ပဏာမ
လူမင်း နတ်မင်း ဗြဟ္မာမင်း စသော အမင်းမင်းတို့၏ ဝပ်ဆင်းကော်ရော် ပူဇော်အထူးကို ခံတော် မူထိုက်၍ အလုံးစုံသော တရားတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ် ဖြင့် အမှန်ထိုးထွင်း အလင်း သိမြင်တော် မူသော ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။
နာညတြ ဗောဇ္ဈ တပသာ၊
နာသြတြိနြေ္ဒ သံဝရာ။
နာသြတြ သဗ္ဗနိဿဂ္ဂ၊
သော တ္တိံ ပဿာမိ ပါဏိနံ။
ဧတေန သစ္စ ဝဇ္ဇေန၊
ဟောတု တုမှာ ကံ ဇယမင်္ဂလံ။
ဗောဓိဉာဏ်၏ အကြောင်း ကောင်းမြတ်သော ဗောဇ္ဈင်ဟု ဆိုအပ်သော အကျင့်မြတ်ကို ကြဉ်ထား၍ ၊ ခပ်သိမ်းဥဿုံ လုံးစုံများ စွာ သတ္တဝါတို့၏ ဘေးရန်မသင့် ချမ်းသာခွင့်ကို ငါဘုရားသည် မြင်တော် မမူ၊ ဣနြေ္ဒခြောက်ခု စောင့်ထိန်းမှု ကို ကြဉ်ထား၍ ခပ်သိမ်း ဥဿုံ လုံးစုံများ စွာ သတ္တဝါတို့၏ ဘေးရန်မသင့် ချမ်းသာခွင့်ကို ငါ ဘုရားသည် မြင်တော် မမူ၊ ခပ်သိမ်းသော ဥပဓိတို့၏ ကင်းလွတ်ရာ နိဗ္ဗာန်တရားကို ကြဉ်ထား၍ သတ္တဝါတို့၏ ဘေးရန်မသင့်
ချမ်းသာခွင့်ကို ငါဘုရား မြင်တော် မမူ။
ဤသို့ သော သစ္စာစကားကြောင့် ဤဝတ္ထုဖတ်သူအပေါင်း တို့အား အောင်အပ်သော မင်္ဂလာသည် အောင်ပါစေသတည်း။ ဤဝတ္ထုထဲတွင် ပါသော သူတော် ကောင်းတရားများ ကို ကျင့်ကြံ ကြိုးစား အားထုတ်နိုင်ပါစေသတည်း။ ။
မောင်နု
နိဒါန်း
ဝတ္ထုပြောမယ် လာကြဟေ့
မမြရီ၊ သမီးကြီး မိစန်း၊ သားကြီး ဖိုးထိုက်၊ သားငယ် ဖိုးအောင်၊ သမီးငယ်သန်းသန်း၊ သမီးကလေး ချိုချိုနဲ့ မြေးကြီးပြုံးတို့
မင်းတို့ကို ဖေဖေ ဝတ္ထုတစ်ပုဒ် ပြောချင်နေတာ ကြာပြီ။ အကြောင်းကို မညီညွတ်နိုင်ဘူး။ အဲဒီ တော့ အခုလို အခွင့်ကောင်းရတဲ့အခါ ဖေဖေ ဝတ္ထုတစ်ပုဒ် ပြောမယ်။
ကောင်းကောင်း နားထောင်ကြနော်။
ဝတ္ထုကို မပြောခင် နိဒါန်းကို ဖေဖေ စပြီး ပြောမယ်။
အခါတစ်ပါး မြတ်စွာ ဘုရားဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော် မူပါတယ်။ အဲဒီ အခါ သူကြွယ် တစ်ယောက် ရဲ့ အင်မတန် ချစ်မြတ်နိုးတဲ့ တစ်ဦးတည်းသော သား သေဆုံး သွားပါ တယ်။ ဒါ့ကြောင့် သူကြွယ်ဟာ အလုပ်လဲ မလုပ်နိုင်ဘူး၊ ထမင်းလဲ မစားနိုင်ဘူး၊ သုသာန်ကိုသာ သွားသွားပြီး 'တစ်ဦးတည်းသော သားရေ၊ လူကလေးရေ၊ မင်းဘယ်မှာ လဲကွယ်၊ အဖေ့ကို မျက်နှာ ကလေးများ ပြလှည့်ပါဦးကွယ်'လို့ ငိုပါတယ်။ တစ်နေ့တော့ ဒီ သူကြွယ်ဟာ မြတ်စွာ ဘုရားဆီကို ရောက်လာပါတယ်။ အဲဒီ အခါ မြတ်စွာ ဘုရားက 'သူကြွယ် ၊သင့် မျက်စိ မျက်နှာတွေ မကောင်းဘူး၊ သိပ် စိတ်မချမ်းသာပုံပေါ်နေတယ်'လို့ မိန့်တော် မူပါတယ်။ ဒီလို မိန့်တော် မူတဲ့အခါ သူကြွယ်က 'အရှင်ဘုရား၊ အကျွန်ုပ်ရဲ့ မျက်စိ မျက်နှာတွေ ဘယ်မှာ ကောင်းနိုင်ပါ့မလဲ၊ အကျွန်ုပ်ရဲ့ တစ်ဦး တည်းသော သား သေဆုံး သွားပါတယ်၊ ဒါကြောင့် အကျွန်ုပ်ဟာ အလုပ်ကိုလဲ မလုပ်ချင်တော့ဘူး၊ ထမင်းကိုလဲ မစားချင်တော့ဘူး၊ သုသာန်ကိုသာ သွားသွားပြီး ငိုနေပါတယ်'လို့ လျှောက်ထားပါတယ်။
အဲဒီ အခါ မြတ်စွာ ဘုရားက 'သူကြွယ်၊ ဒီလိုဟာမျိုးဟာ ဒီအတိုင်းပဲ ဖြစ်တယ် သူကြွယ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ် ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာတွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တာပဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲ ဒုက္ခတွေ ရဲ့ အမွန်အစ ဖြစ်တယ်'လို့ မိန့်တော် မူပါတယ်။သူကြွယ် ဟာ ဒီမိန့်တော် မူသံကို ကြားရတဲ့ခါ 'အရှင်ဘုရား၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်း ဆိုတာတွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာ တွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေ ရဲ့ အမွန်အစ ဖြစ်တယ်လို့ အရှင်ဘုရား မိန့်တော် မူပါ တယ်၊ အရှင်ဘုရား မိန့်တော် မူတဲ့အတိုင်း ဘယ်သူများ ဖြစ်ဖူးသလဲ အရှင်ဘုရား၊ ချစ်ခြင်းကြောင့် နှစ်သက် ခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ
ဖြစ်ပေါ်ရမယ်၊ ချစ်ခြင်းဟာ နှစ်သက် ခြင်း ဝမ်းမြောက်ခြင်းတို့ရဲ့ အမွန်အစပဲ'လို့ မြတ်စွာ ဘုရားရဲ့ စကားတော် ကို ကန့်ကွက်ပြီး မနှစ် မြို့တဲ့အတွက် ကျောင်းတော် က ထွက်သွားတယ်။
အဲဒီ လို ကျောင်းတော် က ထွက်သွားပြီး သူကြွယ်ဟာ အန်ကစားနေကြတဲ့ ကစားဝိုင်းတစ်ခုကို ရောက် သွားပါတယ်။ သူကြွယ်ဟာ စိတ်မကျေမချမ်း ဖြစ်နေသေးတဲ့အတွက် အောင့်မထား နိုင်ဘဲ မြတ်စွာ ဘုရားကို ကန့်ကွက်ခဲ့တဲ့အကြောင်း ဒီကစားသမား တွေ ကို အလုံးစုံ ပြောပြပါတယ်။ သူကြွယ်ရဲ့ စကားကို ကြားရ တဲ့အခါ ကစားသမားတွေ က 'သူကြွယ် ဟုတ်တာပေါ့၊ ချစ်ခြင်း ကြောင့် နှစ်သက် ခြင်း၊ ဝမ်းမြောက်ခြင်းသာ ဖြစ်ရမယ်၊ ချစ်ခြင်းဟာ နှစ်သက် ခြင်း ဝမ်းမြောက်ခြင်းရဲ့ အမွန်အစပဲ၊ သူကြွယ်ပြောတာ မှန်တယ်'လို့ ဆိုပြီး ကစားသမားတွေ က သူကြွယ်ကို ထောက်ခံကြ ပါတယ်။ သူကြွယ်ကလဲ သူ့ဝါဒနဲ့ ကစားသမားတွေ ရဲ့ ဝါဒ တူ တယ်၊ သူ့ကို ကစားသမားတွေ ကတောင် ထောက်ခံကြတယ် ဆိုပြီး အကျေနပ်ကြီး ကျေနပ် သွားပါတယ်။ ဒီစကားဟာ တစ်ဆင့် တစ်ဆင့်နဲ့ နန်းတော် ထဲအထိ ပျံ့နှံ့ သွားပါတယ်။
အဲဒီ စကားကို အကြောင်းပြုပြီး ကောသလမင်းကြီးက သူ့မိဖုရားကြီး မလ္လိကာကို 'မလ္လိကာ သင်ရဲ့ ရဟန်းဂေါတမက ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ချစ်ခြင်းလျှင် အမွန်အစရှိတယ်လို့ ပြောတယ်ဆိုပါလား'လို့ မိန့်ကြားပါတယ်။ မလ္လိကာမိဖုရားကြီးကလဲ 'အရှင်မင်းကြီး၊ အကယ်၍ ဒီစကားကို မြတ်စွာ ဘုရား မိန့်တော် မူတယ်ဆိုရင် ဒီစကားအတိုင်း မှန်ရမယ်'လို့ သံတော် ဦးတင်ပါတယ်။ ဒီအခါ ကောသလမင်းကြီးက နှစ်သက် တော် မမူဘဲ 'မလ္လိကာ ဆရာပြောသမျှကို ဆရာ၊ ဆရာပြောတာ အကုန်မှန်ပါတယ်လို့ လိုက်ပြောတဲ့တပည့်လို မင်းလဲ ရဟန်း ဂေါတမ ပြောသမျှကို အကုန်မှန်ပါတယ်လို့ လိုက်ပြောနေတာပဲ၊ မုန်းစရာ(မ)တွေ ၊ သွားကြ၊ သေကြ'လို့ ကောသလမင်းကြီးက ဒေါသနဲ့ အော်ငေါက်လွှတ်လိုက်ပါတယ်။
မလ္လိကာ မိဖုရားကြီးလဲ နာဠိဇင်္ဃပုဏ္ဏားကို မြတ်စွာ ဘုရား ဆီလွှတ်ပြီး ဒီစကား မြတ်စွာ ဘုရား မိန့်တော် မူသလား၊ မိန့်တော် မမူ ဘူးလားဆိုတာ စုံစမ်းခိုင်းပါတယ်။
အဲဒီ အခါ မြတ်စွာ ဘုရားက ပုဏ္ဏားကို အောက်ပါအတိုင်း ဟောကြားတော် မူပါတယ်။
'ပုဏ္ဏား၊ ဒီလိုဟာမျိုးဟာ ဒီအတိုင်းပဲ ဖြစ်တယ် ပုဏ္ဏား၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာတွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ချစ်ခြင်းလျှင် အမွန်အစရှိတယ်၊ ဒီအတိုင်း မှန် မမှန်ကို ဒီလို သိသင့်တယ်။
'အရင်တုန်းက သာဝတ္ထိပြည်မှာ မိန်းမ တစ်ယောက် ရဲ့ မိခင်ဟာ သေဆုံးတယ်၊ ဒီမိန်းမဟာ အမိသေဆုံးတဲ့အတွက် ရူးသွားတယ်၊ ဒီမိန်းမဟာ ရွာရိုးလျှောက်ပြီး 'ငါ့အမိကို မြင်ကြသလား၊ ငါ့အမိကို မြင်ကြသလား'လို့ အော်ဟစ်ပြီးသာ နေတော့တာပဲ၊ ပုဏ္ဏား၊ ဒီအ ဖြစ်အပျက်ကိုကြည့်ပြီး ပူဆွေးခြင်း အစရှိတဲ့ ဆင်းရဲတွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ချစ်ခြင်းလျှင် အမွန်အစ ရှိတယ်ဆိုတာကို သိနိုင်တယ်။
'ပုဏ္ဏား၊ အရင်တုန်းက ဒီသာဝတ္ထိပြည်မှာ မိန်းမ တစ်ယောက် ရဲ့ အဖေ၊ မောင်ကြီး၊ မောင်ငယ်၊ ညီမ၊ အစ်မ၊ သား၊ သမီး၊ လင်ယောက်ျား သေကြတယ်၊ အဲဒီ မိန်းမဟာ ရူးသွားတယ်၊ ဒီလို သေသွားတဲ့အတွက် 'ငါ့လင်ကို မြင်ကြသလား၊ ငါ့ လင်ကို မြင်ကြသလား'လို့ ရွာရိုးမှာ လျှောက်အော်နေတော့တာပဲ၊ ပုဏ္ဏား၊ ဒီအ ဖြစ်အပျက်ကိုကြည့်ပြီးတော့လဲ ဆိုခဲ့တဲ့အတိုင်း မှန် မမှန်ကို သိနိုင်တာပဲ။
'ပုဏ္ဏား၊ အရင်တုန်းက ဒီသာဝတ္ထိပြည်မှာ ယောက်ျား တစ်ယောက် ရဲ့ အမေ သေတယ်၊ ဒီယောက်ျားဟာ ရူးသွားပြီး 'ငါ့အမေကို မြင်ကြသလား၊ ငါ့အမေကို မြင်ကြသလား'လို့ ရွာရိုးမှာ လျှောက်အော်နေတယ်၊ ပုဏ္ဏား၊ ဒီအ ဖြစ်အပျက်ကို ကြည့်ပြီးတော့လဲ ဆိုခဲ့တဲ့အတိုင်း မှန် မမှန် သိနိုင်တာပဲ။
'ပုဏ္ဏား၊ အရင်တုန်းက သာဝတ္ထိပြည်မှာ ယောက်ျား တစ်ယောက် ရဲ့ အဖေ၊ ညီ၊ အစ်ကို၊ အစ်မ၊ နှမ၊ သားသမီး၊ မယား
သေဆုံးတယ်၊ ဒီယောက်ျားဟာ ရူးသွားပြီး 'ငါ့မယားကို မြင်ကြသလား၊ ငါ့မယားကို မြင်ကြသလား'လို့ ရွာရိုးမှာ လျှောက်အော်နေတယ်၊ ပုဏ္ဏား၊ ဒီအ ဖြစ်အပျက်ကိုကြည့်ပြီးတော့လဲ ဆိုခဲ့တဲ့ အတိုင်း မှန် မမှန်ကို သိနိုင်တာပဲ။
'ပုဏ္ဏား၊ အရင်တုန်းက သာဝတ္ထိပြည်မှာ မိန်းမရှိတယ်၊ ဒီမိန်းမဟာ သူ့မိဘတွေ အိမ်မှာ ခဏသွားနေတုန်း မိဘဆွေမျိုး တွေ က သူ့ယောက်ျားနဲ့ဖြတ်ပြီး နောက်ယောက်ျားနဲ့ ပေးစားဖို့ စီစဉ်ကြတယ်၊ ဒီမိန်းမက သူ့ယောက်ျားကိုသာ မေတ္တာရှိတဲ့အတွက် သူ့မိဘဆွေမျိုးတွေ ဒီလိုပဲ ကြံစည်နေတယ်ဆိုတာ သူ့ယောက်ျားကို အကြောင်းကြားလိုက်တယ်၊ သူ့ယောက်ျား ဖြစ်သူဟာ လိုက်လာပြီး သူ့မိန်းမကို နှစ် ပိုင်းပိုင်းတယ်၊ ပြီးတော့မှ နောင်ဘဝမှာ သူတို့ လင်မယား ပေါင်းမယ်ဆိုပြီး သူ့ကိုယ်သူ ဓားနဲ့ထိုးသေတယ်၊ ဒီ ဖြစ်အပျက်ကိုကြည့်ပြီးတော့လဲ ဆိုခဲ့တဲ့အတိုင်း မှန် မမှန်ဆိုတာ သိနိုင်တာပဲ'လို့ မြတ်စွာ ဘုရားက မိန့်တော် မူပါတယ်။
နာဠိဇင်္ဃပုဏ္ဏားလဲ မြတ်စွာ ဘုရား မိန့်တော် မူသမျှ မလ္လိကာ မိဖုရားကြီးကို သံတော် ဦးတင်ပါတယ်။ ပုဏ္ဏားကြီး သံတော် ဦးတင်ပြီးတဲ့အခါ မလ္လိကာမိဖုရားကြီးဟာ ကောသလ မင်းကြီးဆီကို သွားပါတယ်။
'မင်းကြီး၊ ကျွန်ုပ်မေးတာကို ဘယ်လို သဘောရသလဲ၊ ဝဇီရီသတို့သမီးကို သင်မင်းကြီး ချစ်တယ်မဟုတ်ဘူးလား'
'မလ္လိကာ မှန်တယ်၊ ဝဇီရ သတို့သမီးကို ငါချစ်တယ်'
'မင်းကြီး၊ ကျွန်ုပ်မေးတာကို ဘယ်လို သဘောရသလဲ၊ ဝါသဘခတ္တိယာ မင်းသမီးကို သင်မင်းကြီး ချစ်တယ်မဟုတ် လား'
'မလ္လိကာ မှန်တယ်၊ ဝါသဘခတ္တိယာကို ငါချစ်တယ်'
'မင်းကြီး၊ သားတော် ကြီး ဝိဋဍူဘကို သင်မင်းကြီး ချစ်တယ်မဟုတ်လား'
'မလ္လိကာ မှန်တယ်၊ သားတော် ကြီး ဝိဋဍူဘကို ငါချစ် တယ်'
'မင်းကြီး၊ အကျွန်ုပ်ကိုကော သင်မင်းကြီး ချစ်တယ် မဟုတ်လား'
'မလ္လိကာ၊ မှန်တယ်၊ သင့်ကိုလဲ ငါချစ်တယ်'
'မင်းကြီး၊ အကျွန်ုပ်မေးတာကို ဘယ်လို သဘောရသလဲ၊ ဝဇီရီသတို့သမီး၊ ဝါသဘခတ္တိယာ မင်းသမီး၊ သားတော် ကြီး ဝိဋဍူဘနဲ့ အကျွန်ုပ်ဟာ တစ်ဦးဦးသေဆုံးမယ်၊ ဒီလိုမှ မသေဆုံးရင် လဲ တစ်မျိုးမျိုး ဖောက်ပြန်မယ်ဆိုရင် သင်မင်းကြီးဟာ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်း ခြင်းတို့ ဖြစ်မလား'
'မလ္လိက ငါသေရင်တောင် သေသွားနိုင်တယ်၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာတော့ ဘယ်မှာ မ ဖြစ်ဘဲ နေနိုင်ပါလိမ့်မလဲ'
'မင်းကြီး၊ အကျွန်ုပ်မေးတာကို ဘယ်လို ထင်သလဲ၊ သင်မင်းကြီးဟာ ကာသိတိုင်း ကောသလတိုင်းတို့ကို ချစ်တယ် မဟုတ်လား'
'မလ္လိကာ မှန်တယ်၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်တယ်၊ ကာသိတိုင်း ကောသလတိုင်းတို့ရဲ့ အာနုဘော်ကြောင့် ကာသိတိုင်းမှာ ဖြစ်တဲ့ စန္ဒကူးကို ခံစားသုံးဆောင်ရတယ်၊ ပန်း နံ့သာပျောင်းတို့ကို သုံးဆောင်ရတယ်'
'မင်းကြီး၊ အကျွန်ုပ်မေးတာကို ဘယ်လို ထင်သလဲ၊ ကာသိတိုင်း ကောသလတိုင်းတို့ ဖောက်ပြန်ခြင်း၊ တစ်မျိုးတစ်မည် ပြောင်းလဲခြင်းကြောင့် သင်မင်းကြီးဟာ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်မလား'
'မလ္လိကာ၊ ငါသေရင်တောင် သေနိုင်တယ်၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာတွေ တော့ ဘယ်မှာ မ ဖြစ်ဘဲ နေနိုင်ပါလိမ့်မလဲ'
'မင်းကြီး သိတော် မူ မြင်တော် မူတဲ့၊ ပူဇော်အထူးကို ခံတော် မူထိုက်တဲ့၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တိုင် မှန်စွာ သိတော် မူတဲ့ ရှင်တော် မြတ်ဘုရားဟာ ဒီအကြောင်းတွေ ကို ရည်ရွယ်ပြီး ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းဆိုတာ တွေ ဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်၊ ချစ်ခြင်းလျှင် အမှန်အစ ရှိတယ်လို့ မိန့်တော် မူခြင်း ဖြစ်ပါတယ်'လို့ သံတော် ဦးတင်ပါတယ်။
အဲဒီ အခါ ကောသလမင်းကြီးက 'မလ္လိကာ၊ အံ့ဖွယ်ရှိစွ တကား၊ မလ္လိကာ မ ဖြစ်ဖူးမြဲ ဖြစ်ပေစွတကား၊ မြတ်စွာ ဘုရားဟာ ပညာနဲပဲ ထိုးထွင်းပြီး ပညာနဲ့ အလွန်တရာ မြင်တတ်ပါပေစွ ၊ မလ္လိကာ လာစမ်း နှုတ်ဆေးရေပေးစမ်း'ဟု ဆိုပြီး ရေရတဲ့အခါ ပလုတ်ကျင်းပါတယ်။ ပါးစပ်ကို ဆေးပါတယ်။ အဲဒီ နောက် ပသေနဒီ ကောသလမင်းကြီးဟာ မြတ်စွာ ဘုရားရှိရာဘက်ကို လက်အုပ်ချီပြီး 'နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ'လို့ သုံးကြိမ် ဥဒါန်းကျူးရင့်ပါတယ်။
အခန်း (၁)
ရန်ကုန်က ပုသိမ်ကို မြစ်လမ်းခရီးနဲ့သွားရင် ဝါးခယ်မဆိုတဲ့ မြို့ကလေးကို ဖြတ်သွားရတယ်။ ဝါးခယ်မဟာ ရန်ကုန်က မိုင် ၁၁၂ မိုင် ဝေးတယ်။
