
(နိဒါန်း)
နိုဝင်ဘာလ၏ ပထဦးဆုံးသော နေ့ရက်တွင် ဖြစ်သည်။ ကြယ်စုံခနေသော ညမှာ ကျွန်တော် နှင့် သူမ စကားပြော ဖြစ်ကြပါသည်။
``ဟဲ့... နင် ငါ့ကို စဉ်းစားခိုင်ထားတဲ့ကိစ္စလေ၊ အဲဒါ ငါ ဇာတ်ကောင်နာမည် ရပြီ´´
``ပြောကြည့်ပါဦး´´
``ငါပြောရင် နင် ရီမှာ ဟ.... အဟင်း....´´
နင်ရီမှာ ဆိုပြီး သူမက ရယ်နေပြန်သည်။ သူမနှင့် ကျွန်တော့် အကြောင်ကို ၀တ္ထုအ ဖြစ်ရေး ရန်အတွက် သူမက ဇာတ်ကောင်နာမည် (ယောက်ျားလေးအမည် ) ရွေးချယ်ခိုင်းထားခြင်း ဖြစ်သည်။ အခု သူမက ရပြီဆိုတော့ ကျွန်တော် သိချင် သွားပါသည်။
``နင်ကလည်း ပဲပိမနေစမ်းပါနဲ့ဟာ။ ပြောမှာ သာ ပြောစမ်းပါ´´
``ပဲပိနေတာ မဟုတ်ပါဘူးဟယ်၊ ငါပြောရင် နင်ရီမှာ စိုးလို့ပါဆို´´
``ရီစရာဆိုရင်တော့ ရီမှာ ပေါ့ဟ´´
``အဲဒါဆိုတော် ပြီ၊ ရီမှာ ဆိုရင်တော့ မပြောတော့ဘူး´´
သူမက အနုနည်းနှင့် ပါးပါးလေအကြပ်ကိုင်သည်။ ဒီတော့လည်း ကျွန်တော် မနေနိုင်ပါ။
``ဒါဆိုလည်း မရီဘူးကွာ၊ Promise !!! ကဲ... ပြော´´
ကျွန်တော် ကတိပေးလိုက်တော့မှ သူမ ကျေနပ်သွားပုံရသည်။ မချိုမချဉ်လေသံလေးနှင့်
``ငါက နာမည် ကို တစ်လုံးတည်းပေးထားတာဟာ... အဟဲ...´´
``ဘာတဲ့လဲ´´
``ဟိုလေ လိုင်း´´
``ဘာ´´
``လိုင်း´´
``ဘယ်လို´´
``လိုင်းပါဆို´´
``အာ...´´
ကျွန်တော် အတော် အတန် နားရှုပ်ထွေး သွားပါသည်။
``နင့်ဥစ္စာ ဘာလဲဟ။ အင်္ဂလိပ်နာမည် လား´´
``မဟုတ်ဘူး။ မြန်မာနာမည် ´´
``ဒါဆို ဘယ်လိုလိုင်းတာလဲ၊ L...i...n...e... ဆိုတဲ့ လိုင်းကို ပြောတာလား´´
``ဘယ်ကလာ အဲဒါဆို မျဉ်းကြောင်းကြီး ဖြစ်နေမှာ ပေါ့ဟ၊ ငါ ပြောတာက အဲလိုမဟုတ်ဘူးဟာ၊ ဟိုလေ လဟထိုးလုံးကြီးတင် တစ်ချောင်းငင်ငသတ်လိုင် ၀စ္စနှစ် လုံးပေါက် လိုင်း ဆိုတဲ့ လိုင်းကိုပြောတာ´´
``သြော် ဒီလိုလား ဘာများ လဲလို့ အဟိ... အဟား....ဟား...´´
ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ ကျွန်တော် ထရယ်လိုက်မိ၏ ။ ထိုအခါ သူက စူးကောက်ကောက်လေး ဖြစ်သွားသည်။
``ငနာလေး။ နင်ကတိမတည်ဘူး မရီဘူးဆိုပြီး ရယ်တယ်´´
``ရီမှာ ပေါ့ဟ၊ နင်ပြောတာက အဟား... အဟား....´´
``တော် ဟာ မရီနဲ့တော့။ စကားအကောင်းပြောမယ်´´
ကျွန်တော် ရယ်ချင်စိတ်ကို ချုပ်တည်းပစ်လိုက်ရသည်။ အဲဒီ လိုပါပဲ သူမက အချို့စကားလုံးတွေ ပြောရာမှာ မပီသူလေး ဖြစ်၏ ။
``ဒီလိုဆို နင်ပြောတာက ပင်လယ်ကမ်းစပ်က ရေလှိုင်းတွေ ကို ခေါ်သလို လှိုင်းလို့ ပြောတာပေါ့။ ဟုတ်လား´´
``ဟုတ်တယ်။ အဲဒီ လိုမျိုး နင်ပြောသလိုပဲဟား လိုင်း လိုင်း အင်းပါ ငါသိပါပြီ။ အဲလိုဆို ငါက ၀တ္ထုရေး ရင် အဲဒီ နာမည် ကို ပေးရမှာ ပေါ့လေ´´
``အေးလေဟာ´´
ကျွန်တော် သေချာစီစစ်ကြည့်တော့ ထိုနာမည် အပေါ် ဘ၀င်မကျ ဖြစ်သွားမိသည်။
``အဲဒီ နာမည် က မိန်းမဆန်တယ်ဟ။ ကောင်မလေးကိုပေးမှ ကောင်းမှာ ပေါ့´´
``နင်ကလည်း မိန်းမကိုပေးလို့ ဘယ် ဖြစ်မလဲ။ နင်စဉ်းစားကြည့်စမ်း လိုင်းတဲ့။ တစ်လုံးတည်းနဲ့ ဘယ်လောက်မိုက်သလဲဆိုတာ´´
``ဘယ်လောက်မှ မမိုက်ပါဘူးဟာ´´
``ဘာ ဘာပြောတယ်။ နင်က ငါပေးတဲ့နာမည် ကို မမိုက်ဘူးလို့ ပြောတယ်ပေါ့လေ ဟုတ်လား၊ တော် ပြီ ဒါဆို ငါ့အကြောင်းတွေ ကို နင်မရေး ရဘူး´´
``အဲ´´
သူမ နှာကစ်သွားသည်။ မရမကတောင်းထားသော ခွင့်ပြုချက်ကလေး ရုတ်သိမ်းခံလိုက်ရသဖြင့် ကျွန်တော် လည်း ပြာသွားရသည်။
``နင်ကလည်းဟာ အဲလိုတော့ မလုပ်ပါနဲ့။ ငါတို့အ ဖြစ်ကို ငါရေး ချင်လို့ပါ ဟာနော်´´
``ဒါဆို နာမည် ကို လိုင်းလို့ပဲ ရေး ရမယ်။ ဘယ်လိုလဲ´´
``အေးဟာ လိုင်းလို့လဲ အဲ လှိုင်းလို့ပဲ ရေး ပါမယ်´´
ရေး ချင်ဇောထက်သန်နေသော ကျွန်တော် ဟာ သူမဆန္ဒကို လက်ခံလိုက်ရသည်။
``ဒီလိုဆို ၀တ္ထုရေး ရင် ငါ့နာမည် က လဟထိုးလုံးကြီးတင် တစ်ချောင်းငင် ငသတ်လှိုင် ရှေ့ကအပေါက်ကြီးနဲ့ လှိုင်း´´
``အေး ဟုတ်တယ်။ နင့်နာမည် က လဟထိုးလုံးကြီးတင် တစ်ချောင်းငင် ငသတ်လှိုင် ရှေ့ကအပေါက်ကြီးနဲ့ လိုင်း´´
``ဟား... ဟား... ပီလည်းမပီဘဲနဲ့ သူများ ပြောသလို လိုက်ပြောနေတယ်´´
``ငါ့ဘာသာငါပြောတာ မပီတော့ကော ဘာ ဖြစ်လဲ၊ ရှေ့က အပေါက်ကြီးနဲ့ လိုင်းရယ် နင်ဟာလေ ဂရေး ရ ၀ဆွဲရေး ၀နဲ့ အရမ်းဂွကျတာပဲ´´
သြော် အဲဒီ လိုတွေ ပေါ့နော်။
အထက်ပါအကြောင်းအရာများ သည် ကျွန်တော် တို့ ဇာတ်လမ်း၏ အစ မဟုတ်သလို အဆုံးလည်းမဟုတ်ပါ။ ဒီအရင်မှာ ဖြစ်ခဲ့တာတွေ ရှိသေးသလို ဒီနောက်မှာ ဖြစ်ပွားသွားတာတွေ လည်း အများ ကြီးရှိပါတယ်။
ထိုအကြောင်းအရာတွေ အားလုံးကို ဆယ်ကျော်သက်အရွယ် ချာတိတ် တစ်ယောက် က ဒဏ်ရာတွေ ကို အရင်းခံကာ ပြာလွင်သော ခရမ်းရင့်ရောင် ခံစားမှု များ အားကိုးဖြင့် မပီကလာပီကလာ ဖန်ဆင်းသီကုံး၍ ထုတ်ဖော်ပြရပါလျှင်
ကျေးဇူးပြု၍ နားဆင်ပါ။
ယခုအချိန်မှစတင်ကာ ကျွန်တော် ၏ အမည် မှာ လဟထိုးလုံးကြီးတင် တစ်ချောင်းငင်ငသတ်လှိုင် ရှေ့ကအပေါက်နဲ့လှိုင်း ဖြစ် သွားပါပြီခင်ဗျာ။
(ကျေနပ်တော့နော်)
စကားချပ်။ ။ဤအရာသည် မှတ်တမ်းမဟုတ် ဇာတ်လမ်းဝတ္ထုတစ်ပုဒ်သာ။
သို့ရာတွင် စစ်မှန်သော အလွမ်းများ တစ်ခမ်းတစ်နား ပါဝင်၏ ။
အခန်း (၁)
လ, မသာလို့ ည,မသာတာလား
ည, မသာလို့ လ,မသာတာလား
ခေါင်းရှုပ်ခံပြီး စဉ်းစားမနေလိုကြပါနှင့် ။
အချိန်က နေ့လည်ခင်း စစ်စစ်မြစ်မြစ်ကြီး ဖြစ်ပါသည်။
ထိုကဲ့သို့ လ,မသာသလို ညလည်းမဟုတ်သော နေ့လည်ခင်း စစ်စစ်မြစ်မြစ်ကြီးထဲမှာ ပင် ကျွန်တော့် နှလုံးသား၏ ကြမ္မာပြကွက်ကပင် ပေါက်ဖွားလာတာ ဖြစ်သည်။ ထိုနေ့၏ ရက်စွဲအား ဒိုင်ယာရီစာမျက်နှာပေါ်တွင် ရှာဖွေကြည့်သော အခါ စက်တင်ဘာလ၊ နှစ် ဆယ့်ကိုးရက်ဟု အတိအကျ သိရှိရ၏ ။
ထိုနေ့က ရန်ကုန်မြို့၏ မြေတစ်နေရာတွင် စိုက်ထူထားသော ကဖေးဆိုင်လေးတစ်ဆိုင်၌ ကော်ဖီတစ်ခွက်ကို အဖော်ပြု၍ ကျွန်တော် စာထိုင်ဖတ်နေပါသည်။ ဤအခိုက်မှာ ပဲ ရင်ခုန်သံပတ်ပျိုးက လှုပ်နှိုးဖို့ ၀င်ရောက်လာချေ၏ ။
``ဟယ်လို´´
ဂီတသံသဲ့သဲ့ကိုထွင်းဖောက်၍ ပေါ်ထွက်လာသော အသံကြောင့် မျက်မှန်ကို ပင့်တင်ပြီး ကျွန်တော် မော့ကြည့်လိုက်၏ ။ ထိုအခါ (ကျွန်တော့် လက်သုံးစကားအတိုင်းပြောရလျှင်) ရင်ခုန်ပေး၍ ရလောက်သော ကောင်မလေး တစ်ယောက် အား ကော်ဖီခွက်တစ်ခွက်ကို ကိုင်လျက်ဖြင့် တွေ့ ရသည်။
``ထိုင်မယ်နော်´´
``ထိုင်ချင်ရင်ထိုင်ပေါ့´´
``အဲ´´
ကျွန်တော် ၏ မချေမငံတုန့်ပြန်မှု ကြောင့် ကောင်မလေးအီသွားပုံရသည်။ သို့ရာတွင် ကျွန်တော့် ရှေ့ရှိထိုင်ခုံမှာ ခပ်ရဲရဲပင် ၀င်ထိုင်၏ ။
သူမက ယဉ်ကျေးစွာ ဖြင့် (ဒါမှမဟုတ်) ယဉ်ကျေးချင်ယောင်ဆောင်ပြီး ခွင့်တောင်းတာမှန်း ကျွန်တော် သိပါသည်။ သို့ငြား အခြားဝိုင်းလွတ်တွေ ရှိပါလျက်နှင့် ကျွန်တော့် ဝိုင်းကိုမှ တမင်ဝင်ထိုင်သော ကြောင့် ပါးပါးလေးတော့ ခေါင်းစားနေမိသည်။
ထိုခေါင်းစားမှု ကို တဖက်လူမသိစေရန် ဖုံးကွယ်သည့်အနေနှင့် ဖက်လက်စ စာအုပ်ဆီမှာ သာ ကျွန်တော် အကြည့်ကို ပို့ထားလိုက်၏ ။ (ထိုစရိုက်မျိုးက ယနေ့ခေတ်၏ လူငယ်မောင်မယ်တိုင်းလိုလိုမှာ ရှိတတ်ပါသည်)
``ဟဲ့ နင်ကလည်း လူမှု ရေး ခေါင်းပါးလိုက်တာလွန်ရော´´
စားပွဲခုံကိုပုတ်၍ ပြောလိုက်သော ကောင်မလေး၏ အသံစာစာလေးကြောင့် သူမကို ကျွန်တော် မော့ကြည့်လိုက်သည်။
``ငါက ဘာလူမှု ရေး ခေါင်းပါးလို့လဲ´´
``ဒီမှာ လေ ငါကစကားပြောချင်လို့ နင်ဝိုင်းလာထိုင်ပါတယ်။ နင်က စာအုပ်ကြီးဖတ်နေတယ်။ အဲဒါ လူမှု ရေး ခေါင်းပါးတာပေါ့ဟ´´
``ရော် ခက်ပြီ´´
ကျွန်တော့် မှာ ကိုယ့်ဘာသာနေရင်း အပြစ်မလွတ် ဖြစ်သွားရသည်။ သို့ပါသော်လည်း စာမျက်နှာအား မှတ်၍ စာအုပ်ကိုပင် ပိတ်ပစ်လိုက်ပါသည်။
``ကဲ ပြော။ ဘာပြောမှာ လဲ´´
``နင်ကလည်း အဲဒီ လို ပြေပြေလည်လည်လေး လုပ်စမ်းပါဟ။ ခုနကဖြင့် တစ်ဝိုင်းတည်းထိုင်ပြီး လူကိုအဖက်မတန်သလို အရေး မလုပ်ချင်သလိုနဲ့ ဟွန်း´´
``အေးပါ အဲဒါကို ထားလိုက်ပါတော့´´
``ထားပါတယ် ထားပါတယ်။ တစ်ကျပ်နဲ့ပဲထားလိုက်ပါ တယ်´´
``အေးပေါ့လေ မင်းကလည်း တစ်ကျပ်လောက်ပဲ တန်တာကြီးကိုး´´
``ဟာ ထည့်တယ်ဟေ့´´
သူမက လျှာလေးတစ်လစ်ထုတ်ပြီး ဇက်ကလေးပုပြသည်။ ထိုမြင်ကွင်းက ကော်ဖီတစ်ခွက်ထက်ပို၍ အရသာပြင်းနေသည်။
``နင်ကလည်းဟာ ဖဲ့လိုက်တာကို၊ ကိုယ့်ကို ခင်ချင်လို့ လာမိတဲ့လူကို ဒီလိုပဲ ဆက်ဆံရသလား´´
``ဘယ်လို နင်ကငါ့ကို ခင်ချင်လို့လာမိတ်ဖွဲ့တာ ဟုတ်လား´´
``ဟုတ်ပါတယ်ဆို´´
တအံ့တသြနှင့် ကျွန်တော် မေးတော့ သူမက လဲ့လဲ့လေးပြုံး၍ ဆက်ခနဲခေါင်းညိတ်ပြသည်။ စွဲမက်ဖွယ်ထိုအမူအယာမှာ ကြာတွေ အခိုင်လိုက်ပွင့်နေသည်ဟု ကျွန်တော် ထင်မိသည်။
``ဘယ်လိုလဲ ငါ့ကို နင့်ဘော်ဒါအ ဖြစ် လက်ခံမှာ လား´´
``ရပါတယ်။ ငါကလည်း ခင်တတ်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်´´
``ဘာလဲ´´
``ငါနဲ့ဘော်ဒါ ဖြစ်ဖို့အတွက် တခြားဘာမှမလိုအပ်ပေမယ့် ရိုးသားမှု တစ်ခုတော့ လိုတယ်။ နင့်ဘက်က ငါ့ကို ရိုးရိုးသားသားလာပတ်သက်တာဆိုရင်တော့ ငါတို့နှစ် ယောက် ဘော်ဒါတွေ ဖြစ်လို့ရပါတယ်´´
ကျွန်တော့် စကားကြောင့် ဖြစ်လိမ့်မည် ။ သူမမျက်နှာလေး အလှပျက်ရုံတမယ်မဲ့သွားသည်။
``အမယ်လေး ကြီးကျယ်လိုက်တာကို။ သူနဲ့ ခင်ရဖို့အရေး ကို စည်းကမ်းချက်တွေ က ထုတ်နေသေးတယ်´´
``ကြီးကျယ်တာမဟုတ်ဘူး။ ငါကခံထားရတာ လတ်လတ်ဆတ်ဆတ်ကြီးပဲရှိသေးလို့ ပြောနေရတာ ပါ´´
မကြာသေးခင်လပိုင်းလောက်ကမှ ကျွန်တော့် နှလုံးသား၏ သွေးခုန်နှုန်းကို ၀င်ရောက်စမ်းသပ်သူတွေ နှင့် ပတ်ပင်းရင်ဆိုင်ထားရတာ မို့ အားလုံးကို သတိထားမိနေတာ ဖြစ်ပါသည်။ ကောင်မလေး ကတော့ ချိုမြသော အပြုံးဖြင့် ပြောရှာသည်။
