Cover

အခန်း (၁)

“၀ူး .. ဟူး .. ဟူး … ၊ ၀ူး .. . ဟူး .. .ဟူး”

ချစ်သက်နွယ်က သူမ၏ အမြွာညီအစ်မ ဖြစ်သူ လှည့်မကြည့်ဘဲမနေနိုင်အောင် တမင်ပင် သံသေးသံကြောင်လုပ်နေ၏ ။

လင်းလက်ကြယ်က စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေရာမှ ဘာသံပါလိမ့်ဟုတွေးကာ လှည့်ကြည့်လိုက်၏ ။ အမြွာညီမ ဖြစ်သူ ချစ်သက်နွယ်၏ မျက်နှာရှေ့တွင် ကွယ်နေသော ကြီးမားသည့် ပီကေပူဖောင်းနီနီကြီးတစ်လုံးကို တွေ့ လိုက်ရသည်။

ချစ်သက်နွယ် တစ်ယောက် ပီကေဘယ်နှစ် ခုတောင်စားပြီး ပူဖောင်းမှု တ်ထားသည်မသိ။ ပူဖောင်း၏ အရွယ်အစားက မျက်နှာကိုပင် ကွယ်နေလေသည်။

“မဆိုးပါဘူး၊ တော် တော် ကြီးအောင် မှု တ်နိုင်သားပဲ”

လင်းလက်ကြယ်က စိတ်မပါဘဲ ချီးကျူးသလိုပြောလိုက်၏ ။ ထို့နောက် အလစ်တွင် ရုတ်တရက်လှမ်းပြီး ပူဖောင်းကို ဆတ်ကနဲ ဖောက်ပစ်လိုက်သည်။

“ဟဲ့ …”

ချစ်သက်နွယ်က အလန့်တကြားအောင်လိုက်၏ ။ ပေါက်သွားသော ပူဖောင်းမှ ပီကေအစအန များ က ချစ်သက်နွယ်၏ ပါးပြင်နှင့် မေးစေ့များ ပေါ်တွင် လွင့်စင်တွယ်ကပ်ကာ ပေကျံသွားသည်။

ဒါကိုပင် လင်းလက်ကြယ်က သဘောကျစွာ ရယ်မောလိုက်ပြီး …

“ကဲ … ဒါမှကောင်းတယ်၊ မှတ်ကရောမဟုတ်လား”

ဟု ထေ့ထေ့ငေါ့ငေါ့ပြောလိုက်၏ ။

ချစ်သက်နွယ်က အရမ်းစိတ်ဆိုးသွားသည်။ သူမက လင်းလက်ကြယ်၏ လက်ထဲမှ ဖတ်လက်စ စာအုပ်ကို ဆတ်ကနဲဆွဲယူကာ ပိတ်ပစ်လိုက်၏ ။ ထို့နောက် ..

“ကဲ … ကောင်းတယ်လို့ ပြောချင်ဦးလေ၊ အခု နင်ဖတ်လက်စစာမျက်နှာ ဘယ်ရောက်သွားပြီ လဲဆိုတာ မသိတော့ဘူးမဟုတ်လား”

လင်းလက်ကြယ် တစ်ယောက် အဲသည်လိုမျိုး ဖတ်လက်စ စာမျက်နှာ ပျောက်ပျောက်သွားလျှင် အရမ်းစိတ်ဆိုးတတ်မှန်း သူမ ကောင်းကောင်းသိသည်။

ထင်ထားသည့်အတိုင်းပင် လင်းလက်ကြယ်က ဒေါသတကြီး အော်ဟစ်ကာ စာအုပ်ကို ပြန်ယူ လိုက်၏ ။ သို့တိုင် ချစ်သက်နွယ်က မကျေမနပ်ဖြင့် . . .

“ဘာ ဖြစ်လို့ ငါ့ပူဖောင်းကို ဖောက်ပစ်လိုက်ရတာ လဲ၊ အဲဒီ လောက် ပူဖောင်းအကြီးကြီးရဖို့ ဘယ်လောက်ကြိုးစားပြီး မှု တ်ထားရတယ်ထင်လဲ”

ပီကေအစအနများ က သူ၏ မေးစေ့ပေါ်တွင် ယခုတိုင်ကပ်နေသေးဆဲ။

လင်းလက်ကြယ်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး ချစ်သက်နွယ်၏ စကားကို အလေးမထားဟန်ဖြင့်

“အောင်မယ် …နင့်ပူဖောင်းက ဘယ်လောက်များ ကြီးလို့လဲ၊ ဟိုတစ်နေ့က ငါမှု တ်တဲ့ပီကေ ပူဖောင်းက အဲဒီ ထက် အများ ကြီး ပိုသေးတယ်”

“ငါတော့ မယုံပေါင်”

သူတို့ အမြွာညီအစ်မနှစ် ယောက် အပြန်အလှန် ခွန်းကြီးခွန်းငယ်ပြောနေကြသည်ကို မိခင် ဖြစ် သူ ဒေါ်နွယ်နွယ်လင်းက ကြားသွားပြီး စိတ်မရှည်ပုံဖြင့် …

“သမီးတို့ကလည်းကွယ်၊ ကလေးမဟုတ်သူငယ်မဟုတ်နဲ့ ၊ ပီကေပူဖောင်းမှု တ်တာကိုတောင် အပြိုင်အဆိုင်လုပ်နေစရာလား၊ တကတည်းမှပဲ”

“သမီးတို့က တစ်ယောက် နဲ့ တစ်ယောက် ပြိုင်နေတာမှ မဟုတ်ဘဲ”

လင်းလက်ကြယ်က မပွင့်တပွင့် ပြန်ပြောလိုက်ပြီးနောက် သူမ၏ စာအုပ်ကို ဖတ်လက်စနေရာ ပြန်ရှာကာ ဆက်ဖတ်နေသည်။ သူမ၏ ပုခုံးပေါ်မှ ဆံနွယ်များ ကတော့ ပြတင်းပေါက်မှ တိုးဝင်လာသော လေအဝှေ့တွင် ယိမ်းနွဲ့လှုပ်ရမ်းလျက်ရှိသည်။

တကယ်တော့ သူတို့အမြွာညီအစ်မနှစ် ယောက် စလုံးမှာ ပင် ရှည်လျားဖြောင့်စင်းသော ဆံပင်များ အသီးသီးရှိကြသည်။ လင်းလက်ကြယ်က ဆံပင်ကို ရံဖန်ရံခါ ကျစ်ဆံမြီးကျစ်လေ့ရှိသည်။

ထိုသို့ ဆံပင်ပုံစံမတူသည့်အချိန်မှာ သာလျှင် သူတို့ညီအစ်မ နှစ် ယောက် ကို ခွဲခြားမှတ်မိနိုင်ခြင်း ဖြစ်သည်။ ဆံပင်ပုံစံသာ မကွဲပြားပါက သူတို့၏ အမေအရင်းကိုယ်တိုင်ပင် မနည်းခွဲယူရလောက်အောင် အစစအရာရာ တစ်ထပ်တည်း ချွတ်စွပ်တူလွန်း၏ ။

နဖူးကျယ်ပုံ မျက်နှာသွယ်ပုံချင်းလည်း တူကြ၏ ။ ၀ိုင်းစက်သော မျက်လုံးများ ကလည်း တစ်ထပ်တည်းပင်။ နောက်ဆုံးကုန်ကုန်ပြောရလျှင် သူတို့ရယ်လိုက်သည့်အခါတိုင်း ပါးပြင်များ ပေါ် တွင် ပါးချိုင့်တစ်စုံစီရှိနေပုံကအစ တစ်စိုးတစ်စိမှမလွဲအောင် တစ်ပုံစံတည်းတူကြသော အမြွာညီအစ်မ နှစ် ယောက် ပင် ဖြစ်၏ ။

ချွတ်ယွင်းချက်တစ်ခုရှိသည်မှာ သူတို့ညီအစ်မနှစ် ယောက် စလုံးတွင် နှာတံများ က သိပ်မလှကြ။ အနည်းငယ်ပွသယောင်ရှိသည်။ နောက်ပြီး သူတို့နှစ် ယောက် စလုံးက လက်ရှိအရပ်ထက် အနည်းငယ် ပိုမြင့်ချင်ကြသည်။ လင်းလက်ကြယ်၏ အချစ်ဆုံးသူငယ်ချင်း မိုးသန္တာဆိုလျှင် ငါးပေရှစ်လက်မအထိ ရှည်လျားသွယ်လျသော အရပ်အမောင်းရှိသည်။ လင်းလက် တို့ အမြွာညီအစ်မ ကတော့ မိုးသန္တာထက် သုံးလက်မခန့်နိမ့်၏ ။ နောက်ပြီး ရှေ့နှစ် ဆိုလျှင် သူတို့နှစ် ယောက် စလုံး အသက် (၂၀) ပြည့်တော့မည် ဖြစ်ရာ ထပ်ပြီး အရပ်ရှည်လာဖို့ သိပ်မျှော်လင့်၍ မရတော့ ပေ။

ချစ်သက်နွယ်က သူမ၏ ပါးပြင်နှင့် မေးဖျားတွင် စေးကပ်ပေကျံနေသော ပီကေအစအနများ ကို လက်ခုံဖြင့် တိုက်ကာ ပွတ်သပ်ရင်း …

“ငါ့မျက်နှာမှာ ပီကေတွေ ပြောင်သွားပြီလား”

“ဟင့်အင်း … ကျန်သေးတယ်၊ နင့်ဆံပင်မှာ ..”

“ဟယ် … ဒုက္ခပါပဲ ”

ချစ်သက်နွယ်က အလန့်တကြားရေရွတ်လိုက်ရင်း သူမ၏ ဆံပင်ကို လက်ဖြင့် ပျာပျာသလဲ စမ်းသည်။ သို့သော် မည် သည့်ပီကေ အစအနမျှ ပေကပ်နေခြင်းမရှိပါ။

လင်းလက်ကြယ်က သူ့ညီမကိုကြည့်ကာ သဘောကျစွာ လှောင်ရယ်လိုက်ရင်း …

“ကဲ .. အညာခံရပြီမဟုတ်လား၊ နင်ဟာလေ အလိုက်တာလွန်ပါရော၊ နင့်ကိုလှိမ့်ချင်ရင် လွယ်လွယ်လေးပဲ”

ထိုစကားကြောင့် ချစ်သက်နွယ်က အကြီးအကျယ်ပေါက်ကွဲသွားပြီး …

“နင်ဘာ ဖြစ်လို့ ငါ့ကို အမြဲတမ်းအကျင့်ယုတ်နေရတာ လဲ”

“ဘာ .. ငါက အကျင့်ယုတ်တယ်ဟုတ်လား၊ ငါ့လောက် စိတ်ကောင်းနှလုံးကောင်းထားတာ ငါပဲရှိတယ်၊ မယုံရင် ကြိုက်တဲ့လူ မေးကြည့်”

လင်းလက်ကြယ်က မထီမရီပြန်ပြောလိုက်သည်။ ချစ်သက်နွယ် ကတော့ ခြေနှစ် ဖက်ကိုဆောင့် မိခင် ဖြစ်သူ ဒေါ်နွယ်နွယ်လင်းဘက်သို့လှည့်ကာ ..

“မေမေ…. ဒီလောက်စိတ်ပုပ်တဲ့သူနဲ့ သမီး တစ်ခန်းတည်းအတူမနေနိုင်ဘူး၊ သမီးအတွက် အိပ်ခန်းသပ်သပ်ခွဲပေးနော်၊ မေမေနော်”

“အေးပါသမီးရယ်၊ နောက်တော့လုပ်ပေးတာပေါ့”

မိခင် ဖြစ်သူက စိတ်ရှုပ်ဟန်ဖြင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။ ချစ်သက်နွယ်က ..

