'မောင်' နေမကောင်း၍ အိမ်အပေါ်ထပ်မှ အိပ်ခန်းထဲရှိ အိပ်ရာထဲတွင် သာ လဲလျောင်း၍ နေနေရခိုက် ကျော့က အိမ်ဘေးခြံထဲတွင် သူစိုက်ထားသော ကလောပန်းပင်များ ထိန်ထိန်ဝေအောင် ပွင့်နေသည်ကို 'မောင်' အိပ်နေလျက်နှင့် ပင် မြင်စေလိုသော အကြံဖြင့် ကျော့ အလှပြင်သော အခါ၌ နောက်မှန်အ ဖြစ် အသုံးပြုသော လက်ကိုင်တပ်ထားသည့်မှန်ကို ပေးကာ မှန်ထဲတွင် ထင်ဟပ်လာသော အရိပ်များ ကို ကြည့်စေရာမှ နာတာရှည် ရောဂါ သည် မောင်၏ ဘဝသည် တစ်ဖုံဆန်း၍ တစ်ခန်း သစ်ခဲ့လေတော့သည်။
ဤလက်ကိုင်တပ်မှန်ကလေးသည် ကျော့နှင့် မောင်တို့ မင်္ဂလာဆောင်စဉ်က လက်ဖွဲ့ပစ္စည်းအ ဖြစ်ရထားသော မင်္ဂလာခန်းဝင်ပစ္စည်းတစ်ခု ဖြစ်၏ ။
မောင်နှင့် လက်ထပ်ပြီးစ နောက်တစ်နေ့တွင် ရေချိုးပြီးနောက်ထမီရင်လျားဖြင့် သနပ်ခါးလိမ်းခဲ့ရာမှ ဂုတ်ပေါ်တွင် သနပ်ခါးများ ညီညီညာညာ ရှိမရှိ သိရရန်အတွက် ထိုလက်ကိုင်တပ်မှန်ကလေးကို နောက်မှထားကာ ရှေ့ဘက်ရှိ ကိုယ်တစ်ခြမ်းပေါ်မှန်တွင် ကြည့်မိရာ၌ အမွေးစိမ်းများ ယှက်ခွေနေသည့် ဂျိုင်းအိုးကို ရှေ့ကမှန်ကြီးထဲတွင် ဘွားကနဲမြင်ရသဖြင့် မိမိဖာသာ တစ်ယောက် တည်း အရှက်ကြီး ရှက်ခဲ့ရဘူးလေသည်။
တစ်ခါကလည်း ခေါင်းဖီးပြီးနောက် လည်ဂုတ်ပေါ်မှ ဆံပင်များ သပ်သပ်ယပ်ယပ်ရှိမရှိ ထိုလက်ကိုင်မှန်ကို နောက်တွင် ထားကာ ကြည့်နေခိုက် 'မောင်' ရောက်လာပြီး...
''ပင်ပန်းလိုက်တာ ကျော့ရယ် မောင်ကိုင်ပေးပါ့မယ်...'' ဟုဆိုကာ ကျော့လက်တွင်းမှ လက်ကိုင်မှန်ကို ဆွဲယူလိုက်ပြီး နောက်ကနေ၍ ဦးခေါင်းနောက်ပိုင်း ပတ်ပတ်လည်ကို မြင်ရအောင် ပြခဲ့လေသည်။
မောင်သည် ယခုမှ နောက်မှန်၏ သဘောကို သိလာရဟန်ဖြင့် ဦးခေါင်းနောက်ပိုင်းကိုသာမက ကျောပြင်ကိုပါ မြင်သာအောင် လှည့်ပတ်ပြနေလေသည်။
ထို့နောက်တွင် ကား ကျော့သည် ကိုယ့်ကိုယ်၏ နောက်ပိုင်းကိုကိုယ်ပြန်မြင်နေရသည့်အ ဖြစ်ကို ရှက်စနိုးရှိလှသဖြင့် လည်းကောင်း၊နောက်မှန်ကို ကိုင်ထားသော အခါများ ၌ မောင်သည် အမှတ်မထင်ရောက်လာကာ ဆွဲယူ၍ ကိုင်ပြတတ်သဖြင့် လည်းကောင်း၊ နောက်မှန်ကိုအသုံးမပြုတော့ဘဲ အလှပြင်မှန်တင်ဘီရို၏ အံဆွဲထဲသို့ ထည့်ကာ သိမ်းထားခဲ့လေသည်။
ထိုမှ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့လေရာ မောင်နှင့် ကျော့တို့သည်ကျော့၏ ဇာတိ ဖြစ်သော တောင်ခြေမြို့လေးသို့ ပြောင်းလာခဲ့ကြလေသည်။
ကျော့၏ ဇာတိဌာနေ တောင်ခြေမြို့ကလေး ဖြစ်ရာ စိမ့်စမ်းထူ၍ ငှက်ဖျားဖျားတတ်လေသည်။ ထို့ကြောင့် မောင်သည် ထိုမြို့သို့ ရောက်ပြီးခြောက်လခန့်အကြာတွင် ငှက်ဖျားစွဲလေတော့သည်။
မောင်၏ မိဘများ မှာ မောင်ငယ်စဉ်ကပင် ကွယ်လွန်ခဲ့၏ ။ မောင့်တွင် အရင်းအခြာဟူ၍ အစ်ကို တစ်ယောက် သာရှိရာ စစ် ဖြစ်သော အခါ၌ အစ်ကိုကြီး ပြောင်းရွှေ့သွားသော မြို့မှာ ကျော့တို့မြို့နှင့် အလှမ်းကွာလှပေရာ ကျော့မှာ အကြောင်းမကြားသာခဲ့။ မိမိကိုသာ ချစ်ခင်မြတ်နိုးစွာ ဖြင့် မိမိနောက်သို့ လိုက်လာသူမောင့်အား မိမိကသာလျှင် ပြုစုယုယကြင်နာရပေမည် ဟု ကျော့က ယူဆထားလေသည်။ ကျော့၏ ဆွေမျိုးသားချင်းများ ကလည်း မောင့်အား သွေးရင်းသားရင်းကဲ့သို့ ပင် ပြုစုကြလေသည်။
မောင်သည် ငှက်ဖျား ဖျားသည့်နေ့မှစ၍ သူတို့အတွက် နေရာချထားပေးသော အိမ်အပေါ်ထပ်ရှိ အခန်းထဲတွင် သာ လဲလျောင်းနေခဲ့လေသည်။
ကျော့က သူစိုက်ထားသော ကလောပန်းပင်များ ထိန်ထိန်ဝေအောင် ပွင့်နေသည်ကို အိပ်နေလျက်နှင့် ပင် ကြည့်နိုင်ရန်အတွက် နှစ် ရှည်လများ သိမ်းထားသော လက်ကိုင်မှန်ကလေး ထုတ်ပေးသော နေ့ကမောင်သည် တစ်နေ့လုံး ထိုမှန်ဖြင့် ပန်းခြံကို ကြည့်နေခဲ့လေသည်။ ညနေစောင်း၍ အဖျားတက်တော့မှပင် မှန်ကို ဘေးသို့ ချထားလိုက်လေသည်။ထိုစဉ်က လက်ကိုင်မှန်ကလေးမှာ ခပ်မှိန်မှိန် ဖြစ်နေလေသည်။
