အခန်း(၁)
ဓာတ်လှေကားတံခါး ပွင့်ပွင့်ချင်းလက်ကိုဆွဲကာ ပြေးထွက်လိုက်၏ ။ ကောင်မလေး တစ်ယောက် သူ.လက်တွင်းမှာ အကြောက်ကြောက်အလန့်လန့်ဖြင့် ပါလာသည် ။ ကားပါကင်ကြီးတစ်ခုလုံးကတိတ်ဆိတ်လျက်ရှိနေပါ၏ ။ အရောင် အသွေးစုံ အရွယ်စုံကားများ သူ့နေရာနှင့် သူ ရပ်တန့်ဆိတ်ငြိမ်လျက်ရှိနေသည်။
လက်တွင်းမှ ခလုတ်ကို နှိပ်တော့ ခပ်ဝေးဝေးဆီမှ ကားတစ်စီး ‘တီ’ဟူသော အသံပြုကာ လော့ပွင့်သွားသည်။ ထိုကားဆီဦးတည်ကာပြေးတော့ လွတ်မြောက်ရန် လမ်းစတွေ့ ပြီမို့ နံဘေးမှ မိန်းကလေး ခြေလှမ်း ပိုသွက်လာသည်။ ပြေးနေရင်းနှင်. နှုတ်ခမ်းအပေါ်တစ်ဝိုက်ကို ဆွဲခွာတော့ . . .
နှုတ်ခမ်းမွှေးတု လက်တွင်းကွာကျလာသည်။ ကုတ်ပေါ်ဝဲကျနေသည့် ဆံပင်ရှည်ပါ ကွာကျသွားသည်။ နံဘေးမှ မိန်းကလေး ကတော့ ခဏတွင်း ပုံစံ ပြောင်းသွား သော သူ့ရုပ်ရည်ကို ကြည့်ကာ တအံ့တသြ၊
ကားဆီရောက်တော့ နောက်ခန်းတံခါးကို ပွင့်ပြီး မိန်းကလေးကိုဝင်ထိုင်စေသည်။ သူ ကတော့ မောင်းသူနေရာဝင်ကာ ကားကို ကပျာကယာစက်နှိုး၏ ။ ထို့နောက်မှာ ကားဖြူလေး တစ်စီးက ပါကင်အထွက်လမ်းမှတစ်ဆင့် အပြင်ကို ဦးတည် သွားပါတော့သည်။ အပြင်ကိုရောက်တော့နေရောင် ခြည်က သူ့ကားလေးကို နွေးထွေးစွာ ကြိုဆိုနေသည်။ ပြင်ပကမ္ဘာမှာ ကားတွေ ၊ လူတွေ ။ ရှုပ်ထွေးပြည့်ကျပ်လျက်ရှိနေ၏ ။
သို့ ပေမဲ့ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ကားကို ကျင်လည်စွာ မောင်းထွက်နိုင်ခဲ့သည်။ ကွန်ဒိုတိုက်ကြီးတစ်ခု ကတော့ နောက်ဘက်ဆီမှာ တဖြည်းဖြည်း ဝေးကျန်ခဲ့ပါပြီ။ လုပ်နေကျအလုပ်တစ်ခုပေမို့ တုန်လှုပ်မှု သိပ်မရှိသော်လည်း နောက်ခန်းမှ မိန်းကလေး ကတော့ စိတ်လှုပ်ရှားဟန်တွေ ပေါ်လွင်နေ၏ ။
နောက်ကို ခဏခဏ လှည့်ကြည့်ကာ လက်အုပ်အကြိမ်ကြိမ်ချီ၍ ဆုတောင်းသမှု တွေ ပြုနေသည်။နောက်ကြည့်မှန်မှ မြင်ရသော မြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်၏ ။ Air-con ဖွင့်ထားပေမဲ့ အနည်းငယ်အိုက်စပ်စပ်ရှိသည်ကြောင့် ကားမောင်းနေရင်းမှပင် အပေါ်အင်္ကျီကိုချွတ်လိုက်သည်။
