
ငဦးခေါင်းဟာ ရရှိတဲ့အသပြာအားလုံးရဲ့ တစ်ဝက်ကို မိခင်ရင်းအားပေးပြီး ကျေးဇူးဆပ်ကာ ကျန်တစ်ဝက်ကိုတော့ ဖခင်ပွဲစားကြီးကို ပေးသတဲ့။
သင်္ဘောသားတို့ဟာ ငဦးခေါင်းကိုကြည့်ရှုပြီး “ငါတို့ဟာ ဤထူးဆန်းတဲ့ ငဦးခေါင်းကို နိုင်ငံရပ်ခြားကို သယ်ဆောင်ပြီး ပြသရလျှင် ဥစ္စာများ စွာ ရမှာ ပဲ” လို့ စိတ်ကူးကြံစည်မိကြသတဲ့။
အဲဒီ လို ကြံစည်ပြီး ငဦးခေါင်းကို သူတို့နဲ့ အတူ နိုင်ငံရပ်ခြားသို့ အတူလိုက်ပါရန် ဆွေးနွေး ကြသတဲ့။
ငဦးခေါင်းလည်း နိုင်ငံရပ်ခြား သွားရောက်လိုတာနဲ့ သဘောတူလက်ခံပြီး သင်္ဘောစီးကာ လိုက်ပါသွားတော့သတဲ့။
ဒီလိုနဲ့ သင်္ဘော(၇) စင်းဟာ သီဟိုဠ်ကျွန်းဆီကို ဦးတည်ပြီး တစ်ပြိုင်တည်း ခုတ်မောင်းလာကြသတဲ့။ သင်္ဘော (၆) စင်းကတော့ သီဟိုဠ်ကျွန်းအနီးကို ချောချော မောမော ဆောလျင်စွာ ရောက်ရှိလာခဲ့သတဲ့။
ငဦးခေါင်းပါတဲ့ သင်္ဘောကတော့ ပင်လယ်သမုဒ္ဓရာထဲမှာ တ၀ဲလည်လည်ဖြစ်ပြီး ကမ်းမမြင် လမ်းမမြင် ဖြစ်နေသတဲ့။
သင်္ဘောသားတွေဟာ ပျာယာခတ် ထိတ်လန့်လာပြီး၊ သမုဒ္ဓရာစောင့်နတ်တွေကို ပူဇော်ပသကြတယ်။ ဒါပေမယ့် အချည်းနှီးပဲတဲ့ကွယ်။ ဒီအခါမှာ သင်္ဘောသားတွေ စုဝေးတိုင်ပင်ကြတယ်။
“ငါတို့ဟာ မမြင်သင့်၊ မမြင်ကောင်း၊ ဒီ .. ငဦးခေါင်းကို တင်ဆောင်လာလို့သာ ဒီလိုဖြစ်ရ တာပဲ” လို့ ဆိုပြီး ငဦးခေါင်းကို ရေထဲပစ်ချရန် စီမံ ကြသတဲ့။
အဲဒီ အခါမှာ ငဦးခေါင်းဟာ “အဆွေတို့ ငါ့ကို ရေထဲပစ်မချကြပါနဲ့ ၊ တစ်နာရီအတွင်းမှာ သင်တို့ရဲ့ သင်္ဘော (၆) စင်းကို မီအောင် ငါဆောင်ရွက်ပေးပါ့မယ်။ ငါ့ကို ပဲ့စင်ထက် တင်ပြီး ကောင်းမွန်တဲ့ ၀တ်စားတန်ဆာဆင်ယင် ပေးပြီးထားပါ” လို့ ပြောပြ တောင်းဆိုလိုက်တယ်။
သင်္ဘောသားတို့ဟာ ငဦးခေါင်းပြောတဲ့အတိုင်း ကောင်းမွန်တဲ့ အ၀တ်တွေ ၀တ်ဆင်ပေးကာ ပဲ့စင်ထက်မှာ သန့်ပြန့်စွာ တင်ထားလေသတဲ့။ အဲဒီ လို ၀တ်ဆင်ထားပြီး ခဏမှာ ပဲ သင်္ဘောဟာ အဟုန်ပြင်းစွာ ပြေးလို့ အဖော်သင်္ဘော(၆) စင်းကို မီလာပြီး သီဟိုဠ်ကျွန်းကို တစ်ပြိုင်နက်တည်း ဆိုက်ရောက်ကြသတဲ့။
ငဦးခေါင်း .. သီဟိုဠ်ကျွန်းထက် ရောက်ရောက်ချင်း၊ သီဟိုဠ်ကျွန်းမှာ ရှိတဲ့ နတ်ဘီလူးတွေဟာ စုဝေးရောက်ရှိလာကြပြီး ငဦးခေါင်းကို ပန်းနံ့သာတို့နဲ့ ပူဇော်ပသကြတယ်။
သင်္ဘောသားတွေဟာ နတ်ဘီလူးတို့ကို မြင်တဲ့အခါ များ စွာ ထိတ်လန့်ကြောက်ရွံ့ပြီး သီဟိုဠ်ကျွန်းမှ အမြန်ထွက်ခွာကြသတဲ့။ အဲဒီ လို အမြန်သင်္ဘောလွှင့်ခဲ့ပေမယ့် သီဟိုဠ်ကျွန်းသို့ သာ ပြန်ပြန်ရောက်နေသတဲ့။ သင်္ဘောသားတွေလည်း ထိတ်လန့်ကြောက်ရွံ့ပြီး စိတ်ညစ်နေကြ တာပေါ့ကွယ်။
ဒီအခါ ငဦးခေါင်းက “သင်တို့သားမယားတွေဆီ ကောင်းမွန်စွာ ပြန်ရောက်ချင်ရင် ငါ့ကို ပူဇော်ရှိခိုးပြီးမှ လွှင့်ကြကုန်လော့” လို့ ထုတ်ဖော်ပြောကြား လိုက်တယ်။
သင်္ဘောသားတို့လည်း ငဦးခေါင်းဆိုတိုင်း သန့်ပြန့်စွာ ထားကာ ၀ပ်တွား ကော်ရော် ရှိခိုး ပြီးမှ သင်္ဘောလွှင့်ကြရာ ချောမောစွာ ပင် ရပ်ရွာဌာနဇာတိ ချက်ကြွေဆီကို ရောက်ရှိကြသတဲ့။
နတ်ဘီလူးတို့ဟာ ငဦးခေါင်းအား အထူးထူးသော ရုပ်သဏ္ဍန်ဖန်ဆင်းနိုင်တဲ့ အတတ်ပညာကို သင်ပေးပြီး “ အသင်သည် ဤအတတ်ပညာဖြင့် ဗာရာဏသီပြည်တွင် မင်းပြု လော့” ဟုဆိုပြီး ကမ်းစပ်တွင် ချထားကြသတဲ့။
မကြာခင်မှာ ပဲ ယခင်သင်္ဘောသားများ ကျွန်းကို ရောက်ရှိလာကြပြီး အပြန်မှာ ငဦးခေါင်းဟာ သင်္ဘောသားတို့နဲ့ အတူ ဗာရာဏသီသို့ ပြန်လည်လိုက်ပါခဲ့သတဲ့။
သင်္ဘောသားတို့ဟာ ငဦးခေါင်းရဲ့ အကြောင်းကို ကောင်းစွာ သိရှိကြတဲ့အတွက် ငဦးခေါင်းကို ဥစ္စာများ စွာ နဲ့ ပူဇော်ကြတယ်။
ဗာရာဏသီပြည်ကို ပြန်လည်ရောက်ရှိလာတဲ့အခါ ငဦးခေါင်းက ဆင်ခြင်တယ်၊ “ငါကား အတတ်ပညာလည်း ရခဲ့ပြီ။ ဥစ္စာလည်း ပြည့်စုံပြီ၊ ဤပြည်တွင် မင်းပြုအံ့၊ ငါငယ်စဉ်က ကြီးလျှင် မင်းပြုမည်ဟု မိခင်ကိုပြောခဲ့ဖူး၏ ။ မိခင်သည် ငါ့အား မင်းပြုရန်မကြံလင့်၊ မင်းကြံကြံလျှင် ခွေးသေသေမည်၊ ခွေးသေသေလျှင် တစ္ဆေပင်မဖြစ်နိုင်ဟု ဟန့်တားခဲ့သည်။ သို့ပေမယ့် အကြံအခွင့်သင့်လျှင် အပြစ်မရှိရာ” လို့ ကြံပြီး ဗာရာဏသီမင်းကြီးထံ ထီးနန်းကိုသော်လည်း ပေးမည်လော၊ အိမ်ရှေ့အရာ၌ သော်လည်း ထားမည်လော၊ ငါကား ကိုယ်မပါ ဦးခေါင်း ချည်းသာ ဖြစ်သော်လည်း မင်းပြုလိုသည်ဟု သ၀ဏ်စာနှင့် စေလွှတ်လိုက်သတဲ့။
ဗာရာဏသီမင်းကြီးလည်း အကြောင်းစုံကို ကြားသိရလျှင် အမတ်တို့ကို ခေါ်ငင်ပြီး“အမတ်တို့ ယခု ဦးခေါင်းချည်းသာ ရှိသူက နန်းတက်မင်းပြုလိုတယ်” လို့ ဆိုလာတယ်၊ အံ့ဖွယ်ရှိပေစွ၊ ဘယ်သို့ကြံကြကုန်မည်နည်း လို့ မှူးမတ်တို့ကို တိုင်ပင်တော်မူသတဲ့။
