
အခန်း(၁)
ရာဇ၀င်ကိစ္စဖိုင်တွဲ
(အောင်ဝေး)
‘အမိုက်ကလေး
အချစ်အကြောင်းပြောရတာ လောက်
ဘယ်မြစ်မှ ရေစီးမသန်ဘူး’
(အဲချို)
၁။ ကျွန်တော် ရယ်၊ မောင်သာချိုရယ်၊ သင်းသင်းသာရယ်
ကျွန်တော် တတိယအကြိမ် ထောင်က ပြန်လွတ်လာတော့ မောင်သာချိုတို့က ‘အိမ်မက်ဖူး’ မဂ္ဂဇင်းကို လုပ်နေကြပါပြီ။ ၁၉၉၀ မောင်သာချိုတို့ဆိုတာက သူတို့ မြောက်ဥက္ကလာအုပ်စုက မောင်သာချို၊ ခင်လွန်း၊ နေစိမ့်၊ ယမုံ၊ သူတို့လေးယောက် ပါပဲ။ ကျွန်တော် တို့ အစ်မကြီး ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)က အိပ်မက်ဖူးရဲ့ အယ်ဒီတာချုပ်ပါ။
ကျွန်တော် ပုသိမ်အကျဉ်းထောင်က ပြန်ထွက်လာပြီး ရွေးမြစ်ကမ်းက ခင်ဆွေရီ့ရွာမှာ ခဏတစ်ဖြုတ်နား၊ နောက်တော့ မြန်မြန်ပဲ ရန်ကုန်တက်လာခဲ့တယ်။ ကျွန်တော့် ကို ကျွန်တော် မရှိတဲ့ အချိန်မှာ ဖွင့်ခဲ့တဲ့ ‘လေထန်ကုန်း’ က ၀မ်းပန်းတသာ ကြိုဆိုတယ်။ အစ်ကိုကြီး ကိုမင်းသစ်နဲ့ ကိုသင်းခိုင်တို့ ဦးဆောင်ပြီး ရေး ဖော်သူငယ်ချင်းတွေ က ညနေမှာ ယမကာဝိုင်းနဲ့ ဂုဏ်ပြုဧည့်ခံတယ်။
ကျွန်တော် ပြောချင်တာက အဲဒီ လို ကြိုတင် ကြက်တာတွေ မဟုတ်ဘူး။ မိခင်တပ်ရင်းကို မရဲတရဲ၊ မရွံ့မရဲနဲ့ ပြန်လာတဲ့ ကျွန်တော့် စိတ်ထဲမှာ အဲဒီ တုန်းက နည်းနည်း လေးတော့ သိမ်ငယ်စိတ် ၀င်နေသလိုပဲ။ ကျွန်တော် ရှစ်လေးလုံး အရေး တော် ပုံကြီးပြီးလို့ ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ကတည်းက မိခင်တပ်ရင်း ဖြစ်တဲ့ စာပေလောကနဲ့ ကင်းကွာသွား လိုက်တာ ၁၉၈၈-၈၉-၉၀ ဒီသုံးနှစ် ပဲ ဆိုပါတော့။
ကျွန်တော် ထောင်ထဲဝင်သွားတုန်းက လေထန်ကုန်းတောင် မရှိသေးဘူး။ အခု ထောင်က ပြန် ထွက်လာတော့ လေထန်ကုန်းမှာ ကျွန်တော် စာပေစည်းဝိုင်းထဲ ပြန်ဝင်ဖို့ ‘၀င်စို့’ ခေါ်ရပါတယ်။ စာပေ စိစစ်ရေး က ခေါ်ကြပ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နုတ်ထွက်စာတင်လိုက်ရပါတယ်။ ပထမ ဆုံး စာပေစိစစ်ရေး ရုံးက အရာရှိတစ်ဦးလည်း ဖြစ်၊ ကဗျာဆရာတစ်ဦးလည်း ဖြစ်တဲ့ ဦးအေးကျော် (သူရိန်ကိုကို)က ကူညီဆောင်ရွက်ပေးလို့ ၁၉၉၁ မှာ ‘ယာမာဂူချီ ခင်ဆွေရီသို့ ’ ဆိုတဲ့ ကဗျာရှည် တစ်ပုဒ်လည်း လုံးချင်းစာအုပ်လေး ထုတ်နိုင်ခဲ့ပါတယ်။ ဒီစာအုပ်ကလေးနဲ့ ကျွန်တော် စာပေလောက ထဲ ပြန်ဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။ မဂ္ဂဇင်းမှာ ကဗျာပြန်ရေး ဖို့ကျတော့ လက်က နည်းနည်း ပျက် ချင်ချင် ဖြစ်နေပြီ။ ထောင်ထဲမှာ ‘ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း’ လို တစ်ခါရွတ်ရင် နှစ် မောင်း (နာရီဝက်)ကြာတဲ့ ကဗျာရှည်ကြီးမျိုး၊ ပြီးတော့ တစ်ခါ ‘မိုးမချုပ်တဲ့ နရသိန်’လို တစ်ခါရွတ်ရင် ၁၅ မိနစ် (တစ်မောင်း)ကြာတဲ့ ကဗျာလတ်မျိုးတွေ ရေး လာတဲ့လက်က အပြင်က မဂ္ဂဇင်းတွေ ရဲ့ အနေအထားနဲ့ ဆိုရင် (စာပေစိစစ်ရေး နဲ့ဆိုရင်) နည်းနည်း မဟုတ်ဘူး။ သိပ်ကို ကြမ်းထော်နေသေးတဲ့ အချိန်ပေါ့။
ဒါပေမဲ့ ဘယ်ရမလဲ၊ မုဆိုးကို စိုင်သင်တာပါပဲ။ ထောင်ကလွတ်လွတ်ချင်း ပထမဆုံးရေး ဖြစ်တဲ့ ကဗျာကို ပုံနှိပ်ဖော်ပြပေးတာက ကိုမြတ်ခိုင်ပါ။ သူ့ရဲ့ ‘ရင်ခုန်သံ’မဂ္ဂဇင်းမှာ လို့ ထင်ပါတယ်။
‘အချစ်သည် ဂျင်နီ
ဂျင်နီသည် အချစ်
အနှစ် တစ်ရာ တိုင်စေသော်’
(ကားလ်မတ်)
‘ဂျင်နီမရှိရင် ကားလ်မတ်မရှိနိုင်ဘူး’ လို့ ကိုမြတ်ခိုင်ဆီမှာ ရေး လိုက်တဲ့ အဲဒီ ကဗျာ(ခေါင်းစဉ် မမှတ်မိတော့ပါ) ကစပြီး အောင်ဝေးရဲ့ ဒုတိယနှစ် ကာလတွေ စတင်ခဲ့တယ်ဆိုရမယ်။ ပထမနှစ် ကာလတွေ ကို ပြောပါဆိုရင်တော့ ၁၉၈၂ ကနေ ၁၉၈၈ အထိလို့ ပြောရမှာ ပေါ့။
