ရပ်တန့်မနေသော စာရေး ဆရာနှင့်
ရွေ့လျားနေသော စာဖတ်ပရိသတ်
ကျွန်တော် စာရေး စက မဂ္ဂဇင်းကြီးတစ်ခု၏ စာမူလက်ခံဌာနမှ စာမူ မှတ်ပုံတင်ထား သော စာအုပ်ကြီးတစ်အုပ်ကို ကြည့်ရှုလေ့လာခွင့် ရရှိခဲ့သည် ။ ထိုစာအုပ်ကြီးတွင် မဂ္ဂဇင်းတိုက်သို့ ပို့သမျှစာမူများ ကို မှတ်တမ်းပြုစုထားသည်မှာ စနစ်ကျလှပါသည် ။
စာမူလက်ခံသည့်ရက်စွဲ ၊ ကလောင်အမည် ၊ စာမူခေါင်းစဉ် ၊ ပေးပို့သူ၏ လိပ်စာ ၊ အယ်ဒီတာချုပ်ထံ တင်ပြသည့်ရက်စွဲ ၊ ရွေး / ပယ် စသည်ဖြင့် ခေါင်းစဉ် အသီးသီးအောက် မှာ ရေး သွင်းထားသည်မှာ လည်း စိတ်ဝင်စားစရာ ကောင်းပါသည် ။ မကောင်းသည်မှာ ကား မှတ်တမ်းစာအုပ်ကြီး၏ စာမျက်နှာတိုင်းလိုလို ပယ်စာမူတွေ ချည်း ဖြစ်နေခြင်းပင် ။ တစ် ကြောင်းချင်း ကြည့်သော်လည်း ရွေးစာမူ မတွေ့ ရ ။ တစ်ရွက် ၊ နှစ် ရွက် လှန်ကြည့်သော် လည်း ရွေးစာမူ မတွေ့ ရ ။ လေးငါးခြောက်ရွက်အထိ လှန်ကြည့်သည့်တိုင် ရွေးစာမူ မတွေ့ ရ ။
စာမူတွေ အများ ကြီးထဲမှ ရွေးစာမူ မတွေ့ ရဘူး ဆိုတော့ မိမိ ပို့ထားမိသော ဝတ္ထု လေးအတွက် စိုးရိမ်စရာ ဖြစ်လာမိသည် ။ မှတ်တမ်း စာအုပ်ကြီးကိုလှန်ရင်း ကျွန်တော့်  လက်ကလေးတွေ တုန်လာသည် ။ ရင်ခုန်သံကလည်း မြန်ပါဘိ ။
တစ်နေရာမှာ တော့ ကျွန်တော့် ဝတ္ထုလေးကို မှတ်ပုံတင်ထားတာ တွေ့ ရသည် ။ ကျွန်တော့် စာမူကို မည် သည့်နေ့ရက်က အယ်ဒီတာချုပ်ထံ တင်ပြထားပြီး ဖြစ်သည်ကိုလည်း မှတ်ပုံတင်စာအုပ်ထဲက ရေး သွင်းချက်အရ သိလိုက်ရသည် ။ အယ်ဒီတာချုပ်စားပွဲပေါ် ရောက်နေသည်မှာ ပဲ တစ်လနီးပါးလောက် ရှိပါပကော ။
အရွေးကော ခံရပါ့မလား ။ ထုံးစံအတိုင်း ဝါးလုံးသိမ်း ရိုက်ချခံရခြင်းဖြင့် အပယ်ခံ ဘဝ ရောက်ရဦးမှာ လား ။
ကျွန်တော် သည် မိမိစာမူလေးအတွက် အတော် လေး စိုးရိမ်သွားသည် ။ မည် သည့် နည်းနှင့်မျှ အပယ်မခံနိုင် ဟူသော မာနကလည်း ရုတ်ခြည်း ငယ်ထိပ်ရောက်လာသည် ။
တကယ်ဆို ကျွန်တော့် ဝတ္ထုလေးတွေ က ဟိုမဂ္ဂဇင်းပါ ၊ သည်မဂ္ဂဇင်းပါ ဖြစ်နေပြီ ။ ကျွန်တော် ရန်ကုန်ရောက်တော့ အလည်သွားသည့် မဂ္ဂဇင်းတိုက်တိုင်းလိုလိုက ကျွန်တော့်  ဝတ္ထုများ ကို လိုလိုချင်ချင် တောင်းနေကြပြီ ။ သည်မဂ္ဂဇင်းမှာ မှ ငါ့စာမူ ဖြစ်ရလျှင်ဖြင့် . . . ။
ကျွန်တော် သည် ယခုတိုင် မှန်သည် ၊ မှားသည် မဆုံးဖြတ်နိုင်သေးသော လုပ်ရပ် တစ်ခုကို ပြုမူခဲ့သည် ။
“ အယ်ဒီတာချုပ် စားပွဲပေါ်က ကျွန်တော့်  စာမူကလေးကို ပြန်ယူလို့ မရဘူးလား ခင်ဗျာ ” ဟု မှတ်ပုံတင်စာအုပ်ကြီးကို ယူပြသည့် ဦးလေးကြီးအား ပြောလိုက်မိသည် ။
ကျွန်တော့် စကားကြောင့် ဦးလေးကြီး အတော် အံ့ဩသွားပုံရသည် ။ “ ဘာလို့ ပြန်ယူနေမှာ လဲ ၊ နည်းနည်း စောင့်ပါဦး ၊ အယ်ဒီတာချုပ် စားပွဲပေါ် ရောက်မင့်ပဲဟာ ” ဟုလည်း နှစ် သိမ့်သည် ။ ကျွန်တော် သည် ကျွန်တော့် ဝတ္ထုလေးကို ဦးလေးကြီးအား အားနာစွာ ၊ ခေါင်းမာစွာ ဖြင့် ၊ ပြန်ယူလာခြင်းဖြင့် ထိုမဂ္ဂဇင်းအယ်ဒီတာချုပ်၏ ရွေးခြင်း ၊ ပယ်ခြင်း တစ်ချက်လွှတ်အမိန့်ကို ရှောင်ကွင်းခဲ့သည် ။
အဲသည်နောက်မှာ တော့ မဂ္ဂဇင်းများ စွာ မှာ ဝတ္ထုတိုများ ဖော်ပြခံရသော စာရေး ဆရာ တစ်ယောက် ၊ စာပေအကဲဖြတ်ဆရာများ ၏ အထိုက်အလျောက် အသိအမှတ်ပြုခံရသော ဝတ္ထုတိုသမား တစ်ယောက် ဖြစ်လာသည် ။ သို့သော် တစ်ခုသော မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ်စားပွဲပေါ် ရောက်ရှိနေသော ကိုယ့်ဖန်တီးမှု အနုပညာ လက်ရာတစ်ခုကို မှတ်ကျောက်တင်မခံရဲဘဲ ထွက်ပြေးခဲ့သည့်အ ဖြစ်ကို အကြောင်းတိုက်ဆိုင်လာတိုင်း သတိရနေမိသည် ။
ကျွန်တော် ကိုယ်တိုင် ဂျာနယ်တစ်စောင်၏ အယ်ဒီတာချုပ် တစ်ယောက် ဖြစ်လာသည့် အခါမှာ မူကား . . .