အဲဒီ အခါမှာ အမတ်တို့က “အရှင်မင်းကြီး ပညာကျယ်သော် ကြီးငယ်မဟူသာ၊ ပညာရှင်ကို အလိုလိုက်လျောမှ ချမ်းသာသုခရနိုင်ပါတယ်၊ ကျွန်တော်မျိုးတို့ စုံစမ်းပါဦးမယ်” လို့ လျှောက်တင်ကြသတဲ့။
အဲဒီ နောက်မှာ အမှူးအမတ်တို့ဟာ ငဦးခေါင်းရဲ့ အရည်အချင်းပညာစွမ်းကို စုံစမ်းကြတဲ့ အခါ အထူးထူးသော ရုပ်သဏ္ဍာန်ကို ဖန်တီးနိုင်တဲ့အတတ်ကို တတ်ကြောင်း သိရှိကြတဲ့အတွက် မင်းကြီးကို ပြန်လည်လျှောက်ကြသတဲ့။
“အရှင်မင်းကြီး ငဦးခေါင်းအား မလေးမစား မပြုသင့်ပါ။ ပညာရှင် အမှန်ဖြစ်ပါကြောင်းပါ ဘုရား၊ ချီးမြှော က်တော်မူမှ သင့်မြတ်မည်ဖြစ်ကြောင်း ရွှေဖ၀ါးတော်အောက် လျှောက်ထားဝံ့ပါ သည်ဘုရား” လို့ တင်လျှောက်ကြသတဲ့။
ဒီအခါ မင်းကြီးက “မှူးမတ်တို့ ကိုယ်မပါဘဲ ဦးခေါင်းချည်းသက်သက်ရှိသူကို မည်သို့ မြှော က်စားရမည်နည်း” လို့ မေးမြန်းတော်မူတယ်။
“အရှင်မင်းကြီး ငဦးခေါင်းကို အသာအယာခေါ်၍ အတတ်ပညာစွမ်းကို ပြစေသင့်ပါသည် ဘုရား” လို့ အမတ်တို့ တင်လျှောက်ကြတဲ့အတွက် မင်းကြီးလည်း ငဦးခေါင်းအား နန်းတော်သို့ ပင့်ဖိတ်ပြီး “မင်းပြုလိုလျှင် အသင်၏ အတတ်ပညာစွမ်းကို ပြရမည်” လို့ မိန့်ကြားတယ်။
ငဦးခေါင်းဟာ နတ်ဘီလူးများ သင်ကြားပေးလိုက်တဲ့ အထူးထူးသော ရုပ်ပြအတတ်ကို ပြလိုတာကြောင့် နှင်းဘူးငယ်ကို ဖွင့်လိုက်တယ်။ အဲဒီ အခါ ဆင်မြင်းဗိုလ်ပါ စစ်အင်္ဂါတို့ဟာ စဉ်ကာ စဉ်ကာ ထွက်လာလိုက်ကြတာ မြေပြင်အပြည့်မျှ ရှိသတဲ့။
ဗာရာဏသီမင်းကြီးလည်း စိုးရိမ်ထိတ်လန့်တော်မူတဲ့အတွက် ငဦးခေါင်းကို အိမ်ရှေ့အရာ အပ်နှင်းလိုက်ရသတဲ့။
ငဦးခေါင်းလည်း အိမ်ရှေ့ဥပရာဇာ ဖြစ်လာတယ်ဆိုရင်ပဲ ခြေလက်အင်္ဂါနဲ့ ကိုယ်ခန္ဓာတို့ စုံလင်စွာ ထွက်ပေါ်လာပြီး မင်းစည်းစိမ်ကို ကောင်းစွာ ခံစားရသတဲ့ကွယ်။
ဤဒဏ္ဍာရီကို ထောက်ရှုပြီး “ပညာသည် ကြီးငယ်မဆိုသာ” လို့ ရှေးသူဟောင်းတို့ ဆိုရိုးပြုကြသတဲ့။
ဒါကြောင့် လောကကြောင်းရာထွေထွေ ထူးတွေဆန်းပြား အကြောင်းတရားပြဿနာ အသီးသီးမှာ အယုတ်- အလတ် အမြတ်မရွေး ကြီးသေးမဟူ ဉာဏ်ပညာသာလျှင် အကြီးအမှူး အခေါင်အချုပ်ဖြစ်လို့ ပညာရှိက၀ိတို့ကို မြတ်နိုး သင့်ကြပါသတဲ့ကွယ်။
တစ်ခါတုန်းက နဂါးတစ်ကောင်က လျှိုမြောင်ပေါတဲ့ တောအုပ်တစ်ခုမှာ မြူးထူးပျော်ရွှင်စွာ နဲ့ ကျက်စားနေသတဲ့။ ထိုအချိန်မှာ ပဲ ထိုတောအုပ်လျှိုမြောင်ဆီကို ဘုရင်တစ်ပါးဟာ ရံရွှေတော် အများ နဲ့ တောကစားထွက်ကြွလာသတဲ့။
မကြာခင်မှာ ပဲ နဂါးကိုတွေ့မြင်တဲ့ ဂဠုန်ငှက်မင်းဟာ အတော်ကို အုပ်ပြီး နဂါးကိုထိုးသုတ် ရန်ပြုသတဲ့။ ဒီအခါမှာ နဂါးဟာ ရုတ်တရက် လုလင်သဏ္ဍာန် ဖန်ဆင်းပြီး ဘုရင့်အခြွေအရံများ အ ကြား ချဉ်းကပ်တိုးဝင်ပြီး ရန်ဘေးကို ဖျောက်ခဲ့သတဲ့။
ထိုအခါ ဂဠုန်ဟာ စဉ်းစားတယ်။ “နဂါးပြေးတာကို ငါမမြင်လိုက်ရပါလား၊ ဧကန္တ ဉာဏ်များ တဲ့ နဂါးဟာ ဘုရင့်ရံရွေတွေကြား၊ အခြွေအရံတွေကြား လူယောင်ဆောင်နေတာပဲဖြစ် မယ်လို့ အတွေးပေါက်ပြီး ဒါဖြင့် ငါလည်း သင်းလိုပြုကျင့်မှ ဖြစ်မယ်လို့ကြံပြီး ဂဠုန်လည်း လူယောင် ဖန်ဆင်းကာဘုရင့်ခြွေရံတွေထဲ ရောနှောပြီး တစေ့တစောင်း နဂါးကို ရှာဖွေလေသတဲ့။
ထိုအခိုက်မှာ ပဲ ထိုတောခွင်အရပ်ကို ခရီးသည်လူအများ ဖြတ်သန်းသွားလာပြန်သတဲ့။ အဲ ဒီအခါ နဂါးဟာ ဂဠုန်တော့ ဘုရင့်ခြွေရံကြားရောက်နေပြီ၊ သူ့ကို ငါလှည့်စားနိုင်မှ ငါ့အသက် ချမ်း သာမယ်လို့တွေးပြီး တောအုပ်ဖြတ် ခရီးသည်တွေကြား ရုတ်တရက် ရောနှောလိုက်ပါသွားသတဲ့။
ဘုရင့်အမှု ထမ်း အယောင်ဆောင် ကိုဂဠုန်ဟာ အခြွေအရံတွေအကြားမှာ နဂါးကို ရှာပေမယ့် မတွေ့တော့ဘူးတဲ့။ ဒီအခါမှာ ကိုဂဠုန်ဟာ သူ့ခေါင်းတွင်းရှိသမျှ အကြံတွေကို ဖျစ်ညှစ် ထုတ်ပြီး နဂါးဘယ်ရောက်သွားသလဲ၊ သဲကြီးမဲကြီး စဉ်းစားရပြန်တယ်။
စဉ်းစားရင်း တောအုပ်လမ်းခရီးမှာ လူအများ ဖြတ်သန်းသွားကြပုံကို မြင်တွေ့မိလို့ “အိုကွဲ့ နဂါး ငါ့လက်က လွတ်မတဲ့လား၊ နင့်အကြံလောက်များ ဂဠုန်တောင်ဟုန် တစ်ချက်ခတ်ပဲ ရှိတယ်” လို့ စိတ်ထဲက ကြုံးဝါးပြီး ကသုတ်ကရက် ခရီးသွားတို့ဆီ အမီလိုက်ရပြန်တာပေါ့ကွယ်။
ဂဠုန်ဟာ လူအသွင်နဲ့ သူ့ကိုဖမ်းဖို့ ခရီးသည်တွေဆီ ရောက်လာတာနဲ့ ချက်ချင်းပဲ နဂါးကလည်း သိတယ်။ ဂဠုန်မဖမ်းမီ လွတ်ရာမျှော်မှန်းရင်းက ပင်လယ် ကမ်းစပ်တစ်ခုဆီ အရောက် ရုတ်တရက် လူအယောင်ဖျောက်၊ မူလနဂါးအသွင် ချက်ချင်းပင် ဖန်ဆင်းပြီး ပင်လယ်အတွင်း လျှိုးငုပ်လို့ နဂါးမျိုးတို့စံရာဌာနီ ဘောဂ၀တီ နဂါးပြည်ကို သုတ်ခြေတင်ပါရော ..တဲ့။