အခုပြောမယ့် အ ဖြစ်အပျက်တွေ ဟာ ပထမကမ္ဘာစစ်ကြီး မ ဖြစ်ခင် ၁၅ နှစ် လောက်က စပြီး အဲဒီ ဝါးခယ်မမြို့ကလေးမှာ ဖြစ်ပျက်ခဲ့တယ်။
အဲဒီ အချိန်အခါက ဝါးခယ်မမြို့မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးနှစ် ယောက် ရှိတယ်။ တစ်ယောက် က ဦးဖိုးခင် ဖြစ်တယ်။ တစ်ယောက် က ဦးမြကြီး ဖြစ်တယ်။ ဦးဖိုးခင်နဲ့ ဦးမြကြီးတို့ဟာ ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းတွေ ဖြစ်တယ်။ ဒါပေမယ့် ဦးမြကြီးဟာ သိပ်ပြီးဆိုးတယ်။ ခဏခဏ ကျောင်းပြေးတယ်။ မကောင်းတဲ့ အပေါင်း အဖော်တွေ နဲ့ တွေ့ ပြီး နောက်တော့ အိမ်ကပါထွက်ပြေးတယ်။ ဦးမြကြီးဟာ လေးတန်း တောင် မအောင်ဘူး။ အိမ်က ထွက်ပြေးပြီး ဆယ်နှစ် လောက်မှာ ဦးမြကြီးမှာ အိမ်ခြေရာခြေ မရှိဘူး။ တစ်နေကုန် တစ်နေခန်း ဖဲဝိုင်းမှာ နေ ဖဲသမားတွေ ခိုင်းရာကိုလုပ် ဖဲမားကျွေး တာစား၊ ဖဲသမားတွေ တိုက်တဲ့အရက်သောက်၊ ဖဲသမားတွေ ဆီကရတဲ့ ပိုက်ဆံကလေးနဲ့ တစ်ခါတစ်ခါ ဖဲဝင်ရိုက်။ အဲဒီ လို ဖဲဝိုင်းကြမ်းပိုး လုပ်နေတယ်။ နောက်တော့ ကံအား လျော်စွာ ပဲ သူ့ထက် အသက် ငါးနှစ် လောက်ကြီးတဲ့ ဝါးခယ်မတစ်ဖက်ကမ်း သော်ကရွာသူ မရွှေမဆိုတဲ့ မုဆိုးမ တစ်ယောက် နဲ အိမ်ထောင်ကျတယ်။ အဲဒီ မုဆိုးမမှာ လွှစင်တစ်ခု ရှိတယ်။ အဲဒီ လွှစင်ကို အုပ်ချုပ်ရတဲ့အခါကျတော့ ဦးမြကြီးရဲ့ ကလိမ်ဉာဏ်အား ရှိသရွေ့ အစွမ်းကုန်ပြဖို့ အခွင့်ကောင်းရတယ်။ သစ်တောဘက်ဆိုင်ရာ အမှု ထမ်း အရာထမ်း အချို့ထဲက အောက်ကျို့ပေါင်းသင့်တဲ့လူကို အောက်ကျို့ပေါင်း၊ ငွေကြိုက်တဲ့လူကို ငွေပေး၊ မိန်းမကြိုက်တဲ့လူကို မိန်းမပေး၊ လက်ဆောင်ကြိုက်တဲ့လူကို လက်ဆောင်ပေးပြီး၊ သစ်တွေ ကို ရနိုင်သလောက် ခိုးထုတ်တာပဲ။ အဲဒီ လို လုပ်လိုက်တာ ၂ နှစ် အတွင်း နောက်ထပ် လွှစင်တစ်ခု တည်နိုင်တယ်။ နောက် လွှစင်က ပထမ လွှစင်ထက် ငါးဆလောက်ကြီးတယ်။ သော်ကဘက်ကိုသွားရင် (ဦးမြကြီး ဒေါ်ရွှေမ လွှစင်)ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဝါးခယ်မ မြစ်အလယ်လောက် ကတည်းက မြင်ရတယ်။
ဦးမြကြီးဟာ ပစ္စည်းနည်းနည်း စုမိလာတော့ စိန်ရွှေ အပေါင်ခံတယ်။ အဆမတန်နဲ့ အပေါင်ထားတဲ့ ပစ္စည်းဆိုရင် ဦးမြကြီးဆီက ပြန်ရွေးလို့မရဘူး။ ဥပမာ ငါးရာတန်စိန်လက်စွပ်တစ်ကွင်း ငါးဆယ်နဲ့ ပေါင်ရင် ဦးမြကြီးဆီက ပြန်ရွေးလို့မရဘူး။ လာပေါင်ကတည်းက ပေါင်တဲ့လူဟာ အပေါင်စာချုပ် ဖြတ်ပိုင်းတွေ မှာ လက်မှတ်ထိုး သွားရတယ်။ သူလိုချင်တဲ့ပစ္စည်း လာပေါင်ရင် အဲဒီ ပေါင်တဲ့လူ အိမ်ပေါ်က ဆင်းသွား တာနဲ့ တစ်ပြိုင်နက် ဖြတ်ပိုင်းမှာ သူထိုးပစ်ခဲ့တဲ့ လက်မှတ်ရဲ့ အပေါ်နားမှာ ဘယ်နေ့က ဒီပစ္စည်းကို ပြန်ရွေးပြီးပြီဆိုတာ ရေး ထားလိုက်တာပဲ။ ဟိုတုန်း ကတော့ ရုံးတို့ ဂါတ်တို့ကို ပေါက်ပေါက်ရောက်ရောက် သွားရဲတဲ့လူတွေ သိပ်မများ ပါဘူး။ အဲဒီ တော့ အပေါင်ဆုံး တဲ့လူတွေ ဟာ ဦးမြကြီးရဲ့ အိမ်ပေါ်က ငိုပြီး ဆင်းသွားရတာ လောက်နဲ့ပဲ တင်းတိမ် ကျေနပ်ကြရတော့တာပါပဲ။ စိန်ရွှေပြီးတော့ တစ်ဆင့်တိုးပြီး လယ်အပေါင်ခံတယ်။ လယ်တွေ ကိုလဲ စိန်ရွှေတွေ လိုပဲ လုပ်တာပဲ။
နောက် နှစ် နှစ် လောက်ကြာတဲ့အခါ ဦးမြကြီးဟာ ဆန်စက်တစ်လုံးတည်နိုင် ပါတယ်။ တပည့်တွေ မွေးထားပြီး ပိုင်ရှင်မသိဘဲ တလင်းထဲက ခိုးရောင်းတဲ့စပါး၊ စပါးကျီထဲက ခိုးရောင်းတဲ့ စပါးတွေ ကို ဈေးပေါပေါနဲ့ လျှောက်အဝယ်ခိုင်းတယ်။ အဲဒီ စပါးတွေ ကို သူ့စက်မှာ ဆန်ခွဲပြီး ရောင်းတယ်။
တစ်ခါတလေ သူ့စိတ်ကြိုက်နဲ့တွေ့ ရင် ခိုးရာပါ တိုက်ခိုက်ရာပါ ပစ္စည်းကိုပါ လက်ခံလိုက်သေးတယ်။
နောက်နှစ် နှစ် လောက်ကြာတဲ့အခါ မူလ ဆန်စက်ထက်ကြီးတဲ့ ဆန်စက် ကြီးတစ်လုံးကို နောက်ထပ် တည်နိုင်ပါတယ်။
ပစ္စည်းအတော် ချမ်းသာလာတဲ့အခါ ဝါးခယ်မဘက်မှာ တိုက်တစ်လုံးဆောက်ပြီး သူ့မိန်းမ ဒေါ်ရွှေမကို အဲဒီ တိုက်မှာ ပို့ထားတယ်။ ဦးမြကြီး ကတော့ သော်ကဘက် စက်ဝင်းကြီးထဲမှာ သူ့အတွက်ရော၊ အာဏာပိုင်တွေ ကို လာဘ်ထိုးဖို့အတွက်ရော မွေးထားတဲ့ ကောင်မလေးတွေ နဲ့ အပျော်အပါးလိုက်၊ အရက်သောက်လိုက်၊ ဖဲချလိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်တာပဲ။ မယားကြီး ဒေါ်ရွှေမဆီကို တစ်လ နှစ် ကြိမ် သုံး ကြိမ်လောက်ပဲ သွားတော့တယ်။
ဦးမြကြီးဟာ မယားကြီး ဒေါ်ရွှေမနဲ့ သား တစ်ယောက် သမီး တစ်ယောက် ပဲ ရတယ်။ သားကို မောင်ထွန်းလို့ ခေါ်တယ်။ သမီးကို ထွေးထွေးလို့ ခေါ်တယ်။ မယားငယ်တွေ နဲ့ရတဲ့ ကလေးတွေ ကတော့ သူကိုယ်တိုင် ဘယ်လောက်ရှိမှန်း မသိဘူး။ မွေးထားတဲ့ကလေးမလေ တစ်ယောက် ယောက် ကိုယ်ဝန်ရှိလာရင် စက်မှာ လုပ်တဲ့ အလုပ်သမား တစ်ယောက် ယောက် လွှစင်မှာ လုပ်တဲ့ အလုပ်သမား တစ်ယောက် ယောက် နဲ့ ပေးစားလိုက်တာပဲ။ တခြားမှာ သူတို့ရဲ့ အစွမ်းအစနဲ့ သူတို့ရှာပြီးယူချင်လဲ ဦးမြကြီးက လိုတဲ့ငွေ ထုတ်ပေးလိုက် တာပဲ။ တချို့ ခပ်မိုက်မိုက် ငရဲမကြောက်တာကလေးတွေ ကျတော့ ကိုယ်ဝန်ကို ဖျက်ချပစ်လိုက်တာပဲ။
သူ့မယားငယ်တွေ ဟာ သော်ကစက်ဝင်းကြီးထဲမှာ သာ ရှိတာ မဟုတ်ဘူး။ သူ့လယ်တွေ ရှိတဲ့ ရွာတွေ မှာ လဲ ရှိတာပဲ။ တစ်ခါတစ်ခါ ဦးမြကြီးဟာ လယ်တွေ သွားကြည့်ဦးမယ်ဆိုပြီး ဒီမယားငယ်တွေ ဆီမှာ သုံးလေးရက်စီလောက် သွားသွားပြီး ပျော်ပါးတတ်ပါတယ်။
ဦးမြကြီးဟာ ဒီလို အကျင့်ဆိုးပေမယ့် ငွေပေးတဲ့ နေရာမှာ အင်မတန် ရက်ရောတဲ့အတွက် လူတွေ ဟာ သူ့ကို ဝိုင်းမပယ်ရဲဘူး။ ဝါးခယ်မဘက်မှာ ပဲ ဖြစ် ဖြစ်၊ သော်ကဘက်မှာ ပဲ ဖြစ် ဖြစ်၊ သာရေး နာရေး ရှိလို့ ဦးမြကြီး ငွေဘယ်လောက်ထည့်လိုက်ပါဆိုရင် ဈေးမဆစ်ဘူး၊ အလှူခံသလောက် ထည့်လိုက်တာပဲ။
တစ်နေ့ကျတော့ ဦးမြကြီးဟာ အုန်းပင်စုရွာကို သွားပါတယ်။ အုန်းပင်စုဟာ ဝါးခယ်မရဲ့ အနောက်တောင်ထောင့် ဆယ်မိုင်လောက် ဝေးပါတယ်။ အဲဒီ အုန်းပင်စုမှာ မကြာသေးခင်ကမှရတဲ့ မအုံးတင်ဆိုတဲ့ မယားငယ် တစ်ယောက် ရှိတယ်။ မအုံးတင်ဟာ ငယ်တယ်။ အသက်ဆယ့်ခုနစ်နှစ် ဆိုတော့ သူ့သမီး ထွေးထွေးနဲ့မှ ရွယ်တူပဲ။ ရုပ်က သိပ်ချောတာပဲ။ အဲဒီ တော့ ဒါလေးကို ရဖို့အတွက် အောင်သွယ်ကို ငွေငါးရာ၊ မအုံးတင်ရဲ့ မိဘသုံးဖို့ ငွေတစ်ထောင်၊ မအုံးတင်အတွက် ငွေငါးထောင်၊ ရွှေဒင်္ဂါးဆယ်ပြားစီး ရွှေလက် ကောက်ငါးရံ၊ စိန်ခြယ်လက်စွပ်တစ်ကွင်း၊ တစ်ဖက် တစ်ရတီစီရှိတဲ့ စိန်နားကပ်က တစ်ရံပေးရတယ်။ ဒါတွေ တင် မကသေးဘူး၊ ယောက္ခမ ဖြစ်သူက အုန်းပင်စုရွာမှာ လူကြီးလုပ်ချင်တယ်ဆိုလို့ မူလသူကြီးကို လည်ဆယ်မှု တစ်ခုနဲ့ ဖြုတ်ချပြီး သူ့ယောက္ခကို သူကြီး ဖြစ်အောင် အာဏာပိုင်တွေ နဲ့ ငွေထိုးရတဲ့အတွက် နောက်ထပ် ငွေသုံးထောင်လောက် ကုန်သွားသေးတယ်။
အဲဒီ မအုံးတင်ကလေးကိုတော့ တခြား မိန်းမတွေ ထက် ဦးမြကြီးဟာ ပိုပြီးမက်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒီမအုံးတင်ကိုရတာ ခြောက်လလောက်ပဲ ရှိသေး တယ်။ မအုံးတင်ဆီကို ဦးမြကြီးလာတာ အခေါက်နှစ် ဆယ်ထက် မနည်းဘူး။ ဒီလို မကြာခဏလာတတ်မှန်းသိတော့ အဲဒီ အခေါက်မှာ ပြုတ်သွားတဲ့ သူကြီး ဦးဖေအောင်ရယ်၊ မအုံးတင်ကို ဦးမြကြီးက ယူသွားတဲ့အတွက် ကျန်ရစ် ဖြစ်နေတဲ့ မအုံးတင်ရဲ့ ရည်းစား ဟောင်း ဘတုတ်ရယ်၊ လယ်ဧကသုံးရာ ဦးမြကြီးဆီမှာ အဆမတန်နဲ့ အပေါင်ဆုံး သွားတဲ့အတွက် စိတ်နာနေတဲ့ ဦးဖိုးခရယ် ပေါင်းပြီး ဦးမြကြီးကို သေကြောင်းကြံ ကြပါတယ်။ ဦးမြကြီးဟာ မအုံးတင်ကလေးနဲ့ အိပ်နေတုန်း သူကြီးကျဖေအောင်၊ ကျန်ရစ်ဘုတ်နဲ့ အပေါင်ဆုံးဖိုးခတို့ ခိုင်းထားတဲ့ ထောင်ပြန် လူဆိုး စိန်လှဟာ နောက်ဖေး တံခါးကိုဖောက်ပြီး အိမ်ထဲဝင်ပါတယ်။ အိပ်ရာနားရောက်တော့ ဦးမြကြီးရဲ့ လည်မျိုကို မှိန်းနဲ့တအားဆောင့်ထိုးလိုက်တာ ဦးမြကြီးလဲ အိပ်ရာပေါ်မှာ တင် ပွဲချင်းပြီး သေပြီး သူ့ကလိန်ခြုံဇာတ်ကို သိမ်းသွားရရှာပါတယ်။ စိန်ရွှေမက်ပြီး ဖအေကြီးအရွယ်ကြီးကို ယူလိုက်ရတဲ့ မအုံးတင်ကလေးလဲ မုဆိုးမကလေး ဖြစ်ပြီး ကျန်ရစ်ရှာပါတယ်။ ဦးမြကြီးရဲ့ ယောက္ခမသူကြီးနဲ့ မယားငယ်ကလေးအုံးတင်ကလွဲလို့ တစ်ရွာလုံးမှာ ဦးမြကြီးကို မေတ္တာရှိတဲ့လူ မရှိတဲ့အတွက် လူသတ်မှု ကို ဘယ်လိုစစ်လို့မှ မပေါ်ဘူး။ အဲဒါကြောင့် ဒီအမှု ကို စုံစမ်းလို့မရတဲ့ အမှု အ ဖြစ်နဲ့ ပုလိပ်က ပိတ်လိုက်ရပါတယ်။
ပစ္စည်းဟာ မီးနဲ့တူတယ်၊ မီးဟာ သုံးတတ်ရင် လူတွေ မှာ အကျိုးအများ ကြီး ဖြစ်နိုင်တယ်။ မသုံးတတ်ရင် လူတွေ မှာ ဒုက္ခအများ ကြီး ဖြစ်နိုင်တယ်။ ပစ္စည်းလဲ ဒီလိုပဲ။ ပစ္စည်းဟာ သုံးတတ်ရင် ပစ္စည်းရှင်မှာ အကျိုးအများ ကြီး ဖြစ်နိုင်တယ်။ ဒီပစ္စည်းကို အကြောင်းပြုပြီး ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေ ကိုသာ လုပ်မယ်ဆိုရင် ဒီပစ္စည်းရှင်ဟာ လူနတ်ဗြဟ္မာအ ဖြစ်နဲ့ ဘုံစဉ်စံရပြီး နိဗ္ဗာန်ကို မျက်မှော က်ပြုရတဲ့အထိ အကျိုး ဖြစ်နိုင်တယ်။ ပစ္စည်းဟာ မသုံးတတ်ရင် ပစ္စည်းရှင်မှာ ဒုက္ခအများ ကြီး ဖြစ်နိုင်တယ်။ ဒီပစ္စည်းတွေ နဲ့ မိန်းမလိုက်၊ ဖဲရိုက်၊ အရက်သောက်၊ လူတွေ နှိပ်စက်နေမယ်ဆိုရင် ဒီပစ္စည်းရှင်ဟာ သေပြီးတဲ့နောက် တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲဆိုတဲ့ အပါယ် လေးဘုံကို ဇောက်ထိုးဆင်းမှာ ပဲ။ ဦးမြကြီးဟာ ပစ္စည်းရှင် ဖြစ်သော်လည်း ပစ္စည်းကို သုံးတတ်တဲ့ ပစ္စည်းရှင်မျိုး မဟုတ်ဘူး။ မသုံးတတ်တဲ့ ပစ္စည်းရှင် ဖြစ်တယ်။ အခုနေများ ဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့ သူတော် သူမြတ်တစ်ဦးကို တွေ့ ရလို့ သေပြီးတဲ့နောက် ဦးမြကြီးဟာ ဘယ်ဘုံကို ရောက် သွားပါသလဲလို့များ လျှောက်ထားကြည့်ရရင် အရက်သောက်၊ ဖဲရိုက်၊ မိန်းမလိုက် လူတွေ ကို နှိပ်စက်သွားတဲ့ အကုသိုလ်ကံတွေ ကြောင့် ဦးမြကြီး တစ်ယောက် ဖြင့် အဝီစိကို ဇောက်ထိုးဆင်းရရှာပြီလို့ ဖြေမှာ ဧကန်မုချ မလွဲတော့ဘူး။ ။
ဦးဖိုးခင်ဟာ မြန်မာလို ခုနစ်တန်းအောင်ပြီးတဲ့နောက် မိဘများ ကိုကူပြီး ပရိက္ခရာဆိုင် ထွက်ပါတယ်။ အဲဒီ လို ဆိုင်ထွက်နေတုန်း အားတဲ့အခါ ကံဦးကျောင်း ဆရာတော် ကြီး ဆီမှာ မေးပြီး လောကုတ္တရာစာပေများ ကို လေ့လာခဲ့တာ ဆယ်နှစ် လောက်ရှိတဲ့အခါ ပရိယတ္တိဘက်မှာ အတော် ကလေး ပေါက်ရောက်တယ်။ အဲဒီ လို ပရိယတ္တိနဲ့သာ မတင်း တိမ်သေးဘဲ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကိုယူပြီး ပဋိပတ္တိကိုလဲ ကမ္မဋ္ဌာန်းကျောင်းမှာ အပြင်းအထန် အားထုတ်တဲ့အတွက် သူ့တစ်သက်မှာ တစ်ခါမှ မတွေ့ ခဲ့ရဖူးတဲ့ တရားထူး တွေ ကိုလဲ ရခဲ့ဖူးပါတယ်။ အဲဒီ လိုရပြီး တရားအရသာတွေ့ တဲ့အတွက် ရဟန်းဘောင်ကိုဝင်ဖို့ ဦးဖိုးခင်ဟာ မိဘတွေ ဆီမှာ ခွင့်ပန်ပါသေးတယ်။ ခွင့်မရရှာဘူး။ မိဘတွေ ပေးစားသွားတဲ့ ဇနီးသည် ဒေါ်လှမေကိုသာ ရလိုက်ပါတယ်။ ဦးဖိုးခင်ဟာ ဒေါ်လှမေနဲ့ သမီးကလေးနှစ် ယောက် ရပါတယ်။ သမီးအကြီးကို မခင်မေလို့ ခေါ်တယ်။ အငယ်ကိုတော့ မတင်မေလို့ ခေါ်တယ်။
မခင်မေနဲ့ မတင်မေဟာ မြန်မာလို ခုနစ်တန်းအောင်ပြီး ကျောင်းထွက်ရပါ တယ်။ ကျောင်းကထွက်ပြီး အိမ်မှာ ပဲ မိဘတွေ ကို လုပ်ကျွေးပြုစုနေရပါတယ်။ ဦးဖိုးခင် ဟာ သမီးကလေးနှစ် ယောက် ကို ညစဉ်ညတိုင်း လောကုတ္တရာစာပေများ သင်ကြားပေးပါတယ်။ မခင်မေက ဝါသနာလဲပါတယ်၊ ဝီရိယလဲရှိတယ်ဆိုတော့ ငါးနှစ် ခြောက်နှစ် အတွင်းမှာ ပဲ အတော် ကြီး ပေါက်ရောက်သွားတယ်။ မတင်မေ ကတော့ ဝါသနာမပါရှာတဲ့ အတွက် ဘယ်လိုသင်လို့မှ မရဘူး။ အဲဒါနဲ့ မတင်မေကို ဖအေကြီးဟာ လက်လျှော့လိုက်ရ ပါတယ်။
အဲဒီ လို သမီးတွေ ကို စာသင်ရင်း တခြားကလေးတွေ လဲ ဒီလိုပဲ သင်ကြပါစေဆို တဲ့ ရည်ရွယ်ချက်နဲ့ မင်္ဂလာစာမေးပွဲ၊ ဓမ္မစကြာစာမေးပွဲ၊ သတိပဋ္ဌာန်စာမေးပွဲ၊ သင်္ဂြိုဟ် စာမေးပွဲ၊ ပထမငယ်စာမေးပွဲ၊ ပထမလတ်စာမေးပွဲ၊ ပထမကြီးစာမေးပွဲတွေ အထိ ဘာသာရေး စာမေးပွဲတွေ ကို တစ်ဆင့်စီတက်ပြီး နှစ် စဉ်ကျင်းပပါတယ်။ စာမေးပွဲဝင်ချင်သူ တွေ ပေါအောင် သဒ္ဓါတက်ကြွစေတဲ့ နှိုးဆော်စာတွေ ကိုလည်း သူကိုယ်တိုင် ရိုက်ပြီးဝေ တယ်။ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ငွေ၊ စာအုပ်အစရှိသဖြင့် ဆုကောင်းကောင်း ပေးနိုင်အောင် လဲ သူကိုယ်တိုင် တတ်နိုင်သလောက် ရက်ရက်ရောရော လှူတယ်။ အများ ဆီကလဲ အလှူခံပေးတယ်။ သမီးကြီး မခင်မေဟာ မင်္ဂလာစာမေးပွဲမှာ ပထမ၊ ဓမ္မစကြာစာမေးပွဲမှာ ပထမ၊ သတိပဋ္ဌာန်စာမေးပွဲမှာ ပထမ၊ သင်္ဂြိုဟ်စာမေးပွဲမှာ ပထမ၊ ပထမလတ်စာမေးပွဲမှာ ပထမ ရခဲ့ဖူးတယ်။ ဒီလို ပထမရတိုင်း ဦးဖိုးခင်ဟာ သမီးမျက်နှာကို စေ့စေ့ကြည့်ပြီး 'မိခင်မေ မိန်းကလေး ဖြစ်တာ နာသကွယ်'လို့ တောက်တစ်ခေါက်ခေါက်နဲ့ ညည်းပါတယ်။ ဦးဖိုးခင်ရဲ့ သဘော ကတော့ သမီး မခင်မေဟာ သမီး မိန်းကလေးမဟုတ်ဘဲ သားယောက်ျား ကလေးသာဆိုရင် မိဘတွေ ဆီက ခွင့်မရလို့ သူမဝင်ခဲ့ရတဲ့ ရဟန်းဘောင်ကို အဝင်ခိုင်းမှာ အမှန်ပဲ။ အဲဒါကြောင့် မခင်မေဟာ လောကုတ္တရာစာမှာ တော် ပြီး မိန်းကလေး ဖြစ်နေတဲ့အတွက် ဦးဖိုးခင်ဟာ အားမလိုအားမရ ဖြစ်ပြီး တောက်တခေါက်ခေါက်နဲ့ ဖြစ်နေတာပဲ။
