Cover




စာရေးသူ၏ တင်ပြလွှာနှင့် ကျေးဇူးတင်လွှာ


ဤစာအုပ်ပါ အကြောင်းအရာများ သည် အိုအေစစ်ဂျာနယ်၊ Hot Newsဂျာနယ်၊ Venus ဂျာနယ်၊ Sunday ဂျာနယ်၊ စံတော်ချိန်နေ့စဉ်သတင်းစာတို့ ၌ ကျွန်တော်ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းစာအုပ်လုပ်ခြင်းဖြစ်ပါသည် ။ သို့ပါ၍ အထက်ပါဂျာနယ်၊ သတင်းစာတို့ အား ကျေးဇူးတင်ရှိအပ်ပါသည် ။ ၂၀၁၃နှစ်ကုန်ခန့်က‘မိန်းမလျာတို့ ၏ လိင်ထွက်ပေါက်နှင့် အခြားဖိုမဆေးပညာဆောင်းပါးများ စာအုပ်’ကို ကျွန်တော်ရေးသားထုတ်ဝေပြီးနောက်ပိုင်း စာအုပ်တို့ တွင် လိင်ပညာဆောင်းပါးသစ်များ ထပ်မံရေးရာမှ ယခုအခါ ၎င်းဆောင်းပါးများ စုပေါင်းပြီး နောက်ထပ်လုံးချင်း တစ်အုပ်ဖြစ်လာရခြင်း ဖြစ်ပါသည် ။

လိင်ဆေးပညာ ဆောင်းပါးသစ်များ ထပ်မံရေးသားဖြစ်ရသည့် အကြောင်းကတော့ အိုအေစစ်ဂျာနယ်တွင် အပတ်စဉ် လိင်ဆေးပညာဆောင်းပါး အဆက်မပြတ်ရေးပေးရာမှ ရေးသားဖြစ်ပုံမှာ ဖိုမနှင့်ဆိုင်သောပြဿနာ (Problem) သို့မဟုတ် ကိစ္စ(Issue) တွေပေါ်လာလိုက်၊ ဖြေရှင်းပုံရေးလိုက်နှင့် ပြဿနာရှေ့ကသွား၊ ဖြေရှင်းပုံနောက်ကလိုက် ပုံသဏ္ဍာန်မျိုး မြင်နေပါသည် ။ ထင်ရှားသောကိစ္စတစ်ခု (issue) ကို ဥပမာပြရပါသော် ၂၀၁၄ ခုနှစ်အတွင်း၌ အမျိုးသားနှစ်ဦး၏ ဆယ်နှစ်မြောက် မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၌ ပြုလုပ်ရာ ဤကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးသော အာဘော်ဆောင်းပါးရေးဖြစ်ပါသည် ။ ထိုအခါ ကိစ္စတွေရှိနေသ၍ ဆောင်းပါးတွေရှိနေမှာ ဖြစ်ပြီး အတတ်နိုင်ဆုံးအဖြစ်ပျက်၊ အချိန်နှင့်တစ်ပြေးညီ ရေးတာဖြစ်၍ ပစ္စုပ္ပန်အဖြစ်အပျက်ကိစ္စများကို ဖြေရှင်းရန် အထောက်အကူရမည်ဟု မျှော်လင့်ပါသည် ။

ထို့အပြင်ကိစ္စ၊ ပြဿနာအမျိုးမျိုးကို ဖုန်းဆက်၍ လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း၊ အသိပေးတင်ပြတိုင်ပင်ကြသောအခါ စာဖတ်ပရိသတ်အားကျေးဇူးတင်ရှိပါသည် ။

‘မိန်းမလျာတို့ ၏ ထွက်ပေါက်နှင့် အခြားဖိုမဆေးပညာဆောင်းပါးများ ’ စာအုပ်ထွက်စဉ်က စိတ်ဝင်တစားဝယ်ယူဖတ်ရှုကြသော ပရိသတ်၊ နောက်စာအုပ်အတွက် ဇာတ်လမ်းသစ်များ ပေးသောပရိသတ်၊ ၎င်းစာအုပ်ကို ထောက်ခံဆွေးနွေးပေးသော ဆရာဝန်ကြီး ဒေါက်တာအောင်ခင်ဆင့်၊ ဆရာဝန်ကြီးဒေါက်ထွေး (ဆေး/မန်း)၊ ဦးဗအုပ်ခိုင်တို့ အား ကျေးဇူးတင်ပါသည် ။

၎င်းစာအုပ်ကို အသံလွှင့်ရန် စီစဉ်ပေးသော မန္တလေးFM ရေဒီယိုအားလည်း ကျေးဇူးတင်ပါသည် ။