“ဟွန်း .. .မေမေက ပြောလိုက်ရင်ဒီလိုချည်းပဲ”

“ဟဲ့ … ဒီလိုမပြောလို့ ငါက ဘာသွားလုပ်ရမှာ တုံး၊ အိမ်ထဲမှာ နေရာအပိုဆိုလို့ တစ်လက်မစာ တောင် မျကျန်တော့တဲ့ဥစ္စာ၊ ဒီကလေးတွေ နှယ် … ခက်တော့တာပဲ”

ဒေါ်နွယ်နွယ်လင်းက ညည်းညည်းညူညူပြောရင်း အိပ်ခန်း ပြတင်းပေါက်ကိုဖွင့်ကာ ကြက်မွေး တံမြက်စည်းဖြင့် ဖုန်သုတ်သည်။ နူးညံသော နေရောင် ခြည်က ပြတင်းပေါက်လိုက်ကာစပေါ်သို့ နွေး ထွေးစွာ ကျနေလေသည်။

ဒေါ်နွယ်နွယ်လင်းက လိုက်ကာစကိုချည်လိုက်ရင်း …

“ကြည့်စမ်းပါဦး၊ အပြင်မှာ ဘယ်လောက်တောင် နေသာလိုက်သလဲလို့၊ ကိုင်း … ညည်းတို့နှစ် ယောက် က ဒီအိမ်ထဲမှာ ပဲကုပ်ပြီး တကျက်ကျက်နဲ့ ဘာလုပ်နေကြတာတုံး၊ အပြင်မှာ သွားကစားကြချေ”

“ဟာ … မေမေကလည်း၊ အပြင်မှာ သွားကစားရအောင် သမီးတို့က ကလေးမှမဟုတ်တော့တာ၊ နောက်တစ်နှစ် နှစ် နှစ် ဆိုရင်ပဲ ဘွဲ့ယူရတော့မယ့် အရွယ်ရောက်နေပြီ”

လင်းလက်ကြယ်က ပွစိပွစိဖြင့် အမေ ဖြစ်သူကို စောဒကတက်လိုက်၏ ။ ချစ်သက်နွယ် ကတော့ သူမ၏ မျက်နှာတစ်ပြင်လုံးကို လက်ဖြင့် ပွတ်သပ်ရင်း …

“ငါ့မျက်နှာမှာ ပီကေတွေ ပြောင်သွားပြီလား”

“မပြောင်တော့လည်း ဘာ ဖြစ်လဲဟ၊ ထားလိုက်စမ်းပါ၊ မျက်နှာပေါင်းတင်ပြီးသား ဖြစ်သွားတာ ပေါ့”

လင်းလက်ကြယ် ခပ်ငေါ့ငေါ့ပြန်ပြောလိုက်၏ ။ သူတို့နှစ် ယောက် အပြန်အလှန်ပြောနေကြ သည်ကို ကြားရပြီး မိခင် ဖြစ်သူက သက်ပြင်းကိုချကာ ..

“ကဲ . . . ညည်းတို့နှစ် ယောက် နဲ့ တော့ ခက်နေပါပြီ၊ တစ်ယောက် နဲ့ တစ်ယောက် နည်းနည်း လေးမှ တည့်အောင်မနေနိုင်ကြဘူးလား”

ထိုစဉ် ခွေးဟောင်သံကို ရုတ်တရက်ကြားလိုက်ရသည်။ ဒေါ်နွယ်နွယ်လင်းက . . .

“ဟဲ့ …. ဂျက်ကီတစ်ကောင်တော့ ဘာကိုများ တွေ့ လို့ ဟောင်နေပြန်ပြီလဲ မသိဘူး”

ဂျက်ကီဆိုသည်မှာ သူတို့မိသားစုက မွေးမြူထားသော အနက်ရောင် တယ်ရီယာခွေးသေး သေးလေးတစ်ကောင် ဖြစ်သည်။ ဂျက်ကီသည် ငယ်လွန်းသော ကြောင့် လားမသိ ဘာကိုမဆိုမြင်လိုက် သည်နှင့် သဲသဲမဲမဲ ထိုးဟောင်တတ်သော အကျင့်ရှိသည်။

ဒေါ်နွယ်နွယ်လင်းက ဆက်၍ ..

“ဂျက်ကီ့ကို လမ်းလေးဘာလေးလျှောက်ရအောင် ခြံအပြင် ခေါ်ထုတ်သွားကြပါလား”

“ဟာ … မေမေကလည်း … သမီးတော့ ခွေးမကျောင်းချင်ပါဘူး”

လင်းလက်ကြယ်က နှုတ်ခမ်းစူကာပြောရင်း သူမ၏ စာအုပ်ဆီကိုသာ မျက်နှာပြန်အပ်ထား လိုက်သည်။ ဒေါ်နွယ်နွယ်လင်းက …

“အလိုတော် … အပြင်ထွက်ပါဆိုတော့ မထွက်ချင်ကြဘူး၊ ဟိုတစ်လောတုန်း ကတော့ အပြင် သွားဖို့ စက်ဘီးမရှိရင် ညည်းတို့ပဲ သေတော့မလောက် ဖြစ်နေကြတာနဲ့ စက်ဘီးအသစ်နှစ် စီး ၀ယ်ပေးခဲ့ရပါပကော၊ ဟော .. ကြည့်၊ စက်ဘီးတွေ လည်းရရော တစ်ခါတည်း ချောင်ထိုးထားလိုက်ကြ တယ်၊ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်”

လင်းလက်ကြယ်က မိခင် ဖြစ်သူ၏ ဗျစ်တောက်ဗျစ်တောက် ပြောနေသံကို ဆက်လက်ပြီး သည်းမခံနိုင်တော့ဟန်ဖြင့် စာအုပ်ကို ဖျတ်ကနဲ ပိတ်လိုက်ကာ …

“ဟုတ်ပါပြီ … ဟုတ်ပါပြီ၊ ပြောမနေပါနဲ့ တော့ မေမေရယ်၊ သမီးတို့ပဲမှားပါတယ်”

ပြောပြောဆိုဆိုဖြင့် ထိုင်နေရာမှထလိုက်သည်။ ချစ်သက်နွယ်က တစ်ချက်လှမ်းကြည့်လိုက်ပြီး

“နင်က စိတ်ပါသွားပြီပေါ့လေ”

“ဘာကို စိတ်ပါရမှာ လဲ”

“စက်ဘီးလျှောက်စီးဖို့ကိုလေ၊ ငါလည်း လိုက်ခဲ့မယ်၊တက္ကသိုလ် အားကစားကွင်းဘက် သွားရအောင်ဟာ”

ချစ်သက်နွယ်၏ စကားကြောင့် လင်းလက်ကြယ်က နှာခေါင်းကိုရှုံ့လိုက်ပြီး …

“ဘာလဲ .. .အဲဒီ မှာ နေမျိုးဇော်ကိုများ တွေ့ မလားဆိုပြီး သွားချင်နေတာမဟုတ်လား”

“ဟုတ်တော့ဘာ ဖြစ်လဲ”

ချစ်သက်နွယ်က ရှက်ရှက်ဖြင့် ပြန်ငေါ့၏ ။

အချေအတင်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေသော အမြွာညီအစ်မကြောင့် မိခင် ဖြစ်သူမှာ အတော် ပင်စိတ်ရှုပ်လာပြီး ..

“ကဲ … သွားမှာ ဖြင့် လည်း သွားကြစမ်းပါအေ၊ ညည်းတို့ကြောင့် ငါ ဦးနှောက်တွေ ခြောက်ကုန် ပြီ၊ ကဲ . . .သွား သွား . . .မေမေလည်း ဈေးဝယ်ထွက်စရာရှိသေးတယ်”

မိခင် ဖြစ်သူစကားအဆုံးတွင် ချစ်သက်နွယ်က မှန်ထဲတွင် ကြည့်ကာ ဆံပင်ကိုလက်ဖြင့် တစ်ချက်နှစ် ချက် သပ်တင်လိုက်ပြီး . ..

“ကဲ .. .သွားမယ် … သွားမယ် ၊ လာ . .. လာ ဘိတ်ချေးကျတဲ့လူ အနူ”

ဟု မခံချင်အောင်အော်ဟစ်ပြီး အခန်းထဲမှ ဦးအောင်ပြေးထွက်လိုက်သည်။ လင်းလက်ကြယ်ကလည်း ၀ုန်းခနဲထကာ တံခးဝကို ကိုယ်တစ်ခြမ်းဖြင့် ပိတ်ကွယ်ရင်း အလုအယက်တိုးထွက်လိုက်ပြန်သည်။

သူတို့နှစ် ဦးသား ၀ုန်းကနဲပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် ခွေးကလေးဂျက်ကီကလည်း တ၀ုတ်ဝုတ်ထိုးဟောင်ရင်း သူတို့နောက်မှ ပြေးလိုက်လာလေသည်။

ကောင်းကင်က တိမ်သားကင်းစင်ပြီး ပြာလဲ့ရွှန်းစိုနေသည်။ ဖြတ်သန်းတိုက်ခတ်လာသော လေငွေ့ကလည်း နွေးထွေးလတ်ဆတ်နေသည်။ ဆောင်းရာသီဟုပင် မထင်ရ။ နွေဦးပေါက် နေ့ရက်တစ်ရက်လိုမျိုး ချိုမြိန်နေသည်။

သူတို့အမြွာညီအစ်မနှစ် ယောက် စလုံး ဂျိုင်းပြတ်တီရှပ်အင်္ကျီနှင့် ကာကီရောင် ဘောင်းဘီတို တို့ကို ၀တ်ဆင်ထားကြသည်။ လင်းလက်ကြယ်က စက်ဘီးထားသော ကားဂိုဒေါင်တံခါးကိုဖွင့်ရန် လက်လှမ်းလိုက်ပြီးမှ ရုတ်တရက်တုံ့ဆိုင်းသွားသည်။

သူမ၏ အကြည့်က ဟိုဘက်ခြံဆီသို့ ရောက်သွားသော ကြောင့် ဖြစ်၏ ။ လင်းလက်ကြယ်က သူတို့၏ အိမ်နောက်ဖေးကွက်လပ်ကို ကျော်ကာ တစ်ဘက်ခြံဆီသို့ လှမ်းကြည့်ရင်း …

“ဟော .. ဟိုမှာ ကြည့်စမ်း၊ အိမ်ဆောက်နေတာ ပြီးတောင် ပြီးသွားပြီနော်”

“ဟုတ်တယ် . .. .အဲဒီ အိမ်သစ်ကို စပြီးဆောက်တာ အရမ်းမြန်တာပဲ . .. အံ့သြစရာကောင်း တယ်နော်”

ချစ်သက်နွယ်ကလည်း သူ့အစ်မငေးကြည့်နေသော မြင့်မားလှသည့် သုံးထပ်တိုက်အိမ်သစ်ကြီးဆီသို့ မျက်လုံးအကြည့်ကို ဝေ့ကြည့်ရင်းပြောလိုက်သည်။

ပြီးခဲ့သည့်(၆)လခန့်ကပင် ထိုနေရာတွင် ရှိသော အိမ်အဟောင်းကို အလုပ်သမားများ က ဖြိုချ ပစ်ခဲ့သည်။ အိမ်အသစ်ဆောက်ရန်အတွက် အုတ်မြစ်ချသည်ပင် ဘာမျှမကြာလိုက်သေးချေ။ အခုတော့ မျက်စိအောက်မှာ ပင် ကြီးမားသော သုံးထပ်တိုက် အိမ်သစ်တစ်အိမ်ရုပ်ပုံပေါ်လာပြီ။

“အလုပ်သမားတွေ လည်း တစ်ယောက် မှမတွေ့ ဘူးနော်။ ဒီ ကနေ့ နားကြတယ်ထင်တယ်”

လင်းလက်ကြယ်က ပြောလိုက်သည်။ သူတို့နှစ် ယောက် သား ဆောက်လက်စအိမ်ကြီးဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့ကြ၏ ။ ချစ်သက်နွယ်က ..

“ဒီအိမ်ကြီးကို ဘယ်သူတွေ များ ပြောင်းလာကြလဲမသိဘူးနော်၊ တကယ်လို့များ ငါတို့ညီအစ်မလို ရုပ်ချောချော အမြွာညီအစ်ကို နှစ် ယောက် များ ပါရင် ကောင်းမှာ ဟ”

“ဟွန်း .. .နင်နဲ့ ငါ အမျိုးတော် တယ်ဆိုတာကို ဖြစ်နိုင်ရင်တောင် ငါကမေ့ထားချင်တာ”

လင်းလက်ကြယ်၏ ခပ်ငေါ့ငေါ့ခပ်ရိရိစကားများ ကို ချစ်သက်နွယ် ကတော့ ကြားရဖန်များ လွန်း သဖြင့် ရိုးနေလေပြီ။

သူတို့ ညီအစ်မနှစ် ယောက် စလုံးသည် တစ်ယောက် နှင့် တစ်ယောက် အမြွာညီအစ်မ ဖြစ်ရခြင်း ကို နှစ် လည်းနှစ် ခြိုက်သည်။ စိတ်လည်းပျက်သည်။ အဘယ်ကြောင့်ဆိုသော် ရှိရှိသမျှအရာတိုင်းကို တစ်ဦးတည်းအပိုင်မရဘဲ နှစ် ယောက် မျှပြီး ခွဲဝေခံစားသုံးစွဲနေရသော ကြောင့် ဖြစ်သည်။

ရုပ်ရည်ဆိုလျှင်လည်း နှစ် ယောက် အတူ။ အ၀တ်အစားဆိုလျှင်လည်း နှစ် ယောက် အတူတူ။ အိပ်ခန်းဆိုလျှင်လည်း တစ်ခန်းတည်းမှာ နှစ် ယောက် အတူနေကြရသည်။

