သတ္တမအကြိမ် ရိုက်နှိပ်ခြင်း အမှာ
`ဓားတောင်´ ၀တ္ထုကို ၁၉၇၃ ခုနှစ် တွင် ရေး သားပြီး ထိုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယခုဆိုလျှင် အနှစ် နှစ် ဆယ် တင်းတင်းပြည့်လေပြီ။
`ဓားတောင်´ သည် ကျွန်တော့် စာရေး သက်တမ်းတွင် အမြန်ဆုံး၊ ကျွန်တော် အကြိုက်ဆုံး၊ အငြင်းပွားရဆုံး၊ အအောင်မြင်ဆုံး ၀တ္ထု ဖြစ်သည်ဟု ပြောရမည် ထင်သည်။
အမြန်ဆုံးဟု ဆိုခြင်းမှာ ကျွန်တော် သည် ထိုဝတ္ထုကို ၁၇ ရက်အတွင်းတွင် အပြီးရေး သားခဲ့သော ကြောင့် ဖြစ်သည်။
အကြိုက်ဆုံး ဆိုရခြင်းမှာ ရင်ခုန်သံ မြန်နေတုန်း ရေး လိုက်သော ကြာင့် ဖြစ်သည်။
ပင်လယ်တွင် နှစ် ရှည်လများ နေထိုင်ခဲ့ရစဉ်က ကျွန်တော် ခံစားခဲ့ရသော အတွေ့ အကြုံများ ကို ခံစား၍ ရေး လိုက်ခြင်း ဖြစ်သည်။
အငြင်းပွားရဆုံးဟု ဆိုရခြင်းမှာ အချို့ ထိုဝတ္ထုသည် ဆိုရှယ်လစ် သရုပ်မှန် စာပေဟု ပြောပြီး အချို့က စွန့်စားခန်း ဇာတ်လမ်းသာ ဖြစ်သည်ဟု ဆိုကြသော ကြောင့် ဖြစ်သည်။
အချို့က မှီး၍ ရေး သော ၀တ္ထု ဖြစ်ပြီး အချို့က ကျောင်းသုံးစာအုပ် ဖြစ်မည် ၊ ဆုရမည် ဟု ဟောကိန်းထုတ်ခဲ့ကြသော ကြောင့် ဖြစ်သည်။
အချို့က စာပေအရာမြောက်သည်ဟု ဆိုပြီး အချို့က ရုပ်ပြဇာတ်လမ်းသာသာ ဖြစ်သည်ဟု ဝေဖန်ကြသော ကြောင့် ဖြစ်သည်။
အယူအဆအရ လက်ဝဲစွန်းမှ လည်းကောင်း၊ လက်ယာစွန်းမှ လည်းကောင်း တိုက်ခိုက်ခဲ့ကြသော ကြောင့် ဖြစ်သည်။
ထုတ်ဝေသူ တစ်ဦးကမူ `ဓားတောင်နှင့် ပတ်သက်သော ဝေဖန်ချက် အမျိုးမျိုးကို စုစည်းပြီး စာအုပ်တစ်အုပ်ပင် ထုတ်ဝေလိုက်သေးသည်။
ကျွန်တော် သည် ထိုဝေဖန်ချက်များ ကို တစ်ခွန်းမျှ တုံ့ပြန်ခြင်း မပြုခဲ့ပါ။ စာရေး ဆရာ တစ်ယောက် ၏ စာတစ်ပုဒ်နှင့် ပတ်သက်၍ လူတိုင်းတွင် ကွဲလွဲပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိသည်ဟု ယူဆသော ကြောင့် ဖြစ်ပါသည်။ စာတစ်ပုဒ်ကောင်း မကောင်း၊ စာပေအရာ မြောက်မမြောက်ကို အချိန်က ဆုံးဖြတ်မည် ။ သမိုင်းက ဆုံးဖြတ်မည် ဆိုသည့်အချက်ကို အလေးအနက် ယုံကြည်သော ကြောင့် ဖြစ်ပါသည်။
အအောင်မြင်ဆုံးဟု ပြောရခြင်းမှာ ကျွန်တော့် စာအုပ်သည် အနှစ် နှစ် ဆယ်အတွင်း အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရသော ကြောင့် ဖြစ်ပါသည်။
စာဖတ်သူများ က ကျွန်တော့် အား `ဓားတောင်´ ကို ဆက်ရေး ရန် တိုက်တွန်းကြပါသည်။ အချို့ သူတို့ကိုယ်တိုင်ရေး ပြီး ကျွန်တော့် ထံ ပို့ကြပါသည်။ သို့ရာတွင် ကျွန်တော် မရေး ဖြစ်ခဲ့ပါ။ နောင်တွင် လည်း ဘယ်တော့မှ ရေး နိုင်မည် ဟု ကျွန်တော် မပြောနိုင်ပါ။
`ဓားတောင်´ထဲတွင် သရုပ်ပီပြင်စေရန်အတွက် ထိုခေတ်က သုံးနှုန်းခဲ့သော ဝေါဟာရ အချို့ကို မလွှဲမရှောင်သာ ထည့်သွင်းသုံးနှုန်းခဲ့ရပါသည်။
ဓားတောင်သည် စာရေး ဆရာ၏ ခံစားချက်၊ အတွေ့ အကြုံကို လူငယ်များ ၏ ခံစားချက်၊ အတွေ့ အကြုံနှင့် ပေါင်းစပ်ကြည့်ရန် ကြိုးပမ်းချက် တစ်ခုမျှသာ ဖြစ်ပါသည်။
မြသန်းတင့်
(1-8-1993)
`ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ´ ၀တ္ထုကို ၁၉၇၃ ခုနှစ် တွင် ကျွန်တော် ရေး ခဲ့ပြီး ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယခု ပုံနှိပ်ခြင်းသည် ပဉ္စမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်လေသည်။
ကျွန်တော် သည် စာဆိုတော် ဟောပြောပွဲများ တွင် `ဓားတောင်´ ရေး ခဲ့သည့် ကျွန်တော့်  ရည်ရွယ်ချက်များ ကို ပြောတတ်ပါသည်။ စာရေး သူ တစ်ဦး၏ ရည်ရွယ်ချက်သည် သူ ရေး သည့် စာထဲတွင် လည်း ပါပြီးသား ဖြစ်ပါသည်။ သို့ရာတွင် စာရေး သူသည် ၀တ္ထုထဲတွင် သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်မပြောနိုင်ပါ။ ပြောခွင့်လည်း မယူသင့်ပါ။ ဇာတ်ဆောင်များ မှတစ်ဆင့် အလျဉ်းသင့်သလို ပြောသွားရခြင်း ဖြစ်ပါသည်။ စာရေး ဆရာကချည်း သူပြောချင်တာတွေ ကို ပြောနေလျှင် ထိုစာသည် တရားဟောသလို ဖြစ်သွားကာ အနုပညာ ပုံသဏ္ဌာန် ပျောက်သွားတတ်ပါသည်။ ထိုအခါတွင် ရသ အားနည်းသွားတတ်ပါသည်။ ပုံသဏ္ဌာန်ကိုချည်း သိပ်အားပြုပြန်လျှင်လည်း (အတတ်ပညာကို ပိုင်နိုင်ခြင်း မရှိလျှင်) ကိုယ် ပြောချင်သည့် ရည်ရွယ်ချက်လည်းေ၀၀ါးသွားကာ တစ်ခါတစ်ရံတွင် ရည်ရွယ်ချက်ကို မရောက်ဘဲ ဖြစ်တတ်ပါသည်။ အနုပညာသည်သည် ထိုအစွန်းနှစ် ဖက်ကြားထဲတွင် တည့်မတ်စွာ လျှောက်နိုင်ရန် ကြိုးစားရပါသည်။
`ဓားတောင်´ သည် ထိုသို့သော အစွန်းနှစ် ဖက်ကြားထဲတွင် တည့်မတ်စွာ လျှောက်ရန် ကြိုးစားထားသည့် အားထုတ်မှု တစ်ရပ် ဖြစ်ပါသည်။ ထိုအားထုတ်မှု အောင်မြင်ခြင်းရှိမရှိကိုမူ စာဖတ်ပရိသတ်က ဆုံးဖြတ်နိုင်ပါသည်။