``ငါက နင့်ကိုသန့်သန့်လေးခင်တာပါဟာ။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းပါနဲ့´´
``အေးပါ ထားပါတော့ ထားပါတော့´´
``ထားပါတယ် ထားပါတယ်။ အဲ တစ်ကျပ်နဲ့ပဲ ထားပေးလိုက်ပါတယ်လို့တော့ မပြောတော့ဘူး။ တော် ကြာ တစ်ကျပ်လောက်ပဲ တန်တာလို့ အပြောခံနေရမှာ စိုးလို့ အဟဲ။ ငါ့မှာ တစ်သက်လုံး အဲဒီ စကားကို ပြောလာတာ။ နင်နဲ့ကျမှပဲ ခံရတော့တယ်။ အဟင်း... ဟင်း...´´
ကောင်မလေးက သူ့စကားသူသဘောကျပြီး ပါးစပ်ကလေးဟကာ ရယ်တော့သည်။ ထိုအခါ ဖြူဖွေးညီညာသော သွားကလေးတွေ ကို ကျွန်တော် နှစ် လိုစွာ ငေးကြည့်နေလိုက်မိ၏ ။ ကောင်မလေးက မျက်ဆံနက်ကလေးထောင့်ကပ်ကာ သွယ်လျသော လည်တိုင်ကလေးကို စောင်းငဲ့ကာ
``နင့်ကို ငါဒီဆိုင်မှာ တွေ့ တာ ဒီနေ့နဲ့ဆို နှစ် ရက်ရှိပြီ။ နင့်ကို ကြည့်လိုက်ရင်လည်း ကော်ဖီတစ်ခွက်။ စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတာပဲ။ ဘာလဲ နင်က ဒီမှာ စာအုပ်လာဖတ်တာလား´´
``မဟုတ်ပါဘူး။ ငါ့ဘော်ဒါ တစ်ယောက် က ဒီနားမှာ သင်တန်းတက်နေတာလေ။ အဲဒါကြောင့် ငါကဒီဆိုင်မှာ ထိုင်ရင် သူသင်တန်းဆင်းတာကို စောင့်နေတာ´´
``သြော် ဂလိုလား။ အိုင်ဆီး အိုင်ဆီး´´
မျက်စမျက်နလေးနှင့် ပြောသော အိုင်ဆီးအိုင်ဆီးဆိုသော အသံလေးက ကျွန်တော့် အကြားအာရုံမှာ ဆန်းသစ်နေသည်။ သူမက ကျွန်တော် ကို ခပ်စူးစူးလေးကြည့်၍
``ဟဲ့ နင့်နာမည် က လှိုင်းမဟုတ်လား´´
(သနားလို့ စကားပီပေးလိုက်တာနော်။ ဘ၀င်လည်း မြင့်မနေနဲ့ဦး)
``ဟင် နင်ကငါ့နာမည် ကိုသိတယ် ဟုတ်လား။ ဘယ်လိုလုပ် သိတာလဲ´´
``သိတာပေါ့ဟ။ နင့်ပုံက မဂ္ဂဇင်းထဲမှာ ပါဖူးတယ်လေ။ ဟုတ်တယ် မဟုတ်လား။ အဲဒီ တုန်းက နင့်ပုံကိုကြည့်ပြီး မြင်ရတာ ဒေါင့်မကျိုးတာကြောင့် ငါသေချာမှတ်မိနေတာ´´
``ဟိုက် ရှားဘား။ အစိမ်းလိုက်ကြီး ခွဲနေပါလား´´
သူမပြောတာ မှားတော့မမှားပါ။ ပြီးခဲ့သော နှစ် များ ဆီက သူငယ်ချင်းတွေ နှင့် လက်ခြေကမြင်းရင်း မဂ္ဂဇင်းစားမျက်နှာထက်မှာ ကျွန်တော် ဓာတ်ပုံပါရှိခဲ့ဖူးသည်။ ဒါကို သူမ မှတ်မိနေတာ အနည်းအပါးတော့ ထူးခြားနေသည်။
``ဟဲ့ နင်အခုဘာလုပ်နေတာလဲ´´
``ဒီမှာ ထိုင်နေတာလေ။ မမြင်ဘူးလား´´
``အာ´´
ကောင်မလေး မအီမလည် ဖြစ်သွားသည်။ သူမ မေးခွန်းအဓိပ္ပါယ်ကို သိပေမယ့် ကျွန်တော် က တမင်တကာကပ်ဖိုးကပ်ဖဲ့ ဖြေလိုက်တာပါ။
``နင်ကလည်း အဲဒါကို ပြောတာမဟုတ်ဘူးလေ။ ငါကဘာအလုပ်လုပ်လဲလို့ မေးတာ´´
``ဘာမှမလုပ်ဘူး´´
``မညာပါနဲ့။ နင်က စာရေး တယ်မဟုတ်လား´´
အာလားလား ဒါလေးက သိလှချေလား။ စီအိုင်ဒီမလေးများ လား။
ကျွန်တော် နည်းနည်း လေးတောင် လေးစားချင်စိတ်ပေါက်သွားသည်။
``ငါစာရေး တယ်ဆိုတာ ဘယ်သူပြောတာလဲ´´
``ဘယ်သူမှ မပြောပါဘူးဟား။ နင်ရေး တာတွေ ကို မဂ္ဂဇင်းတွေ ထဲမှာ ငါဖတ်ဖူးတယ်လေ´´
``သြော်´´
မဂ္ဂဇင်းမှာ ပါတာက အတိုအထွာလေးတွေ ပါ။ ဒါတောင်မှ ကျွန်တော့် နာမည် ရင်းနှင့် ရေး တာက ရှားသည်။ ငါးပုဒ်လောက်ပါတာမှာ ကလောင်အမည် ကတင် လေးမျိုးလောက် ဖြစ်နေသည်။ ဒါတွေ ကို သူမက သိနေတော့ ကျွန်တော် ဘ၀င်မြင့်ချင်သလိုပင် ဖြစ်လာ၏ ။
ကောင်မလေးက စကားပြောတာကိုရပ်ပြီး ပါးစပ်ကို ကော်ဖီနှင့် အလုပ်ပေးနေသည်။ ခွက်ထဲမှာ ကော်ဖီကုန်သလောက်ရှိတော့ လက်မှာ ပတ်ထားသည့် နာရီကို တစ်ချက်ကြည့်သည်။ ပြီးတာနှင့် မျက်လုံးလေး ပြူးပြီးတော့
``ဟယ် ဒုက္ခပဲ။ ဘုရားသခင်ကယ်တော် မူပါ။ နောက်တောင်ကျနေပြီ´´
``ဘာနောက်ကျတာလဲ´´
``ငါ့ညီမကို ကျောင်းသွားကြိုရဦးမှာ လေ။ ငါလေပန်းနေတာနဲ့ပဲ အချိန်ကို မေ့နေတာ။ အခုအချိန်လောက်ဆိုရင် သူငါ့ကို ကျိန်ဆဲနေလောက်ပြီ။ သွားတော့မယ်ဟာ နောက်မှဆုံကြတာပေါ့´´
ပျာတိပျာယာနှင့် သူမထွက်သွားသည်။ ဆိုင်ပေါက်ဝရောက်ခါနီး မှ သူ့ခေါင်းသူ တစ်ချက်ထုပြီး ကျွန်တော် ရှိရာသို့ ပြန်လှည့်လာသည်။
``ဟဲ့ နင့်ကို ပြောဖို့မေ့နေတာ။ ငါ့နာမည် လည်း မှတ်ထားနော်။ ငါ့နာမည် က နေ၀ါတဲ့´´
ဇယ်ဆက်သလိုပြောပြီးတာနှင့် သူမ ချက်ချင်း လှည်ပြန်သွားသည်။ ထိုအခါ ကော်ဖီခွက်ကလေးနှစ် ခွက်ကို ကြည့်ရင်း အာရုံတွေ ကသီကလင်ဖြင့် ကျွန်တော် ကျန်ရစ်ခဲ့၏ ။
နောက်မှဆုံကြတာပေါ့... ဟုသာ ချိုသာစွာ ပြောသွားတာ။ ဖိတ်ခေါ်ကမ်းလှမ်းသူက ဘယ်မှာ နေမှန်း၊ ဘယ်နေရာမှာ ရှိတတ်မှန်းလည်း မသိလိုက်ရ။ ပုရိသဆန္ဒဖြင့် ရင်ခုန်လောက်စရာ အဆင်လေးမို့ စပ်စုရာမှာ ညံ့ဖျင်းသော ကိုယ့်ပါးစပ်ပေါက်ကိုသာ အပြစ်ဖို့လိုက်မိသည်။
ယခုအချိန်မှာ သူမနှင့် ပတ်သက်မှု အပိုင်းအစလေးများ အ ဖြစ် နေ၀ါဆိုသော အမည် နာမတစ်ခုသာ ကျွန်တော့် ထံ၌ ထားရှိခဲ့သည်။ ထိုကြွင်းကျန်မှု လေးကိုပင် ဘာမဆိုအလေးအနက် ခံစားတတ်သော ကျွန်တော် က မှတ်ဉာဏ်ထဲမှာ တခုတ်တရလေးပင် သိမ်းဆည်းထားလိုက်ပါသည်။
ခဏကြာတော့ ကျွန်တော့် ဘော်ဒါဝဏ္ဏ တစ်ယောက် ကျောပိုးအိတ်လေးတစ်ရမ်းရမ်းနှင့် ကလေးဆိုင်ထဲသို့ ၀င်လာသည်။ သူက ကျွန်တော့် ရှေ့ရှိ စားပွဲဝိုင်းပေါ်မှ ကော်ဖီနှစ် ခွက်ကိုကြည့်၍ ...
``ငလှိုင်း.... မင်းက ကော်ဖီကို နှစ် ခွက်တောင် သောက်တာ ဟုတ်လား။ စေတနာတောင် ပျက်လာပြီ´´
``ဟိတ်ကောင်... ရမ်းသမ်းပြီးပြောမနေနဲ့။ တစ်ခွက်က ငါသောက်တာမဟုတ်ဘူးကွ၊ ကောင်မလေး တစ်ယောက် သောက်သွားတာ´´
``ဘယ်ကကောင်မလေးလဲ´´
``မသိပါဘူးကွာ၊ ငါ့ကို ခင်ချင်လို့ဆိုပြီး လာမိတ်ဖွဲ့တာ´´
``ဘာ... မင်းရုပ်ကြီးကို ခင်ချင်လို့ ... ဟုတ်လား´´
``အဟဲ...´´
ကျွန်တော် ရယ်ကျဲကျဲနဲ့ ခေါင်းညိတ်ပြလိုက်သည်။ ၀ဏ္ဏက မျက်နှာကို တမင်တကာရွဲ့လိုက်ပြီး...
``ကြည့်လည်းလုပ်ပါဦးကွာ။ မင်းကိုလာမိတ်ဖွဲ့တာဆိုတော့ တော် ကြာ မင်းလိုမျိုးအကန်းလည်း ဖြစ်နေဦးမယ်´´
``ဘာမှမကျန်းဘူး ဟိတ်ကောင်ရ... ဒီဇိုင်းက တကယ်အလန်းလေး´´
``ဒါဆိုလည်း ရွာသားကြီးက အရူးမလွတ်လာတာ ဖြစ်ရမယ်´´
``ထပ်သရီး... မင်ဘွားအေ အရူးမလား။ သူများ ကောင်းစားတာကို မနာလိုတိုရှည် ဖြစ်မနေစမ်းပါနဲ့ကွာ။ ဒီဝိုင်းကိုရှင်းမှာ သာ ရှင်းစမ်းပါ´´
ဝဏ္ဏကိုသာ အထက်စီးမှ တင်လိုက်ရတာ ။ နေ၀ါဆိုသော မိန်းကလေးနှင့် ပြန်ဆုံခွင့်ဆိုတာက ပကတိအနေအထားအရ အလှမ်းကွာဝေးလွန်းလှ၏ ။
ဝဏ္ဏက ၀ိတ်တာထံမှ ဘေလ်တောင်းပြီး ကော်ဖီဖိုးကို ရှင်းနေသည်။ မရှင်း၍ လည်း မရ။ သူက ကျွန်တော် စားသောက်သမျှကို ရှင်းပါမယ်ဆိုပြီး အဖော်အ ဖြစ်ခေါ်လာတာလေ။ ရှင်းလင်းပြီးတော့မှ...
``ငလှိုင်း... မနက်ဖြန်ကျရင် ကုန်သည်လုပ်ဖို့ မင်းနယ်ကို ပြန်မလို့ဆို။ အဲဒါ ပြန်မှာ လား´´
``အေး... ပြန်မှာ ´´
``ဒါဆို မြန်မြန်တော့ ပြန်လာခဲ့နော်´´
``အေးပါ။ အပြန်ကျရင်လည်း မင်းဖို့လက်ဆောင် ယူလာခဲ့ပါမယ်´´
``ဘာလက်ဆောင်လဲ´´
``အမဲရိုး´´
``ခွေးကောင်... အဲဒါကို မင်းပဲစား´´
ဝဏ္ဏက သူ့လက်ထဲမှ ကျောပိုးအိတ်နှင့် ကျွန်တော့် ကို လှမ်းသမသည်။ ကျွန်တော် ကငုံ့ရှောင်ပြီး ဆိုင်ထဲမှ ပြေးထွက်သွားလိုက်သည်။
ထိုအခါ ပြင်ပမှ နေရောင် ၀ါဝါတို့က ပူလောင်စွာ ဖြင့် ကျွန်တော့် အား ဆီးကြိုလျက်ရှိ၏ ။ နည်းနည်း တော့ အတွေးပွားသွားမိသည်။
နေရောင် မှန်သမျှဟာ ပူလောင်တတ်ပါသလား....။
အခန်း (၂)
ကုန်သည်ကိစ္စကို အရင်းခံ၍ ကျွန်တော် နယ်သို့ ပြန်လာခဲ့ပါသည်။ ကုန်သည်ဆိုတာက လူကြားကောင်းအောင်ပြောသော ကျွန်တော် ၏ လက်သုံးစကားသာ။ အမှန်က ကျွန်တော့် မှာ အသုံးအစားပြတ်လပ်ကုန်ခမ်းသွားသော ကြောင့် မိဘနှစ် ပါးဆီ ပြန်လာသယ်တာ ဖြစ်သည်။
အိမ်ကိုပြန်ရောက်ရောက်ချင်းပင် အမေက အပြုံးချိုချိုဖြင့် ဆီးကြိုရင်း...
``သားရယ်... တစ်နေ့တစ်နေ့ နင်ဖုန်းတွေ ကလည်း လာလိုက်တာမှ မနည်းဘူး´´
``အမေက ခရီးသွားတယ်လို့ မပြောလိုက်ဘူးလား´´
``ပြောပါတယ်တော် ပြောပါတယ်။ အဲဒါတောင်မှ ပြန်မရောက်သေးဘူးလားဆိုပြီး မေးကြတယ်။ ကောင်မလေး တစ်ယောက် ဆို တော် တော် ဆိုးတာ။ ဘယ်သွားတာလဲ ဘာညာနဲ့ အသေးစိတ်မေးနေလို့ ဖြေလိုက်ရသေးတယ်´´
အနယ်နယ်အရပ်ရပ်မှ ကျွန်တော့် ဆီဖုန်းဆက်ကြသော သူငယ်ချင်းအရေအတွက် နည်းနည်း များ သည်။ ကျွန်တော် တို့သည် ပျော်ရွှင်စရာနှင့် စိတ်ညစ်စရာ ညအကြောင်းများ အား အပြန်အလှန် တိုင်ပင်ရင်ဖွင့်ပြသည်။ တစ်ခါတစ်ရံတွင် လည်း ဟာသလေးများ ပြော ဖြစ်ကြ၏ ။
ထိုကဲ့သို့ ခင်မင်ဖွယ်သူငယ်ချင်းကလေးများ အား အကြောင်းပြုပြီး ကျွန်တော့် ကို အစမ်းသပ်ခံ သတ္တ၀ါတစ်ကောင်လို ပြုမူသူတွေ နှင့် လည်း ကြုံဆုံဖူးသည်။ သူတို့ကြောင့် ကျွန်တော် ၏ အဖြူရောင် သူငယ်ချင်းလေးများ အပေါ်မှာ ပင် သံသယ၀င်မိသေး၏ ။
ဘယ်လိုပဲ ဖြစ်နေပါစေ... ခဲမှန်ဖူးသည့်စာသူငယ်ပီပီ လေချွန်သံအား နားစွင့်ရင်း အဖြူအမည်းသဲကွဲစေရန် ကျွန်တော့် စိတ်က အလိုအလျောက် စီစစ်နေတတ်ပြီ ဖြစ်သည်။
အိမ်မှာ ခဏတဖြုတ်နေပြီးတော့ အာမခံသူငယ်ချင်းတွေ နှင့် တွေ့ ဖို့ ကျွန်တော် အပြင်ထွက်လာခဲ့သည်။ အာမခံသူငယ်ချင်းဆိုတာက တစ်ယောက် ပြဿနာ ဖြစ်လျှင် တစ်ယောက် ကအာမခံပေးရတာ ကိုဆိုလိုသည်။
ထိုသူတွေ က ပြောင်ချက်ထွီး၊ ပေကြီး၊ ညိုခေါနှင့် ဉာဏ်ကျယ်တို့ ဖြစ်ကြသည်။ ကျွန်တော် တို့ အားလုံးလက်ဖက်ရည်ဆိုင်မှာ ဆုံတော့ ဉာဏ်ကျယ်က စပြောသည်။
``ငါတို့တွေ လူစုံတုန်း ညနေကျရင် ဆိုင်သွားပြီး စားကြသောက်ကြရအောင်´´
``ဒါဆို စပွန်ဆာက ဘယ်သူလဲ´´
ပြောင်ချက်ထွီးက မေးလိုက်တော့ အားလုံးစပ်ဖြီးဖြီးနှင့် ငြိမ်ကုပ်သွားသည်။ ခဏကြာမှ ပေကြီးက...
