Cover

အခန်း (၁)

ဖျားနေသော နှင်းဆီ (သို့ မဟုတ်) ကြယ်စင်လင်း

အဆောင်သို့ ယူဆောင်သွားမည့်  သေတ္တာလေးနှင့် အိပ်ယာလိပ်ထည့်ရန် ၀ယ်ထားသော မြွေရေခွံအိတ်ကို အိမ်ရှေ့ကြမ်းပြင်တွင် ချထားသည်မှာ လေးရက်ခန့်ပင် ရှိနေပြီ။ သူမတို့အိမ်ရှိ အသစ်ဆုံး တစ်ယောက် အိပ် ခြင်ထောင်လေးကို တန်းမှာ ရုတ်၍ စနစ်တကျခေါက်ပြီး မြွေရေခွံအိတ်ထဲ ထည့်နေသည်ကိုလည်း အမေသတိမမူမိပါ။ သူမသိပ်ဖွက်ထားသည့် ဖျာလိပ်အသစ်လေးကို စနစ်တကျခေါက်ပြီး မြွေရေခွံအိတ်ထဲသို့ ထည့်ပြီးကာမှ အိတ်၏ အောက်ခြေမှ ဖြန့်ခင်းထားသည့် ခြင်ထောင်ကို ပြန်ထုတ်ကာ ဖျာလိပ်ခေါက်လေးကို အောက်ဆုံး၌ ပြန်ထည့်မိပြန်သည်။ ထို့နောက် …..စောင်….။ အိမ်မှာ ရှိသော စောင်များ ထဲက အသစ်ဆုံးကို ရွေးချယ်မိပြန်သည်။

သည်နေ့မှ ထူးထူးခြားခြား အိမ်တွင် မြဲနေသော အမေ့ကို တစေ့တစောင်းကြည့်ကာ အကဲခတ်မိသည်။ အမေက စာအုပ်တစ်အုပ်၊ ဘောလ်ပင်တစ်ချောင်းတို့ဖြင့် အလုပ်ရှုပ်နေသော ကြောင့် သူမ ပြင်ဆင်နေသည်များ ကို သတိမထားအပ်ပေ။ သူမကလည်း အမေ၏ စိတ်ဝင်စားမှု ကို ရချင်ခဲ့သော ကြောင့် အချိန်ဆွဲပြီး လုပ်နေခဲ့သော်လည်း နှုတ်မှ တိုက်ရိုက် ဖွင့်မပြောခဲ့။

“အမေ…သမီးတို့ စက်ရုံပိတ်တာ (၂)ပတ်ပြည့်ပြီ’

‘အေးလေ…ဘာ ဖြစ်သလဲ’

သူမအပေါ် အမေ၏ စိတ်ဝင်စားမှု မှာ သာမန်အဆင့်ထက် လျော့နည်းနေသည်ဟု ခံစားမိလိုက်သော ကြောင့် မျက်ရည်များ ၀ဲ၍ ၀မ်းနည်းလာကာ စကားစကို ရပ်ပစ်လိုက်တော့သည်။ ဖျာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတို့ကို ထည့်ပြီးသော အခါ မြွေရေခွံအိတ်မှ ဇစ်ကို ဆွဲပိတ်လိုက်သည်။ ထို့နောက် သေတ္တာလေးကို ဖွင့်ပြီး မစီရသော (ညီညာအောင် မစီရသေးသည့်) မီးပူတိုက်ပြီးသား အ၀တ်များ ကို အကုန်ပြန်ထုတ်ပြီး ပြန်စီ၍ ထည့်နေလိုက်တော့သည်။ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေသည့် အမေ့ကိုကြည့်ပြီး ၀မ်းနည်းသည့် ခံစားချက်များ အပြင် နာကျင်မှု များ ကလည်း ရှိလာတော့သည်။ အမေ့ကို ငေးကြည့်ရင်း သူမရင်ထဲတွင် ငိုချင်သလိုလို ရယ်ချင်သလိုလို ဖြစ်လာသည်အထိလည်း ခံစားနေရတော့သည်။

စက်ရုံမပိတ်ခင် တစ်လအလိုကတည်းက စက်ရုံပိတ်တော့မည် ကို ကြိုသိခွင့်ရခဲ့သည်။ ကြိုသိသိချင်း အမေ့ကို ပြောပြခဲ့တုန်းကလည်း ‘အေးလေး…..ဘာ ဖြစ်လဲ’ ဆိုသည့် စကားပြန်သာ ရခဲ့သည်။ သူမ ဖြည့်ဆည်းနေသည့် မီးဖိုချောင်စရိတ်အတွက် သူမမှာ အလုပ်ရှိဖို့ လိုအပ်ခဲ့ပါသည်။ သူမ ဖြည့်ဆည်းခဲ့သည်မှာ (၂)နှစ် ပင် ကျော်လာခဲ့သော်လည်း အမေ၏ အသိအမှတ်ပြုမှု တစ်စုံတစ်ရာ မရရှိခဲ့ဖူးပါ။

သူမကို ကြည့်နေသည့် ညီမလေး နှစ် ယောက် ၏ မျက်လုံးအစုံမှာ ၀မ်းနည်းအားငယ်မှု များ မြင်တွေ့ နေရသော်လည်း အစ်မကြီး၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များ ကို ငြင်းဆန်ခြင်း မရှိကြပေ။ သူတို့ ယုံကြည်အားကိုးနေမှု ကိုလည်း ပါးစပ်မှ ထုတ်ဖော်မပြောဘဲ မျက်နှာပြင် ခံစားချက်ဖြင့် သာ ပြသနေခြင်း ဖြစ်သည်။

‘မနက်ဖြန် ကျတော့ မနက်(၈)နာရီလောက် ထွက်ပေါ့။ အဆောင်မှာ နေရာချရမှာ ၊ ခြင်ထောင်ချည်ဖို့ ကြိုးတွေ ဘာတွေ ယူသွား၊ အန်တီ ဘာတွေ အလုပ်ရှုပ်နေတာလဲ’

ကြယ်စင်လင်းကို စကားလှမ်းပြောနေသည့် မေညို့အသံကို မကြားနိုင်အောင် အလုပ်ရှုပ်နေသဖြင့် မေညိုကပင် ကြယ်စင်အမေကို နှုတ်ဆက်လိုက်ခြင်း ဖြစ်တော့သည်။

“သြော်…အေး ….အေး…..မေညိုပါလား၊ ဘယ်က လှည့်လာတာလဲ။”

“မနက်ဖြန် မနက် ကြယ်စင် အဆောင်သွားတော့မယ် ဆိုတော့ ဘာတွေ ပြင်ဆင်ပြီးပြီလဲ လာကြည့်တာပါ”

“ဟယ်…..ငါလည်း ဘာမှ မသိရပါလား မိကြယ်စင်…ညည်း ဘာတွေ လျှောက်လုပ်နေတာလဲ၊ ငါ့ကိုလည်း ဘာမှ မတိုင်ပင်ဘူး၊ အေးပေါ့…ညည်း အားမကိုးလောက်တဲ့ အမေ တစ်ယောက် ဖြစ်နေတော့လည်း တိုင်ပင်စရာလည်း မလိုဘူး၊ အကြံဥာဏ်တောင်းစရာလည်း မလိုဘူးပေါ့”

ထို့စကားကြောင့် ကြယ်စင်ပို၍ ၀မ်းနည်းသွားရသည်။ အားမကိုးလောက်လို့ မတိုင်ပင်တာလား၊ သမီး(၃)ယောက် ဘာ ဖြစ်နေမှန်း မသိအောင် ဂဏန်းနောက်လိုက်၊ ထိုဂဏန်းထိုးဖို့ အတွက် ငွေရှာရင်း အချိန်ကုန်ကာ အိမ်မှာ မရှိသော ကြောင့် မတိုင်ပင် ဖြစ်တာလား ဆိုတာကို ကြယ်စင်တင်မက ထိုလမ်းလေးထဲရှိ လူတိုင်း သိနေကြသည်။ ထို့ကြောင့် လည်း အမေ့စကားကို ဘာမျှမတုံ့ပြန်ခဲ့တော့ပေ။

တနင်္လာနေ့ အလုပ်ဆင်းရတော့မှာ အန်တီရဲ့ ၊ အဲဒီ အလုပ်က မေညိုအရင်ကလုပ်ခဲ့တဲ့ အလုပ်ပါ။ ကြယ်စင်က အလုပ်မရှိလို့ မ ဖြစ်ဘူးဆိုတာနဲ့ မေညိုပြောပေးလို့ရတာ ၊ အဲဒီ အလုပ်က အဆောင်မှာ နေမှလည်း အဆင်ပြေမှာ ဆိုတော့ မေညိုနေခဲ့တဲ့ အဆောင်မှာ ပဲနေဖို့ ငှားထားပေးတယ် အန်တီက လိမ္မာတော့ အစစအရာရာ ထိန်းသိမ်းနိုင်မှာ ပါ အန်တီ။ အဲဒီ အလုပ်က အသားကျသွားရင် ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ ကိုယ့်ပစ္စည်းရောင်းရရော အန်တီရဲ့ ၊ စက်ရုံမှာ အလုပ်လုပ်တာနဲ့ တစ်ခြားစီပါပဲ…

အဆောင်နေမည် ဆိုသည့်အတွက် အမေက သိပ်ကြည်ဖြူပုံမရချေ။ သို့ သော် မေညို တစ်ယောက် ထိုဆေးကုမ္ပဏီမှာ (၄)နှစ် ခန့် အလုပ်လုပ်ပြီးသော အခါ အိမ်၌ ဆေးဆိုင် သေးသေးလေး ဖွင့်နိုင်ခဲ့ရာမှ ယခုဆိုလျှင် လူစည်ကားသော ရပ်ကွက်၌ အခန်းငှားပြီး အလတ်စားဆေးဆိုင်လေး ဖွင့်နိုင်ပြီ ဖြစ်သည်။ အမေ့မှာ ငွေရေး ကြေးရေး အကျပ်အတည်းကြုံတိုင်း မေညိုက ထုတ်ပေးတက်သဖြင့် မေညိုကိုတော့ အမေ မလွန်ဆန်နိုင်ဝံ့ပါ။

ထိုငွေများ ကို ကြယ်စင်ကပင် အရစ်ကျ ဆပ်ခဲ့ရသည်ကိုတော့ အမေ မသိဟန်ဆောင်နေတက်သည်။

“နေဖို့ ကတော့ ဟုတ်ပါပြီ၊ စားဖို့ကကော အဆင်ပြေပါ့မလား။”

အမေ၏ ပထမဆုံးအကြိမ် သူမအတွက် တွေးပေးသော စကားကြောင့် သူမရင်ထဲ ကြည်နူးသွားရလေတော့သည်။ ထိုအချိန်ကျမှ အမေနှင့် အတူ ညီမလေးနှစ် ယောက် အား ထားခဲ့ရမည် ကို နောက်ဆံတင်းသလို ဖြစ်သွားရတော့သည်။

“အဆောင်ရှေ့မှာ ထမင်းဆိုင်ရှိတယ်။ အဲဒီ ဆိုင်က သန့်လည်း သန့်ရှင်းတယ်။ ဈေးလည်း သက်သာတယ်၊ ဟင်းချက်လည်းကောင်းတယ်၊ ဆိုင်ရှင် အန်တီကြီးက အရမ်းသဘောကောင်းတယ်”

မေညိုစကားကို နားထောင်ပြီး အမေတွေ ဝေနေသည်ကို တွေ့ လိုက်ရသည်။

“စက်ရုံက ရတဲ့လျော်ကြေးနဲ့ ဆန်နဲ့ဆီတော့ ၀ယ်ထားပေးတယ် အမေ၊ အလတ်မကိုလည်း တစ်သော င်းပေးထားတယ်၊ လကုန်မှာ ပဲ ပိုက်ဆံပို့နိုင်မှာ ဆိုတော့…”

ပြောရင်းအမေကိုကြည့်လိုက်သော အခါ အမေ့မျက်ဝန်းထဲ ဖျတ်ခနဲ လင်းသွားသော အရိပ်ကိုတွေ့ လိုက်ရသည်။ ထို့ကြောင့် ပင် သဘောပေါက်စွာ …..

“အမေရယ်၊ ကလေးတွေ ဆီက ပိုက်ဆံကိုတော့ ယူမသုံးပါနဲ့ဦး သမီးကလည်း မရှိ၊ ပိုက်ဆံကလည်း မရှိဆိုရင် သူတို့ ပိုအားငယ်လိမ့်မယ်၊ သြော်..မေ့တော့မလို့၊ အမေ့မှာ သိပ်အကျပ်အတည်း ဖြစ်ရင်ဒါလေးကိုပေါင်သုံးနော်”

ဈေးထဲက ရွှေဆိုင်မှာ အရစ်ကျ ၀ယ်ခဲ့ရသော ရွှေလက်စွပ်လေးကို ချွတ်ပေးလိုက် သည်။ ကြယ်စင်ပေးနေသည်ကို လှမ်းမယူပဲ တွေ တွေ ကြီး ငြိမ်သက်နေတော့သည်။ ချဲ့ထိုးတာ သမီး မတားချင်ပါဘူး ဒါပေမဲ့ ဂဏန်းရဖို့ အတွက်နဲ့ ညအိပ်ညနေတော့ လျှောက်မသွားနဲ့တော့နော်။ ညီမလေးအတွက် စိတ်ပူရသလို အမေအတွက်လည်း စိတ်ပူရတာ ပဲ။ အမေ့အိမ်ပြန်ပြီး စက်ချုပ်နေတာကို တွေ့ ရင် လာအပ်မယ့်သူတွေ အများ ကြီးပါ အမေရဲ့ ၊ ဒီအထည်စကို တွေ့ နေတာ တစ်လလောက်ရှိနေပြီ၊ အမေချုပ်ရင် တစ်ရက်နှစ် ရက်နဲ့ ပြီးသွားမှာ ၊ အခုထိ မချုပ်ရသေးဘူး။

အမေစိတ်ဆိုးစွာ ဖြင့် မျက်နှာလွှဲသွားတော့သည်။

“အဲဒီ အထည် လာရွေးရင် ၁၀၀၀ပဲ ရမှာ ဟဲ့။ ဟိုက သော င်းကျော် ရမှာ ”

ခါတိုင်းကဲ့သို့ ပင် ကြယ်စင် လက်လျော့လိုက်ရတော့သည်။ ၂ခါ ၃ခါခန့် အချီကြီး

ပေါက်ဖူးခဲ့ပြီး ဒါးစက်၊ ဘီတင်စက်၊ ကာရာအိုကေများ ပင် ၀ယ်ယူနိုင်ခဲ့သည်ကို မေ့ပုံမရ။ သို့ သော် (၄-၅)လ အတွင်းမှာ ဖြည်းဖြည်းချင်း ပြန်လျော့သွားခြင်းကိုတော့ မေ့လျော့ထားပုံရသည်။

“နေပါဦး…မနက်ကျရင် ဘယ်အချိန်သွားမှာ လဲ”

“၈နာရီ၊ ၉နာရီလောက် သွား ဖြစ်လိမ့်မယ်၊ လင်းထက်ကို လိုက်ပို့ပေးဖို့ မှာ ထားတယ်”

“ညည်းက ကြိုမပြောဘူး၊ ငါက မနက်၎နာရီ ပဲခူးသွားမလို့ ချိန်းထားပြီးပြီ၊ နေ့လယ်လောက်မှ ပြန်ရောက်လိမ့်မယ်၊ ညည်းလည်း ညည်းစီစဉ်ထားတဲ့အတိုင်း သွားပါ။ ညည်းက သူဌေးမကြီး ဖြစ်ချင်တဲ့ သူပဲ။ ငါတို့ ကတော့ ဆင်းရဲတယ်၊ ညည်းမျက်နှာငယ်တာလည်း သိပါတယ်။ ငါ့ကြောင့် အထင်သေးခံနေရတာ လည်း သိပါတယ်”

မေညို ဘယ်အချိန်ထွက်သွားမှန်းပင် မသိတော့။ သူ့အပြစ်ကို ကာကွယ်ဖို့အတွက် ကြယ်စင်အပေါ် စွပ်စွဲရခြင်းများ ပြစ်တင်ရခြင်းများ တစ်နေ့တစ်ခြား ပိုပြင်းထန်လာတော့သည်။

“ဒီတစ်ခါတော့ သမီးကို ခွင့်လွှတ်ပါ အမေရယ်၊ အမေ ဒီလက်စွပ်လေးတော့ သိမ်းထားနော်၊ သမီးလုပ်ထားတာ ၀တ်ချင်လို့ မဟုတ်ပါဘူး။ အရေး အကြောင့်းရှိရင် သုံးဖို့ပါ”

“မယူပါဘူး၊ မယူပါဘူး၊ ငါတို့မှာ အရေး အကြောင်းကိစ္စလည်း မရှိနိုင်ပါဘူး ကိစ္စလည်း မရှိနိုင်ပါဘူး၊ ညည်းအတွက် လိုအပ်လို့ လုပ်ထားတာပဲ”

“အားလုံးအတွက်ပါ အမေရယ် ရုတ်တရက် ဆေးရုံတက်တာ၊ ဆေးခန်းပြရတာ မျိုး ဖြစ်လာခဲ့ရင်ဆိုတာ…တွေးမိလို့ လုပ်ခဲ့တာပါ”

“ဖွဟဲ့…လွဲပါစေ၊ ဖယ်ပါစေ…နမိတ်မရှိ နမာမရှိနော်…ဘွာ..ဘွာ…”

ပြောပြောဆိုဆို အမေအိမ်ပေါ်မှ ဆင်းသွားတော့သည်။ စာကြည့်စားပွဲမှာ စာကြည့်မပျက်ကြသည့် ညီမလေး ၂ယောက် ကို တွေ့ လိုက်ရသဖြင့် စိတ်အေးခဲ့ရပြန်တော့သည်။ သူမ အားပေးစရာမလိုအောင်ပင် သိနားလည်းနေသော ညီမလေး ၂ယောက် ကိုကြည့်ပြီ။ ပီတိမျက်ရည် ကျမိတော့သည်။

ချွတ်ခနဲ အသံပြုပြီး ခေါ်လိုက်သော ကြောင့် ညီမငယ်နှစ် ယောက် စလုံးက မော့ကြည့်သည်။ သူမက ကိုရီးယားကားများ ထဲက ကဲ့သို့ လက်သီးဆုပ်နှစ် ဖက်ကို မြှော က်ကာ အစွမ်းကုန်ကြိုးစားမယ်ဟူသော ပုံစံကို လုပ်ပြသဖြင့် သူတို့နှစ် ယောက် စလုံးကလည်း ပြန်လုပ်ပြခဲ့သည်။ ထို့နောက် သူမတို့ ညီအစ်မ ၃-ယောက် စလုံး စိတ်လက်ကြည်လင်စွာ ပြိုင်တူရယ်မောလိုက်ြ ကတော့သည်။ အမှတ်တမဲ့ ပြုမိသော ထိုအပြုအမူနှင့် ရယ်သံတို့၏ တန်ဖိုးကို ကြယ်စင်လင်းသိခွင့်ရတော့သည်။

“ညည်းကို အလွယ်တကူ သွားခွင့်ပြုတာ မေညို အာမခံပေးထားလို့၊ ညည်း နေတာထိုင်တာ မဟုတ်လို့ ကတော့ အလုပ်ထွက်ရမယ်။ ငါ့ကိုတော့ လျော့မတွက်နဲ့၊

ညည်းမှတ်ထားဖို့က ငါရော၊ ငါ့သမီး၂-ယောက် စလုံးအတွက် ညည်းမှာ တာဝန်မရှိဘူး”

သူမ အိပ်ရာထဲရောက်မှ အပြင်က ပြန်လာသော အမေက ထိုစကားဖြင့် သူမကို အနိုင်ယူလိုက်ဟုသာ ထင်မြင်မိတော့သည်။ ထို့ကြောင့် အမေ့စကားအား ချေပနိုင်သည့် စကားလုံးမှာ တန်းစီးပြီး ပေါ်ထွက်လာခဲ့တော့သည်။

သို့ သော် သူမ ဘာမှ ပြန်မပြော ဖြစ်ခဲ့ချေ။ မနက်ဖြန်ကျ သူမ သွားရတော့မည် ။ ညီမလေး ၂-ယောက် ကြောင့်ကြ မဲ့စွာ ရှင်သန်နိုင်ဖို့နှင့် မေညို့လို ဆိုင်လေးတစ်ဆိုင် ပိုင်ဆိုင်ဖို့သာ အရေး ကြီးဆုံး မဟုတ်ပါလား။ မျက်နှာမွဲစွာ ရှင်သန်နေရခြင်းမှာ အမေ နေသားတက် နေနိုင်သော်လည်း သူမ ကတော့ထိုဘ၀ကို စက်ဆုပ်ရွံရှာ နေမိသည်။

