Cover

ဇော်ဇော်အောင်

ညီမင်းညိုအတွက်စာ

၁။    ကဗျာမဖတ်ဖြစ်တာ ကဗျာအကြောင်း ဆောင်းပါးမရေးဖြစ်တာ အတော်ကြာခဲ့ပြီ။ ကျွန်တော့်စိတ်အ ထင် ငါးနှစ်ခြောက်နှစ်မကတော့ဘူး။ အကြောင်းကတော့ကျွန်တော့်မှာ တခြားရေးစရာကိစ္စလေးတွေ နည်းနည်းပါးပါးရှိလာတယ်။ အဲဒီ မှာ အာရုံကျတာကြောင့် ကဗျာဘက် သိပ်မလှည့်ဖြစ်ဘူး။ နောက် တစ်ချက်က ကဗျာကို စနစ်တကျ ချဉ်းကပ်လေ့လာတဲ့သူတွေ အတော်များများ ပေါ်ထွက်လာတယ်။ ပမာအားဖြင့် ဆရာအောင်ခင်မြင့် တို့၊ ဆရာမ င်းခက်ရဲ တို့လို လူငယ်ပိုင်းတွေ ထွက်လာတယ်။ တကယ်တမ်းပြောရရင် သူတို့လေ့လာအားကောင်းကြတယ်။ ဟိုအရင်က ကျွန်တော်ရေးခဲ့တဲ့ ကဗျာ လေ့လာရေး၊ ဝေဖန်ရေး ဆောင်းပါးတွေကို အများ ကြီးကျော်ဖြတ်သွားခဲ့ပြီ။ အခုနောက်ပိုင်းဆိုရင် LP,PLP ကဗျာတွေကို ခြေခြေမြစ်မြစ်ခိုင်ခိုင်မာမာတင်ပြနေတာ ဆရာဇေယျာလင်း။ ကျွန်တော်က ဟိုတုန်းက “တောင်တန်းနက်” ကဗျာအုပ်စုကိုသာမန်ပဲ လျှမ်းလျှမ်းကြည့်ဖူးတယ်။ အခု ဇေယျာလင်း က အသေအချာပြောနေတယ်။ သူတို့ စာတွေဟာ ကျွန်တော့်ရှေ့ကို အများ ကြီးရောက်သွားပြီ။ ဒါ့ ကြောင့် ကျွန်တော်အရေးရပ်ပြီး အခြားဘက်တွေလှည့်နေတာပါပဲ။ နောက်တစ်ချက်က ကိုရဲ့ (သစ္စာနီ)ပြောသလို ကဗျာအကြောင်းရေးတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များ တယ်။ ရေးနိုင်တဲ့ပုဂ္ဂိုလ်တွေ လည်း တော်တော်များ တယ်။ ကဗျာဆရာတွေ ကိုယ်တိုင် (မောင်သင်းခိုင်တို့၊ သစ္စာနီ၊ မောင်ပြည့်မင်း၊ အစရှိသဖြင့်) ရေးနေကြတယ်။ နောက်ရေးတဲ့ ကဗျာဆရာတွေ (ပမာအားဖြင့် အောင်ဘညိုတို့၊ စေတတို့) လည်း အများ ကြီး ပေါ်ထွက်နေတယ်။ ကျွန်တော် မဖတ်မိလို့ ကျန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း အများ ကြီးရှိမှာ သေချာပါတယ်။ ဆိုချင်တာကတော့ “ကဗျာ” ဆရာတွေ ရေးအားကောင်းသလို၊ ကဗျာ အကြောင်းပြောတဲ့ ဆရာတွေလည်း ရေးအားကောင်းကြပါတယ်။ မုဒိတာ ပွားစရာပါ။ ၂။အခု ဆရာ ညီမင်းညိုရဲ့ “ဘဂ္ဂဒက်” ကဗျာစုကို ဖတ်ခွင့်ရပါတယ်။ အမှာ စာရေးခွင့်လည်းရပါတယ်။ ဆရာညီမင်းညိုနဲ့ အခုမှ သိကျွမ်းရတာ ပါ။ ရေးအားကောင်းမယ့်သူတစ်ယောက်ဖြစ်သလို ရေးလက် ကလည်း (ကျွန်တော့်အတွေ့အကြုံအရ) ကောင်းတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့ကဗျာ တွေကိုဖတ်ပြီး နှစ်သက်ကြည်နူးမိပါတယ်။ “ဘတ်စကားအိုအိုထဲ၊ ဘ၀ညိုညိုတွေထွေးလုံးရစ်ပတ်” (အာလူးစားကဗျာ) နေတဲ့အကြောင်းလို အကြောင်းအရာမျိုးတွေ့ရပါတယ်။။ ကျွန်တော်တို့ ထွေးလုံး ရစ်ပတ်နေတာကြာပါပြီ။ ဒီအကြောင်းကို ရေးဖော်ရရင်ကိုပဲ ကျေးဇူးတင်စရာပါ။ “ခေတ်ပြိုင် အာရုံခံစားမှု ” ဆိုတဲ့ စကားရပ်အခေါ် အပြောတော်တော်များများ ပါတယ်။ ဆရာညီမင်းညိုရဲ့ ခေါင်းစဉ် တစ်ခု။
“တကယ်ဆိုရင် ဒီလိုနေရာမှာ ရှင်နဲ့ ကျွန်မ
ဘယ်နည်းနဲ့ မှ တွေ့စရာအကြောင်းမရှိဘူး”

