Cover

စာရေး ဆရာဘဝသို့ .....။

၁၉၆၁- နှစ် ၊ ဇန္နဝါရီ ၃၁- ရက်နေ့သို့ ရောက်လျှင် ဤ''ချစ်ကြွေးမပြေ'' ဝတ္ထု၏ သက်တမ်းသည် ၁၅-နှစ် တင်းတင်းပြည့်ပေလိမ့်မည် ။ ဤဝတ္ထုကား ... ကျွန်တော် ၏ လက်ရေး စာမူများ မှ ပထမဆုံး ပုံနှိပ်စာအုပ် အ ဖြစ် ပြောင်းလဲ လာသော ဝတ္ထု ဖြစ်ပါသည်။

စင်စစ်အားဖြင့် ... ဤဝတ္ထုသည် ၁၉၄၆-ခုနှစ် ဇန္နဝါရီလတွင် မှ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း လက်ရေး စာမူ အ ဖြစ်ဖြင့် ကား .... ၁၉၄၅-ခုနှစ် ဇန်နဝါရီလလောက်ကပင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော် သည် ကြေးနန်းကျောင်းမှဆင်း၍ ဗဟိုကြေးနန်းရုံးကြီး၌ အမှု ထမ်းနေရာမှ ငှက်ဖျား ရောဂါ ထကာအလုပ်မှ ခွင့်ယူနေရပါသည်။ ငှက်ဖျား ရောဂါ ကြောင့် အိပ်ရာတွင် လဲနေရင်း အဖျားကျသွားသော အချိန်များ ၌ စာဘတ်ခြင်း၊ ကဗျာရေး ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။တနေ့တွင် ကျွန်တော် ရေး ခဲ့သော ကဗျာများ ကို ပြန်ဘတ်ရာမှ... ထိုကဗျာတို့နှင့် အကြုံးဝင်မည့်  ဝတ္ထုတပုဒ်ရေး ရန် အကြံရလာပါသည်။ ဤတွင် ...

''လွမ်းငွေ့မှုံရီ'' ဟူသော အမည် ဖြင့် ဝတ္ထုတပုဒ် ရေး မိလေသည်။ မူလရေး စက ဝတ္ထုတိုအ ဖြစ် ရည်ရွယ် ခဲ့သော်လည်း ....

ရေး ရင်း ရေး ရင်း ရှည်လာလေတော့သည်။

ဝတ္ထုပြီးသွားသော အခါ လျှောက်လွှာစက္ကူများ ဖြင့် အချောကူးကာ၊ ဖိုင်တွဲပြီးနောက် ... စာဖတ် ဝါသနာပါသူ မိတ်ဆွေများ , သားချင်းများ အား ဖတ်ခိုင်း, ဝေဘန်ခိုင်းခဲ့လေသည်။

အားလုံးကပင် ကောင်းမွန်လှကြောင်း ချီးကျူး ကြလေသည်။

ဦးလေးတော် သူ တယောက် က....

''မင်း .... အရေး အသားက သုခနဲ့ သိပ်တူတာဘဲ.... သုခဆီသွားပြီး ... စာအုပ်ရိုက်ဘို့ပေးပါလား'' ဟု ပြောသော အခါ...

အလွန်အားတက်သွားရာက ... ဆရာသုခရှိရာ အရပ်ကို စုံစမ်းမိလေသည်။

ဆရာ သုခသည် ထိုအချိန်က ပြဇာတ် ဒါရိုက်တာလုပ်ရင်းစမ်းချောင်း ရပ်ကွက်၌ 'ချမ်းသာ စာစောင်' အမည် ဖြင့် ဖြန့်ချိရေး လုပ်ငန်းဖွင့်ကာ... သူကိုယ်တိုင်ရေး သည့် စာအုပ်များ ကိုပါ ဖြန့်ချိနေချိန် ဖြစ်၏ ။

ဆရာသုခနှင့် တခါမှ မျက်နှာချင်း မဆိုင်ဘူးသော်လည်းဆရာသုခ ရှိရာဌာနကိုသိသည်နှင့် တပြိုင်နက်.... စာမူပို့ရန်သန္နီဋ္ဌာန်ချကာ.... စာမူကို ဒုတိယအကြိမ် ပြင်ဆင်၍ အချောကူးပြီးနောက် သွားပို့လေတော့သည်။

ဆရာသုခ.... ချိန်းဆိုသော နေ့ရက်သို့ ရောက်၍ ဆရာသုခနှင့်တွေ့ ဆုံမိသော အခါ ဆရာသုခက ဝတ္ထုပညာနှင့် ပတ်သက်၍ အချိတ်အဆက်, ပြင်ဆင်ဘွယ်ရာများ ကို ညွှန်ကြားပြီး စာအုပ်အ ဖြစ် ရိုက်နှိပ်ရန် ဆုံးဖြတ်ကြောင်း၊ ငွေသုံးရာ ပေးမည် ဖြစ်ကြောင်း ပြောလေတော့သည်။ ဤတွင် ကျွန်တော့် မှာ တတိယအကြိမ် ပြင်ဆင်၍ အချောကူးရပြန်လေတော့သည်။