ဒီတစ်ညတည်းပဲ (ဒါဟာ နောက်ဆုံးပဲဆိုတဲ့ အသိကြောင့် ) အမေရဲ့ အနိုင်ရလိုစိတ်ကို သူမ အသာတကြည်ပင် အနိုင်ထပ်ပေးလိုက် တော့သည်။

* * * * *


အခန်း (၂)

နှင်းဆီငယ်အတွက် ဆူး (သို့ မဟုတ်) လင်းထက်

ဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်း၏ တစ်ကိုယ်တော် ပြပွဲ ဖွင့်ပွဲသို့ ဒီဇိုင်း ကိုဇော်ကြီး၊ ဒီဇိုင်း ကိုကျော်ခိုင်တို့နှင့် အတူသွားမည် ဟု ကြိုတင်ချိန်းထားချက်ကို ဖျက်ပြီး အိမ်သို့ တန်းပြန်ခဲ့သည်။ အိမ်သို့ စောစောပြန်ကျင့် မရှိခဲ့ဘဲနှင့် ဒီနေ့ကျမှ ဘာကြောင့် ပြန်ချင်မှန်းမသိတော့။ သူ့စိတ်ထဲက လေးလံနေမှု ကို ခံစားသိနေသည်။ သူ့စိတ်ကို ထိခိုက်နာကျင်စေသည့် သတင်းတစ်ခု အိမ်မှာ ရှိနေပြီလားဟု မတွေးမိသော်လည်း အိမ်သို့ သာ မြန်မြန် ရောက်ချင်နေသော ကြောင့် ဒိုင်နာကားကို အသက်နှင့် ရင်းပြီး စီးခဲ့တော့သည။်

စပယ်ယာက နှင်ချနေသည်ကို မသိကျိုးကျွံပြုကာ လက်နှစ် ချောင်းသာ ချိတ်ခွင့်ရသော သံတန်းတွင် ချိတ်၍ ခြေနင်းခုံတွင် ခြေလေးချောင်းများ ဖြင့် ကုတ်ပြီး ခေါင်းမာစွာ ပင် တွယ်ကပ်နေလိုက်တော့သည်။

“သူလာမှ ကလေးမွေးမယ်လို့ ကြိုပြောထားတယ်တဲ့ အစ်ကိုရေး ၊ ဒီကားနဲ့ မလိုက်ရလို့ အချိန်မီမရောက်ခဲ့ရင် ကလေးအဖေနာမည် မှာ တစ်ခြားလူ ထည့်သွင်းလိုက်မယ်ဆိုလို့ မ ဖြစ် ဖြစ်အောင် လိုက်တော့မယ်တဲ့..အစ်ကိုရဲ့ …”

စပယ်ယာကောင်လေး၏ မချိသွားဖြဲ အသံကို ကြားပြီး တစ်ချို့က အသံထွက်သည်အထိ ရယ်မောလိုက်သည်။ ထိုရယ်သံကြောင့် သူလည်း ပြုံးမိစဉ်တွင် ကြယ်စင်လင်း၏ မျက်နှာလေးကို ဖျတ်ခနဲမြင်လိုက်တော့သည်။ ကြယ်စင်လင်း၏ ကလေးမွေးနေသည့် ပုံကို တွေးမိရင်း ရယ်ချင်ခဲ့သော်လည်း သူငယ်ချင်းအ ဖြစ်သာ ရှိနေသေးသော သူတို့၏ ဆက်ဆံရေး အတွက်လည်း ဇာတ်မျောကြီး ဖြစ်ပြီး သွေးအေးနေပြီလားဟု ထင်မိပြန်သည်။

သူဆွတ်ခူးလိုက်လျှင် အလွယ်တကူပင် ပါလာလိမ့်မည် ဟု ယုံကြည်သော်လည်း လက်တွေ့ ဘ၀ထဲတွင် တော့ သူက မဆွတ်ခူးရဲသော ဥယျာဉ်မှူးအ ဖြစ်သာ ရှိနေတော့သည်။

သူဆွတ်ခူးလိုက်တိုင်း ပန်းပွင့်လေးက ပါလာမှာ လား။ မပါလာဘဲ နေခဲ့မှာ လား၊ မပါလာဘဲ ကိုယ်ရောင် ဖျောက်သွားမှာ လား။ သေချာသော အဖြေကို သူ တိတိကျကျ မသိရသေးပါ။ မတိကျသော မေးခွန်းများ ၏ အဖြေများ ကို ဓမ္မဓိဋ္ဌာန်ပြုထားပြီး သူကို စမ်းသပ်တာမျိုး ဆုံးဖြတ်လိုက်တာမျိုး မခံချင်ခဲ့ပေ။ ထိုပန်းလေးကို သူဆွတ်ခူးလိုက်လျှင် အလွယ်တကူ လိုက်ခဲ့တာမျိုးကိုသာ သူလိုအပ်သည်။

နုနယ်သေးသော ထိုပန်းလေးမှာ လည်း လေယူရာ မယိမ်းတက်သော ရင့်ကျက်မှု ၊ ခိုင်မြဲမှု တို့ မရှိနိုင်သေးဟု သူ ခံစားသိနေသည်။

“ကြယ်စင်ဆိုရင် ဒါ ငါလုပ်တဲ့ မျက်နှာဖုံးဒီဇိုင်းလေးကို ဂုဏ်ယူကျေနပ်နေမယ့်အစား…ဒီစူပါမားကတ်ကြီးကို ငါဘယ်လို ဆောက်ခဲ့ပါလိမ့်လို့ အံ့သြရင်း ဂုဏ်ယူပြမယ် သိလား”

ကြယ်စင်လင်းကို သူဘာမျှ မတုံ့ပြန်ခဲ့ချေ။ သူနားလည်း တန်ဖိုးထားမှု မျိုး ကြယ်စင်၌ မရှိနိုင်သလို ကြယ်စင်၏ နားလည်သုံးသပ်မှု တွေ အပေါ် ငြိမ်သက်စွာ ပင် ငြင်းပယ်ခဲ့မြဲ ဖြစ်သည်။

“ဟာ…ဘာ ဖြစ်လို့ ငြိမ်နေရတာ လဲ၊ ပြန်ပြောလေ..”

သူ ငြိမ်သက်စွာ ပင် ပြုံးနေလိုက်တော့သည်။

“အဲဒါ …နင် သက်သက် လူလည်ကျတာ၊ မရိုးသားတာ ငါ ကတော့ ငါ့စိတ်ထဲရှိတဲ့အတိုင်း တုံ့ပြန်မှာ ပဲ၊ ပြောမှာ ပဲ၊ ဘယ်သူဘာထင်ထင်”

သူ့ထက် ၂-နှစ် ကျော် ၃-နှစ် ခန့်သာ ငယ်ပေမယ့် ကြယ်စင် ဖြတ်သန်းနေရသော ပင်လယ်က တကယ့်ကို လှိုင်းအထိ ပင်လယ်ပြင် ဖြစ်နေတော့သည်။ လှိုင်းအောက်သို့ သူမ မနစ်မြှုပ်ရေး အတွက် အမြဲတမ်းနိုးကြားနေရမည့်  အချက်ကပင် သူမ၏ တန်ဖိုး အစစ်မှန် ဖြစ်တော့သည်။

ခပ်စွာ စွာ အမူအရာဖြင့် စိတ်ဆိုးချင်ဟန် စူပုပ်နေသည့် ကြယ်စင့်ပုံရိပ်က ရုတ်ခြည်းပင် ပြောင်းလဲသွားတော့သည်။ သူ့မျက်လုံးကို စုံမှိတ်ပြီး ပြန်ဖမ်းလိုက်သော်လည်း ထိုပုံရိပ်က တက်မလာခဲ့ချေ။ ကားက သမိုင်းလမ်းဆုံကို ကျော်လာပြီ ဖြစ်တာကြောင့် သူ့အတွက် ထိုင်စရာ နေရာ တစ်နေရာစာလည်း ရခဲ့ပြီ။

ငိုနေတာ။ သူမ ငိုနေတာ။ မျက်လုံးကို ပြန်ဖွင့်လိုက်တော့မှ အဖြေက ချက်ချင်း တက်လာခြင်း ဖြစ်တော့သည်။ ဘာကြောင့် လဲ။ သူ့အမေကြောင့် လား၊ ညီမလေးတွေ ကြောင့် လား။ မ ဖြစ်နိုင်ပါ။သူရဲ့ မိသားစုနဲ့ ပတ်သက်တိုင်း ခံစားရသည့် မောဟိုက်နာကျင်မှု က သူမကို ထုံနေစေပြီ။ သူမကို ထိခိုက်နာကျင်စေသော အရာများ က အလုပ်နဲ့ငွေပင် ဖြစ်လိမ့်မည် ။

ကြယ်စင် ဘာ ဖြစ်နေသလဲ။ အလုပ်ပြုတ်ပြီးလား။

သူမကို ဖွင့်မေးမည် မဟုတ်သော မေးခွန်းများ ကို သူ့ခေါင်းထဲတွင် စာစီနေတော့သည်။ ကားက ဘုရင့်နောင်တံတားကျော်လာပြီး။ FMI အိမ်ယာဝင်းမုခ်ဦးကို ဆက်ဖြတ်နေသည်။ ဒရိုင်ဘာ၏ မညှာမတာ မောင်းနှင်မှု ကို အရင်ကလို အပြစ်မမြင်ဘဲ ကြိတ်၍ ပင် ကျေနပ်နေသေးသည်။

“လက်စသတ်တော့ ကလေးမွေးပေးရမယ့် အဖေက ငါ့အစ်ကို ဖြစ်နေတာကိုး”

ကျွန်တော့် ကို ကြည့်ကာ ပြောရင်းရယ်နေသော စပယ်ယာ၏ ဟာသဥာဏ်ကို တွေ့ လိုက်ရတော့သည်။

“အစ်ကို စိတ်မဆိုးနဲ့နော် ပျော်လို့ စတာပါ”ဟု ပြောရင်း လက်အုပ်ချီနေသော စပယ်ယာကို အလွယ်တကူ ခေါင်းညိတ်ကာ သူ့လက်အုပ်ထိပ် လက်ချောင်းလေးများ ကိုဆုပ်ကိုင်ပေးလိုက် သည်။ ထို့နောက် အရှိန်အငယ်နည်းဖြင့် သူ့ထံသို့ တွန်းလိုက်ပြီး လက်ကို ဖြည်လိုက်တော့သည်။ တော် တော့….ငြိမ်ငြိမ်နေဟု နားလည်ကာ စပယ်ယာ ငြိမ်သက်သွားတော့သည်။

ကြယ်စင်အိမ်သို့ ကားမှတ်တိုင်မှ ခပ်သုတ်သုတ်ပင်လျှောက် သွားလိုက်တော့သည်။ ကြယ်စင်တို့အိမ်ရှေ့ရှိ သစ်သားခုံတန်းလျားလေးမှာ ကြယ်စင်နှင့် အတူ သူငယ်ချင်းနုဝါကို တွေ့ လိုက်ရတော့သည်။

“ကြယ်စင်…နင် အလုပ်ပြုတ်လာပြီ မဟုတ်လား”

“ဘယ်သူပြောလဲ”

“နင့် ရုပ်ကို ကြည့်ပြောတာ ၊ နင် ငိုထားတယ် မဟုတ်လား”

“ငါလည်း ပြောပါတယ်ဟာ၊ ဒီအလုပ်လေး ပြုတ်တာကိုများ ငိုရတယ်လို့”

နုဝါက ထို့သို့ ၀င်ပြောလိုက်သည်ကို ကြယ်စင်လင်း နှစ်သက် ပုံမရ။ သူမမျက်ဝန်းများ လက်ခနဲ တောက်ပသွားအောင်ပင် ချက်ချင်း ဆွဲတင်လိုက်တော့သည်။

“လင်းထက်….နင့်စိတ်ထဲမှာ ငါတစ်ခုခု ဖြစ်နေပြီဆိုတာ ကြိုသိနေတယ် မဟုတ်လား၊ အဲဒါကြောင့် ငါဆီကို အပြေးလာတာပေါ့လေ၊ အေး ဒီနေ့ပဲ….ငါထင်တဲ့အတိုင်းပဲ လူလျှော့တဲ့အထဲမှာ ငါ ပါသွားတယ်၊ မန်နေဂျာက ငါ့ကို ခေါ်ပြောပြီးပြီ်ချင်းပဲ ငါ့ရင်ထဲမှာ ဘာမှ မရှိတော့ဘူး။ ငါ့စိတ်ထဲမှ ဘာမှ မရှိတော့ဘူး။ ငါလမ်းလျှောက်ပြီး ရုံးခန်းထဲကနေ အိမ်ကို တန်းပြန်လာတာလည်း မသိတော့ဘူး ဒါပေမဲ့ အိမ်ရောက်တော့မှ ငါအကုန်လုံးကို သိသွားပြီ။ ငါ ငိုခဲ့တယ်၊ ဘယ်လောက်ကြာခဲ့သလဲဆိုတော့”

ထိုစကားကြားရတော့မှ နုဝါလက်ထဲတွင် ကိုင်ထားသော ကြယ်စင်လင်းရဲ့ ဘေးလွယ်အိတ်လေးနဲ့ ထမင်းချိုင့်လေးကို တွေ့ လိုက်ရတော့သည်။

“နုဝါ ….နင်….ကြယ်စင် ကျန်ခဲ့တာတွေ ကို လာပို့တာပေါ့ ဟုတ်လား။ ကျေးဇူတင်ပါတယ်ဟာ….”

လင်းထက်၏ စကားကို ကြားလိုက်ရတော့ သူမရင်ထဲမှကျေနပ်သွားရတော့သည်။ နုဝါမျက်နှာ ကတော့ သိသိသာသာ ညှိုးသွားတော့သည်။

“ငါလည်း ….ကျေးဇူးတင်ပါတယ်ဟာ..ငါ့ပစ္စည်းတွေ ယူလာပေးတဲ့ အတွက်ရော..ငါကို စိတ်ဓါတ်မကျနဲ့လို့ သနားသဖြင့် နှစ် သိမ့်တဲ့အတွက်ရော…..”

“ကြယ်စင်”

လင်းထက်က တိုးတိုးဖွဖွ ခေါ်လိုက်ရင်း ခေါင်းခါပြလိုက်သည်ကို ခပ်ပေပေ စိုက်ကြည့်ရင်း

တုံ့ပြန်လိုက်တော့သည်။ ကြယ်စင်၏ စကားအဓိပ္ပာယ်ကို နုဝါက အပြည်အစုံ နားမလည်နိုင်ခဲ့။ သို့ သော် လင်းထက်၏ ကြယ်စင်အပေါ်ဂရုစိုက်မှု ကို ထပ်မံတွေ့ လိုက်ရသဖြင့် ခြေတစ်လှမ်းဆုတ်သွားတော့သည်။

“ငါ သွားတော့မယ်နော်…လင်းထက်….ငါသွားတော့မယ်”

နုဝါ၏ နာကျင်သွားသော ခံစားမှု ကို တွေ့ လိုက်ရသဖြင့် ကြယ်စင် ကျေနပ်သွားမိတော့သည်။

“နင်ကလေ…နင့်ပစ္စည်းတွေ ယူလာပေးတာကို ကျေးဇူးမတင်ပဲနဲ့”

“ကျေးဇူးတင်ခံချင်လို့ ယူလာတယ်ဆိုရင်လည်း ကျေးဇူးတင်ခံချင်တဲ့ အနေအထားထိပဲ နေပေါ့…ခုတော့….”

“နင်ပဲ…ဒါတွေ ကို စိတ်ထဲထည့်ပြီး ဒေါသ ဖြစ်နေနိုင်သေးတယ်၊ နင်စိတ်တွေ ပိုပင်ပန်းတာပေါ့”

“ဟုတ်တယ်၊ နင့်ဘက်က ကြည့်ရင်တော့ ပင်ပန်းတယ်လို့ထင်ချင်စရာပေါ့ နင်က တရားရှင်ကြီးကိုး ဟား..ဟား ငါ ကတော့ အဲသလိုလေးမှ ပြန်မပြောမိခဲ့ရင် ထွက်ပေါက် ပိုပိတ်သွားလိမ့်မယ်ဟ၊ အခုတော့ ငါ့ရဲ့ လုံးထွေးတင်းကြပ်နေတဲ့ စိတ်တွေ ထွက်ပေါက်ရသွားသလိုပဲ၊ အဲဒီ အတွက်တော့ နုဝါကို ကျေးဇူးတင်ရလိမ့်မယ်”

“ဘာ ဖြစ် ဖြစ်…အခုကိစ္စမှာ တော့ နင်လွန်တယ်နော်….”

“အဲဒါဆိုရင်….နင် လိုက်ချော့လိုက်လေ၊ နင်လိုက်ချော့လိုက်ရင် စိတ်ဆိုးပြေသွားမှာ သေချာတယ်”

လင်းထက် အကြည့်လွှဲကာ ငြိမ်သက်ပြီး ထိုင်နေတော့သည်။ သူတို့နှစ် ယောက် ကြား တိတ်ဆိတ်မှု က သိပ်မကြာခဲ့။ လင်းထက်က ကြယ်စင်ကို လှမ်းကြည့်လိုက်တော့သည်။ ကြယ်စင်က တင်းမာနေသော စိတ်ခံစားမှု နှင့် တုံ့ပြန်လိုက်သည်ကို တွေ့ လိုက်ရတော့သည်။ ထို့ကြောင့် ပင် လင်းထက် က ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် တုံ့ပြန်လိုက်တော့သည်။

“လင်းထက် တကယ်တော့ နင်လည်း ဟန်ဆောင်နေတာပဲ”

“ဟန်ဆောင်တယ်…ဘယ်လို ဟန်ဆောင်နေတာလဲပြောစမ်းပါဦး”

“ဟုတ်တယ်လေ၊ နင်ကိုကြည့်လိုက်ရင် ငါ့ကို အလေးအနက်ထားတဲ့ ပုံစံနဲ့ တွေ့ ရတယ်၊ တကယ်တမ်းကျတော့ ငါ့ဘက်က မရှိဘူး၊ ငါ့ကို ဆန့်ကျင်တယ်။ အဲဒါကြောင့် နင့်ကို အမြင်ကတ်တာ”

“သိသာပဲ၊ နင်အမြင်ကတ်တာလည်း သိသားပဲ၊ နင် အမြင်ကတ်မှာ စိုးလို့ အမြင်

မကတ်အောင်နေဖို့ စိတ်မကူးတာလည်း နင်သိနေတာပဲ”

“နင်….ငါကို သက်သက် နှောင့်ယှက်နေတာပေါ့…ဟုတ်လား”

“နှောင့်ယှက်တယ်ဆိုတဲ့ စကားကို မသုံးစမ်းပါနဲ့၊ နှောင့်ယှက်တဲ့အဆင့်ထိတော့ ငါ အောက်တန်းမကျဘူး၊ ဖြစ်ချင်း ဖြစ်ရင် နင်ရဲ့ ချွန်ထက်နေတဲ့ဆူးတွေ ကို ချိုးပစ်ချင်တာ၊ ဒါပေမဲ့ ငါ မချိုးသေးဘူးနော်…”

“နင် ချိုးလို့ကော ရမတဲ့လား”

“မချိုးပါဘူး၊ ချိုးလိုက်ရင် ချိုးတဲ့သူရဲ့ တာဝန်လေ၊ ငါမှ တာဝန်မယူနိုင်တာ”

“ဘာပြောတယ်”

“မချိုးပါဘူး၊ ချိုးလိုက်ရင် ချိုးတဲ့သူရဲ့ တာဝန်လေ၊ ငါမှ တာဝန်မယူနိုင်တာ”

“ဘာပြောတယ်”

“ဟ…..နင့် ဆူးတစ်ကြောင်း ချိုးမိရင်း အဲဒီ ကျိုးသွားတဲ့ ဆူးအတွက် တာဝန်တွေ ယူရတော့မှလေ၊ ငါ မယူနိုင်သေးဘူး၊ အဲဒါကြောင့် နင့်ဆူးတွေ ကို ဘယ်တော့မှ မချိုးဘူး၊ ဒါပေမဲ့ အဲဒီ ဆူးတွေ ကို နေရာမှန်မှာ စူးသွားစေချင်တဲ့ စေတနာတော့ ရှိပါတယ်၊ ဒါကိုလည်း နင်သိပါတယ်”

“နင့် စကားက ရှုပ်နေတာပဲ၊ ငါ နားမလည်တော့ဘူး၊ အေး….ဒါပေမဲ့ နင် ဒီနေ့ အချိန်ကိုက် ရောက်လာတဲ့အတွက် နင့်ကို ငါ ကျေးဇူးတင်တယ်၊ ငါ မမေညိုဆီ သွားလိုက်ဦးမယ်၊ သူ့ကို အလုပ်ရှာခိုင်းမလို့”

