ဆုထူးရွယ်
'တန်ဆောင်းငယ်ညီးလင့်-ဆီမီးဝင့်လို့ချီး
မြှင့်သရေ၊ ခဝဲရွှေဖြင့် ၊ ငွေနဒီ၊ သဲဗွေညီမှာ ။
နွှဲမှီချစ်မှု ၊ ငှက်ရတုလဲ၊ သက်စုလူလို၊ ကြင်ခွန်းဆိုလို့'
ဤသို့ လျှင် စာဆိုတော် ဦးမင်း စာဖွဲ့ခဲ့ရသည့် တန်ဆောင်မုန်းလလည်း ဆန်းခဲ့ပေပြီ.....
တန်ဆောင်တိုင်ပွဲတော် ကြီးလည်း နီးလေပြီ....
ပြည်တွင်းစစ်မှ ပစ်ခတ်နေကြသော သေနတ်-စိန်ပြောင်းတို့၏ မီးခိုးယမ်းငွေ့တို့ကြောင့် တန်ဆောင်တိုင်ပွဲတွင် ထွန်းညှိကြသည့် မီးရောင် ကား အေးချမ်းစဉ်ကာလကလောက်ထွန်းလင်းတောက်ပြောင်နိုင်တော့မည် မထင်။ ကျွန်ုပ်တို့၏ ဘဝင်နှလုံးမှာ လည်း ယခင်ကကဲ့သို့ ရွှင်ပြုံးကြည်လင်ခြင်း မရှိတော့ပြီ.....
ခေတ် အခြေအနေ နိုင်ငံရေး ရာ မည် မျှပင် မသာယာရှုပ်ထွေး၍ နေစေကာမူ၊ တာဝန်ဝတ္တရား ကြေပြွန်စွာ လှည့်ပတ်လျက်ရှိသည့် ရာသီစက်အိမ်အတိုင်း တန်ဆောင်မုန်းဟု သမုတ်အပ်သည့် ရာသီမာသကား.....ကျွန်ုပ်တို့၏ ရှေ့မှော က်သို့ ရောက်ခဲ့ချေပြီ.....
ကျွန်တော် တို့သည် လွန်ခဲ့သော တန်ဆောင်တိုင်ပွဲတော် များ ၌ အပျော်ကြီး ပျော်ခဲ့ကြ၏ ။ အရွှင်ကြီးရွှင်ခဲ့ကြ၏ ။ တန်ဆောင်တိုင်ပွဲတော် ကိုမှီ၍ ပျော်ရခြင်း ဖြစ်ရသည့်တိုင် တန်ဆောင်တိုင်ပွဲတော် ကို မေ့လျော့နေမိသည်အထိ ပျော်ခဲ့ကြ၏ ။သို့ စဉ်လျက် ကျွန်ုပ်တို့သည် ယခုကဲ့သို့ စိတ်လက်မရွှင် ဘဝင်ညှိုးနွမ်းခိုက်တွင် ဆိုက်ရောက်လာသည့် တန်ဆောင်တိုင်ပွဲကားမျက်နှာလွှဲ၍ နေပါက တရားမျှတသည်ဟု ဆိုနိုင်ပါတော့အံ့လော.....
ကြိုဆိုရပေတော့မည် ။ ခရီးဦးကြို ပြုရပေတော့မည် ။
'ခေတ်နှင့် ဆောင်းလည်း၊ တပေါင်းတည်းတိ၊
လွမ်းရန်ညှိသို့ ခါသိပန်းမာလ်-ချိန်တန်လင့်ကြ၊
ချိုးခြံမျှလျက်၊ ဆိုင်းပျရွက်မျင်၊ မင်းလွင်လိုလို၊
လေချိုရစ်လု၊ ဝန်းစပြုသော်၊ ရတုမျိုးဝယ်၊ သို့
လွမ်းဘွယ်ကို၊ နောင့်နှယ်တရှု၊ ဘယ်သူထိန်
ဝှက်၊ ရှုဝံ့ရက်လိမ့်၊ ဖြည်းဘက်ဝေ့လည်၊ ချမ်းစိမ့်
သည်ဟု။ ။လေပြည်လည်းလောင်း၊ နှင်းလည်း
လောင်း...။
နန်းတွင်းစာဆို၊ ရှင်သံခိုကား တန်ဆောင်မာသ၊ ဟေမန္တကို ဤသို့ ကြိုဆိုခဲ့ပေပြီ။
ကျွန်တော် ကား မည် သို့ ကြိုဆိုရအံ့နည်း.....
