
မာယာကစားပွဲ
မိတ်ဆွေ…
အားနေလျှင်
ယားနေသူတွေ ကို ကုတ်ပေးလိုက် ပါ။
လေတွေ များ နေလျှင်
မရှက်မကြောက် အီးပေါက်ပစ်လိုက်ပါ။
ကျုပ်ကိုတော့လာပြီး မနှောင့်ယှက်ပါနှင့်။
ကျုပ်ကသာ နှောင့်ယှက်ပါရစေ။
စပရိန် (ခ) သုထက်
တိုက်ပွဲတစ်ရာ အောင်မြင်ခဲ့တဲ့
စစ်သူကြီးတောင်မှ
အချစ်အတွက်ကြောင့် ဒူးထောက်ရသေးတာပဲ။
ထမင်းစားပြီး ဝမ်းသွားတဲ့
ငါလိုလူစားကကော ဘာသားနဲ့များ ထုထားလို့လဲ…။
လေချွန်သံတစ်ခုသည် လေဟာပြင်ထဲတွင် ကျယ်လောင်စွာ အော်မြည် ပြေးလွှား နေ၏ ။
အဝတ်အစားများ စုတ်ဖြဲခံလိုက်ရသော မိန်းမပျိုတစ်ဦးကဲ့သို့ ပင်… ကောင်းကင်၏ အပြာရောင် အသားစိုင်များ သည် ပါးလွှာကျို့ကျဲသော တိမ်ငွေ့တိမ်မျှင်တွေ ကြားမှ ငေး ကြည့်ချင်စရာ ကောင်းလောက်အောင် မလုံမလဲပေါ်ထွက်လျက်ရှိ၏ ။
မိုးနှောင်းပိုင်းကာလ ဖြစ်သော အောက်တိုဘာလ၏ နံနက်ခင်းသည် လန်းစိမ်းစွာ လင်းကြည်စိုပြည်နေ၏ ။ မြေပြင်ထက်ထိတိုင် နွေးထွေးစွာ ရှပ်တိုက်ခယနေသည့် နေခြည် ရောင် နုဖျော့ဖျော့ကြားတွင် ဆယ်ကျော်သက်အရွယ် ချာတိတ် တစ်ယောက် သည် လေက လေး တချွန်ချွန်ဖြင့် အေးဆေးစွာ လမ်းသလားနေပါသည်။
သူ့အမည် ရင်းမှာ -သုထက်။ သို့ သော် ဤမြို့ရှိ လူအများ စုကသူ့အား ‘စပရိန်’ ဟုသာ ခေါ်ကြသည်။ သူက အစအနောက် အလွန်သန်ပြီး လူတစ်ဖက်သားကို ကြပ်တတ်သည်။ ခပ်တည်တည်ဖြင့် ချောက်တွန်းတတ်သည်။ သူ့ကိုလည်း ဘယ် လောက်နောက်နောက် ဘယ်လောက်ပြောပြော အပြုံးမပျက်ချေ။ ထို့ကြောင့် သူသည် အစအနောက်သန်သော ရုပ်ပြောင်စပရိန်ကောင်ဟု သတ်မှတ်ခံရခြင်း ဖြစ်လေသည်။
လေကလေး တချွန်ချွန်ဖြင့် ရွေ့နေသော သုထက်သည် မျက်နှာချင်းဆိုင် အရပ်ဆီမှ လျှောက်လာသော လူ တစ်ယောက် အား တွေ့ လိုက်ရသဖြင့် လှမ်း လက်စ ခြေလှမ်းတွေ ကို တိခနဲရပ်ပစ်လိုက်သည်။ ထို့နောက်ဖင်နှိုက်လိုက် ခေါင်း ကုတ်လိုက်နှင့် ဟိုကြည့်ဒီကြည့် လုပ်လေတော့သည်။
“အဲ…”
ပြူးတူးပြူးတာ သူ့အမူအယာကြောင့် မျက်နှာချင်းဆိုင်အရပ်မှ အနားရောက်လာ သူက စိတ်ပါဝင်စားစွာ စပ်စုတော့၏ ။
“ညီလေး…မင်းဘာ ဖြစ်လို့လဲ…”
“ဟို…ဟို…ကျွန်တော် …ပိုက်ဆံအိတ် ကျပျောက်သွားလို့ဗျ”
“ဘယ်မှာ ပျောက်တာလဲ”
“အဲ အဲ့ဒါတော့ သေချာမပြောတတ်ဘူး။ အိမ်က ထွက်လာတုန်းက ပါလာတယ်။ အခု ဒီနေရာရောက်တော့ စမ်းကြည့်မှ မတွေ့ တော့တာ။ ဒီလမ်းပေါ်မှာ ထွက်ကျတာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်”
“ပိုက်ဆံက ဘယ်လောက်ပါလို့လဲ”
“အရမ်းအများ ကြီးတော့ မဟုတ်ပါဘူးဗျာ။ တစ်သော င်းဝန်းကျင်လောက်ပါပဲ။ သေချာတော့ ရေမထားမိဘူး။ အဲဒီ ထက်များ ရင်လည်းမျာမှာ ပေါ့”
သုထက်သည် ပြောနေရင်း ဟိုဘက်ကြည့်လိုက် ဒီဘက်လျှောက်ကြည့်လိုက် လုပ်ပြန်သည်။ ပြီးတော့မှ စိတ်ပျက်လက်ပျက်ဟန်ဖြင့် သည်း၏ ။
“တော် ပါပြီဗျာ။ မရှာတော့ပါဘူး။ ချိန်းထားတာတစ်ခုရှိလို့ သွားရဦးမယ်။ ချိန်းထား တဲ့ကိစ္စက နောက်ကျလို့မ ဖြစ်ဘူး။ အဲဒီ ကိစ္စ အဆင်ပြေရင် ဒီငွေတစ်သော င်းလောက်က ပါးပါးလေးရယ်”
အရေး မထားဟန်ဖြင့် သုထက် ထွက်လာခဲ့ပါသည်။ စိတ်ထဲမှာ တော့ တော် တော် ပဲ ရယ်ချင်ပတ်ကျိ ဖြစ်နေ၏ ။ အနည်းငယ်လျှောက်ပြီး သူနောက်ဘက လှည့်ကြည့်လိုက်ရာ (မျှော်လင့်သည့်အတိုင်းပင်) ခုနကလူအားလမ်းပေါ်မှာ အလုပ်များ နေတာ မြင်လိုက်ရ၏ ။
ကြုံတုန်း တမင်အလုပ်ပေးလိုက် တာ ဖြစ်သည်။
သူကျေနပ်စွာ ပြုံးလျက် ဘောင်းဘီအိတ်ကပ်အတွင်းမှ ပြားချပ်ချပ် ပိုက်ဆံအိတ် ကလေးကို ဆွဲယူဖွင့်ကြည့်လိုက်သည်။ ထိုအခါတွင် အထဲမှာ ပါသော ငွေအကြွေတွေ က တစ်ထောင်ပင် မပြည့်ချင်ပေ။
“ဩော်…အချောင်လိုချင်လိုက်ကြတာ…လောဘ…လောဘ…ရွှီ…ရွှီ…ရွှီ…ရွှီ…”
လေကလေး တချွန်ချွန်ဖြင့် သုထက်ဆက်လျှောက်လာခဲ့ပြန်ပါသည်။ ခဏကြာ တော့ ဈေးခြင်းတောင်းဆွဲလျက်ဖြင့် မျက်နှာချင်းဆိုင်အရပ်မှလာသော ဝဝဖိုင့်ဖိုင့် မိန်းမကြီး တစ်ဦးအား တွေ့ လိုက်ရသည်။
ထိုမိန်းမကြီးက အသက်မဲ့ဂဏန်းတွေ နှင့် အလောင်းကစား လုပ်ရတာ ကို ဝါသနာ ထုံလွန်းသူမှန်း သုထက်သိသည်။ အခုလည်း သူ့ကိုမြင်တာနှင့် …
“ဟဲ့…သုထက်…အခုနေ့ ဘာကြားသေးလဲ”
“ကြားတာပေါ့ဗျာ”
“ဘာကြားတာလဲဟဲ့။ ငါ့ကိုလည်း ပြောပါဦး။ ဘာတစ်လုံးဘိုင်တဲ့လဲ”
“တစ်လုံးဘိုင်တော့ မကြားမိဘူး။ အတိတ်စိမ်းဆိုလား ဘာလားတော့မသိဘူး။ အဲ့ဒါတော့ကြားလာတယ်”
သုထက်က ခပ်တည်တည်ဖြင့် ပြောလိုက်ရာ မိန်းမကြီး ရွစိရွစိ ဖြစ်သွား၏ ။
“အတိတ်စိမ်းက ဘာတဲ့လဲဟဲ့။ ပြောပါဦး”
“အတိတ်စိမ်းက… မိန်းမသုံးယောက် ဖင်ကောက်ကောက်… အကောက် ဆုံးဖင် လောက်စလုံးဝင်…တဲ့ဗျ”
“ဟယ်…ကောင်းလိုက်တာဟယ်…အတိတ်စိမ်းက…မိန်းမသုံးယောက် ဖင်ကောက် ကောက်အကောက်ဆုံးဖင်လောက်စလုံးဝင်ဆိုတော့…မိန်းမကသုံးယောက် ဖင်ကလောက် စာလုံး ကလေးသုံးပေါက်မှာ တစ်ပေါက်ပဲဝင်တယ်ဆိုတော့ အဲဒီ အပေါက်က တခြား အပေါက်တွေ ထက်ပိုပြီး… အဲ”
မိန်းမကြီး ခေါင်းစားကျန်ခဲ့သည်။ သူ နောက်ပြောတာကို အဟုတ်ကြီး တွက်နေ သဖြင့် သုထက် အသံထွက်အောင်ပင် ရယ်လိုက်မိလေသည်။
“အဟား…နည်းနည်း ပေးပြီး များများ လိုချင်နေလိုက်တာ… အရူးတစ်မျိုး ပဲ…ရွှီ… ရွှီ…ရွှီ…ရွှီ…”
လေကလေး တချွန်ချွန်ဖြင့် သူဆက်လျှောက်လာခဲ့ပြန်သည်။ လမ်းထိပ် အရောက် တွင် လက်ဖက်ရည်ဆိုင်ထဲမှ ကောင်လေး တစ်ယောက် က သူ့ကိုမြင်တော့ လက်ယပ် ခေါ်၏ ။ ထိုကောင်လေးအနားသို့ သုထက်သွားလိုက်သည်။
ဒီ တစ်ယောက် က နှာသမား ဖြစ်သည်။
“စပရိန်…မင်း ငါ့ကို ပီယအဆောင်လက်ဖွဲ့ လုပ်ပေးမယ်လို့ ပြောထားတာ လုပ်ပေး တော့လေကွာ။ မနက်ဖြန်ကျရင် ငါ့ကောင်မလေးကို အဖြေတောင်းဖို့ ကြည်နူးရိပ်မှာ မနက်ပိုင်းချိန်းထားပြီကွ”
“အေးပါ ငဇော်ရာ။ အခု လုပ်ပေးပါ့မယ်။ ဆေးလည်းပါလာတယ်။ မင်းသာ မိန်းမကိုင်လက်ကိုင်ပဝါ ပန်းရောင် တစ်ထည်နဲ့ ဘော့လ်ပင်ရောင် စုံ သွားဝယ်ချေ”
“အေး…အေး…”
ငဇော်ဆိုသော ကောင်လေးက တွက်သည်။ ထိုင်နေရာမှ ချက်ချင်း ထထွက် သွား သည်။ ထိုအခိုက်အတန့်အတွင်းမှာ ပင်သုထက်သည်လက်ဖက်ရည်ဆိုင်မှ စားသောက် ဖွယ်ရာများ စွာ ကိုမှာ ယူသုံးဆောင်ပြီး ဝမ်းမီအားပြေလည်စွာ ညိမ်းသတ်နေလေတော့သည်။
ငဇော်ပြန်ရောက်လာသော အခါ စားပွဲခုံပေါ်မှာ ပန်းကန်ခွက်ယောက် တွေ က တပုံ တပင် ဖြစ်နေချေပြီ။ သုထက်က ငဇော်ဝယ်လာသည့် ပန်နုရောင် မိန်းမကိုင် လက်ကိုင် ပုဝါပေါ်တွင် ဘော့လ်ပင်အရောင် စုံနှင့် ဟိုခြစ်ဒီခြစ် လျှောက်ခြစ်လေရာ အတန်ကြာမှ ပြီးစီး သွားပါ၏ ။
“ပီယသိဒ္ဓိအစွမ်းထက်စေတဲ့ အင်းကွက် ကတော့ ဆွဲပြီးသွားပြီ။ ပန်းရောင် ဆိုတာက အချစ်ရဲ့ သင်္ကေတ၊ အပြာရောင် ဆိုတာက ဂမ္ဘီရသဘောကိုဆောင်သည်။ အဝါတွေ အစိမ်း တွေ ကတော့ ပူပင်သော က အဖျက်တွေ ပေါ့ကွာ။ ဒါကြောင့် အဝါ အစိမ်းတွေ နဲ့ ကြက်ခြေ ခတ်တွေ ခတ်ထားတာ”
သုထက်က ပြောနေရင်း ဘောင်းဘီအိတ်ထဲမှ ပုလင်းသေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်၏ ။ ထိုပုလင်းလေးထဲမှ အမှု န့်တွေ ကို လက်ကိုင်ပုဝါပေါ်သို့ ပေါပေါသီသီ ဖြူးချသည်။
“ဒါက ပီယဆေးမှု န့်ကွ။ အရမ်းရှားတာ။ မင်းမို့လို့ ငါလုပ်ပေးတာ။ အခုဆိုရင် ပီယ ဆေးနဲ့ ပီယသိဒ္ဓီမြောက်တဲ့ အင်းကွက်ကပြီးသွားပြီ။ ပီယဂါထာနဲ့ မန်းမှု တ်ပေးဖို့ပဲ ကျန် တော့တယ်။ အဟမ်း..အဟမ်း… ဥုံသူရိန်နေမင်း ကောင်းခြင်း၏ လမင်းစန္ဒာ ဘုန်းမှာ ပြည့်ထက် မြင်မြင်သမျှဣတ္ထိယတိုင်း ရွရွတက်စေသော်။ ဥုံ ပီယံမမ ပီယသက္ကာ အောင် သဘယာမှာ ချဉ်းစရာချဉ်း ကပ်စရာကပ်။ မမ မိန်းမတို့၏ ပီယံချစ်ခြင်းသည် ဤ လက်ကိုင် ပဝါကိုကိုင်ဆောင်ထားသူအား အောင်သဘယာ နေရာမရွေးဘဲချဉ်းစေ ကပ်စေသတည်း။ ဥုံ ဂလုံ ဂွလမ် ဖွဟ”
သုထက်ပုံစံက တကယ့်ဂမ္ဘီရဆရာ ပုံစံမျိုး။ မိန့်မိန့်ကြီး။ နှာသမားငဇော်က သုထက်ပြုလုပ်သမျှကို အထင်ကြီးလေးစားဟန်အပြည့်နှင့် အငေးသားကြည့်နေ လေသည်။
သုထက်က လက်ကိုင်ပုဝါကို သေသပ်စွာ အကျအနခေါက်ပြီးငဇော့်အား ပေးလိုက် ၏ ။
“အခုအချိန်ကစပြီး ဒီလက်ကိုင်ပဝါဟာ ပီယသိဒ္ဓိ အစွမ်းထက်တဲ့ အဆောင် လက်ဖွဲ့ တစ်ခု ဖြစ်သွားပြီ။ မင်းကြိုက်တဲ့ ကောင်မလေးရှေ့ရောက်ရင် အဲဒီ လက်ကိုင်ပဝါနဲ့ မျက်နှာကို ပွတ်ပွတ်ပေး ကြားလား။ မင်းက ပွတ်လေ ဟိုကအပွတ်ခံချင်လာလေပဲ။ နာနာ ပွတ်လေ စွမ်းလေပေါ့ကွာ ဖြစ်နိုင်ရင် ကောင်မလေးမျက်နှာကိုပါ ဒီလက်ကိုင်ပဝါနဲ့ ပွတ်ပေး ရင် ပိုကောင်းတယ်။ အဲ့ဒါဆိုရင် မင်းကိုသူချစ်လာလိမ့်မယ်”
“ဟေ…ဟုတ်လား။ အဟီး…ကျေးဇူးပဲ ကျေးဇူးပဲ”
လက်ကိုင်ပဝါကို ကိုင်ပြီးငဇော်မျက်နှာ ပြုံးဖြီးဖြီး ဖြစ်လေသည်။ သုထက်က စားပွဲခုံပေါ်မှ ပန်းကန်ခွက်ယောက် များ ကို တစ်ချက်ကြည့်ပြီး…
“ကဲ မင်းလိုချင်တာလည်း ရပြီဆိုတော့ ငါသွားတော့မယ်။ ဒီဝိုင်းကို ရှင်းခဲ့ရမလား”
“အေး…ဟာ…နေပါစေကွာ။ ငါပဲ ရှင်းလိုက်ပါ့မယ်”
“ဒါဆို ငါသွားပြီ။ မနက်ဖြန်ကျမှ နှုတ်ဆက်ပြီး ဆိုင်ထဲမှ သွက်လက်စွာ ထွက်လာ ခဲ့သည်။ သူ့မျက်နှာက ပြုံးတုံ့တုံ့နှင့်…။ မဟုတ်တာ တစ်ခုခုလုပ်ထားသည့်ရုပ်။
“အင်း…နှာဘူး တစ်ယောက် ကြောင့် တော့ ပိုက်ဆံမကုန်ဘဲနံနက်စာ ဖူလုံသွားပြီ ရွှီ…ရွှီ…ရွှီ…ရွှီ”
