Cover

အခန်း(၁)

ဦးဘုန်း(ဓာတု)

မန္တလေး

နီးနီးဝေးဝေး အတွေးလက်ဆောင်

(ဒုတိယအကြိမ်)

နည်းနည်း ဖတ်များများ တွေး

ဒီစာအုပ်ထဲက စာတွေ ဟာ ဆောင်းပါးမဟုတ်ပါဘူး။ ၀တ္ထုလည်း မဟုတ်ပါဘူး။ ကျွန်တော် ဟာလည်း စာရေး ဆရာမ ဟုတ်ပါဘူး။ စာရေး သူပါ။ ကျွန်တော် တွေးမိတာလေးတွေ ကို ရေး တတ် သလို ရေး ထားတဲ့ ‘အတွေး စာစကားလေး’ တွေ ပါ။

ရတနာပုံနေ့စဉ်သတင်းစာရဲ့ တနင်္ဂနွေအချပ်ပိုမှာ ဖော်ပြခံရတဲ့ စာတွေ လည်းပါတယ်။ ရွှေ မန္တလေး သတင်းဂျာနယ်နဲ့ Upper Myanmar ဂျာနယ်မှာ ဖော်ပြခံရတဲ့ စာတွေ လည်းပါပါတယ်။

ကျွန်တော့် ရဲ့ စာတွေ မှာ အချိန်ရဲ့ အယူအဆ၊ ကိုယ်ချင်းစာမှု နဲပ မေတ္တာတရား၊ စိတ်ကို ထားတတ်စေဖို့၊ စိတ်အထားအသိုဆိုင်ရာ အတွေးစာသားများ နဲ့ ကျောင်းသား၊ မိဘ၊ ဆရာ၊ သူတို့ ရဲ့ ပတ်ဝန်းကျင်ပေါ်မှာ နေ့စဉ်ထိတွေ့ ရင်း တွေးမိတဲ့ စာစကားတွေ ပါဝင်နေတာ တွေ့ ရလိမ့်မယ်။

ကျွန်တော့် ရဲ့ စာတွေ ကို ဖတ်ဖူးတဲ့၊ ဖတ်မိတဲ့ မိတ်ဆွေသူငယ်ချင်းများ က ပြောကြတယ်။

‘မင်းရဲ့ စာလေးတွေ က မတိုမရှည် ဖြစ်တယ်။ ဖတ်ရတာ အဆင်ပြေတယ်။ ဒီနေ့ခေတ်ဟာ စာအရှည်ကြီး ဘယ်သူမှ မဖတ်ချင်ဘူး။ ဖွဲ့နွဲ့နေတာလည်း မကြိုက်ဘူး။ စာဖတ်ဖို့လည်း အချိန် အများ ကြီး မပေးနိုင်ဘူး။ နည်းနည်း ဖတ်ပြီး များများ တွေး တွေးနိုင်တဲ့ စာတွေ ဖြစ်လို့ မင်းရဲ့ စာကို ငါတို့ကြိုက်တယ်။ စာအုပ်တစ်အုပ်လုပ် ဖြစ်အောင်လုပ်ကွာ။ ဘ၀အတွက် မှတ်တိုင်လေးတစ်ခုပေါ့’

တချို့ကျောင်းဆရာ၊ ဆရာမ တွေ က ပြောကြတယ်။

‘ဆရာရဲ့ စာတွေ ဟာ ကျွန်တော် တို့အတွက် ကျောင်းသားနဲ့ ဆရာဆက်ဆံရေး ၊ စာသင် ခန်းအတွင်းဆက်ဆံရေး တွေ မှာ တော် တော် အသုံးဝင်တယ်။ ကျောင်းသားတွေ အတွက်လည်း စိတ် ခွန်အားကို ဖြစ်စေတယ်။ ဆရာတွေ အတွက်လည်း စိတ်ဖိစီးမှု ကိုပြေလျော့စေတယ်။ အရမ်းကြိုက် တယ် ဆရာ၊ ဆရာရေး ထားတဲ့ စာတွေ ကို စာအုပ်လေးတစ်အုပ် လုပ်စေချင်တယ် ဆရာ’

တချို့မိဘတွေ က ပြောကြပြန်တယ်။

‘ဆရာ့ရဲ့ အတွေးပါတဲ့ စာစကားလေးတွေ ဟာ သားသမီးတွေ ဆုံးမတဲ့နေရာမှာ ‘အတော် အသုံးတည့်’ တယ် ဆရာ၊ ဖတ်ပြီးရင် တွေးစရာ၊ စဉ်းစားစရာတွေ အများ ကြီးပဲ ကျန်ခဲ့တယ်။ အဲဒါကို ကြိုက်တာဆရာ၊ ဆရာ့စာစကားလေးတွေ ဟာ အချိန်မပေးနိုင်တဲ့သူတွေ အတွက် ဖတ်ဖို့ အရမ်းအဆင်ပြေတယ်။ ဆရာပြောချင်တဲ့ Message ကို ထိထိမိမိ အဖွဲ့အနွဲ့မပါဘဲ ရေး ထား တော့ ဖတ်ရသူတွေ အတွက် အချိန်ကုန်သက်သာပြီး အရမ်းအကျိုးရှိတယ် ဆရာ၊ ဆရာ့စာတွေ ကို စာအုပ်လေးလုပ်ပါလား’