ကျစ်လစ်ပြည့်တင်းသော လက်မောင်းသားနှင့် ဖြူဝင်းသော အသားအရေပေါ်လာတော့နောက်ခန်းမှ မိန်းကလေးသူ့ကိုခဏငေးသွားသည်ကိုယ့်ကိုယ်ကိုယ်စနစ်ကျတည်ဆောက်ထားသူမို့ခပ်ယဲ့ယဲ့ပင်ပြုံးမိပါသည် ။ အလုပ်က အလုပ်ပဲ မဟုတ်ပါလား ။
ဆံပင်တု ၊ နှုတ်ခမ်းမွေးတုများ တင်ထားသော ကပ်လျက်ထိုင်ခုံပေါ် အပေါ်အင်္ကျီကို ပစ်တင်ပြီး နောက်မှာ လီဗာကို ဖိနင်းလိုက်၏ ။ကားလေးက တာဝန်ကျေစွာ ကီလိုတော် တော် များများ မြင့်တက်သွားသည် ။
ထို့နောက်မှာ တော့ အောင်မြေဧရိယာတစ်ဝိုက်ကိုရောက်ရှိလာပါတော့သည် ။ နောက်ယောင်ခံလိုက်လာသော ကားတစ်စီးတလေမျှမတွေ့ ရ ။ ဒီတော့ . . .
တရားရုံးတွင်း ချိုးကွေ့ဝင်လာသော ကားဖြူလေးအား လူတစ်အုပ်က ၀မ်းသာအားရ ဆီးကြိုနေသည် ။ ‘ဟေး . . .’ဟု ထအော်သူများ ရှိသလို လက်ခုပ်တီးအားပေးသူမျာလည်း ရှိ၏ ။ တရားရုံးဝင်ပေါက်ရှေ့တည့်တည့်တွင် ရပ်ပေးတော့ သူ.အလုပ်ရှင်ကောင်လေးက နောက်ခန်းတံခါးကို ပြေးဖွင့်လိုက်သည် ။
ကားပေါ်မှ မိန်းကလေးကလည်း ကမန်းကတန်းအောက်ဆင်း နှစ် ဦးသား ၀မ်းသာအယ်လဲ ပွေ့ဖက်ကြသည် ။ ပြန်လည် ပေါင်းဆည်းခွင့်ရသော ချစ်သူနှစ် ဦးကို ကြည့်ပြီး ရင်တွင်းမှာ ပီတိ ဖြစ်မိပါသည် ။ကြည်နူးမှု ၊ ပျော်ရွှင်မှု တစ်ဆက်တည်းပင် ၀မ်းနည်းဝမ်းသာ ဖြစ်မှု စတာတွေ နှင့် ချစ်သူနှစ် ဦးက တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ . . .
သူငယ်ချင်းတစ်သိုက်က နံဘေးမှ ၀ိုင်းကာ သြဘာပေးနေသည် ။ ထိုစဉ်မှာ ပဲ အလုပ်ရှင်ကောင်လေးမှာ ဖက်ထားသော လက်ကိုခွာပြီး သူ.ဆီလျှောက်လာသည် ။ မှန်တံခါးကို ချပေးတော့ ကောင်လေးမျက်လုံးအိမ်မှ မျက်ရည်စများ ကိုတွေ .ရ၏ ။ ပြီးတော. . . .
“ကျေးဇူးတင်လိုက်တာဗျာ . . .”
သူပြုံးတော့ . . .
“ကျွန်တော် တို့လို ချစ်လျက် ဝေးရမဲ့လူတွေ အတွက် အစ်ကိုတို့ကတော. မရှိမ ဖြစ်ပါဘဲ “
“ရပါတယ် . . . ညီ “
နံဘေးမှ မိန်းကလေးကလည်း ကျေးဇူးတင်ကြောင်း ဦးညွတ်ပြသည် ။ သူ လက်ကာပြပြီး . . .
