လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
ယခုဝတ္ထုသည် အမေရိကန် စာရေးဆရာ အီးရစ် ဆီဂယ်၏ ဝတ္ထုကို မြန်မာပြန်ထားခြင်း ဖြစ်သည်။ အီရစ် ဆီဂယ်သည် အချစ် ဝတ္ထု (Love Story) ဟူသော စာအုပ်ဖြင့် နာမည်ကြီးလာသူ ဖြစ်ပြီးနောက်ပိုင်းတွင် အော်လီဗာစ် စတိုရီ (Oliver”s Story)၊ ထို့နောက်တွင် ယောက်ျား၊ မိန်းမနှင့် ကလေး (Man, Woman and Child) စသည့်ဝတ္ထုများ ဖြင့် ထင်ရှားလာခဲ့ပြန်သည်။
ယခု ဝတ္ထုမှာ ၁၉၈၅ခုနှစ်တွင် ထုတ်ဝေခဲ့သော ဝတ္ထုဖြစ်သည်။ ဝတ္ထု၏ နောက်ခံသည် ၁၉၅၄ - ၅၈ ခုနှစ် ဟားဗတ်တက္ကသိုလ် နောက်ခံဖြစ်သည်။ သူနှင့် တစ်တန်းတည်း စာသင်ခဲ့ရသော သူငယ်ချင်း လေးဦးတို့ ဘွဲ့နှင်းသဘင် ယူပြီး ၂၅နှစ်အကြာ ငွေရတုသဘင်တွင် ပြန်၍ ဆုံရပုံ၊ ထို ၂၅နှစ်အတွင်း ဖြတ်သန်းခဲ့ရသော သူတို့ ဘဝခရီးတို့ကို ရေးသားထားသည့် ဝတ္ထုဖြစ်သည်။
ကမ္ဘာတွင် ထင်ရှားသည့် တက္ကသိုလ်ကြီးများ သည် တဲကုပ်မှ အစပြုခဲ့ ရခြင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၂ဝခုနှစ် မတိုင်မီတုန်းက သစ်သားနှစ်ထပ် ကျောင်းကလေးဖြင့် အစပြုခဲ့သည်။ ၁၉၂ဝခုနှစ်တွင်မှ အင်းလျားကန်ဘေးရှိ တက္ကသိုလ် ပရိဝုဏ်ကြီးကို တည်ဆောက်ကာ အရှေ့တောင် အာရှတွင် ဂုဏ်ယူနိုင်သည့် တက္ကသိုလ်ကြီး တစ်ခု အဖြစ်သို့ တဖြည်းဖြည်း ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုနောက်တွင်မူ ရန်ကုန်တက္ကသိုလ်သည် သားသမီး ရတနာ များ စွာ ကို မွေးထုတ် ပေးခဲ့သည်။ အမိတက္ကသိုလ်မှ မွေးထုတ် ပေးလိုက်သော သားသမီး များ ထဲမှ နိုင်ငံရေးခေါင်းဆောင်၊ အုပ်ချုပ်ရေး ခေါင်းဆောင်၊ သိပ္ပံပညာရှင်၊ ဆေးဘက်ပါရဂူ၊ ပညာရေး ပါရဂူ၊ ဥပဒေ ပညာရှင်၊ စာပေ ပညာရှင်တွေ ပေါ်ထွက်လာခဲ့ကြသည်။
သူတို့သည် တစ်ခါက အမိတက္ကသိုလ်၏ ကံ့ကော်တောတွင် ရီဝေကြည်မောခဲ့ကြဖူးသည်။ ကံ့ကော်နံ့ကို ရှူရင်း ရင်ခုန်ခဲ့ကြဖူးသည်။ ရေတမာပင် အောက်က အုတ်တံတားပေါင်တွင် ထိုင်ရင်း ရွက်ဟောင်းတို့ ကြွေစပြုသော သစ်ပုပ်ပင်ကြီးကို မျှော်ငေးခဲ့ကြဖူးသည်။ အင်းလျားဆောင် ရှေ့မှ ကံ့ကော်ရိပ်တွင် ရပ်ရင်း အင်းလျားသူတို့ မျက်လုံး အဝင့်တွင် ရင်ခုန်ခဲ့ကြဖူးသည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၉ဝ ခုနှစ်တွင် သက်တမ်း ၇ဝပြည့်ပြီ ဖြစ်သည်။ စာရေးဆရာများ သည် ကံ့ကော်တောကို နောက်ခံထားသည့် ဝတ္ထုများ ကို အများ အပြား ရေးခဲ့ကြပြီ။ နောင်တွင်လည်း ရေးနေကြပေလိမ့်ဦးမည်။ ကံ့ကော်တော နောက်ခံ ဝတ္ထုများ သည် နောင်တွင်လည်း ဖတ်၍ ကောင်းနေပေလိမ့်မည်။ သူတို့ဆီတွင်ကော။
သူတို့ဆီတွင်လည်း တက္ကသိုလ်နောက်ခံ ဝတ္ထုများ ပေါ်ခဲ့သည်။ သူတို့မှာ ကျွန်တော်တို့လို ကံ့ကော်ပင်တွေ မရှိ။ ထိုကြောင့် သူတို့ တက္ကသိုလ် ပရိဝုဏ်သည် ကျွန်တော်တို့ တက္ကသိုလ် ပရိဝုဏ်လို ကံ့ကော်နံ့ သင်းထုံးခြင်း မရှိ။ သို့ရာတွင် သူတို့ တက္ကသိုလ်များ တွင် တိုက်ကပ်ပန်းနွယ်တစ်မျိုးဖြစ်သော အိုင်ဗီနွယ်ပင်တွေ ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့တက္ကသိုလ်ကို ကံ့ကော်တောဟု ခေါ်သည့်နည်းတူ သူတို့ တက္ကသိုလ်များ ကိုလည်း အိုင်ဗီလိဂ် တက္ကသိုလ်များ ၊ အိုင်ဗီ ပန်းနွယ်တော တက္ကသိုလ်များ ဟု ခေါ်လေ့ရှိကြသည်။ ယခုဝတ္ထုသည် အိုင်ဗီ ပန်းနွယ်တော တက္ကသိုလ်ဖြစ်သည့် ဟားဗတ် တက္ကသိုလ်နောက်ခံ ဝတ္ထုတစ်ပုဒ် ဖြစ်သည်။
ကျွန်တော်တို့ တက္ကသိုလ်သည် တဲပုတ်မှ စခဲ့သည့်နည်းတူ ဟားဗတ် တက္ကသိုလ်သည်လည်း လက်တဲကလေး တစ်ခုမှ အစပြုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၅ဝ ကျော်လောက်က (၁၉၈၆ ခုနှစ်က အနှစ် သုံးရာ့ ငါးဆယ် ပြည့်ခဲ့သည်။) ခရစ်ယာန်တရားဟောဆရာ ဂျွန်ဟားဗတ်သည် ထို တက္ကသိုလ်သို့ စာအုပ် ၄ဝဝ နှင့် သူ့မြေကလေး တစ်ကွက်ကို လှူဒါန်းခဲ့သည်။ အိုဗာစီယာများ က သူ့မြေကို ခြောက်ပေ မြင့်သည့် ခြံစည်းရိုး ကလေးတစ်ခုခတ်ပြီး သစ်တော်ပင် အပင် ၃ဝ စိုက်သည်။ ထိုသို့ ဖြင့် ဟားဗတ်တက္ကသိုလ် ကမ္ဘာတွင် ထင်ရှားသည့် တက္ကသိုလ်ကြီး အဖြစ်သို့ တဖြည်းဖြည်း ရောက်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်တွင် ဟားဗတ်တက္ကသိုလ်သည် အဆင့်အတန်း မြင့်သည့် တက္ကသိုလ်ကြီးဖြစ်လာခဲ့သည်။ ထိုစဉ်က အဓိပတိမှာ ချားလ်စ် ဝီလျံ အဲလီယော့ ဖြစ်သည်။ အဲလီယော့ အဓိပတိ ဖြစ်သည့်နောက်ပိုင်းမှ စ၍ ဟားဗတ်သည် လျင်မြန်စွာ တိုးတက် ပြောင်းလဲလာခဲ့သည်။
ယခုဝတ္ထုတွင် ပါဝင်သည့် ဇာတ်ဆောင်တစ်ဦးမှာ တက္ကသိုလ် အဓိပတိ ဖြစ်ခဲ့ဖူးသည့် အဲလီယော့၏ အဆက် အနွယ် တစ်ဦးဖြစ်သူ အင်ဒရူး အဲလီယော့ ဆိုသူဖြစ်ပြီး သူ၏ မှတ်တမ်းဟန်ဖြင့် ရေးထားသော ဝတ္ထုဖြစ်သည်။ ယခုဝတ္ထုမှ ဇာတ်ဆောင်တစ်ဦးဖြစ်သူ အင်ဒရူး အဲလီယော့သည် ၁၉၅၄ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ (လေးနှစ် သင်တန်းပြီး ဘွဲ့ယူသည့် နှစ်ကို တွက်သဖြင့် သူတို့အသုတ်ကို ကျွန်တော်တို့ ခေါ်သလို ၁၉၅၄ခုနှစ် အတန်းဟု မခေါ်ဘဲ Class of “58 ၁၉၅၈ ခုနှစ် အတန်းဟု ခေါ်သည်။)
