နိဒါန်း
‘ပန်းများရဲ့ ရနံ့သာ ပြယ်ကောင်း ပြယ်သွားမယ်
တို့များရဲ့ အချစ်ကတော့ ဘယ်တော့မှ မပျောက်ပြယ်ဘူး’တဲ့
အောက်ခြေမှာတော့ ‘ဂျိမ်းစ်သို့’လို့ ရေးထားပြီး
အနမ်းအမှတ်အသားအဖြစ်
ကြက်ခြေခတ်လေးတစ်ခုလည်း ရေးထားသေးတယ်
အဲဒီ ညနေမှာပဲ
ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေအနေဟာ
ချစ်သူများဘ၀ကို
တိတိလင်းလင်း ရောက်ရှိသွားခဲ့ကြပါတော့တယ်။
အချစ်နှင့်စစ်
ဒိုင်ယာနာ ကွယ်လွန်သွားပြီးမှ ထုတ်ဝေခဲ့တဲ့ Diana Her True Story ထဲက ဖြည့်စွက် ထားတဲ့ အခန်းကဏ္ဍတချို့ကို ရွှေအမြုတေမဂ္ဂဇင်းမှာ ‘ဝေလမင်းသမီးဒိုင်ယာနာ’ ခေါင်းစဉ်နဲ့ ကျွန်တော် ဘာသာပြန် ဖော်ပြပေးခဲ့ပါတယ်။ ကမ္ဘာကျော် မိန်းမချောတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဘ၀ဇာတ်ကြောင်းကို စာရေးဆရာတွေက ရှုထောင့်အမျိုးမျိုးကနေ ရေးသားထုတ်ဝေနေကြတာ ခုထက်ထိပါပဲ။ ပြည်ပကမိတ်ဆွေများကလည်း ကျွန်တော်စိတ်ဝင်စားမှန်းသိလို့ ဝယ်ဝယ်ပို့ပေးကြ တယ်။ ဒိုင်ယာနာ အတ္ထုပ္ပတ္တိ ဘာသာမပြန်ဖြစ်သေးတာတွေ ကျွန်တော့်မှာ ရှိပါသေးတယ်။ ဒါပေ မယ့် ဒိုင်ယာနာအကြောင်းချည်း ဖြစ်နေမှာစိုးလို့ ကျွန်တော် ရွှေအမြုတေမှာ ဘာသာပြန်ဖော်ပြခြင်း မပြုတော့ပါဘူး။
၁၉၉၉ ခုနှစ်ကုန်ခါနီး ညီတော်မောင် ဟင်နရီတင့်နဲ့ မိတ်ဆွေကြီး ကိုစောဝင်း (N.Y) တို့ ပို့ပေးကြတဲ့ အပတ်စဉ် စာစောတွေထဲမှာ ဒိုင်ယာနာနဲ့ ချစ်ကျွမ်းဝင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟေး၀စ်က သူတို့အချစ်ဇာတ်လမ်းကို ဖွင့်ချဖို့ ရေးနေပြီ။ ဒီစာအုပ်မထွက်ရင် ကိုယ်ဖတ်ချင်တယ်လို့ ဟင်နရီကို မှာလိုက်တယ်။ စာအုပ်ထွက်ထွက်ချင်းပဲ ကျွန်တော်ဖတ်ရပါတယ်။ ရွှေအမြုတေမှာရေးဖို့ အချိန် စောင့်နေခဲ့ပြီး ခုတော့ ချရေးဖြစ်ခဲ့ပါပြီ။
James Hewitt က သူ့စာအုပ်ကို Love and War လို့ အမည်ပေးထားပါတယ်။ မျက်နှာဖုံး မှာ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရုပ်မြင်သံကြားအင်တာဗျူးမှာ ဝေလမင်းသမီး ဒိုင်ယာနာ ပြောခဲ့တဲ့ စကားတစ်ခွန်း ဖော်ပြထားပါတယ်။
“ဟုတ်ကဲ့၊ ကျွန်မသူ့ကို မြတ်နိုးခဲ့ပါတယ်။ ဟုတ်တယ်။ သူ့ကို ချစ်ခဲ့ပါတယ်”တဲ့။
စာအုပ်အညွှန်းအဖြစ် ကျောဖုံးမှာ ဖော်ပြထားတာကတော့-
“ဂျိမ်းစ်ဟေး၀စ်နှင့် အတူတကွ တိုက်ပွဲဝင်ခဲ့ကြဖူးသူများအတွက် သူသည် သူရဲကောင်း တစ်ယောက်၊ ရဲရင့်သော စစ်သားတစ်ယောက် ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် ဗြိတိန်နိုင်ငံက ဆင်နွွှဲခဲ့ရသော တိုက်ပွဲများတွင် အကြီးဆုံး တိုက်ပွဲဖြစ်သည့် ပင်လယ်ကွေ့စစ်ပွဲတွင် သူသည် တင့်ကား ၁၄ စီးပါ သူ့တပ်စိတ်ကို ဦးဆောင် နိုင်ခဲ့ပါသည်။
မီးတောက်မီးလျှံများကြားမှာ သွေးအေးအေးနှင့် တိုက်နိုင်ခဲ့သည့် သူ့ကို မိတ်ဆွေများက ‘ကိုရေခဲ’ဟု နာမည်ပြောင် ပေးထားခဲ့ကြ၏ ။
သူသည် သစ္စာရှိရှိ မိတ်ဆွေတစ်ဦးဖြစ်ပြီး တစ်ဖက်ရန်သူအတွက်မူ ကြောက်မက်ဖွယ် ကောင်းသော ရန်သူဖြစ်သည်။
သူသည် အထီးကျန်တစ်ကိုယ်တည်းသမား ဖြစ်သည်။
အမှားတစ်ခု ကျူးလွန်ခဲ့မိသည်။
နှလုံးသားနာကျင်ကာ အထီးကျန်ဖြစ်နေသော အိမ်ထောင်သည် မိန်းကလေးတစ်ယောက် နှင့်တွေ့ဆုံရင်းနှီးခဲ့ခြင်း ဖြစ်၏ ။
အချိန်ကာလတစ်ခုအတွင်းမှာပင် သူတို့နှစ်ဦး တဖြည်းဖြည်း ချစ်ကျွမ်းဝင်မိခဲ့ကြသည်။
သူတို့နှစ်ဦးအကြောင်း လူသိရှင်ကြားဖြစ်သွားချိန်၌ သူသည် သမိုင်းကြောင်းတစ်လျှောက် တွင် လူပြောအခံရဆုံးသူတစ်ဦး ဖြစ်သွားတော့သည်။
ယခုစာအုပ်မှာ ဒိုင်ယာနာနှင့် သူ့အကြောင်း ဗိုလ်မှူးဟေး၀စ်ကိုယ်တိုင် မကွယ်မ၀ှက် မခြွင်း မချန် အမှန်အတိုင်း ရေးသားတင်ပြလိုက်ခြင်းဖြစ်ပြီး အပြစ်မရှိပါဟု အယူခံဝင်သော စာအုပ်လည်း မဟုတ်ပါ။
သင်ကိုယ်တိုင် ဖတ်ကြည့်ပြီး နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် အချစ်ဇာတ် လမ်းကို အမှန်အမှား ဆုံးဖြတ်ပေးရန်သာ’
လို့ ရေးသားဖော်ပြထားပါတယ်။
ရွှေအမြုတေပရိသတ်များလည်း သူတို့ဇာတ်လမ်းကို ဖတ်ရှုခံစားဆုံးဖြတ်ပေးနိုင်ဖို့ တင်ပြ ပေးသွားပါမယ်။ စာအုပ်က တော်တော်ကလေးထူတဲ့အတွက် စိတ်ရှည်ရှည် စောင့်ဖတ်ပေးကြဖို့ ကိုတော့ ကြိုတင်ပန်ကြားထားပါရစေ။
******
အခန်း(၁)
ကျွန်တော့်ဘ၀ကို အသစ်တစ်ဖန် ပြန်စခဲ့ပါပြီ။ တပ်မတော်ထဲမှာ ၁၇ နှစ်ကြာ အမှုထမ်းခဲ့ ပြီးတဲ့နောက် ကျွန်တော်က မြောက်ပိုင်းဒီဗွန်မှာ The Eversfield Manor Equitation Centre ဆိုတဲ့ မြင်းစီးသင်တန်းဌာနလေးတစ်ခု ဖွင့်ထားပါတယ်။
၁၉၉၅ ခုနှစ်ဟာ ကျွန်တော့်အတွက် အလုပ်အကိုင် တော်တော်ကောင်းမွန်တဲ့နှစ်ပါ။ ဗြိတိန် နိုင်ငံတစ်ဝန်းကရော၊ ပြင်သစ်၊ ဆွစ်ဇာလန်နဲ့ နော်ဝေနိုင်ငံက ဧည့်သည်တွေပါ ရောက်လာခဲ့ကြလို့ ပါပဲ။ ကျွန်တော်က ဒီသင်တန်းကျောင်းကို မြင်းစီးသင်တန်းကျောင်း သက်သက်ဆိုတာထက် ရပ်ဝေးဧည့်သည်တွေ ဇိမ်ကျကျလာပြီး အပန်းဖြေနိုင်တဲ့ နေရာဌာနကလေးတစ်ခုအဖြစ်ပါ ဖန်တီး ထားပါတယ်။ အစားကောင်းအသောက်ကောင်း၊ ဝိုင်အရက်ကောင်းကောင်းနဲ့ ကျေးလက်ရဲ့ အရသာ ခံစားခွင့်ရနိုင်အောင်ပေါ့။ ဒါပေမယ့် အဓိကကတော့ ကျွန်တော့်မြင်းများရဲ့ ဆွဲဆောင်များ ပါ။ မြင်းစီးသင်စ လူသစ်များအတွက် စီးရတာ လွယ်စေမယ့် မြင်းလိမ္မာတွေရှိသလို အမဲပစ်ထွက် ချင်တဲ့ တောပစ်မုဆိုးဧည့်သည်များအတွက် အသုံးတော်ခံမယ့် မြင်းများလည်း ရှိပါတယ်။ အဲဒီ လို အမဲပစ်ချင်တဲ့ မုဆိုးဧည့်သည်များလာရင်တော့ ကျွန်တော်ကိုယ်တိုင်လိုက်ပြီး လွင်ပြင်ကျယ်ကြီး တွေဘက် ခေါ်သွားလေ့ရှိပါတယ်။ ကျွန်တော့်ဖောက်သည် မုဆိုးကျော်တွေ ပိုပြီးစိတ်ကျေနပ်ကြ တာကတော့ အဲဒီ လို အမဲပစ်ထွက်ချိန်မှာ လေ့ကျင့်ထားတဲ့ တောလိုက်ခွေးအုပ်ကိုပါ ကျွန်တော်က ထည့်ပေးတတ်လို့ပါပဲ။
တချို့ရက်သတ္တပတ်ကုန်ဆုံးရက်များမှာ တကယ့်ကို သတိတရဖြစ်စေမယ့် တောပစ် အတွေ့အကြုံလေးတွေ ရတတ်ပါတယ်။ Dartmoor နဲ့ Exmoor လို့ အမည်တွင်တဲ့ ဒေသတွေက တောပစ်သမားတွေအတွက် အကောင်းဆုံးဒေသတွေပါပဲ။ တစ်ခါတလေဆိုရင် ကျွန်တော်တို့အဖွဲ့ က ငှက်အကောင်နှစ်ရာကျော်လောက်ရတဲ့အထိ ပစ်နိုင်ကြပါတယ်။ ရလာတဲ့ ငှက်သေတွေကို မြေပိုင်ရှင်လက်အပ်လိုက်ရင် သူက သားငါးရောင်းတဲ့သူဆီ ပေးလိုက်တာပဲ။ ငှက်ပစ်သမားတွေ ကိုတော့ အမှတ်တရလက်ဆောင် ပြန်ပေးပါတယ်။ အိမ်ပြန်တဲ့အခါ အမှတ်တရ ချိတ်ဆွဲထားနိုင် မယ့် ပစ္စည်းမျိုးတွေပေါ့။ နွေရာသီရဲ့ ညနေခင်းများမှာတော့ ကျွန်တော်က ဧည့်သည်များ စိတ်အေး လက်အေး ဆယ်လ်မွန်ငါးမျှားနိုင်မယ့် Tay Valley ဘက် ခေါ်သွားတတ်ပါတယ်။
ကျွန်တော့်ဘ၀ကို ကျွန်တော် ပျော်နေပါပြီ။ တစ်နည်းပြောရရင်တော့ ရောင့်ရဲနေပါပြီ။ အသက် (၃၈) နှစ်အရွယ်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ရောင့်ရဲတင်းတိမ်စေနိုင်မယ့် အလုပ်နှစ်ခု လုပ်နိုင်ခဲ့ပြီ။ အဲဒီ နှစ်ခုကတော့ စီးပွားရေးလုပ်ငန်းတစ်ခု အခြေတကျလုပ်ကိုင်နိုင်ခြင်းနဲ့ လူတွေကို မြင်းစီးသင်ပေးနိုင်ခြင်းပါပဲ။ ကျန်သက်တမ်းတစ်လျှောက်မှာလည်း ခုလိုပဲ အေးအေးချမ်းချမ်း နေသွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ခဲ့မိပါတယ်။
