Cover

အခန်း (၁)

မိဘချစ် ၊ မောင်ချစ်၊ နှမချစ် ချစ်ကြတဲ့

အချစ်ကို ပထမဆိပ်ကမ်းလို့ အမည်

ပေးပြီး

အိမ်ထောင်ဖက်အချစ်၊ သမီးရည်းစား

အချစ်ကို ဒုတိယဆိပ်ကမ်းလို့ အမည်

ပေးခွင့်ရလျှင်…

ကျွန်မက ကျွန်မရဲ့ အချစ်ကို

တတိယဆိပ်ကမ်းလို့သာာ အမည်

တပ်ချင်တော့သည်။

ရွှေခြည် (ခေါ်) ၀င်းဝင်းထကက်

ကျွန်မကိုယ်ကျွန်မ ဘာလဲလို့ သိခွင့်ရတဲ့အချိန်မှာ ဆိပ်ကမ်းမဲ့ ဖြစ်နေသည်။

ကျွန်မဆိပ်ကမ်းတစ်ခုကိုဘာကြောင့် ရွှေးချယ်ချင်ခဲ့ပါလိမ့်။ ကျွန်မ ရွေးချယ်သော ဆိပ်ကမ်းကို ဘာလို့ ကပ်ခွင့် မရခဲ့တာပါလိမ့်။

ထိုသို့ ဖြင့် တတိယဆိပ်ကမ်းအနီးမှာ ကျွန်မရပ်တန့်နေခဲ့သည်။ တစ်နည်းအားဖြင့် ပျော်မွေ့ နေမိသည်။

ကျွန်မရွေးချယ်သော ဆိပ်ကမ်းနှင့် ကျွန်မကပ်ခွင့်ရသော ဆိပ်ကမ်းတို့ကအတူတူဟုထင်မိသော်လည်းတကယ်တော့မတူညီခဲ့ပါ။ ကျွန်မပေးခဲ့သော အရာနှင့် ကျွန်မပေးသော အရာကို ယူသူတို့ကြားမှာ ရှိနေတဲ့ နားလည်မှု အတိုင်းအတာက လွဲချော်နေခဲ့သည်။

ထိုသို့ လွဲချော်မှု များ ကြောင့် ပင် ကျွန်မကို တတိယဆိပ်ကမ်းသို့ တွန်းပို့လိုက်ကြသည်။

ထို တတိယဆိပ်ကမ်းတွင် … ရှိသည်။

ထို တတိယဆိပ်ကမ်းသည် … ဖြစ်သည်။

တတိယဆိပ်ကမ်းမှ လွတ်မြောက်ခွင့် မရခဲ့ပါ။

* * * * *


အဖေက ကျွန်မဘ၀ထဲမှာ စောစီးစွာ ထွက်သွားသူပင်။ စောစီးစွာ ထွက်ခွာသွားသော်လည်း ကောင်းသော ထွက်ခွာသွားခြင်း မဟုတ်မှန်း ကျွန်မရိပ်မိသည်။ ဖေဖေရဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ မေမေရဲ့ ခံစားချက်။ တစ်ခါတစ်ရံ ရိုးတိုးရိပ်တိပ်မျှ အပြစ်ပြောလေ့ရှိသော မေမေ့ အမေ ကျွန်မ၏ အဖွား။ ကျွန်မရဲ့ အဒေါ်များ ။

ကျွန်မငယ်ငယ်က ဖေဖေနဲ့ပတ်သက်လို့ မေးတဲ့ မေးခွန်းတိုင်းကို မေမေက မေမေ့ကို မချစ်တော့လို့ နောက်အိမ်ထောင် ပြုသွားပြီးလို့ ခပ်လွယ်လွယ် အဖြေပေးခဲ့တော့ ဖေဖေ့ရဲ့ နောက် အိမ်ထောင် ပြုခြင်းဟာ ကျွန်မအတွက်တော့ ဘာမှပိုပြီး ကြေကွဲဝမ်းနည်းနေစရာ မရှိတော့။

ကျွန်မကို ချစ်ခဲ့လား မချစ်ခဲ့ဘူးလားလို့လည်း မမေးတက်ခဲ့တော့။

“ဟိုကောင်ပေါ့…သူများ သားသမီးခိုးယူပေါင်းသင်းပြီးပစ်သွားတာ။ သင်းလိုလူမျိုး တစ်သက် မကြေဘူး။ သူလုပ်ခဲ့တဲ့အပြစ်တွေ ထက်နှစ် ဆတိုးပြီး ခံရပါစေတော် ”

လို့ တစ်ခါတစ်ရံ မြည် တွန်တက်တဲ့ အဘွား ကြောင့် အဖေဟာ ကျွန်မဘ၀ရဲ့ နေတစ်ဆူလ တစ်ဆူ ကိုးကွယ်ရာ မဟုတ်ခဲ့။

အဘွားရဲ့ အိမ်ကြီးမှာ ကျွန်မတို့သားအမိ နှစ် ယောက် ကို အိပ်ခန်းတစ်ခန်း ပေးထားပေမယ့် အဘွား ကတော့ ကျွန်မတို့ကိုကျွေးမထားပါ။ အဘွားကိုယ်တိုင်ကလည်း အသက်ကြီးပြီ ဖြစ်တာကြောင့် မေမေ့ရဲ့ အစ်မက အဘွားကို ကျွေးထားခြင်း ဖြစ်သည်။ မေမေ့ရဲ့ အစ်မ ကျွန်မရဲ့ အဒေါ်ကြီးကြီးက အတော် အသင့် ချမ်းသာသူလို့ ပြောရမလို့ပင်။ ကြီးကြီးရဲ့ ယောက်ျားက လမ်းထိပ်တွင် ဆေးဆိုင် အလတ်စား လေးဖွင့်ထားသည့်အပြင် အခြားသော ပွဲစားအလုပ်များ ကိုပါပူးတွဲ လုပ်ကိုင်နေသော ကြောင့် ပိုက်ဆံအနည်းငယ် ချမ်းသာသည်ဟု ပြောလို့ရမည် ။ ထို့ကြောင့် လည်း အဘွားကို ကျွေးထား နိုင်ခြင်း ရှိသလို အဘွားကိုလည်း အိပ်ခန်းတစ်ခန်းထဲတွင် ထားကာ ကျန်သော အပေါ်ထပ် အခန်းများ နှင့် အောက်ထပ်အခန်းများ တွင် အဒေါ်တို့မိသားစုက နေရာအနှံ့ နေကြသည်။ ကျွန်မတို့ အိမ်မှာ ရှိတဲ့ တီဗီ၊ ရေခဲသေတ္တာကအစ ထိုင်ခုံ ၊ စားပွဲခုံ ၊ ဆက်တီခုံ အဆုံးအစရှိတဲ့ ပစ္စည်းများ ကို အဒေါ်တို့ မိသားစု က ၀ယ်ထားပြီးနေရာအနှံ့ ချထားသဖြင့် အိပ်ခန်းနှစ် ခန်းမှအပ အိမ်တစ်အိမ်လုံး၏ ကျန်တဲ့ အစိတ်အပိုင်း အားလုံးသည် သူတို့အိမ်ဟုသာ သဘောထားတော့သည်။ ထိုသို့ သဘောထားခြင်း ကိုပင် အဘွားက ကျေနပ်သည်။ အဒေါ်တွင် ရှိသော ကလေးသုံးယောက် မှာ လည်း အဘွားနှင့် တစ်သား တည်း ရှိနေပေမယ့် ကျွန်မ ကတော့ အဘွားကို မိန်းမအိုကြီး တစ်ယောက် အ ဖြစ်သာ မြင်လေ့ရှိသော ကြောင့် အဘွားနားကို သိပ်မကပ်ခဲ့ချေ။

ကျွန်မထက်အသက်လ၂နှစ် ကြီးသော ကျွန်မအစ်မ၀မ်းကွဲမမစိုးက ကျွန်မကို ခင်မင်နှစ်သက် စွာ ကစားရန် သို့ မဟုတ် တစ်ခုခုစားရန် ခေါ်သော်လည်း မေမေက ကျွန်မကို ပေးမထွက်ခဲ့။ ကျောင်းစ တက်တဲ့ အရွယ်ကတည်းက ကျွန်မကို မေမေကအစ်မ၀မ်းကွဲတွေ နှင့် ပေးမကစားခဲ့ချေ။ နွေရာသီ ကျောင်းပိတ်ရက်မျိုးပင် မေမေက သူ့ရုံးသို့ ခေါ်သွားတက်သည်။ ထိုအချိန်က မေမေက အစိုးရဌာန တစ်ခုတွင် အလုပ်လုပ်နေသည်။ ထို့ကြောင့် လည်း ကျွန်မတို့ သားအမိနှစ် ယောက် ၏ ဘ၀သည် ကျွန်မတို့ အစ်မတွေ လောက် မ၀တ်နိုင်မစားနိုင် နိုင်ခဲ့ရသည်။ ထို့သို့ အားငယ်စိတ် ဖြစ်ရခြင်းကိုမူ ကျွန်မ ကောင်းစွာ ခံစားတက်ခဲ့သည်။

ကျွန်မ အိပ်ခန်းလေးထဲက ထွက်ပြီး အိမ်သာသွားတဲ့အခါ ဖြစ် ဖြစ် ၊ သို့ မဟုတ်လျှင် ကျွန်မတို့၏ အိပ်ခန်းနံရံကို ဖြတ်ကျော်စီးဝင်လာသော အသံများ က ကျွန်မကို ငယ်စဉ်က စိတ်အနှောက်အယှက် များ စွာ ပေးခဲ့ဖူးသည်။

ကျွန်မက သရေစာအ ဖြစ် ကျိုက္ကဆံဘီစကစ် စားနေရချိန်မှာ သူတို့က ကိတ်မုန့်ကိုလှီးပြီး လုယက်စားသောက်နေသံများ ၊ ကျွန်မက ဗိုလ်မရုပ် အဟောင်းလေးဖြင့် ခုတင်ပေါ်မှာ တစ်ယောက် တည်း ကစားနေတုန်း သူတို့က ကစားကွင်းတစ်ခုခုက ပြန်လာပြီး ကားစီးခဲ့တာ၊ ရေလွှာလျှောစီးခဲ့တာ၊ ရေကူးခဲ့တာများ ကို အားပါးတရ ငြင်းခုံပြောဆိုသံများ ၊ ကျွန်မက ဟောင်းနွမ်းသော ရှင်မီးအင်္ကျီ လေးဖြင့် အိမ်နေရင်း ၀တ်ထားချိန်မှာ သူတို့က အ၀တ်အစားအသစ်များ ကို သူ့ဖို့ငါ့ဖို့ လုယက် ၀တ်ဆင်ပြီး ပျော်ရွှင်နေကြသံများ က ကျွန်မကို ၀မ်းနည်း ငိုကြွေးစေခဲ့ဖူးသည်။

ထိုအချိန်များ မှာ မေမေက သူ့ရင်ခွင်ထဲတွင် ကျွန်မခေါင်းကို ပွတ်သပ်ပေးခဲ့ပေမဲ့ ကျွန်မ မကျေနပ်နိုင်ခဲချေ။

ကျွန်မတို့မှာ ဘာ ဖြစ်လို့ ပိုက်ဆံမရှိတာလဲ။ အိပ်မက်ထဲမှာ မေမေက အ၀တ်အစား အသစ်များ ၀ယ်ပေးတက်သည်။ ထိုသို့ အိပ်မက် မက်ပြီးတိုင်း ကျွန်မက စိတ်ကူးထဲမှာ အ၀တ်အစားသစ်တွေ ၀တ်ပြီး ကြည်နူး နေတက်ပြန်သည်။ သေချာသည်။ ကျွန်မကို အသစ်အစားသစ် ၀ယ်ပေးဖို့ငိုယို ပြီးလည်း မပူဆာတက်ခဲ့။ ကျွန်မ စိတ်ကူးထဲက အ၀တ်အစားသစ်တွေ ကို စက္ကူပေါ်တွင် ရေး ဆွဲပြီး ကတ်ကြေးဖြင့် ကိုက်ညှပ်ထားသည်မှာ ခပ်ရွယ်ရွယ် စက္ကူပုံးတစ်ပုံးစာပင် ရှိသည်။

တိတ်တဆိတ် ထုံထိုင်းစွာ ကလေးဘ၀၏ နေ့ရက်များ ကို ကျော်ဖြတ်ရင်း ဆယ်ကျော်သက်အရွယ်မှာ ကျွန်မ၏ ထွက်ပေါက်သည် သီချင်းများ ဖြစ်လာခဲ့သည်။

မေမေကလည်းတစ်လလျှင် အခွေသစ်တစ်ခွေဝယ်ပေးတက်သည်။ အမျိုးသား အဆိုတော် တွေ ထဲမှာ စိုင်းထီးဆိုင် ၊ ကိုင်ဇာ ၊ ခိုင်ထူး ၊ ဗလ ၊ ထူးအိမ်သင် ၊ ဘိုဘို စသဖြင့် တစ်ခွေထွက်တိုင်း တစ်ခွေနားထောင်တက်သလို မိန်းကလေးအဆိုတော် များ ထဲမှာ လည်း အယ်လ်ခွန်းရီ၊ မေဆွိ၊ ကော်နီ၊ အိအိ၊ သန္တာဦး၊ ဟေမာနေ၀င်း၊ နွဲ့ယဉ်ဝင်း စတဲ့ သီချင်းများ ကို နားထောင်တက်ခဲ့သည်။ အခွေ တစ်ခွေ အသစ်ရတိုင်း သီချင်း၏ အ၀င်တီးလုံးကို မှတ်သားပြီး မူရင်းအသံပေါ်မှာ ထပ်ဆိုခဲ့သည်။

ကျွန်မအတွက်တော့ သီချင်းများ သည် စိတ်အပျင်းပြေစရာ တစ်ခုမဟုတ်ဘဲ ပျော်ရွှင် လွင့်မျောမိရာအရပ် ဖြစ်နေတော့သည်။

နေ့ခင်းဆို အိမ်မှာ ကျွန်မနှင့် အဘွားတို့သာ ရှိပေမဲ့ ကျွန်မက အိပ်ခန်းထဲမှာ သီချင်းတွေ သီဆို ရင်း ၊ ကူးရေး ရင်း အချိန်ကုန်နေတက်သည်။

* * * * *


ထိုအလယ်တန်း ကျောင်းသူအရွယ်မှာ ပင် ကျွန်မအတွက် မေမြတ်မွန်နှင့် မင်းဝေဆိုသော သူငယ်ချင်းနှစ် ယောက် ရလာခဲ့သည်။ ကျွန်မထက် ဥာဏ်အလွန်ကောင်းသော ၊ ကျွန်မထက် စိတ် သဘောထား ကြီးမြတ်သော ၊ ကျွန်မထက် လွပ်လပ်စွာ ကြီးရင့်ခွင့်ရှိခဲ့သော ၊ ကျွန်မထက်များ စွာ ကလေးဆန်ဆန် ရိုးသားဖြူစင်သော ထိုနှစ် ယောက် ကြောင့် ပင် ကျွန်မ၌ ခင်မင်တွယ်တာတက်ခြင်း၊ စိတ်ဆိုး စိတ်ကောက်တက်ခြင်း၊ မှတ်ဥာဏ်စွမ်းရည် အနည်းငယ်မြင့်တက်လာခြင်းတို့ ရှိကောင်းရှိ လိမ့်မည် ဖြစ်သော်လည်း ကျွန်မစိတ်တို့သည် ပင်ပန်းလှသည်။ စိုးရိပ်ပူပန်မှု တို့ အမြဲကိန်း အောင်းနေတက်သည်။ လွပ်လပ်စွာ ရယ်မောပျော်ရွှင်ဖို့ တုံ့ဆိုင်းနေတက်သည်။ နင်က အရမ်းလှတယ် သိလား။ ဒီအတန်းထဲမှာ နင်အလှဆုံးပဲလို့ မင်းဝေက ထုတ်ဖော် ပြောကြားတာကို၊ မေမြတ်မွန်က လှိုက်လှိုက်လှဲလှဲ ထောက်ခံတက်ပေမဲ့ ကျွန်မ ရင်ထဲမှာ တင်းကျပ်ပိတ်ဆို့မှု တို့က လျော့ကျမသွားခဲ့။ ငါ့မှာ အင်္ကျီလှလှလေးတွေ မရှိဘူး။ ငါ့အမေမှာ လည်း နင်တို့ အေ မလို ပိုက်ဆံမရှိဘူးဆိုတဲ့ အတွေးမျိုး ကသာ အုပ်စိုးနေတက်သည်။