တော် လ်စတွိုင်းသည် အလွန်ကြီးကျယ် ခမ်းနားသော “စစ်နှင့် ငြိမ်းချမ်းရေး ” ၀တ္ထုကြီးထဲတွင် နိဂုံးနှစ် ခု ရေး ခဲ့ပါသည်။ ပထမနိဂုံးမှာ ၀တ္ထုဇာတ်လမ်းနှင့် ပတ်သက်သော နိဂုံး ဖြစ်၍ ဒုတိယနိဂုံးမှာ ၀တ္ထုဇာတ်လမ်းနှင့် ဘာမျှမဆိုင်သော သူ့သမိုင်းအမြင်များ ဖြစ်ပါသည်။ တော် လ်စတွိုင်းသည် ထိုသမိုင်းအမြင်ကို ဇာတ်ဆောင်များ မှ တစ်ဆင့်လည်း အလျဉ်းသင့်သလို ပြောခဲ့ပါသည်။ သို့ရာတွင် သူ ကျေနပ်အားရဟန် မတူပါ။ အနုပညာပုံသဏ္ဌာန်ကို ငဲ့ရသည့်အတွက် ထိုသို့ အကျဉ်းမျှသာ ပြောဟန်တူပါသည်။ ဒုတိယနိဂုံးတွင် မူ ဇာတ်လမ်းနှင့် လုံးဝမပတ်သက်တော့ဘဲ စာရေး ဆရာက သူ့အမြင်ကို တိုက်ရိုက်ပင် ပြော သွားပါသည်။
ဝတ္ထုထဲတွင် ပြောခွင့်မရခဲ့သော စာရေး သူ၏ ထိုဝတ္ထုနှင့် ပတ်သက်သော ရည်ရွယ်ချက် အချို့ကို ယခုအမှာ တွင် ကျွန်တော် တင်ပြလိုပါသည်။
ကျွန်တော် သည် ပင်လယ်တွင် အချိန်အတော် ကြာမျှ နေခဲ့ဖူးပါသည်။ ပင်လယ်တွင် နေခဲ့ရစဉ်က အနစ်နာခံသော ၊ ကိုယ်ကျိုးစွန့်သော ၊ အများ အကျိုးကို ဆောင်ရွက်လိုသော ၊ ဖြောင့်မှန်သော လူငယ်အချို့ကို ကျွန်တော် တွေ့ ခဲ့ရပါသည်။ သူတို့သည် ပညာတတ်များ မဟုတ်ကြပါ။ `ဓားတောင်´ ၀တ္ထုတဲမှ သံချောင်းကဲ့သို့ လယ်သမားမိဘများ မှ ပေါက်ဖွားလာသော ကျေးလက်လူငယ်များ ဖြစ်ပါသည်။ အချို့မှာ မြို့ပြ လက်လုပ်လက်စား မိဘများ မှ ပေါက်ဖွားလာသော လူငယ်များ ဖြစ်ပါသည်။ ထိုလူငယ်များ အကြောင်းကို ကျွန်တော် ရေး ချင်ပါသည်။
ထိုအခါတွင် ကျွန်တော် သည် သူတို့၏ စရိုက်များ ကို ပေါင်း၍ သံချောင်းဟူသော ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးပါသည်။ မြို့မှ ပညာတ်လူငယ်များ ကို ကျွန်တော် တွေ့ ပါသည်။ သူတို့သည် အရာရှိကြီးများ ၊ လူကုံထံများ ၏ သားများ ဖြစ်ကြပါသည်။ သူတို့အနက် အချို့သည် လေလွင့်နေကြပါသည်။ လူငယ်၏ အားမာန်ကို မဟုတ်သည့် နေရာတွင် ဖြုန်းတီးပစ်နေကြပါသည်။ အချို့နေရာများ တွင် နှေးကွေးသော ၊ ခေတ်နောက်ကျသော ၊ အယူသီးသော လူကြီးနှင့် တက်ကြွသော ၊ ရှေ့သို့ အတင်းသွားနေသော ၊ တန်ဖိုးသစ်များ ကို လှမ်းကြည့်နေသော လူငယ်တို့၏ ပဋိပက္ခကို ကျွန်တော် မြင်နေရပါသည်။ ထိုပဋိပက္ခသည် တစ်ခါတရံ မမှန်မကန်သော နည်းဖြင့် ပေါက်ကွဲလာတတ်ပါသည်။ ထိုအကြောင်းကို ကျွန်တော် ရေး ချင်နေပါသည်။
ဤ၌ ပင်လယ်တွင် တွေ့ ခဲ့ရသည့် အတွေ့ အကြုံနှင့် မျက်မှော က်ခေတ် လူငယ်တို့၏ အကြောင်းကို ပေါင်းစပ်ကာ `ဓားတောင်´ ကို ကျွန်တော် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
`ဓားတောင်´တွင် အဓိကဇာတ်ကောင် လေးဦးသာ ပါပါသည်။ ဇာတ်ကောင်လေးဦးတို့အနက် တစ်ဦးမှာ အလုပ်သမား သံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော ပညာတတ် ကိုနန္ဒာနှင့် မှော င်ခိုစက်လှေပိုင်ရှင် ဦးဘရန်တို့ ဖြစ်ပါသည်။
သူတို့လေးဦးသည် သင်္ဘောပျက်ပြီး ကျွန်းကလေးတစ်ကျွန်းပေါ်သို့ ရောက်သွားသည့်အခါတွင် လူ့အဖွဲ့အစည်းကလေးတစ်ခုကို ထူထောင်ခဲ့ကြပါသည်။ သံချောင်းသည် လက်တွေ့ ကျသူ ဖြစ်ပါသည်။ ဘ၀အခက်အခဲတို့ကို ရင်ဆိုင်ရဲသူ ဖြစ်ပါသည်။ ကိုနန္ဒာသည် စာတွေ့ ကို သိထားသူ ဖြစ်ပါသည်။ ရဲမြင့်သည် လမ်းမှားသို့ ရောက်နေရာမှ သံချောင်းကို ကြည့်ပြီး လမ်းမှန်သို့ ရောက်သွားသူ ဖြစ်ပါသည်။ ဦးဘရန်သည် ရောက်လေရာရာတွင် ကိုယ်ကျိုးကြည့်သူ ဖြစ်ပါသည်။
`ဓားတောင်´ ၀တ္ထုသည် သူတို့လေးဦး၏ ဆက်ဆံရေး ၊ သူတို့လေးဦး၏ ပဋိပက္ခ၊ ထိုပဋိပက္ခများ ကို သူတို့ မည် သို့ ဖြေရှင်းပုံ စသည်တို့ကို ရေး ထားခြင်း ဖြစ်ပါသည်။ သံချောင်းသည် ကိုယ်ကျိုးစွန့်သူ၊ အနစ်နာခံသူ၊ လက်တွေ့ ကျသူ၊ ပညာမတတ်သော်လည်း ပညာတတ်တို့ထံမှ အသိအမြင် အတွေးအခေါ်တို့ကို တစ်ဆင့် သိရသည်နှင့် ချက်ချင်း လက်တွေ့  အကောင်အထည်ဖော်ကာ ဘ၀အခက်အခဲကို ဖြေရှင်းသွားသူအ ဖြစ် ကျွန်တော် တင်ပြထားပါသည်။
ယနေ့ခေတ် လူငယ်တို့သည် မိမိတို့ လူမှု ရေး ပြဿနာများ ကို ဖြေရှင်းရာတွင် အလုပ်သမား လူတန်းစာ၏ ရပ်တည်ချက်မျိုး၊ ကိုယ်ကျိုးစွန့်ခြင်းမျိုး၊ အနစ်နာ ခံခြင်းမျိုးတို့ကို နမူနာယူ၍ ဖြေရှင်းသွားသင့်သည်ဟု ကျွန်တော် တင်ပြထားပါသည်။ (အလုပ်သမား လူတန်းစားထဲတွင် ကိုယ်ကျိုးမစွန့်သူတွေ မရှိဘူးလားဟု မေးလျှင် ထိုကိစ္စသည် ခြွင်းချက် ဖြစ်လိမ့်မည် ဟု ကျွန်တော် ယူဆပါသည်။ အလားတူပင် ဓနရှင် လူတန်းစားထဲတွင် လည်း စိတ်ကောင်းစေတနာ ထားသူတွေ မရှိဘူးလားဟု မေးလျှင်လည်း ထိုကိစ္စသည်လည်း ခြွင်းချက်များ သာလျှင် ဖြစ်ပါလိမ့်မည် ။ စာရေး ဆရာသည် အရာကိစ္စတစ်ခုကို ကောက်ချက်ချလျှင် ယေဘုယျကို ကြည့်ပြီး ကောက်ချက်ချခြင်း ဖြစ်ပါသည်။ ခြွင်းချက်တွေ ကို ကြည့်ပြီး ကောက်ချက်ချခြင်း မဟုတ်ပါ။)
