Cover

အခန်း (၁)

အမည် နာမတစ်ချို့ကို ပြောင်းလဲရေး သားထားပါတယ်။


ကျွန်တော့် တွင် ချစ်ခြင်းနှင့် မုန်းခြင်း မကွဲရှိတတ်သော သံယောဇဉ် နှောင်ကြိုးတစ်မျှင်နှင့် မိတ်ဆွေနှင့် ရန်သူ တစ်ထပ်တည်း ဖြစ်သော သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည်။

ထိုသူနှစ် ယောက် နှင့် ပက်သက်၍ ပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းခြင်း၊ ချစ်ခြင်းနှင့် မုန်းတီးခြင်း၊ အာဃာတ၊ မာန်မာန၊ မေတ္တာ၊ စေတနာ၊ ခွင့်လွှတ်ခြင်းတို့ ဖြစ်ပေါ်ခံစားခဲ့ရပါသည်။

လူဟူ၍ ဖြစ်လာလျှင် ပျော်ရွှင်မှု ရှိမည် ။ ၀မ်းနည်းမှု ရှိမည် ။ သာယာစရာ ရှိမည် ။ နာကျင်စရာ ရှိမည် ။ အောင်မြင်တာရှိသလို ရှုံးနိမ့်တဲ့အခါလည်း ရှိမှာ ပဲ။ အချစ်ရှိသလို အမုန်းလည်း ရှိမှာ ပဲ။ အရွယ် အလျောက် ခံစားမှု ပြောင်းလဲချက်တွေ အမျိုးမျိုးရှိမည် ပဲလေ။ မျှော်လင့်မထားသော ခံစားချက်ပြောင်း လဲချက် အချိုးအကွေ့တွေ နှင့် လည်း ရင်ဆိုင်နိုင်တာပဲ။

ကျွန်တော် တို့သည် လူသုံးယောက် ဖြစ်သည်။

သို့ သော် …

******


သူနှင့် သိခွင့်ရချိန်မှာ ကျွန်တော့် အသက်က ၁၇နှစ် ။

သူက ကျွန်တော့် ထက် လပိုင်း၊ ဒါမှမဟုတ် တစ်နှစ် ၀န်းကျင်လောက်ပဲ အသက်ပိုကြီးမယ် ထင် ပါတယ်။

ကျွန်တော် တို့ စဆုံကြတာ ကျွန်တော် တို့ရဲ့ မြို့ကလေးရဲ့ အဲဒီ ခေတ်က လူငယ်တွေ နေ့လည် ဘက်နဲ့ ညနေခင်းမှာ အထိုင်များ တဲ့ အသုတ်ဆိုင်လေးမှာ ပါ။ အဲဒီ ဆိုင်လေးမှာ အကြော်စုံလည်း ရတယ်။ မြို့ခံတွေ ကတော့ ဘုရားလေးအသုတ်ဆိုင်လို့ အခေါ်များ ကြတယ်။ အဲဒီ အသုတ်ဆိုင်ရဲ့ နံဘေးကပ်လျက်မှာ စေတီလေးတစ်ဆူရှိလို့ပါ။ အုန်းနှဲပင်ကြီးတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ထိုင်ခုံလေးတွေ ဖြန့်ခင်းပေးထားလေ့ရှိတဲ့ ထိုဆိုင်မှာ သမီးရည်းစား စုံတွဲ တွေ လည်း တော် တော် လာထိုင်ကြပါတယ်။ မခမ်းနားပေမယ့် ရိုးသားမှု အငွေ့ရလို့ အဲဒီ ဆိုင်လေးကို ကျွန်တော် သဘောကျ နှစ် ခြိုက်တယ်။

အဲဒီ တုန်းက ကျွန်တော် တို့ မြို့လေးက လူငယ်အများ စုဟာ စက်ဘီးအသုံးများ တယ်။ ဂျပန်ဘီး လို့ ခေါ်ကြတဲ့ စက်ဘီးလေးတွေ စီးမှ လူငယ်တွေ ကြား အထာကျသလို အထင်ခံရတဲ့ ခေတ်ပေါ့လေ။ အဲဒီ တုန်းက ကျွန်တော် က ဂျပန်ဘီး Bridgestone စက်ဘီးအနက်ကလေး စီးတာပေါ့။

တစ်နေ့ နေ့လယ်ခင်းတစ်ခုမှာ စက်ဘီးလေးကို စီးပြီး ဘုရားလေးအသုတ်ဆိုင်ကို ကျွန်တော် သွားပါတယ်။ အဲဒီ မှာ သူနဲ့စတွေ့ တာ။ ကျွန်တော့် ကို မြင်တော့ သူငယ်ချင်း တစ်ယောက် က လှမ်းခေါ် နှုတ်ဆက်တယ်။ ဒါနဲ့ ကျွန်တော် လည်း အဲဒီ ၀ိုင်းသွားထိုင် ဖြစ်တာပေါ့။

ကျွန်တော့် ကို လှမ်းခေါ်နှုတ်ဆက်တဲ့ သူငယ်ချင်းအမည် ကို ထွန်းထွန်းလို့ပဲ ဆိုကြပါစို့။ ထွန်းထွန်းက နည်းနည်း မက ကနွဲ့ကလျဆန်တယ်။ တချို့က သူ့ကို အခြောက်မလို့တောင် ကင်ပွန်း တပ် ကြတယ်။ (အခုတော့ မိန်းမယူတာ အိမ်ထောင်နှစ် ဆက်ရှိပြီ)။ ထွန်းထွန်းက လူ တစ်ယောက် နဲ့ အတူထိုင်နေတာ။

ကျွန်တော် ရောက်သွားချိန် အဲဒီ လူဟာ ခေါင်းငုံ့ပြီး အစားတွေ ကိုသာ ပလုပ်ပလောင်း စားနေပါ တယ်။ သူဟာ အဖြူခံပေါ်မှာ အကွက်စိတ်စိတ် ဖော်ထားတဲ့ ရှပ်အင်္ကျီလက်တို ပွယောင်းယောင်းနဲ့၊ အရောင် ဖျော့ဖျော့ ပုဆိုးကို ခါးပုံစရှည်ရှည် ဖိုသီဖပ်သီ ခပ်တိုတိုပဲ ၀တ်ထားတယ်။ သစ်သားခုံပုလေး ပေါ်မှာ ထိုင်နေတဲ့ သူ့ဒူးနှစ် ဖက်ဟာ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။ ခြေသလုံးမွေးတွေ က အရှည်ကြီးပဲ။ သူ့ရုပ်က အနီးစပ်ဆုံးခန့်မှန်းလို့ရအောင် ပြောရရင် သရုပ်ဆောင် စိုင်းဘိုဘိုရဲ့ ရုပ်နဲ့ ဆင်သလိုရှိပါတယ်။ (နောင်အခါမှာ သူဟာ စိုင်းဘိုဘိုနဲ့ အင်မတန်တူကြောင်း သူကိုယ်တိုင် မကြာ ခဏ ပြောလေ့ရှိပါတယ်)။

သူက အသားဖြူတယ်။ ခန္ဓာကိုယ် ပြည့်တယ်။ ဆံပင်တိုတယ်။ ပါးဖောင်းတယ်။ သူ့မျက်နှာမှာ အထင်ရှားဆုံး ကတော့ အသက်ငယ်ငယ်နဲ့ နှုတ်ခမ်းမွေးရှည်ရှည်ကားကားကြီးတွေ ရှိနေတာပါပဲ။

“သူ့နာမည် က တင်ထူးအောင်။ သူငယ်ချင်းတွေ ကတော့ ထူးကြီးလို့ပဲ ခေါ်တယ်”

ထွန်းထွန်းက သူနဲ့ ကျွန်တော့် ကို မိတ်ဆက်ပေးတယ်။ ကျွန်တော့် အမည် လည်း သူ့အားပြောပြ လိုက်ပါတယ်။

သူက ခေါင်းငုံ့ကာ အစားတွေ ပလုပ်ပလောင်း စားနေရာက မော့ကြည့်ပြီး ကျွန်တော့် ကို လက်ဆွဲနှုတ်ဆက်ပါတယ်။

သူပြုံးပြပါတယ်။

သူ့သွားတွေ ဟာ ဖွေးလက်နေတာ၊ သူ့အပြုံးဟာ ဖြူစင်အပြစ်ကင်းတာ ယခုထိ ကျွန်တော် ပြန်ခံစားလို့ ရတုန်းပါပဲ။ လက်ဆွဲနှုတ်ဆက်နေရာကနေ သူက မိန့်မိန့်ကြီး ပြောတယ်။

“မှတ်ထားပေါ့ကွာ။ ငါနဲ့ အခုလို ခင်ခွင့်ရတာ မင်းအနေနဲ့ ဂုဏ်တက်ပါတယ်လေ” တဲ့လေ။

မှန်ရာပြော ကျွန်တော် အောင့်သက်သက် ဖြစ်သွားတယ်။ ဒါပေမယ့် မသိမသာဘဲ အလိုက် အထိုက် ပြန်ပြုံးပြခဲ့ပါတယ်။

အဲဒီ အချိန် ကျွန်တော့် သူငယ်ချင်းတွေ က ကျွန်တော့် ကို ငကြပ်လို့ ခေါ်ပြောသတ်မှတ်နေတဲ့ ကာလ။

ဒီတော့ ကျွန်တော့် စိတ်ထဲမှာ ဒီကောင်လည်း လူငယ်အချင်းချင်း ငါ့ကို ကြပ်နေတာပဲ ဖြစ်မယ် ဆိုတာလောက်ပဲ ဖြေတွေး တွေးခဲ့တယ်။

အပြင်အထွက်နည်းတဲ့၊ အပေါင်းအသင်းအများ ကြီး ထားရတာ မနှစ် ခြိုက်တဲ့၊ လူအများ နဲ့ ထွေးရောယှက်တင် နေလေ့နည်းတဲ့ ကျွန်တော် နဲ့ သူနဲ့ပတ်သက်မှု ဟာ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားလိမ့် မယ်လို့ မှတ်ထင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ အတွေးဟာ မှားခဲ့ပါတယ်။

******


ညနေခင်းတစ်ခုမှာ စက်ဘီးလေးနင်းပြီး စာအုပ်အငှားဆိုင်ကို ကျွန်တော် သွားပါတယ်။ ညနေ ခင်းတွေ မှာ လှလှပပလေး ပြင်ဆင်ပြီး စာအုပ်အငှားဆိုင်ကို သွားကြတာဟာ အဲဒီ ခေတ်က လူငယ် တွေ ပြုကျင့်နေကျ ချစ်စရာ အမူအကျင့်လေးတစ်ခုပါပဲ။ စာအုပ်အငှားဆိုင်လေးတွေ ဟာ ကောင်လေး တွေ နဲ့ ကောင်မလေးတွေ ရဲ့ စုံမှတ်သဖွယ်ပါပဲ။

ဒီတော့ စာအုပ်ဝါသနာမပါသူတောင် စာအုပ်အငှားဆိုင် ခဏခဏသွားရင်း စာဖတ်ကျင့် ရလာ စေတယ်။ တချို့ သမီးရည်းစားတွေ ဆို စာအုပ်ကြားထဲ ကိုယ်ရေး ထားတဲ့ စာလေးညှပ်ထည့်ပြီး အပြန် အလှန် အပေးအယူလုပ်ကြတာတွေ လည်း ရှိတယ်။ (အဲဒီ အချိန်က စာအုပ်အငှားဆိုင် နှစ် ဆယ် ၀န်းကျင်ရှိတဲ့ ကျွန်တော် တို့ မြို့ကလေးမှာ ယခုတော့ စာအုပ်အငှားဆိုင်တွေ မမြင်တွေ့ ရသလောက် ရှားပါးကုန်ပါပြီ။

စာအုပ်အငှားဆိုင်တွေ နေရာမှာ ဗီစီဒီအခွေရောင်း ငှားဆိုင်တွေ ၊ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင် တွေ နေရာယူလာကြတာဟာ ခေတ်ရေစီးကြောင်း ပြောင်းလဲမှု ဆိုရင် ရပ်တည်ဖို့ ခက်ခဲမှု ကြောင့် ဆုံးပါးသွားတဲ့ စာအုပ် အငှားဆိုင်လေးတွေ ကို ကျွန်တော် နှမျောအောက်မေ့ပါတယ်)

“ဟေး … ဘော်ဒါ …”

စာအုပ်အငှားဆိုင်က ပြန်အလာမှာ တရစပ်ခေါ်သံနဲ့အတူ စက်ဘီးတစ်စီးဟာ နံဘေးနား ကရောသော ပါး ကပ်ရောက်လာတယ်။ ကျွိခနဲ ဘရိတ်အုပ် အရှိန်လျှော့သံကြားမှု နှင့် အတူ ငဲ့အကြည့် မှာ မြင်လိုက်ရတာ နှုတ်ခမ်းမွေးကားကားကြီးနဲ့ တမူထူးခြားတဲ့ ဆယ်ကျော်သက်လူငယ် မောင်ထူးကြီး ပါ။ အရောင် ဖျော့ဖျော့ ပုဆိုးကို ဖိုသီဖတ်သီ ခပ်တိုတိုစည်းထားပြီး အဖြူခံပေါ်မှာ အကွက်စိတ်စိတ်ပါ တဲ့ ပွယောင်းယောင်း ရှပ်အင်္ကျီလက်တိုကိုပဲ ၀တ်ဆင်ထားပါတယ်။ (သူဟာ ၀တ်စုံတစ်ခုတည်းကိုပဲ အမြဲတစေ ၀တ်တာတော့မဟုတ်ပါဘူး။ အဲဒီ လို ပုဆိုးအရောင် ၊ အဲဒီ လို အင်္ကျီအဆင်အသွေးတွေ ကိုပဲ စွဲစွဲမြဲမြဲ လဲလှယ်ဝတ်ဆင်လေ့ရှိသူဆိုတာတော့ ကျွန်တော် အထူး သတိပြုမိခဲ့ပါတယ်)

“မင်း အချိန်ရလားကွ”

“ဘာလို့လဲ”

“မုန့် သွားစားရအောင်ကွာ။ ငါ ကျွေးပါမယ်”

သူ အတင်းခေါ်တာကြောင့် ငှားလာတဲ့ စာအုပ်တွေ ဖတ်ချင်နေစိတ်ကို မြိုသိပ်ပြီး ကျွန်တော် လိုက်သွားခဲ့ပါတယ်။ သူသွားတာက ဘုရားလေး အသုတ်ဆိုင်ကိုပါ။ ဆိုင်ရောက်တော့ ကျွန်တော် ဘာမှ မစားဘူး။ သူ ကတော့ တစ်ပွဲပြီးတစ်ပွဲ မှာ စားတယ်။ ပိုရှင်းအောင် ပြောရရင် တစ်ပွဲမကုန်ခင် နောက်တစ်ပွဲကို အသင့်ကြိုမှာ ပြီးတော့ကို ပလုတ်ပလောင်းနဲ့ အားပါးတရ မနားတမ်းစားတာ။ သူစားတာ မြင်ရတာ အားရှိစရာကြီးပဲ။ အဲဒီ နေ့က သူမှာ ယူစားသောက်လိုက်တာ အာပူလျှာပူ နှစ် ပွဲ၊ အသုတ် ခုနစ်ပွဲဆိုတာ ကျွန်တော် ယခုထိ မှတ်မိနေဆဲပါပဲ။

မှတ်မိမှာ ပေါ့ စားသောက်ပြီး ချက်ချင်း ပဲ ကောက်ကာငင်ကာ -

“ခဏကွာ။ ငါအရေး တကြီးကိစ္စ ပေါ်လာလို့။ ခု ပြန်လာခဲ့မယ်”

ဆိုပြီးထွက်သွားလိုက်တာ တစ်နာရီကျော်ကြာတဲ့အထိ သူ ပြန်ရောက်မလာပါဘူး။ ကျွန်တော့်  မှာ လည်း ပိုက်ဆံမပါဘူး။ အဲဒါနဲ့ ကျွန်တော် လည်း ရှက်ရှက်နဲ့ ဆိုင်ရှင်အဒေါ်ကြီးကို ကျသင့်ငွေမေး၊ တောင်းပန်ပြီး နောက်ရက်မှ သွားပေးခဲ့ရတာ ကိုး။

သြော် … ထူးကြီး … ထူးကြီး … ခုချိန်မှာ တော့ ပြန်တွေးရင် ငါပြုံးနိုင်နေပါပြီ …။

******


မှတ်မှတ်ရရ နောက်တစ်ရက်မှာ အသုတ်ဆိုင်ကို ပိုက်ဆံသွားပေးပြီး ကျွန်တော် အိမ်ပြန် ရောက်ချိန်မှာ ပဲ သူက ကျွန်တော့် အိမ်ရောက်နေပါပြီ။

အမယ် … သူက ကျွန်တော့် ကို မြင်တော့ ပြုံးပြုံးကြီးဗျ။ ပြီးတော့ ကျွန်တော့် ပခုံးဖွဖွပုတ်ပြီး -

“မင်း ငါ့ကို စိတ်ဆိုးနေလား”

ကျွန်တော် ကလည်း ကျွန်တော့် အမူအကျင့်အတိုင်း နှုတ်ဆိတ်လျက် ခပ်ပြုံးပြုံးပဲ နေလိုက်ပါ တယ်။ အဲဒီ အခါ မနေ့က သူ့ကောင်မလေးကို ကျူရှင်သွားကြိုရာက ကောင်မလေးက နွဲ့ဆိုးဆိုးနေလို့ ကြာနေတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ သူ့လို နှုတ်ခမ်းမွေးကားကားနဲ့လူက ကောင်မလေးအကြောင်း ပြောတော့ ကျွန်တော့် စိတ်ထဲမှာ ရယ်ချင်တာမဟုတ်ပေမယ့် တစ်မျိုးကြီးတော့ ဖြစ်သွားတယ်။ ခံစား ရတာ ကျလိကျလိနဲ့။

သူ့နှုတ်ခမ်းမွေးကြီးကြည့်ပြီး သူ့ကောင်မလေးအစားလည်း အူယားမိတယ်။

“ငါ့အိမ် ဘယ်လိုသိတာလဲ”

လို့ ကျွန်တော် မေးတော့ ထွန်းထွန်းကို သွားမေးပြီး လာတာလို့ ပြောတယ်။ ဟိုဒီ လျှောက် ကြည့်ပြီး -

“ငါတို့ စက်ဘီး လျှောက်စီးရအောင်ကွာ”

သူ အဖော်စပ်တယ်။

အခုပဲ အပြင်က ပြန်လာတာမို့ ငြင်းပေမယ့် သူဇွတ်အတင်းခေါ်တာကြောင့် ကျွန်တော် ပါသွား ပြန်တယ်။ သည်းခြေမကောင်းဘူးကိုး။ အညှာလွယ်တာကိုး။

ညနေခင်း လမ်းကလေးတွေ ထက်မှာ နှစ် ယောက် အတူ စက်ဘီးလျှောက်စီး ဖြစ်ကြတယ်။ ကျွန်တော့် စက်ဘီးက အနက်ပေါ့။ သူ့စက်ဘီးက ဂျပန်ဘီး ငွေမင်ရောင် ။

သူက သူ့စတိုင်လ်အတိုင်း ပုဆိုးတိုတို၊ ရှပ်အင်္ကျီလက်တိုနဲ့။ ကျွန်တော် က သရီးကွာတားနဲ့ တီရှပ်နဲ့။ အဲဒီ အချိန်က ကျွန်တော့် ဆံပင်က ဖြောင့်ပြီးဖွာထားတာကို ရွှေအိုရောင် ညိုဖျော့ဖျော့ဆေးဆိုး ထားတဲ့ ကပိုကရို လည်ကုပ်သာသာ ဆံပင်ပုံနဲ့။

စက်ဘီးနှစ် စီး ဘေးချင်းယှဉ် နင်းနေရာကနေ သူက ရှေ့မကြည့်ဘဲ ကျွန်တော့် ကိုပဲ ရွှန်းရွှန်း ဝေေ၀ ကြည့်နေတယ်။ နည်းနည်း ကြာတော့ ဖွဖွပြုံးပြီး ပြောတယ်။

“အဟင်း မင်းလည်း လူချောပဲကွ။ ဒါပေမယ့် ငါ့မမီဘူး” တဲ့။

နှုတ်ခမ်းမွေးကားကားကြီးနဲ့ သူက အဲ့လိုပြောတော့ ခံရတာ သိပ်မနိပ်ဘူးဗျ။ ကျွန်တော် လည်း ရွက်ကြမ်းရေကြိုဆိုပေမယ့် အောင့်သက်သက်တော့ ဖြစ်တာပေါ့။ သူစက်ဘီးနင်းနေတာကလည်း ပုဆိုးတိုလွန်းလို့ ဒူးတွေ ပေါင်တွေ အမွေးတွေ ပေါ်လို့။ သူက ကျွန်တော့် ကို တစိမ့်စိမ့်ကြည့်ပြီး -

“မင်းမှာ လည်း ပါးချိုင့် ရှိတယ်။ ဒါပေမယ့် သိပ်မသိသာဘူး။ ငါ့ပါးချိုင့်က သိသာတယ်။ နည်း နည်းလေး ပြုံးလိုက်တာနဲ့ ပေါ်တယ်။ အဲဒါကြောင့် ငါကချစ်ဖို့ကောင်းတာ”