``ဒီလိုလုပ်ကွာ... ငါတို့ အခုငါးယောက် ရှိတာကို အဖွဲ့နှစ် ဖွဲ့ခွဲလိုက်။ ပြီးရင် အလောင်းအစားတစ်ခုခုလုပ်မယ်။ အဲဒီ မှာ ရှုံးတဲ့အဖွဲ့က စပွန်ဆာလုပ်ကြေး။ ဘယ်လိုလဲ´´
``အေး... အဲဒါကောင်းတယ်´´
ပေကြီးအကြံအတိုင်းပဲ အားလုံးလက်ခံလိုက်ကြ၏ ။ ပြီးတော့ အဖွဲ့ခွဲသည်။ ကျွန်တော် နှင့် ဉာဏ်ကျယ်က တစ်ဖွဲ့၊ ပြောင်ချက်ထွီး၊ ပေကြီးနှင့် ညိုခေါတို့က တစ်ဖွဲ့။
အဖွဲ့ခွဲပြီးတော့ အလောင်းအစားလုပ်ဖို့ စီစဉ်ကြသည်။ ထိုအခါ သူ့အိတ်ထဲမှ အလှူခံထည့်ရန်အတွက် သီးသန့်ဆောင်ထားသော ကျပ်တန်နှစ် ရွက်ကို ဆွဲထုတ်ကာ
``ကဲ... ငါတို့တွေ ပိုက်ဆံပွတ်ကြမယ်´´
``အေး.... အဲဒါကောင်းတယ်။ ရော့.. ဉာဏ်ကျယ်.. ငါတို့ရဲ့ စပွန်ဆာ ရွေးချယ်ပွဲကြီး စရအောင်´´
ပြောင်ချက်ထွီးက ညိုခေါထံမှ ကျပ်တန်နှစ် ရွက်ကို ယူ၍ ဉာဏ်ကျယ်အား လှမ်းပေးသည်။ ဒါဆို ကျွန်တော် က ကြားထဲက ဆွဲဖြုတ်ယူလိုက်ပြီး...
``ဟိတ်ကောင်တွေ ... ဒီပွဲက နင့်နေအောင် ရှင်းရမယ့်ပွဲနော်။ ငါတို့ဘက်က နှစ် ယောက် တည်းရယ်၊ အချိုးကျနဲ့ဆို ငါတို့က နာတယ်။ ဒါကြောင့် ဒီလို ကပျက်ကချော်တော့ မပြိုင်နိုင်ဘူး´´
``ဒီလဒ သူရှင်းရမှာ စိုးတာနဲ့ ညစ်တော့မယ်´´
``ဟုတ်တယ်။ မင်း သောက်ကျင့်မယုတ်နဲ့နော် ဟိတ်ကောင်။ မလိုက်ချင်ရင် ချီးစားကျန်ခဲ့´´
ညိုခေါ၊ ပြောင်ချက်ထွီးနှင့် ပေကြီးတို့က ကျွန်တော့် ကို အားမနာစတမ်း နှိပ်ကွပ်ကြသည်။ အချင်းချင်းတွေ မို့ ကျွန်တော် က လုံးဝဂရုမစိုက်။
``ဟိတ်ကောင်တွေ ... မင်းတို့ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြောကြနဲ့။ ငရဲကြီးလိမ့်မယ်´´
``အောင်မာ... ဘာလို့ ငရဲကြီးရမှာ လဲ။ မင်းက ငါတို့ထဲမှာ အသက်အငယ်ဆုံး ဟာကို´´
``အငယ်ဆုံးဆိုပြီး အထင်တော့လာမသေးနဲ့ ဟိတ်ကောင်။ ဒီမှာ ပြောင်ချက်ထွီး ငါဟာ မင်းအဖေဂတုံးထက် ဆံပင်ပိုရှည်တယ်။ ပေကြီး အဖေထက်လည်း အရပ်ပိုမြင့်တယ်။ ညိုခေါအမေတပ်တဲ့ မျက်မှန်ထက် ပါဝါပိုများ တဲ့မျက်မှန်ကိုလည်း အမြဲတစေ တပ်ထားရတယ်။ ဒါကြောင့် မင်းတို့သုံးယောက် စလုံး ငါ့ကို လေးလေးစားစား ဆက်ဆံကြပါ´´
``အောင်မာ.. လေသံကိုက...´´
ကျွန်တော် ခပ်တည်တည်နှင့် ထည့်လိုက်ရာ သုံးယောက် သား ပွစိပွစိ ဖြစ်ကုန်ကြသည်။ ပြီးမှ ညိုခေါက...
``ကဲ ဒါဆို ဘယ်လိုပြိုင်ကြမလဲ´´
``နည်းနည်း လည်း အမှတ်တရ ဖြစ်သွားအောင် မင်းတို့အဖွဲ့နဲ့ ငါတို့အဖွဲ့ စက်ဘီးစီးပြိုင်မယ်´´
`` ဖြစ်ပါ့မလား။ မင်းကောင်က ရဲရဲတောင် လှုပ်နိုင်တာမှ မဟုတ်တာ´´
ပြောင်ချက်ထွီးက မ၀ံ့မရဲလေးထိုင်နေသည့် ဉာဏ်ကျယ်ကို ကြည့်၍ ပြော၏ ။ သူပြောလည်း ပြောစရာ ဉာဏ်ကျယ်က အခုလောလောဆယ်မှ အူကျနေတာ ဖြစ်သည်။
``ရပါတယ်။ တစ်ယောက် ချင်းစီ ပြိုင်မှာ ပဲဥစ္စာ။ ငါတို့အဖွဲ့မှာ ငါဝင်ပြိုင်မယ်။ မင်းတို့အဖွဲ့က ဘယ်သူပြိုင်မှာ လဲ´´
``ငါဝင်ပြိုင်မယ်။ ဘယ်နှစ် မိုင်ပြိုင်မှာ လဲ´´
ညိုခေါက အားတက်သရော မေးသည်။ ကျွန်တော် က
``ဘယ်နှစ် မိုင်မှ မပြိုင်ဘူး။ ဈေးတစ်ပတ်ပဲ ပြိုင်မယ်။ ဒီလက်ဖက်ရည်ဆိုင်ကို အရင်ပြန်ရောက်ပြီးတော့ ဉာဏ်ကျယ်ရဲ့ လက်ကိုဆွဲနှုတ်ဆက်နိုင်တဲ့သူက အနိုင်ပဲ´´
``အိုကေ... ဒါဆိုသွားကြမယ်´´
``နေဦး။ ဒီအတိုင်း အပြိုင်နိုင်ဘူး´´
ထသွားဟန်ပြင်နေသော ညိုခေါလက်ကို ကျွန်တော် ဖမ်းဆုပ်ကိုင်သည်။ ထိုအခါ ပေကြီးက..
``ဒီအတိုင်းမပြိုင်တော့ ဘယ်လိုပြိုင်မှာ လဲ။ စက်ဘီးကို ခြေထောက်နဲ့မနင်းဘဲ လက်နဲ့နင်းမလိုလား၊ အဲဒါဆိုရင်တော့ မ ဖြစ်လောက်ဘူး ဟေ့ကောင်။ လူက ဖင်ဗူးတောင်းကြီးထောင်နေရင် ရှက်စရာကွာ။ မသင့်တော် ပါဘူး´´
``လူလိုတွေးစမ်းပါ ပေကြီးရာ၊ ခြေထောက်နဲ့ နင်းရမှာ ပါကွ။ ဒါပေမယ့် ညိုခေါက ငါ့စက်ဘီးကိုစီး၊ ငါက ညိုခေါစက်ဘီးကိုစီးမယ်။ စက်ဘီးချင်း လဲစီးတာပေါ့ကွ။ ဒါမှ စက်ဘီးအထာကို မသြိ ကတော့ ပိုကောင်းတာပေါ့´´
``အေး .... ဟုတ်တယ်။ ဟုတ်တယ်´´
ညိုခေါက အကြိုက်တွေ့ သွားပုံရသည်။ ဂီယာပါသော ကျွန်တော့် စက်ဘီးက သူစက်ဘီးရိုးရိုးထက် ပို၍ စီးကောင်းတာကြီးကိုး။
``သူငယ်ချင်းအရင်းကြီးတွေ ပဲကွား။ မင်းဆန္ဒကို ငါလိုက်လျောပေးပါမယ်။ ဒါမဲ မဟုတ်လား´´
``မပြီးသေးဘူး။ ဒီပွဲမှာ ငါမျက်မှန်ချွတ်ပြိုင်မယ်´´
``ဟာ ဟိတ်ကောင် ဖြစ်ပါ့မလား၊ မင်း ဒီလောက်အနစ်နာခံနေရင်လည်း ပြိုင်မနေပါနဲ့တော့ကွာ။ အနိုင်သာပေးလိုက်တော့´´
မျက်မှန်မပါလျှင် အရာအားလုံးကို ရိုးတိုးရိတ်တိတ် မှု န်တိမှု န်ဝါးသာ မြင်ရသော ကျွန်တော့် အကြောင်းကိုသိသဖြင့် ဉာဏ်ကျယ်က စိုးရိမ်နေသည်။ ကျွန်တော် ကတော့ သိပ်တော့ သွေးမပျက်ပါ။
``နိုင်အောင် လုပ်ရမှာ ပေါ့ ဉာဏ်ကျယ်ရာ။ ဒါပေမယ့် မျက်မှန်ကို ညိုခေါတပ်ပြီး ပြိုင်ရမယ်။ ဒါမှ ပြိုင်ပွဲကပိုပြီး ရင်ခုန်စရာကောင်းမှာ ။ မျက်လုံးမကောင်းတဲ့ငါက မျက်မှန်မတပ်ဘဲ မျက်လုံးကောင်းတဲ့ ညိုခေါက မျက်မှန်တပ်ပြီး ပြိုင်ရမယ်´´
``မင်းဟာက ဘယ်လိုကြီးလဲကွာ´´
``ဒီလိုကွာ.. ငါက မိုင်းနပ်အမ်န်မိုင်းနပ်၊ ညိုခေါက ပလပ်အမ်န်ပလပ်။ သဘော ကတော့ ငါက အနိမ့်တကာ အနိမ့်ကျဆုံးလူ။ ညိုခေါက အမြင့်တကာ အမြင့်မားဆုံးလူ။ အဲဒီ တော့ ဒီပွဲက အမြင့်တကာ အမြင့်မားဆုံးလူနဲ့ အနိမ့်တကာ အနိမ့်ကျဆုံးလူရဲ့ ပြိုင်ပွဲပေါ့ကွာ´´
``ဟာ... ကောင်းတယ် ကောင်းတယ်´´
ကျွန်တော့် စကားကို နားထောင်ပြီး သူအသာစီးရတာ မို့ ညိုခေါ သဘောတွေ အကျကြီးကျနေသည်။ ကျွန်တော် က ထိုင်ရာမှထပြီး ကောင်တာမှာ သားရေကွင်းဆယ်ပင်လောက် သွားတောင်းလိုက်သည်။ နောက်တော့ မျက်မှန်နှင့် သားရေကွင်းတွေ ပြောင်ချက်ထွီးထံ ပေးလိုက်ပြီး...
``ရော့ ညိုခေါကို မျက်မှန်တပ်ပေးလိုက်။ ပြီးရင် နားရွက်နဲ့ ခေါင်းနဲ့တွဲ ပြီး မျက်မှန်ကို သားရေပင်တွေ နဲ့ ချည်လိုက်´´
``ဘာ ဖြစ်လို့လဲ´´
``ညိုခေါက မျက်မှန်တပ်နေမကျတော့ မတော် တဆ ကျွတ်ကျရင် ငါ့မျက်မှန် ကလဲလ်လေး ကျကွဲသွားမှာ စိုးလို့ပါ´´
``သြော် အေး အေး´´
ပြောင်ချက်ထွီးက ညိုခေါကို မျက်မှန်တပ်ပေးပြီး သားရေကွင်းများ နဲ့ တွဲ ချည်းသည်။
``ကြပ်ကြပ်ကလေးတွဲ ချည် ချက်ထွီးရေ။ အဲဒါမှ ငါ့မျက်မှန် အကောင်းစားလေး ပြုတ်မကျမှာ ။ ညိုခေါကလည်း ချက်ထွီးလက်နဲ့ ထိမိဦးမယ်။ မင်းမျက်လုံးကို မှိတ်ထား မှိတ်ထား´´
``အိုရေ.... ရပြီ´´
ခဏကြာတေ့ အပြင်အဆင်တွေ ပြီးစီးသွားသည်။ ထိုအခါ ဆိုင်အပြင်ထွက်၍ ကျွန်တော် တို့၏ ဒင်နာစပွန်ဆာရွေးပွဲကြီး စတင်လေတော့သည်။
``တစ်.. နေရာယူ၊ နှစ် ... အသင့်ပြင်၊ သုံး... ခြေထောက်တင်။ လေး... အားညှစ်၊ ငါး... နင်းပစ်´´
``ဟေး....´´
ကျွန်တော် တို့နှစ် ယောက် သား ပြိုင်တူနင်းထွက်လိုက်ကြသည်။ သူငယ်ချင်းတွေ ကလည်း လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးကြ၏ ။
ကျွန်တော် က ဘဲလ်လေးကလင်ကလင်နှင့် စက်ဘီးကို ခပ်သွက်သွက်နင်းသည်။ အချိန်က မနက်ပိုင်း။ ဒီအချိန်မျိုးတွင် ဈေးတစ်ပတ်လည်လုံး ရှုပ်ထွေးနေတတ်၏ ။ ဒါလည်း ကျွန်တော့် အကြံပင်။ စက်ဘီးချင်းလဲစီးရခြင်းမှာ ညိုခေါစက်ဘီးက ဘဲလ်ပါပြီး ကျွန်တော့် စက်ဘီးက ဘဲလ်မပါသော ကြောင့် ဖြစ်သည်။
ထို့ပြင် ကျွန်တော့် စက်ဘီးမှာ က ဘရိတ်လည်း မရှိ။ ညိုခေါ စက်ဘီး၏ ဘရိတ် ကတော့ ကျွိဆိုတိခနဲ့ပဲ။
ကျွန်တော် သည် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရသော်လည်း ကိုယ့်အကြံနှင့် ကိုယ်မို့ နင်းရတာ အဆင်ပြေနေသည်။ ကျွန်တော့် မျက်လုံးက အဝေးမှု န်...။ လုံးလုံးလျားလျား ကန်းနေတာ မဟုတ်သဖြင့် အနီးကပ်ဆိုလျှင် အနည်းအပါး မြင်ရသည်။
ကျွန်တော့် အတွက်က ၀ိုးတ၀ါးမြင်ရလျှင်ပင် လုံလောက်နေပြီ ရိုးတိုးရိပ်တိတ် တစ်ခုခုမြင်လိုက်တာနှင့် ဘရိတ်ကလေးကို မှေးပြီး ဘဲလ်လေးကို တီးလိုက်သည်။ ရှေ့ကရိုးတိုးရိပ်တိတ် ပျောက်ကွယ်သွားမှ စက်ဘီးကို ကျွန်တော် ဆက်နင်းသည်။
ထိုသို့ဖြင့် ဘဲလ်လေးတီးလိုက်၊ ဘရိတ်ကလေး မှေးလိုက်နှင့် ပင် ကျွန်တော် လက်ဖက်ရည်ဆိုင်ရှေ့သို့ ကတိုက်ကရိုက်ပြေးဝင်ပြီး လက်ဆွဲနှုတ်ဆက်ရန် ဉာဏ်ကျယ်ကို လိုက်ရှာတော့ လက်ဆန့်တန်းထားသော ရိုးတိုးရိပ်တိတ်တစ်ခုအား တွေ့ လိုက်ရ၏ ။
ထိုနေရာသို့သွားပြီး ၀မ်းမြောက်ကြည်နူးစွာ ဖြင့် ထိုလက်ရိုးတိုးရိပ်တိတ်ကလေးကို အားပါးတရာဆွဲ၍ မျက်စိစုံမှိတ်ကာ ဘယ်ညာတအားလှုပ်ရမ်းပစ်လိုက်သည်။ ထိုအခါ...
``အမလေးတော့.. လုပ်ကြပါဦး။ မရှိလို့ တောင်းစားပါတယ်ဆိုမှ ကျုပ်လက်ထဲက ပိုက်ဆံကို အတင်းပြန်လုနေတယ်´´
``ဟိုက် သွားပြီ´´
ထိတ်လန့်တကြား အော်ဟစ်သံကိုကြားမှ လက်မှားဆွဲမိမှန်း ကျွန်တော် သိလိုက်သည်။ ဘယ်သူများ ပါလိမ့်.. သိလိုစိတ်ဖြင့် မျက်ရည်မူတွေ ကိုသုတ်ပြီး တစ်ဖက်လူ၏ မျက်နှာကို သေချာမြင်နိုင်ရန်အတွက် မျက်မှော င်ကျုံ့ကာ ရှေ့တိုး၍ ကြည့်လိုက်သည်။ ဒီတော့လည်း...