တစ်ခါတစ်လေကျတော့လည်း သီးသီးသန့်သန့် မိမိဘာသာ တစ်ယောက် တည်းပိုင်ဆိုင်ရ သော ထူးခြားမှု မျိုးကို လိုချင်မိသည်မှာ သူတို့နှစ် ယောက် စလုံး၏ သဘာဝကျသော စိတ်ကူးယဉ်မှု ပင် ဖြစ်လေသည်။

“ဘယ်သူမှမရှိဘူးဟ … လာဟာ၊ အခုလိုလူလစ်တုန်း အဲဒီ အိမ်သစ်ကြီးထဲ ၀င်ပြီးကြည့်ရအောင်”

လင်းလက်ကြယ်က ပြောပြောဆိုဆိုဖြင့် ရှေ့မှ ခပ်သွက်သွက်လျှောက်သွား၏ ။ ချစ်သက်နွယ် ကလည်း သူ့အစ်မကိုမီအောင် ခြံဝင်းကိုဖြတ်ပြေးပြီး လိုက်လာသည်။

သစ်ဆိမ့်ပင်ကြီးပေါ်မှ ရှဥ့်ညိုလေးတစ်ကောင်က သုတ်သီးသုတ်ပြာသွားနေသော မိန်းကလေးနှစ် ယောက် ကို ငေးမောကြည့်နေ၏ ။

အိမ်ခြံဝင်းနှစ် ခုကို ပိုင်းခြားထားသော ခြံစည်းရိုးပုဏ္ဍားရိပ်ပင်တန်းကလေးကို ဖြတ်သန်းကာ လျှောက်လာခဲ့ကြသည်။ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်ပုံထားသော ဘိလပ်မြေအိတ်များ ၊ အုတ်ခဲများ ကိုလည်း ကျော်ခွလာခဲ့ကြရသေး၏ ။

ဆောက်လက်စအိမ်သစ်ကြီးတွင် အ၀င်တံခါးမကြီးကို မတပ်ဆင်ရသေးချေ။ ထို့ကြောင့် တံခါးပေါက်နေရာကို ပလက်စတစ်စကြီးဖြင့် ကာထား၏ ။

သူတို့ညီအစ်မနှစ် ယောက် က ပလက်စတစ်စကို မကာ ငုံ့လျှိုးပြီးဝင်လိုက်သည်။ အိမ်ထဲတွင် မှော င်နေ၏ ။ အေးစိမ့်စိမ့်လည်း ဖြစ်နေသည်။ အသုံးပြုထားကာစ သစ်သားလတ်လတ်ဆတ်ဆတ်တို့ ၏ စွဲမက်ဖွယ်ရနံ့တစ်မျိုးကိုလည်း ရှူရှိုက်မိသည်။

လင်းလက်ကြယ်က သစ်သားတန်းများ တွင် တစ်ပိုင်းတစ်စထွက်နေသော အိမ်ရိုက်သံများ ကို လက်ညှိုးထိုးပြပြီး . ..

“သတိထား .. .သံစူးမယ်နော်၊ တက်နင်းမိလို့ သံစူးမှဖြင့် မေးခိုင်ပိုးဝင်ပြီး တစ်ခါတည်းရှော သွားဦးမယ်”

“နင်က ငါ့ကို အဲ့သလိုသေစေချင်နေတာမဟုတ်လား”

ချစ်သက်နွယ်က ပြန်ငေါ့လိုက်သည်။ လင်းလက်ကြယ်က ..

“မသေစေချင်ပါဘူး၊ မေးခိုင်ပိုးဝင်ပြီး ပါးစပ်ဟလို့မရဘဲ နေရုံလောက်ဆိုတော် ပါပြီ၊ နင်စကား များ တာ ငါ သည်းမခံနိုင်လွန်းလို့”

ချစ်သက်နွယ် ကတော့ ဂရုမစိုက်။ ကျယ်ဝန်းသော အခန်းကြီးတစ်ခန်းကို လှည့်ပတ်ကြည့်ရင်း ..

“ဒီနေရာက ဧည့်ခန်း ဖြစ်လိမ့်မယ်ထင်တယ်”

“မျက်နှာကြက်တွေ ကလည်း အမြင့်ကြီးပဲနော်”

လင်းလက်ကြယ်ကလည်း အပေါ်ကိုမော့ကြည့်ရင်း သူ့ညီမ၏ ထင်မြင်ချက်ကို ထောက်ခံလိုက် ၏ ။ ချစ်သက်နွယ်က ပြတင်းပေါက် အကျယ်ကြီးမှတဆင့် လမ်းမဆီသို့ ငေးကြည့်နေရာမှ ပြန်လှည့်လိုက်ပြီး …

“အခန်းကြီးက အကျယ်ကြီးပဲနော်၊ ငါတို့အိမ်က ဧည့်ခန်းထက် အများ ကြီးပိုကျယ်တယ်”

သူတို့နှစ် ဦးသား စကားတပြောပြောနှင့် အခန်းတိုင်း အနှံ့လျှောက်ကြည့်ကြသည်။ ချစ်သက်နွယ်က နံရံမှတွဲ လောင်းကျနေသော ၀ါယာကြိုးများ ကို လက်ညှိုးထိုးပြရင်း

“ဟို မီးကြိုးတွေ က ဆင်ပြီးသွားပြီလားမသိဘူးနော်”

“သေသေချာချာသိရအောင် နင်သွားကိုင်ကြည့်ပါလား”

လင်းလက်ကြယ်က အကြံပေးလိုက် ။ ချစ်သက်နွယ်က

“နင် အရင်သွားကိုင်ကြည့်လေ”

ဟု ပြောရင်း အပေါ်ထပ်သို့တက်ရန် ခြေလှမ်းပြင်လိုက်သည်။ ထိုအချိန်မှာ ပင် အသံတစ်သံကို ကြားလိုက်ရလေသည်။ အံ့အားသင့်မှု ၊ ကြောက်လန့်မှု တို့ဖြင့် ချစ်သက်နွယ်၏ မျက် လုံးများ ပြူးကျယ်သွားပြီး ..

“ တစ်ယောက် ယောက် များ ရှိ ..ရှိနေသလား”

လင်းလက်ကြယ်ကလည်း အခန်းအလယ်တွင် ကြက်သေသေကာ တောင့်တောင့်ကြီးရပ် နေသည်။

သူတို့နှစ် ယောက် စလုံး တုပ်တုပ်မျှမလှုပ်ရဲဘဲ နားစွင့်ထားကြ၏ ။

ဘာသံမျှမကြားရ။

သို့သော် ခဏအကြာမှာ ပင် ခပ်ဖွဖွလျှောက်လာသော ခြေသံကို သူတို့နှစ် ဦးစလုံး ကြားလိုက်ရလေသည်။

ခြေသံက တဖြည်းဖြည်းနီးလာ၏ ။ အိမ်ထဲသို့ ရောက်လာ၏ ။

“ပြေး .. . ပြေး”

လင်းလက်ကြည်ပြောလိုက်သည့် စကားမဆုံးခင်မှာ ပင် ချစ်သက်နွယ်က တံခါးပေါက်ဝရှိ ပလတ်စတစ်စကိုဆွဲမကာ အပြင်သို့ တိုးထွက်နေလေပြီ။ မြေကြီးပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် နောက်ကြောင်းကို ပြန်မကြည့်ဘဲ တစ်ဟုန်ထိုးပြေးလေတော့၏ ။ လင်းလက်ကြယ်ကနောက်မှ ပြေးလိုက်လာသည်။ နောက် .. ဗြုန်းကနဲ အိမ်နံရံဘေးတွင် ရပ်လိုက်၏ ။

“ဟဲ့ .. နေဦး .. နေဦး၊ ဟိုမှာ ကြည့်စမ်း

တစ်စုံတစ်ခုကိုမြင်သွားသော လင်းလက်ကြယ်က ညီမ ဖြစ်သူကို လှမ်းခေါ်ကာပြလိုက်သည်။

အိမ်အပေါ်ပြတင်းပေါက်မှ တွယ်ဆင်းလာသော ရှဥ့်ညိုလေးတစ်ကောင် …။

ရှဥ့်ကလေးက နံရံပေါ်မှနေ၍ မြေကြီးပေါ်သို့ ခုန်ချပြီးနောက် သစ်ဆိမ့်ပင်ကြီးဆီသို့ လှစ်ကနဲ ပြေးသွားလေတော့သည်။

လင်းလက်ကြယ်က ရယ်မောလိုက်ရင်း ..”

“ဘာမှမဟုတ်ပါဘူးဟာ … ရှဥ့်ကလေးပါ”

ချစ်သက်နွယ် ကတော့ ပုဏ္ဍရိပ်ပင်တန်းနားဆီမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်လှည့်လာရင်း ..

“နင့်ဟာက သေချာလို့လား၊ ငါ့စိတ်ထင်ပြောရရင် ရှဥ့်မဟုတ်လောက်ဘူးထင်တယ်၊ ခြေသံ က နည်းနည်း ကျယ်တယ်ဟ”

ပြောပြောဆိုဆိုဖြင့် လင်းလက်ကြယ်ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။

“ဟင် .. .”

လင်းလက်ကြယ်ကို မတွေ့ ရတော့သဖြင့် သူမ ရင်ထိပ်သွား၏ ။

“လင်းလက်ရေ .. .နင် ဘယ်မှာ လဲ”

“ငါ ဒီဘက်မှာ ဟ၊ အိမ်ဘေးကိုလာခဲ့”

အသံကြားရာဆီသို့ မှန်းဆပြီးလိုက်သွားသည်။ ခြံထောင့်အဆုံးရှိ အမှိုက်ပုံကြီးအနီးတွင် လင်းလက်ကြယ်ကို တွေ့ လိုက်ရသည်။ လင်းလက်ကြည်၏ ပုံသဏ္ဍာန်က အမှိုက်များ ကြားမှ တစ်စုံ တစ်ရာကို ငုံ့ကြည့်နေပုံမျိုး။

ချစ်သက်နွယ်၏ စိတ်ထဲတွင် ထူးဆန်းနေသလို ခံစားရသော ကြောင့် ထိုနေရာသို့ ခပ်သွက်သွက် ပြေးသွားလိုက်ရင်း

“လင်းလက် … နင်ဘာ ဖြစ်နေတာလဲ”

အဖြေစကားသံမကြားရ။ ချစ်သက်နွယ်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပင် ရှေ့သို့ တစ်လှမ်းချင်းတိုးသွားလိုက်သည်။

လင်းလက်ကြယ်က အမှိုက်ပုံအောက်မှ တစ်စုံတစ်ရာကို ဆွဲထုတ်နေ၏ ။

“ဘာလဲ … အဲဒါဘာလဲဟင်”

ပြောပြောဆိုဆိုဖြင့် ချစ်သက်နွယ်က လှမ်းကြည့်လိုက်ရာ ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရလေတော့သည်။

ကလေးငယ် တစ်ယောက် ၏ ဦးခေါင်း …။

ခြေတွေ လက်တွေ က အသက်မဲ့စွာ ဆန့်ကားလျက်။

“အား …”

ချစ်သက်နွယ်က အမှိုက်ပုံအောက်မှ ကလေး တစ်ယောက် ၏ မလှုပ်မယှက်ခန္ဓာကိုယ်ကို ကြည့်ရင်း ချောက်ချားစွာ အော်ဟစ်လိုက်လေတော့သည်။

******

အခန်း (၂)

“လင်းလက် …”

ချစ်သက်နွယ်က ရင်ခေါင်းသံကြီးဖြင့် အထိတ်တလန့်လှမ်းအော်ရင်း …

“သူ . .. .သူ အသက်ရှိသေးရဲ့ လား”

ဟု အလောတကြီးလှမ်းမေးလိုက်သည်။ လင်းလက်ကြယ် ကတော့ ထိုကလေးငယ်ကို ပွေ့ယူလိုက်ရင်း . . .

“ဟင့်အင်း . . .အသက်မရှိဘူး”

“ဘာ . . .”

ချစ်သက်နွယ်၏ အံ့သြချောက်ချားမှု ဖြင့် ရေရွတ်လိုက်သံက ကျယ်လောင်သွားသည်။ သို့သော် လင်းလက်ကြယ်က ပြောင်စပ်စပ်မျက်နှာပေးဖြင့် လှည့်ကြည့်ရင်း …

“ဟုတ်တယ်လေ … အသက်မရှိဘူး၊ ဘယ်ရှိပါ့မလဲ၊ သူက အရုပ်ပဲဥစ္စာ”

“ဘာပြောတယ်”

ချစ်သက်နွယ်၏ အမေးကို လင်းလက်ကြယ်က ပြန်မဖြေတော့ဘဲ လက်ထဲမှသစ်သားရုပ်ကြီးကို သာ မြှော က်၍ ပြလိုက်၏ ။ ထို့နောက် . ..