မှန်နှင့် သစ်သားဘောင်အကြား နခမ်းသားပေါ်၌ ပေါင်ဒါမှု န်များ ၊ သနပ်ခါးမှု န်များ ကြောင့် ညစ်ထပ်ထပ် ဖြစ်နေလေသည်။ သစ်သားလက်ကိုင်ဆေးရောင် မှာ လည်း မပြောင်းလှချေ။
မောင်သည် ထိုလက်ကိုင်မှန်ကို ကျော့လက်သို့ ပြန်မပေးတော့ချေ။ မှန်ထဲရှိ အရိပ်များ ကို မကြည့်တော့သည့်အခါများ ၌ ပင် သစ်သားလက်ကိုင်နှင့် ဘောင်ကိုလည်းကောင်း၊ မှန်သားကိုလည်းကောင်း၊ ပွတ်သပ်၍ နေတတ်လေသည်။ တစ်ခါတစ်ရံ ကျော့က မောင်၏ ဆံပင်ကိုအုန်းဆီထည့်၍ ခေါင်းဖီးပေးတတ်၏ ။ ထိုအခါ၌ မောင်သည် သူ့ဆံပင်ကိုလက်ဝါးဖြင့် ပွတ်ကာ ဆီစွန်းနေသော လက်ဖြင့် သစ်သားလက်ကိုင်ကိုပွတ်ပေးလေသည်။ တဖြည်းဖြည်းနှင့် မှန်ချပ်သာလျှင် ပြောင်လက်တောက်ပလာသည် သစ်သားလက်ကိုင်မှာ မူ ထူးခြားစွာ တောက်ပ၍ မလာတော့ချေ။
မောင် ကွယ်လွန်ပြီးနောက် ကျော့သည် နောက်ထပ်အိုးအိမ်ထူထောင်ရသော အခါ၌ အလှပြင်မှန်တင်ဘီရိုမှာ ယခင်ဘီရိုပင် ဖြစ်သော်လည်း နောက်ကြည့်လက်ကိုင်မှန်ကား ယခင်ကမှန် မဟုတ်တော့ပြီ။ယခင်က အသုံးပြုခဲ့သည့် လက်ကိုင်မှန်မှာ မောင်အလောင်းကို မြေမြှုပ်စဉ်က ခေါင်းထဲတွင် ထည့်၍ ပေးခဲ့လေပြီ။ နောက်ကြည့်လက်ကိုင်မှန်သာမက မောင်ခရီးသွားသော အခါများ ၌ ကိုင်စွဲလေ့ရှိသော နှစ် ဘက်စလုံးကြည့်၍ ရသည့် လေးထောင့်မှန်ချပ်ကလေးကိုပါ ခေါင်းထဲတွင် ထည့်ပေးလိုက်၏ ။
မောင်နှင့် ကျော့တို့ လက်ထပ်ပြီး မကြာမီအတွင်းမှာ ပင် စစ်ရိပ်စစ်ငွေ့များ သန်းလာသဖြင့် နှစ် ယောက် သား ခရီးအတူထွက်ရန် စီစဉ်မိသော်လည်း၊ မထွက် ဖြစ်ခဲ့ကြ။ ထို့ကြောင့် မောင်သည် ထိုမှန်ကလေးကိုဟုတ်တိပတ်တိ အသုံးပြုမသွားခဲ့ရချေ။ ထိုအ ဖြစ်ကို တွေးမိသော ကျော့သည် မောင်ကွယ်လွန်သော အခါ၌ မှန်နှစ် ခုစလုံးကို မောင့်အလောင်းနှင့် အတူ ခေါင်းထဲသို့ ထည့်ပေးလိုက် လေသည်။ ဆွေမျိုးမိတ်သင်္ဂဟများ သိပါက ထိုထိုဤဤ ပြောကြမည် စိုးရိမ်သဖြင့် ကျော့သည် ထိုအကြောင်းကို မည် သူ့ကိုမျှ ပြောမပြချေ။
နောက်ယောက်ျား ဖြစ်သူ ကိုကိုနှင့် လက်ထပ်သော အခါ၌ ကားကျော့သည် နောက်ထပ်လက်ကိုင်မှန်တစ်ခုကို ဝယ်ခဲ့ပြီးလေပြီ။ကိုကိုနှင့် လက်ထပ်သည့်နေ့က ကိုကိုသည် ကျော့၏ လက်မောင်းရင်းကို ဆုပ်ကိုင်ရင်း...
''ကျော့ရဲ့ အသားအရေက ကလေးအသားအရေလိုပဲ နုလိုက်တာ...'' ဟု ပြောလေသည်။
ကိုကို့လေသံမှာ လှောင်ပြောင်သည့်လေသံမျိုး မဟုတ်။ မိန်းကလေး၏ အသားအရေလို နူးညံ့ပျိုမြစ်ခြင်းအတွက် ဝမ်းသာနေပုံပေါ်နေလေသည်။ သို့ သော် ကျော့မှာ ကိုကို၏ စကားကြောင့် ဝမ်းနည်းသွားကာမျက်လုံးအိမ်၌ မျက်ရည်များ ပင် ဝိုင်းဝိုင်းလည်၍ လာခဲ့လေသည်။ ဤအ ဖြစ်ကို ကိုကိုသိလျှင် ကျော့အား အသားအရေသာမက စိတ်ကပါကလေးဆန်သည်ဟု ဆိုပေလိမ့်မည် ။
ကျော့သည် ထိုသို့ ငိုချင်စိတ်ပေါ်မိသည်မှာ သူ့အား ကိုကိုကဤစကားပြောသော ကြောင့် ပေလော။ သွားလေသူ မောင့်ကို သတိရသော ကြောင့် ပေလော။ ခွဲခြား၍ မသိတတ်နိုင်ခဲ့။ ထိုမှတဖန် လက်ရှိခင်ပွန်းသည်ကို ကျော်လွန်၍ သွားလေသူအား သတိရနေသည့်အ ဖြစ်အတွက် ကိုကို့အား စိတ်မကောင်း ဖြစ်လာသဖြင့် ...
''ဒီလောက်တောင်ပဲလား ကိုကိုရယ်'' ဟု အလိုက်သင့် ပြောလိုက်ရလေသည်။
ကျော့သည် ကိုကို ကျေနပ်အောင် စကားပြောလိုက်ရသော်လည်း အမူအရာနှင့် လေသံမှာ ရှက်ကိုးရှက်ကန်း ရှိနေလေသည်။ ကိုကိုကမူ ကျေနပ်နှစ် သိမ့်သော အမူအရာဖြင့် ကျော့အား စိုက်ကြည့်နေရာမှ...
