Cover

မြန်မာပြန်သူ၏ အမှာ

‘လာခြင်းကောင်းသော အရှင်’ သည် ၀တ္ထုဆန်ဆန် ရေး သားထားသော ဗုဒ္ဓ၀င် အကျဉ်းချုပ် ဖြစ်သည်။ သိဒ္စတ္တမင်းသား ဖွားတော် မူခန်းမှစ၍ တောထွက်ခန်း၊ ဘုရား ဖြစ်တော် မူခန်း၊ ဒေသ စာရီကြွခန်း၊ ပရိနိဗ္ဗာန် စံတော် မူခန်းအထိ ဖြစ်သည်။ တစ်နည်းပြောရလျှင် ၀တ္ထုဆန်ဆန် ရေး ထား သော ဗုဒ္ဓ၏ ထေရုပ္ပတ္တိ ဖြစ်သည်။ ၀တ္ထုဆန်ဆန်ဟု ဆိုရခြင်းမှာ အခြားကြောင့် မဟုတ်။ ခေတ် စကားပြေဖြင့် ရေး သားထားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

မူရင်းရေး သူမှာ အမေရိကန် သတင်းဆရာနှင့် စာရေး ဆရာ ရောဘတ်ပိန်း ဖြစ်သည်။ သူသည် တရုတ်ပြည်မှ နာမည် ကြီး တက္ကသိုလ်များ ဖြစ်သော ဖူတန်တက္ကသိုလ်နှင့် လီယန်တာ တက္ကသိုလ်များ တွင် အင်္ဂလိပ်စာပေ ပါမောက္ခအ ဖြစ် ဆောင်ရွက်ခဲ့သည်။ စစ် ဖြစ်လာသည့် အခါတွင် သူသည် ချုံကင်းတွင် ယဉ်ကျေးမှု ဆက်သွယ်ရေး အရာရှိအ ဖြစ် ဆောင်ရွက်ခဲ့သည်။ တရုတ် ပြည်တွင်း စစ်ကာလတုန်းက သတင်းထောက် တစ်ယောက် အ ဖြစ် မော်စီတုန်း နေထိုင်ရာ ယင်အန်းရှိ ကျောက်ဂူများ ဆီသို့ သွားရောက်ကာ မော်စီတုန်းနှင့် တွေ့ ဆုံပြီး သူ့ဘ၀အကြောင်းကို မေးမြန်းပြီး မော်စီတုန်း၏ အတ္ထုပတ္တိကို ရေး ခဲ့သည်။ ထို့ပြင် လီနင်၊ စတာလင်၊ အာရေဗျမှ လောရင့်စ် စသူတို့၏ အတ္ထုပ္ပတ္တိများ ၊ ၀တ္ထုများ ၊ ခရီးသွားမှတ်တမ်းများ ၊ ကဗျာများ စသည် တို့ကို စာအုပ်ပေါင်း ၆၀ ကျော်မျှ ရေး သားခဲ့သည်။

ယခုစာအုပ်မှာ ရောဘတ်ပိန်း၏ ‘အရှင်ကြွတော် မူလာပြီ’ ဆိုသည့် အင်္ဂလိပ်ဘာသာဖြင့် ရေး ထားသော စာအုပ်မှ မြန်မာပြန်ခြင်း ဖြစ်သည်။ ရောဘတ်ပိန်းသည် ဗုဒ္ဓ၀င်ကျမ်းများ ၊ ပိဋကတ် တော် များ ကို လေ့လာကာ ယင်းတို့ကို အခြေတည်၍ ဗုဒ္ဓ၏ ဘ၀ ဖြစ်စဉ်ကို ရေး ပြထားခြင်း ဖြစ်သည်။

ရောဘတ်ပိန်း၏ စာအုပ်ကို မြန်မာပြန်ရန် ပြင်ဆင်သည့်အခါတွင် ကျွန်တော် သည် ကျီးသဲ လေးထပ် ဆရာတော် ကြီး၏ ဇိနတ္တပကာသနီကျမ်း၊ ဒုတိယမဲထီး ဆရာတော် ၏ မာလာလင်္ကာရ ၀တ္ထုတော် ကြီး၊ ကျီးသဲလေးထပ် ဆရာတော် ကြီး၏ မဟာဝန်ကျမ်း၊ မဲထီးဆရာတော် ၏ ထေရ၀ါဒ သာသနာ ဆက်အလင်းပြ၀ံသဒီပနီ၊ အရှင်ဟန္ဒိမာပြုစုသည့် ဓမ္မပဒ ၀တ္ထုတော် ကြီး အုပ်တွဲ များ ၊ ဦးဝိစိတ္တသာရာဘိဝံသ ပြုစုသည့် မဟာ ဗုဒ္ဓ၀င်ကျမ်းအတွဲ များ ၊ မင်းကွန်းအရှင် သုန္ဒရာဘိဝံသ ဆရာတော် ပြုစုသည့် သီရိလလီတ၀ိတ္တာရကျမ်း၊ ၀ဏ္ဏသီရိ ပြုစုသည့် ညီတော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းစသည့် ကျမ်းများ နှင့် တိုက်ဆိုင်ညှိနှိုင်းပါသည်။

ဤစာအုပ်မှာ သက်ရွယ်အိုမင်းလှပြီ ဖြစ်သော ညီတော် အာနန္ဒာက သူနှင့် နောင်တော် သိဒ္ဓတ္ထတို့ ငယ်ငယ်ကတည်းက နန်းတော် ထဲတွင် အတူကြီးပြင်းခဲ့ကြပုံ၊ တောလည် ထွာကြပုံ၊ မမြဲသော တရားကို ငယ်ရွယ်စဉ်ကတည်းက နောင်တော် သဘောပေါက်ခဲ့ပုံ၊ နန်းစည်းစိမ်ကို စွန့်ပုံ၊ ဒုက္ကရစရိယ ကျင့်ခဲ့ပုံ၊ ဉာဏ်အလင်းရခဲ့ပုံ၊ သူနှင့် အတူ ဒေသစာရီကြွချီခဲ့ပုံ၊ ပရိနိဗ္ဗာန်စံတော် မူပုံ တို့ကို ပြန်ပြောင်းသတိရကာ အမှတ်တရ မှတ်တမ်းပုံစံဖြင့် ရေး သားခြင်း ဖြစ်သည်။

ဤစာအုပ်တစ်နေရာ၌ အနေကဇာတိသံသာရံအစချီသော ဥဒါန်းဂါထာတော် ကို မြန်မာ ပြန်ရာတွင် ကျွန်တော် သည် မူကွဲနှစ် ခုကို ဖော်ပြထားပါသည်။ တစ်ခုမှာ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ ဘာသာပြန်ချက် ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဆရာကြီး မင်းသုဝဏ်၏ ဘာသာ ပြန်ချက် ဖြစ်ပါသည်။

သဘင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့စဉ်က ‘အတိတ်ကို ဆောင်သည်ရှိသော်’ ဟူသော အမည် ဖြင့် ဖော်ပြခဲ့သော်လည်း စာအုပ်ထုတ်ဝေသည့် အခါ၌ ‘လာခြင်းကောင်းသော အရှင်’ ဟူသော အမည် ဖြင့် ထုတ်ဝေခဲ့ပါသည်။ ယခုလည်း ထို အမည် အတိုင်း ထုတ်ဝေပါသည်။

ဤစာအုပ်ကို ပြန်ဆိုရာတွင် ကူညီခဲ့ကြသည့် ကဗျာဆရာမောင်မြင့်မြတ်၊ မဂ္ဂဇင်း ၀တ္ထုရှည် အ ဖြစ်ဖော်ပြပေးခဲ့သော သဘင်မဂ္ဂဇင်း၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော မြတ်စုမွန် စာပေတိုက် နှင့် ဒုတိယအကြိမ် ထုတ်ဝေသော Crystal Palace စာအုပ်တိုက်တို့ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြပါသည်။

မြသန်းတင့်

၁၃၅၈ ခု၊ နတ်တော် လဆန်း ၇ ရက်နေ

၁၉၉၆၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ရန်ကုန်မြို့။

♥ ♥ ♥


ဘုရားရှင်ဗုဒ္ဓ၏ ၀မ်းကွဲညီတော် ဖြစ်၍ နှစ် လိုသူဟု အဓိပ္ပာယ်ရသော ကျုပ် အာနန္ဒာသည် အိုမင်းစပြုပြီ။ ထို့ကြောင့် သတိကောင်းစဉ် ဗုဒ္ဓအရှင်တော် သည် ပန်းကုံးတို့ဆင်ယင်၍ တောင်ထွတ်တို့၏ ငြိမ်းချမ်းမှု ကို လက်ဖြင့် ကိုင်လျက် ကမ္ဘာလောကကြီးထဲသို့ မည် သို့ မည် ပုံ ၀င်ရောက်လာခဲ့ကြောင်းကို နှောင်းသူတို့ သိစေခြင်းငှာ ဤစာများ ကို ရေး ခဲ့ခြင်း ဖြစ်၏ ။

ညချမ်းချိန်ရောက်သည်နှင့် ရဟန်းသံဃာတို့သည် ကျုပ်၏ ကမ္မဋ္ဌာန်း ကျောင်းသို့ ရောက် လာကြကာ ဗုဒ္ဓရှင်တော် ဘ၀နှင့် ပတ်သက်၍ ထိုအချက်၊ ဤအချက်တို့ကို ပြောပြရန် တောင်းပန် ကြ၏ ။

အရှင်သည် ဗုဒ္ဓရှင်တော် ၏ အကြောင်းကို အခြားသူထက် သိသူ ဖြစ်ပေ၏ ။

ယခုပင်လျှင် အရှင်၏ မှတ်ဉာဏ်တို့သည် မှေးမှိန်စပြုပြီ။ မကြာမီပင် အရှင်သည်လည်း ခန္ဓာဝန်ကို ချရပေတော့မည် ။ ထိုအခါတွင် ဗုဒ္ဓရှင်ော်သည် မည် သို့ သော ပုဂ္ဂိုလ် ဖြစ်သည်ကို ကျွန်ုပ်တို့ မည် သို့ သိနိုင်တော့မည် နည်းဟု ရဟန်းတို့က မကြာခဏ လျှောက်တင်ကြ၏ ။

တစ်ခါတစ်ရံတွင် မူ ကျုပ်သည် ရဟန်းတို့ စကားကို နားထောင်ပြီးနောက် ဗုဒ္ဓရှင်တော် ပြောသည့်နည်းတူ သူတို့အား ဥပမာလင်္ကာများ ဖြင့် ပြောပြ၏ ။

