Cover

စာပေဟောပြောပွဲ

“ ကဗျာအရသာဆိုတာ ဘာလဲ
စာပေရဲ့ အရာသာဆိုတာ ဘာလဲ
ဝတ္ထုဆိုတာ ဒါမျိုး စာနာသံပါရတယ်
ဒါမျိုး ငိုသံကြားရတယ်
ဒါမျိုး ကြည်နူးပီတိ ကူးစက်ခံစားရတယ် ဆိုပြီး
တဖွဲ့ တနွဲ့ တယုတယ တလေးတစား
ပြောခဲ့ကြတဲ့ အသံတွေကြားမှာ
လူထုပရိသတ်ရဲ့ အာရုံတွေက …”

ကနေ့ညကား စာရေးဆရာမ လေကြီးပိန်တို့၏ အနှီ သန်လျင် ရွှေမြို့တော်ကြီးတွင် တစ်သက်တစ်ကိုယ် မကြုံစဖူး ထူးထူးကဲကဲ ပြူးပြူး ပြဲပြဲ ပြုလုပ်ကျင်းပမည်ဖြစ်သော ပြာသိုလပြည့်ညအမေနေ့ ဂုဏ်ပြုပူဇာ သဘင် စာပေဟောပြောပွဲကြီး ခြိမ့်ခြိမ့်သဲသဲ အုန်းအုန်းခဲခဲ ကျင်းပမည့်ည ပေတည်း။

စာပေဟောပြောပွဲ ကျင်းပမည့်နေရာကား သန်လျင်မြို့ကြီး၏ အချက်အချာ အလယ်ဗဟိုနေရာကြီး ဖြစ်ပေထသော မြို့မဈေးကြီးအနီးရှိ မြဟံသာ ရုပ်ရှင်ရုံကြီးတွင် ဖြစ်ချေသည် တမုံ့။

မြဟံသာ ရုပ်ရှင်ရုံကြီးကား မိုးလုံ လေလုံ အဆင့်မြင့်မြင့် အခင်းအကာ အထိုင် နေရာများ ရှိပြီး အသံ မလုံ ဖြစ်ရကား စာပေဟောပြောပွဲ အတွက် အထူးသင့်လျော်သော နေရာလည်း ဖြစ်ချေသေး။

ကား၊ ရထား၊ စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက္ကား၊ မြင်းလှည်း၊ ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင်ပရာဒိုများ နှင့်လည်း အလွယ်တကူ လာနိုင်သော နေရာဖြစ်ရကား လူများ အမှန်တကယ် မလွဲမသွေများ ရချေမည်ဟု လေကြီးပိန်တို့လို စီစဉ်သူ မြို့ခံ စာရေးဆရာ၊ စာရေးဆရာမ အပေါ အချောင် တစ်သိုက်က မှတ်ထင်ယူဆထားကြလေရာ …။

ထို့ပြင် စာပေဟောပြောပွဲ၌ ပါဝင်ဟောပြောကြမည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြည့်သခင်၊ တပ်ပေါင်းစု ပါတီ ခေါင်းဆောင် ဦးပွကြီး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ခေတ်ဦးပါတီမှ အတွင်းရေးမှူး ဒေါ်ချက်ချက်ချာ၊ ပြီးတော့ ဒီလိုလူတွေနှင့် တွဲ ဖက် ပြောရလျှင် သူပါ ရောယောင်ပေါသောင်ပြီး နာမည်အကြီးကြီး ဖြစ်သွားမည်ဟု ယုံကြည်ရှုးနှမ်းနေသူ မြို့ခံ စာရေးဆရာအဖွဲ့သို့ ဘယ်လိုပုံ ဘယ်လိုပန်းဖြင့် ရောက်ရှိလာသည် မသိသော စာတစ်လုံးမှ မရေး၊ ဝတ္ထုတို တစ်ကြောင်းမှ မဖွဲ့တတ်သည့် စာရေးဆရာ အသင်းဥက္ကဋ္ဌကြီး ဦးသောက်ရမ်းတို့၏ ကိုယ်လုံးပြည့်ဓါတ်ပုံများ ကို ပေတစ်ရာ ပတ်လည်တိတိ ဝေါရှိရိုက်ပြီး ဓာတ်ပုံ၏ အောက်ဘက်တွင်လည်း ဟောပြောမည့် စာရေးဆရာများ ၏ ကိုယ်မရေး သူများ ရေး အတ္ထုပ္ပတ္ထိအကျယ်ကို ဖော်ပြကာ သန်လျင်တံတားအဆင်း မီးပွိုင့်၌ ကြော်ငြာဘုတ် ထောင်ထားပြီးဖြစ်ရာ အိမ်း … မြင်ယောင်ချေသေးရဲ့ … မြင်ယောင်ချေသေးရဲ့ ။ လာရောက်နားထောင်ကြမည့် ပရိသတ်များ ခမျာ ပုဆိုးကျွတ်၊ ဖိနပ်ကျွတ် တိုးကြ ဝှေ့ကြရချေတော့မည် တမုံ့။

‘ဟလို … တစ်စတီ … ဝမ်း … တူး … သရီး …’

‘ဟလို … ဟလို…’

‘တစ်စတီ … တစ်စတီ… ဝမ်း …ဝမ်း …’

‘တစ်စတီ … ဝမ်း …တူး … ဝမ်း …တူး…’

‘ဝမ်း တူး သရီး … ဝမ်း တူး သရီ … ဝမ်း တူး သရီး … ဟလို … ဟလို …တစ်စတီ .. တစ်စတီ …’

မိုက်ကရို ဖုန်းခွက်ကိုင်ကာ ဟလို တစ်စတီ ဝမ်း တူး သရီး လုပ်နေသည့် စာပေ အတွင်းရေးမှူးဆိုသူ ဆရာကို ဂေါက်ချောင်ကလည်း အထက်ပါအတိုင်း ထက်ထက်သန်သန် တက်တက်ကြွကြွ။

‘အဟမ်း … အဟမ်း… မြို့မိ မြို့ဖ … ရပ်မိ ရပ်ဖ … လူကြီးမင်းများ ခင်ဗျာ၊ များ မကြာမြင့်မီ ညချမ်း … အဟမ်း … အဟမ်း … မင်္ဂလာရှိသော ညချမ်းအချိန်အခါ ကာလလေးမှာ ကျွန်တော်တို့ သန်လျင် ရွှေမြို့တော်ကြီးရဲ့ အကြိမ် (၄၀) မြောက် စာပေဟောပြောပွဲ သဘင်ကို စတင်၍ ဆင်ယင်ကျင်းပတော့မည် ဖြစ်ပါသောကြောင့် နေရာမရ မရှိရလေအောင်၊ ချွေးတစိုစို သွေးတယိုယိုမရှိရလေအောင် မြို့မိ မြို့ဖ လူကြီးမင်းတို့ အနေဖြင့် စောစောစီးစီး ကြွရောက်နေရာယူပေးကြပါရန်မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ခင်ဗျား’

‘ဟလို … တစ်စတီ … ဝမ်း တူး ဟလို … ဟလို’

‘တစ်စတီ… တစ်စတီ’

‘မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ခင်ဗျား … ဟုတ်ကဲ့ .. ကနေ့ည … ကျွန်တော်တို့ရဲ့ မင်္ဂလာရှိသော သန်လျင် ရွှေမြို့တော်ကြီးမှာ လာရောက် ဟောပြောပို့ချပေးကြမင့် နိုင်ငံကျော် စာရေးဆရာကြီးများ ကတော့’

ရာသီဥတုကား ကြည်ကြည်လင်လင် သာသာယာယာပင် ဖြစ်သည်။ လေကြီးပိန်တို့မြို့ခံတစ်သိုက်မှာ ပျာယာခတ်နေကြရရှာ၏ ။ ဟောပြောပွဲပြီးလျှင် ဧည့်ခံကျွေးမွေးဖို့ အရေးကိစ္စ။ စာရေးကိစ္စက ဒီလောက် ရတက်မအေးစရာ မရှိ။ သောက်ရေးကိစ္စကိုကား ရေးကြီးခွင်ကျယ် လုပ်ကာတိုင်ပင် ညှိနှိုင်းရပြန်ချေ၏ ။

‘အိမ်ဖြူတော်လား၊ မြမြင့်မိုရ်လား၊ ဟို စပွန်ဆာ အမြဲပေးနေတဲ့ နေလ ဦးမြင့်ဦးက တမလွန်ခရီး ရွှေထီးဆောင်းလို့ ကြွသွားပြီဆိုတော့ကာ … ဆိုတော့ကာ …’

အသို့ … ခေါင်းခဲ ခေါင်းကိုက်ကြရပြန်၏ ။

‘လက်ဆောင်ထုပ်တွေကော…’

‘ဟာ … ပိုက်ဆံပဲထည့် … ပိုက်ဆံပဲထည့် … အခြား အထုပ်ကြီး အထုပ်ငယ်တွေက လူမြင်ပြီး မထိရောက်ဘူး’

‘ဘယ်လောက်စီ ထည့်ရမှာ လဲ’ မျှော်လင့်ထားသလို မဖြစ်သည့်အပြင် အရှက်တကွဲပင် ဖြစ်ရချေသေးပြီတမုံ့။ တောင်မြောက်လေးပါး ခေါင်းဆိုင်စဉ်းစားသော်လည်း အဖြေမထွက်။ အားလုံးပြီးဆုံး၍ ဟောပြောပွဲကြီး သိမ်းလေသော် … ဧည့်သည် စာဟောသမားများ နှင့် မြို့ခံ စာယောင်ယောင်သမားများ စုစည်းပူးပေါင်းကာ လိုရာချီတက်ကြကာ ကျန်ရစ်သူ နောက်ပေါက် စာတို ပေစသမား ကလေးများ က လိုက်ကာသိမ်း၊ ဖုန်ခါ၊ ကုလားထိုင်စီ၊ တံမြက်စည်း လှည်းပြီးသော် … ညဥ့်တစ်နာရီတိတိ။ ရုံအပြင်ကို လေကြီးပိန်တို့တစ်သိုက် ထွက်လာချိန်မှာ တော့ မြို့ကား မြို့နှင့်မတူစွာ ဟူးဟူးဟဲဟဲ … ဟောက်သံပင် မကြားရလောက်အောင် တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်အေးခဲ …။

‘တချို့ စာရေးဆရာတွေက တစ်ပွဲ (၁) သိန်း ယူဆို … ဖြစ်ပါ့မလား’

‘ဟာ … အဲ့ဒီ စာရေးဆရာ … ကိုကြွက် (နွားသတ်ကုန်း) ကို ဖိတ်မထားပါဘူး … စိတ်သာချ .. အခုလူတွေက ဟောရရင် ပြီးရော … ငထောတွေ … ထည့်ချင်သလောက်သာထည့်..’