အဲဒီ လို ထောင်ကလည်းထွက်လာ ကိုယ်ကလည်း ကဗျာပြန်ရေး ချင်နေ၊ သူငယ်ချင်းတွေ (မောင်သာချိုတို့)ကလည်း မဂ္ဂဇင်းတစ်အုပ်လုပ်နေတဲ့ အချိန်။ အဲဒီ အချိန်မှာ ပဲ အစ်မစမ်းစမ်းနွဲ့က ကျွန်တော့် ကို ‘ငါ့မောင် မင်းဝတ္ထုရေး ကြည့်ပါလား’လို့ ခဏခဏတိုက်တွန်းနေတာနဲ့ပဲ ကျွန်တော် အိပ်မက်ဖူး မဂ္ဂဇင်းမှာ ၀တ္ထုတိုလေးတစ်ပုဒ် ရေး ဖြစ် သွားပါတယ်။ ၀တ္ထုနာမည် က ‘ညနေခင်းရယ်၊ ဘူတာရုံကလေးထဲမှာ ပဲ နေပါနော်’တဲ့။ ၀တ္ထုက ကောင်းလှတယ်တော့ ဟုတ်ဟန်မတူပါဘူး။ အစ်မ စမ်းစမ်းနွဲ့တို့၊ မောင်သာချိုတို့က ကျွန်တော် ၀တ္ထုရေး တာကို အားပေးချင်လို့ ရွေးချယ်ဖော်ပြလိုက်တာ ပဲ ဖြစ်မှာ ပါ။
နောက်ဆုံးတော့ သူတို့တွေ မြင်းကို ချိုရော၊ အတောင်ပံရောတပ်ပေးလိုက်သလို ဖြစ်ပြီး လစ်ရင်လစ်သလို ကျွန်တော် မဂ္ဂဇင်းမှာ ၀တ္ထုတွေ ၀င်ဝင်ရေး ပါတော့တယ်။ ကိုယ့်ဝတ္ထုကောင်းလား၊ မကောင်းလားတော့ မသိဘူး။ ပထမဆုံး ‘အောင်ဝေး ၀တ္ထုရေး တတ်သားပဲ’ ဆိုပြီး ချီးမွမ်းသလိုလိုနဲ့ အဆဲခံရတဲ့ဝတ္ထုက မဟေသီမှာ ပါခဲ့တဲ့ ‘အလွမ်းပင်လယ်’ ပါ။ နောက်တော့ မဟေသီမှာ ပဲ ‘ရင်ကွဲသမုဒ္ဒရာ’၊ ‘တစ်ခန်းမရပ်’၊ ‘အလွမ်းဇာတ်လည်း’၊ ‘ဂေါ်ဂင်နှင့် နာရီတစ်လုံး’၊ ‘ဂျူးလိယက်ဆီဇာ နှင့် စိုးမြတ်သူဇာ’၊ ဆရာကြည်လင်အေးကလည်း သူ့ရဲ့ ပန်းဝေသီမှာ ရိုက်ပေးခဲ့သေးတာက ‘ကြယ်ကြွေဋီကာ’။ ရနံ့သစ်မှာ လည်း နှစ် ပုဒ်လား၊ သုံးပုဒ်လား ရေး ခဲ့သေးတယ်။ ဆရာမြသန်းတင့် ကွယ်လွန်တော့ ဒေါက်တာ လွဏ်းဆွေက သူ့ရဲ့ မြားနတ်မောင်မဂ္ဂဇင်းမှာ ဖော်ပြပေးခဲ့ပါတယ်။
ထားပါတော့၊ ဒါတွေ က အရေး မကြီးပါဘူး။ ဆက်ပြောရရင် ၀တ္ထုလေးတွေ (၁၃)ပုဒ်လောက် ပုံနှိပ်ပြီးသား စုမိလာသော ၂၀၀၄-၀၅ လောက်မှာ ထင်တယ်။ သူငယ်ချင်းကဗျာဆရာ စန်းဦးက ကျွန်တော့် ကို မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ၀တ္ထုတိုတွေ စုပြီး စာအုပ်တစ်အုပ်လုပါလား၊ သူထုတ်ပေးမယ်လို့ ဆိုလာတော့ ကျွန်တော် ၀မ်းမြောက်ဝမ်းသာနဲ့ စာပေစိစစ်ရေး ကို စာမူတင်လိုက်ပါတယ်။
စာအုပ်နာမည် ကို ကျွန်တော် က ‘ဂျူးလိယက်ဆီဇာနှင့် စိုးမြတ်သူဇာ’လို့ ပေးထားတော့ စာပေစိ စစ်ရေး က စိုးမြတ်သူဇာရဲ့ ခွင့်ပြုလက်မှတ်လိုတယ်ဆိုတာနဲ့ မင်းသမီးဆီပြေးပြီး ခွင့်ပြုချက်ယူရပါသေး တယ်။ ဒါပေမဲ့ သို့ သော် စိုးမြတ်သူဇာက ခွင့်ပြုပေးတဲ့ နိုင်ငံတော် က ခွင့်မပြုလေတော့ ကျွန်တော့မှာ ၀တ္ထုတို စာအုပ်ထုတ်ဖူးတဲ့ ၀တ္ထုတိုဆရာ ဖြစ်ခွင့်မရလိုက်တော့ပါဘူး။
နိုင်ငံတော် က လုံးလုံးကြီးသား ခွင့်မပြုတာတော့ မဟုတ်ပါဘူး။ ၀တ္ထု ၁၃ ပုဒ်တင်လိုက်တာ ၇ ပုဒ်လုံးလုံးပြုတ်ပြီး ကျန်တဲ့ ၆ ပုဒ်ကလည်း ဟိုဟာဖြတ်၊ ဒီဟာဖြတ်နဲ့ဆိုတော့ နောက်ဆုံးမှာ ကိုစန်းဦး ရော၊ ကျွန်တော် ပါ စိတ်ပျက်အားလျှော့ပြီး ကျွန်တော့် အဖို့ဆိုရင် တစ်ဝက်တစ်ပျက် ၀တ္ထုတို ရေး သမားဘ၀ကို တိုတိုနဲ့နိဂုံးချုပ်လိုက်ရတယ်ပေါ့ဗျာ။
ပြောချင်တာက ကျွန်တော် ကဗျာမှာ ဆရာပါ။ ၀တ္ထု (၀တ္ထု တို-ရှည်)မှာ ဆရာမ ဟုတ်ပါဘူး။ အဲဒီ တော့ မောင်သာချိုတို့ အိပ်မက်ဖူး မဂ္ဂဇင်းအကြောင်း ပြန်ဆက်ရရင် ဆရာမြတ်လေးလို ပုဂ္ဂိုလ်ကြီး တစ်ယောက် လုံး နေ့တိုင်း ရုံးတက်ရုံးဆင်းလုပ်သလို တစ်နေကုန် မဂ္ဂဇင်းမှာ လာထိုင်ပြီး အားပေးနေ တဲ့ကြားက အိပ်မက်တွေ မပွင့်ခင် အဖူးကြွေပြီး သူတို့မဂ္ဂဇင်းလည်း ရပ်နားသွားခဲ့ပါတယ်။ ဟုတ်တယ် နော် ကိုသာချို။
ကျွန်တော် အမှတ်မမှားဘူးဆိုရင်တော့ ‘အယ်ဒီတာဆိုတာ စာရေး ဆရာရဲ့ သချိ င်္ုင်း’လို့ခင်ဗျား ပြောခဲ့တာ အဲဒီ အခိုက်အတန့်လို့ထင်တယ်။ ကျွန်တော် မှားသွားရင်တော့ ခွင့်လွှတ်ဗျာ။ ကျွန်တော် ပြောချင်တာက အယ်ဒီတာလုပ်ကြတဲ့ကိစ္စပါ။ မောင်သာချိုလည်း အယ်ဒီတာလုပ်ခဲ့တာပဲ။ ကျွန်တော် လည်း အယ်ဒီတာလုပ်ဖူးတာပဲ။ ကျွန်တော့် ရဲ့ အယ်ဒီတာဘ၀အစက ဆရာနတ်နွယ်ရဲ့ နွယ်နီမဂ္ဂဇင်း မှာ ကဗျာအယ်ဒီတာ ၄ ယောက် ပဲ ရှိခဲ့ပါတယ်။ (၁) မောင်လေးအောင်၊ (၂) မောင်သင်းခိုင်၊ (၃) မောင်သွေးသစ်နဲ့ (၄) အောင်ဝေးတို့ပါ။ အင်း… အလုံတစ်ခွင်မှာ ဂုဏ်အင်ကလည်း မသေးလှပါဘူး။