“ဒီမှာ ကြည့်လေ၊ တကယ့်ရုပ်သေးစင်မှာ သုံးတဲ့ သူငယ်တော် ရုပ်ဟ၊ တစ်ယောက် ယောက် က အမှိုက်ပုံမှာ လာပစ်သွားတာ ဖြစ်မယ်၊ ကြည့်စမ်းပါဦး .. .ဘာမှ မကျိုးပဲ့သေးဘူး၊ အားလုံးအကောင်း အတိုင်းပဲ ရှိသေးတယ်”

လင်းလက်ကြယ်က ထိုသို့ပြောရင်းနှင့် လှမ်းကြည့်လိုက်ရာ တုန်လှုပ်ခဲယဉ်းစွာ အသက်ပြင်းပြင်းရှူနေသော ချစ်သက်နွယ်၏ မျက်နှာကို မြင်လိုက်ရသဖြင့်

“ဟင် . . .နင်က ဘာ ဖြစ်နေရတာ လဲ၊ တကယ့်အလောင်းကောင် အောက်မေ့ပြီး ကြောက်သွားတယ်ပေါ့လေ .. ဟုတ်လား”

“မကြောက်ပါဘူး၊ အစကတည်းက အရုပ်ကြီးမှန်း ငါ သိသားပဲ”

ချစ်သက်နွယ်က ခပ်မာမာပြန်ပြောလိုက်သည်။ လင်းလက်ကြယ် ကတော့ အရုပ်၏ အောက် နှုတ်ခမ်းကို လှုပ်ရှားရန်မေးစေ့မှ ဆက်သွယ်ထားသည့်ကြိုးကို ဆွဲတင်ဆွဲချလုပ်ရင်း အရုပ်ကစကား ပြောသည့်ဟန်ဖြင့် ..

“ဟင့်အင်း .. .ငါက အရုပ်မဟုတ်ဘူး၊ အသက်ရှိတယ်၊ မယုံဘူးလား”

ဟု အသံဖျက်ကာ ပြောလိုက်သည်။

ဒါကိုကြည့်ပြီး ချစ်သက်နွယ်က မျက်စောင်းတစ်ချက်ထိုးကာ . ..

“ငပေါမ”

“လင်းလက်က ငပေါမဟုတ်ဘူး၊ နင်သာငပေါမ”

အရုပ်၏ ပါးစပ်ကို ဖွင့်ချည်ပိတ်ချည် ဖြစ်အောင် ကြိုးဆွဲရင်း လင်းလက်က အသံဖျက်ကာ ပြောနေပြန်သည်။ လင်းလက်က သူမ၏ နှုတ်ခမ်းတို့ကို မလှုပ်ရှားအောင်သွားစေ့ပြီး အသံစူးစူးဖြင့် ပြောနေခြင်း ဖြစ်ရာ သစ်သားရုပ်က ပြောနေသည်နှင့် တကယ်ပင် သဏ္ဍာန်တူလှသည်။

ချစ်သက်နွယ် ကတော့ မနှစ်သက် ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး . . .

“အမှိုက်ပုံထဲကရတာ ဆိုတော့ ရောဂါ တွေ ပါချင်ပါမှာ ဟ၊ ပြန်လွှင့်ပစ်လိုက်စမ်းပါဟာ”

“အံမယ် . .. ဘာလို့လွှင့်ပစ်ရမှာ လဲ၊ ဒီအရုပ်ကို ငါသေသေချာချာသိမ်းထားမလို့”

“ဘာ . .. နင်တကယ်ပြောနေတာလား”

ချစ်သက်နွယ်က မယုံကြည်နိုင်စွာ ပြန်မေးလိုက်ရင်း အရုပ်ကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။

သူငယ်တော် ရုပ် ဖြစ်သော ကြောင့် ဦးခေါင်းမှဆံပင်များ ကို ဘယ်ညာတစ်ဖက်စီတွင် ချည်နှောင် ပြီး နပန်းဆံအ ဖြစ်ချထား၏ ။ အရုပ်က (၂)ပေနီးပါးခန့်မြင့်ပြီး လက်နှစ် ဖက်တွင် လက်ကောက် အကြီးကြီးတစ်ဖက်စီ ပါရှိ၏ ။ ရင်ဘတ်တွင် လည်း ဆွဲပြားအ၀ိုင်းကြီး တစ်ခု။ အ၀တ်အစားများ ကမူ ဟောင်းနွမ်းလှပြီ ဖြစ်ရာ အရောင် အသွေး သိပ်မပေါ်လွင်တော့ပေ။ ရွှေရောင် ဘော်ကြယ်စီးကွင့်များ လည်း နေရာ အတော် များများ တွင် ပြုတ်ထွက်နေလေပြီ။ ခြေထောက်မှာ တော့ ရှားရောင် ကတ္တီပါစဖြင့် ချုပ်ထားသည့် ဇာတ်မင်းသားများ စီးသော ခြေနင်းကို ၀တ်ဆင်ထားသည်။

သူငယ်တော် ရုပ်၏ မျက်နှာပေါ်တွင် ခြယ်သထားသော ဆေးရောင် များ ကတော့ မပျက်ပြယ်သေး။ မျက်လုံးကိုခြယ်ထားသော ဆေးအနက်ရောင် သည် စိုပြီးတောက်ပနေ၏ ။ အရုပ်၏ မျက်လုံးအိမ်များ က မျက်တောင်မခတ်နိုင်သည်မှလွဲ၍ နံဘေးဝဲယာသို့ ရွေ့လျားနိုင်ပေရာ ပိုပြီးအသက်ဝင်လှသည်။

သူငယ်တော် ရုပ်၏ ပါးပြင်ပေါ်မှာ တော့ ၀ိုင်းဝိုင်းစက်စက် ပါးကွက်နှစ် ခုကို ရေး ခြယ်ထား၏ ။ နှုတ်ခမ်းအစုံကို ခြယ်သထားသော ဆေးအနီရောင် မှာ လည်း ပကတိအသစ်နီးပါးပင်။ သစ်သားရုပ်၏ အောက်နှုတ်ခမ်းမေးစေ့အတွက် သီးခြားသစ်သားအပိုင်းငယ်ပေါ်တွင် ပုံဖေါ်ပြီး အပေါ်အာခေါင် အောက်မှာ ပတ္တာဖြင့် အရှင်တပ်ဆင်ထားခြင်း ဖြစ်သည်။

သို့မှသာ မေးစေ့တွင့်  ဆက်ထားသော ကြိုးကို ဆွဲလိုက်လျှင် အောက်နှုတ်ခမ်းကပါ ဖွင့်ချည် ပိတ်ချည် လှုပ်ရှားနိုင်မည် ဖြစ်၏ ။ ကြိုးကိုမဆွဲဘဲ ဒီအတိုင်းချထားသည့်အခါမျိုးတွင် သစ်သားမေးစေ့၏ အလေးချိန်ကြောင့် အရုပ်၏ အောက်နှုတ်ခမ်းကလည်း တွဲ လောင်းကျပြီး ခပ်ဟဟ ဖြစ်နေသည်။

အမှတ်တမဲ့ကြည့်လျှင် ပါးစပ်ဟပြီးပြုံးရယ်နေသည်ဟု ထင်ရ၏ ။ သို့သော် ကြည်လင်သော နှစ် လိုဖွယ်အပြုံးတစ်ခုတော့မဟုတ်၊ ခါးသီးရက်စက်တတ်သူ တစ်ယောက် ၏ အပြုံးမျိုး ဖြစ်သည်။

******

လင်းလက်ကြယ် ကတော့ လက်တစ်ဖက်က အရုပ်တွင် တပ်ဆင်ထားသော ကြိုးများ ကိုဆွဲရင်း ကျန်လက်တစ်ဖက်က အရုပ်ကို ပွေ့ကာ အကျေနပ်ကြီးကျေနပ်နေသည်။

သူမက စောစောကလိုပင် အရုပ်၏ ပါးစပ်ကို ဖွင့်ချည်လုပ်ရင်း (သူမ၏ နှုတ်ခမ်းများ ကို မလှုပ်ဘဲ) အရုပ်ကစကားပြောဟန်ဖြင့် …

“ငါ့နာမည် က “ငလက်ဝါး” တဲ့ကွ၊ ဟင်း ဟင်း . . . .ဘာမှတ်သလဲ”

ချစ်သက်နွယ်က မျက်မှော င်ကုတ်ရင်း …

“ငပေါမ၊ သူ့အရုပ်ကို နာမည် ပေးတာကလည်း၊ “ငလက်ဝါး” တဲ့ ၊ ကြောင်လိုက်တာ”

လင်းလက်ကြယ်က အရုပ်စကားသံဖြင့် . . .

“ကြောင်သလား မကြောင်သလားသိချင်ရင် ရှေ့တိုးခဲ့လေ၊ နင့်ပါးပေါ်မှာ ဖြန်းကနဲ ဖြန်းကနဲ နေသွားအောင် လက်ဝါးစွမ်းပြလိုက်မယ်”

လင်းလက်ကြယ်ကပြောရင်း အရုပ်၏ လက်ကောက်ဝတ်ကြိုးကို တုံ့ဆွဲပေးနေသော ကြောင့် အရုပ်က လေထဲတွင် လက်ဝါးတရွယ်ရွယ် ဖြစ်နေ၏ ။

ချစ်သက်နွယ်က . . .

“ကဲ . . .လင်းလက်၊ ကလေးမဟုတ် သူငယ်မဟုတ် အရုပ်နဲ့ ဆော့မနေနဲ့ ၊ နင်နဲ့ ငါ စက်ဘီးလျှောက်စီးဦးမှာ လား၊ မစီးတော့ဘူးလား၊ ဒါပဲပြော”

“အောင်မယ်၊ ဟိုကောင်နေမျိုးဇော်နဲ့ မတွေ့ လိုက်ရမှာ စိုး နေတယ်ပေါ့လေ”

အရုပ်စကားသံဖြင့် လင်းလက်၏ လည်ချောင်းကိုညှစ်ပြီးပြောနေသံက နားကလောစရာ ကောင်းလှသည်။ ချစ်သက်နွယ်က စိတ်မရှည်စွာ ဖြင့် . ..

“နင့်ပုံဆိုးပန်းဆိုးအရုပ်ကြီးကို ပစ်ထားခဲ့စမ်းပါဟာ”

“ငါက အရုပ်အဆိုးဘူး၊ နင်ကသာ ရုပ်ဆိုးမ”

လင်းလက်ကြယ်က အသံဖျက်၍ ပြောရင်း အရုပ်၏ ပါးစပ်ကို ဖွင့်ချည်ပိတ်ချည်လုပ်ရုံသာမက မျက်လုံးကိုပါ ဘယ်ညာရွေ့လျား ပြလိုက်သေးသည်။

ချစ်သက်နွယ်က . . .

“ဟင် . . .. အရုပ်က စကားပြောတာနဲ့ လည်းမတူဘူး၊ နင့် ပါးစပ်လှုပ်နေတာက အသိသာကြီး”

“အောင်မယ် . . .ဒါ ကတော့ တဖြည်းဖြည်းလေ့ကျင့်ယူရင် တူလာမှာ ပေါ့ဟ”

“နင် တကယ်ပဲ ဒီရုပ်လေးနဲ့ လေ့ကျင့်မလို့လား၊ လင်းလက်”

“အေးလေ . . .ရုပ်သေးဆိုရင် ငါက အမြဲသဘောကျတာပဲ ဥစ္စာ၊ နင်မမှတ်မိဘူးလား၊ ငါတို့ ပုဂံသွားတုန်းကလေ၊ အဲဒီ တုန်းက တကယ်ကြိုးဆွဲလို့ရတဲ့ ရုပ်သေးရုပ်ကြီးတွေ ၀ယ်ဖို့ပိုက်ဆံမရှိတာ နဲ့ အလှချိတ်တဲ့ ရုပ်သေးရုပ်အငယ်စားလေးတွေ ပဲ ၀ယ်ကြရတာ လေ”

“အေး . .. ဟုတ်တယ်၊ ငါလည်း စင်ပေါ်မှာ တကယ်ကတဲ့ ရုပ်သေးရုပ်ကြီးတွေ ကို သဘောကျ တယ်”

ချစ်သက်နွယ်ကလည်း တွေ တွေ ငေးငေးဖြင့် ရေရွတ်လိုက်၏ ။

သူတို့အမြွာညီအစ်မနှစ် ယောက် စကားတပြောပြောဖြင့် လျှောက်လာရင်း သူတို့အိမ်ရှေ့လမ်းမပေါ်သို့ ရောက်လာ၏ ။ လင်းလက်ကြယ် ကတော့ ရုပ်သေးရုပ်ကလေးကို တယုတယပွေ့ထားဆဲပင်။

ချစ်သက်နွယ်က လမ်းပေါ်တွင် တွေ့ ရသည့် ကျောက်ခဲအကြီးကြီးတစ်လုံးကို ခြေထောက်ဖြင့် လွှဲကန်လိုက်ရင်း …

“ငါတော့ နင့်အရုပ်ကိုကြည့်ရတာ ကြောက်စရာကောင်းတယ်ထင်တာပဲ၊ အမှိုက်ပုံထဲကိုပဲသွား ပြန်ပြီး ပစ်ထားလိုက်စမ်းပါဟာ”

“အံမယ် . .. ဘာလို့ပစ်ရမှာ လဲ၊ တကယ်တော့ နင် ငါ့ကို မနာလို ဖြစ်နေတာမဟုတ်လား”

ချစ်သက်နွယ်က ပြန်ငြင်းဆန်ဖို့ ဟန်ပြင်လိုက်စဉ်မှာ ပင် ခပ်လှမ်းလှမ်းမှ ဆူဆူညံညံအသံများ ကို ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သော အခါ လမ်းထိပ်ဆီမှနေ၍ ပြေးလာ သော ဖိုးသားနှင့် ဖိုးခွား ညီအစ်ကိုနှစ် ယောက် ကို တွေ့ လိုက်ရ၏ ။

ဖိုးသားနှင့် ဖိုးခွား ညီအစ်ကိုနှစ် ယောက် က ကိုးနှစ် ဆယ်နှစ် သားမျှသာရှိပြီး အလွန်ချစ်စရာ ကောင်းသည်။ တစ်ခါတစ်ရံ သူတို့၏ အဖေနှင့် အမေတို့ အပြင်သွားလျှင် ချစ်သက်နွယ်တို့ ညီအစ်မ နှစ် ယောက် က သွားကူပြီးထိန်းပေးရသည်။

အနီးသို့ ရောက်လာသော ဖိုးသားက လင်းလက်ကြယ်၏ ရင်ခွင်ထဲမှအရုပ်ကို လက်ညှိုးထိုးပြီး . ..