ဦးဖိုးခင်ဟာ ပရိယတ္တိပြည့်စုံရုံနဲ့ မလုံလောက်သေးဘူး။ ဘုရားအလိုတော် ကျ ဖြစ်အောင် ပဋိပတ္တိဆိုတဲ့ ကမ္မဋ္ဌာန်းအလုပ်ကိုလဲ လုပ်ရဦးမယ်ဆိုတာကို နှစ် နှစ် ကာကာ ယုံကြည်တဲ့အတွက် အခုတစ်ဖက်က ပရိယတ္တိပြန့်ပွားတိုးတက်ရေး ကို အားပေးပြီး အခြားတစ်ဖက်မှာ လဲ ကမ္မဋ္ဌာန်းလုပ်ငန်းကို လူတွေ စိတ်ဝင်စားလာအောင် ကြိုးစားပါတယ်။ ဦးဖိုးခင်ရဲ့ ကြိုးပမ်းချက်အရ မြို့ပေါ်က ပိုက်ဆံတတ်နိုင်တဲ့လူတွေ စုပေါင်းပြီး ဘုရားကြီး အနောက်ဘက် မြေကွက်လပ်တစ်ခုမှာ တစ်ကြိမ် လူသုံးဆယ်လောက် တရားအား ထုတ်နိုင်တဲ့ ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို ထူထောင်ကြပါတယ်။ အဲဒီ လို ထူထောင်ပြီးမှ ကံဦးဆရာတော် ရဲ့ သြဝါဒအရ ပဲခူးမှာ တောရကျောင်း ဆောက်တည်နေတဲ့ ပရိယတ္တိ၊ ပဋိပတ္တိ နှစ် မျိုးစလုံးမှာ စွယ်စုံ ဖြစ်တဲ့ ဆရာတော် ကြီးရဲ့ တပည့်ဦးဝိမလကိုယ်တော် ကို ပင့်ကြပါတယ်။ ဆရာတော် ရောက်လာတဲ့အခါ ဦးဖိုးခင်နှင့် အတူ ရိပ်သာဒါယကာထဲက လူကြီးခုနစ်ဦးဟာ စံနမူနာအ ဖြစ်နဲ့ စပြီး ကမ္မဋ္ဌာန်းထိုင်ကြပါတယ်။ ဦးဖိုးခင်ဟာ ရှေးအခါကလဲ ကမ္မဋ္ဌာန်းတစ်ကြိမ် ထိုင်ဖူးတယ်။ နောက်ပြီးတော့လဲ အိမ်မှာ နေရင်း နေ့စဉ်နေ့တိုင်း ဘာဝနာလုပ်ငန်းကို အပြတ်မခံဘူး။ အဲဒါကြောင့် အရင်က တွေ့ ပြီးခဲ့တဲ့ တရားထူးကို လျင်လျင်မြန်မြန်ပဲ ပြန်ပြီးရပါတယ်။ ကမ္မဋ္ဌာန်းဆရာတော် ကလဲ ဦးဖိုးခင်ရဲ့ ဉာဏ်စင်နဲ့ ပတ်သက်ပြီး လျှောက်ထားချက်တွေ ကို အင်မတန် သဘောကျ ပါတယ်။ ကမ္မဋ္ဌာန်းဆရာတော် ရဲ့ သီလစင်ကြယ်မှု ၊ တည်ကြည်မှု ၊ ပရိယတ္တိ၊ ပဋိပတ္တိ နှစ် ခုစလုံးမှာ ပြည့်စုံမှု တွေ ကြောင့် ကမ္မဋ္ဌာန်းရိပ်သာဟာ တစ်နေ့တခြား တိုးတက် စည်ကားလာပါတယ်။
ဦးဖိုးခင်ဟာ ဘာသာရေး မှာ သာ ခေါင်းဆောင်ရတာ မဟုတ်ဘူး။ အရပ်ကိစ္စ၊ မြို့ကိစ္စတွေ မှာ လဲ ဦးဖိုးခင် မပါရင် မပြီးဘူး။ ဘာပဲ ဖြစ် ဖြစ် သူ့ကို လာတိုင်ပင်တာပဲ။ သူ့ကို ခေါင်းဆောင်တင်တာပဲ။ သူ့ရဲ့ တည်ကြည်မှု အမြော်အမြင်ရှိမှု တွေ ကို မြို့သူ မြို့သားတွေ က အင်မတန်အားကိုးကြတယ်။
ဦးဖိုးခင်မှာ သွေးဝမ်း ရောဂါ ရှိတယ်။ ဒီ ရောဂါ က ခဏခဏ ဒုက္ခပေးတယ်။ ဦးဖိုးခင်လဲ ဒီ ရောဂါ အင်မတန် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့အခါလောက်ပဲ အိမ်မှာ နားနေ တယ်။ သက်သာတာနဲ့ တစ်ပြိုင်နက် ပရိက္ခရာဆိုင်ကိုလဲ ထွက်လိုက်သေးတယ်။ အားတဲ့အချိန်တွေ မှာ လဲ အိမ်မှာ နားမနေဘူး။ အရပ်ကိစ္စ၊ မြို့ကိစ္စ၊ သာရေး နာရေး ၊ ဘာသာရေး ကိစ္စတစ်ခုခုကို မြို့လည်ပြီး လုပ်နေတာပဲ။ အဲဒီ လို လောကီ လောကုတ္တရာ အကျိုးကိုဆောင်ရင်း နောက်ဆုံးမှာ သွေးဝမ်း ရောဂါ ဟာ အင်မတန်ဆိုးလာပြီး မထနိုင် အောင် အားအင်ကုန်ခမ်းတဲ့ အခြေအနေရောက်တော့မှ ဦးဖိုးခင်ဟာ အိမ်မှာ ပဲ လဲတော့တာပဲ။
ဒေါ်လှမေကလဲ ဒူးနာ ရောဂါ ကြောင့် အိမ်ထဲက အိမ်ပြင်ကို မထွက်နိုင်ဘူး။ သမီးကြီး မခင်မေကလဲ ဖအေ့အနားမှာ ကပ်ပြီး ပြုစုနေရတယ်။ မတင်မေကလဲ ဘာမှ နားမလည်ရှာဘူး။ အဲဒီ လို ဆုံပြီ ဖြစ်နေတဲ့အတွက် တစ်နှစ် လောက်ကြာတော့ ပရိက္ခရာဆိုင် တစ်ဆိုင်လုံး တခြားသူတစ်ဦးကို ရောင်းလိုက်ရတဲ့ အ ဖြစ်ကို ရောက်ခဲ့ရ ပါတယ်။
ရှိတဲ့ငွေကလေးကို မိသားတစ်စု ထိုင်စားလာခဲ့ကြတာ ဆေးဖိုးဝါးခ၊ ဆရာဝန်ခ၊ ဓာတ်စာခဆိုတဲ့ အဖိုးအခ။ ဒီအခတွေ က တနှုတ်ထဲသာနှုတ်ပြီး၊ အဝင်က တစ်ပြားမှမရှိတဲ့ အတွက် တစ်နှစ် မကြာခင် ရှိစုမဲ့စုကလေး ကုန်တာပါပဲ။ ဦးဖိုးခင် တတ်နိုင်တုန်းက ကျေးဇူးပြုထားတဲ့လူတွေ ထဲက အလိုက်သိကြတဲ့လူတွေ က လက်ဝါးဖြန့် မတောင်းရဘဲ အလိုက်သိစွာ နည်းနည်း ပါးပါး ဝိုင်းပြီးထောက်ပံ့ကြတဲ့အတွက်သာ ဦးဖိုးခင်တို့မိသားစုမှာ အသက်ကလေး ချောင်ချောင် ရှူနိုင်ပေတော့တယ်။
တစ်နေ့ကျတော့ ဦးဖိုးခင်ဟာ မခင်မေကို အနားခေါ်လိုက်တယ်။
'ဘယ့်နှယ်လဲ သမီးကြီး မခင်မေရေ၊ ဖေဖေ့ကို ပြုစုရတာ အတော် ဖားနေပြီ ထင်တယ်'
'မဖားပါဘူး ဖေဖေ'
'တစ်နေ့လဲမဟုတ်၊ တစ်လလဲမဟုတ်၊ နှစ် လလဲမဟုတ်၊ ညလဲမအိပ်ရ၊ နေ့လဲ မနားရ၊ အမြဲတမ်း ပြုစုနေရတယ်ဆိုတော့ ဖားကြရောပေါ့ကွယ်'
'ပင်ပန်းတယ်လို့ မအောက်မေ့ပါဘူး ဖေဖေ၊ မာတာပိတုဂုဏောအနန္တောလို့ ဆိုထားတာပဲ၊ ဒီလောက်ကလေး ပင်ပန်းရတာ ဖေဖေတို့ရဲ့ ကျေးဇူးကို အပုံတစ်သိန်းပုံ တစ်ပုံတောင် မဆပ်နိုင်သေးပါဘူး ဖေဖေ'
'သာဓုကွယ် သာဓု သာဓု၊ ဖေဖေလဲ သေတော့မှာ ပါပဲကွယ်၊ ဖေ့ဖေ့ဟာ ဖေဖေ သိပါတယ်၊ ခံလှရင် အလွန်ဆုံး နောက်တနင်္ဂနွေနှစ် ပတ်ပဲ'
မခင်မေဟာ ဒီစကားကြားရတဲ့အခါ မျက်ရည်တွေ စီးကျလာပြီး 'စိတ်မလျှော့ လိုက်ပါနဲ့ ဖေဖေ'လို့သာ ပြောနိုင်တယ်၊ ဆို့တက်လာတာနဲ့ သူ့အဖေရဲ့ မျက်နှာကို သနားတဲ့စိတ်နဲ့ ကြည့်နေပါတယ်။
'မငိုနဲ့သမီး၊ မငိုနဲ့ မငိုနဲ့၊ ဖေဖေတို့ သမီးတို့ဟာ အစမထင်အောင် ရှည်လျားလှတဲ့ သံသရာကြီးထဲမှာ ကိုယ်ချစ်တဲ့ အဖေတွေ အမေတွေ သေလို့၊ လင်တွေ သေလို့၊ မယားတွေ သေလို့၊ ညီအစ်ကို မောင်နှမတွေ သေလို့၊ ဆွေမျိုးညာတကာတွေ သေလို့၊ မိတ်ဆွေရင်းချာတွေ သေလို့ အကြိမ်ကြိမ် ကျခဲ့ရတဲ့ မျက်ရည်တွေ ဟာ ပင်လယ် သမုဒ္ဒ ́ရာတွေ ထဲက ရေတွေ ထက် မနည်းဘူး၊ ဖေဖေတို့ သမီးတို့ဟာ ဒီသံသရာကြီး တစ်လျှောက်လုံးမှာ ဘုရားနဲ့ မတွေ့ ခဲ့ရတဲ့အတွက် တွေ့ ပြန်လဲ ဘုရားစကားကို နားမထောင် ဘဲ ရှောင်လွှဲပြီး နေခဲ့တဲ့အတွက် ဒီလို တငိုတည်းငိုငိုနေရတာ ကိုပဲ အဟုတ်ကြီးထင်ပြီး ငိုခဲ့တဲ့လမ်းကို လိုက်ခဲ့တဲ့အတွက် အကြိမ်ကြိမ် ငိုခဲ့ရတဲ့ ငိုပွဲတွေ ဟာလဲ မရေမတွက်နိုင် တော့ဘူး၊ အခု ဘုရားနဲ့တွေ့ ရပြီ၊ ဘုရားကို ယုံကြည်တဲ့ သဒ္ဓါတရားတွေ လဲ သမီးတို့မှာ ရှိနေပြီ၊ မငိုနဲ့တော့၊ ငိုရတဲ့လမ်းကို မလိုက်နဲ့တော့၊ မငိုရတဲ့လမ်းကို ဘုရားဟောထားပြီ၊ ဘုရားဟောအတိုင်း ကျင့်ရင် အခုဘဝမှာ ပဲ မငိုရတဲ့ တရားထူးတွေ ကို မျက်မှော က်ပြုရ မယ်လို့ ရှင်တော် မြတ်ဘုရား ရဲရဲကြီး အာမခံထားပြီ၊ အဲဒီ တော့ ငိုမနေနဲ့တော့ သမီး၊ မျက်ရည်သုတ် မျက်ရည်သုတ်၊ ဖေဖေ့ကို တကယ်ချစ်ရင် မငိုနဲ့၊ သမီးကိုယ်ကို သမီး တကယ်ချစ်ရင် မငိုနဲ့၊ ဘုရားစကားကို နားထောင်ပြီးတော့ မငိုရတဲ့တရားကို ဒီဘဝမှာ ပဲ ငါ မျက်မှော က်ပြုနိုင်အောင် ကြိုးစားမယ်လို့ အဓိဋ္ဌာန်ပြု ကြားရဲ့ လားသမီး၊ မျက်ရည်သုတ် မျက်ရည်သုတ်'
'ဟုတ်ကဲ့ ဖေဖေ'လို့ ပြန်ဖြေပြီး အင်္ကျီလက်စနဲ့ မျက်ရည်တွေ ကို သုတ်ပါတယ်၊ မခင်မေဟာ ပါရမီထူးတဲ့ မိန်းကလေး ဖြစ်တဲ့အတွက် သူ့အဖေက ဒီလောက်ပြောရုံနဲ့ အများ ကြီး သဘောပေါက် သွားပါတယ်၊ ဘုရား တရား သံဃာအပေါ်မှာ ယုံကြည်မှု တွေ လဲ တဖွားဖွားပေါ်လာပါတယ်၊ ဒီသဒ္ဓါတရားတွေ ရဲ့ အာနုဘော်ကြောင့် မခင်မေဟာ စိုးရိမ်မှု ပူဆွေးမှု တွေ က အများ ကြီး သက်သာရာရ သွားပါတယ်'
'သမီး၊ ဖေဖေ့ကို သံဝေဂလင်္ကာလေး ရွတ်ပြစမ်းပါဦး'
မခင်မေဟာ သူ့အဖေကို အောက်ပါ သံဝေဂလင်္ကာကို ရွတ်ပြပါတယ်။
'သမီးရယ်၊ တစ်ကြိမ် ထပ်ဆိုပါဦး'လို့ ခိုင်းတဲ့အတွက် မခင်မေဟာ တစ်ကြိမ်ထပ်ပြီး ရွတ်ရပါတယ်။ ဦးဖိုးခင်ဟာ သာဓု သုံးကြိမ်လေးလေးပင်ပင်ကြီး ခေါ်ပါတယ်။
ဒီလို သာဓုခေါ်ပြီးတော့ ဇနီးဒေါ်လှမေနဲ့ သမီးကလေး မတင်မေကိုပါ ခေါ်ခိုင်း တဲ့အတွက် မခင်မေ သွားခေါ်ပါတယ်။ အတော် ကလေးကြာတဲ့အခါ ဒေါ်လှမေကို မခင်မေနဲ့ မတင်မေ တွဲ ပြီး သုံးဦးသား ဦးဖိုးခင်ဆီကို လာကြပါတယ်။
အားလုံးထိုင်မိကြတဲ့အခါ သမီးကြီး မခင်မေကို ခပ်စောစောက ပြောသလို ဦးဖိုးခင်ဟာ သူသေခါနီး တဲ့အကြောင်းကို ပြောပါတယ်။ ဒေါ်လှမေက မျက်ရည်ကျပါ တယ်။ သမီးငယ် မတင်မေ ကတော့ အသံထွက်ပြီး ငိုပါတယ်။ အဲဒီ အခါ ဦးဖိုးခင်ဟာ ခပ်စောစောက သမီးကြီး မခင်မေကို ဟောသလိုပဲ တရားဟောပြီး မျက်ရည်အသုတ်ခိုင်း ပါတယ်။ ပြီးတော့မှ ဇနီးနဲ့ သမီးတွေ ကို ဒီလိုဆက်ပြီး ပြောပါတယ်။
'ငါ့အတွက် မင်းတို့ ဘာမှ မပူကြနဲ့၊ ငါဟာ ကမ္မဋ္ဌာန်းမထိုင်ခင်တုန်းက ဘုရား၊ တရား၊ သံဃာကို ယုံကြည်တယ်ဆိုတာ မတုန်မလှုပ် ယုံကြည်တာ မဟုတ်သေးဘူး၊ တစ်ခါတစ်ခါ ယုံကြည်တယ်၊ တစ်ခါ တစ်ခါကျရင် ဘုရား တရား သံဃာဆိုတာ ဟုတ်မှဟုတ်ကြရဲ့ လားဆိုတဲ့ သို့လော သို့ လော စိတ်တွေ ငါ့မှာ ပေါ်တယ်၊ အဲဒီ စိတ်တွေ ပေါ်တုန်းကလဲ ပေါ်တယ်ဆိုတာ ထင်ထင်ရှားရှား သိတယ်၊ ဝိုးတိုးဝါးတား မဟုတ်ဘူး၊ ကမ္မဋ္ဌာန်းထိုင်ပြီး တရားထူးကို မျက်မှော က်ပြုပြီးနောက် ဒီလို သို့ လော သို့ လော စိတ်တွေ ဟာ ငါ့မှာ မရှိတော့ဘူး၊ သို့လော သို့ လောတွေ ဖြစ်တုန်းက ထင်ထင်ရှားရှား ငါသိသလို ဒီစိတ်တွေ အလျဉ်းမရှိတော့လဲ မရြှိ ကတော့ဘူးဆိုရင် ငါ ထင်ထင်ရှားရှား သိတယ်။
'နောက်ပြီးတော့လဲ ကမ္မဋ္ဌာန်း မထိုင်ခင်တုန်းက ငါဟာ ငါးပါးသီလကို လုံတယ်ဆိုပေမဲ့ လုံးလုံးလျားလျားကြီး လုံတာမဟုတ်ဘူး၊ ဒီငါးပါးကို မကျိုးရအောင် ငါဟာ အတော် သတိထားပြီး ထိန်းနေရတယ်၊ အဲဒီ လို သတိထားပြီး ထိန်းနေတဲ့ အထဲက ငါးပါးသီလဟာ ကျိုးတဲ့အခါ ကျိုးတယ်၊ ပေါက်တဲ့အခါ ပေါက်တယ်၊ ပျောက်တဲ့အခါ ပျောက်တယ်၊ ကျားတဲ့အခါ ကျားတယ်၊ ဒီလို မကျိုးမပေါက် မပြောက်မကျားသည့်တိုင်အောင် ရံဖန်ရံခါ ငါးပါးသီလထဲက တစ်ပါးပါးဟာ ညှိုးတယ် နွမ်းတယ်၊ အဲဒီ ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျားရအောင် မညှိုးမနွမ်း ရအောင် ငါ သတိထားပြီး ထိန်းနေရတယ်ဆိုတာလဲ ငါထင်ထင်ရှားရှားကြီး သိခဲ့တယ်၊ အဲဒီ ထိန်းနေတဲ့အထဲက ကျိုးပေါက်ပြောက်ကျားသွားတာ ညှိုးသွားတာ နွမ်းသွားတာကို လဲ ငါ ထင်ထင်ရှားရှားကြီး သိခဲ့တယ်။
'ကမ္မဋ္ဌာန်းထိုင်ပြီး တရားထူးကို မျက်မှော က်ပြုပြီးတဲ့နောက် ငါးပါးသီလကို ငါဟာ သတိထားပြီး မထိန်းရတော့ဘူး၊ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို့ ငါ့မှာ မြဲနေပြီ၊ ငါ့ငါးပါးသီလဟာ ကျိုးပေါက် ပြောက်ကျားတုန်းက ညှိုးနွမ်းတုန်းက ငါ ထင်ထင်ရှားရှားကြီး သိရသလို၊ အခု ခါးဝတ်ပုဆိုးလို့ ငါ့မှာ မြဲနေတဲ့အခါလဲ ငါ ထင်ထင်ရှားရှားကြီးသိရတယ်၊ ငါ့ငါးပါးသီလဟာ မကျိုးမပေါက် မပြောက်မကျား တော့ဘူး၊ မညှိုးနွမ်းတော့ဘူး၊ အဲဒီ လို ရတနာသုံးပါးမှာ သို့ လောသို့ လောမ ဖြစ်ဘဲ မတုန်မလှုပ် ယုံကြည်တဲ့ အခြေကိုရောက်ရင် ငါးပါးသီလ ခါးဝတ်ပုဆိုးလိုမြဲတဲ့ အခြေ အနေကိုရောက်ရင် အဲဒီ သူဟာ သေပြီးတဲ့နောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံကို မရောက်ရတော့ဘူး၊ ကိလေသာတွေ မကုန်သေးတဲ့အတွက် သံသရာကြီးထဲမှာ လည်ရသည့်တိုင်အောင် ခုနစ်ဘဝထက် ပိုပြီး မလည်ရတော့ဘူးဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်နိုင်ပြီလို့ မြတ်စွာ ဘုရား ဟောထားတယ်၊ အဲဒီ တော့ မင်းတို့ ငါ့အတွက် မပူကြနဲ့တော့၊ စိတ်ချြ ကတော့၊ ငါဟာ ဒီအခြေအနေကို ရောက်နေပြီ၊ ငါသေသွားရင် ကြေးခွက်အစုတ်အပဲ့ကြီးနဲပဲတူတဲ့ ဒီ ရောဂါ ဗလပွ ဖြစ်နေတဲ့ ကိုယ်ကြီးကို စွန့်ပြီး ရွှေခွက်နဲ့တူတဲ့ ဒါထက်ကောင်းတဲ့ ဘဝကို ငါရောက်မှာ ပဲ၊ အဲဒါကြောင့် ငါ့အတွက် မပူကြနဲ့တော့။
'မင်းတို့အတွက် ကတော့ အမေကြီးကလဲ ဝေဒနာသည် ဖြစ်ပြီး ဘာမှ မတတ်နိုင်၊ အဲဒီ အထဲက သားယောက်ျားကလဲ တစ်ယောက် မှမရှိ၊ သမီးနှစ် ယောက် နဲ့ဆိုတော့ မင်းတို့ရဲ့ နောင်ရေး ကို တွေးမိတိုင်း မင်းတို့တော့ ကြောက်ကြမှာ ပဲ၊ အဲဒီ တော့ ဘုရားပေးခဲ့တဲ့ ဂါထာတစ်ပုဒ်ကို မင်းတို့ကို ပေးရမယ်၊ ဒီဂါထာကို နေ့စဉ် ခဏခဏ ရွတ်ပေး၊ ရွတ်တဲ့အခါ သဘောပေါက်အောင်လဲ ရွတ်ကြ၊ အဲဒီ လို သဘောပေါက်ပြီဆိုရင် မင်းတို့ ဆင်းရဲပြီး ကြောက်နေကြတဲ့ အခါမှာ လဲ ကြောက်စိတ်တွေ ကို ဖျောက်နိုင်မယ်၊ မင်းတို့ ချမ်းသာပြီး အောက်ခြေလွတ်နေရင်လဲ စိတ်ကို ထိန်းပေးနိုင်မယ်။
'ကဲ ငါ့သမီးကြီးမခင်မေက အဘိဏှသုတ်ရဲ့ 'ကမ္မသကောမှိ'အပိုဒ်ကို ရွတ်စမ်းပါ'
မခင်မေဟာ သူ့အဖေပြောတဲ့အတိုင်း ရွတ်ပါတယ်။
'ကမ္မသကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိ သရဏော
ယံကမ္မံ ကရိဿမိ ကလျာဏံ ဝါ ပါပကံဝါ တဿဒါယာဒေါ ဘဝိဿမိတိ အဘိဏှေ ပစ္စဝေက္ခိတဗ္ဗံ'
'အေး တော် ပြီ သာဓုကွယ် သာဓု၊ အဲဒါကို အနက်နဲ့ ဆိုလိုက်စမ်းပါဦး' မခင်မေဟာ သူ့အဖေပြောတဲ့အတိုင်း အနက်နဲ့ ဆိုပါတယ်။
'အဟံ- ငါသည်၊ ကမ္မသကော- ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကမ္မဒါယဒေါ-ကံသာလျှင် အမွေခံရှိသည်၊ ကမ္မယောနိ- ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကမ္မဗန္ဓု- ကံသာလျှင် အဆွေအမျိုး ရှိသည်၊ ကမ္မပဋိသရဏော- ကံသာလျှင် ကိုးကွယ်ရာ လဲလျောင်းရာရှိသည်၊ အမှိ- ဖြစ်၏ ၊ ကလျာဏံဝါ- ကောင်းသည်လည်း ဖြစ်သော ၊ ပါပကံဝါ- မကောင်း သည်လည်း ဖြစ်သော ၊ ယံကမ္မံ- အကြင်ကံကို၊ ကရိဿာမိ- ပြုအံ့၊ တဿကမ္မဿ- ထိုကောင်းမှု ကံ မကောင်းမှု ကံ၏ ၊ ဒါယဒေါ- ကောင်းမွေခံ ဆိုးမွေခံသည်၊ ဘဝိဿာမိ- ဖြစ်ရအံ့၊ ဣတိ- ဤသို့ ၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏ '
'တော် ပြီ၊ သာဓုကွယ် သာဓု သာဓု၊ အဲဒီ အတိုင်းသာ နှလုံးသွင်းကြ၊ ငါ့ ယောက်ျား မရှိတော့ဘူး၊ ငါတို့အဖေ မရှိတော့ဘူးဆိုပြီး မင်းတို့ စိတ်ငယ်မနေကြနဲ့၊ ငါဟာ မလှမေရဲ့ ယောက်ျား၊ မခင်မေတို့ မတင်မေတို့ရဲ့ ဖေဖေလို့ လောက ဝေါဟာရအားဖြင့် ခေါ်ရပေမယ့် အမှန်စင်စစ် မင်းတို့ရဲ့ ဆွေမျိုးအစစ် အဖေအစစ် ကိုးကွယ်ရာ လဲလျောင်းရာအစစ် ဥစ္စာအစစ် ကတော့ ငါ မဟုတ်ဘူး၊ မင်းတို့ရဲ့ ကုသိုလ်ကံတွေ ပဲ၊ အဲဒါကြောင့် ငါမရှိတဲ့အခါ ငါရှိတုန်းကထက် အကုသိုလ်တွေ ကို ပိုပြီးရှောင်ကြ၊ ကုသိုလ်တွေ ကို တိုးပြီး လုပ်ရစ်ကြပေတော့၊ ကဲ ကောင်းပြီ သွာြး ကတော့'လို့ ပြောတာနဲ့ မခင်မေနဲ့ မတင်မေဟာ သူတို့အမေ ဒေါ်လှမေကို တွဲ ပြီး ထုတ်သွားကြပါတယ်။
နောက်ဆယ်ရက်လောက်ကြာတဲ့အခါ တစ်မနက်မှာ မခင်မေဟာ သူ့အဖေ အိပ်ရာဘေးမှာ ထိုင်ပြီး ဓမ္မပဒ အထဲက သန္တတိ အမတ်ကြီးဝတ္ထုကို ဖတ်ပြနေတယ်။ ။ ပြီးတဲ့အခါ ဦးဖိုးခင်က သာဓုသုံးကြိမ်ခေါ်ပြီး 'သမီးရယ်၊ ဖေဖေတော့ အရိမေတ္တယျ မြတ်စွာ ဘုရားတိုင်းမှာ အဆင်းတော် ၊ ဉာဏ်တော် ၊ စကားတော် ၊ တန်ခိုးတော် ဆိုတဲ့ အစိန္တေယျလေးပါးရှိတယ်၊ ဒီအဆင်းတော် ဉာဏ်တော် စကားတော် တန်ခိုးတော် တွေ ဟာ ဘယ်လိုလဲဆိုတာ ကြံစည်လို့ကိုမရအောင် နှိုင်းယှဉ်လို့မရအောင် ကြီးကျယ်လွန်းလို့ အစိန္တေယျလို့ခေါ်တယ်၊ ရှင်တော် မြတ်ဘုရားရဲ့ ဒီအဆင်းတော် ကိုလဲ ဖေဖေ ဖူးချင်တယ်၊ ဉာဏ်တော် တွေ ကိုလဲ ဖေဖေဖူးချင်တယ်၊ စကားတော် တွေ ကိုလဲ ဖေဖေ နာချင်တယ်၊ တန်ခိုးတော် တွေ ကိုလဲ ဖေဖေ ကြည့်ချင်တယ်၊ အခု သမီးဖတ်သွားတဲ့ သန္တတိအမတ်ကို ကြည့်ပါလား၊ မနက်ဖက်မှာ မူးရူးနေတုန်းပဲ ရှိသေးတယ်၊ ညနေကျရင် ငါဘုရားရဲ့ လေးပါဒရှိတဲ့ ဂါထာတစ်ပုဒ်ကိုကြားပြီး ရဟန္တာ ဖြစ်မယ်လို့ ရှင်တော် မြတ်ဘုရား မိန့်တော် မူတယ်၊ အဲဒီ မိန့်တော် မူတဲ့အတိုင်း ညနေကျတော့ ရဟန္တာ ဖြစ်တာပဲ၊ ဉာဏ်တော် တွေ တန်းခိုးတော် တွေ ဘယ်လောက် ကြီးကျယ်သလဲဆိုတာကို ကြည့်စမ်း၊ ကဲ သမီးရေ၊ သမီးမေမေနဲ့ ညီမကလေးကို ခေါ်ပါဦး'
မခင်မေဟာ သူ့အဖေပြောတဲ့အတိုင်း သူ့မေမေနဲ့ သူ့ညီမကလေးကို ခေါ်ရအောင် ထွက်သွားတယ်၊ တအောင့်လောက်ကြာတဲ့အခါ ဒေါ်လှမေကို ညီအစ်မနှစ် ယောက် တွဲ ပြီး ခေါ်လာတယ်။ အားလုံးထိုင်မိကြတဲ့အခါ 'ငါတော့ သွားရခါနီး ပြီကွယ်၊ မင်းတို့ အသီးသီးဆီက ငါကတိတွေ တောင်းချင်တယ်'လို့ ဦးဖိုးခင်က ပြောပါတယ်။ အဲဒီ အခါ ဒေါ်လှမေက 'ကိုဖိုးခင်ရယ်၊ ဒီစကားတွေ မပြောပါနဲ့၊ ကိုဖိုးခင်ကို ကြည့်ရတာ အရင်တစ်ခါတုန်းကနဲ့တောင် မတူဘူး၊ မျက်နှာတွေ သိပ်ပြီး လန်းလန်းဆန်းဆန်း ရှိတာပဲ'လို့ ပြောပါတယ်။ မခင်မေကလဲ 'ဟုတ်တယ် ဖေဖေ၊ ဖေဖေ့မျက်နှာတွေ ဟာ အခု တစ်ရက် နှစ် ရက်အတွင်း အင်မတန် လန်းလာတယ်လို့တောင် မနက်က မေ့မေ့ကို သမီး ပြောပြရသေးတယ်'လို့ ဝင်ပြီး ပြောပါတယ်။
အဲဒီ အခါ ဦးဖိုးခင်က ပြုံးပြီး 'ဒါ ကတော့ မင်းတို့ နားမလည်ပါဘူးကွယ်၊ တရားသဘောတွေ ပဲ၊ ဖေဖေ တရားထူးတွေ ကို နောက်ထပ်တွေ့ ပြီး ဝမ်းထဲမှာ လှိုက်လှိုက်လှဲလှဲ ဖြစ်နေတယ်၊ အဲဒီ ဝမ်းမြောက်တဲ့ စိတ်ရဲ့ အရှိန်အဝါတွေ ဟာ မျက်နှာမှာ လာပေါ်တဲ့အတွက် လန်းဆန်းတယ်လို့ မင်းတို့ထင်ရတာ ပဲ၊ အေးကွယ်၊ ဘာပဲ ဖြစ် ဖြစ် မင်းတို့ဆီက ကတိတွေ ဖေဖေလိုချင်တယ်၊ မင်းတို့ သားအမိသုံးယောက် စလုံး သေတဲ့နေ့ အထိ ဗုဒ္ဓဘာသာကို မစွန့်ပါဘူးဆိုတဲ့ ကတိပေးနိုင်မလား မလှမေ'လို့ ဒေါ်လှမေကို စပြီး မေးပါတယ်။ 'ပေးပါတယ်'လို့ ဒေါ်လှမေက ဖြေတယ်။ ဦးဖိုးခင်ဟာ သာဓုသုံးကြိမ် ခေါ်ပါတယ်။ ဒီနောက် 'မခင်မေ'လို့ နာမည် ခေါ်ပြီး မခင်မေကို မေးပါတယ်။ 'ကတိပေးပါတယ် ဖေဖေ'လို့ မခင်မေက ဖြေပါတယ်။ ဦးဖိုးခင်က သာဓုသုံးကြိမ် ခေါ်ပါတယ်။ ဒီနောက် 'မတင်မေ'လို့ မတင်မေရဲ့ နာမည် ကိုခေါ်ပြီး မေးပါတယ်။ 'ကတိပေးပါတယ် ဖေဖေ'လို့ မတင်မေက ဖြေပါတယ်။ ဦးဖိုးခင်က သာဓုသုံးကြိမ်ခေါ် ပါတယ်။
ဒီ့နောက် ဦးဖိုးခင်က ဆက်ပြီး 'အခုပြောမယ့်ဟာက ကတိရယ်လို့ မဟုတ်ပါ ဘူး၊ တတ်နိုင်ရင် လုပ်ကြဖို့ပါပဲ၊ လူဆိုတာ လှံထမ်းလာတာကိုသာ မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဘူး၊ အဲဒီ တော့ မင်းတို့ရဲ့ ကုသိုလ်ကံတွေ ကများ အကျိုးပေးလို့ တတ်နိုင်ကြရင် ဖေဖ စပစ်ခဲ့တဲ့ ပရိယတ္တိ စာပြန်ပွဲတွေ ကို ပျက်မသွားရအောင် စောင့်ရှောက် လိုက်ကြပါ၊ သာသနာ့ရိပ်သာကိုလဲ တတ်နိုင်သလောက် စောင့်ရှောက်လိုက်ကြပါ'လို့ ထပ်ပြီး မှာ ပြန်ပါတယ်။ သားအမိသုံးယောက် စလုံးက 'တတ်နိုင်သလောက် ကြိုးစားပါ့မယ်'လို့ ဖြေကြပါတယ်။ ဦးဖိုးခင်က ဆက်ပြီး 'အေး ဒါ ကတော့ မင်းတို့အတွက်ပဲ၊ တစ်သံသရာလုံး မင်းတို့ဟာ ငိုရတဲ့လမ်းကိုချည်းပဲ လိုက်ခဲ့ကြဖူးပြီ၊ မငိုရတဲ့ လမ်းကြီးဟာ အခု ကိုယ့်ရှေ့မှာ ဖြူးနေအောင် ပေါ်နေရက်သားနဲ့ မင်းတို့မလိုက်ရင် လမ်းရဲ့ အပြစ်လား၊ မင်းတို့ရဲ့ အပြစ်လား'လို့ မေးတဲ့အခါ သားအမိသုံးဦးစလုံးက 'ကျွန်မတို့ရဲ့ အပြစ်ပါ'လို့ ပြောကြတယ်။
အဲဒီ တော့ ဦးဖိုးခင်က သမီးကြီး မခင်မေကိုကြည့်ပြီး 'သမီးရေ၊ ဘုရားကို နေ့စဉ်ကပ်နေကျ ဆွမ်း ရေချမ်း ဆီမီး ပန်းကိစ္စ နိုင်သလောက် ကြိုးစားကွယ်'လို့ ပြောတဲ့အခါ မခင်မေက 'ကြိုးစားပါ့မယ်ဖေဖေ'လို့ ပြန်ဖြေပါတယ်။ အဲဒီ နောက် ဆက်ပြီး ဦးဖိုးခင်က 'ဒီတစ်ခါတော့ သမီးနှစ် ယောက် ဆီက ကတိတောင်းရမယ်၊ မခင်မေနဲ့ မတင်မေ၊ သမီးတို့ နှစ် ယောက် စလုံး သမီးတို့မေမေ စိတ်မချမ်းသာအောင် ဘယ်တော့မှမလုပ်ပါဘူးလို့ ဖေဖေ့ကို ကတိပေးနိုင်မလား'လို့ မေးတဲ့အခါ နှစ် ယောက် စလုံးကပဲ 'ကတိပေးပါတယ် ဖေဖေ'လို့ ပြန်ဖြေပါတယ်။ ဦးဖိုးခင်လဲ သာဓုခေါ်ပြီး အားလုံးကို သွားခွင့်ပြုပါတယ်။ ဒီလို အခွင့်ပြုပြီး မခင်မေကို လှမ်းပြီး 'သမီးရေ၊ ဦးဝိမလ ဆရာတော် ဘုရားကို ညနေ ဖူးချင်တယ်၊ တစ်ယောက် ယောက် ကို ပင့်ခိုင်း ပေးပါကွယ်'လို့ ပြောပါတယ်။ 'ဟုတ်ကဲ့ ဖေဖေ'ဆိုပြီး ညီအစ်မနှစ် ယောက် အမေကြီးကို တွဲ ပြီး ခေါ်သွားကြပါတယ်။
ညနေဘက်မှာ ဆရာတော် ဦးဝိမလ ကြွလာပါတယ်။ ဦးဖိုးခင်က မထနိုင် တဲ့အတွက် အိပ်လျက်ကပဲ နေပါရစေလို့ လက်အုပ်ချီပြီး ခွင့်တောင်းတယ်။ ဆရာတော် ကလဲ ခွင့်ပြုတယ်။ မခင်မေက ဆရာတော် ရဲ့ နောက်ဘက်ကထိုင်ပြီး ယပ်ခတ်ပေးနေပါ တယ်။ ဦးဖိုးခင်က ဆရာတော် ကို လက်အုပ်ချီပြီး 'ဆရာတော် သိတဲ့အတိုင်းပဲ တပည့်တော် ဟာ ပထမအကြိမ် တရားအားထုတ်ပြီးကတည်းက ဘာဝနာအလုပ်ဟာ နေ့စဉ် တစ်ခါမှ မပျက်ခဲ့ဘူး၊ ဘယ့်လောက် အလုပ်များများ ည အိပ်ရာမဝင်ခင်တော့ အားထုတ် ဖြစ်အောင် ထုတ်တာပဲ၊ အခု မမာတော့ တပည့်တော် မှာ သည့်ပြင်အလုပ် မရှိပါဘူး၊ တရားအား ထုတ်တဲ့ အလုပ်တစ်ခုပဲ ရှိပါတယ်၊ လွန်ခဲ့တဲ့ အင်္ဂါနေ့ည သန်းကောင်ကျော်လောက်မှာ တပည့်တော် တရားထူးရပါတယ်၊ တရားထူးမရခင်တုန်းက ဝေဒနာတွေ ပြင်းထန်လာတဲ့အခါ တပည့်တော် စိတ်တိုချင်တယ်၊ ဒေါသထွက်ချင်တယ်၊ ပါးစပ်က မြန်မြန် သေပါတော့ကွယ်၊ မသေသေးဘူးလားဆိုတဲ့ ဒေါသနဲ့ယှဉ်နေတဲ့ စကားတွေ ကို မြည် တမ်း မိပါတယ်၊ အခု တရားထူးရပြီးမှ ဝေဒနာပြင်းလို့ အခံရခက်တာသာရှိတယ်၊ စိတ်တိုချင် တာတွေ စိတ်ဆိုးချင်တာတွေ မရှိတော့ဘူး၊ အရင်ကလို ဒေါသနဲ့ ယှဉ်နေတဲ့ စကားတွေ ကို မမြည် တမ်းတော့ဘူး၊ အဲဒါက ထူးခြားချက်တစ်ရပ်ပါ ဘုရား'
'နောက်တစ်ချက်ရှိပါသေးတယ်၊ တရားထူးမရခင်က အိမ်သူအိမ်သားတွေ ရဲ့ နောင်ရေး ကို တစ်ခါတစ်ခါ စိတ်ကူးမိတဲ့အခါ စိတ်ထဲမှာ နောက်ကျိကျိလိုလို ဖြစ်ချင်တယ်၊ ချက်ချင်း တရားနဲ့ ဖျောက်ပစ်ရတယ်၊ အခု အိမ်သူအိမ်သားတွေ ရဲ့ နောင်ရေး ကို စိတ်ကူးမိတဲ့အခါ စိတ်ထဲမှာ ဘာမှ မ ဖြစ်တော့ဘူး၊ အဲဒါက ထူးခြားချက်တစ်ရပ်ပါ ဘုရား။
'နောက်တစ်ချက် ရှိပါသေးတယ်၊ တရားထူး မရခင်က တပည့်တော် ရဲ့ အာရုံဟာ ရံဖန်ရံခါ တာဝတိံသာနတ်ပြည်ကို ရောက်ပါတယ်၊ နတ်တွေ ရဲ့ ကာမဂုဏ်တွေ စဉ်းစားမိတဲ့အခါ စဉ်းစားမိပါတယ်၊ တရားထူးရပြီးတဲ့နောက် ကာမဂုဏ်တွေ ရဲ့ စက်ဆုတ်ဖွယ်ရာကိုပဲမြင်ပြီး တာဝတိံသာကို စိတ်မရောက်တော့ဘူးဘုရား၊ ဗြဟ္မာဘုံမှာ ပဲ စိတ်ရောက်နေပါတယ်ဘုရား၊ ဒီထူးခြားချက် သုံးရပ်ဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့ည တရားထူးရပြီးကတည်းက တပည့်တော် မှာ အစဉ် ဖြစ်ပေါ်နေပါတယ်ဘုရား၊ အဲဒါ ဆရာတော် ဘုရားကို လျှောက်ထားချင်လို့ တပည့်တော် ပင့်လိုက်တာပါပဲဘုရား'လို့ ဦးဖိုးခင်က ဦးဝိမလကို လျှောက်ထားပါတယ်။
ဆရာတော် က သာဓုသုံးကြိမ်ခေါ်ပြီး 'ဒီလိုအခါမျိုးဆိုတာ တရားကို မရပ်မနား အားထုတ်နိုင်မယ်ဆိုရင် တရားထူးရတတ်တာပဲ၊ လူတွေ ခပ်များများ ကတော့ မမာလို့ အသည်းအသန် ဖြစ်ပြီဆိုရင် သေရမှာ တွေ ကြောက်ပြီး တရားကို နှလုံးမသွင်းနိုင်ဘူး၊ ကယောင်ကတမ်းတွေ ဖြစ်နေတာပဲ၊ ဒါဟာ ကုသိုလ်နည်းပြီး အကုသိုလ်များ တဲ့လူတွေ ရဲ့ ဓမ္မတာပဲ၊ အခု ဒကာကြီး ကတော့ သေရမှာ မကြောက်ဘူး၊ သတိမလစ်ဘူး၊ တရားကို အမြဲနှလုံးသွင်းတယ်၊ အဲဒါ ကုသိုလ်များများ အားထုတ်ခဲ့တဲ့လူတွေ ရဲ့ ဓမ္မတာပဲ၊ ဓမ္မပဒမှာ မြတ်စွာ ဘုရား ဟောတော် မူထားတာ အရှိသားပဲ။
အတ္တမှိ ဇာတမှိ သုခါ သဟာယာ၊
တုဌီ သုခါ ယာ ဣတရိတရေန၊
ပုညံ သုခံ ဇီဝိတသင်္ခယမှိ၊
သဗ္ဗဿ ဒုက္ခဿ သုခံ ပဟာနံ။
'အဆွေခင်ပွန်းရှိခြင်းသည် အရေး ကိစ္စ ပေါ်ပေါက်လာသော အခါ ချမ်းသာ၏ ၊ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့် ရဲခြင်းသည် ချမ်းသာ၏ ၊ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး ၌ ချမ်းသာ၏ ၊ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏ ၊ ဒကာကြီးရတဲ့တရားဟာ တော် တော် ထူးတယ်၊ ဒါ့ကြောင့် ဘုန်းကြီး သာဓုခေါ်တယ်၊ လေးလေးနက်နက် ခေါ်တယ်၊ အချိန်ရှိသရွေ့ အခုလိုပဲ ဆက်ပြီး အားထုတ်ပါ၊ ကမ္မဋ္ဌာန်း ကို ချမထားနဲ့၊ ဒကာကြီးက အခု မျက်မှော က်ဘဝတွင် ပဲ အရဟတ္တဖိုလ်ကို ထူးတဲ့ဉာဏ်နဲ့ မျက်မှော က်ပြုနိုင်စရာ အကြောင်းရှိတယ်၊ (ဒီစကားကိုကြားရတဲ့အခါ ဦးဖိုးခင်ဟာ ပီတိတွေ ဖြစ်လာပြီး ဆရာတော် ကို လက်အုပ်ချီပါတယ်။) အခုလို အခွင့်ကြုံတဲ့အခါ ကမ္မဋ္ဌာန်းကို ဘယ်တော့မှ ချမထားတဲ့အတွက် သေခါနီး ခဏကလေး အားထုတ်လိုက် တာနဲ့ ရဟန္တာ ဖြစ်သွားတဲ့ မထေရ်ကြီးတစ်ပါး အကြောင်းကို ဘုန်းကြီးဟောမယ်၊ ဒကာကြီး နာပါ'လို့ ဆရာတော် က မိန့်တော် မူပါတယ်။
'တင်ပါ့ဘုရား၊ ဟောတော် မူပါ'ဆိုပြီး ဦးဖိုးခင်ဟာ လက်အုပ်ချီကာ တရားနာပါတယ်။
'ဝါတော် ခြောက်ဆယ် ကျော်လွန်ပြီး သေရာညောင်စောင်းမှာ လဲလျောင်းနေတဲ့ မဟာသံဃရက္ခိတ မထေရ်ကြီးကို ရဟန်းသံဃာတော် တွေ က ဘယ် မဂ်ဖိုလ်တရားကိုရ ပြီးပြီလဲလို့ မေးလျှောက်ကြတယ်၊ မထေရ်ကြီးက ငါ ဘယ်မဂ်ဖိုလ်မှ မရသေးဘူးလို့ ပြန်ဖြေတယ်၊ ဒီစကားကိုကြားတော့ မထေရ်ကြီးကို ပြုစုနေတဲ့ ရဟန်းငယ်တွေ က 'အရှင်ဘုရား၊ အရှင်ဘုရားဟာ ရဟန္တာ ဖြစ်ပြီ၊ ဒါကြောင့် ပရိနိဗ္ဗာန်စံတော် မူတာကို ဖူးရအောင်ဆိုပြီး တစ်ဆယ့်ယူဇနာ ပတ်ဝန်းကျင်အရပ်က ဒကာ ဒကာမတွေ ဟာ စုဝေးရောက်လာနေကြပါပြီဘုရား၊ အကယ်၍ အရှင်ဘုရားဟာ ရဟန္တာ မဟုတ်သေးဘူး၊ ပုထုဇဉ်ပဲဆိုတာကို ဒီဒကာဒကာမတွေ သိသွားကြရင် အင်မတန် စိတ်မချမ်းမသာ ဖြစ်ကုန်ကြမှာ ပဲဘုရား'လို့ လျှောက်ထားကြပါတယ်။
အဲဒီ အခါ မထေရ်ကြီးက 'ငါ့ရှင်တို့ ငါဟာ မေတ္တေယျ မြတ်စွာ ဘုရားကို ဖူးမြင်ချင်သေးတဲ့အတွက် ဝိပဿနာတရားကို အားမထုတ်ဘဲနေခဲ့တယ်၊ အခု ဒကာ ဒကာမတွေ ကို ငဲ့ပြီး ငါ ဝိပဿနာတရားကို အားထုတ်တော့မယ်၊ ငါ့ကို ထူပေးကြ'လို့ ရဟန်းငယ်တွေ ကို အမိန့်ရှိတယ်၊ ရဟန်းငယ်တွေ လဲ မထေရ်ကြီးကို ထူပေးပြီး အပြင်ဘက်ထွက်ဖို့ အခန်းအပြင်ဘက်ကို ခြေတစ်ဖက်လှမ်းရုံရှိသေးတယ်၊ မထေရ်ကြီးဟာ အရဟတ္တဖိုလ်ကို ရတယ်၊ အဲဒီ လိုရတာ နဲ့ ရဟန်းငယ်ကလေးတွေ ကို လက်ဖျောက်တီးပြီး ပြန်ခေါ်လိုက်တယ်၊ ရဟန်းငယ်ကလေးတွေ က အကြောင်းကြားတာနဲ့ ကျောင်းတိုက်ထဲက ရဟန်းသံဃာတော် တွေ စုဝေးလာကြပြီး 'အရှင်ဘုရား သေခါနီး မှာ အရဟတ္တဖိုလ်ကို တစ်ခဏချင်း ဒီလိုရအောင် အားထုတ်နိုင်တာဟာ အင်မတန် အံ့သြစရာကောင်းလှပါတယ်' လို့ လျှောက်ထားကြတယ်။ အဲဒီ အခါမှာ မထေရ်ကြီးက 'ငါ့ရှင်တို့၊ ငါဟာ ရဟန်း ပြုတဲ့အခါကစပြီး သတိမထား၊ ဉာဏ်နဲ့ မပိုင်းခြားဘဲ ဘယ်အရာကိုမှ မပြုမိဖူးဘူး'လို့ မိန့်တော် မူပါတယ်။ ဒကာကြီးလဲ သတိအစဉ်ရှိပြီး ဆင်ခြင်နေမယ်ဆိုရငိုအရဟတ္တဖိုလ်ကို အခုလိုအခါမျိုးမှာ ရနိုင်စရာအကြောင်းရှိတယ်'
