Cover

အခန်း(၁)

အခန်း (၁)

“ငါက ဘတ်စ်ကားစီးရင် ခေါင်းမူးတတ်တယ်ဆိုတာ မင်းသိတယ်နော် အတာ”

သုတအောင်က ညည်းတွားလိုက်သည်။ ကျွန်တော် က သူ့ကို ကားပြတင်းပေါက်ဘက် ကပ်သွားအောင် ပခုံးဖြင့် ဆောင့်တိုက်လိုက်ရင်း

“သုတ … နေစမ်းပါကွာ… ငါတို့ ရောက်ခါနီး ပြီကွ၊ ခုမှ ဘတ်စ်ကားစီးရင် ခေါင်းမူးတယ်ဆိုတာ ကြီးကို စဉ်းစားမနေစမ်းနဲ့ ”

ဘတ်စ်ကား ကတော့ လမ်းကျဉ်းလေးတစ်လျှောက် ယိမ်းထိုးလှုပ်ခါလျက်သွားနေသည်။ ကျွန် တော် လည်း ရှေ့မှထိုင်ခုံကို ကိုင်ရင်း ကားပြတင်းပေါက်မှတဆင့် အပြင်ဘက်ရှုခင်းများ ကို လှမ်းကြည့် နေလိုက်သည်။

ထင်းရှူးပင်များ မှလွဲ၍ အခြားဘာကိုမှ မမြင်ရချေ။ ဘတ်စ်ကားဖြတ်သွားရာ လမ်းတစ်လျှောက် လုံး ထင်းရှူးရွက်စိမ်းစိမ်းများ က တရိပ်ရိပ်နှင့် ကျန်ခဲ့သည်။ ဖုန်များ ပေကျံနေသော ကားပြတင်းပေါက် မှန်ကို ဖြတ်သန်းဝင်ရောက်နေသည့် နေရောင် ခြည်က အနည်းငယ် အားနည်းဖျော့တော့စပြုလာ သည်။

“မိုးမခစခန်းကို ရောက်ခါနီး ပြီ” ဟု ကျွန်တော် ပျော်ရွှင်စွာ တွေးလိုက်သည်။

ကျွန်တော် ဒီဘတ်စ်ကားပေါ်မှ မြန်မြန်ဆင်းချင်လှပြီ။ ညီ ဖြစ်သူ သုတအောင်နှင့် ကျွန်တော် အပါအ၀င် နှစ် ဦးတည်း စီးနင်းလာရသည့် ဘတ်စ်ကားသည် အနည်းငယ်ကျော်ချမ်းရင်း စရာကောင်းသည်။

အစိမ်းရောင် ကန့်လန့်ကာများ က ကားရှေ့ခန်းမှ ယာဉ်မောင်း သူကို မမြင်ရအောင် ဖုံးကွယ် ထားကြသည်။ ကျွန်တော် နှင့် သုတအောင်တို့ ဒီကားပေါ် စတက်လာစဉ်တုန်းက သူ့ကို ကျွန်တော် ဖျတ်ခနဲတွေ့ လိုက်ရသေးသည်။

ထိုကားမောင်းသူမှာ နေလောင်ထားသော ကြေးနီရောင် အသားအရေ၊ ဆံပင်လိမ်ကောက် ကောက်များ နှင့် ငွေနားကွင်းတစ်ဖက်ကို ၀တ်ဆင်ထားပြီး ကျွန်တော် တို့ကို နှစ် လိုဖွယ်ပြုံးပြ၏ ။ သူက

“မင်္ဂလာပါ .. .လူကြီးမင်းတို့”

ဟု ကျွန်တော် တို့ ကားပေါ်စတတ်စဉ် နှုတ်ဆက်လိုက်သေးသည်။

သို့ရာတွင် ကားစထွက်ချိန်မှစပြီး သူ့ကို ကျွန်တော် တို့ အရိပ်အယောင်လေးမျှ မကြားရ၊ မမြင်ရတော့ချေ။ ကျောချမ်းစရာ ကောင်းလိုက်တာ။

ကံကောင်းထောက်မစွာ ဖြင့် ကျွန်တော် နှင့် သုတမှာ ခရီးစဉ်တစ်လျှောက်လုံး အဆင်ပြေလာ ကြသည်။ သုတ၏ အသက်မှာ (၁၆) နှစ် ရှိပြီ။ ကျွန်တော့် ထက် သူက တစ်နှစ် ခန့်ငယ်သည်။ အချို့က ကျွန်တော် တို့ကို အမွှာနှစ် ကောင်ဟု ခေါ်ကြသည်။ အမှန်စင်စစ် ကျွန်တော် နှင့် သုတမှာ အမွှာညီအစ် ကို မဟုတ်ပါ။

“ဘတ်စ်ကားစီးရတာ ခေါင်းတော် တော် မူးလာပြီ အတာ”

ဟု သုတက ညည်းတွားလိုက်ပြန်သည်။

ကျွန်တော့် အကြည့်ကို ကားပြတင်းပေါက်မှ လွှဲဖယ်လိုက်၏ ။ သုတ၏ မျက်နှာက ရုတ်ချည်းဆို သလိုပင် အ၀ါရောင် သမ်းလာသည်။ သူ့မေးဖျားလေးများ က တုန်ယင်နေ၏ ။ ကြည့်ရတာ အခြေအနေ သိပ်မဟန်ပါ။

“သုတ . . . မင်းစိတ်ထဲမှာ ဘတ်စ်ကားပေါ်ရောက်နေတယ်ဆိုတာကို မေ့ထားလိုက်ကွာ…. အဖေ့ရဲ့ ကားကို စီးနေရသလိုပဲ သဘောထားလိုက်”

ဟု ကျွန်တော် သူ့ကို နှစ် သိမ့်လိုက်သည်။ သုတက

“ဒါပေမယ့် ငါက အဖေ့ကားစီးလည်း ခေါင်းမူးတာပဲကွ”

ဟု ထပ်မံညည်းတွားလိုက်သည်။

“ဒါဆို ကားအကြောင်းကို မစဉ်းစားနဲ့ ကွာ”

ဟု ကျွန်တော် ပြန်ပြောလိုက်သည်။ ဆိုးလိုက်တာ . . .သုတက အဖေမောင်းတဲ့ကားကို စီးရင် လည်း ဒီလိုပဲ ဖြစ်နေကျ။

ယင်းမှ သူ၏ အကျင့်ဆိုးတစ်ခုပင် ဖြစ်သည်။ သုတ၏ မျက်နှာက လူမမာ တစ်ယောက် လို ၀ါထိန်လာသည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်စပြုနေပြီ၊ ပြီးရင် စိတ်ညစ်စရာတွေ ဖြစ်လာတော့မယ်။

“အားတင်းထားပါကွ … မင်းကလဲ … ငါတို့ ခဏနေရင် မိုးမခစခန်းကို ရောက်တော့မှာ ပဲ … အဲဒီ ကိုရောက်ရင် မင်း ပြန်ကောင်းမှာ ပါကွာ”

သုတမှာ မနည်းအားတင်းထားရပုံပေါ်သည်။

ထိုစဉ် ဘတ်စ်ကားက ချိုင့်နက်ထဲကျကာ ခုန်သွားသဖြင့် ကျွန်တော် ရော သုတပါ လေထဲမြောက်တက်သွားကြသည်။

“ငါ တကယ်ဖျားချင်လာပြီကွာ”

ဟု သုတ ထပ်ပြီး ညည်းတွားလိုက်၏ ။ ကျွန်တော် က

“ငါ သိတယ် . . . သီချင်းတစ်ပုဒ်လောက်ဆိုပါလားကွ၊ ဒါဆို နည်းနည်း သက်သာမယ်ထင် တယ် …. သီးချင်းဆိုနေကွာ .. အကျယ်ကြီးအော်လိုက်ကွာ .. .တခြားဘယ်သူမှမရှိတာ၊ ဒီကားပေါ်မှာ ငါတို့ နှစ် ယောက် ပဲရှိတယ်”

သုတမှ သီချင်းဆိုရသည်ကို လွန်စွာ နှစ် ခြိုက်သူ ဖြစ်သည်။ သူ့အသံကလည်း ကောင်းသည်။

ကျောင်းမှာ ဂီတသင်ပေးဆရာမ က သုတ၏ အသံနေအသံထား အရမ်းကောင်းဟု ပြောဖူး၏ ။ ဆရာ ဘာကိုဆိုလိုမှန်း သူ သေချာနားမလည်ပါ။ သို့ရာတွင် ဆရာပြောသည့်စကားမှာ သုတ၏ သီချင်းဆိုပုံကို ချီးကျူး ဖြစ်သည်ဆိုတာကိုတော့ သူ သဘောပေါက်မိသည်။

သုတသည် သူ၏ သီချင်းဆိုသော ကိစ္စကို လွန်စွာ အလေးအနက်ထား၏ ။ သူသည် ကျောင်းတွင် သီချင်းများ ကို သံပြိုင်ဆိုတတ်သည်။ ယခုနှစ် ဆောင်းဦးပေါက်ရောက်လျှင် သုတအတွက် အသံလေ့ကျင့်ပေးရန် ဆရာ တစ်ယောက် ငှားပေးရဦးမည် ဟု အဖေ ပြောဖူးသည်။

ဘတ်စ်ကား နောက်တစ်ကြိမ် ထပ်ခုန်သွားစဉ် ညီတော် မောင် သုတကို ကျွန်တော် ငေးစိုက်ကြည့်နေမိသည်။ သူ့မျက်နှာက ငှက်ပျော်သီးခွံတစ်ခုလို ၀ါထိန်နေ၏ ။ သိပ်ကောင်းသည့်အ ရိပ်လက္ခဏာတော့ မဟုတ်ပါ။

“လုပ်ပါ .. . .သီချင်းဆိုလေကွာ”

ဟု ကျွန်တော် က သုတကို တိုက်တွန်းလိုက်၏ ။

သုတ၏ မေးဖျားလေးက တုန်ယင်နေသည်။ သုတက သူ့လည်ချောင်းကို ရှင်းလိုက်၏ ။ ထို့ နောက် ကျွန်တော် ရောသူပါ အလွန်ကြိုက်သော စတီရီယိုသီချင်းတစ်ပုဒ်ကို စတင်သီဆိုလေသည်။

ဘတ်စ်ကား ခုန်လိုက်တိုင်း သုတ၏ သီချင်းသံလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်သွား၏ ။ သို့ရာတွင် သုတ၏ ပုံသဏ္ဍာန်မှာ ခုနကထက်တော့ အခြေအနေပိုကောင်းလာသည်။

“တော် တော် ကောင်းတဲ့အကြံပဲ” ဟု ကျွန်တော့် ကိုယ်ကျွန်တော် ပြန်ချီးမွမ်းလိုက်မိသည်။

ကျွန်တော် သည် နေရောင် ခြည်တန်းများ အကြား ထင်းရှူးပင်များ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားသည်ကို ငေးကြည့်ရင်း သုတ၏ သီချင်းသံကို နားထောင်နေမိသည်။ သုတ၏ သီချင်းသံက အံ့မခန်းပင် ကောင်းလှသည်။

ကျွန်တော် သူ့ကို မနာလို ဖြစ်မိသလားဟု မေးလျှင်တော့ နည်းနည်း တော့ သူ့ကို မနာလို ဖြစ် မိပါသည်ဟု ဖြေရလိမ့်မည် ။

သို့ရာတွင် သူ ကျွန်တော့် လို ကြက်တောင်ကောင်းကောင်း မကစားတတ်ပါ။ ကျွန်တော် နှင့် ရေပြိုင်ကူးတိုင်းလည်း သူ မနိုင်ပါ။ ဤကဲ့သို့ ကျွန်တော် က သာသည့်ကိစ္စများ လည်း ရှိသေးသဖြင့် သူ့ကို သိပ်ပြီး မနာလို ဖြစ်စရာမကောင်းလှပါ။

သုတက သီချင်းကိုရပ်လိုက်ပြီး ခေါင်းကို စိတ်ပျက်လက်ပျက် ခါယမ်းလိုက်သည်။ သူက သက်ပြင်းချရင်း

“ဂီတသင်တန်းတက်ဖို့ အဖေနဲ့ အမေက ပိုက်ဆံစိုက်ပြီး ကျောင်းအပ်ပေးရင် ကောင်းမယ်ကွာ”

ဟု ပြောလိုက်၏ ။ ကျွန်တော် က

“သုတရာ . . .နွေရာသီတောင်တစ်ဝက်ကျိုးနေပြီပဲ . . .ငါတို့ ဒီအကြောင်းပြောတာ ဘယ်နှခါ ရှိပြီလဲ . . . အဖေနဲ့ အမေကလည်း ပိုက်ဆံအကုန်အကျကို ချင့်ချိန်နေတာကြာပြီ၊ ဒီကိစ္စက တော် တော် နောက်ကျသွားပြီကွ”

သုတက မျက်မှော င်ကြုတ်ရင်း

“ငါသိတယ် . . .. ဒါပေမယ့် ငါ ဖြစ်ချင်တာက . .. ”