‘ပွဲ … စလိုက်ရတော့မလား … ဟောမယ့်လူတွေက ရောက်နေပြီ …’

‘ဟ … လူတွေ တစ်ယောက်မှလည်း မလာသေးပါ့လား’

‘ခင်ဗျားတို့ … လှည့်ပြီး ကြော်ငြာတုန်းက တစ်လမ်းဝင် တစ်လမ်းထွက် မကြော်ငြာခဲ့ဘူးလားဗျာ’

‘အေးဗျာ … ဘယ်လိုများ ဖြစ်ရပါလိမ့်’

‘စောသေးလို့ ဖြစ်ပါလိမ့်မယ် … ဒီအချိန်က အခုမှ အလုပ်ပြန်ချိန် မဟုတ်လား၊ ပြီးတော့ ချက်ပြုတ်စားသောက်ကြတုန်းဆိုတော့ကာ … ဆိုတော့ကာ …’

‘ဒါပေမင့် စတာက … စရမှာ ပဲဗျို့ ရှစ်နာရီခွဲပြီးနေပြီ … မတတ်နိုင်ဘူးဗျာ၊ ကိုပြည့် သခင်ကို အရင်ဟောခိုင်း … သူ့အသံကြားနေရင် မနေဘူးဗျ၊ အကုန် တရုန်းရုန်း ဖြစ်လာကြမှာ …၊ကြည့်နေ…၊ ရုံပေါက်ဝကိုသာ ရှင်းထားပါလေ …’

သည်လိုနှင့် စာပေဟောပြောပွဲကြီးကား စတင်ပါလေပြီ။ တကယ့် စူပါစတားကြီး ကိုပြည့်သခင်ပဲ။ ဟောလိုက် … ပြောလိုက်တာ ။ အသံကလည်း အသံကောင်း …၊ အာဝဇ္ဇန်းကလည်းကောင်း …၊ ကဗျာတို ကဗျာစလေးတွေကိုလည်း အသံနေ အသံထား မှန်မှန်နဲ့ ရွတ်တယ် …၊ ဘယ်..အပွဲပွဲနွှဲလာတဲ့ ဟောပြောရေးသမားပဲ ဘယ်ခေလိမ့်မတုန်း … မိုက်ကလည်း အသံက ဝက်ဝက်ကွဲဟိန်းထနေတာ…။

ကိုပြည့်သခင်ကား အားရပါးရ ပြောရှာပါ၏ ။ တံတွေးများ … တောင်စဉ် .. မြောက်စဉ်အောင်ပင် ပြောရှာပါ၏ ။ အနှီ သန်လျင်ရွှေမြို့တော်သူ ရွှေမြို့တော်သားများ ကား ဆွံ့အနားမကြားသူများ ပင် ဖြစ်ချေဘိ၏ တကား … တစ်ယောက်တလေ … တစ်မြီးတစ်ကောင်မှ ပေါ်ရေးချ ပေါ်တော်မမူလာ…။ ဘယ်နှာ့ဖြစ်ပါလိမ့်။ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းဆီက စာပေဟောပြောပွဲဆိုလျှင် သန်လျင်ဟေ့ဆိုလျှင် ပြိုင်ဘက်မရှိ ဝက်ဝက်ကွဲ။

ထို့နောက် မြို့ခံ ဥက္ကဌ ဦးသောက်ရမ်းက မိုက်ကိုင်ပြီး သူ တက်ပြောမည်။ သူ့အလှည့်တွင် လူ လာကို လာစေရမည်။ ရုံခါထားဟု ပင် လေကြွားထားရှာလျက်။ ၎င်း ကား လည်ချောင်းကွဲမတက် … လျှာကျိုး မတတ်၊ အာခေါင်ပွင့် မတက်၊ လိပ်ခေါင်းထွက် မတက် ကုန်းအော် … ကွအော်..မော့်အော် … အောက်အော် ခေါ်ရှာ ပြောရှာပါ၏ ။

၎င်းသူသည်ကား စာရေးဆရာ မဟုတ်သဖြင့်ရကား ၎င်း၏ လုပ်ငန်း ကိုင်ငန်း အကြောင်း၊ ဆွေတော် မျိုးတော်များ အကြောင်း၊ အိမ်သူ သက်ထား ဇနီးမယားများ အကြောင်း ဖွယ်ဖွယ်ရာရာ ပျူပျူငှာငှာ ပုံကြီးချဲ့ကာ ပြောရှာပါ၏ ။ ရှိရင်းစွဲ သူ့အသိ ငါ့အသိ တစ်ယောက်တလေမှာ မကောင်းတတ်၍ ထိုင်နေရငြား အိပ်ရေးပျက် သမ်းဝေလာပြီးလျှင် … မသိမသာ နောက်ဆုတ် … နောက်ဆုတ် နှင့် ကသုတ်ကရက် ပြန်သွားကြပြန်၏ ။

သို့နှင့် … တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ပြောပါ၏ ။ ညဥ့်နက်လာလေ …ရုံမှာ ထိုင်ခုံချည်းသက်သက်ဖြင့် ပြည့်နှက် လာလေ ဖြစ်လာပေသည်။ အားရဖွယ်ကောင်းဘိကောင်း။စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် အလှူငွေ … အကူငွေ … ရက်ရက်ရောရော ထည့်ဝင်ထားကြရှာသူများ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တဝါးဝါး သမ်းဝေကြချေ၏ ။

ယခင်က ညကြီးသန်းခေါင် ဦးထုပ်လေးတွေ ကိုယ်စီဆောင်းပြီး ဇွဲနပဲကြီးစွာ ရပ်စောင့်နားထောင်ကာ လက်ခုပ်တဖြောင်းဖြောင်းတီးရင်း အားပါးတရ နားဆင်ပေးခဲ့သော လူထု ပရိသတ်ကြီးကား အဘယ်သို့ ကွယ်ပျောက်သွားကုန်ဘိသနည်း။ ထိုစဉ်က … ဆရာ အောင်သင်းတို့၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာမ နုနုရည် (အင်းဝ) တို့။

ထိုစဉ်က စာပေ ဗဟုသုတနှင့် လူမှု ရေး စာနာ ထောက်ညှာ သံမှာ ဘဝထဲက လာသည့်အသံ၊ လူငယ်တို့ကို မြေတောင်မြှောက် အားပေးသံမှာ တကယ့်ကို မျှော်လင့်ချက် စစ်စစ်တို့ဖြင့် တွဲ ခေါ်သည့် အသံများ အကြား လက်ခုပ်သံများ က နားကွဲ နားလျှံမတတ်။ ထို့ပြင် ကဗျာအရသာဆိုတာ ဘာလဲ စာပေရဲ့ အရသာဆိုတာ ဘာလဲ ဝတ္ထုဆိုတာ ဒါမျိုး စာနာသံပါရတယ် ဒါမျိုး ငိုသံကြားရတယ် ဒါမျိုး ကြည်နှုးပီတိ ကူးစက်ခံစားရတယ် ဆိုပြီး တဖွဲ့တနွဲ့ တယုတယ တလေးတစားပြောခဲ့ကြတဲ့ အသံတွေကြားမှာ လူထု ပရိသတ်ရဲ့ အာရုံတွေက အတူ လိုက်ပါစီးမျောခဲ့။

အခုဖြင့် သန်လျင် ရွှေမြို့တော်သူ ရွှေမြို့တော်သားများ ဘယ်အချိန်ကတည်းက စာပေဟောပြောပွဲ စင်မြင့်ကို ဥပေက္ခာပြု ကျောခိုင်းကာ ထွက်ခွာသွားခဲ့ကြပါလိမ့်။ လေကြီးပိန်တို့ မြို့ခံတစ်သိုက်မှာ ဘာကိုမှ နားမလည်နိုင်အောင် ဖြစ်လျက်က သက်ပြင်းတချချ။ လည် တဆန့်ဆန့်။

သို့တိုင် ညဥ့်ကား ရင့်သထက် ရင့်ခဲ့ပြီ။

ကြည်မွေ့အိမ်

အိုဗာတိုင်

“ ရုံးရောက်ရင် လုပ်စရာတွေက
ဟိုဟာဒီဟာ တန်းစီနေတာ …။
နဂါးမောက်သီး လှီးရမယ်။
လိမ္မော်သီး ခွာရမယ်။
လက်ဖက်ပွဲ ပြင်ရမယ်။
ငါးခြောက်ဖုတ် ဆီဆမ်းကို ဖွပြီး မွမွ ရွရွလေး၊
ရွှေအနားကွပ်ထားတဲ့ ကြွေရည်သုတ် ပန်းကန်ပြားထဲ
ထည့်ရဦးမယ်။ ပြီးတော့ …
ခြေသုတ်ဝတ်အနီရောင် ရှာဝယ်ရဦးမယ်။
ရေသန့်ဘူးက ဘယ်တံဆိပ်ပါလိမ့်။
အရေးထဲ မေ့နေပြန်ပြီ။
အဲဒီ တံဆိပ် မဟုတ်ရင်
ဝန်ကြီးက ရေသောက်တော်မမူဘူးတဲ့။ ”

