
အခန်း(၁)
အချစ်ဆိုတာ သွေးရူးသွေးတန်း အတ္တတစ်ခုသာ ဖြစ်လိမ့်မည် ။ အချစ်တွင် ရှိသော ရောင် စဉ်တို့က တည်ငြိမ်အေးစက်နေခြင်းမရှိဘဲ ဆည်းလည်းသံကဲ့သို့ တလွင်လွင် သာယာလိုက်၊ အလုံးစုံငြိမ်နေသော မိုးသားထုအောက်တွင် အေးစက်မာကျောလိုက်၊ လေပြည်အခတ်တွင် ယဲ့ယဲ့ ဆိုညည်းလိုက်ဖြင့် တစ်သမတ်တည်း မရှိသည်ကိုပင် တွေ့ နေရသည်။ အချစ်တွင် ရှိသော ရောင် စဉ်တို့က အစဉ်အမြဲ နိုးကြားကာ အရောင် ပြောင်းတတ်သည့် သဘောသည် သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်နေခြင်းကြောင့် အချစ်သည် အချို့သော လူများ အတွက် မသက်ဆိုင်သည့် ဘာသာရပ်တစ်ခု ဖြစ်လာသည်။ မပတ်သက်ချင်သည့် အကြွင်းတစ်ခု ဖြစ်နေသည်။ အကြွင်းတကာ့အကြွင်းများ ထဲ တွင် အချစ်ကြွင်းသည် တစ်သက်တာအတွက် ဝေဒနာ ဖြစ်မှာ ကိုစိုးရိမ်နေသူ တစ်ယောက် အဖို့ အချစ်မှာ အကြွင်းမရှိစေလို။ အကြွင်းမရှိသော ကြောင့် မချစ်လိုသော လူများ ရှိလာခဲ့ရသည်။
အဆောင်သူ
မေမေက ပုသိမ်ဒီဂရီကောလိပ်တွင် ကျောင်းသွားတတ်မည့်  မိုးဦးအနားတွင် ထိုင်ကာ တတွတ်တွတ် ပြောနေသည်။ မိုးဦး ကတော့ မေမေ့စကားများ ကို အားစိုက်၍ နားမထောင်မိ။ မေမေ က ပူပန်တတ်သူပင်။ မေမေ၏ ရည်းစား မထားရဘူး၊ ယောက်ျားလေးတွေ ဆိုတာ ယုံရတာ မဟုတ် ဘူး၊ ကိုယ့်ဘာသာ တည်တည်ငြိမ်ငြိမ်နေ၊ ယခုလက်ရှိ ပေါင်းသင်းသည့် လဲ့လဲ့၊ မော်ကြီး၊ နွယ်ချို တို့နဲ့ ပဲပေါင်း၊ ယောက်ျားလေး မိတ်ဆွေ မထားနဲ့ ၊ မေမေ့သမီးကို ပညာရေး အတွက်သာ တစ် နယ်တစ်ကျေး လွှတ်ရတာ ၊ ယောက်ျားလေးကိစ္စ ရှုပ်ထွေးတာမျိုး မရှိစေချင်ဘူး စသော စကားများ ပင် ဖြစ်သော ကြောင့် နားထောင်နေရသော မိုးဦးမှာ စိတ်ညစ်လာခဲ့သည်။ ဟာ…မေမေ ကလည်း ထပ်ချည်းတလဲလဲ ဖြစ်နေပြီဟု မပြောရက်။ မေမေတို့က လွန်ကို လွန်လွန်းတယ်၊ သူများ တွေ လည်း ဒီလိုပဲ သွားနေကြတာပဲဟုလည်း မပြောလိုတော့။ အင်းပါ၊ အင်းပါ ဆိုပြီး မေမေ ရေ သွားတိုက်ဆေး၊ သွားပွတ်တံ၊ အဝတ်လျှောက်ဖို့ ဇလုံအသေး၊ အခန်းထဲမှာ ရေသုံးရအောင် အဖုံးပါတဲ့ ရေကိုင်းပုံး၊ ခန်းဆီးလည်း ထည့်ပေးဦးလို့ စကားလွှဲရသည်။
မေမေကကိုယ်တိုင် ကျောင်းတက်ခဲ့စဉ်ကတည်းက ယောက်ျားလေးမိတ်ဆွေ မထားခဲ့ မိန်း ကလေးမိတ်ဆွေပင် တစ်ယောက် နှစ် ယောက် သာရှိခဲ့သည်။ နောက်ပြီး မေမေက ယောက်ျားလေး တွေ ကို အရက်သောက်တတ်သော သူ၊ မိန်းမရှုပ်တတ်သော သူ၊ ကစားဝိုင်းတွင် ကစားတတ်သော သူ အ ဖြစ်သာ မြင်ကြောင်း အမြဲပြောတတ်သည်။ နောက်ပြီး ယောက်ျားလေးဆိုတာ မယုံရဘူးတဲ့၊ ဖေဖေနဲ့ ဘယ်လိုအိမ်ထောင်ကျခဲ့သလဲမေးရင်တော့ မတော် တဆ သတိလက်လွတ် ဖြစ်သွားတာ ဟု ပြောတတ်သည်။ ထို့ထက်တိကျရေရာသော အဖြေမရခဲ့။ အဲဒီ တုန်းက ဖေဖေက အရက်ကို လွန်လွန်ကျွံကျွံသောက်တတ်၊ မူးတတ်တယ်ဆို၊ အဲဒါနဲ့ များ မေမေက ဘာ ဖြစ်လို့ ယူ ဖြစ်တာလဲ ဟု မေးတတ်ရင်လည်း မတော် တဆ သတိလက်လွတ် ဖြစ်သွားတာဟုပဲ ဖြေတတ်သည်။ သားသမီးတွေ ကမေးတိုင်း ထိုသို့ခပ်ပြတ်ပြတ်ဖြေပြီး ရှောင်ထွက်သွားတတ်သော မေမေ့ကို ထပ် မမေးမိတော့ချေ။
အတန်းတတ်စရာရှိတာတတ်ပြီး ကိုယ့်အခန်းထဲမှာ ပဲ ကိုယ်နေ၊ ဘယ်မှ လျှောက်မသွားနဲ့ ၊ အပေါင်းအသင်းတွေ များများ ထားပြီိး တရုန်းရုန်းလည်း မနေနဲ့ ၊ မိန်းကလေးဆိုတာ တည်တည် ငြိမ်ငြိမ် နေရတယ်၊ ကိုယ့်အစုလေးနဲ့ ကိုယ် သိုသိုသိပ်သိပ်နေ၊ မိုးဦး ကတော့ မေမေပြောချင်တာ ပြောတော့ ကိုယ်ယူချင်သော ပစ္စည်းလေးတွေ ကို စဉ်းစားပြီး ထည့်နေမိသည်။ ကျောက်ပျဉ်၊သနပ် ခါးတုံး၊ လှဦးမယ် သနပ်ခါးတစ်ခဲ၊ သနပ်ခါးရေဘူး၊ ပရိုမီနာမိတ်ကပ်၊ မျက်ခုံးမွေးဆွဲခဲတံ၊ နှုတ်ခမ်း နီ။
