အခန်း(၁)
‘မင်းနာမည် ဘယ်သူလဲ’
‘ဂျီယာ . . .’
‘အားပါး . . . နာမည်က အမိုက်စားပါလား။ နာမည်ရင်းတော့ ဟုတ်မယ်မထင်ဘူး။’
‘ဟုတ်မလား။ ရှင်ကလည်း မေးပဲမေးတတ်တယ်။ ဂျီယာဆိုတာ ကျွန်မကိုယ်တိုင် ပေးထားတဲ့ တစ်ဦးပိုင်နာမည်’
‘ဘာလဲ . . . တစ်ဦးပိုင်နာမည်ဆိုတာ’
‘ဒီလိုလေ . . . ကျွန်မ ကိုယ်တိုင်ပေးထားပြီး ကျွန်မ တစ်ဦးတည်း ပိုင်တဲ့နာမည်ကို ပြောတာ’
‘မင်းဟာက ဘယ်လိုကြီးလဲကွ’
‘ရှင်းရှင်းလေးပါ။ အခု ကျွန်မတို့နှစ်ယောက် သစ်ပင်အောက်မှာ ထိုင်နေတယ်။ ဟုတ်လား . . .’
‘ဟုတ်တယ် ထင်တာပဲ’
ကောင်မလေး ‘ခစ်’ ခနဲ ရယ်သည်။
‘ထားပါးတော့ . . .။ ကျွန်မ ပြောသလို သစ်ပင်အောက်မှာ ထိုင်နေတယ်ပဲ ထားလိုက်ပါ။ အဲဒီ သစ်ပင်ဆိုတဲ့နာမည်ကို ဘယ်သူပေးခဲ့တာလို့ ရှင်ထင်လဲ’။
‘သိမလားကွ’
‘အဲလိုပဲ ဒီခြံထဲမှာ ရှိတဲ့ အိမ်ဆိုတဲ့ ဝေါဟာရကိုရော၊ ခပ်လှမ်းလှမ်းမှာ ဖိုထားတဲ့ မီးဖိုဆိုတာ ကိုရော။ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးမှာ စည်ထားတဲ့ အ၀တ်ကိုရော၊ ပြီးတော့ ရှင်ဟာ ယောက်ျား။ ကျွန်မက မိန်းမ၊ လူ၊ တိရစ္ဆာန်၊ အိုးခွက်ပန်းကန်စတဲ့ ကျွန်မတို့အသုံးအဆောင် ပစ္စည်း အားလုံးမှာ နာမည်တွေ ရှိကြတယ်။ အဲဒါကို ဘယ်သူတွေ မှည့်ခေါ်ခဲ့တာလဲ။ ရှင်ရော၊ ကျွန်မရော မသိဘူး။ သေချာတာကတော့ ကျွန်မတို့ ပေးထားတဲ့ နာမည်တွေ တစ်ခုမှမဟုတ်တာပဲ။ ယုတ်စွ အဆုံး . . . ကျွန်မတို့ နာမည်တောင် ကျွန်မတို့ မပိုင်ဘူး။
‘ဘာဖြစ်လို့လဲ’
‘မိဘတွေ ပေးထားတဲ့ နာမည်လေ။ ဒါမှမဟုတ် ဘုန်းကြီးတွေ၊ ဗေဒင်ဆရာတွေ ပေးခဲ့တာ။ ဒီတော့ ကျွန်မတို့ နာမည်က အဖေ၊ အမေပိုင်တဲ့နာမည်။ ကျွန်မတို့ပိုင်တဲ့ နာမည်မဟုတ်ဘူး။ အဲဒါ ကြောင့် ကျွန်မနာမည် ကျွန်မပိုင်ချင်လို့ ဂျီယာဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးထားတာပဲ’
အနည်းငယ်တော့ စဉ်းစားလောက်၏ ။ ဟုတ်တော့လည်း ဟုတ်သည်။ အရာအားလုံးက ဘယ်သူတွေပေးထားခဲ့မှန်း မသိသော နာမည်ကိုယ်စီနဲ့။ သူမ ပြောသလိုပင် အများ ခေါ်နေသော ကိုယ့်နာမည်တောင် အမှန်က မိဘတွေ ပေးထားသော နာမည်။ ကိုယ်တိုင်ပေးထားသော နာမည် မဟုတ်။
‘ကျွန်မကတော့ စဉ်းစားထားတယ်။ အိမ်ထောင်ရက်သားကျလို့ သားသမီးမွေးရင်လည်း ကျွန်မ သား၊ သမီးကို ကျွန်မကိုယ်တိုင်ပဲ နာမည်ပေးမှာ ။ ဘယ်သူ့ကိုမှ မပေးခိုင်းဘူး။ လောကကြီး ထဲမှာ အများ သူငါ ခေါ်တွင်ဖို့ ကျွန်မကိုယ်တိုင် ပေးထားလို့ ရတဲ့နာမည်က အနည်းအကျဉ်းပဲရှိတာ လေ။ ကျန်တာတွေအားလုံးက သူများ တွေ ပေးပြီးသား’
ဟုတ်နေပြန်ပါသည်။
‘ဒါဆို မင်းက အိမ်ထောင်မရှိသေးဘူးပေါ့’
သူ့အမေးကြောင့် သူမ ခစ်ခနဲ ရယ်သည်။ ရယ်လိုက်ချိန်တွင် သူမ နားသီးဖျားလေးမှ ဆည်းလည်သံလေးများ တချွင်ချွင်မြည်သံကို ကြားရပါသည်။ နားဆွဲရှည်ရှည်လှလှလေးများ ကို ခေတ်နှင့်လျော်ညီစွာ ၀တ်ဆင်တတ်သော မိန်းကလေးတစ်ယောက် ဖြစ်မည်ထင်၏ ။ သည်းသည်း လှုပ်ရယ်နေတာမို့ တချွင်ချွင်မြည်သံလေးက အဆက်မပြတ် ကြားနေရသည်။
မျက်လုံးမှာ အ၀တ်စည်းထားရသည်မို့ သူမ ဘယ်လို ပုံစံရှိနေသနည်းဆိုတာကိုတော့ မမြင်ရ။
‘ရှိစရာလားရှင့် . . . အိမ်ထောင်ရှိမှတော့ ဒီလို ကစားပွဲမျိုး ၀င်ကစားပါ့မလား’
‘ရည်းစားတွေ ဘာတွေရော ရှိလား’
‘ရှင်က ဘာလုပ်မလို့လဲ’
‘ဒီလိုပါပဲ . . . ဘာရယ်မဟုတ်ပါဘူး။ အိမ်ထောင်မရှိသေးဘူးဆိုတော့ ရည်းစားတွေ၊ ဘာတွေများ ရှိလား မေးကြည့်တာပါ။ မင်းက
`အသံချိုတယ်လေ’
‘ဘာဆိုင်လို့လဲ’
‘အသံချိုတော့ ရုပ်လည်း ချောမှာ ပဲလို့ ထင်မိလို့ပါ’
‘ခစ် . . . ခစ် . . . ခစ် . . .’
ရယ်နေပြန်ပါသည်။ သူမရယ်နေသမျှ ကာလပတ်လုံး နားဆွဲသံလေးကိုလည်း အဆက် မပြတ် ကြားနေရ၏ ။ မိန်းကလေးဆိုတာမျိုးက ဘီလူးမလောက်ပဲ ရုပ်ဆိုးနေပါစေ၊ သူတို့ကို ချော သည်ဟု ပြောလျှင်တော့ သွေးနားထင်ရောက်ကာ တော်လေးဝအလောင်းလျာများ လောက် ကိုယ့် ကိုယ်ကိုယ် ထင်သွားတတ်ကြသည် မဟုတ်ပါလား။
မျက်လုံးမှ အ၀တ်ကို ဖယ်ကြည့်လျှင်တော့ ဘေးမှ မဒီလည်း ဖင်နဲ့မြေကြီး တစ်တောင် လောက်မြင့်နေမှာ သေချာသည်။
‘ရှင့်နာမည် ဘယ်လိုခေါ်လဲ’
‘စစ်ရိပ်. . . .’
‘ရှင်ကရော နာမည်ဝှက်ပဲလား’
‘မဟုတ်ပါဘူး။ ဒီလိုကစားပွဲမျိုး ၀င်ကစားပေမဲ့ ကျွန်တော်ကတော့ နာမည်မှန်ကိုပဲ သုံးပါ တယ်’
‘ကဲ . . . ကိုစစ်ရိပ်၊ ရှင်ကချည်းပဲ မေးနေတယ်။ ကျွန်မလည်း ရှင့်ကို မေးပါဦးမယ်’
‘ရှင်ကရော ရည်းစားရှိလား’
‘ဒီအသက်အရွယ်ရောက်နေပြီဗျာ။ နည်းနည်းပါးပါးတော့ ထားဖူးတာပေါ့’
‘ဟုတ်ပြီ. . . . ။ အဲဒါဆို ရှင်ချစ်သူအပေါ် ရှင် ဘယ်လောက်ထိ မျှော်လင့်ခဲ့လဲ’
သူ အနည်းငယ် စဉ်းစားသွားသည်။
‘ဘာကို ဆိုလိုတာလဲ’
‘ချစ်သူတစ်ယောက်အပေါ် ရှင်မျှော်လင့်ထားသမျှ အားလုံးပေါ့။ ဥပမာ ရှင့်ချစ်သူဖြစ်လာမဲ့ လူဟာ ရုပ်ချောရမယ်တို့၊ ပညာတတ်ရမယ်တို့၊ ချမ်းသာရမယ်တို့ စသဖြင့်ပေါ့’
စစ်ရိပ် ‘တဟားဟား’ အော်ရယ်လိုက်သည်။ သူ့ရယ်သံကြောင့် ဘေးကမိန်းကလေး အနည်းငယ် ကြောင်သွားသည်ထင်၏ ။ ပြီးတော့ နားမလည်သော မေးခွန်းတစ်ခု ချက်ချင်းဆိုသလို ထွက်လာသည်။
‘ရှင်. . . ဘာလို့ ရယ်တာလဲ’
‘မင်းမေးခွန်းက ရယ်စရာကောင်းနေတာကိုး။ အဲလိုမေးခွန်းမျိုးက အရည်အချင်းမရှိတဲ့ ယောက်ျားတွေကို မေးရမှာ ’
‘ဘာကြောင့်လဲ’
‘ဒါမှ သူတို့အခန့်သား ထိုင်စားလို့ ရမှာ လေ’
‘ရှင်ကရော . . .’