“မိုးမခစခန်းဟာ ဟောဒီနွေရာသီမှာ ငါတို့လာနိုင်တဲ့ တစ်ခုတည်းသော နေရာပဲကွ . . ဟေး .. ကြည့်စမ်း”

ကျွန်တော် ကပြောရင်း ကားပြတင်းပေါက်အပြင်ဘက်ရှိ သမင်နှစ် ကောင်ကို လက်ညှိုးညွှန်ပြ လိုက်၏ ။ ကျွန်တော် တို့ကားနှင့် ဖြတ်သန်းသွားစဉ် သမင်နှစ် ကောင်က ဘတ်စ်ကားကို ငေးကြည့်နေ ကြသည်။

“ဟာ . . .မိုက်တယ် . . .သမင်တွေ ဟ”

ဟု သုတက ရေရွတ်လိုက်၏ ။ သူ့မျက်လုံးလေးများ က ၀ိုင်းသွားကြသည်။

“ဟေး . . . . ပျော်ပျော်နေစမ်းပါ၊ မိုးမခစခန်းဟာ နွေရာသီမှာ အလည်အပတ်စခန်းချ အတွေ့ အကြုံရှာချင်တဲ့ လူငယ်တွေ အတွက် အကောင်းဆုံးပဲလို့ ငါ ပြောရဲတယ်”

ဟု ပြောရင်း ကျွန်တော် က သုတကို အားပေးလိုက် သည်။ ကျွန်တော့် ညီတော် မောင်မှာ စိတ်အတက်အကျမြန်လွန်းသည်။ တစ်ခါတစ်ရံ ကျွန်တော် သူ့ကို အားမလိုအားမရနှင့် စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်လိုက်ချင်မိသည်။

“ဒါမှမဟုတ် စိတ်ပျက်ငြီးငွေ့စရာနေရာကြီးလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့”

သုတက ဘတ်စ်ကားထိုင်ခုံရှိ အပေါက်ရှိ လက်ထဲမှ တွေ့ ကရာ အစအနများ ဖြင့် ဖိသိပ်ထိုး ထည့်ရင်း ပြန်ပြောလိုက်၏ ။ သူက သက်ပြင်းချရင်း

“ဂီတသင်တန်းကမှ တကယ်အဓိပ္ပာယ်ရှိတာကွ၊ နွေရာသီတိုင်း အဲသည်သင်တန်းမှာ ဂီတပညာရှင်နှစ် ယောက် ထားပေးတယ်၊ အဲဒါ ဘယ်လောက်မိုက်လဲ”

“သုတ . . .အဲဒီ အကြောင်း မေ့လိုက်တော့ကွာ၊ မိုးမခစခန်းမှာ ပျော်ပျော်နေကြရအောင်၊ ငါတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေ ကလည်း တစ်ပတ်၊ နှစ် ပတ်လောက်ပဲ ကျန်တော့တာကွ”

ရုတ်တရက် ဘတ်စ်ကားက ကျွီခနဲမြည် အောင် ဘရိတ်အုပ်ရင်း ရပ်လိုက်၏ ။

ဝုန်းကနဲ ကျွန်တော် ရှေ့သို့စိုက်ကျသွား၏ ။ ထို့နောက် နောက်ပြန်လန်သွားသည်။ အပြင်ဘက်မှာ မိုးမခစခန်းကို များ မြင်ရလေမလားဟု ကားပြတင်းပေါက်မှတဆင့် ကျွန်တော် လှမ်းကြည့်လိုက်သည်။ သို့ရာတွင် ကားအပြင်ဘက်မြင်ကွင်းတစ်ခုလုံး ထင်းရှူးပင်များ ကိုသာ ပိတ်ပိတ်ဖုံးအောင် မြင်နေရသည်။ ထင်းရှူးပင်များ က ပို၍ ပင် များ လာသေးသည်။

“မိုးမခအပန်းဖြေရိပ်သာစခန်းကို ရောက်ပါပြီ . .. အားလုံး ကားပေါ်ကဆင်းကြပါ”

ဟု ကားမောင်းသူက အော်ဟစ်ကြေငြာလိုက်၏ ။

“ဟင် … အားလုံး . ..တဲ့ . .. ရှိတာမှ ငါနဲ့ သုတ နှစ် ယောက် တည်းဟာကို”

ကားမောင်းသူ၏ ခေါင်းက အစိမ်းရောင် ကန့်လန့်ကာများ ကြားထဲမှ ပြူထွက်လာသည်။ သူက ကျွန်တော် တို့ကို ပြုံးတုံးတုံးကြီးလုပ်ကာ ကြည့်ရင်း . . .

“ကားစီးရတာ ဘယ်လိုနေလဲဆရာတို့”

ဟုမေးလိုက်၏ ။

“အတိုင်းထက်အလွန်ပါပဲ”

ကျွန်တော် က ထိုင်ခုံများ ကြားမှလျှောက်လာရင်း ပြန်ဖြေလိုက်သည်။ သုတ ကတော့ ဘာမှမပြောချ။

ကားမောင်းသူက အပြင်ဘက်သို့ထွက်လိုက်၏ ။ ကျွန်တော် တို့လည်း သူ့နောက်သို့ လိုက်သွားကြသည်။ စူးရှသော နေရောင် ခြည်က ကျွန်တော် တို့ဘေးပတ်ပတ်လည်မှ မြက်ပင်ရှည်ရှည် များ ကို တလက်လက် တောက်ပနေစေသည်။

ကားမောင်းသူက ကားဘေးဖုံးကိုမှီကာ ကျွန်တော် တို့၏ ခရီးဆောင်အိတ်များ နှင့် အိပ်ရာလိပ် များ ကို ဆွဲထုတ်လိုက်သည်။ သူက ပစ္စည်းအားလုံးကို မြက်ခင်းပေါ်သို့ စုပုံကာချနေ၏ ။

“အဲ . . . .စခန်းကဘယ်မှာ လဲ”

ကျွန်တော် က မျက်လုံးများ ကိုနေမထိုးအောင် လက်ဖြင့် အုပ်ထားရင်း ဘေးဘီဝဲယာကို လှည့်ပတ်အကဲခတ်လိုက်သည်။ ထင်းရှူးတောအုပ်ထဲသို့ ကွေ့ကောက်ကာဝင်သွားသော လမ်းကျဉ်း ကလေးကို မျက်စိတစ်ဆုံး တွေ့ နေရ၏ ။

“အဲဒီ လမ်းအတိုင်းသွားရမှာ ၊ အဲဒါ တကယ့် ဖြတ်လမ်းပဲ၊ အဲ . . .လမ်းတော့မမှားစေနဲ့ နော်”

ကားမောင်းသူက သစ်ပင်များ ကြားကိုဖြတ်သွားသော ဖုန်ထူထူလမ်းကလေးကို ညွှန်ပြရင်း ပြောလိုက်သည်။ ထို့နောက် သူက ပစ္စည်းထည့်ထည့် ကားဘေးဖုံးကို ပြန်ပိတ်လိုက်ပြီး ကားပေါ်တတ်ရင်း . . .

“မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ”

ဟု အော်ဟစ်နှုတ်ဆက်လိုက်လေသည်။ ထို့နောက် . . .

ကားတံခါးပိတ်သွားပြီး ကတ်စ်ကားမှာ ဝေါခနဲမောင်းထွက်သွားသည်။

သုတနှင့် ကျွန်တော် ကတော့ စူးရှတောက်ပသည့် နေရောင် ခြည်ကြားမှ လမ်းကျဉ်းလေးကို ငေး ကြည့်ရင်းကျန်ခဲ့သည်။

ကျွန်တော် က သိုးမွှေးကျောပိုးအိတ်ကို ပုခုံးထက်သို့ လွှားခနဲတင်ရင်း အိပ်ရာလိပ်ကို ကျန်ပုခုံး တစ်ဖက်ဖြင့် လွယ်လိုက်သည်။

“စခန်းကလူတွေ ကလည်းကွာ ငါတို့ကိုလာကြိုဖို့ လူ တစ်ယောက် လောက် ဒီကို မလွှတ်သင့် ဘူးလား”

ဟု သုတကမေးလိုက်၏ ။ ကျွန်တော် သူ့ကို ပုခုံးတွန့်ပြလိုက်ပြီး . ..

“မင်း . . .. ကားမောင်းတဲ့လူပြောတာ မကြားဘူးလား၊ ခဏလေးလျှောက်ရင်း ရောက်ပြီဆို တာလေကွာ”

“ဘာပဲ ဖြစ် ဖြစ်ကွာ . . .သူတို့အနေနဲ့ ငါတို့ကို လာကြိုဖို့ လူမလွှတ်ဖို့သင့်ဘူးလားလို့”

“ဒါ . . .. စခန်းဖွင့်တဲ့ ပထမဆုံးနေ့မဟုတ်ဘူးလေကွာ။ (စခန်းဖွင့်တာဖြင့် ) နွေရာသီတောင် တစ်ဝက်ကျိုးနေပြီ၊ သိပ်ပြီး ဂဂျီဂဂျောင်မလုပ်နဲ့ တော့ . . .သုတရာ၊ မင်းအထုပ်အပိုင်းတွေ ယူ၊ ပြီးရင် သွားကြမယ်၊ ဒီလောက်ပူတဲ့နေရာက အမြန်ခွာကြစို့”

ဟု ကျွန်တော် သူ့ကို သတိပေးလိုက် သည်။

တစ်ခါတစ်ရံတွင် ကျွန်တော် က သူ့ကို အစ်ကိုကြီး တစ်ယောက် လို ဟိုဟာလုပ်လိုက် ဒီဟာ လုပ်လိုက်ဟု သြဇာပေးရသည့်အခါများ လည်း ရှိသည်။ ဒီလိုမှမလုပ်ရင်လည်း မ ဖြစ်ဘူးမဟုတ်လား။

သုတက သူ့ပစ္စည်းများ ကို ကောက်ယူလိုက်၏ ။ ပြီးနောက် ကျွန်တော် က ဦးဆောင်၍ လမ်း ကလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ကျွန်တော် တို့ သစ်ပင်များ ကိုဖြတ်သန်း၍ ဖုန်ထူထူမြေနီ လမ်းလေးအတိုင်း လျှောက်လာကြစဉ် ကျွန်တော် တို့စီးလာသော ကင်းဘတ်ဖိနပ်သံများ ကိုသာ တကျွီကျွီနှင့် ဆူညံစွာ ကြားနေရသည်။

ကားမောင်းသူက ကျွန်တော် တို့ကို မညာပါ။ ကျွန်တော် တို့ နှစ် မိနစ် သုံးမိနစ်ခန့်သာ လျှောက်ရသေးသည်။ မြက်ပင်များ ဖုံးလွှမ်းနေသော မြေကွက်တစ်ခုကို မြင်လိုက်ရ၏ ။ ထိုမြေကွက် လပ်တွင် . . .

“မိုးမခ အပန်းဖြေရိပ်သာစခန်း”

ဟု ဆေးအနီရောင် ဖြင့် ရေး သားထားသော သစ်သားဆိုင်းဘုတ်တစ်ခုကိုပါ တွေ့ လိုက်ရသည်။ ထိုသစ်သားဆိုင်းဘုတ်၏ မြားအချွန်က ကျွန်တော် တို့၏ လက်ယာဘက်ကို ညွှန်ပြနေ၏ ။

“တွေ့ လား . . . .ငါတို့ရောက်ပြီကွ”

ကျွန်တော် ၀မ်းသာအားရဟစ်ကြွေးလိုက်သည်။

ကျွန်တော် တို့သည် တောင်ကုန်းစောင်းကလေး၏ လမ်းတိုလေးအတိုင်း ဆက်လျှောက်လာခဲ့ ကြသည်။ အညိုရောင် ယုန်လေးနှစ် ကောင်က ကျွန်တော် တို့ခြေထောက်များ အနားမှ ကပ်၍ လှစ်ကနဲ ဖြတ်ပြေးသွားကြ၏ ။ တောင်ကုန်းတစ်ဖက်၌ အနီရောင် အ၀ါရောင် တောပန်းများ က လေယူရာယိမ်းနွဲ့ နေကြသည်။

ကျွန်တော် တို့ တောင်ကုန်းထိပ်သို့ရောက်သော အခါ စခန်းကိုပင် လှမ်းမြင်နေရလေပြီ။

******

အခန်း(၂)

အခန်း (၂)

ကျွန်တော် တို့နှစ် ယောက် ခြေလှမ်းကို အရှိန်မြင့်ကာ ခပ်သွက်သွက်ကလေး လျှောက်လိုက် ကြသည်။ ဘာကြောင့် မှန်းမသိ အနည်းငယ် စိတ်လှုပ်ရှားသလိုလို ဖြစ်လာ၏ ။

ထိုစဉ် ဗြုန်းကနဲ ကျွန်တော် တို့၏ ခြေလှမ်းတွေ တုံ့ရပ်သွားကြသည်။

လူရိပ်နှစ် ရိပ်က ကျွန်တော် တို့၏ ရှေ့တည့်တည့်သို့ လာရောက်ပိတ်ဆို့ကာဆီးကာ ရပ်လိုက် ကြသော ကြောင့် ဖြစ်၏ ။ ကျွန်တော် တို့ မော့ကြည့်လိုက်ကြသည်။

အသက် (၅၀) ၀န်းကျင်ခန့်ရှိမည် ဖြစ်သော လူကြီးနှစ် ဦးကို တွေ့ လိုက်ရသည်။ တစ်ဦးက အနည်းငယ်ဝဖိုင့်ဖိုင့် ဖြစ်ပြီး ဆံပင်တစ်ချို့ပင် ဖြူနေပြီ ဖြစ်၏ ။ ကျန်တစ်ဦး ကတော့ အသားညိုညိုနှင့် မျက်နှာတွင် ကျောက်ပေါက်ရာအနည်းငယ်ရှိ၏ ။

ကျွန်တော် တို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်ကို ကြည့်ရင်း ဆံပင်ဖြူနှင့် လူကြီးက

“မင်းတို့နှစ် ယောက် က မိုးမခအပန်းဖြေစခန်းကို လာတာလား”

“ဟုတ် . . ဟုတ်ပါတယ်”

သုတ၏ အဖြေကြောင့် ထိုလူကြီးနှစ် ယောက် က အပြန်အလှန်ကြည့်လိုက်ကြပြီး . . .