နောက်တော့ ကျွန်တော် ကိုချစ်ဝင်းမောင်ရဲ့ ရနံ့သစ်မှာ ကိုစန်းဦးနဲ့အတူ အယ်ဒီတာလုပ် တယ်။ ဒေါ်တူးတူးမြင့်သိန်းတို့နဲ့ FACES (မုခ) မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တယ်။ ၀ိုင်ချိုနဲ့အတူ မိုးဂျာနယ်မှာ အယ်ဒီတာလုပ်တယ်။
နောက်ပိုင်းနှစ် တွေ မှာ ရုပ်ရှင်တေးကဗျာအတွက် ကဗျာတွေ ဖတ်ပေးခဲ့တယ်။ ဒါလောက်ပဲ။ မှတ်မှတ်ရရ။ မုခမှာ တာဝန်ခံအယ်ဒီတာလုပ်တော့ အေးနေ၀င်းရဲ့ ကဗျာ ၂ ပုဒ်ကို ကျွန်တော် ဖော်ပြခဲ့ တယ်။ အဲဒီ မှာ ကျွန်တော့် ကို လေထန်ကုန်းတစ်ကုန်းလုံးက အေးနေ၀င်းဆရာဆိုပြီး သမြ ကတော့ တာပါပဲ။ မကြာပါဘူး။ စာပေစိစစ်ရေး က ဗိုလ်မှူးအေးထွန်း ကျွန်တော့် ကိုခေါ်ပြီး နောက်နောင် အေးနေ၀င်းရေး တဲ့စာတွေ လုံးဝမထည့်ပါနဲ့ဆိုပြီး ကြမ်းတော့တာပါပဲ။ ရယ်ရတယ်။ နောက်ပိုင်း အေးနေ၀င်းတို့ ပါသွားပြီဆိုတဲ့အခါကျတော့ ကျွန်တော် စိတ်မကောင်း ဖြစ် ကျန်ခဲ့ရတာ ပါ။
အဲ…ပြောချင်တာက ကျွန်တော့် အယ်ဒီတာဘ၀ကလည်း ဘာမှပြောပလောက်အောင် ရှိခဲ့တာ မဟုတ်ပါဘူး။ သူလိုကိုယ်လို သာမန်လောက်ပါပဲ။ ကျွန်တော် အယ်ဒီတာ တစ်ယောက် အနေနဲ့ ဘယ်ကလောင်တစ်ချောင်းကိုမှလည်း မွေးဖွားမပေးနိုင်ခဲ့ပါဘူး။
ကျွန်တော် (ဒီအမှာ စာ)ထိပ်ဆုံးမှာ ဖော်ပြထားတဲ့ ‘အမိုက်ကလေး၊ အချစ်အကြောင်းပြောရ တာလောက် ဘယ်မြစ်မှ ရေစီးမသန်ဘူး’ဆိုတဲ့ ‘အဲချို’ရဲ့ ကဗျာလေးက ကျွန်တော် နဲ့ဝိုင်ချို မိုးဂျာနယ်မှာ ဖော်ပြခဲ့တဲ့ဟာပါ။ ဒါလောက်ပါပဲ။ ကျွန်တော် ဘာအယ်ဒီတာမှလည်း ဟုတ်ဟုတ်ကန်းကန်း မ ဖြစ်ခဲ့ လေတော့ မောင်သာချိုပြောတဲ့သင်္ချိုင်းလည်း မရောက်ခဲ့ဘူးဆိုပါတော့။
ဒီတော့ ပြန်ကောက်ရရင်က ကျွန်တော် ဘာကောင်မှမဟုတ်။ ကဗျာမှာ နည်းနည်း အဆင့်မီရုံ လောက် ရေး နိုင်ရုံပါပဲ။ ကျွန်တော့်  ဒါ့အပြင်လည်း တခြားဘာမှမဟုတ်။ ကျွန်တော် ၀တ္ထုတိုရေး သမား လည်းမဟုတ်။ ကျွန်တော် အယ်ဒီတာလည်း ဖြစ် ဖြစ်မြောက်မြောက်မရှိ။ ဒီတော့ ကျွန်တော် ၀တ္ထုတိုအရာမှာ ဘာသြဇာမှမရှိ။ သြဇာရှိဖို့နေနေသာသာ မာလကာတောင် ဘယ်နေမှန်းမသိ။
အယ်ဒီတာဆိုရင်လည်း မောင်သာချိုတို့လို၊ သင်္ချိုင်းပဲတို့၊ သုဿန်ပဲတို့၊ တစ်စပြင်ပဲတို့ဆိုပြီး တော့လည်း ကောက်ချက်မချနိုင်။ မချတတ်။ ခက်တာက အဲဒီ လောက်ပဲ ကဗျာလောက်ပဲ ရေး တတ်တဲ့သူကို ၀တ္ထုရေး ဆရာမ သင်းသင်းသာက သူ့ရဲ့ ‘အချစ်အကြောင်းသင်ကြားပေးမယ်’ ၀တ္ထု တိုစု၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်မှာ ဝေဖန်အမှာ စာ လာရေး ခိုင်းတဲ့ပြဿနာပါပဲ။ ရယ်ရတယ်။ တစ်ခုခု တော့မှားနေပြီ မထင်မိဘူးလား။
အခန်း(၂)
၂။ ကျွန်တော် ရယ်၊ ဦးသိန်းဖေမြင့်ရယ်၊ သင်းသင်းသာရယ်
‘ဘယ်သူ ဖြစ် ဖြစ်
အချစ်ဆုံးနဲ့
ပခုံးနွဲ့မှီ၊ ပျော်ချင်သည်ပဲ
ငှက်ကလေးလို
ချိုတေးဆိုချင်တာပေါ့’
(သခွပ်နီ)
ခက်တာပဲ ညီမကြီးရေ။ ညည်းက ညည်းရဲ့ ၀တ္ထုစာအုပ်အမှာ စာမှာ နိုင်ငံရေး တွေ တော့ မရေး ပါနဲ့နော်လို့ ကြိုမှာ ထားတော့ ငါ့မှာ ရေး တောင်မရေး ရသေးဘူး။ လက်က တုံ့သွားရပြီ။ ဒါဆို ငါဘာ ရေး ရတော့မှာ တုန်းဟ။ ငါ ရေး ခဲ့လိုက်တဲ့ ‘မိုးသီးဇွန်’ကဗျာဂယက်ကို ညည်းတော် တော် ကြောက်သွားပုံ ရတယ်။ မကြောက်ပါနဲပ။ ညည်းက မရေး ပါနဲ့ဆိုလည်း ငါ ဇွတ်ကြီးမရေး ပါဘူး။
တစ်ခုပဲ။ ငါက ညည်းဝတ္ထုတွေ အကြောင်းပဲ ရေး ရမယ်ဆိုရင် ငါဘာရေး ရမလဲ။ ညည်းဝတ္ထုတွေ ဖတ်လို့ကောင်းကြောင်း၊ တချို့ဝတ္ထုတွေ ဆိုရင် အတော့် ကိုကြိုက်မိကြောင်း၊ လူကလည်း လှကြောင်း ဒါတွေ ပဲ ငါရေး ရတော့မပေါ့။
အစ်ကို ပြည်ပကို ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ လည်း ပြည်တွင်းက မြန်မာစာပေလောကနဲ့ မကင်းကွာအောင်၊ အဆက်မပြတ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး နေခဲ့ပါတယ်။ ညီမကြီးတို့ မဂ္ဂဇင်းတွေ မှာ ရေး တဲ့ ၀တ္ထုတွေ ကိုလည်း ကြိုးစားပြီးရှာဖတ်ခဲ့ပါတယ်။