လှသည် တစ်မနက်ခင်းလုံး ပျာယာခတ်လျက် ရှိလေ၏ ။ အခါတိုင်း ရုံးဖွင့်ရက် အိပ်ရာထချိန်ထက် အလွန် စောစီးစွာ နိုးထနေပါလျက် နှင့် ဘာက ဘယ်လို မပြီးစီးနိုင်မှန်း မသိဘဲ မပြီးနိုင်မစီးနိုင် ဖြစ်နေရခြင်းကိုလည်း လှ ဒေါသထွက်ကာ နေပြန်၏ ။

ကြည့်စမ်း … ဒါက ဘယ်လို နေ့မျိုးမို့လဲ။ ဘယ်လောက်တောင် စောင့်ခဲ့ရတဲ့နေ့မို့လို့လဲ။ စနေ … တနင်္ဂနွေ …၊ စနေ … တနင်္ဂနွေ… ဆိုပြီး ဘယ်နှပတ်ကြီးများ တောင် ‘အိုဗာတိုင်’ ‘အိုဗာတိုင်’ ဆိုပြီး ဆင်းခဲ့ရတဲ့ နေ့မို့လဲ။

ဟင်း … အခုတော့ ဒီလိုနေ့မျိုး အမှန်တကယ် ရောက်လာပါလျက် လှမှာ ခုထက်ထိပြင်လို့ ဆင်လို့ မပြီးစီးနိုင်သေး။ လှလည်း ကိုယ့်ကိုယ်ကိုယ် အတော်ကလေး စိတ်ဆိုး မာန်ဆိုး ဖြစ်နေပြီ။ ဘယ်လိုပဲ အစွမ်းကုန် ပြင်ဆင်ခြယ်သနေပေမင့်လို့ စိတ်တိုင်းကျတယ်ကို မရှိသေး။ လှ၏ အိမ်ရှေ့၊ နောက်ဖေး ဝင်ချည် ထွက်ချည်ဖြင့် ထဘီခတ်သံ တဗျောင်းဗျောင်းကို နားမခံသာ၍ လား၊လှကို မျက်စနောက်လာ၍ လား မသိ။ အမေက မျက်စောင်းကို ခပ်ပြင်းပြင်းထိုးရင်း၊ ဆေးပေါ့လိပ်တိုကို ရဲခနဲနေအောင် ဖွာရင်း မဲ့ကာ ရွဲ့ကာ ပြောလေပြီ။

‘လွန်လှချည့်အေ မိလှ၊ ကြောက်ခမန်းလိလိကို လွန်လှချည့်၊ သူရို့ရုံးကို ကြွချီတော်မူလာမင့် ဝန်ကြီး ဆိုတဲ့ လူက ဘယ်လို လူစားမျိုးမို့လို့ ညည်းတို့မှာ ဒီလိုတွေ ဖြစ်နေရတာ လဲ မိလှရဲ့ ၊မလာသေးခင်တုန်းကလည်း လာတော့မယ် … လာတော့မယ် ဆိုပြီး ဆင်းလိုက်ရတဲ့ စနေ တနင်္ဂနွေရုံးပိတ်ရက် အိုဗာတိုင်၊ မနေ့ကလည်း ရေဟာဇယ် ဆိုလား၊ လိုင်နာချယ်ဆိုလား သွားလုပ်သေးတယ်လေ၊ နေပါဦးအေ့ … အဲဒီ လူကြီးစားမင့် သစ်သီးဗန်းကို ကိုင်ပြီး ဝင်ပို့ရတာ လေးများ ဒီလောက်အထိပြင်ဆင်ခြယ်သနေဖို့ လိုလို့လားအေ့၊ တစ်အိမ်လုံးလည်း ပေါင်ဒါနံတွေနဲ့ နံစော်မွှန်ထွန်နေတာပဲ’

‘ဟာ … ဒီမှာ မပြီးနိုင်လို့ စိတ်ရှုပ်ရတဲ့အထဲ … အမေကလည်း တစ်မျိုး …၊ မသိရင် မသိသလို အေးအေးနေစမ်းပါ အမေရဲ့ ၊ ဘာမှ မသိဘဲ လျှောက်လျှောက်ပြော မနေစမ်းပါနဲ့ ’

‘သွားတော့အေ … ငါ မျက်စိ နောက်လာပြီ၊ တစ်ခုခုနဲ့ ကောက် ပေါက်မိတော့မယ်ဘယ် … တကတဲကို ၊ လူကြီး ရှေ့ရောက်အောင် သစ်သီးဗန်းလေး ဝင်ပို့ရမှာ ကိုများ သူ့ကို ဘုရင်ကတော်ကောက်ရလောက်အောင် လာတယ် ထင်နေလား မသိဘူး … အံ့ပါ့တော် … အံ့ပါ’

လှလည်း အမေ့ကို စိတ်ပေါက်ပေါက်နှင့် မျက်စောင်းတစ်ချက် ပြန်ထိုးလိုက်ပြီး စလင်းဘတ်စ်ကို ပိတ်၊ နှုတ်ခမ်းနီကို ဆေးပြန်ထည့်၊ ပြန်ဖျက်၊ မှန်ရှေ့ခေါင်းဖြီး၊ ပန်းပန် ဆံမြိတ်ချ၊ အင်္ကျီရင်ဘတ်ပေါ်မှာ ရင်ထိုးကို ပြန်ဖြုတ်လိုက်၊ ပြန်တပ်လိုက်၊ လူတစ်ကိုယ်လုံးကို မှန်ထဲ ရှေ့လှည့်ကြည့်လိုက်၊ နောက်လှည့်ကြည့်လိုက်ဖြင့် အခါ လေးဆယ်လောက် လုပ်ပြီးသည့်တိုင် …၊ ဘာကို စိတ်မကျေနပ်သေးမှန်း မသိဘဲ အိမ်ကနေ ကသောကမျော ထွက်လာခဲ့ရတော့သည်။

ဟင်း … စိတ်တိုင်းကို မကျဘူး။

မှတ်တိုင်မှာ ကားစောင့်နေသော်လည်း ကားက တော်တော်နှင့် ပေါ်မလာနိုင်ပြန်။ နောက်ကျနေပါတယ်ဆိုမှ …။ ပြီးလို့ …ရုံးရောက်ရင် လုပ်စရာတွေက ဟိုဟာဒီဟာ တန်းစီနေတာ..။နဂါးမောက်သီး လှီးရမယ်။ လိမ္မော်သီး ခွာရမယ်။ လက်ဖက်ပွဲ ပြင်ရမယ်။ ငါးခြောက်ဖုတ် ဆီဆမ်းကိုဖွပြီး … မွမွ ရွရွလေး၊ ရွှေအနားကွပ်ထားတဲ့ ကြွေရည်သုတ် ပန်းကန်ပြားထဲ ထည့်ရဦးမယ်။ ပြီးတော့..

ခြေသုတ်ဝတ် အနီရောင် ရှာဝယ်ရဦးမယ်။ ရေသန့်ဘူးက ဘယ်တံဆိပ်ပါလိမ့်။ အရေးထဲ မေ့နေပြန်ပြီ။

အဲဒီ တံဆိပ် မဟုတ်ရင် ဝန်ကြီးက ရေသောက်တော်မမူဘူးတဲ့။ ထမင်းစားမှာ လား၊ အချိုပွဲနဲ့တင် ပြီးမှာ လား မသိသေးပေမင့် လိုလိုမည်မည် အကုန်လုံး ပြင်ဆင်ထားတာပဲလေ။

အို… ဟိုအကောင် ငနောင့်ကို အိမ်သာထဲ ထည့်တဲ့ အနံ့ပျောက်ဆေးက နှင်းဆီနံ့ဆိုတာ မှာ လိုက်ဖို့ မေ့သွားပြန်ပြီ။ ငါ့နှယ် …။

ဝန်ကြီးက အနံ့ဆို နှင်းဆီနံ့မှ ကြိုက်တာတဲ့။ ခြေသုတ်ဝတ်တောင် အပြောရောင် ဝယ်လာမိတာ အမှားကြီး မှားတာပဲ။ အနီရောင်မှ ခြေသုတ်တာတဲ့။ သွားပြန်ဝယ်ရဦးမယ်။

ကားကလည်း လာနိုင်ခဲလိုက်တာနော် …။ နောက်ကျတယ်ဆိုရင် ဖြစ်ပြီ။ ဟယ် .မထူးပါဘူး ။ အငြိုအငြင် မခံရအောင် တက္ကစီနဲ့သွား မယ်။ အင်း … ဒီကနေ ငှားရင် ငါ့လုပ်ခ နှစ်ရက်စာလေးပဲဟာ …။ ဘာဖြစ်လဲ ။ ဝန်ကြီးက အခါတစ်သောင်းလောက်မှ တစ်ခါတစ်လေ ကြွလာတာ။ မမဟန်က တက္ကစီဖိုး ပေးမှာ တော့ မဟုတ်ပါဘူး။

လှ… ကားပေါ်ရောက်တော့ ချွေးလေးများ ပင် စို့ပြန်လျက် ရှိပေသည်။ တစ်ရှူးစလေးနှင့် ချွေးစေးများ ကို အသာတို့သုတ်ရင်း ‘ကားဆရာ မြန်မြန်လေး မောင်းပေး’ ဆိုပြီး ဆယ့်ခြောက်ခါလောက် လောလောပျာပျာ ပြောအပြီးမှာ ကားဆရာက စိတ်တိုတောင်းလှတဲ့ လေသံနဲ့ စူဆောင့်ပြီးကားကို ဘရိတ်ဆောင့်အုပ်လို့ ရုံးရှေ့မှာ ရပ်လိုက်လေလျှင် လှပင် ကား ပြတင်းမှန်တံခါးကို ဂျိုင်းကနဲပြန်မပိတ်ရသေးခင် အလျင်စလို ထွက်ခွာသွားလေ၏ ။ လှပေးတဲ့ ကားခကိုတော့ ဒေါကြီးမောကြီး ယူအသွားရှာသား။