ယခုဝတ္ထုတွင် ဟားဗတ်တက္ကသိုလ်တွင် ကျောင်းတက်ခဲ့ကြပုံ၊ ထိုကျောင်းမှ ဆင်းပြီး ကွဲကွာသွားကြပုံ၊ ၁၉၅၈ အတန်း၏ ငွေရတုသဘင်တွင် ပြန်တွေ့ကြပုံတို့ကို ရေးထားသည်။ ကံ့ကော်တောနောက်ခံ ကျွန်တော်တို့ဝတ္ထုများ နှင့် သူတို့ တက္ကသိုလ်များ ၏ အိုင်ဗီ ပန်းနွယ်တော နောက်ခံ ဝတ္ထုများ ကို နှိုင်းယှဉ် ဖတ်စေလိုသဖြင့် ယခု ဝတ္ထုကို မြန်မာပြန်ရခြင်းဖြစ်ပါသည်။
မြသန်းတင့်
အင်ဒရူး အဲလီယော့၏ နေ့စဉ်မှတ်တမ်း - မေ ၁၂၊ ၁၉၈၃။
နောက်လဆိုရင် ဟားဗတ်တက္ကသိုလ်ကို ငါနှင့် တစ်နှစ်တည်းရောက်တဲ့ အတန်းသားတွေရဲ့ ၂၅ကြိမ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲ ကျင်းပတော့မယ်။ ဒီမိတ်ဆုံပွဲ တက်ရမှာ ကို ငါ သေမလောက် ကြောက်တယ်။ ကျော်ကြားမှု လမ်းမပေါ်မှာ လျှောက်နေကြတဲ့ အောင်မြင်တဲ့ ငါ့အတန်းသား တွေနှင့် မျက်နှာချင်းဆိုင်ရမှာ ကို ငါကြောက်နေတယ်။ ဆံပင်ဖြူ ကျိုးတိုးကျဲတဲက လွဲရင် အောင်မြင်မှု ဆိုလို့ ငါ့ဘဝမှာ ဘာမှပြစရာ မရှိပါလား။
ဒီနေ့တင်ပဲ အဖုံးနီနီ ဖုံးထားတဲ့ စာအုပ်ထူထူကြီး တစ်အုပ် ငါ့ဆီရောက်လာတယ်။ တက္ကသိုလ်ကို ငါတို့ရောက်တဲ့ ၁၉၅၈ခုနှစ်က အတန်းသားတွေရဲ့ အောင်မြင်မှု ကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ကြီး။ အဲဒီ စာအုပ်ကြီးကို မြင်ရတော့ ငါ့ဆုံးရှုံးမှု တွေကို ပိုပြီး သတိရတယ်။ မနေ့ညက သန်းခေါင်ကျော်သည် အထိ ငါနှင့် အတန်းတူ တက္ကသိုလ်မှာ တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေကို လျှောက်ကြည့်တယ်။ တချို့ လွှတ်တော် အမတ်တွေ၊ တချို့က ဘုရင်ခံတွေ၊ တချို့က ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီးတွေနှင့် ထိပ်တန်း ဆေးပညာ ပါရဂူကြီးတွေ။ သူတို့ အထဲက တစ်ယောက်ယောက်ဟာ တစ်နေ့မှာ စတော့ဟုမ်းက စင့်မြင့်ပေါ်မှာ နိုဘယ်ဆု မရဘူးလို့ ဘယ်သူပြောနိုင် သလဲ။ တစ်နေ့မှာ အိမ်ဖြူတော် မြက်ခင်းပေါ်ကို မရောက်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ အံ့သြစရာကောင်းတာ တစ်ချက် ရှိသေးတယ်။ တချို့ သူငယ်ချင်းတွေဟာ ခုတိုင်သူတို့ရဲ့ ပထမအိမ်ထောင် တွေနှင့် မြဲနေကြတုန်းပါကလား။
သူတို့အထဲက သိပ်အောင်မြင် ကျော်ကြားတဲ့သူ တချို့ဆိုရင် ငါနှင့်တော်တော်ကို ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ။ တစ်ခါတုန်းက သစ်သီးကိတ်မုန့်လို ပျော့စိစိဖြစ်နေတဲ့ သူလို့ ငါထင်ခဲ့တဲ့ ငါ့ အခန်းဖော်ဆိုရင် မကြာခင်မှာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တော့မယ်ကောင်။ ဟားဗတ်တက္ကသိုလ် အဓိပတိ ဖြစ်တော့မယ့်သူဆိုရင် ငါ့ဆီက မကြာခဏ အဝတ်အစား ငှားဝတ်ခဲ့တဲ့ကောင်။ ကျောင်းတုန်းက ငါတို့ စာရင်းထဲကိုတောင် မထည့်ခဲ့တဲ့ ကောင်ဆိုရင် ဒီခေတ်မှာ အကျော်ကြားဆုံး ဂီတပညာရှင်ကြီး။
သူတို့အထဲက သတ္တိအကောင်းဆုံး လူတစ်ယောက်ကတော့ သူ့ယုံကြည်ချက် အတွက် အသက်ပေး သွားခဲ့တယ်။ သူ့ရဲ့ သူရဲကောင်း စိတ်ဓါတ်ကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်ရှက်မိတယ်။
ငါကတော့ ငါ့အမျိုးထဲမှာ ဟားဗတ်တက္ကသိုလ်ကို နောက်ဆုံး ရောက်ခဲ့တဲ့ကောင်။ ငါ့ဘိုးဘေးတွေ အားလုံးဟာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။ ဘာကြာသေးလို့လဲ။ ငါ့ အစ်ကိုတော် တစ်ဝမ်းကွဲဆိုရင် ၁၉၄၈ခုနှစ်ကတင် နိုဘယ်ဆု ရခဲ့သေးတယ် မဟုတ်လား။
ဒါပေမယ့် တောက်ပတဲ့ ငါ့ဆွေစဉ် မျိုးဆက်ရဲ့ အစဉ်အလာဟာ ငါ့လက်ထက် ရောက်တော့ မှေးမိန်သွားပြီလေ။ ငါ့အဘေး ဂျားရက် အဲလီယော့ (၂၇ဝ၃ ခု ဟားဗတ်တက္ကသိုလ်ထွက်) ဟာ အမေရိကန်ပြည်ထောင်စုကို ပန်းသီး မျိုးစေ့ကို ပထမဆုံး ယူဆောင်စိုက်ပျိုးခဲ့သူဖြစ်တယ်။ ယခုတော့ ငါဟာ ငါ့အဘေးရဲ့ ခြေရာကိုတောင် မဆက်ခံ နိုင်တော့ပါကလား။
ဘာပဲပြောပြော ငါဟာ ငါ့ဘိုးဘေးများ ရဲ့ အစဉ်အလာ တစ်ခုကိုတော့ ဆက်ခံနေပါသေးတယ်။ ငါ့အဘိုး၊ အဘေးတွေဟာ မှတ်တမ်းရေးသူတွေ ဖြစ်တယ်။ ငါနှင့်နာမည်တူ ငါ့အဘေး တစ်ယောက်ဖြစ်တဲ့ သိက္ခာရ ဆရာတော် အင်ဒရူး အဲလီယော့ (၁၈၃၇ ဟားဗတ်တက္ကသိုလ်ထွက်)ဟာ ဘုန်းကြီးလုပ်နေရင်း မှတ်တမ်းတွေ ရေးခဲ့တယ်။
အမေရိကန် လွတ်လပ်ရေး စစ်ပွဲတုန်းက ဘော်စတန်ကို ဝိုင်းတော့ သူတွေ့ခဲ့ မြင်ခဲ့ရတာ တွေကို ရေးသွားခဲ့တယ်။
သူ့သားကျတော့လည်း တရားဟောဆရာ ဆက်လုပ်ပြီး သူ့ကလောင်နှင့် အမေရိကန် ပြည်ထောင်စု သမ္မတနိုင်ငံတော် တည်ထောင်စက အောင်မြင်မှု တွေကို မှတ်တမ်းတင်ခဲ့တယ်။
အမှန်ကတော့ သူတို့နှင့် ငါနှင့်မနှိုင်းယှဉ်သာပါဘူး။ ဒါပေမယ့် ငါ့တစ်သက် မှာ တော့ မှတ်တမ်းတွေ ရေးသွားရမှာ ပဲ။ ငါ ဆက်ခံနိုင်တဲ့ အမွေဆိုလို့ ဒါပဲ ရှိတော့တယ် မဟုတ်လား။ ငါဟာ သမိုင်းကို ဖန်တီးရာမှာ မပါသည့်တိုင် ငါဖြတ်သန်းခဲ့ရတဲ့ သမိုင်းကိုတော့ ရေးရမှာ ပဲ။
ခုတော့ ငါသေမလောက်ကြောက်နေတုန်းပဲ။
**************************************
သူတို့သည် အုပ်ထဲကို နောက်ထပ်ရောက်လာသည့် ပြိုင်ဘက်များ လို တစ်ဦးကို တစ်ဦး လှမ်းကြည့် နေကြသည်။ သို့ ရာတွင် ယခု သူတို့ ရောက်သည့် စုံတောမြိုင်ထဲတွင်မူ တကယ့် အန္တရာယ်သည် မည်သည့် နေရာတွင် ခိုအောင်းနေသည်ကို သူတို့မသိ။