ကျွန်တော့်ကို ဒီဗွန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီ မှာပဲ မြင်းစီးတတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျေးလက်ဒေသကို ကျွန်တော်ချစ်တတ်တာပါ။ ကျွန်တော့်အမေက မြင်းစီး သင်တန်းကျောင်းတစ်ခု ဖွင့်ထားတဲ့အတွက် တပ်ကထွက်တဲ့တစ်နေ့ကျရင် ကျွန်တော်ပြန်လာပြီး ဦးစီးပေးဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ လမ်းသစ်တွေ ဖောက်တဲ့အထဲ အမေ့နေရာကလေး ပါသွားတယ်။ ကျေးလက်ဒေသကလည်း ပျက်စီးသွားတယ်။ ဒါကြောင့် ကျေးလက်အလှအပ ပျက်စီးတဲ့အတူတူ မထူးတော့ဘူး။ ဒီနေရာမှာ လူနေအိမ် ခြေတွေ ဆောက် လုပ်ခွင့်ပေးပါလို့ ကျွန်တော်က လျှောက်ထားလိုက်ပါတယ်။ ကံကောင်းချင်တော့ ဆောက်လုပ်ခွင့် ကျပြီး မကြာခင်မှာဘဲ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းရှင်တစ်ဦးက ကျွန်တော်တို့နေရာမှာ သူ့ကို ဆောက်လုပ်ခွင့်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ သူ့ကမ်းလှမ်းချက်မှာ ကျွန်တော် မငြင်းသာလောက် အောင် အကျိုးခံစားခွင့်တွေ ပေးထားတယ်။
မငြင်းလိုက်တာဘဲ မှန်တယ်လို့ပြောရမယ် ထင်ရဲ့။ မကြာခင်မှာဘဲ ဆောက်လုပ်ရေးလုပ် ငန်းတွေ အခြေအနေဆိုးရွားသွားလို့ပါပဲ။ ကျွန်တော်က ရလာတဲ့ငွေနဲ့ Bratton Clavelly ရွာလေး နားက Eversfield Manor ကို ပြောင်းရွှေ့ဝယ်ယူခဲ့ပါတယ်။ ကျွန်တော်ဝယ်လိုက်တဲ့ အိမ်ကြီးက အိမ်ခန်းရှစ်ခန်းပါပြီး တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်။ တောင်ခြေမှာပါတဲ့ ဧက လေးဆယ်ကျော်မြေပေါ်မှာ တောတွေ၊ ဥယျာဉ်တွေနဲ့ ဖုံးလွှမ်းထားတယ်။ မြင်းအကောင်ပေါင်း များစွာ မွေးမြူထားနိုင်လောက်တဲ့နေရာဖြစ်ပြီး ဧည့်ခန်း၊ အိပ်ခန်းများကလည်း ဧည့်သည်တော် တော်များများ လက်ခံနိုင်လောက်တဲ့နေရာ ဖြစ်ပါတယ်။
အိမ်ကြီးကို စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံနေရင်းနဲ့ ကိုယ့်ဘ၀ကိုလည်း အစကနေစပြီး ပြန် လည်တည်ဆောက်ရတော့မှာပဲဆိုတာ သတိထားခဲ့မိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လုံးလုံးဟာ ကျွန်တော့်ဘ၀ရဲ့ ငရဲခန်းပါပဲ။ စာနယ်ဇင်းတွေရဲ့ ထိုးနှက်မှုကို အဆက်မပြတ်ခံခဲ့ရတယ်။ သူတို့နဲ့ ဖက်ပြိုင်ပြောဖို့ခွန်အား ကျွန်တော့်မှာ နည်းခဲ့ပါတယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လို အနှောင့်အယှက် တွေကင်းကင်းနဲ့ နေလိုလှပါပြီ။ ၁၉၉၁ ခုနှစ် ဆောင်းရာသီ ပင်လယ်ကွေ့စစ်ပွဲမှာ တင့်ကားတပ် စိတ်တစ်စိတ်ကို ကျွန်တော် ဦးဆောင်တိုက်ခိုက်နေတဲ့ အချိန်မှာပဲ သတင်းစာကြီးတစ်စောင်က ကျွန်တော်နဲ့ ဒိုင်ယာနာတို့ရဲ့ ကိစ္စ ဖွင့်ချခဲ့တယ်။ အဲဒီ နေ့ကစပြီး ကျွန်တော့်ဘ၀ဟာ တပ်မတော် သားတစ်ယောက်အဖြစ်ထက် ဒိုင်ယာနာနဲ့ ဖောက်ပြန်နေသူအဖြစ် လူအများကြည့်တာကို ခံရပါ တော့တယ်။
နောက်တစ်နှစ်မှာ ဒိုင်ယာနာကိုယ်တိုင် တိပ်ခွေနဲ့ ဖြေကြားချက်များကို စုစည်းရေးသားတဲ့ Diana Her True Story ထွက်လာတော့ သူ့အိမ်ထောင်ရေးအဆင်မပြေမှုကို ခရေစေ့တွင်းကျ သိခွင့်ရခဲ့ကြတယ်။ အဲဒီ ကာလတုန်းက ကောလာဟလတွေ၊ မုသားစကားတွေကလည်း ပြည့်လျှံ နေတာပါပဲ။ ဖြစ်ရပ်မှန် နည်းနည်းကို ချဲ့ကားပြီး ပြောကြတာက ခပ်များများပေါ့။ အဲဒီ ကောလာ ဟလတွေထဲမှာ တော်တော်ရိုင်းတဲ့တစ်ခုကတော့ ဒိုင်ယာနာနဲ့ ကျွန်တော် Fulham က အိမ်တစ် အိမ်မှာ အတူနေခဲ့ကြဖူးတယ်ဆိုတဲ့ စကားပါပဲ။ သတင်းစာတွေကနေ နေ့စဉ်ထိုးနှက်ရေးသားနေ ကြတာဆိုတော့ ဘာမှပြန်မပြောဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရတယ်။ Daily Express သတင်းစာ အတွက် Anna Pasternak နဲ့ ကျွန်တော် အင်တာဗျူးအလုပ်ခံခဲ့သေးတယ်။ အဲဒီ အင်တာဗျူးမှာ ကျွန်တော်က ဒိုင်ယာနာနဲဲ့ မိတ်ဆွေအဖြစ် ဆက်ဆံမှုရှိခဲ့ပါတယ်ဆိုတာ ဝန်ခံလိုက်ပြီး ဘယ် အတိုင်းအတာအထိ ရင်းနှီးပါတယ် ဆိုတာကိုတော့ လိမ်လိုက်တယ်။ ဒီအင်တာဗျူးက ကောင်းကျိုး ထက် ဆိုးကျိုးပိုဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ထင်ထားတာထက် စာနယ်ဇင်းတွေက ပိုသိထားတဲ့ အတွက် အလိုလိုနေရင်း ကျွန်တော့်မှာ သူတို့ပစ်မှတ်ဖြစ်သွားခဲ့ရတယ်။
အဲဒိအချိန်မှာ ချားလ်မင်းသားကလည်း သူနဲ့ ဒိုင်ယာနာတို့ရဲ့ အိမ်ထောင်ရေးအခြေအနေ ပျက်ပြားခဲ့ပြီးဖြစ်ကြောင်း၊ ငယ်ချစ်ဟောင်း ကယ်မီလာပါကာဘိုးလ်နဲ့ သူ့အချစ်ဇာတ်လမ်းတွေကို လည်း တစ်စွန်းတစ်စ ပြောစပြုလာပါပြီ။ သူတို့နှစ်ယောက်ရဲ့ အရှုပ်တော်ပုံအကြောင်း စာအုပ် တွေကလည်း ထွက်နေပြီ။ ဒါနဲ့ အယ်နာက ကျွန်တော့်ကို အမှန်တရား ထုတ်ဖော်ပြောဖို့ အခွင့် ကောင်းပဲလို့ တိုက်တွန်းပါတော့တယ်။ခုနေမှာ အမှန်တရားထုတ်ပြောသင့်တယ်လို့ ကျွန်တော် ကလည်း ယူဆတယ်။ ဒါပေမယ့် အယ်နာ့ထုတ်ဝေသူတွေက တော်တော်အသေးစိတ် အချက် အလက်တွေကိုပါ ဖော်ပြစေချင်သတဲ့။ ကျွန်တော်က အဲဒီ လောက်မပြောချင်တာကြောင့် စာအုပ် ထုတ်ဖို့ကိစ္စ ရှောင်ပစ်လိုက်တယ်။ ဒါပေမယ့် မပြတ်မသားဖြစ်နေတဲ့ ကျွန်တော့်စိတ်ကို သူတို့ သိတာကြောင့် စာအုပ်တစ်အုပ် အယ်နာနဲ့ ရေးဖြစ်သွားတယ်။ Princess In Love ဆိုတဲ့ စာအုပ် ပါ။ ဒီစာအုပ်က အယ်နာရော၊ ကျွန်တော်ပါ စုတ်ပြတ်သွားစေခဲ့တယ်ဆိုရင် မမှားပါဘူး။
၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၂၀) ရက် တနင်္လာနေ့က ကျွန်တော်တို့အိမ်မှာ သုံးယောက်သာ ရှိခဲ့ပါတယ်။ ကျွန်တော့်အမေ ရှယ်လီ၊ လုပ်ငန်းတာဝန်မန်နေဂျာ တဲရင့်(စ) ရိုလဲန်နဲ့ ကျွန်တော်ပေါ့။ ရာသီဥတုက ဖောက်ပြန်နေတယ်။ လွင်ပြင်ထဲမှာ မြူတွေဆိုင်းနေတာကြောင့် နေ့လယ်ခင်းကြီး မှာတောင် မှောင်နေပါတယ်။ မြင်းစီးသင်တန်း ဖြုတ်လိုက်ပြီး အိမ်မှာ လုပ်စရာရှိတာလုပ်မယ်လို့ ပြန်လာခဲ့တယ်။ အဲဒီ ညက ညစာကို စောစောစီးစီးပဲ စားလိုက်ကြပြီး တခြားပရိသတ်တွေလိုပဲ ဒီည BBC ရုပ်မြင်သံကြားအစီအစဉ်ကထုတ်လွှင့်မယ့် Panorama ကဏ္ဍကိုကြည့်ဖို့ စိတ်ကူးထားပါ တယ်။ ရုပ်မြင်သံကြားအစီအစဉ်ကလည်း ဒီကဏ္ဍမှာ ဒိုင်ယာနာနဲ့ အင်တာဗျူးအစီအစဉ်လွှင့်မယ် လို့ ကြေညာထားတာကိုး။ ချားလ်စ်မင်းသားနဲ့ စေ့စပ်ကြောင်းလမ်းခဲ့တဲ့ ၁၉၈၁ ခုနှစ်က ပြုလုပ်တဲ့ အင်တာဗျူးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်လုပ်တဲ့ အင်တာဗျူးပါပဲ။ ခုဆိုရင် သူတို့နှစ်ယောက် ကွဲနေကြတာ သုံးနှစ်ရှိပြီလေ။
ဒီအင်တာဗျူးမှာ ဒိုုင်ယာနာ ဘာပြောမလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ယုတ်စွအဆုံး သူနဲ့ အဆက်အသွယ်မပြတ် ရှိနေဆဲဖြစ်တဲ့ ကျွန်တော်တောင် မသိပါဘူး။ ကျွန်တော့်မှာ ဒိုင်ယာနာရဲ့ လျှို့၀ှက်ဖုန်းနံပါတ် ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် စကားမပြောဖြစ်ခဲ့တာ ကြာပြီ။ ဒိုင်ယာနာ အင်တာဗျူးမတိုင်မီမှာ ချားလ်စ်မင်းသားက ရုပ်မြင်သံကြားအစီအစဉ်မှာ Johnthan Dimbley နဲ ့ အင်တာဗျူးလုပ်ရင်း သူနဲ့ကယ်မီလာအကြောင်း ဝန်ခံသွားခဲ့ပြီး ဖြစ်ပါတယ်။ သူ့အင် တာဗျူးမှာ တခြားအကြောင်းအရာတွေပါပေမယ့် ပရိသတ်တွေ မှတ်မိလိုက်ကြတာကတော့ အဲဒါ တစ်ခုပဲ ရှိပါတယ်။ အခု ဒိုင်ယာနာကလည်း အင်တာဗျူး လုပ်ဦးမယ်ဆိုတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘက်က ပြောစရာရှိတာမပြောဘဲ နေနိုင်ပါ့မလားလို့ သံသယဖြစ်မိပါတယ်။