လေကလေး တချွန်ချွန်ဖြင့် သုထက်သည် မီးခိုးငွေ့တန်း တစ်ခုမျောလွင့် နေသည့် နှယ် ခြေဦးတည့်ရာဆီ ဆက်လက်၍ လမ်းသလားပြန်သည်။ သူ့ရည်ရွှယ်ချက်က မြင်သမျှ တွေ့ သမျှကို ပီပြင်ပြောင်မြောက်သော သရုပ်ဆောင်ချက်များ ဖြင့် စနောက် ချောက်ချရန် သာ ဖြစ်သည်။ တတ်လည်း တတ်နိုင်စွမ်းပါပေသည်။
သူသည်ရုပ်ရည်ကလေး သနားကမားဖြင့် အလွန်ပင် မူယာမာယာ များ သော ချာတိတ် ဖြစ်၏ ။
‘ကြည်နူးရိပ်’ ဟု အမည် ရသော snack ဆိုင်ကလေးသည် လူသံသူသံတို့ဖြင့် စည်ဝေညံနေပါသည်။ ထိုဆိုင်၏ ယနေ့နံနက်ပိုင်း စားသုံးသူများ စာရင်းတွင် စပရိန် သုထက်လည်း အပါအဝင် ဖြစ်သည်။ သုထက်သည် ထိန်လင်း၊ ဇေယျာအောင်ဆိုသော သူ့ဘော်ဒါနှစ် ယောက် နှင့် အတူ ကြည်နူးရိပ်မှာ ရောက်ရှိနေ၏ ။ သူတို့သုံးယောက် သည် ပထမနှစ် စာမေးပွဲကို မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ဖြေဆိုပြီးစီးထားသည့် Physics မေဂျာ ကျောင်းသားတွေ ဖြစ်သည်။
စရိုက်လက္ခဏာချင်း အတော် တူညီသဖြင့် သူတို့သုံးယောက် သည် ကျောင်းတွင်း ကျောင်းပြင် တွဲ ၍ အဆင်ပြေသည်။ အခုလည်း သူတို့သည်မနေ့က သုထက် ဖန်တီးပေး လိုက်သော လက်ကိုင်ပဝါ၏ အစွမ်းအစကိုတွေ့ မြင်လို၍ တကူးတက လာရောက်ရှုစား တာ ဖြစ်သည်။
သူတို့နှင့် မလှမ်းမကမ်းဝိုင်းတွင် နှာသမားငဇော်သည်သူဖန်နေသော ကောင်မလေး အား နှာတပွပွဖြင့် ကျူနေလျက်ရှိသည်။
“ကိုယ့်ကို…အဟဲ…ဘယ်လိုများ သဘောရလဲ မသိဘူး…အဟဲ… ရွှတ်”
ပြောနေရင်း မျက်နှာကို လက်ကိုင်ပဝါနှင့် ထပ်ကာထပ်ကာ ဖိပွတ်သည်။ ပွတ်လွန်း သဖြင့် မျက်နှာတစ်ပြင်လုံး ရဲတက်လာသည်။ နှာခေါင်းဆိုလျှင် နီပွပွကြီး ဖြစ်နေပြီ။
ဒါလည်း မလျော့။ ပွတ်မြဲပွတ်ဆဲပင်။
“အဟဲ…ပြောပါဦး အိသူရယ်။ ကိုယ့်ကို ဘယ်လိုသဘောရလဲလို့…အဟဲ”
“ဟိုလေ…ဘယ်လိုပြောရမလဲဆိုတော့…အဟင်း…”
ကောင်မလေးကလည်း ရှက်သလိုလိုနှင့် မူနေသည်။ ငဇော်က မျက်နှာကို လက် ကိုင်ပုဝါနှင့် ပွတ်လိုက်ပြန်သည်။ စပ်ဖျဉ်းဖျဉ်း ဖြစ်လာပေမယ့် ဂရုမစိုက်ဘဲ ရှေ့မှ ‘မ’ သတ္တဝါလေးကိုသာ သူမဲနေပါသည်။
“ဘယ်လိုပြောရမလဲဆိုတော့…နှလုံးသားနဲ့ပဲ ပြောပေါ့အိသူရယ်…အဟဲ…ရွှတ်”
“အို…နှလုံးသားနဲ့ ပြောလို့ဘယ်ရမလဲ။ နှလုံးသားက စကားမှမပြောတတ်တာ။ ပါးစပ်နဲ့ပြောမှ ရမှာ ပေါ့လို့…အဟင်း…”
“အင်းပါ။ ဒါဆိုလည်း ပါးစပ်နဲ့ပဲပြော။ အိသူသဘော…အိသူသဘော…အဟဲဟဲ …ရွှတ်…”
ငဇော်က အောက်သွားမရှိသော နွားပြာကြီးကဲ့သို့ ပါးစပ်တဖြဲဖြဲလုပ်နေသည်။ အခြေအနေအရ ကောင်မလေးက ပါချင်တင်တင် ဖြစ်နေပြီမို့ သူ့ဘက်က အဆင်သင့် ဖြစ်အောင် ကြိုကြိုတင်တင် ‘ဟ’ ထားတာ ဖြစ်၏ ။
ဒါတောင်မှ တစ်မျက်နှာ ပွတ်ချက်ပဲရှိသေးသည်။ နှစ် မျက်နှာပွတ်ချက်ဆိုပါက စပယ်ရှယ်ဂွဒ်ပြီ။ ဒီတော့ကာ…ငဇော်ကအကြံကြီးမားစွာ ဖြင့် လက်ကိုင်ပုဝါကို ကောင်မလေး ထံကမ်းပေးလိုက်ပြီး…
“မျက်နှာမှာ ချွေးတွေ ထွက်နေတယ်။ သုတ်လိုက်ပါဦး။ အဟဲ”
“အဟင်း…ကျေးဇူးပဲ”
ကောင်မလေးက လက်ကိုင်ပဝါအား ယူပြီးမျက်နှာကို အသာအယာသုတ်သည်။ နှာသမားငဇော်က…
“နာနာပွတ်လေ…အဲ…သေချာသုတ်လို့ပြောတာ။ ချွေးတွေ ကမပြောင်သေးဘူး။ ဖိပွတ်…အဲ…ဖိပွတ်…အဲ့ဒါမှ…အဟဲ…ကောင်းမှာ ”
“အင်းပါ…သူကလည်း…ဂယ်ပဲ…”
ကောင်မလေးက ရှက်အမ်းအမ်းနဲ့ ငဇော်ပြောသလို မျက်နှာပြင်အနှံ့ဖိသုတ်သည်။ သုတ်နေရင်းသုတ်နေရင်း သူမတွန့်ခနဲ တွန့်ခနဲ ဖြစ်သွား၏ ။ဒါကိုကြည့်ပြီး ငဇော်ဝမ်းမြောက် နေလေသည်။
ဆေးစွမ်းကပြပြီ။ မကြာခင် သူ့ကို စိတ်ရောကိုယ်ပါ ဖြစ်ကုန်တော့မည် ထင်သည်။ လူကြားသူကြားထဲမှာ …အဟီး…ရှက်စရာကြီး…။ သူကြိတ်ပြီး ဖီးလ်တွေ တက်နေသည်။
ငဇော်ကသွားပြီးသားနှင့် သူ့ပါးသူကုတ်ရင်း ကောင်မလေးကို မေးလိုက်သည်။
“ကိုယ်နဲ့ပက်သက်ပြီး အိသူ ရင်ထဲမှာ ဘယ်လိုခံစားရခဲဟင်…အဟဲ”
“ယား…တယ်...”
“ဟင်”
ငဇော် ပူစီ ဖြစ်သွားသည်။ (ကြောင်သွားသည်) နားမလည်စွာ ထပ်မေးလိုက်ပြန် သည်။
“ဘယ်က ယားတာလဲဟင်။ ရင်ထဲကလား… နှလုံးသားထဲကလား။ ဘယ်အထဲက ယားတာလဲ”
“ဘယ်အထဲကမှ မဟုတ်ဘူး။ ပါးကယားတာ…အားလားလား…”
ကောင်မလေးက ပြောရင်းသူ့မျက်နှာသူ ဘယ်ပြန်ညာပြန် ကုတ်သည်။ ကုတ်ချက် က အရေပြားတွေ လန်ထွက်စုတ်ပြဲမတတ်ပင်။ အားသွန်ခွန်စိုက်ရှိလှပေ၏ ။
“ရှင့် လက်ကိုင်ပုဝါက ဘာ ဘာလက်ကိုင်ပုဝါကြီးလဲ။ ယားယားတယ်”
“အဟဲ…ကိုယ်လည်းယားနေတာပဲ။ ခဏအောင့်ထား…အဟဲပြီးမှ အဟဲ…အဟဲ… ကဲကြတာပေါ့”
ငဇော်က ဆေးအစွမ်းပြတာဟု ထင်နေသည်။ ဆေး၏ အာနိသင်က မျက်နှာပြင် မှတစ်ဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းပျံ့နှံ့သွားလိမ့်မည် ဟုသူယူဆထား၏ ။
ကောင်မလေးက လက်တစ်ဖက်နှင့် မျက်နှာကိုကုတ်ရင်း ကျန်လက်တစ်ဖက်နှင့် လက်ကိုင်ပုဝါအား ဖြန့်ကြည့်သည်။ မြန်ဆန်သော ကြောင့် ငဇော်ထားချိန်ပင် မရလိုက်…။
လက်ကိုင်ပဝါအတွင်းမှ စမအင်းကွက်တွေ ပေါ်လာပြီး ပီယဆေးမှု န့်တွေ က စားပွဲခုံ ပေါ်ထွက်ကျကုန်သည်။
“ဟယ်… ဒီအမှု န့်တွေ က ဘာတွေ လဲ”
“ပီ…ပီယ…အဲ…ဘာ…ဘာမှမဟုတ်ဘူး…”
ငဇော်ပြာသွားသည်။ ကောင်မလေးက ပီယဆေးမှု န့်တွေ ကိုလက်နှင့် အသေအချာ တို့ကြည့်နေ၏ ။ မရွံမရှာ လျှာနှင့် ပါ လျှက်လိုက်သေးသည်။ ပြီးမှ ထွေးထုတ်ပစ်သည်။
“ထွီ…ဒါ…ဒါ…ခွေးလှေးယားသီးမှု န့်တွေ ။ ရှင် ယုတ်မာလှချည်လား။
လက်ကိုင်ပုဝါထဲ ခွေးလှေးယားသီးမှု န့်တွေ ထည့်ပြီး ကျွန်မကို သုတ်ခိုင်းတယ် ပေါ့လေ”
“မဟုတ်…မဟုတ်…ကိုယ်လုပ်တာမဟုတ်…ကိုယ်မသိ…”
“ယုတ်မာတုန်းက ယုတ်မာပြီး အခုမှဗြောင်ငြင်းမနေနဲ့။ ကျွန်မမျက်နှာနုနုလေးကိုမှ ခွေးလှေးယားသီးမှု န့်နဲ့ပွတ်ခိုင်းရတယ်လို့။ ရှင့်မျက်နှာကိုလည်း ပြန်လုပ်မယ်။ ကဲဟယ်… ကဲဟယ်…”
ကောင်မလေးက စားပွဲခုံပေါ်မှ ခွေးလှေးယားသီးမှု န့်တွေ ကို လက်ကိုင်ပုဝါနှင့် သုတ်ပြီး ငဇော့်မျက်နှာကို လက်ကိုင်ပုဝါနှင့် အုပ်ကာ နဖူးပြောင်ပြောင်ကို အားရှိပါးရှိ ‘ဖြန်း’ခနဲ တီးပြီး ဆိုင်ထဲမှကော့တော့ ကော့တော့ထွက်သွားသည်။
ငဇော်သည် ဟပ်ကော့ကြီး ဖြစ်လျက် ဟိုကုတ်ဒီဖဲ့နှင့် ယားယံစွာ ကျန်ရစ်ခဲ့ရ၏ ။ သူ့မျက်နှာသည် သွေးပြည်ပုပ်တွေ ပြည့်ဖောင်းနေသည့် သွေးစူနာကဲ့သို့ ပင် နီရဲမို့အစ်လို့ နေပေပြီ။
ထူးခြားသော ထို ဖြစ်စဉ်ကို တစ်ဆိုင်လုံးသတိပြုမိ သွားပါသည်။ အချို့ကပြုံး၏ ။ သုထက်တို့ သူငယ်ချင်းသုံးယောက် ကတော့ မပြုံးဘဲနှင့် ဝါးလုံးကွဲရယ်ကြသည်။
“ဟား…ဟား… ဟား…ဟား… နဖူးကွဲသွားပြီလား မသိဘူး ဟေ့”
“နှာဘူးပဲကွာ။ ဒီလောက်တော့ ခံရမှာ ပေါ့။ ဟား…ဟား…”
“မင်းရဲ့ ပီယဆေးက စွမ်းလှချည်လား…စပရိန်ရ…ဟား…ဟား…ဟား…”
ကျယ်လောင်သော လှောင်ပြောင်ရယ်မောသံများ ကြောင့် ငဇော်လှည့်ကြည့် လိုက် ရာ သုထက်ကို မြင်သွားလေသည်။ ထိုအခါ ယားနေသော မျက်နှာကို ကုတ်ရင်း ရှက်ဒေါသ ဖြင့် အော်ငေါက်တော့၏ ။
“ဟိတ်ကောင်…စပရိန်ကောင် …မင်းက ငါ့ကို ချောက်ထဲကန်ချလိုက်တာပေါ့လေ …ဟုတ်လား။ တွေ့ မယ်…မင်းနဲ့ငါတွေ့ မယ်။မင်းမျက်နှာကိုလည်း မင်းရဲ့ ပီယဆေးနဲ့ပွတ်ပေး ရမယ်။ ဒါမှကိုယ်ချင်းစာတတ်မှာ ။ အားလားလား…ယားလိုက်တာ…ဟင်း…လာ စမ်း…”
ပြောပြောဆိုဆို ငဇော်က လက်ကိုင်ပုဝါကိုကိုင်ပြီး ထလာ၏ ။ သုထက်ကလျှင် သည်။ ရယ်၍ ဆိုင်ထဲမှ ကွေ့ပတ်၍ ပြေးသည်။ ငဇော်ကလည်း ဇွဲမလျှော့ဘဲနောက်မှ လိုက် သည်။ နှစ် ယောက် သား စားပွဲတွေ ထိုင်ခုံတွေ ကြားမှာ ခြေလှမ်းတွေ များ နေကြပါ သည်။
ထိုအခိုက်…ငဇော့်ကို ပြောင်ချော်ချော်နှင့် စနောက်ရင်း ပြေးရှောင်နေသော သုထက်သည် လူ တစ်ယောက် အား တိုးတိုက်မိသွား၏ ။ အထိအတွေ့ က နူးညံ့ညံ့…။
“အိုး…”
နှုတ်ခမ်းဖူးဖူးလေးက ပွင့်အာ…။ မျက်တောင်ကော့ကြီးတွေ အောက်မှ ရွှန်းလဲ့သော မျက်ဝန်းအစုံက ဝိုင်းစက်…။ သောက်လက်စကော်ဖီတွေ က လုံချည်စပေါ်ခုန်ထွက် ကျကုန် သည်။
ခဏ…ငြိမ်…။
လျှပ်တစ်ပြက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ပြေးနေရာမှ သုထက် ရပ်လိုက်သည်။ စိုက်၍ ငေးမိ…။ အကြည့်ချင်းငြိကြသည်။ ငဇော်ကလည်း မလိုက်တော့။ အေးဆေးပင်ဆက်ငေး….။
ဒီတွင် ….သုထက်ရင်၌ ရှော့ခ်တစ်မျိုးရသွား၏ ။အယောင်ယောင်အမှားမှား…။ စူးစူးပျံ့ပျံ့မှုးယစ်ဝေရီလို့သွား…။ခံစားမှု က သစ်၍ လှလေသည်
“ဆောရီးနော် မမ….ကျွန်တော် တောင်းပန်ပါတယ်”
“ရပါတယ်။ ကိစ္စမရှိပါဘူး”
အေးဆေးတည်ငြိမ်စွာ တုံ့ပြန်ပြီး တစ်ရှုးစက္ကူနှင့် လုံချည်ပေါ်မှ ကော်ဖီရည်တွေ ကို ပြောင်စင်အောင်သုတ်သည်။ ပြီးတာနှင့် ကျသင့်ငွေအားရှင်းကာ ဆိုင်ထဲမှညင်သာစွာ ထွက်ခွာသွားလေသည်။
နက်မှော င်သော ဆံနွယ်ရှည်အထွေးလိုက်က ခြေလှမ်းတိုင်းမှာ လွင့်ဖွာလို့…။ လှုပ်ခါမှု တိုင်းမှာ သူ့ရင်ကလည်း လှုပ်ခါလို့….။
ကားပေါ်တက်၍ မောင်းထွက်သွားသည့်အထိ…သုထက်သည်ငေးတုန်း..။ အတွေ့ အားဆင့်ပွား၍ တွေးတုန်း…။ ရင်ခုန်နှုန်းက အရှိန်အဟုန် မြင့်မား၍ ကောင်းတုန်း…။
သူ့နှလုံးသားသည် လက်သည်းချွှန်ချွှန်နှင့် မထိတရိ ကုတ်ခြစ်ခံလိုက်ရသလိုမျိုး ဖြစ်၍ ကျန်ခဲ့၏ ။ အရသာက ရှိန်းမြမြဖြင့် မိန်မောဖွယ် ဆန်းကြယ်နက်နဲလှပေသည်။
“မမရယ်….”