“လက်မှတ်ထိုးဖို. မမေ့ကြနဲ့ဦး”
“စိတ်ချ . . . အစ်ကို ၊ ကျွန်တော် အပေါ်မှာ အားလုံး စီစဉ်ပြီးသွားပြီ ။ အခုပဲ တက်ြ ကတော့မှာ ”
“အိုကေ . . . ညီ “
မှန်တံခါးကိုတင်တော့ နှစ် ဦးသား ဦးညွတ်နှုတ်ဆက်ကြသည် ။ ထို့နောက်မှာ တော့ ကားကို ပြင်ပကမ္ဘာဆီ ပြန်လည် ဦးတည်လိုက်တော့၏ ။
အလုပ်ရှင်ကောင်လေး ၊ ခက်ခဲသိမ်မွေ့စွာ ကြိုးစားသယ်ဆောင်ပေးခဲ့ရသည့် မိန်းကလေး ၊ သူတို့၏ သူငယ်ချင်း အပေါင်းအပါများ စတာတွေ က တစ်ရွေ့ချင်း ထွက်ခွာသွားသော သူ့ကားနောက်မီးလေးကိုကြည့်ပြီး လက်ပြကျန်ခဲ့ကြပါသည် ။
ကြည်နူးမှု နှင့် အတူ သက်ပြင်းတစ်ချက်ကိုချလိုက်၏ ။ ပေါ့ပါးလွတ်လပ်စွာ သီချင်းတစ်ပုဒ်ကို အော်ဆိုလိုက်သည် ။
အလုပ်တစ်ခု ပြီးမြောက်သွားခဲ့ပြီ မဟုတ်ပါလား ။
မင်္ဂလာပါ ။
ကျွန်တော် တို. Website ကနေ ကြိုဆိုပါတယ် ။
‘ချစ်တိုင်းညားရမယ်’ ဟူသော ဆောင်ပုဒ်နဲ့ အညီ ကျွန်တော် တို့ (May We Help you) အဖွဲ့သားများ ဟာ လူကြီးမင်းတို့ရဲ. ကြီးကျယ်မြင့်မြတ် ချစ်တတ်သော နှလုံးသားတိုင်း အတွက် ကြိုးစားပေးဖို့ အဆင်သင့်ရှိနေပါပြီ။
အဖွဲ.၏ လုပ်ဆောင်ချက်
မိဘသဘောမတူလို့ ချစ်လျက် ကွဲကွာနေရပါသလား ၊ သင့်ထက်သာတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ သူမကို လက်ထပ်ပေးစားတော့မှာ လား ။
ဒါမှမဟုတ် သင် ခိုးပြေးလို့မရအောင် သူမကို အစောင့်အကြပ်ပေါင်းများ စွာ နဲ့တံတိုင်းတွေ အထပ်ထပ် ကာရံထားသလား ။
ဘယ်လိုအခက်အခဲမျိုးပဲ ရှိနေပါစေ ။
မစိုးရိမ်ပါနဲ့၊ကျွန်တော် တို့ရှိနေပါတယ်။
ကျွန်တော် တို. May We Help You အဖွဲ့က အန္တရာယ်အသွယ်သွယ်ကျော်ဖြတ်လို့ သင့် ချစ်သူကို သင့်ဆီအရောက်ခေါ်ဆောင်လာပေးမယ်။(၀ါ) သင့်ကိုယ်စားမိန်းမခိုးပေးမယ် ။
အဖွဲ.၏ လုပ်ဆောင်ချက်
စည်းကမ်းချက်
-ရည်းစား ဖြစ်ရမည် ။
-လူပျို ၊ အပျို ဖြစ်ရမည် ။
