လူငယ်နှင့် ခေါင်းဆောင်မှု
လူငယ်တို့ရေ
၂၀၁၁ ခုနှစ် မတ်လကစပြီး သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်လာတာဟာ အခုဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီသက်တမ်း သုံးနှစ် ခန့် ရှိလာပြီ ဖြစ်တယ်။ အမှနတော့ ဒီမိုကရေစီသက်တမ်း (၃)နှစ်သက် တမ်း ရှိလာပြီလို့သာ ပြောနေပေမယ့် တကယ်တမ်း တရားမျှတမှု ၊ ပွင့်လင်းမြင်သာမှု နဲ့ အခွင့်အရေး ရရှိမှု တွေ အပေါ်မှာ အာမခံချက် ပေးနိုင်တဲ့ ဒီမိုကရေစီ အနှစ် သာရအားဖြင့် တော့ မြန်မာဒီမိုကရေစီဟာ တင်းပြည့်ကျပ်ပြည့်တော မဟုတ်သေးပါဘူးကွာ။
ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေး အတွက် ယနေ့လူငယ်တွေ ဟာ မိမိပခုံးထက်ပေါ် ကျရောက်လာတဲ့ သမိုင်းပေး တာဝန်တွေ ကို မလွဲမသွေ ထမ်းရွက်ရမယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူးကွဲ့။ နိုင်ငံလူဦးရေမျာ လူငယ်တွေ ရဲ့ အချိုးအစားဟာ ကြီးမားတာကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် မောင်းနှင်မယ့်သူတွေ ဟာ လူငယ်တွေ သာ ဖြစ်တယ်။ အသက် ၁၅ နှစ် နဲ့ ၃၀ နှစ် ကြား လူဦးရေဟာ ၁၄ သန်းရှိပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၄၁ ရာခိုင်နှုန်းနီးနီးရှိကာ အလုပ်လုပ်နိုင်သော အရွယ်ရောက်လူဦးရေဟာ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံရှိတာမို့ နိုင်ငံအနာဂတ်ဟာ မင်းတို့လူငယ်တွေ ရဲ့ လက်တွင်းမှာ ကျရောက်နေပြီဆိုတာ အထင်အရှားပါပဲ။
လူငယ်ဆိုတာ စိတ်ဓာတ်တက်ကြွယ်တယ်၊ သက်ကြီးရွယ်အိုတွေ လို မဟုတ်ဘဲ စိတ်သွားတိုင် ကိုယ်ပါနိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ သင်လွယ်၊ တတ်လွယ်တယ်။ ဉာဏ်ရည် ထက်မြက်တယ်။ သံယောဇဉ် နှောင်ဖွဲ့ငဲ့ကွက်ရန် နည်းတယ်။ အားနဲ့ခွန်နဲ့ အလုပ်လုပ်နိုင်တယ်။ ဒါ့ကြောင့် လူငယ်ထုဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ အဓိကအင်အားစုအ ဖြစ် ပါဝင်ပြီး “နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လူဦးရေ သဘောထားအရ အကောင်းဆုံးအချိန်” လို့ သတမှတ်ထားသလို “လူဦးရေ တံခါးပွင့်ချိန်” (Demographic Dividend) လို့ ဖွံ့ဖြိုးရေး ပညာရပ်က လက်ခံထားကြတယ်။
ဒါ့ကြောင့် ဒီကနေ့ လူငယ်တွေ ဟာ အနာဂတ်မှာ နိုင်ငံတော် ရဲ့ ကံကြမ္မာကို အဓိက အဆုံးအဖြတပေးမယ့်သူတွေ ဖြစ်တာမို့ မိမိဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဌာနတစ်ခုခု၊ ပါတီအသင်းအဖွဲ့ တစ်ခုခုမှာ ခေါင်းဆောင်တာဝန်တွေ ကို မလွဲမသွေ ယူလာရမှာ မို့ ခေါင်းဆောင်မှု အရည်အသွေးတွေ ပြည့်ဝနေဖို့ လိုတယ်ကွဲ့။
ခေါင်းဆောင်ဟူသည်
“ခေါင်းဆောင်” ဟူသော ဝေါဟာရကို “မြန်မာအဘိဓာန်” စာမျက်နှာ ၅၅ မှာ “အကြီးအမှူးပြုသည်၊ ဦးဆောင်သည်၊ အထွတ်အမြတ်ပုဂ္ဂိုလ်၊ ရှေ့ဆောင်လမ်းပြ” လို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတယ်။
ဆရာမောင်ဝံသပြုစုတဲ့ “ခေတ်မီ နိုင်ငံရေး ဝေါဟာရအဘိဓာန်” စာမျက်နှာ ၃၀၀ မှာ တော့ ခေါင်းဆောင်မှု ရဲ့ အဓိပ္ပါယ်ကို -
“မိမိတို့ လိုလားသော ရည်မှန်းချက်ကို လက်တွေ့  အကောင်အထည်ဖော်ရာတွင် အခြားသူများ က လိုက်ပါဆောင်ရွက်အောင် စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိသော လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့မဟုတ်) လူတစ်စုတစ်ဖွဲ့၏ စွမ်းဆောင်ရည်ကို ခေါ်ဆောင်မှု ဟုခေါ်သည်။ ကုမ္ပဏီတစ်ခု၏ ခေါင်းဆောင်မှု မှ နိုင်ငံကို ခေါင်းဆောင်မှု အထိ ကျယ်ပြန့်သော သဘောတရား ဖြစ်သည်။