ကမာရွတ်မှ သိမ်ကြီးဈေးသို့ ဘတ်စ်ကား ငါးမူးပေးရကာပလေကတ် လုံချီတထည် လေးဆယ်ခန့်ပေးရသော ထိုအချိန်ကငွေသုံးရာသည် အရာမရောက်လှသော်လည်း .... သိမ်ကြီးဈေးနာရီစင်အောက်၌ ၄င်း, ဘတ်စကား ဆိပ်များ ၌ ၄င်း .... ကြားရသည့် ''ဆရာသုခက ငွေသုံးရာပေးပြီး ထုတ်ဝေလိုက်တဲ့ သန်းဆွေရဲ့ ချစ်ကြွေးမပြေ ဝတ္ထုတွေ တအုပ်သုံးကျပ်'' ဟူသော အော်သံများ ကား ကျွန်တော့် နားတွင် ထာဝစဉ် ပဲ့တင်ထပ်ကာကျွန်တော့်အား စာပေလောကသို့ ခြေစုံ ပစ်ဝင်လာချင်အောင်ဖိတ်ခေါ်ကြလေတော့သည်။

ထိုအချိန်မှစ၍ ကျွန်တော် သည် စာရေး ဆရာ တယောက် မ ဖြစ်, ဖြစ်အောင် ကြိုးစားပါတော့မည် ဟု အတိအကျ ဆုံးဖြတ်ကာ စာများ ကို ဖတ်ခဲ့သည်။ လေ့လာခဲ့သည်။ ဆည်းပူးခဲ့သည်။

သင်ယူခဲ့သည်။ ရေး ခဲ့သည်။

ယခု ၁၅-နှစ် တိုင်ခဲ့ပြီ။ ''ချစ်ကြွေးမပြေတွေ သုံးကျပ်'' ဟူသော အသံကား မပျောက်သေး။ ထိုအသံတွေ ကြားရတိုင်းစာရေး ဆရာ တယောက် မ ဖြစ်, ဖြစ်အောင် ကြိုးစား ပါတော့မည် ဟူသော ဆုံးဖြတ်ချက်သည် အသစ်တဖန်ပြန်၍ ပြန်၍ ပေါ်လာပါတော့သည်။

သန်းဆွေ
၂၂-၁ဝ-၆ဝ

ဆရာသုခုခ၏ အဆို

တနေ့သ၌ အသက် နှစ် ဆယ်အရွယ် မျက်မှန်နှင့် သူငယ်တယောက် ဤဝတ္ထုမူကို ယူလာလေသည်။ ထိုစဉ်က ....

ကျွန်ုပ်တို့ ချမ်းသာစာစောင်မှ ဝတ္ထုတပုဒ်ကို ဆုငွေ ၃ဝဝိပေးမည် ဟူသော ဝတ္ထုရေး ဝါသနာပါသူတို့အဘို့ တက်လမ်းကြော်ငြာကို ထိုသူငယ် မတွေ့ သေး။

ထိုင်ရာမထ သူ့ဝတ္ထုကော်ပီကို သုံးလေးမျက်နှာ ဖတ်ကြည့်လိုက်လျှင်ပင် ''သီချင်းကြီးတွေ ကို ဝါသနာ ပါတယ်ထင်တယ်....'' ဟု မေးမိသည်အထိ ဖြစ်၏ ။ ထိုသူငယ်က ကြွားပြုံးကလေး ပြုံးပြီး ဝန်ခံ၏ ။ ကျွန်ုပ်သည် ငါးမျက်နှာတိတိဘတ်ပြီးသော အခါ ''အေး ... မင့်ဝတ္ထုကို အေးအေးဆေးဆေး ဘတ်ကြည့်အုံးမယ် ... တဝက်လောက် ဝမ်းသာပြီး ပြန်ပေတော့'' ဟူနှုတ်ဆက်လွှတ်လိုက်၏ ။