“အဲဒါ ဘာရုပ်လဲဟင်”

“အဲဒီ အရုပ်က စကားပြောတတ်လား”

အငယ်ကောင်ဖိုးခွားကလည်း ၀င်မေးသည်။ သူ ကတော့ အရုပ်ကိုနည်းနည်း ကြောက်နေပုံရ၏ ။ အနီးသို့သိပ်မကပ်ရဲ။

“ဟိတ်ကောင်တွေ .. .ငါ့နာမည် က ငလက်ဝါးကွ”

လင်းလက်ကြယ်က နှုတ်ခမ်းကိုမလှုပ်ဘဲ အရုပ်ကပြောဟန် ဖြင့် နှုတ်ဆက်လိုက်သည်။

သူမက ငလက်ဝါး၏ လက်ကို ဝှေ့ယမ်းနှုတ်ဆက်ဟန် ဖြစ်အောင် ကြိုးကိုဆွဲလိုက်သော်လည်း ကြိုးတွေ ရှုပ်ယှက်ခတ်ကာငြိနေသဖြင့် အရုပ်၏ လက်က လိမ်ဖယ်လိမ်ဖယ် ဖြစ်နေသည်။

ဖိုးသားက . . .

“ဒီအရုပ်ကို ဘယ်ကရလာတာလဲဟင်”

“အရုပ်က မျက်လုံးတွေ လည်းလှုပ်တယ်နော်”

ဖိုးခွားက သူ့အစ်ကိုနောက်တွင် ကွယ်ကာရပ်နေရင်း မရဲတရဲလှမ်းပြော၏ ။ လင်းလက်ကြယ်က အရုပ်၏ ပါးစပ်ကို ဖွင့်ချည်ပိတ်ချည်လုပ်ရင်း …

“မင်းမျက်လုံးတွေ တောင် လှုပ်သေးတာ၊ ငါက ဘာလို့ မလှုပ်ရမှာ လဲ”

ပြောကာ အရုပ်၏ မျက်လုံးများ ကို မျက်စပစ်သလိုမျိုး ၀ဲယာသို့လျင်မြန်စွာ လှုပ်ပြလိုက်၏ ။

ချာတိတ်နှစ် ကောင်က သဘောကျပြီး ခွက်ထိုးခွက်လန်ရယ်ကြသည်။ ဖိုးခွားက အနည်းငယ်ရဲ တင်းဟန်ဖြင့် ရှေ့သို့တိုးလာပြီး အရုပ်၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။

“လွှတ် . . .. လွှတ် . . .နာလိုက်တာ”

ရုတ်တရက်မို့ အရုပ်ကအော်လိုက်သည်ဟုထင်ပြီး ဖိုးခွားတစ်ကိုယ်လုံး တုန်ယင်သွားကာ ဆတ်ကနဲလွှတ်ချလိုက်သည်။ ပြီးတော့မှ လင်းလက်ကြယ်က အသံတုဖြင့် အော်လိုက်မှန်း သူသိသွား ပြီး ရှက်ရယ်ရယ်နေ၏ ။

ဖိုးသား ကတော့ သူ့ညီကြောက်လန့်သွားပုံကိုကြည့်ပြီး အော်ကြီးဟစ်ကျယ်ရယ်လေတော့ သည်။

အဲသည့်တစ်ခဏအတွင်းမှာ ပင် ချာတိတ်နှစ် ကောင်သည် လင်းလက်ကြယ်၏ ပရိသတ်များ ဖြစ် မှန်းမသိ ဖြစ်သွားကြ၏ ။ လင်းလက်ကြယ်က ကြည်နူးပီတိ ဖြစ်စွာ ပြုံးရင်း သူ့ညီမရှိရာဆီသို့ လှမ်းကြည့် လိုက်၏ ။

ချစ်သက်နွယ် ကတော့ ခပ်လှမ်းလှမ်းက သစ်တုံးတစ်ခုပေါ်တွင် သွားထိုင်နေသည်။ လင်းလက် တို့လူစုကိုလည်း မကြည့်ဘဲ အဝေးသို့မျက်နှာလွှဲထား၏ ။ သူမ၏ မျက်နှာပေါ်တွင် ကား တစ်စုံတစ်ရာ ကို အလိုမကျသော ခံစားမှု က ပေါ်လွင်နေသည်။

သူငါ့ကို တကယ်မနာလို ဖြစ်နေတာပဲဟု လင်းလက်ကြယ်က တွေးလိုက်သည်။ ဘာပဲ ဖြစ် ဖြစ် သူမ၏ အောင်မြင်မှု အတွက် လင်းလက်ကြယ်က ကျေနပ်နေမိ၏ ။

သူမက နှစ် လိုစွာ ပြုံးရင်း လက်ထဲမှသစ်သားရုပ်ကို ငုံ့ကြည့်လိုက်သည်။

“ဟင် . .. ”

လင်းလက် အံ့အားသင့်သွားသည်။ ငလက်ဝါးကသူ့ကို တည့်တည့် ပြန်စိုက်ကြည့်နေသော ကြောင့် ဖြစ်၏ ။

သူ့အကြည့်က သိစိတ်တစ်စုံတစ်ရာရှိနေသည့် အကြည့်မျိုး၊ ပြီးတော့ သူ၏ ခါးသီးသော အပြုံး ကလည်း တစ်စုံတစ်ရာကို ရက်စက်ဖို့ ရည်ရွယ်ထားသော အပြုံး ဖြစ်သည်။

******

အခန်း (၃)

“ဘယ်သူဖုန်းဆက်တာလဲ သမီး”

ဟု ဖခင် ဖြစ်သူ ဦးချစ်ဆွေက နန်းကြီးသုပ်ကိုစားနေရင်း လှမ်းမေးလိုက်သည်။ လင်းလက်ကြယ်က ဆေးကြောပြီးသွားသော သူမ၏ ပန်းကန်ကို စင်ပေါ်တွင် နေသားတကျပြန်ထား ရင်း . . .

“ဟိုဘက်လမ်းက အန်ကယ်ဦးတင်အောင်လေ၊ ဖိုးသားတို့ အဖေပေါ့”

“ဘာလဲ . .. ဖိုးသားတို့နှစ် ကောင်ကို ထိန်းပေးဖို့ သမီးတို့ ကိုခေါ်တာလား”

မိခင် ဖြစ်သူ ဒေါ်နွယ်နွယ်လင်းက ထမင်းစားပွဲကို သန့်စင်နေရင်း လှမ်းပြော၏ ။

“မဟုတ်ပါဘူး မေမေ၊ ဖိုးသားမွေးနေ့ နီးလာပြီလေ၊ အဲဒါမွေးနေ့ပွဲကျရင် ကလေးတွေ ပျော် အောင် သမီးရဲ့ ရုပ်သေးရုပ်နဲ့ လာကစားပေးပါလို့ အကူအညီတောင်းတာ မေမေရဲ့ ”

“တယ်ဟုတ်ပါလား၊ ငါ့သမီးက နာမည် တောင်ကြီးနေမှကိုး”

ဦးချစ်ဆွေက ရယ်ရယ်ရွှန်းရွှန်းပြောလိုက်၏ ။ လင်းလက်ကြယ်က သူမ၏ ဖခင်ကို မျက်လုံးဝင့် ကာကြည့်လိုက်ရင်း

“ဖိုးသားနဲ့ ဖိုးခွားက ငလက်ဝါးကို အရမ်းသဘောကျတာ ဖေဖေရဲ့ ၊ အခုလည်း သူတို့အဖေကို သူတို့ပဲ အတင်းပူဆာကြတာ၊ အန်ကယ်ဦးတင်အောင်က သမီးကို မုန့်ဖိုးငါးထောင်ပေးမယ်လို့ ပြော တယ်”

“အံမယ် . .. ငါ့သမီးတော့ ကြီးပွားဦးမယ်ဟေ့ … ဟား … ဟား . ..ဟား”

ငလက်ဝါးကို အမှိုက်ပုံထဲမှ ကောက်ယူလာခဲ့သည်မှာ တစ်ပတ်ကျော်ကျော်ပင် ကြာမြင့်ခဲ့လေပြီ။ ဒီရက်များ အတွင်း လင်းလက် တစ်ယောက် ကျောင်းမှပြန်လာတိုင်း အခန်းထဲတွင် အောင်းက ငလက်ဝါးနှင့် ကစားသည်။ သူမ၏ နှုတ်ခမ်းကို အတတ်နိုင်ဆုံးမလှုပ်ပဲ ငလက်ဝါးက စကားပြောသည့်ဟန်မျိုး အသံစူးစူးဖြင့် ပြောတတ်အောင် လေ့ကျင့်သည်။ ငလက်ဝါးအနေဖြင့် ပြောရန် ဟာသာပြက်လုံးများ ကိုလည်း စိတ်ကူးသလောက်ချရေး ကာ အလွတ်ကျက်ထား၏ ။ အရုပ်က ရယ်စရာ တွေ များများ ပြောနိုင်မှ လူစိတ်ဝင်စားမည် မဟုတ်ပါလား။ တကယ့်ရုပ်သေးပွဲလို အရုပ်တွေ အများ ကြီး နှင့် ကပြနိုင်ခြင်းမျိုးမဟုတ်ဘဲ ရုပ်သေးပွဲလို အရုပ်တွေ အများ ကြီးနှင့် ကပြနိုင်ခြင်းမျိုးမဟုတ်ဘဲ ရုပ်သေးတစ်ရုပ်တည်းဖြင့် တစ်ကိုယ်တော် ဖျော်ဖြေရမည် ဖြစ်သော ကြောင့် စကားအပြောအဆို ပြက်လုံးတို့ကိုသာ အဓိကအားကိုးရမည် ဖြစ်သည်။

ချစ်သက်နွယ် ကတော့ သူ့အစ်မလုပ်သမျှကိုကြည့်ပြီး

“အလကား ပေါကြောင်ကြောင်အလုပ်ကိုများ နင်မို့လို့ အချိန်ကုန်ခံတယ်”

ဟု အမြဲသြဘာပေးလေ့ရှိသည်။ လင်းလက်က သူ့ရုပ်သေးရုပ်နှင့် လေ့ကျင့်နေခိုက်တွင် ပရိ သတ်အ ဖြစ် ထိုင်ကြည့်ပေးဖို့ကိုလည်း လက်မခံပေ။

ညနေပိုင်းစာသင်ချိန် အတန်းမရှိသည့် နေ့ရက်တစ်ရက်တွင် လင်းလက်ကြယ်က ကျောင်းသို့ ငလက်ဝါးကိုယူလာ၏ ။ ပြီးတော့ ကျူတိုရီယယ်ခန်းအလွတ်တစ်ခုထဲတွင် အတန်းဖော်တချို့ကို ခေါ်ကာ ရုပ်သေးရုပ်ဖြင့် ဖျော်ဖြေသည်။

အံ့သြစရာကောင်းလောက်အောင်ပင် သူငယ်ချင်းအားလုံးနီးပါးက ချီးကျူးကြ၏ ။ ချစ်သက်နွယ်ကို စိတ်ဝင်စားနေသူ နေမျိုးဇော်ကပင်လျှင်

