အခန်း(၁)
ဦးဘုန်း(ဓာတု)
ကြက်ရိုးဒဿန
စာရေး သူ၏ အမှာ စာ
ယခု “ကြက်ရိုးဒဿန” စာအုပ်သည် (၉) အုပ်မြောက် ဖြစ်ပါသည်။
ထုတ်ဝေပြီးသမျှ စာအုပ်များ ကို လက်ခံအားပေးကြသည့်အတွက် ၀မ်းသာကြည်နူးပီတိ ဖြစ်မိသည် ကတော့ အမှန်ပါ။ ယခုစာအုပ်သည်လည်း ကျွန်တော် တတ်စွမ်းသမျှ တွေးတောရေး သားထားခြင်းများ ထဲမှ ကောင်းနိုးရာရာများ ကို စုစည်းထားခြင်း ဖြစ်ပါသည်။
ယခုကာလတွင် စာပေဟောပြောပွဲများ သွားနေရပါသည်။ သို့အတွက် စာရေး ချိန် နည်းပါး လာပါသည်။ စာပေဟောပြောပွဲအတွက် သုတရသစာပေများ စာဖတ်ချိန် ကတော့ ပိုများ လာပါ သည်။ စာတွေ များများ ဖတ်လေလေ စာတွေ ကောင်းမှန်း သိလာလေလေ ဖြစ်လာပြီး စာတွေ ကို ပို၍ ပို၍ ဖတ်ချင်လေလေ ဖြစ်လာရပါသည်။ ကျွန်တော် တို့၏ ရှေ့က စာပေကြယ်ပွင့်များ အလွန် တော် ကြပါသည်။ သူတို့၏ အတွေးအခေါ် အရေး အသားနှင့် စိတ်အာရုံကျက်စားမှု ကို သူတို့၏ စာပေများ တွင် တွေ့ ရပါသည်။ သူတို့ကို မီဖို့ မလွယ်ပါ။
ကျွန်တော် တို့ နိုင်ငံတွင် ရသပဲ ရေး ရေး ၊ သုတပဲ ရေး ရေး ၊ သုတရသပဲ ရေး ရေး ၊ သုတရသ အတွေးအမြပ်ပဲ ရေး ရေး ၊ ဘာသာပြန်ပဲ ရေး ရေး တက်ကျမ်းပဲ ရေး ရေး ၊ နိုင်ငံရေး စာပေပဲ ရေး ရေး . . .စာရေး ဆရာ အားလုံး၏ ပရဟိတစိတ်ကို ကျွန်တော် မြင်နေမိသည်။ ချစ်နေမိသည်။ မြန်မာနိုင် ငံတွင် စာရေး ခြင်းဖြင့် ချမ်းသာသူ မရှိသလောက် ရှားပါသည်။ သို့သော် စာရေး ဆရာ အလွန်များ လှပါသည်။ ဒါကို ကြည့်ခြင်းဖြင့် စာပေသမားတို့၏ တာဝန်ကျေပွန်မှု နှင့် သတ္တိကို အလေးအမြတ် ပြုမိနေသည်။
ထို့အတူ စာအုပ်ထုတ်ဝေပေးသူများ ၏ စာပေအပေါ် ထားရှိသည့် သဒ္ဒါစိတ်ကိုလည်း မှတ်တမ်းတင်မိပါသည်။
* * * * * * *
ကျွန်တော် ၏ စာများ သည် မထူးပါ။ သို့သော် ဆန်းသည်ဟု ပြောကြသည်။
ကျွန်တော် ၏ အရေး အသားများ လည်း ရိုး၏ ။ သို့သော် ရှင်းသည်ဟု ပြောကြသည်။
ကျွန်တော် ၏ အတွေးစာများ သည် မမြင့်လွန်းပါ။ သို့သော် မြင်တတ်လိုက်တာဟု ပြော ကြသည်။
ဘာပဲ ဖြစ် ဖြစ် ကျွန်တော် ကျေနပ်ကြည်နူးရပါသည်။
ရဟန်းသံဃာတော် တွေ ပဲ ဖတ်ဖတ်၊ လူကြီးတွေ ပဲ ဖတ်ဖတ်။
လူငယ်တွေ ပဲ ဖတ်ဖတ်၊ ကျောင်းသားတွေ ပဲ ဖတ်ဖတ်။
အိမ်ထောင်ရှင်တွေ ပဲ ဖတ်ဖတ်၊ မီးဖိုချောင်ထဲက အိမ်ရှင်မတွေ ပဲ ဖတ်ဖတ်။
နည်းနည်း ဖတ်ပြီး များများ တွေးစရာ ပါသည်များ ကို ရေး ဖွဲ့ထားပါသည်။
နှစသက် ကြလိမ့်မည် ဟု ယုံကြည်မျှော်လင့်မိပါသည်။
မေတ္တာအင်အားဖြင့် -
ဦးဘုန်း၊ ဓာတု၊ မန္တလေး
၈-၈-၂၀၁၂ (ဗုဒ္ဓဟူးနေ့)
စာဖတ်သူများ ၊ ဦးဘုန်း(ဓာတု) မန္တလေးနှင့် လင်းလွန်းခင်စာပေ
လင်းလွန်းခင်စာပေတိုက်နဲ့ ဦးဘုန်း(ဓာတု) မန္တလေးတို့ လက်တွဲ ပြီး စာအုပ်လေးတွေ ထုတ်ဝေလာခဲ့တာ ယခု “ကြက်ရိုးဒဿန” စာအုပ်လေးပါ ဆိုရင် (၈) အုပ်မြောက် ဖြစ် သွားပါတယ်။ ဆရာဦးဘုန်း (ဓာတု) အနေနဲ့ တော့ “စာသင်ခန်းထဲမှ စကားများ ” ဆိုတာ တစ် အုပ်ထွက်ခဲ့ဖူးသေးတော့ စုစုပေါင်း (၉) အုပ် ဖြစ်ပါလိမ့်မယ်။
ဦးဘုန်း(ဓာတု)နဲ့ ကျွန်တော် တို့ လင်းလွန်းခင်စာပေတိုက်တို့ စတင်ဆုံဆည်းခဲ့တာ (၃) နှစ် လောက်တော့ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် က စစ်ကိုင်းတိုင်း ရွှေဖက်စပ်လုပ်ငန်းရုံး၊ တိုင်းတာဝန်ခံကနေ ၂၀၀၇ ခုနှစ် ၊ စက်တင်ဘာလမှာ အနားယူခဲ့ပြီး အနီးစခန်းမှာ နေရင်းက ရန်ကုန်ကိုဆင်းပြီး စာအုပ်တွေ လုပ် ဖြစ်ခဲ့ပါတယ်။ ဖြန့်ချိရေး လည်း ရန်ကုန်မှာ ပဲအပ်ထားပြီး ကြုံမှ သာ ငွေရှင်းခွင့်ရခဲ့တာမျိုးပါ။ ၀ါသနာအရနဲ့ ရသစာပေကို ချစ်မြတ်နိုးလွန်းလို့သာ ကိုယ်တိုင်လည်း မြတ်နိုး၊ စာဖတ်သူများ တွေ လည်း နှစသက် စေမယ့် စာအုပ်လေးတွေ ကို ထုတ်ဝေ ဖြစ်နေတာပါ။ ဆရာ မောင်သင်းထုံ(ကျောက်မဲ)ရဲ့ “ရွှေရောင် လွှမ်းတဲ့ ပန်းခင်းစကြာ” ဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ် တစ်အုပ်ကို အဲဒီ ကာလအတွင်း ထုတ်ဝေ ဖြစ်ခဲ့ပါတယ်။ ဆရာမောင်သင်းထုံ(ကျောက်မဲ)နဲ့ လည်း ခင်မင်ရင်းနှီးခဲ့ရပါတယ်။
ပြင်ဦးလွင်က “စာပန်းအိမ်” ပညာသင်ကျောင်းက ဆရာ မောင်သင်းထုံ(ကျောက်မဲ)နှင့် ဆရာဦးဘုန်း(ဓာတု)မန္တလေးတို့ စကားစပ်မိပြီး လင်းလွန်းခင်စာပေတိုက်မှ ဆရာဦးဘုန်းရဲ့ စာအုပ်လေးတွေ ထုတ်နိုင်ဖို့ စကားပြော ဖြစ်ကြပါတယ်။ ဆရာဦးဘုန်းက သူ မန္တလေးမှာ ထုတ်ဝေ ဖြန့်ချိဖူးတဲ့ “နီးနီးဝေးဝေး အတွေးလက်ဆောင်” စာအုပ်လေးကို ဖတ်ဖို့ပေးခဲ့ရင်းနဲ့ ကျွန်တော် တို့ (လင်းလွန်းခင်စာပေ)နဲ့ ဦးဘုန်း(ဓာတု) မန္တလေးတို့ရဲ့ ပထမဆုံးစာအုပ် “တွင်း” အတွေးစာ စကား စာအုပ်လေး ထုတ်ဝေဖို့ အကြမ်းဖျင်း ညှိနှိုင်းခဲ့ကြပါတယ်။
