Cover

စာရေး သူ၏ ကျေးဇူးစကား

၁.၁.၂၀၀၁ မှ စတင်ခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်) သည် ယခုဆိုလျှင် (၁၄) နှစ် တာကာလကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါသည်။

ထိုသို့ အချိန်ကာလကြာမြင့်လာသည်နှင့် အမျှ အဆိုး…အကောင်းအကြောင်းတရားစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရသလို၊ နာရေး ကူညီမှု တစ်ခုဖြင့် စတင်ခဲ့သော အဖွဲ့အစည်းကြီးသည် ယခုအခါ ပြည်သူလူထု၏ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေး ၊ ပညာရေး ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အပါအ၀င် အခြား…အခြားသော လူမှု ဒုက္ခများ စွာ ကိုလည်း ဖြည့်စွက် ကူညီဆောင်ရွက်နိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။

ယခု ဒုတိယအကြိမ် ပြန်လည် ရိုက်နှိပ်ထုတ်ဝေ ဖြစ်သော ဤစာအုပ်တွင် ဖြတ်သန်းမှု ပုံရိပ်မှတ်တမ်း အချို့ကို နောက်ဆက်တွဲ ထည့်သွင်းဖော်ပြထားပါသည်။

နာရေး ကူညီမှု အသင်းကြီး၏ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှု များ ရရှိနိုင်အောင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြပါသော အလှူရှင်များ ၊ အသိပညာရှင် အတတ်ပညာရှင်များ ၊ အများ အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ကြသော လုပ်ဖော်ကိုင်ဖက် အမှု ဆောင်များ ၊ အသင်းသူ အသင်းသားများ ၊ မြန်မာနိုင်ငံ အရပ်ရပ်ရှိ လူမှု ရေး နှင့် ပရဟိတအဖွဲ့အစည်းများ တာဝန်ကျေပြွန် စေတနာထားကြသော ၀န်ထမ်းမိသားစုများ နှင့် ကျေးဇူးတစ်စုံတစ်ရာ ရှိခဲ့ကြသူများ အား လည်းကောင်း….

ဤ ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင် စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် မျက်နှာဖုံးဒီဇိုင်း ရေး ဆွဲဖန်တီးပေးသော နာရေး ကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျော်ဟိန်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။ ။

သန်းမြင့်အောင်

ကျွန်မနှင့် ပုံရိပ်ကလေးများ

‘လူပုံက ဘယ်လောက်ကြမ်းကြမ်း အနုပညာသမားတွေ ရဲ့ နှလုံးသားဟာ သိပ်ပြီး ထိခိုက်လွယ်တာပဲ’

ဆိုတဲ့ ကျွန်မလိုပဲ အရုပ်ဆိုးတဲ့ စာရေး ဆရာတွေ ကို နှစ် သိမ့်တဲ့ သူငယ်ချင်းရဲ့ စကားကို ကျွန်မ သွားအမှတ်ရမိသည်။

နာရေး ကူညီမှု အသင်းတံဆိပ်ကို ရင်ဘတ်မှာ တပ်ထားတဲ့ ကျွန်မနဲ့အတူ အလောင်း ကူညီသယ်ယူဖို့ လုပ်အားပေးလိုက် လာကြတဲ့ နာရေး ကူညီမှု အသင်းကားရဲ့ ယူနီဖောင်းအပြည့်အစုံကို ၀တ်ဆင်ထားတဲ့ လူနှစ် ယောက် ကို မြင်လိုက်တာနဲ့ အသက် ဆယ်နှစ် ကျော် အရွယ်လောက်ပဲ ရှိဦးမယ့် ဖြူဖြူချောချော မိန်းကလေး တစ်ယောက် ဟာ…

“အမယ်လေး လာနေကြပြီ၊ ကျွန်မ သမီးလေးကို ခေါ်သွာြး ကတော့မယ်၊ သမီးလေးရေ” ဆိုပြီး အော်ငိုပါတော့တယ်။

ယိုင်နဲ့ ယိုယွင်းနေတဲ့ အိမ်ကျဉ်းကျဉ်းလေးရဲ့ ကြမ်းခင်းတွေ ပေါ်ကို သတိကြီးစွာ နင်းတက်လာနေတဲ့ ကျွန်မတို့အဖွဲ့ဟာ ရုတ်တရက်တော့ ကလေးရဲ့ အလောင်းရှိရာကို လှမ်းပြီးမကြည့်နိုင်ကြသေးဘူး။

“ဒီနားကလာပါ ဆရာမ ၊ ဒီဘက်ကို ဒီဘက်ကို။ ဟဲ့…ဧည့်သည်တွေ ကို တွဲ ခေါ်ပါဦး”

ဆိုတဲ့ အသံနဲ့အတူ ကျွန်မတို့ကို ခရီးဦးကြိုပြုပြီး တွဲ ခေါ်သူတွေ ဟာ ကလေးရဲ့ အဘိုးနဲ့အဖေ၊ အဒေါ်တွေ မှန်း နောင်မှ သိလိုက်ရတယ်၊ ကမာရွတ်ဘက်က ခြံတစ်ခြံထဲမှာ ၂ လအရွယ် ကလေးအလောင်းတစ်လောင်းကို သွားသယ်ပြီး ချက်ချင်း သင်္ဂြိုဟ် ပေးရမယ်၊ ကလေးမိဘတွေ က သိပ်ဆင်းရဲပြီးသင်္ဂြိုဟ်စရိတ် မတတ်နိုင်လို့ အကူအညီတောင်းထားတယ်။ ရပ်ကွက်ထောက်ခံစာနဲ့ ဒေသန္တရကျန်းမာရေး ဌာနက သေဆုံးမှု မှန်ကန်ကြောင်း သင်္ချိုင်းလက်မှတ်လည်း အဆင်သင့် ယူခိုင်းထားပြီးပြီ။ ဆရာမ တို့ သွားသယ်လို့ရပါပြီလို့ ရုံးက အုပ်ချုပ်ရေး မှူး ဦးရဲအောင် ပြောတုန်းက ၂ လ အရွယ် ကလေးငယ်လေးပဲဆိုတဲ့ အသိက ကျွန်မကို သိပ်ပြီး ထိထိခိုက်ခိုက် မခံစားမိခဲ့တာတော့ အမှန်ပါပဲ။

‘အစ်မရယ်… ကျွန်မ သမီးကလေးကို ကြည့်ပါဦး၊ ပစ်ရက်စရာမရှိပါဘူး၊ ကျွန်မမှာ ဒီသမီးကလေး တစ်ယောက် တည်း ဦးဦးဖျားဖျား မွေးထားရတာ ပါ။ ခဏလေး ကြည့်ပါရစေဦး…ခေါ်မ သွားပါနဲ့ဦးနော်’

ကလေးအမေ ငယ်ငယ်လေးဟာ ကျွန်မကို တောင်းပန်တိုးလျှိုးပြီး ရှိုက်ကြီးတငင် ငိုနေတုန်း…

‘ညီမကလည်းကွယ်… သတိထားလေ၊ ဆရာမ တို့ကို အားနာစရာ ကောင်းပါတယ်။ အစ်ကိုလည်း ညီမလိုပဲ ခံစားရတာ ပေါ့၊ ဟိုမှာ က အချိန်နဲ့ သင်္ဂြိုဟ်ရမှာ ၊ သင်္ချိုင်းကိုလည်း အားလုံးလိုက်သွားကြမယ့်ဟာပဲ၊ ကဲပါ ဆရာမ ရယ်..သယ်သာ သွားပါတော့ဗျာ’

လို့ပြောအပြီးမှာ အသက်အစိတ်လောက်ပဲရှိသေးတဲ့ ကလေးအဖေဟာလည်း တစ်ဖက်ကို လှည့်ပြီး မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုလိုက်မှ ကျွန်မ ကလေးအလောင်းကို စေ့စေ့ကြည့်မိလိုက်တယ်။

‘အလို ဘုရား…ဘုရား၊ နှမြောစရာကောင်းလိုက်တဲ့ သမီးကလေး ရယ်’

ထင်းရှူးသေတ္တာပျဉ်ချပ်တွေ ကို ခေါင်းသေးသေးလေးတစ်လုံးလို စပ်ထားတဲ့ ပတ်ပတ်လည်မှာ ဗလာစာရွက်အဖြူတွေ ကို အတွင်းအပြင် အပြည့်ကပ်ပြီး သူတို့အဆင့်နဲ့သူတို့ အလှဆုံး ဖြစ်အောင် ဖန်တီးထားတဲ့ ဘေးတစ်ဖက်မှာ တော့ ‘မငုဝါဖူး၊ အသက် (၂) လ’ ဆိုတဲ့ စာတန်းကလေး ရေး ထားတဲ့ ခေါင်းထဲက သမီးလေးဟာ နာမည် နဲ့လိုက်အောင် အသားလေးက ၀င်းဝါလို့ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းလုံးလုံးကလေးနဲ့ တမင်ဆွဲထားသလားလို့ ထင်ရတဲ့ မျက်ခုံးတန်းတန်းသေးသေးလေး နှစ် ဖက်ဟာ ထိဆက်လု မတတ်နဲ့ နက်မှော င်နေတယ်။

မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တဲ့ ကျွန်မ ရင်ထဲမှာ တောင် လှိုက်ခနဲ တုန်သွားရလေတော့ အမိအဖတို့၏ ရင်အစုံကား မကွဲရုံတမည် သာ ရှိတော့မှာ အသေအချာပင်။

‘သယ်လိုက်တော့မယ်နော် ဆရာမ ’

ယာဉ်နောက်လိုက်နှစ် ဦးရဲ့ တိုင်ပင်မှု ကို ကျွန်မ ခေါင်းညိတ်အသိအမှတ်ပြုလိုက်တဲ့ အခိုက်မှာ ပဲ..