ဒီအခါမှာ ကိုဂဠုန်ဟာ အကြံတွေကုန်လို့ မာန်ဟုန်ကိုလျှော့ အားခွေပျော့မိသတဲ့။ ပါးစပ် နားရောက်မှ ငါ့ရဲ့ အစာ ပင်လယ်အတွင်း သက်ဆင်းလို့ ခွာတာကြောင့် အသဲဆတ်ဆတ်ခါ နာမိ သတဲ့။
သို့ပေမယ့် မာန်ဟုန်ပြင်းတဲ့ ဂဠုန်မင်းဟာ နဂါးရဲ့ အသား ငါမစားရမချင်း ဒီအရပ်က မခွာဘူး၊ တစ်ချိန်မှာ တော့ နဂါးပြန်တက်လာမှာ ပဲလို့ အတွေးတွေစိတ်ကူးပြီး ကမ်းစပ်ဆားချက် အလုပ်သမားတွေကြားမှာ အလုပ်သမားအသွင်ဖန်ဆင်းပြီး အတူရောနှောလုပ်ကိုင်ရင်း နဂါးအလာ ကို စောင့်မျှော်နေသတဲ့။
ကိုဂဠုန်အကြံသမား ဆားချက်သမားဟာ နဂါးတစ်နေ့လာနိုး၊ လာနိုးနဲ့ ပင်လယ်ဆီမျှော်လိုက် ဆားချက်လိုက်နဲ့ နဂါးရဲ့ ကျောသားမစားရဘဲ မိမိမှာ သာ ကျောပြောင်နေစား၊ တစ်နေ့တခြား အကြံများ ကုန်လာသတဲ့။
ဒီလိုနဲ့ မျှော်ရင်း မျှော်ရင်း နေ့ကိုလစား အချိန်များ သာ ကုန်လွန်လာပြီး ကိုဂဠုန်ဆားချက် သမားလည်း ဇရာဖိစီး အသက်ကြီးလာတော့သတဲ့။ ဒီလိုနဲ့ ပဲ ဆားချက်ရာကရတဲ့ဒဏ်ရာ၊ မီးပူတဲ့အနာနဲ့ ဇရာနှစ်ခုတွဲ ပြီး တစ်နေ့သော အခါမှာ ခန္ဓာကြွေစဲသွားရတဲ့ကွယ်။
ဤပုံပြင်လေးကို ထောက်ပြီး “အကြံကုန် ဂဠုန်ဆားချက်” ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာရ တယ်။
ဒါကြောင့် လောဘတဏှာ တပ်မက်လာရင် ကြံမိကြံရာ ဟန်ကျမကျ မစဉ်းစားဘဲ၊ အကြံကုန် ဂဠုန်ဆားချက်သကဲ့သို့ မပြုသင့်ကြောင်း လူကြီးသူမများ ဆုံးမကြသတဲ့။
အမရပူရနေပြည်တော်မှာ ဘိုးတော်ဘုရား မင်းပြုစဉ် အခါပေါ့ကွယ်။ သာသနာပိုင်ဟာ မောင်းထောင်ဆရာတော် ဖြစ်တယ်။
ဘိုးတော်ဘုရားရဲ့ သားတော်တစ်ပါးဖြစ်တဲ့ မောင်အူဟာ တောင်ငူမြို့ကို စားရတဲ့အတွက် တောင်ငူမင်းသားလို့လည်း ခေါ်တာပေါ့။ တောင်ငူမင်းသား ကိုးကွယ်တဲ့ဆရာတော်ဟာ ဦးတေဇ လို့ အမည်တွင်တယ်။
တစ်နေ့မှာ တော့ သာသနာပိုင် မောင်းထောင်ဆရာတော်ဟာ တောင်ငူမင်းသားရဲ့ ဆရာဖြစ်တဲ့ ဘုန်းကြီး ဦးတေဇကို အမိန့်တော်နဲ့ ဆင့်ခေါ်လိုက်တယ်။
ဦးတေဇ မောင်းထောင်ဆရာတော်ကျောင်း ရောက်တဲ့အခါ ဆရာတော်က ဘိက္ခုပါတိ မောက်၊ ဘိက္ခုနီပါတိမောက်၊ ဥဒ္ဒသိက္ခာ၊ မူလသိက္ခာ စတဲ့ ကျမ်းတွေကို ပါဠိနိသျှ အကုန်အစင် အာဂုံနှုတ်တက် ပြန်ဆိုစေတယ်။
မင်းသားရဲ့ ဆရာလည်း မနေသာတော့ဘဲ နှုတ်တက်ပြန်ဆိုာမှ တချို့ကိုရ တချို့လည်း မေ့ လျော့နေလို့ မပြန်ဆိုနိုင်ဘဲ ဖြစ်နေရတယ်။
ဒါနဲ့ သာသနာပိုင်ကလည်း မရမနေ ပြန်ဆိုရမယ်လို့ အထပ်ထပ် ပြန်ဆိုစေသတဲ့။ နောက် ဆုံး မရတဲ့အတွက် ဦးတေဇကို ကျောင်းတိုကအတွင်းမှာ အမှိုက်လှဲ၊ သဲကျုံးသဲဖို့၊ ရေခပ်စေခြင်းဖြင့် ရေဒဏ်၊ သဲဒဏ်ပေးသတဲ့။
အဲဒီ အကြောင်းကို တောင်ငူမင်းသားသိတဲ့အခါ မောင်းထောင်ဆရာတော်ထံ ၀င်ရောက်ပြီး “အရှင်ဘုရား တပည့်တော်ရဲ့ ဆရာ ၀ိနည်းတော်ကျမ်းစာ မပြန်ဆိုနိုင်တာနဲ့ ၀ိနည်းသိက္ခာပုဒ်နဲ့ ဆန့်ကျင်လွဲမှားတယ်လို့ ပြောနိုင်ပါ့မလား” လို့ လျှောက်တယ်။
အဲဒီ အခါ သာသနာပိုင်ဆရာတော်က “မင်းသား၊ သင့်ဆရာတ်ာဟာ အကျင့်သိက္ခာ ပျက် ယွင်းတယ်လို့ ငါမဆို၊ စာမရ၍ သာ ငါ ဒဏ်ပေးခြင်းဖြစ်တယ်” လို့ မိန့်တယ်။
တောင်ငူမင်းသားကလည်း“အရှင်ဘုရား၊ စာမရသော်လည်း အကျင့်သိက္ခာမပျက်လျှင် သည်းခံတော်မူသင့်ပါတယ်၊ ယခုအနည်းငယ် မေ့လျော့နေတဲ့စာများ ၊ နောင်လေ့ကျက်ရင် ရနိုင် မည်ဖြစ်ပါတယ်ဘုရား” လို့ လျှောက်ထားသတဲ့။
မောင်းထောင် ဆရာတော်ကလည်း “မင်းသား သင့်ဆရာဟာ ၀ိနည်းသိက္ခာကျမ်းကို နှုတ် တက် ဆောင်ထားသင့်လျက်မဆောင်၍ နောင်မှတ်စေရန် ငါဒဏ်ပေးခြင်းဖြစ်တယ်”လို့ မိန့်ပြန်သတဲ့။
တောင်ငူမင်းသားကလည်း ထပ်မံပြီး လျှောက်ပြန်တယ်။ “အရှင်ဘုရား ဤများ ပြားတဲ့ စာများ ကို ယခုချက်ချင်း အကုန်အစင် ပြန်ဆိုနိုင်ရန်မှာ ခဲယဉ်းလှပါတယ်၊ အချိန်ပေးလေ့ကျက် ပြန်ဆိုစေပြီး မရတဲ့အခါမှ ဒဏ်ပေးသင့်ပါတယ်။ ယခု အရှင်ဘုရားပေးသည့်ဒဏ်ကြောင့် တပည့် တော်ရဲ့ ဆရာမှာ ပင်ပန်းလှပါတယ်၊ သည်းခံတော်မူပါ ဘုရား” လို့ လျှောက်ပြန်သတဲ့။
ဒီအခါမှာ သာသနာပိုင် မောင်းထောင်ဆရာတော်ဟာ မင်းသားစကားကြော ရှည်ရမည်လောဆိုပြီး ငေါက်ငမ်းကြိမ်းမောင်းက ထွေးခံဖြင့် ပစ်ပေါက် လိုက်တယ်။
တောင်ငူမင်းသားလည်း ဇာတိမာန်နဲ့ ထွေးခံကို ကောက်ယူပြီး ဆရာတော်ထံ ပြန်လှန်ပစ်ခတ်ပြန်တယ်။ ဒီအခါ ဆရာတော်က နေရာက ထပြီး မင်းသားကို ခြေဖြင့်ကန်၊ မင်းသား ကလည်း အရှုံးမပေးဘဲ လုံးထွေး သတ်ပုတ်တော့တယ်။
အဲဒီ အခြင်းအရာကို မဟာဒဏ်ဝန် ကြားသိရတဲ့အခါ အပြေးအလွှား လာရောက်ဖြန်ဖြေမှ အေးငြိမ်းသွားတော့တယ်။
တောင်ငူမင်းသားလည်း သူ့ဆရာ ဦးတေဇကိုပင့်ပြီး တောင်ငူပြန်ကြွတော့တယ်။