ဤသည်မှာ `ဓားတောင်´ကို ကျွန်တော် ရေး သည့် ရည်ရွယ်ချက် အကျဉ်းချုပ် ဖြစ်ပါသည်။
`ဓားတောင်´ကို မြတ်လေး၊ ကောလိပ်ဂျင် နေ၀င်းနှင့် မို့မို့မြင့်အောင်တို့ ပါဝင်ပြီး ကက်ဆက်ဇာတ်လမ်း သွင်းခဲ့ဖူးပါသည်။
ဇော်မောင်က ရုပ်ပြ ရေး ခဲ့ပါသည်။
မြို့တော် အင်အားသစ် မောင်ယဉ်အောင်က ပြဇာတ်က,ခဲ့ပါသည် ။
ဂျပန်ဘာသာဖြင့် ဂျပန်ပြည်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
ထို့နောက် ရုပ်ရှင်။
`ဓားတောင်´ ထွက်ပြီးစက ရုပ်ရှင်ရိုက်ချင်သည်ဆိုပြီး ကျွန်တော့် ဆီသို့ ဒါရိုက်တာတစ်ဦး ပေါက်လာပါသည်။ ကျွန်တော် က သူ့ဒါရိုက်တာ အရည်အချင်းကို များ စွာ စိတ်မချသဖြင့် သူ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါသည်။
နောက်တစ်ဖန် ဒါရိုက်တာတစ်ဦး ပေါက်လာပြန်ကာ ကျွန်တော့် ဇာတ်လမ်းကို ၀ယ်ယူလိုကြောင်း ကမ်းလှမ်းပြန်ပါသည်။ သူ့အရည်အချင်းကိုလည်း ကျွန်တော် စိတ်မချသဖြင့် သူ့ကမ်းလှမ်းချက်ကို ပယ်လိုက်ပြန်ပါသည်။
နောက်တစ်ကြိမ် ဒါရိုက်တာ မောင်ဝဏ္ဏနှင့် မောင်သက်နောင်က ရုပ်ရှင်ရိုက်လိုသည်ဟု ကမ်းလှမ်းသဖြင့် သူတို့ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံလိုက်ပါသည်။ မောင်ဝဏ္ဏက သူကိုယ်တိုင် ဇာတ်ညွှန်းရေး ပါသည်။ သူကိုယ်တိုင် ဇာတ်လမ်းစဉ်ခွဲပါသည်။ ထို့နောက် မကြိုက်လျှင် ပြင်ပါဟု ကျွန်တော့် ကို လာရောက်ပြသည်။ ကျွန်တော် သည် သူ့ဇာတ်ညွှန်းကို တစ်လုံးတစ်ပါဒမျှ မပြင်လိုက်ပါ။ မောင်ဝဏ္ဏသည် သူ့အလုပ်ကို ကျွန်တော့် ထက်ပို၍ သိသူ ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော့် အယူအဆတွင် ထိုရုပ်ရှင်အတွက် ဘာမျှ တာဝန်မရှိဟု ယူဆပါသည်။ စာရေး ဆရာသည် သူရေသည့်ဝတ္ထုအတွက် တာဝန်ရှိပြီး ရုပ်ရှင်အတွက် တာဝန်မရှိပါ။ ထိုအပိုင်းမှာ ရုပ်ရှင်ဒါရိုက်တာ၏ တာဝန်သာ ဖြစ်ပါသည်။ စာရေး ဆရာနှင့် မဆိုင်တော့ပါ။ ရုပ်ရှင်ကုမ္ပဏီသို့ ရောင်းလိုက်သည့် အချိန်မှစ၍ စာရေး ဆရာ၏ အခန်းသည် ကုန်ဆုံးသွားကာ ရုပ်ရှင်ဆရာတို့၏ အခန်းသည် အစပြုသည်ဟု ကျွန်တော် ယူဆပါသည်။
ထို့ကြောင့် မောင်ဝဏ္ဏက ဇာတ်ညွှန်းကို ကြိုက်သလို ပြင်ပါဟု ဆိုလာသော အခါတွင် ကျွန်တော် သည် တစ်လုံးမျှ မပြင်ဘဲ `ဒါက ခင်ဗျားတို့ တာဝန်ပဲ၊ ကျွန်တော် ပါစရာ မလိုပါဘူး´ ဟု ပြောခဲ့ပါသည်။
သို့ရာတွင် ဘာကြောင့် မှန်မသိ၊ မောင်ဝဏ္ဏသည် `ဓားတောင်´ကို မရိုက် ဖြစ်တော့ပါ။ ကျွန်တော် ကလည်း မမေးတော့ပါ။
ထို့နောက်တွင် ကျွန်တော့် ဆီကို မြတ်လေး ပေါက်လာပြီး `ဓားတောင်´ ကို ရိုက်ချင်သည်ဟု ပြောပါသည်။ `မောင်ရင် ရိုက်ချင်ရိုက်ပေါ့´ ဟု ကျွန်တော် ပြောလိုက်ပါသည်။
သို့ရာတွင် ဘာကြောင့် မှန်းမသိ၊ မြတ်လေးလည်း မရိုက် ဖြစ်တော့ပါ။
လွန်ခဲ့သည့် နှစ် နှစ် ခန့် တစ်ညတွင် မူ ကျော်ဟိန်း ကျွန်တော့် ထံ ပေါက်လာပါသည်။
“ဖိုးကျော် ကိုယ့်ဝတ္ထုကို ဖတ်ပြီးပြီလား”
“ဖတ်ပြီးပါပြီ၊ ဖတ်ပြီးတာမှ ပထမအကြိမ် ထွက်ကတည်းက ကျွန်တော် ဖတ်တာပါ၊ အဲဒီ တုန်းက ဆရာ့အိမ်ကို ကျွန်တော် တစ်ခေါက် လာပါသေးတယ်၊ ဆရာ မရှိပါဘူး၊ နယ်ကို သွားနေပါတယ်၊ နောက်တော့ ကျွန်တော် လည်း အကြောင်းကြောင်းကြောင့် မလာ ဖြစ်တော့တာပါ၊ ခု ဆယ်နှစ် လောက် ရှိတော့မှ ကျွန်တော် တစ်ခေါက်လာတာပါ၊ ဒီဝတ္ထုကို ကျွန်တော် သိပ်ရိုက်ချင်ပါတယ်၊ ဒါကြောင့် ကျွန်တော် အထပ်ထပ် ဖတ်ပါတယ်၊ အကြိမ်ပေါင်း ဆယ့်ငါးကြိမ် အကြိမ် နှစ် ဆယ်လောက် ရှိပါပြီ၊ တချို့စာပိုဒ်တွေ ကို ကျွန်တော် အလွတ်တောင် ရနေပါပြီ”
ကျော်ဟိန်းက စာအုပ်ထဲမှ စာသားအချို့နှင့် ဇာတ်ကွက်အချို့ကို ပြောပြသည်။ တချို့ဇာတ်ကွက်များ မှာ ကျွန်တော် ပင် မေ့နေလေပြီ။
“ဖိုးကျော် ဘာ ဖြစ်လို့ ရိုက်ချင်တာလဲ”
ကျော်ဟိန်းသည် စဉ်းစားနေသည်။
အတန်ကြာမှ
“ကျွန်တော် ဇာတ်ကား အများ ကြီး ရိုက်ခဲ့ပြီးပြီ ဆရာ၊ ကောင်းတဲ့ကားတွေ လည်း ရှိမယ်၊ မကောင်းတဲ့ကားတွေ လည်း ရှိတယ်၊ ခု ကျွန်တော် အသက်လည်း ကြီးလာပြီ၊ ကျွန်တော့်  ရုပ်ရှင်မင်းသား သက်တမ်းမှာ မှတ်တိုင်စိုက်နိုင်တဲ့ ကားမျိုး တစ်ကားလောက် ရိုက်ချင်တယ်၊ ဒီဝတ္ထုကို ကျွန်တော် သိပ်ရိုက်ချင်နေတယ်၊ ရိုက်ခွင့်ပေးပါ”
ကျွန်တော် သည် ကျော်ဟိန်း၏ ဇာတ်ကားများ စွာ အနက် ကျွန်တော့် စိတ်ထဲတွင် ကောင်းမည် ဟု ထင်နေသည့်ကား နှစ် ကားကိုသာ ကြည့်ခဲ့ဖူးပါသည်။ ထိုနှစ် ကားမှာ `တစ်ခါက တစ်ဘ၀´ နှင့် `မွန်းတည့်ချိန် နေ၀င်သည်´ တို့ ဖြစ်ပါတယ်။ နှစ် ကားစလုံးကို ကျွန်တော် ကြိုက်ပါတယ်။ ကျော်ဟိန်းတွင် ကိုယ်ပိုင်ဟန်ရှိပြီး တီထွင်ဖန်တီးနိုင်သော အနုပညာစွမ်းအား ကောင်းသည်ဟု ကျွန်တော် မြင်ပါသည်။