ကျွန်တော် လည်း ကျွန်တော် ရေး ထားတဲ့ စာတွေ ကို စာအုပ်လေးတစ်အုပ်လုပ်ချင်ပါတယ်။ ဒါ့ကြောင့် မအားတဲ့ကြားက ကြိုးစားပြီး စုစည်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော် ရှိပါတယ်။ စာအုပ် ၅၀၀ ကုန်ဖို့ မလွယ်ပါဘူး။ လူဦးရေနဲ့ စာအုပ်အချိုးချကြည့်ရင် စာဖတ်နှုန်းနည်းသေးတယ်ဆိုတာ ထင်ရှားပါတယ်။ အကျိုးအမြတ်ဆိုတာထက် ဘ၀အတွက် မှတ် တိုင်လေးတစ်ခုအ ဖြစ် ရည်ရွယ်ပြီး ဒီစာအုပ်ကို ဖန်တီးပါတယ်။

စာတစ်ပုဒ်ကို လူ တစ်ယောက် ဖတ် ဖြစ်ဖို့ဆိုတာ မလွယ်ပါ။

ဖတ်စရာတွေ ကလည်း အများ ကြီး။

ဂျာနယ်တွေ ကလည်း အများ ကြီး။

မဂ္ဂဇင်းတွေ ကလည်း အများ ကြီး။

စာရေး သူတွေ ကလည်း အများ ကြီး။

စာကောင်းပေကောင်းတွေ ကလည်း အများ ကြီးပါ။

အဲ့ဒီလို စာတွေ ဖတ်စရာစာအုပ်တွေ များ သလို လူတွေ ကလည်း စာဖတ်ဖို့ မျက်လုံးမအား ကြဘူး။ အာရုံမအားကြဘူး။ အချိန်မပေးနိုင်ကြဘူး။ ဒါပေမယ့် စာကို ဖတ် ဖြစ်အောင် ဖတ်ရမယ်။ ဒါမှသာ အဓိပ္ပာယ်ရှိတဲ့ လူ့ဘ၀ကို ပိုင်ဆိုင်နိုင်မယ်။

ကျွန်တော့် ရဲ့ စာဟာ ဖတ်ပြီးရင် တွေးစရာလေးတွေ ပါတော့ ဖတ်ရတာ ပျော်စရာကောင်း မှာ ပါ။ စာအရှည်ကြီးတွေ မဟုတ်ပါဘူး။ ဒါပေမယ် တွေးစရာတော့ အရှည်ကြီးပါတဲ့ စာတွေ ပါ။

စာဖတ်သူအားလုံး. . .

စာဖတ်ခြင်း၊

တွေးတောခြင်း၊

ဆင်ခြင်ခြင်းဖြင့် ဘ၀အမောကို ဖြေနိုင်ကြပါစေ. . .

ရိုးသားမှု ဖြင့်

ဦးဘုန်း (ဓာတု)

မန္တလေး

၁၀-၁၀-၂၀၀၇

အခန်း(၂)

ဆူးငှက်၏ မုဒိတာ

ဆရာမိဘ၊ မိဘဆရာ

‘ငှက်ကလေးတွေ စိုးစီ. . . စိုးစီ

ဝင်းပေါက်မှာ မြည်

ချိန်တန်ပြီကွဲ့ ညီမထွေး

ဆွမ်းချက်ကြစို့လေး. . . ’

ငယ်စဉ်က စွဲလမ်းခဲ့သော ကဗျာစာသားလေးတစ်စ ဖြစ်သည်။ ကဗျာလေးသာမက သရုပ် ဖော်ပုံလေးပါ သဘောကျမိ၏ ။ ဟုတ်သည်. . . ။ မနက်လင်းသည်နှင့် ခေါင်းရင်းက ဒန့်သလွန်ပင် ပေါ်၊ မာလကာပင်ပေါ်မှာ ငှက်ကလေးတွေ စိုးစီစိုးစီ ကြားနေရသည်။ အိမ်ခေါင်းရင်း၏ အနောက် တောင်ဘက်ကျကျမှာ ရေကြည်အိုင်တစ်အိုင်ရှိသည်။ ထိုအိုင်ဘေးမှာ သရက်ပင်ပေါက်လေးတွေ ရှိသည်။ ပြီးတော့ ကန်စွန်းနွယ်ပင်တွေ ရှိသည်။

