Cover

ဘဝကစားကွင်းထဲက ဒုတိယပိုင်းမှတ်တမ်း
စိုးမြင့်လတ်

(က)

၂၀၀၀ ဝန်းကျင်နှစ်ကာလများ မှစ၍ မြန်မာစာပေတွင် မဂ္ဂဇင်းနှင့် ဂျာနယ်များ ရောင်စုံ ဖူးပွင့်လာသည်။ ယခင်က ပုံစံနှင့်လည်း ကွဲပြားလာသည်။ 'ကွာလတီ' ဟု ခေါ်ကြသော စာရွက်ထူထူ ချောချော၊ ကြော်ငြာနှင့် ရုပ်ပုံများများ များ ၊ အရောင်စုံ မဂ္ဂဇင်းတွေ ရှေ့တန်းရောက်လာသည်။ စာပေ အနုပညာ မဂ္ဂဇင်းများ ကတော့ တဖြည်းဖြည်း ကွယ်ပျောက်လျော့နည်းကုန်ကြသည်။ ဂျာနယ်ဆိုလျှင် လည်း အမျိုးစုံ၊ အရောင်စုံ၊ သို့ သော် အများ စုဖတ်ကြသည်က နိုင်ငံတကာသတင်းဂျာနယ်နှင့် ဘောလုံးဂျာနယ်၊ နိုင်ငံတကာ သတင်းဂျာနယ်တွေက သတင်းပေါ်မူတည်ပြီး ရောင်းအား အတက် အကျရှိသည်။ လူတွေ အမြဲတမ်းစိတ်ဝင်စားသည်က 'ဘောလုံးဂျာနယ်' များ ။ တကယ်တော့ 'အားကစား ဂျာနယ်' ဟူ၍ ဖြစ်သင့်သည်။ သို့ သော်လည်း ဘောလုံး အားကစားတစ်မျိုးတည်း အကြောင်းကိုသာ ဦးစားပေးဖော်ပြနေသောကြောင့် 'ဘောလုံးဂျာနယ်' ဟုပဲ လွယ်လွယ် ခေါ်ကြပါစို့။ သူက လက်ရှိ မီဒီယာလောကတွင် အတွင်ကျယ်ဆုံး ဖြစ်သည်။ ဂြိုဟ်တု စလောင်းများ အကူအညီဖြင့် နိုင်ငံတကာ ဘောလုံးပွဲများ ကို တိုက်ရိုက်ကြည့်ခွင့်ရနေသည်။ ဘောလုံးအားကစားသည် ယှဉ်ပြိုင်မှု တွင် အားကောင်းသော ကစားနည်းတစ်မျိုး ဖြစ်သည်။ အုပ်စုနှင့် စုပေါင်းကစားရသော ကစားနည်းမျိုး လည်းဖြစ်သည်။ သူ၏ အရှုံးအနိုင်က အကဲခတ်ရ ခက်သည်။ လျှပ်တစ်ပြက် အတက်အကျ အပြောင်းအလဲ မြန်သည်။ ဒါကပင် ပရိသတ်ကို ဖမ်းစားနိုင်သည့် အားကောင်းချက်။ အများ စုက စိတ်ပါဝင်စားလာတော့ 'ဘောလုံးဗေဒ' က တွင်ကျယ်လာသည်။ လူတွေကြားထဲ ပျံ့နှံ့လွယ်သည်။ ဘောလုံးအကြောင်း မသိသူ နိုင်ငံတကာပွဲစဉ်များ နှင့် ဘောလုံးသမားများ ကို မသိသူဆိုလျှင် ခေတ်မမီတော့ပေ။ အများ တကာကြားတွင် 'နတ်ကရာ ကြည့်မောသလို' ဖြစ်နေရမည်။ ဆိုးသည်က အားကစားနှင့်အတူ လောင်းကစားပါ ပူးတွဲ ပါဝင်နေခြင်းပင်။

သူတို့နိုင်ငံတွေမှာ လည်း အလောင်းအစားက အစဉ်အလာကြီးသည်။ အသင်းလိုက်၊ လူတစ်ဦး ချင်းလိုက် အပေးအယူ၊ အလဲအလှယ်၊ အရောင်းအဝယ် တွေရှိသည်။ ဒီမှာ ကတော့ ထိုဘောလုံးပွဲ များ ၏ အနိုင်အရှုံးပေါ် ငွေချင်းထပ်ကြသည်။ ဒါက ပစ္စက္ခကာလ၏ မီဒီယာလောကနှင့် အားကစား ယှက်နွှယ်ပတ်သက်မှု ။

(ခ)

ကျွန်တော်ကတော့ ဘောလုံးကို စွန့်ခွာခဲ့သည်မှာ ကြာပြီ။ လက်ရှိ 'ဘောလုံးဗေဒ' ကိုလည်း နကန်းတစ်လုံးမျှ မသိ။ မကြာခင်ကတော့ ဒီဇင်ဘာလထုတ် 'ရွှေအမြုတေ မဂ္ဂဇင်း' တွင် ဘောလုံးပွဲ အကြောင်း ဝတ္တုတစ်ပုဒ် ဖတ်လိုက်ရသည်။ ပထမတော့ သိပ်စိတ်မဝင်စားလှ။ သေချာဖတ်ကြည့် တော့ တကယ့်ဘောလုံးပွဲစစ်စစ်အကြောင်း မဟုတ်။ ဘဝတစ်ခုကို ဘောလုံးပွဲနှင့် ထပ်တူပြုရေးထား သည့် ဝတ္တု။ ဝတ္တုရေးသားသူက ကလောင်သစ်ကလေး။ နာမည်က 'ညီမင်းညို'၊ သူ့ဝတ္တုတိုကလေး နာမည်ကတော့ 'ဘဝတစ်ခု၏ ဒုတိယပိုင်းမှတ်တမ်း'။

လူ့ဘဝကို မကြာခင် အချိန်အပိုင်းအခြား တစ်ခုတွင် စွန့်လွှတ်ရတော့မည့် အသက်အစိတ်သာ ရှိသေးသည့် သွေးကင်ဆာရောဂါသည် လူငယ်ကလေးတစ်ဦး။ သူ၏ နောက်ဆုံးအချိန်များ ကို ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ ထိုင်ရင်း ဂြိုဟ်တုစလောင်းပေါ်ရှိ နိုင်ငံအသီးသီးမှ ဘောလုံးပွဲများ ကို အချိန်ပြည့် ကြည့်ရှုနေသူ။ မိဘနှစ်ပါးကတော့ သားရဲ့ ဆန္ဒကို ဘယ်လိုဖြည့်ဆည်းရမလဲဆိုတာပဲ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေရရှာသည်။ ဝေဒနာသည် လူငယ်ကလေးသည် ဘောလုံးပွဲများ ကို ကြည့်ရင်း သူ၏ လက်ရှိအခြေအနေကို ဒီလိုခံစားနေရသည်။ သူ့ခံစားချက်များ ကို ဖော်ပြပုံက သူ့ဘဝနဲ့ သိပ်နီးစပ်လွန်းသဖြင့် ထိထိမိမိ ရှိလှသည်။ အသက်ဝင်နေသည်။