ထို့ကြောင့် ကျော်ဟိန်း၏ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံလိုက်ပါသည်။
နောက် နှစ် ပတ်ခန့်ကြာသည့်အခါတွင် ကျော်ဟိန်းသည် ဆရာ တစ်ယောက် ရေး သည့် ဇာတ်ညွှန်းကို ယူ၍ ကျွန်တော့် ဆီသို့ ရောက်လာပြီး ကျွန်တော့် ကို အဖတ်ခိုင်းသည်။
သူ့ဇာတ်ညွှန်းမှာ ကျွန်တော် ပြောချင်သော ရည်ရွယ်ချက်ကို ရောက်အောင် ရေး နိုင်သည်။
“ကျွန်တော် တော့ သူ့ဇာတ်ညွှန်းကို ကြိုက်တယ် ဆရာ”
“ကောင်းပါတယ်၊ မောင်ရင်က ဇာတ်ညွှန်းကို ကိုင်ရိုက်ရမယ့် သူ၊ မောင်ရင် ကြိုက်တယ်ဆိုရင် ကိုယ် ဘာပြောစရာ ရှိလဲ”
ကျွန်တော် တို့သည် ထိုဇာတ်ညွှန်းကို အတည်ပြုလိုက်ကြ၏ ။ ဇာတ်လမ်း စိစစ်ရေး သို့ တင်ပြရန် ကျော်ဟိန်း ပြင်ဆင်သည်။ ဇာတ်လမ်းစိစစ်ရေး သို့ တင်ပြသည့် အခါတွင် စာရေး ဆရာ၊ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေး ဆရာတို့၏ ပူးတွဲ အမှာ စာကို တင်ပြရရိုးထုံးစံ ရှိသည်။
“ဇာတ်လမ်း စိစစ်ရေး ကို တင်ဖို့ အမှာ စာကို ဆရာ ရေး ပေးပါ ဆရာ”
“ကိုယ် မရေး လို့ မရဘူးလား”
“ရတော့ရပါတယ်၊ ဒါပေမယ့် ဆရာ ရေး ရင်း ပိုကောင်းတာပေါ့”
“မောင်ရင် ရေး ပါ၊ ပြီးတော့ ၀ိုင်းဖတ်ပြီး ပြင်တန်ပြင်၊ လက်မှတ်ထိုး တင်လိုက်တာပေါ့”
ကျော်ဟိန်းသည် အလွန်အလုပ်လုပ်သူ ဖြစ်သည်။
နောက်တစ်ပတ်ခန့် အကြာတွင် သူကိုယ်တိုင် ရေး ထားသည့် စိစစ်ရေး သို့တင်သည့် အမှာ စာကို ကျွန်တော့် အား လာပြသည်။
ကျွန်တော ဖတ်ကြည့်သည်။
`ဤ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ၀တ္ထုဇာတ်လမ်းထဲတွင် အလုပ်သမား လူတန်းစာကို ကိုယ်စားပြုသော သံချောင်း၊ အရင်းရှင် လူတန်းစားကို ကိုယ်စားပြုသော ဘရန်၊ ပညာတတ် (အနုပညာသမား) ကို ကိုယ်စားပြုသော နန္ဒာနှင့် လူငယ်ထုကို ကိုယ်စားပြုသော ရဲမြင့် ဟူ၍ ဇာတ်ကောင်လေးဦးတို့ ပါရှိရာ
`အလုပ်သမား လူတန်းစာကို ကိုယ်စားပြုသော သံချောင်းသည် အရင်းရှင် လူတန်းစာမှအပ ကျန်လူတန်းစားအားလုံး၏ ကိုယ်ကျိုးစီးပွားအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်သွားခဲ့ပါသည်။
`ကျွန်တော် တို့ ကိုယ်တိုင်လည်း သံချောင်း ကိုယ်စားပြုသော အလုပ်သမား လူတန်းစား၏ ကျေးဇူးတရား၊ လုပ်အား အသီးအပွင့်များ ကို စားသုံးရင် အသက်ရှင် နေထိုင်နိုင်ခဲ့ကြပါသည်။ ထို့ကြောင့် ဤဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဇာတ်လမ်းအား ရေး သား၊ ရိုက်ကူး၊ တင်ပြခြင်းဖြင့် အလုပ်သမား လူတန်းစားကြီး၏ ဆပ်၍ မကုန်နိုင်သော ကျေးဇူးမြင်းမိုရ်အား သဲတစ်ပွင့်စာမျှ ဖြစ်စေ တုံ့ပြန်ခွင့် ရလိမ့်မည် ဟု ယုံကြည်နေမိပါကြောင်း´
ကျော်ဟိန်းသည် ထက်သန်သော မျက်လုံးများ ဖြင့် ကျွန်တော့် ကို စိုက်ကြည့်နေပါသည်။
ဇာတ်လမ်း စိစစ်ရေး အဖွဲ့သို့ တင်သည့် ကျော်ဟိန်း၏ အမှာ စာသည် ကျွန်တော့် ဆိုလိုရင်း ကို ရောက်ပါသည်။ ဘာမျှ အထူးအထွေ ပြင်စရာ မရှိပါ။ ထို့ကြောင့် ကျွန်တော် ကောက်၍ လက်မှတ်ထိုးပေးလိုက်ပါသည်။
ကျွန်တော် သည် ကုသိုလ်ကောင်းမှု တစ်ခုကို ပြုလိုက်ရသည့်နှယ် ပီတိ ဖြစ်နေပါသည်။
မြသန်းတင့်
(16-4-88)
စာရေး သူ၏ တင်ပြချက်
လူသည် တိုက်ပွဲကြီး သုံးခုကို ဖြတ်သန်းရသည်ဟု နိုင်င့ရေး အဘိဓမ္မာ ပညာရှင်တစ်ဦးက ဆိုဖူး၏ ။ ၎င်းတို့မှာ ကုန် ထုတ်လုပ်ရေး တိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှု တိုက်ပွဲနှင့် လူတန်းစားတိုက်ပွဲများ ဖြစ်သည်ဟူ၍ ၎င်းက ဖွင့်ဆိုသည်။
ထိုစကားကို ပြောခဲ့သည့် အဘိဓမ္မာ ပညာရှင်သည် လူပေါ်စခေတ်က စ၍ ယနေ့အထိ ဖြစ်သော လူ၏ သမိုင်း ဖြစ်စဉ်ကြီး တစ်ရပ်လုံးကို လေ့လာသုံးသပ်ပြီး နောက်မှ ထိုအဘိဓမ္မာကို ပေါင်းချုပ်၍ တင်ပြလိုက်ခြင်း ဖြစ်၏ ။
ကျွန်တော် တို့သည် ကျောင်းတုန်းက သမိုင်းစာအုပ်များ ကို သင်ကြရ၏ ။ ယခုတိုင်လည်း သမိုင်းစာအုပ်များ ကို ဖတ်လျက် ရှိကြ၏ ။ နောင်တွင် လည်း ဖတ်နေကြဦးမည် ဖြစ်၏ ။ မနေ့က အ ဖြစ်အပျက်များ သည် သမိုင်းထဲ ရောက်သွားကြ၏ ။ မနက်ဖြန်ကျလျှင် ယနေ့ အ ဖြစ်အပျက်များ သည်လည်း သမိုင်း ဖြစ်သွားကြလိမ့်ဦးမည် ။ အချိန်ဟူသော ပညတ်ချက် မကုန်ဆုံးသေးသရွေ့ ကျွန်တော် တို့သည် သမိုင်းကို ဖြတ်သန်းနေကြရဦးမည် ဖြစ်၏ ။
သမိုင်းစာအုပ်များ ကို ဖတ်ရသည့်အခါ၌ ကမ္ဘာဦး လူသား၏ အကြောင်းကို ကျွန်တော် တို့ သိကြရ၏ ။ ကမ္ဘာဦး လူသားသည် မိမိအသက်ရှင်ရေး အတွက် အစားအစာကို ထုတ်လုပ်ရ၏ ။ ရှာဖွေရ၏ ။ ပထမတွင် သစ်သီးသစ်ဥများ ကို စားခဲ့ကြရ၏ ။ သားစိမ်း ငါးစိမ်းကို စားခဲ့ကြရ၏ ။ အမဲလိုက်ခဲ့ကြ၏ ။ ပို၍ ယဉ်ကျေးလာသည့် အခါ၌ သား၊ ငါးတို့ကို ချက်ပြုတ်စားသောက်လာခဲ့ကြ၏ ။ အ၀တ်အဆင် အလို့ငှာ တိရစ္ဆာန်တို့ အရေး များ ကို ထုတ်လုပ်လာခဲ့ရ၏ ။ ထို့ထက် ပို၍ ယဉ်ကျေးလာသော အခါ၌ အိုးခွက်တို့ကို လုပ်တတ်လာခဲ့ကြ၏ ။ ပစ္စည်းကိရိယာများ ကို ထုတ်လုပ်တတ်လာခဲ့ကြ၏ ။ အသီးအနှံများ ကို စိုက်ပျိုးတတ်လာခဲ့ကြ၏ ။ အ၀တ်အထည်တို့ကို ရက်လုပ်တတ်လာခဲ့ကြ၏ ။ အဆောက်အအုံတို့ကို ဆောက်လုပ်တတ်လာခဲ့ကြ၏ ။