'ညိုစင်နွဲ့ရွှန်း၊ စံများ ပန်းကို၊ ကံညွှန်းချီးမြှင့်၊
ဘုန်းသစ်ပွင့်က၊ သခင့်အသစ်၊ ကျွန်အ ဖြစ်နှင့် ၊
စီစစ်တစ်ရက်၊ ခန့်ရေတွက်၍ ၊ ချစ်သက်ဆယ်
ဆ၊ လှဥ့်ဖြားလှသည်၊ တို့မျှမပြေ၊ စိုးရလေခဲ့၊
ရစ်ခွေလည်ယှက်၊ ကျေးငှက်နွှဲမှီ၊ ဖော်စုံညီ၍ ၊
ရာသီနှင့် နှင်း၊ မယ်ကပင်း၍ ၊ ဆောင်းချင်မတူ၊
အချမ်းထူသော်၊ သည်းအူညွှတ်ပြောင်း၊ နောင်
အကြောင်းကို၊ ဉာဏ်ပေါင်းစကြာ၊ ဖြည့်လျှင်း
ပါလော့၊ မကွာရွှေရင်၊ တူစုံချင်သည်။ ။ပန်း
သွင်ညွတ်ရည် ဆင်တော့သည်။
ယခုမှ အမှတ်ရမိတော့သည်။
ကဗျာ့ပဂေး-နဝဒေးကြီးသည် အင်းဝနဂါးရုံစေတီတွင် သူ၏ သော ကကို တိုင်တည်ရင်း ဆောင်းတွင်းမို့ ချမ်းရသည်ကိုပင် ရာသီနှင့် နှင်းသာမက 'လုံမပျို' ကြောင့် ၊ သာ၍ ချမ်းရသယောင်ယောင် ဖွဲ့နွဲ့ကာ ရာသီကို ကြိုဆိုလေသကဲ့သို့ ကျွန်တော် လည်း ရှေးဟောင်းနှောင်း ဖြစ်များ ကို ပြန်လည် တသရင်း ကြိုဆိုရပေတော့မည် ။
+ + +
၁၉၄၁-ခုနှစ် ။
ထိုနှစ် တန်ဆောင်မုန်းလက ကျွန်တော် တို့ကျောင်းမှကျောင်းသူကျောင်းသားများ သည် ရွှေတိဂုံရင်ပြင်ပေါ်တွင် ဆီမီးပူဇော်ပွဲကြီး ကျင်းပခဲ့ကြရပါသည်။
ညနေ သုံးနာရီခန့်ကပင် ဘုရားရင်ပြင်ပေါ်တွင် ဆီမီးခွက်များ ကို ကျောင်းနာမည် ဖြစ်အောင် စီတန်းသူတို့က စီတန်းကာ ဧည့်သည်များ ကို မုန့်ဟင်းခါးဖြင့် ဧည့်ခံသူတို့က ဧည့်ခဲ့၍ နေခဲ့ကြလေသည်။
ထိုနေ့က သွယ်နှင့် ကျွန်တော် တို့မှာ ရင်ပြင်ပေါ်တွင် ဆီမီးခွက် စီရသည့်ဘက်က တာဝန်ကျနေသဖြင့် နှစ် ယောက် သား စိတ်လက်ရွှင်ကြည်စွာ ဆီမီးခွက်များ ကို တန်း၍ နေကြပါသည်။ သွယ်နှင့် ကျွန်တော် ဟု သုံးလိုက်သည့်အတွက် တစ်ဘက်လူတို့၏ စိတ်တွင် ကျွန်တော် နှင့် သွယ်အား သမီးရည်းစားများ လောဟု တွေးတောကောင်း တွေးတောမိပေလိမ့်မည် ။ ဤသို့ တွေးပါက အမှားကြီး မှားလိမ့်မည် ။ ထိုစဉ်က...ကျွန်တော် တို့မှာ ရန်ကုန်မြို့တွင် ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်နေဆဲ ဖြစ်သဖြင့် သမီးရည်းစားအ ဖြစ် နေကြရန်အခါမဟုတ်ခဲ့ပါ။ တစ်ယောက် နှင့် တစ်ယောက် ခင်မင်ရင်းနှီးစွာ နေကြသည့် မိတ်ဆွေသူငယ်ချင်းသာလျှင် ဖြစ်ပါသည်။