‘ငါကတော့ တစ်ခုပဲ မျှော်လင့်တယ်’
‘ငါ့ကို တစ်သက်လုံးချစ်နေဖို့’
‘အဲ. . .’
တိုးသဲသဲ့အာမေဍိတ်သံတစ်ခု သူမဆီမှ ထွက်လာပါသည်။ သူ့စကားကိုကြားပြီး အနည်း ငယ် ဖျားသွားသည်ထင်၏ ။
‘ဟုတ်ပါပြီ။ အဲဒါဆို နောက်တစ်ခု ထပ်မေးဦးမယ်။ ဒုက္ခရောက်သူတစ်ယောက်ကို ရှင် ဘယ်လောက်ထိ ကူညီဖူးလဲ’
စဉ်းစားသွားရ၏ ။ ဒါပေမဲ့ ခဏချင်းပင် အတိတ်မှ ဖြစ်ရပ်တချို့က ခေါင်းထဲမှာ ပေါ်လာ သည်။
‘အမှန်အတိုင်း ပြောရမှာ လား’
‘ပြောပေါ့’
‘တော်တော်တော့ ကြာနေပြီ။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်ကပေါ့။ ဒီလိုညမှာ ပဲ လမ်းထိပ်မှာ သူငယ်ချင်းတွေနဲ့ ကစားပြီး အိမ်ကိုပြန်လာတော့ ည ဆယ်နာရီကျော်နေပြီ။ ဆယ် နာရီဆိုပေမဲ့ ငါတို့ ဒီမြို့လေးကသေးတော့ အိမ်တိုင်းလိုလို တံခါးပိတ် အိပ်နေကြပြီ။
ပြန်လာရင်း လမ်းတစ်ဝက်မှာ မျက်နှာချင်းဆိုင်က အမောတကော ပြေးလာတဲ့ လူကြီး တစ်ယောက်နဲ့ ဆုံတယ်။ ပခုံးပေါ်မှာ အိတ်မည်းကြီးတစ်လုံးကို မနိုင်တနိုင်ထမ်းလို့။ ငါ့ကိုတွေ့ တော့ အဲဒီ လူကြီးက ပြောတယ်။ ‘ညီလေး. . .’ ဒီအနီးအနားမှာ ပုန်းလို့ရတဲ့ နေရာကောင်းကောင်း မရှိဘူးလးတဲ့။ နောက်မှာ သူ့ကိုသတ်မဲ့သူတွေ လိုက်လာလို့တဲ့။ ငါလည်း ကလေးပဲရှိသေးတာဆို တော့ ပထမ လန့်သွားတာပေါ့’
‘ဆက်ပါဦး’
စကားကို ရပ်ကာ တံတွေးမျိုတော့ သူမက ထောက်ပေးသည်။
‘လူကြီးပုံစံကြည့်ရတာ လည်း တကယ်ပဲ သူ့ကိုသတ်မယ့်လူတွေ နောက်ကလိုက်လာလို့ ငါ့ဆီက အကူအညီတောင်းပုံမျိုးဖြစ်နေတော့ ချက်ချင်းပဲ သူ့ကို တစ်နေရာ ခေါ်သွားလိုက်တယ်။ ဒါ ငါတို့ရပ်ကွက်လေ။
ပြီးတော့ အဲဒီ အနီးအနားမှာ ငါတို့ကစားနေကျ ရေတွင်းပျက်ကြီးတစ်ခုရှိတယ်။ ဒီအတိုင်း မဟုတ်ဘူး။ အတွင်းမှာ ငါတို့ တူတူပုန်းတမ်းကစားရင်း ၀င်ပုန်းလို့ရအောင် ကျင်းလေးတစ်ကျင်း တူးထားသေးတော့ အဲဒီ လူကြီး အဆင်ပြေသွားတယ်။
တစ်အောင့်ကြာတော့ ရပ်ကွက်ထဲကလူတွေ တကယ်ပဲ တုတ်တွေ၊ ဓားတွေကိုင်ပြီး ရောက်လာပါလေရော။ ငါ့ကိုတော့တွေ့ ခုန ဒီနားကို လူတစ်ယောက် ရောက်လာသေးလားတဲ့။ ငါလည်း ရောက်လာတယ်ဆိုပြီး လမ်းကို လွှဲပြောလိုက်တယ်ဟာ’
‘အဲဒီ တော့ . . .’
‘အဲဒီ တော့ ငါ ညွှန်လိုက်တဲ့လမ်းအတိုင်း လူအုပ်ကြီး လိုက်သွားကြတာပေါ့။ တစ်အောင့် ကြာပြီးတော့ စိတ်ချရတော့မှ အဲဒီ လူကြီးကို အပေါ်ပြန်တက်ခိုင်လိုက်တယ်။ အပေါ်ရောက်ရောက် ချင်း လူအုပ်ကြီးပြေးထွက်သွားတဲ့ ဆန့်ကျင်ရာကို လူကြီး တစ်ချိုးတည်း ပြေးတော့တာပဲ။
အဲဒီ လူကြီး ပြေးထွက်သွားတော့မှ ငါလည်း ရေတွင်းပျက်ထဲကို ငုံ့ကြည့်မိတော့ အထုပ် လေးတစ်ထုပ် ကျန်ခဲ့တာကို တွေ့ရတယ်။ ဆင်းယူကြည့်တော့ အ၀တ်ပတ်ထားတဲ့ ဘူးလေးတစ် ဘူး ဖြစ်နေတယ်ဟ။ ငါလည်း ချက်ချင်းပဲ လူကြီးနောက်ကို ပြေးလိုက်တာပေါ့။ တော်တော်နဲ့ မမီပါ ဘူးဟာ။ နာရီဝက်နီးနီးကြာပြီးတော့မှ အရိပ်အယောင်တွေ့ရတယ်။ ဒါနဲ့ ငါလည်း မီအောင်လိုက်ပြီး သူကျန်ခဲ့တဲ့ အထုပ်လေးကို ပြန်ပေးတာပေါ့’
‘အင်း. . .’
‘လူကြီးက ငါ့ကို အကြာကြီး ကြောင်ကြည့်နေတယ်ဟ။ ပြီးတော့မှ ကျေးဇူးပဲ . . . ညီလေး ရာ။ မင်းကျေးဇူးကို ဒီတစ်သက်မမေ့ပါဘူးလို့ ပြောတယ်။ ပြီးတော့ ငါပေးတဲ့အထုပ်လေးကို ယူပြီး ပြန်လှည့်ပြေးသွားတယ်။ ဘာကြောင့်မှန်း မသိဘူး။ ငါ တော်တော်ပျော်သွားတယ်ဟာ။ လူတစ် ယောက်ရဲ့ အသက်ကို ကယ်နိုင်ရုံတင်မဟုတ်ဘူး။ သူကျကျန်ခဲ့တဲ့ ပစ္စည်းကိုပါ မနေမနား ပြည်ပေးလိုက်နိုင်တယ်ပေါ့။
ဒါနဲ့ ငါလည်း အပျော်တွေ တသီတတန်းကြီးနဲ့ အိမ်ပြန်လာခဲ့တယ်။ ခြံထဲရောက်ရင်ပဲ အိမ်ဝ မှာ ထိုင်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ အမေ့ကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲလို့ ငါမေးကြည့်တော့ အိမ်ကို သူခိုးဝင်ခိုးသွားလို့တဲ့။ သူခိုးနောက်ကို ရပ်ကွက်ထဲက လူတွေ တုတ်တွေ၊ ဓားတွေဆွဲပြီး လိုက်သွားကြတယ်တဲ့’
‘ဟယ်. . .’
တအံ့တသြအသံလေး သူမထံမှ ထွက်လာသည်။
‘တစ်လျှောက်လုံး ပျော်လာတဲ့အပျော်တွေ ခဏလေးနဲ့ လွင့်ထွက်သွားတယ်။ အမေက ငါ့ကို ဖက်ပြီး ငိုပါလေရော။ ပြီးတော့ တစ်ခွန်းပြောတယ်။ သားမုန့်ဖိုးလေးတွေနဲ့ နည်းနည်းချင်းစီ စုထားတဲ့ စုဘူးလေးကို အမေ မထိန်းသိမ်းလိုက်နိုင်ဘူး။ အမေ့ကို ခွင့်လွှတ်ပါတဲ့။ ငါတကယ်ပဲ အရုပ်ကြိုးပြတ် လဲကျသွားတော့မလို ခံစားလိုက်ရတယ်ဟာ။
တကယ်တော့ ငါကူညီလိုက်တဲ့ လူက ငါ့အိမ်ကို ၀င်ခိုးသွားတဲ့ သူခိုးဖြစ်နေတယ်။ ငါအမော တကော လိုက်ပေးခဲ့တဲ့ အ၀တ်ပတ်ဘူးလေးက မုန့်ဖိုးလေးတွေကို တစ်နေ့ နည်းနည်းချင်းစီ စုထားတဲ့ ငါ့ရဲ့ စုဘူးလေးဖြစ်နေတယ်။ ဘယ်လောက် ၀မ်းနည်းဖို့ကောင်းလဲ။ ငါ အဲဒီ လောက်ထိ လူတစ်ယောက်ကို ကူညီခဲ့ဖူးပါတယ်’
ပတ်ဝန်းကျင်က ခဏတာတိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ သူတို့ကို ခပ်လှမ်း လှမ်း မီးပုံဆီမှ တဖျစ်ဖျစ် အသံများ ကို ကြားရ၏ ။ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသော ခြံဝန်းကြီးတွင်း မှာ အေးစိမ့်စိမ်ရသက တစ်စထက်တစ်စ မင်းမူလာနေသည်။
ဒီဇင်ဘာ ညတစ်ညဖြစ်သည်။
အတော်ကြီးကြာမှ သက်ပြင်းချသံတစ်ခုနဲ့အတူ သူမအသက်ဝင်လာကာ. . .