''ကျော့ တစ်ခါမှ သားသမီး မရဖူးဘူးနော်'' ဟု ပြောပြန်လေသည်။
ဤစကားမှာ စောစောက စကားလုံးထက်ပင် ကျော့၏ အသည်းနှလုံးကို နာကျည်းစေလေသည်။ ဤစကားသည် သွားလေသူမောင်၏ ယောက်ျားတို့စွမ်းရည်ကို ဖိနှိပ်ချိုးနှိမ်ရာရောက်သည်ဟု ယူဆမိလေသည်။ ဤတွင် မခံချင်စိတ်တွေ ဝင်လာကာ...
''ကျော့...သားသမီးမရခဲ့ပေမဲ့ မောင့်ကို သား တစ်ယောက် လိုပဲ ပြုစုခဲ့ရပါတယ်'' ဟု ပြောမိပြောရာ ပြောချလိုက်လေသည်။
ကိုကိုသည် ကျော့၏ စကားကို ဂရုမထားဟန်ဖြင့်
''ဒါထက်...ကျော့တို့နေတဲ့မြို့ကလေးကို မီးရထားစီးသွားရင်တော့ တွေ့ ဖူးနေတာပဲ။ ဒါပေမဲ့ တစ်ခါမှ မြို့ထဲကို မရောက်ဖူးခဲ့ဘူး။နေပါဦး မောင်မောင်နဲ့ ဘယ်လိုတွေ့ ခဲ့ကြတာလဲ''
''ကျော့က အဲဒီ မြို့မှာ ခုနစ်တန်းအောင်တော့ ရန်ကုန်ကို တက်လာပြီး မြို့မကျောင်းမှာ ဆက်နေရာက မောင်နဲ့တွေ့ ခဲ့ကြတာပါ''
''ကျော့တို့မြို့ကို မိန်းမချောလေးတွေ ပေါတဲ့မြို့လို့ ပြောသံကြားဖူးတယ်။ ကျော့ကို မြင်တော့မှ ဒီမြို့ကို မိန်းမချောလေးတွေ ပေါတဲ့မြို့လို့ဆိုရိုးရှိခဲ့တာဟာ မလွန်လွန်းဘူးလို့ အောက်မေ့မိတော့တယ်''
ကျော့သည် ရင်ညွန့်ကို လက်ဖြင့် ဖိရင်းက...
''ကျော့...မချောပါဘူး ကိုကိုရယ်...'' ဟု ပြောမိလေသည်။
''ကျော့ရဲ့ လက်ချောင်းကလေးတွေ က သိပ်လှတာပဲ။ အိုလေ..လက်ချောင်းလေးတွေ သာ မဟုတ်ပါဘူး။ ကျော့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှပါတယ်။ မျက်နှာကလည်း လှပါတယ်''
''အို...ကိုကိုကလဲ သိပ်မြှောက်မနေပါနဲ့''
ကျော့သည် သူ့လက်ချောင်းလေးများ ကို ငုံ့ကြည့်မိပြီးမှ အမှတ်မထင် လက်ကို နောက်ဘက်သို့ ရုတ်လိုက်လေသည်။
''တကယ်ပြောတာပါ ကျော့ရာ...ကျော့ဟာ သားသယ်အမေ ဖြစ်နေတောင်မှ ကိုကိုယူမှာ ပါ...ကလေး တစ်ယောက် တော့ မွေးချင်ပါသေးတယ်။ ဒါပေမဲ့ အဲဒီ ကလေးဟာ မိန်းကလေးဆိုရင် ပိုကောင်းမယ်''ဤစကားမှ ကိုကို၏ ချစ်မေတ္တာအတိုင်းအတာကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သော်လည်း သူတကာပြောနေကျ စကားမျိုးမဟုတ်သဖြင့် ကျော့မှာ အံ့သြရပြန်လေသည်။ ထိုမှ မိန်းကလေး ဖြစ်လျှင် ပိုကောင်းမည် ဆိုခြင်းမှာ သူ့၌ သားယောက်ျားရှိနေသော ကြောင့် သာလျှင် ဖြစ်ပေလိမ့်မည် ဟုလည်း တွေးမိပြန်လေသည်။ ဤတွင် ရင်ထဲ၌ နာကျင်လာရပြန်လေသည်။ နောက်ဆုံး၌ ကား ဘာပဲ ဖြစ် ဖြစ် သူ ငါ့ကို ချစ်ရှာသားပါကလားဟု စိတ်ကိုဖြေကာ သက်သာရာရစေခဲ့လေသည်။ ကိုကို၏ ချစ်ခင်ကြင်နာမှု များ ကလည်း အမှန်ပင် သူ့စိတ်ကို သက်သာရာ ရစေခဲ့လေသည်။
ကိုကိုနှင့် လက်ထပ်ပြီး နောက်တစ်နေ့တွင် လျော့ပြေနေသော သူ၏ ဆံပင်များ ကို ဖီးရင်းက အမှတ်မထင် လက်ကိုင်မှန်အသစ်ကို ယူ၍ ကြည့်မိရာမှ သွားလေသူ မောင်နှင့် အတူ မြေမြှုပ်ခံရရှာသော လက်ကိုင်မှန်ကလေးကို သတိရမိလေသည်။
ထိုမှန်ကလေး၌ ဘဝပေါင်းစုံ၏ အရိပ်တို့ ထင်ဟတ်ခဲ့သည်ကိုလည်း သတိရမိလေသည်။ ကျော့သည် မောင့်အား ထိုမှန်ကလေးပေးခဲ့စဉ်က ပန်းခြံထဲမှ ပန်းများ ကို ကြည့်ရန်သာလျှင် ပေးခဲ့သော်လည်း မောင်သည် ထိုမှန်ကို ခေါင်းအုံးအောက်၌ ထားကာ ကျော့အား ပြန်၍ မပေးခဲ့ချေ။ ထို့နောက် မိုးကောင်းကင်ကိုလည်းကောင်း၊ တိမ်သားတို့ကိုလည်းကောင်း၊ မိုးရွာသည်ကို လည်းကောင်း၊ ခပ်လှမ်းလှမ်းမှ တောင်စွယ်တောင်ရိပ်ကိုလည်းကောင်း၊ အနီးအနားမှ သစ်ပင် ပန်းမာလ်များ ကိုလည်းကောင်း ထိုမှန်ဖြင့် ပင် ကြည့်လေသည်။
ထိုမှန်ဖြင့် ပင် မောင်သည် လကိုကြည့်ခဲ့၏ ။ ပန်းပွင့်များ ကို ကြညခဲ့၏ ။ ငှက်များ ပျံနေသည်ကို ကြည့်ခဲ့၏ ။ လမ်းပေါ်၌ ဖြတ်သန်းသွားလာနေသူများ ကို ကြည့်ခဲ့၏ ။ ကစားခုန်လွှားလျက်ရှိသော ကလေးများ ကိုကြည့်ခဲ့၏ ။