ကျွန်တော် သည် ဂျာနယ်တစ်စောင်ကို ဝယ်ယူဖတ်ရှုလာမည့် စာဖတ် ပရိသတ်များ အတွက် စာမူရွေးချယ်ရာတွင် အလွန်ကြေးထူသူတစ်ဦး ဖြစ်လာသည် ။ ကျွန်တော် ပယ်ထားသည့် စာမူတွေ ကို တစ်နေ့တစ်နေ့ သိမ်းပေးနေရသည့် မောင်အေးလွင်လေးကပင် နားမလည်နိုင်သည့် မျက်လုံးတစ်စုံဖြင့် တစ်ခါတစ်ခါ လှမ်းကြည့်တာကို ခံရဖူးသည် ။ ကိုယ့်ဆရာ အပယ်ကြမ်းလှချေလားရယ်လို့ပေါ့ . . . ။
မတတ်နိုင် ။ ကျွန်တော် ဘာမျှ မတတ်နိုင် ။ ကျွန်တော့်  ဂျာနယ်မှာ မ ဖြစ်မနေ ပင်တိုင်ပေးထားရသော နေရာများ ( ဆရာများ ) ရှိသည် ။ ထိုနေရာများ ( ဆရာများ ) ကို ခပ်လွယ်လွယ်ပေးခဲ့ရသည် မဟုတ် ။ ကျွန်တော့် ဂျာနယ်မှာ ပါသင့်ပါထိုက်သော စာမူများ ပုံမှန်ပါဝင်နိုင်ရေး အတွက် စာရေး ဆရာနှင့် အယ်ဒီတာအဖွဲ့ ပြောဆိုညှိနှိုင်းပြီးမှ ထည့်သွင်းခဲ့ တာ ဖြစ်သည် ။ စာမူတစ်ပုဒ်စီ အပေါ်မှာ စာဖတ်ပရိသတ်များ အကြိုက်ချင်း တူညီကြမည် မဟုတ်သော်လည်း ထိုစာမူအားလုံး သူ့တန်ဖိုးနှင့်သူ ရှိကြသည်ဟု မိမိကိုယ်တိုင် ယုံကြည်ထားသည် ။ ထိုဆရာများ ၏ စာမူများ ကို နေရာပေးရသည့်အပြင် အထွေထွေသော သတင်းများ ၊ အင်တာဗျူး များ အတွက်လည်း စာမျက်နှာများ ဖဲ့ပေးထားရသည် ။ ကလောင်သစ် ၊ ကလောင်စိမ်း တစ်ယောက် ၏ စာမူ တစ်ပုဒ်တလေမျှကိုပင် နေရာပေးရန် အခက်အခဲ ရှိနေတတ်သည် ။
ထိုအနေအထားထဲကနေ ဦးဘုန်း ( ဓာတု ) ၏ စာတစ်ပုဒ်ကို ကျွန်တော် က ရွေးမိသွားသည် ။ ဦးဘုန်း ( ဓာတု ) အတွက် နေရာလေးတစ်ခု ပေးလိုက် မိသည် ။ ဦးဘုန်း ( ဓာတု ) က သူ ရရှိထားသော နေရာလေးတစ်ခုအပေါ်မှာ ရဲရဲကြီး ရပ်လိုက်သည် ။ သူ့စာမူတစ်ပုဒ် ပါလာပြီးသည့်အခါ မေတ္တာလက်ဆောင် ဂျာနယ်နှင့် စာမူခ လာထုတ်ရင်း နှစ် ပုဒ်ထပ်ပေးသည် ။
“ အယ်ဒီတာက ဂျာနယ်မှာ တစ်ပုဒ်တလေ သုံးရုံမျှဖြင့် ဆက်တိုက်သုံးလိမ့်မယ်လို့ ထင်ရင် ကိုယ့်ဆရာ မှားသွားလိမ့်မယ် ” ဟုလည်း စိတ်ထဲက ကျိတ်ပြီး ပြောမိသည် ။ အပြင်ပန်းမှာ တော့ အယ်ဒီတာတို့မာယာနှင့် သူပေးသည့်စာမူကို လိုလိုလားလား လှမ်းယူလိုက်သည် ။
ထိုစာမူနှစ် ပုဒ်ကိုတော့ ဝတ္တရားရှိသည့်အတိုင်း ဖတ်လိုက်ပါသည် ။ ဖတ်ပြီး သွားပါပြီ ။ သည်စာမူနှစ် ပုဒ်ကိုတော့ မောင်အေးလွင်လေး သိမ်းဆည်းရန် ပယ်စာမူဖိုင်တွဲ ထဲဆီသို့ ပို့ရဦးမည် လော ။ မပို့ပါ ။ ဆရာကောင်းဇော်ဂျာနယ်တိုက် အလာကိုပင် မစောင့်နိုင်ဘဲ ဖုန်းနှင့် လှမ်းအကြောင်းကြားကာ ဦးဘုန်း ( ဓာတု ) ၏ စာမူနှစ် ပုဒ်အတွက် သရုပ်ဖော်ပုံများ ရေး ပေးရန် အပ် ဖြစ်လိုက်သည် ။
ကျွန်တော် တို့သည် ကျွန်တော် တို့၏ စာပေလက်ရာအနုပညာများ ကို ပြသရန် အယ်ဒီတာစားပွဲများ အား ဖြတ်သန်းရပါသည် ။ အယ်ဒီတာမင်းများ သည် စာရေး ဆရာ ၊ စာရေး ဆရာလောင်းများ ၏ စာမူများ အတွက် အဆုံးအဖြတ်ပေးရသူများ ဖြစ်ပါသည် ။ သို့သော် တကယ်ဆုံးဖြတ်ပေးသူမှာ စာဖတ်ပရိသတ်သာလျှင် ဖြစ်ပါသည် ။ စာဖတ် ပရိသတ်များ စွာ က ဦးဘုန်း ( ဓာတု ) ၏ စာများ ကို စဉ်ဆက်မပြတ် ထည့်ပေးပါဟု တောင်းဆိုလာသော အခါ ကျွန်တော့်ဘက်က ထည့်ပေးနိုင်ဖို့ စာမျက်နှာများ ညှိယူရသည် ။ ထို့အပြင် စာရေး သူ ဦးဘုန်း ( ဓာတု ) နှင့်လည်း ဆွေးနွေးရသည် ။
ကျွန်တော် တို့သည် ဂျာနယ်တစ်စောင်တွင် ထမင်းပွဲတစ်ပွဲပမာ သဘောထားပြီး အစပ်အဟပ်လည်း တည့်အောင် ၊ အရသာလည်း စုံလင်အောင် ၊ အာဟာရဓာတ်လည်း ပြည့်စုံအောင် ၊ မြင်ရုံမျှနှင့်လည်း စားချင်စိတ်ပေါ်လာအောင် ၊ တစ်ခါစားဖူးသည်နှင့် နောက်လည်း စားချင်အောင် ပေါင်းစပ်ဖန်တီးပေးရပါသည် ။ အင်မတန် ခက်ခဲလှသည့် အလုပ်ကြီးတစ်ခုဟု မဆိုနိုင်စေကာမူ သိပ်တော့လည်း မလွယ်လှပါ ။
တစ်ခါတစ်ခါတော့ ဘောလုံးနည်းပြ တစ်ယောက် လို စဉ်းစားရသည်များ လည်း ရှိပါသည် ။ ရွေးထားမိသည် ကတော့ အကောင်းတွေ ချည်း ။ သို့သော် သုတတွေ ချည်း ဖြစ်နေလျှင် ၊ သမိုင်းတွေ ချည်း ဖြစ်နေလျှင် ၊ ပညာပေးချည်း ဖြစ်နေလျှင် စုပြုံထည့်လို့ မ ဖြစ်ပါ ။ တစ်ဦးချင်း အရည်အသွေး မည် မျှကောင်းကောင်း ကစားပုံချင်း ထပ်နေ၍ တွဲ ဖက်မသုံးသင့်သည့် ဘောလုံးသမားများ လို ဆရာများ လည်း ရှိသည် မဟုတ်ပါလား ။
ဦးဘုန်း ( ဓာတု ) ၏ စာတွေ ကတော့ ဘယ်ဆရာ့စာနှင့်တွဲ တွဲ တွဲ ဖက် သုံးလို့ရသည် ။ စာဟောင်းစာကောင်းတွေ နဲ့ လည်း တွဲ သုံးလို့ရသည် ။ အအီပြေပါသည် ။ အတွေးရဲရဲ ၊ အရေး ရဲရဲ စာများ နှင့်လည်း တွဲ သုံးလို့ရပါသည် ။ အစပ်ပြေပါသည် ။ တချို့က ဦးဘုန်းမှဦးဘုန်း ဖြစ်လာကြသည် ။ ဦးဘုန်း ( ဓာတု ) ၏ စာမှ စာဟု ထင်သူများ ပင် ရှိလာကြသည် ။ ကိုယ်တိုင် ကြုံဖူး ၊ အပြောခံရဖူးသဖြင့် ထည့်ရေး ရခြင်း ဖြစ်ပါသည် ။ ဦးဘုန်း ( ဓာတု ) က စီရော်နယ်လ်ဒိုလို နာမည် ကြီးလာလေတော့ မောင်ပိုင်စီးထားချင်စိတ်များ ပင် ပေါ်လာသေးတော့သည် ။
စာရေး ဆရာကို အယ်ဒီတာက မောင်ပိုင်စီးထားလို့ ရစကောင်းလား ။ တကယ် လည်း ဦးဘုန်း ( ဓာတု ) ကို ဘယ်အယ်ဒီတာမှ မပိုင်ပါ ။ ဦးဘုန်း ( ဓာတု ) ရေး ချင်သည့် ဂျာနယ်မှာ စိတ်ရှိတိုင်း ရေး ခွင့်ရှိနေပါသည် ။ ရေး လည်း ရေး ရပါမည် ။ ဂျာနယ်သာမက သတင်းစာမှာ လည်း ဝင်ရေး တာ တွေ့ ရပါသည် ။