-နှစ် ဦးစလုံး ပေါင်းဖက်လိုသော ဆန္ဒရှိရမည် ။
သတိပေးချက်
ယနေ့ခေတ်တွင် ဘာကိုမှ အလကားမရ ။
ထိုက်တန်သော အဖိုးအခ ပေးရမည် ။
အထက်ပါအကြောင်းအရာကို စိတ်ဝင်စားသူသည် အောက်ဖော်ပြပါ အချက်အလက်များ ဖြည့်စွက်ပြီး ကျွန်တော် တို့ Website သို့ ပေးပို့နိုင်ပါသည် ။
Name -
Address -
E-mail address -
Subject -
ကျွန်တော် တို့အဖွဲ့မှ သင်ပေးပို့သော အချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးပြီး တစ်လတိတိပြည့်သော နေ့တွင် သင်အပ်သော အလုပ်ကို လက်ခံသည် လက်မခံသည် အကြောင်းပြန်ပါမည် ။
ဈေးညှိနှိုင်းခြင်း လုံးဝမရှိပါ ။
maywehelpyougmail.com
အထက်ပါ အကြောင်းအရာများ ဖြင့် တန်ဆာဆင်ထားသော website မှာ လူငယ်တိုင်း၏ စိတ်ဝင်စားမှု ကို သိမ်းကျုံးယူငင်သွားတော့၏ ။ မိန်းမခိုးပေးသော အဖွဲ့ဟူ၍ လည်း ဆယ်ကျော်သက်
လောက ၊ တက္ကသိုလ်လောက ၊ internet လောကမှာ ထင်ရှားသွားသည်။
ကျော်ကြားမှု နှင့် အတူ မေးခွန်းများ လည်း ထွက်လာခဲ့၏ ။ တကယ်ပင် မိန်းမခိုးပေးသော အဖွဲ့တစ်ခုပေလား ။
အလုပ်အတွက် သူတို့ယူသော ဈေးနှုန်း ၊ တန်ရာတန်ကြေးကရော ဘယ်လောက်လဲ ။ ဘာကြောင့် အလုပ်လက်ခံဖို့အချိန်တစ်လယူရတာ လဲ ။ အလုပ်သဘောဆောင်ထားပြီး အောင်မြင်မှုရှိရဲ့ လား ။ ပိုက်ဆံပေးရပြီး မအောင်မြင်ပါက ဘယ်လို တာဝန်ယူမည် နည်း ။
ဒါမှမဟုတ် အပျော်သဘောတင်ထားသည့် Website လား ၊ ပိုက်ဆံလိမ်ယူတာရော မ ဖြစ်နိုင်ဘူးလား ။
ထိုသို့ သော မေးခွန်းများ လည်း ထွက်လာခဲ့ပါသည် ။ ဒါပေမဲ့ May We Help You ဘက်မှ လုံးဝမဖြေရှင်းပါ ။
အလုပ်နှင့် သာ သက်သေပြသည်။
အပြောနှင့် အလုပ် ညီသည့်အခါမှာ တော့ လူတွေ ၏ ထောက်ခံမှု ကို တစ်စထက်တစ်စ ရရှိလာခဲ့၏ ။ ရှင်ကွဲ ကွဲနေသော လူတစ်ချို့အတွက်အားကိုးတစ်ခု ဖြစ်လာခဲ့သည်။
တစ်ရက်မှာ တော့ . . .