အဲဒီ သတင်းကို ဘိုးတော်မင်းတရားကြီး ကြားတဲ့အခါ အကြောင်းအရပ်ရပ်ကို မေးမြန်းစုံစမ်းပြီး “အင်း … တောင်ငူကလည်း တောင်ငူ ၊ မောင်းထောင်ကလည်း မောင်းထောင်ပဲ” လို့ မိန့်တော်မူသတဲ့။
ဒီနောက်မှာ တော့ ဘိုးတော်ဘုရားဟာ စိတ်မချမ်းမြှေ့ဖြစ်လို့ တောင်ငူမင်းသားကို ငယ်က တည်းက ဆုံးမနိုင်နင်းတဲ့ ရန်ကုန်မြို့ဝန် ဦးကျော်ရွေးကို နေပြည်တော်သို့ ဆင့်ခေါ်ပြီး တောင်ငူမင်းသားနဲ့ မောင်းထောင် ဆရာတော်တို့ရဲ့ အဖြစ်အပျက်ကို မိန့်ကြားပြီး စေ့စပ်ပြေငြိမ်း အောင် ဆောင်ရွက်ဖို့ တာဝန်ပေး အပ်လိုက်တယ်။
ဝန်ကြီးဦးကျော်ရွေးဟာ တောင်ငူမင်းသားကို ချော့မော့ဖျောင်းဖျဆုံးမပြီးတဲ့နောက် မကြာမီ မှာ ပဲ နန်းတော် ဇေတ၀န်ဆောင်မှာ သသနာပိုင် မောင်းထောင်ဆရာတော်နဲ့ တကွ သုဓမ္မာဆရာ တော်တို့အား တောင်ငူမင်းသားက ဆွမ်းပင့်ကျွေးဖို့ အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်ခဲ့တယ်။
ဆွမ်းပင့်ကျွေးပြီး သံဃာတော်များ ရှေ့မှော က်မှာ ပဲ သာသနာပိုင် မောင်းထောင်ဆရာတော် ကို တောင်ငူမင်းသားက ရိုသေစွာ ရှိခိုးပြီး အဖြစ်ဝန်ချပြီး သည်းခံပါရန် လျှောက်ထားလေသတဲ့။
အဲဒီ အခါမှာ ကြွရောက်လာကြတဲ့ ဆရာတော်များ သာမက ခမည်းတော် မယ်တော် နန်းတော်သူ နန်းတော်သားအားလုံး ရွှင်ပြုံးကြည်လင်စွာ နဲ့ သာဓုခေါ်ကြတယ်။ သာဓုသံဟာ ဇေတ၀န်ကိုတောင် လွှမ်းဖုံးသွားသတဲ့။
သာသနာပိုင် မောင်းထောင်ဆရာတော်ကလည်း သာဓုသုံးကြိမ်ခေါ်ပြီး “မင်းရဲ့ အပြစ်ကို ငါသည်းခံ၏ ။ အမှန်တော့ မင်းသားချည်း မှားသည်မဟုတ်၊ ငါလည်း မှားပေတာပဲ၊ မင်းသားလည်း ပုထုဇဉ် ငါလည်းပုထုဇဉ်၊ ပုထုဇဉ်သဘော လိုက်လျောမိသဖြင့် မှားခဲ့ကြပြီ၊ ပုထုဇဉ်ချင်းတူသော် လည်း ငါသည် ဘုရားရှင်၏ တပည့်သားသံဃာဖြစ်၍ ပုထုဇဉ်ကြီးဖြစ်သဖြင့် ငါက ပိုမှားတယ်၊ ဒါ ကြောင့် မင်းသားလည်း ငါ့အပေါ် အမျက်မပွား ရန်ငြိုး မထားလေနဲ့ ၊ သည်းခံပါ” လို့ မိန့်တော်မူ ပြီးတဲ့အဆုံးမှာ သာဓုသံဟာ ခြိမ့်ခြိမ့်အုန်းအုန်း ပီတိဖုံးလို့ မဆုံးနိုင်ဘူးတဲ့။
သံဃာတော်များ အား ဆွမ်းသင်္ကန်း ကပ်လှူပြီး ပြန်ကြွကြတဲ့အခါ တောင်ငူမင်းသားဟာ သာသနာပိုင်ဆရာတော်ရဲ့ ဖိနပ်ကိုကိုင်ဆောင်လို့ တံခါးနီတိုင်အထိ လိုက်ပို့၊ ဖိနပ်မြေမှ ရိုသေစွာ ချပေးပြီးမှ နန်းတော်သို့ပြန်ဝင်လေသတဲ့ကွယ်။
ဤ ရာဇ၀င်အဖြစ်အပျက်ကြောင့် “တောင်ငူလည်း တောင်ငူ မောင်းထောင်းလည်း မောင်း ထောင်” ဆိုတဲ့ အသုံးစကားပုံ ဖြစ်ပေါ်လာတယ်။
ဤရာဇ၀င်ကို ထောက်ရှုပြီး ကျောင်းသား လူငယ်များ ဟာ ဆရာအရှင်ကို မထေမဲ့မြင် မပြု အပ်ဘူး၊ အပြစ်ပြုမိလျှင်လည်း ရိုသေစွာ ရှိခိုးဝန်ချတောင်းပန်မှ သူတော်ကောင်းတို့ ချီးမွမ်းစရာဖြစ်ပေမယ်လို့ မှတ်ယူပြီး လိမ္မာရေးခြားရှိကြစေဖို့ ရာဇ၀င်သင်ခန်းစာတစ်ကွက်ကို ထုတ်နုတ်ဖော်ပြလိုက်ရပါသတဲ့ကွယ်။
လွန်လေပြီးသောအခါက မာဂဓတိုင်းမှာ စမ္မက၀နအမည်ရှိတဲ့ စံကားပင်များ ပေါက်ရောက် တဲ့ စံကားတောတစ်ခု ရှိသတဲ့။
အဲဒီ တောမှာ သုဗုဒ္စိလို့ အမည်တွင်တဲ့ ကျီးနဲ့ သမင်တို့ဟာ အဆွေခင်ပွန်းအဖြစ် ချစ်ချစ် ခင်ခင် ကာလကြာမြင့်စွာ နေထိုင်လျက် ရှိကြသတဲ့။
တစ်နေ့မှာ မြေခွေးတစ်ကောင်ဟာ အလွန်ဆူဖြိုးတဲ့ သမင်ကိုမြင်တဲ့အခါ စားလိုတဲ့အာသာ ပြင်းပြတာကြောင့် အကောက်ကြံကာ အဆွေခင်ပွန်းဖွဲ့သတဲ့။
“အဆွေသမင် သင့်အား အဆွေခင်ပွန်းဖွဲ့လိုပါတယ်၊ ယနေ့မှစ၍ ငါ့ကို ဆွေခင်ပွန်းအဖြစ် မှတ်ယူပါလော့”
“သင်ကား မည်သူနည်း” လို့ သမင်က ပြန်မေးတဲ့အခါ “အဆွေသမင်၊ ငါကား ဥဒ္ဒကဗုဒ္ဓိ မည်သော မြေခွေးဖြစ်ပါတယ်၊ ဤတောအရပ်၌ ငါ့မှာ အဆွေခင်ပွန်း မရှိပါ၊ တိုင်ပင်ဖက်မရှိသူ သည် လူသေနှင့်ပင်တူပါသည်။ သင့်ကို အဆွေခင်ပွန်း ဖွဲ့လိုသောကြောင့် ငါလာခြင်းဖြစ်ပါတယ်” လို့ မြေခွေးက ဆိုတယ်။
သမင်ဟာ မြေခွေးစကားကို ယုံပြီး မိမိနေထိုင်ရာ စံကားတောကို ခေါ်ဆောင်ခဲ့သတဲ့။ အဲဒီ အခါ စံကားပင်ပေါ်မှာ နေတဲ့ ကျီးက မြေခွေးကို မြင်တဲ့အခါ သမင်ကို လှမ်းပြောတယ်။
“အဆွေသမင်၊ သင်ခေါ်လာတဲ့ အဖော်ကား မည်သူနည်း”
“အဆွေကျီး၊ ငါတို့ကို အဆွေခင်ပွန်းဖွဲ့ဖို့လာသော ဥဒ္ဒကဗုဒ္ဓိ အမည်ရှိတဲ့ မြေခွေးဖြစ်ပါတယ်၊ ” လို့ ပြန်ပြောတယ်။ အဲဒီ အခါမှာ ကျီးက …
“အဆွေသမင် အမျိုးကွဲသောသူစိမ်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းသည် မသင့်။ အမျိုးမတူ အမူအကျင့် မသိရသေးတဲ့သူကို တစ်နေ့မျှ ပေါင်းဖော်ခြင်း၊ အတူနေခြင်း မပြုအပ်” လို့ ကျီးက ဆိုတယ်။