“ဟဲ့…ငါပြောနေတာ ကြားရဲ့ လား မိုးဦး”
မေမေ ခပ်ငေါက်ငေါက် ပြောလိုက်တိုင်း မိုးဦးမှာ တုန်တုန်သွားရသည်။ ငယ်ငယ်ကတည်း က မေမေက စိတ်မထင်ရင် မထင်သလို တွေ့ ရာပစ္စည်းဖြင့် ရိုက်တတ်၊ ဝေးနေလျှင်လှမ်းပစ်တတ် သော ကြောင့် ယခုအချိန်ထိ မေမေခပ်ငေါက်ငေါက် ပြောလိုက်လျှင် ကြက်သီးမွေးညင်းထကာ ကြောက်မိသည်။ မေမေ့မျက်နှာကြည့်မိတော့ ဒေါသ ဖြစ်မနေဘဲ စိတ်အလိုမကျစွာ ပူပန်နေမှု သာ တွေ့ ရ၍ တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံမှာ တဖြည်းဖြည်း လျော့ရဲလာတော့သည်။ မိုးဦးက မေမေ့ရဲ့ ငယ်ကြောက်သာ ဖြစ်ခဲ့ရသည်။
မေမေက အပြင်ထွက် မဆော့ရဘူးဆိုလျှင် မဆော့ရဲခဲ့၊ နတ်ပွဲမကြည့်ရဘူးဆိုလျှင် မကြည့်ရဲခဲ့၊ ဝတ္ထုမဖတ်ရဘူး ဆိုလျှင် မဖတ်ရဲခဲ့။ မေမေ့ကို လွန်ဆန်ပြီး ပေါ်ပေါ်ထင်ထင် ဘာမှ မလုပ်ရဲခဲ့ချေ။ မေမေက ထဘီကို ချုပ်ရိုးကနေ ကွင်းအတိုင်း ရေစင်အောင်ညှစ်၊ ခါပြီးတော့မှ လှန်း ရမယ်ဟုမှာ လျှင် မေမေပြောတဲ့အတိုင်းသာလုပ်၊ မေမေပြောတဲ့အတိုင်း မဟုတ်လို့ ထဘီရေစိုက အသားချင်းကပ်နေလျှင် အနည်းဆုံး ၁ဝ ချက် မနည်း အရိုက်ခံခဲ့ရတာ ကြောင့် လည်း မိုးဦးက မေမေ့ကို ကြောက်ခဲ့ရသည်။
အခုလည်း မေမေက ရည်းစားမထားရဘူး၊ မိတ်ဆွေအသစ်မထားရဘူး၊ အတန်းမှန်မှန် တက်၊ အားလပ်ချိန်လည်း အဆောင်ထဲမှာ ပဲနေ၊ ဘယ်မှ လျှောက်မထွက်နဲ့ ၊ စတဲ့ စကားများ က မိုး ဦးနားထဲက မထွက်တော့။ မေမေနဲ့ ဝေးရာ ပုသိမ်မြို့မှာ ကျောင်းတက်နေရပေမယ့် မေမေသိသွား ရင် ဆိုသော အတွေးက မိုးဦးအသိထဲမှာ အမြဲရှိနေခဲ့တော့သည်။
မိုးဦးရဲ့ စိတ်ကပဲ မေမေ၏ ချုပ်နှောင်ခြင်းကို ခံနေရတာ လား၊ မိုးဦးကိုယ်တိုင်ကပဲ မေမေ့အ လိုကျ ချုပ်နှောင်ထားလိုက်ခြင်းလား၊ မဝေခွဲတတ်တော့။ သေချာတာ ကတော့ မိုးဦးမှာ အတားအ ဆီးများ ရှိနေခဲ့သည်။
*******
ပုသိမ်သွားဖို့ ဟင်္သာတဘူတာမှာ ရထားစောင့်နေစဉ် မေမေ၏ မာန်ထန်နေသော မျက်နှာ ကြောင့် မိန်းကလေးသူငယ်ချင်းများ ၊ ယောက်ျားလေး သူငယ်ချင်းများ ပင် မိုးဦးကို နှုတ်မဆက်ရဲခဲ့။ မေမေ့မျက်နှာကြောကြောင့် မိုးဦးကိုယ်တိုင်ပင် သိမ်ငယ်သလို ခံစားနေမိသေးသည်။ မေမေ့အ ကြောင်းသိသော လဲ့လဲ့၊ မော်ကြီးနဲ့ နွယ်ချိုတို့က မိုးဦးနဲ့ တိတ်တိတ်ဆိတ် လာထိုင်ခဲ့ကြသည်။ သူတို့ကလည်း မေမေ့ရှေ့မှာ စကားကျယ်ကျယ်ရော တိုးတိုးပါ မပြောရဲ။ စကားကျယ်ကျယ် ပြောသံကြားလျှင် ဘဝင်မကျသော အကြည့်ဖြင့် ကြည့်တတ်ပြီး စကားတိုးတိုးပြောလျှင် ရည်းစား သနာအကြောင်း ပြောတယ်ထင်ပြီး ဘာလဲ ဘာလဲဟု မေးတတ်သော ကြောင့် ဖြစ်သည်။
ဟင်္သာတဘူတာမှ ရထားမထွက်မချင်း မေမေ့ရဲ့ အကြည့်အောက်မှာ မိုးဦးဘာအပိုမျှ စကားမပြောရဲ။ မေမေ့ကို ကြောက်နေရသည်ကိုပင် မိုးဦးမှာ ဘဝင်မကျနိုင်ပေမဲ့ မေမေ့ကို ဘာမျှ မလွန်ဆန်ရဲ။ မိုးဦးတို့နဲ့ ဘေးချင်းကပ်ရက်ခုံမှ ယောက်ျားလေးအုပ်စုကို အလိုမကျစွာ ကြည့်ရင်း စကားကျယ်ကျယ် မပြောနဲ့ ၊ ဟေးလားဝါးလားလည်း မရယ်နဲ့ ၊ ကိုယ့်ဘာသာကိုယ်နေ၊ အရော လည်း သွားမဝင်နဲ့ ၊ ဟိုက အရောလာဝင်လည်း မသိချင်ယောင်ဆောင်နေ၊ ငါတော့အေ စိတ်မချ နိုင်ဘူးဟု တတွတ်တွတ် ပြောနေတုန်းမှာ ပဲ ရထားထွက်ခဲ့သည်။