ထိုသူငယ်သည် ခြေလှမ်းမှားတော့မတတ်သော ဝမ်းမြောက်ပုံမျိုးဖြင့် ပြန်သွားရာ ... ကျွန်ုပ်မှာ သူ့ကိုကြည့်ရင်း ခေါင်းငြိမ့်နေမိတော့၏ ။ အစမှအဆုံးအထိ ဘတ်ပြီးသော အခါ ကျွန်ုပ်တို့ချမ်းသာစာစောင်မှ ထုတ်ဝေရန် ဒွိဟမရှိ တပြိုင်နက် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ကျွန်ုပ်၏ သဘောအရ အတိအလင်းချီးကြူးရသော်.... ကြား၍ ကောင်းသော နိုင်ငံရေး ၊ ကြော်ငြာ၍ အထင်ကြီးစေသော တပ်မတော် အရေး တို့ကို ဌာပနာ၍ ထားသော ဝတ္ထု ဖြစ်ကတတ်ဆန်းမျိုးမဟုတ်၊ ရိုးရိုးကလေး ဖြစ်သော ဇာတ်လမ်းကို နူးညံ့သိမ်မွေ့အရသာတွေ့ လောက်သော စကားနုကလေးများ ဖြင့် မွန်းမံထားအပ်သည် ဖြစ်ရာ၊ ကျွန်ုပ်၏ ဝါဒကိုလိုက်သော အရည်အချင်းနှင့် ပြည့်စုံသည်ဟု ဆိုရမည် ဖြစ်၏ ။

မရေး ဘူးသေးသော ကလောင်သစ်အ ဖြစ်နှင့် ဤဝတ္ထုသည်အကောင်းဆုံးဟု မဆိုနိုင်သည့်တိုင်အောင် ဝတ္ထုကောင်း ပီသပါပေသည်။ ဤစံချိန်ကို ချိုးနိုင်-လိုက်နိုင်မည့်  ကလောင်သစ်များ မရှိဟု မဆိုနိုင်သော်လည်း ရှားမည် ဟုကား ကျွန်ုပ် ဆိုဝံ့ပါ၏ ။

ထို့ကြောင့် လည်း ဤဝတ္ထုငယ်ကို ဝမ်းမြောက် ဝမ်းသာငွေသုံးရာတိတိ ချီးမြှင့်လိုက်ရပါသည်။

''ချစ်ကြွေးမပြေ''ဟု နာမည် ပြောင်းပေးရုံမျှနှင့် စကားသား,အထားအသို, သင့်တင့်အောင် နေရာချပေးသည်က လွဲ၍ သူ၏ ဝတ္ထုကို မူလဇာတ်လမ်း ပြောင်းပေးခြင်း၊ စာသား ထပ်မံဖြည့်စွက်ခြင်း စသည့် အရောင် တင်ဆီမျိုး လိမ်း၍ မပေးလိုက် သည်ကိုကား ဝန်ခံပါ၏ ။ ထို့ကြောင့် သင်ကိုယ်တိုင် ဤဝတ္ထုကို နှစ် သက်က ကလောင်ရှင်အား ရာခိုင်နှုန်းအပြည့် ချီးကြူးစရာသာရှိလျက် သင်ကိုယ်တိုင် မနှစ်သက် ပါက တာဝန်ခံ၍ ရွေးချယ်လိုက်သော ကျွန်ုပ်ကိုသာ ရာခိုင်နှုန်းအပြည့်အပြစ်တင်ပါတော့။

သို့ သော် ကျွန်ုပ်၏ လက်ရာကို နှစ်သက် လျှင် ဤဝတ္ထုကိုကြိုက်ရမည် ကား ဒိဋ္ဌ။

သုခ
ချမ်းသာစာစောင်
၁၉၄၅-ခုနှစ် ဒီဇင်ဘာ

သန်းဆွေ-ရေး
ချစ်ကြွေးမပြေ

''လူ့ရွာမှတ်ရေး ၊ ဥစ္စာကြွေးထက်၊ ချစ်ကြွေးတင်ချက်၊ဆင်းရဲနက်ဟု၊ စဉ်ဆက်ထိုမျှ၊ ဆိုကုန်ကြ၏ ''

မဃဒေဝင်္လာသစ်

ဖြစ်ရေး ကုန်စင် ....

''သိပ်ကျေးဇူးတင်တာဘဲဆရာကတော် ရယ်၊ ဆရာကတော် တို့ ကျေးဇူးကိုဖြင့် ဒီတသက်မှာ ဆပ်လို့ ကုန်နိုင်တော့မယ်မထင်ပါဘူး''

စိတ်ထဲ ဝမ်းထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ် လာကြသည့် ကျေးဇူးစကားတို့သည်ဆရာကတော် ခင်မေထွေး အဘို့ မကြာမကြာ ကြားနေကျ ဖြစ်သည့်အတိုင်း ကြားရပြန်လေသည်။

ဝင်လုဆဲ နေမင်းမှာ ကောင်းစွာ မထွန်းလင်း နိုင်တော့ပြီ ဖြစ်ရကား လောကဓာတ်ကိုးရပ်စုံမှာ မှုံရီရီ ဖြစ်၍ နေလေသည်။ ခင်မေထွေးသည် မှော င်ရိပ် သန်းနေသည့်ဧည့်ခန်း ပြူတင်းပေါက်မှ အပြင်ဘက်ဆီသို့ ငေးမျှော်ရင်းက.... ''အင်း .... အသက်ချမ်းသာရာရသွားတဲ့ ဝေဒနာရှင်ထက်-သူ့ကို ပြုစုကြတဲ့ သူတွေ ရဲ့ ဝမ်းသာခြင်းကများ ပိုလေရော့သလား'' ဟု တွေးနေမိလေသည်။