‘ဟဲ့ … အလှရယ် …စောစောလေး လာခဲ့ပါဆို …၊ ဘယ်လို ဖြစ်လို့ ဒီလောက်ကြီး နောက်ကျနေရတာ လဲ’

“မပြောချင်တော့ပါဘူး မမအုံးရယ်၊ တက္ကစီနဲ့ လာရတာ သာ ကြည့် …”

‘မပြောချင်မှတော့ မပြောရုံပေါ့အေ့၊ မြန်မြန်သာ လာ၊ လုပ်စရာတွေက အများ ကြီး၊ မမဟန်က ပွက်ပွက်ညံနေပြီ သိရဲ့ လား’

မမအုံး နောက်ကနေ ကသောကမျော အပြေးလိုက်ရပြန်သည်။ ရုံးမှာ လူကြီးတွေအားလုံးကပင် ဝတ်ကောင်းစားလှတို့ဖြင့် စုံညီစွာ ရောက်ရှိ နေကြပြီ။ မန်နေဂျာ မမဟန်ကတော့ အသံတစာစာနှင့် လက်ညှိုးညွှန်နေပေ၏ ။ ဟိုလူ ဒီလူ၊ ဟိုဟာ … ဒီဟာ ဆိုပြီးပေါ့။

‘ဟယ် … ဒီ ကလေးမတွေက တယ် ဗရုတ်သုတ်ခ လုပ်တာပဲ၊ နဂါးမောက်သီးကို အဲ့သလို မလှီးရဘူးဟဲ့ … ဝင်းဝင်းရေ … ဟေ့ … ဝင်းဝင်း ..၊ လာစမ်း … ဒီမှာ ညည်းလူတွေကို လာပြစမ်းပါဦး၊ တစ်လုတ်စာ … ပါးစပ်ပေါက်ထဲ ဝင်သာရုံ ဆနွင်းမကင်းတုံးလေးတွေကို သေးသေး စောင်းစောင်းနဲ့ လေးထောင့်လှီးရတယ်ဆိုမှ’

‘ဝန်ကြီးက အညာသားပေမင့်လို့ ငါးသလောက်ဥ ကြိုက်ရှာတယ်၊ ပါကင်ဝယ်ခိုင်းတာရခဲ့လား၊ ကောဖန်း ပြန်လုပ်လေ’

‘ခြေသုတ်ဝတ် အနီဆိုတာ ပြန်လဲခဲ့ပြီးပလား ဘယ်မှာ လဲ လှလှ၊ လှလှ ရေ …’

‘ဟုတ်ကဲ့ … လာပါပြီ မမဟန်’

‘အဲ့ဒီ ခြေသုတ်ဝတ် အနီရောင်ကို ရအောင် ရှာဝယ်ခဲ့၊ ဂမုန်းပွင့် ကိုသွား၊ အဲ့ဒီမှာ မရရင် ရွိုင်ရယ်မတ်ထဲသွား၊ ဒါမှ မရရင် စိန်ဂေဟာ၊ ဘယ်မှာ မှ ရှာမရရင် တော်ဝင်စင်တာအထိ သွားရှာခဲ့၊ ကြားလား’

‘ခြေထောက်သုတ်တာပဲ မမဟန်ရယ်၊ အပြာလည်း ဘာဖြစ်လဲ၊ ရတာ ပဲကို’

‘ညည်းကို အဲ့သလို ဆင်ခြေများ လို့မို့ ခုထက်ထိ ဒီစာရေးမဘဝကနေ မတက်နိုင်တာ၊ဘာမှ အရိပ်သုံးပါး နားမလည်ဘူး၊ ဝန်ကြီးရဲ့ ဖေးဘရိတ်အရောင်က အနီရောင်၊ နားလည်ရဲ့ လား ၊သွား … တစ်မြို့လုံး ပတ်ရှာပြီး ရအောင်ဝယ်ခဲ့၊ ဒါလေးလောက်မှ အဖြစ်ရှိအောင် မလုပ်နိုင်ဘူး၊ နေရာတကာ ငါ ပါနေရတယ်’

လှ စိတ်ရှုပ်ထွေး နောက်ကျိလာသည်။ တစ်နေရာတည်းမှာ ရရင်တော်ရဲ့ ။ အခန့်မသင့်တော့ ရမလာရင် ဘယ့်နှယ်လုပ်မလဲ။ တော်ကြာ ဝန်ကြီး ကြွချီတော်မူလာတဲ့အထိ ငါက ရုံးပြန်မ ရောက်ရင်…။ ဘုရား … ဘုရား… ။ သေချင်စော်နံတယ်ဟယ်… အဟုတ် …။

‘လက်ဖက်စားဇွန်းက ရွှေဇွန်းနော် … ရွှေဇွန်း …၊ ကျန်တဲ့ ဒုဝန်ကြီးတွေ၊ အမ်ဒီတွေ လည်း ရွှေဇွန်းပဲ၊ ဒါပေမယ့် ဝန်ကြီးစားမယ့် ဇွန်းနဲ့ ပုံစံချင်း ကွဲပစေ’

‘ဟို … သန့်ရှင်းရေးအကောင် သန်းဇော် ဘယ်ရောက်နေတုံး၊ ရေစို အဝတ်နဲ့ လှေကားလက်ရန်းတွေကို ဝန်ကြီး မလာမချင်း အထပ်ထပ် ပြန်သုတ်နေ၊ ရေမွှေးလည်း ဖျန်းထားဦး၊ နှင်းဆီနံ့ပါတဲ့ ရေမွှေးနော်၊ ဟဲ့ … ကြားလား … ငါပြောတာ …’

‘၁ ပိဿာကို ခြောက်သောင်းပေးရတဲ့ ပုစွန်ခြောက်ထုပ် ပါကင်ထုပ်က ဘယ်မှာ လဲ၊ဒရိုင်ဘာလက်ထဲ သွားမအပ်နဲ့ ၊ ဝန်ကြီးရဲ့ ပီအေ လက်ထဲ ပြောပြီး ကားထဲ သေချာထည့်ပေးလိုက်၊ပါကင်ထုပ် ဘူးခွံကို အနီရောင် နှင်းဆီပွင့်ပါတဲ့ စက္ကူးဘူးခွံနဲ့ သေချာထုပ် …’

‘ပန်းသစ်တော်ကို ခက်ရင်းနဲ့ ထိုးလို့ လွယ်ရုံ လုပ်ထား’

‘ကဲ … အစီအစဉ်ချမယ်၊ ကျန်ခဲ့တဲ့ ရက်တွေတုန်းက ဖွဲ့ပေးထားတဲ့ အဖွဲ့ ဘယ်နှဖွဲ့လဲ၊ အကုန်လာ … အကုန်လာ …၊ ဒီမှာ လာစု’

‘တာဝန်ခွဲမယ်တဲ့ဟေ့၊ လုပ်လက်စတွေ ခဏချထားကြတဲ့’

‘ကဲ … ကြူကြူတို့အဖွဲ့က ဝန်ကြီးတေါ ကားပေါ်က ဆင်းတာနဲ့၊ ဟယ်… ဟယ်… မေ့ပြန်ပြီ …ထီးမိုးဖို့ ၊ ယောက်ျားလေး ခုနစ်ယောက် ရှစ်ယောက်ဆို … ဘယ်မှာ လဲ…’

‘ဒီမှာ ပါ … အစ်မ …’

‘လာခဲ့ချည်…၊ ဝန်ကြီးကို အင်ဂျင်နီယာဖြစ်တဲ့ ကိုသက်က ထီးမိုး၊ ဒုဝန်ကြီးကို ရုံးဌာနခွဲ စာရေးကြီး ဦးဖြိုးက ထီးမိုး၊ ညွှန်ချုပ်ကို တော့ ဌာနက စာရေးတွေက မိုးပေး … ကျန်တဲ့ အဖွဲ့ဝင်လူကြီးမင်းတွေကိုတော့ ဟိုကောင်လေး စိုးရင်တို့ အဖွဲ့က မိုးပေး … ကြားလား’

‘ဟုတ်ကဲ့ပါ အစ်မ’

‘သတိလည်း ထားကြနော်၊ မျက်စိ ထိုးမိရင် နင်တို့ အလုပ်ပြုတ်မယ်မှတ်’

‘ဟုတ်’

‘ကဲ …ကဲ … ကြူကြူတို့၊ ခိုင်ခိုင်တို့၊ သွယ်သွယ်တို့ အဖွဲ့တွေ ပြန်လာကြ၊ အလှကော..’