တရားဟောအပြီးမှာ ဦးဖိုးခင်ဟာ သာဓုတွေ အကြိမ်ပေါင်းများ စွာ ခေါ်ပါတယ်။ သင်္ဒါတရားတွေ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး ပီတိတွေ ဖြစ်နေပါတယ်။ ဆရာတော် လဲ နောက် ထပ် စကားတစ်ခွန်း နှစ် ခွန်းပြောပြီး ပြန်ကြွ သွားပါတယ်။ ဦးဖိုးခင်လဲ ဆရာတော် ကို လက်အုပ်ချီ ကန်တော့ပြီး မျက်စိတစ်ဆုံးကြည့်ရင်း ကြည်ညိုနေပါတယ်။
နောက်တစ်နေ့ညနေမှာ ဦးဖိုးခင်ဟာ ဒေါ်လှမေနဲ့ သမီးအငယ် မတင်မေတို့ကို အခေါ်ခိုင်းပါတယ်။ အားလုံး စုံစုံညီညီရောက်တဲ့အခါ 'ကဲ မင်းတို့အားလုံး ငါ့ကို ကန်တော့ကြ၊ သံသရာတစ်လျှောက်လုံးမှာ ကာယကံ ဝစီကံ မနောကံတွေ နဲ့ ပစ်မှားမိခဲ့ သမျှ အပြစ်တွေ ကို ခွင့်လွှတ်ပါ၊ သည်းခံပါလို့ ဆိုပြီး ကန်တော့ကြ' ဦးဖိုးခင်ပြောတဲ့ အတိုင်း ဆိုပြီး သားအမိသုံးဦး ကန်တော့ကြပါတယ်။ ဒေါ်လှမေမှာ မျက်ရည်တွေ စီးကျနေပါတယ်။ မတင်မေကလေး ကတော့ ရှိုက်ကြီးတငင် ငိုနေပါတယ်။ မခင်မေ ကတော့ မငိုတော့ဘူး။ သူ့အဖေ တရားထူးတွေ ရပြီး ကောင်းရာမွန်ရာကို ရောက်တော့မယ်ဆိုတာ သဘောပေါက်နေဟန် လက္ခဏာရှိတယ်။ သားအမိသုံးယောက် ကန်တော့ပြီးတော့ ဦးဖိုးခင်က 'မင်းတို့အပြစ်တွေ အားလုံးကို ငါ သည်းခံတယ်၊ ခွင့်လွှတ်တယ်'လို့ သုံးကြိမ်ဆိုပါတယ်။ သုံးကြိမ်ဆိုပြီးမှ 'ကဲ မင်းတို့ သာဓုခေါ်ကြ'လို့ သားအမိသုံးဦးကို ပြောပါတယ်။ သားအမိသုံးဦးကလဲ သာဓု သုံးကြိမ် ခေါ်ပါတယ်။
အဲဒီ လို သာဓု ခေါ်ပြီးတဲ့နောက် ဦးဖိုးခင်က 'ကဲ ငါ့အလှည့်ရောက်လာပြီ၊ သံသရာတစ်လျှောက်လုံး ငါက မင်းတို့ သုံးယောက် စလုံးအပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ နဲ့ ပြစ်မှားကျူးလွန်မိခဲ့သမျှ အပြစ်တွေ ကို မင်းတို့ကလဲ သည်းခံပါ၊ ခွင့်လွှတ်ကြပါ'လို့ မေတ္တာရပ်ပါတယ်။ သားအမိသုံးယောက် စလုံးက 'သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်'လို့ ဆိုပါတယ်။ ဦးဖိုးခင်ကလဲ သာဓု သုံးကြိမ်ခေါ်ပါတယ်။ ဦးဖိုးခင် သာဓုခေါ်ပြီးတဲ့အခါ ဒေါ်လှမေက 'ကိုဖိုးခင်၊ ဘယ့်နှယ်နေသေးသလဲ'လို့ မေးပါတယ်။ ဦးဖိုးခင်က 'ငါ့အတွက် မစိုးရိမ်ပါနဲ့ကွယ် မင်းတို့ သွာြး ကတော့၊ သွာြး ကတော့၊ မနေ့က ငါပေးထားတဲ့ 'ကမ္မ သကောမှိ'ဂါထာကလေးကို ရွတ်ပြီး ဆင်ခြင်နေကြ'လို့ ပြောတာနဲ့ သားအမိသုံးဦးစလုံး ဦးဖိုးခင်ကို ကန်တော့ပြီး ဒေါ်လှမေနဲ့ မတင်မေတို့ဟာ မျက်ရည်စက်လက်နဲ့ ထွက်သွားကြပါတယ်။ မခင်မေလဲ သူ့အမေကိုလိုက်ပို့ပြီး သူ့အဖေဆီ ကို ပြန်လာပါတယ်။
အဲဒီ အခါ ဦးဖိုးခင်က 'သမီးကြောက်သလား'လို့ မေးပါတယ်။ 'ကြောက်ပါ တယ် ဖေဖေ'လို့ မခင်မေက ပြန်ပြီး ဖြေပါတယ်။ 'သမီး ဘာကို ကြောက်တာလဲ'လို့ ဦးဖိုးခင်က ဆက်ပြီး မေးပါတယ်။ 'သံသရာ ဝဋ်ဆင်းရဲကို ကြောက်ပါတယ် ဖေဖေ'လို့ မခင်မေက ဖြေပါတယ်။ ဦးဖိုးခင်လဲ အင်မတန် နှစ်သက် တဲ့အတွက် သာဓုသုံးကြိမ် ခေါ်ပါတယ်။ အဲဒီ လို ခေါ်ပြီး 'သံသရာဝဋ်ဆင်းရဲဆိုတာ ကြောက်ရမယ်၊ ကြောက်မှ ဒီဝဋ်ဆင်းရဲတွေ က လွတ်မှာ ပဲ၊ မကြောက်သရွေ့ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးသမီး၊ အဲဒီ တော့ ကြောက် ကြောက် ကြောက်၊ သံသရာဝဋ်ဆင်းရဲကို ကြောက်၊ ဒီသံသရာ ဝဋ်ဆင်းရဲကို ကြောက်တာကောင်းတယ်'လို့ ပြောပြီး သာဓုခေါ်ပြန်တယ်။
အဲဒီ လို သာဓုခေါ်ပြီးမှ 'သမီးရေ၊ ခြင်ထောင်ချပေးတော့ကွယ်၊ အချိန်ရှိသရွေ့ တရားအားထုတ်လိုက်ဦးမယ်'လို့ ဦးဖိုးခင်က ပြောပါတယ်။ မခင်မေဟာ ခြင်ထောင်ချ ပေးနေရင်း ဦးဖိုးခင်က 'သမီးရေ၊ သမီးအမေနဲ့ ညီမလေးကို တရားချပါကွယ်၊ ဆူဆူညံညံ မလုပ်ကြဖို့၊ ဆူညံတဲ့အသံကို သူတော် ကောင်းတွေ မနှစ်သက် ဘူး'လို့ ပြောပါတယ်။ ဒီစကားကို ကြားရတဲ့အခါ အင်မတန်ဉာဏ်ရှိတဲ့ မခင်မေရဲ့ စိတ်ထဲမှာ ဖေဖေက သူသေရင် မငိုအောင် မေမေနဲ့ မတင်မေကို တရားအချခိုင်းတယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲဒီ လို သဘောပေါက်တဲ့အတွက် 'ဟုတ်ကဲ့ ဖေဖေ'လို့ မခင်မေ က ပြန်ပြောပါတယ်။ အဲဒီ တော့ ဦးဖိုးခင်ကဆက်ပြီး 'သမီးရေ သမီး ဖေဖေ့ကို အခုလိုပြုစုရတာ အချီးနှီးမ ဖြစ်ပါဘူးကွယ်၊ သမီးကြောက်တဲ့ သံသရာ ဝဋ်ဆင်းရဲတွေ က လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်'လို့ ပြောပြီး ဦးဖိုးခင်ဟာ စကားဆက်မပြောတော့ဘူး။ မခင်မေကလဲ 'ဖေဖေပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်စုံရပါစေ'လို့ ဆုတောင်းလိုက်ပါတယ်။
အဲဒီ လိုပြောပြီး သမီးလိမ္မာ မခင်မေလဲ သူ့အမေနဲ့ ညီမကလေးကို သွားပြီး တရားချပါတယ်။ မခင်မေပြောတဲ့ စကားအတိုချုပ် ကတော့ တခြားမဟုတ်ပါဘူး။ 'ငိုတယ်ဆိုတာ မကောင်းတာ ဖြစ်မှ ငိုရတာ ၊ သူ့အဖေဟာ ကောင်းရာသုဂတိကို ရောက်မယ်ဆိုတာ သေချာနေမှာ ပဲ၊ ဘာ ဖြစ်လို့ ငိုရမလဲ'ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်လှမေနဲ့ မတင်မေဟာလဲ 'မငိုတော့ပါဘူး'လို့ မခင်မေကို ကတိပေးပါတယ်။
မခင်မေဟာ ခါတိုင်းလိုပဲ သူ့ဖေဖေရဲ့ ခုတင်းနားမှာ စောင့်အိပ်ပါတယ်။ ခါတိုင်းဆိုရင် တစ်ညကို သုံးခါလောက်ထပြီး သူ့အဖေကို ထူရတယ်။ အဲဒီ ညမှာ မထူရဘူး။ သူ့အဖေ ခေါ်နိုး ခေါ်နိုးနဲ့ မခင်မေဟာ အိပ်မပျော်နိုင်ဘူး။ မနက်လင်းလို့မှ ခေါ်သံမကြားတဲ့အတွက် တထိတ်ထိတ်နဲ့ ခြင်ထောင်ကို မ ကြည့်လိုက်တဲ့အခါ မခင်မေ ထင်တဲ့အတိုင်း ဦးဖိုးခင်မှာ အသက်မရှိတော့ဘူး။ မခင်မေလဲ သူ့အမေနဲ့ညီမကလေးကို အကြောင်းကြားပါတယ်။ ဒေါ်လှမေက ကတိအတိုင်း မငိုတော့ပါဘူး။ မတင်မေက ခဏကလေး ငိုလိုက်သေးတယ်။ မခင်မေက ဖေဖေ ဘာမှာ သွားသလဲလို့ သတိပေးလိုက် တော့မှ သတိရပြီး အငိုတိတ် သွားပါတယ်။
ဦးဖိုးခင်ဟာ သူများ ရဲ့ သာရေး နာရေး ကိစ္စတွေ မှာ အများ ကြီး ဆောင်ရွက် ခဲ့ဖူးတဲ့အတိုင်း သူ့အသုဘကိစ္စမှာ လဲ အများ က ဝိုင်းပြီးကူညီဆောင်ရွက်ကြတဲ့အတွက် သိုက်သိုက်မြိုက်မြိုက် ပြီးဆုံး သွားပါတယ်။
ဦးဖိုးခင်မသေခင်က အကြိမ်ကြိမ် မှာ ထားတဲ့အတိုင်း မသာအိမ်မှာ ကစားဝိုင်း မရှိပါဘူး။ မသာချတဲ့အခါမှာ လဲ အတီးအမှု တ်မပါဘဲ ကြေးစည်ရိုက်ပြီး ချပါတယ်။ သူ့ဆန္ဒအရ အောက်ပါ သံဝေဂလင်္ကာကို ယပ်တောင်မှာ ကပ်ပြီး မသာပို့သူတွေ ကို ဝေပါတယ်။
အခန်း (၂)
ဦဖိုးခင်ရဲ့ အသုဘတုန်းက မိတ်ဆွေတွေ က ငွေအတော် ကူကြပါတယ်။ ဒါပေမယ့် ဦးဖိုးခင်ကို ကူတာ သူတို့ ကြားကဖြတ်ပြီး မစားကောင်းဘူးလို့ သားအမိသုံးဦး တိုင်ပင်ပြီး အကုန်လှူပစ်ပါတယ်။ အဲဒီ တော့ ဦးဖိုးခင်အတွက် ရက်လည်ဆွမ်းကို ကျွေးပြီးတဲ့အခါ သူတို့ရဲ့ လက်ထဲမှာ သူတို့ပိုင်ငွေဟာ ခုနစ်ကျပ်ခွဲလောက်ပဲ ရှိတော့တယ်။ ဒီခုနစ်ကျပ်ခွဲနဲ့ ဘယ်လိုစခန်းသွားကြမယ်ဆိုတာ သားအမိသုံးယောက် ထိုင်ပြီး တိုင်ပင်ကြပါတယ်။ နောင်ရေး နဲ့ပတ်သတ်ပြီး ဒေါ်လှမေက တစ်မျိုးစဉ်းစားထားတယ်။ မခင်မေက တစ်မျိုးစဉ်းစားထားတယ်။ မတင်မေ ကတော့ အမေနဲ့ အစ်မကြီးတို့ ကြည့်ပြီး စီစဉ်ကြလိမ့်မယ်ဆိုပြီး ဘာမှ စဉ်းစားမထားဘူး။
သားအမိသုံးဦး ဆွေးနွေးပွဲမှာ အမေကြီး ဒေါ်လှမေကစပြီး 'မယ်ထင်တို့ဆီမှာ ငွေတစ်ထောင်လောက် သွားပြီးလှည့်ပါလားသမီးရယ်'လို့ မခင်မေကို ပြောတယ်။ မထင်ဆိုတာ ဦးဖိုးခင်ရဲ့ ညီမအထွေးဆုံး ဖြစ်တယ်။ အတော် ကလေး ချောင်ချောင် လည်လည်ရှိတယ်။ ငွေတစ်ထောင်လောက်တော့ အခဲအယဉ်းမရှိဘဲနဲ့ ပေးနိုင်ပါတယ်။
ဒေါ်လှမေက ဒီလောက်နဲ့ပဲ ရပ်နေတဲ့အတွက် 'မေမေ စကားဆုံးအောင် ပြောပါဦး'လို့ မခင်မေက ပြောပါတယ်။
'အေးလေ၊ မယ်ထင်တို့ဆီမှာ ငွေတစ်ထောင် သွားလှည့်ပေါ့' 'ငွေတစ်ထောင်ရလာတော့ ဘယ်လိုလုပ်မလဲ'
'ငွေတစ်ထောင်ရလာတော့ ညည်းကြိုက်တဲ့ ဆိုင်ကလေးတစ်ဆိုင် ဈေးထဲမှာ ဖွင့်ပေါ့၊ ငါ့တော့ ဒါပဲ ပြောတတ်တယ်'
'မယ်တင်မေကကော ဘာများ စဉ်းစားထားသလဲ'လို့ မခင်မေက သူ့ညီမကို မေးပါတယ်။
'မေမေတို့ မမတို့ ခိုင်းပေါ့၊ ခိုင်းတာလုပ်မှာ ပေါ့'လို့ မတင်မေက ပြန်ပြီး ဖြေပါတယ်။
အဲဒီ အခါ မခင်မေက 'မေမေတော့ သဘောတူမလား မဆိုနိုင်ဘူး၊ ကျွန်မ စဉ်းစားထားတာက တစ်မျိုး ဖြစ်နေတယ်'လို့ ပြောပြီး ရပ်နေပါတယ်။
'ပြောစမ်းပါဦး ညည်းစဉ်းစားထားတာ'လို့ ဒေါ်လှမေက မေးပါတယ်။
'ကျွန်မအနေနဲ့ ကတော့ ဘယ်သူ့ဆီမှာ မှ ငွေမချေးချင်ဘူး'
'ငွေချေးချင်လို့ရယ် ဘယ်ဟုတ်မလဲ သမီးရယ်၊ ကိုယ့်မှာ မတတ်သာတဲ့အခါ ချေးရတာ ပေါ့၊ မေမေ့မှာ လဲ မာနရှိပါတယ်'
'ကျွန်မဟာက မာနမဟုတ်ဘူး မေမေ၊ ကျွန်မတို့ဟာ ရှေ့ကို ဘယ်လောက် သွားရဦးမှန်း မသိဘူး၊ စထွက်ကတည်းက သူများ အားကိုးနဲ့ ပေးပါဆိုပြီး လက်ဖြန့်ထွက် လာတာကို ကျွန်မ မကြိုက်ဘူး၊ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကို အားကိုးရမယ်၊ ကိုယ့်ကိုယ်ကို အားကိုးတာက သူများ ကို အားကိုးတာထက် ပိုပြီး သေချာတယ်၊ ပိုပြီးတော့လဲ စိတ်ချမ်းသာရတယ်၊ ပိုပြီးတော့လဲ လွတ်လပ်တယ်၊ ဘယ်နေရာသွားသွား လိပ်ပြာလှလှနဲ့ သွားရတယ်'
'သည်းကိုယ်ညည်း အားကိုးနိုင်တဲ့နည်းရှိရင် လုပ်ပါ၊ မေမေ ကြိုက်ပါတယ်၊ ဘာများ လဲ ညည်းဥစ္စာက'
'မေမေ စိတ်ကူးထားသလိုတော့ ကြီးကြီးကျယ်ကျယ် တစ်ထောင်နဲ့ စရတာ မျိုး မဟုတ်ဘူး မေမေ'
'ဘယ်လိုဟာများ လဲအေ'
'လက်သုပ်ဆိုင်ကလေးတစ်ဆိုင် ကျွန်မ ထွက်ချင်တယ်၊ နေ့ခင်းဈေးထဲမှာ သွားရောင်းမယ်'
ဒေါ်လှမေက ရယ်ပါတယ်။ ဒါပေမယ့် မတင်မေ ကတော့ 'မမရောင်းရင် ကျွန်မလဲ ကူမှာ ပေါ့'လို့ ထောက်ခံပါတယ်။ ဒေါ်လှမေက ရယ်ပေမယ့် ဇွဲကောင်းတဲ့ မိခင်မေဟာ စိတ်ပျက်မသွားဘူး။ 'မေမေ သဘောတူရင် ဒီကနေ့ပဲ ကျွန်မ စီစဉ်တော့မယ်၊ ကျွန်မတို့ဟာ ထိုင်နေလို့ မ ဖြစ်ဘူး'လို့ ပြောပါတယ်။ ဒေါ်လှမေက 'လက်သုပ်ဆိုင် ထွက်ချင်တောင် ညည်းရဲ့ ခုနစ်ကျပ်ခွဲနဲ့ ထွက်လို့မရပါဘူး၊ သူများ ဆီမှာ သွားလှည့် ရဦးမှာ ပဲ'လို့ ဆက်ပြောပါတယ်။ 'မလှည့်ရပါဘူး မေမေ၊ ကျွန်မမှာ ရွှေဆွဲကြိုးကလေး တစ်ကုံး ရှိသေးတယ်၊ အရေး ကြုံလာရင် သုံးဖို့ဆိုပြီး ကျွန်မသိမ်းထားတယ်၊ အဲဒါကလေးနဲ့ အရင်းလုပ်ရမယ်'လို့ မခင်မေက ပြောပါတယ်။ 'ညည်းတို့လုပ်နိုင်ရင် လုပ်ကြပါအေ၊ ငါမကန့်ကွက်ပါဘူး'လို့ အမေကြီးက ပြောလိုက်တာနဲ့ တစ်ပြိုင်နက် မခင်မေဟာ ညီမလေးမတင်မေနဲ့ နှစ် ယောက် စီစဉ်စရာရှိတာတွကို စီစဉ်ပါတယ်။ အမေကြီးက 'ညည်းတို့ဟာ ရက်ရာဇာကလေး ဘာလေး ရွေးပါဦးကွယ်'လို့ လှမ်းပြော တဲ့အခါ၊ 'ဒါတွေ ကို အယုံအကြည်မရှိပါနဲ့ မေမေ၊ ရက်ရာဇာရွေးပြီး လုပ်တဲ့အလုပ်တွေ ပျက်ပျက်သွားတာ တပုံကြီးပဲ မဟုတ်ဘူးလား မေမေ၊ ဖေဖေပေးခဲ့တဲ့ ဂါထာထဲမှာ ပါတဲ့ အတိုင်း ကံကိုသာ ယုံပါမေမေ၊ ကျွန်မတို့တော့ ဒီနေ့ စီစဉ်ပြီး မနက်ဖြန် ထွက်မှာ ပဲ'လို့ မခင်မေက ပြောတဲ့အတွက် ဒေါ်လှမေလဲ ဘာမှ ဆက်မပြောတော့ဘူး၊ သူအင်မတန်ကြိုက် တဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကိုသာ ဖွာနေတော့တယ်။
နောက်နေ့ ဆိုင်ထွက်ဖို့အတွက် အားလုံး စီစဉ်စရာရှိတာတွေ ကို စီစဉ်ပြီးတဲ့အခါ မခင်မေဟာ ညီမလေး မတင်မေကို သူ့အနားမှာ အထိုင်ခိုင်းပြီး 'ကဲ မတင်မေရေ၊ မနက်ဖြန်ကျရင် လူပေါင်းစုံနဲ့ ရှုပ်ထွေးနေတဲ့ ဈေးထဲမှာ တို့ညီအစ်မ ဆိုင်ထွက်ရတော့မယ်၊ အဲဒီ တော့ တို့ညီအစ်မနှစ် ယောက် စလုံးဟာ ဣနြေ္ဒအထူးရှိရလိမ့်မယ်ဟေ့၊ ညည်းမေ့ သွားပြီလားကွယ်၊ မမပြောထားတာ၊ မမပြန်ပြီး မေးစမ်းပါရစေကွယ်၊ ဣနြေ္ဒဆိုတာ ဘာလဲ'လို့ မေးပါတယ်။ 'ဣနြေ္ဒဆိုတာ စောင့်ထိန်းတာ'လို့ မယ်တင်မေက ပြန်ပြီးပြော ပါတယ်။ 'ဘာကိုစောင့်ထိန်းရမလဲ'လို့ မခင်မေက ဆက်ပြီးမေးပါတယ်။ 'မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ စိတ်ရယ်၊ စောင့်ထိန်းရမယ်'လို့ မတင်မေက ပြန်ပြီးဖြေပါတယ်။ မခင်မေက သာဓု သုံးကြိမ်ခေါ်ပြီး 'ဒါတွေ ကို ဘယ်လို စောင့်ထိန်းရမလဲ'လို့ ဆက်ပြီးမေးပါတယ်။ အဲဒီ အခါ မတင်မေက 'မျက်စိနဲ့ တောင်ကြည့် မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ပဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့၊ တည်တည်ကြည်ကြည် ကြည့်ပြီးတော့ အကုသိုလ် ဖြစ်မယ့်ဟာတွေ ဆိုရင် မကြည့်မိအောင်၊ နားမထောင်မိအောင် မရှူရှိုက်မိအောင်၊ မစားမသောက်မိအောင်၊ မထိမတွေ့ မိအောင်၊ စိတ်မကူးမိအောင် အစွမ်းကုန်ထိန်းရမယ်'လို့ ပြန်ဖြေပါတယ်။ အစ်မကြီး မခင်မေက 'သာဓုကွယ်၊ သာဓု သာဓု၊ ဒီအတိုင်း ထိန်းနိုင်ရင်လဲ မိန်းမလဲ မိန်းမကောင်း၊ ယောက်ျားလဲ ယောက်ျားကောင်းပဲ၊ ဒီအတိုင်းထိန်းနိုင်ရင် ယောက်ျားလဲ ဣနြေ္ဒရှိတဲ့ ယောက်ျားပဲ၊ မိန်းမလဲ ဣနြေ္ဒရှိတဲ့ မိန်းမပဲ၊ မထိန်းနိုင်ကြရင်တော့ ဣနြေ္ဒမဲ့တဲ့၊ မကောင်းတဲ့၊ ဆိုးတဲ့ ယောက်ျားတွေ မိန်းမတွေ ဖြစ်ကုန်ကြမှာ ပဲ၊ အဲဒါကိုတော့ ညီမကလေးရေ ရွတ်ပြရုံလောက် သာ သဘောမထားဘဲ တကယ်တမ်း ကျင့်နိုင်အောင်လဲ အစွမ်းကုန် ကြိုးစားပါကွယ်'လို့ ညီမကလေးအတွက် စိတ်ပူပြီး အစ်မကြီး မခင်မေက မှာ နေရှာပါတယ်။