လူ တစ်ယောက် က အခြားလူ တစ်ယောက် အား စွဲမက်သွားစေခြင်း ကိစ္စသည် တဒင်္ဂအတွင်းမှပင် အကြောင်းပြချက်မလိုဘဲနှင့် အကျယ်တ၀င့် ဖြစ်ပွားနိုင်ပါသည်။
“အဲဒီ မမကို ငါ ကြွေသွားပြီကွာ”
ကြည်နူးရိပ်မှ အပြန်လမ်းတွင် ပြောလိုက်သော သုထက်စကားကြောင့် ထိန်လင်းနှင့် ဇေယျအောင်၏ မျက်လုံးတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ကုန်ကြသည်။ သုထက်ဆိုသော ကောင်က မယုံရသဖြင့် ထိန်လင်းက သေချာအောင်မေးမြန်းလိုက်၏ ။
“စပရိန်…မင်းအတည်ပြောတာလား။ နောက်နေတာလား”
“တခြားဟာတွေ သာ ငါ နောက်ရင်နောက်မယ် ဟိတ်ကောင်။
ဒီတစ်ခါ တကယ်အတည်ပြောနေတာ။ အဲဒီ မမကို ခဏလေးအတွင်းမှာ ပဲ ငါ အရမ်းချစ်မိသွားတယ်။ သူ့လုံချည်ပေါ်ကို ငါ့ကြောင့် ကော်ဖီတွေ ဖိတ်ကျတာကို ဘာမှ စောဒကမတက်ဘဲ အေးအေးဆေးဆေးပဲ ထွက်သွားတယ်။ သူ့နေရာမှာ တခြားမိန်းကလေး တစ်ယောက် သာဆို ရေလည်အော်မယ့် အပေါက်ကွ။ သည်းခံခွင့်လွှတ်တက်တဲ့ မမရဲ့ သဘောထားပြည့်ဝပုံကမြတ်နိုးစရာလေးကွာ။ ရေလည်ထိတယ်”
အရေး တယူပြောနေသော ဟန်ပန်နှင့် လေသံကြောင့် သုထက်နောက်နေတာ မဟုတ်လောက်ဘူးဟု ထိန်လင်းယူဆလိုက်၏ ။ အချင်းချင်းတွေ မို့ အားမနာ ပါးမနာလည်း ဝေဖန်လိုက်သေးသည်။
“မင်းကလည်းကွာ…ကြွေမယ့်ကြွေတော့လည်း လယ်ဗယ်တန်းချင်း မကြွေဘူး။ ဟဲဗီးဝိတ်တန်းကိုမှ သွားကြွေတယ်။ အဲဒါမျိုးက အလွယ်တကူ အလဲထိုးဖို့ ခက်တယ်နော်။ မင်းမမရဲ့ ဒီဇိုင်းကလည်း တော် တော် ဖြိုရခက်မယ့် အနေအထားကြီး”
“ဘာပဲ ဖြစ် ဖြစ်ကွာ..ငါ ကတော့ နှလုံးသား အလိုကျ မပြိုပြိုအောင်ဖြိုဖို့ ဆုံးဖြတ်လိုက်ပြီ”
သုထက်က ခိုင်မာထက်သန်စွာ ပြော၏ ။ သူ့စကားဆုံးတာနှင့် ဇေယျာအောင်က သတိပေးသည်။
“စပရိန်နော်…သတိလည်းထားဦး။ မင်းကမဖြိုခင် မင်းကို ပြန်ဖြိုတာ ခံနေရဦးမယ်”
“ဘာ ဖြစ်လို့လဲကွ”
“မင်းကြွေနေတဲ့ အဒီမမရဲ့ နာမည် က သိမ့်ဖူးဇင်တဲ့။ သူ့မှာ ကအမေမရှိတော့ဘူး။ အဖေတစ်ခု သမီးတစ်ခုဘဝကွ။ အဲဒါကြောင့် သူတို့သားဖက အရမ်းချစ်ကြတာ”
“ဟ…..မင်းက သိလှချည်လား”
ထိန်လင်းက ဖြတ်မေးလိုက်ရာ ဇေယျအောင်က ရှင်းပြသည်။
“သိဆို သူ့ကို ငါ့အစ်ကို စန်းမွန်အောင် လိုက်ဖူးတယ်လေ”
အိုကေသွားလား”
“ဘယ်ကလာ ကေရမှာ လဲကွာ ။ ကေဖို့နေနေသာသာ မသေတာပဲ ပံကောင်း”
“ဘယ်လို ဖြစ်လို့လဲ”
“မသိမ့်ဖူးဇင်ရဲ့ အဖေ ဦးဇင်နိုင်ဝင်းက အရမ်း ဒေါသကြီးတာကွ။ သူ့သမီးကိုထိရင် လုံးဝမခံဘူး။ ငါ့အစ်ကို စန်းမွန်အောင်က တစ်နေ့ မသိမ့်ဖူးဇင်ကို လိုက်စကားပြောတာ။ အဲဒါကို ဦးဇင်နိုင်ဝင်းက မြင်ပြီး စိတ်ဆိုးမာန်ဆိုး တုတ်နဲ့လိုက်ရိုက်တာ ငါ့အစ်ကို ခေါင်းကွဲသွားတယ်ကွ”
“ဟိုက်..မလွယ်ကြောပါလား”
ထိန်လင်း နည်းနည်း တော့ ရှိန်သွားသည်။ ဇေယျာအောင်က မျက်နှာကိုရှုံ့မဲ့၍ …
“ဟုတ်တယ်ကွ ။ တကယ့်မလွယ်ကြောပဲ။ မသိမ့်ဖူးဇင်က လှပေမယ့် အခုချိန်ထိ ချစ်သူရည်းစားမရှိသေးဘဲ တစ်ကိုယ်တည်း အပျိုကြီး ဖြစ်နေတာဟာ သူ့အဖေဦးဇင်နိုင်ဝင်းကြောင့် ပဲ”
“မင်းအစ်ကိုက အခု မသိမ့်ဖူးဇင်ကို ဆက်လိုက်သေးလား”
“ဟင့်အင်း…ခေါင်းကွဲပြီးကတည်းက မလိုက်တော့ဘူး။ ကိုဆန်းမွန်အောင်က အလွယ်တကူရရာကြုံရာ အပေအတေမလေး တစ်ယောက် နဲ့ အခုတွဲ နေတယ်။ သူ့အိုးနဲ့သူ့ဆန် ကတော့ ကွက်တိပါပဲ။ မသိမ့်ဖူးဇင်ရဲ့ ဖားသားကြီးကို သူအရမ်းလန့်သွားတာ ။ အခုဆိုမသိမ့်ဖူးဇင်နဲ့လမ်းမှာ တွေ့ ရင်တောင် သူစေ့စေ့ မကြည့်ရဲဘူး”
“ဒါ ကတော့ ကြည့်လည်းမကြည့်သင့်ပါဘူးကွာ။ မတော် တရော်…”
ထိန်လင်း၏ ညစ်တီးညစ်ပတ် စကားကြောင့် ဇေယျာအောင် ပျစ်ပျစ်နစ်နစ်ဆဲ၏ ။ ပြီးမှ နောက်တွင် ချန်၍ ခေါင်းငိုက်စိုက်ဖြင့် လျှောက်နေသော သုထက်အား ရပ်စောင့်လိုက်သည်။ သုထက်နံဘေးရောက်တော့မှ…
“စပရိန်ငြိမ်လှချည်လား။ မင်းလည်း မသိမ့်ဖူးဇင်ကို လိုက်မှာ ဆိုရင် စဉ်းစားဦးနော်။ ဦးဇင်နိုင်ဝင်းက သူ့သမီးကိုအရမ်းချစ်ပြီး ဒေါသကြီးတာနဲ့ မင်းကအစအနောက်သန်တာနဲ့ ဆိုရင် အခြေအနေက ကောင်းကွက် ဖြစ်လာစရာ ငါတော့သိပ်မမြင်ဘူး”
“အေးပါကွာ။ ငါလည်း စဉ်းစားနေတာပါ”
“ဘာလဲ။ နောက်ဆုတ်ဖို့လား”
“မဟုတ်ပါဘူး။ မမကို ငါချစ်တဲ့အကြောင်းစာရေး ပြီး ပွင့်ပွင့်လင်းလင်း အသိပေး မလို့။ အဲဒီ စာကို ဘယ်လိုပေးရရင် ကောင်းမလဲစဉ်းစားနေတာ။ မင်းပေးပေးပါလား”
“ဟာ …မလုပ်ပါရစေနဲ့ကွာ။ ဦးဇင်နိုင်ဝင်းက လွယ်တာမဟုတ်ဘူးကွ။ ဒေါသက ကြီးပါဘိသနဲ့။ သူ့သမီးကို ငါစာလိုက်ပေးပေးတယ်လို့ ကြားရင်ငါ့ကိုလာသတ်နေဦးမယ်”
ဇေယျာအောင်က အကြောက်အကန်ငြင်းသည်။ သုထက်က ထိန်လင်းအား ကြည့်၍
“ဒါဆို ထိန်လင်းပေးပေးကွာ”
“ငါ…ငါက …ကြောက်တတ်တယ်ကွ။ ဒီကောင်ပြောပုံအရဆိုရင် မင်းယောက္ခထီး လောင်းကြီး သိရင်တကယ်ဆော်လောက်တယ်။ ငါ့မှာ က ခေါင်းတစ်လုံးတည်း အပိုမပါ တော့ …အဟဲ..မပေးရဲဘူး”
ထိန်လင်းကလည်း ခြေတကာကာ လက်တကာကာ ဖြင့် ဖယ်ရှောင်သည်။ ဒီတော့ သုထက်က နားထင်ကိုလက်နှင့် ထောက်ပြီး စဉ်းစားလေသည်။ ခဏကြာတော့ ဝမ်းသာ အားရ လက်ဖျောက်တီး၏ ။
“ဟုတ်ပြီ၊ ငါအကြံရပြီ”
“ဘယ်လိုအကြံရတာ လဲဟ။ ငါတို့ကိုလည်း ပြောစမ်းပါဦး”
ဇေယျာအောင်က မေးလိုက်ရာ သုထက်က ညစ်ကျယ်ကျယ်ပြုံးလျက်…
“မင်းတို့နှစ် ကောင်က မပေးပေးဘူးဆိုတော့…မမကို ငါပေးမယ့် ချစ်သဝဏ်လွှာကို သူ့အဖေကြီးကတစ်ဆင့် ပေးခိုင်းဖို့ ငါဆုံးဖြတ်လိုက်ပြီ”
“ဗုဒ္ဓေါ…”
“ဘဂဝါ…”
ထိန်လင်းနှင့် ဇေယျာအောင်၏ မျက်လုံးတွေ အလွန်အကျွံ ပြူးထွက်လာကြသည်။ သုထက်ဆိုသော ကောင်က ပေါက်ကရလုပ်နေကျမို့ သူတို့လန့်သွားမိ၏ ။
ဇေယျာအောင်က သေချာအောင်မေးသည်။
“ဟိတ်ကောင် စပရိန်…မင်း တကယ်ပြောနေတာလား”
“တကယ်ပေါ့ကွ။ ငါကလည်း အဲဒီ လို ဒေါသကြီးတဲ့ လူမျိုးကိုမှ စချင်တာ။ ဘာလဲ… မင်းတို့က မယုံလို့လား”
“မယုံတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကမင်းထင်သလောက်တော့ လွယ်ကူမှာ မဟုတ်တာသေချာတယ်”
“ဒါဆိုသတ်မှတ်ချက်ကလေး ဖြစ်သွားအောင်နှစ် ယောက် တစ်ယောက် လောင်း မလား”
သုထက်က သူ့အစွမ်းအစကိုယုံကြည်မှု အပြည့်ဖြင့် စိန်ခေါ်လိုက်ရာ ဇေယျာအောင် က ထိန်လင်းကိုကြည့်၍ မေးဆတ်ပြလိုက်သည်။
ထိန်လင်းက သဘောတူကြောင်း ခေါင်းညိတ်ပြီးမှ စိန်ခေါ်မှု ကိုလက်ခံသည်။
“အပျင်းပြေပေါ့။ လောင်းကြမယ်လေ”
“အိုကေ…ဒါဆိုရင် မနက်ဖြန် အခုလိုအချိန်လောက်ဆိုရင် ငါ့ရဲ့ ချစ်သဝဏ်လွှာက မမရဲ့ ဖားသားကြီးပေးလို့ မမလက်ထဲကို ရောက်နေစေရမယ်။ အဲ့ဒါဆိုရင် မင်းတို့ နှစ် ယောက် ငါ့ကိုဘီယာအဝတိုက်”
“မရောက်ဘူးဆိုရင်ကော…”
“မင်းတို့နှစ် ယောက် ကို ငါဘီယာအဝတိုက်မယ်”
သုထက်က ပြုံးပြုံးရွှင်ရွှင်ပင် ပြော၏ ။ ပြဿနာ ပျားအုံကြီးအားတုတ်နှင့် ထိုးဆွ ရမည့်  အရေး ကို သူမို့လို့ စိတ်အေးလက်အေး တက်ကြွနေသည်။ ဒါတောင် လေကလေး တချွန်ချွန်ဖြင့် လမ်းဘေးမှတွေ့ သည့် ပြောင်းဖူးစဉ်းရိုးအား ကောက်ယူပြီးဆိုင်ကယ် တစ်စီး ၏ အိပ်ဇောပေါက်ထဲ ထိုးထည့်ပစ်ခဲ့သေးသည်။ဘုမသိဘမသိနှင့် ထိုဆိုင်ကယ်သမား တော့ စက်နှိုးရခက်ပြီ။ သုထက်လုပ်ရပ်ကိုကြည့်ပြီး ဝါသနာတူသော ထိန်လင်းနှင့် ဇေယျာအောင် က သဘောကျစွာ ရယ်ကြသည်။
အဲဒီ ကောင်ဟာလေ…
စပရိန်ဆိုတဲ့အတိုင်းပဲ
ပြောင်တောင်တောင်နဲ့
ကဲကို ကဲတယ်!