ထိုမှန်၌ ထိုထိုသော ဘဝအထွေထွေကို မြင်နိုင်စွမ်းရှိသည်ကိုသိရသော အခါ ကျော့မှာ အံ့သြတွေ ဝေခဲ့ရလေသည်။ အစကမူ မှန်ဆိုသည်မှာ အလှပြင်ရာ၌ အသုံးပြုသည့်ပစ္စည်း၊ ကိုယ့်လည်ကုတ်နှင့် နောက်ကျောကို ကြည့်ရာ အသုံးပြုသည့်ပစ္စည်းဟုသာ ယူဆခဲ့သော်လည်း ထိုပစ္စည်းမှာ ဂီလာနပုဂ္ဂိုလ်တစ်ဦးအတွက် ဘဝသစ်တစ်ခု ဖန်တီးရာ ဖြစ်နေသည်ကို တွေ့ ရချေပြီတကား...။
ကျော့သည် မကြာခဏ မောင့်ဘေးနားတွင် ထိုင်ကာမှန်ထဲတွင် မြင်ရသော အရာများ အကြောင်းကို မောင်နှင့် ပြောဆိုခဲ့ကြဖူးလေသည်။သို့ နှင့် ပင် ကြာသော် ကျော့သည် သူ့မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့ နေရသော လောကနှင့် မှန်ထဲတွင် တွေ့ ရသော လောကကို ခွဲခြား၍ မရနိုင်တော့ချေ။ ခြားနားသော လောကနှစ် ခုသည် တပေါင်းတစည်းတည်း ဖြစ်လာလေသည်။ မှန်ထဲ၌ ထင်ဟတ်နေသော လောကကိုပင် တကယ့်လောကဟု ထင်မှတ်လာလေတော့သည်။
''ကြည့်စမ်း...ကောင်းကင်ဟာ...မှန်ထဲမှာ ငွေရောင် တွေ တောက်နေတယ်နော်...အမှန်မှာ တော့ ကောင်းကင်ဟာ ညို့တို့တို့မှိုင်းတိုင်းတိုင်းကြီးပါ...''
ကျော့သည် မိုးကောင်းကင်ကို တလှည့်၊ မှန်ထဲတွင် ထင်ဟတ်လျက်ရှိသော ကောင်းကင်ကို တလှည့်ကြည့်ရင်း ထိုသို့ ပြောခဲ့လေသည်။၎င်းပြင်...
''ဧကန္တ...မောင် ခဏခဏ မှန်ကို တိုက်နေလို့ထင်ပါရဲ့ ..''
ဟုလည်း ထပ်ဆင့်ခဲ့လေသည်။
မောင်သည် မှန်ကို ကြည့်နေရာမှ ပြူတင်းပေါက်ဘက်သို့ လှမ်းမျှော်ကြည့်ကာ...
''ဟုတ်ပါရဲ့ ကျော့ရယ်...တကယ့်ကောင်းကင် ကတော့ ညှို့မှိုင်းနေတာပဲ။ ဒါပေမဲ့ မိုးသားအရောင် ကို မြင်ကြရာမှာ လူ တစ်ယောက် နဲ့ တစ်ယောက် မြင်ရပုံချင်း မတူဘူး ထင်ပါရဲ့ ကွယ်။ တချို့ ကတော့လည်းပြာသတဲ့၊ တချို့ ကတော့လဲ မှိုင်းသတဲ့၊ တချို့ ကတော့လည်း ကြည်သတဲ့။နောက်ပြီး...ခွေးရဲ့ မျက်စိမှာ မြင်ရတဲ့ကောင်းကင်နဲ့ စာကလေးရဲ့ မျက်စိမှာ မြင်ရတဲ့ကောင်းကင်နဲ့လည်း အရောင် ချင်း တူမယ်မထင်ဘူး။ ဘယ်မျက်စိနဲ့ မြင်ရတဲ့အရောင် သာ ကောင်းကင်ရဲ့ တကယ့်အရောင် အမှန်ပဲရယ်လို့ ပြောရခက်သားပဲ...''
''ဒါလဲစဉ်းစားစရာပဲ...ဒါပေမဲ့ ကျော့တို့ အခုကြည့်နေကြတာက မှန်ထဲကတစ်ဆင့် ကြည့်တဲ့ကောင်းကင်ပဲ။ ဒီတော့ မှန်ထဲမှာ ထင်နေတဲ့အတိုင်းပဲ မြင်ရမှာ ပေါ့...''
အမှန်ဆိုရလျှင် ကျော့သည် ဤမှန်ချပ်ကို သူတို့၏ ချစ်ခြင်းမေတ္တာကို မြင်ရသည့် မျက်စိဟုပင် ခေါ်လိုက်ချင်၏ ။ မှန်ထဲ၌ မြင်ရသော သစ်ပင်များ သည် တကယ့်သစ်ပင်များ ထက် အရောင် ပို၍ စိမ်းလန်း၏ ။မှန်ထဲ၌ မြင်ရသော နှင်းပန်းများ သည် တကယ့်နှင်းပန်းများ ထက်ပို၍ ဖြူဖွေးသန့်စင်လှ၏ ။
''ကျော့ရေ ဒီမှာ ကြည့်စမ်း...မှန်ပေါ်မှာ ကျော့ရဲ့ လက်မရာလေးထင်နေတာ ကျော့ရဲ့ ညာဘက်လက်မပုံစံလေး...''မောင်က ဤသို့ပြောသော အခါ ကျော့သည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး သူ့လက်မရာလေးကို ဖျက်ပစ်ရန် လက်ကိုင်ပုဝါကို ဆွဲထုတ်မိလေသည်။
''ထားပါကျော့ရယ်...ဒီအတိုင်းပဲထားပါ။ ကျော့ရဲ့ လက်ရာလေးဟာ အခုမှထင်နေတာ မဟုတ်ပါဘူး...ဟိုတလောက ကျော့စိုက်ထားတဲ့ ကလောပန်းတွေ ပွင့်နေလို့ မှန်ထဲကနေကြည့်ရအောင် ကျော့ပေးကတည်းက အဲဒီ လက်ရာထင်နေတာပါ။ ဒါကို ပျက်မသွားအောင်မောင် တမင်သိမ်းထားပါတယ်...''
''ကျော့ဖြင့် သတိမထားမိပါဘူးမောင်ရယ်...''
''ကျော့ ကတော့ ဘယ်သတိထားမိပါ့မလဲ...အလုပ်များ တယ်မဟုတ်လား...မောင့်မှာ တော့ တခြား ဘာမှ လုပ်စရာရှိတာမှ မဟုတ်ဘဲ၊ ဒီမှန်ပေါ်က ကျော့ရဲ့ လက်မပုံစံကို ကြည့်ရင်း...အဲဒီ အရေး အကြောင်းလေးတွေ ကို သေသေချာချာ မှတ်နေခဲ့ရတယ်...စိတ်ဝင်စားစရာတော့ ကောင်းသားပဲ ကျော့ရယ်...''