ကျုပ်သည် စိမ်းလန်းသော မြက်ရွက်ကလေးတစ်ရွက်ကို ကိုင်ပြသည်။ သို့ မဟုတ် နှင်းပွင့်တစ်ဆုပ်ကို ကောက်ပြသည်။ သို့ မဟုတ် ရှဥ့်ကလေးတစ်ကောင်၊ ကျားသစ်ငယ်တစ်ကောင် စသည်ဖြင့် မွေးကင်းစ တိရစ္ဆာန်ငယ် ကလေးတစ်ကောင်ကို ပြမည် ။ မည် သို့ မျှကား မပြောချေ။ ကျုပ်ပြောလိုသည့် အဓိပ္ပာယ်ကို သူတို့နားလည်မည် ထင်၍ ဤသို့ ဘာမျှမပြောဘဲ ဥပမာလောက်မျှ သာ ပြခြင်း ဖြစ်၏

ဗုဒ္ဓရှင်တော် မြတ်သည် လောကကြီး၏ ထွန်းသစ်စ မနက်ခင်းသန့်စင်မှု ထဲတွင် မွေးဖွားသူ ဖြစ်ပေ၏ ဟု ကျုပ်စိတ်ထဲတွင် ကျုပ်ဘာသာကျုပ်ပြောနေမိ၏ ။

ယခုမူ ကျုပ်သည် အသက်ကြီးလာပြီ ဖြစ်သည့်အလျောက် ညညတွင် ကောင်းစွာ အိပ်မပျော်တော့။ ထိုအခါ၌ ဗုဒ္ဓရှင်တော် နှင့် ပတ်သက်သည့် သတိရဖွယ်တို့သည် ကျုပ်မှတ်ဉာဏ် ထဲသို့ ရောက်လာကြကာ လှပတင့်တယ်မှု တို့ဖြင့် ကျုပ်ကို အိပ်မပျော်အောင် လုပ်နေကြသကဲ့သို့ ရှိ၏ ။

ဗုဒ္ဓရှင်တော် ၏ ဂုဏ်ကျက်သရေကို မြင်သည့်အခါတွင် ကြည်နူးခြင်းကြောင့် ကျုပ်သည် အသက်ကိုပင် အနိုင်နိုင်ရှူရ၏ ။ ပြန်တွေးလိုက်သည့်အခါတွင် ပန်းကုံးတို့ကို ဆင်ယင်လျက် တောအုပ်တို့အလယ်တွင် လျှောက်သွားနေသည့် နုနယ်ပျိုမျစ်သော လုလင် တစ်ယောက် ၏ သဏ္ဍာန်ကို ကျုပ် ပထမဆုံးမြင်တတ်သည်။ သို့ မဟုတ်လျှင်လည်း ကချေသည်တို့အလယ်၌ နှုတ်ခမ်းတွင် ပျားဖယောင်းနီတို့ စွန်းထင်လျက်၊ မျက်ခွံတွင် ဒန်းစိမ်းတို့ဆိုးကာ ရောင် စုံပိုးထည် တို့ကို ၀တ်ဆင်ထားသည့် မင်းပျိုတစ်ဦး၏ သဏ္ဍာန်ကို မြင်ယောင်နေတတ်ပြန်သည်။ တစ်ခါတစ်ရံ တွင် လည်း ထီးနန်းစည်းစိမ်တို့ကို စွန့်လွှတ်ပြီးနောက် နံရိုးတို့သည် ထက်လှစွာ သော ဓားများ ကဲ့သို့ အရေကို စူးဝင်သည်အထိ ပိန်ချုံးကာ ဒုက္ကရစရိယ ကျင့်တော် မူခဲ့သည့် ကာလက သဏ္ဍာန်ကို မြင်ယောင်တတ်ပြန်သည်။

သို့ ရာတွင် ကျုပ်မျက်စိထဲ၌ အထင်အရှားဆုံး သဏ္ဍာန်မှာ ၀ါရွေသော သင်္ကန်းကို ဆီးထားလျက် သက်ရွယ်ကြီးရင့်တော် မူပြီ ဖြစ်သည့် ဗုဒ္ဓရှင်တော် သဗ္ဗညုတရွှေဉာဏ်တော် ရတော် မူပြီးနောက် လူအပေါင်းတို့အား တရားရေအေး တိုက်ကျွေးနေသော ဗုဒ္ဓရှင်တော် ၊ ဝေဒနာအပေါင်း တို့အား ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ၀င်ရန် ပြင်ဆင်လျက်ရှိသော ဗုဒ္ဓရှင်တော် ကိုသာ ကျုပ် ပြက်ပြက် ထင်ထင် မြင်ယောင်နေတတ်သည်။

ဤစာကို ရေး နေစဉ် တစ်ခါတစ်ရံ၌ ကျုပ်သည် ဗုဒ္ဓရှင်တော် ၏ အသံကို ကြားမိသည်ဟု ထင်၏ ။ ပရိနိဗ္ဗာန် စံတော် မူပြီးသည်မှာ နှစ် အတန်ငယ်ကြာပြီ ဖြစ်သည့်တိုင် ရှင်တော် သည် ကျုပ် ကမ္မဋ္ဌာန်းကျောင်းလေးထဲတွင် ရောက်နေသည်ဟု ထင်မိ၏ ။

ကျုပ်သည် ဗုဒ္ဓအရှင်၏ အကြောင်းကို မည် သို့ ပြောရမည် နည်း။ ဗုဒ္ဓရှင်တော် ၏ စိတ်ကို ညစ်ညူးနောက်ကျိနေခဲ့သည့် သော ကတို့ကို မည် သို့ ရေး ပြရမည် နည်း။ ဗုဒ္ဓရှင်တော် ၏ နာကျည်းမှု ၊ တိတ်ဆိတ်မှု ၊ ဗုဒ္ဓရှင်တော် ၏ အပြုံးတို့ ချိုမြပုံကို မည် သို့ ရေး ပြရမည် နည်း။ သံမဏိတို့ ထက် မာကျောသော အရှင်၏ လက်တော် တို့အကြောင်းကို ရေး ပြရမည် လော။ ကြေးနီကဲ့သို့ တောက်ပသည့် ဦးခေါင်းတော် အကြောင်းကို ရေး ပြရမည် လော။ တစ်ခါတစ်ရံတွင် မူ ကျုပ်သည် မျက်လုံးကို မှိတ်၍ စဉ်းစားရာမှ ဖွင့်ကြည့်လိုက်မိသည်။

ထိုအခါမျိုးတွင် ကျုပ်၏ ကမ္မဋ္ဌာန်းကျောင်း နံရံထောင့်တွင် မလှုပ်မယှက် ရပ်တော် မူလျက် ရှိသည်ကို မြင်ရ၏ ။

ဗုဒ္ဓအရှင်သည် မည် သို့ မျှ ပြောဆိုခြင်းမရှိ။ မျက်လုံးတော် တို့ကို မဖွင့်။ လက်တော် တို့ကို ဘေးသို့ ချထားလျက်ရှိ၏ ။ ထိုအခါမျိုး၌ ကျုပ်သည် မျက်နှာတော် ၏ တည်ငြိမ်ခြင်းနှင့် အပြုံး၏ လျှို့ဝှက်ဆန်းကြယ်ခြင်းကို ကြည့်ရာမှ ဗုဒ္ဓရှင်တော် သည် ကမ္ဘာကြီး ကျွတ်တမ်းဝင်မည့်  အချိန်ကို စောင့်ဆိုင်းလျက်ရှိသည် တကားဟု အောက်မေ့မိ၏ ။

ကျုပ်သည် အိုလှပြီ၊ ကလောင်ကိုင်ထားသည့် ကျုပ်လက်တို့သည်လည်း တုန်ချိစပြုပြီ။ ကျုပ်မျက်လုံးတို့သည်လည်း မှု န်မွဲသီဝေစပြုကြပြီ။

နောင်ဆိုလျှင် ကျုပ်သည် အခြားသံဃာနှစ် ပါး သုံးပါးတို့ကို နှုတ်မှချ၍ အရေး ခိုင်း တော့မည် ။ ယခု ကလောင်ကိုင်ထားသည့် အချိန်ထိမူကား ဗုဒ္ဓရှင်တော် သည် ကျုပ် ကမ္မဋ္ဌာန်း ကျောင်းကလေးထဲတွင် ကိုယ်တော် တိုင်ရပ်တော် မူလျက် ရှိသေးသည့်အတွက် ကျုပ်အား အဆုံးတိုင် ရေး နိုင်အောင် စောင်မတော့မည် ဟု ကျုပ်ယုံကြည်လျက်ရှိ၏ ။

♥ ♥ ♥


ညဥ့်နက်လှပြီ။

ကျောက်ခုံပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်ည် တောက်လျက်ရှိသည်။ ညောင်ပင်မှ ညောင်ကိုင်းတို့သည် ကျုပ်ကျောင်းပြတင်းပေါက်ကို လာ၍ ရိုက်ပုတ်လျက်ရှိနေ၏ ။ အပြင်တွင် ကား လရောင် သည် ၀င်းပလျက်ရှိ၏ ။ လသည် ပန်းပွင့်များ ပေါ်မှ ထွက်လာခဲ့လေပြီ။

ဆိတ်ကျောင်းသူငယ်၏ ပလွေသံမှအပ ကျောင်းအရာတစ်ခုလုံးသည် တိတ်ဆိတ်လျက် ရှိ၏ ။ ဆိတ်ကျောင်းသူငယ်သည် အဘယ်ကြောင့် ကျောင်းဝင်းထဲတွင် ရောက်နေသည်ကို ကျုပ်မသိ။ ဆိတ်ကျောင်းသူငယ်သည် ဗုဒ္ဓအရှင်ကို အောက်မေ့ကြည်ညိုခြင်း ပြုစေရန် ကျုပ်ကို သတိပေးဖို့ လာလေသလော။

ထို့ကြောင့် ပင် ကျုပ်သည် ကြည့်လေရာတွင် ဗုဒ္ဓအရှင်၏ တင့်တယ်သော အသရေကို မင်လျက်ရှိနေခြင်းလော။ နောင်တော် သိဒ္ဓတ္ထသည်လည်း ငယ်စဉ်ကပင် ဤဆိတ်ကျောင်းသူငယ် ကဲ့သို့ ပင် ပျိုမျစ်နုနယ်နေခဲ့၏ ။ ကျုပ်ကိုယ်တိုင်သည်လည်း ထိုစဉ်က သွက်လက်ပေါ့ပါးခဲ့၏ ။