ရန်ကုန်စာတိုက်ကြီးက ပြည်ပကို စာအုပ်ပို့ခတွေ အဆ ၃၀ မကတက်မပစ်ခင်အချိန်အထိ တော့ ငါလည်းမဟေသီနဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွေ လစဉ် ရန်ကုန်ကနေ မှာ ဖတ်ခဲ့တာပါ။ မြောက် အီလီနွိုင်းလည်း တက္ကသိုလ်က ပါမောက္ခဦးစောထွန်းက သူဖတ်လို့ပြီးသွားတဲ့ ရွှေအမြုတေမဂ္ဂဇင်းတွေ အစ်ကို့ဆီ အမြဲပို့ပေးတယ်။ အင်ဒီယားနား-ဖို့တ်ဝိန်းမှာ နေတဲ့ အဆိုတော် ကြီး ဒေါ်မာမာအေးကလည်း သူ့ဆီအလည်သွားရင် သူ့အိမ်မှာ ရှိတဲ့ မဂ္ဂဇင်းစာအုပ်တွေ ငါပြန်ရင် ထည့်ပေးလိုက် နေကျ။
ကိုတိုးကျော်လှိုင်တို့၊ ယမုံတို့လုပ်တဲ့ စတိုင်သစ်မဂ္ဂဇင်းလည်း ဖို့တ်ဝိန်းကနေ ငါပုံမှန်ရတယ်။ မြန်မာသစ်မဂ္ဂဇင်းလည်း ဖတ်ရတဲ့အခါ ဖတ်ရတယ်။ အစ်ကိုကြီးမောင်စိမ်းနီ ပို့ပေးလိုက် လို့ ပိတောက် ပွင့်သစ်လည်း ဖတ်ရပါတယ်။ ကိုဇာဂနာတို့၊ ကိုကျော်သူတို့ အမေရိကလြာ ကတော့ အစ်ကို့အတွက် စာအုပ်တွေ သူတို့ယူလာပေးကြတယ်လေ။
ဒီတော့ ဒီမှာ ဖတ်ရသလောက် မဂ္ဂဇင်းတွေ ၊ စာစောင်တွေ ထဲမှာ ညည်းရေး တဲ့ဝတ္ထုတွေ လည်း တချို့တလေ ပါတာပေါ့လေ။ ပါသလောက်တော့ ငါဖတ် ဖြစ်ပါတယ်။ ကြိုက်ပါတယ်။ ငါတို့ ပြည်ပမှာ က မြန်မာစာငတ်နေတဲ့သူတွေ ဆိုတော့ ဖတ်ရသမျှဟာ အကုန်ကြိုက်စရာပါပဲ။ တချို့ကိုကျတော့ လည်း အွန်လိုင်းမှာ ဖတ်ရတာ ပေါ့။
ဒီတော့ ညည်းဝတ္ထုတွေ နဲ့ပတ်သက်လို့ ငါက ဘယ်လိုလုပ်ပြီး ဂဃနဏ ခရေစေ့တွင်းကျ ပြောပြနိုင်မှာ တဲ့တုန်း။ မသကာ မောင်သာချိုဆိုရင် တော် သေး။ သူကမှ တကယ့်စာပေအနုပညာ ဝေဖန်အကဲဖြတ်သမား။ ပြီးတော့ သူက ငါ့ထက်လည်း ဘာပဲပြောပြော ညည်းတို့လောက၊ ကဗျာ လောက၊ ၀တ္ထုလောကနဲ့ ပိုပြီးနီးစပ်တဲ့သူ။
ပြီးတော့လည်း ညည်းကတစ်ခါ နိုင်ငံရေး တွေ မရေး နဲ့နော်ဆိုလာတဲ့ ငါ ဘာရေး ရမှန်းမသိ ဖြစ်သွားရတယ်။ တကယ်တော့ ညည်းကမှ ၀တ္ထုရေး သမားစစ်စစ်၊ ငါက ၀တ္ထုရေး ဖူးတယ်ဆိုရုံ။ ညည်းက လုံးချင်းတွေ တောင် သုံးလေးအုပ်ထွက်ထားသေးတာ။ ညည်းရေး တဲ့ လုံးချင်းဝတ္ထုတွေ ထဲမှာ တော့ ‘တတိယဆိပ်ကမ်း’ကို ငါ အကြိုက်ဆုံးပဲ။
ပြီးတော့လည်း ညည်းက မဟောသီလို မဂ္ဂဇင်းကြီးမျိုးမှာ သွန်းနှင်းအိမ်နဲ့အတူ အယ်ဒီတာလုပ် လာတာ။ အခုလက်ရှိလည်း ညည်းက ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာ။ ငါက အယ်ဒီတာလုပ်ဖူးတယ် ဆိုရုံသာ။
ဒီတော့ဟာ ညည်းရဲ့ အယ်ဒီတာဘ၀ကြီးက ညည်းရဲ့ ရသစာပေတွေ ၊ ၀တ္ထုတွေ ကို
သင်္ချိုင်းကုန်းပို့ပစ်တယ်၊ မပို့ပစ်ဘူးဆိုတာ ငါမပြောတတ်ဘူး။ ဒါကို မောင်သာချိုတို့မှပဲ သိမယ်၊ ထားတော့။
အခု ညည်းက နိုင်ငံရေး တွေ မရေး နဲ့နော်ဆိုလို့ အစ်ကိုက ဆရာဦးသိန်းဖေမြင့်ကို သွားသတိရမိ တယ်။ တစ်ခါတုန်းက ဆရာဦးသိန်းဖေမြင့် နိုင်ငံရေး မပါတဲ့ ၀တ္ထုတစ်ပုဒ် ရေး မယ်ဆိုပြီး ကြိုးစားကြည့် တာတဲ့။ မရပါဘူး။ နောက်ဆုံးတော့ နိုင်ငံရေး က အနည်းနဲ့အများ ပါတာပါပဲတဲ့။
ဒါကို ငါသွားအမှတ်ရတယ်။ အစ်ကို အခု ညီမကြီးအတွက် ရေး နေတဲ့ဒီအမှာ စာမှာ တော့ နိုင်ငံရေး တွေ မပါပါဘူးနော်။
အခန်း(၃)
၃။ ကျွန်တော် ရယ်၊ ထူးအိမ်သင်ရယ်၊ သင်းသင်းသာရယ်
တစ်ရံရောအခါက ဖြစ်သည်။ စာနယ်ဇင်းသမား တစ်ယောက် က နာမည် ကြီးအဆိုတော် တစ်ဦး ကို လျှပ်တစ်ပြက်မေးခွန်းလေးတစ်ခု မေးလိုက်သည်။
မေး။ ။ ဘ၀မှာ ဘာအရေး ကြီးဆုံးလဲ။
ဖြေ။ ။ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ။
မေးခွန်းနဲ့အဖြေက ဒီလောက်ပါပဲ။ မေးတဲ့သူက ကဗျာဆရာလည်း ဖြစ်ခဲ့ဖူးတဲ့ ‘နွယ်ဦးလှိုင်’ပါ။ ဖြေတဲ့သူ ကတော့ ‘ထူးအိမ်သင်’ပါ။