ခေါင်းဆောင်မှု သည် အခွင့်အလမ်း မဟုတ်၊ အရည်အသွေး ဖြစ်သည်။ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ရန် ရရှိထားသော အခွင့်အာဏာသည် ခေါင်းဆောင်မှု တာဝန် ဖြစ်သည်။ မူဝါဒချမှတ်ခြင်း၊ တာဝန်ခွဲဝေခြင်း၊ ဆုံးဖြတ်အကောင်အထည် ဖော်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းတို့သည် ခေါင်းဆောင်မှု ၏ အလုပ်များ ဖြစ်သည်။
ဖက်ဆစ်ဝါဒီများ ၏ အယူအဆတွင် ခေါင်းဆောင်မှု သည် ခေါင်းဆောင်တစ်ဦး၏ အရည်အသွေးပေါ်တွင် အဓိကတည်သည်ဟု ဆိုသည်။ ဟစ်တလာ၊ မူဆိုလီနီ ဖရန်ကိုတို့သည် နမူနာများ ဖြစ်သည်။
ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ကမူ စုပေါင်းခေါင်းဆောင်မှု ဟူသော စကားလုံးကို တွင် တွင် သုံးသော်လည်း လက်တွေ့ တွင် ယင်းတို့မှာ လည်း လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ၏ ခေါင်းဆောင်မှု ကို လက်ခံကြရသည်က များ သည်” ဟူ၍ ဖွင့်ဆိုထားတယ်။
ဒါ့ကြောင့် ယေဘုယျအားဖြင့် ပြောရရင် ခေါင်းဆောင်ဆိုတာ လူအများ ကို ဦးဆောင်ဦးရွက်ပြုလျက် စံနမူနာပြ ရှေ့ဆောင်လမ်းညွှန်ရသူပဲ ဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင် ဒါမှမဟုတ် တိုင်းပြည်ခေါင်းဆောင်ဆိုရင် နိုင်ငံသား (၀ါ) တိုင်းသူပြည်သားတို့ကို ဦးဆောင်ဦးရွက်ပြုလျက် ရှေ့ဆောင်လမ်းညွှန်ရသူပါပဲ။
ခေါင်းဆောင်ဆိုတဲ့ ဝေါဟာရကိုပင် မြန်မာ့တပ်မတော် ဖခင်ကြီးနဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း အခုလို ဖွင့်ဆိုထားခဲ့တယ်ကွဲ့။
“ခေါင်းဆောင်လုပ်တဲ့လူဟာ နောက်လိုက်လူတွေ ထက်ပိုပြီး အမြင်ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင် ခေါင်းဆေင် မဟုတ်ဘူး။ ခေါင်းဆောင်လုပ်တဲ့လူတွေ ဟာ အသက်စွန့်သင့်တဲ့ နေရာမယ် စွန့်ရဲရမယ်၊ ပရိယာယ် သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊ အချိန်အခါလိုက်ပြီး လုပ်ရမယ်၊ အများ ယောင်လို့ ယောင်ရတယ်… အအမောင် တောင်မှန်းမြောက်မှန်းမသိ ဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ရဲရဲရင့်ရင့် သစ္စာသမာဓိနှင့် လုပ်ရင် အောင်မြင်မှာ ပဲ။ ခေါင်းဆောင်ဟာ မခိုမကပ်ဘဲ လုပ်မယ်ဆိုရင် အောင်မှာ ပဲ။ ကိုယ့်တပ်လုံရင် တခြားက လာမတိုက်ပါဘူး”။
ဗြိတိသျှစစ်ဗိုလ်ချုပ် မောင်ဂိုမာရီ (Field – Marshal Bernard Law Montgomery – 1887-1976) ရေး သားခဲ့သော The Path to Leadership စာအုပ် စာမျက်နှာ ၁၀ တွင် ခေါင်းဆောင်မှု (Leadership) ၏ အဓိပ္ပါယ်ကို-
“The capacity and the will to rally men and women to a common purpose, and the character which will imspire confidence" ဟူ၍ ဖွင့်ဆိုထားပြီး စာမျက်နှာ ၁၁ တွင် ဤသို့ အကျယ်ဝိတ္တာရ ပြုထားသည်။
"Leadership is based on truth and character. A Leader must himself be the servant of a truth and he must make that truth on focus of a common purpose. He must then have the force of character necessary to imspire others to follow him with confidence. Both are necessary, truth and character with will power in the character.