သူ့အင်တာဗျူးကို ကျွန်တော်တစ်ယောက်တည်းပဲ လွတ်လွတ်လပ်လပ် ကြည့်ချင်တာ ကြောင့် ညဦးပိုင်းအစီအစဉ်မှာပဲ ကြည့်မယ်လို့ ရည်ရွယ်ထားခဲ့တယ်။ မနက်စောစောထပြီး မြင်း ဇောင်းထဲ အလုပ်သွားလုပ်ဖို့ကလည်း ရှိနေသေးတာကိုး။ ကျွန်တော့်အခန်းထဲဝင်ပြီး ရုပ်မြင် သံကြားစက်ဖွင့်လိုက်တော့ အင်တာဗျူးက စနေပါပြီ။ ဒိုင်ယာနာက အင်တာဗျူးမေးသူကို သူအစား အသောက်မမှန်တဲ့ရောဂါကိစ္စပြောနေတယ်။ ပြီးတော့ နန်းတွင်းမှာနေစဉ်ကာလက သူ့ကို ရန်လိုခဲ့ ကြသူတွေ၊ စိတ်ဓာတ်ကျခဲ့ပုံတွေ၊ ကြောက်ရွံ့ထိတ်လန့်နေခဲ့ရပုံတွေ ပြောပြပါတယ်။ ဒါတွေက တော့ ကျွန်တော်ကောင်းကောင်းကြီးသိခဲ့တဲ့ ကိစ္စတွေပဲပေါ့။ အဲဒီ ကနေ စကားလမ်းကြောင်းက ကယ်မီလာအကြောင်း ရောက်သွားတယ်။ ဒိုင်ယာနာက ‘ကျွန်မ အိမ်ထောင်ရေးက သုံးယောက် ပေါင်းတဲ့ အိမ်ထောင်ရေးဖြစ်နေတော့ တော်တော်လေး ရှုပ်တယ်’လို့ ဆိုတယ်။
ဒီစကားကို ဒိုင်ယာနာဆီက ကျွန်တော် မကြာခဏ ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖန်သား ပြင်ပေါ်မှာ သူနဲ့ မျက်နှာချင်းဆိုင် ထိုင်စကားပြောနေတဲ့သူအတွက်ကတော့ အဆန်းဖြစ်နေပုံရ တယ်။ BBC က အဲဒီ လို ဟန်ဆောင်နိုင်အောင် မင်းသမီးတစ်ယောက်ကို ငှားထားသလားတော့ မပြောတတ်ဘူး။ အင်တာဗျူးအလုပ်ခံနေတဲ့ ဒိုင်ယာနာကလည်း ဟိုတုန်းကလို ရှက်တတ်၊ ကြောက်တတ်၊ ရှက်သွေးဖြာပြီး မေးခွန်းမေးသူကိုတောင် စေ့စေ့ပြန်မကြည့်ရဲတဲ့ ဒိုင်ယာနာမဟုတ် တော့ပါဘူး။ အမည်းရောင် မျက်ရစ်ဆေးတွေ ခြယ်သထားတဲ့ မျက်လုံးများက (ဒီလိုမျိုး အရင်က မခြယ်သဖူးပါဘူး) ရဲရဲကြီးစိုက်ကြည့်နေတယ်။ သူစကားပြောနေတဲ့ ပုံစံကလည်း တရားရုံးတော်မှာ အမှုတစ်မှုအတွက် သက်သေခံနေတဲ့ သူတစ်ယောက်နဲ့ တူနေတယ်။ စကားလုုံးတိုင်းကို လက်လွတ်စပယ်မပြောဘဲ ရွေးပြောနေပါတယ်။
သတိထား စကားပြောနေတဲ့ ဒိုင်ယာနာကိုကြည့်ပြီး ကျွန်တော် သနားလိုက်တာ။ သူခံစားခဲ့ ရတာ တွေကို ကြားခံပြောပေးမယ့် မိတ်ဆွေစာရေးဆရာတစ်ဦးဦးကတစ်ဆင့် ပြောခိုင်းတာမျိုး မဟုတ်ဘဲ သူကိုယ်တိုင် တိုက်ရိုက် တစ်ကမ္ဘာလုံးကို ပြောနေတာလေ။ အဲဒီ အချိန်မှာပဲ ရုတ်တ ရက် မိုးကြိုးပစ်ချလိုက်သလို မေးခွန်းတစ်ခု ကြားလိုက်ရပါတယ်။ ‘မင်းသမီးကရော ဗိုလ်ကြီး ဂျိမ်း ဟေး၀စ်နဲ့ သစ္စာဖောက်ခဲ့ပါသလား’တဲ့။
ဒိုင်ယာနာ ခေါင်းငုံ့သွားပြီး အသံလည်းတိုးသွားတယ်။
‘ဟုတ်ကဲ့၊ ကျွန်မ သူ့ကို မြတ်နိုးခဲ့ပါတယ်။ ဟုတ်တယ်။ ကျွန်မ သူ့ကိုချစ်ခဲ့မိပါတယ်’ တဲ့။ ခဏလေးနားလိုက်ပြီးတော့မှ စကားဆက်တယ်။ ‘ဒါပေမယ့် ကျွန်မ အရမ်းစိတ်ပျက်ခဲ့ရပါတယ်’တဲ့။
ကျွန်တော့်တစ်ကိုယ်လုံး ထူပူပြီး သွေးခုန်နှုန်းမြန်လာခဲ့တယ်။ အင်တာဗျူးမေးတဲ့သူက ‘ဘယ်လိုကြောင့် စိတ်ပျက်ခဲ့ရတယ်’ဆိုတာ ဆက်မမေပးတော့ဘဲ တခြားမေးခွန်း ပြောင်းသွား တယ်။ ကျွန်တော့်စိတ်တွေ လှုပ်ရှားနေတာကြောင့် ဘယ်လို အကြောင်းအရာတွေ ဆက်ပြောကြ သလဲဆိုတာကိုတောင် မမှတ်မိတော့ပါဘူး။ ဂီတသံထွက်ပေါ်လာပြီး ဒီအစီအစဉ်ဆောင်ရွက်ခဲ့ကြ သူများ မှတ်တမ်းစာတန်းတွေ ထိုးနေပါပြီ။ အစီအစဉ် ပြီးသွားပြီးမို့ ရုပ်မြင်သံကြားစက်ကို ပိတ် လိုက်ပြီး အိပ်ရာပေါ်လှဲရင်း သူဒီစကားတွေ ပြောလိုက်တဲ့အတွက် ဘာတွေဆက်ဖြစ်လာဦးမှာလဲ လို့ တွေ့လိုက်မိပါတယ်။
ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်း ကြာကြာတွေးနေချိန် မရလိုက်ပါဘူး။ ခန်းဆီးကို ထိုးဖောက်ပြီးဝင်လာတဲ့ အလင်းရောင်တွေက ရုတ်ခြည်း နေ့ခင်းဖြစ်သွားသလိုပါပဲ။ နေရောင် ထက်တောင် လင်းနေသေးတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ ရဲကိုဖုန်းဆက်ခေါ်ရမလား။ ဒိုင်ယာ နာနဲ့ ကျွန်တော့်အကြောင်း မရေးဖြစ်ခင်တုန်းက ထောက်လှမ်းရေးဘက်က ကျွန်တော့်ကို သတိ ပေးခဲ့ဖူးရဲ့။ ကျွန်တော့်အိမ်ကို အကြမ်းဖက်ပြီး စီးနင်းလိမ့်မယ်လို့ သတင်းရထားသတဲ့။ ဒါကြောင့် သူတို့ဘက်ကလည်း ပြင်ဆင်ထားပါတယ်တဲ့။ တကယ်လို့ တစ်စုံတစ်ခုဖြစ်ပွားခဲ့ရင် ၉၉၉ ကို လှည့်လိုက်ပြီး လျှို့၀ှက်သင်္ကေတအဖြစ် ‘ဂျူရာဆစ်ခ်’လို့ တစ်လုံးတည်းပြောလိုက်ရုံပါပဲ။ အဲဒီ လို ဆက်သွယ်လိုက်ရင် အကြာဆုံး မိနစ်နှစ်ဆယ်အချိန်အတွင်း ရဲကား မီးသတ်ကား၊ လူနာတင်ကား နဲ့ လိုအပ်ရင် ရဟတ်ယာဉ်ပါ ရောက်လာနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။
ကျွန်တော့်အနေနဲ့ ရဲကို အကြောင်းမကြားသေးဘဲ အခြေအနေကို ကြည့်ဦးမယ်လို့ ဆုံးဖြတ်လိုက်ပြီး အပြင်ဘက်ကနေ အလွယ်တကူမြင်နိုင်တဲ့ ကျွန်တော့်အခန်းထဲမှာ မနေတော့ဘဲ တခြားအခန်းဘက်ပြေးဝင်ခဲ့ပြီး အပြင်ကအခြေအနေကို အကဲခတ်ကြည့်လိုက်ပါတယ်။ လှုပ်လှုပ် ရွရွရှိနေတဲ့ လူအုပ်ကြီးရဲ့အလယ်မှာ ဧရာမမီးမောင်းကြီးတစ်ခုကို တွေ့ရတယ်။ ဒုတိယကမ္ဘာစစ် အတွင်းတုန်းက လေယာဉ်တွေကို မြေပြင်ကနေ ပစ်ချရာမှာ ကောင်းကင်ထဲ ထိုးကြည့်တဲ့ မီးမောင်းမျိုးကြီးပါ။ အဲဒီ မီးမောင်းကြီးကို တစ်ဖက်တောင်ကုန်းပေါ်မှာ ဆင်ထားကြပြီး ကျွန်တော့် အိပ်ခန်းထဲ တည့်တည့်ထိုးတာလေ။ မီးမောင်းရှိတဲ့နေရာက ချောင်းကလေးအထက် ပေတစ်ရာ အမြင့်လောက်မှာရှိပြီး ကျွန်တော်ပိုင်မြေကွက်ရဲဲ့ အစွန်လောက်မှာ ရှိပါတယ်။
ရုပ်မြင်သံကြားသတင်းဌာနတွေက ဒီညတော့ ကျွန်တော့်ကို မြေလှန်ရျာတော့မယ့် သဘောရှိပါတယ်။ မီးမောင်းကြီးနဲ့ ဝေးရာ အိမ်တစ်ဖက်စွန်းက ပြတင်းပေါက်ကို ပြေးကြည့်ပြန် တော့လည်း တစ်ဒါဇင်မကတဲ့ ရုပ်မြင်သံကြားကင်မရာတွေက လက်ဖြောင့်သေနတ်သမားတွေလို အဆင်သင့်ချိန်ထားကြပြန်ပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းကတည်းက ကျွန်တော်ခြံဝင်းပြင်က လမ်းပေါ် မှာ ယာဉ်တွေ ထူးထူးခြားခြားများနေတယ်လို့တော့ သတိထားမိသား။ ဒါပေမယ့် အဲဒီ လိုများက တည်းက ဒိုင်ယာနာနဲ့ ကျွန်တော့်အကြောင်း သတင်းတစ်စွန်းတစ်စထွက်ပြီးကတည်းကဆိုတော့ သာမန်နေ့တွေလိုပဲ အောက်မေ့မိခဲ့တာပေါ့။ သတင်းစာတွေက ရေးချင်တာတွေ ရေးနေခဲ့ကြ ပေမယ့် ကျွန်တော့်ဘက်က ဘာမှမတုံ့ပြန်ဘဲ ရေငုံနှုတ်ပိတ်နေခဲ့တာပါ။ ကြာရင် ရပ်သွားကြလိမ့် မယ်လို့လည်း ယုံခဲ့တယ်လေ။ ခုတော့ ဒီလိုဖြစ်မလာဘဲ အခြေအနေက ဆိုးသထက်ဆိုးလာခဲ့ပါ တယ်။
မီးဖိုချောင်ဘက်ဆင်းလိုက်တော့ ကျွန်တော့်အမေနဲ့ တဲရင့်စ်တို့က ရောက်နှင့်ကြပြီ။ ဘာကြောင့် ဒီအခြေအနေဖြစ်လာခဲ့တယ်ဆိုတာ သူတို့ကို ရှင်းပြဖို့မလိုတော့ပါဘူး။ အိမ်ပတ်ဝန်း ကျင်မှာ လူတွေ တစုတဝေး စကားပြောနေသံကို ကြားနေရသလို အိမ်ရှေ့တံခါးမကြီးကို တဘုန်း ဘုန်းရိုက်နှက်နေသံလည်း ကြားနေရပါတယ်။
တဲရင့်စ်က စာနယ်ဇင်းတွေနဲ့ ဆက်ဆံတတ်တယ်။ အရင်ညတွေတုန်းကလည်း ခုလို အိမ် ပတ်ဝန်းကျင်ကို ဓာတ်ပုံသတင်းထောက်တွေ ချဉ်းကပ်လာရင် သူပဲ လက်နှိပ်ဓာတ်မီးတစ်လက်နဲ့ ထွက်ပြီး ဖြေရှင်းနေကျပါ။ ဒီညလည်း ဖြေရှင်းဖို့တာဝန်ကို သူပဲ ယူလိုက်ပါတယ်။ အိမ်ပြင်ကို သူထွက်လိုက်တာနဲ့ ကင်မရာတွေက စလည်တော့တာပဲ။ တဲရင့်စ်က ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါကြောင်း၊ ပတ်ဝန်းကျင်အိမ်တွေ အိပ်ရေးမပျက်ရအောင် မီးမောင်းပိတ်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။
မေတ္တာရပ်ခံချက်ကို သူတို့လက်ခံပြီး မီးပိတ်ပေးကြပါတယ်။ ဒါပေမယ့် နောက်နေ့မနက်မိုးလင်းတော့ ရုပ်မြင်သံကြား ရိုက်စက်တွေက ညကထက် ပိုများလာရော။ ခြံရှေ့မှာ ကားပေါင်း သုံးဆယ်လောက်က ပိတ်ရပ်ထားကြပြီး နောက်ပေါက်မှာလည်း ကားဆယ့်ငါးစီး လောက်က အဆင်သင့်စောင့်နေကြပါတယ်။ အိမ်မှာက အမေမွေးထားတဲ့ ကိုလံဘတ်စ်ဆိုတဲ့ ခွေး တစ်ကောင်ရှိတယ်။ တယ်ရီယာအမျိုးအစားပါ။ ဒီခွေးကတော့ ကမ္ဘာပေါ်မှာ အညံ့ဆုံးအိမ်စောင့် ခွေးလို့ ဆိုရပါလိမ့်မယ်။ ဒီကောင် နောက်ဖေးဘက်သွားတော့ ခွေးမကြောက်တတ်တဲ့ သတင်း ထောက်တချို့က သူ့ကိုဖမ်းပြီး လည်ပတ်မှာ စာချိတ်ပေးလိုက်တယ်။ ကျွန်တော့်အနေနဲ့ ညက ဒိုင်ယာနာပြောသွားတဲ့ စကားအပေါ်မှာ မှတ်ချက်တစ်ခုလောက် တုံ့ပြန်ပေးပါတဲ့။ ကျွန်တော့်မှာ တကယ်ကို တုံ့ပြန်စရာစကားမရှိပါဘူး။ သူတို့ကိုသာ ကျွန်တော့်အိမ်ဝန်းကျင်က ထွက်ခွာပေးပါလို့ ပြောဖို့ပဲ ရှိတယ်။