‘အေးဟာ . . . စိတ်မကောင်းပါဘူး’
‘ကြာနေပါပြီ။ ဘာမှ မခံစားရတော့ပါဘူး’
ပြီးတော့ တိတ်သွားပြန်ပါသည်။ တိတ်ဆိတ်မှု ကို ဒီလိုညမျိုးမှာ မနှစ်မြို့သည်ကြောင့် . . .
‘ကဲ . . . ဂျီယာ . . . မေးစရာ ကုန်ပြီးလား’
‘ဟင့်အင် . . . တစ်ခု ကျန်သေးတယ်’
‘ဘာမေးမှာ လဲ . . . မေး. . .’
‘ရည်စားတစ်ယောက်ကို ဖြတ်မယ်ဆို ရှင် ဘယ်လိုနည်းနဲ့ ဖြတ်မလဲ’
‘လာပြန်ပြီ။ ဘာကိစ္စ ငါက ရည်းစားကို ဖြတ်ရမှာ လဲ’
‘ဒီလိုရှင်. . . ။ ရှင်က မချစ်ဘဲနဲ့ ကောင်မလေးတစ်ယောက်ကို တွဲ နေတယ်။ အဲဒီ ကောင်မလေးကတော့ ရှင့်ကို တကယ်ချစ်နေတယ်။ တစ်နေ့ ရှင်တစ်ကယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ပေါ်လာတဲ့အခါမှာ တော့ လက်ရှိတွဲ နေတဲ့ ကောင်မလေးကို ဘယ်လိုဖြတ်မလဲ’
‘ဒီအတိုင်းပဲ ပွင့်ပွင့်လင်းလင်း ပြောပြီး ဖြတ်မှာ ပေါ့’
‘အဲလို လုပ်လို့မရဘူးလေ။ ဟိုကောင်မလေးက ရှင့်ကို တကယ်ချစ်နေတာ’
‘ငါက တကယ်မချစ်ဘူး’
‘မှန်တယ်လေ။ ရှင်တကယ်မချစ်ပေမဲ့ ဖြတ်လို့ရတဲ့နည်းတွေ အများ ကြီး ရှိတာပဲ။ အဲလို ဘွင်းဘွင်းကြီး ပြောပြီး ဖြတ်တော့ ဟိုဘက်က ဘယ်လက်ခံနိုင်မှာ လဲ။ လက်ခံနိုင်တယ်ထားဦး။ တော်တော်ခံစားသွားရမှာ ပေါ့။ ရှင် မသနားဘူးလား’
‘ငါ့ကိုငါ ပိုသနားတယ်’
ခဏ တိတ်ဆိတ်သွားပြီး မကြာလိုက်. . .
‘သြော်. . . ရှင်တို့က ဒီလိုလား။ မိန်းကလေးတစ်ယောက်ကို မချစ်ဘဲနဲ့ တွဲ ချင်တိုင်း တွဲ ၊ ပြီးတော့ တကယ်ချစ်နေမဲ့လူ တွေ့ပြီဆိုပြီး ဖြတ်၊ တရားကျဖို့ ကောင်းလိုက်တာ။ ယောက်ျားတွေ များ တော်တော်ကြောက်ဖို့ ကောင်းပါလား’
‘ငါလည်း မင်းတို့ မိန်းကလေးတွေကို တော်တော်ကြောက်သွားပြီ။ အထူးသဖြင့် ငါမချစ်ဘဲ တွဲ နေရတဲ့ မိန်းကလေးမျိုးပေါ့’
‘ဘာဖြစ်လို့လဲ’
ဒေါသရောင်အနည်းငယ်စွက်သော မေးခွန်းတစ်ခု လျှပ်ပြက်သလို ပေါ်လာတော့. . .
‘သူ့ကို မချစ်မှန်းသိရက်နဲ့ ငါတွဲ ချင်စိတ် ဖြစ်လာအောင် ကြိုးစားအားထုတ်လို့။ အထူး သဖြင့် မင်းတို့ မိန်းကလေးတွေ တတ်တဲ့ မိန်းမမာယာဆိုတာတွေနဲ့ ငါတွဲ ဖြစ်အောင် စည်းရုံးသိမ်း သွင်းလို့’
‘ဘာရှင့်. . .’
‘ဟား . . . ဟား. . . ဟား. . .’
လွတ်လွတ်လပ်လပ် ရယ်မိလိုက်၏ ။ နံဘေးမှ ကောင်မလေးမှာ တော့ ကြိတ်မနိုင်၊ ခဲမရတွေ ဖြစ်နေမည် ထင်သည်။
ခပ်လှမ်းလှမ်းရှိ မီးပုံမှာ တဖျစ်ဖျစ်အော်မြည်နေ၏ ။ ခြံဝန်းကြီးက သူတို့နှစ်ယောက်မှတစ်ပါး အားလုံးတိတ်ဆိတ်ငြိမ်သက်နေသလို။
ဒီဇင်ဘာလေငွေ့က အ၀တ်လွတ်နေသော နေရာတွေကို မညှာမတာ ပွတ်ဆွဲနေ၏ ။ ထိုစဉ်မှာ ပဲ . . .
‘Happy . . . New . . . Year. . .’
ဟူသော အသံတွေ ခြံပြင်ဘက်ဆီမှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေတော့သည်။
နံဘေးမှ အငွေ့အသက်တစ်ခုကတော့ ပျောက်ကွယ်သွားသလို။
ဒါမှမဟုတ် ဝေးသထက် ဝေးသွားသလို . . . ။
အခန်း(၂)
Online မှာ ကြော်ငြာတစ်ခုအား ကြည့်ရင်း သူတို့အုပ်စု အံ့သြသွားသည်။ ထူးထူးဆန်း ဆန်း ကြော်ငြာပါလား။
စာဆုံးသွားချိန်မှာ သူ့မျက်လုံးတို့ ပြူးကျယ်သွားချေပြီ။ အဓိကမှာ GAEA (ဂျီယာ) ဆိုသော နာမည်။
KeyBoard ပေါ်မှာ သူ့လက်ချောင်းတွေ ပြေးသွားတော့ မင်းဇင်နှင့်ဖြိုးသစ်ထွန်းတို့ အနား ရောက်လာသည်။ မင်းဇင်က. . . .
‘ဟေ့ကောင် . . . ဘာလုပ်မလို့လဲ’
ပြန်မဖြေ။ စာတစ်ကြောင်းကို ရိုက်ထည့်လိုက်သည်။
‘ဂျီယာ . . . မင်းကို ရှာတာ ကြာနေပြီ။ ငါ့နာမည် စစ်ရိပ်၊ မင်းမှတ်မိတယ်မလား’
ကံကောင်းစွာ ပင် တစ်ဖက်မှာ သူမလည်း ရှိနေသည်။
‘မသိဘူး. . .’
‘ဟင် . . .’
စစ်ရိပ် မျက်မှော င်ကြုတ်မိသွားသည်။ ဖြိုးသစ်ထွန်းက တစ်ဖက်မှ ပြန်စာကို ကြည့်ကာ. . .
‘ဟေ့ကောင် . . . မင်းကို မသိဘူးတဲ့’
ခေါင်းယမ်းရင်း နောက်တစ်ကြောင်း ရိုက်ထည့်လိုက်ပါသည်။
‘လွန်ခဲ့တဲ့ New . . . Year ညက ငါတို့ ဆုံခဲ့တာလား။ တောင်ကုန်းပေါ်က ခြံကြီးတစ်ခြံမှာ ချစ်သူရှာပွဲတော်ကစားရင်း ဆုံခဲ့တာ မမှတ်မိဘူးလား’
‘ဘာတွေ လာပြောနေတာလဲ’
‘ငါတို့ မျက်လုံးကို အ၀တ်စည်းထားတယ်လေ။ ပြီးတော့ ငါတို့နှစ်ယောက် စကားတွေ အများ ကြီး ထိုင်ပြောကြတယ်’
ဒီတစ်ခါတော့ တစ်ဖက်မှ ပြတ်ပါသည်။
‘စာမေးပွဲ ဖြေမှာ မဟုတ်ရင် Line ပေါ် ၀င်မလာပါနဲ့’
ပြီးသွားလေပြီ။ သူစာတွေ အကြိမ်ကြိမ်အခါခါ ထပ်ပို့ပေးမဲ့ ပြန်စာရောက်မလာတော့. . .
‘ကျွတ်. . .’