ခေါင်းဆောင်မှု ဆိုတာ အထက်တွင် အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့တဲ့ ခေါင်းဆောင်ရဲ့ ပြုမူဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု ဆိုင်ရာ ကိုယ်စိတ်နှလုံး သုံးပါးစလုံးရဲ့ အရည်အသွေးနဲ့ အရည်အချင်းများ ဖြစ်တယ်။ တစ်နည်းပြောရရင် ခေါင်းဆောင်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာအားလုံးရဲ့ အရည်အသွေးတန်ဖိုးများ ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်မှု ဟာ ဘယ်အခြေအနေ၌ မဆို မိမိခေါင်းဆောင်တဲ့ အဖွဲ့အစည်းရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ကို ရယူနိုင်စွမ်းရှိခြင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့ရတဲ့ ခေါင်းဆောင်တွေ ဟာ အများ အားဖြင့် လက်တွေ့ သမားတွေ (Men of Action) ဖြစ်တယ်ကွဲ့၊ သူတို့ရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေ ကို လူအများ က သိရှိခဲ့ကြတယ်။ အသိအမှတ်ပြု တန်ဖိုးထားခဲ့ကြတယ်။ ဒါပေမယ့် ခေါင်းဆောင်တိုင်းရဲ့ ဆောင်ရွက်ချက်လို လူတိုင်းက နှစ်သက် ကြတာတော့ မဟုတ်ပါဘူး။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်က ခေါင်းဆောင်မှု ဆိုသည်မှာ အမြဲတမ်း လူကြိုက်များ လိမ့်မည် မဟုတ်လို့ ပြီးခဲ့တဲ့ ၂၀၁၃ စက်တင်ဘာ ၂၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ရှိတဲ့ စင်္ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှာ ခေါင်းဆောင်မှု အကြောင်းနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ခေါင်းဆောင်တွေ ဟာ ၎င်းတို့ရဲ့ ပြည်သူလူထုကို လေးစားရမှာ ဖြစ်ကြောင်း၊ ၎င်းတို့ရဲ့ ထောက်ခံအားပေးမှု ကို ရရှိရန် လုပ်ဆောင်ရမယ် ဖြစ်ကြောင်းနဲ့ ၎င်းတို့ရဲ့ လိုလားချက်များ ကို ဖြည့်ဆည်းပေးနိုင်ရမယ် ဖြစ်ကြောင်း သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီး ပြောတာက…
“ခေါင်းဆောင်မှု ဆိုတာ အမြဲတမ်း လူကြိုက်များ လိမ့်မှာ မဟုတ်ပါဘူး၊ တချို့နိုင်ငံတွေ မှာ ခေါင်းဆောင်မှု ဆိုတာ ကိုယ်လုပ်တဲ့အရာဟာ လူကြိုက်မများ တဲ့အရာ ဖြစ်နိုင်ပြီးနောက် ရွေးကောက်ပွဲမှာ ရှုံးမယ်ဆိုရင်တောင်မှ လက်ခံနိုင်မှု မျိုးကို ဆိုလိုပါတယ်။ ဒါပေမယ့် ကိုယ်လုပ်လိုတဲ့ အရာတစ်ခုဟာ ကိုယ့်နိုင်ငံကောင်းကျိုးအတွက် ဖြစ်တယ်လို့ ကျိန်းသေ ယုံကြည်တယ်ဆိုရင် နောက်ရွေးကောက်ပွဲမှာ ရှုံးတဲ့ဒဏ်ကို ခံစားရနိုင်ဖို့အတွက် ပြင်ဆင်ထားရလိမ့်မယ်။