အဲဒီ လို ကျီးက အမျိုးမျိုး သတိပေးပေမယ့် သမင်က နားမထောင်ဘဲ မြေခွေးနဲ့ အတူတကွ အစာရှာ ထွက်ကြတယ်။
တစ်နေ့မှာ မြေခွေးဟာ အကောက်ကြံပြီး မုယောစပါး အလွန်သီးတဲ့ အရပ်ကို ညွန်ပြမယ်လို့ပြောပြီး သမင်ကို ခေါ်ဆောင်သွားသတဲ့။
အဲဒီ နောက်မှာ သမင်နဲ့ မြေခွေးဟာ မုယောစပါးကို နေ့တိုင်း သွားစားကြတယ်၊ ဒီလိုနဲ့ မုယောစပါးခင်း သမင်လာစားတာ လယ်စောင့် ယောက်ျားသိရှိသွားသတဲ့၊ ဒါနဲ့ ကျော့ကွင်းထောင် ထားပါလေရော။
သမင်ဟာ အဆင်ခြင်မရှိဘဲ နောက်နေ့မှာ လည်း လာစားတဲ့အတခါ ကျော့ကွင်းမှာ မိပါရောတဲ့၊ သမင်ကျော့ကွင်းမှာ မိတယ်ဆိုရင်ပဲ မြေခွေးဟာ ငါရှေးက ကြံတဲ့အကြံ ယခုပြည့်ပြီဆို ပြီး ၀ပ်လျက်နေသတဲ့။
ထိုအခါ သမင်က “အဆွေမြေခွေး၊ ငါ့ကို အနှောင်အဖွဲ့မှ လွတ်အောင်ပြုပါလော့၊ ဘေးအန္တရာယ်ရောက်တဲ့အခါ အဆွေခင်ပွန်းကောင်းရဲ့ အဖြစ်ကို သိရ၏ ။ စစ်မြေပြင်အရပ်၌ သူရဲ ကောင်း၏ အဖြစ်ကို သိရာ၏ ။ ဥစ္စာကုန်သောအခါ မယားကောင်း၏ အဖြစ်ကို သိရာ၏ လို့ နိတိကျမ်းလာစကား ရှိပါတယ်၊ အသင် မြေခွေးလည်း အဆွေခင်ပွန်းကောင်း ဖြစ်သောကြောင့် အနှောင်အဖွဲ့ကို ဖြတ်ပါလော့” လို့ ဆိုတယ်။
ဒီအခါ မြေခွေးက “အဆွေသမင်၊ မြဲမြံတဲ့ကျော့ကွင်းကို အဘယ်သို့ ဖြတ်နိုင်ပါ့မလဲ၊ ငါသည် ဦးခေါင်းကို စင်စွာ ဆေး၍ သူတော်ကောင်းအကျင့်ဖြစ်သော သီလကို ဆောက်တည်ခဲ့ပြီ။ သူတစ်ပါး၏ အနှောင်အဖွဲ့ကို ငါဖြေမိက ငါ၏ သီလ ပျက်ချေတော့မည်။ ငါတို့ရဲ့ သဘောကား အသက်ကို စွန့်သော်လည်း စွန့်မည်၊ သီလကိုအပျက်မခံ။ အဆွေသမင် ခွန်အားရှိသမျှ ရုန်းပါဦး၊ နက်ဖြန် မိုးသောက်တော့မှ ကျော့ကွင်းကို ငါ ကိုက်ဖြတ်ပါ့မယ်” လို့ ဟန်တလုံး ပန်တလုံး ဆိုကာ မနီးမဝေးမှာ ရှိတဲ့ ချုံပုတ်မှာ ၀ပ်ရင်း အကြံထုတ်နေတာပေါ့ကွယ်။
“ဤသမင်ကို ယခု ငါစားသော် သူတကာတို့က အဆွေခင်ပွန်းဖွဲ့ဟန်ပြုပြီး သတ်စားသူပါ တကား” လို့ ဆိုကာ ငါ့ကို ဖဲကြဉ်ကြတော့မယ်။ထိုသို့ အများ တကာရှောင်ရင် ငါဟာ ဒီနည်းနဲ့ သတ္တ၀ါတို့ကို လှည့်စားရတော့မှာ မဟုတ်ဘူး၊ သင်းအလိုလိုရုန်းရင်း သေလွန်တဲ့အခါမှ ငါ ကိုက် စားတော့မယ်”လို့ ကြံနေသတဲ့ကွယ်။
အဲဒီ အချိန်မှာ သမင်ရဲ့ မိတ်ဆွေစစ် ကျီးဟာ “ငါ့အဆွေသမင် ပြန်မလာတာကြာပြီ၊ အကြောင်းတစ်စုံတစ်ခု ရှိလိမ့်မယ်” လို့ ဆင်ခြင်စဉ်းစားပြီး သမင်ကို လိုက်ရှာသတဲ့။
လိုက်ရှာလို့ သမင်ကို တွေ့တဲ့အခါ အလွန် စိတ်မကောင်းဖြစ်မိပြီး “အဆွေသမင်၊ အဘယ် ကြောင့် ဤသို့ အနှောင်အဖွဲ့ ခံနေရသလဲ” လို့ ဗျာပါတကြီး မေးတော့တယ်။ အဲဒီ အခါ သမင်က
“အဆွေကျီး၊ အကြင်သူတို့သည် အကျိုးကိုလို၍ ဆိုသော ပညာရှိစကားကို မယူ၊ မိမိအလိုအလျောက် ကျင့်၏ ။ ထိုသူတို့ကား ပျက်စီးခြင်းသို့ ရောက်လေပြီပဲ၊ ငါဟာ ပညာရှိတဲ့ ဆွေရဲ့ စကားကို မနာယူဘဲ သူယုတ်ကို အဆွေခင်ပွန်း ဖွဲ့မိသောကြောင့် ဤသို့သော ဘေးကို တွေ့ရပေတယ်” လို့ ပြန်ပြောသတဲ့။
ထိုအခါမှာ ကျီးက “မြေခွေးကော ဘယ်မှာ ရှိသလဲ” လို့ မေးတယ်။
“အဆွေ ငါ့အသားကို စားအံ့ဟု ကြံလျက် ချုံပုတ်ထဲတွင် ၀ပ်လျက်နေပါတယ်” ဟု ပြန်ပြောလိုက်တယ်။ အဲဒီ လိုပြောနေစဉ်မှာ ပဲ လှင်ကန်ကို ကိုင်စွဲလာတဲ့ လယ်ရှင်ယောက်ျားလာနေ တာကို ကျီးက မြင်တယ်။
“အဆွေသမင်၊ သေဟန် ဆောင်နေပါ၊ လယ်ရှင်ယောက်ျား လာပြီး ကျော့ကွင်းကို ဖြေလျှင် အဆွေကိုယ်ထက်နား၍ ငါ အသံပြုမည်။ အဲဒီ အခါမှ ထပြီး ပြေးပေတော့” လို့ သင်ဉာဏ်ပေးသတဲ့၊ သမင်လည်း “ကောင်းပြီ” လို့ ၀န်ခံပြီး သေဟန်ဆောင်နေတယ်။
လယ်ရှင်ယောက်ျားဟာ ကျော့ကွင်းမှာ မိနေတဲ့ သမင်ကို မြင်တဲ့အခါ ၀မ်းသာအားရ ပြေးလာပြီး ကြည့်တယ်။ အသက်အောင့်ထားတဲ့အတွက် ၀မ်းဗိုက် တင်းကားနေတဲ့ သမင်ကို လက်ဖြင့် ပုတ်ကြည့်ပြီး “ညဥ့်ဦးကပင် သေပြီထင်ရဲ့ ၊ ၀မ်းဖောဖောပင် ရောင်နေပြီ” ဆိုကာ ကျော့ ကွင်းကို ဖြေပြီး နွယ်ကြိုးသွားရှာတော့တယ်။
အဲဒီ အချိန်မှာ ကျီးဟာ သမင်ရဲ့ ကိုယ်ထက်မှာ လာနားပြီး အသံမြည်လိုက်တယ်။ ကျီးအသံမြည်တာနဲ့ သမင်လည်း ရုတ်တရက် ထပြေးတော့တယ်။
လယ်ရှင်ယောက်ျားဟာ သမင်ထပြေးတာ လှမ်းမြင်လိုက်လို့ လက်ထဲရှိတဲ့ လှင်ကန်နဲ့ လှမ်းပစ်လိုက်တယ်။
လယ်သမားပစ်လိုက်တဲ့ လှင်ကန်ဟာ သမင်ကိုမထိဘဲ ချုံထဲမှာ ၀ပ်နေတဲ့ မြေခွေးကို ထိမှန်ပြီး မြေခွေးဟာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသတဲ့၊ သမင်ကတော့ လွတ်မြောက် သွားပါလေရော။
အဲဒီ ပုံပြင်လေးကို ထောက်ထားပြီး သူတစ်ပါး မကောင်းကြံသူဟာ ကိုယ်ပဲပြန်ပြီး ဘေးဒဏ်ထိတတ်တယ်ဆိုတာ သတိပြုဆင်ခြင်စရာ ပုံပြင်လေးတစ်ပုဒ်ပါပဲကွယ်။