အထက်ပါစာအုပ်ကို အားပေးကြသော တွန်းအားများကြောင့် ယခုစာအုပ်ရေးရန် တွန်းအားဖြစ်စေပါသည် ။ ဤစာအုပ်သည် နိုင်ငံခြားဆေးပညာစာအုပ်ကို ဘာသာပြန်ခဲ့ခြင်းမဟုတ်ပါ။ သို့သော် ဆေးပညာသီအိုရီဘောင်အတွင်းမှ သာ ရေးသားပြီး၊ မိမိ၏ စိတ်ကူးထင်ကြေးများကို ရေးသားခြင်းလည်း မဟုတ်ပါ။ ပစ္စုပ္ပန်ပြဿနာ၊ ကိစ္စများကို ဗဟိုပြုရေးသားခြင်းဖြစ်၍ လက်တွေ့ပြဿနာများ ဖြေရှင်းရာတွင် အသုံးဝင်လိမ့်မည်ဟ ယုံကြည်မိပါသည် ။

ကျွန်တော်ရေးသာ ဤစာအုပ်ရယ်လို့ မှ မဟုတ်၊ မည်သည့် ဖိုမဆေးပညာစာအုပ်မျိုးမဆို နည်းလမ်းမှန်စွာ ရေးသားထားပါက မုဒိမ်းမှုကျဆင်းရေး၊ အိမ်ထောင်ရေးပြဿနာများကျဆင်းခြင်း၊ လိင်ကူးစက်ရောဂါများကျဆင်းရေးတို့ ကို အထောက်အကူပြုပါလိမ့်မည်ဟု တင်ပြလိုပါကြောင်း။

ဒေါက်တာထွန်းဝင်း

* * *




စက်ရုပ်ပြည့်တန်ဆာနှင့်အန္တရာယ်အသွယ်သွယ်


စက်ရုပ်ပြည့်တန်ဆာဆိုတဲ့ စကားလုံးကို ဖတ်ရှုရလို့ စာရှုသူအပေါင်းတို့ အံ့သြသွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြည့်တန်ဆာ ဆိုရင်တော့ သက်ရှိမိန်းကလေးတွေကိုပဲ ပြေးပြီးမြင်ယောင်မိမှာ ပါ။ ဒါပေမဲ့ စက်ရုပ်ပြည့်တန်ဆာဆိုတာကတော့ တကယ်ပဲရှိနေပါတယ်။ ကျွန်တော်ကြုံတွေ့ခဲ့ရပုံကတော့ဒီလိုပါ။ ကျွန်တော်ဟာ တစ်ခါတုန်းက မြန်မာပြည်အလယ်ပိုင်းက မြို့နယ်တစ်ခုမှာ HIV ကာကွယ်ရေး စီမံကိန်းဝန်ထမ်းတာဝန်ထမ်းဆောင်စဉ်မှာ ကျွန်တော့်တပည့်တစ်ဦးက ဘိုမရုပ်တစ်ရုပ်ကို စီမံကိန်းရုံးသို့ ယူဆောင်လာပါတယ်။ ဒေသခံတစ်ဦးဖြစ်သူ ဦးဘာဘာ (နာမည်လွှဲ) ဆိုသူက ၎င်းအရုပ်ကို စီမံကိန်းသို့ ရောင်းချလိုပါတယ်ဆိုပြီး ကမ်းလှမ်းတဲ့ ကိစ္စမှာ ကျွန်တော့်တပည့်တစ်ဦးကနေတစ်ဆင့် ဆက်သွယ်လာပါတယ်။ သူတို့ ပြောတာကတော့ စက်ရုပ်ဖာသည် လို့ ပြောပါတယ်။ စက်ရုပ်ကတော့ တစ်သက်တစ်ကိုယ်တစ်ခါမျှ မမြင်ဖူးခဲ့ပါဘူး။ အရုပ်ရဲ့ အရပ်ကတော့ နှစ်ပေခန့်ရှိတဲ့ ဘိုမရုပ်ပါ။ ကိုယ်လုံးတီးဘိုမရုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ခန္ဓာကိုယ်အချိုးအစားကို လိင်ဆွဲဆောင်မှုရှိအောင် ဖန်တီးထားပါတယ်။ အရုပ်ကရော်ဘာ အပျော့စားနဲ့ လုပ်ထားပါတယ်။ ဘိုမရုပ်ရဲ့ နောက်ကျောကနေတစ်ဆင့် အရုပ်ထဲကို ဓာတ်ခဲထည့်လို့ ရပါတယ်။ လက်နှိပ်ဓာတ်မီးထဲကို ဓာတ်ခဲမြှုပ်လို့ ရသလိုပေါ့။ ထူးခြားချက်က ဘိုမရုပ်ရဲ့ မိန်းမကိုယ်အင်္ဂါပေါက်အဝက သာမန်ထက် နည်းနည်းကျယ်နေပါတယ်။ ဘိုမရုပ်ဟာ ရော်ဘာအပျော့နဲ့ လုပ်ထားလို့ မိန်းမကိုယ်အဝကို ကျယ်အောင် ဆွဲဆန့်လို့ ရပါတယ်။ ဘိုမရုပ်ရဲ့ ဆံပင်ထဲမှာ ခလုတ်တစ်ခုရှိပြီး၊ အဲဒီခလုတ်နှိပ်လိုက်ရင် ဘိုမရုပ်ကမိန်းကလေးတွေ လိင်ဆက်ဆံတဲ့ အခါမှာ အော်မြည်တဲ့ အသံမျိုး ထွက်လာပါတယ်။