“ဒါဆိုရင် မင်းတို့က သုတအောင်နဲ့ အတာပေါ့၊ ဟုတ်လား”

“ဟုတ်ပါတယ်၊ ကျွန်တော် က အတာပါ၊ သူ့နာမည် က သုတအောင်”

ဒီတစ်ခါတော့ ကျွန်တော် က ၀င်ဖြေလိုက်ခြင်း ဖြစ်၏ ။ ကျွန်တော့် အဖြေကြောင့် ဆံပင်ဖြူနှင့် လူကြီးက ခေါင်းတညိတ်ညိတ်လုပ်ရင်း …

“အင်း . .. ငါတို့ဆီမှာ စခန်းဝင်ဖို့ စာရင်းပေးပြီး နောက်ဆုံးကျန်နေတာ မင်းတို့နှစ် ယောက် ၊ ကဲ . .. ကဲ . ..လာ၊ မင်းတို့ နေရမယ့်နေရာကို လိုက်ပြမယ်၊သြော် . ..ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်၊ ငါ့နာမည် က ဒေ၀တဲ့၊ ဟောဒီမိုးမခစခန်းရဲ့ အုပ်ချုပ်သူပဲ ဆိုပါတော့၊ ဟောဒါက ဦးလှမြင့်လို့ခေါ်တယ်၊ သူ ကတော့ စခန်းမန်နေဂျာကွ၊ ဒီမှာ တော့ ပျော်ပွဲစားထွက်တာကအစ အားကစားပြိုင်ပွဲတွေ အဆုံး သူပဲ အစီအစဉ်ဆွဲတာပေါ့ကွ”

ဘာကြောင့် မှန်းမသိ။ ကျွန်တော့် စိတ်ထဲတွင် ထိုလူကြီး နှစ် ယောက် လုံးကို ဘ၀င်မကျသလိုခံစားနေရသည်။

ဦးလှမြင့်ဆိုသော အသားညိုညိုနှင့် လူကြီးက

“မင်းတို့လာတာ နောက်ကျလိုက်တာ၊ နွေရာသီကျောင်းပိတ်ရက်စစချင်း အရောက်လာပါလို့ ငါတို့ ကြေငြာထဲမှာ သေသေချာချာရေး ထားရဲ့ သားနဲ့ ”

သူ့လေသံက ကျွန်တော် တို့ကို အပြစ်တင်သလိုလို ဖြစ်နေ၏ ။ တကယ်ဆိုလျှင် ကျွန်တော် တို့က သူတို့၏ လုပ်ငန်းအတွက် ပိုက်ဆံပေးသော စခန်းဝင်သူ ဖြစ်၏ ။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့က ဈေးသည်၊ ကျွန်တော် တို့က ဈေးဝယ် ဖြစ်သည်။

ဘာမှ မာရေကြောရေ ဆက်ဆံစရာအကြောင်းမရှိပါ။

ထို့ကြောင့် သုတက . ..

“တကယ်ဆို ကျွန်တော် က နွေရာသီကျောင်းပိတ်ရက်မှာ ဒီလိုစခန်းချသင်တန်းတွေ ၊ အပန်းဖြေရိပ်သာတွေ ဆီ လာချင်တာမဟုတ်ဘူးဗျ၊ သီချင်းဆိုသင်တန်းတတ်ချင်တာ၊ အိမ်ကမိဘတွေ က သဘောမတူဘဲ ဒီမှာ အတင်းစာရင်းသွင်းလို့သာ လာရတာ ”

ဦးလှမြင့်ကမူ . . .

“အဲဒါ . .. မင်းတို့ စိတ်ကူးလဲတာပေါ့၊ အခုလို့ နွေရာသီကျောင်းပိတ်ရက်မျိုးမှာ ငါတို့ မိုးမခ စခန်းလို အပန်းဖြေရိပ်သာတွေ ကို ၀င်တာဟာ အကောင်းဆုံးပဲ။ ငါတို့လို စခန်းချရိပ်သာတွေ မှာ တစ်လခွဲလောက် ရက်ရှည်လများ နေလိုက်ခြင်းအားဖြင့် မင်းတို့မှ မိတ်ဆွေသစ်တွေ တိုးပွားလာမယ်၊ အတွေ့ အကြုံအသစ်တွေ ရလာမယ်ကွ”

ကျွန်တော် တို့က ဘာမှပြန်မပြော။ ဦးလှမြင့်ကပင် ဆက်၍ . . . .

“ငါတို့စခန်းမှာ ဆိုရင် တောထဲကို ခရီးရှည်လမ်းလျှောက်ထွက်ရတဲ့ ပျော်ပွဲစားတွေ လုပ်ပေး တယ်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ။ ရေကူးပြိုင်ပွဲ၊ ဘောလုံးပွဲ၊ သီချင်းဆိုပြိုင်ပွဲ . . . .အို အစုံပါပဲကွာ။ ဒါ ကြောင့် နှစ် တိုင်း ဒီလိုစခန်းချရိပ်သာဝင်ပြီးတဲ့ ကလေးတွေ ဟာ ပျော်လည်းပျော်၊ ဗဟုသုတလည်းရ၊ အားကစားလည်း ကျွမ်းကျင်ပြီး မိတ်ဆွေတွေ လည်းတိုးလာတာပေါ့”

သူ့စခန်းကိုသူ အသားလွတ်ချီမွမ်းခန်းဖွင့်ပြီး ကြော်ငြာနေသော ကြောင့် ကျွန်တော် နားကြား ပြင်းကပ်လာသည်။ ထို့ကြောင့် ကျွန်တော် က

“ဟုတ်ပါပြီ. . . ဟုတ်ပါပြီ၊ ကဲ . . . သွားလိုက်ကြရအောင်”

“နေဦး”

ဟု ဦးဒေ၀က စပ်ဖြီးဖြီးနှင့် ပြောလိုက်၏ ။ ဘယ်လိုအပြုံးကြီးပါလိမ့်။

“မင်းတို့ရဲ့ အခန်းဆီကို ငါ မင်းတို့ကိုလိုက်မပို့ခင် မိုးမခစခန်းရဲ့ နှုတ်ဆက်ပုံနှုတ်ဆက်နည်း ကို သင်ပေးရဦးမယ်၊ ငါနဲ့ ကိုလှမြင့်နဲ့ ပေါင်းပြီး သင်ပေးမယ်”

ဟု ဦးဒေ၀ကပြောလိုက်သည်။ ထို့နောက် သူတို့နှစ် ယောက် မျက်နှာချင်းဆိုင်ရပ်လိုက်ကြ၏ ။ ဦးဒေ၀က ၀မ်းခေါင်းသံကြီးနှင့် နွားတစ်ကောင်လို အော်လိုက်သည်။

“မင်္ဂလာပါ . .. ၀ိညာဉ်များ ”

“မင်္ဂလာပါ . . . .၀ိညာဉ်များ ”

ဟု ဦးလှမြင့်ကလည်း ၀မ်းခေါင်းသံကြီးနှင့် ပြန်အော်သည်။

ထို့နောက် သူတို့နှစ် ယောက် က အချင်းချင်း ဘယ်လက်ဖြင့် အလေးပြုကြ၏ ။ ပထမပုခုံးကို လက်ဖြင့် ကိုင်ထားပြီးနောက် လေထဲသို့ လက်ကိုဖြောင့်တန်းစွာ လွှဲ၍ အလေးပြုခြင်း ဖြစ်သည်။

“ဒါ . . .မိုးမခစခန်းကို ရောက်တဲ့သူအချင်းချင်း နှုတ်ဆက်တဲ့နည်းပဲ။ ဒီလို တောထဲတောင်ထဲ မှာ ရှိနေတတ်တဲ့ ပရလောကသားတွေ ကို အရိုအသေပေးလိုက် တာပေါ့ကွာ”

ဦးဒေ၀ကပြောရင်း ကျွန်တော် နှင့် သုတကို မျက်နှာချင်းဆိုင် ဖြစ်သွားအောင် တွန်းထုတ်လိုက်၏ ။

“မင်းတို့နှစ် ယောက် လုပ်ကြည့်ကြ”

ကျွန်တော့် အတွက် ထိုနှုတ်ဆက်နည်းမှာ အနည်းငယ် ရှက်စရာကောင်းနေသလိုပင်။ ဒီလို ရယ်စရာနှုတ်ဆက်နည်းနှင့် အရိုအသေပေးနည်းမျိုးကို ကျွန်တော် မနှစ်သက် မိပါ။ ဤသို့လုပ်ရသည့် အတွက် ကိုယ့်ကိုယ်ကို အရူး တစ်ယောက် လို ခံစားရသည်။

သို့ရာတွင် ကျွန်တော် က ခုမှ မိုးမခစခန်းကို စရောက်ခါစ ရှိသေးသည်။ သို့အတွက် ဦးဒေ၀က ကျွန်တော် တို့ ကဖျက်ယဖျက်ကောင်လေးဟု ထင်သွားမည် ကိုမလိုလားပါ။ သို့ဖြင့် ကျွန် တော် က သုတနှင့် မျက်နှာချင်းဆိုင်ပြီးရပ်လိုက်သည်။ ထို့နောက် . ..

“မင်္ဂလာပါ . . .၀ိညာဉ်များ ”

“မဂ်လာပါ . . .၀ိညာဉ်များ ”

ဟု သုတကပြန်အော်သည်။ သူ့ကြည့်ရသည်မှာ ကျွန်တော့် ထက် ပို၍ စိတ်ပါလက်ပါရှိသည်။ သူက ဒီလိုရူးကြောင်ကြောင်ကိစ္စမျိုးကို ပိုသဘောကျတတ်သော ငတိပင်။ သုတက ကျွန်တော့် ကို ခပ် သွက်သွက် အရိုအသေပြန်ပေး၏ ။

ဦးဒေ၀က ခေါင်းကို နောက်သို့လှန်ပြီး ၀မ်းခေါင်းသံကြီးနှင့် အားပါးတရရယ်လိုက်၏ ။

“ကောင်လေးတွေ . .. တော် တယ်၊ နောက်ထပ် မိုးမခစခန်းရောက်နေတဲ့သူတွေ နဲ့ တွေ့ ရင် လည်း မင်းတို့ ဒီလိုပဲနှုတ်ဆက်နိုင်မယ်ထင်တယ်”

သူက ပြောရင်း ဦးလှမြင့်ကို မျက်စိမှိတ်ပြလိုက်၏ ။

“သေချာတာပေါ့၊ ဒီည စခန်းမီးပုံပွဲမှာ သူတို့ စာမေးပွဲအစစ်ခံရမှာ ပဲ”

ဦးဒေ၀က ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည်။ ကျွန်တော် က ..