ဦးဘုန်း ( ဓာတု ) ကို ဦးဘုန်း ( ဓာတု ) ကိုယ်တိုင်ကော ပိုင်ပါသလား ။ ကျွန်တော် စွဲစွဲမြဲမြဲ လက်ခံထားတာ ကတော့ စာရေး သူကိုရော ၊ အယ်ဒီတာကိုရော ဂျာနယ်ကိုပါ စာဖတ်ပရိသတ်သာလျှင် ပိုင်သည်ဟူသော အယူအဆ ဖြစ်သည် ။
ဦးဘုန်း ( ဓာတု ) ကို ပိုင်ဆိုင်သူမှာ စာဖတ်ပရိသတ်များ သာလျှင် ဖြစ်ပါသည် ။ ဦးဘုန်း ( ဓာတု ) သတိပြုစေရန် အလေးအနက် ပြောလိုသည်မှာ လည်း စာဖတ်ပရိသတ် များ နှင့် ပတ်သက်သော အချက်သာ ဖြစ်ပါသည် ။
စာရေး သူ တစ်ယောက် သည် စာဖတ်ပရိသတ် အကြိုက်နောက် တကောက်ကောက် လိုက်ပြီး ရေး သွားမည် လော ။
စာဖတ်ပရိသတ်အချို့မှာ နေမြဲနေရာမှာ ပင် ရပ်တန့်နေတတ်ကြပါသည် ။ စာဖတ် ပရိသတ်အချို့ကား ရှေ့သို့မှန်မှန် ရွေးလျားလျက် ရှိတတ်ကြပါသည် ။ စာရေး ဆရာ ဆိုသည်မှာ ရှေ့သို့ရွေ့လျားနေသော စာဖတ်ပရိသတ်နှင့် အတူ ရှင်သန်နိုင်ဖို့ လိုအပ်ပါသည် ။
ရွှေမန္တလေး သတင်းဂျာနယ်တွင် ဖော်ပြပါရှိပြီးသော ဦးဘုန်း ( ဓာတု ) ၏ စာများ သည် စာအုပ်တစ်အုပ်အ ဖြစ် တစုတစည်းတည်း ရောက်ရှိလာပါသည် ။
ဦးဘုန်း ( ဓာတု ) ၏ စာဖတ်ပရိသတ်များ သည် သူတို့ မြတ်နိုးသည့် စာရေး ဆရာ၏ စာတွေ ကို တစုတစည်းတည်း တွေ့ မြင်ရပြီ ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဝယ်ယူအားပေးကြပါလိမ့်မည် ။
ထိုစာဖတ်ပရိသတ်များ ထဲမှာ ရွေ့လျားနေသော စာဖတ်ပရိသတ် အများ ဆုံး ပါဝင်မည် ဟု မျှော်လင့်မိပါသည် ။
သိုက်ထွန်းသက်
၁၆ - ၆ - ၂၀၀၉
စာရေး သူ၏ အမှာ စာ
ကျွန်တော့် ရဲ့ စာတွေ ကို ဘယ်လိုပြောရမှန်း မသိပါ ။ အက်ဆေးလည်း မဟုတ်ပါ ။ ဝတ္ထုတိုလည်း မဟုတ်ပါ ။ ဒါပေမဲ့ နေ့စဉ် ကြုံတွေ့ ရတဲ့ အ ဖြစ်အပျက် ကလေးတွေ ကို ကျွန်တော် တွေးတတ်သလိုတွေးပြီး ရေး တတ်သလို ရေး ထားတဲ့စာတွေ ဖြစ်ပါတယ် ။
ကျွန်တော့် ရဲ့ စာတွေ ကို မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ရွှေမန္တလေး သတင်းဂျာနယ်ကို ပို့ကြည့်တယ် ။ ပထမတော့ အရွေးချယ်မခံရပါဘူး ။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ် လောက်မှာ ရွေးချယ်ဖော်ပြခြင်း ခံခဲ့ရပါတယ် ။ ကိုယ့်စာလေးတွေ ဂျာနယ်စာမျက်နှာပေါ်မှာ ပါလာတယ် ဆိုတော့ ပျော်တာပေါ့ ။ ရေး ချင်တဲ့ စိတ်တွေ ဖြစ်လာတယ် ။ တွန်းအားတွေ ဖြစ်လာတယ် ။ ဒီလိုနဲ့ စာရေး ဖြစ်လာပါတယ် ။
စာတွေ ရေး ချင်လာတော့ မြင်သမျှ တွေ့ သမျှကို အမှတ်တမဲ့ မနေတတ်တော့ဘူး ။ ကိုယ့်ပတ်ဝန်းကျင်ကို သတိနဲ့ ကြည့်တတ်တဲ့အကျင့် ရလာတယ် ။ ဥာဏ်နဲ့ ဆင်ခြင်တတ် တဲ့အကျင့် ရလာတယ် ။ စာတွေ ရေး ရင်းနဲ့ စာတွေ လည်း ပိုပြီး ဖတ် ဖြစ်လာတယ် ။ စာရေး ချင်နေတဲ့သူဆိုတော့ သူများ တွေ ရဲ့ တွေးဟန် ၊ ရေး ဟန် ၊ တင်ပြဟန်တွေ ကို လေ့လာချင်တဲ့ သဘောနဲ့ ၊ စူးစမ်းတဲ့ သဘောနဲ့ ဖတ်တတ် ၊ မှတ်တတ်လာပါတယ် ။ ရေး ရင်းရေး ရင်းနဲ့ ရေး တတ်လာပါတယ် ။ ယခု စာအုပ်ထဲရှိစာများ မှာ ရွှေမန္တလေး သတင်းဂျာနယ်မှာ ၂၀၀၇ ခုနှစ် မှ ၂၀၀၉ ခုနှစ် ၊ ဧပြီလအထိ ဖော်ပြပြီး ဖြစ်တဲ့ အတွေးစာ စကားများ ဖြစ်ပါတယ် ။
ကျွန်တော့် ရဲ့ စာတွေ ဟာ ဖတ်ပြီးရင် တွေးစရာလေးတွေ ကျန်နေတတ်တယ် ။ စာတွေ က အရှည်ကြီး မဟုတ်ဘူး ။ ဒါကြောင့် စာဖတ်သူတွေ မငြီးငွေ့ဘူး ။ ဖတ်ရတာ ပျော်တယ် ။ ဖတ်ပြီးရင် အချင်းချင်း ဆွေးနွေးစရာလေးတွေ ၊ ငြင်းခုံစရာလေးတွေ ၊ အပြန်အလှန် ပြောစရာ စကားလေးတွေ ရှိနေတတ်တယ် လို့ စာဖတ်ပရိသတ်က အမျိုးမျိုး ဝေဖန်ကြတယ် ။ ဘာပဲ ဖြစ် ဖြစ် ကျွန်တော် စာရေး ရတာ ပျော်ပါတယ် ။
ဒီစာအုပ် ဖြစ်ဖို့အတွက် ကျေးဇူးတင်ရမယ့်လူတွေ အများ ကြီးပါပဲ ။ ပထမဆုံး ကျေးဇူးတင်ရမယ့်သူ ကတော့ ဆရာသိုက်ထွန်းသက်ပါပဲ ။ သူ့ကြောင့် ကျွန်တော် စာရေး ဖြစ်ခဲ့ရတာ ပါ ။ သူ့ရဲ့ အားပေးမှု ကြောင့် ကျွန်တော် စာတွေ ကို ပိုပြီး ဖတ် ဖြစ်တယ် ၊ ရေး ဖြစ်လာတယ် ။ ဒုတိယ ကျေးဇူးတင်ရမယ့် သူ ကတော့ ရွှေမန္တလေး သတင်းဂျာနယ်က မိတ်ဆွေ ၊ သူငယ်ချင်းတွေ ကိုပါပဲ ။ သူတို့က ကျွန်တော့် စာကို ဖတ်ချင့်စဖွယ် ဖြစ်အောင် စာအလှပြင်ဆင်ပေးကြတယ် ။ တတိယ ကျေးဇူးတင်ရမယ့် သူ ကတော့ ကျွန်တော့် စာကို သရုပ်ဖော်ပုံ အမြဲ ရေး ဆွဲပေးတဲ့ ပန်းချီနဲ့ ကာတွန်းဆရာ ( ဦး ) ကောင်းဇော် ( ခေါ် ) ( ကို ) လေရူးပါပဲ ။
နောက်ပြီး အမြဲတမ်း သတိတရနဲ့ ကျေးဇူးတင်နေရမယ့် သူတွေ ကတော့ မန္တလေးမြို့က မန္တလေးမြို့ကိုချစ်တဲ့ ရွှေမန္တလေး သတင်းဂျာနယ် စာဖတ်ပရိသတ်ပါပဲ ။ သူတို့ကြောင့် သာ ဦးဘုန်း ( ဓာတု ) ဆိုတဲ့ စာပေကလောင် တစ်ချောင်း ဖြစ်လာခဲ့ရတာ ပါ ။ ဒီစာအုပ်ကို ထုတ်ဝေ ဖြစ်ဖို့လည်း ဆရာ သိုက်ထွန်းသက်မှ အကြံဥာဏ် ပြုပါတယ် ။ ယခုစာများ သည် ရွှေမန္တလေး သတင်းဂျာနယ်ထဲမှာ သာ ရေး သားခဲ့တဲ့ အတွေးစာစကားများ ဖြစ်ပါတယ် ။
စာဖတ်သူတွေ အားလုံးအတွက် ကျွန်တော် စာရေး နေဦးမှာ ပါ ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။
ဦးဘုန်း ( ဓာတု ) မန္တလေး
စီစဉ်သူ၏ အမှာ စကား