မေမေက အင်္ဂလိပ်စာနဲ့ သချာင်္ ၂ ဘာသာ ကျရှုံးတဲ့ ကျွန်မရဲ့ ရီပို့ကကတ်ကို ကြည့်ပြီး မျက်ရည်ဝဲနေတာကို မမြင်ချင်ယောင်ဆောင်နေမိသည်။ အင်္ဂလိပ် ၃၅ မှတ်နှင့် သချာင်္ ၃၀ မှတ် ရတာ ပဲ။ ကျွန်မရဲ့ မဟာအောင်မြင်မှု လို့ ယူဆထားမိသည့်အတွက် မေမေ့ မျက်ရည်ကို မျက်ကွယ်ပြု ထား နိုင်ခြင်း ဖြစ်သည်။ တချို့လူတွေ ဆို ဘဲဥတောင် မကွဲဘူး မေမေရဲ့ ။ သမီးက အမှတ်တွေ အများ ကြီး ရတာ ပဲ။ ဒါတောင် မွန်မွန်နဲ့မင်းဝေက သင်ပေးလို့ လို့တောင် ပြောထွက်ချင်ပေမယ့် ပြောမထွက်ခဲ့။

မေမေက နေ့ဘက် အလုပ်အပြင် ညဘက်အလုပ်ကိုပါ ၀င်လုပ်သော အခါ ကျွန်မ၊ မွန်မွန်နဲ့ မင်းဝေတို့မှာ ပိုပြီး နီးနီးကပ်ကပ် ခင်မင်ခွင့် ရခဲ့သည်။

စည်းကမ်းကြီးစွာ ချစ်ခင်တက်သော မွန်မွန်၏ မိသားစုထဲမှာ သမီး တစ်ယောက် ဖြစ်ခွင့် ရခဲ့သည်။

“ရီရီရေ ညည်းသမီးကို နောက်ဆံမတင်းနဲ့၊ စိတ်အေးအေး ထားပြီးသာအလုပ်လုပ်၊ ငယ်တုန်း ရွယ်တုန်းပဲ ကြိုးစားချင်တိုင်း ကြိုးစားလို့ရတာ ၊ ပိုက်ဆံတွေ စုစမ်းအေ” လို့ မေတ္တာရည် ပြည့်ဝတဲ့ မွန်မွန်အမေ့ရဲ့ ကြင်နာစွာ စောက်ရှောက်ခြင်က မေမေ့ကို အား ဖြစ်စေခဲ့သလို ကျွန်မကိုလည်း နွေးထွေးစေခဲ့သည်။

ညနေပိုင်းကတည်းက မွန်မွန်တို့အိမ်မှာ စားသောက် စာကျက်ပြီး ည ၉ နာရီလောက်မှာ ကိုယ့်အိမ်ကိုယ် ပြန်ကူးပြီး အိပ်ခန်းထဲမှာ တစ်ယောက် တည်း အိပ်စက်ရင်း မေမေ့ကို စောင့်ဆိုင်း ရသော ကြောင့် လည်း စိတ်ပျက်အားငယ်ခဲ့ရသည်။ မေမေက ကျွန်မ ပါးပြင်ကို ငုံ့နမ်းပြီး နှုတ်ဆက် လိုက်မှ မေမေ ပြန်ရောက်ကြောင်း သိခွင့်ရသလို စကားသံအချို့ကလည်း သစ်သားနံရံ ခပ်ပါးပါးကို ဖြတ်ကျော်ပြီး မွှေနှောက်သွားတက်စမြဲ ဖြစ်သည်။

တစ်ခုလပ်မနဲ့ စားသောက်ဆိုင်နဲ့တော့ တွေ့ ပြီပေါ့ဟေ့လို့ ရင့်ရင့်သီးသီး ပြောတက်တဲ့ အဘွား ရဲ့ စကားသံအချို့ . . . ။

ပြန်လာပို့တဲ့ ကားပေါ်မှာ ယောက်ျားလေးတွေ နဲ့ မိန်းကလေးတွေ က တရုန်းရုန်းပါလားလို့ ပြောတက်တဲ့ အဒေါ်ရဲ့ စကားသံ အချို့ . . . ။

“မင်းကလည်းကွာ သူ့သမီးအတွက် အဘက်ဘက်က ပြည့်စုံဖို့ဆိုတာ သူ ဒီလောက်တော့ အလုပ်လုပ်ရမှာ ပေါ့။ ဒါတောင် ပိုပိုလျှံလျှံ ရှိမှာ မဟုတ်ဘူး။ ကိုယ်ချင်းစာစမ်းကွာလို့” အဒေါ်ယောင်္ကျား ရဲ့ အပြောတစ်ချို့ . . . ။

“ ရှင်နော် ရှင် ” ဆိုတဲ့ အဒေါ့်ရဲ့ အသံခပ်ပြင်းပြင်း။ ဒါတွေ ကြားတိုင်း ကျွန်မက အသက်မရှူရဲ တော့သလို မေမေကလည်း သက်ပြင်းခါခါချရင်း သားအမိနှစ် ယောက် အိပ်ပျော် သွားရတက်တဲ့ ညတွေ လည်း မရေတွက်နိုင်ခဲ့တော့။

ထို့အတွက်ကြောင့် လည်း မေမေနဲ့ အဘွားတို့ရဲ့ ဆက်ဆံရေး ဟာ ထုံ့ပိုင်း ထုံ့ပိုင်း အေးစက် လာခဲ့ရတော့သည်။ ကျွန်မကလည်း အဘွားနှင့် အဒေါ့်ကို ပို၍ ရှောင်ခွာခဲ့တော့သည်။ ကျွန်မဘ၀တွင် မေမေသာ တစ်ဦးတည်းသော ယုံကြည်ကိုးကွယ်ရာ ဖြစ်ခဲ့သည်။

ကျွန်မ တစ်ယောက် တည်း ရှိနေစဉ်တွင် ပြောကြသော တင်းဆိုစကားများ က ကျွန်မကို ပူလောင်စေသည်။ နွမ်းလျစေသည်။ ကျွန်မ မေမေက ဘာလဲ။ သူတို့ ပြောသလို ဘာတွေ များ ဖြစ်နေသလဲ။ တစ်ခုလပ်မဆိုတာနဲ့ မေမေက ဘာ ဖြစ်သွားရတော့မှာ လဲ။ ကျွန်မ အတွက်တော့ ထိုစကားသံများ ကြားရတိုင်း ထိုအခန်းထဲမှ ထွက်ပြေးချင်မိသည်။ တစ်ခုခုကို ရိုက်ခွဲပစ်လိုက်ချင်သည်။ သီချင်း အကျယ်ကြီး ဖွင့်ပစ်လိုက်ချင်ပေမဲ့ ထိုသို့ မလုပ်ရဲ။ ကျွန်မကို တစ်ခုခု ပြန်လှန် ရန်တွေ့ တာမျိုး ၊ တုံ့ပြန်မှာ မျိုးကို ကြောက်ရွံ့မိသည်။

ထို့ကြောင့် လည်း ကျောင်းဆင်းပြီးသည်နှင့် နေမိုးချိုး မေမေ ထားခဲ့သော ထမင်းဟင်းကိုစားပြီး တစ်အိမ်ကျော်ရှိ မွန်မွန်တို့အိမ်သို့ ကူးသွားကာ မွန်မွန့်အမေ၏ စည်းကမ်းအောက်တွင် ကစားချိန် ကစား၊ စာကျက်ချိန် စာကျပ်ဖြင့် အနည်းငယ် ပျော်ရွှင်ခဲ့ဖူးသည်။

မင်းဝေ ယူလာတက်သော ဆီးထုပ်၊ နေကြာစေ့များ ကို လုစားရင်း ကြည်နူးခဲ့ရမှု သည် ကျွန်မ အတွက်တော့ ခံစားမှု အသစ်ပင် ဖြစ်ခဲ့ရသည်။ သို့ သော် ကြည်နူးမှု က ကြာကြာမခံတက်။

ညဘက် စာကျက်ပြီးလို့ အိမ်ပြန်ခါနီး တွင် မင်းဝေက မွန်မွန် မသိအောင် မုန့်တစ်မျိုးမျိုး ပေးတက်သေးသည်။ ထိုမုန့်များ ကို စားရတိုင်း ကျွန်မမှာ ပိုပြီး ပျော်ရွှင်ရခဲ့သည်။ ကျွန်မဘ၀မှာ သူများ နှင့် ယှဉ်တိုင်း အသာစီးရခဲ့တာမျိုး တစ်ခါမျှ မရှိခဲ့ဖူးသော ကြောင့် သာ ဖြစ်လိမ့်မည် ။ မင်းဝေက မွန်မွန်ထက် စာရင် ကျွန်မကို ပိုပြီးစားစေချင်သော ကြောင့် သာ ဖြစ်လိမ့်မည် ကိုတွေးပြီး ကျေနပ်ရခြင်း ဖြစ်သည်။

သို့ သော်လည်း ကျွန်မအခန်းငယ်ထဲ ပြန်ရောက်သွားလျှင်တော့ ကျွန်မရင်ထဲ မွန်းကျပ်မှု နှင့် နာကျင်မှု သာ ခံစားနေရတော့သည်။

ထို သူငယ်ချင်းနှစ် ယောက် သာ မရှိလျှင် ကျွန်မဘ၀တွင် လွပ်လပ်စွာ ရယ်လာတက်ခြင်း ဆိုတာ ရှိလိမ့်မည် မဟုတ်ဟု တွေးထင်မိအောင် မွန်မွန်ရော မင်းဝေကပါ ကျွန်မကို ချစ်ခင်ကြင်နာကြသည်။ သူတို့နှစ် ယောက် နှင့် စာအတူတူ ကျက်ရသော ကြောင့် အတန်းထဲတွင် လည်း စာတော် အသင့် လိုက်နိုင်ခဲ့သူလည်း ဖြစ်ခဲ့ရသည်။ ကျွန်မ၏ ရီပို့ကတ်တွင် ကျရှုံးသည့် ဘာသာရပ်များ မရှိတော့ သော ကြောင့် မေမေက တင်းတင်းကျပ်ကျပ် မွေ့ဖက်နမ်းရှုပ်ရင်း မျက်ရည်များ ကျအောင် ပျော်ရွှင် တက်သေးသည်။

ကျွန်မ၏ ခြောက်တန်း၊ ခုနှစ် တန်း၊ ကျောင်းသူအရွယ်တွင် ပျော်ရွှင်မှု အလုံးစုံ ပြည့်ဝစွာ ရှိခဲ့ ဖူးသည်။ အဘွားနှင့် အဒေါ်တို့၏ တင်းဆိုစကာားများ မှ အပဟုပင် ဖြည့်စွက်ပြောရမည် ။

“ ငါ ပိုက်ဆံစုထားတယ် သိလား။ နင်တို့ကို ပေါက်စီ ၀ယ်ကျွေးမယ်။ ငါလည်း ပေါက်စီမစား ရတာ ကြာပြီ ” လို့ပြောလိုက်လျှင် မင်းဝေက နောက်နေ့ ပေါက်စီ ယူလာပေးသည်။

“ နင်ကလည်း . . . ငါ့က ပိုက်ဆံ စုတုန်းရှိသေးတယ်။ နင်ကက၀ယ်လာကျွေးရသလား။ နင်တို့ က ချမ်းသာတယ် ဟုတ်လား။ နင် တစ်နေ့ မုန့်ဖိုးဘယ်လောက်ရသလဲ ” ဟု ကျွန်မ မေးတော့ “ တောင်း သလောက်ရတယ် ” ဟု ဖြေတက်သည်။

“ ငါ ကတော့ တောင်းသလောက်ရရင် အ၀တ်အစားတွေ ၀ယ်ဖို့တောင်းမှာ ပဲ ” ကျွန်မ အပြော ကို မွန်မွန်က

“ ငါ ကတော့ မေမေတို့ ပေးရင် ပေးသလောက် စုထားမယ်။ ပြီးတော့ ရွှေဆွဲကြိုး ၀ယ်ဝတ်မယ် ” ဟု ပြောတက်သည်။

ထိုအခါ မင်းဝေက ငါ ကတော့ နင်တို့ကို မုန့်ဝယ်ကျွေးမယ်။ အခုလည်း ၀ယ်ကျွေးမှာ ပဲ။ နောက် လည်း ၀ယ်ကျွေးမှာ ပဲဟု ပြောတော့ ကျွန်မတို့ လွပ်လပ်စွာ ရယ်မောရင်း ပျော်ရွှင်ခဲ့ရသည်။

မွန်မွန်တို့ မင်းဝေတို့နဲ့ အတူရှိနေချိန်လေးတွေ မှာ သူတို့ရဲ့ ဦးစားပေးအလိုလိုက် ဆက်ဆံတက် မှု ကြောင့် ကျွန်မ စိတ်ထဲ ပျော်ရွှင်ခဲ့ရပေမဲ့ ကျန်သော အချိန်ကာလများ တွင် ကျွန်မစိတ်များ က လွင့် ချင်ရာ လွင့်မျော်ပြီး အထီးကျန်သလို ခံစားနေရတက်မြဲ ဖြစ်သည်။ အိမ်မှာ ဆိုလည်း မေမေက သူ့ အလုပ်နှင့် သူ ရှုပ်နေတက်သဖြင့် ကျွန်မနှင့် စကား သိပ်မပြော ဖြစ်။ မွန်မွန်နဲ့ မင်းဝေတို့က စာတော် သော အခန်းသို့ ပြောင်းသွား ရသည်။ မုန့်စားကျောင်းဆင်းမှသာ မွန်မွန်တို့ အတန်းသို့ သွားချင်သွား သို့မဟုတ် မွန်မွန်က ကျွန်မအခန်းသို့ ကူးလာမှ ကျွန်မမှာ စကားပြောဖော် ရှိခဲ့ရသည်။

ကျွန်မ စာမကျက်ချင်ဘူး။ ကျောင်း မတက်ချင်ဘူး။ ကျောင်းတက်ရတာ မပျော်ဘူးဟု မေမေ့ကို ပြောပြချင်ပေမဲ့ ပြောမထွက်ရက်ခဲ့။ ကျွန်မ ဥာဏ်မကောင်းတာ၊ စာ အမြဲတမ်း မရတာ နဲ့တင် ကျွန်မ ကျောင်းမတက်သင့်တော့ကြောင်း သိနေပေမယ့် မေမေက လက်ခံမှာ မဟုတ်ချေ။ မွန်မွန်နဲ့ မင်းဝေတို့က စာများ ကကို အကြိမ်ကြိမ် ပြပေးခြင်းကြောင့် သာ ကျွန်မမှာ လပတ်စာမေးပွဲများ ကို အောင်မြင်နေခြင်း ဖြစ်ပေမဲ့ ကျွန်မအတွက်တော့ စာကျက်ရတာ ပင်ပန်းလွန်းခဲ့သည်။