‘စောစောအိပ်လို့ စောစောထလို့စောစောလမ်းလျှောက်ကြပါစို့’ဆိုသော ဆောင်ပုဒ် အား တစ်စိတ်တစ်ပိုင်းသာသာ လိုက်နာဆောင်ရွက်သူတစ်ဦးရှိပါသည်။ ထိုသည်သည် ဦးဇင်နိုင်ဝင်း ဖြစ်၏ ။ ဦးဇင်နိုင်ဝင်းသည် ညဘက်ဆိုလျှင် စောစောအိပ်လေ့အိပ်ထ မရှိပေ မယ့် မနက်ဘက်ဆိုလျှင်စောစောထပြီး အိမ်ပြင်ထွက်လမ်းလျှောက်လေ့ရှိသည်။ဒီနေ့မနက် စောစော သူနိုးလာတော့ ထုံးစံအတိုင်း တုတ်ကောက်ကလေးကိုဆွဲပြီး လမ်းလျှောက် ထွက်ဖို့ ပြင်သည်။
ခြံထဲသို့ သူဆင်းလာသော အခါတွင် ထူးခြားသော မြင်ကွင်းတစ်ခုအားအံ့ဩစွာ တွေ့ မြင်လိုက်ရပါ၏ ။
“ဟာ…ဗူးကြီး တစ်ဗူးပါလား”
ပိတ်ထားသော ခြံတံခါးပေါက်ဝ၏ အတွင်းထဲဘက်၌ နှစ် ဆယ့်တစ်လက်မဆိုဒ် လောက် ရှိမည့်  တီဗွီထည့်သည့် စက္ကူဗူးကြီးတစ်ဗူးက အခန့်သား ရောက်ရှိ၍ နေသည်။
“ဒီ ဗူးကြီးကို ဘယ်သူလာပို့ထားတာပါလိမ့်…”
ဦးဇင်နိုင်ဝင်းသည် စိတ်ဝင်တစားဖြင့် အနားသို့ ကပ်ကြည့်လိုက်သည်။ ထိုအခါ ဗူးခွံစက္ကူပေါ်မှာ ဆော့ပင်အနီနှင့် ရေး သားထားသော စာများ ကိုပါ တွေ့ ရှိလိုက်ရ၏ ။
ဤပစ္စည်းသည် မသိမ့်ဖူးဇင်အတွက် ပစ္စည်း ဖြစ်သည်။ ဂုဏ်သိက္ခာရှိ၍ အကျင့် စာရိတ္တကောင်းသော လူများ သည် ကိုယ်နှင့် မသက်ဆိုင်သော ကိစ္စအားလုံးဝ ဝင်ရောက် စွက်ဖက်ခြင်းမရှိပေ။ ဤအတွင်း၌ အလွန်အင်မတန်အဖိုးအနဂ္ဃကြီးမားသော ပစ္စည်းပါရှိ သော ကြောင့် လွှင့်မပစ်ပါနှင့် ။ ကာယကံရှင် မသိမ့်ဖူးဇင်ထံသို့ အရောက်ပို့ပေးပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။
ပုံ-သမောင်းလက်
“ဟာ…သမောင်းလက်ဆိုပါလား။ ဘယ်လိုလူစားပါလိမ့်…”
ဗူးခွဲပေါ်ရှိစာကိုဖတ်ပြီး ဦးဇင်နိုင်ဝင်း ပူစီ ဖြစ်သွားသည်။ သမောင်းလက်ဆိုသူကို လည်း အရမ်းစိတ်ဝင်စားသွားမိသည်။ ဗူးအတွင်းရှိအလွန်အင်မတန် အဖိုးအနဂ္ဃကြီးမား လှပါသည် ဆိုသော ပစ္စည်းကိုလည်း သိချင်သွား၏ ။ ဖွင့်ကြည့်ရန် ဟန်ပြင်ပြီးမှ ဗူးခွံ ပေါ်တွင် ရေး ထားသော ‘ဂုဏ်သိက္ခာရှိ၍ အကျင့်စာရိတ္တကောင်းသော လူများ သည် ကိုယ်နှင့် မသက်ဆိုင်သော ကိစ္စအားလုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ’ ဆိုသော စာကြောင်းနှင့် ‘လူကြီးမင်း၏ သိက္ခာကို ကျွနု်ပ်ယုံကြည်ပါသည်’ ဆိုသော စာကြောင်းကြောင့် ဖွင့်မ ကြည့် ဖြစ်တော့ပေ။
စာပါညွှန်ကြားချက်အတိုင်းသာ ဒီဗူးကြီးကို သမီး ဖြစ်သူထံ သွားရောက် ပို့ဆောင် ပေးရန် ဆုံးဖြတ်လိုက်လေ၏ ။ ထို့နောက်လက်ထဲမှ တုတ်ကောက်ကိုချပြီး ဗူးကြီးကို အားအင်အပြည့်နှင့် ကောက်မထည့်လိုက်ရာ…
“ဟင်…ပေါ့ပေါ့လေးပါလား”
ဗူးကြီးက သူ့လက်ထဲ အသာအယာပါလာသဖြင့် ဦးဇင်နိုင်ဝင်း အံ့ဩသွားသည်။ ပြီးမှ အတွေးတစ်မျိုးပေါက်သွားသည်။
“ဟင် …ပေါ့ပေါ့လေးပါလား”
“အင်း…တန်ဖိုးဆိုတာက ပေါ့တာ လေးတာနဲ့မဆိုင်ပါဘူးလေ။ ပတ္တမြား ဆန်ကျိုး အဖိုးပြည်တန်ဆိုတဲ့ စကားတောင်ရှိသေးတာပဲ။ အင်း…ငါ့သမီးတော့ သမောင်းလက်ဆိုတဲ့ ပုဂ္ဂိုလ်ထူး မ,စလို့ကောင်းစား တော့မယ်နဲ့တူတယ်…”
ဦးဇင်နိုင်ဝင်းသည် စက္ကူဗူးကြီးအား ထမ်းပြီး အိမ်ထဲသို့ ပြုံးပြုံးကြီး လှမ်းဝင်သွား လေသည်။ အိမ်ထဲသို့ ရောက်သော အခါ စက္ကူဗူးကြီးအား တရိုတသေနေရာချပြီး အိမ်တံခါး ကို သေချာစွာ သွားပိတ်လိုက်၏ ။ ပြီးမှ အိပ်ယာမထသေးသော သမီး ဖြစ်သူ၏ အခန်းတံခါး ကို သွားခေါက်သည်။
“ဒေါက်…ဒေါက်…”
“သမီးရေ…သမီး… ထဦး…”
“အခန်းတံခါးပွင့်ပြီး သိမ့်ဖူးဇင် ထွက်၍ လာသည်။စောစောစီးစီး မနှိုးစဖူး အနှိုးခံ လိုက်ရသဖြင့် သူမ ပူစီ ဖြစ်နေသည်။
“လာဦး သမီးရဲ့ ။ ဒီမှာ သမီးအတွက်အလွန်အင်မတန်အဖိုးအနဂ္ဃထိုက်တန်တဲ့ ပစ္စည်း တစ်ခုရောက်နေတယ်။ လာ…လာ… အမြန်လာ”
ဦးဇင်နိုင်ဝင်းက သမီး ဖြစ်သူကို စက္ကူဗူးကြီးဆီ ပျာပျာသလဲ ဦးဆောင်၍ ခေါ်သွား သည်။ သိမ့်ဖူးဇင်ခမျာ နဝေတိမ်တောင်ဖြင့် လိုက်လာခဲ့ရ၏ ။ စက္ကူဗူးကြီး ဆီရောက်သော အခါတွင် …
“ကဲ…ဒီမှာ သမီးအတွက် ပစ္စည်း”
“ဟင်…တီဗွီဗူးခွံကြီးပါလား။ အဲ့ဒါကြီးကို သမီးက ဘာလုပ်ရမှာ လဲအဖေရဲ့ ”
“ဗူးခွံပေါ်မှာ စာရေး ထားတယ်လေ သမီးရဲ့ ။ သေချာဖတ်ကြည့်ပါဦး”
ဦးဇင်နိုင်ဝင်းက တိုက်တွန်းလေရာ သိမ့်ဖူးဇင်သည် အူလည်လည်ဖြင့် ဗူးခွံစက္ကူ ပေါ်မှ စာတွေ ကို ဖတ်ရ၏ ။ ဖတ်ပြီးသည့်အခါတွင် နားမလည်နိုင်စွာ သူမအံ့ဩသွားသည်။
“ဒါ…ဒါ…ဘာလဲ အဖေ”
“ဘာလဲဆိုတာ သိရအောင် ဒါကိုဖွင့်ကြည့်မှပေါ့ သမီးရဲ့ ။ အဖေ ကတော့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမို့လို့ကိုယ့်ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့ မဖွင့်ချင်ဘူး။ သမီးအတွက် ပစ္စည်းကို သမီးဘာသာပဲ ဖွင့်။ အဖေက ဘေးကနေကြည့်မယ်။ မြန်မြန်လေးလုပ်ပါ သမီး ရဲ့ ”
ဦးဇင်နိုင်ဝင်းက သမီး ဖြစ်သူကို ဆော်ဩသည်။ အတွင်းထဲမှာ ဘာပစ္စည်းပါလာ မလဲ ဆိုတာ သူ သိချင်စိတ် သိပ်ပြင်းပြနေလေပြီ။
သိမ့်ဖူးဇင်က စက္ကူဗူးခွံ၏ ထိပ်ဝမှာ ကပ်ထားသော တိပ်တွေ ကို ဆွဲခွာလို်က်သည်။ ပြီးတာနှင့် အဖုံးကိုဖွင့်ပြီး အထဲသို့ငုံ့ကြည့်၏ ။ ဦးဇင်နိုင်ဝင်းက အလောတကြီးဖြင့် မေး သည်။
“အထဲမှာ ဘာပါလဲ သမီး။ ဘာပစ္စည်းလဲ”
“ရွှေ…ရွှေ…”
“ရွှေချောင်းကြီးလား သမီး”
“မဟုတ်ဘူး။ ရွှေဗဟို မီးအားမြှင့်စက်ထည့်တဲ့ ဗူးခွံကြီး”
“အင်”
သိမ့်ဖူးဇင်က ထိပ်ဝမှာ ပိတ်ထားသော တိတ်ကိုခွာပြီး မီးအားမြှင့်စက်ဗူးကို ဖွင့်လိုက်ပြန်သည်။ ပြီးတာနှင့် အထဲသို့ ကြည့်၏ ။ ဦးဇင်နိုင်ဝင်းက ဒီတစ်ခါလည်း အလော တကြီးဖြင့် …
“ဘာတွေ့ လဲ သမီး”
“ဗူးအဖေ…ဗူး…”
“ဘာဗူးလဲ။ ရတနာတွေ ထည့်ထားတဲ့ ဗူးလား”
“ဟင့်အင်း…မဟုတ်ဘူး။ လျှပ်စစ်မီးပူထည့်တဲ့ ဗူးခွံကြီး”
သိမ့်ဖူးဇင် မီးအားမြှင့်စက်ထည့်သည့် ဗူးခွံအတွင်းမှ လျှပ်စစ်မီးပူထည့်သည့် ဗူးခွံ တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဦးဇင်နိုင်ဝင်းက ထိုဗူးကို ယူပြီး နားနားကပ်ကာ လှုပ်ကြည့်ပြန်သည်။
“အသံ…အသံ..အသံကြားရတယ် သမီးရဲ့ ။ ဂလောက် ဂလောက်နဲ့ ။ စိတ်မ လျှော့နဲ့ဦး။ ဒီဗူးကိုလည်း ဖွင့်လိုက်”
“ဟုတ်…ဟုတ်ကဲ့ …အဖေ…”
သိမ့်ဖူးဇင်က တိပ်တွေ ကို ဆွဲခွာပြီး လျှပ်စစ်မီးပူထည့်သည့် ဗူးကို ဖွင့်ကြည့်ပြန် သည်။ ဦးဇင်နိုင်ဝင်းကလည်း ရင်တထိတ်ထိတ်ဖြင့် သိချင်စိတ်ကြီးမားစွာ မေးပြန်သည်။
“ဘာတွေ့ လဲ သမီး”
“ဗူးပဲ အဖေ။ ဗူးပဲ”
“ဘာဗူးလဲ သမီး”
“သွားတိုက်ဆေးဗူးလေး အဖေ”
“ဟေ”
သားအဖနှစ် ယောက် စလုံးခေါင်းစားကုန်သည်။ အရွယ်စုံ ဗူးခွံတွေ ကလည်း သူတို့နံဘေးမှာ ပုံနေပြီ။ သိမ့်ဖူးဇင်က သူမလက်ထဲမှ လေဆာသွားတိုက်ဆေးဗူးခွံလေးကို စိတ်ပျက်လက်ပျက်ကြည့်၍ ညည်းသည်။
“ဘယ်လို ဖြစ်တာလဲ အဖေရယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းပါတယ်ဆိုပြီး စက္ကူဗူးခွံတွေ သာ တစ်ခုပြီး တစ်ခုထွက်လာနေပါလား။ တီဗွီဗူးခွံကနေ သွားတိုက်ဆေးဗူး အထိ ချွတ်လာတာ အခုဆိုသေးသေးလေးပဲကျန်တော့တယ်”
“ဒါ ကတော့ သမီးရယ် တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုတော့ လုံခြုံအောင် အထပ်ထပ်လုပ် ထားတာ ဖြစ်မှာ ပေါ့။ စိတ်မလျှော့ပါနဲ့။ ဒီတစ်ခါတော့ နောက်တစ်ဗူးမရှိနိုင်တော့ပါဘူး။ ဆံ့ လည်းမဆံ့နိုင်တော့ဘူး။ ကဲ…ဒီဗူးကိုသာ ဖွင့်ပေတော့။ သတိလည်း ထားဖွင့်ဦီးနော်။ အထဲက ပစ္စည်းပျက်စီးသွားဦးမယ်”
ဦးဇင်ဝင်းနိုင်က စိတ်မလျှော့နိုင်သေးဘဲ ပြောပြန်ရာ သိမ့်ဖူးဇင်က သွားတိုက် ဆေးဗူးခွံကို ဖွင့်ရပြန်၏ ။ ဒီတစ်ခါတော့ ဦးဇင်နိုင်ဝင်း မမေးခင် သိမ့်ဖူးခင်၏ အသံက ဦးစွာ အလျင်ထွက်ပေါ်လာသည်။
“တွေ့ ပြီအဖေ…တွေ့ ပြီ”
“ဘာလဲ သမီး။ ဘာကြီးလဲ”
“စက္ကူလေးတစ်ရွက် အဖေ”