စိတ်ပျက်လက်ပျက် စုတ်သပ်မိတော့ သူ့ကို သူငယ်ချင်းနှစ်ဦးက ၀ိုင်းကြည့်ကြသည်။ စစ်ရိပ် သက်ပြင်းကို ချလိုက်၏ ။ ထိုကဏ္ဍကို အဆုံးထိ ၀င်ကြည့်တော့ ဖြေဆိုထားသူပေါင်း ၂၀၀ ကျော်နေပါပြီ။ ထိုအထဲမှ ငါးဦးသာ အောင်မြင်ထား၏ ။
ဘာတွေလဲ။
ဘယ်သူတွေလဲ။
သူ တစ်နှစ်တာပတ်လုံး အသည်းအသန်ရှာဖွေနေသည့် ဂျီယာကရော ဘယ်ရောက်နေ တာလဲ။
စိတ်မသက်မသာဖြင့် ဆိုင်ထဲမှ ထက်လာခဲ့ပါသည်။ ဟိုနှစ်ကောင်ကတော့ နောက်မှာ ခပ်ကုတ်ကုတ်ပါလာ၏ ။ ဒါပေမဲ့ မျက်နှာတွေက အပိုးမကျိုး။ တစ်ယောက်ကို တစ်ယောက်ကြည့် ကာ ပြုံးစိစိ။
ရပ်ကွက်ထဲကိုရောက်တော့ လူရှင်းစပြုနေပြီဖြစ်သည်။ အိမ်တိုင်းလိုလိုမှာ ၀င်းခြံတံခါးတွေ ပိတ်ပြီး နေ့ရက်တစ်ခုကို နှုတ်ဆက်ဖို့ တာစူနေကြပြီ။ အဆောင်ရှိရာ လမ်းချိုးလေးမှာ တော့ အစဉ် သဖြင့် မှော င်မည်းနေ၏ ။
မကြာခင်က မိုးရွာထာသည့်ကြောင့် လမ်းချိုးလေးက ရေ၀ပ်နေသည်။ မြေနိမ့်ပိုင်းဖြစ်သည့် အတွက် သူတို့အဆောင်ရှိရာဆီသွားသော လမ်းမှာ မိုးတွင်းကာလတို့တွင် ရေဗွက်၊ ရေအိုင်တွေ ပွယလျက် ရှိနေတတ်ပါသည်။ ယခုလည်း သူတို့သုံးယောက်မှာ သိုင်းကွက်နင်း၍ . . . ၏
ဒီအချိန်ဆို အဆောင်ရှေ့တံခါးပိတ်ပြီမို့ နောက်ဖေးတံခါးသို့ သာ ဦးတည်လိုက်သည်။ တံခါး ရှေ့ကိုရောက်တော့ ဖြိုးသစ်ထွန်းမှာ အနားတိုးသွား၏ ။ ဒီကောင်က ဒါမျိုးကိစ္စတွေ အလွန်တော်ပါ သည်။ တံခါးကို သူ့ခန္ဓာကိုယ်၀၀ကြီးနဲ့ ကပ်ကာ နားစိုက်ထောင်သည်။ စိတ်ချရတော့မှ တံခါး နှစ်ရွက်အလယ်မှ စုံကိုင်ကာ အတွင်းကို ခပ်ဆတ်ဆတ် တွန်းလိုက်၏ ။
‘ဂွပ်’ ခနဲ အသံအုပ်အုပ်မြည်ကာ တံခါးနှစ်ချပ်မှာ ပွင့်သွားသည်။ ဒီတော့မှ သူတို့သုံးဦး အတွင်းကို ခပ်ကုပ်ကုပ် ၀င်လိုက်ကြပါသည်။ ဖြိုးသစ်ထွန်းက တံခါးကို မူလအတိုင်း ပြန်ပိတ် သည်။ ဂျက်ပြန်ထိုးမထားခဲ့။ အဆောင်ကလူတွေ အပြင်မှာ ကျန်ချင်ကျန်နေလိမ့်မည်။
ညဆယ်နာရီဆိုလျှင် တံခါးပိတ်သည်က အဆောင်စည်းကမ်း ဖြစ်၏ ။ ရှေ့တံခါး၊ နောက် တံခါးအပြင် ၀င်းခြံတံခါးကိုပါ ပိတ်၏ ။ ဒါပေမဲ့ ၀င်းခြံစည်းရိုးက လုံခြုံသည်မဟုတ်။ အချိန်မရွေး အတွင်းကို ၀င်ရောက်နိုင်သည်။
ဒါပေမဲ့ အဆောင်ပိုင်ရှင်အဘိုးကြီး လင်မယားကတော့ ညဆယ်နာရီထိုးတာနဲ့ ရှိသမျှ တံခါး အကုန်ကို မပျက်မကွက် လိုက်ပိတ်တတ်ပါသည်။ ခက်တာက သူတို့ တံခါးပိတ်သော အချိန်တိုင်း လိုလို အဆောင်မှာ လူမစုံတတ်သေး။ အပြင်မှာ လည်ပတ်လို့ကောင်းတုန်းသာ ရှိသေးသည်။
ဒီတော့ အဘိုးကြီးလင်မယား တံခါးပိတ်ပြီးသည်နှင့် အဆောင်က မေတ္တာရှေ့ထားသူ မည်သူမဆို နောက်ဖေးတံခါးဂျက်ကို အပေါ်ပြန်တင်ထားလေ့ရှိသည်။ ထို့ကြောင့် မည်မျှပဲ နောက်ကျပါစေ။ အဆောင်တွင်းသို့ အခက်အခဲမရှိ ပြန်ဝင်နိုင်၏ ။ တစ်ခုပဲ သတိထားရမည်။ အဘိုး ကြီးလင်မယား၏ တစ်ဦးတည်းသော သမီး အာကြမ်း၊ လျှာကြမ်း၊ အပျိုကြီးမလုံးတင်နှင့် ရင်ဆိုင် မတိုးမိစေဖို့။
အဆောင်မှာ နှစ်ထပ်ဆောင်ဖြစ်ကာ သူတို့အခန်းသည် အပေါ်မှာ ရှိသည်မို့ လှေကား အတိုင်း ခြေသံကို လုံအောင်ထိန်းကာ တက်လာခဲ့၏ ။ အပေါ်ထပ်အခန်းအားလုံး မှော င်မည်းနေပြီး တစ်ခန်းသာ မီးလင်းနေသည်။ ပြေးကြည့်စရာမလိုပါ။ ထိုအခန်းတွင် ကြိတ်ဝိုင်းဖြစ်နေလောက်ပြီ။
စစ်ရိပ် အခန်းအတွင်း ၀င်ပြီးတော့ ထင်ထားသလိုပါပင်။ ကြိတ်ဝိုင်းသို့ သွားရောက်စနည်း နာသူ မင်းဇင်နှင့် ဖြိုးသစ်ထွန်းတို့ ၀င်လာကာ. . .
‘အောင်ကြီးတော့ တော်တော်ထိနေပြီကွ။ ဖုန်းပေါင်ထားရတယ် ပြောတယ်’
‘အာနိုးလည်း အခြေအနေမကောင်းဘူး။ မနေ့ကမှ အိမ်ကပို့လိုက်တဲ့ ပိုက်ဆံတွေ တက် တက်ပြောင်နေပြီ’
သူ့ကို ဦးတည်ကာ ပြောကြခြင်းဖြစ်ပေမဲ့ သူကတော့ ကိုယ်အတွေးနှင့်ကိုယ်သာ မျောနေမိ သည်။ အင်းမလှုပ်၊ အဲမလှုပ် သူ့ပုံစံကြောင့် သူကောင်းသားနှစ်ကောင် ဟိုလိုလို၊ ဒီလိုလို ခေါင်းကုတ် ဖင်ကုတ်လုပ်ရင်း ရေချိုးရန် ပြင်ကြသည်။
နှစ်ဦးသား အင်္ကျီကိုယ်စီချွတ်ကာ ရေလဲပုဆိုးတွေ ပခုံးပေါ်တင်ပြီးတော့. . .
‘ဟေ့ကောင် . . . ရေမချိုးဘူးလား’
ခေါင်းယမ်းပြတော့ မသတီသလို နှာခေါင်းတစ်ချက်ရှုံ့ရင်း သူကောင်းသားတွေ အောက်ဆင်းသွားကြ၏ ။ အရင်အချိန်တွေဆိုပါက ဒီဟန်၊ ဒီအမူအရာတွေ လုပ်ပြလျှင် နားရင်းထ အုပ်မိမှာ ဖြစ်ပေမဲ့ ယခုတော့. . .
တစ်ယောက်တည်းကျန်ခဲ့တော့မှ internet ဆိုင်က အဖြစ်အပျက်ကို သေချာပြန်စဉ်းစား မိသည်။
‘ဂျီယာ . . .’
ဟုတ်ပါသည်။ နာမည်တူရုံမဟုတ်။ သူနဲ့ ဆုံစဉ်ပြောခဲ့သော စကားတွေနဲ့ အခု online တွင် ကြော်ငြာထားသည့် မေးခွန်းက အတော်များများ တူညီနေသည်။ ဒါကို ဘာကြောင့် သူ့ကိုမသိဘူး ဟု ပြောရတာ နည်း။ တကယ်ပဲ မသိတာလား၊ မသိယောင်ဆောင်တာလား။ ဒါမှမဟုတ် online မှ ဂျီယာက သူနဲ့ဆုံခဲ့သော ဂျီယာမဟုတ်လို့လား။
ထိုပုဂ္ဂိုလ်ရေးကြော်ငြာကဏ္ဍမှာ ထူးခြားနေတာတော့ သေချာသည်။ ပြီးတော့ ထိုစာမေးပွဲ အား စိတ်ဝင်စား၍ ၀င်ရောက်ဖြေဆိုထားသူ ၂၀၀ ကျော် ရှိနေသည်။ ထိုအထဲကမှ အောင်မြင်သူ ၅ ယောက်ရှိထား၏ ။
အရင်က သူလုံးဝ သတိမထာမိခဲ့။ ယနေ့မှ တွေ့မိတာဖြစ်ပြီး တွေ့တွေ့ချင်းပင် စဉ်းစား စရာတစ်ပုံတစ်ပင်က နှလုံးသားနှင့် ဦးနှောက်ကို ရောက်လသည်။
ထိုစဉ်မှာ ပဲ ရေချိုးသွားသူနှစ်ယောက် ပြန်တက်လာ၏ ။ ရှေ့ဆုံးမှဝင်လာသူမှာ မင်းဇင်ဖြစ် ပြီး နောက်ကလိုက်လာသူက အသားဖြူဖြူ၊ ဗိုက်ရွှဲရွဲ၊ ပါးစုံအစ်အစ်နှင့် ဖြိုးသစ်ထွန်း။ သူ့ကို အဆောင်မှာ တိုးတိုးကြိတ်ကြိတ် ခေါ်သော နာမည်ပြောင်ရှိ၏ ။ ‘၀က်ဖြူ’။
ထိုနာမည်ခေါ်လျှင် ဖြိုးသစ်ထွန်းမှာ ဒေါသအလွန်ထွက်၏ ။ စိတ်ကြီးသူမို့ တော်ရုံတန်ရုံ သူ့ကို မစရဲ။ နောက်ကွယ်မှသာ ခေါ်ကြသည်။
သူတို့သုံးယောက်မှာ အဆောင်သို့ နောက်ဆုံးမှ ရောက်လာကြသူတွေမို့ တစ်ယောက်တစ် ခန်းမရ။ နှစ်ယောက်ခန်းကျယ်ကျယ်ကိုပင် သုံးယောက်ပေါင်းနေရပါသည်။
အပြင်ဆောင်ဖြစ်သည့်အတွက် ကျောင်းသားချည်းပဲ ရှိသည်မဟုတ်။ အခြားခန်းသို့ လည်း မပြောင်းချင်သဖြင့် ဖြစ်သလိုသာ နေနေကြခြင်းဖြစ်ပါသည်။ ဒီနှစ်ကောင်နဲ့နေရတာ ညရေညတာ အဆင်မပြေ။ အလွန်ဟောက်တတ်၏ ။
အခုလည်း အခန်းတွင်းရောက်လာကတည်းက ဘာကိုမှန်းမသိ။ နှာခေါင်းတရှုံ့ရှုံ့လုပ်နေ သည်။
‘ဟေ့ကောင် . . . ဖြိုးသစ်၊ အခန်းထဲမှာ ဘာအနံ့ထွက်နေသည်လည်း မသိဘူး။ အနံ့ခံ ကြည်စမ်း’
မင်းဇင်စကားကို သဘောပေါက်စွာ ဖြိုးသစ်ထွန်းက နှာခေါင်းတရှုံ့ရှုံ့လုပ်၏ ။ ပြီးတော့ လက်နဲ့ နှာခေါင်းကို နာနာပွတ်ကာ. . .