ငှက်က၊ ထူးအိမ်သင်က သူ့သီချင်းတစ်ပုဒ်ထဲမှာ လည်း ‘ချစ်ခြင်းမေတ္တာအကြောင်း သင်ကြား’လို့ ရေး ဆိုခဲ့ဖူးပါတယ်။ အခု ညီမကြီးသင်းသင်းသာက ‘ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးမယ်’လို့ ဆိုလာပြန်တော့ သွားလေသူကြီး ငှက်ကို အထူးသတိရမိပါသည်။
ထူးအိမ်သင်သာရှိသေးလျှင် သင်းသားသာရဲ့ ၀တ္ထုကိုဖတ်ပြီး ဘာတွေ ဝေဖန်မလဲ မသိဘူး။ ဘာပဲ ဖြစ် ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ သင်ကြားရမယ်ဆိုတာတော့ ငှက်လည်း လက်ခံမှာ ပါ။ ကျွန်တော် လည်း လက်ခံပါတယ်။
ခက်တာက တစ်ခုပါပဲ။ ဘယ်ခေတ်ထဲမှာ လဲ။ ဘယ်အမိုးအောက်မှာ လဲ။ ဘယ်လို ခေတ်စနစ် မျိုးကြီးနဲ့၊ ဘယ်လိုအုပ်ချုပ်မှု မျိုးအောက်မှာ ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားကြရမှာ ပါလဲ။ အမှော င်ခေတ်ထဲမှာ လား။ လမ်းပျောက်တဲ့မြိုင်မှာ လား။ နယူးယောက် မြို့က လစ်ဘာတီရုပ်တု ခြေရင်း မှာ လား။ ဒဂုန်တာရာရဲ့ တဟီတီမှာ လား။ လိုင်ဇာက ကတုတ်ကျင်းတွေ ထဲမှာ လား။ ကံ့ကော်တောနဲ့ ရင်ပြင်နီမှာ လား။ လင်္ကာဆရာတွေ မ၀င်ရဆိုတဲ့ ပလေတိုရဲ့ ရီပတ်ဘလစ်နိုင်ငံတော် မှာ လား။ နရသိန် ရဲ့ သံတိုင်ကြားမှာ လား။ ခွပ်ဒေါင်းအလံတော် ပေါ်မှာ လား။
ညီမကြီးကိုတော့ အားနာပါသည်။ ဒုတိယကမ္ဘာစစ်ကြီးထဲ ဂျာမနီမှာ နာဇီတွေ ရဲ့ လက်အောက် မှာ တုန်းက လူတွေ အကြောင်း မရေး ရ၊ သစ်ပင်တွေ အကြောင်းပဲ ရေး ရမယ်လို့ ဟစ်တလာက အမိန့် ထုတ်ထား။
ဒီလိုဖိနှိပ်ချုပ်ချယ်ထားတဲ့ကြားကနေ ဂျာမန်ကဗျာဆရာ ဗားတော့ဗရက် ရေး ခဲ့တာလေး တစ်ခုနဲ့ပဲ အခုရေး နေတဲ့ သင်းသင်းသာအတွက် (အမှာ စာ)ဝေဖန်စာမဟုတ်ကို နိဂုံးချုပ်ပါရစေ။
‘ထန်ပြင်းတဲ့ အတိဒုက္ခတွေ ကြားမှာ
အချစ်စိတ်ကို ရှင်သန်အောင်
ဘယ်လို လုပ်နိုင်ကြမှာ လဲ။
နှင်းတွေ သည်းသည်းထန်ထန်ကျနေရင်
ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးလေ’
(ဗားတော့ဗရက်)
ချစ်ခြင်းမေတ္တာရှိသော
ဉာဏ်ပညာကြီးသော
ရေစီးသန်သော သင်းသင်းသာ ဖြစ်ပါစေသတည်း။ ။
အောင်ဝေး
၁၀-၁၅-၁၂
ခေတ္တ-မစ်ရှီဂန်။
အခန်း(၄)
ဗုံးမှန်ထားတဲ့ သင်းသင်းသာဝတ္ထုများ မဖတ်မီ
သင်းသင်းသာက အမှာ စာတောင်းတယ်။
ကျွန်တော် က ရေး မယ်လို့ ပြောလိုက်တယ်။
တစ်ယောက် နဲ့ တစ်ယောက် နည်းနည်း စီအလွဲက စပြောချင်ပါတယ်။
သင်းသင်းသာက သူ့ဝတ္ထုအတွက် တောင်းတယ်။
ကျွန်တော် က ဒီဘက်နောက်ပိုင်း မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းရေး သူ၊ အတင်းမေးသူပဲဂယက် ထဲကနေ စာရေး ဆရာ တစ်ယောက် ရှိရာကို ပြန်လာနေတဲ့ သင်းသင်းသာကို (ကိုယ်စားပြုပြီး)ရေး ချင် တာပါ။
ခေတ်တွေ ၊ နေ့တွေ က တစ်ယောက် နဲ့ တစ်ယောက် မမှတ်မိအောင် ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိအောင် ပျောက်ဆုံးစေတဲ့ ခေတ်နေ့တွေ ပါ။
ရောက်ပြီလား၊ မရောက်သေးဘူးလာထက် ပြန်လာကြတဲ့(အနုပညာ)အစီအစဉ်ထဲမှာ သင်းသင်းသာကို တွေ့ ရလို့ ကျွန်တော် ရေး မယ်လို့ ချက်ချင်း အသံထွက်နိုင်ခဲ့ပါတယ်။
ဒုလ္လဘထဲမှာ ကိုယ်လုပ်ဆောင်ရမယ့် အလုပ်ရှိရာ ပြန်လာနိုင်ခြင်းတစ်ပါးလည်း ပါဝင်လာလိမ့် မယ်လို့ကျွန်တော် ယုံကြည်မိပါတယ်။
သုခမိန်လှိုင်
၅ အောက်တိုဘာ ၂၀၁၂။
ညနှင့် ရန် ဖြစ်ခြင်း
ကျွန်တော့် တစ်ကိုယ်လုံး
ပူပြင်းစွာ တုန်လှုပ်နေသည်။
မေမေ မသွားရဘူး။
ဟိုမှာ ဆွေမျိုးရင်းချာလည်းမရှိ၊
မေမေတစ်ခုခု ဖြစ်သွားရင်၊
အိုဗျာ… မသွားရဘူး။
ညသည် လွတ်လပ်စွာ ကြီးရင့်ဆဲ၊ အဝေးမှအပြိုင် ပြေးထွက်လာသော လေပြည်တို့သည် ကျွန်တော့် အသားအရေကို အေးခနဲအေးခနဲ ဖြစ်သွားရမြဲ၊ အုန်းလက်တို့က ကခုန်လိုက်၊ ငြိမ်သက် လိုက်၊ လ၀န်းကြီးကလည်း မျက်တောင်ပင်မခတ်မိအောင် ညကို ရွှန်းရွှန်းစားစားငုံ့ကြည့်ဆဲ၊ ကမ္ဘာမြေ ကြီး ကတော့ မျက်ဝန်းကိုမှိတ်ကာ နှုတ်ခမ်းကလေးဖွင့်ဟလို့၊ အသက်ရှူသံပြင်းပြင်းနှင့် ဟောက်သံတို့ က တရိပ်ရိပ်ဖြတ်စားဆဲမှာ ပင် ကျွန်တော် က ညကို ဇီးရိုးဝပ်မီးသီးလုံးလေးနှင့် ဘောင်ခတ်ထားလိုက် သည်။