‘သွားပေတော့ မိန်းမလှလေးရေ၊ အဘိုးတို့အဘွားတို့ အမျိုးထဲကို တစ်ခေါက်လောက်တော့ ပြန်လှည့်လာခဲ့ပါဦး ကလေးရယ်’

လို့ ငိုသံပါကြီးနဲ့ ပြောလိုက်တဲ့ အသံတစ်သံဟာ ကျွန်မတို့ရဲ့ နောက်မှာ ကျန်ရစ်ခဲ့တယ်။

***

‘၄-နှစ် ကလေး တစ်ယောက် (၇) ထပ်တိုက်ပေါ်က ကျလို့တဲ့ဗျာ၊ ပွဲချင်းပြီးပဲ။ ဆေးရုံအအေးခန်း ရောက်နေပြီ၊ ကျုပ်တို့က ထိန်ပင်သုသာန်ကို ပို့ပေးရမယ်’

နာရေး ကူညီမှု အသင်းသူ အသင်းသားတွေ ဖြစ်နေမှတော့ နေ့စဉ်နာရေး ကိစ္စတွေ ကိုသာ ကုသိုလ် ဖြစ် ဆောင်ရွက်ပေးနေရတာ မှန်ပေမဲ့ နုနယ်ငယ်ရွယ်သော ကလေးများ ရဲ့ အ ဖြစ်ဆိုးများ ကတော့ဖြင့် ကျွန်မတို့၏ ရင်ကို ထိတ်ခနဲ နာကျင်စေတာ ကတော့ အမှန်ပင်။

‘ဘယ်လိုကနေ ဘယ်လို ကျရတာ တဲ့တုံး၊ တစ်ခါတည်း တန်းပြီး မီးသင်္ဂြိုဟ်မှာ လား၊ အအေးခန်းကို ပို့ရမှာ လား’

‘တိုက်က (၈) ထပ်တိုက်တဲ့ဗျာ၊ (၇) လွှာမှာ ကလေးနှစ် ယောက် ကို သိပ်ထားပြီး အမေက အောက်ဆုံးအထပ်ရှေ့က မြေညီလမ်းပေါ်မှာ အကြော်ဆိုင်ဖွင့်ထားသတဲ့၊ ခဏနေတော့ အကြီးမလေးက နိုးလာတော့ အိမ်အောက်ကိုဆင်းပြီး အမေ့ဆီက မုန့်သွားတောင်းတယ်။ အဲဒီ အချိန်မှာ အငယ်ကောင်လေး နိုးလာပြီးကြည့်တော့ အိမ်ပေါ်မှာ သူ တစ်ယောက် တည်း၊ သူ့အမေကို အော်ခေါ်လိုက်တာ၊ ဖြစ်ချင်တော့ ၀ရန်တာတံခါးက အရှင်တပ်ထားတာ ချက် ချမထားဘူး၊ သော့ ခတ် မထားဘူး။ အဲဒီ မှာ တင် ကလေးကျွံပြီး ကျသွားတာ။ ၀ရန်တာရှေ့မှာ စောင်တစ်ထည် လှန်းထားလို့ ကြောက်ကြောက်လန့်လန့်နဲ့ စောင်ကို လှမ်းဆွဲလိုက်နိုင်တယ်။ အဲဒါကြောင့် ပဲ စောင်နဲ့လူနဲ့ပတ်ပြီး မြေကြီးပေါ်ရောက်လာတော့ အသက်မရှိတော့ပေမယ့် တစ်စစီ ပြန့်မကျဲသွားတာကို ကျေးဇူးတင်ရဦးမယ်။ အခု ကျွန်တော် တို့က အဲဒီ ကလေး အလောင်းကို ဆေးရုံကနေ သွားသယ်ပြီး ထိန်ပင်အအေးတိုက်ကို ပို့ပေးရမှာ ကလေးနာမည် က ‘ကျော်ကျော်ဌေး’ တဲ့’

ထိုအချိန်တွင် ကျွန်မ၏ ရင်ထဲသို့ သမီးလေးငုဝါဖူးနှင့် အတူ ကျော်ကျော်ဌေးဆိုသော သားကလေး တစ်ယောက် ပါ ၀င်ရောက်နေရာယူစပြုနေပြီးမှန်း နောင်အချိန်ကြာလာသည်နှင့် အမျှ ကျွန်မသိလာရပေသည်။ ငုဝါဖူးကလေး ယခုသာ အသက် ထင်ရှားရှိလျှင် (၆) လကျော် (၇) လထဲ သို့ ပင် ရောက်လုပေပြီ။

ဝါ၀ါဝင်းဝင်း ၀၀ကစ်ကစ် ကလေးနှင့် ငုတ်တုတ်ထိုင်နိုင်သည့် အရွယ်၊ အရုပ်ကလေးတွေ နှင့် ပင် ကစားနေတတ်လောက်ပေပြီ။

***

‘ဟုတ်ပါတယ် ခင်ဗျာ၊ နာရေး ကူညီမှု အသင်းကပါ’

‘သြော်…ဒဂုံမြို့သစ် ၇/၈ ဆေးရုံကလား၊ ပြောပါ ခင်ဗျာ။ ဘာကူညီပေးရမလဲ’

‘ကလေးနာမည် က ပြည့်ဖြိုးမော်၊ အသက် (၆) နှစ် ၊ ဟုတ်ပါပြီ ခင်ဗျာ၊ ဆေးရုံက ဆက်တာဆိုတော့ လိုအပ်တဲ့ သင်္ချိုင်းလက်မှတ်တွေ ဘာတွေ လုပ်ဖို့ ကတော့ ပြောစရာမလိုတော့ဘူးပေါ့နော်။ ဟုတ်ကဲ့…ဟုတ်ကဲ့ ခင်ဗျာ။ စာရွက်စာတမ်းတွေ အဆင်သင့် ဖြစ်နေရင်တော့ ကျွန်တော် တို့အခုပဲ ကားလွှတ်ပြီး လာယူလို့ရပါပြီ၊ ကျွန်တော် တို့ က ဘယ်လို ကူညီဆောင်ရွက်ပေးစေချင်တာလဲ ဆိုတာလည်း ကြိုတင်အမိန့်ရှိပါဦး’

‘ကျွန်တော် တို့ လုပ်ပေးနိုင်တာက အိမ်မှာ ဖြစ်စေ၊ ဆေးရုံမှာ ဖြစ်စေ၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ အရွယ်ကြီးငယ်မရွေး၊ သေဆုံးသွားပြီး မတတ်နိုင်လို့ ဖြစ်စေ၊ အတွေ့ အကြုံမရှိလို့ အသုဘကိစ္စကို မစီစဉ်တတ်လို့ ဖြစ်စေ…ကျွန်တော် တို့အသင်းကို အကူအညီတောင်းရင် ကျွန်တော် တို့က ကုသိုလ် ဖြစ် အခမဲ့ကူညီပေးနေတဲ့ အသင်း ဖြစ်ပါတယ်။ ဘယ်သူတစ်ဦး တစ်ယောက် ကိုမျှ ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး ခင်ဗျာ။ တတ်နိုင်တဲ့မိသားစုက လှူချင်တန်းချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာရင်တော့ ကျွန်တော် တို့ အသင်းကြီးရဲ့ လုပ်ငန်းတွေ စဉ်ဆက်မပြတ်လည်ပတ်နေဖို့နဲ့ သည့်ထက်တိုးပြီး ကူညီဆောင်ရွက်နိုင်ဖို့အတွက် တရားဝင် မှတ်တမ်းမှတ်ရာ ငွေလက်ခံဖြတ်ပိုင်းတွေ နဲ့ လက်ခံပေးပါတယ်။ အဲဒီ အလှူငွေတွေ က အခု ဆရာတို့အကြောင်းကြားတဲ့ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေ အတွက် ကျွန်တော် တို့ တစ်ဆင့်တစ်ဆင့် တိုးပြီး အကူအညီပေးနိုင်တာပေါ့ ခင်ဗျာ’

‘…………………’