ဆိုပြီး ဟန်အမူအယာ အမျိုးမျိုးနဲ့ ပြုံးလိုက်၊ သူ့ဘာသာ မခို့တရို့နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်လိုက်၊ ကျွန်တော့် ကို အတင်းကြည့်ခိုင်းလိုက်၊ မြင်လား မြင်လားဆိုပြီးလည်း မေးပါတယ်။ မြင်ပါတယ်လို့ ပြောတာတောင် ပြုံးတာမရပ်ဘူး။ တရစပ်ပြုံးလျက်ပါပဲ။ ကျွန်တော် မြင်တာတော့ ပါးဆုံကြီးတွေ ဖောင်းမို့အစ်နေတော့ သူ့ပါးချိုင့်က လိမ်ခွေခွေ ခွက်ခွက်နက်နက်ကြီး။ ချစ်ဖို့လည်း မကောင်းပါဘူး။ အူယားစရာကြီး။

ဒါလောက်နဲ့ မပြီးသေးဘူး။

“ငါ့မျက်လုံးဆို ကြည့်ကွာ။ ညှို့မျက်လုံး။ ငါ့မျက်လုံးကို တည့်တည့်စိုက်ကြည့်မိရင် မိန်းကလေး တွေ ငါ့ကို စွဲလမ်းသွားတာပဲ”

သူက ပြုံးလျက်ပဲ ပြောနေတယ်။ ဒါကိုလည်း ကျွန်တော် က စနေတယ်ပဲ ထင်ခဲ့တာ။

“နှာတံဆိုရင်လည်း ကြည့်ကွာ။ ငါ့နှာတံက စင်းနေတာပဲ။ စိုင်းဘိုဘိုတောင် ငါ့လောက် မလှဘူး”

သူဟာ စက်ဘီးနင်းမပျက် ကျွန်တော့် ပခုံးကို လက်တစ်ဖက်နဲ့ လှမ်းပုတ်ပြီး -

“ငါ့နှုတ်ခမ်းကို မင်းသေချာကြည့်စမ်း။ သွေးရောင် လေးတွေ လွှမ်းနေတာ တွေ့ လား။ အဲဒါ ပင်ကိုယ်အလှကွ။ ငါ ဘာနှုတ်ခမ်းဆိုးဆေးမှ ဆိုးထားတာမဟုတ်ဘူးနော်။ အဲဒီ လို ငါ့နှုတ်ခမ်းက စိုစို ရဲရဲလေးဆိုတော့ မြင်ရသူ ကောင်မလေးတွေ အသည်းခိုက် စွဲလမ်းတာပေါ့ကွာ”

“အေး အေးပါကွာ”

သူပြောလို့ သေချာကြည့်တော့လည်း ဟုတ်သလိုလိုပဲ။ တစ်ခုချင်ကြည့်ရင် သူမျက်လုံး၊ သူ့ နှာတံ၊ သူ့နှုတ်ခမ်းတွေ ဟာ လှသလိုပဲ ထင်ရပါတယ်။ ဒါပေမယ့် အားလုံးပေါင်းစပ်လိုက်တဲ့ အခါကျတော့ မြင်ရတာ ခံစားရတာ မအီမလည် ဟာတာတာ ပေါ့ရွှတ်ရွှတ်ကြီး။ မျက်စိစူးစေတာက သူ့နှုတ်ခမ်းမွေးကြီးပဲ။

အသက်ငယ်ငယ်နဲ့ ဘာလို့နှုတ်ခမ်းမွေး အရှည်ကြီးထားတာလဲလို့ ကျွန်တော် ပြောတော့ သူက နှုတ်ခမ်းမွေး ကော့ကော့ကားကားကြီးတွေ ကို လက်တစ်ဖက်နဲ့ သပ်ကာသပ်ကာ ဂုဏ်ယူဝံ့ကြွားဟန် အပြည့်နဲ့ ရှင်းပြတယ်။

“ငါတို့က စော်ဘွားမျိုးရိုးကွ။ ဒီနှုတ်ခမ်းမွေးက ငါတို့မျိုးရိုးရဲ့ အမှတ်အသားပဲ။ ငါတို့မျိုးရိုးမှာ ယောက်ျားလေးတိုင်း ဒီလိုနှုတ်ခမ်းမွေးထားရတယ်။ ဒီနှုတ်ခမ်းမွေးမရှိရင် ငါတို့မျိုးရိုးလည်း သိက္ခာ မရှိတော့ဘူး”

“ဟင် …”

ဆိုင်သလား မဆိုင်သလား မသိပေမယ့် သူက မျိုးနဲ့ရိုးနဲ့ချီပြောလာတာကြောင့် ကျွန်တော် လည်း ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်ရတယ်။

သူ ကတော့ ကျွန်တော့် ကိုကြည့်လိုက်၊ သူ့အလှကို ချီးမွမ်းခန်းဖွင့်လိုက်နဲ့ ဟုတ်နေတာပဲ။ နှုတ်တွင် သာယာနေတာပေါ့လေ။

ကျွန်တော် က စက်ဘီးကို ရှေ့ကြည့်နင်းဖို့ ပြောတော့ သူဟာ မျက်လုံးလေးတွေ မှေးစင်း အောင် ရယ်ပြီး -

“မင်းက ငါ့လောက်လည်း ဦးနှောက်မကောင်းဘူးပဲကွ ဟား ဟား။ ဒါပေမယ့် သူငယ်ချင်း အပေါ် စိုးရိမ်တတ်တဲ့ မင်းစိတ်ဓာတ်ကိုတော့ ငါအသိအမှတ်ပြုပါတယ်။ တစ်ခုလိုနေတာက မင်းက အတွေးအခေါ် အားနည်းတာပဲ။ ငါစကားတွေ ပြောနေပေမယ့် စက်ဘီးဘဲလ်ကို ခဏခဏတီးနေတာ မင်းသတိမထားမိဘူး မဟုတ်လား။ သတိထားမိရင်တောင် ငါလက်ဆော့နေတယ်လို့ မင်းထင်နေမှာ ပါလေ”

တကယ်တော့ အဲဒါ ငါလမ်းကြောင်း ရှင်းနေတာကွ။ အဲဒီ လို လမ်းကြောင်းရှင်းပေးနေရတာ ကလည်း မင်းကို စိုးရိမ်လို့ပါ။ မင်းနဲ့ငါက ယှဉ်နင်းနေတာမဟုတ်လား။ ငါမင်းကိုကြည့်ပြီး မင်းနင်းတဲ့ အတိုင်း လိုက်နင်းတယ်။ မင်း ကွေ့ရင်ကွေ့တယ်။ ဒီတော့ မင်း တစ်ခုခု ဖြစ်ရင် ငါလည်း တစ်ခုခု ဖြစ်ပြီပေါ့ကွာ”

“ဘယ်လိုလဲ။ မင်းငါ့ကို လေးစားသွားပြီမဟုတ်လား။ ဟား ဟား။ ဒါ ပါမွှားလေးပဲ ရှိပါသေး တယ်ကွာ။ အရမ်းအထင်မကြီးပါနဲ့ဦး အဟင်း” တဲ့။

ဟုတ်ပါတယ်။ တကယ်လည်း အဲဒါက ပါမွှားလေးပဲ ရှိပါသေးတယ်။

******


စက်ဘီးလျှောက်စီးနေရင်းက ကောင်မလေး တစ်ယောက် ကို တွေ့ တော့ -

“အဲဒါ ငါ့ကောင်မလေးကွ”

လို့ သူပြောပါတယ်။

ကောင်မလေးက ရုပ်ရည်ကော ၀တ်စားဆင်ယင်မှု ကော အတော် ပြေပြစ်တာကြောင့် သူပြော တာ ကျွန်တော် မယုံပါဘူး။ ဒါနဲ့ -

“မင်းကောင်မလေးဆို ဘာလို့နှုတ်မဆက်လဲ။ သူကလည်း နှုတ်မဆက်ဘူး။ မင်းကလည်း နှုတ်မဆက်ဘူး”

“ဒါက ဒီလိုရှိတယ်ကွ။ သူက သိပ်အရှက်အကြောက်ကြီးတယ်။ အိမ်ကိုလည်း ကြောက်ရ တယ်။ အဲဒါကြောင့် လူရှေ့သူရှေ့မှာ ဆို သူစိမ်းတွေ လိုပဲ နေကြမယ်လို့ ငါတို့တိုင်ပင်ထားကြလို့ပါကွာ”

ဒီလိုနဲ့ နောက်တစ်နေရာရောက်တော့ ကောင်မလေးလှလှ တစ်ယောက် တွေ့ ပြန်တော့လည်း သူ့ကောင်မလေးလို့ ပြောပြန်ပါတယ်။ အဲဒီ အခါ ကျွန်တော့် ဗီဇက ထကြွ သွားပါတော့တယ်။ အဲဒီ ကောင်မလေးရှိရာ စက်ဘီးအမြန်နင်းသွားပြီး တဲ့တိုးပဲ မေးပစ်လိုက်တယ်။

“ဟို တစ်ယောက် က ပြောနေတယ်။ နင်က သူ့ကောင်မလေးဆို။ အဲဒါ ဟုတ်လား”

လို့လည်း မေးလိုက်ကော ကောင်မလေးက အူကြောင်ကြောင် ဖြစ်သွားတယ်။ ဘာတွေ လာကြောင်နေတာလဲ ဘာညာ အပြောခံရတယ်။

အဲဒီ အချိန်မှာ ပဲ ထူးကြီးက ကရောသော ပါး အနားရောက်ချလာပြီး ပြိုးတိုးပြာတာနဲ့ -

“မင်း ဘာတွေ လျှောက်မေးနေတာလဲ။ ဟိုက ရှက်သွားတော့မယ်။ ကျွန်တော် တောင်းပန် ပါတယ်ခင်ဗျ။ သူက ဒါ သိပ်မကောင်းလို့ပါ”

ဆိုပြီး ကောင်မလေးကို တောင်းပန်ကာ ကျွန်တော့် ကို မေးငေါ့ပြပြီး သူ့နားထင်ကို လက်နဲ့ ထောက်ခါပြတယ်။ ကျွန်တော် က ချောင်နေတယ်ပေါ့လေ။

သူက အမှတ်ဝင်ယူလိုက်သေးတယ်။ ပြီးတော့ ကျွန်တော့် စက်ဘီး လက်ကိုင်တစ်ဖက်ကို ဆွဲပြီး ခေါ်သွားတယ်။ ခပ်လှမ်းလှမ်းရောက်တော့မှ -

“မင်း အဲလိုပေါ်တင်ကြီး သွားမေးတော့ ဟိုက ရှက်လို့ အမှန်ဘယ်ဝန်ခံမလဲကွ။ မင်းတော် တော် တုံးတာပဲ”

ဆိုပြီး ကျွန်တော့် ကိုပါ အပြစ်တင်လိုက်သေးတယ်။

ကျွန်တော် ကလည်း မလျှော့သေးဘဲ -

“ဒါဆို အဲဒါ မင်းကောင်မလေးအစစ်ပေါ့ ဟုတ်လား”

“ဟုတ်တယ်လေကွာ။ ဒါပေမယ့် သူက ငါတို့ချစ်သူ ဖြစ်နေတာ ဘယ်သူ့မှမပြောရဘူးလို့ ငါ့ကို ကတိတောင်းထားတယ်။ အဲဒါကြောင့် ပါကွာ”

“မင်းပြောတာ ဟုတ်မဟုတ် ငါအခုပြန်သွားမေးမယ်”

ပြောတော့ -

“မင်း တော် တော် မလွယ်တဲ့ကောင်ပဲ။ တော် တော် ခက်တဲ့ကောင်ပဲ။ တော် တော် အလိုက်ကန်း ဆိုး မသိတဲ့ကောင်ပဲ။ မင်းအဲလို သွားမေးရင် သူ့ကိုပေးထားတဲ့ ကတိမတည်ဘူးဆိုပြီး ငါ့ကို ဖြတ်ပစ် လိုက်မှာ ပေါ့။ သူတပါးချစ်ခြင်းကို မခွဲချင်ပါနဲ့ကွာ။ အပြစ်ကြီးပါတယ်”

တဖွဖွပြောပြီး ကျွန်တော့် ကို ကျောသပ်ရင်သပ်နဲ့ ဆွဲခေါ်သွားတယ်။ ဒီလောက်ဆို အခြေအနေ မှန်ကို ကျွန်တော် ရိပ်စားမိနေပါပြီ။ ဒါပေမယ့် ဒါတွေ ဟာ သူကျွန်တော့် ကို ရုပ်တည်နဲ့ စနေတာတွေ လို့ ပဲ ကျွန်တော် က ထင်ခဲ့တာကိုး။ အဲဒီ နေ့က ပွဲစဉ်က ဒီလောက်နဲ့ မပြီးဘူး။ တစ်နေရာရောက်တော့ သူဟာ မျက်မှော င့်ကျုံ့ကာ နှုတ်ခမ်းမွေးကြီးကို လက်တစ်ဖက်နဲ့ ပွတ်ပြီး -

“မင်းပုံစံကြည့်ရတာ ငါ့ကို သံသယရှိနေပုံပဲ။ မင်းအကြည့်တွေ မှာ ငါ့ကို အထင်သေးဟန်တွေ ပါနေတယ်။ တကယ်ပဲ ငါ့မှာ အဲဒီ လို ကောင်မလေးတွေ အများ ကြီးပါကွ။ အေးလေ ဒီလိုပြောရင် မင်း ဘယ်ယုံပါ့မလဲ။ မင်းကို ငါလက်တွေ့ ပြပါမယ်။ ခုကောင်မလေး တစ်ယောက် အိမ်ကို သွားမယ်။ အဲဒီ ကောင်မလေးက ငါ့ကိုကြိုက်လွန်းလို့ သူ့မိဘကိုတောင် ဖွင့်ပြောပြီး ငါ့ကို လိုက်တောင်းခိုင်းတာကွ။ လူကြီးချင်းလည်း စကားပြောပြီးသွားပြီ။ ငါ့မိဘတွေ ကတော့ သဘောတူပါတယ်။ ငါ ကတော့ စဉ်းစား တုန်းပေါ့ကွာ။ ငါ့မှာ ရွေးချယ်စရာများ တာကိုး”

သူ ဘယ်လိုထပ်လှည့်ဦးမလဲဆိုတာ သိလိုစိတ်နဲ့ ပဲ သူခေါ်ရာ ကျွန်တော် အသာလိုက်သွား တယ်။ နယ်မြို့တစ်မြို့အရ ပြည့်စုံကြွယ်ဝတယ်လို့ ယူဆရတဲ့ အိမ်တစ်အိမ်ကို ရောက် သွားပါတယ်။ အိမ်ရှေ့ခြံဝင်းထဲမှာ စက်ဘီးကို ထိုးရပ်ပြီး သူက အိမ်ထဲပြေးဝင်သွားတယ်။ ကျွန်တော် လည်း စက်ဘီး ကို သူ့စက်ဘီးဘေးနားမှာ အမြန်ရပ်ပြီး သူ့နောက် ကသော ကမျောလိုက်တယ်။

ဝါသနာအရကိုး။ စပ်စုချင်တာကိုး။

“စုရေ … စုမြတ်မြတ်လေးရေ … ညီမလေးရေ … အစ်ကိုလေ … အစ်ကို လာတယ်ဟေ့ …”

ထူးကြီးက တကြော်ကြော် အော်ပြီး အိမ်ထဲဝင်တယ်။ အိမ်အတွင်းပိုင်းထဲက ကောင်မလေး တစ်ယောက် ထွက်လာတယ်။ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးနဲ့။

ကောင်မလေးက အများ ဆုံးရှိမှ ရှစ်တန်းလောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ ဒါပေမယ့် လှတယ်။

“ဟ မင်းကောင်မလေးက ငယ်ငယ်လေးပါလား” လို့ ကျွန်တော် သူ့နားနား ကပ်ပြောတော့ သူက မျက်စိတစ်ဖက်မှိတ်ပြပြီး -

“ငယ်ပေမယ့် ချစ်စိတ်က ပြင်းတယ်ကွ” တဲ့။

ကျွန်တော် က ဘာမှပြန်မပြောပဲ အသာ အကဲခတ်နေလိုက်တယ်။ ကောင်မလေးက အေးအေး ဆေးဆေးပဲ -

“အစ်ကိုကြီး ဘယ်ကလှည့်လာလဲ။ ညီမတောင် ခုမှ ကျူရှင်က ပြန်လာတာ”

ဘာညာပြောနေတယ်။ ထူးကြီးက -

“ရေဆာလို့ ရေ၀င်သောက်တာပါ။ အစ်ကို့ကို ရေတစ်ခွက်လောက် ခပ်ပေးစမ်းပါကွာ”ဆိုပြီး ပြောတယ်။

ကောင်မလေး နောက်ခန်းထဲ ၀င်သွားတယ်။

“တွေ့ လား … ငါတို့က ကိုရီးယားကားတွေ ထဲကလို ခေါ်တာ။ အတူနေချင်လှပြီလို့ သူတတွတ်တွတ် ပူဆာနေတာ ကျောင်းပြီးအောင် ပညာသင်ပါဦးလို့ မနည်းပြောထားရတာ ။ ငါ ဘာလုပ်ခိုင်းခိုင်း သူက မငြင်းဘူး။ ခုလည်း ငါရေဆာတယ်ဆိုလို့ ရေသွားခပ်နေပြီ။ ဒါလောက်နဲ့ မယုံ သေးရင် မင်းရှေ့မှာ သူ့ကိုငါ နမ်းပြမယ်” ဆိုပြီး ပြောတယ်။

ကျွန်တော် နည်းနည်း မ ကတော့ စိတ်ဝင်စားလာပြီ။

ကောင်မလေးက ရေခွက်ကလေး လာပေးတော့ သူအကုန် မော့သောက်ပစ်လိုက်တယ်။ ပြီး တော့ “အား … ရင်ထဲကို အေးသွားတာပဲကွာ။ အဲဒါတွေ ကြောင့် ချစ်နေရတာ ” ဆိုပြီး ကောင်မလေးကို ဖက်ပြီး တရွှတ်ရွှတ်နမ်းပါတယ်။

ဟာ … ကျွန်တော် ဂါရမလို ဖြစ်သွားတယ်။ ဒီကောင် ပိုင်လှချည်လားပေါ့လေ။ နေရာကလည်း ကောင်မလေးအိမ်။ ပြီးတော့ အိမ်ရှေ့ခန်းကြီးထဲမှာ ။ လုပ်ချက်က တင်းတယ်။

ကျွန်တော် တမေ့တမော ငေးကြည့်နေမိတယ်။ ရင်သပ်ရှုမော ဖြစ်နေတာပေါ့လေ။ အဲဒီ ချိန် မှာ ပဲ -

“ဟယ် တင်ထူးအောင် … နင်ဘယ်တုန်းက ရောက်နေတာလဲ”

အသံနဲ့တကွ အိမ်နောက်ခန်းထဲက အမျိုးသမီးကြီးတစ်ဦး ထွက်လာတယ်။ ပြည့်ပြည့်ဖြိုးဖြိုး ခန့်ခန့်ကြီးပါ။ ဒါလည်း ထူးကြီးက အေးဆေးပါပဲ။

“ရေဆာတာနဲ့ လမ်းကြုံလို့ ရေ၀င်သောက်တာပါ” တဲ့။

ကောင်မလေးကို ထူးကြီး ဖက်ထားတာ မြင်ပေမယ့် အမျိုးသမီးကြီးကလည်း အေးဆေးပဲ။

“နင့်အဖေတွေ အမေတွေ ကော နေကောင်းကြလား”

ဆိုပြီး အလာပသလာပ စကားတွေ တောင် ပြောနေလိုက်သေးတယ်။ (အဖေတွေ ၊ အမေတွေ ဆိုတော့ ကြားရတာ တစ်မျိုးကြီးပဲ) ဇဝေဇ၀ါနဲ့ အဖြေမှန်ကိုလည်း ကွင်းကွင်းကွက်ကွက် သိချင်နေ တယ်။ ဒါကြောင့် “ညီမ ပင်ပန်းနေမယ်။ အစ်ကိုပဲ သွားထားလိုက်ပါ့မယ်” ဆိုပြီး ထူးကြီး နောက်ခန်းထဲ ၀င်ပြီး သောက်ရေခွက်ပြန်ထားချိန်မှာ ပဲ ကောင်မလေးကို လက်ယပ်ခေါ်လိုက်တယ်။ အမျိုးသမီးကြီး က ထူးကြီးနောက်လိုက်သွားချိန်ပေါ့။

ကျွန်တော် ထိုင်နေတဲ့ ထိုင်ခုံရှေ့နား ကောင်မလေး ရောက်လာတော့ “မေးချင်တာရှိလို့ပါ။ ညီမလေးတို့က လူကြီးချင်းသဘောတူထားကြတာဆို ဟုတ်လား”

“ဟင် ဘာကိုပြောတာလဲ”

ကောင်မလေးက အူတူတူနဲ့ ပြန်မေးနေတယ်။ ကျွန်တော် က -

“တင်ထူးအောင် ပြောလို့ပါ။ ညီမလေးနဲ့သူနဲ့က လူကြီးချင်းသဘောတူထားတာ ဆိုလို့လေ။ အဲဒါ ဟုတ်မဟုတ် သိချင်လို့ပါ”

ကောင်မလေး မျက်လုံးပြူးသွားတယ်။ တကယ်ပြူးသွားတာ။ ၀ိုင်းစက်သွားတာပဲ။ အပေါ်တက် ကပ်သွားတဲ့ မျက်ဆံ တော် တော် နဲ့ အောက်ပြန်မကျဘူး။ ပါးစပ်ကလေး ဟောင်းလောင်းပွင့်ပြီး -

“အာ ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျားကြီးကိုက်တော့မှာ ပဲ။ သမီးတို့က မောင်နှမတွေ ရှင့်။ တစ်ဝမ်းပဲ ကွဲသေးတာ အဟင့်” တဲ့။

“ဟင် …”