ကျွန်တော့် အနေနဲ့ ဦးဘုန်း (ဓာတု)မန္တလေးရဲ့ စာအုပ်လေးတွေ အောင်မြင် လာလိမ့်မယ် လို့ ဘယ်လိုမှ မျှော်လင့်မရခဲ့ပါဘူး။ တကယ်တမ်း ကျွန်တော် နှစ် ခြိုက်တာကလည်း ရသစာပေ အစု ၀တ္ထုတို၊ ၀တ္ထုရှည် ၊ လုံးချင်း ၊ စတာတွေ လေ။ အတွေးလေးတွေ နဲ့ ရောနေတဲ့ စာစုလေးတွေ ကို လူကြီး၊ လူငယ်အစ ရဟန်းရှင်လူ အဆုံး နှစသက် သဘောကျ ကျေနပ်ကြမယ်လို့ ထင်မထား ခဲ့မိပါဘူး။
“တွင်း” (အတွေးစာစကား) စထွက်တော့ ရန်ကုန် City Star Hotel မှာ ရွှေမန္တလေးဂျာ နယ်မှာ ရေး သားနေတဲ့ ဦးဘုန်း(ဓာတု)ကို ရန်ကုန် ပရိသတ်နဲ့ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ “နီးနီးဝေးဝေး အတွေးလက်ဆောင်” ကို ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေပြီးတဲ့နောက် ဦးဘုန်း(ဓာတု)ရဲ့ စင်ကာပူ၊ မလေးရှားခရီးသွား အတွေးအရသစာစုလေးတွေ စုစည်းပြီး “ငှက်တစ်ကောင်၏ အတွေးရနံ့” စာအုပ်လေးကို ထုတ် ဖြစ်၊ စာအုပ်မိတ်ဆက် ဖြစ်တဲ့အခါမှာ တော့ စာပေ အသိုင်းအ၀ိုင်းကလည်း လက်ခံ၊ စာဖတ်ပရိသတ်လည်း နှစသက် တဲ့ စာအုပ်လေးတွေ ဖြစ်လာပါတော့တယ်။ ကြိုက်နှစသက် တဲ့သူ များ သလို မနှစ် ခြိုက်တဲ့လူတွေ လည်း ရှိမှာ ပါ။ ကျွန်တော့် အနေနဲ့ လည်း ကောင်းလှချည်ရဲ့ လို့ ညွှန်းချင်တာ မဟုတ်ပေမယ့် စာအုပ်ရောင်းရတဲ့ အတိုင်းအတာကို ကြည့်ရင် လူကြိုက် ဘယ်လောက်များ လာလဲ ဆိုတာ သိနေရပါတော့တယ်။
ဒါနဲ့ ပဲ ကျွန်တော် တို့ လင်းလွန်းခင်စာပေတိုက်နဲ့ ဆရာဦးဘုန်း(ဓာတု) မန္တလေးတို့ ဆက် ပြီး “သုည” အတွေးရသစာစု၊ “အဖေ့အိမ်” ၊ “အတွေးလက်ဆောင် ဒိုင်ယာရီ(၁)၊(၂)” ၊ “သံစဉ် များ နဲ့ ကမ္ဘာ” စာအုပ်တွေ ဆက်ပြီး ထုတ်ဝေလာခဲ့တာ အခုတော့ “ကြက်ရိုးအဿန အတွေးရသ စာစုများ ” စာအုပ်ကို ပရိသတ်လက်ထဲ ပို့ဆောင်နိုင်ခဲ့ပါပြီ။
လင်းလွန်းခင်စာပေတိုက်က ထုတ်ဝေခဲ့ပြီးတဲ့ ဦးဘုန်း(ဓာတု) မန္တလေးရဲ့ စာအုပ်တွေ ကို ၀ယ်ယူအားပေးကြတဲ့ စာဖတ်သူများ ရဲ့ မေတ္တာ၊ စေတနာနှင့် လင်းလွန်းခင် စာအုပ်တိုက်ကို ချစ်ခင်စေတနာထားတဲ့ ဦးဘုန်း (ဓာတု) မန္တလေးရဲ့ မေတ္တာကိုလည်း တန်ဖိုးထား ဂုဏ်ယူလျက် ရှိပါကြောင်း တင်ပြရင်းဖြင့် စာဖတ်ပရိသတ်အပေါင်း ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံပါစေလို့ ဆု တောင်းမေတ္တာ ပို့သအပ်ပါတယ်။
သိန်းလွင် (ကျောက်ပုထိုး)
* * * * * * *
အလွဲများ
ကျွန်တော် ကလည်း ကျွန်တော် ပဲ။
ကတ်သီးကတ်သတ်ကိုမှ ရှာရှာဖွေဖွေ မြင်တတ်တယ်။ မြင်တွေ့ နေကျဆိုတော့ ဘာမှ မဟုတ်သလိုပါပဲ။ သေချာတွေးကြည့်တော့ ရယ်စရာလည်း ကောင်းတယ်။ မ ဖြစ်သင့်ဘူးဆိုတာ လည်း တွေးမိတယ်။
တစ်နေ့ဆီတုန်းက၊
လမ်းဘေးမှာ ဆိုင်းဘုတ်တစ်ခုကို တွေ့ တယ်။ အဖြူရောင် အောက်ခံပေါ်မှာ အနီရောင် နဲ့ ရေး ထားတာ။ ရေး ထားတဲ့စာသားကလည်း ကြည့်ပါဦး။
“မိဘမေတ္တာ အပေါင်ဆိုင်” တဲ့။
မိဘမေတ္တာ ဆန်စက်တို့၊ မိဘမေတ္တာ မိတ္တူ၊ မိဘမေတ္တာ ထမင်းဆိုင်၊ မိဘမေတ္တာ သစ် ဆိုင်၊ မိဘမေတ္တာ ကားအသင်း၊ မိဘမေတ္တာ ဆေးဆိုင်၊ မိဘမေတ္တာ စက်ချုပ်ဆိုင် တို့ဆိုရင် အဓိပ္ပာယ်ရှိတယ်။ ကိုယ့်လုပ်ငန်းမှာ မိဘကို ဦးထိပ်ထားတဲ့ သဘော ဖြစ်တဲ့အတွက် သဘောကျဖို့ ကောင်းပါတယ်။ လိုက်လည်း လိုက်ဖက်တယ်။ အခုတော့ ကြည့်ပါဦးဗျာ။
“မိဘမေတ္တာ အပေါင်ဆိုင်” တဲ့။
မိဘမေတ္တာကိုတောင် အပေါင်ခံတဲ့သဘော ဖြစ်မနေပေဘူးလား။ မြန်မာစာ အသုံးအနှုန်း လွဲနေတယ်။ အဲဒီ အပေါင်ဆိုင်ပိုင်ရှင်ဟာ မြန်မာကော ဟုတ်ရဲ့ လားမသိဘူး။ လာသမျှကို အပေါင်ခံ တဲ့ သဘောရှိတယ်။ မိဘမေတ္တာကိုတော့ အပေါင်ဆိုင်ဆိုတဲ့ စကားလုံးနဲ့ တွဲ ပြီး မသုံးသင့်ဘူး။
ကျွန်တော် တို့တစ်တွေ မြင်တွေ့ နေကျ လေထိုးကျွတ်ဖာဆိုင်တွေ မှာ ရေး တတ်တာတွေ ရှိသေးတယ်။
“အရဟံ - လေ” တဲ့။
တော် တော် ကို ကမောက်ကမနိုင်တဲ့ အရေး အသားပဲဗျ။ “အရဟံ” ဆိုတဲ့ မြင့်မြတ်တဲ့ စကားလုံးကို “လေ” ဆိုတဲ့ စကားလုံးနဲ့ တွဲ လိုက်တော့ စိတ်ထဲမှာ အရိုအသေတန်နေတယ်လို့ ခံ စားရတယ်။
ဒီ့ထက်ဆိုးတာက ရှိသေးတယ်။ အမှု န့်ကြိတ်စက်က ရေး ထားတဲ့ လုပ်ငန်းဆိုင်ဘုတ်ပါ။ အမှု န့်ကြိတ်စက်ဆိုတော့ ပဲလည်း ကြိတ်တာပဲ။ ဆန်လည်း ကြိတ်တာပဲ။ ဆေးလည်း ကြိတ်တာပဲ။ အမှု န့်ကြိတ်စက်နားရောင် ရင် အဝေးကနေပြီးတော့ “ပရဆေး” အနံ့တွေ ရနေတတ် တယ်။ ရေး ထားတဲ့ ဆိုင်းဘုတ်ကလည်း ကြည့်ပါဦး။
“ဗုဒံ္ဓ၊ ဓမ္မံ၊ သံဃံ - အမှု န့်ကြိတ်သည်” တဲ့။
ရေး ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်ရတော့ ကျွန်တော့် မှာ ကြက်သီးများ တောင် ဖြန်းဖြန်း ထမိသည်။