အဲဒီအခါမှာ ယောက်ျားလေးတွေဟာ ဘိုမရုပ်နဲ့ လိင်ဆက်ဆံလို့ ရပါတယ်။ ဦးဘာဘာဟာ အဲဒီဘိုမရုပ်ကို ဆယ်ကျော်သက်ယောက်ျားလေးတွေကို ငှားစားနေပါတယ်။ ဘိုမရုပ်ဟာ စက်ရုပ်ဖာသည် လို့ နာမည်ပေးခံလိုက်ရပြီး ဦးဘာဘာကတော့ စက်ရုပ်ဖာခေါင်းလို့ နာမည်ပြောင်ပေးခြင်းကို ခံလိုက်ပါတော့တယ်။ ဒီတော့ဦးဘာဘာဟာ ရှက် လာပြီးဘိုမရုပ်ကို ရောင်းစားဖို့ ကြံရွယ်ရာက ဘယ်သူ့ကိုရောင်းရမှန်းမသိပါဘူး။ ကျွန်တော်တို့ ကလည်း ကံဆိုးချင်တော့ ကျွန်တော်တို့ HIV ကာကွယ်ရေးစီမံကိန်းက ပြည့်တန်ဆာတွေနဲ့ အင်တာဗျူးပြီး ပြည့်တန်ဆာတွေကို ကွန်ဒုံးဝေတာတို့ ၊ ပညာပေးတာတို့ လုပ်တော့ ကျွန်တော်ဟာ လူသားစင်စစ် ပြည့်တန်ဆာက စိတ်ဝင်စားတယ်။ ဒီတော့ စက်ရုပ်ပြည့်တန်ဆာဆိုရင်လည်း စိတ်ဝင်စားမှာ ပဲဆိုပြီးတော့ ကျွန်တော့်ထံကို လာရောင်းတာပါ။ သူတို့ ထင်တာကတော့ စက်ရုပ်ကတော့ HIV ရှိမှာ မဟုတ်ဘူး ။ ဒီတော့စက်ရုပ်နဲ့ လိင်ဆက်ဆံတာ အန္တရာယ်ကင်းတယ်ဆိုပြီး လူတွေတော်တော်များများ စက်ရုပ်နဲ့ လိင်ဆက်ဆံကြပါတယ်။ ဒါပေမဲ့ သူတို့ မသိတဲ့ အချက်က စက်ရုပ်က ပထမလူနဲ့ လိင်ဆက်ဆံရင် ပထမလူမှာ ရောဂါရှိရင် အဲဒီစက်ရုပ်က ဘိုမစက်ရုပ်ရဲ့ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒုတိယလူကထပ်မံပြီး ဘိုမစက်ရုပ်နဲ့ လိင်ဆက်ဆံရင် ပထမလူရဲ့ ရောဂါက ဒုတိယလူထံရောက်နိုင်ပြီး တတိယလူ၊ စတုတ္ထလူ၊ ပဉ္စမလူတို့ ထံ တသီကြီးရောက်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်ကလည်း ဒီလိုလုပ်ရင် ဖောက်သည် မှ ဖောက်သည် သို့ ကူးစက်ခြင်းအကြောင်း ချက်ချင်းပညာပေးလုပ်ငန်း လုပ်ရပါတော့တယ်။ ပညာပေးပွဲမှာ လူငယ်တစ်ယောက်က မေးလိုက်ပါသေးတယ်။ ဘိုမစက်ရုပ်နဲ့ လိင်ဆက်ဆံရင် ကွန်ဒုံးသုံးရင် အန္တရာယ်ကင်းလားလို့ မေးပါတယ်။ အဖြေကတော့ဒီလိုပါ။ ယနေ့ကမ္ဘာပေါ်မှာ ကွန်ဒုံးတွေကိုတီထွင်ထားရာမှာ ကွန်ဒုံးအထူအပါး၊ ကွန်ဒုံးရဲ့ ပေါက်ပြဲမှုမှ ကာကွယ်နိုင်တဲ့ ကွန်ဒုံးအလွှာရဲ့ ခိုင်ခံ့မှု၊ အရည်အသွေးတွေကို စမ်းသပ်ပြီးမှ စိတ်ချရမှ ဈေးကွက်မှာ ဖြန့်ပါတယ်။ ဒါပေမဲ့ စိတ်ချရမှု အရည်အသွေးဆိုရာမှာ လူသားချင်း လိင်ဆက်ဆံတဲ့ အခါမှာ ခိုင်ခန့်မှုကိုစိတ်ချရတာပါ။ ဘိုမစက်ရုပ်ရဲ့ မိန်းမအင်္ဂါအတွင်းနံရံကတော့ လူသားမိန်းကလေးတွေရဲ့ အင်္ဂါအတွင်းနံရံနဲ့ စာရင် ပိုမိုမာကြောမှာ ဖြစ်လို့ ကွန်ဒုံးရဲ့ ခံနိုင်မှုကို စမ်းသပ်ထားတာတော့ မရှိလို့ အန္တရာယ်ကင်းကြောင်း အာမခံရမလွယ်ဘူးလို့ ဖြေလိုက်ရပါတယ်။ စက်ရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီက ဘိုမစက်ရုပ်ကို ထုတ်လုပ်ရာမှာ ယောက်ျားတစ်ဦးတည်းအတွက် တစ်လက်ကိုင်၊ တစ်ယောက်ကိုင်အဖြစ် ထုတ်လုပ်ထားတယ်လို့ ထင်ပါတယ်။ အရုပ်ထုတ်လုပ်စက်ရုံက ထုတ်လုပ်ရေးမန်နေဂျာ (Production Manager)တွေနဲ့ ဆွေးနွေးကြမှ သာ စက်ရုပ်အကြောင်း ပိုသိမှာ ဖြစ်ပါတယ်။ ဒီလိုစက်ရုပ်မျိုးတွေ ကျွန်တော်တို့ နိုင်ငံထဲကို ဘယ်လိုရောက်လာမှန်းမသိပါဘူး။ ပိုင်ရှင်ဦးဘာဘာကို မေးကြည့်တော့လည်း သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က လာရောင်းသွားတာလို့ ပဲ မရေမရာဖြေပါတယ်။