တစ်ခါက ကျေးရွာတစ်ရွာမှာ ဦးချက်ကြီးနဲ့ ဦးရွှေပန်းဆိုသူ လူကြီးနှစ်ဦး ရှိကြသတဲ့။ နှစ်ဦးစလုံးဟာ ရွာမှာ ကြံရည်ဖန်ရည်ကောင်းတဲ့နေရာမှာ သူမသာ ကိုယ်မသာ အပေါင်းအသင်း လည်း ဆံ့၊ အကျီစားလည်း သန်၊ ရယ်ရွှန်းပတ်ရွှန်းလည်း အင်မတန် ပြောတတ်ကြသတဲ့။
ဦးချက်ကြီးနဲ့ ဦးရွှေပန်းဟာ ရွယ်တူ သူငယ်ချင်းလည်း ဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်း မှာ သူတစ်ခါ ငါတစ်လှည့် သြဇာအာဏာရရှိလို့ တန်ခိုးချင်း မကြာခဏ ပြိုင်ဆိုင်လေ့ ရှိကြသတဲ့။
သူဖြူလျှင် ငါမည်း အင်အားချင်းလည်း သူ့ဘက်ငါ့ဘက် ဆွဲဆောင်လေ့ ရှိကြတယ်။
တစ်နေ့မှာ တော့ သူတို့ကျေးရွာမှာ သူကြီးနေရာ လစ်လပ်လို့ ဦးချက်ကြီးနဲ့ ဦးရွှေပန်းဟာ ကျေးရွာထုံးတမ်းအရ၊ သူကြီးယှဉ်ပြိုင် ၀င်အရွေးခံကြတယ်။ အဲဒီ လို အရွေးခံကြတဲ့ ပွဲမှာ ဦးချက်ကြီးက မဲသာလို့ သူကြီးဖြစ် သွားပါလေရော။
ဦးချက်ကြီး သူကြီးဖြစ်တော့ တစ်နေ့သောအခါမှာ ဦးရွှေပန်းကို ကျီစားလိုတာကြောင့် လူအများ စုံခိုက်မှာ ဦးရွှေပန်းကို ခေါ်ယူပြီး မနီးမဝေးမှာ ရပ်နေစေတယ်။ ဦးချက်ကြီးက သူကြီးဖြစ် တော့ သူ့စကား နားထောင်ရတာ ပေါ့ကွယ်။
ဦးရွှေပန်းဟာ သူကြီးခေါ်တယ်ဆိုတော့ ဘုမသိဘမသိ ထလိုက်လာရလို့ အင်္ကျီဗလာနဲ့ ပုဆိုးကိုချက်ပေးဝတ် တဘက်စောင်ကို နောက်ပြန်သိုင်းလျက် လိုက်လာကာ မနီးမဝေးမှာ ရပ်နေ ရတယ်။
အဲဒီ့ လို ဦးရွှေပန်း ရောက်လာတဲ့အခါမှာ ဦးချက်ကြီးဟာ ကွမ်းအစ်ကို ဖွင့်ရင်း ဦးရွှေပန်းကို ကြည့်ပြီး ..
“ဟေ့ ရွှေပန်း. . .ဘယ့်နဲ့ လဲကွ။ အခုလိုအခါမှာ ချက်ကြီးနဲ့ ရွှေပန်းဟာ ဘယ်သူကအထက်၊ ဘယ်သူက အောက်ကလဲကွ” လို့ ခပ်ပြုံးပြုံး မေးလိုက်တယ်။
အဲဒီ အခါ ဦးရွှေပန်းကလည်း မျက်နှာပိုးသေသေနဲ့ …
“မှန်ပါ … ချက်ကြီးက အထက်က၊ ရွှေပန်းက အောက်ကပါ ခင်ဗျာ” လို့ ဖြေဆိုလိုက်တဲ့အခါ အနီးရှိ လူအများ ဟာ ၀ါးခနဲ ရယ်မောကြလေသတဲ့။
အဲဒီ လိုနဲ့ နောက် ကာလအတန်ကြာတဲ့အခါ ကျေးရွာမှာ သူကြီးရွေးပွဲတစ်ဖန် ပြန်လုပ်ပြန် တယ်။ ဒီတစ်ကြိမ်မှာ တော့ ဦးရွှေပန်းက စည်းရုံးရေးကောင်းတာကြောင့် ဦးရွှေပန်း သူကြီးဖြစ်လာ သတဲ့။
ဦးရွှေပန်းဟာ သူကြီးရာထူးရတယ်ဆိုရင်ပဲ ဦးချက်ကြီး သူကြီးဖြစ်စဉ်က လူပုံအလယ်မှာ သူ့ကို ကျီစယ်နောက်ပြောင်ခဲ့တာကို ချက်ချင်းအမှတ်ရသတဲ့။
ဒါနဲ့ ဦးချက်ကြီးကို ပြန်လည်ပညာပေးရမယ်လို့ ကြံဆပြီး တစ်နေ့မှာ တော့ လူအများ စုံတုန်း ဦးချက်ကြီးကို အခေါ်ခိုင်းလိုက်တယ်။
ဦးချက်ကြီး ရောက်လာတာနဲ့ သူကြီးဦးရွေပန်းက လူအများ ရှေ့မှာ ပဲ …
“ဟေ့ချက်ကြီး၊ အုန်းပင်စိုက်ပြစမ်းပါကွဲ့” လို့ ခိုင်းလိုက်တယ်။
အဲဒီ အခါမှာ ဦးချက်ကြီးကလည်း ဘာမှ ငြင်းဆန်မနေဘဲ မျက်နှာပိုးသေသေနဲ့ ဦးခေါင်းဇောက်ထိုးပြုပြီး၊ ခြေထောက်မိုးမျှော်ကာ အုန်းပင်စိုက်လျက်နေသတဲ့။
ဒီအခါမှာ သူကြီး ဦးရွှေပန်းက ပြုံးပြုံးကြီး ကွမ်းဝါးရင်းက ဦးချက်ကြီးကို ကြည့်ပြီး …
“ဟေ့ … ချက်ကြီး၊ ဘယ်နဲ့ လဲကွ ခုနေအတိုင်းဆိုတော့ ရွှေပန်းနဲ့ ချက်ကြီး ဘယ်သူက အထက်က၊ ဘယ်သူက အောက်ကလဲကွဲ့ ဖြေပါဦး” လို့ မေးလိုက်သတဲ့။
ဒီအခါ ဦးချက်ကြီးက
“မှန်ပါ ရွှေပန်းက အထက်က၊ ချက်ကြီးက အောက်ကပါ ခင်ဗျာ”
လို့ ဖြေလိုက်တဲ့အခါ အနီးရှိလူအားလုံး တအုန်းအုန်းရယ်ကြလေသတဲ့။
ဤသို့ဖြင့် တစ်ယောက်တစ်ပြန် တန်ခိုးအာဏာရလို့ အနိုင်အထက်ပြုကျင့်သူများ ကို “ချက်ကြီးနဲ့ ရွှေပန်း” လို့ ဆိုစမှတ်ပြုကြလေသတဲ့။
ဒီပုံပြင်လေးကို ထောက်ရှုပြီး လောကတံတွာ သူတစ်ပြန် ကိုယ်တစ်လှည့် နိမ့်တုံမြင့်တုံ လောကဓံဘ၀မှာ မာနမယှဉ်၊ ဘ၀င်မမြင့်ကြတဲ့ ထိုက်သင့် လျော်ကန်စွာ ပြုမူသင့်ကြောင်း တင်ပြ လိုက်ရပါတယ်ကွယ် …။
တစ်ခါတုန်းက ရွာတစ်ရွာမှာ ငပြည့်လို့ခေါ်တဲ့ သူခိုးတစ်ယောက်ရှိသတဲ့။ ငပြည့်ဟာ ခိုးဝှက်ရာမှာ ကျင်လည်ပေမယ့် ပစ္စည်းကို မက်မောလွန်းသောကြောင့် လူများ အိပ်ပျော်သည်အထိ မအောင့်နိုင်ဘူးတဲ့။ မလှုပ်မယှက် ငြိမ်သက်စွာ ပုန်းအောင်းပြီး ချောင်းပြောင်းနေရခြင်းကိုလည်း မအောင့်အည်းနိုင်၊ သည်းမခံနိုင်တဲ့အတွက် လူများ အိပ်မပျော်ခင်မှာ ခိုးယူမိတတ်တယ်တဲ့၊ ဒါကြောင့် မကြာခဏ အဖမ်းခံရလေ့ ရှိသတဲ့ကွယ်။
ဒါတင်မက သူခိုးငပြည့်ဟာ အဖိုးမထိုက်တန်တဲ့ အ၀တ်အစား အသေးအမွှားလေးကအစ လိုချင်တပ်မက်လွန်းတာကြောင့် မကြခဏ ခိုးယူလေ့ရှိပြီး မကြာခဏ အဖမ်းခံရ၊ အရိုက်ခံရပြန် တယ်။
ဒါကြောင့် ငပြည့်ရဲ့ ရင်းနှီးသူအဖော်များ က မိမိအာသာအန္ဒကို အောင့်အည်းသင့်ကြောင်း၊ ခိုးဝှက်ရန် ချောင်းမြောင်းသည့်အခါလည်း အောင့်အည်းနိုင်မှသာ အကျိုးရှိမည်ဖြစ်ကြောင်း ပြောပြ သွန်သင်ကြသတဲ့။