ကျော့၏ မောင်သည် ဂျပန်ခေတ် တစ်ခေတ်လုံး အိပ်ရာ၌ သာလှဲ၍ နေခဲ့၏ ။ တိုက်ပွဲ၌ လည်း မပါခဲ့၊ တော် လှန်ရေး တွင် လည်း မဝင်ခဲ့။စစ် ဖြစ်၍ ကျော့တို့မြို့ကလေးသို့ ပြောင်းလာပြီး မကြာမီပင် မောင်သည်ငှက်ဖျား ရောဂါ စွဲကာ အိပ်ရာ၌ လဲခဲ့လေသည်။
မောင် နေမကောင်းစက ကျော့သည် မောင့်အနားတွင် ကပ်ကာပြုစုခဲ့၏ ။ စာအုပ်များ ကို ဖတ်၍ ပြခဲ့၏ ။ သိုးမွေးဆွယ်တာများ ထိုးခဲ့၏ ။သို့ သော် တစ်လမှ နှစ် လ၊ နှစ် လမှ သုံးလ စသည်ဖြင့် လပေါင်းရှည်ကြာလတ်သော်...ကျော့သည် မောင့်အား ပြုစုရသည်ကို ပင်ပန်း၍ လာ၏ ။မောင်နှင့် ဝေးရာသို့ ပြေးထွက်လိုသော ဆန္ဒကြောင့် မဟုတ်သော်လည်းကျော့သည် တကိုယ်တည်းနေကာ တွေးလိုရာ တွေး၍ ငေးလိုရာသို့ ငေးနေချင်လာ၏ ။
ဤတွင် ကျော့သည် ခြံထဲသို့ ဆင်းကာ သစ်ပင် ပန်းပင်များ ၊စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်ပင်များ ကို ကိုယ်တိုင် စိုက်ပျိုးလေတော့သည်။
မှတ်မိသေးတော့သည်၊ ကျော့ကိုယ်တိုင် ခြံထဲဆင်း၍ သစ်ပင်ပန်းပင်များ စိုက်သော အချိန်မှာ မိုးဦးကျ ဖြစ်လေသည်။ တစ်နေ့တွင် သူ စိုက်ပျိုးထားသော သစ်ပင် ပန်းပင်ကလေးများ ရွက်နုရွက်ညှောင့်စိမ်းတွေ ဝေနေသည်ကို ကြည့်ရင်း ကျော့ တစ်ယောက် ပီတိ ဖြစ်နေခိုက်မောင်သည် အိမ်ပေါ်မှ လှမ်းအော်၍ ခေါ်လိုက်လေသည်။
ကျော့သည် လက်တွင် ရွံ့များ ပေနေလျက်ကပင် မောင့်ထံသို့ ပြေးလာခဲ့လေသည်။ အိပ်ခန်းတွင်းသို့ ရောက်သော အခါ မောင်သည်မော၍ နေလေသည်။
''ခေါ်လိုက်ရတာ ကျော့ရယ်...မောင်ခေါ်တာများ မကြားဘူးလား''
''ဟုတ်လား မောင်...ကျော့လည်း ကြားကြားချင်း လာတာပါ။မောင်ခေါ်နေတာ ကြာပြီလား''
''ကြာပြီ...ကြာလှပြီ...ခြံထဲမှာ ဘာပင်မှ စိုက်မနေပါနဲ့ကျော့ရယ်...ဒီလိုသာ ကျော့ကို ခေါ်ခေါ်နေရရင် မောင်မြန်မြန်သေတော့မှာ ပဲ။ နောက်ပြီး ကျော့ဘယ်ရောက်လို့ ဘာတွေ လုပ်နေမှန်းလဲမောင်မသိရဘူး။ ရမ်းသန်းပြီးသာ ခေါ်နေရတာ ''
''ကျော့ ခြံထဲမှာ ပါ...ခြံထဲဆင်းတာကို မောင် မကြိုက်ရင်...ကျော့ ခြံထဲ မဆင်းတော့ပါဘူး မောင်ရယ်...''
ဤတွင် မောင့်မျက်နှာသည် တင်းမာနေရာမှ လျော့သွားပြီးမောင်၏ လေသံမှာ လည်း ပျော့သွားလေသည်။
''မှု တ်ပါဘူး။ မောင်က မိုးစွေငှက်အော်သံကြားရလို့ပါ။ ကျော့လည်း ကြားသလားလို့ မေးချင်တာနဲ့ ခေါ်ကြည့်တာပါ''
မောင် ပြောလိုသော ကိစ္စမှာ ဤအကြောင်းသာလျှင် ဖြစ်၏ ။မောင်ပြောမှပင် ကျော့သည် မိုးစွေငှက် အော်သံကို သတိပြုမိလေသည်။
''ဒီလို လုပ်ပါလားမောင်...မောင့်ကို ခေါင်းလောင်းလေးတစ်ခု ရှာထားပေးမယ်။ ကျော့ကို ခေါ်ချင်ရင် အဲဒီ ခေါင်းလောင်းလေး တီးလိုက်ပေါ့''
''မတော် ပါဘူး ကျော့ရယ်...ခေတ်ဆိုး ခေတ်ပျက်ကြီးမှာ လူတွေ အလိုလိုမှ လန့်နေရတဲ့ကြားထဲ''
ထို့နောက်တွင် ကား မောင်သည် ကျော့အား ခြံထဲသို့ ဆင်းမြဲဆင်းကား အလုပ်လုပ်စေလေသည်။ ခြံထဲတွင် ရောက်နေသော ကျော့ကို မှန်ထဲမှနေ၍ ကြည့်ခဲ့လေသည်။ သည်လိုဆိုပြန်တော့လည်း ကျော့သည်မည် မျှဝေးကွာနေစေကာမူ သူ့အနီးတွင် ရှိနေသည်ဟု ခံစားရလေသည်။ကျော့သာမက စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမလ်များ ပင်လျှင် အိပ်ယာပေါ်သို့ ရောက်နေသကဲ့သို့ ထင်မှတ်ခဲ့ရလေသည်။ တစ်ခါတစ်ရံကျော့သည် သစ်ပင်ပန်းပင်များ ကို ကိုက်ဖြတ်ဖျက်ဆီးလျက်ရှိသည့် ပိုးကောင်များ ကို ဖမ်းမိသော အခါ၌ မောင့်ထံသို့ ယူလာကာ ပြတတ်လေသည်။
ထို့ကြောင့် ကျော့သည် မြေကြီးများ ကို တူးဆွနေသော အခါ၌ မောင်သည် အိပ်ရာထဲမှ မှန်ထောင်၍ ကြည့်ရင်း...