``ဟောဒီမှာ တော် ရေ.. ကျုပ်ကိုနမ်းဖို့ ကြိုးစားနေတယ်။ ကယ်ကြပါဦး´´
``အာ... အမယ်လေးဗျာ.. ကိုယ်ကျိုးတွေ တော့ နည်းကုန်ပါပြီ´´
ဝိုးတ၀ါးမြင်လိုက်ရသော မျက်နှာကြောင့် ကျွန်တော် လှန့်ပြီး နောက်သို့ ခုန်ဆုတ်လိုက်၏ ။ ထိုမိန်းမကြီးက ဒီလက်ဖက်ရည်ဆိုင်မှာ ပိုက်ဆံလာတောင်းလေ့ရှိသည့် အရူးမကြီး ဧပရယ် ဖြစ်သည်။
ကျွန်တော် ၏ ကစမ်းက၀ါးလုပ်ရပ်ကြောင့် လက်ဖက်ရည်ဆိုင်ထဲမှာ တော့ ရယ်သံတွေ ဆူညံသွားသည်။
``ဟိတ်ကောင်... ငါက ဒီမှာ ကွ´´
``ဟေ.. အေး အေး´´
ဉာဏ်ကျယ်အသံပေးမှ အသံလာရာ ရိုးတိုးရိပ်တိတ်ထံသွား၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဒီတစ်ခါတော့ မမှား။
``ဂုဏ်ယူထိုက်ပါပေတယ် သူငယ်ချင်းရယ်၊ အရူးမနဲ့ ငါနဲ့မှားတဲ့ မင်းလိုကောင်က ဒီပွဲမှာ အနိုင်ရလိုက်တာဟာ တကယ့်ကို အံ့ဖွယ်ပေါသွပ်ပါပဲ´´
ဉာဏ်ကျယ်၏ စကားကြောင့် ကျွန်တော် အတော် ကြီး ပျော်သွားသည်။
``ဒါဆို... ဒါဆို.. ဟိုကောင် မရောက်သေးဘူးပေါ့။ ဟုတ်လား´´
``အေး ဟုတ်တယ်။ အကန်းကရောက်နေပြီ။ အကောင်းက အခုထိ မရောက်သေးဘူး´´
``တောက်... ဒီကောင်ကို ပြိုင်ခိုင်းလိုက်တာကိုက မှားတာပါကွား၊ အခုတော့ ငါတို့ ရှုံးပြီ´´
ပေကြီးနှင့် ပြောင်ချက်ထွီး၏ မချိတင်ကဲအသံတွေ ကို ကျွန်တော့် နားက အရသာခံကောင်းနေ၏ ။ ငွေကြေးကိုထည့်တွက်တာ မဟုတ်ပေမယ့် ဆယ်ကျော်သက်တွေ ဆိုတော့ အလောင်းအစားမှာ အနိုင်ကိုသာ မက်မောကြသည်။ အတန်ကြာမှ...
``ဟာ.. ဟိုမှာ ညိုခေါပြန်လာပြီ´´
``ဘယ်လို ဖြစ်တာလဲဗျာ၊ လူရော စက်ဘီးရော ဆိုက်ကားပေါ်မှာ ပါလား´´
ပေကြီးနှင့် ပြောင်ချက်ထွီး ပြေးထွက်သွားကြသည်။ ခဏကြာမှ ညိုခေါကို တွဲ ခေါ်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသည်။
``ခွေးကောင် ... လဒ.... အကြံပက်စက်လှချည်လား´´
ညိုခေါက ရောက်ရောက်ချင်း မျက်မှန်ကို စားပွဲပေါ်တင်ပြီး ကျွန်တော် ကို အပြစ်ဖို့သည်။ ကျွန်တော် က မျက်မှန်ကိုယူ၍ အင်္ကျီစဖြင့် သေချာသုတ်ရင်း..
``ငါ ဘာလုပ်လို့လဲကွ´´
``ဘာလုပ်လို့လဲ ဟုတ်လား။ ဒီမှာ ငါ့ကိုလည်းကြည့်ဦး။ အသားနီလန်လာတယ်´´
မျက်မှန်တပ်ပြီးကြည့်သော အခါ ညိုခေါကို သွေးစို့နေသော အပွန်းအပဲ့ဒဏ်ရာတွေ ဖြင့် တွေ့ လိုက်ရသည်။ ကျွန်တော် လည်း စိတ်မကောင်းဟန်မျက်နှာပေးနှင့် ...
``ကျွတ်... ကျွတ်... သနားစရာကောင်းလိုက်တာကွာ။ အစားလေးတစ်လုပ်အတွက်နဲ့များ ဘယ်လို ဖြစ်ရတာ တုန်း´´
``ဟိတ်ကောင်... ဘုရားဒကာလေသံနဲ့ လာလုပ်မနေနဲ့။ မင်းညစ်တုန်းက ညစ်ပြီးတော့..´´
ရှုံ့မဲ့မဲ့နှင့် ပြောနေသော ညိုခေါကို ကြည့်၍ ကျွန်တော် မှာ ရယ်နေရသည်။ ကျန်လူတွေ ကတော့ ကြောင်တောင်တောင် ဖြစ်နေ၏ ။ ပြောင်ချက်ထွီးက
``ဘယ်လို ဖြစ်တာလဲ ညိုခေါ၊ ငါတို့သိအောင်လည်း အကျိုးအကြောင်းလေး ပြောပြစမ်းပါဦး´´
``ဘာ ဖြစ်ရမှာ လဲကွ။ ဒီခွေးကောင်ပေါ့ ပါဝါတွေ များ လွန်းလို့ ပုလင်းဖင် ဖြစ်နေတဲ့ သူ့မျက်မှန်နဲ့ ငါ့ကို တမင်ဒုက္ခပေးတာ။ မျက်မှန်နဲ့ ကြည့်ခါစမှာ အမြင်တွေ ၀ါးနေပေမယ့် ငါလည်း ဘာမှမ ဖြစ်လောက်ဘူးထင်နေတာ။ ဒါပေမယ့် နည်းနည်း ကြာတာနဲ့ မျက်မှန်က အစွမ်းပြတော့တာပဲ။ ငါမျက်လုံးတွေ ပြာပြီး ခေါင်းတွေ တအားမူးတယ်။ မြင်သမျှဟာလည်း နိမ့်လိုက်မြင့်လိုက်နဲ့ အားလုံးဝေေ၀၀ါးဝါးကြီး ဖြစ်လာတယ်။ အဲဒီ တော့မှ ဒီကောင့်အကြံ ငါရိပ်မိတာ´´
``ရိပ်မိလိုက်သားနဲ့ မင်းက မျက်မှန်ကို မချွတ်ပစ်လိုက်ဘူးလား´´
ပေကြီးက မချင့်မရဲဟန်ဖြင့် ပြောတော့ ညိုခေါက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းခါသည်။
``ချွတ်တော့ ချွတ်တာပေါ့ကွ။ ဒါပေမယ့် သားရေပင်တွေ နဲ့ ချည်ထားတော့ လွယ်လွယ်နဲ့ချွတ်လို့မရဘူးကွာ။ လက်တစ်ဖက်ကလည်း စက်ဘီးလက်ကိုင်ကို ကိုင်ရသေးတယ်။ ငါ့မှာ ခေါင်းကလည်းမူ၊ စက်ဘီးကလည်း ဘဲလ်မပါ။ ဘရိတ်ကလည်းမမိနဲ့ ရှုပ်ယှက်ခတ်နေတဲ့ လူတွေ ကြားထဲမှာ ဟိုတိုးဒီတိုးနဲ့။ တချို့လူတွေ ဆို ငါ့ကို ဆဲသွားလိုက်တာများ မိုးကိုမွှန်ရောပဲ´´
``ဒါနဲ့ မင်းကဘယ်လို ဖြစ်ပြီး ဆိုက်ကားကြီးနဲ့ ပြန်လာရတာ လဲ´´
``အဲဒါက ဒီလိုကွ။ တစ်ဖက်ကလာတဲ့ စက်ဘီးတစ်စီးကို ငါဝင်တိုက်မိတာ။ ငါရောစက်ဘီးရော လမ်းပေါ်လဲကျသွားတယ်။ အဲဒီ တော့မှ ငါလည်းမျက်မှန်ကို ခက်ခက်ခဲခဲ ကြိုးစားချွတ်ပြီး ၀င်တိုက်မိတဲ့ စက်ဘီးရှင်ကို တော် တော် တောင်းပန်လိုက်ရတယ်။ ကိုယ်မှားလို့သာ တောင်းပန်ရတာ ။ သူက ဘာမှ ဖြစ်တာမဟုတ်ဘူး။ တကယ် ဖြစ်သွားတာက ငါကွ။ မျက်မှန်မရှိတော့ပေမယ့်လည်း ခေါင်းမူးကမပြေသေးဘူးကွ။ အဲဒါကြောင့် ဆိုက်ကားငှားပြီး လူရောစက်ဘီးရော စီးပြန်လာရတာ ပါကွာ´´
ညိုခေါက နံရံကိုမှီထိုင်ရင်း ငိုတော့မယောင်မျက်နှာဖြင့် ပြောနေတာ ဖြစ်သည်။ ကျွန်တော် နှင့် ဉာဏ်ကျယ် ကတော့ အနိုင်ရတာ မို့ ခပ်ပြုံးပြုံး။
``ကဲ.. အခုဆို ဒီပွဲမှာ မင်းတို့ရှုံးတဲ့အတွက် မင်းတို့စပွန်ဆာလုပ်ရမှာ နော်´´
``မင်းကောင်းလူလည်လုပ်လို့ ငါတို့ရှုံးတာပါ ဉာဏ်ကျယ်ရာ။ ပြောတော့ဖြင့် အနိမ့်တကာ့ အနိမ့်ဆုံးနဲ့ အမြင့်တကာ အမြင့်ဆုံးလူရဲ့ ပြိုင်ပွဲတဲ့။ မိုင်နပ်အမ်န် မိုင်းနပ်တွေ ၊ ပလပ်အမ်န်မလပ်တွေ နဲ့ ငါ့ကိုညစ်သွားတာ´´
``အဲဒါကိုညစ်တယ်လို့ မပြောရဘူးကွ။ တင်္ခဏုပ္ပတ္တိဉာဏ် ထက်သန်တယ်လို့ ပြောရတယ်။ ဟဲ .. ဟဲ ဟဲ´´
မခံချင်အောင် ကလိလိုက်တော့ ညိုခေါက အသံမတိတ်ဘဲ ပျစ်ပျစ်နှစ် နှစ် ဆဲရေး သည်။ ကျွန်တော် ကတော့ အေးဆေး..။ အေးဆေး...။
ဤနည်းနှင်နှင်လုပ်ရပ်များ ကြောင့် သူငယ်ချင်းတွေ က ကျွန်တော့် အား မြင်ပြင်းကပ်ကပ်နှင့် ငကြပ်ဟူသော ဘွဲ့တံဆိပ်ကို ပေးအပ်ကြတာ ဖြစ်သည်။
ဘာပဲပြောပြော...။
ထိုနေ့က ကျွန်တော် ဗိုက်ကားအောင် ၀ါးတီးဖွင့်လိုက်ရပါသည်။
ကောင်းလေစွ... သူငယ်ချင်းအပေါင်းတို့...။
အခန်း (၃)
ညဥ့်ဦးယံက တည်တည်တံ့တံ့ နက်မှော င်သန်စွမ်းနေသည်။ ကျွန်တော် ၏ စာရေး စားပွဲတွင် တော့ ထိုအမှော င်ထုကို နီယွန်မီးရောင် ဖြင့် သုတ်သင်ဖယ်ရှားထားသည်။
ကျွန်တော် သည် စာရေး လျှင် ကိုယ်တွေ့  ဖြစ်ရပ်များ အား အကိုးအကားတို့ဖြင့် ဖန်တီးမွမ်းမံကာ ရေး သားတတ်သည်မှာ နာတာရည် ရောဂါ တစ်ခုလို စွဲကပ်နေပါပြီ။ ယခုလည်း ပြတ်တောက်ခဲ့ပြီ ဖြစ်သော `ချစ်ပန်းနှင်း´ဟူသည့် သံယောဇဉ် ကြိုးဟောင်းတစ်ချောင်း အကြောင်းကို ဆင့်ပွားခံစား၍ ရေး သားရန် ကြိုးပမ်းအားထုတ်နေတာ ဖြစ်၏ ။
``ကလင်... ကလင်... ကလင်´´
တိတ်ဆိတ်မှု ကို ဖြိုခွင်းပစ်လိုက်သော တယ်လီဖုန်းမြည် သံကြောင့် ကျွန်တော် ၏ အတွေးမျှင်ကို ကပွားကယားလွင့်စင်သွားသည်။ အခြားလူတွေ အားလုံးလည်း အိပ်စက်အနားယူနေကြပြီမို့ စိတ်မအီမသာဖြင့် တယ်လီဖုန်းကို သွားကိုင်လိုက်ရ၏ ။
``ဟုတ်ကဲ့.. ပြောပါခင်ဗျာ´´
``ငလှိုင်း.. ငါ ဖြူနှင်းပါဟ´´
``သြော်... ဖြူနှင်း ပြောလေ။ ဘာကိစ္စရှိလို့လဲ´´
``ဘာကိစ္စမှ မရှိပါဘူးဟာ။ နေ့လည်က ၀ဏ္ဏနဲ့တွေ့ တော့ သူက နင်နယ်ပြန်သွားတယ်ပြောလို့ ငါလှမ်းဆက်လိုက်တာပါ။ နင်ကလည်း ပြန်တာတောင်မှ ငါ့ကို နှုတ်မဆက်သွားဘူး´´
``ဘာလဲ.. အဲဒါကို နင်က ခံစားနေတာလား´´
``နင်နော်..´´
ဒီလောက်ဆို ဖြူနှင်းနှုတ်ခမ်းစူနေလောက်ပြီ။ ကျွန်တော် ကတော့ ညှာတာဖို့ စိတ်မကူးမိ။ ဆက်၍ သာ ဖိစလိုက်၏ ။
``ကြည့်စမ်း.. အသံကို တိတ်သွားတာပဲ။ အနာပေါ်တုတ်ကျသွားတာ ထင်တယ်´´
``အမယ် .. ဘာမှမဆိုင်ဘူး´´
``အခုတော့ မဆိုင်သေးဘူးပေါ့ဟာ။ နောက်မှသာ.. ဟဲ... ဟဲ... ဟဲ...´´
``ဘာ ဟဲဟဲဟဲလဲ´´
``သြော်... ဟဲဟဲဟဲ ဆိုပြီး ကဲကြမှာ ကို ပြောတာပါ။ နင်လည်း ခေတ်ကာလ သားသမီးပဲဟာ။ ဒါလောက်တော့ သိမှာ ပေါ့´´
``အောင်မာ ... အောင်မာ´´
အသံနားထောင်ကြည့်ရုံနဲ့တင် သေချာပြီ။ ယခုအချိန်ဆို ဖြူနှင်းနှုတ်ခမ်းသည် အရိန္ဒမာလှံလောက်နီးနီး ချွန်မြနေပေလိမ့်မည် ။ (အာဝါးသွားပေးခိုင်းပါလား... အသည်းယားစရာကြီးနော်)
``တော် ပြီဟာ..´´
``မတော် ပါနဲ့ဦး´´
``နင်က စကားအကောင်းမှ မပြောတာကြီးကို။ ငါက ပျင်းလို့ဆက်တာကို´´
``ပျင်းလို့ ငါ့ဆီဆက်တာဆိုတော့ ငါ့အသံကြားရင် ပျော်တယ်ဆိုတဲ့ သဘောပေါ့နော်။ အဲဒီ လောက်တောင် ဖြစ်နေရင်လည်း ငါ့အိမ်ကို လိုက်လာခဲ့လေ။ ငါက သနားတတ်ပါတယ်ဟ´´
``ငါတော့ မလာဘူးဟေ့။ နင့်ဆီကို သင်းမေပဲ လွှတ်လိုက်မယ်´´
``အဲဒါဆိုလည်း အဲဒီ သင်းမေနဲ့အတူတူ နင်ပါတစ်ခါတည်း လိုက်လာခဲ့နော်။ ကြားလား မိဖြူ´´
``မကြားဘူးဟာ။ ဒါပဲ ဒါပဲ´´
ဆောင့်ဆောင့်အောင့်အောင့်ပြောပြီး ဖုန်းချသွားသည်။ ဖြူနှင်းက သူ့ကို မိဖြူဟု ခေါ်လျှင်မကြိုက်။ စိတ်မဆိုးထိုက်သူတွေ မို့ ပြန်မခေါ်တော့ဘဲ ဖုန်းကိုချပြီး စာရေး စားပွဲမှာ သာ ပြန်ထိုင်လိုက်သည်။
ညဥ့်ကနက်သထက်နက်လာ၏ ။ စာရေး ရန်ဈာန်က ပြန်သွင်းမရတော့။ ဒီလို ဖြစ်တတ်သည်မှာ ဆိုးရွားသော ကျွန်တော် ၏ အားနည်းချက်များ ထဲမှ တစ်ခုပင် ဖြစ်သည်။
စူးရှသော မီးရောင် ကြီးကို စိတ်အလိုမကျစွာ ပိတ်ပစ်လိုက်ပြီး ရနံ့ပါသော ဖယောင်းတိုင်လေးအား ထွန်းညှိလိုက်သည်။ ဖယောင်းတိုင်၏ မွှေးပျံ့မှု ရနံ့က ကျွန်တော် မျှော်လင့်သလောက် မရဘဲ ဖြစ်နေ၏ ။
တရိရိလောင်ကျွမ်းခံနေရသော မီးစာမှပေါ်ထွက်လျက်ရှိသည့် ၀ါကျင်ကျင် အလင်းရောင် လေးအားကြည့်၍ လွင့်စင်သွားသော အတွေးမျှင်များ ကို လိုက်ဖမ်းနေစဉ်မှာ ပင်...
``ကလင်... ကလင်... ကလင်´´
ဒီည ကတော့ သပွတ်အူညပါပဲ။ တယ်လီဖုန်းကို ကျွန်တော် မ ဖြစ်စလောက်ကလေး မုန်းသွားသည်။ အရမ်းကြီးတော့ မမုန်းဝံ့။ တစ်ခါတစ်ရံတွေ မှာ တယ်လီဖုန်းက ကျွန်တော် ၏ အဖော်ကောင်း ဖြစ်နေတတ်၏ ။
``ဟယ်လို... သင်းမေလား၊ ပြောလေ´´
``အဲ...´´
ဖြူနှင်းအမှတ်နှင့် ကျွန်တော် နောက်လိုက်ရာ တစ်ဖက်မှာ အသံက တိတ်ဆိတ်နေသည်။ ခဏကြာမှ တိုးတိုးဖွဖွဖြင့်...