‘ပုပ်ပွနေတဲ့ အနံ့ကွ။ ဘယ်က ထွက်နေတာလဲ မသိဘူး’
ဖြိုးသစ်ထွန်းက အင်္ကျီမ၀တ်ရသေးသော သူ့ခန္ဓာကိုယ် ၀အစ်အစ်ကို ကုန်းနမ်းကာ. . .
‘ငါ့ခန္ဓာကိုယ်က ဆပ်ပြာနံ့ကို သင်းနေတာပဲ။ ငါ့ဆီက မဟုတ်ဘူး’
‘ငါလည်း မဟုတ်ဘူးကွ။ ဘယ်ကပါလိမ့်’
စစ်ရိပ်နေလို့မရတော့။ ဒီအတိုင်းပစ်ထားလျှင် သူ့ကို စကားလုံးကြီးကြီးတွေဖြင့် မနာ နာအောင် ဆော်တော့မည်။ သူ ရေမချိုးတာကို အကြောင်းပြုပြီး နှစ်ယောက်ပေါင်းကာ ၀ိုင်းနှိပ် ကွက်နေကြခြင်း ဖြစ်၏ ။
ထိုင်ရာမှ ခုန်ထရင်း နီးစပ်ရာ ဖြိုးသစ်ထွန်းနားရင်းကို ‘ဖုန်း’ ခနဲ ပိတ်အုပ်တော့ သူကောင်း သား ငိုက်စိုက်ငိုက်စိုက်ဖြစ်သွား၏ ။ ပြီးတော့ နောကတစ်ယောက်၊ နှစ်ကောင်လုံး နားရင်းပွတ်ကာ သူ့ကို အူကြောင်ကြောင် ကြည့်ပြီး . . .
‘ဘာလဲဟ. . .’
‘ခွေးသား . . . ဘာလုပ်တာလဲ’
‘မင်းတို့ဘိုးအေက အပျင်းကြီးပြီး မချိုးတာမဟုတ်ဘူးကွ။ မလိုအပ်လို့ မချိုးတာ။ မင်းတို့လို တစ်နေ့ ရေနှစ်ခါချိုးမှ ၀က်နံ့ပျောက်မယ့်ကောင်တွေ မဟုတ်ဘူး။
‘ဘာကွ. . .’
ဖြိုးသစ်ထွန်း အသံကျယ်သွားသည်။ မင်းဇင်ကတော့ . . .
‘ဟေ့ကောင် . . . ပြောချင် နာမည်တပ်ပြော၊ ၀ါးလုံးရှည်နဲ့ သိမ်းမယမ်းနဲ့’
အနာပေါ် တုန်ကျသွားသည်ကြောင့် ဖြိုးသစ်ထွန်း ရှူးရှူးရှဲရှဲ ဖြစ် သွားပါသည်။ စစ်ရိပ် ထိုပုံစံကို ကြည့်ပြီး ခပ်တည်တည်ပြုံးကာ . . .’
‘ဘယ်လိုလဲ . . . အခုရော ပုပ်ပွနေတဲ့ အနံ့တွေ နံသေးလား’
ဖြိုးသစ်ထွန်းက သူ့ကို ဘုကြည့်ကြည့်ပြီး မခံချိမခံသာ ဆဲရေးသည်။ မင်းဇင်ကတော့ သူ့အား သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်ကာ. . .
‘ရှက်ရမ်း ရမ်းပြီး မဆိုင်တာတွေ လျှောက်မဲမနေပါနဲ့ကွာ။ မင်းက ခံနေကျပဲဥစ္စာ။ ဒီလောက် လေးနဲ့တော့ အထိနာစရာမလိုပါဘူး’
အခွင့်ရတုန်း တင်းနေသော ဖြိုးသစ်ထွန်းက ၀င်တွယ်ပြန်သည်။
‘အေးလေကွာ . . . ငါတို့တောင် မင်း ဘယ်အကွက်ရေးတယ်ဆိုတာ သိတယ်။ ဒီလောက်နဲ့ ကတော့ ဟိုက မင်းကိုလက်ခံပြီး အီပါလိမ့်မယ်၊ မသေမချင်း . . . မှတ်ထား. . . ဟေ့ကောင်။ online က မိန်းကလေးတွေ အကုန်လုံး ဆရာကြီးတွေချည်းပဲ။ အကောင်းသေမယ် မထင်နဲ့။ အစွယ်တင် လေယာဉ်တင်သင်္ဘောနဲ့ တင်ရလိမ့်မယ်။
စစ်ရိပ်ကြောင်ကာ သူတို့ကို ကြည့်မိ၏ ။ သူ့ကို နှစ်ယောက်ပေါင်းနှိပ်ကွက်နေကြပေမဲ့ ဘာကိုဆိုလိုကြောင်း နားမလည်။
‘မင်းတို့ ဘာတွေ ပြောနေတာလဲ’
နှစ်ယောက်သား တစ်ဦးကို တစ်ဦး ကြည့်ကာ ရယ်သည်။ ဖြိုးသစ်ထွန်းခေါ် ၀က်ဖြူက. . .
‘စစ်ရိပ်. . . စစ်ရိပ်. . . မင်းက . . . ဟိုး . . . မြန်မာပြည်အရှေ့ပိုင်းက လာပေလို့ပဲ။ ငါတို့ လို ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ ကြီးတဲ့ ငယ်မွေးခြံပေါက်တွေကို လာပတ်ချင်နေတယ် . . . ဟုတ်လား’
‘ဟား . . . ဟား. . . ဒီအကွက်တွေ မင်းတို့တောမှာ သွားလုပ် . . . ဟေ့ကောင်’
မင်းဇင်ကပါ ၀င်တွယ်ပြန်သည်။ သူတကယ်ပင် နားမလည်နိုင်စွာ ဖြစ်နေရတော့၏ ။ နောက်တစ်ခါလည်း ထပ်မအုပ်ချင်တော့သည်မို့. . .
‘နေပါဦး . . . မင်းတို့နှစ်ကောင် ဘာဖြစ်နေတာလဲ။ ငါ့ကို ဘလိုင်းကြီး တွယ်နေကြပါလား’
‘မင်း တကယ်မသိဘူးပေါ့’
‘ဟင့်အင်း . . .’
ဝက်ဖြူက ‘ဟက်’ ခနဲ အိုက်တင်တစ်ချက်ကျွေးကာ ရယ်သည်။
‘မင်းက ရူးချင်ယောင် ဆောင်နေတော့လည်း ပြောပြရတာ ပေါ့ကွာ။ ခုန မင်း Chatting မှာ ခံလာရတာ ကို ငါတို့ ၀ိုင်းလှောင်မှာ စိုးလို့ မျက်နှာတည်နဲ့ အိုက်တင်လုပ်နေတာမလား’
ဒီတော့မှ နှစ်ကောင်စလုံးကို ကောင်းကောင်းဆဲပေးလိုက်၏ ။
‘မင်းကြီးတော်ကြီး အိုက်တင်လုပ်ရမှာ လား။ တကယ်သိတာကွ’
‘ဒါဆို ဟိုဘက်က မင်းကို မသိပါဘူးလို့ ဘာလို့ ပြောရတာ လဲ’
စစ်ရိပ် သက်ပြင်းတစ်ခုကို ချကာ. . .
‘ငါလည်း အဲဒါကို စဉ်းစားနေတာပဲ’
သူ့စကားနှင့် ပုံစံကို ကြည့်ပြီး ဖြိုးသစ်ထွန်းက မ၀ံ့မရဲလေသံဖြင့်. . .
‘ဒါဆို မင်း ငါတို့ကို လိမ်နေတာ မဟုတ်ဘူးပေါ့’
‘မဟုတ်ဘူး။ ဂျီယာဆိုတဲ့ ကောင်မလေးနဲ့ လွန်ခဲ့တဲ့နှစ် New Yaer ညက တကယ်ကို ဆုံခဲ့တာ’
စကားကို ရပ်ပြီး စားပွဲပေါ်မှ ဆေးလိပ်တိုကို လက်လှမ်းကာ မီးညှိသည်။ တစ်ချက် နှစ်ချက် ဖွာရှိုက်ပြီးတော့. . .
‘မင်းတို့ စိတ်ဝင်စားတယ်ဆိုရင် ငါပြောပြမယ်။ ယုံတာ မယုံတာတော့ မင်းတို့အပိုင်းပေါ့’
မင်းဇင်က အားနာသလို သူ့ကို လှမ်းကြည့်ပြီး . . .