ဧည့်သည် ဇနီးမောင်နှံ၏ သားရင်သွေးသည် ကြောက်မက်ဘွယ်ရာ ဆိုးသွမ်းလှစွာ သော ချောင်းဆိုး သွေးပါ ရောဂါ စွဲကပ်ခဲ့သဖြင့် ခင်မေထွေး၏ ခင်ပွန်း ဖြစ်သူ ဒေါက်ထာဝင်းမောင်အုပ်ချုပ်ဖွင့်လှစ်ထားသည့် ဆေးရုံတွင် ကုသခဲ့၏ ။ သူတို့သည် သူတို့၏ ချစ်မဝနိုင်သည့် သားရတနာ၌ ရောဂါ ပျောက်ကင်း သေတွင်းမှ လွတ်ကင်းခဲ့ခြင်းအား ဝမ်းသာ၍ မဆုံးနိုင်၊ ကျေးဇူးတွေ ဆပ်၍ မကုန်နိုင်လောက်အောင်ထင်မြင်ကာ ဒေါက်တာ ဝင်းမောင်အား ထိုက်တန်ရာ အဘိုးအခကို ပူဇော်ခဲ့သည်သာမက ခင်မေထွေးကိုပင်....လက်ဆောင်ပဏ္ဏာ အမျိုးမျိုးဖြင့် ကျေးဇူးဆပ်ကြ၏ ။ မိမိတို့၏ စွမ်းဆောင်ချက်ကြောင့် စိတ်ချမ်းသာရာ ရသွားသူတို့ အတွက် ဝမ်းသာသလို ဖြစ်မိရာက မိဘတို့၏ မေတ္တာအား ကိုယ်ချင်းစာမိပြန်သည်။

ဒေါက်တာဝင်းမောင်ကားလန်ဒန်၌ ဆေးပညာ ဒီဂရီယူခဲ့ကာ ရန်ကုန်မြို့ စွန် ဆိပ်ငြိမ်ရာ ရပ်ကွက်တွင် မိမိအထူးတလည် လိုက်စားလေ့လာခဲ့သော ချောင်းဆိုးသွေးပါ အဆုတ် ရောဂါ စသည်တို့ကို ကုသသည့် ဆေးရုံကလေး ဖွင့်လှစ် နေခဲ့သူ ဖြစ်ရာ အသက်၎ဝ-ကျော် အရွယ် ကောင်းတုံးတွင် ထင်ပေါ် ကျော်ကြားသူ တယောက် ဖြစ်လေသည်။

ဆေးရုံဖွင့်ခဲ့သည်မှ ယခု အထိသော ၁ဝ-နှစ် အတွင်းဝယ်မြောက်မြား လှစွာ ဝေဒနာသယ်တို့၏ အသက်ကို ကယ်ဆယ်ခဲ့၏ ။ မကျန်းမမာ ဖြစ်နေသည့် သူများ အား လူကောင်းပကတိ ဖြစ်သွားစေကာ ....ကောင်းစွာ လုပ်ကိုင် စားနိုင်သည်အထိ စွမ်းဆောင် နိုင်ခဲ့သည်တို့ကို စဉ်းစား မိပါကခင်မေထွေးမှာ ထိုကဲ့သို့ ပညာရှင် တဦး၏ ဇနီးကြင်ယာ ဖြစ်၁ဝ ချစ်ကြွေးမပြေလာရခြင်းကို ဂုဏ်ယူ မိလေသည်။

''ဟုတ်တယ် .... ကိုဝင်းမောင်ဟာ များ စွာ သော လူတစုအတွက် အသက်သခင် ကျေးဇူးရှင်ဘဲ၊ သူဟာ-ဝေဒနာရှင်တွေ ရဲ့ အသက်ကို သေမင်းလက်က ဆွဲယူ ခဲ့တယ်။ ဒါပေမဲ့ ....''