မိုးဦးက မေမေ့ကို လက်ပြနှုတ်ဆက်နေသည်ကိုပင် မမြင်ဘဲ မိုးဦးတို့ ဘေးခုံတန်းက ယောက်ျားလေးအုပ်စုကိုသာ သဲသဲမဲမဲကြည့်ရင်းကျန်ခဲ့သည်။ မေမေ့လောင်းရိပ်အောက်မှ လွတ် ပြီဆိုပြီး မိုးဦး ရဲရဲတင်းတင်း မလွတ်လပ်ရဲ။သို့မဟုတ် ကျင့်ပါသွားပြီလားမသိ။ မိုးဦးက တိတ်တိတ် ဆိတ်ဆိတ်ပဲ တွေးနေတတ်သည်။ ဟာသဉာဏ်ရှိသော နွယ်ချို၏ အစ အနောက်တွင် သာ လိုက်လံရယ်မောတတ်သည်။ ပတ်ဝန်းကျင်က လူတွေ ကို တိတိပပ ဝေဖန်တတ်သော လဲ့လဲ့နှင့် မော်ကြီးတို့၏ စကားသံများ အောက်တွင် သာ နစ်မျောတတ်သည်။ ထိုသို့မဟုတ်လျှင် မိုးဦးမှာ သီ ချင်းညည်းချင် ညည်းတတ်သလို၊ တရားစာရွတ်ချင်လည်း ရွတ်တတ်သည်။ ကဗျာဖတ်ချင် ဖတ် တတ်သည်။ အရုပ်ရေး ချင် ရေး တတ်သည်။ ကိုယ့်အကြောင်းလည်း ကိုယ်စိတ်မဝင်စားတတ်သလို သူများ အကြောင်းလည်း စိတ်မဝင်စားတတ်။
လူကဲခတ်တတ်ပြီး ပေါင်းသင်းဆက်ဆံရေး နားလည်သော လဲ့လဲ့နှင့် မော်ကြီးမှာ မိုးဦးတို့ ၏ ဘေးခုံတန်းမှ ယောက်ျားလေးများ နှင့် အဖွဲ့ကျနေပြီ ဖြစ်သော်လည်း မိုးဦးနဲ့ နွယ်ချို ကတော့ ကောင်းကင်ကြီးကို ငေးရင်း တိတ်တဆိတ် သီချင်းဆိုညည်းခဲ့သည်။ မိုးဦးတို့ ဘေးခုံမှာ ထိုင်နေ သော ယောက်ျားလေးများ ကိုလည်း မိတ်ဖွဲ့ရမှန်းမသိခဲ့။ စကားပြာတတ်ရမှန်း မသိခဲ့။ မိုးဦးနဲ့ နွယ် ချိုတို့ကိုလည်း တို့နဲ့ မိတ်ဆက်ပေးပါဦးလို့ လဲ့လဲ့နဲ့ မော်ကြီးကို ပြောလိုက်တဲ့ စကားသံကြား လိုက်ပေမယ့် အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ ဒါကိုသိတော့ လဲ့လဲ့နဲ့ မော်ကြီးက အိပ်နေတယ် ဟု ပြောလိုက်သည်။
တကယ်ရော မိုးဦးဘဝမှာ ယောက်ျားလေးမိတ်ဆွေ လိုသလား တကယ်မသိခဲ့။ မေမေက အပေါင်းအသင်းမလုပ်နဲ့ ဆိုလျှင် မလုပ်ရုံသာရှိသည်။ ဒီလိုပဲ မိန်းကလေး မိတ်ဆွေလည်း များများ မထားတတ်။ကိုယ့်အုပ်စုလေးနဲ့ ကိုယ့်အခန်းထဲမှာ နေထိုင်ရတာ ကိုက ချစ်စရာကောင်းနေပြီဟု ထင်မိသည်။ အခန်းနံရံတွေ ကို ကျော်ဖြတ်လာတဲ့ စကားလုံးများ ထဲမှာ ဒေါသမျက်ဝန်းများ ၊ ရင့်သီး တဲ့ အပြုအမူများ ၊ ကြမ်းတမ်းတဲ့ အတွေးအခေါ်များ ၊ ကပ်ကပ်ပါလာတတ်သော အခါ မိုးဦးအတွက် မေမေသင်ပေးလိုက် တဲ့ သီးသန့်နေထိုင်တတ်ခြင်းဟာ အလိုလို တတ်မြောက်လာခဲ့တယ်။
*******
မိုးဦးတို့နေရသည့် အဆောင်က ယုဇနဆောင်။ အဆောင်မှူးက ဒေါ်နော်မာအေး။ အခန်း လွတ်များ ကို ကြည့်တော့ အပေါ်ထပ်ရှေ့ဘက်ခြမ်းမှ အခန်း ၂ ခန်းကို ရွေးရသည်။ မိုးဦးနဲ့ မောင် ကြီးက အခန်းအမှတ် ၅၉၊ လဲ့လဲ့နဲ့ နွယ်ချိုက အခန်းအမှတ် ၇၃၊ အဆောင်မနေဘူးတဲ့ မိုးဦးအ တွက် အဆောင်က အခန်းထဲမှာ လှဲနေလိုက်၊ ထိုင်ကြည့်လိုက်၊ ခန်းဆီးကိုပင့်တင်လိုက်၊ အခန်းပြင်ကနေကြည့်လိုက်နှင့် အရာရာကို ကျေနပ်မိသလို နွေးထွေးမှု ၊ လုံခြုံမှု ၊ လွတ်လပ်မှု စတဲ့ ခံစားမှု တွေ ပါ ရောထွေးရနေတော့သည်။ အခုအချိန်မှာ သူမ ဖတ်ချင်သည့် စာအုပ်များ ကို တစ်အုပ်ပြီး တစ်အုပ် ဖတ်လို့ရပြီ။ ထမင်းမစားချင်ရင် မစားလို့ရပြီ။ အဝတ်မလျှော်ချင်သေး၊ မီးပူ မတိုက်ချင်သေးလျှင်လည်း မိုးဦးကို ဆူမယ့်သူမရှိ စတဲ့အတွေးမျိုး မတွေးမိဘဲနှင့် ကို မိုးဦးမှာ တခုန်ခုန်ပျော်နေမိသည်။