" . . . ကျွန်တော့်အသက် ခုမှ နှစ်ဆယ့်ငါးနှစ်။ လူ့ဘဝရဲ့ ပထမပိုင်းပဲ ဖြစ်သင့်ပါသေးတယ်။ တကယ်လို့ ဘောလုံးပွဲတစ်ပွဲလို ကျွန်တော့်ကို ခေတ္တအနားယူ အားဖြည့်ချိန်ကလေး မပေး နိုင်ရင်တောင် ကျွန်တော့်ဒုတိယပိုင်းကိုတော့ ကျွန်တော့်ကို ဆက်ပြီး ကစားခွင့်ပြုသင့်ပါတယ်။ ကျွန်တော် ဘယ်သူ့ဆီမှာ အသနားခံစာ တင်သွင်းရမှာ လဲ။ ပွဲချိန်ပြည့် ကစားခွင့်မရဘဲ ကျွန်တော့် ဘဝကို ဒီလိုပဲ လမ်းတစ်ဝက်ကနေ အရှုံးပေးလိုက်ရတော့မှာ လား။ ကျွန်တော် မရှုံးချင်သေးဘူးဗျာ။ မရှုံးချင်သေးဘူး။ ဒီအချိန်မှာ ကျွန်တော် အရှုံးမပေးချင်သေးဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဆက်ပြီး ကစားချင်ပါသေးတယ်"

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ စာပေလောကတွင် 'မော်ဒန်၊ ပို့စ်မော်ဒန်' ဆိုတဲ့ အသံတွေက တော်တော်လေး ဆူညံခဲ့သည်။ သို့ သော်လည်း တကယ့်အသံက အဆန်လောက် မရှိတာတစ်ခုပဲ တွေ့ရသည်။ ဘာပဲပြောပြော ဝတ္တုပုံသဏ္ဍာန်ကတော့ သရုပ်မှန်စစ်စစ်ကနေ ခေတ်ပေါ်ပုံစံဘက်ကို ကူးပြောင်းလာသည်ကို တွေ့ရသည်။ ခေတ်ပြိုင်ခံစားမှု ကိုပင်လျှင် ခေတ်ပေါ် ဝတ္တုပုံစံဖြင့် ရေးဖွဲ့လာကြသည်။

ခုဝတ္တုမှာ လည်း 'ညီမင်းညို' သည် သူ့ဇာတ်ဆောင်၏ နောက်ဆုံးဆန္ဒကို ဘောလုံးကွင်းထဲ ပို့ပြီး ဖြည့်ဆည်းဟန်ဖြင့် ရေးဖွဲ့သွားသည်။ တိုတိုပြောရရင် . . . ထိုကင်ဆာရောဂါသည် လူငယ် ကလေးသည် သူဆုတောင်းသည့်အတိုင်း သူ့ဘဝ၏ ဒုတိယပိုင်းကို ဆက်ကစားခွင့်ရ သွားပါသည်။ လွတ်လပ်ပေါ့ပါးသည့်စိတ်ဖြင့် သူ ကွင်းထဲဝင်လာသည်။ သူ့မိဘနှစ်ပါးနှင့် မိတ်ဆွေသူငယ်ချင်းများ ကတော့ မျက်ရည်တွေ၊ ဝမ်းနည်းကြေကွဲမှု တွေနဲ့။ ဘောလုံးပွဲစတော့ သူ အကောင်းဆုံး ကစားနိုင်ခဲ့သည်။

'' . . . ဘဝတစ်ခုလုံးနဲ့ရင်းပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ခုခံတတ်တဲ့ အလေ့အကျင့်တွေနဲ့ စိတ်ဓာတ် ထက်သန်တဲ့ ဆန္ဒတွေပေါင်းပြီး အကောင်းဆုံး အားကစားသမားတစ်ယောက်အသွင်ကို ကျွန်တော် ရယူနိုင်ခဲ့ပြီထင်တယ်''

ဘောလုံးပွဲကို ဆက်ကစားတော့ သူက ဖရီးကစ်တစ်လုံး ကန်ခွင့်ရလိုက်သည်။ တစ်ဖက်က ဂိုးနဲ့ တော်တော်ဝေးနေသေးသော်လည်း သူကန်လိုက်သော ဘောလုံးသည် ဂိုးသမား၏ ခေါင်းပေါ်မှ ကျော်ကာ ဂိုးပေါက်ထဲသို့ တန်းဝင်သွားခဲ့သည်။

''ဂိုး'' ဆိုသည့် အသံနဲ့အတူ ပရိသတ်အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ တစ်ဖက်အသင်းမှ အသင်းသားတွေကလည်း သူ့ဆီတန်းစီပြီး ပွေ့ဖက်နှုတ်ဆက်ကြသည်။ ပိုပြီး အံ့သြစရာကောင်းတာက တစ်ဖက်ဂိုးသမားက သူ့ကို မလွှတ်တမ်းပွေ့ဖက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

''ဘဝတစ်ခုလုံးနဲ့ရင်းပြီး သွင်းလိုက်တဲ့ ဒီဂိုးကို သူဘယ်တော့မှ မမေ့ပါဘူးတဲ့''။ ဒိုင်လူကြီးကလည်း သူ့ကို ပြုံးပြုံးကြီး ကြည့်ပြီး ကျေနပ်နေသည်။

လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သူမြင်လိုသော မုဒိတာမြင်ကွင်း ဖြစ်ပါသည်။ ငြိမ်းချမ်းသောရသကို ပေးစွမ်းနိုင်သည့် ဝတ္တုတိုလေးပါပဲ။ အရေးအသား ကောင်းမွန်သလို ရသ မြောက်တဲ့ ဝတ္တုတို လက်ရာကောင်းတစ်ပုဒ်အဖြစ် ဖတ်လိုက်ရပါသည်။ ကြည်နူးစရာ အကောင်းဆုံးကတော့ ကင်ဆာရောဂါသည် လူငယ်လေးရဲ့ ပီတိကို ဖော်ပြသည့် ဇာတ်လမ်းစကားလုံးများ ပါပဲ။

'' . . . ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ကစားခွင့်ရခဲ့တဲ့ ဒုတိယ ပိုင်းပွဲစဉ်အနေနဲ့ရော၊ အကောင်းဆုံးနဲ့ အသန့်စင်ဆုံး ယှဉ်ပြိုင်ကစားပြီး ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာ ရော၊ ကျွန်တော့်အပေါ် စာနာ နားလည်ပေးကြတဲ့ နှစ်ဖက်အသင်းက ကစားသမားတွေကိုရော၊ နောက်ဆုံး ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော့်ကို သနားညှာတာပြီး ကြင်ကြင်နာနာနဲ့ ပါဝင်ကစားခွင့် ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကိုရော ကျွန်တော့်ဘဝရဲ့ ဒုတိယပိုင်းမှတ်တမ်းမှာ ဘယ်တော့မှ မေ့ပျောက်ပစ်လို့ရမှာ မဟုတ်ပါဘူး'' တဲ့။

လူငယ်လေးတစ်ယောက်ရဲ့ ဘဝနေဝင်ချိန် နောက်ဆုံးခံစားချက်များ ကို ဘောလုံးပွဲတစ်ပွဲနှင့် နှိုင်းယှဉ်ကာ ခေတ်ပေါ်ပုံစံဖြင့် ရေးဖွဲ့ထားသော အားကောင်း လတ်ဆတ်သည့် ဝတ္တုတိုတစ်ပုဒ်အဖြစ် အာလျပြေပြေ ဖတ်ရသည်ကို တင်ပြလိုက်ရပါသည်။