အိမ်မှာ နေထိုင်ရတာ ရော၊ ကျောင်းမှာ နေထိုင်ရတာ ရော ကျွန်မအတွက်တော့ ခြောက်သွေ့ လွန်းသည်။ ကျွန်မ ပတ်ဝန်းကျင်က ကျွတ်စီကျွတ်စီ စကားသံများ က ကျွန်မကို အနှောက်အယှက် ပေးသလို ရယ်မောသံများ က ကျွန်မကို လှောင်ပြောင်တာမျိုးကိုလည်း ဘယ်လိုနည်းနှင့် မျှ တုံ့ပြန် မနေချင်ခဲ့။ မေမေ့ ရင်ခွင်မှာ ငိုကြွေးရင်း ကျွန်မ ဘ၀ကို စိတ်ပျက်မိသည်။

* * * * *


မှတ်မှတ်ရရ ကျောင်းစ တက်တက်ချင်းနေ့တွင် ကျွန်မ ရည်းစားစာပေးခံရသည်။ ကျွန်မ ရည်းစားစာပေးခံရသည်။ ကျွန်မကို ရည်းစားစာပေးသူက ကျွန်မထက် အတန်းကြီးသော ကိုမြတ်မင်း ပင်။ သူနှင့် ကျွန်မ အမြဲတမ်း သွားရင်းလာရင်း တွေ့ နေမြင်နေကျ ဖြစ်သည်။ ထိုသို့ တွေ့  တိုင်း ရယ်ပြတက်တဲ့ သူကို ကျွန်မ ပြန်ပြီး ရယ်ပြခဲ့ဖူးသည်။ သူက စားပြီးပလားလို့ နှုတ်ဆက်တက်ရင်လည်း စားပြီးပြီ မပြီးပြီ ဟုတ်ကဲ့ဟု အလျင်စလို ကျေကျေနပ်နပ်ပြန်ဖြေတက်မြဲ ဖြစ်သည်။

ထို အစ်ကို ကိုမြတ်မင်းက ကျွန်မကို တစ်နေ့ ရည်းစားစာပေးမည် ဟု ကျွန်မ တွေးထင်မထားခဲ့ ပေမဲ့ ယခုတော့ ပေးလိုက်သည်။

ညီမလေးလို ချစ်ရတဲ့ ချစ်လေးထက်လို့ ကျွန်မရဲ့ နာမည် ၀င်းဝင်းထက်ကို ထက်လို့ အဖျား ဆွတ်ခေါ်ပြီး ရေး လိုက်တဲ့ သူ့ရည်းစားစာက ကျွန်မကို တစ်စိတ်တစ်ပိုင်း ပျော်ရွှင်ကျေနပ်စေခဲ့သည်။

သူက ရည်းစားစာပေးပြီး ၃-၄ ရက်ခန့် ကျွန်မမျက်စီရှေ့က ပျောက်နေခဲ့တော့ ကျွန်မမှာ သူ ပေးထား သော ရည်းစားစာကို အထပ်ထပ်ကျော့ဖတ်ပြီး ရင်ထဲ ဆွေးလျစွာ ခံစားနေခဲ့ရသည်။ သူ့ကို တွေ့ နိုး တွေ့ နိုးဖြင့် အတန်းပြင်ကို မျှော်တက်ခဲ့သည့် အကျင့်ပင် စွဲလာသည်။

ကျွန်မကို သူကချစ်တယ် ဆိုတာ ဘာလဲ။ ရည်းစားစာ ပေးပြီး ကျွန်မမျက်စီရှေ့က ပျောက် သွားခြင်းမျိုးလား။ ထိုသို့ ကိုမြတ်မင်း ရည်းစားစာပေးတဲ့အကြောင်းကို မွန်မွန်ကို အပြောရဲခဲ့သလို မင်းဝေကိုလည်း မပြောရဲခဲ့။ သူပေးတဲ့ ရည်းစားစာက ကျွန်မကို အဆန်းတကြယ် ခံစားမှု ကို ပေးသည်။ မိန်းကလေး တစ်ယောက် အနေဖြင့် ကိုယ့်မှာ ချစ်တဲ့သူ ရှိတယ်ဆိုတဲ့ အသိက အတိုင်းအတာ တစ်ခုထိ ပျော်ရွှင်ကျေနပ်ရသလို ဘ၀င်မြင့်ချင်စရာစိတ်လည်း ရှိနိုင်နေလိမ့်မည် ။

ထို ပျော်ရွှင်ကျေနပ်ရမှု က တစ်စုံတစ်ရာသော မျှော်လင့်ခြင်းကကို တမ်းမက်မိသလို ရုပ်ဆိုး ကျည်းတန်စွာ ရှိနေသော ခံစားမှု ကို ဖယ်ထုတ်ပစ်လိုက်သည်။ ကျွန်မက ပတ်ဝန်းကျင်မှ ကျွန်မ မမြင် လို၊ မတွေ့ လို၊ မခံစားလိုသော အကြောင်းအရာများ ကို ကျွန်မကိုယ်တိုင် ဥပေက္ခာ ပြုမိသည်။ ဘယ်လို ပုံစံမှန်း မသိဘဲ ပျော်ရွှင်ကျေနပ်နေရမှု က ကျွန်မဘ၀ကကို လုံခြုံနွေးထွေးစေခဲ့သည်။

ကျွန်မကိုယ်တိုင်လည်း ရည်းစားထားဖို့ အရွယ်မဟုတ်သေးဘူးလို့ မဆင်ခြင်မိ။ ကျွန်မစိတ်ထဲ မှာ ကိုမြတ်မင်း ပုံရိပ်များ ကိုသာ တွေးယူနေမိသည်။ ကိုမြတ်မင်းကိုသာ တိုင်တည်ပြီး စကားပြော နေ ဖြစ်သည်။ ကိုမြတ်မင်းကို တွေ့ ရမှာ ကြောက်ရွံ့နေမိသလိုလို ခံစားမိပေမဲ့ တကယ်တမ်းလည်း မြင်ချင်၊ တွေ့ ချင်၊ စကားပြောချင် နေမိတက်သည်။

ကိုမြတ်မင်း ရည်စားစာပေးပြီး တစ်ပတ်ပြည့်သော နေ့တွင် ကျွန်မအတွေးစိတ်ထဲတွင် ကိုမြတ်မင်း အပေါ်၌ စွဲလမ်းစိတ်အမြတ်နုများ ထွက်စပြုပြီဟု ၀န်ခံချင်စရာပင်။ သူပေးထားသော ရည်းစားစာကို ထုတ်ဖတ်၊ စာအုပ်ကြားထဲ ပြန်ညှပ်၊ ပြန်ထုတ်ဖတ်၊ ပြန်ညှပ်ဖြင့် နေ့စဉ်နေ့တိုင်း မရေတွက်နိုင်အောင် ယစ်မူးနေမိသည်။

“ သူက ဘာလို့ ငါ့ကိုရှောင်နေတာလား။ ငါတော့ ရည်းစားစာပေးတာမှားသွားပြီလို့ ထင်သွားလို့လား။ ဘာ ဖြစ်လို့ နောက်ထပ်စာ တစ်စောင်ထပ်မပေးတာလဲ ”

ထိုသို့ အဖန်ဖန် ကျော့တွေးပြီး တွေးနေရတာ ကပင် ကျွန်မစိတ်ကို တစ်နည်းတစ်ဖုံ လန်းဆန်း စေခဲ့သည်။

“ သူ ဟိုးနောက်ကွယ်က ထွက်လာရင် ငါဘယ်လိုလုပ်ရမလဲ။ သူက ချစ်လားလို့မေးရင် ငါ ဘယ်လို ဖြေရမလဲ။ အိုး . . . ရှက်စရာကြီး ”

ကျွန်မ၏ အာရုံတို့ကို ကိုမြတ်မင်းထံပါးမှ ခွာမရတော့။ အချစ်ဆိုတာ ဘာလဲ။ ကျွန်မ သေသေချာချာ မဆန်းစစ်နိုင်သေးချေ။ အရွယ်ရဲ့ ရင့်ကျက်မှု ၊ အသိရင့်ကျက်မှု ၊ တစ်စုံတစ်ရာမျှ မရှိ သေးပေမဲ့ အချစ်ဆိုတာ စွဲလမ်းခြင်း တစ်ခုဟု နားလည် သဘောပေါက်လိုက်သည်။

“ သူ ထက်ရဲ့ မျက်လုံး ၀ိုင်းစက်စက်ကလေးက ကိုယ့်အတွက် ညရဲ့ လတစ်စင်းပါပဲ။ ကိုယ့်ရဲ့ လမင်းလေး ထက်ပေါ့နော်။

ထက်ကိုချစ်တဲ့ အချစ်ဟာ ညက လေကို တောင့်တမှု မျိုး၊ မရှိမ ဖြစ်လိုအပ်မှု မျိုးနဲ့ ချစ်တယ် ဆိုတာ ယုံပါ ထက်ရယ်။

ထက်အပြုံးလေးတွေ မြင်ချင်လို့၊ ထက်မျက်ဝန်း လှလှလေးတွေ ကို တွေ့ ချင်လို့ ထက်ရှိတဲ့ အရပ်မှာ ကိုယ် ရစ်ဝဲမိတာ နားလည်နိုင်တယ်မဟုတ်လား။ ထက် ကိုယ့်အချစ်ကို နားလည်နိုင်ရဲ့ လား။

ထက်ကို ချစ်တယ်။ အရမ်းချစ်တယ်။ ကိုယ့်ကို ပြန်ချစ်နော်”

ကိုမြတ်မင်းရဲ့ စာလေးကို ပြန်ထုတ်ဖတ်ရင်း အင်းလို့ ကိုယ့်ဘာသာကိုယ် ခေါင်းညိတ်လိုက်မိ သည်။ ဒီအကြောင်းကို မေမေသိလို့ မ ဖြစ်၊ မွန်မွန်နဲ့ မင်းဝေလည်း သိလို မ ဖြစ်ဟု ဆုံးဖြတ်ရင်း

“ ကိုမြတ်မင်းကို ချစ်ကြည့်မယ်လေ”

လို့ ဗလာစာရွက် အလွတ်မှာ ရေး ပြီး ထိုစာရွက်ကို ဆွဲဖြုတ်၊ ခေါက် ပြီး စာအိတ်ထဲ ထည့်ကာ စာအုပ်ကြားထဲ ညှပ်ထားလိုက်မိသည်။

“ ချစ်တယ်”

လို့ အဖြေပေးရမှာ ဒီလောက်ထိ လွယ်ကူလိမ့်မည် လို့မတွေးမိသလို ဘယ်လောက်ထိ ခက်ခဲ လိမ့်မလဲလို့လည်း မတွေးဖူးဘဲနဲ့ အခုတော့ ချောမောစွာ ပြီးသွားခဲ့သည်။ မနက်ဖြန် ကျောင်းသွားရင်း လမ်းမှာ ကိုမြတ်မင်းနဲ့တွေ့ ရင် လှမ်းခေါ်ပြီး ဒီစာအုပ်လေး ပေးလိုက် ရုံဟု တွေးလိုမိသော ကြောင့် ပင်။

“ အချစ်ဦး”

အဦးဆုံးချစ်ရတာ အချစ်ဦးပေါ့လို့ တွေးကြည့်ရင်း တော် တော် ကျေနပ်ပျော်ရွှင်မိပြန်သည်။

တကယ်ပဲ နောက်တစ်နေ့မှာ ကျွန်မနှင့် မွန်မွန်တို့ လမ်းခွဲပြီး ကျွန်မအတန်းဘက်ကို တစ် ယောက် တည်း လျှောက်လာချိန်မှာ ကျွန်မနှင့် မျက်နှာချင်းဆိုင်မှာ ကိုမြတ်မင်းကို ဘွားခနဲ့ တွေ့ လိုက် ရသော ကြောင့် ၊ ကျွန်မရင်ထဲ ဒိတ်ခနဲ ခုန်သွားကာ ကျွန်မလွယ်အိတ်ထဲမှ ကိုမြတ်မင်းကို ပေးဖို့ယူ လာသော စာထည့်ထားသည့် စာအုပ်ကို ဆွဲထုတ်လိုက်မိသည်။ ထိုအ ဖြစ်အပျက်သည် ဘယ်လောက် ထိ ပိရိသေသပ်သလဲဆိုတာ မသိလိုက်နိုင်အောင် ပြီးစီးသွားသည်။

ဘာပြောပြော ကျွန်မ သူ့ကို အဖြေပေးမိသည်။ ကျွန်မ သူ့ကို ချစ်ကြည့်ရဦးမည် ။

အဲဒါက ကျွန်မစိတ်ကို ကြည်နူး ကျေနပ်စေ ပျော်ရွှင်နေစေသည်။ လောကကြီးမှာ ရုပ်ဆိုး အကျည်းတန်နေတာတွေ အားလုံးဟာ ကျွန်မ ခံစားချက် အလုံးစုံမှ အဝေးဆုံးထိ လွင့်စဉ်သွားပြီး ကျွန်မ တစ်ယောက် တည်း အတွေး အိမ်ထဲ မှာ ကျွန်မကိုယ်ကျွန်မချစ်မြတ်နိုးဆုံး ကာလတစ်ခုကို ဖန်တီး တည်ဆောက်ပြီး ဖြစ်နေတော့သည်။

အချစ်ဆိုတာ မယုံကြည်နိုင်လောက်အောင် ကိုယ့်ဘ၀ကို ချစ်မြတ်နိုးစေတယ်။ ယောက်ျား တစ်ယောက် ကို ချစ်ရခြင်းကလည်း ဘ၀ကို လန်းဆန်းတက်ကြွစေတယ်။ ယောက်ျား တစ်ယောက် ရဲ့ ချစ်ခြင်းကို ခံရတာ ကလည်း နူးညံ့သိမ်မွေ့စေတယ်လေ။ အဲဒီ အချိန်လောက် ကျွန်မဘ၀ကို ကျွန်မချစ် မြတ်နိုးမိတာ မရှိပါဘူး။ ကျွန်မဘ၀ကကို ကျွန်မ ကိုယ်တိုင်အမြဲတမ်း ချစ်မြတ်နိုးမိစေချင်တာ မှားသွား လားဟင်။

ကိုမြတ်မင်းက ပြောသည်။ ချစ်သူတွေ ဖြစ်သွားရင် အင်းလျားကို သွားမယ်တဲ့။ ကျွန်မက လည်း လွယ်လွယ်ကူကူပင် သွားတာပေါ့ဟု အဖြေပေးလိုက် သည်။ ကိုမြတ်မင်းနဲ့ တွေ့ မိတိုင်း ရှက်ရွံ့မှု တစ်ခု ရင်ထဲမှာ လှိုက်လှဲစွာ ခံစားနေရပေမဲ့ ကိုမြတ်မင်းကိုပဲ တွေ့ နေချင် မြင်နေချင်စိတ်နဲ့ ထိုသို့ ရှက်ရွံ့ နေရမှု ကို ကျွန်မက နှစ်သက် နေမိပြန်သည်။ ချစ်သူ သက်တမ်း ၁၀ ရက်ပြည့်သော နေ့တွင် ကျွန်မက ကိုမြတ်မင်းခေါ်ရာ အင်းလျားသို့ လိုက်သွားခဲ့သည်။