“ဟာ ဒါဆို ချက်လက်မှတ်တို့ ရတနာသိုက်မြေပုံ အညွှန်းတို့ ဖြစ်နိုင်တယ်။ မပြဲစေနဲ့ သမီး။ ဖြည်းဖြည်းလုပ်”
“ဟုတ်ကဲ့ အဖေ…ဟုတ်ကဲ့”
သိမ့်ဖူးဇင်က သတိကြီးကြီးထားပြီး သွားတိုက်ဆေးဗူးခွံအတွင်းမှ စက္ကူကို ညင်ညင် သာသာဆွဲထုတ်သည်။ ပြီးတာနှင့် ထိုစက္ကူကို သေသေချာချာဖြန့်ကာ သားအဖ နှစ် ယောက် ခေါင်းချင်းဆိုင်ပြီး ပြိုင်တူကြည့်ကြလေသည်။
စက္ကူ A-4 ဆိုဒ် လျှောက်လွှာစာရွက် အဖြူ ဖြစ်ပြီး ထိုအပေါ်မှာ မင်အပြာနှင့် ရေး သားထားသည့် စာလုံးတွေ က ရှင်းသည်။ လိုရင်း ကို ဒက်ခနဲ တန်းသိစေ၏ ။
မမသိမ့်ဖူးဇင်
မမကိုကျွန်တော် အရမ်းချစ်တယ်။ အဲ့ဒါကို မမသိစေချင်လို့ အခု လောလောဆယ်အသိပေးထားတာပါ။ အဖြေကိုတော့ နောက်မှပဲ လူကိုယ်တိုင် အေးအေးဆေးဆေး လာတောင်းပါတော့မယ်။
တစ်ချိန်မှာ မမရဲ့ ကလီစာလေး ဖြစ်လာမယ့်
သုထက်
စာကြွင်း ။ ။ အခုလို ကူညီတဲ့အတွက် မမရဲ့ အဖေကိုလည်း သုထက်ဆိုတဲ့ သမောင်း လက်က
အထူးပင် ကျေးဇူးတင်ကြောင်းပြောပေးပါ။
“ဟင် …”
စာကိုဖတ်ပြီးသော အခါ သားအဖနှစ် ယောက် စလုံး အူလည်လည်နှင့် ပူစီ ဖြစ်ကုန် ကြသည်။ ဦးဇင်ဝင်းနိုင်က မအီမလည်ရုပ်ကြီးဖြင့် …
“ဒါ…ဒါ …သမီးကို ပေးတဲ့ ရည်းစားစာကြီးပဲ။ ဟင်း…ပြောစမ်း သမီး ဒီစာကို ပေး တာ ဘယ်ကောင်လဲ”
“ဟယ် …အဲ့ဒါ သမီးဘယ်သိပါ့မလဲ။ ဒီစာနဲ့ ဒီဗူးတွေ ကို အဖေပဲ ယူလာပေး တာလေ”
“ဟာကွာ…တောက်..ဟင်း…”
“ဦးဇင်နိုင်ဝင်း အခံရကြပ်နေသည်။ သမီး ဖြစ်သူအား ပေးသော ရည်းစားစာကို သူကိုယ်တိုင်ယူလာမိသည့်အတွက် ရှက်လည်းရှက် ဒေါသလည်းထွက်နေသည်။
“တောက်…သုထက်ဆိုတဲ့ သမောင်းလက်ကောင် ငါ့ကိုကြောသွားတယ်။ မင်းနဲ့ငါ တွေ့ ကြသေးတာပေါ့ သုထက်ဆိုတဲ့ သမောင်းလက်ရေ။ နာမည် ကိုက ကြောင်တောင် တောင်နဲ့။ သုထက်ဆို သုထက်ပေါ့။ ဘာသမောင်းလက်လဲ။ အဲ…သမောင်းလက်ဆိုတော့ …သမက်လောင်း။ ဟာ…ခွေးကောင်။ သုထက်ဆိုတဲ့ ခွေးကောင်”
ဦးဇင်နိုင်ဝင်းသည် စက္ကူဗူးခွံတွေ ကို ခြေထောက်နှင့် ကန်ထုတ်သည်။ ပါးစပ် ကလည်း နွားမသေးပန်းသကဲ့သို့ ယုတ်ယုတ်ပဲ့ပဲ့ဆဲသည်။ လူငယ် တစ်ယောက် က ဖဲ့တာကို ခံလိုက်ရသဖြင့် သူ အောင့်သက်သက်နှင့် တင်းနေလေသည်။
အချောင် အဗျင်းခံရမှာ စိုးသဖြင့် သိမ့်ဖူးဇင် အသာရှောင်ထွက်၍ လာခဲ့သည်။ သူမသည်လည်း ပဟေဠိတစ်ပုဒ်နှင့် အလုပ်ရှုပ်နေ၏ ။
ဟင်း… ဒီငမွှေလေးက ဘယ်သူများ ပါလိမ့်နော်…။
တင်းတော့ တင်းဇယားပဲ…။
အဝါရောင် သန်းသော နေခြည်သည် ကမ္ဘာပေါ်သို့ ဝတ္တရားမပျက် သက်ဆင်းလျက် ရှိသည်။ သုထက်တို့သူငယ်ချင်းသုံးယောက် သည် နေရောင် အောက်တွင် အသက်ဝင်နေ သော ကြည်နူးရိပ်ဆိုင်ကလေးမှာ အတူတကွ ရောက်ရှိ၍ နေကြ၏ ။
သုံးယောက် သား လည်တဆန့်ဆန့်နှင့် …။ တစ်စုံတစ်ရာ အလာကို စောင့်ကြို ငံ့လင့်နေလေသည်။ ထိန်လင်းက စိတ်မရှည်ဟန်ဖြင့် …
“စပရိန်…မင်းမမက ဒီကိုလာမှာ သေချာရဲ့ လားကွာ”
အားလုံးနီးပါးကို ငါစုံစမ်းပြီးသွားပြီ။ မမ အသက်က နှစ် ဆယ့်ရှစ်ဆိုတာရယ်၊ လော (Law)နဲ့ကျောင်းပြီးထားတယ်ဆိုတာရယ်၊ရည်းစားမရှိသေးဘူးဆိုတာရယ်၊ သူ့ဖားသားကြီး က မနက်ဖက်ဆိုရင် လမ်းလျှောက်ထွက်လေ့ရှိတယ်ဆိုတာရယ်၊ မမက သူ့ဖားသားကြီးကို အရမ်းချစ်အရမ်းကြောက်တယ်ဆိုတာရယ်၊ ဒီဆိုင်မှာ မနက်ပိုင်းဝါးတီးလာဖွင့်တယ်ဆိုတာ ရယ်…ငါသိထားပြီးပြီ”
“ဟိုက်ရှားဘား…သွက်လှချည်လား။ မင်းကိုစီအိုင်ဒီမှာ အလုပ်သွင်းပေးရင် ကောင်း မယ် ထင်တယ်”
ထိန်လင်းက သုထက်၏ အရည်အချင်းကို အသိအမှတ်ပြုချီးကျူးလိုက်၏ ။ ဇေယျာ အောင်က သုထက်ကို ကြည့်၍ သူသိချင်တာ မေးသည်။
“ဟိတ်ကောင်…ငါတို့လောင်းထားတဲ့ ပွဲရဲ့ အနိုင်အရှုံးကိစ္စ ဘယ်လိုလဲ”
“မလောစမ်းပါနဲ့ကွာ။ အဲဒီ့ အဖြေကို ငါ့မမလာတော့ သိရမှာ ပေါ့”
သုထက်က အေးဆေးပင် တုံ့ပြန်ပြီး ဆေးလိပ်ပြာခွက်၏ နံဘေးမှ ‘လန်ဒန်၏ ထူးကဲသော အရသာ’ဆိုသော စာလုံးတွေ ကိုလက်သည်းနှင့် စိမ်ပြေနပြေ ဖျက်နေေ လသည်။ ခဏြ ကတော့ သူ့လက်ချက်ကြောင့် ‘လန်ဒန်၏ ထူးကဲသော အရသာ’ သည် ‘လဒ၏ ထကသော အရသာ’ ဟူ၍ ပြောင်းလဲ သွားတော့၏ ။
ထိုအခိုက်မှာ ပင် ဆိုင်ရှေ့သို့ ကားတစ်စင်းထိုးဆိုက်လာပြီး အတွင်းမှသိမ့်ဖူးဇင်နှင့် အမျိုးသမီးတစ်ဦးဆင်း၍ လာသည်။ သူမတို့နှစ် ဦးသည် စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်ပြီး ဆီချက်တစ်ပွဲစီ မှာ ယူလိုက်ကြသည်။ ဒီတွင် …
“လာ…သွားကြမယ်”
သုထက်က သူ့သူငယ်ချင်းနှစ် ယောက် ကို မေးဆတ်ပြပြီး ထိုင်ရာမှ ထကာ သိမ့်ဖူးဇင်တို့ ဝိုင်းဆီသို့ သွား၏ ။ ထိန်လင်းနှင့် ဇေယျာအောင်ကလည်း တက်ညီလက်ညီ နောက်မှလိုက်ကြသည်။ သိမ့်ဖူးဇင်တို့ ဝိုင်းသို့ ရောက်တော့…
“ကျွန်တော့် ကိုထိုင်ခွင့်ပြုပါနော်”
သုထက်သည် ခွင့်တောင်းပြီးတာနှင့် ခွင့်ပြုမပြုပင် မစောင့်တော့ဘဲထိုင်ခုံတစ် လုံးတွင် ဝင်ထိုင်သည်။ ထိန်လင်းနှင့် ဇေယျာအောင်ကလည်း ထိုင်ခုံတွေ ဆွဲယူပြီး ခပ်တည် တည်ပဲ ရောနှောကာထိုင်၏ ။
သူတို့သုံးယောက် ၏ ရဲတင်းမှု ကြောင့် သိမ့်ဖူးဇင်တို့နှစ် ယောက် မှာ ခေါင်းနောက် သွားကြလေ၏ ။ သုထက်က သူ့အားအဆန်းတကြယ်ခံစားမှု များ ဖြစ်တည်ပေးစွမ်းခဲ့သော သိမ့်ဖူးဇင်ကို တခုတ်တရပြုံးပြလိုက်ပါသည်။
“မမ …ကျွန်တော့် ရဲ့ မေတ္တာဆက်သဝဏ်လွှာကို ရတယ်မဟုတ်လားဟင်”
သုထက်၏ ခပ်ကြောင်ကြောင်မေးခွန်းကြောင့် အတူပါလာသော အမျိုးသမီးက သိမ့်ဖူးဇင်ကို ပြူးကြောင်ကြောင် မျက်လုံးတွေ ဖြင့် ကြည့်သည်။ သိမ့်ဖူးဇင် ကတော့ တည်တည်တံ့တံ့ပင်။ သုထက်အားစိုက်ကြည့်လျက်…
“ဒါဆို မနက်ကစာက မင်းပေးတာပေါ့ …ဟုတ်လား”
“ဟုတ်ပါတယ် မမ…ကျွန်တော် ပေးတာပါ”
သုထက်က ခေါင်းညိတ်၍ ဝန်ခံလိုက်၏ ။ ရုပ်ပြောင်သော ကောင်လေးသည် မြတ်နိုးသူရှေ့၌ ကျိုးနွံစွာ မင်သေလျက်ရှိသည်။ သိမ့်ဖူးဇင်က သုထက်ကိုမနေ့က သူမအား ပြေးလွှားရင်းဝင်တိုက်သည့်ချာတိတ်မှန်း ကောင်းစွာ မှတ်မိပါ၏ ။
“မင်းကို င့ါအဖေတော် တော် ဒေါသထွက်နေတယ်။ တွေ့ တဲ့နေရာမှာ သတ် မယ်လို့ချည်းပြောနေတယ်။ မင်းလုပ်တာလည်း လွန်တယ်။ အဲဒီ လို မလုပ်သင့်ဘူး”
“ဟဲ့ …ဘာတွေ ဖြစ်ကြလို့လဲ…ငါ့ကိုပြောပါဦး”
သူမနှင့် အတူပါလာသော အဖော်က စပ်စပ်စုစု မေးလေရာ သိမ့်ဖူးဇင်က သုထက်ကို မေးငေါ့၍ …
“ဒီကောင်လေးပေါ့။ ငါ့ကို ရည်းစားစာပေးတာလေ…ရိုးရိုးမပေးဘူး”
“ဟဲ့ …ရိုးရိုးမပေးတော့ ဘယ်လိုပေးတာလဲ။ …ကပေးတာလား…”
“ဟာ…နင်ကလည်း စကားကို ဆုံးအောင်နားထောင်ပါဦးဧပရယ်ရယ်။ သူက စက္ကူဗူးခွံကြီးထဲ ထည့်ပြီး အိမ်ရှေ့မှာ လာချထားတာ။ ဗူးပေါ်မှာ ကလည်း စာတွေ ရေး ထားသေးတယ်။ ဂုဏ်သိက္ခာရှိပြီး အကျင့်စာရိတ္တကောင်းသူများ သည် ကိုယ်နှင့် မသက် ဆို်င်သော ကိစ္စအား ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဤအထဲ၌ အလွန်အင်မတန် အဖိုး ကြီးမားတဲ့ ပစ္စည်းပါရှိသော ကြောင့် လွှင့်မပစ်ပါနှင့် ။ ကာယကံရှင်မသိမ့်ဖူးဇင်ထံ အရောက် ပို့ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။ လူကြီးမင်း၏ ဂုဏ်သိက္ခာကို ကျွန်ုပ်ယုံကြည်ပါသည်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေး ထားတာ။ ငါ့အဖေ ကလည်း မနက်ပိုင်း စောစောထ လမ်းလျှောက်နေကျဆိုတော့ အဲဒီ ဗူးကြီးကို တွေ့ ပြီး အိမ်ထဲသယ်ချလာရော။ သူလည်း အရမ်းစိတ်ဝင်စားသွားတာဟ။ ဗူးပေါ်မှာ ရေး ထားတဲ့ စာတွေ ကြောင့် ဖွင့်လည်းမဖွင့်ရဲ…သိကလည်း သိချင်နဲ့…ငါ့ကိုနှိုးပြီးဖွင့်ခိုင်းတယ်။ ငါ့မှာ စက္ကူဗူးတွေ တစ်ခုပြီးတစ်ခု ဖွင့်ရတာ လက်အံကိုသေရောပဲ။ အထပ်ထပ်ဖွင့်ပြီးလို့ တွေ့ မယ့်တွေ့ တော့ ငါ့ကိုပေးတဲ့ ရည်းစားစာ ဖြစ်နေရော…အဲဒီ မှာ အဖေ ရှက်ရှက်နဲ့ ဒေါကန်တော့တာပေါ့။ ငါ့အတွက် ရည်းစားစာကို သူ ယူလာပေးသလို ဖြစ်သွားတာ ကြီးကိုး”