ဧည့်ခန်းကား မှော င်နှင့် မဲမဲ ဖြစ်ခဲ့၏ ။ သူကား ငေးနေရာမှ မခွာသေး၊ ဆီမန်း မန်းသလို တကိုယ်တည်း ပြောနေ၏ ။

''ဒါပေမဲ့ အထွေးရဲ့ အသက်ကိုတော့ မကယ်ခဲ့ဘူး ...မကယ်ခဲ့ဘူး ... အထွေးရဲ့ အသဲနှလုံးတွေ ကို ထုတ်ယူပစ်တယ်။ အထွေးကို အရှင်လတ်လတ် လူသေဘဝ ဖြစ်အောင်အထွေးရဲ့ ဝိညာဉ်တွေ ကိုဆုပ်ခြေထားတယ်။ တကယ်ဘဲအထွေးအပေါ်မှာ မသက်ညှာခဲ့ဘူး။ အတူးကလေးကို မွေးပြီး

ကတဲက အခုထိတောင် သူများ အပေါ်မှာ သနား တတ်သလောက် အထွေးဆိုရင် မကြင်နာခဲ့ဘူး .... ရက်စက်ခဲ့တယ်...ရန်ဘက်ပြုခဲ့တယ်''

''မမလေး .... မမလေး''

အိမ်တွင်းမှ ခေါ်ရင်းထွက်လာသော အစေခံ အဒေါ်ကြီး၏ အသံသည် ကျောက်ရုပ်ပမာ ငြိမ်သက်စွာ ရပ်ရင်း ငေးနေသည့် ခင်မေထွေးအားလှုပ်ရှားစေ၏ ။

''ဘာတုံး ... အမေကျော့ဘာလုပ်မလို့လဲ''

''ထမင်းပွဲ ပြင်ပြီးပြီလေ ...

ထမင်းမစားသေးဘူးလား''

''စားတာပေါ့၊ ဒါထက် အတူး တယောက် ကော''

''အတူး .... သူ့အခန်းထဲမှာ စာကြည့်နေတယ်''

''ဟုတ်လား ... သွားနှင့် လေ ကျမလာခဲ့မယ်''

ဒေါက်တာ ဝင်းမောင်၏ ဆေးရုံကား အိမ်၏ တဘက်ခြံကြီးထဲတွင် ရှိလေသည်။ နံနက်စောစောကတည်းက အလုပ်ခွင်သို့ သွားရသော ဒေါက်တာဝင်းမောင်မှာ နံနက်ပိုင်း ကာ ဖီသောက်ချိန်တွင် သာ အိမ်၌်ရှိတတ် လေသည်။ လူမမာများ အတွက် နေ့ရောညပါကြိုးစားအားထုတ် အလုပ်လုပ်နေရသူ ဒေါက်တာဝင်းမောင်အတွက်ကား .... မနက်စာရောညစာပါ .... ချိုင့်ဖြင့် ပို့ခဲ့ရသည်သာမက ညဥ့်နက်မိုဃ်းချုပ်အထိ အလုပ်စခန်းမရပ်ဘဲအုံးစက်ရာကိုပင် သတိ မရလေသယောင် .... ဆေးရုံတွင် ပင် ညဥ့်အိပ်၍ ပြန်မလာသည့်ရက်တို့ မှာ လည်း မရေတွက်နိုင်ခဲ့ ....

ကာလရှည်ကြာသဖြင့် ထုံးစံပမာ ဖြစ်နေသော ကြောင့် ခင်မေထွေးနှင့် အတူးတို့အဘို့တွင် မထူးခြားလှသော်လည်းသေသေချာချာ တွေးကြည့်ပါက အလွန်ပင်စိတ်ပျက်ဘွယ်ရာအိမ်ထောင်ရေး ပင် ဖြစ်ပေသည်။ အမှန်ပင် ခင်မေထွေးမှာ ခြင်္သေ့လက်တွင်းသို့ သက်ဆင်းနေရသည့် ယုန်သူငယ်ပမာ သနားစရာ ဖြစ်လေသည်။

အကယ်၍ ဒေါက်တာ ဝင်းမောင် အိမ်တွင် ရှိနေပါကလည်း လင်မယား အ ဖြစ်ဖြင့် ကြင်ကြင်နာနာ ချိုချိုသာသာလောကွတ် ပြူငှာ မရှိခဲ့။ မပြောမ ဖြစ်သည့် စကားနှစ် ခွန်းသုံးခွန်းတွင် ပင် အဆုံးသတ်ခါကိုယ်လုပ်စရာ ရှိသည့် ကိစ္စကိုသာ လုပ်ခဲ့ကြ၏ ။

အသက် ၁၄-နှစ် ကျော်ကျော် ရှိခဲ့သော အတူးသည်မိမိ၏ မိဘများ နေထိုင်ပုံနှင့် ကျောင်းနေဘက် သူငယ်ချင်းတို့၏ မိဘများ နေထိုင်ပုံကိုနှိုင်းယှဉ်၍ မည် မျှစဉ်းစားခါအားငယ်လိမ့်မည် နည်းဟုတွေးမိသည့်အခါ ခင်မေထွေးမှာ အတူး အပေါ်ဝယ် အရာရာတွင် အလိုလိုက်ခါ အကြိုက်ပြုခြင်းဖြင့် သာ စိတ် သက်သာအောင် နေမိလေတော့သည်။