“ဒီညမီးပုံပွဲ . .. စာမေးပွဲ .. .. ဘာတွေ လဲဟင်”

ဦးဒေ၀က ကျွန်တော့် ပုခုံးကို ပုတ်လိုက်ပြီး …

“သိပ်လည်း စိတ်ပူမနေပါနဲ့ . .. အတာရာ”

ဘာပဲ ဖြစ် ဖြစ် သူ အဲသလိုပြောလေလေ ကျွန်တော် ပိုပြီး စိတ်ပူရလေလေပင် ဖြစ်လေတော့ ၏ ။

“ရောက်လာတဲ့ ဧည့်သည်အသစ်တွေ အားလုံးကို ကြိုဆိုတဲ့ မီးပုံပွဲကို ဒီညကျင်းပမယ်လေ၊ ဒါဟာ မိုးမခစခန်းရဲ့ ထုံးစံတွေ ကို လေ့လာနိုင်ဖို့အတွက် အခွင့်အရေး ပဲပေါ့”

ဦးလှမြင့်က ရှင်းပြသည်။

“သူတို့ကို ဒီ့ထက်ပိုပြီးရှင်းမပြနဲ့ တော့၊ ငါတို့က သူတို့ကို အံ့သြသွားအောင်လုပ်ရမှာ ပဲ ဟုတ်တယ်မဟုတ်လား၊”

ဦးဒေ၀က ဦးလှမြင့်ကို ခပ်ဆတ်ဆတ်ပြောလိုက်၏ ။

“အံ့သြသွားအောင် .. . . ဟုတ်လား”

ဟု ကျွန်တော် စိတ်လှုပ်ရှားစွာ မေးလိုက်မိသည်။

ဆိုးရွားသည့်ခံစားမှု တစ်မျိုးကို ကျွန်တော် ဘာ ဖြစ်လို့ ကောက်ခါငင်ခါ ခံစားလာရမှန်းမသိပါ။ ဘာ ဖြစ်လို့ ကျွန်တော့် လည်ချောင်းဝတစ်ခုလုံး တစ်ဆို့တင်းကျပ်လာသလို ခံစားရမှန်းလည်း နားမလည်ပါ။ ဘာ ဖြစ်လို့ ကျွန်တော့် ရင်ထဲတွင် တလှပ်လှပ် ခံစား ရင်ခုန်နေမိမှန်းလည်း မသိပါ။

“ဧည့်သည်တွေ ကို ကြိုဆိုတဲ့မီးပုံပွဲမှာ ကျွန်တော် တို့ သီချင်းရောဆိုရမှာ လားဟင်”

ဟု သုတက ၀င်မေးလိုက်သည်။ သူကပင် . . .

“ကျွန်တော် သီချင်းအရမ်းဆိုချင်နေတယ်ဗျာ၊ ကျွန်တော် အိမ်ပြန်ပြီး အသံလေ့ကျင့်ခန်းတွေ ပြန်ယူ . . .”

“မပူပါနဲ့ . . .. မင်း သီချင်းဆိုရမှာ ပါ၊ အများ ကြီးကို ဆိုရဦးမှာ ”

ဟု ဦးဒေ၀က အသံသေးအသံကြောင်ဖြင့် သုတ၏ စကားကိုဖြတ်ကာ ၀င်ပြောလိုက်၏ ။

ဦးဒေ၀၏ မျက်လုံးအိမ် ကျဉ်းကျဉ်းလေးထဲမှာ အေးစက်စက်အကြည့်တစ်စုံကို ကျွန်တော် သတိပြုမိလိုက်သည်။ သူ့အကြည့်က ပြာလဲ့လဲ့နေခဲတုံးများ နှယ် အေးစက်နေကြသည်။ ကြည့်ရင်း ကျောပြင်တစ်ခုလုံး ကြက်သီးဖြန်းဖြန်းထသွားသည်။

သူ ငါတို့ကိုခြောက်လှန့်ဖို့ ကြိုးစားနေတာ ဖြစ်မယ်ဟု ကျွန်တော် တွေးလိုက်မိသည်။ ဒါတွေ အားလုံး ဟာသတစ်ခုပါပဲ၊ သူ ကျွန်တော် တို့နဲ့ ပျော်ချင်လို့ (စတာ) ဖြစ်မှာ ။ စခန်းသို့ရောက်လာ သော လူသစ်များ ကို သည်လိုပဲခြောက်လှန့်လေ့ရှိသည်။ ဒါဟာ နွေရာသီ အပန်းဖြေစခန်းချ သင်တန်းများ ရဲ့ ထုံးတမ်းအစဉ်လာတစ်ခုပါပဲ။

“မင်းတို့ ဒီညမီးပုံပွဲမှာ ပျော်ရွှင်နိုင်မယ်ထင်ပါတယ်၊ ဟဲ . . . ဟဲ . .. အသက်ဆက်ရှင်နေဦး မယ်ဆိုရင်ပေါ့”

ဟု ဦးဒေ၀က အော်ပြောလိုက်၏ ။

ထို့နောက် သူနှင့် ဦးလှမြင့်တို့နှစ် ယောက် သား ၀ါးလုံးကွဲရယ်ကြသည်။

“နောက်မှတွေ့ မယ်”

ဟု ဦးလှမြင့်ကပြောပြီး ကျွန်တော် နှင့် သုတကို နှုတ်ဆက်ကာ တောအုပ်ထဲသို့ တိုးဝင်ပျောက် ကွယ်သွားတော့သည်။

******

အခန်း (၃)

“ဒါ မင်းတို့အိပ်ဖို့နေရာပဲ”

ဦးဒေ၀က ပြောပြောဆိုဆိုနှင့် အဖြူရောင် အခန်းလေး၏ လေကာမှန်တံခါးကို ဆွဲဖွင့်ပြလိုက် သည်။ နံရံသုံးဖက်ကိုကပ်လျက်စီ ထားသည့် နှစ် ထပ်ကုတင်များ ကို ကျွန်တော် တွေ့ လိုက်ရသည်။ ခပ် ကျဉ်းကျဉ်း သစ်သားအံဆွဲများ လည်းရှိသည်။ ပစ္စည်းများ ထားရန် နေရာလေး လုပ်ပေးထားခြင်း ဖြစ် သည်။

နံရံများ ကို ဆေးအဖြူရောင် သုတ်ထား၏ ။ လင်းဖြာနေသော မီးလုံးက မျက်နှာကြက်မှ တွဲ လောင်းကျနေသည်။ နေ့လည်ခင်းနေ၏ လိမ္မော်ရောင် အလင်းတန်းများ က အခန်း၏ ပြတင်းပေါက် လေးမှ တဆင့်ကုတင်တစ်ခုပေါ်သို့ ဖြာကျလျက်ရှိသည်။

မဆိုးပါဘူးဟု ကျွန်တော် တွေးလိုက်မိသည်။

“ဟိုနှစ် ထပ်ကုတင်မှာ တော့ လူမရှိသေးဘူး၊ လွတ်နေတယ်၊ ဘယ်သူက ကုတင်အပေါ်မှာ အိပ်ပြီး ဘယ်သူက အောက်ထပ်မှာ အိပ်မလဲဆိုတာကိုတော့ မင်းတို့ဘာသာပဲ ဆုံးဖြတ်ကြာတော့ ကွာ”

ဦးဒေ၀က ပြတင်းပေါက်ဘေးမှ နှစ် ထပ်ကုတင်ကို လက်ညှိုးညွန်ပြရင်း ကျွန်တော် တို့ကို ပြော လိုက်၏ ။

“ကျွန်တော် ကတော့ ကုတင်အောက်ထပ်မှာ အိပ်မှပဲ ဖြစ်မယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် က ညရေး ညတာကိစ္စနဲ့ အိပ်ရာကထလိုက်ပြန်အိပ်လိုက် ခဏခဏလုပ်တတ်လို့”

ဟု သုတက မဆိုင်းမတွဝင်ပြော၏ ။ ကျွန်တော် က ဦးဒေ၀ကို . . .

“ပြီးတော့ . . .သူက အိပ်နေရင်းသီချင်းဆိုနေသေးတယ်၊ ယုံမလားတော့ မသိဘူး၊ ဒီကောင်က သီချင်းဆိုရတာ ကို အရူးအမူးပဲ၊ အိပ်နေရင်တောင် သီချင်းဆိုတာမရပ်ဘူး”

“ပွဲမှာ မင်းဝင်ဆိုသင့်တယ်”

ဟု ဦးဒေ၀က သုတကိုပြောလိုက်၏ ။ ထို့နောက် သူပြောပြီးသားစကားကိုပင် အသံနှိမ့်ပြီး ထပ် ပြောလိုက်သေးသည်။

“ဒီည မင်းအသက် ဆက်ရှင်နေဦးမယ်ဆိုရင်ပေါ့”

ပြီးနောက် သူ့စကားကို သူ့ဘာသာ သဘောကျပြီးရယ်နေ၏ ။

သူ ဘာလို့ ဒီစကားကိုပဲ ထပ်တလဲလဲပြောနေတာလဲ၊ သူ နောက်နေတာ ဖြစ်မှာ ပါဟု ကျွန်တော် က နှစ် သိမ့်လိုက်သည်။ ဦးဒေ၀က ငါတို့ကို စနေတာ ဖြစ်မှာ ပါ။

ဦးဒေ၀က . . .

“ယောက်ျားလေးတွေ အခန်းက ဘယ်ဘက်မှာ ၊ မိန်းကလေးတွေ အခန်း ကတော့ ညာဘက်မှာ ပေါ့၊ ငါတို့အားလုံး ခန်းမကြီးနဲ့ သစ်လုံးအိမ်ကို အသုံးပြုကြတယ်၊ ဒါ သစ်တောအုပ်နားက ကျောက်တုံးတွေ နဲ့ ဆောက်ထားတဲ့ အဆောက်အအုံကြီးပဲပေါ့”

“အခု . . . ကျွန်တော် တို့အိတ်ထဲက အသုံးအဆောင်တွေ ဟုတ်လို့ရပြီလား”

ဟု သုတက သူ့ကိုမေးလိုက်၏ ။

ဦးဒေ၀က ဆီလိမ်းထားသော သူ၏ ဆံပင်ဖြူဖြူများ ကို နောက်သို့ ၀ဲသွားအောင် ခေါင်းကို ဆတ်ခနဲခါလိုက်ရင်း . ..

“ရပြီ . . .လွတ်တဲ့နေရာတွေ မှာ ပစ္စည်းတွေ ကြိုက်သလို ထားလို့ရတယ်၊ မြန်မြန်လုပ်ကြရင် ပိုကောင်းမယ်၊ ကျန်တဲ့လူတွေ လဲ မကြာခင် မီးပုံပွဲကိုရောက်လြာ ကတော့မှာ ၊ ငါတို့ရဲ့ မီးပုံပွဲကျင်းပဖို့ အချိန်ကနီးလာပြီ”

ဦးဒေ၀က ပြောပြောဆိုဆိုနှင့်

“မင်္ဂလာပါ . . . .၀ိညာဉ်များ ”

ဟု အော်ကာ ကျွန်တော် တို့ကို အရိုအသေပေးလိုက် ၏ ။ ထို့နောက် ချာကနဲလှည့်ထွက်ကာ ဆင်တစ်ကောင်လိုခြေလှမ်းများ ဖြင့် ကျောခိုင်းထွက်ခွာသွားလေသည်။ တံခါးကိုလည်း ၀ုန်းကနဲမြည် အောင် ဆောင့်ပိတ်သွားသေးသည်။

“လူရွှတ်လူနောက်ကြီးပဲ”

ဟု ကျွန်တော် က မကြားတကြားရေရွတ်လိုက်၏ ။

“သူ့ကြည့်ရတာ ကျောချမ်းစရာကောင်းတယ်”

ဟု သုတက ၀န်ခံလိုက်သည်။

“သူနောက်နေတာပါကွ၊ နွေရာသီအပန်းဖြေစခန်းအားလုံးဟာ ရောက်လာတဲ့လူသစ်တွေ ကို ဒီလိုပဲ စနောက်ခြောက်လှန့်နေကြတယ်နဲ့ တူတယ်”

ဟု ကျွန်တော် က အ၀တ်အစားအိတ်ကို ကုတင်ဆီသို့ ဆွဲယူရင်း သုတကို ပြန်ပြောလိုက်သည်။

“ဒါတွေ အားလုံး ပျော်စရာဟာသတွေ ချည်းပဲ သုတ၊ အဲဒီ အတွက် မင်း ဘာမှကြောက်နေစရာ မလိုဘူး၊ ဘာဆိုဘာမှ ခေါင်းထဲမှာ ထည့်မစဉ်းစားနဲ့ ”

ဟုပြောရင်း ကျွန်တော် က အိပ်ရာလိပ်ကို အခန်းထောင့်သို့ လှမ်းပစ်လိုက်၏ ။ ထို့နောက် အ၀တ်အစားထည့်သည့် ဘီရိုရှိရာသို့သွားကာ အံဆွဲလွတ်တစ်ခုလေးများ တွေ့ မလားဟု ရှာကြည့်မိ သည်။

“အား”

ကျွန်တော့် ဖိနပ်များ ဖြင့် တစ်စုံတစ်ရာကို တက်နင်းမိသည့်အတွက် လန့်ပြီးအော်လိုက်မိသည်။

ကျွန်တော် အောက်သို့ မ၀ံ့မရဲငုံ့ကြည့်လိုက်၏ ။

ပြာလဲ့လဲ့ရေအိုင်ကွက်လေးတစ်ခု . . .။

ကျွန်တော် ၏ ဖိနပ်များ က ထိုစေးကပ်ကပ် ပြာလဲ့လဲ့ရေကွက်လေးကို တက်နင်းမိခြင်းပင် . . ။

“ဟာ . . . ဘာလဲဟ”

ကျွန်တော် အားကုန်သုံး၍ ခြေထောက်ကို နောက်သို့ ဆောင့်ရုန်းထွက်လိုက်သည်။ သည်ပြာလဲ့လဲ့ရေကွက်ကလည်း စေးပျစ်ပျစ်နှင့် ။ ထိုအရည်များ က ကျွန်တော့် ဖိနပ်အောက်ခံပြားနှင့် ဘေးပတ်ပတ်လည်ကို အမိအရကုပ်တွယ်ထားသည့်နှယ် . . .။

ကျွန်တော် အခန်းပတ်ပတ်လည်ကို မျက်လုံးကစားလိုက်၏ ။ ထိုအပြာရောင် ရေကွက်များ ပို၍ ပို၍ များ လာသည်ကို တုန်လှုပ်ဖွယ်ရာတွေ့ လိုက်ရသည်။ စေးကပ်ကပ် ပြာလဲ့လဲ့ရေကွက်များ က ကုတင်တိုင်းလိုလိုပေါ်၌ နေရာယူထားနှင့် ကြလေပြီ . . .။

“ဘာတွေ ဖြစ်ကုန်ပြီလဲ။ အဲဒါတွေ က ဘာတွေ လဲ”

ဟု ကျွန်တော် အသံကုန်ခြစ်ပြီး အော်လိုက်မိတော့သည်။

******

အခန်း (၄)

သုတ ကတော့ ကုတင်အောက်၌ ထိုင်ကာ ကျောပိုးအိတ်ကိုဖွင့်ပြီး ပစ္စည်းများ ကို စီရီခင်းကျင်း လျက်ရှိသည်။ သူက ကျွန်တော့် ဘက်သို့ စောင်းငဲ့၍ ပင်မကြည့်ဘဲ . . .