ကျောက်လက်နက်၊ ကြေးပုဆိန်၊ ရက်ကန်းစက် စသည်တို့ကို တီထွင်ခဲ့ကြ၏ ။ ပန်းပဲ အတတ်၊ ဗိသုကာ အတတ်၊ ရက်ကန်းအတတ်၊ စိုက်ပျိုးရေး အတတ်၊ ချက်ပြုတ်မှု အတတ် စသည့် အတတ်ပညာများ သည် ပေါ်ပေါက်ခဲ့ကြရ၏ ။
ဤသို့ဖြင့် လူသည် မိမိ၏ စားရေး နေရေး ၀တ်ရေး အတွက် အမြဲတမ်း ထုတ်လုပ်လာခဲ့ကြရ၏ ။ တိုးတက်အောင် ကြိုးစားလာခဲ့ကြရ၏ ။ ဆန်းသစ်အောင် တီထွင်လာခဲ့ကြရ၏ ။ လူ၏ ကုန်ထုတ်လုပ်မှု အတတ်သည် သမိုင်းကဲ့သို့ အိုမင်း၏ ။ သမိုင်းကဲ့သို့ပင် သက်တမ်း ရှည်ကြာ၏ ။ ယနေ့တိုင် ကျွန်တော် တို့သည် ကုန် ထုတ်လုပ်ရေး ကို လုပ်နေကြရဆဲ ဖြစ်၏ ။ နောင် လူ့သမိုင်းရှိနေသရွေ့လည်း ဆက်၍ ဆက်၍ ကုန်ထုတ်လုပ်နေရဦးမည် ဖြစ်၏ ။ လူသည် ကုန် ထုတ်လုပ်ခြင်း မရှိဘဲ အသက်မရှင်နိုင်။ လူ့ မျိုးနွယ်ကြီး တစ်ခုလုံးလည်း ကုန် ထုတ်လုပ်ရေး မရှိဘဲ မတည်မြဲနိုင်။
သို့ ရာတွင် လူသည် ကုန် ထုတ်လုပ်ရေး အတတ်ပညာကို လွယ်လွယ်နှင့် ရခဲ့သည် မဟုတ်။ ပင်ပန်းရှည်ကြာ ခက်ခဲသော တိုက်ပွဲများ ကို ဖြတ်သန်းပြီးမှ ရခဲ့ခြင်း ဖြစ်၏ ။ အသား ငါးကို ရရန် အလို့ငှာ သားရဲတိရစ္ဆာန်များ နှင့် ယှဉ်ပြိုင် သတ်ပုတ်ခဲ့ရ၏ ။ ကောက်ပဲသီးနှံတို့ကို ရရန်အလို့ငှာ အဖျက်ပိုးမွှားများ နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏ ။ ရေ၊ လေ၊ မီး စသည့် ခက်ထန်ကြမ်းကြုတ်သော သဘာဝ၏ အဖျက်စွမ်းအားစုများ ကို ကျော်လွှားခဲ့ရ၏ ။ ဤနည်းဖြင့် သာလျှင် ကျွန်တော် တို့သည် ကုန်ထုတ်လုပ်ရေး အတတ်ပညာများ ကို ရရှိလာခဲ့ကြခြင်း ဖြစ်၏ ။ အစာ ရှာရင်း ကျားစာ ဖြစ်ခဲ့ရသူပေါင်း မည် မျှ ရှိပြီနည်း။ ကုန် ထုတ်လုပ်ရင်း ကျဆုံးခဲ့ရသူပေါင်း မည် မျှ ရှိပြီနည်း။
ယဉ်ကျေးလာသည့် လူသည် ကုန် ထုတ်လုပ်ရေး တိုက်ပွဲမှ တစ်ဆင့် အတတ်ပညာများ ကို ရခဲ့ကြ၏ ။ သို့ရာတွင် ထို အတတ်ပညာကို တိုးတက်အောင် ကြံဆောင်ရ၏ ။ ဆန်းသစ်အောင် တီထွင်ရ၏ ။ ကြေးပုဆိန်၏ နေရာတွင် မြေတူးစက် ရောက်လာ၏ ။ ဓား လှံတို့၏ နေရာတွင် ယမ်းမှု န့် ရောက်လာ၏ ။ တောမီး၏ နေရာတွင် လျှပ်စစ်ဓာတ်အား ရောက်လာ၏ ။ မြေတူးစက်၏ စက်ယန္တရား တည်ဆောက်မှု ၊ ယမ်းမှု န့်၏ ပေါက်ကွဲအားကို တွက်ချက်မှု ၊ လျှပ်စစ်ဓာတ်အား၏ တွန်းကန်မှု အားနှင့် ဆွဲငင်အားကို တွေ့ ရှိမှု တို့သည် သိပ္ပံပညာ၏ အလုပ် ဖြစ်၏ ။ ထိုစက်အားများ ထိုဓာတ်အားများ ၏ လှုပ်ရှားမှု ကို ရရှိအောင် လုပ်ခြင်းသည် သိပ္ပံပညာ၏ အလုပ် ဖြစ်၏ ။ သို့ဖြင့် လူ့ အမျိုးအနွယ်သည် သိပ္ပံပညာရပ်များ ကို ပိုင်ဆိုင်လာခဲ့ခြင်း ဖြစ်၏ ။
သို့ရာတွင် လူသည် သိပ္ပံပညာရပ်များ ကို ရှာဖွေတွေ့ ရှိလာရာ၌ လွယ်လွယ်ဖြင့် ရခဲ့သည် မဟုတ်။ ပင်ပန်းခက်ခဲ ရှည်ကြာသော တိုက်ပွဲများ ကို ဖြတ်သန်း၍ ရခဲ့ခြင်း ဖြစ်၏ ။ ဓာတ်ခွဲခန်း စမ်းသပ်ရင်း ဓာတ်ခွဲခန်းများ ထဲတွင် သေဆုံးသူပေါင်း မည် မျှ ရှိပြီနည်း။ အဏုမြူကို ရှာဖွေရင်း အဏုမြူဒဏ်ကြောင့် သေဆုံးသွားခဲ့သူပေါင်း မည် မျှ ရှိပြီနည်း။ သိပ္ပံပညာကို စမ်းသပ်ရင်း ကျဆုံးသွားသူပေါင်း မည် မျှ ရှိပြီနည်း။
လူသည် ကုန် ထုတ်လုပ်ရေး နှင့် သိပ္ပံပညာရေး ကို ပိုင်ဆိုင်လာပြီးသည် နောက်၌ ထိုအတတ်ပညာများ ကို မည် သူ့အတွက် အသုံးပြုမည် နည်းဟု အငြင်းပွားလာခဲ့ကြ၏ ။ မည် သူ့အတွက် ကုန် ထုတ်လုပ်မည် နည်းဟု ငြင်းခုံခဲ့ရ၏ ။ သိပ္ပံပညာကို မည် သူ့အတွက် အသုံးချမည် နည်းဟု အငြင်းပွားခဲ့ကြ၏ ။ ကုန်လုပ် ကိရိယာများ ကို မည် သူတွေ က ပိုင်မည် နည်းဟု ခိုက်ရန် ဖြစ်ခဲ့ကြ၏ ။ တချို့ လူတစ်စုက လက်ဝါးကြီး အုပ်ထားလို၏ ။ လူတစ်စုအတွက် အသုံးချလို၏ ။ အချို့က ထိုပစ္စည်းများ ကို အများ ပိုင်ဆိုင်အောင် လုပ်ကာ အများ ၏ အကျိုးအတွက် အသုံးချလို၏ ။
သို့ဖြင့် သမိုင်းဦး ဘုံမြေခေတ်၊ ကျေးကျွန်ခေတ်၊ မြေရှင်ပဒေသရာဇ် ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ် ခေတ် စသည့် ယနေ့အထိ ပေါ်ပေါက်ခဲ့သမျှသော ခေတ်ကြီး ငါးခေတ်တွင် ကုန်လုပ်ကိရိယာများ ပိုင်ဆိုင်ရေး နှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြ၏ ။ ခိုက်ရန် ဖြစ်ခဲ့ကြ၏ ။ စစ်တိုက်ခဲ့ကြ၏ ။