“လင်းလက်က အနုပညာဗီဇရှိတယ်နော်”

ဟု ချီးကျူးခဲ့သေးသည်။

အခုလည်း မိသားစုညစာစားအပြီးတွင် ဖေဖေနှင့် မေမေ့ထံမှ အလားတူစကားမျိုး ထပ်ကြားရပြန်သည်။ ချစ်သက်နွယ်၏ ရှေ့မှာ တင် ပြောခြင်း ဖြစ်၏ ။ လင်းလက်ကြယ် ကတော့ ငလက်ဝါးနှင့် လေ့ကျင့်ရဦးမည် ဟုဆိုကာ ညစာစားပြီးပြီးချင်း အပေါ်ထပ်ရှိအိပ်ခန်းဆီသို့ တက်သွား၏ ။ ဖေဖေနှင့် မေမေက ဧည့်ခန်းတွင် ထိုင်ရင်း

“သမီးကြီးက ကိုယ်ငယ်ငယ်တုန်းကနဲ့ တူတယ် နွယ်ရဲ့ ၊ သူ့မှာ အနုပညာဗီဇပါတယ်”

“အင်း . .. ဟုတ်တယ်၊ ဘာမဆိုသင်လိုက်ရင်လည်း ခဏလေးနဲ့ တတ်လွယ်တယ်၊ သြော် .. ဟဲ့ ဂျက်ကီ ဆိုဖာပေါ်မတတ်နဲ့ လေ၊ ဆင်းစမ်း”

အမြီးကလေးလှုပ်ယမ်းကာ ဆိုဖာပေါ်တတ်ပြီးခွေအိပ်ဖို့ ကြိုးစားနေသော ခွေးကလေးဂျက်ကီကို မေမေကဆင်းခိုင်းသည်။ သို့သော် ကိုယ်ထိလက်ရောက်တွန်းချဖို့ကိုကား လက်ဖျားနှင့် ပင်မရွယ်ချေ။

ချစ်သက်နွယ် ကတော့ ဖေဖေ မေမေတို့နှင့် ခပ်ဝေးဝေးတွင် တစ်ယောက် တည်းသွားထိုင်နေ သည်။ သူမ၏ လက်နှစ် ဖက်ဖြင့် မေးကို ထောက်ထားသည်။

ဖခင် ဖြစ်သူဦးချစ်ဆွေက တစ်ချက်လှမ်းကြည့်ပြီး . ..

“ဒီရက်ပိုင်းအတွင်း သမီးကိုကြည့်ရတာ သိပ်မရွှင်ပါလား၊ ဘာ ဖြစ်လို့လဲ”

“သမီးလည်း ရုပ်သေးရုပ်တစ်ရုပ်လိုချင်တယ် ဖေဖေ”

ချစ်သက်နွယ်၏ နှုတ်မှ လွှတ်ကနဲထွက်သွားသည်။ ပြောပြီးမှ သူမကိုယ်သူမလည်း အံ့သြနေမိ၏ ။ အဲသည်လိုပြော ဖြစ်သွားဖို့ သူမမှာ လုံးဝရည်ရွယ်ချက်မရှိတာ အမှန်ပင် ဖြစ်သည်။

ထိုအချိန်မှာ ပင် လင်းလက်ကလည်း ငလက်ဝါးကိုပွေ့ကာ အပေါ်ထပ်မှဆင်းလာသည်။ မေမေက ချစ်သက်နွယ်ကို

“သမီးငယ်က တကယ်လိုချင်လို့လား”

ဟု မေးနေသည်ကို လင်းလက်က နားစွန်နားဖျားကြားသွားပြီ

“ဘာလိုချင်လို့တဲ့လဲဟင်”

“သမီးငယ်က သူလည်း ရုပ်သေးရုပ်တစ်ရုပ်လိုချင်တယ်တဲ့”

မေမေ့စကားကြောင့် လင်းလက်ကြယ်က ဆတ်ကနဲ ကြည့်လိုက်ရင်း …

“အဓိပ္ပါယ်မရှိတာ၊ ငါလုပ်တာမှန်သမျှ နင်က ဘာလို့လိုက်ပြီး အကုန်လုံး အတုခိုးချင်နေရတာ လဲ”

ဟု ချစ်သက်နွယ်ကို လှမ်းပြောလိုက်သည်။ ချစ်သက်နွယ်၏ ပါးပြင်ဖြူနုနုသည် ရှက်သွေးကြောင့် ပန်းရောင် သန်းသွား၏ ။ သူမက

“အတုခိုးရအောင် နင့်ကိုယ်နင် ဇာတ်လိုက်မင်းသမီးများ အောက်မေ့နေသလား၊ နင်လုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမှာ ပေါ့”

“အို . . .သူများ လုပ်မှ နောက်ကလိုက်လုပ်တာဟာ အောက်ပါတယ်၊ ကိုယ့်အစွမ်းအစနဲ့ ကိုယ် သပ်သပ်လုပ်ပါလား၊ နင့်အံဆွဲထဲမှာ ဖန်စီ (Fancy) လက်ကောက်တွေ နားကပ်တွေ စုတယ်မဟုတ် လား၊ နင် ၀ါသနာပါတာ နင်လုပ်လေ၊ ရုပ်သေး ကတော့ ငါ့မူပိုင်ပဲ”

ညီအစ်မနှစ် ယောက် အချေအတင် ဖြစ်နေကြသည်ကို နားထောင်ရင်း မေမေက

“ကဲ . .. ညည်းတို့ဟာလေ၊ တစ်ယောက် နဲ့ တစ်ယောက် ငြင်းလိုက်ခုန်လိုက် ထေ့လိုက်ငေါ့လိုက်နဲ့ ကိုယ်ကစပြီး အလျှော့ပေးမယ်လို့တော့ မရှိကြဘူး”

“ဘာလို့လျှော့ရမှာ လဲ မေမေရဲ့ ၊ တကယ်တမ်း လင်းလက်ရုပ်သေးကြိုးဆွဲတာ ဘာမှမှ ပညာမပါတာ”

“အောင်မယ် . .. နင်ကသာ သူများ နောက်လိုက်”

“ကဲ .. ကဲ … ညည်းတို့နှစ် ယောက် စလုံး တော် ကြပါတော့၊ ငါနားတွေ ငြီးလှပြီ”

မိခင် ဖြစ်သူက ညီအစ်မနှစ် ယောက် စလုံးကို ငေါက်ငမ်းလိုက်၏ ။

ထို့ကြောင့် ချစ်သက်နွယ်က ဖခင် ဖြစ်သူဆီသို့ အပြေးကလေးကပ်သွားပြီး

“ဖေဖေ သမီးအတွက် ရုပ်သေးရုပ်ဝယ်ပေးမှာ လားဟင်”

“ရုပ်သေးရုပ်အစစ်က အရမ်းဈေးကြီးတယ်ကွယ့်၊ သမီး သိရဲ့ လားနဲ့ ကွယ်၊ လေလေဆယ် ဖေဖေတို့မှာ ငွေပိုငွေလျှံမှ များများ စားစားမရှိသေးတာ”

ဖခင် ဖြစ်သူ၏ စကားကြောင့် ချစ်သက်နွယ် မျက်နှာညှိုးသွား၏ ။ မိခင် ဖြစ်သူ ဒေါ်နွယ်နွယ်လင်း က …

“အခု အရုပ်တစ်ရုပ်ရှိနေပြီပဲဥစ္စာ၊ နှစ် ယောက် မျှသုံးကြပေါ့”

“ရှင် . ..”

လင်းလက်ကြယ်က ပါးစပ်အဟောင်းသားပွင့်သွား၏ ။ ခါးခါးသီးသီးငြင်းဆန်ဖို့ စကားမစနိုင်ခင် မှာ ပင် မိခင် ဖြစ်သူက

“သမီးတို့ငယ်ငယ်လေးတည်းက အ၀တ်အစားကစပြီး ဘာကိုမဆို နှစ် ယောက် မျှပြီး သုံးလာခဲ့ကြတာပဲ၊ အခုလည်း ငလက်ဝါးကို တစ်ယောက် တစ်လှည့် မျှမျှတတကိုင်ကြပေါ့”

လင်းလက်ကြယ်က မျက်စိမျက်နှာပျက် ဖြစ်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

ဖခင် ဖြစ်သူ ဦးချစ်ဆွေက ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း …

“ဟုတ်တယ် . . .ဟုတ်တယ် .. .လောလောဆယ်တော့ ဒီရုပ်သေးရုပ်တစ်ရုပ်တည်းကိုပဲ သမီးတို့နှစ် ယောက် မျှပြီးကိုင်ကြဦး၊ အချိန်နည်းနည်း ကြာလာရင် သမီးတို့နှစ် ယောက် ထဲက တစ်ယောက် ယောက် ကတော့ ရုပ်သေးရုပ်ကို ငြီးငွေ့သွားမှာ သေချာတယ်၊ နှစ် ယောက် စလုံးတောင် လှည့်မကြည့်ချင်လောက်အောင် ပျင်းချင်ပျင်းသွားမှာ ”

ဖခင် ဖြစ်သူ၏ စကားအဆုံးတွင် ချစ်သက်နွယ်က ထိုင်နေရာမှထလိုက်သည်။ ထို့နောက် လင်းလက်ကြယ်ဆီသို့ လျှောက်သွားပြီး ..

“ တစ်ယောက် တစ်လှည့် ကိုင်ခွင့်ရမယ်ဆိုရင်လည်း ငါ ကတော့ ကျေနပ်ပါတယ်၊ ကဲ အခု ငါ့ အလှည့်ရောက်ပြီ”

ပြောပြောဆိုဆိုနှင့် အရုပ်ကိုယူရန် လက်လှမ်းလိုက်သည်။

လင်းလက်ကြယ် ကတော့ ရုပ်သေးရုပ်ကို တင်းတင်းကိုင်ထား၏ ။

ငလက်ဝါး၏ ပါးစပ်က ရုတ်တရက်ဟသွားသည်။ ထို့နောက်

“နာချင်ပြီထင်တယ် ဟုတ်လား”

အသံစူးစူးဖြင့် ပြောလိုက်ပြီး အရုပ်၏ လက်တစ်ဖက်က ဆတ်ကနဲမြောက်တက်လာကာ ချစ်သက်နွယ်၏ မေးရိုးအထက်ဆီကို လှမ်းရိုက်လိုက်လေတော့သည်။

******

အခန်း (၄)

“အား”

ချစ်သက်နွယ်က နာကျင်စွာ အော်ရင်း သူမ၏ ပါးကို လက်ဖြင့် အုပ်လိုက်သည်။ နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း

“လင်းလက် နာတယ်ဟာ၊ မလုပ်နဲ့ ”

“ငါ ဘာလုပ်လို့လဲ၊ ငလက်ဝါးက သူ့ဘာသာသူ ရိုက်လိုက်တာ”

“ပေါတောတောလုပ်မနေနဲ့ ဟာ၊ နင်ကြိုးကိုဆွဲလိုက်တာ ငါ မမြင်ဘူးမှတ်လို့လား”

“ငါ မလုပ်ပါဘူးဆိုနေ”

လင်းလက်ကြယ်က ပြောင်ငြင်းလျက် ပြန်ပြီးရန်တွေ့ ၏ ။ ဖခင် ဖြစ်သူက ကုလားထိုင်မှထရပ် လိုက်ပြီး ..