ဘာပဲဖြစ်ဖြစ် ယနေ့လူငယ်များ ဟာ ဗဟု သုတတစ်ခုအနေနဲ့ သိသင့်တာကတော့ ဘိုမစက်ရုပ်ဆိုတာ လောကကြီးမှာ ရှိနေပြီး လိင်ဆက်ဆံလို့ ရတယ်။ အဲဒါကိုသွားပြီး လိင်ဆက်ဆံရင် ဖောက်သည် အချင်းချင်း တစ်ယောက်ထံမှ တစ်ယောက်ထံသို့ ရောဂါကူးစက်နိုင်တယ်လို့ သိထားစေချင်ပါကြောင်း…

နံပါတ်၉၃၊အိုအေစစ်ဂျာနယ်

* * *




ပန်းညှိုးတစ်ယောက်နှင့်အမေးအဖြေ


ဆရာခင်ဗျား…ကျွန်တော်ဟာ ၅၅နှစ်ရှိပြီး သားသမီးခြောက်ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ဇနီးကတော့ အသက်၆၄နှစ်ဖြစ်ပါတယ်။ ယခုကျွန်တော်ပန်းညှိုးရောဂါ ခံစားနေရပါတယ်ဆရာ၊ အဲဒါကြောင့် ကျားကာမအားတိုးဆေးများ ရှိရင် ညွှန်ပြပေးပါခင်ဗျား။

(မှတ်ချက် - အထက်ပါမေးခွန်းကတော့ ယခုပစ္စုပ္ပန်ကာလမှာ လောလောလတ်လတ် မေးခွန်းမဟုတ်ပါဘူး။ ကျွန်တော်ဆေးခန်းဖွင့်တုန်းက လူနာတစ်ယောက်ကမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ လူနာက ပိန်ခြောက်နေပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်နေတာ တွေ့ရပါတယ်။ ယောက်ျားလေးတွေဟာ အသက်၆၀ကျော်လောက်ဆိုရင် အသက်၂၀လူငယ်လောက်တော့ လိင်ကိစ္စခုံမင်မှု နည်းသွားပါတယ်။ ခန္ဓာကိုယ်မှာ လိင်ကိစ္စအားပေးတဲ့ ကျားဟော်မုန်းထုတ်လုပ်မှုလည်း ကျဆင်းပါတယ်။ ယခု လူနာအသက်၅၅နှစ်ဆိုတော အသက်အရလည်း လိင်စိတ်နည်းသွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အသက်ကြီးလို့ ဆိုတာထက် ဆေးလိပ်အလွန်အကျွံသောက်မှု၊ အာဟာရချို့တဲ့ မှု၊ စိတ်ဖိစီးမှုတွေကြောင့် ပန်းညှိုးတတ်ပါတယ်။ အဲဒီတုန်းက လူနာကိုဆေးလိပ်ဖြတ်ခိုင်းဖို့ မျှတတဲ့ အာဟာရစားဖို့ နဲ့ စိတ်ဖိစီးမှုနည်းအောင်နေဖို့ အကြံပေးခဲ့ပါတယ်။ ကျားဟော်မုန်းဆိုတာကတော့ အဲဒါတွေလိုက်နာပြီးရင် ဆက်လက်ပန်းညှိုးနေပါက အခြားပန်းညှိုးစေသောရောဂါတွေမရှိဘဲ အလိုအလျောက် ပန်းညှိုးတာမျိုးကိုပေးရင် ပိုသင့်တော်ပါတယ်။ အဲဒီတုန်းကဟော်မုန်းမပေးဘဲ ဆေးလိပ်ဖြတ်ခိုင်းခဲ့တယ်။ ဒါပေမဲ့လူနာကဆေးလိပ်မဖြတ်ပါဘူး။ ဟော်မုန်းပဲတွင် တွင် တောင်းနေတယ်။ ဒီတော့ဆရာနဲ့ လူနာ သဘောချင်းမတိုက်ဆိုင်လို့ ဆက်မကုန်ဖြစ်ပါဘူး။ ဆေးလိပ်ဖြတ်ရုံနဲ့ ပန်းညှိုးပျောက်တဲ့ လူတွေရှိနေတော့ ဟော်မုန်းဘာကြောင့်ပေးမှာ လဲ။ ဒါကြောင့်ဒီနေရာမှာ အများ အတွက် အကြံပြုလိုတာကတော့ ပန်းညှိုးရောဂါခံစားရရင် ဟော်မုန်းကို အရင်ဆုံးမိမိဘာသာ ဝယ်ယူမှီဝဲတာမျိုးမလုပ်ဘဲ ပန်းညှိုးရတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ရန် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါလို့ ရေးသားတိုက်တွန်းလိုက်ပါတယ်။