ကျွန်မအတွက်တော့ မေမေက အလုပ်မှာ ရှိနေတာကြောင့် မို့ ကျွန်မကို တားဆီးပိတ်ပင်မည့် သူ မရှိခဲ့။ မွန်မွန်နဲ့မင်းဝေ မသိအောင် သူတို့အိမ်ရှေ့လမ်းမှ ဖြတ်မလျှောက်ဘဲ အခြားလမ်းမှ ကိုမြတ်မင်း နှင့် ချိန်းဆိုထားသော လက်ဘက်ရည်ဆိုင်ကို သွားခဲ့ရသည်။ ဒီအချိန်မှာ ကျွန်မအတွက် ကိုမြတ်မင်း ကိုတွေ့ ဖို့သာလျှင် အဓီက ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ မည် သည့် အရာဝတ္တုကိုမျှ ဂရုမစိုက်ခဲ့ချေ။ ဂရုစိုက် စရာလည်း မလိုခဲ့ချေဆိုက ပိုမှန်မည် ။

ချိန်းထားသော နေရာမှာ ကိုမြတ်မင်းက စောင့်နေသော ကြောင့် ကျွန်မက သူရှိရာသို့ လျှောက် သွားခဲ့သည်။ ကျွန်မကို တစ်ယောက် ယောက် က တွေ့ သွားမည် လားဆိုတဲ့ စိုးရိမ်ထိတ်လန့်မှု မျိုးလည်း မရှိ။ ကျွန်မအတွက်တော့ ကိုမြတ်မင်းသာလျှင် အရေး ကြီးဆုံး။ ကိုမြတ်မင်းခေါ်ရာ အင်းလျားကိုသာ အရောက်ချင်ဆုံး ဖြစ်နေရတော့သည်။

* * * * *


၅၁ ဘဘ်စ်ကားပေါ်မှာ ကျွန်မလက်ကို မသိမသာ ဆုပ်ကိုင်လာတဲ့ ကိုမြတ်မင်းလက်တွေ ကို မရုန်းကန်မိ။ လူကပဲ ကျပ်သလား။ ကျွန်မကပဲ တိုးဝှေ့မိသလား။ ယိမ်းယိုင်မိသလား။ ဘာမျှ မတွေးမိ ဘဲနဲ့ ကျွန်မကိုယ်ခန္ဓာ သေးသေးလေးက ကိုမြတ်မင်း ရင်ခွင့်ထဲမှာ ရောက်နေသလိုကို သတိပြုမိတော့ ရုန်းထွက်ဖို့ထက် ကိုမြတ်မင်းရင်နွေးနွေးကို ခံစားသိဖြင့် သိကာ ကျေနပ်နေပြန်သည်။

ကိုမြတ်မင်းက ကျွန်မနားရွက်နားထိ ငုံ့ကိုင်းကာ စကားပြောတော့လည်း မကြားမိဘဲ သူ့အား ငွေ့နွေးနွေးလေး ကျွန်မပါးပြင်ကို လှုပ်ခက်ကျီစယ်နေတာကိုပင် ကျေနပ်မိနေပြန်သည်။

ကြည်ပါဦး . . . ချစ်သူကို ချစ်ရတာ ၊ ချစ်သူရဲ့ အချစ် ခံစားရတာ ၊ ချစ်သူအနား နေရတာ ဟာ ဘယ်လောက် ကြည်နူး မြတ်နိုးစရာ ကောင်းနေသလဲ။ ကျွန်မလက်ကို ဆုပ်ကိုင်ပြီး ခြေလှမ်းကျဲကြီးဖြင့် လျှောက်နေသော ကိုမြတ်မင်းနောက်သို့ အမောတကော ပြေးလိုက်ရတာ ကပင် ကျွန်မအတွက် ပထမဆုံး ကျေနပ်မှု ပင်။

အင်းလျားကန်ပေါင်ပေါ်က အုတ်ခုံပေါ်မှာ ကျွန်မတို့ ထိုင်မိစဉ် ကိုမြတ်မင်းက ကျွန်မကို လက် တစ်ဖက်ဖြင့် ဖွဖွလေး ဖက်ထားသည်ကို မရုန်းမိ။ ကန်ပေါင်ပေါ်က မြက်ခင်းမှာ ထိုင်ပြီး ခပ်ကဲကဲ ကျီ စယ်နေသော အတွဲ တစ်ချို့ကို ကိုမြတ်မင်းက ပြတော့ ပြုံးရုံမှ တစ်ပါး ကျွန်မဘာကိုမှ မငြင်းဆန်ခဲ့။ ကျွန်မလက်ကို ဆုပ်ကိုင်ရင်း သူ့လက်ခုံဖြင့် ကျွန်မပါးပြင်ကို ဖွဖွလေးပွတ်သပ် ကျီစယ်တော့ ကျွန်မ မှာ ခပ်ဖွဖွ ရယ်မောမိပြန်သည်။

ကိုမြတ်မင်းနဲ့ မျက်လုံးချင်း မဆုံးမိအောင် ရှောင်တိမ်းနေတော့ ကျွန်မနှုတ်ခမ်းကို သူက ငုံ့ ကိုင်းပြီး လေဖြင့် တဖူးဖူးလှမ်းမှု တ်လိုက်တော့လည်း ကျွန်မ ရယ်မောမိပြန်ရော။

ချစ်လေး . . . မင်းနှာတံ လုံးလုံးလေးကို ကိုက်ဆွဲလိုက်ချင်တယ်သိလားလို့ ပြောပြန်တော့ လည်း ကျွန်မ ရယ်မောမိပြန်ရော။

အချစ်ဆိုတာ ရယ်စရာတွေ ချည်းပါလား။ သူပြောသမျှကို ကျွန်မရယ်မောနေခြင်းဖြင့် သာ ကျွန်မကျေနပ်နေမိသည်။ နောက်ပြီး ကျွန်မခန္ဓကိုယ် တစ်ခုလုံး လွင့်ပါးသွားတာလည်း သိနေသည်။ ပခုံးပေါ်တင်ထားတဲ့ ချစ်သူလက်က နွေးထွေးလွန်းပါလား။ ကျွန်မ မရုန်းဖယ်မိ။ ထို့ထက်ပင် တင်းတင်း ကျပ်ကျပ် ပွေ့ဖက်စေချင်သေးလားလည်းမသိ။ ဒီလိုနေရတာ ပဲ ကြိုက်သည်။ မခွဲချင်ဘူး။ ဒီအတိုင်း နေမယ်။ နေမယ်။ ကျွန်မက ကတော့ ပြန်ကြရအောင် ဆိုတဲ့ စကားမျိုး မပြောချင်ဘူး။ ကျွန်မ အိပ်ခန်း ကျဉ်းထဲ မပြန်ချင်ဘူး။ နွေးထွေးတဲ့ ချစ်သူရင်ငွေ့ကိုပဲ လှုံချင်သည်။

ကိုယ်ကျူရှင်တက်ရဦးမယ်။ ပြန်ကြစို့လို့ ပြောတော့ ကျွန်မသူ့ကို မလိုတမာစွာ နှုတ်ခမ်းမဲ့ရင်း ကျွန်မရဲ့ ပျော်ရွှင်မှု အလုံးစုံ လွင့်စဉ်သွားသလို ဖြစ်သွားခဲ့ရသည်။ ကျွန်မရင်ထဲ ၀မ်းနည်းစွာ ငိုချင်စိတ် ဖြစ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ကျဉ်စက်နှင့် တို့လိုက်သလို တောင့်တင်းနာကျင်သွားရ သည်။ ခွဲရဦးမှာ ပါလား။ အေးစက်တောင့်တင်း တိတ်ဆိတ်နေပေမဲ့ အပြင်ဘက်မှ ပျံ့လွင့်လာတက် သည့် ရယ်မောသံများ ကို ကျွန်မ မုန်းတီးသည်။ အိမ်မပြန်ချင်ဘူး။ ကျွန်မအိမ်မှာ ကိုကိုလို နွေးနွေး ထွေးထွေးဖက်ထားမည့် သူ တစ်ယောက် မျှ မရှိဘူး။ ကျွန်မအိမ်မှာ ကျွန်မကို စကားပြောမည့် သူ မရှိဘူး။ ကိုကို မချစ်တော့ဘူးလား။ မဟုတ်ဘူးနော်။ ကျူရှင်တက်ရဦးမှာ တဲ့။ ကျွန်မခန္ဓာကိုယ် တစ်ခုလုံး နွမ်းလျသွားတော့သည်။ ရုတ်တရက် တောင်းခံမိတော့သည်။

“ ထက်ဘ၀မှာ ကိုကို့ကို အရင်ဆုံးစချစ်တာ”

“ ထက်ကို ခွဲမသွားနဲ့နော် ၊ ထက်ကိုကို့ကို တစ်သက်လုံးချစ်မှာ ”

ကျွန်မက တက်မက်စရာ စကားများ ဖြင့် ကိုမြတ်မင်းကို ချည်နှောင်မိမှန်းမသိ ချည် နှောင်လိုက်သည်။ ထိုစကားလုံးများ ဖြင့် ချစ်သူ တစ်ယောက် ကို ချည်နှောင်ရမယ်လို့ မသိခဲ့ပေမဲ့ ကျွန်မ ပါးစပ်က အလိုအလျောက် လိုက်လျောလိုက်သော စကားလုံးများ ပင် ဖြစ်နေတော့သည်။

အလာခရီးတုန်းက လေထဲ ပေါ့ပါးစွာ လျှောက်နိုင်ခဲ့သလောက် ခေတ္တခွဲနေရဦးမယ်၊ အတူနေ ချိန်လေးတွေ ခဏထားခဲ့ရပြန်ပြီဆိုတဲ့ အသိက ကျွန်မကို လေးလံထိုင်းမှိုင်း နေစေမိပြန်သည်။ မပြန်ချင်သေး။ ကျွန်မ ကိုကိုနဲ့ အတူတူရှိနေချင်တာ။ မပြန်နဲ့ဦးကွာလို့ စိတ်ထဲရှိသမျှပြောလိုက်တော့ သူက ကျွန်မလက်ခုံဖွဖွလေးယူနမ်းပြီး နှစ် သိမ့်လိုက်သည်။

သူ့ရဲ့ ထိုပထမဆုံးအနမ်းက ကျွန်မခန္ဓာကိုယ် တစ်ခုလုံးကို နွမ်းချည့်သွားစေပြီး သူညှို့ငင်ရာ ခံလိုက်ရသလိုမျိုး သူမက်တက်ရပ်တော့ ကျွန်မလည်း မတ်တပ်ရပ်မိတော့သည်။ သူလျှောက်သွားရာ နောက် လျှောက်လိုက်မိတော့သည်။ ကျွန်မ အံ့သြစွာ ခံစားရမှု က အချိန်မည် မျှထိ ကြာသွားသလဲ မပြောတက်တော့။ သူက သွားပြီးလို့ နှုတ်ဆက်မှာ ကျွန်မမျက်ရည်များ တစ်လိမ့်လိမ့်ဆင်းလာကာ အိမ်ကို မည် သို့မည် ပုံ ပြန်ရောက်သည်လည်း မပြောတက်တော့ချေ။

ထိုမပြောပလောက်စရာ အထိအတွေ့ လေးက ကျွန်မရင်ထဲ နက်ရှိုင်းစိမ့်ဝင် သွားပုံ ကတော့ ထူးဆန်းလွန်းလှသည်။ ထိုအကြောင်းလေးကို အဖန်ဖန်ပြန်တွေးရင်း အစားပျက်တဲ့နေ့၊ အအိပ်ပျက် တဲ့ နေ့ရယ်လို့ ရှိလာတာာတော့ ကျွန်မကိုယ်တိုင် သတိပြုမိခဲ့သည်။

ကျွန်မရဲ့ အခန်းကျဉ်းထဲမှာ ချစ်သူရဲ့ လက်ခုံပေါ်ကို နမ်းတဲ့ အနမ်းကို ပြန်တွေးရင်း အခန်း ကျဉ်းထဲက ကျွန်မရဲ့ နေထိုင်မှု ဘ၀ပုံစံကိုပင် ချစ်မြတ်နိုးမိနေတော့သည်။ ဒီလိုအချိန်မှာ ကျွန်မ တစ်ယောက် တည်း တိတ်တဆိတ် တွေးနေချင်တာကို။

* * * * *


ကျွန်မ ရည်းစားထားခဲ့မိခြင်းက ဤမျှထိ ထိခိုက်နစ်နာ ကြီးကျယ်စေကြောင်း ကျွန်မ မတွေးနိုင်ခဲ့။ တိတ်တဆိတ်ခြောက်သွေ့လွန်းသော ကျွန်မဘ၀မှာ အချစ်ရှိလာခြင်းကြောင့် တိတ်တ ဆိတ် စိုပြည်သွားစေတာကို မည် သူမျှ မသိနိုင်ပေမဲ့ ကျွန်မကိုယ်တိုင် သိသွားခဲ့ရသည်။

ခက်ထန်သော မျက်ဝန်းကိုယ်စီဖြင့် ကျွန်မကို စစ်မေးနေကြသော မွန်မွန်နဲ့ မင်းဝေကို ခပ်တည် တည် ပြန်စိုက်ကြည့်ရင်း ဟုတ်တယ်လို့ ရဲဝံ့စွာ ဖြေမိသည်။

အချစ်ဆိုတာ အပြစ်လား။ ရည်စားထားမိတာ အပြစ်ရှိလား။ ဒီအချိန်မှာ မေမေက မေးလာရင် လည်း ဟုတ်တယ်လို့ မိုက်မိုက်ရိုင်းရိုင်းဖြေလိုက်ဦးမလား မသိချေ။

“ နင် ဘာ ဖြစ်လို့ ဒီလိုလုပ်တာလဲ”

“မနေ့က ဘယ်သွားကြတာလဲ”

သူတို့နှစ် ယောက် ရဲ့ အ လောတကြီး ဒေါသထန်နေတဲ့ မေးခွန်းတွေ က ကျွန်မကို မွန်းကျပ်စေ မိပြန်သည်။ အထူးသဖြင့် မင်းဝေရဲ့ အကြည့်စူးစူးက ကျွန်မကို တုန်လှုပ်စေသည်။ သူ့အကြည့်မှာ မုန်းတီးမှု တွေ ၊ မခံချင်စိတ် တွေ ၊ ဒေါသတွေ ၊ ယူကျူံးမရမှု တွေ ရောယှက်ပါဝင်နေတာတော့ လွန် လွန်းပြီဟု တွေးမိပေမဲ့ သူ့ထံ စေ့စေ့ပြန်ကြည့်ပြီး ကျွန်မရုတ်ခနဲ့ မျက်နှာလွဲမိတော့သည်။ မင်းဝေရဲ့ အကြည့်များ က နက်ရှိုင်းလွန်း လှသည်။ ထိုအကြည့်များ က ကျွန်မနှလုံးအိမ်ကို ပွင့်ထွက်သွားမတက် တုန်လှုပ်စေခဲ့သည်။ မင်းဝေရဲ့ ရင်ထဲက ခံစားချက်များ ကို ထိုးဖောက်မြင်နိုင်လောက်အောင် လွယ်ကူ ခဲ့မှန်း သိလိုက်ရသည်။ ကျွန်မ ခပ်ရိပ်ရိပ် ပြုံးမိတော့ မင်းဝေက နာကျင်ခက်ခဲစွာ မျက်လွှာချ သွားတော့သည်။ အချစ်ဆိုတာ ကျွန်မအ တွက် ၀မ်းတွင်းပါ သိမှု ၊ ခံစားမှု ၊ တုံ့ပြန်မှု ၊ ရယူမှု တစ်ခုပင် ဖြစ် နေပြီဟု သိလိုက်သည်။