“တော် စမ်းသမီး၊ နင့်ညီမလေးကို ပြန်တောင်းပန်လိုက်”

ဖခင် ဖြစ်သူက၀င်ပြောမှပင် လင်းလက်ကြယ်က မျက်နှာပိုးသတ်လိုက်သည်။ ထို့နောက် ငလက်ဝါးကို ရှေ့သို့ဦးညွတ်အရိုအသေ ပေးဟန်လုပ်လိုက်ပြီး

“ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ”

ဟု ငလက်ဝါးက ပြောသည့်အသံမျိုး ဖြစ်အောင် အသံ စူးစူးလုပ်၍ ပြောလိုက်သည်။ ဒါကိုမြင် သွားသော ဖခင် ဖြစ်သူ ဦးချစ်ဆွေက…

“ခုထိ နောက်ကလိုပြောင်သလို လုပ်နေတုန်းပဲလား၊ တည်တည်တံ့တံ့ပြန်ပြောစမ်း၊ အရုပ်ကို ခုတုံးလုပ်မနေနဲ့ ”

ထိုအခါကျမှပင် လင်းလက်ကြယ်က သိပ်ကျေနပ်လှသည် မဟုတ်ပါဘဲ

“ဆောရီးပဲ . .. ငါ တောင်းပန်ပါတယ်”

ချစ်သက်နွယ်၏ ဒေါသ ဖြစ်နေသော မျက်ဝန်းအကြည့်နှင့် မဆုံမိစေရန် မျက်နှာလွှဲထားရင်း ပြောလိုက်သည။ ထို့နောက်

“ရော့”

လင်းလက်ကြယ်က ငလက်ဝါးကို ချစ်သက်နွယ်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပစ်ခဲ့ပြီး လှည့်ထွက် သွား၏ ။

ချစ်သက်နွယ်က အံ့အားသင့်သွားသည်။ ငလက်ဝါး၏ အလေးချိန်က သူမမျှော်လင့်ထားသည် ထက် အများ ကြီးလေးလံနေသော ကြောင့် ဖြစ်၏ ။ ချစ်သက်နွယ်က

“ဒီအရုပ်ကို ငါက ဘယ်လိုလုပ်ရမှာ လဲ”

လင်းလက်ကြယ်က မကြားချင်ယောင်ဆောင်ပြီး ဧည့်ခန်းထဲမှထွက်သွားမည် ပြုစဉ် မိခင် ဖြစ်သူ ဒေါ်နွယ်နွယ်လင်းက …

“သမီး . .. လင်းလတ်၊ ခုထိ ကလေးဆန်နေတုန်းပဲလား”

“သူက သမီးလုပ်သမျှကို ဘာ ဖြစ်လို့ လိုက်လိုက်ရှုပ်နေရသေးလဲ၊ ငလက်ဝါးက သမီးဥစ္စာပဲ ဟာကို”

လင်းလက်ကြယ်က ဆူဆူအောင့်အောင့် ပြန်ဖြေသည်။ ဖခင် ဖြစ်သူက ထိုင်ခုံတွင် ပြန်ထိုင်လိုက်ရင်း

“ကဲ .. . ခုထိ မပြီးနိုင်ကြသေးဘူးလား”

ဟု ပြောလိုက်တော့မှပင် ငြိမ်ကျသွား၏ ။ ချစ်သက်နွယ်က

“လင်းလက် . . .အရုပ်ကို ပါးစပ်အဖွင့်အပိတ် ဖြစ်အောင် ဘယ်လိုလုပ်ရတာ လဲ၊ ငါ့ကို လာပြဦးလေ”

လင်းလက်ကြယ်ကလည်း မနေသာတော့ဘဲ ညီမ ဖြစ်သူထံသွားပြီး လက်နှစ် ဖက်ဖြင့် ကြိုးထိန်းဒလက်နှစ် ခုကို ကိုင်ပုံကိုင်နည်း၊ လက်ချောင်းကလေးများ ဖြင့် ကြိုးကိုလျှို့ကာ အတင်အချ လုပ်သည့် အချိုးအဆစ်တို့ကို ပြပေးရတော့သည်။

စိတ်ထဲမှာ တော့ သိပ်မကြည်လှ။

ချစ်သက်နွယ် တစ်ယောက် မလုပ်တတ်ပါစေနှင့် ဟုသာ ဆုတောင်းနေမိသည်။

ငလက်ဝါးကို ဘာ ဖြစ်လို့ သူ့ဆီတစ်လှည့်ခွဲပေးရတာ လဲ။

ဘာကြောင့် များ ငါ တစ်ယောက် တည်းအတွက် သီးသန့်ပိုင်ဆိုင်ရတဲ့ အရာရယ်လို့ တစ်ခုမှမရှိရတာ လဲ။

ချစ်သက်နွယ်ကကော ဘာကြောင့် များ ငါလုပ်သမျှကို လိုက်ပြီးအတုခိုးနေရတာ လဲ။

လင်းလက်ကြယ်က သူမ၏ ဒေါသတွေ လျော့ပါးသွားအောင် နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထား လိုက်တော့သည်။

******

အဲသည်နေ့ည ..

ဗြုန်းကနဲ ချစ်သက်နွယ် တစ်ယောက် အိပ်ရာမှလန့်နိုးပြီး အလန့်တကြားထထိုင်မိသည်။

အိပ်မက်ဆိုးတစ်ခုမက်နေရာမှ လန့်နိုးလာခြင်း ဖြစ်သော ကြောင့် ချစ်သက်နွယ်တစ်ကိုယ်လုံး ချွေးစေးများ ဖြင့် ရွှဲနစ်နေ၏ ။

ငါ့ . . .ငါ့နောက်ကို တစ်ခုခုက တရကြမ်းလိုက်နေတယ်။

သူမ မှတ်မိသလောက် ကတော့ အဲဒါပဲ ဖြစ်သည်။ အိပ်မက်ထဲတွင် သူမကို တစ်စုံတစ်ရာက လိုက်နေ၏ ။ ကြောက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အိပ်ရာမှနိုးလာသည့်တိုင် နှလုံးခုန်သံက တဒုန်းဒုန်းမြည် နေဆဲပင်ရှိသေးသည်။

သို့သော် ဘယ်အရာကလိုက်တာလဲ။ ဘယ်သူကလိုက်တာလဲ။

သူမ မမှတ်မိတော့။

နှလုံးခုန်သံ ပြန်တည်ငြိမ်သွားစေရန် စောင့်ဆိုင်းရင်း မှော င်ရိပ်ကျနေသော အိပ်ခန်းပတ်ပတ် လည်ကို မျက်စိကစားလိုက်သည်။

လင်းလက်ကြယ် ကတော့ သူမ၏ နံဘေးတွင် တခေါခေါနှင့် အိပ်မောကျနေဆဲပင် ရှိသေးသည်။ ပါးစပ်က မဟတဟပွင့်နေ၏ ။ ဆံပင်ရှည်ရှည်တွေ ကတော့ ခေါင်းအုံးပေါ်မှာ ဖရိုဖရဲ။

ချစ်သက်နွယ်က နာရီကိုလှမ်းကြည့်လိုက်တော့ နံနက်(၃)နာရီပင် ထိုးခါနီး နေလေပြီ။

အိပ်ရာမှ ကောင်းစွာ နိုးနေပြီ ဖြစ်သော်လည်း အိပ်မက်ဆိုး ကတော့ ယခုထိတိုင် လွင့်ပြယ်မသွား သေးချေ။ သူမ၏ ရင်ထဲတွင် စိုးရိမ်လန့်ထိတ်မှု နှင့် အတူ မသက်မသာခံစားနေရဆဲပင် ရှိသေး၏ ။

ချစ်သက်နွယ်က ခေါင်းအုံးကိုမြင့်သွားစေရန် နှစ် လုံးထပ်၍ ဆင့်လိုက်ပြီး ကျောဖြင့် မှီလိုက်သည်။ ထိုအခါတွင် မှ တစ်စုံတစ်ရာက သူမ၏ မျက်လုံးအစုံကို ညှို့ယူဖမ်းစားလိုက် လေတော့သည်။

အိပ်ခန်းပြတင်းပေါက်ရှေ့ရှိ ကုလားထိုင်ပေါ်တွင် တစ်စုံ တစ်ယောက် ထိုင်နေသည်။ အဲသည့်တစ်စုံ တစ်ယောက် က သူမကို တည့်တည့်ကြီးစူးစိုက်ကြည့်နေ၏ ။

“ဟင်”

ရုတ်တရက် အသက်ရှူမှားမိတော့မလို ဖြစ်သွားပြီးမှ ဖျတ်ကနဲ သိစိတ်ဝင်လာသည်။ ဒါ .. ဒါ ငလက်ဝါးပဲ။

လရောင် ဖျော့ဖျော့က ငလက်ဝါး၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေလေသည်။ ငလက်ဝါး၏ မျက်လုံးတွေ က အရောင် တောက်နေ၏ ။ ငလက်ဝါးသည် ကုလားထိုင်ကိုကျောမှီကာ ခါးမတ်မတ်ထိုင်နေသည်။ လက်တစ်ဖက်က ထိုင်ခုံလက်တန်းပေါ်သို့ တင်ထား၏ ။

အရုပ်၏ ပါးစပ်တွေ က ခါးသီးသော နာကျင်ပြုံးတစ်ခုပြုံးနေသည်။ သူ့မျက်လုံးတွေ ကလည်း ချစ်သက်နွယ်ကို တည့်တည့်ကြီး စိုက်ကြည့်နေ၏ ။

ချစ်သက်နွယ်က ငလက်ဝါး၏ မျက်နှာကို သေသေချာချာ ပြန်ကြည့်မိသည်။ ထို့နောက် သူမကိုယ်သူမ ဘာလုပ်လို့လုပ်မိမှန်း မသိဘဲ ကုတင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလိုက်မိသည်။

“အမယ်လေး”

ခြေထောက်ဖျားနှင့် စောင်အစွန်းငြိမိပြီး တုံ့လဲတော့မလို ဖြစ်သွား၏ ။ သူမက စောင်ကို ခြေထောက်ဖြင့် ခတ်ဖယ်လိုက်ပြီး ပြတင်းပေါက်ရှိရာဆီသို့ လျှောက်လာခဲ့သည်။ ထို့နောက် ငလက်ဝါးကို အနီးကပ်ငုံ့ကြည့်လိုက်၏ ။

အနီးကပ်ငုံ့ကြည့်လိုက်ကာမှ ငလက်ဝါး၏ နှုတ်ခမ်းတွေ က ပိုပြီးပြုံးလာသလိုထင်ရသည်။ ချစ် သက်နွယ်က သစ်သားရုပ်၏ ဦးခေါင်းကို လက်ဖြင့် လှမ်းကိုင် တို့ကြည့်လိုက်သည်။

အရုပ်၏ နဖူးက ငွေ့ငွေ့ကလေးနွေးနေသလိုမျိုး ယောင်ယောင်မှားမှားခံစားလိုက်ရ၏ ။ ချစ်သက်နွယ်ကလန့်ဖျတ်ပြီး လက်ကို ဆတ်ကနဲ ပြန်ရုပ်လိုက်သည်။

ထိုစဉ် အသံတစ်သံကို ကြားလိုက်ရသလိုထင်မိ၏ ။

ဟင် . . .ဘာသံပါလိမ့်။

ငလက်ဝါးက ငါ့ကို လှောင်ရယ်ရယ်နေတာလား။ အို .. .မ ဖြစ်နိုင်တာ။

သူမဘာသာသူမ စိတ်ချောက်ချားပြီး တကယ်မရှိသည့် အသံကို ကြားယောင်နေမိမှန် နားလည်လိုက်သည်။

ဒီ အစုပ်အပဲ့သစ်သားရုပ်ကို ငါ ဘာ ဖြစ်လို့ ကြောက်နေမိပါလိမ့်။

ချစ်သက်နွယ်က စိတ်ကိုတင်းကာ သစ်သားရုပ်ကို ခပ်ကြမ်းကြမ်းတွန်းလှဲပစ်လိုက်သည်။ ငလက်ဝါးက နံဘေးသို့ ကိုယ်တစောင်းလည်ကာ လဲကျသွား၏ ။ ငလက်ဝါး၏ ဦးခေါင်းက ထိုင်ခုံလက် တန်းနှင့် ရိုက်မိပြီး “ခွပ်” ကနဲ မြည် သွားသည်။

ပုံပျက်ပန်းပျက်လဲကျနေသော ငလက်ဝါးကိုကြည့်ရင်း သူမစိတ်ထဲတွင် ကျေနပ်မိသလိုမျိုး ထူး ဆန်းစွာ ခံစားရ၏ ။

အပြင်ဘက်မှလေတိုးသံကြောင့် ပြတင်းပေါက်လိုက်ကာစသည် လွင့်ပြီး သူမ၏ မျက်နှာမှာ လာကပ်သည်။ ချစ်သက်နွယ်က လိုက်ကာစကိုဆွဲဖယ်ရင်း ကုတင်ဆီသို့ပြန်ရန် နောက်သို့လှည့် လိုက်စဉ်

“အမလေး”

ငလက်ဝါး၏ လက်တစ်ဖက်က သူမ၏ လက်ကောက်ဝန်ကို ဆတ်ကနဲ ဖမ်းဆုပ်လိုက်လေသည်။

******

အခန်း (၅)

“ကြေက်တတ်လှချည်လား”

ရိသဲ့သဲ့ဖြင့် မေးလိုက်သော လင်းလက်ကြယ်၏ အသံကို ကြားရ၏ ။ တကယ်တော့ လင်းလက်ကြယ်က ကုတင်မှ တိတ်တိတ်လေးထလာပြီး လက်ကို ရုတ်တရက်ဆွဲလိုက်ခြင်း ဖြစ်သည်။

ချစ်သက်နွယ်က

“ဘာလို့ ကြောက်ရမှာ လဲ”

“မကြောက်ဘူးသာဆိုတယ်၊ ခုနက နင် လန့်ပြီးခုန်လိုက်တာ တစ်အိမ်လုံးတောင်နိုးသွား လောက်တယ်၊ ပြောစမ်းပါဦး၊ အချိန် မတော် ကြီး ဘာထလုပ်ရတာ လဲ”