အောင်မလေး … ဘုရား … ဘုရား … ။ ကိုယ်ကျိုးတွေ တော့ နည်းကုန်တော့မှာ ပဲ … ။ မေးမိတဲ့ ကျွန်တော် ကတုန်ကယင် ဖြစ်သွားတယ်။ ကိုယ့်လျှာကိုယ် ပြန်ကိုက်ထားမိတယ်။ မျက်လုံးလေးပါ ပေကလပ် ပေကလပ် ဖြစ်သွားမယ် ထင်ပါတယ်။ ကောင်မလေးက အသံစူးစူးလေးနဲ့ ခါးလေးကိုင် ပေါင်ကြားထဲ လက်ကလေးနှစ် ဖက် ညှပ်ပြီး -

“အစ်ကိုကြီး တင်ထူးအောင် … နင် လာဦး … ။ နင်ဘာတွေ လျှောက်ပြောထားတာလဲ။ အမေရေ ကိုတင်ထူးအောင် ပေါက်ကရ ဘာတွေ လျှောက်ပြောထားမှန်း မသိဘူး”

ဆိုပြီး ခေါင်းလေး တခါခါနဲ့ အော်ချိန်မှာ ပဲ ထူးကြီး နောက်ဖေးခန်းထဲက အူယားဖားယား ပြေးထွက်လာတယ်။ လျှင်တယ်။ နပ်တယ်။ ပေါ့ပါးသွက်လက်တယ်။ ကျွန်တော့် ကို ကြည့်လိုက်၊ ကောင်မလေးကို ကြည့်လိုက်နဲ့ တစ်ချက်စီလောက်ပဲ ကြည့်ပြီးတော့ ကပျာကသီ ကျွန်တော့်  လက်မောင်းကို လာဆွဲခေါ်တယ်။

“မင်း ကလေးကို ဘာသွားလုပ်တာလဲ ပြောစမ်း”

“အယ် ငါဘာမှ မလုပ်ပါဘူးကွာ။ မင်းတို့နှစ် ယောက် ရဲ့ အချစ်ဇာတ်လမ်းလေး မေးမိတာပါ”

“ဟာ”

ဒီကောင် မျက်လုံးပြူးပြီး ပါးစပ်ဟောင်းလောင်း ပွင့်သွားတယ်။ နှုတ်ခမ်းမွေးကြီးတွေ တောင် ပိုပြီး ကော့ထောင်ကားလန် တက်သွားသလားပဲ။ ကျွန်တော် လည်း အခြေအနေသဘောပေါက်ပေမယ့် မင်သေသေနဲ့ အူတူတူ လုပ်ပြလိုက်တယ်။ အဲဒီ အခါ ထူးကြီးက ပေထိုင်နေတဲ့ ကျွန်တော့် ကို အတင်း ဆောင့်ဆွဲခေါ်ပြီး -

“အဲဒါတွေ ကြောင့် မင်းကိုငါ သူများ အိမ်တွေ အလည်မခေါ်ချင်တာ။ အထူအပါး နားမလည် ဘူး။ ပါးစပ်စည်းကမ်းမရှိဘူး။ ညီမလေး သူပြောတာတွေ တစ်ခုမှ မယုံနဲ့။ ဒီကောင်က ဦးနှောက်မှန် တာ မဟုတ်ဘူး။ အစ်ကို သူ့ကို ပြန်လိုက်ပို့လိုက်ဦးမယ်။ အန်တီ့ကိုလည်း ပြောလိုက်ပါ။ စိတ်အနှောင့် အယှက် ဖြစ်ရင် တောင်းပန်ပါတယ်”

ကောင်မလေးကို လက်တကာကာနဲ့ ဦးညွှတ်တောင်းပန်ပြီး ကျွန်တော့်ကို ဟပ်ထိုးဟပ်ထိုး ဖြစ် တဲ့အထိ အိမ်ထဲကနေ အတင်း ဆောင့်ဆွခြေါ်ထုတ်သွားတယ်။ ကျွန်တော့် စက်ဘီးကိုပါ သူကိုယ်တိုင် ခြံအပြင် တွန်းထုတ်ပေးတယ်။ ပြီးမှ သူ့စက်ဘီးကို ပြန်ဝင်ယူပြီး နှစ် ယောက် သား သုတ်ခြေတင် လစ်လာခဲ့ကြတာပေါ့။ အိမ်ထဲမှာ ဘာတွေ ဖြစ်ကျန်ခဲ့သလဲဆိုတာတော့ မသိတော့ပါဘူး။

အမှန်ဆို အဲဒီ ကတည်းက ကျွန်တော် သဘောပေါက် နားလည်ဖို့ ကောင်းပါတယ်လေ။ ဒါပေမဲ့ အစအနောက်သန်တဲ့ ကျွန်တော် ဟာ သူလည်း ကျွန်တော့် ကို စနောက်နေတာလို့ပဲ ထင်ခဲ့တာကိုး။ သူ စနောက်တာတွေ ဟာ တစ်မျိုးတစ်ဖုံ ဆန်းသစ်ပါလားဆိုပြီးတောင် အတွေး ဖြစ်မိခဲ့တာကိုး။

သြော် … မောင်လင်း … မောင်လင်း … ခုချိန်မှာ ဒီလိုစာလေးတွေ ရေး နိုင်နေတာတောင် မင်းကိုယ်မင်း အင်မတန်ကံကြီးတယ် မှတ်ပါလေ။

အဲဒီ နေ့က အပြန်လမ်းမှာ ပြောသေးတယ်။ သူပြောတာက မင်သေလွန်းပါတယ်။ သူ့ရုပ်ဟာ တကယ့်အမှန်တရားစစ်စစ်ကို ပြောနေသလို တည်ငြိမ်လွန်းပါတယ်။

“မင်း ဘာလို့ သွားမေးရတာ လဲကွာ။ ဒီကိစ္စဟာ ထိပ်တန်းလျှို့ဝှက်ချက်ကွ။ သူစိမ်းတွေ ကြား ပေါက်ကြားလို့ မ ဖြစ်ဘူးဆိုပြီး။ နှုတ်ပိတ်ထားကြတာ။ မင်းကို ငါက ခင်လွန်းလို့ ဖွင့်ပြောပြတာ။ မောင်နှမချင်း လက်ထပ်မယ်ဆိုတော့ကွာ အမြင်ကျဉ်းမြောင်းတဲ့ ဗဟုသုတနည်းသူတွေ က ကဲ့ရဲ့ ခံရ မှာ စိုးရိမ်ကြတာပေါ့ကွာ။ တကယ်တော့ ဒါဟာ ဘုရားလက်ထက်ကတည်းက ရှိခဲ့တာကွ။ သာကီဝင် မျိုးနွယ် ဆိုတာပေါ့။ ငါဟာ သာကီဝင်မျိုးနွယ် တစ်ယောက် ပဲ”

“ဟင် … မင်းပြောတော့ စော်ဘွားမျိုးရိုးဆို”

“အဲ …”

သူတွေ ဝေသွားတာ ခဏလေးပဲ။ တုံ့ပြန်မှု က မကြာဘူး။

“မင်းကလည်း မတွေးတတ်ဘူးကွာ။ အသေးစိတ် ရှင်းပြနေရတာ ပဲ။ စော်ဘွားမျိုးရိုးဆိုတာ အဖေဘက်က တော် စပ်တာ။ သာကီဝင်က အမေဘက်က အနွယ်တော် လေကွာ”

အဲ့လို … ။

******


တစ်ညမှာ အိမ်လာခေါ်တဲ့ သူငယ်ချင်းနှစ် ယောက် နဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင် လိုက်သွား တယ်။ သုံးယောက် လုံး စက်ဘီးကိုယ်စီနဲ့ပေါ့။ မှော င်နက်တဲ့ ညလမ်းလေးတေါထက်မျာ စက်ဘီးမှ ၀ါကျင်ကျင် မီးလေးတွေ ဖွင့်ပြီး နင်းကြတယ်။ ဦးတည်ရာက အဝေးပြေးကားလမ်းကြီးပေါ် လမ်းနံဘေး မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်ဆီသို့ ပါ။

ကျွန်တော် တို့ မြို့ရဲ့ ရထားသံလမ်းနဲ့ အဝေးပြေးကားလမ်းမကြီးကြားမှာ ရှိတဲ့ နာရီစက်ကြီး အောက် ရောက်တော့ ဆိုင်ကယ်တစ်စီးဟာ နံဘေးနားက ၀ူးခနဲ ကပ်မောင်းတယ်။ ပွတ်တိုင်မိမလို ဖြစ်တာကြောင့် ကျွန်တော် တို့ စက်ဘီးသမားလေးတေါ ကပျာကသီ လမ်းနံဘေးကို တိမ်းရှောင်လိုက် ရပါတယ်။

အဲဒီ မှာ လဲကျမလို ဖြစ်သွားတဲ့ ကျွန်တော် နဲ့ အတူပါလာတဲ့ သူငယ်ချင်း တစ်ယောက် က စဆဲတယ်။ သူဆဲတော့ နောက်သူငယ်ချင်း တစ်ယောက် က ဆဲတယ်။ သူတို့နှစ် ယောက် ရဲ့ ဆဲဆိုသံက တော် တော် ကျယ်ပါတယ်။

မလှမ်းမကမ်း မော်တော် ပီကယ် ရဲကင်းလည်းရှိတာမို့ သူတို့နှစ် ယောက် ကို မဆဲတော့ဖို့ ကျွန်တော် သတိပေးတော့ သူတို့နှစ် ယောက် ရဲ့ ဆဲဆိုမှု တွေ ရပ်တန့်သွားတယ်။ ဆိုင်ကယ်ဟာလည်း တစ်ချက် တုန့်ခနဲ ဖြစ်သွားပေမယ့် ရှေ့ဆက်မောင်းသွားတယ်။ ဆိုင်ကယ်တစ်စီးတည်းကို လူသုံးယောက် စီးထားတာတော့ ကားလမ်းမပေါ်က ညမီးရောင် တွေ ကြောင့် ကျွန်တော် သတိပြုမိလိုက် ပါတယ်။

ဒီလိုနဲပ လက်ဖက်ရည်ဆိုင် ရောက်ကောပေါ့။ လက်ဖက်ရည်မှာ သောက်ရင်း လမ်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ခဏတစ်ဖြုတ်ပဲ ပြော ဖြစ်ကြတယ်။ နောက်တော့ မေ့မေ့ပျောက်ပျောက်ပဲ တခြားအကြောင်း အရာတွေ နဲ့ စကားဝိုင်းဟာ ဝေဆာနေပါတယ်။

သူငယ်ချင်းနှစ် ယောက် က စီးကရက်သောက်တယ်။ အဲဒီ အချိန်က ကျွန်တော် ဟာ စီးကရက်နံ့ ကိုတောင် မခံစားနိုင်ပါဘူး။ ဒါကြောင့် မုန့်စားတယ်။

အဲဒီ ကာလတွေ တုန်းက သူငယ်ချင်းတွေ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကျွန်တော် က အမြဲ နစ်နာတယ်။ ကျသင့်ငွေကို အညီအမျှ ထုတ်ရှင်းတဲ့ ဓလေ့ကျင့်သုံးကြတာကိုး။ ကျွန်တော် မှအပ ပေါင်းတဲ့ သူငယ်ချင်းအားလုံးလိုလိုက လက်ဖက်ရည်ဆိုင်ထိုင်ရင် စီးကရက်တွေ အသေအလဲဖွာကြ တယ်။

အဲဒီ မှာ စီးကရက် မသောက်တဲ့ ကျွန်တော် က ကြားညပ်ပြီး လက်ဖက်ရည်တစ်ခွက်တည်းနဲ့ အချိုးကျ ထုတ်ထုတ်ပေးရတာ ။ ကြာတော့ ကိုယ်ခံရတာ သဘောပေါက်လာတယ်။ ဒါပေမယ့် နှုတ်က ထုတ်မပြောဘူး။ မုန့်တွေ ပဲ စားပစ်လိုက်တယ်။

လူလည်လုပ်ဖို့တော့ ကြိုးစားတာပဲ။ ဒါပေမယ့် နာတာက နာမြဲပါပဲ။ သူတို့က စီးကရက် တစ်လိပ် မီးရှို့လိုက်တိုင်း ကိုယ်က မုန့်တစ်ခု စားနိုင်တာမှ မဟုတ်တာ။ သူတို့ကလည်း ခဏခဏ ဖွာနေတာ။ ကိုယ်က အိမ်ပါဆယ်ဆွဲသွားဖို့လည်း မသင့်လျော်ဘူးလေ။ ကိုယ့်လက်ဖက်ရည်ဖိုးလေးပဲ ထုတ်ပေးရမှာ မျိုး ကျတော့လည်း ကပ်တယ် အထင်ခံရမှာ စိုးခဲ့တာကိုး။ (ခံခဲ့ရတာ တွေ သိတယ်နော်။ ခုမှ ဖွင့်ပြောတာ။ ဟွန့်)

တစ်နာရီဝန်းကျင် ကြာမယ်ထင်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတော့ ကျွန်တော် တို့ ပြန်လာကြတယ်။ အဲဒီ မှာ ပြဿနာကယက်က ထပွက်တာပဲ။

သစ်ပင်တစ်ပင်အောက် မှော င်ရိပ်နားရောက်ခါနီး တော့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ လင်းခနဲ မီးရောင် စူးစူးကြောင့် ကျွန်တော့်  အမြင်တွေ ပြာဝေသွားတယ်။ ဒါဟာ ဆိုင်ကယ်ရဲ့ အပေါ် ရှေ့မီးနဲ့ တည်ထိုးခံလိုက်ရတာ ဆိုတာ နောင်မှ သဘောပေါက်ပါတယ်။ မီးရောင် စူးစူးကြောင့် ခေါင်းငုံ့ အကြည့်လွှဲလိုက်ချိန်မှာ ပဲ -

“မင်းလားကွ … ခုနက ငါတို့ကို ဆဲတာ” ဆိုတဲ့ သံနဲ့ အတူပြေးထိုးခံလိုက်ရတယ်။ အဲဒီ ချိန်က ကျွန်တော် မျက်မှန်တပ်နေရပြီ။ လက်သီးချက်က မျက်နှာကိုထိပြီး တပ်ထားတဲ့ မျက်မှန်ကျွတ်ကျသွား တယ်။ စက်ဘီးကော လူကော ဖရိုဖရဲ လဲပြိုသွားတယ်။ နောက်ထပ် လူနှစ် ယောက် ပါ ပြေးဝင်လာတာ မြင်လိုက်ရပါတယ်။ နောက်ကိုလှည့်ကြည့်တော့ ကျွန်တော် နဲ့အတူပါလာတဲ့ သူငယ်ချင်းနှစ် ယောက် ဟာ စက်ဘီးကိုယ်စီနင်းပြီး ပြေးပါပြီ။

ဆုပ်ကိုင်ထားမိဆဲ စက်ဘီးလက်ကိုင်တစ်ခုကို ကျွန်တော် ဆောင့်ဆွဲလိုက်တယ်။ လက်ကိုင်စွပ် နဲ့အတူ ချွန်မြတဲ့ စူးချွန်တစ်ချောင်း ကျွတ်ပါလာတယ်။ လက်နက်ဆောင်ဖို့ လွယ်ကူပေမယ့် လက်နက် ကိုင်ထားချိန်တိုင်းမှာ မလိုအပ်ဘဲ အသုံးမပြုဖို့၊ ကိုယ့်စိတ်ကိုယ်နိုင်ဖို့ဟာ အင်မတန် အရေး ကြီးတယ် လို့ ကျွန်တော့် ကိုယ်ကျွန်တော် အမြဲသတိပေးနေကျပါ။

“ခင်ဗျားတို့ မှားမယ်နော်။ အေးအေးဆေးဆေး ရှင်းနော်။ ခင်ဗျားတို့ကို ကျွန်တော် တစ်ခါမှ မဆဲဘူး”

တစ်ယောက် က ရှေ့ဆက်မတိုးဘဲ ရပ်သွားတယ်။ ကျန်နှစ် ယောက် ကတော့ ကျွန်တော် တားမြစ်ပေမယ့် ဘာစကားတစ်ခွန်းမှ မတုန့်ပြန်ဘဲ ကျွန်တော့် ကို ၀ိုင်းထိုးကြပါတယ်။ သူတို့ဟာ ကျွန်တော့် ထက် အသက်ရှစ်နှစ် လောက် ကြီးသလို လူကောင်တွေ လည်း သိသိသာသာ ပိုကြီးထွား ပါတယ်။

များ သော အားဖြင့် ကျွန်တော် ဟာ တော် ရုံတန်ရုံ မုန်းတီးမှု ၊ အငြှိုးအာဃာတလောက်နဲ့ တစ်ဖက်သားကို နာကျင်အောင် မလုပ်ရဲ မလုပ်ရက်ပါဘူး။ လက်ထဲမှာ စူးချွန်ကိုင်ထားပေမယ့် သူတို့ကို ကျွန်တော် မတုံ့ပြန်ဘူး။ သူတို့ရဲ့ ထိုးနှက်ချက်တွေ ကိုသာ တတ်စွမ်းသလောက် ပုတ်ထုတ် ရှောင်တိမ်းနေခဲ့ပါတယ်။ အဲဒီ အချိန်ထိ သူတို့ရဲ့ လက်သီးချက်တွေ ဟာ ကျွန်တော့် မျက်နှာကို ထပ်မထိစင်သေးပါဘူး။ ဖြစ်ချင်တော့ အဲဒီ ချိန်မှာ ပဲ -

“လေးလေး …” ဆိုတဲ့ ခေါ်သံစူးစူးနဲ့အတူ အိမ်တစ်အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ ကလေးလေး တစ်ယောက် ရန်ပွဲကြားထဲ ပြေးရောက်လာတယ်။ ပြီးတော့ “လေးလေးကို မလုပ်နဲ့ … လေးလေးကို မလုပ်ပါနဲ့ …” ဆိုပြီး သူလက်လှမ်းမှီရာ ဆွဲပြီး ကျွန်တော့ ခြေသလုံးကို အတင်းပွေ့ဖက် ထားတယ်။ အဲဒီ ကလေးမလေးဟာ ထိုနှစ် မှ မူကြိုစတက်တာပါ။ မိဘချင်းရင်းနှီးတာကြောင့် သူတို့ အိမ်သွားတဲ့အခါ ထိုကလေးနဲ့ ကျွန်တော် ဟာ ကစား ဖြစ်ကြတာတွေ ရှိပါတယ်။

ကလေးအတွေးနဲ့ ကလေးအားလေးနဲ့ စိုးရိမ်စွာ ပွေးဖက်ထားတာကို ကျွန်တော် ဆောင့်ရုန်း ရင်း လွတ်မြောက်မှာ ဖြစ်ပေမယ့် ထိခိုက်မှာ စိုးတာကြောင့် “မီးမီး … ဖယ် … သွား …” လို့ ပါးစပ်က ပြောရင်း ကလေးရဲ့ လက်နှစ် ဖက်ကို ကျွန်တော့် လက်နှစ် ဖက်နဲ့ ဆွဲခွာလိုက်ပါတယ်။

အဲဒါကို အမှားလို့ ကျွန်တော် မသတ်မှတ်ပါဘူး။ ဒါပေမယ့် အဲဒါကို အခွင့်ကောင်းအ ဖြစ် အသုံးချပြီး လက်သီးတစ်လုံးဟာ ငုံ့ကိုင်းမှု နဲ့ လစ်ဟာနေတဲ့ ကျွန်တော့် မျက်နျာတည့်တည့်ဆီ ပြေးဝင်လာတယ်။ ရိပ်ခနဲ မြင်တာကြောင့် ခေါင်းငုံ့ ရှောင်လိုက်ပေမယ့် မလွတ်ဘူး။ မျက်နှာ အရှေ့ပိုင်း လွဲသွားပေမယ့် နောက်စေ့ကို အရှိန်ပြင်းပြင်းနဲ့ ထိတယ်။ ကျွန်တော့်  ဦးခေါင်း ချာခနဲ လည်သွားတဲ့အထိပါပဲ။

ကလေးကို အာရုံစိုက်နေချိန်မှာ အဲဒီ လို အခွင့်အရေး ယူတာကို ကျွန်တော် အရမ်းအသည်းနာ သွားခဲ့ပါတယ်။ ဒါလောက်ဆိုရင်တော့ များ သွားပြီဆိုတဲ့ စိတ်နဲ့ ကျွန်တော့် ရဲ့ တုံ့ပြန်လိုမှု တွေ ထကြွ သွားပါတော့တယ်။ ဒေါသကြောင့် အသားတွေ တဆတ်ဆတ် တုန်လာတယ်။

အဲဒီ လို အသားတွေ တဆတ်ဆတ် တုန်လာပြီဆိုရင် ဆင်ခြင်မှု နည်းပါးစွာ ထင်ရာစိုင်းတတ် တော့တာကြောင့် သိစိတ်နဲ့ မသိစိတ်ကြားမှာ ကျွန်တော့် ကိုယ်ကျွန်တော် စိတ်ပျက်စွာ နဲ့ ပြန်ကြောက် လန့်ရတာ လည်း အကြိမ်ကြိမ်ပါပဲ။

အံကြိတ်ပြီး လက်မောင်နှစ် ဖက်ကြားမှာ ခေါင်းကို ငုံ့ဝှက်ကာ ကလေးရဲ့ လက်နှစ် ဖက်ကို ဆက်ခွာတယ်။ တစ်ဖက်ထိုးချက်တွေ ဟာ ကျွန်တော့် နောက်ကျောကို တအုန်းအုန်းထိပါတယ်။ ကျွန်တော် ပေခံပြီး ကလေးရဲ့ လက်နှစ် ဖက်ကိုပဲ ဆွဲခွာတယ်။ ပါးစပ်ကလည်း ကလေးကို ထွက်သွား ဖို့ တတွတ်တွတ်ပြောတယ်။