ရဲတွေရောက်လာတော့ အိမ်ကမီးဖိုခန်းမှာ ကော်ဖီတွေသောက်ကြပြီး လူတွေကို ခေတ္တ ခဏပဲ ရှင်းပေးနိုင်ခဲ့ပါတယ်။ အိမ်ထဲမှာ စားစရာပြတ်တော့ ရဲဘက်က အစောင့်အရှောက်တွေနဲ့ တဲရင့်စ်ကိုခေါ်ထုတ်ပေးကြပြီး စားစရာတွေ ဝယ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်ကတော့ အိမ်ပြင်ကို လုံး၀မထွက်ဘဲ အောင်းနေလိုက်တယ်။ အိမ်ထဲမှာအောင်းနေရတာ တစ်ပတ်ကျော်ကျော်ကြာ တော့ အင်တာဗျူးမှာ ဒိုင်ယာနာပြောသွားတဲ့စကားကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချိန်ရခဲ့ တယ်ပေါ့။ စေ့စေ့တွေးလေ အဖြေက ပေါ်လာလေပါပဲ။ အင်တာဗျူးမေးတဲ့ မာတင်ဘာရှာက ‘ဗိုလ် ကြီး ဂျိမ်းစ်ဟေး၀စ်နဲ့ ဖောက်ပြန်ခဲ့ပါသလား’လို့ မေးခဲ့တာကို ဒိုင်ယာနာက ကျွမ်းကျွမ်းကျင်ကျင် လှည့်ပတ်ဖြေနိုင်ခဲ့တယ်။ သူ့အဖြေက ‘ကာယကံ’ မမြောက်ခဲ့ဘဲ ‘မနောကံ’အဆင့်အထိသာ ရောက်ခဲ့တယ် ဆိုတဲ့သဘောသက်ရောက်စေပါတယ်။ ‘ဟုတ်ကဲ့၊ ကျွန်မ သူ့ကို မြတ်နိုးခဲ့ပါတယ်။ ဟုတ်တယ်။ ချစ်လည်း ချစ်ခဲ့တယ်’တဲ့။ အဲဒီ လို ပွင့်လင်းတဲ့စကားနောက်မှာ လူထုဆီက အကြင် နာရနိုင်အောင် စကားတစ်ခွန်း ထပ်ပြောလိုက်တယ်။ ကျွန်တော့်ကြောင့် သူစိတ်ပျက်ခဲ့ရပါသတဲ့။ သူ့အနေနဲ့ ဘယ်လိုရည်ရွယ်ပြောလိုက်တယ်ဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော့်အတွက် အများကြီး ထိရောက်စေတာတော့ အမှန်ပါပဲ။ သူ့အနေနဲ့ ယောက်ျားတစ်ယောက်ကို ချစ်မိပါတယ် လို့ ဘယ်တုန်းကမှ ပရိသတ်ရှေ့မှာ ဝန်ခံခဲ့ဖူးတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ သာ ဝန်ခံသွားပါတယ်။ ၀မ်းနည်းစရာကောင်းတာကတော့ ဒီစကားမျိုး နောက်တစ်ကြိမ်သူပြောခွင့် မရရှာတော့ပါဘူး။ အမှန်အတိုင်းပြောရရင်တော့ အဲဒီ ငါးနှစ်လုံးလုံး သူ့ကို ကျွန်တော်လည်း မြတ် မြတ်နိုးနိုုး ချစ်ခဲ့ပါတယ်။ မေ့ပစ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ချစ်တာကို မေ့လို့မရနိုင်ပါဘူး။ သူ့ကို ချစ်နေတုန်းပဲဆိုတာ ကိုယ့်ကိုယ်ကို သိနေတယ်။
ဒိုင်ယာနာကို ပထမဆုံး စတွေ့ဖူးခဲ့တဲ့မြင်ကွင်းကို ခုထက်ထိ ကျွန်တော် ပြက်ပြက်ထင် ထင် မြင်ယောင်နေသေးတယ်။ ငယ်ငယ်ရွယ်ရွယ်၊ အလွန်ရှက်တတ်ပြီး ရှက်သွေးဖြာတဲ့ မျက်နှာနဲ့ မိန်းကလေး၊ ၁၉၈၁ ခုနှစ် နွေရာသီရဲ့ နေ့တစ်နေ့မှာပါ။ ကျွန်တော့်စိတ်ထင် သူလက်မထပ်မီ ရက် သတ္တပတ်အလိုမှာ ထင်တယ်။ Tidworth မှာ ကျင်းပတဲ့ ပိုလိုကစားပွဲကို သူလာကြည့်တယ်။ Rundle Cup ပြိုင်ပွဲမှာ ကျွန်တော်က ကြည်းတပ်အသင်းက ကစားနေပြီး ချားလ်စ်က ရေတပ် အသင်းဘက်က ကစားနေတာပါ။ ဒီပွဲအတွက် ယာယီဆောက်ထားတဲ့ ပွဲကြည့်စင်သေးသေးလေး ပေါ်မှာ ဒိုင်ယာနာရောက်နေပြီး စာနယ်ဇင်းသမားတွေ ဝိုင်းနေတာကြောင့် တော်တော်အနေရ ခက်နေပုံပါပဲ။ ရုတ်တရက် နာမည်ကြီးတစ်ယောက်ဖြစ်လာရတဲ့ အခြေအနေမှာ သူ မနေတတ် မထိုင်တတ် ဖြစ်နေပုံရတယ်။ ဓာတ်ပုံသမားတွေကလည်း တစ်ချက်ကလေးမှ အလွတ်မပေးဘဲ တစ်ချိန်လုံးရိုက်နေကြတယ်။ နောက်ဆုံးမှာတော့ သူ့ခမျာ ဆက်သည်းခံနိုင်စွမ်း မရှိရာတော့ဘဲ ငိုယိုပြီး ကားထဲဝင်ပြေးခဲ့ရပါတယ်။ အဲဒီ တုန်းက သူ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ပြီး ဓာတ်ပုံသမားတွေကို ဒေါသထွက်ခဲ့မိတာ မှတ်မိနေပါသေးတယ်။
နောက်ငါးနှစ်အကြာမှာ သူနဲ့ကျွန်တော် ဘာကင်ဟမ်နန်းတော်ထဲမှာ ပြန်တွေ့ကြပါတယ်။ အဲဒီ တုန်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆုံစည်းမှုဟာ ဘ၀တစ်ဆစ်ချိုး ဖြစ်စေလိမ့်မယ်ဆိုတာ သဘောမပေါက်ခဲ့ပါဘူး။
အဲဒီ အချိန်တုန်းက ကျွန်တော်က အိမ်တော်စောင်တပ်ဖွဲ့မှာ တာဝန်ယူရတဲ့ ဗိုလ်ကြီးတစ်ယောက်ပေါ့။ ကျွန်တော့်တာဝန်က ဘာကင်ဟမ်နန်းတော်၊ ဝှိုက်ဟောလ်၊ စိန့်ဂျိမ်းစ်နန်းတော်၊ ဝင်ဆာရဲတိုက်၊ လန်ဒန်တာဝါမှာနေထိုင်ကြတဲ့ မဟာမျိုး မဟာနွယ်တွေ ထွက်တော်မူတဲ့ အခမ်း အနားများကို ကြီးကြပ်တာဝန်ယူပေးရတာ ဖြစ်တဲ့အပြင် လုံခြုံရေးကိုလည်း တာဝန်ယူရပါတယ်။ အိမ်တော်စောင့်တပ်ဖွဲ့မှာပါတဲ့ ဆွေတော်မျိုးတော်တစ်ဦး ဝင်သည်ဖြစ်စေ၊ ထွက်သည်ဖြစ်စေ ကျွန်တော်တို့တပ်ဖွဲ့က ရိုးရာအစဉ်အလာအတိုင်း ဆောင်ရွက်ပေးရစမြဲဖြစ်ပါတယ်။ နန်းတော် ထဲက မဟာဆီမဟာသွေးတစ်ယောက်ယောက် ထွက်တော်မူတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ ကိုယ်ရံတော် မြင်းတပ်ဖွဲ့က သူသွားလိုတဲ့နေရာအရောက် ခြံရံပို့ဆောင်ပေးရပါတယ်။
ခုခေတ်မှာတော့ နန်းတွင်းလုံခြုံရေးကို ရဲတပ်ဖွဲ့ တာဝန်ယူနေပါပြီ။ ကျွန်တော်က အဲဒီ ရဲတပ်ဖွဲ့ဝင်များနဲ့လည်း ရင်းနှီးနေပါတယ်။ ညဘက်ဆိုရင် ဘာကင်ဟမ်နန်းတော်ပတ်လည်မှာ မြင်းသည်တော်များ လှည့်လည်ကင်းစောင့်နေပါတယ်။
ကျွန်တော်က စစ်သားတစ်ယောက်ပါ။ စစ်သားဆိုတာ နိုင်ငံတော်နဲ့ ဘုရင်မကြီးအတွက် ဆိုရင် အချိန်မရွေး၊ နေရာမရွေး အသက်ကိုစွန့်လှူထားတဲ့သူတွေပါ။ ဒါပေမယ့် ၁၉၈၆ ခုနှစ်က ကျွန်တော် ထမ်းဆောင်နေတဲ့ တာဝန်က မင်းခမ်းမင်းနားများမှာ တပ်အနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ တာဝန်ခံစီစဉ်ဆောင်ရွက်ရတဲ့အလုပ်ပဲ ဖြစ်နေတယ်။ ကျွန်တော့်ကို မြင်းသည်တော်တပ်ဖွဲ့မှာ တာဝန်ချထားတာဖြစ်ပေမယ့် နိုင်ငံတော်မင်းခမ်းမင်းနားများဆောင်ရွက်ဖို့ ညှိနှိုင်းအစည်းအဝေး များတက်ဖို့ မကြာခဏ ဘာကင်ဟမ်နန်းတော်ထဲကို သွားရပါတယ်။
အခမ်းအနားတွေကို တာဝန်ယူဆောင်ရွက်ပေးရတာ ပျော်တယ်။ အဲဒီ အချိန်က ချားလ်စ်ရဲ့ ညီတော် အင်ဒရူးမင်းသားက ဆာရာဖာဂူဆန်နဲ့ ၁၉၈၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဝက်စ်မင် တာဘုရားကျောင်းတော်မှာ လက်ထပ်ပွဲကျင်းပဖို့ ဆောင်ရွက်ပေးနေရတဲ့ ကာလပေါ့။ မေလ ပထမ ပတ်ထဲမှာ မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အစည်းအဝေးကို ဒုဗိုလ်မှူးကြီး တင်မ်လောရင့်စ် (သူက နောာင်မှာ ဘုရင်မကြီးရဲ့ သမီးတော် အဲန်နဲ့ လက်ထပ်လိုက်တဲ့အတွက် သမက်တော်ဖြစ်လာခဲ့သူ ပါ) နဲ့ အစည်းအဝေးထိုင်ပြီး ပြန်ထွက်လာခဲ့ပါတယ်။ မွန်းလွဲပိုင်း နေပြင်းချိန်ဖြစ်ပြီး ယူနီဖောင်း ကလည်း အပြည့်အစုံဝတ်ထားရတော့ တော်တော်ကလေးကို ပူလောင်နေတာပါ။ အဲဒီ အချိန်မှာပဲ မလှမ်းမကမ်းမှာ ဆွေတော်မျိုးတော်တစ်ဦး ထွက်တော်မူမယ့်အရိပ်လက္ခဏာတွေ့ရတာ ကြောင့် အခမ်းအနားပြီးဆုံးသည်အထိ အရှေ့တံခါး၀နားမှာ ကျွန်တော် ရပ်စောင့်ဖို့ ဖြစ်လာပါတယ်။
နောက်ကျောဘက်က အသံတစ်သံကြားလိုက်ရတယ်။ ဒိုင်ယာနာရဲ့အသံပါ။ ကျွန်တော် သူ့ကို ဒီမှာတွေ့လိုက်ရတော့ တော်တော်အံ့သြသွားပါတယ်။ ဘာကင်ဟမ်နန်းတော်ရဲ့ စင်္ကြံလမ်း များမှာ ဘုရင်မကြီးကိုပဲဖြစ်ဖြစ်၊ ကြင်ရာတော်ဖိလစ် မင်းသားကြီးကိုပဲဖြစ်ဖြစ် တွေ့တတ်တာ အဆန်းမဟုတ်ပါဘူး။ သူတို့က ဒီနန်းတော်ထဲမှာ နေကြတာလေ။ သူတို့နဲ့ ပက်ပင်းတိုးပြီဆိုရင် လည်း ကိုယ်က ကိုယ်ယောင်ဖျောက်လိုက်လို့ ရတာ မှ မဟုတ်တော့ ရိုရိုသေသေ၊ လေးလေး စားစားနှုတ်ဆက်ရပါတယ်။ “မင်္ဂလာနံနက်ခင်းပါ ခင်ဗျ”လို့ နှုတ်ဆက်လိုက်ရင် သူတို့ကလည်း အသိအမှတ်ပြုသွားကြတာချည်းပါပဲ။ ဒိုင်ယာနာက ဘာကင်ဟမ်မှာနေတာမဟုတ်ဘဲ ကင်စတန် နန်းတော်မှာနေတာဆိုတော့ သူ့အသံကြားလိုက်ရချိန်မှာ ကျွန်တော် အံ့သြသွားတာပေါ့။