ဒါဟာ တကယ့်ခေါင်းဆောင်မှု အတွက် စမ်းသပ်ခြင်းတစ်မျိုးပဲ။ နောက်တစ်ခု ကတော့ ခေါင်းဆောင်ဆိုတာ လူထုကို တကယ် နက်နက်နဲနဲ လေးစားရမယ်။ လေးစားချင်ယောင် ဆောင်နေရုံနဲ့တော့ မရဘူး” လို့ ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်ကောင်းဆိုတာ ဆေးဆရာနဲ့ တူတယ်လို့ အစ်ကိုကြီး ကြားဖူးတယ်ကွဲ့။ ဆေးဆရာဟာ ဆေးသောက်ရမှာ ကြောက်တဲ့ လူနာကို အလိုမလိုက်ဘဲ ဆေးသောက်မှ ရောဂါ ပျောက်မယ့် လူနာကို ကြိုက်ကြိုက် မကြိုက်ကြိုက် အတင်းတိုက်ရမှာ ဖြစ်ပါတယ်။
တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်နဲ့တူတဲ့ ခေါင်းဆောင်ဟာ ပြည်သူကို ချစ်မြတ်နိုးသော သူလည်း ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ကရုဏာတရား တက်သန်ဖို့လည်း လိုပါတယ်။ ကရုဏတရားအပြင် ပညာဉာဏ်လည်း ရှိဖို့ လိုအပ်ပါတယ်။ သားသမီးကို ချစ်လွန်းသော ကြောင့် ကျောင်းမသွားခိုင်းတဲ့ မိဘမျိုးကို ကရုဏာတရားရှိပြီး ပညာမဲ့တဲ့လူမျိုး မ ဖြစ်သင့်ပါဘူး။
ပြီးတော့ ခေါင်းဆောင်ကောင်းဆိုတာ ရိုးသားသန့်စင်တဲ့ ကိုယ်ကျင့်သိက္ခာလည်း ရှိဖို့လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို မိမိကိုယ်ကျိုးအတွက် မသုံးသင့်ပါ။ တိုင်းပြည်ဘဏ္ဍာငွေကို ပြည်သူလုထုအကျိုးအတွက်သာ စီမံခန့်ခွဲ သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒီနေရာ၌ အိန္ဒိယနိုင်ငံရဲ့ လက်ရှိသမ္မတာ မတိုင်ခင်က သမ္မတလုပ်သွားတဲ့ (၁၁)ဆက်မြောက်သမ္မတကြီး အဗ္ဗဒူကလမ်ကို သာဓကပြချင်ပါတယ်။ သူပြောခဲ့တဲ့ နောက်ဆုံးမိန့်ခွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ။ အဲဒီ မိန့်ခွန်းကို သူ သမ္မတအိမ်မှဆင်းတဲ့နေ့မှာ နောက်ဆုံးပြောခဲ့တာပါ။ လက်ဆွဲသေတ္တာလေး နှစ် လုံးကို ဆွဲကာ သမ္မတအိမ်တော် မှ ဆင်းလာပြီးတဲ့နောက် “အခု ကျွန်တော့် မှာ ဟောဒီသေတ္တာနှစ် လုံးပဲ ပါပါတယ်။ တစ်လုံးက အ၀တ်အစားတွေ ပါ၊ တစ်လုံး ကတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀က ဖတ်ခဲ့တဲ့ စာအုပ်တွေ ပါ။ ဒီနေ့ နောက်ဆုံးမိန့်ခွန်း ပြောတဲ့အချိန်မှာ ကျွန်တော့် အဘိုးကို သတိရမိပါတယ်။ အဘိုးက “ငါ့မြေး တစ်ချိန်မှာ မင်းဟာ ခေါင်းဆောင်နေရာကို ရလာခဲ့လျှင် ဘာအကျိုးအမြတ်မှ မယူဘဲ အရိုးသားဆုံး လုပ်ပြလိုက်စမ်းပါ” လို့ ပြောဖူးပါတယ်။ ဒီနေ့ အဘိုးသာ ရှိနေဦးမယ်ဆိုရင် “အဘိုး… ကျွန်တော် အဘိုးပြောသလို နေထိုင်ခဲ့ပါတယ်ဟု ကြွားလိုက်ချင်ပါတယ်” ဟူ၍ ပြောကြား သွားပါတယ်။ အခွင့်အရေး မယူတတ်ဘဲ တာဝန်သာယူတတ်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်ရေး ဟာ နယ်ပယ်အသီးသီးမှာ လွန်စွာ အရေး ပါတယ်။