ထိုကဲ့သို့ အိမ်ထောင်ရေး အဆင်မပြေခြင်းမှာ မည် သူ၏ ဆိုးသွမ်းချက်ကြောင့် ပေနည်း။ ဒေါက်တာ ဝင်းမောင်လော.... ခင်မေထွေးလော....မဟုတ်ပါ....မဟုတ်နိုင်ပါ။ နှစ် ယောက် စလုံး ချစ်လွန်းလှသဖြင့် အိမ်ထောင်ဘက် ပြုလာကြသည် မဟုတ်ပါလော.... တယောက် နှင့် တယောက် ချစ်လျက်နှင့် ပင် ဤစိတ်ပျက်ဘွယ်အိမ်ထောင်သို့ ပြောင်းလာခြင်း ဖြစ်ပေသည်။ သို့ ဖြစ်ပါကတရားခံသည် ကိုမြင့်သန်း ဖြစ်ပေလိမ့်မည် ။

''ဟုတ်ဘူး ... မဟုတ်ဘူး,သူ ဘာမှ မသိရှာဘူး''

ခင်မေထွေး၏ ရင်တွင်းဝယ် အစဉ် ကိန်းအောင်းလျက်ရှိသော သဘောကောင်းမနောဖြူ ပန်းချီဆရာ ကိုမြင့်သန်း၏ အကြောင်းကို တွေးမိပါက ခင်မေထွေးမှာ ရင်တွင်းတွင် ဟာတာတာ ဖြစ်ရာမှမျက်ရည်စတွေ ဖြာလာတတ်လေသည်။

မနေ့ကပင် ကိုမြင့်သန်း အကြောင်းနှင့် ပတ်သက်၍ မိမိတို့လင်မယား ကတောက် ကဆ ဖြစ်ခဲ့ရသည်ကို သတိရမိသေးတော့သည်....

''ဘတ်ပြီးပြီ မဟုတ်လားဟေ့ ....''

ဆရာဝန် အဝတ်ရှည်ကိုဝတ်လျက် တက်လာသော ဒေါက်တာ ဝင်းမောင်သည်ခင်မေထွေးအား ပြုံးစိစိ အမူအရာဖြင့် မေးလေသည်။ ဘာကိုဆိုလိုသည် မသိသော ခင်မေထွေးမှာ လင်တော် မောင်၏ မျက်နှာထားကိုသာ စိုက်ကြည့်နေမိ၏ ။

''အထွေးတော့-လွမ်းနေပြီမဟုတ်လား .... ဟား ....ဟား''

ဒေါက်တာ ဝင်းမောင် သည်မျက်မှန်ကိုင်းကို ပင့်တင်ရင်းက လှောင်ရီ,ရီနေ ပြန်ရာခင်မေထွေးမှာ ဒေါပွ မိလေသည်။

''ဘာလဲ.... ဘာ....ဘာ....ဘာကို လွမ်းရမှာ လဲ.... ဘာစကားတွေ ပြောနေတာလဲ....နားမလည်ဘူး ... ဘာမှလဲ မဘတ်ဘူး''

''အို....ဟိုး .... ဟိုး ဒေါသမကြီးနဲ့လေ.... ဒီနေ့ သတင်းစာထဲက သတင်းထူး တခုကိုပြောတာပါ....''

''ဘာလဲ .... သတင်းစာထဲက ဘာသတင်းလဲ....''

''ခင်ဗျားတို့ရဲ့ တိမ် မြှုပ်နေတဲ့ ပန်းချီ ဆရာကြီးရဲ့ သတင်းလေ... ဟဲ....ဟဲ....''

အစ, အဆုံးပြောရမည် ကိုခက်သကဲ့သို့ ဒေါက်တာ ဝင်းမောင်သည် အိတ်တွင်းမှ သတင်းစာရွက်ခေါက် တခုအားထုတ်ခါ ခင်မေထွေး၏ ရှေ့ရှိစားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။

တိမ်မြှုပ်နေတဲ့ .... ပန်းချီဆရာ....

ဟု ခင်မေထွေးသည် စိတ်ထဲ၌ ရေရွတ်မိလေ၏ ။ ပန်းချီဆရာ ကိုမြင့်သန်း တယောက် တိမ်မြှုပ် ပျောက်ကွယ် သွားခဲ့သည်မှာ နှစ် ,လ, အတော် ပင်ကြာခဲ့လေပြီ။ သူ၏ နေထိုင်ရာဒေသမှန်ကို ဘယ်သူမှ မသိသလောက် ဖြစ်နေခဲ့ရာ ယခုမှတဖန် နေရာမှန်ကို သိကြရသဖြင့် ကြေငြာခြင်း ပေလောဟုလည်း တွေးမိလေသည်။

''ဘတ်လေ.... ဘတ်ရင် သိမှာ ပေါ့....''