ဗုဒံ္ဓ၊ ဓမ္မံ၊ သံဃံကိုတောင် အမှု န့်ကြိတ်မယ်တဲ့ဗျာ။ မ ဖြစ်သင့်ဘူး။
တောင်သာ-မြင်းခြံ သွားတုန်းကလည်း ဒီအတိုင်းပါပဲ။ “ထန်းရည်ဆိုင်” ဖြစ်ကြောင်းကို ဖော်ပြထားတဲ့ လမ်းညွှန်ဆိုင်းဘုတ် ကြော်ငြာပါ။ ပျဉ်ပြားကြီးကြီးပေါ်မှာ မြေဖြူခဲကို ရေဆွတ်ပြီးတော့ ရေး ထားတာ။
“ပဉ္စ ဂုဏံ အဟံဝန္ဒာမိ - ထန်းရည်ဆိုင်”
ဒီစာသားကိုမြင်တော့ ပြုံးမိတယ်။ တွေးရင်းနဲ့ ကြောက်လာတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆို တော့ ဘုရား၊ တရား၊ သံဃာ၊မိဘ၊ဆရာကို ဦးထိပ်ထားတာကောင်းပါတယ်။ လုပ်ငန်းတော် တော် များများ မှာ လည်း ဒီလိုရေး ထားတာ တွေ့ ဖူးပါတယ်။ အခုတော့ဗျာ။ သေရည်သေရက်ဆိုင်က လည်း မတွဲ သင့်တဲ့ ဝေါဟာရကိုတွဲ ပြီး ရေး ထားတယ်။ အလွဲတွေ .. အလွဲတွေ ။
မြင်းခြံမြို့က အရက်ဖြူဆိုင်မှာ ရေး ထားတာ ကြည့်ဦး။
“၀ိမုတ္တိရသ -အရက်ဖြူဆိုင်” တဲ့။
သူများ တွေ တော့ မသိဘူး။ ဖတ်မိတဲ့ ကျွန်တော့် မှာ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားတာတော့ အမှန်ပဲ။
ဒီထက်လွဲတာ ရှိသေးတယ်ဗျ။
ကျွန်တော့် သူငယ်ချင်းရဲ့ ဆေးခန်းမှာ ရွှေလာငွေလာ ဂမုန်းပင်တွေ စိုက်ထားတာ အများ ကြီးပဲ။ သူ့ဆေးခန်းမှာ လူနာတွေ အလာများ ဖို့ ဂမုန်းပင်ကို စိုက်ထားတာတဲ့။ အဲဒီ ဂမုန်းပင် မှာ ရွှေတောင် ချထားလိုက်သေးတယ်။ ဘယ်လိုပြောရမှန်း မသိပါဘူး။ သူ့ဝင်ငွေ ကောင်းဖို့အ တွက် တစ်ရပ်ကွက်လုံးက ဖျားနာပေးရမလို ဖြစ်နေတော့တယ်။ တုပ်ကွေးရာသီကလည်း ရောက်ခါနီး ပြီဆိုတော့ ကျွန်တော့်  သူငယ်ချင်းက ဆေးတွေ ၀ယ်ပြီး စုနေတယ်တဲ့။ အဲဒီ အကြောင်း ကို ပြောပြတော့ ကျွန်တော့် သူငယ်ချင်း ဆရာဝန်က ရယ်တယ်ဗျ။ ပြီးတော့ ဒီလိုပြောတယ်။
“ငါ့ထက်ဆိုးတာတွေ ရှိသေးတယ်ကွ”
“ဘာများ လဲ”
“ကလေးအထူးကု ဆရာဝန်မကြီး တစ်ယောက် ဆေးခန်းမှာ ဇီးကွက်ရုပ်ကြီးတစ်ရုပ် ချထားတယ်။ ကလေးလူနာတွေ များများ လာအောင်တဲ့။ ရယ်ရတယ်နော်”
“မင်းကသာ ရယ်ရတယ်ပြောနေ။ တော် တော် လွဲနေတယ်ကွ”
“ဒီထက်ဆိုတာ ရှိသေးတယ်။ မင်းသတိမထားမိလို့။ အထူးကုဆေးခန်းတွေ ရောက်ဖူး တယ် မဟုတ်လား”
“အေး ရောက်ဖူးတယ်လေ”
“အဲဒီ မှာ လည်း ရွှေလာငွေလာ ဂမုန်းပင်တွေ စိုက်ထားတာ မင်းမတွေ့ မိဘူးလား”
“ငါတော့ . . . သတိမထားမိပေါင်ကွာ”
“အဲဒီ အထူးကုဆေးခန်းတွေ ရဲ့ ကောင်တာပေါ်မှာ မင်း ဘာမြင်တာလဲ ပြောစမ်း”
“ငါတော့ ထူးထူးထွေထွေ မမြင်မိပါဘူးကွာ”
“မင်းက ငါ့ကိုသာ ကဲ့ရဲ့ နေတာ။ အထူးကုဆေးခန်းတွေ က ငါ့ထက်ဆိုးတယ်ဗျ။ သူတို့ တစ်တွေ က လူနာတွေ များများ လာဖို့ ဘာလုပ်ထားတယ် ထင်သလဲ”
“ငါဘယ်သိမှာ လဲ။ မင်းတို့က အချင်းချင်းတွေ ပဲဆိုတော့ သိမှာ ပေါ့”
“ဂမ္ဘီရမဂ္ဂဇင်းထဲမှာ ပါတဲ့ အစီအမံတွေ အကုန်လုပ်တယ်ကွ။ ငွေများများ ရဖို့အတွက် ရေတံခွန်ပါတဲ့ ပန်းချီကားတွေ ချိတ်ရမယ်၊ ရေပါတဲ့ ပိုစတာတွေ ကပ်ရမယ်လို့ မဂ္ဂဇင်းထဲက ရေး ရင် အဲဒီ အစီအမံအတိုင်း လိုက်ပြီး လုပ်ြ ကတော့တာပဲကွ။ မင်း ဘာသိလို့လဲ၊ သူတို့ဆေးရုံ လူစည်ဖို့၊ သူတို့စိုက်ထုတ်ရင်းနှီးထားရတဲ့ ငွေကြေးတွေ အမြန်ပေါ်ဖို့၊ အရင်းကျေဖို့ ဗေဒင်ဆရာဆီလည်း သွားလိုက်တာပဲ။ ယတြာဆိုလည်း လုပ်လိုက်တာပဲ”
“အေး .. ဟုတ်လား။ ကျန်တဲ့စီးပွားရေး လုပ်ငန်းဆိုရင်တော့ . ငါဘာမှ မပြောလိုဘူး။ ဆေး ရုံဆေးခန်းတွေ က အဲဒီ လို လုပ်တာဆိုတော့ ရယ်ရမလို ငိုရမလိုပဲ။ ဟုတ်ကော ဟုတ်ရဲ့ လားကွာ”
“မင်းမယုံရင် အထူးကုဆေးခန်းကြီးတွေ ရဲ့ ဧည့်ခန်းဆောင်မှာ မင်းလေ့လာကြည့်လိုက်။ အထူးကုဆိုတဲ့အတိုင်းပဲ ထူးတဲ့သူမှ ကုသနိုင်တဲ့ ဆေးခန်းကြီးတွေ များ လာလေလေ မထူးထူး အောင် ဓာတ်တွေ ၊ ယတြာတွေ ကလည်း စုံမှစုံပဲ သူငယ်ချင်းရေ”
“မျှတတဲ့ အသက်မွေးမှု ဟုတ်၊ မဟုတ် စဉ်းစားစရာပဲ”
“မင်းသတိထားမိရဲ့ လား မသိဘူး။ “၀င်လာမစဲ တသဲသဲ” ဆိုပြီး ဇီးကွက်ရုပ်နဲ့ ပလတ်စ တစ်ကတ်တွေ လေ။ အဲဒီ လို အစီအမံတွေ ကလည်း အထူးကုဆေးခန်းတိုင်းလိုလိုမှာ ရှိတယ်ကွ”
“မင်းဆေးခန်း အ၀င်ဝမှာ လည်း ငါမြင်မိသလိုပဲ”
“အေး . . .ဟုတ်တယ်ကွ”
“ရှက်စရာကောင်းလိုက်တာ”
“ဒီမယ် .. သူငယ်ချင်း။ ငါ့ထက်ဆိုးတာ ရှိသေးတယ်။ အထူးကု ဆေးခန်းကြီးတွေ မှာ ကြောင်ရုပ်တွေ .. မင်း တွေ့ ဖူးလား”
“ဘာကြောင်ရုပ်လဲကွ”
“ရွှေရောင် ကြောင်ရုပ်လေးတွေ လေ။ လက်တစ်ဖက်က မြှော က်ထားတယ်။ ဓာတ်ခဲထည့် လိုက်မှ မြှော က်ထားတဲ့လက်ကလေး လှုပ်တယ်။ လှုပ်တဲ့သဘောကလည်း ဖောက်သည်တွေ လာကြ . .. လာကြ . .. လာကြ . .ဆိုတဲ့ သဘောပေါ့ကွာ။ ကြောင်ရုပ်ကလေးက သူ့လက်တွေ ကို မနာတမ်း လှုပ်လေလေ လူနာတွေ လာလေလေ ဖြစ်အောင်ပေါ့ကွာ”
“ဟေ .. .”