''ကျော့ရေ...တီကောင်ကြီးက အကြီးကြီးပါလားကွ...''ဟုအော်တတ်လေသည်။
အိပ်ခန်းတွင်းသို့ နေရောင် ထိုးဝင်နေသော အခါများ ၌ မောင်သည် ခြံထဲရှိကျော့ထံသို့ မှန်ရောင် ပြန်ထိုး၍ ကျီဆယ်တတ်လေသည်။
၎င်းပြင် မောင်သည် ကျော့ခြံထဲသို့ ဆင်းလျှင် သူတို့လက်ထပ်ပြီးစကပထမဆုံး ဝယ်ခဲ့သော ရောင် စုံပွင့်ရိုက် ဆတ်တွန့်အင်္ကျီနှင့် ဂျော်ဂျက်ထမီတို့ကို ဝတ်စေသည်။ ထိုအခါတွင် အင်္ကျီနှင့် ထမီတို့မှ ပန်းများ နှင့် သစ်ပင်ပန်းမလ်တို့အကြားမှ ဝင်းဝင်းပပ ဖြစ်နေသော ကျော့၏ မျက်နှာမှာ ဘယပန်းနှင့် မှ ယှဉ်မရသည့် အလှဆုံးပန်းကြီး ဖြစ်နေပေသည်ဟု မောင်ကဆိုခဲ့လေသည်။
သို့ လျှင် ကျော့သည် မောင့်အပါးမှ ခွာကာ ပန်းခြံထဲတွင် အလုပ်လုပ်ရင်းက သူ မြင်တွေ့ နေရသမျှတို့သည် အစစ်အမှန်ပေလော၊ အရိပ်များ ပေလော မသိတစ်ချက်၊ သိတစ်ချက်နှင့် အချိန်ကုန်လွန်ခဲ့ရလေသည်။
နောက်ဆုံး၌ အိမ်ထောင်ကျကာစက မှန်ထဲတွင် ကိုယ့်ဂျိုင်းကိုကိုယ်ပြန်မြင်ရ၍ အရှက်ကြီးရှက်ခဲ့မိသော ကျော့သည် မှန်ထဲ၌ သူ့တစ်ကိုယ်လုံး ပြန်မြင်ရစေကာမူ မရှက်တတ်သည့်ဘဝသို့ ရောက်ခဲ့လေသည်။ကျော့သည် မောင့်အား နှစ် ရှည်လများ ပြုစုခဲ့၏ ။ မောင်ကွယ်လွန်ပြီးနောက် လပေါင်းများ စွာ ငိုကြွေးပူပန်ခဲ့ရ၏ ။ ထိုမှ...ကိုကိုနှင့် လက်ထပ်ရသော အခါ ကျော့သည် စိတ်လွတ် လက်လွတ်ပင် သူ့ကိုယ်ကိုအလှပြင်ခဲ့၏ ။ ဖီးလိမ်းဆင်ယင်ခဲ့၏ ။ ရှေ့မှန် နောက်မှန် ဘေးမှန်တို့အကြားတွင် ပြင်ချင်တိုင်း ပြင်ခဲ့၏ ။
တစ်ခါတွင် မူ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ကာ မိမိ၏ မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ်ကိုပင် ပြန်၍ ကြည့်မိ၏ ။ ထိုအခါ၌ သူ့ခန္ဓာကိုယ်နှင့် အသားအရည်သည် ကိုကိုပြောသည့်အတိုင်း လှပါပေသည်တကားဟုအောက်မေ့ခဲ့ရလေသည်။ ကျော့ကား မှန်ထဲတွင် ထင်ဟတ်သော သူ့အရိပ်များ ကို သူပြန်ကြည့်ရန် မရှက်တော့ပြီ။
သို့ သော် ဤသို့ သော မှန်ထဲ၌ ထင်ဟတ်သော အလှကို ကြည့်တတ်အောင် သင်ကြားပေးခဲ့သူမှာ သွားလေသူ မောင်ပါတကားဟူသော အတွေးမှာ မူ ဖျောက်ဖျက်၍ မရနိုင်ခဲ့။ မှန်ထဲ၌ ထင်သော အလှသည်တကယ့်အလှပင် ဖြစ်သည်ကို သူ မငြင်းနိုင်ခဲ့။ သို့ သော် မှန်ထဲ၌ ထင်ဟတ်သော သူ့အသားအရည်နှင့် တကယ့်အသားအရည်၊ မှန်ထဲ၌ ထငဟတ်သော ကောင်းကင်နှင့် တကယ့်ကောင်းကင်တို့၏ ခြားနားချက်ကိုကျော့သည် ရှာ၍ မတွေ့ နိုင်ခဲ့။ နီးခြင်းနှင့် ဝေးခြင်းသာလျှင် ခြားနားလေသလော မပြောတတ်။
မကြာခဏပင် ကျော့သည် မောင်နေမကောင်းစဉ်က အိပ်ရာထဲမှနေ၍ အပြင်လောကကို မှန်ထောင်၍ ကြည့်သကဲ့သို့ ကြည့်လိုသည့်စိတ်များ ပေါ်ခဲ့၏ ။ မောင်နှင့် အတူ ကြည့်ခဲ့ကြသည့် သစ်ပင်ပန်းမလ်ရေမြေတောတောင်နှင့် လူတိရစ္ဆာန်တို့ လှုပ်ရှားမှု များ ကို ကြည့်လို၏ ။
သို့ သော် လက်ရှိ ခင်ပွန်းသည်၏ စိတ်ကို အနှောင့်အယှက် ပြုရာရောက်မည် စိုးသဖြင့် မိမိအလိုကို ထိန်းချုပ်ခဲ့ရလေသည်။
နွေဦးပေါက်စ တစ်နေ့နံနက်တွင် အိမ်ဘေးသစ်ပင်မှ ဥသြငှက်အော်သံ ကြားသဖြင့် ကျော့သည် မောင်နှင့် အတူ နေခဲ့ရသော တောင်ခြေမြို့ကလေးကို သတိရမိလေ၏ ။
ဤတွင် ကိုကိုအလုပ်သို့ ဆင်းသွားကာ လင်ပါသားလေးကျောင်းသို့ သွားကြသည်နှင့် တပြိုင်နက် လက်ကိုင် မှန်ကလေးကို ထုတ်ကာ ကောင်းကင်နှင့် သစ်ပင်များ ကို ကြည့်မိလေ၏ ။ ထို့နောက် မှန်ထဲတွင် ထင်နေသော သူ့မျက်နှာကို ကြည့်မိလေသည်။ မှန်ထဲတွင် ထင်နေသော သူ့မျက်နှာကို ကြည့်ရင်းက ကျော့သည် မည် သူမဆို ကိုယ့်မျက်နှာအစစ်ကို ကိုယ်ပြန်မမြင်ကြရပါတကားဟု တွေးကာ အံ့သြမိလေသည်။ သူတို့သည် ကိုယ့်မျက်နှာ၏ အရိပ်ကိုသာ ကိုယ့်ပြန်မြင်နေကြရပါတကား။သဘာဝ တရားသည် လူတို့အား ကိုယ့်မျက်နှာကို ကိုယ်ပြန်၍ မမြင်ရအောင် အဘယ့်ကြောင့် ဖန်တီးထားပါသနည်း။
''လူတွေ ဟာ ကိုယ့်မျက်နှာကို ကိုယ်ပြန်မြင်နေရရင် မျက်နှာထားလို့ တတ်တော့မယ်မထင်ဘူး။ အမူအရာလည်း လုပ်လို့ ရတော့မယ်မထင်ဘူး...''