``လှိုင်းလား´´
``ဟုတ်ပါတယ်ခင်ဗျာ၊ ဘယ်သူလဲ မသိဘူး´´
``ဟဲ့ ငါ... ငါ... မှတ်မိလား။ တစ်ကျပ်ပဲတန်တဲ့လူလေ´´
ချိုအိသော အသံလေးကြောင့် ကျွန်တော် ဦးနှောက်ထဲမှာ အမှတ်တရသို့ ခုန်ပေါက်ပြေးလွှားသွားသည်။ သိပြီ...။
``နင်... နင်... နေ၀ါဆိုတာ မဟုတ်လား´´
``အလဲ့... နင်က တော် သားပဲ။ ငါ့နာမည် ကို မှတ်မိနေတယ်´´
``အေး... နင့်နာမည် ကလှလို့ ငါမှတ်မိနေတာပါ´´
``နင်ပြောမှ ငါ့ကိုနာမည် မှည့်ပေးတဲ့ မိဘတွေ ကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ အဟင်း... ဒါနဲ့ ခုနက သင်းမေဆိုပြီး ဘာတွေ ပြောနေတာလဲဟင်´´
သူမမေးခွန်းကြောင့် လေအရှိန်ဖြင့် နွဲ့ယိမ်းနေသော ဖယောင်းတိုင် မီးညွှန့်လေးကိုကြည့်၍ ကျွန်တော် အသံတိတ်ရယ်လိုက်မိသည်။
``သြော် ... အဲဒါက သူငယ်ချင်း တစ်ယောက် ဆီက ဖုန်းထင်ပြီး ပြောလိုက်တာပါ။ ဘာရယ်မဟုတ်ပါဘူး´´
``အဲဒီ သူငယ်ချင်းနာမည် က သင်းမေတဲ့လား´´
``အာ.. မဟုတ်ပါဘူး။ သူ့နာမည် က ဖြူနှင်းခင်ပါ။ သင်းမေဆိုတာက တမင်နောက်နေတာ´´
``သြော်... သြော်´´
ထိုအခိုက်မှာ ပင် ကျွန်တော့် ခေါင်းထဲသို့ အံ့သြမှု တစ်ခု လျှပ်တစ်ပြတ် စီးမျောလာသည်။ ဒါကြောင့် အလောတကြီးဖြင့် ...
``ဟိတ်.. နေ၀ါ.... နင်... နင် ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ် သိတာလဲ´´
``အဟဲ... အသေသာသတ်သွား´´
``မပြောဘူးပေါ့။ ဟုတ်လား´´
``အင်း´´
``ဟာ... အဲလိုတော့ မလုပ်ပါနဲ့ဟာ။ နင်ကလည်း ပြောစမ်းပါ။ ငါတကယ် သိချင်လို့ပါ´´
``တကယ်သိချင်တာလား´´
``တကယ်သိချင်တာပါဆိုမှပဲ အရေး ထဲအထာက ကိုင်နေသေးတယ်´´
သိချင်စိတ်ဖြင့် ကျွန်တော့် အသံက အလျင်စလို နိုင်နေသည်။ သူမက တခစ်ခစ်ရယ်၍ ...
``အေးပါဟာ ... ဒီလိုဆိုလည်း ပြောပြရတာ ပေါ့။ နင့်ဖုန်းနံပါတ်ကို ငါသင်းမေဆီက ရလာတာ... အဟင်း´´
``ဟင်.. ဒါဆို နင်နဲ့ဖြူနှင်းက သိတယ်ပေါ့။ ဟုတ်လား´´
``ဟဲ ဟဲ .. ဒါပေါ့...´´
``ဘယ်လိုလုပ်သိတာလဲ´´
``ဒီလိုပဲ သိတာပေါ့ဟာ နင်ကလည်း´´
``အင်းပါ... အင်းပါ´´
အရစ်ရှည်တယ်ထင်မှာ စိုးသော ကြောင့် အသေးစိတ်မေးမနေတော့။
``ဒါဆို ငါနယ်ပြန်ရောက်နေတာကိုလည်း သူပြောတာပေါ့လေ´´
``အင်း´´
``ထင်တော့ ထင်သား။ နင်ငါ့ကို စကားလာပြောကတည်းက တစ်မျိုးပဲလို့တောင် တွေးမိသေးတယ်´´
``အခုတော့ ရှင်းပြီ မဟုတ်လား၊ ယူဆီး´´
``အင်း... ရှင်းပါပြီ ရှင်းပါပြီ´´
``ရှင်းလည်း ပြီးရော...´´
``ပူ...´´
ကျယ်လောင်သော အသံကြောင့် ကျွန်တော့် နားထဲမှာ အူသွားသည်။ အလန့်တကြားဖြင့် ...
``ဟဲ့ နေ၀ါ... နင် ဘာလုပ်နေတာလဲ´´
``ဟဲ ဟဲ... နှဲ မှု တ်နေတာ´´
``ပူ...´´
``ဟာ... လုပ်ပြန်ပြီ။ ငါနားပင်းတော့မယ်။ နင့် အဘကြီးကို ဘေးချထားလိုက်စမ်းပါဟာ´´
ဖုန်းခွက်ကို နားမှခွာပြီး ကျွန်တော် ပြောလိုက်သည်။ တော် တော် ကလေးဆန်တာပဲ.... ဟုလည်း (လူကြီးမဆန်သော ) ကျွန်တော် က မှတ်ချက်ချလိုက်မိ၏ ။ ခဏကြာမှ ဖုန်းခွက်ကို နားဆီပြန်ကပ်လိုက်ရာ...
``ပြောလေ... ပြောတော့ ရပြီ။ ငါ့အဘကြီးမရှိတော့ဘူး´´
``နင့် အဘကြီးကို နင်ဘယ်ပို့ပစ်လိုက်လဲ´´
``သင်္ချိုင်းကိုလေ... ခစ်... ခစ်´´
နေ၀ါဆိုသော ကောင်မလေး၏ ရယ်ရွှင်သံကို ညနှင့် ပေါင်းစပ်၍ မြည်းရသော ကျွန်တော် အရသာတွေ့ နေသည်။ သူမ၏ အသံတွင် မမြင်နိုင်သော ညှို့ငင်မှု တွေ ပါဝင်နေသည်ဟု ထင်မိ၏ ။
``နေ၀ါ´´
``ဟင်... ဘာလဲ´´
``နင့်အသံလေးက နားထောင်လို့ကောင်းတယ် သိလား။ ငါကြိုက်တယ်´´
``အင်း.. ကြားလိုက်လား။ တိန်ခနဲပဲ´´
``ဘာ ဖြစ်တာလဲ´´
``ငါ မြောက်သွားတာလေ´´
``အမယ်...´´
မခို့တရို့အသံလေးကြောင့် ကျွန်တော် အသည်းယားသွားသည်။
``ငါက နင့်အသံကို ကောင်းတယ်လို့ ပြောတာမဟုတ်ပါဘူး။ ငါကြိုက်တယ်လို့ပဲ ပြောတာ´´
``ဟာ... နင်ဟာလေ.. ရှေ့က မြှောက်လိုက် နောက်ကဆွဲချလိုက်နဲ့ ဒီကလူ တိုးလိုးတန်းလန်းတွေ ဖြစ်နေပြီဟ... ခစ်... ခစ်...´´
သူမအပြောကြောင့် ကျွန်တော် အသံထွက်၍ ပင် ရယ်လိုက်မိသည်။ ဒီမိန်းကလေးနှင့် စကားပြောရတာ ဆွဲဆောင်မှု တစ်မျိုးရှိသဖြင့် ကျွန်တော် ပျော်နေသည်။
``ဟဲ့... နင်ညစာစားပြီးပြီလား´´
``စားပြီးပြီပေါ့ဟ။ အချိန်လည်းကြည့်ဦးလေ မနေ၀ါရဲ့ ´´
``အင်း... ဘာနဲ့စားလဲ´´
``တရုတ်အမဲ´´
``ဟင်... ဘာ... ဘာအမဲ´´
``တရုတ်အမဲ... တရုတ်အမဲ... ၀က်သားကိုပြောတာ´´
``သြော်...´´
ဘာစကားမှဆက်မပြော ဖြစ်ဘဲ ကျွန်တော် တို့ စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားသည်။ နောက်မှ နေ၀ါက အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းသည်။ ကျွန်တော် သေချာနားစိုက်ထောင်ကြည့်လိုက်ရာ ဖွင့်ထားသော သီချင်းသံကိုပါ ခပ်သဲ့သဲ့ကြားရ၏ ။
``နေ၀ါ... နင် အခုဘာသီချင်း နားထောင်နေတာလဲ´´
``ရော့စတီးဝပ်ရဲ့ သီချင်းကို နားထောင်နေတာ။ အင်း... ပြောရင်လည်း နင်နာမှာ စိုးလို့ မပြောတော့ပါဘူး´´
``ဘာလဲ... ငါ့ကို တုံးတယ်လို့ ပြောမလို့လား´´
``အဟင်း... ကိုယ့်ကိုယ်တော့ သိသားပဲ´´
ခပ်တည်တည်နှင့် သူမကျွန်တော် ကို ဖဲ့နေပြီ။ ဒီလိုတော့ ငြိမ်မခံနိုင်ပါ။ ရာဇ၀င်တွေ ရှိနေသည့် ငကြပ်လေး၏ ဗီဇကလေးကိုတော့ ပြလိုက်ချင်သေးသည်။
``နေ၀ါ... ခုနက နင်အဲဒီ သီချင်းကို လိုက်ဆိုနေတာ မဟုတ်လား´´
``အင်း... ဟုတ်တယ်။ ဘာ ဖြစ်လို့လဲ... ငါ့အသံက ရော့စတီးဝပ်ထက် သာနေလို့လား´´
``မဟုတ်ပါဘူး။ နင်ရှေ့မှာ ခွက်တစ်လုံးလောက်ချထားရင် အကျိုးရှိနိုင်တယ်လို့ ပြောမလို့ပါ။´´
``အင်... ထုပြီ´´
ဒီလောက်ထုတာတောင် သူမကနည်းနည်း လေမှ စိတ်ခုပုံမရ။ ဒါကြောင့် ကာရိုက်တာချင်းမဟမှန်း ကျွန်တော် ရိပ်စားမိလိုက်သည်။
ထိုအခိုက်မှာ ပင် တစ်ဖက်ဆီမှ နေ၀ါနှင့် ကောင်မလေး တစ်ယောက် အပြန်အလှန် စကားပြောနေသံများ ကို ကြားရ၏ ။ ခဏကြာတော့မှ နေ၀ါက...
``ဟဲ့ ဒီမှာ ငါ့ညီမက အင်တာနက်ချိန်မလို့တဲ့။ အဲဒါ ငါပြီးမှ ပြန်ဆက်လိုက်မယ်နော်´´
``ရတယ်။ မဆက်နဲ့တော့´´
``ဟင်... ဘာ ဖြစ်လို့လဲ´´
``ငါ အိပ်ချိန်လွန်နေပြီဟ။ အဲဒါကြောင့် နောက်ရက်မှ ပြန်ဆက်လိုက်နော်။ ငါက မျက်လုံးသမားမို့လို့လား မသိဘူး။ နည်းနည်း အိပ်ရေး မ၀တာနဲ့ ခေါင်းမကြည်တော့ဘူး´´
``အိုင်ဆီး အိုင်ဆီး... ဒါဆို မနက်ဖြန်ကျမှပဲ ပြန်ဆက်လိုက်မယ်နော်။ ဂွတ်နိုက်´´
``ဂွတ်နိုက်...ဆီးယူ´´
``အိုကေ... အိုကေ´´
သူမက ဦးစွာ အလျင်ဖုန်းချသွားသည်။ ထိုအခါ တတူတူမြည် သံလေးကို ကျွန်တော် အတန်ကြာ နားထောင်နေမိသေးသည်။ ပြီးမှ ဖုန်းခွက်ကို ချလိုက်၏ ။
ဖုန်းချပြီးမှ သူမ၏ ဖုန်းနံပါတ်ကို မေးမထားလိုက်မိမှန်း သတိရသည်။ အင်တာနက်ချိန်မည် ပြောသဖြင့် ကြိုးဖုန်းဆိုတာကလွဲပြီး ဘာမှမသိ။ သို့သော် သူမနှင့် ကျွန်တော် ဆက်ရန်ရှိသေးသည်ဟုတော့ ခံစားမှု အာရုံဖြင့် အလိုလိုယုံကြည်နေမိလေသည်။
လေတိုက်လွန်း၍ ပဲလား... အလိုအလျောက်ပဲလား... မမြင်လိုက်...။ ဖယောင်းတိုင်မီးညွှန့်လေးက ငြိမ်သက်နေချေပြီ။
ဂရုတစိုက်ရှုရှိုက်ကြည့်မိတော့ မွှေးရနဲ့ယဲ့ယဲ့က သင်းပျံ့နေဆဲပင်။ ကျွန်တော့် ထံတွင် လည်း ညကာလနှင့် မသက်ဆိုင်သော အမည် နာမတစ်ခုက စွဲထင်ကျန်ရစ်ခဲ့၏ ။
ထိုညက... ပုံရိပ်တွေ မေ့မေ့ပျောက်ပျောက် ဖြစ်နေသော အဆင်လေးကို ပြန်လည်မြင်ယောင်ကြည့်ရင်း စိတ်ကူးတစ်ပွေ့တစ်ပိုက်ဖြင့် ပင် လူငယ်ဆန်စွာ ကျွန်တော် အိပ်ရာဝင်ခဲ့ပါသည်။
အခန်း (၄)
ဆည်းဆာချိန်၏ တိမ်ဆိုင်တွေ က လိမ္မော်ရောင် အလှတစ်မျိုးဖြင့် ယှက်သန်းနေကြ၏ ။ မြက်စိမ်းပင်ကလေးများ ကနွဲ့ကလျ ခြံရံလျက်ရှိသော လမ်းနီလေးထက်တွင် လှမ်းလျှောက်ရင်း ညနေခင်းအား ကျွန်တော် ယုယုယယ ခံစားနေမိသည်။
ညနေခင်း၏ ညှို့ရီသော ဖမ်းစားမှု ကြောင့် တစ်စုံ တစ်ယောက် ကို ကျွန်တော် ပြင်းပြင်းထန်ထန် လွမ်းပစ်လိုက်ချင်စိတ်ပေါက်လာသည်။ သို့သော် လွမ်းချင်စရာကောင်းတာတွေ က အများ သားမို့ ဘယ်သူ့ကိုလွမ်းရမှန်းမသိဘဲ ဖြစ်နေ၏ ။ တစ်ခါတစ်ရံတွင် ကျွန်တော် သည် အမျိုးအမည် စုံလင်သော ခံစားမှု များ ဖြင့် တစ်ယောက် တည်း လုံးချာလည် ရှုပ်ထွေးနေတတ်၏ ။
လမ်းလျှောက်နေရာမှ မြက်စိမ်းပင်ကလေးများ အပေါ် ကျွန်တော် အသာယာ ထိုင်ချလိုက်သည်။ ထိုအခိုက် ထောက်လိုက်သည့် ကျွန်တော့် လက်တွင် မျက်ခနဲနာသွားသည်။ ကြည့်လိုက်တော့ ထိခရုန်းပင်မှ ဆူးစူးသွားတာ ဖြစ်သည်။
ထိခရုန်းပင်ငယ်ကို ကြည့်လိုက်တော့ ပန်းနုရောင် ဘောလုံးပန်းလေးတစ်ပွင့် ပွင့်နေ၏ ။ ထိုပန်းပွင့်လေးကို ကြည့်၍ `ပန်း´ပါသော နာမည် နှင့် ကောင်မလေး တစ်ယောက် ကို သတိရကာ ကျွန်တော် ပြုံးလိုက်မိသည်။ ထိုကောင်မလေးနာမည် က `ချစ်ပန်းနှင်း´ဟူ၍ ဖြစ်သည်။
ချစ်ပန်းနှင်းနှင့် ကျွန်တော် သည် အပေါင်းအသင်းတွေ မိတ်ဆက်ပေးရာမှ အခြေခံကာ တစ်ယောက် ကို တစ်ယောက် သိရှိခဲ့ခြင်း ဖြစ်ပါ၏ ။ သူငယ်ချင်းတွေ က `ချစ်ပန်း´ဟု ချစ်စနိုးခေါ်ကာ သူမကို ကျွန်တော် က `ချီးပန်း´ဟု ပြောင်ချော်ချော် ခေါ်လေ့ရှိသည်။ ဒါကို သူမက အလွန်အမင်း စိတ်ဆိုး၏ ။
``ဟဲ့.. ချီးပန်း´´
``ကောင်စုတ်နော်... ငါ့ကို အဲလိုမခေါ်နဲ့´´
``သိပ်မအော်ပါနဲ့ ချီးပန်းရယ်။ တော် ကြာ အပိတ်မခိုင်လို့ အရှိန်လွန်ပြီး ဒလဟော ထွက်ကျနေဦးမယ်´´
``ဟယ်.. စုတ်ပဲ့လိုက်တာ ကြည့်စမ်း။ ပုလင်းဖင်... လေးလုံးကောင် ... မှန်ကြောင်´´
``နင့်ကို အဲဒီ မှန်ကြောင်က အမှော င်မှာ ကြံမလို့ ချောင်းနေတာနော်။ ဟင်း... ဟင်း... သတိလည်းထားဦး´´
``ခွေးစုတ်.. ကာလနာ... မြွေပွေးကိုက်´´