‘မရောက်သေးဘူး အစ်မ’

‘ဟဲ့ … ဘယ်သွားလို့တုံး’

‘ခြေသုတ်ဝတ်အနီ’

‘ဟာ … ဒီဟာမတွေဟာလေ၊ ဟုတ်ကို မဟုတ်ဘူး၊ ဆယ်နာရီ ခွဲနေပြီ၊ ဝန်ကြီးက တစ်ချက်တီးတာနဲ့ ဒီရောက်မှာ … ရိုက်တိုင်းမ်ပဲ၊ ဖုန်းဆက်စမ်း’

‘ကြူကြူ … အထဲရောက်လို့ရှိရင် အဖေပါလာပေမင့် နှုတ်မဆက်ရဘူး ကြားလား၊ ဣနြေ္ဒနဲ့ နေ’

‘ဟုတ် … အစ်မ’

‘အစားအသောက် ပန်းကန်တွေ သယ်တဲ့အခါ အသံမမြည်စေနဲ့ ၊ ရုံးယူနီဖောင်းတွေလည်း မကြေမွနေကြစေနဲ့၊ အခန်းတွေ တစ်ခန်းပြီး တစ်ခန်း လိုက်စစ်တဲ့အခါ ကိုယ့်စားပွဲမှာ ကိုယ့်ဖိုင်တွဲ တွေနဲ့ ကိုယ် ဣနြေ္ဒရရ တစ်ခုခု လုပ်နေကြရမယ် … ကြားလား’

‘အစ်မပဲ … ဝန်ကြီးလာတာနဲ့ … မြင်မြင်ချင်း ချက်ချင်း မတ်တပ် ရပ်ရမယ်ဆို’

‘အေး … ပြီးရင် ပြောတာ … အသံမထွက်ကြစေနဲ့’

‘စကားတောင် မပြောရဘူးလား အစ်မရဲ့ ’

‘အေး .. ဖြစ်နိုင်ရင် အသက်ရှုတာပါ အောင့်ထား …ကြားလား၊ ဟွန်း လူကို၊ ဒီ … သောက်ကောင်မ အလှတစ်ယောက်ဟာလေ … ပေါ်မလာနိုင်တော့ဘူးဟယ်’

‘ဟုတ်ပါ့ဟယ် … ပေါ်ကို မလာတော့ဘူး၊ ဘယ်နှနာရီတောင် ကြာနေပြီလဲ’

‘ဟာ … အစ်မ … ဖုန်းဗျို့ … ဖုန်း … ဝန်ကြီးတွေ ဟိုဘက် အောက်ရုံး ရောက်နေပြီတဲ့’

‘ဟယ် … ဒါဆို မကြာဘူး ဒီရောက်လာမှာ …၊ အလှကို ရှာစမ်း၊ ခြေသုတ်ဝတ်အနီ အနီဒီ မိန်းမတော့လေ …’

‘ဒီ… ဒီမှာ … မှာ … ဟောဟဲ …ဟော … ရောက်ပါပြီ အစ်မ’

‘ရခဲ့လား’

‘ဟုတ်’

‘ကုန်ကျစရိတ်ဘောက်ချာ ရုံးအုပ်ကို ပေးထားလိုက်’

‘ခြေ… ခြေသုတ်ဝတ်က … လေးထောင့်ရှစ်ရာ … ရှစ်ရာပဲ … ကျ .. ကျပါတယ် အစ်မ.. ကားခ … ခက … က’

‘နောက်မှ ရှင်းပြဟဲ့ … မြန်မြန်သွားခင်းချည် …၊ ဟိုမှာ … လာတော့မယ် …’

‘အစ်မရေ … ဖက်စ်ဝင်တယ်… ဖက်စ်ဝင်တယ်… အောက်ရုံးမှာ …နေ့လယ်စာ မစားဘူးတဲ့ .. ၊ ဒါဆို ..ဒီမှာ …ဒီမှာ … စားမှာ ပေါ့ဗျ’

‘ဟဲ့ … ဖြူဖြူရေ … ကြူကြူရေ … အလှရေ .. အမြရေ … ဝါဝါရေ .. ရွှေရွှေရေ ..ကျင်ကျင်ရေ .. ခင်ခင်ရေ … မြန်မြန်လေး လုပ်ချည်ကြစမ်းပါဟဲ့’

‘လုပ်ပါဟဲ့ .. ပြင်ပါဟဲ့ …’

‘အစ်မ ..ဖုန်း …ဖုန်း’

‘ထွက်လာနေပြီတဲ့…၊ ထွက်လာနေပြီတဲ့…’

‘ကားတံခါးဖွင့်မယ် အစောင့်တွေ အဆင်သင့် ဖြစ်ပြီလား’

‘ဟုတ် …’

‘ထီးမိုးတဲ့အကောင်တွေကော အောက်မှာ ဆင်းစောင့်တော့လေ…’

‘ငါတို့ရဲ့ အမ်ဒီတွေ၊ ဂျီအမ်တွေကော ဆင်းကြိုနေကြပြီလား …’

‘ဟုတ် …စီမံဌာနက မမဟန် … မမဟန် … ၊ ဒုချုပ် ခေါ်နေတယ်’

လှ ရင်ကို ဖိထားရသည်။ တော်ပါသေးရဲ့ ။ မီရုံကလေးပဲ။ သွား လိုက်ရတဲ့ နေရာတွေက မနည်းမနော။ လူကို ဟိုက်ထိုးကျနေပြီ။ ခေါင်းတွေတောင် မူးမူးချာချာလည်နေပြီ။ တံတွေးတောင်သီးလျက်…။ မောဘိခြင်း။ ရေတစ်ပေါက် မသောက်နိုင်အား။

‘ရွှီ …ရွှီ …ရွှီ…’

‘ဟာ .. ရောက်ပဟ..၊ အားလုံး ကိုယ့်နေရာကိုယ် နေကြဟေ့’

လှခမျာ ဆို့ကျပ်ခဲလှိုက်နေသော ရင်ဘတ်ကို အသာဖိရင်း ကိုယ့်ဌာနသို့ ကိုယ်ဝင်ပြီးမမအုံးတို့လိုပဲ ကိုယ့်စားပွဲမှာ ကိုယ်နေရာယူလိုက်ရင်း အမောဖြေနေရသည်။ ဘုရား … ဘုရား ..။ ဝန်ကြီး လာရင် … ငါတို့ကို မြင်မှ မြင်ပါ့မလား။ ငါတို့ အခန်းက ကျဉ်းကျဉ်းမှော င်မှော င်ရယ်။ ခြေသံတရှပ်ရှပ်ကို ကြားရသည်။ ဟော … လာနေပြီ …လာနေပြီ။ ငါတို့ အခန်းကို အရင်ဝင်ကြည့်ပါစေ…။

ငါ … လျှာထွက်မတတ်၊ အသက်ထွက်မတတ် ပြေးဝယ်ထားရတဲ့ ခြေသုတ်ဝတ်အနီကို သုတ်သွားပြီပေါ့။ အဟီး…။

‘ဟဲ့ … ထွန်းထွန်း … တံခါးကို ဖွင့်ထားစမ်းပါဟဲ့ … တစ်ခုခုနဲ့ ဖိထားလေ … အပြင်ကနေ လှမ်းကြည့်ရင် မြင်ရအောင်လို့’

‘ဘာကိုလဲ …’

‘ဘာကို ရမလဲ လူကိုပေါ့ဟဲ့ … လူကို’

‘ဟာ … အပေါ်မှာ တောင် ဝန်ကြီးအခန်းထဲ သူ ဝင်မယ် … ငါ ဝင်မယ်နဲ့ ပန်းကန်ပို့ဖို့လုနေကြလို့ ပြဿနာ ဖြစ်နေပြီ၊ ဝန်ကြီးက ဆယ့်ငါးမိနစ်၊ ပြန်မှာ ’

‘နင့် ဘယ်သူပြောလဲ …’

‘အီးအီး ပြောတာဗျ’

‘နို့ … နေ့လယ်စာ ဒီမှာ စားမှာ ဆို’

‘ဘာမှ မစားဘူး … ဘာမှကို မစားဘူး၊ ဟိုတယ်မှာ အထက် ရုံးဌာနက စီအီးအိုက ဒိတ်လုပ်ထားပြီးသားတဲ့၊ ဟော … ပြောရင်း … ဆိုရင်း ပြန်ဆင်းလာကြပြီ၊ ကြားလား … ခြေသံကြားလား’

‘အေးဟဲ့ … ၊ ဒါဆို ဘယ်အခန်းကို မှ ဝင်မစစ်တော့ဘူးပေါ့’

‘သြော် … မလှရယ် …၊ ခင်ဗျားနှယ် … ဘယ်လိုများ ဖြစ်နေရတာ တုံး …၊ ဟိုမှာ က ပြန်တောင်နေပါပြီဆိုမှ …’

‘သတင်းဌာနတွေက …ဒီမှာ … သတင်းလာရိုက်တယ်ဆို၊ မြဝတီတို့၊ MRTV-4 တို့’

‘အေးလေ … သတင်းရိုက်နေတန်း… တီဗွီထဲပါချင်တာနဲ့ ဝန်ကြီး ဘေးက မခွာတော့ဘူး၊ နေရာဖယ်မပေးဘူးဆိုပြီး အချင်းချင်း အပေါ်မှာ စောင်နေကြတယ်’

‘သြော်…’

ဟိုးလွန်ခဲ့သည့် စနေ တနင်္ဂနွေပတ်ပေါင်း များ စွာ ကတည်းက အိုဗာတိုင်ဆင်း၍ ရုံးဆေးသုတ်ကြ၊ သန့်ရှင်းရေးလုပ်ကြ၊ စာရွက်စာတမ်းတွေ သိမ်းကြ၊ ဖိုင် အသစ်တွေ ဖွင့်ကြ၊ ဗီရို တွေအသစ်လဲကြ၊ စားပွဲတွေ နေရာရွှေ့ကြ၊ စားပွဲခင်းအသစ်တွေ ခင်းကြ၊ ပန်းအိုးတွေ လှရာရာ ရွေးဝယ်ကြ ၊ မျက်နှာကြက်မီးသီးတွေ ဖြုတ်လဲကြ၊ ပန်ကာ အဟောင်းတွေ ဖြုတ်လဲကြ၊ ဝန်ကြီး ခေတ္တနားမယ့်အခန်းထဲမှာ အဲကွန်းတပ်ကြနှင့် ဖတ်ဖတ်မော ဖတ်ဖတ်လန်အောင် လုပ်ခဲ့ရခြင်းတွေက …။ ပြီးတော့ဝန်ကြီးလာမယ်ဆိုလို့၊ သစ်သီးဗန်းလေး ဝင်ပို့ရမယ်ဆိုလို့၊ ပြင်ခဲ့ ဆင်ခဲ့ ရခြင်းတွေက …။