ထိုစဉ်က ကျုပ်တို့သည် ပြာမှိုင်းသော ဟိမ၀န္တာ တောအုပ်အလယ်တွင် လှည့်လည် ခဲ့ကြ၏ ။ တစ်နေ့လုံးတစ်ညလုံး စကားပြောခဲ့ကြ၏ ။ ထိုစဉ်က ကျုပ်တို့သည် နန်းမြို့ရိုးဘက်ဆီမှ ခရုသင်းသံများ နှင့် ကျုပ်တို့ကို လိုက်ရှာနေသော လယ်သမားများ ၏ ခေါ်သံကို ကြားနေကြရသည်။ သို့ တိုင်အောင် ကျုပ်တို့သည် မပြန်ကြသေးဘဲ မြက်ရှည်တောထဲတွင် တိတ်တဆိတ် ထိုင်နေ ကြကာ အရုဏ်တက်သည့်အခါတွင် မှ နန်းတော် သို့ ပြန်ခဲ့ကြသည်။

ဆိတ်ကျောင်းသူငယ်သည် ကျောက်ဖျာထက်တွင် ထိုင်ကာ လမင်းကိုကြည့်၍ ပလွေမှု တ် လျက်ရှိ၏ ။ ကျုပ်တို့သည်လည်း ဤကျောက်ဖျာထက်တွင် တေးဆိုခဲ့ကြဖူး၏ ။ ထိုစဉ်က နောင်တော် သိဒ္ဓတ္တသည် ပလွေကို မှု တ်လျက်၊ ကျုပ်က ကျူရိုးကို မှု တ်လျက် အင်ကြင်းတို့ ပင်လုံးဝေအောင် ပွင့်နေသည့် တောင်ခြေကို လှမ်းမျှော်ကြည့်ရင်း ကြည်နူးခဲ့ကြဖူး၏ ။

ထိုစဉ်ကမူ နေမင်းသည် ကောင်းကင်တွင် ယခုအချိန်ထက် ထွန်းလင်းသည်ဟု အောက် မေ့မိ၏ ။ သစ်ရွက်တို့သည်လည်း ယခုထက်ပို၍ စိမ်းသည်ဟု ထင်ခဲ့မိ၏ ၊ ရေသည်လည်း ယခုထက် ငွေရောင် တောက်ပသည်ဟု မှတ်ခဲ့ကြ၏ ။

ထိုစဉ်က အရာအားလုံးသည် ယခုထက်ပေါများ ၏ ။ အစာငတ်မွတ်သူဟူ၍ လည်းမရှိ။ ရေငတ်သူ ဟူ၍ လည်း မရှိ။ ယခုမူ ကမ္ဘာကြီးသည် ပြောင်းခဲ့ပြီ။ လရောင် အောက်တွင် တေးဆို၍ ကခုန်နေသော ဆိတ်ကျောင်းသူငယ်ကို မြင်သည့်အခါ၌ သိုက်မြုံထဲတွင် အိပ်နေသည့် ကျွဲကျောင်း ဆက်ရက်ကလေးတွေ လန့်နိုးအောင် ကျုပ်တို့တစ်တွေ ကခုန်မြူးတူး ခဲ့ကြသည်ကို ကျုပ် အမှတ်ရ ၏ ။

အခုဆိတ်ကျောင်းသူငယ် တေးဆိုရပ်၍ ပြန်သွားသည့်အခါတွင် လမိုက်သည့် ညတစ်ည ကို ကျုပ်ပြန်သတိရ၏ ၊ နွေလယ် ဖြစ်၏ ၊ ကျုပ်တို့သည် ခိုလှုံရာကိုရှာရန် တောထဲသို့ သွားခဲ့ ကြသည်။ ထိုစဉ်က နောင်တော် သိဒ္ဓတ္ထမှာ တစ်ဆယ့်ခုနှစ် နှစ် ရှိလေပြီ။ ကျုပ်ကမူ သူ့ထက် လေးနှစ် ခန့် ငယ်၏ ။ နောင်တော် သိဒ္ဓတ္ထသည် ပိုးဝတ်ရုံကို ၀တ်ထားပြီး ခါးတွင် အပြာရောင် ခါးပတ်ကို ၀တ်ထား၏ ။

မှော င်မိုက်လျက်ရှိသဖြင့် တစ်ယောကို တစ်ယောက် သဲကွဲစွာ မမြင်ကြရ။ တစ်ခါတစ်ခါမှ တောဝက်အုပ်များ အော်သံကို ကြားရပြီး၊ တစ်ချီတစ်ချီတွင် လည်း ကျားချင်း တစ်ကောင့် တစ်ကောင် မာန်ဖီဟိန်းဟောက်နေသံများ ကြားရ၏ ။ တစ်နေရာမှ တိရစ္ဆာန်များ အစွယ်သွေး နေသံတို့ကိုလည်း ကြားရတတ်သေး၏ ။

နောင်တော် သိဒ္ဓတ္ထသည် ကျုပ်ရှေ့မှ ထွက်သွား၏ ။ ကျုပ်က သူ့ကို လှမ်းခေါ်သည်။ သို့ ရာ တွင် ထူးသံမကြားရ။ ညက မှော င်မိုက်လျက်။ ကျုပ်သည် သူ့ကို တစ်ကြော်ကြော်ခေါ်၏ ။

ကျုပ်အနီးတွင် ပင် ရှိလိမ့်မည် ဟု ထင်သဖြင့် ခေါ်ဖြင်း ဖြစ်၏ ။ သူ့ အသက်ရှူသံကို ကြားနေ ရသည်ဟု ကျုပ်ဘာသာ ကျုပ်ထင်နေ၏ ။ ထို့ကြောင့် ကျုပ်သည် သူ့ကို အသံကုန်အော်ဟစ်၍ ခေါ်၏ ။ သို့ ရာတွင် ထူးသံမကြားရ။ အဝေးမှ ၀ံပုလွေတစ်ကောင်၏ အူသံကိုသာ ခပ်သဲ့သဲ့ ကြားရ သည်။

ကျုပ်သည် ဘယ်လောက်ကြာအောင် အော်ခေါ်နေသည်မသိ။ သတိရ၍ မော့ကြည့်လိုက် သည့်အခါတွင် ကောင်းကင်သည် မြေခွေးမြီးဖြင့် အုပ်ထားသကဲ့သို့ မည်းညိုသော တိမ်တိုက် တို့ဖြင့် ဖုံးလျက်ရှိသည်ကို မြင်ရ၏ ။ မိုးကလည်း သစ်ရွက်များ ပေါ်သို့ တဖြောက်ဖြောက် ရွာချလျက် ရှိသည်။ ကျုပ်တစ်ကိုယ်လုံး စိုရွှဲကာ ကိုယ်ပေါ်တွင် ပုရွက်ဆိတ်တွေ တွားသွားလျက် ရှိသည်ကို တွေ့ ရသည်။

ကျုပ်သည် ကြောက်လွန်းသဖြင့် မိန်မပျို တစ်ယောက် လို ရှိုက်ကြီးတငင်ငိုနေမိသည်။ ကျုပ်တွင် ဖိနပ်ခြေနင်းလည်းမရှိတော့။ ကျုပ်ခြေထောက်တို့သည် ပွန်းပဲ့ကုန်ကြပြီ။ မိုးကလည်း သဲသဲမဲမဲ ရွာချနေဆဲ။ ကျားဟန်းသံများ ကိုလည်း ကြားနေရသည်။ တစ်စ တစ်စနှင့် ကျုပ် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းစပြုလာပြီ။ သားရဲတိရစ္ဆာန်များ သည် ကျုပ်အနီးသို့ ရောက်လာပြီဟု ကျုပ်စိတ်ထဲတွင် ထင်မိ၏ ။ မြက်တောထဲရှိ တရှဲရှဲမြည် သံများ ကို ကြားနေရသည်။

သစ်ကိုင်းတို့သည် လေပြင်းထဲတွင် ကျိုးကျိုးကျည်ကျည် မြည် လျက်ရီ၏ ။ အဝေးရှိ မြက်ရှည်တောပေါ်သို့ မိုးစက်တို့ကျသံ၊ အနီးရှိ သစ်ရွက်များ ပေါ်သို့ မိုးပေါက်များ ကျသံ တို့သည် ကျုပ်နားတွင် ဆူညံလျက်ရှိ၏ ။

ကျုပ်စိတ်ထဲတွင် အရာအားလုံးတို့ကို မြင်လိုက်ရသည်ဟု ထင်၏ ။ ကျားတစ်ကောင်၏ အနီရောင် မျက်လုံးကြီးများ ၊ ကျားသစ်တစ်ကောင်၏ အစိမ်းရောင် မျက်လုံးကြီးများ တို့နှင့် ခြင်္သေ့ တစ်ကောင်၏ အ၀ါရောင် လည်ဆံမွေးများ ကို မြင်လိုက်သည်ဟု စိတ်ထဲတွင် ထင်မိ၏ ။ စိတ်တွင် ထင်၏ ဟု ကျုပ်ပြောသော်လည်း ကျုပ်စိတ်ထဲတွင် တကယ်အမှန်ဟု ပင် ထင်မိသည်။

ကျုပ်သည် ကိုယ့်ကိုယ်ကို ယို့ကာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ သူတို့ စားသောက် ၀ါးမြိုခြင်းကို ခံရတော့မည် ဟု တွေးမိ၏ ။ သို့ ရာတွင် ထိုအရာများ ကျုပ်အနီးသို့ ရောက်မလာခဲ့ကြ။ သူတို့သည် ကျုပ်နှင့် မလှမ်းမကမ်းတွင် ရှိနေကြသော်လည်း ကျုပ်ကို မမြင်ခဲ့ကြ။ ထို့နောက်တွင် မူ ကျုပ်သည် အိပ်ပျော်သွားသည်ဟု ထင်လိုက်၏ ။ ကျုပ်တို့သည် ကြောက်သော အခါတွင် မေ့မြောသွားတတ်ကြသည်ကို ကျုပ်မြင်ဖူး၏