“ငါ . .. ငါ … အိပ်မက်ဆိုးတွေ မက်နေလို့ဟ၊ အဲဒါကြောင့် ပြတင်းပေါက်နားလာပြီး လေကောင်းလေသန့်ရှူတာ”

လင်းလက် ကတော့ ချစ်သက်နွယ်၏ မျက်နှာကိုတစ်လှည့်၊ ကုလားထိုင်ပေါ်တွင် တစောင်းလဲ ကျနေသော ငလက်ဝါးကိုတစ်လှည့် ကြည့်နေသည်။

ချစ်သက်နွယ်က

“တော် ပြီဟာ၊ သွားပြန်အိပ်တော့မယ်”

ဟု စကားဖြတ်ပစ်ခဲ့ပြီး ကုတင်ပေါ်ပြန်တက်ကာ စောင်ကို မေးစေ့အထိဆွဲခြုံလိုက်၏ ။

လင်းလက် ကတော့ လဲကျနေသော ငလက်ဝါးကို ပြန်ယူကာ ကုလားထိုင်နောက်မှီတွင် ကျကျနနမတ်နေအောင် ထောင်ပေးပြန်သည်။ ထို့နောက် သက်ရှိလူသဖွယ် အရုပ်၏ လက်ကို ကုလားထိုင် လက်တန်းပေါ်သို့ ဟန်ကျပန်ကျ တင်ပေးထားလိုက်၏ ။

ပြီးတော့မှ ကုတင်ဆီသို့ပြန်လာပြီး လှဲအိပ်လိုက်သည်။

ချစ်သက်နွယ် ကတော့ မျက်လုံးကြောင်နေသည်။ စိတ်က မခိုင်းစေရဘဲနှင့် မျက်လုံးတွေ က ကုလားထိုင်ပေါ်မှ ငလက်ဝါးဆီသို့ အလိုလိုအကြည့်ရောက်သွားသည်။ ဒီတစ်ခါတော့ သစ်သားရုပ်၏ မျက်နှာက မှော င်ရိပ်ထဲတွင် ကျနေ၏ ။ သို့သော် ငလက်ဝါး၏ မျက်လုံးတွေ က အသက်ဝင်နေသလိုမျိုး တောက်ပနေလေသည်။

ထိုမျက်လုံးတွေ က သူမကို တစ်စုံတစ်ခုပြောချင်ဟန်မျိုးဖြင့် စိုက်ကြည့်နေသည်။

ဘာ ဖြစ်လို့ သူ့မှာ ဒီလိုကြောက်စရာကောင်းတဲ့အပြုံးမျိုး ရှိနေရတာ ပါလိမ့်ဟု ချစ်သက်နွယ်က စိတ်မချမ်းသာစွာ တွေးလိုက်သည်။ ထို့နောက် သူမက ငလက်ဝါးကိုကျောပေးကာ ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပြီး အိပ်လိုက်၏ ။

သို့ရာတွင် သူမ၏ နောက်ကျောဘက်ဆီမှ တည့်တည့်စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို အာရုံထဲမှသိနေသည်။ သူမက စောင်ကို ခေါင်းမြီးခြုံလိုက်၏ ။ အဲသည့်နောက်တော့ စိတ်မသက်သာစွာ ဖြင့် ပင် သူမ တဖြည်းဖြည်းအိပ်မောကျသွားသည်။

အိပ်ပျော်သွားသော အခါ စောစောက အိပ်မက်ဆိုးကိုပင် မက်ပြန်လေတော့သည်။ ပြေးနေ သည် … ပြေးနေသည် .. .သူမ ပြေးနေသည်။

သူမ၏ နောက်မှ မကောင်းဆိုးဝါးတစ်စုံ တစ်ယောက် က ထပ်ချပ်မကွာလိုက်နေ၏ ။

အဲဒီ မကောင်းဆိုးဝါးဟာ ဘယ်သူလဲ။

******

တစ်ဖက်ခြံရှိ သုံးထပ်တိုက်ကြီးဆီသို့ လူသစ်တွေ ပြောင်းရွှေ့ ရောက်ရှိနေကြပြီ ဖြစ်ကြောင့် ပထမဦးဆုံးစပြီး သတိထားမိသူမှာ လင်းလက်ကြယ် ဖြစ်သည်။

ထိုအိမ်ကြီး၏ တတိယထပ်ရှိဝရန်တာတွင် ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်နေသော အသက်ငါးဆယ်ကျော်ခန့် ထိပ်ပြောင်ပြောင်နှင့် လူကြီးတစ်ဦးကို တနင်္လာနေ့မနက်ပိုင်းတွင် စတင်တွေ့ ရခြင်း ဖြစ်၏ ။

နေပူစာလှုံတော ဖြစ်မည် . . . .ဟု လင်းလက်ကြယ်က တွေးလိုက်သည်။ ခဏကြာတော့ အသက်သုံးဆယ့်ငါးနှစ် ၀န်းကျင်ခန့်ရှိမည် ဖြစ်သော ချောချောလှလှ အမျိုးသမီး တစ်ယောက် က ဘေးမှာ လာထိုင်ပြီး ထိပ်ပြောင်ပြောင်နှင့် လူကြီးကို စကားတွေ ပြောရင်း ပန်းကန်လုံးထဲမှ တစ်စုံတစ်ရာ ကို ခွံ့ကာခွံ့ကာ ကျွေးနေ၏ ။

ထိုအမျိုးသမီး၏ ဆက်ဆံပုံမှာ တယုတယရှိလှသဖြင့် သူတို့နှစ် ဦးသည် အသက်ချင်းကွာခြား သော်လည်း လင်မယား ဖြစ်မှန်းတော့ ပေါ်လွင်လှသည်။ ခဏကြာတော့ အမျိုးသမီးက ဘီးတပ်ကုလား ထိုင်ကို ညင်ညင်သာသာတွန်းကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

နောက် . . .သိပ်မကြာခင်မှာ ပင် လင်းလက်ကြယ်တို့နှင့် ရွယ်တူခန့်ပင်ရှိမည် ဖြစ်သော မိန်းက လေး တစ်ယောက် ပြတင်းပေါက်မှနေ၍ ဆွေးမြေ့ရီဝေသော မျက်ဝန်းအစုံဖြင့် ငေးမျှော်ကြည့်နေသည် ကို တွေ့ ရ၏ ။

ထိုမိန်းကလေး၏ အသားအရေမှာ ထူးထူးခြားခြားပင် ဖြူဖပ်ဖြူရော် ဖြစ်နေသော ကြောင့် တစ္ဆေ တစ်ကောင်နှင့် တူနေလေသည်။

သားအဖသုံးယောက် အကြောင်း ချစ်သက်နွယ်ကို ပြန်ပြောပြတော့ ချစ်သက်နွယ်က

“အဲဒီ ကောင်မလေးနဲ့ သူငယ်ချင်း ဖြစ်ရရင် ကောင်းမှာ ပဲဟာ၊ ဘာ ဖြစ်လို့လဲဆိုတော့ နင်နဲ့ ပေါင်းနေရတာ ကို ငါ တော် တော် စိတ်ကုန်နေပြီ လင်းလက်”

ဟု ခပ်ငေါ့ငေါ့ပြန်ပြော၏ ။

******

တနင်္လာနေ့ညနေတွင်

လင်းလက်ကြယ်ကော ချစ်သက်နွယ်ပါ အတန်းပြီးသော်လည်း အိမ်မပြန်ရသေးဘဲ တက္ကသိုလ် အနုပညာအသင်း အစည်းအဝေးသို့သွားရသည်။ နောက်သုံးလခန့်ကြာလျှင် ပထမနှစ် ကျောင်းသား ကျောင်းသူအသစ်များ အတန်းတက်ြ ကတော့မည် ဖြစ်ရာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် အစီအစဉ်လုပ်ရန်ရှိသော ကြောင့် ဖြစ်၏ ။

သူတို့နှစ် ဦး အိမ်သို့ပြန်ရောက်သော အခါ ညနေ (၅)နာရီပင် ထိုးခါနီး နေလေပြီ။ ဂိုဒေါင်ထဲတွင် ဖခင် ဖြစ်သူ၏ မော်တော် ကားကို တွေ့ လိုက်ရသော ကြောင့် သူတို့ အံ့သြသွားကြ၏ ။

“ဒီနေ့ ဖေဖေ အစောကြီးပြန်ရောက်နေပါလား”

ချစ်သက်နွယ်က မြူးတူးစွာ အော်ဟစ်ရင်း အိမ်ထဲသို့ဝင်သွားသည်။ ဖခင် ဖြစ်သူက မီးဖိုချောင် ထဲတွင် သူတို့၏ မိခင်ကို ကူညီ၍ ကြက်သွန်နွှာပေးနေရင်း

“ဟုတ်တယ် သမီးရဲ့ ၊ မနက်ဖြန်ကျရင် ဖေဖေတို့ အရောင်း ကိုယ်စားလှယ်တွေ မန္တလေးမှာ ညှိနှိုင်းဆွေးနွေးပွဲ သွားတက်ရမှာ မို့လို့ ဒီနေ့ ရုံးက နေ့တစ်ဝက်ခွင့်ပေးလိုက် တယ်”

လင်းလက်ကြယ်က

“ညစာအတွက်ဘာချက်ထားလဲ မေမေ”

“ဆိတ်သားခပတ်လုပ်နေတယ် သမီး၊ ညည်းအဖေ ကြက်သွန်နွှာပြီးရင် ပြီးပြီ”

“ကြက်သွန်လှီးရတာ လည်းကွာ မလွယ်ပါဘူး ၊ လှီးရင်း မျက်ရည်မကျတဲ့နည်းရှိရင် သိပ် ကောင်းမယ်၊ တော် ပြီ .. .တော် ပြီ၊ ငါတော့ လက်လျှော့လိုက်ပြီ”

ဖခင် ဖြစ်သူဦးချစ်ဆွေက ပြောပြောဆိုဆိုဖြင့် လက်ဆေးကြွေဇလုံဆီအပြေးသွားပြီး ဘုံဘိုင်ပိုက်ခေါင်းကိုဖွင့်ချလိုက်ကာ သူ၏ မျက်ရည် ပိုးပိုးပေါက်ပေါက်ကျနေသော မျက်လုံးများ ကို ရေ ဆွတ်လိုက်၏ ။

ဇနီး ဖြစ်သူ ဒေါ်နွယ်နွယ်လင်းက

“ညည်းတို့အဖေကို ကြည့်စမ်းပါဦး၊ အငိုသန်တဲ့ကလေးလေး ကျနေတာပဲ”

ဟု ပြောရင်း လှီးလက်စကြက်သွန်ပန်းကန်ကို လှမ်းယူလိုက်သည်။

ချစ်သက်နွယ် ကတော့ ကျောပိုးအိတ်နှင့် ဖိုင်တွဲ များ ကို သိမ်းဆည်းရန် အပေါ်ထပ်ရှိ အိပ်ခန်းဆီ သို့တက်သွားသည်။ အိပ်ခန်းထဲတွင် ရှိသော စာရေး စာပွဲနှင့် ဗီရိုမှာ လည်း တစ်ဦးတည်းပိုင်မဟုတ်။ လင်းလက်နှင့် နှစ် ယောက် မျှ ပြီးသုံးရသည်။

ချစ်သက်နွယ်က ဖိုင်တွဲ များ ကို အံဆွဲထဲတွင် ထည့်ပြီး အောက်ထပ်သို့ ပြန်ဆင်းရန် လှည့်ထွက် လိုက်၏ ။

သို့သော် ပြတင်းပေါက်အနီးတွင် ရှိသော တစ်စုံတစ်ရာက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။ ချစ်သက်နွယ်က ဆတ်ခနဲ လှမ်းကြည့်လိုက်၏ ။

“ဟင်”

သူမ၏ မျက်လုံးတွေ ကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။

ရုပ်သေးရုပ် ငလက်ဝါးက ကုလားထိုင်ပေါ်တွင် အခန့်သား ထိုင်နေသည်။

ပြီးတော့ … ပြီးတော့ …

ငလက်ဝါး၏ နံဘေးတွင် နောက်ထပ် သူငယ်တော် ရုပ်သေးတစ်ရုပ်ကလည်း အတူယှဉ်ပြီး ထိုင်နေလေသည်။ အရုပ်နှစ် ရုပ်စလုံးက သူမကိုစိုက်ကြည့်ရင်း နာနာကျည်းကျည်း ပြုံးပြနေကြ၏ ။

ချစ်သက်နွယ်က အထိတ်တလန့် အော်ဟစ်လိုက်သည်။

“ဘာ .. .ဘာတွေ ဖြစ်ကုန်ကြပြီလဲ”

******


ဝန်ဇင်းချစ်သူများ သတိုးတေဇ ၏ “ ကကြိုးရှုပ်တဲ့တစ္ဆေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ

စောင့်နေသူ

တစ္ဆေတစ်ကောင်ရဲ့ ညစာ