“အဲဒီ လူကြီးက လူလည်ကြီး ပါဟာ၊ နင် ဖြတ်လိုက်တော့နော်၊ နောက်ကိုလည်း အဲဒီ လူကြီး နောက် လျှောက်မလိုက်နဲ့ဦး၊ နင်က ငယ်ငယ်လေးရှိသေးတာ၊ ဟိုက လူကြီးကြီး”

. . . စတဲ့ စကား တွေ တတွတ်တွတ်ပြောနေတဲ့ မွန်မွန်ကို လှမ်းကြည့်ရင်း လှမ်းကြည့်ရင်း “ အေး ငါဖြတ်မယ်” လို့ ကျေကျေနပ်နပ် ပြောမိပြန်သည်။

ထိုအချိန်မှာ မင်းဝေက ကျွန်မအနားရပ်ပြီး အဝေးကိုငေးလို့။ ကျွန်မရဲ့ မွန်မွန်ကို ပြောနေတဲ့ စကားတွေ ကို နားစွင့်နေတာကိုလည်း ကျွန်မသိတာပေါ့။ မင်းဝေကြားအောင်ပင် ကျွန်မခပ်ကျယ်ကျယ် ဖြေလိုက်သည်ကိုတော့ မင်းဝေသိနိုင်ပါ့မလား။ မင်းဝေကို ကြည့်ရင်း ကျွန်မရင်ထဲ ပေါ့ပါးလာသလို ရယ်မြူးချင်စိတ်ကြောင့် မသိမသာ ပြုံးမိတော့ မွန်မွန်က ဘုမသိ ဘမသိ ခပဟဟရယ်သည်။ မွန်မွန် ရယ်တော့ ကျွန်မကလည်း မွန်မွန်နဲ့ အတူတူရယ်မိသည်။ ကျွန်မ ဘာကြောင့် ရယ်တာလဲဆိုတာကို မွန်မွန်မသိနိုင်ပေမဲ့ ကျွန်မနှင့် မင်းဝေတို့ နှစ် ယောက် စလုံး သိလိုက်ရတော့သည်။

ကျောင်းဆင်းတော့ ကျွန်မအတန်းပေါက်ဝအထိ ကျွန်မကို လာခေါ်သော မင်းဝေကို မြင်လိုက် ရတာ ကြောင့် ကျွန်မ မအံ့သြမိတော့။ ကိုမြတ်မင်းနဲ့ တွေ့ နေကျ ၀ရန်တာဘက်မှ ဖြတ်မလျောက်ပဲ အ ခြားလမ်းမှ လျှောက်မိအောင် ကျွန်မကပင် မင်းဝေရှေ့မှ လျှောက် ဖြစ်ခဲ့သည်။ အပြန်တစ်လမ်းလုံး မင်းဝေက စကားတစ်ခွန်းမျှ မပြောပေမဲ့ သူ့ရင်ထဲမှာ ဘယ်လို စကားမျိုး ကိန်းအောင်းနေတာလဲ နားလည်သိ သိနိုင်ခဲ့သည်။ မထင်မှတ်ပဲ ရည်းစားနှစ် ယောက် ကြား ဗျာများ ရပြီလို့ ကိုယ့်ဟာကိုယ်တွေး မိရင်း ကျေနပ်မှု က ကျွန်မကိုပို၍ သွက်လက်တောက်ပစေခဲ့သည်။

အို . . . ကျွန်မကို ချစ်ခဲ့သူတွေ ဒီလောက်ထိ ပေါမယ်မှန်း ကျွန်မ ဒီထက်စောစောက ဘာ ဖြစ် လို့ မသိခဲ့ပါလိမ့်။ ဒီထက်စောစောသာ သိခဲ့ရင် ဒီထက် စောစောကတည်းက ပျော်ရွှင်ရလိမ့်မည် ။

အခန်းကျဉ်းလေးထဲမှာ ရည်းစား ၂ ယောက် အကြောင်း တစ်ပြိုင်နက်တည်း စဉ်းစားရလိမ့်မည် ဟု ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့။ မင်းဝေက မထင်မှတ်ဘဲရခဲ့သော ရည်းစားပင်။ သူတို့ အ ကြည့်များ ဖြင့် ရင်ထဲထိုးဖောက် သစ္စာပြုလိုက်သော ရည်းစားဟု သတ်မှတ်လိုက်ရတော့သည်။ သူ့ထံ မှ ဖွင့်ဟလာမည့်  စကားမျိုးလည်း ကျွန်မ မလိုအပ်ခဲ့သလို ကျွန်မကလည်း သူ့ထံသို့ နှုတ်မှဖွင့်ဟ၀န်ခံ ဖို့ မလိုဘူးဆိုတာ သေချာသိနေတော့သည်။

* * * * *


အခန်း (၂)

အချစ်ဆိုတာ ထူးဆန်းတယ်။ ချစ်ကြည့်တော့ ကိုယ်ဘ၀ကိုယ်တပ်မက်မိတယ်။ အချစ်ဆိုတာ ကျွန်မအတွက်တော့ ကျွန်မကို ပျော်ရွှင်စေခြင်းပင် ဖြစ်သည်။ ဘ၀ကို နေရဲလာခြင်းလည်း ဖြစ်နိုင် သည်။ တစ်ဖန်ကျွန်မကို ရဲရင့်နိုးကြား တက်ကြွစေသည်။ မုန်းတယ်ဆိုတာ မုန်းဖို့ ကောင်းသလောက် ချစ်တယ်ဆိုတာ ဒီလောက်ထိ ချစ်ဖို့ ကောင်းမှန်း ကျွန်မ ယခုမှ သိရတော့သည်။

အချစ် (ချစ်ခြင်း) ဟာ ကျွန်မ အသက်ရှင်ဖို့ အတွက်မရှိမ ဖြစ် လိုအပ်တဲ့ လိုအပ်ချက်တစ်ခုသာ ဖြစ်ခဲ့ရတော့သည်။

အချစ်သီချင်းများ က ကျွန်မကို ချိုမြိန်လွန်းနေစေပါသည်။ အချစ်သီချင်များ ကို သီဆိုရင်း ကျွန် မပျော်လိုက်ရတာ ။ အထူးသဖြင့် ရင်ခုန်ရင်း အချစ်ပဲ သီချစ်ကို ထပ်ချည်းတလဲလဲ သီဆိုနေမိသည်။

* * * * *


“ ငါ ဒီနေ့ည နင်တို့နဲ့ စာလာမကျက်တော့ဘူးဟာ။ နောက် ၂ ရက်ဆိုရင် လပတ်စာမေးပွဲဆို တော့ နင်တို့ဘာသာ နင်တို့ အိမ်မှာ ကျက်ြ ကတော့။ ငါလည်း ငါ့အိမ်မှာ ပဲ ကျက်တော့မယ်။ ငါ့ကိုချည်း စာပြ နေရင် နင်တို့လည်း စာမကျက်ရဘူး ငါလည်း အသစ်တွေ မကျက်ချင်သေးဘူး။ နင်တို့ ရှင်းပြပေး ခဲ့တာ တွေ ကိုပဲ ငါ့အိမ်မှာ ငါ ကျက်တော့မယ်”

လို့ ပြောတော့ မွန်မွန်က အလွယ်တကူပဲ သဘောတူခဲ့ ပေမဲ့ မင်းဝေက မကျေနပ်။ နင် ဟိုကောင်နဲ့ ချိန်းထားလို့လားဆိုတဲ့ အကြည့်ဖြင့် ကြည့်နေမှန်း ကျွန်မ သိနေခဲ့ပေမဲ့ မင်းဝေကို ဘာမျှ မတုံ့ပြန်ခဲ့မိတော့။

ကျွန်မရဲ့ အခန်းကျဉ်းလေးထဲမှာ ကျွန်မ နေပျော်နေပြီဆိုတာ မင်းဝေမသိနိုင်သေးချေ။ ကျွန်မ သီချင်းလေး တစ်ညည်းညည်းဖြင့် ပျော်ရွှင်နေနိုင်ခဲ့ပြီဆိုတာလည်း သိနိုင်မည် မထင်။

ငါပြန်မယ် ဆိုတော့ မွန်မွန်က အေးလေလို့ အလွယ်တကူ ကျန်ရစ်ခဲ့ပေမဲ့ မင်းဝေက ကျွန်မ အိမ်ပေါက်ဝနားအထိ လိုက်ပို့ပြီး နင် ဟိုကောင်နဲ့ ချိန်းထားလို့လားလို့ မေးသည်။ ကျွန်မ ဟတ်ခနဲ့ ရယ်ချင်စိတ်ကို မျိုသိပ်ပြီး

“ ငါ ချိန်းဖို့ လိုသေးလို့လား”

လို့ ရဲရဲဝံ့ဝံ့ ပြန်မေးမိသည်။ မင်းဝေက ကျွန်မ ကျေနပ်လောက်စေတဲ့ အပြုံးတချို့ ပြုံးပြပြီး

“ ငါ မယုံဘူး။ ငါလာချောင်ချင်တဲ့အချိန် လာချောင်းမှာ နော်”

လို့ သတိပေးစကားနဲ့ ချည်နှောင်ပြီး ပြေးထွက်သွားသည်။

တော် ပါသေးရဲ့ သူ လွယ်လွယ်ကူကူ ပြန်သွားပေလို့လို့ တွေးမိပြီး မင်းဝေကို မျက်စီမှ ပျောက်သည်အထိ ရပ်ကြည့်နေလိုက်သည်။ ပြီးတော့ ကျွန်မခြေလှမ်းတွေ က မင်းဝေနဲ့ ဆန့်ကျင်ဘက် လမ်းဆီ လျှောက်သွားမိသည်။ ဒီနေ့ ကိုမြတ်မင်းအတွက် ဘာစာမှ ရေး မယူလာခဲ့ပေမဲ့ ကျွန်မတို့တွေ့  လျှင် စကားတွေ အများ ကြီး ပြောနိုင်တာကို တွေးမိရင်း ကိုမြတ်မင်းထိုင်နေကျ လက်ဖက်ရည်ဆိုင်ရှေ့ သို့ ခြေလှမ်း မှန်မှန်ဖြင့် လျှောက်ခဲ့သည်။ ဆိုင်ထဲမှာ သူရှိလျှင် ထွက်လာပေါ့။ မရှိလို့ ထွက်မလာလျှင် လည်း ကျွန်မ ပြန်လာရုံပေါ့။ ကိုမြတ်မင်းနှင့် ချိန်းခွင့် မရအောင် စာပေးခွင့်၊ စာယူခွင့်မရအောင် မင်းဝေက ချုပ်ကိုင်ထားနိုင်ပေမဲ့ အခုတော့ ကျွန်မ တစ်ယောက် တည်း။ မင်းဝေရဲ့ အချိန် အတိုင်းအ တာတစ်ခု ချုပ်ကိုင်ထားခြင်းကိုလည်း မကျေမနပ် မ ဖြစ်ခြင်းကလည်း အံ့သြစရာ မဟုတ်တော့။

ကျွန်မ အသိထဲမှာ ကိုမြတ်မင်းကို စွဲလမ်းသလို မင်းဝေအပေါ်မှာ လည်း သာယာမိသည်။

လက်ဘက်ရည်ဆိုင်မှ ဓာတ်တိုင် နှစ် တိုင်ကွာထိ လျှောက်သွားပေမမဲ့ ကျွန်မနောက်သို့ မည် သူမျှ လိုက်မလာ။ ကျွန်မ လှည့်ကြည့်လှည့်ကြည့်ဖြင့် လျှောက်သွားတာကြောင့် အနည်းငယ် ဣနြေ္ဒမဲ့ကောင်းမဲ့နေလိမ့်မည် ။ ထိုအရာကို ကျွန်မ ဂရုမစိုက်မိပေမဲ့ လမ်းထိပ်အုတ်ခုံမှာ ထိုင်နေသော ယောက်ျားလေးတချို့၏ ပြောင်နောက်သံကို ကြားနေမိသည်။ သူတို့ကို ကျွန်မ စိတ်မဆိုးခဲ့။ သူတို့ ကြောင့် စိတ်အနှောက်အယှက်မ ဖြစ်ခဲ့။ ခပ်ရဲရဲပင် သူတို့အုပ်စုကို လှမ်းကြည့်လိုက်တော့ ဟေးခနဲ အော်ဟစ်လိုက်သံက ကျွန်မကို ပျော်ရွှင်စေပြန်သည်။

သူတို့အုပ်စုနဲ့ ခပ်လှမ်းလှမ်းရောက်မှ ကျွန်မခြေလှမ်းတွေ နောက်ပြန်လှည့်မိသည်။ သူတို့ အုပ်စုရှေ့မှ ဖြတ်ပြန်ရမည် ကိုလည်း မရှက်ရွံ့ခဲ့။ ဒီလို တစ်ကိုယ်လည်း လမ်းလျှောက်နေရတာ ကိုပင် ပျော်ရွှင်နေမိပြန်သည်။ ကျွန်မစိတ်ထဲမှာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုညည်းပြီး ခြေလှမ်းတွေ က သံစဉ်တေးသွားတွေ နဲ့အတူ လှမ်းနေမိပုံကြောင့် ဘာကိုမှ အာရုံမစိုက်နိုင်ခဲ့။

“ ဟေ့ကောင် ပြန်တော့လေ။ မင်းကို လိုက်ခေါ်နေပြီ။ အိမ်ရောက်ရင်တော့ လျှောက်လျှောက် လှည်တဲ့ မင်းကို အ၀တ်လျှောက်တဲ့ တုတ်နဲ့ ရိုက်တော့မှာ ”

“ အေးပါကွာ။ မင်းတို့ကို အားနာလို့ ထိုင်နေတာပါ။ မင်းတို့က ပြန်ခွင့်ပြုရင်တော့ ပြန်ရမှာ ပေါ့။ ငါ ပြန်ချင်နေတာ ကြာလှပြီ။ ငါ အိမ်ကျ မနည်းချော့ရတော့မှာ ၊ သူက စိတ်ကောက်ရင် အနည်းချော့ရ မှာ ။ အခုတော့ သိပ်စိတ်မကောက်သေးဘူး။ ဒီအချိန် အမြန်ပြန်မှ ဟောကြည့် . . . သူပြုံးတော့မယ်။ ပြုံးတော့မယ်။ တွေ့ လား။ သူ စိတ်မဆိုးသေးဘူးကွ”

သူတို့အုပ်စုရဲ့ အတိုင်အဖောက်ညီညီ စနောက်သံများ ကြောင့် ကျွန်မရယ်ချင်စိတ်ပင် ဖြစ်မိ သည်။ ခြေလှမ်းကလည်း စိတ်ထဲက တေးသွားအတိုင်း မဟုတ်တော့ဘဲ ဆက်တောက်ဆက်တောက် ဖြစ်သွားတော့သည်။

“ မင်းတို့ကွာ။ သူ အခုမှ စိတ်ကောက်သွားတာ။ မင်းတို့နဲ့ မတန်ပါဘူး။ ဒီလောက်ချောတဲ့ ကောင်မလေးက ဒီလိုခန့်တဲ့ ကျုပ်လိုကောင်တွေ အတွက် ဆိုတာမှတ်ထား”