အစ်ကိုကြီးတို့ တိုင်းပြည်မှာ အဲဒီ လိုမျိုး ခေါင်းဆောင်ကောင်းတွေ မရှိသေးလို့ တို့တိုင်းပြည်ဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတာပေါ့ကွာ။
ပြီးတော့ ခေါင်းဆောင်ကောင်းရှိရုံနဲ့ မပြီးသေးဘူး၊ နောက်လိုက်ကောင်းဖို့လည်း လိုတယ်။ ဘယ်အဖွဲ့အစည်းမဆို ခေါင်းဆောင် တစ်ယောက် ရဲ့ ဦးဆောင်မှု နောက်မှ သေသေ၀ပ်ဝပ် စည်းကမ်းတကျ လိုက်ပါဆောင်ရွက်နိုင်တဲ့ နောက်လိုက်ကောင်းတွေ ရှိဖို့လိုတယ်။ ခေါင်းဆောင်က မည် မျှပင် ကောင်းမွန်သော မူဝါဒတွေ ကို ချမှတ်ညွှန်ကြား စီမံနေပေမယ့် နောက်လိုက်များ က လိုက်ပါဆောင်ရွက်ခြင်း မပြုဘူးဆိုရင် ဘယ်ကိစ္စမှ ပြီးမြောက်အောင်မြင်မှာ မဟုတ်ဘူး။
ထို့အတူပဲ နိုင်ငံတစ်နိုင်ငံမှာ လည်း အရည်အချင်းနဲ့ ပြည့်စုံသော ခေါင်းဆောင်ကောင်း လိုအပ်သလို အဆိုပါခေါင်းဆောင်နောက်မှ တစ်တဝေမတိမ်း လိုက်ပါဆောင်ရွက်နိုင်တဲ့ နောက်လိုက်ကောင်းများ လည်း ရှိပါမှ အဲဒီ နိုင်ငံအတွက် ကောင်းကျိုးရပါလိမ့်မယ်။ ခေါင်းဆောင်ကောင်းရှိပါလျက် နောက်လိုက်မကောင်းဘူးဆိုပါက ဘယ်လိုမှ ထူးခြားလာမှာ မဟုတ်ဘူး။ ဥပမာပြောရရင် လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ်အချိန်က ခေါင်းဆောင်ကောင်း အရည်အချင်းနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့သလို နောက်လိုက်ကောင်း ပီပီသသ ဖြစ်ခဲ့တဲ့ ပြည်သူလူထုနဲ့ အခြားနိုင်ငံရေး ခေါင်းဆောင်များ ကြောင့် လည်း သူ့ကျွန်ဘ၀က လွတ်မြောက်ပြီး လွတ်လပ်ရေး ရခဲ့တာ မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုပင် ဦးဆောင် ရွက်ဆောင်နေစေကာမူ လိုက်ပါအကောင်အထည်ဖော်နိုင်မယ့် နောက်လိုက် မရှိဘူးဆိုရင် လွတ်လပ်ရေး ဆိုတာ ဝေးနေဦးမှာ အမှန်ပဲ။
ဆိုလိုတာက ခေါင်းဆောင် တစ်ယောက် တည်း ကောင်းနေရုံနဲ့လည်း တိုင်းပြည်မကောင်းနိုင်။ နောက်လိုက်ပဲ ကောင်းနေလို့လည်း တိုင်းပြည် မကောင်းနိုင်ပါဘူး။ ခေါင်းဆောင်ရော၊ နောက်လိုက်ပါ တွဲ ဖက်ညီညီ ကောင်းမွန်ပါမှ တိုင်းပြည် ကောင်းနိုင်ပါလိမ့်မယ်ဆိုတာကို သိထားသင့်တယ်။
အသုံးချရူပသျှတ္တရပညာ | ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး | ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအမှားများရှင်းတမ်း နှင့် မိုးမခ လက်ရွေးစင်ဆောင်းပါးများ |