အင်မတန်လှတယ်ထင်ပါတယ်။ ခေတ်ပြိုင်အစစ်ပါပဲ။ ရင်ထဲကို စူးဝင်လာတဲ့ စကားနှစ်ခွန်း။
ပျော်လို့
ဘယ်သူမှ ဒီလုပ်လုပ်နေတာမဟုတ်ဘူး
ကဲ….. အခု ဘာသီချင်းထည့်ပေးရမလဲ
ဒီစကား Utterance တွေဟာ ဘာအလင်္ကာမှမဟုတ်ဘူး၊ စံသွေမှု deviation ဘာမှမပါဘူး။ အထူး တင်စားတဲ့ foregrounding ဘာမှမပါဘူး၊ ကျမ်းရိုးအလင်္ကာကို စွန့်ပစ်လိုက်ပြီ။ ဒါပေမယ့် ရင်ထဲမှာ တော့ လာစိုက်တယ်။ အသက်ရှူရပ်သွားမတတ်နင့်သွားတယ်။
၃။ ညီမင်းညို က တစ်နေရာမှာ မေးခွန်းတွေ ပစ်တင်လိုက်တယ်။
ကဗျာတွေကုန်ပြီလား
ဝင်္က၀ုတ္တိတွေကုန်ပြီလား
ဥပမာတွေကုန်ပြီလား
ကဗျာကုန်ပြီလား
ကဗျာဆရာကုန်ပြီလား
(ကစားမလား နားမလား)
ကျွန်တော်ဖြေကြည့်ပါရစေ။
ကဗျာမကုန်သေးဘူး
. . . ကုန်ပြီ
. . . ကုန်ပြီ
ကဗျာမကုန်သေးဘူး (ဘယ်တော့မှ မကုန်ဘူး)
ကဗျာဆရာမ ကုန်သေးဘူး( ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူး)

၎။ ဒီတစ်ခွန်းလည်း ကြိုက်မိတယ်။ ကျွန်တော့်အကြိုက်ပါ။ အချို့သောပုဂ္ဂိုလ်များ ကြိုက်ချင်မှကြိုက်မယ်။
ကံကြမ္မာကို
ပြုပြင်စီရင်ဖို့ရာ
ကုလားဖန်ထိုးသော
လက်များ
လိမ္မာပါ ။ ။ (ဖဲထုပ်တစ်ထုပ်ထဲမှာ )

ဇော်ဇော်အောင်ု

အောက်တိုဘာ၊ ၂၀၀၉

သစ္စာနီ

သူ နှင့် သူ့ကဗျာ၏ အနာဂါတ်

(၁)
သူနှင့် စတင်သိကျွမ်းခဲ့ကြသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ့ကို ကဗျာဝါ သနာကြီးသော အောင်မြင်သော ကျူရှင်ဆရာတစ်ယောက်(ရွှေအုတ်မြစ်စာပေအမည်ဖြင့်) အမြတ်အ စွန်းကို အလေးမထား၊ စာပေယုံကြည်မှု တစ်ခုနှစ်စာအုပ်ထုတ်ဝေနေသူ တစ်ဦးအနေဖြင့်သာသိခဲ့ သည်။ သူကိုယ်တိုင်လည်း ကဗျာတွေရေးသားနေသည်ဆိုသည့်တိုင်အောင် (အမှန်အတိုင်းဝန်ခံရ လျှင်) သူ့ကလောင်နာမည် “ညီမင်းညို” ကို ဂရုမထားပါသေး။ သူနှင့် သိကျွမ်းပြီးမှသာ မဂ္ဂဇင်းစာမျက်နှာများ ပေါ်တွင် သူ့ကဗျာများ ကို တွေ့လျှင် မှတ်မှတ်ရရ ဖတ်ဖြစ်လာသည်။ သို့သော် ထိုကာလများ က သူကဗျာအရေးကျဲလွန်းသည်။ အိမ်ထောင်ကျစ ဘ၀ကို အခြေခိုင်အောင် ထူထောင် နေရသဖြင့် ကဗျာကို ထိုက်သင့်သလောက် အချိန်ပေးနိုင်ပုံမရဟုသာ ယူဆခဲ့၏ ။ သူ့တိုက်မှ စာအုပ် ကလေးတွေတော့ ခပ်ခြားခြားထွက်လာသည်။ အများ စုက ကဗျာစာအုပ်၊ သူနှင့်တွေ့တိုင်း လက် ဆောင်ပေးသည်။ အကျိုးအမြတ်အတွက် ရည်ရွယ်ထုတ်ဝေနေတာ မဟုတ်တာသေချာသည်။