‘တကယ်ဆိုရင်တေ့ ဆောရီးပဲကွ။ ငါတို့က မင်းနောက်နေတယ် ထင်လို့’
‘အေးကွာ . . . ငါလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မင်းတို့ ဆုံခဲ့ပုံကိုတော့ သိချင်တယ်’
စစ်ရိပ်ဆေးလိပ်ငွေ့များ ကို ခပ်ဖြည်းဖြည်း မှု တ်ထုတ်လိုက်၏ ။ အခင်းအကျင်းညံ့သော အခန်းလေးထဲတွင် ဆေးလိပ်ငွေ့တွေသာ လွင့်ကျဲပြန့်လွင့်ကုန်သည်။
အခန်း(၃)
‘ချစ်သူရှာပွဲတော်’ ဆိုတာ ငါရဲ့ ဇာတိတောင်ပေါ်မြို့လေးမှာ နှစ်သစ်ကူးပွဲတော် ညတိုင်း အစဉ်အလာမပျက် ကျင်းပနေကျ ပွဲတော်လေးတစ်ခုပေါ့။ ပွဲတော်ဆိုတာထက် ရင်ခုန်စရာကောင်း တဲ့ ကစားနည်းလေးတစ်ခုဆိုရင် ပိုမှန်လိမ့်မည်။
လူတိုင်းတော့ မကစားဘူး။
ငါတို့ရပ်ကွက်ထဲမှာ တော့ နှစ်တိုင်းလိုလို ကစားတယ်။ ငါတို့ရပ်ကွက်ရဲ့ အစွန်မှာ တောင် ကုန်းလေးတစ်ခုရှိတယ်ကွ။ အဲဒီ ပေါ်မှာ ခြံကျယ်ကြီး တစ်ခုရှိတယ်။ သီးပင်၊ စားပင်၊ အရိပ်ရပင် အကုန်ရှိတဲ့ခြံကြီးပေါ့။ လိမ္မော်၊ ထောပတ်၊ ကော်ဖီ၊ ပိန္နဲ အကုန်ရှိတယ်။
အဲဒီ ခြံကျယ်ကြီးထဲမှာ တိုက်အိမ်ကြီးတစ်လုံးလည်း ရှိတယ်။ ရှေးအဆောက်အအုံကြီးပေါ့ ကွာ။ ဒါပေမဲ့ အိမ်သားတွေတော့ အများ ကြီး မရှိဘူး။ ပိုင်ရှင်လင်မယား နှစ်ယောက်တည်းပဲ။
ငါပြောတဲ့ ‘ချစ်သူရှာပွဲတော်’ဆိုတာကို အဲဒီ ခြံထဲမှာ နှစ်တိုင်းကစားကြတယ်ကွ။ ဦးဆောင် ကျင်းပပေးတာကတော့ အိမ်ရှင်လင်မယားပဲပေါ့။
ညနေ မှော င်စပျိုးပြီဆိုတာနဲ့ ကစားဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖိတ်ခေါ်တယ်။ ရပ်ကွက်ထဲက စိတ်ဝင်စားသူ လူပျို၊ လူလွတ်တွေ ရင်တခုန်ခုန်နဲ့ သွားကြတာပေါ့။ ခြံဝရောက်တာ နဲ့ ကစားဖို့ လာသူမှန်သမျှကို အိမ်ရှင်လင်မယားက ဆီးကြိုပြီး မျက်လုံးမှာ အ၀တ်စည်းလိုက် တယ်။
စည်းကမ်းချက်အရ အဲဒီ အ၀တ်ကို သတ်မှတ်ချိန်မရောက်မချင်း လုံးဝမဖယ်ရဘူး။ အ၀တ် ပြေတော့မယ်ဆို သူတို့ကို လှမ်းခေါ်ပြီး ပြန်စည်းခိုင်းရတယ်။ ခြံထဲမှာ မီးပုံကြီးတစ်ပုံ ဖိုထားတယ် ကွ။ ငါတို့ကို မျက်လုံးအ၀တ်စည်းပြီး အဲဒီ မီးပုံကြီးနားကို ခေါ်သွားတယ်။
ပြီးတော့ မီးပုံကို အလယ်မှာ ထားပြီး ယောက်ျားလေးတစ်ဖက် မိန်းကလေးတစ်ဖက် သပ် သပ်စီခွဲထိုင်ခိုင်းတယ်။ ယောက်ျားလေးဖက်ခြမ်းထဲမှာ ဘယ်သူတွေပါသလဲမသိသလို မိန်းကလေး ထဲမှာ ဘယ်သူတွေပါတယ်ဆိုတာကိုလည်း မသိဘူး။
အချိန်ကျလို့ ကစားတော့မယ်ဆိုတာနဲ့ အိမ်ရှင်လင်မယားက ယောက်ျားလေးတွေကို တစ် ယောက်ချင်းခေါ်တယ်။ ပြီးတော့ မိန်းကလေးတွေရှိရာကကို သွားခိုင်းတယ်။ ယောက်ျားလေးလက် နဲ့ ပထမဆုံး ထိမိတဲ့ မိန်းကလေးဟာ အဲဒီ ညအဖို့ နှစ်ယောက်အတူတူ တစ်ညလုံး စကားထိုင်ပြော ရတာ ပဲ။
မျက်လုံးစည်းထားလို့ ကိုယ်နဲ့စကားပြောနေတာ ဘယ်သူလဲ မသိရဘူးနော်။ မနက်မိုးလင်း လို့ ဖွင့်ကြည့်ချိန်ရောက်မှ စည်းထားတဲ့ အ၀တ်ကို ဖွင့်ကြည့်ရတာ ၊ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလဲ။
မနက်ရောက်မှ ဖွင့်ကြည့်ပြီး ချစ်သူတွေဖြစ်သွားတာ ရှိသလို ချက်ချင်း ထပြေးရတဲ့လူ၊ အော်ငိုရတဲ့ လူတွေလည်း ရှိတယ်ကွ။
ငါ့အလှည့်ရောက်တော့ အိမ်ရှင်လင်မယားက ငါ့ကို တွဲ ခေါ်ပြီး မိန်းကလေးအုပ်စု ထိုင် နေရာဆီ လွှတ်ပေးတယ်။ ငါ့လက်နဲ့ ပထမဆုံးထိတဲ့ မိန်းကလေးဟာ ‘ဂျီယာ’ဆိုတာပဲ။
အိမ်ရှင်လင်မယားက ငါတို့နှစ်ယောက်ကို အတူတူတွဲ ပြီး တစ်နေရာကို ခေါ်သွားတယ်။ ငါ့အထင် သစ်ပင်ကြီး တစ်ပင်အောက်ထင်တာပဲ။ အဲဒီ မှာ ငါတို့ စကားထိုင်ပြောကြတာပေါ့။
စကားတွေက ရောက်တတ်ရာရာ ဆုံပါတယ်။ ဒါပေမဲ့ စကားပြောနေစဉ်တစ်လျှောက်လုံး အဲဒီ မိန်းကလေး ဘယ်သူဖြစ်မလဲ ငါစဉ်းစားနေတာ။ ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။ သူ့အသံကို ငါလုံးဝ မကြားဖူးဘူး။ စည်းကမ်းချက်အရ မျက်လုံးဖွင့်ကြည့်လို့လည်း မရဘူး။ အသာချင်းတောင် ထိခွင့်မရှိတော့ ပိုဆိုးတာပေါ့။
သူလည်း ငါ့လို့ပဲ ဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ငါကတော့ နာမည်အမှန်ကို ပြောလိုက် တယ်။ ငါတို့ရပ်ကွက်ထဲက ကောင်မလေးဆိုရင်တော့ သေချာပေါက် ငါ့ကို သိပြီပေါ့။ သူကတော့ နာမည်အမှန် မပြောဘူး။ ‘ဂျီယာ’လို့ပဲ ပြောတယ်။
တစ်ခုပဲ။
စကားပြောနေတုန်း ဖွင့်ကြည့်ချိန်မရောက်ခင် အဲဒီ ကောင်မလေး ငါ့အနားက ထွက်သွား တယ်ကွာ’
‘ဟေ. . .’
‘ဟာ. . .’
အိပ်မက်မှနိုးသလို နှစ်ကောင်သား ပါးစပ်ဟောင်းလောင်ပွင့်သွားကြပါသည်။ သူကတော့ မီးသေနေပြီဖြစ်သော ဆေးလိပ်ကို နောက်တစ်ကြိမ် ထပ်ညှိလိုက်၏ ။
‘တကယ်ကို ပျောက်သွားတာလား။ လုံးဝ ပြန်မလာတော့ဘူးပေါ့’
‘ဟင့်အင်း . . .’
‘မင်းတို့ကစားပွဲက အချိန်မပြည့်ခင် အဲလို ထွက်သွားလို့ရတယ်လား’
သူခေါင်းကို ခပ်လေးလေးယမ်းကာ. . .
‘ငါလည်း အဲလိုထွက်သွားလို့ရတယ်လို့ တစ်ခါမှ မကြားဖူးဘူး’
‘ဒါဆို ဘာလို ထွက်သွားရတာ လဲ’
သူ မပြောတတ်ပါ။ ဖြိုးသစ်ထွန်း အမေးကတော့ နည်းနည်း နီးစပ်သည်။
‘မင်း လိုက်မရှာဘူးလား’
ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်၏ ။
အခန်း(၄)
ဒီအိမ်နဲ့ခြံကြီးကို အကဲခတ်နေတာ ကြာပါပြီ။ တိတိကျကျဆိုရပါက ခုနစ်ရက်တိတိပင် ရှိနေပြီ။ ထိုခုနစ်ရက်လုံးလုံး ခြံတံခါးရော အိမ်တံခါးပါ လုံးဝလှုပ်ရှားမှု မရှိ ပိတ်ထားသည်ကို တွေ့ရ၏ ။
ယနေ့တော့ ခြံတံခါးပိတ်ထားပေမဲ့ အိမ်တံခါး ဖွင့်ထားပါသည်။ နေ့တိုင်းလိုလို လာရောက် အကဲခတ်နေသူမို့ ရရှိသောအခွင့်အရေးကို သူ လက်လွတ်မခံ. . .။
‘ဗျို့ . . .အိမ်ရှင်တို့ . . . အိမ်ရှင်တို့. . .’
ခြံဝမှရပ်ကာ အတွင်းကို ရှေးရှုပြီး အော်ခေါ်လိုက်သည်။ အသံတိုး၍ လားမသိ။ အခြေအနေ ထူးခြားမလား။ ထို့ကြောင့်. . .
‘ဗျို့ . . . အိမ်ရှင်တို့ . . .’