ရတနာပုံနေ့စဉ်သတင်းစာ
* * * * * * *
ကြိမ်ခွေ
တစ်နေ့ဆီတုန်းက …
“မင်းသီဟ” လက်ဖက်ရည်ဆိုင်ကို မနက် (၇) နာရီလောက် ရောက်သွားတယ်။ စာသင်စရာကလည်း မရှိဘူး။ အားနေတယ်။ ဒါကြောင့် လက်ဖက်ရည် ဆိုင်မှာ အေးအေးဆေး ဆေး ထိုင်မယ်လို့ စိတ်ကူးလိုက်တယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း လမ်းလျှောက်ပြန်လာ တဲ့ ကျွန်တော့် ရဲ့ ငယ်ဆရာနဲ့ ဆရာမ ဇနီးမောင်နှံကို တွေ့ လိုက်တယ်။ သူတို့ကလည်း လက်ဖက် ရည်ဆိုင်ထဲကို ၀င်လာတယ်။ ကျွန်တော် က ကိုယ့်ရဲ့ ဆရာနဲ့ ဆရာမ ကိုတော့ သူတို့ထိုင်နေတဲ့ စားပွဲဝိုင်းကို ရွှေ့ပြီး ထိုင်လိုက်တယ်။
“ဆရာနဲ့ ဆရာမ ကျွန်တော့် ကို မှတ်မိလား”
သူတို့ နှစ် ယောက် စလုံးက ကျွန်တော့် ကို မမှတ်မိကြပါ။
“စိတ်တော့ မဆိုးနဲ့ ကွ။ ငါတို့က တပည့်တွေ အများ ကြီးနဲ့ ကြုံခဲ့၊ ဆုံခဲ့ရတာ ဆိုတော့ မမှတ်မိဘူး။ မင်းက ဘယ်သူလဲ”
“ကျွန်တော် က “အာပီး” လေ။ ဆရာမ က ရူပါဗေဒ သင်တယ်လေ။ ဆရာမ စာသင်တဲ့ အချိန်မှာ ပေါ့၊ ကျွန်တော် က အိမ်သာ သွားချင်တယ်၊ ဆရာမ ကို ခွင့်တောင်းတယ်၊ ဆရာမ က သွား ခွင့်မပြုဘူး။ ကျွန်တော် ကလည်း ၀မ်းလျှောနေတယ်၊ အဲဒါနဲ့ အတန်းထဲမှာ ကျွန်တော် က အီးအီး တွေ ပါချပါလေရော။ အဲဒီ အချိန်ကစပြီး ဆရာမ က ကျွန်တော့် ကို အီးပါ .. “အာပီး” ဆိုပြီး နာမည် ပေးခဲ့တာလေ။ ဒါဆိုရင် ဆရာမ မှတ်မိပြီပေါ့”
“ဟယ် .. နင်က “အာပီး” လား”
ဆရာမ ရဲ့ မျက်နှာ တစ်ခါတည်းကို ၀င်းပ သွားပါတော့တယ်။
“အေး .. ငါမှတ်မိပြီ။ နင်က “အာပီး” ကိုး။ ဆံပင်လည်း မကောက်တော့ဘူး။ နင် နဖူး နည်းနည်း ပြောင်လာတယ်နော်”
“ဟုတ်တယ် .. .ဆရာမ ရဲ့ ။ ကျွန်တော် က အခု “ဦးဘုန်း၊ ဓာတု၊” ဆိုတဲ့ နာမည် နဲ့ စာပြ တယ်၊ စာရေး တယ်”
“သြော် . . “ဦဘုန်း” ဆိုတာ “အာပီး” ကိုး။ နင်က ငယ်ငယ်ကတည်းက “စာတိုငညို” သိပ် လုပ်တဲ့ကောင်”
ကျွန်တော် က အဲဒီ လိုလည်း မိတ်ဆက်လိုက်ရော ဆရာနဲ့ ဆရာမ တို့ ဇနီးမောင်နှံရဲ့ မျက်နှာမှာ ငယ်မူငယ်သွေးတွေ ကြွလာပါတော့တယ်။
ကျွန်တော် တို့မှာ ကျောင်းသားဘ၀တုန်းက “အပြောင်အလှောင်နာမည် ” တွေ ကိုယ်စီရှိ ကြတယ်။ “ပိုးဟပ်ဖြူ” ၊ “ဆင်ပေါက်” ၊ “ကျွဲကြီး” ၊ “နွားမ” ၊ “ဂျိန်းစဘွန်း” ၊ “မျောက်ညို”၊ “ဝေသာ” ၊ “ရခိုင်ကြီး”။
အဲဒီ နာမည် တချို့ကို ဆရာ၊ ဆရာမ တွေ က ပေးတယ်။ တချို့ကိုတော့ သူငယ်ချင်းတွေ က ကင်ပွန်းတပ်ပေးကြတာ။
ဆရာက ပြောတယ်။
“ဒါနဲ့ နေပါဦးကွ၊ “ကျီးငို” ကြီး တစ်ယောက် ကော”
“ကျီးငို” ဆိုတာ ကျွန်တော့် သူငယ်ချင်းပါ။ ဒီကောင်က အသားမည်းတယ်၊ အလွန်မည်း တယ်။ ဘယ်လောက်ထိများ မည်းသလဲဆိုရင် ကျီးမည်းကတောင် ငိုယူရလောက်အောင်ကို မည်း တာ။ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် တို့က ချစ်စနိုးနဲ့ “ကျီးငို” လို့ ခေါ်တယ်။
“ကျီးငိုကြီးက အခု (က.ည.န)ရုံးမှာ အရာရှိကြီး ဖြစ်နေပြီ။ မတွေ့ တာကြာပါပြီ ဆရာရယ်”
“ဟုတ်လားကွ၊ နေပါဦး၊ ဟိုကောင်လေ၊ “ပွိုင့်ဖိုက်” ကွာ။ သူကော အခု ဘယ်မှာ တုံး”
“ပွိုင့်ဖိုက်” ဆိုတာလည်း ကျွန်တော့် သူငယ်ချင်းပါ။ သူက အခြောက်ဗျ။ ယောက်ျားစိတ်လည်းရှိတယ်။ မိန်းမစိတ်လည်း ရှိတယ်။ စကားပြောရင်လည်း ကနွဲ့ကလျနဲ့ ပြော တတ်တယ်။ ဒီတော့ သူ့ကို ကျွန်တော် တို့က “အခြောက်” လို့ ခေါ်ရင် စိတ်ဆိုးတယ်။ နှစ် ပိုင်း တစ်ပိုင်းလို့ခေါ်ရင်လည်း စိတ်ဆိုးတယ်။ ဒီတော့ ကျွန်တော် တို့က “ပွိုင့်ဖိုက်” လို့ ခေါ်လိုက်ကြ တယ်။
“ပွိုင့်ဖိုက်က အခု ဈေးချိုထဲမှာ အထည်ရောင်းနေတယ် ဆရာ။ မိန်းမလည်း ရပြီ။ ငယ်ငယ် တုန်းကသာ “ပွိုင့်ဖိုက်” ဖြစ်တာ ဆရာရဲ့ ။ အခုတော့ သားနဲ့ သမီးနဲ့ ဖြစ်နေပြီ၊ ကြီးပွားနေပြီ”
ဆရာက သူမှာ ထားတဲ့ လက်ဖက်ရည်ကို သောက်လိုက်တယ်။ ပြီးတော့ သူ သိချင်တာတွေ ဆက်ပြီးမေးတယ်။
“ငါ မေးရဦးမယ်ကွ၊ “မေရှဲ” ဆိုတဲ့ တပည့်မကော၊ ဘယ်ရောက်နေတုံး၊ ဘာလုပ်နေတုံး”
“မေရှဲ”ဆိုတာ ဒီလိုဗျ။ ကျွန်တော့် သူငယ်ချင်း “သန်းသန်းစိန်” ပဲ။ ကျွန်တော် တို့က “အရမ်းအရမ်းပိန်တဲ့ သန်းသန်းစိန်” လို့ ခေါ်ရင် စိတ်ဆိုးတယ်။ ဒီကောင်မက အသားက မည်း မည်း၊ အရပ်က ရှည်ရှည်၊ လူကောင်က ခပ်ပိန်ပိန်။ ဒီတော့ ကျွန်တော် တို့က အသားမည်းပြီး အရပ်ရှည်တဲ့ သန်းသန်းစိန်ကို မည်းပြီးရှည်လို့ “မေရှဲ” လို့ ခေါ်တာ။ ဒီကောင်မက “မေရှဲ”လို့ ခေါ်ရင်တော့ စိတ်မဆိုးဘူးဗျ။ နာမည် ကလေးက ဘိုဆန်တယ်ဆိုပဲ။
“မေရှဲ ကတော့ အခု ကျောင်းအုပ်ဆရာမ ကြီး ဖြစ်နေပြီ။ အပျိုကြီးပဲဗျ။ တောင်ပိုင်ရှမ်းပြည် နယ်မှာ လို့ ပြောတယ်။ ဘယ်မြို့မှန်းတော့ မသိပါဘူး၊ မတွေ့  ဖြစ်ပါဘူး ဆရာရယ်”
“အေးကွ၊ ငါတို့လည်း အသက်တွေ ကြီးလာတော့ ကိုယ့်တပည့်တွေ ကို မမှတ်မိတော့ ဘူး၊ ရှင်းရှင်းပြောရရင် နာမည် ပြောင်တွေ ကိုပဲ မှတ်မိတော့တယ်။ ဒါနဲ့ နေပါဦး၊ “လေလာလဲ” တစ် ယောက် ကော၊ ဘယ်ရောက်နေတုံး”
ဆရာက “လေလာလဲ” လို့ ပြောလိုက်တော့ မျက်စိထဲမှာ “ဆွေဆွေအောင်” ကို ပြေးပြီး မြင်လိုက်မိတယ်။ ဒီကောင်မက ပိန်လိုက်တာမှ အရိုးပေါ် အရေတင်ရယ်၊ တအားပိန်တာ၊ ပိတ်ကပ် နေတဲ့ကောင်မ။ သူ့ကို “ဂျပိန်မ” လို့ ခေါ်လို့ ကျွန်တော် တို့ အရိုက်ခံရဖူးတယ်။ ကျွန်တော် တို့က သူ့ကို တရုတ်နာမည် ပေးထားတယ်လေ။ လေလာရင်တောင် လဲမတတ်ပိန်လို့ “လေလာလဲ” လို့ ခေါ်တာ။