ဆဲလိုက်ဆိုလိုက် စလိုက်နောက်လိုက် ရန် ဖြစ်လိုက်နှင့် ပင် ကျွန်တော် နှင့် ချစ်ပန်းနှင်း အကျွမ်းတ၀င် ဖြစ်သွားသည်။ သံယောဇဉ်ဆိုတာ အယုအယအညုအခရာတွေ နှင့် မှ ပေါက်ဖွားလာတတ်တာမျိုး မဟုတ်ဘဲ ပတ်သက်မှု အခြေအနေ အရပ်ရပ်တွင် ဖြစ်ပေါ်စေရန် အဆင်သင့်တည်ရှိနေတတ်၏ ။
ရည်းစားများ သော ကျွန်တော် နှင့် (ရည်းစားထားချင်နေပုံရသော ) ဆိုရှယ်ကျသည့် ချစ်ပန်းနှင်း၏ ဇာတ်လမ်းက သိပ်တော့မထူးဆန်းပါ။
``ချီးပန်း... ဝေ့၀ိုက်နေတာတွေ ကို ငါမကြိုက်ဘူးဟာ။ လိုရင်း ပဲ ပြောမယ်။ နင့်ကို ငါချစ်တယ်။ အဲဒါ နင်ငါ့ကို ပြန်ချစ်နိုင်မလား မသိဘူး´´
``ချစ်နိုင်မယ်လို့တော့ ထင်တာပဲ´´
``အိုကေ.. ဒီလောက်ဆိုရပြီ´´
ဤသို့ဖြင့် ချစ်ပန်းနှင်းနှင့် ကျွန်တော် တွဲ ဖြစ်သွားသည်။ ပဲမများ အသည်းစကားတွေ မပွားရဘဲ နားလည်မှု ရသွားကြခြင်း ဖြစ်သည်။ ထိုနေ့က မတ်လ နှစ် ဆယ့်ရှစ်ရက်နေ့ ဖြစ်သည်။
နောက်ဆုံးပေါ် ပေါ်ပင်တွေ ကို ခန္ဓာကိုယ်မှာ တင်ဖို့လောက်သာ အာရုံထားသည်ဟု ကျွန်တော် ထင်မိသော ချစ်ပန်းနှင်းက နုရွစွာ ဖြင့် ကဗျာလည်း ဆန်တတ်ပါသည်။
``ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ငါကနင်ကို `ကို´လို့ခေါ်မယ်လေဟာ။ နင် ကတော့ ငါ့ကို `ချစ်´လို့ခေါ်´´
`ကို´ လို့သုံးရတာ တော့ အပန်းမကြီးပါဘူး ချီးပန်းရာ။ ဒါပေမယ့် နင်ကိုတော့ ချစ်လို့မခေါ်ချင်ပါဘူး။ ချီးပန်းက ချီးပန်းပဲပေါ့ဟာ။ ချစ်တွေ ဘာတွေ လုပ်မနေစမ်းပါနဲ့။ အရင်ကလည်း ဒီလိုပဲ ခေါ်လာတာပဲဥစ္စာ။ ခေါ်မြဲအတိုင်း ချီးပန်းလို့ပဲခေါ်မယ်´´
``ဟာ... နင်ကလည်း ဒီလိုကြီးတော့ မခေါ်ပါနဲ့။ ကိုယ့်ချစ်သူက ကိုယ့်ကို လူရှေ့သူရှေ့မှာ ချီးပန်းချီးပန်းနဲ့ အခေါ်ခံရတာ ဘယ်လောက်အောက်လိုက်သလဲ... စဉ်းစားကြည့်စမ်း။ လုပ်ပါဟာ... နင်ကလည်း ... ငါ့ကို ချစ်လို့ပဲခေါ်ပါဟာနော်´´
ချစ်ပန်းနှင်းက (ရည်းစားရတာ နှင့် မ ဖြစ်မနေကျင့်သုံးရန် ကြိုတင်ကြံစည်ထားပုံရသော ) သူမ၏ စိတ်ကူးကြီးအကောင်အထည်ပေါ်ရန် အသည်းအသန် တိုက်တွန်းလေသည်။ ဒါကြောင့် မို့ ကသိကအောက်နှင့် ပင် ကျွန်တော် လက်ခံလိုက်ရ၏ ။
ချစ်ပန်းနှင်းအား ချစ် ဟုခေါ်ရတာ ကို အစပိုင်းမှာ ကျွန်တော် က ရှက်နေသေးသည်။ နောက်မှပြောကျင့်ရပြီး အဆင်ပြေသွား၏ ။ အလေ့အကျင့်တိုင်းသည် အစဉ်အမြဲ ခက်ခဲနေသည့် ပြဿနာမဟုတ်ကြပါ။
ချစ်ပန်းနှင်းနှင့် ကျွန်တော် တွဲ သာတွဲ ကြတာ။ လူပြောများ သည့် ကဲတာဆိုတာကို ဘာမှန်းပင်မသိလိုက်ရ။ ဆယ်ကျော်သက်စုံတွဲ ဘ၀၏ အရသာကို စရင်းနောက်ရင်း တွတ်ထိုးရင်းဖြင့် သာ ဖြတ်ကျော်ခဲ့ကြသည်။
ကျွန်တော် က နိုင်ငံခြားမော်ဒယ်အချို့ကို အလွန်သဘောကျသည်။
ပေါ့ပ်အဆိုကျော် ဘရစ်ကနေစပီးယားဆိုပါက တော် တော် လေး ရင်ခုန်ပေး၍ ရသည်။ ၀မ်းလပ် တူးလပ်မကဘဲ သရီးလပ် ဖိုးလပ် ဖိုက်လပ်စစ်လပ် ဆဲဗင်းလပ်တွေ ဖြစ်နေပစေဦး... အသာတကြည် လက်ခံပေးနိုင်သည်။
ဂျနီဖာလိုပက်ဇ်ကိုတော့ သိပ်မကြိုက်။ နာမကျန်း ဖြစ်နေခိုက် အရေး ဟဲ့ အကြောင်းဟဲ့ ထမ်းပြေးရလျှင် သူ့ဘော်ဒီ အယ်စတုံကြီးနှင့် ကိုယ့်မှာ မစားသာ။ အဲဒီ လောက် အလုံးအထည်ကြီးတာကြီးကိုတော့ ကျွန်တော် နည်းနည်း ရွံ့သည်။
နစ်ကိုးကစ်မင်းဆိုလျှင်တော့ တော် တော် ကြီးပဲ ရင်ဘတ်ပေါက်ထွက်လုမတတ် ရင်ခုန်ပေးနိုင်သည်။ သူသာလူကြီးစုံရာနှင့် လာတောင်းရမ်းပါက ကြီးတာငယ်တာ အပထား ကိုလက်သွားရန်ပင် စဉ်းစားထား၏ ။
ထိုကဲ့သို့ နိုင်ငံခြားမော်ဒယ်များ အား ကျွန်တော် သဘောကျတာကို ဘာမှမပြောသော ချစ်ပန်းနှင်းသည် မြန်မာမော်ဒယ် တစ်ယောက် အား ကျွန်တော် သဘောကျတာကိုတော့ဖြင့် ဒေါသူပုန်ထသည်။
မဂ္ဂဇင်းထဲတွင် ပါလာသော ထိုမော်ဒယ်၏ ရုပ်ပုံကိုကြည့်ရင်း ကျွန်တော် က ရုပ်တည်နှင့် ...
``အဲဒီ အမျိုးသမီး သနားပါတယ်ကွာ´´
``ဘာလဲ´´
``သူ့ခမျာ မသိရှာဘူး´´
``ဘာကို ပြောတာလဲဆို...´´
``သြော် ကိုယ်သူ့ကို ကြိုက်နေတယ်ဆိုတာ မသိရှာလို့ပါ။ အဲဒါကိုတွေးပြီး သနားနေတာ´´
``အောင်မာ...´´
``ဟုတ်တယ်ချစ်ရဲ့ ။ သူ့ဒီဇိုင်းကို ကိုယ်အရမ်းကြိုက်တာ။ သူသာ ကိုယ့်ကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ထားပြီး အတည်ကြံရင် ကိုယ်တကယ်လက်ခံလိုက်မှာ ။ သူ့ပုံတွေ ပါတဲ့ မဂ္ဂဇင်းတွေ ဆိုရင် သူများ ဆီက ကိုယ်အမြဲတမ်း တောင်းဖတ်တယ်။ ကိုယ်က သူနာမည် မကြီးခင် စုတ်ချွန်းချွန်းရုပ်နဲ့ လည်ညှပ်ရိုးအကြီးကြီးပေါ်ကတည်းက ကြိုက်တာ။ အခုလို လည်ညှပ်ရိုးလေးမြုပ်ပြီး... ဘော်ဒီတွေ တောင့်... နာမည် ကြီးပြီး.... စတိုင်လ်တွေ ပိုမိုက်လာတော့ ကိုယ်ပိုခိုက်တာပေါ့´´
``ခိုက်... ခိုက်.. သေအောင်ခိုက်။ တော် တော့... ဆက်မပြောနဲ့။ မကြားချင်ဘူး´´
စသလိုနောက်သလိုပြောရင်းက အရှိန်လွန်သွားရာ ချစ်ပန်းနှင်း နှုတ်ခမ်းစူသွားသည်။ (မိန်းကလေးတွေ များ စိတ်ကောက်ပါက နှုတ်ခမ်းကို ကြက်အဆီဗူးကဲ့သို့ စူပြလေ့ရှိသည်။ သူတို့မှာ နှုတ်ခမ်းသာမရှိပါက စိတ်ကောက်လျှင် မည် သို့ပြုလုပ်ကြမည် မသိ)
``ကိုယ်ကစတာပါ ချစ်ရယ်။ နှုတ်ခမ်းကို အဲဒီ လောက် စူမထားပါနဲ့။ ကိုယ့်ပါးကို ထိုးမိပါဦးမယ်´´
``ဘာစတာလဲ။ လည်ညှပ်ရိုးကြီးတာတွေ ၊ မြုပ်သွားတာတွေ တောင်မှ အသေးစိတ် သိနေတာ။ ဒါစတာလား။ အဲဒီ လောက်တောင် ဖြစ်နေရင်လည်း ချစ်ကိုလာမပြောနဲ့။ အဲဒီ မိန်းမကို သွားပြော´´
``သူမှာ ယီးတီးယားတားလုပ်ပေးမယ့် ရည်းစားကြီးရှိနေလို့ပေါ့။ မဟုတ်ရင် ပြန်ကြိုက်ကြိုက် မကြိုက်ကြိုက် သိအောင်တော့ ပြော ဖြစ်အောင် ပြောပစ်လိုက်ဦးမှာ ။ ပြောချင်တာမှ အသည်းကိုယားနေတာပဲ´´
``ယားရင်လည်း အဲဒီ မိန်းမကို သွားကုတ်ခိုင်း။ ကျွန်မ ကတော့ သွားတော့မယ်။ ဟွန်း... မျက်လုံးမကောင်းလို့သာပဲ။ လည်ညှပ်ရိုးသေးသွားတာကျတော့ မြင်တယ်။ အဲဒါကြောင့် ပါဝါတွေ စွတ်တက်နေတာ´´
မျက်လုံးမကောင်းသော ကျွန်တော် က မော်ဒယ်ဂဲလ်၏ လည်ညှပ်ရိုးကို အလေးထားမှု ကြောင့် ချစ်ပန်းနှင်း ရေရေလည်လည် တင်းသွားသည်။ မတတ်နိုင်.. ကျွန်တော် ကိုယ်တိုင်က ကိုယ့်လည်ညှပ်ရိုးတုပ်တုပ်ကြီးကိုကိုင်ပြီး `ဒါကြီးသာ ရွှေချောင်းကြီး ဖြစ်သွားလျှင် ကောင်းလေစွ´´ဟု မကြာခဏ စိတ်ကူးယဉ်တတ်၏ ။
ထို့ပြင် မိန်းမ တစ်ယောက် ၏ အပေါ်ပိုင်းအလှက လည်ညှပ်ရိုးနှင့် အများ ကြီး သက်ဆိုင်သည်ဟု ကျွန်တော် မြင်သည်။ ထိုအမြင်စူးရှမှု ကြောင့် ချစ်ပန်းနှင်း ကတော့ ချဉ်သွားသည်။
ချစ်သူရည်းစားတွေ ကြားမှာ ရေပန်းစားသော စိတ်ဆိုးစိတ်ကောက်ခြင်းဆိုတာလည်း အရသာတစ်မျိုး ဖြစ်သည်။ ထိုအရသာကို ကျွန်တော် ခံစားချင်မိသည်။ ဒါကြောင့် ပူပူနွေးနွေးဆို ချော့ရတာ လည်း ခက်သဖြင့် နှစ် ရက်လောက်ကြာမှ ချစ်ပန်းနှင်းကို သွားချော့ရန် ဆုံးဖြတ်ထားသည်။ သို့သော် သတ်မှတ်ရက်မတိုင်မီ ကတောက်ကဆ ဖြစ်ပွားလာ၏ ။
ထိုနေ့က ရောက်တုန်းရောက်ခိုက်မို့ ဖြူနှင်းခင်တို့အိမ်သို့ ကျွန်တော် သွားလိုက်သည်။ ဖြူနှင်းက မိန်းမတို့ဘာဝ အလှပြင်ပစ္စည်းများ ၀ယ်ရန်အတွက် အပြင်သွားဟန် ပြင်နေသဖြင့် သူမနှင့် အတူ ကျွန်တော် လိုက်လာခဲ့သည်။
လိုအပ်တာတွေ ၀ယ်နေစဉ်မှာ ပင် သူငယ်ချင်းတွေ နှင့် အတူ ချစ်ပန်းနှင်းကို တွေ့ သည်။ ကျွန်တော် ကိုမြင်တော့ ချစ်ပန်းနှင်း ဘာမှမပြောပါ။ မျက်နှာကိုမဲ့ကာ ချာနဲသာ လှည့်ထွက်သွားသည်။
သို့ရာတွင် နောက်တစ်နေ့မှာ တော့ ဂဂျီဂဂျောင်နိုင်စွာ ပြဿနာ ရှာတော့၏ ။
``မနေ့ကတွေ့ တဲ့ကောင်မက ဘယ်သူလဲ´´
``လူပါပဲ´´
``အတည်မေးနေတာနော်။ အကောင်းဖြေ။ အဲဒါ ဘယ်သူလဲ´´
``ကိုယ့်သူငယ်ချင်းပါ´´
``နယ်မှနေတဲ့လူကလည်း ခဏလာတဲ့ရန်ကုန်မှာ သူငယ်ချင်းတွေ ပေါလှချည်လား´´
ကျွန်တော် က အမှန်ပြောလိုက်တာပါ။ ဒါကို သူမမျက်နှာက နာကျင်ဟန်ပြသည်။
``ကိုကနော်... ပြောနေလိုက်တာ အေးအေးဆေးဆေးပဲ´´
``အေးအေးဆေးဆေး မပြောလို့ ကိုယ်က ဘယ်လိုပြောရမှာ လဲ ချစ်ရာ။ ကြွပ်ကြွပ်ဆူနေတဲ့ ရေနွေးအိုးထဲမှာ ကိုယ်လုံးတီးဝင်ထိုင်ပြီး ခုန်ဆွခုန်ဆွနဲ့ ပြောရမှာ လား´´
``မရွဲ့ပါနဲ့ကို။ ချစ်မေးတာကိုပဲ ဖြေပါ။ အဲဒီ ကောင်မနဲ့ ကိုက ဘာလဲ´´
``ကိုယ်ပြောပြီးပြီလေကွာ။ သူငယ်ချင်းတွေ ပါဆို´´
``မညာပါနဲ့ကိုရာ။ အဲဒီ ကောင်မက ကို့ရဲ့ အဆက် တစ်ယောက် မဟုတ်လား။ အဲဒီ ကောင်မရှိနေလို့ ကိုယ်က ချစ်ကိုတောင် လာမချော့တာပေါ့လေ´´
``မဟုတ်ပါဘူးကွား။ ကိုယ်ကချစ်ကို မနက်ဖြန်ကျရင် လာချော့မလို့ပါ´´
``သြော်...သြော်...´´
ချစ်ပန်းနှင်းက လှပသော မျက်နှာထားကို အမြင်ကတ်စရာကောင်းလောက်အောင် ရှုံ့တွရင်း သရော်သလို လုပ်ဆောင်နေသည်။
``ချစ်ကိုကျတော့ မနက်ဖြန်မှလာချော့မယ်။ ဟိုကောင်မနဲ့ကျတော့ မနေ့က လျှောက်လည်တယ်ပေါ့လေ။ ... ဟုတ်လား´´
``လည်တာမဟုတ်ပါဘူးကွာ၊ ကရင်မ်တွေ လိုးရှင်းတွေ လိုက်ဝယ်တာပါ။ အဲဒါ ဘာ ဖြစ်လို့လဲ´´
``ဘာ ဖြစ်လို့လဲ... ဟုတ်လား။ ချစ်က မိန်းမသားပါ´´
``အစကတည်းက အဲဒါကို ကိုယ်သိပါတယ်။ လိုရင်း သာ ပြောပါ´´
တစ်စိတ်ကိုတစ်အိတ်လုပ်နေသော ချစ်ပန်းနှင်းကို ကျွန်တော် ရွဲ့ချင်လာသည်။ သူမမျက်နှာ ကတော့ ပဲ့ကျတော့မည့် အတိုင်း မဲ့ထနေသည်။
``ချစ်ဘက်ကိုလည်း ကြည့်ပါဦး။ သူငယ်ချင်းတွေ ရဲ့ ရှေ့မှာ ကိုယ့်ချစ်သူက အခြား တစ်ယောက် နဲ့ စုံတွဲ ခုတ်နေတာမြင်ရာတ။ ချစ်ဘယ်လောက် သိက္ခာကျသွားသလဲ... ဘယ်လောက်ခံစားရမလဲဆိုတာ ... ကိုမသိဘူးလား´´
``မသိဘူး´´
``သြော်.... အခုတော့ `ဘူး´ တစ်လုံးဆောင်ပြီပေါ့လေ´´