အနောက်မှ ပြေးလိုက်သံအချို့ကြောင့် ကျွန်မ ခေါင်းနားပန်းကြီးသွားပေမဲ့ ကျွန်မရင်ထဲ ကျေနပ်သွားရပြန်သည်။ ကျွန်မနံဘေးမှာ မင်းဝေအမြဲတမ်းပါခဲ့တာကြောင့် ကျွန်မနဲ့ရွယ်တူ ကောင်း လေးတွေ ဒီလိုစနောက်တက်မှန်း မသိနိုင်ခဲ့။

ကဲ . . . ဒီလို ဆိုတော့လည်း တစ်ယောက် တည်း လျှောက်သွားနေရတာ ဘယ်လောက် ပျော်စရာ ကောင်းသလဲ။

ကိုမြတ်မင်းကို တွေ့ လိုတွေ့ ငြား လမ်းလျှောက်လာပေမဲ့ ကိုမြတ်မင်းကို မတွေ့ ခဲ့။ သို့ သော် ကျွန်မစိတ်ကို ပျော်ရွှင်စေတဲ့ ပျော်ရွှင်စေတတ်တဲ့ ယောက်ျားလေးများ နဲ့ တွေ့ ခဲ့ရသည်။ သူတို့ အုပ်စုလိုက် ကျွန်နောက်သို့ လိုက်လာနေတာကို သိလိုက်တော့လည်း ကျွန်မ မငြင်းဆန်မိ။သူတို့ လိုက် လာတာကိုပင် ကျေနပ်မိပြန်သည်။

ထိုအချိန်မှာ ကိုမြတ်မင်းနှင့် ဖြုန်းခနဲတွေ့ မှာ ပင် စိုးရိမ်ခဲ့မိသည်။ ထိုနေ့အတွက် ကံကောင်းစွာ ကိုမြတ်မင်းကို မတွေ့ ခဲ့။ ကိုမြတ်မင်းနဲ့ တွေ့ ဖို့ ထွက်လာခဲ့မိသော ကျွန်မက ကိုမြတ်မင်းနှင့် မတွေ့ ရတာ ကိုပင် ကျေနပ်နေပြန်သေးသည်။ တကယ်လို့များ တွေ့ ခဲ့ရင် အခုလောက်ထိ ပျော်ရွှင်နေနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း နားလည်မိသည်။ ကျွန်မစိတ်တွေ အနှောင်အဖွဲ့ကင်းတဲ့ သစ်ရွက်ခြောက်တွေ လို လွင့်ပါးပျော်ရွှင်နေခဲ့မိသည်။

ကြည့်စမ်းပါဦး။ အခုတော့ ကျွန်မကို လိုလားသူတွေ အလျှိုအလျှိုပေါ်လာလိုက်တာ။ ဘယ်သူ မှ ကျွန်မ အဘွားလို မျက်ထောင့်နီကြီးဖြင့် မကြည့်ကြ။ ကျွန်မအဒေါ်လို အေးစက်စက် မျက်ဝန်းများ ဖြင့် မစပ်စုကြ။ မင်းဝေအမေလို ခပ်ရွံ့ရွံ့အကြည့်မျိုးဖြင့် လည်း မချောင်းမြောင်းကြ။ ကျွန်မရဲ့ ၀မ်းကွဲ ညီအစ်ကို မောင်နှမတွေ လို သနားစိတ်၊ဗိုကျလိုစိတ်နဲ့အနိုင်မယူကြ။ ကျွန်မအမေလို အားလိုအားရ အပြစ်တင်တဲ့ အကြည့်မျိုးဖြင့် မတုံ့ပြန်ကြ။

ကျွန်မ အိပ်ခန်းကျဉ်းထဲမှလွဲလျှင် ကျွန်မကို လက်ကမ်းသူများ အများ အပြား ရှိနေသည်ကပင် ကျွန်မစိတ်ကို လေဟာနယ်ထဲ လွှတ်တင်လိုက်သလို ၀ဲပြန်နေစေတော့သည်။ ကျွန်မက ကောင်းကင် ယံမှာ ၀ဲပြန်ပြီး အားလုံးကို ငုံ့ကြည့်ရတာ လောက် အရသာပြင်းပြင်း ခံစားမိတာမျိုး မရှိသေး။

ကျွန်မ အိပ်ခန်းကျဉ်းနှင့် ပတ်သတ်နေသော လူအချို့မှလွဲလျှင် ကျွန်မနဲ့အတူကခွင့်ဖို့ လူအ များ တန်းစီ စောင့်နေတာကို သိခွင့်ရခဲ့သည်။ ကဲ . . . ဘယ်လောက် ကျေနပ်စရာ ကောင်းသလဲ။ အချစ်၊ (ချစ်ချင်တဲ့စိတ်) ရှိနေခြင်းဟာ ဘယ်လောက် လှပစွာ ကြည်နူးရသလဲ။

“အချစ်ရေ . . . မနက်ဖြန်လာခဲ့ဦးနော်၊ စောင့်နေမယ်”

လို့ လမ်းပေါ်က အော်သွားတဲ့အသံ ကြောင့် ကျွန်မက မှန်ကြည့်ပြီး ပြုံးပြုံးလေးခေါင်းကို ဆတ်ခ နဲ ညိတ်မိသည်။

ကျွန်မအနားမှာ မင်းဝေ တစ်ချိန်လုံး ရှိနေတာကြောင့် ကိုမြတ်မင်းကို ဘွားခနဲ ဘွားခနဲ တွေ့ နေ ရပေမဲ့ လှမ်းမခေါ်ရဲခဲ့။ ကိုမြတ်မင်းကလည်း ကျွန်မရဲ့ အရိပ်အခြည်ကိုကြည့်ပြီး မခေါ်ရဲ၊ စာမပေးရဲချေ။ ထိုအတွက်တော့ဖြင့် မင်းဝေကို စိတ်မဆိုးတဲ့အပြင် မင်းဝေရဲ့ သ၀န်တိုမှု ၊ မနာလိုမှု ၊ ဂရုစိုက်မှု တွေ ကို လက်တွေ့ ခံစားနေရတာ ကြောင့် ဘ၀င်အနည်းငယ်မြင့်ကာ ပျော်ရွှင်နေမိသည်။ ကျွန်မတို့ အတန်း ထဲမှာ ကျွန်မနဲ့ မျက်မှန်းမတန်းမိသေးတဲ့ ယောက်ျားလေး တစ်ယောက် က နေ့လယ် ကျောင်းဆင်းချိန် ကျွန်မ တစ်ယောက် တည်း ရှိနေချိန်မှာ ကျွန်မခုံပေါ်သို့ စာအုပ်တစ်အုပ် လာတင်သွားသဖြင့် ကျွန်မ လည်း လျင်လျင်မြန်မြန်ပဲ လွယ်အိတ်ထဲ ထည့်မိသည်။

“အဲဒါ နင့်ကို ရည်းစားစာ ပေးတာလား”

ကျွန်မကို စာညံ့လို့ မခေါ်မပြောခဲ့သော ရှေ့နှစ် တန်းကျော် ကောင်မလေးက ကျွန်မ နား ခပ်အုပ်အုပ် လာမေးတော့ ကျွန်မကလည်း ပွင့်လင်းစွာ ဖြေမိသည်။

“ဟုတ်ချင်လည်း ဟုတ်မှာ ပေါ့။ ငါ မသိဘူး”

“အဲဒါဆို ဖွင့်ကြည်လိုက်လေ။ ရည်းစားစာဆိုရင် ဆရာမ ကို သွားတိုင်ရအောင်။ အဲဒီ ကောင်က များ ရာရာစစ”

ထိုကောင်မလေးကို ကျွန်မ ဆတ်ခနဲ မော့ကြည့်ရင်း အံ့သြမိသည်။ သူ့မျက်ဝန်းထဲမှာ အရင်းခံ စေတနာနဲ့ပြောခြင်းထက် စပ်စုကာ သူတစ်ပါးကို ချောက်ချစေလိုတဲ့ ရည်ရွယ်ချက်သာတွေ့ ခဲ့ရသည်။ ထို့ထက် အရင့်အရင်က ကျွန်မနဲ့ တစ်ခါမျှ စကားမပြောခဲ့ဘဲနဲ့ အခုကျတော့မှ သူမက ကျွန်မကို ဆရာ ကြီးဝင်လုပ်ပြီး ချစ်ဟန်သနားဆောင်ပြီး ပြောလိုက်သော စကားပင်။ ကျွန်မ စာမရလို့ သူက အောက် ကနေ ထောက်ပေးတာမျိုး မရှိခဲ့သည့်အပြင် စာမရတဲ့အခါတိုင်း အထင်သေးသလိုလို၊ သနားသလိုလို အကြည့်ဖြင့် ကြည့်ခဲ့ပြီး သူစာရကြောင်း အမြဲကြွားဝါပြီး ထဆိုချင် နေသူသာ ဖြစ်ရသည်။ သူတော် ကြောင်း သိပ်ပြချင်နေပြီး ကျွန်မ ညံ့ဖျင်းကြောင်းကို ဆရာမ သိသွားစေလိုသော စိတ်သာ သူ့ထံမှာ ရှိနေကြောင်း သိနေသော ကြောင့် ကျွန်မဟတ်ခနဲ့ ရယ်မောမိမတက်ပင် ဖြစ်ရသည်။

“ မတိုင်ချင်ပါဘူး။ ရည်စားစာဟုတ်တော့ အပျင်းတောင်ပြေသေးတယ်။ ရည်စားစာ မဟုတ်မှာ ပဲ စိုးရိမ်မိတာ”

ကျွန်မရဲ့ မထင်မှတ်ဘဲ အငေါ်တူးတူး တုံ့ပြန်စကားကို ကြားလိုက်တော့ ကောင်မလေးမျက်နှာ မဲ့ရွဲ့သွားတော့သည်။

“ အဲဒါကြောင့် နင်စာညံ့နေတာ။ ရည်းသားထားရင် စာမေးပွဲကျလိမ့်မယ် သိလား”

ကျွန်မက သူ့ကို ပြုံးပြုံးလေး ပြန်ကြည့်နေစဉ် သူမက ဆတ်ခနဲ ဆတ်ခနဲ ခြေဆောင့်ပြီး ထွက် သွားတော့သည်။ ဟင်း . . . ဟင်း စာမေးပွဲကျတာ ဘာအရေး လဲ အချစ်ခံရဖို့က အရေး ကြီးတာ လို့ ပြန်ပက်လိုက်ချင်ပေမယ့် သူက ကျွန်မနဲ့ နှစ် တန်းကျော် သူ့နေရာသို့ ပြန်ထိုင်သွားတော့သည်။ နောက်ပြီး သူ့ဘေးနားက သူငယ်ချင်းကို စာအုပ်နဲ့ကွယ်ပြီး ကျွန်မအတင်းပြောလိုက်ပုံရသည်။ သူ့ ဘေးနားက ကောင်မလေးက ကျွန်မကို လှမ်းကြည့်တာ ကျွန်မ မျက်လုံးနှင့် တည့်တည့်ကြီး တိုး သွားခဲ့ရတော့သည်။

“ မိန်းမကိုက မုန်းဖို့ကောင်းလိုက်တာ”

လို့ ဒေါသတွေ လှိုင်လှိုင်ထွက်ရင်း ရေရွတ်မိတော့ သည်။ ထိုနောက် သူတို့ကို ဂရုမစိုက်ဟန်ဖြင့် ခုနက လာပေးသွားသော စာအုပ်ကို လှန်ကြည့်လိုက် သည်။

စာက ကိုမြတ်မင်းထံမှစာ။ ဒီနေ့ညနေဘက် လက်ဖက်ရည်ဆိုင်လာပါတဲ့။ ကျွန်မအတန်းထဲမှာ ထိုင်နေရင်း မျက်လုံးစုံမှိတ်ပြီး ကောက်ကာ ငင်ကာ သီချင်းတစ်ပုဒ် ကောက်ဆိုလိုက်သည်။ ဘာသီ ချင်းမှန်းမသိ။ ခေါင်းထဲမှာ အတွေးထဲမှာ မတွေးဘဲနဲ့ ရှိနေသော သီချင်းတစ်ပုဒ် ဖြစ်သည်။

ကျွန်မကို တစ်တန်းလုံးက ကွက်ကြည့်ကွက်ကြည့် လုပ်နေတာကို သိနေသော ကြောင့် စိတ်ထဲ က ရယ်ချင်စိတ်ဖြင့် သီချင်းကို ခပ်တိုးတိုးအသံထွက်ကာ စိတ်ပါလက်ပါဆိုနေမိခြင်း ဖြစ်သည်။ ဘ၀ မှာ မထီမဲ့မြင် နေရတာ လောက်၊ မထီမဲ့မြင် လုပ်ပြရတာ လောက် ကိုယ့်ဘာသာအားရကျေနပ် ရတာ မျိုး မရှိနိုင်။ နောက်ပြီး ဒီလိုနေထိုင်ပြုမူခြင်းကလည်း ကျွန်မနှင့် တစ်သားတည်း ကျလွန်းသည်။ ထို မထီမဲ့မြင် ပုံစံကို လုပ်ပြရတာ လည်း အသက်ဝင်လွန်းသည်။ ကျွန်မက ဒီလိုလုပ်ပြဖို့ တောင်းဆိုခံနေရ သူ တစ်ဦး ဖြစ်နေတာကိုလည်း ကျေနပ်မိသော ကြောင့် ဖြစ်သည်။

ထိုအချိန်မှာ မင်းဝေက အတန်းထဲကို ၀င်လာပြီး ကျွန်မနှင့် လာထိုင်စကားပြောတော့ ကျွန်မ၏ ကျေနပ်မှု က အထွတ်အထိပ်သို့ ရောက်သွားရပြန်သည်။ မင်းဝေကလည်း ခါတိုင်းထက် ရင်းနှီးဟန်ဖြင့် ဆက်ဆံပြောဆိုနေမိအောင် စိတ်ကလည်း ရဲတင်းပွင့်လင်းလာသည်။ ကျွန်မကို တင်းဆိုချင်သူများ တင်းဆိုကြပါစေ။ ကျွန်မ သိပ်ကို ကျေနပ်ခဲ့ရသည်။

မင်းဝေက ကျွန်မအတန်းသား၊ သူများ ရဲ့ အပြုအမူကို အခံရခက်စွာ သို့ မဟုတ် စိတ်ညစ်ညူး စွာ ရှိနေသော ကြောင့် ကျွန်မကို အတန်းပြင်လိုက်ခဲ့ဖို့ ခေါ်တော့ ကျွန်မလည်း ရုတ်ခနဲ့ ထရပ်ကာ မင်းဝေ နောက်လိုက်သွားရသည်။ အခုအသက်အရွယ်အထိ ကျွန်မ၏ အလှပဆုံးခြေလှမ်း၊ လမ်း လျှောက်ဟန်ကို ပြပါဆိုရင် ယခု မင်းဝေနောက် ကောက်ကောက်ပါအောင် လိုက်သွားမိသော ခြေ လှမ်းမျိုးပင် ဖြစ်လိမ့်မည် ။

အတန်းပြင်တွင် မွန်မွန်က ရောက်နှင့် နေသော ကြောင့် ကျွန်မကို လပတ်စာမေးပွဲ ဖြေနိုင်လား မေးခွန်းကိုသာ မေးသည်။ ဒီလိုပါပဲ။ အောင်မှတ်တော့ ရမှာ ပေါ့ဆိုတော့ မွန်မွန်က ဂုဏ်ထူးမှတ်ရမှာ လို့ ပြောသည်။ မွန်မွန်စကားကြောင့် ကျွန်မခေါင်းနားပန်း ကြီးသလို ဖြစ်သွားပေမဲ့စိတ်ထဲမှာ ခပ်မြန်မြန် အကြံထုတ်နေမိသည်။ မွန်မွန်တို့အိမ်မှာ စာကျက်လျှင် ညနေ ကတည်းကသွားပြီး မွန်မွန်တို့အိမ်က ထမင်းစားပြီး စာကျက်နေခဲ့ရသည်။