“ဘာတွေ ဖြစ်နေတာလဲ အထာ”

“ဒီမှာ ကပ်စေးကပ်စားနဲ့ အပြာရောင် တွေ ကွ၊ ဟေ့ကောင် ကြည့်ဦးကွ၊ အဲဒီ ရေကွက်တွေ က နေရာအနှံ့ပဲ၊ ကြမ်းပြင်ပေါ်မှာ ”

ဟု ကျွန်တော် ပြန်ဖြေလိုက်သည်။

“ဒါများ ကွာ၊ အလန့်တကြားနဲ့ ”

ဟု သုတက ခပ်တိုးတိုးရွတ်ရင်း ကိုယ်ကိုလှည့်ကာ ကျွန်တော့် ဖိနပ်တွင် ကပ်နေသော အပြာရောင် စေးကပ်ကပ်အရာများ ကို စောင်းငဲ့ကြည့်လိုက်၏ ။ သူက ပြက်လုံးပင်ထုတ်လိုက်သေး သည်။

“ဒါလည်း . . .စခန်းရဲ့ ထုံးစံတစ်ခုပဲ ဖြစ်မှာ ပေါ့ကွ”

ကျွန်တော် ကတော့ သည်ကိစ္စကို ရယ်စရာဟုသဘောမထားနိုင်ပါ။

“မင်းဘိုးအေ . . .”

ဟုအော်ရင်း ထိုင်ချလိုက်ပြီး ထိုရေကွက်သေးသေးဝိုင်းဝိုင်းလေးကို လက်ညှိုးဖြင့် ထိုးကြည့် လိုက်မိသည်။

အားပါး အေးစိမ့်နေတာပဲ . . . ။

ထိုအပြာရောင် ရေကွက်များ က ကျောရိုးများ စိမ့်သွားအောင် အေးစက်နေသည်။

တုန်လှုပ်အံ့သြစွာ ဖြင့် ကျွန်တော့် လက်များ ကို ပြန်ဆွဲယူလိုက်မိသည်။ အအေးဓာတ်က လက်မောင်းတစ်လျှောက် စိမ့်တတ်လာသည်။ ကျွန်တော် လည်း လက်ကို အားဖြင့် လွှဲခါနေမိသည်။ ထို့နောက် အေးစက်နေသည့်လက်ကို ကျန်လက်တစ်ဖက်ဖြင့် နွေးလာအောင်ပွတ်နေမိသည်။

“အံ့သြစရာပဲ”

ဟု ကျွန်တော် တီးတိုးရေရွတ်လိုက်မိ၏ ။

တကယ်ပါပဲ၊ အရာရာတိုင်းဟာ ထူးဆန်းအံ့သြဖွယ်ကောင်းနေသည်။

“မီးပုံပွဲ ကျင်းပချိန်ရောက်ပြီ”

ဦးဒေ၀၏ အသံဝါကြီးကလည်း အခန်းတံခါးကိုပင် ဖြတ်သန်းစီးမျောလာ၏ ။

ကျွန်တော် ရော သုတပါ တံခါးရှိရာသို့ ချာကနဲ မျက်နှာမူလိုက်မိကြသည်။ နေလုံးကြီး တဖြည်းဖြည်းနိမ့်ဆင်းသွားသည်မှာ လည်း အံ့အားသင်စရာကောင်းလှသည်။ တံခါးအပြင်ဘက်၏ ညနေခင်းကောင်းကင်သည် မီးခိုးရောင် ယှက်သန်းမှု န်မှိုင်းလာလေသည်။

“အားလုံး စောင့်နေကြပြီကွ”

ဟု ဦးဒေ၀က အသိပေးလိုက် ၏ ။ ခပ်မြူးမြူး အပြုံးတစ်ခုက သူ့မျက်နှာတစ်ခုလုံးကို ဖြန့်ကြက်ထားသည်။ သူ၏ မျက်လုံးသေးသေးလေးနှစ် လုံးပင် ထိုအပြုံးအောက်၌ ပိတ်ဖုံးတိမ်မြုပ်လု နီးပါး။

“ငါတို့အားလုံး မီးပုံပွဲကို အရမ်းသဘောကျကြတယ်”

ကျွန်တော် နှင့် သုတတို့ သူ့နောက်မှလိုက်ကာ အပြင်သို့ထွက်လာကြသည်။ ကျွန်တော် အသက်ကိုခပ်ပြင်းပြင်းရှိုက်သွင်းလိုက်မိ၏ ။ လေထဲတွင် လတ်ဆတ်မှု နှင့် အတူ ထင်းရှူးနံ့များ ရောယှက်စီးမျောနေသည်။

“ဟား . . .မိုက်တယ်ကွ”

သုတက မချုပ်တည်းနိုင်ပဲ ထအော်လိုက်၏ ။

မီးပုံပွဲတွင် ကား မီးပင်ဖိုထားနှင့် လေပြီ။ လိမ္မော်ရောင် နှင့် အ၀ါရောင် မီးလျှံများ က မီးခိုးရောင် ကောင်းကင်ကိုပင် ခုန်ဟပ်တော့မယောင်။

ကျွန်တော် တို့လည်း မီးဖိုထားသည့် မြေကွက်လပ်ဝိုင်းဝိုင်းလေးရှိရာသို့ ဦးဒေ၀၏ နောက်မှ လိုက်လာခဲ့ကြသည်။ ထို့နောက် စခန်းရှိ အခြားဧည့်သည်များ နှင့် စခန်းတာဝန်ရှိလူကြီးများ ကို ပထမဆုံးအကြိမ် မြင်တွေ့ လိုက်ရလေသည်။

သူတို့က မီးပုံဝိုင်းပတ်၍ ထိုင်နေကြပြီး ကျွန်တော် တို့ကို မျက်နှာမူထားကြသည်။ သူတို့အား လုံး ကျွန်တော် တို့ကို အကဲခတ်နေကြ၏ ။

“သူတို့အားလုံး ဆင်တူဝတ်ထားကြတာပဲ”

ဟု ကျွန်တော် လွှတ်ခနဲပြောလိုက်မိသည်။ ဦးဒေ၀က

“ဟုတ်တယ် . .ဒါ မိုးမခစခန်းရဲ့ တူညီဝတ်စုံပဲ၊ ဒီည မီးပုံပွဲပြီးတာနဲ့ မင်းနဲ့ သုတအောင်အ တွက် ၀တ်စုံတွေ ကို ငါ ပေးမယ်”

ထိုလူစက်ဝိုင်းကြီးနားသို့ ကျွန်တော် နှင့် သုတအောင် ရောက်သွားသည့်အခါ ဧည့်သည်များ နှင့် တာဝန်ရှိသူများ က ၀ုန်းခနဲ ပြိုင်တူထရပ်လိုက်ကြ၏ ။ သူတို့၏ . . . .

“မင်္ဂလာပါ . .. ၀ိညာဉ်များ ”

ဟု သံပြိုင်အော်သံကြီိးက သစ်ပင်များ ကိုပင် လှုပ်ယိမ်းတုန်ခါသွားစေသည်။ ထို့နောက် ဘယ်လက်ပေါင်းအချောင်းတစ်ရာခန့်က ကျွန်တော် တို့အား အရိုအသေ၀ိုင်းပြုကာ နှုတ်ဆက်ကြလေ သည်။

သုတနှင့် ကျွန်တော် လည်း သူတို့ကို အရိုအသေပြန်ပေးလိုက် ကြသည်။

မိုးမခစခန်း တာဝန်ရှိလူကြီး ဦးလှမြင့်က ကျွန်တော် တို့ဘေးတွင် ဘွားကနဲပေါ်လာသည်။ သူက . ..

“ကြိုဆိုပါတယ် . . .ကလေးတို့၊ ငါတို့မီးပုံပွဲမကျင်းပခင် အသားညှပ်ပေါင်မုန့်တွေ မီးကင်စား ကြရအောင်၊ ဒီတော့ မင်းတို့လည်း အသားညှပ်ပေါင်မုန့် ကိုယူ၊ တုတ်နဲ့ ထိုးသီပြီး ၀ိုင်းဖွဲ့ကင်စားကြ ပေါ့”

အခြားလူငယ်လေးများ ကတော့ အစားအသောက်များ တင်ထားသည့် စားပွဲရှည်ကြီးရှေ့၌ တန်းစီနေကြလေပြီ။ ထိုစားပွဲအလယ်တွင် အသားညှပ်ပေါင်မုန့် ဧရာမအပုံကြီးကို ကျွန်တော် မြင်လိုက်ရသည်။

ကျွန်တော် လည်း အပြေးကလေးသွား၍ တန်းစီလိုက်စဉ် အခြားလူငယ်အများ အပြားက ကျွန်တော့် ကို ၀ိုင်း၍ နှုတ်ဆက်ကြ၏ ။

ဆံနွယ်လိမ်ကွေးကွေးလေးများ နှင့် အရပ်ရှည်ရှည် လူငယ်လေး တစ်ယောက် က ကျွန်တော့် ကို လှမ်းပြောသည်။

“မင်းလည်း ငါတို့အခန်းမှာ တည်းတာပဲ၊ အဲဒီ အခန်းက အကောင်းဆုံးအခန်းကွ”

“သြော် . . .. အခန်းနံပါတ်ခုနှစ် မှာ နေတာလား”

ဟု မိန်းကလေး တစ်ယောက် က လှမ်းပြောလိုက်၏ ။

“ဒါ ရင်သပ်ရှုမောစရာ အကောင်းဆုံး နွေရာသီစခန်းပဲ၊ မင်းနောက်ဆို ရေရေလည်လည် ပျော်စရာတွေ နဲ့ ကြုံရဦးမှာ အတာ”

ဟု ကျွန်တော့် ရှေ့မှ လူငယ် တစ်ယောက် ကလည်း ကျွန်တော့် ကို လှမ်းပြီးပြောလိုက်၏ ။

သူတို့ပုံကြည့်ရသည်မှာ မိကောင်းဖခင်သားသမီးများ ဖြစ်ပုံရသည်။ တန်းစီသည့်ရှေ့နားတွင် ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက် က တစ်ယောက် နှင့် တစ်ယောက် တန်းစီနေရာမှ ဘေးသို့ ယိုင်ထွက်သွားအောင် တွန်းတိုက်ဆော့ကစားနေကြသည်ကိုလည်း တွေ့ လိုက်ရသည်။ အခြားလူငယ်လူရွယ်များ ကလည်း သူတို့ကို ဆူညံစွာ အော်ဟစ်အားပေးနေကြ သည်။

ကျွန်တော့် နောက်ကျောမှ မီးပုံက တဖျစ်ဖျစ်တောက်လောင်နေသည်။ မီးလျှံများ ထွက်ပေါ်လာ သည့် လိမ္မော်ရောင် အလင်းစများ က လူတိုင်း၏ တီရှပ်အဖြူနှင့် ခြေအိတ်ဖြူများ ပေါ်တွင် ကခုန်ပျော်ပါး နေသယောင်ပင်။

ကြည့်ရင်း ကျွန်တော် တီရှပ်အဖြူဝတ်မထားမိသည်ကိုပင် စိတ်ထဲ၌ မသိုးမသန့် ဖြစ်လာသည်။ ကျွန်တော် က သံလွင်ရွက်ကဲ့သို့ အစိမ်းရောင် တီရှပ်အင်္ကျီနှင့် ခပ်ဖျော့ဖျော့ဘောင်းဘီကို ၀တ်ဆင်ထားသည်။ သုတ၏ စိတ်ထဲတွင် လည်း ကျွန်တော့် လိုပဲ ခံစားနေရမှာ ပဲလားဟု ကျွန်တော် တွေးလိုက်မိသည်။

ကျွန်တော် တန်းစီနေရင်း သုတကို သမင်လည်ပြန်ကြည့်လိုက်သည်။ သုတက ကျွန်တော့်  နောက်တွင် ရပ်ကာ ဆံပင်တိုတိုနှင့် လူငယ် တစ်ယောက် ကို စိတ်လှုပ်ရှားစွာ စကားလက်ဆုံပြောနေ၏ ။