‘ဟုတ်ကဲ့ပါ ခင်ဗျာ၊ အဲဒီ လို အသေအချာ မေးမြန်းစုံစမ်းနေတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ပါတယ်။ ဆရာတို့လို လူမျိုးစုံနဲ့ ထိတွေ့ နေကြရတဲ့သူတွေ က အသေအချာ သိထားတော့ ကျွန်တော် တို့ရဲ့ လုပ်ငန်းတွေ ကို တစ်ဆင့်ပြန်ပြောပြလို့၊ တစ်ဆင့်နှုတ်အားဖြင့် ကူညီပေးရတာ ပေါ့ ခင်ဗျာ။ ကျွန်တော် တို့ကလည်း ကျွန်တော် တို့အသင်းရဲ့ လုပ်ဆောင်မှု တွေ ကို လိုအပ်နေတဲ့သူတွေ ဆီကို သတင်းပျံ့နှံ့စေချင်တာပါ။ အခုအခြေအနေမှာ ကျွန်တော် တို့လုပ်ပေးနိုင်တာက အိမ်မှာ ရှိတဲ့အလောင်း၊ ဒါမှမဟုတ် ဆေးရုံမှာ ရှိတဲ့ အလောင်းကို လိုအပ်တဲ့ စာရွက်စာတမ်း ပြည့်စုံတာနဲ့ အအေးခန်းကို ပို့ပေးနိုင်ပါတယ်။ ဒါမှမဟုတ် တန်းပြီး သင်္ဂြိုဟ်မယ်ဆိုရင်လည်း မီးသင်္ဂြိုဟ်ခကိုပါ ကျခံကူညီပေးပါတယ်။ ခန္ဓာကိုယ်ကို အအေးခန်းကို အရင်ပို့ပြီး (၂) ရက်ထားမယ်၊ ပြီးမှ (၃) ရက်မြောက်နေ့မှာ ခန်းမမှာ ပြင်ဆင်ပြီး မီးသင်္ဂြိုဟ်မယ်ဆိုရင်လည်း အအေးခန်းခ ၂ ရက်စာ၊ ခန်းမ (၃) အတွက် ငှားရမ်းခငွေ၊ (ခန်းမ (၃) တစ်ခုတည်း နာရေး ကူညီမှု အသင်းအတွက် အထူးနှုန်းထား) နဲ့ မီးသင်္ဂြိုဟ်ခကိုပါ အကုန်အကျခံ သင်္ဂြိုဟ်ပေးပါတယ်။ အဲဒီ မီးသင်္ဂြိုဟ်တဲ့နေရာမှာ ကျွန်တော် တို့ အသင်းရဲ့ လုပ်ပေးနိုင်တဲ့နေရာက လူခန္ဓာကိုယ်တင်ထားတဲ့ ကပ်ပေါ်မှာ အလူမီနီယမ်ခေါင်းကို အုပ်ပြီး မျက်နှာပြင်နေရာမှာ မှန်တပ်ထားပေးပါတယ်။ မီး မသင်္ဂြိုဟ်မချင်း မှန်ထဲကနေ သေသူရဲ့ မျက်နှာကို အားရအောင် ကြည့်နိုင်ကြဖို့ပါ။ မီးသင်္ဂြိုဟ်စက်ထဲရောက်သွားလို့ ဂိတ်တံခါး ပိတ်ပြီးသွားတဲ့အခါမှာ တော့ ကျွန်တော် တို့က အပေါ်က အုပ်ထားတဲ့ အလူမီနီယမ်ခေါင်းကို ယူလိုက်ပြီး လူခန္ဓာကိုယ်နဲ့ အောက်ခံကပ်ကို မီးသင်္ဂြိုဟ်စက်ထဲကို ထည့်လိုက်ပါတယ်။ ဒါက ကျွန်တော် တို့ လောလောဆယ် လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို ပြောတာပါ။ သြော်…တစ်ခုရှိသေးတယ်ခင်ဗျာ၊ သင်္ဂြိုဟ်ခါနီး ဆဲဆဲလူအတွက် သရဏဂုံတင်ဖို့ အခက်အခဲရှိတယ်ဆိုတဲ့ သူတွေ ကိုလည်း ကျွန်တော် တို့အသင်းကပဲ လှူဖွယ်ဝတ္ထုငွေနဲ့အတူ သံဃာတော် တစ်ပါးပင့်ပြီး သရဏဂုံတင်ပေးပါတယ် ခင်ဗျာ’

‘…………………’

‘သြော်…ဟုတ်ကဲ့ ဟုတ်ကဲ့ ကောင်းပါပြီ၊ ဖြစ်ပါတယ် ဆရာ…စိတ်ချပါ။ ကျွန်တော် တို့ကား အခုပဲ လွှတ်ပေးလိုက် ပါ့မယ်’

အသင်းရဲ့ လုပ်ဆောင်မှု တွေ ကို မမောနိုင် မပန်းနိုင် အားတက်သရော ရှင်းပြနေတဲ့ ရုံးအဖွဲ့မှူးရဲ့ စကားအဆုံး ဖုန်းချအပြီးမှာ တော့ ကျွန်မတို့ဘက်လှည့်ပြီး…

‘ကဲ ဆရာမ တို့ရေ၊ ၇/၈ ဆေးရုံက အအေးခန်းဝန်ထမ်း တစ်ယောက် က ဖုန်းဆက်တာ။ သူတို့ဆေးရုံမှာ (၆) နှစ် ကလေး တစ်ယောက် ပိုးထိပြီး ဆုံးလို့တဲ့။ အဲဒါ ကျွန်တော် တို့ အသင်းက ကားနဲ့သွားသယ်ပြီး ထားဝယ်ချောင်သုသာန်မှာ မီးသင်္ဂြိုဟ်ပေးရမယ်၊ ကလေးမိဘတွေ က သိပ်ဆင်းရဲတယ်တဲ့။ အဖေက အလုပ်သွားတုန်း၊ အမေကလည်း ကိုယ်ဝန်အရင့်အမာနဲ့ ဗိုက်နာနေတုန်းမှာ အိမ်ဘေးမှာ ဆင်းဆော့နေတဲ့ကလေးကို ပိုးထိတာတဲ့။ အိမ်နီးနားချင်း တစ်ယောက် ပြေးပွေ့ပြီး ဆေးရုံပို့တုန်းပဲ လမ်းတင် အသက်ထွက်သွားတာပဲ။ အခုတော့ ကလေးအဖေလည်း ရောက်နေပြီ။ အမေ ကတော့ ဗိုက်နာနေဆဲပဲ။ အသုဘရှင်က မွေးဖွားမယ့်လူနာကလည်း တစ်ဖက်က စိုးရိမ်နေရလို့ ကလေးကို ချက်ချင်း ပဲ သင်္ဂြိုဟ်ချင်တယ်။ သရဏဂုံတင်ဖို့လည်း ကျွန်တော် တို့ပဲ စီစဉ်ပေးရမှာ မို့ ဆရာမ တို့…ဘုန်းကြီးပါ တစ်ပါတည်း ပင့်သွားပေးရမှာ ’

ထိုနေ့က တာဝန်ကျသည့် ဒေါ်သူဇာမြင့်နှင့် ကျွန်မတို့ ချက်ချင်း ပဲ အလုပ်ရှုပ်သွားကြသည်။ ဒေါ်သူဇာမြင့်ကိုယ်တိုင် နာရေး ကားကို မောင်း၍ အသင်းတည်ရာ ဗြဟ္ဓာဝိဟာရကျောင်းတိုက်မှ သံဃာတော် တစ်ပါးကို ပင့်၊ စာအိတ်တစ်အိတ်နှင့် ၀တ္ထုငွေ ကပ်လှူရန် စီစဉ်ပြီး ကားကို မြောက်ဒဂုံ ၇/၈ လမ်းဆုံဆေးရုံသို့ မောင်းလာခဲ့ကာ ကလေးအလောင်းကို သရဏဂုံတင်ပြီး ထားဝယ်ချောင် သုသာန်သို့ သယ်ယူလာသည့်အခါတွင် တော့ ပြည့်ဖြိုးမောင် ဆိုသည့် အမည် နှင့် လိုက်ဖက်စွာ ညိုညိုတုတ်တုတ်နှင့် ချစ်စရာကလေးငယ် တစ်ယောက် ကျွန်မရင်ထဲသို့ ၀င်ရောက်လာပြန်သည်။

မကြာခင်ကပင် ထို မြောက်ဒဂုံ ဆေးရုံမှာ ပင် မောင်နှမနှစ် ယောက် ခွေးရူးကိုက်ခံရသည့်အနက် (၇) နှစ် အရွယ် ထက်ဝေအောင် ဆိုသည့် အကြီးကောင်ကလေး သေဆုံးသွားသည့်အကြောင်းကိစ္စကို လိုက်ပါဆောင်ရွက်ကြသူ ကျွန်မတို့အသင်းမှ အမှု ဆောင်များ ၏ ပြောပြချက်နှင့် ပင် ထိုကလေး၏ အသွင်သဏ္ဍာန်ကို ကျွန်မ ရော်ရမ်းမှန်းဆကာ ပုံဖော်နေမိပြန်သည်။

လူသား တစ်ယောက် လူ့အဖွဲ့အစည်းအတွင်းသို့ ၀င်ရောက် ဖြစ်တည်ပြီးသည်၏ နောက်ဆုံးတစ်နေ့သည် သေလွန်ပြီးမြောက်ခြင်းဆိုသည့် ‘သဘောတရား’ များ ကို ‘တရားသဘော’ နှင့် ဘယ်လိုပင် ဆင်ခြင်နိုင်သော်လည်း နိစ္စဓူဝ တွေ့ နေမြင်နေရသည့် ရုပ်ခန္ဓာကိုယ်များ ထဲမှ ယခုကဲ့သို့ ဖူးသစ်စအရွယ် လူမမယ်ကလေးများ ကိုဖြင့် ကျွန်မ တော် တော် နှင့် မမေ့နိုင်တော့ဘဲ စိတ်ပန်း လူပန်းနှင့် နွမ်းနယ်လွန်းသော အခါများ တွင် တော့ ကျွန်မ တစ်ယောက် တည်း ရူးသွပ်စွာ ပင် စိတ်ကူးပုံရိပ်ထဲ၌ ကျော်ကျော်ဌေးတို့၊ ပြည့်ဖြိုးအောင်တို့၊ ထက်ဝေအောင်တို့နှင့် အတူ ငုဝါဖူးကလေးကို ချစ်စနိုးနှင့် ချော့မြှူယုယကာ ကစားနေမိလေတော့သည်။

ကလျာမဂ္ဂဇင်း

၂၀၀၁ ခုနှစ် ၊ အောက်တိုဘာလ။

အမြင့်ပျံငှက်

‘လူတွေ အများ ကြီး ရှိနေကြတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ လူအစစ် တစ်ယောက် ရဲ့ ဘ၀တန်ဖိုး အမှန်နဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ပြခဲ့တဲ့ မောင်လေးအတွက် အစ်မ ဂုဏ်ယူတယ်’

ဆိုတဲ့ စာရွက်ကလေးကို မောင်လေးရဲ့ ရုပ်ခန္ဓာကိုယ်နဲ့အတူ တွဲ ပြီး မီးသင်္ဂြိုဟ် မပစ်ရက်ခဲ့တာကိုတော့ ကျွန်မ နောင်တ မရချင်တော့တာပါ။