ကျွန်တော် နဲ့ ဆရာဦးဘုန်း ( ဓာတု ) တို့ လူချင်း တွေ့ ဆုံရင်းနှီးခဲ့ရတာ သိပ်တော့ မကြာလှသေးပါဘူး ။ သူ့စာတွေ နဲ့ ကတော့ မန္တလေးရောက်ကတည်းက ထိတွေ့  ဖြစ်နေတယ် ဆိုပါတော့ ။ မန္တလေးမှာ နေ ဖြစ်တော့လည်း ရွှေမန္တလေးဂျာနယ်ကို အမြဲလိုဖတ် ဖြစ်နေတာမို့ ဦးဘုန်းရဲ့ ဆောင်းပါးတွေ နဲ့ ရင်းနှီးနေခဲ့တာပါ ။
လူချင်း ကတော့ ဆရာမောင်သင်းထုံ ( ကျောက်မဲ ) မိတ်ဆက်ပေးလို့ ခင်မင်လာတာနဲ့ အမျှ ဆရာ ပြင်ဦးလွင်ကို စာသင်လာတဲ့အခါတိုင်း ရံဖန်ရံခါ တွေ့  ဖြစ်ကြပါတယ် ။ ဆရာ လက်ဆောင်ပေးထားလို့ “ နီးနီးဝေးဝေး အတွေးလက်ဆောင် ” စာအုပ်လေး ရခဲ့ပေမယ့် တော် တော် နဲ့ မဖတ် ဖြစ်သေးပါဘူး ။ အလုပ်သာ မည် မည် ရရ မပြနိုင်တာ ၊ ကျွန်တော် ဖြင့် သိပ်အားလှတယ်လို့ မရှိပါဘူး ။ အဲဒီ မအားတာကလည်း ထွက်သမျှတွေ ထဲက စိတ်ကြိုက်တွေ့ တဲ့ မဂ္ဂဇင်း ၊ ဂျာနယ်တွေ ဝယ်ဖတ် ဖြစ်နေ တာကြောင့် ပါပဲ ။ တစ်ခါတစ်ရံမှာ တော့ ကိုယ်ထုတ်ဝေပေးမယ့် စာမူလေးတွေ ဖတ်ရှု ၊ စိစစ် ၊ ပရု(ဖ်)ဖတ် ၊ အချောပြင် ဒါတွေ နဲ့ ပဲ ဘယ်ကိုမှလည်း သိပ်မသွား ဖြစ်ပါဘူး ။
စိတ်အေးလက်အေးရှိတဲ့ တစ်နေ့မှာ တော့ ဆရာ့စာအုပ်လေးကို ဖတ် ဖြစ်လိုက်ပါတယ် ။ စာအုပ်မျက်နှာဖုံးမှာ တင်ထားတဲ့ “ လူငယ်တွေ ပဲ ဖတ်ဖတ် ၊ လူကြီးတွေ ပဲ ဖတ်ဖတ် နည်းနည်း ဖတ်ပြီး . . . များများ တွေးဖို့ . . . ” ဆိုတဲ့ စာပိုဒ်ကလေးကစပြီး ငြိသွားတာ ၊ လက်က မချ ဖြစ်တော့ပါဘူး ။
တကယ်တော့ စာဖတ်သူများ သိကြတဲ့အတိုင်း ကျွန်တော် က စကားပြေ ၊ ရသစာပေတွေ ကို တရှိုက်မက်မက် ရင်ခုန်ဖတ်ရှု ထုတ်ဝေနေတဲ့သူ တစ်ယောက် မို့ ဒီစာစုလေးတွေ ကို တွေ့ တွေ့ ချင်း ရင်မခုန်ခဲ့ပါဘူး ။ လူဆိုတာ အမြဲတွေးတော ကြံဆနေတတ်တဲ့ သတ္တဝါတစ်မျိုးပဲလေ ။ ကျွန်တော် လည်း တွေးတတ်တာပါပဲ ။ တွေးလည်း တွေးချင်တာပါပဲ ။ ဒါပေမယ့် ကျွန်တော့်  ဝါသနာကိုက ရင်ထဲမှာ ခံစားရတဲ့ ရသစာပေလောက်ကိုပဲ အားသန်နေတာမို့ ဒီလောက် တစ်ဆက်တည်း ဖတ် ဖြစ်လိမ့်မယ် ၊ ဖတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိတာကိုတော့ ရိုးသားစွာ ပဲ ဝန်ခံရမှာ ပါ ။
ဆရာက စာအသင်အပြ ကောင်းလွန်းသူမို့ ထင်ပါရဲ့ ။ ဆရာ့စာတွေ က ဖတ်လိုက်ရင် ရှင်းရှင်းလင်းလင်းနဲ့ သိမြင်သွားပြီး ကိုယ့်ကို ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက်သလိုပါပဲ ။ အဲဒီ မှာ ကျွန်တော် ဘာကို တွေးမိသွားသလဲ ဆိုတော့ ကျွန်တော့် ရဲ့ လင်းလွန်းခင်စာပေတိုက် အနေနဲ့ ဒီလိုစာမျိုးလေးတွေ လည်း ထုတ်ဝေဖြန့်ချိလိုက်မယ်ဆိုရင် စာဖတ်သူ အနည်းနဲ့ အများ အသိလေးတွေ ရနိုင်သွား မှာ ပဲလို့ ။
ဒီဘက် စာဖတ်ပရိသတ်တွေ အနေနဲ့ ကဗျာ ၊ ဝတ္ထုတို ၊ ဝတ္ထုရှည် ၊ ရသစာတမ်းနဲ့ တက်ကျမ်းတွေ အပြင် မဂ္ဂဇင်း ၊ ဂျာနယ် ပေါင်းစုံကို ရွေးချယ်ဖတ်ရှု နေကြတာဆိုတော့ ကျွန်တော် တို့ထက် အသိတရား ပိုပြည့်စုံထားတဲ့ သူလည်း အများ ကြီးပါ ။ အဲဒီ မှာ မှ ပညာရှိ သတိ ဖြစ်ခဲဆိုသလို ကျန်ခဲ့တာ လေးတွေ ၊ လုံးဝကို မတွေ့ မမြင် မဖတ်ရှုရသေးတဲ့ စာဖတ်ပရိသတ်တွေ လည်း ရှိဦး ၊ ဖတ်ချင်ဦးမှာ ပဲ ဆိုပြီး ထုတ်ချင်သွား တာပါ ။
ဒါနဲ့ ဆရာနဲ့ ဆွေးနွေးကြည့်လိုက်တော့ ဆရာ့မှာ ဂျာနယ်ထဲ ပါပြီးပေမယ့် ထုတ်ဝေဖြန့်ချိခြင်း မပြုရသေးတဲ့စာတွေ အများ ကြီးပဲ ဆိုတာ သိလိုက်ရတာ မို့ ဖတ်ကြည့် ဖို့ တောင်းဆိုရပါတယ် ။ ဖတ်ကြည့်ပြီးတော့လည်း စိတ်အားထက်သန် နေတာမို့ “ တွင်း အတွေးစာစကား ” ဆိုတဲ့ စာအုပ်လေးကို စထုတ် ဖြစ်ဖို့ အကြောင်းတိုက်ဆိုင် သွားပါတယ် ။ ဘာပဲပြောပြော မြန်မာပြည် တစ်နံတစ်လျား ဒီစာအုပ်လေး ရောက်သွားရင်တော့ ဖတ်ရှုရတဲ့ ပရိသတ်လည်း ပိုများ သွားမယ် ၊ ပိုပြီးလည်း ကျေနပ် နှစ်သက် သွားကြ လိမ့်မယ်လို့လည်း ထင်မိပါတယ် ။
စာဖတ်သူရဲ့ လက်ထဲကို ဒီစာအုပ်လေး ပို့နိုင်ဖို့အတွက် ဆရာဦးဘုန်း ( ဓာတု ) ကို ဦးစွာ ကျေးဇူးတင်စကား ပြောလိုပါတယ် ။ စီစဉ်ပေးတဲ့ ဆရာကောင်းကျော် ( စီးပွားရေး တက္ကသိုလ် ) ၊ မျက်နှာဖုံးဒီဇိုင်း ဆရာလင်းဝဏ္ဏ ၊ အတွင်းပန်းချီသရုပ်ဖော် ဝင်းကို ၊ စာအုပ်ဖြန့်ချိပေးတဲ့ မျိုးဆက်သစ်စာပေတို့ကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားရင်းနဲ့ ရပ်နားပါရစေ ။
သိန်းလွင် ( ကျောက်ပုထိုး )
လင်းလွန်းခင်စာပေ
၉ ၊ ဩဂုတ် ၊ ၂၀၀၉ ။
အရောင် တောက်ပနေတဲ့ မြွေတွေ ရဲ့ မျက်လုံးတွေ ကို
စိန်ရွှေအမှတ်နဲ့ ရယူဖို့ ကြိုးစားရင်း
ဆုံးရှုံးမှု တွေ ၊ နောင်တတွေ ၊ မျက်ရည်တွေ ၊
ဆင်းရဲခြင်းတွေ ၊ ခံစားချက်တွေ နဲ့ ရင်းလို့
သိလာခဲ့ရတဲ့ လူကြီးတွေ ရဲ့ ဆုံးမစကားကို
လူငယ်လေးတွေ နားလည်စေချင်လို့
ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ် ။
မယုံရင် . . . တွင်းထဲကို ခုန်ဆင်းလိုက် ။
***
တွင်း
ကိုယ်ချင်းလည်း မစာဘူး ။
သူတို့တုန်း ကတော့ နေချင်သလိုနေပြီး
ငါတို့ကျမှ ဟိုလို မနေနဲ့ ၊ ဒီလို မနေနဲ့ ။
ဟိုလိုလေး လုပ်ကြည့်ပါလား ။
ဒီလိုလုပ်တာ မှားတယ် ။
တော် တော် ကို ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေ ပဲ ။
*