တကယ်ပဲ သူပါ။ လှေကားဆောက်ဆုံးထစ်ကနေ တက်လာပါပြီ။ နွေရာသီဝတ် စကတ် အရှည်ဝတ်ထားပြီး ခြေထောက်ဗလာနဲ့ပါ။ လက်ထဲမှာ ဖိနပ်ကိုကိုင်ထားတယ်။ အနားရောက်လာ တော့ ‘မင်္ဂလာညနေခင်းပါ ခင်ဗျား’လို့ နှုတ်ဆက်လိုက်တာကို သူက တခစ်ခစ်ရယ်လိုက်ပြီး ‘ဝတ်စုံ ကို သဘောကျတယ်’လို့ ဆိုတယ်။ ကျွန်တော်တို့နှစ်ယောက်ခဏတဖြုတ် စကားလက်ဆုံကျလိုက် ကြပါတယ်။ သူက ကျွန်တော် ဒီမှာ ဘာလာလုပ်တာလဲတဲ့။ ကျွန်တော်က အင်ဒရူးမင်းသား လက်ထပ်မင်္ဂလာပွဲအတွက် အစည်းအဝေး လာတက်ရတာ ဖြစ်ကြောင်း ပြောပြခဲ့တယ်။ အဲဒီ တုန်းက ဘာတွေပြောခဲ့ကြတယ်ဆိုတာ အတိအကျပြန်ပြောပြချင်ပေမယ့် ကျွန်တော်ကိုယ်တိုင် မမှတ်မိတော့ဘူး။ ကျွန်တော့်အသိအာရုံမှာ အင်မတန်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေရတဲ့အတွက် ပီတိတွေလွှမ်းခြုံရင်တုန်နေတာကိုပဲ မှတ်မိပါတော့တယ်။
ကျွန်တော်တို့ စကားပြောနေကြတာ ငါးမိနစ်တောင် မပြည့်တတ်ပါဘူး။ တစ်ဖက်က ထွက်တော်မူအခမ်းအနား ပြီးဆုံးသွားတာကြောင့် သူ့ကိုနှုတ်ဆက်ပြီး ဝှိုက်ဟောလ်က ကျွန်တော့် ရုံခန်းကို ပြန်လာခဲ့ပါတယ်။ အင်ဒရူးရဲ့ လက်ထပ်ပွဲမတိုင်မီ အချိန်အထိ ဒိုင်ယာနာကို စင်္ကြံလမ်း များပေါ်မှာ အကြိမ်ပေါင်းများစွာ တွေ့ဖြစ်ပါသေးတယ်။ ဒါပေမယ့် ဘယ်တော့မှ တစ်ယောက် တည်းမဟုတ်တော့ဘဲ တခြားသူတွေ ပါနေပါတယ်။ အဲဒီ လို ဖြတ်သွားဖြတ်လာဆုံဖြစ်လို့ သူက တု့ံပြန်နှုတ်ဆက်သွားတိုင်း ကျွန်တော်တစ်နေ့လုံး ကြည်နူးနေတတ်တာကို ကိုယ့်ကိုယ်ကိုလည်း သတိထားမိခဲ့ပါတယ်။
ဘုရင်မ မယ်တော်ကြီးရဲ့အတွင်းရေး အတွင်းဝန်အဖြစ် နှစ်ပေါင်း သုံးဆယ် တာဝန်ထမ်း ဆောင်ခဲ့ဖူးတဲ့ ဆာမာတင်ဂျီးလီးယက်ရှိရာ ကလဲရင့်စ်ဟောက်စ်ကို တစ်လတစ်ကြိမ်လောက် ရှယ်ရီသောက်ဖို့ ကျွန်တော် ရောက်တတ်ပါတယ်။ ဒါက ကျွန်တော့် တာဝန်ပိုင်းနဲ့ မပတ်သက်ပါ ဘူး။ စစ်အတွင်းတုန်းက ကျွန်တော့်အဖေရဲ့ ၀မ်းကွဲညီတော်စပ်သူ အာဒလီဟေး၀စ်က ဆာမာတင် ဘိုနီယိုကျွန်းမှာ လေယာဉ်ပျက်ကျစဉ် အသက်ကယ်ခဲ့ဖူးသတဲ့။ သူတို့နှစ်ယောက် အဲဒီ လို ရင်းနှီး ကြတော့ ကျွန်တော် ဒီရောက်လာချိန်မှာ ဦးလေးအက်ဒလီက ‘ကျုပ်တူလေးကို ကြည့်လိုက်ပါဦး’ လို့ စာရေးခဲ့ဖူးတာကြောင့် ကျွန်တော်နဲ့ ဆာမတင်တို့ ဆက်သွယ်မိကြတာပါ။ ဒါကြောင့်လည်း အခါအားလျော်စွာ ကျင်းပတတ်တဲ့ ဆာမာတင်ရဲ့အိမ်က ပါတီပွဲတွေ ကျွန်တော်တက်ဖြစ်ခဲ့ပါ တယ်။ ဒီပွဲတွေ တက်နေပေမယ့် သူတို့နဲ့ကျွန်တော် အလုပ်ချင်းက တခြားစီပါ။ သူတို့က နန်းတွင်း သူနန်းတွင်းသား။ ဝါရင့်အမှုထမ်းတွေဖြစ်ပြီး ကျွန်တော်က အသက် ၂၈ နှစ်သာရှိသေးတဲ့ တပ်မတော်အရာရှိတစ်ဦးပါ။
တစ်ရက်မှာ ဆာမာတင်အိမ်က ပါတီပွဲဖိတ်စာ ရောက်လာသလို တခြားတစ်နေရာက ညစာစားပွဲဖိတ်စာကလည်း ရောက်လာတယ်။ ညစာစားပွဲက လူစုံတယ်။ ပျော်စရာလည်း ကောင်း တာကြောင့် ဆာမာတင်နဲ့ တွေ့ရမယ့်ပါတီကို မတက်တော့ဘဲ ညစာစားပွဲသာ သွားမယ်လို့ စိတ် ကူးလိုက်သေးတယ်။ ဒါပေမယ့် လက်ခံပြီးမှမသွားရင် မကောင်းတာကြောင့် ဆာမာတင် ကျင်းပ မယ့် စိန့်ဂျိမ်းစ်နန်းတော်ကပွဲကို ရောက်ခဲ့ပါတယ်။ ပါတီပွဲမှာ လူနှစ်ဆယ်ထက် မပိုပါဘူး။ အဝင်၀ မှာ ကမ်းပေးတဲ့ ရှိန်ပိန်အရက်တစ်ခွက်ယူခဲ့ပြီး အိမ်ရှင်ဖြစ်တဲ့ ဟေဇယ်လ်ဝက်စ်ကို လိုက်ရှာတော့ ဧည့်ခန်းထဲမှာ တွေ့ရတယ်။ ဧည့်ခန်းထဲကို ကျွန်တော်လှမ်းဝင်လိုက်ချိန်မှာ ပထမဆုံးတွေ့လိုက် တာက ဒိုင်ယာနာပါ။ သူက သာမန်ဧည့်သည်တစ်ယောက်အနေနဲ့သာ တက်ရောက်လာဟန်ရှိပြီး ဟေဇယ်လ်က ဧည့်ခန်းထဲလျှောက်ပြနေတာပါ။ ကျွန်တော်ရောက်သွားတော့ ဟေဇယ်လ်က ထုံးစံ အတိုင်း အပြုံးနဲ့ကြိုလိုက်ပြီး ချက်ချင်းပဲ ဒိုင်ယာနာနဲ့ မိတ်ဆက်ပေးပါတယ်။ မင်းသမီးက ကျွန်တော့်ကို တွေ့ဖူးတယ်ထင်တယ်ဆိုတာကြောင့် ဘာကင်ဟမ်နန်းတော်မှာ အမှတ်မထင် ကျွန် တော်တို့ ဆုံခဲ့ကြတာကို အစဖော်သတိပေးဖြစ်တယ်။ ဒီတော့ ဒိုင်ယာနာက ‘ရှင်က ယူနီဖောင်းနဲ့ ဆို အခုပုံထက် အများကြီး ကြည့်ကောင်းတာပေါ့”တဲ့။
အဲဒီ စကားတစ်ခွန်းက တစ်ညလုံး ကျွန်တော့်နားထဲမှာ စွဲနေခဲ့ပါတယ်။ ဟေဇယ်လ်က တခြားဧည့်သည်တွေကိုနှုတ်ဆက် ဧည့်ခံနေချိန်မှာ ဒိုင်ယာနာနဲ့ကျွန်တော် စကားလက်ဆုံကျနေခဲ့ ကြတယ်။ သူက ကျွန်တော် ပိုလိုကစားတာကိုလည်း မြင်ဖူးပါတယ်။ ဒါနဲ့ပဲ စကားလမ်းကြောင်းက မြင်းတွေအကြောင်း ရောက်သွားခဲ့တယ်။ သူက ပြီးခဲ့တဲ့ နွေရာသီတုန်းက ကင့်မြို့စား မင်းသမီးကို ကျွန်တော် မြင်းစီးသင်ပေးခဲ့တာကိုလည်း သိနေတယ်။ “အဲဒီ မင်းသမီးက ကောင်းကောင်းမြင်းစီး တတ်တာပဲ။ ရှင့်ဆီမှာ မြင်းစီးသင်စရာလိုသေးလို့လား”လို့ ကောက်ခါငင်ခါ မေးတယ်။ ကျွန်တော် က အဲဒီ မင်းသမီး မြင်းစီးကောင်းတာ မှန်ပေမယ့် မြင်းတွေကို ဆက်ဆံရေး၊ ပြုစုရေးပညာတွေ သင်ချင်တာကြောင့် ကျွန်တော့်ဆီ ရောက်လာခဲ့တာဖြစ်ကြောင်း ရှင်းပြရတယ်။
သူ့မျက်နှာ ကြည်လင်သွားတယ်။ ဒါနဲ့ ကျွန်တော်က “မင်းသမီးရော မြင်းမစီးဘူးလား”လို့ မေးကြည့်လိုက်ပါတယ်။
မျက်နှာပေါ်က အပြုံးကလေးပျောက်ကွယ်သွားပြီး ပခုံးနှက်ဖက်တွန့်ပြတတယ်။ ‘ကျွန်မ မြင်းတွေကို ကြောက်တယ်။ ငယ်ငယ်တုန်းက မြင်းပုကလေးတစ်ကောင်းပေါ် တက်စီးတာ လိမ့်ကျ လို့ လက်ကျိုးဖူးတယ်။ အဲဒီ ကတည်းက မြင်းဆိုရင် ကြောက်သွားတာ’
ကျွန်တော်က မြင်းစီးသင်စလူ တော်တော်များများ အဲဒီ လိုအဖြစ်မျိုးနဲ့ ကြုံဖူးကြပြီး မြင်းကို လှည့်မကြည့်ချင်လောက်အောင် ကြောက်တတ်သွားကြကြောင်း၊ ဒါပေမယ့် မင်းသမီးသာ မြင်းစီး ချင်တဲ့ဆန္ဒရှိဦးမယ်ဆိုရင် ကျွန်တော် ကြိုးစားသင်ပေးချင်ပါကြောင်း ပြောဖြစ်ပါတယ်။ သူ့ဘက်က တုံ့ပြန်ချက်ကလည်း မြန်ပါတယ်။
‘အဲဒီ လိုသာဆိုရင် အရမ်းကောင်းတာပေါ့။ ရှင် သင်ပေးမှာကို ကျွန်မ သဘောကျတယ်။ ကျွန်မတို့နှစ်ယောက် အတူတူ မြင်းလျှောက်စီးလို့ရမှာလား’တဲ့။
ကျွန်တော် နည်းနည်းတော့ နောက်တွန့်မိတယ်။
‘မင်းသမီးသာ သင်ချင်တယ်ဆိုရင်တော့ ကျွန်တော် သေချာစီစဉ်ပေးနိုင်မှာပါ’
ဒိုင်ယာနာက သူမြင်းစီးသင်တဲ့ကိစ္စကို အကျယ်မချဲ့စေချင်ဘဲ တိုးတိုးတိတ်တိတ်သာ ဖြစ်စေချင်ကြောင်း ထပ်ပြောလာသောကြောင့် ကျွန်တော်ကလည်း သိုသိုသိပ်သိပ် ဆောင်ရွက်ပေး ပါမယ်လို့ ကတိပေးလိုက်ပါတယ်။ အဲဒီ နောက် သူနှုတ်ဆက် ထွက်သွားလို့ ကျွန်တော်နာရီ ကြည့် လိုက်တော့ ကျွန်တော်တို့နှစ်ယောက် စကားပြောနေကြတာ တစ်နာရီနီးပါးကြာသွားတယ်ဆိုတာ သိလိုက်ရပါတယ်။ ခုချိန်မှ ညစာစားပွဲကိုကူးရင်လည်း သိပ်နောက်ကျနေပြီ။ ပါတီကပြန်လာတော့ အချိန်နောက်ကျလို့ ညစာစားပွဲကို သွားချင်တာမဟုတ်ဘဲ စိတ်ကိုက ဘယ်မှသွားချင်တဲ့ဆန္ဒမရှိ တော့တာကို နားလည်လိုက်မိပါတယ်။ ဒါနဲ့ စိန့်ဂျိမ်းစ်ကို လျှောက်သွားပြီး စန်တိုရီးဂျပန်စား သောက်ဆိုင်မှာ ကိုယ့်ဘာသာပဲ ညစာဝယ်စားလိုက်တော့တယ်။ သူတကာတွေနဲ့ တွေ့ရမှာထက် ခုချိန်မှာ ကိုယ့်အတွေးနဲ့ကိုယ်နေရခြင်းက ကျွန်တော့်အတွက် ပိုပြီးပျော်စရာကောင်းနေတဲ့ အချိန် ပါ။
နောက်တစ်နေ့မှာ ဒိုင်ယာနာရဲ့ အပျိုတော်တစ်ဦးဖြစ်တဲ့ ဟေဇက်လ်ဝက်စ်က ဖုန်းဆက် လာပြီး ဒိုင်ယာနာက မြင်းစီးသင်ဖို့ အတည်ပြုပြောကြားပါကြောင်း၊ အဲဒီ ကိစ္စအတွက် လိုအပ်တာ တွေ စီစဉ်ဆောင်ရွက်ထားပါလို့ ဆိုလာပါတယ်။ ဒါကြောင့် ကျွန်တော့်လက်အောက်အရာရှိတစ်ဦး ဖြစ်တဲ့ နိုက်စ်ဘရစ်ဂျ်ဘာရက်စ်ကို အကြောင်းကြားလိုက်ရတယ်။ သူကလည်း ၀မ်းမြောက်၀မ်းသာ ပါပဲ။ ကျွန်တော်တို့နှစ်ယောက် ဒိုင်ယာနာကို မြင်းစီးသင်ကြားရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် ဖြစ်အောင် စီစဉ်ကြတယ်။ မင်းသမီးလာတိုင်း ရဲဘော်တွေအနေနဲ့ အိမ်ရှေ့မိဖုရားကိုကြိုဆိုတာမျိုး မဟုတ်ဘဲ သာမန်ဧည့်သည်တစ်ယောက်လာသလိုသာရှိစေဖို့ ညွှန်ကြားရပါတယ်။ လာခါစ အခေါက်များမှာ ရဲဘော်တွေက မနေတတ်မထိုုင်တတ်နဲ့ ပျာပျာသလဲ ရှိခဲ့ကြပေမယ့် နောက်ပိုင်း မှာတော့ အသားကျသွားခဲ့ကြပါတယ်။