အလားတူ စိတ်ထဲတွင် တစ်စုံတစ်ရာသော ကြည်နူးကျေနပ်မှု တို့ ရရှိခဲ့သည့် ဖတ်ဖြစ်ခဲ့သော ဝတ္တုများ ကိုလည်း ညွှန်းဆိုဖော်ပြလိုက်ပါသည်။

၁။ လွမ်းမောဖွယ်ရင်ခွင်ဟောင်း (နောဧနွေလ) ရုပ်ရှင်တေးကဗျာ ရသစုံ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၆။

၂။ ကျွဲလမ်း (မောင်ရင့်မာ - ကျောင်းကုန်း) ပန်းအလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၆။

၃။ ပုံပြင်ဇာတ်ကောင်များ နှင့် ဖွဲ့တဲ့ဝတ္တု (မောင်လွင်မွန်-ကသာ) ကလျာမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၆။

မြန်မာခေတ်ပေါ်ဝတ္တုတိုကောင်းများ ထွန်းကားပါစေ။
(ရန်ကုန်တိုင်းမ်ဂျာနယ်၊ အတွဲ (၃)၊ အမှတ် (၁) ဇန်နဝါရီလ ၄-၁၀-၂၀၀၇)

ညီမင်းညို ၏ ဂြိုဟ်ဆိုး
တင့်ခိုင်

(၁)

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ရွှေအမြုတေတွင် ရွှေအသစ် ဝတ္တုတို သုံးပုဒ်ဖော်ပြသည်။ ထိုသုံးပုဒ်ထဲမှ ညီမင်းညို၏ ဂြိုဟ်ဆိုးသည် အနာဂတ်ကို ပွေ့ဖက်ထားကြရသော လူငယ်များ အတွက် အားမာန်ကို ပေးစွမ်းနိုင်သော အမေ့မေတ္တာဖွဲ့ ဝတ္တုတစ်ပုဒ်ဖြစ်သည်။ အမေ့မေတ္တာဖွဲ့ဟု ဆိုရ သော်လည်း သူတကာ အမေ့မေတ္တာဖွဲ့မျိုးမဟုတ်။ အတွေးအခေါ်အဟောင်း၊ အစွဲအလမ်းကြီးမှု များ ကို ချေချွတ်ဆေးကြောပေးထားသော၊ တစ်နည်းဆိုရသော် အယူသည်းမှု များ ကို လျှော်ဖွပ်သန့်စင် ပေးထားသော ဝတ္တုတိုတစ်ပုဒ် ဖြစ်သည်။

ကြောင်းကျိုးညီညွှတ်မှု မခိုင်လုံသော၊ သဘာဝ ယုတ္တိအားနည်းသော အယူအဆ၊ အတွေး အခေါ်များ သည် လူ့အဖွဲ့အစည်းတိုင်းလိုလိုတွင် အနည်းနှင့် အများ ရှိတတ်ပါ၏ ။ ထိုအထဲတွင် ''သားဦးစနေ၊ မီးလိုမွှေ'' ဟူသော အယူအဆသည် တစ်ခုအပါအဝင် ဖြစ်သည်။ ညီမင်းညို၏ ဂြိုဟ်ဆိုးသည် ထိုအစွဲ၊ ထိုအယူအဆအဟောင်းကြီးကို တိုက်ဖျက်ထားသော ဝတ္တုတိုလေး ဖြစ်သည်။ ထို့ကြောင့်လည်း ဤဝတ္တုလေးသည် ရည်ရွယ်ချက်ကောင်းသည်။ စေတနာပါသည်။ ဂြိုဟ်ဆိုးကို ဖတ်ပြီး စာဖတ်သူသည် ဝေဒနာတစ်ခုကို မခံစားရပါဟု ဆိုပါလျှင်တော့ ညီမင်းညို၏ ဝတ္တုအနုပညာ အားနည်း၍ ဖြစ်မည်။ ဂြိုဟ်ဆိုးက လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုသည့် ဝတ္တု တစ်ပုဒ်ဖြစ်ပါ၏ ။

သားကို မွေးသည့်အချိန်တွင် လင်က အဝေးတစ်နေရာတွင် သေသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုသို့ ဖြစ်သည့်အပြင် ထိုနေ့သည် စနေနေ့ ဖြစ်နေပြန်သည်။ ထိုအခါ နဂိုရှိရင်းစွဲ အယူအဆက ပိုပြီး အရောင်လက်လာပြီး မိမိ၏ တစ်ဦးတည်းသော သားလေးကိုပင် မကြည်ဖြူ ဖြစ်လာသည်။ သူမ၏ အကြော်တဲသို့ ရောက်လာသော ဖောက်သည်များ ကို "ဒီကောင်လေးက ဂြိုဟ်ဆိုး'' ဟု ပြောတတ် သဖြင့် ရဲမင်းအောင်၏ အမည်သည် အရပ်ထဲ၊ ကျောင်းထဲ၌ ဂြိုဟ်ဆိုး တွင်ခဲ့သည်။ သို့ သော် ဂြိုဟ်ဆိုးက စာကြိုးစားသည်။ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်သည်။ ဆေးကျောင်း တက်ခွင့်ရသည်။ Guide လုပ်၊ ငွေစုပြီး ကျောင်းတက်နေသည်။ ဦးလေးထွန်း၏ မြေတောင်မြှောက် မှု ကြောင့် ဤကဲ့သို့ အောင်မြင်လာသည့်အပြင် သူ့စာအုပ်စင်ကို သုံးစွဲခွင့်ရ၍ ဂြိုဟ်ဆိုးသည် ယခုတော့ ကဗျာဆရာ ဖြစ်လာနေပြီ။ မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဂြိုဟ်ဆိုး၏ ကဗျာကို ဖတ်ပြီး အမေက မျက်ရည်ကျသည်။ ဇာတ်လမ်းက ဤမျှသာ။

(၂)

ညီမင်းညိုသည် သူ့ဝတ္တုကို သားတစ်ယောက်က မိခင်ကို ပြောပြနေဟန် စကားပြော၊ စကားပြေဖြင့် ရေးသည်။ အပြောထက် အပြကို ဦးစားပေးထားသဖြင့် သူ့ဝတ္တုက လှနေသည်။ ညီမင်းညိုက မိခင်ကို ဤသို့ ထုဆစ်ပုံဖော်သည်။ 'ဒီကောင်လေးက ကျွန်မဘဝရဲ့ ဂြိုဟ်ဆိုးပါပဲရှင်။ မွေးတာကလည်း စနေ။ သူ့မွေးပြီးတာနဲ့ သူ့အဖေလည်း သေရရှာတာပဲ။ စနေဂြိုဟ်ဆိုး တစ်ယောက် ဝင်၊ တစ်ယောက်ထွက်ဆိုတာ ဒါပဲနေမှာ ပါ။ ကြည့်ပါလား။ ကလေးက ကလေးနဲ့မတူဘူး။ မျက်နှာက ရှူတည်တည်နဲ့။ ကျွန်မ ဘယ်လောက်ရိုက်ရိုက် ဘယ်တော့မှ မငိုတဲ့ ဂြိုဟ်ဆိုးလေးလေတဲ့'၊ 'ကျွန်တော့်ကို မြှူချင် ချော့ချင်တဲ့ ကလေးချစ်တတ်တဲ့ အိမ်နီးချင်းတချို့တောင် အမေ့ရှေ့မှာ တော့ ကျွန်တော့်ကို မမြှူ မချော့ရဲကြပါဘူး'။