သို့ သော်...ကျွန်တော် ၏ စိတ်ရင်းကို ပွင့်လင်းစွာ ဝန်ခံရဘိမူကား၊ ကျွန်တော် သည် နောင်တစ်နေ့၌ အိမ်ထောင်ဘက်ရွေးချယ်မည် ဆိုပါက သွယ်ကို နံပါတ် ၁ ထားရန် ရည်သန်ထားခဲ့ပါသည်။
မြင်ယောင်မိသေးတော့သည်။
ဝါဝင်းသော အသားနှင့် လိုက်လျောစွာ နံ့သာရောင် ပိုးအင်္ကျီ ကြက်ဥနှစ် ရောင် ဘန်ကောက်လုံချည်တို့ဖြင့် ဆင်ယင်ထားသည့် သွယ်၏ ရုပ်သွင်မှာ ရွှေတိဂုံစေတီမှ ရွှေရောင် ညနေစောင်းနေရောင် တို့ကြောင့် လူသားစင်စစ်နှင့် မတူ။ သူဇာနတ်နွယ်ကလေး တစ်ယောက် လူ့ပြည်သို့ ရောက်ရော့သလားဟူ၍ ပင် ထင်မှားဖွယ်ရာရှိတော့သည်။
'ပန်းမာလ်ရေး ချေ၊ ထုံးနေမကြော၊ ပတ်
လျောဆံကြာ၊ ကျတိုင်းသာလျှင်၊ ရွှေဝါပိတ်ရှင်း၊
ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္စူမျက်
ရည်း၊ ပေါ်ထပ်စည်းနှင့် ၊ မရည်းမထင်၊ ဖြုတ်
ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊
ကိုယ်လုံးညွတ်သည်၊ ဘုံထွတ်နန်းတောင်ပေတို့
လော' (နတ်ရှင်နောင်)
ကျွန်တော် တို့တတွေ ဆီမီးခွက်တွင်းသို့ ဆီများ လောင်းထည့်နေခိုက်တွင် ဧည့်ခံတီးဝိုင်းမှ 'ချစ်သမျှကို' ပတ်ပျိုးကို တီး၍ နေပါသည်။ ကျွန်တော် သည် ဆီမီးခွက်တွင် ဆီထည့်ရင်း သွယ်၏ မျက်နှာကိုသာ မကြာမကြာ လှမ်းကြည့်နေမိရကား ဆီတွေ ဖိတ်ကုန်သဖြင့် သူငယ်ချင်းများ ၏ နောက်ခြင်းကို ခံခဲ့ရပါသည်။
သို့နှင့် တဖြည်းဖြည်း နေဝင်ခဲ့သဖြင့် ဆီမီးများ ကို စတင်ထွန်းညှိကြပါတော့သည်။