ဒီနောက်ပိုင်းမှာ တော့ သူ့ကဗျာတွေ၊ တော်တော်စိပ်စိပ် တွေ့လာရ၏ ။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတစ်ဖက်၊ အိမ်ထောင်မှု ကိစ္စက တစ်ဖက်နှင့် သူ့ထံမှ ဒီလောက် ကဗျာတွေ ထွက်ပေါ်လာတာကိုပင် အံ့သြရမည်။ ပို၍ အံ့သြရသည်က သူ့ကဗျာတစ်ချို့သည် (ကျွန် တော့်အတွက်ပင်) ဖတ်ပြီးလျှင် မေ့ပစ်၍ မလွယ်သော ကဗျာတွေဖြစ်နေသော အချက်ဖြစ်၏ ။ (ဥပမာ - ခေတ်၊ ပွဲမပြီးမီးမသေ ကဗျာတစ်ပုဒ်၊ ဘဂ္ဂဒက်ဆိုတဲ့ ကဗျာမျိုးတွေ)။ ဒီတော့ သူ့ကဗျာတွေကို တစ်စုတစ်စည်းတည်းဖတ်ကြည့်ချင်စိတ်ပေါ်လာသည်။ သူများ ကဗျာတွေကို စာအုပ်ထုတ်ဝေနေ သောသူ့ကို ကိုယ့်ကဗျာစာအုပ်လည်း ကိုယ်ထုတ်ဖို့ တိုက်တွန်းချင်စိတ်ပေါ်လာသည်။ အခန့်သင့်ဟု ပင်ဆိုရမည်။ သူက ကဗျာစာအုပ်ထုတ်တော့မည်ဟု ပြော၏ ။ ပြီးတော့ အမှာ စာလည်းရေးပေးပါဟု ဆိုလေသည်။

(၂)
ကျွန်တော့်လက်ထဲ သူ့ကဗျာစာအုပ် ရုံးတင်မူကြမ်းကော်ပီတစ်ခုရောက်လာတာနှင့်ထိုင်ဖတ် မိသည်။ သူလျှောက်လှမ်းလာခဲ့သော ကဗျာသမိုင်းကြောင်းကို ပြန်စောင်းငဲ့ကြည့်ရသကဲ့သို့ ရှိ၏ ။ (ပါရှိသော ကဗျာများ မှ အစောဆုံး ၂၀၀၅ မှ နောက်အကျဆုံး ၂၀၀၉ အထိ။)

သူ၏ ရှေ့ပိုင်းကဗျာအများ စုသည် သူ၏ ကဗျာဝါကြောင့် အနည်းငယ်ပွယောင်းသလို ဖြစ်နေ တာတွေ့ရသည် ကျစ်လျစ်သိုသိပ်မှု ၊ အတတ်ပညာအားနည်းနေသည်။ ထိုအပိုင်းတွင် သူန ပုဂ္ဂလိက ဘ၀ဖွဲ့ကဗျာအတော်များများ ကိုလည်း တွေ့ရသည်။ (ဥပမာ- ရှုမျှော်ခင်း၊ တစ်စစီပြိုင်ပွဲ (၂)၊(၅)၊ အဖေ့ရဲ့ သီချင်း၊ ငါ့ရဲ့ အစ်ကို ကိုထိုက်စသဖြင့်) “ကဗျာဆိုတာ ခံစားချက်ကို ဖွင့်ထုတ်ဖို့ဖြစ်တယ်” ဟု ယုံကြည်နေသော ကာလများ ရှိခဲ့ပုံရသည်။ (စကားစပ်၍ ပြောရလျှင် ကျွန်တော်တို့ဆီတွင် ကိုယ်မိသားစုနှင့် ကိုယ့်ပတ်ဝန်းကျင်အကြောင်း စာဖွဲ့၊ ကဗျာဖွဲ့သူတွေ အတော်များ တာ တွေ့ရ၏ ။ လူတိုင်းလိုလိုပင် ကိုယ်နှင့်ပတ်သက်သော အရာကို အရေးကြီးသည်ဟု ထင်တတ်ကြသည်မှာ ဓမ္မတာ ဖြစ်သည်။ တကယ်တမ်းတွင်မူ တခြားသူများ အတွက် ကိုယ့်အကြောင်းမှာ အရေးပါလှသော အချက် မဟုတ်ချေ။ ထိုလိုစာမျိုးဖတ်ရသောအခါ သူတို့ မိသားစုအကြောင်းသိရတာ ကလွဲ၍ ဘာမှမထူးဘဲ ရှိလေ၏ ။