သူခိုးငပြည့်ဟာ အဖော်များ သွန်သင်ချက်ကို လိုက်နာပြီး ပြုကျင့်ရာ သူ့အတွက် များ စွာ အကျိုးရှိလာတာကို တွေ့ရတာ ကြောင့် “အောင့်နိုင်လျှင် အကျိုးရှိသည်” ဆိုတဲ့ အချက်ကို အလွန် သဘောကျပြီး အမြဲ နှလုံးသွင်းလေ့ရှိသတဲ့ကွယ်။
ဒီလိုနဲ့ တစ်နေ့မှာ ငပြည့်ဟာ အိမ်တစ်အိမ်ကို ၀င်ခိုးဖို့ အိမ်အောက်က ချောင်းမြောင်းနေသတဲ့၊ ငပြည့်ဝင်ခိုးဖို့ ရောက်နေတဲ့ အိမ်မှာ က အသက်ကြီးကြီး အဘိုးအိုတစ်ဦး နဲ့ အသက်ငယ်ငယ်မိန်းမပျိုတို့ မင်္ဂလာဆောင်ပြီးစ မင်္ဂလာဦးညနဲ့ တိုးနေပါရော။ သူခိုးငပြည့်ဟာ မင်္ဂလာလက်ဖွဲ့တွေ အများ ကြီးကိုမှန်းပြီး သွားရည်ကျနေတာပေါ့ကွယ်။
အဘိုးကြီးနဲ့ သတို့သမီးဟာ တော်တော်နဲ့ မအိပ်နိုင်ဘူးကွဲ့၊ ငပြည့်ဟာ “အောင်နိုင်မှ အကျိုးရှိမယ်” ဆိုပြီး အောင့်အည်းနေရတာ ပေါ့ကွယ်။
သည်လိုနဲ့ သန်းခေါင်ကျော်လာတယ်။ ခုအချိန်ထိ မအိပ်နိုင်သေးဘူးလား ဆိုပြီး စိတ်လည်း တိုလာတယ်။ ဒါပေမယ့် အောင့်နိုင်မှ အကျိုးရှိမှာ ပါလေဆိုပြီး ပိုပြီး နားစွင့်နေလိုက်တယ်။
အဘိုးကြီးနဲ့ သတို့သမီးဟာ ပစ္စည်းပစ္စယတွေ တွက်ချက်သိမ်းဆည်းပြီးလို့ အိပ်ခန်းထဲ ၀င်ခဲ့ကြတယ်။ သတို့သမီးသမ်းဝေလိုက်သံကိုလည်း ငပြည့် ကြားရသတဲ့။
တစ်ခါတော့ ဟုတ်ပြီပေါ့၊ မကြာခင် သူတို့ အိပ်ပျော်သွားမှာ ပဲလို့ တွေးပြီး အိပ်ခန်းနားက နားစွင့်လိုက်တယ်။
ခက်တာက သတို့သမီးက မျက်လုံးစင်းနေပေမယ့် အဘိုးကြီးက မျက်လုံးပြူးနေတုန်းပဲတဲ့။
အဘိုးကြီးက “ဒါ…. အဒူ့ အယား ယေးလဲ” လို့ ကလေးဆိုးကြီးတစ်ဦးလို လက်ညှိုးလေးနဲ့ သတို့သမီးနဖူး ထိထိပြီး မေးတဲ့အခါ သတို့သမီးက မျက်လုံးစင်းလျက်နဲ့ အဘိုး ကြီးရင်ဘတ်ပုတ်ပြသတဲ့။ အဘိုးကြီးလည်း အကြီးအကျယ် သဘောခွေ့ပြီး …
“ဒါ. … အဒူ့ အယားလေးလဲ” လို့ ထပ်ထပ်ပြီး မေးနေတာကြောင့် သူခိုးငပြည့်ဟာ နားကြားပြင်းကပ်ကာ မအောင့်အည်းနိုင်တော့ဘဲ-
“ဟာ … င့ါအယားယေးဟာ၊ ငါ့အယားလေး” ဆိုပြီး ထွက်ပြေးပါလေရောတဲ့ကွယ်။
အဘိုးကြီးအိမ်သာမက ဘေးအိမ်တွေကပါ နိုးကုန်ကြလို့ ၀ိုင်းလိုက်တာနဲ့ သူခိုးငပြည့်ဟာ ခြေဦးတည့်ရာ ထွက်ပြေးတော့သတဲ့။ အဲဒီ လိုနဲ့ ငပြည့်ဟာ ရွာပြင်သုသာန်ဇရပ်ကို ရောက်လာခဲ့ တယ်။
သူခိုးငပြည့်ဟာ မောပန်းလွန်းလို့ သုသာန်ဇရပ်ပေါ်မှာ ပက်လက်လှဲ အိပ်စက်နေသတဲ့။
အဲဒီ ရွာမှာ သားမရှိ၊ မယားမရှိ အခြားအဘိုးကြီးတစ်ယောက်လည်း ရှိသေးတယ်။ အဲဒီ အဘိုးကြီးဟာ သူ့ငွေထုပ်ကို အိမ်နားနီးချင်းများ ထံ အပ်နှံပြီး မကြာခဏ ပြန်တောင်းလေ့ရှိ တာကြောင့် သူ့ငွေထုပ်ကို ဘယ်သူမှ လက်မခံလိုက်ကြဘူးတဲ့။
ဒါကြောင့် အဲဒီ အဘိုးကြီးဟာ အကြံတစ်ခုရတာ ကြောင့် သူ့ငွေထုပ်ပိုက်ပြီး အရုဏ်မတတ်မီ သုသာန်ဇရပ်ဆီ တိတ်တဆိတ် ထွက်လာခဲ့သတဲ့။
သူခိုးငပြည့်ဟာလည်း ချွတ်ချွတ်သံကြားလို့ လှမ်းကြည့်လိုက်တော့ လူရိပ်မြင်တာနဲ့ မလှုပ်မယှက် ငြိမ်သက်စွာ ပြန်လှဲနေလိုက်တယ်။
အဘိုးကြီးဟာ သုသာန်ဇရပ်ကို ရောက်တဲ့အခါ ပက်လက်စန့်စန့်ကြီး ဖြစ်နေတဲ့ ငပြည့်ကို မြင်သတဲ့။ ကပ်ရောဂါကြောင့် အချိန်လွန် အခါမဲ့လာရောက် စွန့်ပစ်ထားတဲ့ လူသေအလောင်းပဲလား၊ ဒါမှမဟုတ် အမူးသမားတစ်ယောက်ယောက် လူရှင်ပဲလားလို့ မဝေခွဲနိုင် ဘဲ ငပြည့် နှာခေါင်းဝအနီ မိမိနားကပ်ပြီး အသက်ရှူသံကို နားထောင်ကြည့်သတဲ့။
သူခိုးငပြည့်လည်း အောင့်နိုင်မှ အကျိုးရှိမယ်ကွလို့ စိတ်ထဲက ကျိတ်အားတင်းခါ အသက်မရှူဘဲ အောင့်ထားသတဲ့။
အဘိုးကြီးဟာ အသက်ရှူသံ လုံးဝ မကြားရတဲ့အခါ လူသေပဲလို့ ယူဆပြီး ဇရပ်အနီးတစ် ၀ိုက်မှာ တွင်းတူးပြီး ငွေထုပ်ကို မြေမှာ မြှုပ်သတဲ့။
သူခိုးငပြည့်လည်း အသာလေးမျက်စိမှေးကြည့်ပြီး အဘိုးကြီး လုပ်ပုံကိုင်ပုံတွေကို အကဲခတ်ပြီး “အောင့်နိုင်မှ အကျိုးရှိမယ်ကွ” လို့ စိတ်ထဲက ရေရွတ်ရင်း မလှုပ်မယှက် နေမြဲနေ လိုက်တယ်။
အဘိုးကြီးဟာ ငွေထုပ်ကို မြှုပ်ပြီး တုတ်ချောင်းတစ်ခုကို အမှတ်ပြုစိုက်ထားလိုက်တယ်။ ပြီးတော့ “အသင်တုတ်ချောင်း၊ ငါ၏ ငွေထုပ်ကို ကောင်းစွာ စောင့်ရှောက်လော့၊ ငါမှတစ်ပါး အခြား သူများ ဤငွေထုပ်ကို တူးဖော်ပါက မြွှေအသွင်ဖြင့် ခြောက်လှန့်ပါလော့” လို့ဆိုပြီး ကျိန်သစ္စာပြုသတဲ့။
အဲဒီ နောက် အဘိုးကြီးဟာ သုသာန်ဇရပ်ပေါ် ပြန်တတ်လာပြီး လူသေကောင် ဟုတ်မှဟုတ် ရဲ့ လား ဆိုပြီး သံသယရှင်းအောင် ငပြည့်အနားကပ်နားရွက် တစ်ဖက်ကို ဓားနဲ့ လှီးဖြတ်ကြည့်သတဲ့။
သူခိုးငပြည့်ဟာလည်း မြေမြှုပ်ထားတဲ့ ငွေထုပ်ကို သိမြင်တွေ့ရှိပြီးဖြစ်လို့“ အောင့်နိုင်မှ အကျိုးရှိမယ်ကွ” လို့ စိတ်ထဲက ကျိတ်ပြီး ရေရွတ်ကာ နားရွက်လှီးဖြတ်တာကို မလှုပ်မယှက် အံ့ကြိတ်ပြီး ခံသတဲ့။