အသံကျယ်လိုက်ပေမဲ့ ခုနထက် ပိုမလာခဲ့ချေ။ ပြီးမှ ရပ်ကွက်တွင်း မေးလာခဲ့သော နာမည် ကို သတိရသည်။ ဦးဖိုညိုနဲ့ ဒေါ်တင်တင်အေး၊ ဟုတ်သည်။ အိမ်ရှင်လင်မယားနာမည်မှာ ဦးဖိုးညိုနဲ့ ဒေါ်တင်တင်အေး။ ဒီလိုဆိုတော့. . .
‘ဗျို့ . . . ဦးဖိုးညို. . .’
နှစ်ခါ မခေါ်လိုက်ရ။
‘၀င်ခဲ့ဟေ့. . .’
အိမ်ထဲမှ သြရှရှအသံကြီးကို ကြားရတော့ . . .
‘ဦးလေး . . . . တံခါးက သော့ခတ်ထားတယ်လေ’
ခတ်ထားသော ခြံတံခါးသော့ကို ကြည့်ရင်း ပြန်အော်ပြောတော့ . . .
‘သော့ကို ခပ်နာနာ ဆောင့်ဆွဲလိုက်၊ အလိုလို ပွင့်သွားလိမ့်မယ်’
ပြောသလိုလုပ်လိုက်တော့ အဟုတ်သား. . . ဒါနဲ့ပဲ တံခါးကို ပြန်စေ့ရင်း ခြံတွင်းကို ၀င်ခဲ့ လိုက်သည်။ လွန်ခဲ့သော ခုနစ်ရက်၏ ညတစ်ညက ရောက်ခဲ့သော ခြံကြီးဖြစ်ပေမဲ့ အမြင်စိမ်းနေ သလို ခံစားရပါသည်။ နေ့နဲ့ည ကွဲလွဲမှု လည်း ပါပါလိမ့်မည်။
အိမ်ကြီးနဲ့ ခပ်လှမ်းလှမ်းမှာ ရှင်းလင်ခြင်း မပြုရသေးသော မီးပုံဟောင်းတစ်ခုကို တွေ့ရ၏ ။ နှစ်သစ်ကူးပွဲတော်ညက ဖိုထားခဲ့သော မီးပုံကြီး ဖြစ်ရပေမည်။
အိမ်ဝကို ရောက်တော့. . .
‘၀င်ခဲ့ကွာ . . .’
ဧည့်ခန်းဖက်ဆီမှ ထွက်လာသော အသံကြောင့် တံခါးဝမှာ ဖိနပ်ကို ချွတ်ရင်း အိမ်တွင်း ၀င်ခဲ့လိုက်သည်။ ဧည့်ခန်းဆီရောက်တော့ ထူးထူးခြားခြားပင် လင်မယားနှစ်ယောက်စလုံး ထိုင်နေ သည်ကို တွေ့ရ၏ ။
မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ခပ်ယို့ယို့ ၀င်ထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်လိုက် သည်။
‘ကျွန်တော့်နာမည် စစ်ရိပ်ပါ။ အောက်ဖက် ရပ်ကွက်ထဲမှာ နေပါတယ်။ ကျွန်တော့်မိဘတွေ က ဦးထွန်းမင်းနဲ့ ဒေါ်ခင်ဖြူဝင်းပါ’
လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဦးဖိုးညိုက. . .
‘သြော် မြေတိုင်းစာရေးကြီး ဦးထွန်းမင်းရဲ့ သားပဲ’
‘ဟုတ်ပါတယ် ခင်ဗျ’
‘လာရင်းကိစ္စကို ဆိုပါဦး’
‘ဒီလိုပါ. . . ။ လွန်ခဲ့တဲ့ ခုနစ်ရက် New Year ညက ဦးလေးတို့ခြံထဲကို ကျွန်တော်လာ ကစားပါတယ်’
လင်မယားနှစ်ယောက်စလုံး သူ့စကားကို နားစွင့်နေသည်။ သူ့ဆီက ဘယ်လို အကြောင်း အရာနဲ့ပတ်သက်ပြီး စကားတွေ ဆက်ထွက်လာမလဲ စောင့်ဆိုင်းနေသလိုမျိုး။
‘ချစ်သူရှာပွဲတော်ရဲ့ ထုံးစံအတိုင်း မျက်လုံးကို အ၀တ်စည်းထားတာမို့ ကျွန်တော်နဲ့ စကား ပြောသူ မိန်းကလေးကို မသိမမြင်ရပါဘူး’
‘ဟုတ်တယ်လေ’
‘ဒါပေမဲ့ အဲဒီ မိန်းကလေးက အချိန်မတိုင်ခင် ကျွန်တော့်နားက ထွက် သွားပါတယ်။ သူ ဘယ်သူလဲသိချင်လို့ ဦးလေးတို့ လင်မယားကို ကျွန်တော် လာမေးတာပါ’
မျက်မှော င်ကျုံ့ထားလျက်မှ. . .
‘ထူးထူးဆန်းဆန်းပါလား။ မောင်ရင်ပြောတဲ့ ကိစ္စကို ဦးလေးတို့လည်း မသိလိုက်ရပါလား’
စစ်ရိပ် အနည်းငယ် အံ့အားသင့်သလို ဖြစ်သွားသည်။
‘အန်တီတို့ကိုလည်း ရှင်းအောင် သေသေချာချာ ပြောပြပါဦး’
ဒေါ်တင်တင်အေးစကားကြောင့် စစ်ရိပ် စိတ်ကိုလျှော့ရင်း ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြောပြလိုက်ပါသည်။
‘အဲဒီ ညက အန်တီတို့ခေါ်သွားတဲ့ သစ်ပင်အောက်မှာ ပဲ ကျွန်တော်တို့ စကားထိုင်ပြောကြ တာပါ။ ဒါပေမဲ့ ညတစ်ဝက်လောက် ရောက်တော့ ကျွန်တော့်နားမှာ သူမရှိတော့ဘူး။ ဘယ်အချိန် ထွက်သွားမှန်းလည်း မသိလိုက်ဘူး။ တော်တော်ကြာအောင် ကျွန်တော် စောင့်ကြည့်ပါသေးတယ်။ ပြန်ပေါ်မလာတော့တဲ့အဆုံးမှ မျက်လုံးမှာ စည်းထားတဲ့ အ၀တ်ကို ချွတ်ပြီး ကြည့်မိတာပါ။
တကယ်ပဲ အနားမှာ မရှိတော့တာကို တွေ့ရတယ်။ လိုက်ရှာကြည့်တော့ ခြံဝန်းကြီးတစ်ခု လုံးက နှစ်ယောက်တွဲ စကားပြောနေသူတွေသာ ပြည့်နေတယ်။ သူ့ကို လုံးဝ ရှာမရတော့ဘူး’
သူပြောပြသော အကြောင်းအရာအား လင်မယားနှစ်ယောက်စလုံး စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ရသည်။
‘ဦးနဲ့အန်တီကို ကျွန်တော် ရှာကြည့်ပါသေးတယ်။ မတွေ့တာနဲ့ ပြန်သွားလိုက်တော့။ နောက်တစ်နေ့မိုးလင်းလို့ ကျွန်တော်ပြန်လာတော့ အိမ်ရော ခြံရော တံခါးပိတ်ထားတာကို တွေ့ရ တယ်။ ဒီနေ့မှ ပြန်ဖွင့်တာမြင်လို့ ဦးတို့ကို ကျွန်တော် လာမေးတာပါ’
ဦးဖိုးညိုနဲ့ ဒေါ်တင်တင်အေးမှာ ငြိမ်သက်နေကြ၏ ။ တစ်စုံတစ်ခုကို စဉ်းစားသလိုလည်း ရှိနေသည်။ ဦးဖိုးညိုက . . .
‘မောင်ရင်နဲ့ စကားပြောခဲ့တဲ့ မိန်းကလေးနာမည် ဘယ်လိုခေါ်လဲ’
‘ဂျီယာ. . . .’
ဒေါ်တင်တင်အေးမှာ ခေါင်းကိုယမ်းပြီး လေသံအေးအေးဖြင့်-
‘အဲလိုနာမည်မျိုးတော့ တစ်ခါမှ မကြားဖူးဘူး’
‘ရပါတယ်. . . အန်တီ။ နာမည်က အရေးမကြီးပါဘူး။ ကျွန်တော်သိချင်တာ သူဘယ်သူလဲ ဆိုတာကိုပါ။ ဂျီယာဆိုတာလည်း သူ့နာမည်အရင်း မဟုတ်ပါဘူး’
ဦးဖိုးညိုက သက်ပြင်းကိုချရင်း. . .
‘ခက်တာပဲကွ။ နှစ်သစ်ကူးည လာကစားတဲ့လူတွေက အများ သားဆိုတော့ ဦးတို့ ဘယ်လို လုပ်မှတ်မိမှာ လဲ’
ဒီလောက်လွယ်မည်မဟုတ်မှန်းတော့ စစ်ရိပ် အရင်းကတည်းက တွက်မိပါသည်။ ဤမျှ လောက်နဲ့ အားပျက်စရာမရှိ။ ထို့ကြောင့်. . . .
‘စဉ်းစားကြည့်ပါဦးဗျာ။ ကျွန်တော်လည်း တတ်နိုင်သလောက် အပြင်မှာ စုံစမ်းပြီး သွားပါပြီ။ ဘယ်လိုမှ အဆင်မပြေလို့ ဦးလေးတို့ဆီ ရောက်လာတာပါ’
နှစ်ဦးစလုံး ခေါင်းကို တွင်တွင်ယမ်း၏ ။
‘ဦးတို့ မသိဘူး’
အချိန်အတော်ကြာအောင် အားမလျှော့ဘဲ ထိုင်နေမိသေး၏ ။ ဒါပေမဲ့ သူ၏ မျှော်လင့်ချက် အားလုံးကို ဒေါ်တင်တင်အေးက စကားတစ်ခွန်းနှင့် ပိတ်လိုက်သည်။
‘အန်တီတို့ တကယ်မသိဘူး။ မင်းပြန်ပါတော့’
ဘယ်လိုမှ မတတ်နိုင်စွာ နဲ့ပဲ စိတ်မသက်သာစွာ အိမ်တွင်းမှ ထွက်လာခဲ့ရပါသည်။ အိမ်ဝ ရောက်တော့ နောက်ဖက်မှ ထွက်လာသော အသံတစ်ခု. . .