လောကမှာ ကိုယ့်မျက်နှာအစစ်ကို ကိုယ်ပြန်မြင်ရတဲ့ သတ္တဝါဆိုလို့ ပဇင်းနဲ့ နှံကောင်ပဲ ရှိတယ်ထင်ပါရဲ့ ။
အမှန်တော့လဲ ကိုယ့်မျက်နှာဆိုတာ သူတစ်ပါးကြည့်ဖို့ပါကလား။ဒီလိုဆိုတော့ မျက်နှာဆိုတာ အချစ်လိုပါပဲကလား။ လူ တစ်ယောက် ကိုဘယ်လောက်ချစ်တယ်ဆိုတာမှာ ကိုယ့်အချစ်ကို ကိုယ်ပြန်မမြင်ရဘူး။သူများ ကသာ မြင်တတ်တာပဲ။ နောက်ပြီး ကိုယ့်ရဲ့ အချစ်ဆိုတာဟာလည်းကိုယ့်အတွက် မဟုတ်ဘဲ သူတစ်ပါးအတွက်တွေ ပဲ။
ကျော့သည် အတွေးနယ်ချဲ့နေရာမှ သတိရလာပြီး မှန်ကို မှန်တင်ဘီရိုအံဆွဲထဲသို့ ထည့်ရင်းက မောင့်အကြောင်းကို တွေးမိပြန်လေသည်။
ဤမှန်သည် မောင့်အတွက် တကယ်ပင် အကျိုးပြုခဲ့ပါလေစဟုသူသည် မောင်မသေမီကပင် စဉ်းစားမိခဲ့ဖူး၏ ။ မောင်သည် မှန်ထဲတွင် ထင်နေသော သူ့မျက်နှာကို ကြည့်ရင်း မကြာခဏ စိတ်ပျက်မိပေလိမ့်မည် ။ တစ်နေ့တခြား ဟောက်လာသော မျက်ကွင်းများ ပိန်လာသော ပါးများ နှင့် ဝါကျင့်ကျင့် အသားအရည်တို့ကို ကြည့်ကာ စိတ်ပျက်၍ သေချင်စိတ်ပေါက်ခဲ့ပေလိမ့်မည် ။
ဤသို့ တွေးမိစဉ်က ကျော့သည် မှန်ကို ပြန်တောင်းခဲ့၏ ။ သို့ သော်မောင်က ပြန်မပေးဘဲ။
''မောင်ယူထားပါရစေ ကျော့ရယ်...မောင် မသေခင်အတွင်းမှာ မောင်မြင်ရသမျှ အလှအပတွေ ကို ကြည်နူးပါရစေ''ဟု တောင်းပန်ခဲ့လေသည်။
သို့ လျှင် မောင်သည် သူ့ဘဝကို မှန်ထဲ၌ ထင်သော အရိပ်များ နှင့် ကြည်နူးခြင်းဖြင့် သာ ကုန်ဆုံးစေခဲ့လေသည်။ မောင် ကြည်နူးသွားခဲ့ရသော အလှသည် တကယ့်အလှ မဟုတ်။ မောင် သာယာခဲ့ရသော ဘဝသည် တကယ့်ဘဝ မဟုတ်။သို့ သော် ကျော့၏ လက်ရှိ ခင်ပွန်းသည် ကိုကိုက...
''ဒီမှာ ကျော့ရဲ့ တကယ်ခိုင်မာတဲ့အချစ်ကို တကယ်ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိတဲ့ဆီကမှ ရနိုင်တာ'' ဟု ပြောသော အခါတွင် မူ ကျော့သည်ခေါင်းခါ၍ ညင်းခဲ့လေသည်။
မောင် ကွယ်လွန်စကမူ ကျော့သည် မောင်နှင့် အတူ နေခဲ့စဉ်ကဆန္ဒရမက်များ ကို ချုပ်တည်းထိန်းသိမ်း၍ နေခဲ့ရသည့် အ ဖြစ်များ ကိုတွေးကာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရ၏ ။ သို့ သော် ထိုသို့ ဆန္ဒရမက်များ ချုပ်တည်းထိန်းသိမ်းခဲ့ရသည့်အ ဖြစ်များ ကပင်လျှင် ချစ်ခြင်းမေတ္တာ၏ ကြီးမားပြင်းထန်လှသော အမှတ်တရ ဝေဒနာများ ဖြစ်သည်ကိုလည်းကောင်း၊ နေ့စဉ်နှင့် အမျှ ချစ်ခြင်းမေတ္တာကိုသာ မဲတင်း၍ နေခဲ့ရသည့်အ ဖြစ်ကိုလည်းကောင်း တဖြည်းဖြည်းနှင့် နားလည်လာသော အခါ စိတ်မချမ်းသာမှု တို့မှာ သက်သာရာ ရခဲ့လေသည်။
လက်ရှိခင်ပွန်းသည်ကိုကိုမှာ မူ မိန်းမတို့၏ အချစ်ကို ပေါ့ပေါ့တန်တန် သဘောထားသူ ဖြစ်၏ ။
''ကိုကိုက စိတ်ကောင်း နှလုံးကောင်း ရှိရက်သားနဲ့ အရင်မိန်းမနဲ့ ဘာလို့ကွဲရတာ ပါလိမ့်...ဟင်...''ဟု ကျော့က တစ်ကြိမ် မေးဖူး၏ ။ သို့ သော် ကိုကိုက ပြန်မဖြေခဲ့။ ကျော့လည်း နောက်ထပ် မမေးတော့ချေ။
ကျော့နှင့် ကိုကို ညားရသည်မှာ မောင်၏ အစ်ကိုကြီး၏ အစီအမံ ဖြစ်၏ ။ အစ်ကိုကြီးနှင့် ကိုကိုတို့သည် ခင်မင်ရင်းနှီးသော သူများ ဖြစ်ရာအစ်ကိုကြီးက ကျော့အား ကိုကိုနှင့် ယူစေချင်သည်။ ထို့ကြောင့် ကိုကိုနှင့် ကျော့တို့အား ရင်းရင်းနှီးနှီး နေစေခဲ့လေသည်။ မောင်ကွယ်လွန်ပြီး ၂-နှစ် ခန့်အကြာတွင် ကျော့နှင့် ကိုကို လက်ထပ်ခဲ့ကြလေသည်။ ကိုကိုကကျော့ထက် ၁၂-နှစ် ခန့် ကြီးပေသည်။ကိုကိုနှင့် လက်ထပ်ပြီး၍ ခြောက်လခန့်အကြာတွင် ကျော့၌ ကိုယ်ဝန်ရှိလာလေသည်။ ကိုယ်ဝန်ရှိကြောင်း သိရသော အခါ ကျော့သည်ဆောက်တည်ရာမရအောင် ကြောက်လန့် တုန်လှုပ်ခဲ့လေသည်။ ကိုကို့ကိုဖက်ကာ အားရပါးရ ငိုခဲ့လေသည်။
ထို့နောက် နံနက်တိုင်း အိပ်ရာမှ ထတိုင်း နေမကောင်း ဖြစ်ခဲ့ရလေသည်။ တစ်ယောက် တည်း မှိုင်တွေ ငေး၍ သာ နေချင်သည်။ တစ်ခါတစ်ခါတော့လည်း အော်ဟစ်၍ ငိုပစ်လိုက်ချင်သည်။ တစ်ခါတစ်ရံ မှန်ရှေ့တွင် ရပ်ကာ မှန်ထဲကို စိုက်ကြည့်မိသော်လည်း သူ့အရိပ်ကိုလည်းသူပြန်၍ မမြင်ရခဲ့။
အချို့သော ညများ ၌ သန်းခေါင်ယံသို့ တိုင်အောင် အိပ်မပျော်နိုင်သဖြင့် အိပ်ရာမှထကာ ထိုင်မိ၏ ။ အိပ်ပျော်နေသော ကိုကို၏ မျက်နှာကို ကြည့်ကာ ဒေါသ ဖြစ်မိ၏ ။ ယောက်ျားတို့၏ ဘဝဟူသည် ဘာမဆိုပေါ့ပေါ့ဆဆ ပါတကားဟု တွေးမိ၏ ။ သတ်ပစ်ချင်စိတ်များ ပင် ပေါ်မိ၏ ။ကိုယ့်အတွေးကို ကိုယ်ပြန်၍ ကြောက်လန့်လာကာ ကိုကို့ရင်ခွင်သို့ မျက်နှာအပ်၍ ငိုမိလေတော့သည်။
ဤတွင် ကိုကိုသည် အိပ်ရာမှ နိုးလာကာ ကျော့အား ပွတ်သပ်ချော့မော့ရလေသည်။ ကျော့တစ်ကိုယ်လုံးမှာ ချွေးတို့ဖြင့် ရွှဲရွှဲစိုနေလေသည်။
''ကျော့ကလည်း ကလေးလေးကျနေတာပဲကွာ...အားတင်းမှပေါ့။ ဒါဟာ ဓမ္မတာပဲဥစ္စာ၊ နောက်ပြီး လူကြီးက ဒီလို ဖြစ်နေရင် အထဲထဲက ကလေးမှာ ဒုက္ခရောက်နေလိမ့်မယ်။ ကလေးကို ဒုက္ခမပေးပါနဲ့ကွယ်''ထိုမှ ကိုကိုသည် ကျော့အား သားဖွားဆေးရုံသို့ သွား၍ ကိုယ်ဝန်ကို အပ်လေသည်။
တစ်နေ့တွင် ကျော့က မမွေးမဖွားမီအတွင်း သူ့ဇာတိမြို့ကလေးသို့ ခေတ္တသွားလည်ပါရစေဟု ကိုကို့ထံ တောင်းပန်လေသည်။ ကိုကိုကအလုပ်၌ ခွင့်ယူရာ ရုတ်တရက် မရသေးသဖြင့် ကျော့ တစ်ယောက် တည်းအရင်သွားနှင့် စေလေသည်။ ကိုကိုက နောက်မှ လိုက်လာမည် ဟု ဆိုလေသည်။
ဘူတာရုံမှ ရထားထွက်၍ ရန်ကုန်မြို့ကို လွန်လာသည်နှင့် တပြိုင်နက် ကျော့ရင်ထဲ၌ ခံစားနေရသော အော့ချင် အံချင်စိတ်တို့ ပျောက်သွားလေသည်။ သူ့ခန္ဓာကိုယ်၌ ပူးကပ်လျက်ရှိသော အမှော င့်ပယောဂတို့ထွက်ခွာသွားသကဲ့သို့ ခံစားရလေသည်။
ရန်ကုန်နှင့် ဝေးလာလေလေ ပြပြရေး ရေး သာ မြင်ရသော တောင်စွယ် တောင်ရိပ်တို့သည် တစထက်တစ ထင်ရှား၍ လာ၏ ။သစ်ပင်တောခြေတို့သည်လည်း စိမ်းသည်ထက် စိမ်း၍ လာ၏ ။ဇာတိမြို့ကလေးသို့ ရောက်သော အခါ ပါးပြင်တွင် စိုရွှဲလျက်ရှိသော မျက်ရည်တို့ကို သုတ်ရင်း မောင်နှင့် အတူ နေခဲ့သော အိမ်ဆီသို့ လျှောက်၍ လာခဲ့၏ ။ တောင်ခြေနှင့် တောတန်းကို နောက်ခံပြု၍ သစ်ပင်ပန်းပင်များ အကြား၌ အိမ်ကြီးသည် မားမားမတ်မတ်ပင် ရပ်တည်လျက်ရှိ၏ ။ မောင်နှင့် ကျော့တို့ နေခဲ့ရသော အိပ်ခန်းတွင် တစ်စုံ တစ်ယောက် နေနေဟန်တူ၏ ။ ရောင် စုံပွင့်ရိုက် ခန်းဆီးစသည် ပြူတင်းဝ၌ လွင့်လျက်ရှိ၏ ။
ကျော့သည် အိမ်ကြီးကို ရပ်ကြည့်နေရာမှ...
''ကျော့ဝမ်းထဲက ကလေးလေးဟာ မောင်နဲ့တူရင် ဘယ်လိုများ နေပါလိမ့်နော်...''ဟု တီးတိုး ရေရွတ်မိလေ၏ ။
ကျော့သည် သူပြောမိသော စကားကြောင့် ရုတ်တရက် ထိတ်လန့်သွားလေ၏ ။ သို့ သော် ကြာရှည် စိတ်ထိခိုက်ခြင်းမရှိဘဲ ချက်ချင်း ပင်ရင်ထဲ၌ ပူဆွေးလာကာ စိတ်သက်သာရာ ရသွားလေတော့သည်။ယနေ့မှစ၍ ကျော့သည် မှန်၌ ထင်ဟပ်သော အရိပ်များ ကိုရင်ဆိုင်ရတော့မည် မဟုတ်ဘဲ တကယ့်ဘဝ၊ တကယ့် လောက၊ တကယ့်အတွေ့ အထိ တကယ့်ခံစားချက်တို့ကို ရင်ဆိုင်ရပေတော့သည်။
သန်းဆွေ
ချစ်သုံးလီ | ခရောင်းတော | ပွင့်ဦး |