ကျွန်တော် ငယ်ငယ်က 'ဟေ့ကောင်လေး မင်းနာမည် ဘယ်သူလဲ' လို့မေးရင် စကားမပီ့တပီနဲ့ 'ဂျိုဂျိုး' လို့ ပြန်ဖြေတတ်တယ်တဲ့။ အဲဒါကို အမေက ကြည့်ပါလား 'လူက ခုမှ လက်တောက်လောက် ရှိသေး၊ ရွဲ့ချင် စောင်းချင်နေပြီ၊ တကယ်ပါရှင်။ ကျွန်မဘဝအတွက်တော့ ဒီကလေးဟာ တကယ့် ဂြိုဟ်ဆိုးလေးပါပဲ'

ညီမင်းညိုသည် မိခင်၏ အစွဲအလမ်း၊ အယူသည်းမှု ကို ပြချင်လွန်း၍ ထိုသို့ ရေးသားခဲ့ပါ၏ ။ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ စိတ်ပညာအယူအဆကို သတိထားမိလိုက်။ အစွဲအလမ်း ကြီးသော မိခင်ကို ရုပ်လုံးဖော်ခြင်းကို မပြောသာသော်လည်း ကလေးရှေ့တွင် မိခင်က ထိုသို့ ပြောခြင်းကြောင့် ကလေးက သူ့ကိုယ်သူ အပြစ်ရှိသူဟု ခံစားသွားခဲ့ပါလျှင် အနာဂတ်၌ ရဲမင်းအောင် (ဂြိုဟ်ဆိုး) သည် ဆရာဝန်တစ်ဦး ဖြစ်လာရန်၊ ဖြစ်တန်ရာ အခြေနည်းပါ၏ ။ ကလေး၏ ရှေ့တွင် ကလေးကို ဂြိုဟ်ဆိုးဟုပြောမည့်အစား တစ်ခုခုဖြစ်တိုင်း စနေသားကြောင့်ဟု ရိုးသားစွာ မှတ်ယူ နေသော မိခင်ကိုသာ ပြသင့်ပါ၏ ။

သို့ ရာတွင် မိခင် (မခင်လှ) သည် အကြော်သည်။ ကလေးသူငယ် ပြုစုပျိုးထောင်ရေးကို နားလည်သူမဟုတ်။ စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောမည်မဟုတ်။ ထို့ကြောင့်လည်း ဇာတ်ကောင်စရိုက်က မပျက်နိုင်ပါ။ ရဲမင်းအောင်သည် အိမ်နီးနားချင်း ဦးလေးထွန်းတို့ လင်မယား၏ ပြုစုစောင့်ရှောက် မှု ကြောင့် ဆရာဝန်၊ ကဗျာဆရာ ဖြစ်လာသည်ဟု ညီမင်းညိုက ဆိုလိုချင်ပုံရသည်။

''ဟဲ့ . . . မခင်လှရဲ့ ၊ ကလေးအပေါ် သည်လောက်လည်း အစွဲအလမ်း မကြီးစမ်းပါနဲ့အေ။ ကလေးမှာ ဘာအပြစ်မှ မရှိဘူး။ ဟိုလူပြော ဒီလူပြောတွေကို ခေါင်းထဲ ထည့်မနေစမ်းနဲ့''

အမှန်တော့ ဦးလေးထွန်း ပြောသောစကားသည် ညီမင်းညို စကားပင်ဖြစ်သည်။ ညီမင်းညိုက လူ့အဖွဲ့အစည်းထဲ၌ ဖြစ်တည်နေသော ခေတ်မမီတော့သည့် အယူအဆတစ်ခု၊ အစွဲအလမ်းတစ်ခုကို ဤဝတ္တုလေးဖြင့် ချေပျက်ပစ်လိုသည်။ သို့ သော် စရိုက်မပျက်။ သဘာဝ ယုတ္တိ ခိုင်မာမှု ကို မထိခိုက်။ ဒါကိုက ညီမင်းညိုသည် ဝတ္တုသဘောကို နားလည်သိရှိသည်။ အတတ်ပညာရှိသည်ဟု ဆိုချင်ပါသည်။

မည်သို့ ပင်ဖြစ်စေ၊ အမေသည် သားကို ကျိတ်၍ ချစ်နေရသည်ဟု ညီမင်းညိုက စာဖတ်သူကိ အသိပေးနိုင်ခဲ့သည်တော့ အမှန်။

''အဖေ့ကို သိပ်ချစ်တဲ့ အမေဟာ အဖေနဲ့ ခပ်ဆင်ဆင်တူတဲ့ ကျွန်တော့်ကို တစ်ခါတစ်ခါ ခပ်ကြာကြာလေး ငေးကြည့်။ ကျွန်တော် အဖျားတွေကြီးတုန်းက အကြော်မထွက်နိုင်တဲ့ အမေ့ပါးစပ် က တဗျစ်တော်တောက် ရေရွတ်နေပေမယ့် အဲဒီ နေ့တစ်နေ့လုံး အစိုးရိမ်ကြီးစွာ နဲ့ ကျွန်တော့်အပါးမှာ အမေရှိနေခဲ့တာ' 'အမေ့ပါးစပ်က ဘာတွေပဲပြောပြော ကျွန်တော့်အတွက် လိုအပ်တာ မှန်သမျှ ကိုတော့ အမေလုပ်ပေးနေတာပဲ။''

အလှဆုံးပြကွက်ကလေးကမူ ဘာသာစုံဂုဏ်ထူးဖြင့် စာမေးပွဲအောင်သောနေ့တွင် သူငယ်ချင်း မြင့်နိုင်အား အမေ့ဆီလွှတ်၊ ဂြိုဟ်ဆိုး စာမေးပွဲကျသည်ဟု ပြောခိုင်းလိုက်သောအခါ အမေ့ကို ပြလိုက်သော ပြကွက်ပင် ဖြစ်သည်။

''ဘယ်လိုလဲဟေ့'' ဆိုပြီး လှမ်းမေးတယ်။ မြင့်နိုင်ကလည်း ကျွန်တော် မှာ ထားတဲ့အတိုင်း မျက်နှာသေလေးနဲ့ ''ဂြိုဟ်ဆိုးကျတယ် အဒေါ်'' လို့လည်းပြောလိုက်ရော အမေက မျက်နှာကို ဆတ်ခနဲ မော့လိုက်တယ်။ 'ဘာ . . . ကျတယ် ဟုတ်လား မောင်မြင့်နိုင်။ မင်းဘာတွေ လာပြောနေတာလဲ။ ငါ့သားဂြိုဟ်ဆိုးရဲ့ ရာဇဝင်မှာ ကျတယ်ဆိုတာ မရှိဘူး။ ပညာရေးမှာ ငါ့သားတစ်လျှောက်လုံး ထူးချွန်ခဲ့တာကို မင်းလည်း အသိပဲ။ အေး . . . ဆယ်တန်းမှာ နတ်ကြီးလွန်းလို့ ကျသွားတယ်ဆိုရင် တောင် ငါ့ရင်ထဲမှာ ငါ့သားဂြိုဟ်ဆိုးဟာ အမြဲအောင်မြင်ထူးချွန်နေမယ့်သူပဲ ဆိုတာ မင်းမှတ်ထားလိုက်''