‘လူ တစ်ယောက် ရဲ့ ဘ၀ကို လိမ္မော်သီးတစ်လုံးနဲ့ တင်စားနှိုင်းမယ်ဆိုရင် ‘အချစ်’ ဆိုတဲ့အရာဟာ အဲဒီ လိမ္မော်သီးထဲက အမြွှာလေးတစ်မြွှာ၊ အကန့်ကလေး တစ်ကန့်သာ ဖြစ်တယ်။ ကျန်တဲ့ အမြွှာတွေ အကန့်တွေ ဟာ ပညာရေး ၊ စီးပွားရေး ၊ လူမှု ရေး ၊ နိုင်ငံရေး ၊ အမျိုးဘာသာ၊ သာသနာနဲ့ လူလောကကြီးကို အကျိုးပြုရမယ့် အစိတ်အပိုင်းတွေ သာ ဖြစ်တယ်’ ဆိုတဲ့ ကျွန်မရဲ့ အဆိုကို မောင်လေးဟာ ခြွင်းချက် မရှိ ထောက်ခံခဲ့ဖူးတယ်။

ပြီးတော့ အသက်နဲ့မမျှအောင် ပျိုရွယ်နုနယ်လွန်းတဲ့ မောင်လေးဟာ နဂိုအသက်ထက် ပိုပြီး အိုစာနေတဲ့ ကျွန်မကို အမေရင်း၊ အစ်မရင်းလို ချစ်ခင် တွယ်တာနိုင်လွန်းတာလည်း ကျွန်မ ဘ၀ထဲက ကျေနပ်ဖွယ်ရာ အစိတ်အပိုင်းတစ်ခုပါပဲ။

အစ်မ

အရင်က ကြားဖူးတယ်

အခုတော့ ခင်လိုက်ရပြီ

နောက်လည်း ဆက်လက် ခင်မင်ချင်ပါတယ်။

လေးစားခင်တဲ့

နေ၀န်းနီ

ဆိုတော့ မောင်လေးနဲ့ ကျွန်မ စ စချင်းတွေ့ တဲ့နေ့က ကျွန်မမွေးနေ့အတွက် အစ်ကိုကြီးလို ဖြစ်နေတဲ့ ဓာတ်ခွဲမှူးစာရေး ဆရာ တစ်ယောက် လက်ဆောင်ပေးတဲ့ အမှတ်တရ စာအုပ်ကလေးထဲမှာ မောင်လေးရေး ထားခဲ့တာ ‘နောင်လည်း ဆက်လက်ခင်မင်ချင်ပါတယ်’ ဆိုတဲ့ မောင်လေးဟာ နောက်ဆုံးတော့ ကျွန်မရဲ့ မျက်စိအောက်မှာ တင် မီးတောက်မီးလျှံတွေ ရဲ့ ၀ါးမျိုခြင်းကို ခံရတဲ့အထိကို ကျွန်မနဲ့ရင်းချာခဲ့ရတဲ့အတွက် ကျွန်မမှာ တော့ မေ့မရနိုင်အောင်ပါပဲ။

***

အလွန်တရာကို သပ္ပာယ်ကြည်ညိုစရာကောင်းလှတဲ့ ပိတ်စအဖြူပေါ်မှာ ရွှေဝါရောင် ခြည်နဲ့ ထိုးဖောက် ရက်ရှယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် နဲ့ ပဉ္စ၀ဂီ ငါးဦးရဲ့ ပုံတော် ရယ်၊ အဖြူနဲ့မီးခိုးဖောက်ထားတဲ့ အတုမရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်ရဲ့ ပုံတော် နဲ့လက်ရာတွေ ဟာ…အံ့သြစရာ ကောင်းလောက်အောင် မြင်သူတွေ ငေးမော အားကျယူရတဲ့ လက်ရာတွေ ရဲ့ ပိုင်ရှင်ဟာ…ကျွန်မ မောင်လေးပဲပေါ့။

‘မောင်လေးရယ်…မင်း ဒီပညာကို ဘယ်ကနေ တတ်လာရတာ လဲကွာ။ တော် ရုံတန်ရုံ မိန်းကလေးတွေ တောင် ဒီလောက် စိတ်မရှည်နိုင်ဘူး။ ချည်ကို တစ် ချက်ချင်း ထိုးပြီး အသေးစိတ် ခြယ်မှု န်းရတာ ၊ ပြီးတော့ အရောင် စပ်ပုံကလည်း သိပ်ကို ပညာပါတာ’

ဆိုတော့ သူက ရယ်မောပြီး…

‘အဆောင်မှာ နေတုန်းက ကျွန်တော် တို့ သူငယ်ချင်းတွေ စုပြီး ထိုးကြရင်းက တတ်သွားတာ အစ်မရဲ့ ၊ နောက်ထပ် အစ်မကို ပြစရာတွေ အများ ကြီး ရှိသေးတယ်။ ကျွန်တော် သာ ကျန်းမာရေး ကြောင့် ကျောင်းထွက်ရပြီး အစ်မဆီ ရောက်လာတာ၊ အဆောင်မှာ ကျွန်တော် တို့ သူငယ်ချင်းတွေ အများ ကြီး ရှိသေးတယ်၊ သူတို့လည်း လက်ရာမြောက်တာပဲ’

‘ကောင်းတာပေါ့ကွာ၊ အဲဒီ လက်ထိုးပန်းချီကလေးတွေ စုထားပြီး တစ်နေ့နေ့မှာ တို့တွေ ပြပွဲတစ်ခုလုပ်ရင် မကောင်းဘူးလား’

လို့ ကျွန်မက အကြံပေးတော့ မောင်လေးက လက်ခံခဲ့တယ်။ အဲဒီ နောက် သစ်ပင်ကလေးတွေ ၊ ပန်းပွင့်ကလေးတွေ ၊ ကကြိုးရုပ်ကလေးတွေ လရောင် ကို မျှော်နေတဲ့ သစ်ကိုင်းပေါ်က ငှက်ရုပ်ကလေးတွေ ကို အားကြိုးမာန်တက် ပိတ်စဖြူဖြူပေါ်မှာ ခဲနဲ့ ဆွဲတော့တာပဲ။ အဲဒီ ပေါ်မှာ မှ ချည်ရောင် ကို ရွေးပြီး တဖြည်းဖြည်း ထိုးယူရမှာ လေ။ ဥပမာ- ကံကော်ပန်းပွင့်ကလေးတွေ ဆိုရင် ၀တ်မှု န်ဝတ်ဆံက အ၀ါရင့်ရောင် ၊ ပွင့်ဖတ်အဖြူနဲ့ အရွက် အစိမ်းရင့်ရင့်ပေါ့။ မောင်လေးဟာ သိပ်ပြီး အနုပညာဆန်တဲ့ လူ တစ်ယောက် ပဲ။ သူ့ရဲ့ လက်ချောင်းဖြူဖြူ ရှည်သွယ်သွယ်ကလေးတွေ ဟာ မိန်းမလှလေး တစ်ယောက် ရဲ့ လက်ချောင်းကလေးတွေ ကိုပဲ ကဗျာဆန်တယ်။ ပျော့ပျောင်းပြီး သွက်လက်နေတယ်။

အဲသည်လို လူနေဟန်နုနွဲ့ ပျော့ပျောင်းနေပေမယ့် မောင်လေးရဲ့ စိတ်ဓာတ် ကတော့ သံမဏိက အဖေခေါ်ရလောက်အောင် မာကျောကြံ့ခိုင်နိုင်ပါပေတယ်။ သဘာဝကပေးတဲ့ လောကဓ့တရားတွေ နဲ့အတူ ကြံ့ကြံ့ခံလာနိုင်တဲ့ မောင်လေးဟာ ကျွန်မနဲ့ တစ်အူထုံဆင်း မောင်နှမအရင်းလို ချစ်လာကြပြီးမှ လောကကြီးတစ်ခုလုံးကို ကျောခိုင်းထွက်ခွာသွားတဲ့ ကိစ္စကို ကျွန်မ ပတ်ဝန်းကျင်က ဘယ်လိုမှ မခံစားနိုင်ကြဘူး။

ကျွန်မဆိုတာကလည်း အဖော်ခင်သူ၊ အသိုင်းအ၀န်းကို သံယောဇဉ်ကြီးသူမို့ ကျွန်မရဲ့ သူငယ်ချင်း အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟအားလုံးက မောင်လေးကို ကျွန်မလိုပဲ ချစ်ကြခင်ကြတယ်၊ လေးစားကြတယ်။

ကလေး တစ်ယောက် လို အပြစ်ကင်းစင်ရိုးသားပြီး ကိုယ်ကျင့်တရား ကောင်းလှတဲ့ မောင်လေးဟာ လူကြီးလူကောင်း တစ်ယောက် လိုလည်း ထက်မြက်တဲ့ အတွေးအခေါ်နဲ့ ဉာဏ်အမြော်အမြင်ရိုရုံမျှမက အရာရာမှ ဆုံးဖြတ်ချက် မှန်ကန်ခိုင်မြဲတတ်တာမို့ မောင်လေးကို နှမြောမဆုံး ဖြစ်နေကြတဲ့ ကျွန်မ သူငယ်ချင်းအချို့ဟာ..