ညနေ ၆ နာရီ အဆောင်တံခါးပိတ်ပြီးချိန်တွင် ထမင်းစားခန်းတံခါး ၊ ရေချိုးခန်းတံခါးများ လည်း ပိတ်သွားပြီး အဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ကပင် ကြည်နူးစရာ။ အခန်းတိုင်းအခန်းတိုင်း မီးကိုယ်စီဖွင့်ပြီး ဝရန်တာမှာ လက်ပြနှုတ်ဆက်နေသူ အချို့ကို တွေ့ နိုင် သေးသလို ဝရန်တာမှာ စကားဝိုင်းလေးတွေ လည်း ရှိနေတတ်သေးသည်။ Roll Call ခေါင်းလောင်း တီးလျှင်တော့ Parlour ထဲမှာ စုပြီး လူစစ်ဆေး Roll Call ခေါ်အပြီး တစ်ဆောင်လုံးရှိ မိန်းကလေး များ စုပေါင်းပြီး ဘုရားရှိခိုးကြတာလည်း ကြည်နူးစရာပင်။ အဲဒါပြီးရင်တော့ Parlour ထဲမှာ ရှိသော တီဗွီကြည့်ချင်ကြည့် ကိုယ့်အခန်းပြန်ချင်ပြန်၊ အားလုံး စကားဝိုင်မဖွဲ့ရတော့ဘဲ တိုးတိုးတိတ်တိတ် သာ စကားပြောခွင့်ရှိတော့သည်။
မိုးဦးတို့အဆောင်က ယုဇနဆောင် ဖြစ်သော်လည်း ယုဇနပန်းပင်တွေ ကို လှိုင်လှိုင်မတွေ့  ရ။ စိန်ပန်းပင်ကြီးများ သာ အုပ်ဆိုင်းနေသည်။ မိုးဦး အခန်းရှေ့တည့်တည့်မှာ စိန်ပန်းပင်ကြီးတစ် ပင်ရှိပြီး ထိုအပင်ကြီးရဲ့ အောက်ခြေက ခုံတန်းလျားလေးနဲ့ မြက်ခင်းပြင်ကြီးက အလွန်လိုက်ဖက် လှသည်။ ည ၈ နာရီ ခေါင်းလောင်းတီးသံ ကြားရပေမယ့် မိုးဦးနဲ့ မော်ကြီးမှာ ဝရန်တာမှာ တိတ် တိတ် ဆိတ်ဆိတ် ထိုင်ရင်း အဆောင်ရှေ့ကတ္တာရာလမ်းလေးကို ငေးမောနေမိသလို မြက်ခင်းစိမ်း စိမ်းနဲ့ မိုးကောင်းကင်ကြီးကိုလည်း ငေးမောနေမိသေးသည်။ ဘာကိုလွမ်းမှန်းမသိ လွမ်းနေမိတဲ့ အထဲမှာ မေမေမပါတာ ကတော့ အံ့သြစရာမရှိချေ။ မနက် စောစောထပြီး ထမင်းမချက်ရတော့တာ ကို တွေးမိပြီးပျော်နေသလို တောင်ပေါ်သွားတဲ့ ကားလမ်းကွေ့ကွေ့ကောက်ကောက်လေးကို ငေး ရင်း စိတ်ကြည်လင်နေခဲ့သည်။ မေမေ့ရှေ့မှာ ခပ်တည်တည်ခပ်ထည်ထည်နေခဲ့ရသမျှ နွယ်ချို၏ ဟာသများ ကြားမှာ ရယ်မောတတ်ခဲ့ပြီ။ နွယ်ချိုစိတ်ထွေနေပြီး တွေ ငေးနေတတ်လျှင်ပင် မိုးဦးက ဟာသများ ပြောတတ်လာခဲ့သည်။ အဆောင်သူဘဝဟာ ဘယ်လောက်ပျော်ရွှင် ကျေနပ်စရာ ကောင်းသလဲဟု တွေးမိရင်း မိုးဦးစိတ်တွေ လွတ်လပ်နေသည်က အမှန်ပင်။
အဲဒီ နေ့က အိပ်ရာက စောစောနိုးနေသဖြင့် အိမ်သာနှင့် မျက်နှာသစ် ဘေစင်တွင် မည် သူ့ ကိုမျှ မစောင့်ရဘဲ ပြီးသွားခဲ့သည်။ မနက် ၈ နာရီ အတန်းတက်စရာရှိလျှင် ဒီလိုပဲ စောစောထမှ ဖြစ်မယ်ဟု တွေးမိသွားသည်က မိုးဦးနောက်မှ ရောက်လာသော အဆောင်သူ အချို့၏ စောင့်ဆိုင်း နေမှု ကြောင့် ဖြစ်သည်။ တစ်ဆောင်လုံး (လူ ၂ဝဝ ကျော်ရှိသော အဆောင်တစ်ဆောင်) အတွက် အိမ်သာခန်း ၁၂ ခန်းသာ ရှိသော ကြောင့် မနက်အိပ်ရာထ အိမ်သာဝင်ဖို့ စောင့်နေသော လူများ စွာ ကို တွေ့ ရသသည်။ အတန်းတိုင်းက မနက် ၈ နာရီဆို စတာများ သည်။ မိုးဦးတို့ အတန်းပင် ၈ နာရီ စတက်ရသော ရက်က တစ်ပတ်မှာ ၄ ရက် ရှိနေသည်။ ၈ နာရီ အတန်းတက်ဖို့အတွက် ၆ နာ ရီ နောက်အကျဆုံး အိပ်ရာထမှ ဖြစ်တော့မည် ကို တွေးမိရင်း မိုးဦးပြုံးမိသေးသည်။ အတန်းလစ်ပြီး အိပ်ရအောင်တော့ မိုးဦးမှာ သတ္တိမရှိသေး။ အိမ်သာသွား မျက်နှာသစ်ပြီး ရေချိုးကန်ကို ပြေးပြီး ရေ ချိုးကန်ကလည်း နောက်ကျလျှင် လူများ ပြီး ရေခွက်တစ်ခွက်စာ ကန်ပေါင်ပေါ်တင်ရဖို့ပင် ၁ဝ မိနစ်ခန့် စောင့်ရတတ်သည်။ ကျောင်းသူအယောက် ၂၂ဝ အတွက် ၅ဝ × ၃ဝ ပေခန့် ကန်ကြီးက လူကျချိန်မှာ တန်းစီရတာ ပါပဲ။ တစ်ခါတလေ ရေလာအားက နည်းပြီး သုံးတဲ့သူ များ နေလျှင် ရေ တစ်ခွက်ရဖို့အတွက်ပင် တန်းစီးစောင့်ရတတ်တာမျိုး ကြုံဖူးသည်။ မိုးဦးတို့ အဖွဲ့မှာ လဲ့လဲ့နဲ့ မော် ကြီးက ဝီရိယကောင်းပြီး အစောဆုံးသွားတတ်သည်။ သူတို့ချိုးပြီး ပြန်လာမှ ဟဲ့ ထြ ကတော့ ဟိုမှာ ရေကုန်တော့မယ်၊ နင်တို့ဖို့ တစ်ပုံးစီခပ်ထားခဲ့တယ်၊ မြန်မြန်သွား၊ သူများ ခပ်ချိုးသွားဦးမယ်ဆိုမှ မိုးဦးတို့ အမြန်ဆုံး ပြေးချိုးရတတ်သည်။ နွေရာသီမှာ တော့ ရေလည်း အလုအယက် ချိုး ဖြစ်သေး သည်။