“အိုးဟိုးဟိုး…ဒီလိုလား…ခွိခစ်ခစ်…ခွိခစ်ခစ်…ဟား”
ဧပရယ်ဆိုသော အမျိုးသမီးက ငှက်ဆိုးထိုးသံကဲ့သို့ မသာမယာရယ်လေသည်။ ထိန်လင်းနှင့် ဇေယျာအောင်ကလည်း သဘောကျ၍ ရယ်ကြသည်။
သုထက် ကတော့ မရယ်ချေ။ သူလုပ်ဆောင်ခဲ့တာတွေ ကို သူသာအသိဆုံး မဟုတ်လား…။ ဦးဇင်နိုင်ဝင်းက တီဗွီဗူးခွံကြီးကို ကောက်ထမ်းပြီး အိမ်ထဲဝင်သွားတာ တွေ့ မှ မလှမ်းမကမ်း၌ ရပ်၍ အခြေအနေစောင့်ကြည့်နေသည့် ကျေနပ်စွာ ပြန်လှည့် လာခဲ့တာ ဖြစ်သည်။ ထိုအကျိုးဆက်တွေ ထဲမှ မမ၏ ခံစားချက်ကိုသာ သူ့စိတ်က သိလို စိတ်တွေ သိပ်ပြင်းပြနေ၏ ။
“မမ…ကျွန်တော် မမကိုချစ်နေတာ သိသွားပြီဆိုတော့ ကျွန်တော့်အတွက် အဖြေကို စဉ်းစားဦးလေ”
သုထက်က ဆံနွယ်ပင်ကိုနောက်ဘက်သို့ လှန်သိမ်းထားသဖြင့် လင်းရှင်းကြည်စင် နေသော သိမ့်ဖူးဇင်၏ မျက်နှာပြင်အား မက်မောစွာ ကြည့်၍ တောင်းဆိုသမှု ပြုလိုက် ပါသည်။ သိမ့်ဖူးဇင်သည် တုံ့ပြန်စကားဆိုရန်အတွက် စကားလုံးရွေးချယ်နေဟန်ဖြင့် တွေ ဝေစွာ နှုတ်ဆိတ်နေ၏ ။ ထိုစဉ်မှာ ပင် ဧပရယ်က ကြားထဲဝင်ရှုပ်လေသည်။
“ဟဲ့ကောင်လေး…နင်ကလည်း ကလေးက ကလေးလိုမနေဘူး။ ချစ်စကားတွေ ကြိုက်စကားတွေ ပြောနေတယ်။ သိမ့်ဖူးဇင်က နင့်ထက် အသက်အများ ကြီး ပိုကြီး တယ်ဟဲ့။ အဲ့ဒါနင်က ရည်းစားစာပေးစရာလား။ ကိုယ့်အမေလို သဘောထားပြီး ရိုရို သေသေဆက်ဆံမှပေါ့”
“ဟာဗျာ…ခင်ဗျားကလည်း”
ဧပရယ်၏ စကားကြောင့် သုထက်မျက်နှာ ရှုံ့မဲ့သွားသည်။
“ဥပမာပေးစရာရှားလို့ဗျာ။ ချစ်လို့ကြိုက်လို့ရည်းစားစာပေးပါတယ်ဆိုမှ ကိုယ့်အမေ လို သဘောထားခိုင်းနေတယ်။ မမနဲ့ကျွန်တော် ကလည်း အဲဒီ လောက်အသက် မကွာပါ ဘူးဗျာ။ ဆယ်နှစ် လောက်ကလေးပဲကွာတာပါ”
“ဘယ်လောက်ပဲကွာကွာ ကိုယ့်ထက်ကြီးတာပဲ။ ဂါရဝတရားလေးနဲ့ ကိုယ့်အမေလို သဘောထားလိုက်တာကောင်းတာပေါ့”
“ဟာဗျာ…ချစ်လို့ ရည်းစားစာ ပေးပါတယ်ဆိုမှ ဘာတွေ ပြောမှန်းလည်း မသိဘူး”
“ချစ်လေ…ချစ်ပါ… ရပါတယ်။ ဒါပေမယ့်လည်း ဂါရဝတရားလေးနဲ့ ကိုယ့်အမေ လိုသဘောထားပြီးချစ်ပေါ့”
“အာ…ကိုယ့်အမေလို သဘောထားပြီး ဘယ်လိုလုပ်ချစ်လို့ရမှာ လဲ။ ခက်တော့ ခက်နေပါပြီ။ ဆင်ဆာလွတ်အောင် ဘယ်လိုရှင်းပြရမှန်းကို မသိတော့ဘူး။
အောင့်သက်သက်နှင့် သုထက်ခံနေရသည်။ ပါးနပ်သူမို့ သူ့ကို ကြပ်နေတာမှန်း သိလိုက်၏ ။ ဒီပုံအတိုင်းဆို စကားကောင်းကောင်း ဆက်ပြော၍ ရမှာ မဟုတ်တော့…။ ဒါကြောင့် ပြောဖို့ အားခဲထားသမျှ စိတ်လျှော့ချလိုက်ပြီး သိမ့်ဖူးဇင်မျက်နှာကိုကြည့်ကာ…
“အနှောင့်အယှက်တွေ ရှိနေလို့ ကျွန်တော် ပြန်တော့မယ်မမရာ။ နောက် တစ်ခေါက် မှပဲ ပြောချင်တာတွေ အေးအေးဆေးဆေးပြောတော့မယ်”
သုထက်က သိမ့်ဖူးဇင်ကိုနှုတ်ဆက်ပြီး ထိုင်ရာမှထသည်။ ထို့နောက် ဧပရယ်ကို ကြည့်၍ မေးလိုက်သည်။
“အစ်မက ဝေယံနဲ့သိလားဟင်”
“ဟင့်အင်း …မသိပါဘူး။ ဘာ ဖြစ်လို့လဲ”
“ဪ…သူက အရူးတွေ နဲ့ သိတယ်ဆိုလို့ မေးကြည့်တာပါ။ သွားဦးမယ်နော်”
ပြောပြီးတာနဲ့ သုထက်သည် သူ့ဝသီအတိုင်း လေကလေး တချွန်ချွန်ဖြင့် ပေါ့ပေါ့ ပါးပါး ထွက်သွားသည်။ ထိန်လင်းနှင့် ဇေယျာအောင်က တခွီးခွီးရယ်ပြီး နောက်မှ လိုက်ကြ၏ ။။
ဧပရယ်က သုထက်ကျောပြင်ကို ကြည့်၍ လူရိပ်မှမပျောက်သေးခင် အတင်းအုပ်ပါတော့သည်။
“အဲဒီ ကောင်လေးကို ငါသိတယ်ဟ။ သူက အစအနောက် အရမ်းသန်တာ။ ရုပ်ပြောင်တဲ့နေရာမှာ တော့နာမည် ကြီးပဲ။ ဒါပေမယ့် ငါနဲ့တွေ့ တော့လည်းခံသွားရတာ ပါပဲ ဟာ…ခွိခစ်ခစ်…ခွိခစ်ခစ်…ဟား”
သုထက်လို စပရိန်ကောင်ကိုကြပ်လွှတ်လိုက်သဖြင့် ဧပရယ်ဘဝင်တွေ စွတ်မြင့် နေသည်။ သူမကိုကြည့်ကာ သိမ့်ဖူးဇင်က သိမ်မွေ့စွာ ပြုံးမနူးလေးပြုံး၍ ပြောပါသည်။
“ဟိုက နင့်ကိုဖဲ့သွားတာကျတော့ နင်မှ မသိဘဲ ဧပရယ်ရဲ့ ”
“ဟင်…ဘယ်မှာ ဖဲ့လို့လဲ”
“ပြန်ခါနီး မှာ လေ။ သူ့သူငယ်ချင်းတွေ တောင် ရယ်သွားသေးတယ်။ အစ်မက ဝေယံနဲ့သိလား…၊ သူက အရူးတွေ နဲ့သိတယ်ဆိုလို့ မေးကြည့်တာပါဆိုတာ…အဲ့ဒါ နင့်ကို အရူးလို့ ပြောသွားတာပေါ့ဟဲ့”
“အမ်…သေနာကျလေး”
မခံချိမခံသာ ဖြစ်ပြီး ဧပရယ်ဆဲလေတော့သည်။ ဧပရယ်ကိုကြည့်ကာ သိမ့်ဖူးဇင် သည် တသိမ်သိမ့်ရယ်သည်။ ပြီးသော် သူမအာရုံ၌ ရုပ်ရည်ကလေး သန့်ပြန့် ချောမော ပါလျက်နှင့် လူပေါ်ကြော့ပုံပေါက်နေသည့် ကောင်ကလေး၏ လုပ်ဆောင်မှု တွေ ကို အမှတ်ပေးစနစ်တစ်မျိုးဖြင့် ဝေဖန်သုံးသပ်နေမိတော့၏ ။
နေစိုစိုနံနက်ခင်းသည် တရိရိဖြင့် ရွှေရောင် ရင့်အိုလာချေပြီ။
ဖော်ရွေပျော့ပျောင်းသည်ဟု မဆိုသာသော်လည်း တင်းမာခတ်ထန်မှု မရှိသော မမ၏ ဆက်ဆံရေး ကြောင့် သုထက်စိတ်တွေ ရွှင်ပျနေသည်။ မမနှင့် ပတ်သက်၍ ရှေ့ဆက်ရန် ရည်ရွယ်ထားသော ကဏ္ဍ များ အတွက် သူ့ရင်အုံသည် လှုပ်ခုန်စွာ နိုးကြား တက်ကြွလျက်ရှိသည်။
ပျော်ရွှင်ကျေနပ်မှု တို့ကြောင့် သူ့လေချွန်သံသည်ပင် ပိုမိုကျယ်လောင်လို့နေပါ သည်။
“ရွှီ…ရွှီ…ဟိတ်ကောင်တွေ …ဒီပွဲမှာ ငါနိုင်တာနော်။ ကတိအတိုင်း မင်းတို့နှစ် ကောင် ငါ့ကိုဘီယာ အဝတိုက်ပေတော့”
“အေးပါကွာ။ တိုက်ပါမယ် စပရိန်ရာ။ မင်းကလေ ပေါက်ကရလုပ်တဲ့နေရာမှာ တော့ တော် တော် ဉာဏ်ပြေးတယ်။ ဒါနဲ့ ဟို တစ်ယောက် ပြောတာကို မင်းစဉ်းစားပြီးသွားပြီလား”
“ဘာကိုလဲ”
“မသိမ့်ဖူးဇင်ကို အမေလို သဘောထားဖို့ဆိုတာလေ”
“တော် စမ်းပါကွာ။ ခွီးတဲ့မှဘဲ…”
သုထက်မျက်နှာ ရှုံ့မဲ့သွားပုံကိုကြည့်ပြီး ထိန်လင်းနှင့် ဇေယျာအောင်က ရယ်ကြသည်။ သုထက်က လမ်းလျှောက်နေရင်း နှစ် ယောက် ကြားထဲမှ ထိန်လင်းနှင့် ဇေယျာအောင်၏ ပခုံးကိုဖက်၍ …
“မမက ငါအခုလို လုပ်တာကိုတောင် ငါ့ကို ဟောက်မထုတ်ဘူးနော်။ ပြေပြေ လည်လည် ဆက်ဆံတယ်။ အဲ့ဒါကို မင်းတို့ဘယ်လို သဘောရလဲ”
“အဲဒါ ကတော့…မင်းကို ချာတိတ်ကလေးဆိုပြီး အရေး မစိုက်တာလည်း ဖြစ်နိုင် တယ်။ ဒါမှမဟုတ် သူကိုယ်တိုင်က အညှာမခိုင်လို့လည်း ဖြစ်နိုင်တယ်။ သက်တမ်း ရင့်လာတဲ့ သစ်သီးတွေ က ကြာတော့အညှာမှာ မမြဲချင်တော့ဘူးကွ။ စားသုံးသူတွေ အတွက် ကြွေကျချင်နေပြီ။ အဲဒီ လိုပဲ မသိမ့်ဖူးဇင်ကလည်း အညှာက ပြုတ်ချင်နေတဲ့ သစ်သီးတစ်လုံး ဖြစ်နိုင်တယ်”
“အေးနော်…စဉ်းတော့ စဉ်းစားစရာပဲ။ မိန်းမတွေ ဆိုတာ သစ်သီးတွေ လိုပဲ။ အမှည့် လွန်ပြီး ရှုံ့တွသွားရင် ဘယ်သူမှစိတ်ဝင်စာြး ကတော့ဘူး”
ဇေယျာအောင်၏ စကားကို သုထက်က တွေးတွေးဆဆဖြင့် ထောက်ခံလိုက်သည်။ ထိန်လင်းကလည်း သူစိတ်ကူးမိတာကို တင်ပြ၏ ။
“မိန်းမတွေ က သစ်သီးနဲ့တူတယ်ဆိုရင်…သရက်သီးကျတော့ဖင်ရှုံ့လေချိုလေပဲကွ။ အဲဒီ လိုပဲ မင်းမမက သရက်သီးလို မိန်းမမျိုးဆိုရင်တော့ မင်း ကံထူးတာပဲ စပရိန်။ အိုဇာ တာတော့ ကောင်းပြီ…အဟီးဟီး”
“ဟာကွာ…ဒီကောင်”
သုထက်က စပ်တိစပ်ဖြဲလုပ်နေသော ထိန်လင်း၏ ပေါင်ကို ဒူးနှင့် တိုက်ပစ် လိုက်သည်။ ဇေယျာအောင်က…
“စပရိန်…မသိမ့်ဖူးဇင်နဲ့ ပက်သက်ပြီး မင်းဘယ်လို ဆက်လှုပ်ရှားမယ် မှန်းထားလဲ”
“အခု လောလောဆယ် မမရဲ့ ဖားသားကြီးက တင်းနေတာကွ။ အဲဒါကြောင့် သူနဲ့ငါ့ ကြားမှာ ငြိမ်းချမ်းရေး ရေအောင် အရင်ဆောင်ရွက်ရမယ်။ အဲ့ဒါမှ ရှေ့ခရီးစဉ်က အဆင် ချောမှာ ”
“သူ့သမီးနဲ့ ပတ်သက်ရင် အမြဲရန်လိုနေတဲ့ လူကြီးနဲ့ငြိမ်းချမ်းအောင် မင်းက ဘယ်လိုလုပ်မှာ လဲ”
ဇေယျာအောင်၏ မေးခွန်းကြောင့် သုထက်တွေ ဝေသွားသည်။ သူ့အကျင့်အတိုင်း နားထင်ကိုလက်နှင့် ထောက်ကာ အတန်ကြာ အကြံထုတ်၏ ။ ပြီးမှ လက်ဖျောက်တီး၍ …
“ငါ…တစ်ခုစိတ်ကူးမိတယ်။ လာကွာ…ဟိုကောင်မျိုးလေးဆီသွားရအောင်”
“မျိုးလေးဆိုတာ ဆိုင်ကယ်စတန့်မင်းသားရူး ရူးနေတဲ့ကောင်ကို ပြောတာမဟုတ် လား”
“အေး…ဟုတ်တယ်”
“အဲဒီ ကောင်ဆီ ဘာသွားလုပ်မှာ လဲ”