“ ဒီအရွယ်မှာ ရည်းစား မထားရဘူးနော် ”
သူတို့တုန်း ကတော့ ထားခဲ့ကြတယ် ။
ကျွန်တော် တို့ကျမှ မထားနဲ့ တဲ့ဗျာ ။
“ မပျင်းကြနဲ့ ၊ ပျင်းရင် ပညာ မရဘူး ”
သူတို့လည်း ကျွန်တော် တို့ အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား ။
“ ပိုက်ဆံစုကြ ၊ မဖြုန်းကြနဲ့ ”
တော် တော် အပြောကောင်းတယ် ။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့ ၊ ငွေတွေ ကို ဖြုန်းတီးခဲ့ကြလို့ ကျွန်တော် တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား ။
“ အရက်မသောက်နဲ့ ငါ့သား ”
အဖေ့ပါးစပ်မှာ အရက်နံ့တွေ နဲ့ ၊ ကျွန်တော့် ကို လာပြီး ဆုံးမနေတယ် ။
“ ဆေးလိပ်သောက်တာ မကောင်းဘူး ”
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့ ။ ဆေးလိပ်မကောင်းကြောင်း တရားလာပြီး ဟောတယ် ။ ရယ်စရာကောင်းလိုက်တာ ။
“ မနေနိုင်ရင် ကွန်ဒုံး သုံးကြနော် ”
လာလာချေသေး ။ လူကြီးတွေ က လူငယ်တွေ ကို ဆုံးမကြတယ် ။
လူငယ်တွေ ရဲ့ ရင်ထဲမှာ “ စောဒက ” တွေ အများ ကြီးပဲ ။ လူကြီးတွေ ရဲ့ ဆုံးမစကားကို တစ်ဖက်သတ် ပြောတယ်လို့ မြင်ကြတယ် ။ ကိုယ်ချင်း မစာဘူးလို့လည်း ခံစားကြတယ် ။ သူတို့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့် မပေးဘူး ။ မတရားဘူး ။
ဒီလို လူငယ်တွေ အတွက် ကျွန်တော် ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ ။
*
တစ်ခါတုန်းကပေါ့ . . . ။ ရတနာသိုက်ရှိတယ်လို့ နာမည် ကြီးနေတဲ့ ဒေသတစ်ခု ရှိတယ် ။ အဲဒီ ဒေသမှာ ရတနာတွေ ကို လိုက်ပြီးရှာကြတဲ့ ရတနာမုဆိုးတွေ လည်း ရှိတယ် ။ တစ်ရက်မှာ မိုးကြီးလေကြီး ကျပါလေရော ။ မိုးတွေ ကလည်း သဲသဲမဲမဲ ရွာတယ် ။ ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေ ပြိုတယ် ။ သစ်ပင်တွေ လဲတယ် ။ အဲဒီ အခါမှာ တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ် ။ အဲဒီ တွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေ ဝိုင်းအုံပြီး တွင်းထဲကို စိုက်ပြီး ကြည့်နေကြတယ် ။
“ ဟာ . . . တွင်းထဲမှာ လက်လက် လက်လက်နဲ့ ရွှေတွေ ဖြစ်မယ်ကွ ”
“ မဟုတ်ဘူး ၊ ပတ္တမြားခဲတွေ နေမှာ ပါ ”
“ ငါ ကတော့ စိန်ရောင် တွေ တောက်နေတယ် ထင်တာပဲ ”
“ မဟုတ်ဘူးကွ ၊ ရှေးဟောင်း ရွှေငွေပစ္စည်းတွေ နေမှာ ”
“ ငါတို့ရှာနေတဲ့ ရတနာသိုက် တွေ့ ပြီကွ ”
တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီး ကြည့်နေကြတဲ့ လူတွေ အားလုံးဟာ တစ်ယောက် တစ်ပေါက် ပြောနေကြတယ် ။ အားလုံးဟာလည်း “ လောဘ ” မျက်လုံးတွေ ကိုယ်စီနဲ့ ပေါ့ ။
အဲဒီ အချိန်မှာ လူ တစ်ယောက် က ပြောပြောဆိုဆို တွင်းထဲကို ခုန်ဆင်းမယ် လုပ်တယ် ။
“ ဟိတ်ကောင် . . . မင်း မဆင်းနဲ့ ၊ ငါ အရင်ဆင်းမယ် ။ ငါ အရင်ရောက် တာကွ ”
“ ဘယ်ရမလဲ ၊ ဒီလိုဆိုရင် ငါ အရင် ဆင်းရမှာ ကွ ”
“ ဒီတွင်းပေါက်ဝကို မင်းထက် ငါ အရင် ရောက်တာလေ ”
ဘာမပြော ညာမပြောနဲ့ လူ တစ်ယောက် ဟာ တွင်းထဲကို “ ဝုန်းခနဲ ” ခုန်ဆင်းလိုက် ပါတော့တယ် ။
တွင်းအောက်ခြေကိုလည်း ရောက်ရော . . . လင်းလက်နေတဲ့အရာတွေ ဟာ ရွှေတွေ လည်းမဟုတ်ဘူး ၊ ပတ္တမြားတွေ လည်း မဟုတ်ဘူး ၊ စိန်တွေ လည်း မဟုတ်ဘူး ၊ မိုးရွာလို့ မြေပြိုပြီး တွင်းထဲမှာ ရှိတဲ့ မြွေပွေးတွေ ၊ မြွေဟောက်တွေ အကောင်တွေ ပေါက်နေကြတာ ။ “ မြွေပွေး ၊ မြွေဟောက် ” အကောင်ပေါက်တွေ ရဲ့ “ မျက်လုံး ” တွေ အရောင် တောက်နေတာသာ ဖြစ်တယ် ။ တွင်းထဲကို ရောက်နေတဲ့သူက တွင်းအပေါ်ကို အော်ပြီး ပြောလိုက်တယ် ။
“ ဟိတ်ကောင်တွေ . . . ဆင်းမလာကြနဲ့ ။ ရွှေတွေ ၊ စိန်တွေ မဟုတ်ဘူးကွ ။ “ မြွေပွေး ” တွေ ရဲ့ မျက်လုံးတွေ ၊ “ မြွေဟောက် ” တွေ ရဲ့ မျက်လုံးတွေ ။ သူတို့မျက်လုံး တွေ ရဲ့ အရောင် တွေ ကို ငါတို့က “ စိန် ” တွေ ထင်နေတာ ၊ ရွှေတွေ ထင်နေတာ ၊ ပတ္တမြားတွေ ထင်နေတာ ။ ငါတို့ ထင်သလို မဟုတ်ဘူးကွ ။ တွင်းထဲကို ဆင်းမလာကြနဲ့ ။ ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ ။ မင်းတို့ ဆင်းမလာကြနဲ့ ”
တွင်းနှုတ်ခမ်းဝက လူတွေ က မယုံကြဘူး ။ ဒီကောင် တစ်ယောက် တည်း လိုချင်လို့ လိမ်ပြောတာပဲ ဖြစ်မယ် ။ နောက် တစ်ယောက် ထပ်ခုန်ချလိုက်တယ် ။
“ ဟုတ်တယ်ဟေ့ ၊ ဆင်းမလာကြနဲ့ ။ “ စိန် ” တွေ မဟုတ်ဘူး ။ ရတနာတွေ မဟုတ်ဘူး ။ သူပြောတာ မှန်တယ်ကွ ။ ဒီကောင် သေနေပြီ ။ ငါ့ကိုလည်း မြွေတွေ ဝိုင်းပြီး ပေါက်ကုန်ပြီ ။ “ မြွေ ” ရဲ့ မျက်လုံးတွေ ကွ ။ သူတို့ရဲ့ မျက်လုံးတွေ ကို ငါတို့က ရတနာတွေ လို့ ထင်နေတာ ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့ ၊ အားလုံး သေကုန်ကြလိမ့်မယ် ”
တွင်းနှုတ်ခမ်းဝက လူတွေ အားလုံးဟာ တွင်းထဲက လူတွေ ပြောတဲ့ စကားကို မယုံကြဘူး ။ ဒီနှစ် ကောင် အပိုင်စီးချင်လို့ “ လီဆယ် ” ပြီးတော့ ပြောတယ်လို့ပဲ ထင်နေကြတယ် ။
ဒီလိုနဲ့ . . .
တစ်ယောက် ပြီး တစ်ယောက် ခုန်ဆင်းလိုက်ကြတာ ။ တွင်းနှုတ်ခမ်းဝက လူတွေ အကုန်လုံး တွင်းထဲမှာ သေကုန်ြ ကတော့တယ် ။
*
လူကြီးဆိုတာ . . .