ဉာဏ်ရှိတဲ့ မခင်မေဟာ လက်သုပ်ဆိုင်ကလေးပဲဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်ဘူး။ စာရင်းစာအုပ်တစ်အုပ်ထားပြီး ထွက်သမျှ အကုန်မှတ်ထားတယ်။ ဝင်သမျှ အကုန်မှတ် ထားတယ်။ အဲဒီ တော့ နေ့စဉ် ဘယ်လောက်ဝင်တယ်၊ ထွက်တယ်ဆိုတာ အမြဲသိနေတာ ပေါ့။ အဲဒီ အဝင်အထွက်ကိုကြည့်ပြီး အိမ်သုံးစရိတ်ကို ပြုပြင်သွားတယ်။ စုငွေကိုလဲ ကြည့်ပြီးစုသွားတယ်။
ပွဲလမ်းသဘင်ဟာ အကျင့်စာရိတ္တ ပျက်စေတယ်။ ပိုက်ဆံကုန်တယ်၊ အချိန် ကုန်တယ်၊ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ မမေ့မလျော့ သတိရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်ဆိုတဲ့ လောကီအကြောင်း လောကုတ္တရာကြောင်းတွေ ကို ပြပြီး မခင်မေဟာ ညီမကလေး ပွဲလမ်းသဘင်ဆိုလို့ ဘယ်ပွဲလမ်းသဘင်ကိုမှ မသွားအောင် နားချထားတယ်။ မိတ်ဆွေ သင်္ဂဟတွေ က သူတို့ညီအစ်မတွေ အတွက် ရုံဝင်ခခံမယ်ဆိုပြီး ခေါ်တဲ့အခါ ကိန်းခန်း ကြီးတယ်လို့ အထင်မခံရအောင် မခင်မေကိုယ်တိုင် ပဆစ်ဒူးတုပ်ပြီး လာခေါ်တဲ့လူတွေ ကို နားဝင်အောင် ပြောပါတယ်။ အမေကြီးဒေါ်လှမေကိုတော့ အထူး ပြောစရာမလိုဘူး။ ဒူးနာနေတာနဲ့ အိမ်ထဲကအိမ်ပြင်ကို မထွက်နိုင်ဘူး။
အဝတ်အစားဆိုပြန်ရင်လဲ တစ်နှစ် အတွင်း ရှိသမျှ အဟောင်းတွေ ကိုပဲ ဝတ်ကြမယ်။ အသစ်တစ်ထည်မှ မဝတ်တမ်းလို့ သားအမိသုံးယောက် တိုင်ပင်ထားပါ တယ်။
အစားအသောက်ကျတော့လဲ ဒီလိုလုပ်တယ်။ အမေကြီးမှာ ကြိုက်တာ သုံးခုရှိတယ်။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာနေချင်တယ်။ ညအိပ်တဲ့အခါ ကရက်မက်ကို ခြေဆုံးခေါင်းဆုံး လိမ်းပြီး အိပ်ချင်တယ်။ မနက် အိပ်ရာထတဲ့အခါ ကော်ဖီတစ်ခွက် သောက်ချင်တယ်။ အဲဒီ သုံးခုကို ဖြတ်မပစ်ဘူး။ ရှေးကအတိုင်း ဝတ် မပျက်ရအောင် မခင်မေ စီမံထားတယ်။
သူတို့ ညီအစ်မနှစ် ယောက် အတွက် ကတော့ ညကကျန်တဲ့ ထမင်းကြမ်းနဲ့ အမြဲတမ်းကြော်ထားတဲ့ ငါးပိကြော်နဲ့ အိမ်မှာ အမြဲအချဉ်ထည့်ထားထဲ့ ချဉ်ဖတ်တစ်ခုခုနဲ့ စားလိုက်တာပဲ။ တစ်ခါတလေ ပဲပြုတ်ကလေး၊ တစ်ခါတလေ ငါးခြောက်ဖုတ်ကလေး၊ တစ်ခါတလေ ညကကျန်တဲ့ ဟင်းကျန်ကလေးကိုလဲ စားရတယ်။ အဲဒါဟာ မနက်စာ အတွက် ပြီးရော။ ကော်ဖီမသောက်ဘူး၊ လက်ဖက်ရည်မသောက်ဘူး။ တခြား ဘာမှမစားဘူး။
အမေကြီး တစ်ယောက် စာအတွက် ကတော့ ထမင်းလက်သုပ်လုပ်ဖို့ချက်တဲ့ ထမင်းထဲက နည်းနည်း ခွဲပေးတယ်။ နံနက်ဖက်မှာ အမေကြီးလဲ ငါးခြောက်ဖုတ်နဲ့ ငါးပိကြော်နဲ့ ချဉ်ဖတ်နဲ့ စားရတာ ပဲ။ လက်သုပ်ရောင်းတာက နေ့လည် ၁၂ နာရီက စရင် နာရီပြန် နှစ် ချက်လောက်မှာ ကုန်တယ်။ ဆိုင်သိမ်းတဲ့အခါ တစ်ခါတစ်ရံ ငါးစိမ်းတန်းကိုဝင် အမေကြီး တစ်ယောက် စာအတွက် သားစိမ်း ငါးစိမ်းကလေးဝယ်ပြီး အမေကြီးကို ချက်ကျွေးတယ်။ ဒါက အမေကြီး တစ်ယောက် အတွက် တစ်ခါတစ်ရံ အထူးကျွေးတာ။ နေ့တိုင်း ညစာအတွက် ကတော့ ငါးခြောက်နဲ့ ဟင်းသီးဟင်းရွက် ရောချက်တဲ့ဟင်း။ တစ်ခါတစ်ခါ ပုစွန်ခြောက်နဲ့ ဟင်းသီးဟင်းရွက် ရောချက်ထားတဲ့ ဟင်း။ တစ်ခါတစ်ခါ ငါးခူငါးပိကောင်နဲ့ ဟင်းသီးဟင်းရွက် ရောချက်ထားတဲ့ဟင်း။ အဲဒီ ဟင်းမျိုးတွေ နေ့စဉ် တစ်ခွက်ကောင်းပဲ စားတယ်။
အဲဒီ ဟင်းတစ်ခွက်ကောင်းမှာ တစ်ခါတစ်ရံ ချဉ်ဖတ်၊ တစ်ခါတစ်ရံ တို့စရာ သစ်သီးသစ်ရွက် အစိမ်း၊ တစ်ခါတစ်ရံ အမြဲတမ်းကြော်ပြီး ပုလင်းထဲထည့်ထားတဲ့ ငါးပိကြော်၊ တစ်ခါတစ်ရံ ငရုတ်သီးထောင်း၊ တစ်ခါတစ်ရံ ငရုတ်သီးငံပြာရည်ဖျော်။ အဲဒါကလေးနဲ့ပဲ ပြီးစလွယ် စားလိုက်တယ်။ နေ့စဉ်နဲ့အမျှ ဒီဟင်း ဒီတို့စရာ ဒီငရုတ်သီးထောင်းကိုချည်းပဲ ထပ်ခါတလဲလဲ စားနေရတဲ့အတွက် ညီမကလေး မယ် တင်မေ စိတ်များ မချမ်းမသာ ဖြစ်နေမလားလို့ သံသယ ဖြစ်တဲ့အခါ 'မယ်တင်မေရေ၊ အခုလို အဆင်းရဲ ခံပြီးစားနေတာ ကပ်စေးနှဲတာ မဟုတ်ဘူးနော်၊ တို့မှာ အထုပ်အထည်ကြီး ရှိသေးတာ မဟုတ်ဘူးဟေ့၊ အဲဒီ တော့ ဘယ်သူ့ရှေ့မှာ မှ မျက်နှာအောက်မချရဘဲ ထမင်းလုပ်ကလေးတစ်လုပ်ကို တစ်သက်လုံး မှန်မှန်စားသွားနိုင်အောင် တို့အင်မတန်ခြိုးခြံရ မယ်၊ အင်မတန်ကြီးခြိုးခြံနိုင်မှ တို့အတွက် တော် ရုံပဲရှိမယ်၊ အဲဒီ တော့ မယ်တင်မေရေ၊ ကပ်စေးနှဲတာနဲ့ ခြိုးခြံတာဟာ မတူကြဘူးဆိုတော့ သဘောပေါက်နော် ညီမလေး'လို့ မခင်မေက သတိပေးပါတယ်။ အဲဒီ အခါ ညီမကလေး မတင်မေက 'ဒီဟင်းတွေ ကို ကျွန်မ မစားနိုင်ဘူးထင်ပြီး မမက သတိပေးနေတာပါ၊ ကျွန်မသိပါတယ်၊ စားနိုင်ပါတယ် မမရယ်၊ တစ်နေ့လုံး ဘာမှ မစားရလို့ ဆာနေတာပဲ၊ စားတဲ့အခါ ဘာနဲ့စားရ စားရ ဝင်တာပဲ မမရဲ့ 'လို့ ပြန်ပြောပါတယ်။
သူတို့ကိုယ်တိုင် ဒီလို အဆင်းရဲခံပြီးစား၊ အဆင်းရဲခံပြီး ဝတ်နေပေမယ့် လှူဖို့ကိုတော့ မခင်မေဟာ မမေ့ဘူး။ သူတို့ ဆင်းရဲတာဟာ သူတို့ဟာ လွန်ခဲ့တဲ့ ဘဝ တွေ တုန်းက မလှူခဲ့လို့ပဲဆိုတာ မခင်မေ ကောင်းကောင်းသိတယ်။ ဒါကြောင့် ဘုရားကို ကော်ဖီ၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊ ပန်း နေ့စဉ်ကပ်တဲ့ဒါန၊ မိခင်အိုကြီးကို ကောင်း ကောင်းမွန်မွန် ကျွေးမွေးပြုစုတဲ့ ဒါနတွေ အပြင် နေ့စဉ် အဝင်အထွက်ကိုကြည့်ပြီး တတ်နိုင်သလောက် စုဘူးကလေးတစ်ခုထဲမှာ စု သွားပါတယ်။ အတော် ကလေး စုမိတဲ့အခါ ဖောက်ဖောက်ပြီး စာပြန်ပွဲနဲ့ သာသနာ့ရိပ်သာအတွက် လှူပါတယ်။
အစားအသောက်၊ အဝတ်အစား၊ အပျော်အပါးတွေ မှာ သာ မခင်မေဟာ စည်းကမ်းလုပ်ထားတာ မဟုတ်ဘူး။ တခြားကိစ္စတွေ မှာ လဲ စည်းကမ်းလုပ်ထားသေး တယ်။ ညစာ ထမင်းစားပြီး တအောင့်လောက် နားတယ်။ နားပြီးတော့ မခင်မေဟာ ဓမ္မပဒ ဖြစ် ဖြစ်၊ ဇာတ်ကြီးဆယ်ဘွဲ့ကို ဖြစ် ဖြစ်၊ ဗုဒ္ဓ ̈ဝင်ကို ဖြစ် ဖြစ်၊ တခြား ကျမ်းစာအုပ် တစ်ခုခုကို ဖြစ် ဖြစ် အမေကြီးနဲ့ ညီမကလေးကို လေးဆယ့်ငါးမိနစ်၊ တစ်နာရီလောက် ဖတ်ပြပါတယ်။ တစ်ခါတစ်ခါလဲ သူ့အဖေ မသေခင်က ဟောသွားတဲ့ တရားတွေ ကို ပြန်ပြောပြပါတယ်။ တစ်ခါတစ်ခါလဲ သူကိုယ်တိုင် ဖတ်ကြား သင်ယူထားတဲ့ တရားတွေ ကို ဟောပါတယ်။
ဒီလို ဖတ်ပြ ပြောဟောပြီးတော့ ညီမကလေး မယ်တင်မေဟာ ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော် ၊ သံဃာဂုဏ်တော် တွေ ကို အိမ်ထဲမှာ စင်္ကြံလျှောက်ရင်း တစ်နာရီထက် မနည်း ပွားများ ရပါတယ်။ အဲဒီ လို ပွားများ တဲ့အခါမှာ ပါးစပ်ကချည်းပဲ ပွားများ နေတာ မဟုတ်ဘဲ ရွတ်နေတဲ့ ပါဠိတွေ ကို စိတ်ထဲမှာ အနက်ထင်အောင် သတိထားပြီး ရွတ်ရမယ် ဆိုတာနဲ့ တစ်နာရီထက်မနည်း စင်္ကြံလျှောက်ရင်း ရွတ်ရမယ်ဆိုတဲ့ အချက် နှစ် ချက်ကို မခင်မေဟာ မကြာခဏ သတိပေးပါတယ်။ မယ်တင်မေကလေးဟာ စင်္ကြံတစ်နာရီ လျှောက်ပြီးတဲ့အခါ ဘုရားရှိခိုးတာနဲ့ ဗြဟ္မစရိယ ငါးပါးသီလယူတာကို ပြီးအောင် အတော် စိတ်တင်းထားရပါတယ်။ ဘုရားရှိခိုး၊ သီလယူပြီး အိပ်ရာထဲဝင် ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တစ်ချက်တည်း အိပ်ပျော်သွားတာပဲ။
အမေကြီးနဲ့ ညီမကလေးကို ဖတ်ပြ ဟောပြောပြီးတဲ့အခါ မခင်မေ ကိုယ်တိုင်လဲ တစ်နာရီလောက် စင်္ကြံလျှောက်ရင်း ရတနာသုံးပါးဂုဏ်တော် များ ပွားများ ပါတယ်။ ဒီနောက် ဘုရားရှိခိုး၊ ဗြဟ္မစရိယ ငါးပါးသီလကို ယူပြီးတော့ သူ့အဖေသင်ထားတဲ့အတိုင်း ခန္ဓာငါးပါးမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတင်ပြီး နာရီဝက်လောက် ဆင်ခြင်ပါတယ်။ ဒီလိုဆင်ခြင်ပြီးတော့မှ အမေကြီးကိုတွဲ ပြီး အိပ်ရာထဲသို့ ပို့ပါတယ်။ ဒေါ်လှမေဟာ ခြေထောက်နာကြောင့် ထိုင်ပြီး ဘုရားရှိမခိုးနိုင်ဘူး။ အိပ်ရင်း ဘုရားရှိခိုး၊ ဗြဟ္မစရိယ ငါးပါးသီလကို ယူရတယ်။ အမေကြီးကို ခြင်ထောင်ချပေးရင်း ညစဉ်ညတိုင်း မခင်မေလုပ်နေကျ ဝတ်သုံးခုရှိတယ်။ တစ်ခုက သူ့အမေကြီးကို သူပြုခဲ့တဲ့ ကုသိုလ်တွေ သူရွတ်ခဲ့တဲ့ ပရိတ်တွေ ၊ သူပွားခဲ့တဲ့ ဂုဏ်တော် တွေ ကို ဖော်ပြပြီး အမျှဝေတဲ့ ဝတ် ဖြစ်တယ်။ နောက်တစ်ခုက သူ့အမေက ပြန်ပြီး ဝေတဲ့အမျှကို သာဓုသုံးကြိမ်ခေါ်တဲ့ဝတ် ဖြစ်ပါတယ်။
နောက်တစ်ခုက သူသင်ပေးထားတဲ့အတိုင်း ခန္ဓာငါးပါးမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတင်ပြီး အိပ်မပျော်ခင် ရှုနိုင်သလောက် ရှုပါမေမေလို့ သူ့အမေကို သတိပေးတဲ့ဝတ်ပဲ ဖြစ်ပါတယ်။ အဲဒါပြီး သူလဲ အိပ်တာပဲ။ သူတို့ အိမ်သားအားလုံးဟာ ည ကိုးနာရီမထိုးခင် အိပ်ရာထဲ အသီးသီးဝင်ပြီးသား ဖြစ်နေကြပြီ။ ဒီလို ခပ်စောစော အိပ်တဲ့အတွက် သားအမိသုံးယောက် ဟိုရောက် သည်ရောက်တဲ့ တွေ့ ကရာ သိမ်ဖျင်းတဲ့စကားတွေ ကို မပြောရတော့ဘူး။ အဲဒီ အတွက် သမ္ဖလာပဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိဆိုတဲ့ သိက္ခာပုဒ်ကိုလဲ သားအမိ သုံးယောက် စလုံး လုံလုံခြုံခြုံ စောင့်ထိန်းပြီးသား ဖြစ်သွားတယ်။
စောစောအိပ်တဲ့အတွက် ရေနံဆီ အကုန်လဲသက်သာတယ်။ ဒါတင်မကသေး ဘူး။ ဒီလို စောစောအိပ်တဲ့အတွက် နောက်တစ်နေ့ စောစောထနိုင်တယ်။ ဒီလို စောစောအိပ် စောစောထတဲ့အတွက် 'စောစောအိပ်ထ ပြုကျင့်က တွင်းပကိုယ်ခန္ဓာ၊ ရောဂါ ခပ်သိမ်း ရှောင်ခွာတိမ်း၊ ကင်းငြိမ်း လွန်ချမ်းသာ'ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်နဲ့လဲ ညီညွတ်တယ်။ နတ်ကောင်းနတ်မြတ်တွေ ကလဲ ဒီလို စောစောအိပ် စောစောထတဲ့လူတွေ ကို ချစ်မြတ်နိုး ကြတယ်။
မခင်မေဆိုတဲ့ သူငယ်မလေးဟာ အသက် တွက်ကြည့်လိုက်တော့ နှစ် ဆယ် တောင် မပြည့်သေးဘူး။ ဒါပေမယ့် သူ စီစဉ်ထားတာတွေ ကို ကြည့်လိုက်ရင် အကျိုးမဲ့ဆိုတာ တစ်ခုမှ မရှိဘူး။ အခု မျက်မှော က်အကျိုး၊ လောကအကျိုးရင်လဲ ရှိရမယ်။ လောကုတ္တရာ အကျိုးရင်လဲ ရှိရမယ်။ နှစ် ခုစလုံး အကျိုးရှိရင်လဲ ရှိရမယ်။ ကဲလေ ကြည့်ပါလား၊ ညီမလေးမတင်မေဟာ အိပ်ရာထဲဝင်ပြီး တောင်စိတ်ကူး မြောက်စိတ်ကူးကူးနေတာတွေ မလုပ်စေချင်တော့ တစ်နာရီ စင်္ကြံလျှောက်ရင်း ဂုဏ်တော် ကို အပွားခိုင်းထားတယ်။ လမ်းလျှောက်ရတာ မောပြီး မယ်တင်မေကလေးဟာ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တစ်ချက်တည်း အိပ်မောကျသွားတာပဲ။ မခင်မေ စီစဉ်ရင် ဒီလို အကြောင်းလေးတွေ ဟာ အနည်းဆုံး တစ်ခုတော့ ပါတာပဲ။
နံနက်ဘက်ဆိုရင် မခင်မေဟာ လေးနာရီထက်နောက်မကျဘဲ နေ့စဉ် အိပ်ရာကထပါတယ်။ ညီမကလေးကိုတော့ နံနက် ငါးနာရီအထိ အိပ်စေပါတယ်။ မခင်မေဟာ မျက်နှာသစ်ပြီး သူ့အဖေမှာ ထားတဲ့အတိုင်း ဘုရားရှိခိုး၊ ဗြဟ္မစရိယငါးပါးသီလ ကိုယူ၊ ရေချမ်းကပ်၊ ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်ကို ရွတ်တဲ့အခါရွတ်၊ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ရွတ်တဲ့အခါ ရွတ်၊ သတိပဋ္ဌာန်ကို ရွတ်တဲ့အခါ ရွတ်၊ ပဌာန်းကို ရွတ်တဲ့အခါ ရွတ်၊ တစ်ခါတစ်ခါ သူအလွတ်ရထားတဲ့ တရားတော် တွေ ကို ရွတ်တဲ့အခါ ရွတ်၊ အရပ်ဆယ်မျက်နှာဖြန့်ပြီး ငါးရာ့နှစ် ဆယ့်ရှစ်သွယ် မေတ္တာပို့အမျှအတမ်းဝေပြီးမှ ဘုရားအတွက်နဲ့ သူ့အမေအတွက် ကော်ဖီ ဖျော်တယ်။ ဘုရားကို ကော်ဖီအရင်ကပ်လိုက် တယ်။ ဘုရားကို ရေချမ်းမကပ်ရသေးရင် သူတို့အိမ်သားတွေ ဘယ်သူမှ ရေမသောက်ကြ ဘူး။ ဘုရားကို ကော်ဖီမကပ်ရသေးရင် သူ့အမေကြီးကလဲ ကော်ဖီမသောက်ဘူး။ ဘုရားကို ဆွမ်းတော် မကပ်ရသေးရင် သူတို့ညီအစ်မနှစ် ယောက် ကလဲ နံနက်တိုင်း စားနေကျ ထမင်းကြမ်းကို မစားဘူး။ ဒါတွေ လဲ သမီးကြီးမခင်မေရဲ့ အစီအစဉ်တွေ ချည်းပဲ။
အဲဒီ လို ဘုရားကို ကော်ဖီကပ်ပြီးမှ အမေကိုနှိုး၊ သူအဆင်သင့်လုပ်ပေးထားတဲ့ သွားတိုက်စရာတို့၊ ရေတို့နဲ့ သွားတိုက်၊ မျက်နှာသစ်စေပါတယ်။ ဒီနောက်မှ ကရားကို ဂွမ်းအုပ်ကလေးနဲ့အုပ်ထားလို့ အေးမသွားသေးတဲ့ ကော်ဖီပူပူနွေးနွေးကလေးကို သူ့အမေကို တိုက်ပါတယ်။
သူ့အမေ ကော်ဖီသောက်ပြီးတဲ့အခါ အမေကို အိမ်ရှေ့ထုတ်ထားခဲ့ပြီး ညီအစ်မနှစ် ယောက် ဆိုင်ထွက်ဖို့ ကိစ္စတွေ ကို စီစဉ်ကြပါတယ်။ နံနက် ကိုးနာရီလောက်မှာ အားလုံးစီစဉ်ပြီးတဲ့အခါ ညီအစ်မနှစ် ယောက် စလုံး ရေမိုးချိုးပြီး သနပ်ခါးရေကျဲကလေးကို မျက်နှာနဲ့ ကိုယ်ကို လူးကြပါတယ်။ သူတို့ ပေါင်ဒါကို အကျင့်မလုပ်ဘူး။ အဲဒီ လို လူးပြီးတဲ့ နောက်မှ မခင်မေဟာ ဆွမ်းတော် ကပ်ပါတယ်။ ဆွမ်းတော် ကပ်ပြီးတာနဲ့ ညီအစ်မနှစ် ယောက် စားနေကျ ထမင်းကြမ်းကို စားကြတာပဲ။ အမေကြီးကိုတော့ ထမင်းကြမ်းမကျွေးဘူး။ ထမင်းလက်သုပ်အတွက်ချက်တဲ့ ထမင်းပူပူထဲက နည်းနည်း ယူ ပြီး ဦးဦးဖျားဖျား ဆွမ်းတော် ကပ်လိုက်ပါတယ်။ နောက် အမေကြီး တစ်ယောက် စာအတွက် နည်းနည်း ယူပြီး ဦးချထားလိုက်ပါတယ်။ ဆယ်နာရီခွဲလောက်ကျတော့ အမေကြီးကို နံနက်စာပြင်ကျွေးပါတယ်။ ဆယ့်တစ်နာရီခွဲလောက်ကျတော့ အမေကြီးကို ပက်လက် ကုလားထိုင် တစ်လုံးပေါ်မှာ တင်၊ စိတ်ပုတီးကို ပက်လက်ကုလားထိုင်အစွန်းမှာ ချိန်ပြီး၊ သူအင်မတန်ကြိုက်တဲ့ ပြောင်းဖူဖက် ဆေးလိပ်ကြီးကို အနားမှာ ချထားပေးခဲ့ပြီး ညီအစ်မ နှစ် ယောက် လက်သုပ်ရောင်းရအောင် ထွက်ခဲ့တာပါပဲ။