တာဝန်ယူသင်ကြားပေးရမယ့် ကျွန်တော့်အနေနဲ့ ဒိုင်ယာနာ ဘယ်လောက်စီးတတ်သလဲ ဆိုတာ သိရအောင်လို့ အားကစားရုံအတွင်းမှာပဲ ပထမဦးဆုံး စီးခိုင်းစေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြင်းစီးရမှာ ‘ကြောက်တယ်’လို့ သူပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ ‘ကြောက်တယ်’ ဆိုတဲ့ စကားလုံးဟာ ရေကူးနဲ့အကကလွဲရင် ဘယ်ကိစ္စပဲဖြစ်ဖြစ် သူသုံးနေကျစကားလုံး ဖြစ်တယ်ဆိုတာ ကို နောင်မှာ ကျွန်တော် သိလာခဲ့ရပါတယ်။ မြင်းစီးဖူးတဲ့သူဖြစ်တာကြောင့် သူ့ကို အခြေခံလေ့ကျင့် ခန်းကနေတော့ စသင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် မစီးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆို တော့ ပထမပိုင်းမှာ နည်းနည်းပါးပါး စိတ်လှုပ်ရှားမှုတော့ ရှိခဲ့တာပါ။
ကျွန်တော် အဓိက သတိထားရတဲ့အချက်ကတော့ သူ မြင်းပေါ်ကလိမ့်ကျပြီး ဒဏ်ရာရ မသွားရေးပါပဲ။ မြင်းစီးသင်ရာမှာ အရေးပါတဲ့ လျှို့၀ှက်ချက်တစ်ခုကတော့ စီးမယ့်သူနဲ့အသင့်တော် ဆုံးမြင်း ရွေးချယ်တတ်ဖို့ပါ။ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး စီးချင်ကြတာချည်း ပါပဲ။ ဒါပေမယ့် သိပ်လျင်မြန်သွက်လက် သန်မာလွန်းတဲ့မြင်းကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။ တကယ်တော့ ဒိုင်ယာနာရဲ့ ကင်စတန်နန်းတော်မှာရှိတဲ့ မြင်းအားလုံးနီးပါးဟာ အသွေးအမွေး လှပ ကြတဲ့အပြင် စည်ကားတဲ့မြို့က မြင်းများဖြစ်ကြတဲ့အတွက် ရုတ်တရက် မလန့်တတ်ကြတော့ပါဘူး။ မြင်းတွေထဲက အတည်ငြိမ်ဆုံး မြင်းတစ်ကောင်ဖြစ်တဲ့ ထရမ်းပက်မှုတ်သူစီးတဲ့ ဂယ်ရီဆိုတဲ့ အကောင်ကို ကျွန်တော် ရွေးလိုက်ပါတယ်။ ဂယ်ရီက သူ့နောက်နားကပ်ပြီး တစ်စုံတစ်ယောက်က သေနတ်ပစ်ဦးတော့ လန့်ပြေးမယ့်ကောင် မဟုတ်ပါဘူး။ ဒီလိုကောင်မျိုးက တော်တော်ရှားတယ်။
စသင်သင်ချင်းမှာ ဒိုင်ယာနာက ကြောက်စိတ်ဝင်နေတဲ့အတွက် တစ်ကိုယ်လုံးတောင့် တောင့်ကြီး ဖြစ်နေတယ်။ နောက်တော့မှ တဖြည်းဖြည်းရလာပြီး မြင်းပေါ်မှာ သက်သက်သာသာ ထိုင်တတ်လာပါတယ်။ အားကစားရုံထဲမှာ ရက်အနည်းငယ် သင်ကြားပေးပြီးတော့ ကျွန်တော်တို့ နှစ်ယောက် ဟိုက်ဒ်ပါ့ခ်ဘက် ထွက်စီးကြတယ်။ စီးတဲ့လမ်းကြောင်းကလည်း နေ့စဉ်ပုံမှန်ပါပဲ။ ဘားတိုက်တွေရှိတဲ့ ဝင်းရဲ့ ဂိတ်တံခါးကနေ ထွက် ဘယ်ဘက်ကို ကွေ့၊ ကင်စတန်နန်းတော်ဘက် ဦးတည်ပြီး ဝက်သစ်ချပင်တွေ တန်းစိုက်ထားတဲ့ တောတန်းတစ်လျှောက် စီးတတ်ကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့နဲ့အတူ မြင်းစီးကောင်းတဲ့ ဟေဇယ်လ်လည်း လိုက်ပါလာတတ်ပြီး တစ်ခါတလေမှာ အိမ်တော်တပ်ဖွဲ့က ဗိုလ်မှူးချုပ် ခရစ္စတိုဖာအယ်ရီလည်း လိုက်ချင်လိုက်လာ တတ်ပါတယ်။
ပထမပိုင်းမှာတော့ လုံခြုံရေးကိစ္စ တော်တော်ဆောင်ရွက်ပေးခဲ့ကြပါသေးတယ်။ အဖြူ ရောင်ရဲကားတွေက ဟိုက်ဒ်ပါ့ခ်ပတ်ဝန်းကျင်မှာ ကင်းလှည့်ပေးနေကြပြီး လမ်းကြောင်းတစ် လျှောက်မှာလည်း စုံထောက်တွေက ရိုးရိုးကားတွေနဲ့ မလှမ်းမကမ်းကနေ လိုက်ကြပါတယ်။ ရဲတွေ က အားလုံးကျွန်တော့်ကို သိနေကြတယ်။ ကျွန်တော့်အတွက် ရေဒီယိုစကားပြောစက်တစ်လုံး ပေးထားပြီး ပြဿနာတစ်ခုခုတွေ့ရင်၊ သို့မဟုတ် သင်္ကာမကင်းဖွယ်ရာ တစ်ခုခုတွေ့ရင် သို့မဟုတ် ထူးခြားတာတစ်ခုခုတွေ့ရင် ချက်ချင်းဆက်သွယ်ဖို့ မှာထားပါတယ်။ ဒါပေမယ့် ရက်တော်တော် ကြာလာတော့ လုံခြုံရေးကိစ္စက လျော့ရဲလာပြီး ရဲတွေလည်း နောက်က တကောက်ကောက် မလိုက်ကြတော့ပါဘူး။ အားလုံး အဆင်ပြေချောမွေ့ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် တစ်ပတ် တစ်ကြိမ် မြင်းစီးထွက်ကြတယ်။ အချိန်ကတော့ ပုံသေမဟုတ်ပါဘူး။ အလုပ်များလှတဲ့ မင်းသမီးရဲဲ့ အချိန်ဇယားတွေထဲက အားလပ်ချိန်တစ်ခုခုမှာ စီးဖြစ်ကြတာပါ။ များသောအားဖြင့်တော့ မနက် ဆယ်နာရီဝန်းကျင်မှာ စီးဖြစ်ကြပါတယ်။ ကျွန်တော်တို့ စီးကြချိန်မှာ အသားကျစီးတတ်ကြပါတယ်။ ဒါမှလည်း စကားပြောလို့ကောင်းတာကိုး။ Rotten Row ဆိုတဲ့နေရာက လမ်းတစ်ဖြောင့်တည်း ရှိတဲ့နေရာပါ။ ဒီနေရာရောက်ရင် မြင်းတွေက စီးတဲ့သူသွားစေချင်တဲ့နှုန်းထက် ပိုသွားချင်ကြတယ်။ လမ်းဖြောင်းတွေ့နေတော့ ပြေးချင်တဲ့သဘောပေါ့။ ဒါပေမယ့် ဂယ်ရီကတော့ တကယ်စိတ်ချရတဲ့ ကောင်ကြီးပါ။ ဂယ်ရီကျောပေါ်က ဒိုင်ယာနာ့မျက်နှာကိုကြည့်လိုက်ရင် ရဲရင့်တဲ့အသွင်ကို ဆောင် နေပေမယ့် ကြောက်စိတ်ကတော့ နည်းနည်းရှိနေဆဲပါပဲ။
တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက်တည်း မြင်းစီးထွက်ကြတဲ့အခါမှာ သူက ကျွန်တော့် ကို မြင်းစီးရတာ မကြောက်ဘူးလားလို့ မေးတတ်ပါတယ်။ ကျွန်တော်က ဘယ်မြင်းရယ်လို့ သတ် သတ်မှတ်မှတ် စီးလေ့မရှိဘဲ ကြုံရာမြင်းတစ်ကောင်ကို ဆွဲစီးလေ့ရှိလို့ပါ။ တချို့မြင်းတွေက စိမ်းနေ တဲ့အခါ စီးရခက်တာတွေ ရှိတတ်ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ မြင်းတစ်ကောင်ပေါ် တက်ပြီးနေရတာ ဟာ သာမန်ထက်တော့ ထူးခြားမှုရှိစေတာ အမှန်ပါပဲ။ မြင်းမစီးဘဲ နေရတဲ့အချိန် ရယ်လို့ ကျွန်တော့်ဘ၀မှာ မှတ်မိစရာ ကောင်းတဲ့အချိန်တောင် မရှိပါဘူး။ ကျွန်တော် ဆယ့်ရှစ်လ သားအရွယ်မှာ မိဘတွေက ဂျစ်ပစီတွေဆီက မြင်းကလေးတစ်ကောင် ဝယ်ပေးခဲ့တဲ့အကြောင်း သူ့ကို ပြောပြရပါတယ်။ ကလေးဘ၀ကတည်းက ကျွန်တော်တို့မောင်နှမတွေ မြင်းစီးခဲ့ကြတယ်။ ဒီဗွန်ရဲ့နေရာအနှံ့ ရောက်ခဲ့ကြတယ်။ ငယ်ငယ်တုန်းက ကစားကြရင် ကောင်းဘွိုင်တွေနဲ့ ရက်ဒ် အင်ဒီယန်း လုပ်တမ်းကစားကြတယ်။ အဲဒီ လိုကစားကြတိုင်း ကျွန်တော့်ကိုပဲ သေနတ်ပစ်ခံရတဲ့ ရက်ဒ်အင်ဒီးယန်းလုပ်ခိုင်းကြတယ်။ မြင်းပေါ်က လိမ့်ကျဟန်လုပ်ရသေးတာ။ ကျွန်တော်ကြီးလာ တော့ ရုပ်ရှင်ထဲက ကောင်းဘွိုင်တွေကို သဘောကျတယ်။ မြင်းစီးရင်း သစ်ကိုင်းခပ်နိမ့်နိမ့်ကို ဆွဲကျန်ရစ်တာတို့၊ ပြီးတော့ အဲဒါထက်ခက်တဲ့အလုပ်က ပြေးလာတဲ့မြင်းကျောပေါ်ကို သစ်ပင်ပေါ် ကနေ ခုန်ချပြီး စီးတာတို့ လုပ်တတ်တယ်။ ဒါတွေလုပ်ဖြစ်အောင် အားပေးခဲ့ကြတာကတော့ ကျွန်တော့်အစ်မနဲ့ ညီမပဲပေါ့။
ဒါကြောင့် မြင်းတစ်ကောင်ကို စီးနိုင်ဖို့အတွက် လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်အ၀ရရှိအောင် တည်ဆောက်ယူရတဲ့အကြောင်း ဒိုင်ယာနာကို ရှင်းပြရပါ တယ်။ တကယ်တော့ မြင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီးတတ်ပြီဆိုတော့မှ နည်းစနစ်မှန်အောင် ဖြည်းဖြည်းလေ့ကျင့်ယူသင့်ပါတယ်။ မြင်းစီးသင်ထားတဲ့ နည်းပြတော်တော်များများက မြင်းစီးသင် ချင်တဲ့သူတွေကို စကတည်းက နည်းစနစ်တွေနဲ့ ပုံသေကားကျ သင်တတ်ပါတယ်။ အဲဒီ လိုသင်ခြင်း က လူတချို့ကို လိမ့်ကျစေတတ်တာပါပဲ။