“နင်…လကုန်တဲ့အထိတော့ လုပ်မှာ မဟုတ်လား”

“လုပ်ရမှာ ပေါ့….လူလျော့တဲ့အထဲပါလို့ ရှက်ရမတဲ့လား၊ ဒီနေ့ ငါငိုမိတာကလည်း ရှက်လို့ ငိုတာမှ မဟုတ်တာ”

လမ်းလျှောက်ရင်း ထိုသို့ ပြောရင်းက လမ်းပေါ်မှာ တွေ့ လိုက်ရသော ခဲလုံးတစ်လုံးကို ကန်လိုက်သဖြင့် အတော် ဝေးဝေးထိ ရောက်တော့သည်။

“အေး….နင့်ရဲ့ အမာဆုံးဆူးက ရှက်လို့ မငိုဘဲ ပိုက်ဆံမရလို့ ငိုမယ့်ဆူ ဖြစ်နေတဲ့အတွက် ငါရင်မောတယ်ဟာ”

“ထိုစကားကြောင့် ရင်မောမနေနဲ့၊ နင့်ဟာနင် တစ်ခါတည်းလဲသေလိုက်ရင်လည်း ငါ ၀မ်းမနည်းဘူး၊ နင့်ကို အသာစီးပေးထားတာသိရင် သိတဲ့အတိုင်းပဲနေ၊ ပိုယူဖို့တော့ စိတ်မကူးနဲ့၊ ဒါပဲ…သွားနင် ငါ့နောက်က မလိုက်ခဲ့နဲ့တော့”

ပြောပြောဆိုဆို ပြေးလုမတတ် လျှောက်ထွက်သွားသဖြင့် လင်းထက် ခြေစုံရပ်ကာ ကျန်ရစ်ခဲ့တော့သည်။

အရိပ်အမိုးအောက်မှ ကောင်းကင်ကျယ်ကြီးအောက်သို့ တွန်းထိုးထွက်ဖို့ အခြေအနေရသွားသည့် ထို နှင်းဆီပင်လေး၏ အညွှန့်များ လားရာသို့ သေသေချာချာ တွေ့ လိုက်ရတော့သည်။ ထိုအညွှန့်လေး အရိပ်အမိုးအောက်သို့ ပြန်ရောက်ဖို့ မ ဖြစ်နိုင်တော့မှန်း သိလိုက်ပြီး…ထိုအညွန့်လေးနောက်သို့ အရိပ်အမိုးများ ကပ်ပါသွားဖို့သာ လိုအပ်တော့ကြောင့် လင်းထက် နားလည်လိုက်တော့သည်။

* * * * *


အခန်း (၃)

ဒေါက်တာ အောင်ဇုံ

မွေးရာပါ နှလုံး ရောဂါ ခံစားနေရသည့် ချစ်သူကို ဆုံးရှုံးခဲ့ရသော ကြောင့် အဆွေးလူအ ဖြစ် ရှင်သန်နေမှု ကို မေ့ပျောက်ထားကာ ပျော်အောင်နေရသည့် ဘ၀ကလည်း ပင်ပန်းလွန်းလှသည်။ ထိုပင်ပန်းမှု ကိုပဲ နေသားတကျ တုံ့ပြန်နိုင်သည့် စွမ်းအင်တွင် ဂုဏ်သိက္ခာ၏ တန်ဖိုးအပြင် အခြားသော အရာများ လည်း ပါဝင်နေသည်။

လူနာများ ၊ ကျောင်းသားများ ၊ ဆေးရုံဝန်ထမ်းများ နှင့် ပျော်ရွှင်စွာ နေထိုင်ရသော်လည်း အိပ်မပျော်ခင် ခဏတာလေးမှာ ချစ်သူရဲ့ လွှမ်းမိုးလာမြဲ ဖြစ်သည်။ ချစ်သူ၏ နှလုံး ရောဂါ ခွဲစိတ်မှု မပြုရသေးခင် ကာလလေးတစ်ခုမှာ သူနှင့် အတူ ကားစီးရင်း heart attack နှစ် ခါ ဆက်တိုက်ရပြီး သူ့ရင်ခွင်ထဲမှာ နှလုံးရပ်သွားသော ချစ်သူ၏ လိပ်ပြာက သူ့ရင်ခွင်ထဲကထွက်သွားပြီဟု ဘယ်တော့မျှ မတွေးခဲ့ပေ။

ထို့ကြောင့် လည်း ဦးအောင်ဇုံ မိဘများ က မိန်းမပေးစားရန် စီစဉ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ဦးအောင်ဇုံအတွက် အချစ်ဆိုသည်မှာ ဖန်တီးယူလို့မရသော အရာဟုသာ ယုံကြည်နေသည်။ နီးစပ်မှု ကြောင့် ဖြစ်ပေါ်လာရမည့်  အချစ်ကို မယုံကြည်နိုင်၊ အချစ် ဖြစ်ပေါ်ပြီးမှ နီးစပ်ဖို့ ကြိုးစားကြခြင်းသာ အချစ်စစ် ဖြစ်သည်ဟုလည်း ယုံကြည်ထားသူ ဖြစ်သည်။ နီးစပ်မှု ကြောင့် တွယ်ငြိတက်သော သံယောဇဉ်ကြိုးများ ကြောင့် သူ့စိတ်များ လှုပ်ရှားခဲ့ဖူးသော လည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း တည်ငြိမ်အေးစက်သွားမြဲ ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ အတွေ့ အကြုံမျိုး ၃-ခါခါတိတိ ခံစားပြီးချိန်တွင် သူ့ဘ၀မှ အချစ်ကို အလိုအလျောက် ဆွဲနှုတ်လိုက်ပြီး ဖြစ်နေတော့သည်။

“အချစ်နဲ့ အိမ်ထောင်ပြုတာက တစ်ခြားစီပါကွာ၊ ချစ်သူတွေ မဟုတ်ကြဘဲ အိမ်ထောင်ပြုကြသူတွေ အများ ကြီးပဲ၊ သူ့ဟာနဲ့သူ အဆင်ပြေလို့၊ တစ်ကိုယ်တည်း လူပျိုကြီးလုပ်နေတာက ငယ်တဲ့အရွယ်မှာ ကောင်းပါရဲ့ ၊ အသက်ကြီးလာလေ အထီးကျန်ဆန်လာလေ ဖြစ်လိမ့်မယ်”

ဒေါက်တာအောင်ဇုံရဲ့ အစ်မက အသက်၄၀-ကျော် ကတည်းက အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့သော်လည်း စိတ်မ၀င်စားခဲ့။ အချစ်မပါတဲ့ လူနှစ် ဦးရဲ့ ဆက်ဆံရေး ဟာ လူသားအဓိပ္ပာယ်ကို ယုတ်လျော့ညံ့ဖျင်းစေသည်ဟု ထင်ခဲ့သည်။

“အထီးကျန်ဆန်မှာ တစ်ခုတည်းနဲ့တော့ အိမ်ထောင်မပြုပါရစေနဲ့ အစ်မရယ်၊ ကျွန်တော့်မှာ တပည့်တွေ ၊ သူငယ်ချင်းမိတ်ဆွေတွေ ၊ ကျွန်တော့်ကို အလိုရှိနေတဲ့ လူနာတွေ ရှိနေသရွေ့ ကျွန်တော် ဘ၀ အထီးကျန်ဆန်မှာ မဟုတ်ဘူး။ နောက်ပြီး အစ်မ သားသမီးတွေ က ကျွန်တော် သားသမီးတွေ ပဲ မဟုတ်လား၊ ဒီအတွက်တော့ မပူဘူး၊ အခုတောင် ကျွန်တော့် အချိန်တွေ ကို ခွဲဝေပေးလို့ မလောက်နိုင်ဘူး၊ အိမ်ထောင့်တာဝန်ကိုလည် မလိုချင်တော့ဘူး၊ တာဝန်မယူချင်တော့ဘူး၊ အေးအေးဆေးဆေး ပျော်ပျော်ပါးပါးပဲ နေချင်တော့တယ်”

“အေးပါ မင်း အိမ်ထောင် လုံးဝမပြုတော့ဘူးလို့ ဆုံးဖြတ်ထားရင်လည်း ကိစ္စမရှိပါဘူး၊ အသက်ကြီးမှ မတော် တရော်တွေ နဲ့ တွေ့ မှာ စိုးလို့”

“မပူပါနဲ့ အစ်မရယ်၊ တွေ့ စရာအကြောင်းလည်း မရှိပါဘူး၊ နောက်ပြီး ….ကျွန်တော့် ဂုဏ်သိက္ခာကိုလည်း ကျွန်တော် ထိန်းရမယ့် တာဝန်ရှိပါတယ်။ အသက်၅၀-ကျော်နေပါပြီ၊ မပူပါနဲ့နော်…”

အသက်၃၀-ကျော်မှ အိမ်ထောင်ပြုသွားသော ဒေါက်တာအောင်ဇုံ၏ တစ်ဦးတည်းသော အစ်မ ဆရာဝန်မကြီးက သူမ၏ မောင်ကို စိတ်ချသော်လည်း ရှာကြံပြီးပူတက်မြဲ ဖြစ်သည်။ အသက်ကြီးမှ ကောင်မလေး ငယ်ငယ်လေးများ နှင့် အိမ်ထောင်ပြုကြသည်များ ကို တွေ့ မြင်နေရသော ကြောင့် စိုးရိမ်မိခြင်း ဖြစ်သည်။

နိုင်ငံခြားက ပြန်ရောက်စအချိန်မှာ အစ်မ တစ်ယောက် အနေနဲ့ မောင် အတွက် စားဖို့ ချက်ပြုတ်ပို့ပေးနေသော်လည်း ဆေးရုံ၊ ဆေးခန်း၊ ကျောင်းများ မှာ သာ အချိန်ကုန်နေသဖြင့် အစ်မပို့ထားသော ထမင်းဟင်းများ ကိုပင် မစား ဖြစ်ဘဲ ကြုံရာနေရာတွင် စားသောက်က အလုပ်တွင် စိတ်ဝင်စား ပျော်ရွှင်နေတော့သည်။ ထို့ကြောင့် “မောင်” နှင့် အတူနေရန် ဒရိုင်ဘာလင်မယားကို ငှားရမ်းပေးပြီး အနီးကပ် စောင့်ရှောက်နိုင်ရန် စီစဉ်ပေးလိုက် တော့သည်။ မိဘပိုင် ရွှေတောင်ကြားရှိ အိမ်ကြီးတွင် ဒေါက်တာအောင်ဇုံနှင့် အတူ ဒရိုင်ဘာ လင်မယားတို့သာ နေစေခဲ့သည်။ ဒေါ်ရွှေစင် ကတော့ သူ၏ ကိုယ်ပိုင်ဆေးခန်းကြီးတွင် သူ့အမျိုးသားနှင့် အတူ ကိုယ်ပိုင်ဦးစီးနေတော့သည်။ ရွှေစင်မင်း အထူးကုဆေးခန်းကြီးတွင် ဒေါက်တာအောင်ဇုံကလည်း ၂၅ ရာခိုင်နှုန်း ရှယ်ယာ ပါဝင်ထားသလို တစ်ပတ် ၃ရက် ဆေးခန်းထိုင်ပေးရသည်။ လက်တွေ့ ဘ၀တွင် တော့ ထိုဆေးခန်းထိုင်သည့် ၃-ရက်လေးမှာ ပင် မောင်နှမနှစ် ယောက် မဆုံနိုင်အောင်လည်း အလုပ်ရှုပ်နေတော့သည်။

* * * * *


မင်္ဂလာဈေးရှေ့တွင် ကုမ္ပဏီကား ထိုးရပ်လိုက်သော အခါ ကြယ်စင်လင်းနှင့် ပါလာသော အဖော်များ မှာ သူ့အတွဲ နှင့် သူ ဆင်းသွာြး ကတော့သည်။ တစ်ဦး တစ်ယောက် မျှ သူတို့နှင့် အတူလိုက်ခဲ့ဖို့ မဖိတ်ခေါ်သဖြင့် ကြောင်တောင်တောင် အမူအရာဖြင့် ရပ်နေစဉ်တွင် ပင် သူတို့အားလုံး လူအုပ်ကြားထဲသို့ ရောက်သွားပြီ မျက်ခြေပြတ်သွားတော့သည်။

“သွားလေ……ရပ်နေလို့ ဘယ်သူမှ ကိုယ့်ဆီကဆေးကို လာဝယ်မှာ မဟုတ်ဘူး….၊ ဒါနဲ့ နေပါဦး...ညည်းမှာ အဖော်မရှိဘူးလား”

ကားဒရိုင်ဘာရဲ့ စကားကို ခေါင်းညိတ်၍ သာ အဖြေပေးမိသည်။ ကြယ်စင် တစ်ကိုယ်လုံး ကြောက်လို့ တုန်လှုပ်နေမှု က မျက်နှာပေါ်တွင် ထင်ပေါ်လွန်းနေသည်။

“ငါက ညည်းကို အဖော်အ ဖြစ် လိုက်ပေးလို့ မ ဖြစ်သေးဘူး၊ သူတို့ ဆေးပြန်လာယူရင် ထုတ်ပေးရဦးမှာ ဆိုတော့ ကားကနေ ခွာလို့မရဘူး၊ အဖော်မပါလည်း ဘာ ဖြစ်လဲ၊ လူတွေ အများ ကြီး ကြားထဲမှာ အလုပ်လုပ်ရတာ ပဲ၊ ဘာမှ ကြောက်စရာ လန့်စရာ မလိုဘူး၊ ဆေးဆိုင်တစ်ဆိုင်တွေ့ ရင် ၀င်လိုက်၊ ဒီဆေးလေး ရောင်းကြည့်ပါလား ပြောပေါ့၊ ဒါနဲ့ ညည်းက ဒီနေ့မှ အလုပ်စ၀င်တာလား”

“အလုပ်ဝင်တာတော့ တစ်ပတ်ရှိပြီ၊ ဒီနေ့မှ အရောင်းစလိုက်တာပါ”

“ဘာနဲ့ ၀င်တာလဲ”

“အရောင်းနဲ့ပဲ ၀င်တာ၊ ဒါပေမဲ့ မန်နေဂျာ မစန္ဒာက လောလောဆယ် စတိုကိုင်ခိုင်းတယ်၊ သမီးက အပိုပိုက်ဆံ(ကော်မရှင်) လိုချင်လို့ အရောင်းဘက်ကို စပြောင်းတာ”

“ဟုတ်တယ်၊ စတို ကတော့ ပုံမှန်လစာပဲ၊ အရောင်း ကတော့ ကိုယ့်ကျွမ်းကျင်မှု နဲ့ ပိုက်ဆံပိုရတော့ပေါ့၊ ညည်းပုံစံနဲ့…”

ကားဒရိုင်ဘာက သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေတော့သည်။

“ဦးလေး အသိဆိုင် မရှိဘူးလား၊ ကျွန်မ ကတော့ ဖြစ်အောင် လုပ်ရမှာ ပဲ၊ ကြောက်နေပေမဲ့ လုပ်ရမှာ ပဲ”

တကယ်ပင် ကြောက်ဒူးတုန်အောင် ကြောက်နေမိသော်လည်း အားတင်ပြီး ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ဦး သိတဲ့ဆိုင်တွေ ကို အခုလောက်ဆို သူတို့ေ၇ာင်းနေပြီလောက်ပြီ၊ ဒီလိုပဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် မေးပြီးရောင်းပေါ့”

အရောင်းကားပေါ်သို့ စတက်ကတည်းက ကားပေါ်၌ ပါလာသူများ ကို မျက်နှာချိုသွေး အောက်ကျို့စွာ နှုတ်ဆက်ဖို့ ကြိုးစားသေးသည်။ သူမကို မည် သူမျှ အသိအမှတ်မပြုချင်သော

ဟန်အမူအရာဖြင့် သာ တုံ့ပြန်ခဲ့ကြသည်။ သို့ သော် ထိုသူ၏ မျက်နှာပန်းအမူအရာက သူပြောလိုက်သော အားပေးစကားနှင့် အရောင် ချင်း မတူညီကြောင်း သူမ ရိပ်မိလိုက်တော့သည်။ ထိုသူ၏ မျက်လုံများ ပြုံးရယ်နေပုံ၊ နှုတ်ခမ်းထောင့်စွန်များ ကော့တက်နေပုံက သူမကို လှောင်ပြောင်နေတာပေါ့….။

“အလကား…လူကြီး….” ပါးစပ်မှ ခပ်တိုးတိုး ရေရွတ်ပြီး ဒရိုင်ဘာရှေ့မှ ချာကနဲလှည့်ထွက်ခဲ့တော့သည်။ လင်းထက်ကို ခေါ်လာရ အကောင်းသားလို့ တွေးလိုက်မိပေမဲ့ သူ့အလုပ်မှာ လည်း သူ့အခက်အခဲ ရှိနေမှာ ပဲလို့ တွေးမိပြီး ဆေးဆိုင်များ ရှိမည် ထင်သည့် ဆိုင်တန်းများ ကို လျှောက်သွားတော့သည်။

ပထမဦးဆုံး တွေ့ ရသော ဆေးဆိုင်မှာ သူမနှင့် ရွယ်တူကောင်လေးများ ထိုင်နေသည်ကို တွေ့ လိုက်သော ကြောင့် ၀င်မယ်လုပ်ပြီးမှ မ၀င်တော့ဘဲ ထွက်ခဲ့သည်။

“အစ်မ လာပါ….အစ်မရဲ့ …ဘာလိုလဲ…ဘာဆေးလဲ…၀င်ကြည့်ပါဦး”

ထိုစကားကြောင့် သူမ တုံ့ကနဲ ရပ်လိုက်သည်။

“လာပါ အစ်မရဲ့ ဆေးစုံရှိပါတယ်….ဈေးမှန်ပါတယ်…အစ်မရဲ့ ”

ထပ်မံ ဖိတ်ခေါ်သံကြောင့် သူမ ဆိုင်ဘက်သို့ ပြန်လှည့်လိုက်သည်။

“ကျွန်မက ဒီဆေးတွေ ကို ရောင်းချင်တာ”

စက္ကူလက်ဆွဲအိတ်ထဲက ဆေးနာမည် များ ရိုက်နှိပ်ထားသော စာရွက်ကလေးပင် မထုတ်ရသေးခင်…..“ကျွန်တော် တို့က ဆေးဝယ်မယ်ထင်လို့ ခေါ်လိုက်တာ၊ ရောင်းမယ်ဆိုရင်တော့….ကျွန်တော် တို့က ကုမ္ပဏီကဆေးတွေ မ၀ယ်ဘူးခင်ဗျ…”

ကြက်တူရွေးတစ်ကောင်သို့ တတွတ်တွတ် ပြန်ပြောနေပုံကို သူမ မရယ်နိုင်ခဲ့၊ ထိုကဲ့သို့ အပြောခံရခြင်းကြောင့် ပင် ခန္ဓာကိုယ်တစ်ခုလုံး ပူထူလာပြီး ဆိုင်ဝမှပင် ပြေးထွက်ခဲ့ရသော့ သည်။ ဆိုင်နှင့် တော် တော် ဝေးဝေးရောက်မှ ခေတ္တရပ်နားကာ အမောဖြေလိုက်ရတော့သည်။

“ဟား….မလွယ်ပါလား၊ ဖြစ်ပါ့မလား ” သူမရင်ထဲသို့ ပထမဦးဆုံးဝင်လာသော အသိပင် ဖြစ်နေတော့သည်။ အိုး…သူများ တွေ တောင် သွားလာနေတာပဲ…ငါ့ဆေးကို လိုတဲ့ ဆိုင်တွေ့ ရမှာ ပေါ့ဟု အားတင်းရင်း ရည်ရွယ်ချက်မဲ့ တုန်လှုပ်နေသေးသော ခြေလှမ်းများ ဖြင့် သာ ခြေဦးတည်ရာ ထပ်လျှောက်လိုက်မိတော့သည်။

“ညီမ…ဘာဆေးရှာသလဲ….လာ…အစ်ကို့ဆိုင်က ဟိုရှေ့မှာ ..တရင်းတနှီးပြောလိုက်သည်။”

“သမီးက ဆေးဝယ်မှာ မဟုတ်ဘူး၊ ရောင်းမှာ ”

မထင်မှတ်ဘဲ ထိုသို့ အသားတကျ ပြန်ပြောမိလိုက်သဖြင့် သူမကိုယ်သူမပင် အံ့သြမိတော့သည်။ သူမမှာ တုန်လှုပ်နေသော ခြေလှမ်းများ မရှိတော့သည်ကိုလည်း အံ့သြစွာ သတိပြုမိတော့သည်။

“ဟုတ်လား …..ဘာဆေးတွေ ပါလဲ…ကြည့်မယ်လေ….လာ….အစ်ကို့ဆိုင်က ဟိုရှေ့နားတင်”

လက်ကို လှမ်းဆွဲမလို လုပ်နေသော ထိုလူရဲ့ အပြုအမူကို သတိထားပြီး စိတ်ပျက်မိသော်လည်း ကြည့်မယ်ဟု ပြောဖော်ရသော စကားကြောင့် ထိုလူ့လက်ကို ရှောင်ကာ သူညွှန်ပြသော ဆိုင်သို့ လှမ်းလိုက်ရတော့သည်။

“လာ….ညီမ…ထိုင်….အအေးသောက်ပါဥိးလား”

“ဟင့်အင်း မသောက်ပါဘူး”

“ဘာဆေးတွေ လဲ ပြပါဦး”

သူမက ဆေးစာရင်း စာရွက်ခေါက်ကို ထုတ်လိုက်သည်။

“ကုမ္ပဏီက အရောင်းဆင်းလာတာလား”

“ဟုတ်ကဲ့”

“သြော်…အစ်ကိုက နိုင်ငံခြားက ပို့လိုက်တဲ့ ဆေးတွေ မှတ်လို့၊ ကုမ္ပဏီက ၀င်တာဆိုရင် မယူသေးဘူး”

“ဒီဆေးလည်း နိုင်ငံခြားကနေ လာတာပဲ”

“ဒါပေမဲ့ ကုမ္ပဏီက ၀င်တာဆိုတော့ အစ်ကိုတို့ အတွက် ပြန်ရောင်းရတာ သိပ်မကိုက်ဘူး၊ နိုင်ငံခြားက လက်ဆောင်ပေးလိုက် လို့ ပိုနေတဲ့သူတွေ ပြန်လာရောင်းရင် ဈေးညှိလို့ရတယ်၊ ကုမ္ပဏီက တိုက်ရိုက်ဝင်တာဆိုရင် အစ်ကိုတို့အနေနဲ့ သိပ်မကိုက်ဘူး ညီမရယ်..”