‘ကိုနေနီ…ခင်ဗျားဗျာ…သက်သက်မဲ့ ကျုပ်တို့ကို သံယောဇဉ်တွေ လာပေးသွားတယ်’

‘ကိုနေနီ….ကျွန်မတို့ဆီက ယူသွားတာတွေ …ကျွန်မတို့ကို ပေးသွားတာတွေ …အများ ကြီးပါပဲ’

လို့ ၀မ်းနည်းစကားတွေ ခြွေကြတယ်။ ၀မ်းနည်းကြောင်း မှတ်တမ်းတွေ ရေး ကြတယ်။ ကျွန်မ ကတော့ ဖြေမဆည်နိုင်အောင် ၀မ်းနည်းနေတဲ့ကြားကပဲ လူ့အဖွဲ့အစည်းကြီးထဲက လူ တစ်ယောက် ကောက်ကျစ်စဉ်းလဲမှု တစ်စုံတစ်ရာ မပါဘဲ နာမည် ကောင်း လက်မှတ်တစ်စောင်နဲ့အတူ လွတ်မြောက်သွားတာကိုပဲ ၀မ်းသာဂုဏ်ယူနေမိပြန်သေးတော။

***

‘အစ်မ တစ်ယောက် ယောက် ကို မနာလို ဖြစ်ဘူးလား’

တစ်ချိန်တုန်းက မောင်လေးနဲ့ ကျွန်မ စကားထိုင်ပြောနေကြစဉ်က အကြောင်းကို ကျွန်မ ဖျတ်ခနဲ သတိရလိုက်တဲ့အခိုက်မှာ ပဲ အဆင်ခြင်မဲ့စွာ တုံ့ပြန်ဖူးတဲ့ ကျွန်မကိုယ်ကျွန်မလည်း အတော် နောင်တနမိလိုက်တယ်။

‘ ဖြစ်ဖူးတယ်၊ သိပ်ကို ဖြစ်ဖူးတယ်’

‘ဟုတ်တယ်! ကျွန်တော့် အစ်မက မနာလိုစိတ် ရှိတယ်လား၊ အစ်မ ဘယ်တုန်းက ဘယ်သူ့ကို မနာလို လိုက်တာလဲ’

‘မနေ့ကပေါ့ အိမ်ရှေ့က အသုဘယာဉ်တစ်စီး ဖြတ်သွားတယ်။ အထဲက ခေါင်းတလားကို ကြည့်လိုက်တော့ ‘ဒေါ်သိန်းသိန်းမြင့် (၄၆) နှစ် ’ တဲ့၊ အဲဒီ ကားရဲ့ နောက်မှာ ဓမ္မစကြာ ၀တ်အဖွဲ့က ညီညီညာညာသံပြိုင် ၀တ်ရွတ်လို့ တရားဓမ္မံတွေ နဲ့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း လောကကြီးထဲက ထွက်ခွာသွားတဲ့ အဲဒီ မိန်းမဟာ ငါနဲ့သက်တူရွယ်တူပဲ။ ငါလေ…အဲဒါကိုကြည့်ပြီး မနာလိုလိုက်တာ၊ သူ့မှာ တော့ ငြိမ်းချမ်းလို့၊ ငါ့မှာ တော့ ပူလောင်နေလိုက်တာများ ၊ ချက်ချင်း ပဲ သူ့ကို အခေါင်းထဲက ဆွဲထုတ်ပြီး အစား ၀င်လိုက်ချင်တဲ့ စိတ်တွေ ပေါက်လာပါတယ်’

ဆိုတော့ မောင်လေးက တဟားဟားနဲ့ ရယ်ပါလေရော။

‘အစ်မရာ… ဖြစ်မှ ဖြစ်ရလေ။ အသက်ရှင်လျက် ရှိနေတာဟာ ဘ၀ကို တိုက်ပွဲဝင်နေခြင်းတစ်မျိုးပါ။ ကျွန်တော် ကတော့ ကိုယ့်အသက်ကို ကိုယ်ဆွဲဆန့်လို့ရသလောက်ကို ဆွဲဆန့်ထားချင်တယ်’

ဆိုတဲ့ မောင်လေးရဲ့ စကားကို ကြားလိုက်ရမှ ကျွန်မပြောမိတဲ့ စကားကို မှားမှန်း သိသွားတယ်။ တော် သေးတာပေါ့။ မောင်လေးက အထအန မကောက်တတ်လို့။ တကယ့်ကို ကျန်းမာရေး မကောင်းပေမဲ့ အဲဒီ ဖြစ်ရပ်တွေ အားလုံးကို မေ့ထားပြီး ခွန်အားသစ်တွေ မွေးနေရတာ က ကျွန်မ မောင်လေးပါပဲ။ မောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ၀င်ရောက်မွှေနှောက်နေတဲ့ ရောဂါ တွေ ဟာ စုံပဲစုံနိုင်လွန်းတယ်။ အဲဒီ သုံးလေးခုထက်မနည်းတဲ့ ရောဂါ တွေ ကို မောင်လေးရဲ့ အသည်းနှလုံးနဲ့ ဦးနှောက်က တစ်ပြန်တစ်လှည့်စီ ထိုးစစ်ခံစစ်ပြုရင်းက အသက်ရှင်နေထိုင်လျက်ကပဲ မောင်လေးဟာ ကဗျာတွေ ရေး ရင်း၊ ပန်းချီတွေ ဆွဲရင်း၊ ပုံတူချည်ထိုး ပန်းချီလေးတွေ ထိုးနေရင်းကပဲ…တစ်ခါတစ်ခါ သူနှစ်သက် တဲ့ သားဂျာနယ်ကျော်ရဲ့ အင်္ဂလိပ်ကဗျာကလေးတွေ ကို ကျွန်မကို ဘာသာပြန်ပြလိုက်သေးတယ်။ လူနေအိမ်ခြေထူထပ် သိပ်သည်းပြီး ဆူညံရှုပ်ထွေးတဲ့ သူ့မိသားစု ပတ်ဝန်းကျင်ရဲ့ အခြေအနေက မောင်လေးရဲ့ စိတ်ခံစားမှု ဝေဒနာကို ပိုဆိုးစေတာကြောင့် မောင်လေးဟာ ရေကျော်မှာ ရှိတဲ့ ကျွန်မတို့မိသားစု ငှားထားတဲ့ အလုပ်ခန်းကလေးကို မနက် မိုးလင်းတာနဲ့ ရောက်လာပြီး ညမိုးချုပ်မှော င်မှ ပြန်သွားလေ့ရှိတာ သူ့ရဲ့ နိစ္စဓူဝ ၀တ္တရားတစ်ခုပါပဲ။ ကျွန်မတို့ အခန်းကလေးရဲ့ တစ်နေရာမှာ သူ့အတွက် ပန်းချီဆွဲတဲ့ ခုံကလေးရယ်၊ စုတ်တံကလေးတွေ ၊ ရေဆေးဘူးကလေးတွေ ၊ သူဖတ်တဲ့ စာအုပ်စင်ကလေးနဲ့ သူ အပန်းဖြေတဲ့ ခုတင်ဆန်ဆန် ခုံကလေးတွေ ဟာ သူ့အတွက် အပိုင်စား ရထားသလို သူ နှစ် ခြိုက်တဲ့ အသုံးအဆောင်တွေ ပေါ့။

ကျွန်မနဲ့ ပတ်သက်ရင် မောင်လေးဟာ တွေ့ သမျှ ကြံသမျှ လူတွေ နဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံ နေထိုင်တတ်တယ်။ ကျွန်မ ငှားထားတဲ့ အိမ်ခန်းပိုင်ရှင် မိသားစုတွေ က သူ့ကို ချစ်သလို ကျွန်မ မိသားစုကလည်း သူ့အပေါ် သံယောဇဉ်ကြီးတယ်။ မနက်မိုးလင်းတာနဲ့ လာစုကြတဲ့ အထဲမှာ တော့ မောင်လေးဟာ အစောဆုံးပဲ။ ပထမဆုံးရောက်တဲ့သူဟာ အပေါ်ထပ်အိမ်ရှင်ဆီက သော့ ကိုယူပြီး အလုပ်ခန်းဖွင့်နေကြမို့ ဒီအလုပ်ခန်းဟာ ကျွန်မထက်ပိုပြီး မောင်လေးက အနေများ လာတာဟာ တစ်နေ့နေ့မှာ မောင်လေးရဲ့ ခန္ဓာအိမ်နဲ့ သည်အခန်းဖွဲ့စည်းမှု ပြိုပျက် ဆုံးရှုံးခြင်းတို့ ထပ်တူကျမယ့် နိမိတ်ပုံဆိုတာကို ကျွန်မ ယောင်လို့တောင် မတွေးမိခဲ့တာ အသေအချာပါ။

အဲဒီ အခန်းကလေးမှာ နေတဲ့ ကာလမှာ တော့ မောင်လေးဟာ မသိမသာ အိမ်ရှင် ဖြစ်ပြီး ကျွန်မ ကတော့ ခရီးသွား များ သူမို့ ၀င်လိုက်ထွက်လိုက် ဖြစ်နေခဲ့ရပါတယ်။ ကျွန်မဆီလာသမျှ စာပေ အပေါင်းအသင်းတွေ မိတ်ဆွေ သင်္ဂဟတွေ ကို မောင်လေးကပဲ White Board တစ်ချပ်မှာ အချိန်တွေ ၊ နေ့တွေ မှာ စရာတွေ ကို တိတိကျကျ မှတ်သားပေးနေကျမို့ မောင်လေးဟာ ကျွန်မရဲ့ အားကိုးအားထားပြုရာ လက်ရုံးတစ်ဖက် ဖြစ်လာခဲ့ရပါတယ်။ ကျွန်မမိတ်ဆွေတွေ ကလည်း ကျွန်မ ရှိရှိ၊ မရှိရှိ မောင်လေးကိုသာ ကျွန်မနဲ့ ထပ်တူ ခင်မင် ရင်းနှီးပွင့်လင်းနေကြမြဲမို့ မောင်လးဟာ ကျွန်မရဲ့ ၀န်းကျင်မှာ အေးချမ်းစွာ ပျော်ဝင် စီးဆင်းနေတဲ့ ရေခဲမြစ်ကလေးတစ်စင်းလည်း ဖြစ်ခဲ့တယ်။