ထိုနေ့သည် ၁၉၅၄ခု စက်တင်ဘာလ ၂ဝရက် တနင်္လာနေ့ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဉာဏ်အကောင်းဆုံး၊ အတော်ဆုံးသော လူငယ်တစ်ထောင့် တစ်ရာ ခြောက်ဆယ့် နှစ်ယောက်တို့သည် အောက်မေ့ဖွယ် ခန်းမဟု ခေါ်သော ဝိတိုရိယခေတ် ဂိုးသစ်ပုံစံ အဆောက်အအုံကြီးထဲတွင် တန်းစီ ရပ်နေကြသည်။ ၁၉၅၈ ခုနှစ် ဟားဗတ် တက္ကသိုလ် ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့် မှတ်ပုံတင်ရန် ဖြစ်သည်။
ကျောင်းသားသစ်များ အားလုံးသည် ထင်ရှားသူတွေချည်းဖြစ်သည်။ သူတို့သည် မွေးကတည်းက မီးမောင်းမှ မီးရောင်ထဲတွင် မွေးဖွားလာခဲ့ကြသူများ ဖြစ်သည်။
သူတို့အထဲတွင် ဒင်နီယယ် ရော့ဆီ၊ ဂျေဆန် ဂီးလ်ဗတ်၊ သီယိုဒို လင်းဗရိုစ်နှင့် အင်ဒရူး အဲလီယော့တို့လည်း ပါသည်။ သူတို့လေးဦးနှင့် အခြား ကမ္ဘာလောကတွင် ရှိနေသေးသည့် ပဉ္စမမြောက် တစ်ဦးတို့သည် ဤဝတ္ထု၏ ဇာတ်ဆောင်များ ဖြစ်သတည်း။
ဒင်နီယယ် ရော့ဆီ
ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ ဒင်နီတွင် တစ်ခုတည်းသော ပြင်းပြသည့် မျှော်မှန်းချက် တစ်ခုသာ ရှိ၏ ။ ယင်းမှာ သူ့အဖေ စိတ်တိုင်းကျ နေရန်ဖြစ်သည်။
သို့ ရာတွင် တစ်ခုတည်းသော စိုးရိမ်မှု သာ ရှိ၏ ။ ယင်းမှာ သူ့အဖေ စိတ်တိုင်းကျအောင် မနေတတ်ခြင်းသာ ဖြစ်၏ ။
သူ့အဖေ ဒေါက်တာ ရော့ဆီက သူ့အား စိတ်တိုင်းမကျ ဖြစ်ခြင်းမှာ လုံလောက်သော အကြောင်းရှိသည်ဟု သူထင်သည်။ သူ့အစ်ကို ဖရင့်သည် ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုလုံးတွင် နာမည်အကျော်ဆုံး နောက်တန်း ဘောသမား။ သူက ပိန်ချည့်ချည့်၊ အားကစား ဆို၍ ဘာမျှ ဝါသနာ မပါသူ။ အဖေသည် ဘောသမား သားကြီးကို ဂရုစိုက်နေသည့်အတွက် သားငယ်ဖြစ်သည့် သူ့အပေါ်တွင် ဂရုစိုက်ချိန် ကောင်းကောင်း မရ။
ဒင်နီသည် သူ့အစ်ကို ဖရင့်လို မဟုတ်။ အတန်းထဲတွင် စာတော်သည်။ အဖေသည် သူ့ကို အထင်ကြီးဟန် မပြ။ သူ့အစ်ကို ဖရင့်သည် အရပ်ခြောက်ပေ နှစ်လက်မရှိပြီး သူ့ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်သည်။ ဘောလုံးကွင်းထဲသို့ သူ ဆင်းလာလျှင် ပရိသတ် အပေါင်းက မတ်မတ်ထ၍ သောင်းသောင်းဖြဖြ လက်ခုပ်သြဘာ ပေးခံရသူဖြစ်သည်။
ဆံပင်နီနီ၊ မျက်မှန်လက်လက်နှင့် ဒင်နီသည် ထိုသို့ သော ဘြဘာလက်ခုပ် သံများ နှင့် ဘာမျှမဆိုင်။ ဒင်နီသည် ထူးခြားသည့် စန္ဒရားသမား တစ်ယောက်ဖြစ်သည်။ သူ့အမေကလည်း ထိုအတိုင်းပင်ပြောသည်။ ထူးခြားပုံမှာ အရွယ်နှင့် မလိုက်။ တခြားမိဘများ ဆိုလျှင် သူတို့သားအတွက် များ စွာ ဂုဏ်ယူကြပေလိမ့်မည်။ သို့ရာတွင် ဒေါက်တာ ရော့ဆီကား သူ့သားငယ် ပရိသတ်ထဲတွင် စန္ဒရား တီးတော့မည်ဆိုလျှင် တစ်ခါမျှ နားထောင်လေ့ မရှိ။
ဤတွင် ဒင်နီသည် သူ့အစ်ကိုကို မနာလိုဝန်တို ဖြစ်သည်။ ထို့နောက် ဒေါသထွက်သည်။ တဖြည်းဖြည်းနှင့် အမုန်းကြီး မုန်းလာသည်။ ဖရင့်သည် နတ်ဘုရားမဟုတ်။ သူလို ကိုယ်လို လူသား။ တစ်နေ့တွင် သူ့အဖေသည် သူ့ကိုလည်း အသိအမှတ် ပြုလာရမည်။
သို့ရာတွင် ၁၉၅ဝခုနှစ်၌ တိုက်လေယာဉ်မှူး တစ်ဦးဖြစ်သူ ဖရင့်သည် ကိုရီးယား စစ်ပွဲတွင် ပစ်ချခံရသည်။ ဒင်နီ၏ မနာလို ဝန်တိုမှု သည် ပျောက်သွား၏ ။ သူ့အစ်ကိုအပေါ်တွင် မုန်းခဲ့မိသည့်အတွက် သူ စိတ်မကောင်းဖြစ်သည်။ ထို့နောက် သံဝေဂရသည်။ သူ့တွင်လည်း တာဝန်ရှိသည်ဟု သူထင်သည်။ သူသည် သူ့အစ်ကို သေအောင် ဆုတောင်းခဲ့မိသည့်နှယ်။
ကျောင်း အားကစားကွင်းကြီးကို ဖရင့်အမည်သို့ ဂုဏ်ပြု၍ အမည်ပြောင်းသည့် အခမ်းအနား၌ သူ့အဖေသည် စိတ်မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုသည်။ ဒင်နီသည် သူ ချစ်သည့် အဖေကို ဝမ်းပန်းတနည်းဖြင့် ကြည့်၏ ။ အဖေ နှစ်သိမ့်မှု ရအောင် သူကြိုးစားမည်ဟု ဆုံးဖြတ်သည်။ သို့ရာတွင် သူ့အဖေ ကျေနပ်အောင် သူ မည်သို့ လုပ်ရမည်နည်း။
သူ့အဖေသည် ဒင်နီစန္ဒရားကျင့်သံကို ကြားလျှင် စိတ်ဆိုးသည်။ သွားဆရာဝန် တစ်ယောက်ဖြစ်သော ဒေါက်တာ ရော့ဆီအဖို့ လွန်များ တဒီးဒီး မြည်သံကြောင့် နာငြီးလှပြီ။ ထို့ကြောင့် ဒေါက်တာ ရော့ဆီသည် သူ့သားငယ် စန္ဒာရားကျင့်ရန် မြေတိုက်ခန်းထဲတွင် ဖော့တွေ တပ်ထားသည့် အလုံခန်းတစ်ခန်း ဆောက်ပေးသည်။
အဖေသည် သူ့ကိုအလိုလိုက်သည့် အနေဖြင့် ထိုအခန်းကို ဆောက်ပေးခြင်း မဟုတ်ကြောင်း ဒင်နီသိသည်။ အဖေသည် သူ့ကို မြင်လည်း မမြင်ချင်၊ သူ့လက်သံကို ကြားလည်း မကြားချင်သောကြောင့် အလုံခန်း ဆောက်ပေးခြင်းသာ ဖြစ်သည်။
သို့ တိုင်အောင် ဒင်နီသည် သူ့အဖေ အချစ်ကို ခံချင်သည်။ ထိုသို့ အချစ်ခံရအောင်လည်း ကြိုးစားမည်ဟု ပိုင်းဖြတ်သည်။ အဖေသည် အားကစားကို ဝါသနာပါသူဖြစ်သည့်အတွက် အားကစားလေ့ကျင့်ခန်း တစ်ခု လုပ်ရန် သူ ဆုံးဖြတ်သည်။
သူ့အသက်အရွယ်တွင် အကောင်းဆုံး အားကစားနည်းများ မှာ အပြေးလေ့ကျင့် သည့် လေ့ကျင့်ခန်း တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့် ဒင်နီသည် အပြေးအားကစား ဆရာတစ်ဦးထံသွား၍ နည်းနာယူသည်။
ယခုဆိုလျှင် ဒင်နီသည် မနက် ခြောက်နာရီ အိပ်ရာထ၊ အဝတ်အစားလဲ၊ အိမ်မှ ထွက်လာ၍ အပြေး လေ့ကျင့်သည်။ ပြေးစတွင် ခြေထောက်တွေ နာနေသည်။ သို့ ရာတွင် ကြိတ်မှိတ်ခံ၏ သူအပြေး ကျင့်ကြောင်းလည်း မည်သူ့ကိုမျှ မပြော။ သူ ထူးချွန်မှ အဖေ့ကို ပြလိုက်ဦးမည်ဟု အားခဲသည်။