ငှက်ကလေးတွေ က သစ်ကိုင်းပေါ် နားလိုက်၊ ရေအိုင်လေးဆီ ရေဆင်းသောက်လိုက်၊ အချင်းချင်း အသံပေးပြီး ခွန်းတုံ့လှယ်လိုက်နှင့် သွက်လက်မြူးကြွနေကြ၏ ။ မင်္ဂလာရှိသော မနက် ခင်းမှာ နိစ္စဓူဝ အလုပ်အတွက် ရဲရင့်ဖျတ်လတ်နေကြပုံလည်း ပေါ်သည်။

သည်အချိန်မှာ ပဲ ကျွန်တော် က အိပ်ရာထဲမှာ အပျင်းထူနေဆဲ ဖြစ်သော်လည်း အမေက ဆွမ်းချက်ပြီးပြီ။ ဘုရားဆွမ်းတော် တင်ပြီးပြီ။ တစ်နေ့စာအတွက် ဟင်းလျာများ စီမံပြီးပြီ။ ဈေးရောင်း ထွက်ဖို့လည်း အဆင်သင့် ဖြစ်နေပြီ။ အိမ်ရှေ့ကွပ်ပျစ်လေးပေါ် ကတ္တီပါ ‘နေရာထိုင်’ လေး ခင်း ကျင်းပြီး ဆွမ်းခံ ‘ထိုင်ကိုယ်တော် ’ များ ပင် ကြွလာကြပြီ။ အမေက ဆွမ်းခူးနေရာမှ ‘ဟဲ့ မထသေး ဘူးလား၊ စလေကိုယ်တော် ကြီး ကြွလာတော့မှာ နော်’ ဟု လှမ်းအော်နေ၏ ။ ဟုတ်သည်၊ ထမှ ဖြစ် မည် ။ ကျွန်တော် က လူးလဲထပြီး သွားတိုက်၊ မျက်နှာသစ်၏ ။ ပြီးတော့ အမေ့အုန်းဆီပုလင်းလေးရှာ ပြီး ဆံပင်ကို ဆီရွှဲရွှဲလူးသည်။ အမေ့လိပ်ခွံဘီးလေးနှင့် ဆံပင်ကို ဖီးသည်။ မကြာခင်မှာ ပဲ ၀င်ပေါက် က သပိတ်ကိုပိုက်ပြီး စလေကိုယ်တော် ကြီး ကြွလာ၏ ။

‘အေး. . . မင်း ဒီနေ့ စောစောနိုးရဲ့ လား၊ ဘုရားရှိခိုးပြီးပြီလား. . .’ ဟု စလေကိုယ်တော် ကြီးက ခရီးရောက်မဆိုက်မေးသည်။ကျွန်တော် က ခေါင်းညိတ်ရမလို၊ ခေါင်းခါရမလို. . . နိုးတော့ နိုးသည်။ ခုနကမှ၊ အခုပဲ မျက်နှာသစ်ပြီးပြီ။ ဘုရား မရှိခိုးရသေး။

‘လာပါဦးကွ ဒီနားလာ. . . ဟ. . . ခေါင်းမှာ လည်း အုန်းဆီတွေ ရွဲလို့ပါလား။ မှန်း. . . မျက် နှာမှာ ကလည်း ပေါင်ဒါတွေ ရိုက်ထားတာလား၊ လူ ကတော့ သန့်ပါရဲ့ ကွာ၊ စောစောမနိုးတာ ခက် တယ်။ ဘုရားမရှိခိုးရသေးတာ ခက်တယ်။ မနက်မလင်းခင် မင်း ကိုယ်စောင့်နတ်က နတ်သဘင် အစည်းအဝေးတက်ရမှာ ကွ၊ မင်းမနိုးသေးတော့ သွားဖို့ ခက်နေရော၊ နတ်သဘင်အစည်းအဝေး မှာ အခြားကိုယ်စောင့်နတ်တွေ ရောက်နေပြီး မင်းကိုယ်စောင့်နတ်က မရောက်သေးရင် အားလုံး ၀ိုင်း ကဲ့ရဲ့ ကြမယ်။ အပြစ်တင်ကြမယ်။ အဲဒီ အခါ မင်းကိုယ်စောင့်နတ်မှာ မျက်နှာငယ်ရမယ်။ အဆူအပူ ခံရမယ်။ အောက်တန်းကျမယ်။ နတ်ရာမ၀င်တော့ဘူးကွ၊ အဲဒီ အခါ မင်းအပေါ် ငြူစူမိမှာ ပဲ၊ အပြစ် မြင်မိမှာ ပဲ၊ စိတ်ဆိုးမှာ ပဲ၊ အဲဒီ တော့ မင်းကို နတ်မချစ်တော့ဘူးကွ၊ မင်းမှာ ဘာလာဘ်လာဘမှ မရှိတော့ဘူး၊ အန္တရာယ်ကိုမြင်လည်း မင်းကိုယ်စောင့်နတ်က မကာကွယ်ချင်တော့ဘူး’ ဟု စလေ ကိုယ်တော် ကြီးက မိန့်ကြားသည်။

ရုံထားသော သူ့သင်္ကန်းနှင့် ကျွန်တော့် ပခုံးကို သိုင်းထားပြီး မိန့်ကြားသည်။ သင်္ကန်းရနံ့က ထူးခြားလှသည်။ လေးငါးခြောက်နှစ် အရွယ် ကလေးငယ်ကို သင်္ကန်းရနံ့နှင့် အတူ လိုက်နာမှတ် သားဖွယ် သြ၀ါဒများ ကို နာကြားလိုက်ရမှု က နုနယ်သော နှလုံးသားဝယ် တစ်သက်မမေ့နိုင်ဖွယ်. .