ကလေးက မသွားဘဲ ငိုယိုပြီး အတင်းဆွဲဖက်ထားတယ်။ ကျွန်တော့် နောက်ကျောဆီမှ ဗျော ခေါက်သလို ခံစားမှု တွေ ဟာ တုန်ခါစွာ နားထင်အထိ လာဆောင့်ပါတယ်။ ကလေးရဲ့ လက်နှစ် ဖက်ကို ခွာဖြုတ်ချိန်မှာ ပဲ ကျွန်တော် နောက်ကို ခုန်ဆုတ်လိုက်ပါတော့တယ်။

တုံ့ပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စူးချွန်ကို ကိုင်မြှော က်ပြီး ခုန်အ၀င်မှာ ပဲ -

တစ်ယောက် က နံဘေးမှ ကောက်တွေ့ ပုံရတဲ့ ထက်ပိုင်းပြတ်ပြတ်သာသာ အုတ်ခဲကျိုးနဲ့ ကျွန်တော့် ကို လှမ်းထုပါတယ်။ အုတ်ခဲကျိုး မည်းမည်းအရိပ်ဟာ ကျွန်တော့် မျက်နှာတည့်တည့်ဆီ လျှင်မြန်သော နှုန်းနဲ့ ပြေးဝင်လာတာ ယခုထိ ပြန်မြင်မိတုန်းပဲ။ လူချင်းသိပ်မဝေးတာရယ်၊ ခုန်ဝင်ထားတဲ့ အရှိန်နဲ့မို့ ရှောင်ဖို့မတတ်နိုင်တာကြောင့် လက်နဲ့သာ ကမန်းကတမ်း ပုတ်ထုတ်လိုက်ရ တယ်။ လက်မောင်းရင်း အောင့်ခနဲပဲ။ အဲဒီ အုတ်ခဲကျိုးကိုသာ ပုတ်မထုတ်နိုင်ခဲ့ရင် ဒီနေ့ ဒီအချိန်မှာ ဒီလိုမျက်နှာရှိဖို့ဆိုတာ မသေချာနိုင်ပါဘူး။ ကြမ်းတမ်းတဲ့ ကျွန်တော့် လက်ဖ၀ါးတွေ ရဲ့ ကျေးဇူးပါပဲ။ အုတ်ခဲကို ပုတ်ထုတ်လိုက်မှု ကြောင့် လက်ထဲမှ စူးချွန် ကတော့ လွတ်ကျသွားခဲ့ပါပြီ။

စူးချွန်ကို ပြန်မကောက်တော့ဘဲ ရှေ့တစ်လှမ်းတက်ပြီး တစ်ယောက် ကို ဘယ်ခြေနဲ့ ပတ်ရမ်း ကန်တယ်။ တစ်ယောက် ကို ညာလက်သီးနဲ့ ထိုးလိုက်ပါတယ်။ ခြေကန်ချက်ဟာ နောက်ဆုတ်ရှောင်မှု ကြောင့် လွဲချော်သွားသလို ကျွန်တော့် လက်သီးကိုလည်း တစ်ဖက်မှ လက်ဖျံနဲ့ ကောင်းစွာ ပုတ်ထုတ် နိုင်ခဲ့ပါတယ်။

အဲဒီ အချိန်မှာ ပဲ -

“ဟာ ကား ကား … ကားလာနေတယ် …”

ဝင်မပါဘဲ နံဘေးမှာ ရပ်နေသူက အော်ပြောတာပါ။ ဟုတ်ပါတယ်။ မြို့တွင်းလမ်းမပေါ် ကုန် တင်ကားကြီးတစ်စီး ရှေ့မီးဖွင့် မောင်းနှင်လာတာပါ။ အဲဒီ အခါ ဒေါသတစ်ထောင်းထောင်းနဲ့ ကျွန်တော့်  စိတ်အာရုံတွေ ဟာ ပြောင်းပြီး ကယောက် ကယက် ဖြစ်သွားတယ်။

“ဟာ … မျက်မှန် …”

ကျွန်တော့် မျက်မှန်ကို သတိရလိုက်ပါတယ်။ အဝေးမှု န်တဲ့ ကျွန်တော့် အတွက် မျက်မှန်ဟာ ဒုတိယ မျက်လုံးဆိုတာလည်း မမှားပါဘူး။ မျက်မှန်လေးအတွက် ကျွန်တော် အရမ်း တွေးပူ စိုးရိမ်သွား တယ်။ ဒါကြောင့် အာခေါင်ခြစ်ပြီး အသံကုန် ဟစ်အော်လိုက်တယ်။

“အားလုံး ရပ်ကြစမ်း … အခုရပ် …”

ရုတ်တရက် ထွက်ပေါ်လာတဲ့ ကျယ်လောင်သော ကျွန်တော့် နှုတ်မှ အော်မြည် သံကြောင့် ရှေ့တိုးပြီး ထိုးဖို့ ဟန်ရေး ပြင်နေသူတွေ ကြောင်အမ်းအမ်းနဲ့ တုံ့ခနဲ ရပ်ဆိုင်း သွားပါတယ်။ ကျွန်တော့်  မှာ လည်း ကိုယ့်သော ကနဲ့ကိုယ်။

“ငါ့မျက်မှန် ဘယ်မှာ လဲ။ ငါ့မျက်မှန် အခုရှာပေး။ ငါ့မျက်မှန်ကားကြိတ်သွားလို့ ကတော့ ခင်ဗျား တို့တွေ နာပြီသာမှတ်။ အသက်ချင်း လဲပစ်လိုက်မယ်။ ငါ့မျက်မှန် အခုရှာပေး။ အဲဒါ အသစ်ဗျ။ ရန်ကုန် ကနေ ၀ယ်လာတာ မကြာသေးဘူး”

အူတူတူနဲ့ အကုန် ကြောင်တိကြောင်တောင် ဖြစ်ကုန်ကြတယ်။ ကျွန်တော့် ကို ထိုးလက်စ နှစ် ယောက် က ရှေ့မီးဖွင့်မောင်းနှင်လာတဲ့ ကားကြီးကို ပြူးကြောင်ကြောင်နဲ့ ငေးကြည့်နေတယ်။ ပြီး တော့မှ တစ်ယောက် က ရှေ့မီးဖွင့်ပြီး ရပ်ထားတဲ့ သူတို့ဆိုင်ကယ်ကို လမ်းဘေးရွှေ့တယ်။ ရန်ပွဲထဲ ၀င်မပါဘဲ ရပ်နေသူက ခါးလေးကိုင်းပြီး ဟိုစမ်းဒီစမ်းနဲ့ မျက်မှန်လိုက်ရှာတာ ခဏကြာတော့ တွေ့ ပါ တယ်။

“ရော့ … မင်းမျက်မှန်” ဆိုပြီး လာပေးတယ်။

အင်္ကျီအောက်နားစနဲ့ မျက်မှန်ကို ကျွန်တော် သုတ်လိုက်သေးတယ်။ အဲဒီ အချိန် ကုန်တင်ကား ကြီးဟာ နီးကပ်လာတာကြောင့် လမ်းပေါ်မှာ ရပ်နေတဲ့ ကျွန်တော် တို့ လမ်းနံဘေးရှောင်ဆင်းပေး ဖြစ်ပါတယ်။ ကားကြီး ကျော်သွားချိန်မှာ ပဲ မျက်မှန်ကို အမြန်ဆုံးပြန်တပ်ပြီး ဟိုနှစ် ယောက် ကို ကျွန်တော် တရစပ် ပြေးထိုးတယ်။ အလစ်အငိုက်မို့ သူတို့ ပီပီသသကြီး ခံလိုက်ရပါတယ်။ မျက်မှန် ရှာကောက်ပေးသူကိုတော့ ကျွန်တော် လုံးဝအန္တရာယ်မပြုခဲ့ပါဘူး။

နှစ် ယောက် တစ်ယောက် သူတစ်ပြန် ကိုယ်တစ်ပြန် ဆက်ထိုးကြတယ်။ ကျွန်တော့် မျက်နှာကို ထပ်မထိတာ မှတ်မိပေမယ့် သူတို့မျက်နှာကို ဘယ်နှချက်ထိသလဲဆိုတာတော့ သေချာ မသိပါဘူး။

“ဟေ့ ဟေ့ ရပ်ကြစမ်း … ဟေ့ကောင်လေးတွေ တော် တော့ … ငါ့စကားနားမထောင်ရင် ရဲကို ဖုန်းဆက်ခေါ်လိုက်မှာ နော်”

ထွက်ပေါ်လာတဲ့ အော်ဟစ်တားမြစ်သံဟာ စောစောက ၀င်ဆွဲနေတဲ့ ကလေးမလေးရဲ့ မိခင် ဖြစ်သူ အသံဆိုတာ ကြားရုံနဲ့ ကျွန်တော် မှတ်မိပါတယ်။ ဒါပေမယ့် မနားတမ်းထိုးနေတဲ့ လက်သီးချက် တွေ ကိုတော့ မရပ်တန့်ပါဘူး။ တစ်ဖက်လူတွေ က မရပ်သေးဘဲ ကိုယ်က စရပ်လိုက်ရင် ကိုယ်ပဲ မျက်နှာပွင့်ချာလန်အောင် ခံရမှာ စိုးရိမ်ကြောက်လန့်မိတာကိုး။ ပြီးတော့ အဲဒီ အချိန်မှာ ဖြစ်ချင်ရာ ဖြစ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော် သွေးအရမ်းဆူပြီး မွှန်ထူနေပါပြီ။

“ဟဲ့ … အိမ်မှာ ရှိတဲ့လူတွေ အကုန်လာကြစမ်း … ဒီမှာ ရန်တွေ ဖြစ်နေပြီ … ၀င်ဆွဲကြစမ်း”

ထိုအန်တီရဲ့ အော်သံ ထပ်ကြားရတယ်။ သူတို့အိမ်က ဆိုင်ကယ်၊ စက်ဘီး၊ လျှပ်စစ်ပစ္စည်း တွေ ရောင်းတာမို့ ညအိပ်ခေါ်ထားတဲ့ အလုပ်သမားတော် တော်များများ ရှိပါတယ်။ ခဏကြာတော့ အဲဒီ လူတွေ လာဝိုင်းဆွဲတာကြောင့် ရန်ပွဲဟာ ရပ်တန့်သွားခဲ့တယ်။ ကလေးမလေးက ပြေးလာပြော တာကြောင့် သူ့အမေသိတာလို့ ဆိုပါတယ်။

ထိုအန်တီက တစ်ဖက်လူတွေ ကို ပြန်လွှတ်ပြီး ကျွန်တော့် ကို အိမ်ထဲအတင်းဆွဲခေါ်ထားတယ်။ ပြီးတော့ ကျွန်တော့် အိမ်ကို ဖုန်းဆက်အကြောင်းကြားတယ်။ ပထမဆုံး ကျွန်တော့် အဖေရောက်လာ ပါတယ်။ သိပ်မကြာခင်မှာ ပဲ နောက်ဘက်က အုပ်လိုက်သင်းလိုက် လိုက်လာကြတယ်။ အဲဒီ အချိန်က ကျွန်တော် တို့ အိမ်က မုန့်လုပ်ငန်း လုပ်တာပါ။

အဲဒီ ညက ညဆိုင်းဆင်းတဲ့ အလုပ်သမားတွေ လည်း ရှိတာကြောင့် သတင်းကြားတော့ ထိုလူ တွေ ဟာ တုတ်တွေ ၊ ဓားတွေ ၊ မုန့်လုပ်တဲ့ ကပ်ကြေးတွေ ၊ သံတူရွင်းတွေ ၊ ဂေါ်ပြားတွေ နဲ့ မာန်တချီချီ ရောက်လာကြပါတယ်။ သူတို့တွေ ထဲမှာ နေ့စဉ်ပုံမှန် စားဝတ်နေရေး ခက်ခဲသူတွေ အများ ကြီးပါပဲ။ အဲဒီ လူတွေ ဟာ သူတို့အချင်းချင်း အဆင်မပြေတာတွေ ညည်းပြရင်၊ ဒီကနေ့ချက်ဖို့ ဆန်မရှိဘူးဆိုတဲ့ အသံတွေ ကြားရင် အိမ်က လူကြီးတွေ မသိအောင် ကျွန်တော် က ပိုက်ဆံပေးတာတို့၊ ဆန်ခိုးပေးတာ တို့ လုပ်လေ့ရှိတာမို့ သူတို့တွေ ဟာ ကျွန်တော့် ကို ချစ်ခင်ကြပါတယ်။ “မင်းအတွက်ဆို အသက်ပဲ ပေးရပေးရ၊ ဘ၀ပဲ ပေးရပေးရ”လို့ ပြောသူတွေ လည်း အဲဒီ ညက ပါဝင်ပါတယ်။

ဒီတော့ ပွဲတော် က အလွန်စည်ကားသွားခဲ့တယ်။ အဲဒီ လူတွေ ဟာ ထိုညတွင်းချင်းပဲ ကျွန်တော် နဲ့ ရန် ဖြစ်သူတွေ ကို လိုက်ရှာတယ်။ ကျွန်တော့် ကိုတော့ လုံးဝအလိုက်မခံဘဲ တစ်ယောက် က အိမ်ပြန် ပို့တယ်။

အဲဒီ ရန်ပွဲဟာ ကျွန်တော့် အတွက် အတွေ့ အကြုံ သင်ခန်းစာတွေ အများ ကြီး ရစေခဲ့ပါတယ်။

******


ကျွန်တော် အိမ်ပြန်ရောက်ပြီး သိပ်မကြာဘူး။ ထူးကြီးပျာပျာသလဲ ပြူးကြောင်ကြောင်နဲ့ အိမ်ကို ရောက်လာတယ်။

“မင်းရန် ဖြစ်လို့ဆို။ သတင်းကြားလို့ လာတာ”

သူ့မျက်နှာမှာ လည်း ချွေးသီးချွေးပေါက်တွေ နဲ့ …။

စက်ဘီးကို ကမန်းကတမ်း နင်းလာပုံပဲ။ မြို့လေးဟာ သိပ်မကျယ်တော့ သတင်းပျံ့နှံ့လွယ် ပါတယ်။ ဘာ ဖြစ်သွားသေးလဲ မေးတော့ အထိုးခံရချိန်မှာ မျက်မှန်နှာကာနဲ့ ညပ်ဖိသလို ဖြစ်တာကြောင့် နှာတံအရင်း နာတာကလွဲလို့ သွေးစို့သွေးပျက်မှု မရှိသလို ပြောပလောက်တဲ့ ဒဏ်ရာ မရကြောင်း ပြောပေမယ့် သူဟာ စိုးရိမ်ပူပန်ဟန်နဲ့ ဟိုနေရာလှန်ကြည့် ဒီနေရာလှန်ကြည့် လုပ်နေ ပါတယ်။

ဟိုစမ်းဒီစမ်းနဲ့ ‘ဒီနေရာက နာလား … ဒီလိုထိတော့ နာလား … ဆေးခန်းသွားမလား …’ဆိုပြီး မေးပါတယ်။ ကျွန်တော် က အဲဒီ လောက်မလိုကြောင်း၊ အေးဆေးပဲ ဖြစ်ကြောင်း အတန်တန်ပြောမှ သူ ဟိုစမ်းဒီစမ်း လုပ်နေတာတွေ ရပ်တယ်။

ဒါတောင် အကြည့်တွေ က ရစ်ဝဲရစ်ဝဲနဲ့ … ။

“မင်းရှက်ပြီးတော့ မနာချင်ဟန်မဆောင်နဲ့နော်။ ရန် ဖြစ်ရင် ခံရတာ ရှက်စရာမဟုတ်ပါဘူးကွ။ အနာဆိုတာ နုတုန်း ကုထားမှ။ ချုပ်စရာရှိရင် သွေးပူတုန်း ချုပ်တာက အနာသက်သာတယ်။ အကျက် လည်းမြန်တယ်”

အဆင်ပြေကြောင်း အထပ်ထပ် ပြောရပြန်ပါတယ်။ ဒီတော့မှ -

“မင်းကို လုပ်တာ ဘယ်ကောင်တွေ လဲ”

ကျွန်တော် လည်း အကုန်မသိပေမယ့် သိသလောက် ပြောပြလိုက်တယ်။ အဲဒီ အခါ သူက ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးခါးပုံစကြီးကို ဖြည်ပြီး ပစ္စည်းတချို့ထုတ်ပြတယ်။ လွန်းလို့ခေါ်တဲ့ ကြေးပိုက် ချွန်တစ်ချောင်းနဲ့ စက်ဘီးချိန်းကြိုးတစ်ခုပါ။

“မင်းသတင်းကြားတာနဲ့ ငါအိမ်ပြန်ယူလိုက်တာ။ ချိန်းကြိုးက အုပ်စုနဲ့ တိုက်ခိုက်တဲ့အခါကျရင် သုံးဖို့၊ အနီးကပ်ကျရင်တော့ ချိန်းကြိုးက အသုံးမ၀င်ဘူးကွ။ အဲဒီ အခါကျ ပိုက်လုံးအချွန်ကို သုံးရမယ်။ လူအုပ်သိပ်များ လာရင်တော့ ချိန်းကြိုးထိပ်မှာ ပိုက်ချွန်တပ်ပြီး ရမ်းရမယ်”

သူ ဘာကိုဆိုလိုနေတယ်ဆိုတာ ကျွန်တော် ရုတ်တရက် သဘောမပေါက်ပါဘူး။ သူ့အမူအယာက တည်ငြိမ်စွာ အေးဆေးပါပဲ။ ထိုင်နေရာက မတ်တပ်ရပ်ပြီး -

“ငါသွားမယ် သူငယ်ချင်း။ မင်းကို စိုးရိမ်လို့ မင်းအခြေအနေ အရင်လာကြည့်တာ။ မင်းအတွက် အဲဒီ ကောင်တွေ ကို ငါလက်စားချေမယ်”

“ဟာ … ဟိတ်ကောင် …”

ချိန်းကြိုးကို ပခုံးတစ်ဖက်ပေါ်တင်ပြီး ပိုက်ချွန်ကို လက်တစ်ဖက်မှ ကိုင်ကာ ထူးကြီးထွက်သွား ပါတယ်။ သူစက်ဘီးနင်းထွက်သွားသည်အထိ သူပြောတာကို မယုံကြည်တဲ့အတွက် ကျွန်တော် က လည်း စိုးရိမ်စိတ်ကင်းမဲ့စွာ နဲ့ ဟုတ်တိပတ်တိ မတား ဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ထူးကြီးဟာ ကျွန်တော့် အတွက် လက်စားချေဖို့ တကယ်ထွက်သွားခဲ့တာပါ။ အဲဒါကို နောက်မှ ကျွန်တော် သိလိုက်ရပါတယ်။

******

အခန်း (၂)

ညနက်တော့ အိမ်မှလူတွေ ပြန်ရောက်လာတယ်။ စုံစမ်းပြီး ကျွန်တော် နဲ့ရန် ဖြစ်သူတွေ ရဲ့ အိမ် တွေ အထိ သူတို့လိုက်သွားကြောင်း သိရတယ်။ တစ်ယောက် ကိုတော့ အိမ်မှာ မိတယ်။ ဒါပေမယ့် သူ့အဖေက တောင်းပန်ကွယ်ကာနေတာကြောင့် ဘာမှ မလုပ်ခဲ့ရဘဲ လှည့်ပြန်ခဲ့ရကြောင်း ပြောတယ်။ နောက်နှစ် ယောက် ကတော့ အိမ်မှာ လည်း မရှိ၊ တစ်မြို့လုံး စိတ်ထင်ရာ လိုက်ရှာပေမယ့်လည်း မတွေ့  ကြောင်း ပြောတယ်။ ဒီညမလုပ်ရရင် နောက်နေ့တွေ တွေ့ တဲ့အထိ ဆက်ရှာပြီး လုပ်မယ်လို့ ပြောဆို ကြိမ်းဝါးနေကြပါတယ်။

ကျွန်တော့် ကိစ္စကို ကျွန်တော့် ဘာသာရှင်းမယ် ဆိုတဲ့အကြောင်းနဲ့ ပုံပန်းသဏ္ဍာန်ပြောပြပြီး မျက်မှနှ်ရှာကောက်ပေးသူကို အန္တရာယ်မပြုဖို့ ကျွန်တော် သတိပေး ဖြစ်ပါတယ်။ လူကြီးတွေ ကတော့ ဆုံးမစကားတွေ ပြောပြီး တားကြတာပေါ့လေ။

တစ်ခါ အိမ်လာတာမြင်ဖူးတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကိုလည်း လမ်းမှာ တွေ့  ကြောင်း အစ်ကိုကြီး တစ်ယောက် က ပြောတယ်။ ပြောပုံအရ ထူးကြီးဆိုတာ သိလိုက်ပါတယ်။

“အဲဒီ ကောင်က မင်းကို တော် တော် ချစ်တာပဲကွ။ ငါ့သူငယ်ချင်းကိုလုပ်တာ ဘယ်ကောင်တွေ လဲ၊ သတ္တိရှိရင် ငါနဲ့ချမယ်။ ထွက်ခဲ့ကြစမ်း၊ မျက်လုံးမကောင်းတဲ့လူကို အုပ်စုနဲ့ ၀ိုင်းအနိုင်ကျင့်တဲ့ ကောင်တွေ ပုန်းမနေကြနဲ့ဆိုပြီး ချိန်းကြိုးကြီးတရမ်းရမ်းနဲ့ လမ်းပေါ်မှာ အော်ဟစ်ပြီး စိန်ခေါ်နေတယ် ကွ။ ငါတို့က မေးပြီး ငါတို့နဲ့လိုက်ခဲ့ဖို့ ခေါ်တာတောင် မလိုက်ဘူး။ ကျွန်တော် က တစ်ယောက် တည်း သွေးကြွေးဆပ်မှာ ဆိုပြီး ကျန်ခဲ့တယ်”