``အိုတောင်စိတ်မဆင်းရဲအောင်ပါကွာ´´
နားလည်မှု မရှိသော ဒီပုံအတိုင်းသာဆိုလျှင် အိုသည်အထိ စိတ်ဆင်းရဲမှာ သေချာသည်။
``ရပါတယ်။ ဒါဆိုလည်း ဒီဇာတ်လမ်းကို ဒီမှာ ပဲ ဖြတ်လိုက်ကြတာပေါ့´´
``ဒါ ကတော့ သဘောပဲလေ။ ကိုယ်ပြောရဲတာတော့ ဒီကိစ္စမှာ ကိုယ်မမှားဘူး။ ကိုယ်နဲ့ဖြူနှင်းဟာ အရမ်းခင်တဲ့ သူငယ်ချင်းစစ်စစ်တွေ ဆိုတာ အမှန်ပဲ။ ယုံတာ မယုံတာ မင်းအပိုင်းပဲ´´
``လုံးဝ မယုံဘူး´´
``ဒါဆိုလည်း ပြီးပြီပေါ့ ချီးပန်းရာ´´
``ဘာ... ဘာ... ဘယ်လိုခေါ်လိုက်တယ်´´
ချစ်ပန်းနှင်း စွေ့စွေ့ခုန်သွားသည်။ အခြေအနေက အရင်လို ပြန် ဖြစ်သွားပြီဆိုတော့ အရင်လိုပဲ ခေါ်ရမှာ ပေါ့။
``တကယ်တော့ `ချစ်´တွေ ဘာတွေ က အလကားပါ။ နောက်ဆုံးတော့လည်း ချီးပန်းက ချီးပန်းပါပဲဟာ´´
``တောက်... မှန်ကြောင်ကောင်... နင်....´´
``အမှော င်မှာ ကြံမလို့ ချောင်းနေတာနော်... ဟဲ... ဟဲ...´´
``ခွေးစုတ်... ကာလနာ... မြွေပွေးကိုက်... ကားတိုက်.... လေးလုံး... ပုလင်းဖင်...´´
``အဲဒီ ပုလင်းဖင်ထဲမှာ တော့ ချီးဝင်မပါနဲ့နော်... ကြားလား ချီးပန်း။ ဟာ.... ဟား... ဟား.... ဟား´´
အဆဲအဆိုအစအနောက်များ နှင့် စတင်ခဲ့သော ဇာတ်လမ်းက အဆဲအဆို အစနောက်တွေ နှင့် ရသမြောက်စွာ အဆုံးသတ်သွားခဲ့လေသည်။
အထာတွေ များ သော ယနေ့ခေတ်တွင် ချစ်တယ်လို့ပြောမှ တွဲ လို့ရတာ မဟုတ်သလို မုန်းတယ်မပြောဘဲလည်း လမ်းခွဲလို့ရသည်။ ယနေ့ခေတ်၏ သမိုင်းဝင်လူငယ်တွေ ဖြစ်သော ချစ်ပန်းနှင်းနှင့် ကျွန်တော် သည်လည်း နားလည်မှု စည်းဝါး တိမ်းချော်ရာမှ မတည်မြဲဘဲ လမ်းခွဲ ဖြစ်သွားကြ၏ ။
ချစ်ပန်းနှင်းကို ကျွန်တော် သံယောဇဉ်ရှိပါသည်။ သို့သော် မိန်းမသား တစ်ယောက် ၏ ချစ်ခွင့်ကိုရဖို့အတွက် ဖြစ်သင့် ဖြစ်တိုက်သော အတိုင်းအတာထက် ကျော်လွန်ပြီး ခခယယအောက်ကျို့ တောင်းပန်ရမှာ မျိုးကို ကျွန်တော် မနှစ် မြို့ပါ။
ဒါကြောင့် လည်း အရင်... အရင်... ချစ်သူများ အတိုင်းသာ ချစ်ပင်ချစ်သော်ငြားလည်း ကိုယ့်ဘက်မှစတင်ကာ အဆက်အသွယ်ပြန်မလုပ်ခဲ့ပါ။ သူမကလည်း ကျွန်တော် ထံ ပြန်မဆက်သွယ်ခဲ့ပါ။ ဤသို့ဖြင့် သာ ချစ်ပန်းနှင်းနှင့် ကျွန်တော် တစ်ခန်းရပ်ပြဇာတ်က အတားအဆီးမဲ့စွာ ကန့်လန့်ကာကျသွားခဲ့၏ ။
ငှက်ငယ်တို့က အိပ်တန်းတက်နေကြပြီ။ ညနေခင်းက ချစ်သူမသိတသိအချိန်သို့ ရောက်နေချေပြီ။ ချစ်ပန်းနှင်းအား သတိရစေသော ပန်းနုရောင် ဘောလုံးပန်းငယ်လေးကို ကျွန်တော် လက်ဖြင့် အသာအယာပုတ်လိုက်သည်။ ထိုအခါ လှုပ်ခတ်မှု ကြောင့် ညိုစိမ်းစိမ်း ထိခရုန်းကလေးများ မျက်လွှာချလျက်အိပ်သွားကြသည်။
ရန်ကုန်-ပြည် အမြန်ရထားကြီး တရွေ့ရွေ့ခုတ်မောင်းသွားသည်ကို မှု န်ပျပျ လှမ်းမြင်လိုက်ရသည်။ အိမ်ပြန်ရန် ကျွန်တော် ထိုင်ရာမှ ထလိုက်၏ ။
နေလုံးကြီးကို ကြည့်လိုက်တော့ ရွှန်းရွှန်းလဲ့လဲ့ ရဲနေသည်။ ကျွန်တော့် အာရုံမှာ လည်း နေ၀ါတစ်ပွင့် ချက်ချင်း လက်ငင်း ပွင့်လာသည်။
ဒီညတော့ အဓိပ္ပါယ်ရှိစွာ လှပလိမ့်ဦးမည် ထင်၏ ။
အခန်း (၅)
မှော င်နေသော ညရောင် အောက်တွင် မရေရာမှု တစ်ခုကို အသေအချာ စောင့်စားရင်း ကျွန်တော် ငေါင်နေသည်။ စိတ်၏ နယ်ပယ်က ဘယ်လောက်ကျယ်ဝန်းနက်ရှိုင်းမှန်း ကျွန်တော် မိသပါ။ သို့ရာတွင် မမြင်နိုင်သော ဖမ်းစားမှု များ ၏ စွမ်းအားတွေ ကိုတော့ လက်ခံယုံကြည်နေမိသည်။
ထိုယုံကြည်မှု အား ကိုးစား၍ ကျွန်တော့် စိတ်အစဉ်ကိုတော့ ဆွဲဆန့်ထားရ၏ ။
``ကလင်... ကလင်... ကလင်´´
ညဥ့်ဦးယံတွင် မြည် လာသော တယ်လီဖုန်းသံက ကျွန်တော့် ယုံကြည်မှု ကို သယ်ဆောင်လာသော အရာဟု ထင်လိုက်သည်။ ထိုအထင်ကို အဖြေထုတ်ရန်အတွက် တယ်လီဖုန်းအား သွားကိုင်လိုက်၏ ။
``ဟယ်လို´´
``ဟဲ့... ငါ... ငါ´´
``သြော်... နေ၀ါ´´
ကျွန်တော့် အထင် မှန်ကန်ကြောင်း ချိုအီသော အသံစာစာလေးက အပြည့်အ၀ ထောက်ခံနေသည်။
``ဟဲ့.. နင်အခုဘာလုပ်နေတာလဲ´´
``ဖုန်းပြောနေတာလေ´´
``ဟာ နင် ကတော့ လုပ်ပြီ´´
``ငါပြောတာ မဟုတ်လို့လား´´
``ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ငါကဖုန်းမပြောခင် ဘာလုပ်နေတာလဲလို့ မေးတာ။ ပြော... ဘာလုပ်နေတာလဲ´´
``ငါ နင့်ဖုန်းကို မျှော်နေတာ´´
ကျွန်တော် အရိုးသားဆုံး ၀န်ခံလိုက်တာပါ။ ယုံကြည်တာ မယုံကြည်တာ ကတော့ သူမကကဏ္ဍ ဖြစ်သည်။ ထိုစဉ် ကျွန်တော် ဦးနှောက်ထဲမှာ သတိပေးမှု တစ်ခု ပေါ်ပေါက်လာ၏ ။
``နေ၀ါ... နင့်ဖုန်းနံပါတ်ကို ငါ့ကိုပေးဦးလေ။ ငါဆက်ချင်ရင် ဆက်လို့ရတာ ပေါ့´´
``ယူမနေပါနဲ့ဟာ။ ငါပဲနင့်ကို ဆက်ပါမယ်´´
မပေးချင်မှန်း ရိပ်မိလိုက်သော ကြောင့် ကျွန်တော် အတင်းမမေးတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ ဒါကို ပါးနပ်ပုံရသော နေ၀ါက စကားစ အပြတ်မခံပါ။
``ဟဲ့... နင် ညစာစားပြီးပြီလား´´
``အင်း... ပြီးပြီ´´
``ဘာနဲ့ စားလဲ´´
``တရုတ်အမဲ´´
``ဟင်... လာပြန်ပြီး ဒီတရုတ်အမဲ။ နင်ဟာလေ သူများ အသားကို တော် တော် စားတာပဲ´´
``အမယ်... နင်ကျတော့ သူများ အသား မစားလို့လား။ ပြောပါဦး´´
``မစားဘူး။ ငါက အသားမစားဘူး။ အသားဆို ဘာအသားမှ မစားတာ´´
``သြော်´´
အရမ်းထူးဆန်းသော ကိစ္စကြီး မဟုတ်ပေမယ့် ကျွန်တော် နည်းနည်း တော့ အံ့သြသွားမိသည်။ သူမအသံက မူမှန်နေသဖြင့် ဖြီးတာတော့ မ ဖြစ်တန်ရာ။
ထိုစဉ်မှာ ပင် တစ်ဖက်မှ ဆူဆူညံညံ အသံများ ကို ကြားရသည်။
``နေ၀ါ... ဘာတွေ ဖြစ်နေတာလဲ´´
``ဒီမှာ ဟာ ငါ့ညီမ အလုပ်ရှုပ်နေလို့။ ငါဒီနေ့ ဆံပင်ဆိုးလာတာ။ အဲဒါ လာကိုင်ကြည့်နေလို့ စိတ်ရှုပ်တာနဲ့ ကောလွှတ်ပစ်လိုက်တယ်´´
``ဆံပင်ဆိုးတာဆိုတော့ ဘာအရောင် ဆိုးတာလဲ´´
``ဘာအရောင် လို့ထင်လဲ... ယူဆီး´´
ဖုန်းပြောနေရင်း ကျွန်တော့် မျက်လုံးတွေ ကို မှိတ်လိုက်မိသည်။ ထိုအခါ အာရုံထဲမှာ ရောင် စဉ်တစ်မျိုး တဖိတ်ဖိတ် လက်လာသည်။
``မဟော်ဂနီရောင် ...။ ဘယ်လိုလဲ ငါပြောတာ ဟုတ်လားဟင်´´
``ဟုတ်တယ်။ ဟုတ်တယ်။ နင်က တော် သားပဲ။ ရမ်းတုတ်လိုက်တာ ကွက်တိမှန်တယ်´´
သူမအပြောကြောင့် ကျွန်တော် မခံချိမခံသာ ဖြစ်သွားရသည်။
``ရမ်းတုတ်တာ မဟုတ်ပါဘူးဟာ။ ငါ့မျက်လုံးကိုမှိတ်လိုက်တာ။ အဲဒီ မှာ မဟော်ဂနီရောင် မြင်နေလို့ ပြောလိုက်တာပါ´´
``အဲဒါဆို နောက်တစ်ခုလောက်ထပ်ပြောကြည့်ပါဦး´´
``ဘာကိုလဲ... ဘာပြောရမှာ လဲ´´
``ဘာပဲ ဖြစ် ဖြစ်ပေါ့လေ။ နင်ပြောချင်တာ ပြောကြည့်။ မှန်မမှန် သိရတာ ပေါ့´´
``နင်ကလည်း ငါ့ကိုများ ဘိုးတော် ဆိုတဲ့လူကို စမ်းသပ်တာကျနေတာပဲ။ ငါလည်း ဒီလိုပဲ မှန်းပြောတာပဲဥစ္စာ။ တိုက်ဆိုင်သွားတာ ဖြစ်မှာ ပေါ့´´
``အေးပါ... ဘာပဲ ဖြစ် ဖြစ်.။ အပျင်းပြေပေါ့ဟာ။ နောက်တစ်ခုခု ပြောကြည့်´´
သူမ အတင်းတောင်းဆိုနေသည်။ ကျွန်တော် လည်း အပျော်သဘောဖြင့် ပြောကြည့်လိုက်သည်။
``နေ၀ါ... နင်အခု ဖုန်းပြောနေတာ ဆောင့်ကြောင့် လေးထိုင်ပြီး ပြောနေတာ မဟုတ်လား။ နံရံကိုလည်း မှီထားတယ်လေ။ ပြီးတော့ နင်တို့ဖုန်းက အဖြူရောင် လေး။ နင်ထိုင်နေတာက ၀ရန်တာလိုနေရာမျိုးလေ။ ပွတ်လုံးတိုင်လေးတွေ နဲ့။ ပြီးတော့ ထိုင်ခုံလိုဟာမျိုးတွေ လည်း ရှိတယ်လေ´´
``ဟာ... နင်ပြောတာတွေ အကုန်မှန်တယ်။ နင်ငါတို့အိမ်ကိုများ ရောက်ဖူးလို့လား´´
``မရောက်ဖူးပါဘူးဟာ.. ကပ်သီးကပ်သတ်။ နင်ဘယ်မှာ နေမှန်း ငါသိတာမှ မဟုတ်တာ´´
``ဒါပေမယ့် နင်ပြောတာတွေ အကုန်မှန်တယ်။ ငါတို့ဖုန်းက တကယ်အဖြူရောင် လေး။ ငါအခု ဖုန်းပြောနေတာလည်းပဲ ဖုန်းကို အပြင်ထုတ်ပြီး ၀ရန်တာမှာ ပြောနေတာ။ ပြီးတော့ နင်ပြောသလိုပဲ ငါတို့ဝရန်တာမှာ ပွတ်လုံးလေးတွေ နဲ့။ ထိုင်စရာ ကျောက်ခုံလေးတွေ လည်း ရှိတယ်။ ငါကလည်း နံရံကိုမှီပြီး ဆောင့်ကြောင့် လေးထိုင်ပြောနေတာဟ။ ငါတော့ တကယ်အံ့သြတာပဲ´´
နေ၀ါ့အသံမှာ အံ့သြဟန်တွေ က တကယ်ပဲ ပါဝင်နေသည်။ ကျွန်တော် ကိုယ်တိုင်လည်း သူမနှင့် ထပ်တူ ဖြစ်နေ၏ ။ သူမသက်သက် နောက်နေတာများ လားဟု တွေးမိသေးသည်။
``ဟဲ့... နင်အကြားအမြင်တွေ ဘာတွေ ရနေတာလား´´
``ဟာ... ပေါက်ကရ။ ငါလည်း မှန်းပြောတာပါဟာ။ တိုက်ဆိုင်တာပဲ ဖြစ်မှာ ပါ´´
``တိုက်ဆိုင်တာလည်း လွန်လွန်းတယ်ဟာ။ ငါ့အထင်တော့ နင်အကြားအမြင်ရနေတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် နင်ကအထွက်တော့ မ ဖြစ်နိုင်ဘူး။ အောက်ထွက်ပဲ ဖြစ်ရမယ်´´
``ကောင်မနော်...´´
``ကောင်ထီးနော်...´´
``အရူးမ´´
``အရူးထီး´´
``နွားမ´´
``နွားထီး´´
``မိန်းမ´´
``ဟဲ ဟဲ ... ဒါတော့ ငါသိတယ်။ ငါလူလည်ပါဟ...´´
``အဟင်း... အဟင်း...´´
ညဥ့်ယံထဲသို့ ရယ်သံတွေ လျှံကျသွားသည်။ ကျွန်တော့် ရင်ဘတ်ထဲမှာ လည်း ပျော်ရွှင်ခြင်းငှက်ငယ်တွေ အုပ်စုဖွဲ့ပျံသန်းနေကြလေသည်။
ဖမ်းစားမှု အတတ်ပညာတွေ ထဲမှာ အသံနှင်း ညှို့ငင်မှု သည်လည်း အင်အားကြီးမားသော အရာတစ်ခု ဖြစ်ကြောင်း ကျွန်တော် ကိုယ်တွေ့  သိရှိလိုက်ရသည်။
ထိုအသံပိုင်ရှင်သည်။ နေ၀ါဆိုသော တွတ်တီးတွတ်တာမလေး ဖြစ်ပါသည်။
ကျွန်တော် ၏ မိုးနှောင်းပိုင်းများ သည် ဆန်းသစ်သော သံစဉ်တစ်မျိုးကြောင့် သက်ဝင်လှပနေသည်။ ထိုခြယ်သမမှု ကို ပီပြင်စေသူမှာ နေ၀ါဆိုသော ရင်ခုန်ချင်စရာ အဆင်လေး ဖြစ်၏ ။
ညရောက်ပြီဆိုလျှင် တစ်ဖက်သတ်ဆန်သော မျှော်လင့်ချက်တို့ဖြင့် ကျွန်တော် ဖုန်းမျှော်တတ်လာသည်။ နေ၀ါနှင့် ဖုန်းပြောရတာ ထူးခြားဆန်းသစ်၏ ။ ကျွန်တော် လူအများ ကြီး (ကောင်မလေးတွေ အများ ကြီး)နှင့် ဖုန်းတွေ အကြာကြီး ပြောဖူးပါသည်။ သို့သော် နေ၀ါနှင့် ပြောရတာ လောက် အရသာမရှိ။