နွေဦးပေါက် ရာသီ ပထမမဆုံးရက်တွင် အပြေးဆရာက သူ့ အဖွဲ့သားများ ၏ ကျန်းမာရေးကို စမ်းသပ်ရန် တစ်မိုင် အပြေးခိုင်းသည်။ တာ လေးပုံ သုံးပုံ အထိ ဒင်နီသည် ကျင့်သားရပြီး အပြေးသမားများ နှင့်အတူ လိုက်နိုင်သည်။
ထိုစဉ် သူ့အာခေါင်တွေ ခြောက်လာကာ ရင်ထဲတွင် မီးစကြီး ထိုးထားသလို ပူလာသည်။ ခြေကလည်း လေးလာ၏ ။ ကွင်းလင်ကောင်မှ ရပ်ကြည့်နေသည့် ဆရာက “ဒင်နီ ဆက်ပြေး ဆက်ပြေး၊ မရပ်နှင့်”ဟု လှမ်းအော်သည်။
ဒင်နီသည် အဖေ အထင်သေးခံရမည် စိုးသဖြင့် နောက်ဆုံးတာ တစ်စိတ်ကို ခြေကုန်သုတ်သည်။ ပန်းဝင်သည်နှင့် မြက်ခင်းပေါ်သို့ ပစ်လှဲချလိုက်၏ ။ အသက်ကို ကောင်းကောင်း မရှူနိုင်။ ဆရာက စံချိန်နာရီကို ကြည့်ရင်း သူ့ကို ငုံ့ကြည့်နေသည်။
“မဆိုးဘူးဟေ့၊ ငါတောင် အံ့သြသွားတယ်၊ ငါးမိနစ် လေ့းဆယ်ရှစ် စက္ကန့်နှင့် ရတယ်၊ ဆက်ကျင့်ရင် ဒီထက် မြန်မယ်၊ အမှန်ကတော့ တို့ပွဲတွေမှာ ငါးမိနစ်လောက်နှင့် ဝင်နိုင်ရင် စံချိန်ကျိုးနေပြီ၊ သွား အားကစားရုံသွားပြီး ဝတ်စုံနှင့် ဖိနပ် ထုတ်ချည်”
သူ့ ပန်းတိုင် ရောက်ခါနီး သည့်အတွက် ဒင်နီသည် ညနေ စန္ဒရားကျင့်သည့် အချိန်ကိုပင် ရပ်ထားကာ အပြေးကျင့်သည်။ နှစ်ဖာလုံ ကွင်းကို ဆယ်ခါ ဆယ့်ငါးခါလောက် ပတ်ကျင့်သည်။ တစ်ပတ် ပြေးပြီးတိုင်း မောလိုက်သည်မှာ ဆိုဖွယ် မရှိ။
သီတင်းပတ်ပေါင်းများ စွာ ကြာသည့်အခါ သူ့ကြိုးစားမှု ကို ဆုချသည့် အနေဖြင့် အပြေးဆရာက ဗယ်လီ အထက်တန်းကျောင်းနှင့် ပြိုင်သည့် အပြေးပြိုင်ပွဲတွင် သုံးမိုင် တာဝေးသမား အဖြစ် ရွေးသည်။
ဒင်နီသည် ထိုညတွင် သူ့အဖေကို ပြောပြ၏ ။ ဒင်နီက သူ ရှုံးနိုင်သည်ဟု ပြောသည့်တိုင် ဒေါက်တာ ရော့ဆီက ပြိုင်ပွဲ ဝင်ပြိုင်ရန် တိုက်တွန်းသည်။
ထို စနေနေ့ ညနေတွင် ဒင်နီသည် သူ့ ကလေးဘဝတွင် အပျော်ဆုံး သုံးမိနစ်ကို တွေ့ကြုံလိုက်ရ၏ ။
တာ အထွက်တွက် သူတို့တစ်တွေ တန်းစီပြီး တထိတ်ထိတ်နှင့် တာလွှတ်မည့် အချိန်ကို စောင့်နေစဉ် ဒင်နီသည် ရှေ့ဆုံးတန်းတွင် ထိုင်နေသော အဖေနှင့် အမေကို မြင်ရသည်။
“လူလေး၊ အားကုန် ပြေးလိုက်စမ်း၊ ရော့ဆီမျိုး အကြောင်းကို သိအောင် ပြလိုက်စမ်း”ဟု အဖေက အားပါတရ ပြောသည်။
ထိုစကားများ ကြောင့် ဒင်နီ အားတက်သွားသည်။ မှန်မှန် ပြေးဖို့ သတိပေး နေသည့် အပြေးဆရာ၏ စကားများ ကိုပင် ကောင်းကောင်း မကြားလိုက်။ အချက်ပေး သေနတ် ဖောက်လိုက်သည်နှင့် ဒင်နီသည် ရှေ့ဆုံးမှ ထွက်လာကာ တစ်အုပ်လုံးကို နောက်တွင် အပြတ်အသတ် ချန်ရစ်ခဲ့သည်။
သူ့သားသည် အပြေး ချန်ပီယံဟု သူ့အဖေ ထင်နေသည်။
အပြေးဆရာကမူ တာထွက်တွင် သည်လောက် ပြတ်အောင် ပြေးရမလားဟု စိတ်ဆိုးသည်။
တစ်ပတ် ပြေးပြီး၍ အဖေတို့ စင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ့တစ်သက်တွင် တစ်ခါမျှ မမြင်ရသည့် အရာကို သူမြင်ရ၏ ။ အဖေ၏ ဂုဏ်ယူ ဝင့်ကြွားသော အပြုံးဖြစ်သည်။
“ဟေ့ ဒင်နီ၊ ၁၇စက္ကန့်ပဲ ရှိသေးတယ်ကွ၊ သိပ် မြန်နေတယ်၊ မြန်လွန်းနေတယ်”ဟု ဆရာက အော်သည်။
“ပြေးကွ၊ ပြေး”ဟု အဖေက အော်၏ ။
အဖေနှင့်အမေတို့ အားပေးနေသဖြင့် ဒင်နီသည် နောက် ကိုက်လေးရာတွင်လည်း ရှေ့က ပြေးနေ၏ ။
တာ တစ်ဝက် ကျိုးသည့် အချိန်အထိ အရှေ့က ပြေးနေဆဲ။ သို့ ရာတွင် အဆုတ်များ မှာ ပေါက်ကွဲတော့မတက် ဖြစ်နေလေပြီ။ နောက် တစ်ကွေ့သို့ အရောက်တွင် အောက်စီဂျင် မရတော့။ အားကစားသမားတို့ ပြောလေ့ရှိသည့် အမောဆို့ခြင်း မျိုးဖြင့် လဲကျ သေသွားတော့မည်ဟုပင် ထင်သည်။
နောက်က လူသည် သူ့ဘေးမှ ဖြတ်ကာ သူ့ကို ကျော်တက်သွား၏ ။ “ဟေ့ ဒင်နီ၊ ပြေးစမ်းပါ၊ ဇွဲ မရှိဘူးလား”ဟု အော်နေသော အဖေ့ အသံကို ကြားနေရသည်။
သူ ပန်းဝင်သွားသည့် အခါတွင် လက်ခုပ် တီးကြ၏ ။ ရှုံးသော်လည်း ပန်းတိုင်ရောက်အောင် ပြေးနိုင်သည့် အရှုံးသမား တစ်ယောက်ကို အားပေးနှစ်သိမ့်သည့် လက်ခုပ်သံများ သာ ဖြစ်သည်။
အားကုန် မူးဝေလျက်ရှိရာမှ စင်မြင့်ဆီသို့ သူ လှမ်းကြည့်လိုက်၏ ။ အမေက အားပေးသည့် အနေဖြင့် ပြုံးလျက်။ အဖေ့ကိုမူ မမြင်ရတော့။ အိပ်မက်ဆိုးကြီး တစ်ခုကို မက်နေရသည်နှင့် အတူတူ။
အပြေးဆရာကမူ ကျေနပ်သည်။
“မင်းလောက် ဇွဲကောင်းတဲ့ ကောင်မျိုး ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး၊ ငါးမိနစ် ဆယ့်ငါးစက္ကန့်နှင့် ရခဲ့သားပဲ၊ အလားအလာ ရှိပါတယ်”
“ပြေးလမ်းပေါ်မှာ တော့ အလားအလာ မရှိတော့ဘူး ဆရာ၊ ကျွန်တော် ရပ်တော့မယ်”
သူ စိတ်ပျက်သည်။ သူကြိုးစားသမျှသည် အရာမထင်။ ပို၍ ပင် ဆိုးလာ သေးသည်။ သူ ရှုံးခဲ့ရသည့် နေရာသည် သူ့အစ်ကိုကို ဂုဏ်ပြု၍ အမည်ပေး ထားသည့် ဖရင့် ရော့ဆီ အားကစားကွင်။
ဒင်နီသည် ရှက်ရှက်ဖြင့် သူ့ဘဝဟောင်းကို ပြန်ရောက်လာ၏ ။ စန္ဒရား ခလုတ်များ သည် သူ့အဖို့ စိတ်ပျက် အားငယ်ခြင်း ဟူသမျှတို့မှ ထွက်ပေါက်။ တခြားဘာကိုမျှ စိတ်မဝင်စားတော့ဘဲ စန္ဒရားကို နေ့ရော ညပါ ကျင့်သည်။
အသက် ခြောက်နှစ်သား ကတည်းက သူ စန္ဒရား သင်ခဲ့သည်။ သို့ ရာတွင် ဆံပင်ဖြူဖြူနှင့် စန္ဒရား ဆရာမ ကြီးက ဒင်နီသည် သင်ရိုးကုန်ပြီ၊ သူဘာမျှ မသင်နိုင်တော့ဟု ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသည်။ သူ့သားကို ဆန်အိန်ဂျယ်လို ကောလိပ်တွင် ဂီတဆရာ လုပ်နေသည့် ဗီယင်နာမှ စန္ဒရားဆရာ ဂူစတပ် လင်ဒေါ ထံသို့ ပို့ပါဟု အကြံပေးသည်။