စိတ်ဓာတ် အကြီးအကျယ်ကျနေသော ကောင်လေးတစ်ဦးထံသို့ ထိုအဖွဲ့၏ သတင်းမှာ ရောက်ရှိလာလေတော့သည် ။
အခန်း(၂)
Name - မောင်အောင်ထိုက်
Address -အမှတ်(၁၆၁) အောင်ဇေယျလမ်း ၊ သုံးခွမြို. ။
E-mail address -AungHtikegmail.com
Subject -စာအနည်းငယ်ရှည်လို့ သည်းခံပြီး ဖတ်ပေးကြပါဗျာ ။
ကျွန်တော့် ချစ်သူဟာ ကုန်းဘောင်မင်းဆက် အနွယ်တော် တစ်ဦး ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် ပျက်သုဉ်းတာ နှစ် ပေါင်း(၁၀၀)ကျော်ကြာခဲ့ပြီ ဖြစ်ပေမဲ့ မျိုးရိုးဂုဏ်ကို ၀င့်ကြွားသေ၀ပ်စွာ စောင့်ထိန်းထားတဲ့မိသားစုမှ ဆင်းသက်လာသော မိန်းကလေးတစ်ဦးဆိုရင်လည်း မမှားပါဘူး။နာမည် က လှထိပ်ခေါင်တင်လို့ ခေါ်ပါတယ် ။ နာမည် နဲ့ လိုက်အောင်လည်း လှပါတယ်ဗျာ။မဟာအရမ်းဆန်ပြီး ထီးဟန်၊နန်းဟန်အငွေ့အသက်မပြယ်တဲ့ မြန်မာစစ်စစ် မိန်းမပျိုတစ်ဦးပေါ့။
သူနဲ့ကျွန်တော် စတင်သိကျွမ်းခဲ့တာ ကတော့ မန္တလေးတက္ကသိုလ်မှာ ပါ။ တက္ကသိုလ်နယ်တစ်ကြောမှာ လည်း ဆံပင်ကို ကျစ်ဆံမြီးအရှည်ကြီး ကျစ်ပြီး မြန်မာဆန်ဆန် အ၀တ်အစားနဲ့ ရွှေခြေချင်း တစ်နေ့တစ်မျိုး မရိုးအောင် ဆင်မြန်းတတ်တဲ့ လှထိပ်ခေါင်တင်ဆိုရင် မသိသူမရှိလောက်အောင်ထင်ရှားလှပါတယ် ။
နန်းသူ ၊နန်းသားများ ပေမဲ့ သူမရဲ့ အနေအထိုင် သိမ်မွေ့မှု ၊မဟာဆန်သော ကျက်သရေရှိမှု တွေ ကြောင့် စိတ်ဝင်စားသူလည်း အလွန်ပေါပါတယ် ။ ထိုအထဲမှာ ကျွန်တော် လည်း တစ်ယောက် အပါအ၀င်ပေါ့ ။မန္တလေးသူ အများ စုက ယဉ်ကျေးသိမ်မွေ့ပါတယ် ။ ရိုးသားပါတယ် ။ လှိုက်လှဲပျူငှာစွာ ခင်မင်တတ်သူတွေ ဖြစ်ပါတယ် ။ အဓိက အချက် ကတော့ မြန်မာဆန်တာပါပဲ ။ ထိုမြန်မာဆန်သူများ ကြားမှာ မှ သူမက ထင်ရှားလှသူတစ်ဦး ဖြစ်လေတော့ ကြိုးစားရတာ မလွယ်ပါဘူး။
ကျွန်တော့် မှာ ရှိတဲ့ အရည်အချင်းက သူမနဲ့ အားလုံးလိုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်လေ။ဒါပေမဲ့ ဇွဲရှိစွာ နဲ့ပဲ သုံးနှစ် တိတိ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ထိုဇွဲကြောင့် ပဲလား မပြောတတ်ပါဘူး။ကျောင်းတွေ ပိတ်ချိန်မှာ ကျွန်တော် လိုချင်တဲ့အဖြေကို ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်။