လို့ ပြောတော့ ကျွန်တော် စိုးရိမ်စိတ် ၀င်သွားတယ်။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်ပြော တော့ မလွှတ်ကြဘူး။ တစ်ယောက် က -

“ငါတို့ ပြန်လာတော့ သူ့မတွေ့ တော့ပါဘူး။ သူလည်း ပြန်သွားပြီ ထင်ပါတယ်” လို့ နှစ် သိမ့် တယ်။

ဒီလိုနဲ့ ကျွန်တော် လည်း လိုက်မသွား ဖြစ်ပါဘူး။ လိုက်သွားရင်လည်း လမ်းပေါ်မှာ လှည့်ရှာရုံပဲ တတ်နိုင်မယ်။ သူ့အိမ်ကို ကျွန်တော် က မသိဘူးလေ။ အဲဒီ ည ကျွန်တော် တော် တော် နဲ့ အိပ်မပျော်ဘဲ ဒေါသအခိုးအငွေ့တွေ နဲ့ ပူလောင်ရင်း ဟိုကောင်တွေ ကို ဘယ်လို တုံ့ပြန်ရမလဲ တနုံ့နုံ့နဲ့ တွေးနေမိပါ တယ်။ အဲဒီ ရန်ပွဲဟာ ကျွန်တော့် ဘ၀မှာ ပထမဦးဆုံးအကြိမ် ခံလိုက်ရတဲ့ ရန်ပွဲလည်း ဖြစ်တာကိုး။

ကျွန်တော် က မှတ်ခဲတယ်။ မှတ်ပြီဆိုရင်လည်း ပျက်ခဲတယ်။ သည့်ခံနိုင်သရွေ့ အဆုံးအစွန် အထိ သည်းခံလေ့ရှိတယ်။ တုံ့ပြန်ပြီဆိုရင်လည်း ကိုယ်ခံခဲ့ရတာ ထက် အဆပေါင်းများ စွာ ပိုပိုသာသာ တုံ့ပြန်လေ့ရှိတာအကျင့်ပဲ။ ကျွန်တော် တို့ အိမ်နဲ့ အနီးတ၀ိုက်မှာ အဖေဘက်က မိသားစုဝင် တချို့ကော ရှိတယ်။ နောက်နေ့မနက်ကျတော့ သတင်းကြားပြီး နီးရာဆွေမျိုးတွေ ကော၊ တခြားမြို့တွေ ရွာတွေ က အစ်ကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေ ရောက်လာကြတယ်။

ကျွန်တော် တို့ အဘိုးအဘွားခေတ်က သွေးမဆုံးမချင်း မီးဖွားကြပုံပဲ။ ဆွေမျိုးအင်အားက အင်မတန် တောင့်တင်းတယ်။ အမျိုးထဲမှာ တစ်ခုခု ဖြစ်ပြီဆိုရင်လည်း သတင်းပျံ့နှံ့လွယ်တယ်။ အဆင်ပြေ အားလပ်သူက ဖြန့်ဝေပေးပုံပဲ။ ရောက်လာတဲ့ အစ်ကိုတချို့ကလည်း ခါးကြားမှာ ဓားမြှောင် တွေ နဲ့။ လည်လည်ဝယ်ဝယ်ရှိတဲ့ အစ်ကို တစ်ယောက် က အိမ်မ၀င်ခင်စုံစမ်းပြီး အဲဒီ ကောင်တွေ သူသိ ကြောင်း၊ အိမ်တွေ အထိသွားပြီးကြောင်း၊ ဘယ်သူမှ အိမ်မှာ မရှိကြောင်း ပြောတယ်။

“သူတို့ ရှောင်သွားပြီထင်တယ်”

လို့ အစ်မ တစ်ယောက် က ပြောတယ်။ တစ်လက်စတည်း -

“သူတို့ တစ်နေ့အိမ်ပြန်လာမှာ ပဲ။ စောင့်သာကြည့်နေ။ နင်တို့ ကိုယ်တိုင် ဘာမှမလုပ်နဲ့။ လူငှား သတ်ကြမယ်။ အမှု ဖြစ်ရင် သူ့ဘာသူရှင်းတယ်။ ပိုက်ဆံစု။ တစ်ယောက် ဘယ်လောက်ထည့်မလဲ” ဆို ပြီး ညှိကြတယ်။ တိုင်ပင်ရင်းနဲ့ လူငှားသတ်ဖို့က အတည်လို ဖြစ်သွားတယ်။ သတ်ပေးမယ့်လူ ရှာဖို့က မခက်ပါဘူးလို့ သူတို့ပြောကြတာပဲ။

အဲဒီ မှာ ကျွန်တော် က အဆုံးအဖြတ် ၀င်ပေးရတယ်။

“သူများ အသက်ကြီး မသတ်ပါနဲ့ဟာ”

“နင်ကခွင့်လွှတ်လိုက်မှာ လား”

“မဟုတ်ပါဘူး”

“ဒါဆို ဘယ်လိုလုပ်ချင်တာလဲ”

“သူတို့ရဲ့ ညာဘက်လက်ကလေးတွေ ကို လက်ကောက်ဝတ်ကနေ ဓားနဲ့ခုတ်ဖြတ်ရုံ ရပါပြီဟ”

ဒီလိုနဲ့ လက်ဖြတ်ဖို့က အတည် ဖြစ်သွားပြန်ပါတယ်။ ငွေကိုလည်း တစ်ယောက် ဘယ်လောက် ထည့်မယ် ညှိကြတယ်။ လူကြီးတွေ တော့ မသိဘူးပေါ့လေ။ မောင်နှမချင်းတွေ ညှိကြတာ။ တစ်ချို့ အစ်ကိုတွေ အစ်မတွေ က အိမ်ထောင်သည်တွေ ။ အဲဒီ အရွယ်တွေ ရောက်တဲ့အထိ ညီအစ်ကို မောင်နှမ တွေ လူစုံရင် အတူစုအိပ်ကြတုန်း။ (ဒါတွေ ပြောပြနေတာ အမှတ်မထင်ပြုမှု တစ်ခုရဲ့ အကျိုးဆက်တွေ နဲ့ ခေတ်ကာလရဲ့ စရိုက်တွေ သိမြင်စေချင်လို့ပါ။)

လူငှားလုပ်ခိုင်းရမှာ လည်း ကျွန်တော် သဘောမကျဘူး။ နှစ် ဦးသဘောတူ ငွေပေးခိုင်းတယ် ဆိုပေမယ့် ကိုယ့်ကြောင့် တခြားလူက မတော် တဆ ထောင်ကျနိုင်တဲ့ကိန်းလေ။ ဒါပေမယ့် အမျက်က လည်း မပြေဘူး။ ရဲတိုင်ရမှာ လည်း ကျွန်တော် က ၀ါသနာမပါဘူး။ ရန် ဖြစ်တိုင်း တစ်ခါမှ ကိုယ့်ဘက်က စ ရဲမတိုင်ဖူးဘူး။ ဒါကြောင့် ကိုယ်တိုင်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

လူငှားလုပ်ခိုင်းဖို့ စီစဉ်နေသူတွေ ကို ရပ်ခိုင်းလိုက်တယ်။ အာဃာတမရှိတော့သလို ပုံစံတော့ ပြောရတာ ပေါ့လေ။ ချက်ချင်း တုံ့ပြန်ဖို့ မကြိုးစားသေးဘဲ သွေးအေးအောင် စောင့်လိုက်သေးတယ်။ လူကြီးတွေ အမျိုးတွေ မရိပ်မိအောင် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေပြရတာ လည်း ပါတာပေါ့။ ရက် အနည်းငယ်ကြာမှ အပြင်ထွက်လေ့လာကြည့်တော့ တစ်ယောက် က ဒီမြို့ကနေ အပြီးတိုင် ရွှေ့ပြောင်း သွားပြီလို့ သိရတယ်။ အရင်ကတည်းက သူ့အကြောင်းကိစ္စနဲ့သူ ပြောင်းဖို့အစီအစဉ်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ကြောင့် ပြောင်းသွား တယ်လို့ သတင်းထွက်တယ်။

ဒါနဲ့ နောက် တစ်ယောက် ဘက် လှည့်တယ်။ အဲဒီ တစ်ယောက် ဟာ ကျွန်တော့် မျက်နှာကို ပထမဦးဆုံး လက်သီးနဲ့ စထိုးသူပေါ့။ သူဟာ မနက်စောစောထပြီး ဈေးထဲကဆိုင်ကို သွားနေကျလို့ သိရတယ်။ ဒါကြောင့် သူသွားလာနေကျလမ်းတွေ စုံစမ်းပြီး အာရုဏ်တက်လောက်ကတည်းကထကာ လူရှင်းတဲ့နေရာကနေ သွားစောင့်တယ်။ အဲဒီ အချိန်က ကျွန်တော် ဟာ မနက်စောစော ကားလမ်းမှာ စကိတ် (Skate)ထစီးနေကျဆိုတော့ အိမ်ကလူတွေ လည်း သံသယမ၀င်ကြဘူး ထင်ပါတယ်။ သူတို့ အလုပ်တွေ နဲ့ သူတို့ရှုပ်နေတော့ သိချင်မှတောင် သိမှာ ပါလေ။

သုံးရက်ကြာသည်အထိ ဟို တစ်ယောက် နဲ့ ကျွန်တော် လူချင်းထိပ်တိုက် မတွေ့ ဘူး။ သူက လည်း မသင်္ကာတာနဲ့ သွားနေကျလမ်းတွေ ကို ရှောင်ကွင်းသွားနေပုံပဲ။

တစ်နေ့တော့ ပေါ်တင်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူတို့ရပ်ကွက်ထဲမှာ နေဖူးသူ တစ် ယောက် ကိုမေးပြီး ဈေးထဲက ဆိုင်ကို လိုက်သွားတယ်။ မှတ်မိသေးတယ်။ အချိန်က မနက်ရှစ်နာရီခွဲ လောက်။ လက်ကိုဖြတ်တဲ့အခါ ခုတ်လို့ကောင်းအောင်ဆိုပြီး အုန်းသီးခွဲတဲ့ ဓားမကြီးကို သတင်းစာနဲ့ ပတ်ပြီး ပလတ်စတစ်လက်ဆွဲအိတ်ကလေးထဲ ထည့်ဆွဲလာခဲ့တယ်။ ဈေးဝယ်လာသလို ပုံစံနဲ့ပေါ့လေ။ အနားရောက်ခါနီး တော့ အသင့် ဖြစ်အောင် ပတ်ထားတဲ့ သတင်းစာကို မသိမသာဖွဖြည်ထားလိုက် တယ်။ ပြီးတော့မှ ထိုသူရှိရာ ဦးတည်သွားတယ်။

မထင်ဘူးဗျာ။ အဲဒီ လောက် မထင်ထားခဲ့ဘူး။ သူဈေးထဲမှာ ဈေးရောင်းတာ သိပေမယ့် ဒီလိုပုံစံ အနေအထားမျိုးလို့ လုံးဝ မမျှော်လင့်ခဲပတာပါ။ ဆိုင်နဲ့ သပ်သပ်ရပ်ရပ်လို့ပဲ ထင်ခဲ့တာလေ။

ခုတော့ ကျွန်တော် တွေ့ မြင်လိုက်တာက တခြားဆိုင်တွေ ရှေ့ လူသွားလမ်းလေးပေါ်မှာ နံဘေး တစ်ဖက်ကပ်ပြီး အောက်ခံအခင်းတောင် မပါဘဲ ထိုင်စရာတောင်မပါပဲ ပုဆိုးနွမ်းနွမ်း အင်္ကျီနွမ်းနွမ်းနဲ့ ဆောင့်ကြောင့် လေးထိုင်ကာ ဈေးရောင်းနေတဲ့ လူ တစ်ယောက် ။ သူ့ရှေ့မှာ ရှိတာက ငှက်ပျောသီးက လေးငါးဖီးလောက်၊ အုန်းသီးက နှစ် လုံးလောက်၊ တခြားဟင်းသီးဟင်းရွက်ကလေးတွေ က အနည်း ငယ် … ။

ငေးကြည့်နေရင်း ကျွန်တော့် မှာ သူ့ကို ရန်မူတုံ့ပြန်လိုတဲ့ စွမ်းအင်တွေ မရှိတော့ပါဘူး။

“သူတို့က သားအမိနှစ် ယောက် တည်းရယ်။ သူက သူ့အမေကို ဈေးရောင်းပြီး ရှာကျွေးနေရတာ ကွ။ သူ့ သူငယ်ချင်းတွေ က ပိုက်ဆံရှိတယ်။ သူက နွမ်းပါးတော့ သူ့သူငယ်ချင်းတွေ ပြဿနာ ဖြစ်ရင် အဲဒီ ကောင်တွေ ခိုင်းတဲ့အတိုင်း လုပ်ပေးတယ်။ ထားလိုက်ပါကွာ လျှော်လိုက်ပါ”

လို့ စုံစမ်းပေးတဲ့ သူငယ်ချင်း တစ်ယောက် ပြောတာ ပြန်ကြားယောင်မိတယ်။ ဒါပေမယ့် ဒီလိုအနေအထားလောက်အထိ ကျွန်တော် တကယ် မထင်မိခဲ့တာပါ။ ကျွန်တော့် အတွက် လူ တစ်ယောက် ကို ဓားနဲ့ခုတ်ဖို့ဆိုတာ သိပ်မလွယ်ပေမယ့် သိပ်ခက်တဲ့အလုပ် မဟုတ်သလို သိပ်ထူးဆန်းတဲ့ အရာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် လှည့်ပြန်ခဲ့ပါတယ်။ ဒါတွေ ကို သူက တော့ သိချင်မှ သိမှာ ပါလေ။

ဒီမြို့က ပြောင်းရွှေ့သွားတဲ့ တစ်ယောက် နဲ့ ပတ်သက်လို့လည်း ပြောရပါဦးမယ်။ အဲဒီ လူက ကလေးရဲ့ လက်နှစ် ဖက်ကို ကျွန်တော် ငုံ့ဆွဲခွာနေချိန်မှာ ကျွန်တော့် ကို လက်သီးနဲ့ ထိုးခဲ့တဲ့ လူပေါ့။ သူဟာနောင်တစ်နှစ် အကြာမှာ ဒီမြို့ကို ပြန်လာတာ ကြားသိရတော့ ကျွန်တော် ဓားနဲ့ခုတ်ဖို့ သွားပြန်ပါ တယ်။ အဲဒီ လို အသွားမှာ ကောင်မလေး တစ်ယောက် နဲ့ တွေ့ တယ်။ အဲဒီ ကောင်မလေးက စာရေး စာဖတ် ၀ါသနာကြီးတယ်။ သူ့အမေကလည်း စာဖတ်ဝါသနာထုံတယ်။ ကျွန်တော် ကလည်း စာပေနယ်ထဲ ချဉ်းနင်းဝင်ရောက်ခါစ။

အဲဒီ အချိန်မှာ အဲဒီ ကောင်မလေးကော သူ့အမေပါ ကျွန်တော် နဲ့ အလွန်ရင်းနှီးနေပါပြီ။ သူတို့အိမ်ဟာလည်း ကျွန်တော့် အတွက် စားအိမ်သောက်အိမ်လို ဖြစ်နေပါပြီ။ တစ်ခါကျွန်တော် လူသုံးယောက် ကို သံတုတ်နဲ့ ရိုက်မှု ဖြစ်လို့ အတိုင်ခံရတော့ အဲဒီ ကောင်မလေးဟာ အာမခံပေးသူ တစ်ဦးပါ။ အဲဒီ တုန်းက အဲဒီ ကောင်မလေးရဲ့ အမေကပါ ဖုန်းဆက်ပြောပြီး လိုအပ်တာတွေ ကူညီဖို့ တက်ကြွခဲ့တယ်။

စကားစပ်မိတော့ အဲဒီ ကောင်မလေးဟာ ကျွန်တော် လုပ်ဖို့သွားသူရဲ့ ညီမ၀မ်းကွဲ ဖြစ်နေပါ တယ်။ သူကလည်း သူ့အစ်ကိုလာလို့ သွားတာပါ။ ဒီလိုနဲ့ အဲဒီ ကောင်မလေးကော သူ့အမေပါ တား တာကြောင့် ထိုသူကိုလည်း ကျွန်တော် လျှော်ပစ်ခဲ့ပါတယ်။ အခုတော့လည်း တစ်ခုချင်း ပြန်တွေးရင်း ဒါတွေ ဟာ ရယ်စရာတွေ လိုပါပဲ။

******


ဒီကြားထဲမှာ ထွန်းထွန်း ကျွန်တော့် ဆီ လာသေးတယ်။ ရန် ဖြစ်တယ်ကြားလို့ လာမေးတာပေါ့ လေ။ အဲဒီ မှာ ဆက်စပ်သတင်း ပါလာတယ်။ ထူးကြီးအကြောင်း။

ရန် ဖြစ်တဲ့ညက ကျွန်တော့် အိမ်ကနေ လက်စားချေမယ်ဆိုပြီး ထွက်သွားတဲ့ ထူးကြီးဟာ ဟိုလူတွေ ကို လိုက်ရှာရင်း လမ်းပေါ်မှာ အော်ဟစ်စိန်ခေါ်ရုံနဲ့ မပြီးခဲ့ဘူး။ ဟိုလူတွေ ကို မတွေ့ တော့ သူ့ရဲ့ လက်စားချေလိုမှု နဲ့ ဒေါသဟာ မပြေငြိမ်းသေးဘဲ -

“ငါ့သူငယ်ချင်းကို လုပ်တာ မင်းလားကွ မင်းလားကွ”

ဆိုပြီး လမ်းပေါ်မှာ တွေ့ ရာလူကို ချိန်းကြိုးနဲ့ လိုက်ရိုက်ပါသတဲ့။ လူအုပ်များ လာတဲ့အခါ ချိန်ကြိုးထိပ်မှာ ကြေးပိုက်ချွန်ကြီးကို တပ်ဆင်ပြီး တ၀ှီးဝှီးဝှေ့ရမ်းပါသတဲ့။

ဒီလိုနဲ့ ထူးကြီး အတိုင်ခံရပြီး ယခု သူ့မိဘတွေ က အိမ်ထဲကနေ အိမ်ပြင်ထွက်ခွင့်မပေးကြောင်း ထွန်းထွန်းက ပြောပြတယ်။ ထွန်းထွန်းက ထူးကြီးနဲ့ အိမ်ချင်းနီးတာမို့ ထိုသတင်းကြားလို့ အိမ်သွား မေးရာကနေ ကျွန်တော့် အကြောင်းပါ သိလာလို့ ကျွန်တော့် ဆီရောက်လာတာတဲ့။ တကယ်ပဲ ပြောပ လောက်တဲ့ ထူးကြီးပါလေ။ သူဟာ ကျွန်တော့် အပေါ် အဲဒီ လိုစိတ်ထားမျိုး ရှိသူလည်း ဖြစ်ပါတယ်။

******


တစ်ရက်ပေါ့ … ။

အဲဒီ နေ့က ကျွန်တော် အိမ်ထဲမှာ ဘာလုပ်နေသလဲဆိုတာ သေချာ မမှတ်မိတော့ဘူး။ စာရေး နေတာလည်း ဖြစ်နိုင်တယ်။ စာဖတ်နေတာလည်း ဖြစ်နိုင်တယ်။ မုန့်လုပ်ရာမှာ ၀င်ကူတာလည်း ဖြစ်နိုင်တယ်။ အဲဒီ ချိန်က အိမ်မှာ ရေခဲထုပ်တွေ လည်း လုပ်တော့ ရေခဲသေတ္တာတွေ ထဲက ရေခဲထုပ်တွေ ထုတ်၊ ရေခဲသေတ္တာဆေး အသစ်တွေ နဲ့ မခဲသေးတာတွေ ပြန်ထည့် အဲဒီ လို ကူလုပ်နေတာလည်း ဖြစ်နိုင်တယ်။

“အိမ်ရှေ့က ထိုင်ခုံမှာ လူ တစ်ယောက် ။ မနက်ကတည်းက ထိုင်နေတာ ခုထိလည်း မပြန် သေးဘူး။ ခုတော့ ပက်လက်ကလေးအိပ်နေပြီ။ မူးနေတာလား မသိဘူး”

လို့ မုန့်ထုပ်တဲ့ လူ တစ်ယောက် ရဲ့ ပြောသံကြားတယ်။

ဒါပေမယ့် အမှု မဲ့အမှတ်မဲ့ပဲ။

အဲဒီ အချိန်က ကျွန်တော် တို့ အိမ်ရှေ့မှာ သစ်သားခုံတန်းလျားလေး နှစ် ခုရှိတယ်။ အိမ်ရှေ့ ဘက်မှာ ကာရာအိုကေခန်းလည်း ရှိတာကြောင့် လာရောက်သီဆိုသူတချို့ စောင့်ရင်းထိုင်လို့ ရအောင် လုပ်ထားတာပါ။ သစ်ပင်ရိပ်ကလေးအောက်မှာ ဖြစ်သလို အနီးမှာ ရေချမ်းစင်လေးလည်း ရှိတယ်။ ကျွန်တော် တို့အိမ်က မြို့စွန်ဘက်ခြမ်းမှာ ။ ဒီတော့ ကျေးရွာဘက်သွားတဲ့ လမ်းတချို့နဲ့ နီးစပ်တာ ကြောင့် ရွာကနေ မြို့တက်ပြီး ဈေးလာဝယ်သူတချို့ဟာ အဲဒီ ခုံတန်းလျားလေးပေါ်မှာ ခဏတဖြုတ် နားခိုလေ့ရှိတယ်။ လမ်းထဲက ကလေးငယ်တွေ လည်း လာရောက်ဆော့ကစားကြတာလည်း ရှိတယ်။