သေးငယ်သော အရှိန်ဖြင့် ပြေးလွှားလာသော လေစိမ်းတို့က တစ်ခုတည်းသော အရာကို သယ် ဆောင်လာပြန်ပြီကော။ အသံဗလံမျိုးစုံ၊ အရိပ်မျိုးစုံ၊ ရုန်းရင်းဆန်ခတ်မျိုးစုံ၊ ကျွန်တော့် အော်ငိုသံတို့ဖြင့် အဆုံးသတ်သွားရသော ကျွန်တော် လန့်နိုးသော ညသာ။
ညကိုမကြောက်ရွံ့သော်လည်း ည၏ အရိပ်နောက်က ပုံသဏ္ဌာန်မဲ့သော ဘာသာစကားတို့ သည်ကား ကိုယ်ထင်ပြနေပြီ။
‘မင်း… မင်း… လုပ်ချင်ရာတွေ လုပ်ပြီး ငါ့ကိုလာလာဆွဲမထည့်နဲ့…. မင်း စလုပ်တုန်းက ငါ့ကို တိုင်ပင်လို့လား… မင်းအမေကပဲ မြှောက်ပေးလို့ လုပ်တာမဟုတ်လား’
‘အို.. ရှင် ပြည့်စုံအောင်ရှာဖွေပေးရင် ကျွန်မက လုပ်စရာ ဘယ်လိုမလဲ…..ပေးလေ…. ကျွန်မလိုတဲ့ ပိုက်ဆံ….. ရှင်ပေးနိုင်လို့လား’
‘ မင်းယူထားတဲ့ ငါက ဘာကောင်လည်း….. မင်းလုပ်ချင်ရာလုပ်ဖို့ ခိုးလည်းမကျွေးနိုင်ဘူး….. ငါရှာလို့ရတာ နဲ့ မင်းက လောက်အောင် သုံးရမယ်’
ထိုစကားများ သည် ကြားရဖန်များ သော်လည်း ရိုးအီမ သွားပါ။ ပိုက်ဆံ၊ ပိုက်ဆံ ကျွန်တော် အာရုံသို့ ပိုက်ဆံစက္ကူထုပ်များ ရောက်လာပြန်သည်။ ကျွန်တော် မေမေကို ပေးချင်းသည်. သို့သော် ကျွန်တော် ပေးခွင့်မရခင်မှာ ပင် ကျွန်တော် အသားအရေများ တဆတ်ဆတ်တုန်အောင် လန့်သွားရ သည်။ မေမေရော၊ ဖေဖေရောမှာ ခါးဝတ်ပင် မရြှိ ကတော့။ ပန်းကန်တွေ လည်း တစ်ချပ်ပြီးတစ်ချပ်ကွဲ၊ ကျွန်တော့် စာကြည့်စားပွဲ အ၀ိုင်းလေးနှင့် ကျောက်သင်ပုန်းတို့လည်း ကြမ်းပြင်မှာ အစိတ်စိတ်အမြွှာမြွှာ၊ ကျွန်တော် ရေး ထားသော ကကြီး၊ ခကွေးများ ဆရာမ ကို မပြရတော့ပါလား။ ရန် ဖြစ်ကြသော အသံတို့ က တစ်စစ စိတ်လာ၊ ကျယ်လောင်လာ၊ ကျွန်တော် အော်ဟစ်ငိုယိုဖို့ပင် မေ့လျော့ကာ မောပန်းလွန်း သဖြင့် လဲကျသွားခဲ့ရတော့သည်။ ထိုညမှစ၍ ကျွန်တော် တတ်မြောက်သွားသော သီချင်းတစ်ပုဒ်မှာ အိပ်ရာမှုလန့်နိုး၍ အော်ငိုတတ်ခြင်း ဖြစ်သည်။
မေမေ။ မေမေ။ ကျွန်တော့် မေမေသည် ပျောက်ဆုံးသွားပြန်သည်။ ညအခါ အဒေါ်နှင့် အိပ်ရ သည်။ ပုံပြင်များ နားထောင်ရသည်။ ကျောကုန်းအား ပွတ်သပ်ပေးပါသည်။ ယပ်တောင်ဖြင့် ယပ်ခတ် ပေးပါသည်။
‘နင့် အမေက နင့်ကိုချစ်တာ မဟုတ်ဘူး…. ပိုက်ဆံကိုချစ်တာ…..နင်နဲ့ လိုက်မနေတာသာ ကြည့်….’
ထိုသို့ ကျွန်တော့် အဒေါ်ပြောသည်ကိုတော့ မခံချင်ပါ။ မေမေက ကျွန်တော့် ကိုလည်း ချစ်သည်။ ပိုက်ဆံကိုလည်း ချစ်လိမ့်မည် ။ မေမေ့ကိုလွမ်းသော်လည်း စာကျက်ရသည်။ အတန်းထဲမှာ ပထမအမြဲရသည်။ အရုပ်ပစ်ခြင်း၊ ကျောက်ဒိုးပစ်ခြင်း၊ ဇယ်တောက်ခြင်းတို့ကို ကျွမ်းကျင်စွာ ကစားနိုင် သည်။ ရွယ်တူထဲတွင် ကျွန်တော် အမြဲအနိုင်ရသည်။ ကျွန်တော် တတိယတန်းနှစ် အထိ အဖေက ငါးခေါက်လာတွေ့ သည်။ မေမေ ကတော့ လာမတွေ့ ပါ။ ကျွန်တော် တို့က ဖေဖေအစ်မအိမ်မှာ နေသော ကြောင့် ဖြစ်သည်။ ကျွန်တော့် ညီငယ်က အဒေါ်အား မေမေဟုခေါ်သည်။ ကျွန်တော် က မခေါ်ပါ။ ကျွန်တော့် မှာ အမေရှိပါသည်။ တတိယတန်းစာမေးပွဲပြီးသော နေ့တွင် ကျွန်တော် နှင့် စတုတ္ထတန်း ကျောင်းသားတို့ လက်သီးထိုးကြသည်။ ကျွန်တော် သူ့မျက်နှာကို ပိုင်ပိုင်နိုင်နိုင် ထိုးလိုက်နိုင်သည်။ သူ မှော က်လျက်လဲကျသွားသည်။ ကျွန်တော့် ညီ၏ အားကျသော အကြည့်ကို ကျွန်တော် သိပ်ကျေနပ်ရ သည်။