ဘာမှန်းမသိဘဲ လှ ရင်ထဲမှာ ပို၍ အနေရ အထိုင်ရခက်လျက် ရှိ၏ ။ ဟာတာလား …နာတာလား … လှ မပြောပြတတ်။ ဆို့ဆို့နင့်နင့် တော့ ဖြစ်နေမိခဲ့သည်။ ထိုနေ့က ဝန်ကြီးဖြင့် အပေါ်ထပ် ဧည့်ခန်းထဲမှာ ပြင်ဆင်ထားတာတွေကို တစ်ဇွန်း တစ်ကော်ဖြစ်ဖြစ် စား သွားပါရဲ့ လား လှ မသိပေမင့်လို့ လှတို့ခမျာတွေမှာ ညနေစောင်းအောင်ပင် သိမ်းကြဆည်းကြရပြန်သည်။ အိုဗာတိုင်ကြေးအဖြစ်ပေးသော ကားခ လမ်းစရိတ် ထောင့် ငါးရာကျပ်ကို လက်ထဲဆုပ်၍ ၊ မမဟန် ဝေငှထည့်ပေး လိုက်သော နဂါးမောက်သီး အနီရဲရဲတုံးလေးတွေပါသည့် ကြွပ်ကြွပ်အိတ်ကို ကျစ်ကျစ်ဆုပ်ရင်း ထိုတစ်နေ့လည်း အိမ်အပြန် မိုးချုပ်ပြန်လျက် …။

မမအုံးက မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ပြေးလာ၍ လှတို့ တစ်ဆက်ရှင်လုံး ကြားအောင် အော်ကြီးဟစ်ကျယ် ပြောလေတော့၏ ။

‘ဟဲ့ … လှရယ် … လွန်လှချေရဲ့ ၊ ဝန်ကြီးကဖြင့် ငါးခြောက်လေး တစ်ဖက်တောင် တို့မသွားရှာပါဘူး၊ ငါတို့ တစ်တွေမှာ လည်း အိုဗာတိုင် ကြေးဆိုပြီး ငွေလေး ထောင့်ငါးရာလေး ရတာ ပါဟယ် … ပြီးတော့ … သူတို့မစားတဲ့ လှီးပြီးသား အသီးအနှံတွေကိုပဲ ထည့်ပေးလိုက်တာရယ်၊ ဒါနဲ့ တောင်မှ ဘယ်လိုဖြစ်ပြီး တစ်ဆယ့်နှစ်သိန်းကျော်ကြီးများ တောင်လဲ၊ အံ့သြပါ့ဟယ် … အံ့သြပါ့ …။’

ကြည်မွေ့အိမ်

ဧရိယာတွင်းက ဝေဒနာ

“ ဟာဗျာ … ဆရာမ မိုးသူကလည်း
ကျွန်မက ဖုန်းကိုင်ချင်တာ
လက်ကို ယားနေတာပဲ …
ရေထမ်းပြီး ပိုက်ဆံစုနေတာ …
ဟန်းဆက် ဝယ်ဖို့ …၊
ကိုယ့်အိမ်မှာ တစ်လုံးတလေ ရှိထားတော့
ကောင်းတာပေါ့ ဆရာမ ရဲ့ . ..
ခေတ်လည်း မီသွားတာပေါ့ …
အခုလိုမျိုး ကိုယ့်ဆီကို ရည်းစားသနံ ဖုန်းဖြစ်ဖြစ် …
ဘာဘာညာညာ ဖုန်းဖြစ်ဖြစ် …
သူများ အိမ် မပြေးရတော့ဘူးပေါ့ …၊
ကျွန်မတို့ ဘေးအိမ်ကဟာမတွေလေ …
ကိုရီးယားမင်းသမီး ဂိုက်နဲ့ ဖုန်းပြောတာ … ”

‘ဗျို့ … ဆရာမ မိုးသူရေ … ဆရာမ မိုးသူ ရှိလားဗျို့’

စောစောစီးစီး အိမ်ရှေ့ ခြံတံခါးဝမှာ ကျွန်မ နာမည်ကို တကြော်ကြော် အော်ခေါ်နေသံကို ရေချိုးခန်းထဲကနေပင် ကြားနေရသည်။

ကျွန်မသည် တူမလေးကို ရေချိုးနေရင်းမှ လှမ်းအော်ရသည်။

‘သမီးကြီး အိမ်ရှေ့မှာ ဘယ်သူလဲ၊ သွားကြည့်စမ်း၊ အကြောင်းရှိရင် အိမ်ပေါ်ခေါ်ထားလိုက်၊ လေးကြီး ရေချိုးနေလို့ ခဏစောင့်လို့ ပြော … ကြားလား သမီး’

‘ဟုတ် …’

ကျွန်မသည် ရေကို ခပ်မြန်မြန် ချိုးကာ အိမ်နေ အဝတ်ဟောင်း တစ်ထည်ကို အမြန်ယူဝတ်လိုက်ရင်း အိမ်ရှေ့ကို ခပ်မြန်မြန်ကလေးပဲ ထွက်လာခဲ့လိုက်သည်။

‘ဟော … မကျင်ပို့တို့ပါလား၊ ဘာကိစ္စလဲ မသိ’

ကျွန်မတို့ ခေါင်းရင်း သုံးအိမ်ကျော်က မကျင်ပို့တို့ ညီအစ်မ သုံးယောက်ကို တွေ့လိုက်ရသည်။ အငယ်မ ခင်ခင်ပို့ လက်မှာ ပတ်တီး အဖြူ အဖွေးသားနှင့်။ ဘာကိစ္စများ ပါလိမ့်။ ကျွန်မ သည်နံနက်ရုံး သွား … ညမိုးချုပ်မှာ အိမ်ပြန်ရောက်ရသူ ဖြစ်ရကား လမ်းထဲက လူတွေနှင့် မျက်မှန်းတန်းမိပင် တန်းမိသော်ငြားလည်း သိပ်ပြီး စပ်စပ်ယှက်ယှက်၊ ပတ်ပတ်သက်သက် မနေဖူးပေ။ အခုတော့ကျွန်မ နာမည်ကို တကြော်ကြော် ခေါ်ကာ ရောက်လာခြင်း။ ကျွန်မ၏ မေးခွန်းကို ညီအစ်မ သုံးယောက်သား က နင်ဖြေလိုက်၊ ငါဖြေလိုက်နှင့် တစ်ယောက်ကို တစ်ယောက် တွန်းတိုက်လွှဲချနေကြပြန်၏ ။ နာရီကို မော့်ကြည့်လိုက်ဖြစ်သည်။

အင်း … ဒီနေ့လည်း ရုံးကား မီမယ် မထင်တော့။

‘ခင်ခင်ပို့ လက်က ဘာဖြစ်တာလဲ’ ဟု ကျွန်မက အရေးတယူ မေးလိုက်မိသည်။

‘အဲ့ဒါ ပြောတာပေါ့ ဆရာမ မိုးသူရဲ့ ’ ဆိုကာ သူတို့၏ ရှည်လျား၍ ရယ်ရမည်လား၊ ကရုဏာသက်ရမည်လား မသိသော ဇာတ်လမ်းရှည်ကြီးကို အာပေါင်အာရင်း သန်သန်ဖြင့် ကျယ်ကျယ်လောင်လောင်ကြီး ပြောပြ ကြပါတော့၏ ။

စောစောတုန်းကတော့ သူပြော … ငါပြော ဖြစ်နေကြသော သူတို့ ညီအစ်မတစ်တွေ၏ တစ်ယောက်တစ်ပေါက် အလုအယက် ရေပက်မဝင်အောင်ပြောသော စကားသံများ ကို ကျွန်မ ငုတ်တုတ် ထိုင်ပြီး တမေ့တမြော နားထောင်ရလေတော့၏ ။

‘ဆရာမ မိုးသူလည်း သိတယ် မဟုတ်လား’

‘ဟုတ်တယ်လေ … ပြီးခဲ့တဲ့အပတ်က ဘဘ ဦးမွန်ကြီးတောင် ပေါက်သေးတယ်လေ’

ဦးမွန်ကြီးဆိုတာ ကျွန်မအဖေကို သူတို့ ပြောခြင်းဖြစ်သည်။ အင်း ….တန်တော့ …။

‘ရပ်ကွက်ထဲမှာ ထောင့်ငါးရာတန် ဖုတ်းကတ် မဲနှိုက်တာ ဆရာမ ရာ … သိလား …’

‘အလကားလူတွေ … လုပ်ပုံ ကိုင်ပုံ တစ်စက်မှ သောက်ချိုးမပြေဘူး … သူတို့ သောက်သုံးမကျတာနဲ့ ကျွန်မမှာ လက်ကျိုးရတယ်’

‘အို … ဘယ်လိုများ ဖြစ်ရတာ လဲ ခင်ခင်ပို့ရယ် …လက်ကျိုးရလောက်အောင်ကိုပဲ’

‘ဒီလို ဆရာမ မိုးသူရဲ့ …ကျွန်မ ပြောပြမယ်၊ ဒီတစ်ပတ် ကျွန်မ တို့ အရှေ့ပိုင်းရပ်ကွက်က မဲခွဲတမ်းက နှစ်ဆယ့်ခြောက်လုံး ဆိုလားပဲ ရတယ် တဲ့ …’

‘အင်း …’

‘တချို့အိမ်က မသာမတွေက တစ်အိမ်လုံး စာရင်းလာပေးထားကြတယ်လေ အဲဒီ တော့လူက နှစ်ရာကျော် သုံးရာလောက်ကြီး ဖြစ်နေရော …’

‘အင်း …’

‘မဲနှိုက်တော့လည်း ဆယ်အိမ်ခေါင်း ကိုကျွဲပြဲနဲ့ ရာအိမ်မှူး ဦးဖိုးတလူ တို့က နှိုက်ပေးမယ်၊ လူတွေ အကုန်လုံး ရှေ့မှာ ပဲ နှိုက်မယ်၊ ပေါက်တဲ့လူက ကိုယ့်အိမ်ကိုယ်ပြန်ပြီး ဓာတ်ပုံ (၃)ပုံ ရိုက်ကြ၊ နောက် တစ်နေ့ နံနက်မှာ ပိုက်ဆံ (၁၅၀၀) ယူပြီး ဓာတ်ပုံနဲ့တကွ ကိုယ်တိုင် ကိုယ်ကျ ရပ်ကွက်ရုံးကို သွားရမှာ ’