‘အစ်မရယ်…အစ်မနဲ့တွေ့ ရတာ ကျွန်တော် ကံကောင်းတာ၊ အစ်မရဲ့ အခန်းကလေးဟာ ကျွန်တော့် ဘ၀အတွက် အလိုအပ်ဆုံး ဘုံဗိမာန်ကလေးလိုပါပဲ။ အစ်မကို ကျွန်တော် ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်’

‘ဒါတွေ ထားလိုက်ပါ၊ မင်းလို လူ တစ်ယောက် ကို မမျှော်လင့်ဘဲ မောင်လေး တော် ခွင့်ရတာ ကိုဘဲ အစ်မ ၀မ်းသာနေတာပါကွာ’

ပြောလို့သာပြောကြရပေမဲ့ ကျွန်မရဲ့ မောင်လေးဟာ အင်မတန်မာနကြီးတဲ့အကြောင်း ကျွန်မ အသိဆုံးပေါ့။ ကျွန်မနဲ့အတူ မရှိအတူ၊ ရှိအတူ စားသောက်နေထိုင်တတ်တဲ့ မောင်လေးဟာ ကျေးဇူးတရားရဲ့ နောက်ကွယ်က နှောင်ကြိုးတွေ ကို သိပ်ကြောက်တတ်တာမို့ ဆင်းရဲပေမယ့် နှောင်ကြိုးကင်းတဲ့ ကျွန်မရဲ့ အလုပ်ခန်းကလေးနဲ့ သူ့အပေါ် စေတနာသက်သက်နဲ့ ကူညီရိုင်းပင်းနေကြတဲ့ သူ့ရဲ့ အဆောင်နေဖက်၊ ကျောင်းနေဖက် အပေါင်းအသင်းတွေ ရဲ့ မေတ္တာရင်ငွေ့တွေ နဲ့ နွေးထွေးနေခဲ့သူပါ။ အဲဒီ ကျွန်မမောင်လေးရဲ့ ဘ၀သက်တမ်းတိုဖို့ ဖြစ်လာရတဲ့ အဓိကအကြောင်းတရားဟာ ကျွန်မရဲ့ အလုပ်ခန်းကလေး ပျက်စီးသွားခြင်းကြောင့်လို့ တပ်အပ်မပြောနိုင်ရင်တောင်မှ အစိတ်အပိုင်းတစ်ခုတော့ ပါဝင်နေတယ်ဆိုတာ မောင်လေးရဲ့ စိတ်ဆန္ဒကြောင့် သိခဲ့ရတယ်။

***

‘ဒီအိမ်ကြီးကို ဖျက်ဆောက်ဖို့ အမိန့်ကျလာပြီ’ ဆိုတဲ့ အိမ်ရှင်ရဲ့ ပြောစကားနဲ့အတူ လူတွေ အားလုံး ပြောင်းရွှေ့လိုက်ကြရတဲ့အထဲမှာ ကျွန်မရဲ့ အလုပ်ခန်းလေးလည်း ပါသွားတာပေါ့။ ကိုယ့်ရဲ့ နိမ့်ပါးနေတဲ့ စီးပွားရေး အခြေအနေကြောင့် ကျွန်မအခြားမှာ အလုပ်ခန်းတစ်ခန်း ထပ် မငှားရမ်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် မောင်လေးအတွက် နားခိုရာမဲ့သွားခဲ့ရပြီဆိုတာကို သိသိကြီးနဲ့ စိတ်မချမ်းမြေ့စွာ ပဲ ကျွန်မ ဥပေက္ခာပြုခဲ့မိပါတယ်။ ဒါဟာ ကျွန်မဘ၀မှာ ဘယ်တော့မှ မေ့ပျောက်လို့ ရနိုင်တော့မှာ မဟုတ်တဲ့ အကြောင်းတရားတစ်ခုပါပဲ။

နေထွက်က နေ၀င်အထိ လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ် လည်နေရတဲ့ မောင်ကလေး ပန်းချီဆွဲစရာနေရာလေးမှ၊ ကျောဆန့်စရာနေရာလေးမှ၊ သူ နှစ်သက် တဲ့ ချည်ထိုးပန်းချီကလေးတွေ ထိုင်ထိုးဖို့ နေရာလေးမှ ရှာတွေ့ နိုင်ပါ့မလားလို့ ရင်မောနေခဲ့ရပါတယ်။ မောင်လေးရဲ့ စိတ်စွဲလမ်းမှု တွေ ဟာ ကျွန်မအပေါ် တဖြည်းဖြည်းနဲ့ စိုးရိမ်စိတ်တွေ ကို ခိုင်လုံလာစေခဲ့ပါတော့တယ်။

‘အစ်မရေ…ကျွန်တော် တို့ နေခဲ့တဲ့ အိမ်ကြီးကို ခေါင်မိုးတွေ စခွာနေပြီ’

လို့ ကျွန်မရှိရာကို လာပြောတဲ့ မောင်လေးရဲ့ မျက်နှာဟာ ညှိုးနွမ်းလို့ နေတယ်။ အဲဒီ နောက်မှာ တော့ သံယောဇဉ်ကြီးစွာ နဲ့ ကျွန်မတို့ အလုပ်ခန်းဖွင့်ခဲ့တဲ့ နှစ် ထပ်အိမ်ဟောင်းလေးကို သူနေ့တိုင်း ဖြတ်ဖြတ်ပြီး သွားကြည့်နေခဲ့တာကိုး။

‘အစ်မရေ…ဘေးအကာတွေ လည်း ခွာနေပြီ’

‘အပေါ်ထပ်က ကြမ်းခင်းတွေ တောင် ခွာတော့မယ်ထင်တယ် အစ်မရယ်’

လို့တစ်နေ့တစ်မျိုး လာပြောနေတဲ့ မောင်လေးရဲ့ ခန္ဓာကိုယ်ဟာလည်း တစ်စတစ်စ ပါးလျစပြုလာတာကို ဂရုပြုမိတဲ့ကျွန်မက သူ့ကို ‘ဘာ ဖြစ်လို့ သွားသွားကြည့်နေရတာ လဲ မောင်လေးရာ…အဲဒီ နှစ် ထပ်အိမ်ဟောင်းလေးကို အသစ်ဆောက်ပြီး တိုက်အမြင့်ကြီး ဖြစ်တော့လည်း တို့မောင်နှမတွေ တစ်ခန်းငှားပြီး နေကြသေးတာပေါ့။ စိတ်မလျှော့ပါနဲ့…အစ်မ တစ်ယောက် လုံး ရှိသေးတာပဲဟာ၊ အရေး ကြီးတာက မင်းကျန်းမာရေး ကို ဂရုစိုက်’ လို့ပြောတော့ မကျစဖူး မျက်ရည်တွေ ကျလာပြီး ‘ကျွန်တော် အစ်မကို သနားတယ်’ တဲ့။

ဖြစ်မှ ဖြစ်ရလေ။ သူကပဲ ကျွန်မကို ပြန် သနားနေရသေးတယ်လို့ ရယ်ပွဲဖွဲ့ပြီး တုံ့ပြန်ဖို့ဟန်အပြင်မှာ ပဲ ကျွန်မရင်ထဲမှာ ဆို့တက်လာပြီး ဘာမှပြန်မပြော ဖြစ်တော့ဘူး။ ကျွန်မတို့မောင်နှမ ဘာကြောင့် များ တစ်ယောက် ကို တစ်ယောက် မကြည့်ရက်နိုင်လောက်အောင် ၀မ်းနည်းနေမိကြပါလိမ့်…။

တစ်ချိန်တုန်းက မောင်လေးဟာ အလွန်ပျော်တတ်ခဲ့တာ၊ ပျော်တတ်တယ်ဆိုတာထက် မွန်းကျပ်မှု တွေ ကို ဟာသ လုပ်ပစ်တတ်တာ၊ အမြဲတမ်းလိုလို အသက်ရှု ကျပ်နေတတ်တဲ့ ဝေဒနာသည် မောင်လေးဟာ ဘတ်(စ်)ကား ကျပ်ကျပ်စီးလာရတဲ့နေ့မျိုးမှာ …

‘ကားတစ်စီးလောက်ဝယ်ပါ အစ်မရာ၊ ဘတ်(စ်)ကားကလည်း ကျပ်လိုက်တာ၊ လူတစ်ကိုယ်လုံး ကားပေါ်ရောက်သွားတာတောင် နှာခေါင်းဘယ်နားထားရမှန်း မသိဘူး’

ဆိုတာမျိုး အပြောင်အပျက်ပြောပြီး အမောဖြေတတ်တာ၊ ခုတော့ သူ ဟန်မဆောင်နိုင်လောက်အောင် ထိခိုက်ခံစားနေရတာ ကို ကြည့်ပြီး ကျွန်မ သိပ်စိုးရိမ်သွားတယ်။

‘ကျွန်တော် ဘယ်နားနေရမလဲ အစ်မ၊ ကျွန်တော် လူများများ နဲ့လည်း မနေနိုင်ဘူး၊ ဆူဆူညံညံ အသံတွေ လည်း နားမခံနိုင်ဘူး၊ ပြီးတော့ တစ်နေ့လုံးမှာ နေ့တစ်ဝက်လောက်မဟုတ်တောင် ခဏတဖြုတ်ဖြုတ် ဖြစ် ဖြစ် သက်တောင့်သက်သာ ငြိမ်ငြိမ်ကလေး လှဲနေချင်တယ်။ ကျွန်တော် အစ်မကို ပူဆာတာ၊ တောင်းဆိုတာ မဟုတ်ဘူးနော်၊ ကျွန်တော့် ရင်ထဲမှာ ပေါ့သွားအောင် ဖွင့်ပြတာ၊ ကျွန်တော် တို့ မောင်နှမတွေ နေခဲ့ကြတဲ့ နေရာလေးကို လွမ်းတယ်’