အိပ်ရာမှ ပြန်နိုးလာသည့်အခါတွင် ကျုပ်သည် မနေ့ညက မြင်ခဲ့သော ခြောက်အိပ်မက် များ ကို ပြန်၍ အမှတ်ရလျက်ရှိသော ကျုပ်တစ်ကိုယ်လုံးသည် အေးစက်တောင့်တင်းလျှက်ရီ၏ ။ ကျုပ် ပြန်းနိုးလာသည့် အချိန်တွင် နေမင်းသည် ရွှင်လန်းလျက်ရီပြီ။ ရှုခင်းသည် ရွှေရောင် နှင့် မြရောင် ၀ိုးဝါးရောထွေးလျက်ရီ၏ ။

မြက်ရှည်တောထဲတွင် နှင်ဖြူတို့ ဝေ့၀ဲလျက်ရှိပေ၏ ။ မော့ကြည့်လိုက်သည့်အခါတွင် ကိုယ်အထက်ပိုင်း ဗလာဖြင့် ခေါင်းတွင် တောပန်းတွေ ကို ဝေနေအောင် ပန်ထားသည့် နောင်တော် သိဒ္ဓတ္ထကို တွေ ရသည်။ နောင်တော် သိဒ္ဓတ္ထသည် ပြုံးလျက်ရှိ၏ ။

“ကြောက်နေသလား အာနန္ဒာ၊ နောင်တော် ရှိနေတာပဲ၊ ဘာ ကြောက်စရာရှိလဲ”

ဟု ကျုပ်ကို မေး၏ ။ ကျုပ်သည် သူ့အမေးကို မဖြေမိ။

“မျောက်တွေ က အော်လို့၊ မြွေစိမ်းတွေ က မြက်တောထဲမှာ ခွေလို့၊ အန္တရာယ်ဟာ အမြဲ တမ်းရှိတယ် ညီတော် ၊ သို့ သော်လည်း အန္တရယ်အပေါင်းတို့အနက် အကြီးဆုံး အန္တရာယ်ဟာ ကြောက်ခြင်း ဖြစ်တယ်။ ဘာ ဖြစ်လို့ ဒီလောက်တောင် ကြောက်နေရာတလဲ အာနန္ဒာ”

“အသံမျိုးစုံကို ကျွန်ုပ်ကြားရတယ် နောင်တော် ၊ ဟိမ၀န္တာ တောင်ရိုးပေါ်က ၀ံပုလွေတွေ ရဲ့ အော်သံတွေ လည်း ကြားတယ်။ ကျားတွေ နဲ့ ကျားသစ်တွေ ရဲ့ မျက်လုံးတွေ လည်း မြင်ရတယ်။ ဒါပေမဲ့ အဆိုးဆုံး ကတော့ အအေးဒဏ်နဲ့ သစ်ကိုင်းတွေ ရဲ့ ကျိုးကျိုးကျည်ကျည် မြည် သံတွေ ပဲ”

“အသက်မျှဉ်းမျှဉ်းရှူသံကိုရော မကြားမိဘူးလား”

“မကြားမိဘူး နောင်တော် ”

နောင်တော် သိဒ္ဓတ္တ ရယ်လိုက်၏ ။

“ညီတော် အနားမှာ နောင်တော် တစ်ချိန်လုံး ရှိနေပါတယ် ညီတော် ၊ ညီတော် ကို လက်နဲ့ လှမ်းထိလိုက်ရင် အနီးကလေးရယ်၊၊ ညီတော် ငိုနေတာကိုဖြင့် နောင်တော် အံ့သြလို့ မဆုံးပါဘူး၊ ညီတော် ဟာ တစ်ခါတစ်ခါမှာ မျက်နှာကို လက်ဝါးနဲ့ အုပလလို့၊ ယောက်ျားဆိုတာ ဒီလိုပဲ ကြောက်ရသလား ညီတော် ၊ သင်ဟာ မိန်ကလေး တစ်ယောက် နဲ့ တူမနေဘူးလား”

“ကျွန်ုပ် မကြောက်ပါဘူး နောင်တော် ၊ နောင်တော် ထွက်ထွက်သွားတဲ့အတွက် ပူဆွေး မိတာပါ”

“ဒါဖြင့် ငါထွက်သွားတိုင်း သင် ပူဆွေးနေမှာ လား ညီတော် ”

“ဟုတ်တယ် နောင်တော် ၊ ကျွန်ုပ်ပူဆွေးနေမှာ ပဲ”

ကျုပ်က ဖြေလိုက်သည်။ နောင်တော် သိဒ္ဓတ္ထသည် ကျုပ်၏ အဖြေကို ကြားလျှင် ပြုံးနေလိမ့် မည် ဟု ကျုပ်ထင်လိုက်သည်။ သို့ ရာတွင် နောင်တော် သိဒ္ဓတ္ထ၏ မျက်နှာသည် လေးနက်တည်ငြိမ် သွား၏ ။ ထို့နောက် အနီးရှိ တောပန်းရိုင်းတစ်ပွင့်ကို ခူးလိုက်သည်။

“ပန်းပွင့်တွေ ဟာ ပူဆွေးကြသလား အာနန္ဒာ”

“မပူဆွေးကြပါဘူး နောင်တော် ၊ သူတို့မှာ ဝေဒနာရယ်လို့ မရှိကြပါဘူး”

“သစ်ပင်တွေ ဟာရော ပူဆွေးကြသလား ”

“သစ်ပင်တွေ ဟာ ညီတော် တို့ ပူဆွေးသလို ပူဆွေးခြင်းမရှိကြပါဘူးဆိုတာ ညီတော် သိသလို နောင်တော် လည်း သိပါတယ်၊ သို့ သော်လည်း မိုးကြိုးခတဲ့ သစ်ပုတ်ပင် ကြီးတွေ ကိ ညီတော် မြင်ခဲ့ဖူးပြီ၊ အသီးအပွင့်မဝေတော့တဲ့ သစ်ခြောက်ပင်ကြီးတွေ လည်း မြင်ခဲ့ဖူးပြီ၊ ညီတော် စိတ်ထဲမှာ တော့ သူတို့ဟာလည်း ပူဆွေးနေကြတယ်လို့ ထင်မိတာပဲ”

ကျုပ်က ဤသို့ ပြောလိုက်သည့်အခါတွင် နောင်တော် သိဒ္ဓတ္ထသည် လက်ထဲတွင် ရှိသည့် ပန်းပွင့်မှ ပန်းလွှာကလေးများ ကို ခြေမွှပစ်လိုက်သည်။

“ဆင်းရဲဒုက္ခဟာ အဆုံးမရှိလေဘူး အာနန္ဒာ၊ ပန်းလွှာတို့ဟာ ကြွေကျကြရတယ်၊ မီးဟာ လောင်ကျွမ်းရတယ်၊ နေမင်းဟာ ကောင်းကင်က ကွယ်ရတယ်၊ သို့ တိုင်အောင် ဒီအရာ အားလုံးဟာ ဘယ်လောက်တင့်တယ်ပြီး ဂုဏ်ကျက်သရေရှိသလဲ အာနန္ဒာ၊ ပန်းလွှာကို သင့်လက်ထဲမှာ ခြေကြည့်စမ်း၊ သင်မွှေးလို့မ၀အောင် မွှေးပျံ့တဲ့ရနံ့တွေ ထွက်လာလိမ့်မယ်၊ လောကမှာ ရက်စက်ကြမ်းကြုတ်ခြင်းရှိတယ် အာနန္ဒာ၊ သို့ သော်လည်း အဲဒီ ရက်စက် ကြမ်းကြုတ်မှု တွေ ထဲကနေပြီး ချိုမြိန်ခြင်းတွေ ပေါ်လာတယ်၊ သင်ဟာ တောကြီးမျက်မည်းထဲမှာ တစ်ယောက် တည်း အိပ်ခဲ့တယ်၊ တောတိရစ္ဆာန်တို့ရဲ့ အသံတွေ ကိုကြားခဲ့ရတယ်၊ သို့ သော်လည်း နောက် တစ်နေ့ မနက်လင်းလို့ ရောက်လာတော့ စိတ်သက်သာမှု ဟာ သင့်အကြောက်ထက် ကြီးကျယ် ခမ်းနားလာတယ်၊ သင်ဟာ သိဒ္ဓတ္ထကို ပိုပြီးတွယ်တာလာတယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါဟာ သင်နဲ့အတူ မရှိလို့ ဖြစ်တယ်၊ ငါ့ကိ ဒီလိုဘာ ဖြစ်လို့ ကြည့်နေတာလဲ အာနန္ဒာ၊ လောကကြီးမှာ သံယောဇဉ်ကင်းပြတ်ပြီး ရက်စက်ရမယ်ဆိုလို့ ထူးဆန်းနေသလား၊ သင်ဟာ မနေ့ညက တစ်ည လုံး ငိုခဲ့တယ်၊ ခုတော့ သင်ရယ်နေပြီ”

“ဟုတ်တယ် နောင်တော် ၊ ကျွန်ုပ်ရယ်တယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ နေမင်းကြီးထွက်လာလို့ ကျွန်ုပ်ရယ်တယ်”

“မဟုတ်ဘူး ညီတော် ၊ သင်လိမ်မပြောနဲ့၊ သင့်အနားကို ငါပြန်ရောက်လာလို့ ရယ်တာ”

ကျုပ်သည် မည် သို့ မှ ပြန်မပြောတော့။ နောင်တော် သိဒ္ဓတ္ထကို ဤသို့ တစ်ခါမှ မမြင်စဖူး။ နောင်တော် သည် အလွန်စိတ်သဘောထားနူးညံ့၏ ယခုမူ နောင်တ်ာသည် ချက်ချင်း အိုစာရင့်ရော် သွားခဲ့ပြီ။ နှုတ်ခမ်းပေါ်တွင် ရွှေရောင် မွေးညင်းနုကလေးကို ကျုပ်ပထမဆုံးမြင်လိုက်ရ၏ ။ ညက မိုးရွာပြီး နောက်တစ်နေ့မနက်တွင် ပန်းပွင့်သည် ပွင့်အာလာသကဲ့သို့ နောင်တော် သိဒ္ဓတ္ထ၏ အရပ်အမောင်းသည်လည်း ချက်ချင်း မြင့်မားလာသည်ဟု ကျုပ်စိတ်ထဲတွင် ထင်မိသည်။

“နောက်တော် ပြောင်းလဲသွားယ်နော်”