“ငါ့ အစီအစဉ်မှာ ဒီကောင့်ကို အသုံးချစရာ ရှိလို့ပါကွာ။ လာ…သူ့အိမ်သွားကြမယ်”
သုထက်က ဦးဆောင်ပြီး ခြေလှမ်းသွက်လိုက်ရာ ထိန်လင်းနှင့် ဇေယျာအောင် လည်း ပါလာကြသည်။ သူတို့သည် အားလပ်ချိန်များ ကို လွယ်လင့်တကူ ဖြုန်းတီးပစ် နေသော အလယ်အလတ်တန်းစား လေလွင့်လူငယ်လေးတွေ ဖြစ်သည်။
မိနစ် အနည်းငယ်ကြာပြီးသော အခါ မျိုးလေးအိမ်သို့ သူတို့သုံးယောက် ရောက်ရှိ သွာြး ကတော့၏ ။ ခြံထဲမှာ ဆိုင်ကယ်တစ်စီးနှင့် အလုပ်ရှုပ်နေသော မျိုးလေးကိုမြင်တာနှင့် သုထက်က လေသံချိုချိုဖြင့် နှုတ်ဆက်လိုက်သည်။
“မျိုးလေး…သူငယ်ချင်း…နေကောင်းလားကွ”
“ဟင်…စပရိန်ကောင်”
မျိုးလေး ခန္ဓာကိုယ် မတ်ခနဲ ဖြစ်သွားသည်။ ပြီးတော့ ဒေါနှင့်မောနှင့် သုထက်ထံ လျှောက်လာသည်။ အနားရောက်တော့ ကောသည်။
“ဟိတ်ကောင် စပရိန်ကောင်…မင်း ဟိုတစ်နေ့က ငါ့ကောင်မလေးကို ငါက အခြောက်တစ်ကောင်နဲ့ ကြိုက်နေတာ၊ အဲဒီ အခြောက်အိမ်ကိုတောင် ညဘက်တွေ လိုက် အိပ်တယ်လို့ ပြောခဲ့တယ်ဆို”
“ထားပါ သူငယ်ချင်းရာ၊ အချင်းချင်းတွေ မိတ်ပျက်ခံပြီး အဲ့ဒါတွေ ပြောမနေပါနဲ့။ ငါ က မင်းကိုချစ်လို့ ကျီစားတာပါကွာ”
“ဘာကျီစားတာလဲ။ အခုဆို ငါ့ကောင်မလေးက ငါ့ကို အခြောက်နဲ့ ညအိတ်တဲ့ ကောင်ဆိုပြီး ဖြတ်သွားပြီကွ။ အဲ့ဒါ မင်းကြောင့် ”
“အေးပါ သူငယ်ချင်းရာ…အဲဒီ ကိစ္စကို ငါဖြေရှင်းပေးပါမယ်ကွာ မင်းကောင်မလေး က မင်းကို အခြောက်နဲ့ ညအိပ်လို့ ဖြတ်သွားတယ်ဆိုတာ… အဲဒါ အထာပေးတာကွ။ အခြောက်နဲ့ ညအိပ်တာကို မကြိုက်ဘူးဆိုတော့…သဘော ကတော့ကွာ… ဟဲ…ဟဲ… မင်းလည်း ပညာရှိ တစ်ယောက် ပဲ မျိုးလေးရာ၊ အရိပ်ပြရင် အကောင်မြင်တတ်ပါတယ်… သိတယ်မို့လား ဟဲ …ဟဲ…”
သုထက်က မျက်နှာချိုသွေးရင်း အချွန်နှင့် ထပ်ဆင့်ကာ မ,လိုက်ပြန်ရာ ဒေါသ ထွက်နေသော မျိုးလေးမျက်နှာ ပြုံးဖြဲဖြဲ ဖြစ်လာသည်။
“အေးကွ…မင်းပြောတာ ဟုတ်သားပဲ။ အဲ့ဒါကို ငါလုံးဝ မတွေးမိဘူး ကြည့်စမ်း… သူကဒီလိုကိုး”
“ဒါပေါ့ကွ။ အဲ့ဒါကို မင်းသိဖို့ပဲ လိုတာပါ။ သိတယ်နော်”
“သိပြီ သူငယ်ချင်း…သိသွားပြီ။ သူက ဒီလိုအထာပေးနေမှတော့ကွာ…ဟင်း …ဟင်း…မျိုးလေးကလည်း လက်နှေးတဲ့ကောင်မှ မဟုတ်တာ။ အထာပေးရင် ဆရာလေး တောင်ချန်တဲ့ကောင် မဟုတ်ဘူး။ တွေ့ ကြပြီပေါ့ကွာ”
မျိုးလေး၏ အာရုံသည် သုထက်၏ ကုလားဖန်ထိုးမှု အောက်တွင် ပြောင်းလဲသွား လေသည်။ သုထက်သည် ဗလောင်းဗလဲ လုပ်ရာတွင် ထူးချွန်လှ၏ ။ ‘ယ’ကိုပင် ‘က’ ဖြစ်အောင် ပြောနိုင်စွမ်းရှိသည့် ပါးစပ်ပိုင်ရှင် ဖြစ်သည်။
သုထက်သည် မျိုးလေးအခြေအနေကို အကဲခတ်ရင်း ဒေါသပြေလာတာ သေချာမှ..
“သူငယ်ချင်း…မင်းက ဆိုင်ကယ်စီး ကျွမ်းတယ်ဆိုတော့ မင်းကိုငါ အကူအညီ တစ်ခုလောက် တောင်းချင်တယ်ကွာ”
“ဘာအကူအညီလဲ…ပြောလေ။ ဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ ကူညီဖို့အသင့်ပဲ”
မျိုးလေးက လိုလိုလားလားပင် မေးသည်။ သုထက်က မျိုးလေးပခုံးကို တရင်း တနှီးဖက်၍ …
“လာကွာ…ငါတို့ ဘီယာဆိုင် သွားကြမယ်။ ဟိုရောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့”
“ဘီယာဆိုင် …ဟုတ်လား”
“ဘာလဲ…မင်းက မသောက်ဘူးလား”
“အခု ချက်ချင်း သွားဖို့ ပြောမလို့ပါကွာ။ အဟီး…လာ…မြန်မြန်ရောက်အောင် ငါ့ဆိုင်ကယ်နဲ့ သွားကြမယ်”
မျိုးလေးက သွက်သွက်လက်လက်ပင် သူ့ဆိုင်ကယ်ပေါ် တက်ခွသည်။ သုထက် က…
“ဟိတ်ကောင် …လေးယောက် ကြီး ဖြစ်ပါ့မလား”
“ ဖြစ်ပါတယ်ကွာ။ တက်ကြ။ ဆိုင်ကယ်မှော က်မှာ က အရေး မကြီးဘူး။ ဘီယာ မြန်မြန်သောက်ရဖို့က အရေး ကြီးတယ်”
“အေးကွာ…ဟုတ်တယ်”
“တက်မယ်”
ထိန်လင်းနှင့် ဇေယျာအောင်က ဆိုင်ကယ်ပေါ် အပြေးတပိုင်းတက်ခွကြသည်။ ဒါကြောင့် နောက်ဆုံးမှ အဖျားစွန်းပေါ်၌ သုထက်က ကပ်ချိတ်၍ ထိုင်ရသည်။
ဆိုင်ကယ်ထွက်သော အခါတွင် သုထက်သည် မခိုးမခန့်ဖြင့် ကျယ်လောင်စွာ ဟစ်ကြွေး၏ ။
“သုံးဂိုး ဂိုးမရှိနဲ့ ကျွန်တော် အသာစီး ဖြစ်နေပါတယ်ခင်ဗျာ”
“အင်”
သုထက်အသံကြောင့် ရှေ့မှ သုံးယောက် တွန့်သွားကြလေသည်။ သူတို့တွေ ခမျာ ရှေ့မှ ထိုင်မိသည့်အတွက် နောင်တရချင်သလိုပင် ဖြစ်သွားသည်။ ကြွက်သားတွေ ကိုပင် စိုးရိမ်တကြီး ကျုံ့ထားလိုက်ကြ၏ ။
သုထက်ဆိုသော ချာတိတ်သည် ကြုံရာ အခြေအနေမှာ ပင် အမြတ်ထုတ်၍ တစ်ဖက်သားကို အကြောကလေးနှင့် စနောက်တတ်သူ ဖြစ်ပါ၏ ။
ထုံးစံအတိုင်း တုတ်ကောက်ကလေးတစ်ချောင်းနှင့် လမ်းလျှောက်ထွက်လာသော ဦးဇင်နိုင်ဝင်းအား နံနက်ခင်းက အသားကျနေပြီ ဖြစ်သော ရင်းနှီးမှု တစ်မျိုးဖြင့် ကြိုဆိုနေ၏ ။
ဦးဇင်နိုင်ဝင်းသည် အခုတလော အပြင်ထွက်ပြီးဆိုလျှင် ဟိုတစ်နေ့ကလိုမျိုး သမီး ဖြစ်သူကို ပေးသည့် ရည်းစားစာအား မယူမိစေရန် မျက်စိလျှင်လျှင်နှင့် သတိကြီးကြီး ထားနေရ၏ ။ ထိုအ ဖြစ်ကို တွေးမိတိုင်းအောင့်သက်သက်နှင့် သူရှက်မိသည်။ ကလီကမာ များ သော သုထက်ဆိုတဲ့ကောင်ကိုလည်း တွေ့ တာနှင့် အရေခွံခွာပစ်ချင်လောက်အောင် ဒေါသ ဖြစ်မိ၏ ။
“ဗြီး…ဗြီး…ဝရော…”
“ဟ…ဘာလဲဟ…”
ဦးဇင်နိုင်ဝင်း လမ်းလျှောက်နေသည့် ရှေ့နားအိမ်၌ နိုင်ငံခြားဆိုင်ကယ်ပြိုင်ပွဲထဲမှ လူတွေ ကဲ့သို့ ဆိုင်ကယ်စီးဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး မျောက်ခေါင်သဏ္ဌာန ဆိုင် ကယ်စီး ဦးထုပ်ကြီးအား စွပ်ထားသော လူ တစ်ယောက် သည် ဆိုင်ကယ်လီဗာကို တဗြီးဗြီး နင်းကန်ဖြဲကာ ရှေ့ဘီး ဆွဲမြှောက်လိုက်၊ ပတ်ခနဲ ချာချာလည်သွားအောင် စလစ်ရို ကလိုက်၊ စကောဝိုင်း ဝိုင်းပြလိုက်နဲ့ အမျိုးမျိုး အဖုံဖုံ အစွမ်းပြနေ၏ ။
ဦးဇင်နိုင်ဝင်းသည် လမ်းလျှောက်နေရင်းမှ ထိုဆိုင်ကယ်သမားကို ဘယ်လို ကောင်စားပါ လိမ့်ဟူသော အတွေးဖြင့် တအံ့တဩ ငေးမောကြည့်နေမိသည်။ ထိုစဉ်မှာ ပင်…
“ဝူး…ဝူး…”
“ဟာ”
ဆိုင်ကယ်က သူ့ဆီ တည့်တည့် ပြေးဝင်လာသဖြင့် ဦးဇင်နိုင်ဝင်းကပျာကသီ တိမ်းရှောင်လိုက်ရသည်။ ထိုအခါ ဆိုင်ကယ်က သူ့နံဘေးမှ ဝှီခနဲ ဖြတ်၍ ပြေးသွား၏ ။ ရင်ထဲ၌ အေးခနဲပင် ဖြစ်သွားမိပါသည်။
“ဟူး…တော် ပါသေးရဲ့ ။ ကံသီပေလို့…”
အခုမှ စိတ်သက်သာရာ ရသွားသည်။ ရင်ဘတ်ကိုဖိပြီး သက်ပြင်းတစ်ချက်ချရင်း နောက်ဘက်သို့ လှည့်ကြည့်လိုက်ရာတွင် တော့…
“ဟင်”
“ဝူး…ဝူး…”
ဆိုင်ကယ်က ချာခနဲ ဝိုက်ကွေ့ပြီး သူ့ဆီ နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။ ပြင်ဆင်ချိန် မရသဖြင့် ဦးဇင်နိုင်ဝင်းသည် ဖြစ်သလိုပင် ဒိုက်ဗင်ထိုး၍ ရှောင်လိုက်ရသည်။ ဒီတော့မှ သူ ပွတ်ကာသီကာလေးလွတ်မြောက်သွား၏ ။
ရင်ဘတ်အောင့်သွားသဖြင့် ချက်ချင်း မထနိုင်သေးဘဲ လဲနေရာမှ လှည့်ကြည့်လိုက် ရာ…
“ဝူး…ဝူး…”
“ဟင်…လာ…လာပြန်ပြီ…”
ဆိုင်ကယ်က ရှေ့ဘီးကြီးကိုထောင်ပြီး သူ့ဆီရန်လိုစွာ ဦးတည်နေသည်။ ရင်ထဲ ထိတ်ခနဲ ဖြစ်ပြီး ဦးဇင်နိုင်ဝင်း လန့်သွားသည်။ မှော က်လျက်သား ဘဝမှ ကြောက်ရွံ့စွာ လူးလဲထလိုက်သည်။
ထိုစဉ်မှာ ပင် ဆိုင်ကယ်က သူ့ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့၏ ။
“ဝူး…”
“ဟာ”
ဦးဇင်နိုင်ဝင်း ဖုတ်ပူမီးတိုက် ကြိုးစားပမ်းစား ရှောင်တိမ်းလိုက်သေးသည်။ သို့ သော် မလွတ်။ ဆိုင်ကယ်က သူ့အား နံဘေးမှ အတင်းပွတ်ဆွဲ၍ ဝင်တိုက်လိုက်သော ကြောင့် သူကားခနဲ ဖြစ်သွားသည်။ ထို့အတူ…
“ဖြောင်း…”
“အား…”
နဂိုထဲကမှ လက်သွက်ခြေသွက်ရှိသာ ဦးဇင်နိုင်ဝင်းက သူလဲမကျမီ လက်ထဲမှ လမ်းလျှောက်တုတ်ကောက်နှင့် ဆိုင်ကယ်သမားအား မှီရာလှမ်းရိုက်လိုက်ရာ… လည်ပင်း ကို ရိုက်မိသွားပြီး ဆိုင်ကယ်သမားလည်းငိုက်စိုက်ငိုက်စိုက်ဖြင့် ဆိုင်ကယ်ပေါ်မှ ထိုးကျ ကာ…မှော က်သွားသည့်ဆိုင်ကယ်အောက်၌ ဆန့်ငင်ဆန့်ငင် ပိနေလေတော့သည်။
“ဟိုက်…သွားပြီ”
“ထိပဟ”
သစ်ပင်အကွယ်မှ အခြေအနေကို စောင့်ကြည့်နေသော သုထက်တို့တွေ မှာ မထင်မှတ်သော နောက်တိုး ဖြစ်ရပ်ကြောင့် ပြူးပျာသွားကြလေသည်။
“မျိုးလေးကိုတော့ ဆိုင်ကယ်ပိနေပြီဟေ့”
“ငါတို့ ဘယ်လိုဆက်လုပ် ကြမလဲ”
“ဘယ်လိုဆက်လုပ်ကြမလဲဆိုတော့ မင်းတို့နှစ် ယောက် က မျိုးလေးကို ခေါ်ထုတ် သွား။ ငါက ငါ့ယောက္ခမလောင်းကြီးကို စီစဉ်ထားတဲ့အတိုင်း ဝင်လုံးလိုက်မယ်။
သုထက်က အရေး ပေါ် အစီအစဉ်သစ် ရေး ဆွဲပြီး ခွဲတမ်းချပေးလိုက် သည်။ ထို့ နောက် အခင်း ဖြစ်ပွားရာနေရာသို့ သူတို့သုံးယောက် သွားလိုက်ကြသည်။ အနားရောက် တော့…
“အို…အမြင်မတော် ရာ ပိုးလိုးပက်လက်တွေ ပါလား။ ဘယ်လိုများ ဖြစ်ကြတာပါလိမ့် နော်”
သုထက်က တကယ့်ကို သူဘာမှ မသိသလိုလိုရုပ်နှင့် ။ ဟိတ်ဟန်မက်မောင်း ကောင်းသည်။ ခရီးသွားဟန်လွဲ တွေ့ သလိုမျိုးဖြင့် လဲကျနေသော ဦးဇင်နိုင်ဝင်းအနားသို့ သူ ကပ်သွားလိုက်သည်။
“ဒီက ဦးလေးအန်ကယ်ကို ကြည့်ရတာ မတော် တဆ ဆိုင်ကယ်နဲ့ တိုက်မိသွားတာ ထင်တယ်…ဟုတ်လား…”
သုထက်က ဦးဇင်နိုင်ဝင်း၏ လက်တစ်ဖက်ကို ကိုင်ပြီးဆွဲထူပေးရန်ဟန်ပြင်ရင်း သနားကမားလေး ကြည့်၍ မေးလိုက်သည်။ ထိုအခါ ဦးဇင်နိုင်ဝင်းက ဒေါသတကြီးဖြင့် ပြန်ပြောသည်။
“မတော် တဆတိုက်မိတာ မဟုတ်ဘူးကွ။ တမင်တကာကို လိုက်တိုက်တာခံရတာ ”
“ဟုတ်ပါ့မလား ဦးလေးအန်ကယ်ရယ်။ မတော် တဆ တိုက်မိတာ ဖြစ်ပါလိမ့်မယ်”
“ဘယ်ကလာ မတော် တဆ ဟုတ်ရမှာ လဲကွ။ ဒီလောက် သေလုမျောပါး ရှောင်နေ တဲ့ကြားကတောင် မမိမိအောင် အသည်းအသန်လိုက်တိုက်နေတာ။ ဆင်မကို မုန်ယိုနေတဲ့ ဆင်ထီး မိတ်လိုက်ချင်လို့ အတင်းလိုက်တာကျနေတာပဲ။ ဒီလောက် လမ်းရှင်းနေတဲ့ကြား က ဟိုကောင်ငပေါ ငါ့ကို ဘလိုင်းကြီး လိုက်ညှောင့်တာ။ တွေ့ မယ်… အဲဒီ ကောင်ငပေါကို အသေသတ်မယ်”
ဦးဇင်နိုင်ဝင်းက တကယ်လုပ်မည့် ဟန်ဖြင့် ကုန်းထနေသော ကြောင့် ဆွဲထူမည့်  ဟန်ပြင်နေသည့် သုထက်က ဆွဲမထူတော့ဘဲ ဦးဇင်နိုင်ဝင်းထမရအောင် ရင်ဘတ်ကို လက်နှင့် ဖိထားလိုက်သည်။
“ဦးလေးအန်ကယ်…မလုပ်ပါနဲ့။ စိတ်ကို ထိန်းပါဗျာ”
“ဘာ ဖြစ်လို့ ထိန်းရမှာ လဲကွ။ သူကတောင် ငါ့ကိုတမင်တကာကြီး လိုက်တိုက် သေးတာပဲ”
“မလုပ်ပါနဲ့ ဦးလေးအန်ကယ်ရယ်။ ရန်ကို ရန်ချင်း မတုံ့နှင်းပါနဲ့”
“တုံ့နှင်းမှာ ပဲကွာ။ တုံ့ကိုတုံ့နှင့် မှာ ။ ဖယ်စမ်း…မင်းကကော ငါ့ကိုဘာလို့ ချုပ်ထားရ တာလဲ။ လွှတ်စမ်း…ငါသွားတုံ့နှင်းမလို့။ ဖယ်ဆိုကွာ”
“မတုံ့နှင်းပါနဲ့ ဦးလေးအန်ကယ်ရယ်။ ဒီအတိုင်းလေးပဲ နေနော်…နေလို့”
“မနေဘူးကွာ။ ငါ သွားတုံ့နှင်းမယ်။ အဲဒီ ငပေါကောင်တော့ကွာ တောက်…ဟင်း…”
ပြောနေရင်းတန်းလန်း ဒေါသကြောင့် ဦးဇင်နိုင်ဝင်း အသားတွေ တဆတ်ဆတ် တုန် လာသည်။ ဒါကို ကြည့်၍ သုထက်က…
“ဟင်…ကြည့်စမ်း…ဦးလေးအန်ကယ် မောနေတာပဲ။ ပင်ပန်းသွားလို့ထင်တယ်။ အိပ်နေ အိပ်နေ…ဒီအတိုင်းလေးပဲ အိပ်နေ”
“လမ်းပေါ်မှာ ငါက ဘာလို့ အိပ်ရမှာ လဲကွ။ အိပ်စရာလား”
“ကိုယ်က မောနေတာပဲ ဦးလေးအန်ကယ်ရယ်။ နေရရွေးမနေပါနဲ့။ အမောပြေ အောင်အိပ်ပစ်လိုက်။ အညောင်းအညာပြောအောင် ကျွန်တော် နှိပ်ပေးမယ်နော်။ ငြိမ်ငြိမ်လေးနေ”
“မနေဘူးကွာ မနေဘူး။ သွားတုံ့နှင်းမယ်…လွှတ်…”
“ဒီအတိုင်းလေးပဲနေပါ ဦးလေးအန်ကယ်ရယ်… စိတ်လျှော့… စိတ်လျှော့… မတုံ့ နှင်းချင်နဲ့”
ဦးဇင်နိုင်ဝင်းက အတင်းရုန်းထသည်။ လွှတ်ပေးလိုက် လျှင် ပြဿနာတွေ မီးခိုး ကြွက်လျှောက် တက်ကုန်တော့မှာ မို့ သုထက်ကလည်း ပြုစုသလိုနှင့် မနည်းဖိချုပ်ထားရ သည်။
ထိန်လင်းနှင့် ဇေယျာအောင်ကလည်း ဆိုင်ကယ်အောက်မှ မျိုးလေးကို ခက်ခက်ခဲခဲ ဆွဲထုတ်နေကြ၏ ။
“ဟိတ်ကောင်တွေ …အဲဒီ ပရမ်းပတာ ဆိုင်ကယ်သမားကို ဖမ်းပြီး ကူညီပါရစေ ဆိုတဲ့ ရဲလက်ထဲ သွားအပ်လိုက်။ ငါက ဒီဦးလေးအန်ကယ်ကို သူအမောပြေမှ အိမ်ပြန်ပို့ လိုက်မယ်”
သုထက်က ထိန်လင်းနှင့် ဇေယျာအောင်ကို အော်ဟစ်ညွှန်ကြားလိုက်၏ ။ သူတို့ အစီအစဉ်နှင့် သူတို့တော့ ကွက်တိဟုတ်နေကြပါသည်။ ဦးဇင်နိုင်ဝင်းခမျာလည်း မလူးသာ မလွန့်သာဖြင့် ပူစီ ဖြစ်နေရ၏ ။
ထိုစဉ်မှာ ပင် ဝဝဖိုင့်ဖိုင့် မိန်းမကြီးတစ်ဦးက ဈေးခြင်းတောင်းအလွတ်ကို ဆွဲ လျက်ဖြင့် သူ့တို့အနားသို့ ရောက်လာသည်။ အလဲလဲအပြိုပြိုအနေအထားအားကြည့်ရင်း သုထက်ကို တွေ့ သွားတော့ ဝမ်းသာအားရဖြင့် နှုတ်ဆက်သည်။
“ဟယ်…သုထက်…ဘာ ဖြစ်နေတာလဲ”
“ဘာမှ မ ဖြစ်ဘူး…ဘာမှမ ဖြစ်ဘူး…။ အစ်မ ဈေးသွားမလို့ မဟုတ်လား။ သွားလေ နောက်ကျနေဦးမယ်။ မြန်မြန်သွား”
သူတို့အစီအစဉ်တွင် အနှောင့်အယှက် ဖြစ်မှာ စိုးသဖြင့် သုထက်က နှင်လွှတ်လိုက် သည်။ သို့ ရာတွင် ထိုမိန်းမကြီးက မသွားသေးဘဲ ရပ်မြဲအတိုင်းရပ် နေပါသည်။
“ဈေးက ဘယ်အချိန်သွားသွား ရပါတယ် သုထက်ရယ်။ ငါက နင့်ကို ဝမ်းသာ စရာစကား ပြောချင်လို့ပါ။ ဟိုတစ်နေ့က နင်ပြောတဲ့ မိန်းမသုံးယောက် ဖင်ကောက် ကောက် အကောက်ဆုံးဖင် လောက်စာလုံးဝင်ဆိုတဲ့ အတိတ်စိမ်းကို ငါဂဏန်းကောက် ထိုးတာ ပေါက်တယ်ဟဲ့။ အဲ့ဒါကြောင့် နင့်ကိုငါ တစ်ခုခု ဝယ်ကျွေးချင်လို့ပါ။ ဘာစားမလဲ ပြောစမ်း သုထက်”
“အဲ”
အရေး ထဲ အရာပေါ်နေသဖြင့် သုထက် စိတ်ရှုပ်သွားသည်။ ထိုအချိန်၌ ရင်ဘတ်ကို ဖိလျက် လက်တစ်ဖက်ကို အချုပ်ခံထားသည့် ဦးဇင်နိုင်ဝင်း၏ ခေါင်းက ငေါက်ခနဲ ထောင်လာသည်။ ထို့နောက် သုထက်မျက်နှာကို မျက်လုံးတွေ ပြုတ်ထွက်မတတ် စူးစူးစိုက်စိုက် ကြည့်သည်။ ပြီးတော့…
“မင်းနာမည် က သုထက်…ဟုတ်လား…။ ဒါ…ဒါဆို…မင်းက ဟိုတစ်နေ့က…ငါ့ကို ပြောပြီး ငါ့သမီးကို ရည်းစားစာပေးတဲ့…သမောင်းလက်ဆိုတဲ့ သုထက်ပေါ့…ဟုတ်လား”
“ဗျာ”
သုထက်ခန္ဓာကိုယ် တုန်တက်သွားသည်။ သို့ သော် ချက်ချင်း ပင်မျက်နှာထားလေး ကို ရွှင်ပြုံးပစ်လိုက်ပြီး…
“အဟဲဟဲ…ဦးလေးအန်ကယ်ကလည်း… တစ်ယောက် နဲ့ တစ်ယောက် အခုမှသိကြ တာ… မိတ်ပျက်ရမယ့်စကားတွေ ပြောမနေပါနဲ့တော့။ နေသာသလိုနေနော်…အဟဲဟဲ…”
“ဟိတ်ကောင်…ငါ့ကို မျက်နှာချိုလာသွေးမနေနဲ့။ မင်းလိုကောင်မျိုးနဲ့ ကတော့ မိတ်ပျက်မှကို ဖြစ်မှာ ကွ။ အခု ငါ့ကို ဆိုင်ကယ်နဲ့ လိုက်တိုက်တာလည်း မင်းစနက်ပဲ ဖြစ်ရမယ်။ ဒါကြောင့် မင်း ငါ့ကို ချုပ်ထားတာမဟုတ်လား”
“မဟုတ်ပါဘူး ဦးလေးအန်ကယ်ရယ်။ ဒါ တိုက်ဆိုင်တာပါ”
“မင်း တိုက်ဆိုင်တာက လွန်လွန်းအားကြီးတယ်ကွာ”
“ဟုတ်ကဲ့ခင်ဗျာ… လွန်လွန်းအားကြီးတဲ့ တိုက်ဆိုင်မှု ပါခင်ဗျ”
သုထက်က ရိုးရိုးကျိုးကျိုးလေးလုပ်၍ ပြောလိုက်၏ ။ ဦးဇင်နိုင်ဝင်းသည် ပို၍ အမြင်ကတ်သွားကာ…
“တော် စမ်း ဟိတ်ကောင်…ပေါက်ကရပြောမနေနဲ့။ မင်းက သမောင်းလတ်လို့ စာရေး ပြီးတော့လည်း ငါ့ကို စော်ကားတယ်။ အရူးအပေါတွေ ခေါ်ပြီး ဆိုင်ကယ်နဲ့ တိုက်သတ်ဖို့လည်း ကြံစည်တယ်။ အဲ့ဒါ ဘာသဘောလဲကွ”
“အသီးလိုချင်လို့ အပင်ချိုင်တဲ့ သဘောပါခင်ဗျ”
“ဘာကွ…တောက်…ဟင်း…မင်း…”
“တာ့တာ”
သုထက်က ပြောင်ချော်ချော်ဖြင့် လက်ကာပြပြီး ပြေးထွက်သွားလေတော့သည်။ ထိုအခါ လွတ်လပ်သွားသော ဦးဇင်နိုင်ဝင်းက လမ်းလျှောက်တုတ်ကောက်ကို ဆွဲကိုင်ပြီး အတင်းလိုက်ရိုက်လေသည်။
မျိုးလေး၊ ထိန်လင်း၊ ဇေယျာအောင်တို့တွေ က ဆိုင်ကယ်ပေါ်မှာ အဆင်သင့်…။ စက်ကလည်းနှိုးပြီးသား…။ သုံးဂိုးဂိုးမရှိ စနစ်ဖြင့် ဆိုင်ကယ်ပေါ် သုထက်တက်ခွလိုက် တာနှင့် … အင်ဂျင်ရုန်းကန်သံက ဝူးခနဲ…။ ဆိုင်ကယ်က မြင်းရိုင်းတစ်ကောင်လို သွက်လက်စွာ ကဆုန်စိုင်း သွားပါတော့သည်။
“+-x-+-x-+-x-+”
ဟိုမိန်းမကြီး ကတော့ ဆဲဆိုသံများ ကို သော တဆင်ရင်း ဂဏန်းကောက်ထိုးဖို့ ကြိုးစားပမ်းစား မှတ်ယူတွက်ချက်လျက် ရှိပေသည်။
အင်း…အခုမှ ဂွင်တည့်နေတာ။
![]() ရင်ဝှက်တမ်းကဗျာ | ![]() သို့ .... | ![]() ဒဏ်ရာစက်လက် ဒိုင်ယာရီ |