တကယ်တော့ မောင်လေးဟာ လူတစ်ဖက်သားကို အလွန်ငဲ့ညှာ အားနာတတ်သူပါ။ သူ့မှာ မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်းကောင်းတွေ ၊ သူ့ကို ချစ်ခင်လေးစား တန်ဖိုးထားကြသူတွေ အများ ကြီးပါ။ တစ်စုံ တစ်ယောက် ကိုသာ ကျွန်မလို သူသွားပြီး ဖွင့်ဟ လိုက်မယ်ဆိုရင် အခြေအနေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်မှာ ဖြစ်ပေမဲ့ သူ့ရဲ့ အားနာစိတ်လွန်ကဲမှု က သူ့ရဲ့ ကျန်းမာရေး ကို ပိုပြီး ချွတ်ခြုံကျစေတာက ဘယ်တော့မှ ပြုပြင်လို့မရတဲ့ အကြောင်းတရား တစ်ရပ်ပါပဲ။

***

မောင်လေး အိမ်က လာအကြောင်းကြားလို့ ကျွန်မ လိုက်သွားတဲ့အခါ မောင်လေးဟာ မယုံနိုင်လောက်အောင် ပိန်ချုံးနေပြီ။ မောင်နှမနှစ် ယောက် မတွေ့  ဖြစ်ကြတဲ့ လေးငါးရက်ကလေးအတွင်း သည်လောက်တောင်ပဲ အခြေအနေဆိုးသွားရသလား မောင်လေးရယ်လို့ ကျွန်မစိတ်ထဲက ကျိတ်ပြောနေတဲ့အချိန်မှာ ပဲ သူ ကျွန်မကို စမေးလိုက်တဲ့ စကားက

‘အစ်မ၊ အိမ်ကလေး ဘယ်အထိ ဖျက်ပြီးသွားပြီလဲ’ တဲ့။ ‘မသိပါဘူး မောင်လေးရယ်၊ အစ်မလည်း အဲသည့်ဘက်ကို မရောက် ဖြစ်ဘူး၊ အဲဒါက အရေး မကြီးပါဘူးကွာ၊ မင်းမြန်မြန် နေကောင်းအောင် အားဆေးသွင်းရမယ်’

ကျွန်မနဲ့ အတူပါသွားတဲ့ သူငယ်ချင်းဆရာဝန်က သူ့ကို အိမ်မှာ တင် ဒရစ်တွေ ချိတ်ပြီး ဂရုတစိုက်နဲ့ ကုပေမယ့် မောင်လေးအခြေအနေက အားရစရာ ဖြစ်မလာလို့ နောက်ဆုံး ဆေးရုံတင်လိုက်ရတယ်။ အဲဒီ အချိန်အထိ ကျွန်မ မောင်လေးကို ကျွန်မတို့ အသိုင်းအ၀ိုင်းကြီးတစ်ခုလုံးက လက်လွှတ်ဆုံးရှုံးရလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြတာ အမှန်ပါပဲ။ မောင်လေး နေမကောင်းဘူးလို့ ကြားတာနဲ့ ကျွန်မ အရင်က မသိ၊ မဆုံ၊ မကြုံဘူးသေးတဲ့ မောင်လေးရဲ့ မိတ်ဆွေရောင်းရင်းတွေ ကလည်း လာပြီး အားပေးကြ၊ နွေးထွေးကြလို့ အားရှိစရာပါ။

ဒါပေမဲ့ မောင်လေးဟာ ဆေးရုံပေါ်မှာ ကျွန်မကို အမြဲမျှော်နေတတ်ပြီး ကျွန်မ ရောက်လာတာနဲ့…

‘အိမ်ကလေးကို သွားကြည့်ပါဦး အစ်မရယ်…ကျွန်တော် တို့ အခန်းထိ ဖျက်နေကြပြီလားလို့’

အစွဲအလမ်းကြီးလွန်းတဲ့ မောင်လေးကို တစ်စုံတစ်ရာ အာရုံပြောင်းပေးဖို့ လိုအပ်နေပြီလို့ ကျွန်မ ယူဆနေမိတယ်။

‘ဆရာမ ရယ်..ဆရာမ မောင်က အိပ်ရာပေါ်မှာ ပဲ အမြဲခွေနေတယ်၊ လူလေးတွဲ ပြီး လမ်းလျှောက်ပေးပါလို့ ကျွန်မပြောတာလည်း လက်မခံဘူး’

လို့ သူ့အစ်မကဆီက ပြောတဲ့အခါ ကျွန်မက…

‘ဟုတ်သားပဲ မောင်လေးရယ်၊ နိုင်သလောက်ကလေး လျှောက်ကြည့်ရအောင်လား၊ အစ်မ ကူတွဲ ပေးမယ်လေ’ ဆိုတော့ ခေါင်းညိတ်တယ်။

ဆေးရုံရဲ့ အမျိုးသမီးအဆောင်နဲ့ အမျိုးသားအဆောင် အကူးအသန်း နေရာလေးမှာ မောင်လေးကို တွဲ လျှောက်နေရင်းက လေရှူဖို့ရပ်နားရင်း ခပ်လှမ်းလှမ်းက ဆေးရုံ တံစက်မြိတ် အောက် အငူကလေးမှာ ခိုမကြီးတစ်ကောင် ၀ပ်နေတာကို ကျွန်မ အမှတ်မထင် မြင်လိုက်ရတဲ့ ခဏမှာ မောင်လေးကို အာရုံပြောင်းပေးဖို့ အကြံတစ်ခု လက်ခနဲ ရလိုက်တယ်။

‘မောင်လေးရေ…ဟိုမှာ ကြည့်စမ်း၊ ခိုမကြီးတစ်ကောင် ၀ပ်နေတာ အတောင်နှစ် ဖက်က အတော် လေး ကားနေတယ်၊ သူ့အတော် အဖြန့်လိုက်မှာ အထဲက မည်းမည်းလှုပ်လှုပ်ကလေးကို အစ်မ မြင်လိုက်ရသလိုပဲ၊ ခိုပေါက်ကလေးများ လား မသိဘူး၊ မောင်လေး….အစ်မ မရှိတဲ့ အချိန်ကြရင် မဘေဘီနဲ့တွဲ ပြီး ဒီနေရာလေးမှာ လေကောင်းလေသန့် ရှုရင်းနဲ့ ကြည့်ထားပေးပါလား၊ ဘယ်နှရက်ကြာရင် ခိုပေါက်ကလေး အတောင်စုံပြီး ပျံနိုင်မလဲဆိုတာ တွက်ကြည့်ရအောင်လေ’

ဆိုတော့…သူပါ အဲဒီ ကိစ္စကို စိတ်ဝင်စားလာတယ်၊ မောင်လေးဟာ လူတစ်ဖက်သားရဲ့ ဆန္ဒကို ဖြည့်စွက်ချင်တဲ့စိတ် သူ့မှာ အမြဲရှိတယ်။ အဲဒီ အဆောင်နှစ် ခု အကူးအသန်းနေရာကလေးဟာ ထိုင်နားစရာ ခုံတန်းရှည်ကလေးလည်း ရှိတာမို့ ကျွန်မ မရှိတဲ့ အချိန်တွေ မှာ သူ့အစ်မကို တွဲ ပြီး ခိုကလေးကို လာကြည့်ရင်း နားနေလေ့ရှိတယ်ဆိုတာ ရေကျော်အိမ်အပေါ်မှာ စွဲနေတဲ့ သူ့ရဲ့ စိတ်ခံစားမှု အနည်းငယ် သက်သာသွားတာပေါ့။

***

ကျွန်မဆေးရုံပေါ်ရောက်တာနဲ့ မောင်လေးကုတင်ပေါ်မှာ ပျော့ခွေပန်းလျနေရာက ကျွန်မကို မြင်တာနဲ့ အားယူပြုံးပြီး လက်ခလေးနှစ် ချောင်း ထောင်ပြတယ်။

‘ဘာလဲ မောင်လေး’ လို့ ကျွန်မမေးပြီး သူ့နားကပ်နားထောင်တော့ တိုးတိမ်တဲ့ အသံနဲ့…

‘ခိုကလေးက နှစ် ကောင် အစ်မရဲ့ ’

‘ဟယ်…ဟုတ်တယ်၊ နှစ် ကောင်တောင် ဟုတ်လား’

‘ဟုတ်တယ်….လာ အစ်မ…သွားကြည့်ကြမယ်’

ဆိုပြီး အားစိုက်လူးလဲထတော့ သူ့အစ်မကြီးနဲ့ ကျွန်မက ဘေးတစ်ဖက်တစ်ချက်က တွဲ ပြီး ထူပေးရတယ်။ သူနဲ့ကျွန်မ ဖြေးဖြေးချင်း ၀ရန်တာကူးနေရာရောက်လာတော့ သူက…

‘တွေ့ လား အစ်မ’ ဆိုပြီး လက်ညှိုးထိုးပြတော့….