ထိုနှစ် နွေရာသီကျောင်းပိတ်ရက်မှစ၍ ကျွန်တော် လက်သီးထိုးခြင်းကို လေ့ကျင့်သည်။ ဇယ်တောက်ခြင်း၌ ကျွမ်းကျင်လွန်းလာသဖြင့် ပြိုင်ဘက်များ မှာ ရေထမ်းရောင်းသူ၊ ဖိနပ်ချုပ်သူ၊ အငှား ကားမောင်းသူများ ဖြစ်လာကြပြီ။ တစ်ကျပ်မှ တစ်ဆယ်ထိ လောင်းကြသည်။ ထိုနှစ် မှာ ပင် မေမေ ကျွန်တော့် ထံ ပြန်လာသည်။ ရုံး၌ အလုပ်လုပ်သည်။ စနေ၊ တနင်္ဂနွေနေ့များ တွင် သင်တန်းများ တက် သည်။ ကျူရှင်လိုက်ပြသည်။ ညတိုင်းစာကျက်သည်။ ကျွန်တော် လောင်းကစားလုပ်ကြောင်း ကျွန်တော့် ညီက မေမေ့ကိုတိုင်သော အခါ အရိုက်ခံရသည်။ တိုင်တွင် ကြိုးနှင့် တုပ်နှောင်၍ ကြိုးဖြင့် အရိုက်ခံရခြင်း ဖြစ်သည်။ အလွန်နာကျင်ပါသည်။ အရှိုးရာများ တွင် သွေးများ စို့ကုန်၏ ။ ကျွန်တော် ၏ တောင့်တင်းသော လက်မောင်းနှင့် ရင်အုပ်ကိုကြည့်၍ မေမေက ပိုဒေါသ ဖြစ်သည်။ အထူးသဖြင့် ကျွန်တော့် မျက်နှာပေးကိုပေါ့။ မေမေ့ကို ပေ၍ စိုက်ကြည့်နေမိသည်။ ကျွန်တော် မေမေ့ကို မချစ်ဘူး။ မချစ်ဘူး။
ယခုနှစ် တွင် ကျွန်တော် သတ္တမတန်း တက်ရသည်။ ကျွန်တော့် အဆင့်သည် နိမ့်ကျ သွားပါ သည်။ (ခ)တန်းမှာ (ဂ)တန်းသို့ ရောက်သွားသည်။ (ဂ)တန်းတွင် တော့ ကျွန်တော့် ထက်တော် သူ နှစ် ယောက် သာရှိသည်။ ပထမလပတ်တွင် အင်္ဂလိပ်စာ (၈၅)မှတ်ဖြင့် အတန်းထဲတွင် အမှတ်အများ ဆုံးရ သည်။ သမိုင်းနှင့် မြန်မာ နှစ် ဘာသာလည်း အများ ဆုံးပင်။ သချာင်္တွင် (၆၀)မှတ်ရသော အခါ ကျွန်တော့် အစ်မ၀မ်းကွဲက ဆူပါသည်။ ဒုတိယလပတ်တွင် သချာင်္မှလွဲ၍ ကျန်သည့် ဘာသာရပ်များ ၌ ကျွန်တော် အများ ဆုံးရသည်။ သင်္ချာတွင် ဂျီသြမေတြီဘာသာရပ်တစ်ခုတည်းကို စစ်ဆေးလိုက်သော အခါ သုညသာရသော ကြောင့် ရှုံးပါသည်။ သီအိုရီများ ကို ကျွန်တော် နားမလည်ပါ။ အစ်မက အနီးကပ် သင်ပေးသော်လည်း မရပါ။ အစ်မမသိအောင် ခိုးကျက်ရသည်။ အစ်မက သီအိုရီနှင့် ဆိုင်သော ပုစ္ဆာများ ကို မတွက်ခင်း ရှင်းပြသည်။ ကျွန်တော် မတွက်တတ်ပါ။ အစ်မသည် ဆယ်တန်းကျောင်းသား များ အား သင်္ချာသင်ပေးသူ ဖြစ်သည်။ ၀ိုင်းလုံကျွတ် ဂုဏ်ထူးထွက်ကြ၍ နာမည် ကြီး၏ ။ ထိုမာနကြောင့် ထပ်ခါထပ်ခါ ရှင်းပြသည်။ နည်းမျိုးစုံနှင့် ရှင်းပြသည်။ မရ။ ထိုဘာသာရပ်ကို ၁၀ တန်းရောက်လည်း မဖြေဘူးဟု အစ်မနှင့် ခံငြင်းသည်။ ငြင်းမနိုင်။ အားနာ၍ ထိုပုစ္ဆာကို အလွတ်ကျက်လိုက်ရသည်။
အခုတစ်လော မေမေအိမ်ပြန်ချိန်များ က နောက်ကျလှသည်။ မေမေ အလုပ်ထွက်လိုက်သည်။ ဘာကြောင့် ရယ် ရေရေရာရာ မသိပါ။ မေမေ့သင်တန်းများ ပြီးသွားပုံရသည်။ အပြင်ထွက်တိုင်း စာအုပ် ကြီးများ မကိုင်တော့သော ကြောင့် ဖြစ်သည်။ သင်တန်းတက်တုန်းက မေမေအိမ်ပြန်ရောက်ချိန်သည် ည ၈ နာရီပတ်ဝန်းကျင် ဖြစ်သည်။ ယခု ၁၁ နာရီထိုးသွားပြီ။ ကျွန်တော် ညတိုင်းတီဗွီမှ အစီအစဉ်ကို ပြီးသည်အထိ ကြည့်သည်။ အထူးသဖြင့် ဖိုက်တင်ကားများ ကို ကြိုက်သည်။ ကျွန်တော့် အစ်မပြော သော မာရာဒိုနာကို ကျွန်တော် မကြိုက်ပါ။ မာရာဒိုနာ၌ ဘောလုံးမှော်ရှိသည်စဆိုသော အစ်မစကား ကိုလည်း မယုံပါ။ ရိုမာရီယိုကိုသာ ကြိုက်ပါသည်။ ကျွန်တော့် အစ်မက ထူးအိမ်သင်သီချင်းကြိုက် သည်။ အစ်မ ‘အမေ့အိမ်’ ဖွင့်တိုင်း ကျွန်တော် က ဇော်ဝင်းထွဋ်၏ ထစ်ချုန်းမိုးကို ပြောင်းဖွင့်မည် ။ လေးဖြူ၏ ဂီတမဉ္ဇူရီကို ပြောင်းဖွင့်မည် ။ ထိုအခါတော့ အစ်မက အလျော့ပေးရ၏ ။ ကျွန်တော့် အဒေါ် ကိုတော့ နင်းမပေးချင်တော့ပါ။ ကျွန်တော့် ညီလေးအား ကျွန်တော့်စာကြည့်စားပွဲ သိမ်းခိုင်းမည် ။ ရေခပ်ခိုင်းမည် ။ မုန့်သွားဝယ်ခိုင်းမည် ။ ကျွန်တော့် ကို သခင်ကြီးလို့ ခေါ်ရမည် ။ ‘အမှိုက်တွေ သွားလွှင့် ပစ်ပေးစမ်း…..ကျွန်ကလေး’ ဟု ခိုင်းစေရလျှင် ကျွန်တော် သိပ်ကျေနပ်သည်။ ထိုည ဆယ့်နှစ် နာရီထိုး မှ မေမေပြန်လာသည်။ ယောင်္ကျားသုံးယောက် လိုက်ပို့သည်။ ဖေဖေက အိပ်ရာဝင်နေပြီ ဖြစ်သည်။ ကျွန်တော် ခြံတံခါးကို ဆင်းဖွင့်ပေးရသည်။ (မေမေပြန်မလာ၍ ကျွန်တော် အိပ်မပျော်သော ကြောင့် ဖြစ်သည်။) မေမေ့ကိုတွေ့ သော အခါ ကျွန်တော် လန့်မအော်မိအောင် သတိထားရသည်။ မေမေ ဘို ဆံတောက်ဆံပင်ပုံစံ ညှပ်လာသော ကြောင့် ဖြစ်သည်။
‘အို…. သားကြီးက သိပ်လိမ္မာတာပဲ….. မေမေမုန့်ဖိုးတွေ အများ ကြီးပေးရဦးမယ်.’