“လေလာလဲ အကြောင်းတော့ ကျွန်တော် မသိဘူး ဆရာရဲ့ ။ ဆယ်တန်းအောင်ပြီးက တည်းက ဝေးသွားကြတာ။ ဆရာ၊ “ကြက်ဖင်” ကို မှတ်မိသေးလား ဆရာ”
“အသားမည်းမည်း၊ မျက်နှာပြားကြီးကြီး၊ နှုတ်ခမ်းပြဲပြဲ ရဲရဲနဲ့ မို့ ငါက “ကြက်ဖင်” လို့ ပေးထားတဲ့ကောင်လား”
“ဟုတ်တယ် ဆရာ . ဒီကောင်ကြီးက အခု ညွှန်ချုပ်ကြီး ဖြစ်နေပြီဗျ။ ဆရာမ က နာမည် ပေး ထားတာ မှတ်မိသေးလား၊ “ကိုးလ” ဆိုတဲ့ အကောင်လေ”
“အေး . .မှတ်မိတာပေါ့ဟ၊ ဒီကောင်က ဆယ်တန်းကျောင်းသား ဖြစ်ပေမယ့် ဗိုက်က တော် တော် ပူတာ၊ ဒီတော့ ဒီကောင့်ကို ငါက “ကိုးလ” လို့ နာမည် ပေးထားတာ”
“ဟုတ်တယ် ဆရာမ ၊ ဒီကောင်လည်း အရာရှိကြီး ဖြစ်နေပါပြီ၊ ဆောက်လုပ်ရေး ဘက်မှာ လို့တော့ ပြောတာပဲ”
“နေပါဦး မောင်ဘုန်းရ၊ ဟိုကောင်ကွာ၊ “စံရွှေမြင့်” ကွာ၊ ဘယ်ရောက်နေတုံး၊”
“စံရွှေမြင့်” ဆိုတာက ဒီလို။ အဲဒီ အချိန်တုန်းက “စံရွှေမြင့်” ကာတွန်းက အလွန်ခေတ်စား တယ်။ စာသင်ခန်းထဲမှာ “စံရွှေမြင့်” ကာတွန်း ခိုးခိုးဖတ်လို့ ခဏခဏ အဆူခံရတဲ့ ကျွန်တော့်  သူငယ်ချင်း တစ်ယောက် ကို မေးတာ။
“စံရွှေမြင့်က အခု လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်နေပြီဆရာရဲ့ ။ လွှတ်တော် ကိုယ်စား လှယ်ထဲမှာ ကျွန်တော့် သူငယ်ချင်းတွေ သုံးလေးယောက် လောက်ပါတယ်။ ဆရာ့တပည့်တွေ ပေါ့”
“ဘယ်သူတွေ တုံးကွ”
“နာမည် အရင်းအတိုင်းပြောရင် ဆရာသိမှာ မဟုတ်ပါဘူး။ “ရွှေသွား” ရယ်။ “ကောက် ကောက်” ရယ်။ “မှန်ကြောင်” ရယ်”
ဆရာမ က ပြုံးပြုံးလေး နားထောင်နေရင်း စကားဝင်ပြောတယ်။
“အေးပေါ့ကွယ်၊ အခုဆိုရင် ဆရာမ တို့တပည့်တွေ လည်း တိုင်းပြည်အတွက် အားကိုးရတဲ့ လူကြီးတွေ ဖြစ်ကုန်ကြပြီပေါ့။ ၀မ်းသာချင်တယ်၊ ဂုဏ်လည်း ယူချင်တယ်။ မင်းနဲ့ တွေ့ ရတာ ဆရာမ တို့လင်မယား အသက်ပြန်ပြီး ငယ်သွားသလိုပဲ။ ဟိုတုန်း ကတော့ ဆရာ၊ ဆရာမ ဖြစ်ရတာ သိမ်ငယ်သလို ခံစားမိတာတော့ အမှန်ပဲ။ အခုကျတော့ ကိုယ့်တပည့်တွေ က အရာရှိကြီးတွေ ၊ အတတ်ပညာရှင်ကြီးတွေ ၊ လုပ်ငန်းရှင်ကြီးတွေ ဖြစ်နြေ ကတော့ ဆရာ၊ ဆရာမ ဖြစ်ခဲ့ရတာ ကို ဂုဏ်ယူမိပြန်တယ်”
အဲဒီ အချိန်မှာ လက်ဖက်ရည်သောက်နေတဲ့ ဆရာက ကျွန်တော့် ကို ပြုံးပြတယ်။
“ဒီမယ် ငါ့တပည့်၊ ငါက ဒီအချိန်မှာ မင်းတို့ကို တွေ့ ရင် . .ငယ်ငယ်တုန်းက “နာမည် ပြောင်” တွေ ခေါ်သလို ခေါ်လိုက်ရတာ . .အရသာရှိတယ်ကွ။ ဒါပေမယ့် . . ငါ မခေါ်ချင်တဲ့ “နာမည် ပြောင်” တော့ ရှိတယ်။ မင်းတို့ ငယ်ငယ်တုန်းက စာရိတ္တပျက်တဲ့ကောင်တွေ ၊ သူများ ပစ္စည်း ခိုးတဲ့ကောင်တွေ ၊ လိမ်ပြောတတ်တဲ့ ကောင်တွေ ၊ ကူလီကူမာလုပ်တတ်တဲ့ ကောင် တွေ ၊ ပလီပလာ ပြောတတ်တဲ့ ကောင်တွေ ကို ကြိမ်နဲ့ ရိုက်တယ်၊ ဆော်တယ်။ အဲဒီ လို အရိုက်ခံရ တဲ့ ကောင်တွေ ကို “ကြိမ်ခွေ” လို့ ငါက ခေါ်တယ်။ မင်း .. .မှတ်မိသေးလား”
“မှတ်မိပါတယ် ဆရာ”
ဆရာက ကျွန်တော့် မျက်နှာကို ကြည့်ပြီး စကားကို ပြောတော့တယ်။
“ဘာလို့ “ကြိမ်ခွေ” လို့ ခေါ်တာလဲ၊ မင်း သိလား”
“ကြိမ်နဲ့ အရိုက်ခံရလို့ “ကြိမ်ခွေ” လို့ ခေါ်တာမဟုတ်ဘူးလား ဆရာ”
“မဟုတ်ဘူးကွ၊ ငါ့အဓိပ္ပာယ်နဲ့ ငါ ခေါ်တာ”
“ဘယ်လို အဓိပ္ပာယ်များ ရှိသေးလို့လဲ ဆရာရယ်”
“လေးနက်တဲ့ အဓိပ္ပာယ် ရှိတယ်ကွ။ အခုလည်း ငါတပည့်တွေ ကို တွေ့ ရင် “ကြိမ်ခွေ” လို့ မခေါ်ချင်ဘူး။ အဲဒီ လို အခေါ်ခံရရင် စိတ်ဆိုးသင့်တယ်။ စိတ်ဆိုးရမယ်”
“ဒါဖြင့် ရင် ဆရာခေါ်တဲ့ “ကြိမ်ခွေ” ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲ ဆရာရဲ့ ”
“မင်း . . ကြိမ်တွေ ကို တွေ့ ဖူးလား”
“တွေ့ ဖူးတယ် ဆရာ”
“ဘယ်မှာ တွေ့ ဖူးတာလဲ”
“ထိုင်ခုံတွေ မှာ ကြိမ်ကို သုံးတယ်လေ ဆရာရဲ့ ”
“ဟုတ်ပါပြီ၊ ဒါပေမယ့် ငါပြောတဲ့ “ကြိမ်ခွေ” ဆိုတာ မြစ်တွေ ၊ ချောင်းတွေ ထဲမှာ သစ်တွေ ၊ ၀ါးတွေ ကို ချည်တဲ့အခါ စည်းနှောင်တဲ့အခါ သုံးတဲ့ “ကြိမ်ခွေ” ကို ပြောတာ”
“အဲဒိတော့ ဘာ ဖြစ်လဲ ဆရာ”
“ဒီနေ့ခေတ်မှာ ငါ့တပည့်တွေ က နေရာအသီးသီးမှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြ တဲ့ ဆရာဝန်ကြီးတွေ ၊ စစ်ဗိုလ်ကြီးတွေ ၊ အင်ဂျင်နီယာကြီးတွေ ၊ အရာရှိကြီးတွေ ဖြစ်နေကြပြီ။ တချို့များ ဆို လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ တောင် ဖြစ်နေပြီတဲ့။ တိုင်းပြည်အတွက် အရေး ကြီးတဲ့နေရာက လူတွေ ဖြစ်နေကြပြီ၊ “ကြိမ်ခွေ” မ ဖြစ်စေချင်ဘူး”
“ဘာလို့လဲ ဆရာ”
“မင်းကလည်း .. အပါ့ကွာ။ “ကြိမ်ခွေ” ဆိုတာ သစ်တွေ ၊ ၀ါးတွေ ကို မြစ်ထဲမှာ စည်းတဲ့ နှောင်တဲ့နေရာမှာ သုံးတယ်လို့ ငါပြောပြီးပြီလေ။ ဒီတော့ “ကြိမ်ခွေ” ဆိုတာ ဖောင်ကို ကွပ်တဲ့နေ ရာမှာ သုံးတယ်၊ ဖောင်ကွပ်တဲ့ပစ္စည်းပေါ့။ “ကြိမ်ခွေ” ဆိုတာ “ဖောင်ကွပ်” တာပဲ။ “ကြိမ်ခွေ” လို့ ခေါ်လိုက်ရင် “ဖောင်ကွပ်” လို့ နားလည်၊ “ဖောင်ကွပ်” ဆိုတော့ “ဖွတ်ကောင်” လို့ ပြောတာပေါ့ ကွ”
“ဗျာ . .ဖောင်ကွပ်”
“အေး .. . ဟုတ်တယ်၊ “ကြိမ်ခွေ” ဆိုတာ “ဖောင်ကွပ်”၊ “ဖောင်ကွပ်” ဆိုတော့ ဖွတ်ကောင်”
ဆရာ့စကားကိုကြားပြီး ကျွန်တော် ကြက်သီးများ တောင် ထသွားမိတော့တယ်။
“အေး- ငါ့တပည့်၊ မင်းလည်း “ဖောင်ကွပ်” မ ဖြစ်စေနဲ့ ။ ကျန်တဲ့ ငါ့တပည့်တွေ ကိုလည်း မင်းတွေ့ ရင် ပြောလိုက်။ “ဖောင်ကွပ်” မ ဖြစ်စေနဲ့ လို့၊ ကြားလား။ မင်းတို့တစ်တွေ “ကြိမ်ခွေ” စိတ်ဓာတ်တွေ ရှိနေလို့ ကတော့ ငါတို့တိုင်းပြည် အနာဂတ် မတွေးရဲဘူးဟေ့”