ရောမ ကျေးကျွန် ခေတ်က ကုန်လုပ်ကိရိယာများ ကို ကျွန်ပိုင်ရှင်တို့က ပိုင်ဆိုင်ခဲ့ကြ၏ ။ ထို့ကြောင့် ကျွန်တို့က လုယူခဲ့ကြ၏ ။ မြေရှင် ပဒေသရာဇ်ခေတ်တွင် ကုန်လုပ်ကိရိယာများ ကို မြေရှင်တို့က ပိုင်၏ ။ ထို့ကြောင့် မြေကျွန်တို့က လုယူခဲ့ကြ၏ ။ အရင်းရှင်ခေတ်က ကုန်လုပ်ကိရိယာများ ကို အရင်းရှင်များ က ပိုင်၏ ။ ထို့ကြောင့် အလုပ်သမားတို့က လုယူခဲ့ကြ၏ ။
ဤသို့ ကြည့်လျှင် လူတန်းစာ တိုက်ပွဲသည် သမိုင်းနှင့် အမျှ အိုမင်း၏ ။ သမိုင်းနှင့်အမျှ သက်တမ်း ရှည်ကြာ၏ ။ သမိုင်းနှင့် အမျှ ရှည်ကြာသော တိုက်ပွဲများ တစ်လျှောက်၌ ကျဆုံးသူပေါင်း မည် မျှ ရှိခဲ့မည် နည်း။
အမည် မသိ ကမ္ဘာဦးလူသားတစ်ဦး စွန့်လွှတ်အနစ်နာခံခဲ့သဖြင့် ကျွန်တော် တို့သည် မီး၏ အသုံးဝင်ပုံကို သိလာခဲ့ကြရ၏ ။ သူ့ကြောင့် ကျွန်တော် တို့သည် အရေး ကြီးသော ကုန်ထုတ်လုပ်ရေး အတတ်ပညာကို ရရှိခဲ့ကြ၏ ။ ကိုပါနီးကပ်စ် စွန့်လွှတ်အနစ်နာခံခဲ့သဖြင့် ကျွန်တော် တို့သည် စကြ၀ဠာကြီးနှင့် ပတ်သက်သော အမြင်မှန်ကို ရခဲ့၏ ။ သူ့ကြောင့် ကျွန်တော် တို့သည် အရေး ကြီးသော သိပ္ပံပညာတွေ့ ရှိမှု တစ်ရပ်ကို ရခဲ့ကြ၏ ။
အီဝန် ဆိုသော ရုရှားအလုပ်သမား လူတန်းစား၏ စွန့်လွှတ်အနစ်နာခံမှု ကြောင့် ကျွန်တော် တို့၏ ကမ္ဘာသည် ဆိုရှယ်လစ်ခေတ်သစ် တစ်ရပ်ထဲသို့ ချဉ်းနင်း ၀င်ရောက်လာ၏ ။
လူများ စုကြီး ကောင်းစားရေး အတွက် အနည်းစုသည် စွန့်လွှတ်ရမြဲ ဖြစ်၏ ။ အနစ်နာခံရမြဲ ဖြစ်၏ ။ ထို့ကြောင့် အာဇာနည်ဆိုသော စကားသည် ပေါ်ပေါက်လာရခြင်း ဖြစ်၏ ။
ကျွန်တော် သည် လူ့အမျိုးအနွယ်ကြီး တည်တံ့ရေး ၊ လူ့ အနွယ်ကြီး တိုးတက်ရေး တို့အတွက် ကုန် ထုတ်လုပ်ရေး တိုက်ပွဲ၊ သိပ္ပံပညာ စမ်းသပ်မှု တိုက်ပွဲ၊ လူတန်းစား တိုက်ပွဲများ တွင် စွန့်လွှတ်အနစ်နာခံသွားကြသော အာဇာနည်များ ကို ဂုဏ်ပြုလို၍ ဤ၀တ္ထုကို ရေး ခြင်း ဖြစ်ပါ၏ ။
`အင်းစိန် ဘ၀တက္ကသိုလ်´ မှ ကျွန်တော် ပြန်ထွက်လာသည့်အခါ၌ ကျွန်တော့် ရင်ထဲတွင် ရေး စရာတွေ ပါလာ၏ ။ ၀တ္ထုတွေ ပါလာ၏ ။ သို့ရာတွင် ရှုမ၀တွင် ပါသော ၀တ္ထုတိုများ မှ လွဲ၍ အသစ်တစ်ပုဒ်မျှ မရေး ဖြစ်ခဲ့။ အဟောင်းများ ကိုသာ ပြန်ထုတ်ခဲ့၏ ။
`အသစ်မရေး တော့ဘူးလား၊ အဟောင်းတွေ ကိုချည်း ပေးနေတော့မှာ လား´ ဟု မိတ်ဆွေများ ၊ စာဖတ်ပရိသတ်များ က ကျွန်တော့် ကို မေးကြ၏ ။ ဆူပူကြ၏ ။ ကြိမ်းမောင်ကြ၏ ။ သို့ရာတွင် ကျွန်တော် မရေး ဖြစ်ခဲ့။ ယခုမှ ရေး ဖြစ်ခြင်း ဖြစ်၏ ။
ကျွန်တော့် ဝတ္ထုသည် လူ လေးယာက်၏ ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်၏ ။
တစ်ယောက် က အလုပ်သမား၊ တစ်ယောက် က လမ်းသရဲကျောင်းသား၊ တစ်ယောက် က ကဗျာဆရာ၊ တစ်ယောက် မှော င်ခိုစက်လှေပိုင်ရှင် ဖြစ်၏ ။ အလုပ်သမားနှင့် လမ်းသရဲ ကျောင်းသားသည် သက်တူရွယ်တူ လူငယ်များ ဖြစ်ကြ၏ ။ သို့ရာတွင် ဘ၀ချင်း ကွာကြ၏ ။ အခြေအနေချင်း ကွာကြ၏ ။ ကြီးပြင်းပုံချင်းလည်း ကွာကြ၏ ။ ဤသည်မှာ သူတို့နှစ် ယောက် ၏ ပဋိပက္ခ ဖြစ်၏ ။
ထိုလူငယ်နှစ် ယောက် သည် အကျပ်အတည်း တွေ့ ကြ၏ ။ စားစရာ၊ နေစရာ မရှိသည့် အခြေသို့ ရောက်ကြ၏ ။ လမ်းသရဲ ကျောင်းသားသည် ဘာကိုမျှ မလုပ်တတ်။ မိမိ၏ ဘ၀ တည်မြဲရေး အတွက် အစာကိုမျှ မရှာတတ်။ အန္တရာယ်ကိုမျှ မကာကွယ်တတ်။ အလုပ်သမား လူငယ်ကမူ သူ့ဘ၀ ရည်တည်ရေး အတွက် သူ တိုက်ပွဲဝင်တတ်၏ ။ အန္တရာယ်ကို ကာကွယ်တတ်၏ ။ သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်၏ ။
ထိုအခါ၌ လူငယ်စိတ်ရှိသော လမ်းသရဲ ကျောင်းသားသည် အလုပ်သမားလူငယ်ကို အားကျ၏ ။ သူ့လို စွန့်စားချင်၏ ။ သူ့ရင်ထဲတွင် ရှိသော လူငယ်၏ သတ္တိ၊ လူငယ်၏ အားမာန်၊ လူငယ်၏ စိတ်ဓာတ်တို့သည် ပြန်၍ ပေါ်လာကြ၏ ။
လမ်းသရဲလူငယ်ကို သွန်သင်ဆုံးမပေးသော ဆရာသည် အလုပ်သမား လူငယ်သာ ဖြစ်၏ ။
အလုပ်သမားလူငယ်သည် လမ်းသရဲလူငယ်ကို လမ်းမှန်သို့ ရောက်အောင် ခေါ်၏ ။
တွေ ဝေယိမ်းယိုင်သော ပညာတတ် ကဗျာဆရာကို ကြည်လင်ပြတ်သားသည့် အမြင်ရှိအောင် သွန်သင်၏ ။
ဓားတစ်လက်ဖြင့် အနိုင်ကျင့်နေသော မှော င်ခိုစက်လှေပိုင်ရှင်ကို အနိုင်တိုက်ခဲ့၏ ။
အလုပ်သမား လူငယ်သည် လမ်းသရဲလူငယ်နှင့် ကဗျာဆရာတို့၏ ခေါင်းဆောင် ဖြစ်၏ ။ သူသည် ကုန်ထုတ်လုပ်ရေး တိုက်ပွဲများ ကိုလည်း ခေါင်းဆောင် တိုက်ခဲ့၏ ။ သိပ္ပံပညာစမ်းသပ်မှု တိုက်ပွဲကိုလည်း ခေါင်းဆောင်ခဲ့၏ ။ လူတန်းစာ တိုက်ပွဲကိုလည်း ခေါင်းဆောင်ခဲ့၏ ။ သူသည် သူရဲကောင်း ဖြစ်၏ ။
ထိုအလုပ်သမား လူတန်းစား လူငယ်၏ ခေါင်းဆောင်မှု မရှိလျှင် ကဗျာဆရာသည် လည်းကောင်း၊ လမ်းသရဲ လူငယ်သည် လည်းကောင်း သဘာဝ၏ ဖိနှိပ်မှု ကို တွန်းလှန်နိုင်ခဲ့မည် မဟုတ်။ မိမိတို့ဘ၀ တည်မြဲအောင် စွမ်းဆောင်နိုင်မည် မဟုတ်။ ဓားကိုင်၍ ခြိမ်းခြောက်နေသည့် မှော င်ခိုစက်လှေပိုင်ရှင်ကို တိုက်နိုင်မည် မဟုတ်။