ဆရာကြီးက ဒင်နီ၏ လက်သံကို နားထောင်ပြီး သဘောကျသွားကာ သူ့တပည့်အဖြစ် လက်ခံလိုက်၏ ။
“ဆရာကြီးက ပြောတယ်၊ ကလေးက အရွယ်နှင့် မလိုက်အောင် တော်တယ်တဲ့၊ ဒီပညာနှင့် အသက်မွေးရင်တောင် ဖြစ်တယ်တဲ့” ဟု အမေက အဖေ့ကို ပြောပြသည်။
“ဟုတ်လား” ဟု အဖေက တစ်ခွန်းတည်း ပြောသည်။ ထိုမှအပ မည်သည့် ထင်မြင်ချက်ကိုမျှ မပေး။
စန္ဒရား ဆရာကြီးဒေါက်တာ လင်ဒေါသည် စည်းကမ်းကြီးသူ ဖြစ်သည့်တိုင် နူးညံ့သိမ်မွေ့သည်။ သူ့အဖို့ ဒင်နီသည် စံပြ တပည့်တစ်ဦး။ ပါရမီ ရှိရုံမျှမက ကြိုးစားလည်း ကြိုးစားသည်။ ဆရာကြီးက ဇာနီ၏ တီးလုံးကို တစ်နေ့လျှင် တစ်နာရီ ကျင့်ရန်ပြောသော်လည်း ဒင်နီသည် သုံးလေးနာရီ ကျင့်သည်။
“ကျွန်တော့်လက် တိုးတက်လာရဲ့ လား ဆရာကြီး” ဟု ဒင်နီက မရဲတရဲမေးသည်။
“တိုးတက်တာပေါ့ကွ ဒီလောက်လည်း မကြိုးစားပါနှင့်၊ အသက် ငယ်ငယ်လေးပဲ ရှိသေးတာ၊ အပြင်ကလေး ဘာလေးထွက်ပြီး ပျော်ပျော်ပါးပါးလည်း နေပါဦး”
သို့ ရာတွင် ဒင်နီတွင် အချိန်မရှိ။ ပျော်ပျော်ပါးပါး ဆိုသည့် ကိစ္စများ ကိုလည်း သူနားမလည်။ မြန်မြန် တော်ချင်သည်။ ကျောင်းတက်သည့် အချိန်နှင့် အိပ်ချိန်မှ လွဲလျှင် စန္ဒရားခုံတွင် အချိန်ကုန်သည်။
အဖေသည် သူ့သား၏ အပေါင်းအသင်း မဆံ့ပုံကို သတိမပြုမိဘဲနေသည် မဟုတ်။ ထိုအခါတွင် သူစိတ်ဆိုးသည်။
“ဟေ့ အမေကြီး၊ မင်းသား ဒီလိုနေတာဟာ မကောင်းဘူးကွ၊ ဒီထဲမှာ အချိန် ကုန်လွန်းတယ်၊ ဒိပြင် နေရာတွေမှာ ညံ့တိုင်း ဒီနေရာမှာ တော်အောင် လုပ်နေသလား မသိဘူး။ သူ့အရွယ်မှာ ပိုးတာ ပန်းတာတို့ ဘာတို့ ရှိဖို့ ကောင်းတာပေါ့၊ အကြီးကောင် ဖရင့်ဆိုရင် ဒီအရွယ်မှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေပြီ”
သူ့လို အဖေက မွေးသည့် သားမျိုးသည် အနုပညာကို ထိုမျှလိုက်စားနေလျှင် ယောက်ျား မပီသရာ ရောက်တော့မည်ဟု တွေးမိတိုင်း စိတ်ဆင်းရဲရသည်။
အမေကမူ သားအဖနှစ်ယောက်ကို ထို့ထက် ရင်းနှီးလာစေချင်သည်။ သို့ ရင်းနှီးလာလျှင် အဖေ၏ အထင်သေးစိတ်သည် ပျောက်သွားလိမ့်မည်ဟု ယူဆသည်။
ထို့ကြောင့် နောက်တစ်နေ့ ညစာ စားပြီးသည့် အချိန်တွင် အမေသည် သားအဖ နှစ်ယောက်တည်း ထားပစ်ခဲ့ကာ ရှောင်ပေးသည်။ သူတို့ သားအဖ စကား ပြောကြပစေပေါ့။
ဒင်နီနှင့် စကားပြောရသည်ကို သူ သဘောမကျ။ ထို့ကြောင့် အဖေ စိတ်တိုနေသည်။
“ကျောင်းမှာ အဆင်ပြေရဲ့ လား”
“ပြေတာလည်း ပြေပါတယ်၊ မပြေတာလည်း ရှိပါတယ်”
ဒင်နီသည်လည်း သူ့အဖေကဲ့သို့ ပင် ကသိကအောက် ဖြစ်နေသည်။ အဖေသည် ထိတ်လန့်နေသည့် စစ်သား တစ်ယောက်လို မိုင်းတွေ မြှုပ်ထားသည့် ကွင်းကို တက်နင်းမိမည်ကို စိုးရိမ်နေသည်။
“ဘာတွေ အဆင်မပြေတာလဲ”
“ဘကျောင်းက သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ခပ်ကြောင်ကြောင်လို့ ထင်နေကြတာပေါ့၊ ဒါပေမဲ့ ဂီတသမား ဆိုတာ ကျွန်တော့်လိုချည်းပါပဲ”
“ကျွန်တော့်လိုဆိုတာ ဘယ်လိုလဲကွ”
ဒေါက်တာ ရော့ဆီ ချွေးပြန်စ ပြုလာသည်။
“သြော် … ဂီတထဲမှာ ပဲ နစ် မြှုပ်နေကြတာပေါ့၊ ကျွန်တော်လည်း ဒီအတိုင်းပါပဲ၊ ဂီတဟာ ကျွန်တော့်ဘဝ ဖြစ်ချင်တယ် အဖေ”
ဒေါက်တာ ရော့ဆီက မည်သို့ ပြန်ပြောရမည် မသိ။ တိတ်ဆိတ်နေသည်။
“အေး၊ မင်းဟာ ငါ့သားဆိုတာ သတိထားပါ”
အဖေက တစ်ခွန်းသာ ပြောသည်။ သူ့သားကို ချစ်ကြောင်းကို ပြောင်ပြောင်မပြောဘဲ သွယ်ဝိုက် ပြောသည့်စကား။
“ဟုတ်ကဲ့ ကျွန်တော် စန္ဒရား သွားကျင့်လိုက်ဦးမယ်”
ဒင်နီထွက်သွားသည့်အခါ၌ ဒေါက်တာရော့ဆီသည် အရက်တစ်ခွက်ကို ငှဲ့သည်။ အင်း တော်သေးတာပေါ့လေဟု သူတွေးသည်။ အခြားအရာများ ကို ဝါသနာပါမည့် အတူတူ ဂီတကို ဝါသနာပါသည်က ပိုကောင်းသည်။
ဆယ့်ခြောက်နှစ်မြောက် မွေးနေ့ပြီးသည့်နောက်တွင် ဒင်နီသည် ကျောင်းက တီးဝိုင်းများ တွင် တစ်ကိုယ်တော် စန္ဒရားတီးပြ၏ ။ ဆရာကြီး၏ လမ်းညွှန်းချက်ဖြင့် ဗရမ်း၏ ခက်ခဲလှသော ဒုတိယ စန္ဒရား ကွန်ရှာတိုကို တီးပြသည်။ ရုံထဲတွင် သူ့မိဘတွေ အပါအဝင် ပရိသတ်တွေ အပြည့်။
မျက်နှာ ဖြူဖပ်ဖြူရောဖြင့် စင်ပေါ်သို့ တက်လာသည့် အခါတွင် စူးနေသော မီးမောင်းမှ အရောင်ကို မြင်ရသည်။ မျက်မှန် တပ်ထားသော သူ့ မျက်လုံးများ သည် ဘာကိုမျှ မမြင်ရ။ စန္ဒရားနားသို့ ရောက်သည့်အခါတွင် သူသည် သွက်ချပါဒ လိုက်သူလို ဖြစ်နေသည်။
ဆရာကြီးက သူ့အနားသို့ လျှောက်လာကာ
“ဘာမှ မစိုးရိမ်နှင့်၊ အဆင်သင့် လုပ်ထား”
ဒင်နီ၏ အကြောက်သည် ချက်ချင်း ပျောက်သွား၏ ။
လက်ခုပ်သံများ က မစဲနိုင်။
ဦးညွတ်၍ သူ့ ဆရာကြီးကို လက်ဆွဲနှုတ်ဆက်လိုက်သည့် အခါ ဆရာကြီး၏ မျက်လုံးတွင် မျက်ရည်တွေ ဝဲနေသည်ကို မြင်ရသည်။
ဆရာကြီးက သူ့တပည့်ကို ပွေ့ဖက် နှုတ်ဆက်၏ ။
“ဒီနေ့ ညကတော့ ငါ့သားအတွက် အဖေ ဂုဏ်ယူတယ်ကွာ”
မိဘ၏ အချစ်ကို မွတ်သိပ် တောင့်တခဲ့သည့် သားတစ်ယောက် အဖို့ ထိုစကားများ သည် ပီတိကြီးစွာ ဖြစ်ဖို့ကောင်းသည်။ သို့ရာတွင် ထိုညကမူ ဒင်နီသည် ခံစားမှု အသစ်တစ်ခုဖြင့် ယစ်မူးနေသည်။ ထိုခံစားမှု သစ်သည် ပရိသတ်၏ ချစ်ခင်မြတ်နိုးမူ။
အထက်တန်းကျောင်းသို့ ရောက်ကတည်းက ဒင်နီသည် ဟားဗတ်တက္ကသိုလ်သို့ သွားချင်နေသည်။ တက္ကသိုလ်သို့ ရောက်လျှင် ဆရာ ကော်ရယ် သွန်ပဆန်၏ အဆိုပညာကို သင်ရမည်။ အတီးဆရာ ဝေါ်လတာ ပစ္စတန်၏ အတီးပညာကို သင်ရမည်။ ထို မျှော်လင့်ချက်ကြောင့်သာလျှင် အထက်တန်းတွင် သင်ခဲ့ရသည့် သိပ္ပံ၊ သင်္ချာနှင့် ပြည်သူ့နီတိတို့ကို သူ အောင့်အည်း သင်ယူခဲ့ခြင်းဖြစ်သည်။