ဒီလိုထွက်တဲ့အခါ မခင်မေက လက်သုပ်ဗန်းကြီးကို ရွက်တယ်။ မခင်မေလေး ဟာ ဆွေမျိုးကိုပဲ ဖြစ် ဖြစ် သူစိမ်းကိုပဲ ဖြစ် ဖြစ် မျက်နှာအောက်ကျပြီး လက်ဖြန့်တောင်းရမှာ ရှက်တယ်။ ဒီလို ရိုးရိုးသားသားလုပ်စားဖို့အတွက် ဘာလုပ်ရမှာ ကိုမှ မရှက်ဘူး။ ဒီသူငယ်မကလေးဟာ မိန်းမတန်မဲ့ ဣနြေ္ဒမရှိဘူး။ ပျံလွှားတွေ လို ဟိုပျံဒီပျံနဲ့ တပျံထဲ ပျံနေတာပဲလို့ သူများ မေးငေါ့ခံရမှာ ကို ရှက်တယ်။ ဒီလို ရိုးရိုးသားသား လုပ်စားဖို့အတွက် ဘာလုပ်ရမှာ ကိုမှ မရှက်ဘူး။ ပစ္စည်းရှာတဲ့နေရာမှာ မရိုးမသား၊ မစင်မကြယ် ရှုပ်ရှုပ်ပွေပွေ ရှာရမှာ ကို ရှက်တယ်။ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်၊ တည်တည်ကြည်ကြည်၊ စင်စင်ကြယ်ကြယ်၊ ဣနြေ္ဒရရရှာရတဲ့ အလုပ်ဆိုရင် ဘာလုပ်ရမှာ ကိုမှ မရှက်ဘူး။
အမေကြီးက သမီးတွေ ဒီလို ဆင်းဆင်းရဲရဲလုပ်ရတာ မကြည့်ရက်ဘူးလို့ ဝမ်းနည်းပက်လက် ဖြစ်ပြီး မချိတင်ကဲ ဖြစ်ပြီး 'သမီးရယ် ညည်းဒီဗန်းကြီးရွက်တာကို မေမေ မကြည့်ရက်ပါဘူး၊ မေမေ ဆေးလိပ်လဲဖြတ်ပါ့မယ်၊ ကော်ဖီလဲဖြတ်ပါ့မယ်၊ ကရက်မက်လဲဖြတ်ပါ့မယ်၊ အဲဒီ ပိုက်ဆံနဲ့ ဗန်းရွက်တဲ့ ကူလီ တစ်ယောက် လောက်ငှားပါ'လို့ မျက်ရည်ကလေးစစ ငိုသံကလေးပါပါနဲ့ ပြောရှာပါတယ်။ အဲဒီ အခါ မခင်မေက 'မေမေရယ် ဒီလိုကိုယ်တိုင်လုပ်ပြီး မွေးသမိခင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရတယ်ဆိုတာ အင်မတန်ကြီး ကုသိုလ်ရပါတယ်၊ သမီးတို့ ကုသိုလ်တွေ နေ့စဉ်ရနေတာ မေမေက မရစေချင်လို့လား'လို့ တစ်ခါသာပြောရတယ် အမေကြီးလဲ 'မဟုတ်ရပါဘူးအေ'ဆိုပြီး နောက်ထပ် မပြောရဲတော့ဘူး။
အဲဒါကြောင့် မခင်မေက နေ့တိုင်း ဗန်းရွက်တယ်။ ညီမကလေး မတင်မေက ပန်းကန်တွေ ထည့်ထားတဲ့ သံပုံးကို ဆွဲတယ်။ အစ်မကြီးကို မကြည့်ရက်လို့ ညီမကလေး မတင်မေက လက်သုပ်ဗန်းကြီးကို အတင်းရွက်ဖို့ကြံတယ်။ ဒါပေမယ့် မရဘူး။ အစ်မကြီး မခင်မေက 'တရားမစောင့်တဲ့လူဟာ ဒီဘဝမှာ ပဲ ဖြစ် ဖြစ် နောင်ဘဝမှာ ပဲ ဖြစ် ဖြစ် ဆင်းရဲ ကြာရှည်တတ်တယ်၊ တရားမစောင့်တဲ့လူဆိုတာ ဘယ်လိုလူမျိုးလဲ၊ အကြီးအကဲ ဖြစ်ပြီး စားစရာရှိရင်တော့ ကိုယ့်ထက်ငယ်သူတွေ ကို ပိုခိုင်းပြီး ရေသာခိုနေတယ်၊ ဘေးနဲ့ ရင်ဆိုင်တွေ့ ရရင်တော့ ကိုယ့်ထက်ငယ်သူတွေ ကို ပစ်ပြီး ကဆုန်ပေါက်ပြေးတယ်။ အဲဒီ လူမျိုးကို တရားမစောင့်တဲ့လူလို့ ခေါ်တယ်၊ အဲဒီ တော့ ဒီဗန်းကို မမ မရွက်နိုင်တဲ့အခါ ညည်းရွက်ရမယ်၊ မမ ရွက်နိုင်သရွေ့ ညည်း မရွက်ရဘူး'လို့ တရားချပါတယ်။ အဲဒီ အခါ မတင်မေကလေးက 'မမကိုတော့ စကားပြိုင်ပြောလို့ ဘယ်သူမှနိုင်မှာ မဟုတ်ဘူး၊ မေမေလဲ နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ခုတော့ပြောချင်သေးတယ်၊ တစ်ခါတလေ မမ နေထိုင်မကောင်းတဲ့အခါ ကျွန်မ ဆိုင်ထွက်ရမယ် မဟုတ်လား၊ အဲဒီ အခါမျိုးမှာ ကျင့်သားရနေအောင် အမြဲမဟုတ်တောင် တစ်ခါတစ်ခါ ရွက်ဖို့ ခွင့်ပေးပါမမ'လို့ ပြောပါ တယ်။ မယ်တင်မေပြောတာ တရားနည်းလမ်းကျတဲ့အတွက် အစ်မကြီးမခင်မော သဘော တူလိုက်ပါတယ်။
မခင်မေဟာ အခွင့်ရတဲ့အခါ တစ်ခါတလေ ဓမ္မပဒထဲမှာ မြတ်စွာ ဘုရား ဟောထားတဲ့ ဒီဆုံးမစာကိုလဲ ညီမကလေးကို ရွတ်ရွတ်ပြလေ့ရှိတယ်။
'ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော မှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏ ။
'ကြောက်ဖွယ် မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှုလေ့ရှိကြကုန်သော မှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏ ။
'အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌ လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏ ။
'အပြစ်ကို အပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန် သော ကြောင့် ကောင်းသော အယူရှိကုန်သော သတ္တဝါတို့သည် သုဂတိဘဝသို့ ရောက်ရ ကုန်၏ ။
'အဲဒီ တော့ ညီမကလေးရယ်၊ ကျေးဇူးရှင် အမေအိုကြီးကို နဖူးကချွေး ခြေမ ကျအောင် ပင်ပင်ပန်းပန်း၊ ပစ္စည်းရှာပြီး လုပ်ကျွေးရတာ ၊ ကျေးဇူးဆပ်ရတာ ကို မရှက်ရဘူး၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းအင်အားနဲ့ သင့်တော် အောင် ခြိုးခြိုးခြံခြံနေရ၊ စားရ၊ ဝတ်ရတာ ကို မရှက်ဘူး၊ တရားနဲ့အညီ စင်စင်ကြယ်ကြယ်၊ ရိုးရိုးသားသားနဲ့ လုပ်ရမယ်ဆိုရင် ဘယ်လောက်ပဲ အောက်ကျတဲ့အလုပ် ဖြစ်ပေစေ လုပ်ရမှာ ကိုလဲ မရှက်ရဘူး၊ ကျေးဇူးရှင် မိဘတွေ ကို ကျေးဇူးပြန်မဆပ်ဘဲ ပစ်ထားရမှာ ကို ရှက်ရမယ်၊ ကိုယ့်မှာ ရှိတာထက် ပိုဝတ် ပိုစား ပိုသုံးပြီး မရှိတော့မှ သူများ ဆီမှာ မျက်နှာအောက်ချ လက်ဖြန့်ပြီးတောင်းရမှာ ကို ရှက်ရမယ်၊ တရားတော် နဲ့ ဆန့်ကျင်တဲ့ အလုပ်ဆိုရင် ပစ္စည်းဘယ်လောက်ပဲရရ လုပ်ရမှာ ကို ရှက်ရမယ်'
'လူ ဖြစ်ရင် အနည်းဆုံး ငါးပါးသီလလောက်တော့ မြဲရမယ်၊ ဣနြေ္ဒရှိရမယ်၊ အဲဒါကြောင့် သီလမရှိတဲ့လူ ဖြစ်ရမှာ ကို ရှက်ရမယ်၊ ဣနြေ္ဒမရှိတဲ့သူ ဖြစ်ရမှာ ကို ရှက်ရမယ်၊ ငါးပါးသီလကိုတော့ ညည်းသိတယ်၊ ဒီငါးပါးသီလလောက်မြဲရင်ပဲ မိန်းကလေး တစ်ယောက် ဟာ မိန်းမကောင်းလေး တစ်ယောက် ဖြစ်နေပါပြီ၊ ဒါပေမယ့် ကောင်းသထက်ကောင်းအောင် မိန်းမလေးဟာ ကုန်းတိုက်ပေးတာ၊ ကြမ်းကြမ်းတမ်းတမ်းပြောတာ၊ အကျိုးမရှိတဲ့ တွေ့ ကရာရှစ်သော င်းစကားတွေ ကို လျှောက်ပြောတာ ဆိုတဲ့ ဝစီကံသုံးပါးကိုပါ ရှောင်နိုင်ရမယ်။
'နောက်ပြီးတော့ ဣနြေ္ဒကို ငါးနည်းနည်း ပြောချင်တယ်၊ မိန်းကလေး တစ်ယောက် မှာ မျက်စိဣနြေ္ဒ၊ ကိုယ်ဣနြေ္ဒ၊ စိတ်ဣနြေ္ဒဆိုတာတွေ ဟာ သိပ်အရေး ကြီး တယ်၊ မျက်စိက တောင်ကြည့် မြောက်ကြည့် မကြည့်မိအောင် မျက်စိကို ထိန်းထားတာ၊ နောက်ပြီးတော့ ပြောစရာဆိုစရာရှိလို့ ယောက်ျားတွေ နဲ့ တွေ့ ရတဲ့အခါ မျက်စိ မကလက်ပဲ တည်တည်ကြည်ကြည် ဖြစ်နေအောင် ထိန်းထားတာကို မျက်စိဣနြေ္ဒလို့ ခေါ်တယ်။
'မိန်းကလေး တစ်ယောက် ဟာ ရပ်တဲ့အခါ၊ လျှောက်တဲ့အခါ၊ ထိုင်တဲ့အခါ၊ လှဲတဲ့အခါ ခြေလက် ကိုးယိုးကားယား၊ ထိုးထိုးထန့်ထန့်၊ ပျက်တီးပျက်ချော်မ ဖြစ်ဘဲ သိမ်သိမ်မွေ့မွေ့၊ ပိပိရိရိ၊ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ခြေလက်ကိုယ်ကို ထိန်းသိမ်း ထားတာကို ကိုယ်ဣနြေ္ဒလို့ ခေါ်တယ်၊ ရယ်စရာရှိရင်တောင် ခြေပြစ်လက်ပြစ် ကျယ်ကျယ်လောင်လောင်ကြီး ရယ်မပစ်လိုက်ဘဲ မိမိကိုယ်ကို ထိန်းသိမ်းထားတာကိုလဲ ကိုယ်ဣနြေ္ဒလို့ ခေါ်တယ်၊
မိန်းကလေးတွေ မှာ သူတစ်ပါးမမြင်ရအောင် ဖုံးထားရမယ့် အင်္ဂါအစိတ်အပိုင်းတွေ ရှိတယ်၊ အဲဒီ အစိတ်အပိုင်းတွေ ကို ကျစ်ကျစ်လစ်လစ် ဖုံးဖိထားရမယ့်အစား သူတစ်ပါး မမြင် မြင်အောင်၊ အင်္ကျီပါး လုံချည်ပါးကို ဝတ်မယ်၊ ဝတ်ပြန်တော့လဲ မပေါ့တပေါ် ဖြစ်နေအောင် ဝတ်မယ်ဆိုရင် ကိုယ်ဣနြေ္ဒမဲ့တယ်လို့ ခေါ်တယ်၊ လုံလုံခြုံခြုံ၊ ကျစ်ကျစ်လျစ်လျစ် ဖုံးဖိထားရင် ကိုယ်ဣနြေ္ဒရှိတယ်လို့ ခေါ်တယ်။
'စိတ်တွေ ကို လွှတ်ချင်တိုင်း လွှတ်ထားရင် တံခါးမရှိတဲ့အိမ်ကို သူခိုးဓားပြတွေ ဟာ ဝင်ချင်တိုင်း ဝင်လို့ရသလို ရာဂစိတ်တွေ ၊ လောဘစိတ်တွေ ၊ ဒေါသစိတ်တွေ ဟာ ကိုယ်ထဲကို ဝင်ချင်တိုင်း ဝင်လာကြလိမ့်မယ်၊ ဒီစိတ်တွေ ဟာ လူတွေ ကို ကောင်းကျိုးပေးတဲ့ စိတ်တွေ မဟုတ်ဘူး၊ အဲဒီ တော့ ဒီစိတ်တွေ မဝင်နိုင်အောင် ကိုယ့်စိတ်ကို လွှတ်မထားဘဲ၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တွေ ကို အာရုံပြုပြီး စိတ်ကို ထိန်းထား တာကို စိတ်ဣနြေ္ဒလို့ ခေါ်တယ်။
'အဲဒီ တော့ ဆင်းရဲရမှာ ကို မရှက်ရဘူး၊ ဒါ ကတော့ အရင်ဘဝက ဒါနတွေ ကောင်းကောင်းမလုပ်ခဲ့မိလို့ ဆင်းရဲရတာ ပဲ၊ နောင်ကို နိဗ္ဗာန်မရောက်မချင်း မဆင်းရဲရ အောင်သာ ဒါနကို တတ်နိုင်သလောက် ကြိုးစားပြီးလုပ်ပေး၊
ဆင်းရဲရတာ ဟာ ရှက်စရာ မဟုတ်ဘူး၊ သီလမရှိတဲ့သူ ဖြစ်ရတာ ၊ ဣနြေ္ဒမရှိတဲ့သူ ဖြစ်ရတာ သာ ရှက်စရာဆိုတာ ညည်းတစ်သက်လုံး မှတ်ထား၊ အဲဒီ လို မှတ်ထားပြီး ကျေးဇူးရှင်မိဘတွေ ကိုလဲ တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ရမယ်၊ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ ခြိုးခြံနေမယ်၊ တရားတော် နဲ့ မဆန့်ကျင်တဲ့ အလုပ်တွေ ဆိုရင် ရှက်စရာကောင်းတဲ့၊ အောက်ကျနောက်ကျ ဖြစ်တဲ့ အလုပ်တွေ လို့ သဘောမထားဘဲ ကြိုးကြိုးစားစား လုပ်နေမယ်၊ သီလမပျက်ရ အောင်၊ ဣနြေ္ဒမပျက်ရအောင် စောင့်ထိန်းနေမယ်ဆိုရင် အတိတ်က ဒါနမျိုးစေ့မပါလို့၊ ပစ္စည်းဥစ္စာရှားပါးပြီး ကိုယ်ဆင်းရဲရသည့်တိုင်အောင် စိတ်မဆင်းရဲရဘူး၊ နာမည် မပျက်ရဘူး၊ သေရင် အပါယ်မကျရဘူး၊ ကောင်းရာဘဝကို ရောက်မယ်'လို့လဲ မခင်မေဟာ ညီမကလေး မတင်မေကို ခဏခဏ ဆုံးမလေ့ရှိတယ်။
ဒီညီအစ်မနှစ် ယောက် ဟာ အင်မတန် ချစ်စရာကောင်းတဲ့ဟာမကလေးတွေ ပဲ။ အစ်မကြီး မခင်မေကပိုပြီး ချစ်စရာကောင်းတယ်။ သူ့မျက်နှာက လှရုံတင် မဟုတ်ဘူး။ ကြည်လဲ ကြည်လင်တယ်။ တချို့အင်မတန်လှတဲ့မိန်းမတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အတွင်းစိတ်ရဲ့ ဖောက်ပြန်မှု တစ်ခုခုကြောင့် ပဲ ထင်ပါရဲ့ ။ မျက်ခုံးကောင်း မျက်လုံးကောင်း၊ နှာတံကောင်း၊ မေးရိုးကောင်း၊ နှုတ်ခမ်းကောင်း၊ အသားအရေကောင်းဆိုတဲ့အကောင်းတွေ အကုန်လုံးစုံပြီးကျနေတဲ့ သူတို့ရဲ့ မျက်နှာဟာ ငိုမဲ့မဲ့လိုလို ဖြစ်နေတယ်။ တချို့ကျတော့လဲ ကျောက်ကျော ရေပက်ထားသလို ပြောင်ချော်ချော် ကလက်တက်တက် ဖြစ်နေတယ်။ တချို့ကျတော့လဲ သိပ်ချောပြီး အသက်မရှိတဲ့ ရွှေရုပ်လို ဖြစ်နေတယ်။ တချို့ကျတော့လဲ သော င်းကြမ်းနေတဲ့ ရာဂတွေ ရဲ့ အလွှမ်းအမိုးကို ခံနေရတဲ့အတွက် သူတို့ရဲ့ မျက်နှာချော ကလေးတွေ ဟာ ရာဟုအဖမ်းခံနေရတဲ့ ရွှေလမင်းနဲ့ တူနေတယ်။ တချို့ကျတော့လဲ အလှဂုဏ်တွေ မောက်၊ သွေးနထင်ရောက် နေတဲ့အတွက် ချောချင်ပါလျက်သားနဲ့ အကြွေး ယူမှာ စိုးလို့ ဝယ်သူတွေ ရှေ့မှာ မျက်နှာတင်းထားရတဲ့ ဆိုင်ရှင်အမယ်ကြီးနဲ့ တူနေတယ်။ အဲဒီ လို မျက်နှာမျိုးတွေ ကိုတော့ ချောသော်လည်း မကြည်သော မျက်နှာလို့ ခေါ်တယ်။
မခင်မေရဲ့ မျက်နှာက ဒီလိုမဟုတ်ဘူး။ မျက်လုံးကလေးတွေ ကိုက ချောလို့လဲ ချောတာပဲ။ မျက်ခုံးကလေးတွေ ကိုက ချောလို့လဲ ချောတာပဲ။ နှာတံကလေးကိုက ချောလို့လဲ ချောတာပဲ။ နှုတ်ခမ်းပါးကလေးတွေ ကိုက ချောလို့လဲ ချောတာပဲ။ ဖြူစင်ပြီး အရောင် တောက်နေတဲ့ သွားကလေးတွေ ကိုက ချောလို့လဲ ချောတာပဲ။ အသားအရေကိုက ချောလို့လဲ ချောတာပဲ။ အဲဒီ အချောတွေ ထဲမှာ စိတ်ကပါဝင်ပြီး ချောပေးလိုက်တော့ မခင်မေရဲ့ မျက်နှာဟာ ချောရုံတင် မဟုတ်တော့ဘူး။ ကြည်လဲ ကြည်နေတယ်။ ဒီလို မျက်နှာမျိုးကို ချော၍ ကြည်လင်နေသော မျက်နှာလို့ ခေါ်တယ်။
မခင်မေဟာ မျက်နှာတင် လှတာမဟုတ်သေးဘူး။ ကိုယ်ကလဲ အင်မတန် လှတယ်။ အရပ်က ငါးပေလေးလက်မလောက်ရှိတယ်။ ဘဝကုသိုလ်ကြောင့် ပဲ ထင်တယ်။ မခင်မေဟာ သူ့ခါးကို မသေးသေးအောင် အဝတ်တွေ ၊ ခါးပတ်တွေ နဲ့ အတင်းမစည်းရဘူး။ နဂိုကကို ခါးကလေးဟာ သေးနေတယ်။ မခင်မေဟာ သူ့ရင်ကို ချီနေအောင် ဟိုဟာဒီဟာတွေ မလုပ်ရဘူး။ နဂိုကကို ရင်ချီနေတယ်။ မခင်မေနဲ့ မတင်မေဟာ လက်သုပ်ကို ဈေးမှာ သွားပြီး ရောင်းတယ်လို့သာ ဆိုရတယ်။ အမှန်စင်စစ်တော့ ဈေးမရောက်ခင် လမ်းမှာ ကတည်းက တစ်ဝက်လောက် ကုန်နေပြီ။ ဆာလှတယ် မဟုတ်ပေမယ့် သူတို့ ညီအစ်မကို သနားကြတာနဲ့ မျက်နှာကို ကြည့်ချင်ကြတာနဲ့ သူတို့ကို မြင်ရရင် စိတ်ထဲမှာ ကြည်လင်သွားတာနဲ့ လမ်းက အိမ်တွေ က ဖြတ်ခေါ်ပြီး ဝယ်စားကြတာ။ တစ်နေ့တစ်နေ့ မနည်းပါဘူး။ ကျန်တဲ့ဟာကို ဈေးမှာ တစ်နာရီလောက် ရောင်းရင် ကုန်တာပဲ။ ကုန်တာနဲ့ ညီအစ်မနှစ် ယောက် ဟာ အမေကြီးအတွက် သားစိမ်းငါးစိမ်းကလေးဝင်ပြီး ဝယ်ချင် ဝယ်မယ်၊ အိမ်မှာ သုံးဖို့ ငါးပိငါးခြောက် အစရှိတာတွေ ကို ဝင်ပြီး ဝယ်ချင်ဝယ်၊ ဝယ်ပြီးတာ နဲ့ ဟိုဟိုသည်သည် မဝင်ဘဲ အိမ်ကိုသာ ဦးတည်ပြီး ပြန်လာတာပဲ။
အိမ်ရောက်တဲ့အခါ လည်ပင်းတရှည်ရှည်နဲ့ မျှော်နေတဲ့ အမေကြီးအနားမှာ ဆယ့်ငါးမိနစ်လောက် ညီအစ်မနှစ် ယောက် ထိုင်ပြီး မေမေ နေကောင်းလား၊ ဒူးနာ ဘယ်လိုနေသေးသလဲ၊ ဒီနေ့ ပုတီးစိပ်လို့ စိတ်တွေ တည်ငြိမ်ရဲ့ လား အစရှိတဲ့ အမေကြီး သည်းခြေကြိုက်စကားလုံးကလေးတွေ ပြောတဲ့သူက ပြော၊ အမေကြီးသောက်ဖို့ ရေခပ်ပေးတဲ့လူကပေးပြီး မွေးသမိခင် ကျေးဇူးရှင်ကြီးကို နှစ် သိမ့်ကြပါတယ်။
တစ်ခါတလေ အမေကြီးဖို့ အထူးစားစရာကလေးတွေ ဝယ်လာတဲ့အခါ 'မေမေ၊ မေမေစားဖို့ ငါးကြင်းခေါင်းဝယ်လာတယ်၊ ငါးကြင်းခေါင်းကို ရေချိုချက်မယ်၊ ငါးပိရေကျိုနဲ့ ဖန်ခါးသီးနဲ့ တို့ရမယ်မေမေ'လို့ သမီးအကြီးက ပြောတဲ့အခါ ကျလာတဲ့ သရေတွေ ကို မျိုချပြီး မစားရက်ပါဘူးကွယ်၊ မစားရက်ပါဘူးကွယ်'လို့ အမေကြီးက ညည်းညူရှာပါတယ်။ အဲဒီ လို ညည်းညူပြီးတော့ အူထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ထွက်လာတဲ့ မေတ္တာစိတ်တွေ ကို သမီးနှစ် ယောက် အပေါ်မှာ ဖြန့်ရင်း ချမ်းသာပါစေ၊ ချမ်းသာပါစေ'လို့ လေးငါးဆယ်ကြိမ်လောက် တတွတ်တွတ်နဲ့ ရွတ်နေပါတယ်။ အဲဒီ လို အမေကြီးကို ညီအစ်မနှစ် ယောက် ယုယုယယ ဖျော်ဖြေပြီးတဲ့အခါ မခင်မေက ဘုရား ညောင်ရေအိုး ရေလဲဖို့ သောက်တော် ရေချမ်းကပ်ဖို့ သွားပါတယ်။ မတင်မေ ကတော့ ညဘက်စားဖို့ မီးဖိုထဲဝင်ပြီး ထမင်းချက်ပါတယ်။ အမေကြီးဖို့ အထူးဟင်းကို ချက်စရာ ရှိရင် မခင်မေက ဝင်ပြီး ချက်ပါတယ်။ မရှိရင် မတင်မေ တစ်ယောက် တည်း ချက်ပါ တယ်။