ညီမင်းညို၏ သူ့အစ်ကိုလတ်နှင့် သမီးကလေးအကြောင်းသိရသည်။ တကယ်ပင် ကြေကွဲဖွယ် ရာဖြစ်သည်။ သို့သော် အစိမ်းထည် သက်သက်ဖြစ်၍ မွမ်းမံမှု အားနည်းနေဟု ထင်မြင်မိသည်။ “ရှု မျှော်ရာလမ်း” (ကဗျာ) တွင်မူ ခံစားမှု ကိုပင် မွမ်းမံတတ်ကာ အနုပညာပိုဆန်လာတာ တွေ့ရသည်။ ၂၀၀၇ နောက်ပိုင်းကဗျာတချို့ ကဗျာဟန်ပေါက်သော လေသံကိုပါ သူဖမ်းဆုပ်လာနိုင်တာ တွေ့ရသည်။ ကျွန်တော့်အား ညီမင်းညိုကို “ကဗျာဆရာဖြစ်လက်မှတ်” ပေးပါဟု ဆိုလာပါက “၂၀၀၈” တွင် ပေးဖြစ်လိမ့်မည်ထင်သည်။ ထိုနှစ်တွင် သူ့ကဗျာများ မှာ “ကဗျာလားမြောက်” လာ သည်။ ခံစားမှု သက်သက်မဟုတ်သော ဆင်ခြင်မှု ကို ကဗျာရေးဖွဲ့ရမည်ဟု သူသည် သိမြင်လာကာ၊ သိမြင်သည့်အတိုင်း ကဗျာရေးဖွဲ့လာခဲ့သည်။ အောက်ပါကဗျာများ မှာ ကျွန်တော့်အကြိုက်အနက်မှ တချို့ဖြစ်ကာ ကဗျာကို သေသေချာချာ ဖတ်ရှုသူတွေလည်း ကြိုက်လိမ့်မည်ဟု အာမခံနိုင်သည်။

ဥပမာ -

(၁) အခိုးအငွေ့များ

(၂) မကျူးလွန်မီမီ လွန်လွန်ကျူးကျူး ဖြစ်မသွားဖို့

(၃) ဦးကျောက်လုံးရဲ့ ရယ်မောသံတွေကြားမှာ

(ကဗျာကောင်းသော်လည်း ဤခေါင်းစဉ်မှာ မဖြစ်သင့်ဟု ထင်ပါသည်)

(၄) ကိုက်လို့ရေးတဲ့ကဗျာ

(၅) တကယ်ဆို ဒီလိုနေရာမှာ ရှင်နဲ့ ကျွန်မ. . .

(တင်ပြပုံ ရဲရင့်ကာ အသက်ပါသည်)

(၆) မိနစ်ကိုးဆယ်ပလပ်စ်နာကျင်အချိန်ပို ဘ၀များ

ညီမင်းညိုကဗျာဆရာဖြစ်ပြီ။ သူသည် ဘာသာစကားကိုပင် ဆော့ကစားဖို့ ကြိုးစားလာသည်။ (အတတ်ပညာပိုင်းကို သဘောပေါက်ပုံဖော်ပြခြင်းဖြစ်သည်။)

ဥပမာ -

(၁) ရာသီစာ ယာယီစာ ယာယီကဗျာ

(၂) ကိရိယာများ

မြန်မာနိုင်ငံတွင် ကဗျာဆရာအမျိုးအစားကို နှစ်မျိုးတွေ့ရသည်။

(၁) ကဗျာရေးခြင်းကလွဲ၍ ဘာမှမလုပ်သော (အသက်မွေးဝမ်းကျောင်းကိစ္စ) ကဗျာဆရာများ ။ ထိုအထဲတွင် အောင်ချိမ့်၊ မောင်ချောနွယ်၊ ရန်မခ၊ ကြည့်ဇော်အေး၊ ပိုင်၊ တိုးနှောင်မိုး. . . စသဖြင့် အတော်များများ ပါဝင်သည်။