အဖေကမူ သူ့သားကို ပရင့်စတန် တက္ကသိုလ်သို့ ထားချင်သည်။ ပရင့်စတန်မှ ဖစ်ဇ်ဂျရယ်တို့လို စာရေးဆရာ အကျော်အမော်တွေ ထွက်သည်။ သား အကြီးတုန်းကလည်း ပရင့်စတန်တွင် မထားလိုက်ခဲ့ရ။
သို့ ရာတွင် ဒင်နီက သူ့စကားကို နားမဝင်။ နောက်ဆုံးတွင် အဖေသည် လက်လျှော့လိုက်၏ ။
“ဒီကောင်ကို ပြောလို့ရမှာ မဟုတ်ပါဘူး။ သူ ကြိုက်တဲ့ နေရာမှာ ပဲ နေပလေ့စေတော့”ဟု အဖေကပြောသည်။
သို့ရာတွင် အဖေ၏ သဘောထားကို ပြောင်းလဲစေသည့် အဖြစ်အပျက် တစ်ခုပေါ်လာ၏ ။ ၁၉၅၄ခုနှစ်တွင် အယူသီးသည့် အထက်လွှတ်တော် အမတ် မက္ကာသီးက “ကွန်မြူနစ်တို့ ခိုလှုံရာ ဟားဗတ်တက္ကသိုလ်” ကို မဲလာခဲ့သည်။ အချို့သော ပါမောက္ခများ က မက္ကာသီး၏ ပေါ်လစီကို လက်မခံကြ။
ခေါင်းမာသည့် ဟားဗတ်တက္ကသိုလ် အဓိပတိ ဒေါက်တာ မူဆေကလည်း ထိုပါမောက္ခများ ကို ထုတ်ပစ်ရန် ငြင်းဆန်သည်။
“ဒီမှာ ငါ့သား၊ မင်းအစ်ကို ဖရင့်ဟာ ကွန်မြူနစ် ဝါဒရဲ့ အန္တရာယ်ကို တိုက်ရင်း ကျဆုံးသွားခဲ့ရတယ်၊ ဒီတော့ ကွန်မြူနစ်တွေ လွှမ်းမိုးနေတဲ့ တက္ကသိုလ်ကို မင်း ဘာကြောင့် သွားရမှာ လဲ”
ဒင်နီက ဘာမှ မပြော။ ဂီတသည် နိုင်ငံရေး မဟုတ်။ ထို့ကြောင့် သူ့အတွက် ဘာမျှ ပြောစရာ မရှိ။
သားနဲ့အဖသည် သဘောထားကွဲသည့် ကြားတွင် အမေသည် ကြားနေ၏ ။ ထို့ကြောင့် သူ့အခက်အခဲကို ဖွင့်၍ တိုင်ပင်ရမည့်သူ ဆို၍ ဆရာကြီးလင်ဒေါ တစ်ယောက်သာ ရှိတော့သည်။
ဆရာကြီးသည် တတ်နိုင်သမျှ ရှောင်၏ ။ သို့ ရာတွင် တစ်ချက်တော့ ဝန်ခံသည်။
“ဆရာကြီးတော့ မက္ကာသီးဆိုတဲ့ လူကို ကြောက်တယ်ကွာ၊ ဟစ်တလာ တက်ခါစတုန်းက ဂျာမန်မှာ လည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ” ဟု ပြောသည်။
ဆရာကြီးလင်ဒေါသည် စိတ်မကောင်းဟန်ဖြင့် စကားကိုဖြတ်၏ ။ သူ့ မှတ်ဉာဏ်ထဲတွင် ဒဏ်ရာ ဒဏ်ချက်များ သည် မပျောက်ကြသေး။ ထို့နောက် တိုးတိတ်စွာ ဖြင့်
“ဒီမှာ ငါ့တပည့်၊ တစ်တိုင်းပြည်လုံးဟာ ထိတ်လန့်နေကြတယ်၊ မက္ကာသီးဟာ ဟားဗတ်တက္ကသိုလ်ကို အမိန့်ပေး နိုင်တယ်လို့ ထင်နေတယ်၊ ဘယ်သူ့ကို ထုတ်ပစ်ရမယ်၊ ဘယ်ဝါ့ကို ထုတ်ပစ်ရမယ်လို့ ပြောနေတယ်၊ တက္ကသိုလ် အဓိပတိဟာ သိပ်သတ္တိ ကောင်းတယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ဆရာကြီး ချီးကျူးပါတယ်ကွာ”
“ဆရာကြီးက ဘယ်လို ချီးကျူးမှာ ပါလဲ”
“သူတို့ ကျောင်းကို မင်းကို လက်ဆောင်အဖြစ် ပို့လိုက်မှာ ပေါ့”
ဆရာကြီးက ထက်မြက်သည့် သူတပည့် အနားသို့ ကပ်၍ ခပ်တိုးတိုး ပြောသည်။
မေလကျောင်းဖွင့်ရက်သို့ ရောက်လာသည်။ တက္ကသိုလ်များ မှ မိမိတို့ တက္ကသိုလ်များ ကို တက်ရန် ဖိတ်ခေါ်ကြသည်။ ပရင့်စတန်၊ ဟားဗတ်၊ ယေးလ်၊ စတင်းဖို့ တက္ကသိုလ်။ တက္ကသိုလ်များ အားလုံးကပင် ဒင်နီကို လိုချင်ကြသည်။ ဒေါက်တာရော့ဆီသည် ထိုစာများ ကို ကြည့်၍ ကျေနပ်သည်။ သို့ ရာတွင် သူ့သား ကျောင်းအရွေး များ မည်ကိုမူ သူစိုးရိမ်သည်။
ထိုသီတင်းပတ် အကုန်တွင် အဖေက အရေးကြီးသည့် မေးခွန်းကို မေး၏ ။ မည်သည့် တက္ကသိုလ်သို့ တက်မည်နည်း။
“ကျွန်တော် ဟားဗတ်ကိုပဲ သွားချင်တယ် ဖေဖေ”
တစ်ခန်းလုံး တိတ်ဆိတ်သွား၏ ။
ယခုအချိန်အထိ ဒင်နီ မျှော်လင့်ချက်ကို မစွန့်သေး။ သူ တကယ်သွားချင် နေတယ်ဆိုလျှင် အဖေသည် အလျှော့ပေးလိမ့်မည်ဟု သူမျှော်လင့်သည်။
သို့ ရာတွင် အဖေသည် ကျောက်တုံးတစ်တုံးလို မာကျောသည်။
“ဒီမှာ ငါ့သား တို့တိုင်းပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည် တစ်ပြည်၊ ဘယ် တက္ကသိုလ်ကိုပဲ သွားချင် သွားချင် သွားနိုင်တယ်၊ ဒါပေမဲ့ ငါ့မှာ လည်း လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတယ်၊ ဒီတော့ မင်းဘာသာ မင်း လွတ်လွတ် လပ်လပ် ကြိုက်သလို ဆုံးဖြတ်ပါ။ မင်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိတယ် ဆိုတာ မင်း ပြောပြီးပြီ”
သူ့အဖေ သဘောကျအောင် ဆိုလျှင် သူ့ မျှော်မှန်းချက်တွေကို စွန့်လွှတ်ရတော့မည်။
ယခုမူ သူသည် အဖေ၏ အကြိုက်ကို မလုပ်နိုင်တော့ပြီ။ နောင်တွင်လည်း မလုပ်နိုင်တော့ပြီ။
“ဒါတော့ ဖေဖေ့သဘောပေါ့”
သူ့အသံသည် ကွဲအက်နေသည်။
နောက်ထပ်စကား တစ်ခွန်းမျှ မပြောတော့ဘဲ အခန်းထဲမှ သူ ထွက်လာခဲ့သည်။ တံခါးထူထူကြီး နောက်မှ စားပွဲကို လက်သီးဖြင့် ထုနေသော အသံကိုကြားရ၏ ။
သို့ တိုင် သူ့ စိတ်ထဲတွင်မူ လွတ်လပ်နေသည်။
* * *
ဂျေဆန် ဂီးလ်ဗတ်
သူသည် ရွှေမင်းသားလေး ဖြစ်သည်။ အရပ် ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူနှင့် အက်ပိုလို ကျောက်ဆစ်ရုပ်တုပုံ။ မိန်းမတွေ သဘောကျပြီး ယောကျာ်းတွေ အားကျသော သံလိုက်ဓါတ်မျိုးရှိသည်။ အားကစား အမျိုးမျိုးတွင် ထူးချွန်သည်။ ဆရာတွေကလည်း သူ့ကို ချစ်ကြသည်။ လူချစ် လူခင် များ ၍ မျက်နှာ ပွင့်လန်းသူ ဖြစ်သည့်တိုင် စကေားပြော ချိုသာ၍ ရိုသေ ကျိုးနွံသည်။
ချုပ်၍ ပြောရလျှင်သူသည် မိဘတိုင်း အားကျလောက်သည့် သားတစ်ယောက် ဖြစ်သည်။ မိန်းကလေးတိုင်းက သဘောကျသော ချစ်သူမျိုး ဖြစ်သည်။