ယခုလို အချိန်တိုတိုအတွင်း သူငယ်ချင်းအသစ် တစ်ယောက် ကို ရှာဖွေနိုင်သည့် သုတအတွက် ကျွန်တော် ၀မ်းသာမိသည်။

စခန်းတာဝန်ခံနှစ် ယောက် ကတော့ အသားညှပ်ပေါင်မုန့်များ ကို ဝေပေးနေသည်။ ကျွန်တော် သေလုမျောပါးဆာလောင်နေသည့်အ ဖြစ်ကို ရုတ်ချည်းဆိုသလို ပြန်သတိထားလိုက်မိသည်။ အမေက ကျွန်တော် နှင့် သုတတို့ ဘတ်စ်ကားပေါ်တွင် စားရန် ချိစ်ပေါင်မုန့်များ ကို ထုပ်ပိုး၍ ထည့်ပေးလိုက် ပါ သေးသည်။ သို့ရာတွင် ကျွန်တော် တို့ အလွန်အမင်း စိတ်လှုပ်ရှားနေသည့်အတွက် ဘာဆိုဘာမှ မစား ဖြစ်ခဲ့ပါ။

ကျွန်တော် က အသားညှပ်ပေါင်မုန့်ကို လှမ်းယူလိုက်ပြီး တဖျစ်ဖျစ်တောင်လောင်နေသည့် မီးပုံ သို့ မျက်နှာမူလိုက်သည်။ အခြားသူများ ကတော့ သူတို့၏ အသားညှပ်ပေါင်မုန့်များ ကို တုတ်ချောင်း ရှည်များ ဖြင့် ထိုးစိုက်ကာ ၀ိုင်းဖွဲ့၍ မီးကင်စားနှင့် နေကြပြီ ဖြစ်သည်။

“တုတ်ချောင်းတစ်ချောင်း ဘယ်မှာ ရနိုင်မလဲ”

ကျွန်တော် ဘေးဘီဝဲယာကို လှည့်ပတ်အကဲခတ်ရင်း ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်လိုက်သည်။

“တုတ်ချောင်းတွေ က ဟိုဘက်မှာ လေ”

ကျွန်တော့် စိတ်ကို ထိုးဖောက်သိမြင်နေသကဲ့သို့ပင်

အော်ဟစ်ပြောကြားလိုက်သော မိန်းကလေး တစ်ယောက် ၏ အသံက ကျွန်တော့် နောက်ဘက်မှ ထွက်ပေါ်လာလေသည်။

ကျွန်တော် လှည့်ကြည့်လိုက်စဉ် အဖြူရောင် ၀တ်ဆင်ထားသော ကျွန်တော် နှင့် သက်တူရွယ်တူ မိန်းကလေး တစ်ယောက် ကို တွေ့ လိုက်ရသည်။ တကယ်လှသည့်ကောင်မလေးပင်။ ထိုကောင်မလေး မှာ နက်မှော င်သော မျက်လုံးများ နှင့် ပိတုန်းရောင် ဆံနွယ်များ ရှိပြီး ကျစ်ဆံမြီးသေးသေးလေးတစ် ချောင်းကို ကျောဘက်တွင် ချထားသည်။ သူမ၏ အသားအရေက အနည်ငယ်ဖျော့တော့သော်လည်း အနက်ရောင် မျက်လုံးများ ကမူ တလက်လက်တောက်ပနေကြသည်။

သူမက ကျွန်တော့် ကိုပြုံးပြရင်း

“ဒီကိုရောက်လာတဲ့ လူသစ်တွေ က တုန်ချောင်းရှည်တွေ ကို ဘယ်မှာ ရှာရမှန်း မသိကြဘူးလေ”

သူမက ပြောပြောဆိုဆိုနှင့် ခပ်မြင့်မြင့်ထင်းရှူးပင် တစ်ပင်ဘေးတွင် ကပ်လျက် တုတ်ချောင်း များ ကို စုပုံထားသည့်နေရာသို့ ကျွန်တော့် ကိုခေါ်သွား၏ ။ ထို့နောက် သူမက တုတ်ချောင်းနှစ် ချောင်း ကို ကောက်ယူလိုက်ပြီး တစ်ချောင်းကို ကျွန်တော့် အားလှမ်းပေးလိုက် သည်။

“နင့်နာမည် က အတာမဟုတ်လား”

ဟု သူမကမေးလိုက်၏ ။ သူမ၏ အသံက နက်ရှိုင်းသော်လည်း ခြောက်သွေ့တိုးဖျော့နေသည်။ မသိလျှင် တစ်ချိန်လုံး သူမက စကားကို တီးတိုးပြောနေသကဲ့သို့ မှတ်ထင်ရသည်။

“ဟုတ်တယ်၊ ငါ့နာမည် က အတာပါ”

ဟု ကျွန်တော် ပြောပြီး ရုတ်တရက်ရှက်သွားသည်။ ဘာကြောင့် မှန်းလည်း ကျွန်တော် မသိပါ။ ကျွန်တော် သူမထံမှ မျက်နှာလွှဲ၍ အသားညှပ်ပေါင်မုန့်ကို တုတ်ချောင်းနှင့် ထိုးသီလိုက်သည်။

“ငါ့နာမည် က သရဖီ”

သူမက မီးပုံဘေးတွင် ပတ်လည်ဝိုင်းနေသည့် အခြားသူများ ရှိရာသို့ သွားရင်းပြောလိုက်သည်။

ကျွန်တော် သူမနောက်မှလိုက်သွားလိုက်၏ ။ မီးပုံအလင်းရောင် ကြောင့် အားလုံး၏ မျက်နှာက လိမ္မော်ရောင် နှင့် အ၀ါရောင် ရောယှက်ကာ တဖျတ်ဖျတ်တောက်ပနေကြသည်။ အသားညှပ်ပေါင်မုန့် များ ကို ကင်ရာမှထွက်လာသည့်အနံ့ကလည်း ကျွန်တော့် ကို ပိုမိုဆာလောင်လာစေသည်။

မလှမ်းမကမ်းတွင် ကောင်မလေး လေးယောက် က တခစ်ခစ်ရယ်မော၍ ၀ိုင်းဖွဲ့ကာထိုင်နေကြ သည်။ ကောင်လေး တစ်ယောက် ကတော့ တုန်ချောင်းမှ အသားညှပ်ပေါင်မုန့်ကင်ကို ဖဲ့စားနေသည်။

“ဟွန်း . . . ဘယ်လိုစားနေမှန်းမသိဘူး”

သရဖီက သူမမျက်နှာကို မသတီသလိုပုံစံမျိုးလုပ်ကာ ပြောလိုက်၏ ။

“လာ . . .ဟိုဘက်သွားရအောင်”

သူမက ကျွန်တော့် အား မီးပုံပွဲ၏ အခြားတစ်ဖက်သို့ ခေါ်သွား၏ ။ မီးပုံတွင်းမှ တစ်စုံတစ်ရာက ဖောက်ကနဲ ဖောက်ကနဲ ထပေါက်ကွဲနေ၏ ။ ပေါက်ကွဲသံက ဗျောက်အိုးများ တဖောင်းဖောင်း ပေါက်နေသကဲ့သို့ပင်။ ကျွန်တော် တို့နှစ် ယောက် ထိုအသံကြောင့် လန့်ပြီး ထခုန်မိကြသည်။ ခုရင်း သရဖီက တခစ်ခစ်နှင့် သဘောကျစွာ ရယ်မောနေ၏ ။

ကျွန်တော် တို့ မြက်ခင်းပေါ်တွင် ပြန်ထိုင်ချလိုက်ကြသည်။ ထို့နောက် တုတ်ချောင်းရှည်များ ကို မြှော က်ကာ အသားညှပ်ပေါင်မုန့်များ ကို မီးပုံတွင်းသို့ ထိုးသွင်းကာကင်လိုက်ကြသည်။ မီးပုံမှ မီးလျှံများ က အားကောင်းစွာ တဟဲဟဲတောက်လောင်နေ သည်။ ကျွန်တော့် မျက်နှာသို့ မီးအပူရှိန်လာဟပ်သည်ကိုပင် ခံစားနေရသည်။

“ငါ ကတော့ အသားညှပ်ပေါင်မုန့်ကို မည်းတူးသွားအောင်ကင်မှ သဘောကျတာ”

သရဖီကပြောရင်း လက်ထဲမှတုတ်ချောင်းကိုလှည့်ကာ မီးပုံအတွင်းပိုင်းသို့ ထိုးသွင်းလိုက်၏ ။

“အဲဒီ တူးတဲ့အရသာကို ငါကြိုက်လို့ဟ၊ နင်ရောကြိုက်လား”

သူမ၏ အမေးကို ပြန်ဖြေရန် ကျွန်တော် ပါးစပ်ပြင်လိုက်သည်။ ထိုစဉ် ကျွန်တော့် အသားညှပ် ပေါင်မုန့်က တုတ်တံမှ ကျွတ်ထွက်ကာ မီးပုံထဲ ပြုတ်ကျသွား၏ ။

“ဟိုက် . .. သွားပြီ”

နီရဲတောက်လောင်နေသော မီးလျှံများ ကြားသို့ လိမ့်ကျသွားသော အသားညုပ်ပေါင်မုန့်ကို ကျွန်တော် အံ့သြမှင်သက်စွာ ငေးကြည့်နေမိသည်။

ကျွန်တော် က သရဖီဘက်သို့ လှည့်ကြည့်လိုက်စဉ် အံ့အားသင့်သွားရုံမက တုန်လှုပ်ချောက် ချားမှု ကိုပါ ခံစားလိုက်ရသည်။

သူမက ရှေ့သို့ ကိုယ်ကိုညွတ်ကိုင်းလိုက်ပြီး လက်ကို မီးပုံကြီးထဲသို့ ဇတ်ကနဲထိုးသွင်းလိုက် သည်။ ထို့နောက် ကျွန်တော့်  အသားညှပ်ပေါင်မုန့်ကို မီးလျှံများ ကြားမှ ကောက်ယူဆုပ်ကိုင်ကာ သူမ ၏ လက်ကို ပြန်ထုတ်ယူလိုက်၏ ။

******

အခန်း (၅)

ကျွန်တော် ထခုန်လိုက်မိသည်။ ထို့နောက် အာခေါင်ကိုခြစ်ကာ အသံကုန်အော်လိုက်၏ ။

“နင့် . . . နင့် . . . .နင့်လက်”

“ရော့ . . . နင့်ပေါင်မုန့်”

သရဖီက အသားညှပ်ပေါင်မုန့်ကို ကျွန်တော့် ထံကမ်းပေးလိုက် သည်။ သူမ၏ သွင်ပြင်က အေးဆေးတည်ငြိမ်လှသည်။

“နင့် . . . . နင့်လက်မီးလောင်နေတယ်လေ”

ကြောက်ရွံ့မှု ကြောင့် အသက်ကို မနည်းဝအောင်ရှူရင်း ကျွန်တော် ထပ်အော်လိုက်မိသည်။

မီးလျှံများ က သူမ၏ လက်ပေါ်တွင် မှိန်ဖျော့စွာ တောက်လောင်နေကြသည်။သူမက လက်ကို တစ်ချက်ငဲ့ကြည့်ရင်း စိတ်ရှုပ်ထွေးသွားပုံရသည်။ ကျွန်တော် ဘာကြောင့် သည်လောက်တောင် ကြောက်နေရတာ လဲဟု သူမ စဉ်းစားနေပုံပေါ်သည်။

“ဟာ . . . .အေး . . ပူတယ်ဟ”

နောက်ဆုံးတော့ သရဖီက အော်ဟစ်လိုက်၏ ။ သူမ၏ မျက်လုံးများ အနည်းငယ်ပြူးကျယ် လာသည်။

သူမက လက်ကို အားကုန်လွှဲယမ်းလိုက်၏ ။ လက်ပေါ်မှ မီးလျှံများ ငြိမ်းသွားသည်အထိ သူမက လက်ကိုလွှဲခါနေသည်။

ထို့နောက် သရဖီက ရယ်မောလိုက်ရင်း . . .

“မီးလောင်ခံရပေမယ့် နောက်ဆုံတော့ နင့်ရဲ့ ပေါင်မုန့်လေးကို ဆယ်ယူလိုက်နိုင်တာပဲ၊ နင်လည်း အသားညှပ်ပေါင်မုန့် တူးတဲ့အရသာကို ကြိုက်မယ်လို့ထင်ပါတယ်”

“ဒါ . ..ဒါ .. ပေမယ့်”

ကျွန်တော် က ထစ်ထစ်ငေါ့ငေါ့ဖြင့် သူမ၏ လက်ဖျားမှ လက်မောင်းရင်းအထိကို သေချာစူးစိုက် ကြည့်နေမိသည်။ မီးလျှံအစအနလေးများ က သူမ၏ လက်အရေပြားပေါ်တွင် တောက်လောင်နေကြဆဲ ပင်။ သို့ရာတွင် မည် သည့်မီးလောင်ဒဏ်ရာကိုမျှ သရဖီ၏ လက်ပေါ်တွင် မမြင်ရချေ။ အပ်ဖျားတစ် ထောင်စာလေးမျှပင် မီးလောင်ရာရှိမနေပါ။ သရဖီ ကတော့ အေးအေးဆေးဆေးပင်။

“ကိတ်မုန့်တွေ ကတော့ ဟိုဘက်မှာ ဟ၊ နင် အာလူးအချောင်းကြော် စားဦးမလား”

ကျွန်တော် ကတော့ သူမ၏ လက်ကလေးကို ငေးစိုက်ကြည့်နေမိသည်။ ထို့နောက် ကျွန်တော် မနေနိုင်တော့ဘဲ . . .