မိုးဦးအတွက် အကြီးအကျယ်ဆုံး ဒုက္ခဟုဆိုလျှင် မနက်စောစောကျွေးသည့် အဆောင်ထ မင်းပင် ဖြစ်သည်။ မနက် ၆ နာရီမှ ၁ဝ နာရီအတွင်း အဆောင်ထမင်းကျွေးချိန် ဖြစ်သည်။ နေ့လယ် ပိုင်း ၁၁ နာရီ ၁၂ နာရီမှ ပြန်စားလျှင် သို့မဟုတ် အတန်းသို့ ထမင်းဘူးနဲ့ ထည့်သွားလျှင် ရသော် လည်း မိုးဦး ကတော့ ထိုသို့မလုပ်ချင်။ ထို့အတူ မိုးဦးတို့ တစ်ဖွဲ့လုံးကလည်း ထိုသို့မလုပ်ခဲ့။ မ နက် ရေမိုးချိုး၊ ကျောင်းသွားဖို့ပြင်ပြီးလျှင် မနက်စာထမင်းကို ဆင်းစားရသည်။ ကျောင်းသူတိုင်း လိုလိုပင် မနက်စာကို စားသွားတတ်သည်။ မနက်စောစော စားရသည့်အတွက် သိပ်လည်းမစားနိုင်။ ထမင်းကလည်း ခပ်မာမာ၊ ခပ်ကြမ်းကြမ်း၊ စပါးလုံး နိုင်းချင်း၊ ဟင်း ကတော့ ဘာဟင်း ဖြစ် ဖြစ်၊ ဇွန်း ၂ ဇွန်းထက် မပို။ ဘဲဥ ဆိုလျှင်တော့ တစ်လုံးရတတ်ပြီး ငါးကြော်ဆိုလျှင် ခပ်ပါးပါးတစ်ကွင်းရတတ်သည်။ အစားရဆုံး ဟင်း ကတော့ ငါးသေတ္တာငါးကို အကောင်မပျက် ပေါင်းထားခြင်း ဖြစ်သည်။ မနက်စောစော ထိုငါးနှင့် ထမင်းစားရဖန်များ တော့ ထမင်းစားဆောင် ရောက်မှ ငါးသေတ္တာငါး ဆိုလျှင် မစားဘဲ ပြန်ထွက်ပြေးခဲ့သည်အထိ ဖြစ်ရသည်။
ဘာပဲ ဖြစ် ဖြစ် အဆောင်သူ တစ်ယောက် ရဲ့ ဘဝဟာ မိုးဦးရဲ့ ဘဝသက်တမ်းတစ်လျှောက် လုံးမှာ အမှတ်ရစရာ ပျော်စရာတစ်ခု ဖြစ်ခဲ့သည်။
******
အခန်း(၂)
မနီးခင်ကဝေး
မိုးဦးတို့အုပ်စု နံနက်စာစားသည့်အချိန်က နေ့လယ် ၁၁ နာရီနှင့် ၁၂ နာရီကြား အချိန် ပင် ဖြစ်သည်။ အဆောင်မှာ မနက်စာအဆာပြေသဘောစားခဲ့ရသည့် ထမင်းနှင့် မတင်းတိမ်၍ နေ့ လယ်စာကို မိုးဦးတို့အတန်းနံဘေးက အပေါ်ကင်တင်းဟုခေါ်သော ဆိုင်တွင် နေ့တိုင်း စား ဖြစ် သည်။ ထိုဆိုင်လေး၏ အပြင်ဘက် မြက်ခင်းပြင်တွင် ချထားသည့် ခုံများ တွင် မထိုင် ဖြစ်ဘဲ ဆိုင်အ တွင်းထဲတွင် သာ နေ့တိုင်းလိုလိုထိုင် ဖြစ်သည်။ ထိုသို့ ထိုင် ဖြစ်ခြင်းကလည်း ဆိုင်တွင်းမှာ လူရှင်း သော ကြောင့် ဖြစ်သည်။ အပေါင်းအသင်းများ သော လဲ့လဲ့နှင့် မော်ကြီးက အခြားသော လူများ နှင့် သွားရောက်စကားပြောတတ်သော်လည်း မိုးဦးနဲ့ နွယ်ချို ကတော့ ထိုခုံလေးမှာ နေ့စဉ် ၁၁ နာရီမှ ၁၂ ကြား အမြဲထိုင်တတ်ခဲ့သည်။ မိုးဦးတို့ ရွေးထိုင်တဲ့ နေရာလေးကလည်း ဆိုင်ပြင်မှကြည့်လျှင် ဆိုင်ကောင်တာနှင့် ကွယ်နေတတ်ပြီး မိုးဦးတို့နေရာက ကြည့်လျှင်လည်း ဆိုင်ကောင်တာနှင့် ကွယ်နေတတ်သော ကြောင့် ဆိုင်တစ်ဆိုင်လုံးကိုပင် တစ်ဝက်မျှသာ မြင်နိုင်သည်။ တတွတ်တွတ် စကားပြောစရာရှိပုံရသော အတွဲ တချို့တလေသာ ဆိုင်တွင်းသို့လာထိုင်တတ်ပြီး ဟေးလားဝါး လား ပျော်ပျော်ရွှင်ရွှင်စနောက်စကား ပြောတတ်သော အုပ်စုများ က ဝင်မထိုင်တတ်ပေ။ ထိုသို့ သီးသန့်ဆန်ဆန် တိတ်ဆိတ်သော ဆိုင်လေးကို မိုးဦးတို့ စထိုင်သည့်နေ့မှာ ပင် တစ်ရက်မပျက် ထိုင်ခဲ့သည်။ တခြားသော အပေါင်းအသင်းများ ၏ မဲဆွယ်မှု ကြောင့် လဲ့လဲ့နှင့် မော်ကြီးတို့က တခြားသော ဆိုင်များ သို့ သွားထိုင်တတ်သော်လည်း မိုးဦးနဲ့ နွယ်ချိုက ထိုဆိုင်လေး၏ ထိုနေရာ လေး တစ်နေရာမှာ သာ အမြဲထိုင်တတ်သည်။