ညနေကျတော့ ဘာရယ်မသိ ကျွန်တော် အိမ်ရှေ့ထွက် ဖြစ်ကော။ အဲဒီ မှာ ခုံတန်းတစ်ခုပေါ်မှာ တစ်ဖက်လှည့်ပြီး ဘေးတစောင်းလေး လဲလျောင်းနေသူကို တွေ့ တယ်ပေါ့။ မုန့်ထုပ်တဲ့အစ်မ တစ်ယောက် ပြောတာကို သတိရပြီး အဲဒီ လူ ခုထိမပြန်သေးတာလား။ မူးနေတာလား။ သေပဲသေနေပြီလားဆိုပြီး အနားသွားကြည့်မိတော့ ဇာတ်လိုက်ကျော် မောင်ထူးကြီး ဖြစ်နေတာပေါ့ ဗျာ။

သူ့ကိုမြင်တော့ ကျွန်တော် အံ့သြသွားတယ်။

“မင်း ဘယ်တုန်းကရောက်နေတာလဲ”

မေးတော့ သူက အေးဆေးပဲ -

“မနက်ကတည်းက” လို့ ဖြေတယ်။

“ဒါနဲ့များ ကွာ အိမ်ထဲဘာလို့ မလာတာလဲ”

“မင်းစာရေး နေတာ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ”

တဲ့။ သူ့အဖြေကြောင့် ကျွန်တော် အံ့အားသင့်သွားတယ်။

“ငါစာရေး တယ်လို့ မင်း ဘယ်သူပြောလဲ”

ဆိုတော့ ထွန်းထွန်းပြောတာ ဖြစ်ကြောင်း၊ ကျွန်တော် က စာရေး နေချိန် အနားသွားရင် မကြိုက် ဘူးပါ ပြောကြောင်း၊ ဒါကြောင့် အနှောင့်အယှက် ဖြစ်မှာ စိုးလို့ သူအိမ်ထဲမလာတာ ဖြစ်ကြောင်း ရှင်းပြ တယ်။ ရင်ထဲ မကောင်းဘူး။

“မင်းနှယ့်ကွာ ဒီလောက်အကြာကြီး အပြင်မှာ ထိုင်နေရသလား”

“ထိုင်နေတာပဲရယ်တော့ မဟုတ်ပါဘူးကွာ။ အိပ်လိုက် လမ်းလျှောက်လိုက်လည်း လုပ်ပါတယ်”

သူ ကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောနေတာ ဖြစ်ပေမယ့် သူ့စကားလုံးတွေ က ကျွန်တော့် ရင်ထဲ နွေးထွေးစေတယ်။ နေ့လယ်စာ ဘာစားပြီးပြီလဲ မေးတော့ ပုဆိုးခါးပုံစကို ဖြည်ပြတာ ပေါင်မုန့်ထုပ် ကလေးပေါ်ထွက်လာလေရဲ့ ။ သကြားကပ်ပေါင်မုန့်လို့ အဲဒီ တုန်းက ကျွန်တော် တို့ ခေါ်ကြတာပဲ။

“ငါ ဗိုက်ဆာတာနဲ့ လမ်းထိပ်ဆိုင်မှာ ဒါလေးသွားဝယ်ပြီး စားလိုက် ရေသောက်လိုက်လုပ်ရင်း မင်းထွက်အလာကို စောင့်နေတာကွ။ ရော့လေ မင်းစားပါဦးလား”

သူက လက်တစ်ဖက်နဲ့ ကျွန်တော့် ကို ပေါင်မုန့်ထုပ်ကလေး ကမ်းပေးနေတယ်။ ကျွန်တော် မယူတော့ -

“ဘာလဲ မင်းက ရွံလို့လား။ သန့်ပါတယ် စားပါ”

ဆိုပြီး လက်ထဲ အတင်းထိုးထည့်ပေးတယ်။ ပေါင်မုန့်ထုပ်ကလေး ပေးနေတဲ့သူ့ကိုကြည့်ပြီး ကျွန်တော့် ရင်ထဲ နူ့ညံ့သိမ်မွေ့မှု တွေ စိမ့်ဝင်လာတယ်။ သူ့ကိုလည်း ရုတ်တရက် တွယ်တာသွားသလို ပဲ။ ပေါင်မုန့်ထုပ်ကလေးက သူစားလက်စ တစ်ဝက်တစ်ပျက်ကလေး။

“နေပါကွာ။ ငါမစားတော့ပါဘူး။ မင်းပဲစားပါ”

သူ ကျွန်တော့် ကို စိုက်ကြည့်နေသေးတယ်။ ပြီးတော့မှ

“မစားလည်းနေပေါ့ကွာ။ ငါ့ဘာသာစားမယ်”

ဆိုပြီး သူ ပလုတ်ပလောင်း စားပစ်တယ်။

တစ်ခါတည်း ကုန်သွားတယ်။ ပြီးတော့ ရေအိုးကနေ ရေခပ်သောက်တယ်။ သူ့ကို အိမ်ထဲ ခေါ်ပြီး ထမင်းကျွေးတာ မစားပါဘူး။ ဟိုညက သူပြဿနာ ဖြစ်တာတွေ ထွန်းထွန်း လာပြောပြလို့ သိရ ကြောင်း ပြောပြီး အခြေအနေမေးတော့ သူက မထူးဆန်းသလို အေးဆေးပဲ။

“ဒီလိုပါပဲကွာ တစ်ယောက် တည်းသမား ဆိုပေမယ့်လည်း သူရဲကောင်းဆိုတော့ လူများ ပေမယ့် မယှဉ်ရဲတော့ သွားတိုင်ကြတာပေါ့”

ဒီလောက်ပဲ။ တခြား ထွေထွေထူးထူး ဘာမှမပြောတော့ဘူး။ မျက်နှာကလည်း ရုပ်တည်နဲ့။ ကျွန်တော့် စိတ်ထဲ ဒီကောင်ဟာ ပျော်သလိုနေတတ်သူ၊ ဖြေသာကျေနပ်နိုင်သူလို့တောင် အမှတ်ပေး လိုက်မိသေးတယ်။

“မင်း အခုအားပြီလား”

“အေး အားပါတယ်။ ဘာလို့လဲ”

“ငါ ခုလာတာ မင်းကို သိုင်းပညာသင်ပေးမလို့ကွ။ နောက်တစ်ခါ ရန်ဖြန်ရင် မင်းမခံရအောင် ပေါ့။ ခါးတောင်းကျိုက်လိုက်ကွာ”

“အဲ …”

ရုတ်တရက် ကြောင်နင်နင် ဖြစ်သွားတယ်။ အဲဒီ အချိန်သူက ထုံးစံအတိုင်း ပုဆိုးဝတ်ထားသလို ကျွန်တော် လည်း ပုဆိုးဝတ်ထားချိန်ပေါ့။ သူက ပုဆိုးခါးတောင်းကျိုက်ပြီး သစ်ကိုင်းခြောက် တုတ်တို သေးသေးလေးတစ်ချောင်း ရှာယူလာတယ်။ ကျွန်တော် ကတော့ ဟိုလိုလို ဒီလိုလို ခါးတောင်းမကျိုက် သေးဘူး။ အိမ်ရှေ့ မြေကွက်လပ်မှာ ပေါ့။ အဲဒီ ညနေခင်း သီချင်းလာဆိုသူတွေ လည်း ရှင်းနေတယ်။ ဒီတော့ လွတ်လပ်နေတာပေါ့။ သူက သစ်ကိုင်းခြောက်ကို ကိုင်ပြီး အားနဲ့မာန်နဲ့ လေထဲမှာ ဝှေ့ယမ်းပြ တယ်။ ပါးစပ်ကလည်း တအိစ်အိစ် တယားယား အော်တယ်။ ပြီးတော့မှ ကျွန်တော့် ဘက်လှည့်ပြီး -

“အဲဒါ ငါဘာလုပ်လိုက်တာလဲ မင်း သိလား”

“ဟင့်အင်း မသိဘူးလေ”

တကယ်မှ မသိတာ မသိဘူးပဲ ဖြေလိုက်တာပေါ့။ ကျွန်တော့်  မျက်လုံးထဲတော့ ခုန်စွခုန်စွ ကားယားကားယားလုပ်နေတာပဲ မြင်တယ်။ သူက မိန့်မိန့်ကြီး ပြုံးပြီး -

“အဲဒါ ခုနစ်စင်ကြယ် ဓားသိုင်းကွက် ခင်းပြလိုက်တာကွ။ တကယ့်ပညာရှင်ချင်း တွေ့ တဲ့အခါ ကိုယ်ထိလက်ရောက် တိုက်ခိုက်စရာမလိုဘူး။ သူတစ်ကွက်ပြ ကိုယ်တစ်ကွက်ပြလိုက်ရုံနဲ့ အရှုံး အနိုင် သတ်မှတ်လို့ရတယ်”

နောက် မင်းရန် ဖြစ်တော့မယ်ဆိုရင် ခဏ ဒီအကွက်ကလေးပဲ အရင်ကြည့်ပါဆိုပြီး ဒီသိုင်းကွက် ကို ခင်းပြလိုက်။ အဲလိုဆို အားလုံးကြောက်လန့်ပြီး နောက်ဆုတ်သွားလိမ့်မယ်။ မင်းကို ယှဉ်ရဲမှာ မဟုတ်တော့ဘူး။ တကယ့်ပညာရှင် ဆရာကြီးတွေ တောင် ဒီအကွက်ကို မြင်သွားရင် မင်းဆီမှာ တပည့် ခံပါရစေဆိုပြီး လာပြောကြလိမ့်မယ်။ ကဲ ဒီဓားသိုင်းကွက် မင်းကို ငါသင်ပေးမယ်။ ဒီမှာ လာကြည့်”

ထူးကြီးက မြေပြင်ပေါ်မှာ တုတ်နဲ့ခြစ်ပြီး ကြယ်ပုံဆွဲပြတယ်။ ကလေးငယ်တွေ တောင် အလွယ် တကူ ရေး ဆွဲတတ်မယ့် ငါးထောင့်ကြယ်ပုံလေးပါ။

“မင်း အဲဒီ လို ဆွဲတတ်လား။ ဆွဲကြည့်စမ်း”

သူ့လက်ထဲက တုတ်ကို ကမ်းပေးတော့ ကျွန်တော် ယူပြီး တစ်ချက်တည်း ငါးထောင့်ကြယ်ပုံ ရေး ခြစ်ပြလိုက်တယ်။ ဒါကိုကြည့်ပြီး သူကျေနပ်သွားတယ်။ မင်သက်အံ့သြဟန်နဲ့ ကျွန်တော့် ကိုတောင် အထင်ကြီးသလို တွေ တွေ ငေးငေးကြီး ကြည့်လိုက်သေးတယ်။

“ဟား မင်းတော် သားပဲ။ မင်းခုနစ်စင်ကြယ် ဓားသိုင်းတက်ပြီး ခုနစ်စင်ကြယ်ဓားသိုင်းကို အချိန်တိုလေးအတွင်းမှာ အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီ။ ငါဂုဏ်ယူပါတယ် သူငယ်ချင်း”

ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ကျွန်တော့် ကို ပွေ့ဖက်တယ်။ ဂုဏ်ပြုတာဆိုပြီး ကျွန်တော့် ညာဘက် လက်ကိုတောင် သူ့လက်တစ်ဖက်နဲ့ကိုင်ပြီး မိုးပေါ်ထောင်မြှောက်လိုက်သေးတယ်။

ကျွန်တော့် မှာ ရယ်ချင်နေတာ။ ဒါပေမယ့် ပျော်လည်းပျော်တယ်။ အရွယ်တွေ က ကလေးမက လူကြီးမကျ စပ်ကူးမတ်ကူးကာလကိုး။ (အခုခေတ်မှာ တော့ အဲဒီ အသက်အရွယ်တွေ ဟာ ကလေး အထာ လုံးဝကင်းစင်ပပျောက်သလောက်ကို ဖြစ်နေကြပါပြီလေ)

ဒါတွေ ကိုလည်း သူအပျော်တမ်း ကစားနေတယ်ပဲ ကျွန်တော် က ထင်ခဲ့တာ။

“ရန်သူနဲ့ တွေ့ တဲ့အခါ မင်းလေထဲမှာ တစ်ချက်တည်း အဲဒီ ကြယ်ပုံဆွဲပြလိုက်။ မြန်မြန်ဆွဲနိုင်ဖို့ တော့ မင်းလေ့ကျင့်ရမယ်”

“နေစမ်းပါဦး။ ဒါကို ခုနစ်စင်ကြယ်ဓားသိုင်းလို့ ဘာလို့ ခေါ်တာလဲ။ ကြယ်က ငါးထောင့်တည်း ပဲဟာကို”

ကျွန်တော် မေးတော့ သူတအင်းအင်း တအဲအဲ ဖြစ်သွားတယ်။

“ဒါကကွာ ဟို ဟို ဘယ်လိုပြောမလဲ အဲ … သိုင်းပညာရဲ့ သဘောတရား လှည့်ကွက်တစ်ခု ပေါ့ကွာ”

သူအကြပ်တွေ့ သွားတယ်။ ကျွန်တော် လည်း မသိလိုက် မသိဘာသာနဲ့ ဆက်မမေးတော့ ပါဘူး။ သူစိတ်ပြေလက်ပျောက်ကစားပစေဆိုပြီး လွှတ်ပေးထားလိုက်တာ။

သူက ဒါလောက်နဲ့ မပြီးသေးဘူး။

“မင်းကို ငါခြေသိုင်းကွက် သင်ပေးမယ်။ အဲဒီ ခြေသိုင်းကွက်ကို တတ်ပြီဆိုရင် လူအများ နဲ့ ၀ိုင်း လုပ်လည်း မထိအောင် ရှောင်နိုင်ပြီ။ မင်းပါတာနာဝေ သိုင်းကားကြည့်ဖူးလား”

မင်းသား Mark Dacascos ရဲ့ Only the Strong ဆိုတဲ့ ဇာတ်ကားထင်ပါရဲ့ ။ ကြည့်ဖူးကြောင်း ကျွန်တော် ပြောတော့ သူလက်ဖျောက်တီးပြီး -

“အဲဒီ ကားထဲက မင်းသားလို ငါသိုင်းကစားပြမယ်”

ဆိုပြီး ခါးတောင်းကျိုက်ထားတဲ့ နှုတ်ခမ်းမွေးကားကားကြီးနဲ့ သူဟာ ပါးစပ်ကနေ ‘ပါနာနာဝေ … အို့ … ပါတာ့နာဝေ …’ လို့အော်ဆိုပြီး တင်ပါးဖောင်းဖောင်းကြီးတွေ လိမ်ကျစ်လိမ်ကျစ်နဲ့ ပါတာနာ ဝေ မင်းသားလို သိုင်းကစားပြပါတယ်။ (လုံးဝမတူတာတော့ အထူးပြောစရာမလိုလောက်ဘူး ထင်ပါ တယ်) ပေါင်သားဖြူဖြူမှာ အမွေးနက်နက်ကြီးတွေ အပြွတ်အသိပ်နဲ့ သိုင်းကစားပြနေတဲ့ သူ့ကို ကြည့်ရတာ ရန်ကုန်မြို့တွင်းလမ်းတွေ ပေါ်မှာ တွေ့ ရလေ့ရှိတဲ့ မြေကြွက်၀၀ကြီးတွေ လိုပဲ။ လှုပ်ရှားမှု က အိပဲ့အိပဲ့နဲ့လေ။ မသန်မစွမ်းဝေဒနာသည် တစ်ယောက် မြန်မာ့ရိုးရာမောင်ရွှေရိုးအက ကပြဖျော်ဖြေနေ တာနဲ့လည်း ဆင်ဆင်တူပါသေးတယ်။ မာန်သွင်းလိုက်တိုင်း နှုတ်ခမ်းမွေးက ကော့ခနဲ ကော့ခနဲပဲ။ သူ့ပုံစံကြည့်ပြီး ကျွန်တော့် မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်ကောပဲ။ အဲဒီ လို ရယ်တော့ သူက မကြိုက်ဘူး။

“ဘာလဲ မင်းက ငါ့ကိုလှောင်တာလား။ အထင်သေးတာလား” ဆိုပြီး ရှက်ရမ်းရမ်းတယ်။

“မင်းတောင် ငါ့လိုလုပ်တတ်လို့လား”

ဆိုပြီး စိန်ခေါ်တယ်။ ကျွန်တော် က လုပ်ရမှာ ရှက်တာနဲ့ -

“မလုပ်တတ်ပါဘူးကွာ”

လို့ ညာတာပါတေး လုပ်တာလည်း မရဘူး။

“မင်း လုပ်ကိုလုပ်ရမယ်။ အဲဒီ ခြေကွက်ကို မတတ်လို့ ဟိုညက မင်းခံရတာ ။ တတ်အောင် လေ့ကျင့်”

ဆိုပြီး ကျွန်တော့် ကို သူကိုယ်တိုင် အတင်းခါးတောင်းလာကျိုက်တယ်။ ပြီးတော့ -

“ငါ ရှေ့ကလုပ်သလို နောက်ကလိုက်လုပ်ရမယ်”

ဆိုပြီး ကျွန်တော့် ကို သူ့လို လိုက်လုပ်ခိုင်းတယ်။ သူလုပ်တာက ခါးလေးကိုင်း လက်နှစ် ဖက်ကို ဘယ်လိမ်ညာလိမ်ယှက်ပြီး ရှေ့ဘက်အနည်းငယ်ဆန့်ထုတ်၊ မျက်လုံးတွေ က ပြူးကြောင်ကြောင်နဲ့ ရှေ့ကိုကြည့်၊ ပြီးတော့မှ ခြေခွင်နေတဲ့ လူ တစ်ယောက် လို လိမ်ကျစ်လိမ်ကျစ်နဲ့ လမ်းလျှောက်တာပါ။ ငယ်ငယ်က ရထားတွဲ လုပ်တမ်း ဆော့သလိုမျိုး၊ လိပ်ဘိုးဘိုးနဲ့လိပ်မြေးလေး ဇာတ်ကားထဲက လိပ်ဘိုးဘိုး လမ်းလျှောက်ပုံမျိုးနဲ့ ဆင်ပါတယ်။ ဒါပေမယ့် သူလုပ်တာက ပိုရယ်ရတယ်။

သူက ရှေ့ကနေ လုပ်ပြ၊ ကျွန်တော် က နောက်ကရယ်၊ သူလှည့်ကြည့်တော့မှ သူလုပ်သလို လိမ်ကျစ်လိမ်ကျစ်လုပ်ပြ ဟုတ်တော့ဟုတ်နေတာပဲ။ သူက ပါးစပ်က “ပါတာနာဝေ … အို … ပါတာ့နာဝေ …” လို့လည်း အဆက်မပြတ်အော်ဆိုနေသေးတယ်။ ကျွန်တော့် ကိုလည်း သူ့လို အော်ဆို ခိုင်းတယ်။ အဲလောက်ကြီးကျ ကျွန်တော် လည်း ရှက်တာနဲ့ အလိုမလိုက်ချင်တော့ဘူး။ အိမ်ထဲမှာ လည်း လူတွေ အများ ကြီးကိုး။

သူဆိုသလို ကျွန်တော် လိုက်မဆိုတော့ သူနည်းနည်း တင်းသွားတယ်။

“ငါ မင်းကို အိမ်တိုင်ရာရောက် သိုင်းပညာသင်ပေးနေတော့ မင်းက အထင်သေးတာလား။ ပညာကို မလေးစားတာလား။ လူကို မခန့်တာလား။ ဒီမှာ ကြည့် ငါက လက်ပြတ်ကွ”

သူ့လက်နှစ် ဖက်ကို ခပ်ခွက်ခွက်လုပ်ပြီး ကျွန်တော့် ရှေ့လာပြတယ်။ ဟုတ်ပါတယ်။ သူ့လက် ဟာ လက်ဖ၀ါးအလယ်မှာ ပြတ်ကြောင်းရာကြီးနဲ့ပါ။ လက်ပြတ်လို့ အရပ်ခေါ်ပြောလေ့ရှိတဲ့ နှလုံးလမ်း ကြောင်းနဲ့ ဥာဏ်လမ်းကြောင်းဟာ တစ်ဆက်တည်း ဖြစ်နေပါတယ်။

ကြည့်ရင်း မသင်္ကာတာနဲ့ သူ့လက်နှစ် ဖက်ကို ဆွဲယူပြီး ကျွန်တော် ဖြန့်ကြည့်လိုက်တယ်။ ဒီတော့မှ သဘောပေါက်တယ်။ သူ့လက်ရဲ့ နှလုံးလမ်းကြောင်းနဲ့ ဥာဏ်လမ်းကြောင်းက ပီပီသသကြီး ဆက်နေတာမဟုတ်ဘူး။ မထိတထိလေး ကပ်လွဲနေတာ။ ဒါကြောင့် မို့ သူက လက်ကို ခပ်ခွက်ခွက် လုပ်ပြီး လာပြပုံပဲ။ ဥာဏ် ကတော့များ သား။

“ငါက လက်ပြတ်ဆိုတော့ ပီးတယ်”

“ဘာပီးတာလဲ”

“တုတ်ပီး ဓားပီး သေနတ်ပီး အကုန်ပီးတယ်”