တကယ်ပါပဲ…ခိုမကြီးရဲ့ အတောင်တစ်ဖက်တစ်ချက်စီအောက်မှာ ခိုပေါက်ကလေး နှစ် ကောင်ဟာ ခေါင်းလေးတွေ ပြူတစ်ပြူတစ် လုပ်နေကြတယ်။ သူတို့မိခင် ခိုမကြီးက အတောင်အဖြန့်လိုက်မှာ တော့ ခိုပေါက်ကလေးတွေ ဟာ ချစ်စဖွယ် သူတို့အတောင်ငယ်လေးတွေ ကို လှုပ်ရှားဖို့ ကြိုးစားနေတာ မြင်ရတာ နဲ့ မောင်လေးက…

‘အစ်မရယ်…အဲဒါက ခိုမောင်နှမလား မသိဘူးနော်၊ မကြာခင် အတောင်စုံပြီး ပျြံ ကတော့မှာ ’

ဆိုလိုက်ပါတယ်။ ကျွန်မက…

‘အေးပေါ့….အဲဒီ ခိုကလေးတွေ လည်း အတောင်တွေ သန်စွမ်းပြီး ပျံတဲ့အချိန်မှာ ငါ့မောင်လေးလည်းနေကောင်းပြီး တို့မောင်နှမတွေ ပျော်ပျော်ပါးပါး ဆေးရုံက ဆင်းကြမှာ ’

‘ကျွန်မတို့ မောင်နှမက ခိုတော့ မ ဖြစ်ချင်ဘူး အစ်မ၊ ခိုတွေ က ညည်းလွန်းတယ်၊ ဖြစ်ချင်း ဖြစ်…’

မောင်လေးက မောသွားသလို စကားကို ဆက်မပြော ဖြစ်ဘဲ ကျွန်မလက်မောင်းကို အားပြုပြီး ခုံတန်းလျားလေးမှာ ထိုင်ချလိုက်တယ်။ ငှက်ထဲမှာ ခိုမ ဖြစ်ချင်တဲ့ မောင်လေးဟာ ဖြူစင်ဆုံး ငှက်တစ်ကောင်အ ဖြစ် စပါးနှံလေးတစ်ခက်ကို ချီလို့ အမြင့်ဆုံးပျံသန်းချင်တဲ့ ငှက်တစ်ကောင် ဖြစ်ဖို့ ဆန္ဒရှိကြောင်း ကျွန်မ သိနေတာပေါ့။ မောင်လေးနဲ့နေတဲ့ ကာလတွေ အတွင်းမှာ မောင်လေးရဲ့ မြင့်မြတ်မှု တွေ အားလုံးဟာ ဘာနဲ့မှ ဆေးကြောစရာမလိုအောင် တောက်ပြောင်နေတဲ့အကြောင်းကို ကျွန်မ သိခဲ့သည်ပဲ။

‘အစ်မကို ကျွန်တော် ပြောစရာရှိတယ်’

အမောပြေသွားပြီ ဖြစ်တဲ့ မောင်လေးဟာ ကျွန်မကို လေးနက်တဲ့စကားမျိုး ပြောတဲ့အခါတိုင်း အစချီလေ့ရှိတတ်သူက အခုလည်း သူ့အကျင့်အတိုင်း အလေးအနက်တွေ ပြောဖို့ စကားစပျိုးလာတာမို့ ကျွန်မကလည်း ဂရုတစိုက်နဲ့…

‘ပြောလေ၊ မောင်လေး…ဘာပြောချင်လဲ၊ ဘာလုပ်ချင်လဲ’

‘ကျွန်တော် အစ်မဆီက အခွင့်အရေး နှစ် ခု တောင်းချင်တယ်၊ တစ်သက်လုံး အခွင့်အရေး မယူတတ်ခဲ့တာ အမှန်ပါ၊ ဒါပေမဲ့ ဒီတစ်ခါ ကျွန်တော် အတ္တကြီးသွားတယ်လို့ပဲ အစ်မ ထင်လိုက်ပါတော့’

‘ပြောပါမောင်လေးရာ၊ မင်းအတွက် အစ်မ ဘာလုပ်ပေးရမလဲ ပြော၊ မောင်လေး ဆန္ဒအတိုင်း ဖြစ်စေရမယ်’

‘တစ်ခုက ကျွန်တော် အသက်ကုန်တဲ့အချိန်ထိ အစ်မ ကျွန်တော့် အနားမှာ နေပေးပါ’

‘ဟာကွာ….ပေါက်ကရတွေ ၊ တို့မောင်နှမတွေ က ဘယ်တော့မှ ခွဲကြမှာ မှ မဟုတ်တာ၊ အစ်မက အရင်သေရင်တောင် ငါ့မောင်လေးက လွမ်းကျန်ရစ်နေအုံးမှာ ’

မောင်လေးက ကျွန်မအပေါ် နားလည်တဲ့အပြုံးနဲ့ တုံ့ပြန်ပြီး…

‘နောက်တစ်ခုက ကျွန်တော် သေရင် အကျယ်မချဲ့ပဲ နေ့ချင်းသင်္ဂြိုဟ်ပေးပါ၊ ဘယ်သူတွေ ကိုမှ ဒုက္ခမပေးပါနဲ့ အစ်မ၊ အဲဒီ့ နှစ် ချက်ကိုတော့ အစ်မဆီက ကျွန်တော် တောင်းဆိုပါရစေနော်၊ ကျွန်တော် စိတ်ဖြောင့်အောင် ကတိပေးပါ အစ်မရယ်…နော်’

မောင်လေး စိတ်ချမ်းသာအောင် ဟန်ဆောင်ခြင်းမဟုတ်တဲ့ ရင်ထဲက ကတိစကားကို ပေးလိုက် တော့ မောင်လေး စိတ်ချလက်ချ ရှိသွားပုံက သိသာလွန်းသည်။

ခိုကလေးနှစ် ကောင် ပျံသန်းလွတ်မြောက်သွားသည့်နေ့တွင် ပဲ ကျွန်မတို့ မောင်နှမတွေ ဆေးရုံက ဆင်းကြရသည်၊ မောင်လေးကလည်း ဆေးရုံမှာ ငြီးငွေ့တာ တစ်ခုသာ သိပေမဲ့ ကျွန်မနဲ့ မောင်လေး အပေါင်းအသင်း သူငယ်ချင်းတွေ ကတော့ ဟန်ဆောင်ပြုံးကိုယ်စီနဲ့ပါ။

ကျွန်မတို့ အခန်းကလေးကို လက်သမားတွေ ထုနှက်ဖျက်ဆီးနေကြတာကို ဆေးရုံလာရင်း ဖြတ်သန်းငေးမောကြည့်မိခဲ့တဲ့နေ့မှာ ပဲ ဆေးရုံရောက်တော့ ညီမလေးလို ဖြစ်နေတဲ့ ဒေါက်တာ ချစ်ရေစင်က…

‘မမကြီးမောင်က နောက်ဆုံးအခြေအနေ ရောက်နေပြီ၊ မမကြီးတို့ စိတ်မကောင်းလည်း မ ဖြစ်ကြပါနဲ့၊ ကံတရားပေါ့နော်၊ ဆေးရုံက ပြန်ခေါ်သွားလို့ရတယ်လို့ ဆရာကြီးတွေ က ပြောခိုင်းတယ်’

ဆိုတဲ့ စကားဟာ ကျွန်မတို့ အသိုင်းအ၀န်းထဲကို ရေပူစီးကြောင်းကြီးတစ်ခု အဆီးအတားမရှိ တိုးဝင်လာသလိုပါပဲ။

မောင်လေးရဲ့ မိတ်ရင်းဆွေစစ်တွေ က မောင်လေးရဲ့ နောက်ဆုံးအချိန်မှာ အေးအေးချမ်းချမ်းနေရအောင်လို့ သန့်ရှင်းသပ်ရပ်တဲ့ နေရာထိုင်ခင်းကို ၀ိုင်းဝန်းစီစဉ်ပေးကြတယ်။ မောင်လေးဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူငယ်ချင်းကျောင်းနေဖက်တွေ သူ့ကို ချစ်ခင်လေးစား တန်ဖိုးထားကြသူတွေ ရဲ့ နွေးထွေးပြုစုမှု အပြည့်အ၀နဲ့

‘ကျွန်တော် အခန်းကလေး တစ်ခုမှာ အေးအေးချမ်းချမ်း နေချင်တယ်’

ဆိုတဲ့ ဆန္ဒတစ်ခု ပြည့်သွားခဲ့ရပါတယ်။ ကျွန်မက မောင်လေး မိတ်ဆွေတွေ ကို ကျေးဇူးတင်နေမိတယ်။

‘သက်ရှင်လျက် ရှိနေခြင်းဟာ ဘ၀ကို တိုက်ပွဲဝင်နေခြင်းတစ်မျိုးပါ၊ ကျွန်တော် ကတော့ ကိုယ့်အသက်ကို ကိုယ် ဆွဲဆန့်လို့ရသလောက် ဆွဲဆန့်ထားချင်တယ်’

ဆိုတဲ့ မောင်လေးရဲ့ စကားကို ကျွန်မ ထပ်တလဲလဲ ကြားယောင်နေမိတဲ့ အချိန်မှာ တော့ ခိုကလေးနှစ် ကောင်လည်း ဘယ်ဆီပျံသန်းလွတ်မြောက်နေကြလေပြီ မသိ။

မောင်လေး စွဲလမ်းခဲ့တဲ့ ရေကျော်လမ်းမက နေရာကလေးလည်း မြေတလင်းပြင် ဖြစ်နေလေပြီ။

ကျွန်မ ကတော့ လူနာကုတင်ပေါ်ကနေ လက်ကလေးနှစ် ချောင်း ထောင်ပြနေသော မောင်ကလေးကို မြင်ယောင်နေမိပါတော့သည်။



ဝန်ဇင်းချစ်သူများ သန်းမြင့်အောင် ၏ “ ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အငွေ့ပျံခြင်း

လူမှုဘ၀ ပရဟိတနယ်ပယ်

သူ၏ကောင်းကင်