အချိန်တိုလေးအတွင်း လုံလောက်သော ကျွမ်းကျင်မှု အလုံးစုံကို ရမိသဖြင့် ကျေနပ်မိနေသော်လည်း ကိုယ့်အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေရန် မစွမ်းနိုင်သေးသည့်အတွက် မပျော်ရွင်နိုင်သေးချေ။

အင်းနော်….လူတိုင်းက ငါ့လိုပဲ ဘယ်နည်းလမ်းက ပိုက်ဆံပိုရမလဲဆိုတာကို စဉ်းစားနေကြတာကိုး၊ ငါ့တော့ ငါ့လိုလူချည်းနဲပဲ ဆက်ဆံရတော့မယ်ဆိုရင်တော့ မလွယ်ဘူး။

ထိုသို့ တွေးမိပြီး သူမဘာသာ အတွင်းစိတ်ထဲမှာ ပြုံးနေလိုက်မိတော့သည်။

“ညီမလေးက သိပ်ချောတယ်၊ ဆေးလိုက်မရောင်းပါနဲ့၊ အစ်ကိုမကြည့်ရက်ပါဘူး၊

အစ်ကို့ရင်ခွင်ထဲ ပစ်ဝင်လိုက်စမ်းပါ”

နောက်နားမှ ကြားလိုက်သော စကားကြောင့် ကြည်နူးစိတ်ဖြင့် လှမ်းနေသော ခြေလှမ်းများ ပင် ပျက်လုလု ဖြစ်ရတော့သည်။ လျှောက်မိလျှောက်ရ လျှောက်နေရင်း ၄ခန်းတွဲ ဆေးဆိုင်ကြီးကို မြင်လိုက်ရတော့သည်။ ဆိုင်ပေါ်မှာ ထိုင်နေသည့် အမျိုးသမီးကြီး၏ တည်ကြည်ခန့်ညားသော မျက်နှာသွင်ပြင်ကို ကြည့်ပြီး ခြေလှမ်းများ တွန့်ဆုတ်မနေဘဲ တိုးသွားမိတော့သည်။ ငါ့လိုလူ မဟုတ်နိုင်ဘူး။ ထိုသို့ ယုံကြည်စွာ ဆုံးဖြတ်မိခြင်းကြောင်း သူမရင်ထဲမှာ ပြန်လည် ပေါ့ပါးသွားတော့သည်။

“အစ်မ….ဘာဆေးရှာတာလဲ”

သူမအရွယ် မိန်းကလေး၏ အမေးကို ပြုံးပြပြီး ဆိုင်ပေါ်မှာ ထိုင်နေသည့် အစ်မကြီးကို အန်တီဟု လှမ်းခေါ်လိုက်သည်။

“သမီး…ဆေးရောင်းချင်လို့ပါ”

သိမ်မွေ့သော အသံကြောင့် သူမမှာ အားပိုရှိသွားသလို ခံစားလိုက်ရတော့သည်။ သူမက အိတ်ထဲမှာ အသင့်ပါလာသော ဆေးစာရင်းစာရွတ် တစ်ရွတ်ကို ထုတ်ပေးလိုက် သည်။ ထိုအန်တီက နှစ် လိုဖွယ်အပြုံးဖြင့် သူမပေးသည့် စာရင်းစာရွက်ကို ကြည့်လိုက်သည်။

“သြော် …သမီးက နှင်းဆီဝါကုမ္ပဏီက လူသစ်ထင်တယ်။ အခုလေးတင် သမီးတို့ကုမ္ပဏီကပဲ ‘မာမာ’ ပို့သွားပြီးပြီ။ အန်တီတို့ မာမာဆီက ယူနေကျ ဖြစ်နေတယ်၊ နောက်နေ့ကျတော့ ဖုန်းဆက်ကြည့်ပေါ့ သမီးရယ်၊ အန်တီလည်း သမီးဆီက ယူပါ့မယ်၊ အန်တီတို့ဆိုင် လိပ်စာကဒ်လေး ယူသွားနော်”

“အမလေးနော်…ကံကလည်း မကောင်းလိုက်တာ ဒီနေ့ ကံမကောင်းပါလား”

စိတ်ထဲတွင် အကြီးအကျယ် စိတ်ဓါတ်ကျသွားသော်လည်း ဟန်မပျက် ပြံးနေမိက ဆိုင်ရှင်အန်တီရဲ့ လိပ်စာကဒ်ကို လှမ်းယူခဲ့ရတော့သည်။

“ဘာပဲ ဖြစ် ဖြစ်ပေါ့ အန်တီရယ်၊ သမီးတို့ ကုမ္ပဏီက ပစ္စည်းတွေ ကို အန်တီတို့ အားပေးနေတယ်ဆိုတာ ကြားရတော့ သမီးဝမ်းလည်း သာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ သမီးက ဒီမနက်ပဲ စရောင်းတာလေ၊ သမီးဝင်သမျှ ဆိုင်တွေ က ကုမ္ပဏီက ဆေးကို မလိုချင်ကြဘူးတဲ့၊ ဈေးကြီးလို့တဲ့၊ တော် သေးတာပေါ့၊ အန်တီတို့လို ဆိုင်မျိုးရှိနေတာ၊ အန်တီတို့ရော အဲဒါမျိုးတွေ လာရောင်းရင် ၀ယ်တက်သလား”

“လာရောင်းတဲ့ဆေး အများ စုက အိတ်စပိုင်ယာဒိတ် ကုန်နေတဲ့ ဆေးမျိုး၊ မကုန်သေးလည်း လပိုင်းလောက်ပဲ လိုတောတဲ့ဆေးမျိုးတွေ ဆိုတော့ ရက်ဝေးနေသေးရင် ယူတယ်၊ ရက်သိပ်နီးနေရင် ရက်ကျော်နေရင်တော့ မယူတော့ဘူး၊ ရောဂါ ပျောက်ချင်လို့ ဆေးစားနေရတဲ့ ရောဂါ သည်တွေ ကို ဆေးစွမ်းအာနိသင် မသေချာတဲ့ဆေးတွေ ရောင်းလိုက်တာကလည်း လူသတ်တာပဲပေါ့ သမီးရယ်၊ အန်တီတို့က သမီးတို့လို ကုမ္ပဏီမျိုးဆီကတောင် ဆေးအသစ်ဆိုရင် ကျန်းမာရေး ဌာနရဲ့ ထောက်ခံချက်တွေ တောင်းကြည့်ပါတယ်။ အန်တီဆိုင်က ဆေးတွေ က မှန်ကန်ပြီး ထိရောက်အစွမ်းထက်တဲ့ ဆေးတွေ ချည်းပဲ”

သူမအတွက် ထူးဆန်းလွန်းသော နားမယဉ်လွန်းသော စကားများ သာ ဖြစ်နေတော့သည်။

“သြော်…အန်တီ၊ ဒါက သမီးလိပ်စာကဒ်လေးပါ၊ သမီးနာမည် က ကြယ်စင်လင်းပါ၊ အန်တီဆီ သမီးဖုန်းဆက်ပါ့မယ်၊ ခွင့်ပြုဦးနော်”

နာရီကိုကြည့်လိုက်တော့ ၂-နာရီထိုးလုပြီ၊ ထိုအခါကျမှ ခြေသလုံးများ တောင့်တင်းနေသည်ကို သတိပြုမိတော့သည်။ ကားရပ်နေသည့် နေရာသို့ ရောက်သော အခါ ကားမရှိတော့ပေ။

သူငယ်ချင်းချင်း လူလည်ကျတယ် ထင်ချင်လည်း ထင်ပါစေတော့၊ နောက်တစ်ပတ်မှာ ဒီဆိုင်ကြီးကို ဆေးရောင်းရတော့မယ်ဟု ဆုံးဖြတ်ပြီး ကုမ္ပဏီသို့ သာ ပြန်လာခဲ့တော့သည်။

* * * * *


အခန်း (၄)

“နင် ဘယ်နေ့အားသလဲ”

ကြယ်စင်လင်း၏ အမေးကြောင့် လင်းလက် ထမင်းစားနေရာမှ ရပ်ကာ “အားပါတယ်” ဟု တုံ့ဆိုင်းဆိုင်း ပြန်ဖြေလိုက်သည်။

“ငါနဲ့ တစ်ရက်လောက် ဆေးလိုက်ရောင်းပေးပါလား”

“ငါက”

“အင်းလေ..ငါ့မှာ အဖော်မရှိတော့ ကြောင်တောင်တောင်နဲ့ ငါက အတွဲ မရှိဘဲ ၀င်လာတာလေ၊ ဒါပေမဲ့ လက်တွဲ မခေါ်ချင်ဘူးဟ၊ သူတို့အတွဲ တွေ ထဲ ငါ တစ်ယောက် ထပ်တိုးရင် ငါ့ကို ဝေစုခွဲပေးရမှာ လေ၊ ဘယ်သူက ပေးချင်မလဲ၊ သူတို့လည်း ဖောက်သည်ရဖို့ အပင်ပန်းခံ ရှာထားရတာ မဟုတ်လား”

“လိုက်တာပေါ့၊ မနက်စောစောဆို ဖြစ်တယ်မဟုတ်လား၊ ငါက နေ့လည် ၁၁-နာရီဆိုရင် ဂျူတီဝင်ရမှာ ”

“ဈေးတွေ မှာ လိုက်ရောင်းရတာ အဆင်မပြေလို့၊ ရပ်ကွက်ထဲက ဆိုင်ကြီးတွေ ကို လိုက်ရောင်းမလားလို့၊ တစ်ယောက် တည်း ဖြစ်နေလို့”

“ရပါတယ်ဟာ”

“အန်တီအသိဆိုင် ရှိတယ်သိလား၊ နောက်တစ်ခါ လာမှ မေးထားပေးမယ်”

ထမင်းဆိုင်ရှင် အဒေါ်ကြီးရဲ့ စကားကြောင့် ကျေနပ်ခဲ့ရသည်။ သူမတို့ စားနေသည့် ထမင်းဝိုင်းသို့ ခရမ်းချဉ်သီးသုပ်တစ်ပွဲလာချကာ “ဒါက ဒေါ်ကြီးက သမီးတို့ကို ချစ်လို့ လက်ဆောင်ပေးတာ၊ သမီးတို့ ဖြစ်သလို စားနေတာကို မြင်ပြီး ကိုယ်ချင်းစာမိတယ်ကွယ်”

“ဒေါ်ကြီး ဟင်းချက်လည်း ကောင်းသလို၊ စေတနာလည်း ကောင်းတယ်၊ ကျွန်တော် တို့က နေ့တိုင်းစားမှာ နော်၊ နေ့တိုင်း ပိုပေးနိုင်ပါ့မလား”

“ပိုပေးပါတယ်၊ ပိုပေးပါတယ်၊ နေ့တိုင်းသာ လာစားစမ်းပါ၊ သြော်….ဒါနဲ့ စပ်စုတယ်လို့ မထင်နဲ့နော်….သားတို့က……”

“ဒေါ်ကြီးက ဘယ်လိုမြင်လို့လဲ”

“ဟိုလေ…ဟို …မင်းတို့ အရွယ်လေးတွေ ဆိုတော့ ..”

အပြောရခက်နေသော ဒေါ်ကြီးကို ကြယ်စင်ကပင် …စာအုပ်လေးဖတ်လိုက်၊ ပန်းချီလေးဆွဲလိုက်၊ ကွန်ပျူတာကိုင်လိုက်နဲ့ အင်ဂျင်နီယာက အင်ဂျင်နီယာ အလုပ်ကို မလုပ်ဘဲ

စမ်းတ၀ါးဝါး ဖြစ်နေတာ ဒေါ်ကြီးရဲ့ ၊ သူ့လိုလူကို စိတ်တောင်မကူးဘူး၊ ဝေးသေး၊

“သူ့ခေါင်းထဲမှာ အချစ်ရှိတာ မဟုတ်ဘူး၊ ပိုက်ဆံပဲ ရှိတာ ဒေါ်ကြီးရ၊ သူ့ကို ရည်းစားစကား သွားပြောရင် နင်က ဘယ်လောက်ချမ်းသာနေလို့ ရည်းစားထားချင်ရတာ လဲ မေးမှာ ၊ သူကြားမှာ တောင် မပြောဘူး၊ လုံးဝ မပြောဘူး”

“မပြောတာ ကောင်းတယ်၊ နှုတ်ခမ်းပဲ့ချင်း မီးမှု တ်လို့ ဘာအကျိုးမှ မရှိဘဲနဲ့ အကျိုးတောင် ယုတ်ဦးမယ်၊ သမီးမှာ က သူ့လိုစိတ်ကူးယဉ် မနေနိုင်ပါဘူး ဒေါ်ကြီးရယ်၊ ကိုယ့်ဝမ်း ကိုယ်ကျောင်းရ၊ ကိုယ့်ညီမလေးတွေ အတွက်လည်း ရှာပေးနေရတာ လေ၊ သမီးရှာမပေးနိုင်ရင် သူတို့တတွေ အိမ်ဖော်မလေးတွေ ဖြစ်ကုန်မှာ ပေါ့၊ ရည်းစားထားချင်တောင် စီးပွားရေး အရပဲ ထားမယ်၊ တို့ ကတော့ ရှင်းရှင်းပဲ”

“နင့်စကား ရပ်လိုက်တော့နော်၊ ကြားတယ်မဟုတ်လား၊ ရည်းစား ဖြစ်ရင်တော့ နွားလိုရုန်းရမှာ ဗျ”

“ဟုတ်တယ်….နွားလိုရုန်းပြီး ကျွေးမယ်ဆိုရင်တောင် မစားရက်လို့ တာ့တာပဲ”

“ကဲပါကွယ် …စရင်း…စရင်း တကယ် ရန် ဖြစ်နေကြဦးမယ်”

“သူငယ်ချင်းကျွေးတာဆိုတော့ ဗိုက်ဝပြီးရော၊ စားတာသာကြည့် ဒေါ်ကြီးရေ၊ ၂-ယောက် ဆိုတော့ ၇၀၀ပေါ့ ဟုတ်လား၊ ဒီမှာ ခင်ဗျ”

လင်းထက်က ထောင်တန်တစ်ရွက် ထုတ်ပေးလိုက် ပြီး မတ်တပ်ရပ်ကာ ရန်ပွဲကို သိမ်းလိုက်တော့သည်။

“ကဲပါကွယ်၊ ဒေါ်ကြီး ၂၀၀-လျှော့ယူလိုက်မယ်၊ ၅၀၀-ပဲ ပေးနော်၊ နောက်ရက်တွေ လည်း လာစားကြပါဦး၊ နေ့တိုင်း ၂ပွဲစာ ချန်ထားမယ်နော်”

* * * * *


လင်းထက်က မနက်၇-နာရီ ထိုးပြီးပြီချင်းမှာ ပင် သူမ၏ အဆောင်ရှေ့သို့ ရောက်လာခဲ့သည်။ ဒီနေ့တော့ ၁-နာရီလောက် အထိ သူ ကူရောင်းပေးမယ် ဆိုတာကြောင့် သူမတို့ နှစ် ယောက် အင်းစိန်လမ်းမကြီးတစ်လျှောက် ဆေးဆိုင်များ သို့ လမ်းလျှောက်ထွက်ခဲ့ရတော့သည်။

ပထမဦးဆုံး ၀င်ရောင်းဖို့ ဆိုင်ကို သူမကပင် စတင်ရွေးချယ်ပြီး ထိုဆိုင်ထဲသို့ လင်းထက်ကို ဦးဆောင်၍ ၀င်သွားလိုက်တော့သည်။

“အစ်မတို့ ကုမ္ပဏီက မမျိုးသီရိဆီမှာ ကျွန်မတို့က ယူနေကျ”

“အင်း အစ်မက သူ့ထက် ဈေးလျှော့ပေးရင်တော့ အစ်မဆီက ယူမယ်လေ”

၁၃နှစ် လောက်သာ ရှိသေးသည့် ဆိုင်ရှင်သမီး ဖြစ်ပုံရသူ ကောင်မလေးက စာကျက်နေရာမှ အရောင်းကောင်တာမှ မိန်းကလေးစကားမဆုံးခင် ၀င်ပြောလိုက်တော့သည်။ ထို့ကြောင့် အရောင်းကောင်တာ ၀န်ထမ်းမိန်းကလေးက ၀မ်းသာအားရ မျက်နှာထားဖြင့်

“ဟုတ်တယ်၊ မွေ့လေးပြောတာ မှန်တယ်၊ အစ်မတို့ လျှော့နိုင်တယ် မဟုတ်လား၊ လျှော့လိုက်ပါ”

“သူတို့က ဘယ်ဈေးနဲ့ သွင်းထားလို့လဲ၊ အစ်မဘောက်ချာဖွင့်ထားတာ တစ်ချက်ကြည့်လို့ ရမလား”

“သူတို့လား၊ အစ်မတို့ ကုမ္ပဏီက တရားဝင်ထုတ်ပြန်တဲ့ ဈေးနဲ့ပဲ သွင်းတာပါ”

“အဲဒါဆိုရင်တော့ ဘယ်လျှော့လို့ရမလဲ”

စိတ်ပျက်စွာ ပင် အသံက သိသိသာသာ တိုးလျော့နေသည့်အသံဖြင့် သာ ပြောမိတော့သည်။

“ဟင်….အစ်မကလည်း၊ အစ်မတို့ ကော်မရှင်တွေ အများ ကြီးရတာ သိသားပဲ ၊ အဲဒီ အထဲက လျှော့ပေးမလားဆိုပြီး ညှိနေတာပါ”

သင်္ချာတွက်နေပုံရသော မိန်းကလေးက စာအုပ်ကိုပင် ပိတ်လိုက်ကာ သူ့ထက် အသက်ကြီးသော မိန်းကလေးရှေ့မှ ဦးဆောင်ပြီး ပြောနေသဖြင့် ဘာမှ ပြန်မပြောနိုင်ဘဲ အံ့သြမင်သက်နေမိတော့သည်။

“စဉ်းစားပေါ့ အစ်မရယ်၊ သမီးတို့ဆိုင်က ဆေးတစ်မျိုးနှစ် မျိုးတည်းကို ၁-ဘူး ၂-ဘူးလောက်ပဲ ယူတာ မဟုတ်ဘူး၊ ဆေးအမျိုးအစားလည်းများ တယ်၊ ဘူးအရေအတွက်လည်း များ တာကိုး၊ နောက်ပြီး အစ်မလျှော့ပေးရင် အစ်မဆီကပဲ အမြဲတမ်းမကြာမကြာမှာ ရတော့မှာ ”

အရောင်းဝန်ထမ်းကောင်မလေးက နောက်သို့ တရွေ့ရွေ့ဆုတ်သွားစဉ် သူမက ရှေ့သို့ တစ်စတစ်စ တိုးကပ်လာသည်ကို တွေ့ လိုက်ရတော့သည်။ သူမမျက်ဝန်းများ ရဲရင့်စွာ တင်းမာနေမှု ကို အထင်းသား တွေ့ လိုက်ရသော ကြောင့် သူမပင် ခြေတစ်လှမ်း ဆုတ်မိတော့သည်။