ဖုန်းပြောတာက လူချင်းမမြင်ရဘဲ အပြောချည်းသက်သက်မို့ ကြာလာလျှင် ပျင်းဖို့ကောင်းသည်။ တစ်ခါတစ်ရ့ ဘာဆက်ပြောရမှန်းမသိဘဲ ဖြစ်တတ်၏ ။ နေ၀ါနှင့် ပြောရတာ က အဲဒီ လိုမဟုတ်။ ဖုန်းချပစ်ရမှာ ကိုပင် နှမြောမိသည်။
နေ၀ါက အပြောကောင်းသည်။ ထိုထက်ဆိုရလျှင် စကားပြောပညာကို ကျွမ်းကျင်သည်။ ကိုယ်ပြောချင်တာတွေ ချည်း စွတ်ပြောနေတာမျိုး မဟုတ်ဘဲ တစ်ဖက်လူကို အလှည့်ပေးပြီး နှစ် ဦးစလုံးနှင့် လိုက်လျောညီထွေ ဖြစ်မည့် စကားတွေ ကို သေသေသပ်သပ် ရွေးချယ်ပြောဆိုတတ်သည်။
ကျွန်တော် စောင့်မျှော်ရကျိုးနပ်အောင် နေ၀ါက စွမ်းဆောင်ပေးလေ့ရှိသည်။ ကျွန်တော် နှင့် သူမ ညစဉ်ညဆက် မပျက်မကွက် ဖုန်းပြော ဖြစ်ကြ၏ ။
အံ့သြစရာကောင်းသော အချက်မှာ နေ၀ါမေးတာတွေ ကို ကျွန်တော် ဖြေလိုက်လျှင် အမြဲမှန်နေတတ်တာ ဖြစ်သည်။
``ဟဲ့.. ငါအခုဝတ်ထားတဲ့အင်္ကျီက ဘာအရောင် လဲ။ ပြော´´
``ပန်းရောင် ´´
``ဟာ... နင့်ကိုတော့ ငါလန့်လာပြီ။ နင်တကယ်ပဲ အကြားအမြင် ရနေပြီထင်တယ်´´
``အကြားအမြင်ရနေတာ မဟုတ်ပါဘူးဟာ။ အခုတလော ငါက နင့်အကြောင်းတွေ ပဲ အမြဲတမ်းတွေးနေမိတာ။ အဲဒါကြောင့် ငါ့စိတ်က နင့်ဆီကိုပဲ ရောက်နေတာလေ။ စိတ်ဆိုတာ အင်မတန် ဆန်းကြယ်တယ်ဟ။ မမြင်နိုင်တဲ့ စွမ်းအားတွေ လည်းရှိတယ်။ ငါက နင့်အကြောင်းတွေ ကိုပဲ အမြဲတမ်းတွေးနေတာကြောင့် စိတ်ချင်းဆက်သွယ်နေတာလားမှ မသိတာ´´
``အင်း... ဟုတ်မယ်ထင်တယ်နော်´´
ထိုအ ဖြစ်အပျက်က ထူးဆန်းလှသည်။ ခက်ခက်ခဲခဲတွေ မမေးသော ကြောင့် မှန်နေတာလည်း ဖြစ်နိုင်သည်။ သူမမေးတာတွေ က သာမံကာလျှံကာ အကြောင်းအရာတွေ သာ ဖြစ်၏ ။ ဒါတောင်မှ တချို့မေးခွန်းတွေ ဆိုလျှင် မဖြေတတ်သဖြင့် ကျွန်တော် ဘူးခံလိုက်သည်။ ဘာပဲပြောပြော Will Power ကို ကျွန်တော် ယုံကြည်သည်။
နေ၀ါ ကတော့ အားအားရှိစမ်းသပ်သည်။
``ဟဲ့.. ငါဒီနေ့ ဗျူးတီးဆလွန်းသွားတာ မျက်နှာမှာ တစ်ခုခုပြင်လာတယ်။ အဲဒါ ဘာလဲ´´
``မျက်ခုံးမွှေး´´
``ဟာ... မှန်ပြန်ပြီ။ နင်ဘယ်လိုသိတာလဲ´´
``အခုဟာက စဉ်းစားပြီး ပြောတာဟ။ မျက်နှာမှာ ဆိုရင် ပြင်စရာ အရမ်းများများ စားစားမှ မရှိတာ။ နင့် နှာခေါင်းကလည်း ပြင်စရာမှ မလိုတာ။ နှာတံလေးကို စင်းနေတာပဲ။ မျက်တောင်မွှေးဆိုလည်း ကော့နေတာပဲ။ ဒါပေမယ့် နင်က မျက်ခုံးမွှေးထူတယ်။ အခုခေတ် မိန်းကလေးတွေ က မျက်ခုံးမွှေးကို အထူကြီးမထားကြဘူးဟ။ အဲဒါကြောင့် နင့်မျက်ခုံးမွှေးနှုတ်လာတာ ဖြစ်မှာ ပဲ ဆိုပြီး ပြောလိုက်တာ´´
``အလဲ့... တော် လှချည်လား။ နင်အလှပြင်ဆိုင် ဖွင့်စားလို့တောင် ရနေပြီ။ ဒီပုံအတိုင်းဆိုရင် နင်ဟာ မိန်းကလေးတွေ နဲ့ ဘယ်လောက်ပေါင်းမှန်းလည်း ငါတွေးကြည့်လို့ရတယ်။ အိုင်ဆီး အိုင်ဆီး´´
သူမမျက်နှာကို တစ်ခါမြင်ဖူးရုံနှင့် အသေးစိတ်မှတ်မိနေတာကိုတော့ တွေးမိပုံမရပါ။ သို့ရာတွင် တွေးမိပါလျက်နှင့် ဖွင့်မပြောတာလည်း ဖြစ်နိုင်သည်။
``ဟဲ့... အကြားအမြင်ဆရာကြီး။ ငါအခု အင်္ကျီဘယ်နှစ် ထပ်ဝတ်ထားသလဲဆိုတာ ပြောကြည့်စမ်းပါဦး´´
``အတိအကျ ပြောရမှာ လား´´
``အေးပေါ့ဟ။ အတိအကျပေါ့´´
``ဒါဆို ပြောမယ်။ နင်ပြောခိုင်းလို့ ငါပြောတာနော်´´
``အင်းပါ... ပြောပါ။ ဘယ်နှယ့်လဲ´´
``သုံးထပ်´´
``ဟား... ဟား... ဒီတစ်ခါတော့ မှားသွားပြီ။ ငါဝတ်ထားတာက နှစ် ထပ်တည်းရယ်။ တီရှပ်နဲ့ အပေါ်က ချည်သားလက်ရှည်ကလေး ထပ်ဝတ်ထားတာ။ အဲဒီ နှစ် ထည်တည်းရယ်´´
``ဟုတ်လို့လား။ ကိုယ့်ကိုယ်ကိုသေချာ ပြန်ဆန်းစစ်ကြည့်ပါဦး´´
``ဟုတ်ပါတယ်ဟာ။ နှစ် ထည်တည်းရယ်´´
``နောက်တစ်ထည် ကျန်လောက်ပါသေးတယ်။ သေချာစဉ်းစားကြည့်ပါဦး´´
``မကျန်တော့ပါဘူးဟာ။ ဒီနှစ် ထည်တည်းရယ်... အဲ... အဲ... ဟယ် သေနာကောင်´´
ပြောနေရင်းမှ ကျွန်တော် ဆိုလိုတာကို သူမသဘောပေါက်သွားပုံရသည်။ ကျွန်တော် လည်း လူချင်းမမြင်ရပေမယ့် မျက်နှာပူသွားမိသည်။ ကျွန်တော် သည် တစ်ခါတစ်ရံတွင် မျက်နှာပြောင်တတ်သလောက် မိန်းကလေးများ နှင့် ပတ်သက်လျှင်တော့ အလွန်ရှက်တတ်၏ ။
``နေ၀ါ... နင်ပြောခိုင်းလို့ ငါပြောတာနော်။ နင်က အတိအကျ ပြောဆိုလို့ငါ့က´´
``အေးပါ ကိုတိကျကြီးရယ်။ တော် ပါတော့။ မေးမိတဲ့ ကျွန်မပဲ မှားပါတယ်ရှင်´´
အဲဒီ လို နှိုက်နှိုက်ချွတ်ချွတ်ပြောတတ်သည့် ပါးစပ်ရှိသော ကြောင့် လည်း ကျွန်တော် နှင့် မိန်းကလေးတိုင်း မ ဖြစ်တာ ဖြစ်မည် ။ နေ၀ါနှင့် ကတော့ ဖြစ်သည်။ ဖြစ်တာမှ တော် တော် လေး ဖြစ်ပါ၏ ။
ကျွန်တော် ဟောကိန်းထုတ်တာတွေ မှန်တော့ နေ၀ါးလည်း အားကျလာပုံရသည်။
``ဟဲ့ နင့်လိုပဲ ငါစမ်းပြောကြည့်ရအောင်။ ငါ့ကို တစ်ခုခုမေး´´
``ဘာမေးရမှာ လဲ´´
``ဘာပဲ ဖြစ် ဖြစ်မေး။ ငါလည်း နင်လိုပဲ ဖြေကြည့်ချင်လို့´´
``ဒါဆို မေးယ်။ ငါ အခု အင်္ကျီဘာအရောင် ၀တ်ထားတာလဲပြော´´
``အဖြူရောင် ။ ဟုတ်လားဟင်´´
``မဟုတ်ဘူး။ အနက်ရောင် ´´
``ဟာ ဒါဆို အလွဲကြီးလွဲတာပေါ့။ အေးပေါ့လေ ငါက နင့်လို့အောက်ထွက်မှ မဟုတ်တာ။ ဘယ်မှန်ပါ့မလဲ။ ငါက မှန်ဖို့လည်း မလိုပါဘူး။ နင့်ကိုပဲ ရုံသွင်းပြစားတော့မယ်´´
``အောင်မာ ငနာမ´´
``ငနာကောင်´´
``မိန်းမ´´
``အရူးကြီး´´
အစောင်းအချိတ် အထေ့အငေါ့လေးတွေ နှင့် မို့ ကျွန်တော် တို့ ဖုန်းပြောကြလျှင် အမြဲပြုံးရသည်။ အစအနောက်သန်တာခြင်းရော အစအနောက်ခံနိုင်တာခြင်းရော နေ၀ါနှင့် ကျွန်တော် တူညီသည်။ ဒါကြောင့် လည်း ညကာလ၏ တယ်လီဖုန်းသံသရာက ရှည်လျားနေတာ ဖြစ်လိမ့်မည် ။
ပေါ့ပေါ့ပါးပါးစကားများ ကို ပြောတတ်သည့်နေ၀ါသည် ပတ်ဝန်းကျင်ကို လေးလေးနက်နက် ရှိမှန်းလည်း ကျွန်တော် သတိပြုမိ၏ ။
``နင်တို့ စာရေး ဆရာတွေ က ပတ်ဝန်းကျင်နဲ့ထိတွေ့ ဆက်ဆံမိသမျှကို ကုန်ကြမ်းတွေ လိုပဲ သဘောထားတတ်ကြတာ။ ငါ့ကိုတော့ နင့်ရဲ့ ကုန်ကြမ်းတစ်ခုလို သဘောမထားပါနဲ့ဟာ။ ငါတောင်းပန်ပါတယ်။ နင့်ဆီကို ညတိုင်းဖုန်းဆက်နေတဲ့ ကောင်မလေး တစ်ယောက် အကြောင်းကို ဟာသတစ်ခုလုပ်ပြီး မပြောပါနဲ့နော်။ နင့်သူငယ်ချင်းတွေ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်လည်း ငါ့ကို အီကြာကွေးလုပ်ပြီး မမြည်းပါနဲ့ဟာ။ မကျေနပ်ရင် နင့်စိတ်ထဲမှာ ပဲ ၀ါးစားပစ်လိုက်ပါ´´
ထိုသို့ သူမပြောထားသဖြင့် သူငယ်ချင်းတွေ နှင့် လက်ဖက်ရည်ဆိုင်ထိုင်လျှင် ထူးဆန်းစွာ ဆက်သွယ်မှု ပြုနေသော သူမအကြောင်းကို လျှို့ဝှက်ထားရ၏ ။
နေ့ဘက်တွေ ဆိုလျှင် ကျွန်တော့် ထံဖုန်းဆက်ကြသည့် သူငယ်ချင်းတွေ က သူတို့၏ လက်ရှိထူးခြားသော အကြောင်းအရာတွေ ကို ပြောဆိုဆွေးနွေးကြသည်။ ထိုအခါ ကျွန်တော် ကလည်း ကျွန်တော် ၏ ထူးခြားမှု ဖြစ်သော သူမအကြောင်းကို ပြောချင်မိသည်။ သို့သော် ကိုယ့်စိတ်ကိုယ် ပိတ်ထားရ၏ ။
ညစဉ်ဖုန်းပြောရင်း ကျွန်တော် နှင့် နေ၀ါသည် ပြောမနာဆိုမနာ အဆင့်ကို ရောက်လာကြသည်။ တစ်ခါတစ်ရံဆိုလျှင် ကျွန်တော် တို့နှစ် ယောက် မိုးလင်းသည်အထိ မပျင်းမရိ ဖုန်းပြော ဖြစ်ကြ၏ ။ (ထိုအချိန်တုန်းက မအိပ်မနေမို့ စိုးရိမ်စိတ်ဖြင့် အမေဆူပူတာကိုလည်း အပြင်းအထန် ခံရသည်။ ပြောင်ချက်ထွီးက ကိစ္စရှိ၍ ညဘက်ဖုန်းဆက်တိုင်း ဖုန်းခေါ်မရသဖြင့် ဆဲတာဆိုတာကိုလည်း မိုးမွှန်အောင် ခံရသည်။)
နေ၀ါက ကျွန်တော့် ထက် အသက်တစ်နှစ် ကျော် ပိုကြီးမှန်း နောင်မှ သိရသည်။ ဒါက ချွဲနွဲ့တတ်သော ကျွန်တော့် အတွက်တော့ အခွင့်အရေး ကောင်းတစ်ရပ် ဖြစ်သွား၏ ။ နင် ငါ ပြောတာ ကတော့ နှုတ်ကျိုးနေပြီမို့ ခေါ်မြဲအတိုင်းသာ ဆက်လက်သုံးစွဲကြပါသည်။
စကားအရာမှာ ကျွမ်းကျင်လိမ္မာသော ပါးနပ်ထက်မြက်သော နေ၀ါနှင့် စကားပြောရတာ ကို ကျွန်တော် အလွန်သာယာ မက်မောသည်။ အပိုမပြောပါ။ ယနေ့ ဤအချိန်အထိ ဇီဇာကြောင်သော ကျွန်တော် နှင့် အတိုက်အခံလုပ်၍ ဒေါသမပါဘဲ အေးအေးဆေးဆေး စကားပြောနိုင်သည့် မိန်းကလေးမှာ နေ၀ါ တစ်ယောက် သာ ရှိပါသည်။
ဘာကြောင့် ရယ် မသိသော်လည်း နေ၀ါသည် ကျွန်တော့် နှလုံးသား၏ သမိုင်းတွင် ထူးထူးခြားခြား မော်ကွန်းရေး ထိုးနိုင်သည့် မိန်းမသားတစ်ဦးမှန်း ထိုအချိန်ကတည်းက ကျွန်တော် ရိပ်စားမိနေခဲ့သည်။
ဒါကြောင့် နေ၀ါနှင့် ပတ်သက်သမျှ ရက်စွဲများ ကို ဒိုင်ယာရီထဲမှာ ကျွန်တော် အသေအချာ မှတ်သားထားသည်။ ဖုန်းပြောသည့်နေ့ရက်တွေ ၏ ရွက်စုတ်ပြက္ခဒိန်များ ကိုလည်း ဖြုတ်၍ သိမ်းဆည်းထားမိသည်။
ထို့ပြင် နေ၀ါနှင့် ကျွန်တော် စတွေ့ သည်မှစ၍ အပြန်အလှန်ပြောသော စကားများ ကိုလည်း ဗလာစာအုပ်ထဲတွင် လက်ရေး တိုဖြင့် ရေး မှတ်ထားလိုက်သည်။ သူမစိုးရိမ်သလိုမျိုး ကုန်ကြမ်းယူတာတော့ မဟုတ်ပါ။ ပြင်းပြစွာ တိုက်တွန်းနှိုးဆော်လွန်းသော စိတ်ဆန္ဒကြောင့် သာ နေ့စဉ်အလုပ်ရှုပ်ခံပြီး ဤသို့ ပြုလုပ်နေမိတာ ဖြစ်သည်။
ရက်ပိုင်းအတွင်းတွင် တယ်လီဖုန်းဖြင့် ရင်းနှီးမှု တွေ အပြန်အလှန်ကြီးထွားလာသော ကျွန်တော် နှင့် နေ၀ါသည် အပြင်မှာ ထပ်မံဆုံတွေ့ ရန် နှစ် ဦးသဘောတူကြံစည်ကြပြန်သည်။
ထို့အတွက် ၀ဏ္ဏနှင့် မဂ္ဂဇင်းတိုက်ကိုပို့ရန် စာမူများ အား အကြောင်းပြပြီး ကျွန်တော် ရင်ကုန်သို့ ထွက်လာခဲ့၏ ။ ရင်ထဲမှာ တော့ စိတ်ပါလက်ပါဖြင့် ခံစားချက်တွေ က စိမ်းစိုလတ်ဆတ်လျက်ရှိပါသည်။
မမျှော်လင့်သော ဆုံဆည်းမှု မှစတင်ကာ မမျှော်လင့်ပါပဲ ရင်ဘတ်ထဲသို့ ၀င်ရောက်လာခဲ့သည်မှ ဆက်လက်၍ မည် ကဲ့သို့ မမျှော်လင့်တာတွေ ဖြစ်ပွားလာလိမ့်ဦးမလဲဆိုတာကိုတော့ ကျွန်တော် အမျှော်လင့်ကြီး မျှော်လင့်နေမိလေသည်။
![]() တစ်ယောက်တစ်ခြမ်း | ![]() မာယာ ကစားပွဲ | ![]() မိန်းမလိုချင်တယ် |