ထို့ကြောင့် အလုပ်သမား လူငယ်သည် မဟာအာဇာနည် ဖြစ်၏ ။
ဤသဘောကို ဦးတည်၍ ဤ၀တ္ထုကို ကျွန်တော် ရေး ခြင်း ဖြစ်၏ ။ ဤ ဦးတည်ချက် ပေါ်လွင်လျှင် ကျွန်တော် ရေး ရကျိုး နပ်ပြီဟု ယူဆ၏ ။
အစက ဤ၀တ္ထု၏ နာမည် ကို `မာယာဘုံ´ ဟု ကျွန်တော် နာမည် ပေးခဲ့၏ ။ ထိုအမည် ဖြင့် ကြေညာခဲ့၏ ။ သို့ရာတွင် ထိုနာမည် ကို ကျွန်တော် ပြင်လိုက်၏ ။
ထိုဝတ္ထုထဲမှ အလုပ်သမား လူငယ်က ထိုနာမည် ကို မကြိုက်ဟု တောင်းဆို၏ ။ ညပေါင်းများ စွာ ကျွန်တော့်  အိပ်မက်ထဲ ပေါ်လာကာ ထိုနာမည် ကို ကန့်ကွက်၏ ။
ထိုအခါတွင် ကျွန်တော် သငည် နာမည် သစ်များ ကို ညပေါင်းများ စွာ စဉ်းစား၏ နာမည် အသစ် တစ်ခု ပေး၏ ။
ကျွန်တော် က နာမည် သစ်တစ်ခုပေးတိုင်း ထိုအလုပ်သမားလူငယ်သည် ကျွန်တော့် အိပ်မက်ထဲတွင် ပေါ်၍ လာကာ မကြာခဏ ကန့်ကွက်တတ်၏ ။
သို့ဖြင့် ကျွန်တော် သည် ညပေါင်းများ စွာ ကို ကုန်လွန်ခဲ့ရ၏ ။ အလုပ်သမား လူငယ် ကျေနပ်သည့် ၀တ္ထုနာမည် ကို ရှာမတွေ့ ။
ဤအတောအတွင်း ကျွန်တော် သည့် တရုတ်ပြည်မှ လူငယ် တစ်ယောက် ရေး သည့် ၀တ္ထုတို တစ်ပုဒ်ကို ဖတ်လိုက်ရ၏ ။
ထိုလူငယ်သည် စာရေး ဆရာ မဟုတ်။ အလုပ်သမား တစ်ယောက် မျှသာ ဖြစ်၏ ။ သူသည် ရေနံတွင်း တစ်ခုတွင် အလုပ်လုပ်၏ ။
တစ်နေ့ ရေနံတွင်းမှ ဓာတ်ငွေ့များ ပေါက်ကွဲကာ မီးလောင်၏ ။ ရေနံတွင်းမှ မီးသည် ရေနံမြေတစ်ခုလုံးကို ကူးစသက်မည် ကဲ့သို့ ဖြစ်နေ၏ ။ မီးတောက်မီးလျှံများ သည် ပင်လယ်ပြင်တမျှ ကျယ်ပြော၏ ။
အခြားသူများ နှင့် အတူ သူသည် ပင်လယ်ပြင်တမျှ ကျယ်ပြန့်သည့် မီးလောင်ပြင်ကြီးကို ဖြတ်ကာ ရေနံမြေကြီးတစ်ခုလုံးကို မီးဘေးမှ ကယ်တင်နိုင်ခဲ့၏ ။
သူ့တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေ့  ပြည့်ကာ ခြေတွေ လက်တွေ ဖြတ်ပစ်ရ၏ ။ မျက်စိ ကွယ်သွား၏ ။
သူ့ကို စံပြသူရဲကောင်းအ ဖြစ် ပြည်သူက သတ်မှတ်ကြ၏ ။ ထိုအ ဖြစ်အပျက်ကို သူကိုယ်တိုင် မှတ်တမ်းသဖွယ် ပြန်ရေး ထား၏ ။
ထိုမှတ်တမ်းထဲ၌ `သွေရွာသွားတာကို အိပ်ပြန်သလို သဘောထားရမယ်၊ ဓားတွေ တောင်လောက် မြင့်ပြီး မီးတွေ ပင်လယ်လောက် ကျယ်သည့်တိုင် ငါ ကျော်ဖြတ်မယ်´ ဟု ပါ၏ ။
ကျွန်တော် သည် သူ့စကားလုံးများ ကို သဘောကျကာ ဤ၀တ္ထုခေါင်းစဉ်အ ဖြစ် ရွေးလိုက်၏ ။
ည အိပ်မက်ထဲတွင် ကျွန်တော့် ဝတ္ထုထဲက အလုပ်သမား လူငယ်နှင့် ပြန်တွေ့ ကြသည့်အခါ၌ ကျွန်တော် ရွေးထားသည့် နာမည် ကို ပြောပြ၏ ။
အလုပ်သမား လူငယ်သည် ဤတစ်ကြိမ်တွင် မူ ကျွန်တော် ရွေးထားသည့်နာမည် ကို ကျေနပ်သွားဟန် တူ၏ ။ ကန့်ကွက်ပြောဆိုခြင်း မရှိတော့။
(၁)
မည် မျှကြာအောင် သတိမေ့မြောနေသည် မသိ။
သူ့တစ်ကိုယ်လုံး နာကျင်လျက် ရှိသည်။ ရင်ထဲတွင် တလှပ်လှပ် ခံစားရသည်။ ခေါင်းက တရိပ်ရိပ် မူးသည်။ ခြေ လက်တို့ကို မသယ်ချင်တော့။ လက်လည်း မသယ်နိုင်တော့။ ရင်ညွန့်ထဲမှာ မီးစကြီး ထိုးထားသလို ပူနေသည်။ ပါးစပ်မှာ စေးထန်းနေသည်။ သူသည် တံတွေးကို မျိုချ၏ ။ မျိုချ၍ မရ။ သူ့ပါးစပ်ထဲတွင် တံတွေးပင် မရှိတော့။ ခန်းခြောက်နေလေပြီ။
သူသည် ခေါင်းကို ထောင်ကြည့်၏ ။ ခေါင်းထောင်၍ မရ။ ခေါင်းထူလိုက်သည်နှင့် တစ်ပြိုင်နက် အရုပ်ကြိုး ဖြတ်ချလိုက်သလို မြေကြီးပေါ် ပြန်ကျသွားသည်။စိတ် မကျေနပ်ဖြင့် လက်တွေ ကို လှုပ်ကြည့်သည်။ လက်ကလည်း ကောင်းကောင်းလှုပ်၍ မရ။ လှုပ်လိုက်သည်နှင့် သူ့လက်တံသည် ငှက်ပျောခွံဖတ်ကြီး ကွာကျသွားသလို အောက်သို့ ပြန်ကျသွားသည်။ ခြေထောက်တွေ ကကော။ ခြေထောက်ကို လှုပ်ကြည့်တော့လည်း မရ။ နာကျင်ကိုက်ခဲ့နေသည်။ ခါးတွေ ကျောတွေ ကလည်း အောင့်နေသည်။ တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်နေသည်။ ပွန်းပဲထားသည့် ဒဏ်ရာတွေ တစ်ကိုယ်လုံး ပြည့်နေသည်။ ခြေဖမိုး၊ ခြေသလုံး၊ ဒူး၊ တင်ပါး၊ ရင်ဘတ်၊ လက်မောင်း၊ တံတောင်ဆစ်၊ ပခုံး၊ ဦးခေါင်း။
သူသည် အင့်ခနဲ ညည်းကာ မျက်စိကို ဖွင့်ကြည့်သည်။ လင်းထိန်သော အလင်းရောင် သည် စူးခနဲ ၀င်လာသည်။ မျက်လုံးကို ကြာကြာ ဖွင့်ကြည့်၍ မရ။ သူ့မျက်ခွံကြောများ က တင်းနေသည်။ စူးရှလွန်းသော အလင်းရောင် ကြောင့် သူ့မျက်လုံးများ သည် အလိုလို ပြန်မှိတ်သွားကြသည်။
သူ့ခန္ဓာကိုယ်ထဲတွင် ခွန်အားဆို၍ တစ်စက်မျှ မရှိတော့ဟု သူ ထင်သည်။ သူ့နားထဲတွင် ဆူညံသော အသံများ ကို ကြားရသလိုလိုလည်း ထင်သည်။ သို့ရာတွင် မည် သည့်အသံများ ဆိုသည်ကို မသိ။ စက်ခုတ်သံလော၊ မိုးသက်မုန်တိုင်း ပြင်းစွာ တိုက်ခတ်သံလော၊ လှိုင်းပုတ်သံလော၊ အထောင်အသော င်းသော ကျည်ဆန်တို့ ပေါက်ကွဲနေသံလော။ မည် သည့်အသံမှန်း သူ ခွဲခြား၍ မရ။
သူ့နားများ ထဲက လေ တဟူးဟူး ထွက်နေသည်။ မြွေအကောင်ပေါင်း များ စွာ တို့ အနီးတွင် ကပ်၍ တွန်နေကြသည့်နှယ် နားထဲတွင် တရွှီရွှီ မြည် နေသည်။