လင်းထက် ကတော့ သူမပခုံးကို ပွက်တိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်ကို တွေ့ လိုက်ရသော ကြောင့် လင်းထက်၏ လက်ကို အတင်းဆုပ်ကိုင် ဆွဲယူလိုက်ရတော့သည်။

“အစ်မ သဘောပေါက်ပါပြီ၊ ညီမက ဘယ်လောက် ရနေလို့လဲ”

“အစ်မတို့ရမယ့် ကော်မရှင်ထဲက ဘယ်နှစ် ရာနှုန်း ရနေလို့လဲ”

“သမီးက ၇%လောက် လိုချင်တာ၊ သူတို့ ၅%အပြင် ပိုမပေးကြဘူး၊ အစ်မတို့ ၁၀%အထိ ရကြတယ် မဟုတ်လား၊ ၇ % ပေးမယ် ဆိုရင်တော့”

ဘော့ပ်ယားဆံပင်လေးကို လှုပ်ယမ်းစေသော စတိုင်ဖြင့် သူမက စိန်ခေါ်လိုက်သည်ဟု ခံစားလိုက်ရတော့သည်။ သွေးကြောများ ထဲ ဖျင်းခနဲ ဖြစ်သွားမှု ကို လင်းထက်လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ခြင်းဖင့် ချုပ်ထိန်းလိုက်ရတော့သည်။

သူမလေးက အရွယ်နှင့် မလိုက်အောင် ၀ါရင့်ဈေးသည် ပီသနေတော့သည်။ သူမလေး ထုတ်ပေးလိုက် သည့် ဆိုင်လိပ်စာကဒ်လေးက ကျွန်မတို့၏ ဒီနေ့ ညိုမှိုင်းမှု ကို ရပ်တန့်စေတော့သည်။ သူ့လိပ်စာကဒ်လေးက ကျွန်မလက်ထဲသို့ တိတိကျကျ ရောက်သွားချိန်မှာ သူမက ချာကနဲ သူမ စာကျက်နေရာသို့ ပြန်သွားတော့သည်။

လင်းထက်၏ ဒေါသများ က ကြယ်စင် ဆုပ်ကိုင်ထားသော လက်ဖျံတွင် လည်း စီးဝင်နေကြာင်း ကြယ်စင် သိလိုက်ရတော့သည်။

သို့ သော် တစ်မိနစ်မပြည့်မီ အချိန်လေးမှာ ပင် ခန်းခြောက်သွားသလို မျိုး လျှော့ကျသွားတော့သည်။

သူမရင်ထဲမှာ ဒေါသ ဖြစ်ရခြင်းထက် ဆို့နင့်ကြေကွဲနေမှု က ပိုသာတော့သည်။ ထိုကလေးမ၏ ဆက်ဆံမှု အပေါ် ယခင်ကလို မခံချင်စိတ်ဖြင့် ဒေါသမ ဖြစ်မိဘဲ နိမ့်ကျစိတ်ဖြင့် နာကျင်နေရမိတော့သည်။

“အစ်မနာမည် ကြယ်စင်လင်းပါ၊ ဒီမှာ အစ်မကဒ်ပြားလေးလည်း ထားခဲ့မယ်နော်”

သူမစကားကြောင့် စာကုန်ကူးနေရာမှ ခေါင်းမော့ကြည့်ပြီး ဆတ်ခနဲ လှပစွာ ခေါင်းညိတ်ပြလိုက်တော့သည်။

“သြော်..အစ်မ အချိန် သိပ်မဆွဲပါနဲ့၊ ဖြစ်နိုင်ရင် အစ်မရုံးပြန်ရောက်ရောက်ချင်း သိချင်တယ်၊ ၁၀-နာရီ၊ ၁၁-နာရီ…အင်း….မွန်းမလွဲမီထိလောက်ပေါ့”

ဆိုင်ထဲမှ လှည့်ထွက်နေသော သူမကျောပြင်ကို နောက်မှ ဆောင့်တွန်းလိုက်သလိုပင် ခံစားလိုက်ရတော့သည်။

“နင်က ဒီလိုတော့လည်း သိပ်ယဉ်ကျေးနေပါလား၊ ကြယ်စင်လင်းမှ ဟုတ်ရဲ့ လား၊ ဟုတ်ပါတယ်နော်၊ ကြယ်စင်လင်း ဟုတ်ပါတယ်နော်”

လင်းထက်၏ ထိုစကားကြောင့် သူမ ဘ၀အမှန်ထဲသို့ စီးမျောခွင့် ရသွားတော့သည်။

“နင့်ကို ခေါ်လာတာ အဖော်အ ဖြစ်ပဲ၊ ၀င်ပြီး စကားပြောဖို့ ၀င်ပြီး ဝေဖန်ဖို့၊ ၀င်ပြီးဆုံးဖြတ်ဖို့ ခေါ်လာတာ မဟုတ်ဘူး”

“ဟား………….ဟား…….ဟား…….နင့်ကိုယ်နင်တော့ ကာကွယ်တက်သားပဲ၊ ဒီလောက်ကိစ္စလေးကို ငါဝင်မပြောသင့်ဘူးဆိုတာ ဆိုင်မှာ ကတည်းက ဆုံးဖြတ်ပြီးသားပါ၊ ငါသာဆို ဘယ်လို ဆုံးဖြတ်မလဲဆိုတာ နင်သိချင်ရင်တော့…..”

“မပြောနဲ့တော့ …နင်ဆုံးဖြတ်မှာ ငါသိတယ်၊ ငါဆုံးဖြတ်မှာ ကိုလည်း နင်သိတယ်၊ ဒါပေမဲ့ ငါအခု မဆုံးဖြတ်သေးဘူး၊ သူက ငါတို့နဲ့ ရွယ်တူမဟုတ်လို့၊ ဒါနဲ့ နင် သူ့ကို ဘယ်လိုမြင်သလဲ”

“နင့်ကိုယ်ပွားလေ…..ငါ…..အဲသလို မြင်လိုက်လို့ သူ့ကို ဘာမှ မတုံ့ပြန်မိတာ”

“ဘာပြောတယ်”

သူမ ဆက်ခနဲ ခေါင်းကို မော့လိုက်စဉ် ထိုကလေးမလေးကဲ့သို့ ဆံပင်များ ခါယမ်းသွားသည်ကို သတိပြုမိတော့သည်။ ဟုတ်နေပြီလား….ဟု ထိတ်လန့်စွာ တွေးမိတော့သည်။

“ဒါနဲ့ ….ငါသူ့ကို ရောင်းလိုက်ရင်၊ ငါ့ကော်မရှင်တွေ ပေးစားလိုက်ရင် ဘာ ဖြစ်သွားမလဲ”

သူမက ထိုကလေးမလေးကို ဘ၀င်မြင့်ခွင့် မပေးချင်သော ကြောင့် အလွယ်တကူ လက်မခံခဲ့ခြင်း ဖြစ်သည်။

“ကဲ….ဒါဖြင့် နင့်က ဘာ ဖြစ်လို့ ချက်ချင်း မပေးခဲ့တာလဲ၊ အဲဒါကို သိပြီးမှ ဖြေမယ်”

“အို…ငါ့ကို အနိုင်နဲ့ လာပိုင်းတာပဲ”

“ဒါပဲလား”

“အေးလေ…..ဘူဇွာမလေးပဲ”

“ငါ ကတော့ သူ့ကို ဘူဇွာမလေးလို့ မမြင်ဘူး၊ သူ့အဖေ၊ အမေတွေ ဆီက မသင်ဘဲနဲ့ တက်မြောက်နေတဲ့ ပညာတွေ ကို ထုတ်သုံးလိုက်တာပဲ၊ ငါ့ဆီက ၁၀၀-လိုချင်ရင် နင့်ဆီ ၂၀၀-အရင်ပေးပြီးမှ ရမယ်ဆိုတဲံ အသိရော၊ သြော်……ဒီအစ်ကိုကြီးနဲ့ အစ်မသေး အမြင်သေး ကြည့်တက်တာတွေ ရောမှာ ကျွမ်းကျင်နေပြီ။ ဘာတဲ့…အစ်မ မွန်းမလွဲခင် အကြောင်းပြန်နော်တဲ့….ဟား…ဟား…ဟား”

“အေး…အဲဒီ လိုစိန်ခေါ်လိုက်ရင် ငါ့ဝေစုကို ပေးစားမယ်၊ ဒါမှ ဘ၀င်မြင့်ပြီး ရူးသွားအောင်”

သူမ မရည်ရွယ်ဘဲ လွှတ်ခနဲ ပြောလိုက်မိတော့သည်။

“အေး သူကလည်း နင်လို့ ၀မ်းတွင်းရူးပဲလေ၊ သူလည်း နင့်လို ပရမ်းပတာ ကြီးနေရတဲ့ ပုံစံမျိုးပဲ သေချာတယ်”

ထိုစကားကြောင့် သူမ ငြိမ်သက်သွားရတော့သည်။

“နင်လည်း ဒေါသထွက်ပြီးမှ အလျှော့ပေးလိုက် တာက ဘာသဘောလဲ၊ အရူးရင့်အောင် လုပ်လိုက်တာပေါ့၊ နင်လည်း ကောက်ကျစ်တက်တာပဲကိုး”

“ကြယ်စင်ရယ်၊ နင့်လေသံကြီးက နင်ရဲ့ င့ါအပေါ်ထားတဲ့ မနာလိုစိတ်တွေ ကို ထုတ်ပြလိုက်တာပဲ ငါ့ကိုယ်ငါ သူတော် ကောင်းလို့ မပြောလိုပါဘူး၊ သူတော် ကောင်း အကျင့်ကိုလည်း ငါ မကျင့်နိုင်သေးပါဘူး၊ ဒါပေမဲ့ သူယုတ်မာ အလုပ်၊ အတွေး၊ အကြံတွေ ကိုတော့ သတိထားပြီး ကာကွယ်တယ်၊ တစ်ခါတစ်လေတော့လည်း လွတ်သွားမှာ ပေါ့၊ ငါအခါ ပြန်သွားပြီး အဲဒီ ကောင်မလေးကို လက်သီးနဲ့ သွားထိုးလို့ ရသေးတာပဲ၊ ငါ….မလုပ်ဘူး…၊ ဘာ ဖြစ်လို့လဲဆိုတော့ ကလေးသာသာ ဖြစ်နေတာရော၊ နင့်လိုပဲ သူ့ဝမ်းတွင်းရူးကို သူ့ဘာသာသိပြီး ကုသဖို့ ထားခဲ့တာ…”

“ဟာ …..ဘာတွေ မှန်း မသိဘူး..နင် ငါကို သူနဲ့ လာလာမနှိုင်းနဲ့၊ ငါကစပြီ ဘယ်တော့မှ အသာစီးမယူပါဘူး၊ အထိမခံတာပါ၊ ဒါလောက်တော့ ငါ့ကိုယ်ငါ သိတယ်”

“ဘာလဲ…အထိခံလိုက်ရလို့ လင်းထက် နင်လည်း စာတွေ ဖတ်ပြီး ရူးနေတဲ့ ၀မ်းတွင်းရူးပဲ ဆိုတော့ ၀န်ခံလိုက်စမ်းပါ…”

“အဟား နင်ကလည်း ငါ့ကို အရူးအချင်းချင်းပဲဆိုပြီး တန်းညှိတာပေါ့၊ ငါက နင်လို ပိုက်ဆံမငမ်းဘူးနော်”

“နင်က ငါ့ကို ပိုက်ဆံငမ်းတယ်ဆိုပြီး နှိမ်တာပေါ့ ဟုတ်လား၊ ငါ ဘာကြောင့် ငမ်းရသလဲဆိုတာ နင်သိသားပဲ၊ ပိုက်ဆံက ငါ့ဆေးလေ၊ အခုဆို ငါ့မှာ သက်စောင့်ဆေးက ဒီလကုန်ထိပဲ ရှိတော့တာ၊ လကုန်လို့မှ တစ်ခြားက ဆေးမရရင်တော့ ဒီကောင်မလေးဆီက ဆေးကိုပဲ အောက်ကျို့ခံပြီး တောင်းသောက်ရတော့မှာ သေချာတယ်၊ ငါ….အဲသလို …မလုပ်ချင်ဘူး”

သူမကိုယ် သူမ မငိုမိအောင် ထိန်းချုပ်ထားရသည့်အတွက် ပင်ပန်းလွန်းနေတော့သည်။

“နင်…..ဒီကရမယ့် ရက်လွန်ဆေးကို သေပါစေ၊ မသောက်ဘူးလို့ ဆုံးဖြတ်ပြီး လုံးဝမေ့လိုက်ရင် တစ်ခြားတစ်နေရာက အစွမ်းထက်တဲ့ဆေးတွေ ရှိနေတာကို တွေ့ လိမ့်မယ်၊ အဲဒါ ကတော့ ငါ့ဖလော်ဆိုဖီပဲ”

“ဒီစကားလုံးများ ဒီအရင်မတိုင်ခင်ကတည်းက ကြားဖူးပြီးသားပါ၊ နင့်ဖလော် မဟုတ်ပါဘူး၊ အရူးချင်းကိုများ ”

သူမတို့ နှစ်ယောက် ကြုံတောင့်ကြုံခဲ ရယ်မောစွာ ကျေအေးစွာ လမ်းခွဲခြင်း ဖြစ်နေသည်ကို သတိမပြုခဲ့ကြပေ။

“အစ်မ ကြယ်စင်ကို အကြံဥာဏ်ပေးပါဦး၊ အဆင်မပြေသေးဘူး”

* * * * *


အခန်း (၅)

စတိုကိုင်စေချင်သော အစ်မစန္ဒာက လုပ်လက်စ အလုပ်များ ကိုရပ်ကာ “ကြယ်စင်ရယ်…ဇွဲ မလျှော့သေးဘူးပေါ့ ”ဟု မေးလိုက်တော့သည်။

“ဇွဲ မလျှော့ချင်တာက (၂)ပိုင်းရှိတယ် အစ်မရဲ့ အဓိကက မူရင်းလစာ တစ်ခုတည်းနဲ့ဆို ကြယ်စင် အိမ်ကိုထောက်နိုင်မှာ မဟုတ်ဘူး၊ ကြယ်စင်မှာ ညီမလေးတွေ ရှိသေးတယ်၊ သူတို့ ကျောင်းစရိတ်၊ အိမ်စရိတ်တွေ က အမေရှာပေးနိုင်တာနဲ့ မလောက်ဘူးလေ၊ နောက်ပြီး အလုပ်မှာ သူများ တွေ တောင် အောင်မြင်အောင် လုပ်နိုင်ရင် ကြယ်စင်လည်း အောင်မြင်အောင် လုပ်ပြချင်တယ်၊ ဒါပေမဲ့ကြယ်စင် ၀င်တဲ့ဆိုင်တွေ က ကုမ္ပဏီက တိုက်ရိုက်လာချတာကို မယူချင်တဲ့ဆိုင်တွေ ၊ ယူတဲ့ဆိုင်တွေ ကျတော့လည်း တစ်ခြားလူတွေ ၀င်ပြီးသားလို ဖြစ်နေတယ်၊ အဲဒါနဲ့ အချိန်ကုန်နေတော့ ဘယ်ဆိုင်တွေ ၀င်ပြီးပြီလဲ သိချင်တယ်၊ သူတို့ မ၀င်ရသေးတဲ့ ဆိုင်ကိုပဲ ၀င်ချင်တယ်၊ သူတို့ ၀င်ပြိးသား ဆိုင်တွေ က ဖုန်းဆက်ကြည့်ပြီး လာပို့ပါလို့ မှာ ကြပေမယ့် အချင်းချင်း မျက်နှာပျက်စရာ ဖြစ်မှာ စိုးလို့ သိပ်မလှုပ်ရဲသေးဘူး…..အစ်မရယ်”

မနက်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ကို အစ်မစန္ဒာအား ပြောပြချင်ပေမယ့် မပြော ဖြစ်အောင် မျိုးသိပ်နေလိုက်မိတော့သည်။ မျိုးသီရိ နစ်နာမှာ စိုးသော ကြောင့် လား၊ ဒါမှမဟုတ် သူမအတွက် အကြံကုန်ရင် ထုတ်သုံးရမယ့် ၀ှက်ဖဲအ ဖြစ် ထားလိုက်မိတာလား ဆိုတာကိုတော့ မပြတ်သားနိုင်သေးပေ။

“အစ်မ ကတော့ ကြယ်စင့်ရုပ်ရည်လေးနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သွားနေတာ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာ သိတယ်၊ ဒါကြောင့် စတိုမှာ ပဲ လုပ်စေချင်တာ ဒါပေမဲ့ ကြယ်စင်က လုပ်ချင်တယ်ဆိုရင် သူတို့ ၀င်လို့မရသေးတဲ့ နေရာတွေ ရှိပါတယ်၊ ပိုပြီး စိတ်ရှည်ရမယ်”

“ရတယ် အစ်မ၊ ကြယ်စင်လည်း အလုပ်ဝင်တာ ၁၅-ရက်ကျော်နေပြီ၊ ဘာအလုပ်မှ မ ဖြစ်သေးတော့ မျက်နှာပူသလိုလို ရှက်သလိုလိုပါပဲ ….၊ ကြယ်စင် အတွက် အရမ်းအရေး ကြီးနေပါပြီ၊ အစ်မ ကူညီပါနော်….”

မန်နေဂျာ မစန္ဒာရဲ့ ခုံရှေ့မှာ သေသေ၀ပ်ဝပ် မတ်တပ်ရပ်ရင်း ခေါင်းငုံ့၍ သာ အသနားခံနေတော့သည်။ အဆောင်လခ၊ အိမ်ဖို့ စားစရိတ်၊ အမေချဲထိုးလို့ ပိုက်ဆံက ဘယ်လောက်ထပ်ကုန်သွားပြီလဲ…စသည့် အကြောင်းများ က ကြယ်စင်လင်း ခေါင်းထဲတွင် ပြည့်နှက်နေတော့သည်။

ကော်မရှင် ၁၀% အပြည့်ရရင်တောင်မှ အသက်ဆက်နိုင်ဖို့ မသေချာဆိုသည့် အဖြေကို ရလိုက်တော့သည့်။ ကလေးမလေးရဲ့ မွန်းမလွဲခင်နော်…အစ်မ…ဆိုသည့်အသံ အသိမဲ့စွာ ကြားနေရသော်လည်း သူမ တည်ငြိမ်စွာ ပင် ဖယ်ထုတ်ပစ်လိုက်နိုင်တော့သည်။

“ဟုတ်ပြီ၊ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဇုံဆီကိုဝင် ဆေးတွေ ကိုပြပြီ လူနာတွေ ကို ညွှန်ပေးဖို့ ၀င်ပြော၊ ဆရာ့အတွက် နမူနာဆေးလေးတွေ ပေးလိုက် မယ်”

“ကြယ်စင်က ၀င်ပြီး ဘာပြောရမှာ လဲ”

“ဒီဆေးလေးတွေ သမီးတို့ ကုမ္ပဏီက သွင်းပါတယ်၊ ဆရာ့အနေနဲ့ လူမမာတွေ ကို တက်နိုင်သလောက် ညွှန်ကြားပေးစေလိုပါတယ်ပေါ့၊ ဆေးတွေ ရဲ့ မှတ်ပုံတင်စာရွက်တွေ လည်း မိတ္တူကူးပေးလိုက် မယ်၊ အဲဒီ မိတ္တူတွေ ပြပြီး ဆေးစစ်ဆေးမှန် ဖြစ်တယ်ဆိုတာ ပြောပေါ့၊ နောက်ပြီး…အဲဒီ ဆရာတွေ က ဆေးခန်းကြီးတွေ မှာ ရှယ်ယာပါတာမျိုး၊ ဒါမှမဟုတ်၊ ဒီဆေးခန်းမှာ ဒီစမ်းသပ်ပစ္စည်းတွေ လိုတယ်ဆိုပြီး ၀ယ်ခိုင်းတာမျိုးလည်း ရှိတက်တော့ ဆေးအပြင် စမ်းသပ်ပစ္စည်းတွေ ပါ ရောင်းဖို့ ရှိတာကိုပြော၊ ဆရာကြီးက သမီးတို့ဆီက ပစ္စည်းတွေ ၀ယ်ဖို့ ညွှန်ကြားပေးလိုက် တာမျိုး ကူညီပါလို့ ပြောပေါ့”

