Cover

စကားအနည်းငယ်

ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာလုံးချင်း စာအုပ် “ဘဂ္ဂဒက်” (၂၀၀၅-၂၀၁၀ မဂ္ဂဇင်းကဗျာများ စုစည်းမှု ) ကို ၂၀၁၀၊ သြဂုတ်လမှာ ထုတ်ဝေခဲ့ပါတယ်။ “ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး” (၂၀၀၆ - ၂၀၁၃ မဂ္ဂဇင်း ၀တတ္ထုတိုများ စုစည်းမှု ) စာအုပ်ကို ၂၀၁၃ သြဂုတ်လမှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အခုဒီ “စုခရတ္တိ” ကဗျာစုစည်းမှု ဟာ ကျွန်တော့်ရဲ့ ၃-အုပ်မြောက်ဖြစ်ပြီး ကဗျာလုံးချင်းအနေနဲ့တော့ ဒုတိယမြောက် ကဗျာစာအုပ်ဖြစ်ပါတယ်။ ကဗျာတွေကို ပြန်ဖတ်ကြည့်တဲ့အခါ တစ်ခုတည်းသော အကြောင်းအရာကို တစ်ချောင်းတည်းသော ဦးတည်ချက်နဲ့ ထပ်ပြန်တလဲလဲ ရေးဖွဲ့နေခဲ့မိတာကို သတိထားမိလိုက်ပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့ အမှော င်၊ ကျွန်တော်တို့ ခေတ်ရဲ့ ကွေ့ကောက်တဲ့အနာဂတ်၊ ကျွန်တော်တို့ခေတ်ရဲ့ မီးကျိုးမောင်းပျက် ပညာရေးခရီးနဲ့ ကျွန်တော်တို့ဘ၀တွေအပေါ် လွှမ်းမိုးချုပ်ကိုင်ခြယ်လှယ်ထားတဲ့ အာဏာရှင်/အာဏာရူး တို့ရဲ့ အတ္တ၊ လောဘ၊ တစ်ကိုယ်ကောင်းဆန်မှု နဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို ကိုယ်တတ်နိုင်တဲ့ “ကလောင်လက်နက်” နဲ့ တတ်စွမ်းသမျှ ပုန်ကန်ခဲ့တာ … ခုနေခါ ပြန်မြင်ရတော့ ကျေနပ်စိတ် ဖြစ်မိပါတယ်။ အခုစာအုပ်မှာ ဖော်ပြပါရှိတဲ့ ကဗျာများ အားလုံးဟာ (၈.၈.၁၉၈၈) ကနေ (၈.၈.၂၀၁၃) အထိ အဲဒီ ကာလအတွင်းက ညစ်ပတ်ခဲ့တဲ့ လူများ ၊ မူများ ၊ စနစ်များ ၊ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရမှု များ နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီ သူရဲကောင်းများ အားလုံးကို ရည်ညွှန်းပါကြောင်း အလေးအနက် စကားဆိုပါရစေ။

ညီမင်းညို

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်

မျိုးဆက်

ဆိုက်ကားနင်းတဲ့
အဖေ
ပဲပြုတ်ရောင်းတဲ့
အမေ
မိဘနှစ်ပါးရဲ့
အမွေ
ရွှေမဟုတ်
လေမှု တ်တဲ့
အရုပ်စုံ။ (၁၉၉၅)

Youth ၊ ၂၀၀၇ ၊ ဧပြီ

ရွှေပြည်ကြီး

အသက်ဇီဝ ရှင်သန်နေမှု က
ပုရွက်ဆိတ် တစ်ကောင်ရဲ့
ရင်ဘတ်ထဲမှာ

အဲဒီ မကောင်းဆိုးဝါးကောင်တွေရဲ့
မညှာမတာ ရမ်းကားနိုင်မှု က
ဆင်တစ်ကောင်ရဲ့
နှာမောင်းထဲမှာ ။

(၂၀၀၈)

မြောင်းထဲမှာ ရေမစီးဘူး

မိုးတွင်းကြီး
မြောင်းထဲမှာ ရေမစီးတော့
မြောင်းပေါ်အထိ ရေတွေလျှံကျလာ
မြောင်းထဲက ရေဆိုးရေညစ်တွေ
လမ်းပေါ်မှာ
ပြီးတော့ အိမ်တွေထဲအထိ ၀င်ရောက်လာ
နောက်တစ်ရက် နှစ်ရက်ကြာတဲ့အထိ
မြောင်းထဲမှာ ရေမစီးတော့
လမ်းပေါ်မှာ
မြောင်းရေတွေ လျှံနေဆဲ။

ရနံ့သစ် ၊ ၂၀၁၀ ၊ မတ်

အောက်ခြေသန်းတစ်ထောင်

လျှေက်လမ်းကျဉ်းပြီး ရှောင်လမ်းမရှိတော့
တည့်တည့်တိုးမိ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်ထဲ
“လေ” ပဲရှိတာ
ကြံ့ကြံ့ခံရပ်တည်ထားတဲ့ ခြေထောက်အောက်လည်း
“မြေကြီး” ပဲရှိတာ
အခက်အခဲဆိုတာ
အလွယ်တကူ ဘယ်တော့မှ မလွယ်ကူဘူး
ရေထဲမှာ ဆို ကိုယ်ကိုဖော့ထား
ကုန်းပေါ်မှာ ဆို စိတ်ကို လျှော့ထား
အရာရာ
ထိလွယ် ရှလွယ် ကြေလွယ် ကျိုးလွယ်
မုန့်လေပွေလို ဘ၀များ ။

ဝန်ခံချက် ။ ကဗျာခေါင်းစဉ်ကို (The Bottom Billion By Paul Collier) ဆရာမ “ဂျူး” ဘာသာပြန် “ “အောက်ခြေသန်းတစ်ထောင်” မှ ရယူသည်။်



ဝန်ဇင်းချစ်သူများ ညီမင်းညို ၏ “ စုခရတ္တိ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂမ္ဘီရ ဂမုန်းနက် ဝေသာလီ မိုးကြိုး

ဘဂ္ဂဒက်

စာပေဟောပြောပွဲ မိုးခြိမ်းသံများနှင့် ၂၀၁၅ ကစားစရာ