အမေက ဆွမ်းလောင်းနေရာမှ လှမ်း၍ စလေကိုယ်တော် ကြီးရှေ့တွင် မျက်နှာငုံပြီး ခေါင်း လေးတစ်ညိတ်ညိတ်လုပ်နေသော ကျွန်တော့်ကို ကျေနပ်စွာ ဖြင့် ပြုံး၍ ကြည့်နေသည်။ ကျွန်တော် ကလည်း နေက်နေ့မနက်ကစ၍ အမေတို့နှင့် အတူ အိပ်ရာက စောစောထတော့မည် ဟု စိတ်ထဲမှာ ဆုံးဖြတ်ထား၏ ။

စလေကိုယ်တော် ကြီးက ကျွန်တော် တို့အိမ်မြောက်နား ဒက္ခိဏ၀န်ကျောင်းတိုက်မှ ဖြစ် သည်။ မနက်တိုင်း အိမ်မှာ ဆွမ်းခံကြွတာ ကျွန်တော် တို့ မမွေးခင်ကတည်းက ဖြစ်မည် ။ ဆွမ်းခံကြွ ပြီး ကျွန်တော် နှင့် တကွ ကျွန်တော့အထက်အစ်မတွေ အထိ ဘာသာရေး နှင့် ပတ်သက်သော သိ မှတ်စရာတွေ ၊ လူမှု ရေး နှင့် ပတ်သက်၍ ကျင့်ကြံဖွယ်ရာ ပြည်သူ့နီတိတွေ ကို အမြဲဟောပြော ဆုံးမ လေ့ရှိ၏ ။ ယုတ်ဆွအဆုံး သံဃာတွေ များ ကို ‘ဘုန်းဘုန်း’ ဟု ခေါ်တာအစ လုံးဝမကြိုက်။ ‘ဆရာ တော် ဘုရား၊ အရှင်ဘုရား၊ ဘုန်းကြီးဘုရားလို့ပဲ လေးလေးနက်နက်သုံးနှုန်းကြရမယ်၊ ဘုန်းဘုန်း ဆိုတာ အင်မတန် ကလက်တယ်၊ ဘယ်တော့မှ မပြောဆို မသုံးနှုန်းမိစေနဲ့၊ ဘုန်းဘုန်းလို့ခေါ် လိုက်၊ သုံးနှုန်းလိုက်တာနဲ့ ဘုရားနဲပ တစ်ဂိုးတည်းထားအပ်တဲ့ သံဃာ့ရတနာအဆင့်က လျှောကျ နိမ့်ပါးစေတဲ့ အသုံးအနှုန်း ဖြစ်သွားလို့ အပြစ်ကြီး’ တယ်ဟု ဆုံးမတတ်တယ်။

တစ်ခါတစ်ရံ ကိစ္စများ မြောင် လူတို့ဘောင်ဟူသည့်အတိုင်း သားရေး ၊ သမီးရေး ၊ ရပ်ရေး ရွာ ရေး များ အဆုံးအဖြတ်အခက်အခဲရှိပါက အဖေတို့ကိုယ်တိုင် စလေကိုယ်တော် ကြီး ဘုန်းကြီး ကျောင်းသို့ သွားရောက်ပြီး သြ၀ါဒခံ အဆုံးအဖြတ်ခံကြရသည်။

တကယ်တော့ ကျွန်တော် တို့ မြန်မာလူမျိုးများ မှာ မွေးကတည်းက ဆုံးမပဲ့ပြင်သည့် ၀န်းကျင်နှင့် ကြီးပြင်းကြရသည်။ အိမ်မှာ ဆွမ်းခံ ထိုင်ကိုယ်တော် ရှိသည်။ အမြင်မတော် တာ ပဲ့ပြင် သည်။ မနက်ပိုင်း မိသားစုထမင်းဝိုင်းမှာ မိဘနှင့် သားသမီးထမင်းလက်ဆုံစားပြီး ဘာသာရေး ၊ ပညာရေး နှင့် ပတ်သက်၍ ဖခက်က မေးမြန်းလမ်းညွှန်သည်။ ညနေပိုင်း မိသားစုထမင်းဝိုင်းမှာ လည်း မိဘနှင့် သားသမိး ထပ်မံလက်ဆုံ၍ ထမင်းစားကြရင်း စီးပွားရေး ၊ လူမှု ရေး ကိစ္စကို ဖခင် ရောမိခင်ပါ ပူးတွဲ ပြောဆို ဆုံးမသည်။ သားသမီးတို့၏ အ၀တ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အမူအကျင့်ကအစ အိမ်ထောင်ရေး ရာအထိ ပွင့်လင်းစွာ တည့်မတ်လမ်းညွှန်ကြ၏ ။