“ ဒီနေ့တော့ ထမင်းစားပြီးမှလာမယ်”

လို့ပြောလိုက်တော့ မွန်မွန် က အလွယ်တကူ လက်ခံခဲ့သည်။

ဒီတစ်ခါတော့ မင်းဝေကလည်း ကျွန်မစိတ်ထဲက အစီအစဉ်ကို ကြိုပြီး ကွက်ကျော် မြင်နိုင် တော့။ ကျွန်မကပဲ ပိရိသေသပ်လွန်းသလား။ မင်းဝေက တုံးလွန်းသွားသလား မသိခဲ့။ မွန်မွန်က စာအုပ်တွေ လှန်ရင်း ဒုတိယပိုင်းဖြေရမည့်  စာတွေ ကို ကြိုတင်ခန့်မှန်း ပြောပြနေသည်။ မင်းဝေကပါ ကူရှင်းနေတာကြောင့် ကျွန်မလည်း စာထဲစိတ်ရောက်သွား ရပြန်သည်။

အတန်းတက်ခေါင်းလောင်းထိုးတော့ ကျွန်မလည်း အခန်းထဲ ပြန်ဝင်ခဲ့ရတော့သည်။ ကျွန်မ မျှော်လင့်ထားသလို ကျွန်မကို မုန်းတီး၊ ရွံ့ရှာသော အကြည့်များ ဖြင့် ကြည့်ကြသူများ သည်။ တစ်ချို့က တော့ ကျွန်မကို အားကျစိတ်ဖြင့် ကြည့်သည်။ ထိုသူက တစ်ယောက် လောက်ပင်။ ကျွန်မကို ရည်းစား စာ လာပေးပေးသော အောင်သွယ်တော် ကောင်လေးပင်။ အများ စု ကတော့ ကျွန်မကို အကဲခတ် ကြည့်ခြင်းဖြင့် ကြည့်ကြခြင်းသာ ဖြစ်သည်။

ဘာ ဖြစ် ဖြစ် စပ်စုလွန်းတဲ့ လူတွေ ကို ကျွန်မမုန်းသည်။ ကျွန်မ ခပ်မော့မော့ မျက်နှာလေးဖြင့် ဟန်ကိုယ့်ဖို့ နေလိုက်သည်။ ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် ဟန်ဆောင်ဥပေက္ခာ ပြုလိုက်သည်။

* * * * *


ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မနှင့် ရွယ်တူများ ကြားမှာ ပင် ကျွန်မက ထင်ပေါ်လွန်းနေသည်။ ကျွန်မတွေးမိသလောက်တော့ စာညံ့လွန်း၍ သာ ဖြစ်နိုင်တယ်။ ကျွန်မကို ဥပေက္ခာ ပြုကြသည်။ ကျွန်မ ကို အပြစ်မြင်ကြသည်။ ကျွန်မကို အထင်သေးကြသည်။ ကျွန်မက သူတို့ကို ဘာတွေ များ ရန်လိုနေ ခဲ့လို့လဲ။ ဘယ်သူ့ကိုမှ မုန်းတီးတဲ့စိတ်နဲ့ ကြည့်မိလို့လဲ။ အတန်းထဲမှာ ၊ အခန်းထဲမှာ ရှိတာချင်း အတူ တူ ဘာ ဖြစ်လို့ ကျွန်မရှူနေရတဲ့လေတွေ က မသန့်ရှင်းရပါလိမ့်။ ကျွန်မ နာကျင်ခံခက်ခဲစွာ ရှိနေတာ ရော မည် သူက သိနိုင်မည် နည်း။

ကျွန်မကိုယ်တိုင်ကရော ဘယ်အချိန် ဘယ်အတိုင်းအတာထိ ဟန်ကိုယ်ဖို့နေနိုင်မှာ လဲ။ ကျွန်မ ကိုယ်တိုင်ကရော ဘယ်အချိန် ဘယ်အတိုင်းအတာထိ ဒီပတ်ဝန်းကျင်မှာ လွပ်လပ်စွာ ကြီးရင့်ရှင်သန် ခွင့် ရမှာ လဲ။

ကျွန်မနဲ့ ပတ်ဝန်းကျင်ကြား လွဲချော်မှု တစ်ခုတော့ ရှိနေလိမ့်မည် ။ ထိုလွဲချော်မှု က တစ်ယောက် ကို ပုံအောပြီး တစ်ယောက် က အလေးခိုးခံရတော့မှာ သေချာလွန်းနေပြီ။ ကျွန်မက ပုံအောခံရမတဲ့ လား။ လောကကြီးက ကျွန်မကို ပုံအောပေးမတဲ့လား။ မသိပါ။ ဒါပေမယ့် ကျွန်မ ကတော့ ကျွန်မဘ၀ ကို ပျော်အောင်နေမည် သာ။

ကိုမြတ်မင်းက မင်းဝေနဲ့ကျွန်မကို ဘယ်လိုပတ်သက်နေသလဲ မေးတဲ့မေးခွန်းကို ကျွန်မ မအံ့ သြမိတော့။ သူနဲ့ မကြိုက်ခင်ကတည်းက ကျွန်မရယ်၊ မွန်မွန်ရယ်၊ မင်းဝေရယ်တို့က တတွဲ တွဲ ရှိနေ သော ကြောင့် သိထားပြီး ဖြစ်ပေမဲ့ ယခုလို သူနှင့် ကြုံကျြိုက်သော အချိန်တွင် လည်း တတွဲ တွဲ ရှိနေသော ကြောင့် မေးခြင်း ဖြစ်သည်။ ထို့အပြင် မင်းဝေက သူ့ကို ကြည့်သော အကြည့်များ ကလည်း ယောက်ျား လေးချင်းသာ နားလည် သဘောပေါက်နိုင်သော အကြည့်များ ဖြစ်နိုင်သည်။

“ မင်ဝေနဲ့ က ဆွေမျိုးနည်းနည်း တော် တယ်။ နောက်ပြီး မင်းဝေက ထက်တို့ မိသားစုကို နား လည်တယ်လေ။ ငယ်ငယ်လေးကတည်းက ထက်ကို အလိုလိုက်တယ်။ ချစ်ခဲ့တယ်နေမှာ ပေါ့။ ထက်က မင်းဝေကို အားကိုးတယ်။ တကယ့်ကို စူပါမင်းကြီးပဲ”

ဟု ရယ်ဟဟဖြေရင်း အခြားအ ကြောင်းအရာများ ကို စကားလွှဲလိုက်ရသည်။

ကိုမြတ်မင်း စိတ်ထဲမှာ မင်းဝေကို မကျေမနပ်ရှိနေပေမယ့် ကျွန်မက သူချိန်းရာ ရောက်လာ တော့လည်း စိတ်ကျေနပ်နေပုံ မျိုးရသည်။

လက်ဘက်ရည်ဆိုင်မှာ နာရီဝက်ခန့် ကြာသွားပေမဲ့ ကျွန်မ မသွားချင်သေး။ ည ၆ နာရီခွဲသွား သော ကြောင့် လက်ဖက်ရည်ဆိုင်ပင် ပြန်လည်စည်ကားစ ပြုလာသည်။ အတွဲ တချို့ ပြန်သွားကြသလို တစ်စထက်တစ်စ ယောက်ျားအချို့၏ စူးစူးရဲရဲအကြည့်မျိုးကလည်း တစ်စထက်တစ်စများ လာသည်။ မသင့်တော် တော့ဘူးဟု တွက်ချင့်သလား မသိ။ ပြန်ရအောင်ဟု ပြောပြောထထလုပ်တော့ ကျွန်မက လည်း စူစူပုပ်ပုပ်ဖြင့် ထလိုက်ရသည်။

ကျွန်မအိမ်ရှိရာ လမ်းထိပ်ထိ လိုက်ပို့ပြီး ပြန်လည့်ထွက်သွားသော ကိုမြတ်မင်းကို ငေးကြည့် ရင်း ကျွန်မ ရပ်ကျန်ခဲ့သည်။ မွန်မွန့်အိမ်သွားဖို့ အချိန်နည်းနည်း စောသေးတယ်။ မနေ့က လျှောက်ခဲ့ သော လမ်းကို တစ်ခေါက်လျှောက်ပြီးမှ မွန်မွန်အိမ်သို့ သွားမည် ဟု ဆုံးဖြတ်ရင်း ခပ်သွက်သွက် ခြေလှမ်းများ ဖြင့် လျှောက်လာမိခဲ့သည်။

ဒီအချိန် ကျွန်မစိတ်ထဲမှာ ကိုမြတ်မင်းလည်း မရှိ။ မင်းဝေလည်း မရှိ။ မွန်မွန်လည်း မရှိ။ စလင်း ဒီယွန် ဆိုတားတဲ့ တိုင်တန်းနစ်ထဲက MY HEART WILL GO ON သီချင်းကို စိတ်ထဲမှာ ဆိုညည်းပြီး လျှောက်နေခဲ့သည်။

“ ကိုယ့်အချစ်လေးလာပြီ။ ကိုယ့်အချစ်လေးလာနေပြီ။ မင်းတို့ရဲ့ ကျက်သရေယုတ်တဲ့ မျက်နှာ ကိုမြင်ရင် မေ့လဲသွားလိမ့်မယ်။ မင်းတို့ ဖယ်နေစမ်း”

ဆိုတဲ့ စကားသံက နားထဲကို ပျံ့လွင့်လာတော့ သီချင်းဆိုနေတဲ့ စိတ်ကလေး လွင့်သွားကာ ပျော်ရွှင်မိပြန်သည်။

“ မင်းတို့ကသာ ဘူးသီးပုပ်ရုပ်။ အသားမည်းမည်း၊ မျက်နှာရှည်ရှည်၊ နှာတံ ပြားပြား၊ ကတုံးနဲ့ ကောင်ကများ ။ ဒါ ငါမနေ့က သူ့ကို မနက်ဖြန် လာဦးလို့ ခေါ်ထားလို့လာတာ။ မင်းတို့နဲ့ မဆိုင်ဘူး မင်း ထွက်သွား”

ထိုသို့ ဖြင့် ထိုကောင်းလေးအုပ်စု ငြင်းခုံသံ ကြားမိတော့ ကျွန်မစိတ်ထဲပြည့်စုံသွားသလို ခံစား လိုက်ရတာ ကြောင့် သူတို့အုပ်စုနား မရောက်ခင်ပင် လှည့်ပြန်ခဲ့တော့သည်။

ကျွန်မနောက်ကို သူ့ထက်ငါ ပြေးလွှားပြီး လိုက်လာသံများ ကြားလိုက်ရတာ ကြောင့် ကျွန်မ ပျော်ရွှင်စွာ OH CAROL! ဆိုတဲ့ သီချင်းတစ်ပုဒ်ထပ်ဆိုလိုက်သည်။ ကျွန်မခြေလှမ်းများ က အိမ်ထဲသို့ သံစဉ်များ ဖြင့် ၀င်ရောက်သွားပြီး သော့ ခတ်ထားသော ကျွန်မတို့ အိပ်ခန်းကို ဖွင့်ဝင်ရင်း မနက်ဖြန် ဖြေရမည့်  ဘာသာရပ်များ သိမ်းနေမိသည်။ ကျွန်မ၀င်လာတာကို စူးစူးဝါးဝါး ကြည့်နေသော အဘွား နှင့် ညီအစ်ကို မောင်နှမများ ကို တစ်ချက်မှ ပြန်မကြည့်ခဲ့ချေ။ သူတို့တွေ ရဲ့ တီးတိုးစကားတွေ အခန်း နံရံထဲ စိမ့်ဝင်လာတဲ့အခါ ကျွန်မက အသံကို နည်းနည်း မြှင့်ပြီး ဖွင့်ထုတ် သီဆိုလိုက်သည်။ ကျွန်မ ရင်ထဲမှာ အရင်ကလို လေးလံထိုင်းမှိုင်းခြင်းမျိုး မရှိခဲ့တော့။ ပတ်ဝန်းကျင်က စကားသံများ ၊ မျက်နှာ များ ကို ကျွန်မက တစ်စုံတစ်ရာဖြင့် ဖုံးအုပ်ထားနိုင်ခဲ့သည်။

စာအုပ်ယူပြီး ပြန်ထွက်အလာမှာ သီချင်းဆိုရင်း သံစဉ်ဖြင့် စိတ်ထဲက ကခုန်ရင်း အခန်းတံခါး သော့ ပိတ်ကာ စည်းချက်ညီညီ ပြန်ထွက်လာခဲ့မိတော့သည်။ အခုလိုအချိန်မှာ စိတ်ပျက်စရာ အတွေး များ ကို မတွေးချင်၊ ကျွန်မကို အထင်သေးအမြင်သေး စပ်စုလိုသော အကြည့်များ ကို လည်း မခံချင်။ ကျွန်မစိတ်ထဲမှာ ပျော်ရွှင်နေချင်သည်။ ကျွန်မ ဒေါသစိတ် ကင်းကင်းဖြင့် စာကျက်ချင်သည်။

ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မပျော်ရွှင်ချင်သည်။ စိတ်ထဲရှိသည့်အရှိအတိုင်းနေချင် ပြောဆို ဆက်ဆံချင်သည်။ ကျွန်မ အောင်မြင်အောင်နေချင်သည်။ ကျွန်မကို ဦးစားပေး အလိုလိုက်၊ ကြင်နာ တက်သော လူများ နှင့် သာ ပေါင်းသင်းချင်သည်။ ထိုသို့ နေလိုက်လို့ လူ့လောကကြီးနှင့် ကင်းလွတ် ချင် လွတ်ပါစေ၊ ကျွန်မ၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှု ကိုသာ ဦးစားပေးတော့မည် ဟု ဆုံးဖြတ်မိသည်။

ကျွန်မရဲ့ နိမ့်ပါးမှု ၊ မပြည့်စုံမှု ၊ ကြားမှ မျက်နှာမွဲစွာ ကြီးရင့်ခဲ့ရသမျှ ထိုအရာအားလုံးကို သင်ပုန်း ချေ ပစ်လိုက်ချင်ပြီ။ ထို့အတွက်တော့ ဥပေက္ခာပြုစိတ်ကို လှလှပပ မွေးမြူတက်ရမည် ဖြစ်ကြောင်းကို သဘောပေါက်နားလည်မိတော့သည်။

မွန်မွန်က သူ့အိမ်ဝမှ ဆီးလို့ကြိုနေသည်။ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှု တွေ အထင်းသား မြင် တွေ့ နေရသော ကြောင့် ကျွန်မစိတ်ပင် မလုံမလဲ ဖြစ်ခဲ့ရတော့သည်။

ခုနက မင်းဝေ နင့်အိမ်ကို လာသေးတယ်။ နင့်ကို သွားခေါ်မယ်ဆိုပြီး ထွက်သွားတာလေ။ နင့်အခန်းတံခါဒ ပိတ်ထားတယ်။ အဲဒါနဲ့နင့်အစ်မကို မေးတော့ သူတို့က ဘယ်ထွက်သွားတာလဲ မသိ ဘူးတဲ့။ အဲဒါကို နင့်အဘွားက အဲဒီ ကောင်မလေးက ညညမှော င်စပျိုးတာနဲ့ ထွက်ထွက်သွားတာ ကြာပြီလို့ ပြောလိုက်တယ်တဲ့။ အဲဒါနဲ့မင်းဝေလည်း နင် ဘယ်ထွက်သွားလဲ မသိဘူး။ ဟိုဘက်ပိုင်း သွားရှာဦးမယ်ဆိုပြီး ထွက်သွားတယ်။ နင်နဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ သိလား။ ငါ့မှာ စိတ်ပူ လိုက်ရတာ ဟာ။