ရွှေမန္တလေးဂျာနယ်
* * * * * * *
ကြက်ရိုးဒဿန
နွေရာသီ။
အိမ်မှာ လူစုံသည်။ မောင်နှမတွေ ပြန်ဆုံ ဖြစ်ကြသည်။ အားလုံးက အိမ်ထောင်ရှင်တွေ ဖြစ်နြေ ကတော့ သူတို့မှာ လည်း သားတွေ သမီးတွေ နဲ့။ တစ်အိမ်လုံး ကလေးကစားကွင်း ဖြစ်နေသည်။ အမေ ကတော့ သူ့မြေးတွေ ကို ကြည့်ပြီး ပျော်နေသည်။ သူ့သားသမီးတွေ ကို ကြည့်ပြီး ကြည်နူးသည်။ သားတွေ ၊ သမီးတွေ ၊ မြေးတွေ အတွက် ထမင်းဟင်း ချက်ကျွေးရသည်ကိုပင် မမောနိုင်ပါ။ ပို၍ တောင် ကျန်းမာနေလိုက်သေးသည်။
အမေ၏ မြေးများ သည် အသက် သိပ်မကွာကြ။ တစ်ယောက် နှင့် တစ်ယောက် ကြီးလှ ငယ်လှမှ တစ်နှစ်သာသာပေါ့။ ဒီတော့ ဆော့ရင်းစကားများ ကြသည်။ ရန် ဖြစ်ကြသည်။ ငိုကြသည်။ ပြန်ခေါ်ကြသည်။ ထိုကြောင့် နွေရာသီသည် ကျွန်တော် တို့ မိသားစုအတွက် အလွန်ပျော်စရာကောင်းပါသည်။
အမေက ညရောက်လျှင် သူ၏ မြေးများ ကို ပုံပြင်ပြောပြလေ့ရှိသည်။ အမေ၏ ပုံပြင်များ သည် ခေတ်မမီတော့ပါ။ သို့သော် အမေက ပြောသည်။ မြေးငယ်များ က တစ်ယောက် တစ်ပေါက် မေးသည်။
အမေက ယုန်နှင့် လိပ်ပုံပြင်ကို ပြောသည်။
"ဘွားဘွားကြီး၊ ယုန်က အအိပ်ကြီးတာကို ဘွားဘွားကြီး ဘယ်လိုလုပ်သိတုန်း"
"ပုံပြင်ထဲမှာ ပါတာပဲကွဲ့ "
"သားထင်တာ ကတော့ ယုန်က အအိပ်ကြီးလို့ ရှုံးတာ မ ဖြစ်နိုင်ဘူး၊ လိပ်ယောင် ဆောင်ထားတဲ့ ယုန်တစ်ကောင်က ၀င်ပြီး ပြိုင်လို့ နေမှာ ပေါ့။ ဘွားဘွားကြီး ဘာသိလို့လဲ၊ အဲဒီ လို လိမ်ပြီး အနိုင်ယူတာတွေ အများ ကြီးပဲ ဘွားဘွားရဲ့"
ပုရွက်ဆိတ်နှင့် နှံကောင်ပုံပြင်ကို ပြောပြန်လေသည်။
"နှံကောင်တို့၊ ပုရွက်ဆိတ်တို့မှာ လူလို အသိဥာဏ်ရှိလို့လား ဘွားဘွားရဲ့"
"ရှိတာပေါ့ သားရဲ့၊ နှံကောင်မှာ လည်း နှံကောင်ဥာဏ်၊ ပုရွက်ဆိတ်မှာ လည်း ပုရွက်ဆိတ်ဥာဏ် ပေါ့"
"ဒါဆိုရင် သားက ပုရွက်ဆိတ်ကို မုန်းတယ်"
"ဘာလို့လဲ သားရဲ့၊ ပုရွက်ဆိတ်က ၀ီရိယ ရှိတယ်လေ"
"ဟုတ်ဖူး ဘွားဘွားရဲ့၊ ပုရွက်ဆိတ်က သူခိုးပဲ။ လူတွေ ရဲ့ ဆန်တွေ ၊ အစားအစာတွေ ကို ခွင့်မပြုဘဲ ယူတယ်။ ခိုးတယ် ။ နှံကောင်က မခိုးဘူး။ မယူဘူး။ ဘွားဘွားက သူခိုးပုရွက်ဆိတ်ကို သဘောကျတယ်ပေါ့၊ သား ကတော့ သူခိုးပုရွက်ဆိတ်ကို မကြိုက်ဘူး"
အမေ၏ မြေးများ က အဲဒီ လို ပေါက်ပေါက်ရှာရှာ ပြောတတ်ကြသည်။ ဒီနေ့ ခေတ်လူငယ်တွေ ကိုး။ တချို့ကလေးများ က အတွေးကောင်းသည်။ တချို့က အတွေးရဲသည်။ ဖြန့်တွေးတတ်သည်။ ဖောက်ထွက်တွေးတတ်သည်။
ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ပုံပြင်ကို ပြောပြန်လေသည်။
"ဘွားဘွားကြီး၊ ဆန်ဖွပ်တဲ့ အဘိုးအိုက ဘာလူမျိုးလဲ"
"ဘွားဘွားလည်း ဘယ်သိမလဲ မြေးရဲ့"
"ဘာလူမျိုးမှန်းလည်း မသိဘဲနဲ့ ဘွားဘွားက ဘယ်လိုလုပ်ပြီး သူ့စကားနားလည်တာတုံး"
ဘွားဘွားကြီးက သူ့မြေးတွေ မေးသမျှကို မဖြေနိုင်။ သူ့မြေးတေါက ရေဒီယို၊ ကက်ဆက်ဖြင့် ကြီးပြင်းခဲ့သူများ မဟုတ်။ တီဗွီဂိမ်းဖြင့် ကြီးပြင်းနေသူများ ၊ လက်တော့ပ်ဖြင့် ယဉ်ပါးနေသူများ ၊ အိုင်ပက်ပ်ဖြင့် ဆော့ကစားနေသူများ ဖြစ်သည်။ ခေတ်ချင်းမတူ။ အမြင်ချင်းလည်းမတူကြ။ သို့သော် ကျွန်တော့် အမေ၊ သူတို့ ဘွားဘွားကြီးက သူ၏ မြေးများ နှင့် စကားပြောနေရသည်ကို ကျေနပ်နေရှာသည်။
တစ်ယောက် ကမေးသည်။ "လပေါ်မှာ လေမရှိဘဲ အဲဒီ အဖိုးအို က ဘယ်လိုလုပ်ပြီး အသက်ရှင်လဲ ဘွားဘွား"
နောက် တစ်ယောက် ကမေးသည်။ "လပေါ်က အဖိုးအိုက ဆန်ဖွပ်တယ်ဆိုတာ မ ဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လပေါ်မှာ ရေမှ မရှိဘဲ။ဆန်တကယ်ဖွပ်တယ်ဆိုရင် လပေါ်မှာ ရေရှိလို့လား။ ဆည်တွေ ၊ မြစ်တွေ ၊ ချောင်းတွေ ကော ရှိလို့လား ဘွားဘွား"
ဘွားဘွားကြီးက သူ့မြေးတွေ ပြောသမျှကို စိတ်မဆိုးတမ်း သူနားလည်သလိုဖြေပေးရှာသ်ည။
"လပေါ်ရောက်နေတဲ့ အဖိုးအိုက ဧည့်စာရင်းတိုင်ရသလား ဘွားဘွားရယ်၊ သားတို့ အခု လာပြီးလည်တာ ဧည့်စာရင်းတိုင်ရတယ်လေ"
အဲလိုတောက်တီးတောက်တဲ့ မေးတတ်တဲ့ မြေးလည်းပါသည်။
"ဘွားဘွားကြီးရယ်၊ ယုန်က ဆန်ကိုလည်း မစားဘဲနဲ့၊ ဆန်ဖွပ်တဲ့ အဖိုးအိုနားမှာ ဘာ ဖြစ်လို့ ငုတ်တုတ်ထိုင်နေရတာ လဲ။ ခါကြက်ဥတို့၊ မုန်လာဥတို့ ဆိုရင်လည်း ဟုတ်ဦးမယ်။ဘွားဘွားကြီး ပုံပြင်ကြီးက မ ဖြစ်နိုင်ပါဘူး" အမေတို့ မြေးအဘွား ပျော်ရွှင်နေတာကို ကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ကြည်နူးနေမိသည်။
တစ်နေ့က သူ၏ မြေးများ ကို ရာဇ၀င်အကြောင်း ပြောနေပြန်သည်။
"သီပေါမင်းဆိုတာကို မြေးတို့ကြားဖူးလား။ သူက ငါတို့ရဲ့ နောက်ဆုံးဘုရင်ဟဲ့။ သူက စာမဖတ်ဘူး။ ဗဟုသုတ လည်းတယ်။ အသက်ငယ်ငယ်နဲ့ ဘုရင် ဖြစ်တော့ ဆုံးဖြတ်ချက် မှားတယ်"
"ဘုရင်ဆိုတာ ဘာလဲ ဘွားဘွား"
"ဘုရင်ဆို တာ ဘုရင်ပေါ့ကွယ်။ လူတွေ ရဲ့ ခေါင်းဆောင်ပေါ့။ သူ့ စကားကို နားထောင်ရတယ်"
တစ်ယောက် ကမေးသည်။
"ခေါင်းဆောင်ဆိုတာ လူတွေ ရဲ့ စကားကို နားထောင်ရတာ လား၊ လူတွေ က သူ့ စကားကို နားထောင်ရတာ လား"
သူ့မြေး၏ မေးခွန်းကို ဘွားဘွားကြီး ဘာမှ ပြန်မဖြေပါ။ တစ်ယောက် ကမေးပြန်သည်။
"ဘုရင်ဆိုတာ လူတွေ ရဲ့ ခေါင်းဆောင်ဆိုရင် သူရဲကောင်းတွေ ၊ အာဇာနည်တွေ ကတော့ လူတွေ ရဲ့ ခေါင်းဆောင်လား ဘွားဘွား"
ဒီနေ့ ခေတ်ကလေးများ သည် တွေးရဲသည်။ မေးရဲသည်။ ရဲဝံ့သည်။ ရင်ထဲရှိတာကို ပြောရဲသည်။
နောက် တစ်ယောက် က မေးပြန်လေသည်။ "ဘုရင်ဆိုတာ သူရဲကောင်းလား ဘွားဘွား"