ရှေး ကတော့ ငယ်စဉ်ကတည်းက ဘုန်းကြီးကျောင်းမှာ ပို့လွှတ်ပြီး စာပင်သင်ကြားစေ သည်။ ဆရာဘုန်းတော် ကြီးများ မှအစ ကံ့ကူလက်လှည့်သင် ဆရာ၊ ဆရာမ များ အထိ စာပေကို သာမက အခြားသိမှတ်ဖွယ်ရာများ ကို တစ်ရံမလပ် စီကာပတ်ကုံးသင်ကြားကြသည်။ ထို. . . ငယ် ဆရာ၊ ဆရာမ များ ကား လက်ဦးဆရာများ မို့ နှလုံးသားထဲထိ စွဲနစ်ခဲ့ရကာ ကြီးသည်အထိ ဆရာ များ သြ၀ါဒကို ခံယူကြရဆဲ ဖြစ်၏ ။

လက်ဦးဆရာများ ကလည်း နှုတ်မှ သင်ကြားဆုံးမသည်သာမက ဖတ်ရှုသင့် ဖတ်ရှုထိုက် သည့် စာအုပ်စာတမ်း၊ ဇာတ်ကြောင်း၊ ၀တ္ထု၊ ကဗျာလင်္ကာများ ကအစ လမ်းညွှန်ခဲ့သည်။ မြန်မာ စာပေမှာ က ကျမ်းကြီး ကျမ်းခိုင်ဖြင့် လေ့လာမှတ်သားဖွယ်ရာများ နက်နက်နဲနဲရှိသကဲ့သို့ သံပေါက် လင်္ကာများ ဖြင့် အနှစ် ချုပ်၍ ထင်းခနဲ လင်းခနဲ ဖြစ်သော ဆောင်ပုဒ်များ ကလည်း မြင်လေရာ နံရံ၊ ခါးပန်း လမ်းဆုံလမ်းခွအထိ လွယ်လင့်တကူ တွေ့ မြင်နိုင်သည်မှာ လည်း အစဉ်အဆက် ဖြစ်သည်။

ထိုဆောင်ပုဒ်လင်္ကာ သံပေါက်များ ကလည်း ဆရာဘုန်းတော် ကြီးများ နှင့် လက်ဦးဆရာ များ ၏ လက်ရာ အမွေများ ချည်း ဖြစ်၏ ။ ထို့ကြောင့် လည်း ဆရာအစဉ်အဆက်-

‘အတတ်လည်း သင်၊ ပဲ့ပြင်ဆုံးမ၊

သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့’

ဟူ၍ လိုက်နာကျင့်ကြံခဲ့သည် မဟုတ်လော. . .

သို့သော် ငယ်စဉ်ကလို စလေကိုယ်တော် ကြီး ဆွမ်းခံကြွလာချိန် အိပ်ရာထနိုင်အောင် ကျွန် တော် တို့ သားသမီးများ ကြိုးစားစရာမလြို ကတော့။ အဘယ်ကြောင့် ဆိုသော် မနက်မိုးမလင်းမီ ကတည်းက ကျူရှင်တွေ ၊ သင်တန်းတွေ သို့ ပြေးကြရသည်။ ပြီးတော့ အိမ်သို့မပြန်နိုင်ြ ကတော့ဘဲ ကျောင်းသို့ဆက်မည် ။ နားသည့်အချိန်မှာ ပါလာသည့် ထမင်းဘူးလေးဖွင့် စားတန်စား သို့မဟုတ် အဆင်ပြေရာ အဆင်သင့်အစာတစ်ခုခုကို ကပျာကယာစားပြီး စာသင်ခန်းတွေ ထဲ ၀င်ကြမည် ။ ညနေကျောင်းဆင်းအပြီး ညနေကျူရှင်တွေ ၊ ညနေသင်တန်းတွေ ဆက်တက်၊ အိမ်ပြန်ရောက် တော့ ည ရှစ်နာရီထိုးလု၊ ထမင်း ကတိုက်ကရိုက်စားပြီး စာကြည့်စားပွဲဆီ ဦးလှည့်ကြ။

နစ္စဓူဝ စာ စာ စာ၊ ကျူရှင် ကျူရှင် ကျူရှင်၊ သင်တန်း သင်တန်း သင်တန်း ဆိုတာတွေ နဲ့ လုံးချာလိုက်နေ၏ ။ မိဘနှင့် သားသမီး ထမင်းလက်ဆုံစားကြဖို့။ မျက်နှာချင်းပင် ကြာကြာမဆိုင် လိုက်ကြရ။