မြွေတွေ ရဲ့ အရောင် တောက်နေတဲ့ မျက်လုံးတွေ ကို “ စိန် ” တွေ မှတ်ပြီး ၊ ရတနာတွေ မှတ်ပြီး တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ ။
သူတို့က မြွေအကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ပြောတဲ့ စကား ဖြစ်တယ် ။
ဒါကြောင့် ခုန်မဆင်းနဲ့ လို့ ပြောတာ ။
လူငယ်တွေ က မယုံကြည်ဘူး ။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့ ။
*
လူငယ် ၊ လူလတ် ၊ လူကြီးကို ဘယ်လိုအဓိပ္ပာယ် သတ်မှတ်သင့်သလဲ ။
ကျွန်တော် ကတော့ ဒီလို အဓိပ္ပာယ် ဖွင့်ချင်တယ်ဗျာ ။
မသိလို့ လုပ်လိုက်မိတဲ့ အမှား ၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့ အမှား ၊ အမှားတွေ ကို အမှန် ဖြစ်အောင် ကြိုးစားရင်း ထပ်ပြီး မှားသွားမိတဲ့အမှား ၊ မှားမှန်းသိရက်နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး မှားမိတဲ့အမှား ၊ အဲဒီ အမှားတွေ ကို ရင်မှာ ပိုက်ပြီး အမှားများ စွာ ဖြင့် နောင်တတရားများ နဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟု ခေါ်သည် ။
အမှားကို အမှားမှန်း မသိဘဲ အမှားကို အမှန်ထင်ပြီး အဲဒီ အမှားတွေ နဲ့ ပျော်ရွှင်ကျေနပ်နေသူများ ကို လူလတ်ဟု ခေါ်သည် ။
အမှားများ ကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများ အား လူငယ်ဟု ခေါ်သည် ။
ဒီတော့ . . .
နောင်တနဲ့ ရင်းပြီး ၊ အမှားနဲ့ ရင်းပြီး ရထားတဲ့ ဘဝသင်ခန်းစာတွေ ကို လူငယ်လေးတွေ အတွက် မမှားဖို့ ၊ လိုက်နာဖို့ ၊ ရှောင်ကြဉ်ဖို့ ၊ သတိပြုဖို့ ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ် ။
တကယ်တော့ . . .
အရောင် တောက်ပနေတဲ့ မြွေတွေ ရဲ့ မျက်လုံးတွေ ကို စိန်ရွှေအမှတ်နဲ့ အရယူဖို့ ကြိုးစားရင်း ဆုံးရှုံးမှု တွေ ၊ နောင်တတွေ ၊ မျက်ရည်တွေ ၊ ဆင်းရဲခြင်းတွေ ၊ ခံစားချက်တွေ နဲ့ ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေ ရဲ့ ဆုံးမစကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ် ။
မယုံရင် တွင်းထဲကို ခုန်ဆင်းလိုက် ။
ရွှေမန္တလေးဂျာနယ်
အမှတ်စဉ် ( ၂၅၆ ) ၊ ၉ - ၆ - ၂၀၀၈ ။
***
ရက်လည်ဆွမ်း
မသေခင်မှာ ကျွေးတာ ပိုကောင်းတာပေါ့ ။
သေပြီးမှတော့ ကိုယ့်မိဘလောက်
ကိုယ့်အပေါ် မစောင့်ရှောက်တဲ့ ၊ ကိုယ့်ကို မပြုစုခဲ့တဲ့
တခြားလူတွေ ကို ငွေကုန်ကြေးကျခံပြီး ကျွေးတာ
အဓိပ္ပါယ် မဲ့နေသလို အဖေခံစားရတယ်ကွာ ။
တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ ရင်းပြီး ချစ်ခဲ့တဲ့ ၊
စောင့်ရှောက်ခဲ့တဲ့ မိဘကို ကျွေးသင့်တာကွ ...
“ ငါ့သား ၊ အဖေ့သူငယ်ချင်း အသုဘကို ငါ သွားချင်တယ် ၊ လိုက်ပို့ ”
ပြီးခဲ့တဲ့နေ့က အဖေကျွန်တော့်အိမ် ရောက်လာပါတယ် ။ သူ့သူငယ်ချင်း ဆုံးလို့ အသုဘကို လိုက်ပို့ချင်ကြောင်း လာပြောပါတယ် ။ ကျွန်တော့်အဖေနဲ့ ရွယ်တူ ဆိုတော့ အသက် ၇၀ ကျော်ပါ ။ ကျွန်တော့် ရဲ့ ကားပေါ်မှာ အဖေနဲ့ စကားပြော ဖြစ်ကြတယ် ။
“ အဖေ ၊ အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား ”
“ သား တစ်ယောက် ၊ သမီး တစ်ယောက် ရှိတယ် ”
“ အတူ မနေကြဘူးလား ”
“ မနေကြဘူးကွ ”
“ ဘာ ဖြစ်လို့လဲ အဖေ ”
“ ဒီလိုကွ ၊ ဒီကောင်ကြီးက နောက်မိန်းမ ယူထားတာ ။ သားသမီး တွေ က သူ့ကို အမြင်မကြည်ဘူး ။ ဒါကြောင့် သားသမီးတွေ နဲ့ ဒီကောင်အဆင် မပြေဘူး ။ အခု သေတော့လည်း သူ့သားနဲ့ သမီးဆီကို ငါပဲ အကြောင်းကြား ထားတယ် ”
“ သူက ဘာ ဖြစ်လို့ နောက်မိန်းမ ယူတာလဲ အဖေ ”
“ ဒါတော့ ငါ ဘယ်သိမလဲ ၊ ငါသိတာတော့ သူ့ရဲ့ ပထမ မိန်းမ ဆုံးပြီးမှ ဒီမိန်းမကို ယူတာ ၊ အဲ့ဒီလို ယူလိုက်တာကြောင့် သားနဲ့ သမီးဟာ သူ့အဖေကို လုံးဝ လှည့်မကြည့်တော့ဘူး ”
“ ဒါဆိုရင် ဘာ ဖြစ်လို့ သူ့သားသမီးတွေ ကို စောင့်နေရမှာ လဲ အဖေရ ”
“ ဒါ ကတော့ သူ့ဆန္ဒပေါ့ကွာ ။ ဒီကောင်ကြီးက မှာ သွားလို့ ငါလည်း သူခိုင်းတဲ့အတိုင်း လုပ်ရတာ ပေါ့ ၊ မိဘက သားသမီးကိုချစ်တာ သဘာဝ က ဖြစ်လာတဲ့စိတ် ၊ တားဆီးလို့ မရဘူး ။ သားသမီးက မိဘကို ပြန်ပြီး ပြုစုတာ ၊ စောင့်ရှောက်တာ ၊ ချစ်တာကျတော့ သဘာဝ စိတ် မဟုတ်ဘူး ၊ မြင့်မြတ်တဲ့ လူသားတွေ မှာ သာ ရှိတဲ့စိတ်ကွ ”
အဲဒီ နေ့က တောင်မြင့်သုသာန်မှာ မီသင်္ဂြိုဟ်ပါတယ် ။ အဖေဟာ သူ့သူငယ်ချင်းကို မီးရှို့ပြီးတဲ့အထိ စောင့်ကြည့်ပါတယ် ။ သူ့သူငယ်ချင်းရဲ့ သားနဲ့ သမီးဟာ ငါးရက်နဲ့ ရက်လည်ချင်ပါတယ်လို့ ပြောတယ် ။ ဒါကြောင့် အဖေဟာ ဆက်ပြီး ကူညီပြန်တယ် ။
ရက်လည်တဲ့နေ့က လူတော် တော် စည်ကားပါတယ် ။ အသုဘရှင်ရဲ့ သားနဲ့ သမီး ဟာ ငွေကြေးရှိသူတွေ ဆိုတော့ ရက်လည်ဆွမ်းမှာ ရက်ရက်စက်စက်ကို လှူပါတယ် ။ သူ့အဖေက အသက် ၇၂ နှစ် မို့လို့ သံဃာ ၇၂ ပါးကို ပင့်တယ် ။ ဆွမ်းကပ်တယ် ။ သင်္ကန်းလှူတယ် ။ အရပ်ထဲက လူတွေ ကို ရက်လည်တရားနာဖို့ ဖိတ်တယ် ။ နေ့လည်စာနဲ့ ဧည့်ခံတယ် ။ ဒီလိုတွေ စည်စည်ကားကား ဖြစ်ဖို့ ၊ စနစ်တကျ ဖြစ်ဖို့ ကျွန်တော့် အဖေက အားတက်သရော ကူညီပါတယ် ။
ရက်လည်တဲ့နေ့မှာ ရေစက်ချကြတယ် ။ သေဆုံးသူ အဖေအတွက် အမျှပေးတယ် ။