“ဘယ်လိုများ ပြောင်းလဲသွားလို့လဲ အာနန္ဒာ၊ အရာခပ်သိမ်းဟာ ပြောင်းလဲ နေကြတာပဲ၊ နောင်တော် ဟာ အခုမှ ပြောင်းလဲသွားတာ မဟုတ်ဘူး၊ အရင်တုန်းကလည်း ပြောင်းလဲခဲ့တာပဲ”

နောင်တော် ၏ ရုပ်အဆင်းတင့်တယ်ခြင်းကို ထိုနေ့မနက်မှစ၍ ကျုပ်စတင် သတိပြုမိ ခဲ့သည်ဟု ထင်ပါသည်။ သူ့ ရုပ်ဆင်တင့်တယ်မှု ကို ကြည့်၍ ကျုပ်တို့ ၀မ်းမြောက် ကြည်နူးခဲ့ ကြသည်မှာ လည်း နောင်တော် သိဒ္ဓတ္ထ အင်ကြင်းပင် တစ်ပင်ကို မှီ၍ ရပ်ရင်း မျက်လုံးကို မှိတ် ထားလေရာ နောင်တော် သိဒ္ဓတ္ထ၏ ရုပ်အဆင်းသည် ကျက်သရေရှိလှပေ၏ ဟု ကျုပ် အောက်မေ့ မိသည်။

နောင်တော် သိဒ္ဓတ္ထသည် မျက်လုံးကို ဖွင့်လိုက်လျက် ကြေမွနေသည့် ပန်းဝတ်အလွှာကို ကိုင်ထားသည့်လက်ကို ကျုပ်ဆီသို့ ဆန့်တန်းလိုက်ရင်း

“အလှဟာလည်း တစ်နေ့မှာ မှေးမှိန်ပျောက်ကွယ်ရတာ ပဲ အာနန္ဒာ၊ လေခြွေရမယ့် ပန်းပွင့်လွှာ ကလေးကို ငါခြွေခဲ့ပြီ အာနန္ဒ အရာခပ်သိမ်းတို့ ဟာလည်း မှေးမှိန်ညှိုးသွားရတယ်၊ ပန်းပွင့်ဟာ ရိုးတံက ကြွေကျရတယ်၊ ကြေသွားတဲ့ ပန်းဝန်လွှာဟာ နောက်ဆုံးမှာ ရွှံ့နှစ် ရောင် ပေါက်သည်အထိ ညိုမည်းသွားရတယ်၊ ကြည့်စမ်း အာနန္ဒာ၊ ပန်းဝတ်လွှာကလေး တစ်လွှာကို သွေးထွက်သွားသည် အထိ သင်စူးစိုက်ကြည့်ဖူးရဲလား၊ ဟုတ်တယ် အာနန္ဒာ၊ ထူးဆန်းလည်း ထူးဆန်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ လောကမျာ ဒီလောက် ကြောက်စရာ ကောင်းတဲ့ သတ္တ၀ါကြီးရယ်လို့ ရှိတယ်ပြောရင် သင် ယုံမှာ တောင်မဟုတ်ဘူး၊ လွန်ခဲ့တဲ့ တစ်ခဏ တုန်းက ဒီပန်းဝန်လွှာကလေးဟာ အလွန်လှတယ်၊ ခုတော့ ဒီပန်းဝတ်လွှာကလေးဟာ အရောင် တွေ မှေးမှိန်သွားကြပြီ၊ ကြည့်စမ်း အာနန္ဒာ၊ သူ့မှာ အသက်မရှိတော့ဘူး၊ မီးပုံတစ်ခုကို ကြည့်ပြီး အဲ့ဒီမီးပုံ လောင်ကျွမ်းကုန်ခန်းသွားတာကို သင်ကြည့်ဖူးရဲ့ လား၊ အရာဝတ္ထု တစ်ခု လောင်ကျွမ်း ကုန်ခမ်းသွားတာကို သင်ကြည့်ဖူးရဲ့ လား၊ ဒီအရာဟာ ပျောက်ကွယ်သွားတာ၊ ပြာမှု န့်နဲ့ မီးသွေး ဖြစ်သွားတာကို သင်မြင်ဖူးရဲလား၊ ပန်းပွင့်တွေ လည်း ကြွေကျရတယ်၊ ပန်းလွှာတွေ ဟာလည်း ညှိုးနွမ်းသွားကြရတယ်၊ အဆုံးမှာ တော့ ဘာမှ မဟုတ်ဘူး အာနန္ဒာ၊ ဘာမှ မဟုတ်ပေဘူး”

နောင်တော် သိဒ္ဓတ္ထ၏ မျက်လုံးများ သည် ပြန်၍ မှိတ်သွားကြကာ ပါးစပ်မှ တစ်စုံတစ်ရာကို ခပ်တိုးတူးရွတ်ဆိုလျက်ရှိ၏ ။ နေရောင် လင်းလာသည့်အတွက် တောအလုံးသည် ရွှေရောင် ၊ မြရောင် ဖြင့် လင်းလျက်ရှိသည်။ နောင်တော် သိဒ္ဓတ္ထသည် သစ်ပင်ကို မှီ၍ ရပ်ရင်း လက်ထဲတွင် ကြွေမွနေသည့် ပန်းဝန်လွှာကလေးကို ကြည့်လျက်ရှိသည်။

နေရောင် ထဲတွင် သစ်ပင်တို့သည် စိမ်းမြကာ မြက်ရှည်ပင်များ လည်း ယိမ်းနွဲ့လျက်ရှိသည်။ အင်ကြင်းပင် ပင်စည်များ အပေါ်တွင် ပုရွက်ဆိတ်အနီကြီးများ သည် တက်လျက်ဆင်းလျက် ပြုနေကြသည်။ အနီးရှိ သစ်ပင်များ ပေါ်တွင် မျောက်တို့က အော်မြည် လျက်ရှိပြီး မြေခွေးမြီးနှင့် တူသည့် တိမ်တိုက်များ သည် ကောင်းကင်တွင် တိုက်လှေတပ်ကြီးများ သဖွယ် ရွက်တိုက်လျက် ရှိကြ၏ ။

အာရုဏ်သည် မောင်းထုသံကဲ့သို့ တဖြည်းဖြည်းပေါ်လာကာ ပတ်ဝန်းကျင် ဝေစည်လျက် ရှိ၏ ။

“လောကကြီးမှာ ဘယ်ဟာတွေ ရက်စက်တယ်ပဲပြောပြော၊ မနေ့ညက ကျွန်ုပ်ကို ထားခဲ့ တာလောက်တော့ ရက်စက်တမျိုး မရှိဘူး နောင်တော် ”

ကျုပ်က မကျေနပ်သံဖြင့် ပြောလိုက်သည်။ နောင်တော် သိဒ္ဓတ္ထက ခပ်တိုးတိုးရယ်လိုက် လျက်

“ဟုတ်တယ် အာနန္ဒာ၊ ဒီလိုလုပ်တာဟာ ကောက်ကျစ်ရာလည်းရောက်တယ်၊ မြက်ရှည်ထဲ မှာ ပုန်းနေတဲ့ မြွေဟာ ကောက်ကျစ်သလို ဒီလိုလုပ်တာဟာလည်း ကောက်ကျစ်ရာ ရောက်တယ်၊ ဟုတ်တယ် ငါဟာ ကောက်ကျစ်တယ်၊ ငါဟာ သင့် အနားကိုလာတယ်၊ ပြီးတော့ ထွက်ပြေးသွားတယ်၊ ငါ့ကို သင်မတွေ့ ဘူးနော်၊ တစ်ခါမှာ တော့ ငါက ညီတော် ကို လက်နဲ့ လှမ်းထိ လိုက်ပါသေးတယ်၊ ဒါပေမဲ့ ညီတော် လန့်ပြီး ညီတော် က အိပ်မက်တွေ မက်လို့၊ ညီတော် က အိပ်ပျော်လို့၊ ချောက် အိပ်မက်တွေ မယ်လို့၊ ညီတော် နောင်တော့်  လက်မောင်းပေါ်မျာ အိပ်ပျော် နေတာလား”

“အိပ်မပျော်ပါဘူး နောင်တော် ၊ သားရဲတိရစ္ဆာန်တွေ ကို တွေးနေတာ”

“သူတို့လည်း အတူတူပါပဲ အာနန္ဒာ၊ သားရဲတိရစ္ဆာန်တွေ ဟာလည်း လောင်ကျွမ်း ကြရတယ်၊ ချစ်သူတွေ ဟာလည်း လောင်ကျွမ်းကြရတယ်၊ လောင်ကျွမ်း ခြင်းဟာ အဆုံး မရှိလေဘူး၊ အကယ်၍ သာ ငါသာ ညီတော့် အနားကို ရောက်လာခဲ့ရင် ညီတော် ဟာ အကြောက်ကို သိတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆာလောင်နေတဲ့ ကျားငယ် တစ်ကောင်သာ ညီတော့် အနားကို ရောက်လာခဲ့ရင် ညီတော် ဟာ ဒီအကြောက်ကို ဘယ်လိုနာမည် ပေးရမှန်းတောင် သိမှာ မဟုတ်ဘူး၊ သားရဲတိရစ္ဆာန်တို့ရဲ့ အစွယ်တွေ ဟာလည်း မီးလျှံတွေ သာ ဖြစ်တယ်၊ ပန်းဝတ်လွှာ တွေ ဟာလည်း မီးလျှံတွေ သာ ဖြစ်တယ်၊ အားလုံးဟာ လောင်ကျွမ်းကြရတယ်”

“ဟုတ်တော့ ဟုတ်ပါတယ် နောင်တော် ၊ နေမင်းကြီးဟာလည်း လောင်ကျွမ်း ရတာ ပါပဲ”

ပူပြင်းသော နေမင်းသည် တာအုပ်ထိပ်သို့ ရောက်နေလေပြီ။ ကျုပ်သည် ဆာလောင်စ ပြုလာ၏ ။ နောင်တော် သိဒ္ဓတ္ထသည် ပြုံးလိုက်လျက် သူ့ခေါင်းတွင် ရှိသည့် ပန်းပွင့်များ ကို ဖြုတ်ယူ နေသည်။