(၂) ကဗျာလည်းရေးကာ တခြားအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုနှင့် ရပ်တည်နေသော သူများ ။ ထိုအထဲတွင် (ကျွန်တော်အပါအ၀င်) သုခမိန်လှိုင်၊ ဇေယျာလင်း၊ မောင်ပြည့်မင်း၊ မောင်သိန်း ဇော်၊ ခင်အောင်အေး၊ နရီမင်း၊ ငြိဏ်းဝေ စသဖြင့် ပါဝင်သည်။ နောက်ပိုင်း ကဗျာရေးသူ လူငယ်အ တော်များများ မှာ တခြားအလုပ်မလုပ်သော်လည်း နီးစပ်ရာ မဂ္ဂဇင်း၊ ဂျာနယ်များ တွင် အယ်ဒီတာ၊ ပင် တိုင်ဆောင်းပါးရှင်၊ ဒီဇိုင်းဆရာ၊ စာပြင်ဆရာ စသဖြင့် အလုပ်တစ်ခုခုလုပ်ကာ ရပ်တည်လာကြသည်ကို တွေ့ရသည်။ ဥပမာ - မိုဃ်းဇော်၊ သျှီသူအောင်၊ သစ္စာပိုင်စိုး၊ ညိုသစ်ငယ်၊ တီကျူး၊ စိုးမင်းအောင်၊ ၀ါဆိုကိုဦး၊ ကေမျိုးငြိမ်း စသဖြင့် အတော်များ သည် ။ညီမင်းညိုကား ဒုတိယ လမ်းကို ရွေးခဲ့သူ ဖြစ်သည်။

ကဗျာဆရာဖြစ်ဖို့လျှောက်လှမ်းကြရာတွင် ကိုယ်နှင့်သင့်တော်ရာ သို့မဟုတ်ကံစီမံရာ လမ်း တစ်လမ်း ဖြစ်နိုင်သည်။ ဘယ်လမ်းက လမ်းမှန်ဟု မဆုံးဖြတ်လိုပါ။ ကြောင်သေတာသာလိုရင်းဖြစ်ရာ ကိုယ်လိုရာပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်လျှင် တော်လှပြီဟု ဆိုရပေမည်။

ကဗျာဆရာဆိုလျှင် ဆံပင်ရှည်ရမည်။ အရက်သောက်ရမည်ဟု လည်းကောင်း၊ ရေမွှေးဆွတ် ရမည်။ သက်သက်လွတ်စားရမည်ဟု လည်းကောင်း၊ ပုံသေကားချ သတ်မှတ်ချက်ဟူ၍ ယခင်ကလည်း မရှိခဲ့ပါ။ ယနေ့အိုင်တီခေတ်၊ ဂလိုဘယ်လ်ခေတ်တွင်မူ ပို၍ ဝေးသည်ဟု ပြောရပါ မည်။ ဘယ်လိုနေနေ ဘယ်လိုသေသေ ကဗျာများ ယူဆနိုင်လောက်သည့် ကဗျာတစ်ပုဒ်လောက်မှ မရေးနိုင်သူကို ကျွန်တော့်အနေဖြင့် “ကဗျာဆရာ” ဟု ယူဆလက်ခံနိုင်မည်မဟုတ်ပါ။

သူသာ ဇွဲ၊ လုံ့လမလျှော့ဘူးဆိုလျှင် ညီမင်းညိုအတွက် ကဗျာအနာဂါတ်သည်. . .

သစ္စာနီ

စက်တင်ဘာ၊ ၂၀၀၉

ရန်မခ

ကဗျာစာအုပ်တစ်အုပ်ကို ဖတ်ကြည့်ခြင်း

လူငယ်တစ်ယောက်ရဲ့ ကဗျာစာအုပ်အတွက် ကျွန်တော့်အမှာ က ဘယ်လောက်လိုအပ်လို့လဲ။

ကျွန်တော်တို့ဟာ သတင်းစာတွေ၊ ဂျာနယ်တွေချည်းပဲ ဖတ်မနေဘဲ ကျွန်တော်တို့ဟာ ဘိလိ ယက်ခုံတွေ ဂိမ်းဆိုင်တွေ သွာမနေဘဲ။ ကျွန်တော်တို့ဟာ လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ချည်းပဲ ထိုင်မနေဘဲ၊ ကျွန်တော်တို့ဟာ ရုပ်ရှင်တွေ ဗီဒီယိုတွေ ဘောလုံးပွဲတွေကိုပဲ ကြည့်မနေဘဲ၊ ကျွန်တော်တို့ဟာ ကဗျာစာအုပ်တစ်အုပ်ကို ဖတ်နေမယ်ဆိုရင်. . .