အဲဒီ ရက်လည်ဆွမ်းသွတ်ပြီးတဲ့ညမှာ အဖေနဲ့ ကျွန်တော် စကားတွေ အများ ကြီး ပြော ဖြစ်တယ် ။
“ ငါ့သား ၊ ရက်လည်ဆွမ်းကို မင်း ဘယ်လိုမြင်တုံး ”
ကျွန်တော် ဘာမှ မဖြေတတ်ပါ ။ ကျွန်တော် နားလည်တာ မိရိုးဖလာပါပဲ ။ အိမ်တိုင်း အိမ်တိုင်း လူသေဖူးကြတယ် ။ ရက်လည်ဆွမ်းသွတ်ကြတယ် ။ တချို့လည်း သုံးရက် ၊ တချို့လည်း ငါးရက် ၊ ခုနစ်ရက်မှာ ရက်လည်တယ် ။ သေဆုံးသူတွေ အတွက် ကောင်းမှု ကုသိုလ်လုပ်တယ် ။ အမျှပေးတယ် ။ အမျှရပြီး ကျွတ်ဖို့လွတ်ဖို့ ရည်ရွယ်ချက်နဲ့ သံဃာတော် တွေ ကို ပင့်တယ် ။ ကျွန်တော် က ဒီလောက်ပဲသိတာ ။ ကျွန်တော် သိသလောက် အဖေလည်း သိနေတာမို့ ကျွန်တော် ဘာမှ မဖြေတာ ဖြစ်ပါတယ် ။
“ ငါ စဉ်းစားမိတယ် ။ သားသမီးအတွက် ငါတို့ မိဘတွေ သေရင် သားသမီး ဝတ်ငါးပါးထဲက မွေခံထိုက်စေ ဆိုတဲ့စကားနဲ့ လှူမျှဝေ ဆိုတဲ့ စကားကိုသာ လိုက်နာကြတာ ။ သားသမီး ဝတ်ငါးပါးထဲမှာ ကျန်တဲ့ဝတ်သုံးပါးကို ဂရုမစိုက်ကြဘူး ”
“ ဘာကို ဆိုလိုတာလဲ အဖေ ”
“ ဒီလိုကွာ ၊ မိဘတွေ သေမှ သိန်း၄၀ ၊ ၅၀ ဖိုး အကုန်အကျခံပြီး သားသမီးတွေ ဟာ မိဘတွေ သေရင် မိဘတွေ ကို မြေကြီးထဲမြှုပ်ပစ်လိုက်ကြတယ် ။ သားသမီးတွေ သာ ငါတို့ထက် အရင်သေခဲ့ရင် သားသမီးတွေ ကို ငါတို့ မြေကြီးထဲ မြှုပ်မပစ်ဘူး ၊ ရင်ဘတ်ထဲ က အသည်းနှလုံးထဲမှာ မြှုပ်နှံထားကြတာ ။ ရက်လည်ဆွမ်း လုပ်တာထက် မိဘတွေ မသေခင် သူတို့စားချင်တာ ကျွေးဖို့ ၊ သူတို့ဝတ်ချင်တာ ဝတ်ဖို့ ၊ သူတို့စိတ်ချမ်းသာ ဖို့က ပိုပြီး အရေး မကြီးဘူးလား ၊ အခုတော့ကွာ . . . ”
“ ဒါဆိုရင် အဖေရယ် ၊ မိဘတွေ သေမှ အမျှအတန်း ဝေတာထက် ကောင်းတာ ရှိသေးလို့လား အဖေရယ် ”
“ ကျွေးမွေးမပျက်ဆိုတဲ့ သားသမီးဝတ်ငါးပါးထဲက ပထမတာဝန်ကို မကျေပွန်တဲ့ သားသမီးက အများ ကြီးပါကွာ ။ ငါတို့ မိဘတွေ သားသမီး မကြိုက်တာ တစ်ခုလောက် လုပ်မိရုံနဲ့ ပုံကြီးချဲ့ပြီး ပစ်ထားကြတဲ့ သားသမီးက များ တာပါ ။ မိဘသေမှ အမျှဝေတာထက် မိဘတွေ မသေခင် ကျန်တဲ့ သားသမီးဝတ်သုံးပါးကို လိုက်နာသင့်တယ် ။ အခုတော့ မိဘတွေ သေမှ ရက်လည်ဆွမ်းကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ပေးရုံနဲ့ သားသမီးတာဝန် ကျေပြီလို့ ထင်ကြတယ် ။ မသေခင်မှာ ကျွေးတာ ပိုကောင်းတာပေါ့ ။
သေပြီးမှတော့ ကိုယ့်မိဘလောက် ကိုယ့်အပေါ် မစောင့်ရှောက်တဲ့ ၊ ကိုယ့်ကို မပြုစုခဲ့တဲ့ တခြားလူတွေ ကို ငွေကုန်ကြေးကျခံပြီး ကျွေးတာ အဓိပ္ပာယ်မဲ့နေသလို အဖေ ခံစားရတယ်ကွာ ။ တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ ရင်းပြီး ချစ်ခဲ့တဲ့ ၊ စောင့်ရှောက်ခဲ့တဲ့ မိဘကို ကျွေးသင့်တာကွ ”
အဖေ့စကားဟာ အဓိပ္ပာယ်တွေ ရှိပါတယ် ။
မိဘကို အသက်ရှင်နေတုန်းမှာ ကျွေးမွေးခြင်းလည်း မရှိ ၊ စောင့်ရှောက်ခြင်းလည်း မရှိ ၊ မိဘသေမှ မိဘပိုင်ဆိုင်တာတွေ ကို အမွေခွဲဖို့ ရင်ထဲမှာ က လောဘမီးတွေ နဲ့ ၊ မျက်နှာမှာ က မျက်ရည်တွေ နဲ့ မပြေမလည် ဖြစ်နေကြတဲ့ မောင်နှမတွေ အများ ကြီးပါ ။
“ မွေခံထိုက်စေ ” ဆိုတဲ့စကားကို တိတိကျကျလိုက်နာပြီး ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံနဲ့ စောင့်လေမျိုးနွယ်ကို မေ့နေကြတဲ့ သားသမီးတွေ က အများ စုပါ ။ မွေခံထိုက်စေနဲ့ လှူမျှဝေကိုတော့ လိုက်နာကြတယ် ။
အဖေပြောတဲ့ စကားတစ်ခွန်း ပြောပါရစေ ။
“ ငါ့သား . . . သားသမီးတွေ ဟာ မိဘတွေ သေရင် မိဘတွေ ကို မြေကြီးထဲ မြှုပ်ပစ်လိုက်ကြတယ် ၊ မီးရှို့ပစ်လိုက်ကြတယ် ။ သားသမီးတွေ သာ ငါတို့ထက် အရင်သေခဲ့ရင် သားသမီးတွေ ကို ငါတို့ မြေကြီးထဲ မြှုပ်မပစ်ဘူး ၊ ရင်ဘတ်ထဲက အသည်းနှလုံးထဲမှာ မြှုပ်နှံထားကြတာ ”
ကျွန်တော် တို့လို သားတွေ ၊ သမီးတွေ စဉ်းစားကြည့်ကြရအောင်နော် ။
ရွှေမန္တလေးဂျာနယ်
အမှတ်စဉ် ( ၂၃၄ ) ၊ ၂၉ - ၁၀ - ၂၀၀၇ ။
***
မန်ကျည်းစေ့ကလေးများ
ကျောင်းသင်ရိုး တော် ရုံနဲ့ လူငယ် တစ်ယောက် ဘဝ
မပြည့်စုံနိုင်ပါဘူး ။
ကျောင်းသင်ရိုး မလိုက်နိုင်တဲ့ ကလေးများ ကိုလည်း
ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး ။
ကျောင်းသားတိုင်း စာတော် သူ မ ဖြစ်နိုင်ပေမယ့်
ကျောင်းသားတိုင်း စိတ်ဓာတ်ခိုင်မာသူ ၊ စိတ်ကောင်းရှိသူ ၊
စည်းကမ်းကောင်းသူ ဖြစ်အောင်
လေ့ကျင့်သင်ကြားပေးလို့ ရနိုင်ပါတယ် ။
တစ်ခါတုန်းက ကလေးတစ်သိုက် ရွာလယ်လမ်းမှာ မန်ကျည်းစေ့ တောက်တမ်း ကစားနေကြတယ် ။ ( မန်ကျည်းစေ့တောက်တယ်ဆိုတာ မြေကြီးမှာ တွင်းသေးသေး တိမ်တိမ်လေး တူးရတယ် ။ တစ်ယောက် ကို မန်ကျည်းစေ့အရေအတွက် ဆတူထည့်ပြီး အဲဒီ တွင်းထဲဝင်အောင် လက်မကလေးနဲ့ ကလော်ပြီး ကစားရတဲ့နည်းပါ ။ ) အဲဒီ လို ကစားနေကြရင်း ပိန်ပိန်ခြောက်ခြောက် သေးသေးငယ်ငယ် မန်ကျည်းစေ့ကလေးတစ်စေ့ ပါလာတယ် ။ “ စံမမီတဲ့ မန်ကျည်းစေ့ ” ကလေးပေါ့ ။ အဲဒီ မန်ကျည်းစေ့ကို အားလုံးက မကြိုက်ကြဘူး ။ အားလုံး သဘောတူ လွှင့်ပစ်လိုက်ကြတယ် ။