“တကယ်လို့ နောင်တော် များ သင့်ကို ပစ်ပြီး ထွက်ပြေးရင် ဘယ်လိုနေမလဲ ညီတော် ၊ နောင်တော် က သင့်ထက်မြန်အောင် ပြေးနိုင်တယ်၊ သင်လိုက်မှီမှာ မဟုတ်ဘူး၊ ပူလောင်တဲ့ နေမင်းကြီးကလည်း သင့်ကို အစာရှာကျွေးမှာ မဟုတ်ဘူး၊ အဲ့ဒီအခါမှာ ငတ်လို့ သေရလိမ့်မယ်၊ တောထဲမှာ အရိုးတွေ တောင်လိုပုံနေတာ ငါတွေ့ ခဲ့ဖူးပြီ”

နောင်တော် သိဒ္ဓတ္ထသည် ကျုပ်ကို ကျီစယ်သော အားဖြင့် ပြုံးလိုက်၏ ။

“ဟုတ်တယ် နောင်တော် ၊ ညီတော် လည်း မြင်ခဲ့ဖူးတယ်။ ဒါကြောင့် မနေ့ညတုန်း ညီတော် ကြောက်တာပါ”

“အရိုးတွေ ထက်ဆိုးတဲ့အရာလဲ ရှိသေးတယ် အာနန္ဒာ”

“ဘာတွေ လဲ နောင်တော် ”

“အသားတွေ နဲ့ ကပ်ငြိဖွဲ့စည်းတဲ့ အရိုးတွေ လေ”

“ကျွန်ုပ်လည်း မြင်ခဲ့ဖူးပါတယ် နော်တော် ”

“ပန်းဝတ်လွှာကလေးတစ်လွှာ သွေးထွက်သွားတာကို သေသေချာချာ မြင်ဖူးရဲ့ လား ညီတော် ”

ဟု နောင်တော် သိဒ္ဓတ္ထ ဖြည်းညင်းစွာ ပြော၏

ကျုပ်စိတ်ထဲတွင် နောင်တော် သိဒ္ဓတ္ထသည် စိတ်ဖောက်ပြန် သွားလေပြီလောဟု ထင်မိ သည်။ သူပြောသည့် စကားက ပန်းဝတ်လွှာတစ်လွှာ သွေးထွက်သွားသည်ကို ကြည့်ရမည် ဆိုပါ တကား။ သူ့စကားကို ကျုပ်နားမလည်။

ကျုပ်အသက်သည် တစ်ဆယ့်လေးနှစ် လောက်မျှသာ ရှိသေး၏ ။ နောင်တော် သိဒ္ဓတ္ထ သည် လှပတင့်တယ်သည့် မင်းပျိုမင်းလွင်တစ်ပါး ဖြစ်သည့် အတွက် ကျုပ်သည် သူ့ကို ချစ်၏ ။ သူ့လို လှပ တင့်တယ်သည့် မင်းပျိုမင်းလွင်တစ်ပါး ဖြစ်ချင်၏ ။ ထို့ကြောင့် ကျုပ်သည် သူ့ကို အတုခိုး၏ ။ ယပ်တောင်ကိုကိုင်လျှင် သူကိုင်သလိုကိုင်၏ ။ လမ်းလျှောက်လျှင် သူလျှောက်သလို အရိပ် တစ်ခု လို လှနေအောင်လျှောက်၏ ။ အစာစားလျှင် သူစားသလို အရိပ်တစ်ခုလို လှနေအောင် လျှောက် ၏ ။ အစာစားလျှင် သူစားသလို နှုတ်ခမ်းအစုံကို သိမ်းဆည်း၍ စား၏ ။ အိပ်လျှင် သူအိပ်သလို ခြေအစုံကို ဆန့်၍ အိပ်၏ ။ နေရာတကာတွင် သူ့ကိုလိုက်၍ အတုယူရ၏ ။ သို့ ရာတွင် အတွေးအခေါ် တွင် မူကား သူ့ကို လိုက်၍ ကျုပ်မတုနိုင်ချေတကား။

ကျုပ်တို့အားလုံးသည် အရေပါးပါးကလေးဖြင့် ဖုံးအုပ်ထားသည့် အရိုးစုကြီးမျှသာ ဖြစ်သည် ကို ကျုပ်ကောင်းကောင်းသိပါ၏ ။ သို့ ရာတွင် သိရုံသာသိ၍ ကျုပ်မပြောတတ်ချေတကား၊ ယခု နောင်တော် သိဒ္ဓတ္ထသည် ထိုအကြောင်းကို သူပြောပြနေလေပြီ။ အရိုးစုများ နှင့် သွေးထွက်သော ပန်းပွင့်အကြောင်းကို သူပြောပြနေလေပြီ။ အရိုးစုများ နှင့် သွေးထွက်သော ပန်းပွင့် အကြောင်းကို သူပြောပြနေပုံမှာ လေးနက်လှသည့်အတွက် ကျုပ်ကြောက်လာ၏ ။

“ညီတော် ခွန်အားကြီးအောင် ဘယ်လိုလုပ်ရမလဲ နောင်တော် ”

“ချစ်ခြင်းကို ပယ်ရလိမ့်မယ် ညီတော် ”

ဟု ဆိုကာ နောင်တော် သိဒ္ဓတ္ထသည် ချစ်ခြင်းကို တပ်မက်သူတို့၏ ရက်စက်ကြောက်ဖွယ် ကောင်းပုံကို ပြောပြ၏ ။

“ငါ့ကို သတို့သမီးငယ် တစ်ယောက် ကို ရှာပေးတယ် ညီတော် ၊ ကစားမြူးထူးဖို့ သတို့သမီး ငယ် တစ်ယောက် ကို ရှာပေးတယ်။ ဒါပေမဲ့ ဒါဟာ ကစားမြူးတူးခြင်း မဟုတ်ဘူး ညီတော် ၊ လောင် ကျွမ်းခြင်း ဖြစ်တယ်၊ ဒါကြောင့် လောင်ကျွမ်းခြင်းကင်းမဲ့တဲ့နေရာ၊ မိုးစက်တွေ လို အေးမြတဲ့နေရာ ဖြစ်တဲ့ တောထဲကို ငါထွက်လာတာ ဖြစ်တယ်၊ ဒီမီးထဲမှာ ငါမနေတာဟာ အကောင်းဆုံးပဲ ညီတော် ၊ ကြည့်စမ်း ဘယ်လောက်အေးမြသလဲ”

နောင်တော် သိဒ္ဓတ္ထသည် ထိုအကြောင်းကို မပြောလိုသကဲ့သို့ ခေါင်းကိုယမ်းလိုက်သည်။

“ဒါဖြင့် ကျွန်ုပ်တို့ ဘယ်မှာ နေကြမှာ လဲ နောင်တော် ”

“ဒီမှာ မနေဘူး ညီတော် ၊ လောင်ကျွမ်းခြင်းရှိရာမှာ မနေဘူး၊ ပန်းပွင့်ကို ခြေမွှပစ်လိုက်လို့ အရောင် ပြောင်းသွား တဲ့နေရာမှာ မနေဘူး၊ အရာအားလုံးကို ပျက်စီးခြင်း မရှိတဲ့ နေရာမှာ တို့နေကြရမယ်၊ အေးလေ တကယ်တော့ ဒီလိုနေရာမျိုးဟာ လောက ကြီးမှာ ရှိချင်မှ ရှိမှာ ပါ”

နောင်တော် သိဒ္ဓတ္ထသည် တစ်ယောက် တည်း စကားပြောနေသကဲ့သို့ ပြောဆိုလျက်ရှိ၏ ။ ထိုအခါကျမှ ကျုပ်တို့နှစ် ယောက် တောထဲသို့ ထွက်လာခဲ့ကြပုံကို ကျုပ်သတိရတော့် သည်။

ယနေ့သည် နောင်တော် သိဒ္ဓတ္ထ၏ မွေးနေ့ ဖြစ်၏ ။ နန်းမြို့ထဲတွင် ပျော်ပွဲရွှင်ပွဲများ ၊ လေးတင်ပွဲများ ကျင်းပလျက်ရှိ၏ ။ ယခုအချိန်အထိ နောင်တော် သိဒ္ဓတ္ထအတွက် ကြင်ဖော်ကို ရွှေးချယ်ခြင်း မပြုရသေး။ ထိုနေ့တစ်နေ့လုံး နောင်တော် သိဒ္ဓတ္ထသည် နေမထိထိုင်မသာ ဖြစ်လျက် ရှိ၏ ။ နေ့လယ်ပိုင်း အရောက်တွင် နောင်တော် သိဒ္ဓတ္ထက တောထဲသို့ သွားရန် ခေါ်သဖြင့် ကျုပ်လိုက်လာခဲ့သည်။ ကျုပ်တို့သည် တံခါးမှူးတို့ မမြင်အောင် အရှေ့မြို့တံခါးမှ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။ သတို့သမီးများ ကြောင်းကို ပြောသည့်အခါတွင် နောင်တော် သိဒ္ဓတ္ထသည် ဆံချည်မျှင်ကို ပါးစပ်မှ ရွံရှာစွာ ထွေးထုတ်သကဲ့သို့ စက်ဆုတ်စွာ ပြော၏ ။ သို့ ရာတွင် ထိုအကြောင်း ကို ရှည်ဝေးစွာ ပြောဆိုခြင်း မပြုချေ။

“ကျားတွေ ကို သတိထားနော်”

ဟု ကျုပ်ကို ပြောတတ်သည်။

ကျုပ်သည် မိုးစက်တို့ တဖြောက်ဖြောက်အောက် မြည် ရှည်တောထဲတွင် လဲလျောင်းရင်း တစ်ညလုံး ထိုစကားများ ကို ကြားယောင်နေသည်။

“ဘယ်လိုကျားမျိုးလဲ နောင်တော် ”

“အသားဖြူတဲ့ ကျားတွေ ”

ကျုပ်သည် မြက်တောရှည်ထဲတွင် လှဲရင်း တစ်ညလုံး ထိုအသားဖြူဖြူနှင့် ကျားများ အကြောင်းကို တွေးနေမိသည်။

နောင်တော် သိဒ္ဓတ္ထက နေရောင် ထဲတွင် ရုတ်တရက် ရပ်လိုက်သည်။

“သတို့သမီးငယ် တစ်ယောက် ဒီတောကြီးမျက်မည်းထဲကိုလာတာမြင်ဖူးလား ညီတော် ”

“မမြင်ဖူးဘူး နောင်တော် ”

“အဘွားအိုကြီးတွေ လာတာကိုရော”

“မြင်ဖူးပါတယ်၊ ထင်းခွေလာကြတာလေ”

“ဟုတ်တယ်၊ သစ်မြစ်ကြီးတွေ လို အိုမင်းရွတ်တွ ဖြစ်တော့မှ တောထဲကို လာရဲကြ တယ် နော်”