ကဗျာစာအုပ်တစ်အုပ်ကို ဖတ်ချင်တယ်ဆိုရင် . . .

ကျွန်တော်အတန်တန်ငြင်းနေတဲ့ကြားထဲကပဲ သူက ပူဆာလွန်းလို့ ဒီအမှာ ကို ကျွန်တော်ရေး နေရတာ ပါ။ ခပ်ထွေထွေနဲ့ ညတစ်ညမှာ သူ့ကဗျာ (၄၅) ပုဒ် ကျွန်တော့်လက်ထဲရောက်လာပါတယ်။ သူချင်းသိတာ သိပ်မကြာတဲ့ နှစ်များ မှာ ပဲ ကဗျာနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ သူရင်းနှီးခဲ့တာပါ။ သူ့ရဲ့ “ဘဂ္ဂဒက်” လို့ အမည်ပေးထားတဲ့ မဂ္ဂဇင်းကဗျာစုစည်းမှု ကို ဖတ်ကြည့်တော့မှ သူ့ကို ပိုသိမြင် လာမိပေါ့။

“ကဗျာဆရာဟာ ‘လူသာမန်’ ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သာမန်လူတော့ မဟုတ်ဘူးဗျ။ သာမန်လူတစ်ယောက်ဟာ သူ့အတွက် အကျိုးအမြတ်နည်းတဲ့ လုပ်ငန်းတစ်ခုကို ကဗျာဆရာလို နှစ် ပရိစ္ဆေဒ ကြာမြင့်စွာ သည်းခံလုပ်ကိုင်နေမှာ မဟုတ်လို့ပဲ”

ဟုတ်ပ ညီမင်းညိုရေ. . . ။

ညီမင်းညိုရဲ့ ကဗျာတွေ ဖတ်ကြည့်မိတော့ သူရဲ့ လက်ဖက်ရည်ဆိုင်တွေ၊ သူ့ရဲ့ ရှုမျှော်ခင်းတွေ၊ သူ့ရဲ ပြိုကွဲမှု တွေ၊ သူ့ရဲ့ မိဘမေတ္တတွေ၊ သူ့ရဲ့ မိသားစု အရေးအခင်းတွေ၊ သူ့ရဲ မောင်ချောနွယ်ကို အမှတ်ရမှု တွေ၊ သူ့ရဲ့ ဘ၀အလွမ်း ဘ၀အမောတွေ၊ သူ့ရဲ့ လောကဓံတွေ၊ သူ့ရဲ့ ဟာသတွေ၊ သူ့ရဲ့ သံဝေဂတွေ၊ သူ့ရဲ့ မျှော်လင့်ချက်တွေ… အဲဒီ နောက် သူရဲ့ ဘဂ္ဂဒက်။

ခေတ်ပေါ်ကဗျာတွေဟာ ခေတ်တွေထဲမှာ ပဲ မွေးဖွားရှင်သန်ကြီးပြင်းခဲ့ပြီကော. . .

ဘတ်စ်ကားအို၊ အနှေးယာဉ်ဆရာ၊ ကာရာအိုကေဆိုင် မှ ဘဂ္ဂဒက်အထိ၊ သေခြင်းတရားအထိ၊ လူသးခြင်း စာနာထောက်ထားမှု အထိ၊ ငြိမ်းချမ်းရေးအထိ. . . .ကဗျာဆရာဟာ သူ့အာရုံတွေကို ဆွဲ ဆန့်နိုင်ခဲ့တယ်လို့ပဲ ကျွန်တော်ခံစားပါရတယ်။

ကဗျာရေးသူ အချင်းချင်း သူ့ကဗျာတွေဟာ အားရသည်လည်းရှိ၊ အားမရသည်လည်း ရှိ ဆိုပေမယ့် ၂၀၀၀ ခုနှစ်နောက်ပိုင်းကဗျာရေးသူ များ စွာ ထဲမှာ ညီမင်းညိုရဲ့ ကြိုးပမ်းအားထုတ်မှု ဟာ ကဗျာဖတ်သူတွေကို ကျေနပ်မှု တစ်စုံတစ်ရာတော့ ပေးစွမ်း နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်။