ထိုနေ့ နေ့လယ်စာ စားချိန်မှာ မိုးဦးနဲ့ နွယ်ချိုတို့နောက်ကို လဲ့လဲ့နဲ့ မော်ကြီးက အခြားအ ပေါင်းအသင်းများ နဲ့ စုပြီး လိုက်လာသည်။ မိုးဦးနဲ့ နွယ်ချိုက ထမင်းကြော်တစ်ပွဲစီမှာ အပြီး စောင့်နေ တုန်း သူတို့အုပ်စုက ရောက်လာခြင်း ဖြစ်သည်။
“မိုးဦးနဲ့ နွယ်ချို နင်တို့နဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါ ငါတို့ အတန်းထဲက၊ ပုသိမ်ကပဲလေ။ ကိုကျော်သူ၊ ကိုညီညီ၊ ကိုမြင့်အောင်တဲ့”
ထိုသို့ မိတ်ဆက်ပေးတာကို မိုးဦးနှင့် နွယ်ချိုက ပုံမှန်အတိုင်း မှု န်ကုပ်ကုပ်နှင့် ဟုတ်ကဲ့ဟုသာ တုံ့ပြန်ခဲ့သည်။
“သူတို့က ငါတို့ကို မြို့ထဲက ငွေစင်ရော်မှာ လိုက်ကျွေးပါရစေတဲ့။ သူတို့မှာ ကားပါလာ တယ်။ အဲဒါ လိုက်ခဲ့ပါလား”
လဲ့လဲ့အသံက တကယ့်ကို တောင်းပန်တိုးလျှိုးသံ။ မျက်နှာလေးကလည်း ငယ်လို့။ နွယ်ချို ကတော့ မျက်နှာကို ပိုတင်းထားပြီး ခေါင်းငုံ့နေတယ်။ သူ့ကို မခေါ်သယောင်။ သူနဲ့ မဆိုင် သယောင်။
“မလိုက်ချင်ပါဘူးဟာ၊ လိုက်စားဖို့လည်း အချိန်မရပါဘူး ၊ အတန်းပြန်တက်ရင် ပေပါသ ရီးဟ။ ငါက ပေပါသရီးမှာ ညံ့တယ်လေ။ အတန်းပျက်လို့ မ ဖြစ်ဘူး။ ငါတို့ ဒီမှာ လည်း ထမင်း ကြော် မှာ ပြီးပြီ”
မိုးဦး ကတော့ သကောင့်သား သုံးယောက် ကို တစ်ချက်ဝေ့ကြည့်ပြီး အေးအေးဆေးဆေး ပြန်ပြောမိသည်။ အဲဒီ အထဲမှာ ကိုညီညီဆိုတဲ့သူ ကတော့ အတော် သွက်ပုံရသည်။ မျက်လုံးက ရီ ပြီး လဲ့နေသော ကြောင့် ဖြစ်သည်။
“မော်ကြီး ပြောထားလို့ မမိုးဦး လိုက်မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် တို့ သိပါတယ်။ ဒါ ပေမယ့် ဘယ်လိုပြောရမလဲ၊ ကျွန်တော် နဲ့ မော်ကြီးက ရပ်ဆွေရပ်မျိုးတွေ အခုမှပြန်တွေ့ တာဆို တော့ မော်ကြီးကိုလည်း ကျွေးချင်သလို မော်ကြီးရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ မမိုးဦးတို့မနွယ်ချိုတို့ ကိုလည်း ကျွေးချင် ခင်ချင်လို့ပါ”
“ဒီမှာ မှာ ပြီးနေလို့ပါ”
“နောက်မှ” ဆိုတဲ့ စကားလုံးထွက်အံ့ဆဲဆဲ မထွက် ဖြစ်အောင် ရုပ်သိမ်းလိုက်သည်။ နောက်မှလည်း လိုက်မစားချင်။
သူတို့ရုပ်တွေ ကလည်း အရောဝင်ချင်စရာမကောင်း။ မေမေကြိုက်ပါ့မလားမသိ။ မကြိုက် ဖို့ကများ သည်။ မိုးဦးစိတ်ထဲမှာ ခင်ချင်စိတ်မရှိ။ အပေါ်စည်းကပြောသည်ဟု ထင်မိသည်။
“မော်ကြီးနဲ့ လဲ့လဲ့ နင်တို့ပဲလိုက်သွားကြပါဟာ။ ဒီလိုပဲ ငါတို့ ကျန်နေကျပဲ။ အခုမှ အရေး လုပ်ပြီး လာခေါ်မနေနဲ့ ၊ ငါတို့ ကတော့ပုံမှန်အတိုင်း မှာ ပြီးပြီ၊ ကျွန်မတို့ကိုပါ ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုညီညီ”
နွယ်ချို ကတော့ နာမည် စာလုံးရော စကားလုံးအဓိပ္ပာယ်ပါ ချိုလျှက် စကားပြောလျှင်တော့ “မချို” ၊ ပြတ်လွန်းအားကြီးသည်။ မိုးဦးကိုငေးကြည့်နေတဲ့ ကျော်သူနဲ့ မြင့်အောင်ကို မိုးဦးမြင် လိုက်တော့ မတ်တတ် ထရပ်ရင်း ကဲ သွား သွား၊ နောက်ဆံတင်းမနေနဲ့ နင်တို့အတွက် စာတွေ ကူးပေးမယ်လို့ ပြောမိလျက်သား ဖြစ်သွားသည်။ သူတို့အုပ်စု ထွက်သွားအပြီး ဆိုင်ထဲကို ဝေ့အ ကြည့်မှာ ဆိုင်ထောင့်စွန်းတစ်နေရာ မိုးဦးတို့နဲ့ မျက်စောင်းထိုးနေရာလောက်ကနေ လူ တစ်ယောက် မိုးဦးကို စိုက်ကြည့်နေတာ သိလိုက်သည်။ ထိုလူကို မြင်ဖူးသလိုလိုရှိ၍ တစ်ခါ ပြန်ကြည့်လိုက်ပေမယ့် ထိုလူ၏ အကြည့်တွေ သာ ရင်ဆိုင်ရပြီး ဘယ်သူမှန်း ဝေခွဲမသိခဲ့။