မစန္ဒာ၏ စကားကြောင့် ကြယ်စင် ပျော်ရွှင်သွားတော့သည်။

“ဆရာကြီးဆိုတော့ ဆေးရုံ၊ ကျောင်း၊ ဆေးခန်းတွေ တစ်ခုပြီးတစ်ခု ကူးနေရတော့ အလုပ်ရှုပ်နေကြတာ ၊ ဆရာတွေ နဲ့ ဆက်ဆံရင် စိတ်ရှည်ရမယ်၊ တော် တော့်ကို စိတ်ရှည်ရမယ်၊ ဆေးဆိုင်တွေ လိုတော့ ချက်ချင်း ရောင်းရချင်မှ ရောင်းရလိမ့်မယ်၊ ဒါပေမဲ့ သူတို့ ညွှန်တက်တဲ့ဆိုင်ကို စာရေး ပေးလိုက် တာမျိုးဆိုရင် ဆိုင်တွေ ကလည်း မ၀ယ်မနေရ ၀ယ်ကြတယ်၊ ကြိုးစားကြည့်ပေါ့”

“ဟုတ်ကဲ့ပါ၊ အခုပဲ သွားမယ်”

ဆေးရုံဝင်းထဲရှိ ဆေးဆိုင်များ သို့ ဆေးသွားပို့သည် ကားကြုံနှင့် ပင် ဆေးရုံသို့ ချက်ချင်း ထလိုက်သွားတော့သည်။ ဒေါက်တာ အောင်ဇုံ…ဆရာ..ကြယ်စင့်ကို သနားသဖြင့် ကူညီပါ။ ဆရာကူညီမှ ကြယ်စင့်ဘ၀ အဆင်ပြေမှာ ပါလို့ တိုးတိုးလေးရေရွတ်ပြီး လိုက်သွားတော့သည်။ ကားပေါ်ရှိ ရွယ်တူများ က ကြယ်စင်ပါလာသည်ကို မသိမသာ အကဲခတ်၍ ဖော်ရွေဟန်မပြသည့် မျက်နှာထားများ ကြောင့် ကြယ်စင်လည်း ငြိမ်သက်၍ သာ နေတော့သည်။

ဆေးရုံသို့ ရောက်သော အခါ တစ်နာရီပဲ စောင့်မယ်လို့ အော်ပြောလိုက်သော ကားဒရိုင်ဘာအသံကို ကြားလိုက်ရတော့သည်။ ၁နာရီအတွင်း ပြီးလောက်အောင် အဆင်ပြေပါ့မလားတွေးမိပြီ တစ်ခုခုတော့ ပြေအောင်လုပ်မယ်ဟုသာ ဆုံးဖြတ်လိုက်ရတော့သည်။

ဆရာကြီး၏ ရုံးခန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားသော ကြယ်စင့်ကို မည် သူမျှ တားမြစ်ခြင်း မပြုကြပါ။ ဆရာကြီးရုံးခန်းထဲသို့ ချောင်းကြည့်သော်လည်း ဆင်နားရွက်တံခါးကြောင့် မြင်ခွင့်မရခဲ့။

သို့ သော် အရောင်းဈေးသည်များ မလာရဆိုသည့် စာတန်းလေးကို မထင်မှတ်ဘဲ ထင်ရှားစွာ မြင်လိုက်ရတော့ ခြေဖျားလက်ဖားများ အေးစက်သွားတော့သည်။

“ညီမက ဘယ်သူ့လာရှာတာလဲ၊ ဆရာကြီးကိုလား”

“ဟုတ်ကဲ့”

“ဆရာကြီး ရောင်း(န်)လှည့်နေတယ်လေ၊ အခုလေးတင် ထွက်သွားတာ၊ ညီမက ဒီနေ့ဟောက်(စ်)စဆင်းမယ့် ဆရာဝန်လား”

အပြာဝတ် နာ့စ်(မ)၏ မေးခွန်းကြောင့် တွန့်ခနဲပင် ဖြစ်သွားရတော့သည်။ ခေါင်းခါပြသော အခါ သူမက ကြယ်စင့်ကို ခြေဆုံးခေါင်းဆုံး ကြည့်တော့သည်။

“မားကတ်တင်းလား၊ မဟုတ်နိုင်ပါဘူးနော်၊ ၀တ်စုံမှ ၀တ်မထားတာ”

ထိုစကားကို မကြားဟန်ပြုကာ ငြိမ်သက်ရင်း ဆရာကြီးထမင်းစားချိန်တွင် ၀င်တွေ့ ရန် ဆုံးဖြတ်လိုက်သည်။

“ဆရာက ဘယ်ဆိုင်မှာ ထမင်းစားတက်သလဲ၊ အဲဒီ ကျမှာ ပဲ တွေ့ တော့မယ်”

“သြော် ..ညီမက ဆရာ့မိတ်ဆွေကိုး၊ ဆရာက ထမင်းစားချိန် မမှန်ဘူး၊ အများ အားဖြင့် တော့ ဆေးရုံကဲန်တင်းမှာ ပဲ စားတက်တယ်၊ တစ်ခါတစ်လေ အပြင်ထွက်စားတက်တယ်၊ အမြဲတမ်းတပည့်တွေ နဲ့ပဲ တတွဲ တွဲ ဆိုတော့ ပြောစရာရှိတောင် လွတ်လပ်မှာ မဟုတ်ဘူး၊ မနက်စောစော ဆရာ့အိမ်သွားတွေ့ တာ အကောင်းဆုံးပဲ”

ဆရာမ လေး ပေးလိုက် သော အကြံဥာဏ်ကြောင့် ကြယ်စင်ပျော်သွားရတော့သည်၊ “ဟုတ်ကဲ့” ဟု ဆရာမ လေးကို ခေါင်းညွတ်နှုတ်ဆက်ပြီး ဆရာဦးအောင်ဇုံကို မြင်ဖူးရန် စင်္ကြတွင် မယောင်မလည် ရပ်နေလိုက်သည်။

လူနာကို သေသေချာချာ စမ်းသပ်ပြီး ကျောင်းသားများ ကို ရှင်းရှင်းလင်းလင်း သင်ပြနေသော ဆရာ့ကို ထင်ထင်ရှားရှား မမြင်ရချေ၊ လူနာကို အားပေးစကားပြော တာဝန်ကျဆရာကို ဆေးအညွှန်းပေးဖြင့် လူနာ တစ်ယောက် ကို မိနစ်-၂၀ခန့် အချိန်ပေးပြီး စမ်းသပ်ကုသရင်း စာသင်နေသည်ကို တွေ့ လိုက်ရသည်။

“ညီမက ဆရာနဲ့ ဘာတော် သလဲ”

“ဟို…မေမေ့ မိတ်ဆွေပါ အဒေါ် တစ်ယောက် နေမကောင်းလို့ ဆေးရုံမှာ တင်ထားတာ၊ ဆရာ့ကို အကူအညီတောင်းခိုင်းလိုက်လို့”

အလွယ်တကူ ယုံကြည်သွားသော သူနာပြု ဆရာမ လေးက ဆရာ့ရုံးခန်းက စောင့်မလားဟု ထပ်မေးတော့သည်။ တကယ်တော့ ကြယ်စင့်မှာ စောင့်ခွင့်မရှိ။

မစောင့်တော့ပါဘူ၊ ဆေး ပြေးဝယ်ရဦးမယ်၊ ဆရာနဲ့က တစ်ခါမှ မတွေ့ ဖူးဘူးတော့ မိတ်ဆွေ၊ ဆွေမျိုးစပ်ကြရဦးမှာ ၊ သွားဦးမယ်၊ ကျေးဇူးနော်။

ပထမဦးဆုံး လိမ်လည် လိုက်ရခြင်းအတွက် မလုံမလဲ မ ဖြစ်မိပါ။ မည် သူ့ကိုမျှ ၊မထိခိုက်၊ မနစ်နာစေသည့်အတွက် အကျိုးရှိအောင် လိမ်လည်ရခြင်း ဖြစ်နေတော့သည်။

ဆေးရုံအောက်ကို ရောက်တော့ ကုမ္ပဏီကားက ရပ်စောင့်နေဆဲ၊ “မလိုက်သေးဘူး၊

အလုပ်မပြီးသေးဘူး”ဟု ပြောလိုက်တော့ ကြယ်စင့်ကို အားလုံးက စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ြ ကတော့သည်၊ ဆေးစာရွက်နှင့် ဆေးနမူနာ စာရွက်များ ထည့်လာသည့် စက္ကူအိတ်လေးကို ခေါင်းမိုးပြီး နေပူကျဲကျဲကို ဖြတ်ကာ ဆေးရုံစားသောက်ဆိုင်သို့ ထွက်သွားလိုက်သည်။ “ဘာတွေ ခွင်တည့်သွားပြီလဲ မသိဘူး” ဟူသော စကားသံတိုးတိုးကြောင့် ရယ်ချင်စိတ်ကို မနည်းမြိုသိပ်လိုက်ရတော့သည်။

စိတ်ညစ်စရာ အခြေအနေမျိုးမှာ ဒီလိုစကားမျိုးကြောင့် စိတ်လက်ပေါ့ပါးရလိမ့်မည် ဟု တစ်ခါမျှ မတွေးဖူးခဲ့ပါ၊ ထို့အပြင် ကိုယ့်အလုပ် အောင်မြင်ဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်နေတော့သည်။

ဆရာနှစ် ယောက် နှင့် ကျောင်းသူကျောင်းသား (၅)ယောက် ခြံရံပြီ ၀င်လားသော ဒေါက်တာအောင်ဇုံကို တွေ့ လိုက်ရသော အခါ ခြေဖျား လက်ဖျာများ အေးစက်လာသလို ခံစားလိုက်ရတော့သည်။ ကြယ်စင်နှင့် အရွယ်မတိမ်းမယိမ်း ရှိနေကြသော ၊ ထိုကျောင်းသား ၅ယောက် ကြောင့် အခက်တွေ့ ခြင်းလော၊ ဆရာ့အရှိန်အ၀ါကြောင့် လော၊ အတွေ့ အကြုံမရှိသေးသော ကြောင့် လော….ဘာကြောင့် မှန်းမသိ၊ ကြယ်စင့်မှာ အင်အားမဲ့လှတော့သည်။ ထသွားဖို့ အခါခါပြင်ပြီး မထ ဖြစ်ဘဲ ထိုက်လျက်နှင့် ဆရာတို့ စားပွဲဝိုင်းသို့ သာ ငေးနေရတော့သည်။

လူနာတွေ အကြောင်းပြောရင် သင်ခန်းစားများ အကြောင့် ဆွေးနွေးနေသည့်အသံကို ကြားနေရသဖြင့် ငါ့ကြောင့် အနှောင့်အယှက် ဖြစ်မယ်ဆိုတဲ့ အတွေးက ကြယ်စင့်အလုပ်ကို ဆိုင်းငံနေစေတော့သည်။ အစားအသောက်တွေ ရောက်လာပြီ စားတော့မှ စကားပြတ်မှာ ပါ၊ အဲဒီ ကျမှ နာရီကို ကြည့်လိုက်တော့ နေ့လည် ၁-နာရီခွဲလုပြီ။ အအေးတစ်လုံးဖြင့် ထိုင်နေသည်မှာ ၂နာရီနီးပါးမျှ ကြာနေသည်ကိုလည်း သတိထားမိလိုက်သည်။ စားပြီးရင်တော့ သွားစကားပြောမယ်ဟု ဆုံးဖြတ်ပြီး ဆက်စောင့်နေစဉ်တွင် ဆေးရုံမှ ၀န်ထမ်းတစ်ဦးက ဖိုင်စာအုပ်ကြီးဖြင့် ရောက်လာသော ကြောင့် စားလက်စကိုရပ်ကာ ဆရာလိုက်သွားသည်ကိုသာ မြင်ခဲ့ရတော့သည်။

သွားပြန်ပြီဟု စိတ်ထဲမှာ ရေရွတ်ရင်း ခန္ဒာကိုယ်တစ်ခုလုံးလည်း နုံးခွေသွားသလို ခံစားလိုက်ရတော့သည်။ “ဒီလိုပုံစံနဲ့ဆို”…..ကြယ်စင့်ခေါင်းထဲမှာ မူးနောက်အောင် ခံစားနေရတော့သည်။ “အစ်မ…..နေမကောင်းဘူးလား၊ ကျွန်တော့် အသိ ဆရာဝန်ရှိတယ် ပြမလား”

သူမ စထိုင်ကတည်းက ကွတ်ကြည့်ကွတ်ကြည့်လုပ်နေသော စားပွဲထိုးကောင်လေး၏ အသံကြောင့် ဘယ်လက်မဖြင့် နားထင်ထောက်ပြီး မျက်စိ၏ မှိတ်ထားရာမှ ရပါတယ်ဟု ပြောလိုက်ရတော့သည်။ နာရီကြည့်လိုက်တော့ ၂နာရီထိုးလုပြီ။ ထိုအခါကျမှ မနက်စာ မစားရသေးမှန်း အမှတ်ရမိတော့သည်။ စားသောက်ဆိုင်လေးမှ ထောင်ထားသော မီနူးကဒ်လေးကို ယူကြည့်ပြီ အစားအသောက်စာရင်းနှင့် ဈေးနှုန်းများ ကို လျှောက်ဖတ်ကြည့်မိတော့သည်။ ဆီချက်ခေါက်ဆွဲ တစ်ပွဲပင်လျှင် ၃၅၀-ကျပ် ဆိုသော ကြောင့် မှာ စားရကောင်းနိုး မကောင်းနိုး တွေ ဝေမိတော့သည်။ သူမလက်ထဲမှာ ပိုက်ဆံ၅၀၀၀ကျော်သာ ကျန်တော့သည်။ လကုန်လျှင် အဆောင်လခ ၅၀၀၀ ပေးရမည် ၊ လခထုတ်လျှင် ရမည့် လခ တစ်သော င်းခွဲကိုလည်း အိမ်ကိုပို့ဖို့ သူမရဲ့ နေ့စဉ်ထမင်းဘိုး ….စသည်တို့က ရှိသေးသည်။ သူမ မျက်စိရှေ့တည့်တည့် နံရံမှာ ရေး ထားသည့် “မုန့်ဟင်းခါးရပြီ” စာတန်းကြောင့် “မုန့်ဟင်းခါးတစ်ပွဲ ”ဟု ဖြတ်သွားသည့် စားပွဲထိုးကောင်လေးကို မှာ လိုက်ရတော့သည်။

“အကြော်က ဘာထည့်မလဲ”

“အလွတ်ပဲ ပေးပါ၊ သြော်…လိမ္မော်ရည် တစ်ပုလင်းလည်း ထပ်ပေးနော်”

အကြော်ဖိုး ၅၀- အကုန်ခံမည့် အစား ၅၀- ထပ်စိုက်ပြီး အချိုရည်သောက်ဖို့သာ ရွေးချယ်လိုက်ရတော့သည်။ သူမ ထို့သို့ အဆာလွန်၍ ခေါင်းမှုးတိုင်း အချိုရည်သောက်လိုက်ပါက အမူးပြေတက်သည်ကို သထိထားမိသော ကြောင့် ဖြစ်သည်။

“ဟေ့…ဒီနေ့ ဆရာဘယ်ဆေးခန်းမှာ ထိုင်မှာ လဲ သိလား၊ နယ်ကရောက်လာတဲ့ ငါ့သူငယ်ချင်း အမေကို လိုက်အပ်ပေးရမယ်”

“ကောင်တာမှာ ဆေးခန်း ပန်းဖလက်တွေ ရှိတယ် သွား ယူကြည့်လိုက်လေ”

ထိုအသံများ ကြောင့် ဆရာ့ဆေးခန်းမှာ သွားတွေ့ ဖို့ ဖျတ်ခနဲ့ သတိရသွားတော့သည်၊ ကုတ်အကျီ င်္ အဖြူရောင် ၀တ်ထားသည့် ကြယ်စင်နဲ့ ရွယ်တူလောက်သာ ရှိသည့် မိန်းကလေးက ပိုက်ဆံရှင်းသည့် ကောင်တာတွင် ထောင်ထားသော ပန်းဖလက်တွေ စာရွက်များ ကို ရွေးချယ်ယူနေသည်ကို တွေ့ လိုက်ရတော့သည်။

“အင်း…ငါလည်း အဲဒီ စာရွက်ကနေ ဆရာထိုင်တဲ့ ဆေးခန်းတွေ ရနိုင်တယ်”

ဟု တွေးမိပြန်ကာ စိတ်ထဲပေါ့ပါးစွာ ရွှင်လန်းသွားတော့သည်။ စားပွဲထိုးကောင်လေး လာချပေးသည့် မုန့်ဟင်းခါးကိုပင် မစားနိုင်ဘဲ ကြယ်စင်လည်း ကောင်တာသို့ ထသွားတာ ဆေးကျောင်းသူလေးယူသလို ဆေးခန်းအစုံ၏ ပန်းဖလက်များ ကို ရွေးချယ်လူလိုက်တော့သည်၊ ထို့နောက် ကုမ္ပဏီကပေးသည့် မှတ်စုစာလိပ်စာများ ကို ကူးယူးလိုက်တော့သည်။ ထို့နောက် သူမအဆောင်နှင့် နီးသော ညနေစောင်းအချိန် ဖြစ်သည့် ဆေးခန်းတွင် သွားတွေ့ ရန် ဆုံးဖြတ်ကာ ပေါ့ပါးစွာ ဖြင့် ပြန်ထွက်လာတော့သည်။

အခက်အခဲဆိုတာ ရှိမှာ ပဲ။ အဲဒီ အခက်အခဲ ကြောင့် နောက်ဆုတ်လိုက်ရင် ငါကျရှုံးပြီ၊ အခုဆို ဆက်လိုက်ဖို့ ကွင်းဆက်တွေ ရပြီ၊ ဒီနေ့ မရောင်းရပေမယ့် မနက်ဖြန်ကျရင် ရောင်းရတော့မှာ ။ ရောင်းရတော့မှာ မဟုတ်ဘူး၊ ရောင်းကို ရောင်းရမှာ ဟု စိတ်ထဲရေရွတ်ကာ ပျော်ရွှင်မိတော့သည်။ ထို့နောက် ဖုန်းဆက်ဖို့ မှာ ထားသော မန်နေဂျာမထံသို့ ဖုန်းဆက်ရန် အများ ပြည်သူသုံး တယ်လီဖုန်းရုံလေးသို့ ဝင်သွားတော့သည်။

“အစ်မရေ….ဆေးရုံမှာ တော့ တွေ့ ခွင့်မသာဘူး…မနက် ၁၀-နာရီကတည်းက ရောက်ပြီ

စောင့်နေတာပဲ၊ ဘယ်လိုမှ တွေ့ ခွင်မသာတာနဲ့ ဆရာထိုင်တဲ့ ဆေးခန်းကို ဆက်သွားမလို့၊ အဲဒီ ကျရင်တော့ အဆင်ပြေမယ်ထင်ပါရဲ့ ”

“စိတ်မပျက်သေးဘူးလား ညီမရယ်၊ ညီမ တစ်ယောက် တည်း သွားနေတာ အစ်မ စိတ်မချဘူး ၊ညီမအတွက် အဖော် တစ်ယောက် ရအောင် ၀န်ထမ်အသစ် တစ်ယောက် ထပ်ခန့်မှ ထင်တယ်”

“စိတ်မပူပါနဲ့ အစ်မရာ၊ အခုအောင်မြင်တော့မှာ ပါ၊ နောက် တစ်ယောက် ပါလာတော့ ညီမက မျှပေးနေရဦးမယ်၊ နောက်ပြီးစိတ်ညီမှ ဖြစ်မှာ အစ်မရဲ့ ၊ ညီမက အောင်မြင်အောင် လုပ်မှာ ပါ၊ စိတ်ချနော်၊ ဒီနေ့တော့ ရုံးကို ပြန်မလာတော့ဘူး၊ ဆေးခန်းကို ဆက်သွားမယ်၊ ဒါပဲနော်…အစ်မ…အဆင်ပြေအောင် ဆုတောင်းပေး”

တော် သေးရဲ့ ၊ တယ်လီဖုန်းဘိုး ၇၀-ပဲ ကုန်လို့ …ဟုရေရွှတ်ရင်း ဒီနေ့ အသုံးစရိတ်ကို တွက်ချက်ကြည့်လိုက်တော့သည်။ ညစာကို ဟင်းနဲ့မစားဘဲ လက်ဖက်သုပ်နဲ့စားလျှင် ၂၅၀-ပဲ ကုန်မယ်လို့ တွေးမိလိုက်သေးသည်။

“ဆေးရောင်းမည့် သူများ ခွင့်မပြု” ဟူသော စာတန်းက သူမရင်ကို ဒိန်းဒနဲ တုန်လှုပ်စေတော့သည်၊ ဘယ်လို လုပ်မလဲ..ဟု စဉ်းစားရင်း ဒေါက်တာအောင်ဇုံထိုင်မည့်  ဆေးခန်းရှေ့ရှိ ခုံတန်းလျားလေးတွင် အသာထိုင်နေ လိုက်တော့သည်။