ကျွန်မဘ၀မှာ ကျွန်မကို မေတ္တာစစ် စေတနာမှန်တို့ဖြင့် ဆက်ဆံသူဟူ၍ မွန်မွန်နဲ့ မင်းဝေ နှစ် ယောက် သ ရှိလိမ့်မည် ။ ကျွန်မ၏ ဘ၀မှန်ကို နားလည်ပြီး ကျွန်မကို ဖေးမကူညီပေးချင်သူများ သာ ဖြစ်သည်။ သူတို့စိတ်မပူအောင် ဘယ်လိုဆင်ခြေပေးရမလဲဆိုတာ ကျွန်မစိတ်ထဲမှာ စီစဉ်ပြီးသား။

“ မေမေက နေ့အလုပ် ၊ ညအလုပ် ဆက်နေတော့ နေ့တိုင်း ချက်မစားနိုင်ဘူးဟ။ ငါ ဟို ဘက်လမ်းထိပ်မှာ မုန့်ဟင်းခါး သွားစားတာ။ နင်တို့အိမ်မှာ ငါအမြဲတမ်းစားလို့ ဘယ် ဖြစ်မလဲ”

ထိုအခိန်မှာ အမောတကောဖြင့် ၀င်လာသော မင်းဝေက ကျွန်မကို မြင်မြင်ချင်းသံသယ အ ကြည့်ဖြင့် ကြည့်သည်။ သူ့အကြည့်က

“ နင် မြတ်မင်းနဲ့ ချိန်းတွေ့ နေတာ မဟုတ်လား”

ဟုပင် နား လည်လိုက်သည်။ သူ့အမေးကို မွန်မွန်က သဘောမပေါက်စွာ မင်းဝေကို ရှင်းပြတော့ မင်းဝေက

“ နင် မွန်မွန်ကိုတော့ ညာလို့ရမယ်”

“ ငါ့ကိုလာ မညာနဲ့”

ဆိုတဲ့ အကြည့်ဖြင့် ပြန်ကြည့်တော့ ခေါင်းခါပြ လိုက်သည်။ ထိုအကြောင်းများ ကို မွန်မွန်ရှေ့တွင် အရှည်သဖြင့် မဆွေးနွေးလို ခိုက်ရန်မ ဖြစ်လိုသော ကြောင့် စာအုပ်ကို လှန်ကာ စာများ ကို ကြည့်လိုက်ကြသည်။

စာကျက်ပြီး စာအုပ်တွေ သိမ်းဆည်နေတုး မွန်မွန်က နင်မနက်ဖြန် ဒီမှာ ပဲထမင်းစား၊ ငါ့အမေ ကို ပိုချက်ခိုင်းထာမယ် သိလား။ မုန့်ဟင်းခါးချည်းပဲ ညတိုင်းစားရင် မကောင်းဘူးဟု ပြောသလို မွန်မွန့် မေမေကလည်း အန်တီချက်ထားမယ်သမီး မနက်စာရော ညစာရော လာစားဆိုတော့ ကျွန်မမှာ မွန်မွန် တို့ မိသားစုအပေါ် အားတုံ့အားနာ ဖြစ်မိသလို ဒီလို လိမ်လည်လှည့်ပတ် လိုက်ရသော ကြောင့် ကိုယ့် ဘာသာ ရှက်ရွံ့မိသည်။

လောကကြီးမှာ မွန်မွန်တို့လို ရိုးသားဖြူစင်ပြီး အားငယ်သူကို အားပေးချင်သူတွေ ရှိနေတာ တောင် ကျွန်မမှာ တင်းတိမ်ရောင့် ရဲနိုင်ခြင်းဘာကြောင့် မရှိနိုင်သေးရတာ လဲ။ ဒါ ကတော့ ကျွန်မ လော ဘကြီးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်မကို မုန်းတီးရွံ့ရှာ ဖယ်ခွာချင်သူတွေ က လက် ညှိုးချိုးပြီး ရေတွက်လို့ မရအောင် များ ပြားလှပေမဲ့ ကျွန်မကို မေတ္တာစိတ်နဲ့ ချစ်မြတ်နိုးသူတွေ က မေမေ အပါအ၀င် လေးယောက် လောက်သာ ရှိနေခဲ့သည်။ ကျွန်မဘ၀မှာ ချစ်သူတွေ ကို မုန်းသူတွေ ထက် များ စေချင်သေးသည်။

ဘ၀မှာ အေးစက်စက် ရှင်သန်ခဲ့ရသမျှ နွေးထွေးချင်ခဲ့သည်။ ဘ၀မှာ အဖော်မဲ့လေသမျှ အဖော်များ ချင်သည်။ ဘ၀မှာ ညံ့ဖျင်းနုံနဲ့သမျှ ထင်ပေါ်ကျော်ကြား ချင်မိသည်။ ယခုအချိန်ထိ ကျွန်မ အသက်အရွယ်အတိုင်းအတာနဲ့ မထင်မှတ်အောင်ကို ကျွန်မရဲ့ ကျေနပ်ပျော်ရွှင်မှု ကို တည်ဆောက် ချင်သည်။

ကျွန်မက မင်းဝေနဲ့ စကားမပြောလိုတော့သော ကြောင့် မွန်မွန်အိမ်မှ ခပ်သုပ်သုပ် ပြေးထွက် လာတာကို အလိုက်မသိစွာ သို့ မဟုတ် မင်းဝေအတွက် စာရင်းရှင်းစရာရှိနေပုံ ပေါက်သဖြင့် ကျွန်မ နောက်မှပင် ပြေးလိုက်လာသံ ကြားလိုက်ရသည်။

“ ဒီမှာ ထက် . . . နင်က ငါနဲ့တင် မလုံလောက်တော့ဘူးလား”

သူပြောတဲ့ စကားအဓိပ္ပာယ်ကို ရုတ်တရက် နားမလည်ခဲ့ပေမဲ့ သူ့မျက်ဝန်းများ ကြောင့် အလွယ်တကူ သဘောပေါက်လိုက်ရပြန်သည်။

“ ငါ ပြောပြီးပြီလေ၊ ငါ မုန့်ဟင်းခါး ထွက်စားတာဆိုနေမှ၊ နင်က ငါ့အနားမှာ အမြဲရှိနေတာပဲ၊ သူလည်း သဘောပေါက်နေမှာ ပါ”

“ သဘောပေါက်ပေါက် မပေါက်ပေါက်၊ နင် သွားတွေ့ နေရင်တော့ သူက လက်ခံနေမှာ ပဲ။ ဘယ်ယောက်ျားလေးကမှ သားကောင် အလွတ်မပေးဘူးကွ”

“ နင် မယုံချင်လည်း နေဟာ”

“ အဲဒီ ကောင်ကို ငါ မနက်ဖြန်ကျ ချောင်းရိုက်မယ်”

သူ့စကားကြောင့် ကျွန်မမှာ မျက်လုံးများ ပြူးကာ အံ့သြသွားရတော့သည်။ မင်းဝေဆိုတဲ့ကောင် က ပြောတဲ့အတိုင်း တကယ်လုပ်မှာ သေချာသည်။ ကျွန်မကြောင့် ဘယ်သူ့ကိုမှ ထိခိုက်မနစ်နာစေချင်။

“ နင် ရိုက်ချင်ရင် ငါ့ကို အခုရိုက်၊ ကဲရိုက်။ နင် ငါ့ကြောင့် ပြဿနာ ဖြစ်ရင် နင့်အမေက ငါ့ကို ပါးလာချမှာ ပဲ။ အဲဒီ တော့ နင့်အမေ ရိုက်တာတော့ မခံချင်ဘူး။ ငါ့ကိုသာလာရိုက် သိလား”

ကျွန်မက မင်းဝေရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးရင်း မိုက်မိုက်မဲမဲ စိန်ခေါ်မိသည်။ သူ့မျက်နှာ သွင်ပြင် ရုတ်တရက် ပျော့ ပြောင်းသွား သည်ကို ဓာတ်တိုင်အောက်ရှိ အလင်းရောင် အောက်မှာ အထင်း သား မြင်နေရသည်။

မင်းဝေ စိတ်မှာ ပျော့ပျောင်းသလား။ အလွယ်တကူ အလျှော့ပေးတက်သလား။ ဒါမှမဟုတ် ကျွန်မကို သည်းခံခွင့်လွှတ်ပြီး ပေးဆပ်ချစ်နဲ့ ချစ်ဖို့ ကြိုးစားနေတာလား။ ကျွန်မ မတွေးတက်တော့။

“ ဒါဆို နင် ကတိပေး။ နင် ဒီကောင်နဲ့ ချိန်းမတွေ့ ပါဘူးလို့ ကတိပေး”

“ အိုး . . . ငါမှ ချိန်းမတွေ့ တာ။ ငါက ဘာ ဖြစ်လို့ ကတိပေးရမှာ လဲ”

ကျွန်မက ကတိပေးမိရင် ညနေက ကိစ္စကို ၀န်ခံပြီးသား ဖြစ်သွားမှာ စိုးရိမ်သော ကြောင့် ကတိ မပေးဘဲ နေလိုက်သည်။ နောက်သွားမတွေ့ ရင် ပြီးတာပဲလို့ သဘောထားရင် ပြီးပြီးရောသဘော ဖြစ်လိုက်ခြင်း ဖြစ်သည်။

“ နင် ကလိမ်ရတာ ကို တော် တော် အရသာတွေ့ နေတာလား။ နင် စိမ်းပြာလက်ဘက်ရည်ဆိုင် မှာ လေးဆယ်ငါးမိနစ်တိတိ ထိုင်သွားတယ်။ ဟိုကောင်က နင့်ကို လမ်းထိပ်ထိ ပြန်လိုက်ပို့တယ်။ နောက်ပြီး စိမ်းပြာဘက်ကို နောက်တစ်ခေါက် ထပ်လျှောက်ပြီး ပြန်လာတာ။ ငါ သိခဲ့ပြီးပြီ”

သူပြောတာ ဟုတ်နေသဖြင့် ကျွန်မ ငြိမ်နေမိသည်။ ကျွန်မ သူ့မျက်နှာကို စေ့စေ့မကြည့်ရဲဘဲ မျက်နှာလွှဲနေမိသည်။ ကျွန်မ ခေတ္တမျှ ရှက်ရွံ့သိမ်ငယ်စွာ ခံစားမိနေသေးသည်။ ကျွန်မ စိတ်ခံစားချက် အရ အရွဲ့တိုက်ချင်စိတ်က ရုတ်တရက် ပေါ်လာလိုက်သေးသည်။ သို့ သော်လည်း ဟုတ်တယ်ဟာ ဘာ ဖြစ်လဲ။ နင်နဲ့ ဘာဆိုင်လဲ။ ငါ့လွပ်လပ်ခွင့်နဲ့ ငါပဲလို့ ပြန်မပြောရက်။ သူက ကျွန်မကောင်းကျိုး အတွက် ပြောနေခြင်းလည်း ဖြစ်နိုင်သော ကြောင့် ဖြစ်သည်။ ကျွန်မရင်ထဲမှာ သူနဲ့ ပတ်သက်ပြီး အားနာစိတ်၊ ရှက်စိတ်တို့အပြင် သူ့မျက်ဝန်းထဲမှ ခံစားမိ သိမိသော နက်ရှိုင်းမှု တစ်စုံတစ်ရာကြောင့် ကျွန်မခန္ဓာကိုယ် တစ်ခုလုံး ထိခိုက်နာကျင်သည်အထိ ခံစားလိုက်ရသည်။

“ နင် ငါ့ကို အထင်သေးသွားလား”

“ ငါ နားလည်ပါတယ်။ နင့်အရွယ်က ရှုပ်ရမယ့်အရွယ် မဟုတ်သေးဘူး”

သူ့စကားကြောင့် ကျွန်မ ဟတ်ခနဲ ရယ်မောမတက် ဖြစ်ရင်း မြန်မြန် ဘရိတ်အုပ်လိုက်ရသည်။ ဟုတ်လား။ ဘယ်အချိန် ဘယ်အရွယ်ကျမှ ရှုပ်ရမလဲလို့ ပြန်မေးလိုက်ချင်ပေမဲ့ မမေးခဲ့တော့။

သူ့မျက်နှာက အုံ့မှိုင်းမနေတော့။ တစ်စုံတစ်ရာသော ယုံကြည်မှု ကို ရသွားသူ တစ်ယောက် ကဲ့သို့ ကြည်လင်ဝင်းပလာသည်။ သူ့မျက်ဝန်းတောက်တောက်တွေ ကို ရုတ်တရက် ငေးမောရင်း သူ့ ဘ၀နဲ့ ရင်းပြီး ချစ်နိုင်မည့် သူ တစ်ယောက် ဟု အလိုလို ယုံကြည်မိပြန်သည်။ ကျွန်မလည်း သူနဲ့သာ လွပ်လပ်ပျော်ရွှင်လုံခြုံစိတ်ချစွာ ချစ်ခင်သွားဖို့ ရည်သန်မိသည်။ သူနဲ့ ကျွန်မကြားမှာ ဘယ်လိုမှ ခွဲခြား မရနိုင်တော့မယ့် ထပ်တူညီမှု တွေ နဲ့ တစ်သားတည်း ဖြစ်စွာ ချစ်ခင်သွားဖို့ ဆုံးဖြတ်လိုက်မိတော့သည်။

ကျွန်မ သူ့ကို လက်ဝါးဖြန့်ပြတော့ သူက ကျွန်မ လက်ဖ၀ါးကို သူ့လက်ဖ၀ါးဖြင့် လာရိုက်ပြီး အနည်းငယ် တွန်းလိုက်ကြသည်။ ကျွန်မ အိမ်ပေါက်ဝရောက်တဲ့အထိ သူ မပြန်သေး။ ည ဆယ်နာရီ အချိန်မှာ ကျွန်မ ထွက်သွားမှာ ကို စိုးရိမ်တုန်းပဲလား။ စိုးရိမ်စိတ်နဲ့ ကြည့်တဲ့ သူ့အကြည့်ကြောင့် ကျွန်မ ရင်ထဲ လုံခြုံစွာ နွေးထွေးသွား ရတော့သည်။ ကျွန်မ သူ့ကို ဘယ်လိုကတိပေးရမလဲ။ သူ့အပေါ် သစ္စာရှိ စွာ ချစ်တော့မယ်လို့ တဒင်္ဂ ဆုံးဖြတ်ချက်ချပြီး သူ့အပေါ် ဘယ်လို ကတိပြုရမလဲ စဉ်းစားနေမှု က ကျွန်မမျက်ဝန်းများ မှာ ပေါ်လွင်နေနိုင်လိမ့်မည် ။ သူက နှုတ်ခမ်းဖျားလေးကို တစ်ချက် တွန့်ရင်း ကျွန်မရှေ့မှ တစ်လှမ်းချင်း ထွက်သွားခဲ့သည်။

* * * * *




ဝန်ဇင်းချစ်သူများ သင်းသင်းသာ ၏ “ တတိယဆိပ်ကမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိုး

စင်ရော်

ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးမယ်