(၁)
မေသန့်စင်ဆိုတဲ့ မိန်းမ တစ်ယောက် ကို မရရအောင်သာ ယူ ဖြစ်ခဲ့ရင် ငါ့ဘ၀ ဟန်ကျပန်ကျမှ နေရပါ့မလား…ဟု နေထိုက် စဉ်းစားနေချိန်မှာ နေထိုက်ဆိုတဲ့လူကိုသာ ငါ လက်ထပ်လိုက်ရင် ငါအခုလိုအခြေအနေမျိုး ဘယ် ဖြစ်လာမှာ တုန်းလို့ မေသန့်စင်လည်း တွေးချင် တွေးမိနေပါလိမ့်မည် ။
တစ်ခါတုန်းက အသည်းကွဲ ဖြစ်ခဲ့ကြပုံတွေ ကို အခု ပြန်တွေးမိကြလျှင်တော့ နောင်တမရသည့် တိုင်အောင် အပြန်အလှန်တော့ မုဒိတာထားနိုင်ခဲ့ကြပြီ ဖြစ်တာ ကတော့ သေချာလှပါသည်။
“ဟော…မောင်ရေ၊ ဟိုမှာ ကိုညိုသွေးကြီးလာနေပြီ”
“တစ်နေ့က လက်ဆောင်ထားတဲ့ အချိုခြောက်ကို သွားနှပ်လိုက်၊ ပြီးရင်လက်ဖက်ရည်ဖျော်၊ ကိုညိုသွေးက လက်ဖက်ရည် ကြိုက်တယ်ကွ ခင်လေးရ”
ခင်လေးကို လှမ်းပြော၍ အပြီးမှာ ပဲ ကိုညိုသွေးက ဖိနပ်ချွတ်ကို ရောက်လာပြီး နေထိုက်အသံကို ကြားလိုက်ဟန်ဖြင့် …
“ဘာမှလုပ်မနေနဲ့ ကိုနေထိုက်၊ ခင်လေးကို ဒုက္ခမပေးပါနဲ့ ဗျာ၊ ခင်ဗျားနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင် သွားသောက်ကြရအောင်၊ လမ်းထိပ်က ဆိုင်အသစ်မှာ လက်ဖက်ရည်ကောင်းတယ်ဆိုပဲ၊ သွားပြီးစမ်းရအောင်”
“ဒါဆိုလည်း ပြီးမှသွားကြတာပေါ့ အစ်ကိုကြီးရာ၊ ကျွန်တော့် အိမ်မှာ ဖင်ပူအောင် ထိုင်စမ်းပါဦး၊ အေးအေးဆေးဆေးပေါ့၊ ကျွန်တော့် မှာ အစ်ကိုကြီးလာမယ်ဆိုလို့ မနက်ကတည်းက စောင့်လိုက်ရတာ ၊ ပေါ်မယ့်ပေါ်လာတော့ မွန်းတောင်တည့်နေပြီ၊ တစ်မနက်လုံး ဘယ်တွေ လျှောက်သွားနေတာလဲ”
“ခင်ဗျားသူငယ်ချင်း မေသန့်စင်ပေါ့ဗျာ၊၊ တစ်မနက်လုံး ဂျစ်တိုက်နေတာ၊ သူစားချင်တယ်ဆို တဲ့ ငါးရံ့အူလည်း ကျုပ်မှာ အသည်းအသန်လိုက်ရှာဝယ်ပြီး ချက်ရသေးတယ်၊ အပြင်ထွက်ဖို့ပြင်တော့ သူနဲ့ အတူ ထမင်းစားပြီးမှ သွားရမယ်ဆိုတာနဲ့ မြန်မြန်ဆန်ဆန် ခူးခပ်ကျွေးပြီး ထွက်ရတာ ၊ ဒါတောင် တမင်တကာထမင်းကို တစိမ့်စိမ့်ဝါးနေသေးတယ်၊ ကျုပ်က နှစ် ပန်းကန်ကုန်ပြီ၊ သူ့မှာ ပန်းကန်တစ်ဝက် မကျိုးသေးဘူး၊ ဆိုးပါ့ဗျာ”
“ကိုကြီးညို သဘောကောင်းမှန်းသိလို့ လုပ်နေတာဗျ၊ ကိုကြီးမိန်းမလည်း ထမင်းတောင် သူ့ ဟာသူ ခူးမစားတတ်ဘူးလား၊ ကိုကြီးညိုက ပိုက်ဆံလည်း ရှာရသေး၊ ထမင်းလည်း ပြေးချက်ရသေး၊ ဟုတ်သေးပါဘူးဗျာ၊ ဒီလောက် ဖြစ်တဲ့မိန်းမဆိုပြီး တစ်ပတ်လောက် အငတ်ထားလိုက်ပါလား”
“ဟာ…မောင်ကလဲ သူများ လင်မယားကြား မပြောပါနဲ့ ၊ ကိုကြီးညိုကို အားနာစရာ၊ သူ့မိန်းမ သူချစ်လို့ လုပ်ပေးတာပဲ”
ခင်လေးက ၀င်ဟန့်လိုက်တော့…
“ခင်လေး မသိပါဘူး၊ အဲဒီ မေသန့်စင်ဆိုတာ တော် တော် ဘ၀င်မြင့်တာ၊ ကိုကြီးညိုလို လူမျိုးမို့ သူ့ဒဏ် ဒီလောက်ခံတာ၊ သူကလည်း လုပ်လို့ရလို့ လုပ်နေတာကွ”
သူ၏ အားမလိုအားမရ ဖြစ်နေပုံကို ကိုညိုထွေးက ငေး၍ ကြည့်နေသလို ခင်လေးကလည်း အံ့သြနေ၏ ။
“မဟုတ်ဘူးဗျ၊ ခင်ဗျားသိတဲ့အတိုင်းပဲ..”
ဟု လွှတ်ခနဲ ပါးစပ်မှ ထွက်လိုက်ပြီးမှ ကိုညိုသွေးက ချက်ချင်း အသိစိတ်တစ်ခုနှင့် တန့်သွားကာ ခဏနေမှ စကားဆက်၏ ။
“သူက ကျုပ်ကို ငယ်နိုင်ဗျ၊ လက်မထပ်ခင်ကတည်းက ကျုပ်လို အရုပ်ဆိုး အကျည်းတန်ကို ယူရမှာ တော့ သူ့ဘက်ကမီးဖိုချောင်ကိစ္စ၊ စီးပွားရေး ကိစ္စ ဘာမှ မလုပ်နိုင်ဘူး၊ ယူချင်မှယူဆိုပြီး ကြိုပြောတာဗျ၊ ကျုပ်က သူ့ကို ကတိပြုပြီး ယူထားရတာ ”
“မမမေသန့်စင်က တော် တော် ကံကောင်းတာပဲ”
ခင်လေးက ပြောပြီးမှ တင်းခနဲ ဖြစ်သွားသော နေထိုက်၏ မျက်နှာကြောကြောင့် သူ့စကားများ မှားသွားပြီလားဟု ရင်မှာ ထိတ်ခနဲ ဖြစ်သွားသည်။ ကိုညိုသွေး ကတော့ ထိုအ ဖြစ်အပျက်ကို သတိပြုမိ ပုံမပေါ်…
“မိန်းမဟာ မိန်းမအလုပ် လုပ်ရတယ်ဗျ၊ သူများ သားသမီး ယူပြီး တာဝန်ကျေအောင် ရှာဖွေကျွေးမွေးဖို့ အိမ်ထောင်ဦးစီးလုပ်တဲ့ ယောက်ျားရဲ့ တာဝန်၊ စီးတဲ့ရေ ဆယ်တဲ့ကန်သင်း မီးဖိုချောင် ထိန်းသိမ်းဖို့နဲ့ လင်ယောက်ျားကို ပြုစုဖို့၊ သားသမီးတွေ ကို အနီးကပ်စောင့်ရှောက်ဖို့က အိမ်ရှင်မတာဝန်ဗျ၊အခုကိုကြီးညိုတို့ပုံစံက တစ်မျိုးကြီးမှ တကယ့်ကို တစ်မျိုးကြီး၊ ကိုကြီးညို ဒီအ ဖြစ်မျိုးနဲ့ တစ်သက်လုံး နေနိုင်သလား”
“နေနိုင်ပါတယ်ဗျာ၊ ကျုပ်က သိပ်ချစ်တာကိုး”
“ဟာ. . . သေပါတော့ဗျာ၊ ကိုကြီးညိုရေ…ကျွန်တော် တော့ ခင်ဗျားလောက် မိန်းမကို မချစ်နိုင်ဘူး၊ ဒါပေမယ့် အနိုင်လည်း မကျင့်ဘူး၊ တာဝန်လည်း မပျက်ဘူး”
နေထိုက်၏ ခပ်တည်တည် အပြောကြောင့် ခင်လေးမှာ မျက်နှာလေး ငယ်သွားရှာသည်။
“ပြောတော့ ကိုနေထိုက်ရာ၊ ကျုပ် ကတော့ ချစ်ရုံတင်မကဘူးဗျို့၊ ကြောက်လည်း ကြောက်တယ်၊ ကြောက်တယ်ဆိုတာက သူ့စိတ် အလိုမပြည့်မှာ ၊ သူငြိုငြင်မှာ သူ စိတ်ဆင်းရဲမှာ အားလုံး ကြောက်တယ်ဗျို့”
သူ့အပြောမှာ နေထိုက်က တဟားဟား အော်ရယ်တော့၏ ။
“ခုတောင် ကျုပ်ကို အပြင်မှာ ကြာကြာမနေနဲ့ မြန်မြန်ပြန်လာလို့ မှာ လိုက်တယ်လို့ ပြောတော့မယ် မဟုတ်လား”
နေထိုက်က ကြိုပြောလိုက်တော့ စကားဝိုင်းမှာ ရယ်သံများ လွှမ်းသွားတော့သည်။
အရေး ကြီးတာ ကတော့ လူ့လောက ဘ၀ဇာတ်ခုံကြီးတွင် ဖူးစာဆုံကြသူများ တစ်ဦးနှင့် တစ်ဦး ချစ်မြတ်နိုးခြင်းနှင့် အကြင်နာမေတ္တာများ နွေးထွေးစွာ သက်ရောက်ကြဖို့ပင် လိုအပ်သည်ဟု နေထိုက် ယူဆလိုက်သည်။ ကိုညိုသွေးကို လက်ထပ်လိုက်ရသော မေသန့်စင်နှင့် ခင်လေးကို ပိုင်ဆိုင်ခွင့်ရသော မိမိတို့ငယ်ချစ်များ အတွက်တော့ ဘ၀၏ ကံကောင်းခြင်း လက်ဆောင်ကို နှစ် ယောက် ပြိုင်တူ ရရှိကြသည်ဟုပင် သတ်မှတ်လိုက်ချင်တော့သည်။ ပြီးတော့ ဘ၀ပေးအခြေအနေ ခြင်း တူညီလိုက်ပုံက မေသန့်စင်က သား တစ်ယောက် သမီး တစ်ယောက် ၊ မိမိက သားနှစ် ယောက် ။
မေသန့်စင်၏ ပုံရိပ်ကို နေထိုက် ခုချိန်ထိ မေ့မရတာ ကတော့ သီးခြား စေ့ဆောင်မှု တစ်ခုကြောင့် ပဲ ဖြစ်မည် ထင်ပါသည်။မေသန့်စင်၏ စွဲမက်ချစ်မြတ်နိုးဖွယ်အကောင်းဆုံး အသွင်သဏ္ဍာန်သည် အသားဝါ၀ါနှင့် မျက်နှာသွယ်လျလျတွင် လှပသော မျက်နှာပြင် အစိတ်အပိုင်းများ သာမက သူမ၏ ရှည်လျားနက်မှော င်လှသော ဆံနွယ်တို့ဖြင့် တစ်ချောင်းတည်း ကျစ်ချထားသော ကျစ်ဆံမြီးရှည်ကြီး တရမ်းရမ်းက ကြည့်ကောင်းလှသည်။ ဆံပင်တစ်ရပ် လူတစ်ရပ် ဆိုသော စကားက မေသန်စင်အတွက်တော့ အမှန်ပဲ ဖြစ်သည်။
မူလတန်းကျောင်းသားဘ၀မှစ၍ တစ်ရပ်တည်း အတူနေခဲ့ကြသော နေထိုက်နှင့် မေသန့်စင်ကို အလယ်တန်း အထက်တန်းကျောင်း ရောက်သည့်တိုင် တတွဲ တွဲ အတူတွေ့ ရသော ကျောင်းနေဘက် သူငယ်ချင်းများ က အလွန်ကြည့်ကောင်းလှသော သံယောဇဉ်ကြီးသူများ အ ဖြစ် သတ်မှတ်ကြသည်။ ဘယ်နေရာမဆို နေထိုက်နှင့် မေသန့်စင်တို့ကို အတွဲ လိုက် မြင်ရလေ့ရှိခြင်းကလည်း သူတို့နှစ် ယောက် ၏ မေတ္တာသင်္ကေတပင် ဖြစ်သည်။ မေသန့်စင်က သူ့အား “နေ”ဟု တစ်လုံးတည်းခေါ်ပြီး သူ ကတော့ “မေ” ဟု ခေါ်ခဲ့ဖူးသည်။ ခု ကိုကြီးညို ကတော့ မေသန့်စင်ကို ဘယ်လိုခေါ်သည်မသိ၊ သူတို့ကို တစ်ဆင့်ပြန်ပြောလျှင်တော့ မေသန့်စင်ဟုသော နာမည် အပြည့်အစုံ ပြောလေ့ရှိသည်။ တကယ်တော့ ကိုကြီးညို မေ့ကို သည်လောက် အလိုလိုက်ထားတာကို နေထိုက်မသိစိတ် ကတော့ ကြေနပ်နေမိသည်လား မသိ။ သို့သော် ကိုကြီးညို၏ သဘောဖြူ အူစင်း မြင့်မြတ်လွန်းလှသော နှလုံး သားကို ပြက်ပြက်ထင်ထင် မြင်လာရတော့ ယောက်ျားမာနတွေ ခ၀ါချထားတာကို မခံချင် ဖြစ်ကာ မြှော က်၍ ပင် ပေးနေမိသည်။ နေထိုက်နှင့် သမီးရီးစား ဖြစ်ခဲ့သည့်သက်တမ်းတွင် မေသန့်စင် သည်လောက် ဆိုးဆိုးဝါးဝါးမဟုတ်၊ နေထိုက်၏ အလိုကိုပင် လိုက်ချေသေး၏ ။
ယခင် ကတော့ နေထိုက်နှင့် မေ ကျောင်းအတူသွားအတူပြန်နှင့် မသိစိတ်က စွဲလန်းနေသော သူငယ်ချင်းများ ဖြစ်ကြ၏ ။ နေထိုက်က ဘောလုံးကန် ၀ါသနာပါသော အခါ ကျောင်းမှန့်စားလွှတ်တိုင်း ဘောလုံးပြေးကန်ကြရန် စွပ်ကျယ်တစ်ထည်၊ ဘောင်းဘီတိုတစ်ထည် အမေ မသိအောင် ၀ှက်၍ အမြဲထည့်လာခဲ့သည်။ နေထိုက်တို့ ကျောင်းအားကစားဝင်းထဲ ဘောလုံးဆင်းကန်ကြလျှင် မေသန့်စင်က ကျောင်းဝရံတာပေါ်မှ ရပ်ကြည့်နေလေ့ရှိသည်။ ထိုအခါ ဘောလုံးကွင်းမှ ရပ်ကြည့်နေသော ကျောင်းသားများ က ၀ရံတာကို တစ်လှည့်၊ ကွင်းထဲမှ နေထိုက်ကို တစ်လှည့် ကြည့် ကာ တမင်တကာ နေထိုက်နာမည် ကို အော်၍ အော်၍ အားပေးသယောင်ပြုရင်း မေသန့်စင်ကို ကျည်စားကြ၏ ။
တစ်နေ့ နေထိုက် ဘောလုံးကွင်းထဲ ချော်လဲ၍ ဒူးပွန်းသွားသည်။ နောက်တစ်နေ့ မုန့်စားလွှတ်၍ ဘောလုံးကစားရန်ပြင်သော အခါ နေထိုက်လွယ်အိတ်ထဲတွင် ဘောင်းဘီနှင့် စွပ်ကျယ် ရှာမရတော့ ပေ။ မေ အသာလေးယူ၍ ၀ှက်ထားလိုက်ခြင်း ဖြစ်သည်။ မေ့ကိုလည်း ၀ရံတာတွင် ရှာမတွေ့ ၊ မုန့်စားခန်း၏ ချောင်ကျကျ တစ်နေရာတွင် သွားပုန်းနေသော ကြောင့် ဖြစ်သည်။ ထိုအခါ နေထိုက်က စိတ်ဆိုး၏ မေ့ကို ခပ်ဖယ်ဖယ် လုပ်ကာ နောက်တစ်နေ့မှစ၍ စွပ်ကျယ်နှင့် ဘောင်းဘီတိုကို ကျောင်းဝတ်စုံဖြင့် ထပ်ဝတ်လာပြီး ဆင်းကစား၏ ။
နေထိုက် စိတ်ဆိုးသွားမှန်း သိသော အခါတွင် တော့ မေ့မှာ စိတ်မချမ်းမသာစွာ ဖြင့် ဘောလုံးကန် အနီရောင် စပို့ရှပ်နှင့် ဘောင်းဘီတစ်ထည် အသစ်ဝယ်ကာ နေထိုက်ကို လက်ဆောင်ပေးရင်း အတင်း လိုက်ခေါ်ရသည်။ ထိုနေ့တွင် တော့ စိတ်ဆိုးဟန်ဆောင်မိလက်စနှင့် အောင့်အည်းသည်းခံပြီး ရင်ပူနေရသော နေထိုက်နှင့် နှစ် ရက်ကြာ ရှောင်ကြဉ်ခြင်းခံရ၍ ၀မ်းနည်း ပတ်လက် ဖြစ်နေသော မေတို့နှစ် ဦး၏ နှလုံးသား ပြတင်းပေါက်များ ဟင်းလင်းပွင့်ကာ ချစ်ခြင်းရောက်ခြည်များ ရစ်ပတ်သွယ်ယှက်၍ အချစ်ကြီးချစ်သည့် ချစ်သူများ ဘ၀သို့ ထင်ထင်ပေါ်ပေါ် ရောက်ခဲ့ရတော့သည်။
ထိုအခါတွင် တော့ “နေ” နှင့် “မေ” လောက် ချစ်ကြသော ချစ်သူများ ကမ္ဘာပေါ်တွင် မရှိတော့သလောက်ပင် ရူးရူးမူးမူး ဖြစ်ခဲ့ကြ၏ ။ တစ်နေ့မမြင်ရလျှင်ပင် မနေနိုင်ကြ။
နှစ် ဦးစလုံး ကုန်သည် သားသမီးများ ဖြစ်ကာ တစ်ဦးတည်းသော သား နေထိုက်၏ မိခင်က ဘိုးဘွားပိုင် အမွေများ ဖြင့် အဆများ စွာ ပိုချမ်းသာကာ နေထိုက်ဘ၀မှာ လိုလေသေးမရှိပြည့်စုံ၏ ။ “မေ့”မိဘများ ကတော့ စီးပွားရေး လုပ်ငန်းရှင်များ အ ဖြစ် သားသမီးတွေ ကို မပူမပင် မကြောင့် မကြထားနိုင်ကြသည်။
အရပ်မြင့်မြင့် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသစွာ ခန့်ညားလှပသော နေထိုက်မှာ မိန်းကလေးများ ၏ စိတ်ဝင်စားခြင်း၊ အရေး ပေးခြင်း ခံရသော်လည်း သူ့နှလုံးသားမှာ အမှန်တကယ် နေရာရသူက မေသန့်စင် တစ်ဦးတည်းသာ ဖြစ်ပါသည်။ နှစ် ဘက်ဆက်လုနီးနီး မျက်ခုံးထူထူ စိမ်းစိမ်းများ အောက်မှ နေထိုက်၏ မျက်လုံးအကြည့်ကို တော် ရုံလူ မခံနိုင်၊ မိန်းမသားများ ၏ ရင် လှိုက်ဖိုစေသော မျက်ဝန်းများ ဖြစ်သည်။
ကုန်သည်ပွဲစားများ လှည့်လည် ကျက်စားရာ ပွဲရုံများ ရှိသည့်အရပ်ထဲတွင် မိသားစုနှစ် ဘက်လုံး ပွဲရုံပိုင်ရှင်များ ဖြစ်ကြသော်လည်း နှစ် ဦးစလုံး ထိုလုပ်ငန်းကို စိတ်မပါ၊ နေထိုက်၏ မိဘများ က အလုပ်သမားများ ခန့်ထားပြီး လည်ပတ်ကြ၏ ။ မေသန့်စင် ကတော့ မောင်နှမ ခုနှစ် ဦးတွင် အလှည့်ကျ တစ်လတစ်ဦး ပွဲရုံထိုင် ငွေသိမ်းရသော အလုပ်ကို လုပ်ရ၏ ။
နေထိုက်နှင့် မေသန့်စင်တို့ အကြောင်းကို ပွဲရုံတန်းတစ်ခုလုံး သိသလို နှစ် ဘက်မိဘများ ကလည်း ရိပ်မိကြ၏ ။ သို့သော် နေထိုက်အမေက ရုပ်ကလေး လှသလောက် မိန်းမ မပီသသူဟု မှတ်ယူထားသော မေသန့်စင်နှင့် တစ်ဦးတည်းသော သားကလေးကို သဘောမတူချေ။ မေသန့်စင် အသိုင်းအ၀န်းမှလည်း စည်းကမ်းစနစ် ကြီးသော နေထိုက်တို့ မိသားစုနှင့် ဘယ်အချိန် ကြည့်လိုက် ကြည့်လိုက် ခေါက်ရိုးမကျိုးသော ဒိုဘီကျ ၀တ်စုံများ နှင့် ရုပ်ရည်နှင့် လိုက်အောင် ခန့်ညားလှပကာ အနေတည်လွန်းသော နေထိုက်တို့မိသားစုထံ မေသန့်စင်ကို မပေးအပ်နိုင်။ အနိုင်ကျင့်ခံရမည် ဟုသာ စွဲမှတ်နေ၏ ။ နေထိုက်နှင့် မေသန့်စင် နှစ် ယောက် စလုံး ၁၀တန်းကို (ခ)နှင့် သာ အောင်ကြပြီး ပညာရေး လမ်းစပြတ်ကာ မိဘစီးပွားရေး ထဲတွင် နစ်မျောကာ အချိန်အတော် ကြာ ကုန်ခဲ့ပြီးမှ လက်ထပ်ဖို့ ဆွေးနွေးသည့် အခြေအနေသို့ ရောက်လာ၏ ။ မေသန့်စင်၏ မိဘများ က သမီးကို ပြောမရသော အခါ နေထိုက်တို့ဘက်မှ လာတောင်းလျှင် လိုက်လျောရန် သဘောတူလိုက်၏ ။ ထိုအခါ နေထိုက်ဘက်က လုံးဝ တင်းမာနေပြန်၏ ။
“ရုပ်ကလေးလှတာကလွဲပြီး ဘာမှ သုံးမရတဲ့ မိန်းမ မပီသတဲ့သူကို တောင်းရမ်းမပေးနိုင်ဘူး၊ တို့မိသားစုအတွက် ငွေမလိုဘူး၊ မိန်းမပီပီသသ အလိမ္မာအိမ်ပါ ချွေးမကောင်းသာ လိုတယ်၊ နေထိုက် အတွက် မျက်စေ့ကျထားတဲ့သူ ရှိတယ်၊ အဲဒီ မိန်းကလေးနဲ့ ပင် ပေးစားမယ်”
ဟု နေထိုက်အမေက အပြင်းအထန် ငြင်းဆို၏ ။
ထိုအခါ နေထိုက်က မေသန့်စင်အား ခိုးရာလိုက်ဖို့ ခေါ်၏ ။ ပထမ မေသန့်စင် နားယောင်မလို ရှိသော်လည်း နောက်ပိုင်းတွင် မိန်းကလေးမာနဖြင့် နေထိုက်ဘက်က လာမတောင်းလျှင် မယူနိုင်ကြောင်း ငြင်းဆိုလိုက်တော့ နေထိုက် အတော် ကလေးစိတ်ကသိကအောင့် ဖြစ်သွားသည်။ မိန်းမမာနခြင်း ပြိုင်နေသော အမေနှင့် မေသန့်စင် အကြားတွင် နေထိုက်အတော် ဗျာများ သွား၏ ။
မေသန့်စင်ကို ယူလျှင် အမွေပြတ်ဟု ကြေညာလိုက်သော မိခင်ဆန္ဒကို တွန်းလှန်၍ ချစ်သူကို ခိုးယူပေါင်းသင်းဖို့ပြင်ဆင်ကြိုးစားပေမယ့် ချစ်သူက ကိုယ့်ဘက်မပါ။ ကုန်သည်ပွဲစား သူဌေးသားတွေ တရုန်းရုန်းကြားက ပွဲရုံထဲမှာ ကျစ်ဆံမြီးရှည်ကြီး တရမ်းရမ်းနှင့် မျက်နှာထားချိုချို သွက်လက်လှပပြီး လူတကာတို့ စိတ်ဝင်စားရာ ချစ်သူပတ်လည်ဝိုင်းနေသော မေသန့်စင်မှာ မိမိတို့ မိသားစုရှေ့ရောက် လျှင်တော့ နှုတ်ခမ်းကိုတင်းတင်းစေ့၍ မျက်နှာလေးမော့ကာ တမင်လုပ်ပြသွားတတ်တာတွေ ကို အမေ ကြည့်ရခက်တိုင်း နေထိုက်ပါ စိတ်ရှုပ်ရတော့၏ ။
“မေ ကိုယ့်ကို တကယ်မချစ်ဘူးလား”
“ချစ်တာက ချစ်တာပဲလေ၊ နေ့အမေကို နေ ရအောင်စည်းရုံးပေါ့၊ မေက မိန်းကလေးတန်မဲ့ မိသားစုတစ်စုလုံးကို ပြောထားပြီးပြီ၊ မေ့ဘက်ကလည်း တွက်ဦးလေ”
“နေ တောင်းပန်ပါတယ် မေရယ်၊ မေ နေ့နောက် လိုက်ခဲ့ပါ၊ နေက တစ်ဦးတည်းသော သားပါ၊ မေမေ တကယ်မပြတ်နိုင်ပါဘူး၊ မေမေ့ဘ၀မှာ နေ တစ်ယောက် ပဲ တွယ်တာစရာရှိတာပါ”
“အဲဒါ မှားနေပြီ၊ မေက အမွေမရမှားစိုးလို့ ပြောတာမဟုတ်ဘူးလေ၊ မေ့မိသားစုကို လက်ခံအောင် ပြောပြီးမှ နေတို့ဘက်က လာမတောင်းလို့ မေ ခိုးရာလိုက်ရမယ်ဆိုရင် မေ့ဘက်ကလည်း ထည့်တွက်ပါဦး၊ မေတို့ မောင်နှမ ခုနှစ် ယောက် မှာ မေ တစ်ယောက် တည်း မိန်းက လေးပါတာ၊ မိဘမောင်ဘွာားတွေ ကို ပြောရတဲ့ မေ့ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာ နေ ထည့်တွက်ပါ၊ မေ မိသားစုကို အရှက်မခွဲချင်ဘူး၊ ပြီးတော့ မေ့မှာ ယူစရာ ယောက်ျား ဒီလောက်ရှားနေရမယ့် အခြေအနေလည်း မဟုတ်ဘူးလေ၊ နေက ကိုယ့်အမေကိုတော့ ကိုယ်ရအောင် မစည်းရုံးပဲနဲ့ မေ့ ကိုလာပြီး အနိုင်ကျင့်နေတာတော့ မကောင်းပါဘူး”
“အဲဒီ လို မဟုတ်ဘူးမေ၊ မေ့မှာ အခက်အခဲရှိသလို နေ့မှာ လည်း ဒီအမေနဲ့ ဒီသား နှစ် ယောက် တည်းရှိတာ၊ နေ့ဖေဖေက နေ ကိုယ်ဝန် ခြောက်လတည်းနဲ့ ဆုံးသွားတာ၊ နေ့မှာ အဖေကို ဓာတ်ပုံထဲမှာ ပဲ တွေ့ ဖူးလိုက်တယ်၊ အဖေ့ရဲ့ အချီအမတောင် ခံခဲ့ရတဲ့သား တစ်ယောက် မဟုတ်ဘူး၊ မေမေက အသက်ကလေးမှ ၂၀ ကျော် မုဆိုးမဘ၀နဲ့ သား တစ်ယောက် ကို သူစိမ်းမဖက်ဘဲ လူလားမြောက်အောင် ထိန်းသိမ်းလာခဲ့တာ၊ မေမေ့နေရာက ပြန်ကြည့်တော့လည်း ကိုယ် ဘယ်လိုမှ အတင်းအကျပ်ပြောလို့ရမှာ လဲ၊ ပြီးတော့ မေမေက သာမန်မိန်းမ မဟုတ်ဘူး။ ထက်မြက်တဲ့ မိန်းမ၊ နေ တစ်သက်လုံး မေမေ့ကို ကလန်ကဆန် လုပ်ရဲခဲ့တာ မဟုတ်ဘူး”
“ဒါဆိုလည်း ဘာထူးလဲနေရဲ့ ၊ တို့တွေ လမ်းခွဲလိုက်ကြရုံပေါ့၊ နေ့မေမေက ထက်မြက်တဲ့မိန်းမ ဖြစ်သလို မေသန့်စင်ကလည်း မာနရှိတဲ့မိန်းကလေးပါ၊ ရှင့်သားနဲ့ မှ လက်မထပ်ရ ရင် သေရချည်ရဲ့ ဆိုပြီး အထုပ်ကလေးပိုက် ခိုးရာလိုက်ပြီး ယောက္ခမအိမ်မှာ တစ်သက်လုံး မျက်နှာ ငယ်ငယ်နဲ့ ကျွန်ခံမယ်အစားထဲမှာ မေသန့်စင် မပါဘူးလေ”
“ဟာကွာ…မေကလဲ… မေမေက သည်လောက်မပြင်းထန်ပါဘူး၊ နောက်ကျတော့လည်း သူ့ဟာသူ့ အဆင်ပြေသွားမှာ ပါ”
“မေသန့်စင်ဘ၀မှာ ဘယ်တော့မှ မျှော်လင့်ချက်နဲ့ အလုပ်မလုပ်ဘူး နေ၊ အခုလက်ရှိ အကောင်းဆုံး အခြေအနေ ဖြစ်မှ မေလက်ခံမယ် ဒါပဲ”
“မင်းကို ဘယ်လိုမှ နားလည်းအောင် ပြေလို့ သဘောမပေါက်နိုင်တော့ဘူးလား မေသန့်စင်”
“သေချာတာပေါ့”
ထို့နောက် . . .
(၂)
ခင်လေးတို့၏ အိမ်ကလေးမှာ သားအမိ သုံးယောက် ညစာ စားပြီးကြတိုင်း ဧည့်ခန်းမရှိ ဖေဖေ့ဓာတ်ပုံကြီးရှေ့မှာ ထိုင်ပြီး ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောမြဲ ဖြစ်သည်။ ခင်လေးတို့ဘ၀က ၀န်ထမ်းမိသားစုမို့ တစ်မြို့တစ်နယ်တည်းမှာ ကြာကြာမနေ ဖြစ်ခဲ့ကြဘဲ ဖေဖေတာဝန်ထမ်းဆောင်ရာမြို့တွေ တစ်မြို့ပြီးတစ်မြို့ လိုက်ရင်း ကြီးပြင်းခဲ့ရသည်။ ဇနီးနှင့် သမီးများ ကို ချစ်မြတ်နိုးသော ဖေဖေနှင့် မိန်းမပီသ၍ စနစ်ဇယးကျသော မေမေ့၏ အထိန်းအကွပ်အောက်မှာ ခင်ကြီးနှင့် ခင်လေးတို့ ညီအစ်မဗိုင်းကောင်းကျောက်ဖိဘ၀ဖြင့် ကြီးပြင်းခဲ့ရသည်။
နှစ် နှစ် သာ ခြားသော ခင်ကြီးနှင့် ခင်လေးတို့မှာ ပညာရေး တွင် တော့ ခင်ကြီးက အီကိုနှင့် ခင်လေးက ချူချာသဖြင့် ကျောင်းပြီးအောင်မနေလိုက်ရ။ ခင်ကြီးက အသားလတ်လတ် အရပ်မြင့်မြင့် နှင့် ရုပ်ရည် အသင့်အတင့်ချောပြီး သွက်ကာ သိမ်မွေ့အေးဆေးသည်။ သို့သော် အသားအရေက ဖြူသွားပြီး လှစ်ခနဲပေါ်လာသည့် သွားတက်ကလေးများ ကအလွန် ချစ်စရာကောင်း၏ ။ ခင်ကြီးက ခင်လေးထက် တစ်လက်မလောက် ပိုနိမ့်သည်။ ဆရာဝန်ဘ၀ဖြင့် ဖေဖေတာဝန်ကျရာမြို့နယ်တိုင်း တွင် လိုက်နေခဲ့ရသည့် မေမေနှင့် ခင်လေးတို့ ညီအစ်မ၏ မိသားစုဘ၀များ က ပြန်တွေးလိုက်တိုင်း ပျော်ရွှင်ဖွယ်ရာနေ့ရက်များ ဖြစ်ခဲ့သည်။
ဖေဖေ ပင်စင်ယူပြီး မကြာမီ သံယောဇဉ်ရှိသည့် လူနာများ ရှိရာ နယ်မြို့ကလေးတစ်မြို့တွင် ကိုယ်ပိုင်ဆေးခန်းကလေးဖွင့်ပြီး ရပ်တည်ရန် ကြိုးစားဆဲမှာ ပင် ဖေဖေ ကွယ်လွန်ခဲ့၍ ခင်လေးတို့ သား အမိ သုံးယောက် မှာ ဖေဖေ့အရိပ်ကြီး ကွယ်ပြီးခြောက်သွေ့သော ဘ၀ကို စဆင်ရင်ဆိုင်ရတော့သည်။ သို့သော် အီကိုနှင့် ကျောင်းပြီးသွားသော ခင်ကြီး၏ စွမ်းဆောင်မှု ဖြင့် သူ့သူငယ်ချင်းများ ရှိရာ ရန်ကုန်သို့ ပြောင်းခဲ့ကြပြီး သင့်တော် သော ပျဉ်ထောင်အိမ်ကလေးတစ်လုံး ငှားကာ ပျော်ရာမှ တော် ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ ဖေဖေ ၀န်ထမ်းဘ၀ဖြင့် စုဆောင်းခဲ့သော ငွေလေး အနည်းအကျဉ်း နှင့် ခင်ကြီး၏ စာရင်းစစ် လစာလေးဖြင့် မေမေနှင့် ခင်လေးတို့ ဘ၀ကို စတင်ဆဲကာလမှာ ပင် မေမေတို့၏ မိတ်ဆွေဟောင်း ကြီးကြီးစမ်းနှင့် ပြန်တွေ့ သဖြင့် ခင်လေးဘ၀ တစ်ဆစ်ချိုး ပြောင်းလဲမှု ကြီးနှင့် ရင်ဆိုင်လိုက်ရတော့သည်။
ရန်ကုန်ရောက်ပြီးသည့်နောက် မေမေနှင့် ကြီးကြီးစမ်းမကြာခဏ တွေ့  ဖြစ်ကြသည်။ ကြီးကြီးစမ်းက မေမေ့ကို ကားနှင့် လွှတ်ပြီး ခေါ်ခိုင်းတာမျိုး၊ ကြီးကြီးစမ်းကိုယ်တိုင် အိမ်သို့ လာပြီး ခင်လေးတို့ညီအစ်မနှင့် မေမေ့အတွက် အိမ်သုံးပစ္စည်းနှင့် အ၀တ်အထည်များ ၀ယ်လာပြီး မကြာခဏ စကားလာပြောတာမျိုးတွေ ရှိတတ်သဖြင့် ကြီးကြီးစမ်းကို ခင်လေးတို့မိသားစုက ချစ်ကြ၏ ။ မေမေ့ပြောစကားအရ ဖေဖေ သံတွဲ ဆေးရုံမှာ တာဝန်ကျစဉ်က ကြီးကြီးစမ်းတို့အဖွဲ့ ငပလီလာရင်း အပူရှပ်ပြီး အပြင်းဖျား၍ ဖေဖေ့ဆေးရုံမှာ တစ်ပတ်နီးပါး ကုသပေးခဲ့ရာမှ လူနာ ကြီးကြီးစမ်းနှင့် ဖေဖေနှင့် မေမေတို့ခင်မင်သွားခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ကြီးကြီးစမ်းက ဖေဖေ့အား သူ့အသက်သခင်ဟု မှတ်ယူပုံရကာ လူကြီးချင်း မကြာခဏ အဆက်အသွယ်ရှိကြကြောင်း သိရသည်။အထူးသဖြင့် ဖေဖေ ရန်ကုန်သို့ အလုပ်ကိစ္စဖြင့် ရောက်သည့်အခါတိုင်းလိုလို ကြီးကြီးစမ်းထံ ရောက်ပြီး မေမေက ဒေသထွက်လက်ဆောင်များ ထည့်ပေးလိုက် တာမျိုး၊ ကြီးကြီးစမ်းက ရန်ကုန်မှ အထည်စလေးများ အစားအသောက်များ ပြန်ပေးလိုက် တာမျိုး ရှိခဲ့သော်လည်း ခင်လေးတို့ ညီအစ်မ ကတော့ ချစ်စရာ ခင်စရာကောင်းပြီး မိတ်ဆွေပေါလှသော ဖေဖေ၏ မိတ်ဆွေများ ထဲက တစ်ဦးအ ဖြစ်သော အသိအမှတ်ရှိခဲ့၏ ။ ယခုတော့ထိုမိတ်ဆွေတစ်ဦးက ဖေဖေမရှိတော့သော အခါ မေမေနှင့် ခင်လေးတို့ ညီအစ်မအတွက် အရေး ပါသူ လူကြီး တစ်ယောက် ဖြစ်နေခဲ့လေပြီ။ တစ်နေ့မှာ မေမေက..
“မနက်ဖြန်ကျရင် မမစမ်းတို့သားအမိကို ထမင်းစားဖိတ်ထားတယ်ဟေ့၊ ညနေစာပေါ့ကွယ်၊ ဘာချက်ကျွေးရင်ကောင်းမလဲ၊ သမီးတို့ညီအစ်မနှစ် ယောက် ကြည့်စီစဉ်ကြ”
ဟုဆိုတော့ သားအမိနှစ် ယောက် ဆိုသည့်အတွက် ခင်ကြီးရော ခေါင်းတွေ မတ်ကနဲ ဖြစ်သွားသည်။
“သားအမိနှစ် ယောက် ဟုတ်လားမေမေ၊ ကြီးကြီးစမ်းရဲ့ သမီးကို ခင်ကြီးတို့ တစ်ခါမှ မမြင်ဖူးဘူးနော်”
“သမီးမဟုတ်ဘူးကွယ့်၊ သားလေးပါ၊ မောင်နေထိုက်လို့ခေါ်တယ်၊ ခင်ကြီးထက် တစ်နှစ် ပဲ ကြီးတယ်၊ တော် တော် ချစ်တဲ့ သားအမိပဲကွဲ့၊ မောင်နေထိုက်က ဥပဓိရုပ်လည်း တော် တော် ကောင်းတယ်၊ သမီးတို့နဲ့ လည်း ရင်းနှီးသွားအောင် ကြီးကြီးစမ်းက ခေါ်ခဲ့မှာ ”
ဆိုတော့ ခင်လေးတို့ မောင်နေထိုက်ဆိုသူအပေါ် အာရုံရောက်သွားခိုက်မှာ မေမေက…
“မနက်ဖြန်ညနေ ငါးနာရီ လာကြလိမ့်မယ်၊ လေးနာရီခွဲလောက်ကတည်းက သမီးတို့ အားလုံး အဆင်သင့် ဖြစ်ပါစေနော်၊ ခင်ကြီးက ရေမိုးချိုး သပ်သပ်ရပ်ရပ် ၀တ်စားပြီ ကြီးစမ်းတို့ သားအမိကို သေသေချာချာ ဧည့်ခံ ကြားလား၊ သမီးငယ် ခင်လေး ကတော့ အထဲကနေ လိုတာ ပြင်ပေးပေါ့၊ မေမေနဲ့ ခင်ကြီးက ကြီးစမ်းတို့ သားအမိနဲ့ အေးအေးဆေးဆေး စကားပြောချင်တယ်”
ဆိုတော့ ခင်လေးက..
“ဟုတ်ကဲ့ပါ” ဟု သွက်သွက်လက်လက် ပြောလိုက်သော်လည်း ခင်ကြီးက မျက်မှော င်တစ်ချက် တွန့်၍ တွေ ကနဲ ဖြစ်သွားသည်။ ခင်ကြီးက ခင်လေးလို အိမ်တွင်းပုန်းမဟုတ်၍ ပို၍ အတွေးအမြင် ကြွယ်ပုံရသည်။
မေမေက မီးဖိုထဲကို မ၀င်တာကြာပြီ ဖြစ်သော်လည်း ယခုတော့ သမီးတွေ ကို စိတ်မချဟန်ဖြင့် မီးဖိုပေါက်ဝမှာ ပြူတစ်ပြူတစ် လုပ်နေသဖြင့် ခင်လေးက…
“မေမေရာ… အေးအေးနေပါ၊ မေမေ့ကြီးကြီးစမ်းတို့အတွက် သမီး စားကောင်းအောင် ချက်ပေးမှာ ပါ၊ မမခင်ကြီးလဲ ရှိတာပဲဟာ”
တကယ်တော့ နေ့စဉ် မီးဖိုချောင်တာဝန်က ခင်လေးတာဝန်သာ ဖြစ်သည်။ ခင်ကြီးကလည်း ထမင်းဟင်းကို ကျွမ်းကျင်စွာ ချက်တတ်ပေမယ့် ရုံးတစ်ဖက်နှင့် မိုက အနပ်တိုင်း မီးဖိုချောင်မ၀င်နိုင်၊ ခင်လေးချက်ပြီး ထည့်ပေးသည့် ထမင်းချိုင့်ကို ယူသွားရတာ များ သည်။
“ဘာတွေ ချက်ဖို့ စီစဉ်ထားတုန်း၊ ခင်ကြီးက စီစဉ်လေ၊ ဒီနေ့ သမီးကြီး ရုံးပိတ်ရက်မို့ သက်သက်ဖိတ်ထားတာ”
“ခင်လေး ဟင်းစပ်က ကောင်းနေပြီ မေမေ၊ ဘာမှထပ်ပြင်စရာ မလိုတော့ဘူး၊ ငါးခူစင်းကောရယ်၊ ကင်ပွန်းရွက်နဲ့ ပဒပ်စာချဉ်ဟင်းရယ်၊ ပုစွန်ထုပ်ဆီပြန်၊ အသီးအရွက်စုံကြော်၊ ငါးဖယ်သုပ်၊ ငပိဖျော်၊ ဒညင်းသီးပြုပ်တို့စရာရယ်၊ မေမေ ဘာထပ်ထည့်ချင်သေးလို့လဲ၊ ကြီးစမ်းက ကြက်သားမစားချင်ဘူးဆို”
“အေး… ကောင်းတယ်၊ ကောင်းတယ်၊ မမစမ်းက ဒညင်းသီးစီးစီး သိပ်ကြိုက်တာ၊ ငပိရည်ဖျော်ကောင်းကောင်းလုပ်၊ ဟင်းတွေ ကလည်း ကောင်းပါတယ်ကွယ်၊ အချိုပွဲအတွက်ရော အသီးလေးအနှံလေး အဆင်သင့်ရှိရဲ့ လား”
“ရှိပါတယ် မေမေရဲ့ ”
မေမေ့မှာ သူ့မိတ်ဆွေသူဌေးသားအမိကို ထမင်းကျွေးဖို့အရေး သမီးနှစ် ယောက် ကို စိတ်မချ ဟန်ရှိနေပုံမှာ နည်းနည်း တော့ ထူးခြား၍ နေသည်ဟု ခင်လေး ထင်မိသည်။ မမခင် အမူအယာကလည်း အလုပ်လုပ်နေရင်း တစ်ခါတစ်ခါ တွေ ကနဲ တွေ ကနဲ ဖြစ်သွားသည်ကို သတိထားမိသည်။
“မမခင်”
“ဟင်..ဘာလဲ”
“ကင်ပွန်းရွက်ချွေနေရင်းနဲ့ ဘာ ဖြစ်လို့ ငြိမ်သွားတာလဲ၊ ဆူးစူးလို့လား”
“ဆူး…ဟင့်အင်း မစူးပါဘူး”
မမခင်က ကင်ပွန်းရွက်ကို ဆက်ချွေနေ၏ ။ ခင်လေး ကတော့ ခါတိုင်း အလွန်သွက်လက်နေတတ်သော မမခင်၏ တွေ ငေးငေးပုံစံနှင့် မေမေ၏ စိတ်စောနေသော အသွင်သဏ္ဍာန်တို့ကို ကြည့်ကာ နားမလည်နိုင်အောင် ရှိနေတော့သည်။
ညနေ လေးနာရီခွဲပြီး အဆင်သင့် ဖြစ်တော့ မေမေက
“ခင်ကြီး ရေချိုးချည်တော့၊ မြန်မြန်လုပ်၊ မမစမ်းတို့လာတော့မယ်”
ဟု လာပြောသွားသေးသည်။
မေမေက မမခင်ကိုသာ အရေး တယူနှင့် လူကြီးလိုပြောဆိုညွှန်ကြားပြီး ခင်လေးကိုတော့ သိပ်ပြီး အရာမသွင်းဘဲ ကလေးလိုသာ ဆက်ဆံနေပုံရသည်။ ဧည့်သည်များ ကြားမှာ ခင်လေးက သိပ်အရာရောက်မည့် ဟန် မပေါ်။ ဘာပဲ ဖြစ် ဖြစ် ခင်လေး ကတော့ မေမေပြောသည့် ကြီးကြီးစမ်းရဲ့ သား ကိုနေထိုက်ဆိုသူကို ထိုနေ့က ပထမဆုံး စတင် မြင်ဖူးလိုက်ရသည်နှင့် ရင်ထဲတွင် အမျိုးအမည် မသိသော ဝေဒနာတစ်ရပ်က ခိုဝင်ခဲ့သည်ပင်။
ခင်လေးတို့ ပျဉ်ထောင်အိမ်ကလေး၏ အိမ်ရှေ့ဧည့်ခန်းတွင် ထမင်းစားနေကြသော ကြီးကြီးစမ်း၊ ကိုနေထိုက်နှင့် မေမေတို့ သုံးဦးကို ယပ်တောင်လေးတစ်ချောင်းနှင့် ယပ်ခပ်ရင်း လိုတာတွေ ကို ဘေးက ဖြည့်ဆည်းနေသာ ခင်ခင်ကြီးကို ကြည့်ကာ ကြီးကြီးစမ်းက တပြုံးပြုံး ဖြစ်နေသည်။
“ခင်ကြီးက သိပ်တော် တာပဲသားရယ်၊ ဘွဲ့လည်း ရပြီးပြီ၊ သူဘွဲ့က စီးပွားရေး ဘွဲ့ဆိုတော့ မေမေတို့ ပွဲရုံလုပ်ငန်းတွေ နဲ့ သိပ်လိုက်တာပဲ၊ ပြီးတော့ ခင်ကြီးက အပြင်အလုပ်တင် တော် တာမဟုတ်ဘူးကွဲ့၊ အိမ်တွင်းမှု ကိစ္စတွေ မှာ လည်း သိပ်ပြီး မိန်းမပီသတာ၊ မမြခင်က သမီးတွေ ကို သွန်သင် ဆုံးမတဲ့နေရာမှာ ရှာမှရှားပဲကွယ့်၊ ပုံစံကို ကျနေတာပဲ”
ကိုနေထိုက်က ခင်ကြီးကို ကြည့်ကာ ပြုံးပြလိုက်တော့ ခင်ကြီးက ကြည်ကြည်လင်လင် ပြန်လည်ပြုံးပြလိုက်သည်။
“မောင်နေထိုက် စားကောင်းရဲ့ လားကွယ့်”
“ကောင်းပါတယ်ခင်ဗျာ၊ သိပ်စားလို့ကောင်းတာပဲ၊ တကယ်ပြောတာပါ”
တကယ်လည်း ကြီးကြီးစမ်းနှင့် ကိုနေထိုက်ကို ထမင်းကို အားရပါးရ စားကြသည်။ ထမင်းစား ပြီးကြသော အခါတွင် ခင်ကြီးနှင့် ခင်လေးက အတွင်းမှပြင်ထားသော အချိုပွဲများ နှင့် ထမင်းဟင်းပန်းကန်များ ကို လဲလှယ်ကြသည်။ ထိုအခါမှ ကြီးကြီးစမ်းက ခင်လေးကို သတိရသွားဟန် တူ၏ ။
“ဟဲ့… သမီးခင်လေးလည်း လာစမ်းပါဦး၊ ဒီမှာ သမီးအစ်ကိုနဲ့ မိတ်ဆက်ပေးရအောင်”
ဆိုတော့ ခင်လေးက ထမင်းစားပွဲနား လာထိုင် ဖြစ်သည်။
“သားရေ ဒါလည်း မင်းညီမလေးပေါ့၊ ခင်ခင်လေးတဲ့၊ ခင်လေး ဒါကြီးကြီးစမ်းရဲ့ သား၊ သမီးအစ်ကို ကိုနေထိုက်တဲ့ မှတ်ထားနော်”
ဆိုတော့ ခင်လေးက ဟုတ်ကဲ့ဟု ပြုံးပြပြီး နှုတ်ဆက်လိုက်စဉ် သူ့ကို ရွှန်းလက်သော မျက်ဝန်း အစုံဖြင့် ကြည့်ကာပြုံးနေသော နေထိုက်၏ အကြည့်တွင် ရင်ထဲမှာ ဖိုကနဲ ဖြစ်သွားသည်။ ခင်လေးဘ ၀တစ်သက်တာတွင် တစ်ခါမှ ဒီလို မကြုံစဖူး၊ ခင်လေးကို ဈေးသွားဈေးပြန်လိုက်စကားပြောသူတွေ ၊ ခင်လေးတို့ အိမ်ရှေ့မှာ လျှောက်ပြန်သံပေး လုပ်ကြသည့် ကာလသားတွေ ကို ခင်လေးတို့ ညီအစ်မ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရပင်ရှောင်ရှားနိုင်ခဲ့ပြီး ယခုမှ ကိုနေထိုက်၏ မျက်ဝန်းတစ်ချက်အကြည့်တွင် ငြိတွယ်ပြီး မရုန်းနိုင် မဖယ်နိုင် တုန်ယင်လှုပ်ရှားနေသော မိမိနှလုံးသားကိုမိမိ အံ့သြနေရသည်။ သို့သော် ကိုနေထိုက်သည် ဖြစ်ချင်း ဖြစ်က မမခင်အတွက်သာ ဖြစ်ရမည် ဆိုသည့် အနေအထားကို တော့ ခင်လေး သည်ညနေ ထမင်းဝိုင်းမှာ ပဲ ကောင်းကောင်း သဘောပေါက်လိုက်ပြီ ဖြစ်သည်မို့ အိမ် ရှေ့မှာ ကြာကြာမနေတော့ဘဲ နောက်ဖေးသို့ ထွက်လာ၍ ထမင်းပန်းကန်တွေ ကို ဆေးကြောနေလိုက်သည်။
ထိုညနေက ကြီးကြီးစမ်းတို့ ပြန်သည်နှင့် မေမေကခင်ကြီးကို..
“သမီး၊ မောင်နေထိုက်နဲ့ သမီးကို မေမေတို့ လူကြီးချင်းသဘောထူထားကြတယ်၊ ဒီညနေက သမီးတို့နှစ် ယောက် ကို စပြီး မြင်ဖူးအောင် ပြလိုက်တာပဲ၊ သမီး ဘယ်လို သဘောရလဲ၊ မမစမ်းက ခုလောက်ရှိ မောင်နေထိုက်ကို မေမေ့လိုပဲ မေးနေလောက်ပြီ”
ဆိုတော့ မမခင်အစား တုန်လှုပ်သွားသူက ခင်လေး ဖြစ်သည်။ မမခင်က တည်တည်ငြိမ်ငြိမ်ပင် မေမေ့ကို…
“မေမေတို့ စကားလွန်ထားရင်တော့ တစ်မျိုးစဉ်းစားစရာပေါ့၊ သမီးကိုသာ မေမေကြိုပြောခဲ့မယ်ဆိုရင် သမီးဘက်က မေမေ့ကို ပြောပြစရာတွေ အများ ကြီးရှိတယ်”
“ဘာတွေ များ ပြောစရာရှိလို့လဲ ခင်ကြီးရယ်၊ မေမေရင်ထိတ်လိုက်တာ”
“သမီးကြောင့် တော့ မျက်နှာမပျက် အရှက်မရစေရပါဘူး စိတ်ချပါ၊ ဒါပေမယ့် သမီးအိမ်ထောင်ရေး နှင့် ပတ်သတ်ရင်တော့ သမီးကို ကြိုတင်အသိပေးပြီးမှ မေမေတို့ ဆုံးဖြတ်သင့်တယ် ထင်တာပဲ၊ သမီးမှာ ချစ်သူရှိမရှိ မေမေ မေးကြည့်ဖို့ စိတ်ကူးမရဘူးလားဟင်”
“သမီးမှာ ချစ်သူရှိနေလို့လား သမီးရယ်၊ မေမေ အခုလို စီစဉ်ရတာ ကလည်း ငါ့သမီးလေး နှစ် ယောက် လုံး ရည်းစားသနာရှိမယ်လို့ ယောင်လို့တောင် မတွေးမိခဲ့လို့ပါ၊ ပြီးတော့ သမီးတို့ရဲ့ ဘ၀တစ်သက်တာလုံးအတွက် မေမေ စိတ်အေးချင်လို့ပါကွယ်၊ မေမေ့အတွက် မဟုတ်ပါဘူး”
ထိုညက တစ်ညလုံး မေမေ အိပ်ပျော်ရန်မတူ။ မေမေ့အိပ်ယာထဲတွင် မေမေ လှုပ်ရှားသံတွေ ၊ အပေါ့ထသွားလိုက်အိပ်ရာထဲ ပြန်ဝင်လိုက်နှင့် ဖြစ်နေသလို ခင်လေးနှင့် အတူအိပ်သော မမခင် တစ်ယောက် လည်း ဘယ်လူး ညာလိမ့်နှင့် အိပ်မပျော်မှန်း ကိုနေထိုက်၏ မျက်နှာကို တွေးမိတိုင်း မြင်ယောင်ကာ မေ့မရနိုင်အောင် ရှိနေသော ခင်လေးကိုယ်တိုင် သိနေတော့သည်။
နောက်တစ်နေ့ မိုးလင်းတော့ သားသမိသုံးယောက် လုံး ခေါင်းထဲတွင် ကြည်ကြည်လင်လင် ရှိမနေကြ၊ ခင်ကြီးက ဖင့်နွှဲလေးတွဲ့ စွာ ရုံးကို ထွက်ခွာသွားပြီး မကြာမီ ကြီးကြီးစမ်း ပေါက်ချလာသည်။ မေမေက မသိမသာ မျက်နှာပျက်လျက်က ပျာပျာသလဲ ဆီးကြိုရှာသည်။ ကြီးကြီးစမ်းတွင် လည်း တစ်စုံတစ်ရာ ပြဿနာ ပါလာဟန်ရှိကြောင့်း ခန်းဆီးအကွယ်နားတွင် နံရံကိုမှီ၍ ထိုင်နေသော ခင်လေး မကြာခင် သိလိုက်ရ၏ ။
“မမြခင်”
“ရှင် မမစမ်း”
အတန်ကြာ အသံတိတ်ဆိတ်သွား၏ ။ ပြီးမှ
“အားနာစရာတွေ တော့ ဖြစ်ကုန်ဦးမယ် ထင်တယ်ကွယ်”
“ရှင်”မေမေ့အသံကလည်း တိုးတိမ်ခြောက်သွေ့လျှက်
“ညီအစ်မချင်းမို့ ပြောရဦးမယ် မမြခင်ရယ်၊ သြော် ဒါနဲ့ ခင်ကြီး ရုံးသွားပြီလား၊ အိမ်ထဲမှာ ရှိနေသလား”
“မရှိပါဘူး မမခင်”
“သားကကွယ် တို့အရပ်ထဲကပါပဲ၊ ပွဲရုံပိုင်ရှင် သမီး တစ်ယောက် နဲ့ ရည်ငံနေတယ်ကွယ့်၊ မမစမ်းက အဲဒီ မိန်းကလေးကို သိပ်သဘောမတွေ့ ဘူး၊ ဒါလည်း မမြခင်ကိုပြောပြပြီးသားပါနော်”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ဖိတ်ချင်းဖိတ် ကိုယ့်မိတ်ဆွေရဲ့ သမီးလေးတွေ နဲ့ ပဲ ပေးစားချင်တယ်၊ ဒေါက်တာတို့ မမြခင်တို့ကလည်း မမစမ်းရဲ့ ဆွေမျိုးသားချင်းတွေ ကို ရင်းနှီးချစ်ခင်နေတာ မဟုတ်လား၊ ဒေါက်တာမရှိတဲ့နောက်ပိုင်းမှာ မမြခင်တို့ကို စောင့်ရှောက်ဖို့ မမစမ်းမှာ တာဝန်ရှိနေတဲ့အတူတူ တကယ်ပဲ အမျိုးတော် လိုက်တာ အကောင်းဆုံးပဲလို့ ယူဆပြီး သားရှင်အ ဖြစ် သမီးကို တောင်းခဲ့တာပါ၊ ခင်ကြီး ကတော့ မမစမ်းရဲ့ လုပ်ငန်းတွေ အတွက်ပါ စိတ်ချရတော့ တစ်ချိန်ချိန် သူတို့ လက်ထဲ ရောက်မယ့်ပစ္စည်းမို့ စောစောစီးစီးပဲ လုပ်ငန်းတစ်စိတ်တစ်ပိုင်းကို လွှဲချင်တာလေ၊ အရင်က ဆိုလှည့်တောင် ကြည့်တာမဟုတ်ဘူး၊ မအေ တစ်ယောက် တည်း အလုပ်သမားတွေ နဲ့ ရုန်းကန်နေတာ”
ကြီးကြီးစမ်းစကားက လိုရင်းသို့ ရောက်မလာသေးဘဲ မေမေ့အခြေအနေကို အကဲခတ်ရင်း စကားပျိုးတွေ များ နေသည်။ လိုရင်းကို ရောက်မယ့်ရောက်တော့လည်း…
“မောင်နေထိုက်က ခင်ကြီးကို မကြိုက်ဘူးတဲ့ကွယ်”
“ရှင်”
“ဒီကောင်က အလှကြိုက်တဲ့ကောင် မဟုတ်လား၊ ပြီးတော့ သူက ဘွဲ့မရခဲ့ဘူးလေ၊ ဘာပြောတယ်မှတ်လဲ၊ ပညာတတ် မိန်းမ တစ်ယောက် ရဲ့ အုပ်ချုပ်မှု အောက်မှာ သူမနေချင်ဘူးတဲ့၊ ခင်ကြီးရဲ့ မျက်လုံးတွေ က စူးရှထက်မြက်ပြီး အထက်စီးဆန်တယ်တဲ့၊ မေမေ အန်တီ ဒေါ်မြခင်ကို ခမည်းခမက် တော် ချင်သပဆိုရင် အငယ်မလေးနဲ့ ပြောကြည့်ပါတဲ့၊ ခင်လေးက လှလည်းလှတယ်၊ သိမ်သိမ်မွေ့မွေ့နဲ့ ချစ်စရာလည်း ကောင်းတယ်၊ သူ့မျက်လုံးတွေ က အပြစ်ကင်းတဲ့ ကလေး တစ်ယောက် နဲ့ တူတယ်တဲ့၊ ဒီတော့ ညီမရယ်၊ တို့ ဘယ်လို လုပ်ကြမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့”
ဟင်. . . ခင်လေး ရင်တွေ ခုန်လိုက်တာ၊ အမျိုးအမည် မဖော်ပြနိုင်လောက်အောင်ပါပဲ။
မေမေရော မမခင်ရော စိတ်ချမ်းသာသွားကြမယ်လို့ ခင်လေး ထင်လိုက်သည်။ မေမေ့အသံက ခင်လေးထင်သလိုပဲ လွတ်လပ်စွာ ထွက်ပေါ်လာသည်။
“မမစမ်းသဘောကရော”
“မမစမ်းသဘော ကတော့ ခင်လေးကိုလည်း သမီးတော် ချင်တာပေါ့၊ မမြခင်နဲ့ ခင်လေးသာ သဘောတူမယ်ဆိုရင်”
“မမစမ်း”
“ပြော ညီမ”
“ဒီတစ်ခါတော့ ကျွန်မ သမီးငယ်ကို မေးပါရစေဦးနော် ကျွန်မသဘော ကတော့ မမစမ်းသဘောအတိုင်းပါ”
သည်လိုနှင့် ခင်လေးနှင့် မောင် အိမ်ထောင်ဘက် ဖြစ်ခဲ့ရသည်။
မင်္ဂလာမဆောင်မီ နှစ် ရက်အလို တရားသူကြီးရှေ့တွင် လက်ထပ်စာချုပ် လက်မှတ်မထိုးမီ အချိန်တိုကလေးအတွင်းတွေ ဝေငေးငိုင်ခြင်းမှအပ နောက်ပိုင်းရက်များ တွင် တော့ မောင်စိတ်ကို ဒုံးဒုံးချလိုက်ဟန်ဖြင့် ခင်လေးအပေါ် ယုယကြင်နာ နွေးထွေးခဲ့ပါသည်။ မောင့်ကြောင့် မေမေရော မမခင်ပါ စိတ်ချမ်းသာကြရသည်။ မကြမီ မမခင်လည်း သူနှင့် တစ်ရုံးတည်း လုပ်ဖော်ကိုင်ဘက် သူ့ချစ်သူ ကိုဝေလင်းနှင့် စေ့စပ်ကြောင်းလမ်းပြီး မကြခင် ဘ၀ခရီးကို အတူ လျှောက်ခွင့်ရသွားသည်။ ခင်လေး သူ့ကို “အစ်ကို”ဟု ခေါ်တော့ နေထိုက်က…
“အစ်ကိုလို့ မခေါ်နဲ့ ကွာ၊ ရိုးတယ် မောင်လို့ ခေါ်”
ဆိုတော့ အစပိုင်းမှာ ခင်လေး ရှက်နေခဲ့သေးသည်။
“ခင်လေးကို မောင်က ဘယ်အချိန်က စချစ်သွားတာလဲ သိလား”
“ဟင့်အင်း”
“ထမင်းလာစားတဲ့ ပထမဦးဆုံး ညနေကလေ၊ ခင်လေးကို ခေါ်ပြီး မိတ်ဆက်ပေးတော့ လှစ်ကနဲ ပြုံးလိုက်တဲ့အခါ သွားတက်ကလေး လက်ကနဲ ပေါ်ပြီး ပါးချိုင့်လေးနဲ့ ကိုယ့်ရင်ထဲမှာ စွဲသွားတယ်၊ ပြီးတော့ ခင်လေးပုံစံက ယုန်ကလေးတစ်ကောင်လိုပဲ ဖြူစင်နူးညံ့ပြီး သိပ်ချစ်စရာကောင်းတယ်”
ခင်လေးလည်း အဲဒီ ညနေကတည်းက မောင့်ကို စွဲမက်ခဲ့ရတာ ပါလို့တော့ မပြောဝံ့ပါ။ ထိုအချိန်က ခံစားခဲ့ရမှု များ ကို ခင်လေးက လွဲပြီး ဘယ်သူမှ သိမည် မဟုတ်တာတော့ သေချာပါသည်။
“မေသန့်စင်”ဆိုသော အမျိုးသမီးကို စတင်မြင်ဖူးလိုက်ချိန်တွင် တော့ ခင်လေး မောင့်အပေါ် ချစ်စိတ်တွေ နှင့် ရင်မှာ ပူလောင်စွာ ခံစားရသည် မောင့်မေမေ ပြောဖူးသည်။
“ဒီကောင်က အလှကြိုက်တဲ့ကောင် မဟုတ်လား” ဆိုသည့် စကားကို ပြန်လည် ကြားယောင်ကာ မောင့်ကို ထားစရာနေရာမရှိအောင် ခင်လေး သ၀န်တွေ တိုနေခဲ့ရသည်။ မောင် မေသန့်စင်ကို မြင်သွားမှာ ကြည့်လိုက်မှာ ခင်လေး အပြင်းအထန်စိုးရိမ်ခဲ့သည်။ ခင်လေးအ ဖြစ်ကို မောင်သိသွားပြီး ခင်လေးအပေါ် အထင်သေးမှာ အပြစ်မြင်မှာ ကိုလည်း ခင်လေး စိုးရိမ်မိပြန်ပါသည်။ မောင့်အငြိုငြင်ကို ခင်လေး မခံဝံ့ပါ။ မောင့်မျက်နှာ အညိုလည်း ခင်းလေး မခံနိုင်ပါ။ ခင်းလေးမှာ သာ တစ်ယောက် တည်း ပူလောင်နေရသည်။
မေသန့်စင်ဆိုသည့် မိန်းကလေးကို မြင်ရုံနှင့် မည် သူက စိတ်မ၀င်စားဘဲ နေနိုင်ပါအံ့နည်း။ ခင်လေးပင် သူ့ကို မျက်စေ့တစ်ဆုံး လည်ပြန်လိုက်ကြည့်နေရသည်။ ကြီးကြီးစမ်းသည် ဘာအဓိပ္ပါယ် နှင့်များ မေသန့်စင်တို့ ပွဲရုံနှင့် နှစ် ရုံခြားတွင် မောင်နှင့် ခင်လေးအတွက် ပွဲရုံသစ်တစ်ခု လာဖွင့်ခဲ့ပါသ နည်။ ကြီးကြီးစမ်းလာသော ရက်များ တွင် ခင်လေးနှင့် ကြီးကြီးစမ်းတို့အရှေ့ စားပွဲတွင် ထိုင်နေခိုက် မေသန့်စင် နှစ် ခေါက်ထက်မနည်း ဖြတ်လျှောက်တတ်သည်။ မေသန့်စင်ကို လှမ်းမြင်လိုက်လျှင်ပင် ကြီးကြီးစမ်း၏ မျက်နှာ တင်းခနဲ ဖြစ်သွားပြီး အကြည့်က မသိမသာသားဆီ ရောက်သွားမြဲ။
တစ်ခါတစ်ရံ ပွဲရုံဘက်ကိုဝေ့ကြည့်ပြီး ခင်လေးတို့ သသမီးယောက္ခမကို ပြုံးထေ့ထေ့နှင့် နှုတ် ဆက်မယောင် လုပ်သွားသော မေသန့်စင်ကိုမြင်လျှင် ခင်လေး ဘာကို ကြောက်ရွံ့မိသည်မသိ၊ ထိုအ ချိန်မှာ ပွဲရုံအတွင်းရှိ မောင့်လှမ်းအကြည့်နှင့် မေသန့်စင်မျက်ဝန်းတွေ တွေ့ ဆုံသွားမည် ကို ခင်လေး အကြောက်ကြီးကြောက်မိသည်။ တစ်နေ့ မမျှော်လင့်ဘဲ ခင်လေး ပွဲရုံသို့ ထမင်းချိုင့်နှင့် အလာ ခင်လေးတို့ပွဲရုံနှင့် မနီးမဝေးတွင် မေသန့်စင်နှင့် တန်းတိုးသည်။
“ဟေ့ ညီမ”
မေသန့်စင်အသံကြောင့် ခင်လေး တုန်သွားသည်။ ခင်လေး အလန့်တကြား မော့ကြည့်လိုက်တော့…
“မင်းနာမည် ခင်ခင်လေးနော်”
အလို…သူက ခင်လေးနာမည် ကိုတော သိလို့ပါလား၊ ဒါဆို သူခင်လေးတို့ကို စိတ်ဝင်စားနေတာ သေချာတာပေါ့။
“ဟုတ်တယ်နော်”
သူက ထပ်မေးသည်။
“ဟုတ်ကဲ့ရှင်”
“ခင်ခင်လေးက သိပ်ချစ်စရာကောင်းတာပဲ”
“ရှင်”
“မင်းက နေထိုက်မိန်းမနော်”
“ဟုတ်…ဟုတ်ပါတယ်”
“တို့ကို သိလား”
ဆိုတော့ ခင်လေး ဘာပြန်ပြောရမှန်း မသိပါ။ ခင်လေးမျက်နှာပျက်နေမှာ တော့ သေချာပါသည်။
“တို့က နေထိုက်သူငယ်ချင်း၊ မင်းတို့ပွဲရုံနဲ့ နှစ် ရုံခြားက၊ အားမာန်ပွဲရုံလေ သိတယ်မဟုတ်လား”
“ဟုတ်ကဲ့”
“အဲဒါ တို့ပွဲရုံပဲ၊ တို့က ခင်ခင်လေးကို ချစ်လို့ မိတ်ဆွေဖွဲ့တာ၊ နဂိုကတည်းကလည်း နေထိုက်ရဲ့ ငယ်သူငယ်ချင်းလေ၊ တို့ကို ခင်နော်၊ မင်္ဂလာဆောင်တာ တို့ကိုမဖိတ်လို့ မကျေနပ်ဘူးလို့ နေထိုက်ကို ပြောလိုက်နော်”
“ဟုတ်ကဲ့ရှင့်၊ ပြောလိုက်ပါမယ်”
“ခင်ခင်လေး တို့ဆီကို အချိန်မရွေး လာလည်နော်၊ မင်းတို့ဆီတော့ တို့ မလာအားဘူး သိလား”
“ဟုတ်ကဲ့ရှင်”
ခင်လေး ဘာပြောရမှန်း မသိ၍ “ဟုတ်ကဲ့” တစ်လုံးသာတွင် တွင် သုံးနေရသည်။ အနီးကပ်အကြည့်တွင် မေသန့်စင်အလှက ပို၍ ပင် ထည်ဝါလို့နေသည်။
ဘာကြောင့် မှန်းမသိ၊ ခင်လေးတစ်ကိုယ်လုံး ချွေးတွေ ပြန်ပြီး တုန်တုန်လှုပ်လှုပ်ကြီး ဖြစ်လာသည်။ ပွဲရုံဝရောက်တော့ အပြင်ထွက်ပြီး လက်ပိုက်ရပ်ကာ ခင်လေးကို ကြိုနေသော မောင်နှင့် တန်းတိုးတော့သည်။ အလုပ်သမားလေး တစ်ယောက် က ခင်လေးလက်ထဲမှ ထမင်းချိုင့်ကို လာပြေးယူသည်။ မောင်က ခင်လေးကို လက်ပိုက်မပျက် ခပ်တည်တည်နှင့် ကြည့်နေရင်းမှ
“ခင်လေး ဘယ်သူနဲ့ စကားရပ်ပြောနေတာလဲ၊ မောင်က ဒီမှာ ထမင်းဆာလှပြီ”
ဆိုတော့ ခင်လေး မောင့်ကို ကြောက်လန့်တကြား မော့ကြည့်မိသည်။
“ဟို…ဟိုဘက်ပွဲရုံက မေသန့်စင်ဆိုတဲ့ အစ်မက လမ်းမှ တွေ့ ပြီး နှုတ်ဆက်နေလို့ပါ”
“ဘာတွေ ပြောသေးလဲ”
“မောင်နဲ့ သူက ငယ်သူငယ်ချင်းတွေ တဲ့၊ မင်္ဂလာဆောင်တာ သူ့ကို မဖိတ်လို့ မကြေနပ်ဘူးတဲ့၊ မောင့်ကို ပြောလိုက်တဲ့”
ဆိုတော့ မောင်က ဟက်ဟက်ပက်ပက် ရယ်လေသည်။ သည်တော့ ခင်လေး မောင့်ကို အရဲစွန့်ပြီး ပြန်မေးလိုက်သည်။
“အဲဒါဟုတ်လားဟင်၊ သူက မောင့်သူငယ်ချင်းလား”
“ဟုတ်တယ်၊ နောက်ထပ် ဘာတွေ ပြောသေးလဲ”
မောင်ရယ် ခင်လေး စိတ်ဆင်းရဲလိုက်တာ၊ မောင်က ဘာလို့ အားလုံး သိချင်ရတာ လဲဟင်…
“ဟင် ခင်လေးကို နောက်ထပ် ဘာတွေ ပြောသေးလဲ”
“ခင်လေးကို သူ့ဆီ အချိန်မရွေးလာလည်တဲ့”
“ခင်လေးက ချစ်စရာကောင်းတယ်တဲ့”
“ချစ်စရာကောင်းလို့ မောင်က ချစ်တာပေါ့လို့ ခင်လေးက ပြန်မပြောလိုက်ဘူးလား”
“ဟင့်အင်း မပြောပါဘူး”
“ပြီးတော့ရော”
“သူ့ကို ခင်နော်တဲ့”
“နောက်တော့ကော”
“ဒါပါပဲ”
“အင်း… ခင်လေး ခင်ချင်ရင်တော့ ခင်ပေါ့၊ ဒါပေမယ့် မေမေ့ရှေ့မှာ သူနဲ့ စကားမပြောနဲ့ နော်၊ မေမေက ကြိုက်မှာ မဟုတ်ဘူး”
မေမေက ဘာကြောင့် မကြိုက်တာလို့တော့ မောင်မပြောပါ။ မောင့်စိတ်ထဲမှာ ခင်လေးကို ခပ်နုံနုံ မိန်းမ တစ်ယောက် လို့ပဲ ထင်နေပုံပေါ်သည်။ မောင်ထင်ချင်သလိုသာ ထင်ပါစေလေ၊ ခင်လေး ဘ၀မှာ တော့ မောင်စိတ်ချမ်းသာဖို့သာ အဓိကပါ။ ခင်လေးကလွဲပြီး အခြားမိန်းမ တစ်ယောက် ကို မောင်ချစ်နေခဲ့တာက လွဲရင်ပေါ့။
သို့သော် ကြည်ရှည်မှာ တော့ မောင့်ရဲ့ တည်ကြည်မှု က ခင်လေး၏ ရင်ကို ပိုမိုပူစေအောင် မစွမ်းဆောင်နိုင်ခဲ့ရုံမက ကိုညိုသွေးဆိုသော အသားညိုညို အရပ်ပုပု ရွက်ကြမ်းရေကျိုမျှသာ ရုပ်ရည်ရှိသူ အိမ်နီးချင်း တစ်ယောက် နှင့် ခိုးရာလိုက်ပြေးသွားကြောင်း သတင်းစကားသိရသည့်နေ့ တွင် တော့ ကြားသမျှလူအားလုံး တအံ့တသြ ဖြစ်သွားကြရုံမက ခင်လေး၏ ရင်ထဲမှာ အလုံးကြီးလည်း ၀ုန်းကနဲ ပြိုကျသွားရတော့သည်။
နောက်များ မကြာမီ အားမာန်ပွဲရုံကို ဦးစီးသူများ က ကိုညိုသွေးနှင့် မေသန့်စင်တို့ ဖြစ်လာကြသော အခါ ပွဲရုံတန်း တစ်ခုလုံးက အံ့သြကုန်သည်။ တကယ်တော့ မေသန့်စင်မိဘများ က မေသန့်စင်ကို နယ်မှ ကုန်သည် တစ်ယောက် နှင့် လက်ထပ်ပေးရန် ကြံရွယ်နေဆဲ မေသန့်စင်က မိဘ သဘောတူသူကို လက်မခံနိုင်ဘဲ ကိုညိုသွေးခေါ်ရာသို့ လိုက်သွားခြင်း ဖြစ်သည်မို့ ဘယ်သူမှ သူတို့နှစ် ဦးကို ပွဲရုံတန်းသို့ ပြန်ရောက်လာမည် ဟု မမျှော်လင့်ခဲ့ကြပေ။
မောင်နှင့် ကိုညိုသွေးက နဂိုကတည်းက ခင်မင်ရင်းစွဲရှိကြသူများ ဖြစ်ကြောင်း ခင်လေးသိရသည်။ ကိုညိုသွေးနှင့် မေသန့်စင်တို့ မင်္ဂလာဆောင်သော အခါ မောင်နှင့် ခင်လေးထံသို့ ဖိတ်စာပို့သည်။ ထိုအချိန်မှာ ပင် မောင့်မေမေ ကြီးကြီးစမ်း ကျန်းမာရေး ချို့ယွင်း၍ ဆေးရုံတင်ရသဖြင့် မင်္ဂလာဆောင်လက်ဖွဲ့ကိုသာ ပို့ ဖြစ်ခဲ့သည်။ မောင့်မေမေ ကြီးကြီးစမ်းဆေးရုံမှာ ပင် တစ်လလောက် ကုသပြီး ကွယ်လွန်သွားခဲ့သည်။ ထိုအခါ တစ်ဦးတည်းသော သား ဖြစ်သူ မောင်က လူကြီးလုံးလုံး ဖြစ်ကာ စီးပွားရေး ကိစ္စအ၀၀က မောင့်ပုခုံးပေါ်သို့ ပုံကျလာခဲ့သည်။ ထိုအခါကျပြန်တော့ ခင်လေး၏ ချစ်သူမောင်က အစစအရာရာ ချစ်ခင်မြတ်နိုးလေးစားဖွယ် အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်လာခဲ့ပြီး၊ အံ့သြစရာကောင်းသည်က မောင်နှင့် အလွန်ချစ်ခင်သော အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းမှာ ကိုညိုသွေး ဖြစ်လာသော ကြောင့် ပင်။
လက်ဖက်ရည်ကြိုက်ပုံချင်း တူသော မောင်နှင့် ကိုညိုသွေးကို ညဘက် လက်ဖက်ရည်ဆိုင်များ တွင် တတွဲ တွဲ မြင်တွေ့ ရစ ပြုလာပြီး တစ်ခါတစ်ရံ ကိုယ်ရေး ကိုယ်တာကိစ္စ၊ စီးပွားရေး ကိစ္စများ ပါတတွတ်တွတ် ပြောဆိုတိုင်ပင်ကြသည်ကို မြင်ရသော အခါ ခင်လေးအတွက် ထူးဆန်းအံ့သြဖွယ်ရာတစ်ခု ဖြစ်နေတော့သည်။ ကိုညိုသွေးနှင့် မောင် ရင်းနှီးမှု သည် ခဏတာအချိန်ပိုင်းတွင်း မ ဖြစ်နိုင်မှန်း သိသော်လည်း ယခင်က ခင်မင်ရင်းစွဲရှိခဲ့သည်မှာ တော် ရုံတန်ရုံ ခင်မင်မှု မျိုး မဟုတ်နိုင်ကြောင်းတော့ ခင်လေး အခိုင်အမာ ယုံကြည်လာသည်။ ကိုညိုသွေးသည်မောင့် ကိုတင်မက ခင်လေးကိုပါ နှမလေး တစ်ယောက် လို ချစ်ခင်တွယ်တာသည်။ မောင်နှင့် ခင်လေးကိုတောင် သည်လောက် ချစ်နိုင်လျှင် ဇနီး မေသန့်စင်အပေါ်တော့ ပြော၍ ကုန်နိုင်ဖွယ်ရှိမည် မထင်။
မေသန့်စင် ကတော့ သားနှစ် ယောက် ရပြီးသည့်တိုင် လှဆဲ ပဆဲပင်။ မေသန့်စင်တို့မောင်နှမတွင် အသီးသီး အိမ်ထောင်ကျကုန်ပြီး ဖခင်ကြီးကွယ်လွန်တော့ အမွေခွဲကြသည်။ နိုင်ငံခြားသင်္ဘောလိုက်ရန် စီစဉ်နေဆဲ ကိုညိုသွေးထံမှ ပွဲရုံကို အစ်ကိုအကြီးဆုံးက လွှဲယူကာ အမ်းစရာရှိသည့် ငွေများ အမ်းပြီး ပွဲရုံလောကမှ မေသန့်စင်တို့ ထွက်လိုက်ပြီး နေထိုက်တို့နေသည့် ကျောက်မြောင်းတွင် အိမ်တစ်လုံးဝယ်၍ နေကာ ကိုညိုသွေးက သင်္ဘောနှစ် ကြိမ်လိုက်သည်။ မေသန့်စင်၏ ဆိုးနည်းမျိုးစုံကို ချိုမြိန်စွာ ကြေနပ်နေသော ကိုညိုသွေးက သူနှင့် ခွဲခွာနေချိန်များ မှအပ ကျန်အချိန်များ တွင် မေသန့်စင်ကို သူကိုယ်တိုင် မီးဖိုချောင်ဝင်၍ ချက်ပြုတ်ကျွေးသည်။ သားသမီးတွေ ၏ တာဝန်ကို မိန်းမ ကြီး တစ်ယောက် နှယ် အစအဆုံး ပြုစုဆောင်ရွက်ပေးသည်။ မေသန့်စင် ကတော့ တစ်နေ့တစ်နေ့ ၀တ္ထုတစ်အုပ်နှင့် အချိန်ကုန်နေသည်က များ သော်လည်း ကိုညိုသွေး ကတော့ သူ့ဇနီးချောကလေးကို ရှု၍ ပင် မ၀နိုင်။
ထိုအခါတွင် ခင်လေးမှာ မောင့်ကိုရော မေသန့်စင်ကိုပါ စိတ်ချလာပြီး ကိုညိုသွေးကိုတော့ အစ်ကိုရင်း တစ်ယောက် လိုပင် ပို၍ ပို၍ ကြည်ညိုလာရတော့သည်။ ကိုညိုသွေးနှင့် တစ်ခါတစ်ရံ ပါလာ သော သားနှစ် ယောက် နှင့် ခင်လေး၏ သားသမီးနှစ် ယောက် မှာ လည်း ကစားဖော်များ ဖြစ်သွားကြသည်။ ခင်လေးနှင့် မေသန့်စင်သည်လည်း ကိုညိုသွေးနှင့် ကလေးများ ကို အကြောင်းပြု၍ ချစ်ခင်ရင်းနှီးသွားကြပြီ ဖြစ်သော်လည်း မောင်နှင့် မေသန့်စင်တို့ ကတော့ တစ်ခါမှ မျက်နှာချင်းဆိုင် ခင်ခင်မင်မင် နှုတ်ဆက်ပြောဆိုကြသည်ကို ခင်လေး မမြင်ခဲ့ရပေ။ မေသန့်စင် ကွယ်ရာတွင် သာ ကိုညိုသွေးနှင့် ပြောဆိုသံ ကြားနေရသည်။ ထိုအခါမျိုးတွင် လည်း မောင့်နှုတ်ဖျားမှ မေသန့်စင်အပေါ် ဘယ်တုန်းကမှ အကောင်းပြောသံမကြားခဲ့ရပေ။
သို့သော် ကိုညိုသွေး၏ သားနှစ် ယောက် ဖြစ်သည့် အောင်အောင်နှင့် မောင်မောင်ကိုတော့ မောင်က ချစ်လေသည်။ အကြီးကောင် အောင်အောင်က အသားဝါ၀ါ၊ နှာတံပေါ်ပေါ်၊ ဆံပင်နက်နက် သန်သန်နှင့် အငယ်ကောင် မောင်မောင်က မျက်နှာက အောင်အောင်နှင့် တူသော်လည်း အသားက ညိုစိမ့်စိမ့်နှင့် မို့ မောင်က အောင်အောင်ကို ခေါင်းကလေးပုတ်၍ …
“မင်း ကတော့ မအေတူသားပဲ၊ မင်းပုံစံက မင်းအမေနဲ့ တစ်ထေရာတည်းပဲ”
ဟုပြောသည့်နေ့ ကတော့ မောင့်မျက်ဝန်းတွေ ရွှန်းပလို့နေသည်။ ဒီအချိန်မှာ ကိုကြီးညိုမရှိဘဲ ခင်လေး တစ်ယောက် သာ ကလေးများ အနီးမှာ ရှိနေခဲ့လေသည်။ ထိုအချိန်မှာ တော့ ခင်လေးက မောင်နှင့် အိမ်ထောင်ကျစကလို ရင်ပူမနေတော့ဘဲ မုဒိတာ ထားနိုင်စ ပြုနေပြီ ဖြစ်သည်။ ဒါကလည်း မောင်နှင့် တကွအားလုံးကို ယုံကြည်စိတ်ချမှု ကြောင့် ပဲ ဖြစ်ပါလိမ့်မည် ။
![]() ကျွန်မနှင့် ဘ၀များစွာ | ![]() သဏ္ဍာန်မဲ့ထုထည် ၀တ္ထုတိုစု | ![]() ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင် |