ဆရာခင်ဗျား။ ကျွန်တော်ဟာ အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။ ဗဟု သုတရရန်အတွက် လိင်ဆေးပညာဆောင်းပါးတွေ ဖတ်ရှုပါတယ်။ ဒါကိုကျွန်တော့်ရဲ့ အုပ်ထိန်းသူလူကြီးတွေက ဆူပူကြိမ်းမောင်းပါတယ်။ လိင်အကြောင်းဘာလို့ ဖတ်ရတာလဲ၊ ညစ်တီးညစ်ပတ်တွေ နားမလည်ဘူးလား၊ လိင်အကြောင်းဆိုတာ လူမပြောနဲ့ တိရစ္ဆာန်တောင်သိတယ်လို့ ဆူပါတယ်ဆရာ။ ဒီတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ။

ညစ်ညမ်းစာပေနဲ့ လိင်ဆေးပညာကို ခွဲခြားပြီးမြင်လိုက်ရင် ဒီကိစ္စပြေလည်သွားမှာ ပါ။ လိင်အကြောင်း တိရစ္ဆာန်တောင်သိတယ်ဆိုတာ လိင်ဆက်ဆံနည်းကို သင်စရာမလိုဘဲတတ်တာပါ။ လိင်ဆေးပညာ သိဖို့ မလိုဘူးဆိုရင် လူငယ်တွေဘာကြောင့် HIV ကူးစက်ကုန်ရတာလဲလို့ မေးခွန်းထုတ်ရမှာ ပါ။ မိမိကိုယ်ကို HIV မဖြစ်အောင် မကာကွယ်နိုင်တာ၊ မလိုအပ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး၊ အခြားလိင်ရောဂါတွေ ကူးစက်တာမျိုး၊ မုဒိမ်းမှုခင်းဖြစ်ပွားမှု များ ပြားတာမျိုးဟာ လိင်ဆေးပညာကို နားမလည်လို့ ပဲဖြစ်ပါတယ်။ လူကြီးတွေဟာ မိမိတို့ ရဲ့ သားသမီးတွေကို HIV ရန်ကကင်းဝေးစေချင်ရင် သူတို့ ရဲ့ ဉာဏ်ပညာနဲ့ သူတို့ ကိုယ်သူတို့ ကာကွယ်နိုင်အောင် လိင်ဆေးပညာကို အခြေခံလောက်တော့ သိသင့်ပါတယ်လို့ ဖြေကြားလိုပါတယ်။