သူနဲ့ ကျွန်တော် အကြိမ်တော်တော်များများ စီးဖြစ်သွားတော့ ဒိုင်ယာနာက မြင်းစီးဖို့ သတ္တိ မွေးချင်တာထက် လူတစ်ယောက်အနေနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ဓာတ်မွေးဖွားဖို့ လိုနေတာ ဖြစ်တယ်ဆိုတာ သိလာခဲ့ပါတယ်။ ကလေးဘ၀ မြင်းပေါ်က လိမ့်ကျပြီးကတည်းက ဘယ်သူကမှ သူ့ကိုသတ္တိပြန်မွေးဖို့ အားပေးအားမြှောက် မလုပ်ခဲ့တာကြောင့် မြင်းပြန်မစီးဖြစ်တော့ဘဲ ရေကူးနဲ့ တင်းနစ်ရိုက်တဲ့ဘက် အာရုံရောက်သွားခဲ့တယ်လို့ ဆိုတယ်။ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက် တွေမှာ ဆဲန်ဒရင်ဟမ်ကိုသွားရင် သူများတွေ မြင်းစီးတာမြင်ရတိုင်း အားကျခဲ့သတဲ့။ ကျွန်တော်တို့ နှစ်ယောက်သား စကားတပြောပြောနဲ့ မြင်းစီးကြတဲ့အခါများမှာ ကျွန်တော်က ယူနီဖောင်းမဝတ်ဘဲ သာမန်အရပ်သားတစ်ယောက်လိုသာ ဝတ်ဆင်လေ့ရှိပြီး ဒိုင်ယာနာကိုတော့ မြင်းစီးတိုင်း ဦးထုပ် အမာတစ်လုံး ဆောင်းစေပါတယ်။ ဒီလို ဦးထုပ်ဆောင်းထားခြင်းအားဖြင့် ရုတ်တရက်သူ့ကို မမှတ် မိကြစေချင်တာလည်း ပါပါတယ်။ ဒါပေမယ့် လုံး၀ကြီး မမှတ်မိစရာအကြောင်းတော့ မရှိပါဘူး။ တစ်မနက်မှာ ကျွန်တော်တို့ မြင်းစီးထွက်ကြတော့ အိုင်းရစ်ရှ်တပ်ဖွဲ့ရဲ့ ဗိုလ်မှူးကြီး လူဇင်ဘတ်ခ် မြို့စားကြီးအနားက ဖြတ်သွားပါတယ်။ မြို့စားကြီးခမျာ ဒိုင်ယာနာမှန်းသိရတော့ အလန့်တကြား ဆလုရိုက်ပြီး ကျန်ရစ်ခဲ့တယ်။
တစ်ခါတုန်းကလည်း ၁၉၈၂ ခုနစ် ဇူလိုင်လအတွင်းက IRA များရဲ့ လုပ်ကြံမှုကြောင်း ရဲဘော်လေးဦးနဲ့ မြင်းခုနစ်ကောင်တို့ ကျဆုံးခဲ့တဲ့နေရာကို ဖြတ်လာခဲ့ကြတယ်။ ဒိုင်ယာနာက အဲဒီ ရဲဘော် လေးယောက်ကို ကျွန်တော် သိသလားလို့မေးတယ်။ ဒါနဲ့ ကျွန်တော်က ပြောပြရတယ်။ ကျဆုံးသွားတဲ့ ဗိုလ်အန်သိုနီဒယ်လီဆိုရင် အိမ်ထောင်ကျခါစဖြစ်တဲ့အကြောင်း၊ အဲဒီ နေ့က သူ့ဂျူတီမဟုတ်ဘဲ မင်္ဂလာဆောင်သွားစရာရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ဂျူတီကို ဝင်ရောက် ထမ်းဆောင်ပေးစဉ် ကျဆုံးခဲ့တာဖြစ်ကြောင်းပေါ့။ ဒီအကြောင်းပြောပြပြီးတော့ ဒိုင်ယာနာငြိမ်သွား တယ်။ ဘားတိုက်ကို ပြန်ရောက်တဲ့အထိ စကားမဆိုတော့ဘဲ သူ့အတွေးနဲ့သူ ရှိနေခဲ့ပါတယ်။
ပါ့ခ်လိန်းနဲ့ အနီးဆုံးနေရာဖြစ်တဲ့ Rottne Row လမ်းဆုံမှာ အရက်မူးသမားတချို့ ရှိတတ်ပါ တယ်။ တစ်ခါတလေ ဒိုင်ယာနာက သူတို့အနားမှာ မြင်းကိုရပ်ပြီး စကားစမြည်ပြောတတ်တယ်။ အဲဒီ လိုအခါမျိုးမှာ ဒီလူတွေ ဒိုင်ယာနာမှန်းသိနေကြသလားလို့ ကျွန်တော်တွေးနေတတ်ပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတာ့ အဲဒီ အတွေးအတွက် အဖြေထွက်လာခဲ့ပါတယ်။ အဲဒီ အုပ်စုထဲက တစ်ယောက်က သူ အဲဒီ လိုစရိုက်ဆိုးတွေကို စွန့်ပစ်လိုက်ပြီး အခု လန်ဒန်မှာ ဆန်ပိုင်ရှင်တစ် ယောက်ဖြစ်နေကြောင်း၊ ဟိုတုန်းက ကျွန်တော်တို့နှစ်ယောက်နဲ့ စကားပြောခွင့်ရခဲ့တာကို အင်မ တန်ကျေးဇူးတင်ပါကြောင်း ကျွန်တော့်ဆီကို စာရေးလာလို့ပါပဲ။
ကျွန်တော်တို့နှစ်ယောက် ရင်းနှီးမှုက တစ်စထက်တစ်စ ပိုလာတယ်။ မြင်းစီးချိန်မှာသာ တွေ့ကြတာမဟုတ်တော့ဘဲ ပါတီတွေမှာပါ တွေ့ခွင့်ရလာလို့ပါပဲ။ တစ်ခါတုန်းက ဝက်စ်မိသားစု မြင်းစီးသူတွေစုဝေးတဲ့ ပါတီပွဲတစ်ခု ကျင်းပပေးတယ်။ တစ်ကြိမ်မှာလည်း ဒိုင်ယာနာက ကျွန်တော် နဲ့ ဆာခရစ္စတိုဖာအယ်ရီတို့ကို ကင်စတန်နန်းတော်မှာ နေ့လယ်စာလာစားဖို့ ဖိတ်ခဲ့တယ်။ သူ့အမေ ဖရန်စစ္စရှန်းကစ်ဒ်လည်း ရှိနေပါတယ်။ နောက်တော့ ဒိုင်ယာနာက ‘ကျွန်မအမေက ချောတယ်လို့ ရှင်မထင်ဘူးလား”လို့ ကျွန်တော့်ကို မေးခဲ့သေးတာပါ။
ရက်သတ္တပတ်တွေ တော်တော်များများ ကုန်ဆုံးလာခဲ့ပြီးချိန်မှာတော့ ဒိုင်ယာနာဟာ မြင်းစီး တတ်ချင်တာထက် ထွက်ပေါက်တစ်ခုရှာနေတယ်ဆိုတာ ထင်ရှားလာတယ်။ စကားပြောဖော်လို ချင်တယ်။ နောက်တစ်ကြိမ် မြင်းစီးဖို့ ချိန်တဲ့အနေနဲ့ ကျွန်တော့်ဆီကို ဖုန်းဆက်ရင် တစ်နာရီနီးပါး လောက် စကားပြောတတ်တယ်။ ဘာရယ်လို့ မယ်မယ်ရရ အကြောင်းမဟုတ်ပါဘူး။ အတင်း အဖျင်း စကားတွေက များပါတယ်။ သူ့အနေနဲ့ နေ့စဉ်နဲ့အမျှ အချိန်ဇယားအလိုက် ဆောင်ရွက်ရ မယ့် တာဝန်တွေက များတယ်မဟုတ်လား။ ဒီတော့ အားလပ်ချိန်မှာ စကားပြောဖော်ရှိချင်တာ ဓမ္မ တာပါပဲ။ သူ့ကိုယ်သူ လှောင်ချိုင့်ထဲမှာ ပိတ်မိနေတဲ့ ငှက်ကလေးတစ်ကောင်လိုမြင်ပြီး သာမန် အရပ်သားဘ၀မျိုးမှာ နေခွင့်မရတာ ကိုဘဲ တော်တော်ခံရခက်နေပုံရတယ်။ နှစ်ယောက်သား တွေ့ကြပြီဆိုရင် ကျွန်တော် ဘယ်ပါတီတွေ သွားသလဲ၊ ဘယ်သူနဲ့သွားသလဲ၊ ဘယ်သူတွေနဲ့ တွေ့သလဲ၊ ဘာတွေပြောကြသလဲကအစ အသေးစိတ်သိချင်တတ်ပါတယ်။ ကျွန်တော်တို့ အရပ် သားတွေနေသလို နေခွင့်မရတော့တဲ့အတွက် ကျွန်တော့်စကားတွေကတစ်ဆင့် အရပ်သားဘ၀မှာ သူနေကြည့်ခြင်းပါပဲ။
ကျွန်တော့်ရည်းစားတွေနဲ့ ပတ်သက်လို့လည်း သူသိချင်ပါတယ်။ အရင်တုန်းက ရည်းစား တွေအကြောင်း၊ လက်ရှိရည်းစားအကြောင်း၊ ဘာဖြစ်လို့ အိမ်ထောင်မပြုသေးတာလဲတို့ မေးတတ် တယ်။ ကျွန်တော်က တပ်မတော်မှာ အိမ်ထောင်တာဝန်မရှိတဲ့ လူပျိုလူလွတ်မျိုးကိုသာ ပိုလိုလား တဲ့အကြောင်း၊ ဒါမှ အားကစားပဲလုပ်လုပ်၊ တိုက်ပွဲပဲဝင်ဝင်၊ ဘယ်မှာပဲ တာဝန်ချချ၊ နောက်ဆံ တင်းစရာမလိုတဲ့အကြောင်း၊ ဒါကြောင့် ဗိုလ်ကြီးအဆင့်အောက်ဆိုရင် အိမ်ထောင်ပြုခွင့်မပေး ကြောင်း၊ ဗိုလ်ကြီးအဆင့်သည်ပင်လျှင် တပ်ကခွင့်ပြုတော့မှသာ အိမ်ထောင်ပြုခွင့်ရှိကြောင်း ရှင်းပြ ရတယ်။
‘ကျွန်မလက်ထပ်တော့ အသက်နှစ်ဆယ်ပဲ ရှိသေးတာ’တဲ့။
‘ဟုတ်ကဲ့ ကျွန်တော် သိပါတယ်’လို့ ပြောရတယ်။
ပြီးတော့ သူ့အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော် သိတာပါ ပဲ။ အဲဒီ အတွက်လည်း ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော့်အနေနဲ့ သူတို့နှစ်ယောက် ကို နေနဲ့လလို လိုက်ဖက်ညီတဲ့အတွဲအဖြစ် မြင်ထားတဲ့အတွက် နောက်ထပ် စိတ်မချမ်းသာစရာ တွေကို မကြားချင်တာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် စကားဝိုင်းမှာ ဒိုင်ယာနာက ဘယ်တော့မှ သူ့ယောက်ျားနာမည် ထည့်မပြောပါဘူး။ ‘သူ’ ဆိုတဲ့နာမ်စားသာ သုံးပါတယ်။ ဒီလောက်ချောမောလှပ ချစ်စရာကောင်းတဲ့ မိန်းကလေးက ခင်ပွန်းသည်အပေါ် စိတ်ကုန်နေတာ အံ့သြလောက်စရာပါပဲ။
ကျွန်တော့်ဘ၀ကို ပြန်ကြည့်ရင် တော်တော်ထူးခြားနေတာပဲ။ လူပျိုလူလွတ် တပ်မတော် အရာရှိတစ်ယောက်အနေနဲ့ အပျော်အပါးတွေ ပြည်စုံတဲ့ မြို့ကြီးတစ်မြို့မှာ တာဝန်ထမ်းဆောင်နေ ရတယ်။ ညဆိုရင် ပါတီတွေ၊ ညစာစားပွဲတွေ၊ ကပွဲတွေ ပြည့်လို့။ ကျွန်တော်တက်တဲ့ ညစာစားပွဲ တချို့မှာ လူတချို့က ဒိုင်ယာနာနဲ့ကျွန်တော် အတူတူမြင်းစီးနေကြတာကို သိထားကြတဲ့သူတွေပါ။ ဒီလူတွေက ရှေ့တင်တော့ ချီးကျူးစကားဆိုကြပြီး နောက်ကွယ်ကျတော့ တီးတိုးကောလာဟလ တွေ ပြောကြတာ ပတ်ဝန်းကျင်အကုန်လုံးက သိကြပြီး နောက်ဆုံးမှ ကျွန်တော်က သိရတယ်။ ကျွန်တော်ကတော့ ဒိုင်ယာနာအကြောင်း တွေးနေရတာ ကိုလည်း ဘယ်တော့မှရပ်မယ့်လူစား မဟုတ်ပါဘူး။
ရက်တွေရင့်လာလေ သူ့အပေါ်တွယ်တာမှုက များလာလေပါပဲ။ တစ်ကြိမ်တွေ့ဖို့ တစ်ပတ် လုံးစောင့်ရတယ်။ တွေ့ရတဲ့အခါမှာလည်း ပျော်ရွှင်မှုအပြည့်ရတာ ချည်းပါပဲ။ အဲဒီ လို နှစ်ယောက် သားတွေ့ရတဲ့အချိန်တွေဟာ နာရီပိုင်းသာရှိပေမယ့် သီခြားကမ္ဘာလေးထဲမှာ ပျော်နေရသလို ခံစား ရပါတယ်။ ပြီးရင် တစ်ပတ်လုံးလုံး မျှော်ရပြန်ရော။ ဒီကြားထဲမှာ ဖုန်းဆက်လာရင် သူ့စကားများ အရ သိရတာ ကတော့ သူလည်း ကျွန်တော့်လိုပဲ ခံစားရနေတယ်ဆိုတာပါပဲ။ ဒါကြောင့် တစ်ချိန် မဟုတ် တစ်ချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေအနေတွေဟာ ပြောင်းလဲလာကြတော့ မှာပဲဆိုတာ သိနေပါပြီ။
အမေနဲ့ကွဲနေတဲ့ ကျွန်တော့်အဖေ အငြိမ်းစားရေတပ်ဗိုလ်ကြီးက လန်ဒန်ကို ရောက်လာ တယ်။ သားအဖနှစ်ယောက် အဖေ အင်မတန်သဘောကျတဲ့ Fulham လမ်းက Jake စားသောက် ဆိုင်ကလေးမှာ ညစာသွားစားကြတယ်။ အဖေက ကျွန်တော် ဒိုင်ယာနာကို မြင်းစီးသင်ပေးနေမှန်း သိတော့ အခြေအနေဘယ်လိုရှိသလဲလို့ မေးလာတယ်။