မိုးဦးရဲ့ တွေ ဝေနေပုံ ခဏလေးကို နွယ်ချိုကမြင်ပြီး ဆိုင်ထဲကို ဝေ့ကြည့်လိုက်မိပုံရသည်။
“မိုးဦး ငါ ဟိုလူကို မြင်ဖူးတယ်။ မြင်ဖူးတာမှ ရင်းရင်းနှီးနှီးမြင်ဖူးတာ ဘယ်သူပါလိမ့်”
“ငါ့ကို တစ်ယောက် ယောက် က ကြည့်နေတယ်ထင်လို့ ကြည့်လိုက်တာ ဟိုလူ ဖြစ်နေတယ်။ ငါလည်း မြင်ဖူးတယ်ဆိုပြီး နောက်တစ်ချက် ထပ်ကြည့်လိုက်သေးတယ်။ နှစ် ခါစလုံး ငါသူ့ကို ကြည့်တာ သူမြင်သွားတယ်။ ဒီလူတော့ တော် တော် ကြီးကို ဘဝင်မြင့်သွားဦးမှာ ပဲ”
မိုးဦးရဲ့ စကားကို နွယ်ချိုက မတုံ့ပြန်အား။ ခုံပေါ်မှာ လက်ထောက်ပြီး လက်ကြားထဲသို့ မျက်နှာဝှက်ကာ ထိုလူကို တစ်ချက်ခိုးကြည့်နေပြန်ပြီ။
“ဆံပင်က ထူပွပွ၊ မျက်ခုံးမွှေးကောင်းကောင်း၊ မျက်လုံးအိမ်ကျယ်ကျယ်၊ မျက်နှာက ခပ် သွယ်သွယ်၊ မျက်မှန်က ဒီဂရီအထူကြီးနဲ့ ဘယ်သူများ ပါလိမ့် ငါမြင်ဖူးတယ်”
နွယ်ချိုက တတွတ်တွတ် ရွတ်နေစဉ်မှာ ပင် မိုးဦးတို့မှာ ထားသော ထမင်းကြော်က လာချ သည်။
“ကိုလာ နှစ် ပုလင်း ပေးဦးနော်” လို့ မိုးဦးက စားပွဲထိုးလေးကို ပြောရင်း နွယ်ချိုကိုလည်း နာရီကြည့်ကာ နာရီဝက်ပဲကျန်တော့တယ်၊ မြန်မြန်စားဟု ပြောမိသည်။
မိုးဦးရဲ့ ညာဘက် မျက်စေ့ထောင့်စွန်းမှာ ပေါ်နေတဲ့ ထိုလူ၏ ပုံရိပ်ကိုတော့ မြင်နေရဆဲ ဖြစ် သည်။ ထိုလူ၏ အကြည့်စူးစူးကိုလည်း မိုးဦးခံစားသိနေမိသည်။ ဒီလို ခံစားသိမိတာမျိုး ကတော့ မိန်းကလေးတိုင်းမှာ ရှိတဲ့ လှုံ့ဆောင်မှု တစ်ခုသာ ဖြစ်လိမ့်မည် ။
သူက ဘာလို့ ငါ့ကိုကြည့်တာပါလိမ့်ဆိုတဲ့ အတွေးမျိုးကလည်း မိုးဦးထံသို့ ခဏခဏဝင်လာတတ်သည်။ ညည်းကလှတာမဟုတ်ဘူးလို့ မေမေပြောခဲ့သော စကားကြောင့် မိုး ဦးကိုယ် မိုးဦး ဘယ်တုန်းကမှ လှတယ်မထင်ခဲ့။ “ညည်း မျက်လုံးက ပိတ်ပိတ်၊ နှုတ်ခမ်းလေးတွေ ကလည်း သေးသေးကွေးကွေး၊ မျက်နှာကလည်း ဝိုင်းဝိုင်းစက်စက် လှတာကိုမရှိဘူး။ ညည်း ရည်း စားမထားနဲ့ ၊ ထားရင်တော့ ရည်းစားက ပစ်ပြေးမှာ ပဲ” မေမေ ထိုကဲ့သို့ ပြောတတ်သော ကြောင့် မိုး ဦးက အလှမပြင်ခဲ့တော့။ သနပ်ခါးပင် ဖြောင့်အောင် မလိမ်းတတ်။ အမြဲတမ်း သနပ်ခါး၊ ဘဲကျားနှင့် မိုးဦးကို စိတ်ဝင်စားတဲ့အကြည့်နဲ့ ကြည့်ကြပေမယ့် မည် သူမှလည်း ရည်းစားစကား ပြောတာမခံခဲ့ရ။ ကိုယ့်ကို ဂရုမစိုက်သော ယောက်ျားလေးများ သာ တွေ့ ခဲ့ရသော မိုးဦးအတွက် ကိုယ်က ဂရုမစိုက်သော ယောက်ျားလေးများ သာ ဖြစ်ရမည် ။ ဒီလိုပဲ ကိုယ်က ဂရုမစိုက်သော ပတ် ဝန်းကျင်သာ ဖန်တီးမိသည်။
ယခုလည်း ထိုလူ၏ အကြည့်သည် မိုးဦး၏ ဖြူဝင်းသော အသားအရေနှင့် ခန္ဓာကိုယ်အလှ ကြောင့် သာ ဖြစ်ရမည် ဟု တွေးမိရင်း ထိုလူကို မိုးဦး စိတ်ထဲမှာ ပထုတ်နိုင်ခဲ့သည်။ ရင်းရင်းနှီးနှီး မြင် ဖူးနေသော ထိုလူ့မျက်နှာကို စဉ်းစား၍ မရသော ကြောင့် စိတ်ထဲမှာ ဘဝင်မကျချင်။ ထိုလူကို တစ် ချက်မျှ ကြည့်လိုက်ချင်သော်လည်း မကြည့်ရဲ။ မိုးဦးအတွက် ထိုအကြည့်တစ်ချက်ဟာ ရာဇဝင်ရိုင်း သွားနိုင်တယ်လေ။
“ငါသိပြီ ငါသိပြီ အဲဒါ အဆိုတော် သက်မှူး မဟုတ်လား”
“အေး ဒါကြောင့် ငါမြင်ဖူးပါတယ်ဆိုပြီး ဖြစ်နေတာကိုး”
ထိုသို့ပြောလိုက်ပေမယ့် မိုးဦးက ထိုအဆိုတော် ကို လှည့်မကြည့် ဖြစ်။ နွယ်ချို ကတော့ ထို အဆိုတော် ကို လှည့်ကြည့်ပြီး -