အဘိုးကြီးဟာ နားရွက်ဖြတ်ပြီး “မှန်ပေတယ်၊ လူသေပဲ” ဆိုပြီး စိတ်ချလက်ချ သံသယကင်းစွာ နဲ့ ရွာကို ပြန်ခဲ့သတဲ့ကွယ်။
သူခိုးငပြည့်လည်း အဘိုးကြီးထွက်သွားပြီး မကြာခင်မှာ ပဲ သုသာန်ဇရပ်ကထပြီး ငွေထုပ်မြှုပ်ထားရာဆီ သွားသတဲ့။
ငွေထုပ်ကို တူးဖော်မယ်လို့ လုပ်လိုက်တဲ့အခါ မှတ်တိုင်အဖြစ် စိုက်ထူထားတဲ့ တုတ်ချောင်းဟာ မြွှေသဏ္ဍာန်ဖြင့် ပေါက်ဟန်ပြုသတဲ့။
အဲဒီ အခါ သူခိုးငပြည့်ဟာ “အသင်တုတ်ချောင်း၊ သင့်အား ငါကောင်းကောင်းသိတယ်၊ မခြောက်လှန့်သင့်” လို့ ဆိုတဲ့ခဏမှာ မြွေအသွင်ပျောက်ပြီး တုန်ချောင်းပြန်ဖြစ်သွားသတဲ့။
နောက်တစ်နေ့မှာ အဘိုးကြီးဟာ သူ့ငွေထုပ်ကို စိတ်မချတာနဲ့ သုသာန်ဇရပ်ကို တစ်ဖန်ပြန်လာပြီး ငွေထုပ်ကိုတူးဖော်ရှာဖွေကြည့်တဲ့အခါ မတွေ့ရတော့ဘူးတဲ့။
“အမှန်ပဲ သုသာန်ဇရပ်ပေါ်မှာ တွေ့ရတဲ့ အသေကောင်ဟာ သေဟန်ဆောင်နေတာပဲ ဖြစ်မယ်၊ အဲဒီ အကောင်ပဲ တူးဖော်ယူသွားတာဖြစ်မယ်” လို့ တွေးပြီး ငွေထုပ်သူခိုးကို ရှာဖို့ ထွက်ခဲ့ သတဲ့။
အဲဒီ လိုနဲ့ များ မကြာမီတစ်နေ့မှာ အဲဒီ ရွာထဲက အိမ်တစ်အိမ်မှာ နာရေးဖြစ်သတဲ့။ ထုံးစံအတိုင်း ဖဲဝိုင်း၊ ကက်ဝိုင်း၊ ပဆစ်ဝိုင်း စုံနေတာပေါ့ကွယ်။
သူခိုးငပြည့်ဟာ ဦးခေါင်းကို နားရွက်အုပ်အောင် တဘက်စောင်တစ်ထည်နဲ့ ပက်ပေါင်းပြီး အသုဘအိမ်ရောက်လာကာ ပဆစ်ဝိုင်းတစ်ခုထဲ ၀င်ကစားနေသတဲ့။
မကြာမီ ငွေထုပ်ရှင် အဘိုးကြီးကလည်း အသုဘအိမ်ရောက်လာပြီး ဟိုကြည့် ဒီကြည့် ရှာဖွေရာက ပဆစ်ဝိုင်းထိုင်ကစားနေတဲ့ သူခိုးငပြည့်ကို မြင်တွေ့သွားသတဲ့။ ငပြည့်ကို တွေ့တယ် ဆိုရင်ပဲ သုသာန်ဇရပ်က လူသေကောင်နဲ့ မျက်နှာတူတာပဲလို့ သံသယမကင်းဘဲ ကြည့်ရှုနေသ တဲ့။
ဒါနဲ့ အဘိုးကြီးလည်း အကြံရပြီး၊ သူကိုယ်တိုင် ပဆစ်ဝိုင်း ၀င်ကစားကာ ငပြည့်ကို အကဲခတ်တော့တယ်။ အသေကောင့်မျက်နှာနဲ့ တူလှချည့်တူလှချည့်လို့ စိတ်စွဲတာကြောင့် ကြွေ ပစ်ရာမှာ “တူလိုက်လေကွာ” လို့ဆိုပြီး ပစ်မိသတဲ့။
သူခိုးငပြည့်ကလည်း မိမိအလှည့်မှာ အားကျမခံ တုံ့ပြန်လိုတာကြောင့် “တူရင်လည်း ဟုတ်မပေါ့ဗျာ” လို့ ဆိုပြီး ကြွေပြန်ပစ်သတဲ့။
အဘိုးကြီးက တစ်ဖန် သူခိုးငပြည့် နားရွက်အဖြတ်ခံနိုင်လောက်အောင် အောင့်အည်းနိုင်ခဲ့ပုံကို တွေးမိပြီး “အောင့်ပဲအောင့်နိုင်လွန်းလေကွာ” လို့ဆိုပြီး ကြွေပစ်ပြန်သတဲ့။
သူခိုး ငပြည့်ကလည်း အားကျမခံ “အောင့်နိုင်မှ အကျိုးရှိသဗျာ”လို့ ဆိုပြီး ကြွေပြန်ပစ်သတဲ့။
အဘိုးကြီးဟာ ငပြည့်ခေါင်းမှာ နားရွက်ဖုံးလောက်အောင် ရစ်ပတ်ထားတဲ့ ပေါင်းတဘတ်ကို စောင်းကြည့်ပြီး “အင်း … မျက်နှာပုံချင်းလည်း တူတယ်၊ အချီအချပြောပုံတွေက လည်း အံကိုက်နေတာပဲ။ အဆက်အစပ်လည်းရှိတယ်။ ဒါပေမယ့် နားရွက်ပြတ် မပြတ် သေသေချာချာ မသိရသေးတာက ခက်တယ်” လို့ တွေးနေမိသတဲ့။
အဲဒီ လိုတွေးရင်း ကစားလိုက်၊ ငပြည့်တဘက်ကို ကြည့်လိုက်နဲ့ ပေါ့ကွယ်။ ဒီလိုနဲ့ ငပြည့်ရဲ့ တဘက်ဟာ လျော့ရဲရဲ ပြေစပြုလာတာကို သတိပြုမိတယ်။ ဒီအခါမှာ အဘိုးကြီး စဉ်းစားပြန်တယ်။
“အင်း … တဘက်တော့ ပြေစပြုပြီ၊ ပြေကျမှ နားရွက် ပြတ်မပြတ်မြင်ရမှာ ပဲ။ ပြေကျတဲ့တိုင် အောင် စောင့်မှဖြစ်မယ်၊ ဒါမှ သေချာမယ်၊ စောင့်နိုင်မှ ငွေထုပ်သူခိုးကို မိမယ်” လို့ တွေးရင်း မိမိ အလှည့်မှာ “ စောင့်နိုင်မှ သူခိုးမိမကွ” လို့ ဆိုပြီး ကြွေပစ်သတဲ့။
သူခိုးငပြည့်ကလည်း “ အောင့်နိုင်မှ အကျိုးရှိသဗျာ” လို့ဆိုပြီး ကြွေပြန်ပစ်သတဲ့။
အဲဒီ လို အချီအချ အားကျမခံပြောပြီး ကြွေပစ်ရာက စိတ်ရောကိုယ်ပါ မာန်ပါလာပြီး ဦးခေါင်းလှုပ်ယမ်းမိတာကြောင့် ငပြည့်ခေါင်းက တဘက်ဟာ ပြုတ်ပြေကျပါရောတဲ့။
တဘက်ပြုတ်ကျတဲ့အခါ ငပြည့်ရဲ့ နားရွက် ပြတ်နေတာကို အဘိုးကြီးတွေ့သွားပြီး “အဲဒါမှ စောင့်နိုင်လို့ သူခိုးမိပကွ ” လို့ဆိုပြီး ငပြည့်အား ဖမ်းဆီးဆွဲကိုင်ကာ သူကြီးအိမ်ခေါ်သွားကာ ငွေ ထုပ်ခိုးမှု နဲ့ တိုင်ကြားလေသတဲ့ကွယ်။ ငပြည့်လည်း မငြင်းနိုင်ဘဲ အဖမ်းခံရတော့တာပဲ။
ဒီပုံပြင်ကို ထောက်ရှုပြီး “အောင့်နိုင်လျှင် အကျိုးရှိ၊ စောင့်နိုင်လျှင် သူခိုးမိ” ဟူ၍ ဆိုရိုးစကားပုံ ဖြစ်ပေါ်လာခဲ့သည်။
ဒါကြောင့် ဘယ်အရာမဆို အာသာငမ်းငမ်း လိုချင်တပ်မက်မှု မရှိဘဲ၊ အောင့်အည်းနိုင်ရမယ်။ အကျိုးရှိအောင် စောင့်စားနိုင်ရမယ်လို့ သင်ခန်းစာမှတ်ယူရမှာ ပေါ့ကွယ်။
![]() ဗေထိသံ | ![]() သက်တံရောင်နှင့်ဒိန်းသံ | ![]() အုတ်ဖုတ်မြေမှမီးခိုးများ |