‘အခြေအနေကတော့ အဖေရေ တစ်ခုခုဖြစ်ဖို့အတွက် ဦးတည်နေပြီ။ ကျွန်တော်ဘာလုပ် ရမလဲ’
အဖေ့ကို ကျွန်တော် ရင်ဖွင့်လိုက်မိတယ်။
‘သတိတော့ သိပ်ထားရလိမ့်မယ်’
အဖေက သူ့စကားဖြတ်ထားပြီး ကျွန်တော့်ကိုကြည့်နေတယ်။ ပြီးတော့မှ ‘နေစမ်းပါဦး၊ မင်းက သူ့ကို ချစ်နေပြီလား’တဲ့။
ကျွန်တော် ဘာမှမပြောနိုင်ဘဲ ငြိမ်နေမိတယ်။ ကျွန်တော်တို့သားအဖနှစ်ယောက်ကြားမှာ ခုလို ပုဂ္ဂိုလ်ရေးမျိုး ပွင့်ပွင့်လင်းလင်း တစ်ခါမှ မဆွေးနွေးခဲ့ကြဖူးပါဘူး။ အဖေ့မေးခွန်းကို ကျွန်တော် တိုက်ရိုက်မဖြေနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ အဖြေကို တိတိကျကျ မသိသေးလို့ပါပဲ’
‘သူ့အနားမှာ ကျွန်တော်ရှိနေဖို့ လိုအပ်နေတယ် အဖေ’လို့ပဲ ကျွန်တော် ဖြေလိုက်ပါတယ်။ ကျွန်တော်သိတာကလည်း ဒါပဲလေ။
နွေဦးပေါက်ရာသီကုန်ဆုံးချိန်မှာ ကျွန်တော် မြင်းတပ်မှာ တာဝန်ထမ်းဆေင်ချိန် စေ့သွားပြီး အစမ်းခန့်ဗိုလ်မှူးအဖြစ် ဝင်ဆာမှာရှိတဲ့ ဌာနချုပ်ကို ရွှေ့ပြောင်းဖို့ အမိန့်ထွက်လာပါတယ်။ ကျွန်တော် ထမ်းဆောင်ရမယ့်တပ်ရင်းနဲ့ တာဝန်က ဘယ်အချိန်မဆို ဘယ်နေရာမဆို ရှိနေတဲ့ ဗြိတိန်နိုင်ငံသားများကို ကယ်ဆယ်ရမယ့်တာဝန်ပါ။ ပြီးတော့ ရေခြားမြေခြားက ကျူးကျော်လာရင် ကိုယ့်မြေပေါ်ကနေ တိုက်ထုတ်မောင်းနှင်ဖို့တာဝန်လည်း ရှိပါတယ်။
ဝင်ဆာကို ပြောင်းရတော့မယ့် အကြောင်း ဒိုင်ယာနာကို ပြောပြလိုက်တော့ ပထမ သူတော် တော်စိတ်ပျက်သွားပါသေးတယ်။ ဒါပေမယ့် M4 လမ်းမကြီးကနေ ကားနဲ့လာရင် နာရီဝက်သာ မောင်းရမယ့်အကြောင်း ပြောပြလိုက်တော့မှ ကြည်သာသွားပါတယ်။ သူကိုယ်တိုင် ဂွာဂျာကား အစိမ်းကလေးကိုမောင်းပြီး သက်တော်စောင့်စုံထောက်တစ်ယောက်နဲ့အတူ လာရောက်တဲ့ အတွက် မြင်းဆက်စီးခွင့်ရခဲ့ပါတယ်။ ဒီကြားထဲမှာ ကျွန်တော်က လေထီးခုန်သင်တန်း တက်ရတဲ့ အတွက် မြင်းမစီးရတဲ့ကာလတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်အဝေးရောက်နေချိန်မှာ သူနဲ့ အဆက်အသွယ်မပြတ် ဆက်သွယ်လို့ရအောင် မိုဘိုင်းလ်ဖုန်းတစ်လုံး ကျွန်တော့်ကို ပေးထားပါ တယ်။
မြင်းကြီးဂယ်ရီကိုလည်း ကျွန်တော်နဲ့ပဲ ရွှေ့ပြောင်းခဲ့တာမို့ ကျွန်တော်တို့နှစ်ယောက်ခုဆိုရင် ဝင်ဆာဥယျာဉ်ကြီးထဲမှာ စီးခွင့်ရနေကြပါတယ်။ ဒီဥယျာဉ်ထဲမှာ ကျွန်တော်တို့ သွားချင်တဲ့နေရာ သွားခွင့်ရတယ်။ တကယ်တော့ ဒီဥယျာဉ်ကြီးဟာ သာမန်အရပ်သားများဝင်ခွင့်ရဖို့ အင်မတန် ခဲယဉ်းတဲ့နေရာပါ။ ဘုရင်မကြီးရဲ့ စီးတော်ယာဉ်ဖြစ်တဲ့ မြင်းရထားသာ ဖြတ်သန်းသွားလာခွင့်ရှိတဲ့ နေရာတွေကိုတောင် ကျွန်တော်တို့နှစ်ယောက် စီးခဲ့ကြပါတယ်။
ရင်းနှီးသည်ထက် ရင်းနှီးလာတော့ ဒိုင်ယာနာက သူ့ဒုက္ခတွေကို ရင်ဖွင့်လာပါတယ်။ သူခံစားနေရတဲ့ Bulimia ဆိုတဲ့ ရောဂါအကြောင်း ပြောပြတော့ ကျွန်တော့်မှာ ယုံတောင်မယုံနိုင် ပါဘူး။ ဒီနာမည်ကိုလည်း ခုမှပဲ ကြားဖူးတာလေ။ အဲဒီ ရောဂါက ဘာကြောင့် ဖြစ်ရတာ လဲလို့ ကျွန်တော်က မေးတော့ ‘စိတ်မချမ်းသာမှုကြောင့်ပေါ့’လို့ သူက ဖြေပါတယ်။ ကျွန်တော်က မင်းသမီးကိုကြည့်ရတာ တစ်ခါမှ စိတ်မချမ်းမသာဖြစ်နေတဲ့ပုံ မပေါ်ပါဘူးလို့ ထောက်ပြတော့ သူက ဟောဒီမြင်းကြီးဂယ်ရီကို စီးနေရတဲ့အချိန်ဆိုရင် သူအမြဲပျော်နေတာပဲတဲ့။ သူ့စကားက ဘာကို ရည်ရွယ်တယ်ဆိုတာ ကျွန်တော်သိပေမယ့် မယုံရဲခဲ့ပါဘူး။
တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက် အရာရှိစားမြိန်ရိပ်သာမှာ နေ့လယ်စာ သွားစား တတ်ကြပါတယ်။ အဲဒီ အခါမျိုးမှာ စားမြိန်ရိပ်သာတစ်ခုလုံးက ဒိုင်ယာနာကို စိတ်ဝင်စားကြတာ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဒိုင်ယာနာက အိမ်ရှေ့မိဖုရားလို နေတာမဟုတ်ဘဲ အားလုံးနဲ့ ရောရောနှောနှော ပျော်ပျော်ပါးပါး နေတတ်တဲ့သူပါ။ ကျွန်တော်တို့ ရိပ်သာတစ်ခုလုံး ကလည်း သူနဲ့ရင်းနှီးခင်မင်နေကြတော့ သူဘာပဲပြောပြော ဘယ်လိုပဲနေနေ တစ်စွန်းတစ်စမှ အပြင်ကို မပေါက်ကြားစေခဲ့အတွက် ဒီအကြောင်းတွေ သတင်းစာတွေထဲမှာ မပါခဲ့တာပါ။
နေဖန်များလာတော့ တစ်ခါတလေမှာ အားလုံးက ရှောင်သွားကြတယ်။ ရိပ်သာတံခါးတွေပါ ပိတ်ထားလိုက်ကြတဲ့အတွက် ကျွန်တော်တို့နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြောခွင့် ရပါတယ်။ တစ်ခါတလေမှာသာ စားဖိုမှူးက တံခါးခေါက်ပြီး နောက်ထပ်ကော်ဖီကရား လာပို့ပေး တာတို့၊ ဒု-ဗိုလ်မှူးကြီး ဂျိမ်းစ်အာလီက သူကိုယ်တိုင် လက်ဖက်ရည်ပွဲ လာခဲ့မယ်လို့ အပြောခိုင်း တတ်တာတွေ ရှိပါတယ်။ အဲဒါတွေကလွဲရင် အံ့သြစရာကောင်းလောက်အောင် ကျွန်တော်တို့နှစ် ယောက်တည်းသာ လွတ်လွတ်လပ်လပ် နေခွင့်ရခဲ့တဲ့ ကာလတွေပါ။ ဒါကို ဒိုင်ယာနာလည်း သိပါ တယ်။
ဆောင်းတစ်နေ့ခင်းမှာ ဒိုင်ယာနာနဲ့ကျွန်တော် နှစ်ယောက်တည်း စားမြိန်ရိပ်သာထဲမှာ ရှိနေကြပြီး ချက်စ်တာဖီလ်ဆိုဖာကြီးပေါ်မှာ ထိုုင်နေကြပါတယ်။ စောစောက နေ့လယ်စာ စားနေ ကြတုန်းက နှုတ်သွက်လျှာသွက်ရှိခဲ့တဲ့ ဒိုင်ယာနာ ခုတော့ တစ်စုံတစ်ခုကို တွေးနေဟန်နဲ့ ငြိမ်နေ ပါတယ်။ တစ်ယောက်တည်း အထီးကျန်နေရတဲ့ နန်းတော်ထဲ သူမပြန်ချင်တာလည်း ပါမှာပေါ့။ တကယ်တော့ သူမှာ ခံစားနေရတဲ့ စိတ်သောကတွေကို သိနားလည်စွာ နားထောင်ပေးမယ့်သူ တစ်ယောက်လိုအပ်နေတာ သေချာလှပါတယ်။ ကျွန်တော်က ဘာဖြစ်လို့ ငြိမ်နေတာလဲလို့ မေးလိုက်တော့ သူက သူ့ခင်ပွန်းနဲ့ အိမ်ထောင်ရေးအခြေအေနေတွေဟာ ဆိုးသည်ထက်ဆိုးလာပြီ ဆိုတဲ့အကြောင်း၊ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အချစ်မပါဘဲ တည်ဆောက်ခဲ့ကြတာ ဖြစ်တဲ့အတွက် မကြာခင်ပြိုကွဲတော့မယ်လို့ထင်ကြောင်းတွေ ရင်ဖွင့်ပါတော့တယ်။
သူ့စကားအဆုံးမှာ ကျွန်တော် ရုတ်တရက် ပြောဖြစ်လိုက်တဲ့စကားကို ကျွန်တော်ခုထက်ထိ မှတ်မိနေပါသေးတယ်။ ‘အဲဒီ လို ပြိုကွဲသွားရင် ဘုရင်စနစ်အတွက် ဒုက္ခပေါ့’လို့ ကျွန်တော့်စိတ်ရင်း အတိုင်း ပြောလိုက်တာပါ။ သူတို့နှစ်ယောက်စလုံးအတွက်လည်း စိတ်ထဲမှာ မကောင်းပါဘူး။ အထူးသဖြင့်တော့ သူ့ကို ပျော်စေချင်တယ်လေ။
ဒီတော့ ဒိုင်ယာနာက သူ့အနေနဲ့ အကြီးမားဆုုံးပြဿနာက ဘယ်သူမှ သူ့ဘက်မှာ မရှိခြင်း ပါပဲ။ နန်းတော်တစ်ခုလုံး သူ့ကို ဆန့်ကျင်နေကြတဲ့အတွက် သူ့အနေနဲ့ ဘယ်သူ့ကိုမှီခိုအားထားရ မယ်ဆိုတာ မသိတော့ပါဘူးတဲ့။
ကျွန်တော့်ကို ယုံကြည်အားထားနိုင်ပါတယ်လို့ ပြောလိုက်မိတယ်။ ဒိုင်ယာနာက ရုတ်တ ရက် ကျွန်တော့်ဘက်လှည့်လာပြီး လက်ကိုဆွဲကိုင်လိုက်ပါတယ်။ အဲဒီ နောက်မှာတော့ အဖြစ် အပျက်တွေက ရေကာတာတစ်ခု ကျိုးပေါက်သွားသလို မြန်ဆန်လှပါတယ်။ မျက်ရည်ကြည်တွေ ပြည့်နေတဲ့ သူ့မျက်ဝန်းလှလှတွေနဲ့ ကျွန်တော့်ကို စူးစိုက်ကြည့်ရင်း ခါတိုင်းအပြောင်အပျက် စကား တွေပြောနေတဲ့ နှုတ်ခမ်းနှစ်လွှာက တိုးတိုးငြင်သာ စကားဆိုလာပါတယ်။
‘ကျွန်မ မောင့်ကို လိုအပ်ပါတယ်။ မောင်က ကျွန်မကို ခွန်အားတွေပေးတယ်။ မောင်နဲ့ ဝေးနေရင် ကျွန်မ ရပ်တည်လို့မရနိုင်ဘူး။ ကျွန်မ မောင်နဲ့ပဲ နေချင်တယ်။ ကျွန်မ မောင့်ကို ချစ်မိ နေပါပြီ’
စကားအဆုံးမှာ ဒိုင်ယာနာက ကိုယ်ကို ကျွန်တော့်ရှေ့ ကိုင်းညွတ်လာပြီး ကျွန်တော့်ကို နမ်းပါတော့တယ်။
*******
![]() ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူနှင့် စာပေလူကြမ်း မင်းသား | ![]() နန်းကျဘုရင် | ![]() အထီးကျန်ည |