“ဟဲ့ ငါတို့ သူ့နာမည် ဖော်လို့ရသွားတာ သိသွားပုံရတယ်၊ ငါ့ကိုပြုံးပြီး ခေါင်းငဲ့ပြတယ်ဟ”
နွယ်ချို ကတော့ အတော် လေး ပျော်ရွှင်နေပုံရသည်။ သက်မှူးရဲ့ သီချင်းတစ်ပုဒ်ပင် ညည်း တွားနေသေးတော့သည်။
“ဟဲ့ သက်မှူးက ငါတို့နဲ့ တစ်တန်းတည်း မဟုတ်လား”
နွယ်ချို့အသံက တိုးလျလျ။ ဒါပေမယ့် မိုးဦး ကတော့ မိုးဦးတို့ သူ့အကြောင်း ပြောနေတာ ကို သူ့ကို မသိစေချင်။
“နင်နော် သူ့ကို တစ်စိမ့်စိမ့် ကြည့်မနေနဲ့ ။ ဘဝင်မြင့်သွားဦးမယ်”
“မြင့်ချင်မြင့်ပါစေဟာ၊ သူက အဆိုတော် ပဲ။ အခုထွက်ခဲ့တဲ့ အခွေဆို နင်ရော ငါရော ဝယ် ထားတာပဲ။ အလားအလာလည်း ရှိတယ်လေ၊ ငါတော့ ကြိုက်သွားပြီ”
နွယ်ချိုက သူထင်ရာမြင်ရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုခံစားတတ်သည်။ ဒီအချိန်မှာ နွယ် ချိုကို ပိတ်ပင်နေရင် ပိုဆိုးကုန်မည် ။ မိုးဦး ကတော့ မျက်ဝန်းရဲ့ ညာဘက်ထောင့်စွန်းမှာ မြင်နေရ သော သက်မှူးပုံရိပ်ကို မမြင်ချင်၍ စည်းနှောင်ထားသော ဆံပင်ရှည်ကို ဖြေလိုက်ကာ သက်မှူးဘက်က မြင်နေရသော မျက်နှာတစ်ခြမ်းကို ဆံပင်များ နှင့် ဖုံးလွှမ်းလိုက်သည်။ ထိုသို့ပြု လုပ်လိုက်ခြင်း ကတော့ သဲသဲလှုပ်နေသော နွယ်ချိုကို အသံတိတ် ပြောင်ပြောင်တင်းတင်း ဆန့် ကျင်လိုက်ခြင်း ဖြစ်သလို မိုးဦးထံ အကြည့်လွှတ်ထားသော သက်မှူးကို ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်သည်။
သူဘယ်အချိန်က အဲဒီ ခုံမှာ ဝင်ထိုင်လိုက်လဲ မသိဘူးနော်။ ငါတို့ဟိုကောင်တွေ နဲ့ ဘုတောနေတာ သူမြင်ပုံရတယ်။ အမလေးဟယ် အဆိုတော် ဖြစ်ပြီး စီးကရက်တော့ မသောက်ဘူး၊ ဆေးပေါ့လိပ်ကြီး ခဲနေတယ်။
နွယ်ချို့ရဲ့ တတွတ်တွတ်ပြောနေတဲ့ စကားတွေ ကို ဘာတစ်ခွန်းမှ ပြန်မပြောတော့ဘဲ အအေးဆက်သောက်ရင်း ပိုက်ဆံအိတ်ထုတ်လိုက်သည်။
“အတန်းတက်ဖို့ ၁ဝ မိနစ်တောင် လိုသေးတယ်။ ငါကြည့်ပါရစေဦးဟယ်၊ နင်ကလည်း ရက်စက်တယ်”
မိုးဦးက နွယ်ချို့စကားများ ကို မကြားဟန်ဆောင်ကာ ကောင်တာမှာ ပိုက်ဆံရှင်းပြီး ဆိုင် အပြင်ဘက်သို့ ခပ်မှန်မှန် ထွက်လာခဲ့သည်။ သက်မှူးကြည့်နေလိမ့်မယ်လို့ သိနေတဲ့ အသိက ခြေလှမ်းကို ပိုမြန်စေခဲ့သည်။
နွယ်ချိုက မိုးဦးနောက်ကို ကမန်းကတန်း ပြေးလိုက်လာပြီး။
“နင်ကလည်း ဘာမာန်တက်စရာရှိလို့ တက်နေရတာ လဲ၊ တကတည်း သဲကိုသဲလွန်း တယ်”
“ဟ ဘာမာန်တက်ရမှာ လဲ။ သူ အဆိုတော် ဖြစ်တယ်ဆိုတာနဲ့ ငါက သူကြည့်တာခံနေရမှာ လား၊ ငါ သူ့အခွေကို ကြိုက်လို့ ဝယ်နားထောင်တယ်။ သူ့ကျေးဇူး ငါ့မှာ မရှိဘူး၊ သူနဲ့ ပတ်သက် စရာ ဘာမှမရှိဘူး၊ အသားလွတ်တော့ သူကြည့်တာ မခံဘူးဟေ့။ ကျားဆိုတာ ကျားသဘာဝ အ အတိုင်းပဲ ရှိလိမ့်မယ်၊ နင်ကကျားမဟုတ်ဘူးဆိုတာပဲ နားလည်ထားစမ်း”
ထိုနေ့တစ်နေ့လုံး မိုးဦးရော နွယ်ချိုရော သက်မှူးအကြောင်း မပြော ဖြစ်တော့။ သက်မှူးက အဆိုတော် ဖြစ်နေတဲ့ အတွက်လည်း မိုးဦးနဲ့ အလှမ်းပိုဝေးသွားခဲ့ရသည်။ မိုးဦးစိတ် ထဲမှာ ရှိနေတဲ့ အရာအားလုံးကို မိုးဦးကိုယ်တိုင်ပင် သေသေချာချာ မသိနိုင်ခဲ့သော ကြောင့် ဖြစ် သည်။ မိုးဦး သိနေသည်က သက်မှူးဟာ မိုးဦးနဲ့ ပတ်သက်စရာ အကြောင်းမရှိဆိုတာပဲ ဖြစ်သည်။
*******
![]() တတိယဆိပ်ကမ်း | ![]() ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးမယ် | ![]() စင်ရော် |