“ဆေးထည့်ဖို့ ကြက်ခြေနီရှာဦးမလားဟင်”

သရဖီက ကျန်လက်ဖြင့် သူမ၏ မီးလောင်ထားသည့်လက်တစ်ခုလုံးကို ပွတ်သပ်ပြလိုက်သည်။

“ဘာမှမ ဖြစ်ပါဘူးဟ . . .တကယ်ပါ”

သူမက လက်ချောင်းလေးများ ကို ကွေးချည်းဆန့်ချည်းလုပ်ပြရင်း . ..

“တွေ့ လား . . .”

“ဒါပေမယ့် . . . မီးလောင်ထား . . .”

“လာစမ်းပါ အတာရာ”

သူမက ကျွန်တော့် ကို အစားအသောက်များ တင်ထားသည့် စားပွဲဆီသို့ စိတ်မရှည်သလို ဆွဲခေါ်သွားသည်။

“မီးပုံပွဲရဲ့ ပျော်ရွှင်စရာအချိန်ကို ရောက်တော့မယ်တဲ့”

ကျွန်တော် လည်း အစားအသောက်စားပွဲဘေးမှ သုတရှိရာသို့ အပြေးတပိုင်းသွားလိုက်သည်။ သုတ ကတော့ ဆံပင်တိုတိုကောင်လေးနှင့် အတူရှိနေဆဲပင်။

“ငါ သူငယ်ချင်း တစ်ယောက် ရထားပြီကွ”

သုတက အာလူးကြော်ကို ပလုပ်ပလောင်းစားရင်း ကျွန်တော့် ကို လှမ်းပြောသည်။

“သူ့နာမည် က ဧရာ၊ မင်းယုံမလားမသိဘူး၊ သူ့နာမည် က ဧရာနန္ဒာမိုးလေ၊ ငါတို့တည်းတဲ့ အခန်းကပဲကွ”

“မိုက်တာပေါ့”

ကျွန်တော် က တိုးဖွစွာ ပြန်ဖြေလိုက်သည်။ သရဖီ၏ လက်မောင်းတစ်လျှောက် ကူးချည်သန်းချည်တောက်လောင်နေသည့် မီးလျှံများ အကြောင်းကိုသာ ကျွန်တော့် စိတ်ထဲ၌ တွေးနေ မိသည်။

သုတက ….

“ဒီစခန်းကအပျံစားပဲ၊ ပြီးရင် ငါနဲ့ ဧရာနဲ့ သီဆိုတီးမှု တ်တဲ့ပွဲ သွားကြည့်ကြမလို့ကွ”

“မိုက်တာပေါ့”

ဟု ကျွန်တော် ထပ်ပြောလိုက်မိသည်။

ကျွန်တော် အသားညှပ်ပေါင်မုန့်တစ်လုံးကို လှမ်းယူရင်း အာလူးကြော်များ ကို ပန်းကန်ထဲသို့ ထည့်လိုက်၏ ။ ထို့နောက် ကျွန်တော် သရဖီကိုရှာနေမိသည်။ မီးပုံဘေးရှိ မိန်းကလေးတစ်သိုက်နှင့် အတူ ၀ိုင်းဖွဲ့စကားပြောနေသော သရဖီ့ကို တွေ့ လိုက်ရသည်။ ထိုစဉ်

“မင်္ဂလာပါ . . .၀ိညာဉ်များ ”

ဟု အော်လိုက်သည့် ကျယ်လောင်စူးရှသော အော်သံနက်ကြီးကို ကြားလိုက်ရသည်။ ထိုအသံ ကိုကြားရုံဖြင့် အားလုံးက မည် သူမှန်း တပ်အပ်သိကြသည်။

ဦးဒေ၀ပေါ့၊ ဘယ်သူရှိဦးမလဲ။

“မီးပုံဘေးပတ်လည်မှာ အားလုံးနေရာယူကြ၊ အားလုံး မြန်မြန် နေရာယူကြဟေ့”

ဦးဒေ၀က အော်ဟစ်အမိန့်ပေးလိုက် သည်။

မုန့်ပန်းကန်များ ၊ ဆိုဒါဘူးများ ကိုကိုင်လျက်နှင့် ပင် အားလုံးကသော ကမျောဖြင့် မီးပုံဘေးပတ် လည်ဝိုင်းကာ ရပ်လိုက်ကြသည်။ ယောက်ျားလေးများ က သက်သက်၊ မိန်းကလေးများ က သက်သက်စီ ခွဲ၍ ၀ိုင်းဖွဲ့လိုက်၏ ။ လူတွေ က သူ့အခန်းအုပ်စုနဲ့ သူ နေရာယူကြတာ ဖြစ်မယ်ဟု ကျွန်တော် တွေးလိုက်မိသည်။

ဦးဒေ၀က ကျွန်တော် နှင့် သုတကို လူအုပ်ကြီး၏ အလည်ဗဟိုတည့်တည့်သို့ ခေါ်သွား၏ ။

“မင်္ဂလာပါ . . .၀ိညာဉ်များ ”

ဦးဒေ၀က ထပ်အော်လိုက်ပြန်သည်။ သူ၏ အော်သံကြီးမှာ ကျယ်လောင်လွန်းလှသဖြင့် တောက်လောင်နေသော မီးလျှံများ ပင် တဖျတ်ဖျတ်တုန်ခါသွားသယောင်။

ကျန်လူအားလုံးကလည်း သူ့လိုပင်လိုက်အော်ပြီး အရိုအသေ၀ိုင်းပေးကြ၏ ။ ဦးဒေ၀က . . .

“ငါတို့စခန်းရဲ့ သီချင်းကို သံပြိုင်စဆိုကြရအောင်”

လူအားလုံး မတ်တပ်ထရပ်လိုက်ကြ၏ ။ ဦးဒေ၀က သီချင်းစဆိုသည်နှင့် တစ်ပြိုင်နက် ကျန်လူများ ကလည်း လိုက်ဆိုကြလေသည်။

ကျွန်တော် လည်း သီချင်းဆိုရန် ကြိုးစားပါသေးသည်။ သို့ရာတွင် ထိုသီချင်း၏ သံစဉ်အလိုက် ရော စာသားကိုပါ ကျွန်တော် မရပါ။

သီချင်းသံက လူတန်းကြီးအတိုင်း တစ်ကျော့ပြန်ထွက်ပေါ်လာပြန်သည်။

“ငါတို့မှာ စိတ်ဝိညာဉ်ရှိတယ်၊ စိတ်ဝိညာဉ်ဟာ ငါတို့နဲ့ ရှိတယ်”

သီချင်းအဓိပ္ပာယ်ကို ကျွန်တော် လုံးဝသဘောမပေါက်ပါ။ သို့ရာတွင် တော် တော် ကောင်းတဲ့ သီချင်းပဲဟု မှတ်ထင်မိသည်။

သီချင်းက အရှည်ကြီး ဖြစ်သည်။ သံပြိုင်ဆိုရသည့်အပိုဒ်လည်း တော် တော် များ သည်။ နောက်ဆုံးတွင် သီချင်းစာသားက . . . “ငါတို့မှာ စိတ်ဝိညာဉ်တွေ ရှိတယ်၊ စိတ်ဝိညာဉ်ဟာ ငါတို့နဲ့ ရှိ တယ်” ဆိုသည့် နေရာသို့ ပြန်ပြန်ရောက်လာတတ်သည်။

သုတ သီချင်းဆိုနေပုံ ကတော့ ရင်ကွဲလုခမ်းပင်။ ၀ါးချတာ ကတော့ ပီပြင်သည်။ သူလည်း ကျွန်တော့် လို သီချင်းစာသားမသိပါ။ သို့သော် သူဝါးချဖြီးဖြန်တာ တော် တော် ပီပြင်သည်။ သုတက အော်နိုင်သမျှ အစွမ်းကန်ုအော်ဟစ်ကာ သီဆိုနေသည်။

သုတမှာ သူ၏ သာယာနာပျော်ဖွယ်အသံနှင့် ပြည့်ဝသော အသံအနေအသံထားကို လွန်စွာ ရူး သွပ်ခုံမင်သူ ဖြစ်သည်။ အခွင့်အရေး ရတိုင်း သူ့အသံကောင်းကြောင်း ထုတ်ပြဖို့ ၀န်မလေးတတ်ပေ။ ခုလည်း ဒီလိုပင်။

ကျွန်တော် သည် သုတကို ငေးမောနေရာမှ သူ့သူငယ်ချင်းအသစ် ဧရာကို လှမ်းကြည့်လိုက်မိ သည်။ ဧရာကလည်း ခေါင်းကို နောက်သို့ မော့ကာ ပါးစပ်ကို အစွန်းကုန်ပြဲ၍ အော်ဆိုနေသည်။ သူလည်း သုတကဲ့သို့ ရင်ကွဲလုမခန်း အော်ဟစ်သီဆိုနေလေ၏ ။

သုတနှင့် ဧရာကို အဆိုပြိုင်ပွဲလုပ်ပေးရင် ကောင်းမယ်ဟု ကျွန်တော် တွေးနေမိသည်။ သစ်ပင် ပေါ်မှ သစ်ရွက်များ ကြွေကျအောင် သူတို့နှစ် ယောက် ကို အော်ခိုင်းလျှင် မည် သူ အနိုင်ရမလဲဆိုတာ ကျွန်တော် သိချင်လှသည်။

ပြဿနာတစ်ခုတော့ရှိသည်။ ဧရာ၏ အသံသေးအသံကြောင့် နှင့် ဆိုးရွားစွာ အော်သည့် ဒဏ်ကိုတော့ တော် တော် ခံနိုင်ရည်ရှိမှ ဖြစ်မည် ။

အဖေတစ်ခါပြောဖူးသည့် မြင်းဝမ်းချုပ်သည့်အသံဆိုတာ ဒါမျိုး ဖြစ်မှာ ဟု တွေးနေမိသည်။

ကျွန်တော် နားနှစ် ဖက်ကိုပိတ်ထားလိုက်ချင်စိတ် ပေါက်လာသည်။ သို့ရာတွင် ကျွန်တော့် မှာ သီချင်းဆိုရာတွင် လည်း အာရုံစိုက်နေရသေးသည်။

သူတို့နှစ် ယောက် ကျွန်တော့် ဘေးနား ရောက်နေတာ ကတော့ တကယ်မလွယ်ကြောပင်။ သုတကလည်း ဈာန်ဝင်ပြီး အသံကုန်ဟစ်နေသည်။ သူ့လည်ပင်းကြောကြီးများ ထောင်ထလာသည်ကိုပင် ကျွန်တော် လှမ်းမြင်နေရသည်။ ဧရာကလည်း ကီးကြောင်နေသည့် သူ၏ ငှက်ဆိုးထိုးသံကြီးဖြင့် သုတ၏ အသံကို လွှမ်းအောင် လိုက်အော်နေသည်။

ကျွန်တော့် မျက်နှာတစ်ခုလုံး ထူပူလာသည်။

ပထမတော့ မျက်နှာကို မီးအရှိန်ဟပ်တာ ဖြစ်မယ်ဟု ထင်လိုက်မိသေးသည်။ သို့ရာတွင် ရှက်စိတ်ကြောင့် မွှန်ထူပြီး မျက်နှာများ ထူပူလာခြင်း ဖြစ်ကြောင်း ကျွန်တော် သိလိုက်ရသည်။

ကျွန်တော့် မှာ သုတကိုကြည့်ပြီး တော် တော် ရှက်မိသည်။ စခန်းကို ပထမဆုံးရောက်သည့် ညတွင် သုတက သည်လို အသံကုန်ဟစ်နေသည်မှာ မဆီလျော်သလို ခံစားရသည်။

ဦးဒေ၀ ကတော့ ကျွန်တော် တို့ကို စောင့်ကြည့်မနေပါ။ သူက မိန်းကလေးများ ဖက်အခြမ်းတွင် လမ်းလျှောက်ကာ သီချင်းလိုက်ဆိုနေသည်။

ကျွန်တော် နောက်သို့ဆုတ်ကာ မီးပုံပွဲမှ အသာလေးလစ်ထွက်ရန် ကြိုးစားလိုက်သည်။

ကျွန်တော် သည်မှာ နေရတာ တော် တော် ရှက်လာပြီ ဖြစ်၏ ။ သီချင်းဆုံးမှပဲ ကိုယ့်နေရာကိုယ် အသာလေးပြန်ဝင်နေတော့မယ်ဟု ကျွန်တော် ဆုံးဖြတ်ချတ်ချလိုက်သည်။

ညီတော် မောင်သုတက အရူးအပေါ တစ်ယောက် လို လုပ်နေသည်ကို ကျွန်တော် သည်လိုကြီး ထိုင်ကြည့်မနေနိုင်တော့ပါ။

စခန်း၏ သီချင်းသံ ကတော့ ထွက်ပေါ်နေဆဲပင်။ လူတိုင်းက . ..