ဟု ဒေါက်တာ ဝင်းမောင်က ခင်မေထွေး၏ စိတ်ကို ရိပ်မိဟန်ဖြင့် ပြောတော့မှ သတင်းစာရွက်ကို ဖြန့်၍ ကြည့်မိလေသည်။ သတင်းစာရွက်ကို ကိုင်ထားရင်းက ခင်မေထွေးသည်ငိုင်နေမိသည်။ အမှန်ပင် ထိုသတင်းသည် ခင်မေထွေး အတွက် စိတ်ဝင်စားဘွယ် ဖြစ်သလောက် ဘဝင်မအေးနိုင်ခဲ့သတင်းကား တိုတိုကလေးပင်၊

''တိမ်မြှုပ် ပျောက်ကွယ်လျက် ရှိသော ကျွန်ုပ်တို့ ၏ နိုင်ငံကျော် ဘိလပ်ပြန်ပန်းချီဆရာ ကဗျာ ဆရာဦးမြင့်သန်းသည် ချောင်းဆိုးသွေးပါ အဆုတ်ရောဂါစွဲကပ်နေခဲ့သဖြင့် ထားဝယ်နယ် မောင်းမကန်ပင်လယ် ကမ်းခြေရှိ တည်းခိုအိမ်တွင် ပင်ပန်းဆင်းရဲကြီးစွာ ဝေဒနာ ခံစား၍ တယောက် တည်း တည်းနေခဲ့ရာမှ လွန်ခဲ့သော ရက်မကြာမှီကမူ တည်းခိုအိမ်မှပျောက်သွားပြန်ရာ ဘယ်အရပ်သို့ ထွက်ခွာ သွားသည်ဟု မသိခဲ့ရကြောင်း၊ကပ်ရောက်နေသည့် ဝေဒနာမှာ လုံးဝ မျှော်လင့်ဘွယ် မရှိတော့သဖြင့် မိမိကိုယ်ကိုပင် သတ်၍ သေလေပြီလောဟု တွေးတောစရာ ဖြစ်နေတော့ကြောင်းဤကဲ့သို့ ပညာရှင် တဦးဆုံးရှုံး ရခြင်းမှာ ကျွန်ုပ်တို့အဘို့ ဝမ်းနည်းဘွယ်ရာပင် ဖြစ်ပေကြောင်း ....''

ကိုမြင့်သန်း၏ ဖြစ်ထွေကြောင့် စိတ်မသက်မသာ ဖြစ်မိသော ခင်မေထွေးသည် နံဘေးတွင် ဒေါက်တာ ဝင်းမောင် ရှိနေသည်ကိုပင် သတိမမူနိုင်တော့ဘဲ ဟင်းကနဲသက်ပြင်း ချလိုက်လေသည်။ ထိုမှဒေါက်တာ ဝင်းမောင်က ....

''အင်း .... သနားစရာ ကောင်းလိုက်ပါဘိကွာ'' ဟု ယောက်ျားတန်မဲ့ ငေါ့တော့တော့ ပြောကာ ခနဲ့ လိုက်သည်ကိုလည်းအရေး မယူနိုင်သည်သာမက ...

''ဟုတ်တယ်- ရောဂါ ကလဲအတော် ဘဲ မသက်သာဘူးဆိုဘဲ'' ဟူ၍ ပင် ထပ်မံ၍ ပြောမိလေသည်။

''ဘာလဲ....မင်းက ငါ့ကိုများ ကုစေချင်သေးလို့လား''

ခင်မေထွေးကား ဘာမျှပြန်မပြောတော့ဘဲ မျက်ရည်တွေ ဝဲနေသည့် မျက်လုံးအစုံတို့ဖြင့် သာ လင်သယ်အား ငေးကြည့်နေရှာ၏ ။

''ငါတို့က ဒီလိုပြော့စိစိနဲ့အနုသမားတွေ ကို မလိုချင်ဘူးကွ....ဘယ်သူက ဒီလိုအကောင်မျိုးကို လာပြီး သနား ....''

ဒေါက်တာ ဝင်းမောင်ကား-ရန်သူနှင့် စကားပြောနေသူပမာ တင်းမာစွာ ဟစ်အော်၍ နေလေသည်။

''ထွီ.... ငယ်ငယ်ကလေးကတဲက- ခင်မင်လာတဲ့ သူငယ်ချင်းကိုတောင် သစ္စာဖောက်တဲ့ တိရစ္ဆာန်လို အကောင်....''