ဘ၀နဲ့ရင်းပြီးရည်ရွယ်ထားသူမို့ ကျွန်တော် ချက်ချင်း ပဲ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ အဲ့ဒီမှာ စတာပါပဲ . . . အစ်ကိုတို့ရယ် ။
အဓိကပြဿနာ ကတော့ သူမရဲ့ ဖမခည်းတော် ခေါ် အဖေ ဖြစ်သူပါပဲ ။ သတိုးမင်းကျော်လို့ခေါ်တဲ့ သူ့ရဲ့ အဖေဟာ သမီး ဖြစ်သူကို လွယ်လွယ်နဲ့ လက်ထပ်ထိမ်းမြားခွင့် မပေးပါဘူး ။ တစ်ချိန်မှာ သူ့အနွယ်တော် ဖြစ်လာမဲ့ သမက်လောင်းကို သူကိုယ်တိုင် အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီးမှ လက်ထပ်ခွင့်ပေးမယ်လို့ ဆိုပါတယ် ။
အစ ကတော့ ကျွန်တော် လည်းကြီးကြီးကျယ်ကျယ် ထင်မထားခဲ့ပါဘူး ။ လှထိပ်ခေါင်တင်လာခိုင်းတဲ့နေ့မှာ ပြင်ဆင်မှု နည်းနည်း နဲ့ပဲ သူမတို့အိမ်တော် ကြီးကို သွားခဲ့တယ်။ ရောက်သွားတော့မှ အကြီးအကျယ်အံ့အားသင့်ခဲ့ရပါတယ်။ ပဒေသရာဇ်လက်ထက်ကလို တကယ့် အိမ်ရှေ.မင်းရွေးပွဲကြီးပါပဲ ။ တစ်ခါမှ မမြင်ဖူးသလို တစ်ခါမှလည်း ကြုံတွေ့ ဖူးခြင်း မရှိခဲ့ပါဘူး ။
ဒီလိုပါဗျာ . . . ။
သူမတို့ အိမ်တော် ကြီးဟာ ဧရာဝတီမြစ်ကို နောက်ခံထားပြီး စစ်ကိုင်းတိုင်းအတွင်းမှာ ရှိပါတယ်။အစ်ကိုတို့လည်း ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။
‘မြနန်းဘုံသာစံအိမ်တော် ’ဆိုတာ ။
စစ်ကိုင်းတိုင်း ( )မြို.က ‘မြနန်းဘုံသာစံအိမ်တော် ’ ဆိုရင် အဲ့ဒီနယ်တစ်ကြောမှာ မသိတဲ့လူမရှိပါဘူး ။ ခြံဝန်းကြီးတစ်ခုလုံးကို အုတ်တံတိုင်းအပြည့်ကာထားပြီး အတွင်းမှာ ဦးသတိုးမင်းကျော်က မင်းတစ်ပါးလို နေထိုင်အုပ်ချုပ်ပါတယ်။နန်းတွင်းအနွယ်တော် တစ်ယောက် ဖြစ်လေတော့ သူ့အိမ်ကြီးကိုလည်း အဆောင်ဆောင် အခန်းခန်းနဲ့ နန်းတော် ကြီးတမျှ တည်ဆောက်ထားပါတယ်။
နောက်ပြီး ဦးသတိုးမင်းကျော်က နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်ပါဘူး ။ အသိပညာ ၊အတတ်ပညာနဲ့ပြည့်စုံသူပါ ။ရှေးဟောင်း နန်းတွင်း အတတ်ပညာရပ်များ နှံ့စပ်သလို လောကဓာတ်ပညာရပ်တွေ ကိုလည်းတတ်မြောက်ထားပါတယ် ။ လွယ်လွယ်ပြောရရင် ရှေ့မီနောက်မီပုဂ္ဂိုလ်ကြီးပေါ့ ။
ဒီတော့သူ့ရဲ့ သမက်ရွေးချယ်ပွဲက ဆန်းကြယ်လှပါတယ် ။ နှစ် စဉ် တန်ဆောင်မုန်းလဆန်း (၇) ရက်နေ့မှာ ပြူလုပ်ပါတယ် ။အနယ်နယ် အရပ်ရပ်ကလာရောက်အရွေးခံသူတွေ ၊ဦးသတိုးမင်းကျော်ရဲ့ သမက် ဖြစ်ချင်သူတွေ မနည်းပါဘူး။