“ဟုတ်တယ် နောင်တော် ”

“ဒါကြောင့် မို့ ငယ်ရွယ်တုန်းမှာ သတ္တိနည်းကြတယ်၊ ကြီးလာတော့ သားရဲတိရစ္ဆာန်တို့၊ ဘာတို့ မကြောက်တော့ဘူး”

“ဟုတ်တယ် နောင်တော် ”

“ပြီးတော့ ငယ်ရွယ်တဲ့ သတို့သမီးငယ်များ ကျတော့်  သူတို့အသားဟာ သိပ် နူးညံ့တယ်၊ ဆူးစူးမှာ ကို ကြောက်တြယ်၊ နေပူစပ်ခါးကို ကြောက်ကြတယ်၊ နှင်းတွေ ရွှမှာ ကို ကြောက်ကြတယ်၊ သူတို့ ဘ၀ဟာ အကာအကွယ်တွေ နဲ့ ဖုံးကာထားတဲ့ ဘ၀ ဖြစ်တယ်၊ အမွှေးနံ့သာတွေ နဲ့ ဖျန်းပက်ထားတဲ့ ဘ၀သာ ဖြစ်တယ်၊ သူတို့ရဲ့ နီရဲတဲ့လျှာတွေ ဟာ မြွေတွေ ရဲ့ လျှာတွေ လို လှုပ်ယမ်း ပြီး မှန်တဲ့စကားကိုဆိုကြတယ်၊ သူတို့တစ်တွေ ဟာ အကာ အကွယ်နဲ့ ဖုံးထားကြတယ်၊ အရာအားလုံးက ပြောင်းလဲနေတဲ့အချိန်မှာ သူတို့ တစ်တွေ ဟာ သူတို့ကိုယ်ကို သူတို့ မပြောင်း လဲအောင် ကြိုးစားနေကြတယ်၊ သူတို့ဟာ ပန်းပွင့်တွေ ကိုအတုခိုးနေကြတယ်၊ ဒါပေမဲ့ အာနန္ဒာ ပန်းပွင့်တစ်ပွင့်ကို လိုက်အတုခိုး နေတာထက် အဲဒီ ပန်းပွင့် ဖြစ်တာက ပိုပြိးမကောင်းပေဘူးလား၊ တကယ်တော့ သူတို့ဟာ စက်ဆုပ် စရာကောင်းပါတယ် အာနန္ဒာ”

ထိုအခါကျမှ အဘယ်ကြောင့် ပန်းဝတ်လွှာကလေးကို ခြေမွှပစ်ကြောင်း ကျုပ် သဘော ပေါက်တော့သည်။

“ဘယ်လိုပြောလိုက်တာလဲ နောင်တော် ၊ ရွှေနန်းတော် ကြီးထဲမှာ ရှိတဲ့ သတို့သမီး ငယ်တွေ ကို နောင်တော် အကုန်လုံးသိလို့လား၊ တချို့က ဆိုးပေမဲ့ တချို့က ကောင်းကြပါတယ်၊ ပြီးတော့”

“သူတို့စာ အနားမနေကြဘူး ညီတော် ၊ သူတို့အရိပ်ကို သူတို့ ရေကန်ထဲမှာ ပြန်ပြန်ကြည့် ကြတယ်၊ သူတို့ အလှကိုသူတို့ မှန်ကြေး မုံပြင်မှာ ပြန်ကြည့်ကြတယ်၊ သူတို့အလှကို အစစ်အမှန် ထင်နေကြတယ်၊ မျက်လုံးတွေ ကို အလှခြယ်ကြတယ်၊ လက်တွေ ကို ညွှတ်ကွေးကကြတယ်၊ ခြေတွေ ကို ကနွဲ့ကလျလှမ်းကြတယ်၊ ခန္ဓာကိုယ်ကို ဟိုယိမ်းသည်နွဲ့ လုပ်ကြတယ်၊ တင်ပါးတွေ ကို လှုပ်ကြတယ်၊ လက်မောင်းတွေ က ထောပတ်ဆီလို နူးညံနေကြတယ်၊ ဟုတ်တတယ်၊ သူတို့ ဟာ အနားမနေကြဘူး”

နေရောင် သည် နောင်တော် သိဒ္ဓတ္ထ၏ မျက်နှာနှင့် ပခုံးပေါ်သို့ ဖြာကျလျက်ရှိ၏ ။ သိဒ္ဓတ္ထ သည် ပင်စည်ကိုမှီ၍ ရပ်နေရင်းက

“ထောပတ်ဆီလို နူးညံ့တဲ့ သတို့သမီးငယ်နဲ့ အိုမင်းရွတ်တွနေတဲ့ ထင်းခွေမိန်းမ အိုကြီးတို့ ဘယ်သူက ပိုသာမယ်ထင်သလဲ အာနန္ဒာ”

“နောင်တော် ကတော့်  အိုမင်းရွတ်တွနေတဲ့ ထင်းခွေမိန်းမကြီးက သာတယ်လို့ ပြော မှာ ပဲ၊ ကျွန်ုပ် ကတော့ သတို့သမီးငယ်က”

“အင်း ညီတော် က ငယ်ပေးသေးတာကိုး၊ ဒါပေမဲ့ အာနန္ဒာ၊ နေလောင်ပြီး သော ကတွေ ပိနေလို့၊ ပခုံးကိုင်းကိုင်းနဲ့ ခဲလုံးတွေ ကျောက်တုံးတွေ ကြားမှာ သွားနေတဲ့ မိန်မအိုရွတ်တွကြီး ဖြစ်ရတာ က သူ့ကိုယ်သူ အမွှေးနံ့သာတွေ ပက်ဖျန်းနေတဲ့ သတို့သမီး ငယ် ဖြစ်ရတာ ထက် ပိုကောင်းတယ်”

နောင်တော် သိဒ္ဓတ္ထသည် စကားလုံးများ ကို တရစပ်ပြောလိုက်ရာမှ လေးနက် တည်ငြိမ် စွာ ဖြင့်

“အေးလေ ဘယ်တော့မှ ဒေါသမထွက်နိုင်ရင် အကောင်းဆုံးပါပဲ”

ထို့နောက်တွင် ကျုပ်တို့သည် တောအုပ်ထဲမှ ဖြတ်၍ ပြန်လာခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ကျုပ်သည် သူ့ကို မသိမသာ လှမ်းကြည့်မိလိုက်သည်။ နောင်တော် သိဒ္ဓတ္ထ၏ ပခုံးသည် ကျယ်ပြန့် ၍ ကိုယ်ခန္ဓာသည် သေးသွယ်သည်။ တင့်တယ်ပြေပြစ်သည့် အသရေကို ဆောင်သည်။

သစ်ပင်များ အောက်တွင် လျှောက်လာကြစဉ် နေရောင် သည် သစ်ပင်များ ကြားမှနေ၍ သူ့ လက်မောင်းများ ပေါ်၊ သူ့ပခုံးပေါ်သို့ ပြောက်ကျားဝေဖြာ ကျလျက်ရှိသည်ကို ကြည့်ရခြင်းလောက် တစ်ခါမှ လှပတင့်တယ်ခြင်းမရှိစေဖူး။ ၀ိုင်းသော မျက်ခွံတို့အောက်မှ မျက်လုံများ က ပြူးကျယ် လှပနေသည်။ မျက်လုံးများ ၏ အရောင် က ပြာလဲ့နက်ရှိုင်းနေကြသည်။ ဆံပင်တို့က ကြေးနီရောင် သမ်းနေသည်။ နှုတ်ခမ်းများ ကို လှုပ်၍ တိတ်ဆိတ်စွာ လျှောက်လာနေပုံမှာ တစ်စုံတစ်ရာကို လေးနက်စွာ ဆင်ခြင်စဉ်းစားနေသကဲ့သို့ ရှိသည်။

နေမြင့်လာခဲ့ပေပြီ။ သစ်ရွက်များ ပေါ်တွင် နှင်းစက်တို့မရှိတော့။ တစ်ခါတစ်ရံတွင် နောင်တော် သိဒ္ဓတ္ထ သည်ခါးကြားတွင် ထိုးလာသည့် ပလွေကို မှု တ်လိုက်သည်။ တစ်ခါတစ်ရံတွင် အပွင့်ဝါ၀ါတွေ ပွင်နေသော မာလာနွယ်များ ကို လှမ်းကြည့်ရင်း ပြုံးသည်။ သို့ ရာတွင် အများ အား ဖြင့် တိတ်ဆိတ်လျက် လိုက်ပါလာသည်။ နောင်တော် သိဒ္ဓတ္ထသည် ယခင်ကနှင့် မတူ။ စကား နည်းလာသည်ကို ယခုတစ်လောတွင် ကျုပ်သတိထားမိခဲ့သည်။

နေသည် အလျှံတောက်သော ဖန်လုံးကြီးတစ်လုံးကဲ့သို့ ဖြစ်လာခဲ့လေပြီ၊ ခဏကြာလျှင် နေလောင်သဖြင့် သူ့ပခုံးပေါ်တွင် အနီပြောက်တွေ ပေါ်လာကြ၏ ။ ပြာမွဲမွဲ ပုတ်သင် တစ်ကောင် သည် လမ်းမှ ဖြတ်၍ ပြေးသွား၏ ။ နောင်တော် သိဒ္ဓတ္ထသည် အလျားထိုးကာ ပုတ်သင်ကို ဖမ်းလိုက် သည်။ ပုတ်သင်သည် တောက်ပနီရဲသည့် မျက်လုံးများ ဖြင့် သူ့ကို ကြည့်နေသည်။ ခဏအကြာ တွင် ပုတ်သင်သည် ငြိမ်သတ်သွား၏ ။ နောင်တော် သိဒ္ဓတ္ထသည် ပုတ်သင်ကို အိပ်ပျော်သွားအောင် ပွတ်သပ်ပေးပြီးနောက် ပခုံးပေါ်သို့ တင်လာခဲ့သည်။

နန်းတော် သို့ အပြန် လမ်းတစ်လျှောက်လုံးတွင် နောင်တော် သိဒ္ဓတ္ထသည် ထူးဆန်းသည့် စကားများ ကိုသာ ပြောလာခဲ့သည်။ တစ်ခါတစ်ရံတွင် လည်း

“ပန်းပွင့်လေးတွေ ဟာ သွေးထွက်ကြတယ်၊ ပြီးတော့်  ငိုကြတယ်”