“အစ်မ ဆရာကြီးဦးအောင်ဇုံနဲ့ တွေ့ ဖို့လား”

အဖြူအပြာ ၀တ်ထားသည့် ကောင်မလေးက သူမကို စေ့စေ့ကြည့်ပြီး မေးတော့သည်။

“ဟုတ်တယ်”

“အစ်မက လူနာအသစ် ထင်တယ်၊ စာအုပ် လုပ်ပြီးပြီလား စာအုပ်ထပ်ရမယ်လေ၊ ဘွတ်ကင်ရော လုပ်ထားသေးလား”

“အင်း…စာအုပ် မလုပ်ရသေးဘူး၊ အစ်မကဆရာရဲ့ ဆေးရုံလူနာပါ၊ လူနာအပ်ချင်လို့ လာတာ၊ ဆေးခန်းမှာ မပြောဘဲ အိမ်သွားပြောမှ ကောင်းမယ် ထင်တယ်နော်၊ ညီမ ဆရာ့အိမ်လိပ်စာသိသလား”

အကြံအိုက်နေစဉ် ဖျတ်ခနဲ ပေါ်လာသော အတွေးကြောင့် ဆေးခန်းအတူ ကောင်မလေးကို အကူအညီ တောင်းလိုက်ရတော့သည်။

“ဆေးရုံတက်တယ်ဆိုရင် ဆရာဝန်ကြီးတွေ က ပိုဂရုစိုက်အောင် လူနာရှင်တွေ ၊ လူနာစောင့်တွေ က ဆရာကြီးအိမ်ကို သွားပြီး ဂရုစိုက်အောင် ပြောဆိုကန်တော့ရတယ်”

ဟု စက်ရုံလုပ်ခဲ့စဉ်က ကြားဖူးခဲ့သည်၊ ထိုအကြားကို ယခုလို လက်တွေ့ အသုံးချလိုက်ရခြင်း ဖြစ်တော့သည်။

“အစ်မက စိုးရိမ်လို့ပါ၊ ဆရာကြီးက ဆေးရုံလူနာဆိုရင် ပိုပြီး စိတ်ရှည်သေးတယ်၊ လူနာ နွမ်းပါတယ်ထင်ရင် ဆေးဖိုးတောင် စိုက်ကူပေးသေးတာပေါ့ အစ်မရဲ့ အခုတွေ့ ချင်ရင်တော့ စာအုပ်လုပ်လိုက်ပေါ့ စာအုပ်ဖိုးက ၂၀၀-ပါ၊ ဆရာ့ အိမ်လိပ်စာကို မန်နေဂျာဆီမှာ စုံစမ်းပေးမယ်လေ”

“အခုလည်း ၀င်တွေ့ မယ်လေ၊ အခွင့်မသာရင်တော့ နောက်နေ့ မနက်စောစော ဆရာ့အိမ်ပဲ သွားလိုက်မယ်၊ ရော့ ညီမ စာအုပ်ဖိုး ၂၀၀၊အစ်မ နောက်ဆုံးကျမှပဲ ၀င်မယ်နော်၊ လိပ်စာတော့ စုံစမ်းပေးပါဦး”

“စာလုပ်လုပ်ဖို့ အစ်မ လိုက်ခဲ့နော်၊ နာမည် ၊ အသက်တွေ ၊ နေရပ်လိပ်စာတွေ ပြောရမှာ မို့လို့”

စာအုပ် မှတ်ပုံတင်ဌာနမှ စာရေး မလေးက လူနာအမည် ဆိုသော ကြောင့် တွေ ဝေနေရဆဲ…။ အဆောင်ရှေ့ ထမင်းဆိုင်ရှင်ကို သတိရပြီး “ဒေါ်ခင်မြ” ဟု ပေးလိုက် မိတော့သည်။ “အသက်” တဲ့။ “၅၂နှစ် ”..ဟု တုံ့ဆိုင်းဆိုင်း ဖြေမိသည်။လိပ်စာ….အလုပ်ရှုပ်နေသော ကြောင့် ခပ်ပြတ်ပြတ် မေးနေသည့် စာရေး မလေးကို ကြည့်ပြီ “ရေကြည် ” ဟု ပေးလိုက် တော့သည်။ “ရေကြည် ထမင်းဆိုင်” ဆိုင်းဘုတ်ကို ဖျတ်ခနဲ မြင်လိုက်သော ကြောင့် ဖြစ်သည်။

“အစ်မ…ဆရာ့အခန်းနားမှာ ပဲ ….ထိုင်စောင့်နေနော်၊ ကျွန်မ ၀င်မေးလိုက်ဦးမယ်”

နှုတ်ဆက်ထွက်သွားသော ကောင်မလေးကိုကြည့်ပြီ သူမ ပြုံးနေမိတော့သည်။ ဒီနေ့တော့ ၀င်တော့မည် ၊ တွေ့ ခွင့်မသာရင် မနက်စောစော အိမ်သွားတွေ့ ရန် အဆင်သင့် ဖြစ်ပြီဟု တွက်မိကာ ကျေနပ်မိတော့သည်။

“အစ်မရေ၊ မန်နေဂျာဦးကြီးဆီက ဆရာ တွေ ရဲ့ အိမ်လိပ်စာ မပေးဘူး လုပ်နေလို့ ပေးချင်အောင် မနည်းပြောယူရတယ်၊ အစ်မတို့က နယ်က လာတာ မဟုတ်လား၊ သူ့အမေအတွက် အရမ်းစိတ်ပူနေလို့ ရောဂါ အခြေအနေ ကြိုသိမှ ဖြစ်မယ်လို့ ပြောတယ် ။ မနက်ဖြန်ပြန်မ့ယ် လူကြုံရှိနေလို့ ပိုက်ဆံထပ်ရှာရမယ်ဆိုရင် ထပ်ရှာရမှာ မို့လို့ ပြောလိုက်တယ်၊ ရွာ က ဆရာဝန်က ခွဲချင်ခွဲရလိမ့်မယ်လို့ ပြောလိုက်လို့တဲ့…လို ဖြေလိုက်မှ ထုတ်ပေးတာ အစ်မရဲ့ ”

“မန်နေဂျာကြီးက ပြောလိုက်သေးတယ်။ သူတို့ကို ပြောလိုက်တဲ့၊ ပိုက်ဆံလိုလို့ ဟိုရောင်း၊ ဒီရောင်း လုပ်မနေနဲ့တဲ့…..၊ ဆရာကို တက်နိုင်တဲ့ အနေအထားပဲ ပြောပြလိုက်၊ ဆရာက အဆင်ပြေအောင် စီစဉ်ပေးလိမ့်မယ့်….တဲ့၊ ဆေးရုံမှာ က တက်နိုင်တဲ့သူတွေ ဆိုရင် စရိတ်မျှပေးအနေနဲ့ ဆေးဖိုး ကုန်သင့်သလောက် ကုန်မယ်၊ မတက်နိုင်တဲ့သူတွေ ဆိုရင် အလကားကုပေးနေတာဆိုတော့ ပြောပြလိုက်တဲ့ …..မှာ လိုက်သေးတယ် အစ်မရဲ့ ”

ဆရာကြီး လိပ်စာလေးကို ကြည့်ပြီး စာအုပ်ကြားထဲ ညှပ်လိုက်ကာ “ကျေးဇူးပါပဲ ညီမရယ်၊ အစ်မလည်း အခုစောင့်ကြည့်လိုက်ဦးမယ်၊ အဆင်ပြေမှာ သွားတွေ့ မှာ ပါ၊ ဒါနဲ့ အစ်မကို လူနာရှင်းမှပဲ ထည့်ပေးနော်၊ အစ်မကြောင့် ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ ….” ဟု ပြောလိုက်တော့သည်။

ထိုအချိန်မှာ ပင် ဆရာကြီး ၀င်လာသည်ကို လှမ်းမြင်လိုက်ပုံရသော ကောင်မလေးက ပြေးထွက်သွားပြီ ဆရာ့အိတ်ကို ဆီးကြိုးယူက အခန်းထဲသို့ ၀င်သွားတော့သည်။

“ဘွတ်ကင်နံပါတ်-တစ် ဒေါ်စံပယ်၊ ဘွတ်ကင်နံပါတ်-နှစ် ဦးကြည်လှိုင် အဆင်သင့် စောင့်နေပါ”

ဆေးခန်းအကူ ကောင်မလေးမှာ ၀င်လိုက်ထွက်လိုက် အလုပ်ရှုပ်နေတော့သည်၊ ကောင်မလေး အ၀င်အထွက်ပြုစဉ် ဟသွားသော တံခါးကြားမှ လှမ်းကြည့်ရင်း ခြေတွေ လက်တွေ တုန်နေမိတော့သည်။

“အန်တီ ….လေ့ကျင့်ခန်း၊ လုပ်ရမယ်နော်…၊ လေ့ကျင့်ခန်းလုပ်တာကလည်း ဆေးသောက်တာနဲ့ အတူတူပဲ၊ ဆေးကို ချည်းပဲ အားမကိုးနဲ့ အန်တီရဲ့ ”

ဆရာ့စကားသံက ချိုနေသလို မျက်နှာကလည်း ပြုံးနေသည်ကို ဖျတ်ခနဲ့ တွေ့ လိုက်ရတော့သည်။

“လမ်းရော လျှောက် ဖြစ်ရဲ့ လား”

“သူတို့တွေ က မအာြး ကတော့ တွဲ မယ်သူ မရှိတာနဲ့ ”

“ဟာ…ဒါဆို …ညဘက် ဆေးခန်းပြီးရင် ကျွန်တော် ၀င်လာပြီး တွဲ လျှောက်ပေးမယ်၊ ကိုရီးယားကား ကြည့်နေလို့ မအားသေးဘူးလို့တော့ မပြောရဘူးနော်…”

ဆရာ့ စကားသံကြောင့် ကြယ်စင်လည်း ခစ်ကနဲဟု ပင် အသံထွက်အောင် ရယ်မောမိတော့သည်။ ဆရာက တော် တော် သဘောကောင်းတာပဲ၊ ငါတော့ ကံကောင်းပြီဟု ရေရွှတ်ကာ စိတ်လက်ပေါ့ပါး နေပြန်တော့သည်။ ဆရာက သူမဆေးများ ကို ယူကြည့်ပြီး အဲဒီ ဆိုင်ရာ သွားရောင်းလိုက်၊ ဒီစက်တွေ လိုမလို မေးကြည့်ဦးမယ်….လိုရင် ဖုန်းဆက်လိုက်မယ်…ဟူသော သူမကြားချင်သည့် ဆရာအသံများ ကြားယောင်းရင်း စိတ်ကူးထဲ၌ ကော်မရှင် ရမည့်  ပိုက်ဆံများ ကို ရေတွက်နေမိတော့သည်။

“အင်း အမေရော အိမ်မှာ ရှိရဲ့ လား၊ အငယ်မ နှစ် ယောက် တည်း ကျန်ခဲ့တာ အဆင်ပြေရဲ့ လား၊ ထားခဲ့တဲ့ ပိုက်ဆံနဲ့ ရောလောက်ရဲ့ လား”

အိမ်အကြောင်း တွေးမိတိုင်း သူမရင်မောရမြဲ ဖြစ်သည်။ ဘုရား…ဘုရား…ဒီနေ့ အဆင်ပြေပါစေ၊ ဆရာကြီး အလွယ်တကူလက်ခံပါစေ…၊ သမီးတို့ မိသားစုကို ကူပါ၊ကယ်ပါ ဆရာရယ်…ဟုသာ တိုးတိတ်စွာ အသနားခံနေမိတော့သည်။

“အစ်မ စိတ်ပူမနေပါနဲ့၊ ဆရာက ကူညီမှာ ပါ၊ နောက်နှစ်ယောက် ပြီးရင် အစ်မအလှည့်ပဲ လူကုန်ပြီ”

အခန်းတံခါးကို ဖြေးနှေးစွာ စေ့ပိတ်ပြီး သူမကိုလှမ်းပြောရင်း ထွက်သွားသော ကောင်မလေး၏ စကားကို ကြားတော့မှ သူမကိုယ်သူမ သတိထားမိတော့သည်။ တကယ်တမ်း ရင်ဆိုင်ရတော့မည် ဆိုမှ ဘယ်က ဘယ်လို စပြောရမလဲ စဉ်းစားမိတော့သည်။

“ဆရာကြီးရှင့်…သမီးက နှင်းဆီဝါ ကုမ္ပဏိက မားကတ်တင်း တစ်ယောက် ပါ၊ သမီးတို့ ကုမ္ပဏီက တင်သွင်းထားတဲ့ ဆေးတွေ အကြောင်း ပြောချင်လို့ပါ ဆရာ…သမီးကို ကူညီပါနော်”

သူမ စိတ်ထဲမှာ စီစဉ်လိုက်သော စာသားက ချောမွေ့လွန်းသည်ဟု ထင်မိကာ ကျေနပ်မိနေတော့သည်။ ဆရာက အထွေထွေ ရောဂါ အထူးကု ဆရာဝန်ကြီးဂုဏ်ပုဒ်နှင့် မလိုက်ဖက်အောင် လူနာများ ကို နှစ် လိုဖွယ် စကားများ ၊ ဟာသများ ပြောနေသည်ကို ကြားခဲ့ပြီးပြီ မဟုတ်ပါလား ။သူမစိတ်ကို သူမ သက်သာရာရအောင် နှစ် သိမ့်နေမိသော်လည်း ဇောချွေးများ ပြန်လာသော ကြောင့် တစ်သျှူးစာရွက်လေးဖြင့် မျက်နှာပြင်မှ ချွေးစက်လေးများ ကို သုတ်လိုက်ရပြန်သည်။

“အစ်မ ၀င်လို့ ရပြီ”

ဆရာကြီး၏ အခန်းတံခါးဝကို စေ့ပိတ်ပြီး သူမကို “၀င်လို့ရပြီ”ဟု ပြောကာ သူမအရှေ့က ထွက်သွားသော ငွေရှင်းရမည့်  လူနာရှင်၏ နောက်သို့ အပြေးအလွှား လိုက်သွားတော့သည်။ အသင့်ကိုင်ထားသော ကြိုးဆွဲစက္ကူအိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဆရာကြီး၏ အခန်းသို့ တံခါးတွန်းဖွင့်ကာ ၀င်လိုက်တော့သည်။

ဆရာကြီးက သူမကို အသင့်အနေအထားဖြင့် ထိုင်လျက်က မော့ကြည့် ပြုံးပြနှုတ်ဆက်လိုက်သည်။ ဆရာ့နောက်ကျော နံရံပေါ်တွင် “ဆေးရောင်းမည့်  သူများ မ၀င်ရ” ဟူသော စာတန်းက သူမ ခြေလှမ်းများ ကို ယိမ်းယိုင်စေတော့သည်။ ထို့နောက် ၀မ်းနည်းလွန်းစွာ ငိုချင်လာမိတော့သည်။

“သမီး….သမီး…မတက်နိုင်လွန်းလို့ပါ”

မျက်ရည်များ ပင် စိမ့်ထွက်လာမှု ကို သူမ မတားဆီးနိုင်တော့ချေ။

“ဆရာ…..ဘာကူညီရမလဲ. အင်း …အရင် ထိုင်လိုက်ပါဦး….ပြောပါ….ဆရာကို ပွင့်ပွင့်လင်းလင်း ပြောပါ….”

ဆရာ၏ ဖိတ်ခေါ်လိုက်သော စကားသံကြောင့် ၀မ်းနည်းစဉ်ဆရာ့ မျက်နှာနှင့် တွဲ လျက်တွေ့ နေရသည့် ဆေးရောင်းမည့် သူများ အား ၀င်ခွင့်မပြု ဟူသော စာတန်းကြောင့် ချီတုံချတုံ ဖြစ်နေတော့သည်။ ဆရာက ဆေးမှတ်တမ်းစာအုပ်မှ လူနာအမည် ၊ အသက်၊ နေရပ်တို့ကို ကြည့်ပြီး သူမကို ထပ်မံ ကြည့်လိုက်ပြန်သည်၊ ဆရာ့အကြည့်များ နူးညံ့သိမ်မွေ့နေပုံက ဝေဒနာ ခံစားနေသူ တစ်ဦးကို ဝေဒနာအားလုါံ် ချက်ချင်း သက်သာစေနိုင်သည့်အထိ စွမ်းလှသည်ဟု ထင်မိပြန်သည်။

“သမီးရဲ့ ……အမေလား”

ဆရာက ဆေးမှတ်တမ်း မှတ်ပုံတင်စာအုပ်ကို ကိုင်ရင်း မေးလိုက်တော့သည်။

“မဟုတ်ပါဘူး….ဆရာ….သမီး…ကိစ္စ..က”

သူမ ပြောရမည့်  စကားအတွက် ရှက်ရွံ့မိသလို ဆရာ့ကိုလည်း အားနာမိတော့သည်။

“ဆရာတို့ ခွင့်မပြုတာကို သမီး….”

တကယ်တမ်းကျတော့ သူမကိုယ်တိုင် သွေးအေးအေး လိမ်ညာနေမိပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထိုအသိကြောင့် ပင် သူမ ရှေ့ဆက်လို့ မရတော့ပေ။

“ပြောပါ….ဆရာ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ၊ ဆရာ ကူညီပါမယ်၊ မ ဖြစ် ဖြစ်အောင် ကူညီပါ့မယ်၊ သမီးအမေ့အတွက် ဘာလိုအပ်လို့လဲ”

ဆရာရှေ့မှ ထွက်ပြေးချင်လောက်အောင် သိမ်ငယ်သွားမိတော့သည်။ ထိုစဉ်မှာ ပင် ဆေးခန်းအကူ ကောင်မလေး ပြန်ရောက်လာတော့သည်။

စက္ကူအိတ်ကြိုးလေးကို တင်းတင်းဆုပ်ကာရပ်ရင်း ခေါင်းငုံ့နေသော သူမကို ထိုကောင်မလေးကလည်း သနားသွားပုံရသည်။

“ဒီလိုပါ…ဆရာ ….ဒီ အစ်မလေး အဒေါ် ဆေးရုံတက်တယ်၊ အဲဒါ ရွာက ဆရာဝန်က ခွဲချင်ခွဲရလိမ့်လို့ ပြောလိုက်တယ်တဲ့၊ အစ်မက အခြေအနေမှန်ကို ကြိုသိချင်လို့ ဆရာ့နောက် လိုက်လာတာ၊ တကယ်ပဲ ခွဲရမယ်ဆိုရင် လူကြုံရှိတုန်း ငွေပြန်ရှာခိုင်းမလို့လို့ ပြောတာပဲ၊ ဟုတ်တယ်နော်….အစ်မ”

သူမ ခေါင်းနပန်းကြီး ပူထူသွားတော့သည်။ မရည်ရွယ်ဘဲ လိမ်လည်ခဲ့မှု အတွက် သူမ ခေါင်းမဖော်ရဲစွာ ရှိနေတော့သည်။

“ဆရာ့ဝပ်မှာ လူနာ ၁၀၀-နီးပါး ရှိတယ်၊ ဒါပေမယ့် ဒေါ်ခင်မြ၊ ရေကြည် ဆိုတဲ့ လူနာတော့ ဆရာ မတွေ့ မိသေးဘူး၊ ဘယ်တုန်းက ဆေးရုံတင်တာလဲ သမီး”

သူမ ခေါင်းမဖော်ရဲတော့ဘဲ မျက်ရည်များ သာ တွေ တွေ စီးကျနေတော့သည်။

“အစ်မ ဆရာမေးနေတယ် ပြောလိုက်လေ၊ ဒီညနေတက်တာ မဟုတ်လား”

“ဒီညနေ တက်တာဆိုရင် ဆရာ့ဝပ်ကိုကျတာ မဟုတ်ဘူးကွဲ့၊ ဆရာချို့ဝပ်ကို ကျတာ၊ သမီး…..ဆရာ…အမှတ် မှားလာပြီ ထင်တယ်….ကိစ္စမရှိပါဘူး.၊ မနက်ဖြန်ကျတော့

ဆရာလာကြည့်ပြီး ကူညီပါ့မယ်၊ ဘာမှ အားမငယ်နဲ့နော်….”

“လူနာကုန်ပြီလား မင်းမင်း”

ကောင်မလေးက ဆရာ့ပစ္စည်းများ ကို သိမ်းဆည်းနေသော ကြောင့် ဆရာက မေးလိုက်ခြင်း ဖြစ်တော့သည်။

“ဆရာလည်း နောက်ဆေးခန်း ကူးရဦးမှာ မို့လို့ ခွင့်ပြုပါဦး သမီးရေ…..၊ ဘာမှ စိတ်မပူနဲ့  ဟိုဆေးခန်းမှာ လူနာနည်းရင် ဒီညပဲ ဆရာ ဆေးရုံကို တစ်ချက်ဝင်သွားပြီး ကြည့်ထားပေးမယ်၊ ဒေါ်ခင်မြ၊ ၅၂ -နှစ် ၊ ရေကြည်နော်…….”