* * *




ပုရိသလိင်မုဆိုး၊ဣတ္ထိယလိင်မုဆိုးတို့ အကြောင်း


HIV အန္တရာယ်ကိစ္စမှာ အန္တရာယ်ဖြစ်စေတဲ့ ပုရိသလိင်မုဆိုး၊ ဣတ္ထိယလိင်မုဆိုးတို့ အကြောင်းကို သိထားသင့်ပါတယ်။ HIVအန္တရာယ်နဲ့ ပတ်သက်ပြီး လူသိများ တာကတော့ အန္တရာယ်များ တဲ့ အုပ်စုဆိုရင် ပြည့်တန်ဆာတို့ ၊ မူးယစ်ဆေးစွဲလူငယ်တို့ ၊ ကာမကြူးသူတို့ ၊ ဆေးမင်ကြောင်ထိုးတာတို့ စတဲ့ အုပ်စုနဲ့ အန္တရာယ်တွေကို လူသိတော်တော်များ နေပါပြီ။ ဒါပေမဲ့ ပုရိသလိင်မုဆိုးဆိုတာနဲ့ ဣတ္ထိယလိင်မုဆိုးဆိုတာကတော့ စကားလုံးအသစ်တွေဖြစ်ပါတယ်။ ဒါတွေကဒေါက်တာထွန်းဝင်း ဘယ်ကနေ ဘယ်လိုသိရတာလဲ၊ ဆရာကလိင်သုတေသီ(Sex Researcher)လား။ ဆရာကိုယ်တိုင် လိင်ကိစ္စကြူးလွန်သူလား၊ ဆရာဟာလိင်မုဆိုး(Sex Hunter)တစ်ယောက်လားရယ်လို့ စာရှုသူမေးခွန်းထုတ်ချင်စရာပါ။ တကယ်တော့ ဆရာဒေါက်တာထွန်းဝင်းတို့ က ဆရာစစ်စစ်ဖြစ်ပါတယ်။ လိင်သုတေသီတစ်ယောက်မဟုတ်ရပါဘူး။ ဒါပေမဲ့အကြောင်းတိုက်ဆိုင်ပြီး HIV သုတတွေနဲ့ ရေစက်ပါပုံကတော့ HIV ကာကွယ်ရေးစီမံကိန်းမှာ အလုပ်လုပ်တုန်းက ဝတ်ကျေတမ်းကျေ လုပ်ခဲ့တာမဟုတ်ဘဲ စိတ်ရောကိုယ်ပါနှစ်ပြီး ပြည့်တန်ဆာတွေနဲ့ ခင်အောင်ပေါင်းခဲ့လို့ သူတို့ အကြောင်း အတွင်းကျကျ သိခဲ့ရပါတယ်။ ယခုအခါ ကျွန်တော့်ရဲ့ ဇနီးက စက်ချုပ်သင်တန်းတစ်ခု ဖွင့်ထားပါတယ်။ ဖောက်သည် များ တယ်။ အဝတ်အစားအပ်နှံသူ၊ စက်ချုပ်သင်တန်းတက်လိုသူတွေ လာကြပါတယ်။ ဒီတော့လူများ တယ်။ အတင်းပြောကြတယ်။ ဒီတော့သတင်းစုံရတယ်။ ဒီတော့ လောကကြီးအကြောင်း ပိုပြီးကြားရတော့ သတင်းတွေပိုရပါတယ်။ ဒီတော့ဪ…ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်၊ ကမ္ဘာကြီးဟာ တက္ကသိုလ်ကြီးတစ်ခုဖြစ်တယ်ဆိုတာလည်း မှန်ပေတာပဲကိုးလို့ သိလာရပါတယ်။ ပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ တတ်လာခဲ့ရပါတယ်။


ပုရိသလိင်မုဆိုးဆိုတာဘာလဲ။

ပုရိသယောက်ျားတွေဖြစ်တဲ့ သူဌေး၊ သူကြွယ်၊ ကုန်သည် ပွဲစား၊ အရာရှိ၊ အရာခံတွေဟာ ပုထုဇဉ်ပီပီ လိင်ကိစ္စကဲကြသလို အခြေခံလူတန်းစားတွေဖြစ်တဲ့ စပါယ်ယာ၊ ဒရိုင်ဘာ၊ လမ်းဘေးဈေးသည် ၊ ဆိုက်ကားသမားတွေလည်း ကဲကြတာမျိုးရှိပါတယ်။ (မှတ်ချက် - ပုရိသတိုင်းကိုတော့ ကဲတယ်လို့ မဆိုလိုပါ)

အဲဒီလိုကဲကြတဲ့ အခါ သာမန်အမြင်တော့ ပြည့်တန်ဆာ၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ အယောင်ပြ ပြည့်တန်ဆာခန်း စတာတွေသွားကြပါတယ်။ ဒါမျိုးက သူတို့ တွေအတွက်ရိုးနေပါပြီ။ HIV အန္တရာယ်လည်း ရှိပါတယ်။ ဒီတော့သူတို့ က ပြည့်တန်ဆာအသိုင်းအဝိုင်းပြင်ပ လိင်အပျော်ရှာဖွေရေး လုပ်ကြပုံကတော့ဒီလိုပါ။ အဲ…ဒီလိုလုပ်ကြတဲ့ ယောက်ျားတွေကို ပုရိသလိင်မုဆိုးတွေရယ်လို့ ခေါ်ချင်ပါတယ်။