အကြောင်း ကတော့ ဦးသတိုးမင်းကျော်ဟာ ခန့်မှန်းမရအောင် ချမ်းသာပြီး လက်ရှိအစိုးရ အထက်ပိုင်းပုဂ္ဂိုလ်များ ထိ ပေါက်ရောက်ထားလို့ပါ။လှထိပ်ခေါင်တင်ကို ချစ်ကြိုက်လို့ စိတ်ရင်းမှန်နဲ့ ၀င်ရောက်ယှဉ်ပြိုင်သူများ လည်း ရှိပါတယ်။
သမက်ရွေးချယ်ပွဲ ကျင်းပလာတာ အခုဆို (၃)နှစ် ရှိပါပြီ ။အောင်မြင်သူ မရှိသေးပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း (၃)နှစ် လုံးဝင်ရောက် အရွေးခံခဲ့ပေမဲ့ ပထမနှစ် နှစ် မှာ ခြံဝက လှည့်ပြန်လာခဲ့ရပါတယ် ။ တတိယနှစ် မှာ ခြံတွင်း ၀င်ရောက်နိုင်ပေမဲ့ ပထမအဆင့်နဲ့တင် ပယ်စာရင်းထဲ ပါသွားခဲ့ရတယ်။
ရိုးသားစွာ ပြောရရင် ကျွန်တော် က ဥာဏ်ထိုင်းပါတယ်ဗျာ ။ ဒီအတိုင်းသာ ဆက်သွားရင် ချစ်သူနဲ့ပေါင်းရဖို့ ဘယ်လိုမှ မ ဖြစ်နိုင်တော့ပါဘူး။အခုဆို တန်ဆောင်မုန်းလရောက်ဖို့ တစ်လသာသာပဲလိုတော့တယ်။
ကိုယ့်ကိုယ်ကိုယ်သိလို့ ၀င်ရောက် အရွေးခံချင်စိတ်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်နေတယ် ။ ‘အောင်မြင်သူရှိလာခဲ့ရင်’ဆိုတဲ့ အတွေးက ကျွန်တော့် ကို နေ့စဉ်နေ့တိုင်း ခြောက်လှန့်နေတယ်ဗျာ ။ သုံးနှစ် လုံးလုံး ပြည့်ခဲ့တဲ့ဆုတောင်းက ဒီနှစ် တော့ မပြည့်နိုင်တော့ဘူးထင်ပါတယ် ။
ထုံးစံအတိုင်း ခိုးပြေးရအောင်ကလည်း အစောင့်အကြပ်ပေါင်းများ စွာ ရှိနေလို့ ကျွန်တော့် အနေနဲ့မတတ်နိုင်ပါဘူး ။ ဒါကြောင့် မလို့ အစ်ကိုတို့အဖွဲ့ကို အကူအညီတောင်းရတာ ပါ။
ကျွန်တော် ပိုက်ဆံတတ်နိုင်ပါတယ် ။အစ်ကိုတို. တောင်းသလောက် ပေးနိုင်ပါတယ်။ ကျွန်တော့် ချစ်သူကိုသာ ရအောင်ခိုးပေးပါ ။
တစ်ခုတော့ရှိပါတယ် ။
အခုကျွန်တော် ပြောတာတွေ ကို မယုံကြည်ဘူးဆိုရင်တော့ အစမှအဆုံးတိုင် မေ့ပစ်လိုက်ပါ ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အလုပ်လက်ခံပေးဖို့ မျှော်လင့်ပါတယ် ။’မြနန်းဘုံသာ’ နဲ. ပတ်သက်ပြီးလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းနိုင်ပါတယ်။
May We Help You ၏ လက်ခံမှုကို
မျှော်လင့်လျက် . . .
အောင်ထိုက်
![]() သုံးခါနမ်းမှ ပွင့်မယ့်ပန်း | ![]() သူ....ဘယ်သူလဲ | ![]() One Day |