အကြော်တဲဘေး၊ ညောင်ပင်အကွယ်မှ အတိုင်းသား မြင်နေ ကြားနေရသော ရဲမင်းအောင် မည်သို့ ခံစားရပါမည်နည်း။

''ကျွန်တော်လေ အမေ့ရဲ့ ကျွန်တော့်အပေါ်ထားရှိတဲ့ ယုံကြည်စိတ်ကို မျက်ဝါးထင်ထင် အဲသလို တွေ့မြင်လိုက်ရတော့ ကျွန်တော်ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူး အမေ။ တစ်သက်လုံး ဒူပေနာပေခံပြီး မျက်ရည်တစ်စက် မကျခဲ့တဲ့ကောင်၊ ခုတော့ ကျွန်တော် ငိုမိပြီ အမေ။ ညောင်ပင် အကွယ်ကနေ ပြေးထွက်လာတဲ့ ကျွန်တော့်ရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်စတွေနဲ့။ အမေက ကျွန်တော့်ပခုံးကိုဖက် ' . . . . ' လို့ ဆိုပြီး နှစ်သိမ့်ပါရောလား။ အမေကတော့ ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်လို့ပေါ့။ 'ကျွန်တော် ဘာသာစုံဂုဏ်ထူးနဲ့ကို အောင်တာပါဗျ'' လို့ ငိုသံပါကြီးနဲ့ ပြောလိုက်ရော အမေလေ ကြင်နာ နူးညံ့တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို ခပ်တင်းတင်း ပြန်ဖက်ထားရင်းက မျက်ရည်တွေတွေ ကျလာတော့တာပဲ။

ကဲ . . . ကြည့်ပါ။ သူတို့ သားအမိနှစ်ယောက်ကို ညီမင်းညို ပြလိုက်သည်မှာ ဘယ်လောက် လှလိုက်ပါသလဲ။ ပညာအခြေခံအားနည်းသော မိခင်တစ်ယောက်၏ ခေါင်းထဲမှ အစွဲအလမ်းကို ဖောက်ယူဆွဲထုတ်ပစ်လိုက်နိုင်သော ပြကွက်။ ဝတ္တု၏ အာဘော်ကို ပုံဖော်တင်ပြသော ပြကွက်။ ဤပြကွက်လေးသည်ပင် ဤဝတ္တု၏ ဝိညာဉ်ဖြစ်သည်။

ညီမင်းညိုသည် သူ့ဝတ္တုကို ဂြိုဟ်ဆိုး ရေးသော ပထမဆုံး ဖော်ပြခံရသော ကဗျာကို ဖတ်ပြီး အမေ ငိုပုံ၊ နမ်းပုံတို့ကို ပြေပြပြီးမှ ဝတ္တုကို ဤသို့ နိဂုံးချုပ်သည်။

ဒီလိုနဲ့ နောက်တစ်နှစ်၊ နှစ်နှစ်မှာ အမေ့သားက ဒေါက်တာဂြိုဟ်ဆိုး ဆိုပြီး ဖြစ်လာဦး တော့မယ်။ အဲဒီ အခါမှာ တစ်သက်လုံး ပင်ပန်းဆင်းရဲခဲ့ရတဲ့ အမေ့အပေါ် ဖိစီးနှိပ်စက်ကျမယ့် အနာရောဂါ ဂြိုဟ်ဆိုးတွေကို ခုခံကာကွယ်ဖို့ အမေ့သား ဒေါက်တာဂြိုဟ်ဆိုးက တာဝန်ယူနိုင်ပြီ မဟုတ်လား အမေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ အမေ့ရဲ့ သား ဂြိုဟ်ဆိုးလေးပဲပေါ့ အမေရယ်။

ညီမင်းညိုသည် ဇာတ်ကောင်၏ စရိုက်ကို ပုံဖော်သည်ထက် အမေ၏ ပုံရိပ်၊ အမေ၏ စိတ်ကိုသာ ပုံဖော်ရန် ကြိုးပမ်းသွားသည်။

အမှန်တော့ ညီမင်းညိုသည် ရဲမင်းအောင် (ဂြိုဟ်ဆိုး) မဟုတ်။ ညီမင်းညိုက အလုံးစုံသိသူ ဖြစ်သော်လည်း ဂြိုဟ်ဆိုးကမူ ကန့်သတ်အသိသာ ရှိ၏ ။ အလုံးစုံမသိ၊ ဒါကို ဝတ္တုရေးသူက သတိထားရန် လိုသည်။

မည်သို့ ပင်ဖြစ်စေ၊ လူ့အဖွဲ့အစည်းထဲ၌ အမြစ်တွယ် ရှင်သန်နေသော အယူသည်းမှု တစ်ခုကို ဖျောက်ဖျက်ရန် ကြိုးပမ်းထားသည်ကိုက ဤဝတ္တု၏ အလှဟု ကျွန်တော် ယူဆမိပါသည်။

(အလင်းတန်းဂျာနယ်၊ အမှတ် (၄၈၆)၊ ဒီဇင်ဘာ ၂၄၊ တနင်္လာ၊ ၂၀၀၇)

သံလွင်တစ်ခက်၊ ဖဲတစ်ချပ်နဲ့ ညီမင်းညို
မောင်ရင့်မာ (ကျောင်းကုန်း)

မကြာသေးခင်က ဖတ်ရတဲ့ ညီမင်းညိုရဲ့ ဝတ္တုတိုနှစ်ပုဒ်မှာ တူညီတဲ့ အချက်တစ်ခုကို သတိပြုမိပါတယ်။

တစ်ပုဒ်က အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ စစ်တုရင်ပွဲတစ်ပွဲကို သရုပ်ဖော်ခဲ့ပြီး တစ်ပုဒ်က ရှိုးလို့ခေါ်တဲ့ တစ်ချပ်မှော က် ဖဲဝိုင်းတစ်ဝိုင်းကို သရုပ်ဖော်ခဲ့တာပါ။ သရုပ်ဖော်အဖွဲ့ ဝတ္တုလေးတွေမှာ အဲဒီ လို 'အပြ' မျိုးကို ရေးဖို့ရာ ဝတ္တုဆရာ အတော်များများ က လက်ရှောင်ကြပါတယ်။ ထိုးကြိတ် သတ်ပုတ်ကြတဲ့ မြင်ကွင်းတစ်ခုကို သရုပ်ပေါ်အောင် ရေးဖို့ ဝန်လေးတဲ့ စာရေးဆရာကြီးတစ်ဦးက ဉာဏ်ကူခဲ့ရတဲ့ ရေးသားချက်တစ်ခု ရှိပါတယ်။

''ဆရာကြီးသည် မည်သို့ လုပ်လိုက်သည်မသိ၊ တစ်ဖက်လူမှာ တုံးခနဲ လဲသွားလေ၏ '' တဲ့။

ညီမင်းညိုခမျာတော့ဖြင့် အဲသလို ဥာဏ်ကူရေးသားဖို့ အခွင့်မသာခဲ့ပါဘူး။ ဘာကြောင့်ဆို သူက အဲဒီ လို ''သရုပ်ဖော်အဖွဲ့'' ကို သရုပ်ပေါ်အောင် ရေးဖို့သာ (တမင်) ရွေးချယ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