ဟုဆိုတတ်၍ တစ်ချီတစ်ချီတွင် မူ

“အားလုံး ငြိမ်သက်နေရင်၊လေရယ်လို့မရှိရင်၊ ပြောင်းလဲမှု တွေ အားလုံးချုပ်ငြိမ်းသွားရင်”

ဟု တစ်ယောက် တည်း ပြောဆိုကာခေါင်းကို ဘယ်ညာယမ်းလျက်ရှိ၏ ။

` “အရာဝတ္ထုတွေ အားလုံးဟာ ပြောင်းလဲခြင်းမရှိ၊ လှုပ်ရှားခြင်း လည်းမရှိရင် ပိုမကောင်း ပေဘူးလား၊ တောင်ထိပ်တွေ ပေါ်ကနှင်းပွင့်လေးတွေ လို ထာဝရ ငြိမ်သက်နေရင် မကောင်းပေ ဘူးလား”

အဘယ်ကြောင့် မသိ။ နောင်တော် သိဒ္ဓတ္ထသည် နှင်းပွင့်ဟူသော စကားကို ကြားလိုက်သည့် အခါတွင် အနည်းငယ်တုန်လှုပ်သွား၏ ။ သူသည် နှင်းပွင့်ဟူသော စကားလုံးကို ရေရွတ်နေသည်။

“နှင်းပွင့်တွေ ကတော့်  မပြောင်းဘူးပေါ့ ညီတော် ၊ ဒါပေမဲ့ နေမင်းက သူတို့ကို ပြောင်းလဲ သွားအောင် လုပ်ပေးတယ်၊ တို့တစ်တွေ ကိုတော့ နေမင်းလည်း ကြီးရင့်သွား အောင် လုပ်ပေး တယ်၊ နှင့် ပွင့်တွေ ကတော့ အိုမင်းမသွားကြဘူးပေါ့”

“ဒါပေမဲ့ နှင်းပွင့်တွေ ဟာလည်း အရည်ပျော်ရတာ ပဲ မဟုတ်လား နောင်တော် ”

ကျုပ်သည် သူနှင့် စကားပြောရင်း ကြီးရင့်လာသည်ဟု ထင်ရကာ အိုမင်းမည် ကိုလည်း များ စွာ စိုးရိမ်ခြင်းမ ဖြစ်တော့။

“မဟုတ်ဘူး ညီတော် ၊ ဟိမ၀န္တာတောင်ထိပ်ပေါ်က နှင်းပွင့်တွေ ဟာ ဘယ်တော့မှ အရည်မပျော်ဘူး၊ ငါ့ဆရာက ပြောဖူးတယ်၊ နှင်းပွင့်တွေ ဟာ အသက်ရှူတယ်တဲ့၊ ပူနွေးတယ်တဲ့၊ နှင်းပွင့်တွေ မှာ အရောင် မပြောင်းဘူးတဲ့၊ သူတို့မှာ အရောင် မရှိဘူးတဲ့၊ ဟုတ်တယ် အာနန္ဒာ၊ နှင်းပွင့်တွေ လို ဖြစ်ရရင် သိပ်ကောင်းမှာ ပဲ”

ကျုပ်က သူ့မျက်နှာကို ကြည့်၍ ရယ်လိုက်သည်။

“မထူးပါဘူး ထင်ပါရဲ့ နောင်တော် ၊ မြည်းတစ်ကောင် ဒါမှမဟုတ် မျောက်တစ်ကောင် ဖြစ်ရတော့ရော ဘာထူးဦးမှာ လဲ၊ ရှေးက ရှိခဲ့တဲ့ ဂါထာတွေ အလိုအရဆိုရင် အားလုံးဟာ အသက်ရှင်ပြီး၊ အသက်ရှူပြီး ရှင်သန်နေကြတယ်၊ နောင်တော် ဒီနေ့ ဘာ ဖြစ်နေတာလဲဟင်၊ နောင်တော် ဟာ အရင်နေ့တွေ တုန်းက ပျော်လို့ ပါးလို့၊ ဒီနေ့တော့် လည်း ဒီပျော်ရွှင်မှု တွေ ကင်းမဲ့ လို့”

နောင်တော် သိဒ္ဓတ္ထသည် ကျုပ်ပခုံးပေါ်သို့ လက်တင်ပြီး ရယ်လိုက်သည်။ သူရယ်သည်ကို မြင်ရသဖြင့် ကျုပ်ကျေနပ်သွားသည်။

“ပုတ်သင်လေးကို ကြည့်စမ်း၊ ညီတော် ၊ မျက်လုံးတွေ က တဖျပ်ဖျပ် တောက်ပလို့၊ မျက်လုံး တွေ ဘာ ဖြစ်လို့ ဒီလောက် တဖျပ်ဖျပ် တောက်ပနေသလဲသိရဲ့ လား၊ စူးစမ်းနေလို့ တောက်ပ နေတာ ညီတော် ၊ သူ့အရေခွံကို ပူနွေးစေတဲ့ အပူရှိန်ရဲ့ အကြောင်းကို သူစူးစမ်းနေတယ်၊ ဒီအပူရှိန် ဟာ ငါ့ခန္ဓာကိုယ်က ဖြာထွက်လာတယ် ဆိုတာတော့ သူသိမယ် ဟုတ်ဘူးပေါ့၊ သူရှေ့မှာ လာလာပြီး နေရောင် ကို ကွယ်တဲ့ ညိုညိုဝါ၀ါအရာဟာ ဘာလဲဆိုတာကို စူးစမ်းနေတယ်၊ ဒီအရာ ဟာ သင့်မျက်နှာ ဖြစ်တယ် ဆိုတာတော့ သူမသိဘူးပေါ့၊ သူ့မျက်နှာရှေ့မှာ ရှေ့တိုး နောက်ငင် လှုပ်ရှားနေတဲ့အရာဟာ သင့် လက်ချောင်း တွေ ဖြစ်တယ် ဆိုတာ ကိုတော့ သူမသိဘူးပေါ့၊ သူဟာ… ”

“နေဦးနောင်တော် ၊ ကျွန်ုပ်ပြောမယ်၊ လောကကြီးဟာ ချစ်ခြင်းနဲ့ ဖွဲ့နှောင်ထားတာ ဖြစ်မယ်၊ ပန်းပွင့်တွေ ၊ သစ်သီးတွေ ၊ နှင်းပွင့်တွေ ဒါတွေ အားလံ့းဟာ ချစ်ခြင်းနဲ့ ဖွဲစည်းထားတာ ဖြစ်တယ်၊ ဒါကြောင့် ဘာကိုမှ ကြောက်စရာမရှိဘူးလို့”

“ပန်းပွင့်တွေ ဟာ ချစ်ခြင်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ဟုတ်တယ် ညီတော် ၊ သို့ သော်လည်း ချစ်ခြင်းရှိတာထက် ချစ်ခြင်းမရှိတာက ပိုမကောင်းပေဘူးလား၊ ကချေ သည်တွေ စတဲ့ခြွေရံ သင်းပင်းတွေ ၀ိုင်းဝိုင်းလည်နေတာထက် တစ်ယောက် တည်း အထီးကျန် နေနေရတာ က ပိုမကောင်းပေဘူးလား၊ တောအုပ်ထဲမှာ သတို့သမီးငယ် ဖြစ်ရတာ ထက် ထင်းခွေတဲ့ အမယ်အို ဖြစ်ရတာ ပိုမကောင်းဘူးလား”

နောင်တော် သိဒ္ဓတ္ထသည် ကျုပ်ကို ပြုံး၍ ထူးတန်းစွာ ကြည့်နေသည်။

ထို့စဉ်တွင် လယ်ကွင်းထဲကို ဖြတ်ကာ ကျုပ်တို့ထံ ဗုံမောင်းတို့ဖြင့် ပြေးလာသော ကချေသည် တစ်သိုက်ကို မြင်ရ၏ ။ ကျုပ်တို့နှစ် ယောက် ပျောက်သဖြင့် လိုက်ရှာနေကြရာမှ တွေ့ သဖြင့် သူတို့ အားလုံး ၀မ်းသာအားရ ဖြစ်နေကြသည်။

“ဟော သူတို့ လိုက်ရှာနေကြပြီ၊ သူတို့ ခြေထောက်တွေ မှာ လည်း ရွှံ့တွေ ပေ နေမှာ ပဲ၊ ဒီလိုပေကျံနေတာပဲ ကောင်းပါတယ် ညီတော် ခဏနေရင် သူတို့ဟာ သူတို့ကိုယ်သူတို့ အမွှေးနံ သာတွေ ခြယ်သကြဦးတော့မယ်”

နောင်တော် သိဒ္ဓတ္ထသည် သူတို့ထံသို့ ကျားသစ်ပျိုတစ်ကောင်ကဲ့သို့ လျှောက်လာခဲ့သည်။

“သင်တို့ ငါတို့လို လိုက်ရှာနေကြသလား”

“မှန်ပါတယ် အရှင်”

ကချေသည်တို့က ခေါင်းဦးညွတ်၍ ပြော၏ ။

“ဘယ်လောက်ကြာပြီလဲ”

“မနေ့ညက တစ်ညလုံးပါအရှင်”

“သင်တို့ကို ဘယ်သူက အရှာခိုင်းလိုက်လို့လဲ၊ သင်တို့ကို ဘယ်သူက ကြောက်ရွံ ခန့်ညား မှာ လဲ၊ ကြည့်စမ်းညီတော် ၊ ဘယ်လောက်အံ့သြောစရာ ကောင်းသလဲ၊ တကယ်တော့ ဒီ ကချေသည်တွေ ဟာ ကျားတွေ လိုပဲ ရက်စက်ကြမ်းကြုတ်ကြပါကလား ညီတော် ”

“နောင်တော် ရယ်၊ သူတို့ကို စိတ်ပင်ပန်းညှဉ်းဆဲရာရောက်အောင် မပြောပါနဲ့” ဟု ကျုပ်က တားလိုက်သည်။

“မဟုတ်ဘူး ညီတော် ၊ ငါ့ကိုငါ ညှဉ်းဆဲနေတာ”

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မြသန်းတင့် ၏ “ လာခြင်းကောင်းသောအရှင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မှော်ရုံတောမှာ မောလှပြီ

နှစ်တစ်ရာ ကမ္ဘာ့စုံထောက် ၀တ္ထုတိုများ (၃)

ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်