ဂျေဆန် ဂီးလ်ဗတ်သည် အမေရိကန်တိုင်း ဖြစ်လိုသော စံပြ အမေရိကန် လူမျိုးဖြစ်လေသည်။ လူတိုင်းကပင် ထိုသို့ သဘောထားကြသည်။ သို့ရာတွင် တင့်တယ်သော ကိုယ်ဟန်ပြေပြစ်မှု အောက်တွင် ချွတ်ယွင်းချက်ကြီး တစ်ခုရှိသည်။ ထို ချွတ်ယွင်းချက်ကြီးသည် ဘိုးဘေး အစဉ်အဆက်မှ ပါလာခဲ့ခြင်းဖြစ်သည်။
ဂျေဆန် ဂီးလ်ဗတ်သည် ရေဝတီအဖြစ် မွေးဖွားလာခြင်းပေတည်း။
သူ့အဖေသည် ထိုမျိုးရိုးကိုဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါ၏ ။ ရေဝတီ ဖြစ်ရခြင်းသည် ရှက်စရာ ဟူသော ဘရွတ်ကလင်မြို့က ကလေးဘဝတွင် ရခဲ့သည့် အမာရွတ်ကြီးကို သူမမေ့။ ထိုအသိသည် သူ့ဝိညာဉ်ကို လှိုက်စားနေသည့် အနာကြီးဖြစ်သည်။ အမေရိကန်လူမျိုး စင်စစ်ဖြစ်ရလျှင် သူ့အဖို့ အစစ အဆင်ပြေပေလိမ့်မည်။
ထို့ကြောင့် သူ့အဖေသည် သူ့နောက်ဆုံးအမည်ကို ဖြုတ်ပစ်ရန် ကြိုးစားခဲ့သည်။ သို့ ဖြင့် ၁၉၃၃ ခုနှစ် ဆောင်းဦးပေါက်တွင် တရားရုံး တစ်ရုံးသို့ တက်၍ ဂျက်ကော့ ဂရန်းဝေါ အမည်မှ ဂျေဆန် ဂီးလ်ဗတ်(အကြီး) ဟူသော အမည်သို့ ပြောင်းခဲ့သည်။
နောက် နှစ်နှစ် အကြာတွင် သူတို့မြို့က ကလပ်တွင် ကျင်းပသည့် နွေဦးပေါက် ကပွဲတွင် အသားဖြူဖြူ မျက်နှာတွင် မှဲ့ခြောက်တွေ ရှိသည့် ချစ်စရာ မိန်းကလေးတစ်ဦး ဖြစ်သူ ဘက်ဆီ နယူမင်နှင့် တွေ့သည်။ သူတို့နှစ်ယောက်မှာ ဝါသနာချင်းလည်း တူကြသည်။ နှစ်ယောက်စလုံး ဇာတ်ပွဲကြိုက်သည်။ အက ဝါသနာ ပါသည်။ အားကစားကို စိတ်ဝင်စားသည်။ ရေဝတီ လူမျိုးတို့၏ ဘာသာရေး အယူသီးမှု တို့ကိုလည်း ဥပေက္ခာ ပြုနိုင်ကြသည်။
ဘာသာတရား ကိုင်းရှိုင်းသော ဆွေမျိုးများ က ထုံးစံအတိုင်း ဘာသာရေး ထုံးတမ်စဉ်လာတွေနှင့် အညီ မင်္ဂလာဆောင်ခိုင်းမည် စိုးသဖြင့် သူတို့နှစ်ယောက် ထွက်ပြေးကြသည်။
သူတို့အိမ်ထောင်ရေးက ပျော်စရာ။ ၁၉၃၃ခုနှစ်တွင် သားယောကျာ်းကလေးကို မွေးသည့်အခါ သူတို့ အိမ်ထောင်ရေးသည် ပို၍ ပျော်စရာ ကောင်းလာသည်။ သားကလေးကို ဂျေဆန် ဂီးလ်ဗတ် ဂျူနီယာ ဟု အမည်ပေးကြသည်။
မီးခိုးတို့ မွှန်နေသော ဆေးရုံ ဧည့်ခန်းထဲတွင် ထိုင်စောင့်ရင်း သားယောက်ျားလေး မွေးသည် ဆိုသည့် သတင်းကို ကြားရသည့်အခါ၌ အဖေသည် သန္ဒိဋ္ဌာန် တစ်ခုကို ချလိုက်၏ ။ သူ့သားသည် ရေဝတီ မိဘများ မှ မွေးသည်ဆိုသည့် အဖြစ်ကြောင့် ဘယ်တော့မှ မျက်နှာမငယ်စေရ။ မဖြစ်စေရ။ သူ့သားငယ်သည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ပထမတန်းစား နိုင်ငံသား တစ်ယောက်ဖြစ်ရမည်။
ထိုအချိန်က အဖေသည် အမျိုးသား ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် ဒုတိယမန်နေဂျာကြီး တစ်ယောက် ဖြစ်သည်။ သူတို့သည် လောင်း အိုင်းလင်းရှိ သုံးဧက ကျယ်သော ခြံကြီးမှ တိုက်အိမ်ကြီးတွင် နေဆဲဖြစ်သည်။
နောက်သုံးနှစ်အကြာတွင် ညီမငယ် ဂျူလီကို မွေးသည်။ သူ့အစ်ကိုကဲ့သို့ ပင် အမေ့ မျက်လုံးပြာပြာနှင့် ငွေရောင် ဆံပင်တို့ကို အမွေဆက်ခံသည်။ သို့ရာတွင် ဂျူလီတွင်မူ မှဲ့ခြောက်များ ပါသည်။
သူတို့ ကလေးဘဝသည် ကြည်နူးစရာပင်။ သူတို့ မောင်နှမ နှစ်ယောက် စလုံးသည် အဖေ၏ စနစ်ဇယား အတိုင်းကြီးပြင်း လူလားမြောက်ခဲ့ရသည်။ ရေကူး သင်ရသည်။ မြင်းစီး သင်ရသည်။ တင်းနစ်ရိုက် သင်ရသည်။ ဆောင်းတွင်းဆိုလျှင် ရေခဲလျှောစီး သင်ရသည်။
သားငယ်ကို တင်းနစ် ကစားကွင်းတွင် ဘုရင်ဖြစ်အောင် အဖေက ကြီးကြပ်သင်ပေးသည်။
ပထမ အနီးရှိ တင်းနစ်ကလပ် တစ်ခုသို့ ဝင်သည်။ သို့ ရာတွင် သား၏ အရည်အသွေးကို မြင်သည့်အခါ အဖေသည် စနေနေ့တိုင်း သူကိုယ်တိုင် ဖောရက်စ်ဟီးသို့ ခေါ်သွားကာ ဝင်ဗယ်ဒမ်နှင့် အမေရိကန် တင်းနစ် ချန်ပီယံ ရီကာဒို လိုးပက်ဇ်ထံ သွား၍ လေ့ကျင့်စေသည်။ ပွဲတိုင်းကို သူကိုယ်တိုင် ထိုင်ကြည့်ပြီး အားပေးသည်။ ဘယ်ရိုက်ချက် ဘယ်လိုနေသည် စသည်ဖြင့် ဝေဖန်သည်။
အဖေနှင့်အမေသည် သူတို့သားသမီး နှစ်ယောက်ကို ဘာသာတရားမဲ့သူများ ဖြစ်လာစေချင်သည်။ သို့ ရာတွင် ဆိုင်ယိုဆက် မြို့ကလေးတွင် ထိုသို့ နေ၍ မဖြစ်။ ဘာသာတရား မဲ့ခြင်းသည် ဒုတိယတန်းစား နိုင်ငံသား ဖြစ်ရသည်ထက် ဆိုးကြောင်းကို တွေ့လာရသည်။
ထို့ကြောင့် အနီးရှိ ဘုရားရှိခိုးကျောင်း ဝတ်အသင်းသို့ ဝင်သည်။ သို့ ရာတွင် မှန်မှန်ဝတ်တက်ခြင်း မရှိ။ တနင်္ဂနွေ နေ့များ တွင် သူတို့ မိသားစုသည် ဘုရးရှိးခိုးကျောင်းသို့ မှန်မှန် မသွား။ နာတာလူး အားလပ်ရက်တွင် ရေခဲလျှောစီး ရောက်နေတတ်ပြီး အီစတာနေ့များ တွင် ပင်လယ်ကမ်းခြေသို့ ရောက်နေတတ်ကြသည်။ သို့ ရာတွင် သူတို့သည် ဝတ်အသင်းဝင်များ အဖြစ်တော့ ရှိနေကြသည်။
သူတို့၏ ရေဝတီမျိုးရိုးကို ကလေးငယ်မျးအား ဖုံးဖိထားလျှင် နောင်တစ်နေ့တွင် သိမ်ငယ်စိတ် ပေါ်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူတို့မျိုးရိုးကို ဖွင့်ပြောကာ မိမိတို့သည် ကမ္ဘာဟောင်းမှ နေ၍ အမေရိကန်ပြည်သို့ ရောက်လာခြင်း ဖြစ်ကြောင်း အသိပေးထားကြသည်။
ဂျူလီကို ဘော်ဒါသို့ ပို့၍ ကျောင်းထားသော်လည်း ဂျေဆန်ကိုမူ အိမ်မှာ ပင် နေ၍ အက်တဲကျောင်းသို့ တက်စေသည်။ ဂျေဆန်သည် သူတို့မြိုကလေးကို သဘောကျသည်။ ကောင်မလေးတွေနှင့် ချိန်း၍ လည်ရသည်ကို သဘောကျသည်။ တင်းနစ်ပြီးလျှင် သူက ကြိုက်သည့် အားကစားနည်းမှာ ကောင်မလေးတွေနှင့် လျှောက်လည်ရခြင်း ဖြစ်သည်။ တင်းနစ်တွင် အောင်မြင်သလို ထိုကိစ္စတွင်လည်း အောင်မြင်သူ ဖြစ်သည်။