(၉/၂၀၁၁) ရွှေအမြုတေမှာ ရေးတဲ့ဝတ္တုလေးက ခေါင်းစဉ် တော်တော်ရှည်ပါတယ်။

''သံလွင်ခက်ကို ကိုက်ချီပျံသန်းလာတဲ့ ချိုးဖြူငှက်တစ်ကောင်ရဲ့ ငြိမ်းချမ်းရေးဇာတ်လမ်း'' တဲ့။ သံလွင်ခက်၊ ချိုးဖြူငှက်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေဟာ တစ်ခုတည်းသော အနက်ကိုပဲ ဆောင်နေပေမယ့်လည်း ဝတ္တုဆရာရဲ့ အတောမသတ်နိုင်တဲ့လောဘလို့လည်း ပြောရမလား မသိ။ သည်းခံယူရလောက်အောင် ရှည်နေခဲ့ပါတယ်။ ကျွန်တော်ဖြင့် အသက်ရလာလို့ ထင်ပါရဲ့ ။ မလိုအပ်ဘဲ ရှည်လျားပေများ နေတာတွေကို တီဗီရှေ့ ထိုင်ကြည့်နေရတာ ကိုပဲ စိတ်က သိပ်မရှည်ချင်တော့ဘူး။

ဝတ္တုက ညီမင်းညိုရဲ့ ခေါင်းစဉ်အရကိုပဲ 'ငြိမ်းချမ်းရေး' ကို ရေးထားတယ်ဆိုတာ ရိပ်စားမိစရာ ရှိပါတယ်။ သို့ ပေမယ့် ငြိမ်းချမ်းရေး လက်ဖက်ရည်ဆိုင်ဆိုတဲ့ အမည်နာမကလွဲလို့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘူး။ အဲဒါကိုတော့ဖြင့် တော်တော် သဘောကျမိတယ်။

စစ်တုရင်ပွဲတစ်ပွဲကို သရုပ်ဖော် ဖွဲ့နွဲ့ထားတာပါ။

လက်ဖက်ရည်ဆိုင် ပိုင်ရှင် အငြိမ်းစားကျောင်းအုပ်ဆရာကြီးက သူရဲ့ ငယ်တပည့် စစ်တုရင် အကျော်အမော်နှစ်ဦးကို သူ့ဆိုင်ပရိသတ်ရှေ့မှာ ယှဉ်ပြိုင်စေခဲ့တာပါ။ အဲဒီ ငယ်တပည့်နှစ်ယောက် ဟာ စစ်တုရင်မှာ တော်ကြတယ်။ ကျောင်းမှာ တုန်းကတည်းက တစ်ကျောင်းလုံးရဲ့ တောင်းဆိုချက် အရ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ခဲ့ဖူးပေမယ့်လည်း ကစားရမယ့်နေ့မှာ (ဘာ့ကြောင့်မှန်းမသိ) နှစ်ဦးစလုံး ရောက်ရှိမလာခဲ့တာကြောင့် ပွဲမဖြစ်ခဲ့ဘူး။ ခုအနှစ် (၂၀) ကျော်ကြာမှ (သူအငြိမ်းစားယူပြီးတော့မှ) မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ကစားဖို့ အခွင့်သာခဲ့တော့သတဲ့။

ဝတ္တုမှာ သူတို့နှစ်ယောက်ရဲ့ စစ်တုရင် ကစားကြပုံကို အပီအပြင်ကိုပဲ သရုပ်ဖော်ရတော့တယ်။

ဆရာကြီးနဲ့ သူ့ဆိုင်မှာ ကစားနေကျ စစ်တုရင် ဝါသနာအိုးတွေက ပွဲကြည့်ပရိသတ်ပေါ့လေ။ တစ်ဦးက အဖြူရုပ်ကိုင်လို့၊ တစ်ဦးက အနက်ရုပ်ကိုင်လို့။ (၂) ပွဲ သရေကျပြီးတဲ့အတွက် နောက်ဆုံးပွဲ အကြိတ်အနယ်ကို ပရိသတ်က ရင်တမမနဲ့ပေါ့လေ။ ကစားခုံပေါ်က အရုပ်ကလေးတွေရဲ့ အရွှေ့ အပြောင်းနဲ့ မာယာလှည့်ကွက်တွေအကြား အာရုံတွေ မျောပါနေသတဲ့။ ဇာတ်ရှိန်အမြင့်ဆုံးမှာ အဖြူရုပ်သမားက သူ့ရဲ့ ဘုရင်မကြီးနဲ့ အနက်ရုပ် မြင်းနှစ်ကောင်ကို မမျှော်မလင့် လဲပစ်လိုက်တဲ့အခါ ပရိသတ်က ဇဝေဇဝါ ဖြစ်သွားခဲ့ပေမယ့် တစ်ဖက်လူရဲ့ အကောင်းဆုံး တောင်ပံတွေကို ရိုက်ချိုး ပစ်လိုက်တယ်ဆိုတာ သဘောပေါက်သွားတော့မှ အဖြူသမားရဲ့ ကစားကွက်ကို နားလည်ခံစားနိုင် တော့သတဲ့။ ညီမင်းညိုဟာ စစ်တုရင် ပွဲတစ်ပွဲကို စိတ်လှုပ်ရှားစရာ ရင်ခုန်ခံစားနိုင်အောင် သရုပ်ဖော် ဖွဲ့နွဲ့ပြီးတော့မှ ဆရာကြီးက စစ်တုရင်ပြိုင်ပွဲဝင်နှစ်ဦးစလုံးကို ပေးလိုက်တဲ့ လက်ဆောင်ထုပ်ကလေး တွေနဲ့ ငြိမ်းချမ်းရေးကို ဖော်ကျူးခဲ့တာပါ။

''မင်းတို့ စွဲလမ်းနေတဲ့ အရောင်ဆိုတာ အနှစ် ၂၀ မျက်နှာချင်းဆိုင်မရလောက်အောင် အရေး မပါ ပါဘူးကွာ'' လို့ ပြောလိုက်ချင်ပုံ ရပါတယ်။ ဝတ္တုဆရာကလည်း အဲသလို မက်ဆေ့ခ်ျ ပေးလိုက် ချင်ပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် စစ်တုရင်ပွဲတစ်ပွဲကို သရုပ်ပေါ်အောင် ရေးပြဖို့ ရွေးချယ်ခဲ့တဲ့ ညီမင်းညိုရဲ့ အားထုတ်မှု ကို နှစ်လိုကျေနပ်မိပါတယ်။

(၄/၂၀၁၁) Faces (မုခ) မဂ္ဂဇင်းပါ ''မှော်ဝင်ဖဲ'' ဝတ္တုမှာ တော့ဖြင့် ဖတဆိုး မိသားစုကလေးရဲ့ လောကဓံ ထိုးနှက်ချက်နဲ့ တစ်ချပ်မှော က် ဖဲတစ်ဝိုင်းရဲ့ ရင်ခုန်သံကို စည်းချက်ညီအောင် ကြိုးစား ရေးခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်သိသလောက် ကိုးမီး၊ ပေါ်ကာ၊ ဘူကြီး၊ ဟောလီးဝုဒ်၊ ရှိုး စတဲ့ ဖဲကစားနည်းတွေ ရှိတဲ့အထဲ ရှိုးဆိုတဲ့ ကစားနည်းကို တော်တန်ရုံဖဲသမားတွေ ကစားလေ့ မရှိပါဘူး။ မကစားတတ် ပါဘူး။ ချစ်ခင်သူတို့အကြား အပျော်တမ်းကစားဖို့ မသင့်တဲ့ ဖဲကစားနည်းလည်း ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး၊ ကံချင်း ဥာဏ်ချင်း၊ ငွေကြေးအင်အားချင်း၊ မင်မောင်းချင်း၊ သတ္တိချင်း ဦးနှောက် အရည် ပျော်မတတ် ယှဉ်ပြိုင်ပြီးမှ အသေအကြေ လှဲရတဲ့ ကစားနည်းဖြစ်လို့ပါ။