လွှင့်ပစ်ခံလိုက်ရတဲ့ မန်ကျည်းစေ့ကလေးဟာ မည်းမည်းသေးသေးလေးမို့ မြေကြီးနဲ့ ရောပြီး နေတယ် ။ ဒီလိုနဲ့ မိုးဦးကျ တစ်နေ့မှာ အဲဒီ မန်ကျည်းစေ့လေးဟာ မာကျောတဲ့ မြေကြီးကို ကုပ်တွယ်ပြီး အမြစ်ကလေးတွေ ထွက်လာတယ် ။ အစေ့ရွက်စိမ်းစိမ်းလေး နှစ် ရွက်ကိုထောင်လို့ အသက်ကို ရှူသွင်းပြီး အပင်ဘဝကို ရဲဝံ့စွာ ထူထောင်လိုက်တယ် ။ နေဒဏ် ၊ လေဒဏ် ၊ သဘာဝ ရဲ့ ဒဏ်ကို ကြံ့ကြံ့ခံပြီး အပင်ဘဝကို ရောက်အောင် ကြိုးစားရှာတော့တယ် ။ အစိမ်းနုရောင် ပင်စည်သေးသေးလေးနဲ့ ကမ္ဘာမြေမာမာကြီးကို ထိုးဖောက်လို့ လောကအလယ်မှာ ရပ်တည်ဖို့ ၊ ရှင်သန်ဖို့ မကြောက်မရွံ့ ရုန်းကန်နေပါတော့တယ် ။
ဒီလိုနဲ့ . . . တစ်ရက် . . . နှစ် ရက် ။ တစ်လ . . . နှစ် လ ။ တစ်နှစ် . . . နှစ် နှစ် . . . အနှစ် ( ၃၀ ) လောက်ကြာတဲ့အခါ ရွာလယ်လမ်းမှာ အရိပ်ကောင်းကောင်း မန်ကျည်းပင်ကြီး ဖြစ်လာပါတော့တယ် ။ အရွက်တွေ က စိမ်းလို့ဝေလို့ ။ အပင်ကြီးက မြင့်မြင့်မားမား ၊ ပင်စည်ကြီးက တုတ်တုတ်ခိုင်ခိုင် ၊ အသီးတွေ က ညိုညိုကောက်ကောက် နဲ့ ရွာရဲ့ အလှကို ဖန်တီးပေးနေရှာတယ် ။ ဒီအပင်ရဲ့ အရိပ်အောက်မှာ နားခိုသူတွေ ၊ ဆော့ကစားနေသူတွေ ၊ ခရီးသွားဧည့်သည်တွေ ဟာ တစ်ချိန်တုန်းက စံမမီလို့ လွှင့်ပစ်ခံလိုက်ရတဲ့ မန်ကျည်းစေ့ကလေးဆိုတာ ဘယ်သူမှ သတိမပြုမိကြပါဘူး ။
ဖြစ်စဉ်ကလေး ကတော့ ဒီလောက်ပါပဲ ။
ဒီ ဖြစ်စဉ်ကလေးကိုကြည့်ပြီး ကျောင်းနေဖက် သူငယ်ချင်းတွေ ကို သတိရမိတယ် ။ မန်ကျည်းစေ့လို သူငယ်ချင်းတွေ အများ ကြီးပါပဲ ။ စာသင်ခန်းထဲမှာ မတော် တဲ့ သူငယ်ချင်းတွေ ၊ ဥာဏ်ရည်သင့်တဲ့ သူငယ်ချင်းတွေ ၊ သာမန် မိသားစုဘဝကိုသာ ပိုင်ဆိုင်ခွင့်ရတဲ့ သူငယ်ချင်းတွေ အခုဆိုရင် ထင်ရှားကြီးပွားနေကြတယ် ။ တချို့ဆိုရင် ကျောင်းသားဘဝတုန်းက ဆံပင်ရှည်ထားတယ် ။ ဆရာ အရိုက်ခံရတယ် ။ သနပ်ခါး ပါးကွက်ကျားနဲ့ ကျောင်းကို လာတယ် ။ လမ်းထိပ်အုတ်ခုံမှာ ဂီတာတီးတယ် ။ အခု သူတို့က တိုင်းသိပြည်ကျော် သီချင်းရေး ဆရာကြီး တွေ ၊ တေးပြုစာဆိုကြီးတွေ ၊ အဆိုတော် ကြီးတွေ ဖြစ်နေကြတယ် ။ ရည်းစားစာအရေး ကောင်းလို့ ကျောင်းအုပ်ကြီး ရုံးခန်းရောက်ခဲ့ရတဲ့ သူငယ်ချင်း တစ်ယောက် ဝတ္ထုရေး တဲ့ စာရေး ဆရာ အကျော်အမော်ကြီး ဖြစ်နေတယ် ။ စာမလုပ်ဘဲ ကာတွန်းတွေ ၊ သရုပ်တွေ အမြဲဆွဲတဲ့ သူငယ်ချင်းတချို့ နာမည် ကျော် ပန်းချီပညာရှင်တွေ ၊ ကာတွန်းရေး ဆွဲသူတွေ ဖြစ်နေကြတယ် ။ သင်္ချာအလွန် ညံ့တဲ့ သူငယ်ချင်း တစ်ယောက် ကတော့ စက်မှု လုပ်ငန်းနဲ့ ကြီးပွားနေတယ် ။ စကားအလွန် များ ပြီး လက္ခဏာကြည့်တာ ဝါသနာပါတဲ့ သူငယ်ချင်း တစ်ယောက် ကတော့ နက္ခတ္တဗေဒ ပညာရှင်ကြီး ဖြစ်နေရှာတယ် ။
အမှတ်များများ နဲ့ ဆယ်တန်းကို မအောင်ခဲ့ကြလို့ မန္တလေးတက္ကသိုလ်ကိုသာ တက်ရောက်ခွင့်ရခဲ့ကြတဲ့ သူငယ်ချင်းတွေ ဟာ အခုဆိုရင် တက္ကသိုလ်ကြီးတွေ မှာ ပါမောက္ခကြီးတွေ ၊ ကထိကကြီးတွေ ဖြစ်နေကြသလို အထက်တန်းကျောင်းတွေ မှာ ကျောင်းအုပ်ဆရာကြီး တွေ ၊ ဆရာမ ကြီးတွေ ၊ ဘာသာပြဆရာတွေ ဖြစ်နေကြတယ် ။ တချို့သူငယ်ချင်းတွေ ဆိုရင် တပ်မတော် ထဲမှာ အရာရှိကြီးတွေ ဖြစ်လို့ တိုင်းပြည်အကျိုး သယ်ပိုးနေကြပြီ ။ ကျွန်တော် ကတော့ စာသင်ဆရာ ဖြစ်နေပြန်တယ် ။ ကျွန်တော် တို့ အားလုံးဟာ စာသင်ခန်းထဲမှာ မထင်မရှား နေခဲ့ကြရတဲ့ မန်ကျည်းစေ့လေးတွေ ပါ ။ နှစ် ( ၃၀ ) လောက်ကြာမှ ပြန်တွေ့ ကြတဲ့အခါ အရိပ်ကောင်းတဲ့ မန်ကျည်းပင်ကြီးတွေ ဖြစ်နေပြီး လောကအလှကို ဖန်တီးပေးနေကြတယ် ။
ဒါကြောင့် စာသင်ခန်းထဲမှာ တပည့်တွေ ရဲ့ တန်ဖိုးကို မြင်စေချင်ပါတယ် ။ သူငယ်ချင်း အချင်းချင်းလည်း အထင်မသေးသင့်ဘူး ။ ကိုယ်ကိုယ်တိုင်လည်း အားမငယ် သင့်ဘူး ။ စာသင်ခန်းထဲမှာ ဥာဏ်ရည်သင့်တဲ့ လူငယ်တွေ ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေ ၊ စာမတော် ပေမယ့် ကျောင်းစည်းကမ်းလိုက်နာတဲ့ ကျောင်းသားတွေ ၊ ကျောင်းစာထက် ကိုယ်ဝါသနာပါတာကို လုပ်ချင်နေတဲ့ကလေးတွေ အများ ကြီးရှိပါတယ် ။ ပြုစုတတ်ရင် အရိပ်ကောင်းတဲ့ မန်ကျည်းပင်ကြီး ဖြစ်လာနိုင်တဲ့ မန်ကျည်းစေ့ကလေးတွေ ပါ ။
စာသင်ကျောင်းတွေ မှာ ရှိတဲ့ “ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ ” ဆိုတဲ့ ဆောင်ပုဒ်ကို တကယ်နားလည်ဖို့ လိုပါတယ် ။ စိတ်ကောင်းရှိဖို့ ၊ စိတ်ဓာတ်ခိုင်မာဖို့က ပထမ ၊ စည်းကမ်းလိုက်နာဖို့က ဒုတိယ ၊ ပညာလို့ ဆိုကြတဲ့ ကျောင်းသင်ရိုးက တတိယလို့ အဓိပ္ပာယ်ရပါတယ် ။ ကျောင်းသင်ရိုး တော် ရုံနဲ့ လူငယ် တစ်ယောက် ဘဝ မပြည့်စုံနိုင်ပါဘူး ။ ကျောင်းသင်ရိုး မလိုက်နိုင်တဲ့ကလေးများ ကိုလည်း ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး ။ ကျောင်းသားတိုင်း စာတော် သူ မ ဖြစ်နိုင်ပေမယ့် ကျောင်းသားတိုင်း စိတ်ဓာတ်ခိုင်မာသူ ၊ စိတ်ကောင်းရှိသူ ၊ စည်းကမ်းကောင်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြား ပေးလို့ ရနိုင်ပါတယ် ။
ထို့ကြောင့် စာသင်ခန်းထဲက မန်ကျည်းစေ့လေးတွေ ကို တန်ဖိုးထားတတ်ကြပါစေ ။
ရွှေမန္တလေးဂျာနယ် ၊
အမှတ်စဉ် ( ၂၃၈ ) ၊ ၂၆ - ၁၁ - ၂၀၀၇ ။
***
![]() နီးနီးဝေးဝေး အတွေးလက်ဆောင် | ![]() ကြက်ရိုးဒဿန | ![]() အဖေ့အိမ် |