ဂျေဆန်သည် အတန်းထဲတွင် စာတော်သူ တစ်ယောက်မဟုတ်။ သို့ တိုင်အောင် သူ့အဆင့်သည် တက္ကသိုလ်သို့ ဝင်နိုင်လောက်ရုံတော့ ရှိသည်။ သူကရော သူ့အဖေကပါ အထက်တန်းကျောင်း အောင်လျှင် ယေးလ်တက္ကသိုလ်သို့ သွားချင်သည်။
ယေးလ်တက္ကသိုလ်သို့ သွားချင်သည့် အကြောင်းမှာ ပညာရေးကြောင့်လည်း ပါသည်။ ကိုယ်ရေးကိုယ်တာ ကြောင့်လည်း ပါသည်။ ယေးလ် တက္ကသိုလ် ကျောင်းထွက်သည် သုံးမျိုးစပ် မင်းစိုးရာဇာ ဖြစ်သည်။ လူကြီး လူကောင်း၊ သုခမိန်နှင့် အားကစားသမားတို့ ပေါင်းစပ်ထားသည့် ပစ္စည်းဖြစ်သည်။ ဂျေဆန် ကိုယ်တိုင်လည်း ထိုသို့ သော တက္ကသိုလ်မျိုးသို့ သွားရန် မွေးလာသူနှင့်တူသည်။သို့ တိုင်အောင် မေလ ၁၂ ရက်နေ့ မနက်တွင် စာတိုက်မှ ရောက်လာသော စာအိတ်ကို ကြည့်ရသည်မှာ မသင်္ကာစရာ ကောင်းနေသည်။ စာအိတ်က ပေါ့ပေါ့ကလေး။ စာအိတ်ထဲတါင် ပါသည့် စာသည် ခပ်တိုတို စာတစ်စောင် ဖြစ်မည်။ ဆွေးဖို့တော့ ကောင်းသည်။
ယေးလ် တက္ကသိုလ်က သူ့ ဝင်ခွင့်လျှောက်လွှာကို ပယ်ချလိုက်လေပြီ။
ကျောင်းတွင် သူ့လောက် စာမတော်ရုံမျှမက သူ့လိုပင် မျိုးခြားသွေးပါသည့် တိုနီကို ကျောင်းဝင်ခွင့် ပြုလိုက်သည့် အခါတွင် သူတို့ ဝမ်းနည်းမှု သည် ဒေါသ အဖြစ်သို့ ပြောင်းသွားသည်။
ဂျေဆန်၏ အဖေသည် တစ်ခါက ယေးလ် တက္ကသိုလ် ကျောင်းထွက်ဖြစ်ခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ချက်ချင်း သွားတွေ့သည်။
“ဆရာကြီး ခင်ဗျာ၊ တက္ကသိုလ်က တိုနီ့ကိုတော့ လက်ခံပြီး ကျွန်တော့် သာကိုတော့ ဘာဖြစ်လို့ ပယ်ချ လိုက်တာလဲ၊ ဆရာကြီး ရှင်းပြပေးပါ”
ဆံပင်တွေ ဖြူနေသည့် ဆရာကြီးက ဆေးတံကိုဖွာရင်း ရှင်းပြသည်။
“တိုနီတို့ အဖေတွေ အဘိုးတွေက ယေးလ် တက္ကသိုလ် ကျောင်းထွက်တွေဗျ၊ သူတို့မှာ အစဉ်အလာ ရှိတယ်၊ အဲဒီ အချက်က တော်တော် စကားပြောတယ်၊ အေးလေ အစဉ်အလာ အစွဲအလမ်းက သိပ်ကြီးတာကိုး”
“ဒါတော့ ဟုတ်ပါပြီ ခင်ဗျာ၊ ဟုတ်ပါပြီ ဒါပေမဲ့ ဂျေဆန်လို လူကြီး လူကောင်းတစ်ယောက် အားကစား သမား တစ်ယောက်ဟာ ဘာဖြစ်လို့”
“တော်ပါတော့ ဖေဖေရယ်၊ မပြောပါနှင့်တော့”ဟု ဂျေဆန်က တားသည်။ သို့ ရာတွင် အဖေက မရပ်။
“ဒီတော့ ဒီလို ကလေးမျိုးကို ဆရာကြီးတို့ ကျောင်းက ဘာဖြစ်လို့ မလိုချင်သလဲ ဆိုတာကိုတော့ သိပါရစေ”
ဆရာကြီးသည် ကုလားထိုင် နောက်မှီကို မှီသည်။
“ဒီမှာ မစ္စတာ ဂီးလ်ဗတ်၊ ကျွန်တော်က တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့မှာ ဘာ အာဏာမှ ရှိတာ မဟုတ်ဘူး။ ဘာမှ သိရတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်သိတာ တစ်ခုတော့ရှိတယ်။ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့က လူကြီးတွေက အတန်းတိုင်းမှာ အချိုးအစား ညီညီ ဝင်ခွင့် ပေးချင်တယ်လေ”
“ခင်ဗျား၊ အချိုးအစား ညီညီ ဟုတ်လား”
“ဟုတ်တယ်၊ ဘယ်ဒေသက ကျောင်းသား ဘယ်လောက် လက်ခံမယ်ဆိုတာရယ်၊ ဒီအထဲမှာ ကျောင်းသားဟောင်းတွေရဲ့ သားသမီးတွေကို ဦးစားပေးရမယ် ဆိုတာရယ်၊ ပြီးတော့ အထက်တန်းနှင့် အောက်တန်း ကျောင်းက လာတဲ့ ကျောင်းသား ဦးရေကို မျှပေးရမယ် ဆိုတာရယ်၊ ပြီးတော့ ဂီတသမား၊ အားကစားသမား ဘယ်လောက်ပါရမယ် ဆိုတာရယ်”
အဖေသည် ကျောင်းအုပ်ကြီး စကားကို ရိပ်မိလိုက်သည်။ ထို့ကြောင့် တတ်နိုင်သမျှ ဟန်ဆောင်လျက်က
“ဆရာကြီး ခင်ဗျား၊ ရှင်းရှင်းပဲ ပြောပါ။ အဲဒီ အချက်တွေ အပြင် ဘာသာရေး နောက်ခံ ရာဇဝင်တို့ ဘာတို့လည်း ပါတယ် မဟုတ်လား”
ဆရာကြီးက လေအေးကလေးဖြင့်
“အင်း ဆိုပါတော့လေ၊ ကျွန်တော်တို့ တက္ကသိုလ်မှာ ကျောင်းသားဦးရေ ဘယ်ရွှေ့ ဘယ်မျှသာ လက်ခံရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမဲ့ ရေဝတီ ကျောင်းသားဦးရေ ဘယ်လောက် လက်ခံရမယ် ဆိုတာကိုတော့ ကန့်သတ်ထားတယ် ခင်ဗျ”
“ဒါက တရားဥပဒေနှင့်မှ မညီတာ ခင်ဗျာ”
“ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ရေဝတီဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လူဦးရေ ရာခိုင်နှုန်း ခွဲလောက်ပဲ ရှိတာပဲ၊ အချိုးအစား အတိုင်းဆိုရင် ကျွန်တော်တို့က လေးဆတောင် ပိုပြီး လက်ခံထားတာပါ”
အဖေ မငြင်းတော့။ ဆရာကြီးသည် သူ့ကျောင်းတွင် ရေဝတီ ကျောင်းသား ဦးရေ ရာနှုန်းမည်မျှ လက်ခံသည်ကို ကောင်းကောင်းသိသည်။
သူ့အဖေထံမှ ဒေါသမုန်တိုင်းကြီး တိုက်လာတော့မည်ကို ဂျေဆန် သိသည်။ ထိုမုန်တိုင်းကြီးကို သူ ရှောင်သည်။
“ကျွန်တော့်ကို မလိုချင်တဲ့ ကျောင်းတစ်ကျောင်းကို ကျွန်တော်လည်း မသွားချင်ပါဘူး အဖေရာ၊ သူတို့ ယေးလ် တက္ကသိုလ်က လက်မခံလည်း မနေရုံပေါ့”
ဂျေဆန်သည် ကျောင်းအုပ်ဆရာကြီးဘက်သို့ လှည့်ကာ “ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာကြီး” ဟု ပြော၏ ။
“ကိစ္စမရှိပါဘူးကွာ၊ ဒီလို ခံစားရမယ် ဆိုတာ ငါ နားလည်ပါတယ်၊ တစ်ဖက်ကနေ ကြည့်တော့လည်း ကောင်းပါတယ်၊ တကယ်တော့ မင်း နောက်ထပ် ရွေးမယ့် ကျောင်းဟာ အလွန်ကောင်းတဲ့ ကျောင်းပါ၊ တချို့ကတော့ ဟားဗတ် တက္ကသိုလ်ဟာ တို့တိုင်းပြည်မှာ အကောင်းဆုံး တက္ကသိုလ်လို့တောင် ယူဆကြသေးတာပဲ”
* * *
လာခြင်းကောင်းသောအရှင် | ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း | လိုက်ခဲ့တော့ မြနန္ဒာ |