‘အေးပါ … အဲ့သလို လုပ်ရမှာ ပေါ့၊ ဒါမှ စာချုပ်တွေ တစ်ခါတည်း ရမှာ ပေါ့’

‘အမယ်လေး … အဲ့ဒါကို ဆရာမ ရေ၊ ကိုကျွဲပြဲနဲ့ ဦးဖိုးတလူတို့ မနှိုက်ရပါဘူးတဲ့၊ ကိုယ်တိုင်ကိုယ်ကျ နှိုက်ရမယ်တဲ့၊ နာမည်တူရင် အပိုင်းနာမည်နဲ့ ရပ်ကွက်နာမည်၊ လမ်းနာမည်၊ အိမ်နာမည် ထည့်ပြောရမတဲ့’

‘အင်း … အဲ့ဒီတော့ …’

‘အိုး … ကာယကံရှင် ကိုယ်တိုင် နှိုက်မယ်ဆိုတော့ နှိုက်ပေါ့၊ ဦးဖိုးတလူတို့လည်း သူတို့ဘာဘာညာညာ အထင်မခံနိုင်ဘူးဆိုပြီး လိုက်လျော လိုက်တာ … ဘာရမလဲ .. ရွာဝဘုရားလေးဝင်းထဲမှာ လူတွေကို ဝက်ဝက်ကွဲထ နေတာပဲ’

ကျွန်မသည် ပြီးခဲ့သည့် အပတ်က အဖေ ဖုန်းမဲနှိုက်ဖို့ နံနက် ၇:၀၀ နာရီ ကတည်းကထွက်သွား၊ နေ့ခင်း (၁) နာရီလောက် ရေးကြီးသုတ်ပျာ ပြန်လာ၊ ထမင်းကို ကသုတ်ကရက်စားပြီး ပြန်ထွက်သွား …။ မိုးရေ တစွက်စွက်နဲ့မို့ နောက်တစ်နေ့ နံနက်မှာ အဖေဖျားတာ ပြန်အမှတ်ရမိသည်။တော်ပါသေးရဲ့ ၊ စောစော မဲပေါက်လို့။ နို့မဟုတ်ရင် အဖေ့ကို ကျွန်မတို့ ဆေးခန်း ဘယ်နှခါ ပို့ပေး ရဦးမည် မသိ။

‘အဲဒါ နဲ့ ဆရာမ မိုးသူရယ် …’

‘သြော်…အင်း … အင်း …’

‘မိုးရေထဲမှာ ကျွန်မတို့လည်း ဇွဲခတ်ပြီး စောင့်နေကြတာပဲ … ကိုယ့်လက်နဲ့ ကိုယ်ကိုယ်တိုင် နှိုက်လို့မှ မပေါက်ရင်တော့ …ဒါက ကိုယ့်ကံပေါ့၊ လုပ်ကြံတာ မပါဘူးပေါ့’

‘လုပ်ကြံတာကော … ရှိ … ရှိသေးလို့လား ယဉ်ယဉ်ပို့ရယ်’

‘အံမာ … ဆရာမ မိုးသူကလည်းဗျာ … ဟိုး ပြီးခဲ့တဲ့ ပထမ … ဒုတိယ အခေါက်တွေတုန်းက သူတို့တွေချည်း ရတာ ပဲ …’

ယဉ်ယဉ်ပို့၏ သူတို့တွေဆိုတာ ဘယ်သူတွေလဲဟဲ့ဟု ကျွန်မ မေးမနေချင်တော့ပါ။တိုက်တိုင်တာလည်း ဖြစ်ကောင်း ဖြစ်မည်။ သို့သော် … နာမည်ပျက်ရ၊ အထင်လွဲခံရလေပြီ။

‘အင်း … ဒီတော့ …’

‘ညကို … ၉ နာရီ ခွဲယူရော …၊ အဲဒီ ပြီးခါနီး မှ … ခင်ခင်ပို့ နာမည်က ထွက်တာ ၊ ကျွန်မနဲ့ မကြီးကျင်ပို့ဆို နာမည်ကို မထွက်ဘူး၊ ပေါက်မဲသာ ကုန်သွားရော …၊’

‘အေးပေါ့ … နောက်တစ်ပတ်ကျ ရမှာ ပေါ့ ယဉ်ယဉ်ပို့ရဲ့ ၊ ပေးနေဦး မှာ ပဲဟာ …’

‘ဟာဗျာ … ဆရာမ မိုးသူကလည်း ကျွန်မက ဖုန်းကိုင်ချင်တာ လက်ကို ယားနေတာပဲ… ရေထမ်းပြီး ပိုက်ဆံစုနေတာ … ဟန်းဆက်ဝယ်ဖို့ …၊ ကိုယ့်အိမ်မှာ တစ်လုံးတစ်လေရှိထားတော့ ကောင်းတာပေါ့ ဆရမရဲ့ … ခေတ်လည်း မီသွားတာပေါ့ … အခုလိုမျိုး ကိုယ့်ဆီကို ရည်းစားသနံ ဖုန်းဖြစ်ဖြစ် … ဘာဘာညာညာ ဖုန်းဖြစ်ဖြစ် … သူများ အိမ် မပြေးရတော့ဘူးပေါ့ …၊ ကျွန်မတို့ ဘေးအိမ်က ဟာမတွေလေ … ကိုရီးယား မင်းသမီးဂိုက်နဲ့ ဖုန်းပြောတာ’

‘ဟင်း - မိယဉ်ပို့ … ကောင်မ … တော်တော် ရွပိုးထနေ၊ သူလည်း ဘာထူးလဲ …’

‘မဟုတ်ဘူးလား မကြီးကျင်ပို့ရဲ့ … နောက်မဟုတ်ရင် ဆရာမ မိုးသူတို့ အိမ်ကျတော့ဖုန်းပြောရတာ ဘယ်ကောင်းမလဲ …၊ ဘဘ … ဦးမွန်ကြီးရှိတော့ … ဟိုလို ဒီလို ပြောလို့ ဆိုလို့ ဘယ်ကောင်းမလဲဟဲ့ … နင်ကလည်း …’

‘အဲဒါနဲ့ … ခင်ခင်ပို့လည်း ဖုန်းမဲပေါက်ရော … ဖုန်းပေါက်မဲလည်း ကုန်ရောပဲ၊ အဲ့ဒီကျမှပြီးစီးကြတော့တာပေါ့၊ ကျွန်မတို့လည်း သေအောင် ပျော်တာပေါ့ ဆရာမ မိုးသူရဲ့ …၊ ဒီကြားထဲဗျာအိမ်ပြန်မယ် ဆိုခါမှ မီးက ဖတ်ခနဲ ပျက်သွားရော၊ မှော င်နဲ့မည်းမည်းထဲမှာ စမ်းပြန်လာကြတာ ပေါ့ဗျ..အဲ့ဒါ တစ်လမ်းလုံး လျှောက်လာတာ အကောင်းကြီးကို ဗျာ …. ကိုယ့်အိမ်ရှေ့ရောက်မှ … ဒီ သောက်ကောင်မ ခင်ပို့ ဖိုင်းခနဲ ချော်လဲတာ …’

‘ဖြစ်ရလေ …’

‘တော်သေးတယ် … အရိုးအက်ရုံ အက်သွားလို့ … မကျိုးဘူး ဆရာမ ရဲ့ … အဲဒါ သူ့လက်ကို ဆေးသွားစည်းပြီး အပြန်မှာ အဲ့ဒီ လက်ပတ်တီးကြီးနဲ့ ပတ်စ်ပို့ ဓာတ်ပုံ (၃) ပုံ ဝင်ရိုက်ကြတာပေါ့ … ဓာတ်ပုံဆိုင်ကလည်း ဈေးကြီးလိုက်တာ ဆရာမ မိုးသူရာ … (၃) ပုံကို ထောင့်နှစ်ရာတောင်မှ ယူလိုက်တယ် … ကျွန်မလည်း ပေးလိုက်ပါတယ်၊ ရန်ဖြစ်မနေတော့ပါဘူး၊ ပျော်တာပေါ့လေ …’

‘နောက်တော့ ကျွန်မ နားကပ်ချွတ်ပေါင်တာပဲ ၊ သုံးသောင်းကျော်လေးပဲရတော့ မလောက်ဘူး ၊ အဲ့ဒါနဲ့ ကျင်ပို့ရဲ့ လက်စွပ်လည်း ယူပေါင်လိုက်တယ် …၊ ဟန်းဆက် ကောင်းကောင်းသုံး ဆိုလို့လေ …၊ ကိုယ်လည်း နားမလည်ပါဘူး ၊ သူများ တကာ ပြောတာပဲ …အဲ့ဒါနဲ့ ရှစ်သောင်းခွဲတန် ဟန်းဆက်လေး ဝယ်လိုက်တယ် အိုင်ဖုန်းဆိုလား ခေါ်တယ် ဆရာမ မိုးသူက သိမှာ ပေါ့ … ကျွမ်းနေမှာ နော် … ဖုန်းရုံးမှာ အလုပ်လုပ်တာဆိုတော့ လေ …’

‘ဒီလောက်ကြီးလည်း မသိပါဘူး ခင်ခင်ပို့ရယ် … အခု ထွက်တဲ့ ဖုန်းတွေက အမျိုးမျိုးပဲကို’

‘ဆိုင်က ငွေဖြည့်ကတ် ငါးထောင်တည့်ပေးတယ် … ဟဲ့ … ယဉ်ပို့ … ငါတို့ကို ဘယ်လောက်လဲ မသိ လျှော့ပေးလိုက်သေးတယ်နော်’

‘အေး …နှစ်ရာလား မသိဘူး … ၄၈၀၀ိ/- ပဲ ပေးလို့ ပြောလိုက်တယ်လေ’