ကျွန်တော် တို့ ငယ်ငယ်ကလို စလေကိုယ်တော် ကြီးက ပခုံးသိုင်းပြီး ဆုံးမစကားတွေ တွင် တွင် ပြောတာ ခံယူချိန်မရကြ။ မိသားစု ထမင်းဝိုင်းမှာ မေးကာမြန်းကာ ပြောကာဆိုကာ နွေးထွေး ဆက်ဆံ တည့်မတ်ချိန်မရ။

ငါတို့ စာမေးပွဲအောင်ရမည် ။

ငါတို့ အဆင့်တွေ တက်ရမယ်။

ငါတို့ ဂုဏ်ထူးတွေ ရ ရမယ်။

ငါတို့ သူများ ထက် သာရမယ်။

ငါတို့ နိုင်ရမည် ။

ငါတို့. . .

ငါတို့. . .

ငါ. . .

ငါ. . .

ငါ. . .

မနက်မလင်းခက်ကတည်းက ‘ငါ’ မိုးမွှန်နေကြတာ။ မျက်စိနှစ် လုံး ပိတ်သော်လည်း ‘ငါ’ က အိပ်သေးမှာ မဟုတ်။ အိပ်မက်ထဲမှာ ထိ ‘ငါ’ က လက်မတထောင်ထောင် ဖြစ်နေကြမှာ သေချာ သည်။

ထိုအခါ. . . ကျွန်တော် တို့ ကလေးများ မှာ . . .

ကျွန်တော် တို့ ကလေးများ တော် စေချင်ပါသည်။ တော် သလိုလည်း ကောင်းစေလိုသည်။ ‘ကောင်း’ စေဖို့က ငါချည်း တလူလူလွှင့်နေဖို့ မဟုတ်။ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ သိတတ်စိတ်၊ သဘောထားမြင့်မြတ်စိတ်များ လည်း တလူလူလွှင့်နိုင်လေမှ. . .

ယခု ကျွန်တော် တို့ကလေးများ ဆရာသံဃာဘုန်းတော် ကြီးများ နှင့် လည်း မထိစပ်နိုင်ကြ။ ကျွန်တော် တို့ မိဘများ နှင့် လည်း လိုအပ်သလောက် မဆွေးနွေးနိုင်ကြ။ အခြေအနေအရ ကျွန် တော် တို့ကလေးများ အမြဲမပြတ် ထိစပ်နေတာက သူတို့ဆရာများ ပဲ ဖြစ်သည်။ မနက်ခင်း မိုးမလင်း သေးခင်မှ မိုးစုပ်စုပ်ချုပ်သည်နှင့် သူတို့ ဆရာ. . . ဆရာ. . . ဆိုသည်များ နှင့် ပဲ တွေ့ ထိနေရသည်။

အတက်လည်း သင်ရုံမက ပဲ့ပြင်ဆုံးမ ပါမှ။

သိပ္ပမချိန်ရုံမက၊ သင့်ရာလည်း အပ်ပို့ ပါမှ။

ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ သိတတ်စိတ်၊ သဘောထားမြင့်မြတ်စိတ်များ ဟူသည့် ‘စိတ်’ ကို သင်သော ဆရာများ ၏ အခန်းကဏ္ဍက အနာဂတ်အတွက်ထိ အလွန်အရေး ပါချေပြီ။

ထိုအခါ. . .

‘နောက်ဘ၀ဆိုတာ နီးနီးလေးမှန်းသိရင် အလုပ်တွေ ကို ပြီးအောင်လုပ်သင့်တယ်။ အချိန် မဆွဲသင့်ဘူး၊ အမုန်းတရားတွေ နေရာမှာ မေတ္တာတရားနှင့် အစားထိုးသင့်တယ်။ မနာလို ၀န်တိုမှု တွေ နေရာမှာ အပြန်အလှန်လေးစားမှု တွေ နဲ့ ဆက်ဆံသင့်တယ်။ ယုံကြည်မှု တွေ နဲ့ လက်တွဲ သင့် တယ်။ တစ်ယောက် ကို တစ်ယောက် လှည့်ပတ်လိမ်ညာမှု တွေ နေရာမှာ ပွင့်လင်းရိုးသားမှု တွေ နဲ့ ရင်ဘတ်ကို ဖွင့်ပြီး ဆက်ဆံသင့်တယ်။ အတ္တိစိတ်တွေ နေရာမှာ ကိုယ်ချင်းစာတရားနဲ့ အစားထိုး သင့်တယ်။ ကိုယ်ယူထားတဲ့တာဝန်ကို ကျေသင့်တယ်။ ကိုယ်ပေးထားတဲ့ ကတိကို တည်သင့် တယ်’

(နီးနီးဝေးဝေး. . . မှ)