အဲသလို တစ်ချပ်မှော က် ဖဲကစားပုံ ဝတ္တုတိုတစ်ပုဒ်ထဲ သွပ်သွင်းလို့ (ဖဲမရိုက်တတ်သူတို့ပါ) ရင်ခုန် စိတ်လှုပ်ရှားလာအောင် သရုပ်ဖော် ဖွဲ့နွဲ့လို့ ဖြစ်နိုင်ပါ့မလားဆိုတာ သံသယရှိစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ညီမင်းညိုကတော့ဖြင့် ရဲရဲတင်းတင်းကိုပဲ အားထုတ်ကြည့်ခဲ့ပါတယ်။

မိသားစု လောကဓံနဲ့ ဖဲတစ်ဝိုင်းရဲ့ ရင်ခုန်သံကို သူ့ဝတ္တုထဲမှာ အကန့် အကန့်လိုက် ရေးပြခဲ့ပါတယ်။

ဝတ္တုရဲ့ အဓိက ဇာတ်ကောင် ''သူ'' ရဲ့ မိသားစုဒုက္ခကို ပြန်ပြောပါရစေ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က 'သူ' တို့အဖေ ရုတ်တရက် ဆုံးပါးခဲ့တော့ အမေက မလုပ်တတ် မကိုင်တတ်မို့လို့ တည်ငြိမ်တဲ့ မိသားစုလေးဟာ ကသောင်းကနင်း ဖြစ်ခဲ့တယ်။ ''သူ'' က ဒုတိယနှစ် ကျောင်းသား (ညီမင်းညိုရဲ့ စကားအရဆိုရင် အပွင့်မပြည့်သေးတဲ့ ဖဲတစ်ချပ်ပေါ့) အစ်ကိုလတ် ကိုထိုက်ကလည်း ဆုံးပါးခဲ့ပြန်တော့ အကြီးဆုံးဖြစ်တဲ့ ကိုတိုးက ပဉ္စမနှစ် စက်မှု ကျောင်းသား ဘဝနဲ့ မတောက်တခေါက် ကျူရှင်ပြပြီး မိသားစုဝန်ကို မနိုင်မနင်း ထမ်းခဲ့ရတယ်။ ကျူရှင်က မမျှော်မလင့် အောင်မြင်လာပြီး ကျောင်းပြီးလို့ အိမ်ရာထောင်ခဲ့တဲ့ သူ့ကိုတောင် မင်္ဂလာဆောင်ပေးခဲ့တယ်။ ဒါပေမယ့် အပြောင်းအလဲတစ်ခုမှာ ကိုတိုးဟာ အဆင်မပြေရှာဘူး။ ငွေလိုနေတယ်။ ကိုတိုးကို ကျေးဇူး ဆပ်ချင်တယ်။ ကူကယ်ချင်တယ်။ အမေကလည်း ခြောက်ဆယ်နားနီးတော့ ဖားအောက်မှာ တရားစခန်း ဝင်ချင်နေတယ်။ သူ ဖြည့်ဆည်းပေးချင်တယ်။ သို့ ပေမယ့် အမေနဲ့ ကိုတိုးကို သူ ဘာမှ လုပ်မပေးနိုင်သေးဘူး။ (သည်းခံပါ) ခုရိုက်နေတဲ့ တစ်ချပ်မှော က်ဖဲဝိုင်းမှာ သူ နိုင်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့ သဘောပဲ။

၎ ယောက် (သို့ မဟုတ်) ၅ ယောက် ထိုင်ရိုက်တဲ့ တစ်ချပ်မှော က်ဝိုင်းမှာ ဖဲ ၅ ချပ်ဝေတဲ့အနက် ဒုတိယ ဖဲချပ်ကို ဝေတဲ့အချိန်ကစလို့ အပွင့်အကြီးဆုံးရတဲ့သူက ငွေနဲ့ စခေါ်ရတယ်။ အောက်မှာ တော့ မှော က်ထားတဲ့ ဖဲတစ်ချပ်ကိုယ်စီနဲ့ပေါ့။ သူ့ဖဲ ကိုယ့်ဖဲ အကဲခတ်ပြီး လိုက်လိုက ခေါ်တဲ့ ငွေပမာဏ အတိုင်း အလယ်ပုံကို တင်ပြီး လိုက်ရတယ်။ မလိုက်လိုက ပြေးနိုင်တယ်။ ပြေးရဲတာလဲ သတ္တိဆိုပဲ။

ဝေတဲ့ ဖဲချပ်တွေ များ လာတာနဲ့အမျှ အလယ်ပုံ ငွေကလည်း ကြီးကြီးလာတယ်။ သူတို့ဝိုင်းထဲ ဂျက်ဖဲ ၃ ချပ်နဲ့ ကင်းဖဲ ၁ ချပ် လှန်ထားတဲ့ ကုလားကြီးက သွေးတိုးစမ်းပြီး ငွေငါးသောင်း ထပ်ပုံ ခေါ်လိုက်တဲ့အချိန်မှာ ကုလားကြီးဟာ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်သွားတယ်။ လိုက်ဖို့ သင့်မသင့် ခေါင်းပူအောင် သူ စဉ်းစားရပြီ။ သူကလည်း ဆယ်ဖဲ ၃ ချပ် လှန်ထားတယ်။ ကုလားကြီး မှော က်ထား တဲ့ ဖဲဟာ တခြားဘာဖဲဖြစ်ဖြစ် 'ဂျက်' မဖြစ်ရင်ပြီးရော၊ ဂျက်ဖြစ်နေမှာ ပဲ သူစိုးတယ်။ ဂျက်မဖြစ်မှ သူ နိုင်မယ်။ ဘာကြောင့်ဆို သူမှော က်ထားတာက ဆယ်ဖဲလေ။ ဆယ်ဖဲ ၄ ချပ်နဲ့ ဂျက်ဖဲ ၄ ချပ်ကို မနိုင် နိုင်ဘူးဆိုတဲ့သဘောပဲ။ ဒီတော့ ကုလားကြီးရဲ့ မှော က်ဖဲဟာ ဂျက်ဖြစ်နိုင် မဖြစ်နိုင် သူ တွက်ချက် စိစစ်ရတော့တယ်။