"ဘုရင်တိုင်းတော့ သူရဲကောင်းမဟုတ်ခဲ့ဘူးကွဲ့ ၊ တချို့ ဘုရင်တွေ ကတော့ သူရဲကောင်းပေါ့"
"ဒါဆိုရင် သီပေါမင်းက ဘုရင်ဆိုတော့ သူရဲကောင်းဘုရင်လား ဘွားဘွား"
"သူရဲကောင်းလည်း မ ဖြစ်ခဲ့ဘူးး။ အာဇာနည်လည်း မ ဖြစ်ခဲ့ဘူး၊ "
ထိုအချိန်တွင် ကိုးတန်းတက်မည့်  မြေးအကြီးကောင်က ၀င်ပြီးပြောလေသည်။
"ဘွားဘွားကြီး သားတို့ကျောင်းသင်ခန်းစာမှာ သီပေါမင်းအကြောင်းပါတယ်၊ သီပေါမင်းက သတ္တိမရှိဘူး ဘွားဘွားရဲ့။ သူ့ ကိုလာပြီးဖမ်းတဲ့ "ကာနယ်စလေဒင်" ဆိုတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကို သားဆိုရင် ဓါးနဲ့ ခုတ်ပစ်မှာ "
တစ်ယောက် က ၀င်ပြီးပြောသည်။
"ဟိတ်ကောင်၊ မင်းက ဓါးနဲ့ ခုတ်ရင် သူက သေနတ်နဲ့ ပစ်မှာ ပေါ့ကွ"
"ဟာ… မင်းကလည်း၊ သီပေါမင်းက ကာနယ်စလေဒင် ကို ဓါးနဲ့ ခုတ်လို့ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်း ဖြစ်ပြီကွ။ အဲဒီ လို မဟုတ်ဘဲ ကာနယ်စလေဒင် သေသွားခဲ့ရင် သီပေါမင်းက ငါတို့ရဲ့ သူရဲကောင်း ဖြစ်ပြီကွ။ အဲဒီ လိုမဟုတ်ဘဲ ကာနယ်စလေဒင် က သီပေါမင်းကို သေနတ်နဲ့ ပစ်လို့ သီပေါမင်း သေသွားခဲ့ရင်လည်း သီပေါမင်းဟာ ငါတို့ရဲ့ အာဇာနည်ကွ"
အမေတို့ မြေးအဘွားတစ်သိုက် သီပေါမင်းအကြောင်း ပြောနေသည်ကို အဝေးမှ ကြည့်ရင်း နားထောင်နေပြီး ကျေနပ်နေမိသည်၊
"အေးကွဲ့ ၊ မြေးပြောသလိုဆိုရင် သီပေါမင်းက သူရဲကောာင်း ဖြစ်ခွင့် လည်း ကြုံတယ်၊ အာဇာနည် ဖြစ်ခွင့် လည်း ကြုံတယ်၊ သူမသိခဲ့ဘူး ။ သူအသုံးမချခဲ့ဘူးး"
"သူရဲကောင်းဆိုတာ ဘာလဲ ဘွားဘွား"
"သူရဲကောင်းဆိုတာ လူအများ အတွက် ရဲဝံ့သူ၊ လူအများ ကောင်းစားရေး အတွက် အလုပ်လုပ်သူကို ခေါ်တယ်ကွဲံ"
"ဒါဆိုရင် သီပေါမင်းက ကျွန်တော် တို့ ကောင်းစားရေး အတွက် အလုပ်မလုပ်ခဲ့ ဘူးပေါ့"
မြေးငယ် တစ်ယောက် က မေးပြန်သည်။
"အာဇာနည် ဆိုတာ ဘာလဲ ဘွားဘွား"
"အာဇာနည်ဆိုတာ အများ အတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်စွန့် ၀ံ့တဲ့ သူကို ခေါ်တာ"
"သီပေါမင်းက ဘာ ဖြစ်လို့ အသက်မစွန့် ၀ံ့တာလဲ ဘွားဘွား"
ဘွားဘွားကြီးက မဖြေ။ မြေးအကြီးကောင် တစ်ယောက် က ဖြေသည်။
"ဟိတ်ကောင်ရ၊ မင်းမှတ်ထား၊ အများ အတွက် မစဉ်းစားလို့ပေါ့ကွ၊ ကိုယ့်အတွက် စဉ်းစားတဲ့ သူက အသေမခံရဲဘူး၊ အများ အတွက် စဉ်းစားတဲ့ သူတွေ က အသေခံရဲတယ်"
သူ့မြေးအကြီးကောင်၏ အဖြေကို သူ့အဘွားက တအံ့တသြဖြင့် နားထောင်နေရှာသည်။
"ဘွားဘွားကြီး၊ သီပေါမင်း ပါတော် မူတယ်ဆိုတာ ဘာလဲဗျ"
"ပါတော် မူတယ်ဆိုတာ အပေါ့အပါးသွားတာမဟုတ်ဘူး၊ အိမ်သာတက်တာ မဟုတ်ဘူး၊ အင်္ဂလိပ်ဖမ်းသွားတာကို ပြောတာ"
"ဘယ်လမ်းက ဖမ်းသွားတာလဲ ဘွားဘွားရဲ့"
"၃၅လမ်းပေါ့ဟယ်၊ ဟိုးအနောက် ဂေါဝန်မြစ်ဆိပ်ကို ဖမ်းသွားတယ်"
"ဘာလို့ မန္တလေးသူ၊ မန္တလေးသားတွေ က ဘုရင်ကို ပြန်ပြီး မလုတာလဲ"
ရန်ကုန်မှာ မွေးတဲ့ ရန်ကုန်က မြေးငယ် တစ်ယောက် က ၀င်ပြီးပြောသည်။
"မန္တလေးသားတွေ က ငကြောက်တွေ ၊ ၀င်ပြီးလုရင် ရရဲ့သားနဲ့ အလကားကြောက်နေကြတယ်"
"မြေးရဲ့ ၊ ဒီလိုလည်း မပြောရဘူးး၊ မန္တလေးသူ၊ မန္တလေးသားတွေ က သတ္တိရှိတယ်။ မြန်မာပဲဟယ်…သတ္တိဘယ်နည်းမလဲ၊ "
ရန်ကုန်သား မြေးငယ် တစ်ယောက် က ၀င်ပြီးပြောပြန်သည်။
"မန္တလေးးသားတွေ သတ္တိနည်းရင် နည်းတယ်ပေါ့ ဘွားဘွားရယ်"
"ဒီလို မပြောရဘူး၊ ဒီလိုမတွေးရဘူး မြေးရဲ့၊ အဲဒီ အချိန်တုန်းက သီပေါကိုယ်တော် လေး၇ဲ့ လုပ်ရပ်တွေ ကြောင့် တိုင်းသူပြည်သားတွေ က ဘုရင်ကို အလိုမကျဘူး၊ မုန်းနေကြတယ်။ ဘုရင်က မောင်နှမတွေ ကို သတ်တယ်လို့ နန်းတော် အပြင်မှာ လူအများ က ပြောနေကြတယ်။ သတ်လိုက်တာလည်း အများ ကြီးဘဲ၊ မင်းတုန်းမင်းကြီးမှာ သားသမီးတွေ အများ ကြီးရှိတာကိုး၊ အဲဒါတွေ အားလုံးကို သတ်ပစ်လိုက်တာတဲ့။ တချို့လည်း ကြောက်လို့ ထွက်ပြေးတယ်တဲ့။ ညီအစ်ကို အချင်းချင်းသတ်ကြတာ၊ တကယ်ရက်စက်တယ်။ အဲဒီ လို ရက်စက်တဲ့ ဘုရင်ကို လူတွေ က မချစ်ကြဘူး၊ ပြည်သူလူထု အကျိုးကို မကြည့်ဘဲ ကိုယ်ဘုရင် ဖြစ်ရေး ကိုသာေ၇ှ့တန်းတင်တဲ့ အတွက် သီပေါမင်းကို မန္တလေးသူ၊ မန္တလေးသားတွေ က အေးအေးဆေးဆေးပဲ ကြည့်နေလိုက်ကြတယ်လို့ ဘွားဘွားထင်တယ်။ သီပေါကိုယ်တော် လေးနေရာမှာ ညောင်၇မ်းကိုယ်တော် တို့၊ ညောင်အုပ်ကိုယ်တော် တို့ ဆိုရင်တော့ ဘယ်ပြောကောင်းမလဲကွယ်။ သူတို့ကို ပြည်သူတွေ က ချစ်တယ်။ မန္တလေးသူ၊ မန္တလေးသားတွေ က ချစ်တယ်၊ အားကိုးတယ်၊ သူတို့ ဆိုရင်တော့ အသက်ပေးပြီး ကို လုမှာ သေချာတယ်။
ပြည်သူပြည်သားဆိုတာ ကိုယ်ချစ်တဲ့ ခေါင်းဆောင်အတွက် အသက်ပေးဖို့လည်း ၀န်မလေးကြဘူး၊ ကိုယ်လိုလားတဲ့ ခေါင်းဆောင်အတွက် ဘာလုပ်ပေးရ၊ပေးရ ဆိုတဲ့ စိတ်ဓါတ်ည်းရှိကြတယ်။ လူဆိုတာ ကိုယ်မနှစ်သက်တဲ့၊ ကိုယ်မကြည်ဖြူတဲ့ ကိုယ်မလိုလားတဲ့၊ ခေါင်းဆောင်တွေ ဆိုရင် သူတို့နဲ့ မပူးပေါင်းဘူး။ သူတို့ ခိုင်းသမျှကို စိတ်မပါဘဲ ၀တ်ကျေတမ်းကျေလုပ်တယ်။ အရွဲ့ တိုက်တယ်။ ဒီ ဖြစ်ရပ်ကိုကြည့်လေ၊ မန္တလေးသူ၊ မန္တလေးသားတွေ အရွဲ့ တိုက်လိုက်ကြတာမှ ကျွန်ကို ဖြစ်သွားရော"
အမေက အဲလို စကားကြောရှည်နေတော့ မြေးတွေ က အိပ်ပစ်လိုက်ကြသည်။
သူ့မြေးတွေ ကို ခြင်ကိုက်မှာ စိုး၍ ယပ်တောင် တဖျပ်ဖျပ် ခပ်နေရှာတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော့ စိတ်ထဲတွင် ပို၍ ချစ်လာနေမိသည်။
တစ်နေ့ မနက်မှာ တော့….