‘မောင်ရင် ဘာကြောင့် အဲဒီ မိန်းကလေးကို ရှာနေတာလဲ’
ဒီမေးခွန်းကိုတော့ တွေဝေစရာမလိုပေ။
‘ကျွန်တော် သူ့ကို ချစ်သွားလို့ပါ’
အခန်း(၅)
စကားဆုံးတော့ ဖြိုးသစ်ထွန်းနှင့် မင်းဇင်တို့နှစ်ယောက်မှာ ခေါင်းတဆတ်ဆတ်ညိတ်ကုန် သည်။ ခေါင်းညိတ်လျက်မှ မင်းဇင်က. . .
‘မင်းပြောတာတော့ စိတ်ဝင်စားစရာပဲ။ ဒါနဲ့ နေပါဦး. . . အိမ်ရှင်လင်မယားက ခုနစ်ရက် လုံးလုံး အိမ်ရော၊ ခြံရော ဘာလို့ တံခါးပိတ်ထားရတာ လဲ’
‘အဲဒါကိုတော့ ငါ မမေးခဲ့ဘူး။ နောက်ပိုင်းမှ သိရတာ က နှစ်သစ်ကူးပွဲတော်ပြီးတဲ့ မနက်က စပြီး ခရီးထွက်သွားကြတာတဲ့။ ငါသွားမေးတဲ့နေ့က သူတို့ ပြန်ရောက်လာတဲ့နေ့’
‘သြော် . . .’
‘စဉ်းစားစရာပဲကွ’
ဖြိုးသစ်ထွန်းက ခုတင်ပေါ်လှဲအိပ်နေရာမှ ကုန်းထရင်း ဆိုသည်။
‘မင်းနဲ့စကားပြောခဲ့တဲ့ ကောင်မလေးကို သူတို့မသိဘူးဆိုတာရော ဖြစ်နိုင်ပါ့မလား’
‘ဖြစ်လည်း ဖြစ်နိုင်တယ်၊ မဖြစ်လည်း မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တယ်ဆိုတာက ဒီလို။ ချစ်သူရှာ ပွဲတော်ကို စိတ်ဝင်စားလို့ လာကစကားကြသူတွေက မနည်းဘူးကွ။ လူတွေကများ တော့ တစ် ယေက်ချင်း မမှတ်မိတာလည်း ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာက ငါ့ကိုတောင် မှတ်မိသေးတာပဲ ကွ။ ပြီးတော့ ဂျီယာထွက်သွားတာ ညတစ်ဝက်ကြီး။ သူတို့မမြင်ဘဲ ရှိပါ့မလား’
‘ဒါပေမဲ့. . . ဂျီယာကို မင်းလိုက်ရှာတော့ သူတို့လင်မယားကို မတွေ့ဘူးလို့ ပြောတယ်နော်။ ဂျီယာထွက်သွားတာကို သူတို့ မမြင်လိုက်တာလည်း ဖြစ်နိုင်တာပဲ’
မင်းဇင် မှတ်ချက်ပြုသံကို ဖြိုးသစ်ထွန်းက ထောက်ခံသလို ခေါင်းညိတ်၏ ။ စစ်ရိပ် စဉ်းစား နေရာမှ ထင်မှတ်မထားသော မေးခွန်းတစ်ခုကို ကောက်မေးလိုက်သည်။
‘ထားလိုက်ပါ . . .။ ငါတို့ နောက်တစ်ခု ထပ်တွေးကြည့်ရအောင်။ ဦးဖိုးညိုတို့ လင်မယား တကယ်မသိတာ အမှန်ဆို ဘာဖြစ်မလဲ’
‘ဘာမှမဖြစ်ဘူး’
နှစ်ဦးစလုံး သံပြိုင်ထွက်လာ၏ ။ ဟုတ်ပါသည်။ ဦးဖိုးညိုတို့ လင်မယား ဂျီယာ့ကို တကယ်ပဲ မသိတာဆိုပါက ဘာမှဖြစ်စရာ အကြောင်းမရှိပေ။
‘သိရဲ့ သားနဲ့ မပြောတာဆိုရင်ရော ဘာဖြစ်နိုင်မလဲ’
ဖြိုးသစ်ထွန်းက သွက်သွက်လက်လက် အဖြေပေးသည်။
‘သူ ဘယ်သူဆိုတာ မင်းကို မပြောဖို့ အိမ်ရှင်လင်မယားကို ပိတ်သွားတာ ဖြစ်မှာ ပေါ့’
‘မဟုတ်ဘူး . . . ကျန်သေးတယ်။ ငါတစ်ယောက်တည်းကို မသိစေချင်တာမဟုတ်ဘူး။ ခြံထဲကလူအားလုံးကို မသိစေချင်တာ။ ဒါကြောင့်မလို့ ကစားချိန်မပြည့်ခင် ပြန်သွားတာပေါ့’
‘ဒါဆို မင်းတို့မြို့မှာ အဲလို မိန်းကလေးမျိုးရှိလား’
‘ဘယ်လိုမျိုးလဲ’
‘သူဘယ်သူလဲဆိုတာကိုလည်း လူသိမခံချင်ဘူးကွာ။ ကစားလည်း ကစားချင်တယ်။ ရှင်းအောင်ပြောရရင် မာန်တက်နေတဲ့ မိန်းမမျိုးပေါ့’
စစ်ရိပ် စဉ်းစားသွားသည်။ မင်းဇင်ပြောသလို မိန်းကလေးမျိုးက ရှိတော့ရှိပါသည်။ ဒါပေမဲ့
‘နောက်တစ်ခု ရှိသေးတယ်ကွ။ အဲဒီ ကောင်မလေး ရုပ်ဆိုးနေတာလဲ ဖြစ်နိုင်တယ်။
ဖြိုးသစ်ထွန်းက ထင်မြင်ချက် ၀င်ပေးပြန်၏ ။
‘ဘယ်လိုကြောင့်လဲ’
‘ကစားချိန်မပြည့်ခင် ပြန်သွားတာဆိုတော့ ညကြီးမိုးချုပ် မျက်လုံးအ၀တ်စည်းပြီး ပြန်သွား လို့မရဘူး။း ပြန်မယ်ဆိုကတည်းက ဘယ်လိုပဲဖြစ်ဖြစ် စည်းထားတဲ့အ၀တ်ကို ချွတ်ရမှာ ပဲ။ အဲဒီ မှာ မင်းဘယ်သူဆိုတာကို သေချာပေါက် သိလိမ့်မယ်။ မင်းက ယောက်ျားတန်မဲ့ ရုပ်ရည်က ငါ့နီးနီး ချောနေတယ်။ ဒါကိုမြင်တော့ သူ့ကိုယ်သူသိမ်ငယ်ပြီး အိမ်ရှင်လင်မယားကိုပိတ်၊ ပြီးတော့ ဇာတ်မြှုပ်ရှောင်သွားတာ ဖြစ်လောက်တယ်’
အကောင်းပြောနေရင်းနဲ့မှ သူကောင်းသား ၀က်ဖြူက သူ့ကိုယ်သူ တင်ဖြစ်အောင် တင်လိုက်သေးသည်။ မင်းဇင်းကတော့ အေးဆေး၏ ။
‘ဒါပေမဲ့ online မှာ မင်းကိုမသိဘူးလို့ ပြောထားတယ်နော်’
ဟုတ်၏ . . . အတွေးစက တစ်ပတ်ပြန်လည်လာလေပြီ။
‘တကယ်ဆို chatting မှာ စကားပြောတာ ရုပ်မြင်ရတာ မှ မဟုတ်တာဘဲ။ သူဘယ်သူဆို တာကိုမှ မသိတာ။ အဲဒါကို ဘာလို့မသိဘူး ငြင်းရတာ လဲ။ မင်းနဲ့ဆုံခဲ့တဲ့ ဂျီယာမဟုတ်လို့များ လား။ မင်းနဲ့ဆုံခဲ့တဲ့ ဂျီယာသာမှန်ရင်တော့ မင်းနာမည်ကို ကောင်းကောင်းမှတ်မိမှာ ပါ’
ဒါကိုတော့ သူ့စိတ်က အလိုလိုသိနေသည်။
‘မဟုတ်ဘူး. . .။ အဲဒါ ငါရှာနေတဲ့ ဂျီယာအမှန်ပဲ’
‘သေချာလှချည်လား’ ဟူသော အကြည့်တွေ သူ့ထံ စုပြုံရောက်လာ၏ ။ ပြီးတော့ ‘ဘာကြောင့်လဲ’ဟူသည့် သဘောတွေပါ နောက်ဆက်တွဲ အဖြစ် ပါလာတော့ . . .
‘ဘာကြောင့် အတိအကျပြောနိုင်တာလဲဆိုတော့ online မှာ တင်ထားတဲ့ မေးခွန်းထဲက သုံးခုက New Year ညမှာ သူနဲ့ငါပြောခဲ့တဲ့ စကားတွေ ဖြစ်နေတာကြောင့်ပဲ’
‘ဟင်. . .’
‘ဘယ်လို. . .’
ဖင်စီခံနား ရောက်နေပြီဖြစ်သော ဆေးလိပ်ကို တောက်ထုတ်ရင်း စကားဆက်သည်။
‘မင်းတို့ကို မပြောရသေးတဲ့ နောက်တစ်ခု ကျန်သေးတယ်။ အဲဒါ ဘာလဲဆိုတော့ New Year ည သူပြန်သွားပြီးချိန် သူထိုင်ခဲ့တဲ့ နေရာမှာ နားဆွဲလေးတစ်ခု ကျကျန်ရစ်ခဲ့တယ်ဆိုတာပဲ’
![]() ဟောဒါလက်ယာ တောင်ဘက်ပါ | ![]() ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ချစ်သက်ဝင်၏ | ![]() MAY WE HELP YOU |