ဆရာက လက်ဆေးရင်း ပြောနေခြင်း ဖြစ်သည်။ ဆရာရဲ့ ဒီညပဲ ၀င်ကြည့်ပေးမယ်ဆိုသော စကားကြောင့် သူမခေါင်းကြီး အစိတ်စိတ်အမွာမွာ ကွဲသွားသလို ခံစားလိုက်ရတော့သည်။ ငါလိမ်ညာတာကို ၀န်ခံရမယ်၊....၀န်ခံရမယ်….ဆက်ညာနေလို့ ….မ ဖြစ်တော့ဘူးလို့ အားတင်းပြီ…..ခေါင်းအမော့မှာ “ဆေးရောင်းသူများ ၀င်ခွင့်မပြု” ဟူသော စာတန်းက ထပ်မံတားဆီး ပိတ်ပင်လိုက်တော့သည်။

“ဆရာ On Call တစ်ခု ၀င်လာတယ်၊ သွေးအန်နေလို့တဲ့ ဆရာ့အစ်မ ဆေးခန်းကပဲ၊ မင်းမင်း ဆရာ့ဟန်းဖုန်း ဖွင့်လိုက်ပါဦး၊ ဒရိုင်ဘာကို ကားထုတ်ထားဖို့ သွားပြောလိုက်ဦးမယ်”

ကြီးကြပ်ရေး မှူးဟု ထင်ရသည့်သူက သုတ်တီးသုတ်ပြား ၀င်လာပြီး ကတိုက်ကရိုက်ပြောကာ ဆရာအိတ်ကို အတင်းဆွဲယူ၍ ပြန်ပြေးထွက်သွားတော့သည်။ ဆရာ့မျက်နှာမှာ အသည်းအသန် လူနာအတွက် စိုးရိမ်မှု များ ပေါ်လွင်နေတော့သည်၊ ဟန်းဖုန်းဖွင့်ဖွင့်ချင်း တစ်ဖက်မှ ဖုန်းဝင်လာသဖြင့် ဆရာက ကြယ်စင်ကို လက်ပြနှုတ်ဆက်ကာ အပြေးအလွှား ထွက်သွားတော့သည်၊ အကြပ်အတည်းတစ်ခုမှ လွတ်မြောက်သလို ဖြစ်သွားသဖြင့် စိတ်လက်ပေါ့ပါး သွားခဲ့ရတော့သည်။

“အစ်မ…စိတ်မပူနဲ့ ၊ ဆရာ ဆေးခန်းတွေ ပြီးရင် ၀င်လာလိမ့်မယ်”

ထိုစကားကြောင့် ဆေးခန်းအပြင်သို့ လှမ်းထွက်နေသည့် ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားခဲ့ရတော့သည်။ ဆရာ့အိမ်လိပ်စာ သိနေပြီပဲ၊ မနက်ဖြန်ကျမှ တောင်းပန်လိုက်မယ်။ အစကတည်းက အိမ်ပဲသွားလိုက် ပြီးရော၊ ငါကိုက လောဘကြီးနေတာကိုး၊ အခုတော့ မောင်းထုတ်ခံရတာ ထက် ပိုပြီ ရှက်ဖို့ ကောင်းနေပြီပဲ။

ည ၆-နာရီကျော် အချိန်လေးမှာ နေ၏ အလင်းရောင် ပျောက်ကွယ်စ ဖြစ်နေပြီး လမ်းမီးတိုင် အလင်းရောင် က ခပ်ထိန်ထိန် လင်းလက်နေတော့သည်။ လေတစ်ချက် အဝေ့မှာ အေးကနဲ ဖြစ်သွားရတော့မှ ညနေ(၃)နာရီခွဲ ည(၆)နာရီလောက်အထိ ကျောအောင့်အောင် ထိုင်ခဲ့ရသော တင်းကြပ်နေမှု များ သက်သာရာ ရတော့သည်။ သူမကို ရိုးရိုးသားသား ကူညီခဲ့သည့် မင်းမင်းဆိုသည့် မိန်းကလေးရှေ့မှာ လိမ်ညာမှု ပေါ်မသွားသည့် အတွက်လည်း

ကျေနပ်မိပြန်သည်။ ထိုသို့ ကျေနပ်ရခြင်း အကြောင်းကိုလည်း သူမ သေသေချာချာ မသိနိုင်ပါ။ လူ့လောကမှာ ကိုယ်ကျိုးအတွက် သူတစ်ပါး၏ ရိုးသားမှု ၊ စေတနာဖြင့် ကူညီမှု ကို လိမ်ညာပြောဆိုပြီး အခွင့်အရေး တောင်းတက်သည့် သူများ ရှိနေမှန်း သိသွားခဲ့လျှင် တကယ်လိုအပ်လို့ အကူအညီတောင်းခံလာသူအား ယခုလို ဖြူစင်စွာ ကူညီဖို့ ၀န်လေးပေလိမ့်မည် ။

ကြိုတင်ကြံစည်မထားဘဲ ကူညီခဲ့သူ ရွယ်တူမိန်းကလေးနှစ် ယောက် ၏ ကွာဟာချက်အဖြေကို ကြယ်စင်လင်း မသိနိုင်ခဲ့။

အဆောင်ရှေ့ရှိ ထမင်းဆိုင်လေးက ထွန်းထားသည့် ဘက်ထရီးအိုး မီးလုံးသေးသေးလေး၏ အလင်းရောင် တောက်တောက် အောက်မှ လင်းထက်၏ မျက်နှာပြင်တစ်ခြမ်းကို တွေ့ လိုက်သည်၊ သူ့ရှေ့ခုံပုလေးပေါ်မှ ထမင်းနှစ် ပွဲကို ဆိုင်ရှင်ဒေါ်ကြီး ဒေါ်ခင်မြက ယပ်တောင် တစ်ချောင်းဖြင့် ယပ်နေသည်။ ဒေါ်ခင်မြကို တွေ့ တွေ့ ချင်း ဆေးမှတ်တမ်းစာအုပ်ကို သတိရကာ ရယ်ချင်သလို ဖြစ်သွားသေးသည်။

သူမကို မြင်သွားသော ဒေါ်ခင်မက လင်းထက်ကို မေးငေါ့ပြလိုက်သော ကြောင့် လင်းထက်၏ မတ်တပ်ရပ်၍ ကြိုဆိုခြင်းကို ခံလိုက်ရတော့သည်။ အဆောင်ရှေ့မလှမ်းမကမ်းရှိ အကြော်ဆိုင်မှ ညှော်နံ့လေးကြောင့် သူမဗိုက်ထဲ တဂွီဂွီပင် ဖြစ်လာတော့သည်။ ဒီနေ့ တစ်ရက်တာအတွက် မုန့်ဟင်းခါး နှစ်ပွဲ အအေးနှစ် ပုလင်းသာ ဖြည့်ဆည်းနိုင်ခဲ့သည်။

“နင် ဒီနေ့ နောက်ကျတယ်နော်….အဆင်ပြေရဲ့ လား၊ ဒီနေ့ မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာနဲ့ မတွေ့ ခဲ့ဘဲ အုပ်ချုပ်ရေး မှူးဆိုတဲ့ သူနဲ့ တွေ့ တယ် မင်းတို့က စာလုံးတွေ ပုံတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်ပေးတာလေးကို တစ်မျက်နှာ ၁၅၀ ယူတာ မလွန်လွန်းဘူးလားတဲ့၊ ငါတို့က ကွန်ပျူတာ စိုက်ရတယ်၊ စကင်(န်)နာလည်း စိုက်ရတယ်၊ လူ တစ်ယောက် ငှားပြီ စာစီပေးရသေးတယ်၊ ငါတို့ပေးတဲ့စာနဲ့ မင်းတို့တောင်းတဲ့ ဈေးက လွန်လွန်းတယ်တဲ့၊ အယ်ဒီတာဆိုတဲ့ သကောင့်သားတွေ ကလည်း သူတို့အိတ်ထဲက မပေးရတိုင်း မင်းတို့တောင်းသလောက် ပေးနေတာပဲ၊ မရဘူး….ဒါမျိုးလုပ်လို့ မရဘူး….မင်းတို့ ဘာသာမင်းတို့ လျှော့ယူဖို့ သတ်မှတ်ထား…လို့ ဆီးပြောလို့ ဘာမှ မပြောတော့ဘဲ ပြန်ထွက်လာတော့တယ်”

“ဒါကြောင့် နင့်အကြွေးစားလို့ ရအောင် ဒေါ်ကြီးကို ကပ်ပေါင်းနေတာပေါ့၊ နင်က ထမင်းဖိုး ၂၀၀- အကြွေးယူ၊ ငါက အကြော် ၂၀၀-ဖိုး လက်ငင်းဝယ်ပြီ ငါတို့ရဲ့ ညစာကို ခမ်းခမ်းနားနား စားလိုက်ရတော့မှာ ပေါ့”

ထိုစကားကြောင့် လင်းထက်က သူ့ခေါင်းက ဆံပင်များ ကို ခပ်ကြမ်းကြမ်းဆွဲလှန်လိုက်တော့သည်၊ “နင်ကလေ….ကျွတ်…..”ဆိုသည့် စကားမှ အပ တစ်ခြားစကားလုံးများ ထွက်မလာခဲ့ပေ၊ သူမအလာကို ထရပ်ပြီး ကြိုဆိုစဉ်ကကဲ့သို့ မျက်နှာထား ကြည်လင်မနေတော့ချေ၊ ထိုသို့ အကဲခတ်လွန်းသည့် လင်းထက်ကို သူမ လုံးဝ ကြည့်လို့ မရချေ။

“ဟာ…ငါက အမှန်ကို တဲ့တိုးပြောလိုက်တာ၊ ဖြစ်နိုင်ချေကို ပြောလိုက်တာ၊ နင်ကြုံခဲ့ရတာ က ဘာများ စိတ်ညစ်စရာပါလို့လဲ အဲဒီ လူကြီးက ၁၅၀-မပေးနိုင်တော့လို့ ၁၀၀-ပေးချင် ပေးမယ်၊ ၇၅-ကျပ် ပေးချင်ပေးမယ်၊ ဒါပေမဲ့ တစ်အုပ်လုံး စာမျက်နှာ ၁၀၀- လုပ်ခဲ့တဲ့ အတွက် မနက်ဖြန်ကျရင် ပိုက်ဆံရမှာ ပဲ၊ ရနေကျထက် လျော့ရမှာ ပဲ ရှိတယ်၊ ငါ ကတော့ မနက်ဖြန် ဘယ်လောက် ရမလဲ မသိဘူး၊ ရချင်မှ ရမှာ ၊ လခထုတ်တဲ့နေ့ကျရင် အဲဒီ လခအကုန်လုံး အိမ်ကို ပို့ပေးရမယ်၊ ငါစားဖို့ ၊ ငါ့အဆောင်ကြေး၊ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့ မရဘူး၊ နင်က အနှိပ်ခံရရုံတင်ပါဟာ….ငါက…”

သူမ ရှေ့ဆက် မပြောနိုင်တော့ပေ။ “ငါက လိမ်ညနေရတာ တောင် အဆင်မပြေခဲ့ပါဘူး” ဆိုသည့်စကားကို ပြောဝံ့သည့် သတ္တိ သူမှာ မရှိခဲ့ပါ။

“နင်က ဒီအလုပ်ကို တစ်လတောင် မပြည့်သေးပါဘူး၊ ငါလည်း အင်ဂျင်နီယာဘွဲ့ ရထားတယ် ဆိုတဲ့ဟာကို မေ့ပြီ ဆရာဆီမှ အောက်ကျို့သင်ယူခဲ့ရတာ ပါ၊ ထားပါတော့ အဒေါ်ကြီးကို မေးကြည့်ပါ၊ ငါ အကြွေးစားလား၊ မစားလားဆိုတာ ၊ငါ့ရောက်တော့” နောက်ကျသွားလို့ ဟင်းမရှိတော့ဘူး၊ အကြော်ဆိုင်မှာ ကြက်ဥလေးလုံး ပေးထားတယ်၊ နင်လာမှ ကြော်ပြီး လာပို့မှာ …

“ဒါဆို ငါ ကြက်ဥဖိုးပေးမယ်၊ နင်နဲ့ငါနဲ့ အတူတူ ချင်းပဲ၊ နင့်အတွက်ရော၊ ငါ့အတွက်ရော ဒီအချိန်မှာ ပိုက်ဆံလေး ၂၀၀ကလည်း အရေး ကြီးတာပဲ မဟုတ်လား”

ထိုငွေလေး ၂၀၀-က သူမအတွက် အရေး ကြီးသလို သူ့အတွက်လည်း အရေး ကြီးလိမ့်မယ်ဟု ပထမဦးဆုံးအနေဖြင့် မျှတစွာ တွေးမိလိုက်သဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုစကားကို လင်းထက်က အဓိပ္ပာယ်တစ်မျိုးတစ်မည် ကောက်သွားပုံရကာ ဘာမျှ မပြောတော့ဘဲ ငြိမ်သက်စွာ ထမင်းစားနေတော့သည်။

ဆိုင်ရှင် ဒေါ်ခင်မြက လက်ကျန် ငါးပိရည်နှင့် ချည်ပေါင်ကြော်လေးကို ချပေးကာ ယပ်ခပ်ပေးနေသလို ဓါတ်ဘူးထဲမှ ရေနွေးလက်ကျန်လေးများ ကိုလည်း ခွက်လေထဲ ထည့်ပေးနေသည့်အတွက် လင်းထက်ကို တယ်ပိုင်ပါလားဟု မျက်စပစ်၍ ပြောလိုက်မိတော့သည်။ ထိုအခါကျမှ လင်းထက်က ပြိုးပြိုးပြာပြာဖြင့် ဒေါ်ကြီး…..နေပါ….ထိုင်နေပါ....ရပါတယ်….ဟု ပြောလိုက်တော့သည်။

“ဒါနဲ့ …နေပါဦး နင်….ဟိုကောင်မလေးဆီ သွားသေးလား”

“သတိတောင် မရဘူး၊ ဘာ ဖြစ်လို့ မေးတာလဲ”

“ငါ အဲဒီ အကြောင်းကို မေမေ့ကို ပြန်ပြောရရင် သူ့မိဘရဲ့ မတော် လောဘနည်းနဲ့ ယူထားခဲ့တာတွေ အတွက် သူက ပေးဆပ်နေရတာ ပါ သွားမြင်လို့ပါ”

ထိုစကားကိုတော့ သူမ လုံးစေ့ပတ်စေ့ နားမလည်နိုင်ခဲ့။ သူမ ရင်ထဲမှာ

ဟိုကောင်မလေးရဲ့ ဆက်ဆံမှု ကြောင့် သိမ်ငယ်သွားမှု ကို ထပ်မံ မခံစားချင်တော့တာသာ သိသည်။

“သူ့ပါဝါကလည်း မသေးဘူးနော်၊ မျိုးသီရိဆီက (၅%) ရတာ ကို ထပ်တောင်းခဲ့တယ်တဲ့ ၊ သူလိုချင်တာ မရလို့ ငါတို့ဆီက တောင်းကြည့်တယ်၊ သူ နောက်ထပ် ဘယ်နှစ် ကြိမ် ကြိုးစားဦးမလဲ မသိဘူး၊ နောက်တစ်ကြိမ် ကြိုးစားကြည့်ရုံနဲ့ ရသွားရင်တော့..”

“ဟာ..ဘာတွေ မှန်းလည်း မသိဘူး…ရှုပ်နေတာပဲ၊ ငါ နားမလည်ဘူး၊ နင့်ကိစ္စ နင်ပူစမ်းပါ၊ မနက်ဖြန် (၁၅၀) ရဖို့ နင်ဘယ်လို ပြောရမလဲဆိုတာ စဉ်းစားစမ်းပါ၊ နင်မို့လို့….”

“ဟ….နင်လည်း ဟိုအကောင်တွေ နဲ့ တူတူလာပြီ၊ ငါတို့က လူတွေ ဆိုတာ သိထားစမ်းပါ၊ လူဆိုတဲ့ အဓိပ္ပာယ်ကို စဉ်းစားကြည့်စမ်းပါ။”

“နင် ငါကို ခွေးလို့ ပြောတာလား”

“ခွေးလို့တော့ မပြောပါဘူး”

“ဒါဖြင့် ဘာလဲ ….နွားလား”

“ဟ…နွားက ငါတို့ ထမင်းရှင်ပဲ ၊ သူထွန်ယက်ပေးနေလို့ စားနေရတာ ”

“ဒါဖြင့် ….ပြော…..ဘာလဲ……ဘာကောင်လဲ…….မျောက်လား….”

“မျောက်က ပျော်ရွင်တက်တယ်၊ စပ်စုတယ်၊ မှတ်ဥာဏ်စွမ်းလည်း ကောင်းတယ်၊ ငါတို့လမ်းထဲက မျောက်ကို နင်သိတယ် မဟုတ်လား၊ ရခိုင်ငှက်ပျောသီးတော့ မစားဘူး၊ အသိဥာဏ်ရယ်၊ ခံစားချက်ရယ်၊ ခံယူချက်ရယ်၊ ပြီးတာ့ ဆုံးဖြတ်ချက်တွေ နဲ့ စားတာဟ နင်လို့တော့ မဟုတ်ဘူး…………၊ သူက လူနဲ့ တော် တော် နီးတယ်လို့ ပြောလို့ရမှာ ပေါနော့်………..”

“ဒါဖြင့် ……….ကြောင်…..ကြွက်…..ပုရွတ်ဆိတ်…..ပိုးဟပ်….”

လင်းထက်က ပြုံး၍ သာ ကြည့်နေတော့သည်။

“မသိတော့ဘူးဟာ ….ပန်းပေးပြီး….ပြော….ပြော….”

“ငါ သိသလောက်တော့ သူ့ရှေ့ရောက်သမျှကို မစင်က အစ စားတက်တာ”

“သြော် နင့်က….ငါကို……”

ထမင်းစားပွဲပေါ်တွင် ချထားသော လင်းထက်၏ စာအုပ်ကို ကောက်ယူပြီး လက်မောင်းသို့ ခပ်ပြင်းပြင်း လှမ်းရိုက်လိုက်လေသည်။

“အံမယ်…ငါ…..အခု ….မစားဘူးလေ”

“ဘယ်စားမလဲ၊ အဲဒီ မစင်ပုံက နည်းနေတာကိုး၊ မစင်ပုံအကြီးကြီးတွေ့ ရင်တော့ နင် ငြင်းနိုင်မယ် ထင်လား၊ အမှန်အတိုင်း ပြောပြနိုင်ရဲတဲ့ ပိုက်ဆံပုံကြီးကို တွေ့ ရင်လေ…”

“အံ့မယ် နင်က စော်ကားလှချည့်လား”

“စော်ကားတာ မဟုတ်ပါဘူး၊ အနံ့သတ်ထားပြီး သကြားရည် လောင်းထားတဲ့ မစင်ပုံမျိုးကို တွေ့ ရင် ပြောတာပါ၊ စားဖို့ပဲ သိရင်တော့ အဲဒါမျိုးက နင့်ကို စားချင်အောင် စွဲဆောင်လိမမ့်မယ် အဲဒီ အခြေအနေမျိုးမှာ နင့်အနားမှ ငါရှိနေပါစေလို့ ဆုတောင်းပါတယ်”

လင်းထက်၏ လေးနက်သော အကြည့်စူုးစူးကို ရင်မဆိုင်စွာ ခေါင်းငုံ့လိုက်မိတော့သည်။ သူမစိတ်တွေ ကသော င်းကနင်း ဖြစ်ကုန်သည်ကို သိလိုက်သော်လည်း ဘာကြောင့် မှန်းမသိ။ ထို့အပြင် သိဖို့လည်း မကြိုးစားခဲ့ ၊ သိချင်စိတ်လည်း ရှိမနေခဲ့၊ သူမ သိနေရသည်က ဒီနေ့ ကြုံတွေ ခဲ့ရသော အဆင်မပြေမှု များ ကြောင့် စိတ်မပျော်ရွင်နိုင်ခြင်းနှင့် မနက်ဖြန် ထပ်မံတိုးဝင်သွားရဦးမယ့် အခြေအနေများ အဆင်ပြေရန်သာ ဖြစ်နေတော့သည်။

* * * * *




ဝန်ဇင်းချစ်သူများ သင်းသင်းသာ ၏ “ ဘယ်သူပြောသလဲ တစ်တောလုံးကြွေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စင်ရော်

မိုး

တတိယဆိပ်ကမ်း