အမေ၏ မြေးတစ်သိုက် ထမင်းစားရင်း စကားများ ကြသည်။
"ဘွားဘွားကြီးက မတရားဘူး၊ အငယ်မ ချစ်ပေါက်ကိုတော့ ကြက်သားဟင်းကို ရင်အုပ်ထည့်ပေးတယ်၊ ချစ်တိုးကို ကျတော့ ပေါင်သားကျွေးတယ်။ မီးသားကိုကျတော့ ကြက်မြစ်ကြက်သည်း ကျွေးတယ်။ သားကိုကျတော့ ဖင်ပိုင်းနားက အသားကိုပဲကျွေးတယ်"
"ဟေ့ကောင် မင်းကတော် သေးတယ်၊ ငါ့ကျတော့ ရင်အုပ်နားက အရို့းပဲကျွေးတာ၊ ဘွားဘွားကြီးက မျက်နှာလိုက်တယ်"
အမေက စိတ်မဆိုးဘဲ သူ့မြေးများ ၏ ပြဿနာကို ပြေလည်အောင် ရှင်းပေးနေရှာသည်။ ထို့နေ့က နေ့လည်စာကို "ကြက်သားရေချိုချက်" အမေက ချက်သည်။ အဝေမတည့်ကြ။
အမေက သူ့မြေးများ ကို အသားကျွေးသည်။ ကောင်းပေ့ ညွန့်ပေ့ ဆိုတာကို ကျွေးသည်။ အမေ ကတော့ ကြက်ခြေထောက်ရိုးကိုသာ စားသည်။ အမေ့တွင် သွားကောင်းကောင်းမရှိတော့ ။ သို့သော် ကြက်ခြေထောက်ရိုးကိုသာ ပျော်ပျော်ကြီးစားသည်။
နေ့ခင်းဖက်တွင် သူ၏ မြေးများ တစ်ေ၇းတစ်မော အိပ်ကြသည်။ အမေနှင့် ကျွန်တော် စကားပြော ဖြစ်သည်။
"အမေရယ်၊ အသက်လည်း ကြီးပါပြီ၊ ကြက်သားဟင်းချက်တာပဲ၊ ရင်အုပ်လေးပေါင်လေးစားပါ အမေရဲ့။ အားရှိအောင်လို့"
အမေက ဘာမှ ပြန်မဖြေဘဲ ပြုံး၍ နေရှာသည်။
"ကျွန်တောမှတ်မိသလောက်တော့ အမေရယ်၊ ကြက်သားဟင်းချက်တိုင်း အသားစားတာ မတွေ့ ဖူးဘူး၊ တောင်ပံရိုးပဲစားတယ်။ ခြေထောက်ရိုးဘဲ စားတယ်။ အရိုးနားကပ်နေတဲ့ အသားက ပိုပြီးချိုတယ်ဆိုလို့ ကျွန်တော် လည်း စားကြည့်ပါတယ် အမေရယ်၊ ချိုဖို့ နေနေသာသာ ဘာအသားမှ ကိုက်လို့၊ စားလို့ မရပါဘူး အမေရဲ့၊ "
အမေက ကျွန်တော့်ဦးခေါင်းကို ပုတ်လိုက်သည်။
"ဒီမယ်သားရဲ့ အမေက လူကြီးလေ၊ ဒီအိမ်မှာ အကြီးဆုံးလေ၊ အိမ်ရဲ့ ခေါင်းဆောင်လေ၊ ခေါင်းဆောင်ဆိုတာ အနစ်နာခံရတယ်ကွဲ့ "
အမေက စကားပြောရင်း အိမ်နံရံတွင် ချိတ်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကို လှမ်းပြီး ကြည့်လိုက်သည်။
"သားစဉ်းစားမိရဲ့လား။ ဗိုလ်ချုပ်အောင်ဆန်းကို အမေတို့ ဘာ ဖြစ်လို့ ချစ်တာလဲ၊ အနစ်နာခံလို့ မဟုတ်ဘူးလား သားရဲ့။ ဘယ်လောက်အထိများ အနစ်နာခံခဲ့သလဲဆိုရင် လွတ်လပ်ရေး ရဖို့ တရုတ်ပြည်လည်း သွားခဲ့တယ်၊ ဂျပန်ပြည်လည်း သွားခဲ့တယ်။ ပြန်လာတော့လည်း စစ်တိုက်ရတယ်။ ပြီးတော့ အ၀တ်အစားတောင် သုံးလေးထည်ပဲရှိတယ်လို့ အမေတို့ သိရတယ်။ တိုင်းပြည်ခေါင်းဆောင်သာ ပြောတာပါကွယ်၊ အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ အစားအသောက်ကောင်းကောင်း သူ့မှာ နေမသွားရ၊ စီးမသွားရ၊ စားမသွားရရှာပါဘူး။ အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာအုပ်တွေ အပြင်မှာ ဖတ်လို့ ရနေပြီပဲ။ သားလည်း သိမှာ ပါ"
အမေက စိတ်ပါလက်ပါဖြင့် ကျွန်တော့်ကို ပြောနေရှာသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကျွန်တော် လှမ်းမှီသလောက် ဖတ်ရှုဖူးပါသည်။ ဗိုလ်ချုပ်၏ ရိုးသားမှု။ တည်ကြည်မှု၊ ပြတ်သားမှု၊ ရဲရင့်မှုတို့ကို ကျွန်တော် နှစ်သက်သည်၊ သဘောကျသည်။
"ဒီမယ်သားရဲ့၊ ဗိုလ်ချုပ်အောင်ဆန်း က ကျဆုံးသွားတယ်။ သူကျဆုံးသွားတဲ့ အချိန်မှာ သူ့မိသားစုအတွက် မြေတစ်ကွက် မထားခဲ့နိုင်ဘုး။ မိသားစုနောင်ေ၇းအတွက် ဘာလုပ်ငန်းမှလည်း ထူထောင်မပေးခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ မြေစာရင်းဌာနမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည် နဲ့ မြေဂရန် မရှိဘူး။ တိုက်တွေ ၊ အိမ်တွေ ၊ နန်းတော် တွေ ၊ စိန်တွေ ၊ ရွှေတွေ ဆိုတာ ဝေးရော။ ဗိုလ်ချုပ် ကျဆုံးသွားတော့ သူတို့ မိသားစုက ပန်းစိုက်ပြီး အသက်မွေးခဲ့ တယ်လို့ အမေ ဖတ်ဖူးတယ်။ ဗိုလ်ချုပ်က တိုင်းပြည်အတွက် တကယ်အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်ကွဲ့ ။ အဲဒီ လို အနစ်နာခံခဲ့လို့ သူ့ကို ဒီကနေ့ အထိ လွမ်းပြီး ချစ်နေကြတာလေ။ ကြက်သားဟင်းလို ပြောရင် တို့ ဗိုလ်ချုပ်ဟာ ရင်အုပ်တွေ ၊ ပေါင်တွေ စားဖို့ နေနေသာသာ ခြေထောက်ရိုး၊ တောင်ပံရိုးတောင် စားခွင့် ရမသွားရှုာပါဘူး သားရယ်"
အမေက ဆွေးဆွေးမြည့် မြည့်  ကြီးပြောနေရှာသည်။
"မိခင် ဖခင်ဆိုတာ အိမ်ရဲ့ ခေါင်းဆောင်၊ ခေါင်းဆောင်ကောင်းဆိုတာ အနစ်နာခံရတယ်။ အခွင့်အရေး ရရင်တောင် မယူရဘူး။ ကိုယ်ချင်းစာတရား ထားရတယ်။ မေတ္တာနဲ့ လောကကြီးကို ဆက်ဆံရတယ်။
ဒီလိုပဲ ငါ့သား….ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက် ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေး ကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ အုတ်ရိုးနဲ့ တည်ဆောက်ထားတဲ့ နန်းတော် ကြီးပိုင်ဆိုင်ဖို့ထက် ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ နန်းတော် ကြီး ပိုင်ဆိုင်ဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ စိန်တွေ ၊ ရွှေတွေ စီခြယ်ထားတဲ့ သရဖူကို ဦးခေါင်းမှာ ဆင်မြန်းဖို့ထက် အကျင့်သီလ သန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ ဦးခေါင်းမှာ ဆင်မြန်းဖို့ ပိုပြီး အေ၇းကြီးတယ်။
ခေါင်းဆောင်ကောင်းဆိုတာ ကိုယ်မွေးထားတဲ့ သားသမီးတွေ က ကိုယ့်ကိုချစ်ဖို့ထက် တိုင်းသူပြည်သားတွေ က ကိုယ့်ကိုချစ်ဖို့ ပိုပြီး အရေး ကြီးတယ်။
ဒီတော့ သားရယ်…
ခေါင်းဆောင်ကောင်းဆိုတာ စားရကံကြုံခဲ့ရင်လည်း အရိုးအရင်းပဲ စားရတယ်ကွဲ့။ ရင်အုပ်တွေ ၊ ပေါင်တွေ စားနေပြီး ခေါင်းဆောင်ကောင်း ဖြစ်ချင်လို့ ဘယ်ရမလဲကွယ်၊ သားပဲ စဉ်းစားကြည့်ပါ၊"
အမေက အိပ်မောကျနေသော သူ၏ မြေးများ ကို ယပ်တောင်ခတ်ပေးနေရှာသည်။ ထိုနေ့က မီးမလာပါ။ အမေပြောသည့် "ကြက်ရိုးဒဿန" သည် တကယ်တော့ ရိုးရိုးလေးပါ။ အရိုးစားတိုင်း အရိုးမစူးကြပါ။
အသားစားပြီး အရိုးစူးနေကြတဲ့ သူတွေ ကျွန်တော် တို့ ခေတ်သမိုင်းမှာ အများ ကြီး ပါလားလို့ တွေးနေမိသည်။
သြော်…
ခေါင်းဆောင်ကောင်းဆိုတာ အရိုးစားပေမယ့် အရိုးမစူးကြပါလားဗျာ။
မဟေသီမဂ္ဂဇင်း
* * * * * * *
![]() ပန်းသေနတ် | ![]() သုည အတွေးရသစာစု | ![]() မွေးနေ့လက်ဆောင် |