မည် သည့်နေရာသို့ ရောက်နေသနည်း။
သူသည် အတတ်နိုင်ဆုံး ကြိုးစား၍ ဦးနှောက်ကို အလုပ်လုပ်ခိုင်း၏ ။ သို့ရာတွင် သူ၏ ဦးနှောက်သည် ပုံမှန် အလုပ်မလုပ်တော့။ ကျန်းမာသန်စွမ်းသူတစ်ဦး၏ ဦးနှောက်သည် တစ်ခုခုပေါ်တွင် ကျရောက်နေသော အာရုံကို အခြားအရာဝတ္ထုတစ်ခုဆီသို့ ရောက်အောင် ဒက်ခနဲ ပို့ဆောင်ပေးနိုင်စွမ်း ရှိ၏ ။ ရှည်ဝေးသော အတိတ်တွင် ကျက်စားလျက် ရှိရာမှ မျက်မှော က်ပစ္စုပ္ပန်ဘ၀သို့ ပြောင်းသွား အောင် အာရုံကို စေခိုင်းနိုင်သော အစွမ်းသတ္တိ ရှိ၏ ။ ပစ္စုပ္ပန် ဘ၀မှ အတိတ်ဆီသို့လည်း ချက်ချင်း ပြန်ပြောင်းတွေးတောနိုင်စွမ်း ရှိ၏ ။ ယခု သူ့တွင် မူကား အတိတ်ကို တွေးတောနိုင်စွမ်းလည်း မရှိ။ မျက်မှော က်ကို တွေးတောနိုင်စွမ်းလည်း မရှိ။ နေရာ ဌာနကိုလည်း သိနိုင်စွမ်း မရှိ။
တစ်ခုတော့ ရှိသည်။ သူ့တစ်ကိုယ်လုံး နာကျင်နေမှန်းကိုသော သူ သိသည်။ ကိုက်ခဲနေမှန်းကိုတော့ သိသည်။ အလွန်အမင်း မောပန်းနွမ်းဟိုက်နေမှန်းကိုတော့ သိသည်။ ထို့ထက် သူ ဘာမျှပို၍ မသိ။ စဉ်းစား၍ မရ။
သည်နေရာ၌ သူ မည် မျှကြာကြာ မေ့မြောနေခဲ့ပြီနည်း။ သူ မေ့မြောလဲကျနေစဉ် အတွင်း၌ စကြ၀ဠာ၏ နာရီကြီးဟု ဆိုကြသော နေမင်းကြီးသည် ဘယ်နှကြိမ် ထွက်၍ ဘယ်နှကြိမ် ၀င်ပြီနည်း။ ဤသည်ကို သူ မသိ။
သူ့မှတ်ဉာဏ်၌ နေရာအမှတ်အသား ပျောက်နေသည်။ ကမ္ဘာမြေကြီး၏ မည် သည့်အစိတ်အပိင်းတွင် သူရောက်နေသနည်း။
မြောက်ဘက်ခြမ်းလား၊ တောင်ဘက်ခြမ်းလား၊ အရှေ့ဘက်ခြမ်းလား၊ အနောက်ဘက်ခြမ်းလား သူ မသိ။
သူ့အသိ၌ အချိန်လမ်းကြောင်း ပျောက်နေသည်။ မည် သည့် နှစ် နည်း။ မည် သည့် လနည်း။ မည် သည့် ရက်နည်း။ မည် သည့် နာရီ၊ မည် သည့်မိနစ်၊ မည် သည့်စက္ကန့်နည်း။ သူ မသိ။
သူ့ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေခြင်းကိုတော့ သူ သိသည်။
ထို့ကြောင့် သူသည် မူးဝေလျက် ရှိရာမှ နာကျင်ကိုက်ခဲသော ဝေဒနာဆီသို့ သူ့အာရုံကို ကြိုးစား၍ ပို့ဆောင်ပေးသည်။ ဘာကိုမျှ စဉ်းစား၍ မရတော့သည့် အတူတူ ခံစားနေရသော ဝေဒနာဆီသို့ အာရုံကို ပို့ဆောင်ပေးခြင်းက အနည်းဆုံး စိတ်သက်သာမှု ကို ရကောင်းရလိမ့်မည် ဟု သူ ထင်သည်။
ဝိပဿနာ ကျင့်စဉ်များ ၌ ထိလျှင် ထိသည်ဟု သိ၊ သိလျှင် သိသည်ဟု မှတ်၊ ဤနည်းဖြင့် ဉာဏ်စဉ် ဆယ်ပါးကို လိုက်ကြသည်ဟု သူ ကြားဖူးဖတ်ဖူး၏ ။ အသက်ရှူလျှင် ရှူသည်ဟု မှတ်၊ ထွက်သက်လေကို ထုတ်လျှင် ထုတ်သည်ဟု သိ စသဖြင့် ဝေဒနာကို ၀ိပဿနာ တင်ကြသည်။ သမထတရား ပွားများ ကြသည်။
သို့ဖြင့် သုတမယဉာဏ်၊ ဘာဝနာမယဉာဏ်၊ ဥဒယဗ္ဗယဉာဏ် စသည်တို့ကို ရကြသည်ဟု သူ ကြားဖူးသည်။
ဝိပဿနာ အလုပ်သည် ဖြစ်၊ ပျက် သဘောကို သတိဖြင့် ထိန်း၍ တည့်တည့်ရှူရသော အလုပ် ဖြစ်သည်။ ဤနည်းဖြင့် မိမိ၏ အတ္တကို ပယ်ခွာရန် ကြိုးစားရသည်ဟု သူ ဖတ်ဖူးသည်။
ကိုနန္ဒာသည် ဗုဒ္ဓဘာသာ မိဘများ မှ ပေါက်ဖွားလာသည် မှန်သော်လည်း ဗုဒ္ဓဘာသာ မဟုတ်။ သူ့ထက် တုနှိုင်း၍ မရအောင် ဉာဏ်ကြီးသော ဂေါတမဗုဒ္ဓ၊ ယေရှုခရစ်၊ မဟာမက် စသည့် ဘုရားအဆူဆူတို့ကို သူ မာန်လျှော့ရိုကျိုးသည် မှန်သော်လည်း ၎င်းတို့၏ အဆုံးအမ၌ တည်သူ မဟုတ်။ မည် သည့် ဘာသာတရားကိုမျှ သူ မကိုးကွယ်။
သို့ရာတွင် အရေး ကြုံလာသော ဗုဒ္ဓ၏ အဆုံးအမသည် သူ့ဦးနှောက်ထဲသို့ အလိုလို ၀င်ရောက်လာ၏ ။ ၀ိပဿနာ တရားကို အားထုတ်လိုသော စေတနာကြောင့် မဟုတ်။ သူ့ကိုယ်မှ နာကျင်ကိုက်ခဲနေသော ဝေဒနာကို မေ့ပျောက်ရန် နှလုံးသွင်းကြည့်ခြင်းသာ ဖြစ်သည်။
ကိုနန္ဒာသည် ဗုဒ္ဓ၏ ၀ိပဿနာ ကျင့်စဉ်က ညွှန်ပြသည့်အတိုင်း ပစ္စုပ္ပန်ဟု တည့်တည့်ရှုသည်။
တစစ်စစ် ကိုက်ခဲ့လျက် ရှိသော ခေါင်းက ဝေဒနာကို သတိပြုသည်။ ဤတွင် တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်နေသော ဝေဒနာကို ခံစားမိသဖြင့် ထိုဝေဒနာကို အာရုံပြုပြန်သည်။ ထိုသို့ အာရုံပြုဆဲ ခါးနှင့် ခြေထောက်မှ ဝေဒနာများ က သူ့ကို လာ၍ တိုက်ခိုက်ကြပြန်သည်။
ထိုအခါ ကိုနန္ဒာသည် ထိုဝေဒနာများ ဆီသို့ အာရုံပြောင်းပြန်သည်။
သို့ရာတွင် ကြာကြာအာရုံပြောင်း၍ မရ။ သူ၏ ဦးနှောက်သည် ကောင်းစွာ အလုပ်မလုပ်နိုင်တော့။ ခေါင်းက မူးဝေလာသည်။ မှိတ်ထားသော မျက်လုံးများ ထဲတွင် အစိမ်း၊ အနီ၊ အပြာ၊ အ၀ါ အရောင် တွေ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။
ကိုနန္ဒာသည် နောက်တစ်ကြိမ် မေ့မြောသွားသည်။ သူ၏ ခေါင်းသည် ဘေးသို့ စောင်းကျသွားသည်။ ဤသို့ဖြင့် ကိုနန္ဒာ မေ့မြောသွားသည်မှာ မည် မျှကြသည် မသိ။ မည် မျှကြာသည် မသိ။
ရေပွက်ပမာ | လူလေးသို့ ပေးစာများ | မယ့်တစ်ကိုယ်နှင့် အခြားဝတ္ထုတိုများ |