မေမေ့အသံသည် ပေါ့ပျက်ပျက်နိုင်လှသည်။ ကျွန်တော် မေမေ့ကို ဖက်တွယ်၍ မနမ်းတော့ပါ။ မေမေ့ရင်ခွင်ထဲကို ကျွန်တော့်  မျက်နှာမ၀ှက်တော့ပါ။ ခြံတံခါးကို ပြန်ပိတ်၊ အိမ်တံခါးကို ပြန်ပိတ်၊ ကျွန်တော် ခြင်ထောင်ထဲသို့ တန်းဝင်သည်။ မေမေသည် ကျွန်တော့် ခြင်ထောင်ကို လှပ်၍ ကျွန်တော့်  ပါးပြင်ကို နမ်းသည်။ ‘သားက…..လူပျိုကြီး ဖြစ်တော့မှာ ပါလား’ တအံ့တသြရေရွတ်သည်။ ထိုည ကျွန်တော် အိပ်မပျော်ပါ။
မေမေနှင့် ဖေဖေတို့၏ စကားသံတိုးတိုးကို ကြားရသည်။ ငြင်းခုံသံ။ ဖေဖေ့အသံက တစ်ခါတစ်ခါ ကျယ်လောင်လိုက် မေမေ ကတော့ တိုးတိုးကြိတ်ကြိတ်သာ ပြော၏ ။ ဖေဖေသည် မေမေ့ ကို အလွန်ချစ်ကြောင်း ကျွန်တော် သိပါသည်။ မေမေသည် ဖေဖေ့ကို မချစ်ပါ။ ကျွန်တော့် တို့ကိုတော့ ချစ်ပုံရပါသည်။ နမ်းရှုံ့သည်။ မုန့်ဖိုးများများ ပေးသည်။
အတန်းထဲ ကိုဖြူ့မေမေ စင်ကာပူနိုင်ငံမှ ပြန်လာသည်။ ကျောင်းကား ကိုဖြူတို့အိမ်ရှေ့ ရပ်စဉ် ကိုဖြူ့မေမေသည် ဂါဝန်ကြီးဖြင့် ထမင်းချိုင့်လိုက်တင်ပေး၏ ။ ကိုဖြူ့မေမေကို ကြည့်ရင်း ကျွန်တော့်  ရင်ထဲ တင်းကျပ်သွားသည်။ ကိုဖြူသည် သတ္တမတန်းကျသော ကျောင်းသား ဖြစ်သည်။ မနေ့က ကျွန်တော် တို့ အိမ်သာတွင် ဆေးလိပ်ခိုးသောက် ဖြစ်၏ ။ ကိုဖြူယူလာသော စီးကရက် ဖြစ်သည်။ ကျွန်တော် အား လက်ဆောင်တစ်ခုလည်း ထပ်ပေးသည်။ တခြားမဟုတ်ပါ။ စတီးချိန်းကြိုး ဖြစ်သည်။ ကျွန်တော့် ခေါက်ပိုက်ဆံအိတ်တွင် ထည့်သိမ်းထားလို့ရပါသည်။ ကျွန်တော် က ခလုတ်နှိပ်လိုက်လျှင် ထောက်ခနဲ ပွင့်သွားသော ဓားချွန်ကိုသာ လိုချင်ပါသည်။ ထိုအရာသည် ဘာကိုမဆို ထိုးဖောက်ရ လွယ်သည် မဟုတ်ပါလား။ သို့ သော် ကိုဖြူက မပေးပါ။ ကျွန်တော် ရေငတ်လာသည်။ ကျွန်တော့်  ခြင်ထောင်သည်ပိတ်ခြင်ထောင် ဖြစ်သည်။ ကျွန်တော့် အိမ်ရှိ တံခါးများ တွင် သံဇကာများ တပ်ထားပါ သည်။ ကျွန်တော် တံခါးဖွင့်အိပ်ရမည် ။ အရင်ဦးဆုံး မီးခလုတ်များ ကို တောက်လျောက်ဖွင့် သွားပါ သည်။ ရေခဲသေတ္တာထဲမှ ရေပုလင်းကို ဆွဲထုတ်ယူလိုက်သည်။ တိုက်ဂါးဘီယာဗူးများ ကို တွေ့ ရ သည်။ ရေပုလင်းကို ပြန်ချကာ တိုက်ဂါးဘီယာဗူးကို ဖွင့်သောက်လိုက်သည်။ ခါးသက်သက်၊ ပူရှရှ ဖေဖေအတင်းတိုက်တုန်းက အရသာအတိုင်းပါပဲ။
မီးခလုတ်တစ်ခုချင်းပိတ်၍ အိပ်ရာသို့ ပြန်ခဲ့သည်။ ငါးကျပ်တန် ကြွပ်ကြွပ်အိတ်ကြီး နှစ် လုံးကို တွေ့ ရသည်။ ဒေါက်မြင့်ဖိနပ် နှစ် ရံ၊ မိန်းမ၀တ်ရှူးဖိနပ်တစ်ရံ၊ ဂျင်းဘောင်းဘီနှင့် ဂျာကင်တစ်စုံ၊ ကာကီ ရောင် ဘောင်းဘီရှည်တစ်ထည်၊ အလွန်သားနားသော ကုတ်အင်္ကျီတစ်ထည်၊ ပျော့တွဲ တွဲ ဂါဝန်ရှည် တစ်ထည်၊ စွပ်ကျယ်လက်ပြတ်လိုအင်္ကျီက နှစ် ထည်၊ ပျော့ပျောင်းသော အသားကို ချုပ်ထားသည့် အင်္ကျီနှင့် စကတ်က နှစ် စုံ၊ အပွင့်များ နှင့် ဘောင်းဘီတိုနှစ် ထည်၊ ဘာတွေ ပါလိမ့်။ ကျွန်တော် နားမလည်ပါ။ ဖေဖေထည့်နေကျ ခရီးဆောင်သေတ္တာထက် သစ်လွင်သော သေတ္တာကြီးတစ်လုံး၊ ည သည် ပူအိုက်လွန်းသွားပြန်သည်။ မေမေက စွပ်ကျယ်အင်္ကျီလက်ပြတ်နှင့် ထွက်လာသည်။ မေမေ့ပုံစံ က ရိုင်းလိုက်တာ။ ကျွန်တော် ကြည့်ရမှာ ရှက်၍ မျက်စိလွှဲထားမိသည်။
‘မေမေ စင်ကာပူသွားမလို့….ဒီနေ့ပဲ ပတ်စ်ပို့ကျတယ်’
‘သားတို့အတွက် ပိုက်ဆံအများ ကြီး ပို့ပေးမယ်’
မေမေက ၀မ်းသာအားရပြောရင်း သူ့ရင်ခွင်ထဲ ကျွန်တော့် အား အတင်းပွေ့ဖက်လိုက်သည်။ အတင်းနမ်းရှုံ့ပြန်သည်။ ကျွန်တော် ရုန်းကန်သည်။ မေမေ ကျွန်တော် တို့ကို ခွဲထားခဲ့မှာ ကို မလိုလား တာပဲ ဖြစ်ရမည် ။ မေမေက ပြန်မလာဘူးဆိုရင်ကော။ ‘မေမေ မသွားရဘူး’ ဟု ကျွန်တော့် နှုတ်က မထွက်သော်လည်း လက်များ ၊ ခြေများ က စကားစပြောပြီ။
‘သားက ဘာ ဖြစ်တာလဲ….’
မေမေက နားမလည်နိုင်စွာ တအံ့တသြ ရေရွတ်၏ ။ မေမေက ကျွန်တော့် လောက် မသန်မာပါ။ ကျွန်တော် မေမေရှေ့တွင် မတ်တပ်ရပ်သည်။ နတ်များ ၀င်ပူးထားသလို ကျွန်တော့်  တစ်ကိုယ်လုံး ပူပြင်းစွာ တုန်လှုပ်နေသည်။ မေမေ မသွားရဘူး။ ဟိုမှာ ဆွေမျိုးရင်းချလည်း မရှိ။ မေမေ တစ်ခုခု ဖြစ်သွားရင်၊ အိုဗျာ မသွားဘူး။ ကျွန်တော် နှုတ်ပိတ် ငြင်းဆိုနေခြင်းပဲ။ ဒါပေမဲ့ လက်များ က ဖိနပ်နှစ် ရံ ကို နံရံသို့ ပစ်ပေါက်လိုက်သည်။ အသံတော် တော် ကျယ်လောင်သွား၏ ။ ဖင်ခွဲထားသော စကတ် တစ်ထည်ကို ဆုတ်ဖြဲလိုက်သည်။ မေမေ့လက်ဝါးက ကျွန်တော့် ပါးပြင်ပေါ်သို့ ကျရောက်လာ၏ ။ ကျွန်တော် ရှိုက်ကြီးတငင် ငိုရှိုက်လိုက်သော အခါ ဖေဖေက…. ‘သား….. သား….’ ဟု ငိုသံပါကြီးဖြင့် ခေါ်သည်။
ညသည် ကျွန်တော် အား ကြောက်လန့်သွားပြီ………။
( )မဂ္ဂဇင်း
![]() ဘယ်သူပြောသလဲ တစ်တောလုံးကြွေ | ![]() မိုး | ![]() တတိယဆိပ်ကမ်း |