‘လူ တစ်ယောက် မှာ အဓိကအရေး ကြီးဆုံးက စိတ်ကောင်းရှိမှု ပဲ၊ စိတ်ကောင်းမရှိတဲ့လူ အရည်အချင်းမြင့်ရင် ကြောက်စရာကောင်းတယ်။ ဥပမာ-အဆိပ်ထည့်ထားတဲ့ ဖန်ခွက်ကို မဆေး ကြောဘဲ အဲဒီ ဖန်ခွက်ထဲကို ရေသန့်ထည့်ရင် ရေသန့်ဟာ အဆိပ်ဂုဏ်သတ္တိပြမယ်။ ဒါကြောင့် အရည်အချင်းမြင့်တဲ့လူ၊ ပညာတတ်တဲ့လူမှာ စိတ်ကောင်းမရှိရင် သူတတ်တဲ့ပညာ၊ သူ့ရဲ့ အရည် အချင်းတွေ ဟာ လူ့လောကကို ဒုက္ခကောင်းကောင်းပေးတော့တာပဲ’

‘မိဘ တစ်ယောက် စိတ်ကောင်းမရှိရင် သူတို့မိသားစုအတွက် ဒုက္ခပဲ။ ဆရာ တစ်ယောက် စိတ်ကောင်းမရှိရင် သူ့တပည့်တွေ အတွက် အန္တရာယ်ပဲ။ ဆရာဝန် တစ်ယောက် စိတ်ကောင်းမရှိရင် လူနာတွေ အတွက် မတွေးရဲစရာပဲ။ ဒီလိုပဲ ဆက်ပြီး စဉ်းစားကြည့်ပေါ့’

(ဖန်ခွက်နှင့် ရေသန့်. . . မှ)

‘သစ်ပင်တွင် အမြစ်သည် အရေး ကြီးဆုံး ဖြစ်သည်။ အမြစ်ပုတ်လျှင် အသီးကြွေ၏ ။ ရနံ့ကင်း ၏ ။ အကိုင်းခြောက်၏ ။ အရွက်ခြောက်၏ ။ ပင်စည်သေ၏ ။ အသီးကိုခူး၊ အပွင့်ကိုခြွေ၊ အရွက်ကို စုတ်ဖြဲ၊ အကိုင်းကို ခုတ်၊ ပင်စည်ပြိုလဲသော်လည်း အမြစ်မပုတ်သေးသ၍ သစ်ပင်တစ်ပင် ပြန် လည် ဖြစ်နိုင်ပါသေးသည်။

လူသည်လည်း အမြစ်နှင့် တူသည့် ကိုယ်ကျင့်တရားမကောင်းလျှင် အောင်မြင်မှု များ ကျရှုံး မည် ။ စည်းစိမ်ဥစ္စာ ကုန်ဆုံးမည် ။ စီးပွားပျက်မည် ။ အသိုင်းအ၀ိုင်းစွန့်ခွာမည် ။ လောကဓံ၏ အထု အထောင်း၊ ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် ဘ၀သည် အတက်အကျ၊ အနိမ့်အမြင့် ဖြစ် တတ်သော်လည်း ကိုယ်ကျင့်တရားကောင်းနေသေးသ၍ ‘လူထဲက လူအ ဖြစ်’ ရပ်တည်နိုင်ခွင့် ရှိပါ သည်’

(လူတို့သည် သစ်ပင်များ ဖြစ်ကြသည်. . . မှ)

Education တွင် Knowledge နှင့် Wisdom ဆိုပြီး နှစ် မျိုးရှိပါသည်။ Knowledge ကို အတတ်ပညာ၊ Wisdom ကို အသိပညာဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ကျောင်းသင်ရိုးများ သည် Knowledge ဖြစ်သည်။ Wisdom အတွက် လူငယ်များ ကို အသိတရားရှိဖို့၊ ကိုယ်ကျင့်ကောင်းဖို့၊ စည်းကမ်းကောင်းဖို့၊ ဇွဲရှိဖို့၊ စာနာစိတ်ရှိဖို့၊ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့၊ ပြုစုပျိုးထောင်ပေးရန် ကျွန်တော် တို့ ဆရာတိုင်းမှာ တာဝန်ရှိပါသည်။

(ဘ၀အိမ်. . . မှ)

အထက်ပါ စာပိုဒ်များ မှာ စာရေး သူ ဦးဘုန်း (ဓာတု) ၏ ‘နီးနီးဝေးဝေး အတွေးလက်ဆောင်’ ဟူသော စာစုပါ ဆောင်းပါးများ မှ ကောက်နုတ်ချက်များ ဖြစ်သည်။

ယနေ့ ကျွန်တော် တို့ သားသမီးတိုင်းအတွက် ကာလဒေသအရ ကိုယ့်တပည့်ကို စာပေးပွဲ အောင်ဖို့၊ ဂုဏ်ထူးထွက်ဖို့ ‘ငါ’ ‘ငါ’ ‘ငါ’ ဟု မာနတံခွန် တလူလူလွှင့်နိုင်ဖို့ (မည် သည့်နည်းနှင့် ဖြစ် စေ) ဆောင်ကြဉ်းပေးနိုင်လျှင် တာဝန်ကျေပြီဟု သိမှတ်နေကြသည့်အထဲတွင် ဦးဘုန်း(ဓာတု) မပါ ၀င်သည်မှာ သေချာသည်။