အံပွားပါရင် ပီးတယ်လို့ ကြားဖူးနားဝ ရှိပေမယ့် လက်ပြတ်တွေ ဟာ ပြီးတယ်လို့တော့ ကျွန်တော် မကြားဖူးပါဘူး။ အဲဒီ မှာ ကျွန်တော့် ရဲ့ ဗီဇကလေး ထကြွလာတယ်။ ဘာမှမပြောဘဲ အိမ်ထဲခဏ၀င်ပြီး အ၀တ်ချုပ်တဲ့ အပ်သေးသေးလေးတစ်ချောင်းကို ဖွက်ယူလာခဲ့တယ်။

“မင်း ပီးတယ်ဆို ငါစမ်းကြည့်လို့ရမလား”

သူ ပြူးကြောင်ကြောင်နဲ့ ကျွန်တော့် ကိုကြည့်နေတယ်။

“မင်းက ဘယ်လိုစမ်းမှာ လဲ”

မ၀ံ့မရဲ မေးတယ်။ ကျွန်တ်ာရယ်ချင်နေပြီ။ ဒါပေမယ့် ခပ်တည်တည်ပဲ နေလိုက်တယ်။

“မင်းပဲ လက်ပြတ်ဆို ပီးတယ်ဆို ဘယ်လိုပဲ စမ်းစမ်းပေါ့။ ဘာလဲ ကြောက်နေပြီလား”

“အာ မကြောက်ပါဘူး။ လက်ပြတ်က ကြောက်မလားကွ။ ဒါပေမယ့် ကိုယ့်ကို ပညာသင်ပေးသူ ကို တစ်ခုခုလုပ်ရင် မင်းအပြစ် ဖြစ်မှာ စိုးလို့ပါ”

“ ဖြစ် ဖြစ်ကွာ။ စမ်းမယ်”

သူမျက်လုံးတွေ ကလယ်ကလယ် ဖြစ်နေပြီ။ အဲဒီ အချိန်မှာ သူတစ်ဖက်လှည့်ပြီး သက်ပြင်း ခိုးချ တာ ကျွန်တော် ခုထိ မှတ်မိစဲပဲ။

“မင်းက ဘယ်လို စမ်းချင်တာလဲ။ တုတ်နဲ့လား ဓားနဲ့လား။ သေနတ် ကတော့ ရဖို့မလွယ်ဘူး”

“အိမ်မှာ လေသေနတ် ရှိပါတယ်”

ဒီကောင် ပြူးပြူးပြာပြာ ဖြစ်သွားတယ်။

“ဟာ ဟိတ်ကောင် သေနတ်နဲ့တော့ မလုပ်နဲ့လေကွာ။ ငါကြောက်လို့ပြောတာမဟုတ်ဘူးနော်။ မင်းပစ်တာလွဲပြီး တခြားသူတွေ သွားထိမှာ စိုးလို့ပါ”

ကျွန်တော် လည်း ရယ်ချင်စိတ်ကို အတင်းမျိုသိပ်ပြီး အပ်ကလေးကို ထုတ်ပြလိုက်တယ်။

“ဒါဆိုလည်း ဒီအပ်ကလေးနဲ့ပဲ စမ်းပါမယ်ကွာ”

“ဟင် …”

သူ့မျက်လုံး အကြောင်သား ဖြစ်သွားတယ်။ ကျွန်တော် ကလည်း မြှောက်သလိုလိုနဲ့ ဖိခြောက် တယ်။

“တုတ်ပီး ဓားပီး သေနတ်ပီးတဲ့ လူ တစ်ယောက် အတွက် ဒီအပ်ကလေးနဲ့ တစ်ဆုံးအထိုးခံရတာ လောက်တော့ အေးဆေးပဲပေါ့ ဟုတ်တယ်မဟုတ်လား”

“အဲ … ဟို ဟိုလေ … ဟိုဝှါ … ငါ ခဏ သမာဓိခဏတည်လိုက်ဦးမယ်ကွာ။ ခဏနော်”

သူမျက်နှာပျက်ပျက်နဲ့ အဲဒီ နေရာမှာ တင် တင်ပျဉ်ခွေထိုင်ပြီး တရားမှတ်နေပုံ လုပ်တယ်။ ဟင်း ခနဲ ဟင်းခနဲ လေပူတွေ ကိုလည်း မှု တ်ထုတ်တယ်။ ကျွန်တော် အသာရပ်ကြည့်နေလိုက်တယ်။ သူ မျက်စိတစ်ဖက်ကို မသိမသာဖွင့်ပြီး ကျွန်တော့် ကို ခိုးခိုးကြည့်တာလည်း သိတယ်။ ခဏကြာတော့ သူ့နံဘေးမှာ ထိုင်ပြီးတော့ သူ့ကို အပ်နဲ့ ဆောင့်ထိုးမယ့်ဟန် မာန်ပါပါရွယ်ပြီး -

“ဘယ်လိုလဲ သမာဓိရပြီလား။ ထိုးပြီနော်”

သူဟာ မျက်လုံးအစုံမှေးစင်းပြီး ကျွန်တော့် ကို ညင်သာဖွဖွကြည့်တယ်။ ပြီးတော့ တင်ပျဉ်ခွေ ထိုင်မပျက်ဘဲ သူက အေးအေးဆေးဆေးပဲ ပြောတယ်။

“ဘုရားလောင်း ဆင်မင်းတောင် သင်္ကန်းမြင်တော့ သူ့ကိုအန္တရာယ်ပြုတဲ့ မုဆိုးကို ဘာမှပြန် မလုပ်ဘူး။ အခုတရားထိုင်နေတဲ့ ငါ့ကိုလည်း အသင်အနှောင့်အယှက်မပြုသင့်ပေဘူး”

အမယ် … တရားရနေသလို လေသံနဲ့ဗျ။ ကျွန်တော် လည်း အံကြိတ်ပြပြီး -

“ငါက ဘုရားလောင်းဆင်မင်းမှမဟုတ်တာ။ ထိုးစရာရှိတာ ထိုးရမှာ ပဲ စိတ်မရှည်တော့ဘူးကွာ။ ကဲ ထိုးပြီ”

ဆိုပြီး သူ့လက်မောင်းတစ်ဖက်ကို အပ်နဲ့ ခပ်ဆတ်ဆတ်ထိုးလိုက်တယ်။ အဲဒီ အခါ သူတအား အား အော်ပြီး -

“ငါ သမာဓိမရသေးဘူး။ ငါသမာဓိမရသေးဘူး”

ဆိုပြီး ထပြေးပါတယ်။ ကျွန်တော် သူ့ကို အမီလိုက်ပြီး နောက်ကနေ ဖမ်းချုပ်ထားလိုက်တယ်။ သူက ကျွန်တော့် ထက် ၀ပေမယ့် သူ့တစ်ကိုယ်စာတော့ ကျွန်တော် ကောင်းကောင်း ထိန်းချုပ် နိုင်ပါတယ်။ ဒါကြောင့် သူပြေးလို့မရတော့ဘူး။

“မင်း ပီးတယ်ဆို ဘာလို့ ထွက်ပြေးတာလဲ။ ဒါဆို ပီးတယ်လို့ မင်းပြောတာ လေကြီးပေါ့ ဟုတ်လား”

“မဟုတ်ဘူး။ ငါလေမကြီးဘူး။ ငါက ဒေါသထွက်မှ မှော်ဝင်တာ။ မှော်ဝင်မှ ပီးတာ။ ခု ငါ ဒေါသ မထွက်သေးဘူး”

“ဒါဆို ခု ဒေါသထွက်လေ။ ကဲဟာ ကဲဟာ”

ဆိုပြီး သူ့ချိုင်းကြားတွေ နံကြားတွေ ကို ဟိုဖျစ်ဒီဖျစ်လုပ်တော့ သူယားပြီး တွန့်လိမ်အော်ဟစ် နေတယ်။

“ယားတယ်ကွ။ ငါ့ကိုလွှတ်ပေး”လို့ အော်တယ်။

“မင်းက သိုင်းသမားပဲ။ မင်းဘာသာ ရုန်းလေ”

ဆိုတော့ -

“ငါ ကီးသွင်းလိုက်ဦးမယ်”ဆိုပြီး တအိစ်အိစ် တအားအားနဲ့ ကီသွင်းပြီး ရုန်းတယ်။ ဒါပေမယ့် သူမလွတ်သွားဘူး။ နောက်တော့ တကယ်ဒေါသထွက်လာပုံနဲ့ -

“ငါစိတ်တိုလာပြီနော်။ ငါ သည်းမခံနိုင်တော့ဘူး”

လို့ ပြောတယ်။

“ဒါဆို မင်းအခု ဒေါသထွက်ပြီပေါ့။ ဒါဆို မှော်ဝင်ပြီပေါ့။ အဲဒါဆို ငါ အပ်နဲ့ထိုးပြီကွာ”

ဆိုပြီး သူ့ကို ကျွန်တော် အပ်နဲ့ထိုးမယ် ဟန်လုပ်တော့ ပြူးပြူးပြာပြာနဲ့ -

“ဟိုးထား … ဟိုးထား … ငါဒေါသမထွက်သေးဘူး။ ငါမှော်မ၀င်သေးဘူး။ ငါက ဒေါသထွက်ရုံ မှော်ဝင်ရုံနဲ့ မရဘူး သမာဓိပါရမှ ပီးတာ” လို့ ပြောပြန်ပါတယ်။

“မင်း မပြီးဘူးဆိုတာ ၀န်ခံရင် လွှတ်ပေးမယ်”

ပြောပေမယ့် သူက အဲဒီ လိုတော့ လုံး၀၀န်မခံဘူး။

ဒီတော့ ကျွန်တော် လည်း သူ့ကို ဆက်ချုပ်ထားတယ်။ ကြာတော့ နှစ် ယောက် စလုံး ချွေးတွေ ရွှဲပြီး မောနေပြီ။

“အန်တီရေ … လာပါဦး … ဒီမှာ ကျွန်တော့် ကို နှိပ်စက်နေတယ်ဗျို့”

လို့ သူအသံကုန်ဟစ်ပြီး အော်တိုင်လို့ အမေရောက်လာမှ ထိုကစားပွဲ အဆုံးသတ်ပါတယ်။ အမေရောက်လာလို့ သူ့ကို ကျွန်တော် လွှတ်ပေးလိုက် တော့ အမေ့အနား ပြေးသွားပြီး -

“ဒီကောင် ဦးနှောက်မမှန်ဘူး အန်တီ။ သူ့ကို ဆေးလေးဘာလေးတိုက်လိုက်ဦး။ ကိုယ့်ကို ပညာလာသင်ပေးနေတဲ့ သူငယ်ချင်းကိုကျတော့ လုပ်တယ်။ ဟိုညက ရန် ဖြစ်တော့ သူ့ကိုထိုးတဲ့ လူတွေ ကိုကျ ပြန်မလုပ်ဘူး။ အဲဒီ လောက်သန်နေသားနဲ့ ခံလာရတယ်။ သူတော် ကောင်းကို ပြစ်မှားလို့ သူအဲဒီ လို ခံရတာ ”

လို့ ပွစိပွစိ ပြောနေတယ်။ ပြီးတော့ ကျွန်တော့် ကို အသာလေးမျက်လုံးစွေကြည့်ပြီး -

“အန်တီ အ၀တ်ချုပ်တဲ့အပ်ကို သူယူဆော့နေတယ်။ ပြန်သိမ်းသွားလိုက်ပါ” တဲ့။

လူလည်တော့လူလည်ပဲ။ ဒါပေမယ့် …

******


နောက်တစ်နေ့မနက်စောစော ကျွန်တော့် အိမ်ကို သူရောက်လာပြီး အပြင်ထွက်မုန့်စားဖို့ လာခေါ်တယ်။ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက် မုန့်စားရင်း သူဟာ ဆယ်တန်းကို လုံးဝ ခိုးမချဘဲ အရည်အချင်းအစစ်အမှန်နဲ့ နှစ် ချင်းပေါက် အောင်မြင်ခဲ့ကြောင်း၊ ရန်ကုန်မှာ စီးပွားရေး တက္ကသိုလ် သွားတက်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုနှစ် ကျောင်းသွားမတက်ဘူးလား၊ ကျောင်းပိတ်လို့ ခဏပြန်လာတာလား မေးတော့ သူ မျက်နှာပျက်သွားတယ်။ ဒါပေမယ့် သူ့ဓလေ့အတိုင်း မကြာဘူး။ ခဏအတွင်း အသွင်နဲ့တကွ စကား လမ်းကြောင်းကိုပါ ပြောင်းပစ်တယ်။ မုန့်က စားလို့ကောင်းတဲ့အကြောင်း၊ လက်ဖက်ရည်ဆို ချိုမှ ကြိုက်တဲ့အကြောင်း ပြောပြီး မုန့်တွေ တစ်ခုပြီးတစ်ခု စားလိုက်၊ လက်ဖက်ရည် တစ်ခွက် ကုန်တော့ နောက်တစ်ခွက်မှာ သောက်လိုက် လုပ်ပါတယ်။

မုန့်အများ ကြီး စားသူတွေ မြင်ဖူးပေမယ့် လက်ဖက်ရည်ကို တစ်ထိုင်တည်း တစ်ခွက်မက မှာ သောက်သူဆိုတာ ရှားတာမို့ အံ့သြမိတာပေါ့။ အဲဒီ အချိန်လောက်က ကျွန်တော် မှတ်မှတ်ထင်ထင် သတိပြုမိနေပါပြီ။

သူက လူငယ်အများ စုလို လက်ဖက်ရည်ဆိုင်လည်း ကြာကြာမထိုင်ဘူး။ ဗိုက်ကားအောင် စားသောက်ပြီးတာနဲ့ အမြန်ခေါ်ရှင်းပြီး ထထွက်တာပဲ။ အဲဒီ နေ့ သူ့အင်္ကျီအိတ်ထဲမှာ ငါးရာတန်တွေ က အထပ်လိုက်ပဲ။

လက်ဖက်ရည်ဆိုင်က ထွက်တော့ စက်ဘီး လျှောက်စီးကြမယ်လို့ ပြောပါတယ်။ သူဟာ အဲဒီ လို လမ်းပေါ်မှာ စက်ဘီးလျှောက်စီးရတာ ကိုတော့ တော် တော် သဘောကျပုံပါပဲ။ စက်ဘီးလျှောက် စီးနေရင်း သူ့မျက်နှာကြီး ရှုံ့မဲ့လာပြီး အိမ်သာတက်ချင်တယ်ကွာလို့ ညည်းတွားပါတယ်။ သူဟာ တခြားအိမ်သာတွေ မှာ မတတ်တတ်တာကြောင့် သူ့အိမ်ကိုပဲ ပြန်မယ့်အကြောင်း၊ ကျွန်တော့် ကိုလည်း သူ့အိမ်ရောက်ဖူးအောင်လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ဒီလိုနဲ့ သူ့အိမ်ကို သွားကောပေါ့။

လမ်းမှာ သူပြောတယ်။ သူ့မှာ အစ်မ တစ်ယောက် ရှိကြောင်း၊ မင်းသမီး ဆုရွှန်းလဲ့နဲ့တူကြောင်း၊ ဆုရွှန်းလဲ့ထက်ပင် ပို၍ ချစ်ဖို့ကောင်းကြောင်း၊ အဲဒီ အစ်မအလှကြောင့် အိမ်ကို ဘယ်ယောက်ျားလေး သူငယ်ချင်းမှ မခေါ်ကြောင်း၊ ကျွန်တော့် ကို အင်မတန် သံယောဇဉ်ကြီးလွန်းလို့ ယုံကြည်စိတ်ချရလို့ ခေါ်တာ ဖြစ်ကြောင်း ကျွန်တော် ဟာလည်း သူ့အစ်မကို မြင်ရင် သေချာပေါက်ကြိုက်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အိမ်ကိုရောက်တဲ့အခါ သူ့အစ်မကို လုံးဝမကြည့်ဖို့ အထပ်ထပ်အခါခါ အထူးသတိပေးတားမြစ်ပါတယ်။

သူတို့အိမ်ရဲ့ အနေအထားနဲ့ အလုပ်အကိုင်အရပြောရရင် လူလတ်တန်းစားစာရင်း ကောင်းကောင်းကြီး ၀င်ပါတယ်။ သူတို့အိမ်ရှေ့ရောက်တော့ သူဟာ ကပျာကသီ ကျွန်တော့် မျက်မှန် ကို ဆတ်ခနဲ လာဖြုတ်ယူသွားတယ်။

“မင်း အဲ့ဒါ ဘာလုပ်တာလဲ” မေးတော့ -

“မျက်မှန်ဖြုတ်ထားရင် မင်းက မမြင်ရတော့ဘူးမလား ဟဲ … ဟဲ။ ငါ့အစ်မကို မင်းကြည့်မှာ စိုးလို့ကွ။ အိမ်ကထွက်မှ မျက်မှန်ပြန်ပေးမယ်”

လို့ပြောပါတယ်။

“စိတ်မဆိုးပါနဲ့ သူငယ်ချင်းရယ်။ မ ဖြစ်သင့် မ ဖြစ်အပ်တာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ”

ဆိုပြီး တဖွဖွလည်း တောင်းပန်တယ်။ ဒါတင် ဘယ်ကမလဲ။

“ငါအိမ်သာတက်နေတုန်း မင်း အိမ်ရှေ့မှာ ပဲ နေ။ အိမ်ထဲ မ၀င်နဲ့”

လို့ ပြောတဲ့အပြင် ကျွန်တော့် မျက်နှာကိုတောင် အိမ်ဘက် မလှည့်ခိုင်းဘဲ ခေါင်းကို သူ ကိုယ်တိုင်ကိုင်ပြီး လမ်းမဘက် လှည့်ကြည့်နေစေပါတယ်။

“အိမ်ထဲဘက် လုံးဝလှည့်မကြည့်နဲ့နော်”

လို့လည်း တတွတ်တွတ် မှာ တယ်။ ကျွန်တော့် မှာ အောင့်သက်သက်နဲ့။ သူအိမ်သာတက်ပြီး ပြန်ထွက်လာမှ ကျွန်တော့် လက်ကို ဆွဲတွဲ ပြီး သူတို့အိမ်ထဲ ရောက်ဖူးအောင်ဆိုပြီး ခေါ်တယ်။ အိမ်ထဲ ရောက်တော့ -

“ဒါက စားပွဲ။ ဒါက ထိုင်ခုံ။ မင်းစိတ်နဲ့မှန်းပြီး ပုံဖော်ကြည့်ပေါ့ကွာ”

ဆိုပြီး အိမ်ထဲက ပစ္စည်းတွေ ကို လက်နဲ့ လိုက်ကိုင်ခိုင်းတယ်။ မျက်မှန်ကို တောင်းပေမယ့် ပြန်မပေးသေးဘူး။ ဒီကောင် တော် တော် ကြပ်တဲ့ကောင်ပဲလို့ ကျွန်တော့် စိတ်ထဲ တွေးနေ ဖြစ်တာ။ ကျွန်တော့် မျက်လုံးက လုံးလုံးလျားလျားကန်းနေတာ မဟုတ်တော့ ထင်သာမြင်သာတော့ ရှိပါသေး တယ်လေ။

“မင်းတို့အိမ်ကလည်း မှော င်လိုက်တာကွာ” ဆိုတော့ -

“ငါ တံခါးတွေ ကော မီးတွေ ကော ပိတ်ထားတာ” တဲ့။

ဟင် တော် တော် အကြံပက်စက်တဲ့ကောင်ပဲ။

အဲဒီ အချိန်မှာ ပဲ -

“မောင်လေး … နင် အပြင်ကပြန်လာပြီလား။ ထမင်းစားတော့မလား”

ဆိုတဲ့ အသံချိုကြည်အေးလေးကို ကြားလိုက်ရတယ်။

ကျွန်တော့် အာရုံကြောတွေ ဆတ်ခနဲ ဖြစ်သွားတယ်။

ခေါင်းကလည်း ငေါက်ခနဲပဲ။

ညွှန်းလွန်းလို့ စိတ်ဝင်စားနေပြီကိုး။ အသံလာရာဆီ ကြည့်မိတော့ သိပ်မဝေးတဲ့ လှေခါးတစ်ခု ပေါ်မှာ တွေ့ မြင်လိုက်ရတာ အပေါ်ထပ်မှ ဆင်းလာတဲ့ ခြေထောက် ဖွေးဖွေးလေးတစ်စုံ ထိုခြေထောက် ဖွေးဖွေးလေးတွေ ရဲ့ အထက်မှာ အရောင် ဖျော့ဖျော့ လုံချည်ဖျဉ်စလေးဟာ ယိမ်းနွဲ့ လှုပ်ခတ်လို့ …။

ဆက်လက်မြင်ရဖို့ မျှော်လင့်တကြီး စောင့်စားနေတုန်းမှာ ပဲ -

“အစ်မ … နင်မဆင်းလာနဲ့။ ခု ချက်ချင်း အပေါ်ပြန်တက်။ ခု ချက်ချင်း အပေါ်ပြန်တက်”

ထူးကြီးရဲ့ အော်ဟစ်တားမြစ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ရုတ်တရက် ကျွန်တော့် မျက်လုံးတွေ ဟာလည်း သူ့လက်နှစ် ဖက်နဲ့ အပိတ်ခံလိုက်ရတယ်။

“ဘာလို့လဲ မောင်လေးရဲ့ ”

ဆိုတဲ့ အသံချိုကြည်အေးလေး ကြားရတယ်။

“ဘာမှ ပြန်မမေးနဲ့။ အောက်ကို ဆင်းမလာနဲ့။ အိမ်အောက်မှာ နင့်အတွက် အန္တရာယ်ရှိလို့ ပြောနေတာ အိမ်ပေါ်မှာ ပဲနေ။ နောက်ငါးမိနစ်ကြာမှ ဆင်းလာ” ဆိုပြီး ထူးကြီးဟာ ကျွန်တော့် ကို အိမ်ထဲကနေ အတင်းဆွဲခေါ်ထုတ် သွားပါတယ်။