ကဗျာစာအုပ်တစ်အုပ်ကို ဖတ်ရတာ စီးကရက်တစ်ဗူးသောက်ရလို ကျန်းမာရေးကို မထိခိုင်ပါ ဘူး။ ဘောလုံးပွဲတစ်ပွဲကြည့်ရသလောက် အိပ်ရေးမပျက်ပါဘူး။

လူငယ်တစ်ယောက်ရဲ့ ကဗျာစာအုပ်အတွက် ကျွန်တော့်အမှာ က ဘယ်လောက်လိုအပ်လို့လဲ။

ရန်မခ

၁၅.၁၁.၂၀၀၉

အားလူးစားကဗျာ

ဘတ်စ်ကားအိုအိုထဲ
ဘ၀ညိုညိုတွေ လုံးထွေးရစ်ပတ်
အဲဒီ မှာ
ညစ်ထပ်ထပ် အတွေးနဲ့ လူတချို့
မျက်နှာမသစ်ဘဲ လိပ်ပြာတွေ သန့်ကြလို့။ ။

ရုပ်ရှင်အမြုတေ ၊ ၂၀၀၅ ၊ သြဂုတ်

ရုပ်ရှင်

(၁)
ဇာတ်လမ်းအရ
“သူဌေးခန်း” ကို ရိုက်ရတယ်
ရှပ်အင်္ကျီ စွပ်တယ်
ဘောင်းဘီ ၀တ်တယ်
ခါးပတ် ပတ်တယ်
လည်စည်း တပ်တယ်
ကုတ်အင်္ကျီ ထပ်တယ်
“ပြောစရာရှိတဲ့ စကားတွေ ပြောတယ်”
“ပြောစရာရှိတဲ့ စကားတွေ ပြောတယ်”
“ပြောစရာရှိတဲ့ စကားတွေ ပြောတယ်”
“ကတ်” ဆိုတဲ့ အသံကို နားထောင်တယ်
အားလုံးပြီးတော့ ဒါရိုက်တာက
“သိပ်ကောင်းတယ်” တဲ့
ဒါပေမယ့်
အကြိမ်ကြိမ် ပြန်ရိုက်နေရတယ် ။

(၂)
အလာတုန်းက အတိုင်း
စွပ်ကျယ် လက်စကနဲ့
ပုဆိုးတစ်ပတ်နွမ်းကို ပြန်လဲတယ်
ထိပ်လန်နေတဲ့ ဖိနပ်နဲ့
လျှာကျိုးနေတဲ့ ဦးထုပ်ကို ကောက်စွပ်တယ်
“ကိုယ်သာအရှင်သခင်” ဆိုတဲ့စိတ်နဲ့
ကွမ်းတစ်ယာထုတ်ဝါးတယ်
“ရှူတင်မန်နေဂျာကို စောင့်တယ်”
“ရှူတင်မန်နေဂျာကို စောင့်တယ်”
“ရှူတင်မန်နေဂျာကို စောင့်တယ်”
နေ့စားခယူတယ်
အဲဒီ မှာ
စကားတစ်ခွန်းမှ ပြောစရာမလိုတဲ့
“ဆင်းရဲသားခန်း” ကိုစရိုက်တယ်
မယုံနိုင်စရာ တစ်ကြိမ်တည်းနဲ့ ပြီးသွားတယ်။

သရဖူ ၊ ၂၀၀၅ ၊ သြဂုတ်

လက်ဖက်ရည်ဆိုင် - ၁

တစ်ဘသစာ တတ်နိုင်မှု က
လမ်းဘေး ခွေးခြေပု လက်ဖက်ရည်ဆိုင်
တစ်ထိုင်စာသာသာပဲ။
အဲဒီ တစ်ထိုင်စာလေးကိုပဲ
တစ်နေကုန် ငါတို့မှာ
မက်မောခြင်းကြီးစွာ ။
ငါတို့ လက်ဖက်ရည်ဆိုင်ထိုင်တာဟာ
ငါတို့ဘ၀တွေ ထိုင်နေတာပဲ။
အဲဒီ လို လက်ဖက်ရည်ဆိုင် ထိုင်ရင်းနဲ့
တစ်ယောက်ဘ၀ကို တစ်ယောက်က
လက်တစ်ကမ်း အကွာကနေ
ခူးဆွတ်ပေးနိုင်တယ်
တစ်ယောက်ဒုက္ခကို တစ်ယောက်က
မျက်နှာချင်းဆိုင်
ကူးစက်ခံစားပေးနိုင်တယ်။
ဒါနဲ့ ပဲ
သူ့ဘ၀ကို မီးညှိပြီး ငါရှိုက်ဖွာ
ငါ့ဘ၀ကို မီးညှိပြီး သူရှိုက်ဖွာ
သောက
မီးခိုးတွေသာ တလူလူ လွင့်လို့။
ဒီလိုနဲ့
အချိန်တန် အိမ်ပြန်ကြဖို့
ခွဲခွါခါနီး
တစ်ယောက်ကိုတစ်ယောက်
ကြည့်တဲ့အကြည့်မှာ
ရင်ကိုထိတဲ့
အသိကိုယ်စီနဲ့ ။      ။