ထိုမှ ဆီမီးများ ထွန်းညှိပြီးသည့်အခါတွင် ကား ကျွန်တော် သည် ဘုရားရှိခိုး၍ ဆီမီးကပ်ရာ၌ သွယ်ကလေးနှင့် ဘဝဆက်တိုင်း ဆုံတွေ့ ကြစေရန် ဆုတောင်းမိပါသည်။ သွယ်ကားမည် သို့ ဆုတောင်းသည်ဟူ၍ မသိခဲ့ကြပေ။ တဖြည်းဖြည်းနှင့် ရင်ပြင်တော် ပေါ်တွင် လူများ စည်ကားပြည့်ကြပ်၍ လာခဲ့လေသည်။ ကျွန်တော် တို့လည်း တန်ဆောင်းတွင်းဝယ် ဧည့်သည်တို့ကို ဧည့်ခံနေခဲ့ရာမှ လူရှင်းလာသဖြင့် ကျွန်တော် တို့ ကျောင်းသားများ လည်း တစ်စုပြီး တစ်စု အလျှိုလျှို ပျောက်ကုန်ကြပါသည်။ကျွန်တော့် မှာ သွယ်၏ အရိပ်အခြေကိုသာ အကဲခတ်နေသူ ဖြစ်ရာ သွယ်တို့လူစု ထွက်လျှင်ထွက်ချင်း သူငယ်ချင်း တစ်ယောက် ကို ခေါ်ကာ လိုက်ပါခဲ့မိပါသည်။
ဘုရားကို တစ်ပတ် ပတ်၍ မျှ မပြည့်သေးမီ သွယ်တို့လူစုနှင့် ပေါင်းမိကာ အတူတူစကားတပြောပြောနှင့် လျှောက်လာကြပါသည်။ ဘုရားကို သုံးပတ်မျှ ပတ်ပြီးကြသည့်အခါတွင် အဖော် တစ်ယောက် က အလယ်ပစ္စယံသို့ ဆင်းရန်ပြောသဖြင့် အလယ်ပစ္စယံသို့ ဆင်းခဲ့ကြပါသည်။ ကျွန်တော် တို့ လူစုမှာ မိန်းကလေး သုံးယောက် နှင့် ယောက်ျားလေးနှစ် ယောက် ဖြစ်ပါသည်။ ကြိတ်ကြိတ်ခဲ တိုးဝှေ့နေကြသည့် လူထုကြားတွင် ကျွန်တော် တို့ ငါးယောက် မှာ တစ်ယောက် နှင့် တစ်ယောက် မျက်ခြေမပြတ်ရအောင် ဂရုထား၍ ဆင်းခဲ့ကြရပါသည်။ တစ်ယောက် ကို တစ်ယောက် ဟု ဆိုရသော်လည်း ကျွန်တော် ဂရုထားသူမှာ တစ်ယောက် တည်းသာ ဖြစ်သည်ကို ဖော်ပြရန်လိုတော့မည် မထင်။
အလယ်ပစ္စယံသို့ ရောက်ခဲ့သည်တွင် အငြိမ့်တစ်ခုနှင့် ဆုံနေသဖြင့် ရပ်ငေး၍ ကြည့်နေပါသည်။ အငြိမ့်မှာ ဖက်ရှင်အောင်ငွေ၏ အငြိမ့် ဖြစ်သည်ကို ယခုတိုင် မှတ်မိသေးတော့သည်။ ဖက်ရှင်အောင်ငွေ၏ လက်ထောက်မင်းသမီး ရွှေမန်းခင်မေကား ရုပ်ချော၊ အဆိုကောင်း၊ အကကောင်း တစ်ယောက် ဖြစ်သဖြင့် ကျွန်တော့် မှာ စွဲစွဲလန်းလန်းနှင့် ငေးကြည့်နေမိပါသည်။ရွှေမန်းခင်မေ၏ ကကြိုးတစ်ပုဒ် ဆုံးသွားတော့မှ ကျွန်တော့် လူစုကို သတိရကာ လှည့်ကြည့်မိသည့်အခါတွင် ကား ကျွန်တော့် ကိုငေးကြည့်နေသည့် သွယ်ကို တွေ့ ရပါသည်။
ငယ်ချစ်ဆွေ | ပွင့်ဦး | ရေပြင်ပေါ်မှ လရောင် |