‘ဟီး … ဟီး … ကျွန်မတို့ ညီအစ်မတစ်တွေ ဖုန်းနံပါတ်ပေးဖို့ လျှောက်ဆက်တာနဲ့ပဲပိုက်ဆံ ငါးထောင်ဟာ တစ်ရက်တည်း ကုန်သွားရော …’

ကျွန်မ ပြုံးမိမလို ဖြစ်သွားသေးသော်လည်း မပြုံးမိ။ ရယ်ချင်သော်လည်း မရယ်ရက်။

‘အင်း … အဲ့ဒါနဲ့ …အခုက ဘာဖြစ်လို့လဲ … ကျွန်မက ဘာကူညီပေးရမလဲ …’

‘အဲဒါ ပြောတာပေါ့ … ဆရာမ မိုးသူရဲ့ … ဒီ သောက်ကျင့် မကောင်းတဲ့ မကြီးကျင်ပို့သား ‘ပွဲစား’ ဟာ …’

‘ပွဲစားဆိုတာ ဘယ်အကောင်လဲ … သူ့နာမည်က ပွဲစားပဲလား ‘

‘မနှစ်က ၈ တန်း ငါးခါကျတဲ့ အကောင်လေ …ဆရာမ မိုးသူရဲ့ ’

‘သြော် … ကျော်ကျော်စိုးကို ပြောတာကိုး၊ အင်း …အင်း … ရပြီ …ရပြီ ... ပြော’

‘အဲ့ဒီ နွားက ကျွန်မဖုန်းကို ယူသွားပြီး … ရည်းစားနဲ့ သွားချိန်းတွေ့တယ်လေ၊ သူ ဟန်းရေးပြတာ အရေးမကြီးဘူး၊ အခုတော့ သူလုပ်လို့ ကျွန်မဖုန်း ပျောက်လာခဲ့ပြီ …’

‘ဟယ် …’

‘ဟီး … ဘယ်လိုလုပ်ရမလဲ ဆရာမ မိုးသူရဲ့ ၊ အပေါင် ပစ္စည်းတွေတောင် မရွေးနိုင်သေးဘူး၊ ဖုန်းက ပျောက်လာပြီ၊ ပိုက်ဆံတွေ အတော်ကုန်ထားတာ ဆရာမ ရဲ့ ၊ ကြွေးတွေနဲ့ … ကျွန်မတို့ညီအစ်မ (၃) ယောက်ပေါင်းပြီး ရေထမ်းဆပ်ကြရမှာ … အီး … မကြီးကျင်ပို့ အဲ့ဒါ ညည်း မကောင်းလို့ဖြစ်ရတာ ပဲ’

မကျင်ပို့ခမျာ ကျုံ့ကျုံ့ကလေးထိုင်ရင်း မျက်နှာအိုအိုနှင့် -

‘အေးအေး … ဟုတ်ပါတယ် ငါ မကောင်းတာပါ၊ ဒီအကောင် ဖုန်းကို သေတ္တာထဲကနေခိုးနှိုက်သွားတာ ငါ တကယ် မမြင်လိုက်လို့ပါ ခင်ပို့ရယ်၊ ခုလည်း ဒီကောင် အိမ်ရိပ် မနင်းစေရပါဘူး’

ဆိုကာ သူ့ညီမ ခင်ခင်ပို့ကို ချော့နေရှာသည်။

‘ဟင်း … လာပစေဦး … ဒီနွားကို ငါ လည်ပင်း ညှစ်သတ် မယ်…’

ယဉ်ယဉ်ပို့က မချိတင်ကဲ ကြုံးဝါးလိုက်ပြန်၏ ။

‘အဲဒါ … ဆရာမ မိုးသူရယ် … ကူညီပေးပါနော် … ကျွန်မ ရှိကြီးခိုးပါရဲ့ ၊ ကူညီပါနော်’

‘ဖုန်းကတ်ပျောက်ရင် စာချုပ်စာတမ်းယူပြီး ကာယကံရှင် ကိုယ်တိုင် သွားလျှောက်ရတယ် ခင်ခင်ပို့ရဲ့ ’

‘အီး … ကျွန်မမှ မသွားတတ်ဘဲဟာကို ၊ ကူညီပါ ဆရာမ ရဲ့ ၊ ကျွန်မ ရုံးတို့ဘာတို့ဆို ..တစ်သက်တစ်ခါ ရောက်လည်း မရောက်ဖူး ၊ သွားလည်း မသွားရဲပါဘူး၊ ကျွန်မ ကြောက်လို့ သေတာ့မယ် … ဆရာမ အိမ်ကို ကျွန်မ သောက်ရေ နေ့တိုင်း အလကား ထမ်းပို့ပေးပါ့မယ်၊ ကျွန်မကို ကူညီပါနော်’

ကျွန်မ သက်ပြင်းချသည်။ ဘယ်လို ရှင်းပြလို့မှလည်း နားလည်နိုင်မည် မထင်။

‘ဟုတ်ပါတယ် ဆရာမ ရယ် … ကျွန်မတို့က ပညာမတတ်တော့ အူအူအအရယ်’

‘ရုံးက ပေးထားတဲ့ စာရွက်စာတမ်းတွေ အကုန်ယူလာခဲ့ချည် … ပြီးတော့ ခင်ခင်ပို့ မှတ်ပုံတင်မူရင်း ယူခဲ့၊ လျှောက်လွှာ (၁) စောင် ရေးရမယ် ရဲစခန်း ထောက်ခံစာ လိုတယ်၊ ဘယ်သူသွားလုပ်မလဲ’

‘ဖြိုးကို , ကို လွှတ်လိုက်မယ် ဆရာမ ’

‘အဲဒါဆို အဲဒါတွေ အားလုံး အဆင်သင့် လုပ်ထား၊ ရဲစခန်း ထောက်ခံစာက အခုချက်ချင်း ရလာမှာ မှ မဟုတ်တာ …၊ လျှောက်လွှာ မရေးတတ်ရင်လည်း ထားလိုက် .. ကျွန်မဘာသာ စာရိုက်လာခဲ့မယ် …၊ ကတ်ပျောက်တာ က ချက်ချင်း မရဘူး၊ နည်းနည်းလည်း အလုပ်ရှုပ်တယ် …ကတ်ပျက်တာက နေ့ချင်းပြီး ရတယ်’ ‘ဟုတ်ကဲ့ … ဟုတ်ကဲ့ …. ပြန်ရရင် ပြီးရော ဆရာမ ရယ်’

‘ပိုက်ဆံ ဘယ်လောက် ပေးရမလဲဟင် ဆရာမ …’

‘ကျွန်မ မေးလာခဲ့မယ် … ကတ်အပျောက်က အရင်က ပိုက်ဆံသွင်းရတယ်၊ အခုတော့မသိဘူး … ကျန်တာက မပေးရဘူး၊ ရုံးက ကောင်လေးတစ်ယောက်ကို ကျွန်မ အကူအညီ တောင်းလိုက်မယ် …’

‘ဟုတ်ကဲ့ … ဟုတ်ကဲ့ … ကျေးဇူးကြီးလှပါတယ် … ဆရာမ မိုးသူရယ်’

‘ကဲ .. ကဲ … မနက်ဖြန် ဒီအချိန် လာပေးထား၊ ကျွန်မ ရုံး မသွားခင် အချိန်ပေါ့ …’

‘ဟုတ်ကဲ့ .. ဟုတ်ကဲ့ … ဟဲ့ ..ခင်ပို့ … ထလေ … ဆရာမ မိုးသူက ရုံးသွားရဦးမှာ ၊ ညည်းက အလိုက်ကန်းဆိုး မသိ … ဘာလို့ ထိုင်နေသေးတာလဲ …’

‘ဟဲ့ … ကောင်မစုတ်ကြီးရဲ့ ၊ အလကားထိုင်နေတာ မဟုတ်ဘူး ဟဲ့ … ငိုင်မိ ငိုင်ရာ ငိုင်နေတာ … ကတယ်လို့များ ကတ်ဖိုး ပိုက်ဆံသွင်းရရင် ဘယ်လိုလုပ်မလဲ၊ နောက်ထပ် ဟန်းဆက်အသစ်တစ်လုံးလည်း ဝယ်ရဦးမယ်၊ အိမ်မှာ ပေါင်စရာ နှံစရာ ဘာများ ကျန်သေးလဲလို့ စဉ်းစားနေ တာပေါ့ … နာမော်နမဲ့ နွားသည်အမေရဲ့ ’

‘ဟင်း …’

သည်တစ်ခါ သက်ပြင်းချသံက ပခုံးပေါ် တဘက်အညိုတင်ပြီး ဘုရားရှိခိုးရန် ထိုင်စောင့်နေရှာသော အမေ့ထံမှ ဖြစ်ပါသည်။ အမေက လှေကားပေါ်မှ ဆင်းသွားသော သူတို့ ညီအစ်မ (၃) ယောက်၏ နောက်ကျောကို ငေးမောကြည့်ကာ ရတက်မအေး ဖြစ်နေရှာသည်။

‘ဘယ်လို လုပ်မလဲ အမေရယ်၊ သတ္တဝါတစ်ခု ကံတစ်ခုပဲ၊ ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး၊ တတ်နိုင်တာတော့ လုပ်ပေးမယ် … ကျန်တာကို မစဉ်းစားဘူး၊ ကိုယ့်ကိစ္စလည်း မဟုတ်ဘူး၊အမေလည်း စဉ်းစားမနေနဲ့ …’

ကြည်မွေ့အိမ်



ဝန်ဇင်းချစ်သူများ ညီမင်းညို ၊ ကြည်မွေ့အိမ် ၊ လဲ့ဝင်းကြည် (ချို) ၏ “ စာပေဟောပြောပွဲ မိုးခြိမ်းသံများနှင့် ၂၀၁၅ ကစားစရာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စုခရတ္တိ

ဘဂ္ဂဒက်

ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး