ခရောင်းတော
အစ်ကို...
''ဖိုးတင့်လွင့်'' တစ်ယောက် ဤအ ဖြစ်မျိုး ဆိုက်ရောက်နေ ကြောင်း ''အစ်ကို'' သိရလျှင် ပထမတွင် သာ အံ့သြကောင်း အံ့သြမည် ဖြစ်သော်လည်း မိနစ်ပိုင်း အတွင်းမှာ ပင် အစ်ကို ပြုနေ ကျ အမူအရာအတိုင်း သွားမဖော် ဘဲ နှုတ်ခမ်း နှစ် ခုစေ့လျက် ပြုံးရင်း က ခေါင်းတဆတ်ဆတ် ညိတ်နေ ပေလိမ့် မည် ။
ဤလောကတွင် တင့်လွင်၏ ဘဝနောက်ကြောင်း နှင့် တကွ ဖြစ် ပျက်သမျှ စိတ်အစဉ်ကို ရိပ်စား နားလည်သူဟူ၍ အစ်ကို တစ်ယောက် သာ ရှိသည်ဟု တင့်လွင်က စွဲမြဲယုံကြည်ထားလေသည်။ သည်လိုနားလည်သူ ဖြစ်၍ လည်း တင့်လွင်က အစ်ကို့အား ခင်ခဲ့သည်။ လေးစားခဲ့သည်။ သား ချင်းမတော် လင့်ကစား နာမည် ကို မခေါ်ဘဲ ''အစ်ကို'' ဟုသာ ခေါ်ကာ အစ်ကိုရင်းထက်ပင် တွယ်တာခဲ့သည်။
စင်စစ်...မိမိ၏ ဘဝကို နားလည်သူ တစ်ယောက် ရှိသည်ဆိုခြင်း မှာ ဝမ်းသာစရာပင် ဖြစ်လေသည်။ လူ တစ်ယောက် နှင့် တစ်ယောက် အသက်တစ်ရာ့ရှစ်ဆယ်တိုင်အောင် အတူတကွ ပေါင်းသင်းနေထိုင် ကြရ သော်လည်း တစ်ယောက် ကို တစ်ယောက် နားမလည်နိုင်ကြပါ။ နာရီပိုင်း အတွင်း ဆုံတွေ့ သိ ကျွမ်းရရုံမျှနှင့် တစ်ယောက် ကို တစ်ယောက် နားလည်ကြ သည်လည်း ရှိပါ၏ ။ အစ်ကိုကား တင့်လွင်အဖို့ ဒုတိယအမျိုးအစားတွင် ပါဝင်သူ ဖြစ်ပေသည်။
အမှန်အားဖြင့် ဆိုရလျှင် တင့်လွင်နှင့် အစ်ကိုသည် ဘဝနောက်ခံ အခြေအနေချင်းလည်း မတူညီကြ။ စိတ်ဓာတ်ချင်းကလည်း တစ်မျိုးစီ ဖြစ် ၏ ။ ရည်မှန်းရာ ဘဝပန်းတိုင်ချင်းကလည်း တခြားစီ ဖြစ်၏ ။ ထို့ကြောင့် လူလောက၌ လူတစ်လုံး သူ တစ်လုံး လုပ်ရတော့သည့်အချိန်မှစ၍ အစ်ကို နှင့် တင့်လွင်တို့သည် တကွဲတပြား နေခဲ့ကြရ၏ ။ ပတ်ဝန်းကျင် အသိုင်းအ ဝိုင်းချင်းလည်း ဝေးကွာခဲ့ကြရ၏ ။
သို့ ရာတွင် တစ်ချိန်သော အခါက တစ်ခုသော ဘဝအကွေ့ဝယ် အမှတ်မထင် ဆုံမိခဲ့ရာမှ ငယ်ရွယ်သူတို့ဘာဝ တစ်ယောက် ကို တစ်ယောက် သန့်စင် သော နှလုံးသားဖြင့် ခင်မင်တွယ်တာခဲ့ကြရလေ သည်။ လောက၏ အညစ်အကြေးတို့ မရောထွေး စဉ်ကာလ ဖြစ်၍ တစ်ယောက် ၏ စိတ်အစဉ်ကို တစ်ယောက် က ရိပ်စားနားလည်ခဲ့ကြသည်။
ထို့ကြောင့် ...တင့်လွင်အဖို့ အစ်ကို့ကို သတိရလေတိုင်း တင့်လွင် ၏ မနောဒွာရ၌ ထင်မြင်လာသော ရုပ်သွင်မှာ တင့်လွင်နှင့် အစ်ကိုတို့ စတင်တွေ့ ဆုံချိန်က ဖြစ်တည်၍ နေခဲ့သော အစ်ကို့ရုပ်သွင်သာလျှင် ဖြစ် ပေသည်။ ရှင်းရှင်းဆိုရလျှင် ကျောင်း တွင် အတူနေခဲ့ကြပြီး ကျောင်းထွက် သည့်နေ့မှစ၍ ဘယ်သော အခါမျှ မတွေ့ ခဲ့ရသော ကျောင်းနေ ဖက်တစ် ယောက် အကြောင်းကို သတိရမိလျှင် မျက်စိထဲတွင် ကျောင်းသားအရွယ်က ရုပ်ကိုသာ မြင်နေတတ်သကဲ့သို့ ကာလဒေသအခြေအနေတို့က မည် မျှပင် ပြောင်းလဲစေကာမူ ထိုရုပ်သွင်ကား မ ပြောင်းလဲတတ်ပေ။
သို့ ဆိုပါက တင့်လွင် ခင်မင်တွယ်တာနေသော အစ်ကိုမှာ ယခု အစ်ကို မဟုတ်ဘဲ ထိုစဉ်က အစ်ကိုသာ ဖြစ်သည်ဟု ယူဆဖွယ်ရာပင်။
စင်စစ်အားဖြင့် တင့်လွင်က အစ်ကို့အား မြတ်နိုး ခင်တွယ်ရခြင်းမှာ အစ်ကို ၏ နားလည်တတ်သော နှလုံးသားပင် ဖြစ်လေသည်။
လူတို့၏ သဘာဝ မှာ အခြားသူ တစ်ယောက် ကို နားလည်ရန် မဆို ထားဘိ။ မိမိအကြောင်းပင် နားလည်ရန် ခက်လှပေသည်။ အစ်ကိုနားလည် သော တင့်လွင်သည်ပင်လျှင် မိမိကိုယ်မိမိ နားလည်လာသည်မှာ မကြာသေး ဟု ထင်မိသည်။
အသက်အရွယ်ကပင်လျှင် သွန်သင်လေသလော...အတွေ့  အကြုံက ညွှန်ပြလေသလော...ဆင်ခြင်တုံတရားက ပိုင်းခြား၍ ပြလေ သလော...
ယခုအခါတွင် ဖြင့် တင့်လွင်သည် သူ့ကိုယ်သူ နားလည်လာပြီဟု အောက်မေ့မိလေသည်။ ဤအခါ မတိုင်မီကာလအတွင်း၌ ကား တင့်လွင်၏ ဘဝမှာ ပဟေဠိပုစ္ဆာတစ်ခုပမာ သိရခက်ခဲခဲ့လေသည်။ ဝင်္ကဘာကဲ့သို့ မြောင်ကြားချောင်းကမ်းပါးတောင်ရံတို့ ကွေ့လည်လျက် ရှိခဲ့လေသည်။
တင့်လွင်နှင့် အစ်ကို မကြာခဏတွေ့ ဆုံ၍ နေကြ စဉ်ကပင် အစ်ကို မသိခဲ့သော တင့်လွင်၏ အ ဖြစ်အပျက်တို့ ရှိနေခဲ့သည်ဆိုလျှင် တင့်လွင်နှင့် အစ်ကိုတို့ ယခုကဲ့သို့ တကွဲတပြား ရေခြားမြေခြား နေနေရချိန်များ တွင် မူ အစ်ကိုမသိသော အ ဖြစ်အပျက်တို့ များ စွာ ဖြစ်ပျက်ခဲ့လေသည်။
မည် သို့ ပင် ဖြစ်စေ အစ်ကိုနှင့် တင့်လွင်တို့ စတင်ခင်မင်ခဲ့ရာမှ ယနေအထိကာလအပိုင်းအခြားအတွင်း...တင့်လွင်၏ စိတ်တွင် စွဲထင်၍ ကျန် ရစ်နေသော အ ဖြစ်အပျက်များ ကို ပြန်လည်တင်ပြရင်း တင့်လွင်၏ ဘဝကို သုံးသပ်ကြပါစို့... ထိုအ ဖြစ် အပျက်များ ထဲတွင် အစ်ကိုသိပြီးသားလည်း ပါပါလိမ့်မည် ။
အစ်ကိုမသိသော အ ဖြစ်အပျက်များ လည်း ပါပါ လိမ့်မည် ။
(၁)
''ဟေး...ဖိုးတင့်လွင်...'' တင့်လွင်သည် သောက်တော့မည့် ဆဲဆဲ လက်ထဲတွင် ကိုင်ထား သော ဘီယာခွက်ကို ချကာ မော့ကြည့်လိုက်လေသည်။
''ဟာ...အစ်ကို...လာထိုင်။ ဘယ်ကလှည့်လာတာလဲ...''
အစ်ကိုသည် တင့်လွင်၏ အမေးစကားကို ပြန်မဖြေသေးဘဲ တင့်လွင် ထိုင်နေသော ကုလားထိုင်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ရှိ ကုလားထိုင်၌ ဝင်ထိုင်လိုက်လေသည်။
''ဘီယာသောက်မလားအစ်ကို...''
''မသောက်ပါဘူးကွာ...မင်းပဲ သောက်ပါ...''
အစ်ကို ဘီယာမသောက်တတ်ကြောင်းကို တင့်လွင်သိသော်လည်း ဘာပြောရမှန်းမသိ၍ ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်ပေသည်။
''ဒါဖြင့် ...လိမ္မော်ရည် သောက်လေ...''
''ဟာကွာ...အေးရချမ်းရတဲ့အထဲ လိမ္မော်ရည်လည်း မသောက် ချင်ပါဘူး...''
တင့်လွင်သည် ချထားသော ဘီယာခွက်ကို ပြန်ကိုင်ကာ တစ်ကျိုက် သောက်ချလိုက်ပြီးမှ...
''ဘယ်ကလှည့်လာတာလဲ အစ်ကို...မတွေ့ ရတာ တောင် အ တော် ကြာသွားပြီ...ဘာများ အကြောင်းထူးပါလိမ့်...'' ဟု ထပ်ဆင့်ကာ မေးလိုက်လေသည်။
''မင်းတွေ့ ချင်လို့ တမင်လာရှာတာ...ပထမသတင်းစာတိုက်မှာ ရှိဦးမယ်ထင်ပြီး သတင်းစာတိုက်ကို သွားတယ်။ အဲဒီ က မင်းပြန်သွားပြီဆို တာနဲ့ ပြ ဇာတ်ရုံမှာ များ ရှိမလားဆိုပြီး သွားကြည့်သေးတယ်...အဲဒီ လူတွေ ကလည်း ဒီည မင်းမလာဘူးတဲ့...ဒါနဲ့ ဒီဆိုင်မှာ များ ရှိလိုရှိညား လာကြည့် တာ။ ဟူး...ကားမောင်းလိုက်ရတာ လူ့ကို မောသွားတာပဲ...''
''ဟုတ်ကဲ့...ကျွန်တော် လဲ...နယ်က သတင်းတွေ ရှိသမျှ အချောပြန်ရေး ပြီး တန်ဆောင်တိုင်အထူးထုတ်အတွက် ဝတ္ထုတိုလေး ဖြစ် ဖြစ် ဆောင်းပါး ဖြစ် ဖြစ် ရေး ရအောင်ဆိုပြီး စောစောပြန်လာရင်း မောမောရှိတာနဲ့ ဘီယာဝင်သောက်နေတာပါ...''
''အကျင့်မလုပ်ပါနဲ့ တင့်လွင်ရာ...မသောက်ဘဲ နေလို့ရလဲ မသောက်ဘဲ နေစမ်းပါ...မင်းတို့လူအုပ်တွေ ဒါနဲ့ပဲ နာမည် ပျက်နေ တာ...''
''တစ်ပုလင်းပါ အစ်ကိုရာ...ဒါထက် ကိစ္စကို ပြောစမ်းပါဦး... တွေ့ ရုံသက်သက်ပဲလား...''
ဤတွင် အစ်ကိုသည် နှုတ်ခမ်းနှစ် ခုကို စေ့၍ ပြုံးလိုက်ပြီးမှ-
''ဟ...မင်းတွေ့ ရုံသက်သက်တော့ ဒီလောက် အရေး တကြီး လိုက် ရှာပါ့မလား...တို့ ကမ္မဋ္ဌာန်းကျောင်းမှာ မနက်ဖြန် ကထိန်ခင်းမယ်လေ ...ဒီညအချက်အပြုတ်ပေါ့။ နှစ် တိုင်းလုပ်နေကျပဲ မင်းမမှတ်မိဘူးလား။ မနှစ် ကရော တစ်နှစ် ကရော မင်းလိုက်နေ ကျပဲဟာ...အဲဒါ ဒီနေ့ မင်းကို မတွေ့ လို့ မယ်တော် ကြီးက မေးနေတာနဲ့ လာခေါ်ရတာ မောင်...''
''ဟောဗျာ... ဒုက္ခပါပဲ...''
''ဘာဒုက္ခလဲကွ...ဘာ ဖြစ်လို့ ဒုက္ခရတာ လဲ...''
ဤတွင် အစ်ကိုသည် နှုတ်ခမ်းနှစ် ခုကို စေ့၍ ပြုံးလိုက်ပြီးမှ-
''ဟာ...ဘီယာသောက်ပြီး ကမ္မဋ္ဌာန်းကျောင်း လိုက်ရမယ်။ ဒါ.. ဒုက္ခပေါ့ဗျ...'' ဟုပြောရင်း ခေါင်းကို ကုတ်နေလေတော့သည်။
''ဘာပဲ ဖြစ် ဖြစ် လိုက်ခဲ့ပေါ့ကွ...ဟိုကျ လူတွေ နဲ့ သိပ်စကားမပြော နဲ့ပေါ့ကွ။ ငါနဲ့ နှစ် ယောက် ထဲ တစ်နေရာရာမှာ သွားနေကြတာပေါ့။ နောက် ပြီး အဖွားကြီးနားလဲ သိပ်မကပ်နဲ့ပေါ့။ မင်းရောက် ကြောင်းသိသာရုံ ခပ်လှမ်း လှမ်းကနေ နှုတ်ဆက်ပြီး ဟိုဟာလုပ်စရာရှိသလိုလို ဒီဟာ လုပ်စရာ ရှိသလို လိုနဲ့ ခပ်ရှောင်ရှောင်နေပေါ့ကွ...''
''ဟာဗျာ...ကွကျလိုက်တာ...ဒီလိုမှန်းသိရင် ကျွန်တော် မသောက်ပါဘူး...''
အစ်ကိုသည် စိတ်ရှုပ်နေသော တင့်လွင်အားပြုံးပြုံး ကြီးကြည့်နေ လေသည်။ ထိုမှ...
''ကဲပါကွာ...သောက်မိမှတော့ ဂွကျမနေနဲ့တော့ ကျန်တာကို မြန် မြန်ကုန်အောင် သောက်ပြီး သွားကြစို့။ တော် တော် ကြာ မယ်တော် ကြီးက ကြာတယ်ဆိုပြီး စိတ်ပူနေဦးမယ်။ ဒိပြင်လုပ်စရာတွေ လဲ ရှိသေးတယ်.... ကဲ...သောက်...''
နောက်ဆုံး၌ တင့်လွင်သည် ဘီယာလက်ကျန်ကို အဆုံးသတ်ကာ အစ်ကိုခေါ်ရာနောက်သို့ ကောက် ကောက်ပါအောင် လိုက်ရလေတော့သည်။
အစ်ကိုသည် ရှုပ်ထွေးဆူညံလျက်ရှိသော မြို့လယ်တွင် လူသူစက်ဘီးနှင့် ကားများ ကို ဖယ်ရှားကျော်လွှားကာ ကားကို ကျင်လည်စွာ မောင်းနှင်၍ မြို့ပြင်သို့ ထွက်ခဲ့လေသည်။
မြို့ပြင်တွင် ကား ဆိတ်ငြိမ်လှဘိသည်။
လမ်းမီးအရောင် တို့ မြို့တွင်းလောက် မလင်းသော်လည်း တန် ဆောင်မုန်းလဆန်း ကိုးရက်လရောင်ကြောင့် လမ်းတစ်လျှောက်မှာ ထိန် လင်း၍ နေလေသည်။ ကောင်းကင်ပြင်မှာ ပြာလဲ့ကြည်လင်လျက်ရှိကာ ကြယ်တို့ သည်လည်း တလက်လက် တောက်ပလျက် ရှိလေသည်။ ဆောင်း ဝင်ခဲ့ပြီ ဖြစ် ၍ တိုက်ခတ်လျက်ရှိသော လေမှာ လည်း ချမ်းမြနေသည်သာမက လတ် ဆတ် မွှေးပျံ့၍ နေသည်ဟု ပင် ခံစားရလေသည်။
''ဘာလဲကွ...ဇရက်မင်းစည်းစိမ်ရစ်ရင်း အတွေးနယ်ချဲ့နေပြီ လား...'' တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်ပါလာကြရာမှ အစ်ကိုက စကား စလေသည်။ တင့်လွင်လည်း ည၏ အလှအပတွင် ကြည်နူးနေရာမှ အစ်ကို ၏ စကားကို ကြားရသော အခါ ပြုံး လိုက်မိလေသည်။ အစ်ကိုက ကားမောင်း ရင်း တင့်လွင်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး...
''ဘာရယ်တာလဲကွ...ဘာတွေ အတွေးလွန်နေပြန်ပြီလဲ...''
''ဘာမှ အတွေးမလွန်ပါဘူး...ကိုယ့်အ ဖြစ်ကိုယ်ပြန်ရယ်ချင်လို့ ပါ...''
''ဘာများ တုန်းကွ...''
''အော်...အခုနကပဲ အရက်ဆိုင်ထဲ ရောက်နေရာက အခုမကြာ ခင် နာရီပိုင်းမခြားခင်မှာ ကမ္မဋ္ဌာန်း ကျောင်း ရောက်ရဦးတော့မှာ ပါလားလို့ တွေးပြီး ရယ်မိတာပါ...''
''ဒါပေါ့ကွာ...ဗြဟ္မာပြည် တဝင်းဝင်း...ဝက်စာကျင်း တရှုပ်ရှုပ် ဆိုတာပေါ့...မင်းအနေနဲ့ ကတော့ ဝက်စာကျင်းကနေ ဗြဟ္မာပြည် တက်ရ ဦးတော့မှာ ပေါ့...''
''ဟုတ်ပါရဲ့ အစ်ကိုရယ်...လူ့ဘဝမှာ ဒီလိုပဲကောင်းတာနဲ့ မ ကောင်းတာ ဆိုတဲ့ ဆန့်ကျင်ဘက်တွေ ရောနေတော့တာပဲနော်...နောက် ပြီး ဒီကောင်းတာနဲ့ မကောင်းတာဆိုတာကလဲ ဘယ်လောက်မှ ဝေးကြတာ မဟုတ်ပါလားအစ်ကို''
''မဝေးဘူးဆိုတောင် ဆယ်မိုင်လောက်တော့ဝေးသားကွ...''
အစ်ကိုက အရက်ဆိုင်နှင့် ကမ္မဋ္ဌာန်းကျောင်း အကွာအဝေးကို ရည် ညွှန်းကာ အရွှမ်းဖောက်လိုက်လေသည်။ ကားသည် ကမ္မဋ္ဌာန်းကျောင်း အဆောက်အဦများ ကို မြင်သည်အထိ နီးကပ်၍ လာလေသည်။
''ကဲ...သိပ်လဲ အဘိဓမ္မာတွေ ထုတ်မနေနဲ့... မနက်ဖြန် ပြောဖို့ ချန်ထားဦး။ မင်းကို ဒီလိုအပြောမျိုးတွေ ကြောင့် ထိုအဖိုးကြီး အဖွားကြီးတွေ က သဘောကျနေတာ...'' ' 'အေးဗျာ...အဖိုးကြီး အဖွားကြီးတွေ နဲ့ ဘာသာရေး စကားတွေ ပြောနေတာကို မြင်ဖူးတဲ့ လူတွေ များ ...ကျွန်တော့် ကို အရက်ဆိုင်ထဲမှာ တွေ့ ကြရင် ဘယ်လောက်အံ့သြကြမလဲနော်...အရက်ဆိုင်မှာ အရက်အ တူသောက်ဖူးတဲ့ လူ တစ်ယောက် ယောက် က ကျွန်တော့် ကို ကမ္မဋ္ဌာန်း ကျောင်းမှာ တွေ့ ရရင်လဲ လာညာနေတယ်ထင်မှာ ပဲနော်...''
''အို...ဒါတွေ တွေးမနေပါနဲ့ကွာ...စိတ်သာ ပဓာနပါ။ အရက် ဆိုင်မှာ ပဲနေနေ...ကမ္မဋ္ဌာန်းကျောင်းမှာ ပဲ နေနေ...ကိုယ့်စိတ် စင်ကြယ် ဖို့သာ လိုပါတယ်...''
ကားသည် ကမ္မဋ္ဌာန်းကျောင်းဝင်းသို့ ဝင်ခဲ့ကာ ဇရပ်တစ်ဆောင်ရှေ့ ၌ ရပ်လိုက်လေသည်။ အစ်ကိုနှင့် တင့်လွင်သည် ကိုယ်ရှိန်သတ်ကာ အိနြေ္ဒ ရရ ဖြင့် ဇရပ်ပေါ်သို့ တက်သွားလေသည်။
''ဟော...လူကလေးတို့ လာကြပလား...''
''ဟုတ်ကဲ့ မေမေ...တင့်လွင်လဲ ခေါ်ခဲ့တယ်...''
''ငါ့တူလား...စောစောလာရောပေါ့။ ဒီနေ့ ဒီကျောင်းမှာ နှစ် စဉ် ကထိန်ခင်းမှန်း သိသားနဲ့...''
''ဟုတ်ကဲ့...ကျွန်တော် သတင်းစာတိုက်မှာ အလုပ်များ သွားတာ နဲ့ နောက်ကျသွားတယ် ကြီးကြီး...''
စင်စစ် တင့်လွင်သည် ဤနေ့ဤရက်၌ အစ်ကိုတို့အိမ်သားများ ဤ ကျောင်းတွင် ကထိန်ခင်းလေ့ရှိသည်ကို မေ့နေသော ကြောင့် မလာခြင်း ဖြစ် သော်လည်း အစ်ကို့မိခင်အား လိမ်လိုက်လေသည်။
''အေး...အေး...အလုပ်လဲ ကြိုးစားပေါ့...ကုသိုလ်ကောင်းမှု လဲ လုပ်ပေါ့...ကိုယ့်စီးပွားနဲ့ မလှူရပေ မယ့် ဝေယျာဝစ္စဆောင်ရွက်တာ ဟာလဲ ကုသိုလ်ရတယ် လူလေးရဲ့ ...'' ''ဟုတ်ကဲ့...'' တင့်လွင်သည် တုံးတိပင်ဖြေရင်း ဝေယျာဝစ္စချက်ပြုတ်ခုတ်လှီး လျက် ရှိသော လူတစ်စုဆီသို့ တစ်ချက်လှမ်း ကြည့်လိုက်ပြီး ဇရပ်ခေါင်းရင်းဆီသို့ ကြည့်နေမိလေသည်။ ဇရပ်ခေါင်းရင်းခန်း၌ အစ်ကို့ဖခင်နှင့် လူကြီးလူရွယ် လေးငါးဦးတို့သည် တရားစကား ဆွေးနွေး၍ နေကြလေသည်။
''ကဲ...လာဟေ့။ အုန်းသီးသွားခြစ်ရအောင်...''
အစ်ကိုက အနေရခက်နေသော တင့်လွင်အား သက်သာရာရစေရန် ခေါ်လေတော့သည်။
''မီးဖိုဘက်သွားလိုက်ဦးမယ် ကြီးကြီး...''
''အေး...အေး...သွားသွား...လုပ်ကြ...ကိုင်ကြ...''
မီးဖိုဆောင်ဘက်သို့ ရောက်တော့မှ တင့်လွင်မှာ သက်ပြင်းချနိုင် လေတော့သည်။ မီးဖိုဆောင်ထဲရှိ စားပွဲဝိုင်းနိမ့်နိမ့်တစ်ခုဘေး၌ မိန်းကလေး လေးယောက် မျက်နှာချင်းဆိုင် ထိုင်ကာ ကြက်သွန်များ လှီးနေကြသည်။
ခပ်လှမ်းလှမ်းနေရာ၌ ကား ယောက်ျားလေး နှစ် ယောက် ခေါင်းချင်း ဆိုင်ကာ အုန်းသီးခြစ် နေကြသည်။ သူတို့ဘေးမှ လူငယ်တစ်ဦးကမူ အုန်း သီးများ ကို ခွဲ၍ နေလေသည်။
မိန်းကလေး ယောက်ျားလေး အားလုံးမှာ စိန်ရွှေရတနာဟူ၍ ထူးထူး ထွေထွေမဆင်ဘဲ အဝတ်အစားများ မှာ လည်း ရိုးရိုးနှင့် ယဉ်ယဉ် တောက် ပြောင်မှု ကင်းစွာ ဝတ်ဆင်ထားကြလေသည်။
''ဟော...ကိုကိုကြီး ပြန်လာပြီ။ ကိုကိုကြီး ထွေးမှာ လိုက်တာ ပါရဲ့ လား...''
အစ်ကို၏ ညီမအငယ်ဆုံး ထွေးက ကြက်သွန်လှီး နေရာမှ လှမ်းမေး လိုက်ရာ ကျန်မိန်းကလေး အားလုံးကပင် အစ်ကိုနှင့် တင့်လွင်တို့အား လှည့် ကြည့်ကြလေသည်။
''ပါတာပေါ့ဟ...ရော့...''
အစ်ကိုသည် ကုတ်အင်္ကျီအိတ်အတွင်း၌ ထည့်၍ လာသော သကြား လုံးချိုချဉ် တစ်ပေါင်ထုပ်ကို ထုတ်ကာ စားပွဲဝိုင်းအနီးသို့ သွားပြီး စားပွဲဝိုင်းပေါ်သို့ ပစ်ချပေးလိုက် သည်။ ပြီးမှ...
''ဟော...ခင်မြတ်ဆွေလဲ ညအိပ်ပါလာသကိုး... ကိုယ်က မနက်ဖြန်မှ လာမယ်ထင်နေတာ...'' ဟု စားပွဲဝိုင်းဘေးရှိ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ် မိန်းမပျို တစ်ယောက် ကို ပြောလိုက်လေသည်။
''ဟုတ်ကဲ့...ဖေဖေက ညကတည်းက လာချင်တယ်။ ဘဘကြီးနဲ့ တရားဆွေးနွေးချင်တယ်ဆိုတာနဲ့ ဆွေလဲ လိုက်လာတာအစ်ကိုကြီး...''
''အံမယ်...ထွေးကလဲ အတင်းခေါ်လို့ပါ...''
အစ်ကို့ညီမငယ်ထွေးက ခင်မြတ်ဆွေ စကားအဆုံး၌ ထပ်မံဖြည့် စွက်လိုက်သည်၌ ခင်မြတ်ဆွေက ပြုံးရယ်လိုက်လေရာ ဆေးမဆိုးဘဲ နီရဲ နေသော နှုတ်ခမ်းအစုံကြားမှ ညီညာသော သွားတန်းသည် ပုလဲရောင် လက် သွားလေတော့သည်။
''သြော်...ဦးလေးဇော်လဲ ပါလာသကိုး...ဒီလိုဆိုသွားတွေ့ လိုက် ဦးမှ...''
အစ်ကိုသည် မိန်းကလေးများ အနားမှ ခြေတစ်လှမ်းနှစ် လှမ်း ခွာမိပြီးမှ...သူနှင့် အတူ လိုက်မလာဘဲ မီးဖိုဆောင်ဝ၌ ရပ်လျက်သား ကျန်ရစ်နေသော တင့်လွင်အား...
''ဟော ဖိုးတင်လွင်...ကြုံတုန်း မိတ်ဆက်ပေးရဦးမယ်...သူက ခင်မြတ်ဆွေ။ အငြိမ်းစားဝန်ထောက်ဦးဘဇော်ရဲ့ သမီး။ ဒီနှစ် မှ ကောလိပ် ရောက်လာတာ။ ဂျူနီယာအင်တာပေါ့။ ခင်မြတ်ဆွေ သူ ကတော့ အစ်ကို ကြီးသူငယ်ချင်း ကိုတင့်လွင်တဲ့''
ဟု ပြော၍ မဆုံးမီ...
''ဟင်...အယ်ဒီတာကြီးကလဲ သွေးကြီးမွေးကြီး လုပ်လိုက်တာ။ ကိုကိုကြီးခေါ်မှ လာဖော်ရတယ်။ မမဆွေ...သူက အယ်ဒီတာလဲ အယ်ဒီ တာ စာရေး ဆရာလဲ စာရေး ဆရာ''
ဟု ဝင်ဖောက်လိုက်လေသည်။
တင့်လွင်နှင့် ခင်မြတ်ဆွေတို့မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ဘာပြောရမည် မသိ ဖြစ်နေခိုက် အထွေး၏ ကြားဖောက်စကား ကြောင့် ပြုံး၍ သာ နေလိုက်မိလေသည်။
''အထွေး ပြောသလောက်လဲ မကြီးကျယ်သေး ပါဘူး...လက်သင်တပည့်ပဲ ရှိပါသေးတယ်...''
တင့်လွင်က အထွေး၏ စကားကို ချေပပြီးမှ...
''ဝမ်းသာပါတယ် မခင်မြတ်ဆွေ။ ကျွန်တော့် ကိုလဲ မှတ်ထားပါ... သတင်းစာနဲ့ ပတ်သက်တဲ့ အကူအညီ စာအုပ်စာတမ်းနဲ့ ပတ်သက်တဲ့ အကူ အညီလိုရင် ပြောပါ။ တတ်နိုင်သမျှ ကူညီပါ့မယ်...''
ဟု မပွင့်တပွင့် ပြောလိုက်လေသည်။
''ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်။ ဆွေတို့နဲ့လမ်းမှာ တွေ့ ရင်လဲ ခေါ်ပါ...''
ခင်မြတ်ဆွေ၏ စကားအဆုံးတွင် တင့်လွင်လည်း ကြာရှည်မနေလို တော့သဖြင့် ...
''ဟုတ်ကဲ့...ကျွန်တော့် ကို ခွင့်ပြုပါဦး...ကဲ အစ်ကို ဟိုဘက် ဇရပ်သွားကြရအောင်''
ဟု ပြောကာ ထွက်ခဲ့လေသည်။
''အယ်ဒီတာကြီးက အလုပ်လုပ်ဖို့ လာတာဆိုပြီး အိပ်တော့မလို့ လား...''
ထွေးက စနေသည်ကိုပင် ''ဒါပေါ့ဟ'' ဟု ပါးစပ်က ဖြေကာ လှည့် မကြည့်ဘဲ ထွက်လာခဲ့ကြလေသည်။
ဇရပ်မီးဖိုဆောင်မှ ဆင်းခဲ့၍ အောက်သို့ ရောက် တော့မှ တင့်လွင် က...
''အစ်ကိုကလဲဗျာ အရေး ထဲ မိတ်ဆက်ပေးနေရတယ်။ သူများ တ ကာ ဘီရာသောက်လာလို့ လိပ်ပြာမလုံရတဲ့အထဲ...တော် ပါသေးရဲ့ အထွေးမရိပ်မိပေလို့'' ဟု အပြစ်တင်သံဖြင့် ပြောလိုက်ရာ...။
''ဟုတ်ပါရဲ့ ကွာ...ကိုယ်လဲ မေ့သွားတယ်။ သူကလဲ မင်းလိုပဲ စာ သမား ပေသမားမို့ မိတ်ဆက်ပေးမိတာပါကွာ...စိတ်မရှိပါနဲ့''
ဟု အစ်ကို က ပြန်ချော့လေသည်။
တင့်လွင်စကားဆုံး၍ အချိန်အတန်ကြာသည့်တိုင်အောင် အစ်ကို့ထံမှ စကားသံ ထွက်မလာဘဲ ငြိမ်နေသည်ကို တွေ့ ရသော အခါ တင့်လွင်မှာ သူ့စကားသည် လွန်သွားလေပြီလော မိမိအား မြှောက်စား ချက်ကို စကားကြီးစကားကျယ်သုံး၍ ချေပကာ စော်ကားမိလေပြီလော...သူတော် ကောင်းဟန်ဆောင်သူ ပညာရှိ ဟန်ဆောင်သူအချို့ကဲ့သို့ ကိုယ့်ကို ချီးမွမ်း လာသူအား နှိမ့်ချပြခြင်းအားဖြင့် လူလယ်လုပ်မိလေပြီလောဟု တွေးမိသေး သည်။ သို့ သော် ...အစ်ကိုက 'မင့်ဘဝ ငါသိပါတယ်ကွာ'' ဟူသော အဖြေ ကို နှုတ်ဖြင့် မဖြေဘဲ လက်ဖြင့် ဖြေသကဲ့သို့ တင့်လွင်၏ ကျောကို အစ်ကို့ လက်တစ်ဘက် ဖြင့် သပ်လာလေတော့မှ တင့်လွင်မှာ စိတ် သက်သာရာ ရခဲ့ လေသည်။
တင့်လွင်နှင့် အစ်ကိုသည် စကားမဆိုတော့ဘဲ ဇရပ်တစ်ဆောင်ပေါ် သို့ တက်ခဲ့ကြ၏ ။ ထိုမှ ဇရပ်ပြူတင်းတံခါးကို ဖွင့်ကာ မီးခလုပ်ကို ပိတ်ပစ် လိုက်လေ၏ ။ ဤကျောင်းမှာ ချမ်းသာကြွယ်ဝသူများ ၏ ကိုးကွယ်မှု ခံရသည့် ကျောင်း ဖြစ်သော ကြောင့် ရေမီးကအစ ဇရပ်ဂူကျောင်းပုထိုးစေတီ တို့ဖြင့် ပြည့်စုံကာ သာယာလှပေသည်။
တင့်လွင်သည် အေးမြကြည်လင်သော လရောင် အောက်၌ ငြိမ် သက်စွာ တည်လျက်ရှိသော ဇရပ်ဂူကျောင်းပုထိုးစေတီတို့ကို ကြည့်ကာ ရင်ထဲတွင် ကြည်နူး၍ လာ၏ ။ ထိုမှ မြောက်လေအသွေ့တွင် ဝှေ့ရမ်းသွား သဖြင့် ညိမ့်ညောင်းစွာ ထွက်ပေါ်လာသော စေတီငှက်မြက်နားမှ ဆည်း လည်းသံတို့ကလည်း သာယာလှပေသည်။
''ကြည်နူးစရာကောင်းလိုက်တာ အစ်ကိုရာ''
မိမိရင်ထဲမှ ခံစားရသမျှကို တစ်ယောက် တည်း မျိုသိပ်၍ မထား တတ်သည့် တင့်လွင်က စကားစပြန်လေသည်။
''အဲဒါပြောတာပေါ့ တင့်လွင်...စောစောက ကားပေါ်မှာ ကိုယ် ပြောခဲ့တာ မှတ်မိသေးလား...အရက်ဆိုင်ထဲမှာ ပဲ နေနေ၊ ကမ္မဋ္ဌာန်း ကျောင်းမှာ ပဲ နေနေ စိတ်သာ ပဓာနလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အမှန်က အရက်ဆိုင်ထဲမှာ လူ တစ်ယောက် ဟာ သူ့စိတ်ကို ဘယ်လိုပဲ ထိန်းပြီး ကြည် နူးမှု ရှာပေမယ့်...ဒီနေရာလို နေရာမျိုးက ရမယ့် ကြည်နူးမှု မျိုးကိုတော့ ရနိုင်မယ်မထင်ဘူး...''
တင့်လွင်က ဘာမျှမပြောဘဲ ပြုံးနေလိုက်လေသည်။
''ငါပြောတာ မှု တ်ဘူးလား...''
''ဟုတ်ပါတယ်...ဟုတ်ပါတယ်...''
ထိုမှ အစ်ကိုနှင့် တင့်လွင်တို့သည် တစ်ယောက်မျက်နှာ တစ် ယောက် ကြည့်ကာ ပြုံးလိုက်ပြီး နောက် လရောင် လင်းသည့်ဘက်ဆီသို့ ငေး ကြည့်နေကြလေသည်။
မကြာမီအတွင်းမှာ ပင်...
''လူလေးတို့ အဲဒီ ဇရပ်မှာ ပဲ အိပ်ြ ကတော့နော်...အိပ်ရာ စောင် ခြင်ထောင် အစုံရှိတယ်။ တွေ့ ကြတယ် မှု တ်လား''
ဟူသော မေမေကြီး၏ စကားသံကို ကြားရလေ သည်။
''ဟုတ်ကဲ့...တွေ့ ပါတယ် မေမေ...''
''အေး...အေး...စောစောလဲ အိပ်ကြ။ စကားတွေ သိပ်ပြောပြီး ညဥ့်နက်ထိအောင် နေမနေကြနဲ့...မနက်ကျ စောစောထကြရမှာ ...''
''ဟုတ်ကဲ့...မေမေ...အခုပဲ အိပ်တော့မှာ ပါ...''
''မောင်တင့်လွင်လဲ စောစောအိပ်နော်...''
''ဟုတ်ကဲ့...ကြီးကြီး...'' တင့်လွင်က ရင်ထဲတွင် နှစ် သိမ့်စွာ ဖြင့် ဖြေလိုက်လေသည်။
တင့်လွင်သည် အစ်ကို့မိခင်အား ကြီးကြီးဟုသာ ခေါ်နေရသော် လည်း အမှန်အားဖြင့် ခေါ်ချင်သည်မှာ ''မေမေ'' ဟူ၍ သာ ဖြစ်၏ ။ သို့ သော် သွေးသားကလည်း လုံးဝမတော် စပ် အစ်ကို့တွင် လည်း ညီမများ ရှိနေသော ကြောင့် နှုတ်မရဲလှသဖြင့် မခေါ်ဘဲ နေခဲ့ရလေသည်။
ဤသို့ လျှင် အစ်ကို၏ မိခင်ဖခင်တို့က အစ်ကို့အား ကြင်နာယုယစွာ ဆက်ဆံကြသည်ကို မြင်ရလေ တိုင်း တင့်လွင်သည် ရင်ထဲ၌ ပီတိ ဖြစ်ရာက ဆို့နင်၍ လာတတ်လေသည်။ အစ်ကို့ဘဝမှာ အကျိုးပေးကောင်းလေခြင်းဟု ဝမ်းသာစိတ်လည်း ပွားမိလေသည်။
''ကဲ...ဖိုးတင့်လွင်...အိပ်ကြစို့...တော် ကြာ မယ်တော်ကြီး တစ်ပတ်ပြန်လာလို့ အိပ်တာမတွေ့ ရင် ပွက်နေဦးမယ်''
အစ်ကိုနှင့် တင့်လွင်တို့သည် ပြူတင်းတံခါးများ ကို ပိတ်ကြ၏ ။ ထို့ နောက် အိပ်ရာသို့ အတူဝင်ခဲ့ကြလေသည်။ မကြာမီအတွင်းမှာ ပင် အစ်ကို အိပ်ပျော်သွားသော်လည်း တင့်လွင်ကား တော် တော် နှင့် အိပ်မပျော်နိုင်ခဲ့ ပေ။
(၂)
အစ်ကိုနှင့် တင့်လွင်တို့ စစ်ပြီးခေတ် အလွတ်ပညာသင်တက္ကသိုလ် ဝင်တန်းကျောင်းတစ်ခု၌ ဆုံတွေ့  ခင်မင်ကြစကပင် တင့်လွင်သည် အစ်ကို့ အား အရေး ပိုင်ဟောင်းတစ်ဦး၏ သားအ ဖြစ် သိခဲ့လေသည်။
အစ်ကို့ဖခင် အရေး ပိုင်ဟောင်းကြီးသည် အစိုးရအလုပ်ကို မလုပ် တော့ဘဲ ရန်ကုန်တွင် ကုန်သည်အ ဖြစ် စီးပွားရေး လုပ်ငန်းကြီး တစ်ခုကို အခြေ တည်ထားလေပြီ။ သို့ သော်...အစ်ကိုကမူ တင့်လွင်၏ မိဘနောက် ကြောင်းကို ထိုစဉ်က မသိခဲ့ပေ။
တင့်လွင်သည် ထိုစဉ်ကပင် ဂီတ အတီး အမှု တ် အက အဆို၌ အနည်းငယ် ခေါက်မိပြီး ဖြစ်နေသည်။ နိုင်ငံအရေး ၊ ကမ္ဘာ့အရေး လည်း ဆွေးနွေး၍ ရသည်။ ဘာသာရေး ကိုလည်း အတော် အတန် ရှင်းလင်းပြနိုင် သည်။ စာပေကိုလည်း ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ဖူးသူ ဖြစ်သည်။
ကြာတော့ သူ့ထက် အသက် သုံးနှစ် ကျော်ကျော်ကြီးသော အစ်ကိုက ပင်လျှင်...
''ဟ...ကိုယ့်လူ...ဒါတွေ ဘယ်တုန်းကများ လေ့လာထား ပါလိမ့်''
ဟု မေးယူရတော့သည်။
''ဒီလိုလေ အစ်ကိုရ...ကျွန်တော် က လေးနှစ် သားကတည်းက ဘုန်းကြီးကျောင်းမှာ စာသင်ရတာ ။ နောက် အတန်းကျောင်းပြောင်းရတော့ အတန်း တိုင်းမှာ အငယ်ဆုံးရယ်...အတန်းကျောင်းဆိုပေ မယ့် အင်္ဂလိပ် ကျောင်းလို့ မထင်နဲ့နော်...ဟိုတုန်းက အစိုးရ အထောက်အပံ့ခံကျောင်းလို့ ခေါ်တဲ့... ဗမာကျောင်းပါ။ စစ် ဖြစ်လို့ အထက်တန်းကျောင်းက ထွက်ပြီး အပြင်မှာ နေရတော့မှပဲ အဲဒီ လို ကျောင်းအပြင်က စာတွေ ၊ ဘာသာရပ်တွေ နဲ့ အင်္ဂလိပ်စာကို သင်ခဲ့ရတာ ...နောက်ပြီး ကျွန်တော့် အနေနဲ့ တစ် ယောက် ထဲ နေခဲ့ရတာ က များ လေ တော့...စာများများ ဖတ် ဖြစ်တာပေါ့။ ကျွန်တော် ဝါသနာပါရာကို စူးစူးစိုက်စိုက် လုပ်နိုင်တာပေါ့...''
''သြ...သြ...ဒါကြောင့် တော် တာကိုး...ကိုယ်တို့ ကျတော့ ခုနစ်နှစ် သားလောက်ကျမှ ကျောင်းနေရတာ က တစ်မျိုး၊ ဟိုနယ် ဒီနယ် ပြောင်းရလို့ အတန်းနာတာတစ်မျိုး၊ မိဘရဲ့ အဆောင်အယောင်နဲ့ အချွေအ ရံတွေ က ဝိုင်းမတာ နေခဲ့ရတာ က တစ်မျိုးနဲ့...ကိုယ်လုပ်ချင်ရာကို ဘာမှ စွတ်စွတ်ရွတ်ရွတ် မလုပ်နိုင်ခဲ့ပါဘူး။ လောကမှာ ကိုယ်စွဲလန်းရာ ဘာသာ ရပ်ကို လွတ်လွတ်ကျွတ်ကျွတ် လေ့လာလိုက်စားနိုင်ခွင့်ရှိမှ လူတော် ဖြစ်နိုင် တာ...''
ထိုအချိန်က တင့်လွင်သည် မည် သို့ မျှ ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ ပေ။ သည်လို...စာဖတ်များ ၍ လေ့လာနိုင်ခွင့်များ ၍ သူ့ရင်ထဲ၌ စွဲကပ် လာသည့် ဝေဒနာကိုကား အစ်ကို မသိခဲ့ချေ။
စာဖတ်များ ၍ ဗဟုသုတစုံ၍ အသိÓဏ်မြင့်မား၍ စွဲကပ်လာသော သူ့ဝေဒနာကာ ဖခင်ကို မုန်းတီး ခြင်းပင်။
လူမှန်း မသိမီကာလ ငယ်ရွယ်စဉ်ကမူ တင့်လွင် သည် သူ့ဖခင် ဦးအေးသက်အား လွန်စွာ ချစ်၏ ။ ဦးအေးသက်သည် ရုပ်လက္ခဏာအားဖြင့် လည်း တင့်တယ်ပြေပြစ်၏ ။ အဝတ်အထည်ကိုလည်း အဆင်ပြေအောင် ဝတ်ဆင်တတ်၏ ။ စကားအရာ၌ လည်း ကျွမ်းကျင်လိမ္မာ၏ ။ မြန်မာပြည်အ တွင်း ဒေသအတော် များများ ရောက်ခဲ့ဖူးကာ ဘာသာ စကား သုံးလေးမျိုးကို ရေရေမွန်မွန် ပြောတတ် သဖြင့် လည်း ကြည်ညိုမြတ်နိုးခဲ့၏ ။
ဦးအေးသက်သည် တင့်လွင် လူမှန်းသိစအရွယ်က ဝင်ငွေနည်းပါး လှသော လခစားတစ်ဦး ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ညည်းညူသံ မကြားရ။ အချိန်တန်လျှင် သားသမီးများ အတွက် လိုအပ်သော ပစ္စည်းများ ရှိနေပြီး ဖြစ်နေ၏ ။ အိမ်၌ ဆူပူရန် ဖြစ်သည်ဟူ၍ မရှိ။ ပကတိအေးဆေးစွာ နေသူ ဖြစ်၏ ။
ညစာစားပြီးစ ညဥ့်ဦးယံကာလ၌ လက်ဖက်ရည်ကြမ်းအိုးကို ချကာ လက်ဖက်၊ သို့ မဟုတ် ငါး ခြောက်၊ သို့ မဟုတ် ပဲလှော် စသည့်အမြည်းတို့ကို အခန့်သင့်သလို တည်ခင်းပြီး အိမ်နီးနားချင်းများ ကို ခေါ်ကာ ရှေးဟောင်း နှောင်း ဖြစ်များ ကို ပြောတတ်၏ ။ တစ်ခါတစ်ရံ လက်ရှိနိုင်ငံရေး ကို ဆွေးနွေး ၏ ။ တစ်ခါတစ်ရံ ကမ္ဘာ့စစ်ရေး စစ်ရာ များ ကို ဝေဖန်၏ ။ ဂီတသုခုမအနု ပညာရပ်များ ကို နှီးနှော၏ ။
တစ်နေ့သ၌ ခရီးသွားဧည့်သည် တစ်ယောက် သည် တင့်လွင်တို့ အိမ် ရှေ့၌ ရပ်ကာ ရေတစ်ခွက်တောင်း၍ သောက်၏ ။ တင့်လွင်၏ ဖခင် ဦးအေး သက်သည် ရေခပ်ပေးရင်း...'ဘယ်အရပ်က လာတာလဲ' ဟု မေးရာ... ခရီးသည်က သူ့အရပ်ကို ပြောပြ၏ ။
ထိုအခါ ဦးအေးသက်သည်...
'ဟို လွန်ခဲ့တဲ့ဆယ်နှစ် ကတော့ အဲဒီ အရပ်ကို ရောက်ဖူးပါတယ်။ အဲဒီ တုန်းက အရေး ပိုင်က ဦးဘယ်သူလေဗျာ ...နယ်ပိုင်ဝန်ထောက် ကတော့ ဦးဘယ်ဝါပဲ။ တိုက်ပိုင် ကတော့ ဦးအဝှာ ပေါ့။ အခု သူတို့ကော ရှိသေးရဲ့ လား...' စသည်ဖြင့် အစချီကာ ထိုမြို့ ရာဇဝင်ကိုခင်းရင်း ခရီးသည်နှင့် စကားလက်ဆုံကျလေရာ ခရီးသည်က သွားခွင့်တောင်းမှ သွားစေလေတော့သည်။
ဦးအေးသက်သည် ဤမျှ ဒေသန္တရီ ဘာသန္တရ ဗဟုသုတ ကြွယ်ဝရ ခြင်းမှာ ...တစ်ချိန်က ဇာတ် ဆရာအ ဖြစ် ဇာတ်ထောင်ခဲ့သော ကြောင့် သိရသော အခါ တင့်လွင်သည် လွန်စွာ ဝမ်းသာမိခဲ့လေသည်။
ဦးအေးသက်ကိုပင် ရုတ်တရက် မမေးရဲသဖြင့် သူ့မိခင် ဒေါ်နွယ်ကို မေးခဲ့မိလေသည်။ မိခင်က ရုတ်တရက် မဖြေဘဲ... ''နင့် ဘယ်သူပြောသလဲ...'' ဟု မေးလေသေးသည်။ ပြီးမှ ဟုတ်ကြောင်း ဖြေလေသည်။
''ဘယ်သူ့ဇာတ်တဲ့လဲ အမေ...''
''အလကားပါ အစုတ်ပလုပ်ဇာတ်ပါ။ တစ်ခါ တလေ နင့်အဖေ ဇာတ်နဲ့ လိုက်တဲ့အကြောင်းပြောတာ မကြားဖူးဘူးလား။ အဲဒီ ဇာတ်ပေါ့။
အဲဒီ ဇာတ် အလုပ်ကောင်းမိလို့လဲ...မင်းတို့ ခုလို နေရတာ ပေါ့...''
ထိုစဉ်က ဒေါ်နွယ် ဘာကို ဆိုလိုခဲ့သည်ကို တင့်လွင် မသိခဲ့ပေ။
သို့ သော် ဇာတ်နှင့် ပတ်သက်၍ မိခင်၌ မကျေနပ်မှု ရှိကြောင်းကိုကား ရိပ်မိခဲ့လေသည်။ တစ်နေ့သော အခါက မိခင်သည် ဧရာမ ထင်းရှူးသေတ္တာ ကြီးထဲမှ ပစ္စည်းများ ကို သေတ္တာကြီးနှင့် တကွ ရောင်းချခဲ့သည်ကိုလည်း သဘောပေါက်လာလေသည်။ ထိုနေ့ကမူ ထိုပစ္စည်းများ ကို ဇာတ်ထဲက ပစ္စည်း များ ဟု သဘောထားကာ မစပ်စုခဲ့ပေ။
တင့်လွင်သည် ငယ်စဉ်ကပင် ဆိုင်းသံကြားလျှင် နားထောင်ချင်၏ ။
ဇာတ်ကသည်ဆိုလျှင် ကြည့်ချင်၏ ။ တစ်ခါက အရပ်ထဲ၌ အလှူခံဆိုင်းဝိုင်း လှည့်သည်ကို ငေးကြည့်ရင်း အိမ်ပေါ်မှ ဆင်းရာ လှေကားမှ ချော်ကျ သည်၌ မျက်နှာတွင် သေရာပါ အမာရွတ် ထင်နေသည်အထိ ဒဏ်ရာရခဲ့၏ ။
ထိုမျှ ဝါသနာပါသော တင့်လွင်အား ဖခင် ဖြစ်သူသည် တစ်နေ့သ၌ သံပတ္တလားကလေး တစ်ခုကို ကိုယ်တိုင် ဖြတ်တောက်လှီးခုတ်ကာ ပြုလုပ်၍ ပေးလေသည်။ ဦးအေးသက်မှာ ဇာတ်မထောင်မီက ပန်းတိမ်ဆရာတစ်ဦး ဖြစ်ခဲ့ပေရာ လက်ရာလည်း မြောက်ပေသည်။
တင့်လွင်သည် ပထမတွင် ပတ္တလားငယ်ကို ကစားစရာအ ဖြစ် တီး ၏ ။ ထိုမှ...ဂီတသံ ဝင်လာအောင် တီးတတ်လာသော အခါ ဒေါ်နွယ်သည် သားလက်မှ ပတ္တလားကို ယူကာ ကြပ်ခိုးစပ်ပေါ်သို့ ပစ်တင်လိုက်လေသည်။
မည် မျှပင်ငိုယို၍ တောင်းသော်လည်း မပေးတော့ ချေ။
ဝါသနာကြီးလှသည့် တင့်လွင်က တစ်ခါတစ်ရံ သူငယ်ချင်းများ ထံ မှ မယ်ဒလင်ကို ငှားလာလျှင် ပင် သုံးရက်အတွင်း ပြန်ပို့စေလေသည်။
''ဒါတွေ ကြောင့် နင်တို့ ဒီလိုနေရတာ သိရဲ့ လား။ အရွယ်ကောင်း တုန်းကသာ နင်တို့အဖေ ဒါတွေ နဲ့ အချိန်မကုန်ခဲ့ရင် အခု နင်တို့ ဒီလို မနေရဘူးဟဲ့ သိရဲ့ လား။ ဘာလဲ စာကို ဖိပြီးကြိုးစားတာ မှု တ်ဘူး။ စာကြိုး စားမှ နင့်ဦးလေးခန့်တို့ ဦးလေးသန့်တို့ ဦးလေးမြင့်တို့လို နေရမှာ သိရဲ့ လား'' ဒေါ်နွယ်က ဤသို့ ဆိုသော အခါ၌ လည်း တင့်လွင်သည် သူ့မိခင် ဘာကိုဆိုလိုမှန်း မသိခဲ့ပေ။
စားချိန်တန် စားရသည်။ ဝတ်ချိန်တန် ဝတ်ရသည်။ လည်ချိန်တန် လည်ရသည်။ ကစားချိန်တန် ကစားရသည်။ ကျောင်းသွားချိန်တန် သွားရ သည်။ ထို့ထက် ဘာများ မကျေချမ်းစရာ ရှိပါသေး သနည်း။
တဖြည်းဖြည်းဖြင့် တင့်လွင် တစ်ယောက် မိခင်၏ သြဝါဒအတိုင်း စာများ စွာ ဖတ်၍ အသိအမြင်တွေ တိုးလာသည်တွင် မှ မကျေမချမ်းစရာ တွေ တွေ့ လာလေသည်။ လူသည် အသိအမြင် ကျယ်ဝန်း လာသော အခါ၌ မိမိ၏ ဘဝအခြေအနေချို့တဲ့မှု ကို မြင်လာလေသည်။ မိမိ၏ ဘဝအခြေအ နေထက် မြင့်မားသော အခြေအနေကို တောင့်တလာလေ သည်။
စားချိန်တန်၍ အစာ စားရစေကာမူ ယခုထက်ပို၍ ကောင်းသော အစာကို စားလိုလာသည်။ ကိုယ်ခန္ဓာ လုံခြုံမှု အတွက် ဝတ်ရသည့်အဝတ် ချင်းတူစေကာမူ အဝတ်ကောင်းကို တောင့်တလာသည်။
ထိုအခါ ပင်ပန်းဆင်းရဲ၍ လာလေသည်။ ဘာကြောင့် ဤမျှ ပင်ပန်း ဆင်းရဲရပါသနည်းဟု အဖြေရှာသော အခါ တရားခံမှာ မိသားစုအပေါ်တွင် တာဝန်ရှိသည့် ဖခင်ဟု မြင်လာလေတော့သည်။ ထိုအခါ...မိခင်၏ သြ ဝါဒသည် မှန်လေစွဟု သဘောပေါက်လာကာ ဖခင်အား မုန်းတီးစိတ် ဝင်လာလေတော့သည်။
ဤတွင် ဖခင်၏ အနေအထိုင် ဝါသနာရည်ရွယ် ချက် စသည်တို့ကို လုံးဝမလိုက်နာတော့ဘဲ မိခင်၏ သြဝါဒ မိခင်၏ မောင်များ ၏ အနေအထိုင် ကို သဘောကျလာလေသည်။
''နင့်အဖေနဲ့ ငါနဲ့ ယူတော့ ငါ့ဘက်က ဆွေမျိုးတွေ က နင့်အဖေကို မသာမင်းသား...အိုးစည်မင်းသား...စောင်းသမားဇာတ်ပျက်ဆိုပြီး ငါနဲ့ သဘောမတူကြဘူး...ဒါပေမဲ့ သူက ပန်းတိမ်ဆရာလဲ လုပ်နေတာလဲ တစ်ကြောင်း ငါ့အနေနဲ့ တစ်မျက်နှာက တစ်မျက်နှာ မပြောင်းချင်တာက တစ်ကြောင်း ကြောင့် နင့်အဖေကို ဇွတ်ယူခဲ့တယ်။ ပထမတော့ ပန်းတိမ်လုပ် နေတာ အဟန်သား။ နောက် ဇာတ်တွေ ထောင် ဘာတွေ ထောင်လဲ ဖြစ်လာ တော့ပဲ။ အဲ ဇာတ်လဲပျက်ရော မင်းအဖေလဲ ပြာပုံဆိုက်ရောပဲ...'' တင့်လွင်သည် ဖခင်အား ပျက်စီးရာ ပျက်စီး ကြောင်း တစ်ခုအနေ ဖြင့် ယူဆကာ သူ့ဦးလေး များ ကဲ့သို့ နေထိုင်နိုင်ရန် စာကိုသာ ကြိုးစားခဲ့လေ သည်။ ဆေးလိပ်မသောက်၊ ကွမ်းမစား အရက်ကို အနံ့မျှမခံ။ လက်ဖက် ရည်ဆိုင်တွင် ဘယ်တော့မှ မတွေ့ ရသော ပွဲစားကြီး ဦးလေးခန့်ကို အားကျ လေသည်။ နံနက်စောစော လမ်းလျှောက်၊ နံနက်စာစား၊ ဆယ်နာရီထိုး ရုံးတက်၊ ညနေလေးနာရီထိုး ရုံးမှ ပြန်လာကာ ရေမိုးချိုးပြီး သားသမီး ဇနီး တို့နှင့် လမ်းလျှောက်ထွက်၊ ညဦးတွင် စာဖတ်၍ အိပ်ခါနီး နို့နှင့် ကြက်ဥ ကို သောက်တတ်သော ရုံးစာရေး ကြီး ဦးမြင့်ကဲ့သို့ နေချင်လာသည်။ သက္က လပ်ဦးထုတ်မဆောင်း၊ ပန်းပရှူးမစီး၊ လုံချည်ကို ခါးပတ်ပတ်၍ ဝတ်ကာ တိုက်ပုံအင်္ကျီကို မချွတ်ဘဲ လမ်းထွက်လျှင် စီးကရက်မသောက်။ အိမ်တွင် ပင်လျှင် ထမင်းစားပြီးစများ ၌ သာ စီးကရက်တစ်လိပ်သောက်တတ်သော ကျောင်းအုပ်ကြီး ဦးလေးသန့်၏ ဘဝကိုလည်း မြတ်နိုးလာလေသည်။
တင့်လွင်အဖို့ မိခင်အား အခြားကြည်ညိုမိသော အချက်မှာ မိခင်၏ မာနပင် ဖြစ်လေသည်။
မိခင်သည် သူ့မောင်ဖွားများ ကောင်းစားနေကာ သူ့အိမ်သားများ ချို့ငဲ့သော်လည်း သူ့အနေဖြင့် လည်း ¤င်းတို့ထံ အကူအညီမတောင်းခဲ့။ သား သမီးများ ကိုလည်း မတောင်းခံစေခဲ့ပေ။
ဤသို့ နှင့် မိခင်၏ အဆက်အသွယ်ဘက်မှ မာန၊ သိက္ခာ အိနြေ္ဒနှင့် စင်ကြယ်သားနားစွာ နေထိုင်မှု တို့ကို လေးစားအားကျလာလေလေ ဖခင် ဘက်မှ အလိုက်အထိုက်နေမှု ၊ အပေါင်းအသင်းကို ခင်တွယ်မှု ပျော်သလို သာနေမှု စသည့် ပေါက်လွှတ်ပဲစား အနေအထိုင်များ ကို စက်ဆုတ်လာလေ သည်။
ထိုအခါမှစ၍ အတန်းတိုင်း၌ ဗိုလ်စွဲခဲ့လေသည်။ ဗိုလ်စွဲလောက် အောင်လဲ နေ့ကျောင်းညကျောင်း ဆက်ကာ လေ့လာခဲ့လေသည်။ အိမ်နီးနား ချင်း အင်္ဂလိပ်စာတတ် စာရေး ကြီးတစ်ဦးထံ၌ လည်း အင်္ဂလိပ်စာကို သင်ယူ ခဲ့လေသည်။
သို့ သော်...ဒုတိယကမ္ဘာစစ်သည် တင့်လွင်၏ ရည်မှန်းချက်ကြီးကို ဖျက်ဆီးပစ်လိုက်လေတော့သည်။
စစ်အတွင်း၌ ဂုဏ်ရှိဂုဏ်မဲ့ ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ် မရွေး စစ်၏ ဒဏ်ကို ပင်ပန်းကြီးစွာ ခံကြရာတွင် တင့်လွင်ကဲ့သို့ ရည်မှန်း ချက်ကြီးသူမှာ ပို၍ ထိခိုက်ခဲ့လေသည်။
တင့်လွင်သည် ကြုံလာသော လောကဓံကို စိတ်ဓာတ်ဖြင့် တွန်းလှန် လေသေးသည်။ အပျက်တရားများ ထဲမှ အကောင်းကို ရှာခဲ့သေးသည်။
နောက်ဆုံး၌ ခန္ဓာကိုယ် ပင်ပန်းခြင်း စိတ်နှလုံး နွမ်းနယ်ခြင်းတို့ကိုသာ ခံစား ရလေသည်။ ဤ တွင် ဂီတစာပေတို့ဖြင့် သူ၏ ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်း ခြင်းတို့ကို သက်သာရာ ရစေခဲ့လေ သည်။
ထိုအကြောင်းများ ကို တင့်လွင်သည် တက္ကသိုလ်စာမေးပွဲ အောင် သည့်အခါတွင် မှ အစ်ကိုအား ပြောပြမိလေသည်။
''မင်းဟာကလဲ မင်းအဖေကို မုန်းတယ်သာဆိုတယ် သူ့လိုပဲ ဂီတမှာ အစအနရှိနေပါကလား...''
''အလကားပါဗျာ...စစ်အတွင်း အာရှလူငယ်အသင်းမှာ Óဏ ဗလမှူးလုပ်ရာက ဂီတဆရာ တစ်ယောက် နဲ့ ပေါင်းမိပြီး တတ်လာတာပါ..''
''ဒါထက်...အခု မင်းရှေ့ရေး က ဘယ်လိုလဲ။ ကောလိပ်ဆက် မနေဘူးလား...''
''အဲဒါပြောတာပေါ့ အစ်ကို...အိမ်ရဲ့ စီးပွားရေး အခြေအနေက ကောင်းတာမှ မဟုတ်ဘဲ။ ဒါကို သိရက်သားနဲ့ ကျွန်တော် တစ်ကိုယ်ကောင်း ကံပြီး ကောလိပ်မှာ ဆက်မနေချင်ဘူး။ ကျွန်တော့် မှာ ညီတွေ ညီမတွေ ရှိနေသေးတယ်။ ဒါတွေ ဟာ စင်စစ်တွေးကြည့်တော့ ဖေဖေရဲ့ ညံ့ဖျင်းမှု တွေ ကြောင့်ပေါ့ဗျာ...''
''ဒီလိုလဲ ဘယ်ဟုတ်မလဲ တင့်လွင်...လောကမှာ ဘယ်သူမဆို ကြီးပွားချမ်းသာချင်ကြမှာ ပဲပေါ့... ဒါပေမဲ့ အကြောင်းမညီညွတ်မှု တွေ ကြောင့် ကြံရွယ်တဲ့အတိုင်း မမြောက်ဘဲ...ဆင်းရဲရတာ နေမှာ ပေါ့ကွာ'' အစ်ကိုသည် တင့်လွင်အား သူကျက်ထားသော စာတစ်ပိုဒ်စ နှစ် ပိုဒ်စကိုပင် ရွတ်ပြခဲ့သေးသည်။
ချမ်းသာတစ်ခု မက်မောမှု ကြောင့် ပုပုရွရွ ကြိုးပန်း ကြလည်း ဒုက္ခ ပင်လယ် ကျယ်ထက်ကျယ်သည်။ ရွယ်တိုင်းမရောက်နိုင်ကြပါတကား... ချမ်းသာ လိမ့်နိုး၊ ထင်အားကိုးဖြင့် ၊ အကျိုးငံ့မျှော်၊ ကြံပါ သော်လည်း၊ သွေချော်တိမ်းပါး၊ ထင်ချက်မှားသည်။ တင်စားကျိုးမနပ်နိုင်ကြပါတကား...။
အစ်ကိုက မည် မျှပင် ကျမ်းကိုးတွေ ပြစေကာမူ မကျေနပ်နိုင်သော တင့်လွင်က... ''ဒါ ကတော့ လူမတန် ကံချပေါ့...'' ဟု အောက်ကလိအာအသံ ဖြင့် ပြောခဲ့လေသည်။
ဤတွင် တင့်လွင်အား ပြဿနာကောင်တစ်ကောင်အ ဖြစ် မြင်လာ သော အစ်ကိုက စိတ်တိုလာဟန် ဖြင့် ... ''ကဲ...ဒါဖြင့် တင့်လွင်...မင်းကို ငါတစ်ခုမေးမယ်...'' ဟု အသံမာစွာ ထား၍ မေးခဲ့လေသည်။
''မေးလေဗျာ...မေးပါ...''
''မင်း...မိဘမေတ္တာကို ယုံသလား...''
''ယုံပါတယ်...ဒါပေမဲ့...''
''ဒါပေမဲ့တွေ ဘာတွေ လုပ်မနေပါနဲ့...မင်းမိဘရဲ့ မေတ္တာကို ယုံကြည်စိတ်ရှိသေးတယ်ဆိုရင် တော် ပြီ...မျှော်လင့်ချက်အများ ကြီး ရှိ သေးတယ်...''
''ဟာဗျာ...အစ်ကို့စကားကလဲ ဘာလိုလိုနဲ့...''
''အေးလေ...မင်းဟာ မင်းအဖေကို မုန်းပေမယ့် အဖေက မင်းကို ချစ်မှန်းသိနေရင် တော် ပြီပေါ့...''
''ကျွန်တော် အဖေ့ကို မုန်းတယ်ဆိုတာလား...အဖေရဲ့ အနေအ ထိုင် အကျင့်အကြံ အိုဗျာ..အင်္ဂလိပ်လို ပြောရရင် 'သဝေးအော့လိုက်(ဖ)' ပေါ့ဗျာ...ဒါကို မကြိုက်ဘူး ပြောတာပါ။ အဖေ တစ်ယောက် အနေနဲ့က တော့ ကျွန်တော် ချစ်တာပေါ့ဗျာ...ဒီမှာ အစ်ကို ကျွန်တော် ဟာ အဖေနဲ့ ပတ်သက်ပြီး သိပ်ဂုဏ်ယူ ချင်တဲ့အကောင်ပါဗျာ...''
''မင်းပြောတဲ့ သဝေးအော့လိုက်(ဖ)ဆိုတာကလဲ ခက်သားပဲ တင့် လွင်...တို့ဖေဖေဟာ စစ်ပြီးခေတ်မှာ အစိုးရအမှု ထမ်းဘဝ ပြန်မဝင်တော့ ဘဲ ကုန်သည်လိုင်းလိုက်တော့မယ်ဆိုတော့ အပြစ်တင်တဲ့သူတွေ ၊ မကျေချမ်း တဲ့သူတွေ အများ ကြီးပေါ့...မေမေကိုယ်တိုင် သဘောမကျခဲ့ဘူး။ ဟော.. အခု ကုသိုလ်ကံထောက်မလို့ အကျိုးပေးတော့ အားလုံးက ကျေနပ်နေကြ တာပဲပေါ့...ဖေဖေသာ ကုန်သည်လိုင်းမှာ မအောင်မြင်ခဲ့ရင် ငါတောင်မှ မင်းလိုပဲ မကျေချမ်းတဲ့ သားမျိုး ဖြစ်ချင် ဖြစ်နေမှာ ...''
တင့်လွင်ကား ဘာမျှမပြောသာခဲ့။ အတန်ကြာ ငြိမ်နေပြီးမှ...
''လူ တစ်ယောက် ဆင်းရဲတာ ချမ်းသာတာတို့ ဂုဏ်မြင့်တာ နိမ့်တာ တို့ဟာ ဘာမှမဟုတ်မှန်း ကျွန်တော် ဖတ်နေတဲ့စာအုပ်တွေ နဲ့ စစ်ကြီးက သင်ပေးလို့ သဘောပေါက်ပါတယ်...ကျွန်တော့်အဖေလဲ ဂျပန်ခေတ်အ တွင်းတုန်း ကတော့ သူ့အပေါင်းအသင်း အဝိုင်းအဝန်း တပည့်တပန်းတွေ ရဲ့ ကူညီမှု ၊ သူ့ပေါင်းသင်းဆက်ဆံမှု နဲ့တကွ၊ သူ့ရဲ့ အရည် အချင်းကြောင့် ငွေရေး ကြေးရေး မှာ ရော၊ နိုင်ငံရေး မှာ ရော ထင်ပေါ်ခဲ့ပါတယ်...ချမ်းလဲချမ်းသာခဲ့ ပါတယ်။ အရှိန်အဝါလဲ ရှိခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ ဂျပန်ငွေစက္ကူတန်ဖိုး မရှိတော့လို့သာ မချမ်းသာတော့ပေမယ့် နိုင်ငံရေး မှာ တော့ တွင် ကျယ်နေ တုန်းပါပဲ... ကျွန်တော် သာ နိုင်ငံရေး မှာ စိတ်ကုန်နေလို့...''
''ဟ...ဒီလိုပဲပေါ့ကွ...လူဆိုတာ ဆင်းရဲတစ်ခါ ချမ်းသာတစ် လှည့် လောကဓံတရားအတိုင်းပဲပေါ့...''
''အေးဗျာ...ဘာမှန်းရယ်လို့တော့ အဖြေရှာမရတော့ ပါဘူးဗျာ.. ငယ်ငယ်တုန်းကလောက်တော့ မုန်းတီးစိတ် မပြင်းထန်ပေမယ့် လုံးဝကြည် ညိုမြတ်နိုးတဲ့အပိုင်းတော့ မရောက်သေးပါဘူးဗျာ..ငယ်စွဲပဲ ထင်ပါရဲ့ ...'' တင့်လွင်၏ လေသံမှာ ပျော့၍ လာလေသည်။
''ငါ့အထင်တော့ ဒီအစွဲလဲ ကြာရင် ပြေမှာ ပါကွာ။ ကဲ...ဒါတွေ ထားပါတော့...ကောလိပ် ဆက်တက်ဖို့ကိစ္စ ဘယ်လိုစိတ်ကူးထားသလဲ''
''ကျွန်တော် ပြောခဲ့ပြီကောအစ်ကို...စီးပွားရေး အခြေအနေအရ မ ဖြစ်နိုင်ပါဘူးလို့...''
အစ်ကိုသည် ခေတ္တမျှ တွေ ဝေနေပြီးနောက်...
''ဒီမှာ ဖိုးတင့်လွင်...မင်းကို ညီအစ်ကိုလို ခင်တဲ့စိတ်နဲ့ ပြောပါရ စေ...မင်း စိတ်မရှိနဲ့နော်...မင်း ကျောင်းစရိတ်အတွက် ကိုယ်ပေးမယ် ကွာ...ဆက်နေမလား...''
ဟု ညင်သာသော လေသံဖြင့် မေးလေတော့ သည်။ အစ်ကို၏ စကားသံက ညင်သာသည်မှန်သော်လည်း တင့်လွင်မှာ မူ ငယ်ထိပ်အပုတ်ခံရသူကဲ့သို့ ... ''ဗျာ...'' ကနဲ အော်မိလေသည်။
''ဒီလိုကွာ...မင်းမပြောပေမယ့် မင့်အခြေအနေကို ကိုယ်ရိပ်မိခဲ့ပါ တယ်...မင်းတော် တာတတ်တာတွေ ကိုလဲ ကိုယ်သိတယ်။ ကိုယ်သာမက ကိုယ့်အိမ်သားတွေ ကပါ သိတယ်။ မက်ထရစ်အောင်စာရင်းမှာ မင်းနာမည် ပါလာတော့ ကိုယ်က အဖိုးကြီးအဖွားကြီးတွေ ကို ပြောမိတယ်...''
''ဘာတွေ များ ပါလိမ့် အစ်ကို...''
''မင်းအနေနဲ့ ကျောင်းဆက်မနေနိုင်ရင် ဖေဖေတို့ ထားပေးစေချင် တယ်လို့ ပြောခဲ့ဖူးတယ်...ဖေဖေရော မေမေရော ထားပေးမယ်လို့ ပြော တယ်။ မင်း ဟာ တစ်နေ့ကျ ထူးချွန်မယ့်သူလို့ ယုံကြည်ကြ တယ်''
''ဟုတ်ကဲ့...ကျေးဇူးအများ ကြီးတင်ပါတယ် အစ်ကို...ဘဘကြီး နဲ့ ကြီးကြီးကိုလဲ ကျွန်တော် မနောကံ နဲ့ ကန်တော့လိုက်ပါတယ်...ဒါပေမဲ့ ဒါကိုတော့ လက်မခံပါရစေနဲ့ဗျာ''
ထိုအခါကလည်း အစ်ကိုသည် နှုတ်ခမ်းနှစ် ခုကို စေ့ကာ ပြုံးရင်းက ခေါင်းတဆတ်ဆတ်ညိတ်၍ သာ နေလေသည်။
''အစ်ကိုတို့စေတနာကို စော်ကားတယ်လို့တော့ မထင်ပါနဲ့နော်... ကျွန်တော့် ဘဝမှာ ဒီလိုစကားမျိုး ဒီတစ်ခါပဲ ကြားရဖူးပါသေးတယ်...''
တင့်လွင်သည် ပြောရင်းပြောရင်း ရင်ထဲ၌ နင့်လာသဖြင့် ဆက်မ ပြောတော့ချေ။ သို့ ရာတွင် ရင်ထဲ၌ ကား... ကျွန်တော် ဟာ ငယ်ငယ်ကတည်းက ကိုယ့်ဘဝလမ်းခရီးကို ကိုယ် တိုင် ခုတ်ထွင်ပြီးလာခဲ့ရတဲ့သူပါ။ မိဘအစုံအလင်နဲ့ နေခဲ့ရပေမယ့် ကိုယ့်ဝါ သနာနဲ့ ရည်မှန်းချက် အောင်မြင်ရေး အတွက် စာပေနဲ့ ကျောင်းသင်ပညာကို လိုက်စားခဲ့ရာမှာ ကိုယ့်အားနဲ့ ကိုယ် ဖန်တီးခဲ့ပါတယ်။ စာအုပ်၊ မဂ္ဂဇင်းဝယ် ဖို့ စာအုပ်ဖိုးရအောင် ညကျောင်း အတွက်၊ လခရအောင် ကိုယ့်ဖာသာကိုယ် ရှာကြံခဲ့ရပါတယ်။ ကျောက်ပုံလောင်းခဲ့ရပါတယ်။ အကွက်ရိုက်ခဲ့ရပါတယ်။ ဗုံးခိုကျင်း တူးခဲ့ရပါတယ်။ တောရှင်းခဲ့ရပါတယ်။ သတင်းစာ ရောင်းခဲ့ဖူးပါ တယ်။ စကားပြန် လုပ်ခဲ့ရပါတယ်။ ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ ကြေးနန်း စာရေး လုပ်ခဲ့ပါတယ်...''
စသည့်စကားလုံးတို့မှာ စုရုံးပြည့်ကြပ်၍ နေ လေသည်။
သို့ သော် ဤစကားမျိုးသည် မိမိဘဝ၏ ရုန်းကန်မှု ကို သိစေလိုသည့် သဘောထက်၊ တစ်ဘက်သား၏ ကရုဏာကို တောင်းခံရာ ရောက်စေတတ် သည်က တစ်ကြောင်း၊ တင့်လွင်၏ ဘဝ အပိုင်း အစ အတော် များများ ကို အစ်ကို သိပြီးသား ဖြစ်သည်ကတစ်ကြောင်း။ မာနကြီးလွန်းသည်ဟု အထင် ခံရမည် စိုးမိသည်ကတစ်ကြောင်းကြောင့် တင့်လွင်သည် အစ်ကို့အား ဆက် ၍ မပြောခဲ့ပေ။
အစ်ကိုကသာ...
''ဒါဖြင့် ရင်လဲ ဆရာ ဖြစ်သင် ဆက်လိုက်ပါလားကွ။ နှစ် လဲ သိပ်မ ကြာဘူး မှု တ်လား...'' ဟု ဆက် ပြန်လေသည်။
တင့်လွင် ငြင်းရခြင်းသည် တက္ကသိုလ်၌ ဒီဂရီရရန် နှစ် ကာလကြာ သော ကြောင့် လည်း ဖြစ်မည် ဟု ယူဆပုံရလေသည်။
''ဟင်...ဖိုးတင့်လွင်...မင်းငယ်ငယ်က ကျောင်းဆရာလုပ်ဖို့ ရည်ရွယ်ခဲ့တယ်ဆို။ လုပ်လဲ လုပ်ဖူးတယ်ဆို။ သူများ ထောက်ပံ့တာ မလိုချင် လဲ အစိုးရဆီ ထောက်ပံ့ကြေးလျှောက်ပေါ့''
''တော် ပါပြီ အစ်ကိုရာ...သံသရာရှည်လှပါတယ်။ ငွေကြေးအား ဖြင့် လဲ မရှိမရှား၊ ဂုဏ်ဒြပ်အားဖြင့် လဲ မမြင့်လှ မနိမ့်လှတဲ့ ကျောင်းဆရာ ဘဝမှာ ကျွန်တော် နေချင်ပါတယ်။ ဒါပေမဲ့...''
''လာပြန်ပြီ...ဒါပေမဲ့...မင်းဟာကလဲ ဗမာရုပ်ရှင်ဇာတ်ကား တွေ က ဒိုင်ယာလော့တွေ ကျနေတာပဲ။ တစ်ခါလာလဲ ဒါပေမဲ့...တစ်ခါ လာလဲ ဒါပေမဲ့...ဒီစကားချည်းပဲ...''
ဤတွင် တင့်လွင်မှာ စကားရှိန် ပျက်သွားကာ ရယ်နေမိပြီးမှ စပ်ဖြီး ဖြီးဖြင့် ပင်...
''အခု အစ်ကို့ညီ ကျောင်းပိတ်ရက်မှာ ဘာတွေ လုပ်နေတယ် ထင် သလဲ...သိလား'' ဟု မေးလေသည်။
''ဘယ်သိပါ့မလဲကွ။ မင်းလုပ်နေတာကို''
''ကျွန်တော် ဝတ္ထုရေး ထားတယ်'' ''သြ...သြ...မင်းက ကောလိပ် ဆက်မနေတော့ဘူး... ကျောင်းဆရာလဲ မလုပ်တော့ဘူး။ စာရေး ဆရာပဲ လုပ်တော့မယ် ဆိုပါတော့''
''စာရေး ဆရာ လုပ်မယ်ဆိုတဲ့ စိတ်နဲ့တော့ မဟုတ် ပါဘူး။ ည ည အိပ်မပျော်တာလဲတစ်ကြောင်း ဝတ္ထုရှည် သိပ်ရေး ချင်လို့ကလဲ တစ်ကြောင်း ပါ...''
''တော် ..တော် တော့ ဂနာမငြိမ်တဲ့အကောင်ပဲ...''
''ဟာ...အစ်ကိုကလဲ ဂနာမငြိမ်လို့ပဲ ဝတ္ထု တစ်ပုဒ်တောင် ရေး ဖြစ်သွားပြီ...''
''ဘယ်မှာ လဲ အဲဒီ ဝတ္ထု...ဖတ်ကြည့်ပါရစေဦး...''
''စာအုပ် ဖြစ်မှပဲ ဖတ်ပါတော့ဗျာ...ကျွန်တော် ပေးပါ့မယ်...''
''ပိုင်လှချီလားကွ...မင့်စာအုပ်ကို ထုတ်ပေးမယ့်သူ များ ရှိသေးသလား...''
''ရှိတာပေါ့ဗျ...ရှိလို့ပဲ သတင်းစာထဲက ကြေငြာ ထားပါရောလား''
''ဘာများ ပါလိမ့်...ကလောင်နာမည် က ဘာတဲ့လဲ...''
''ဝေလွင်လေ...''
''သြ...ဒါလား-အေး...ဝေလွင်ရဲ့ ပွဲဦးထွက် လက်ရာ 'မတုန့် ပြန်သော မေတ္တာ' လို့တော့ ကြော်ငြာထားတာပဲ။ ဝေလွင်ဆိုတော့ ဝေနဲ့လွင်နဲ့ ပေါင်းထားတာပေါ့...ဒီလိုဆိုရင် ဝေလေးအတွက် အသည်းကွဲရတဲ့ ဇာတ် လမ်းများ လား...''
''အိုး...စာအုပ်ထွက်တော့မှ ဖတ်ကြည့်ပါလို့ဆိုနေမှပဲ''
''ရှိပါစေတော့လေ...တင့်လွင်တို့များ ကြိတ်ကြံတတ်တဲ့ဘဝ။ ရေး တုန်းကလဲ မသိရဘူး။ ပတ်ဗလစ်ရှာဆီ သွားပို့တာလဲ မသိရဘူး။ စာအုပ် ဖြစ်မှပဲ ဖတ်ရမတဲ့။ ကောင်းရောပေါ့ကွာ...''
''ကျောင်းဖွင့်စ မိုးတွင်းကတည်းက ရေး နေတာပါ။ ကျောင်းပိတ်ရက် ကျမှ အချောသိပ်ပြီး စာအုပ်တိုက် ပို့တာပါ။ ဒါတောင် အယ်ဒီတာဆီ ပို့ခါနီး အချောရေး ။ တစ်ခါ အယ်ဒီတာ ပြန်ပြင်ခိုင်းလို့ ပြင်ပေး။ စက်ရိုက် ခါနီး ပြင်ရတာ နဲ့ အလုပ်ကို ရှုပ်သွားတာပဲဗျာ။ အစ်ကိုသာ စောစောကသိရင် စာမေးပွဲကျတော့မှာ ပဲဆိုပြီး ဆူမှာ စိုးလို့ မပြောတာပါ...''
''အခုလို မင်းစာမေးပွဲအောင် မင်းဝါသနာပါတဲ့ အလုပ်တစ်ခုလဲ အကောင်အထည်ပေါ်လာတယ် ဆိုတော့ ငါ မင်းအစား ဂုဏ်လဲယူပါတယ်။ ဝမ်းလဲဝမ်းသာပါတယ်။ ကဲ...အခုနက အစ်ကိုပြောတဲ့ ကျောင်းဆက်နေ ရေး ကိစ္စလဲ ခေါင်းအေးအေးထား ပြီး စဉ်းစားပါဦးကွာ...''
ထိုနောက်တွင် ကား တင့်လွင်နှင့် အစ်ကိုသည် ညောင်ညိုပင်စခမ်း မှ လမ်းခွဲခဲ့ကြလေတော့သည်။
အစ်ကိုသည် တက္ကသိုလ်သို့ ဆက်၍ တက်ကာ တက္ကသိုလ်ပညာများ ကို ဆည်းပူးနေချိန်၌ တင့်လွင်မှာ ပုံနှိပ်တိုက်များ စာအုပ်ဖြန့်ချိရေး ဌာနများ ၌ စာပုံနှိပ်လုပ်ငန်း စာအုပ်ဖြန့်ချိရေး လုပ်ငန်းများ ကို လေ့လာဆည်းပူး၍ လည်းကောင်း၊ ဝတ္ထုအတိုအထွာများ ရေး စမ်းရင်း ဝတ္ထုပညာကို ဆည်းပူး၍ လည်းကောင်း သတင်းအတိုအထွာများ ရေး ပို့ရင်း ဆောင်းပါးများ ရေး စမ်းရင်းဖြင့် သတင်းစာပညာကို လေ့လာဆည်းပူး၍ နေခဲ့လေသည်။
တင့်လွင် တက္ကသိုလ်ဝင်တန်းအောင်သည့် နှစ် က ထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုမှာ ဝတ္ထုမည် ကာ မတ္တမျှသာ ဖြစ်ပြီး မစွန်လှပေ။ သို့ ရာတွင် ထိုဝတ္ထုမှာ အပျော်တမ်းသဘောမျိုးဖြင့် စိတ်ထဲက အောင့်မရ၍ ရေး လိုက် သည့်ဝတ္ထု ဖြစ်၍ မစွန်စေ ကာမူ မထောင်းတာလှသော်လည်း မိမိကိုယ်ကို စာနယ်ဇင်းလောက၌ ကျင်လည်တော့မည် ဟု ဆုံးဖြတ်လာသည့်အခါ၌ ကား တင့်လွင်မှာ အဘက်ဘက်မှ လေ့လာရလေတော့သည်။
သည်ကြားထဲက ဂျပန်ခေတ်ကတည်းက ခင်မင်ခဲ့ဖူးသော ဂီတဆရာ သုခုမတင်ရှိန်ထံသို့ လည်း မကြာမကြာ ရောက်သွားကာ မရသေးသော သီ ချင်းကြီးများ ကို အဆိုအ ဖြစ်လည်းကောင်း တယောဖြင့် လည်းကောင်း သင်မိ သေးသည်။ အငြိမ့်ခုံကြား ပြဇာတ်ရုံ တီးဝိုင်းများ သို့ လည်း ဝင်မိသေးသည်။
သို့ ဖြင့် အစ်ကို ဘီအေနောက်ဆုံးနှစ် ရောက်သည့်အချိန်၌ တင့်လွင် မှာ မဂ္ဂဇင်း ဂျာနယ်အချို့၌ ဝတ္ထုတိုကလေး ဆောင်းပါးတိုကလေး ရေး နိုင် လောက်သည့် စာရေး ဆရာပေါက်စအ ဖြစ် နာမည် ရလာကာ နေရေး ဝတ် ရေး အတွက်ကား သတင်းစာတိုက် ကြီးတစ်တိုက်၌ အလုပ်သင် အယ်ဒီတာ ကလေးဘဝဖြင့် နေထိုင်နိုင်သည့် အခြေသို့ ရောက်ခဲ့လေပြီ။
ဤသို့ လျှင် အစ်ကိုနှင့် တင့်လွင်မှာ ရပ်တည်ရာဘဝချင်း ခြားနားကြ သော်လည်း အသီးသီးတို့၏ နှလုံးသားတွင် ငြိတွယ်နေကြသော မေတ္တာ ဓာတ်အဟုန်ကြောင့် မကြာခဏ ဆုံတွေ့ ကာ ခင်မင်ရင်းနှီးစွာ နေခဲ့ကြလေ သည်။
(၃)
ဦးတင့်လွင်ရှင့်....
ခင်မင်လေးစားစွာ စာရေး အပ်ပါသည်။
လက်ရေး ကို မြင်ရုံမျှဖြင့် မည် သူမည် ဝါဖြစ်ကြောင်း ဦးတင့် လွင် သိမည် မဟုတ်ပါ၍ ကျွန်မ၏ အမည် နှင့် တကွ နောက်ကြောင်း ကိုပါ ရှေးဦးစွာ ဖော်ပြပါရစေ...
ကျွန်မမှာ ဦးတင့်လွင်၏ 'အစ်ကို' တို့ ကထိန်ခင်းစဉ်က ကမ္မဋ္ဌာန်းကျောင်း၌ စတင်တွေ့ ဆုံသိကျွမ်းခဲ့သူ ခင်မြတ်ဆွေ ဖြစ်ပါ သည်။ ထိုညက မိတ်ဆက်ခဲ့ကြရပြီး နောက်တစ်နေ့၌ ဝေယျာဝစ္စ များ အတူတကွ လုပ်ခဲ့ကြရသော်လည်း လူချင်းခွဲခွာချိန်၌ နှုတ်ဆက် ခြင်း မပြုခဲ့ရသည်ကို ခွင့်လွှတ်စေလိုပါသည်ရှင့်... အကြောင်းမှာ 'ဆွေ' လည်း စာပေဝါသနာပါသူ တစ်ဦး ဖြစ်၍ ဦးတင့်လွင် ဝတ္ထု ဆောင်းပါး ကဗျာများ ကို ဖတ်ခဲ့ဖူးရာ ယခုကဲ့သို့ ဦးတင့်လွင်နှင့် လူချင်းသိရသော အခါ လွန်စွာ ဝမ်းသာမိ ပါသည်။ မြင်မြင်ခြင်းလည်း ခင်မင်မိပါသည်။ ထို့ကြောင့် ဆွေ့အား ကိုကိုကြီး၏ ညီမငယ် ထွေးတို့ကဲ့သို့ ပင် ခင်မင်စွာ ဆက်ဆံစေလိုပါ သည်။
ဆွေမှာ နယ်မှ ကျောင်းလာနေသူ ဖြစ်ပါသည်။ ရန်ကုန် တွင် ဆွေမျိုးသားချင်းဟူ၍ မရှိပါ။ ထွေးတို့အိမ်သားများ ကိုသာ ဆွေမျိုးရင်းချာကဲ့သို့ သဘောထား၍ နေရသည်။ တစ်နေ့နေ့တွင် အလျဉ်းသင့်ပါက ဆွေ၏ ဘဝကို ပြောပြချင်ပါ သေးသည်။
အချုပ်မှာ အားလပ်သော အခါများ ၌ ဆွေနေသည့် ဘင် တန်ဟောလ်သို့ လာလည်လိုက လာလည်နိုင်ကြောင်းပင် ဖြစ်ပါ သည်။ ¤င်းပြင် ဦးတင့်လွင် ထိုညက ပြောခဲ့သည့်အတိုင်း စာပေနှင့် ပတ်သက်၍ အကူအညီတောင်းပါက ပေးစေလိုပါသည်။ ဆွေမှာ ဝါသနာပါသော်လည်း ဦးတင့်လွင်တို့ကဲ့သို့ စာတစ်ပုဒ်သော်မှ ဖြစ် မြောက်အောင် မရေး နိုင်ပါသဖြင့် စာပေနှင့် ပတ်သက်၍ ဦးတင့် လွင်က ညွှန်ကြားစေချင်ပါသည်။
ဦးတင့်လွင် ဆထက်တံပိုး ပညာÓဏ် တိုး၍ ထင်ရှားကျော် ကြားပါစေ....။
ခင်မြတ်ဆွေ
ဘင်တန်ဟောလ်
ရန်ကုန်တက္ကသိုလ်
တင့်လွင်သည် ခင်မြတ်ဆွေ၏ စာကို ဖတ်ပြီး နောက် သက်ပြင်းတစ် ချက်ချကာ ငိုင်နေမိလေ သည်။
စာကလေး မတောက်တခေါက်ရေး ကာ သတင်းစာတိုက်တွင် သ တင်းအချောပြန်ရေး သူ၊ ကြေးနန်းအတိုအစလေးများ ဘာသာပြန်သူအ ဖြစ် လုပ်ကိုင်နေသည့် ရက်ကာလအတွင်း၌ ဤသို့ လျှင် မိတ်ဆက်သည့်စာများ ကို တင့်လွင်သည် မကြာခဏ ရခဲ့ဖူးလေသည်။ ထိုစာများ ကို ပြန်ရာ၌ တင့်လွင်သည် သတိကြီးစွာ ထား၍ ပြန်ခဲ့ရလေသည်။ စာမပြန်ပြန်လျှင် ဘဝင်မြင့်သူ ဟန်ကြီးပန်ကြီးလုပ်သူဟု စွပ်စွဲကာ အမုန်းခံရမည် စိုး၍ စာပြန် ရသော်လည်း စာမပြန်လိုပေ။
စာပေလောကဝယ် ဤသို့ စာချင်းဆက်သွယ်ရာမှ မေတ္တာနယ်ကျွန် ခဲ့ကြသူများ မှာ ဒုနှင့် ဒေးရှိကြ၏ ။ အချို့အဆင်ပြေကာ အချို့မှာ စိတ်မချမ်း သာ စရာနှင့် ကြုံကြရ၏ ။ အချို့မှာ မူ လူရွှတ်လူနောက်တို့ မိန်းမဟန်ဆောင် ၍ ရွှတ်နောက်ချက်ဒဏ်ကို ခံရကာ ရယ်ရွှင်ဖွယ်ရာ ပျက်လုံးများ ဖြစ်ကြရ လေသည်။
ထိုထိုသော အကြောင်းတို့ထက် တင့်လွင်သည် မိတ်ဆက်စာများ ကို ဖတ်ပြီး စိတ်ရှုပ်ရသည့်အကြောင်းရင်း တစ်ချက်ကား ဝေသီထံမှ စာမလာ ခြင်းပင် ဖြစ်လေသည်။ တင့်လွင် မသိသော တင့်လွင် မည် သို့ မျှ သဘော မထားသော သူများ ထံမှ စာများ ကို မကြာခဏ ရရှိခဲ့ရသော်လည်း တင့်လွင် အသက်တမျှချစ်ရသော တင့်လွင် အရူးအမူးချစ်ရသော တင့်လွင် အမြတ် တနိုးတန်ဖိုးထား၍ ချစ်ရသော ဝေသီ့ထံမှစာကိုကား ဤအယ်ဒီတာ ပေါက် စ စာရေး ဆရာပေါက်စ ဘဝ၌ ပင် မဖတ်ရခဲ့ပေ။
တင့်လွင်၏ တစ်သက်တာဝယ် ဝေသီ့ထံမှ စာဆို၍ ...
မောင်...
မောင့်ကို ဝေသီချစ်ပါတယ်။ ဒါပေမဲ့ မေမေက မောင်နဲ့ ဝေသီနဲ့ ကြိုက်နေတာကို သဘောမတူဘူးတဲ့။ မပေးစားနိုင်ဘူး တဲ့...မမတို့ ကိုကိုတို့ကလဲ သဘောမတူနိုင်ဘူးတဲ့...ဒီတော့ မောင်နဲ့ ဝေသီတို့ ဒီဘဝမှာ နီးနိုင်မယ် မထင်ပါ။ ဒါကြောင့် မို့ မောင်...ဝေသီတို့အိမ်ကို မလာပါနဲ့တော့...လမ်းမှာ တွေ့ မှပဲ ခေါ်ကြပါစို့...။
မောင့်ကို ဝေသီ ချစ်တယ်ဆိုတာတော့ ယုံပါ...
ဝေသီ
ဟူသော စာတစ်စောင်သာလျှင် တင့်လွင် လက်ခံ ရရှိဖူးလေသည်။
တင့်လွင်အဖို့ ဝေသီနှင့် ဆုံတွေ့ ချစ်ကြိုက်ခဲ့ရပုံများ ကို ပြန်လည် တွေးမိလေတိုင်း ကြည်နူးမိသလိုလိုနှင့် ရင်ဖိုရခဲ့သည်သာ ဖြစ်လေသည်။
ထိုစဉ်က...ဝေသီတို့အိမ်သားများ နှင့် တင့်လွင်တို့ အိမ်သားများ သည် ဒုတိယကမ္ဘာစစ်ဘေးကြောင့် တောရွာတစ်ရွာတွင် အတူတကွ ပုန်း ခို၍ နေခဲ့ရ၏ ။ တင့်လွင်တို့ အိမ်သားများ က ရန်ကုန်မြို့ စမ်းချောင်းရပ် ကွက်၌ နေရာမှ တင့်လွင်၏ မိခင် ဘက်မှ ဆွေမျိုးနီးစပ်များ ရှိရာ ထိုတောရွာ သို့ ပြောင်းလာကြခြင်း ဖြစ်ကာ ဝေသီတို့မိသားစုမှာ ရန်ကုန်မြို့နှင့် အင်းစိန် မြို့အဖျားရှိ ကြို့ကုန်းရပ်ကွက်၌ နေခဲ့ရာမှ ဝေသီ၏ မိခင် မုဆိုးမကြီးမှာ သူ့ဘက်မှ ဆွေမျိုးနီးစပ်များ ရှိရာ ထိုတောရွာသို့ ပြောင်းလာကြခြင်း ဖြစ်ပေ သည်။
နေရင်းဒေသချင်း ခြားနားသော်လည်း တောသို့ ရောက်သည့်အခါ စစ်ဘေးကြောင့် ပြေးလာသူ အချင်းချင်း အနေဖြင့် ရင်းနှီးခင်မင်စွာ နေခဲ့ကြ လေသည်။ တင့်လွင်၏ မိခင်နှင့် ဝေသီ၏ မိခင်မှာ လည်း ငယ်စဉ်ကပင် သိကျွမ်းခဲ့သူချင်း ဖြစ်၍ တင့်လွင်မှာ ဝေသီတို့အိမ်တွင် ဝင်နိုင်ထွက်နိုင် သည် အထိ ရင်းနှီးခဲ့လေသည်။
လူငယ်ပင် ဖြစ်သော်လည်း ကြီးမားသော ရည်မှန်း ချက်ဖြင့် အတန်း တိုင်း၌ ပထမဆွဲအောင် လုံးပန်းခဲ့ရသော တင့်လွင်မှာ ထိုအရွယ်အထိ မိန်းကလေးများ နှင့် ရောရောထွေးထွေး မနေခဲ့ဖူးပေ။ နေရ သည့် ကျောင်းက လည်း ယောက်ျားကလေး ကျောင်း ဖြစ်ကာ မိန်းကလေးများ ကိုလည်း တိုး တက် ရာ တိုးတက်ကြောင်း၏ အန္တရာယ်အ ဖြစ် ယူဆခဲ့လေရာ တင့်လွင်မှာ မိန်းက လေးများ နှင့် မနီးစပ်ခဲ့ပေ။
တင့်လွင်နှင့် ဝေသီတို့တွေ့ စကဆိုလျှင် တင့်လွင် မှာ မိမိ၏ ရည်မှန်း ချက်သည် စစ်ဘေးစစ်ဒဏ်ကြောင့် ဤတစ်သက်တွင် အကောင်အထည် ပေါ်လာနိုင်ဖွယ်အကြောင်းမရှိတော့ပြီဟု စိတ်ပျက်အားငယ်နေသည့်အချိန် ခင်မင်သူ မိတ်ရင်းဆွေရင်းတို့နှင့် ဤတစ်သက် ပြန်ဆုံတွေ့ နိုင်ဖွယ်ရာ မမြင် တော့ပြီဟု ဝမ်းနည်းကြည်ကွဲနေသည့်အချိန် ဖြစ်လေသည်။ ထို့ကြောင့် တင့်လွင်သည် အားအားရှိလျှင် ရန်ကုန်မှ သယ်ယူလာသော စာအုပ် သေတ္တာထဲမှ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ကျမ်းစာအုပ်များ ကို ထုတ်ကာ ထုတ်ကာ ဖတ်လေတော့သည်။ တစ်ခါတစ်ရံ ရွာခံလူငယ်များ မြို့မှပြေးလာ သူ လူငယ်များ နှင့် အတူ ထန်းတောသို့ ထွက်ကာ ထန်းရည်သောက်ကာ အိပ်နေတတ်လေသည်။
တစ်နေ့တွင် မြို့မှ ပြေးလာသူ လူငယ်တစ်ဦးက ထန်းရည်သောက် နေရာမှ... ''ဒီမှာ ...ကိုတင့်လွင်...ခင်ဗျားတို့ အိမ်ဘေးက ဝေသီဆိုတဲ့ ကောင်မလေးဟာ တယ်ချောပါလားဗျ...''ဟု ဆိုကာ ဝေသီ၏ အလှဘွဲ့ကို ဖွဲ့ဆိုလေတော့သည်။
ဤတွင် မှ တင့်လွင်သည် ဝေသီကို သတိထား၍ ကြည့်မိခဲ့လေ သည်။
ထိုစဉ်အခါက ဝေသီမှာ တစ်ဆယ့်လေးငါးနှစ် အရွယ် အပျို ဖြစ်စ အလှသွေးကြွချိန် ဖြစ်ရာ လူပျိုလူရွယ်တို့ စာဖွဲ့မည် ဆိုလျှင်လည်း စာဖွဲ့ လောက်အောင် လှပါပေသည်။ ဝေသီနှင့် ပတ်သက်၍ တင့်လွင် စွဲလန်းမိ သည့် အချက်ကား ဝေသီ၏ ညိုစိမ့်စိမ့် အသားအရေ၊ သွယ်ပြောင်းသော ကိုယ်ဟန်၊ တစ်ရစ်ပြေပြစ်သော ခန္ဓာကိုယ်တို့ထက် တည်ငြိမ်လှသော ဣနြေ္ဒပင် ဖြစ်လေသည်။ ဝေသီသည် ရယ်စရာကိုလည်း ဟက်ဟက်ပက်ပက် မရယ်တတ်၊ ထိတ်လန့်စရာနှင့် ကြုံ၍ လည်း ဣနြေ္ဒပျက်အောင် မလန့်တတ် ချေ။
¤င်းပြင် ဝေသီသည် ခုနစ်တန်းတွင် ပညာသင်နေခိုက် စစ် ဖြစ်၍ ကျောင်းမှထွက်ခဲ့ရသူ ဖြစ်ရာ တင့်လွင်ကဲ့သို့ ပင် စာဖတ်ဝါသနာပါကြောင်း သိရ သော တင့်လွင်မှာ သာ၍ ပင် စိတ်ဝင်စားမိခဲ့လေ သည်။
သို့ ရာတွင် စစ်ကာလ၌ အစစအရာရာ မသေချာ မရေရာလှသည် ကတစ်ကြောင်း မိမိ၏ ဘဝရှေ့ရေး မှာ မည် သို့ မည် ပုံ ဖန်တီးလာဦးမည် ကို မခန့်မှန်း နိုင်သည်ကတစ်ကြောင်း မိန်းမဆိုလျှင် ဘဝတက်လမ်း၏ အနှောင့် အယှက်များ သာဟူသော အစွဲက မပျောက်နိုင်သည်ကတစ်ကြောင်းကြောင့် တင့်လွင်မှာ ရိုးရိုးသားသားစိတ်ကို မွေး၍ သာ နေခဲ့လေ သည်။ ဝေသီကဖတ်လိုသော စာအုပ်ကို ရှာဖွေငှားရမ်း၍ ဝေသီတို့ တောင်းဆိုသော အကူ အညီကို ကူညီဆောင်ရွက်ပေးခဲ့လေသည်။
ထိုမှ ရန်ကုန်မြို့သို့ ဂျပန်များ နှင့် ဘီအိုင်အေတပ်များ ဝင်ရောက် လာပြီး အုပ်ချုပ်ရေး အခြေအနေ ကောင်းလာချိန်၌ တင့်လွင်တို့မိသားစုများ နှင့် ဝေသီတို့မိသားစုများ သည် ရန်ကုန်မြို့သို့ ပြန်ခဲ့ကြ၏ ။
ဝေသီက ''ကိုတင့်လွင် ရန်ကုန်ရောက်လဲ ဝေသီတို့အိမ်ကို လာလည် ပါနော်...''ဟု ဖိတ်ခေါ်၏ ။ ဝေသီသာမက ဝေသီ၏ မိခင်နှင့် အစ်ကို အစ်မများ ကပါ ဖိတ်ခေါ်ကြလေသည်။
တင့်လွင်တို့မိသားစုများ ကလည်း ဝေသီတို့အား အဆက်မဖြတ်ပါ ရန် မှာ ကြားပြောဆိုကြလေသည်။
တင့်လွင်သည် ဂျပန်ခေတ်တွင် သတင်းစာရောင်း၍ လည်းကောင်း စကားပြန်လုပ်၍ လည်းကောင်း ကျောင်းဆရာလုပ်၍ လည်းကောင်း ကြေး နန်း စာရေး လုပ်၍ လည်းကောင်း ဘဝကို ရုန်းကန်ရင်းက အခါအခွင့်ရလေ တိုင်း ကြို့ကုန်းရပ်ရှိ ဝေသီတို့ခြံကြီးဆီသို့ ရောက်သွားတတ်လေသည်။
ကားသံ၊ လူသံ၊ မြင်းလှည်းသံတို့ဖြင့် ဆူညံရှုပ်ထွေးနေသော စမ်း ချောင်းရပ်ကွက်တွင် နေနေရသည့် တင့်လွင်အဖို့ ကျေးသံငှက်သံမှတစ်ပါး အေးချမ်းဆိတ်ငြိမ်လှသော ဝေသီတို့ခြံကြီးမှာ လောကနိဗ္ဗာန် ဖြစ်နေလေ တော့သည်။ သင်တန်းများ ၊ လုပ်ငန်းများ တွင် ပင်ပန်းနွမ်းနယ်လေသမျှသည် ဝေသီတို့ ခြံဝသို့ ရောက်သည်နှင့် တပြိုင်နက် ပျောက်ပျက် လွင့်စင်လေတော့ သည်။
ထိုအတွင်း ဝေသီ၏ အစ်ကို ဦးသန်းဦးသည် စစ်ပြေးရာမှ ရန်ကုန်သို့ ပြန်ရောက်၍ မကြာမီအတွင်းမှာ ပင် ဗမာ့တပ်မတော် ၌ ဝင်ရောက်အမှု ထမ်း လေတော့ရာ ယောက်ျားအဖော်ရှားပါးနေသော ဝေသီတို့ အိမ်သားများ အဖို့ တင့်လွင်မှာ အလွမ်းဖြေစရာ အားကိုးရာ ဖြစ်ခဲ့လေသည်။
တင့်လွင်သည် ခြံတွင်းသို့ ရောက်လာလျှင် ဝေသီ၊ ဝေသီအစ်မ ငွေရီတို့နှင့် အတူ ခြံအလုပ်များ တွင် ကူညီလုပ်ကိုင်ပေးတတ်၏ ။ ဝေသီတို့ ပန်းခူး၊ ပန်းကိုင်းဖြတ်နေလျှင် ကူညီ၍ ခူးဖြတ်ပေး၏ ။ ဝေသီတို့ ပန်းကုန်းသီ နေလျှင် ကူညီ၍ သီပေး၏ ။ ဝေသီတို့ သစ်သီများ ခူး၊ သစ်သီးများ ရေနေ လျှင် ကူညီ၍ ခူးပေး ရေပေးတတ်လေသည်။
ထိုသို့ ကူညီလုပ်ကိုင်ပေးရင်း ဝေသီတို့ညီအစ်မ တွေ မပျင်းရ အောင် တင့်လွင်သည် ပါးစပ်က လည်း သင်တန်း၌ လည်းကောင်း၊ အလုပ်စ ခန်း၌ လည်းကောင်း၊ တွေ့ ကြုံရသော အတွေ့ အကြုံများ ၊ သူဖတ်ခဲ့သော ဝတ္ထုဇာတ်လမ်း၊ သူကြည့်လာ သော ရုပ်ရှင်ဇာတ်လမ်းများ ကိုလည်း ပြောပြ တတ်လေသေးသည်။ တစ်ခါတစ်ရံ အလုပ်ထက် စကားသံက များ နေသဖြင့် ဝေသီတို့မိခင်က...
''ဟဲ့...မောင်နှမတွေ အလုပ်လုပ်တာက တော် တော် ။ စကားပြော တာက များ နေပါရောလား...'' ဟု အော်ရလေသည်။
ဝေသီတို့ခြံတွင် ဝေသီတို့မိသားစုအပြင် ဝေသီ့ဖခင်ရှိစဉ်ကပင် အတူနေခဲ့ကြသော သူရင်းငှားမိသားစုလည်း ရှိပေသည်။ သူရင်းငှား ယောက်ျားကြီးနှင့် သားတို့သည် ခြံထဲ၌ ပန်းပင်များ ကို ရေလောင်း ခြင်း ပေါင်းသင်ခြင်း စသည့် အလုပ်ကြမ်းများ ကို လုပ်ရကာ ဝေသီတို့ညီအစ်မနှင့် သူရင်းငှားသမီးတို့က ပန်းကိုင်းညှပ်ခြင်း ပန်းခူးခြင်း ပန်းသီခြင်း စသည်တို့ လုပ်ရလေသည်။ ရာသီအလိုက် သစ်သီဝလံများ ပေါ်လာလျှင်လည်း ယောက်ျားများ က သစ်ပင်ပေါ် တက်ခူးပေးရကာ မိန်းမများ က သစ်သီးဝလံ များ ကို ရွေးချယ်ရေတွက်ရလေသည်။
တင့်လွင်ကိုကား ဝေသီတို့အိမ်သားများ သာမက သူရင်းငှားမိသားစု ကပါ ခင်မင်ကြလေသည်။ တင့်လွင်အား ပြုံးရွှင်ဖော်ရွေစွာ ဆက်ဆံကြလေ သည်။
တစ်ခါသော်...တင့်လွင်အား ဝေသီ့အစ်မ မငွေရီက ထိုအချိန်က ခေတ်စား၍ နေသော ''လွမ်းမိုးစွေ'' သီချင်းကို ဆိုခိုင်းရာ တင့်လွင်က သံနေ သံထား ဖြင့် ဆိုပြခဲ့လေသည်။
သီချင်းအဆုံး၌ ''ဟ...မောင်တင့်လွင်က အပြော ကောင်းရုံတင်မှု တ်ဘဲ အဆိုလဲကောင်းသကိုးကွ...'' ဟု ချီးကျူးလိုက်သည်တွင် ဝေသီ့ မိခင် ဒေါ်ရွှေသင်က...
''အဆိုအပြော ကောင်းမှာ ပေါ့ရှင်...သူ့အဖေက ဇာတ်ဆရာပဲ ဟာ...'' ဟုဆိုလိုက်ရာ တင့်လွင်မှာ ရင်ထဲတွင် နင့်ကနဲ ဖြစ်သွားလေ သည်။
ဒေါ်ရွှေသင်က ဆက်လက်၍ ''တစ်ခေတ်တုန်းက တော့ သူတို့အဖေ လဲ အကျော်ဇေးယပေါ့...ကိုအေးသက်ဆိုရင် တစ်နယ်လုံးက သိကြတာ ပေါ့...'' စသည်ဖြင့် ပြောနေလေရာ တင့်လွင် တစ်ကိုယ်လုံး ပူထူ၍ လာလေသည်။
ဒေါ်ရွှေသင်၏ လေသံ၌ ဖိနှိပ်ချိုးနှိပ်သည့်လေသံမျိုး မပါပဲ ချီးကျူး သည့်သဘောမျိုး ဆောင်နေသ ဖြင့် တော် ပေသေးတော့သည်။ တင့်လွင် သည် သူသီချင်းဆိုပြရုံမျှဖြင့် ဒေါ်ရွှေသင်က ဤကဲ့သို့ ပြောလျှင် ယခုအချိန် တွင် သူကိုယ်တိုင်ပင်လျှင် သုခုမတင်ရှိန်အမည် ရှိ တီးဝိုင်းဆရာတစ် ယောက် ထံ၌ တယောထိုးသင်နေကြောင်း သိရလျှင် မည် သို့ ဆိုချိမ့်မည် နည်း။
''အမယ်လေး...သူ သီချင်းဆိုကောင်းတယ်လို့ ချီးမွမ်းရုံနဲ့ ရှက်နေ လိုက်တာ...ခေါင်းများ လဲ ဖော်ပါဦး...'' မငွေရီက တင့်လွင်၏ ကျောကို ပုတ်၍ ပြောလိုက်တော့မှပင် တင့် လွင်လည်း ငိုင်နေရာမှ ခေါင်းထောင်လာကာ ပြုံးနိုင် ရယ်နိုင်လာလေတော့ သည်။
ဤသို့ လျှင် တင့်လွင်သည် ဝေသီတို့ ညီအစ်မသားချင်းများ နှင့် အတူ စားကာသောက်ကာ လည်ကာ ပတ်ကာ ဘုရားအတူဖူးကာ ရုပ်ရှင်၊ ပြဇာတ် နှင့် အငြိမ့်ဇာတ်ပွဲတို့ကို အတူကြည့်ကာဖြင့် ပျော်ရွှင်စွာ နေခဲ့ရာမှ တင့်လွင် ၏ ဝေသီ့အပေါ်တွင် စိတ် သဘောထား ပြောင်းလဲစရာအကြောင်းတစ်ခု ဖန်တီးလာလေတော့သည်။
အကြောင်းမှာ ဂျပန်တော် လှန်ရေး မ ဖြစ်မီ တစ်နှစ် ခန့်တွင် ဝေသီ၏ အစ်မ မငွေရီသည် သူ့မိခင် သဘောတူ၍ ပေးစားသော ယောက်ျား တစ်ယောက် နှင့် လက်ထပ်ကြလေသည်။ ထိုလက်ထပ်ပွဲ၌ တင့်လွင်ရော ဝေသီ ပါ လှပသစ်လွင်သော အဝတ် အထည်တို့ကို ဝတ်ဆင်ကာ ပျော်ရွှင်ကြည်နူး စွာ ဖြင့် ပါဝင်ဆောင်ရွက်ခဲ့လေသည်။
မင်္ဂလာလပ်ထပ်ပွဲသို့ လာသူ ဝေသီ၏ ဆွေမျိုး မိတ်ဆွေများ တင့်လွင် ၏ ဆွေမျိုးမိတ်ဆွေများ အနက် အားလုံးလိုလိုကပင် တင့်လွင်အား ''မင်းတို့ ကရော ဘယ်တော့လဲ...'' ဟု မေးကြလေသည်။ ဝေသီကိုလည်း ဤသို့ ပင် မေးကြသည်ဟု သိရ လေသည်။
တင့်လွင်သည် ရုတ်တရက် မဖြေတတ်အောင် ဖြစ်သွားပြီးမှ... ''ဟာဗျာ...ကျွန်တော် တို့ ဘာမှမ ဖြစ်ရပါဘူး...'' ငြင်းရလေသည်။ သို့ သော် မည် သူကမျှ မယုံကြချေ။
မင်္ဂလာပွဲ ပြီးဆုံးသော အခါ၌ ကား တင့်လွင်သည် စိတ်ထဲတွင် ညစ် ညူး၍ လာလေသည်။ အထူး သဖြင့် ဝေသီ၏ စိတ်ညစ်နေပုံရသော မျက်နှာ လေးကို မြင်ရသည့်အခါ၌ သာ၍ ပင် စိတ်ထိခိုက်လာ လေသည်။
ထိုည၌ တင့်လွင်သည် အိပ်၍ မပျော်နိုင်တော့ချေ။
တင့်လွင်သည် ဝေသီအား တောရွာကလေး၌ တွေ့ စကပင် ခင်မင်ခဲ့ ၏ ။ ဝေသီအား မိန်းမချောတစ်ယောက် အ ဖြစ် စွဲမှတ်ယုံကြည်ခဲ့၏ ။ ဝေသီ၏ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝအောင် ဆောင်ရွက်ပေးလိုသည့် စေတနာတွေ ဝင်ခဲ့၏ ။ မုဆိုးမ၏ သမီးတစ်ယောက် အနေဖြင့် ကရုဏာထားခဲ့၏ ။
ထိုမှ ရန်ကုန်သို့ ရောက်လာကြသည့်အခါတွင် လည်း တင့်လွင်သည် ဝေသီတို့ခြံကြီးသို့ နေ့စဉ်လိုလို ရောက်ခဲ့၏ ။ မရောက်ဘူးဟုဆိုသော ရက် ပိုင်း၌ ပင်လျှင် ခုနစ်ရက် တစ်ပတ်လျှင် သုံးခေါက် တော့ ရောက်ခဲ့သည်သာ ဖြစ်၏ ။
သို့ ရောက်ခဲ့ခြင်းကို တင့်လွင်မှာ ဝေသီတို့၏ သာယာဆိတ်ငြိမ်သော ခြံကြီး၌ နေရသည်ကို ပျော် သော ကြောင့် ဟု စွဲမှတ်ခဲ့၏ ။ တင့်လွင်သည် ဝေသီတို့ ညီအစ်မနှင့် အတူတကွ သွားလာစားသောက်၍ နေခဲ့သော်လည်းဝေသီအား သမီးရည်းစားစိတ်ဖြင့် ချစ်ကြိုက်နေသူတို့ ပြုမူသည့် အပြုအမူ မျိုး၊ အပြောအဆိုမျိုးတို့ကို တစ်ခါမျှ မပြုမူ မပြောဆိုဖူးခဲ့။
သို့ စဉ်လျက်...မင်္ဂလာဆောင်သို့ လာသူအတော် များများ က ဝေ သီနှင့် သူ့အား ဤသို့ ပြောဆိုခဲ့ကြ လေသနည်း။ သူကိုယ်တိုင်ကလည်း ဝေသီအား ချစ်နေလေပြီလော...။
တင့်လွင်သည် စိတ် ဇဝေဇဝါဖြင့် ပင် စာဖတ်ကာ၊ အလုပ်သွားကာ တီးဝိုင်းဆရာအိမ်သို့ သွားကာဖြင့် နေမိခဲ့၏ ။ ရင်ထဲ၌ ကား ဘဝင်မကျလှ ချေ။ အဖြေကိုလည်း ရှာ၍ မရနိုင်ခဲ့။ မသွားဘူးဟု စိတ်ကိုတင်းနေရသော် လည်း သွားချင်စိတ်မှာ တစ်နေ့လျှင် သုံးလေးခါ ပေါ်ခဲ့၏ ။
ဝေသီ၏ ပြည့်ဖြိုးကြည်လင်သော မျက်နှာကိုလည်း မကြာခဏ မြင် ယောင်ခဲ့လေသည်။
ငါးရက်ကျော် ခြောက်ရက်တွင်းသို့ ရောက်လာသည့်အခါ၌ ကား.. တင့်လွင်သည် မနေနိုင်တော့ချေ။ ကြို့ကုန်းခြံကြီးသို့ အရောက်ပြေး၍ လာရလေ တော့သည်။
ခြံထဲသို့ ရောက်သည်ဆိုလျှင်ပင် မငွေရီက ဆီး၍ အပြစ်တင်လေ သည်။
''တင့်လွင်တို့များ နေနိုင်လိုက်တာ...ဟိုနေ့က လက်ထပ်ပွဲပြီးက တည်းက မလာဘဲနေတာ။ အခုမှပဲ ပေါ်လာတော့တယ်။ ဘယ်ပျောက်နေ တာလဲ...''
တင့်လွင်သည် ''မမတို့ မင်္ဂလာဦးမှာ အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါ...'' ဟု နောက်ဦးမည် ကြံသေးသော်လည်း ရင်မရှင်းလှသဖြင့် ...
''အလုပ်တွေ များ နေလို့ပါ မမရယ်...'' ဟု ပြောရာက အိမ်ထဲ ဘက်သို့ မျက်စိကစားရင်း ဝေသီကို ရှာမိလေသည်။
မငွေရီကမူ တင့်လွင်ကို မကြည့်ဘဲ ဟင်းရွက်များ စည်းနေရာမှ.. ''ဝေသီကတောင် မေးနေသေးတယ်။ ကိုတင့်လွင် တစ်ယောက် ဘာ ဖြစ်လို့ မလာပါ လိမ့်လို့ မေးနေသေးတယ်...'' ဟု ဆက်ပြောလေ သည်။
''အခု ဝေသီရော မမ...''
''ခြံထဲမှာ ပေါ့ဟဲ့...ဒီအချိန်ဆို သူ ခြံထဲဆင်းရပြီပဲ...'' တင့်လွင်သည်
''ဒါဖြင့် ...လိုက်သွားဦးမှ...'' ဟု ခါတိုင်းလို ပြောကာ ဆင်းလိုက်သွားရန် ကြံမိသေးသော်လည်း လိပ်ပြာမသန့်တော့ပြီ ဖြစ်၍ ဆိတ်ဆိတ်ပင် နေမိလေသည်။
မငွေရီက...
''သွားနှုတ်ဆက်လိုက်ဦးလေ...အစ်မလေး ညနေ စောင်းတိုင်း မေးနေတာ။ မနေ့ကတောင် ဧကန္တ ဟိုနေ့က ပင်ပန်းသွားလို့ ဖျားနေပြီထင်တယ်လို့ ပြော သေးတယ်'' ဟု ထပ်ပြောတော့မှ တင့်လွင်သည် ခြံထဲသို့ ဆင်းခဲ့လေသည်။
ဝေသီကလည်း တင့်လွင်အား တွေ့ လျှင်တွေ့ ခြင်း... ''အံမာ...ပေါ်တော် မူကြီး...ခုမှပဲ ဖူးရတော့တယ်... နယ်များ ထွက်သွားသလား...ဖျားများ နေသလားနဲ့ ဒီမှာ ဖြင့် ပူလိုက်ကြတာ...'' ဟု ရန်တွေ့ ပြန်လေ သည်။
တင့်လွင်သည် မည် သို့ မျှ ထူးခြားခြင်းမရှိသော ဝေသီ၏ အမူအရာ အပြောအဆိုကို အံ့အားသင့်နေမိရာမှ... ''နယ်ကိုသွားရရင် ဝေသီတို့ သိမှာ ပေါ့။ အခုတလော အလုပ်များ လို့ ပါ...'' ဟု ဖြေလိုက်ရလေသည်။
ဤတွင် ဝေသီက နှင်းဆီပန်းကိုင်းများ ကို ကပ်ကြေးဖြင့် ညှပ်နေရာ မှ ခေတ္တရပ်ကာ... ''ညာမနေပါနဲ့ ကိုလွင် ဘာ ဖြစ်လို့မလာမှန်း ဝေသီသိပါတယ်...'' ဆိုလိုက်ရာ တင့်လွင်မှာ သာ၍ အံ့အားသင့်ရပြန်လေသည်။
''ဘာများ သိနေပါလိမ့်...'' ''မင်္ဂလာဆောင်နေ့က လူတွေ မေးတာကို ရှက်ပြီး မလာတာ မှု တ်လား... ဟင် မသိတာမှတ်လို့...'' တင့်လွင်ကာ ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားကိုပင် ရှာ မတွေ့ တော့ပေ။
''ဝေသီ့ကိုလဲ မေးကြသားပဲ...ဝေသီက အို အချိန်တန်တော့ နပိန် ကန်မှာ ပေါ့လို့ ပြန်ပြောလိုက်တယ်...လူတွေ က ကျွန်မတို့ ဘာမှမ ဖြစ်ပါ ဘူး မဟုတ်ပါဘူးနဲ့ ငြင်းနေရင် ပိုပြီးပြောချင်ကြတာ...အခုလို ဟုတ်တော့ ဘာ ဖြစ်လဲဆိုတာမျိုး ပြောမှ ငြိမ်သွားတတ်တာမှု တ်ဘူးလား...''
တင့်လွင်သည် ယနေ့ကျကာမှ ဝေသီ တစ်ယောက် အဘယ်ကြောင့် ဤမျှ နှုတ်ရွှင်နေရသည်ကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။
''ဝေသီနှင့် ကိုလွင့်ကို လူတွေ က သမုတ်နေတာကြာလှပါပြီ။ ဒါတွေ ကိုလွင့်ကို ပြောလိုက်ရင် စိတ်မကောင်း ဖြစ်မှာ စိုးလို့...နောက်ပြီး လမ်းခင်း ပေးသလို ဖြစ်မှာ လဲ စိုးရိမ်လို့ ကိုလွင့်ကို အသိမပေးခဲ့ တာ...''
''ဒါဖြင့် ...မမငွေရီလဲ သိတာပေါ့ ဟုတ်လား...''
''သိသားပဲ...''
''သိတော့ မဆူဘူးလား''
''ဘာမှ ဖြစ်နေတာ မဟုတ်မှန်းလည်း သိနေတာ ဘယ်ဆူပါ့မလဲ''
''အင်း...တော် ပါသေးရဲ့ ...'' တင့်လွင်သည် သက် ပြင်းတစ်ချက် ချလိုက်လေ၏ ။
''ဒါထက် ဝေသီနဲ့ အမေးခံရတာ ကို ရှက်ပြီး အိမ်ကို မလာဘဲနေရ တာက ဘာသဘောလဲ။ ဝေသီနဲ့ အမေးခံရတာ ကို နစ်နာတယ်ထင်လို့လား''
''ဟာ ဝေသီကလဲ ဒီလိုမပြောပါနဲ့လေ...ဝေသီကို ကိုယ် ခင်လဲ ခင်တယ်။ လေးလဲ လေးစားတယ်။ ဝေသီနဲ့ အပြောခံရတာ ကို နစ်နာတယ် ဆိုတဲ့စိတ်မျိုး မပေါ်ပါဘူးကွယ်။ ဒါပေမဲ့...''
တင့်လွင်သည် ရှေ့ဆက်၍ မည် သို့ ပြောရမည် မသိ ဖြစ်နေ၏ ။
''ဒါပေမဲ့...ဘာ ဖြစ်လဲ ပြောလေ...''
''ဘယ်လိုပြောရမှန်းတောင် မသိပါဘူး ဝေသီရယ်...ကိုယ်ဟာ ဒီအသက်အရွယ်ထိ မိန်းမနဲ့ ပတ်သက်လာရင် ကင်းကင်းရှင်းရှင်း နေနိုင်သ မျှ နေတဲ့သူပါ။ မိန်းကလေး အပေါင်းအသင်းဆိုလို့လဲ သိပ်မရှိပါဘူး။ သူတို့ တတွေ အပေါ်မှာ ခင်မင်ပေမယ့်လဲ ဘယ်တော့မှ စွဲစွဲလမ်းလမ်း မရှိခဲ့ပါဘူး။ ဒီကြားထဲက ဒီလို အပြောခံရတယ်ဆိုတော့ အတော် ရှက်မိတယ်။ ဝေသီ အနေနဲ့လဲ မဟုတ်ဘဲနဲ့ ဒီလို အပြောခံရတယ်ဆိုတာ နစ်နာစရာပဲ မဟုတ် လား။ ဒါနဲ့ ဝေသီတို့အိမ်ကို ကိုယ်မလာဘဲနေရင် သူများ အပြော လွတ်မှာ ပဲ ဆိုပြီး မလာဘဲ နေကြည့်တယ်...မရဘူး ဝေသီ။ လူကသာ မရောက်ပေ မယ့် စိတ်က နေ့တိုင်းရောက်နေတယ်။ မသွားရ လေ သတိရလေပဲ။ ဒါနဲ့ ဘာ ဖြစ်လို့များ ဒီလောက်စွဲလန်းရပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ် ကြည့် တယ်။ ဒါလဲ အဖြေမထွက်ဘူး ဝေသီ...လူသာ ပင်ပန်းလာတယ်။ နောက် ဆုံး ကိုယ့်စိတ်ကို အရှုံးပေးပြီးလာခဲ့တာ...''
ဝေသီသည် တင့်လွင်၏ စကားများ ဆို ပြုံးစေ့စေ့ မျက်နှာထားနှင့် နားထောင်နေရာမှ...
''ကိုလွင့်စကားတွေ က ဆန်းလှချီလား...ဘယ်လိုပြောရမှန်းမသိ ပေလို့ပဲ။ သိများ သိရင် ဘယ်အထိများ ပြောနေမလဲမသိဘူး။ နေပါဦး... ကိုလွင် ပြောတာတွေ ကို ဝေသီဘယ်လိုနားလည်ရမှာ လဲ... ဝေသီနဲ့ကိုလွင် ခုလိုပဲ နေနေရတာ မကောင်းဘူး လား။ ဝေသီတော့ အခုလို နေရတာ ကြေ နပ်တယ်။ ဝေသီလဲ အစ်ကိုလွင် လာချိန်တန်လို့ မလာရင် မျှော်မိတာပဲ။ တစ်နေကုန်လို့မှ မရောက်ရင် အိပ်ရာထဲကျ သတိရတာ ပဲ။ ကိုလွင်က ခဏ ခဏ ဟိုဟိုဒီဒီ သွားတတ်တဲ့လူဆိုတော့ ကိုလွင် မလာတဲ့နေ့ကျရင် အိမ်မှာ မှ အိပ်ရဲ့ လား။ တီးဝိုင်းတွေ နဲ့ လိုက်ပြီး ဘယ်မှာ အိပ်နေပါလိမ့်။ ဘယ်ပွဲမှာ သွားပြီး ငေးနေပါလိမ့်နဲ့ တွေးမိတာပဲ။ ဟော မျက်နှာချင်းဆုံမိတော့လည်း ဝမ်းသာတာပဲ ကိုလွင်။ ဘယ်သူဘာပြောပြော ဝေသီတို့ ဒီလိုပဲနေတာ ကောင်းတယ်လို့ ထင်ပါတယ်...''
''ဝေသီပြောတာ မှန်ပါတယ်...ကိုယ့်အနေနဲ့ ကတော့ ဝေသီနေစေ ချင်သလို နေပါ့မယ်။ ဒီအခြေက ပိုတိုးတဲ့အခွင့်အရေး မျိုး မရချင်နေပါစေ။ ဒီအခြေအနေထက် ယုတ်လျော့တဲ့ အခြေအနေကို မရောက် ရင် တော် ပါပြီ''
''ဘာကို ဆိုလိုတာလဲ ကိုလွင်...''
''အခုလို တွေ့ ချင်တဲ့အခါ တွေ့ လိုက်ကြ။ သွားစရာရှိ သွားလိုက် ကြ။ လုပ်စရာရှိ ကူညီလုပ်ကြ။ စားစရာရှိ စားလိုက်ကြ။ နေရတဲ့အခြေအနေ က ယုတ်လျော့ပြီး တွေ့ ချင်လို့မှ မတွေ့ ရ အတူသွားချင်လို့ မသွားရတဲ့ ဘဝမျိုး မရောက်ရင် တော် ပါပြီ ပြောတာပါ...''
''ဒီအ ဖြစ်မျိုးတော့ မရောက်နိုင်ဘူး ထင်ပါတယ်...''
ထိုအခိုက် မငွေရီ ရောက်လာသဖြင့် ဝေသီသည် စကားကို ရပ်ကာ ပန်းကိုင်းကိုသာ ဖြတ်နေလေတော့သည်။
သို့ နှင့်ပင် တင့်လွင် ပူပန်မှု များ မှာ ပျောက်ပြယ်၍ သွားကာ ဝေသီ နှင့် ရင်းနှီးခင်မင်မှု မှာ ယခင်ကထက် ပိုမိုလွန်ကဲ၍ လာလေတော့သည်။အနေအထိုင်မှာ လည်း ပိုမိုပွန်းတီး၍ လာလေသည်။ နှစ် ယောက် သား၏ ပျော်ရွှင်ခြင်းမှာ လည်း ဆထက်တိုး၍ လာလေသည်။
ဤသို့ လျှင် ပျော်ရွှင်၍ မှ မဝမီပင် တင့်လွင်နှင့် ဝေသီတို့အဖို့ စိတ် မချမ်းမြေ့ဖွယ်ရာ ကြုံရလေတော့သည်။
ဖြစ်ပုံမှာ တစ်နေ့တွင် ဝေသီနှင့် တင့်လွင်တို့ ထမင်း တစ်ပန်းကန်ထဲ နှစ် ယောက် အတူ နှိုက်စားနေကျခိုက် ဝေသီ၏ အစ်ကိုကြီး ကိုသန်းဦး ရောက် လာလေသည်။ သူတို့သည် ကိုသန်းဦးကို မမြင်မိဘဲ နှစ် ယောက် သား ရယ် မောပျော်ရွှင်စွာ တစ်ယောက် ထမင်းကို တစ်ယောက် က လုစားနေကြသေး သည်။ အစ်ကိုကြီးက မမြင်ဟန်ဆောင်ကာ ရှောင်သွားလေသည်။
တင့်လွင်မရှိတော့မှ အိမ်သားများ စုံစုံတွင် ဝေသီအား ဆူလေတော့ သည်။ ဝေသီက တင့်လွင်နှင့် သူတို့ သမီးရည်းစား ဖြစ်နေပြီဟုလည်း ဝန်မခံ။ ဘာမှမ ဖြစ်ပါဘူး ဟုလည်း ဘူးမကွယ်ဘဲ ဆူသမျှကို နားထောင်နေ ခဲ့သည်။ ကိုသန်းဦးသည် ဆူ၍ ဝသော အခါ...
''နောက်တစ်ခါ နင်တို့ ဒီလိုနေတာထိုင်တာမြင်ရရင် အသေဘဲ။လူဆိုတာ အချိန်တန် အရွယ်ရောက်လို့ ရည်းစားထားတာကို ငါအပြစ်မဆို ဘူး။ ဒါပေမဲ့ အနေအထိုင် ဆင်ခြင်ရတယ်တဲ့'' ဟု နိဂုံးချုပ်လေသည်။
ထိုနေ့မှစ၍ တင့်လွင်နှင့် ဝေသီတို့၏ ကမ္ဘာသည် မီးစလောင်လေသည်။ နောက်တစ်နေ့ တင့်လွင်ရောက်လာသော အခါ တင့်လွင်အား တစ် အိမ်သားလုံးက ဟက်ဟက်ပက်ပက် မရှိလှပေ။ တင့်လွင်မှာ ''တစ်ခုခုတော့ ဖြစ်ပြီ'' ဟု သိလိုက်သဖြင့် ခါတိုင်းလို မနေဘဲ ကိုယ်ရှိန်သတ်နေပြီး မကြာမီ ပြန်ခဲ့လေသည်။ ဝေသီမှာ လည်း တင့်လွင်ရောက်စကတည်းက အိပ်ခန်းထဲ သို့ ဝင်သွားသည်မှာ ပြန်ကာနီး နှုတ်ဆက်တော့မှ ထွက်လာလေသည်။
ထိုမှ လူကြီးများ အလစ်၌ သူ့အနီးသို့ ကပ်လာကာ... ''တနင်္ဂနွေနေ့ကျမှ လာခဲ့ပါ။ ပြောစရာတွေ အများ ကြီး ရှိတယ်'' ဟူသော စကားကို ခတ်သုတ်သုတ် ပြောရင်း ထွက်ခွာသွားလေသည်။
တင့်လွင်မှာ အူကြောင်ကြောင်ဖြင့် ပင် ထွက်ခဲ့ရလေသည်။ တစ်နေ့ လုံး စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မရှိခဲ့။ ဘာတွေ များ ဖြစ်ကုန်ကြပါလိမ့်။
ဝေသီကို သူတို့ ဆူကြသလား...ရိုက်ကြသလား...သူ့အစ်ကိုကြီးကလဲ ရောက်နေတယ်...သူ့အစ်ကိုကို လူတွေ က တိုင်လို့ ဝေသီ အဆူခံရလေ သလား။ စသည်ဖြင့် တွေးတောပူပန်မိခဲ့လေသည်။
ညဘက်ရောက်၍ အိပ်ရသော်လည်း အိပ်၍ မဖြောင့်ခဲ့။ ဝေသီအား သူ့အစ်ကိုက ရိုက်သဖြင့် တင့်လွင်ထံ ပြေးလာသည်ဟူ၍ လည်းကောင်း တင့်လွင်နှင့် ဝေသီတို့ မိုးရွာထဲတွင် လမ်းလျှောက်နေခိုက် စစ်ဝတ်စုံ ဝတ် ထားသော ဝေသီ့အစ်ကိုကြီးက ဂျပန်ဓားရှည်ဖြင့် လိုက်ခုတ်သည်ဟူ၍ လည်းကောင်း အိပ်မက်ဆိုး အမျိုးမျိုးသာလျှင် မက်၍ နေလေတော့သည်။
ဝေသီမှာ လိုက်သော တနင်္ဂနွေသို့ ရောက်အောင် သုံးရက်သာ စောင့် ရသော်လည်း ထိုသုံးရက်မှာ တင့်လွင်အဖို့ သုံးကမ္ဘာမက ကြာခဲ့ပေသည်။
ထိုသုံးကမ္ဘာမှာ လည်း မီးလျှံတဟုန်းဟုန်း တောက်လောင်နေသော ကမ္ဘာများ သာ ဖြစ်ခဲ့ပေသည်။
တနင်္ဂနွေနေ့သို့ ရောက်၍ တင့်လွင်သည် ဝေသီတို့ခြံထဲသို့ ရောက် လာသော အခါ ဝေသီတို့ တစ်အိမ်လုံး တိတ်ဆိတ်နေသဖြင့် နဂိုကမှ သွေး လန့်နေသော တင့်လွင်မှာ သာ၍ ပင် လန့်သွားလေသည်။
အိမ်ပေါ်သို့ ရောက်၍ ''မမငွေရီ'' ဟု ခေါ်တော့မှ ဝေသီ ထွက်လာ လေသည်။
''မမငွေရီတို့ရော...ဝေသီ...''
''ဒီနေ့ အမေ့မွေးနေ့မို့ မမတို့က အမေ့ကို ဘုရားလိုက်ပို့ကြတယ်''
''ကိုကြီးသန်းရော...''
''အစ်ကိုကြီး တပ်ပြန်သွားပြီလေ...''
''ဒါဖြင့် ...ဝေသီ တစ်ယောက် ထဲပေါ့...''
''ဟုတ်တယ်...ဒါကြောင့် ကိုလွင့်ကို ဒီနေ့လာပါလို့ ပြောတာပေါ့။ကဲ...ထိုင်...ပြောစရာတွေ အများ ကြီးရှိတယ်''
ဝေသီသည် တင့်လွင်အား ကုလားထိုင်တစ်ခုတွင် ထိုင်စေပြီး သူ ကိုယ်တိုင်လည်း ဘေးရှိ ကုလားထိုင်၌ ထိုင်လိုက်လေသည်။
''ဘာတွေ များ ပါလိမ့် ဝေသီရယ်...စိတ်ပူလိုက်ရတာ ...''
''စိတ်ပူရရုံ ဘယ်ကမလဲ...ကျွမ်းတောင် ကျွမ်းရဦးမှာ ...ဒီမှာ ဝေသီ့ကိုလေ ဟိုတစ်နေ့က အစ်ကိုကြီးက အိမ်သားတွေ ရှေ့မှာ ဆူလိုက်တာ စုံသွားတာပဲ...အဓိက ကတော့ ဝေသီနဲ့ ကိုလွင်နဲ့ ကြိုက်နေတယ်ဆိုတဲ့ အချက်ပါပဲ...''
''နို့...ဝေသီက ဘာမှ ပြန်မပြောဘူးလား''
''ပြောလဲ မပြောချင်တော့ဘူး ကိုလွင်...ဝေသီကိုယ်တိုင်လဲ ကိုယ့် စိတ်ကို ကိုယ်မနိုင်တော့ဘူး။ တကယ် တွေးလိုက်တော့ ဝေသီလေ ကိုလွင့်ကို ချစ်နေပြီ သိလား။ ကိုလွင်ကသာ ဘယ်လိုလဲ မသိတာ။ ဝေသီ ကတော့ ချစ်နေပြီ...''
''ကိုလွင်လဲ ဝေသီ့ကို ချစ်ပါတယ် ဝေသီ...တကယ်ပြောတာပါ''
''အခုမှတော့ မချစ်ပါနဲ့တော့ ကိုလွင်...ကိုလွင်နဲ့ ဝေသီ တစ် ယောက် ကို တစ်ယောက် ချစ်နေသမျှ စိတ်ဆင်းရဲရတော့မယ်...''
''ဘာ ဖြစ်လို့လဲ ဝေသီ...''
''ကိုလွင်နဲ့ ဝေသီ့ကို မေမေက သဘောမတူဘူးတဲ့...မောင်လို နှမလို ခင်တာမျိုးပဲ လက်ခံနိုင်မတဲ့။ ဒီလိုသဘောမျိုးဆိုရင်တော့ မ ဖြစ်နိုင်ဘူးတဲ့...''
''ဟင်...ဝေသီက ကြီးကြီးကို ဘယ်လိုပြောလိုက်လို့လဲ''
''ဒီလိုလေ အစ်ကိုဆူပြီး ညဘက်ကျတော့ ဝေသီ့ကို အမေကမေး တယ်...ကိုလွင်နဲ့ ဝေသီနဲ့ တကယ်ပဲ ကြိုက်နေကြသလားတဲ့။ ဒါနဲ့ ဝေသီ ကလဲ စိတ်ထဲမှာ ဝေခွဲလို့ မရတဲ့အကြောင်းတွေ ပြောပြတော့ အမေက ငါ့သမီး စိတ်ငြိမ်ငြိမ်ထားပါတဲ့...တင့်လွင်နဲ့သာဆိုရင် မပေးစားနိုင်ဘူးလို့ ပြောတယ်...''
''ဘာ ဖြစ်လို့များ ပါလိမ့် ဝေသီရယ်...'' ဝေသီသည် ဘာမျှမဖြေဘဲ တင့်လွင်အား ကြင်နာသော မျက်လုံးတို့ ဖြင့် သာ ကြည့်နေလေသည်။
''ကိုယ်လဲ သိပ်စိတ်ညစ်တာပဲ ဝေသီရယ်...ကိုယ့်စိတ်ကို ကိုယ် ဆုံးမကြည့်လို့လဲ မရဘူး။ ဘာလုပ်ရမှန်းလဲ မသိဘူး''
တင့်လွင်သည် ပြောပြောဆိုဆို ဝေသီ့လက်တစ်ဘက်ကို ဆွဲယူလိုက် ကာ လက်ဖမိုးလေးကို နမ်းလိုက်လေ၏ ။ ဝေသီက မည် သို့ မျှ ရုန်းဖယ်ခြင်း မပြုသော အခါ တင့်လွင်သည် အတင့်ရဲလာကာ ထိုင်နေရာမှ ထလိုက်ပြီး ဝေသီ၏ ကိုယ်ကို ဖက်၍ ပါးကို နမ်းလိုက်လေသည်။ ဤတွင် မှ ဝေသီက တင့်လွင်ကို တွန်းဖယ်ရင်း... ''ဒီလိုမလုပ်ပါနဲ့ ကိုလွင်ရယ်...ဝေသီစိတ်ညစ်လွန်းလို့ပါ...'' ဟု တောင်းပန်လေသည်။
''ဘာပဲ ဖြစ် ဖြစ် ကိုယ်လာပါရစေ ဝေသီရယ်။ တစ်အိမ်လုံးက ကိုယ့် ကို မကြည်ဖြူပေမယ့် ဝေသီကသာ ကြည်ဖြူတယ်ဆိုရင် ကိုယ်လာပါရစေ ကွယ်...''
ဤသို့ လျှင် တင့်လွင်နှင့် ဝေသီတို့၏ အချစ်မှာ ပြာဖုံးနေသည့် မီးခဲ ကို လေအပင့်ခံရသည့်ပမာ တရဲရဲ တထိန်ထိန် တရှိန်ရှိန် တောက်ပ၍ လာသည်။ ချစ်မီးရှိန် တထိန်ထိန်တောက်လာပြန်တော့လည်း တင့်လွင်ရော ဝေသီပါ အသည်းနှလုံးကျွမ်းလုမျှ ပင်ပန်းခဲ့ရလေတော့သည်။
တင့်လွင်သည် ထိုနေ့မှစ၍ ဝေသီတို့အိမ်သို့ နေ့တိုင်း တစ်နေ့တစ် ခေါက် မှန်မှန်သွားလေသည်။ မငွေရီနှင့် မိခင်ကြီးမှစ၍ တစ်အိမ်သားလုံး က သူ့ကို စကားမပြောသော်လည်း သူသည် သွားမြဲတိုင်း သွားခဲ့၏ ။ ဝေသီ အနေဖြင့် လည်း အစ်မနှင့် မိခင်က စကားမပြောသော ဧည့်သည်အား နှုတ် ဆက်စကားမှတစ်ပါး အခြားစကား မပြောနိုင်ခဲ့။
သို့ ဖြင့် တစ်လခန့်ကြာသော အခါတွင် ...
မောင်...
မောင့်ကို ဝေသီချစ်ပါတယ်...ဒါပေမဲ့ မေမေက မောင်နဲ့ ဝေသီနဲ့ ကြိုက်နေတာကို သဘောမတူဘူးတဲ့...မပေးစားနိုင်ဘူး တဲ့။ မမတို့ ကိုကိုတို့ကလဲ သဘောမတူနိုင်ဘူးတဲ့...ဒီတော့ မောင် နဲ့ဝေသီတို့ ဒီဘဝမှာ နီးနိုင်မယ် မထင်ပါ...ဒါကြောင့် မို့... မောင်... ဝေသီတို့အိမ်ကို မလာပါနဲ့မောင်။ လမ်းမှာ တွေ့ ကြမှပဲ ခေါ်ကြပါစို့...
မောင့်ကို ဝေသီချစ်တယ်ဆိုတာတော့ ယုံပါ။
ဝေသီ
ဟူသော စာတစ်စောင်ကို စာရင်းငှားကြီးသမီးလေးက လာပေးလေ တော့သည်။
''ဘယ်လို ဖြစ်တာလဲ မညိုရယ်...ဘာ ဖြစ်ကြလို့လဲ...''
စာဖတ်အပြီးတွင် တင့်လွင်က သူရင်းငှားကြီးသမီး မညိုအား မေးခဲ့ မိ၏ ။
''မသိပါဘူး အစ်ကိုရယ်...ဒေါ်ကြီးက အစ်ကိုအိမ်မလာစေနဲ့လို့ ပြောသတဲ့...တစ်နေ့က ကိုကြီးသန်းဦးဆီက စာလာတယ်။ စာထဲမှာ ဘာတွေ ပါသလဲတော့ မသိဘူး။ မမသီကပြောတော့ အစ်ကိုဟာ ဇာတ်ဆရာ သားမို့လို့ သဘောမတူတာဆိုလား...''
တင့်လွင်မှာ ဦးခေါင်းကို မိုးကြိုးအပစ်ခံရသူပမာ တစ်ကိုယ်လုံး လောင်ကျွမ်းသွားလေပြီဟု ခံစားရလေသည်။ အဖေ့ပြဿနာသည် ဤ အခန်းထိ ရောက်လာစရာမမြင်ဟု ထင်မှတ်ခဲ့သော်လည်း ထင်ချက် လွဲမှား ခဲ့လေပြီတကား...။
တင့်လွင်သည် ဘာမှမပြောနိုင်တော့။ ဝမ်းလည်းနည်းမိ၏ ။ ဒေါသ လည်း ဖြစ်မိ၏ ။ ရှက်လည်း ရှက်၏ ။ ထို့ကြောင့် တင့်လွင်သည် မည် သို့ မျှ စာမပြန်တော့ဘဲ မညိုအား ပြန်ခိုင်းလိုက်လေသည်။ ထိုနေ့တစ်နေ့လုံး တင့် လွင်သည် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ဘဲ အခန်းအောင်း၍ နေခဲ့၏ ။
နောက်နေ့များ ၌ ဝေသီအား သတိရသော်လည်း သွားခွင့်မရပြီမို့ မသွားဘဲ နေခဲ့၏ ။ ဂီတကို စိတ်နာလှသဖြင့် သုခုမတင်ရှိန်တို့အိမ်သို့ လည်း မသွားတော့။ နေ့ရောညပါ စာ...စာကိုသာ ဖတ်ခဲ့၏ ။
ထိုမှ စိတ်ထောင်းကိုယ်ကြေ ဟူသည့်အတိုင်း စိတ်ဆင်းရဲမှု က ဆင့် ကဲ၍ လာသော အခါ ကိုယ်ခန္ဓာ၏ ခွန်အားတို့ ဆုတ်ယုတ်လာလေသည်။
ထိုအခါ နေပူမရှောင် မိုးရွာမရှောင် ဂျပန်ခေတ်တစ်ခေတ်လုံး ကြုံရာအလုပ် ကိုလုပ်ကာ တစ်ဘက်က ပညာကိုရှာခဲ့ရသော ဒဏ်များ ကပါ ဖိစီး၍ လာကာ အဖျားသွေးဝင်ကာ အိပ်ရာ၌ လဲလေတော့သည်။
အိပ်ရာတွင် လဲနေရာမှ နေကောင်းလာသော အခါ ခေတ်ပြောင်း ခေတ်လွဲ ဖြစ်သွားပြီမို့ ရှေ့၌ မည် သို့ လုပ်ကိုင်စားသောက်၍ နေထိုင်သွားရ မည် နည်းဟူသော ပြ ဿနာကို အများ ပြည်သူတို့နည်းတူ တင့်လွင်တို့မိသား စုလည်း ရင်ဆိုင်ရလေတော့သည်။
တင့်လွင်၏ ဖခင်မှာ စီးပွားရေး သမားစစ်စစ်ကြီး မဟုတ်လေရာ... ဂျပန်ခေတ်တွင် မိတ်သင်္ဂဟအပေါင်းအသင်းကြောင့် စီးပွား ဖြစ်ခဲ့သော် လည်း စစ်ပြီး၍ ဂျပန်ငွေစက္ကူများ တရားမဝင်ဟု ကြေငြာလိုက်သော အခါ ရှိရာကုန်ပစ္စည်းလေးများ ဖြင့် စီးပွားသစ် တည်ထောင်ရလေသည်။
တင့်လွင်ကား ရှေ့ရေး နှင့် ပတ်သက်၍ ဘာကိုမျှ မတွေးလိုတော့။
ဘာကိုမျှ မမျှော်လင့်ချင်တော့။ ဘာကိုမျှလည်း မလိုချင်တော့။
ခေတ်ရေစီးကြောဝယ် ရေစုန်၊ ရေဆန်မျှော၍ သာ နေချင်၏ ။ခေတ်မုန်တိုင်းပင့်လေရာတွင် လွင့်ပါ၍ သာ နေချင်၏ ။ ငယ်စဉ်က ထားရှိခဲ့ သော သံမဏိအဓိဋ္ဌာန်များ လည်း အရည်ပျော်ခဲ့ပြီ။ ငယ်စဉ်က ရည်မှန်းခဲ့ သော ပန်းတိုင်သည်လည်း ကျိုးပျက်ကျေမွခဲ့ပြီ။
ရန်ကုန်တွင် နေရချိန်များ ၌ ကြို့ကုန်းသို့ သာ သွားချင်နေသဖြင့် ရန်ကုန်တွင် နေသည်ဟူ၍ မရှိဘဲ တစ်မြို့တစ်ရွာသို့ မကြာခဏ သွားနေမိ ခဲ့၏ ။ ထိုအတွင်း သူငယ်ချင်းတစ်ဦးက ခေါ်သဖြင့် မြေလတ်ဒေသရှိ ရေဦး ခေါ် မြို့ကလေးသို့ လိုက်သွားကာ နှစ် လနီးပါးမျှ နေခဲ့၏ ။
ရန်ကုန်တွင် အခြေအနေအမျိုးမျိုးကြောင့် ကာလကြာမြင့်စွာ စာမ ဖတ်၊ သီချင်းမဆို၊ တယောမထိုး၊ စာမရေး ဘဲ နေခဲ့သော တင့်လွင်သည် ရေဦးမြို့လေးသို့ ရောက်၍ တစ်လခန့်အကြာတွင် စိတ်တည်ငြိမ်မှု ရလာ၏ ။
ဘူတာရုံဝန်းကျင်ရှိ ကျွန်းတောကြီးများ ၊ ကားလမ်းအရှေ့ဘက်ရှိ တောင်စွယ် လယ်ကွင်းနှင့် ချောင်းမြောင်းတို့၏ ရှုခင်းတွင် ကြည်နူးခဲ့ရာမှ တင့်လွင်သည် စာရေး လိုစိတ် ပေါ်လာလေတော့သည်။
ရေဦးမှ ပြန်လာသော အခါ တင့်လွင်သည် စာစ၍ ရေး လေတော့ သည်။
တင့်လွင်သည် ရှေးဦးစွာ မှတ်တမ်းများ ရေး ခဲ့၏ ။ ထိုမှ ကဗျာများ စပ်ခဲ့၏ ။ ဆောင်းပါး ဝတ္ထုတိုများ ရေး ခဲ့၏ ။ မကြာခဏ ဝေသီအတွက် စာများ ရေး ၍ ပေးခဲ့၏ ။ ဝေသီ့ထံသို့ ပေးသော စာများ မှာ အဆန်မရှိသည့် ရေစုံသို့ မျှောလိုက်ရသည့်ပမာ၊ ပြန်စာဟူ၍ ဘယ်တော့မှ မလာခဲ့ချေ။
သို့ သော် တင့်လွင်ကမူ တစ်လလျှင် နှစ် စောင် သုံးစောင်ကျ အမြဲတန်း ပေးခဲ့လေသည်။
ယခုဆိုလျှင်...၇ နှစ် ပင် တိုင်ခဲ့ပြီ။
အစ်ကိုသည်ပင် ဘီအေနောက်ဆုံးနှစ် သို့ ရောက်ခဲ့ပြီ။
တင့်လွင်သည် ဝေလွင်ဟူသော ကလောင်အမည် ဖြင့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာများ ရေး ကာ စာရေး ဆရာပေါက်စ ဖြစ်ခဲ့ပြီ။ သတင်းစာ တိုက်တွင် နယ်သတင်းများ အချောပြန်ရေး ခြင်း၊ နိုင်ငံခြားကြေးနန်းသတင်းများ ဘာသာပြန်ပေးခြင်းဖြင့် သတင်းစာဆရာပေါက်စဘဝသို့ ရောက်ခဲ့ပြီ။
စာရေး ဆရာ အယ်ဒီတာပေါက်စ တစ်ယောက် အနေဖြင့် ခင်မြတ် ဆွေတို့ကဲ့သို့ သော မိန်းကလေးများ ၊ စာပေဝါသနာအိုး ယောက်ျားလေးများ ထံမှ မိတ်ဆက်စာ၊ ချီးကျူးစာ၊ ဝေဖန်စာများ မကြာမကြာ ရောက်ခဲ့သော် လည်း ဝေသီ့ထံမှ စာမူကား တစ်စောင်မျှ မရောက်ခဲ့ချေ။
''ဟေ့ လူ...ငိုင်လှချည်လားဗျ''
တင့်လွင်သည် ရှေးဟောင်းနှောင်း ဖြစ်များ ကို တွေးနေရာမှ လုပ်ဖော် ကိုင်ဖက် အယ်ဒီတာ ကိုခင်မောင်၏ အသံကြောင့် လန့်သွားကာ...အိပ်ရာ မှ ရောင် ရမ်းပြောဆိုသံမျိုးဖြင့် -
''အင်း...ဘာမှ မ ဖြစ်ပါဘူး။ အစဉ်းစားလွန်သွားလို့ပါ...'' ဟု ဖြေလိုက်ရလေသည်။
''ခင်ဗျားတို့ စာရေး ဆရာတွေ ဟာ ဒါပဲ။ ကောင်မလေးတွေ ဆီက စာတစ်စောင်လောက် လာပြီဆိုရင်...မြေးဦးရတဲ့အထိ အတွေးနယ်ကျယ် တော့တာပဲ...''
''တော် စမ်းပါ ကိုခင်မောင်ရာ...ဒီစာက...ရိုးရိုးတန်းတန်းလာ တဲ့ စာပါ...ကျွန်တော် နဲ့ ဆွေမျိုးလိုနေတဲ့ အသိုက်အဝန်းထဲကပါ''
တင့်လွင်က ပြာပြာသလဲ ဖြေရှင်းတော့မှ...ကိုခင်မောင်လည်း တဟဲဟဲ ရယ်ရင်း...
''ဆောရီးဗျာ...ဆောရီး...ခင်ဗျားက...စာတစ် စောင်ဖတ်ပြီး ငိုင်နေတာနဲ့...တလွဲထင်သွားတာဗျို့...''ဟု ပြောကာ တောင်းပန်လေတော့သည်။
တင့်လွင်လည်း လုပ်ဖွယ်ရှိသည့်အလုပ်များ ကို ပြီးဆုံးအောင် လုပ် ကိုင်ပြီးသည်နှင့် တပြိုင်နက်...ခင်မြတ်ဆွေထံသို့ စာပြန်လေတော့သည်။
စာထဲ၌ ...တင့်လွင်ကလည်း မြင်လျှင်မြင်ချင်း နှမရင်းချာကဲ့သို့ ခင်မင်ကြောင်း၊ လိုအပ်သော အကူအညီကို ပေးမည် ဖြစ်ကြောင်း၊ လာလည် မည့် အကြောင်း၊ သတိရကြောင်းမှ စ၍ ...စ၍ ...
(၄)
''ဟေး...ဆရာလေး...''
တင့်လွင်သည် နေ့ဆယ့်နှစ် နာရီခွဲပွဲကြည့်၍ အပြီး ရုပ်ရှင်ရုံမှ အ ထွက်တွင် သူ့အား ဆရာလေးဟုခေါ်ရင်း ခါးကိုလာ၍ ဖက်လိုက်ခြင်း ခံရသ ဖြင့် လှည့်ကြည့်လိုက်ရာ...သုခုမတင်ရှိန်အား တွေ့ ရလေတော့သည်။
''ဘယ်လိုလဲဗျ...တိမ်မြုပ်လှချည်လား...ထွေးစိန်နဲ့အမေကတောင် မေးမေးနေတယ်။ ခင်ဗျားနဲ့ မတွေ့ ဘူးလားတဲ့...''
''အေးဗျာ...ကျွန်တော် လဲ အခုတလော အလုပ်များ နေတာနဲ့ ခင်ဗျားတို့ဘက်တောင် မရောက်ဘူး။ ကြီးကြီးတို့ ထွေးစိန်တို့ရော နေကောင်း ရဲ့ လား...''
''ကောင်းပါတယ်...ကောင်းကြပါတယ်။ ခင်ဗျား ဒီနေ့ တနင်္ဂနွေနေ့ပဲ မအားဘူးလား...အားရင် စကားလေးဘာလေး ပြောရ အောင်...''
''အားပါတယ်...ဒီနေ့ ကျွန်တော် အနားယူတဲ့နေပဲ...ဘယ်သွား မလဲ...''
''လာပါဗျာ...ဘားတစ်ခုခု သွားကြရအောင်...''
တင့်လွင်သည် ကိုတင်ရှိန်နှင့် အတူ ဟော်တယ်တစ်ခုသို့ ထွက်ခဲ့ကြလေသည်။
ခင်မြတ်ဆွေထံမှ စာလာပြီး၍ ဝေသီနှင့် ဖြစ်ပျက်ခဲ့သမျှတို့ကို တွေးမိခဲ့ရာမှ ဇာတ်ဆရာ ဂီတသမား၏ သား ဖြစ်၍ မပေးစားနိုင်ဟု အပြော ခံရသည်ကို သတိရကာ ဂီတကိုပင် စိတ်နာချင်ချင် ဖြစ်လာသဖြင့် သုခုမ တင်ရှိန်တို့အိမ်ဘက်ကို ခြေဦးမလှည့်ခဲ့မိသော တင့်လွင်မှာ ယခု သုခုမတင် ရှိန်နှင့် တွေ့ ရပြန်တော့လည်း မငြင်းမဆန်၊ သူခေါ်ရာသို့ လိုက်လာမိတော့ သည်။
သုခုမတင်ရှိန်တို့ မိသားစုနှင့် သူသည် ဂျပန်ခေတ်မှာ ပင် ရင်းနှီးခဲ့ရ ၏ ။ ထိုစဉ်က ကျောင်းနေစရာ ကျောင်းများ ကလည်း မဖွင့်သေးရာ တင့်လွင် မှာ အိမ်တွင် စာအုပ်များ သာ ဖတ်ရင်း အာရှလူငယ်အသင်း၌ Óဏဗလ မှူးအ ဖြစ် ဆောင်ရွက်ခဲ့ရလေသည်။ တစ်နေ့တွင် အာရှလူငယ်အသင်း ရံပုံငွေအတွက် ကပွဲလုပ်သော အခါ တင့်လွင်က တာဝန်ယူ၍ ဇာတ်လမ်း ဇာတ်ကွက် ရှာဖွေခြင်း၊ စီစဉ်ညွှန်ကြားခြင်းများ ပြုလုပ်ရလေသည်။ ပြဇာတ် အတွက် တီးဝိုင်းဖွဲ့သော အခါ ကြည့်မြင်တိုင် ပိတောက်တန်းမှ သုခုမတင် ရှိန်က စန္ဒယားဖြင့် လည်းကောင်း၊ ဝါးပတ္တလားဖြင့် လည်းကောင်း ကူညီခဲ့လေ သည်။ ကိုတင်ရှိန်သည် တင့်လွင် စီစဉ်ခန့်ခွဲသော ဇာတ်ညွှန်းကို ကြည့်ကာ တင့်လွင်အား လွန်စွာ အထင်ကြီးခဲ့လေသည်။ တင့်လွင်မှာ တစ်ခါမျှ ပြဇာတ် ဝတ္ထု မရေး ဖူးသူ ဖြစ်ကြောင်း သိရသော အခါ၌ ကား အံ့သြတကြီး ဖြစ်ခဲ့ရလေ တော့သည်။ ထို့ကြောင့် ပင် တင့်လွင်အား နာမည် ကို ခေါ်သည်ကနည်းပြီး 'ဆရာလေး' ဟု ခေါ်သည်က များ ခဲ့လေသည်။
တင့်လွင်အနေဖြင့် ဂီတပညာကို ထိုစဉ်အခါက ဒူလေဘေလေ မတီးမှု တ်တတ်သေးသော်လည်း နားရည်ဝကာ ဆိုတတ် ပြောတတ်သူ ဖြစ်ရာ ပတ္တလား၊ စန္ဒယား၊ တယော၊ ဂီတ၊ မယ်ဒလင်၊ြေ>ွပ၊ နှဲ မည် သို့သော ဒူရိယာ ကိုတွေ့ တွေ့  ကောက်ကိုင်၍ ရသော ကိုတင်ရှိန်အား လွန်စွာ အထင်ကြီးခဲ့ လေသည်။ လေးစားခဲ့လေသည်။ ခင်မင်မိခဲ့လေသည်။
ထို့ကြောင့် ပင် အာရှလူငယ်အဖွဲ့ ရံပုံငွေရရှိရေး ပြဇာတ်ပြီးဆုံးသော အခါ တင့်လွင်သည် သုခုမ တင်ရှိန်ထံ၌ တပည့်ခံလေတော့သည်။ ပထမ တွင် အဆို၊ ထို့နောက် မယ်ဒလင်၊ ထို့နောက် တယော....။
တင့်လွင်၏ မိခင်သည် တင့်လွင် ဤသို့ ဂီတသမားများ နှင့် ပေါင်း သင်းကာ ဟိုတစ်စ သည်တစ်စ သင်ယူနေသည်ကို သိရသော အခါ ပထမ တွင် အေးအေးဆေးဆေး နေသေးသော်လည်း တင့်လွင်သည် လေးလေးနက် နက် သင်ယူရုံမျှမက မင်္ဂလာပွဲ အလှူပွဲများ ၌ ပင် သီချင်းတစ်ပုဒ်စ နှစ် ပုဒ်စ ဆိုနေကြောင်း သိလာသည့်အခါ၌ ကား ဆူပူတားမြစ်လာလေတော့သည်။
''ဒါတွေ ကို ဝါသနာပါလို့ လိုက်စားလဲ ရသေ့စိတ်ဖြေသာ လုပ်ပါ ကွယ်...အလေးအနက် စိတ်ဝင်စားသွားရင် စိတ်လေပြီး မင်းအဖေလို တောင်မကျ မြောက်မကျနဲ့ စီးပွားရေး လည်းမအောင်မြင် ပညာရေး လည်း မပြည့်စုံနဲ့ ကသီကရီ ဖြစ်နေဦးမယ်...''
ထိုအခါ တင့်လွင်သည် ကိုတင်ရှိန်တို့အိမ်သို့ သွားမြဲသွားလေတော့ သည်။
''ဘယ့်နှယ်လဲ ဆရာလေးလဲ ခုတလော မြုတ်ချက်သား ကောင်းလှ ချိလား...'' ဟု ကိုတင်ရှိန်က တွေ့ သည့်အခိုက် မေးလာလျှင်...
''အေးဗျာ..အခုတလော နယ်ထွက်နေရလို့'' ဟူ၍ လည်းကောင်း။
''ကျက်စရာ စာတွေ က များ နေလို့'' ဟူ၍ လည်းကောင်း သင့်သလို ဆီလျော်အောင် ဖြေခဲ့ရလေသည်။
သည်လိုနှင့် စစ်ကြီး ပြီးဆုံးကာ တင့်လွင် တစ်ယောက် လွင့်ချင်ရာ လွင့်နေရာမှ ပြန်ရောက်လာကာ ကျောင်းပြန်နေသည်ဟု သိရသော အခါ ကိုတင်ရှိန်တို့ မိသားစုက ဝမ်းသာစွာ ဖြင့် အားပေးကြလေသည်။ တင့်လွင် နေသော ကျောင်း၌ ကပွဲလုပ်သော အခါ ကိုတင်ရှိန်တို့တီးဝိုင်းကပင် ကူညီ ခဲ့လေသည်။
ထိုမှ တင့်လွင်သည် ဝတ္ထုတိုများ ရေး ရင်း သတင်းစာတိုက်၌ အလုပ် လုပ်နေကြောင်း သိရသော အခါ၌ ကိုတင်ရှိန်သည် ဂုဏ်ယူဝင့်ကြွားခြင်း၊ ဝမ်း သာခြင်းတို့ဖြင့် တင့်လွင်အား ချီးမွမ်းခဲ့လေသည်။
တင့်လွင်သည် ငါ့ဝမ်းပူဆာ မနေသာလို့ ရေး မိသည့် ဝတ္ထု တစ်ပုဒ် က စာတစ်အုပ် ပေတစ်စောင် ဖြစ်လာခြင်းနှင့် ပတ်သက်၍ မိမိထက် ကို တင်ရှိန်က ဝမ်းသာသည်ကို နားမလည်နိုင်ခဲ့။ ထို့ထက် အဖေကပါ ဝမ်းသာ အားရ ဝေဖန်နေသည်ကို ကြားရသော အခါ စိတ်နှလုံးပင် နောက်ကျိသွား လေသည်။
အစ်ကို့ဝေဖန်ချက်ကိုကား တင့်လွင် လေးစားစွာ ခံယူခဲ့ပါ၏ ။
''ကဲ...ဘာသောက်မလဲ...ကျွန်တော် တော့ ရမ်ပဲ...'' ဘားတွင်းသို့ ရောက်၍ ကုလားထိုင်တွင် ထိုင်လျှင် ထိုင်မိချင်း ကို တင်ရှိန်က စကားစ၏ ။
''အင်း...အင်း...ကျွန်တော် ကတော့ ဘီရာပေါ့ဗျာ'' ကိုတင်ရှိန်က ရမ်တစ်ခွက်နှင့် ဘီရာတစ်ပုလင်း မှာ လိုက်လေသည်။
ကိုတင်ရှိန်က တင့်လွင်ထက် အသက် ငါးနှစ် ခန့် ကြီးလေသည်။ အသားအရေမှာ တင့်လွင်ကဲ့သို့ မလတ်ဘဲ သိသိသာသာ မည်းလေသည်။နဖူးကျယ်ကျယ် မေးရိုးကားကား နှာသီးပွပွရှိကာ ဦးခေါင်းကြီးသော်လည်း ကိုယ်ခန္ဓာက ပိန်ပိန်သွယ်သွယ် ဖြစ်နေသော ကြောင့် အထက်ပိုင်းနှင့် အောက်ပိုင်း မမျှဘဲ အကြည့်ရခက်သော ရုပ်မျိုး ဖြစ်လေသည်။
သူသည် သဘင်သည် မျိုးရိုးမှ ဆင်းသက်လာလေသည်။သူ့မိခင်သည် ရှေးမင်းသမီးကြီး တစ်ဦးနှင့် နှဲဆရာကြီး တစ်ဦး၏ သမီး ဖြစ်ကာ ငယ်စဉ်က အငြိမ့်မင်းသမီးအ ဖြစ် ထင်ပေါ်ခဲ့၏ ။ ထိုမှ ဇာတ် ထဲသို့ ဝင်၍ ဇာတ်မင်းသမီး လုပ်ရာမှ ဆိုင်းဆရာနှင့် အကြောင်းပါခဲ့ရာ သားသမီး ငါးယောက် ထွန်းကားခဲ့သည်။ သို့ သော် သုံးယောက် သာ အဖတ် တင်ခဲ့လေသည်။ ¤င်းတို့မှာ သားဦး ကိုတင်ရှိန်၊ သားအလတ် မောင်အောင် ရှိန်နှင့် သမီးအထွေးဆုံး မထွေးစိန်... ကိုတင်ရှိန်၏ ဖခင်ကြီးသည် စစ်မ ဖြစ်မီ လေးငါးနှစ် ကပင် ကွယ် လွန်ခဲ့သည်ဟု သိရသည်။ ထိုအခါ အရွယ်လွန်ပြီ ဖြစ်သော အမေက အပျို တော် က၍ ကိုတင်ရှိန်တို့ မောင်နှမတစ်စုကို လုပ်ကျွေးခဲ့သည်။ သို့ တင်ရှိန် မှာ ဂီတပညာ၌ မစုံသေးသော်လည်း တတ်သမျှ တီးမှု တ်ရာက ပညာရှာခဲ့ ရလေသည်။ စစ် ဖြစ်၍ စစ်ပြေးရသော အခါ ကိုတင်ရှိန်အဖို့ လေ့ကျင့်ချိန် များများ ရခဲ့၍ ပညာတိုးခဲ့လေသည်။ ဂျပန်ခေတ်တွင် မူ ကိုတင်ရှိန်သည် တီးဝိုင်းတစ်ခုကို ခေါင်းဆောင်နိုင်သည်အထိ တိုးတက်ခဲ့လေသည်။
သားအလတ် မောင်အောင်ရှိန်ကမူ ဂီတဝါသနာမပါ။ အက အခုန် ၌ လည်း ဝါသနာ မပါဟုဆိုကာ ကိုတင်ရှိန်ထက် ရုပ်ရည်ချောမောပါလျက်၊ ဥပဓိရုပ် ကောင်းပါလျက် ကားမောင်းသင်ကာ ဒရိုင်ဘာလုပ်နေလေသည်။
အငယ်ဆုံး မထွေးစိန် တစ်ယောက် သာ 'လာစမ်း' ဟုဆိုလျှင်လည်း ထကသည်။ 'ဆိုစမ်း' ဟုဆိုလျှင်လည်း စည်းနှင့် ဂျပ်ကိုယူကာ ကျုံ့ကျုံ့ထိုင် ၍ ဆိုတတ်လေသည်။ ရုပ်လက္ခဏာကလည်း သဘင်ရုပ် ဖြစ်သည်။ မျက်လုံး မျက်ခုံး၊ နှာတံ၊ ပါးစပ် အားလုံး ပြေပြစ်သည်။ သူ တစ်ယောက် ကား အလား အလာရှိသူပင်။
''ကိုတင်ရှိန်တို့ ဝိုင်းရော တော် တော် လေး ဟန်ရဲ့ လား။ ဓာတ်ပြား လေးဘာလေး မသွင်းရဘူးလား...''
''သွင်းရပါတယ်။ ရုပ်ရှင်ကားတွေ လက်ခံထားတာလဲ ရှိပါတယ်။ဒါပေမဲ့ အမေက အငြိမ့်ထောင်ချင်တယ် ဆိုတာနဲ့ ထွေးစိန်လဲ အကနဲ့အဆို ကျင့်နေတယ်။ ကျွန်တော် လဲ ဘဘကြီးဆီ သွားသွားပြီး ရပြီးသား သီချင်းကြီး တွေ ကို ဝါးပတ္တလားနဲ့ ပြန်စစ်နေရတယ်...''
''ဟုတ်လား...ဟန်ကျတာပေါ့ဗျာ...''
''ကျွန်တော် လဲ ငယ်ငယ်တုန်း ကတော့ သင်ရိုးအတိုင်း သင်ရိုးကုန် အောင် သင်ဖို့ ကြံခဲ့တာပဲ...သင်ပေးမဲ့ ဆရာကလဲ သင်ပေးမှာ ပါပဲ။ ဒါ ပေမဲ့ အဖေက သေသွားတော့ စိတ်ပျက်ပြီး ပစ်ထားလိုက်မိတယ်။ နောက် မလုပ် ဖြစ်လို့ တီးရ မှု တ်ရပြန်တော့ သင်ရိုးကို ပြန်မကိုင် ဖြစ်တော့ဘဲ ဆူ လွယ် ခုပ်လွယ်တွေ နောက်ကို လိုက်ရင်းက မူစစ်မူမှန် မဟုတ်တာတွေ ပါ ရောပြီး အုတ်အရောရော ကျောက်အရောရော ဖြစ်လာတော့တယ်။ အခု ကိုယ်က တကယ်မူစစ်မူမှန်ကို ရရမယ့်အခြေရောက်လာတော့ ဘဘကြီးတို့ မမကြီးတို့ ဆီးကပ်ရတော့တာပဲ...''
''အေးဗျာ...ခင်ဗျားတို့နဲ့ တွေ့ ပြန်တော့လဲ တီးချင်ဆိုချင်စိတ်တွေ ပေါ်အလာသား။ ဒါပေမဲ့ ကိုယ့်လက်က လူရာဝင်လောက်အောင် မမြောက် တော့ ဒီလိုပဲနေရတော့တာပဲ။ ဘယ်တော့များ မှ ဒီပညာတတ်ပါ့မလဲ မသိပါ ဘူးဗျာ...''
''ဟာ...ဆရာကလေးလဲ လက်စလက်န ရှိပြီးသားပါ။ အချိန်ပေး ပြီး လေ့ကျင့်လိုက်ရင် တစ်နှစ် လောက်နဲ့ ပြိုင်ပွဲဝင်နိုင်လောက်ပါတယ်...''
''ဒီလောက်လဲ မမြှောက်နဲ့လေ။ ပြိုင်ပွဲဝင်တာ ကတော့ အခုလဲ ဝင် နိုင်တာပေါ့...အိုးနင်း ခွက်နင်း ဖြစ်ပြီး ခဲပေါက်ခံရမယ် မခံရဘူးဆိုတာသာ မပြောနိုင်တာ...''
''မြှောက်တာ မဟုတ်ပါဘူး။ တကယ်ပြောတာပါ...ခင်ဗျားမှာ ဂီတနဲ့ပတ်သက်ပြီး နားရည်ဝထားတယ်ဗျာ။ သဘောတရားတွေ လေ့လာဖူး တယ်ဗျာ။ အသံဖွဲ့စည်းပုံကိုလဲ နားလည်ထားတယ်ဗျာ။ အဆိုလဲ သင်ဖူး တယ်။ အတီးလဲ သင်ဖူးတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ အလေ့အကျင့် မရှိလို့သာကိုးဗျ။ ခင်ဗျားသတင်းစာတိုက် မဝင်ခင်က ညဦးပိုင်းမှာ ကျွန် တော် တို့ဝိုင်းကို လာလာပြီး တယောနဲ့ တွယ်တယောလုပ်ရင်း လေ့ကျင့်ခဲ့ရင် အခုဆို ကြေးစားလုပ်မယ်ဆိုရင်တောင် ဖြစ်နေနိုင်ပြီ။ ကျွန်တော် တို့ ဝိုင်း ခေါင်းဆောင်နဲ့ရော အားလုံးနဲ့ရော ခင်ဗျား ခင်ပြီးသားပဲဟာ...''
''ဟုတ်ပါတယ်ဗျာ...ကျွန်တော့် အပြစ်ပါ...''
တင့်လွင်သည် ဤသို့ ပြောရင်းက သူ့ကိုယ်သူ အဖြေရှာကြည့်နေမိ ၏ ။ ဤအချိန်အခါ၌ တင့်လွင်သည် ကိုတင်ရှိန်တို့ လူစုနှင့် တွေ့ လျှင် စည်းဝင်တီးရန်သော်လည်းကောင်း လင်းကွင်းဝင်တီးရန်သော်လည်းကောင်း သီချင်းဝင်ဆိုရန်သော်လည်းကောင်း ဝန်မလေးရုံမျှမက ဝိုင်းဖွဲ့၍ ယိမ်းက လျှင်ပင် ရောနှော၍ ကရဲသည့်အခြေအနေသို့ ရောက်နေပြီ ဖြစ်သော်လည်း ကိုတင်ရှိန်က သူတို့အဖွဲ့သို့ ညစဉ်လာ၍ လေ့ကျင့်ခန်းယူရန် ခေါ်သည်ကို အဘယ်ကြောင့် ငြင်းဆန်ခဲ့လေသနည်း။ ကြေးစား ဂီတသမားအ ဖြစ် အဘယ်ကြောင့် မခံယူခဲ့လေသနည်း။
ကိုတင်ရှိန်တို့ အိမ်သို့ ရောက်လျှင်လည်း တစ်ခါမျှ စိတ်ညစ်ညူး နောက်ကျိခြင်း မ ဖြစ်ခဲ့ရ။ ကိုတင်ရှိန်တို့အမေ ဆိုပြရွတ်ပြသော ရှေးစာတို စာစ သီချင်းအတိုအစတို့ကို ကျက်မှတ်နာယူရသည်မှာ ပျော်စရာကောင်းလှ ပေသည်။ တစ်ခါတစ်ရံ အဖွားကြီးက စိတ်ပါလာကာ လက်ဟန်ခြေဟန်ဖြင့် ပြောဆိုနေရာမှ ကွေးနေအောင် ကပြလိုက်ပြန်သော အခါ ကိုယ့်ကိုယ်ကို ပင် မေ့နေလောက်အောင် ကြည်နူးခဲ့ရလေသည်။ ထိုမှ စားစရာရှိလျှင် လည်း ရှိသမျှကို မြိန်ရေယှက်ရေ ဝင်စားခဲ့လေသည်။ တင့်လွင်အနေဖြင့် 'ငါဝင်စားလိုက်လို့ ဒင်းတို့သားအမိ လောက်လောက်ငငမှ စားရပါလေစ' ဟု ဘယ်သော အခါမျှ မတွေးမိခဲ့။ အိမ်သားများ ကလဲ တွန့်တွန့်တိုတို မရှိ ခဲ့ချေ။
''ဒါထက်...ခင်ဗျားအဖိုးကြီးရော ဘာတွေ လုပ်နေသလဲ''
''ဒီလိုပါပဲလေ...ကန်ထရိုက်တာလေး လုပ်လိုက် တိုလီမိုလီပေါံ။ မြတ်တဲ့အခါထက် ရှုံးတာက များ ပါတယ်...''
''အင်းပေါ့လေ...သူ မကျွမ်းကျင်တဲ့အလုပ်ဆိုတော့ မလုပ်မ ဖြစ် လို့သာ လုပ်ရတယ်။ စီးပွားမ ဖြစ်နိုင်ဘူးပေါ့။ ဝါသနာပါတဲ့ အလုပ်ြ ကတော့ လဲ မအောင်မြင်ခဲ့ဘဲကို။ အံမာ ကိုရင့်အဖိုးကြီးက သိပ်ခေတာ မှု တ်ဘူးဆရာ ရဲ့ ။ အခု ဘဘကြီးနဲ့ သီချင်းကြီးတွေ ပြန်စစ်တော့မှ ကိုရင့်အဖိုးကြီး မခေ တာတွေ သိရတယ်။ ဟိုတုန်းက ကိုရင်နဲ့ ကျုပ်နဲ့ တီးကြ ဆိုကြရင် တချို့တီး ကွက် တချို့ဆိုဟန်တွေ ကို လာလာပြင်တယ် မှု တ်လား။ အဲဒီ အခါကျရင် ကိုရင်က ဒေါပွတယ်လေ။ အဲ...အဲဒီ သူပြင်တာမျိုးတွေ ပဲ အခု ဘဘကြီး က ပြင်ပေးနေတာ...''
''ဟင်...ဟုတ်လား...''
''ဟုတ်တယ်ဗျ...ကျုပ်လဲ အခုမှ ဘဘကြီး ပြင်ပေးတာကို တီး ရင်းတီးရင်း သတိရရလာတယ်။ 'ဥပမာ တောမြိုင်ခြေလမ်း'ထဲက အပိုဒ်တွေ 'အာကာယံထဲ' ပတ်ပျိုးထဲက အပိုဒ်တွေ 'တောင်ယံတောကလေး' ရှေ့ပိုင်း က အပိုဒ်တွေ ယုတ်စွအဆုံး ထံတျာတေးရှင်က အစပါပဲလေ...အိမ်ကျမှ ကိုယ့်ဆရာလေးကို တီးပြရဦးမယ်။ လိုက်မယ်မှု တ်လား...''
''လိုက်ပါ့မယ် ဆိုမှပဲ ဆရာရှိန်ကလဲဗျာ...''
တင့်လွင်သည် မမျှော်လင့်ဘဲ သူ့ဖခင်အား ချီးမွမ်းသံကို ကြားရ သော အခါ ရင်ထဲတွင် တစ်မျိုး ဖြစ်သွားလေသည်။ တစ်ခါက သူ့ဖခင်ကို သုခုမတင်ရှိန်၏ မိခင်ကြီးက ပြောခဲ့ဖူးသေးသည်။
''ကိုအေးသက်တို့ ဇာတ်ဟာ စင်စစ်တော့ သိပ်မညံ့ခဲ့ပါဘူး။ မြစ်ဝ ကျွန်းပေါ်တစ်လျှောက်မှာ တော့ ဟိုးလေးတကျော်ကျော်ပေါ့။ ဒါပေမဲ့ ကုသိုလ်ကံအကျိုးမပေးချင်တော့ ပရိသတ်က လက်ခံပါရက်နဲ့ အဖွဲ့သား အချင်းချင်း မသင့်မတင့် ဖြစ်ကြ ကန်ထရိုက်ရဲ့ အလိမ်ခံရနဲ့ နောက်ဆုံး ဇာတ်ပျက်ရတော့တာပါ။ ကိုအေးသက်က ဇာတ်သာထောင်တာ စီးပွားရေး အမြင်က နည်းပြီး အနုပညာလောက်သာ လုံးပန်းခဲ့တာကို...''
သူ့ဖခင်အား အနုပညာရှင်ကြီး တစ်ယောက် အနေဖြင့် လည်း သူ သည် အထင်မကြီးခဲ့။ သူတကယ်တတ်ရင် တကယ်တော် ရင် ဖြစ်ထွန်းရမှာ ပေါ့ဟု သဘောထားခဲ့သည်။ ထို့ကြောင့် လည်း ကိုတင်ရှိန်နှင့် သူတို့ တီးမှု တ် နေခိုက် ဖခင်လာလာပြင်လည်း သူမကြိုက်နိုင်ခဲ့ မကျေနပ်နိုင်ခဲ့။
ယခု...အဖေပြင်တာတွေ မှန်သည်ဟု သူ့ဆရာ သုခုမတင်ရှိန်က ဆိုလေပြီ။ တင့်လွင်သည် ဝမ်းသာမိသည်လော ဝမ်းနည်းမိသည်လော။ ရင်ထဲ၌ ကား စိတ်ဝေဒနာ တစ်ခုက လှုပ်ရှားခဲ့လျက် ရှိလေသည်။
ထိုညက တင့်လွင်သည် ကိုတင်ရှိန်နှင့် အတူ ကြည့်မြင်တိုင်သို့ လိုက်သွားကာ ကိုတင်ရှိန်တို့အိမ်မှာ ပင် သန်းခေါင်ကျော် နှစ် ချက်တီးအထိ သောက်စားတီးမှု တ်သီဆြို ကတော့ ကိုတင်ရှိန်နှင့် အတူပင် တစ်ခြင်ထောင် ထဲဝင်၍ အိပ်လေတော့သည်။
ကြုံလေဘုံဘေ | သူ့အချစ်မျိုးဟာ | ကြယ်ပွင့်လွှာ |