တစ်ခါက ကိုမောင်မောင် (အမည်လွှဲ)ဟာ ပွဲစားသူဌေးတစ်ယောက်ဖြစ်ပါတယ်။ လိင်အပျော်အပါး ဝါသနာပါတဲ့ ကလေးနှစ်ယောက်ဖခင် အိမ်ထောင်ရှင်ဖြစ်ပါတယ်။ သူကပြည့်တန်ဆာပေါင်းများ စွာနဲ့ လိင်ဆက်ဆံဖူးပါတယ်။ အပျော်အပါးကိစ္စ နာမည်ကြီးတစ်ဦးဖြစ်ပါတယ်။ ကြာလာတော့ ပြည့်တန်ဆာတွေကို ကိုမောင်မောင်တစ်ယောက် ရိုးအီလာပါတယ်။ ဒီတော့ပြည့်တန်ဆာမဟုတ်တဲ့ မိန်းမတွေနဲ့ ကဲချင်လာပါတယ်။ ဒီတော့ မယားငယ်ထားချင်လာပါတယ်။ ဒါပေမဲ့ဒီခေတ်ကြီးက ကုန်ဈေးနှုန်းမြင့်တဲ့ ခေတ်ကြီးဆိုတော့ မယားငယ်ထားရတာ မင်းတုန်းမင်းတရားကြီးလက်ထက်တော်ကလို မလွယ်တော့ဘူး။ လူမှုရေးပြဿနာတွေကလည်း အများကြီးရှိလာနိုင်ပါတယ်။ ဒီတော့ လူမသိသူမသိ အမြှောင်မယား၊ တိတ်တိတ်ပုန်းမယား ထားချင်လာပါတယ်။ တိတ်တိတ်ပုန်းမယား ထားတယ်ဆိုတာကလည်း အပျိုတစ်ယောက်၊ တစ်ခုလပ်တစ်ယောက်ကို သွားထားလို့ မလွယ်ပါဘူး။ အချိန်ကြာလာရင် နွယ်လာနိုင်တယ်လို့ ဆိုပါတယ်။ နွယ်လာတယ်ဆိုတာဘာလဲဆိုတော့ အမြှောင်မယားက ထင်ထင်ပေါ်ပေါ်နဲ့ မယားပြိုင်နေရာတောင်းဆိုလာမှာ ကို ကြိုတင်ကြောက်နေမိပါတယ်။ ဒီတော့သူ့ရဲ့ လုပ်ပုံက‘သင်းသင်း’လို့ ခေါ်တဲ့ ခပ်ချောချော၊ အသက်၃၀အရွယ်၊ သူများ မယားငယ်တစ်ယောက်နဲ့ တိတ်တိတ်ပုန်းညားနေကြပါတယ်။ သင်းသင်းကလင်ကြီးရှိတော့ တကယ့်ကို ပုန်းလျှိုးပုန်းကွယ်ညားကြတာဆိုတော့ တကယ့်ကို အမြှောင်မယားစစ်ပါတယ်။ သင်းသင်းရဲ့ လင်ကြီးက အရက်သမားဖြစ်ပြီး လက်ကြောမတင်းလို့ သင်းသင်းက ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ဆင်းရဲတော့ မောင်မောင်က သင်းသင်းကို ထောက်ပံ့တယ်။ သင်းသင်းက ပြည့်တန်ဆာမဟုတ်တော့ မောင်မောင်က သင်းသင်းနဲ့ ဆက်ဆံရင် ကွန်ဒုံးမသုံးတော့ပါဘူး။ ပုရိသလိင်မုဆိုးကိုမောင်မောင်ဟာ သူ့ကိုယ်သူဟုတ်လှပြီ ထင်နေပါတယ်။ ဒါပေမဲ့ကိုမောင်မောင်မသိတဲ့ အချက်က သူ့လိုပဲလိင်ကိစ္စလွန်ကဲတဲ့ ယောက်ျားတစ်ယောက် ဒီကမ္ဘာကြီးမှာ ရှိနေတယ်ဆိုတာပါပဲ။ အဲဒီလူကတော့ တခြားဟုတ်ရိုးလား၊ လက်ကြောမတင်းတဲ့ အရက်သမားဖြစ်သူ သင်းသင်းရဲ့ လင်ကြီးပဲဖြစ်ပါတယ်။ သင်းသင်းရဲ့ လင်ကြီးကခေသူမဟုတ်၊ လက်ကြောသာမတင်းတာ၊ ပြည့်တန်ဆာအိမ်တော့ သွားတယ်လို့ ဆိုပါတယ်။ ပြည့်တန်ဆာနဲ့ လိင်ဆက်ဆံစဉ် အရက်မူးနေတော့ ကွန်ဒုံးသုံးဖို့ မေ့သွားတယ်လို့ ဆိုပါတယ်။ ဒီတော့ပြည့်တန်ဆာထံက HIV က သင်းသင်းရဲ့ လင်ကြီးထံကနေ တစ်ဆင့် သင်းသင်းကို ကူးစက်ပြီး သင်းသင်းကတစ်ဆင့် ပုရိသလိင်မုဆိုး ကိုမောင်မောင်ဟာ HIV သားကောင်ပြန်ဖြစ်သွားပါတော့တယ်။ မုဆိုးက သားကောင်ဖြစ်တတ်တယ်ဆိုတာ ဒါမျိုးပဲလို့ ဆိုချင်ပါတယ်။