ညောင်ရေအိုးလဲ သောက်တော် ရေချမ်း ကပ်ပြီးရင် မခင်မေဟာ အမေကြီး ညနေဘက်လူးဖို့ ကရမက်သွေးတယ်။ ဒီ့နောက် အမေကြီးကို ရေချိုးပေး။ သွေးထားတဲ့ ကရမက်တွေ ကို အမေကြီးကို ခြေဆုံးခေါင်းဆုံး လူးပေးပြီး အမေကြီးနဲ့ သူတို့ရဲ့ ဖွပ်စရာရှိတဲ့ အဝတ်တွေ ကို ဖွပ်ပါတယ်။ ပြီးတော့ ညီအစ်မနှစ် ယောက် ရေမိုးချိုး သနပ်ခါးလူးကြပြီး အမေကြီးကို အရင် ထမင်းကျွေးတယ်။ ပြီးတော့မှ သူတို့စားကြတယ်။ ထမင်းစားပြီးတဲ့နောက် ခပ်စောစောက ပြောခဲ့တဲ့အတိုင်း ညအိပ်တဲ့အထိ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဟာ တစ်ခုပြီးတစ်ခု ဆက်သွားတာပါပဲ။
အဲဒီ လိုနေလာလိုက်ကြတာ သုံးလကြာတဲ့အခါ အရင်းအနှီးအတွက် ပေါင်ထား ရတဲ့ ဆွဲကြိုးကလေးကို ပြန်ရွေးနိုင်ပါတယ်။ ဆွဲကြိုးကလေး လက်ထဲ ပြန်ရောက်လာ တဲ့အခါ ဆွဲကြိုးကိုင်ကြည့်ရင်း မခင်မေဟာ ဆွဲကြိုး လုပ်ပေးတဲ့ သူ့ဖေဖေကို ပြေးပြီး သတိရနေပါတယ်။ အဲဒီ လို သတိရပြီးတဲ့နောက်မှ ဖေဖေလုပ်ပေးတဲ့ ဆွဲကြိုးကလေးရေ၊ နောင်တော့ဖြင့် ညည်းနဲ့ ငါဟာ ငါသေမှပဲ ခွဲပါတော့မယ်ကွယ်လို့ မခင်မေဟာ ရွှေကြိုး ကလေးကိုကြည့်ရင်း စိတ်ထဲက တလိုက်မိပါတယ်။
တစ်နေ့မှာ ညီအစ်မနှစ် ယောက် ဆိုင်ထွက်ပြီး ပြန်လာတဲ့အခါ ပက်လက်ကုလား ထိုင်ပေါ်ထိုင်နေတဲ့ သူ့အမေရဲ့ ခြေရင်း ကြမ်းပေါ်မှာ ထိုင်ပြီး သူ့အမေနဲ့ စကားပြောနေတဲ့ အသက်လေးဆယ်ခန့်ရှိတဲ့ လူ တစ်ယောက် ကို မခင်မေနဲ့ မတင်မေတို့ဟာ တွေ့ ရပါတယ်။ သူတို့လဲ ခါတိုင်းဝဋ်ပြုနေကျအတိုင်း ပြုကြဖို့ အမေကြီးအနားမှာ လာထိုင်ကြပါတယ်။ အမေကြီးကပဲ စပြီး 'သမီးတို့ သူ့ကို သိသလား'လို့ လူသစ်ကို လက်ညှိုးနဲ့ထိုးပြပြီး မေးပါတယ်။ 'မသိဘူးမေမေ'လို့ သမီးတွေ က ပြန်ပြောတဲ့အခါ 'ညည်းတို့ ဘယ်မှတ်မိမလဲ၊ ဖိုးအေး ထောင်ကျသွားတော့ မခင်မေဟာ နှစ် နှစ် သမီးတောင် မပြည့်သေးဘူး၊ မယ်တင်မေ မွေးတောင် မမွေးသေးဘူး'လို့ အမေကြီးကပြောပြလို့ ဖိုးအေးဆိုတဲ့နာမည် ကို ကြားတဲ့အခါကျတော့မှ လူသတ်မှု တစ်ခုနဲ့ တစ်သက်တစ်ကျွန်းကျသွားတဲ့ သူ့အမေ့ မောင်အငယ်ဆုံး၊ သူတို့ရဲ့ ဦးလေး ဦးဖိုးအေးဆိုတာ သူတို့သိကြပါတယ်။ ဖိုးအေးဟာ အသက်နှစ် ဆယ်လောက်တုန်းက သူ့ရည်းစားစိန်ခင်ကို လက်ဆွဲပြီး လူပျိုစကားပြောတဲ့ မောင်ကြီးကို ဓားနဲ့ထိုးလိုက်တာ ပွဲချင်းပြီး သေသွားတယ်။ အဲဒီ အတွက် တစ်သက်တစ် ကျွန်းကျတယ်။ တစ်ကျွန်းရောက်ပြန်တော့လဲ ရိုက်မှု ၊ ခုတ်မှု တွေ ထပ် ဖြစ်တာနဲ့ တစ်ကျွန်းမှာ ချည်းပဲ ဆယ့်ရှစ်နှစ် လောက် ကြာသွားတယ်။ ခုမှ လွတ်လာတော့တာပဲ။
မခင်မေနဲ့ မတင်မေတို့ဟာ ဦးလေးဖိုးအေးနဲ့ ဝမ်းမြောက်ဝမ်းသာ စကားပြော။ အမေကြီးကို နေ့စဉ်ပြုနေကျ ဝတ်အတိုင်း ပြုစုမေးမြန်းပြီး သူတို့ နေ့စဉ်လုပ်နေကျ အလုပ်တွေ ကို လုပ်ဖို့ ထသွားကြပါတယ်။ မခင်မေဟာ ညောင်ရေအိုးကို လဲနေရင်း သူ့ဦးလေးရောက်လာတာကို တွေးပြီး လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေပါတယ်။ သူဝမ်းသာ စရာအကြောင်း နှစ် ကြောင်းကို သူတွေးမိတယ်။ သူဝမ်းသာတဲ့ ပထမအကြောင်း ကတော့ ဒီလို။ သူ့ဖေဖေသေပြီးကတည်းက အိမ်မှာ မားမားမတ်မတ်ရပ်ဖို့ ယောက်ျားဆိုလို့ တစ်ယောက် မှ မရှိဘူး။ ဦးလေးအရင်း တစ်ယောက် ရောက်လာတယ်ဆိုတဲ့အတွက် မားမားမတ်မတ်ရပ်ဖို့ ယောက်ျား တစ်ယောက် ရတယ်။ အဲဒီ အတွက် သိပ်ဝမ်းသာတယ်။ သီလသမ္ပန္နော ဝိသာရဒေါ၊ သီလနဲ့ ပြည့်စုံတဲ့သူဟာ ရဲရင့်တယ်လို့ ဆိုတဲ့အတိုင်း မခင်မေလေးမှာ ကြောက်တတ်တဲ့စိတ် မရှိပါဘူး။
ဒါပေမယ့် လောကဓမ္မတာကို မခင်မေ ကောင်းကောင်း သဘောပေါက်တယ်။ လူတွေ မှာ များ သော အားဖြင့် မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သဘောတွေ ရှိပါတယ်။ မျက်နှာမရှိတဲ့လူ၊ ပစ္စည်းမရှိတဲ့လူ၊ အားမရှိတဲ့လူ၊ ဆွေမျိုး တောင့်တောင့်တင်းတင်း မရှိတဲ့ လူမျိုးကိုဆိုရင် လူတွေ ဟာ ဝိုင်းပြီး နှိပ်စက်ချင်ကြတယ်။ အဲဒီ တော့ သူတို့သားအမိ သုံးယောက် သာဆိုရင် တစ်နေ့မဟုတ် တစ်နေ့ မဟားတရားလုပ်ချင်တဲ့လူတွေ ၊ အနိုင်ကျင့် ချင်တဲ့လူတွေ ပေါ်လာနိုင်တယ်ဆိုတာ မခင်မေ ကောင်းကောင်းတွက်ထားပါတယ်။ သူ့ဦးလေးသာ ရောက်မလာဘူးဆိုရင် ဒီလို အနိုင်ကျင့်ချင်တဲ့ လူတွေ ၊ မဟားတရား လုပ်ချင်တဲ့လူတွေ ပေါ်လာတဲ့အခါမျိုးမှာ သူပဲ ရင်ဆိုင်ရမယ်ဆိုတာ မခင်မေ အမြဲတမ်း တွက်ထားပြီး အမြဲတမ်း သတိထားနေပါတယ်။ အခုလို ဦးလေးအရင်း ရောက်လာတဲ့ အတွက် ဝန်ထုပ်ကြီးတစ်ခု ကျသွားသလို ဖြစ်သွားတယ်။ သာမန်မိန်းကလေးမျိုးသာ ဆိုရင် တစ်ကျွန်းပြန်ရဲ့ တူမတွေ ဆိုပြီး တို့ကိုကြိုက်တဲ့လူမှ ရှိပါဦးမလား။ ကြိုက်ပြီး သားရှိနေပြန်ရင်လဲ တို့ရည်းစားတွေ က တို့ကိုများ ပစ်ပြေးသွားမလားလို့ တွေးကြမှာ ပေါ့။ မခင်မေက ဒီလို မတွေးဘူး။ သူ့မှာ တစ်ကျွန်းပြန်နဲ့ ဘုရားဒကာဟာ ခြားနားခြင်း မရှိဘူး။ မခင်မေရဲ့ သဘောအရဆိုရင် လူဆိုတာ ဆိုးတဲ့အခါ ဆိုးတာပဲ။ အဲဒီ လို ဆိုးပြီးရင် ဆက်တော့ ဆိုးမနေနဲ့။ ဆိုးတာဟာ မျက်မှော က်ဘဝအတွရော နောင်ဘဝ အတွက်ရော မကောင်းဘူးဆိုတာ သိအောင်လုပ်၊ အဲဒီ လိုလုပ်ပြီး နောင် မဆိုးအောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်း။ အဲဒါ မခင်မေရဲ့ သဘောပဲ။ အဲဒီ သဘောအရ တစ်ကျွန်းပြန် ဦးလေး ရောက်လာတဲ့အတွက် သူ့စိတ်မှာ ဘာမှ အနှောင့်အယှက် မရှိဘူး။ အနှောင့် အယှက် မရှိတဲ့အပြင် ပြောခဲ့တဲ့အတိုင်း ဝမ်းတောင်သာသေးတယ်။
မခင်မေ ဝမ်းသာတဲ့ ဒုတိယအကြောင်းကလဲ ဒီလို။ ဦးလေးတော် တစ်ယောက် ကို လုပ်ကျွေးဖို့ ခွင့်ရတဲ့အတွက် သူတို့တော့ ကုသိုလ်တွေ အများ ကြီးတိုးပြီး ရဦးတော့မှာ ပဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ မခင်မေဟာ လူကိုယ်တိုင်သာ ချစ်စရာကောင်းတာ မဟုတ်ဘူး။ သူ့အတွေးအခေါ်ကလေးတွေ ကလဲ ချစ်စရာကောင်းတယ်။ သာမန် မိန်းကလေး တစ်ယောက် ဆိုရင် ဒီလို ဘယ်တွေးနိုင်မလဲ၊ တို့ ဆင်းဆင်းရဲရဲ ကျပ်ကျပ် တည်းတည်း နေရတဲ့အထဲ စားမယ့်ပါးစပ်ပေါက် တိုးလာပြန်ပြီ။ ရှေ့လမှာ ပဒုမ္မာတစ် ထည်ချုပ်ဖို့ဟာ အခုလိုဆိုတော့ ချုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူးဆိုတဲ့ အတွေးမျိုးတွေ ကို တွေးမှာ ပေါ့။ မခင်မေ ကတော့ ပဒုမ္မာထက် ကုသိုလ်ကို ပိုပြီး လိုချင်တယ်။
ညနေထမင်းစားချိန်ရောက်တဲ့အခါ အမေကြီးနဲ့ ဦးလေးဖိုးအေးကို အရင် ပြင်ကျွေးတယ်။ ဦးလေးဖိုးအေးက လက်ဆေးပြီး ထမင်းစားတော့မယ်လုပ်ပြီးမှ ပန်းကန် ပြားနှစ် ချပ်ထဲ ပြင်တဲ့အတွက် 'ဟဲ့ နင်တို့ကော လာကြလေ'လို့ မခင်မေတို့ကို လှမ်းပြီးမေး ပါတယ်။ 'မေမေနဲ့ဦးလေး အရင်စားနှင့် ပါ'လို့ မခင်မေက ပြောတဲ့အခါ 'ငါလဲ နင်တို့နဲ့မှ အတူတူစားမယ်'ဆိုပြီး အိမ်ရှေ့ထွက် သွားပါတယ်။ မခင်မေက တစ်ခုခုပြောမလို့ 'ဦးလေး' လို့ ခေါ်လိုက်ပါသေးတယ်။ ဦးလေးဖိုးအေးက လှည့်မကြည့်ဘဲ 'ဟင် နင်တို့နဲ့မှ ငါ အတူတူစားမယ်'ဆိုပြီးထွက်မြဲ ထွက် သွားပါတယ်။ မတင်မေကလေးက သူ့အစ်မကြီးကို ကြည့်ပြီး အူတက်အောင် ရယ်ပါတယ်။ နောက်ပြီးတော့မှ 'မမကို စကားပြိုင်ပြောလို့ ဘယ်သူမှ နိုင်မှာ မဟုတ်ဘူး၊ နောက်ကို လုပ်ချင်တာရှိရင် ဦးလေးလို ဇွတ်လုပ်မှပဲရမယ်'လို့ ပြောပါတယ်။ မခင်မေကလဲ သူ့ညီမကလေးကို ကြည့်ပြီး ပြုံးနေပါတယ်။
ဦးလေးဖိုးအေးကလည်း အိမ်ရှေ့ထွက်ပြီး အကြံထုတ်နေတယ်။ ဒီတူမ ကလေးနှစ် ယောက် လက်သုပ်ဗန်းကြီးရွက်ပြီး ရှာကျွေးတာကို ထိုင်စားဖို့ သူ့အတွက် အများ ကြီးကျပ်နေပြီ။ တစ်ကျွန်းမှာ တတ်ခဲ့တဲ့ လက်မှု ပညာကလေးကိုပဲ ဝမ်းစာအတွက် အသုံးချရမလား၊ ဒီလိုမှမဟုတ်ရင်လဲ တစ်ယောက် ယောက် ဆီမှာ အလုပ်ကြမ်းတစ်ခုခု ဝင်လုပ်ရရင် ကောင်းမလား။ ဘာလုပ်ရမလဲဆိုတာ အိမ်ရှေ့မှာ ထိုင်ရင်း အကြံထုတ် နေပါတယ်။
နောက်တစ်နေ့ လက်သုပ်ဗန်းကြီးကို မခင်မေ ရွက်မလို့လုပ်တဲ့အခါ မရွက်ရဘူး၊ သူရွက်မယ်ဆိုပြီး ဦးလေးဖိုးအေးဟာ ဗန်းကြီးကို အတင်းဆွဲထားတယ်။ မခင်မေကလည်း သူ့ဦးလေးအကြောင်းကို ကောင်းကောင်းမသိသေးတာနဲ့ ဘာမှတော့ မပြောဘူး။ သူ့ဗန်းကိုသာ မြဲမြဲကိုင်ထားတယ်။ အဲဒီ တော့မှ အမေကြီးဒေါ်လှမေက ကြားဝင်ပြီး 'ဖိုးအေးရေ၊ မင်းလုပ်ဖို့အတွက် ငါဒီလိုစိတ်ကူးထားတယ်၊ ဗန်းကြီးလွှတ်လိုက်၊ ဗန်းကြီး လွှတ်လိုက်'လို့ ပြောတော့မှ ဗန်းကိုလွှတ်လိုက်ပြီး ဦးလေးဖိုးအေးဟာ သူ့အစ်မကြီးကို ကြည့်နေပါတယ်။ အဲဒီ အခါ ဒေါ်လှမေကဆက်ပြီး 'မင်းက အိမ်မှာ သုံးဖို့ ရေထမ်း၊ ထင်းခွဲထား၊ ညစာထမင်းအိုးတစ်လုံးကို တည်ပေး၊ ဒီလောက်ဆိုရင် မင်းအတွက် တော် ပြီ'လို့ ပြောပါတယ်။ 'ဒါတွေ လဲ လုပ်ပါ့မယ်၊ ဒီဗန်းကြီးကိုလဲ ရွက်ပါရစေမမရယ်၊ ဒီကောင်မကလေးတွေ ဒီလိုလုပ်နေတာကို မြင်ရတာ ကျွန်တော့်အသည်းထဲ ကျွဲဝင်ခတ် သလို ဖြစ်နေတယ်'လို့ ဦးလေးဖိုးအေးက ပြန်ပြောပါတယ်။ ဒေါ်လှမေကလဲ ဒီဗန်းကြီးကို ဦးလေးဖိုးအေးရွက်စေချင်တယ်။ ဒါပေမယ့် မခင်မေ ပြောလို့ရမှာ မဟုတ်ဘူးဆိုတာ သိတာနဲ့ 'ဖိုးအေးရေ၊ ငါပြောတာကိုသာ လုပ်ပါကွယ်'လို့ ထပ်ပြီး ပြောပါတယ်။ ကိုဖိုးအေးဟာသူ့အစ်မကြီးကိုတော့ ငယ်ငယ်က အရှိန်နဲ့ ကြောက်တုန်းပဲ ရှိသေးတယ်။ နောက်ထပ် ဘာမှ ပြန်မပြောဘဲ ဒေါ်လှမေအနားမှ လာထိုင်နေတယ်။
တူမလေးနှစ် ယောက် ထွက်သွားတော့မှ 'မမရယ်၊ ကိုကြီးခင်ဆုံးပြီး မမတို့ လက်ထဲမှာ တစ်ပြားမှ မကျန်တော့ဘူးလား'လို့ ကိုဖိုးအေးက မေးတယ်။ ဒေါ်လှမေက ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးကိုဖွာရင်း 'သူမမာလိုက်တာက ငွေအတော် ကုန်တယ်'လို့ ပြောပြီး ရပ်နေပါတယ်။ ဦးဖိုးခင်အတွက် ရက်လည်ဆွမ်းကျွေးပြီးတဲ့အခါ ငွေခုနစ်ျကပ်ခွဲသာ ကျန်တဲ့အတွက် မခင်မေရဲ့ ဆွဲကြိုးကလေးကိုပေါင်ပြီး နားမနေနိုင်ဘဲ အဖေကြီးကွယ်လွန် လို့ ရှစ်ရက်အကြာမှာ ဒီလက်သုပ်ဆိုင်ကလေး ထွက်ရတယ်ဆိုတဲ့အထိ မပြောသေးဘူး။ နောက်မှ တဖြည်းဖြည်းပြောတော့မယ်ဆိုပြီး အခုပြောခဲ့တာတွေ ကို ဒေါ်လှမေဟာ ခဏမြှုပ်ထားပါသေးတယ်။
ကိုဖိုးအေးလဲ တအောင့်လောက် သူ့အစ်မကြီးနဲ့ စကားပြောပြီး သူ့လက်ထဲမှာ အနည်းအကျဉ်း ရှိနေသေးတဲ့ ငွေကလေးနဲ့ ရေနံဆီပုံးလွတ်နှစ် လုံးနဲ့ဝါး၊ ဒေါ်လှမေသောက်ဖို့ ပြောင်းဖူးဖက်ဆေးလိပ်တွေ ကို ထွက်ဝယ်ပါတယ်။ ဝယ်ပြီးတဲ့နောက် သံပုံးဖောက်၊ ထမ်းပိုးလုပ်နဲ့ ညနေရေထမ်းမီအောင် အတင်း ဒုန်းစိုင်းပြီးလုပ်နေပါတယ်။ ညနေ ရေထမ်းတဲ့အခါ တူမတွေ ရဲ့ ချိုးရေအိုးထဲပါ ထမ်းထည့်တာပဲ။ မခင်မေကလဲ သူတို့ရဲ့ ချိုးအိုးထဲကို မထည့်ပါနဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ဦးလေးဖိုးအေးရောက်ခါစ နည်းနည်း စိမ်းနေသေးတဲ့အတွက် ချက်ချင်း မပြောသေးဘဲ နောင်တော့မှ တရားနဲ့ပြပြီး ပြောတော့မယ်လို့ ဆုံးဖြတ်ထားလိုက်ပါတယ်။
နောက် ဆယ့်ငါးရက်လောက်ကြာတဲ့အခါ ပင်လယ်ကို ငါးပိဝယ်သွားမယ့် လှေတစ်စင်းမှာ ဦးလေးဖိုးအေး အလုပ်ရလာပါတယ်။ ဒါပေမယ့် အစ်မကြီးကရော တူမတွေ ကရော အိမ်က တခြားသွားရတဲ့အလုပ်ဆိုရင် ဘယ်အလုပ်ကိုမှ မလုပ်ပါနဲ့လို့ ဝိုင်းပြီးတားတဲ့အတွက် အဲဒီ လိုအလုပ်ကို လက်လွှတ်လိုက်ရတယ်။ အဲဒီ လို သားအမိ တူအရီးလေးယောက် နေလိုက်တာ ခြောက်လလောက် ကြာသွားတယ်။ အဲဒီ အတွင်း တူမကြီးမခင်မေရဲ့ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံတွေ ကိုကြည့်ပြီး ဦးလေးဖိုးအေးဟာ အတော် ကြည်ညိုလာတယ်။ အဲဒီ ကြည်ညိုတဲ့ အချိန်ကစပြီး ဦးဖိုးအေးလဲ ရောက်ခါစလို ကြွပ်ဆတ်ဆတ် မဟုတ်တော့ဘူး။ မခင်မေပြောရင် တစ်စတစ်စ နားထောင်လာတယ်။ အဲဒီ အခါ အချိန်ကောင်းပဲဆိုပြီး တူမတွေ ရဲ့ ချိုးရေအိုးထဲကို ရေထမ်းမထည့်ဖို့ မခင်မေက ဦးလေးဖိုးအေးကို မေတ္တာရပ်ပါတယ်။ ဦးလေးဖိုးအေးဟာ အရင်တုန်းကလို မျက်မှော င်ကြီးကုပ်ပြီး အော်ငေါက်မပစ်တော့ဘူး။ ဒီလိုပြန်ပြောတယ်။ 'မခင်မေ၊ နင်ဟာ ငါ့အစ်မ သမီးမို့ ငါ့တူမဆိုပေမယ့် ငါ့ကို ဘုရားနဲ့ တရားနဲ့ ဖြစ်နေအောင် နင် ဆုံးမ ပေးတာပဲ၊ အခု ဂုဏ်တော် ကိုးပါးကိုလဲ ပုတီးတစ်ပတ် မစိပ်ရရင် အိပ်လို့ကိုမရဘူး၊ အဲဒါ နင်ဆုံးမလို့ပဲ၊ ဒီမယ်ခင်မေ၊ ဒီတော့ နင်ဟာ ငါ့တူမဆိုပေမယ့် ငါ့ဆရာ ဖြစ်နေပြီ၊ ဆရာချိုးဖို့ ငါ ရေထမ်းပေးတာပဲ၊ ကိစ္စမရှိဘူး'လို့ ဦးလေးဖိုးအေးက ပြောတယ်။ ။
ဝန်ကြီးချုပ် ဦးနု နှင့် စကားကြီး သုံးခွန်း | တပည့်များ | မိတ္တဗလဋီကာ |