အိမ်ပြင်ရောက်မှ ကျွန်တော့် မျက်မှန်ကို ပြန်ပေးတယ်။ ဒါတောင် ‘အိမ်ထဲကို လုံးဝလှည့် မကြည့်နဲ့နော်’ တတွတ်တွတ်ပြောပြီး စက်ဘီးကို အမြန်ဆုံး နင်းထွက်ခိုင်းပါတယ်။ သူ့ဟာကျတော့ သိတတ်လိုက်တာ လွန်ပါရော။ စက်ဘီးလျှောက်စီးရင်း -

“မင်းအစ်မအသံလေးက သာယာလိုက်တာကွာ။ အသံလေးနဲ့တင် ငါတော့ စွဲလမ်းသွားပြီ။ မင်း ငါ့ကို ခင်တယ်ဆိုရင် မင်းအစ်မနဲ့ ပေးစားပါလားကွာ”

လို့ ကျွန်တော် ပြောတော့ ထူးကြီး တရှူးရှူးနဲ့ စိတ်တိုပါတယ်။

“နားနှစ် ဖက်ကိုပါ ပိတ်မထားလိုက်မိတာ ငါမှားတာ” တဲ့။

စုတ်တသပ်သပ်နဲ့ ယူကြုံးမရသလို ရှုံ့မဲ့မဲ့ကြီး ညည်းတွားနေလေရဲ့ ။

******


အဲဒီ ခေတ်တုန်းက လူငယ်တွေ ကြားမှာ လက်ကိုင်ဖုန်းတွေ ၊ အင်တာနက်အသုံးပြုမှု တွေ ယခုလို တွင် တွင် ကျယ်ကျယ် ခေတ်မစားသေးဘူး။ ရပ်ဝေးက ဆက်သွယ်ချက်အနေနဲ့ ဆို Pan Friend ခေတ်လို့ ပြောရမှာ ပေါ့။ မဂ္ဂဇင်းစာမျက်နှာတွေ ထဲမှာ Pen Friend ကဏ္ဍမှာ ဓာတ်ပုံတွေ လိပ်စာတွေ ထည့်ကြ။ စာတိုက်ကနေတစ်ဆင့် တစ်ယောက် ကို တစ်ယောက် မိတ်ဆက်စာတွေ ရေး ပို့ ကြ။ ဓာတ်ပုံတွေ ဖလှယ်ကြတဲ့ခေတ်။

ကျွန်တော် လည်း Pen Friend တွေ ထား ဖြစ်ပါတယ်။ အဲဒီ တုန်းက စာတိုင်သွားပြီး စာလာမလာ မေးရတာ လည်း အလုပ်တစ်ခု။ စာတိုက်က လူတွေ နဲ့ တည့်အောင်ပေါင်း၊ စာပို့သမားကြီး ကို လက်ဖက်ရည်ဖိုးပေးပြီး ဖားရတာ လည်း အခါခါပဲ။

စာပို့သမားကြီးက စာတွေ ကို စုထားပြီး တစ်ပတ်မှာ တစ်ကြိမ်နှစ် ကြိမ်ပဲ လိုက်ပေးဝေလေ့ရှိတာ မို့ စောင့်ရတာ စိတ်မရှည်တဲ့ ကျွန်တော် ဟာ စာတိုက်ကို ကိုယ်တိုင်သွားပြီး ထုတ်ယူ ဖြစ်တာများ တယ်။ Pen Friend တွေ နဲ့ ပို့စာ ပြန်စာတွေ ရှိသလို၊ မဂ္ဂဇင်းတိုက်တွေ ဆီ စာမူပို့တာ အကြောင်းပြန်စာ မျှော်တာတွေ လည်း ရှိတာကိုး။

ကျွန်တော် စာတိုက်သွားတဲ့တစ်ရက် ထူးကြီးပါလာတယ်။ ကျွန်တော့် အမည် နဲ့ လိပ်စာရေး ထိုး ထားတဲ့ စာအိတ်တွေ ကို မြင်တော့ မေးတဲ့အခါ Pen Friend လောက အကြောင်း ကျွန်တော် ပြောပြ ဖြစ်တယ်ပေါ့။ ဒီတော့ သူကလည်း Pen Friend တွေ ထားချင်တယ် ဖြစ်ကော။

ကျွန်တော် လည်း ကျွန်တော့် ရဲ့ Pen Friend လိပ်စာတွေ ပေးပြီး သူ့ကို စာရေး ပို့စေခဲ့ပါတယ်။ ယောက်ျားလေး လိပ်စာတွေ ကျ သူက မယူဘူး။ မိန်းကလေးတွေ လိပ်စာပဲ တောင်းတယ်။ ဒါတောင် ချောမှလှမှတဲ့။ ကျွန်တော့် ဆီက ဓာတ်ပုံတွေ အရင်တောင်းကြည့်သေးတယ်။ သူသဘောကျတဲ့ လိပ်စာပဲ ယူတယ်။

ထူးကြီး အားတက်သရော စာတွေ ပို့တယ်။ ပြီးတော့ ထုံးစံအတိုင်း ပြန်စာကို မျှော်တယ်ပေါ့။ သူ ဘာတွေ ဘယ်လိုပို့သလဲဆိုတာ ကျွန်တော် မမေးခဲ့သလို သူကလည်း မပြောပြခဲ့ဘူး။ စာအိတ်လှလှလေးတွေ အများ ကြီးဝယ်တာတော့ မြင်လိုက်တယ်။

စာတိုက်ကို အတူသွားတဲ့အခါ ကျွန်တော့် စာတွေ ပါလာပေမယ့် သူ့အတွက် ပြန်စာတွေ ကတော့ မရခဲ့ဘူး။ ရင်းနှီးနေပြီ ဖြစ်တဲ့ စာပို့သမားကြီးက တစ်ခါတရံ လမ်းမှာ ကျွန်တော့်ကို တွေ့ တဲ့ အခါ စာတွေ ခေါ်ပေးတယ်။ အဲဒီ အခါ ထူးကြီးက သူ့အတွက် စာကော မပါဘူးလားလို့ စာပို့သမားကြီး ကို မေးတယ်။ မပါကြောင်း သိရတော့ သူ မျက်နှာမကောင်းဘူး။

“မင်းက ဘယ်လိုတွေ ရေး ပို့လိုက်တာလဲ။ ငါ့ကိုပြောစမ်းပါဦး” လို့ ကျွန်တော် မေးမိတော့မှ သူက ပြန်ပြောပြတယ်။

“ငါ့ဘက်က ဒီလိုစာစရေး လိုက်လို့ သိပ်မာန်မတက်နဲ့။ နင့်အနေနဲ့ ငါလိုလူနဲ့ ပတ်သက်ခွင့် ရတာ အင်မတန် ဂုဏ်တက်တယ်။ နင့်ပုံကို မြင်တော့ ကြိုက်လို့ ငါစာရေး လိုက်တာ။ နင်လည်း ငါ့ကို ကြိုက်ရင် စာပြန်ပါ။ တို့တွေ ရည်းစားတွေ လုပ်ကြမယ်” ဆိုပြီး ဓာတ်ပုံပါ ထည့်ပေးလိုက် တယ်တဲ့။

အမလေးလေး … ကောင်းရောဗျာ …။ ရှင်းချက် …။ ဝေ့၀ိုက်မနေဘူး။ လိုရင်းကို ဒက်ခနဲပဲ။

“အကုန်လုံးကို အဲဒီ အတိုင်း ရေး ပို့လိုက်တာလား”

ဆိုတော့ -

“ဟုတ်တယ်။ ကူးရေး ရမှာ ပျင်းတာနဲ့ တစ်စောင်ရေး ပြီးတော့ မိတ္တူတွေ ဆွဲပြီး အကုန်လုံးကို အဲဒီ လို ပို့လိုက်တာ” တဲ့။

ပြတ်ကရော …။ ထူးကြီးက အဲလို ..။

ဒီကြားကာလမှာ သူပအိမ်ကို ကျွန်တော် ထပ်မံရောက် ဖြစ်တာတွေ ရှိပေမယ့် သူ့အစ်မကို သေချာမြင်တွေ့ ခွင့်မရခဲ့ပါဘူး။ ရိုးတိုးရိပ်တိတ်သာ မြင်ခွင့်ရခဲ့တယ်။ ကျွန်တော် ပါလာတာနဲ့ ထူးကြီးက သူ့အစ်မကို ဖွက်တော့တာပဲ။ ထူးကြီးရဲ့ အစ်ကိုနဲ့ ထူးကြီးအဖေဟာ မျက်နှာထားတင်းမာပြီး ထူးကြီးလိုပဲ နှုတ်ခမ်းမွေးကားကားကြီးတွေ နဲ့ အကြည့်တွေ ကလည်း စိမ်းစိမ်းကြီးတွေ ။ သူ့အမေက တော့ ခပ်အေးအေးပါပဲ။

တစ်ရက်တော့ ထူးကြီး ကျွန်တော့်ကို ဖွင့်ပြောတယ်။

“ယောက်ျားချင်း ဖြစ်တဲ့ ငါတောင် မင်းကို ဒီလောက်ခင်နေရင် … မိန်းမသား ဖြစ်တဲ့ ငါ့အစ်မသာ မင်းကိုမြင်သွားရင် မဖွယ်မရာတွေ ဖြစ်ကုန်မှာ စိုးလို့ပါကွာ” တဲ့။

ဒါကိုလည်း ကျွန်တော် က သူစနေတယ်ပဲ သတ်မှတ်ခဲ့တာပါ။ အဲဒီ ရက်ပိုင်း ထူးကြီးနဲ့ကျွန်တော် တပူးပူးတတွဲ တွဲ ပေါ့။

******


Pen Friend တွေ ထဲမှာ ကျွန်တော့် အတွက် ထူးခြားတဲ့ ငြိတွယ်မှု တစ်ခု ရှိပါတယ်။ အဲဒီ တုန်းက မဂ္ဂဇင်းတစ်စောင်ရဲ့ ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ ကျွန်တော့် ဓာတ်ပုံ ရွေးချယ်ဖော်ပြခံရတယ်။ Pen Friend ကဏ္ဍတစ်ခုမှာ လည်း ကျွန်တော့် ဓာတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တချို့ ပါဝင် ဖြစ်ခဲ့ တယ်။ ကျွန်တော့် လက်ရာ စာမူလေးတွေ လည်း မဂ္ဂဇင်းတစ်ချို့ပေါ် တက်ရောက်ခွင့်ရနေပြီ။

အ ဖြစ်က ကျွန်တော့ဆီကို မိတ်ဖွဲ့စာတစ်စောင်ရောက်လာခဲ့တာပါ။ မိတ်ဖွဲ့စာဆိုတာထက် ခပ်တင်းတင်းလေး ခနဲ့ပြီး အဝေးကနေ လှမ်းဖဲ့လိုက်တာပါပဲ။ စာလွှာရဲ့ နိဒါန်းက -

“ခင်ဗျားက ရုပ်ဆိုးလို့ ခုလို စာရေး ချင်စိတ် ဖြစ်လာတာ”

ဆိုပဲ။

နောက်ဆက်တွဲ အကြောင်းအရာတွေ ကတော့ ကျွန်တော် က စကိတ်စီးဝါသနာပါကြောင်း မဂ္ဂဇင်းစာမျက်နှာမှာ ပါရှိတော့ သူဟာလည်း စကိတ်စီးခြင်းကို ရင်ခုန်နှစ် ခြိုက်ကြောင်း၊ ဒါပေမယ့် စကိတ်ကွင်းမှာ တစ်ခါသွားစီးတာ ဒူးပြဲသွားခဲ့ကြောင်း၊ သူက ဘုတ်စကိတ်စီးဖူးတာ ဖြစ်ပြီး ကျွန်တော် က ဘယ်လိုစကိတ် အမျိုးအစား စီးလေ့ရှိသလဲဆိုတာတွေ မေးတာပေါ့လေ။

ကျွန်တော် တွေးလိုက်မိတယ်။ ဒီစာလွှာပိုင်ရှင်ဟာ အသွင်ကွဲစွာ သူ့ကို ရှုမြင်သတိပြုမိစေချင် လို့ ယခုလို ခနဲ့တဲ့တဲ့လေးနဲ့ စဖွင့်လိုက်တာပဲ ဆိုပြီးတော့ပေါ့။ အဲဒီ လိုတွေးမိပါလျက်နဲ့ပဲ မသိမ်မွေ့ပေမယ့် မရိုင်းစိုင်းသလို သစ်လွင်တဲ့အရေး အသားတွေ ကို သဘောကျတာကြောင့် ကျွန်တော် စာပြန် ဖြစ်ခဲ့ပါတယ်။

ကျွန်တော် ကလည်း မထိတထိလေး ပြန်ဖဲ့တာပေါ့။ ဒါကို သူကလည်း စိတ်မဆိုးဘူး။ ပညာသား ပါပါ ပြန်ထည့်တယ်။

ဒီလိုနဲ့ အပြန်အလှန် စာလွှာပေးပို့မှု ငါးကြိမ်လောက်တိုင်ခဲ့သည်အထိ သူဟာ ယောက်ျားလေး လား မိန်းကလေးလားဆိုတာ ကျွန်တော် မသိသေးပါဘူး။ သိချင်ပေမယ့်လည်း မမေးဘူး။ တစ်ချိန်ချိန် တော့ သိခွင့်ရမှာ ပဲလို့ ယုံကြည်နေမိခဲ့တယ်။

သူစာရေး တဲ့အခါ ကျွန်တော့် ကို ခင်ဗျားလို့ သုံးနှုန်းပြီး သူ့ကိုယ်သူတော့ ကျွန်တော် လို့ပဲ သုံးလေ့ရှိတယ်။ သူ့အမည် ကလည်း ယောက်ျား မိန်းမခွဲခြားရခက်စေတဲ့ တစ်လုံးတည်းသော ခပ်လန်း လန်း အမည် လေးတစ်ခုပါပဲ။

သူ့ရဲ့ စာလွှာတွေ ဟာ လက်ရေး လက်သား၊ စကားလုံးအသုံးအနှုန်း၊ ရေး သားတင်ပြပုံ၊ အသုံးပြု တဲ့ စာရွက်စာအိတ်တွေ ကအစ တခြားသူတွေ နဲ့ မတူစွာ သစ်ဆန်းတာကြောင့် တဖြည်းဖြည်းနဲ့ သူဟာ ကျွန်တော့် အတွက် အထင်ကရ အမှတ်အသားတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

သူဟာ မိန်းကလေး တစ်ယောက် လို့လည်း ကျွန်တော် ခံစားလာရတယ်။ ဒီအထင်ဟာ ကိုယ့်စိတ်နဲ့ သက်ဆိုင်သလို စာအရေး အသား အငွေ့အသက်တွေ ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော် တို့ ခင်မင်သွားတဲ့အခါမှာ သိလာရတာ က သူဟာ ကျွန်တော့် ထက် တစ်ရက်၊ တစ်လ၊ တစ်နှစ် တိတိကျကျကြီးကို ငယ်ပါတယ်။ ဒါကြောင့် ပဲ သူ့ကို ကျွန်တော် က ထက်ငယ်လို့ ခေါ်ပါရဲ့ ။ သူ ကတော့ ကျွန်တော့် ကို သားသားလေးလို့ ခေါ်တယ်။ ဘာလို့ အဲလို ကင်ပွန်းတပ်တာလဲ မေးတော့ “မသိဘူး။ အဲလိုခေါ်ချင်လို့” ဟုပဲ ပြောပါတယ်။

သူ့မွေးနေ့ဟာ ချစ်သူများ နေ့လို့ အသတ်အမှတ်ခံရတဲ့ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ပါ။ ဒါတွေ ဟာ သူနဲ့ပတ်သက်ရင် ကျွန်တော် အမြဲအမှတ်ရနေမယ့် စွဲလမ်းစေသော သင်္ကေတတွေ ပါပဲ။

ဒီလိုနဲ့ ဖုန်းနံပါတ်ေါ ဖလှယ်ပြီးတဲ့နောက် တစ်ညမှာ သူကျွန်တော့် ဆီ ဖုန်းဆက်တယ်။

အဲဒီ တုန်းက ကျွန်တော် တို့မြို့မှာ အော်တိုဖုန်းတွေ မရသေးဘူး။ မြို့ရဲ့ အိတ်ချိန်းနံပါတ်ကို ခေါ်ပြီး ပြောချင်တဲ့ လိုင်းခွဲနံပါတ်ကို လွှဲခိုင်းရတာ ။ ကျွန်တော် တို့ အိမ်ဖုန်းကလည်း အဲဒီ လို လိုင်းခွဲဖုန်း ပဲပေါ့။ ကိုယ့်ဘက်ကခေါ်ချင်ရင်လည်း အိတ်ချိန်ကို ခေါ်ပြီး ပြောချင်တဲ့နံပါတ်ကို ခေါ်ခိုင်းရတာ ။ အိတ်ချိန်ဖုန်းဟာ မအားတာ များ သလို လိုင်းကလည်း ကြပ်တာမို့ အဝေးဖုန်းတစ်ခါပြောရရင် အရမ်း ခက်ခဲပဲ။ အဲဒီ အချိန်တုန်းက GSM ဖုန်းတစ်လုံးကို အပြင်ပေါက်ဈေး သိန်းလေးဆယ်ဝန်းကျင် ရှိတယ်။ ဒါတောင် အလွယ်တကူဝယ်လို့မရဘူး။

အဲဒီ ညက သူက သူ့သူငယ်ချင်း တစ်ယောက် ရဲ့ ဖုန်းနဲ့ဆက်တာ။ ဖုန်းလိုင်းက မကောင်းတော့ ကျသွားလိုက်၊ သူ့ဘက်က ပြန်ခေါ်လိုက်နဲ့ ခဏခဏပါပဲ။ ဒါတောင် သေချာစကားမပြောလိုက်ရဘူး။ ဒါပေမယ့် သူဟာ မိန်းကလေး တစ်ယောက် ဖြစ်တယ်ဆိုတာရယ်၊ သူ့အသံဟာ အင်မတန် စွဲဆောင်မှု ရှိတယ်ဆိုတာတော့ ကျွန်တော် သေချာစွာ သိခွင့်ရခဲ့ပါတယ်။ အဲဒီ တုန်းက သူနဲ့ ဖုန်းပြောနေချိန်မှာ ကော ဖုန်းပြောပြီးသွားတော့ကော ကျွန်တော့် ရင်တွေ တဒိန်းဒိန်းခုန်နေတာ ခုပြန်သတိရမိတော့ ပြုံး ဖြစ်တယ်။ သူ့အသံက အဲဒီ တုန်းက ခေတ်စားတဲ့ အဆိုတော် တစ်ယောက် ရဲ့ အသံနဲ့ ဆင်တယ်။

ဖုန်းပြောပြီးတဲ့နောက် ကျွန်တော် တို့ရဲ့ ရင်းနှီးမှု ဟာ ပိုကြီးထွားလာသလိုပဲ။ သူမရဲ့ ဖခင် ဖြစ်သူ ဆုံးပါးသွားပြီဆိုတာရယ်၊ သူမမှ အစ်မနှစ် ယောက် အစ်ကို တစ်ယောက် ၊ အမြွာညီမ တစ်ယောက် ရှိတာ ပါ ကျွန်တော် သိခွင့်ရနေပါပြီ။ ကျွန်တော် တို့သိကျွမ်းပြီး သိပ်မကြာခင်မှာ ပဲ အရာရှိတစ်ဦး ဖြစ်တဲ့ သူ့မိခင်က ဖုန်းတစ်လုံးကိုင်နေပြီ။ ဒီတော့ ရုံးပိတ်ရက်တွေ ညဘက်တွေ ဆို သူ့အမေဖုန်းကို ဆက်လို့ ရတယ်။ ကျန်အချိန်တွေ ဆိုရင်တော့ အငှားဖုန်းကနေ ပြောရတာ ပေါ့။

သူမဟာ ကျွန်တော့် အိမ်အကြောင်းကို သိပ်မမေးသလို သိပ်မစပ်စုတတ်တဲ့ ကောင်မလေး တစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတစ်ခါ သူစိတ်ပါရင်တော့ စကားတေါ အများ ကြီးပြောနေတတ်တယ်။ ကျွန်တော် ကလည်း အဲဒီ ကတည်းက သူပြောချင်တာပြောနေတာကို နားထောင်ဖို့သက်သက်ဘဲ ဖုန်းဆက် ဖြစ်ခဲ့ပါတယ်။ သူနဲ့ ဖုန်းပြောဖို့အရေး ကျွန်တော့် မှာ မုန့်ဖိုးလေးတွေ စုပြီး အိတ်ချိန်းပြေး ရတာ လည်း မမောစတမ်းပါပဲ။ ကိုယ့်အိမ်ကနေဆို ကောင်းကောင်းမှ မပြောရပဲကိုး။

မကြာခဏ ဖုန်းပြော ဖြစ်နေကြပြီဆိုပေမယ့် ကျွန်တော် တို့နှစ် ယောက် လုံး စာလွှာလေးတွေ ကို သစ္စာမပျက်ဘဲ အရင်လို အပြန်အလှန် ပုံမှန်ရေး ပို့ ဖြစ်နေကြတုန်းပါပဲ။ အဲဒီ ကာလအထိ သူမရုပ်သွင်ကို ကျွန်တော် မမြင်မတွေ့ ဖူးသေးပါဘူး။

******


ဝန်ဇင်းချစ်သူများ လင်းညို့သွေး ၏ “ သို့ .... ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရည်းစားရဲ့ ရည်းစား

ဂျစ်ပစီသင်ခန်းစာ

ကြိုး