သူက ခေတ်နောက် အပြေးအလွှား အမောတကော ဟပ်ထိုးလဲမတတ်၊ အပြိုင်အဆိုင်၊ အလုအယက်၊ တိုးကာဝှေ့ကာ လိုက်နေကြသော ကျွန်တော် တို့ သားသမီးများ ကို မိဘများ ကိုယ်စား သူနှင့် နိစ္စဓူဝ တွေ့ ထိသမျှ ပျိုးထောင်ပေးသည်။ မြေတောင်မြှောက်ပေးသည်။ ဒါက သေချာသည်။

ဦးဘုန်း (ဓာတု) က သူ့တပည့်တွေ အတွက် စိတ်ကိုသင်ဖို့၊ အချက်အလက် ကောင်း ကောင်း၊ အယူအဆကောင်းကောင်း၊ အတွေးအခေါ်ကောင်းကောင်း၊ အရေး အသားကောင်း ကောင်းမို့ ညွတ်ညွတ်ပျောင်းပျောင်းနှင့် စက်ကွင်းထိ ပစ်မှတ်မလွဲ ပြောဆိုနိုင်၏ ။ စာရေး ဆရာ ကောင်း တစ်ယောက် ဟု ဆိုရမည် ။

စာရေး ဆရာကောင်းဆိုတော့ သူ့အပြောအဆို၊ သူ့အရေး အသားက သင်တန်းခန်းမ၊ ကျောင်းပရ၀ဏ်ထဲတွင် မှ မဟုတ်တော့ဘဲ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျယ်ပြန့်သွား သည်။ အယုတ်အလတ်မမြတ်မရွေး အနိမ့်အမမြင့် အလွှာစုံပါသည်။

ထို. . . သူသူ ငါငါများ အတွက် ရေး သားလေသော အခါ သတိထားရတော့သည်။ ခြေဖျား မထောက်မိဖို့၊ လက်ညှိုးငေါက်ငေါက် မထိုးမိဖို့ သတိပြုရတော့၏ ၊

‘စာဖတ်သူတွေ တွေးကြည့်ဖို့ပါ’

‘စဥ်းစားကြည့်စေချင်ပါတယ်’

‘ဆင်ခြင်မိဖို့ပါ၊ တွေးဆကြည့်ဖို့ပါ’

စတဲ့စတဲ့ အသုံးအနှုန်းများ က အင်း. . . စဉ်းတော့ စဉ်းစားရ၏ ။ သတိပြုရ၏ ။ ဒီအသုံး အနှုန်း စကားရပ်များ မပါလျှင်ကော. . .

မပါလျှင်ဖြင့် . . . အတော် ရည်မွန်ပြေပြစ်ညက်ညောသွားမည် တော့ သေချာသည်။

ဆရာဇော်ဂျီသည်ပင်လျှင် ဒီဋ္ဌဓမ္မကိစ္စသော်မှ ‘ယူသော်ရကောင်း၏ ’ ဟု ရောင့် ရဲနိုင်ခဲ့သည် မဟုတ်ပါလော။

မည် သို့ဆိုစေ. . .

ဦးဘုန်း (ဓာတ်ု) သည် အတွေးကောင်း၊ အရေး ကောင်းဖြင့် ဒဿနပိုင်းဆိုင်ရာအတွေး အမြင်ဆောင်းပါးတွေ အများ ကြီးရေး ပါလိမ့်ဦးမည် ။ ရေး စရာတွေ လည်း အများ ကြီး ရှိပါလိမ့်ဦးမည် ။ ရသပါသော အရေး ကောင်း၊ အတွေးကောင်းမို့ ၀မ်းမြောက်ပီတိ ဖြစ်လှပါ၏ ။

ကျွန်တော် တစ်ဦးတည်း သဘောထးပြောရလျှင်ဖြင့် ကျောက်သင်ပုန်း၊ ကြိမ်လုံး၊ ကျောင်း တက်ခေါင်းလောင်း၊ ဓာတ်ခွဲခန်းပုံရိပ်တွင် လွှမ်းနေသော ယခုကလောင်အစား အများ နှင့် ကလောင်တစ်ချောင်းဖြင့် လဲလှယ်ဖို့ သတ္တိရှိမည် ဆိုလျှင်ဖြင့် . . .

သူ့မှာ ပန်းခင်းများ စွာ ပိုင်ဆိုင်ထားချေပြီ။

မကြာမီ. . . ။

ဆူးငှက်

(၂၀-၁၀-၂၀၀၇)



ဝန်ဇင်းချစ်သူများ ဦးဘုန်း(ဓာတု) ၏ “ နီးနီးဝေးဝေး အတွေးလက်ဆောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သုည အတွေးရသစာစု

အတွေးလက်ဆောင် ဒိုင်ယာရီ

အဖေ့အိမ်