“ငါတို့မှာ စိတ်ဝိညာဉ်ရှိတယ်၊ စိတ်ဝိညာဉ်ဟာ ငါတို့နဲ့ ရှိတယ်”

ဟု သီဆိုနေကြဆဲ။

ဒီသီချင်းက မဆုံးနိုင်တော့ဘူးလားဟု ကျွန်တော် တွေးလိုက်မိသည်။ သစ်ပင်များ ဆီသို့ ကျွန်တော် ဖြည်းဖြည်းချင်း မသိမသာ နောက်ဆုတ်လာခဲ့သည်။ မီးပုံပွဲနှင့် အနည်းငယ်မျှဝေးလေလေ ပို၍ စိတ်ပေါ့ပါးပျော်ရွှင်မှု ကို ခံစားရလေလေ ဖြစ်သည်။

သည်နေရာအထိ နောက်ဆုတ်လာတာတောင်မှ သုတ၏ ရင်ကွဲမတတ် အော်နေသည့်သီချင်း သံကို ကြားနေရဆဲပင်။

ငါ ဒီကောင့်ကို ပြောမှ ဖြစ်မယ် ဟု ကိုယ့်ကိုယ်ကို သတိပေးနေမိသည်။ ဟုတ်တယ် . .. စခန်း ကို စရောက်ခါစညမျိုးမှာ ဒီလိုသိပ်အစွမ်းပြချင်တာ မကောင်းဘူးဆိုတာ ဒီကောင့်ကို သတိပေးမှ ဖြစ်မယ်။

“အား”

တစ်စုံ တစ်ယောက် က ရုတ်တရက် ကျွန်တော့် ပုခုံးကို ပုတ်လိုက်သဖြင့် လန့်ပြီးထအော်လိုက် မိသည်။

တစ်စုံ တစ်ယောက် က အနောက်မှနေ၍ ကျွန်တော့် ပုခုံးကို ဆုပ်ကိုင်ထားသည်။

“ဟဲ့”

ကျွန်တော် ချာကနဲလှည့်ပြီး အမှော င်ဖုံးလွှမ်းနေသည့် သစ်ပင်များ ကြားထဲသို့ ကြည့်လိုက်မိ သည်။ ထိုသူကား သရဖီ။

“သရဖီ . . .နင် ဒီမှာ ဘာလာလုပ်နေတာတုန်း”

ကျွန်တော် အသက်ပင်မရှူနိုင်ဘဲ သူမကို လှမ်းမေးလိုက်သည်။

“အတာ . . .ငါ့ကိုကူညီပါဦး၊ နင် ငါ့ကို ကူညီမှ ဖြစ်မယ်”

သူမက တိုးဖျော့သော လေသံလေးဖြင့် ကျွန်တော့် ကို တောင်းပန်နေသည်။

******

အခန်း (၆)

ကြောက်ရွံ့အေးစက်မှု က ကျောရိုးတလျောက် စိမ့်တတ်လာ၏ ။ ကျွန်တော် လည်း လေသံသဲ့သဲ့ဖြင့်

“သရဖီ . . . .နင် ဘာ ဖြစ်လာတာလဲ”

ဟု ပြန်မေးလိုက်မိသည်။

သူမက ဖြေရန် ပါးစပ်ဟလိုက်သည်။ ထိုစဉ် ဦးဒေ၀၏ အသံပြဲကြီးက ကြားဖြတ်ဝင်လာလေ တော့သည်။

“ဟေး . . . .မင်းတို့နှစ် ယောက် ”

“အတာနဲ့ သရဖီ သစ်ပင်တွေ ကြားထဲ လျှောက်တိုးမနေကြနဲ့ လေ”

စခန်းအုပ်ချုပ်သူကလည်း ကျွန်တော် တို့ကို လှမ်းအော်၏ ။

ကျန်လူများ က ၀ါးကနဲရယ်လိုက်ကြသည်။ ကျွန်တော် မျက်နှာတစ်ခုလုံး ထူပူလာပြန်သည်။ ကျွန်တော် သည် အလွယ်တကူ ရှက်တတ်သော လူငယ်လေး တစ်ယောက် ဖြစ်ပါသည်။ သည်လိုရှက် နေရသည်ကိုလည်း မုန်းသည်။ သို့ရာတွင် ကျွန်တော် ဘာမှ မတတ်နိုင်ပါ။

ကျွန်တော် နှင့် သရဖီတို့ မီးပုံရှိရာသို့ ပြန်လျှောက်လာကြစဉ် လူအားလုံး ၀ိုင်းကြည်နေကြ သည်။ သုတနှင့် ဧရာ ကတော့ လက်ဝါးချင်းရိုက်ပြီး ကျွန်တော် တို့နှစ် ယောက် ကို ရယ်နေကြသည်။

ဦးဒေ၀က ကျွန်တော် အရင်နေရာတွင် ပြန်ရပ်လိုက်သည်ကို သေချာကြည့်ရင်း . . .

“အတာ . .. မင်း ဒီလိုသူငယ်ချင်း မြန်မြန်ဆန်ဆန်ရတာ ငါ ၀မ်းသာပါတယ်”

သူ့စကားအဆုံးတွင် ကျန်လူများ က ကျွန်တော် နှင့် သရဖီကို ကြည့်ကာ ၀ါးကနဲ ဟားတိုက်ရယ် လိုက်ကြပြန်သည်။

ကျွန်တော် အလွန်ရှက်သွား၏ ။ တစ်ကိုယ်လုံး အခိုးအငွေ့ ဖြစ်ပြီး လေထဲ၌ ပျောက်ကွယ်သွား ရင် ကောင်းမယ်ဟု စိတ်ထဲမှ တောင့်တမိသည်။

သို့ရာတွင် ကျွန်တော် သရဖီ့အတွက်လည်း စိတ်ပူနေမိသေးသည်။

သူမ ဘာ ဖြစ်လို့ ငါသွားတဲ့တောအုပ်ထဲ လိုက်လာရတာ လဲ၊ ဘာကြောင့် လဲ . . . ။

သူမက ဘာ ဖြစ်လို့ ငါ့ကို အကူအညီတောင်းတာပါလိမ့်။

ကျွန်တော် မနေနိုင်တော့ဘဲ သရဖီနှင့် ဧရာကြားသို့ဝင်ကာ ထိုင်ချလိုက်ရင်း တီးတိုးမေးလိုက်မိ သည်။

“သရဖီ . . .ဘာပြဿနာ ဖြစ်လို့လဲ”

သူမက ကျွန်တော့် ကိုမကြည့်ဘဲ ခေါင်းကိုသာ တွင် တွင် ခါ ယမ်းပြသည်။

ထိုစဉ် ဦးဒေ၀က ကြေငြာလိုက်၏ ။

“ငါ မင်းတို့ကို သရဲပုံပြင်နှစ် ပုဒ် ပြောပြမယ်ဟေ့”

အချို့ချာတိတ်များ က ကြောက်လန့်စွာ အာမေဋိတ်သံ ပြုနေကြသဖြင့် ကျွန်တော့် စိတ်ထဲ ထူးဆန်းသွား၏ ။ လူတိုင်းလိုလိုပင် မီးကို ရေနှင့် ငြိမ်းလိုက်သလို ငြိမ်ကျသွားသည်။

တဖျစ်ဖျစ်တောက်လောင်နေသည့် မီးပုံမှအသံက ပို၍ ကျယ်လောင်လာသည်။ မီးလျှံများ ဖျိုးဖျိုးဖျစ်ဖျစ် တောက်လောင်နေသည့် အသံနှင့် အတူ ထင်းရှူးပင်များ ကို ဖြတ်သန်းလာသည့် လေထိုး သံသဲ့သဲ့ကိုပါ ကျွန်တော် ကြားနေရသည်။

ကြောက်ရွံ့အေးစက်မှု က ကျွန်တော့် ကျောရိုးတလျှောက် စိမ့်တတ်လာပြန်၏ ။ ကြက်သီးမွေးညင်းများ ပင် ထချင်လာသလိုလို . . .။

အေးစိမ့်နေတဲ့ လေပြည်ညင်း ဖြတ်တိုက်သွားတာပါဟု ကိုယ့်ကိုယ်ကို နှစ် သိမ့်လိုက်မိသည်။

ဘာကြောင့် များ လူတိုင်းက ကိုယ်လုံးကြီးတွေ တောင့်ပြီး မျက်နှာတည့်တည့်ကြီးတွေ ဖြစ်သွားရတာ ပါလိမ့်။ ဘာကြောင့် များ သူတို့ သည်လောက်တောင် ကြောက်နေရတာ လဲ။

“ဒါဟာ အစဉ်အဆက်က ပြောပြလာကြတဲ့ မိုးမခစခန်းရဲ့ သရဲပုံပြင်နှစ် ပုဒ်ပဲ”

ဟု ဦးဒေ၀က နိဒါန်းချီလိုက်သည်။

“အမှော င်လောကရဲ့ ဒဏ္ဍာရီတွေ အဓွန့်ရှည်တည်တံ့နေသရွေ့ ငါတို့ ဒီပုံပြင်တွေ ကို သေတစ်ပန်သက်တစ်ဆုံးထိ ပြောပြနေရဦးမှာ ပါပဲ”

ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည့် လူငယ်နှစ် ယောက် အား တောက်လောင်နေ သည့်မီးလျှံများ ကို ဖြတ်၍ ကျွန်တော် လှမ်းမြင်ရသည်။

လူအားလုံးက မီးပုံကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်နှာများ က ပြိုတော့မည် မိုးနှယ်။ ကြေကွဲညှို့မှိုင်းနေကြသည့် မျက်နှာများ ပေါ်တွင် ကြောက်ရွံ့မှု ကို တစ်ဝက်တစ်ပျက် ရေး ခြယ်ထားကြသည်။

ဒါ သရဲပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဘာ ဖြစ်လို့ လူတိုင်းက အလွန်အမင်း ကြောက်လန့်တုန်လှုပ် နေကြရတာ လဲ ဟု ကျွန်တော့်  ကိုယ်ကျွန်တော် မေးနေမိသည်။

စခန်းကို ရောက်နေတဲ့လူတွေ အတွက် ဒီပုံပြင်တွေ ဟာ ထပ်တလဲလဲ ကြားဖူးပြီးသားတွေ ဖြစ်နေမှာ ပါ။ ဘာလို့များ သူတို့ကိုကြည့်ရတာ အရမ်းကြောက်နေတဲ့ပုံစံတွေ ဖြစ်နေကြတာလဲ။

ကျွန်တော့် ခေါင်းထဲတွင် မေးခွန်းများ ဖြင့် နောကျိမူးဝေလာသည်။

ရူးရူးနှမ်းနှမ်း သရဲပုံပြင်တစ်ပုဒ်ဟာ လူတိုင်းကို ကြောက်အောင် လယ်လိုခြောက်လှန့်နိုင်ပါ လိမ့်။

ကျွန်တော် သရဖီ့ဘက်သို့လှည့်ပြီး မေးလိုက်မိသည်။

“သူတို့တွေ ဘာလို့ ဒီလောက်ကြောက်နေကြတာလဲ”

သရဖီက သူမ၏ အနက်ရောင် မျက်ဝန်းများ ကို မှေးစင်းကာ ကျွန်တော့် ကိုစိုက်ကြည့်ရင်း . . .

“နင်က ၀ိညာဉ်တွေ ကို မကြောက်ဘူးလား”

“၀ိညာဉ်တွေ ? သုတနဲ့ ငါနဲ့ က အဲဒီ ၀ိညာဉ်ဆိုတာတွေ ကို ဘယ်တုန်းကမှ အယုံအကြည် မရှိဘူး၊ ဒါကြောင့် သရဲပုံပြင်တွေ ဟာလည်း ငါတို့ကို ဘယ်တော့မှမကြောက်အောင် ခြောက်လှန့်နိုင် မှာ မဟုတ်ဘူး . . .လုံးဝပဲ”

သူမက ကိုယ်ကို ကျွန်တော့် ဘက်သို့ ညွှတ်ကိုင်းလိုက်ရင်း နားနားကပ်ကာ နှစ် ကိုယ်ကြား ပြောလိုက်လေသည်။

“နင့်ရဲ့ စိတ်ကို ပြောင်းလဲရမှာ ပါ၊ ဒီည ကုန်ဆုံးသွားတာနဲ့ တစ်ပြိုင်နက် နင့်ခံယူချက်တွေ ပြောင်းသွား ပါလိမ့်မယ်”

******



ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ သုဿန်မြေက မိစ္ဆာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တစ္ဆေတစ်ကောင်ရဲ့ ညစာ

ကကြိုးရှုပ်တဲ့တစ္ဆေ

သူများတွေကိုမပြောပြနဲ့