ထိုအခိုက်အတန့်တွင် ဒေါက်တာဝင်းမောင်မှာ လူတကာတို့ အသက်ကို ကယ်ဆယ်နေသူ တယောက် အ ဖြစ်ပြောမယုံနိုင်အောင် ဖြစ်နေ၏ ။ဒေါက်တာ ဝင်းမောင်၏ ပြင်းထန်လှသည့် စကားလုံးများ နှင့် ပြန်လှန် အော်ငေါက် နေ ပါကထို့ထက် နစ်နာဘွယ်စကားများ သာ ထွက်လာဦးမည် ဖြစ်ရာ ခင်မေထွေးမှာ ....

သတင်းစာ ခေါက်ကို စားပွဲပေါ်သို့ တင်ရင်းက သူ ပြောသမျှကို ငုံ့ခံနေသည်က လွဲ၍ ဘာမျှမတတ်နိုင်ခဲ့။ ကိုမြင့်သန်းနှင့် ပတ်သက်၍ လာပါကဒေါက်တာ ဝင်းမောင်ကား ....

ဤနည်းနှင်နှင်ပင် ....။

''ကဲ....ဘာ ပြောချင်သေးသလဲ....''

ဒေါက်တာ ဝင်းမောင် သည်တယောက် တည်းရန် ဖြစ် ရာမှရပ်စဲစပြုလာ၏ ။ ခင်မေထွေးကား.... တိတ်ဆိတ်လျက်သာ....။

''ဒါထက်.... ကောင်လေးရော.... ကျောင်းက မလာသေးဘူးလား ....''

အခန်းကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့်ဒေါက်တာ ဝင်းမောင်သည်တဘက်မှ လှည့်၍ အပြစ်ရှာရန် စကား စခြင်းပေလော...

''အတူးလား ....မလာသေးဘူး၊ လာခါနီး ပါပြီ....''

''မင်း ....သူ့အပေါ်မှာ အလိုလိုက်လွန်းတယ်....''

သူသည် မျက်မှန်ကိုင်းကိုချွတ်ခါ တဖန် ပြန်၍ တပ်ပြန်၏ ။

''ဒီကောင်ကလေးအတွက်ကြီးပွားဘို့ လမ်းတွေ ကြံထားတယ်။ သူ့ကို ဂရုစိုက်ပါ-သူနဲ့ပတ်သက်တဲ့ စကားဆန်းတွေ မကြားမိဘူးလား....''

''ဟင်.... ဘယ်လို စကားတွေ များ ပါလိမ့်....''

''အင်း .... သူလဲ-ဟိုကောင်လိုလာတာဘဲ။ မင်း ကတော့ဝမ်းသာမှာ ပေါ့။ ဒါပေမဲ့ဒေါက်တာ ဝင်းမောင်ရဲ့ သားဟာ-ဒီလို ကလေကဝကောင်စားမျိုး ဖြစ်သွားရမယ်ဆိုတာသေပစ်ဘို့ကောင်းတယ်။မြင့်သန်းနဲ့ မတူဘူးလား၊ ကဗျာနဲ့ စာစီစာကုံးမှာ အတော် ဆုံးတဲ့၊ ပန်းချီမှာ လဲ .... လက်မြောက်သတဲ့။ ဟို ခွေးကောင်ငယ်ငယ်ကနဲ့ တထေရာထဲဘဲ...''

ဒေါက်တာဝင်းမောင်ကားပြော၍ အားရ သွားတော့သည့်အလား ခင်မေထွေး၏ အဖြေကိုပင် မစောင့်တော့ဘဲခြေထောက်ကို ပြင်းပြင်းနင်းကာ ဆေးရုံဘက်သို့ ထွက်သွားလေသည်။

မနေ့က-ထိုသို့ ဖြစ်ခဲ့သည်ကို သတိရမိသော ခင်မေထွေးသည် အတူး၏ အခန်းတွင်းရပ်နေမိ၏ ။ အတူးကား ကိုမြင့်သန်းနှင့် တူသည်ဟု ဆိုပါကအကျင့် အမူအရာဝါသနာသာမက ရုပ်ရည်လည်း တူလှပေသည်။ ဘာကြောင့် ဤကဲ့သို့ တူနေရသည်ကို ခင်မေထွေးစဉ်းစား၍ မရခဲ့။ ဤကဲ့သို့ ရုပ်ရည်မှစ၍ အစစ အရာရာတူနေခြင်းသည်ပင် ခင်မေထွေးနှင့် ဒေါက်တာ ဝင်းမောင်တို့ အကြောင်းဝယ် သံသယပွားများ ရာ ပွားများ ကြောင်းပင် ဖန်တီးရာ ဂြိုဟ်ဆိုးပင် ဖြစ်တော့သည်။

x x x



ဝန်ဇင်းချစ်သူများ သန်းဆွေ ၏ “ ချစ်ကြွေးမပြေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဆုထူးရွယ်

ရေပြင်ပေါ်မှ လရောင်

ကြုံလေဘုံဘေ