ဣတ္ထိယလိင်မုဆိုးက ပုရိသမုဆိုးကို သားကောင်ဖြစ်အောင်လုပ်ပြလိုက်ပုံ

ဥပမာ အဖြစ်အပျက်ကလေးတစ်ခုကတော့ ဒီလိုပါ။ ဦးထက်မင်းခေါင်မြင့် (နာမည်လွှဲ)ဟာ သူဌေးကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာငွေကြေးချမ်းသာတော့ ကာရာအိုကေခန်းကိုသွားပါတယ်။ ပြီးတော့ အဲဒီက မိန်းမချောလေးလှမျက်ချယ် (နာမည်လွှဲ)ကို မုန့်ဖိုးများများ ပေးတယ်။ ပြီးတော့ လက်ဆောင်တွေ ဝယ်ပေးတယ်။ ပြီးတော့ ရင်းနှီးသွားရာကတစ်ဆင့် ရင်းနှီးလွန်အဆင့်ကိုရောက်သွားပြီး လိင်ဆက်ဆံတဲ့ အဆင့်ကို ရောက်သွားပါတယ်။ လှမျက်ချယ်က ပြည့်တန်ဆာလည်း မဟုတ်၊ မယားငယ်လည်း မဟုတ်တဲ့ ဘာလိုလိုဖြစ်နေပါတယ်။ တစ်နေ့မှာ လှမျက်ချယ်က မိမိမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဦးမင်းထက်ခေါင်မြင့်ကိုပြောတော့ ဦးမင်းထက်ခေါက်မြင့်လန့်သွားပြီး ကိုယ်ဝန်ကိုဖျက်ချရန် ငွေပုံပေးပြီး လှမျက်ချယ်ကိုလည်း ထိုက်ထိုက်တန်တန်အရင်းအနှီးလုပ်စားရန် ငွေပုံအောပေးလိုက်ပြီး ဦးမင်းထက်ခေါင်မြင့် ခြေရာဖျောက်သွားပါတော့တယ်။

ဒါကို ကျွန်တော်သိရတော့ စိုးရိမ်သွားတာက ကိုယ်ဝန်ရှိတယ်လို့ ပြောနိုင်တာ လိင်ဆက်ဆံစဉ် ကွန်ဒုံးမသုံးလို့ ပေါ့။ တကယ်တော့လှမျက်ချယ်မှာ ဘာကိုယ်ဝန်မှ မရှိပါဘူး။ သုံးလခံသန္ဓေတားဆေး ထိုးထားပါတယ်။ ဦးထက်မင်းခေါင်မြင့်က ကွန်ဒုံးမသုံးချင်လို့ ပြည့်တန်ဆာခန်းမသွားဘဲ အပြင်အဆင်ရိုးတဲ့ ကာရာအိုကေခန်းက လှမျက်ချယ်ကို ရိုးရိုးလေးဆိုပြီး အပျော်မယားထားတာပါ။ ဒါပေမဲ့လှမျက်ချယ်က ဦးထက်မင်းခေါင်မြင့်တို့လို လူကြီးသုံးယောက်ရဲ့ တစ်ပြိုင်နက်တည်း အပျော်မယားဖြစ်နေတော့ ကဲချင်လာတဲ့ သူကြွယ်ကြီးတွေအတွက် HIV စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါကြောင့် ပုရိသလိင်မုဆိုး၊ ဣတ္ထိယလိင်မုဆိုးတို့ ဟာ အန္တရာယ်ရှိပါတယ်။ လိင်မုဆိုးပဲလုပ်လုပ်၊ လိင်သားကောင်ပဲလုပ်လုပ် ကွန်ဒုံးမသုံးရင်တော့ HIV ရဲ့ သားကောင်တွေ ဖြစ်ကုန်ကြမှာ ပါရယ်လို့ ဆိုပါရစေလား။

* * *


ဝန်ဇင်းချစ်သူများ ဒေါက်တာထွန်းဝင်း ၏ “ နှစ်ဖက်ချွန် ဘက်စုံချွန်လိင်တို့အကြောင်းနှင့် အခြားဖိုမဆေးပညာ ဆောင်းပါးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆင်းရဲခြင်းမှ လွတ်မြောက်ကင်းရန် နည်းလမ်း (၁၁) မျိုး

လူငယ်များက မေးကြသည် ဘွဲ့ရပြီးရင် ဘာလုပ်မလဲ

မိန်းမလျာတို့၏ လိင်ထွက်ပေါက် နှင့် အခြား ဖိုမ ဆေးပညာ ဆောင်းပါးများ