ဒီလို အခြေအနေမှာ ဦးနှောက် အရည်ထွက်မတတ် သူစဉ်းစားရတော့တယ်။ ကွမ်းယာကို ကြိတ်ဝါး ပြန့်ကျဲနေတဲ့ အာရုံကို စုစည်း။ မင်မောင်းကောင်းတဲ့ ကုလားကြီးရဲ့ မျက်နှာကို သူ အကဲဖြတ်၊။ နောက်ဆုံးတော့ဖြင့် စောစောစီးစီး ပြေးသွားသူရဲ့ မှော က်ဖဲဟာ မလွဲမသွေ ဂျက် ဖြစ်နိုင် တဲ့အတွက် (ကုလားကြီးရဲ့ မှော က်ဖဲဟာ ဂျက်မဖြစ်နိုင်တော့ဘူးပေါ့) သူ ဆုံးဖြတ်လိုက်တယ်။ ''ငါးသောင်း လိုက်တယ်၊ ကျန်ရှိုး'' လို့ သူ တုံ့ပြန်လိုက်တာ တစ်ဝိုင်းလုံးကို လွှမ်းမိုးသွားတယ်။ နှစ်ယောက်ပြေး၊ ကုလားကြီးပဲ ကျန်တဲ့အချိန်မှာ သူ့ကို ကုလားကြီးက အကဲခတ်တယ်။ ပြီး ငွေပုံကြီး ဝုန်းခနဲပုတ်ပြီး ''လိုက်တယ်'' လို့ တုံ့ပြန်တယ်။ သူ့မှော က်ဖဲဟာ ဆယ်မဖြစ်နိုင်ဘူးလို့ ကုလားကြီးက အကဲဖြတ်လိုက်တာပါ။ ကုလားကြီးက မှော က်ဖဲကင်းတစ်ချပ်ကို လှန်ပြလိုက်တဲ့အချိန်မှာ သူက မှော က်ဖဲ ဆယ်ပွင့်ကို အလယ်ပုံပေါ် ပစ်တင်ပြလိုက်တယ်။

တစ်ဝိုင်းလုံး ငြိမ်ကျသွားတယ်။ အလယ်က ငွေပုံကြီးဟာ သူ့အိတ်ထဲ လျှောခနဲ ဝင်သွား တယ်။ သူ့ကို အနိုင်ရရှိစေခဲ့တာက ဆယ်ပွင့်ဖဲ တစ်ချပ်ပဲ။ အဲဒီ အခါနဲ့ အဲဒီ နေရာမှာ ဆယ်ပွင့်ဖဲဟာ သူ့အတွက်တော့ဖြင့် ''မှော်ဝင်ဖဲ'' ပဲ။ ဆယ်ပွင့်ဖဲလေး တစ်ချပ်ကြောင့် ''သူ'' အနိုင်ရခဲ့ပုံကို ဝတ္တုဆရာက စာဖတ်သူရှင်းအောင် သရုပ်ဖော် ရေးပြနိုင်ခဲ့ပါတယ်။

မိသားတစ်စုနဲ့ ဖဲတစ်ဝိုင်းကို ညီမင်းညိုက လှလှပပ အနားသတ်ပါတယ်။

''အမေရေ ကိုတိုးရေ၊ တကယ့် လောကဓံမှာ ဘယ်လောက်ပဲ ရှုံးရှုံး၊ ဘယ်လောက်ပဲ ရုန်းရ ရုန်းရ မိသားစုအတွက်ဆိုရင် ကျွန်တော်ဟာ မှော်ဝင်နေတဲ့ ဖဲတစ်ချပ်ဖြစ်ချင်ခဲ့သူပါ'' တဲ့လေ။

* * *

မိသားတစ်စုမှာ ကြုံရတတ်တဲ့ ခက်ခဲကြပ်တည်းမှု တွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့ရာ ဖဲရိုက်ဖြေရှင်းသွားတယ်ဆိုတဲ့ အချက်ကို ကျွန်တော်က ထောက်ခံနေတာမဟုတ်ပါဘူး။ (လိုအပ်ရင် ကန့်ကွက်ရမယ့် ကိစ္စလို့တောင် ပြောနိုင်ပါတယ်) သို့ ပေမယ့် သူ့ဝတ္တုမှာ မိသားစု အခက်အခဲတွေကို ရေးပြပြီးတဲ့နောက် (တစ်ချပ်မှော က်ဝိုင်းမှာ ဥာဏ်ချင်း ယှဉ်ရတာ တွေကို သရုပ်ဖော်မပြတော့ဘဲ ချန်လှပ်လို့)

''အမေရေ ကိုတိုးရေ ကျွန်တော် ဖဲနိုင်လာပြီ'' မိသားစုမှာ ကျွန်တော်ဟာ မှော်ဝင်နေတဲ့ ဖဲတစ်ချပ် ဖြစ်ချင်ခဲ့သူပါဆိုရင် ဘယ်လိုမှ အရသာ မပေါက်နိုင်တဲ့ဝတ္တုပါ။ အဲဒီ လို အခြေအနေမှာ တစ်ချပ်မှော က်ဝိုင်းက ရင်ခုန်သံကို ညံညံမြည်အောင် သရုပ်ဖော် ဖွဲ့နွဲ့ပြပြီ့း ဝတ္တုတစ်ပုဒ်ဖြစ်အောင် ရေးနိုင်ခဲ့တဲ့ ညီမင်းညိုကို အသိအမှတ်ပြု ချီးကျူးလိုတာပဲ ဖြစ်ပါတယ်။

ညီမင်းညိုရဲ့ အဲဒီ ဝတ္တုကလေးဖတ်ပြီး ကျွန်တော် တွေးနေမိပါသေးတယ်။

သနပ်ခါးဟာ ပါးပြင်ပေါ်မှာ အလှဆင်တဲ့ ပစ္စည်းဖြစ်ပေမယ့် ကြမ်းပြင်ပေါ်မှာ တော့ အညစ် အကြေးပဲဆိုတဲ့ စကားရှိပါတယ်။ သမုဒ္ဒရာထဲ ဝရုန်းသုန်းကား ရွာချပစ်လိုက်တဲ့ မိုးစက် မိုးပေါက် တွေထက် ဆာလောင်ငတ်မွံတ်နေတဲ့ ထမင်းတစ်ဝိုင်းမှာ ထမင်းကြမ်းခဲတစ်ခဲ ဖြစ်ရတာ ပိုပြီး ရတနာ တန်းဝင်ပါတယ်။ စပိတ်တစ်ဖြစ်မှ မဟုတ်ပါဘူး။ ကိုးပွင့် ဆယ်ပွင့် ဖြစ်ဖြစ်၊ ဂျက် ကွင်း ကင်းဖြစ်ဖြစ်၊ လူတိုင်း လူတိုင်းတို့ဟာ ဖဲပွင့်လေးတစ်ချပ်စီဖြစ်ခဲ့မယ်ဆိုပါတော့။ သူ့ကို လိုအပ်နေတဲ့အခါမှာ သူ့ကို လိုအပ်နေတဲ့ နေရာကို အံဝင်ခွင်ကျ ရောက်ရှိသွားနိုင်ရင် သူဟာ ''မှော်ဝင်နေတဲ့ဖဲတစ်ချပ်'' ပါပဲ။

မလိုအပ်တဲ့နေရာမှာ တော့ဖြင့် 'စပိတ်တစ်' လည်း ပေါက်လွှတ်ပဲစား ဖြစ်သွားနိုင်တာပဲလို့ တွေးဆ ဆင်ခြင်ကြည့်နေမိပါတယ်။

(အလင်းတန်းဂျာနယ်၊ အောက်တိုဘာ (၁၇)၊ ၂၀၁၁)



ဝန်ဇင်းချစ်သူများ ညီမင်းညို ၏ “ ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘဂ္ဂဒက်

စုခရတ္တိ

စာပေဟောပြောပွဲ မိုးခြိမ်းသံများနှင့် ၂၀၁၅ ကစားစရာ