နွယ်နီ ၊ ၂၀၀၇ ၊ ဇန်န၀ါရီ

လက်ဖက်ရည်ဆိုင် - ၂

လက်ဖက်ရည် တစ်ခွက် မှာ တော့
လက်ဖက်ရည် တစ်ခွက် ရတယ်။
စီးကရက် တစ်ပွဲ မှာ တော့
ဘူးရှည်လေးထဲ စီးကရက် လေးလိပ်ပါတယ်
ပထမဆုံး တစ်လိပ်ကို ရွေးပြီး သောက်တယ်
လူဆိုတာ ရွေးချယ်ခွင့်ရှိတဲ့ သတ္တ၀ါပဲ။
ပြောလက်စ
စကားမျှင်တွေက မပြတ်တော့
ရေနွေးငှဲ့တယ်
စီးကရက် တစ်လိပ် မီးထပ်ညှိတယ်
စဉ်းစားပြီးပြောတယ်
ပြောပြီး ပြန်စဉ်းစားတယ်
ရေနွေးငှဲ့တယ်
စီးကရက်တစ်လိပ်မီးထပ်ညှိတယ်
သူပြောနေတာတွေကို
စဉ်းစားပြီး နားထောင်တယ်
နားထောင်ရင်းနဲ့ လည်း စဉ်းစားတယ်။
ခံတွင်းချဉ်လာလို့
စီးကရက်ဘူးကို လက်လှမ်းလိုက်တော့
တစ်လိပ်ပဲ ကျန်တော့တယ်
ရွေးစရာ မရှိတော့လည်း
ရှိနေတာကိုပဲ မီးဆက်ကူးရတော့တာပဲ။
လူ့ဘ၀ဆိုတာလည်း ရွေးချယ်မှု တွေရဲ့ အဆုံးသတ်မှာ
ဘာမှမကျန်တော့တဲ့အခါ
ရတာ
ယူလိုက်ရသလိုမျိုး။          ။

စံပယ်ဖြူ ၊ ၂၀၀၇ ၊ ဧပြီ

လက်ဖက်ရည်ဆိုင် - ၃

အရေးကြီးတဲ့စကားပြောဖို့လား
ပြောနေတဲ့စကားကပဲ
ချက်ချင်းလက်ငင်း အရေးကြီးသွားတာလား
ဘာပဲဖြစ်ဖြစ်
ငါတို့ပြောဖို့ လာခဲ့ကြတယ်။
ညို့နေတဲ့ စိတ်တွေ
အုံခဲနေတဲ့ အဆင်မပြေမှု တွေ
တစစ်စစ်ကိုက်ခဲနေတဲ့ ဒဏ်ရာအနာတရတွေ
နံပြားဖိုထဲက မီးကျီးရဲရဲမှာ
အင်အားရှိသလောက် ထည့်ဝင်လောင်ကျွမ်းလိုက်ကြ။
အပေါ်ကိမြင့်တတ်ဖို့
မြေကြီးထဲလည်း စိုက်ဝင်တတ်ရဦးမယ်
ပြဿနာတွေကတော့
ဖြတ်သွားဖြတ်လာ ပုံမှန်အနေအထားအတိုင်း။
လက်ရှိ
ဘ၀. . . က
ဆတ္တာသည်ထံ ပုံအပ်ထားရသလို
ရှေ့နောက်တောင်မြောက်ဝဲယာ
အလွယ်တကူ
ဘယ်ကိုမှ ဆက်သွယ်လို့မရချိန်။      ။

Enperor ၊ ၂၀၀၆ ၊ မတ်



ဝန်ဇင်းချစ်သူများ ညီမင်းညို ၏ “ ဘဂ္ဂဒက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စုခရတ္တိ

စာပေဟောပြောပွဲ မိုးခြိမ်းသံများနှင့် ၂၀၁၅ ကစားစရာ

ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး